Tuesday, November 5, 2013

အရေးကြီးသောလများအနက်မှ လတစ်လ


** မုဟရ်ရမွလ်ဟရာမ်

မုဟရ်ရမွလ်ဟရာမ် ဟုခေါ်ရခြင်းအကြောင်းမှာ  အမိုက်ခေတ်ကာလ (အစ္စလာမ် ပြန်လည်မထွန်းကားမီ)က စစ်မက်ပြိုင်ဆိုင်ခြင်း၊ သတ်ဖြတ်ခြင်းတို့သည် ဤလသို့ရောက်ရှိချိန်တွင် ဟရာမ်ဖြစ်သွားသည်။ ထို့ကြောင့်ပင် မုဟရ်ရမွလ်ဟရာမ်ဟု ခေါ်တွင်လေသည်။ [ဂေရာစွလ်လိုဂါးသ် စာ၄၄၅ ]

ဟစ်ဂ်ျရီသက္ကရာဇ်၏ ဆယ့်နှစ်လတွင် လတစ်လ၏ အမည်မှာ မုဟရ်ရမ်ဟူ၍ ဖြစ်သည်။ ထိုမုဟရ်ရမ်လသည် နှစ်တစ်နှစ်၏ ပထမဦးဆုံး လလည်းဖြစ်ပေသည်။ ကုရ်အာန် ကျမ်းတော်မြတ်တွင် အလ္လာဟ်အရှင်မြတ်က များစွာသော ရှရီအသ်၏ အမိန့်ပညတ်ချက်များကို သတ်မှတ် ပြဌာန်းရန်အတွက် တစ်နှစ်တွင် ၁၂ လဟူသော အရေအတွက် သတ်မှတ်သကဲ့သို့ ထို ၁၂ လအနက်မှ အချို့သောလများ၏ သာပိုမြင့်မြတ်မှုများနှင့် ထူးခြားမှုများကိုလည်း တင်ပြထားပေသည်။ ထိုသို့ထူးခြားသော လများတွင် မုဟရ်ရမ်လ သည်လည်း အပါအဝင် ဖြစ်သည်။

ကုရ်အာန်ကျမ်းတော်မြတ်တွင် မိန့်ထားသည်မှာ - " မိုးနှင့်မြေကို အလ္လာဟ်အရှင်မြတ်အမိန့်တော်အရ ဖန်ဆင်းတော်မူခဲ့ရာ၌ နေ၊ လများကိုလည်း ဖန်ဆင်းတော်မူခဲ့သည်။ အရေအတွက်အားဖြင့် အရှင်မြတ်ထံတော်တွင် (၁၂)လရှိသည်။ ထို့အနက် (၄)လသည် အလွန်ရိုသေမြတ်နိုးရသော လများဖြစ်သည်။ ဤသည်ဖြောင့်မတ်မှန်ကန်သော သာသနာတော်က ညွှန်ကြားပြသသော လမ်းစဉ်ပင်ဖြစ်ပေသည်။ " သဖ်စီးရ်ပညာရှင် အားလုံးက တညီတညွတ်တည်း မိန့်ထားသည်မှာ အာယသ်တော်၌ လ လေးလနှင့်ပတ်သက်၍ ရိုသေမှုထားရန်၊ ဂရုတစိုက်ရှိရန် မိန့်ထားသည်။ ယင်းလများမှာ ဇွလ်ကအ်ဒဟ်၊ ဇွလ်ဟစ်ဂ်ျဂျာ၊ မုဟရ်ရမ် နှင့် ရဂျဗ်လတို့ဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်)ကိုယ်တော်တိုင် ဟဂ်ျသွလ်ဝဒါအ်၏ ခွသ်ဗာတွင် မိန့်သည်မှာ " တနှစ်တွင် ဆယ့်နှစ်လရှိပြီး ထိုဆယ့်နှစ်လ အနက်မှ လေးလသည် ထွတ်မြတ်သောလများ ဖြစ်သည်။ ယင်းလေးလအနက် သုံးလမှာ ဆက်တိုက်ဖြစ်သည်။ ဇွလ်ကအ်ဒဟ်၊ ဇွလ်ဟဂ်ျ၊ မုဟရ်ရမ်တို့ ဖြစ်ပြီး ကျန်တစ်လမှာ ရဂျဗ်ဖြစ်သည်။ ယင်းလသည် ဂျာမာဒွစ်စာနီယာ နှင့် ရှအ်ဗာန်လ၏ ကြားတွင်ရှိပေသည်။ " ဤနေရာတွင် လေးလ သာလျှင် ထွတ်မြတ်သည်ဟု မိန့်ခြင်းမှာ ကျန်မည်သည့်လတွင်မှ ထွတ်မြတ်မှုမရှိဟု ဆိုလိုခြင်းမဟုတ်ပါ။ ယင်းလ လေးလကို အမှောင်ခေတ် (အစ္စလာမ် မထွန်းကားမီ) တွင်လည်း ထွတ်မြတ်သည့် လများဟု သတ်မှတ်ခဲ့ကြသည်။ အရဗ်တို့သည် မျိုးနွယ်တစ်စုနှင့်တစ်စု စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရာတွင် စံမတူအောင်ပင်ဖြစ်သည်။ သို့သော် ထိုလ လေးလတွင် စစ်တိုက်ခြင်း၊ သတ်ဖြတ်ခြင်းများကို ရှောင်ကြဉ်ကြပေသည်။ ယုတ်စွအဆုံး ထိုကာလတွင် တစ်ဦးတစ်ယောက်သည် မိမိဖခင်ကို သတ်သောသူနှင့် မျက်နှာချင်းဆိုင် တွေ့ခဲ့လျှင်လည်း ထိုသူ့အား ပြဿနာရှာခြင်း မပြုပေ။ အချို့သော အစ္စလာမ့်ပညာရှင်များက ရေးသားသည်မှာ ထိုလေးလ၏ ထွတ်မြတ်ခြင်းနှင့် မြင့်မြတ်ခြင်းဟူသော အမိန့်သည် ရှေးဦးစွာ အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) ၏ သာသနာတွင် စတင် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်မှသာ အရဗ်တို့ထံသို့ ထိုအစဉ်အလာ ရောက်ရှိလာခြင်းဖြစ်သည်။ ဤအတွက်ကြောင့် အလ္လာဟ်အရှင်မြတ်သည် ထိုလများ၏ထွတ်မြတ်မှု၊ မြင့်မြတ်မှု၏အမိန့်ကို နဂိုအတိုင်း ထားရှိရင်း ထိုလ လေးလ၏ ထွတ်မြတ်မှုကိုသာလျှင် ဤနေရာ၌ မိန့်လိုက်ခြင်း ဖြစ်ပေသည်။ ရမဿွန်လ၏ ထွတ်မြတ်မှုများ၊ ရှအ်ဗာန်လ နှင့် ရှောက်ဝါလ်လတို့တွင် ရိုဇာဟ်ထားခြင်း၏ အကျိုးကျေးဇူးများသည် အာယသ်တော်များနှင့် ရိဝါယသ်(ဆင့်ပြန်ချက်)များတွင် ရှင်းလင်းစွာ လာရှိထားပေသည်။ အဗူဒါဝူးဒ်ကျမ်း၏ ရိဝါယသ်တစ်ပုဒ်တွင် ရမသွာန်လသည် မုဟရ်ရမ်လထက် သာမြတ်ကြောင်း တမန်တော်မြတ် (ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်) က ရှင်းလင်းစွာပင် ဤသို့မိန့်ထားပေသည်။ "  လမြတ်ရမသွာန်၏နောက် အားလုံးထက်အမြတ်ဆုံးရိုဇာဟ်မှာ မုဟရ်ရမ်လ၏ ရိုဇာဟ်ပင်ဖြစ်သည်။ "

ကျွန်ုပ်တို့အနေဖြင့် မုဟရ်ရမ်လ၊ အာရှုရာနေ့ တို့နှင့်စပ်လျဉ်း၍ မည်ကဲ့သို့ရိုသေသမှုများထားရှိရမည်။ မည်သည့် အေဗာဒသ်များ ပြုလုပ်ရမည်၊ စသည်တို့နှင့်ပတ်သက်၍ ဆွာဟေဗေရှရီအသ် (ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်) ၏ လမ်းညွှန်ပြသမှုကိုသာ လေ့လာ ကျင့်သုံးရမည်။ မုဟရ်ရမ်သည် လအစမှ အဆုံးထိ ထွတ်မြတ်မှု မြင့်မြတ်မှုများဖြင့် ပြည့်နှက်နေသော လတစ်လ ဖြစ်၏။ သို့သော် ထိုလ၏ ၁ဝ ရက်၊ အာရှုရာနေ့မြတ်မှာ ရဟ်မသ်တော်များ၊ ဗရကသ်တော်များ အထူးကျရောက်သောနေ့ ဖြစ်သည်။ ထိုနေ့၏ ထူးခြား အရေးပါမှုများကြောင့် ကိုယ်တော်မြတ်  (ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်)က အာရှုရာနေ့တွင် ရိုဇာဟ်ထားကြရန် တိုက်တွန်းတော်မူခဲ့သည်။ အာရှုရာနေ့၏ ရိုဇာဟ်နှင့်ပတ်သက်၍ တမန်တော်မြတ် (ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်) ထံမှ ဆင့်ပြန်ထားသောရိဝါယသ်များစွာကို ဟဒီးစ်ကျမ်းကြီးများတွင် ဖော်ပြထားသည်။ ဟဇရသ်အိဗ်နေ့အဗ္ဗားစ်(ရသွီယလ္လာဟု အန်ဟု)သခင်က ရိဝါယသ်ပြုထားသည်မှာ ကိုယ်တော်မြတ် (ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်) သည် မဒီနာမြို့သို့ ကြွမြန်းလာသောအခါ ယဟူဒီတို့သည် အာရှုရာရိုဇာထားကြသည်ကို တွေ့ရှိရလေသည်။ ၎င်းတို့ ရိုဇာထားရခြင်းအကြောင်းကို မေးမြန်းရာ ဤအာရှုရာနေ့မြတ်၌ပင် အလ္လာဟ်အရှင်မြတ်က မူစာ(အလိုင်ဟိစ္စလာမ်)အား ဖိရ်အောန်အပေါ် အနိုင်ရရှိမှုကို ချီးမြှင့်တော်မူခဲ့သည်။ ဤအတွက်ကြောင့် ကျွန်ုပ်(ယဟူဒီ) တို့သည် ထိုနေ့ကို တန်ဖိုးထားလေးစားသည့်အနေဖြင့် ရိုဇာထားရခြင်းဖြစ်ပါသည်ဟု ပြောပြပေသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်) က မိန့်တော်မူသည်မှာ " ငါတို့သည် မူစာ(အလိုင်ဟိစ္စလာမ်)နှင့် နီးစပ်မှုတွင် အသင်တို့ထက် သာပိုပေသည်။ ၎င်းနောက် တမန်တော်မြတ် ထိုနေ့တွင် ရိုဇာထားကြရန်အမိန့်ပေးတော်မူသည်။ " ဟဇရသ်အာအိရှာ(ရသွီယလ္လာဟုအန်ဟာ)၏ ရိဝါယသ်တစ်ခုကို အဗူဒါဝူးဒ်ကျမ်းတွင် ဆင့်ပြန်ထားသည်။ ထိုရိဝါယသ်မှ သိရှိရသည်မှာ တမန်တော်မြတ် (ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်) နှင့် ကုရိုက်ရှ်အမျိုးသားတို့သည် အစ္စလာမ့်ရှရီအသ် မကျရောက်မီကတည်းက အာရှုရာရိုဇာကို ထားခဲ့ကြသည်။ ဆက်လက်၍ " မဒီနာမြို့တော်သို့ ကြွမြန်းလာပြီးသည့် နောက်တွင်လည်း တမန်တော်မြတ်သည် အာရှုရာရိုဇာ ထားသည်။ အခြားသူများကိုလည်း ရိုဇာထားကြရန် တိုက်တွန်းခဲ့သည်။ ရမသွာန်ရိုဇာ ဖရဇ်ဖြစ်ပြီးသည့်နောက် ရမသွာန်၏ရိုဇာသာလျှင် ဖရဇ်ဖြစ်တော့သည်။ အာရှုရာရိုဇာထားရန် ဝါဂျိဗ်တာဝန်အဖြစ် မရှိတော့ပေ။ အကြင်သူသည် အာရှုရာရိုဇာကို ထားလိုက ထားနိုင်ပြီး၊ မထားလိုပါကလည်း မထားခွင့်ရှိပေသည်။ " (အဗူဒါဝူးဒ်ကျမ်း) (အစ္စလာမ်၏ အစကနဦးပိုင်း၌ ရမသွာန်လတွင် ရိုဇာထားအား ဖရဇ်အဖြစ်မသတ်မှတ်မီက အာရှုရာနေ့တွင် ရိုဇာထားရန် ဝါဂျိဗ်တာဝန်ဖြစ်ခဲ့သည်။ ရမသွာန်၏ အမိန့်ကျရောက်ပြီးနောက် အာရှုရာရိုဇာသည် ဝါဂျိဗ်တာဝန်အဖြစ် မကျန်ရှိတော့ပေ။) ဗုခါရီနှင့် မွတ်စ်လင်မ်ကျမ်းတွင် အဗ်ဒွလ္လာဟ်ဗင်န်မူစာ(ရသွီယလ္လာဟု အန်ဟု)၏ ရိဝါယသ်လာရှိသည်မှာ ရစူလွလ္လာ (ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်) သည် အာရှုရာနေ့၏ ရိုဇာကို အခြားနေ့များ၏ ရိုဇာထက်၊ ရမသွာန်လမြတ်၏ ရိုဇာကို အခြားလများ၏ ရိုဇာထက် သာပို၍ ဦးစားပေးတော်မူခဲ့သည်။ မွတ်စ်လင်မ်ကျမ်းတွင် ဟဇရသ်ဂျာဗိရ်ဗင်န်စမုရဟ် (ရသွီယလ္လာဟု အန်ဟု)၏ ရိဝါယသ်ကို ဆင့်ပြန်ထားသည်မှာ ရစူလွလ္လာဟ် (ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်) သည် ကိုယ်တိုင်လည်း အာရှုရာ၏ ရိုဇာကို ထားတော်မူသည်။ ကျွန်ုပ်တို့ကိုလည်း ထိုနေ့တွင် ရိုဇာထားကြရန် တိုက်တွန်းတော်မူသည်။ ၎င်းနောက် ကျွန်ုတို့အား ထိုနေ့တွင်ရိုဇာထားမည်ဟု ဝန်ခံခိုင်းလေသည်။ သို့သော် ရမသွာန်လ၏ရိုဇာ ဖရဇ်ဖြစ်ပြီးနောက်တွင် ကိုယ်တော်သည် အာရှုရာရိုဇာနှင့် ပတ်သက်၍ အမိန့်မပေးတော့ပေ။ တားမြစ်တော်မူခြင်းလည်း မရှိပေ။ ကျွန်ုပ်တို့ထံမှာ အာရှုရာရိုဇာနှင့်ပတ်သက်၍ မည်သည့်ဝန်ခံချက်မှ ယူခြင်းလည်း မရှိတော့ပေ။ ဖော်ပြပါရိဝါယသ်များဖြင့် သိရသည်မှာ အာရှုရာနေ့မြတ်၏ ရိုဇာသည် ယခုအချိန်တွင် ဝါဂျိဗ်၊ ဖရ်ဇ်တော့မဟုတ်တော့ပေ။ သို့သော် မြတ်နဗီ (ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်)၏ စွန္နသ်တော် နှင့် အကျိုးကျေးဇူးများလှသော အမလ်တစ်ခုတော့ မုချဖြစ်ပေသည်။

အာရှုရာနေ့နှင့်ပတ်သက်၍ လူတို့၏အကြားတွင် အခြားသော အကြောင်းအရာများစွာလည်း ကျော်ကြားသည်။ ထိုအကြောင်းအရာများနှင့် ပတ်သက်၍ ဆွဟီးဟ်ရိဝါယသ်များတွင် မည်သည့်အထောက်အထားမှ မတွေ့ရှိရပါ။ ဥပမာ အာရှုရာနေ့တွင် အလ္လာဟ်အရှင်မြတ်သည် ဂျိဗ်ရီးလ်(အလိုင်ဟိစ္စလာမ်)၊ မလာအိကာဟ်များ၊ အာဒမ်(အလိုင်ဟိစ္စလာမ်) နှင့် အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်)တို့ကို ဖန်ဆင်းတော်မူသည်။ ထိုနေ့၌ပင် အလ္လာဟ်အရှင်မြတ်သည် အိဗ်ရာဟီးမ်(အလိုင်ဟိစ္စလာမ်)ကို မီးပုံထဲမှ လွတ်မြောက်မှုပေးခဲ့သည်။ အာရှုရာနေ့တွင် အရှင်မြတ်က ဟဇရသ်အိဒ်ရီးစ်(အလိုင်ဟိစ္စလာမ်)ကို အဆင့်အတန်းမြင့်မားမှုချီးမြှင့်သည်။ အာရှုရာနေ့တွင် အာဒမ် (အလိုင်ဟိစ္စလာမ်) ၏ သောဝ်ဗာကို ကဗူလ်ပြုတော်မူခဲ့သည်။ အာရှုရာနေ့တွင် အလ္လာဟ်အရှင်မြတ်က အရရှ်ပလ္လင်ပေါ်တွင် ထိုင်တော်မူသည်။ အာရှုရာနေ့တွင် ကိယာမသ်စတင်ဖြစ်မည်။ ထိုနေ့တွင် ရေချိုးသောသူသည် သေခြင်းတရားမှအပ မည်သည့်ရောဂါမှဖြစ်မည်မဟုတ်။ ယင်းနေ့တွင် စူရ်မာထဲ့သောသူသည် တစ်နှစ်ပတ်လုံး မျက်စိနာခြင်းဝေဒနာကို ခံစားရမည်မဟုတ်ပေ။ ထိုနေ့၌ အကြင်သူသည် ဖျော်ရည်တစ်ငုံတိုက်ခဲ့ပါက ထိုသူသည် တစ်စက္ကန့်မျှပင် အလ္လာဟ်အမိန့်ကို မဖီဆန်သူကဲ့သို့ပင် ဖြစ်မည်။ အာရှုရာနေ့၌ အဟ်လေဗိုင်သ်မှ ဆင်းရဲနွမ်းပါးသူများကို ဝမ်းဝအောင်ကျွေးမွေးပါက ထိုသူသည် ပွလ်ဆွိရာသ်တံတားမှ လျှပ်စီးကဲ့သို့ ဖြတ်သွားနိုင်မည်။ အာရှုရာရိုဇာထားပါက ထိုသူ့၏ နှစ်လေးဆယ်မှဂိုနာဟ်များ ခွင့်လွှတ်ခြင်းခံရမည်။ အကြင်သူသည် အာရှုရာညတွင် အိဗာဒသ်ပြုလုပ်ပါက မိုးကောင်းကင်ရှိဗန်ဒဟ်များ အိဗာဒသ်ပြုသကဲ့သို့ စဝါးဗ်ရမည်ဖြစ်သည်......။ အစရှိသည်တို့ဖြစ်သည်။ ယင်းအကြောင်းအရာများအတွက် လက်ခံနိုင်ဖွယ် ဆင့်ပြန်ချက်များ မလာထားသောကြောင့် လူတို့အကြား ဖြန့်ချိခြင်းမှ ရှောင်ရပါမည်။ (ဤသည်တို့မှာ ဆွဟီးဟ်ဟဒီးစ်များတွင် ခိုင်လုံစွာမပါရှိသော အကြောင်းအရာများ ဖြစ်သည်။)


အများအားဖြင့် လူတို့သည် မုဟရ်ရမ်လ၊ အာရှုရာနေ့တွင် ဟဇရသ်ဟုစိုင်န်း (ရသွီယလ္လာဟု အန်ဟု) ရှဟီးဒ်ဖြစ်ခြင်းကြောင့်  ထိုလ ထိုနေ့တို့သည် မြင့်မြတ် ထူးမြတ်နေရခြင်းဖြစ်သည်ဟု ထင်မြင်ကြသည်။ ထို့ပြင် ဟဇရသ်ဟူစိုင်န်းသခင်ရှဟီးဒ်ဖြစ်ခြင်းကို အကြောင်းခံ၍ များစွာသော ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် အပြစ်ဂုနာဟ်များကို ကျူးလွန်ကြသည်။ ဤလမြတ်အား ရိုသေသမှုထားခြင်းနှင့် ထိုအပြစ်ဂုနာဟ်များသည် လုံးဝဆန့်ကျင်ဖက်ပင် ဖြစ်သည်။ အမှန်စင်စစ် ဟဇရသ်ဟုစိုင်န်း(ရသွီယလ္လာဟုအန်ဟု) ထိုလတွင် ရှဟီးဒ်ဖြစ်မည်ဟူသော ကိစ္စရပ်သည် သီးခြားကိစ္စရပ်တစ်ခုဖြစ်ပြီး ဤလမြတ်၏ ထွတ်မြတ်ခြင်းနှင့် မည်သို့မျှ သက်ဆိုင်မှုမရှိပေ။ ကုရ်အာန်ကျမ်းမြတ်တွင် အကြင်လများနှင့်ပတ်သက်၍ အဒဗ်ထားရန် မိန့်ထားသည်။ ထို အဒဗ်ဟူသည်မှာ ယင်းလများတွင် မိမိကိုယ်ကို ညှင်းပမ်းနှိပ်စက်ခြင်းမပြုရန် တောင်းဆိုထားခြင်းပင် ဖြစ်၏။ ကုရ်အာန်၏ ဝေါဟာရတွင် ရှစ်ရ်က်၊ ကုဖုရ်၊ ရှရီအသ်နှင့် ဆန့်ကျင်ဖက်ပြုခြင်း၊ အလ္လာဟ်တားမြစ်ထားသောအလုပ်များ၊ လုပ်ရပ်များကိုပြုခြင်းကို ဇွလ်မ်(ညှင်းပမ်းနှိပ်စက်ခြင်း) ဟု ခေါ်သည်။ ထိုဇွလ်မ် နှင့် ဂုနာဟ်ကျုးလွန်ခြင်းတို့သည် အခြေအနေတိုင်း အချိန်အခါတိုင်း၌ မကောင်းသည့်အရာများပင် ဖြစ်သည်။ သို့သော် ထူးခြားသောလများ၌ ယင်းလတို့၏ ထွတ်မြတ် မြင့်မြတ်မှုများကို ထောက်ရှု၍ အထူးတလည် တားမြစ်ထားခြင်းပင် ဖြစ်ပေသည်။ မုဟရ်ရမ်လမြတ်၌ ထုံးတမ်းစဉ်လာများကျင်းပခြင်း၊ အဲဟ်လေဗိုင်သ်၏ ရုပ်ပုံများပြုလုပ်ခြင်း၊ ရင်ထုခြင်း၊ ငိုပွဲများကျင်းပခြင်း၊ အခြားသောအရာများ၏ အမည်နာမကိုတသ၍ ပွဲများပြုလုပ်ခြင်း၊ အခြားသူများ၏အမည်ဖြင့် ဖာသိဟာဖတ်ခြင်း အစရှိသည်များကို စဝါးဗ်ရမည်ဟု မှတ်ယူပြီး လုပ်ဆောင်ကြသည်။ ထိုအရာများနှင့်ပတ်သက်၍ ကုရ်အာန်၊ ဟဒီးစ်တို့တွင် မည်သည့်အထောက်အထားမှ မပါရှိပါ။ သို့သာမက ယင်းကဲ့သို့လုပ်ရပ်များကို ကုရ်အာန်၊ ဟဒီးစ်များတွင် ရှင်းလင်းပြတ်သားစွာပင် တားမြစ်ထားပါသည်။ ယင်းလုပ်ရပ်များသည် ထိုလကို အရိုအသေမထားခြင်းပင်ဖြစ်ပြီး အလ္လာအရှင်မြတ်၏ အမိန့်တော် " အသင်တို့ ထိုလများတွင် မိမိတို့ကိုယ်ကို ညှင်းပမ်းနှိပ်စက်ခြင်းမပြုကြလင့် " ဟူသော အမိန့်ကိုလည်း ဆန့်ကျင်ခြင်းပင် ဖြစ်၏။ ထို့အတွက်ကြောင့် တမန်တော်မြတ်(ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်)ထံမှ အတိအကျ ဆင့်ပြန်ချက်လာရှိထားသော အမလ်သည်သာလျှင် စဝါးဗ်ရရှိရန် အကြောင်းခံဖြစ်မည်။ ထိုအရာမှအပ အခြားသော အခြေအမြစ်မရှိသည့် အမလ်များကိုပြုပြီး စဝါးဗ်ရရှိရန်မျှော်ကိုးနေခြင်းသည် မည်သို့မှ မှန်ကန်မှုမရှိကြောင်း အသိပေး ဖော်ပြအပ်ပါသည်။

(မော်လာနာရှမ်စွလ်ဟက် ရေးသားသော " မာဟေမုဟရ်ရမ်အေးက်အဟမ်မဟီးနား " ကို အလ်မုဖီးဒ်က ဘာသာပြန်ဆို တင်ပြခြင်းဖြစ်သည်။)