Sunday, January 31, 2016

ဥာဏ်စမ်းအမေးမှာ အဖြေများလေ့လာစရာ


ဤလင့်မှ ရှဲနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/893623170758273:0

ပဟေဠိများဖတ်ခြင်းဖြင့် တစ်ဖက်တွင် ဥာဏ်ရွှင်စေသလို နောက်တစ်ဖက်တွင် အသိတရားလည်း တိုးပေသည်။ ယခုတင်ဆက်ထားသည့် ဥာဏ်စမ်းမှာ အစ္စလာမ့်ဓမ္မသတ်များမှဖြစ်၍ တတိယတစ်ဖက်ကို တိုး၍ ကုသိုလ်လည်းရပေမည်။ ဤအကြောင်းအရာများကို "မော်လာနာရူဟွလ်လာဟ် နက်ရှ်ဗန်ဒီ ပြုစုသည့် အစ္စလာမီပဟေလိယားန်" စာအုပ်မှ ကောင်းနိုးရာတို့ကို ရွေးချယ်၍ ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ သက်ဆိုင်ရာကျမ်းကိုးများကို ၎င်းစာအုပ်တွင် ကြည့်ရှုနိုင်ပါသည်။ ပဟေဠိသဘောကို အထူးပြုရေးသားထားခြင်းဖြစ်သောကြောင့် အိမာမ်အားလုံး၏ အဆိုများ ပါဝင်ပါသည်။အလ်မုဖီးဒ်၏ စာဖတ်ပရိသတ်တို့ အသိတိုး ကုသိုလ်တိုးဖို့ ရည်ရွယ်၍ တင်ဆက်လိုက်ပါသည်။

(၁)။ ပဟေဠိ -- ဗိစ်မိလ်လာဟ်ဖတ်ခြင်းသည် မည်သည့်အချိန်တွင် ဖရ်ဇ်ဖြစ်သနည်း။
ဖြေ -- သားကောင်ကို ဇဗဟ်ပြုချိန် ဗိစ်မိလ်လာဟ်ဖတ်ရန် ဖရ်ဇ်ဖြစ်ပါသည်။ အစ၊ အဆုံးဖတ်ရန်တော့ မလိုအပ်ပါ။

(၂)။ ပဟေဠိ -- မည်သည့်အခါ ဗိစ်မိလ်လာဟ်ဖတ်ခြင်း စွန်နသ်ဖြစ်သနည်း။
ဖြေ -- နမားဇ်အတွင်း စူရဟ်ဖာသိဟဟ်စမဖတ်မီ၊ ဝုဇူ၏ အစ၊ နမားဇ်၏ မည်သည့်ရကအသ်ကိုမဆို စတင်သည့်အချိန်၊ မည်သည့်အလုပ်ကိုမဆို (ဥပမာ စား၊ သောက်၊ အိပ်၊ ပစ္စည်းကိုင်ခြင်း၊ မခြင်း စသည့်လုပ်ရပ်တိုင်း) စတင်သည့်အခါနှင့် ဇနီးမောင်နှံ ပေါင်းသင်းသည့်အခါတို့တွင် ဗိစ်မိလ်လဟ်ဆိုခြင်းသည် စွန်နသ်ဖြစ်ပါသည်။

(၃)။ ပဟေဠိ -- ဗိစ်မိလ်လဟ်ဖတ်ရန် မုစ်သဟဗ်ဖြစ်သည့်အချိန်ကို ဖော်ပြပါ။
ဖြေ -- ကုရ်အာန်ကို (နမားဇ်၏အပြင်တွင်) သိလာဝသ်လုပ်သည့်အချိန် စူရဟ်နှစ်ခု၏ကြားတွင် ဗိစ်မိလ်လဟ်ဖတ်ခြင်းသည် မုစ်သဟဗ်ဖြစ်ပါသည်။

(၃)။ ပဟေဠိ -- မည်သို့သောအခါမျိုးတွင် ဗိစ်မိလ်လဟ်ဖတ်ခွင့်ရှိပါသနည်း။
ဖြေ -- ထိုင်ခြင်း၊ ထခြင်း စသည့် လောကီလုပ်ငန်းဆောင်တာ လုပ်ရပ်များကို ပြုချိန်တွင် ဗိစ်မိလ်လဟ်ဖတ်ခွင့်ရှိပါသည်။

(၄)။ ပဟေဠိ -- မည်သို့သောအခါမျိုးတွင် ဗိစ်မိလ်လဟ်ဖတ်လျှင် ကုဖ်ရ်ထိုက်စေသနည်း။
ဖြေ -- အရက်သောက်သည့်အချိန်၊ ဇိနဟ်ပြုသည့်အချိန်၊ ခိုးသည့်အချိန်၊ ဖဲရိုက်၊ လောင်းကစား (ဟရာမ်အမှုကို ကျူးလွန်နေချိန်) တို့တွင် ဗိစ်မိလ်လဟ်ဖတ်ခြင်းသည် ကုဖ်ရ်ထိုက်စေပါသည်။

(၅)။ ပဟေဠိ -- မည်သည့်အခါ ဗိစ်မိလ်လာဟ်ဖတ်ခြင်း ဟရာမ်ဖြစ်ပါသနည်း။
ဖြေ -- ဟရာမ်ဟု ယတိပြတ်မိန့်ထားသည့် မကောင်းမှုများကို ကျူးလွန်သည့်အခါ၊ ခိုးထားသည့်ပစ္စည်းကို သုံးစွဲသည့်အခါ၊ ဟိုင်းဇ်(ရာသီသွေး)ဖြစ်နေသည့်ဇနီးနှင့် ပေါင်းသင်းသည့်အချိန်၊ ရေချိုးရန် ဖရ်ဇ်ထိုက်နေသူက ဗိစ်မိလ်လဟ်ကို သိလာဝသ်၏ နိယသ်ဖြင့်ဖတ်လျှင် ထိုသို့သော အခါများတွင် ဗိစ်မိလ်လဟ်ရွတ်ဆိုခြင်းသည် ဟရာမ်ဖြစ်ပါသည်။

(၆)။ ပဟေဠိ -- ဗိစ်မိလ်လာဟ်ဖတ်ခြင်း မည်သည့်အခါ မက်ကရူဟ်ဖြစ်သနည်း။
ဖြေ -- စူရဟ်အင်န်ဖှာလ်ပြီးနောက် စူရဟ်ဗရာအ်သ်(စူရဟ်သောဝ်ဗဟ်)ကို တစ်ဆက်တည်းစဖတ်လျှင် ထိုအချိန် ဗိစ်မိလ်လဟ်ဖတ်ခြင်းသည် မက်ကရူဟ်ဖြစ်ပါသည်။ ထို့အတူ စီးကရက် သောက်သည့်အခါ၊ ဆေးအိုး၊ ဆေးတံ၊ ကော်စသည်တို့ကို ရှုသည့်အချိန်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၎င်းတို့ကဲ့သို့သောအရာများကို စားသည့်အချိန်တွင် ဗိစ်မိလ်လဟ်ဖတ်ခြင်း မက်ကရူဟ်ဖြစ်ပါသည်။ မသန့်၍ ညစ်ညမ်းသည့်နေရာများတွင် ဗိစ်မိလ်လဟ်ဖတ်ခြင်းသည်လည်း မက်ကရူဟ်ထိုက်ပါသည်။

(၇)။ ပဟေဠိ -- လူတစ်ဦးသည် ကလိမဟ်မဖတ်ပေ။ သို့ရာတွင် ၎င်းသည် မုစ်လင်မ်ဖြစ်သွားသည်။ မည်သည့်စကားရပ်ကြောင့် မုစ်လင်မ်ဖြစ်ရသနည်း။
ဖြေ -- ထိုသူက ဤသို့ပြောလိုက်ခြင်းဖြစ်သည်။ ကျွန်ုပ်သည် မည်သည့်ဘာသာကို စွန့်၍ အစ္စလာမ်ကို လက်ခံလိုက်ပါပြီ။ သို့ဆိုလျှင် ၎င်းသည် ကလိမဟ်မဖတ်လျှင်လည်း မုစ်လင်မ်ဖြစ်သွားပေသည်။

(၈)။ ပဟေဠိ -- လူတစ်ဦးသည် အစ္စလာမ်ကို မှန်ကန်ကြောင်း နှုတ်ဖြင့်လည်း ဝန်ခံသလို စိတ်ဖြင့်လည်း ယုံကြည်သည်။ သို့သော်လည်း ၎င်းသည် ကာဖိရ်ဖြစ်၏။ မည်သို့ဖြစ်ရသနည်း။
ဖြေ -- ထိုသူသည် စိတ်ဖြင့်ယုံကြည်ပြီး နှုတ်ဖြင့် ထွက်ဆိုထားသော်လည်း အစ္စလာမ်ဘာသာကို မိမိ၏ဘာသာဟု မှတ်ယူခြင်း၊ ဝန်ခံခြင်းမရှိပေ။ ထို့ကြောင့် ၎င်းသူသည် ကာဖိရ်ဖြစ်၏။
ကုဖ်ရ်သည် အမျိုးအစား လေးခုရှိပေသည်။
(က) ကုဖ်ရေ အင်(န)ကာရီး၊ အစ္စလာမ်၏ မှန်ကန်မှုကို စိတ်ဖြင့်လည်း မယုံကြည်သလို နှုတ်ဖြင့် ဝန်ခံခြင်းလည်း မရှိပေ။ ဥပမာ ဖိရ်အောင်န်။
(ခ) ကုဖ်ရေ ဂျုဟုဒီး၊ အစ္စလာမ်၏ မှန်ကန်မှုကို နှလုံးသားမှ သိသည်။ သို့ရာတွင် နှုတ်ဖြင့် ဝန်ခံခြင်းမရှိပေ။ ဥပမာ ယဟူဒီ၊ ကာဖိရ်။
(ဂ) ကုဖ်ရေ နိဖှာကီး၊ အစ္စလာမ်၏ မှန်ကန်မှုကို နှလုံးသား (စိတ်) မှ ဝန်ခံထားခြင်းမရှိပေ။ သို့ရာတွင် နှုတ်ဖြင့်တော့ အစ္စလာမ်ကို လက်ခံထားကြသည်။ ဥပမာ အိုဗိုင်ယိဗ်နေခလဖ်ကဲ့သို့သော ကာဖိရ်များ။
(ဃ) ကုဖ်ရေ အိနာဒီး၊ အစ္စလာမ်၏ မှန်ကန်မှုကို စိတ်ဖြင့်လည်းလက်ခံသလို၊ နှုတ်မှလည်း ဝန်ခံထားသည်။ သို့ရာတွင် အစ္စလာမ်ဘာသာကို မိမိယုံကြည်ရမည့် ဘာသာတရားဟု လက်မခံပေ။ ဥပမာ အဗူသွာလိဗ်ကဲ့သို့သော ကာဖိရ်များ။

(၉)။ ပဟေဠိ -- ကမ္ဘာပေါ်ရှိ မြေကြီးအားလုံးထက် အမြတ်ဆုံးမြေမှာ မည်သည့်မြေကြီးဖြစ်သနည်း။
ဖြေ -- နှစ်ဌာန၏ဂရုဏာရှင်၊ နဗီအပေါင်းတို့၏ ခေါင်းဆောင်၊ အလ္လာဟ်အရှင်မြတ်၏ အချစ်ဆုံးတမန်တော်၊ ကျွန်ုပ်တို့၏ နဗီဖြစ်သည့် မုဟမ္မဒ်မုစ်သွဖှား ဆွလ်လလ်လားဟုအလိုင်းဟိဝစလ္လမ်၏ ခန္ဓာကိုယ်နှင့် ထိစပ်နေသည့် မြေကြီးသည် မြေကြီးအားလုံးထက်သာမက ကအ်ဗဟ်၊ အရ်ရှ်နှင့် ကုရ်စီတို့ထက်ပင် မြင့်မြတ်ထူးမြတ်လှပေသည်။ (ဆွလ်လလ်လားဟုအလိုင်းဟိဝစလ္လမ်)

(၁ဝ)။ ပဟေဠိ -- ရေအားလုံးထက် အမြတ်ဆုံးသောရေကို ဖော်ပြပါ။
ဖြေ -- မြတ်နဗီ ဆွလ်လလ်လားဟုအလိုင်းဟိဝစလ္လမ်၏ လက်ချောင်းတော်များမှ ထွက်လာသည့်ရေသည် အမြတ်ဆုံးဖြစ်ပါသည်။

(၁၁)။ ပဟေဠိ -- မည်သည့်အခြေအနေတွင် ဦးခေါင်းဗလာဖြင့် နမားဇ်ဖတ်ခြင်းသည် ကုဖ်ရ်ထိုက်သနည်း။
ဖြေ -- နမားဇ်ကို သေးသိမ်ရန်ဟု ရည်ရွယ်၍ ဦးခေါင်းဗလာဖြင့် နမားဇ်ဖတ်လျှင် ကုဖ်ရ်ထိုက်ပါသည်။ နမားဇ်ဟူသည်မှာ ခေါင်းပေါ်ဦးထုပ်ဆောင်း၍ ဖတ်ရလောက်အောင် ဂုဏ်ပေးရန် မလိုအပ်သည့်အရာဟု စိတ်ထဲရှိသည်။ ထိုရည်ရွယ်ချက်ဖြင့် ခေါင်းဗလာနမားဇ်ဖတ်လျှင် ကုဖ်ရ်ထိုက်ပါသည်။

(၁၂)။ ပဟေဠိ -- မည်သည့်အခြေအနေတွင် ဦးခေါင်းဗလာဖြင့် နမားဇ်ဖတ်ရန် ဝါဂျိဗ်ထိုက်သနည်း။
ဖြေ -- အမျိုးသားသည် အဲဟ်ရာမ်ဝတ်ထားချိန်တွင် ဦးခေါင်းဗလာဖြင့် နမားဇ်ဖတ်ရန် ဝါဂျိဗ်ဖြစ်ပါသည်။

(၁၃)။ ပဟေဠိ -- ဝုဇူတွင် ခြောက်ကြိမ်ဆေးရသည့် အစိတ်အပိုင်းကို ဖော်ပြပါ။
ဖြေ -- လက်ဖြစ်သည်။ ဝုဇူအစတွင် သုံးကြိမ်ဆေးခြင်းသည် စွန်နသ်ဖြစ်ပြီး လက်တံတောင်ဆစ်အထိ (တစ်ကြိမ်ဆေးခြင်း ဖရ်ဇ်ဖြစ်၍) သုံးကြိမ်ဆေးခြင်း စွန်နသ်ဖြစ်ပါသည်။

(၁၄)။ ပဟေဠိ -- ဝုဇူပျက်မည့်ကိစ္စရပ်အတွက် ရည်ရွယ်သည့်အခါ ဝုဇူပြုလုပ်ရသူသည် မည်သူဖြစ်သနည်း။
ဖြေ -- မိမိ၏ ဇနီးနှင့် တစ်ကြိမ်ပေါင်းသင်းပြီးနောက် (တစ်ဆက်တည်း) နောက်တစ်ကြိမ် ပေါင်းသင်းရန် ဆန္ဒပြုသူဖြစ်၏။ ၎င်းသူအတွက် ဝုဇူပြုရန် မုစ်သဟဗ်ဖြစ်ပါသည်။ (ပေါင်းသင်းခြင်းဖြင့် ဝုဇူပျက်၏။ သို့ရာတွင် တစ်ကြိမ်ပြီးနောက် နောက်တစ်ကြိမ်အတွက် ဆန္ဒရှိလျှင် ထိုအခါ ဝုဇူပြုရန် မုစ်သဟဗ်ဖြစ်ပေသည်။)

(၁၅)။ ပဟေဠိ -- အိပ်ပျော်သည်လည်းမဟုတ်၊ နမားဇ်အတွင်း ဟားတိုက်ရီခြင်းလည်းမဟုတ်၊ ခန္ဓာကိုယ်မှ သွေး၊ ပြည်၊ လေလည်ခြင်းတို့လည်း မဖြစ်ဘဲ ဝုဇူပျက်သွားသည်။ မည်သည့်အတွက်ကြောင့် ဝုဇူပျက်ရသနည်း။
ဖြေ -- သတိလစ်သွားခြင်း၊ ရူးသွားခြင်းနှင့်၊ မူးမေ့သွားခြင်းတို့ကြောင့် ဝုဇူပျက်ရပါသည်။

(၁၆)။ ပဟေဠိ -- အရွယ်ရောက်ပြီး အသိဥာဏ်ပြည့်စုံသူတစ်ဦးသည် ရုကူ၊ စဂ်ျဒဟ်ပါသည့်နမားဇ်အတွင်း ဟားတိုက်ရီလိုက်သည်။ ထိုသို့ရီသော်လည်း ၎င်း၏ဝုဇူမပျက်ပေ။ မည်သို့သောသူ ဖြစ်ပါသနည်း။
ဖြေ -- ဤသို့သော သူဖြစ်ပါသည်။ ၎င်းသည် ကိယားမ်၌ အိပ်ပျော်နေသည်။ ထိုသို့အိပ်ပျော်နေရင်း ဟားတိုက်ရီလိုက်လျှင် ၎င်း၏ဝုဇူမပျက်ပါ။

(၁၇)။ ပဟေဠိ -- ဂျုနူဘီ ရေချိုးရန် ဖရ်ဇ်ဖြစ်နေသူတစ်ဦးသည် မိမိနေထိုင်ရာ ဒေသအတွင်း ရှိနေသည်။ ရေလည်း ရှိနေသည်။ သို့ရာတွင် ၎င်းသူ ရေမချိုးခြင်းကြောင့် အပြစ်မထိုက်ပေ။ မည်သို့သောသူဖြစ်သနည်း။
ဖြေ -- ဟိုင်းဇ်လာလိုက်သည့် ဂျုနူဘီ အမျိုးသမီးဖြစ်သည်။ (ရေချိုးရန်ဖရ်ဇ်ထိုက်စေသည့် အချက် ပမာ ခင်ပွန်းဖြင့်အတူနေလိုက်သည်။ ထို့ကြောင့် အမျိုးသမီးသည် ရေချိုးရန် ဖရ်ဇ်ဖြစ်နေသည်။ ထိုအချိန်တွင်ပင် ဟိုင်းဇ်ဆင်းလာသည်။ သို့ဆိုလျှင် ၎င်းသူမသည် ဖရ်ဇ်ရေချိုးမှုမပြုလျှင်လည်း အပြစ်မထိုက်ပါ။)

(၁၈)။ ပဟေဠိ -- အရာတစ်ခုရှိသည်။ ၎င်းသည် လူ၏ ခန္ဓာကိုယ်မှထွက်သည်နှင့် ဝုဇူပျက်သွားသည်။ သို့ရာတွင် ထိုအရာသည် မသန့်မဟုတ်ပေ။
ဖြေ -- လေလည်ခြင်းဖြစ်သည်။ လေလည်သည်နှင့် ဝုဇူပျက်သွားသည်။ သို့ရာတွင် ထိုလေသည် မသန့်မဟုတ်ပေ။ (သဘောမှာ လေလည်ခြင်းကို ထိတွေ့နေသည့် အဝတ်အစားသည် မသန့်မဖြစ်ပါ။)

(၁၉)။ ပဟေဠိ -- မသန့်သည့်ရေရှိခဲ့ပြီး မဆေးကြောဘဲသန့်သွားသည့် အရာသည် မည်သို့သောအရာပါနည်း။
ဖြေ -- ဤသို့သော ရေတွင်းဖြစ်သည်။ ၎င်း၏ ရေသည်မသန့်ဖြစ်သွား၏။ ထို့နောက် သတ်မှတ်ထားသည့် ပမာအတိုင်း ရေထုတ်ပြီးသွားသည့်အခါ ရေတွင်း၏ နံရံများသည် မဆေးဘဲနှင့် သန့်ပေသည်။ နောက်ပုံစံတစ်ခုမှာ ထိုသို့ မသန့်သည့်ရေရှိနေသည့် ရေတွင်းမှ ရေများသည် ခြောက်သွေ့သွားသည်။ ထို့နောက်မှ ရေပြန်ရှိလာလျှင် ဦးစားပေးသည့် အဆိုအရ သန့်သွားပေသည်။

(၂ဝ)။ ပဟေဠိ -- မသန့်သည့် ပန်းကန်သည် မဆေးဘဲနှင့် သန့်သွားသည်။ မည်သို့သော ပန်းကန်ပါနည်း။
ဖြေ -- အရက်ထည့်ထားသည့် ပန်းကန်ဖြစ်သည်။ ထိုအရက်သည် ရှလကာရည်အဖြစ်သို့ ပြောင်းသွားလျှင် ယင်းပန်းကန်သည်လည်း သန့်သွားပေသည်။

(၂၁)။ ပဟေဠိ -- ပန်းကန်၏ မသန့်ခြင်းကို သန့်သည့်ရေဖြင့် ဆေးလျှင် မသန့်ပေ။ မဆေးဘဲထားလိုက်လျှင် သန့်သွားသည်။ ဤသည်မှာ မည်သို့သောပန်းကန် ဖြစ်ပါသနည်း။
ဖြေ -- ဤသည်မှာ အရက်ထည့်ထားသည့် မြေပန်းကန်အသစ် ဖြစ်၏။ အိမာမ်မုဟမ္မဒ် ရဟ်မသုလ်လာဟိအလိုင်းဟ်ထံတွင် ထိုသို့သောပန်းကန်ကို ဆေးခြင်းဖြင့် မည်သည့်အခါမှ သန့်မည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် မြေပန်းကန်အသစ်ဖြစ်နေခြင်းကြောင့် ယင်းသည် မသန့်ကို စုပ်ယူနိုင်စွမ်း ရှိနေသည်။ ထိုမြေပန်းကန်အသစ်ထဲမှ အရက်သည် ရှလကာရည်အဖြစ်သို့ ပြောင်းသွားလျှင် မဆေးဘဲနှင့် သန့်သွားပေသည်။ (ဝလ်လာဟုအအ်လမ်)

(၂၂)။ ပဟေဠိ -- မဆေးဘဲနှင့် သန့်သွားသည့် အညစ်အကြေးမျိုးရှိပါသလား။
ဖြေ -- ရှိပါသည်။ အရက်သည် ရှလကာရည်အဖြစ်သို့ ပြောင်းသွားလျှင်၊ အသေကောင်၏ သားရေကို သားရေနယ်ခြင်း ပြုလုပ်လိုက်လျှင် ထိုအရာတို့သည် သန့်သည့်ပစ္စည်း ဖြစ်သွားပေသည်။

(၂၃)။ ပဟေဠိ -- လူတစ်ဦးသည် ဂျုနူဘီအဖြစ်နှင့် ဗလီအတွင်းသို့ ဝင်သွားသည်။ ပြန်ထွက်လာသည့်အခါ သန့်ပြန်သူ ဖြစ်နေသည်။ မည်သို့သော သူပါနည်း။
ဖြေ -- ဂျုနုဘီ (ရေချိုးရန် ဖရ်ဇ်ဖြစ်နေသူ) သည် ဗလီအတွင်းသို့မဝင်မီ ရေချိုးလိုက်သည်။ သို့သော် လည်ချောင်းအတွင်းသို့ ရေသွင်းရန် မေ့သွားသည်။ ဗလီသို့ရောက်သည့်အခါ ရေသောက်လိုက်သည်။ (ရေသောက်လိုက်ခြင်းကြောင့် လည်ချောင်းအတွင်းသို့ ရေရောက်သွားသည်။) ထို့ကြောင့် ဖရ်ဇ်အချက်ပြည့်စုံပြီဖြစ်သဖြင့် ၎င်းသူသည် သန့်သူအဖြစ်နှင့် အပြင်ထွက်လာပေသည်။

(၂၄)။ ပဟေဠိ -- မည်သို့သော မြေကြီးဖြစ်သနည်း၊ ၎င်းအပေါ်တွင် အခင်းမရှိဘဲ နမားဇ်ဖတ်ပိုင်သည်။ သို့ရာတွင် ၎င်းမြေကြီးဖြင့် သယမုမ်မပြုပိုင်ပေ။
ဖြေ -- မသန့်သည့် မြေကြီးသည် နေရောင်ခြည်၊ သို့မဟုတ် လေတိုက်ခြင်းတို့ကြောင့် သန့်သွားလျှင် ၎င်းမြေအပေါ်တွင် အခင်းမရှိဘဲ နမားဇ်ဖတ်ခွင့်ရှိသည်။ သို့ရာတွင် ထိုမြေကြီးဖြင့် သယမုမ်မပြုပိုင်ပေ။

(၂၅)။ ပဟေဠိ -- ဂျန္နသ်တွင်မရှိမည့် အရာခြောက်မျိုးကို ဖော်ပြပါ။
ဖြေ -- ဂျန္နသ်တွင် မရှိမည့် အရာခြောက်မျိုးမှာ ၁။ သေခြင်း၊ ၂။ အိပ်ငိုက်ခြင်း၊ ၃။ မနာလိုဝန်တိုခြင်း၊ ၄။ အညစ်အကြေး၊ ၅။ အိုမင်းရင့်ရော်ခြင်း၊ ၆။ ဒါရီတို့ ဖြစ်ပါသည်။
-----။-----
အလ်မုဖီးဒ်
ဟီဂျရီ ၁၄၃၇/ ရဗီအွတ်စာနီ/ ၅/ ယောင်မွတ်စဗ်သိ
15.1.2016

-------------
အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

လောကရဲ့ သောကတွေကင်းဝေးဖို့


ဆွဗရ်

ဂုနဟ်လုပ်ချင်စိတ်ကို ထိန်းချုပ်ခြင်းသည် ဆွဗရ်ဖြစ်၏။ ထို့အတူ ကုသိုလ်ကောင်းမှုပြုရန် ပျင်းခြင်း ဇွဲသတ္တိနည်းခြင်းတို့ကို တွန်းလှန်၍ အခက်အခဲများကို ကျော်ဖြတ်ခြင်း၊ အလ္လာဟ်အမိန့်နာခံရန်အတွက် စိတ်မပါမှုကို ဖိနှိပ်ခြင်းသည်လည်း ဆွဗရ်ပင် ဖြစ်ပေသည်။
ဆွဗရ်ကို ကောင်းစွာ လက်ကိုင်ပြုနိုင်သူသာလျှင် အလ္လာဟ်အမိန့်ကို လိုက်နာနိုင်သူဖြစ်ပြီး၊ ဆွဗရ်ကို ပိုင်ဆိုင်သူသာလျှင် အလ္လာဟ်တားထားသည်များကို ရှောင်နိုင်သူ ဖြစ်ပေသည်။
ထို့ကြောင့် အလ္လာဟ်အမိန့်နာခံရန်နှင့် အလ္လာဟ်တားထားသည်တို့မှ ရှောင်ကြဉ်နိုင်ရန် ဆွဗရ်ကို အသုံးပြုရပါမည်။ အလ္လာဟ်ထံပါးတွင် အောင်မြင်သူဟု သတ်မှတ်သူတို့သည် ဤဆွဗရ်ဟူသည် ဖူးစာထူးကို ပိုင်ဆိုင်ခဲ့ကြသည်။ ထိုသူတို့သည် ကောင်းမှုဆောင်၊ မကောင်းမှုရှောင်သည့် ကိစ္စရပ်တို့တွင် ဆွဗရ်ကို ပြည့်ပြည့်ဝဝ အသုံးချခဲ့ကြပေသည်။

~အလ်မုဖီးဒ်~

ဇိနဟ်နှင့် လဝါသွသ်၏ ပြစ်ဒဏ်


ဇိနဟ်ကျူးလွန်မှု
ဟဒီးစ်တော်တွင် လာရှိသည်မှာ ဇိနဟ်ကျူးလွန်သော အမျိုးသားအမျိုးသမီးတို့၏ အရှက်အင်္ဂါများတွင် မီးလောင်မြိုက်နေလိမ့်မည်။ လည်ပင်းများတွင် မီးကွင်းများနှင့် ခြေထောက်များတွင် မီးသံကြိုးများ ရှိပေလိမ့်မည်။ တာဝန်ခံကောင်းကင်တမန်သည် ယင်းတို့ကို ဂျဟန္နမ်ဘက်သို့ ဆွဲခေါ်လိမ့်မည်။ ဟရှရ်ကွင်းပြင်တွင် လူတိုင်းသည် ယင်းတို့၏ ဆိုးရွားလှသော အနံ့ဆိုးနှင့်ပတ်သက်၍ တိုင်တန်းမှု ပြုကြလိမ့်မည်။ ထိုအခါ ကောင်းကင်တမန်များက ဤသို့ဖြေကြားလိမ့်မည်။

... ယင်းအနံ့ဆိုးသည် လောကတွင် ဇိနဟ်ပြုသောသူတို့၏ အရှက်အင်္ဂါမှ ထွက်နေသော အနံ့ဆိုးပင် ဖြစ်၏။

တမန်တော်မြတ် ဆွလ်လလ်လားဟုအလိုင်းဟိဝစလ္လမ် မိန့်တော်မူခဲ့သည်မှာ ငါကိုယ်တော်သည် မေအ်ရာဂ်ျည၌ ဂျဟန္နမ်တွင် အချို့သော ကြေးနီဖိုများအား တွေ့မြင်တော်မူခဲ့၏။ ယင်းဖိုများ၏ အဝသည် ကျဉ်း၍ ဝမ်းဗိုက်သည် အလွန်ကျယ်ဝန်းလေ၏။ ယင်းဖိုထဲတွင် မြောက်မြားစွာသော သူတို့သည် မြွေနှင့် ကင်းများနှင့်အတူ ချုပ်နှောင်ခြင်းခံထားလျက် ရှိနေကြ၏။

လဝါသွာသွ် ခေါ် လိင်တူဆက်ဆံမှု
ဟဒီးစ်တော်တွင် လာရှိသည်မှာ ... အကြင်သူသည် လူပျိုရွယ်တစ်ဦးတစ်ယောက်အား ကာမစိတ်ဖြင့် နမ်းခဲ့ပါလျှင် ကိယာမသ်နေ့တွင် ထိုသူ၏ပါးစပ်တွင် မီးကြိုးကွင်း တတ်လိမ့်မည်။
အခြားဟဒီးစ်တော်တစ်ရပ်တွင် အလ္လာဟ်အရှင်မြတ်သည် ထိုသို့သောသူအား မီးထဲ၌ လောင်မြိုက်စေလိမ့်မည်ဟု လာရှိပေ၏။

ဆင့်ပြန်ချက်တစ်ရပ်တွင် လာရှိသည်မှာ...
ယီမင်နိုင်ငံ၏ ဘုရင်တစ်ပါးလက်ထပ်တွင် အမျိုးသမီးများသည် အမျိုးသားများကို စွန့်ပြီး လိင်တူဆက်ဆံမှုတွင် ပါဝင်ပတ်သက်လျက် ရှိခဲ့ကြ၏။ အလ္လာဟ်အရှင်မြတ်သည် ထိုလူမျိုးစုကို ဖျက်ဆီးပစ်ကာ ယင်းတို့အား မီးစောင်၊ မီးအင်္ကျီ၊ မီးခါးပတ်၊ မီးခေါင်းဆောင်းနှင့် မီးခြေစွပ်များကို ဝတ်ဆင်ပေးပြီး ထိုအပေါ်မှ မီးအင်္ကျီကို ဝတ်ဆင်ပေးမည်ဟု ၎င်းခေတ်ကာလရှိ နဗီကို ဝဟီဖြင့် သတင်းပို့ခဲ့လေ၏။

[ဟရှရ် ဂျန္နသ် ဂျဟန္နမ်အကြောင်း သိကောင်းစရာ စာအုပ်၊ စာ ၂၂၀၊ ၂၂၁ တို့မှ ကူးယူဖော်ပြပါသည်။]

အလ်မုဖီးဒ်

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Friday, January 29, 2016

အသေးစိတ် ကြိုတင်စီမံထားသောစနစ်


ဤလင့်မှ ရှဲပေးနိုင်ပါသသည်။
A System Planned in Every Detail

အသက်ရှုခြင်း၊ အစာစားခြင်း၊ လမ်းလျှောက်ခြင်း၊ စသည်တို့သည် လူတို့အတွက် ဖြစ်ရိုးဖြစ်စဉ်တစ်ရပ်ဖြစ်ပေသည်။ ဤအခြေခံဖြစ်စဉ်များသည် မည်သို့ဖြစ်ပျက်လျက်ရှိသည်ကိုကား အများအားဖြင့် တွေးတောမိခြင်း ရှိကြမည်မဟုတ်ပေ။ ဥပမာ သင်သည် သစ်သီးဝံလံကို စားသုံးသည်ဆိုပါစို့။ ထိုသစ်သီးများသည် သင်၏ကိုယ်ခန္ဓာအတွက် မည်သို့အသုံးဝင်သည်ကိုကား တွေးမိချင်မှ တွေးမိပါလိမ့်မည်။ သန့်ရှင်းလတ်ဆတ်၍ ကျန်းမာရေးညီညွတ်စေသော အစာကို စားသောက်ရန်ကိုသာ သင် စိတ်ကူးမိမည် ဖြစ်သည်။ တချိန်တည်းတွင် ထိုသို့ကျန်းမာသန်စွမ်းစေရန် သင်၏ ဝမ်းအတွင်း အလွန်အသေးစိတ်သော အစီအစဉ်အတိုင်း တဆင့်ပြီးတဆင့် ပြောင်းလဲနေသည်ကိုကား တွေးပင် တွေးမိမည် မဟုတ်ချေ။

အစာချေသည့် လုပ်ငန်းသည် အစာကို အသင်၏ပါးစပ်တွင်းသို့ ထည့်လိုက်သည့်အချိန်မှ စတင်လေသည်။ အစာတစ်လုတ်လောက် ပါးစပ်တွင်းသို့ ရောက်သည်နှင့် တပြိုင်တည်း သွားရည်များက ထိုအစာကို သွားများက ကြိတ်နိုင်စေရန် ပျော့ပြောင်းအောင် စတင်စိုစွတ်စေပြီးနောက် လည်ချောင်းမှ တဆင့် ဝမ်းဗိုက်အတွင်းသို့ မျိုချနိုင်အောင် အကူအညီပေးလေသည်။

လည်ချောင်းသည်လည်း အစာကို ဝမ်းဗိုက်အတွင်းသို့ရောက်အောင် ပို့ဆောင်ပေးလေသည်။ ဝမ်းဗိုက်အတွင်းရှိ ဟိုက်ဒြိုကလိုရစ်အက်စစ်(ဆားငရဲမီး)က ထိုအစာကိုစတင်ချေပေးသည်။ ထိုအက်စစ်သည် အလွန်ပြင်းထန်သောအက်စစ်ဖြစ်သဖြင့် အစာကိုသာချေနိုင်သည်မဟုတ်ဘဲ အစာအိမ်နံရံများကိုပင် တိုက်စားနိုင်ပေသည်။ သို့သော်လည်း အစာချေစနစ်သည် အထူးကောင်းမွန်ပြည့်စုံသော စနစ်ဖြစ်သောကြောင့် ထိုအက်စစ်က အစာအိမ်ကိုတိုက်စားရန် ခွင့်မပြုထားချေ။ အစာချေနေစဉ်အတွင်း မြူကပ်စ် (ခေါ်) အရည်တစ်မျိုး အစာအိမ်နံရံမှထွက်လာပြီး ဝမ်းဗိုက်နံရံတစ်လျှောက် ပြန့်၍ ကာကွယ်ထားလိုက်ခြင်းဖြင့် အက်စစ်က အစာအိမ်နံရံကို တိုက်စားခြင်း မပြုနိုင်တော့ချေ။ ထို့ကြောင့် အစာအိမ်မှ ထွက်လာသော အက်စစ်က အစာအိမ်ကို ဖျက်ဆီးခြင်းမပြုချေ။

ကျန်သည့်အစာချေအပိုင်းတွင်လည်း ၎င်းနည်းတူ စနစ်တကျစီမံထားခြင်းပါရှိ၏။ ကိုယ်ခန္ဓာအတွက်အကျိုးဖြစ်ထွန်းမည့် ကျေပြီးသောအစာများကို အူသိမ်၏ နံရံမှတဆင့် သွေးကြောတွင်းသို့ ရောက်သွားလေသည်။ အူသိမ်၏အတွင်းဘက်နံရံများတွင် ဗီးလပ်စ်(villus)ခေါ် အမျှင်ကလေးများရှိ၍ ထိုဗီးလပ်စ်အမျှင်များ၏ ထိပ်တွင် မိုက်ကရိုဗီးလပ်စ်ခေါ် ကိရိယာငယ်များ တပ်ဆင်ထားသည်။ ထိုမိုကရိုဗီးလပ်စ်သည် ရေစုပ်စက်ကဲ့သို့သော စုပ်စက်ငယ်များအဖြစ် အစာများကိုစုပ်ယူပြီး သွေးစီးချောင်းသို့ ပို့ပေးခြင်းဖြစ်သည်။

ဤတွင် မှတ်သားလောက်သည့် အချက်တစ်ခုမှာ အထက်ကအတိုချုံးရှင်းပြခဲ့သောစနစ်ကို အီဗိုလူးရှင်းသမားများက မည်သို့မျှရှင်းပြနိုင်ခြင်းမရှိကြချေ။ အီဗိုလူးရှင်းသမားများက ယနေ့ကမ္ဘာရှိ သက်ရှိတို့၏ အလွန်နက်နဲသောအင်္ဂါတည်ဆောက်မှုသည် ကမ္ဘာဦးခေတ်မှစ၍ တဖြေးဖြေး တစ်စတစ်စ တစ်ဆင့်ပြီးတစ်ဆင့် ဖြည့်တင်းပြောင်းလဲတိုးတက်လာခဲ့သည်ဟု ဆိုကြသည်။ သို့သော်လည်း အထက်ကဖော်ပြခဲ့သော ဝမ်းဗိုက်အတွင်းအစာချေစနစ်သည် တစ်ဆင့်ပြီးတစ်ဆင့် ပေါ်ပေါက်လာရန် လုံးဝမဖြစ်နိုင်ချေ။ အင်္ဂါအစိတ်အပိုင်းတစ်ခုခု ချို့တဲ့နေလျှင်ပင် ထိုသက်ရှိအရာသည် သေကျေသွားမည်သာ ဖြစ်၏။

အစာတစ်ခုခုကို စားလိုက်သောအခါ ဝမ်းဗိုက်အတွင်း၌ရှိသော အရည်အမျိုးမျိုးတို့သည် ဓါတ်ပြောင်းခြင်းအမျိုးမျိုး အစဉ်အဆက်ဖြစ်ပေါ်ကာ ထိုအစာကို ချေပေးကြ၏။ အီဗိုလူးရှင်းပြောင်းလဲမှုတွင် သက်ရှိအရာတစ်ခုသည် မိမိ၏ကိုယ်တွင်း၌ ထိုသို့သောဓါတ်ပြုခြင်း အဆင့်များကို စီစဉ်မည်ဆိုခြင်းမှာ လုံးဝမဖြစ်နိုင်ချေ။ ထိုသက်ရှိအရာသည် ယင်းသို့သောအစွမ်းကို ရယူဖန်တီးနိုင်စွမ်း မရှိနိုင်ပေ။ ထို့ကြောင့် ၎င်းစားသွင်းလိုက်သော အစာများကို ချေနိုင်စွမ်းရှိမည်မဟုတ်သဖြင့် ထိုအစာများ ပြည့်ညှပ်နေသောကြောင့် အသက်သေဆုံးသွားမည်သာ ဖြစ်ပေသည်။

အစာအိမ်ကို အက်စစ်တိုက်စားခြင်းမှ ကာကွယ်သည့် မြူကပ်စ်အရည် ထုတ်လုပ်ခြင်းသည်လည်း ထိုအက်စစ်ထုတ်လုပ်ခြင်းနှင့် ပြိုင်တူဖြစ်ပေါ်လာရပေသည်။ သို့မဟုတ်ပါက အစာအိမ်နံရံများကို အက်စစ်တိုက်စားသဖြင့် ပျက်စီးကုန်မည်သာ ဖြစ်၏။ သတ္တဝါတစ်ကောင်သည် အသက်ရှင်နေနိုင်ရန် အစာအိမ်နံရံမှ ထုတ်လုပ်သည့် အက်စစ်နှင့်မြူကပ်စ် ထိုမှတစ်ဆင့် ဆက်လက်၍ အစာချေသည့် အခြားအရည်အားလုံးတို့သည် တစ်ပြိုင်တည်းဖြစ်ပေါ်ရန်လိုအပ်ပေသည်။ ဤအချင်းအရာများကပင် တစ်စပြီးတစ်စ တစ်မျိုးပြီးတစ်မျိုး ဖြစ်ပေါ်တိုးတက်လာခြင်းနှင့် မတော်တဆဖြစ်ပေါ်လာခြင်းဟူသော အတွေးအခေါ်များကဲ့သို့ ဖြစ်လာရခြင်းမဟုတ်ဘဲ ထိုဖြစ်ပေါ်လာခြင်း၏နောက်ကွယ်တွင် ထိုစနစ်များအားလုံးကို ပြည့်စုံအောင်ဖန်တီးပေးသော အသိတရားဥာဏ်ပညာနှင့် ပြည့်စုံသော ဖန်ဆင်းရှင် ရှိရမည်ဖြစ်သည်။

လူသား၏ ကိုယ်ခန္ဓာသည် အလွန်ကြီးမားသော စက်ရုံတစ်ရုံနှင့်တူပေသည်။ ထိုစက်ရုံကြီးတွင် အလွန်သေးငယ်သော စက်ကိရိယာ အမြောက်အမြား ပါဝင်လျက်ရှိပြီး ထိုစက်ကိရိယာများအားလုံးသည်လည်း အဆင်ပြေပြေ တစ်ခုနှင့်တစ်ခု အဆက်အစပ်ရှိရှိ လည်ပတ်လျက်ရှိပေသည်။ စက်ရုံအားလုံးသည်လည်း ပုံစံထုတ်သူနှင့် တည်ဆောက်သူ အင်ဂျင်နီယာရှိသလို လူသားတို့၏ကိုယ်ခန္ဓာကို ပုံစံထုတ်တည်ဆောက်သူတစ်ဦး ရှိကိုရှိရပေမည်။ ထိုသူမှာ တန်ခိုးအာနုဘော်ကြီးမြတ်တော်မူသော ဖန်ဆင်းရှင်ဖြစ်တော်မူ၏။

{ "အလ္လာဟ်အရှင်မြတ်ကို ကျိုးကြောင်းဆင်ခြင်ခြင်းဖြင့် သိနိုင်၏" အမည်ရှိစာအုပ် စာ ၃ဝ၊ ၃၁မှ ကူးယူဖော်ပြပါသည်}

အလ်မုဖီးဒ်

မအိပ်မီ


ဝုဇူဖြင့်အိပ်ပါ..။
ကဗရ်အတွက် အာခိရသ်အတွက် အနည်းငယ် ကုသိုလ်စုပြီး အိပ်ပါ..။
တစ်နေ့တာအတွက် အိစ်သိဂ်ဖာရ် ပြုပြီး အိပ်ပါ..။
နေ့တစ်နေ့ ရှင်သန်ခွင့်ရခြင်းကြောင့် အလ္လာဟ်ကို ကျေးဇူးတင် ချီးမွမ်းပြီးမှ အိပ်ပါ..။
တမန်တော်မြတ်ကို ဒရူးဒ်ပို့ပြီး အိပ်ပါ..။
ဇိကိရ်ပြုပြီး အိပ်ပါ..။
သဟ်ဂျွဒ်ဖတ်မည်ဟု ရည်ရွယ်၍ အိပ်ပါ..။
ဖဂျရ်ထဖို့ သတိနှင့် ဖဂျရ်ဖတ်ရမည့် အသိတို့ ပေါင်းစပ်ပြီး အိပ်ပါ..။
အိပ်ခါနီး မတ်စ်နူးန်ဒုအာကို ဆို၍ အိပ်ပါ..။
အလ္လာဟ်အမိန့် နာခံသူအဖြစ် တစ်နေ့တာကို အဆုံးသတ်ပြီး အလ္လာဟ်အမိန့် ထမ်းဆောင်သူအဖြစ် နောက်တစ်နေ့ကို အစပြုပါ..။

အလ်မုဖီးဒ်

ဒရူးဒ်လက်ဆောင်


Thursday, January 28, 2016

ဆုံးမစကား ကိုးခု


(၁) ဖတ်ပါ ရွေးချယ်ပြီးမှ
(၂) စဉ်းစားပါ လေးနက်စွာဖြင့်
(၃) ပြုစုပါ စိတ်ပါစွာ
(၄) ဆွေးနွေးပါ အထောက်အထားဖြင့်
(၅) ပြောပါ တိုတိုတုတ်တုတ်
(၆) ပြိုင်ဆိုင်ပါ သတ္တိရှိစွာ
(၇) ခဝပ်ကိုးကွယ်ပါ ချစ်မေတ္တာဖြင့်
(၈) နားထောင်ပါ အာရုံစိုက်၍
(၉) ဘဝနေထိုင်ပါ မျှတစွာဖြင့်

[ ပြန့်ကျဲနေသောပုလဲလုံးများ၊ တွဲ ၄ ]

အလ်မုဖီးဒ်

သောကကင်းဝေးနေနိုင်ရေး(ဒုအာ)


ဂျုမုအဟ်ည၏ ထူးမြတ်မှုများအကြောင်း

ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/885484394905484:0

(၁) ဟဇရသ်အနတ်စ် ရသွီယလ်လာဟုအန်ဟု က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်ခြွေတော်မူသည်မှာ .... သောကြာညသည် လင်းဝင်းသောညဖြစ်ပြီး ထိုနေ့သည်ကား တောက်ပသော နေ့ဖြစ်သည်။ (ဗိုင်ဟကီကျမ်း အတွဲ၊ ၃၊ စာ ၃၇၅)

(၂) ဟဇရသ်အဗ်ဒုလ်လဟ်ဗင်န်အုမရ် ရသွီယလ်လာဟုအန်ဟုမာ ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်တော်မူခဲ့သည်မှာ ..... ညဥ့်ကြီးငါးည ဤကဲ့သို့ရှိပေသည်။ ထိုညဥ့်များ၌ ဒုအာတောင်းဆုပြုပါက ပယ်ချခြင်းခံရမည်မဟုတ်ပေ။ ယင်းတို့မှာ (၁) ဂျုမုအဟ် (သောကြ) ည၊ (၂) ရဂျဗ်လ၏ ပထမည၊ (၃) ရှအ်ဗာန်လ၏ (၁၅)ရက်ည၊ (၄) အီဒုလ်ဖိသိရ်ညနှင့် (၅) အီဒုလ်အဿွဟာညများ ဖြစ်ကြသည်။ (ဗိုင်ဟကီကျမ်း တွဲ ၃၊ စာ ၃၄၂)

အထက်ပါဟဒီးစ်တော်များကို ထောက်ရှုခြင်းအားဖြင့် သောကြာညအပါအဝင် တင်ပြပါညဥ့်ကြီး (၅)ည၏ ထူးမြတ်မှုကို သိရှိရပေသည်။ ထိုညဥ့်များတွင် အထူးသဖြင့် ဆုတောင်းဒုအာများ ကဗူလ်ဖြစ်သောကြောင့် ဂရုတစိုက် အရေးပေးအလေးထား၍ အိဗာဒသ်ခဝပ်မှုများတွင် အစဉ်တစိုက်ရှိနေရမည်။ အဆိုပါညများအတွက် သီးခြားအိဗာဒသ်များ ဟဒီးစ်တော်တွင် ဆင့်ပြန်လာရှိထားခြင်း မရှိသောကြောင့် မိမိတို့ဘက်မှ သတ်မှတ်ခြင်းမပြုဘဲ မည်သည့်ခဝပ်မှုပိုင်းဆိုင်ရာ ကုသိုလ်ကောင်းမှုကိုမဆို ပြုလုပ်နိုင်ပေသည်။ သောကြာညဟုဆိုရာတွင် ကြာသပတေးနေ့နှင့် သောကြာကြားညကို ဆိုလိုပါသည်။

**သောကြာညတွင် သေဆုံးသောမုစလ်မာန်အတွက် ကဗရ်အဇားဗ်မှလွတ်မြောက်ခြင်း
ဂျုမုအဟ်၏ ထူးမြတ်မှုများတွင် တင်ပြခဲ့သည့်အတိုင်း ဒုအာကဗူလ်ဖြစ်ခြင်းအပြင် အခြားသောထူးမြတ်မှုတစ်ရပ်မှာ ထိုညတွင် ကွယ်လွန်သေဆုံးသူအီမာန်ရှင်များအား မွန်ကရ်၊ နကီးရ် ဖရစ်ရှ်သာကြီးများ၏ မေးခွန်းမှ ထိန်းသိမ်းမှုရရှိပေမည်။ ၎င်းပြင် ကဗရ်၏ အဇားဗ်ပြစ်ဒဏ်မှလည်း လွတ်ကင်းမှုရရှိပေအံ့။
(၁) ဟဇရသ်အဗ်ဒွလ်လာဟ်ဗင်န်အမရ် ရသွီယလ်လာဟုအန်ဟုက ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်သည်မှာ အကြင်မွစ်လင်မ်တစ်ဦးသည် ဂျုမုအဟ်နေ့ သို့မဟုတ် ဂျုမုအဟ်ညတွင် ကွယ်လွန်သေဆုံးခဲ့ပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ကဗရ်ရှိ စိုးရိမ်ကြောက်မက်ဖွယ်ရာမှ ထိန်းသိမ်းစောင့်ရှောက်တော်မူမည်။ (သိရ်မိဇီကျမ်း၊ တွဲ ၁၊ စာ ၁၀၅)

**တမန်တော်ယအ်ကူးဗ် အလိုင်ဟိစ္စလာမ်သည်ပင် သားတော်များအတွက် သောကြာည၌ အိစ်သိဂ်ဖါရ် (လွတ်ငြိမ်းခွင့်) တောင်းခံပေးမည့်အကြောင်း ပြောဆိုခြင်း

ကုရ်အာန်ကျမ်းမြတ် အကျယ်ဖွင့်ဆိုသည့် ပညာရှင်များက ရေးသားဖော်ပြရာတွင် .... တမန်တော်ယူစွဖ် အလိုင်ဟိစ္စလာမ်၏ နောင်တော်များသည် တစ်ချိန်တွင် မိမိတို့၏ အမှားများကို နောင်တရပြီး အပြစ်များမှလွတ်ငြိမ်းချမ်းသာခွင့်ရရန် အလ္လာဟ်အရှင်မြတ်ထံ ဆုပန်ပေးပါဟု ဖခင်ကြီး ဟဇရသ်ယအ်ကူးဗ် အလိုင်ဟိစ္စလာမ်ထံ ပန်ကြားလျှောက်ထားခဲ့ကြသည်။
ထိုအခါ နဗီကြီးသည် မကြာခင်မှာပင် ငါသည် သင်တို့အတွက် မဂ်ဖိရသ် လွတ်ငြိမ်းချမ်းသာခွင့် ရရှိရန် မိမိအရှင်သခင်ထံ တောင်းခံမှုပြုအံ့ဟု သားတော်များအား ပြန်လည်ပြောကြားခဲ့သည်။
၎င်းနောက် ဟဇရသ်ယအ်ကူးဗ် အလိုင်ဟိစ္စလာမ်သည် သောကြာည၊ စဲဟ်ရီအချိန်၌ သားတော်များအတွက် (မဂ်ဖိရသ်) လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် ဒုအာတောင်းဆုပတ္ထနာပြုပေးမည်ဟုပြောကာ သောကြာညကို စောင့်ဆိုင်းခဲ့သည်။ ထိုည၌ပင် သားများအတွက် မဂ်ဖိရသ်ရရေးကို တောင်းဆုပြုခဲ့သည်။ ယင်းအချက်ကို ကြည့်ခြင်းဖြင့် ဂျုမုအဟ်ည၏ ထူးမြတ်မှုနှင့် အရေးပါမှုကို သိရှိရပေသည်။

**သောကြာညတွင် စူရဟ်ဒုခါန်ဖတ်ခြင်း၏ ထူးမြတ်မှု
(၁) ဟဇရသ်အဗူဟုရိုင်ရဟ် ရသွီယလ်လာဟုအန်ဟုက ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်သည်မှာ မည်သူမဆို ဂျုမုအဟ်ည၌ စူရဟ်ဒုခါန်ဖတ်မည်ဆိုပါက ထိုသူ၏ အပြစ်ဂုနာများ လွတ်ငြိမ်းချမ်းသာခွင့် ရရှိမည်။ (သိရ်မိဇီကျမ်း၊ တွဲ ၂၊ စာ ၁၁၇)
(၂) ဟဇရသ် အဗူအုမာမဟ် ရသွီယလ်လာဟုအန်ဟုက ဆင့်ပြန်ခဲ့သည်။ ၎င်းကပြောသည်မှာ ကျွန်ုပ်သည် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် ဤသို့မိန့်သည်ကို ကြားသိခဲ့ရသည်။ မည်သူမဆို ဂျုမုအဟ်ည သို့မဟုတ် ထိုနေ့တွင် စူရဟ်ဒုခါန်ကို ဖတ်ရွတ်မည်ဆိုပါက အလ္လာဟ်အရှင်မြတ်သည် ထိုပုဂ္ဂိုလ်အတွက် ဂျန္နသ်တွင် စံအိမ်တော်တစ်ဆောင် အရန်သင့် ဖန်ဆင်းပေးတော်မူမည်။ (သွဗ်ရာနီကျမ်း၊ တွဲ ၁၆၊ စာ ၁၄၅)
(၃) ဟဇရသ်အဗူရာဖေ့အ် ရသွီယလ်လာဟုအန်ဟုက ဆင့်ပြန်မိန့်သည်မှာ အကြင်သူသည် သောကြာည၌ စူရာဒုခါန်ကို ဖတ်မည်ဆိုပါက နံနက်နိုးကြားသည့်အချိန် ထိုသူ၏ အပြစ်များကို ခွင့်လွှတ်ပြီးသာ ဖြစ်ပေမည်။ ၎င်းပြင် ထိုသူအား ဟူရေအီးန် မျက်လုံးမျက်ဖန်လှသော ကညာအပျိုစင်များနှင့် ထိမ်းမြားပေးအံ့။ (ဒါရမီကျမ်း တွဲ ၂၊ ၅၅၀)
အထက်ပါ ဟဒီးစ်တော်များအရ ဂျုမုအဟ်နေ့နှင့် ညတွင်စူရာဒုခါန်ဖတ်ခြင်းဖြင့် ထူးမြတ်မှုများစွာ ရှိကြောင်း သိရပေသည်။

**သောကြာည၌ ဇနီးဖြင့် ပေါင်းသင်းခြင်း
ဟဒီးစ်တော်တစ်ရပ်၌ ဆင့်ပြန်လာရှိသည်မှာ မည်သူမဆို ဂျုမုအဟ်နေ့တွင် ရေချိုးသန့်စင်ပြီး ခွသ်ဗဟ်အစမှ နားထောင်ရန်၊ အိမာမ်နှင့် နီးကပ်စွာထိုင်ရရန်နှင့် တိတ်ဆိတ်စွာ ခွသ်ဗဟ်နားထောင်ရန်ရည်ရွယ်ချက်ဖြင့် ဗလီသို့စောလျှင်စွာရောက်ခဲ့မည်ဆိုပါက ထိုပုဂ္ဂိုလ်၏ ခြေလှမ်းတိုင်းသည် တစ်နှစ်တာရိုဇာထားသည့် အကျိုးစဝါးဗ်နှင့် တစ်နှစ်ပတ်လုံး ညအခါ အိဗာဒသ်ပြုသည့် အကျိုးကုသိုလ်အား ရရှိပေမည်။ (သိရ်မိဇီကျမ်း၊ တွဲ ၁၊ စာ ၁၁၁)
အဆိုပါဟဒီးစ်တော်နှင့် စပ်လျဉ်း၍ ဟဒီးစ်ပါရဂူပညာရှင်များက ရေချိုးသန့်စင်ခြင်းဟု ဆိုရာ၌ မိမိ၏ဇနီးဖြင့် ကိုယ်လက်နှီးနှောဆက်ဆံပြီး ရေချိုးသည့် ဖရဇ်ဂုစုလ်အား ဆိုလိုသည်ဟု မိန့်ဆိုထားသည်။
ထို့ကြောင့် သောကြာညတွင် အမျိုးသမီးဖြင့် ပေါင်းသင်းခြင်းမှာ တစ်စိတ်တစ်ဒေသအားဖြင့် ထူးမြတ်မှုရှိကြောင်း သိရသည်။

**စစ်ကြောမေးမြန်းခြင်းမရှိဘဲ ဂျန္နသ်သို့ ဝင်ရောက်ရမည့်အကြောင်း
အသွာအ်ဗင်န်စာရ် ရသွီယလ်လာဟုအန်ဟုက ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်သည်မှာ မုစ်လင်မ် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ သောကြာညသို့မဟုတ် သောကြာနေ့တွင် ကွယ်လွန်ခဲ့သည်ရှိသော် ထိုသူသည် ကဗရ်အတွင်းခံစားရမည့် ပြစ်ဒဏ်နှင့် ပြစ်ဒဏ်၏ စိုးရိမ်ကြောက်မက်ဖွယ်ရာများမှ ထိန်းသိမ်းမှုရရှိမည်။ ၎င်းပြင် ထိုသူသည် စစ်ကြောမေးမြန်းခြင်း မခံရှိဘဲ အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံရပေမည်။ ထို့ပြင် ကိယာမသ်နေ့တွင် ဂျန္နသ်သီဖြစ်ကြောင်း ထိုသူနှင့်အတူ သက်သေ သို့မဟုတ် အမှတ်အသားရှိနေပေမည်။ (ရှရ်ဟုစ်ဆွူဒူရ်ကျမ်း စာ ၂၀၉)

**သောကြာညကို တန်ဖိုးမထားသူများ
သောကြာည၏ ထူးကဲမြင့်မြတ်မှုများကို ထောက်ရှု၍ ထိုညမြတ်တွင် အိဗာဒသ်များကို နိုးကြားစွာ ပြုကျင့်လုပ်ဆောင်ရပေမည်။ ၎င်းပြင် ထိုအရှင်မြတ်၏ နှစ်မြို့မှု၊ ထိုအရှင်မြတ်ထံမှ ကောင်းခြင်းနှင့် ဗရ်ကသ်မင်္ဂလာများ၊ လွတ်ငြိမ်းချမ်းသာခွင့်နှင့် အေးချမ်းသာယာမှု၊ ကျန်းမာရေးနှင့် ချမ်းသာရေး အစရှိသည်တို့အား အရှင်မြတ်ထံမှ တောင်းဆိုဒုအာပြုရမည်။ အဘယ့်ကြောင့်ဆိုသော် ထိုညသည်ကား ဒုအာတောင်းဆုများ လက်ခံခြင်းခံရသည့် ညပင် မဟုတ်ပါလား။
သို့သော် ဖြစ်နေသည့် ပုံစံက တစ်ခြားစီဟု ဆိုရပေမည်။ များသောအားဖြင့် ကျွန်ုပ်တို့သည် ထိုထူးမြတ်လှသည့်ညများတွင် တယ်လီဗေးရှင်း၊ ရုပ်ရှင်နှင့် အခြားသောအကျိုးမရှိသည့် အပျော်အပါးကိစ္စရပ်များ၌ အချိန်ဖြုန်းလိုက်ကြသည်။
ယင်းလုပ်ရပ်တို့ကြောင့် ထိုည၏ ထူးမြတ်မှုနှင့် ဗရကသ်များမှ လက်မဲ့ဖြစ်သွားရပေသည်။ ထို့အတူ ဂုနာဟူသည့် ဒုစရိုက်ဝန်ထုပ်ကို ခေါင်းပေါ်တင်လိုက်ကြသည်။ ဤသည်မှာ ကျွန်ုပ်တို့အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီး ၎င်း၏ဆိုးကျိုးကိုလည်း နောင်တမလွန်အာခိရသ်၌ ဆက်ခံရမည်မှာ အသေအချာပင်ဖြစ်သည်။

[ကူးယူသည့်စာအုပ်၊ မော်လာနာကာရီ မုဟမ္မဒ်ယူနွတ်စ်(မအူပင်) ရေးသားသည့် ထူးကဲမြင့်မြတ်သောညများနှင့် နဖိလ်နမားဇ်များစာအုပ် စာ၊ ၁မှ ၁၀]

အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အထူးဗန်ဒဟ်များဖြစ်သည့် အီမာန်ရှင်များအတွက် မဂ်ဖိရသ်ပြုပေးရန်ကို အလွန်လိုလားတော်မူသော အရှင်မြတ်ဖြစ်တော်မူသည်။ အီမာန်ရှင်ကို အပြစ်ပေးရန် မလိုလားပေ။ ထို့ကြောင့်သာလျှင် ပြစ်မှုများမှ မဂ်ဖိရသ်ရမည့် နည်းလမ်းအသွယ်သွယ်ကို ပုံစံအစုံဖြင့် အချိန်တိုင်း နေ့တိုင်း ရက်တိုင်း ချီးမြှင့်ပေးထားသည်။ အလ္လာဟ်၏ အပြစ်ပေးခြင်းမှ လွတ်မြောက်မှုရခြင်းဟူသည် နှိုင်းပြစရာမရှိလောက်သည့် အောင်မြင်မှုမျိုးဖြစ်ပါသည်။ သောကြာညကို ကျွန်ုပ်တို့ အပတ်ပေါင်း ရက်ပေါင်းများစွာ ကြုံစုံခဲ့ပြီးဖြစ်သည်။ နောင်ကိုလည်း အင်န်ရှာအလ္လာဟ် များစွာ ကြုံစုံကြရပါဦးမည်။ ယခင်က လက်လွတ်စပယ်နှင့် အရှင့်ဂရုဏာတော်များကို အလေးမမူခဲ့ခြင်းကြောင်း ရတနာသေတ္တာပေါင်းများစွာ လက်လွှတ်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ယခုအသိရပြီးနောက် ရတနာသိုက်ကို အမိအရကိုယ်တိုင်တူးဖော်ကြပါ။ အလ္လာဟ်ခွင့်လွှတ်မှုဟူသည့် ရတနာကို အမိအရတူးဖော်ပါ။ အလ္လာဟ်အရှင်က ထိုရတနာကို တစ်ပတ်တစ်ခေါက် တစ်လလေးခေါက် တစ်နှစ်ကို ၄၈ခေါက် ကြုံဆုံတူးဖော်ခွင့်ပေးထားသည်။ အာခိရသ်၏ အောင်မြင်မှုကို အပြည့်အဝယုံကြည်ပြီး အာခိရသ်၏ ရတနာကို လက်လွှတ်မခံသည့် မုစ်လင်မ်သည်ကား အပတ်စဉ်စောင့်စားလျှက် အလ္လာဟ်ပေးသည့် ရတနာသိုက်ကို တူးယူမည်သာဖြစ်၏။
လူအများ ပြစ်မှုနွံအတွင်း သက်ဆင်း၍ အလ္လာဟ်မနှစ်သက်သည်များကို အရသာရှိရှိကျူးလွန်ပြီး အလ္လာဟ့်ကိုယ်စားလှယ် နဗီ၏ကိုယ်စားလှယ်များကို လှောင်ပြောင်သရော်နေချိန်တွင် ထိုသို့သောသူများအတွင်း သင်မုစ်လင်မ် မပါဝင်ဘဲ အလ္လာဟ်ထံပါးအကြောက်ထားကာ အလ္လာဟ်ခွင့်လွှတ်မှုကို တောင်းခံနေခြင်းသည်သာလျှင် ကမ္ဘာပေါ်ရှိ မည်သူမျှမရနိုင်သည့် ဖူးစားထူးပင်ဖြစ်ပါသည်။

အလ်မုဖီးဒ်
ဟိဂျရီ ၁၄၃၇/ ရဗီအွလ်အောက်ဝလ်/ ၁၉/ ယောင်မုလ်ဂျုမုအဟ်
31.12.2015