Showing posts with label မဆ်အလဟ်. Show all posts
Showing posts with label မဆ်အလဟ်. Show all posts

Sunday, December 30, 2018

မွတ်စ်လင်မ်တို့ မလုပ်ရမည့် တုခြင်းနှင့် တူခြင်း


အစ္စလာမ့်ရှရီအသ်ကို ကျင့်သုံးလိုသူများနှင့် အစ္စလာမ့် ပညတ်ချက်များအား လိုလားနှစ်သက်စွာ လေ့လာနေသူများအတွက် ရည်ရွယ်၍ မုဖ်သီမုဟမ္မဒ်အိဒ်ရီးစ် (Idric Nct) ၏ ဖော်ပြချက်အား အလ်မုဖီးဒ်က ပြန်လည်တင်ဆက်လိုက်ပါသည်။
(ဒုတိယအကြိမ် ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
** Happy New year လုပ်တာ မပိုင်ဘူးပြောရင် ပြက္ခဒိန်လည်း မသုံးနဲ့။
မေးခွန်း။ ဟဒီးစ်တော်မှာ ဘယ်လိုအရာ တုခြင်းကို တားမြစ်တာလဲ။
အဖြေ။ ၎င်းအရာနှင့် ပတ်သက်ပြီး ဟဒီးစ်တော်ပေါင်း ၃ဝ နီးပါး လာသည်။ ဘယ်လိုပုံစံဆိုရင် တုခြင်းဖြစ်ပြီး ဘယ်လိုပုံစံဆိုရင် တူဆင်ခြင်းဖြစ်ကြောင်း အသေးစိတ်သိရန် အစ္စလာမ့်ပညာရှင်များက လေးမျိုးခွဲ၍ တင်ပြထားသည်။
မှတ်ချက်။ တုခြင်း၊ တူဆင်ခြင်း နှစ်ခုလုံးပါဝင်သည်။ အောက်တွင် ဥပဒေသများကို ကြည့်ပါ။
၁။ တခြားဘာသာဝင်တို့၏ ဘာသာရေးဆိုင်ရာ အမှတ်သားအား အီမာန်ရှင်က ရွေးချယ်အသုံးပြုခြင်း။ ပမာ ခရစ်ယာန်တို့၏ cross အမှတ်သား လက်ဝါးကပ်တိုင်အား မိမိအတွက်အသုံးပြုခြင်း။ ၎င်း၏အမိန့်မှာ အီမာန် ပျက်သည်။
ولو وضع علي رأسه قلنسوة المجوس كفر
မီးကိုးကွယ်သူတို့၏ ဦးထုပ်ဆောင်းသူသည် အီမာန်ပျက်၏။ (အလ်မွလ်သကသို့ ဖိလ် ဖသာဝလ်ဟနဖိယာဟ် ၂၄၅)
၂။ ဘာသာခြားတို့နှင့် သက်ဆိုင်သည့် ပွဲလမ်းသဘင်များတွင် ပါဝင်ခြင်း။
ထိုပွဲလမ်းသဘင်အား ထောက်ခံခြင်း၊ နှစ်သက်ခြင်းမရှိဘဲ လိုက်လျောညီထွေစွာ ဆက်ဆံခြင်း နီယသ်ဖြင့် ပါဝင်ပါကလည်း မပိုင်ပါ။ အကယ်၍ ထိုပွဲလမ်းသဘင်အား ထောက်ခံခြင်း၊ နှစ်သက်ခြင်းတို့ပြုပါက အီမာန်ပျက်၏။
إنما الرضا بالكفر مستحينا كفر
(အလ်မွလ်သကသို့ 254)
၃။ ဘာသာခြားတို့နှင့် သက်ဆိုင်သည့် ရိုးရာများကို တူဆင်အောင်ပြုခြင်း၊ တုပခြင်း။
ဘာသာခြားတို့၏ ဘာသာရေးအမှတ်အသား မဟုတ်သော်လည်း ထိုအရာကို ဝတ်ဆင်၊ အသုံးပြုခြင်းအားဖြင့် ဝတ်ထားသူအား အစ္စလာမ်မှအပ တခြားဘာသာဝင်ဖြစ်သည်ဟု (အလွယ်) သဘောပေါက်သွားနိုင်မည်။ ပမာ ခရစ်မတ်နေ့တွင် အနီရောင်ဝတ်စုံ ဝတ်ခြင်း။ ထိုလုပ်ရပ်၏အမိန့်မှာ မပိုင်၊ မက္ကရူးဟ် သဟ်ရီမီ ဖြစ်၏။ ကျင့်သုံးခဲ့သော် ဟရာမ် အမိန့်အတိုင်း ဖြစ်သည်။ (အိက်သေ့သွာအို့ ဆွေ့ရာသွလ်မွစ်သကီးမ် စာမျက်နှာ 941)
သို့သော် ဘာသာတရားနှင့် မသက်ဆိုင်ဘဲ အခြားဘာသာဝင်ဖြစ်ကြောင်း အလွယ်တန်းသိနိုင်သည့် အမှတ်သား တူဆင်မှု၊ တုပမှု၏အမိန့်သည် အပြောင်းအလဲဖြစ်နိုင်သည်။ ပမာ အရင်ခေတ်က ကုတ်၊ ဘောင်းဘီ၊ နက်တိုင်အား ခရစ်ယာန်များသာ အသုံးပြုခြင်းကြောင့် အစ္စလာမ့်ပညာရှင်များက ဟရာမ်ဟုဆိုသည်။ သို့သော် ယနေ့ခေတ်တွင် ကုတ်၊ နက်တိုင်သည် ခရစ်ယာန်ကိုသာ အထူးမပြုတော့ခြင်းကြောင့် အသုံးပြုပိုင်သည်။ (ဟဇရသ်ထာနဝီ၏ အင်မ်ဒါဒွလ် ဖသာဝါကျမ်း၊ ဖသ်ဝါ အမှတ် ၃၄၅။ ကေ့ဖာယသွလ် မွဖ်သီ ဖသ်ဝါ အမှတ် ၁၆၁၉တွင် လေ့လာနိုင်သည်။)
၎။ ဘာသာရေးလုပ်ဆောင်ချက်တခုခုကို ကိုယ်စားမပြုသော ပုံစံ၊ အဝတ်အစား၊ အခမ်းအနား၊ စသည်တို့အား လုပ်ဆောင်ခြင်းသည် အခွင့်ရှိသည်။
ပမာ... ရုံးခန်း (Office) ဖွင့်ခြင်း၊ တည်ဆောက်ခြင်း၊ အဆောက်အဦး ဒီဇိုင်းတုခြင်း၊ သင်ရိုးညွှန်းတမ်း ယူခြင်း၊ ပြက္ခဒိန် အသုံးပြုခြင်း၊ စစ်ဗြူဟာယူခြင်း၊ စစ်လေယာဉ် system ယူခြင်း၊ လွတ်လပ်ရေး ဂုဏ်ပြုအခမ်းအနား စသည်တို့ဖြစ်သည်။
တမန်တော်မြတ် ဆွလ္လလ္လာဟို့ အလိုင်ဟေ့ ဝစလ္လမ် ခေတ်က ခန်ဒသ်စစ်ပွဲတွင် အီရန် ပါရှားတို့၏ စစ်ဗြူဟာဖြစ်သည့် ကျုံးတူးခြင်းနည်းစနစ်အား အီရန် ပါရှန်နိုင်ငံသားဖြစ်သူ ဟဇရသ် စလ်မားန်က တမန်တော်မြတ်ကို လျှောက်ထားသည် အိုကိုယ်တော် ကျနော်တို့ အီရန်တွင် စစ်ဖြစ်ပါက ရန်သူမဝင်နိုင်ရန် ကျုံးတူးသည်ဟု အကြံပြုသောအခါ တမန်တော်က ထိုနည်းအတိုင်း ကျုံးတူးဖို့ အမိန့်ပေးခဲ့သည်။
ထို့အတူ ဟဇရသ် အို့မရ်ခေတ်က တွက်ချက်ခြင်းနည်းပညာအား ပါရှားနှင့် ရောမတို့ထံမှ အတုယူ အကျိုးခံစားခဲ့သည်။ (အလ်ဖာရူးက် မို့ကမ္မလ် ၁၃ဝ၂။ အလ်ဗေ့ဒါယာ ဝမ်(န်)နေ့ဟာယာ ၉၅၄ တို့တွင် လေ့လာနိုင်သည်။)
မှတ်ချက်။ (ထိုလုပ်ရပ်မျိုး၌လည်း) အစ္စလာမ်က တားမြစ်ထားသည့် တခြားသော လုပ်ရပ်များ မပါဝင်ရပါ။
စာရှုသူ မိတ်ဆွေတို့အား အကြံပြုချက်။
ဆဲခြင်း၏ တိုက်ရိုက်စကားလုံးများအစား ငိုးမ ငုံးမ ငါ ~~္လိ~မသား စသည်များရေးခြင်း မပြုအပ်သလို Happy New year အစား မို့ဗာရက်ပါ စလာမ် ပျှော်ရွှင်ချမ်းမြေ့ကြပါစေ စသဖြင့် အကြောင်းအရာတခုကို ရည်ညွှန်းသည့် စကားများအား စကားလုံးပြောင်း၍ အကောင်ထည်ဖော်ခြင်းများကို ရှောင်ရှားရန် တိုက်တွန်းပါသည်။ တမန်တော်မြတ်သည် Happy New year ကို တိုက်ရိုက်စကားလုံးသုံး၍ မမိန့်ခဲ့ပါ။ အထူးပြုသည့် လုပ်ရပ်ကိုသာ ရည်ညွှန်းတားမြစ်ခဲ့ပါသည်။ ယင်းသို့မိန့်ထားခြင်းတွင်လည်း အမြော်အမြင်နှင့် အလွန်ပြည့်စုံပါသည်။ ထို့ပြင် အစ္စလာမ့် အသိတရားမရှိသူများနှင့် အခြေတင် ငြင်းခုံမှု မပြုရန်၊ ၎င်းတို့၏ လုပ်ဆောင်ချက်နောက်မလိုက်ရန် တိုက်တွန်းပါသည်။
ကျနော် (Ade Nct) ရေးခဲ့သည့် အထက်ပါအကြောင်းအရာအား မော်လာနာ ခါလိဒ်ဆိုင်ဖွလ္လာဟ် ရဟ်မာနီ သခင်၏ မွစ္စလ်မာန် ဂိုင်မွစ္စလင်မ် ကေ့ မို့အာရှရေးမေ့ ဆောင်းပါးမှ တင်ပြခြင်း ဖြစ်သည်။
ရေးသားသူ။ မုဖ်သီမုဟမ္မဒ်အိဒ်ရီးစ် (Idric Nct)
အလ်မုဖီးဒ်က ပြန်လည်ဖော်ပြသည်။
၆/ ရဗီအုစ်စာနီ/ ၁၄၃၉။
25/ 12/ 17 (တနင်္လာ)
ဟစ်ဂျရီ 1440/ ဆွဖရ်/ 9
18/10/2018 (ကြာသပတေး)
အလ်မုဖီးဒ်
စာသားကော်ပီယူသူများ မူရင်းအတိုင်း အပြည့်ကူးပါ။ credit အပြည့်ထည့်ပါ။

Saturday, May 6, 2017

ရာသီမလာရန် ဆေးသုံးပြီး ရိုဇဟ်ထားခြင်းဆိုင်ရာ ပညတ်ချက်




ယနေ့အခါတွင် မွတ်စ်လင်မ်အမျိုးသမီးအများစုတို့အတွင်း၌ ရာသီမလာရန် ဆေးများသုံးပြီး ရမဿွာန်လ၏ ရိုဇဟ်ထားခြင်း၊ ညထူးညမြတ်များရောက်လျှင် ရာသီရပ်သွားရန် လုပ်ဆောင်ခြင်းများကို ကြားသိနေရသည်။ ယင်းသို့ လုပ်ဆောင်ခွင့် ရှိမရှိကိုလည်း မေးမြန်းနေသည်များအား တွေ့နေရသည်။ ထိုကိစ္စနှင့်ပတ်သက်၍ အမျိုးသမီးအားလုံး အသိတရားအမှန်ရစေရန် အလ်မုဖီးဒ်ကနေ တင်ဆက်လိုက်ခြင်း ဖြစ်သည်။

ကုသိုလ်(စဝါးဗ်)ဟူသည် ရှရီအသ်က သတ်မှတ်ထားသည့်အတိုင်း လိုက်နာခြင်းတွင်သာ ရှိကြောင်း မွတ်စ်လင်မ်အမျိုးသမီးတို့ အဓိက သိထားရပါမည်။ ရာသီလာခြင်းဟူသည် အလ္လာဟ်အရှင်မြတ်က အမျိုးသမီးတိုင်းအတွက် သတ်မှတ်ထားသည့် သဘာဝဖြစ်စဉ်တခုမျှသာဖြစ်၏။ အစ္စလာမ်တွင် ရာသီလာနေသည့် အမျိုးသမီးအား သန့်နေသည့် အမျိုးသမီးနည်းတူ အခွင့်အရေးများ ပေးထားသည်။ ထို့အတူ အချို့အချို့သော တာဝန်များအား ပလပ်ပေးထားသည်။ ဤသည်မှာ အလ္လာဟ်အရှင်မြတ်က လူသားများထဲမှ မွတ်စ်လင်မ် အမျိုးသမီးတို့ကိုသာ အထူးပေးထားသည့် အခွင့်အရေးဖြစ်သည်။ အကယ်၍သာ ရာသီလာခြင်းကို တားပြီး ရိုဇဟ်ထားဖို့ရန် လိုအပ်ခဲ့မည်ဆိုပါက ရမဿွာန်ဟူသည် တစ်နှစ်တွင် တလသာ တာဝန်ရှိသည့် ဖရ်ဇ်ဖြစ်သည်။ နေ့တိုင်း တနေ့ကို ငါးကြိမ် နမားဇ်ဖတ်ရန် ဖရ်ဇ်ကို လတိုင်း ကြုံတွေ့နေရသည်။ နမားဇ်သည် ရိုဇဟ်ထက်ပို၍ ကြုံနေရသည့် ဖရ်ဇ်တာဝန်ဖြစ်၏။ ထိုတာဝန်ကို မလစ်ဟင်းစေဘဲ ဆောက်တည်ဖို့ရာ တစ်နှစ်တခါထက် လတိုင်း လတိုင်းက ပို၍ အရေးကြီးပါမည်။ ထို့ကြောင့် လတိုင်းတွင် အနည်းဆုံး ငါးရက် ခုနှစ်ရက် နမားဇ်မဖတ်ရခြင်းအတွက် ဆေးသောက်ပြီး ရာသီမလာအောင်လုပ်ပြီး နမားဇ်ဖတ်ရန် သတ်မှတ်ရပါလိမ့်မည်။ ရှရီအသ်တွင် ထိုသို့မသတ်မှတ်ထားပါ။ ရှရီအသ် စတင်ရာ တမန်တော်မြတ်ရှိစဉ်မှစ၍ မည်သည့် ဆွဟာဗီအမျိုးသမီးကမျှ ရာသီလာခြင်းကို တားဆီးပြီး ရိုဇဟ်စောင့်ခဲ့သည်ဟူ၍ မရှိပါ။ (ဤစကားပြောလို့ အရင်က အဲ့ဒီလို ဆေးမှမရှိတာဟု စောဒကမတတ်ပါနှင့်။ ယနေ့ခေတ်၏ ခေတ်သစ်ပစ္စည်းအားလုံးသည် ယခင်ကာလကတည်းက ရှိပြီးသားများသာ ဖြစ်သည်။) တစ်နှစ်တခါ ကြုံရသည့် ဖရ်ဇ်အတွက်လည်း ဆေးများသုံးပြီး ရိုဇဟ်ထားဖို့ တာဝန်မရှိသလို နဖိလ်အိဗာဒသ်အတွက်လည်း ရာသီလာနေခြင်းအား တားဆီးခြင်း၊ ရပ်တန့်စေခြင်း လုံးဝမပြုရပါ။ ရာသီလာခြင်းကို တားပြီး အိဗာဒသ်လုပ်မည်၊ ရိုဇဟ်ထားမည် စသည့် ခံယူချက်များရှိပါက ဖျက်ပါ။ အိဗာဒသ်သည် နမားဇ်တခုတည်း ရှိသည်မဟုတ်ပါ။ ထို့အတူ ဆေးသောက်ပြီး ရိုဇဟ်ထားဖို့ အစ္စလာမ်က မစေခိုင်းထားပါ။ ရှရီအသ်၏ လွယ်ကူမှုကို လွယ်ကူမှုအတိုင်းထားပါ။ မခက်ခဲစေပါနှင့်။ ယင်းသို့ ဆေးသောက်၍ ရာသီရပ်ဆိုင်းစေခြင်းနှင့်ပတ်သက်သည့် ပညတ်ချက်ကို ပြန်လည် ဖော်ပြလိုက်ပါသည်။ မသိသူများလည်း သိသွားအောင်၊ သိပြီးသားများလည်း ပိုမှတ်မိအောင်၊ မိမိ၏ မိတ်ဆွေများတွင် ထိုသို့ ခံယူချက်များ ရှိနေပါက အမှန်ကို ပြောပြနိုင်အောင် ရည်ရွယ်ပါသည်။ (အလ်မုဖီးဒ်)

ဓမ္မတာဆိုင်းငံ့ခြင်း
ရမ်ဇာန်လနှင့် အခြားသောထွတ်မြတ်သည့် နေ့များအတွက် ဆေးသောက်၍ ဓမ္မတာဆိုင်းငံ့ခြင်း

မေး - အမျိုးသမီးများအနေဖြင့် ရမ်ဇာန်လ၏ ရိုဇာဟ်အတွက်ဖြစ်စေ၊ အခြားသော နေ့ထူးနေ့မြတ်တို့တွင် နမားဇ်၊ သိလာဝသ်များ ပြုနိုင်ရန်အတွက် လစဉ်ဓမ္မတာဆင်းခြင်းကို ဆိုင်းငံ့ရန်အတွက် ဆေးများသုံးစွဲခွင့်ရှိပါသလား။ အစ္စလာမ့်လမ်းညွှန်မှုကို သိရှိလိုပါသည်။

ဖြေ - အထက်ပါပုံစံ ဆေးသုံးစွဲ၍ရိုဇာဟ်ထားခြင်းဖြင့် ရိုဇာဟ်ပိုင်သွားမည်။ သို့သော် အစ္စလာမ့်က တောင်းဆိုထားခြင်းမရှိပါ။ ဆေးပညာအရ အချို့ဆိုးကျိုးများရှိသည်ဟု ဆရာဝန်များက ဆိုကြသည်။ ထို့ကြောင့် ရှောင်ကြဉ်ခြင်းက ပိုကောင်း၏။

မှတ်ချက်။ နားလည်မှုမှားနေကြသော အကြောင်းအရာတစ်ခုမှာ "ဆေးသုံးစွဲ၍ ရိုဇာထားလိုက်ခြင်းက (ရိုဇာကို ခဏရပ်ဆိုင်းလိုက်ပြီး) ကဇွာဖြည့်ရခြင်းထက် ပိုမွန်မြတ်သည်" ဟူသည့် နားလည်ယူဆမှု ဖြစ်သည်။ ထိုနားလည်ယူဆထားမှုသည် လုံးဝမှား၏။ အမှန်မှာ ......ဆေးသုံးပြီး ရိုဇာထားလိုက်ခြင်းဖြင့် စဝါးဗ် အကျိုးကုသိုလ်တွင် တစက်ကလေးမှ ပိုမရသွားသလို ဆေးမသုံးဘဲ ကဇွာလုပ်လိုက်လျှင်လည်း အကျိုးစဝါးဗ်တွင် လုံးဝလျော့နည်းမည် မဟုတ်ပေ။
{ ကြည့် ကေသာဗွလ် ဖသာဝါကျမ်း}

ကုရ်အာန်ကျမ်းတော်မြတ် (နှစ်ပါရဟ်မှ အာယသ်တော် (ယိုရီးဒွတ်လ်လားဟို့ ဗေ့ကိုမွလ် ယွတ်စ်ရ ဝလာယိုရီးဒို့ ဗေ့ကိုမွတ်လ် အွတ်စ်ရ) အဓိပ္ပါယ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထံမှ လွယ်ကူမှုကိုလိုလားပြီး ခက်ခဲမှုကို မလိုလားပေ။ ဟု မိန့်ဆိုထားတော်မူပါသည်။

ရေးသားသူ >> Abu onaiyeis

~ အလ်မုဖီးဒ် ~
ဟစ်ဂ်ျရီ ၁၄၃၆/ ရှအ်ဗာန်/ ၁၅/ ယောင်မုလ်အရ်ဗာအ်


ရာသီမလာစေရန် ဆေးသောက်တားခြင်း၏ အကျိုးဆက်ကို ဆေးပညာရှုထောင့်မှ ဖော်ပြထားခြင်း

ရာသီမလာရန် ဆေးသောက် တားခြင်း
ယခုခေတ် အမျိုးသမီးအများစုတို့သည် ရမဿွာန်လတွင် ရိုဇာကဇွာမဖြစ်ရန်နှင့် ကဒရ်ညမြတ် (အခြားသော နေ့ထူးနေ့မြတ်များ)တွင် အိဗာဒသ်များပြုလုပ်နိုင်ရန်ဟု ရည်ရွယ်၍ ဓမ္မတာမဆင်းစေရန် တားဆေးများ သုံးစွဲကြသည်။ ထိုလုပ်ရပ်သည် လုံးဝမှားယွင်းပြီး ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်သည်။ ဦးစွာပထမကျန်းမာရေးထိခိုက်စေသော အကြောင်းရာများအား တင်ပြပါမည်။ ထိုးဆေးများသုံးစွဲပါက ကိုယ်အလေးချိန် တက်လာမည်။ နောက်ပိုင်းတွင် ရာသီပုံမမှန်ခြင်း ဖြစ်လာနိုင်သည်။ ခေါင်းကိုက်ဝေဒနာရှင်များ သုံးစွဲပါက ရောဂါအခြေနေ ပိုဆိုးရွားသွားနိုင်သည်။ခန္ဓာကိုယ်တွင် ရေဓါတ်များလာမည်။ စိတ်ဝေဒနာရှင်များ လုံးဝမသုံးစွဲသင့်ပါ။ သောက်ဆေးကိုလည်း မလိုအပ်ပါက မသုံးစွဲသင့်ပါ။ (ဤအချက်အား D.R Aishah Rayaan(Dubai) က ပြောပြခြင်း ဖြစ်သည်။)

ယခု အစ္စလာမ့်အမိန့်ကို တင်ပြပါမည်။

အစ္စလာမ်သည် လူသား၏ ကျန်းမာရေးကို ဦးစားပေး ထောက်ထားမှုရှိသော ဘာသာတစ်ခု ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် လူသားများအား မနိုင်ဝန် မထမ်းခိုင်းပါ။ လူသားများ လုပ်နိုင်သော အီဗာဒသ်များကိုသာ လုပ်ရန် ဖရဇ်တာဝန် အဖြစ် ပြဋ္ဌာန်းပေးထားသည်။ ကုရ်အာန်ကျမ်းမြတ်တွင် အလ္လာဟ်အရှင်မြတ်က "လာ ယုကလ် လိဖုလ်လာဟု နဖ်ဆန်၊ အိလ်လာ ဝုဆ်အဟာ" အလ္လာဟ်အရှင်မြတ်သည် လူသားအား ၄င်းတတ်နိုင်သည်ခန့်သာ တာဝန်ပေးတော်မူ၏ ဟု မိန့်တော်မူထားသည်။ မိမိကိုယ်ခန္ဓာအား အဓမ္မစေခိုင်း၍ ဒုက္ခရောက်အောင် ပြုလုပ်ခြင်းကို တမန်တော်မြတ် ကိုယ်တိုင် တားထားတော်မူ၏။ ဆွဟာဗီအမျိုးသမီးတစ်ဦးသည် သဟဂ်ျဂျွဒ်အချိန် အိပ်မငိုက်စေရန် မိမိ၏ဆံပင်အား တိုင်ဖြင့်ချည်ထားကြောင်း တမန်တော်မြတ် သိသောအခါ ထိုသို့မလုပ်ရန် တားမြစ်လိုက်၏။ ထိုနည်းတူ ဆွဟာဗဟ်တစ်ပါးသည် နေ့စဉ်ရက်ဆက် ရိုဇာထား၍ ညစဉ်ညတိုင်း နမားဇ်ဝတ်ပြု၍နေသည်။ တမန်တော်မြတ်သည် ထိုဆွဟာဗဟ်အားလည်း တားမြစ်ခဲ့သည်။ ဖေါ်ပြခဲ့သော ကုရ်အာန်အာယသ်နှင့် ဟဒီးစ်တော်များအရ အမျိုးသမီးတို့သည် ရမဿွာန်ရိုဇာ မပျက်စေရန်နှင့် ညထူးညမြတ်များတွင် အိဗာဒသ်လုပ်ရန်ရည်ရွယ်၍ တားဆေးများ သုံးစွဲခြင်းသည်လည်း မပြုလုပ်ရမည့်အရာဖြစ်ကြောင်း သုံးသပ်ရပါသည်။ လုံးဝမပိုင်၊ ဟရာမ်ဟု ဆိုလိုခြင်းမဟုတ်။

ယင်းကဲ့သို့ ပြုလုပ်ခြင်းတွင် ပုံစံနှစ်မျိုးရှိသည်။
(၁) ရာသီသွေး မပေါ်ခင်ကတည်းကပင် ကြိုတင် ဆေးသုံးစွဲကာ သွေးမပေါ်အောင် တားဆီးခြင်း။
(၂) ရာသီသွေးပေါ်ပြီးကာမှ ဆေးသုံးစွဲ၍ ရပ်တန့်စေခြင်း။ ပထမပုံစံမှာ သွေး လုံးဝပေါ်ခြင်းမရှိသည့်အတွက် ပိုင် သွားမည်။ ဒုတိယပုံစံမှာ သွေးပေါ်ပြီးကာမှ ရပ်တန့်စေသည့်အတွက် အမြဲသွေးပေါ်လေ့ရှိသော ရက်များ၏ နမားဇ်၊ ရိုဇာဟ်များ မပိုင်ပါ။ ထိုနေ့များ၏ ရိုဇာဟ်တို့အား ပြန်လည်ဖြည့်စွက်ရန် ဝါဂျိဗ်ဖြစ်သည်။ သဘာဝအား လွန်ဆန်ပြီး မိမိကျန်းမာရေးအား ထိခိုက်စေနိုင်သော နည်းလမ်းများအား သုံးစွဲ၍ တာဝန်ထမ်းဆောင်ခြင်းသည် မည်သို့မှအကျိုးမရှိပါ။ (ထိုသို့ပြုလုပ်ရန်လည်း အမိန့်မပေးထားပါ။ ထို့အတူ ယင်းသို့ ဖြစ်ပေါ်နေကြအရာအား တားဆီးပြီး အိဗာဒသ်ပြုလုပ်လျှင် ပိုမြတ်၏ဟုလည်း မိန့်ထားခြင်းမျိုးမရှိပါ။ အရှိအတိုင်းသာ အမိန့်နာခံရန် ခိုင်းထားခြင်း ဖြစ်၏။) ထို့ကြောင့် သဘာဝအတိုင်းပင် ဖြစ်လေ့ရှိတတ်သော ရာသီလာခြင်းအား မတားဆီးဘဲ အမလ်အိဗာဒသ်များ ပြုလုပ်ပါရန် တိုက်တွန်းအပ်ပါသည်။

အမျိုးသမီးတို့အတွက် ရိုဇဟ်ဆိုင်ရာ အသိပညာများအား ဤလင့်တွင် ဖတ်နိုင်ပါသည်။
http://aaitee.blogspot.com/2016/06/blog-post_12.html

အလ်မုဖီးဒ်
ရှအ်ဗာန်လ/၉/ ဟိဂ်ျရီ 1438 (ယောင်မုစ်စဗ်သိ)
6/5/2017(စနေနေ့)

Saturday, October 29, 2016

အဖြူဆင်းခြင်းဆိုင်ရာ ပညတ်ချက်များ


မွတ်စ်လင်မ်သည် တစ်နေ့တွင် ငါးကြိမ်နမားဇ်ကို မပြုမနေရတာဝန်အဖြစ် ထမ်းဆောင်ရသလို ယင်းနမားဇ်ကိုလည်း သန့်ပြန့်သည့် ခန္ဓာကိုယ်၊ သန့်ရှင်းသည့် အဝတ်အထည်နှင့် စင်ကြယ်သည့် နေရာတို့တွင် ဆောက်တည်ရသည်။ နေ့စဉ်တာဝန်တွင်ပါရှိသည့် နမားဇ်ကိုထမ်းဆောင်ရန် သန့်ရှင်းမှုသည့် အရေးကြီးပေသည်။ အစ္စလာမ်တွင် သန့်ရှင်းမှုပြုလုပ်ရသည့်နည်းကို အဆင့်ဆင့် ပြဌာန်းပေးထားသည်။ ကမ္ဘာ့လူသားထုတစ်ခုလုံးတွင် နှစ်မျိုးသာ ကွဲပြားသည့် ယောက်ျားနှင့် မိန်းမတို့အတွက် မတူညီသည့် ပြဌာန်းချက်များ ချမှတ်ပေးထားသည်။ ထိုထဲမှ ယခုဖော်ပြမည့် အကြောင်းအရာသည် အမျိုးသမီးများ ကြုံတွေ့ရသည့် အခြေအနေနှင့် သက်ဆိုင်ပါသည်။ အမျိုးသမီးဆိုင်ရာ ပညတ်ချက်များကို အမျိုးသားများလည်း လေ့လာထားရမည်။ အမျိုးသားတစ်ဦးသည် အမျိုးသမီးများစွာနှင့် ဆွေမျိုးတော်စပ်သူဖြစ်သည်။ အမျိုးသား၏ မွေးဖွားပေးသူမှာ အမျိုးသမီးဖြစ်သည်။ အဒေါ်များမှာ အမျိုးသမီးဖြစ်သည်။ အမ၊ ညီမများ၊ တပည့်မများ၊ လက်အောက်ဝန်ထမ်းမှ အမျိုးသမီးများ၊ တူမများ၊ ဇနီး၊ သမီး စသည်ဖြင့် အမျိုးသမီးများစွာနှင့် ပတ်သက်ဆက်နွယ်နေရသည်။ ထို့ကြောင့် အမျိုးသမီးနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို အမျိုးသားများပါ ဖတ်ရှုထားမည်ဆိုပါက မိမိနှင့် ပတ်သက်ဆက်နွယ်နေသူတို့အား ပြန်လည် သင်ပြ ပြောပြပေးနိုင်မည်။ ပညာရပ်ပိုင်းဆိုင်ရာကို ပညာသင်ဦးနှောက်ဖြင့် တွေးမြင် သင်ယူပါက ပညာတိုးမည်ဖြစ်ပါသည်။ ထို့ကြောင့် ယခုဖော်ပြမည့် အကြောင်းအရာကို အမျိုးသား၊ အမျိုးသမီးတိုင်း လေ့လာဖတ်ရှုပါ။ ပြန်လည် သင်ပြ၊ ဖြန့်ဝေပါဟု တိုက်တွန်းပါသည်။

အဖြူဆင်းခြင်း
အမျိုးသမီးတို့၏ သားအိမ်အတွင်းတွင်ရှိသော မျိုးဥ၊ ဆဲလ်စသည်တို့သည် သဘာဝအလျောက် ကြွေခြင်း၊ ပျက်စီးသွားခြင်းများ ဖြစ်သည်။ ယင်းသို့ဖြစ်သည့်အခါ သားအိမ်လမ်းကြောင်းမှနေ၍ ပြင်ပသို့ သွေး၊ အရည်ကြည်၊ အချွဲ စသည်များ ဆင်းသက်လာသည်။ အပျိုအရွယ်တွင် အများဆုံး ကြုံတွေ့ရသည်မှာ ရာသီသွေးဆင်းခြင်းဖြစ်သည်။ ရာသီနှင့်အတူ အဖြူဆင်းခြင်းသည်လည်း အမျိုးသမီး (အပျို၊ အိမ်ထောင်ရှင်)တို့တွင် အများအားဖြင့် ဖြစ်လေ့ရှိကြသည်။ အိမ်ထောင်ရှင်ဖြစ်ပြီးနောက် သားသမီးမွေးဖွားလျှင် မီးတွင်းသွေးဆင်းခြင်း ဖြစ်ပေါ်သည်။ ယင်းဖြစ်စဉ်အားလုံးသည် သားအိမ်မှ ဖြစ်ခြင်းဖြစ်၏။ ထိုသို့ဖြစ်လာသည့်အခါ ခဝပ်ဆည်းကပ်မှုဆိုင်ရာများတွင် လျှော့ပေါ့ပေးမှုများ၊ အချို့တာဝန်များကို ရပ်ဆိုင်းပေးခြင်းများရှိသည်။ ရာသီသွေး၊ မီးတွင်းသွေး၊ ယင်းသွေးနှစ်မျိုးတွင် သတ်မှတ်ကာလ ကျော်လွန်မှုတို့ကြောင့် ရောဂါသွေးဟု ပြောင်းလဲခေါ်ရသည့် အခြေအနေ စသည့်အကြောင်းအရာများကို အလ်မုဖီးဒ်မှ ရေးသားပြီးဖြစ်သည်။ ယခု အဖြူဆင်းခြင်းသည်လည်း ယင်းသားအိမ်မှပင် ဖြစ်ပေါ်ခြင်းဖြစ်ရာ ထိုအကြောင်းအရာနှင့် သက်ဆိုင်သည့် ပညတ်ချက်များကို ဖော်ပြမည်။

ဆေးပညာ၏ သတ်မှတ်မှုတွင် အဖြူဆင်းခြင်းသည် ရောဂါကြောင့် ဆင်းခြင်းရှိသလို၊ ကျန်းမာရေး ကောင်းခြင်းကြောင့် ဆင်းရသည်လည်း ရှိသည်ဟု မှတ်သားရသည်။ ကျန်းမာရေးကောင်းခြင်း ကြောင့်ဆိုသည်မှာ အဖြူဆင်းခြင်းကို အမျိုးသမီးတို့၏ သားအိမ်မှ သဘာဝအရ သန့်စင်ပေးသည့်အရည်ဟု ဖော်ပြထားသည်များရှိသည်။ အပျိုတွင်လည်း ဆင်းသလို အိမ်ထောင်ရှင်မများတွင်လည်း ဖြစ်ပေါ် တတ်သည်။

ကျန်းမာရေးချို့ယွင်းမှုကြောင့် အဖြူဆင်းသည်ဖြစ်စေ၊ သားအိမ်သန့်စင်ခြင်းကြောင့် အဖြူဆင်းသည်ဖြစ်စေ အခြေအနေနှစ်မျိုးလုံးကို ရှရီအသ်က မသန့်ဟုသတ်မှတ်သည်။ သားအိမ်အတွင်း ရှိနေစဉ်ကာလသည် ခန္ဓာကိုယ်အတွင်း ရှိသည် ဖြစ်သောကြောင့် ထိုအခြေအနေသည် သန့်နေသည်။ မွေးလမ်းကြောင်းအတွင်း ရှိနေသရွေ့ သန့်၏။ သို့သာမက သားအိမ်အပေါက်ဝတွင် (သားအိမ်ပေါက် အဝိုင်းလေးတည့်တည့်တွင်) ရှိနေသည်အထိ ပြင်ပသို့ရောက်သည်ဟု မသတ်မှတ်သေးပါ။ ခန္ဓာကိုယ်အပြင်ဘက်ထွက်လာလျှင် မသန့်ဟု သတ်မှတ်သည်။ အဖြူဆင်းခြင်းဟု ဆိုရာတွင် အရည်၊ အပျစ်၊ အခဲ၊ အချွဲ အားလုံးကို ဆိုလိုပါသည်။

(၁) အဖြူဆင်းသူနှစ်မျိုး
အဖြူဆင်းသူတို့တွင် ပုံစံနှစ်မျိုးရှိသည်။

(က) ပထမအမျိုးအစားမှာ တစ်ခါတရံမှ ဆင်းသူဖြစ်သည်။ တစ်နေ့လုံးတွင် တစ်ကြိမ်၊ နှစ်ကြိမ်ဆင်းမည်။ သို့မဟုတ် တစ်နာရီအတွင်းမှာပင် သုံးကြိမ်၊ လေးကြိမ်ဆင်းမည်။ နမားဇ်ကို သန့်ရှင်းမှုဖြင့် ဖတ်နိုင်သည့် အချိန်မျှ ရပ်တန့်မှုရှိသည်။ အဖြူဆင်းရာတွင် ပမာဏ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ထိုသို့သောသူမျိုးကို တစ်ခါတစ်ရံမှ အဖြူဆင်းသူဟု သတ်မှတ်သည်။

(ခ) ဒုတိယအမျိုးအစားမှာ အချိန်တိုင်း ဆက်တိုက် အဖြူဆင်းနေသူဖြစ်သည်။ ရာသီလာသကဲ့သို့ ဆင်းနေသည်။ ရပ်တန့်ချိန်နည်းပါးသည်။ နမားဇ်ကို သန့်ရှင်းမှုဖြင့် ဖတ်နိုင်သည့် အချိန်ခန့်မျှပင် ရပ်တန့်ခြင်းမရှိ။ ဆင်းသည့် ပမာဏ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ဆင်းသည့် အချိန်သည် ဆက်တိုက်ဖြစ်နေလျှင် ထိုသို့သောသူမျိုးကို ဆက်တိုက်ဆင်းသူဟု သတ်မှတ်သည်။

(၂) တူညီသည့် ပညတ်ချက်
နှစ်မျိုးလုံးအတွက် တူညီသည့် ပညတ်ချက်များကို ဦးစွာ ဖော်ပြမည်။ အဖြူဆင်းခြင်းကို မသန့်ဟု သတ်မှတ်သည့်အတွက် အဖြူဆင်းလျှင် ဝုဇူပျက်သည်။ ဝုဇူပျက်ခြင်းသာ ဖြစ်မည်။ ရေချိုးရန် ဝါဂျိဗ်မထိုက်ပါ။ ရိုဇဟ်ထားခွင့်ရှိသည်။ ရိုဇဟ်စောင့်ထိန်းနေစဉ် အဖြူဆင်းလျှင် ရိုဇဟ် မပျက်ပါ။ ဇနီးမောင်နှံ နေထိုင်ခွင့်ရှိသည်။ ကုရ်အာန် သိလာဝသ် လုပ်ခွင့်ရှိသည်။ ကုရ်အာန်ကျမ်းကို ထိတွေ့ကိုင်တွယ်လိုလျှင် ဝုဇူပြုရမည်။ ရေးသားလိုလျှင်လည်း ဝုဇူပြုရမည်။

(၃) ပထမအမျိုးအစားအတွက် ပညတ်ချက် (တစ်ခါတရံမှဆင်းသူ)
ပထမ အမျိုးအစားသည် တစ်ခါတရံမှ အဖြူဆင်းသူဖြစ်သဖြင့် အဖြူဆင်းသည်နှင့် ဝုဇူပျက်သွားမည်။ ခန္ဓာကိုယ်တွင် ပေကျံလျှင် ဆေးကြောရမည်။ အဝတ်အစားတွင် ပေကျံလျှင် ယင်းအဝတ်အစားသည် မသန့်ဖြစ်၏။ ဆေးကြော သန့်စင်ရမည်။
(မသန့်ပေကျံရာတွင် လက်ဖဝါးအချိုင့်လေး၏ အပြန့်အတိုင်းအတာထက် နည်းလျှင် မသန့်စင်ဘဲ နမားဇ်ဖတ်ခွင့် ပြုထားသည်။ သို့သော် ယင်းခွင့်ပြုချက်သည် သန့်စင်ရန် ရေအခက်အခဲ၊ လဲလှယ်ရန် အဝတ်အစား အခက်အခဲ ရှိသည့်ကာလအတွက် ဖြစ်၏။ ယနေ့အခါတွင်မူ အလ္လာဟ်အရှင်မြတ် အသနားတော်ဖြင့် အားလုံးသည် အသင့်အတင့် ချောင်လည်နေပြီ ဖြစ်သည်။ ထိုသို့ချောင်လည်ပါလျှက် ခန္ဓာကိုယ်ကို မဆေးကြော၊ အဝတ်အစား မလဲလှယ်ဘဲ နေခြင်းသည် မက္ကရူဟ်ဖြစ်ပါသည်။ လက်ဖဝါးအချိုင့်လေး၏ အပြန့်အတိုင်းအတာမျှ သို့မဟုတ် ထို့ထက်များလျှင် မဆေးကြောဘဲ နမားဇ်မပိုင်ပါ။)

နမားဇ်အတွင်း ရှိနေစဉ် ဆင်းလျှင် (အဖြူဆင်းသည်နှင့် ဝုဇူပျက်သွားပြီ ဖြစ်သောကြောင့်) ယင်းနမားဇ်ပျက်သည်။ နမားဇ်အစပြုချိန်က အသန့်ဖြစ်သည်။ (အဖြူဆင်းခြင်း မရှိ) နမားဇ်တဝက်တွင် အဖြူဆင်းလျှင် ခန္ဓာကိုယ်နှင့် အဝတ်အစားကို သန့်ရှင်းအောင်ပြုပြီးနောက် အစမှ ပြန်ဖတ်ရမည်။ နမားဇ်ဟု ဆိုရာတွင် ဖရ်ဇ်၊ ဝါဂျိဗ်၊ စွန္နသ်၊ နဖိလ်၊ ကဇွာ အားလုံးပါဝင်ပါသည်။

(၄) ဒုတိယအမျိုးအစားအတွက် ပညတ်ချက် (ဆက်တိုက်ဆင်းသူ)

ဒုတိယအမျိုးအစားသည် အချိန်တိုင်း အဖြူဆင်းနေသူဖြစ်သည်။ နမားဇ်ကို သန့်ရှင်းမှုဖြင့် ဖတ်နိုင်သည့် အချိန်ခန့်မျှပင် အဖြူဆင်းခြင်းသည် ရပ်တန့်မှု မရှိပေ။ ထိုသို့သော အခြေအနေရှိသူကို ရှရီအသ်တွင် مَعْذُوْرٌ အခွင့်ရှိသူဟု သတ်မှတ်သည်။ သဘောမှာ နမားဇ်ကို သန့်ပြန့်မှုနှင့်တကွ ဖတ်နိုင်စွမ်းမရှိသူ ဖြစ်သည်။ ထိုသို့ဖြစ်သူအတွက် သီးသန့်သတ်မှတ်မှုများ ရှိပါသည်။

(၅) အခွင့်ရှိသူ ( مَعْذُوْرٌ ) အတွက် စည်းကမ်းချက်နှင့် ပညတ်ချက်

အခွင့်ရှိသူနှင့် သက်ဆိုင်သည့် ရှရီအသ်၏ စည်းမျဉ်းကို ဖော်ပြမည်။ အခွင့်ရှိသူဖြစ်ရန်အတွက် စည်းကမ်းချက် နှစ်ခုရှိသည်။ စည်းကမ်းချက် တစ်ခုမှ အခွင့်ရှိသူဖြစ်ရန်အတွက် ဖြစ်သည်။ ဒုတိယစည်းကမ်းချက်မှာ အခွင့်ရှိသူအဖြစ် ရှိနေရန်အတွက် ဖြစ်၏။

(က) ပထမစည်းကမ်းချက် (အခွင့်ရှိသူဖြစ်ရန်)
အခွင့်ရှိသူဖြစ်ရန်အတွက် ၎င်းသည် နမားဇ်အချိန်ပြည့်တစ်ခုလုံး၌ သန့်ပြန့်မှုနှင့်တကွ နမားဇ်ဖတ်ရန် အခွင့်အရေးမရပေ။ (ပမာ ဇုဟုရ်အချိန်သည် မွန်းတိမ်း ၁၂နာရီက စပြီး အဆွရ်အချိန် ညနေ ၄နာရီအထိ ဖြစ်သည်။ ထိုအတောအတွင်း ဆက်တိုက် အဖြူဆင်းနေသည်။ အနည်းငယ်မျှ ရပ်တန့်ခြင်းမရှိ။) သို့ဆိုလျှင် ၎င်းသူသည် مَعْذُوْرٌ အခွင့်ရှိသူ ဖြစ်၏။

အခွင့်ရှိသူ၏ ပညတ်ချက်မှာ နမားဇ်အချိန်တိုင်းတွင် တစ်ကြိမ် ဝုဇူပြုလုပ်ပါ။ ထိုနမားဇ်အချိန် မကုန်မချင်း (အခွင့်ရသည့် အကြောင်းအရာမှအပ အခြားသော ဝုဇူပျက်စေသည့် အခြား အကြောင်းအရာမဖြစ်ပေါ်လျှင်) ဝုဇူရှိနေသူ ဖြစ်မည်။ ထိုသို့ဝုဇူပြုပြီးနောက် အဖြူဆင်းလျှင်လည်း ဝုဇူမပျက်ပါ။ ထိုနမားဇ်အချိန် ကုန်သွားလျှင် ဝုဇူပျက်သွားမည်။ နောက်ထပ်နမားဇ်အချိန်အတွက် နောက်ထပ်ဝုဇူတစ်ခု ပြုလုပ်ရမည်။

မှတ်ချက်။ အခွင့်ရသည့် အကြောင်းအရာမှအပ အခြားသော ဝုဇူပျက်စေသည့် အခြား အကြောင်းအရာမဖြစ်ပေါ်လျှင် ... ဟူသည်မှာ အဖြူဆင်းခြင်းသည် ဝုဇူပျက်စေသည့် အကြောင်းအရာဖြစ်သည်။ သို့သော် ယခု ဆက်တိုက်အဖြူဆင်းနေသဖြင့် အခွင့်ရှိသူ ဖြစ်သွားသည်။ ထို့ကြောင့် အဖြူဆင်းခြင်းသည် အခွင့်ရသည့် အကြောင်းအရာဖြစ်သည်။ နမားဇ်အချိန် တစ်ခုတွင် ဝုဇူပြုပြီးနောက် အဖြူဆင်းလျှင် ဝုဇူမပျက်ပါ။ အကြိမ်မည်မျှပင် ဆင်းသည်ဖြစ်စေ ဝုဇူမပျက်ပါ။ လေလည်ခြင်း၊ အန်ခြင်း၊ ကျင်ကြီး၊ ကျင်ငယ်စွန့်ခြင်း။ ခန္ဓာကိုယ်တစ်နေရာရာမှ သွေး၊ ပြည်ထွက်၍ စီးကျသွားခြင်းတို့သည် ဝုဇူပျက်စေသည့် အခြားအကြောင်းအရာ ဖြစ်သည်။ ထိုအကြောင်းအရာများ ဖြစ်ပေါ်လျှင် ဝုဇူပျက်မည်။

နမားဇ်အချိန်တစ်ခုအတွက် ပြုလုပ်ထားသော ဝုဇူဖြင့် ယင်းနမားဇ်အချိန်အတွင်း စွန္နသ်၊ နဖိလ်၊ ကဇွာ အကုန်ဖတ်နိုင်သည်။ သိလာဝသ်လည်း ပြုနိုင်ပါသည်။ နမားဇ်အချိန်ကုန်လျှင် အခွင့်ရှိသူ၏ ဝုဇူ ပျက်သွားမည်။ နောက်နမားဇ်အချိန်တစ်ခုအတွက် ဝုဇူအသစ်ပြုလုပ်ရမည်။

ဖဂျရ်ချိန်တွင် ဝုဇူပြုထားလျှင် နေထွက်ပြီးနောက် ယင်းဝုဇူပျက်သွားသည်။ နေထွက်ပြီးနောက် ဝုဇူပြုထားလျှင် ထိုဝုဇူဖြင့် ဇုဟုရ်နမားဇ် ဖတ်ခွင့်ရှိသည်။ (အခြားအကြောင်းတစ်ခုခုကြောင့် ဝုဇူမပျက်သေးပါက) ဇုဟုရ်အချိန်တွင် ဝုဇူအသစ် ထပ်လုပ်ရန် မလိုအပ်ပါ။ အဆွရ်အချိန်ဝင်လျှင် ဇုဟုရ်၏ ဝုဇူပျက်သည်။ အဆွရ်အတွက် ဝုဇူအသစ်ထပ်လုပ်ရမည်။ ထိုပုံစံအတိုင်း အခြားနမားဇ်အချိန်များကိုလည်း မှတ်ယူပါ။ (ဗဟစ်ရှ်သီး ဇေဝရ်ကျမ်း၊ တွဲ ၁၊ စာ ၅၄၊ မအ်ဇူးရ်ကေးအဟ်ကားမ် မတ်စ်အလဟ်အမှတ် ၂)

(ခ) ဒုတိယစည်းကမ်းချက် (အခွင့်ရှိသူအဖြစ် ရှိနေရန်)
အခွင့်ရှိသူအဖြစ် ရှိနေရန်အတွက် အခွင့်ရသည့်အကြောင်းအရာသည် နမားဇ်အချိန်တစ်ခုတွင် အနည်းဆုံးတစ်ကြိမ် ဖြစ်ရမည်။ ထိုသို့ဖြစ်မှသာ အခွင့်ရှိသူအဖြစ် ရှိနေမည်။ လက်ရှိနမားဇ်အချိန်အတွက် အခွင့်ရှိသူ ဖြစ်နေမည်။ ထို့အတူ ရှေ့လာမည့် နမားဇ်အချိန်အတွက်လည်း အခွင့်ရှိသူ ဖြစ်နေမည်။

(၆) အခွင့်ရှိသူ မဖြစ်တော့ခြင်း
နမားဇ်အချိန်တစ်ခုတွင် အခွင့်ရသည့် အကြောင်းအရာသည် တစ်ကြိမ်မျှပင် ဖြစ်ပေါ်ခြင်း မရှိတော့လျှင် ၎င်းသည် အခွင့်ရှိသူ မဖြစ်တော့ပါ။ လက်ရှိနမားဇ်အချိန်အတွက်လည်း အခွင့်ရှိသူမဟုတ်တော့သလို လာမည့်နမားဇ်အချိန်အတွက်လည်း အခွင့်ရှိသူမဟုတ်တော့ပါ။ ထို့ကြောင့် ပထမအမျိုးအစား၏ ပညတ်ချက်များအတိုင်း လိုက်နာရမည်။ နောက်ထပ်နမားဇ်အချိန်များတွင် ပုံမှန်အတိုင်း ဝုဇူပြုလုပ်ပါ။ ထိုအချိန်တွင် အဖြူဆင်းပါက ဝုဇူပျက်မည်။ (အဘယ့်ကြောင့်ဆိုသော် အခွင့်ရှိသူ မဖြစ်တော့သောကြောင့် ဖြစ်၏။)

မှတ်ချက်။ အဖြူဆင်းသူ အမျိုးအစားနှစ်ခုကို သေချာစွာ နားလည်အောင် ဖတ်ပါ။ အမျိုးအစားနှစ်ခုမတူသလို အမိန့်သတ်မှတ်ပုံခြင်းလည်း မတူပါ။

(၇) အဖြူဆင်းခြင်း၏ အရောင်ဆင်း
အဖြူဆင်းခြင်းသည် အရည်၊ အချွဲ၊ အပျစ်အခဲ မည်သို့ပင် ဖြစ်စေ အဖြူရောင်ဖြစ်ရမည်။ အဝါရောင်၊ အညို၊ အမဲရောင်များဖြစ်လျှင် ရှရီအသ်၌ ရာသီသွေးဟုသတ်မှတ်သည်။ ထို့ကြောင့် ရာသီသွေး၏ ရက်အတွင်း ဆင်းခြင်းဖြစ်လျှင် ရာသီဟု သတ်မှတ်သည်။ ရာသီ၏ ရက်မဟုတ်ဘဲ ဆင်းသည့်အရာသည် ထိုအရောင်များဖြစ်လျှင် (اِسْتِحَاضَهْ အိစ်သိဟာဇွဟ်) ရောဂါသွေးဖြစ်သည်။

(က) မွေးလမ်းကြောင်း (သားအိမ်လမ်းကြောင်း) မှ စဆင်းသည့် အချိန်က အရောင်ကို အတည်ယူသည်။ ဂွမ်းစ၊ အတွင်းခံ စသည်များနှင့် ထိပြီးအရောင်းပြောင်းသွားခြင်း၊ ခြောက်သွေ့ပြီး ပြောင်းသွားသောအရောင်ကို အတည်မယူပါ။

(ခ) သားအိမ်အတွင်းမှ ဆင်းသက် အရည်၊ အချွဲ စသည်များကိုသာ မသန့်ဟု သတ်မှတ်သည်။ ခန္ဓာကိုယ်ပြင်ပ အရှက်အင်္ဂါတို့တွင် ချွေးကြောင့် စိုစွတ်ခြင်းကို မသန့်ဟု မသတ်မှတ်ပါ။ ချွေးကို မသန့်ဟု သတ်မှတ်မထားပါ။

အဖြူဆင်းသူများအနေဖြင့် အဝတ်အစားလဲရန် ခက်သည့်နေရာမျိုးနှင့် ကြုံရမည်ဆိုလျှင် အဖြူဆင်းသူများအတွက် ထုတ်လုပ်ထားသည့် တစ်ခါသုံးဂွမ်းကပ်များကို သုံးပါ။ ဂွမ်းကပ်တွင်သာ ပေကျံသဖြင့် အဝတ်အစားကို တိုက်ရိုက်မပေတော့ပါ။ နမားဇ်ဖတ်ခါနီး ဂွမ်းကပ်အဟောင်းကို ထုတ်ပစ်လိုက်ပြီး အသစ်ဝတ်ဆင်၍ နမားဇ်ဆောက်တည်နိုင်သည်။

(ကိုးကားကျမ်းများ၊ بهشتى زيور، آپ کےمسائل اور ان کا حل ،جلد 3 ، ص 581، خواتین اسلامی انسائیکلو پیڈیا ، ص 349 )

Credit ; အလ်မုဖီးဒ်က ရေးသားသည်။
မုဟရ်ရမ်လ၊ ၂၈၊ ဟိဂ်ျရီ ၁၄၃၈
29. 10. 2016 (စနေနေ့)

အမျိုးသမီးများဆိုင်ရာ အသိပညာများကို အောက်ပါလင့်များတွင် ဖတ်နိုင်ပါသည်။
ရာသီသွေးဆိုင်ရာ ပညတ်ချက်
http://aaitee.blogspot.com/2015/10/blog-post_84.html
မီးတွင်းသွေးဆိုင်ရာ ပညတ်ချက်
http://aaitee.blogspot.com/2015/10/blog-post_74.html
သားအိမ်အတွက် ဒုအာ
http://aaitee.blogspot.com/2015/10/blog-post_2.html
အမျိုးသမီးများ နမားဇ်ဆောက်တည်ရာတွင် သတိပြုရမည့် အချက်များ
http://aaitee.blogspot.com/2014/10/blog-post_16.html

Friday, September 9, 2016

သွဝါးဖ်အကြောင်း


နမားဇ်၊ ရိုဇဟ်စသည့် အိဗာဒသ် (ခဝပ်မှု) များပြုရန်အတွက် ကမ္ဘာပေါ်တွင် နေရာ၊ ဒေသ ကန့်သတ်ထားသည်ဟူ၍ မရှိပါ။ ၎င်းတို့ကို ကြိုက်ရာနေရာတွင် ပြုလုပ်လိုက်ပါက အထမြောက်မည်ဖြစ်၏။ သို့သော် သွဝါးဖ် ( طواف ) ဟူသည် သီးသန့်နေရာတစ်ခုတွင် ပြုမှသာ အထမြောက် အတည်ဖြစ်မည့် အိဗာဒသ်အမျိုးအစားထဲမှ ဖြစ်၏။ သွဝါးဖ်ကို ကမ္ဘာတစ်ခုလုံးတွင်မှ မက္ကဟ်မြို့ရှိ ကအ်ဗဟ်ကျောင်းတော်ကြီး ပတ်လည်တွင်ရှိသော မစ်ဂျိဒေဟရာမ် အတွင်းမှသာ ပြုလုပ်ဆောင်ရွက်ခွင့်ရှိ၏။ ထိုနေရာတွင် သွဝါးဖ်ပြုမှသာ သွဝါးဖ်ဟူသည့် အိဗာဒသ်သည် အတည်ဖြစ်ပေမည်။ အခြားမည်သည့်နေရာတွင်မျှ သွဝါးဖ် မပြုနိုင်သလို ပြုခွင့်လည်း မရှိပေ။ ထို့ကြောင့်ပင် သွဝါးဖ်သည် အခြားသောအိဗာဒသ်များထက် ထူးခြားချက်ရှိသော ခ၀ပ်မှုတစ်ခုဖြစ်ပေသည်။

မစ်ဂျိဒေဟရာမ်သို့ ၀င်သည့်အခါ (အကြောင်းပြချက်တစ်ခုခုမရှိပါက) သဟိယသွလ်မစ်ဂျိဒ်မဖတ်ဘဲ သွဝါဖေသဟိယဟ်ပြုရန် အမိန့်ပေးထားသည်။ ဆိုလိုသည်မှာ ဟရာမ်ရှရီးဖ်သို့ရောက်လျှင် အခြားသောအိဗာဒသ်များထက် သွဝါးဖ်ကို အရင်ဆုံးပြုလုပ်ပါ။ ပြီးမှ ကျန်အိဗာဒသ်များ ပြုလုပ်ရန်ဖြစ်၏။ ကုရ်အာန်ကျမ်းမြတ်တွင် ဗိုင်သွလ္လာဟ်ကို (အလ္လာဟ်အရှင်မြတ်ကို တုပနှိုင်းယှဉ်သောစကားရပ်များနှင့် ထင်ရှားသော အညစ်အကြေးများမှ) သန့်ပြန့်စင်ကြယ်စွာထားရန် အမိန့်ပေးထားသည့် အာယသ်နှစ်ခုတွင် သွဝါးဖ်ပြုသူများကို အရင်ဆုံး အမည်ကိုင်တွယ် မိန့်ထားသည်ကို တွေ့ရသည်။ စူရဟ်ဗကရဟ် အာယသ်အမှတ် ၁၂၅နှင့် စူရဟ် ဟဂ်ျ အာယသ်အမှတ် ၂၆တို့တွင် လေ့လာနိုင်သည်။

** ကအ်ဗဟ်ပေါ်သို့ကျရောက်သည့် ရဟ်မသ်မှ ဝေစု

တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်ထားသည်မှာ ဗိုင်သွလ္လာဟ်တွင် နေ့စဉ် ရဟ်မသ်ပေါင်း ၁၂ဝ ကျသည်။ ထိုထဲမှ ရဟ်မသ် အခု ၆ဝ သည် သွဝါးဖ်ပြုနေသူများအတွက် သီးသန့်ဖြစ်သည်ဟု မိန့်ထားသည်။ ဟဒီးစ်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။ ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်အဗ္ဗါးစ်ထံမှ ဆင့်ပြန်ချက်လာသည်။ အလ္လာဟ်အရှင်မြတ်သည် ဗိုင်သွလ္လာဟ်ကို ဟဂ်ျပြုသူများထံသို့ ရဟ်မသ်ပေါင်း တစ်ရာ့နှစ်ဆယ် ချီးမြှင့်ထားသည်။ ယင်းရဟ်မသ်များထဲမှ ရဟ်မသ် ခြောက်ဆယ်သည် သွဝါးဖ်ပြုနေသူများအတွက် ဖြစ်၏။ လေးဆယ်သည် နမားဇ်ဆောက်တည်နေသူများအတွက်၊ နှစ်ဆယ်သည် ဗိုင်သွလ္လာဟ်ကို ကြည့်နေသူများအတွက် ဖြစ်၏။ (ဗိုင်သွလ္လာဟ် (ကအ်ဗဟ်)ကို ကြည့်နေခြင်းသည်လည်း စ၀ါးဗ်၊ ရဟ်မသ်များ ရကြောင်း ဤဟဒီးစ်မှ သိရပါသည်။ ယင်းအခွင့်ထူးကို အမိအရကျင့်သုံးပါ။ ကအ်ဗဟ် ပတ်ပတ်လည်မှ အဆောက်အဦးများထံသို့ အာရုံရောက်မနေပါနှင့်။)

** သွဝါးဖ်ပြုခြင်းဖြင့် ကျွန်ကို သူကောင်းပြုသည့် ကုသိုလ်ရခြင်း

မုဟမ္မဒ်ဗင်န်မွန်ကဒစ်ရ်က မိမိ၏ ဖခင်ထံမှ ဆင့်ပြန်သည်။ တမန်တော်မြတ် မိန့်သည်မှာ အကြင်သူသည် ဗိုင်သွလ္လာဟ်ကို ခုနှစ်ကြိမ်ပတ်မည်။ သွဝါးဖ်ပြုနေစဉ် အလဟဿ ကိစ္စရပ်များ ပြုခြင်းလည်း မရှိခဲ့ပါမူ ဤကျင့်ဆောက်တည်မှုသည် ကျွန်တစ်ဦးကို သူကောင်းပြုသည်နှင့် ညီမျှပါသည်။

ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်အုမရ်ထံမှ ဆင့်ပြန်သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်သည်မှာ အကြင်သူသည် ဗိုင်သွလ္လာဟ်ကို သွဝါးဖ်ပြုသည်။ ပြီးနောက် နမားဇ်နှစ်ရကအသ်ဖတ်မည်။ သို့ဆိုလျှင် ယင်းသူသည် ကျွန်တစ်ဦး သူကောင်းပြုသည်နှင့်အညီ ကုသိုလ်ရပေမည်။

သွဝါးဖ်၏ ခြေလှမ်းတိုင်းအတွက် ကုသိုလ်ပုံကြီး
ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်အုမရ်က တမန်တော်မြတ်၏ စကားရပ်ကို ဆင့်ပြန်ပြောပြသည်မှာ သွဝါးဖ်တွင် ခြေထောက်ကြွပြီး ပြန်ချသည့် အကြိမ်တိုင်းတွင် (ခြေလှမ်းတစ်ခုတိုင်းတွင်) ထိုသူ့အတွက် ကောင်းမှု ဆယ်ခု မှတ်တမ်းတင်သည်။ မကောင်းမှု ဆယ်ခု ပယ်ဖျက်ပေးသည်။ ထိုသူ့အား အဆင့်အတန်း ဆယ်ခု မြှင့်တင်ပေးသည်။

ဟဇရသ်အဗူဟုရိုင်ရဟ်က ဆင့်ပြန်သည်။ တမန်တော်မြတ် မိန့်တော်မူသည်။ အကြင်သူသည် ဗိုင်သွလ္လာဟ်ကို သွဝါးဖ်လုပ်နေသည်။ သွဝါးဖ်လုပ်နေစဉ်အတွင်း
 سُبْحَانَ اللهِ وَالْحَمْدُ لِلهِ وَلَااِلهَ اِلَّااللهُ وَاللهُ اَكْبَرْ မှအပ တခြားစကားရပ်များ မပြောပေ။ သို့ဆိုလျှင် ၎င်းသူ၏ ပြစ်မှုဆယ်ခု ပယ်ဖျက်ပေးသည်။ ကောင်းမှုဆယ်ခု မှတ်တမ်းတင်သည်။ အဆင့်အတန်းအား ဆယ်ဆ မြှင့်တင်ပေးသည်။ အကြင်သူသည် သွဝါးဖ်ပြုနေစဉ်အတွင်း အပိုစကားများ ပြောဆိုပါမူ ရေနည်းနည်းလေးတွင် ခြေချ၍ လျှောက်လှမ်းသူကဲ့သို့ ၎င်းသူသည်လည်း ရဟ်မသ်နည်းနည်းလေးတွင် ခြေချ၍ လျှောက်သူသာ ဖြစ်သည်။

သွဝါးဖ်ပြုရာတွင် အတတ်နိုင်ဆုံး ဇိကိရ်ပြုခြင်းတွင်သာ ရှိနေရမည်။ မလိုအပ်ဘဲ အပိုစကားများပြောခြင်းကို အထူးဂရုပြုရှောင်ကြဉ်ရမည်။ သွဝါးဖ်တွင် အပိုစကားများ၊ အကျိုးမဲ့ အချည်းအနှီးစကားများ ပါခဲ့လျှင် ရရှိမည့် ကုသိုလ်သည် နည်းကို နည်းမည်ပင် ဖြစ်၏။ ဆင့်ပြန်ချက်တစ်ခု လာရှိ၏။ တမန်တော်မြတ်မိန့်သည်မှာ သွဝါးဖ်ပြုနေစဉ်အတွင်း စကားပြောလိုပါက ကောင်းမွန်သောစကားကိုသာ ပြောဆိုသင့်သည်။ (ကောင်းမွန်သောစကားဟု ဆိုရာတွင် တမလွန်အတွက် အကျိုးရှိသည့် စကားရပ်မျိုးကို ဆိုလိုသည်)

သွဝါးဖ်ဟူသည် အလွန် ကုသိုလ်အကျိုးရသော အိဗာဒသ်ဖြစ်ပါသည်။ မက္ကဟ်မြို့တော်၌ တည်းခိုနေစဉ်အတွင်း သွဝါးဖ်များစွာပြုနိုင်ရန် ကြိုးစားပါ။ ဆင့်ပြန်ချက် တစ်ခုရှိသည်။ အကြင်သူသည် ဗိုင်သွလ္လာဟ်ကို အကြိမ်ငါးဆယ် သွဝါးဖ်ပြုပါမူ ၎င်းသည် မိခင်ဝမ်းဗိုက်မှ မွေးစကလေးကဲ့သို့ ပြစ်မှုဟူသ၍မှ စင်ကြယ်နေသူ ဖြစ်သွားပေသည်။ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား ကုသိုလ်တိုး၍ ပြစ်မှုများစင်ကြယ်သွားသည့် သွဝါးဖ်လုပ်ခွင့်ကို ပေးသနားတော်မူပါ။ အာမီးန်။

သွဝါးဖ်ဖွင့်ဆိုချက်
အဘိဓာန်တွင် သွဝါးဖ်ဟူသည်မှာ လှည့်ခြင်း၊ ပတ်ခြင်းကို ခေါ်ဆိုသည်။ ရှရီအသ်အသုံးအနှုန်းတွင် သွဝါးဖ်ဟု ပြောပါက ကအ်ဗဟ်ကို အနည်းဆုံး လေးကြိမ်မှ ခုနှစ်ကြိမ်အထိ ပတ်ခြင်းကို ဆိုလိုသည်။ (ထို့ကြောင့် လေးကြိမ်ထက်နည်းသော အပတ်ရေသည် ရှရီအသ်အရ သွဝါးဖ်ဟု မခေါ်ပါ။)

သွဝါးဖ်အမျိုးအစားများ
သွဝါးဖ် ခုနှစ်မျိုးရှိသည်။ (၁) طواف تحيه (သွဝါဖေသဟီယဟ်) (၂) طواف عمره (သွဝါဖေအွမ်ရဟ်) (၃) طواف قدوم (သွဝါဖေကုဒူးမ်) (၄) طواف زيارت (သွဝါဖေဇိယာရသ်) (၅) طواف صدر (သွဝါဖေဆွဒရ်) (၆) طواف نذر (သွဝါဖေနဇရ်) (၇) طواف تطوع (သွဝါဖေသသောဝ်ဝုအ်)

(၁) طواف تحيه (သွဝါဖေသဟီယဟ်) ... မတ်စ်ဂျိဒေဟရာမ်အတွင်းသို့ဝင်သည်နှင့် ကအ်ဗဟ်ကျောင်းတော်၏ ဂုဏ်ရှိမှုနှင့် ထူးမြတ်မှုအရ ဤသွဝါးဖ်ပြုခြင်းသည် မုစ်သဟဗ်ဖြစ်၏။ မတ်စ်ဂျိဒေဟရာမ်သို့ဝင်သော အဲဟ်ရာမ်ဝတ်ထားသူ၊ မဝတ်ထားသူ၊ မက္ကဟ်မြို့သား၊ တခြားမြို့သား အားလုံးအတွက် အမိန့်အတူတူပင် ဖြစ်၏။

(၂) طواف عمره (သွဝါဖေအွမ်ရဟ်) ... အွမ်ရဟ်၏ အဲဟ်ရာမ်ဝတ်၍ မတ်စ်ဂျိဒေဟရာမ်အတွင်းသို့ ဝင်လာသူအတွက် ဤသွဝါးဖ်သည် အရေးကြီး၏။ ထို့ပြင် အွမ်ရဟ်တွင် သွဝါးဖ်ပြုပြီးနောက် စအီပြုရန်လည်း အရေးကြီးသည်။ ထို့ကြောင့် ဤသွဝါးဖ်တွင် အမျိုးသားတို့အတွက် စွန္နသ်ဖြစ်သည့် رَمَلْ, اِضْطِبَاعْ ရမလ်နှင့် အိဒ်ွသွေဗာအ်ကို လုပ်ဆောင်ရပါမည်။

(၃) طواف قدوم (သွဝါဖေကုဒူးမ်) ... ဟဂ်ျတစ်ခုတည်းသာပြုသည့် မက္ကဟ်မြို့သားမဟုတ်သူနှင့် ဟဂ်ျနှင့်အွမ်ရဟ်ကို အဲဟ်ရာမ်တစ်ဆက်တည်းဖြင့် ပြုသူတို့အတွက် သွဝါဖေကုဒူးမ်သည် စွန္နသ်ဖြစ်၏။ (ဟဂ်ျတစ်ခုတည်းသာ ပြုသူသည် မက္ကဟ်မြို့သို့ရောက်သည်နှင့် ချက်ချင်း သွဝါဖေကုဒူးမ်ပြုရမည်။ ဟဂ်ျနှင့်အွမ်ရဟ်ကို အဲဟ်ရာမ်တစ်ဆက်တည်းဖြင့် ပြုသူတို့သည် အွမ်ရဟ်၏ သွဝါးဖ်နှင့် စအီပြုပြီးနောက် သွဝါဖေကုဒူးမ်ပြုရမည်။ ဤသွဝါးဖ်သည် မက္ကဟ်မြို့သို့ ၀င်သည်မှစ၍ ၀ုကူဖေအရဖဟ်ချိန်ရောက်သည်အထိ ပြုခွင့်ရှိနေသည်။ ထို့နောက်ပိုင်းတွင် ပြုခွင့်မရှိတော့ပါ။ သဘောမှာ ယင်းနောက်ပိုင်းပြုလျှင် သွဝါဖေကုဒူးမ်မဖြစ်တော့ပါ။)

(၄) طواف زيارت (သွဝါဖေဇိယာရသ်) ... ဤသွဝါးဖ်သည် ဟဂ်ျပြုသည့် ဟာဂျီတိုင်းအတွက် ဖရ်ဇ်ဖြစ်သည်။ ဝုကူးဖေအရဖဟ်ပြီးနောက် ပြုလုပ်ရသည်။ ဤသွဝါးဖ်မလုပ်ပါက(အဲဟ်ရာမ်ချွတ်ပြီးလျှင်လည်း) လင်မယားနေခြင်း ဟလာလ်မဖြစ်ပါ။

(၅) طواف صدر (သွဝါဖေဆွဒရ်) ... ဤသွဝါးဖ်ကို طواف وداع သွဝါးဖေဝေဒအ်ဟုလည်း ခေါ်သည်။ ဟဂ်ျ၏ လုပ်ဆောင်ချက်များအားလုံး ပြုပြီးနောက် ဤသွဝါးဖ်ပြုရန် ဝါဂျိဗ်ဖြစ်၏။ အကောင်းဆုံးပုံစံမှာ မက္ကဟ်မြို့မှ ထွက်ခွာချိန် ပြုလုပ်ခြင်းဖြစ်သည်။ ဤသ၀ါးဖ်ပြုချိန်တွင် ဟိုင်းဇ်၊ နိဖားစ်ဖြစ်နေသည့် အမျိုးသမီးတို့အတွက် တာဝန်မရှိပါ။ ထို့အတူ မက္ကဟ်မြို့သားနှင့် ဟရာမ်အပြင်ဘက် မီကားသ်အတွင်းတွင် နေထိုင်သူများအတွက်လည်း တာဝန်မရှိပါ။ (ထိုနေရာကို حِلٌّ ဟစ်လ်ဟုခေါ်သည်။)

(၆) طواف نذر (သွဝါဖေနဇရ်) ... သွဝါးဖ်ပြုမည်ဟု ကိုးထားပါက ကိုးထားသည့် စည်းကမ်းနှင့်အညီ သွဝါးဖ်ပြုရန် ဝါဂျိဗ်ဖြစ်သည်။

(၇) طواف تطوع (သွဝါဖေသသောဝ်ဝုအ်) ... နဖိလ်သွဝါးဖ်ဖြစ်သည်။ ကုသိုလ်တိုးရန်အတွက် ပြုနိုင်သည်။ ဤသွဝါးဖ်အတွက် အချိန်သတ်မှတ်ထားခြင်းမရှိပါ။ မည်သည့်အချိန်မဆို မည်မျှမဆို ပြုနိုင်ပါသည်။

** သွဝါးဖ်အတွက် မပြုမနေရ အရေးကြီးသည့်အခြေခံအချက်များ
သွဝါးဖ်တွင် အခြေခံအချက် သုံးခုရှိသည်။ (၁) သွဝါးဖ်၏ အပတ်ရေအများစု လုပ်ဆောင်ခြင်း၊ (၂) သွဝါးဖ်ကို ကအ်ဗဟ်၏ အပြင် မတ်စ်ဂျိဒေဟရာမ်အတွင်း ပြုလုပ်ခြင်း၊ (၃) ကိုယ်တိုင် (တစ်ခုခုအပေါ် စီးနင်း၍ပင်ဖြစ်စေ) သွဝါးဖ်ပြုခြင်းတို့ ဖြစ်သည်။ တတိယအချက်တွင် လူတစ်ဦးသည် အဲဟ်ရာမ်မဝတ်မီကတည်းက သတိလစ်နေခြင်း၊ အလွန်နေမကောင်းဖြစ်နေခြင်း၊ ရူးသွားခြင်းတို့ဖြစ်ပါက ထိုသို့သူများဘက်မှ အစားပြုပေးခွင့်ရှိသည်။
** သွဝါးဖ် မှန်ကန်မှုရှိရန်အတွက် စည်းကမ်းချက်များ
သွဝါးဖ် မှန်ကန်မှုရှိရန်အတွက် လိုအပ်သည့် စည်းကမ်းချက်များသည် နှစ်မျိုးရှိသည်။ တစ်မျိုးမှာ သွဝါးဖ်တိုင်းအတွက်ဖြစ်၏။ နောက်တစ်မျိုးမှာ ဟဂ်ျ၊ အွမ်ရဟ်၏ သွဝါးဖ်များအတွက် ဖြစ်သည်။

ပထမအမျိုးအစားအတွက် စည်းကမ်းချက် သုံးခုရှိသည်။ (၁) မွစ်လင်မ်ဖြစ်ခြင်း၊ (၂) သွဝါးဖ်၏ နိယသ် (ရည်စူးမှု)ပြုခြင်း။ အနည်းဆုံး ... ကျွန်ုပ် သွဝါးဖ်ပြုပါသည်ဟု ရည်စူးလိုက်ခြင်းပင် နိယသ်ဖြစ်၏။ သွဝါးဖ်အမျိုးအစားများကို ထည့်သွင်းရန် စည်းကမ်းချက်မဟုတ်ပါ။ (၃) မတ်စ်ဂျိဒေဟရာမ်အတွင်းမှ သွဝါးဖ်ပြုခြင်း။ မတ်စ်ဂျိဒေဟရာမ်အပြင်ဘက်မှ သွဝါးဖ်ပြုပါက ရှရီအသ်အရ အတည်မဖြစ်ပါ။

ဒုတိယအမျိုးအစား သွဝါးဖ်အတွက် စည်းကမ်းချက် သုံးခုရှိသည်။ (၁) အဲဟ်ရာမ်ဝတ်ထားရမည်။ ဤသည်မှာ သွဝါးဖေအွမ်ရဟ်နှင့် သွဝါးဖေကုဒူးမ်တို့အတွက် စည်းကမ်းချက်ဖြစ်၏။ (၂) သတ်မှတ်ချိန်အတွင်း သွဝါးဖ်ပြုခြင်း။ (၃) ဝုကူးဖေအရဖဟ်၏ နောက်တွင်ဖြစ်ခြင်း။ ဤစည်းကမ်းချက် နှစ်ခုမှာ သွဝါဖေဇိယာရသ်နှင့် သွဝါဖေဝေဒါအ်တို့အတွက် ဖြစ်သည်။

** သွဝါးဖ်၏ ဝါဂျိဗ်အချက်များ
သွဝါးဖ်တွင် အချက် (၇)ချက် ဝါဂျိဗ်ဖြစ်သည်။ မလုပ်ပါက ဂျဇာအ် (အစားပေးခြေရန်) တာဝန်ထိုက်သည်။

(၁) မသန့်ကြီး၊ မသန့်ငယ်နှစ်မျိုးလုံးမှ စင်ကြယ်နေရမည်။ (အဝတ်အစားနှင့် ခန္ဓာကိုယ် နှစ်မျိုးလုံးသန့်ရမည်။) (သတိပြုရန်၊ ရာဂစိတ်ကြောင့် အရည်ကြည်ထွက် ယင်းအရာသည် မသန့်ဖြစ်သည်။ အဖြူဆင်းခြင်းသည် မသန့်ဖြစ်သည်။ ထိုအချက်များ ဖြစ်ပေါ်ပါက ဝုဇူပျက်ပါသည်။)
(၂) အရှက်ဖုံးအုပ်ခြင်း။ ဤအချက်ကြောင့် သွဝါးဖ်ပြုရင်း ဖုံးအုပ်ရမည့်အစိတ်အပိုင်း၏ လေးပုံတစ်ပုံ သို့မဟုတ် ထို့ထက်ပိုပေါ်နေပါက ယင်းသွဝါးဖ်ကို အစ အဆုံးပြန်လုပ်ရန် သို့မဟုတ် ဂျဇာအ် တာဝန်ရှိပါသည်။
(၃) ဟဂျရေအတ်စ်ဝဒ်မှ သွဝါးဖ်ကို အစပြုခြင်း။
(၄) ညာဖက်မှ သွဝါးဖ်ပြုခြင်း။ လူကိုယ်တိုင်က ညာဖက်တွင်ရှိပြီး ကအ်ဗဟ်ကျောင်းသည် ဘယ်ဖက်တွင်ရှိသည့် ပုံစံဖြစ်သည်။ ထိုပုံစံနှင့် ဆန့်ကျင်ဘက်လုပ်ပါက ဂျဇအ်တာဝန်ထိုက်သည်။
(၅) ခြေကျင် သွဝါးဖ်ပြုခြင်း။ လမ်းလျှောက်နိုင်သူသည် ခြေကျင်သွဝါးဖ်ပြုရန် ဝါဂျိဗ်ဖြစ်၏။ သွဝါဖေဇိယာရသ်နှင့် သွဝါဖေအွမ်ရဟ်တို့အား ခိုင်လုံသည့်အကြောင်းပြချက်မရှိဘဲ စီးနင်း၍ သွဝါးဖ်ပြုပါက သွဝါးဖ်ပြန်ပြုရန် သို့မဟုတ် ဒမ် ပေးဆောင်ရမည်။ အကြောင်းကြောင့် ခြေကျင်သွဝါးဖ်မလုပ်နိုင်ခြင်းဖြစ်ပါမူ ဂျဇအ်တာဝန်မထိုက်ပါ။
(၆) ဟသွီးမ်ကို သွဝါးဖ်၏ စည်းအတွင်းသို့ ထည့်သွင်းခြင်း။ ဟသွီးမ်သည်လည်း ကအ်ဗဟ်ထဲမှပင်ဖြစ်သည်။ ထို့ကြောင့် သွဝါးဖ်ကို ဟသွီးမ်အပြင်မှပြုရမည်။ ဟသွီးမ်ထဲမှ သွဝါးဖ်ပြုပါက ဝါဂျိဗ်တာဝန်ကို မလုပ်ခြင်းကြောင့် ဂျဇအ်တာဝန်ထိုက်ပါသည်။
(၇) သွဝါးဖ်ခုနှစ်ပတ်ကို အပြည့်လုပ်ဆောင်ခြင်း။ သွဝါးဖ်ခုနှစ်ပတ်လုံးကို အပြည့်လုပ်ရန် ဝါဂျိဗ်ဖြစ်သည်။ လေးပတ်၊ ငါးပတ်လုပ်ပြီးလျှင် သွဝါးဖ် အထမြောက်ပြီဖြစ်သည်။ တစ်ဆက်တည်း ခုနှစ်ပတ်အပြည့်လုပ်ရန်လည်း ဝါဂျိဗ်ဖြစ်၏။ မလုပ်လျှင် ဂျဇာအ်တာဝန်ထိုက်သည်။
မှတ်ချက်။ သွဝါးဖ်ပြုပြီးနောက် နမားဇ်နှစ်ရကအသ်ဖတ်ခြင်းသည်လည်း ဝါဂျိဗ်တာဝန်ဖြစ်သည်။

**သွဝါးဖ်၏ စွန္နသ်အချက်များ** (၁ဝ)ချက်ရှိသည်။
(၁) သွဝါးဖ်၏ အပတ်တိုင်းတွင် အမျိုးသားများ اِضْطِبَاعْ အိဒ်ွသွေဗာအ်လုပ်ခြင်း။ (ခြုံထည်ကို ညာဖက် ချိုင်းကြားမှယူ၍ ဘယ်ဘက်ပုခုံးပေါ်တင်ပြီး ညာပုခုံးကိုဖော်ထားခြင်း) မှတ်ချက်။ အိဒ်ွသွေဗာအ်သည် သွဝါးဖ်၏နောက် စအီပြုန်တာဝန်ရှိသည့် သွဝါးဖ်အတွက်သာ စွန္နသ်ဖြစ်သည်။ ပမာအားဖြင့် သွဝါဖေကုဒူးမ်၊ သွဝါဖေအွမ်ရဟ် စသည်များအတွက်ဖြစ်၏။ သွဝါးဖ်တိုင်းအတွက် စွန္နသ်ဖြစ်ခြင်းမဟုတ်ပါ။
(၂) သွဝါးဖ်၏ ပထမသုံးပတ်တွင် ရမလ်လုပ်ခြင်း။ မှတ်ချက်။ ရမလ်သည်လည်း စအီရှိသည့် သွဝါးဖ်အတွက်သာ စွန္နသ်ဖြစ်ပါသည်။ အမျိုးသမီးတို့အတွက် ထိုနှစ်ချက်လုံး တာဝန်မရှိပါ။
(၃) ကျန်သည့်လေးပတ်တွင် ရမလ်မလုပ်ခြင်း။ ဆိုလိုသည်မှာ ကျန်သည့် လေးပတ်တွင် ပုံမှန်သာ လျှောက်ပါ။
(၄) သွဝါးဖ်အစတွင် ဟဂျရေအတ်စ်ဝဒ်ကို استقبال (အိတ်စ်သိက်ဗာလ် ဂုဏ်ပေး) ခြင်း။ ဆိုလိုသည်မှာ ဟဂျရေအတ်စ်ဝဒ်ရှေ့တည့်တည့်တွင်ရပ်၍ သွဝါးဖ်ကို အစပြုခြင်း။
(၅) အိတ်စ်သိက်ဗာလ် လုပ်ချိန်တွင် သပ်က်ဗီရ်ဆိုခြင်း။ သွဝါးဖ်ကို ဟဂျရေအတ်စ်ဝဒ်ရှေ့တည့်တည့်မှ စတင်ချိန် အလ္လာဟ်ဟုအပ်က်ဗရ် ဆိုခြင်း။
(၆) ဟဂျရေအတ်စ်ဝဒ်ရှေ့တွင် သပ်က်ဗီရ်ဆိုချိန် လက်နှစ်ဖက်ကို နားရွက်အထိ မြှောက်ခြင်း။
(၇) ဟဂျရေအတ်စ်ဝဒ်ကို အိစ်သေလာမ်လုပ်ခြင်း။ သွဝါးဖ်အစနှင့် အဆုံးတွင် အိစ်သိလာမ်လုပ်ခြင်းသည် စွန္နသ်ဖြစ်သည်။ ကြားမှ အပတ်တိုင်းတွင် အိစ်သိလာမ်လုပ်ခြင်း မုစ်သဟဗ်ဖြစ်သည်။
(၈) ရမလ်လုပ်သည့် အပတ်များမှ အပ ကျန်အပတ်တိုင်းတွင် ရို့ကျိုးစွာလျှောက်ခြင်း။
(၉) အပတ်တိုင်းကို ဆက်တိုက် ပြုလုပ်ခြင်း။
(၁ဝ) ခန္ဓာကိုယ်နှင့် အဝတ်များသည် ပေါ်လွင်သည့် မသန့်များမှ စင်ကြယ်နေခြင်း။

** သွဝါးဖ်၏ မုစ်သဟဗ်အချက်များ** (၁၃)ချက်ရှိသည်။
(၁) ဟဂျရေအတ်စ်ဝဒ်ကို သုံးကြိမ်နမ်းခြင်း။
(၂) သွဝါးဖ်စတင်ချိန်တွင် ကိုယ်တိုင်သည် ဟဂျရေအတ်စ်ဝဒ်၏ ညာဖက်တွင် ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ဟဂျရေအတ်စ်ဝဒ်ရှေ့တွင်ရှိ၍ တစ်ပြေးညီဖြစ်နေခြင်း။
(၃) သွဝါးဖ်ပြုနေစဉ်အတွင်း ရုက်နေယမာနီကို အိစ်သိလာမ်လုပ်ခြင်း။
(၄) သွဝါးဖ်ပြုနေစဉ် ဇိကိရ်၊ ဒုအာများ အဆက်မပြတ်ပြုနေခြင်း။
(၅) အမျိုးသားများသည် ဗိုင်သွလ္လာဟ်နှင့် အနီးဆုံးနေရာတွင် နေရာလည်းရမည်။ တခြားသူများကို တွန်းတိုက်၍ သွားရခြင်းမျိုးလည်း မရှိပါမူ ထိုအနီးဆုံးနေရာမှ သွဝါးဖ်ပြုခြင်းသည် မုစ်သဟဗ်ဖြစ်၏။ အမျိုးသမီးတို့အတွက် ဗိုင်သွလ္လာဟ်အနီးတွင် ယောက်ျားများ ရှိနေချိန်တွင် အဝေးမှ သွဝါးဖ်ပြုခြင်းသည် မုစ်သဟဗ်ဖြစ်၏။
(၆) အမျိုးသမီးတို့အတွက် အကောင်းဆုံးမှာ ညအချိန် သွဝါးဖ်ပြုခြင်းဖြစ်သည်။
(၇) သွဝါးဖ်၏ အပတ်ရေတစ်ခုခုတွင် အုဇုရ်ဖြစ်စေ၊ အုဇုရ်မရှိပဲဖြစ်စေ အပတ်ရေမပြည့်ဘဲ လွတ်ကျန်ခဲ့မည်။ သို့မဟုတ် မက္ကရူးဟ်ထိုက်သည့်ပုံစံဖြင့် သွဝါးဖ်ပြုခဲ့သူဆိုပါမူ ယင်းသွဝါးဖ်ကို အစ အဆုံးပြန်လုပ်ခြင်းက မုစ်သဟဗ်ဖြစ်သည်။
(၈) သွဝါးဖ်ပြုချိန် ပြောပိုင်ခွင့်ရှိသည့် စကားများကိုပင် ရှောင်ကြဉ်ခြင်း။ (စကားမပြောဘဲနေခြင်း)
(၉) သွဝါးဖ်ပြုနေစဉ်အတွင်း စိတ်တည်ငြိမ် ရို့ကျိုးမှုကို ပျက်ပြားစေမည့် လုပ်ရပ်၊ အခြေအနေတိုင်းကို ရှောင်ကြဉ်ခြင်းသည် မုစ်သဟဗ်ဖြစ်သည်။ (ပမာ လူများကို လိုက်ကြည့်ခြင်း၊ ခါးထောက်ခြင်း။)
(၁၀) သွဝါးဖ်ပြုနေစဉ်အတွင်း စိတ်တွင်း စွဲထင်စေသည့် မြင်ကွင်းများ၊ အရာဝတ္ထုများ၊ စိတ်နစ်သွားစေသည့်အရာများမှ မိမိ၏ အကြည့်ကိုထိန်းထားခြင်းသည် မုစ်သဟဗ်ဖြစ်သည်။ ထို့ကြောင့် မိမိလျှောက်နေသည့် နေရာထက် ပိုမကြည့်ခြင်းက အကောင်းဆုံးဖြစ်သည်။
(၁၁) ဒုအာ၊ ဇိကိရ်တို့ကို အသံကျယ်ကျယ်ဖြင့် ဖတ်လျှင် အနားရှိသူများကို စိတ်အနှောင့်အယှက်ဖြစ်စေပါက တိုးတိုးဖတ်ရန် ဝါဂျိဗ်ဖြစ်သည်။ အနှောင့်အယှက် မဖြစ်စေပါကလည်း တိုးတိုးဖတ်ခြင်းကသာ မုစ်သဟဗ်ဖြစ်ပါသည်။
(၁၂) သွဝါးဖ်ပြုနေစဉ်အတွင်း ရှရီအသ်၏ အမိန့်များနှင့် ဆန့်ကျင်သည့် လုပ်ရပ်တိုင်းကို ရှောင်ကြဉ်ရမည်။
(၁၃) သွဝါးဖ်ပြုနေစဉ်အတွင်း လူတစ်ဦးဦးထံသို့ အကြည့်ရောက်သွားမည်။ ယင်းသူတွင် ပြစ်ချက်တစ်ခုခု သို့မဟုတ် ဟဂ်ျဆိုင်ရာ အသိပညာကို သေချာမသိသူဖြစ်ပါက ၎င်းကို မနှိမ်ပါနှင့်။ အမြင်မစောင်းပါနှင့်။ ဖြစ်နိုင်ပါက အခြေအနေပေးလျှင် အေးဆေးစွာ ပြောပြပါ။

** သွဝါးဖ်တွင် မုဗဟ်ဖြစ်သည့်အချက်များ**
(မုဗဟ်ဟူသည်မှာ ပြုပိုင်သည့် အမိန့်မျိုးဖြစ်သော်လည်း မတတ်သာသည့်အဆုံး ပြုခွင့်ပေးထားသည့် အမိန့်မျိုးဖြစ်သည်။ လွတ်လပ်စွာ လုပ်ခွင့်ပေးထားခြင်းမျိုးမဟုတ်ပါ။)
(၁) တစ်ဦးဦးကို စလာမ်ပေးခြင်း။ ၎င်းသည် ဇိကိရ် အစရှိသည့်တို့ကို ဖတ်နေသူမဟုတ်ရ။ ယင်းသို့သောသူကို စလာမ်ပေးခြင်းသည် မက္ကရူဟ်ဖြစ်သည်။
(၂) နှာချေသူက အလ်ဟမ်ဒုလိလ္လာဟ် ဆိုခြင်း။ (ယင်းသို့ဆိုရာတွင် အသံနှင့် ဆိုရမည်ဟု မပါရှိပါ။ ထို့ကြောင့် အမျိုးသမီးများအနေဖြင့် အလ်ဟမ်ဒုလစ်လ်လဟ်ကို အသံမထွက်ဘဲ ဆိုခြင်းကသာ သင့်တော်၏။)
(၃) နှာချေသူနှင့် စလာမ်ပေးသူအား အဖြေပြန်ပေးခြင်း။
(၄) လိုအပ်လာပါက လိုအပ်သလောက် စကားပြောခြင်း။
(၅) ရေ စသည်တို့ သောက်ခြင်း။
(၆) လိုအပ်သော မစာအိလ်များကို မေးခြင်းနှင့် မေးလာသည်များကို ဖြေခြင်း။
(၇) သန့်သော ခြေအိတ်၊ ဖိနပ်စသည်တို့ဝတ်၍ သွဝါးဖ်ပြုခြင်း။
(၈) ရုက်နေယမာနီကို အိစ်သိလာမ်မလုပ်ခြင်း။
(၉) ကောင်းသောစာသားများပါသည့် ကဗျာ၊ လင်္ကာများ ဆိုနေသည်။
(၁ဝ) အကြောင်းတစ်ခုခုကြောင့် အစီးအနင်း စသည်တို့ဖြင့် သွဝါးဖ်လုပ်ခြင်း။

** သွဝါးဖ်တွင် မက္ကရူးဟ်ဖြစ်သည့် အချက်များ
(မက္ကရူးဟ်များ ပါဝင်ပါက ယင်းအမလ်၏ ကုသိုလ်သည် နည်းသွားမည်ဖြစ်သည်။ အလ္လာဟ်ထံသို့ အပြစ်အနာအဆာများပါနေသည့် အမလ်ကို ဆက်သသည်နှင့် တူပေသည်။)

(၁) အပိုစကားများ ပြောခြင်း။ အကျိုးမရှိသည့် အလုပ်များ လုပ်နေခြင်း။
(၂) အရောင်းအဝယ်လုပ်ခြင်း၊ သို့မဟုတ် ဈေးစကားများ ပြောနေခြင်း။
(၃) စားနေခြင်း။ (အချို့ပညာရှင်တို့က သောက်ခြင်းကိုပါ မက္ကရူးဟ် ဟုပြထားသည်။)
(၄) အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းခြင်း၊ ကျေးဇူးတင်ခြင်းစသည့် စကားရပ်များမပါသည့် ကဗျာလင်္ကာများ ဖတ်ခြင်း။
(၅) ဇိကိရ်၊ သိလာဝသ်၊ ဒုအာတို့ကို အသံကျယ်ကျယ်ဖြင့် ဖတ်နေခြင်း။ အကယ်၍ ယင်းအသံကြောင့် အနီးရှိ သွဝါးဖ်ပြုနေသူ နမားဇ်ဖတ်နေသူတို့ အနှောင့်အယှက်ဖြစ်ရပါက မက္ကရူးဟ်ဖြစ်သည်။
(၆) မသန့်သည့် အထည်ကို ဝတ်လျှက် သွဝါးဖ်ပြုခြင်း။
(၇) ဟဂျရေအတ်စ်ဝဒ်ကို အိစ်သိက်ဗာလ်မလုပ်မီအရင် လက်မြှောက်လိုက်ခြင်း။
(၈) ကျင်ကြီး၊ ကျင်ငယ် စွန့်ချင်စိတ်ရှိနေချိန် သွဝါးဖ်ပြုခြင်း။
(၉) ဗိုက်ဆာလျှက်၊ ရေဆာလျှက်၊ ဒေါသထွက် စိတ်တိုလျှက် သွဝါးဖ်ပြုခြင်း။
(၁ဝ) ဒုအာပြုရန် လက်မြှောက်လိုက်ခြင်း သို့မဟုတ် နမားဇ်ကဲ့သို့ လက်ပိုက်ထားခြင်း။
(၁၁) သွဝါးဖ်ပြုနေစဉ် ရပ်၍ ဒုအာ စသည်များ ဖတ်နေခြင်း။
(၁၂) သွဝါးဖ်ပြုနေစဉ် အရေးတစ်ကြီးလိုအပ်ချက်မရှိဘဲ အပြင်ထွက်လိုက်ခြင်း။

** သွဝါးဖ်တွင် ဟရာမ်ဖြစ်သည့် အချက်များ
(၁) ဟိုင်းဇ်၊ နိဖားစ်၊ ဂျနာဗသ် (ရေချိုးရန် ဖရ်ဇ်ထိုက်သည့်) အခြေအနေတို့ဖြင့် သွဝါးဖ်ပြုခြင်း။
(၂) ဝုဇူမရှိဘဲ သွဝါးဖ်ပြုခြင်း။
(၃) အရှက်ပေါ်နေသည့် အခြေအနေဖြင့် သွဝါးဖ်ပြုခြင်း။
(၄) အကြောင်းတစ်စုံတစ်ရာမရှိဘဲ အစီးအနင်းဖြင့် သွဝါးဖ်ပြုခြင်း။
(၅) ဟသွီးမ်အတွင်းမှ သွဝါးဖ်ပြုခြင်း။
(၆) သွဝါးဖ်၏ အပတ်ရေတစ်ခုခုကို လွှတ်လိုက်ခြင်း။
(၇) အကြောင်းမဲ့ ခြေနောက်ပြန်ဖြင့် သွဝါးဖ်ပြုခြင်း။

သွဝါးဖ်ပြုနေစဉ်အတွင်း ကအ်ဗဟ်ကျောင်းတော်ကို ကြည့်ခြင်း
သွဝါးဖ်ပြုနေစဉ်တစ်လျှောက် မိမိ၏ ကြည့်ခြင်းသည် လမ်းလျှောက်ရာ နေရာတွင်သာ ဖြစ်ရမည်။ သွဝါးဖ်ပြုနေစဉ် ဟိုဟိုဒီဒီ ရှောက်ကြည့်နေခြင်း၊ ကအ်ဗဟ်ကျောင်းတော်ကို ကြည့်ခြင်းတို့သည် လုံးဝမသင့်တော်ပေ။ (အချို့သော ကျမ်းများတွင် သွဝါးဖ်ပြုနေစဉ်အတွင်း ကအ်ဗဟ်ကျောင်းတော်ကို ကြည့်ခြင်း မပိုင်ဟု ဖော်ပြထားသည်။ ယင်းသို့ မပိုင်သည့် ပုံစံမှာ ရင်ဘတ်နှင့် မျက်နှာ နှစ်ခုလုံးကို ဗိုင်သွလ္လဟ်ဘက်သို့ လှည့်ခြင်းမျိုးဖြစ်သည်။) အချို့သူတို့သည် သွဝါးဖ်ပြုစဉ်တစ်လျှောက်လုံး ကအ်ဗဟ်ကျောင်းတော်ကို ကြည့်နေကြသည်။ ၎င်းတို့၏ လုပ်ရပ်သည် မှားပါသည်။

သွဝါးဖ်ပြုနေစဉ် ကအ်ဗဟ်ဘက်သို့ ရင်ဘတ်လှည့်ခြင်း၊ ကျောပေးခြင်း
သွဝါးဖ်ပြုနေစဉ် ကအ်ဗဟ်ဘက်သို့ တမင်သက်သက် (ရည်ရွယ်၍) ရင်ဘတ်လှည့်ခြင်း၊ ကျောပေးခြင်းတို့ ပြုလိုက်ပါက ယင်းအခြေအနေရှိနေသည့် အကွာအဝေးကို သွဝါးဖ်အဖြစ် မသတ်မှတ်ပါ။ (ထို့ကြောင့် နောက်ပြန်ဆုတ်၍ သွဝါးဖ်ပြန်လုပ်ရမည်။ ပမာအားဖြင့် ခြေလေးလှမ်းစာမျှ ထိုအပြုအမူမျိုး လုပ်လိုက်ပါက ထိုမျှခန့်ကို ပြန်လာ၍ ပုံစံအမှန်ဖြင့် သွဝါးဖ်ပြည့်အောင်လုပ်ပါ။)

သွဝါးဖ်ပြုနေစဉ် လူအုပ်ကြောင့် ရင်ဘတ်သည် ကအ်ဗဟ်ဘက်သို့ လှည့်သွားခြင်း
သွဝါးဖ်ပြုနေစဉ်အတွင်း လူများခြင်းကြောင့် မရည်ရွယ်ဘဲ ရုတ်တရက် ကအ်ဗဟ်ဘက်သို့ ရင်ဘတ်လှည့်ခြင်း၊ ကျောပေးခြင်းတို့ဖြစ်သွားခဲ့လျှင် ယင်းပုံစံသည် အခွင့်ရှိသဖြင့် သွဝါးဖ်တွင် မည်သို့မျှ ထိခိုက်မှု မရှိပါ။

သွဝါးဖ်၏ အပတ်ရေများ ရောသွားခြင်း
သွဝါးဖ်လုပ်နေစဉ်အတွင်း အပတ်ရေ ဘယ်နှစ်ကြိမ်ပြီးသွားသည်ကို ရောသွားပါမူ ယင်းသွဝါးဖ်သည် အွမ်ရဟ် သို့မဟုတ် သွဝါဖေဇိယာရသ်ဖြစ်လျှင် ဤသို့လုပ်ပါ။ သံသယဖြစ်နေသည့် အပတ်ရေကနေ ပြန်ရေတွက်ပါ။ (ပမာ၊ နှစ်ပတ် ပြီးတာလား၊ သုံးပတ် ပြီးတာလား မကွဲပြားပေ၊ သုံးပတ်နှင့်ပတ်သက်ပြီး သံသယဖြစ်ခြင်းဖြစ်လျှင် ဤ တတိယအပတ်မှ ပြန်စပတ်ပါ။) သွဝါဖေဇိယာရသ်မှအပ တခြားသော စွန္နသ်၊ နဖိလ်သွဝါးဖ်များဖြစ်လျှင် အထင်များသည့် အပတ်ရေမှ စပါ။

ရမလ်လုပ်ရန် မေ့သွားလျှင်
ပထမသုံးပတ် သို့မဟုတ် ထို့ထက်နည်းသော အပတ်ရေတွင် ရမလ်လုပ်ရန် မေ့သွားပါက အစားပြန်ဖြည့်ရန် မရှိပါ။

ခုနှစ်ပတ်လုံးတွင် ရမလ်လုပ်ခြင်း
ပထမသုံးပတ်ပြီးလျှင် ပုံမှန်အတိုင်း ပြန်လျှောက်ခြင်းသည် စွန္နသ်ဖြစ်သည်။ အကယ်၍ မေ့ပြီး ခုနှစ်ပတ်လုံးတွင် ရမလ်လုပ်လိုက်ပါမူ ဂျဇအ် တာဝန်မထိုက်ပါ။ တမင်သက်သက်ပြုလုပ်ခြင်းဖြစ်မူ မက္ကရူဟ်သန်ဇီဟီထိုက်ပါသည်။

အကြောင်းမဲ့ ရမလ်မလုပ်ခြင်း
အကြောင်းမဲ့ ရမလ်မလုပ်လျှင် ဂျဇအ်မထိုက်ပါ။ သို့သော ဤသို့လုပ်ခြင်းသည် မက္ကရူဟ်ဖြစ်၏။ ကျန်းမာရေး၊ အသက်ကြီးခြင်း စသည့် အကြောင်းတစ်ခုခုကြောင့် ရမလ်မလုပ်နိုင်ခြင်းဖြစ်မူ အကြောင်းမဟုတ်ပါ။

သွဝါးဖ်ပြီးနောက် အိဒ်ွသိဗာအ်၏ ပုံစံကို ချက်ချင်းပြင်လိုက်ရန်
သွဝါးဖ်ပြီးလျှင် အိဒ်ွသိဗာအ်လုပ်ခြင်းကို ရပ်လိုက်ရမည်။ သဘောမှာ အဲဟ်ရာမ်ကို ပုခုံးပေါ်ပြန်ခြုံလိုက်ရမည်။ အကယ်၍ အိဒ်ွသိဗာအ်၏ ပုံစံအတိုင်း နမားဇ်နှစ်ရကအသ်ကို ဖတ်လိုက်ပါမူ မက္ကရူဟ်ဖြစ်သည်။

သွဝါးဖ်၏ နမားဇ်နှစ်ရကအသ်ဖတ်ခြင်း
သွဝါးဖ်ပြီးနောက် နမားဇ်နှစ်ရကအသ်ဖတ်ရန် အရေးကြီးသည်။ မကာမေအိဗ်ရာဟီးမ်အနီးတွင် ဖတ်ရမည်။ သို့မဟုတ် နေရာလွတ်ရာတွင် ဖတ်လိုက်ပါ။

သွဝါးဖ်နမားဇ်၏ စူရဟ်
ပထမရကအသ်တွင် စူရဟ် ကာဖိရူးန်၊ ဒုတိယရကအသ်တွင် စူရဟ်အိခ်လားစ်ွတွဲခြင်း မုစ်သဟဗ်ဖြစ်သည်။

မက္ကရူးဟ်ချိန်များတွင် သွဝါးဖ်ပြုခြင်း
နမားဇ်ဖတ်ခြင်း မက္ကရူးဟ်ဖြစ်သည့် အချိန်များတွင် သွဝါးဖ်ပြုခြင်း မက္ကရူဟ်မဟုတ်ပါ။ ထိုအချိန်များတွင် သွဝါးဖ်ပြုပြီးနောက် သွဝါးဖ်နမားဇ်ကို ထိုအချိန်တွင်ဖတ်ခြင်းက မက္ကရူဟ်ဖြစ်သည်။

နားလည်သဘောပေါက်နိုင်ခြင်းမရှိသည့် ကလေးငယ်၏ သွဝါးဖ်သည် အတည်မဖြစ်
ယင်းသို့သောကလေးငယ်သည် ကိုယ်တိုင်သွဝါးဖ်လုပ်ပါက သွဝါးဖ်အထမမြောက်ပါ။ သွဝါးဖ် မှန်ကန်ရန်အတွက် နိယသ် ရည်စူးချက်ရှိခြင်းသည် စည်းကမ်းချက်ဖြစ်၏။ ကလေးငယ်သည် ရည်စူးမှု၊ ရည်ရွယ်မှုတို့ကို လုပ်နိုင်စွမ်းမရှိပါ။ ထို့ကြောင့် ယင်းသို့သောကလေးငယ်၏ အဲဟ်ရာမ်နှင့် သွဝါးဖ် စသည်တို့ကို အုပ်ထိန်းသူက လုပ်ပေးရပါမည်။

သွဝါးဖ်ပြုစဉ် သလ်ဗီယဟ်ဆိုခြင်း
သွဝါးဖ်ပြုသူသည် အဲဟ်ရာမ်ဝတ်ထားသည်ဖြစ်စေ၊ မဝတ်ထားသည်ဖြစ်စေ သွဝါးဖ်ပြုနေစဉ် သလ်ဗီယဟ် မဆိုပါနှင့်။ သွဝါးဖ်ပြုချိန်မှအပ ကျန်အခြေအနေအားလုံးတွင် အဲဟ်ရာမ်ဝတ်ထားသူ၊ ဟာဂျီတို့သည် ဂျမရာအေအွက်ဗဟ်၏ ရမီပြုသည်အထိ သလ်ဗီယဟ်ဖတ်နေရပါမည်။

သွဝါဖေကုဒူးမ်တွင် အမှားများ၊ အပြစ်များ လုပ်ခြင်း
(၁) သွဝါဖေကုဒူးမ်၏ အပတ်ရေအများစုကို မသန့်သည့်အခြေအနေနှင့် ပြုခဲ့ပါမူ ဒမ် (သားကောင် ဇဗဟ်ပြုရန်) ဝါဂျိဗ်ထိုက်သည်။ သန့်ပြန့်အောင်ပြု၍ သွဝါးဖ်ပြန်လုပ်ရမည်။ ထိုသို့လုပ်လိုက်ပါမူ ဒမ် မထိုက်တော့ပါ။
(၂) သွဝါဖေကုဒူးမ်၏ အပတ်ရေအများစုကို ဝုဇူမရှိဘဲ လုပ်ခဲ့ပါမူ ထိုသွဝါးဖ်ကို ဝုဇူနှင့်တကွပြန်လုပ်ခြင်းသည် မုစ်သဟဗ်ဖြစ်သည်။ ထိုသို့ပြန်မလုပ်ပါက တစ်ပတ်တိုင်းအတွက် စွဒကာအေဖိသိရ်တစ်ခုစီ တာဝန်ထိုက်သည်။
(၃) သွဝါဖေကုဒူးမ်ကို လွှတ်လိုက်ခြင်းသည် မက္ကရူဟ်ဖြစ်သည်။ သို့သော် ဂျဇာတာဝန်မထိုက်ပါ။ အကယ်၍ သွဝါဖကုဒူးမ်စပြီးနောက် အပတ်ရေအများစုကို လွှတ်လိုက်ခြင်းဖြစ်မူ ယင်းသွဝါးဖ်ကို ပြည့်အောင် ဖြည့်ရန် တာဝန်ရှိသည်။ ပြန်မဖြည့်ပါက ဒမ် တာဝန်ထိုက်သည်။ နဖိလ်သွဝါးဖ်အမိန့်သည်လည်း ထိုအတိုင်းဖြစ်သည်။
မှတ်ချက်။ သွဝါဖေသဟိယဟ်နှင့် သွဝါဖေနဖိလ်တို့သည် သွဝါဖေကုဒူးမ်နှင့် အမိန့်တူသည်။

[ကျမ်းကိုး။ كتاب المسائل, جلدثالث, مرتب مفتي محمد منصور پوری  جامعه قاسميه مدرسه شاهي مراد اباد]
ဤအကြောင်းအရာသည် သွဝါးဖ်နှင့် ယင်း၏အခြေခံအချက်များကို မုစ်လင်မ်တို့ သိရှိစေရန် ဖော်ပြပေးခြင်းမျှသာ ဖြစ်ပါသည်။ ဟဂ်ျပြုနေစဉ် သို့မဟုတ် ဟဂ်ျနှင့်သက်ဆိုင်သည့် အခြားသော မစာအိလ်များကို ထပ်မံသိရှိလိုပါက နီးစပ်ရာ အဲဟ်လေစွန္နသ်၏ မုဖ်သီဆွာဟိဗ်များကို မေးမြန်းပါရန် အကြံပြုပါသည်။
Credit ; အလ်မုဖီးဒ်က ရေးသားသည်။

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Wednesday, August 31, 2016

ဥာဏ်စမ်း တတိယပိုင်း (ဟဂ်ျနှင့် ကုရ်ဗာနီ)



မွတ်စ်လင်မ်တို့အတွက် စာပေလေ့လာရင်း မစာအိလ်များလည်း သိရှိသွားရန် ရည်ရွယ်၍ မစာအိလ် ဥာဏ်စမ်းအစီအစဉ်ကို တတိယပိုင်းအနေဖြင့် ဆက်လက် ဖော်ပြလိုက်ပါသည်။ ဤအပိုင်းတွင် ဟဂ်ျ၊ အွမ်မရဟ်နှင့် ကုရ်ဗာနီဆိုင်ရာ မစာအိလ်အနည်းငယ်ကို ဖော်ပြပေးထားပါသည်။ ဤအကြောင်းအရာများကို မော်လာနာ ရူဟွလ်လာဟ် နက်ရှ်ဘန်ဒီ ရေးသားပြုစုသည့် اسلامی پہیلیاں အမည်ရှိ စာအုပ်မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်သည်။ စာရှုသူတို့ ဗဟုသုတ တိုးပွားရန်၊ မစာအိလ်များနှင့် ထိတွေ့ ရင်းနှီးမှုရှိစေရန် အထူးရည်ရွယ်ပါသည်။ ပဟေဠိပိုင်းကို အထူးပြုထားသဖြင့် မိမိနားမလည်သော မစာအိလ်များ၊ သို့မဟုတ် ထပ်မံသိရှိလိုသည်များ ရှိပါက အဲဟ်လေစွန္နသ်ဝလ်ဂျမာအသ်မှ စစ်မှန်သည့် ဓမ္မသတ်ပညာရှင်များထံ မေးမြန်းကြပါရန် အကြံပြုအပ်ပါသည်။ မစာအိလ် ဥာဏ်စမ်းအစီအစဉ်၏ ပထမပိုင်းနှင့် ဒုတိယပိုင်းများကို ပြန်လည်ဖတ်ရှုလိုသူများအတွက်လည်း ပို့စ်အဆုံးပိုင်းတွင် လင့်ထုတ်ပေးထားပါသည်။ ၀င်ရောက်လေ့လာပါ။ မစာအိလ်များကို ဆည်းပူးခြင်း၊ လေ့လာခြင်း၊ သင်ယူခြင်း၊ မေးမြန်းခြင်းတို့သည် ကုသိုလ်အကျိုး အလွန်များလှသည်ဖြစ်သောကြောင့် မုစ်လင်မ်တိုင်း ယင်းစ၀ါးဗ်ကို ရယူနိုင်ကြပါစေဟု ဆန္ဒပြုအပ်ပါသည်။ (အလ်မုဖီးဒ်)

(၅၆)။ ပဟေဠိ -- အမျိုးသားသည် ၎င်း၏ ဟဂ်ျခရီးအတွက် ခရီးစရိတ်လည်း လုံလောက်စွာ ရှိသည်။ လမ်းခရီးတွင်လည်း ရန်မူနှောင့်ယှက်မည့်သူမရှိ။ သို့တိုင်အောင် ထိုသူသည် ဟဂ်ျသွားခွင့်မရှိပေ။ မည်သို့သော သူမျိုးပါနည်း။
ဖြေ -- ၎င်းသူ၏ မိခင် သို့မဟုတ် ဖခင်က ခွင့်မပေးခြင်းကြောင့် ဖြစ်၏။ ထို့ပြင် မိခင် သို့မဟုတ် ဖခင်တို့သည် ထိုသူ၏ ပြုစုစောင့်ရှောက်မှုကို လိုအပ်လျှက်ရှိလျှင် ယင်းအခြေအနေ၌ ၎င်းသူသည် ဟဂ်ျသွားခွင့်မရှိပါ။

(၅၇)။ ပဟေဠိ -- အကြွေးယူ၍ ဟဂ်ျပြုလုပ်ရန် အရေးကြီး(တာဝန်ထိုက်)သည့် ဆင်းရဲသားနှင့် ဟဂ်ျပြုရန် အရေးမကြီး(တာဝန်မထိုက်)သည့် သူဌေးတို့ကို ဖော်ပြပါ။
ဖြေ -- အကြွေးယူ၍ ဟဂ်ျပြုလုပ်ရန် အရေးကြီး(တာဝန်ထိုက်)သည့် ဆင်းရဲသားမှာ တစ်ချိန်က ဟဂ်ျပြုရန် ဖရ်ဇ်ထိုက်သည်အထိ ချမ်းသာခဲ့သူဖြစ်သည်။ သို့သော် ၎င်းသည် ရှရီအသ်အရ ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ ဟဂ်ျမသွားခဲ့ပေ။ ထို့ကြောင့် ၎င်းအတွက် တာဝန်ထိုက်ခဲ့သည့် ဟဂ်ျကို အစားပြန်ဖြည့်ရန် အရေးကြီး၏။ ဟဂ်ျပြုရန် တာဝန်မထိုက်သည့် သူဌေးမှာ ၎င်းအတွက် လမ်းခရီးတွင် ရန်သူ၏တိုက်ခိုက်မှုရှိမည်ကို စိုးရိမ်ရသူဖြစ်သည်။

(၅၈)။ ပဟေဠိ -- အွမ်မရဟ်ပြုလျှင် မက္ကရူဟ်မထိုက်သည့် ရက်အတွင်း အွမ်မရဟ်ပြုခဲ့သော်လည်း ဒဏ်ကြေးပေးဆောင်ရန် အရေးကြီးသွားသည်။ မည်သို့သော ပုံစံမျိုးနည်း။
ဖြေ -- သွဝါးဖ်ထက်အလျင် စအီပြုလိုက်သူ ဖြစ်၏။ (ပုံစံအမှန်မှာ သွဝါးဖ်ပြီးမှ စအီကို ပြုရန်ဖြစ်၏။) အဘယ့်ကြောင့်ဆိုသော် အွမ်မရဟ်တွင် အစဉ်လိုက်ပြုရန် စည်းကမ်းချက်ဖြစ်၏။ ထို့ကြောင့် ဒဏ်ကြေးပေးခြင်းနှင့်အတူ သွဝါးဖ်နှင့် စအီကို နောက်တစ်ကြိမ် ပြန်လုပ်ရပါမည်။ အကယ်၍ مُفْرِدْ မုဖ်ရိဒ် (ဟဂ်ျတစ်ခုတည်းသာ သီးသန့်ပြုသူ)နှင့် قَارِنْ ကာရင်န် (အွမ်မရဟ်နှင့် ဟဂ်ျကို အဲဟ်ရာမ်တစ်ကြိမ်တည်းဖြင့် တစ်ဆက်တည်း ပြုသူ)တို့ဖြစ်ပါက အထက်ပါတာဝန်များ မရှိပါ။ အစဉ်လိုက်ပြုလုပ်ခြင်းဟူသည့် စည်းကမ်းသည် အွမ်မရဟ်အတွက်သာ ဖြစ်၏။

(၅၉)။ ပဟေဠိ -- ဟဂ်ျပြုရန် ရည်ရွယ်ချက်ရှိသူလည်းဖြစ်၏။ သို့သော် ၎င်းသည် မီကားသ်မှ အဲဟ်ရာမ်မပါဘဲ ဖြတ်ကျော်လာခဲ့၏။ ထိုသို့ အဲဟ်ရာမ်မပါဘဲ ဖြတ်လာခြင်းကြောင့် ဒဏ်ပေးရခြင်း စသည်များလည်း တာဝန်မထိုက်ခဲ့ပေ။ မည်သို့သော ပုံစံပါနည်း။
ဖြေ -- မီကားသ်နှစ်ခုကို ဖြတ်ရသူဖြစ်၏။ ၎င်းသူသည် ဒုတိယမီကားသ်ရောက်မှ အဲဟ်ရာမ်ဝတ်မည်ဖြစ်၏။ ထို့ကြောင့် ပထမမီကားသ်တွင် အဲဟ်ရာမ်မ၀တ်ဘဲ ဖြတ်လာခဲ့သော်လည်း ဒဏ်ကြေးပေးဆောင်ရခြင်း မရှိခဲ့ပေ။

(၆၀)။ ပဟေဠိ -- မီကားသ်မှ အဲဟ်ရာမ်မပါဘဲ ဖြတ်လာခဲ့သော် မည်သည့်ဒဏ်ကြေးမှ ပေးဆောင်ရန် တာဝန်မထိုက်သူကို ပြောပြပါ။
ဖြေ -- နိစ်ယားန် ( نِسْيَانٌ ) အမည်ရှိ နေရာသို့ သွားမည့်သူဖြစ်၏။ ယင်းနေရာသည် မီကားသ်မှ ဖြတ်သွားရ၏။ သို့သော် မက္ကဟ်မြို့အတွင်းသို့ ၀င်ရန် မရည်ရွယ်သောကြောင့် အဲဟ်ရာမ်မပါဘဲ မီကားသ်ကို ဖြတ်သွားခွင့်ရှိသလို ဒဏ်ကြေးပေးဆောင်ရန်လည်း တာဝန်မထိုက်ပေ။

(၆၁)။ ပဟေဠိ -- صَاحِبِ نِصَابْ (သတ်မှတ်ထားသည့် ပမာဏ)ကို ပိုင်ဆိုင်ထားသည့် သူဌေးသည် မည်သို့သော အခြေအနေတွင် ကုရ်ဗာနီပြုရန် ၀ါဂျိဗ်မထိုက်သနည်း။
ဖြေ -- صَاحِبِ نِصَابْ (သတ်မှတ်ထားသည့် ပမာဏ)ကို ပိုင်ဆိုင်ထားသည့် သူဌေးသည် ခရီးသွားနေသူဖြစ်ပါက ၎င်းသည် ကုရ်ဗာနီပြုရန် ၀ါဂျိဗ်မဖြစ်ပါ။ ကုရ်ဗာနီဝါဂျိဗ်ထိုက်ရန်အတွက် မိမိနေရပ်တွင် ရှိနေရမည်ဟူသည့် စည်းကမ်းချက် ရှိသည်။

(၆၂)။ ပဟေဠိ -- ကုရ်ဗာနီပြုရန် ၀ါဂျိဗ်ထိုက်စေသည့် ငွေကြေးကို ပိုင်ဆိုင်ထားသူမဟုတ်သော်လည်း ကုရ်ဗာနီပြုရန် ၀ါဂျိဗ်ထိုက်နေသူသည် မည်သို့သော သူပါနည်း။
ဖြေ -- အကြင်သူသည် ကုရ်ဗာနီပြုရန် ၀ါဂျိဗ်ထိုက်စေသည့် ငွေကြေးကို ပိုင်ဆိုင်ထားသူမဟုတ်ပေ။ သို့သော်လည်း ကုရ်ဗာနီပြုမည်ဟု ကိုးထားလျှင် ၎င်းသူသည် (နိဆွားဗ်ကို မပိုင်ဆိုင်လျှင်လည်း) ကုရ်ဗာနီပြုရန် ၀ါဂျိဗ်ဖြစ်၏။ ဒုတိယပုံစံမှာ ကုရ်ဗာနီပြုရန်ဟု ရည်ရွယ်၍ သားကောင်ဝယ်လိုက်လျှင် ယင်းသားကောင်ကို ကုရ်ဗာနီပြုရန် ၀ါဂျိဗ်ဖြစ်၏။

(၆၃)။ ပဟေဠိ -- လူတစ်ဦးသည် ကုရ်ဗာနီပြုရန် ၀ါဂျိဗ်ထိုက်၏။ သို့သော် ကုရ်ဗာနီမပြုပေ။ ၀ါဂျိဗ်ထိုက်ပါလျက် ကုရ်ဗာနီမပြုခြင်းကြောင့် အပြစ်လည်း မထိုက်ပေ။ မည်သို့သော ပုံစံပါနည်း။
ဖြေ -- ကုရ်ဗာနီကာလ အစပိုင်းတွင် ကုရ်ဗာနီပြုရန် ၀ါဂျိဗ်ထိုက်နေသည်။ ထိုအချိန်တွင် ၎င်းက ကုရ်ဗာနီမပြုသေးပေ။ ကုရ်ဗာနီကာလ အဆုံးပိုင်း ရောက်ချိန်တွင် ကုရ်ဗာနီ ၀ါဂျိဗ်ဖြစ်စေသည့် စည်းကမ်းချက်များသည် ၎င်းထံတွင် ပြည့်စုံခြင်းမရှိတော့လျှင် ထိုသို့သောသူမျိုး၏ ကုရ်ဗာနီမပြုခြင်းသည် အပြစ်မထိုက်ပေ။ ပမာအားဖြင့် ကုရ်ဗာနီရက် အီဒွလ်အဿွ်ဟာနေ့နှင့် ဒုတိယနေ့တို့တွင် ကုရ်ဗာနီပြုရန် ၀ါဂျိဗ်ထိုက်ပါလျက် မပြုသေး။ တတိယမြောက်နေ့တွင် အကြောင်းကြောင့် ခရီးသွားလိုက်ရသည်။ သို့ဆိုလျှင် ၎င်းသူ၏ ကုရ်ဗာနီမပြုဖြစ်ခြင်းသည် အပြစ်မထိုက်ပေ။ (ဤသည်မှာ မစာအိလ်၏ သဘောတရားကို ဖော်ပြခြင်းသာ ဖြစ်၏။ အမလ်တစ်ခုကို ရှောင်လွှဲရန် နည်းလမ်းပြခြင်းမဟုတ်ပါ။ တမင်သကာ ထိုသို့ပြုလျှင်မူ အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံအားလုံး၏ အတွင်းအပြင် စိတ်ထားအား အကြောင်းခံမဲ့ သိရှိနေကြောင်း သတိပြုပါ။)

(၆၄)။ ပဟေဠိ -- ပထမတစ်ကြိမ် ကုရ်ဗာနီပြုပြီးသော်လည်း ယင်းနှစ်အတွင်း၌ပင် နောက်တစ်ကြိမ် ကုရ်ဗာနီပြုရန် ၀ါဂျိဗ်ထိုက်သည့် ပုံစံကို ဖော်ပြပါ။
ဖြေ -- ပထမတစ်ကြိမ် ကုရ်ဗာနီပြုခြင်းသည် နိဆွားဗ်ကို ပိုင်ဆိုင်ထားသူမဟုတ်ဘဲ (တစ်နည်း ကုရ်ဗာနီပြုရန် ၀ါဂျိဗ်ဖြစ်ခြင်းမရှိဘဲ) ကုရ်ဗာနီပြုလိုက်သည်။ ထို့နောက် ကုရ်ဗာနီရက်အတွင်းပင် နိဆွားဗ်ကို ပိုင်ဆိုင်သူ (ကုရ်ဗာနီပြုရန် ၀ါဂျိဗ်ထိုက်သူ) ဖြစ်သွား၏။ သို့ဖြစ်လျှင် ၎င်းသူသည် ပထမတစ်ကြိမ် ကုရ်ဗာနီပြုပြီးလျှင်လည်း နိဆွားဗ်ပိုင်ရှင်ဖြစ်ပြီးနောက် နောက်တစ်ကြိမ် ကုရ်ဗာနီပြုရန် ၀ါဂျိဗ်ထိုက်၏။

(၆၅)။ ပဟေဠိ -- ဆိတ်တစ်ကောင်သာ ကုရ်ဗာနီပြုရန် တာဝန်ထိုက်သည့် သူဌေးနှင့် ဆိတ်နှစ်ကောင် ကုရ်ဗာနီပြုရန် တာဝန်ထိုက်သည့် သူဆင်းရဲတို့ကို ဖော်ပြပါ။
ဖြေ -- ဆိတ်နှစ်ကောင် ကုရ်ဗာနီပြုရန် တာဝန်ထိုက်သည့် သူဆင်းရဲဟူသည်မှာ ၎င်းသူသည် ကုရ်ဗာနီပြုရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် ဆိတ်တစ်ကောင် ၀ယ်လိုက်သည်။ ယင်းဆိတ်သည့် ပျောက်သွားခြင်း သို့မဟုတ် အခိုးခံလိုက်ရခြင်းတို့ ဖြစ်သွားခဲ့သည်။ ထို့ကြောင့် ၎င်းသူက နောက်ထပ်ဆိတ်တစ်ကောင် ထပ်ဝယ်လိုက်သည်။ နောက်တစ်ကောင် ၀ယ်ပြီးမှ ပထမပျောက်သွားသော သို့မဟုတ် အခိုးခံလိုက်ရသော ဆိတ်ကို ကုရ်ဗာနီရက်အတွင်း ပြန်ရလာ၏။ သို့ဆိုလျှင် ၎င်းဆင်းရဲသူသည် ယင်းဆိတ်နှစ်ကောင်လုံးကို ကုရ်ဗာနီပြုရန် တာဝန်ရှိ၏။ ကုရ်ဗာနီပြုမည်ဟူသည့် ရည်ရွယ်ချက်ဖြင့် ၀ယ်ယူထားခြင်းဖြစ်သောကြောင့် ကုရ်ဗာနီအတွက် သတ်မှတ်ပြီးသား ဖြစ်ပေ၏။
ဆိတ်တစ်ကောင်သာ ကုရ်ဗာနီပြုရန် တာဝန်ထိုက်သည့် သူဌေးမှာ ၎င်းသည် အစကတည်းက နိဆွားဗ်ပိုင်ရှင်ဖြစ်သောကြောင့် ကုရ်ဗာနီတာဝန်ထိုက်နေသူ ဖြစ်၏။ သားကောင်ကို ၀ယ်လိုက်ခြင်းကြောင့် ကုရ်ဗာနီပြုရန် တာဝန်ထိုက်သူမဟုတ်ပေ။ ထို့ကြောင့် ၎င်းသူအတွက် သားကောင်ကြောင့် ကုရ်ဗာနီဝါဂျိဗ်ဖြစ်ခြင်းဟူသည့် သတ်မှတ်ချက်မရှိပေ။ အကယ်၍ ယင်းသူဌေးအနေဖြင့် အထက်ပါအခြေအနေမျိုး ကြုံတွေ့ခဲ့ရပါမူ သားကောင် နှစ်ကောင်လုံးအား ကုရ်ဗာနီပြုရန် အရေးမကြီးပေ။ တစ်ကောင်တည်း ကုရ်ဗာနီပြုသည်ဖြစ်စေ၊ နှစ်ကောင်လုံးအား ကုရ်ဗာနီပြုသည်ဖြစ်စေ နှစ်သက်ရာကို ပြုလုပ်နိုင်သည်။

(၆၆)။ ပဟေဠိ -- မွစ်လင်မ်ဖြစ်သော် ၎င်းသူ ဇဗဟ်ပြုထားသည့်အရာကို စားခွင့်မရှိ။ မည်သို့သောသူပါနည်း။
ဖြေ -- ရူးသွပ်နေသူက ဇဗဟ်ပြုထားလျှင် ၎င်းအသားကို မစားရပေ။

(၆၇)။ ပဟေဠိ -- အကီဒဟ်မှန်ကန်သူ၊ အသိတရားရှိသူ (ရူးနေသူမဟုတ်)၊ အရွယ်ရောက်ပြီးသူဖြစ်သည့် မွတ်စ်လင်မ်က بِسْمِ اللهِ اللهُ اَكْبَرْ ဖတ်၍ ဇဗဟ်ပြုထားသော်လည်း ယင်းဇဗဟ်ပြုထားသော အသားကို စားခြင်းသည် ဟရာမ်ဖြစ်၏။ ယင်းပုံစံကို ဖော်ပြပါ။
ဖြေ -- مُحْرِمْ (မုဟ်ရင်မ်၊ အဲဟ်ရာမ်ဝတ်ထားသူ)က အဲဟ်ရာမ်တွင် ရှိနေချိန်အတွင်း အမဲကောင်ကို ဇဗဟ်ပြုလိုက်ပါက ယင်းအသားကို စားခြင်းသည် ဟရာမ်ဖြစ်၏။

(၆၈)။ ပဟေဠိ -- မဆိုဘဲ တိရိစ္ဆာန်ကို ဇဗဟ်ပြုလိုက်သော်လည်း ယင်းအသားသည် ဟလာလ်ဖြစ်၏။ မည်သို့နည်း။
ဖြေ -- မေ့၍ بِسْمِ اللهِ اللهُ اَكْبَرْ မဆိုဘဲ ဇဗဟ်ပြုလိုက်သော သားကောင်၏ အသားသည် ဟလာလ်ဖြစ်၏။ (ယင်းမှ بِسْمِ اللهِ اللهُ اَكْبَرْ ကို မေ့၍သာ မဆိုခွင့်ရှိခြင်းကို သိရသည်။ တမင်သက်သက် မဆိုခြင်းဖြစ်မူ ယင်းအသားသည် ဟလာလ်မဖြစ်ပါ။ ထို့ပြင် ရှီအဟ်၊ ကာဒီယာနီ၊ ဗရေလ၀ီ၊ မုနာဖိက်၊ မုရ်သဒ်၊ အစ္စလာမ့်အခြေခံယုံကြည်ချက်များအနက်မှ အချို့အချက်များကို ငြင်းပယ်ထားသူများက ဇဗဟ်ပြုလျှင်လည်း ယင်းအသားသည် ဟလာလ်မဖြစ်ပါ။ ထို့ကြောင့် မုစ်လင်မ်တို့ အလွန့်အလွန်ကို သတိပြုရပါမည်။ ဟလာလ်တံဆိပ်တစ်ခုတည်းနှင့် မိမိတို့၏ အအ်မာလ်များ၊ ကြက်ကြော်တစ်တုံးဖြင့် မိမိတို့၏ အအ်မာလ်များကို မလဲလိုက်ကြပါနှင့်ဟု သတိပေးအပ်ပါသည်။)

Credit, မော်လာနာရူဟွလ်လာဟ် နက်ရှ်ဗန်ဒီ ပြုစုသည့် အစ္စလာမီပဟေလိယားန် စာအုပ်ပါ အကြောင်းအရာအချို့ကို အလ်မုဖီးဒ်မှ ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။

မစာအိလ်ဥာဏ်စမ်း ပထမပိုင်း
http://aaitee.blogspot.com/2016/01/blog-post_36.html
မစာအိလ်ဥာဏ်စမ်း ဒုတိယပိုင်း
http://aaitee.blogspot.com/2016/02/blog-post.html
-----။------
အလ်မုဖီးဒ်
ဟိဂျရီ ၁၄၃၇/ ဇွလ်ကအ်ဒဟ်လ/ ၂၆/ ယောင်မွလ်အရ်ဗအ်
31.8.2016

Wednesday, May 4, 2016

မိအ်ရားဂ်ျည


မိအ်ရားဂ်ျညသည် ထူးမြတ်မှုရှိသည့် ညများတွင် ပါဝင်သလား၊ ယင်းညတွင် မည်သည့်ကောင်းမှုများ အထူးတလည် ကျင့်ရမည်နည်း၊ တမန်တော်မြတ်ရှိစဉ်က မိအ်ရားဂ်ျညတွင် အဘယ်သို့ ကျင့်ကြံခဲ့ပါသနည်း၊ မိအ်ရားဂ်ျသည် ရဂျဗ် ၂၇ရက်တွင်သာ အတိအကျဖြစ်ခဲ့သလား စသည်တို့အား ယနေ့ကျွန်ုပ်တို့ မိအ်ရားဂ်ျကို အထူးအိဗာဒသ်ပြုရာ ညတစ်ညအဖြစ်မသတ်မှတ်မီ သိရှိရန် လိုအပ်ပါသည်။

တမန်တော်မြတ်ရှိစဉ်က မိအ်ရားဂ်ျတွင် ကျင့်ကြံခဲ့ပုံ

မိအ်ရားဂ်ျဖြစ်ရပ်နောက်ပိုင်းတွင် တမန်တော်မြတ်သည် ဤလောကကြီးအတွင်းဝယ် (၁၈)နှစ်ကြာသည်အထိ သက်ရှိထင်ရှား ရှိခဲ့သည်။ ထို(၁၈)နှစ်တာ ကာလအတွင်း မိအ်ရားဂ်ျနှင့် စပ်လျဉ်း၍ ယင်းညအား အလေးထားရန် အထူးတလည်မိန့်ကြားခြင်း (သို့) ဤညတွင် ကဒရ်ညကဲ့သို့ နိုးကြားနေခြင်းဖြင့် အကျိုးစဝါးဗ် ပိုရမည်ဟု မိန့်ကြားခြင်းမျိုး မရှိခဲ့ပါ။ တမန်တော်မြတ်ရှိနေစဉ်တွင် ယင်းည၌ မအိပ်ဘဲ နိုးကြားနေခြင်း၊ အလေးအနက်ပြုခြင်းများလည်း မရှိခဲ့ပါ။ ထို့ကြောင့် တမန်တော်မြတ်ရှိစဉ်က မိအ်ရားဂ်ျညတွင် အထူးအိဗာဒသ်ပြုခြင်း မရှိသည်ကို သိရပါသည်။

မိအ်ရားဂ်ျညသည် ထူးမြတ်မှုရှိသည့် ညများတွင် ပါဝင်မှု ရှိ၊ မရှိ

ရဂျဗ်လ ၂၇ ရက်ညသည် မိအ်ရားဂ်ျညဖြစ်သည်ဟု ကျော်ကြားပြီး ဤညတွင်လည်း ကဒရ်ကဲ့သို့ပင် ကျင့်ဆောင်ကြရမည်။ ကဒရ်ညမြတ်ကဲ့သို့ ထူးမြတ်မှုများ မိအ်ရားဂ်ျညတွင်လည်း ရှိသည်ဟု ယူဆရုံသာမက ကဒရ်ညထက်ပင် ပိုသည်ဟူ၍ တစ်နေရာ၌ရေးသားထားသည်ကို ကျွန်ုပ်(မွဖ်သီသကီး) ဖတ်ရှုခဲ့ဖူးသည်။ ထို့ပြင် မိအ်ရားဂ်ျည၌ ရကအသ်မည်မျှဖတ်ရမည်။ ရကအသ်တိုင်းတွင် မည်သည့်စူရဟ်များသာ ဖတ်ရသည်ဟူသော သီးသန့်နမားဇ်များလည်း ထွင်ထားသည်။ ထိုယူဆချက်၊ လုပ်ဆောင်ချက်များအားလုံးသည် မှားပါသည်။ အစ္စလာမ့်ရှရီအသ်တွင် ယင်းယူဆချက်များနှင့် လုပ်ဆောင်ချက်များ လုံးဝမပါဝင်ကြောင်း ကောင်းစွာ သိမှတ်ထားရပါမည်။ ထို့ပြင် ထူးမြတ်သည့် ညများဟု သတ်မှတ်သည့်ညများတွင် မိအ်ရားဂ်ျ မပါဝင်ပါ။

မိအ်ရားဂ်ျသည် ရဂျဗ် ၂၇ရက်တွင်သာ ဖြစ်ခဲ့ခြင်းလား

တမန်တော်မြတ်သည် မိအ်ရားဂ်ျ ကောင်းကင်ခရီး ကြွမြန်းတော်မူခဲ့သည်။ သို့သော် ရဂျဗ်လ ၂၇ ရက်ညတွင် မိအ်ရားဂ်ျခရီး ကြွမြန်းတော်မူခဲ့သည်ဟူ၍ အတိအကျ မဖော်ပြထားပါ။ မိအ်ရားဂ်ျဖြစ်သည့် ညနှင့်ပတ်သက်၍ မတူညီသော ဆင့်ပြန်ချက်များစွာ လာရှိထားသည်။ အချို့သောဆင့်ပြန်ချက်များ၌ ရဗီအွလ်အောက်ဝလ်လတွင် မိအ်ရားဂ်ျဖြစ်သည်ဟု ပါရှိပြီး အချို့ဆင့်ပြန်ချက်များ၌မူ ရဂျဗ်လဟု တင်ပြထားသည်။ သို့သာမက မိအ်ရားဂ်ျနှင့် ပတ်သက်သည့် ကျန်ရှိသော ဆင့်ပြန်ချက်များ၌ အခြားလများတွင် ဖြစ်သည်ဟုလည်း ဖော်ပြထားသည့်အတွက် မည်သည့်ညသည် မိအ်ရားဂ်ျညဖြစ်သည်ဟူ၍ တိကျစွာမပြောနိုင်ပါ။

မိအ်ရားဂ်ျည၏ ကျင့်စဉ် အဘယ့်ကြောင့် မှတ်တမ်းမရှိခဲ့ရသနည်း

မိအ်ရားဂ်ျညသည်လည်း ကဒရ်ကဲ့သို့ အထူးသတ်မှတ်မှုရှိသော ညဖြစ်ပြီး ကဒရ်ညမြတ်ကဲ့သို့ အထူးပညတ်တော်များ ရှိခဲ့ရိုးမှန်လျှင် ထိုည၏ နေ့ ရက်နှင့် လတို့ကို မှတ်တမ်းတင် ထိန်းသိမ်းရန် အရေးကြီးသည်။ ယခုမူ ထိုည၏ နေ့ရက်နှင့် လတို့အား မှတ်တမ်းတင် ထိန်းသိမ်းထားခြင်း မရှိထားသောကြောင့် ရဂျဗ်လ (၂၇) ရက်ညသာလျှင် မိအ်ရားဂ်ျညဖြစ်သည် ဟူ၍ အတိအကျ သတ်မှတ်ခွင့်မရှိပါ။ ရက်ကာလကို မှတ်တမ်းတင်ထားမှုမရှိခြင်းကြောင့် ယင်းညသည် အီမာန်ရှင်တို့အတွက် ထူးခြားသည့် တာဝန်များ သတ်မှတ်ထားခြင်း မရှိကြောင်းကို သိရပါသည်။

မိအ်ရားဂ်ျသည် ထူးမြတ်ခဲ့သည် မှန်သော်လည်း

တမန်တော်မြတ်သည် မိအ်ရားဂ်ျခရီး ကြွမြန်းတော်မူခဲ့သည်။ ထိုည၌ပင် ကြီးကျယ်သော ဖြစ်ရပ်များ၊ အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်အား အနီးကပ်ဆုံးသော အဆင့်၊ အပါးတော်၌ ခစားခြင်းဟူသော အခွင့်ထူးကို ပေးသနားခြင်း၊ အုမ္မသ်အတွက် နမားဇ်များအား လက်ဆောင်ပါးတော်မူခဲ့သည်။ တမန်တော်မြတ်ကိုယ်တိုင် ကြွမြန်းထားသည့် ထိုမိအ်ရားဂ်ျသည် ထူးမြတ်ကြီးကျယ်သည့်ည မုချဖြစ်ပြီး ထိုည၏ ကြီးမြတ်ထူးကဲမှုအပေါ် မည်သည့်မုစ်လင်မ်ကမျှ သံသယမဖြစ်ရပါ။ တမန်တော်မြတ်ကိုယ်တိုင် ကြွမြန်းခဲ့သည့် မိအ်ရားဂ်ျဖြစ်ရပ် ပေါ်ပေါက်ခဲ့သောညသည် ထွတ်မြတ်ခဲ့သည်။ ရဂျဗ် (၂၇) ရက်ညက ထွတ်မြတ်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ထို့ကြောင့် မွစ်လင်၏တာဝန်မှာ တမန်တော်ကိုယ်တိုင် သွားခဲ့သည့် မိအ်ရားဂ်ျညသည် အမှန်ပင်ဖြစ်ကြောင်း၊ ယင်းသို့သွားခဲ့သည့် ညက ထူးကဲကြောင်းကိုသာ စိတ်တွင် စွဲမှတ်ယုံကြည်ရမည် ဖြစ်ပြီး ယင်းညတွင် အိဗာဒသ်များ၊ တစ်ညလုံး မအိပ်ခြင်းများ ပြုလုပ်ရန် တာဝန်မရှိပါ။

တမန်တော်မြတ် နဗီဖြစ်ပြီး (၅) နှစ်မြောက်တွင် မိအ်ရားဂ်ျကို ရရှိခဲ့သည်။ ဤဖြစ်ရပ်နောက်ပိုင်းတွင် တမန်တော်မြတ်သည် လောက၌ (၁၈)နှစ်တိုင် သက်တော်ထင်ရှား ရှိခဲ့သည်။ ယင်း(၁၈)နှစ်တာ ကာလအတွင်း မိအ်ရားဂ်ျနှင့်ပတ်သက်၍ အထူးမိန့်ကြားခြင်း၊ ဤည၌ ကဒရ်ညကဲ့သို့ နိုးကြားနေခြင်းဖြင့် ကုသိုလ်များပြားစွာ ရမည် စသည်တို့ မိန့်ခဲ့ခြင်း မရှိပါ။ ထိုခေတ်ထိုအခါက ဤည၌နိုးကြားခြင်း၊ အလေးထားခြင်းများလည်း မရှိခဲ့ပါ။ တမန်တော်မြတ်ကိုယ်တိုင် နိုးကြားခြင်း မပြုခဲ့။ ဆွဟာဗဟ်များအား နိုးကြားရန် မိန့်ခြင်းလည်း မရှိခဲ့ပါ။ တမန်တော်မြတ် ကွယ်လွန်ပြီးနောက် နှစ်ပေါင်း ၁၀၀ အထိ ဤလောကတွင် ဆွဟာဗာများ ရှိနေကြသေးသည်။ ထိုရာစု တစ်ခုလုံးအတွင်း မည်သည့်ဆွဟာဗဟ်ကမျှ ရဂျဗ်လ (၂၇)ရက်ညအား အထူးအလေးထားသည့် ဖြစ်ရပ်များ မရှိခဲ့ပါ။ တမန်တော်မြတ်နှင့် ဆွဟာဗာများမလုပ်ခဲ့သည့် ကိစ္စရပ်များအား အစ္စလာမ့်အစိတ်အပိုင်းအဖြစ် သတ်မှတ်ခြင်း၊ စွန္နသ်ဟုသတ်မှတ်ခြင်း၊ ထိုလုပ်ရပ်အား စွန္နသ်ကဲ့သို့ အရေးတယူပြုလုပ်ခြင်းသည် ဗိဒ်အသ်ဖြစ်၏။

မိအ်ရားဂ်ျဟု ယူဆသည့်ညတွင် သီးသန့်အိဗာဒသ်ပြုခြင်း ဗိဒ်အသ်
ထိုညတွင် အိဗာဒသ်ပြုခြင်း၊ ယင်းညအား အလေးအနက်ထားခြင်းမှာ ဗိဒ်အသ်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်က ညတိုင်း ညတိုင်းတွင် တစ်ညလုံး မအိပ်ဘဲ အိဗာဒသ်ပြုနိုင်စွမ်း ချီးမြှင့်ပါက အကောင်းတကာ့ အကောင်းဆုံးပင်ဖြစ်သည်။ ညစဉ်နိုးကြားလျှက် အိဗာဒသ်ပြုပြီး အလားတူ (၂၇)ရက်ညတွင်လည်း နိုးကြားလျက် အိဗဒသ်ပြုမည်ဆိုပါက မည်သို့မျှဆိုရန် အကြောင်းမရှိပါ။

ရဂျဗ်လ (၂၇) ရက်နေ့တွင် ရိုဇာဟ်ရှိ / မရှိ
အချို့သူတို့က ရဂျဗ်လ (၂၇) ရက်နေ့၏ ရိုဇာဟ်သည် အာရှူရဟ်နှင့် အရာဖဟ်နေ့များ၏ ရိုဇာဟ်များကဲ့သို့ ထူးမြတ်မှုရှိသည်ဟု ယူဆထားသည်။ ထိုနေ့၏ ရိုဇာဟ်နှင့် စပ်လျဉ်း၍ ဆွဟီးစနဒ်ဖြင့် ဆင့်ပြန်ချက်မရှိပါ။

ဟဇရသ်အုမရ်က ဗိဒ်အသ်ဖြစ်ကြောင်း အတိအလင်းတားမြစ်ခြင်း
ဟဇရသ်အုမရ် အုပ်ချုပ်စဉ်က လူအချို့သည် ရဂျဗ်လ (၂၇) ရက်နေ့ ရိုဇဟ်ကို အထူးအလေးထား၍ စောင့်ထိန်းနေကြောင်း ကြားသဖြင့် ချက်ခြင်းအိမ်မှ ထွက်၍ လူတစ်ဦးခြင်းကို တွေ့ဆုံပြီး အသင်ကျွန်ုပ်ရှေ့၌ စားသောက်ပြီး ရိုဇဟ်မရှိကြောင်း သက်သေပြဟု ပြောပြီး ဇွတ်အတင်း စားသောက်စေသည်။ ထိုသို့ တိတိကျကျ လူတို့အား စားသောက်စေခြင်းမှာ လူတို့က ယနေ့အတွက် ရိုဇဟ်နှင့် ပတ်သက်၍ အထူးသတ်မှတ်ချက်နှင့် ထူးမြတ်မှုများမရှိဘဲ အခြားသောနေ့များ၌ နဖိလ်ရိုဇဟ်စောင့်ထိန်းနိုင်သကဲ့သို့ ဤနေ့တွင်လည်း နဖိလ်ရိုဇဟ်ထားနိုင်ပြီး မည်သို့မျှ ကွာခြားချက်မရှိ ဟု သိရှိလာကြစေရန်ဖြစ်သည်။ ဟဇရသ်အုမရ်သည် ရဂျဗ်လ (၂၇) ရက်နေ့တွင် ရိုဇဟ်စောင့်ထိန်းခြင်းအား ဗိဒ်အသ်ဟု အတိအလင်းတားမြစ်ခဲ့ပြီး အစ္စလာမ်အတွင်း ကိုယ့်ယူဆချက်ဖြင့် အပိုလုပ်ဆောင်ချက်များမရှိစေရန် ဆောင်ရွက်ခဲ့သည်။

ထိုည၌သာ နိုးကြားလိုသူတို့၏ စောဒက 
အချို့က အဲ့ဒီညမှာ နိုးနိုးကြားကြားနဲ့ အိဗာဒသ်ပြုလုပ်ပြီး နေ့ဘက်မှာ ရိုဇဟ်ထားတာပဲ၊ အပြစ်ကျူးလွန်တာ၊ ခိုးမှုကျူးလွန်တာ၊ အရက်သောက်တာ၊ ဓားပြတိုက်တာမှ မဟုတ်ပဲ၊ အိဗာဒသ်ပြုကြတာပဲ၊ နေ့ဘက်မှာ ရိုဇဟ်ထားရင်လည်း မကောင်းတာလုပ်တာမှ မဟုတ်ပဲဟု စောဒက တတ်ကြသည်။

အစ္စလာမ်က အမိန့်နာခံရန် တောင်းဆိုထားခြင်း
ဟဇရသ်အုမရ်က ထိုနေ့၌ ရိုဇဟ်စောင့်ထိန်းရန် အလ္လာဟ်အရှင်မြတ်က မိန့်တော်မူခြင်းမရှိပဲ မိမိဘက်မှ ဖန်တီးပြီး အလေးအနက်ထားနေခြင်းသည် အဓိက မကောင်းခြင်းပင် ဖြစ်သည်ဟု မိန့်တော်မူသည်။ အစ္စလာမ့်မိန့်မှာချက်အားလုံး၏ အချုပ်မှာ အမိန့်နာခံခြင်းပင် ဖြစ်၏။ နမားဇ်ဝတ်ပြုပါဟု မိန့်သည့်အခါ နမားဇ်ဝတ်ပြုခြင်း အိဗာဒသ်ဖြစ်သည်။ နမားဇ်ဝတ်မပြုနှင့်ဟု မိန့်သည့်အခါ နမားဇ်ဝတ်မပြုခြင်းမှာ အိဗါဒသ်ဖြစ်သည်။ ရိုဇဟ်မထားနှင့်ဟု မိန့်လျှင် ရိုဇဟ်မထားခြင်း အိဗာဒသ်ဖြစ်သည်။ အကယ်၍ ထိုအချိန်၌ ရိုဇဟ်ထားလိုက်မည်ဆိုပါက ဒီးန်နှင့် ဆန့်ကျင်ခြင်း ဖြစ်သည်။ အစ္စလာမ်၏ လုပ်ဆောင်ချက်အားလုံးသည် အမိန့်နာခံခြင်း အတွင်း၌သာ ရှိ၏။

အစ္စလာမ်အတွင်း အပိုလုပ်ရပ်များ ထည့်သွင်းခြင်း

လူတစ်ဦးသည် ထိုနေ့၏ ရိုဇဟ်အား အလွန်အလေးထားနေလျှင် ၎င်းသည် အစ္စလာမ်အတွင်း မိမိဘက်မှ အပိုလုပ်ရပ်များ ဖြည့်စွက်သူပင် ဖြစ်သည်။ အစ္စလာမ်အား မိမိနည်း မိမိဟန်ဖြင့် ပြုလုပ်နေသူဖြစ်သည်။ ထို့ကြောင့် ဤပုံစံဖြင့် ရိုဇဟ်ထားခြင်း မပိုင်ပါ။ မွတ်စ်လင်မ်တစ်ဦးသည် အများအားဖြင့် အခြားရက်များတွင်လည်း ရိုဇဟ်ထားလေ့ရှိပြီး ရိုဇဟ်ထားနေကျရက်နှင့် တိုက်ဆိုင်နေပါက ထားပါ။ ထိုသူ့အတွက် တားမြစ်ချက်မရှိ။ သို့ရာတွင် ထိုနေ့၏ ရိုဇဟ်သည် ပို၍ထူးမြတ်သည်၊ ပို၍ ကုသိုလ်ဆဝါဗ်းရရှိမည်ဟု ယူဆပြီး စောင့်ထိန်းလျှင် (သို့) ထိုည၌သာ နိုးကြား၍ အိဗာဒသ်ပြုခြင်းဖြစ်လျှင် ဗိဒ်အသ်ဖြစ်သည်။

မုန့်အချိုများပြုလုပ်ခြင်း

ရဂျဗ်လ (၂၇) ရက်နေ့ ဓလေ့တစ်ခုမှာ နဇရ်ကိုး၍ မုန့်အချိုများ လုပ်ခြင်းဖြစ်သည်။ ထိုနေ့တွင် မုန့်အချိုမပြုလုပ်ပါက မည်မျှပင် နမားဇ်ဖတ်သူ၊ ရိုဇဟ်ထားသူ၊ အပြစ်ရှောင်ကြဉ်သူပင် ဖြစ်ပါစေ မုစ်လင်မ်မဟုတ်သကဲ့သို့ပင်။ ကိုယ်တိုင်လည်း မုန့်အချိုမလုပ်၊ မုန့်အချိုလုပ်သူများအားလည်း မလုပ်ရန် တားမြစ်ပါက ၎င်းအား လအ်နသ်ပို့ခြင်း၊ မကောင်းပြောခြင်းများဖြင့် ရှုတ်ချကြတော့၏။ ထိုသို့ မုန့်များပြုလုပ်ကြရန် ဆွဟာဗဟ်များ၊ သာဗိအီးန်များ၊ သဗ္ဗအ်သာဗီအီးန်များနှင့် အိမာမ်ကြီးများ၏ ညွှန်ကြားမိန့်ဆိုချက်၊ ပြုလုပ်ဆောင်ရွက်ချက် တစ်ခုမျှမရှိခဲ့ပါ။

အကျိုးမဲ့ကိစ္စများအတွင်း နစ်သွားသော အုမ္မသ်
ကျွန်ုပ်တို့ အုမ္မသ်သည် အထက်ပါကဲ့သို့ အကျိုးမရှိသည့် လုပ်ရပ်များတွင် နစ်သွားပြီ ဖြစ်၏။ အကျိုးမဲ့ကိစ္စများကို အရေးကြီးသည်ဟု မှတ်ယူနေသဖြင့် အမှန်တကယ် အကျိုးရှိ အရေးကြီးသည့် တာဝန်များ မှေးမှိန် ပျောက်ကွယ်သွားရတော့၏။ ထိုအချက်များနှင့် စပ်လျဉ်း၍ မိမိနောင်တော် မုစ်လင်မ်များအား တဖြည်းဖြည်းခြင်း သဘောပေါက်သည်အထိ ရှင်းပြရန်လိုအပ်ပါသည်။ အချို့သူတို့မှာ နားမလည်သဖြင့် ပြုလုပ်ကြခြင်းဖြစ်ပြီး ၎င်းတို့စိတ်အတွင်း၌ မည်သို့မျှ အတိုက်အခံပြုလိုမှု မရှိကြပါ။ ကုရ်အာန်နှင့် ဟဒီးစ်တော်များအရ မည်သို့မျှ အခြေအမြစ်မရှိသော ကိစ္စရပ်များဖြစ်သည့်အတွက် လူတို့အား ချစ်ခင်ကြင်နာစိတ်ဖြင့် သဘောပေါက် နားလည်အောင်ရှင်းပြရမည်။ ထိုအခမ်းအနားများ၌ ကိုယ်တိုင်ပါဝင်ခြင်း၊ အခြားသူများအား သွားဖို့တိုက်တွန်းခြင်းကိုလည်း ရှောင်ကြဉ်ရပါမည်။
နိဂုံးချုပ်တင်ပြရလျှင် ရဂျဗ်လသည် ရမဇာန်၏ အကြိုလဖြစ်ပြီး ရမဇာန်အတွက် မိမိကိုယ်တိုင် ယခုကတည်းက ကြိုတင်ပြင်ဆင်မှုများ လုပ်ထားရန် လိုအပ်ပါသည်။ တမန်တော်မြတ်သည် ရမဇာန်မရောက်မီ ၂ လအရင်ကပင် ဒုအာပြုခဲ့သည်။ ထို့ပြင် လမြတ်ရမဇာန်အတွက် မိမိကိုယ်မိမိ ယခုကတည်းက ပြင်ဆင်ကြ၊ ရမဇာန်သို့ရောက်ရှိလာလျှင် မိမိတို့၏ အချိန်များအား အလ္လာဟ်အရှင်မြတ်ကို သတိရတသရာတွင် များစွာ သုံးစွဲရန်၊ အိဗာဒသ်အတွက် သုံးစွဲရန် အချိန်ဇယားဆွဲ၍ အသင့်ပြင်ကြ ဟူ၍ လူတို့အား ကြိုတင်အသိပေး လှုံဆော်ခဲ့ပါသည်။ ကျွန်ုပ်တို့လည်း တမန်တော်ပြသလမ်းညွှန်ခဲ့သည့်အတိုင်း ဘ၀ရှင်သန် အမိန့်နာခံရမည်သာ ဖြစ်ပါသည်။

((ကမ္ဘာ့ဖိကဟ်ပညာရှင်များအဖွဲ့ချုပ် ဒု-ဥက္ကဌဖြစ်သော မုဖ်သီသကီး (အုဆ်မာနီ) ရေးသားသည်ကို မုဖ်သီအာဒမ် (မဇွာဟေရီ) ပြန်ဆိုတင်ပြထားသည့် အလ်မီဇားန် အတွဲ-၈၌ပါဝင်သည့် "မိအ်ရားဂ်ျအကြောင်း နှင့် ရဂျဗ်လတွင် ပြင်ဆင်ရမည့်အရာများ" ဆောင်းပါးကို မှီငြမ်းရေးသား၍ အလ်မုဖီးဒ်၏ ချစ်ပရိသတ်အတွက် ပြန်လည်တင်ဆက်လိုက်ပါသည်။))

Wednesday, September 9, 2015

သက်ရှိရုပ်ပုံ ပန်းချီဆွဲခြင်း၊ ဓါတ်ပုံရိုက်ကူးခြင်း


တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်တော်မူခဲ့သည်မှာ .....
ကိယာမသ်နေ့တွင် ရုပ်ပုံရေးဆွဲသူများ၊ ဓါတ်ပုံရိုက်ကူးသူများကို အပြင်းထန်ဆုံးသော ပြစ်ဒဏ်ချမှတ်လိမ့်မည်။ ထို့နောက် ရုပ်ပုံရေးဆွဲသူတိုင်း ဓါတ်ပုံရိုက်ကူးသူတိုင်းသည် ဂျဟန္နမ်ထဲတွင် ရှိလိမ့်မည်။
အကြင်သူသည် သက်ရှိရုပ်ပုံ တစ်စုံတစ်ရာကို ရေးဆွဲစေခဲ့ပါလျှင် (ဓါတ်ပုံရိုက်ကူးခဲ့ပါလျှင်) ကိယာမသ်နေ့တွင် ထိုသူ့အား ၎င်းသူ ရေးဆွဲ၊ ရိုက်ကူးခဲ့သည့်ဓါတ်ပုံ၌ အသက်သွင်းစေလိမ့်မည်။ သို့သော် ထိုသူသည် အသက်သွင်းနိုင်လိမ့်မည် မဟုတ်ချေ။ (မိရှ်ကားသ်ကျမ်း)

[ဟရှရ်၊ ဂျန္နသ်၊ ဂျဟန္နမ်အကြောင်း သိကောင်းစရာ စာအုပ်မှ ကောက်နှုတ်သည်။]

အလ်မုဖီးဒ်

Wednesday, June 17, 2015

မခြွင်းမချန် ဇကားသ်ပေးရန်


မြန်မာနိုင်ငံတွင် နေထိုင်သည့်မုစ်လင်မ်တို့သည် အထူးသဖြင့် ဇကားသ်ကို ရဂျဗ်၊ ရှအ်ဗာန်၊ ရမ်ဇာန် .... ယင်းသုံးလတွင် ပေးဆောင်လေ့ရှိကြသည်။ အဘယ့်ကြောင့်ဆိုသော် တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က ရဂျဗ်သည် အလ္လာဟ်ရဲ့လ၊ ရှအ်ဗာန်သည် တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ရဲ့လ၊ ရမ်ဇာန်သည် အုမ္မသ်ရဲ့လဖြစ်သည်ဟု မိန့်ခဲ့သည်။ ထို့ကြောင့် ယင်းသုံးလသည် အင်မတန်မွန်မြတ်သော လများဖြစ်သည်။ ယင်းသုံးလမှာ လှူဒါန်းမှုပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်က အနည်းဆုံး စဝါးဗ်ကုသိုလ်အဆပေါင်း ခုနှစ်ရာ(၇ဝဝ)မှစ၍ မိမိနှစ်သက်သလို မရည်မတွက်နိုင်သည်အထိ ချီးမြှင့်တော်မူပေမည်။ အခြားလများမှာ ကုသိုလ်လုပ်လျှင် ၁ခုအတွက် ၁ဝဆချီးမြှင့်မည်ဟု ဆိုထားသည်။ ဒီသုံးလတွင်မူ ၁ဝဆမက ချီးမြှင့်မည် ဖြစ်ပေသည်။

 အလ္လာဟ်တာဝန်ယူထားလျှင် 
အလ္လာဟ်အရှင်မြတ်၏ ချီးမြှင့်မှုကြောင့် ဇကားသ်ပေးရန် တာဝန်ထိုက်သူအဖို့ ဇကားသ်မပေးမနေရ ဖရဇ်ဖြစ်သည်။ အကယ်၍ ဇကားသ်တာဝန်ထိုက်ပါလျက် ဇကားသ်မထုတ်ခဲ့လျှင် ယင်းဥစ္စာပစ္စည်းကို အလ္လာဟ်အရှင်မြတ် တာဝန်ယူမည်မဟုတ်ပေ။ ဇကားသ်ပေးဆောင်ထားသည့် ဥစ္စာပစ္စည်းကို အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ပေးမည်ဖြစ်သည်။ အလ္လာဟ်ကိုယ်တော်တိုင် တာဝန်ယူထိန်းသိမ်းခဲ့လျှင် မည်သည့်အရာ၊ မည်သူကမှ လာရောက်ဖျက်ဆီးလို့ မရနိုင်သလို အလ္လာဟ်တာဝန်မယူဘူးဟု မိန့်ထားသည့်အရာကိုလည်း မည်သူကမှ ထိန်းသိမ်းကာကွယ်နိုင်မည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံး ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်တော်မူသော အရှင်ဖြစ်ပေသည်။

 အလ္လာဟ်အရှင်မြတ်၏ ထိန်းသိမ်းမှု 
နမ်ရူးဒ်ဘုရင်ဆိုးနဲ့တကွ တိုင်းသူပြည်သားအားလုံးတို့က လောင်စာတွေစုပြီး ကွင်းပြင်ထဲမှာ ဧရာမမီးပုံကြီးပြုလုပ်သည်။ ထိုမီးပုံထဲသို့ တမန်တော်အိဗ်ရာဟီးမ် အလိုင်းဟိစ္စလာမ်ကို ပစ်ထဲ့ကာ မီးတင်ရှို့ခဲ့သည်။ သို့သော် တမန်တော်အိဗ်ရာဟီးမ်သည် မီးပုံထဲတွင် မီးမလောင်ဘဲ ပန်းခြံသဖွယ် အေးဆေးစွာ လမ်းလျှောက်နေခဲ့သည်။ ဤသည် အလ္လာဟ်အရှင်မြတ်၏ ထိန်းသိမ်းမှုပင်ဖြစ်သည်။ အလ္လာဟ်ထိန်းသိမ်းပြီဆိုလျှင် ဘုရင်အပါအဝင် တစ်နိုင်ငံလုံးပေါင်းပြီး ဒုက္ခပေးလည်း မရနိုင်တော့သလို လောင်ကျွမ်းစေသည့် မီးသည်ပင် မည်သို့မျှ အစွမ်းအစမရှိတော့ပေ။ တမန်တော်အိဗ်ရာဟီးမ် အလိုင်းဟိစ္စလာမ် မီးပုံထဲသို့ ပစ်ထည့်ခံရချိန်တွင် အလ္လာဟ်အရှင်မြတ်က မီးကိုတိုက်ရိုက် ဖရိရှ်သဟ်ပင် ကြားခံခြင်းမရှိဘဲ " ယာနားရု ကူးနီ ဘရ်ဒေါင်း ဝစလာမန် အလာအိဗ်ရာဟီးမ်" အိုမီး အသင်သည် ငါ့ရဲ့ ချစ်မိတ်ဆွေအိဗ်ရာဟီးမ်အတွက် ခံနိုင်ရည်ရှိသည်အထိ အေးမြပါ ဟု မိန့်တော်မူသည်။ ဗရ်ဒန် ဟူသည် အေးခြင်းကို ခေါ်သည်။ လုံးဝအေးစက်ပြီး လူသားအနေဖြင့် ခံနိုင်ရည်မရှိတော့ပေ။ ထို့ကြောင့် ဗရ်ဒါန် စာလုံးနှင့် အတူ စလာမန်ကိုပါ တွဲသုံးထားသည်။ စလာမန်ဟူသည် ခံနိုင်ရည်ရှိသလောက်သာ အေးစေရန်ဖြစ်သည်။ ထို့ကြောင့် ထိုမီးပုံကြီးသည် တမန်တော်အိဗ်ရာဟီးမ် အလိုင်းဟိစ္စလာမ်အတွက် ပန်းခြံသဖွယ် ဖြစ်သွားခဲ့ပေသည်။
ထို့ကြောင့် ကျွန်ုပ်တို့ထံတွင်ရှိသည့် ဥစ္စာပစ္စည်းကိုလည်း အလ္လာဟ်မှအပ အခြားမည်သူကမျှ ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းမရှိပါ။
 ဇကားသ်နှင့် ပတ်သက်၍ မိန့်ထားခြင်း 
ကျမ်းတော်မြတ်ကုရ်အာန်တွင် "အကီးမုစ်ဆွလားသ် ဝအားသုဇ် ဇကားဟ်" အသင်တို့ နမားဇ်ဖတ်ကြ။ ဇကားသ်ပေးကြ။ ဟုမိန့်ထားသည်။ ထို့သို့ နမားဇ်နှင့် ဇကားသ်ကို တွဲ၍ အမိန့်ပေးထားခြင်းသည် ကုရ်အာန်၌ နေရာပေါင်း ၈ဝကျော်တွင် လာရှိထားသည်။ ဤသို့နမားဇ်နှင့် ဇကားသ်ကို တွဲ၍ မိန့်ထားခြင်းကြောင့် ဇကားသ်ထုတ်ရန် ဖရဇ်ဖြစ်နေသူသည် ဇကားသ်မထုတ်ခဲ့သော် ၎င်း၏နမားဇ်ကိုလည်း အလ္လာဟ်လက်ခံမည် မဟုတ်ပေ။
 ဇကားသ်၏ အဓိပ္ပါယ် 
ဇကားသ်၏ အဓိပ္ပါယ်မှာ သန့်ရှင်းခြင်း၊ ဘရ်ကသ် တိုးပွားခြင်းဟူ၍ ဖြစ်သည်။ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာထဲမှ တစ်နှစ်ကိုတစ်ခါ ဆင်းရဲသားကိုပေးဆောင်ရန် ဒါနကြေးကို အလ္လာဟ်အရှင်မြတ်ဘက်မှ သတ်မှတ်လိုက်ခြင်းကို ဇကားသ်ဟုခေါ်ဆိုသည်။ ဇကားသ်သည် မိမိပိုင်သည့် ပစ္စည်းဥစ္စာကို မိမိကိုယ်တိုင် သန့်ရှင်းအောင်ပြုလုပ်ထားခြင်းပင် ဖြစ်သည်။ အကယ်၍ ဇကားသ်မထုတ်ခဲ့လျှင် ဆင်းရဲသား၏ ရပိုင်ခွင့်ဒါနကြေး ပါနေသည့်အတွက် ထိုပစ္စည်းဥစ္စာသည် ၎င်းသူအတွက် ကောင်းကျိုးမပေးတော့ပေ။

 ဇကားသ်ပေးလှူခြင်း၏ အကျိုး 
တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်တော်မူသည်မှာ အလှူဒါနပြုခြင်းဖြင့် ငါးခုသော အကျိုးကျေးဇူးကို မုချရရှိမည်။ (၁) လှူဒါန်းသူ၏ ပစ္စည်းများ တိုးပွားလာစေမည်။ (၂) လှူဒါန်းသူ၏ ရောဂါပျောက်ကင်းစေရန် ဆေးဝါးတစ်လက် ဖြစ်၏။ (၃) လှူဒါန်းသူအပေါ် ကျရောက်လာမည့် ဘေးဒုက္ခများကို ဖယ်ရှားပေးမည်။ (၄) လှူဒါန်းသူသည် ဆွရားသ် ဆံချည်မျှင်မက သေးသွယ်သောတံတားပေါ်မှ လျှပ်စီးပမာ ဖြတ်သန်းသွားနိုင်မည်။ (၅) လှူဒါန်းသူသည် စာရင်းစစ်ဆေးခြင်းမခံရဘဲ ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည် ဖြစ်၏။

 ဇကားသ်မထုတ်ခဲ့လျှင် 
" ဝလ်လဇီးန ယပ်(က)နေဇူးနဇ် ဇဟဗ ဝလ်ဖိဒ်ဒွဟ် ဝလာယွန်(န)ဖိကူးနဟ ဖီးစဗီးလစ်လ်လာ ဖဘရှ်ရှိရူးနဟ ဗိအဇားဗင်န် အလီးမ်" အသင်ထံ၌ သိမ်းဆည်းထားသည် ရွှေ၊ ငွေတို့ကို အလ္လာဟ်လမ်းမှာ အလ္လာဟ်သတ်မှတ်ထားသည့်အတိုင်း မလှူခဲ့လျှင် ထိုသူများကို ငါအလ္လာဟ်အရှင်မြတ်၏ ကြောက်မက်ဖွယ်ရာ အဇားဗ်ပြစ်ဒဏ်များအကြောင်းကို ဝမ်းသာစရာ သတင်းကောင်းအဖြစ်ပေးလိုက်ပါ။ ဆက်လက်မိန့်ထားသည်မှာ " ယောင်မာ ယုဟ်မာအလိုင်းဟား ဖီးနားရိ ဂျဟန္နမ် ဖသုက်ဝါဗိဟာ ဂျိဗာဟုဟွမ် ဝဂျုနုး ဗုဟွမ်း ဝဇုဟူးရုဟွမ်း၊ ဟားဇား မာကနတ်စ်သုမ် လိအန်ဖုစိကွမ် ဖဇူးကူ မာကွန်သွမ် သပ်က်နေဇူးန်" ထိုနေ့တွင် ယင်း ရွှေ၊ ငွေကို ဂျဟန္နမ်ငရဲမီးတွင် ဖုတ်မြှိုက်ပြီး ထိုသူတို့၏ နဖူးများ၊ နံဘေးများ၊ ကျောကုန်းများတွင် ထိုသို့ မီးဖုတ်ထားသည့် ရွှေ၊ ငွေများဖြင့် တံဆိပ်ခတ်နှိပ်ခြင်း ခံကြရမည်။ ဥစ္စာပစ္စည်းကို ရှာဖွေစုဆောင်းပြီး အလ္လာဟ်အရှင်မြတ်လမ်းတော်၌ မလှူဒါန်း မသုံးစွဲသောသူများ (ဥပမာ- ဇကားသ်မပေးသူများ၊ သုံးစွဲရန် မုချတာဝန်ရှိသော ကိစ္စများတွင် သူများ) သည် နောင်ကိယာမသ်နေ့တွင် ၎င်းတို့စုဆောင်းထားခဲ့ကြသည့် ရွှေငွေများကို မီးမြှိုက်၍ ၎င်းတို့၏ နဖူး၊ နံဘေး၊ ကျောကုန်းများတွင် တံဆိပ်ခတ်နှိပ်တော်မူမည်။
မလှူရက်၊ မပေးရက် စေးနှဲသော သူတစ်ယောက်ထံတွင် အလ္လာဟ်အရှင်မြတ်လမ်းတော်၌ အလှူဒါနပြုရန် မေတ္တာရပ်ခံလျှင် ထိုသူ၏ နဖူးသည်ရှုံ၍ သွားလေသည်။ ဆက်လက် မေတ္တာရပ်ခံလျှင် ဘေးသို့လှည့်လိုက်သည်။ ထို့နောက်တဖန် ထပ်မံ၍ မေတ္တာရပ်ခံလျှင် ကျောခိုင်းသွားလေတော့သည်။ ထို့အတွက်ကြောင့်ပင် ထိုနေရာများကို အထူးသဖြင့် တံဆိပ်ခတ်နှိပ်တော်မူခြင်း ဖြစ်သည်။ (စူရာသောဝ်ဗာဟ် အမှတ် ၉၊ အာယသ် ၃၄၊ ၃၅) ဇကားသ်ပေးရန် တာဝန်ထိုက်နေသူသည် ဇကားသ်မပေးဆောင်ခဲ့သော် ထိုသို့ပြစ်ဒဏ်ခံရပေမည်။

 ဖြစ်ရပ်တစ်ခု 
အလ်လာမဟ်အဗ်ဒွရ်ရဟ်မားန် ဆဖူရီသခင်က နဇ်ဟသွလ်မဂျာလိစ်ကျမ်းတွင် မက္ကဟ်မြို့၌ အမှန်တကယ်ဖြစ်ခဲ့သော ဖြစ်ရပ်တစ်ခုကို ရေးသားခဲ့လေသည်။ လူတစ်ဦးသည် စုဆောင်းထားသော ရွှေဒင်္ဂါး (၂ဝဝ) တိတိကို မိတ်ဆွေတစ်ဦးထံ နှစ်ပေါင်းများစွာ အပ်နှံထားခဲ့ပြီး ကွယ်လွန်သွားခဲ့၏။ ထိုအပ်နှံခြင်းခံရသော ပုဂ္ဂိုလ်သည် ကွယ်လွန်သူ၏ သားထံ ရွှေဒင်္ဂါးနှစ်ရာကို ပြန်ပေးလိုက်ရာ သားဖြစ်သူက မိမိဖခင်သည် ရွှေဒင်္ဂါးနှစ်ရာထက် ပို၍အပ်နှံခဲ့သည်ဟုဆိုက တရားစွဲလိုက်သည်။ တရားသူကြီးမှလည်း နှစ်ဦးနှစ်ဖက် မည်သို့မျှ ဖြေရှင်းပေးမရသည့်အဆုံး သေသူ၏ကဗရ်ကို ပြန်ဖော်ရန် အမိန့်ထုတ်ပြန်ခဲ့လေသည်။ ကဗရ်မှ အလောင်းကို စစ်ဆေးသည့်အခါ ကျောတွင် ဒင်္ဂါးအရွယ်အစားရှိ မီးနှင့် သားရေပြားကို ဖောက်ထားခြင်းခံရသော အပေါက်ပေါင်း နှစ်ရာတိတိကို တအံ့သြတွေ့မြင်ရလေသည်။ အဘယ့်ကြောင့်ဆိုသော သေသူသည် မိမိပိုင်ရွှေဒင်္ဂါးကို ဇကားသ်မပေးခဲ့သောကြောင့်ဖြစ်၏။ အပ်နှံထားသည့် ဒင်္ဂါးအရေအတွက် အမှန်ကိုလည်း သိရှိသွားရပေသည်။

 ဂျဟန္နမ်၏ မီး 
တမန်တော်အာဒမ် အလိုင်းဟိစ္စလာမ် ကမ္ဘာပေါ်သို့ ရောက်ရှိလာပြီးနောက် ချက်ပြုတ်ရန် မီးမရှိခဲ့ပေ။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်ထံ မီးလိုအပ်ကြောင်း လျှောက်ထားလေသည်။ အလ္လာဟ်အရှင်မြတ်က ကောင်းကင်တမန်ဂျိဗရာအီးလ်ကို ဂျဟန္နမ်မှ မီးယူသွားပေးရန် အမိန့်ပေးလိုက်သည်။ ထိုအခါ ဂျိဗ်ရီးလ်ကောင်းကင်တမန်သည် ဂျဟန္နမ်၏ တံခါးမှုးဖြစ်သူ မာလိက်ထံမှ မီးပေးရန် တောင်းသည်။ မာလိက်က မေးသည်။ မီးကို ဘယ်လောက်အတိုင်းအတာလောက် ယူမလဲ။ စွန်ပလွံတစ်စေ့စာ ဟုဖြေလိုက်သည်။ ထိုမျှခန့် မီးယူသွားလျှင် ကမ္ဘာတစ်ခုလုံး ပြာဖြစ်သွားပေလိမ့်မည်။ ထိုအခါ တစ်ဝက်ရမလားဟု မေးသည်။ တစ်ဝက်လည်း မရပါ။ သို့ဆိုလျှင် ဘယ်လောက်အတိုင်းအတာ ယူသွားရမလဲ။ မာလိက်က ပြောသည်မှာ တစ်စိတ်(တစ်ဝက်ရဲ့ တစ်စိတ်)စာ ယူသွားပါ။ ထိုတစ်စိတ်စာကိုလည်း ဒီအတိုင်းမယူသွားနှင့်။ ဒီအတိုင်းယူသွားလိုက်လျှင် ထိုတစ်စိတ်စာမီးကြောင့် ကမ္ဘာပေါ်တွင် မည်သည့်အပင်မှ ပေါက်တော့မည် မဟုတ်ပါ။ ယင်းတစ်စိတ်စာကို ရေဖြင့် အကြိမ်ပေါင်း ၇ဝ ဆေးလိုက်ပါ။ ထိုသို့ဆေးကြောပြီးသားမီးကို ယူသွားပြီး ကမ္ဘာပေါ်မှာ ချပြီးသည်နှင့် တစ်ပြိုင်တည်း ချက်ခြင်းပြန်မယူလာပြီး ဂျဟန္နမ်မှာ ပြန်လာထားလိုက်ပါ။ (အလ္လာဟ်ဟုအပ်က်ဗရ် ဂျဟန္နမ်၏ မီး ထိုမျှပြင်းထန်ပေသည်။)
ဂျိဗ်ရာအီးလ်သခင်သည် ထိုသို့ အကြိမ်ပေါင်း ၇ဝ ဆေးပြီးသားမီးကို ကမ္ဘာမြေကြီးပေါ်ချပြီး ချက်ခြင်းပင် ပြန်မယူသွားလိုက်သည်။ မီးချလိုက်သည့် မြေကြီးသည် မာကြောသည့် ကျောက်သားများ၊ ကျောက်တောင်များ ဖြစ်သွားခဲ့လေသည်။

 ရက်ရောမှုကို နှစ်သက်သော အရှင်မြတ် 
အလ္လာဟ်အရှင်မြတ်သည် ရက်ရောတော်မူသော အရှင်ဖြစ်သကဲ့သို့ ရက်ရောခြင်းကို အလွန်နှစ်သက်၍ စေးနှဲတွန့်တိုခြင်းကို လုံးဝမနှစ်မြို့ပေသည်။
အီစာအလိုင်းဟိစ္စလာမ်၏ အခါသမယတွင် ဖြစ်ခဲ့သော အကြောင်းအရာတစ်ခုကို ဖြစ်သည်။ တစ်နေ့ အီစာအလိုင်းဟိစ္စလာမ် လမ်းလျှောက်သွားရင်း လမ်းတွင် အရိုးခေါင်းတစ်ခုကို တွေ့လေသည်။ အီစာအလိုင်းဟိစ္စလာမ်၌ အသေကို ရှင်အောင်လုပ်နိုင်သော မုအ်ဂျိဇာကို အလ္လာဟ်က ချီးမြှင့်ပေးထားသည်။ ထို့ကြောင့် နဗီကြီးသည် မိမိကို အလ္လာဟ်ချီးမြှင့်ထားသည့် မုအ်ဂျဇာဟ်ဖြင့် အရိုးခေါင်းကို "ကွန်(န)ဗိအိဇ်နိလ်လာဟ်" အလ္လာဟ်အရှင်မြတ်အမိန့်ဖြင့် ထစမ်းဟု မိန့်လိုက်ရာ အရိုးခေါင်းက ထလာပြီး ထိုသူသည် ဘုရင်တစ်ပါးဖြစ်သည်ကို တွေ့ရလေသည်။ အီစာအလိုင်းဟိစ္စလာမ်က ခင်ဗျားဘယ်သူလဲ ဟုမေးလိုက်သည်။ ဘုရင်က ကျွန်တော် နှစ်ငါးရာအလျင်က ဘုရင်တစ်ပါးဖြစ်သည်။ ကျွန်တော့်ရဲ့ ဦးခေါင်းကို အလ္လာဟ်အရှင်မြတ်က ခင်ဗျားလျှောက်တဲ့လမ်းပေါ်မှာ ပြစ်ချစေခဲ့ခြင်းဖြစ်သည်။ ခင်ဗျားနာမည်ဘာလဲဟု အီစာနဗီက မေးရာ ဂျမ်ဂျဟ်ဖြစ်ကြောင်း ဖြေလေသည်။ ခင်ဗျားက ဘယ်လိုဘုရင်လဲဟု ဆက်လက်မေးမြန်းလေသည်။ ထိုအခါ ကျွန်တော်သည် အင်မတန်ကြီးကျယ်သည့် ဘုရင်တစ်ပါးဖြစ်သည်။ ဘယ်လောက်အထိ ကြီးကျယ်သလဲဆိုရင် ကျွန်တော်က ဘယ်သာသနာ၊ ဘယ်ဘုရား တစ်ခုကိုမှ လက်မခံခဲ့ပါ။ သို့သော် ကျွန်တော်သည် အလွန်ရက်ရော၊ ပေးကမ်းသူတစ်ဦးဖြစ်ပေသည်။
ကျွန်တော်၏ နန်းတော်ရှေ့တွင် ကြီးမားသော အဆောက်တစ်ခု တည်ဆောက်ထားပြီး နေ့၊ ည မည်သူမဆို လာရောက်စားသောက်နိုင်သည်။ ကမ္ဘာတွင် ကျွန်တော်သည် နှစ်ပေါင်းသုံးရာ (၃ဝဝ) အသက်ရှင်နေထိုင်ခဲ့ပြီး ထိုသက်တမ်းတလျှောက် တစ်ခါမျှ ခေါင်းမကိုက်ဖူးခဲ့ပါ။ သေသွားတဲ့အခါမှာတော့ ကဗရ်ထဲမှာ ပြစ်ဒဏ်ပေးခြင်းကို နှစ်ပေါင်းငါးရာ (၅ဝဝ) အထိ ကောင်းကောင်း ခံစားနေရပါသည်။ ကျွန်တော်၏ ရက်ရောမှုကို အကြောင်းခံပြီး အလ္လာဟ်အရှင်မြတ်က ကမ္ဘာပေါ်တွင် နောက်တစ်ကြိမ် ရှင်သန်မှုချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုလို ကျွန်တော့်၏ ဦးခေါင်းကို နဗီ့ရဲ့ခြေတော်ရှေ့သို့ ရောက်စေခဲ့ခြင်း ဖြစ်သည်။
၎င်းပုဂ္ဂိုလ်သည် အီစာအလိုင်းဟိစ္စလာမ်ထံ အီမာန်ယူပြီး နောက်ထပ် ကိုးဆယ့်ကိုး(၉၉) နှစ် အသက်ရှင်နေထိုင်ကာ ဗလီအတွင်း၌ပင် (၉၉)နှစ်လုံး နေထိုင်သွားခဲ့သည်။ ဤသည်မှာ ရက်ရောမှု၏ ရလဒ်ပင် ဖြစ်သည်။

 စေးနှဲတွန့်တိုမှုကို မနှစ်သက်ခြင်း 
တစ်ခါက အိန္ဒိယပြည်တွင် စက်ရုံပိုင်ရှင် သူဌေးတစ်ဦးရှိသည်။ စက်ရုံ၊ ကား၊ သင်္ဘော၊ ရွှေ၊ ငွေ မြောက်မြားစွာပိုင်ဆိုင်ပေသည်။ ထို့အတူ ချောမောလှပသော ဇနီးတစ်ဦးကိုလည်း ရရှိထားရုံမက သားသမီးလည်း မရှိခဲ့ပေ။ တစ်နေ့ ၎င်း၏ ခြံရှေ့တွင် ခြံစောင့်မရှိချိန် ဆင်းရဲသားတစ်ဦးသည် အလွန်အမင်းဆာလောင်လျှက် ခြံတံခါးလည်း ဖွင့်ထားပြီး ခြံစောင့်လည်းမရှိသည်ကို တွေ့၍ အိမ်အတွင်းထဲအထိ ဝင်လာ၍ စားသောက်ခန်းအထိရောက်လာလိုက်သည်။ ထိုအချိန် စားပွဲပေါ်တွင် ကြက်ကောင်လုံးကင်အပါအဝင် စားဖွယ်အစုံအလင်တို့ကို စားသောက်ရန်အဆင့်သင့် ပြုလုပ်ထားပြီး သူဌေးမင်းတစ်ဦးတည်းသာ ထိုင်နေချိန်ဖြစ်သည်။ ဆင်းရဲသားက အနည်းငယ် ပေးကျွေးပါရန် တောင်းပန် အသနားခံရှာသည်။ သူဌေးမင်းသည် သူ့အိမ်အတွင်းထဲအထိ ဝင်ရောက်လာသော စုတ်ပြတ်နုံချာသည့် ဆင်းရဲသားကို မြင်၍ ဒေါသထွက်ကာ ပေးကျွေးရမည့်အစား အော်ဟစ်ငေါက်ငမ်း၍ တုတ်ဖြင့် ရိုက်နှက်လွှတ်လိုက်လေသည်။

သတိပြုရမည်မှာ တောင်းရမ်းခြင်းကို အစ္စလာမ်က မနှစ်သက်သလို တောင်းရမ်းသူကို အော်ဟစ်ငေါက်ငမ်းခြင်းကိုလည်း မနှစ်သက်ပေ။ ဟဒီးစ်တော်၌ လာရှိသည်မှာ အလ္လာဟ်အရှင်မြတ်က လူသားကို ပြောမည်။ အို လူသား ငါအလ္လာဟ်အရှင် အသင်ရှေ့ကို လာခဲ့တယ်။ အသင်ဘာ့ကြောင့် မပေးခဲ့သနည်း။ ထိုအခါ လူသားက ယာအလ္လာဟ် အလ္လာဟ်ဘယ်တုန်းက လာခဲ့တာလဲ။ ထိုအခါ အသင့်ရှေ့ကို တောင်းရမ်းသူတစ်ဦးအဖြစ်နှင့် လာခဲ့သည်။ အသင်မပေးခဲ့ပေ။ ထို့အတူ ကျမ်းမြတ်ကုရ်အာန်၌ (( ဝအမ်မတ်(ဆ) ဆာအိလ ဖလာ သန်ဟရ်)) တောင်းရမ်းသူကို မငေါက်ငမ်းပါနှင့်ဟု ပါရှိထားသည်။ ထို့ကြောင့် မိမိအနေနှင့် ပေးနိုင်က ပေးလိုက်ရမည်။ မပေးနိုင်ပါက ချိုသာစွာပင် ပြန်လည်ပြောဆိုလိုက်ရမည်။

ဤသို့နှင့် ကာလအနည်းငယ်၌ သူဌေး၏ စီးပွားရေးပျက်လာလေသည်။ ရှိသမျှသော ပိုင်ဆိုင်မှုများသည် ခွဲခွာခြင်းဟူသည့်လမ်းသို့လျှောက်၍ ယခင်ပိုင်ဆိုင်ခဲ့သူနှင့် မဆိုင်သလိုပင် လှည့်ပြန်ထွက်သွားလေတော့သည်။ ထိုထဲတွင် သူဌေး၏ ဇနီးလည်း ပါဝင်သည်။ သူဌေးအခြေအနေမကောင်းသဖြင့် ကောင်းမွန်သည့် အိုးအိမ်သစ်ထူထောင်ရန် လမ်းသစ်ရှာသွားသည်။ သူဌေးဟောင်းကြီးလည်း အခြေအနေမကောင်းသဖြင့် မြို့ပြောင်းကာ တောင်းရမ်းစားသောက်ရင်းဖြင့် အသက်ဆက်ရလေတော့သည်။
နေ့၊ လ၊ ရက်တို့ ပြောင်းလဲလာပြီးနောက် တစ်ရက်သောအခါတွင် အင်မတန်ကြွယ်ဝချမ်းသာသော သူဌေးတစ်ဦး၏ အိမ်ရှေ့သို့ ရောက်သွားခဲ့သည်။ အင်မတန် ဆာလောင်မွတ်သိပ်နေသည်။ ၎င်း၏ ခြံဝင်းတံခါးတွင်လည်း ခြံစောင့်ကိုလည်း မတွေ့ရ၊ တံခါးကလည်း ပိတ်မထား။ သို့နှင့် အိမ်အတွင်းထဲသို့သာ တောက်လျှောက်ဝင်သွားလိုက်သည်။ အိမ်ပိုင်ရှင် သူဌေးကိုတွေ့ရသောအခါ စားသောက်လိုပါကြောင်း၊ မစားရသည်မှာ ရက်များစွာရှိပြီဖြစ်သဖြင့် အနည်းငယ်ကျွေးမွေးပါရန် အသနားခံလေသည်။ ထိုအချိန် စားပွဲခင်းတွင်လည်း စားသောက်ဖွယ် အစုံအလင်နှင့်အတူ ကြက်ကောင်လုံးကြော်တစ်ကောင်လည်း ပါဝင်ပေသည်။ သူဌေးက လာတောင်းသူအား ခနထိုင်ရန် ပြောပြီး မိမိဇနီးကို ကြက်ကြော်တစ်ခြမ်း လာတောင်းသူအား သွားပေးလိုက်ရန် ပြောလိုက်သည်။ ဇနီးကလည်း ခင်ပွန်းပြောစကားအတိုင်း ပန်းကန်ထဲထည့်၍ သူတောင်းစားအရှေ့သွားချပေးရင်း မျက်နှာကို စေ့စေ့ကြည့်မိလေသည်။ အိမ်ထောင်မပြောင်းခင်က ခင်ပွန်းဟောင်းသူဌေးဖြစ်သည်ကို တွေ့လိုက်ရသဖြင့် လန့်ဖြန့်ကာ အော်ပြီး အိမ်တွင်းပြေးဝင်လာလိုက်သည်။ ဘာဖြစ်သလဲဟု ခင်ပွန်းဖြစ်သူမေးရာ ရှင့်ထံလာတောင်းတဲ့ သူတောင်းစားက တခြားသူမဟုတ်။ ကျွန်မ၏ ပထမခင်ပွန်းဟောင်း သူဌေးပင်ဖြစ်သည်ကို ပြောပြလေသည်။ ထိုအခါ သူဌေးက ၎င်းသူထံသွား၍ထိုင်ပြီး ခင်ဗျား ကျွန်တော့မှတ်မိသလား။ ခင်ဗျားအိမ်မှာ တစ်ခါက လာတောင်းခဲ့ဖူးသူက ကျွန်တော်ပါပဲ။ သေချာကြည့်ပါဦး။ အဲ့ဒီ့တုန်းက ခင်ဗျား ကျွန်တော့ကို အော်ဟစ် ငေါက်ငမ်း ရိုက်လွှတ်ခဲ့တယ်။ ဒီကနေ့ ခင်ဗျားပိုင်ဆိုင်သကဲ့သို့ ကျွန်တော့ကို ပြန်ချီးမြှင့်ထားပြီး ခင်ဗျားဇနီးကိုပါ ပေးလိုက်ပြီ။ ဒါပေမဲ့ ခင်ဗျား အေးဆေးစွာ စားသုံးပါ။ ဘာမှ အားမနာပါနှင့်ဟု ပြောလေသည်။
ဤသည်တို့မှာ စေးနှဲတွန့်တိုမှု၏ ရလဒ်ပင်ဖြစ်လေသည်။

 မြတ်နဗီ ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် အလွန်ရက်ရောသူဖြစ်ခြင်း 
နှစ်ဌာန၏ ခေါင်းဆောင်ဖြစ်သော တမန်တော်မုဟမ္မဒ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် ဥစ္စာဓနချမ်းသာသူမဟုတ်ပေ။ သို့သော တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် အလွန်ရက်ရော ပေးကမ်းသူဖြစ်သည်။ တစ်ခါက တမန်တော်မြတ်ထံ အကြီးအကဲတစ်ဦးက လှပသောခြုံစောင်လေးတစ်ခု လက်ဆောင်ပေးလိုက်သည်။ တမန်တော်မြတ် ထိုခြုံစောင်လေးကို ခြုံထားသည်။ ဆွဟာဗဟ်တစ်ပါးရောက်လာရာ အို .... ကိုယ်တော် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် ခြုံစောင်လေး အလွန်လှတယ်။ ကျွန်တော် အလွန်သဘောကျပါတယ် ဟုသာ ပြောလိုက်ပြီး စကားဖြတ်လိုက်သည်။ တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် ကိုယ်ပေါ်မှ စောင်ကို ဆွဟာဗဟ်လက်ထဲ ထည့်ပေးလိုက်သည်။ ဤမျှ ရက်ရောစွာပေးကမ်းသော တမန်တော်ဖြစ်သည်။

 မလှူဒါန်းခြင်း၏ ဆိုးကျိုး 
ဖီကီးဟ်အဗွလ်လိုက်စ် စမရ်ကန်ဒီ(ရဟမသုလ္လာဟိအလိုင်းဟ်) က ဗုစ်သာနွလ်အာရိဖီးန်ကျမ်း၌ ရေးသားထားသည်။ လူတစ်ယောက်သည် ကအ်ဗဟ်၏ ဂိလားဖ်ခြုံထည်ကို ကိုင်ကာ ဒုအာတောင်းနေသည်။ ယာအလ္လာဟ် ကျွန်တော့ကို မအ်ဖ်ခွင့်လွှတ်မှုပေးပါ။ ယာအလ္လာဟ် ကျွန်တော့ကို မအ်ဖ်ခွင့်လွှတ်မှုပေးပါ .... ဟု တောင်းနေသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် သဝါးဖ်ပြုပြီးနောက် ထိုသူ့ကို တွေ့သဖြင့် မိန့်သည်မှာ အသင် ဒီအတိုင်း အလ္လာဟ်ထံကနေ တိုက်ရိုက်မားအ်ဖ်လုပ်လို့တောင်းနေမည့်အစား ယာအလ္လာဟ် ကျွန်တော်လှူဒါန်းခဲ့တဲ့ ဆွဒကဟ်အလှူဒါနကို အကြောင်းခံပြီး မားအ်ဖ်ချီးမြှင့်ပါ .... ဟုတောင်းပါ။ ယာရစူလလ္လာဟ် ကျွန်တော်မလှူဘူး။ အလှူအတန်းမပြုဘူး။ တမန်တော်က အသင်ဘယ်သူလဲဟု မေးလိုက်သည်။ ၎င်းသူက ကျွန်တော် ဘယ်မြို့၊ ဘယ်ရွာက သူဌေးကြီးတစ်ဦးပါ။ ကျွန်တော့ကို လှူဒါန်းမှုအကြောင်းပြောလျှင် ကျွန်တော့အသည်းကို လှံဖြင့် ထိုးသကဲ့သို့ ခံစားရပါသည်။ ကျွန်တော် ဘယ်တော့မှ မလှူပါဟု ပြန်လျှောက်တင်သည်။ ထိုအခါ တမန်တော်မြတ်က အသင် ဒီဂိလားဖ်ကို ကိုင်ပြီး ငိုငိုပြီးဒုအာလုပ်၊ အသင့်ရဲ့ မျက်ရည်တွေက မြစ်ချောင်းပမာစီးဆင်းပြီး အပင်တွေပေါက်လာ၍ အဲ့ဒီအပင်တွေကို ကမ္ဘာ့လူသားတွေက စားသုံးသည်ဖြစ်ပါစေ အသင့်ကို အလ္လာဟ်ခွင့်မလွှတ်ဘူးဟု မိန့်တော်မူလေသည်။ ((စေးနှဲမှုက ထိုမျှ ကြောက်စရာကောင်းလှပါသည်။))

 ဇကားသ်ပေးရာ၌ ထိမ်ချန်ခြင်း 
ဇကားသ်ပေးရာ၌ အကောင်းဆုံးမှာ ကျသင့်သည့် နှုန်းထားထက် နည်းနည်းပိုပေးလိုက်ရမည်။ ကျသင့်သည့်နှုန်းထားကို အပြည့်အဝမပေးဘဲ ထိမ်ချန်မှုပြုထားပါက အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံး သိရှိမြင်တွေ့နေတော်မူသည့်အရှင်ဖြစ်ပေသည်။ ဇကားသ်၌ ထိမ်ချန်ခြင်း၊ ဇကားသ်ပေးရန် ကျန်သောအရာသည် ကောက်ရိုးပုံ၌ မီးအနည်းငယ် တို့ထားခြင်းနှင့် တူပေသည်။ မပေးဘဲထိမ်ချန်ထားသည့် ဇကားသ်အပါအဝင် ကျန်ရှိပစ္စည်းများပါ ပျက်စီးသွားပေလိမ့်မည်။ ထိုကြောင့် ဇကားသ်ကို အတိအကျ မထိမ်ချန်ဘဲ ပေးကမ်းလိုက်ရမည်။ ကျသင့်နှုန်းထားထက် အနည်းငယ် ပိုပေးလိုက်ရမည်။

 ဇကားသ်ပေးရာ၌ ကုသိုလ်နှစ်ဆရမည့် ပုံစံ 
ဆွေမျိုးသားချင်းများကို ပေးခြင်းနှင့် အစ္စလာမ့်ပညာသင်ယူနေသူနှင့် အစ္စလာမ်အတွက် ကြိုးပမ်းနေသူများကို ပေးကမ်းခြင်းသည် ကုသိုလ်နှစ်ဆရပေမည်။ ဆွေမျိုးကိုပေးခြင်းတွင် ဇကားသ်ပေးခြင်းကြောင့် ကုသိုလ်တစ်ခု၊ ဆွေမျိုးသားချင်းကို ကူညီခြင်းကြောင့် ကုသိုလ်တစ်ခု ပေါင်းနှစ်ခုရမည်။ အစ္စလာမ့်ပညာဆည်းပူသူနှင့် အစ္စလာမ့်ပညာရေးကျောင်းများ အစ္စလာမ်အတွက် ကြိုးပမ်းနေသူများကို ဇကားသ်ပေးခြင်းသည်လည်း ထိုနည်းတူပင်ဖြစ်၏။

 ဇကားသ်ပေးပြီး အကျိုးအမြတ် မရယူရ 
အချို့နွမ်းပါးသူတို့သည် ဇကားသ်ရယူရန် ပေးကမ်းနိုင်သည့် အိမ်များသို့ လာကြသည်။ အိမ်ရှိ အလုပ်များကို ဝိုင်းလုပ်ပေးသည်။ သို့မဟုတ် ထိုသို့သောသူများလာပါက မိမိဖက်မှ တခုခုခိုင်းစေမည်။ ထိုသို့ခိုင်းပြီးမှ ဇကားသ်ပေးခြင်းမပြုသင့်ပါ။ ဇကားသ်တွင် ထိခိုက်မှုရှိသည်။ ထို့ကြောင့် ၎င်းတို့လုပ်ခအတွက် သီးသန့်အရင်ပေးလိုက်ရမည်။ ပြီးမှ ဇကားသ်ကို သပ်သပ်ပေးရမည်။

 ဇကားသ်မပေးထိုက်သူ 
ဇကားသ်ထုတ်ရန် သတ်မှတ်စံညွှန်း ပြည့်မှီပြီးသူများ။ ဇကားသ်ထုတ်သူ၏ အထက်ဆက်၊ အောက်ဆက်အကုန်၊ ဇနီးမှ ခင်ပွန်းသို့၊ ခင်ပွန်းမှ ဇနီးသို့ ဇကားသ်မပေးထိုက်ပါ။ ထိုသူတို့ကို ဇကားသ်ပေးလျှင် ဇကားသ်အထမမြောက်ပါ။ နောက်တစ်ကြိမ် ဇကားသ်ထပ်ထုတ်ရမည်။
ဇကားသ်ဟူသည် အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင်သတ်မှတ်ထားသည့် အလှူဒါနဖြစ်သည်။ ပေးသူကလည်း ပျော်ရွှင်ဂုဏ်ယူစွာပေးကမ်းရမည်။ ပေးခြင်းခံရသူကိုလည်း ပေးသူက အထင်သေးအမြင်သေးခြင်း လုံးဝမပြုရပါ။ မိမိ၏ ဇကားသ်ကို ယူမည့်သူမရှိလျှင် အဘယ်သို့ပြုမည်နည်း။ ထို့ကြောင့် ဇကားသ်ပေးခြင်းခံရသူကို ကျေးဇူးပါပြန်တင်သင့်ပါသည်။ ထို့အတူ ဇကားသ်ယူသူအတွက်လည်း မည်သို့မျှ ဝမ်းနည်း၊ စိတ်မကောင်းဖြစ်ဖွယ် မရှိပါ။ ဇကားသ်ဟူသည် အလ္လာဟ်ဖက်မှ တိုက်ရိုက်သတ်မှတ်ချီးမြှင့်သည့် နိအ်မသ်ပင်ဖြစ်သည်။ ပေးသူ၊ ယူသူနှစ်ဦးနှစ်ဖက် ဂုဏ်ရှိစွာပင် ပြုမူဆက်ဆံရမည်ဖြစ်ပြီး ပေးသူကလည်း အလ္လာဟ့်အမိန့်နာခံနိုင်ခြင်းအပေါ်ကျေးဇူးတင်ရမည်ဖြစ်ပြီး ယူသူအဖို့လည်း မိမိကို အလ္လာဟ်ဖက်မှ ချီးမြှင့်သည်ဟု သဘောပိုက်ကာ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ရပါမည်ဟု ပြောကြားရင်းဖြင့် နိဂုံးချုပ်အပ်ပါသည်။
........။........။........။........။........။........

မုစလ်မာန်တိုင်း တိကျသေချာစွာ အရှင့်အမိန့်များနာခံနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၇/ ၆/ ၂ဝ၁၅။ တနင်္ဂနွေနေ့၊ မစီဒီးခါန်း စွန္နီဂျာမေ့မတ်စ်ဂျိဒ်၌ ဟောကြားသည့်ဗယာန်ကို စာသားဖြင့် ပြန်လည်တင်ဆက်ခြင်း ဖြစ်ပါသည်။

** သတိပေးချက်။ အထက်ပါအကြောင်းအရာကို ကူးယူလျှင် အလ်မုဖီးဒ်မှ ကူးယူကြောင်း ထည့်သွင်းရေးသားပါ။ တစ်ဝက်တစ်ပျက် မိမိလိုသလောက် ကူးယူခြင်း လုံးဝခွင့်မပြုပါ။ မိမိ မလုပ်သည့်အရာကို လုပ်သယောင်ဆောင်ခြင်းသည် လိမ်လည်မှုဖြစ်၏။ ထို့ကြောင့် ဒီးန်ဖြန့်ချိလိုလျှင်လည်း မှန်ကန်သည့် နည်းလမ်းဖြင့်သာ ဖြန့်ချိပါ။ စာသားကူး၍ အမည်ပြောင်းတပ်သည့် လုပ်ရပ်မျိုး မပြုပါနှင့်။

ဇကားသ်နှင့်သက်ဆိုင်သည့် မတ်စ်အလဟ်များကို နီးစပ်ရာအာလင်မ်များထံတွင် မေးမြန်းပါရန် အကြံပြုအပ်ပါသည်။

အလ်မုဖီးဒ်
ရှအ်ဗာန်/ ၃ဝ/ ယောင်မုလ်ခမီးစ်/ ဟစ်ဂ်ျရီ ၁၄၃၆


Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Saturday, June 13, 2015

အမွေးအမှင် ရှင်းလင်းခြင်းဆိုင်ရာ ပညတ်ချက်များ

(၁) ဂျနာဗသ် (ခန္ဓာကိုယ်မသန့်သည့်) အခြေအနေတွင် (ဟိုင်းဇ်ကာလပြီးဆုံးသွားခြင်း၊ နိဖားစ်ကာလ ပြီးဆုံးသွားခြင်း၊ လင်မယား အတူနေပြီးနောက်ပိုင်း ။ ယင်းကာလအားလုံးသည် ဂျနာဗသ်၏ ကာလဖြစ်ပေသည်။) လက်သည်း၊ ခြေသည်းညှပ်ခြင်း၊ ချိုင်းမွေး၊ ချက်အောက်မွေးများကို ရှင်းလင်းခြင်း၊ ခန္ဓာကိုယ်၏ အခြားသောအမွေးအမှင်များကို ရှင်းလင်းခြင်းသည် မက္ကရူဟ် (မနှစ်မြို့ဖွယ်) ဖြစ်သည်။ (အာလမ်ဂီရီမုဆ်သွဖာအီ တွဲ ၆၊ စာမျက်နှာ ၂၃၈ / ဟဝါလာ ဗဟစ်ရှ်သီးဇေဝရ်)

(၂) လူသား၏ ကိုယ်ခန္ဓာမှ အမွေးအမှင်တစ်ခုကို နှုတ်လိုက်ပါက ထိုအမွေး၏ အရင်းပိုင်းသည် မသန့်ဖြစ်၏။ အကြောင်းမှာ ယင်းအမွေး၏ အရင်း၌ရှိနေသော အဆီကြောင့်မသန့်ဖြစ်ရခြင်း ဖြစ်၏။ (ရှာမီကျမ်း)

(၃) တစ်ပတ်တွင်တစ်ကြိမ် ချက်အောက်မွေးနှင့် ချိုင်းမွေး အစရှိသည်တို့ကို ရှင်းလင်းပြီး ခန္ဓာကိုယ်အား သန့်ရှင်းစွာထားခြင်းသည် မုစ်သဟဗ်ဖြစ်၏။ တစ်ပတ် တစ်ကြိမ် မပြုလုပ်နိုင်သော် ၁၅ ရက်တွင် တစ်ကြိမ် ရှင်းလင်းမှု ပြုလုပ်ရမည်။ ထိုမျှလည်း မတတ်နိုင်မူ အလွန်ဆုံး ရက်ပေါင်း ၄ဝ အထိ ခွင့်ရှိသည်။ (ဆိုလိုသည်မှာ ရက်ပေါင်း ၄ဝ အတွင်း ရှင်းလင်းမှုပြုရမည်။ ) ရက် ၄ဝ ထက် ကျော်လွန်ခွင့် မရှိပေ။ ရက် ၄ဝ ကျော်သည်အထိ အမွေးများ လက်သည်း ခြေသည်းများကို သန့်ရှင်းခြင်းမပြုပါက ဂုနာ(အပြစ်)ထိုက်သည်။
အကောင်းဆုံးမှာ သောကြာနေ့တွင် ရှင်းလင်းမှုပြုခြင်းဖြစ်သည်။ (အမျိုးသားများသည် သောကြာနေ့ ဂျုမုအဟ်နမားဇ်မတိုင်မီ သန့်ရှင်းမှုပြု၍ ရေချိုးသန့်စင်ပြီး ဂျုမုအဟ်ဆွလားသ်ဝတ်ပြုရန် သွားရမည်။) အမျိုးသမီးများအနေဖြင့်လည်း တတ်နိုင်ပါက သောကြာနေ့၌ပင် ရှင်းလင်း၊ သန့်ရှင်းမှုပြုပါက ကောင်းမွန်ပါသည်။ သို့သော် အခြားနေ့များတွင်လည်း လုပ်ဆောင်ခွင့်ရှိသည်။ မိမိအတွက် သောကြာနေ့သည် အခက်အခဲဖြစ်မည်။ အလုပ်အကိုင်၊ သွားစရာ၊ ချက်ပြုတ်လျှောက်ဖွပ်ရန် ကိစ္စများရှိနေပါက အခြားသောနေ့ရက်များတွင် သန့်ရှင်းမှုပြုလိုက်ခြင်းက ပိုကောင်းပေသည်။

အမျိုးသမီးများအနေဖြင့် ချက်အောက်မွေး၊ ချိုင်းမွေးများကို သန့်ရှင်းမှုပြုရာတွင် ထုံး၊ အမွေးချွတ်ပေါင်ဒါ၊ ကရီးမ်၊ စသည့်အရာများကို သုံးဆွဲခွင့်ရှိသည်။ ဘလိပ်ဓားသုံးခြင်းသည် အမျိုးသမီးတို့အတွက် မသင့်မြတ်ပေ။ အမျိုးသမီး၏ ထွတ်မြတ်မှုနှင့် ဆန့်ကျင်သည်။ သို့သော် ဘလိပ်ဓားဖြင့် ရှင်းလင်းမှုပြုခဲ့သော် ပိုင် တော့ ပိုင်ပေသည်။ သို့သော် မသင့်လျော်ပေ။

အကောင်းဆုံးမှာ ယင်းအမွေးများကို ထုံးဖြင့် နှုတ်ခြင်းဖြစ်သည်။ နှုတ်ခြင်းဖြင့် အမွေးပြန်ထွက်သည့်အချိန် ကြာမြင့်မည်။ အမွေးထွက်ခြင်း နည်းပါးပြီး ကျဲသွားမည်။ (( အပျိုဖော်ဝင်စ မိန်းကလေးငယ်များကို နှုတ်သည့် အကျင့်ပြုပေးနိုင်က ပိုကောင်း၏။ အမွေးနုနယ်သည်ဖြစ်၍ နှုတ်ရလွယ်ကူသည်။ ချွတ်ဆေးသုံးပြီးသား အမွေးများ၏ အရင်းသည် ခိုင်သဖြင့် နှုတ်ပါက အနည်းငယ် နာကျင်ပေသည်။)) အမွေးချွတ်ဆေးများသုံးခြင်းသည် လျှင်မြန်စွာ အမွေးများပြန်ထွက်လာသည်။ နှုတ်ခြင်းသည် အသားအရည်ကိုလည်း သာဘာဝအတိုင်း နူးညံ့နေစေသည်။ ပိုမို၍ သန့်ရှင်းမှုဖြစ်စေသည်။ ဆေးသုံးခြင်းသည်လည်း ပြုပိုင်သည့် ကိစ္စဖြစ်သည့်အပြင် ပြုခိုင်းထားသည်လည်း ဖြစ်သည်။

(၄) လက်သည်းညှပ်ရာတွင် ဤပုံစံဖြင့် ညှပ်ခြင်းသည် ကောင်း၏။ ညာလက်၏ ရှဟာဒသ်လက်ညှိုး မှစတင်ပါ။ အစဉ်လိုက် ညှပ်သွားပါ။ ညာလက်သန်းတွင် အဆုံးသတ်ပါ။ ထို့နောက် ဘယ်ဘက်လက်သန်းမှ ဆက်ညှပ်ပြီး ဘယ်ဘက်လက်မတွင် အဆုံးသတ်ပါ။ ပြီးနောက် ညာဘက်လက်မကို ညှပ်ပါ။ (ယင်းသို့ ညှပ်သည့်နည်းကို ဒုအာတောင်းလျှင် လက်ဖြန့်သည့် ပုံစံဖြင့် မှတ်သားနိုင်သည်။) ယင်းသို့ ညှပ်သည့်ပုံစံသည် အကောင်းဆုံးဖြစ်သည်။ (ညာမှ စတင်၍ ညာ၌ပင် အဆုံးသတ်သောကြောင့် ဖြစ်သည်။) အခြားသော ပုံစံဖြင့်လည်း ညှပ်နိုင်ပေသည်။ (ဗဟစ်ရှ်သီးဇေဝရ် (အခ်သရီ) ၊ အတွဲ ၁၁/ စာမျက်နှာ ၁၁၆)
သတိပြုရန်မှာ လက်သည်းခြေသည်းညှပ်နည်းအတွက် စွန္နသ်ဖြင့် သီးသန့်လာရှိထားခြင်းမရှိပေ။ အထက်ပါနည်းသည် ဖိကာဟ်ပညာရှင်များက ပြသထားခြင်းဖြစ်သည်။ ကျင့်သုံးပိုင်ခွင့်ရှိသည်။ ညာမှ စ၍ ညာတွင် အဆုံးသတ်ခြင်းကို ကျင့်သုံးထားခြင်းဖြစ်သည်။
ခြေသည်းကို ဝုဇူပြုရာ၌ ခြေချောင်းများခိလာလ်လုပ်သည့် အစဉ်လိုက်ပုံစံဖြင့် ညှပ်နိုင်သည်။ ညာခြေသန်းမှ စတင်ပြီး ဘယ်ခြေသန်းတွင် အဆုံးသတ်မည်။

(၅) ညှပ်ပြီးသွားသော လက်သည်း၊ ခြေသည်းများနှင့် အမွေးအမှင်များကို မြေကြီးတွင် မြှပ်နှံလိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။ ဤသို့ မပြုလုပ်နိုင်ပါက သန့်ပြန့်၍ လုံခြုံသည့်နေရာတွင် စွန့်ပစ်ပါ။ ညစ်ပေသောနေရာသို့ မစွန့်ပစ်ပါနှင့်။ ရောဂါဝင်ရောက်လာမည်ကို စိုးရိမ်ရသည်။ ဗဟစ်ရှ်သီးဇေဝရ် (အခ်သရီ) ၊ အတွဲ ၁၁/ စာမျက်နှာ ၁၁၆)
တိုက်ခန်းနှင့် နေသူများအတွက် ပန်းအိုး (သို့မဟုတ်) အိုးငယ်တစ်ခုတွင် မြေကြီး (သို့) သဲထည့်ထားပြီး ယင်းအိုးအတွင်းသို့ ခြေသည်း၊ လက်သည်းများကို မြှပ်နှံနိုင်ပေသည်။

(၆) လက်သည်းကို သွားဖြင့်ကိုက်ခြင်းသည် မက္ကရူးဟ်ဖြစ်သည်။ ယင်းအကျင့်ကြောင့် ခရုသင်းရောဂါစွဲကပ်လာမည်။
အထူးသဖြင့် ကလေးသူငယ်များသည် ဤသို့ပြုလုပ်တတ်သောကြောင့် ဂရုစိုက်၍ နူးညံစွာတားမြစ်ရမည်ဖြစ်သည်။ ထို့အပြင် ရုပ်ရှင်မင်းသမီးများ၏ ကိုယ်ဟန်အမူအယာတွင် ယင်းသို့ လက်သည်းကိုက်သကဲ့သို့ ပုံသဏ္ဍာန်ကို ပြုလုပ်လေ့ရှိသည်။ ဤသည်မှာ မကောင်းသည့်အကျင့်ဖြစ်သည်။ အီမာန်ရှင် အမျိုးသမီးသည် ဤသို့လုံးဝ မလုပ်ဆောင်ရပေ။ ရုပ်ရှင်မင်းသမီးသည် မုစ်လင်မ်ပင်ဖြစ်လင့်ကစား သူမ၏ ဟန်ပန် သဏ္ဍာန်တို့ကို အတုမခိုးရပါ။ အတုခိုးလိုလျှင် ဆွဟာဗီယာများ သူတော်စင်မများ တမန်တော်မြတ်ကြီး၏ သမီးများနှင့် ကြင်ယာတော်များ၊ ဟဇရသ်ခဒီဂျာသခင်မ၊ ဟဇရသ်ဖာသွေမာသခင်မ ဟဖရသ်အာအေရှာသခင်မ တို့၏ လုပ်ဆောင်ပုံ၊ ပြောဆို၊ ဝတ်စားဆင်ယဉ်ပုံ ဘဝရှင်သန်နေထိုင်ပုံတို့ကို အတုခိုးပါ။ မိမိတို့မှာရှိသည့် သမီးငယ်များကိုလည်း ထိုကဲ့သို့သော သခင်မများကို ချစ်တတ်လာအောင် သင်ကြားပေးပါ။ စဝါးဗ်ရမည့် ကိစ္စရပ်ဖြစ်သည်။ ထို့ပြင် သာသနာမှ တားမြစ် သတိပေးထားသည့်ကိစ္စကို လုံးဝမလုပ်ဆောင်ရန် သတိပြုနေရမည်ဖြစ်သည်။

(၇) လက်မွေး၊ ခြေမွေးနှင့် ခြေသလုံးမွေးများ မုတ်ဆိတ်မွေး၊ ပါးမွေးများကို အမျိုးသမီးအနေဖြင့် ရှင်းလင်းပိုင်ခွင့်ရှိပါသည်။ ချွတ်ဆေးဖြင့် သန့်ရှင်းလှပအောင် ပြုခွင့်ရှိသည်။
-----။-----။-----။-----

အလ်မုဖီးဒ်
ရှအ်ဗာန်/ ၂၆/ ယောင်မုလ်အဟဒ်/ ဟစ်ဂ်ျရီ ၁၄၃၆


အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

ဆွလာသွသ်သပ်(စ)ဗီးဟ်

နဖိလ်နမားဇ်များ၌ ဆွလာသွသ်သပ်(စ)ဗီးဟ်သည် ထူးမြတ်မှုများစွာရှိကြောင်း လာရှိထားပေသည်။
ဟဇရသ်အဗ်ဒွလ်လဟ်ဗင်န်အဗ္ဗါးစ် (ရသွီ) ပြောသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က မိမိ၏ဦးလေးဖြစ်သူ ဟဇရသ်အဗ်ဗါးစ်ဗင်န် အဗ်ဒွလ်မုသ်သွလစ်ဗ် (ရသွီ)ကို မိန့်တော်မူသည်မှာ အိုချစ်လှစွာသော ဦးလေး !! ကျွန်ုပ်အနေဖြင့် ဦးလေးကို အကောင်းဆုံးသောလက်ဆောင်တစ်ခု၊ သတင်းကောင်းတစ်ခု၊ အလွန်အကျိုးရှိသော အရာတစ်ခုနှင့်ပတ်သက်ပြီး ပြောပြရမည်လား။ ထိုအရာကို ပြုလုပ်ပါက အလ္လာဟ်အရှင်မြတ်က ရှေ့ပြစ်၊ နောက်ပြစ်၊ ပြစ်မှုဟူသမျှကို ခွင့်လွှတ်ချမ်းသာမှု ပေးတော်မူမည်။
ထိုလုပ်ရပ်မှာ ဤသို့ဖြစ်သည်။ လေးရကအသ်နဖိလ် ဆွလာသွသ်သပ်(စ)ဗီးဟ်ကို ဤကဲ့သို့ဖတ်ပါ။

အလ်ဟမ်ဒုနှင့် စူရဟ်ဖတ်ပြီးသည့်အခါ (တတိယကလိမဟ်) " စွဗ်ဟားနလ္လားဟိ ဝလ်ဟမ်ဒုလစ်လ်လားဟိ ဝလားအိလားဟ အိလ္လလ်လားဟု ဝလ္လားဟုအပ်(က)ဗရ် " ကို မတ်တပ်ရပ်လျက်နှင့် ၁၅ကြိမ်ဖတ်ပါ။
ရုကူအ်၏ သပ်စ်ဗီးဟ်ပြီးနောက် ထိုကလိမဟ်ကို ၁ဝကြိမ်ဖတ်ပါ။
ရုကူအ်မှ ပြန်ထ၍ ကောဝ်မဟ်တွင် ၁ဝကြိမ်၊
စဂ်ျဒဟ်တွင် ၁ဝကြိမ်၊
စဂ်ျဒဟ်မှ ပြန်ထ၍ (စဂ်ျဒဟ်နှစ်ခုအကြားတွင်) ၁ဝကြိမ်၊
ဒုတိယစဂ်ျဒဟ်တွင် ၁ဝကြိမ်၊
ဒုတိယစဂ်ျဒဟ်မှ ပြန်ထ၍ (နောက်ရကအသ်သို့ မသွားမီ) ထိုင်ပြီး ၁ဝကြိမ်။ ဖတ်ပါ။
တစ်ရကအသ်တိုင်းတွင် ၇၅ကြိမ်ရှိမည်ဖြစ်ပြီး လေးရကအသ်တွင် အကြိမ်ပေါင်း သုံးရာ(၃ဝဝ) ရှိမည်။

ဤနည်းစနစ်ကို သင်ပြပြီးနောက် တမန်တော်မြတ်က ဆက်လက်မိန့်သည်မှာ အကယ်၍ တတ်နိုင်ပါက ယင်းနမားဇ်ကို နေ့စဉ်တစ်ခေါက်ဖတ်ပါ။ ဤမျှမနိုင်လျှင် ဂျွမ်အဟ်တွင်(တစ်ပတ်) တစ်ကြိမ်ဖတ်ပါ။ ဤမျှလည်း မနိုင်လျှင် တစ်လ တစ်ကြိမ်ဖတ်ပါ။ ဤမျှလည်း မနိုင်လျှင် တစ်နှစ်လျှင် တစ်ကြိမ်ဖတ်ပါ။ ထိုသို့လည်း မတတ်စွမ်းနိုင်ခဲ့ပါမူ တသက်တာတွင် အနည်းဆုံးတစ်ကြိမ် ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ။

ဟဇရသ်အဗ်ဒုလ္လာဟ်ဗင်န်အဗ္ဗါးစ်(ရသွီ)သည် စွလာသွသ်သစ်ဗီးဟ်ကို ဂျွမ်အဟ်နေ့တိုင်း ဖတ်လေ့ရှိသည်။ အဗုလ်ဂျဝါးဇ်(ရဟ) သာဗီအီသခင်သည် နေ့စဉ် ဇုဟုရ်အဇာန်ဆိုသည့်အချိန် ဗလီသို့ရောက်လာပြီးနောက် ဂျမာအသ်မစမီအထိ ယင်းနမားဇ်ကို ဖတ်နေသည်။ ဟဇ်ရသ်အဗ်ဒုလ်အဇီးဇ်ဗင်န်အဗူရဝါးဒ် (ရဟ)က မိန့်သည်မှာ ဂျန္နသ်ကိုလိုလားသောသူအဖို့ စွလာသုသ်သပ်စ်ဗီးဟ်ကို စွဲမြဲမှုထားရမည်။ အဗူအုစ်မားန်ဟီရီ(ရဟ) မိန့်သည်မှာ ပူဆွေးမှုနှင့် ဘေးဒုက္ခအခက်အခဲတို့မှ လွတ်မြောက်ရန်အတွက် စွလာသုသ်သပ်စ်ဗီးဟ်ထက် ပိုကောင်းသောအရာကို မတွေ့ဖူးပါ။ (ထိုသို့သော အကြောင်းကိစ္စတို့အတွက် စွလာသုသ်သပ်စ်ဗီးဟ်သည် အကောင်းဆုံးနှင့် အထိရောက်ဆုံးပင် ဖြစ်သည်။)
စွလာသုသ်သပ်စ်ဗီးဟ်အတွက် ရည်စူးမှု (နိယသ်) ပြုနည်း
ကျွန်ုပ်သည် ကစ်ဗ်လဟ်ဘက်သို့မျက်နှာမူ၍ အလ္လာဟ်အရှင်မြတ်အတွက် စွလာသုသ်သပ်စ်ဗီးဟ် နိဖိလ်လေးရကအသ်ဖတ်မည်ဟု ရည်စူးပါသည်။ အလ္လာဟ်ဟုအပ်(က)ဗရ်

စွလာသုသ်သပ်စ်ဗီးဟ်နှင့်ပတ်သက်၍ သိထားရမည့် ပညတ်ချက်များ
၁။ ဤနမားဇ်အတွက် သီးသန့်စူရာ သတ်မှတ်ထားခြင်းမရှိပါ။ နှစ်သက်ရာစူရာကို တွဲဖတ်နိုင်သည်။ အချို့ဆင့်ပြန်ချက်များတွင် အာယသ် ၂ဝခန့် ကိရာအသ်ဖတ်ရန်လာရှိထားသည်။
၂။ နမားဇ်အတွင်း သပ်စ်ဗီးဟ်ကို နှုတ်ဖြင့် ရေတွက်မှုလုံးဝမပြုရပါ။ နှုတ်ဖြင့်ရေတွက်လိုက်လျှင် နမားဇ်ပျက်သွားမည်။ (ဆိုလိုသည်မှာ တစ်ခါဖတ်ပြီးလျှင် ၁၊ နှစ်ခါဖတ်ပြီးလျှင် ၂။ ၎င်းပုံစံဖြင့် ရေတွက်ခွင့်မရှိခြင်း ဖြစ်၏။) မိမိလက်ချောင်းများ ရှိနေသည့်နေရာ၌ပင် လက်ချောင်းကလေးများကို ဖိ၍ ရေတွက်သွားရမည်။
၃။ တစ်နေရာရာ၌ သပ်စ်ဗီးဟ်ဖတ်ရန် မေ့သွားမည်။ ကျန်သွားမည်ဆိုပါက နောက်တစ်နေရာ၌ ပြန်ဖြည့်ဖတ်လိုက်ရမည်။ သို့သော် အောက်ပါနေရာတို့တွင် သပ်စ်ဗီးဟ်ဖြည့်ခြင်း မပြုရပါ။
- ရုကူမှ ပြန်ထသည့်အချိန်
- စဂ်ျဒဟ်နှစ်ခုကြား ထိုင်သည့်အချိန်
- ပထမနှင့် တတိယရကအသ်ပြီးနောက် ထိုင်သည့်အချိန်။
အထက်ပါအခြေအနေတို့တွင် ၎င်းနေရာ၌ဖတ်ရမည့် ဆယ်ကြိမ်ကိုသာ ဖတ်လိုက်ပါ။ ဖော်ပြပါ အခြေအနေသုံးမျိုးမှအပ ကျန်အခြေအနေတို့တွင် သပ်စ်ဗီးဟ်အစားဖြည့်နိုင်သည်။

သိမှတ်ဖွယ်
၁။ ယင်းနမားဇ်ကို နဖိလ်ဖတ်ရန် မက္ကရူးဟ်ဖြစ်သည့်အချိန်မှအပ ကျန်အချိန်အားလုံးတို့တွင် ဖတ်နိုင်ပါသည်။ (ဖဂျရ်နှင့် အဆွရ်ပြီး၊ နေထွက်၊ မွန်းတည့်။ ၎င်းအချိန်တို့တွင် နဖိလ်ဖတ်ခြင်း မက္ကရူးဟ်ဖြစ်သည်။)
၂။ ထိုနမားဇ်ကို မွန်းတိမ်းပြီးသည့်နောက် ဇုဟုရ်နမားဇ်ထက်အရင် ဖတ်ပါက အကောင်းဆုံးဖြစ်သည်။ ဟဒီးစ်တော်တစ်ရပ်တွင် မွန်းတိမ်းပြီးနောက်ဟူသည့် စာသားပါရှိခြင်းကြောင့် ဖြစ်ပါသည်။ မွန်းတိမ်းပြီးတွင် အချိန်မရခဲ့ပါကလည်း အခြားမည်သည့်အချိန်တွင်မဆို ဖတ်နိုင်သည်။
၃။ အချို့ဆင့်ပြန်ချက်များတွင် နမားဇ်အတွင်း ဖတ်ရသည့်ကလိမာလေးခု - စုဗ်ဟာနလ်လာဟိ ဝလ်ဟမ်ဒုလိလ်လားဟိ ဝလားအိလားဟ အိလ်လလ်လားဟု ဝလ်လာဟုအပ်က်ဗရ် နှင့်အတူ ဝလာဟောဝ်လာ ဝလာကူးဝသ အစ်လ်လာ ဗိစ်လ်လားဟိလ် အလီယစ်လ်အဇွီးမ် ကိုပါ ထည့်သွင်းဖော်ပြထားသဖြင့် သပ်စ်ဗီးဟ်တွင် ထို (လာဟောဝ်လာ) ကိုတွဲစပ်လိုက်ပါက အကောင်းဆုံးပင်ဖြစ်သည်။
၎။ ဒုတိယနှင့် စတုတ္ထရကအသ်တွင် အသ်ဟိယားသ်မဖတ်မီ သပ်စ်ဗီကို ဆယ်ကြိမ်ဖတ်ရမည်။ ထို့အတူ ရုကုအ်၊ စဂ်ျဒဟ်တို့၏ ဇိကိရ်များဖတ်ပြီးပါက သပ်စ်ဗီကို ဆယ်ကြိမ်ဖတ်ရမည်။
၅။ ဆွလာသွသ်သပ်(စ)ဗီးဟ်ဖတ်ရန် ဒုတိယနည်း
စနာဖတ်ပြီးနောက် (စူရာဖာသိဟာမဖတ်မီ) သပ်စ်ဗီကို ၁၅ကြိမ်နှင့် စူရာဖာသိဟာနှင့် စူရာတွဲပြီးနောက် ၁ဝကြိမ်ဖတ်လိုက်ပါ။ ကျန်သည့်အခြေအနေအားလုံးတွင် ပထမနည်းအတိုင်းဖတ်သွားရမည်။ သို့သော် ယခုနည်းတွင် ဒုတိယစဂ်ျဒဟ်ပြီးနောက် ၁ဝကြိမ်ထိုင်ဖတ်ရန်မလိုအပ်တော့ပေ။ ဒုတိယစဂ်ျဒဟ်၌ပင် ၇၅ကြိမ်ပြည့်ပြီး ဖြစ်သည်။ (ပထမနည်းနှင့် ဒုတိယနည်း ကွာခြားမှုမှာ ပထမနည်းတွင် နမားဇ်၏ ကိယာမ်၌ သပ်စ်ဗီ ၁၅ကြိမ် ရှိပြီး စဂ်ျဒဟ်နှစ်ခုပေါင်းတွင် အကြိမ် ၄ဝပါဝင်မည်။ ဒုတိယနည်းတွင် ကိယာမ်၌ ၂၅ကြိမ်ပါပြီး စဂ်ျဒဟ်၂ခုပေါင်း အကြိမ် ၃ဝသာရှိမည်။)
နည်းနှစ်မျိုးလုံးဖြင့် ဖတ်ခြင်းက အကောင်းဆုံးဖြစ်သည်ဟု အာလင်မ်ပညာရှင်များက ရေးသားထားသည်။ (တစ်ခေါက်ဖတ်လျှင် နည်းတစ်မျိုး၊ နောက်တစ်ခေါက်ကို နောက်နည်းတစ်မျိုးဖြင့် ဖတ်ခြင်းကို ဆိုလိုပါသည်။ လေးရကအသ်အတွင်း နှစ်မျိုးလုံးအသုံးပြုခြင်းမဟုတ်ပါ။)
အိမာမ်အဗူဟနီဖာ၏ တပည့်၊ အိမာမ်ဗုခါရီ၏ ဆရာများ၏ဆရာဖြစ်သူ ဟဇရသ်အဗ်ဒုလ်လာဗင်န်မုဘာရက်သည် ဆွလာသွသ်သပ်(စ)ဗီးဟ်ကို ဖော်ပြပါဒုတိယနည်းဖြင့် ဖတ်လေ့ရှိခဲ့သည်။
ပညတ်ချက်။ စဂ်ျဒဟ်စဟ်ဝဲပြုရလျှင် ယင်းစဂ်ျဒဟ်၌ သပ်စ်ဗီမဖတ်ပါနှင့်။ သို့ရာတွင် နမားဇ်အတွင်း သပ်စ်ဗီဖတ်ရန်မေ့ကျန်ခဲ့သည်။ တစ်ရကအသ်တွင် ၇၅ကြိမ် မပြည့်ခဲ့ပါလျှင် (ယခုအထိလည်း မဖြည့်ရသေးပါက) စဂ်ျဒဟ်စဟ်ဝဲ၌ ဖြည့်စွက်လိုက်ပါ။
-------။-------။-------။-------
{သုဟ်ဖာအိခဝါသီးန်မှ ကောက်နှုတ်ပြန်ဆိုသည်။}
အလ်မုဖီးဒ်
ရှအ်ဗာန်/ ၂၆/ ယောင်မုလ်အဟဒ်/ ဟစ်ဂ်ျရီ ၁၄၃၆


အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။