Tuesday, July 21, 2015

အလ္လာဟ်​အရှင်​မြတ်​၏ ဂုဏ်​​တော်​ ၉၉ ပါး

လူသားအ​ပေါင်းတို့ကို မရှိရာမှ ရှိရာသို့ ဖြစ်​​ပေါ်​စေ​သော ဖန်​ဆင်းရှင်​၏ ဂုဏ်​​တော်​များ။

Thursday, July 16, 2015

အီးဒ်တွင် ရရှိသော ဆုလာဘ်များနှင့် ခြောက်လုံးရိုဇာအကြောင်း


ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/796480357139222:0

အီးဒ်ည၌ မဂ်ဖိရသ် (ခွင့်လွှတ်ခြင်း) ရရှိမှု 
အဗူဟုရိုင်ရာသခင်(ရသွီ) ထံမှ ဆင့်ပြန်သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိဝစလ္လမ်က ရမ်ဇာန်၏ နောက်ဆုံးည၌ အုမ္မသေမုဟမ္မဒီယာ (ဤအုမ္မသ်) ကို ခွင့်လွှတ်မှု၊ (ဂျဟန္နမ်မှ) လွတ်ငြိမ်းခွင့်တို့ကို ချီးမြှင့်ပေးသနားတော်မူ၏ ..... ဟု မိန့်တော်မူသည်။ ထိုအခါ အဗူဟုရိုင်ရာသခင်က အို ကိုယ်တော် အဲ့ဒီနောက်ဆုံးညဆိုသည်မှာ ကဒရ်ညကို ဆိုလိုပါသလားဟု မေးမြန်းရာ ကိုယ်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က မဟုတ်ပါ။ (ကဒရ်ကို ဆိုလိုခြင်းမဟုတ်။ ဤထူးမြတ်မှု ချီးမြှင့်မှုတို့သည် ရမ်ဇာန်၏ နောက်ဆုံးအတွက် သီးသန့်ဖြစ်၏။) ဤသို့ ခွင့်လွှတ်မှု၊ လွတ်ငြိမ်းမှုတို့ ရရှိခြင်းသည် ပြုလုပ်ရန် တာဝန်အပ်နှင်းထားသည့် အလုပ်ကို ပြီးပြည့်စုံအောင် ပြုလုပ်လိုက်ခြင်းကြောင့် ချီးမြှင့်ရခြင်းဖြစ်၏ ..... ဟု မိန့်ကြားရှင်းပြတော်မူသည်။
ရမ်ဇာန်၏ နောက်ဆုံးညတွင် အလ္လာဟ်အရှင်မြတ်က တာဝန်ပေး သတ်မှတ်ပြဌာန်းသည့် ရမ်ဇာန်တစ်လလုံး ရိုဇာစောင့်ထိန်းခြင်းဟူသည့် အလုပ်ကို လူသားက ပြီးပြည့်စုံအောင် ထမ်းဆောင်ခဲ့သည့်အတွက် အထူးဆုလာဘ်ဖြစ်သည့် အလ္လာဟ်အရှင်မြတ်၏ ခွင့်လွှတ်မှုရရှိခြင်းနှင့် ဂျဟန္နမ်မှ လွတ်ငြိမ်းမှုရရှိခြင်းတို့ကို ချီးမြှင့်ပေးသနားတော်မူ၏။
ဤအီးဒ်ညကို မိုးကောင်းကင်အထပ်များတွင် လိုင်လသွလ်ဂျာအိဇာ ဆုလာဘ်ချီးမြှင့်သည့်ညဟု ခေါ်ဆိုလေသည်။ အလ္လာဟ်အရှင်မြတ်မှ ချီးမြှင့်သည့်အရာများတွင် ခွင့်လွှတ်ခြင်းဟူသည့် ဆုလာဘ်ကို ရရှိလိုက်ခြင်းထက် သာပိုကောင်းမွန်သည့်အရာ အဘယ်မှာပင် ရှိသေးနိုင်ပါအံ့နည်း။ မုစ်လင်မ်တို့သည် သေပြီးတဖန်ပြန်ရှင်ခြင်းနှင့် ကဗရ်၏ အဇားဗ် စဝါးဗ်တို့ကို လက်ခံယုံကြည်ထားသူဖြစ်သဖြင့် ယင်းကာလတို့တွင် ခံရမည့်ပြစ်ဒဏ်များမှ ခွင့်လွှတ်ပေးခြင်းခံရသည်ဟူသည့် ဆုလက်မှတ်ကို ရရှိပိုင်ဆိုင်လိုက်သူအဖို့ အင်မတန် ဖူးစာထူးသူပင် ဖြစ်ပေသည်။ ထို့အတူ အလ္လာဟ်၏ ခွင့်လွှတ်ခြင်းဟူသည့် ဆုသည်လည်း အင်မတန်အဖိုးထိုက်တန်သည့်အရာဖြစ်ကြောင်း အာခိရသ်တွင် မျက်ဝါးထင်ထင် တွေ့မြင်ရပေမည်။ ထို့ကြောင့် အရှင်မြတ်ချီးမြှင့်သည့် ဆုလာဘ်ကို ရအောင်ယူနိုင်သူဖြစ်အောင် ကြိုးစားရပေမည်။

အီးဒ်ညများတွင် အိဗာဒသ်ပြုလျှင် မည်သည့်အရာ ရရှိမည်နည်း
ရစူလွလ္လာဟ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က မည်သူမဆို အီးဒ်နှစ်အီးဒ်၏ ညများတွင် အကျိုးကုသိုလ်ရရှိရန် ရည်စူး၍ မအိပ်မနေ အိဗာဒသ်ပြုခဲ့သော် လူအများ စိတ်ညှိုးနွမ်းနေကြမည့် ကိယာမသ်နေ့တွင် ထိုသူ၏ စိတ်နှလုံးမှာ ညှိုးနွမ်းမည်မဟုတ်ဟု မိန့်တော်မူထားသည်။ သဘောမှာ (ကိယာမသ်၏) ပူပင်ဒုက္ခခံစားရသောအခါ လူတို့၏စိတ်နှလုံးများ အားငယ်ညှိုးနွမ်းနေသည့် အခါမျိုး၌ ထိုသူ၏ စိတ်နှလုံးမှာ ရွှင်လန်းစွာ ရှိပေမည်။ သို့မဟုတ် ဆူရ်(ခရာ)မှုတ်သည့်နေ့တွင် လူအများတို့၏ ဝိဉာဉ်များ သတိလစ်နေသည့်အချိန် ထို (အီးဒ်နှစ်ညတွင် အိဗာဒသ်ပြု)သူ၏ ဝိဉာဉ်မှာ သတိလစ်မည်မဟုတ် ဟူသည့် သဘောလည်း ဖြစ်ပေသည်။
ကိယာမသ်နေ့၏ ပြင်းထန်မှုသည် ကြောက်ခမန်းလိလိပင် ဖြစ်၏။ ကြောက်မက်ဖွယ်ရာအခြေအနေများ ဖြစ်ပေါ်မည့်အချိန် ဖြစ်၏။ ထို့အတူ ဟရှ်ရ်၏ အခြေအနေသည်လည်း ပြင်းထန်လှပေသည်။ ကမ္ဘာပေါ်တွင် ကျွန်ုပ်တို့အသက်ရှင်နေစဉ် အနည်းငယ်သော အသံဗလံများကိုပင် ရင်တုန်ပန်းတုန်ဖြစ်နေကြသည်။ စိုးထိတ်နေကြ၏။ ထိုကိယာမသ် ထိုဟရှရ်၏ အခြေအနေ မည်မျှပြင်းထန်မည်ကို အနည်းငယ်လေး စဉ်းစားကြည့်လျှင်ပင် သိနိုင်သည်။ ထိုသို့ ကြောက်မက်ဖွယ်ပြင်းထန်မှုများ ဖြစ်နေချိန်တွင် အီးဒ်၏ ညများ၌ အိဗာဒသ်ပြုထားသူ၏ စိတ်သည် အနည်းငယ်မှ ကြောက်ရွံစိုးထိတ်မှု မဖြစ်ဘဲ တည်ငြိမ်အေးဆေးစွာရှိမည်ဟု ဆိုထားခြင်းမှာ အလ္လာဟ်အရှင်မြတ်၏ အထူးချီးမြှင့်မှုတစ်ရပ်ပင် ဖြစ်၏။ ထို့ကြောင့် ကမ္ဘာ၏ အချိန်အနည်းငယ် တစ်ညတာခန့်မျှကို အလ္လာဟ်နှစ်သက်ရန်အတွက် အိဗာဒသ်ပြုကြဖို့ တိုက်တွန်းအပ်ပါသည်။
ပညာရှင်အချို့က အထက်ပါဟဒီးစ်ကို ... ထို (အီးဒ်နှစ်ညတွင် အိဗာဒသ်ပြု)သူ၏ နှလုံးသာသည် လောကီ၏ ပျက်စီးသွားမည့် ရုပ်ဝတ္ထုများအပေါ် နှစ်သက်စွဲလန်းနေခြင်း ဖြစ်ပေါ်မည် မဟုတ်ပေ။ ထိုသို့သောအရာများကို စွဲလန်းနှစ်သက်ခြင်းသည် အမှန်ပင် နှလုံးသားများ သေစေ၏။ ထို့ပြင် ၎င်းသူသည် မကောင်းသော သေခြင်းမှ ထိန်းသိမ်းမှု ရရှိမည် .....  ဟု ဖွင့်ဆိုမိန့်ကြားထားပေသည်။ ထို့ကြောင့် ဤသို့အကျိုးထူးများ ပြည့်နေသည့် ညဥ့်များကို အလဟဿကိစ္စများဖြင့် မဖြုန်းတီးဘဲ အကျိုးရှိမည့်အရာများတွင် အသုံးချရမည် ဖြစ်၏။
ဟဒီးစ်တော်တစ်ရပ် လာရှိ၏။ ည ငါးညကို မအိပ်ဘဲ အိဗာဒသ်ပြုသောသူအဖို့ ဂျန္နသ်ရရှိရန် ဝါဂျိဗ်ဖြစ်သည်။ ထို ည ငါးညမှာ ......
[၁] လိုင်လသွသ် သရ်ဝီယဟ် (ဇိလ်ဟဂ်ျလ ၈ရက် ည)
[၂] လိုင်လသွလ် အရဖဟ် (ဇိဟဂ်ျလ ၉ရက် ည)
[၃] လိုင်လသွန် နဟရ် (ဇိဟဂ်ျလ ၁ဝရက်၊ အီဒွလ်အဿွ်ဟာည)
[၄] အီဒွလ် ဖိသိရ် (ရမ်ဇာန်လမြတ်ကုန်ဆုံးသည့် နောက်ဆုံးည)
[၅] ရှဗေဗရာအသ် (ရှအ်ဗာန် ၁၅ရက် ည) တို့ဖြစ်သည်။
အစ္စလာမ့်ဓမ္မသတ်ပညာရှင်တို့ထံတွင်လည်း အီးဒ်ည နှစ်ညတွင် အိဗာဒသ်ပြုခြင်းသည် မုစ်သဟဗ်၏ ထူးမြတ်မှုရရှိကြောင်း ရေးသားဖော်ပြထားကြပေသည်။ အခြားအဆိုတစ်ရပ်တွင် ......
[၁] သောကြာည၊ [၂] အီဒွလ်ဖသိရ်ည၊ [၃] အီဒွလ်အဿွ်ဟာည၊ [၄] ရဂျဗ်လဆန်းည နှင့် [၅] ရှအ်ဗာန် ၁၅ရက် ညတို့သည် တောင်းဆုပြုခြင်းများကို အထူးလက်ခံမှုပြုသော ညများဖြစ်ကြောင်း ဖော်ပြထားပေသည်။
ယခု ကျွန်ုပ်တို့အနေဖြင့် အီဒွလ်ဖိသိရ်၏ ညကို အနီးဆုံးရရှိပိုင်ဆိုင်ရမည်ဖြစ်ပေသည်။ ထို့ကြောင့် အတတ်နိုင်ဆုံး အီးဒ်ညများတွင် အလ္လာဟ်အရှင်နှစ်မြို့တော်မူသော ကျင့်ဆောင်မှုများ၌ မွေ့လျော်ခြင်းဖြင့်သာ ကျွန်ုပ်တို့၏ နှစ်ဌာနအတွက် သုခချမ်းသာကို ရှာဖွေအပ်ပေသည်။ သို့မှသာ ကျွန်ုပ်တို့၏ အီးဒ်နေ့သည် မင်္ဂလာအတိဖြစ်သော အီးဒ်နေ့ဖြစ်ပေမည်။ အီးဒ်ညတွင် အိဗာဒသ် ခဝပ်မှုပြုခြင်းနှင့် နဖိလ်များ ဆောက်တည်ခြင်းတို့သည် မုစ်သဟဗ်၏ အကျိုးထူးကို ရရှိမည်ဖြစ်သည်။ သို့သော် သီးသန့်သတ်မှတ်ပြဌာန်းထားသည့် ခဝပ်မှုမျိုးမရှိသဖြင့် မိမိတို့ စိတ်ထက်သန်ရာပုံစံဖြင့် အလ္လာဟ်အရှင်မြတ်ကို အိဗာဒသ်ပြုကာ အကျိုးကုသိုလ်များ ရယူနိုင်ပေသည်။ အိဗာဒသ်တွင် နဖိလ်နမားဇ်ဖတ်ခြင်း၊ ညဖြစ်သည့်အတွက် သဟဂ်ျဂျွဒ်ဖတ်ခြင်း၊ ဆွလာသွသ်သပ်စ်ဗီဖတ်ခြင်း၊ ဇိကိရ်၊ ဒရူးဒ်၊ အိစ်သိဂ်ဖာရ်၊ ကုရ်အာန်သိလာဝသ်ပြုခင်းများ နှင့် ဒုအာဆုတောင်းမှုပြုခြင်းတို့ အားလုံး အကျုံးဝင်ပေသည်။

အီးဒ်ညကို လက်လွှတ်ဆုံးရှုံးကြခြင်း
ကျက်သရေမင်္ဂလာနှင့် ကောင်းချီးအပေါင်းတို့ဖြင့် အထူးပြည့်စုံနေသော အီးဒ်ကဲ့သို့ ညထူးညမြတ်၏ အကျိုးကုသိုလ်များကို မေ့လျော့မှုပြုထားသူတို့သည် အမှန်တကယ် ကံဆိုးသူများ ဖြစ်ကြသည်။ တကယ်ဖြစ်ရမည်မှာ ထိုညမြတ်များ၌ အလ္လာဟ်အရှင်မြတ်နှစ်မြို့တော်မူသော ကောင်းမှုများ၌သာ မွေ့လျော်၍အချိန်ကုန်စေရမည်သာ ဖြစ်၏။
သို့သော် ယနေ့ ကျွန်ုပ်တို့၏ ဖြစ်စဉ်မှာ အိဗာဒသ်ပြုကောင်းမှုပွားရမည့်အစား မိသားစုနှင့်အတူ ရုပ်မြင်သံကြား၏ အစီအစဉ်များတွင် ပါဝင်နေကြသည်။ မိသားစုနှင့် မိတ်ဆွေများကို အိဗာဒသ်ပြုရန် တိုက်တွန်းပြောကြားဖို့ ဝေးစွ။ ကိုယ်တိုင်ပင် မကောင်းမှုအတွင်း သက်ဆင်းနစ်မွန်းနေ၏။
အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မနှစ်မြို့သည့် အမှုကိစ္စတို့ကို အခြားနေ့ရက်များ၌ ကျူးလွန်ခြင်းသည်ပင် ကြီးလေးသော ဒုစရိုက်မှုဖြစ်ပါလျှင် အီးဒ်ကဲ့သို့ မြင့်မြတ်သည့်ည၌ ကျူးလွန်ခြင်းမှာ အဘယ်မျှပင် ပြစ်မှုပိုကြီးသွားသည်ကို အထူးပြောပြရန် မလိုတော့ပါ။ ပြစ်မှုဒုစရိုက်ကို အထင်သေးခြင်းသည် (ဆိုလိုသည်မှာ ဒါလေးပဲလုပ်တာပါကွာ၊ မက္ကရူပါကွာ၊ ရုပ်ရှင်ကို နည်းနည်းပဲကြည့်တာပါ ... အပြစ်ခံရလည်း နည်းနည်းပေါ့ ... စသဖြင့်) အလ္လာဟ်အရှင်မြတ်ကို အထင်သေးခြင်း (အရှင့်၏ ကြီးကျယ်မြတ်ထွတ်မှု၊ အရာရာကို ပိုင်စိုးနိုင်နင်းအုပ်ချုပ်သည့် ဂုဏ်အင်နှင့် အရှင်ပေးမည့် ပြစ်ဒဏ်တို့ကို မကြောက်ခြင်း အထင်အမြင်သေးခြင်း) ဖြစ်သည်။ အချို့သူတို့သည် ဤသို့ထူးကဲလှသည့် ညမြတ်၌ အိဗာဒသ်ခဝတ်မှုဘက်သို့ အာရုံမရှိဘဲ အီးဒ်မနက်ဝတ်ဆင်ရမည့် ဝတ်ကောင်းစားလှများဘက်သို့ အာရုံရောက်နေသည်။ ထိုအရာများကို ဆင်ယဉ်ချယ်သနေကြသည်။ အများစုသည် အီးဒွလ်ဖိသိရ်၏ည၌ စားသောက်စရာများချက်ပြုတ်သည့် အရေးမကြီးသည့်အလုပ်ကို အထူးအလေးထားဆောင်ရွက်နေကြပြီး အီဒွလ်အဿွ်ဟာတွင်မူ ကုရ်ဗာနီ၏ သားကောင်နောက်သို့လိုက်နေကြ၏။ သက်ဆိုင်နေရာများ ရရှိပြီးပါကလည်း ဝိုင်းဖွဲ့ကာ စကားဖောင်စီးနေကြပြန်သည်။ အချို့ကလည်း ထိုည၏ထူးကဲမြင့်မြတ်သော အကျိုးကုသိုလ်များ ရရှိပိုင်ဆိုင်နိုင်ရန် ကောင်းမှုပွားရမည်ကို မသိနားမလည်ဘဲ လက်လွတ်ဆုံးရှုံးရခြင်းမျိုးလည်း ရှိပေသည်။ အားကောင်းမောင်းသန် ခန္ဓာကိုယ်ပိုင်ရှင်များသည်လည်း ထိုသို့သောညများတွင် လူသေကောင်ပမာ တခေါခေါနှင့် အိပ်မောကြနေကြ၏။ အိပ်ခြင်းသည်လည်း အိဗာဒသ်ဟု ဆိုကာ အိပ်နေကြ၏။ အမျိုးသမီးအများစုတို့သည်လည်း ထိုညတွင် ဒန်းဆိုးခြင်းဟူသည် ဝတ္တရားနောက် တကောက်ကောက် လိုက်နေကြရပေသည်။ သနားဖွယ်ပင်။ အီးဒ်တွင် ဒန်း မရှိလည်း အီးဒ်ဖြစ်၏။ အာခိရသ်တွင်မူ အမလ်မပါ ပါက လူတကာထံမှ လက်ဖြန့်လိုက်တောင်း၍ ရမည်မဟုတ်ပါ။ စာရှုသူတို့အနေဖြင့် ဤသို့မြင့်မြတ်ထူးကဲလှသည့် ညမြတ်အကြောင်းသိရှိပြီးပါက ထိုသို့လက်လွတ်ဆုံးရှုံးကြသူများအတွင်း မပါဝင်စေရန်၊ အရှင်မြတ်ထံမှ ရရှိသည့်အထူးအခွင့်အရေးကို ပိုင်နိုင်စွာ အသုံးချနိုင်ရန် ကြိုးစားအားထုတ်ရပေမည်။ ပမာတစ်ခုပြမည်။ တန်ဖိုးကြီးပစ္စည်းများသာ ရောင်းချသော ဈေးဝယ်စင်တာကြီးတစ်ခုတွင် ..... မည်သည့်ည၏ ၆နာရီမှ မနက်၎နာရီအထိ မည်သူမဆို လာရောက်၍ မည်သည့်ပစ္စည်းကိုမဆို နှစ်သက်သလောက် ယူငင်နိုင်သည်။ တန်ကြေးကိုလည်း သုံးပုံတစ်ပုံသာ ပေးရမည်ဟု ကြေငြာထားသည်။ လူအချို့သည် အားကြိုးမာန်တက် စ၍ ခွင့်ပေးသည့်အချိန်မှ ပိတ်သည့်အချိန်အထိ တစ်ညလုံး တန်ဖိုးကြီးပစ္စည်းများကို ယူငင်သည်။ အချို့မှာမူ စသည့်အချိန်၌သာ လာပြီး ပစ္စည်းတစ်ခုယူလိုက်သည်။ မနက်ပိတ်ခါနီးလာ၍ နောက်ပစ္စည်းတစ်ခု ယူသည်။ ထိုသူ့အဖို့ ပစ္စည်းနှစ်ခုသာ ရသည်။ ပထမအုပ်စုကတော့ တန်ဖိုးကြီးပစ္စည်းများစွာကို တန်ဖိုးသက်သာစွာဖြင့် များစွာပိုင်ဆိုင်သွားသည်။ အသင်ဆိုလျှင် မည်သည့်အုပ်စုဝင် ဖြစ်လိုပါသနည်း။ လူ့ဗီဇမှာ သက်သက်သာသာနှင့် ပေါများစွာရခြင်းကို နှစ်သက်သည်သာ ဖြစ်၏။ ကမ္ဘာ့၏ ကုန်ပစ္စည်းနှင့် ငွေကြေးတို့အတွက် အသင့်တွင် ကြိုးပမ်းလိုစိတ်ရှိလျှင် တစ်ခုလုပ်လျှင် ဆယ်ခုရမည့် အာခိရသ်အတွက် ပို၍ပင် သောကထားကာ စိတ်ရောကိုယ်ပါ အားထုတ်ရပေမည်။

နေ့နှင့် ည မည်သည်က သာပိုထူးမြတ်ပါသနည်း
ညသည် နေ့ထက် အကြောင်းအရင်းများစွာကြောင့် ထူးမြတ်ရပါသည်။
(၁) ညများအနက် ည တစ်ညသည် လပေါင်းတစ်ထောင်ထက် သာပိုထူးမြတ်၏။ သို့သော် နေ့နှင့်စပ်လျဉ်း၍ ထိုကဲ့သို့ ဖော်ပြချက် မပါရှိပါ။
(၂) ကျမ်းမြတ်ကုရ်အာန် တစ်အုပ်လုံးသည် လောင်ဟေမဟ်ဖူးဇ် ထိန်းသိမ်းထားသည့်ကျောက်စာမှ မိုးကောင်ကင် ပထမထပ်သို့ ချပေးသည့်အချိန်မှာလည်း ညအချိန်ဖြစ်၏။ နေ့အချိန်မဟုတ်ပါ။
(၃) ညဥ့်၏နောက်ဆုံးအချိန် (သုံးပုံ တစ်ပုံ) သို့ရောက်တိုင်း အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင် ပထမထပ်သို့ ဆင်းသက်ကြွမြန်းတော်မူ၏။
(၄) တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်ကို ကောင်းကင်ဘုံခရီးသို့ ခေါ်ဆောင်သွားသည့်အချိန်မှာလည်း ညချမ်းအချိန်သာ ဖြစ်၏။
(၅) ညသည် အနားယူအိပ်စက်သည့်အချိန်ဖြစ်၍ ညအချိန်၌ တိရိစ္ဆာန်များကို ဇဗာပြုခြင်း မက္ကရူဖြစ်ရခြင်းမှာလည်း ညကို အကြောင်းခံ၍သာ ဖြစ်၏။
(၆) ညချမ်းအချိန် ခရီးသွားပါက ခရီးတွင်ကျယ်သည်ဟု တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်က မိန့်ခြွေတော် မူထားသည်။
(၇) ည၏ ထူးမြတ်မှုကြောင့်ပင် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က ရန်သူများကို ညအချိန် ဝင်ရောက်တိုက်ခိုက်ခြင်း ပြုတော်မမူချေ။

အီးဒ်၏ နေ့အချိန်
((ရမ်ဇာန်နှင့် စပ်လျဉ်း မိန့်ခြွေထားသည့် ဟဒီးစ်တော်၌ ပါဝင်သည်မှာ) အီးဒ်နေ့ မိုးလင်းသောအခါ အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်တမန်များကို မြို့၊ ရွာတိုင်းသို့ စေလွှတ်တော်မူ၏။ ကောင်းကင်တမန်တို့သည် ကမ္ဘာမြေသို့ဆင်းသက်လာကြပြီး လမ်းကြီးလမ်းငယ် အသွယ်သွယ်တို့၏ ထိပ်တွင်ရပ်ကြလေသည်။ ထို့နောက် ဂျင်န်နှင့် လူသားတို့မှအပ အခြားအဖန်ဆင်းခံအားလုံး ကြားကြရသည့်အသံဖြင့် အို မုဟမ္မဒ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်၏ အုမ္မသ်အပေါင်းတို့ ရက်ရောတော်မူသော အရှင်မြတ်ထံတော်သို့ ဝင်ရောက်ခစားကြကုန်။ ထိုအရှင်မြတ်သည်အတိုင်းထက်အလွန် ချီးမြှင့် ပေးသနားတော်မူ၏။ ကြီးမားလှစွာသော ပြစ်မှုကို ခွင့်လွှတ်တော်မူ၏ .... ဟု ကြွေးကျော်ကြသည်။
ထို့နောက် လူတို့ အီဒ်ဂါသို့ထွက်လာကြသောအခါ အလ္လာဟ်အရှင်မြတ်က ကောင်းကင်တမန်တို့အား မိမိတို့အလုပ်တာဝန်ကို ပြီးစီးအောင်ဆောင်ရွက်သော အလုပ်သမားအား မည်သို့အစားပေးရမည်နည်း ဟု မေးမြန်းတော်မူ၏။ ထိုအခါ ကောင်းကင်တမန်တို့က အို .... ကျွန်တော်မျိုးတို့၏ အရှင်သခင် ၎င်းတို့၏ လုပ်ခကို အပြည့်ချီးမြှင့်တော်မူခြင်းသာလျှင် ၎င်းအား အစားပေးခြင်းဖြစ်ပါသည် ... ဟု လျှောက်ထားဖြေကြားလေသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က သို့ဖြစ်လျှင် အို ကောင်းကင်တမန်အပေါင်းတို့ အမှန်ပင် ငါအရှင်မြတ်သည် ၎င်းတို့အား ရမ်ဇာန်လ၏ ရိုဇာနှင့် သရာဝီတို့၏အစား အကျိုးကုသိုလ်အဖြစ် ငါအရှင်မြတ်၏ ကျေနပ်နှစ်သက်မှုနှင့် ခွင့်လွှတ်ချမ်းသာပေးမှုကို ချီးမြှင့်တော်မူလိုက်ပြီး အသင်တို့အား သက်သေထားတော်မူသည် ဟု မိန့်တော်မူလေသည်။
ထို့ပြင် အလ္လာဟ်အရှင်မြတ်က လူတို့ကို ဤသို့မိန့်တော်မူ၏။ အို ငါအရှင်မြတ်၏ ကျေးကျွန်အပေါင်းတို့ ငါအရှင်မြတ်ထံပါး၌ တောင်းခံကြလော့။ ငါအရှင်မြတ်၏ ဂုဏ်တော်၏ ကစမ်၊ ငါအရှင်မြတ်၏ တန်ခိုးတော်၏ ကစမ်၊ အသင်တို့သည် ယနေ့မိမိတို့၏ ဤအစုအဝေး၌ မိမိတို့၏ အာခိရသ်တမလွန်အရေးနှင့် စပ်လျဉ်း၍ အသနားခံတောင်းခံကြသည်ကို ငါအရှင်မြတ် ချီးမြှင့်တော်မူမည်။ သို့ရာတွင် လောကီ (ကမ္ဘာပေါ်တွင် ရှင်သန်နေစဉ်၏) အရေးနှင့် ပတ်သက်၍ တောင်းခံသည်ရှိသော် အသင်တို့၏ အကျိုးရလဒ်အတွက် ကြည့်ရှုတော်မူမည်။ ငါအရှင်မြတ်၏ ဂုဏ်တော်၏ ကစမ်၊ အသင်တို့သည် ငါအရှင်မြတ်ဘက်သို့ အာရုံပြုသမျှ ငါအရှင်မြတ်သည် အသင်တို့၏ ချွတ်ချော်မှုကို ဖုံးအုပ်တော်မူမည်။ ငါအရှင်မြတ်၏ ဂုဏ်တော်၏ ကစမ်၊ ငါအရှင်မြတ်၏ တန်ခိုးတော်၏ ကစမ် ငါအရှင်မြတ်သည် အသင်တို့အား ကာဖိရ်များရှေ့မှောက်ဝယ် အရှက်တကွဲဖြစ်အောင် ပြုလုပ်တော်မူမည်မဟုတ်။ ယခုသော်ကား အသင်တို့သည် မိမိတို့၏ နေအိမ်များသို့ ခွင့်လွှတ်ချမ်းသာမှု ပေးသနားခြင်းကို ရရှိသူများအဖြစ်နှင့် ပြန်ကြလော့။ အသင်တို့သည် ငါအရှင်မြတ်အား ကျေနပ်အောင် ပြုလုပ်ခဲ့ကြသည်။ ငါအရှင်မြတ်သည် အသင်တို့အပေါ်၌ ကျေနပ်တော်မူလေပြီ။
ထိုအခါ ကောင်းကင်တမန်တို့သည် အဖ်သာရ်ပြုသောနေ့ (အီဒွလ်ဖိသိရ်)တွင် ဤအုမ္မသ်အပေါ်ချီးမြှင့်သည်များများကို မြင်၍ ဝမ်းမြောက်ပျော်ရွှင်ကြကုန်သည်။

အထက်ပါ ဟဒီးစ်မှပင် အီးဒ်၏နေ့တွင် အလ္လာဟ်အရှင်မြတ်၏ ချီးမြှင့်မှုများကို ပြီးပြည့်စုံစွာ သိရလေသည်။ ထို့ကြောင့် အီးဒ်၏ နေ့အချိန်တွင်လည်း စားသောက်ပျော်ပါးမှု၌သာ နစ်မွန်းမနေရဘဲ သူ့အချိန်နှင့်သူ နမားဇ်များကို ဆောက်တည်ကြရပေမည်။ အများအားဖြင့် အီးဒ်တွင် အိမ်များသို့လည်ပတ်ရင်း လမ်းခရီး၏ ကျန့်ကြာမှုများကြောင့် ဇုဟုရ် အစွရ်နမားဇ်များ ကဇွာဖြစ်သွားရသည်။ မဂ်ရိဗ်နှင့် အိရှာသည်လည်း တစ်နေကုန်ပင်ပမ်းထားခြင်းကြောင့် အညောင်းမိကာ အိပ်ပျော်သွားကြလေသည်။ အချို့ မိတ်ကပ်ဖျက်ရင်း အချိန်ကုန်နေကြသည်။ အလွန်ဝမ်းနည်းဖွယ်ပင်။ အီးဒ်တွင် အရှင်မြတ်မှ အပြစ်ခွင့်လွှတ်ပေးသည်ဟု ဆိုခြင်းက ယနေ့တစ်နေကုန် လုပ်ချင်တာလုပ်ကြဟု ခွင့်ပေးနေခြင်းမဟုတ်ပါ။ အီးဒ်လ မြင်သည်နှင့် ရမ်ဇာန်တစ်လလုံးပိတ်နေသည့် ရှိုက်သာန်တီဗီကို ဖွင့်ပြီး ဇိနာအမှုများပြည့်နှက်ကာ ရွံရှာဖွယ်ရာများအတိဖြစ်သည့် သီချင်များ၊ ရုပ်ရှင်များကို စတင်ဖွင့်လိုက်ကြသည်။ အိန္ဒိယသီချင်းများကိုပင် အချို့ကလည်း မုစ်လင်မ် သီချင်းဟုခေါ်သည်က ရှိသေး၏။ မှတ်ထားပါ။ အစ္စလာမ်တွင် အတီး၊ အမှုတ်၊ ကခုန်ခြင်းမရှိသလို ၎င်းအရာတို့သည် မုစ်လင်၏ လုပ်ဆောင်ချက်လည်း မဟုတ်။အချို့ကလည်း ဗရကသ်သဘောဖြင့် ကိရာအသ်ဖွင့်ထားသည်။ တစ်ဖက်တွင်မူ ကိုယ်တိုင်က လုပ်ချင်ရာလုပ် အတင်းပြော စကားများခြင်းများပြုနေကြသည်။ ကုရ်အာန်ဖွင့်ထားလျှင် နားစိုက်ထောင်ရန် အရေးကြီးသည်။ ထို့အတူ အီးဒ်တွင် အရက်သေစာသောက်စားခြင်းများ၊ မတော်မလျော်သော အပျော်ကျူးခြင်းများဖြင့် အစ္စလာမ့်အလှအပဖြစ်သော အီးဒ်ကို ညစ်ထေးအောင်ပြုခြင်းသည် မုစ်လင်မ်တို့ကိုယ်တိုင် မိမိအစ္စလာမ်ကို  သိက္ခာချပစ်နေခြင်းသာ ဖြစ်၏။ အရက်၊ လောင်းကစား၊ ရုပ်ရှင်၊ သီချင်း၊ မကောင်းမှုအပေါင်းသည် ရမ်ဇာန်တွင်လည်း မပြုကြသကဲ့သို့ ရမ်ဇာန်ပြီးနောက်တွင်လည်း ရှောင်ကြရမည် ဖြစ်သည်။ ယင်းမကောင်းမှုတို့သည် ရမ်ဇာန်တွင် ဟရာမ်ဖြစ်သလို ရမ်ဇာန်ပြီးနောက်တွင်လည်း ဟရာမ်အဖြစ်နှင့်သာ ဆက်လက်တည်ရှိနေပြီး ကျူးလွန်ဖောက်ဖျက်သူအဖို့ သတ်မှတ်ပြစ်ဒဏ်ကို ကျခံရမည်သာဖြစ်၏။ ထို့ကြောင့် မုစ်လင်မ်တို့အနေဖြင့် မိမိတို့၏ အစ္စလာမ့်အလှအပများကို ထိန်းသိမ်းသူဖြစ်ကြပါ။ ဖျက်ဆီးသူများ မဖြစ်ကြပါနှင့်။

အီးဒ်နေ့တွင် ဆောင်ရွက်ရမည့် အရာများ
အီးဒ်နေ့များတွင် အောက်ပါအရာများကို ဆောင်ရွက်ခြင်းသည် စွန္နသ် သို့မဟုတ် မုစ်သဟဗ်၏ ထူးမြတ်ရှိသည်။ အစ္စလာမ့်ညွှန်ကြားမှုနှင့် အညီ တစ်ကိုယ်ရေသန့်ရှင်းမှုပြုခြင်း၊ နမားဇ်မဖတ်မီ ရေချိုးသန့်စင်ခြင်း၊ မစ်ဝါးက်တိုက်ခြင်း၊ အကောင်းဆုံးအဝတ်ကို ဝတ်ဆင်ခြင်း၊ အမွှေးအကြိုင်လိမ်းခြင်း၊ စောစီးစွာ အိပ်ယာထခြင်း၊ အီဒဂါသို့ စောလျင်စွာ သွားခြင်း၊ အီးဒ် (အီဒွလ်ဖိသိရ်၏) နမားဇ်ဖတ်ရန် မသွားမီ အချိုတစ်ခုခု စားသုံးခြင်း၊ အီးဒ်နမားဇ်ထက်အလျှင် ဖိသ်ရာပေးခြင်း၊ အီဒဂါသို့သွား၍ နမားဇ်ဖတ်ခြင်း၊ လမ်းတစ်ခုမှသွား၍ အပြန်တွင် အခြားတစ်လမ်းမှ ပြန်လာခြင်း၊ ခြေလျှင်လျှောက်သွားခြင်း၊ လမ်းတွင် အီးဒ်၏ သက္ကဗီရ်ဖြစ်သော အလ္လာဟုအက္ကဗရ် အလ္လာဟုအက္ကဗရ် လာအိလားဟ အိလ်လ္လားဟု ဝလ္လားဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ် ဝလိလ်လားလိလ်ဟမ်ဒ် ကို တိုးတီးစွာ ဖတ်ခြင်းတို့ ဖြစ်ပေသည်။

အီးဒ်ဟု အမည်တွင်ရခြင်းအကြောင်း
လမြတ်ရမ်ဇာန်ကုန်ပြီး ရှောက်ဝလ်လပထမရက်ကို အီဒွလ်ဖိသိရ် ဟု ခေါ်သည်။ အီးဒ်ဟူသည် အရဗီစကားလုံး အောင့်ဒ်ဟူသည့် ပုဒ်မှ ဆင်းသက်လာသည်။ အဓိပ္ပါယ်မှာ အဖန်တလဲလဲ ပြန်လာခြင်းဟူ၍ ဖြစ်သည်။ ဤနေ့သည် ကျွန်ုပ်တို့ထံ အဖန်တလဲလဲ နှစ်စဉ်ရောက်ရှိလာပေသည်။ ထို့ပြင် အရဗ်လူမျိုးများသည် ပျော်ရွှင်ဖွယ်ရာ စုစည်းမှုတိုင်းကိုလည်း အီးဒ်ဟု ခေါ်ဆိုသမုတ်လေ့ရှိကြသည်။

အီးဒ်ရက်သည် မည်သည့်အချိန်မှ စတင်ဖြစ်ပေါ်ခဲ့ပါသနည်း
အီးဒ်သည် ပထမဆုံး ဟိဂ်ျရီခုနှစ်မှ စတင်ခဲ့သည်။ ဟဒီးစ်တော်၌ လာရှိသည်။ အနတ်စ်သခင် (ရသွီ)က ဆင့်ပြန်မိန့်ဆိုသည်မှာ ကိုယ်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဝစလ္လမ်သည် မက္ကဟ်မြို့မှ မဒီနာသို့ ဟစ်ဂ်ျရသ်ပြု ရွှေ့ပြောင်းတော်မူလာသည်။ အစ္စလာမ်ဘာသာဝင် ဒေသခံ မဒီနာမြို့သူမြို့သားများသည် ပွဲတော်ရက်နှစ်ရက် ကျင်းပလေ့ရှိကြပြီး ယင်းပွဲတော်ရက်များတွင် ပျော်ပွဲရွှင်ပွဲများအား နှစ်စဉ်ဆင်နွှဲလေ့ရှိကြသည်။
ဤသည်ကို တွေ့သောအခါ ကိုယ်တော်မြတ်က အသင်တို့ကျင်းပသည့် ဤပွဲတော်နှစ်ရက်သည် မည်သို့ပါနည်း။ အဘယ့်ကြောင့် ဆင်နွှဲရပါသနည်း ဟု မေးမြန်းရာ ကျွန်ုပ်တို့ထံ အစ္စလာမ်မရောက်လာမီ ရှေးယခင်ခေတ်ကာလများကပင် ဤပွဲတော်များကို အစဉ်အလာတစ်ရပ်အနေဖြင့် ကျင်းပလာခဲ့ကြသည် ဟု ဖြေကြ၏။
ထိုအခါ တမန်တော်မြတ်က အသင်တို့၏ ဤပွဲတော်နှစ်ရက်အစား ထိုထက်သာလွန်ကောင်းမြတ်သည့် ရက်နှစ်ရက်ကို သတ်မှတ်ပေးတော်မူလိုက်သည်။ ၎င်းမှာ အီဒွလ်အဿွ်ဟာနှင့် အီဒွလ်ဖိသိရ် ဟူ၍ ဖြစ်၏.....ဟု မိန့်တော်မူလေသည်။

အစ္စလာမ်တွင် ပျော်ခြင်း၏ အထိမ်းအမှတ်သည် နမားဇ်ဖြစ်၏။ ထို့အတူ ဝမ်းနည်းခြင်း၏ အထိမ်းအမှတ်သည်လည်း နမားဇ်ပင်ဖြစ်သည်။ သဘောမှာ အစ္စလာမ့်၏ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတို့အတွက် လူတို့တီထွင်ထားသည့် လုပ်ဆောင်ချက်များ၊ ကစားခုန်စားမှုများနှင့် အသံဗလံအစုံမြည်သည့် ပစ္စည်းကိရိယာတို့ဖြင့် ကြိုဆိုနေရန် မလိုအပ်ချေ။ နှစ်ဌာနအကျိုးရှိစေမည့် တိုတောင်းလွယ်ကူ ရိုးရှင်းလှသည့် နမားဇ်ဆိုသည့် အရာဖြင့် ကြိုဆိုသမှုပြုသလို ဝမ်းနည်းရသည်များအတွက်လည်း ယင်းနမားဇ်ကိုပင် ဆောက်တည်ကြရပါသည်။

မုစ်လင်မ်တို့အတွက် အလ္လာဟ်ဖက်မှချီးမြှင့် ဆုလာဘ်များသည် ရေတွက်မကုန်နိုင်ဖွယ်ပင်။ စဉ်းစားကြည့်ပါ။ ရဂျဗ်မှာ စတင်ကာ ရှအ်ဗာန်ကို ဖြတ်ကျော်ပြီး ရမ်ဇာန်တွင် အဆုံးသတ်သည်။ ထိုကာလတစ်လျှောက်လုံး အလ္လာဟ်အရှင်မြတ်ဘက်မှ တောင်းဆုပြည့်သည့်ညများ၊ ခွင့်လွှတ်မှုများပေးသည့် ကာလများ၊ ငရဲမှ ထုတ်ပေးခြင်းများ၊ ဂျန္နသ်သုခဥယျာဉ်ကို စံမြန်းရန် အခွင့်အရေးရရှိမည့် ကောင်းမှုလုပ်ဆောင်ချက်များ တစ်စစချီးမြှင့်လာလိုက်သည်မှာ ယခု အီးဒ်သို့ပင် ရောက်ရှိလာခဲ့ပေပြီ။ ထိုအီးဒ်ကို ကြည့်ပါ။ ညအချိန် နေ့အချိန် နှစ်ခုစလုံးတွင် တောင်းဆုများ လက်ခံပေးမည်။ ခွင့်လွှတ်မှုများ လွတ်ငြိမ်းခွင့်များပေးမည်ဟူသည့် မဟာအခွင့်အရေးများကို အတိုင်းအဆမဲ့ ထပ်မံချီးမြှင့်နေပြန်သည်။ အလ္လာဟ်အရှင်မြတ်၏ ကတိ၊ အရှင်မြတ်၏ ချီးမြှင့်ခြင်းများသည် မည့်သည့်ကာလ မည်သည့်ဒေသဟူ၍ ခွဲခြားထားခြင်းမရှိသလို ပေးမည်ဟု မိန့်သည့်အချိန်မှစ၍ ယနေ့အထိ ကိယာမသ်နေ့အထိ ပေးမည်ပင်ဖြစ်သည်။ ပေးနေမည်သာ ဖြစ်၏။ သို့သော် ...... သို့သော် ထို..ထိုသော အကျိုးထူးများကို ပြည့်ပြည့်ဝမရဘဲ လိုတာမရ ရတာမလို အရှက်တကွဲအကျိုးနည်း ဖြစ်နေရခြင်းမှာ ကျွန်ုပ်တို့၏ ပေါ့လျော့ချို့ယွင်းမှုများကြောင့်သာ ဖြစ်နေသည်ကို သတိပြုကာ အထူးပြုပြင် ဆင်ခြင်သင့်လှပေသည်။

ခြောက်လုံးရိုဇာထားခြင်းအကြောင်း
အဗူအိုက်ယူးဗ်အန်ဆွာရီသခင် (ရသွီ)ထံမှ ဆင့်ပြန်သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်သည်မှာ အကြင်သူသည် ရမ်ဇာန်လ၏ ရိုဇာကိုထားမည်။ ရမ်ဇာန်လကုန်ပြီးနောက် အီးဒ်လဖြစ်သည့် ရှောက်ဝလ်တွင် နဖိလ်ရိုဇာခြောက်လုံးကို ဆက်လက်ထားမည်ဆိုပါက (ဤနည်းအတိုင်း နှစ်စဉ်ကျင့်ဆောင်သွားလျှင်) ထိုသူသည် တစ်သက်လုံး ရိုဇာထားသကဲ့သို့ ဖြစ်ပေသည်။
အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုတစ်ခုအစားတွင် ဆယ်ဆချီးမြှင့်မည်ဟု မိန့်ထားသည်။ ရမ်ဇာန်ရိုဇာ ၃ဝ ထားလျှင် ၎င်းသည်အစားသည် ၃ဝဝ ဖြစ်မည်။ နဖိလ်ခြောက်လုံးသည် ၆ဝဖြစ်မည်။ ပေါင်းလျှင် ၃၆ဝရသည်။ တစ်နှစ်တွင် ရက်ပေါင်း ၃၆ဝ ရှိသည်ဖြစ်၍ တစ်နှစ်ပတ်လုံး ရိုဇာထားသကဲ့သို့ ဖြစ်ပေသည်။ ဤပုံစံအတိုင်း လူတစ်ယောက် ရမ်ဇာန်တိုင်းနှင့် ခြောက်လုံးရိုဇာကို တွဲစပ်သွားပါက ထိုသူသည် အသက်ရှင်သရွေ့ နေ့စဉ်ရိုဇာစောင့်ထိန်းသကဲ့သို့ အကျိုးကုသိုလ်ကို ရရှိသွားမည် ဖြစ်၏။ စွဗ်ဟာနလ်လာ ၃၆ရက် အလ္လာဟ်အတွက်အချိန်ပေးကာ အလ္လာဟ်အမိန့်နာခံလိုက်လျှင် အလ္လာဟ်က ၃၆ဝ၊ တစ်နှစ်စာအတွက် လစာ (ကုသိုလ်) ပေးလိုက်သည်။ ကမ္ဘာ၏ အလုပ်အကိုင်များတွင်​ တစ်လနှင့် နောက်ခြောက်ရက်လုပ်ပြီး တစ်နှစ်စာလခပေးသည်များ ရှိတတ်ပါသလား။ သို့သော် ကျွန်ုပ်တို့၏ မြင့်မြတ်တော်မူလှသော အလ္လာဟ်အရှင်မြတ်က မိမိ၏ ကျေးဇူးအသနားတော်ဖြင့် ထိုမျှကာလလေးအတွက် တစ်နှစ်စာ ကုသိုလ်ကို ချီးမြှင့်တော်မူနေပေသည်။ ထို့ကြောင့် ယင်းအကျိုးထူးကို မုစ်လင်မ် အမျိုးသား၊ အမျိုးသမီးတိုင်း ရယူရန် ကြိုးပမ်းရပေမည်။ ကိယာမသ်နေ့၌ ဖရဇ်တာဝန်များ စစ်ဆေးသည့်အခါ ပေါ့လျော့မှုများနှင့် လျော့နည်းမှုများ ရှိနေခဲ့ပါက နဖိလ်အိဗာဒသ်တို့ဖြင့် ဖြည့်စွက်မည်ဖြစ်၏။ အကယ်၍ ဖရဇ်တွင် ပေါ့လျော့မှုမရှိပါက နဖိလ်မှ ကုသိုလ်များ သီးသန့်ရရှိကာ ဂျန္နသ်၏ သုခချမ်းသာများကို ထပ်မံခံစားရမည်ဖြစ်သည်။ ထို့ကြောင့် နဖိလ်များကို နဖိလ်ပါဟူ၍ အတွေးမထားဘဲ နဖိလ်သည် နဖိလ်ဖြစ်၏။ အကျိုးထူးလှ၏ဟု မှတ်ယူကာ ကျင့်သုံးရပေမည်။
မှတ်သားဖွယ်တစ်ခုမှာ ရမ်ဇာန်သည် နှစ်ဆယ့်ကိုးရက် ဖြစ်ခဲ့သည်ရှိသော် ဆယ်ဆဖြစ်သည့် ၃ဝဝမှာ ၂၉ဝဖြစ်သွားမည်လား။ ရမ်ဇာန်သည် ၂၉ဖြစ်ခဲ့လျှင်လည်း ၃ဝဟုသာ ရေတွက်၍ ကုသိုလ်ကို အပြည့်ချီးမြှင့်မည် ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော မုစ်လင်မ်၏ ရင်တွင်းဝယ် ၂၉ရက်နေ့ လမမြင်ခဲ့သော် နောက်တစ်နေ့တွင် ရိုဇာထားမည်ဟူသည့် ရည်ရွယ်ချက်မှာ အပြည့်အဝပင် ရှိပေသည်။ ထို့ကြောင့် လ၏ ရက်အရေအတွက်လျော့နည်းသွားသောလည်း ကုသိုလ်အကျိုးတွင် လျော့နည်းမည်မဟုတ်ပါ။ အလ္လာဟ်အရှင်မြတ်က အပြည့်အဝချီးမြှင့်မည်သာ ဖြစ်၏။

ခြောက်လုံးရိုဇာကို ....
အချို့ ရမ်ဇာန်တစ်လလုံးရိုဇာရသူကသာ ခြောက်လုံးထားရမည်ဟု အယူထားသည်။ ဤသည်မှာ မှား၏။ မည်သူမဆို ထားနိုင်သည်။ ထို့အတူ နဖိလ်ခြောက်လုံးရိုဇာကို ရှောက်ဝလ်တစ်လလုံးအတွင်း မည်သည့်ရက်မဆို ထားနိုင်ပေသည်။ အီးဒ်နှင့် ကပ်နေသည့် ခြောက်ရက်ကိုထားမှ ရိုဇာခြောက်လုံးဖြစ်သည်မဟုတ်ပါ။ သတိပြုရမည်မှာ ရှောက်ဝလ်အတွင်း ဖြစ်ရမည်။ မကျန်းမာသူများ၊ အင်အားနည်းသူများအနေဖြင့် ဆက်တိုက် ခြောက်လုံးမထားနိုင်ကလည်း ရက်ခြား၍ ဖြစ်စေ၊ မိမိအစဉ်ပြေသလို ရှောက်ဝလ်အတွင်း ထားလိုက်လျှင် ဖြစ်၏။ အီးဒ်ပြီး နောက်တစ်ရက်ကပ်နေသည့်နေ့မှ စထားမှ ခြောက်လုံးဖြစ်သည်မဟုတ်ပါ။ ထို့အတူ ရှောက်ဝလ်တစ်လလုံးအတွင်း နဖိလ်တစ်လုံးသာထားပြီး ခြောက်လုံး၏ အကျိုးကုသိုလ်ကိုလည်း ရမည်မဟုတ်ပါ။ နဖိလ်ခြောက်လုံးကို အပြည့်ထားရပေမည်။

ခြောက်လုံးရိုဇာနှင့် ကဇွာ
ရမ်ဇာန်အတွင်း ပျက်ကွက်ခဲ့သည့် ရိုဇာများကို ကဇွာပြန်ဖြည့်ခြင်းသည် သပ်သပ်ဖြစ်၏။ နဖိလ်၏ ခြောက်လုံးက သပ်သပ်ဖြစ်ပါသည်။ နှစ်ခုရောခွင့်မရှိပါ။

ကဇွာရိုဇာနှင့် နဖိလ်ရိုဇာ
ကဇွာရိုဇာအတွက် ရည်စူးမှု နိယသ်ကို ညကတည်းက ပြုရန် အရေးကြီးသည်။ စဲဟ်ရီကတည်းက မိမိသည် ပျက်ခဲ့သည့် ရိုဇာကို ပြန်ဖြည့်ကြောင်း ရည်စူးရမည်။ ကဇွာ၏ နိယသ်နှင့်အတူ နဖိလ်နိယသ် ရောပြုခွင့်မရှိပါ။ နဖိလ်ရိုဇာတွင်မူ မနက်ရောက်သည့်အချိန်မှ ရည်စူးမှုပြုလည်း ဖြစ်ပေသည်။ ထိုနဖိလ်ထားသည့်အချိန် ကဇွာပါဖြည့်ပါသည်ဟု ရော၍ ရည်စူးလို့မရပါ။ နဖိလ်ရိုဇာကို စောင့်ရင်းတစ်ဝက်ဖြင့် ပျက်သွားပါကလည်း ထိုနဖိလ်ကို ပြန်ဖြည့်ရန် အရေးကြီးပါသည်။

မုစ်လင်အမျိုးသား အမျိုးသမီးတိုင်းသည် မိမိတို့၏ အီးဒ်များ အလ္လာဟ်အရှင်မြတ်၏ ချီးမြှင့်မှုများနှင့် အစ္စလာမ့်၏ အမိန့်များကို သိရှိနိုင်ရန်၊ ဗဟုသုတရစေရန်၊ လိုက်နာနိုင်ရန်ရည်ရွယ် တင်ဆက်လိုက်ခြင်းဖြစ်ပါသည်။ မုစ်လင်မ်တိုင်း ရရှိမည့် ကုသိုလ်အကျိုးနှင့် ဆုလာဘ်များကို လက်လွှတ်မခံဘဲ အမိအရ ရယူကျင့်သုံးကြပါ ..... လို့ တိုက်တွန်းရင်းဖြင့် အဆုံးသတ်လိုက်ပါသည်။

[သုဟ်ဖာအေခဝါသီးန်၊ ဖဇာအိလေရမ်ဇာန်နှင့် ထူးကဲမြင့်မြတ်သော ညများနှင့်နဖိလ်နမားဇ်များ စာအုပ်တို့ကို ကိုးကား၍ တင်ဆက်ပါသည်။]

အလ်မုဖီးဒ်
ရမ်ဇာန်/ ၂၉/ ယောင်မုလ်ဂျွမ်အဟ်/ ဟိဂ်ျရီ ၁၄၃၆

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Wednesday, July 15, 2015

လ ၏ သဘာဝ၊ အစ္စလာမ့်လဆန်းရက်နှင့် ဆန်းဦးစလမြင်ခြင်းဆိုင်ရာ သိမှတ်ဖွယ်များ


လ " Moon " ၏ သဘာဝ

၁။ လသည် အရှေ့အရပ်မှ ထွက်၍ အနောက်အရပ်တွင် ဝင်ပါသည်။

၂။ လသည် နေမှ ၁ ဒီဂရီရွေ့လျားရန် ၂ နာရီခန့် ကြာပါသည်။

၃။ စတင်ရွေ့လျားပြီးတစ်လခန့် အကြာတွင် နေနှင့် လတို့ ပြန်လည် ဆုံစည်းမိပါသည်။

၎။ နေနှင့် လ ဆုံစည်း နေချိန်တွင် လကို (သဘာဝ မျက်စေ့ဖြင့်) လုံးဝ မမြင်နိုင်ပါ။ ထိုအချိန်ကို လကွယ် ဟုခေါ်ပါသည်။

၅။ နေနှင့် လ ဆုံစည်းပြီးနောက် ပထမဆုံးတွေ့မြင်ရသော လခြမ်းလေးကို လဆန်း ဟုခေါ်ပါသည်။

၆။ ဆန်းဦးစ လ တစ်ကြိမ် မြင်တွေ့ရသည်မှ နောက်တစ်ကြိမ် စ မြင်ရသည့် ကာလကို (အစ္စလာမ့်ပြက္ခဒိန်စနစ်အရ) တစ်လ ဟုခေါ်သည်။

၇။ တစ်လသည် ပျမ်းမျှ ၂၉ ရက် ၁၂ နာရီ ၄၄ မိနစ် ၂.၉ စက္ကန့် ဖြစ်ပါသည်။ (တစ်လနှင့်တစ်လ မတူညီပါ)

၈။ တစ်လသည် အများဆုံး ၂၉ ရက် ၁၉ နာရီကျော် ကြာပြီး အနည်းဆုံး ၂၉ ရက် ၅ နာရီခန့်ကြာပါသည်။

၉။ တစ်လလျှင် ရက်အားဖြင့် ၂၉ သို့မဟုတ် ၃ဝ ရှိတတ်ပါသည်။

၁၀။ ဆန်းဦးစလကို တွေ့မြင်ရန် သဘာဝ၏ အချက် ၁၀ ချက်အပေါ်တွင် မူတည်သည်။ (က)နေနှင့် လ ဆုံစည်းချိန်မှ နေဝင်ချိန်အထိ နာရီပေါင်း (ခ) နေဝင်ချိန်မှ လဝင်ချိန်အထိ မိနစ်ပေါင်း (ဂ) နေဝင်ချိန် လ၏ အမြင့် (ဃ) အီကွေတာမှ တိမ်းစောင်းမှုခြားနားခြင်း ၊ မိုးကုတ်စက်ဝိုင်းတွင် နေဝင်ရာအရပ်နှင့် လဝင်ရာအရပ်တို့၏ ခြားနားခြင်း ဒီဂရီ (င) ကမ္ဘာမှ မြင်နိုင်သည့် လ၏ လင်းဝင်းသော မျက်နှာပြင်ပမာဏ (စ) ကမ္ဘာနှင့် လ အကွာအဝေး (ဆ) ကောင်းကင်မှ လ တည်နေရာနှင့် ကြည့်သူ၏ တည်နေရာ (ဇ) ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့် (ဈ) ရာသီဥတု၊ စိုထိုင်းဆ၊ အလင်းရောင်ပြန့်မှု (ည) လေထုထဲတွင် ပါဝင်သော မြူမှုန်များ (တစ်ခုခြင်းသည် လမြင်နိုင်ခြင်းအပေါ် သက်ရောက်မှုရှိသည်။) (ဆန်းဦးစ လကို (ပကတိ မျက်စေ့ဖြင့်) တွေ့မြင်စေရန် မည်သည့် လူသားကမျှ မတတ်စွမ်းနိုင်ပါ။ ကြည့်ရှုရန်သာ တတ်နိုင်ပါသည်။) ထို့ကြောင့် ဆန်းဦးစလကို မြင်ရန် မျှော်လင့်လို့လည်း မရသလို မမြင်ရလို့လည်း စိတ်ပျက်စရာမရှိ။

၁၁။ ကောင်းကင်တွင် လ တည်ရှိရာနေရာကို ခေတ်မီ နည်းပညာဖြင့် တွက်ချက်နိုင်သော်လည်း မြင်နိုင်၏ မမြင်နိုင်၏ကိုမူ ခန့်မှန်းခြင်းမှတပါး အတိအကျ မည်သူမျှ မပြောနိုင်ပါ။

၁၂။ လဝိုင်းလေး၊ လခြမ်းလေး၊ လတစ်ဝက်ကလေးတို့၏ အခြေအနေကို သိရှိရန် အစ္စလာမ့်ပြက္ခဒိန်၏ လစဉ် (၇) (၁၄) (၂၁) (၂၈) ရက်ညများတွင်လည်း စိတ်ဝင်စားသူများ လ ကြည့်သင့်သည်။ (အတွေ့အကြုံ ပိုရမည်)

၁၃။ နက္ခတ္တဗေဒ ပညာ (နက္ခတ်ကြည့်၍ ဗေဒင်တွက်ခြင်း ပညာ) (Astrology) သည် အစ္စလာမ်၌ ဟရာမ်ဖြစ်၍ အာကာသသိပ္ပံပညာ (Astronomy) နှင့် အာကာသ သင်္ချာပညာတို့ကိုမူ လေ့လာဆည်းပူးရန် အားပေးအားမြှောက်ပြုထားသည်။ (ခွဲခြားသိရန်ဖြစ်ပါသည်။)

၁၄။ သင်္ချာနည်းဖြင့် လ၏ တည်နေရာကို တွက်ချက်နိုင်သည်။ သင်္ချာနည်းဖြင့် လ မြင်နိုင်ခြေကို ခန့်မှန်းနိုင်သည်။ သို့သော် သင်္ချာနည်းသည် အထောက်အကူဖြစ်သည်။ ရှာဖွေရန်လွယ်ကူစေသည်။ အဆုံးအဖြတ်မဟုတ်ပါ။

၁၅။ ဆန်းဦးစလ မြင်နိုင်သည့် နေရာသည် ၂၉ ရက်နေ့ နေဝင်ပြီးနောက် အနောက်ဘက် နေဝင်ရာအရပ်၏ အထက်တစ်ဝိုက်တွင် ဖြစ်ပါသည်။ ဆန်းဦးစ လ ကြည့်လျှင် ထိုနေရာကို ကြည့်ရှုရမည်။

ဆန်းဦးစ လမြင်ခြင်းအပေါ် အစ္စလာမ့် ပညတ်ချက်များ

၁။ (ပကတိ)မျက်လုံးဖြင့် လမြင်ခြင်းကိုသာ လက်ခံပါသည်။ သချာင်္နည်းသက်သက်ဖြင့် တွက်ကာ မြင်၏ ဆိုသည်ကို လက်မခံပါ။ (အထက်အပိုဒ် နံပါတ် ၁ဝ ပါ အခြေအနေများအရမြင်ခြင်း ၊ မမြင်ခြင်း ရှိနိုင်သည်။)

၂။ လကို မြင်ချင်ဇောဖြင့် ကြည့်ပါက တိမ်တိုက်၊ မီးခိုးနှင့် အခြားအရာများကိုပါ လ ဟု ထင်မှတ်တတ်သည်။ ထိုသို့ မြင်ခြင်းကို လက်မခံပါ။

၃။ လမမြင်နိုင်သော အခြေအနေတွင် တစ်ချို့က လမြင်သည်ဟု ထွက်ဆိုခြင်းကို လက်မခံဘဲ လူအမြောက်အမြား၏ သက်သေ ထွက်ဆိုမှု လိုအပ်ကြောင်း ယခုခေတ် ဒီးန် ပညာရှင်တို့က မိန့်ကြားသည်။

၎။ သတင်း နှင့် သက်သေထွက်ဆိုချက် မတူညီပါ။ (သက်သေယူမည့် ဒီးန် ပညာရှင်သည် လအကြောင်း သိရှိရုံမက အတွေ့အကြုံပါ ရှိပါက ပိုကောင်းသည်။)

၅။ အကယ်၍ မုစ်လင်မ် ယောက်ျား၊ မိန်းမ လူကြီး၊ ကလေး အားလုံးက လစဉ် ၂၉ ရက်နေ့ နေဝင်ပြီးချိန်တွင် လ ကြည့်ရန် ကြိုးစားကြလျှင် အငြင်းပွားရန် အကြောင်းမရှိတော့ပါ။ လ မြင်လျှင် လူအမြောက်အမြားက မြင်ရမည်ဖြစ်ပြီး မမြင်ရလျှင်လည်း မြင်ရန် အကြောင်းမရှိ၍ မမြင်ရခြင်းသာ ဖြစ်ပေသည်။

မုစ်လင်မ်တို့နှင့် ရှေ့ဆောင်အိမာမ်တို့အတွက် တိုက်တွန်းချက်

၁။ ဟဒီးဆ်တော်တွင် လ ကြည့်ပြီး ရိုဇာထားရန် လ ကြည့်ပြီး အီးဒ် လုပ်ရန် ညွှန်ကြားထားပါသည်။ လကြည့်ရသော ကိစ္စမှာ ခက်ခဲနက်နဲသော ကိစ္စမဟုတ်ပါ။ မည်သူမဆို မည်သည့်ပညာပင် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျား၊ မ၊ ကြီး၊ ငယ် မဟူ အားလုံး ကြည့်လျှင် မြင်နိုင်ပါသည်။ မဂ်ရိဘ် ၏ စွန္နသ် နှစ်ရကသ် အပြီးအချိန်သည် လ ကြည့်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။ လသည် ကံထူးရှင်များသာ မြင်နိုင်သည့်အရာမဟုတ်ပါ။

၂။ ဗလီရှေ့ဆောင် အေမာမ်ဆဗ်များသည် လနှင့် ပတ်သက်သော ဗဟုသုတနှင့် မဆ်အလဟ်များကို အများမုစ်လင်မ်တို့အား ရှင်းလင်းပို့ချရန် လိုအပ်သည်။

၃။ မုစ်လင်မ်တို့သည် မိမိတို့ အသိုင်းအဝိုင်းရှိ ဘာသာခြား ညီနောင်များအားလည်း အစ္စလာမ်ဘာသာဝင်တို့ ဆန်းဦးစလ ကြည့်ခြင်းနှင့်ပတ်သက်သော စိတ်ဝင်စားဖွယ်များနှင့် သဘာဝကျမှုများကို တင်ပြပြီး အစ္စလာမ့် အေးရိပ်ဆာယာအောက်သို့ ဝင်ရောက်ရန် ဒအ်ဝသ် လုပ်သင့်ပေသည်။

၎။ လကြည့်ခြင်းနှင့် ပတ်သက်သော ပညာရပ် များစွာကျန်ပါသေးသည်။ ဆက်လက်လေ့လာဆည်းပူးပါ။

အမှန်ရောက်က အမှားပျောက်ရမည်။

တိကျမှန်ကန်သော အိလ်မ်ဖြင့်သာ အွမ္မသ် စုစည်းနိုင်မည်။ ထေ့ငေါ့သောစကားလုံးများဖြင့် အွမ္မသ် မစုစည်းနိုင်ပါ။ ထို့ကြောင့် မိမိရှေ့တွင် ဆန်းဦးစလနှင့် ပတ်သက်ပြီး ထေ့ငေါ့နေမှုများ ကြုံတွေ့ရပါက မိမိ ဆည်းပူးထားသည်များကို ချိုသာနူးညံ့စွာ ပြန်လည်ရှင်းပြပါ။ ရှေ့ကမိတ်ဆွေ လက်ခံကောင်းလက်ခံပေမည်။ လိုအပ်ပါက ဤစာမျက်နှာများကို ဖုန်းထဲတွင် သိမ်းဆည်းထားပါ။

ကိုးကား ။ ။ မြန်မာနိုင်ငံ အရပ်ရပ်၏ နမာဇ်အချိန်ဇယားနှင့် စဟ်ရီ၊ အိဖ်တာရ် အချိန်ဇယားများ ရေးဆွဲပေးသော ဆရာ ဟာဂျီယအ်ကူးဗ်မုဟမ္မဒ်ဒန်ကာ ဆွာဟိဗ်၏ "အစ္စလာမ့်လဆန်းရက်" စာအုပ်ကို မှီးပါသည်။ ပိုမိုသိရှိလိုပါက အဆိုပါစာအုပ်ကို ဝယ်ယူ၍ လေ့လာနိုင်ပါသည်။

အလ်မုဖီးဒ်

ရမ်ဇာန်/၂၈/ ယောင်မုလ် ခမီးစ်/ ဟိဂျရီ ၁၄၃၆

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

ဂျင်န် အကြောင်း


အာရဗီအဘိဓာန်၌ မမြင်တွေ့ရသောအရာအား ဂျင်န်ဟု ခေါ်ဆိုပါသည်။ ဝေါဟာရ အသုံးအနှုန်းအရ ဂျင်န်ဟူသည် လူကဲ့သို့ပင် စားခြင်း၊ သောက်ခြင်းနှင့် မေထုံမှီဝဲခြင်း အစရှိသည်တို့ကို ပြုမူကြပြီး လူသား၏မျက်စိဖြင့် မတွေ့မမြင်ရသော အဖန်ဆင်းခံ တစ်မျိုးဖြစ်၏။ ၎င်းတို့အပေါ်၌လည်း ရှရီအသ်၏ တာဝန်ဝတ္တရားများ ရှိနေပေသည်။

ဂျင်န် အမျိုးအစား သုံးမျိုးရှိသည်။
(က) လေကဲ့သို့ လေဟာနယ်အတွင်း၌သာ နေထိုင်၏။
(ခ) မြွေ၏ ရုပ်သဏ္ဍာန်ကို ဆောင်၏။
(ဂ) လူကဲ့သို့ သွားလာနေထိုင်၏။
အလ္လာဟ်အရှင်မြတ်က အခိုးမထွက်သော မီးတောက်တစ်ခုမှ ဂျင်န်ကို ဖန်ဆင်းတော်မူပြီး ၎င်းအမည်ကို မာရိဂ်ျ ဟု ခေါ်ဆိုသည်။ ထို့နောက် မာရီဂျဟ် ဂျင်န်အမျိုးသမီးကို ဖန်ဆင်းတော်မူပြီး ယင်းတို့နှစ်ဦးမှ ဂျင်န်များ၏မျိုးဆက်ကို ပြန့်ပွားစေတော်မူသည်။
အဟ်ဗားရ်(ရသွီ)သခင်က အမိန့်ရှိသည်မှာ ..... ဂျင်န်ဆိုးများသည် မြေပြင်ပေါ်ဝယ် တစ်စတစ်စနှင့် များပြားလာသည်နှင့်အမျှ ပြဿနာပေါင်းစုံနှင့် ဒုစရိုက်များကို ပြုလုပ်လာကြတော့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ၎င်းတို့အား ပြုပြင်တရားရစေရန်အတွက် ဂျင်န်နဗီတမန်တော်တစ်ပါးကို စေလွှတ်တော်မူခဲ့သည်။
ယင်းနဗီ၏ အမည်မှာ အာမိရ်ဗင်န်အုမိုင်ရ် ဖြစ်ခဲ့၏။ ၎င်းသည် ပထမဦးဆုံး စေလွှတ်ခြင်းခံရသော နဗီဖြစ်၏။ သို့သော် ဆိုးသွမ်းသော ဂျင်န်များက ထိုနဗီအား သတ်ဖြတ်လိုက်ကြသည်။
တစ်ဖန် ဒုတိယအကြိမ် သွာအိက်ဗင်န်မာအီက်အမည်ရှိ နဗီတစ်ပါးကို စေလွှတ်ခဲ့ပြန်သည်။ ၎င်းကိုလည်း ဂျင်န်များက သတ်ဖြတ်ခဲ့ကြသည်။ ဤအတိုင်း နှစ်စဉ် နဗီတစ်ပါးစီ စေလွှတ်ခဲ့ရာ နဗီအပါး ၈ဝဝ အထိရှိခဲ့ပြီး အားလုံးကို ဂျင်န်ဆိုးများက သတ်ဖြတ်လိုက်ကြသည်။ ((ဤကမ္ဘာမြေဝယ် လူသားကိုမစေလွှတ်မီက ဂျင်န်များ နေထိုင်ကြ၏။ ထိုအကြောင်းအရာကို ဆိုလိုခြင်း ဖြစ်ပါသည်။))

ဟဇရသ်အွတ်စ်မားန်၏ ခေတ်သမယက လူတစ်ဦးသည် မိမိအဖြစ်အပျက်အား ဤသို့တင်ပြခဲ့သည်။ တစ်နေ့သောအခါ ကျွန်ုပ်သည် တောတောင်တစ်ခုမှ ဖြတ်ကျော်လာစဉ် မြွေနှစ်ကောင် တစ်ကောင်နှင့် တစ်ကောင် ကိုက်သတ် ရန်ဖြစ်နေကြသည်ကို တွေ့မြင်နေ၏။ ဤသို့ သဲကြီးမဲကြီး ကိုက်နေရာမှ တစ်ကောင်မှာ သေဆုံးသွားလေ၏။ မြွေသေ၏ အရောင်အဆင်းမှာ အဝါရောင်ရှိပြီး ၎င်းထံမှ ကတိုးနံ့ကဲ့သို့ မွှေးရနံ့ ထွက်နေ၏။ ၎င်းနောက် ကျွန်ုပ်သည် ထိုမြွေသေအား ဒဖန်မြှုပ်နှံလိုက်၏။
ထိုမှ ကျွန်ုပ်သည် ရှေ့သို့ ခရီးဆက်သွားရန် ဟန်ပြင်နေစဉ်မှာပင် အကွယ်မှ အသံတစ်သံ ဤသို့ကြားရ၏။ ဤမြွေနှစ်ကောင်သည် ဂျင်န်များ ဖြစ်ကြ၏။ ၎င်းအနက်မှ တစ်ကောင်မှာ တမန်တော်မြတ်ထံပါးမှ အီမာန်ယူခဲ့သူ ဖြစ်သည်။ အသင်သည် ကောင်းမြတ်သောအလုပ်ကို ပြုလုပ်သူဖြစ်ပေသည် ..... ဟူ၏။

ဟဇရသ်အနတ်စ်အိဗ်နေမာလိက်၏ ဆင့်ပြန်ချက်တစ်ရပ်၌လည်း ဤသို့လာရှိသည်မှာ..... ကျွန်ုပ်သည် တောခေါင်ခေါင်တစ်နေရာတွင် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်နှင့် အတူရှိခဲ့သည်။ ရုတ်တရက်ဆိုသလို အသက်အရွယ်အိုမင်းနေသော အဖိုးအိုတစ်ယောက်သည် မိမိ၏ တောင်ဝှေးကို အမှီပြု၍ သွားနေသည်ကို တွေ့မြင်ပြီး ကိုယ်တော်က ဟို ... အဖိုးအို၏ ပုံပန်းသဏ္ဍာန်နှင့် အသံကိုကြည့်ခြင်းဖြင့် ဂျင်န်ဟု ထင်မှတ်ရသည်ဟု ပြောကြားရာ အဖိုးအိုက ဟုတ်မှန်ကြောင်း ဖြေကြားပြီး မိမိအမည်သည် ဟာမဟ် ဖြစ်ကြောင်း၊ မိမိနှင့် အိဗ်လီးစ်ရှိုက်သွာန်အကြား မျိုးဆက်နှစ်ခုသာ ခြားနားကြောင်းပြောကြားပြီး ကိုယ်တော်နှင့် အောက်ပါအတိုင်း အမေးအဖြေပြုကြလေသည်။

တမန်တော် ... အို အဖိုးအို အသက်ဘယ်အရွယ်ရှိပြီလဲ
ဂျင်န်အဖိုးအို ... အကြင်ညဝယ် ကာဗီလ်က ဟာဗီလ်အား လုပ်ကြံသတ်ဖြတ်သည့်အချိန် ကျွန်တော်မျိုး၏ အသက်မှာ လွန်စွာမှ ငယ်ရွယ်ပါသေးသည်။ ထိုစဉ်တုန်းက ယင်းဒုစရိုက်အပေါ် ကျွန်တော်မျိုး အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ပါသည်။
တမန်တော် ... အသင်သည် မကောင်းသည့် ဒုစရိုက်လုပ်ရပ်ကို ပြုခဲ့သူဖြစ်သည်။
အဖိုးအို ... အို ကိုယ်တော် ကျွန်တော်မျိုးအား စိတ်ဆိုးတော် မမူပါနှင့်။ အသို့ဆိုရသော် ကျွန်တော်မျိုးသည် ယင်းနောက်ပိုင်း တမန်တော်နူးဟ်အပေါ် အီမာန်သက်ဝင်ယုံကြည်ပြီး မိမိ၏ အမှားအပေါ် အလ္လာဟ်ထံ သောဝ်ဗာပြု ဝန်ချတောင်းပန်ခဲ့သည်။ ထိုမှ တမန်တော်ဟူးဒ်၊ တမန်တော် ရှိုအိုင်းဗ်နှင့် တမန်တော်မူစာ၊ တမန်တော်အီစာ အစရှိသည့် တမန်တော်ကြီးများနှင့် အဆင့်ဆင့် တွေ့ဆုံခဲ့သူဖြစ်သည်။ ယခုလည်း ကိုယ့်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်အပေါ် အီမာန်ယူပါ၏။
တမန်တော် ... အလ္လာဟ်အရှင်မြတ် အသင့်အား ဂရုဏာသက်တော်မူပါစေ၊ အသင် ဘာအလိုရှိပါသလဲ
အဖိုးအို ... တမန်တော်မူစာ ကျွန်တော်မျိုးအား သောဝ်ရားသ်ကျမ်း သင်ပေးခဲ့၏။ အီစာနဗီက အင်န်ဂျိလ်ကျမ်း သင်ပေးခဲ့သည်။ ကိုယ်တော်လည်း ကျွန်တော့်မျိုးအား ကျမ်းမြတ်ကုရ်အာန် သင်ပေးတော်မူပါ။ ဆင့်ပြန်သူ အနတ်စ်သခင်က ပြောသည်မှာ တမန်တော်မြတ်သည် ဂျင်န်အဖိုးအိုးအား ကျမ်းတော်မြတ်ကုရ်အာန်၏ စူရာ ၁ဝပုဒ်ကို သင်ကြားပေးတော်မူလိုက်သည်။

ရှေးခေတ်ကဆိုလျှင် ဂျင်န်များသည် မိမိကြိုက်နှစ်သက်သည်များကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အဖြစ်အပျက်များစွာ ရှိခဲ့ဖူးသည်။
အိမာမ်ရှာဖီအီသခင်နှင့် ဗိုင်ဟကီသခင်တို့ ဆင့်ပြန်မိန့်ဆိုသည်မှာ အန်ဆွာရီအမျိုးသားတစ်ဦးသည် အိရှာနမားဇ်ဝတ်ပြုရန် အိမ်မှထွက်သွားရာ လမ်းခုလပ်တွင် ဂျင်န်များက ဖမ်းဆီးသွားကြသည်။ နှစ်ပေါင်းကြာမြင့်စွာ ပျောက်ဆုံးနေသောကြောင့် ၎င်း၏ အမျိုးသမီးမှာ အခြားသူနှင့် နိကာထိမ်းမြားလိုက်သည်။ နှစ်အတန်ကြာပြီးမှ ထိုအန်ဆွာရီအမျိုးသားသည် မဒီနာမြို့သို့ရောက်လာပြီး ဟဇရသ်အုမရ် (ရသွီ)ထံသို့ ရောက်ရှိလာသည်။
အုမရ်သခင်က ၎င်းအား ဖြစ်ရပ်ကြောင်းစုံ မေးမြန်းရာ ၎င်းအန်ဆွာရီဆွဟာဗာက ကာဖိရ်ဂျင်နာသ်များသည် ကျွန်ုပ်အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထို့နောက် ယင်းသို့ဖမ်းဆီးသွားသည့် ကာဖိရ်ဂျင်န်များနှင့် မုအ်မင်န်ဂျင်န်တို့ တိုက်ပွဲဖြစ်ပွားရာတွင် ကျွန်ုပ်နှင့်အတူ ကာဖိရ်ဂျင်န်အားလုံးကို ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ သို့သော် ကျွန်ုပ်သည် မုစ်လင်မ်ဖြစ်၍ ပြန်လွှတ်ပေးခဲ့ရာမှ ယခုလို ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ကြောင်း ပြောပြလေသည်။

ရှိုက်ခ်အဗ်ဒွလ်ကာဒိရ်ဂျိလာနီသခင်ကြီး၏ ခေတ်သမယ၌လည်း အလားတူဖြစ်ရပ်မျိုး ပေါ်ပေါက်ခဲ့သည်။ သခင်ကြီးထံသို့ ဗဂ်ဒါဒ်မြို့မှ ပုဂ္ဂိုလ်တစ်ဦး ရောက်ရှိလာခဲ့သည်။ ၎င်းက သခင်ကြီး၏ ရှေ့မှောက်တွင် အောက်ပါအတိုင်း မိမိဖြစ်ရပ်ကို လျှောက်တင်လေ၏။

ကျွန်တော်မျိုး၏ သမီးပျိုကို အိမ်ခေါင်မိုးပေါ်မှ ဂျင်န်တစ်ဦး ဖမ်းဆီးခေါ်ဆောင်သွားပါသည်။ သခင်ကြီးအနေနှင့် ကျွန်တော်မျိုး၏သမီး ပြန်ရောက်ရှိလာရန် နည်းလမ်းတစ်စုံတစ်ရာ ပြသတော်မူပါ။ သခင်ကြီးက ၎င်းအား ပြောသည်မှာ .....
အသင်သည် ဟို ..... ကဗရ် သင်္ချိုင်းသို့သွားပါ။ ပြီးနောက် ဗိစ်မိလ္လာဟိအလာနိယသိအဗ်ဒိလ်ကာဒိရ် ဟု ဖတ်၍ မိမိ၏ပတ်လည်တွင် စည်းဝိုင်းတစ်ခု ဆွဲခြစ်ပြီး ထိုင်လိုက်ပါ။ အိရှာအချိန်သို့ရောက်လျှင် ရုပ်ဆင်းပုံသဏ္ဍာန်အမျိုးမျိုးဖြင့် အသင်၏ရှေ့မှောက်မှ ဂျင်န်များ ဖြတ်ကျော်ကြလိမ့်မည်။ ထိုအချိန် မိမိ၏ ကြောက်ရွံစိတ်ကို ထိန်းချုပ်ထားပါ။ တစ်ဖန် ၎င်းတို့အားလုံး ဖြတ်ကျော်ပြီးလျှင် ဂျင်န်များ၏ ဘုရင်ရောက်လာမည်။ ထိုအခါ ဘုရင်က ဘာအလိုရှိသလဲ ဟု မေးမြန်းလျှင် အသင်က ဖြစ်ရပ်စုံအင်ကို တင်ပြလိုက်ပါ။ ပြီးနောက် မိမိအား ရှိုက်ခ်အဗ်ဒွလ်ကာဒိရ်ဂျိလာနီသခင်က စေလွှတ်လိုက်ကြောင်း ပြောကြားပါ။ ဟု သခင်ကြီးက အဆင့်ဆင့် မှာကြားလေ၏။
ထိုပုဂ္ဂိုလ်လည်း သခင်ကြီးမှာကြားသည့်အတိုင်း သင်္ချိုင်းမြေအတွင်း စည်းဝိုင်းတစ်ခုဆွဲခြစ်၍ ထိုင်နေလိုက်သည်။ သိပ်ကြာကြာမထိုင်လိုက်ရပါ။ ပုံသဏ္ဍာန်အမျိုးစုံဖြင့် ဂျင်န်များ တစ်ဦးပြီး တစ်ဦး ၎င်းရှေ့မှ ဖြတ်ကျော်သွားကြသည်။ နောက်ဆုံးတွင် မြင်းစီးလျှက် ဂျင်များ၏ ခေါင်းဆောင်ဘုရင် ရောက်ရှိလာလေသည်။ ထိုသူသည် မိမိအား ရှိုက်ခ်အဗ်ဒုလ်ကာဒိရ်သခင်ကြီးလွှတ်လိုက်ကြောင်းနှင့် မိမိ၏သမီးပျိုဖြစ်ခဲ့ရပုံတို့ကို တင်ပြလိုက်သည်။ ဘုရင်သည် သခင်ကြီး၏အမည်ကိုကြားသည်နှင့် မြင်းပေါ်မှာ ဆင်းပြီး မိန်းကလေးအား ဖမ်းဆီးခေါ်ဆောင်သွားသော ငယ်သားဂျင်န်ကို ဖမ်းဆီးခေါ်ဆောင်လာရန် အမိန့်ပေးလိုက်သည်။
သို့ဖြင့် တပ်သားများက ခေါ်ဆောင်ဖမ်းဆီးသွားသူ ဂျင်န်ဆိုးကို ဘုရင့်ရှေ့တော်မှောက် အရောက်ခေါ်ဆောင်လာခဲ့သည်။ ၎င်းနှင့်အတူ ပျောက်ဆုံးသွားသော သမီးပျိုလည်း အတူပါလာသည်။
ဂျင်န်ခေါင်းဆောင်ဘုရင်က အဘယ့်ကြောင့် ဤအပြုအမူမျိုး ပြုလုပ်ရပါသနည်းဟု မေးရာ ၎င်းက မိမိသည် ထိုမိန်းကလေးအား ချစ်ကြိုက်မိ၍ ထိုသို့ပြုမိပါကြောင်း ဝန်ခံပြောဆိုလေသည်။ ဤသည်ကိုကြားပြီး ခေါင်းဆောင်က အသင်သည် ရှိုက်ခ်အဗ်ဒုလ်ကာဒိရ်သခင်ကြီး၏ အရပ်ဒေသတွင် ဤသို့သော မဖွယ်မရာအလုပ်ကို ပြုမူခဲ့သောကြောင့် အသင့်အား ထိုက်တန်သော အပြစ်ဒဏ်စီရင်ရမည် .... ဟု ပြောပြီး ခေါင်းဖြတ်၍ ပြစ်ဒဏ်စီရင်ရန် အမိန့်ပေးလိုက်သည်။
ရှိုက်ခ်အဗ်ဒုလ်ကာဒိရ်သခင်၏ အဆင့်ဤမျှမြင့်မားသည်မှာ သခင်သည် အိမ်၌ထိုင်နေရင်းပင် ဂျင်များကို တွေ့မြင်နိုင်စွမ်းရှိပြီး ဂျင်များကလည်း သခင့်ကို ကြောက်ရွံကြသည်။

ပညတ်ချက်
အမျိုးအစားမတူသော လူသားနှင့် ဂျင်န် နိကာထိမ်းမြားခြင်း မပိုင်ပါ။
မုဂျာဟိဒ်သခင်(ရသွီ)က ဆင့်ပြန်သည်မှာ ..... တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ကို အီမာန်ရှင် သူတော်ကောင်းဂျင်န်များ ဂျန္နသ်သို့ဝင်ရမည့်နှင့် စပ်လျဉ်း၍ မေးမြန်းရာ ကိုယ်တော်က ၎င်းဂျင်များ ဂျန္နသ်သို့ ဝင်ရမည်။ သို့သော် သုခဘုံရှိ စည်းစိမ်များကို ခံစားရရှိရာ၌ လူသားများကဲ့သို့ မဟုတ်ဘဲ ယင်းတို့သည် သပ်စ်ဗီဖတ်ခြင်းဖြင့်သာ စည်းစိမ်အရသာများကို ခံစားရရှိနေမည် ဟု မိန့်ခြွေတော်မူ၏။

အိလ်ဟာမ်နှင့် ဝဆ်ဝဆာ ခြားနားမှု
လူသားသည် အကောင်းအဆိုး လုပ်ရပ်နှစ်မျိုးလုံးအား ပြုလုပ်ကြသည်။ ဤသို့မပြုလုပ်မီ လူသား၏ စိတ်ကူးထဲသို့ အတွေးခေါ်တစ်ရပ် ပေါ်ပေါက်လာသည်။ ယင်းအတွေး၏ လှုံ့ဆော်မှုကြောင့် အကောင်း သို့မဟုတ် အဆိုးအား ပြုလုပ်ရန် ဆန္ဒဖြစ်ပေါ်လာရသည်။ ယင်းဆန္ဒရည်ရွယ်မှုသည် လူသား၏ခန္ဓာကိုယ် အစိတ်အပိုင်းများကို လှုပ်ရှားစေ၍ ၎င်းလုပ်ရပ်ကို ဖြစ်ပေါ်စေသည်။
* အကယ်၍ စိတ်နှလုံးသား၌ ဖြစ်ပေါ်လာသော စိတ်ကူးသည် ကောင်းမြတ်သည့် အလုပ်အတွက်ဖြစ်ပါက ဤသည် အိလ်ဟာမ်ဖြစ်၏။ တစ်နည်းဆိုရသော် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ဖြစ်သည်။
* ထိုသို့မဟုတ်ဘဲ ယင်းစိတ်ကူးသည် ဒုစရိုက်နှင့် မကောင်းမှုလုပ်ရပ်ဘက်သို့ ယိမ်းယိုင်နေပါက ဝဆ်ဝဆာဟု ခေါ်ပေသည်။ တစ်နည်း ရှိုက်သွာန်ဘက်မှ ဝင်ရောက်လာသော တွေးတောမှု ဖြစ်၏။
ယခု မေးစရာ စကားတစ်ရပ်ဖြစ်လာသည်မှာ ရှိုက်သွာန်ဘက်မှ ဖြစ်ပေါ်လာသော ဝဆ်ဝဆာ မကောင်းသည့် စိတ်ကူးများကို မည်ကဲ့သို့ ရှောင်ကွင်းဖယ်ရှားမည်နည်း။
ထိုအမေးအပေါ် ပညာရှင်တို့က အလွယ်ကူဆုံး နည်းတစ်ရပ်ကို ပြသထား၏။ ၎င်းမှာ ..... စိတ်နှလုံးသားအတွင်း မကောင်းသည့် အတွေးအခေါ်နှင့် ဒုစရိုက်စိတ်ကူးများ ဝင်ရောက်လာလျှင် ရှိုက်သွာန်၏ ဝဆ်ဝဆာဟု မှတ်ယူ၍ တခြားကောင်းမွန်သည့် အတွေးဘက်သို့ အာရုံပြောင်းပေးလိုက်ရမည်။ ဤမျှနှင့် မလုံလောက်ပါက မိမိနှလုံးသားကို ကုသိုလ်ကောင်းမှု သို့မဟုတ် ဇိကိရ် အလ္လာဟ်အရှင်မြတ်ကို သတိရမှုဘက်သို့ စိတ်အာရုံလွှဲပြောင်းလိုက်ပါ။
အလ္လာဟ်အရှင်မြတ်ကလည်း ဝဆ်ဝဆာမှ ကင်းလွတ်မှုရရန် အောက်ပါ အာယသ်ဖြင့် သတိပေးနှိုးဆော်ထားသည်။
"" အင်န်နလ် လဇီးနသ် သကောဝ် အိဇာမတ်စ် စဟွမ် သွားအိဖွန်း မိနရှ်ရှိုက်သွာနိ သဇက္ကရူ ဖအိဇာဟွမ် မုဗ်စွိရူးန်"""
အဓိပ္ပါယ်။ အလ္လာဟ်အရှင်မြတ်ကို အကြောက်တရားထားရှိသူများအား ရှိုက်သွာန်က ထိတွေ့သည့်အချိန် ထိုသူတို့သည် ဇိကိရ်တသမှု၌ မွေ့လျော်ကြကုန်၏။ ထိုသူတို့သာလျှင် အသိဉာဏ် အမြှော်အမြင်ရှိသူများ ဖြစ်ကြ၏။
ရံဖန်ရံခါ နမားဇ်၊ ကိရာအသ် အစရှိသည့် ကောင်းမှုများပြုနေစဉ် ဝဆ်ဝဆာ မကောင်းသည့်အတွေးအခေါ်များ ဝင်ရောက်လာတတ်ပြန်သည်။ ထိုအခါ ယင်းအနှောင့်အယှက်များမှ ကင်းလွတ်ရန် ဘယ်ဘက်သို့ အအူးဇု (စဆုံး) ဖတ်၍ သုံးကြိမ်တံတွေးထွေးလိုက်ရမည်ဟု ဟဒီးစ်တော်များအရ သိရှိရသည်။ (တံတွေးထွေးရာ၌ ထွေးဟန်ပြုခြင်း ""ထွီ ထွီ"" ဟုပြုနိုင်သည်။ အခန်းအတွင်း တံတွေးကို ခြစ်ထုတ်ပြီး ထွေးရန်မဟုတ်ပါ။)
လူသား၏ နှလုံးသားသည် တွေးခေါ်မှုပေါင်းစုံ၏ နေရာဌာနဖြစ်သည်။ တွေးခေါ်မှုသည် ကောင်းမှုဘက်သို့ ယိမ်းယိုင်ပါက အလ္လာဟ်အရှင်ဘက်မှ ဖြစ်ပြီး မကောင်းမှုဘက်သို့ ယိမ်းယိုင်ပါက ရှိုက်သွာန်ဘက်မှ ဖြစ်သည်။ 
တစ်ဖန် ယင်းတွေးခေါ်မှု နှစ်မျိုးအပြင် တတိယတွေးခေါ်မှုတစ်မျိုး ရှိနေပြန်သည်။ ၎င်းသည် ကြောက်စရာအကောင်းဆုံး ဖြစ်ပြီး လူသားအား ပျက်စီးဆုံးရှုံးမှု၏ ချောက်ကမ်းပါးအတွင်းသို့ ကျရောက်စေသည်။ ထိုတတိယအတွေးသည် သကဗ္ဗုရ်ခေါ် မာနစိတ်ဖြစ်၏။ ထိုစိတ်ဝင်ရောက်လာသူသည် မိမိ၏ကြီးကျယ်မှုနှင့် ဉာဏ်ပညာအပေါ် အထင်ကြီးစိတ်ဝင်ရောက်လာပြီး အခြားသူများကို သေးနုပ်သည်ဟု ထင်မြင်ကြ၏။ ယင်းအတွေးဝင်ရောက်သူ အာလင်မ်ပညာရှင်နှင့် သူတော်စင်တို့၏ ကောင်းမှုကုသိုလ်များပင်လျှင် ထိုမာနစိတ်ကြောင့် ပျက်စီးသွားရပေသည်။
ဤတတိယအမျိုးအစားဖြစ်သော ဝဆ်ဝဆာသည် ဤမျှကြောက်စရာကောင်းသည်မှာ အာလင်မ်ကြီးများနှင့် သူတော်စင်ကြီးများကိုပင် ငရဲလားစေလေသည်။

တရားရယူဖွယ် ဖြစ်ရပ်တစ်ခု
ဟဒီးစ်တော်တစ်ရပ်တွင် ဗနီအစ္စရာအီလ်ခေတ်သမယရှိ ဖြစ်ရပ်တစ်ခုကို ဆင့်ပြန်ထားသည်။ တစ်ခါက ရှိုက်သွာန်သည် ဗနီအစ္စရာအီလ်အမျိုးအနွယ်ရှိ မိန်းမပျိုတစ်ဦးအား လည်ပင်းညှစ်လိုက်ရာ နာမကျန်းဖြစ်သွားရသည်။ မိန်းကလေး၏ မိဘများမှာလည်း သောကရောက်ပြီး မည်ကဲ့သို့ ဆေးကုရမည်ကို တွေးတောနေကြ၏။ ထိုအခါ ရှိုက်သွာန်က မိဘများ၏ စိတ်ကူးထဲသို့ ထိုအရပ်ဒေသရှိ သူတော်စင်ကြီးတစ်ပါးထံ သွားရောက်မန်းမှုတ်ကုသရန် အသိထည့်ပေးလိုက်သည်။
ဤသို့ဖြင့် မိဘများသည် သမီးပျိုအား သူတော်စင်ကြီးထံ ဆေးကုရန် ခေါ်သွားကြ၏။ သူတော်စင်ကြီးက ပထမအကြိမ်တွင် ငြင်းဆန်သော်လည်း လူကြီးများ၏ အဖန်တလဲလဲတောင်းဆိုမှုကြောင့် မိန်းကလေးအား ဆေးကုသရန် မိမိနှင့်အတူ ခေါ်ဆောင်ထားလိုက်သည်။
ရက်အနည်းငယ်တွင် ရှိုက်သွာန်က သူတော်စင်ကြီး၏ စိတ်ကူးထဲသို့ မိန်းကလေးနှင့် မကောင်းမှုလုပ်ရန် ဝဆ်ဝဆာထည့်သွင်းလေတော့သည်။ အကြောင်းမှာ ထိုသူတော်စင်ကြီးသည် နှစ်ပေါင်းကြာမြင့်စွာကပင် အိမ်ထောင်မရှိဘဲ တစ်ကိုယ်တည်းနေခဲ့ရခြင်းကြောင့် ရှိုက်သွာန်၏ နှောင့်ယှက်မှုအပေါ် မိန်းကလေးနှင့် ကျူးလွန်မိလေတော့သည်။ ယင်းကြောင့် မိန်းကလေးမှာ ကိုယ်ဝန်ရသွားလေသည်။ ယခု သူတော်စင်ကြီးအနေနှင့် မိမိအား ထိုအပြစ်မှ လွတ်ကင်းရန် မည်သို့ကြံစည်ရမည်ကို သောကဗျာပါဒ များသွားလေသည်။ ထိုအခါ ရှိုက်သွာန်က ၎င်း၏စိတ်ကူးထဲသို့ မိန်းကလေးအား သတ်ပစ်ရန် ဝဆ်ဝဆာထည့်ပေးလိုက်သည်။ အကယ်၍ တစ်ဦးတစ်ယောက်လာမေးလျှင် မိန်းကလေးသေဆုံးသွားကြောင်း အဖြေပေးမည်ဟု မကောင်းသည့်အတွေးအခေါ်ဝင်ရောက်ကာ မိန်းကလေးအား သတ်ပြစ်လိုက်ပြီး အိမ်အနီးတစ်နေရာ၌ မြှုပ်နှံထားလိုက်သည်။
မိဘများက မိမိတို့၏ သမီးပျိုအား ခေါ်ဆောင်ရန် သူတော်စင်ကြီးထံ ရောက်ရှိလာပြီး မေးမြန်းရာ သူတော်စင်ကြီးက သေဆုံးသွားပြီဖြစ်ကြောင်း ဖြေလိုက်သည်။ သို့သော် အထောက်အထား အတိအကျမပြသနိုင်သဖြင့် မိန်းကလေးမိဘများ၏ တရားစွဲဆိုမှုကြောင့် သူတော်စင်ကြီးမှာ အသေစားသေ ပြစ်ဒဏ်ချမှတ်ခံရလေ၏။
သူတော်စင်မှာ မိမိအတွက် လွတ်လမ်းတစ်စုံတစ်ရာမမြင်တော့ပဲ မှိုင်တွေနေပေတော့သည်။ ထိုအချိန်မှာပင် ရှိုက်သွာန်ရောက်ရှိလာပြီး ဤသို့ပြော၏။
ဤအဖြစ်အပျက်အားလုံးသည် ကျွန်ုပ်ရှိုက်သွာန်၏ လှုံဆော်မှုကြောင့်သာ ဖြစ်၏။ ယခု ကျွန်ုပ်၏အကြံကိုလက်ခံခြင်းမှအပ အသင့်အဖို့ လွတ်ငြိမ်းခွင့်ရရန် အခြားနည်းလမ်းမရှိတော့ပါ။
သူတော်စင်က မိမိ၏အသက်ကို ကယ်တင်မှုရရှိနိုင်မည့် နည်းလမ်းသည် မည်သို့ပင် ဖြစ်စေ လိုက်နာမည့်အကြောင်း ပြောပေသည်။ ဤချက်ကောင်းကို စောင့်နေသော ရှိုက်သွာန်က ....... အသင်သည် ကျွန်ုပ်ကို စဂ်ျဒါ ဦးချမှု နှစ်ကြိမ်ပြုလိုက်မည်ဆိုပါက အသင့်၏အသက်ကို ကျွန်ုပ်ကယ်တင်ပေးမည်ဟု ပြောလိုက်သည်။ သနားဖွယ်သူတော်စင်မှာ သေဘေးမှ လွတ်မြောက်ချင်ဇောဖြင့် အမှားအမှန် တစ်ခုမျှစဉ်းစားမနေတော့ဘဲ ရှိုက်သွာန်အား ဦးချလိုက်တော့သည်။ ထိုအခါ ရှိုက်သွာန်က အသင့်ကို နှောင့်ယှက်ဖျက်စီးရန် ကျွန်ုပ်ကြိုးပမ်းနေသည်မှာ ယခုဆိုလျှင် နှစ် နှစ်ပြည့်မြောက်သွားခဲ့ပြီ။ ယခု ကျွန်ုပ်၏အကြံအစည်လည်း အောင်မြင်ပြီဖြစ်သောကြောင့် အသင်သည် မိမိသွားရမည့်လမ်းကို ရွေးချယ်လေတော့ဟု ရှိုက်သွာန်က ပြောလိုက်လေသည်။
နောက်ဆုံး ယင်းသူတော်စင်ကြီးသည် အီမာန်မပါဘဲ ကာဖိရ်ဘဝဖြင့် နိဂုံးချုပ် ဘဝဆုံးသွားရလေသည်။
ပညာရှင်အချို့၏ အဆိုအရ ၎င်းသူတော်စင်ကြီးသည် မိမိကိုယ်မိမိ မာနတက် အထင်ကြီးမှုကြောင့် ဤသို့ ပျက်စီးသွားရခြင်းဖြစ်သည်ဟု သိရှိရပေသည်။

"စဟရ် " အမှောင့်ပယောဂ ဆိုသည်မှာ
အရဗီအဘိဓာန်၌ စဟရ်ဆိုသည်မှာ ဖုံးကွယ်နေသောအရာ ဟူ၍ အဓိပ္ပါယ်ရသည်။ ဝေါဟာရ၌ အံ့သြထူးဆန်းဖွယ်ရာ လှည့်စားမှုတစ်မျိုးကို ခေါ်သည်။ တစ်နည်း အလ္လာဟ်အရှင်မြတ်၏ အကြောင်းခံကို လွှတ်၍ ဖုံးကွယ်နေသော (အခြား)အကြောင်းခံများကို အသုံးချပြီး ထူးဆန်းအံ့သြလောက်သည့် ဖြစ်ရပ်ကိစ္စများကို ဖြစ်ပေါ်ဖန်တီးစေခြင်းကို စဟရ်ဟု ခေါ်သည်။
အစ္စလာမ့်ပညာရှင်အားလုံး၏ အဆိုအရ စဟရ်အမှောင့်ပယောဂပညာသည် အမှန်တကယ်ရှိပြီး ပယောဂလုပ်ခံရသူ၊ ပြုစားခံရသူတို့တွင် ဆုတ်ယုတ်နစ်နာမှုများကို ဖြစ်ပေါ်စေသည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တန်ခိုးတော်ဖြင့် ထိရောက်စေနိုင်သောစွမ်းပကားကို ထည့်သွင်းပေးထားတော်မူသည်။ ဥပမာ အဆိပ်အတောက်နှင့် ဆေးဝါးများတွင် သက်ဆိုင်ရာအစွမ်းသတ္တိရှိသကဲ့သို့ စဟရ်ပယောဂ၌လည်း ဤသို့စူးရှမှုနှင့် အစွမ်းများ ရှိနေပေသည်။

မုအ်ဂျိဇာနှင့် စဟရ် အမှောင့်ပယောဂ၏ ခြားနားပုံ
မုအ်ဂျိဇာဆိုသည်မှာ အကြောင်းခံတစ်စုံတစ်ရာ မလိုအပ်ဘဲ အလ္လာဟ်အရှင်မြတ်ဘက်မှ တိုက်ရိုက်ဖြစ်ပေါ်စေသော တန်ခိုးပြာဋိဟာ ဖြစ်သည်။ နဗီတိုင်းသည် အလ္လာဟ်တစ်ပါးတည်း တည်ရှိကြောင်းကို ပြသရန်နှင့် မိမိတို့သည် ထိုအရှင်မြတ်၏ စေတမန်များဖြစ်ကြောင်း လူတို့ထံမှ ယုံကြည်မှုရရန်အလို့ငှာ သဘာဝနှင့် ဆန့်ကျင်ဘက် တန်ခိုးဖြစ်ရပ်များကို ပြသကြလေသည်။ ထိုသို့ပြသရာ၌ အချိန်အခါမရွေးပြသနိုင်သလို စနစ်တကျ သင်ပေးသင်ယူ ပြုရခြင်းမျိုးလည်း မရှိပါ။
စဟရ် အမှောင့်ပယောဂဟူသည်ကား သီးသန့်စနစ်တကျ သင်ယူပြသမှ ရရှိနိုင်သည့် အတတ်ပညာဖြစ်၏။ စဟရ်၏ အချို့သောလုပ်ရပ်များတွင် ရှိုက်သွာန်များ၊ မကောင်းဆိုးဝါးများ၊ မကောင်းသော ဝိဉာဉ်များ၏ အကူအညီကို ရယူကြသည်။ ဤလုပ်ရပ်သည် ရှရစ်က်လုပ်ရပ်နှင့် တူညီသောကြောင့် ပြုလုပ်သူသည် ကာဖိရ်ဖြစ်သည်။ ထိုသို့ ဂျင်န် ရှိုက်သွာန်များ၏ အကူအညီမပါဘဲ တစ်ပါးသူအား ဒုက္ခပေးရန် သို့မဟုတ် ဆုံးရှုံးနစ်နာစေရန် အခြားသောနည်းများဖြင့် ပြုမည်ဆိုပါက ထိုသူသည် ဂုနာကဗီရာ ကြီးလေးသောအပြစ်ထိုက်၏။ ဟရာမ်ကိစ္စကို ကျူးလွန်သူ ဖြစ်၏။
ထို့ကြောင့် ရှရီအသ်၌ စုန်းအတတ်ပညာ၊ မှော်အတတ်ပညာနှင့် အခြားသော အမှောင့်ပယောဂအတတ်ပညာများကို သင်ပေး၊ သင်ယူပြုသူ နှစ်ဦးတွင် အပြစ်ထိုက်၍ ထိုသို့ သင်ပေး သင်ယူပြုခြင်းသည် ဟရာမ်ဖြစ်၏။

နမ္မရူးဒ်ဘုရင်ခေတ်၌ ရှိခဲ့သော မှော်အတတ်ပညာ
ခိုင်လုံသော သမိုင်းရာဇဝင်ကျမ်းများ၌ ရေးသားပါရှိသည်မှာ နမ္မရူးဒ်ဘုရင်၏ ခေတ်သမယတွင် ဘေဘီလုံမြို့ရှိ မှော်အတတ်ပညာကို အထူးကျွမ်းကျင်တတ်မြောက်ထားကြသော မှော်ဆရာကြီးများက လူတို့ ဉာဏ်မမှီနိုင်လောက်အောင် အံ့ဖွယ်ဆန်းကြယ်သော မှော်ဂျာဒူ ခြောက်မျိုးကို ဘုရင်မြို့တွင်း၌ ပြုလုပ် ဖန်တီးထားသည်။
ယင်းတို့မှာ .........
(၁) မြို့ဝ၌ ကြေးနီဖြင့် သွန်းလောင်းထားသော ဘဲငန်းရုပ်ကြီးတစ်ကောင် ထားရှိလေသည်။ ၎င်းဘဲရုပ်ကြီး၏ အံ့ဖွယ်ထူးခြားချက်မှာ သူခိုးနှင့် ထောက်လှမ်းသူ တစ်ဦးတစ်ယောက် မြို့ထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုက်နက် အော်မြည်ကာ သတင်းပေးလေတော့သည်။ ထိုအခါ မြို့စောင့်က လိုက်လံရှာဖွေ၍ သူခိုးအား ဖမ်းဆီးလိုက်သည်။
(၂) ပျောက်ဆုံးသွားသော ပစ္စည်းအတွက် ဗုံကြီးတစ်လုံး ပြုလုပ်ထား၏။ အကယ်၍ တစ်ဦးတစ်ယေက်၏ ပစ္စည်း ပျောက်ရှသွားပါက ထိုဗုံကြီးကို တီးလိုက်လျှင် ပျောက်သွားသောပစ္စည်းရှိသည့်နေရာကို ပြသလိုက်သည်။
(၃) ထူးဆန်းသော ရေကန်တစ်ကန် ပြုလုပ်ထားသည်။ ထိုရေကန်၌ အမျိုးမျိုးအဖုံဖုံသော အဖျော်ယမကာများ ရောနှောထည့်ထားသည်။ သို့သော် မိမိသောက်လိုသော ဖျော်ရည်အား ခပ်လိုက်သည်နှင့် ထိုဖျော်ရည် ပါလာသည်။ သောက်သုံးသူအနေနှင့် မိမိသောက်လိုသော ဖျော်ရည်ကို စိတ်တိုင်းကျသောက်နိုင်သည်။ စင်စစ်တွင် ကန်ထဲ၌ ဖျော်ရည်မျိုးစုံ ရောပြွမ်းထားရှိလေသည်။
(၄) အံ့သြဖွယ်ကောင်းသော ကြေးမှုံမှန်တစ်ချပ် နမ္မရူးဒ် ဘုရင့်နန်းဆောင်အတွင်း ထားရှိသည်။ ယင်းမှန်တွင် အဝေးတစ်နေရာရောက်နေသောသူ၏ ရုပ်သွင်နှင့် အခြေအနေကို ကြည့်ရှုတွေ့မြင်နိုင်သည်။
(၅) နမ္မရူးဒ်ဘုရင်၏ နန်းဆောင်အပြင်ဘက်၌ အပင်ကြီးတစ်ပင် စိုက်ပျိုးထားသည်။ ထိုအပင်ကြီး၏ အရိပ်အာဝါသသည် တိုင်းပြည်ရှိ လူဦးရေ အတိုးအလျော့အလိုက် အရိပ်မှာလည်း ကျယ်ပြန့်ခြင်း ကျုံသွားခြင်း ရှိလေသည်။ အကယ်၍ တိုင်းပြည်၌ လူဦးရေတိုးပွားလာပါက အပင်၏ အရိပ်မှာလည်း မူလအပင်၏ အရိပ်ထက် များစွာကြီးမားကျယ်ပြန့်စွာ အရိပ်ဖြစ်ပေါ်လာသည်။ အကယ်၍ လျော့နည်းသွားပါက အပင်အရိပ်မှာလည်း လူဦးရေအလိုက် သေးငယ်သွားသည်။
(၆) ရေကန်တစ်ကန် ရှိသည်။ ထိုရေကန်၏ အံ့ဖွယ်ထူးခြားချက်မှာ ပစ္စည်းတစ်ခုကို သူပိုင်သည်၊ ငါပိုင်သည်ဟု အငြင်းပွားနေပါက ထိုသူနှစ်ဦးကို ရေကန်ထဲဆင်းစေလိုက်သည်။ ပိုင်ရှင်အမှန်ဖြစ်သူသည် ကန်ထဲ၌ ခါးဝက်အထိသာ ရေမြုပ်ပြီး လိမ်လည်သူဖြစ်ပါက ရေကန်၌ ရေနစ်မြုပ်၍ သေဆုံးသွားရလေသည်။

စဟရ် အမှောင့်ပယောဂအား ကုစားနည်း
(ခ) စူရာဖလက်ပ်နှင့် စူရာနားစ်တို့ကို (၁၁)ကြိမ်စီ ဖတ်၍ မုန်ညင်းဆီတွင်း မန်းမှုတ်ပါ။ ၎င်းနောက် ပယောဂထိထားသော ရောဂါသည်၏ မျက်စိ၊ နား၊ နှားခေါင်းဝ၊ လက်သည်းခွံ၊ ခြေသည်းခွံ အားလုံးတွင် ပွတ်လိမ်းပါ။ ((ကျန်ရှိသော နည်းများကို ဤနေရာ၌ ဖော်ပြရန် မသင့်သဖြင့် စာအုပ်တွင်သာ ဖတ်ရှုလေ့လာပါ။))

ဗဟုသုတ
ဒမီရီ (ရဟ)က မိန့်သည်မှာ ဂျင်န်အားလုံးသည် အိဗ်လီးစ်၏ မျိုးဆက်များ ဖြစ်ကြသည်။ ဖရစ်ရှ်သာ ကောင်းကင်တမန် မျိုးဆက်တွင် မပါဝင်ကြပါ။ အဘယ့်ကြောင့်ဆိုသော ဖရစ်ရှ်သာများတွင် အမျိုးသား၊ အမျိုးသမီးဟူ၍ မရှိသလို မျိုးဆက်ပြန့်ပွားခြင်းမျိုးလည်း မရှိပါ။ ၎င်းပြင် ဂျင်န်များထဲမှ အမိန့်ဖီဆန်သူ ဆိုးသွမ်းသူများကို ရှိုက်သွာန်ဟု ခေါ်ဆိုပေသည်။
ရှိုက်သွာန်များ၌လည်း အုပ်စုအမျိုးမျိုး ရှိကြပြီး ပုံစံအသွင်တစ်မျိုးစီဖြင့် လူသားများကို နှောင့်ယှက်ဖျက်ဆီးကြလေသည်။
ရှိုက်သွာန်အုပ်စုတစ်စုမှာ လူသားများ စိတ်သောက အမျိုးမျိုးရောက်ရန်နှင့် ဘေးဒုက္ခအမျိုးမျိုး ဖြစ်စေရန် လှုံ့ဆော်ကြသည်။ ယင်းအုပ်စုအား စီဗာဟ် ဟု အမည်ပေးထားသည်။
နောက်ထပ် အုပ်စုတစ်ခု၏ အမည်မှာ အအ်ဝရ် ဖြစ်သည်။ ၎င်းတို့သည် လူပျိုအပျိုများ ဇိနာအမှုကျူးလွန်စေရန် လှုံ့ဆော်ပေးသည်။
တတိယအုပ်စု၏ အလုပ်မှာ တစ်ဦးတစ်ယောက်သည် အိမ်ထဲသို့ စလာမ်မပေးဘဲ ဝင်ရောက်ပါက ထိုရှိုက်သွာန်သည်လည်း ၎င်းနှင့်အတူ အိမ်ထဲသို့ ဝင်ရောက်လာပြီး မိသားစုအတွင်း ပြဿနာဖြစ်ပေါ်စေရန် အနှောင့်အယှက်ပေးလေသည်။ ယင်းရှိုက်သွာန်အုပ်စုကို ဝါစင်မ်ဟု ခေါ်တွင်သည်။ ((ထို့ကြောင့် အပြင်မှ အိမ်တွင်းသို့ဖြစ်စေ၊ ရုံး၊ ဆိုင် အစရှိသည်တို့အတွင်းသို့ ဝင်ပါက စလာမ်ဆို၍ ဝင်ရမည်။ ဝင်သူသည် အဖေဖြစ်စေ၊ ခင်ပွန်းဖြစ်စေ၊ အဖိုး အဖွား လူကြီးလူကောင်း အုပ်ချုပ်သူ ဥက္ကဌပင်ဖြစ်စေ ဘုရင်ပင်ဖြစ်စေ မည်သူမဆို စလာမ်ဆို၍ ဝင်ရပေမည်။ ငါက ဒီနေရာက လူကြီးပဲ အဖေပဲ ခင်ပွန်းပဲ ဘာပဲ ညာပဲဟု စိတ်တွင်းတွေးကာ စလာမ်မဆိုလျှင် ရှိုက်သွာန်ကတော့ ခင်ဗျားဘာကြီးပဲ ဖြစ်နေပါ့စေ သူပါ အတူဝင်လာကာ ပြဿနာရှာမည်သာဖြစ်၏။ ထို့ကြောင့် တစ်နေရာရာသို့ ဝင်ရောက်ပါက စလာမ်ဆိုပါ။ အားလုံးကြားအောင် အော်ဆိုနေရန် မလိုအပ်ပါ။ သာမာန်အသံဖြင့် စလာမ်ပြုလျှင် လုံလောက်ပါသည်။ အဓိက ဝင်ရောက်ချိန် စလာမ် ပါရှိရန် လိုအပ်သည်။))
စတုတ္ထရှိုက်သွာန်အုပ်စုမှာ ဝလ်ဟားန်ဖြစ်သည်။ ၎င်းတို့၏ တာဝန်မှာ နမားဇ်ဆောက်တည်နေသူ၏ နှလုံးသားအတွင်း ဝဆ်ဝဆာ အတွေးပေါင်းစုံကို ထည့်သွင်း၍ နှောက်ယှက်ကြလေသည်။

သံပုရာသီးရှိသည့်အိမ်သို့ ဂျင်န် မဝင်နိုင်ခြင်း
ဂျင်န်များ၏ အကျင့်အမူတစ်ရပ်မှာ ရှောက်ချိုသီးနှင့် သံပုရာသီးရှိသည့်အိမ်အတွင်းသို့ ဝင်ရောက်ခြင်း မရှိပါ။
အိမာမ်အဗူလ်ဟစန်အလီဗင်န်ဟစန်သခင်က အမိန့်ရှိခဲ့သည်။ (သခင်သည် ဂျင်န်များ၏ တရားသူကြီးဟု နာမည်ကျော်ခဲ့သူ ဖြစ်၏) ဂျင်န်တစ်ဦးသည် ကျွန်ုပ်ထံသို့လာ၍ စာဖတ်လေ့ရှိသည်။ တစ်ရက် လာနေကျအချိန်ထက် နောက်ကျသွားလေရာ သခင်က အကျိုးအကြောင်း မေးမြန်းလိုက်၏။ ထိုအခါ ဂျင်န်က ယနေ့သခင်ကြီးအိမ်၌ သံပုရာသီးရှိနေသောကြောင့် ကျွန်ုပ်မဝင်ဘဲ ဤသို့ နောက်ကျရခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ဂျင်အမျိုးအနွယ်များသည် သံပုရာသီးရှိနေသောအိမ်အတွင်းသို့ ဝင်ခြင်းမရှိပါ ..... ဟု အဖြေပေးလေသည်။
ဟဒီးစ်တော်တစ်ရပ်တွင် ... အနီရောင်ရှိသော ခိုငှက်နှင့် ရှောက်ချိုသီးကို ကြည့်ရှုခြင်းအား တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် နှစ်ခြိုက်တော်မူလေသည် ဟု ဆင့်ပြန်လာရှိပေသည်။

ဂျင်န်များကို အိပ်မက်လျှင်
(က) တစ်ဦးတစ်ယောက်သည် အိပ်မက်၌ ဂျင်န်များကို ကုရ်အာန်သင်ပေးနေသည်ဟု မြင်မက်ပါက "" ဥစ္စာနှင့် ရာထူး တိုးပွားအံ့""
(ခ) မိမိအိမ်ထဲသို့ ဂျင်န် ဝင်လာသည်ဟု မြင်မက်လျှင် " သူခိုးရန်မှ စိုးရိမ်ဖွယ်ရှိ၏ "
(ဂ) အိပ်မက်၌ ရူးနေသူကိုလည်းကောင်း၊ သို့မဟုတ် မိမိကိုယ်တိုင် ရူးသွားသည်ဟုလည်းကောင်း မြင်မက်သော် "ထိုသူသည် အတိုးအညွန့်စားသုံးသူ ဖြစ်အံ့ "
(ဃ) တစ်ဦးတစ်ယောက်သောသူက ဂျင်န်များနှင့် အလုပ်အတူတူလုပ်ကိုင်နေသည်ဟု မြင်မက်ပါက " မိမိအပေါ် လူလည်ကျမည့်သူနှင့် ကြုံကြိုက်ရအံ့ "
-----။-----
{{မော်လာနာကာရီမုဟမ္မဒ်ယူနွတ်(စ်) (မအူပင်) ပြန်ဆိုရေးသားသော တိရိစ္ဆာသုတကမ္ဘာနှင့် အဖိုးတန်ဆေးနည်းများ စာအုပ်မှ ကူးယူတင်ဆက်ပါသည်။}}

အလ်မုဖီးဒ်
ရမ်ဇာန်/ ၂၇/ ယောင်မုလ်အရ်ဗာအ်/ ဟိဂျရီ ၁၄၃၆

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Sunday, July 12, 2015

ကဒရ်ညမြတ်အကြောင်း


ရမ်ဇာန်လမြတ်၏ ညများအနက် ညတစ်ညသည် လိုင်လသွလ်ကဒရ် မည်၏။ ယင်းညသည် ဗရ်ကသ်မင်္ဂလာအပေါင်းနှင့် ကောင်းကျိုးချမ်းသာများ ပြည့်စုံသော ညဖြစ်သည်။ ကုရ်အာန်ကျမ်းမြတ်တွင် ထိုညကို လပေါင်းတစ်ထောင်ထက်ပင် ထူးမြတ်သော ညဖြစ်သည်ဟု မိန့်ထားသည်။ လပေါင်းတစ်ထောင်သည် ၈၃နှစ် နှင့် ၄လ ဖြစ်၏။ ထိုညတစ်ညကို အိဗာဒသ်ပြုရင်း ကုန်ဆုံးစေသူသည် ၈၃နှစ် နှင့် ၄လထက်ပင် ပိုသောအချိန်ကို အိဗာဒသ်ပြုရင်း ကုန်လွန်စေသကဲ့သို့ ဖြစ်ပေရာ ယင်းည၌ အိဗာဒသ်ပြုခွင့်ရသူမှာ သပ်က်ဒီရ် ကောင်းသူပင် ဖြစ်၏။
ပိုသည်ဟု ဆိုခြင်းမှာလည်း လပေါင်းတစ်ထောင်ထက် မည်မျှပိုသည်ကို မသိနိုင်ပေ။
တန်ဖိုးထားတတ်သူအဖို့ အတိုင်းမရှိသော ကျေးဇူးတော်ကို ချီးမြှင့်တော်မူခြင်း ဖြစ်ပေရာ ဤသည် အလ္လာဟ်အရှင်မြတ်၏ ကြီးလှစွာသော ဆုလာဘ်ပင်ဖြစ်ပေသည်။

စူရာကဒရ်
ကဒရ်ည၏ ထူးမြတ်မှုနှင့် စပ်လျဉ်း၍ ကျမ်းမြတ်ကုရ်အာန်တွင် သီးသန့်စူရာတစ်ပုဒ် ကျရောက်ခဲ့သည်။ ထိုစူရာ၏ အဓိပ္ပါယ်နှင့် ဖွင့်ဆိုချက်တို့ကို ဖတ်ရှုလေ့လာပါက ကဒရ်၏ထူးမြတ်မှုကို သာပိုခံစားရရှိလာနိုင်ပေသည်။

ဗိစ်မိလ္လာဟိရ်ရဟ်မာန်းနိရ်ရဟီးမ်
" အင်န်န အန်ဇလ်နားဟု ဖီလိုင်းလသစ်လ်ကဒရ် " (၉၇:၁)

အဓိပ္ပါယ်။ မလွဲဧကန်ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းမြတ်ကို ကဒရ်ည၌ ချပေးတော်မူခဲ့၏။
ရှင်းချက်။ သဘောမှာ ကုရ်အာန်ကျမ်းမြတ်သည် လောင်ဟေမဟ်ဖူးဇ်မှ မိုးကောင်းကင် ပထမအထပ်သို့ ကျရောက်ခဲ့သည် ဟူသော သဘောပင်။ ကုရ်အာန်ကဲ့သို့ မြင့်မြတ်လှစွာသော ကျမ်းမြတ် ကျရောက်ခဲ့ခြင်းသည်ပင်လျှင် ဤည၏ ထူးမြတ်မှုအတွက် လုံလောက်ပေသည်။ ယခုမူကား ဤအချက်တစ်ချက်သာ မဟုတ်ဘဲ အခြားသော ဗရ်ကသ်နှင့် ထူးမြတ်မှုမှာလည်း ပါဝင်နေကြပေသည်။ ရှေ့တွင်ဆက်လက်၍ လိုလားတောင့်တမှုရှိစေရန် မိန့်ကြားတော်မူ၏။

" ဝမာအဒ်ရားက မာ လိုင်လသွလ်ကဒရ်"
အဓိပ္ပါယ်။ လိုင်လသွလ်ကဒ်ရ်သည် အဘယ်မျှကြီးမြတ်လှစွာသော ညဖြစ်ကြောင်း အသင်သိရှိပါသလော။
ရှင်းချက်။ ထိုည၌ အဘယ်မျှလောက်သော နှစ်လို့ဖွယ်ကောင်းသည့်အချက်များနှင့် ထူးမြတ်မှုများရှိ၍ အဘယ်မျှကြီးကျယ်မြင့်မြတ်လှသည်ကို အသင်သိပါသလော။ ထို့နောက် ထူးမြတ်မှု အချို့ကို မိန့်ကြားတော်မူ၏။

" လိုင်းလသွလ်ကဒ်ရိ ခိုင်းရွန် မင်န်အလ်ဖိရှဟ်ရင်န်"
ကဒရ်ညသည် လပေါင်းတစ်ထောင်ထက် သာမွန်မြတ်၏။
ရှင်းချက်။ ကဒရ်ည၌ အိဗာဒသ်ပြုခြင်းအားဖြင့် ရရှိသောအကျိုးကုသိုလ်စဝါးဗ်သည် လပေါင်းတစ်ထောင် အိဗာဒသ်ပြုသော အကျိုးစဝါးဗ်ထက် ပိုမိုသည်ဟူသော သဘောပင်။ မည်မျှပိုမိုသည်ကိုလည်း မခန့်မှန်းနိုင်ပေ။

" သနဇ်ဇလွလ် မလာအိကဟ်"
မလာအိကဟ်များသည် ဆင်းသက်ကြ၏။
ပညာရှင်ကြီး အလ္လာဟ်မဟ်ရာဇီသခင် (ရဟ) က မလာအိကဟ်များသည် ကနဦးက အသင့်အားမြင်ကြသောအခါ ရွံရှာဖွယ်ကောင်းကြောင်း ဖော်ထုတ်ခဲ့ကြ၏။ လောက၌ ပျက်စီးရာပျက်စီးကြောင်းနှင့် သွေးထွက်သံယိုမှုများကို ပြုမည့်သူအား အလ္လာဟ်အရှင်မြတ် ဖန်ဆင်းတော်မူပါမည်လားဟု လျှောက်ထားခဲ့ကြသည်။ ထို့နောက် မိဘနှစ်ပါးက သင့်ကို သုက်ရည်အဖြစ် တွေ့ခဲ့ကြရာ သင့်အား ရွံရှာခဲ့ကြ၏။ အဝတ်အစား၌ ပေကျံခဲ့လျှင် လျှော်ဖွပ်ခဲ့ကြ၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်က ယင်းသုက်ရည်မှ အလွန်ကောင်းမွန်သော ရုပ်ရည်ကို ချီးမြှင့်တော်မူခဲ့လေသော် မိဘနှစ်ပါးကလည်း သနားကြင်နာ ချစ်ခင်မြတ်နိုးလာကြ၏။ ယနေ့သော် သင်သည် အလ္လာဟ်အရှင်မြတ်၏ သောက်ဖီးက် ချီးမြှင့်မှုကြောင့် ကဒရ်ည၌ အလ္လာဟ်ကို သိရှိဖို့၊ အရှင့်အမိန့်နာခံခြင်းအမှု၌သာ နစ်မွန်းနေသောအခါ မလာအိကဟ်များက ယင်းတို့၏ ပြောဆိုမှုများကို ဝန်ချတောင်းပန်ရန် ဆင်းသက်ကြသည် .... ဟု ရေးသားထားသည်။

" ဝရ်ရူးဟု ဖီးဟာ"
၎င်းပြင် ထိုည၌ ရူဟွလ်ကဒွစ် (ဆိုလိုသည်မှာ) ကောင်းကင်တမန် ဟဇရသ်ဂျိဗ်ရီးလ် သည်လည်း ဆင်းသက်၏။

" ဗိအိဇ်နေ ရဗ်ဗိဟိင်မ် မိင်န် ကွလ်လိ အမ်ရင်န်"
မိမိတို့အား ဖန်ဆင်းတော်မူသော အရှင်၏ အမိန့်တော်အရ ကောင်းမြတ်သော အရေးကိစ္စ အသီးသီးတို့ကို ယူဆောင်၍ ကမ္ဘာမြေပေါ်သို့ ဆင်းသက်ကြသည်။
မဇာဟိရိဟတ်က်ကျမ်းတွင် ဤည၌ပင် မလာအိကဟ်များကို ဖန်ဆင်းကြောင်း ဤည၌ပင် ဟဇရသ်အာဒမ်ကို ဖန်ဆင်းရန် လိုအပ်သည်များကို စတင်စုဆောင်းခဲ့သည်။ ဤည၌ပင် ဂျန္နသ်၌ သစ်ပင်များ စ၍စိုက်ပျိုးကြောင်း လာရှိ၏။ ထို့ပြင် တောင်းဆုများ လက်ခံမှုရရှိကြောင်း များစွာသော ဟဒီးစ်များ၌ လာရှိသည်။
ဒွရ်ရေမန်စူရ်ကျမ်း၌ လာရှိသောဟဒီးစ်တော်၌ ဟဇရသ်အီစာသည် ဤညတွင် မိုးကောင်းကင်ထက်သို့ မ ယူတော်မူခြင်း ခံရသည်ဖြစ်ကြောင်း ဗနီအိစ္စရာအီလ်တို့၏ သောဝ်ဗာသည်လည်း ဤည၌ ကဗူလ်ဖြစ်ခဲ့ကြောင်း လာရှိ၏။ 

" စလာမွန်"
ယင်းညသည် ငြိမ်းချမ်းမှု သက်သက်ဖြစ်၏။
တစ်ညလုံး ကောင်းကင်တမန်ထံမှ မုအ်မင်န်တို့အပေါ်သို့ စလာမ်မေတ္တာ ပို့သမှုရှိနေပေသည်။ အဘယ့်ကြောင့်ဆိုသော် ဟဒီးစ်တော်အချို့၌ တစ်ညလုံး မလာအိကဟ်များသည် တစ်သုတ်ဆင်းလာလျှင် တစ်သုတ်ပြန်သွားကြောင်း လာရှိသောကြောင့် ဖြစ်သည်။ သို့မဟုတ် ဤညတစ်ညလုံးသည် ငြိမ်းချမ်းမှုဖြစ်သည်။ မကောင်းမှုများ၊ ဖျက်ဆီးမှုများမှ ကင်းငြိမ်းသောည ဖြစ်သည်ဟူ၍လည်း ဖြစ်နိုင်သည်။

"ဟိရာ ဟသ်သာ မသ်ွလအိလ် ဖဂ်ျရ်"
ယင်းညသည် (ဆိုခဲ့ပြီးသော ဗရ်ကသ်မင်္ဂလာ ဘုန်းကျက်သရေများနှင့်တစ်ကွ) ဖဂျရ်အချိန် ဝင်ရောက်သည်အထိ ရှိနေလေသည်။
ည၏ သီးသန့်အစိတ်အပိုင်းအချို့၌သာ ဤဗရ်ကသ်မင်္ဂလာများ ရှိနေပြီး အခြားအစိတ်အပိုင်း၌ မရှိသည်မဟုတ်ပေ။ ယင်းဗရ်ကသ်တို့သည် ဖဂျရ်အချိန်ရောက်သည်အထိ ရှိမြဲရှိနေပေသည်။

ကဒရ်ည၏ အိဗာဒသ်ဖြင့် ဂုနာအားလုံးမှ ခွင့်လွှတ်မှုရရှိကြောင်း
အဗူဟုရိုင်ရာသခင် (ရသွီ)က ဆင့်ပြန်သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်တော်မူသည်မှာ မည်သူမဆို အီမာန်သက်ဝင်ယုံကြည်မှုနှင့် အကျိုးကုသိုလ်ရရှိရန် ရည်စူးလျက် ကဒရ်ည၌ အိဗာဒသ်အတွက် ရပ်ခဲ့သော် ထိုသူ၏ ယခင်ပြစ်မှုဂုနာများသည် ခွင့်လွှတ်ခြင်းခံရသည်။

ဟဒီးစ်တော်၌ ရပ်ခြင်း ဟူသည့်စာလုံးပါဝင်သည်။ သဘောမှာ နမားဇ်ဝတ်ပြုခြင်းဖြစ်သည်။ အခြားအိဗာဒသ်များဖြစ်သော ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်ခြင်း၊ ဇိကိရ်စသည်များပြုခြင်းလည်း ဤအမိန့်၌ ပါဝင်သည်။

အိဗာဒသ်ပြုရာတွင် ရွှင်လန်းတက်ကြွစွာ အကျိုးကုသိုလ်ရရှိမည်ဟူသော ယုံကြည်ချက်ဖြင့် နမားဇ်အတွက်မတ်တပ်ရပ်ခြင်း၊ အခြားအမလ်များ ပြုကျင့်ခြင်းတို့ ပြုလုပ်ရပေမည်။ ဝန်ထုတ်ကြီးဟု ယူဆကာ စိတ်မပါ့တပါမပြုရဟု အမိန့်ရှိ၏။ ထို့အတူ ကြွားဝါလိုခြင်း၊ ဟန်ဆောင်၍ အိဗာဒသ်ပြုခြင်း စသည့် မသင့်မြတ်သော စိတ်ထားတို့ဖြင့် အမလ်မပြုရဟု အမိန့်ရှိထားသည်။

ကောင်းကျိုးအပေါင်းမှ အမှန်ပင် လက်မဲ့ဖြစ်ရသူ
အနတ်စ်သခင် အမိန့်ရှိသည်။ တစ်ခါသော် ရမ်ဇာန်လမြတ်ရောက်ရှိလာခဲ့ရာ တမန်တော်မြတ်က အသင်တို့ထံ လတစ်လ ရောက်လာလေပြီ။ ဤလမြတ်၌ လပေါင်းတစ်ထောင်ထက် မြင့်မြတ်သော ညတစ်ည ရှိ၏။ ထိုညကို လက်လွတ်ခံခဲ့ရလျှင် ၎င်းသည် အမှန်စင်စစ် ကောင်းကျိုးအလုံးစုံတို့မှ လက်လွတ်ခြင်း ခံရသည် ဖြစ်၏။ စင်စစ်သော်ကား ထိုသူသည် ယင်းည၏ ကောင်းကျိုးကို မခံစားထိုက်သူဖြစ်၍သာ ထိုသို့လက်မဲ့ဖြစ်ရချေသည်။

ဤမျှထူးမြတ်မှုလှသည့် ကျေးဇူးတော်ကို လက်လွတ်စေခဲ့သောသူသည် အပယ်ခံရသည်ဟုဆိုလျှင် မှားဖွယ်မရှိ။ ယနေ့ အသက်ရှင်စဉ် စားသောက်နေထိုင်နိုင်ရန် ညပေါင်းများစွာ အိပ်ရေးပျက်ခံကြသည်။ နှစ်ရှစ်ဆယ်ကျော် အိဗာဒသ်၏ အကျိုးကိုရရှိရန် တစ်လတိုင်အောင် ည၌ အိပ်ရေးပျက်ခံလျှင် မည်သို့အခက်အခဲ ရှိပါမည်နည်း။ အမှန်တော့ စိတ်တွင်းဝယ် အာသာဆန္ဒပြင်းပြမှု မရှိခြင်းသာ ဖြစ်၏။ အကယ်၍သာ အိဗာဒသ်ပြုခြင်း၏ အရသာကို အနည်းမျှပင် ခံစားမိလျှင် တစ်ညတည်းသာမက ညရာပေါင်းများစွာ အိပ်ရေးပျက်ခံနိုင်မည် ဖြစ်၏။

ကဒရ်ည အိဗာဒသ်ပြုသူများအတွက် ကောင်းကင်တမန်ဂျိဗ်ရာအီးလ်၏ ဒုအာရခြင်း
မလာအိကဟ်တို့သည် ဟဇရသ်ဂျိဗ်ရီးလ်၏ ညွှန်ကြားမှုအရ အသီးသီးခွဲထွက်၍ မုအ်မင်န် တစ်ဦးပင်မဆိုရှိသော အိမ်ကြီး၊ အိမ်ငယ်၊ တောတောင်၊ လှေ၊ သဗ္ဗာန်၊ ရပ်ရွာ မျှပင်မချန်ဘဲ အားလုံးထံသို့ သွားရောက် လက်ဆွဲနှုတ်ဆက်ကြသည်။ သို့သော် ခွေး၊ ဝက်၊ ရေချိုးရန်တာဝန်ထိုက်နေသူ(တာဝန်ထိုက်ပါလျက် မချိုးဘဲနေသူ) ရုပ်ပုံ၊ ဓာတ်ပုံရှိနေသော အိမ်ထဲသို့ ဝင်ရောက်ကြမည် မဟုတ်ပေ။

မုစ်လင်မ်များစွာ၏ အိမ်များတွင် စိတ်ကူးယဉ်အလှအပနှင့် ဂုဏ်အင်တို့ကို ကြွားလိုခြင်းတို့ကြောင့် ရုပ်ပုံ၊ ဓါတ်ပုံတို့ကို ဆွဲချိတ်ထားကြသည်။ ထိုသို့ဖြင့် အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်လှသည့် ရဟ်မသ်ကျေးဇူးတော်မှ မိမိကိုယ်ကို လက်မဲ့ဖြစ်စေကုန်၏။ ဓာတ်ပုံချိတ်ဆွဲသူမှာ တစ်ယောက်တစ်လေသာ ဖြစ်၏။ သို့ရာတွင် ထိုအိမ်သို့ ရဟ်မသ်ကို ဆောင်ကြဉ်းလာကြသော ဖရစ်ရှ်သာများအား မဝင်နိုင်ကြရန် တားဆီးခြင်းအားဖြင့် မိမိနှင့်အတူ တစ်အိမ်သားလုံးကိုပါ လက်မဲ့ဖြစ်စေလေသည်။

ကဒရ်သည် မည်သည့်ရက်များ၌ ရှိသနည်း။
မိခင်မွန် အာအိရှာသခင်မက ဆင့်ပြန်သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်သည်မှာ အသင်တို့ ကဒရ်ညကို ရမ်ဇာန်လမြတ် နောက်ဆုံး ၁ဝ ရက် မ,ညများ၌ ရှာဖွေကြလော့။

ရမ်ဇာန်သည် ၂၉နှင့် ကုန်သည်ဖြစ်စေ၊ ၃ဝနှင့် ကုန်သည်ဖြစ်စေ နောက်ဆုံး ၁ဝရက်သည် ၂၁ရက်ညမှ အစပြုသည်။ ထို့ကြောင့် ရမ်ဇာန်နောက်ဆုံးဆယ်ရက်၏ မ,ညများဖြစ်သော ၂၁၊ ၂၃၊ ၂၅၊ ၂၇၊ ၂၉ တို့၌ ကဒရ်ကို ရှာဖွေရမည် ဖြစ်၏။

ဟဇရသ်ရှားဟ်ဝလီယွလ္လာသခင်က ကဒရ်ညသည် တစ်နှစ် နှစ်ကြိမ်ဖြစ်သည်ဟု အမိန့်ရှိ၏။ တစ်ညမှာ အလ္လာဟ်အမိန့်တော်များ ကျရောက်သော ညဖြစ်၍ ယင်းည၌ လောင်ဟေမဟ်ဖူးဇ်မှ ကုရ်အာန်ကျရောက်ခဲ့သည်။ ဤကဒရ်ညသည် သီးသန့်ရမ်ဇာန်၌သာ ကျရောက်ခြင်းမဟုတ်။ တစ်နှစ်ပတ်လုံး လှည့်ပတ်နေသော ညဖြစ်သည်။ သို့သော် ကုရ်အာန်ကျရောက်သောနှစ်တွင် ဤကဒရ်သည် ရမ်ဇာန်လ၌ ဖြစ်ခဲ့သည့်အပြင် ၎င်းကဒရ်အများဆုံးကိုလည်း ရမ်ဇာန်လ၌ပင် တွေ့ရသည်။

ဒုတိယကဒရ်ညမှာ ရူဟာနီယသ်၊ နာမ်နှင့်သက်ဆိုင်သော အကျိုးများ အထူးပျံ့နှံသော ညဖြစ်၍ ကမ္ဘာမြေပေါ်သို့ ကောင်းကင်တမန်များ အများအပြားဆင်းသက်ကြသည်။ ရှိုက်သွာန်များ ဝေးစွာ ရှောင်ရှားကြသည်။ တောင်းဆုဒုအာများနှင့် အိဗာဒသ်ပြုမှုများ လက်ခံမှုရရှိသည်။ ထိုကဒရ်သည် ရမ်ဇာန်လတိုင်းတွင် ကျရောက်သည်။ နောက်ဆုံး ၁ဝရက် မ,ညများ၌ တစ်ညစီပြောင်း၍ ကျရောက်သည်ဟု အမိန့်ရှိ၏။

ကဒရ်ရှာဖို့
ကဒရ်ညသည် တစ်ညတည်းရှိသည်ဖြစ်စေ၊ နှစ်ညရှိသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ လူတိုင်းသည် မိမိအင်အားနှင့်အမျှ တစ်နှစ်လုံးတွင် ကြိုးစားရှာဖွေသင့်၏။ မတတ်နိုင်လျှင် ရမ်ဇာန်တစ်လလုံးတွင် ရှာဖွေသင့်၏။ ဤသည်လည်း မတတ်နိုင်လျှင် နောက်ဆုံး ဆယ်ရက်ကိုပင် ထူးခြားသော အခွင့်အရေးတစ်ရပ်ဟု မှတ်ယူရမည်။ ထိုမျှလည်း မတတ်နိုင်လျှင် နောက်ဆုံး ၁ဝရက်တွင် မ ညများကို လက်မလွတ်အောင် ကြိုးစားရမည်။ နောက်ဆုံး ဤမျှပင် မတတ်နိုင်လျှင် ၂၇ရက် ညကိုမူ မည်သည့်နည်းနှင့်မဆို ထူးခြားလှသော အခွင့်အရေးဟု မှတ်ယူရမည်။ အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ် စောင်မမှုရရှိခဲ့သဖြင့် ဖူးစာကောင်းသူတစ်ဦးတစ်ယောက်သည် ထိုညကို ရခဲ့ပါမူ တစ်ကမ္ဘာလုံး၏ စည်းစိမ်ချမ်းသာတို့မှာ ဤညနှင့်ယှဉ်လျှင် တန်ဖိုးမရှိသောကြောင့်ပင်။ အကယ်၍ ထိုညကို မရလိုက်သည့်တိုင်အောင် အကျိုးဆဝါးဗ်မှ လက်မဲ့မဖြစ်ပေ။

အထူးသဖြင့် လူတိုင်းသည် မဂ်ရိဗ်နှင့် အိရှာနမားဇ်ကို ဗလီဝတ်ကျောင်းတော်သို့ တစ်နှစ်ပတ်လုံးသွား၍ ဂျမာအသ်နှင့် အတူဖတ်နိုင်ရန် အထူးဂရုစိုက်ရမည်။ အကယ်၍ ဖူးစာထူးသဖြင့် ကဒရ်ည၌ ဤနမားဇ်နှစ်ကြိမ်ကို ဂျမာအသ်နှင့် အတူဖတ်နိုင်ခွင့် ရခဲ့လျှင် ဂျမာအသ်နှင့် အတူဖတ်သောအကျိုးကို အဘယ်မျှလောက် များပြားစွာ ရရှိသွားပါမည်နည်း။ ထို့အတူ ဖဂျရ်နမားဇ်ကိုလည်း ဂျမာအသ်ဖြင့် ဖတ်နိုင်ရန် ကြိုးစားရမည်။ ဒီးန်အတွက် ကြိုးပမ်းခြင်းတွင် အောင်မြင်မှုမရသည့်တိုင် အကျိုးကုသိုလ်မှ လက်မဲ့မဖြစ်ပေ။ ဤသည်ပင် အလ္လာဟ်အရှင်မြတ်၏ မဟာကျေးဇူးတစ်ရပ်ဖြစ်၏။ ဒီးန်၏ ကိစ္စအတွက် လုံ့လစိုက်သူများ၊ အခက်အခဲများအကြားမှ သက်စွန့်ကြိုးပမ်းသူများ အဘယ်မျှလောက် ရှိပါသနည်း။

လောက၏ အရေးကိစ္စများတွင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုမရလျှင် ယင်းကြိုးပမ်းမှုသည် အချည်းအနှီးသာ ဖြစ်၏။ သို့ပါလျက် များစွာသောသူတို့သည် လောကီကိစ္စနှင့် အခြားသော အချည်းအနှီးကိစ္စတို့တွင် အောင်မြင်မှုရရန် အသက်နှင့် ပစ္စည်းနှစ်ခုလုံးကိုပင် သုံးဖြုန်းကြသည်။

ကဒရ်ညတွင် အထူးတောင်းခံရမည့် ဒုအာ
အာအိရှာသခင်မက တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်အား အို ကိုယ်တော် အကယ်၍ ကျွန်တော်မျိုးမ ကဒရ်ညကို သိခဲ့ပါလျှင် မည်သည့်ဒုအာ တောင်းခံရပါမည်နည်းဟု လျှောက်ထားမေးမြန်းခဲ့ရာ ကိုယ်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က အလ္လာဟွမ္မ အင်န္နက အဖုဝွန် သုဟစ်ဗ်ဗုလ် အဖ်ဝ ဖအ်ဖု အန္နီ ဟူသော ဒုအာကို တောင်းရန် သင်ပြတော်မူခဲ့သည်။

ဒုအာအဓိပ္ပါယ်မှာ အိုအလ္လာဟ် အရှင်မြတ်သည် အမှန်ပင် အလွန့်အလွန် ခွင့်လွှတ်တော်မူသော အရှင်ဖြစ်ပါသည်။ ခွင့်လွှတ်ခြင်းကိုလည်း နှစ်သက်တော်မူပါသည်။ သို့ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။

ဤဒုအာမှာ အလွန်ပြည့်စုံသော ဒုအာဖြစ်၏။ အလ္လာဟ်အရှင်မြတ်က မိမိ၏ အသနားဂရုဏာတော်ဖြင့် အာခိရသ်တွင် ခံရမည့် ပြစ်မှုပြစ်ဒဏ်များကို ခွင့်လွှတ်တော်မူပါလျှင် ထို့ထက်ကောင်းမွန်သောကိစ္စဟူ၍ ရှိပါဦးမည်လား။

အိဗာဒသ်ပြုရာ၌ နမားဇ်များဆောက်တည်ခြင်းသည်လည်း အထူးကောင်းမွန်သလို အခြားအိဗာဒသ်များဖြစ်သည့် ကုရ်အာန်ဖတ်ခြင်း၊ ဒုအာပြုခြင်း၊ ဇိကိရ်ပြုခြင်း၊ သောင်ဗာ၊ ဒရူးဒ်စသည်တို့ဖြင့် စုံလင်အောင်ပြုခြင်းကလည်း ပိုမိုကောင်းမွန်လှပေသည်။ ထိုသို့သော အအ်မာလ်များနှင့် ပတ်သက်၍လည်း တမန်တော်မြတ်ထံမှ ဆင့်ပြန်ချက်များ လာရှိထားသည်။
{{ဖဇာအိလေရမ်ဇာန်ကျမ်းမှ ကောက်နှုတ်သည်။}}

ဤသို့ ညထူးညမြတ်များကို အမျိုးသမီးတို့အနေဖြင့် ကိုယ့်မသန့်သည့်ပုံစံ၊ သို့မဟုတ် မီးဖွားပြီးသည့် အခြေအနေများဖြင့် ကြုံရပါကလည်း မည်သို့မျှ ဝမ်းနည်းရန်မလိုအပ်ပါ။ အဘယ့်ကြောင့် ထိုညထူး ညမြတ်များတွင် နမားဇ်ဖတ်မှ ကုရ်အာန်ဖတ်မှ ဟူသည့် ပညတ်ချက်မျိုး အစ္စလာမ့်အမိန့်များတွင် သတ်မှတ်ထားခြင်း မရှိပါ။ ထို့ကြောင့် နမားဇ်ကုရ်အာန်မဖတ်နိုင်ပါကလည်း ဝုဇူသန့်စင်မှုပြုပြီး မိမိတတ်ကျွမ်းသည့် ဘာသာစကားဖြင့် တောင်းဆုပြုပါ။ ဇိကိရ်၊ ဒရူးဒ်၊ အိစ်သိဂ်ဖာရ်များ ပြုနိုင်ပါသည်။ ဒုအာစာအုပ်များကို ကိုင်တွယ်၍ ဒုအာများ ဖတ်နိုင်သည်။ မုနာဂျသိမပ်က်ဗူးလ် စာအုပ်ရှိပါကလည်း ထိုစာအုပ်မှ ဒုအာတို့ကို ရွတ်ဖတ်နိုင်သည်။ ရာသီမလာရန် ဆေးများသောက်ခြင်း၊ ထိုးခြင်းတို့ မပြုအပ်ပါ။

အမျိုးသားတို့အနေဖြင့်လည်း အိဗာဒသ်တွင် အထူးဦးဆောင်ကာ ကျင့်ကြံရမည်။ ယောက်ျားသားကိုယ်တိုင်က အိဗာဒသ်ပြုနေလျှင် ကျန်ရှိအမျိုးသမီးများ၊ သမီးငယ်များကလည်း မိမိကိုယ်ကြည့်၍ အိဗာဒသ်များပြုလာကြပေမည်။

တစ်ညလုံး အိဗာဒသ်ပြုရာ၌ အထက်၌ တင်ပြခဲ့သလို အမျိုးအစားများ ပြောင်း၍ တစ်ညတာလုံး ဖတ်ရွတ်သွားလျှင် စိတ်ငြီးငွေ့မှုလည်း ဖြစ်တော့မည်မဟုတ်ပေ။ နဖိလ်နမားဇ်များဖတ်နိုင်သည်။ တတ်နိုင်သလောက် ကဇွာနမားဇ်များလည်း ဖတ်ရပါမည်။ စွလာသွသ်သပ်စ်ဗီလည်း ဖတ်ပါ။ ကုရ်အာန်သိလာဝသ်ပြုခြင်း၊ ဇိယာရသ်ဖတ်ခြင်း၊ လိုအင်ဆန္ဒတို့အတွက် စူရာယာစီးန်ဖတ်ခြင်း၊ ဒရူးဒ်ဖတ်ခြင်း၊ အိစ်သိဂ်ဖာရ်ဖတ်ခြင်း၊ စသည်တို့ကို တစ်ခုပြီးတစ်ခု ခန္ဒာကိုယ်မှ ခံနိုင်ရည်ရှိသည်အထိ အမလ်ပြုလုပ်နိုင်သည်။ အိရှာအ်နှင့် ဖဂ်ျရ်နမားဇ်တို့ကို ကဇွာမဖြစ်စေပါနှင့်။ အပိုကိစ္စများလုပ်နေခြင်း၊ အစားအသောက်၊ အဝတ်အစားရွေးချယ်မှုတို့တွင် အချိန်ကုန်နေခြင်း၊ ငြင်းခုံနေခြင်း၊ စကားများစွာပြောဆိုနေခြင်း၊ ဂိမ်းဆော့ခြင်း စသည်တို့ကို လုံးဝမပြုလုပ်အပ်ပါ။ ထူးမြတ်လှသည့် ညမြတ်များကို မိမိ၏ကဗရ်၊ ဟရှရ်နှင့် အာခိရသ်အတွက် အထူးသောကထားကာ ကျင့်ဆောက်တည်မှုများ ပြုသင့်လှကြောင်း ပြောရင်းဖြင့် နိဂုံးချုပ်အပ်ပါသည်။

အလ်မုဖီးဒ်
ရမ်ဇာန်/ ၂၄/ ယောင်မုလ်အဟဒ်/ ဟစ်ဂ်ျရီ ၁၄၃၆

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Saturday, July 11, 2015

သရာဝီလေးရကတ်ပြီး ထိုင်သောအခါ ရွတ်ဖတ်ရန် ဒုအာ


ဒုအာ အဓိပ္ပါယ်
ကျွန်တော်မျိုးသည် နာမ်လောကနှင့် ရုပ်လောကကို ပိုင်ဆိုင်တော်မူသော အရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုပါ၏။ ဂုဏ်အင် မြင့်မြတ်မှု အရှိန်အဝါ တန်ခိုးတော်ကြီးကဲမြင့်မြတ်မှုနှင့် လွှမ်းမိုးမှုကို ပိုင်ဆိုင်တော်မူသော အရှင်သည် စင်ကြယ်သန့်ရှင်းတော်မူပါ၏။ ထာဝရ အသက်ထင်ရှား ရှိတော်မူသော၊ အိပ်စက်ခြင်းကင်းတော်မူသော၊ မည်သည့်အခါမျှ သေတော်မမူမည့် ဘုရင်သည် သန့်ရှင်းစင်ကြယ်တော်မူ၏။ ကျွန်တော်မျိုးတို့၏ အရှင်သခင်ဖြစ်တော်မူသော ကောင်းကင်တမန်အပေါင်းနှင့် အသက်ဝိဉာဉ်အပေါင်းတို့၏ အရှင်သခင်ဖြစ်တော်မူသော အရှင်မြတ်သည် လွန်စွာ သန့်ရှင်းတော်မူ၏။ အတိုင်းမရှိ သန့်ရှင်း စင်ကြယ်တော်မူပါ၏။ အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးတို့အား ငရဲမီးမှ ကင်းလွတ်စေတော်မူပါ။ အို ... ကင်းလွတ်စေတော်မူသောအရှင်၊ အို ... ကင်းလွတ်စေတော်မူသောအရှင်၊ အို ... ကင်းလွတ်စေတော်မူသောအရှင်။
...................................................
အထက်ပါ ဒုအာစာသားများသည် အရရှ်ကို ထမ်းမထားကြသော ဖရိရှ်သာများ ရွတ်ဆိုနေကြသည့် စကားလုံး စာသားများ ဖြစ်ပေသည်။
ကောင်းကင်တမန် ဟဇရသ်ဂျိဗ်ရီးလ် (အလိုင်ဟိစလ္လာမ်)က အလ္လာဟ်အရှင်မြတ်ကို ..... ယာအလ္လာဟ် ကျွန်တော်မျိုး အရှင့်၏ အရရှ်ကိုလှည့်ပတ်ကြည့်ရှုချင်ပါသည်ဟု လျှောက်ထားပန်ကြားသည်။ အလ္လာဟ်အရှင်မြတ်ကလည်း ခွင့်ပေးလိုက်သည်။
ကောင်းကင်တမန် ဟဇရသ်ဂျိဗ်ရီးလ် (အလိုင်ဟိစလ္လာမ်)တွင် အတောင်ပေါင်း ၇ဝ (ခုနှစ်ဆယ်) ရှိသည်။ မိုးခုနှစ်ထပ်မှ မြေပြင်ပေါ်ဆင်းသက်ရန် အတောင်တစ်ခုကိုသာ အသုံးပြုလျှင် လုံလောက်သည်။ အရရှ်ကို လှည့်ပတ်ကြည့်ရှုရန် ကောင်းကင်တမန်ဂျိဗ်ရာအီးလ်သည် အတောင်ပေါင်း ၇ဝ (ခုနှစ်ဆယ်)လုံးကို ဖြန့်၍ လှည့်ပတ်လေသည်။ နှစ်ပေါင်း ငါးရာလှည့်ပတ်ပြီးသွားသောအခါ အလ္လာဟ်အရှင်မြတ်ကို လျှောက်ထားသည်။ ယာအလ္လာဟ် ကျွန်တော်မျိုး ဘယ်နေရာရောက်နေပြီးလဲ။ အလ္လာဟ်အရှင်မြတ်က အသင် အရရှ်ရဲ့ ဒီနားလေးကနေ ဟိုနားတောင်မရောက်သေးဘူး ဟု မိန့်တော်မူလေသည်။ အရှင်မြတ်၏ အရရှ်ထိုမျှ ကြီးမားလှပေသည်။ (( အလ္လာဟ်အရှင်မြတ်သည် ထိုထက်ပင် ကြီးမားလှပေသည်။ အလ္လာဟုအပ်က်ဗရ်)) ယင်းအရရှ်ကို ဖရိရှ်သာရှစ်ပါးက ထမ်းရွက်ထားကြသည်။ ယင်းဖရိရှ်သာတို့၏ ခြေထောက်သည် မြေခုနှစ်ထပ်အောက်ဆုံးတွင် ရှိပြီး ဦးခေါင်းသည် မိုးခုနှစ်ထပ်အပေါ်တွင် ရှိနေပေသည်။ ထိုဖရိရှ်သာကြီးများသည် အထက်တွင် တင်ပြထားသော ဒုအာ၌ပါဝင်သည့် "" စုဗ်ဟာန ဇိလ်မုလ်ကိ ဝလ်မလကူးသ်....။"" တို့ကို ရွတ်ဆိုနေကြပေသည်။ ယင်းဒုအာပါစာသားတို့သည် အင်မတန်မှ ထွတ်မြတ်လှပေသည်။
ယင်းကို ကျွန်ုပ်တို့ သရာဝီလေးရကတ်ပြီး ထိုင်သည့်အခါတွင် ရွတ်ဆိုကြသည်။ ယင်းသို့ရွတ်ဆိုရန် ဖရဇ်၊ ဝါဂျိဗ်မဟုတ်ပါ။ သို့ရာတွင် ၎င်းဒုအာတို့ကို ရွတ်ဆိုပါက အကျိုးကုသိုလ်များပြားစွာရရှိရန် အကြောင်းခံဖြစ်ပေသည်။ ယနေ့တွင် ထိုဒုအာကို ရွတ်ဆိုသူ၊ အလွတ်ရရှိထားသူတို့ နည်းပါးနေကြပြီဖြစ်၏။ မျိုးဆက်သစ်တို့တွင် မကြားဖူးကြသည်က များပြားပေသည်။ ထို့ကြောင့် လူကြီးသူမများကိုယ်တိုင်က ဦးဆောင်ကာ ထိုသို့ထွတ်မြတ်လှသည့် ဒုအာတို့ကို ကျက်မှတ်ပေးရမည်ဖြစ်ပါသည်။ သင်ပေးသူအတွက်လည်း ကုသိုလ်ရမည်ဖြစ်သလို လူငယ်များအတွက်လည်း အကျိုးထူးလှပေသည်။
သရာဝီလေးရကတ်ပြီး ခနထိုင်သည့်အခါတွင် အထက်ပါဒုအာကို ရွတ်ဆိုကြပါ။ အလွတ်မရသူများကလည်း အကြည့်ဖတ်ပါ။ ကုသိုလ်မလျော့ပါ။ မိမိတို့၏ မျိုးဆက်သစ်များကိုလည်း လက်ဆင့်ကမ်း သင်ကြားပေးကြပါဟု ...... အကြံပြုအပ်ပါသည်။

အလ်မုဖီးဒ်
ဟစ်ဂ်ျရီ ၁၄၃၆/ ရမ်ဇာန်/ ၂၄/ ယောင်မုလ်အဟဒ်

အခြားသူထံ အိဖ်သာပြုလျှင် ရွတ်ဆိုရန်


အိဗာဒသ်ပြုရန် အချိန်ထုတ်ဖို့


Wednesday, July 1, 2015

အိဖ်သာပြုပြီးသောအခါ ရွတ်ဖတ်ရန်


အမျိုးအစားမတူသော အစာများ စုံသွားခြင်း၏ ဆုံးရှုံးမှုများ


စဖရွဒ်စအာဒသ်ကျမ်း၌ ရေးသားထားသည်မှာ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် အမျိုးအစားမတူသော အစားအစာနှစ်ခုကို မည်သည့်အခါမှ စုပေါင်း၍ စားသုံးတော်မူလေ့မရှိခဲ့ပါ။ ဥပမာအားဖြင့် ငါးနှင့် နို့ကို တစ်ကြိမ်တည်း စုပေါင်းစားသုံးတော် မမူပေ။ အချဉ်နှင့် နို့ကိုလည်းကောင်း၊ ပူသောအစာနှင့် အေးသောအစာတို့ကိုလည်းကောင်း တစ်ကြိမ်တည်းတွင် အတူတကွ သုံးဆောင်တော်မမူပါ။ ဤအတိုင်းပင် ဝမ်းချုပ်စေသော အစာနှင့် ဝမ်းသွားစေသော အစာတို့ကိုလည်း စုပေါင်းမသုံးဆောင်ခဲ့ပါ။
စုပေါင်း၍ဟူသော အလိုသဘောမှာ အစာအိမ်တွင် သွားရောက်စုပေါင်းခြင်းကို ဆိုလို၏။ သဘောမှာ ကိုယ်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် သည် ငါးကိုစားသုံးပြီး ၎င်းအရာ အစာကြေသွားခြင်း မရှိသေးဘဲ ထပ်၍ နို့ကိုသုံးဆောင်လိုက်ခြင်းမျိုး မည်သည့်အခါမှ မရှိခဲ့ပေ။ ထို့အတူ နို့နှင့် ဥ၊ နို့နှင့် အသားတို့ကိုလည်း မည်သည့်အခါမျှ တစ်ကြိမ်တည်း သုံးဆောင်တော်မူလေ့မရှိခဲ့ပေ။

ဆိုလိုရင်းမှာ အစာတစ်မျိုး ကြေသွားခြင်းမရှိသေးဘဲ ၎င်းအပေါ်မှ နောက်ထပ်တစ်မျိုးကို မစားသုံးပေ။ ဤအတိုင်းပင် ချုပ်စေသော အစာနှင့် သက်စေသော အစာ၊ အစာကြေရန် လွယ်ကူသောအရာနှင့် အစာကြေရန် မလွယ်ကူသော အရာ၊ ချက်ထားသော အသားနှင့် ကင်ထားသော အသား၊ ကြွင်းကျန်သော အစာနှင့် လတ်ဆတ်သောအစာတို့ကို တစ်ပြိုင်တည်း သုံးဆောင်တော်မူခဲ့ခြင်း မရှိပေ။

ဆုံးရှုံးမှု >> (ဓါတ်သဘော) ကွဲပြားခြားနားသော အစာနှစ်မျိုးအား အစာကြေစေရန်အတွက် အစာအိမ်သည် အလွန်ပင် တာဝန်ကြီးမားရလေသည်။
(အစာအိမ်အတွက် အားဖြစ်ရမည့်နည်းကို တမန်တော်ကိုယ်တိုင် ကျင့်သုံးပြခဲ့သည်။ ကျွန်ုပ်တို့လည်း တမန်တော်၏နည်းကို အတုယူရမည်။ ကမ္ဘာ့စံနမူနာရှင်၏ လုပ်ဆောင်မှုကို လိုက်နာနိုင်ရန် တင်ဆက်ခြင်းဖြစ်၏။)

.. ကာရီယူစွဖ်(အဆ်အဒီ) ဒါမသ်ဗရကားသုဟူ ဘာသာပြန်ဆိုသည့် "တမန်တော်မြတ်၏ ကုထုံးလမ်းညွှန်" မှ ကောက်နှုတ်တင်ဆက်ပါသည်။..

အလ်မုဖီးဒ်
ရမ်ဇာန်/ ၁၃/ ယောင်မုလ်အရ်ဗာအ်/ ဟစ်ဂ်ျရီ ၁၄၃၆