Showing posts with label မုဖီးဒ်ဘားသ်. Show all posts
Showing posts with label မုဖီးဒ်ဘားသ်. Show all posts

Sunday, December 30, 2018

မွတ်စ်လင်မ်တို့ မလုပ်ရမည့် တုခြင်းနှင့် တူခြင်း


အစ္စလာမ့်ရှရီအသ်ကို ကျင့်သုံးလိုသူများနှင့် အစ္စလာမ့် ပညတ်ချက်များအား လိုလားနှစ်သက်စွာ လေ့လာနေသူများအတွက် ရည်ရွယ်၍ မုဖ်သီမုဟမ္မဒ်အိဒ်ရီးစ် (Idric Nct) ၏ ဖော်ပြချက်အား အလ်မုဖီးဒ်က ပြန်လည်တင်ဆက်လိုက်ပါသည်။
(ဒုတိယအကြိမ် ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
** Happy New year လုပ်တာ မပိုင်ဘူးပြောရင် ပြက္ခဒိန်လည်း မသုံးနဲ့။
မေးခွန်း။ ဟဒီးစ်တော်မှာ ဘယ်လိုအရာ တုခြင်းကို တားမြစ်တာလဲ။
အဖြေ။ ၎င်းအရာနှင့် ပတ်သက်ပြီး ဟဒီးစ်တော်ပေါင်း ၃ဝ နီးပါး လာသည်။ ဘယ်လိုပုံစံဆိုရင် တုခြင်းဖြစ်ပြီး ဘယ်လိုပုံစံဆိုရင် တူဆင်ခြင်းဖြစ်ကြောင်း အသေးစိတ်သိရန် အစ္စလာမ့်ပညာရှင်များက လေးမျိုးခွဲ၍ တင်ပြထားသည်။
မှတ်ချက်။ တုခြင်း၊ တူဆင်ခြင်း နှစ်ခုလုံးပါဝင်သည်။ အောက်တွင် ဥပဒေသများကို ကြည့်ပါ။
၁။ တခြားဘာသာဝင်တို့၏ ဘာသာရေးဆိုင်ရာ အမှတ်သားအား အီမာန်ရှင်က ရွေးချယ်အသုံးပြုခြင်း။ ပမာ ခရစ်ယာန်တို့၏ cross အမှတ်သား လက်ဝါးကပ်တိုင်အား မိမိအတွက်အသုံးပြုခြင်း။ ၎င်း၏အမိန့်မှာ အီမာန် ပျက်သည်။
ولو وضع علي رأسه قلنسوة المجوس كفر
မီးကိုးကွယ်သူတို့၏ ဦးထုပ်ဆောင်းသူသည် အီမာန်ပျက်၏။ (အလ်မွလ်သကသို့ ဖိလ် ဖသာဝလ်ဟနဖိယာဟ် ၂၄၅)
၂။ ဘာသာခြားတို့နှင့် သက်ဆိုင်သည့် ပွဲလမ်းသဘင်များတွင် ပါဝင်ခြင်း။
ထိုပွဲလမ်းသဘင်အား ထောက်ခံခြင်း၊ နှစ်သက်ခြင်းမရှိဘဲ လိုက်လျောညီထွေစွာ ဆက်ဆံခြင်း နီယသ်ဖြင့် ပါဝင်ပါကလည်း မပိုင်ပါ။ အကယ်၍ ထိုပွဲလမ်းသဘင်အား ထောက်ခံခြင်း၊ နှစ်သက်ခြင်းတို့ပြုပါက အီမာန်ပျက်၏။
إنما الرضا بالكفر مستحينا كفر
(အလ်မွလ်သကသို့ 254)
၃။ ဘာသာခြားတို့နှင့် သက်ဆိုင်သည့် ရိုးရာများကို တူဆင်အောင်ပြုခြင်း၊ တုပခြင်း။
ဘာသာခြားတို့၏ ဘာသာရေးအမှတ်အသား မဟုတ်သော်လည်း ထိုအရာကို ဝတ်ဆင်၊ အသုံးပြုခြင်းအားဖြင့် ဝတ်ထားသူအား အစ္စလာမ်မှအပ တခြားဘာသာဝင်ဖြစ်သည်ဟု (အလွယ်) သဘောပေါက်သွားနိုင်မည်။ ပမာ ခရစ်မတ်နေ့တွင် အနီရောင်ဝတ်စုံ ဝတ်ခြင်း။ ထိုလုပ်ရပ်၏အမိန့်မှာ မပိုင်၊ မက္ကရူးဟ် သဟ်ရီမီ ဖြစ်၏။ ကျင့်သုံးခဲ့သော် ဟရာမ် အမိန့်အတိုင်း ဖြစ်သည်။ (အိက်သေ့သွာအို့ ဆွေ့ရာသွလ်မွစ်သကီးမ် စာမျက်နှာ 941)
သို့သော် ဘာသာတရားနှင့် မသက်ဆိုင်ဘဲ အခြားဘာသာဝင်ဖြစ်ကြောင်း အလွယ်တန်းသိနိုင်သည့် အမှတ်သား တူဆင်မှု၊ တုပမှု၏အမိန့်သည် အပြောင်းအလဲဖြစ်နိုင်သည်။ ပမာ အရင်ခေတ်က ကုတ်၊ ဘောင်းဘီ၊ နက်တိုင်အား ခရစ်ယာန်များသာ အသုံးပြုခြင်းကြောင့် အစ္စလာမ့်ပညာရှင်များက ဟရာမ်ဟုဆိုသည်။ သို့သော် ယနေ့ခေတ်တွင် ကုတ်၊ နက်တိုင်သည် ခရစ်ယာန်ကိုသာ အထူးမပြုတော့ခြင်းကြောင့် အသုံးပြုပိုင်သည်။ (ဟဇရသ်ထာနဝီ၏ အင်မ်ဒါဒွလ် ဖသာဝါကျမ်း၊ ဖသ်ဝါ အမှတ် ၃၄၅။ ကေ့ဖာယသွလ် မွဖ်သီ ဖသ်ဝါ အမှတ် ၁၆၁၉တွင် လေ့လာနိုင်သည်။)
၎။ ဘာသာရေးလုပ်ဆောင်ချက်တခုခုကို ကိုယ်စားမပြုသော ပုံစံ၊ အဝတ်အစား၊ အခမ်းအနား၊ စသည်တို့အား လုပ်ဆောင်ခြင်းသည် အခွင့်ရှိသည်။
ပမာ... ရုံးခန်း (Office) ဖွင့်ခြင်း၊ တည်ဆောက်ခြင်း၊ အဆောက်အဦး ဒီဇိုင်းတုခြင်း၊ သင်ရိုးညွှန်းတမ်း ယူခြင်း၊ ပြက္ခဒိန် အသုံးပြုခြင်း၊ စစ်ဗြူဟာယူခြင်း၊ စစ်လေယာဉ် system ယူခြင်း၊ လွတ်လပ်ရေး ဂုဏ်ပြုအခမ်းအနား စသည်တို့ဖြစ်သည်။
တမန်တော်မြတ် ဆွလ္လလ္လာဟို့ အလိုင်ဟေ့ ဝစလ္လမ် ခေတ်က ခန်ဒသ်စစ်ပွဲတွင် အီရန် ပါရှားတို့၏ စစ်ဗြူဟာဖြစ်သည့် ကျုံးတူးခြင်းနည်းစနစ်အား အီရန် ပါရှန်နိုင်ငံသားဖြစ်သူ ဟဇရသ် စလ်မားန်က တမန်တော်မြတ်ကို လျှောက်ထားသည် အိုကိုယ်တော် ကျနော်တို့ အီရန်တွင် စစ်ဖြစ်ပါက ရန်သူမဝင်နိုင်ရန် ကျုံးတူးသည်ဟု အကြံပြုသောအခါ တမန်တော်က ထိုနည်းအတိုင်း ကျုံးတူးဖို့ အမိန့်ပေးခဲ့သည်။
ထို့အတူ ဟဇရသ် အို့မရ်ခေတ်က တွက်ချက်ခြင်းနည်းပညာအား ပါရှားနှင့် ရောမတို့ထံမှ အတုယူ အကျိုးခံစားခဲ့သည်။ (အလ်ဖာရူးက် မို့ကမ္မလ် ၁၃ဝ၂။ အလ်ဗေ့ဒါယာ ဝမ်(န်)နေ့ဟာယာ ၉၅၄ တို့တွင် လေ့လာနိုင်သည်။)
မှတ်ချက်။ (ထိုလုပ်ရပ်မျိုး၌လည်း) အစ္စလာမ်က တားမြစ်ထားသည့် တခြားသော လုပ်ရပ်များ မပါဝင်ရပါ။
စာရှုသူ မိတ်ဆွေတို့အား အကြံပြုချက်။
ဆဲခြင်း၏ တိုက်ရိုက်စကားလုံးများအစား ငိုးမ ငုံးမ ငါ ~~္လိ~မသား စသည်များရေးခြင်း မပြုအပ်သလို Happy New year အစား မို့ဗာရက်ပါ စလာမ် ပျှော်ရွှင်ချမ်းမြေ့ကြပါစေ စသဖြင့် အကြောင်းအရာတခုကို ရည်ညွှန်းသည့် စကားများအား စကားလုံးပြောင်း၍ အကောင်ထည်ဖော်ခြင်းများကို ရှောင်ရှားရန် တိုက်တွန်းပါသည်။ တမန်တော်မြတ်သည် Happy New year ကို တိုက်ရိုက်စကားလုံးသုံး၍ မမိန့်ခဲ့ပါ။ အထူးပြုသည့် လုပ်ရပ်ကိုသာ ရည်ညွှန်းတားမြစ်ခဲ့ပါသည်။ ယင်းသို့မိန့်ထားခြင်းတွင်လည်း အမြော်အမြင်နှင့် အလွန်ပြည့်စုံပါသည်။ ထို့ပြင် အစ္စလာမ့် အသိတရားမရှိသူများနှင့် အခြေတင် ငြင်းခုံမှု မပြုရန်၊ ၎င်းတို့၏ လုပ်ဆောင်ချက်နောက်မလိုက်ရန် တိုက်တွန်းပါသည်။
ကျနော် (Ade Nct) ရေးခဲ့သည့် အထက်ပါအကြောင်းအရာအား မော်လာနာ ခါလိဒ်ဆိုင်ဖွလ္လာဟ် ရဟ်မာနီ သခင်၏ မွစ္စလ်မာန် ဂိုင်မွစ္စလင်မ် ကေ့ မို့အာရှရေးမေ့ ဆောင်းပါးမှ တင်ပြခြင်း ဖြစ်သည်။
ရေးသားသူ။ မုဖ်သီမုဟမ္မဒ်အိဒ်ရီးစ် (Idric Nct)
အလ်မုဖီးဒ်က ပြန်လည်ဖော်ပြသည်။
၆/ ရဗီအုစ်စာနီ/ ၁၄၃၉။
25/ 12/ 17 (တနင်္လာ)
ဟစ်ဂျရီ 1440/ ဆွဖရ်/ 9
18/10/2018 (ကြာသပတေး)
အလ်မုဖီးဒ်
စာသားကော်ပီယူသူများ မူရင်းအတိုင်း အပြည့်ကူးပါ။ credit အပြည့်ထည့်ပါ။

Tuesday, August 2, 2016

ကိုယ်ဝန်ဆောင်အမျိုးသမီးများ နမားဇ်ဖတ်ရာ၌ သတိပြုရမည့်အချက်များ


** မွစ်လင်မ်အမျိုးသား၊ အမျိုးသမီးတိုင်း လေ့လာပါ။ မွစ်လင်မ်တို့အနေဖြင့် နောက်မွစ်လင်မ်တစ်ဦးနှင့် တွေ့ဆုံသည့်အခါ အကြောင်းအရာတိုက်ဆိုင်ပါက ပြောပြလမ်းညွှန်ပေးနိုင်ပါသည်။ ကိုယ်နှင့်မဆိုင်ဟူ၍ သီးသန့်မနေပါနှင့်။ ဒီးန်ရေးရာကို မည်သူမဆို လေ့လာဆည်းပူးပါက အကျိုးမယုတ်ပါ။

အစ္စလာမ်၌ နမားဇ်သည် အရေးအကြီးဆုံးတာဝန်တစ်ခုဖြစ်သလို မည်သို့သောအခြေအနေကို ဆိုက်ရောက် ကြုံတွေ့ရသည်ဖြစ်ပါစေ လွှတ်ခွင့်မရှိပေ။ တစ်ဖက်တွင် အခြေအနေအချိန်အခါကို ထောက်ရှု၍ နမားဇ်ဆောက်တည်ရာတွင် လွယ်ကူမှုများနှင့် လျှော့ပေါ့ပေးမှုတို့ကို ပြုပေးထားသည်။ နမားဇ်ဖတ်ရမည်။ သို့သော် ကျန်းမာရေးအခြေအနေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတို့တွင် ချို့ယွင်းမှုဖြစ်လာလျှင် မည်သို့မည်ပုံ နမားဇ်ကို ဆောက်တည်ရမည်ကိုလည်း သေချာစွာပင် ပြသပေးထားသည်။ နမားဇ်ကို မည်သည့်အခြေအနေတွင်မှ လွှတ်ခွင့်မရှိဟူသည့် အမိန့်ကို တစ်ဖက်တွင် ပြဌာန်းထားသလို နောက်တစ်ဖက်တွင်လည်း မည်သို့ဖြစ်လာလျှင် မည်သို့ဖတ်ပါဟူသော လွယ်ကူမှုကိုပါတစ်ပြိုင်တည်း ပြသပေးထားပေသည်။

ကိုယ်ဝန်ဆောင်များလည်း နမားဇ်ဖတ်ရမည်ဖြစ်သည်။ သို့သော် ကိုယ်ဝန်ဆောင်တို့အတွက် သီးသန့် နမားဇ်ဖတ်နည်းဟူ၍ မရှိပါ။ အမြဲဖတ်သည့် ပုံစံအတိုင်း ဖတ်ရမည်။ ဤနေရာတွင် တင်ပြမည်မှာ ကိုယ်ဝန်ကာလတွင် ခန္ဓာကိုယ်အနေအထား ပြောင်းလဲမှုကြောင့် ကြုံတွေ့ရသည့် အခက်အခဲများဖြင့် နမားဇ်ကို မည်သို့ဖတ်နိုင်သနည်းဟူသည့် ပုံစံဖြစ်၏။ကိုယ်ဝန်ဆောင်ကာလ၌ နမားဇ်ဖတ်ရာတွင် ရရှိမည့်လွယ်ကူမှုများနှင့် သတိပြုဖွယ်ရာများကို သိမှတ်သလောက် ရေးသားမည် ဖြစ်သည်။

ကိုယ်ဝန်ဆောင်များ နမားဇ်ဖတ်ရာတွင် အဓိကအခက်အခဲဖြစ်ရသည်မှာ ကိယာမ်(မတ်တပ်ရပ်ချိန်) ရူကူနှင့် စဂ်ျဒါပြုချိန်တို့ဖြစ်သည်။ အထက်ပါ သုံးခုသည် နမားဇ်တွင် ဖရဇ်ဖြစ်ကြောင်း သိမှတ်ထားရပါမည်။ ထို့ကြောင့် အတတ်နိုင်ဆုံး အချိန်အထိ ၎င်းတို့ကို ပုံစံတကျပြုရမည်ဖြစ်၏။ ပမာဆိုရလျှင် ကိုယ်ဝန်ကာလ သုံးလ လေးလခန့်မျှအထိ တတ်နိုင်သေးလျှင် အတိအကျသာ ပြုရမည်။ တချို့အမျိုးသမီးတို့သည် ကိုယ်ဝန်ကာလ ကိုးလအထိရောက်သော်လည်း ကိုယ်ဝန်ဆိုဒ်သေးသူများရှိကြသည်။ ထို့သို့သောသူများသည် ရုကူ စဂ်ျဒါတို့ကို ပြုနိုင်သည်အထိ ပြုရမည်သာ ဖြစ်၏။ သဘောမှာ ကိုယ်ဝန်ဆောင်ဖြစ်သူတိုင်း ချွင်းချက်ရှိသူမဟုတ်ပါ။ ချွင်းချက်မဖြစ်သူများလည်း ရှိပါသည်။

** ကိယာမ် قِيَامْ (မတ်တပ်ရပ်ခြင်း)
ကိုယ်ဝန်ဆောင်အနေဖြင့် နမားဇ်အတွက် ကိယာမ်ကို နိုင်သည်ဆိုလျှင် ရပ်ကိုရပ်ရမည်။ ကိုယ်ဝန်၏ အလေးချိန်ကြောင့် လုံးဝ မတ်တပ်မရပ်နိုင်တော့လျှင် ထိုင်ဖတ်နိုင်သည်။ ထိုင်ခုံပေါ်ထိုင်ဖတ်နိုင်သလို ကြမ်းပေါ်တွင်ထိုင်၍လည်း ဖတ်နိုင်သည်။ ကြမ်းတွင်ထိုင်ဖတ်ခြင်းက ပိုကောင်း၏။ ကြမ်းပေါ်တွင် ထိုင်ခြင်းဟူသည်မှာ အသ်သဟိယားသ် ( اَلتَّاحِيَّاتْ ) ထိုင်သည့်ပုံစံဖြင့် ထိုင်ခြင်းကို ဆိုလိုသည်။ ထိုပုံစံထိုင်၍ ဖတ်လျှင် ရုကူအ်အတွက် ခန္ဓာကိုယ်ကို ကိုင်းနိုင်သမျှ ကိုင်းရပါမည်။ ထိုင်ခုံပေါ်တွင် ဖတ်လျှင် ရုကူအ်ကို သူ့ပုံစံအတိုင်း ပြုရပါမည်။ စဂ်ျဒါကိုလည်း သေချာစွာ ပြုရပါမည်။

မှတ်ချက်။ ကိုယ်ဝန်ဆောင် မဟုတ်ဘဲ ရိုးရိုး အမျိုးသမီး အချို့တွင် နမားဇ်ကို ထိုင်ဖတ်သည့် အကျင့်ရှိသည်။ အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ နမားဇ်ကို ထိုင်ဖတ်ခွင့် မရှိပါ။ မလိုအပ်ဘဲ ထိုင်ဖတ်ခဲ့ပါက နမားဇ်မပိုင်သည်အထိ ဖြစ်ပါသည်။ ညောင်းခြင်းလောက်ကို အကြောင်းပြချက်အဖြစ် လက်မခံပါ။ အမျိုးသားများအတွက်လည်း ထိုအတိုင်းပင် ဖြစ်ပါသည်။ ချွင်းချက် မရှိဘဲ နမားဇ်ကို ထိုင်ဖတ်ခြင်း၊ ရုကူအ် စဂ်ျဒါကို ထိုင်၍ အရိပ်အမြွက်ဖြင့်ပြုခြင်းတို့ ပြုခွင့်မရှိပါ။

** ရုကူအ် ( رُكُوْعٌ ) နှင့် စဂ်ျဒါ ( سَجْدَهْ )
ရုကူအ်နှင့် စဂ်ျဒါကို တတ်နိုင်သည်အထိ သတ်မှတ်ပုံစံအတိုင်း ပြုရမည်ဖြစ်၏။ သပ်စ်ဗီကို သုံးကြိမ်မျှဆိုနိုင်သည်ခန့် ရုကူအ်နှင့် စဂ်ျဒါတို့ကို ပြုလုပ်နိုင်လျှင် ထိုမျှခန့်ရွတ်ဆိုပြီး ပြုလုပ်ရမည်။ စဂ်ျဒါပြုရာတွင် အမျိုးသမီးတို့ စဂ်ျဒါပြုပုံအတိုင်း မပြုနိုင်။ သဘောမှာ ဗိုက်ထောက်နေသဖြင့် ဝမ်းဗိုက်နှင့် ပေါင်ကို ထိကပ်၍ မပြုနိုင်တော့လျှင် ခွာ၍ စဂ်ျဒါပြုနိုင်သည်။ လက်များကိုမူ ပုံမှန်အတိုင်း ကြမ်းနှင့် ထိကပ်ထားရမည်။

မှတ်ချက်။ ရုကူအ်၊ စဂ်ျဒါတို့တွင် သပ်စ်ဗီမဆိုပါကလည်း ရုကူအ်၊ စဂ်ျဒါ ဖြစ်သွားသည်။ သို့သော် ထိုသို့ မဆိုသူသည် စွန္နသ်ကို လွှတ်သူ ဖြစ်၏။ ဤနေရာတွင် သပ်စ်ဗီမဆိုလည်း ရုကူအ်၊ စဂ်ျဒါဖြစ်ကြောင်း ထည့်ရေးပြရခြင်းမှာ အမိန့် တစ်ဆင့်ခြင်းစီ၏ ပုံစံကို သိမြင်ရန်အတွက်သာ ဖြစ်၏။ မဖတ်လည်း ရတာပဲ၊ မဖတ်ဘူးဟူသည့် လုပ်ဆောင်ချက်မျိုး ဖြစ်စေရန် မဟုတ်ပါ။ စွန္နသ်များကို လွှတ်ခြင်းသည် ဖရ်ဇ်များပါ လွတ်ရန် လမ်းစဖြစ်ပါသည်။ ရုကူအ်နှင့် စဂ်ျဒါတွင် အနိမ့်ဆုံး သပ်စ်ဗီဟ် သုံးကြိမ်ဆိုရမည်။ ထို့ထက်နည်း၍ ဆိုခြင်းသည် မက္ကရူဟ်သန်ဇီဟီ ( مَكْرُهْ تَنْزِيْهِيْ ) ထိုက်ပါသည်။ သုံးကြိမ်သည် အနည်းဆုံးဖြစ်၍ “မ” ဂဏန်းအရေအတွက် ပိုဖတ်ခြင်းက မြတ်၏။ သုံးကြိမ်၊ ငါးကြိမ်၊ ခုနှစ်ကြိမ် စသည်ဖြင့် ဆိုနိုင်ပါသည်။

- ကိယာမ်နှင့် ရုကူအ်တော့ပြုနိုင်သည် စဂ်ျဒါမပြုနိုင်လျှင် ကြမ်းပေါ်တွင် ထိုင်ဖတ်ခွင့်ရှိသည်။ ထိုင်ခုံပေါ်တွင်လည်း ဖတ်နိုင်သည်။ ကြမ်းပေါ်တွင် ဖတ်ခြင်းက ပိုကောင်း၏။ စဂ်ျဒဟ်ကို ပုံစံတကျ မပြုနိုင်သဖြင့် အရိပ်အမြွက်ဖြင့် ပြုရမည်။ အရိပ်အမြွက်ဟူသည်မှာ ဦးခေါင်းကို ညွှတ်ကိုင်း၍ လုပ်ခြင်း ဖြစ်သည်။ ဤပုံစံတွင် ရုကူအ်ထက် စဂ်ျဒဟ်၏ အရိပ်အမြွက် သဏ္ဍာန်က ပို၍ ကိုင်းညွှတ်မှု ရှိရပါမည်။ ထိုသို့ဖတ်ခြင်းက အကောင်းဆုံးဖြစ်၏။ ဤသို့မဟုတ်ဘဲ ကိယာမ်နှင့် ရုကူအ်ကို ပုံမှန်အတိုင်း ပြုလုပ်ပြီး စဂ်ျပြုခါနီးမှ ထိုင်၍ အရိပ်အမြွက်ဖြင့် စဂ်ျဒဟ်ပြုလိုပါကလည်း ပြုနိုင်ပါသည်။

မှတ်ချက်။ အရိပ်အမြွက်ဟုဆိုရာတွင် နမားဇ်ဖတ်နေသူ၏ လုပ်နိုင်စွမ်း အခြေအနေပေါ်မူတည်ထားပါသည်။ အဓိပ္ပါယ်အရ ဦးခေါင်းကို ညွှတ်ကိုင်း၍ လုပ်ခြင်း ဖြစ်သော်လည်း အခြေအနေတိုင်းတွင် ထိုပုံစံချည်းသာ လုပ်ရမည်ဟု မဆိုလိုပါ။ ရုကူအ်၊ စဂ်ျဒဟ်ကို ခန္ဓာကိုယ်က မည်သည့်အတိုင်းအတာအထိ ဆောင်ရွက်နိုင်သနည်း၊ ထိုမျှအထိ ဆောင်ရွက်ရပါမည်။ အရိပ်အမြွက်ဟု ရေးထားသော နေရာတိုင်းတွင် ဤအလိုသဘောကို ဆိုလိုပါသည်။

- ကိယာမ်၊ ရူကူနှင့် စဂ်ျဒါတို့ကို သတ်မှတ်မှုအတိုင်း မပြုနိုင်သူသည် ထိုင်ဖတ်နိုင်သည်။ ရူကူနှင့် စဂ်ျဒါကို ဦးခေါင်းညွှတ်၍ အရိပ်အမြွက်ဖြင့် ပြုရမည်။ စဂ်ျဒါကို ရူကူ၏ ပုံသဏ္ဍာန်ထက် ပို၍ ကိုင်းညွှတ်ရပါမည်။

- စဂ်ျဒါပြုရာတွင် ကြမ်းအထိ တိုက်ရိုက်မသွားနိုင်။ ရှေ့တွင် ခုံ၊ စားပွဲ ချထား၍ စဂ်ျပြုနိုင်လျှင် ထိုပုံစံ ပြုရန်အရေးကြီးပါသည်။ ထို့အတူ ကြမ်းပေါ်ထိုင်၍ ဖတ်လျှင် စဂ်ျဒဟ်မသွားနိုင်၊ ထိုင်ခုံတွင် ထိုင်၍ ရှေ့၌ စားပွဲချပြီး စဂ်ျဒါပြုလျှင်မူ ရသည်ဆိုလျှင် ထိုသို့ဖတ်ရန်အရေးကြီးသည်။ စဂ်ျဒါအတွက် ချထားသည့် စားပွဲ၊ ခုံတို့သည် ထိုင်ခုံနှင့် တစ်ပြေးညီ ဖြစ်ရမည်။ မြင့်လိုပါက ၉ လက်မခန့်မျှသာ မြင့်ခွင့် ရှိသည်။ ထို့ထက်ပိုမြင့်သော စားပွဲ၊ ခုံတို့တွင် စဂ်ျဒဟ်လုပ်ပါက မှန်ကန်မှုမရှိပါ။

** ခေါင်းအုံးပေါ် စဂ်ျဒါလုပ်ခြင်း
အများအားဖြင့် စဂ်ျဒါပြုလုပ်ရန် ခေါင်းအုံးများကို အသုံးပြုကြသည်။ ခေါင်းအုံးပေါ် စဂ်ျဒါပြုရာ၌ အပျော့ အမာ အခြေအနေအတိုင်း စဂ်ျဒါအမိန့် ကွာခြားပါသည်။ ခေါင်းအုံးသည် ပျော့ပျောင်းနေလျှင် ယင်းခေါင်းအုံးပေါ် စဂ်ျဒါပြုလျှင် စဂ်ျဒါပိုင်မည်မဟုတ်ပါ။ စဂ်ျဒါကို မာကြောသောအရာပေါ်တွင် ပြုလုပ်ရမည်။ မာကြောခြင်းဟူသည်မှာ ထပ်ဖိလျှင် ပိသွားခြင်း မရှိတော့သည့် အခြေအနေမျိုးကို ခေါ်ဆိုသည်။ ထို့ကြောင့် မိမိစဂ်ျဒါပြုရန် အသုံးပြုသည့် ခေါင်းအုံးပေါ်တွင် နဖူးကို ဖိချလိုက်ပါက ပျော့ဝင်သွားသလား၊ တစ်နေရာရာတွင် မာသွားသလားဟူသည်ကို ကြည့်ပါ။ နဖူးဖိချသည့်အခါ အခြေအနေတစ်ခုတွင် မာသွားလျှင် ယင်းခေါင်းအုံးပေါ်တွင် စဂ်ျဒါပြုနိုင်သည်။ ပျော့မြဲပျော့နေလျှင်မူ ပြုခွင့်မရှိပါ။ စားပွဲ စသည့် ပင်ကိုယ် အမာပစ္စည်းဖြစ်လျှင်မူ အကောင်းဆုံးဖြစ်ပါသည်။ ခေါင်းအုံးအမြင့်သည် ၉ လက်မခန့်ထက် မပိုရပါ။ ထို့ထက်နိမ့်လျှင်လည်း ရသည်။ အကယ်၍ ထိုမျှ အမြင့်အထိ စဂ်ျဒါမသွားနိုင်လျှင် ခန္ဓာကိုယ်က လုပ်ဆောင်နိုင်သည့် အခြေအနေထိ စဂ်ျဒါကို ပြုလိုက်ပါ။
ကိုယ်ဝန်ဆောင်ကာလအတွင်း နမားဇ်များကို မပျက်စေဘဲ ဂရုတစိုက်ဖတ်ရပါမည်။ တတ်နိုင်ပါက နဖိလ်များစွာဖတ်ပါ။ သိလာဝသ်များများပြုပါ။ အထက်တွင် ပုံစံတချို့ကို အကျဉ်းချုံဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ မိမိတွေ့ကြုံရသည့် အခြေအနေသည် အထက်ပါပုံစံများနှင့် မကိုက်ညီပါက နီးစပ်ရာ အာလင်မ်များထံမေးမြန်းပါရန် အကြံပြုပါသည်။

အမျိုးသမီးများ ကလေးမွေးပြီးနောက် မီးတွင်းသွေးဆင်းခြင်းနှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများကို ဤလင့်တွင် ဖတ်ရှုနိုင်ပါသည်။
http://aaitee.blogspot.com/2015/10/blog-post_74.html

ဇိလ်ကအ်ဒဟ်/ ၂၈/ ဟိဂ်ျရီ ၁၄၃၇
2/8/2016
Credit, အလ်မုဖီးဒ်က ရေးသားသည်။

Tuesday, June 28, 2016

လေးဂဏန်းသီအိုရီ



လေးဂဏန်းသီအိုရီဟူသည်မှာ လူတိုင်းသိသော ဗုခါရီဟဒီးစ်ကျမ်းကြီးကို ရေးသားပြုစုသော အိမာမ်ဗုခါရီက မိမိထံတွင် ဟဒီးစ်ပညာ ဆည်းပူးလိုကြောင်း လျှောက်ထားပန်ကြားခဲ့သည့် တပည့်တစ်ဦးအား ဟဒီးစ်ပညာဆည်းပူးရာတွင် မဖြစ်မနေရှိနေရမည့် အရည်အချင်းတို့အနက် အချို့သောအရည်အချင်းများအား ပြောပြထားသည့် အကြောင်းအရာဖြစ်သည်။ ယင်းအကြောင်းအရာသည် ဟဇရသ်မော်လာနာ မုဟမ္မဒ်ရဖီးက်(အဇီဇီ)က မြန်မာစာဖတ်ပရိသတ်အတွက် ရေးသားထားသော "အိမာမ်ကြီးလေးပါး ဘာကြောင့်ကွဲလွဲကြရတာလဲ" အမည်ရှိ စာအုပ်တွင် ပါဝင်ပြီး အလ်မုဖီးဒ်၏ စာဖတ်သူများ အတွက် ပြန်လည်ကူးယူး ဖော်ပြခြင်းဖြစ်သည်။ ဟဒီးစ်ပညာ၊ ယင်းပညာကို တတ်ကျွမ်းသော ပညာရှင်များနှင့် ပညာရှင်ဟု ဂုဏ်ပြုညွှန်းဆိုအပ်သူတို့သည် ပညာရပ်တစ်ခုအား မည်မျှ ခက်ခဲနက်နဲစွာ သင်ယူဆည်းပူးခဲ့ကြသည်ကို သိရှိစေရန်နှင့် ဗဟုသုတတိုးပွားစေရန် ရည်ရွယ်ပါသည်။

နောင်တစ်ချိန်တွင် အစ္စလာမ့်တရားသူကြီးနှင့် ဓမ္မသတ်ပညာရှင်ဖြစ်လာမည့် လူငယ်တစ်ဦးသည် အိမာမ်ဗုခါရီထံပါး ချဉ်းကပ်ပြီး ကိုယ့်ရဲ့ဆန္ဒကို တင်ပြလျှောက်ထားခဲ့တယ်။ အိမာမ်ဗုခါရီသခင်က ကျွန်တော့်ကို ဆုံးမသြ၀ါဒပေးတဲ့အနေနဲ့ အခုလိုမိန့်ကြားခဲ့တယ်။ "ချစ်သား၊ အလုပ်တစ်ခုခုကို လုပ်တော့မယ်ဆိုရင် ဦးစွာပထမ အဲဒီအလုပ်ရဲ့ သဘောတရား၊ လိုအပ်ချက်၊ စည်းမျဉ်းဥပဒေတွေကို ဂဃနဏလေ့လာပြီးမှ လုပ်ဖို့ဆုံးဖြတ်ရတယ်။ မင်းအနေနဲ့ ဟဒီးစ်တော်တွေကို ဆည်းပူးလိုတယ်ဆိုရင် ငါအခုပြောမယ့်စကားတွေကို ကောင်းကောင်း နှလုံးသွင်းမှတ်ပေတော့" ။

လေးဂဏန်းသီအိုရီ
လူတစ်ဦးဟာ ပြည့်ဝသောဟဒီးစ်ပါရဂူဖြစ်ဖို့ရာ လေးခုသောအရာကို လေးခုသောအရာနဲ့အတူ ရေးသာတဲ့အခါမှာ လေးခုသောအရာက လေးခုသောအရာနှင့် ဆင်တူရမယ်။ ဒါ့အပြင် လေးခုသောအရာကို လေးခုသောကာလမှာ လေးခုသောအနေအထားနဲ့ လေးခုသောဒေသမှာ လေးမျိုးသောအရာနဲ့ လေးမျိုးသောပုဂ္ဂိုလ်ထံက လေးမျိုးသော ရည်ရွယ်ချက်နဲ့ ဖြစ်ရမယ်။ ပြောခဲ့တဲ့ လေးမျိုးသော သီအိုရီဟာ လေးမျိုးသောအရာကို အခြားလေးမျိုးနဲ့ ပေါင်းစပ်မှာသာ ပြည့်စုံမယ်။ ဒါတွေအားလုံး ပြည့်စုံသွားတဲ့အခါ အဲဒီလူအတွက် လေးခုသောအရာဟာ လွယ်ကူသွားတယ်။ ထပ်ပြီး လေးမျိုးသော ဒုက္ခနဲ့ ရင်ဆိုင်ရလိမ့်မယ်။ အဲဒါကို သည်းခံမျိုသိပ်လိုက်ရင် အလ္လာဟ်အရှင်မြတ်က သူ့ကို လေးခုသောအရာကို ဒွန်ယာမှာ ချီးမြှင့်ပြီး လေးခုသောအရာကို အာခိရသ်တမလွန်မှာ ချီးမြှင့်လိမ့်မယ်။

လူငယ်က အလ္လာဟ်အရှင်မြတ်ဟာ သခင်ကြီးကို ကြင်နာဂရုဏာပြုတော်မူပါစေ။ ကျေးဇူးပြုပြီး လေးမျိုးစုံတဲ့သီအိုရီကို ကျွန်တော့်ကို အကျယ်တ၀င့်ရှင်းပြပေးပါလို့ လျှောက်ထားလိုက်တော့ အိမာမ်ဗုခါရီက အခုလိုမိန့်ကြားခဲ့တယ်။

ရေးမှတ်ဖို့အရေးကြီးတဲ့ အရာလေးခု
(၁) တမန်တော်မြတ် မိန့်ခဲ့တဲ့ ဟဒီးစ်တော်တွေ၊ အမိန့်ပညတ်ချက်တွေ။
(၂) ဆွဟာဗဟ်သခင်ကြီးတွေနဲ့ သူတို့ရဲ့ အဆင့်အတန်းတွေ။
(၃) သာဗိအီးန်တွေရဲ့ အဆိုအမိန့်တွေနဲ့ သူတို့ရဲ့ အနေအထားတွေ။ (မည်သူက ခိုင်မာစိတ်ချရသည်၊ မည်သူက မခိုင်မာ)
(၄) ဟဒီးစ်ဆင့်ပြန်ကြတဲ့ ပညာရှင်အားလုံးနဲ့ သူတို့ရဲ့ ဘ၀ဖြစ်စဉ်သမိုင်းတွေ။

လေးခုသောအရာနဲ့အတူ ဆိုတာကတော့
(၁) အထက်က လေးမျိုးသောသခင်ကြီးတွေရဲ့ အမည်နာမနဲ့ ဘွဲ့ဂုဏ်ထူးတွေ။
(၂) ဘ၀မွေးမြူနေထိုင်ခဲ့တဲ့ ဒေသတွေ။
(၃) မွေးဖွားရာ ဒေသနဲ့ နေ့၊ ရက်။
(၄) ကွယ်လွန်တဲ့ဒေသနဲ့ နေ့၊ ရက်။
ဒီအချက်လေးချက်ကို သိမှာသာ ဘယ်သူက ဘယ်သူ့ထံက ဆင့်ပြန်တယ်ဆိုတဲ့အခါ သူ့အသက်အရွယ်နဲ့ ဆုံတွေ့တာ ဟုတ်၊ မဟုတ် ခန့်မှန်းနိုင်မယ်။ အဲဒီလေးချက်ဟာ အောက်ပါလေးလို အပြန်အလှန်အရေးကြီးလှပါတယ်။
(၁) ခုသ်ဗဟ်မှ ဟမ်ဒ် စနာ အရေးပါသလို
(၂) ရစူလ်အတွက် ဒရူးဒ်အရေးပါသလို
(၃) စူရဟ်အတွက် ဗိစ်မိလ်လာဟ် အရေးပါသလို
(၄) နမားဇ်အတွက် သက်ဗီးရ်အရေးပါသလို

လေးခုသောအရာနဲ့ အလားတူ ဆိုတာကတော့
ဟဒီးစ်အမျိုးအစား လေးမျိုးဖြစ်တဲ့
(၁) မုစ်နဒါးသ် ( مسندات )
(၂) မုရ်စလားသ် ( مرسلات )
(၃) မောင်ကူဖားသ် ( موقوفات )
(၄) မက်သူအားသ် ( مقطوعات ) တို့ဖြစ်တယ်။

လေးခုသောကာလ ဆိုတာကတော့
(၁) ကလေးဘ၀မှာ
(၂) လူပျိုဖော်ဝင်စမှာ
(၃) အရွယ်ရောက်ပြီးမှာ
(၄) အိုမင်းရင့်ရော်ခြင်း မဖြစ်မီမှာ ... အရွယ်လေးမျိုးလုံးမှာ လေ့လာလိုက်စားရမယ်လို့ ဆိုလိုတာဖြစ်တယ်။

လေးမျိုးသော အနေအထားမှာ ဆိုတာကတော့
(၁) အလုပ်များတဲ့ကာလ
(၂) အားလပ်တဲ့ကာလ
(၃) ကျပ်တည်းတဲ့ကာလ
(၄) ချောင်လည်တဲ့ကာလ ... ဆိုလိုတာက အခြေအနေတိုင်းမှာ ဒီကိစ္စ(ဟဒီးစ်ပညာဆည်းပူးခြင်း)ကိုပဲ အာရုံပြုနေရမယ်။

လေးခုသောဒေသဆိုတာကတော့
(၁) တောင်ပေါ်ဒေသ ဖြစ်စေ
(၂) မြစ်ချောင်းမှာ ဖြစ်စေ
(၃) မြို့ပေါ်မှာ ဖြစ်စေ
(၄) တောနက်ထဲမှာ ဖြစ်စေ ... ဘယ်နေရာမျိုးမှာဖြစ်ဖြစ် ဟဒီးစ်ပညာရှင်ကို တွေ့မယ်ဆိုရင် ဆည်းပူးဖို့ ၀န်မလေးနဲ့လို့ ဆိုလိုတာပါ။

လေးခုသော အရာပေါ်မှာ ဆိုတာကတော့
(၁) ကျောက်သားပေါ်မှာ
(၂) သစ်ရွက်ပေါ်မှာ
(၃) သားရေပေါ်မှာ
(၄) အရိုးပေါ်မှာ ... ဆိုလိုတာက စာရွက်စက္ကူရှိမှရယ်လို့ မဟုတ်ဘူး။ ဟဒီးစ်တစ်ပုဒ်ကြားရပြီဆိုတာနဲ့ ဦးနှောက်ထဲက ထွက်မသွားအောင် ရတာတစ်ခုခုပေါ်မှာ ရေးမှတ်ဖို့ သတိပေးတာဖြစ်တယ်။

လေးဦးသောသူထံက ဆိုတာကတော့
(၁) မိမိထက် ကြီးသူထံက
(၂) မိမိထက် ငယ်သူထံက
(၃) မိမိနဲ့ ရွယ်တူထံက
(၄) မိမိဖခင်ရဲ့ လက်ရေးနဲ့ ရေးမှတ်ထားတဲ့ စာအုပ်တွေက ... ဘယ်သူ့ထံကပဲ ဆည်းပူးရသည်ဖြစ်စေ ရွယ်တူ ငယ်သူဆိုပြီးလည်း မနှောင့်နှေးရဘူး။

လေးခုသော ရည်ရွယ်ချက်ဆိုတာကတော့
(၁) အလ္လာဟ်အရှင် ကျေနပ်နှစ်မြို့ဖို့
(၂) ကျမ်းတော်မြတ်နဲ့ ကိုက်ညီတဲ့ပညတ်ချက်တွေကို ကျင့်ကြံအားထုတ်ဖို့
(၃) ဆည်းပူးရန် လိုလားသူတို့အား ထပ်ဆင့်ပို့ချဖို့
(၄) ရေးသားပြုစုပြီး လာမယ့်မျိုးဆက်သစ်တွေအတွက် ဟိဒါယသ်ရဲ့ မီးတိုင်တွေ ကျန်ရစ်ခဲ့ဖို့ ... ဖြစ်တယ်။

အထက်ပါရည်ရွယ်ချက်လေးခုကို ကိုယ်တိုင်အားထုတ်တဲ့ လေးချက်နဲ့ အထမြောက်နိုင်
(၁) ရေးသားခြင်းဖြင့်
(၂) အဘိဓာန်နားလည်ခြင်းဖြင့်
(၃) ဆွရ်ဖ်( صرف ) ပညာဖြင့်။
(၄) နဟ်ဝ် ( نحو ) ပညာဖြင့်။ ဒါမှသာ စကားလုံးရဲ့ ခိုင်မာမှုကို နားလည်လိမ့်မယ်။ ဒီအချက်အားလုံးဟာ အလ္လာဟ်အရှင်မြတ် သီးသန့်ချီးမြှင့်ထားတဲ့ အချက်လေးချက်အပေါ်မှာ တည်နေတယ်။ လူရဲ့ စွမ်းဆောင် ကြိုးပမ်းမှုနဲ့ မရနိုင်ဘူး။

အလ္လာဟ်ချီးမြှင့်ထားတဲ့ လေးချက်
(၁) ကျန်းမာသန်စွမ်းမှု
(၂) စွမ်းရည်ပြည့်ဝမှု
(၃) ပညာထက်မြတ်မှု
(၄) မှတ်ဥာဏ်ထက်မြတ်မှု။ ဒီအချက်လေးချက်ကို ရရှိပြီဆိုတာနဲ့ ဒီလူရဲ့အမြင်မှာ လေးခုသောအရာဟာ အရေးမပါ မပြောပလောက်တဲ့အရာ ဖြစ်သွားတယ်။

အရေးမပါတဲ့အရာတွေကတော့
(၁) ဇနီး
(၂) သားသမီး
(၃) ဥစ္စာပစ္စည်း
(၄) ဇာတိချက်ကြွေ မွေးရပ်မြေ

ရင်ဆိုင်ရမယ့် ဒုက္ခလေးမျိုးကတော့
(၁) မလိုမုန်းထားသူတွေရဲ့ လှောင်ပြောင်သရော်မှု
(၂) မိတ်ဆွေတွေရဲ့ ပြစ်တင်ဝေဖန်မှု
(၃) ပညာမဲ့တွေရဲ့ ရှုတ်ချမှု
(၄) ပညာရှင်တွေရဲ့ မနာလို ၀န်တိုမှု။ အဲဒီ စိတ်ဒုက္ခလေးမျိုးကို သည်းခံမျိုသိပ်နိုင်ရင် အလ္လာဟ်အရှင်မြတ်က ထိုသူ့ကို ဒွန်ယာ၊ အာခိရသ်မှာ လေးမျိုးသော နိအ်မသ်တို့ကို ချီးမြှင့်လိမ့်မယ်။

ဒွန်ယာမှာ ရမယ့်လေးမျိုးကတော့
(၁) ရောင့်ရဲတင်းတိမ်မှုနဲ့ ဂုဏ်သိက္ခာ
(၂) ပြည့်စုံတဲ့ ယုံကြည်မှုနဲ့ အရှိန်အ၀ါ
(၃) အစ္စလာမ့်အသိပညာတို့ရဲ့ အရသာ
(၄) တည်ငြိမ်တဲ့ ဘ၀သက်တမ်း

အာခိရသ်မှာ ရမယ့်လေးမျိုးကတော့
(၁) ကိုယ်အသနားခံပေးချင်သူကို ကြားဝင်အသနားခံပေးခွင့်။
(၂) အရိပ်မဲ့တဲ့နေ့ (ကိယာမသ်နေ့)မှာ အရ်ရှ်တော်ရဲ့ အရိပ်မှာ ခိုလှုံခွင့်။
(၃) ကိုယ်သောက်စေချင်သူကို ကောင်စရ်ကန်တော်ကနေ ရေတိုက်ခွင့်။
(၄) နဗီတမန်တော်တွေရဲ့ မြင့်မားတဲ့အဆင့်အတန်းနဲ့ နီးကပ်ခွင့် တို့ဖြစ်တယ်။
ဒီတော့ ချစ်သား ငါ့အနေနဲ့ ဆရာ့ဆရာကြီးတွေဆီက ကြားသိခဲ့ရသမျှကို အတိုချုံပြီး အကုန်လုံး မင်းကိုပြောပြခဲ့ပြီးပြီ။ အဲဒီအချက်တွေကို ချင့်ချိန်ပြီး ဟဒီးစ်ပညာရပ်ကို လိုက်စားသင့်၊ မသင့် ဆုံးဖြတ်ပေတော့။

ဖော်ပြပါအချက်များသည် ဟဒီးစ်ပညာရှင်ဖြစ်လိုသူတို့အတွက် အိမာမ်ဗုခါရီစုစည်းထားသော နည်းဥပဒေများ ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် အိမာမ်ဗုခါရီ၏ ယင်းသြ၀ါဒများမှ သင်ခန်းစာ ယူသင့်သည်။ ယင်းစည်းကမ်းချက်များ လွတ်ထွက်မသွားရအောင် လက်ဖြင့်မဟုတ် ပါးစပ်နှင့်ပင် ကိုက်ထားသင့်ပါသည်။

[မော်လာနာရဖီးက်(အဇီဇီ) မြန်မာဘာသာဖြင့် ရေးသားထားသော အိမာမ်ကြီးလေးပါး ဘာကြောင့်ကွဲလွဲခဲ့ကြရတာလဲစာအုပ် စာ ၇၄ မှ ၈၀ပါ အကြောင်းအရာကို အလ်မုဖီးဒ်မှ ကူးယူးဖော်ပြသည်။]

ဤသည်မှာ ပညာရှင်ကြီးများ ပညာကိုတစ်ခုကို ဆည်းပူးရန် အဘယ်မျှ အနစ်နာခံရသည်ဟူသည်တို့၏ အမြည်းမျှပင်ဖြစ်ပါသည်။ ဟဒီးစ်တစ်ခု ဆင့်ပြန်ခွင့်ရရန် ထိုထက်ပိုသည့် ဥပဒေများဖြင့် တင်းကျပ်စွာ ထိန်းသိမ်းထားသည်။ ယနေ့အခါသမယတွင် ပညာရှင်တို့အား ရက်စက် ပက်စက်စွာ ဝေဖန်နေခြင်းများကို ရင်နင့်စွာ တွေ့မြင်နေရသည်။ မှားသည် မှန်သည်။ ဝေဖန်လေကန် ပြစ်တင်ပြောဆိုကြသည်။ ယင်း၏ ပထမဦးဆုံးရလဒ်မှာ ပြောဆိုသူကိုယ်တိုင် ပြစ်မှုရေးမှတ်ခံရခြင်းပင် ဖြစ်ပါသည်။ ပြစ်တင်ရန် လွယ်ပါသည်။ အပြစ်တင်ခံရသူတစ်ဦးဖြစ်ရန် မလွယ်ပါ။ အပြစ်တင်ခံရမည်ကို သိသိကြီးနှင့် ကောင်းစားပါစေတော့ဟူသည့် မေတ္တာတရားကို ဖော်ပြရန်လည်း မလွယ်သလို ယင်းမေတ္တာကို ရင်တွင်းဝယ်မျိုသိပ်၍ မကောင်းပြောခံရသည့် စိတ်ခံစားချက်သည်လည်း ခံစားရလွယ်ကူသည်မဟုတ်ပါ။ အကယ်၍များ ကျွန်ုပ်တို့ပြစ်တင်ဝေဖန်နေသူသည် အလ္လာဟ့်ရှေ့တွင် သောင်ဗဟ်လုပ်လိုက်ပြီး အလ္လာဟ်အရှင်က ယင်းသောင်ဗဟ်ကို လက်ခံလိုက်လျှင် ကျွန်ုပ်တို့၏ ပြစ်တင်မှုတို့သည် မကောင်းပြောခြင်းအပြင် စွပ်စွဲပုတ်ခတ်မှု၊ အတင်းပြောခြင်းဟူသည် ပြစ်မှုများကိုပါ ထပ်ခံရပါမည်။ ထို့ကြောင့် တန်ဖိုးရှိသည့် ပညာကို ဆည်းပူးထားသူအား ပညာကိုအကြောင်းခံ၍ လေးစားတန်ဖိုးထားလိုက်မည်ဆိုပါက ကျွန်ုပ်တို့အတွက် ပြစ်မှုများစွာ ကျခံရခြင်းမှ လွတ်ကင်းသွားပါလိမ့်မည်။

“အိမာမ်ကြီးလေးပါး ဘာကြောင့်ကွဲလွဲခဲ့ကြရတာလဲ”အမည်ရှိစာအုပ်နှင့် ဆက်လက်မိတ်ဆက်ပေးလိုပါသည်။ ထိုစာအုပ်ကို လေ့လာခြင်းဖြင့် ကျွန်ုပ်တို့ သက်လီးဒ်လုပ်နေခြင်းသည် မည်မျှ တန်ဖိုးရှိကြောင်း သိရှိလာမည်။ ထို့ပြင် မိမိတို့ သက်လီးဒ် ဘာ့ကြောင့် လုပ်ရသလဲနှင့် မဇ်ဟဗ်လေးခုဖြစ်ရခြင်းတို့သည် မည်သည့်အတွက်ကြောင့်ဟူသည်ကို သေချာစွာ သိသွားပေမည်။ ပညာရပ်ပိုင်းဆိုင်ရာကို ဖော်ပြထားခြင်းဖြစ်သော်လည်း မည်သူမဆို သေချာစွာ ဖတ်ရှုမည်ဆိုပါက နားလည်သဘောပေါက်နိုင်ပါသည်။ ထို့ပြင် ယနေ့အခါသမယရှိ သက်လီးဒ်လုပ်ရန် မလိုအပ်ဟု ဆိုကာ ဟဒီးစ်ကျမ်းများကိုသာ အထူးပြု၍ ကိုယ်တိုင်ကျင့်သုံးပါဟုဆိုနေသူတို့၏ သွေးထိုးစကားများသည် အဘယ်မျှ မှားယွင်းနေကြောင်းနှင့် မဇ်ဟဗ်၏ အိမာမ်များနှင့် ဟဒီးစ်၏ အိမာမ်များအကြား ခုနှစ်သက္ကရာဇ် မည်မျှကွာခြားသည်ကို ကွက်ကွင်းရှင်းလင်းစွာ ဖော်ပြထားသဖြင့် နားယောင်အောင် ဖြားယောင်နေသူတို့၏ ရန်မှလည်း လွတ်ကင်းနိုင်ပါသည်။ ယင်းစာအုပ်ကို ဖတ်ရှုလိုပါက အောက်ပါလင့်သို့ ၀င်ရောက်၍ ဒေါင်းလုတ် ရယူနိုင်ပါသည်။

http://myanmarfreeislamicbooks.blogspot.sg/2014/03/blog-post_7728.html

Monday, May 23, 2016

ရိုဇဟ်မထားသူဖြင့် ရိုဇဟ်ထားသူက မဂ်ဖိရသ်ရခြင်း



ဟဇရသ်အွမ်မေ့အုမရဟ်သခင်မထံမှ ဆင့်ပြန်ချက်လာရှိသည်။ သခင်မက အကြောင်းတစ်ရပ်ကို ပြောပြခဲ့သည်မှာ တစ်ခါက တမန်တော်မြတ်သည် ကျွန်မထံသို့ အလည်အပတ် ကြွမြန်းလာခဲ့သည်။ ထို့ကြောင့် ကျွန်မက စားသောက်ဖွယ်ရာတို့ဖြင့် ဧည့်ခံ၏။ တမန်တော်က အသင်မလည်း လာစားလှည့်ပါဟု ဖိတ်ခေါ်လေသည်။ ထိုအခါ ကျွန်မက အို တမန်တော် ကျွန်မ ရိုဇဟ်စောင့်ထိန်းထားပါသည်ဟု လျှောက်ထားသည်။ ထိုအခါ တမန်တော်မြတ်က ရိုဇဟ်စောင့်ထိန်းသူအနီး စားသောက်ပါက ကောင်းကင်တမန်တို့သည် စားသောက်သူ ပြီးသည်အထိ ရိုဇဟ်ထားသူအတွက် မဂ်ဖိရသ်ရရန် ဆုတောင်းပေးနေကြ၏ ဟု မိန့်တော်မူပေသည်။ အထက်ပါဟဒီးစ်ကို အဟ်မဒ်ကျမ်း၊ သိရ်မီဇီကျမ်းတို့တွင် ဆင့်ပြန်ထားပြီး မိရှ်ကားသ်တွင်လည်း ဖော်ပြထားပါသည်။

ဤဟဒီးစ်ကို ဖော်ပြရခြင်း၏ ရည်ရွယ်ချက်မှာ ရိုဇဟ်စောင့်ထိန်းထားသူ တစ်ဦးဦးရှေ့တွင် နောက်တစ်ယောက်က စားသောက်ပါက မကောင်းဖြစ်သည်။ အားနားစရာ၊ သို့မဟုတ် မားအ့်ဖ်ပြုပါ စသည့်ခံယူချက်အချို့ မွတ်စ်လင်မ်အများစုအတွင်း ရှိကြပါသည်။ အမှန်ရှိသည်မှာ ထိုသို့မဟုတ်ပါ။ ရိုဇဟ်ထားသူအနီး မထားသူက စားသောက်ဖြစ်ပါက ယင်းစားသောက်နေသူ၏ အကြောင်းခံဖြင့် ကောင်းကင်တမန်တို့၏ မဂ်ဖိရသ် လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားပေးခြင်းကို အနီးရှိ ရိုဇဟ်စောင့်ထိန်းသူက ရရှိပေသည်။ ထို့ကြောင့် ရှိရင်းစွဲခံယူချက်မှ ရှရီအသ်၏ သင်ပြမှုသို့ ပြောင်းလဲခံယူနိုင်ရန် ရည်ရွယ်ပါသည်။

ဤသို့ စားသောက်နေသူကြောင့် တစ်ဖက်က ရိုဇဟ်ထားသူ မဂ်ဖိရသ်ရသည်ဟု ဆိုလိုက်ခြင်းဖြင့် တမင်သကာ လိုက်လံစားပြနေခြင်း၊ ရိုဇဟ်ထားသူများအား အစားအသောက်ပုံများဖြင့် ပွဲခံခြင်းများ ပြုခိုင်းခြင်း မဟုတ်ပါ။ ထို့အတူ ရမဿွာန်လမြတ်တွင် လူတကာရှေ့ ပေါ်ပေါ်တင်တင် ရမဿွာန်လမြတ်ကို ဂရုမစိုက်သည့်ပုံဖြင့် စားသောက်ခိုင်းသည်လည်း မဟုတ်ပါ။ အခြေအနေအရ ရိုဇဟ်ထားသူရှေ့တွင် စားသောက်ဖြစ်ပါက အားနားစရာမဟုတ်ကြောင်း ယင်းသို့စားသောက်ဖြစ်သွားခြင်းဖြင့် ရိုဇဟ်ထားသူအတွက် ကောင်းကင်တမန်တို့၏ မဂ်ဖိရသ်ပါ ရရှိကြောင်း သိရှိနိုင်ရန် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် အခြေအနေအရ ရိုဇဟ်ထားသူနှင့် မထားသူတို့ တွေ့ဆုံဖြစ်ပြီး စားသောက်ကြပါကလည်း မည်သို့မှ အားနားစရာမရှိဘဲ ရိုဇဟ်ထားသူကလည်း အနားတွင်ရှိနေကာ မဂ်ဖိရသ်ကို ရယူနိုင်ပါကြောင်း အသိတစ်ခု လက်ဆောင်ပါးလိုက်ပါသည်။

Monday, November 30, 2015

အစ္စလာမ်လအမည်များနှင့် အလိုသဘောများ


မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။

အစ္စလာမ်၏ ဟိဂျရီခုနှစ်တွင် ဆယ့်နှစ်လရာသီရှိပေသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မမွေးဖွားမီကတည်းက အရဗ်တို့သည် ယင်းလများကို သတ်မှတ်သုံးစွဲလျက်ရှိပေသည်။ သို့ရာတွင် ယခုကဲ့သို့ မဟုတ်ပေ။ လ၏ အဝင်အထွက်ကို အခြေခံ၍ သတ်မှတ်ခြင်းကြောင့် လများသည် ရာသီဥတုတစ်မျိုးတည်း၌သာ အတည်တကျမရှိပေ။ ဥပမာ ရမဇာန်လကို တစ်နှစ်တွင် ဆောင်းရာသီ၌ ကြုံရလျှင် နောင်တစ်နှစ်တွင် နွေရာသီဖြစ်နေပေမည်။ နောင်တစ်နှစ်တွင် မိုးရာသီ၊ ပွင့်လင်းရာသီ၊ ဆောင်းရာသီ ထိုပုံစံဖြင့် လှည့်ပတ်သွားနေပေသည်။ အရဗ်တို့သည် လကိုအခြေခံသည့် ခုနှစ်ကို သုံးစွဲသောကြောင့် ကုန်ရောင်းကုန်ဝယ်ပြုရာတွင် အနည်းငယ် အခက်အခဲဖြစ်ကြရသည်။ ထိုသို့အခက်အခဲဖြစ်ခြင်းကို မကြုံလိုသဖြင့် ရှေးအရဗ်တို့က နှစ်တစ်နှစ်တွင် ဆယ့်နှစ်လရှိသော်လည်း ရာသီဥတုနှင့် လသည် အမြဲအတည်ရှိစေရန် လထပ်တိုးခြင်းကို ပြုလုပ်လေ့ရှိကြသည်။ ထို့ကြောင့် ဆယ်သုံးလဖြစ်သည့်နှစ်များလည်း ရှိသွားသည်။ ထို့အတူ ဟဂ်ျပြုခြင်းကိုလည်း အစဉ်ပြေသည့်လ၌ ပြုလေ့ရှိကြပေသည်။

အရဗ်တို့သည် စစ်ရေးပရိယာယ်တွင် သူမတူအောင် ထူးခြားသူများပီပီ စစ်တိုက်ခြင်းကိုလည်း ခုံမင်နှစ်သက်ကြသည်။ ထို့အတူ နောက်ထပ်ထူးခြားချက်တစ်ခုမှာ အရဗီလများတွင် လုံးဝစစ်တိုက်ခွင့်မရှိသည့်လများလည်း သတ်မှတ်ထားပေသည်။ ထိုသို့သောလတွင် ၎င်းအရဗ်တို့ အဘယ်မျှရှောင်ကြဉ်သနည်းဆိုသော် ဖခင်အား သတ်ထားသူကို မျက်နှာချင်းဆိုင်တွေ့လျှင်လည်း ပုံမှန်အတိုင်းပင် ဆက်ဆံပေသည်။ စစ်တိုက်ခွင့်မရှိသည့်လတို့သည် လေးလရှိပြီး သုံးလမှာဆက်တိုက်လာ၍ နောက်တစ်လမှာ သီးခြားဖြစ်ပေသည်။ တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ထံသို့ အစ္စလာမ့်အမိန့်ဥပဒေများ မကျရောက်မီအထိ အရဗ်တို့သည် မိမိတို့ဓလေ့အတိုင်းပင် ခုနှစ်များ လများကို သတ်မှတ်သုံးစွဲကြပေသည်။

တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ထံသို့ ရှရီအသ်ကျပြီးနောက်တွင် ဤသို့ လများတိုးခြင်းနှင့် ဟဂ်ျကို အစဉ်ပြေသည့်လ၌ ပြုခြင်းတို့ကို တားမြစ်လိုက်ပေသည်။ ထိုသို့ပြုခြင်းတို့သည် အစ္စလာမ်နှင့်ကိုက်ညီမှု မရှိတော့ပေ။ တစ်နှစ်တွင် ဆယ့်နှစ်လသာရှိပြီး ဟဂ်ျကိုလည်း သီးသန့်ဇိလ်ဟဂ်ျလ၌သာ ပြုခွင့်ရှိမည်၊ ဟဂ်ျ၏လသည် ဇိလ်ဟဂ်ျလ ကာလသာ ဖြစ်သည်ဟု အလ္လာဟ်အရှင်မြတ်က ဝဟီဖြင့် သတ်မှတ်ပြဌာန်းပေးလိုက်သည်။ ယခင်က ထူးမြတ်သည်ဟု သတ်မှတ်ထားသည့် လေးလကိုမူ ထိုအတိုင်းပင်ထားရှိပြီး စစ်တိုက်ခြင်းသည်လည်း ထိုကာလများ၌ ဟရာမ်ဖြစ်ပေသည်။ ၎င်းလေးလကို အရဗီဘာသာဖြင့် အရှ်ဟိုရေဟိုရွမ် မြင့်မြတ်သည့်လများဟု ခေါ်ဆိုသည်။ အစ္စလာမ်၏ ခုနှစ်ကို ဟီဂျရီဖြင့် သတ်မှတ်လိုက်ပေသည်။ ယခင်က အရဗ်တို့သည် မက္ကဟ်မြို့သို့ ဆင်တပ်ချီတက်လာသည့်နှစ်ကို အစွဲပြု၍ ဆင်နှစ်ကို သုံးစွဲကြပေသည်။ နဗူဝသ်စတင်သည့် ကာလကို အစွဲပြု၍ နဗဝီခုနှစ်ကိုလည်း မုစ်လင်တို့ သုံးစွဲခဲ့ကြသည်။ ဟစ်ဂျရသ်ပြုပြီးနောက်တွင် ဟစ်ဂျရီကို သတ်မှတ်သုံးစွဲပေသည်။

အစ္စလာမ်၏ တချို့သောကျင့်စဉ်တို့၏ ရက်စွဲသတ်မှတ်မှုများသည် လနှစ်ကိုအခြေခံမှသာ မှန်ကန်မည်ဟု ပြဌာန်းထားသည်များ ရှိ၏။ ဥပမာ ဇကားသ်ပေးဆောင်ရာတွင် တစ်နှစ်ပတ်လည်၏ သတ်မှတ်မှုကို လနှစ်ကိုအခြေခံ၍ ပြုလုပ်ရပေမည်။ ထို့အတူ ရမဇာန်လသတ်မှတ်မှု၊ ဟဂ်ျကာလသတ်မှတ်မှု၊ အီဒွလ်အဿွ်ဟာသတ်မှတ်မှုတို့သည် လနှစ်ကိုသာအခြေခံထားပေသည်။ ဤသို့လနှစ်ကို အခြေခံဖြင့် တမန်တော်မြတ်၏ စွန္နသ်၊ စွဟာဗာများ၊ သာဗေအီးန်တို့၏ လမ်းစဉ်ကို လိုက်နာရာရောက်ပေသည်။ အရဗီလနှစ်ကို သတ်မှတ်ရာတွင် လတစ်လစီတွင် ရက်မည်မျှပါရှိမည်ဟု ပုံသေတွက်၍ သတ်မှတ်ခြင်းမရှိပေ။ နေထိုင်ရာဒေသ၏ လ အဝင်အထွက်ကို ကြည့်ရှုပြီး လတစ်လ၏ အစပြုရာရက်ကို သတ်မှတ်ပေသည်။ ဆယ့်နှစ်လလုံးအတွက် လစဉ် လကြည့်ရပေသည်။အရဗီလနှစ်တွင် အများဆုံးရက်မှာ ၃ဝအထိဖြစ်ပြီး ၂၉ရက် ဖြစ်သည်လည်း ရှိပေသည်။

အရဗီလများကို အမည်မှည့်ခေါ်ရာတွင်လည်း အကြောင်းခံများ တစ်ခုစီရှိပေသည်။ ထူးခြားမှုမှာ နတ်ဘုရားများ၊ လူပုဂ္ဂိုလ်များကို အခြေခံ၍ အမည်မှည့်ခြင်း မဟုတ်ပေ။ လုပ်ရပ်၊ ရာသီဥတုနှင့် ထူးမြတ်မှုတို့ကို အခြေခံကာ အမည်မှည့်ခေါ်ထားခြင်းဖြစ်ပေသည်။ လတစ်လချင်းစီတွင်ရှိသော အကြောင်းခံများကို ရေးသားဖော်ပြပါမည်။ မုစ်လင်မ်တိုင်း အစ္စလာမ်၏ ဆယ့်နှစ်လကို အလွတ်ရထားသင့်ပေသည်။ ထိုသို့ ရထားသင့်သည့် အကြောင်းခံ တစ်ခုမှာ အစ္စလာမ်ဘာသာရေးတွင်သုံးစွဲသည့် လများဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်ကျရောက်သည့် အချိန်ကာလကို ရေတွက်သတ်မှတ်ရာတွင် သုံးစွဲထားသည့် လများ ဖြစ်သည်။ နောက်တစ်ခုမှာ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်မှစ၍ ခေတ်အဆက်ဆက်ပညာရှင်ကြီးများ သူမွန်သူမြတ်များ သုံးစွဲသည့် လများလည်း ဖြစ်ပေသည်။ အစ္စလာမ်၏ ကျင့်ဆောက်တည်မှုများ၊ အစ္စလာမ့်၏သမိုင်းဖြစ်ရပ်များနှင့် အထူးဆက်စပ်မှုရှိသည့် အရဗီဆယ်နှစ်လကို မုစ်လင်မ်တိုင်း အလွတ်ကျက်မှတ်ကြမည်ဟု မျှော်လင့်ပါသည်။ ကလေးသူငယ်များနှင့် တခြားမိတ်ဆွေများကိုလည်း ပြန်သင်ပေးပါက ကုသိုလ်နှစ်ဆပင် ရပေဦးမည်။

အရဗီဆယ့်နှစ်လမှာ ... (၁) မုဟရ်ရမ်၊ (၂) ဆွဖရ်၊ (၃) ရဗီအုလ်အောက်ဝလ်၊ (၄) ရဗီအုစ်စာနီ၊ (၅) ဂျုမာဒလ်အူလာ၊ (၆) ဂျုမာဒလ်အုခ်ခရာ၊ (၇) ရဂျဗ်၊ (၈) ရှအ်ဗာန်၊ (၉) ရမဿွာန်၊ (၁ဝ) ရှောက်ဝါလ်၊ (၁၁) ဇီကအ်ဒဟ်၊ (၁၂) ဇိလ်ဟိဂ်ျဂျဟ် ... တို့ဖြစ်သည်။ ဤသည်တို့မှာ လအမည်များဖြစ်ပြီး ၎င်းတို့ကို ဂုဏ်ပုဒ်များဖြင့် တွဲစပ်၍ ပြောဆိုလေ့ရှိပေသည်။ အရဗီအသံထွက် အတိအကျနှင့် အရဗီစာလုံးပေါင်းပုံကိုပါ သိရှိနိုင်ရန် ပုံနှင့်တကွ ဖော်ပြပေးထားပါသည်။

(၁)။ မုဟရ်ရမွလ်ဟရာမ်
အစ္စလာမ့်တစ်နှစ်တာကာလ၏ ပထမဦးဆုံးလ ဖြစ်သည်။ တစ်နည်း နှစ်ဆန်းလ ဖြစ်၏။ မုဟရ်ရမ်၏ အဓိပ္ပါယ်မှာ ကျက်သရေမင်္ဂလာနှင့် ပြည့်စုံခြင်း၊ မြင့်မြတ်ခြင်းဟု ဖြစ်ပေသည်။ ဤလအမည်တွင်ပါဝင်သော ဟရာမ်ဟူသည့်စကားလုံးသည် အများသူငှာသိသော တားမြစ်သည့် ဟရာမ်၏ အဓိပ္ပါယ်မဟုတ်ပေ။ ဤဟရာမ်သည် ဂုဏ်ပေးလေးစားခြင်းဟူသည့် အဓိပ္ပါယ်ရပေသည်။ နှစ်ခုပေါင်း၍ မြင်သာအောင် ပြန်ဆိုရသော် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံ၍ ဂုဏ်ပေးလေးစားရမည့်လဟု ဖြစ်ပေသည်။ ဟရာမ်ပါသည်နှင့် ပျော်ရွှင်ခြင်း၊ ထိမ်းမြားမင်္ဂလာပြုခြင်းစသည်တို့ကို ဤလတွင် မလုပ်ပိုင်ဟု မှတ်ယူကြသည်။ ဤသည်မှာ အစ္စလာမ်တွင်မရှိသည့် မှတ်ယူခြင်းပင်ဖြစ်သည်။ ဤလတွင် တခြားသောလများကဲ့သို့ ပျော်ရွှင်ခြင်း၊ ထိမ်းမြားခြင်းများ ပြုပိုင်ပေသည်။ သို့သာမက အစ္စလာမ့်၏ လများတွင် ထိမ်းမြားခြင်းမပြုပိုင်သည့်လဟူ၍ မရှိပေ။ ထို့အတူ မကောင်းခြင်းများ ဆောင်ယူသည့်လ၊ နမိတ်မကောင်းသည့်လဟူ၍လည်း လုံးဝမရှိပေ။ ထို့အတူ ဝမ်းနည်းကြေကွဲနေရမည့်လဟူ၍လည်း လုံးဝမရှိပါ။ ဤသည်ကို မုစ်လင်မ်တို့ ကောင်းစွာမှတ်သားထားရပါမည်။ မုဟရ်ရမ်လသည် အရှ်ဟိုရေဟိုရွမ် မြင့်မြတ်သည့်လ လေးလအနက်မှ တစ်နှစ်တာအရတွက်လျှင် ပထမဦးဆုံးကျရောက်သောလဖြစ်သလို အရှ်ဟိုရေဟိုရွမ်အရ ရေတွက်လျှင် စတုတ္ထမြောက်ကျရောက်သောလဟူ၍လည်း မှတ်ယူနိုင်ပေသည်။

(၂)။ ဆွဖရွလ်မုဇွဖ်ဖရ်
ဆွဖရ်သည် အစ္စလာမ့်နှစ်၏ ဒုတိယမြောက်လဖြစ်ပေသည်။ ၎င်း၏ဆိုလိုရင်းကို ဖော်ပြရသော် .... ဆွဖရ်သည် သုညကို ခေါ်ဆိုသည်။ ဘာမျှမရှိခြင်းဟူသည့် သဘောဖြစ်သည်။ ဤသို့ မုဟရ်ရမ်ပြီးနောက် ရောက်ရှိသောလကို သုညသဘောသက်ရောက်သည့် ဆွဖရ်ဟု မှည့်ခေါ်ရခြင်းမှာ ၎င်းလတွင် အရဗ်တို့သည် လေးလတိုင်တိုင်ရပ်နားထားသော စစ်တိုက်သည့်အမှုကိုပြုရန် အိမ်များမှ ထွက်ခွာကြပေသည်။ အိမ်များတွင် လူမရှိခြင်းကို အမှီပြု၍ ဆွဖရ်ဟု မှည့်ခေါ်ခြင်းဖြစ်ပေသည်။ ဆွဖရ်နှင့်အတူ မုဇွဖ်ဖရ်ဟူသည့် ဂုဏ်ပုဒ်ကို တွဲစပ်ခေါ်ကြသည်။ မုဇွဖ်ဖရ်၏ အဓိပ္ပါယ်မှာ အောင်မြင်ခြင်း၊ ရည်ရွယ်ချက်ပြည့်ဝခြင်းဟု ဖြစ်ပေသည်။ အစ္စလာမ်မထွန်းကားမီကာလက ဆွဖရ်လကို နမိတ်မကောင်းသည့်လဟု မှတ်ယူထားကြသည်။ ယနေ့အထိလည်း ဤအစွဲများရှိနေကြ၏။ ဆွဖရ်လတွင် မကောင်းခြင်းပေါင်းစုံကို ကောင်းကင်မှ ချသည်ဟု မှတ်ထားကြသည်။ မကောင်းခြင်းများကျသောကြောင့် ထိုလ၌ အိမ်ထောင်ပြုလျှင် ကွဲတတ်သည်။ ပျော်ရွှင်ဖွယ်ရာများ မပြုရ၊ မင်္ဂလာဆောင်လျှင် အခန်းမအပ်ရဟု အဓိပ္ပါယ်မဲ့အစွဲများ ထားကြပေသည်။ ထိုအစွဲများနှင့် မကောင်းသည့် ယူဆချက်အားလုံးသည် အစ္စလာမ်တွင်မရှိသလို မုစ်လင်မ်အဖို့ ထိုသို့ ပေါက်ကရအတွေးအခေါ်များ၊ နမိတ်မကောင်းသည့် မှတ်ယူမှုများ လုံးဝမပြုလုပ်ရပေ။ အမိုက်ခေတ်က ထိုသို့မကောင်းခြင်းများကျသည်ဟူသည့် အစွဲကို ပြောင်းရန်အတွက် အောင်မြင်ခြင်း၊ ပြည့်ဝခြင်းဟု လှပကောင်းမွန်သော အဓိပ္ပါယ်ရသည့် မုဇွဖ်ဖရ် စာလုံးဖြင့် တွဲစပ်ပြောင်းလဲကာ ခေါ်ဝေါ်ခြင်း ဖြစ်ပေသည်။

(၃)။ ရဗီအွလ်အောက်ဝလ်
အစ္စလာမ့်နှစ်၏ တတိယမြောက်လ ဖြစ်သည်။ ရဗီအ်၏ အဓိပ္ပါယ်မှာ စိမ်းလန်းခြင်း၊ စိုပြေခြင်း၊ လန်းဆန်းနေခြင်းဖြစ်၏။ အောက်ဝလ်သည် ပထမအကြိမ်မြောက်ကို ဆိုလိုသည်။ စိမ်းစိုလန်းဆန်းနေသည့် ပထမလဟု ဖြစ်ပေသည်။ ဆောင်းဦးစ၏ ပထမအစပြုရာကာလတွင် ကျရောက်သောကြောင့် ရဗီအွလ်အောက်ဝလ်အမည်ဖြင့် ကျော်ကြားရခြင်းဖြစ်သည်။

(၄)။ ရဗီအွတ်စာနီ
အစ္စလာမ့်နှစ်၏ စတုတ္ထမြောက်လဖြစ်သည်။ ရဗီအွလ်အာခရ်ဟု အသုံးများကြသည်။ ဒုတိယကို အာခိရ်ဟုသုံးသော်လည်း ဤလတွင် အာခရ် ဇဗရ်ဖြင့်သုံးခြင်းမှာ ၎င်း၏ထူးခြားချက်တစ်ခု ဖြစ်ပေသည်။ စာနီနှင့် အာခိရ် နှစ်ခုလုံး၏ အဓိပ္ပါယ်မှာ ဒုတိယဟူ၍ဖြစ်သည်။ စိမ်းလန်းစိုပြေသော ဒုတိယလဟူ၍ ဖြစ်ပါသည်။ ဤသည်မှာ အရဗ်တို့သတ်မှတ်မှု၏ အဓိပ္ပါယ်ဖြစ်သည်။ အစ္စလာမ့်သမိုင်းအရ ပထမရဗီအ်ပြီးနောက် ဒုတိယကျရောက်သောလကိုလည်း ရဗီအ်ဟု ထားရခြင်းမှာ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ထံသို့ ပထမဦးဆုံးအကြိမ် ဝဟီကျခြင်းသည် ရဗီအွလ်အောက်ဝလ်လတွင် ဖြစ်ခဲ့သည်။ စူရာအိက်ရာအ်၏ အစပထမအာယသ်တို့ ကျရောက်ခဲ့သည်။ ထိုစဉ်က ဝဟီ၏ အရှိန်အဝါ၊ ဝဟီ၏လေးလံမှုကို စတင်တွေ့ကြုံခံစားရခြင်းတို့ကြောင့် တမန်တော်မြတ်၏ စိတ်တွင်းဝယ် အနည်းငယ်ထိတ်လန့်မှုဖြစ်ပေါ်ခဲ့ပေသည်။ ပထမဦးဆုံးအကြိမ် ဝဟီကျရောက်ပြီးနောက် အချိန်အနည်းငယ်အထိ ဝဟီကျရောက်ခြင်းမရှိတော့ပေ။ တမန်တော်မြတ်၏ စိတ်ခံစားချက် တည်ငြိမ်သည်အထိ အလ္လာဟ်အရှင်မြတ်က ဝဟီချပေးခြင်းကို ရပ်တန့်ထားပေသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်အနေဖြင့် နဗူဝသ်၏ တာဝန်များ၊ အရေးကြီးမှုများကို ထမ်းဆောင်ရန်နှင့် ဝဟီအတွက် စိတ်တည်ငြိမ်မှုဖြစ်သွားသည့်အခါ ဒုတိယအကြိမ် ဝဟီကျရောက်ခဲ့သည်။ စူရာကလမ်၏ အစပထမအာယသ်တို့ကျရောက်ခဲ့သည်။ သဗ်လီးဂ်ပြုရန် အမိန့်ကျခဲ့သည်။ ထိုသို့ ဝဟီကျရောက်ခြင်းသည် ဒုတိယအကြိမ်ပြန်လည် ဖူးပွင့်ရောက်ရှိလာခြင်းကို အကြောင်းပြု၍ ရဗီအွလ်အာခရ် ဒုတိယအကြိမ် ဝဟီ၏ စိမ်းလန်းဖူးပွင့်သည့်လဟု သတ်မှတ်လိုက်ခြင်း ဖြစ်ပေသည်။

(၅)။ ဂျုမာဒလ်အူလာ
အစ္စလာမ့်နှစ်၏ ပဉ္စမမြောက် (ငါးလမြောက်) လဖြစ်ပေသည်။ ဂျုမာဒ်၏ အဘိဓာန်အဓိပ္ပါယ်မှာ ရပ်ခြင်း၊ ခဲခြင်းဟု ဖြစ်ပေသည်။ သမိုင်းပညာရှင်တို့က ဤလတွင် ရေခဲလောက်အောင် အအေးဓာတ်ပြင်းထန်မှုဖြစ်ပေါ်ခြင်းကြောင့် အရဗ်တို့က ပထမအေးခဲသည့်လဟု အဓိပ္ပါယ်ရသည့် ဂျုမာဒလ်အူလာအမည်ကို မှည့်ခေါ်ခြင်းဖြစ်မည်ဟု ကောက်ချက်ပေးထားကြသည်။ အစ္စလာမ်သမိုင်းအရ ဂျုမာဒလ်အူလာ၏ အလိုသဘောမှာ ထိုလမှစတင်၍ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်အပေါ် ဝဟီကျရောက်ခြင်း ကာလအနည်းငယ်အထိ ဆိုင်းငံ့ ရပ်တန့်သွားသည်။ ထိုသို့ ဝဟီဆိုင်းငံ့သွားခြင်းကို အကြောင်းခံ၍ ပထမဆိုင်းငံ့ရပ်တန့်သည့်လ ဂျုမာဒလ်အူလာဟု မှည့်ခေါ်ခြင်းဖြစ်ပေသည်။

(၆)။ ဂျုမာဒလ်အွခ်ခရာ
အစ္စလာမ့်နှစ်၏ ဆဌမမြောက် (ခြောက်လမြောက်) လဖြစ်ပေသည်။ အေးခဲသည့် ဒုတိယလဟု အဓိပ္ပါယ်ရသည်။ အစ္စလာမ်သမိုင်းအရ ဝဟီ၏ရပ်တန့်မှုသည် ဆက်လက်ရှိနေသဖြင့် ဒုတိယဆိုင်းငံ့ရပ်တန့်သည့်လဟူ၍ အဓိပ္ပါယ်ကောက်ယူပေသည်။

(၇)။ ရဂျဗွလ်မုရပ်ဂျဗ်
အစ္စလာမ့်နှစ်၏ သတ္တမမြောက် (ခုနှစ်လမြောက်) လဖြစ်ပေသည်။ အဓိပ္ပါယ်မှာ မြင့်မြတ်ထူးကဲသည့်လဟူ၍ ဖြစ်သည်။ ရဂျဗ်လသည် အရှ်ဟိုရေဟိုရွမ် မြင့်မြတ်သည့်လ လေးလအနက်မှ ပထမဦးဆုံးကျရောက်သည့်လဖြစ်ပေသည်။ ထို့ကြောင့် စစ်တိုက်ခြင်းကို ဤရဂျဗ်လတွင် ရပ်တန့်ထားပေသည်။ ရဂျဗ်သည် အလ္လာဟ်အရှင်မြတ်၏လလည်း ဖြစ်သည်။ တောင်းဆုများကို အထူးလက်ခံသည့် လတစ်လဖြစ်သည်။

(၈)။ ရှအ်ဗာနုလ်မုအဇ်ဇွမ်
အစ္စလာမ့်နှစ်၏ အဌမမြောက် (ရှစ်လမြောက်) လဖြစ်ပေသည်။ ရှအ်ဗာန်ဟူသည် စုပေါင်းခြင်း၊ ပေါင်းစည်းခြင်းနှင့် သီးခြားစီပြုခြင်းဟူသည့် ဆန့်ကျင်ဘက်အဓိပ္ပါယ်နှစ်မျိုးလုံး ရရှိသည်။ အရဗ်တို့က မျိုးနွယ်စုများ ကွဲသွားခြင်းနှင့် တစ်ခုနှင့်တစ်ခု ပေါင်းစည်းကြခြင်းကို အကြောင်းခံ၍ ဤလကို ရှအ်ဗာန်အမည်ဖြင့် မှည့်ခေါ်ခြင်းဖြစ်သည်။ အစ္စလာမ့်ရှရီအသ်အရ ဤလကို ရှအ်ဗာန်ဟု မှည့်ခေါ်ရခြင်းမှာ ဤလ၌ပင် လာမည့် တစ်နှစ်ပတ်လုံးအတွက် အဖန်ဆင်းခံများ၏ မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် ရိုဇီ စသည်များကို ခွဲတမ်းချ၍ ဖရိရှ်သဟ်ထံ တာဝန်ကိုယ်စီအပ်နှင်းပေးသောကြောင့် ဖြစ်ပေသည်။ နောက်ထပ်အကြောင်းခံတစ်ခုမှာ ရိုဇာထားသူ၏ ကောင်းမှုကုသိုလ်ကို သစ်ပင်မှ သစ်ကိုင်းများတိုးလာသကဲ့သို့ တိုးပေးခြင်းကြောင့် ရှအ်ဗာန်ဟု မှည့်ခေါ်ခြင်းဖြစ်ပေသည်။ ရဂျဗ်သည် အလ္လာဟ်အရှင်မြတ်၏ လဖြစ်သည်။ ဤရှအ်ဗာန်လသည် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ လဖြစ်ပေသည်။ ရှအ်ဗာန်တွင် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် နဖိလ်ရိုဇာ များစွာထားတော်မူသည်။ ထူးခြားမြင့်မြတ်လှသည့် ညကြီးတစ်ညဖြစ်သော ဗရားအ်(သ)သည်လည်း ဤလ၏ ၁၅ရက်ညတွင် ကျရောက်ပေသည်။

(၉)။ ရမဿွာနုလ်မုဗာရပ်က်
အစ္စလာမ့်နှစ်၏ နဝမမြောက် (ကိုးလမြောက်) လဖြစ်ပေသည်။ အဓိပ္ပါယ်မှာ လောင်ကျွမ်းခြင်း၊ ရှို့ခြင်းဟု ဖြစ်သည်။ ရမဿွာန်ဟူသည် အလွန်ပူပြင်းမှုဟု အဓိပ္ပါယ်ရသည့် စာလုံးမှဆင်းသက်လာသည်။ ပူပြင်းလှသဖြင့် ကုလားအုတ်သတ္တဝါသည်ပင်လျှင် ရေဆာလွန်း၍ လောင်ကျွမ်းသွားသည်ဟူသည့် ဆိုရိုးစကားပင်ရှိသည်ဟု ပညာရှင်တို့က ရေးသားဖော်ပြထားသည်။ ရမဿွာန်ဟု မှည့်ခေါ်ရသည့် တခြားအကြောင်းခံများကို တင်ပြရသော် ဤလတွင် ဗိုက်၏ ဆာလောင်ခြင်းနှင့် ရေဆာခြင်းတို့ကို ရိုဇာဖြင့် လောင်ကျွမ်းစေသောကြောင့် ရမဿွာန်ဟု မှည့်ခေါ်ရခြင်းဖြစ်သည်။ လောကီ၏အလိုရမ္မက်တို့ကို စွန့်လွှတ်ကာ အာခိရသ်အတွက် ကျိုးပမ်းအားထုတ်ခြင်းဖြင့် ပြစ်မှုဒုစရိုက်တို့ကို လောင်ကျွမ်းစေလိုက်ခြင်းကြောင့် ရမဿွာန်ဟု မှည့်ခေါ်ရခြင်းဖြစ်သည်။ ထို့အပြင် အစ္စလာမ်မပေါ်ထွန်းမှီကာလက အရဗ်တို့သည် မိမိတို့ဓလေ့အတိုင်း လအမည်များကို ရှေ့တိုးနောက်ဆုတ်လုပ်၍ သတ်မှတ်လေ့ရှိကြသည်။ ထိုသို့ပြုရင်း ဤလသည် ပူပြင်းသည့်အချိန်တွင်ကျရောက်သောကြောင့် ရမဿွာန်ဟု မှည့်ခေါ်လိုက်ရခြင်း ဖြစ်ပေမည်။ အစ္စလာမ်၏ သတ်မှတ်မှုတွင်လည်း ရမဿွာန်ဟူသည် ပြစ်မှုဒုစရိုက်များကို လောင်ကျွမ်းစေခြင်း၊ အပြစ်ကျူးလွန်ချင်စိတ်တို့ကို ရှို့လိုက်ခြင်းဟူသည့် အဓိပ္ပါယ်ပင်ဖြစ်သည်။ ရမဿွာန်သည် အွမ္မသေမုဟမ္မဒီယာ၏ လမြတ်ဖြစ်ပေသည်။ ပြစ်ဒဏ်များမှ အထူးပင် လွတ်ငြိမ်းမှုပေးသည့်လ၊ ကုသိုလ်များကို ဆထက်တပိုး ပိုမိုတိုးပေးသောလမြတ် ဖြစ်ပေသည်။ သို့သာမက လပေါင်းတစ်ထောင်ထက် သာမြတ်လှသော ကဒရ်ဟူသည့် ညမြတ်မင်္ဂလာသည်လည်း ဤလ၏ညတစ်ညတွင် အပါအဝင်ဖြစ်သဖြင့် ထူးခြားမြင့်မြတ်မှုကား စာဖွဲ့မကုန်နိုင်အောင်ပင် ဖြစ်ပေသည်။ လူ့လောက၏ သဘောတရားများအရ ကြည့်လျှင်လည်း ဤရမဿွာန်ဟူသည့်လတွင် တစ်လလုံး နေ့အချိန်ကို စားခြင်းသောက်ခြင်းမေထုံမှီဝဲခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊ ဆင်းရဲသားများအပေါ်ကိုယ်ချင်းစာတရားထားရှိလာနိုင်ခြင်း၊ အစာအိမ်ကို အလွတ်ထားသောကြောင့် ကျန်းမာရေးတွင်လည်း အလွန့်အလွန်ကို အထောက်အကူဖြစ်စေခြင်း စသည့်ကောင်းခြင်းများ ရှိပေသည်။

(၁ဝ)။ ရှောက်ဝါလုလ်မုကရ်ရမ်
အစ္စလာမ့်နှစ်၏ ဒဿမမြောက် (ဆယ်လမြောက်) လဖြစ်ပေသည်။ ရှောက်ဝါလ်၏ အဘိဓာန်အဓိပ္ပါယ်မှာ မြင့်မားခြင်း၊ သီးခြားစီဖြစ်ခြင်း၊ ခြောက်သွေ့သွားခြင်းဟု ဖြစ်သည်။ ဤလကို ရှောက်ဝါလ်ဟု အမည်မှည့်ရခြင်းမှာ အရဗ်တို့သည် အပန်းဖြေလေညှင်းခံထွက်ရန်၊ အမဲလိုက်တောကစားထွက်ရန်အတွက် မိမိတို့အိမ်များမှထွက်ခွာသွားသောကြောင့် ရှောက်ဝါလ်ဟုခေါ်ဆိုခြင်း ဖြစ်ပေသည်။ ကုလားအုတ်မများ၏ နို့အုံမှ နို့များခြောက်သွေ့ခြင်းသည်လည်း ဤလတွင်ဖြစ်သလို၊ အရဗ်တို့ကိုယ်တိုင်ကလည်း အမဲလိုက်ထွက်ရန် တောများသို့ထွက်ခွာခြင်းကြောင့် နေအိမ်နှင့် တသီးတခြားစီဖြစ်သွားခြင်း၊ ထိုအကြောင်းခံနှစ်ခုကြောင့် ရှောက်ဝါလ်ဟု အမည်မှည့်ခြင်းဖြစ်သည်။ အစ္စလာမ်တွင် ရှောက်ဝါလ်၏ အလိုသဘောမှာ ဤလ၌ မုအ်မင်န်တို့၏ ပြစ်မှုဒုစရိုက်တို့ကို မယူလိုက်သည်။ ခွင့်လွှတ်မှုပြုပေးသည်ဟူသည့် အလိုသဘောဖြစ်ပေသည်။ ဤသို့ အပြစ်များမှခွင့်လွှတ်မှုရရှိခြင်းသည် ရမဿွာန်လမြတ်၏ ရိုဇာများကြောင့်သော်လည်းကောင်း၊ စွဒကာအေဖိသိရ်နှင့် အီဒွလ်ဖိသိရ်၏နမားဇ်တို့ကြောင့် ဖြစ်ပေသည်။ ရှောက်ဝါလ်ကို အီးဒ်လဟူ၍လည်း ခေါ်ဆိုသည်များရှိပေသည်။ ရှောက်ဝါလ်၏ ပထမဦးဆုံးနေ့တွင်ပင် အီဒွလ်ဖိသိရ်ကျရောက်ပေသည်။ ရှောက်ဝါလ်သည်လည်း မင်္ဂလာရှိသောလမြတ်တစ်ခုပင် ဖြစ်ပေသည်။

(၁၁)။ ဇွလ်ကအ်ဒဟ်
အစ္စလာမ့်နှစ်၏ ဧကဒဿမမြောက် (ဆယ့်တစ်လမြောက်) လဖြစ်ပေသည်။ ဤလသည် အရှ်ဟိုရေဟိုရွမ် မြင့်မြတ်သည့်လ လေးလအနက်မှ ဒုတိယမြောက်လဖြစ်ပေသည်။ ဤအမည်ထားရခြင်း၏ အကြာင်းခံမှာ ဤလတွင် စစ်တိုက်ခြင်း၊ သတ်ဖြတ်ခြင်းတို့သည် ဟရာမ် မပြုပိုင်ခြင်းကြောင့် အရဗ်တို့သည် စစ်တိုက်ခြင်းရပ်နား၍ မိမိတို့အိမ်များ၌သာ နေထိုင်ခြင်းအမှုကို ပြုပေသည်။ ကအ်ဒဟ်၏ အဓိပ္ပါယ်မှာ ထိုင်ခြင်းဟူ၍ ဖြစ်သည်။ စစ်တိုက်ခြင်းရပ်နား၍ အိမ်များတွင်သာနေထိုင်သောကြောင့် ဇွလ်ကအ်ဒဟ်ဟု အမည်မှည့်ခေါ်ခြင်း ဖြစ်ပေသည်။

(၁၂)။ ဇွလ်ဟဂ်ျဂျဟ်
အစ္စလာမ့်နှစ်၏ ဒွါဒဿမမြောက် (ဆယ့်နှစ်လမြောက်) လဖြစ်ပေသည်။ အဘိဓာန်၏ အလိုသဘောကို ဆိုရသော် ဇွလ်ဟဂ်ျဂျဟ် - ဟုဖတ်လျှင် ဟဂ်ျလကိုဆိုလိုသည်။ ဟိဂ်ျဂျဟ် - ဟာကို ဇေရ်ဖြင့်ဖတ်လျှင် နှစ်ကုန်သည့်လကို ဆိုလိုသည်။ အစ္စလာမ်နှစ်၏ တစ်နှစ်တာကာလအဆုံးသတ်သည့် လဖြစ်ပေသည်။ တချို့ ဇိလ်ဟဂ်ျဂျဟ် (ဇာ-ယာ)ဖြင့် ဖတ်သည်။ ထိုသို့ဖတ်လျှင် ဟဂ်ျတစ်ကြိမ်ပြုခြင်း ဟူသည့် အဓိပ္ပါယ်ဖြစ်သည်။ တစ်နှစ်ပတ်လုံးတွင် ဤလတစ်တည်း၌သာ ဟဂ်ျပြုနိုင်ပြီး ပြုခဲ့လျှင်လည်း တစ်ကြိမ်သာပြုနိုင်ခြင်းကို ဆိုလိုပေသည်။ ဟဂ်ျ၏ အဓိပ္ပါယ်မှာ ရည်ရွယ်ခြင်း၊ ရည်စူးခြင်းဟု ဖြစ်ပေသည်။ ဟာဂျီတို့သည် ဤလတွင် ကအ်ဗာကိုဖူးမြော်ရန်ကိုသာ ရည်စူး၍ သွားကြပေသည်။ ဤသည်နှင့် ဆက်စပ်၍ ဇိလ်ဟဂ်ျလဟုလည်း ခေါ်ဆိုကြပေသည်။ ဤလသည် အရှ်ဟိုရေဟိုရွမ် မြင့်မြတ်သည့်လ လေးလအနက်မှ တတိယမြောက်လဖြစ်ပေသည်။ စစ်တိုက်ခြင်း သတ်ဖြတ်ခြင်းများကို ဟရာမ်အဖြစ် သတ်မှတ်ထားသောလ ဖြစ်ပေသည်။ ဇွလ်ဟဂ်ျတွင် အစ္စလာမ်၏ ပဉ္စမမြောက်မဏ္ဍိုင်ဖြစ်သော ဟဂ်ျပြုခြင်းဟူသည့် အင်မတန်မြင့်မြတ်လှသည့် ကျင့်စဉ်နှင့် အလ္လာဟ်အတွက် စွန့်လွှတ်ကာ အလ္လာဟ်အရှင်နှင့် နီးစပ်မှုရယူသည့် ကုရ်ဗာနီဟူသည့် ကျင့်ဆောက်တည်မှုတို့ ရှိသည့် လမြတ်တစ်လဖြစ်ပေသည်။ ထို့အတူ ထူးမြတ်မှုနှင့် အကျိုးထူးများရှိသော လတစ်လလည်း ဖြစ်ပေသည်။

ဤတွင် အစ္စလာမ့်ဆယ့်နှစ်လ၏ အဓိပ္ပါယ်နှင့် အလိုသဘောတို့ ဖော်ပြပြီးဖြစ်ပေသည်။ ယခု မှတ်သားရမည့်အရာတစ်ခုကို ပြောပြရသော် မုစ်လင်မ်တို့တွင် လအမည်များ နေ့အမည်များကို လူ၏အမည်နာမအဖြစ် မှည့်ခေါ်သည့် ဓလေ့တစ်ခုရှိပေသည်။ ပမာဆိုသော် ရှအ်ဗာန်ဘီ၊ ရမဇာန်ဘီ၊ ရမဇာန်ဘိုင်၊ ဂျွမ်မာဘီစသည်ဖြင့် ထားကြသည်။ ဤသို့အမည်မှည့်ခေါ်ခြင်းမှာ မှားပါသည်။ ယခုပင် ယင်းလများ၏ အဓိပ္ပါယ်ကို ဖော်ပြပြီးဖြစ်သဖြင့် မည်သို့အဓိပ္ပါယ်ကို ဖော်ဆောင်သည်ကို စဉ်းစားပါ။ ရမဇန်ဘီဟုထားလျှင် လောင်ကျွမ်းစေသူ ရှို့သူဟု အဓိပ္ပါယ်ထွက်နေမည်။ အစ္စလာမ့်၏သမိုင်းဝင်ခေါင်းဆောင်ပုဂ္ဂိုလ်ကြီးများ ဆွဟာဗီသခင်မကြီးများသည်လည်း ဤသို့ နေ့အမည် လအမည်များ ထားသည့်အလေ့အထမရှိခဲ့ပါ။ အစ္စလာမ့်ညွှန်ကြားမှုတွင်လည်း ယောကျာ်းလေးဆိုလျှင် နဗီများ၏ အမည်များ ဆွဟာဗာများ၏ အမည်များထားနိုင်သည်။ အမျိုးသမီးဆိုလျှင် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ သမီးများ၊ ဇနီးများ ဆွဟာဗီများ၏ အမည်များထားနိုင်သည်။ လအမည် နေ့အမည်များထားပါဟု မပါရှိပါ။ မြန်မာဘာသာဖြင့် ပမာပြရလျှင် မတခူး၊ မောင်ကဆုန်၊ မတနင်္လာ၊ မသောကြာဟု ထားသူများမရှိပါ။ သို့သော် မုစ်လင်တို့အတွင်း၌ မရှအ်ဗာန်၊ မရမဇာန်များ မဂျွမ်မာများ ပေါင်းစုံရှိနေကြသည်။ ထို့ကြောင့် မိမိ၏အမည် မိမိနှင့် ပတ်သက်ဆက်နွယ်သူများတွင် ထိုသို့အမည်များ ရှိနေပါက တခြားအမည်ဖြင့် ပြောင်းပါ။ အစ္စလာမ်တွင် အမည်ပြောင်းရန်အတွက် ပွဲကြီးပွဲငယ်ပြုလုပ်ရန်မလိုအပ်သလို နေ့နာမ်ဂြိုလ်ခွင်များတွက်ချက်ပြီးမှ ထားရမည်ဟုလည်း မရှိပါ။ နီးစပ်ရာ အာလင်မ်တစ်ပါးထံတွင် အဓိပ္ပါယ်ကောင်းသည့် အမည်တစ်ခုကို ရွေးချယ်ပြီး မိမိအမည်အဖြစ်ထားလိုက်လျှင် လုံလောက်ပါသည်။ အမည်ပြောင်းခြင်းကို တမန်တော်မြတ်ကြီးကိုယ်တော်တိုင် ပြုလုပ်ပေးခဲ့သည်။ အဓိပ္ပါယ်မကောင်းသော အမည်များကို ကောင်းသောအဓိပ္ပါယ်ရှိသည့် အမည်များဖြင့် ပြောင်းလဲသတ်မှတ်ပေးတော်မူခဲ့ပါသည်။ သတိပြုရမည်မှာ ယနေ့ခေတ်တွင် ဖက်ရှင်ရောဂါဝင်၍ အမည်များကိုပါ ဖက်ရှင်ကျကျလိုက်ရှာရင်း တိရိစ္ဆာန်အမည်များ၊ ရုပ်ရှင်မင်းသား၊ မင်းသမီးအမည်များကို မှည့်ခေါ်နေကြသည်။ ဤသည်မှာလည်း မှားယွင်းမှုတစ်ခုဖြစ်ပါသည်။ အမည်ထားပါက နဗီများ၊ ဆွဟာဗာ၊ ဆွဟာဗီများ၏ အမည်များကို ထားကြရန် အထူးတိုက်တွန်းအပ်ပါသည်။

အလ်မုဖီးဒ်
ဟိဂျရီ ၁၄၃၇/ ဆွဖရ်/ ၅/ ယောင်မုလ်အရ်ဗာအ်
၁၈/ ၁၁/ ၂ဝ၁၅/ ဗုဒ္ဓဟူး

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Friday, November 20, 2015

ဆုံးမစကားနှစ်​ခု

မုစ်လင်မ်အချင်းချင်း ဆက်ဆံရာ၌ ကျိုးနွံခြင်း၊ မိမိကိုယ်မိမိ နှိမ့်ချခြင်းမရှိလျှင် စာနာခြင်းနှင့် သွေးစည်းညီညွတ်ခြင်းလည်း ရှိတော့မည် မဟုတ်။
{ဟဇရသ်ထာနဝီ}
မုစ်လင်မ်များအတွင်း၌ "ငါသာမှန်သည်" "ငါသာတတ်သည်" ဟူသောသူမျိုးနှင့် တွေ့ကြုံလာတတ်သော သဘောထားကွဲလွဲမှုများအား မျက်နှာချင်းဆိုင် ဖြေရှင်းခြင်းအားဖြင့် ညီညွတ်မှု မရနိုင်၊ ညီညွတ်မှုရနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ဆွဗရ် သည်းခံလိုက်ခြင်းသာ ဖြစ်၏။
{မော်လာနာဝဟီဒုဒ်ဒီးန်}
သူတော်စင်များ၏ မှတ်သားဖွယ်ကောင်းသော ဆုံးမစကားပေါင်းတစ်ရာ' စာအုပ်မှ ကောက်နှုတ်တင်ဆက်သည်။
~ အလ်မုဖီးဒ် ~

ဂျွမ္မအာလက်​​ဆောင်​ (၇)

ဆုံးမစကားနှစ်​ခု

အလ္လာဟ်ပေးသမျှ ရိုဇီရိက္ခာအပေါ် ရောင့်ရဲတင်းတိမ်ပါ။ နောင်တမလွန်သို့ အကြွေးပါမသွားစေနှင့်၊ မတရားပြုမှု၊ လိမ်လည်မှု၊ (ချေးထားခြင်း၊ ငှားထားခြင်း)၊ စသည်တို့ ပြုထားလျှင် တမလွန်၌ ထိုအရာတို့၏အစား မိမိ၏ကုသိုလ်များ ပေးဆပ်ရလိမ့်မည်။ မိမိတွင် ကုသိုလ်ပေးဆပ်စရာ မရှိလျှင် ထိုသူ၏ပြစ်ဒဏ်ကို အစားကျခံရလိမ့်မည်။ {အိမာမ်ရှာဖီအီ}
အလ္လာဟ်ချီးမြှင့်ထားသော နိအ်မသ်ကျေးဇူးတော်များအား ကျေးဇူးတော်ဟု စိတ်တွင်းမှ မှတ်ယူ၍ နှုတ်ဖြင့် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းပြောဆိုခြင်းနှင့် ယင်းကျေးဇူးတော်များအား ဒုစရိုက်လုပ်ငန်းများ၌ မသုံးစွဲခြင်းသည်ပင် ကျေးဇူးတင်ခြင်း (တစ်နည်းအားဖြင့်) ကျေးဇူးသိတတ်ခြင်းပင် ဖြစ်၏။ {ဟဇရသ်ထာနဝီ}
'သူတော်စင်များ၏ မှတ်သားဖွယ်ကောင်းသော ဆုံးမစကားပေါင်းတစ်ရာ' စာအုပ်မှ ကောက်နှုတ်တင်ဆက်သည်။
အလ်မုဖီးဒ်

Wednesday, October 7, 2015

ရွှေအိုးနှင့် မြွှေအိုး


မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/835355619918362:0

ရှေးအခါက အတ်က်ဗရ်ဟု အမည်ကျော်ကြားသော ဘုရင်ကြီးတစ်ပါးရှိခဲ့၏။ တစ်နေ့သ၌ အတ်က်ဗရ်ဘုရင်သည် အမဲလိုက်ရန်အတွက် နန်းတော်မှထွက်တော်မူခဲ့၏။ နေပူချိန်တွင် ဘုရင်ကြီးသည် ရေဆာလောင်လာ၍ ကလ္လူး အမည်ရှိသော ပညာမဲ့တောသားတစ်ယောက်ထံမှ ရေတစ်ခွက်တောင်းယူ၍ သောက်တော်မူခဲ့၏။

ဘုရင်ကြီးသည် အမဲလိုက်ရာမှအပြန်တွင် ကလ်လူးထံသို့ဝင်၍ အရေးအကြောင်းကိစ္စများ၌ အကူအညီပေးနိုင်ရန်အတွက် မိမိထံသို့ အလွယ်တကူဝင်တွေ့နိုင်ရန်အလို့ငှာ ခွင့်စာတစ်စောင်ကိုရေးသားပြီးလျှင် ဆင်းရဲသားကလ်လူးကို ပေးအပ်တော်မူခဲ့လေ၏။ ကလ်လူးသည် ဘုရင်ကြီးကို ဘုရင်ကြီးမှန်း မသိခဲ့ချေ။

ထို့ကြောင့်သူသည် ၎င်းစာကို သာမန်ခရီးသည်တစ်ယောက်ကပေးခဲ့သည်ဟုသာ ယူဆပြီးလျှင် အိမ်ထဲတစ်နေရာ၌ ထိုးထားလိုက်လေသည်။ မိုးရာသီတွင် ကလ်လူးအိမ်မှာ ခေါင်မိုးပေါက်ပြီး မိုးယို၍ တစ်အိမ်လုံး စိုရွှဲနေလေ၏။

ထို့ကြောင့် အိမ်ရှင်မက ကလ်လူးအား ထိုစာကိုယူပြီး စာပေးခဲ့သော သူဌေးကြီးထံသို့သွား၍ အကူအညီတောင်းရန် အကြံပေးလေသည်။ ကလ်လူးသည် စာမတတ်သောကြောင့် ထိုစာကိုယူပြီးလျှင် ပညာရှင်တစ်ယောက်အား ဖတ်ခိုင်းရာ ပညာရှင်က စာကိုဖတ်ကြည့်ပြီး ...

ဒီစာဟာ အတ်က်ဗရ်ဘုရင်မင်းမြတ်ကြီးရဲ့ စာဖြစ်တယ်။ ဘုရင့်နန်းတော်ကို ရောက်တဲ့အခါ ဒီစာကိုထုတ်ပြရင် ဘုရင်မင်းမြတ်နဲ့ အလွယ်တကူတွေ့နိုင်လိမ့်မယ် ... ဟူ၍ ကလ်လူးအား ပြောပြလေသည်။ ကလ်လူးသည် ထိုစာကိုယူပြီး ဘုရင်မင်းမြတ်နန်းစိုက်ရာမြို့တော်သို့ ခရီးနှင်ခဲ့လေ၏။

ကလ်လူးသည် နန်းတော်သို့ရောက်ရှိလာပြီးလျှင် ထိုစာကို ထုတ်ပြလိုက်လေ၏။ နန်းတော်၏အစောင့်များသည် ဘုရင့်စာကိုတွေ့မြင်ပြီး ကလ်လူးအား လေးလေးစားစားဖြင့် ဘုရင်မင်းမြတ်ထံပို့ဆောင်ပေးကြလေသည်။ ကလ်လူးသည် အပ်က်ဗရ်ဘုရင်ကြီးထံ ရောက်ရှိလာချိန်၌ ဘုရင်ကြီးက နမားဇ်ဝတ်ပြုပြီးနောက် လက်ဖြန့်၍ ဒုအာဆုမွန်တောင်းနေသည်ကို တွေ့မြင်လေ၏။

ဘုရင်ကြီးသည် မိမိအလုပ်ပြီးသောအခါ လွန်စွာပူပြင်းနေသောအချိန်၌ တောထဲမှာ မိမိအား ရေတိုက်ကျွေးခဲ့သော ကလ်လူးကို တွေ့မြင်ပြီး ဝမ်းသာအားရစွာဖြင့် ကြိုဆိုနှုတ်ဆက်တော်မူ၏။ ထိုအခါ ကလ်လူးက ...
ဘုရင်မင်းမြတ်ကြီးသည် ဖကီရ်သူတောင်းစားကဲ့သို့ လက်ဖြန့်၍ မည်သူ့ထံတွင် အဘယ်အရာတောင်းခဲ့ပါသနည်း ... ဟု မေးမြန်းလေ၏။ ဘုရင်မင်းမြတ်က ..... ငါဟာ လိုအပ်တဲ့အရာဝတ္ထုတွေနဲ့ လိုအင်ဆန္ဒတွေအားလုံးကို ဖန်ဆင်းတော်မူတဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ ထံတော်ပါးမှာ တောင်းခံလျက်ရှိပါတယ် ..... ဟူ၍ ကလ်လူးကို ပြောပြတော်မူ၏။ ကလ်လူးသည် ဘုရင်ကြီး၏ စကားကိုနားထောင်ပြီး ...
ဘုရင်ကြီးဟာ တိုင်းပြည်တစ်ပြည်လုံးကို ပိုင်ဆိုင်သူဖြစ်ပါတယ်။ ဒါပေမယ့် ဘုရင်ကြီးတောင် အလ္လာဟ်အရှင်မြတ်ရဲ့ ထံတော်ပါးမှာ တောင်းခံနေတယ်ဆိုရင် ကျွန်တော်တောင်းခံမယ်ဆိုရင်လည်း ကျွန်တော့်ကို အလ္လာဟ်အရှင်မြတ်က မပေးနိုင်ဘူးလား ... ဟူ၍ ဘုရင်မင်းမြတ်အား မေးမြန်းလေ၏။

သို့ပါ၍ ဘုရင်မင်းမြတ်က .... အလ္လာဟ်အရှင်မြတ်ဟာ အသင်နှင့် အခြားတောင်းဆိုသူများအားလုံးကို ပေးနိုင်ပါတယ်။ ဟူ၍ ဖြေကြားတော်မူ၏။

ကလ်လူးသည် ထိုစကားကို နားထောင်၍ ဘုရင်မင်းမြတ်ထံမှ မည်သည့်အကူအညီကိုမျှ မတောင်းခံတော့ဘဲ မိမိနေရပ်ဖြစ်သော တောရွာသို့ ပြန်သွားလေသည်။ ကလ်လူးသည် အိမ်သို့မရောက်မီ သူ၏လယ်ကွက်ထဲ တစ်နေရာ၌ ထိုင်ချလိုက်ရာ ငုတ်တစ်ချောင်းသည် ကလ်လူး၏ စအိုဝကို ထိုးမိသွားလေသည်။

ကလ်လူးသည် ဒေါသထွက်၍ ထိုငုတ်ကို ဆွဲနှုတ်ပစ်လိုက်လေ၏။ ထိုငုတ်ဆွဲနှုတ်လိုက်သည့် နေရာရှိ မြေကြီးအောက်တွင် ကြေးအိုးကြီးတစ်လုံးဖြင့် အပြည့်အသိပ်ရှိနေသော ရွှေ ငွေများကို တွေ့မြင်သွားလေသည်။

ထို့ကြောင့် ကလ်လူးက ရွာသူရွာသားများသည် သူ၏လယ်ယာများကို အပိုင်သိမ်းရန်အတွက် ကြံစည်၍ မိမိတို့၏ရွှေငွေများကို စုပြီး သူ၏လယ်ယာထဲတွင် လာရောက်မြှုပ်နှံထားခြင်းပင် ဖြစ်ရမည်ဟူ၍ ရွာသူရွာသားများအပေါ် အထင်မှားပြီး စဉ်းစားတွေးတောလိုက်လေတော့၏။ ကလ်လူးက အိမ်သို့ပြန်ရောက်သောအခါ အိမ်ရှင်မက သူ့၏ခရီးစဉ်အကြောင်းကို မေးမြန်းလေသည်။

ထိုအခါ ကလ်လူးက အိမ်ရှင်မအား ... ငါသွားတွေ့ခဲ့တဲ့ဘုရင်က ဖကီးရ်သူတောင်းစားတွေရဲ့ ခေါင်းဆောင်ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရင့်ထံရောက်သွားတုန်းက ဘုရင်က သူတောင်းစားလိုပဲ လက်ဖြန့်ပြီးတောင်းနေတာကို ငါကိုယ်တိုင်တွေ့မြင်ခဲ့ရတယ်။ ငါဟာ ဘုရင်မင်းမြတ်ကို အကျိုးအကြောင်းမေးမြန်းကြည့်တဲ့အခါ ဘုရင်မင်းမြတ်ကိုယ်တိုင်က အလ္လာဟ်အရှင်မြတ်ထံမှာ တောင်းခံနေတာကို သိရှိလိုက်ရတယ်။ ဒါ့ကြောင့်မို့ ငါလည်း အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာပဲ အကူအညီတောင်းတော့မယ်လို့ ဆုံးဖြတ်ပြီး ဘုရင့်ထံမှာ အကူအညီမတောင်းပဲ ပြန်လာခဲ့တယ်။

ဒီတောမှာ ငါမရှိတုန်း အင်မတန်ဆန်းကြယ်တဲ့ အကြောင်းအရာတွေ ဖြစ်ပျက်နေတယ် ရှင်မရဲ့၊ ရွာသူရွာသားတွေဟာ သူတို့ရဲ့ ရွှေငွေတွေကို ကြေးအိုးကြီးတစ်လုံးထဲမှာ ထည့်ပြီး ငါ့လယ်ထဲမှာ လာမြှုပ်ထားကြတယ်။ သဘောကတော့ ငါ့လယ်ကို အပိုင်စီးဖို့အတွက် အကြံထုတ်နေကြတာပေါ့ကွာ .... ဟူ၍ အသေးစိတ် ရှင်းပြလေတော့သည်။

ရွာသူရွာသားများသည် ဤအကြောင်းအရာများကို ကြားသိ၍ ကလ်လူး၏လယ်ယာသို့ သွားရောက်ကြည့်ရှုကြလေသည်။ ထိုအခါ ရွာသူရွာသားများသည် ရွှေငွေများကို မမြင်ရသည့်အပြင် ကြေးအိုးကြီးထဲ၌ မြွှေဆိုးကင်းဆိုးများကို တွေ့မြင်ရ၍ ကြောက်လန့်သွားကြလေ၏။ ထို့ကြောင့် သူတို့သည် ကလ်လူးအား အထင်လွဲပြီး ......
ကလ်လူးသည် အပြင်သို့သွား၍ မှော်ပညာများကို သင်ယူလာခဲ့သည်။ ထို့နောက် တောထဲမှ မြွှေဆိုးကင်းဆိုးများကို ပညာဖြင့်ဖမ်းယူပြီး ကြေးအိုးကြီးထဲတွင်ထည့်၍ မြေကြီးအောက်၌ မြှုပ်ထားပြီး ရွှေအိုးငွေအိုးတွေ့ခဲ့သည်ဟု ကြေညာခဲ့သည်။ အကြောင်းမှာ ကျွန်ုပ်တို့အား မြွှေဆိုးကင်းဆိုးများက ပေါက်သတ်ပြီး ကျွန်ုပ်တို့သေကုန်ကြလျှင် ကျွန်ုပ်တို့၏ လယ်ယာကိုင်းကျွန်းများကို အပိုင်သိမ်းရန်အတွက် ကြံစည်ထားခြင်းပင် ဖြစ်ရမည် .... ဟူ၍ ယူဆလိုက်ကြလေ၏။

သို့ပါ၍ ရွာသူရွာသားများသည် ထိုကြေးအိုးကြီးကို ကလ်လူး၏ အိမ်သို့ သယ်လာခဲ့ကြလေ၏။ ထိုအကြောင်းကို ကလ်လူးက ကြားသိ၍ ...
" မင်းတို့အကြံကို ငါသိပါတယ်"
ဟု ပြောပြီး အိမ်တံခါးကို အပြီးပိတ်ချလိုက်လေသည်။ ရွာသူရွာသားများကလည်း .....
ကလ်လူးရယ် ... မင်းအကြံကိုလည်း ငါတို့သိပါတယ်ဟု ဆိုကာ သူတို့သယ်လာခဲ့သော ကြေးအိုးကြီးထဲမှ မြွှေဆိုးကင်းဆိုးများကို ကလ်လူး၏ အိမ်ပေါ်သို့ တစ်ကောင်ပြီးတစ်ကောင် ပစ်ချကြလေတော့၏။

ကလ်လူး၏ အိမ်တွင်းသို့မူ မြွှေဆိုးကင်းဆိုးများ ကျရောက်လာရမည့်အစား ရွှေငွေ ကျောက်သံပတ္တမြားများ ကျလာလေ၏။ အိမ်ရှင်မသည် ထိုအခြင်းအရာကို တွေ့မြင်၍ အားလုံးကို ကောက်ယူပြီး သိမ်းဆည်းထားခဲ့ပါသည်။

များမကြာမီကာလအတွင်းမှာပင် ကလ်လူးသည် လွန်စွာကျိကျိတက်ချမ်းသာသော သူဌေးတစ်ဦး ဖြစ်လာခဲ့လေသတည်း။

**သိမှတ်ဖွယ်**
အလ္လာဟ်အရှင်မြတ်မှအပ တခြားအရာများကို အားမကိုးရပါ။ စစ်မှန်သောယုံကြည်မှုဖြင့် အလ္လာဟ်အရှင်မြတ်ကို အားကိုးသူများအား အလ္လာဟ်အရှင်မြတ်သည် ဂိုင်းဗ် အကွယ်မှ အကူအညီပေးတော်မူပါသည်။ သူတစ်ပါး၏ ဥစ္စာပစ္စည်းများကို မမက်မောသူ၊ လောဘမကြီးသူများမှာ မွန်မြတ်သောသူများပင် ဖြစ်၏။ အမလ်စစ်မှန်ရေးအတွက် စစ်မှန်သောယုံကြည်မှုမှာ များစွာလိုအပ်လှပေသည်။

[ဆရာကြီး မော်လာနာအဗ္ဗါးစ် ကာစေမီ ရေးသားသော "ချစ်ဆွေများအတွက် အသိပညာပေး ပုံပြင်လက်ဆောင်" အမည်ရှိစာအုပ်မှ ကူးယူဖော်ပြပါသည်။]

အလ်မုဖီးဒ်
ဇိလ်ဟိဂ်ျဂျာ/ ၁၉/ ယောင်မုလ်အဟဒ်/ ဟိဂျရီ ၁၄၃၆


စာသားကော်ပီယူသူများ Credit အပြည့်ကူးပါ

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Thursday, July 16, 2015

အီးဒ်တွင် ရရှိသော ဆုလာဘ်များနှင့် ခြောက်လုံးရိုဇာအကြောင်း


ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/796480357139222:0

အီးဒ်ည၌ မဂ်ဖိရသ် (ခွင့်လွှတ်ခြင်း) ရရှိမှု 
အဗူဟုရိုင်ရာသခင်(ရသွီ) ထံမှ ဆင့်ပြန်သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိဝစလ္လမ်က ရမ်ဇာန်၏ နောက်ဆုံးည၌ အုမ္မသေမုဟမ္မဒီယာ (ဤအုမ္မသ်) ကို ခွင့်လွှတ်မှု၊ (ဂျဟန္နမ်မှ) လွတ်ငြိမ်းခွင့်တို့ကို ချီးမြှင့်ပေးသနားတော်မူ၏ ..... ဟု မိန့်တော်မူသည်။ ထိုအခါ အဗူဟုရိုင်ရာသခင်က အို ကိုယ်တော် အဲ့ဒီနောက်ဆုံးညဆိုသည်မှာ ကဒရ်ညကို ဆိုလိုပါသလားဟု မေးမြန်းရာ ကိုယ်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က မဟုတ်ပါ။ (ကဒရ်ကို ဆိုလိုခြင်းမဟုတ်။ ဤထူးမြတ်မှု ချီးမြှင့်မှုတို့သည် ရမ်ဇာန်၏ နောက်ဆုံးအတွက် သီးသန့်ဖြစ်၏။) ဤသို့ ခွင့်လွှတ်မှု၊ လွတ်ငြိမ်းမှုတို့ ရရှိခြင်းသည် ပြုလုပ်ရန် တာဝန်အပ်နှင်းထားသည့် အလုပ်ကို ပြီးပြည့်စုံအောင် ပြုလုပ်လိုက်ခြင်းကြောင့် ချီးမြှင့်ရခြင်းဖြစ်၏ ..... ဟု မိန့်ကြားရှင်းပြတော်မူသည်။
ရမ်ဇာန်၏ နောက်ဆုံးညတွင် အလ္လာဟ်အရှင်မြတ်က တာဝန်ပေး သတ်မှတ်ပြဌာန်းသည့် ရမ်ဇာန်တစ်လလုံး ရိုဇာစောင့်ထိန်းခြင်းဟူသည့် အလုပ်ကို လူသားက ပြီးပြည့်စုံအောင် ထမ်းဆောင်ခဲ့သည့်အတွက် အထူးဆုလာဘ်ဖြစ်သည့် အလ္လာဟ်အရှင်မြတ်၏ ခွင့်လွှတ်မှုရရှိခြင်းနှင့် ဂျဟန္နမ်မှ လွတ်ငြိမ်းမှုရရှိခြင်းတို့ကို ချီးမြှင့်ပေးသနားတော်မူ၏။
ဤအီးဒ်ညကို မိုးကောင်းကင်အထပ်များတွင် လိုင်လသွလ်ဂျာအိဇာ ဆုလာဘ်ချီးမြှင့်သည့်ညဟု ခေါ်ဆိုလေသည်။ အလ္လာဟ်အရှင်မြတ်မှ ချီးမြှင့်သည့်အရာများတွင် ခွင့်လွှတ်ခြင်းဟူသည့် ဆုလာဘ်ကို ရရှိလိုက်ခြင်းထက် သာပိုကောင်းမွန်သည့်အရာ အဘယ်မှာပင် ရှိသေးနိုင်ပါအံ့နည်း။ မုစ်လင်မ်တို့သည် သေပြီးတဖန်ပြန်ရှင်ခြင်းနှင့် ကဗရ်၏ အဇားဗ် စဝါးဗ်တို့ကို လက်ခံယုံကြည်ထားသူဖြစ်သဖြင့် ယင်းကာလတို့တွင် ခံရမည့်ပြစ်ဒဏ်များမှ ခွင့်လွှတ်ပေးခြင်းခံရသည်ဟူသည့် ဆုလက်မှတ်ကို ရရှိပိုင်ဆိုင်လိုက်သူအဖို့ အင်မတန် ဖူးစာထူးသူပင် ဖြစ်ပေသည်။ ထို့အတူ အလ္လာဟ်၏ ခွင့်လွှတ်ခြင်းဟူသည့် ဆုသည်လည်း အင်မတန်အဖိုးထိုက်တန်သည့်အရာဖြစ်ကြောင်း အာခိရသ်တွင် မျက်ဝါးထင်ထင် တွေ့မြင်ရပေမည်။ ထို့ကြောင့် အရှင်မြတ်ချီးမြှင့်သည့် ဆုလာဘ်ကို ရအောင်ယူနိုင်သူဖြစ်အောင် ကြိုးစားရပေမည်။

အီးဒ်ညများတွင် အိဗာဒသ်ပြုလျှင် မည်သည့်အရာ ရရှိမည်နည်း
ရစူလွလ္လာဟ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က မည်သူမဆို အီးဒ်နှစ်အီးဒ်၏ ညများတွင် အကျိုးကုသိုလ်ရရှိရန် ရည်စူး၍ မအိပ်မနေ အိဗာဒသ်ပြုခဲ့သော် လူအများ စိတ်ညှိုးနွမ်းနေကြမည့် ကိယာမသ်နေ့တွင် ထိုသူ၏ စိတ်နှလုံးမှာ ညှိုးနွမ်းမည်မဟုတ်ဟု မိန့်တော်မူထားသည်။ သဘောမှာ (ကိယာမသ်၏) ပူပင်ဒုက္ခခံစားရသောအခါ လူတို့၏စိတ်နှလုံးများ အားငယ်ညှိုးနွမ်းနေသည့် အခါမျိုး၌ ထိုသူ၏ စိတ်နှလုံးမှာ ရွှင်လန်းစွာ ရှိပေမည်။ သို့မဟုတ် ဆူရ်(ခရာ)မှုတ်သည့်နေ့တွင် လူအများတို့၏ ဝိဉာဉ်များ သတိလစ်နေသည့်အချိန် ထို (အီးဒ်နှစ်ညတွင် အိဗာဒသ်ပြု)သူ၏ ဝိဉာဉ်မှာ သတိလစ်မည်မဟုတ် ဟူသည့် သဘောလည်း ဖြစ်ပေသည်။
ကိယာမသ်နေ့၏ ပြင်းထန်မှုသည် ကြောက်ခမန်းလိလိပင် ဖြစ်၏။ ကြောက်မက်ဖွယ်ရာအခြေအနေများ ဖြစ်ပေါ်မည့်အချိန် ဖြစ်၏။ ထို့အတူ ဟရှ်ရ်၏ အခြေအနေသည်လည်း ပြင်းထန်လှပေသည်။ ကမ္ဘာပေါ်တွင် ကျွန်ုပ်တို့အသက်ရှင်နေစဉ် အနည်းငယ်သော အသံဗလံများကိုပင် ရင်တုန်ပန်းတုန်ဖြစ်နေကြသည်။ စိုးထိတ်နေကြ၏။ ထိုကိယာမသ် ထိုဟရှရ်၏ အခြေအနေ မည်မျှပြင်းထန်မည်ကို အနည်းငယ်လေး စဉ်းစားကြည့်လျှင်ပင် သိနိုင်သည်။ ထိုသို့ ကြောက်မက်ဖွယ်ပြင်းထန်မှုများ ဖြစ်နေချိန်တွင် အီးဒ်၏ ညများ၌ အိဗာဒသ်ပြုထားသူ၏ စိတ်သည် အနည်းငယ်မှ ကြောက်ရွံစိုးထိတ်မှု မဖြစ်ဘဲ တည်ငြိမ်အေးဆေးစွာရှိမည်ဟု ဆိုထားခြင်းမှာ အလ္လာဟ်အရှင်မြတ်၏ အထူးချီးမြှင့်မှုတစ်ရပ်ပင် ဖြစ်၏။ ထို့ကြောင့် ကမ္ဘာ၏ အချိန်အနည်းငယ် တစ်ညတာခန့်မျှကို အလ္လာဟ်နှစ်သက်ရန်အတွက် အိဗာဒသ်ပြုကြဖို့ တိုက်တွန်းအပ်ပါသည်။
ပညာရှင်အချို့က အထက်ပါဟဒီးစ်ကို ... ထို (အီးဒ်နှစ်ညတွင် အိဗာဒသ်ပြု)သူ၏ နှလုံးသာသည် လောကီ၏ ပျက်စီးသွားမည့် ရုပ်ဝတ္ထုများအပေါ် နှစ်သက်စွဲလန်းနေခြင်း ဖြစ်ပေါ်မည် မဟုတ်ပေ။ ထိုသို့သောအရာများကို စွဲလန်းနှစ်သက်ခြင်းသည် အမှန်ပင် နှလုံးသားများ သေစေ၏။ ထို့ပြင် ၎င်းသူသည် မကောင်းသော သေခြင်းမှ ထိန်းသိမ်းမှု ရရှိမည် .....  ဟု ဖွင့်ဆိုမိန့်ကြားထားပေသည်။ ထို့ကြောင့် ဤသို့အကျိုးထူးများ ပြည့်နေသည့် ညဥ့်များကို အလဟဿကိစ္စများဖြင့် မဖြုန်းတီးဘဲ အကျိုးရှိမည့်အရာများတွင် အသုံးချရမည် ဖြစ်၏။
ဟဒီးစ်တော်တစ်ရပ် လာရှိ၏။ ည ငါးညကို မအိပ်ဘဲ အိဗာဒသ်ပြုသောသူအဖို့ ဂျန္နသ်ရရှိရန် ဝါဂျိဗ်ဖြစ်သည်။ ထို ည ငါးညမှာ ......
[၁] လိုင်လသွသ် သရ်ဝီယဟ် (ဇိလ်ဟဂ်ျလ ၈ရက် ည)
[၂] လိုင်လသွလ် အရဖဟ် (ဇိဟဂ်ျလ ၉ရက် ည)
[၃] လိုင်လသွန် နဟရ် (ဇိဟဂ်ျလ ၁ဝရက်၊ အီဒွလ်အဿွ်ဟာည)
[၄] အီဒွလ် ဖိသိရ် (ရမ်ဇာန်လမြတ်ကုန်ဆုံးသည့် နောက်ဆုံးည)
[၅] ရှဗေဗရာအသ် (ရှအ်ဗာန် ၁၅ရက် ည) တို့ဖြစ်သည်။
အစ္စလာမ့်ဓမ္မသတ်ပညာရှင်တို့ထံတွင်လည်း အီးဒ်ည နှစ်ညတွင် အိဗာဒသ်ပြုခြင်းသည် မုစ်သဟဗ်၏ ထူးမြတ်မှုရရှိကြောင်း ရေးသားဖော်ပြထားကြပေသည်။ အခြားအဆိုတစ်ရပ်တွင် ......
[၁] သောကြာည၊ [၂] အီဒွလ်ဖသိရ်ည၊ [၃] အီဒွလ်အဿွ်ဟာည၊ [၄] ရဂျဗ်လဆန်းည နှင့် [၅] ရှအ်ဗာန် ၁၅ရက် ညတို့သည် တောင်းဆုပြုခြင်းများကို အထူးလက်ခံမှုပြုသော ညများဖြစ်ကြောင်း ဖော်ပြထားပေသည်။
ယခု ကျွန်ုပ်တို့အနေဖြင့် အီဒွလ်ဖိသိရ်၏ ညကို အနီးဆုံးရရှိပိုင်ဆိုင်ရမည်ဖြစ်ပေသည်။ ထို့ကြောင့် အတတ်နိုင်ဆုံး အီးဒ်ညများတွင် အလ္လာဟ်အရှင်နှစ်မြို့တော်မူသော ကျင့်ဆောင်မှုများ၌ မွေ့လျော်ခြင်းဖြင့်သာ ကျွန်ုပ်တို့၏ နှစ်ဌာနအတွက် သုခချမ်းသာကို ရှာဖွေအပ်ပေသည်။ သို့မှသာ ကျွန်ုပ်တို့၏ အီးဒ်နေ့သည် မင်္ဂလာအတိဖြစ်သော အီးဒ်နေ့ဖြစ်ပေမည်။ အီးဒ်ညတွင် အိဗာဒသ် ခဝပ်မှုပြုခြင်းနှင့် နဖိလ်များ ဆောက်တည်ခြင်းတို့သည် မုစ်သဟဗ်၏ အကျိုးထူးကို ရရှိမည်ဖြစ်သည်။ သို့သော် သီးသန့်သတ်မှတ်ပြဌာန်းထားသည့် ခဝပ်မှုမျိုးမရှိသဖြင့် မိမိတို့ စိတ်ထက်သန်ရာပုံစံဖြင့် အလ္လာဟ်အရှင်မြတ်ကို အိဗာဒသ်ပြုကာ အကျိုးကုသိုလ်များ ရယူနိုင်ပေသည်။ အိဗာဒသ်တွင် နဖိလ်နမားဇ်ဖတ်ခြင်း၊ ညဖြစ်သည့်အတွက် သဟဂ်ျဂျွဒ်ဖတ်ခြင်း၊ ဆွလာသွသ်သပ်စ်ဗီဖတ်ခြင်း၊ ဇိကိရ်၊ ဒရူးဒ်၊ အိစ်သိဂ်ဖာရ်၊ ကုရ်အာန်သိလာဝသ်ပြုခင်းများ နှင့် ဒုအာဆုတောင်းမှုပြုခြင်းတို့ အားလုံး အကျုံးဝင်ပေသည်။

အီးဒ်ညကို လက်လွှတ်ဆုံးရှုံးကြခြင်း
ကျက်သရေမင်္ဂလာနှင့် ကောင်းချီးအပေါင်းတို့ဖြင့် အထူးပြည့်စုံနေသော အီးဒ်ကဲ့သို့ ညထူးညမြတ်၏ အကျိုးကုသိုလ်များကို မေ့လျော့မှုပြုထားသူတို့သည် အမှန်တကယ် ကံဆိုးသူများ ဖြစ်ကြသည်။ တကယ်ဖြစ်ရမည်မှာ ထိုညမြတ်များ၌ အလ္လာဟ်အရှင်မြတ်နှစ်မြို့တော်မူသော ကောင်းမှုများ၌သာ မွေ့လျော်၍အချိန်ကုန်စေရမည်သာ ဖြစ်၏။
သို့သော် ယနေ့ ကျွန်ုပ်တို့၏ ဖြစ်စဉ်မှာ အိဗာဒသ်ပြုကောင်းမှုပွားရမည့်အစား မိသားစုနှင့်အတူ ရုပ်မြင်သံကြား၏ အစီအစဉ်များတွင် ပါဝင်နေကြသည်။ မိသားစုနှင့် မိတ်ဆွေများကို အိဗာဒသ်ပြုရန် တိုက်တွန်းပြောကြားဖို့ ဝေးစွ။ ကိုယ်တိုင်ပင် မကောင်းမှုအတွင်း သက်ဆင်းနစ်မွန်းနေ၏။
အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မနှစ်မြို့သည့် အမှုကိစ္စတို့ကို အခြားနေ့ရက်များ၌ ကျူးလွန်ခြင်းသည်ပင် ကြီးလေးသော ဒုစရိုက်မှုဖြစ်ပါလျှင် အီးဒ်ကဲ့သို့ မြင့်မြတ်သည့်ည၌ ကျူးလွန်ခြင်းမှာ အဘယ်မျှပင် ပြစ်မှုပိုကြီးသွားသည်ကို အထူးပြောပြရန် မလိုတော့ပါ။ ပြစ်မှုဒုစရိုက်ကို အထင်သေးခြင်းသည် (ဆိုလိုသည်မှာ ဒါလေးပဲလုပ်တာပါကွာ၊ မက္ကရူပါကွာ၊ ရုပ်ရှင်ကို နည်းနည်းပဲကြည့်တာပါ ... အပြစ်ခံရလည်း နည်းနည်းပေါ့ ... စသဖြင့်) အလ္လာဟ်အရှင်မြတ်ကို အထင်သေးခြင်း (အရှင့်၏ ကြီးကျယ်မြတ်ထွတ်မှု၊ အရာရာကို ပိုင်စိုးနိုင်နင်းအုပ်ချုပ်သည့် ဂုဏ်အင်နှင့် အရှင်ပေးမည့် ပြစ်ဒဏ်တို့ကို မကြောက်ခြင်း အထင်အမြင်သေးခြင်း) ဖြစ်သည်။ အချို့သူတို့သည် ဤသို့ထူးကဲလှသည့် ညမြတ်၌ အိဗာဒသ်ခဝတ်မှုဘက်သို့ အာရုံမရှိဘဲ အီးဒ်မနက်ဝတ်ဆင်ရမည့် ဝတ်ကောင်းစားလှများဘက်သို့ အာရုံရောက်နေသည်။ ထိုအရာများကို ဆင်ယဉ်ချယ်သနေကြသည်။ အများစုသည် အီးဒွလ်ဖိသိရ်၏ည၌ စားသောက်စရာများချက်ပြုတ်သည့် အရေးမကြီးသည့်အလုပ်ကို အထူးအလေးထားဆောင်ရွက်နေကြပြီး အီဒွလ်အဿွ်ဟာတွင်မူ ကုရ်ဗာနီ၏ သားကောင်နောက်သို့လိုက်နေကြ၏။ သက်ဆိုင်နေရာများ ရရှိပြီးပါကလည်း ဝိုင်းဖွဲ့ကာ စကားဖောင်စီးနေကြပြန်သည်။ အချို့ကလည်း ထိုည၏ထူးကဲမြင့်မြတ်သော အကျိုးကုသိုလ်များ ရရှိပိုင်ဆိုင်နိုင်ရန် ကောင်းမှုပွားရမည်ကို မသိနားမလည်ဘဲ လက်လွတ်ဆုံးရှုံးရခြင်းမျိုးလည်း ရှိပေသည်။ အားကောင်းမောင်းသန် ခန္ဓာကိုယ်ပိုင်ရှင်များသည်လည်း ထိုသို့သောညများတွင် လူသေကောင်ပမာ တခေါခေါနှင့် အိပ်မောကြနေကြ၏။ အိပ်ခြင်းသည်လည်း အိဗာဒသ်ဟု ဆိုကာ အိပ်နေကြ၏။ အမျိုးသမီးအများစုတို့သည်လည်း ထိုညတွင် ဒန်းဆိုးခြင်းဟူသည် ဝတ္တရားနောက် တကောက်ကောက် လိုက်နေကြရပေသည်။ သနားဖွယ်ပင်။ အီးဒ်တွင် ဒန်း မရှိလည်း အီးဒ်ဖြစ်၏။ အာခိရသ်တွင်မူ အမလ်မပါ ပါက လူတကာထံမှ လက်ဖြန့်လိုက်တောင်း၍ ရမည်မဟုတ်ပါ။ စာရှုသူတို့အနေဖြင့် ဤသို့မြင့်မြတ်ထူးကဲလှသည့် ညမြတ်အကြောင်းသိရှိပြီးပါက ထိုသို့လက်လွတ်ဆုံးရှုံးကြသူများအတွင်း မပါဝင်စေရန်၊ အရှင်မြတ်ထံမှ ရရှိသည့်အထူးအခွင့်အရေးကို ပိုင်နိုင်စွာ အသုံးချနိုင်ရန် ကြိုးစားအားထုတ်ရပေမည်။ ပမာတစ်ခုပြမည်။ တန်ဖိုးကြီးပစ္စည်းများသာ ရောင်းချသော ဈေးဝယ်စင်တာကြီးတစ်ခုတွင် ..... မည်သည့်ည၏ ၆နာရီမှ မနက်၎နာရီအထိ မည်သူမဆို လာရောက်၍ မည်သည့်ပစ္စည်းကိုမဆို နှစ်သက်သလောက် ယူငင်နိုင်သည်။ တန်ကြေးကိုလည်း သုံးပုံတစ်ပုံသာ ပေးရမည်ဟု ကြေငြာထားသည်။ လူအချို့သည် အားကြိုးမာန်တက် စ၍ ခွင့်ပေးသည့်အချိန်မှ ပိတ်သည့်အချိန်အထိ တစ်ညလုံး တန်ဖိုးကြီးပစ္စည်းများကို ယူငင်သည်။ အချို့မှာမူ စသည့်အချိန်၌သာ လာပြီး ပစ္စည်းတစ်ခုယူလိုက်သည်။ မနက်ပိတ်ခါနီးလာ၍ နောက်ပစ္စည်းတစ်ခု ယူသည်။ ထိုသူ့အဖို့ ပစ္စည်းနှစ်ခုသာ ရသည်။ ပထမအုပ်စုကတော့ တန်ဖိုးကြီးပစ္စည်းများစွာကို တန်ဖိုးသက်သာစွာဖြင့် များစွာပိုင်ဆိုင်သွားသည်။ အသင်ဆိုလျှင် မည်သည့်အုပ်စုဝင် ဖြစ်လိုပါသနည်း။ လူ့ဗီဇမှာ သက်သက်သာသာနှင့် ပေါများစွာရခြင်းကို နှစ်သက်သည်သာ ဖြစ်၏။ ကမ္ဘာ့၏ ကုန်ပစ္စည်းနှင့် ငွေကြေးတို့အတွက် အသင့်တွင် ကြိုးပမ်းလိုစိတ်ရှိလျှင် တစ်ခုလုပ်လျှင် ဆယ်ခုရမည့် အာခိရသ်အတွက် ပို၍ပင် သောကထားကာ စိတ်ရောကိုယ်ပါ အားထုတ်ရပေမည်။

နေ့နှင့် ည မည်သည်က သာပိုထူးမြတ်ပါသနည်း
ညသည် နေ့ထက် အကြောင်းအရင်းများစွာကြောင့် ထူးမြတ်ရပါသည်။
(၁) ညများအနက် ည တစ်ညသည် လပေါင်းတစ်ထောင်ထက် သာပိုထူးမြတ်၏။ သို့သော် နေ့နှင့်စပ်လျဉ်း၍ ထိုကဲ့သို့ ဖော်ပြချက် မပါရှိပါ။
(၂) ကျမ်းမြတ်ကုရ်အာန် တစ်အုပ်လုံးသည် လောင်ဟေမဟ်ဖူးဇ် ထိန်းသိမ်းထားသည့်ကျောက်စာမှ မိုးကောင်ကင် ပထမထပ်သို့ ချပေးသည့်အချိန်မှာလည်း ညအချိန်ဖြစ်၏။ နေ့အချိန်မဟုတ်ပါ။
(၃) ညဥ့်၏နောက်ဆုံးအချိန် (သုံးပုံ တစ်ပုံ) သို့ရောက်တိုင်း အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင် ပထမထပ်သို့ ဆင်းသက်ကြွမြန်းတော်မူ၏။
(၄) တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်ကို ကောင်းကင်ဘုံခရီးသို့ ခေါ်ဆောင်သွားသည့်အချိန်မှာလည်း ညချမ်းအချိန်သာ ဖြစ်၏။
(၅) ညသည် အနားယူအိပ်စက်သည့်အချိန်ဖြစ်၍ ညအချိန်၌ တိရိစ္ဆာန်များကို ဇဗာပြုခြင်း မက္ကရူဖြစ်ရခြင်းမှာလည်း ညကို အကြောင်းခံ၍သာ ဖြစ်၏။
(၆) ညချမ်းအချိန် ခရီးသွားပါက ခရီးတွင်ကျယ်သည်ဟု တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်က မိန့်ခြွေတော် မူထားသည်။
(၇) ည၏ ထူးမြတ်မှုကြောင့်ပင် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က ရန်သူများကို ညအချိန် ဝင်ရောက်တိုက်ခိုက်ခြင်း ပြုတော်မမူချေ။

အီးဒ်၏ နေ့အချိန်
((ရမ်ဇာန်နှင့် စပ်လျဉ်း မိန့်ခြွေထားသည့် ဟဒီးစ်တော်၌ ပါဝင်သည်မှာ) အီးဒ်နေ့ မိုးလင်းသောအခါ အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်တမန်များကို မြို့၊ ရွာတိုင်းသို့ စေလွှတ်တော်မူ၏။ ကောင်းကင်တမန်တို့သည် ကမ္ဘာမြေသို့ဆင်းသက်လာကြပြီး လမ်းကြီးလမ်းငယ် အသွယ်သွယ်တို့၏ ထိပ်တွင်ရပ်ကြလေသည်။ ထို့နောက် ဂျင်န်နှင့် လူသားတို့မှအပ အခြားအဖန်ဆင်းခံအားလုံး ကြားကြရသည့်အသံဖြင့် အို မုဟမ္မဒ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်၏ အုမ္မသ်အပေါင်းတို့ ရက်ရောတော်မူသော အရှင်မြတ်ထံတော်သို့ ဝင်ရောက်ခစားကြကုန်။ ထိုအရှင်မြတ်သည်အတိုင်းထက်အလွန် ချီးမြှင့် ပေးသနားတော်မူ၏။ ကြီးမားလှစွာသော ပြစ်မှုကို ခွင့်လွှတ်တော်မူ၏ .... ဟု ကြွေးကျော်ကြသည်။
ထို့နောက် လူတို့ အီဒ်ဂါသို့ထွက်လာကြသောအခါ အလ္လာဟ်အရှင်မြတ်က ကောင်းကင်တမန်တို့အား မိမိတို့အလုပ်တာဝန်ကို ပြီးစီးအောင်ဆောင်ရွက်သော အလုပ်သမားအား မည်သို့အစားပေးရမည်နည်း ဟု မေးမြန်းတော်မူ၏။ ထိုအခါ ကောင်းကင်တမန်တို့က အို .... ကျွန်တော်မျိုးတို့၏ အရှင်သခင် ၎င်းတို့၏ လုပ်ခကို အပြည့်ချီးမြှင့်တော်မူခြင်းသာလျှင် ၎င်းအား အစားပေးခြင်းဖြစ်ပါသည် ... ဟု လျှောက်ထားဖြေကြားလေသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က သို့ဖြစ်လျှင် အို ကောင်းကင်တမန်အပေါင်းတို့ အမှန်ပင် ငါအရှင်မြတ်သည် ၎င်းတို့အား ရမ်ဇာန်လ၏ ရိုဇာနှင့် သရာဝီတို့၏အစား အကျိုးကုသိုလ်အဖြစ် ငါအရှင်မြတ်၏ ကျေနပ်နှစ်သက်မှုနှင့် ခွင့်လွှတ်ချမ်းသာပေးမှုကို ချီးမြှင့်တော်မူလိုက်ပြီး အသင်တို့အား သက်သေထားတော်မူသည် ဟု မိန့်တော်မူလေသည်။
ထို့ပြင် အလ္လာဟ်အရှင်မြတ်က လူတို့ကို ဤသို့မိန့်တော်မူ၏။ အို ငါအရှင်မြတ်၏ ကျေးကျွန်အပေါင်းတို့ ငါအရှင်မြတ်ထံပါး၌ တောင်းခံကြလော့။ ငါအရှင်မြတ်၏ ဂုဏ်တော်၏ ကစမ်၊ ငါအရှင်မြတ်၏ တန်ခိုးတော်၏ ကစမ်၊ အသင်တို့သည် ယနေ့မိမိတို့၏ ဤအစုအဝေး၌ မိမိတို့၏ အာခိရသ်တမလွန်အရေးနှင့် စပ်လျဉ်း၍ အသနားခံတောင်းခံကြသည်ကို ငါအရှင်မြတ် ချီးမြှင့်တော်မူမည်။ သို့ရာတွင် လောကီ (ကမ္ဘာပေါ်တွင် ရှင်သန်နေစဉ်၏) အရေးနှင့် ပတ်သက်၍ တောင်းခံသည်ရှိသော် အသင်တို့၏ အကျိုးရလဒ်အတွက် ကြည့်ရှုတော်မူမည်။ ငါအရှင်မြတ်၏ ဂုဏ်တော်၏ ကစမ်၊ အသင်တို့သည် ငါအရှင်မြတ်ဘက်သို့ အာရုံပြုသမျှ ငါအရှင်မြတ်သည် အသင်တို့၏ ချွတ်ချော်မှုကို ဖုံးအုပ်တော်မူမည်။ ငါအရှင်မြတ်၏ ဂုဏ်တော်၏ ကစမ်၊ ငါအရှင်မြတ်၏ တန်ခိုးတော်၏ ကစမ် ငါအရှင်မြတ်သည် အသင်တို့အား ကာဖိရ်များရှေ့မှောက်ဝယ် အရှက်တကွဲဖြစ်အောင် ပြုလုပ်တော်မူမည်မဟုတ်။ ယခုသော်ကား အသင်တို့သည် မိမိတို့၏ နေအိမ်များသို့ ခွင့်လွှတ်ချမ်းသာမှု ပေးသနားခြင်းကို ရရှိသူများအဖြစ်နှင့် ပြန်ကြလော့။ အသင်တို့သည် ငါအရှင်မြတ်အား ကျေနပ်အောင် ပြုလုပ်ခဲ့ကြသည်။ ငါအရှင်မြတ်သည် အသင်တို့အပေါ်၌ ကျေနပ်တော်မူလေပြီ။
ထိုအခါ ကောင်းကင်တမန်တို့သည် အဖ်သာရ်ပြုသောနေ့ (အီဒွလ်ဖိသိရ်)တွင် ဤအုမ္မသ်အပေါ်ချီးမြှင့်သည်များများကို မြင်၍ ဝမ်းမြောက်ပျော်ရွှင်ကြကုန်သည်။

အထက်ပါ ဟဒီးစ်မှပင် အီးဒ်၏နေ့တွင် အလ္လာဟ်အရှင်မြတ်၏ ချီးမြှင့်မှုများကို ပြီးပြည့်စုံစွာ သိရလေသည်။ ထို့ကြောင့် အီးဒ်၏ နေ့အချိန်တွင်လည်း စားသောက်ပျော်ပါးမှု၌သာ နစ်မွန်းမနေရဘဲ သူ့အချိန်နှင့်သူ နမားဇ်များကို ဆောက်တည်ကြရပေမည်။ အများအားဖြင့် အီးဒ်တွင် အိမ်များသို့လည်ပတ်ရင်း လမ်းခရီး၏ ကျန့်ကြာမှုများကြောင့် ဇုဟုရ် အစွရ်နမားဇ်များ ကဇွာဖြစ်သွားရသည်။ မဂ်ရိဗ်နှင့် အိရှာသည်လည်း တစ်နေကုန်ပင်ပမ်းထားခြင်းကြောင့် အညောင်းမိကာ အိပ်ပျော်သွားကြလေသည်။ အချို့ မိတ်ကပ်ဖျက်ရင်း အချိန်ကုန်နေကြသည်။ အလွန်ဝမ်းနည်းဖွယ်ပင်။ အီးဒ်တွင် အရှင်မြတ်မှ အပြစ်ခွင့်လွှတ်ပေးသည်ဟု ဆိုခြင်းက ယနေ့တစ်နေကုန် လုပ်ချင်တာလုပ်ကြဟု ခွင့်ပေးနေခြင်းမဟုတ်ပါ။ အီးဒ်လ မြင်သည်နှင့် ရမ်ဇာန်တစ်လလုံးပိတ်နေသည့် ရှိုက်သာန်တီဗီကို ဖွင့်ပြီး ဇိနာအမှုများပြည့်နှက်ကာ ရွံရှာဖွယ်ရာများအတိဖြစ်သည့် သီချင်များ၊ ရုပ်ရှင်များကို စတင်ဖွင့်လိုက်ကြသည်။ အိန္ဒိယသီချင်းများကိုပင် အချို့ကလည်း မုစ်လင်မ် သီချင်းဟုခေါ်သည်က ရှိသေး၏။ မှတ်ထားပါ။ အစ္စလာမ်တွင် အတီး၊ အမှုတ်၊ ကခုန်ခြင်းမရှိသလို ၎င်းအရာတို့သည် မုစ်လင်၏ လုပ်ဆောင်ချက်လည်း မဟုတ်။အချို့ကလည်း ဗရကသ်သဘောဖြင့် ကိရာအသ်ဖွင့်ထားသည်။ တစ်ဖက်တွင်မူ ကိုယ်တိုင်က လုပ်ချင်ရာလုပ် အတင်းပြော စကားများခြင်းများပြုနေကြသည်။ ကုရ်အာန်ဖွင့်ထားလျှင် နားစိုက်ထောင်ရန် အရေးကြီးသည်။ ထို့အတူ အီးဒ်တွင် အရက်သေစာသောက်စားခြင်းများ၊ မတော်မလျော်သော အပျော်ကျူးခြင်းများဖြင့် အစ္စလာမ့်အလှအပဖြစ်သော အီးဒ်ကို ညစ်ထေးအောင်ပြုခြင်းသည် မုစ်လင်မ်တို့ကိုယ်တိုင် မိမိအစ္စလာမ်ကို  သိက္ခာချပစ်နေခြင်းသာ ဖြစ်၏။ အရက်၊ လောင်းကစား၊ ရုပ်ရှင်၊ သီချင်း၊ မကောင်းမှုအပေါင်းသည် ရမ်ဇာန်တွင်လည်း မပြုကြသကဲ့သို့ ရမ်ဇာန်ပြီးနောက်တွင်လည်း ရှောင်ကြရမည် ဖြစ်သည်။ ယင်းမကောင်းမှုတို့သည် ရမ်ဇာန်တွင် ဟရာမ်ဖြစ်သလို ရမ်ဇာန်ပြီးနောက်တွင်လည်း ဟရာမ်အဖြစ်နှင့်သာ ဆက်လက်တည်ရှိနေပြီး ကျူးလွန်ဖောက်ဖျက်သူအဖို့ သတ်မှတ်ပြစ်ဒဏ်ကို ကျခံရမည်သာဖြစ်၏။ ထို့ကြောင့် မုစ်လင်မ်တို့အနေဖြင့် မိမိတို့၏ အစ္စလာမ့်အလှအပများကို ထိန်းသိမ်းသူဖြစ်ကြပါ။ ဖျက်ဆီးသူများ မဖြစ်ကြပါနှင့်။

အီးဒ်နေ့တွင် ဆောင်ရွက်ရမည့် အရာများ
အီးဒ်နေ့များတွင် အောက်ပါအရာများကို ဆောင်ရွက်ခြင်းသည် စွန္နသ် သို့မဟုတ် မုစ်သဟဗ်၏ ထူးမြတ်ရှိသည်။ အစ္စလာမ့်ညွှန်ကြားမှုနှင့် အညီ တစ်ကိုယ်ရေသန့်ရှင်းမှုပြုခြင်း၊ နမားဇ်မဖတ်မီ ရေချိုးသန့်စင်ခြင်း၊ မစ်ဝါးက်တိုက်ခြင်း၊ အကောင်းဆုံးအဝတ်ကို ဝတ်ဆင်ခြင်း၊ အမွှေးအကြိုင်လိမ်းခြင်း၊ စောစီးစွာ အိပ်ယာထခြင်း၊ အီဒဂါသို့ စောလျင်စွာ သွားခြင်း၊ အီးဒ် (အီဒွလ်ဖိသိရ်၏) နမားဇ်ဖတ်ရန် မသွားမီ အချိုတစ်ခုခု စားသုံးခြင်း၊ အီးဒ်နမားဇ်ထက်အလျှင် ဖိသ်ရာပေးခြင်း၊ အီဒဂါသို့သွား၍ နမားဇ်ဖတ်ခြင်း၊ လမ်းတစ်ခုမှသွား၍ အပြန်တွင် အခြားတစ်လမ်းမှ ပြန်လာခြင်း၊ ခြေလျှင်လျှောက်သွားခြင်း၊ လမ်းတွင် အီးဒ်၏ သက္ကဗီရ်ဖြစ်သော အလ္လာဟုအက္ကဗရ် အလ္လာဟုအက္ကဗရ် လာအိလားဟ အိလ်လ္လားဟု ဝလ္လားဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ် ဝလိလ်လားလိလ်ဟမ်ဒ် ကို တိုးတီးစွာ ဖတ်ခြင်းတို့ ဖြစ်ပေသည်။

အီးဒ်ဟု အမည်တွင်ရခြင်းအကြောင်း
လမြတ်ရမ်ဇာန်ကုန်ပြီး ရှောက်ဝလ်လပထမရက်ကို အီဒွလ်ဖိသိရ် ဟု ခေါ်သည်။ အီးဒ်ဟူသည် အရဗီစကားလုံး အောင့်ဒ်ဟူသည့် ပုဒ်မှ ဆင်းသက်လာသည်။ အဓိပ္ပါယ်မှာ အဖန်တလဲလဲ ပြန်လာခြင်းဟူ၍ ဖြစ်သည်။ ဤနေ့သည် ကျွန်ုပ်တို့ထံ အဖန်တလဲလဲ နှစ်စဉ်ရောက်ရှိလာပေသည်။ ထို့ပြင် အရဗ်လူမျိုးများသည် ပျော်ရွှင်ဖွယ်ရာ စုစည်းမှုတိုင်းကိုလည်း အီးဒ်ဟု ခေါ်ဆိုသမုတ်လေ့ရှိကြသည်။

အီးဒ်ရက်သည် မည်သည့်အချိန်မှ စတင်ဖြစ်ပေါ်ခဲ့ပါသနည်း
အီးဒ်သည် ပထမဆုံး ဟိဂ်ျရီခုနှစ်မှ စတင်ခဲ့သည်။ ဟဒီးစ်တော်၌ လာရှိသည်။ အနတ်စ်သခင် (ရသွီ)က ဆင့်ပြန်မိန့်ဆိုသည်မှာ ကိုယ်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဝစလ္လမ်သည် မက္ကဟ်မြို့မှ မဒီနာသို့ ဟစ်ဂ်ျရသ်ပြု ရွှေ့ပြောင်းတော်မူလာသည်။ အစ္စလာမ်ဘာသာဝင် ဒေသခံ မဒီနာမြို့သူမြို့သားများသည် ပွဲတော်ရက်နှစ်ရက် ကျင်းပလေ့ရှိကြပြီး ယင်းပွဲတော်ရက်များတွင် ပျော်ပွဲရွှင်ပွဲများအား နှစ်စဉ်ဆင်နွှဲလေ့ရှိကြသည်။
ဤသည်ကို တွေ့သောအခါ ကိုယ်တော်မြတ်က အသင်တို့ကျင်းပသည့် ဤပွဲတော်နှစ်ရက်သည် မည်သို့ပါနည်း။ အဘယ့်ကြောင့် ဆင်နွှဲရပါသနည်း ဟု မေးမြန်းရာ ကျွန်ုပ်တို့ထံ အစ္စလာမ်မရောက်လာမီ ရှေးယခင်ခေတ်ကာလများကပင် ဤပွဲတော်များကို အစဉ်အလာတစ်ရပ်အနေဖြင့် ကျင်းပလာခဲ့ကြသည် ဟု ဖြေကြ၏။
ထိုအခါ တမန်တော်မြတ်က အသင်တို့၏ ဤပွဲတော်နှစ်ရက်အစား ထိုထက်သာလွန်ကောင်းမြတ်သည့် ရက်နှစ်ရက်ကို သတ်မှတ်ပေးတော်မူလိုက်သည်။ ၎င်းမှာ အီဒွလ်အဿွ်ဟာနှင့် အီဒွလ်ဖိသိရ် ဟူ၍ ဖြစ်၏.....ဟု မိန့်တော်မူလေသည်။

အစ္စလာမ်တွင် ပျော်ခြင်း၏ အထိမ်းအမှတ်သည် နမားဇ်ဖြစ်၏။ ထို့အတူ ဝမ်းနည်းခြင်း၏ အထိမ်းအမှတ်သည်လည်း နမားဇ်ပင်ဖြစ်သည်။ သဘောမှာ အစ္စလာမ့်၏ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတို့အတွက် လူတို့တီထွင်ထားသည့် လုပ်ဆောင်ချက်များ၊ ကစားခုန်စားမှုများနှင့် အသံဗလံအစုံမြည်သည့် ပစ္စည်းကိရိယာတို့ဖြင့် ကြိုဆိုနေရန် မလိုအပ်ချေ။ နှစ်ဌာနအကျိုးရှိစေမည့် တိုတောင်းလွယ်ကူ ရိုးရှင်းလှသည့် နမားဇ်ဆိုသည့် အရာဖြင့် ကြိုဆိုသမှုပြုသလို ဝမ်းနည်းရသည်များအတွက်လည်း ယင်းနမားဇ်ကိုပင် ဆောက်တည်ကြရပါသည်။

မုစ်လင်မ်တို့အတွက် အလ္လာဟ်ဖက်မှချီးမြှင့် ဆုလာဘ်များသည် ရေတွက်မကုန်နိုင်ဖွယ်ပင်။ စဉ်းစားကြည့်ပါ။ ရဂျဗ်မှာ စတင်ကာ ရှအ်ဗာန်ကို ဖြတ်ကျော်ပြီး ရမ်ဇာန်တွင် အဆုံးသတ်သည်။ ထိုကာလတစ်လျှောက်လုံး အလ္လာဟ်အရှင်မြတ်ဘက်မှ တောင်းဆုပြည့်သည့်ညများ၊ ခွင့်လွှတ်မှုများပေးသည့် ကာလများ၊ ငရဲမှ ထုတ်ပေးခြင်းများ၊ ဂျန္နသ်သုခဥယျာဉ်ကို စံမြန်းရန် အခွင့်အရေးရရှိမည့် ကောင်းမှုလုပ်ဆောင်ချက်များ တစ်စစချီးမြှင့်လာလိုက်သည်မှာ ယခု အီးဒ်သို့ပင် ရောက်ရှိလာခဲ့ပေပြီ။ ထိုအီးဒ်ကို ကြည့်ပါ။ ညအချိန် နေ့အချိန် နှစ်ခုစလုံးတွင် တောင်းဆုများ လက်ခံပေးမည်။ ခွင့်လွှတ်မှုများ လွတ်ငြိမ်းခွင့်များပေးမည်ဟူသည့် မဟာအခွင့်အရေးများကို အတိုင်းအဆမဲ့ ထပ်မံချီးမြှင့်နေပြန်သည်။ အလ္လာဟ်အရှင်မြတ်၏ ကတိ၊ အရှင်မြတ်၏ ချီးမြှင့်ခြင်းများသည် မည့်သည့်ကာလ မည်သည့်ဒေသဟူ၍ ခွဲခြားထားခြင်းမရှိသလို ပေးမည်ဟု မိန့်သည့်အချိန်မှစ၍ ယနေ့အထိ ကိယာမသ်နေ့အထိ ပေးမည်ပင်ဖြစ်သည်။ ပေးနေမည်သာ ဖြစ်၏။ သို့သော် ...... သို့သော် ထို..ထိုသော အကျိုးထူးများကို ပြည့်ပြည့်ဝမရဘဲ လိုတာမရ ရတာမလို အရှက်တကွဲအကျိုးနည်း ဖြစ်နေရခြင်းမှာ ကျွန်ုပ်တို့၏ ပေါ့လျော့ချို့ယွင်းမှုများကြောင့်သာ ဖြစ်နေသည်ကို သတိပြုကာ အထူးပြုပြင် ဆင်ခြင်သင့်လှပေသည်။

ခြောက်လုံးရိုဇာထားခြင်းအကြောင်း
အဗူအိုက်ယူးဗ်အန်ဆွာရီသခင် (ရသွီ)ထံမှ ဆင့်ပြန်သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်သည်မှာ အကြင်သူသည် ရမ်ဇာန်လ၏ ရိုဇာကိုထားမည်။ ရမ်ဇာန်လကုန်ပြီးနောက် အီးဒ်လဖြစ်သည့် ရှောက်ဝလ်တွင် နဖိလ်ရိုဇာခြောက်လုံးကို ဆက်လက်ထားမည်ဆိုပါက (ဤနည်းအတိုင်း နှစ်စဉ်ကျင့်ဆောင်သွားလျှင်) ထိုသူသည် တစ်သက်လုံး ရိုဇာထားသကဲ့သို့ ဖြစ်ပေသည်။
အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုတစ်ခုအစားတွင် ဆယ်ဆချီးမြှင့်မည်ဟု မိန့်ထားသည်။ ရမ်ဇာန်ရိုဇာ ၃ဝ ထားလျှင် ၎င်းသည်အစားသည် ၃ဝဝ ဖြစ်မည်။ နဖိလ်ခြောက်လုံးသည် ၆ဝဖြစ်မည်။ ပေါင်းလျှင် ၃၆ဝရသည်။ တစ်နှစ်တွင် ရက်ပေါင်း ၃၆ဝ ရှိသည်ဖြစ်၍ တစ်နှစ်ပတ်လုံး ရိုဇာထားသကဲ့သို့ ဖြစ်ပေသည်။ ဤပုံစံအတိုင်း လူတစ်ယောက် ရမ်ဇာန်တိုင်းနှင့် ခြောက်လုံးရိုဇာကို တွဲစပ်သွားပါက ထိုသူသည် အသက်ရှင်သရွေ့ နေ့စဉ်ရိုဇာစောင့်ထိန်းသကဲ့သို့ အကျိုးကုသိုလ်ကို ရရှိသွားမည် ဖြစ်၏။ စွဗ်ဟာနလ်လာ ၃၆ရက် အလ္လာဟ်အတွက်အချိန်ပေးကာ အလ္လာဟ်အမိန့်နာခံလိုက်လျှင် အလ္လာဟ်က ၃၆ဝ၊ တစ်နှစ်စာအတွက် လစာ (ကုသိုလ်) ပေးလိုက်သည်။ ကမ္ဘာ၏ အလုပ်အကိုင်များတွင်​ တစ်လနှင့် နောက်ခြောက်ရက်လုပ်ပြီး တစ်နှစ်စာလခပေးသည်များ ရှိတတ်ပါသလား။ သို့သော် ကျွန်ုပ်တို့၏ မြင့်မြတ်တော်မူလှသော အလ္လာဟ်အရှင်မြတ်က မိမိ၏ ကျေးဇူးအသနားတော်ဖြင့် ထိုမျှကာလလေးအတွက် တစ်နှစ်စာ ကုသိုလ်ကို ချီးမြှင့်တော်မူနေပေသည်။ ထို့ကြောင့် ယင်းအကျိုးထူးကို မုစ်လင်မ် အမျိုးသား၊ အမျိုးသမီးတိုင်း ရယူရန် ကြိုးပမ်းရပေမည်။ ကိယာမသ်နေ့၌ ဖရဇ်တာဝန်များ စစ်ဆေးသည့်အခါ ပေါ့လျော့မှုများနှင့် လျော့နည်းမှုများ ရှိနေခဲ့ပါက နဖိလ်အိဗာဒသ်တို့ဖြင့် ဖြည့်စွက်မည်ဖြစ်၏။ အကယ်၍ ဖရဇ်တွင် ပေါ့လျော့မှုမရှိပါက နဖိလ်မှ ကုသိုလ်များ သီးသန့်ရရှိကာ ဂျန္နသ်၏ သုခချမ်းသာများကို ထပ်မံခံစားရမည်ဖြစ်သည်။ ထို့ကြောင့် နဖိလ်များကို နဖိလ်ပါဟူ၍ အတွေးမထားဘဲ နဖိလ်သည် နဖိလ်ဖြစ်၏။ အကျိုးထူးလှ၏ဟု မှတ်ယူကာ ကျင့်သုံးရပေမည်။
မှတ်သားဖွယ်တစ်ခုမှာ ရမ်ဇာန်သည် နှစ်ဆယ့်ကိုးရက် ဖြစ်ခဲ့သည်ရှိသော် ဆယ်ဆဖြစ်သည့် ၃ဝဝမှာ ၂၉ဝဖြစ်သွားမည်လား။ ရမ်ဇာန်သည် ၂၉ဖြစ်ခဲ့လျှင်လည်း ၃ဝဟုသာ ရေတွက်၍ ကုသိုလ်ကို အပြည့်ချီးမြှင့်မည် ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော မုစ်လင်မ်၏ ရင်တွင်းဝယ် ၂၉ရက်နေ့ လမမြင်ခဲ့သော် နောက်တစ်နေ့တွင် ရိုဇာထားမည်ဟူသည့် ရည်ရွယ်ချက်မှာ အပြည့်အဝပင် ရှိပေသည်။ ထို့ကြောင့် လ၏ ရက်အရေအတွက်လျော့နည်းသွားသောလည်း ကုသိုလ်အကျိုးတွင် လျော့နည်းမည်မဟုတ်ပါ။ အလ္လာဟ်အရှင်မြတ်က အပြည့်အဝချီးမြှင့်မည်သာ ဖြစ်၏။

ခြောက်လုံးရိုဇာကို ....
အချို့ ရမ်ဇာန်တစ်လလုံးရိုဇာရသူကသာ ခြောက်လုံးထားရမည်ဟု အယူထားသည်။ ဤသည်မှာ မှား၏။ မည်သူမဆို ထားနိုင်သည်။ ထို့အတူ နဖိလ်ခြောက်လုံးရိုဇာကို ရှောက်ဝလ်တစ်လလုံးအတွင်း မည်သည့်ရက်မဆို ထားနိုင်ပေသည်။ အီးဒ်နှင့် ကပ်နေသည့် ခြောက်ရက်ကိုထားမှ ရိုဇာခြောက်လုံးဖြစ်သည်မဟုတ်ပါ။ သတိပြုရမည်မှာ ရှောက်ဝလ်အတွင်း ဖြစ်ရမည်။ မကျန်းမာသူများ၊ အင်အားနည်းသူများအနေဖြင့် ဆက်တိုက် ခြောက်လုံးမထားနိုင်ကလည်း ရက်ခြား၍ ဖြစ်စေ၊ မိမိအစဉ်ပြေသလို ရှောက်ဝလ်အတွင်း ထားလိုက်လျှင် ဖြစ်၏။ အီးဒ်ပြီး နောက်တစ်ရက်ကပ်နေသည့်နေ့မှ စထားမှ ခြောက်လုံးဖြစ်သည်မဟုတ်ပါ။ ထို့အတူ ရှောက်ဝလ်တစ်လလုံးအတွင်း နဖိလ်တစ်လုံးသာထားပြီး ခြောက်လုံး၏ အကျိုးကုသိုလ်ကိုလည်း ရမည်မဟုတ်ပါ။ နဖိလ်ခြောက်လုံးကို အပြည့်ထားရပေမည်။

ခြောက်လုံးရိုဇာနှင့် ကဇွာ
ရမ်ဇာန်အတွင်း ပျက်ကွက်ခဲ့သည့် ရိုဇာများကို ကဇွာပြန်ဖြည့်ခြင်းသည် သပ်သပ်ဖြစ်၏။ နဖိလ်၏ ခြောက်လုံးက သပ်သပ်ဖြစ်ပါသည်။ နှစ်ခုရောခွင့်မရှိပါ။

ကဇွာရိုဇာနှင့် နဖိလ်ရိုဇာ
ကဇွာရိုဇာအတွက် ရည်စူးမှု နိယသ်ကို ညကတည်းက ပြုရန် အရေးကြီးသည်။ စဲဟ်ရီကတည်းက မိမိသည် ပျက်ခဲ့သည့် ရိုဇာကို ပြန်ဖြည့်ကြောင်း ရည်စူးရမည်။ ကဇွာ၏ နိယသ်နှင့်အတူ နဖိလ်နိယသ် ရောပြုခွင့်မရှိပါ။ နဖိလ်ရိုဇာတွင်မူ မနက်ရောက်သည့်အချိန်မှ ရည်စူးမှုပြုလည်း ဖြစ်ပေသည်။ ထိုနဖိလ်ထားသည့်အချိန် ကဇွာပါဖြည့်ပါသည်ဟု ရော၍ ရည်စူးလို့မရပါ။ နဖိလ်ရိုဇာကို စောင့်ရင်းတစ်ဝက်ဖြင့် ပျက်သွားပါကလည်း ထိုနဖိလ်ကို ပြန်ဖြည့်ရန် အရေးကြီးပါသည်။

မုစ်လင်အမျိုးသား အမျိုးသမီးတိုင်းသည် မိမိတို့၏ အီးဒ်များ အလ္လာဟ်အရှင်မြတ်၏ ချီးမြှင့်မှုများနှင့် အစ္စလာမ့်၏ အမိန့်များကို သိရှိနိုင်ရန်၊ ဗဟုသုတရစေရန်၊ လိုက်နာနိုင်ရန်ရည်ရွယ် တင်ဆက်လိုက်ခြင်းဖြစ်ပါသည်။ မုစ်လင်မ်တိုင်း ရရှိမည့် ကုသိုလ်အကျိုးနှင့် ဆုလာဘ်များကို လက်လွှတ်မခံဘဲ အမိအရ ရယူကျင့်သုံးကြပါ ..... လို့ တိုက်တွန်းရင်းဖြင့် အဆုံးသတ်လိုက်ပါသည်။

[သုဟ်ဖာအေခဝါသီးန်၊ ဖဇာအိလေရမ်ဇာန်နှင့် ထူးကဲမြင့်မြတ်သော ညများနှင့်နဖိလ်နမားဇ်များ စာအုပ်တို့ကို ကိုးကား၍ တင်ဆက်ပါသည်။]

အလ်မုဖီးဒ်
ရမ်ဇာန်/ ၂၉/ ယောင်မုလ်ဂျွမ်အဟ်/ ဟိဂ်ျရီ ၁၄၃၆

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Wednesday, July 15, 2015

လ ၏ သဘာဝ၊ အစ္စလာမ့်လဆန်းရက်နှင့် ဆန်းဦးစလမြင်ခြင်းဆိုင်ရာ သိမှတ်ဖွယ်များ


လ " Moon " ၏ သဘာဝ

၁။ လသည် အရှေ့အရပ်မှ ထွက်၍ အနောက်အရပ်တွင် ဝင်ပါသည်။

၂။ လသည် နေမှ ၁ ဒီဂရီရွေ့လျားရန် ၂ နာရီခန့် ကြာပါသည်။

၃။ စတင်ရွေ့လျားပြီးတစ်လခန့် အကြာတွင် နေနှင့် လတို့ ပြန်လည် ဆုံစည်းမိပါသည်။

၎။ နေနှင့် လ ဆုံစည်း နေချိန်တွင် လကို (သဘာဝ မျက်စေ့ဖြင့်) လုံးဝ မမြင်နိုင်ပါ။ ထိုအချိန်ကို လကွယ် ဟုခေါ်ပါသည်။

၅။ နေနှင့် လ ဆုံစည်းပြီးနောက် ပထမဆုံးတွေ့မြင်ရသော လခြမ်းလေးကို လဆန်း ဟုခေါ်ပါသည်။

၆။ ဆန်းဦးစ လ တစ်ကြိမ် မြင်တွေ့ရသည်မှ နောက်တစ်ကြိမ် စ မြင်ရသည့် ကာလကို (အစ္စလာမ့်ပြက္ခဒိန်စနစ်အရ) တစ်လ ဟုခေါ်သည်။

၇။ တစ်လသည် ပျမ်းမျှ ၂၉ ရက် ၁၂ နာရီ ၄၄ မိနစ် ၂.၉ စက္ကန့် ဖြစ်ပါသည်။ (တစ်လနှင့်တစ်လ မတူညီပါ)

၈။ တစ်လသည် အများဆုံး ၂၉ ရက် ၁၉ နာရီကျော် ကြာပြီး အနည်းဆုံး ၂၉ ရက် ၅ နာရီခန့်ကြာပါသည်။

၉။ တစ်လလျှင် ရက်အားဖြင့် ၂၉ သို့မဟုတ် ၃ဝ ရှိတတ်ပါသည်။

၁၀။ ဆန်းဦးစလကို တွေ့မြင်ရန် သဘာဝ၏ အချက် ၁၀ ချက်အပေါ်တွင် မူတည်သည်။ (က)နေနှင့် လ ဆုံစည်းချိန်မှ နေဝင်ချိန်အထိ နာရီပေါင်း (ခ) နေဝင်ချိန်မှ လဝင်ချိန်အထိ မိနစ်ပေါင်း (ဂ) နေဝင်ချိန် လ၏ အမြင့် (ဃ) အီကွေတာမှ တိမ်းစောင်းမှုခြားနားခြင်း ၊ မိုးကုတ်စက်ဝိုင်းတွင် နေဝင်ရာအရပ်နှင့် လဝင်ရာအရပ်တို့၏ ခြားနားခြင်း ဒီဂရီ (င) ကမ္ဘာမှ မြင်နိုင်သည့် လ၏ လင်းဝင်းသော မျက်နှာပြင်ပမာဏ (စ) ကမ္ဘာနှင့် လ အကွာအဝေး (ဆ) ကောင်းကင်မှ လ တည်နေရာနှင့် ကြည့်သူ၏ တည်နေရာ (ဇ) ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့် (ဈ) ရာသီဥတု၊ စိုထိုင်းဆ၊ အလင်းရောင်ပြန့်မှု (ည) လေထုထဲတွင် ပါဝင်သော မြူမှုန်များ (တစ်ခုခြင်းသည် လမြင်နိုင်ခြင်းအပေါ် သက်ရောက်မှုရှိသည်။) (ဆန်းဦးစ လကို (ပကတိ မျက်စေ့ဖြင့်) တွေ့မြင်စေရန် မည်သည့် လူသားကမျှ မတတ်စွမ်းနိုင်ပါ။ ကြည့်ရှုရန်သာ တတ်နိုင်ပါသည်။) ထို့ကြောင့် ဆန်းဦးစလကို မြင်ရန် မျှော်လင့်လို့လည်း မရသလို မမြင်ရလို့လည်း စိတ်ပျက်စရာမရှိ။

၁၁။ ကောင်းကင်တွင် လ တည်ရှိရာနေရာကို ခေတ်မီ နည်းပညာဖြင့် တွက်ချက်နိုင်သော်လည်း မြင်နိုင်၏ မမြင်နိုင်၏ကိုမူ ခန့်မှန်းခြင်းမှတပါး အတိအကျ မည်သူမျှ မပြောနိုင်ပါ။

၁၂။ လဝိုင်းလေး၊ လခြမ်းလေး၊ လတစ်ဝက်ကလေးတို့၏ အခြေအနေကို သိရှိရန် အစ္စလာမ့်ပြက္ခဒိန်၏ လစဉ် (၇) (၁၄) (၂၁) (၂၈) ရက်ညများတွင်လည်း စိတ်ဝင်စားသူများ လ ကြည့်သင့်သည်။ (အတွေ့အကြုံ ပိုရမည်)

၁၃။ နက္ခတ္တဗေဒ ပညာ (နက္ခတ်ကြည့်၍ ဗေဒင်တွက်ခြင်း ပညာ) (Astrology) သည် အစ္စလာမ်၌ ဟရာမ်ဖြစ်၍ အာကာသသိပ္ပံပညာ (Astronomy) နှင့် အာကာသ သင်္ချာပညာတို့ကိုမူ လေ့လာဆည်းပူးရန် အားပေးအားမြှောက်ပြုထားသည်။ (ခွဲခြားသိရန်ဖြစ်ပါသည်။)

၁၄။ သင်္ချာနည်းဖြင့် လ၏ တည်နေရာကို တွက်ချက်နိုင်သည်။ သင်္ချာနည်းဖြင့် လ မြင်နိုင်ခြေကို ခန့်မှန်းနိုင်သည်။ သို့သော် သင်္ချာနည်းသည် အထောက်အကူဖြစ်သည်။ ရှာဖွေရန်လွယ်ကူစေသည်။ အဆုံးအဖြတ်မဟုတ်ပါ။

၁၅။ ဆန်းဦးစလ မြင်နိုင်သည့် နေရာသည် ၂၉ ရက်နေ့ နေဝင်ပြီးနောက် အနောက်ဘက် နေဝင်ရာအရပ်၏ အထက်တစ်ဝိုက်တွင် ဖြစ်ပါသည်။ ဆန်းဦးစ လ ကြည့်လျှင် ထိုနေရာကို ကြည့်ရှုရမည်။

ဆန်းဦးစ လမြင်ခြင်းအပေါ် အစ္စလာမ့် ပညတ်ချက်များ

၁။ (ပကတိ)မျက်လုံးဖြင့် လမြင်ခြင်းကိုသာ လက်ခံပါသည်။ သချာင်္နည်းသက်သက်ဖြင့် တွက်ကာ မြင်၏ ဆိုသည်ကို လက်မခံပါ။ (အထက်အပိုဒ် နံပါတ် ၁ဝ ပါ အခြေအနေများအရမြင်ခြင်း ၊ မမြင်ခြင်း ရှိနိုင်သည်။)

၂။ လကို မြင်ချင်ဇောဖြင့် ကြည့်ပါက တိမ်တိုက်၊ မီးခိုးနှင့် အခြားအရာများကိုပါ လ ဟု ထင်မှတ်တတ်သည်။ ထိုသို့ မြင်ခြင်းကို လက်မခံပါ။

၃။ လမမြင်နိုင်သော အခြေအနေတွင် တစ်ချို့က လမြင်သည်ဟု ထွက်ဆိုခြင်းကို လက်မခံဘဲ လူအမြောက်အမြား၏ သက်သေ ထွက်ဆိုမှု လိုအပ်ကြောင်း ယခုခေတ် ဒီးန် ပညာရှင်တို့က မိန့်ကြားသည်။

၎။ သတင်း နှင့် သက်သေထွက်ဆိုချက် မတူညီပါ။ (သက်သေယူမည့် ဒီးန် ပညာရှင်သည် လအကြောင်း သိရှိရုံမက အတွေ့အကြုံပါ ရှိပါက ပိုကောင်းသည်။)

၅။ အကယ်၍ မုစ်လင်မ် ယောက်ျား၊ မိန်းမ လူကြီး၊ ကလေး အားလုံးက လစဉ် ၂၉ ရက်နေ့ နေဝင်ပြီးချိန်တွင် လ ကြည့်ရန် ကြိုးစားကြလျှင် အငြင်းပွားရန် အကြောင်းမရှိတော့ပါ။ လ မြင်လျှင် လူအမြောက်အမြားက မြင်ရမည်ဖြစ်ပြီး မမြင်ရလျှင်လည်း မြင်ရန် အကြောင်းမရှိ၍ မမြင်ရခြင်းသာ ဖြစ်ပေသည်။

မုစ်လင်မ်တို့နှင့် ရှေ့ဆောင်အိမာမ်တို့အတွက် တိုက်တွန်းချက်

၁။ ဟဒီးဆ်တော်တွင် လ ကြည့်ပြီး ရိုဇာထားရန် လ ကြည့်ပြီး အီးဒ် လုပ်ရန် ညွှန်ကြားထားပါသည်။ လကြည့်ရသော ကိစ္စမှာ ခက်ခဲနက်နဲသော ကိစ္စမဟုတ်ပါ။ မည်သူမဆို မည်သည့်ပညာပင် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျား၊ မ၊ ကြီး၊ ငယ် မဟူ အားလုံး ကြည့်လျှင် မြင်နိုင်ပါသည်။ မဂ်ရိဘ် ၏ စွန္နသ် နှစ်ရကသ် အပြီးအချိန်သည် လ ကြည့်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။ လသည် ကံထူးရှင်များသာ မြင်နိုင်သည့်အရာမဟုတ်ပါ။

၂။ ဗလီရှေ့ဆောင် အေမာမ်ဆဗ်များသည် လနှင့် ပတ်သက်သော ဗဟုသုတနှင့် မဆ်အလဟ်များကို အများမုစ်လင်မ်တို့အား ရှင်းလင်းပို့ချရန် လိုအပ်သည်။

၃။ မုစ်လင်မ်တို့သည် မိမိတို့ အသိုင်းအဝိုင်းရှိ ဘာသာခြား ညီနောင်များအားလည်း အစ္စလာမ်ဘာသာဝင်တို့ ဆန်းဦးစလ ကြည့်ခြင်းနှင့်ပတ်သက်သော စိတ်ဝင်စားဖွယ်များနှင့် သဘာဝကျမှုများကို တင်ပြပြီး အစ္စလာမ့် အေးရိပ်ဆာယာအောက်သို့ ဝင်ရောက်ရန် ဒအ်ဝသ် လုပ်သင့်ပေသည်။

၎။ လကြည့်ခြင်းနှင့် ပတ်သက်သော ပညာရပ် များစွာကျန်ပါသေးသည်။ ဆက်လက်လေ့လာဆည်းပူးပါ။

အမှန်ရောက်က အမှားပျောက်ရမည်။

တိကျမှန်ကန်သော အိလ်မ်ဖြင့်သာ အွမ္မသ် စုစည်းနိုင်မည်။ ထေ့ငေါ့သောစကားလုံးများဖြင့် အွမ္မသ် မစုစည်းနိုင်ပါ။ ထို့ကြောင့် မိမိရှေ့တွင် ဆန်းဦးစလနှင့် ပတ်သက်ပြီး ထေ့ငေါ့နေမှုများ ကြုံတွေ့ရပါက မိမိ ဆည်းပူးထားသည်များကို ချိုသာနူးညံ့စွာ ပြန်လည်ရှင်းပြပါ။ ရှေ့ကမိတ်ဆွေ လက်ခံကောင်းလက်ခံပေမည်။ လိုအပ်ပါက ဤစာမျက်နှာများကို ဖုန်းထဲတွင် သိမ်းဆည်းထားပါ။

ကိုးကား ။ ။ မြန်မာနိုင်ငံ အရပ်ရပ်၏ နမာဇ်အချိန်ဇယားနှင့် စဟ်ရီ၊ အိဖ်တာရ် အချိန်ဇယားများ ရေးဆွဲပေးသော ဆရာ ဟာဂျီယအ်ကူးဗ်မုဟမ္မဒ်ဒန်ကာ ဆွာဟိဗ်၏ "အစ္စလာမ့်လဆန်းရက်" စာအုပ်ကို မှီးပါသည်။ ပိုမိုသိရှိလိုပါက အဆိုပါစာအုပ်ကို ဝယ်ယူ၍ လေ့လာနိုင်ပါသည်။

အလ်မုဖီးဒ်

ရမ်ဇာန်/၂၈/ ယောင်မုလ် ခမီးစ်/ ဟိဂျရီ ၁၄၃၆

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Wednesday, June 17, 2015

မခြွင်းမချန် ဇကားသ်ပေးရန်


မြန်မာနိုင်ငံတွင် နေထိုင်သည့်မုစ်လင်မ်တို့သည် အထူးသဖြင့် ဇကားသ်ကို ရဂျဗ်၊ ရှအ်ဗာန်၊ ရမ်ဇာန် .... ယင်းသုံးလတွင် ပေးဆောင်လေ့ရှိကြသည်။ အဘယ့်ကြောင့်ဆိုသော် တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က ရဂျဗ်သည် အလ္လာဟ်ရဲ့လ၊ ရှအ်ဗာန်သည် တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ရဲ့လ၊ ရမ်ဇာန်သည် အုမ္မသ်ရဲ့လဖြစ်သည်ဟု မိန့်ခဲ့သည်။ ထို့ကြောင့် ယင်းသုံးလသည် အင်မတန်မွန်မြတ်သော လများဖြစ်သည်။ ယင်းသုံးလမှာ လှူဒါန်းမှုပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်က အနည်းဆုံး စဝါးဗ်ကုသိုလ်အဆပေါင်း ခုနှစ်ရာ(၇ဝဝ)မှစ၍ မိမိနှစ်သက်သလို မရည်မတွက်နိုင်သည်အထိ ချီးမြှင့်တော်မူပေမည်။ အခြားလများမှာ ကုသိုလ်လုပ်လျှင် ၁ခုအတွက် ၁ဝဆချီးမြှင့်မည်ဟု ဆိုထားသည်။ ဒီသုံးလတွင်မူ ၁ဝဆမက ချီးမြှင့်မည် ဖြစ်ပေသည်။

 အလ္လာဟ်တာဝန်ယူထားလျှင် 
အလ္လာဟ်အရှင်မြတ်၏ ချီးမြှင့်မှုကြောင့် ဇကားသ်ပေးရန် တာဝန်ထိုက်သူအဖို့ ဇကားသ်မပေးမနေရ ဖရဇ်ဖြစ်သည်။ အကယ်၍ ဇကားသ်တာဝန်ထိုက်ပါလျက် ဇကားသ်မထုတ်ခဲ့လျှင် ယင်းဥစ္စာပစ္စည်းကို အလ္လာဟ်အရှင်မြတ် တာဝန်ယူမည်မဟုတ်ပေ။ ဇကားသ်ပေးဆောင်ထားသည့် ဥစ္စာပစ္စည်းကို အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ပေးမည်ဖြစ်သည်။ အလ္လာဟ်ကိုယ်တော်တိုင် တာဝန်ယူထိန်းသိမ်းခဲ့လျှင် မည်သည့်အရာ၊ မည်သူကမှ လာရောက်ဖျက်ဆီးလို့ မရနိုင်သလို အလ္လာဟ်တာဝန်မယူဘူးဟု မိန့်ထားသည့်အရာကိုလည်း မည်သူကမှ ထိန်းသိမ်းကာကွယ်နိုင်မည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံး ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်တော်မူသော အရှင်ဖြစ်ပေသည်။

 အလ္လာဟ်အရှင်မြတ်၏ ထိန်းသိမ်းမှု 
နမ်ရူးဒ်ဘုရင်ဆိုးနဲ့တကွ တိုင်းသူပြည်သားအားလုံးတို့က လောင်စာတွေစုပြီး ကွင်းပြင်ထဲမှာ ဧရာမမီးပုံကြီးပြုလုပ်သည်။ ထိုမီးပုံထဲသို့ တမန်တော်အိဗ်ရာဟီးမ် အလိုင်းဟိစ္စလာမ်ကို ပစ်ထဲ့ကာ မီးတင်ရှို့ခဲ့သည်။ သို့သော် တမန်တော်အိဗ်ရာဟီးမ်သည် မီးပုံထဲတွင် မီးမလောင်ဘဲ ပန်းခြံသဖွယ် အေးဆေးစွာ လမ်းလျှောက်နေခဲ့သည်။ ဤသည် အလ္လာဟ်အရှင်မြတ်၏ ထိန်းသိမ်းမှုပင်ဖြစ်သည်။ အလ္လာဟ်ထိန်းသိမ်းပြီဆိုလျှင် ဘုရင်အပါအဝင် တစ်နိုင်ငံလုံးပေါင်းပြီး ဒုက္ခပေးလည်း မရနိုင်တော့သလို လောင်ကျွမ်းစေသည့် မီးသည်ပင် မည်သို့မျှ အစွမ်းအစမရှိတော့ပေ။ တမန်တော်အိဗ်ရာဟီးမ် အလိုင်းဟိစ္စလာမ် မီးပုံထဲသို့ ပစ်ထည့်ခံရချိန်တွင် အလ္လာဟ်အရှင်မြတ်က မီးကိုတိုက်ရိုက် ဖရိရှ်သဟ်ပင် ကြားခံခြင်းမရှိဘဲ " ယာနားရု ကူးနီ ဘရ်ဒေါင်း ဝစလာမန် အလာအိဗ်ရာဟီးမ်" အိုမီး အသင်သည် ငါ့ရဲ့ ချစ်မိတ်ဆွေအိဗ်ရာဟီးမ်အတွက် ခံနိုင်ရည်ရှိသည်အထိ အေးမြပါ ဟု မိန့်တော်မူသည်။ ဗရ်ဒန် ဟူသည် အေးခြင်းကို ခေါ်သည်။ လုံးဝအေးစက်ပြီး လူသားအနေဖြင့် ခံနိုင်ရည်မရှိတော့ပေ။ ထို့ကြောင့် ဗရ်ဒါန် စာလုံးနှင့် အတူ စလာမန်ကိုပါ တွဲသုံးထားသည်။ စလာမန်ဟူသည် ခံနိုင်ရည်ရှိသလောက်သာ အေးစေရန်ဖြစ်သည်။ ထို့ကြောင့် ထိုမီးပုံကြီးသည် တမန်တော်အိဗ်ရာဟီးမ် အလိုင်းဟိစ္စလာမ်အတွက် ပန်းခြံသဖွယ် ဖြစ်သွားခဲ့ပေသည်။
ထို့ကြောင့် ကျွန်ုပ်တို့ထံတွင်ရှိသည့် ဥစ္စာပစ္စည်းကိုလည်း အလ္လာဟ်မှအပ အခြားမည်သူကမျှ ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းမရှိပါ။
 ဇကားသ်နှင့် ပတ်သက်၍ မိန့်ထားခြင်း 
ကျမ်းတော်မြတ်ကုရ်အာန်တွင် "အကီးမုစ်ဆွလားသ် ဝအားသုဇ် ဇကားဟ်" အသင်တို့ နမားဇ်ဖတ်ကြ။ ဇကားသ်ပေးကြ။ ဟုမိန့်ထားသည်။ ထို့သို့ နမားဇ်နှင့် ဇကားသ်ကို တွဲ၍ အမိန့်ပေးထားခြင်းသည် ကုရ်အာန်၌ နေရာပေါင်း ၈ဝကျော်တွင် လာရှိထားသည်။ ဤသို့နမားဇ်နှင့် ဇကားသ်ကို တွဲ၍ မိန့်ထားခြင်းကြောင့် ဇကားသ်ထုတ်ရန် ဖရဇ်ဖြစ်နေသူသည် ဇကားသ်မထုတ်ခဲ့သော် ၎င်း၏နမားဇ်ကိုလည်း အလ္လာဟ်လက်ခံမည် မဟုတ်ပေ။
 ဇကားသ်၏ အဓိပ္ပါယ် 
ဇကားသ်၏ အဓိပ္ပါယ်မှာ သန့်ရှင်းခြင်း၊ ဘရ်ကသ် တိုးပွားခြင်းဟူ၍ ဖြစ်သည်။ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာထဲမှ တစ်နှစ်ကိုတစ်ခါ ဆင်းရဲသားကိုပေးဆောင်ရန် ဒါနကြေးကို အလ္လာဟ်အရှင်မြတ်ဘက်မှ သတ်မှတ်လိုက်ခြင်းကို ဇကားသ်ဟုခေါ်ဆိုသည်။ ဇကားသ်သည် မိမိပိုင်သည့် ပစ္စည်းဥစ္စာကို မိမိကိုယ်တိုင် သန့်ရှင်းအောင်ပြုလုပ်ထားခြင်းပင် ဖြစ်သည်။ အကယ်၍ ဇကားသ်မထုတ်ခဲ့လျှင် ဆင်းရဲသား၏ ရပိုင်ခွင့်ဒါနကြေး ပါနေသည့်အတွက် ထိုပစ္စည်းဥစ္စာသည် ၎င်းသူအတွက် ကောင်းကျိုးမပေးတော့ပေ။

 ဇကားသ်ပေးလှူခြင်း၏ အကျိုး 
တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်တော်မူသည်မှာ အလှူဒါနပြုခြင်းဖြင့် ငါးခုသော အကျိုးကျေးဇူးကို မုချရရှိမည်။ (၁) လှူဒါန်းသူ၏ ပစ္စည်းများ တိုးပွားလာစေမည်။ (၂) လှူဒါန်းသူ၏ ရောဂါပျောက်ကင်းစေရန် ဆေးဝါးတစ်လက် ဖြစ်၏။ (၃) လှူဒါန်းသူအပေါ် ကျရောက်လာမည့် ဘေးဒုက္ခများကို ဖယ်ရှားပေးမည်။ (၄) လှူဒါန်းသူသည် ဆွရားသ် ဆံချည်မျှင်မက သေးသွယ်သောတံတားပေါ်မှ လျှပ်စီးပမာ ဖြတ်သန်းသွားနိုင်မည်။ (၅) လှူဒါန်းသူသည် စာရင်းစစ်ဆေးခြင်းမခံရဘဲ ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည် ဖြစ်၏။

 ဇကားသ်မထုတ်ခဲ့လျှင် 
" ဝလ်လဇီးန ယပ်(က)နေဇူးနဇ် ဇဟဗ ဝလ်ဖိဒ်ဒွဟ် ဝလာယွန်(န)ဖိကူးနဟ ဖီးစဗီးလစ်လ်လာ ဖဘရှ်ရှိရူးနဟ ဗိအဇားဗင်န် အလီးမ်" အသင်ထံ၌ သိမ်းဆည်းထားသည် ရွှေ၊ ငွေတို့ကို အလ္လာဟ်လမ်းမှာ အလ္လာဟ်သတ်မှတ်ထားသည့်အတိုင်း မလှူခဲ့လျှင် ထိုသူများကို ငါအလ္လာဟ်အရှင်မြတ်၏ ကြောက်မက်ဖွယ်ရာ အဇားဗ်ပြစ်ဒဏ်များအကြောင်းကို ဝမ်းသာစရာ သတင်းကောင်းအဖြစ်ပေးလိုက်ပါ။ ဆက်လက်မိန့်ထားသည်မှာ " ယောင်မာ ယုဟ်မာအလိုင်းဟား ဖီးနားရိ ဂျဟန္နမ် ဖသုက်ဝါဗိဟာ ဂျိဗာဟုဟွမ် ဝဂျုနုး ဗုဟွမ်း ဝဇုဟူးရုဟွမ်း၊ ဟားဇား မာကနတ်စ်သုမ် လိအန်ဖုစိကွမ် ဖဇူးကူ မာကွန်သွမ် သပ်က်နေဇူးန်" ထိုနေ့တွင် ယင်း ရွှေ၊ ငွေကို ဂျဟန္နမ်ငရဲမီးတွင် ဖုတ်မြှိုက်ပြီး ထိုသူတို့၏ နဖူးများ၊ နံဘေးများ၊ ကျောကုန်းများတွင် ထိုသို့ မီးဖုတ်ထားသည့် ရွှေ၊ ငွေများဖြင့် တံဆိပ်ခတ်နှိပ်ခြင်း ခံကြရမည်။ ဥစ္စာပစ္စည်းကို ရှာဖွေစုဆောင်းပြီး အလ္လာဟ်အရှင်မြတ်လမ်းတော်၌ မလှူဒါန်း မသုံးစွဲသောသူများ (ဥပမာ- ဇကားသ်မပေးသူများ၊ သုံးစွဲရန် မုချတာဝန်ရှိသော ကိစ္စများတွင် သူများ) သည် နောင်ကိယာမသ်နေ့တွင် ၎င်းတို့စုဆောင်းထားခဲ့ကြသည့် ရွှေငွေများကို မီးမြှိုက်၍ ၎င်းတို့၏ နဖူး၊ နံဘေး၊ ကျောကုန်းများတွင် တံဆိပ်ခတ်နှိပ်တော်မူမည်။
မလှူရက်၊ မပေးရက် စေးနှဲသော သူတစ်ယောက်ထံတွင် အလ္လာဟ်အရှင်မြတ်လမ်းတော်၌ အလှူဒါနပြုရန် မေတ္တာရပ်ခံလျှင် ထိုသူ၏ နဖူးသည်ရှုံ၍ သွားလေသည်။ ဆက်လက် မေတ္တာရပ်ခံလျှင် ဘေးသို့လှည့်လိုက်သည်။ ထို့နောက်တဖန် ထပ်မံ၍ မေတ္တာရပ်ခံလျှင် ကျောခိုင်းသွားလေတော့သည်။ ထို့အတွက်ကြောင့်ပင် ထိုနေရာများကို အထူးသဖြင့် တံဆိပ်ခတ်နှိပ်တော်မူခြင်း ဖြစ်သည်။ (စူရာသောဝ်ဗာဟ် အမှတ် ၉၊ အာယသ် ၃၄၊ ၃၅) ဇကားသ်ပေးရန် တာဝန်ထိုက်နေသူသည် ဇကားသ်မပေးဆောင်ခဲ့သော် ထိုသို့ပြစ်ဒဏ်ခံရပေမည်။

 ဖြစ်ရပ်တစ်ခု 
အလ်လာမဟ်အဗ်ဒွရ်ရဟ်မားန် ဆဖူရီသခင်က နဇ်ဟသွလ်မဂျာလိစ်ကျမ်းတွင် မက္ကဟ်မြို့၌ အမှန်တကယ်ဖြစ်ခဲ့သော ဖြစ်ရပ်တစ်ခုကို ရေးသားခဲ့လေသည်။ လူတစ်ဦးသည် စုဆောင်းထားသော ရွှေဒင်္ဂါး (၂ဝဝ) တိတိကို မိတ်ဆွေတစ်ဦးထံ နှစ်ပေါင်းများစွာ အပ်နှံထားခဲ့ပြီး ကွယ်လွန်သွားခဲ့၏။ ထိုအပ်နှံခြင်းခံရသော ပုဂ္ဂိုလ်သည် ကွယ်လွန်သူ၏ သားထံ ရွှေဒင်္ဂါးနှစ်ရာကို ပြန်ပေးလိုက်ရာ သားဖြစ်သူက မိမိဖခင်သည် ရွှေဒင်္ဂါးနှစ်ရာထက် ပို၍အပ်နှံခဲ့သည်ဟုဆိုက တရားစွဲလိုက်သည်။ တရားသူကြီးမှလည်း နှစ်ဦးနှစ်ဖက် မည်သို့မျှ ဖြေရှင်းပေးမရသည့်အဆုံး သေသူ၏ကဗရ်ကို ပြန်ဖော်ရန် အမိန့်ထုတ်ပြန်ခဲ့လေသည်။ ကဗရ်မှ အလောင်းကို စစ်ဆေးသည့်အခါ ကျောတွင် ဒင်္ဂါးအရွယ်အစားရှိ မီးနှင့် သားရေပြားကို ဖောက်ထားခြင်းခံရသော အပေါက်ပေါင်း နှစ်ရာတိတိကို တအံ့သြတွေ့မြင်ရလေသည်။ အဘယ့်ကြောင့်ဆိုသော သေသူသည် မိမိပိုင်ရွှေဒင်္ဂါးကို ဇကားသ်မပေးခဲ့သောကြောင့်ဖြစ်၏။ အပ်နှံထားသည့် ဒင်္ဂါးအရေအတွက် အမှန်ကိုလည်း သိရှိသွားရပေသည်။

 ဂျဟန္နမ်၏ မီး 
တမန်တော်အာဒမ် အလိုင်းဟိစ္စလာမ် ကမ္ဘာပေါ်သို့ ရောက်ရှိလာပြီးနောက် ချက်ပြုတ်ရန် မီးမရှိခဲ့ပေ။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်ထံ မီးလိုအပ်ကြောင်း လျှောက်ထားလေသည်။ အလ္လာဟ်အရှင်မြတ်က ကောင်းကင်တမန်ဂျိဗရာအီးလ်ကို ဂျဟန္နမ်မှ မီးယူသွားပေးရန် အမိန့်ပေးလိုက်သည်။ ထိုအခါ ဂျိဗ်ရီးလ်ကောင်းကင်တမန်သည် ဂျဟန္နမ်၏ တံခါးမှုးဖြစ်သူ မာလိက်ထံမှ မီးပေးရန် တောင်းသည်။ မာလိက်က မေးသည်။ မီးကို ဘယ်လောက်အတိုင်းအတာလောက် ယူမလဲ။ စွန်ပလွံတစ်စေ့စာ ဟုဖြေလိုက်သည်။ ထိုမျှခန့် မီးယူသွားလျှင် ကမ္ဘာတစ်ခုလုံး ပြာဖြစ်သွားပေလိမ့်မည်။ ထိုအခါ တစ်ဝက်ရမလားဟု မေးသည်။ တစ်ဝက်လည်း မရပါ။ သို့ဆိုလျှင် ဘယ်လောက်အတိုင်းအတာ ယူသွားရမလဲ။ မာလိက်က ပြောသည်မှာ တစ်စိတ်(တစ်ဝက်ရဲ့ တစ်စိတ်)စာ ယူသွားပါ။ ထိုတစ်စိတ်စာကိုလည်း ဒီအတိုင်းမယူသွားနှင့်။ ဒီအတိုင်းယူသွားလိုက်လျှင် ထိုတစ်စိတ်စာမီးကြောင့် ကမ္ဘာပေါ်တွင် မည်သည့်အပင်မှ ပေါက်တော့မည် မဟုတ်ပါ။ ယင်းတစ်စိတ်စာကို ရေဖြင့် အကြိမ်ပေါင်း ၇ဝ ဆေးလိုက်ပါ။ ထိုသို့ဆေးကြောပြီးသားမီးကို ယူသွားပြီး ကမ္ဘာပေါ်မှာ ချပြီးသည်နှင့် တစ်ပြိုင်တည်း ချက်ခြင်းပြန်မယူလာပြီး ဂျဟန္နမ်မှာ ပြန်လာထားလိုက်ပါ။ (အလ္လာဟ်ဟုအပ်က်ဗရ် ဂျဟန္နမ်၏ မီး ထိုမျှပြင်းထန်ပေသည်။)
ဂျိဗ်ရာအီးလ်သခင်သည် ထိုသို့ အကြိမ်ပေါင်း ၇ဝ ဆေးပြီးသားမီးကို ကမ္ဘာမြေကြီးပေါ်ချပြီး ချက်ခြင်းပင် ပြန်မယူသွားလိုက်သည်။ မီးချလိုက်သည့် မြေကြီးသည် မာကြောသည့် ကျောက်သားများ၊ ကျောက်တောင်များ ဖြစ်သွားခဲ့လေသည်။

 ရက်ရောမှုကို နှစ်သက်သော အရှင်မြတ် 
အလ္လာဟ်အရှင်မြတ်သည် ရက်ရောတော်မူသော အရှင်ဖြစ်သကဲ့သို့ ရက်ရောခြင်းကို အလွန်နှစ်သက်၍ စေးနှဲတွန့်တိုခြင်းကို လုံးဝမနှစ်မြို့ပေသည်။
အီစာအလိုင်းဟိစ္စလာမ်၏ အခါသမယတွင် ဖြစ်ခဲ့သော အကြောင်းအရာတစ်ခုကို ဖြစ်သည်။ တစ်နေ့ အီစာအလိုင်းဟိစ္စလာမ် လမ်းလျှောက်သွားရင်း လမ်းတွင် အရိုးခေါင်းတစ်ခုကို တွေ့လေသည်။ အီစာအလိုင်းဟိစ္စလာမ်၌ အသေကို ရှင်အောင်လုပ်နိုင်သော မုအ်ဂျိဇာကို အလ္လာဟ်က ချီးမြှင့်ပေးထားသည်။ ထို့ကြောင့် နဗီကြီးသည် မိမိကို အလ္လာဟ်ချီးမြှင့်ထားသည့် မုအ်ဂျဇာဟ်ဖြင့် အရိုးခေါင်းကို "ကွန်(န)ဗိအိဇ်နိလ်လာဟ်" အလ္လာဟ်အရှင်မြတ်အမိန့်ဖြင့် ထစမ်းဟု မိန့်လိုက်ရာ အရိုးခေါင်းက ထလာပြီး ထိုသူသည် ဘုရင်တစ်ပါးဖြစ်သည်ကို တွေ့ရလေသည်။ အီစာအလိုင်းဟိစ္စလာမ်က ခင်ဗျားဘယ်သူလဲ ဟုမေးလိုက်သည်။ ဘုရင်က ကျွန်တော် နှစ်ငါးရာအလျင်က ဘုရင်တစ်ပါးဖြစ်သည်။ ကျွန်တော့်ရဲ့ ဦးခေါင်းကို အလ္လာဟ်အရှင်မြတ်က ခင်ဗျားလျှောက်တဲ့လမ်းပေါ်မှာ ပြစ်ချစေခဲ့ခြင်းဖြစ်သည်။ ခင်ဗျားနာမည်ဘာလဲဟု အီစာနဗီက မေးရာ ဂျမ်ဂျဟ်ဖြစ်ကြောင်း ဖြေလေသည်။ ခင်ဗျားက ဘယ်လိုဘုရင်လဲဟု ဆက်လက်မေးမြန်းလေသည်။ ထိုအခါ ကျွန်တော်သည် အင်မတန်ကြီးကျယ်သည့် ဘုရင်တစ်ပါးဖြစ်သည်။ ဘယ်လောက်အထိ ကြီးကျယ်သလဲဆိုရင် ကျွန်တော်က ဘယ်သာသနာ၊ ဘယ်ဘုရား တစ်ခုကိုမှ လက်မခံခဲ့ပါ။ သို့သော် ကျွန်တော်သည် အလွန်ရက်ရော၊ ပေးကမ်းသူတစ်ဦးဖြစ်ပေသည်။
ကျွန်တော်၏ နန်းတော်ရှေ့တွင် ကြီးမားသော အဆောက်တစ်ခု တည်ဆောက်ထားပြီး နေ့၊ ည မည်သူမဆို လာရောက်စားသောက်နိုင်သည်။ ကမ္ဘာတွင် ကျွန်တော်သည် နှစ်ပေါင်းသုံးရာ (၃ဝဝ) အသက်ရှင်နေထိုင်ခဲ့ပြီး ထိုသက်တမ်းတလျှောက် တစ်ခါမျှ ခေါင်းမကိုက်ဖူးခဲ့ပါ။ သေသွားတဲ့အခါမှာတော့ ကဗရ်ထဲမှာ ပြစ်ဒဏ်ပေးခြင်းကို နှစ်ပေါင်းငါးရာ (၅ဝဝ) အထိ ကောင်းကောင်း ခံစားနေရပါသည်။ ကျွန်တော်၏ ရက်ရောမှုကို အကြောင်းခံပြီး အလ္လာဟ်အရှင်မြတ်က ကမ္ဘာပေါ်တွင် နောက်တစ်ကြိမ် ရှင်သန်မှုချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုလို ကျွန်တော့်၏ ဦးခေါင်းကို နဗီ့ရဲ့ခြေတော်ရှေ့သို့ ရောက်စေခဲ့ခြင်း ဖြစ်သည်။
၎င်းပုဂ္ဂိုလ်သည် အီစာအလိုင်းဟိစ္စလာမ်ထံ အီမာန်ယူပြီး နောက်ထပ် ကိုးဆယ့်ကိုး(၉၉) နှစ် အသက်ရှင်နေထိုင်ကာ ဗလီအတွင်း၌ပင် (၉၉)နှစ်လုံး နေထိုင်သွားခဲ့သည်။ ဤသည်မှာ ရက်ရောမှု၏ ရလဒ်ပင် ဖြစ်သည်။

 စေးနှဲတွန့်တိုမှုကို မနှစ်သက်ခြင်း 
တစ်ခါက အိန္ဒိယပြည်တွင် စက်ရုံပိုင်ရှင် သူဌေးတစ်ဦးရှိသည်။ စက်ရုံ၊ ကား၊ သင်္ဘော၊ ရွှေ၊ ငွေ မြောက်မြားစွာပိုင်ဆိုင်ပေသည်။ ထို့အတူ ချောမောလှပသော ဇနီးတစ်ဦးကိုလည်း ရရှိထားရုံမက သားသမီးလည်း မရှိခဲ့ပေ။ တစ်နေ့ ၎င်း၏ ခြံရှေ့တွင် ခြံစောင့်မရှိချိန် ဆင်းရဲသားတစ်ဦးသည် အလွန်အမင်းဆာလောင်လျှက် ခြံတံခါးလည်း ဖွင့်ထားပြီး ခြံစောင့်လည်းမရှိသည်ကို တွေ့၍ အိမ်အတွင်းထဲအထိ ဝင်လာ၍ စားသောက်ခန်းအထိရောက်လာလိုက်သည်။ ထိုအချိန် စားပွဲပေါ်တွင် ကြက်ကောင်လုံးကင်အပါအဝင် စားဖွယ်အစုံအလင်တို့ကို စားသောက်ရန်အဆင့်သင့် ပြုလုပ်ထားပြီး သူဌေးမင်းတစ်ဦးတည်းသာ ထိုင်နေချိန်ဖြစ်သည်။ ဆင်းရဲသားက အနည်းငယ် ပေးကျွေးပါရန် တောင်းပန် အသနားခံရှာသည်။ သူဌေးမင်းသည် သူ့အိမ်အတွင်းထဲအထိ ဝင်ရောက်လာသော စုတ်ပြတ်နုံချာသည့် ဆင်းရဲသားကို မြင်၍ ဒေါသထွက်ကာ ပေးကျွေးရမည့်အစား အော်ဟစ်ငေါက်ငမ်း၍ တုတ်ဖြင့် ရိုက်နှက်လွှတ်လိုက်လေသည်။

သတိပြုရမည်မှာ တောင်းရမ်းခြင်းကို အစ္စလာမ်က မနှစ်သက်သလို တောင်းရမ်းသူကို အော်ဟစ်ငေါက်ငမ်းခြင်းကိုလည်း မနှစ်သက်ပေ။ ဟဒီးစ်တော်၌ လာရှိသည်မှာ အလ္လာဟ်အရှင်မြတ်က လူသားကို ပြောမည်။ အို လူသား ငါအလ္လာဟ်အရှင် အသင်ရှေ့ကို လာခဲ့တယ်။ အသင်ဘာ့ကြောင့် မပေးခဲ့သနည်း။ ထိုအခါ လူသားက ယာအလ္လာဟ် အလ္လာဟ်ဘယ်တုန်းက လာခဲ့တာလဲ။ ထိုအခါ အသင့်ရှေ့ကို တောင်းရမ်းသူတစ်ဦးအဖြစ်နှင့် လာခဲ့သည်။ အသင်မပေးခဲ့ပေ။ ထို့အတူ ကျမ်းမြတ်ကုရ်အာန်၌ (( ဝအမ်မတ်(ဆ) ဆာအိလ ဖလာ သန်ဟရ်)) တောင်းရမ်းသူကို မငေါက်ငမ်းပါနှင့်ဟု ပါရှိထားသည်။ ထို့ကြောင့် မိမိအနေနှင့် ပေးနိုင်က ပေးလိုက်ရမည်။ မပေးနိုင်ပါက ချိုသာစွာပင် ပြန်လည်ပြောဆိုလိုက်ရမည်။

ဤသို့နှင့် ကာလအနည်းငယ်၌ သူဌေး၏ စီးပွားရေးပျက်လာလေသည်။ ရှိသမျှသော ပိုင်ဆိုင်မှုများသည် ခွဲခွာခြင်းဟူသည့်လမ်းသို့လျှောက်၍ ယခင်ပိုင်ဆိုင်ခဲ့သူနှင့် မဆိုင်သလိုပင် လှည့်ပြန်ထွက်သွားလေတော့သည်။ ထိုထဲတွင် သူဌေး၏ ဇနီးလည်း ပါဝင်သည်။ သူဌေးအခြေအနေမကောင်းသဖြင့် ကောင်းမွန်သည့် အိုးအိမ်သစ်ထူထောင်ရန် လမ်းသစ်ရှာသွားသည်။ သူဌေးဟောင်းကြီးလည်း အခြေအနေမကောင်းသဖြင့် မြို့ပြောင်းကာ တောင်းရမ်းစားသောက်ရင်းဖြင့် အသက်ဆက်ရလေတော့သည်။
နေ့၊ လ၊ ရက်တို့ ပြောင်းလဲလာပြီးနောက် တစ်ရက်သောအခါတွင် အင်မတန်ကြွယ်ဝချမ်းသာသော သူဌေးတစ်ဦး၏ အိမ်ရှေ့သို့ ရောက်သွားခဲ့သည်။ အင်မတန် ဆာလောင်မွတ်သိပ်နေသည်။ ၎င်း၏ ခြံဝင်းတံခါးတွင်လည်း ခြံစောင့်ကိုလည်း မတွေ့ရ၊ တံခါးကလည်း ပိတ်မထား။ သို့နှင့် အိမ်အတွင်းထဲသို့သာ တောက်လျှောက်ဝင်သွားလိုက်သည်။ အိမ်ပိုင်ရှင် သူဌေးကိုတွေ့ရသောအခါ စားသောက်လိုပါကြောင်း၊ မစားရသည်မှာ ရက်များစွာရှိပြီဖြစ်သဖြင့် အနည်းငယ်ကျွေးမွေးပါရန် အသနားခံလေသည်။ ထိုအချိန် စားပွဲခင်းတွင်လည်း စားသောက်ဖွယ် အစုံအလင်နှင့်အတူ ကြက်ကောင်လုံးကြော်တစ်ကောင်လည်း ပါဝင်ပေသည်။ သူဌေးက လာတောင်းသူအား ခနထိုင်ရန် ပြောပြီး မိမိဇနီးကို ကြက်ကြော်တစ်ခြမ်း လာတောင်းသူအား သွားပေးလိုက်ရန် ပြောလိုက်သည်။ ဇနီးကလည်း ခင်ပွန်းပြောစကားအတိုင်း ပန်းကန်ထဲထည့်၍ သူတောင်းစားအရှေ့သွားချပေးရင်း မျက်နှာကို စေ့စေ့ကြည့်မိလေသည်။ အိမ်ထောင်မပြောင်းခင်က ခင်ပွန်းဟောင်းသူဌေးဖြစ်သည်ကို တွေ့လိုက်ရသဖြင့် လန့်ဖြန့်ကာ အော်ပြီး အိမ်တွင်းပြေးဝင်လာလိုက်သည်။ ဘာဖြစ်သလဲဟု ခင်ပွန်းဖြစ်သူမေးရာ ရှင့်ထံလာတောင်းတဲ့ သူတောင်းစားက တခြားသူမဟုတ်။ ကျွန်မ၏ ပထမခင်ပွန်းဟောင်း သူဌေးပင်ဖြစ်သည်ကို ပြောပြလေသည်။ ထိုအခါ သူဌေးက ၎င်းသူထံသွား၍ထိုင်ပြီး ခင်ဗျား ကျွန်တော့မှတ်မိသလား။ ခင်ဗျားအိမ်မှာ တစ်ခါက လာတောင်းခဲ့ဖူးသူက ကျွန်တော်ပါပဲ။ သေချာကြည့်ပါဦး။ အဲ့ဒီ့တုန်းက ခင်ဗျား ကျွန်တော့ကို အော်ဟစ် ငေါက်ငမ်း ရိုက်လွှတ်ခဲ့တယ်။ ဒီကနေ့ ခင်ဗျားပိုင်ဆိုင်သကဲ့သို့ ကျွန်တော့ကို ပြန်ချီးမြှင့်ထားပြီး ခင်ဗျားဇနီးကိုပါ ပေးလိုက်ပြီ။ ဒါပေမဲ့ ခင်ဗျား အေးဆေးစွာ စားသုံးပါ။ ဘာမှ အားမနာပါနှင့်ဟု ပြောလေသည်။
ဤသည်တို့မှာ စေးနှဲတွန့်တိုမှု၏ ရလဒ်ပင်ဖြစ်လေသည်။

 မြတ်နဗီ ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် အလွန်ရက်ရောသူဖြစ်ခြင်း 
နှစ်ဌာန၏ ခေါင်းဆောင်ဖြစ်သော တမန်တော်မုဟမ္မဒ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် ဥစ္စာဓနချမ်းသာသူမဟုတ်ပေ။ သို့သော တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် အလွန်ရက်ရော ပေးကမ်းသူဖြစ်သည်။ တစ်ခါက တမန်တော်မြတ်ထံ အကြီးအကဲတစ်ဦးက လှပသောခြုံစောင်လေးတစ်ခု လက်ဆောင်ပေးလိုက်သည်။ တမန်တော်မြတ် ထိုခြုံစောင်လေးကို ခြုံထားသည်။ ဆွဟာဗဟ်တစ်ပါးရောက်လာရာ အို .... ကိုယ်တော် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် ခြုံစောင်လေး အလွန်လှတယ်။ ကျွန်တော် အလွန်သဘောကျပါတယ် ဟုသာ ပြောလိုက်ပြီး စကားဖြတ်လိုက်သည်။ တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် ကိုယ်ပေါ်မှ စောင်ကို ဆွဟာဗဟ်လက်ထဲ ထည့်ပေးလိုက်သည်။ ဤမျှ ရက်ရောစွာပေးကမ်းသော တမန်တော်ဖြစ်သည်။

 မလှူဒါန်းခြင်း၏ ဆိုးကျိုး 
ဖီကီးဟ်အဗွလ်လိုက်စ် စမရ်ကန်ဒီ(ရဟမသုလ္လာဟိအလိုင်းဟ်) က ဗုစ်သာနွလ်အာရိဖီးန်ကျမ်း၌ ရေးသားထားသည်။ လူတစ်ယောက်သည် ကအ်ဗဟ်၏ ဂိလားဖ်ခြုံထည်ကို ကိုင်ကာ ဒုအာတောင်းနေသည်။ ယာအလ္လာဟ် ကျွန်တော့ကို မအ်ဖ်ခွင့်လွှတ်မှုပေးပါ။ ယာအလ္လာဟ် ကျွန်တော့ကို မအ်ဖ်ခွင့်လွှတ်မှုပေးပါ .... ဟု တောင်းနေသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် သဝါးဖ်ပြုပြီးနောက် ထိုသူ့ကို တွေ့သဖြင့် မိန့်သည်မှာ အသင် ဒီအတိုင်း အလ္လာဟ်ထံကနေ တိုက်ရိုက်မားအ်ဖ်လုပ်လို့တောင်းနေမည့်အစား ယာအလ္လာဟ် ကျွန်တော်လှူဒါန်းခဲ့တဲ့ ဆွဒကဟ်အလှူဒါနကို အကြောင်းခံပြီး မားအ်ဖ်ချီးမြှင့်ပါ .... ဟုတောင်းပါ။ ယာရစူလလ္လာဟ် ကျွန်တော်မလှူဘူး။ အလှူအတန်းမပြုဘူး။ တမန်တော်က အသင်ဘယ်သူလဲဟု မေးလိုက်သည်။ ၎င်းသူက ကျွန်တော် ဘယ်မြို့၊ ဘယ်ရွာက သူဌေးကြီးတစ်ဦးပါ။ ကျွန်တော့ကို လှူဒါန်းမှုအကြောင်းပြောလျှင် ကျွန်တော့အသည်းကို လှံဖြင့် ထိုးသကဲ့သို့ ခံစားရပါသည်။ ကျွန်တော် ဘယ်တော့မှ မလှူပါဟု ပြန်လျှောက်တင်သည်။ ထိုအခါ တမန်တော်မြတ်က အသင် ဒီဂိလားဖ်ကို ကိုင်ပြီး ငိုငိုပြီးဒုအာလုပ်၊ အသင့်ရဲ့ မျက်ရည်တွေက မြစ်ချောင်းပမာစီးဆင်းပြီး အပင်တွေပေါက်လာ၍ အဲ့ဒီအပင်တွေကို ကမ္ဘာ့လူသားတွေက စားသုံးသည်ဖြစ်ပါစေ အသင့်ကို အလ္လာဟ်ခွင့်မလွှတ်ဘူးဟု မိန့်တော်မူလေသည်။ ((စေးနှဲမှုက ထိုမျှ ကြောက်စရာကောင်းလှပါသည်။))

 ဇကားသ်ပေးရာ၌ ထိမ်ချန်ခြင်း 
ဇကားသ်ပေးရာ၌ အကောင်းဆုံးမှာ ကျသင့်သည့် နှုန်းထားထက် နည်းနည်းပိုပေးလိုက်ရမည်။ ကျသင့်သည့်နှုန်းထားကို အပြည့်အဝမပေးဘဲ ထိမ်ချန်မှုပြုထားပါက အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံး သိရှိမြင်တွေ့နေတော်မူသည့်အရှင်ဖြစ်ပေသည်။ ဇကားသ်၌ ထိမ်ချန်ခြင်း၊ ဇကားသ်ပေးရန် ကျန်သောအရာသည် ကောက်ရိုးပုံ၌ မီးအနည်းငယ် တို့ထားခြင်းနှင့် တူပေသည်။ မပေးဘဲထိမ်ချန်ထားသည့် ဇကားသ်အပါအဝင် ကျန်ရှိပစ္စည်းများပါ ပျက်စီးသွားပေလိမ့်မည်။ ထိုကြောင့် ဇကားသ်ကို အတိအကျ မထိမ်ချန်ဘဲ ပေးကမ်းလိုက်ရမည်။ ကျသင့်နှုန်းထားထက် အနည်းငယ် ပိုပေးလိုက်ရမည်။

 ဇကားသ်ပေးရာ၌ ကုသိုလ်နှစ်ဆရမည့် ပုံစံ 
ဆွေမျိုးသားချင်းများကို ပေးခြင်းနှင့် အစ္စလာမ့်ပညာသင်ယူနေသူနှင့် အစ္စလာမ်အတွက် ကြိုးပမ်းနေသူများကို ပေးကမ်းခြင်းသည် ကုသိုလ်နှစ်ဆရပေမည်။ ဆွေမျိုးကိုပေးခြင်းတွင် ဇကားသ်ပေးခြင်းကြောင့် ကုသိုလ်တစ်ခု၊ ဆွေမျိုးသားချင်းကို ကူညီခြင်းကြောင့် ကုသိုလ်တစ်ခု ပေါင်းနှစ်ခုရမည်။ အစ္စလာမ့်ပညာဆည်းပူသူနှင့် အစ္စလာမ့်ပညာရေးကျောင်းများ အစ္စလာမ်အတွက် ကြိုးပမ်းနေသူများကို ဇကားသ်ပေးခြင်းသည်လည်း ထိုနည်းတူပင်ဖြစ်၏။

 ဇကားသ်ပေးပြီး အကျိုးအမြတ် မရယူရ 
အချို့နွမ်းပါးသူတို့သည် ဇကားသ်ရယူရန် ပေးကမ်းနိုင်သည့် အိမ်များသို့ လာကြသည်။ အိမ်ရှိ အလုပ်များကို ဝိုင်းလုပ်ပေးသည်။ သို့မဟုတ် ထိုသို့သောသူများလာပါက မိမိဖက်မှ တခုခုခိုင်းစေမည်။ ထိုသို့ခိုင်းပြီးမှ ဇကားသ်ပေးခြင်းမပြုသင့်ပါ။ ဇကားသ်တွင် ထိခိုက်မှုရှိသည်။ ထို့ကြောင့် ၎င်းတို့လုပ်ခအတွက် သီးသန့်အရင်ပေးလိုက်ရမည်။ ပြီးမှ ဇကားသ်ကို သပ်သပ်ပေးရမည်။

 ဇကားသ်မပေးထိုက်သူ 
ဇကားသ်ထုတ်ရန် သတ်မှတ်စံညွှန်း ပြည့်မှီပြီးသူများ။ ဇကားသ်ထုတ်သူ၏ အထက်ဆက်၊ အောက်ဆက်အကုန်၊ ဇနီးမှ ခင်ပွန်းသို့၊ ခင်ပွန်းမှ ဇနီးသို့ ဇကားသ်မပေးထိုက်ပါ။ ထိုသူတို့ကို ဇကားသ်ပေးလျှင် ဇကားသ်အထမမြောက်ပါ။ နောက်တစ်ကြိမ် ဇကားသ်ထပ်ထုတ်ရမည်။
ဇကားသ်ဟူသည် အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင်သတ်မှတ်ထားသည့် အလှူဒါနဖြစ်သည်။ ပေးသူကလည်း ပျော်ရွှင်ဂုဏ်ယူစွာပေးကမ်းရမည်။ ပေးခြင်းခံရသူကိုလည်း ပေးသူက အထင်သေးအမြင်သေးခြင်း လုံးဝမပြုရပါ။ မိမိ၏ ဇကားသ်ကို ယူမည့်သူမရှိလျှင် အဘယ်သို့ပြုမည်နည်း။ ထို့ကြောင့် ဇကားသ်ပေးခြင်းခံရသူကို ကျေးဇူးပါပြန်တင်သင့်ပါသည်။ ထို့အတူ ဇကားသ်ယူသူအတွက်လည်း မည်သို့မျှ ဝမ်းနည်း၊ စိတ်မကောင်းဖြစ်ဖွယ် မရှိပါ။ ဇကားသ်ဟူသည် အလ္လာဟ်ဖက်မှ တိုက်ရိုက်သတ်မှတ်ချီးမြှင့်သည့် နိအ်မသ်ပင်ဖြစ်သည်။ ပေးသူ၊ ယူသူနှစ်ဦးနှစ်ဖက် ဂုဏ်ရှိစွာပင် ပြုမူဆက်ဆံရမည်ဖြစ်ပြီး ပေးသူကလည်း အလ္လာဟ့်အမိန့်နာခံနိုင်ခြင်းအပေါ်ကျေးဇူးတင်ရမည်ဖြစ်ပြီး ယူသူအဖို့လည်း မိမိကို အလ္လာဟ်ဖက်မှ ချီးမြှင့်သည်ဟု သဘောပိုက်ကာ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ရပါမည်ဟု ပြောကြားရင်းဖြင့် နိဂုံးချုပ်အပ်ပါသည်။
........။........။........။........။........။........

မုစလ်မာန်တိုင်း တိကျသေချာစွာ အရှင့်အမိန့်များနာခံနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၇/ ၆/ ၂ဝ၁၅။ တနင်္ဂနွေနေ့၊ မစီဒီးခါန်း စွန္နီဂျာမေ့မတ်စ်ဂျိဒ်၌ ဟောကြားသည့်ဗယာန်ကို စာသားဖြင့် ပြန်လည်တင်ဆက်ခြင်း ဖြစ်ပါသည်။

** သတိပေးချက်။ အထက်ပါအကြောင်းအရာကို ကူးယူလျှင် အလ်မုဖီးဒ်မှ ကူးယူကြောင်း ထည့်သွင်းရေးသားပါ။ တစ်ဝက်တစ်ပျက် မိမိလိုသလောက် ကူးယူခြင်း လုံးဝခွင့်မပြုပါ။ မိမိ မလုပ်သည့်အရာကို လုပ်သယောင်ဆောင်ခြင်းသည် လိမ်လည်မှုဖြစ်၏။ ထို့ကြောင့် ဒီးန်ဖြန့်ချိလိုလျှင်လည်း မှန်ကန်သည့် နည်းလမ်းဖြင့်သာ ဖြန့်ချိပါ။ စာသားကူး၍ အမည်ပြောင်းတပ်သည့် လုပ်ရပ်မျိုး မပြုပါနှင့်။

ဇကားသ်နှင့်သက်ဆိုင်သည့် မတ်စ်အလဟ်များကို နီးစပ်ရာအာလင်မ်များထံတွင် မေးမြန်းပါရန် အကြံပြုအပ်ပါသည်။

အလ်မုဖီးဒ်
ရှအ်ဗာန်/ ၃ဝ/ ယောင်မုလ်ခမီးစ်/ ဟစ်ဂ်ျရီ ၁၄၃၆


Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။