အီမာန်

အစ္စလာမ်ဘာသာ၏ ပင်မကျောရိုးကို အီမာန် ဟူသော ယုံကြည်ချက်တရားဖြင့် တည်ဆောက်ထားသည်။ အီမာန်ဆိုသည်မှာ အဘိဓာန်၏ အလိုသဘောအရ ယုံကြည်ချက်ဖြစ်ပြီး အစ္စလာမ့်ဝေါဟာရ အားဖြင့် အကွယ်မှ အရာကို ယုံကြည်ခြင်းဖြစ်ပါသည်။ မျက်စေ့၊ နား၊ အထိအတွေ့၊ စက်ကိရိယာ၊ နိယာမတရား၊ ရူပဗေဒမတ္တာ၊ အာရုံခံစက်ပစ္စည်း စသည်တို့ဖြင့် တိုင်းတာ၊ ရှုမြင်လို့မရဘဲ အသိအာရုံ၊ ပညာ၊ စိတ်ခံစားမှု၊ စသည်တို့ဖြင့်သာ သိရှိနိုင်ခြင်းကို အကွယ်ဟု သတ်မှတ်ပါသည်။ တနည်းအားဖြင့် Time and Space မှလွတ်ကင်းသည်များသာ အကွယ်ဟူသော စကားရပ်၌ အကျုံးဝင်ပါသည်။ ထိုအကွယ်တွင် သမိုင်းမတင်မီခေတ်နှင့် သမိုင်းတင်ပြီးခေတ်များက အမှန်တကယ်ဖြစ်ပွားခဲ့သော အဖြစ်အပျက်များလည်း ပါဝင်ပါသည်။ အီမာန်ဟုတွင် အစ္စလာမ့်ယုံကြည်ချက် ၇ ချက်ဖြင့် ဖွဲ့စည်းထားပါသည်။

၁။ အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ခြင်း
၂။ ကောင်းကင်တမန်များကို ယုံကြည်ခြင်း
၃။ အလ္လာဟ်အရှင်မြတ်က စေလွှတ်တော်မူသော လူသားတမန်တော်များကို ယုံကြည်ခြင်း
၎။ အလ္လာဟ်အရှင်မြတ်က တမန်တော်များမှတစ်ဆင့် ချမှတ်ပေးသော ကောင်းကင်ကျ ကျမ်းများကို ယုံကြည်ခြင်း
၅။ ကမ္ဘာ့တရားစီရင်မည့်နေ့ကိုယုံကြည်ခြင်း
၆။ ကောင်းခြင်းနှင့် ဆိုးခြင်းတို့သည် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ဖြစ်ကြောင်း ယုံကြည်ခြင်း
၇။ သေပြီးနောက်ရှင်ပြန်ထရမည်ကို ယုံကြည်ခြင်း

တစ်ချက်စီအတွက် အကျယ်များကို ပို့စ်များတွင် ကြည့်နိုင်ပါသည်။ အချိန်ရလျှင်ရသလို ဆက်လက် တင်ပြသွားပါမည်။ အစ္စလာမ့်ယုံကြည်ချက်အရ လူသည် ကမ္ဘာလောကကို စွန့်ခွာပြီးနောက်တွင် တစ်နေ့ ပြန်လည်ရှင်ပြန်ထရမည်။ ထို့နောက် သက်တမ်းသည် အလွန်ရှည်လျားသည်။ အစ္စလာမ်ဘာသာဝင် တစ်ယောက်သည် အလ္လာဟ်အရှင်မြတ် မိန့်မှတ်ထားတော်မူသော အမိန့်များကို နောက်ဆုံးတမန်တော် မိုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုက်ဟိဝစလ္လမ်) ၏ဘဝသက်တမ်းနှင့် အညီ ကျင့်သုံးနေထိုင်ခဲ့လျှင် အမတသုခဘုံရောက်မည်။ အန္တိမပန်းတိုင်မှာ မိမိ၏ ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်ကို ဖူးမြော်ရရေးဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အလွန်သန့်ရှင်းတော်မူသော အရှင်မြတ်ဖြစ်တော်မူသဖြင့် မသန့်ရှင်းသော မျက်စေ့ နား ကိုယ်ခန္ဓာတို့ဖြင့် မမြင်အပ်၊ မဖူးအပ်၊ မကြားအပ်ပေ။ အမတသုခဘုံတွင် ရရှိအပ်သော ရောင်ခြည်အတိခန္ဓာများမှာမူ သန့်ရှင်းသောကြောင့် ထိုခန္ဓာဖြင့် မြင်အပ်၊ ကြည့်အပ်၊ ဖူးအပ်ပေသည်။