Monday, November 30, 2015

သောက်သုံးခြင်းဆိုင်ရာ စွန္နသ်တော်များ


ရေနှင့်သက်ဆိုင်သည့် သိမှတ်ဖွယ်ရာအချို့ကို အောက်ပါလင့်များတွင် ဖတ်နိုင်ပါသည်။ page လင့်များ ဖြစ်ပါသည်

မည်သည့်ရေသည် အကောင်းဆုံးဖြစ်သနည်း
https://web.facebook.com/almufeed.mm/posts/644192369034689

ရေသောက်ခြင်း၏ နည်းလမ်းအမှန်
https://web.facebook.com/almufeed.mm/posts/643169105803682

သိမ်းထားလိုသူများ ဤလင့်ကို နှိပ်ပါ။
http://aaitee.blogspot.com/2013/10/blog-post_17.html

http://aaitee.blogspot.com/2013/11/blog-post_5.html

အစ္စလာမ်လအမည်များနှင့် အလိုသဘောများ


မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။

အစ္စလာမ်၏ ဟိဂျရီခုနှစ်တွင် ဆယ့်နှစ်လရာသီရှိပေသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မမွေးဖွားမီကတည်းက အရဗ်တို့သည် ယင်းလများကို သတ်မှတ်သုံးစွဲလျက်ရှိပေသည်။ သို့ရာတွင် ယခုကဲ့သို့ မဟုတ်ပေ။ လ၏ အဝင်အထွက်ကို အခြေခံ၍ သတ်မှတ်ခြင်းကြောင့် လများသည် ရာသီဥတုတစ်မျိုးတည်း၌သာ အတည်တကျမရှိပေ။ ဥပမာ ရမဇာန်လကို တစ်နှစ်တွင် ဆောင်းရာသီ၌ ကြုံရလျှင် နောင်တစ်နှစ်တွင် နွေရာသီဖြစ်နေပေမည်။ နောင်တစ်နှစ်တွင် မိုးရာသီ၊ ပွင့်လင်းရာသီ၊ ဆောင်းရာသီ ထိုပုံစံဖြင့် လှည့်ပတ်သွားနေပေသည်။ အရဗ်တို့သည် လကိုအခြေခံသည့် ခုနှစ်ကို သုံးစွဲသောကြောင့် ကုန်ရောင်းကုန်ဝယ်ပြုရာတွင် အနည်းငယ် အခက်အခဲဖြစ်ကြရသည်။ ထိုသို့အခက်အခဲဖြစ်ခြင်းကို မကြုံလိုသဖြင့် ရှေးအရဗ်တို့က နှစ်တစ်နှစ်တွင် ဆယ့်နှစ်လရှိသော်လည်း ရာသီဥတုနှင့် လသည် အမြဲအတည်ရှိစေရန် လထပ်တိုးခြင်းကို ပြုလုပ်လေ့ရှိကြသည်။ ထို့ကြောင့် ဆယ်သုံးလဖြစ်သည့်နှစ်များလည်း ရှိသွားသည်။ ထို့အတူ ဟဂ်ျပြုခြင်းကိုလည်း အစဉ်ပြေသည့်လ၌ ပြုလေ့ရှိကြပေသည်။

အရဗ်တို့သည် စစ်ရေးပရိယာယ်တွင် သူမတူအောင် ထူးခြားသူများပီပီ စစ်တိုက်ခြင်းကိုလည်း ခုံမင်နှစ်သက်ကြသည်။ ထို့အတူ နောက်ထပ်ထူးခြားချက်တစ်ခုမှာ အရဗီလများတွင် လုံးဝစစ်တိုက်ခွင့်မရှိသည့်လများလည်း သတ်မှတ်ထားပေသည်။ ထိုသို့သောလတွင် ၎င်းအရဗ်တို့ အဘယ်မျှရှောင်ကြဉ်သနည်းဆိုသော် ဖခင်အား သတ်ထားသူကို မျက်နှာချင်းဆိုင်တွေ့လျှင်လည်း ပုံမှန်အတိုင်းပင် ဆက်ဆံပေသည်။ စစ်တိုက်ခွင့်မရှိသည့်လတို့သည် လေးလရှိပြီး သုံးလမှာဆက်တိုက်လာ၍ နောက်တစ်လမှာ သီးခြားဖြစ်ပေသည်။ တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ထံသို့ အစ္စလာမ့်အမိန့်ဥပဒေများ မကျရောက်မီအထိ အရဗ်တို့သည် မိမိတို့ဓလေ့အတိုင်းပင် ခုနှစ်များ လများကို သတ်မှတ်သုံးစွဲကြပေသည်။

တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ထံသို့ ရှရီအသ်ကျပြီးနောက်တွင် ဤသို့ လများတိုးခြင်းနှင့် ဟဂ်ျကို အစဉ်ပြေသည့်လ၌ ပြုခြင်းတို့ကို တားမြစ်လိုက်ပေသည်။ ထိုသို့ပြုခြင်းတို့သည် အစ္စလာမ်နှင့်ကိုက်ညီမှု မရှိတော့ပေ။ တစ်နှစ်တွင် ဆယ့်နှစ်လသာရှိပြီး ဟဂ်ျကိုလည်း သီးသန့်ဇိလ်ဟဂ်ျလ၌သာ ပြုခွင့်ရှိမည်၊ ဟဂ်ျ၏လသည် ဇိလ်ဟဂ်ျလ ကာလသာ ဖြစ်သည်ဟု အလ္လာဟ်အရှင်မြတ်က ဝဟီဖြင့် သတ်မှတ်ပြဌာန်းပေးလိုက်သည်။ ယခင်က ထူးမြတ်သည်ဟု သတ်မှတ်ထားသည့် လေးလကိုမူ ထိုအတိုင်းပင်ထားရှိပြီး စစ်တိုက်ခြင်းသည်လည်း ထိုကာလများ၌ ဟရာမ်ဖြစ်ပေသည်။ ၎င်းလေးလကို အရဗီဘာသာဖြင့် အရှ်ဟိုရေဟိုရွမ် မြင့်မြတ်သည့်လများဟု ခေါ်ဆိုသည်။ အစ္စလာမ်၏ ခုနှစ်ကို ဟီဂျရီဖြင့် သတ်မှတ်လိုက်ပေသည်။ ယခင်က အရဗ်တို့သည် မက္ကဟ်မြို့သို့ ဆင်တပ်ချီတက်လာသည့်နှစ်ကို အစွဲပြု၍ ဆင်နှစ်ကို သုံးစွဲကြပေသည်။ နဗူဝသ်စတင်သည့် ကာလကို အစွဲပြု၍ နဗဝီခုနှစ်ကိုလည်း မုစ်လင်တို့ သုံးစွဲခဲ့ကြသည်။ ဟစ်ဂျရသ်ပြုပြီးနောက်တွင် ဟစ်ဂျရီကို သတ်မှတ်သုံးစွဲပေသည်။

အစ္စလာမ်၏ တချို့သောကျင့်စဉ်တို့၏ ရက်စွဲသတ်မှတ်မှုများသည် လနှစ်ကိုအခြေခံမှသာ မှန်ကန်မည်ဟု ပြဌာန်းထားသည်များ ရှိ၏။ ဥပမာ ဇကားသ်ပေးဆောင်ရာတွင် တစ်နှစ်ပတ်လည်၏ သတ်မှတ်မှုကို လနှစ်ကိုအခြေခံ၍ ပြုလုပ်ရပေမည်။ ထို့အတူ ရမဇာန်လသတ်မှတ်မှု၊ ဟဂ်ျကာလသတ်မှတ်မှု၊ အီဒွလ်အဿွ်ဟာသတ်မှတ်မှုတို့သည် လနှစ်ကိုသာအခြေခံထားပေသည်။ ဤသို့လနှစ်ကို အခြေခံဖြင့် တမန်တော်မြတ်၏ စွန္နသ်၊ စွဟာဗာများ၊ သာဗေအီးန်တို့၏ လမ်းစဉ်ကို လိုက်နာရာရောက်ပေသည်။ အရဗီလနှစ်ကို သတ်မှတ်ရာတွင် လတစ်လစီတွင် ရက်မည်မျှပါရှိမည်ဟု ပုံသေတွက်၍ သတ်မှတ်ခြင်းမရှိပေ။ နေထိုင်ရာဒေသ၏ လ အဝင်အထွက်ကို ကြည့်ရှုပြီး လတစ်လ၏ အစပြုရာရက်ကို သတ်မှတ်ပေသည်။ ဆယ့်နှစ်လလုံးအတွက် လစဉ် လကြည့်ရပေသည်။အရဗီလနှစ်တွင် အများဆုံးရက်မှာ ၃ဝအထိဖြစ်ပြီး ၂၉ရက် ဖြစ်သည်လည်း ရှိပေသည်။

အရဗီလများကို အမည်မှည့်ခေါ်ရာတွင်လည်း အကြောင်းခံများ တစ်ခုစီရှိပေသည်။ ထူးခြားမှုမှာ နတ်ဘုရားများ၊ လူပုဂ္ဂိုလ်များကို အခြေခံ၍ အမည်မှည့်ခြင်း မဟုတ်ပေ။ လုပ်ရပ်၊ ရာသီဥတုနှင့် ထူးမြတ်မှုတို့ကို အခြေခံကာ အမည်မှည့်ခေါ်ထားခြင်းဖြစ်ပေသည်။ လတစ်လချင်းစီတွင်ရှိသော အကြောင်းခံများကို ရေးသားဖော်ပြပါမည်။ မုစ်လင်မ်တိုင်း အစ္စလာမ်၏ ဆယ့်နှစ်လကို အလွတ်ရထားသင့်ပေသည်။ ထိုသို့ ရထားသင့်သည့် အကြောင်းခံ တစ်ခုမှာ အစ္စလာမ်ဘာသာရေးတွင်သုံးစွဲသည့် လများဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်ကျရောက်သည့် အချိန်ကာလကို ရေတွက်သတ်မှတ်ရာတွင် သုံးစွဲထားသည့် လများ ဖြစ်သည်။ နောက်တစ်ခုမှာ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်မှစ၍ ခေတ်အဆက်ဆက်ပညာရှင်ကြီးများ သူမွန်သူမြတ်များ သုံးစွဲသည့် လများလည်း ဖြစ်ပေသည်။ အစ္စလာမ်၏ ကျင့်ဆောက်တည်မှုများ၊ အစ္စလာမ့်၏သမိုင်းဖြစ်ရပ်များနှင့် အထူးဆက်စပ်မှုရှိသည့် အရဗီဆယ်နှစ်လကို မုစ်လင်မ်တိုင်း အလွတ်ကျက်မှတ်ကြမည်ဟု မျှော်လင့်ပါသည်။ ကလေးသူငယ်များနှင့် တခြားမိတ်ဆွေများကိုလည်း ပြန်သင်ပေးပါက ကုသိုလ်နှစ်ဆပင် ရပေဦးမည်။

အရဗီဆယ့်နှစ်လမှာ ... (၁) မုဟရ်ရမ်၊ (၂) ဆွဖရ်၊ (၃) ရဗီအုလ်အောက်ဝလ်၊ (၄) ရဗီအုစ်စာနီ၊ (၅) ဂျုမာဒလ်အူလာ၊ (၆) ဂျုမာဒလ်အုခ်ခရာ၊ (၇) ရဂျဗ်၊ (၈) ရှအ်ဗာန်၊ (၉) ရမဿွာန်၊ (၁ဝ) ရှောက်ဝါလ်၊ (၁၁) ဇီကအ်ဒဟ်၊ (၁၂) ဇိလ်ဟိဂ်ျဂျဟ် ... တို့ဖြစ်သည်။ ဤသည်တို့မှာ လအမည်များဖြစ်ပြီး ၎င်းတို့ကို ဂုဏ်ပုဒ်များဖြင့် တွဲစပ်၍ ပြောဆိုလေ့ရှိပေသည်။ အရဗီအသံထွက် အတိအကျနှင့် အရဗီစာလုံးပေါင်းပုံကိုပါ သိရှိနိုင်ရန် ပုံနှင့်တကွ ဖော်ပြပေးထားပါသည်။

(၁)။ မုဟရ်ရမွလ်ဟရာမ်
အစ္စလာမ့်တစ်နှစ်တာကာလ၏ ပထမဦးဆုံးလ ဖြစ်သည်။ တစ်နည်း နှစ်ဆန်းလ ဖြစ်၏။ မုဟရ်ရမ်၏ အဓိပ္ပါယ်မှာ ကျက်သရေမင်္ဂလာနှင့် ပြည့်စုံခြင်း၊ မြင့်မြတ်ခြင်းဟု ဖြစ်ပေသည်။ ဤလအမည်တွင်ပါဝင်သော ဟရာမ်ဟူသည့်စကားလုံးသည် အများသူငှာသိသော တားမြစ်သည့် ဟရာမ်၏ အဓိပ္ပါယ်မဟုတ်ပေ။ ဤဟရာမ်သည် ဂုဏ်ပေးလေးစားခြင်းဟူသည့် အဓိပ္ပါယ်ရပေသည်။ နှစ်ခုပေါင်း၍ မြင်သာအောင် ပြန်ဆိုရသော် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံ၍ ဂုဏ်ပေးလေးစားရမည့်လဟု ဖြစ်ပေသည်။ ဟရာမ်ပါသည်နှင့် ပျော်ရွှင်ခြင်း၊ ထိမ်းမြားမင်္ဂလာပြုခြင်းစသည်တို့ကို ဤလတွင် မလုပ်ပိုင်ဟု မှတ်ယူကြသည်။ ဤသည်မှာ အစ္စလာမ်တွင်မရှိသည့် မှတ်ယူခြင်းပင်ဖြစ်သည်။ ဤလတွင် တခြားသောလများကဲ့သို့ ပျော်ရွှင်ခြင်း၊ ထိမ်းမြားခြင်းများ ပြုပိုင်ပေသည်။ သို့သာမက အစ္စလာမ့်၏ လများတွင် ထိမ်းမြားခြင်းမပြုပိုင်သည့်လဟူ၍ မရှိပေ။ ထို့အတူ မကောင်းခြင်းများ ဆောင်ယူသည့်လ၊ နမိတ်မကောင်းသည့်လဟူ၍လည်း လုံးဝမရှိပေ။ ထို့အတူ ဝမ်းနည်းကြေကွဲနေရမည့်လဟူ၍လည်း လုံးဝမရှိပါ။ ဤသည်ကို မုစ်လင်မ်တို့ ကောင်းစွာမှတ်သားထားရပါမည်။ မုဟရ်ရမ်လသည် အရှ်ဟိုရေဟိုရွမ် မြင့်မြတ်သည့်လ လေးလအနက်မှ တစ်နှစ်တာအရတွက်လျှင် ပထမဦးဆုံးကျရောက်သောလဖြစ်သလို အရှ်ဟိုရေဟိုရွမ်အရ ရေတွက်လျှင် စတုတ္ထမြောက်ကျရောက်သောလဟူ၍လည်း မှတ်ယူနိုင်ပေသည်။

(၂)။ ဆွဖရွလ်မုဇွဖ်ဖရ်
ဆွဖရ်သည် အစ္စလာမ့်နှစ်၏ ဒုတိယမြောက်လဖြစ်ပေသည်။ ၎င်း၏ဆိုလိုရင်းကို ဖော်ပြရသော် .... ဆွဖရ်သည် သုညကို ခေါ်ဆိုသည်။ ဘာမျှမရှိခြင်းဟူသည့် သဘောဖြစ်သည်။ ဤသို့ မုဟရ်ရမ်ပြီးနောက် ရောက်ရှိသောလကို သုညသဘောသက်ရောက်သည့် ဆွဖရ်ဟု မှည့်ခေါ်ရခြင်းမှာ ၎င်းလတွင် အရဗ်တို့သည် လေးလတိုင်တိုင်ရပ်နားထားသော စစ်တိုက်သည့်အမှုကိုပြုရန် အိမ်များမှ ထွက်ခွာကြပေသည်။ အိမ်များတွင် လူမရှိခြင်းကို အမှီပြု၍ ဆွဖရ်ဟု မှည့်ခေါ်ခြင်းဖြစ်ပေသည်။ ဆွဖရ်နှင့်အတူ မုဇွဖ်ဖရ်ဟူသည့် ဂုဏ်ပုဒ်ကို တွဲစပ်ခေါ်ကြသည်။ မုဇွဖ်ဖရ်၏ အဓိပ္ပါယ်မှာ အောင်မြင်ခြင်း၊ ရည်ရွယ်ချက်ပြည့်ဝခြင်းဟု ဖြစ်ပေသည်။ အစ္စလာမ်မထွန်းကားမီကာလက ဆွဖရ်လကို နမိတ်မကောင်းသည့်လဟု မှတ်ယူထားကြသည်။ ယနေ့အထိလည်း ဤအစွဲများရှိနေကြ၏။ ဆွဖရ်လတွင် မကောင်းခြင်းပေါင်းစုံကို ကောင်းကင်မှ ချသည်ဟု မှတ်ထားကြသည်။ မကောင်းခြင်းများကျသောကြောင့် ထိုလ၌ အိမ်ထောင်ပြုလျှင် ကွဲတတ်သည်။ ပျော်ရွှင်ဖွယ်ရာများ မပြုရ၊ မင်္ဂလာဆောင်လျှင် အခန်းမအပ်ရဟု အဓိပ္ပါယ်မဲ့အစွဲများ ထားကြပေသည်။ ထိုအစွဲများနှင့် မကောင်းသည့် ယူဆချက်အားလုံးသည် အစ္စလာမ်တွင်မရှိသလို မုစ်လင်မ်အဖို့ ထိုသို့ ပေါက်ကရအတွေးအခေါ်များ၊ နမိတ်မကောင်းသည့် မှတ်ယူမှုများ လုံးဝမပြုလုပ်ရပေ။ အမိုက်ခေတ်က ထိုသို့မကောင်းခြင်းများကျသည်ဟူသည့် အစွဲကို ပြောင်းရန်အတွက် အောင်မြင်ခြင်း၊ ပြည့်ဝခြင်းဟု လှပကောင်းမွန်သော အဓိပ္ပါယ်ရသည့် မုဇွဖ်ဖရ် စာလုံးဖြင့် တွဲစပ်ပြောင်းလဲကာ ခေါ်ဝေါ်ခြင်း ဖြစ်ပေသည်။

(၃)။ ရဗီအွလ်အောက်ဝလ်
အစ္စလာမ့်နှစ်၏ တတိယမြောက်လ ဖြစ်သည်။ ရဗီအ်၏ အဓိပ္ပါယ်မှာ စိမ်းလန်းခြင်း၊ စိုပြေခြင်း၊ လန်းဆန်းနေခြင်းဖြစ်၏။ အောက်ဝလ်သည် ပထမအကြိမ်မြောက်ကို ဆိုလိုသည်။ စိမ်းစိုလန်းဆန်းနေသည့် ပထမလဟု ဖြစ်ပေသည်။ ဆောင်းဦးစ၏ ပထမအစပြုရာကာလတွင် ကျရောက်သောကြောင့် ရဗီအွလ်အောက်ဝလ်အမည်ဖြင့် ကျော်ကြားရခြင်းဖြစ်သည်။

(၄)။ ရဗီအွတ်စာနီ
အစ္စလာမ့်နှစ်၏ စတုတ္ထမြောက်လဖြစ်သည်။ ရဗီအွလ်အာခရ်ဟု အသုံးများကြသည်။ ဒုတိယကို အာခိရ်ဟုသုံးသော်လည်း ဤလတွင် အာခရ် ဇဗရ်ဖြင့်သုံးခြင်းမှာ ၎င်း၏ထူးခြားချက်တစ်ခု ဖြစ်ပေသည်။ စာနီနှင့် အာခိရ် နှစ်ခုလုံး၏ အဓိပ္ပါယ်မှာ ဒုတိယဟူ၍ဖြစ်သည်။ စိမ်းလန်းစိုပြေသော ဒုတိယလဟူ၍ ဖြစ်ပါသည်။ ဤသည်မှာ အရဗ်တို့သတ်မှတ်မှု၏ အဓိပ္ပါယ်ဖြစ်သည်။ အစ္စလာမ့်သမိုင်းအရ ပထမရဗီအ်ပြီးနောက် ဒုတိယကျရောက်သောလကိုလည်း ရဗီအ်ဟု ထားရခြင်းမှာ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ထံသို့ ပထမဦးဆုံးအကြိမ် ဝဟီကျခြင်းသည် ရဗီအွလ်အောက်ဝလ်လတွင် ဖြစ်ခဲ့သည်။ စူရာအိက်ရာအ်၏ အစပထမအာယသ်တို့ ကျရောက်ခဲ့သည်။ ထိုစဉ်က ဝဟီ၏ အရှိန်အဝါ၊ ဝဟီ၏လေးလံမှုကို စတင်တွေ့ကြုံခံစားရခြင်းတို့ကြောင့် တမန်တော်မြတ်၏ စိတ်တွင်းဝယ် အနည်းငယ်ထိတ်လန့်မှုဖြစ်ပေါ်ခဲ့ပေသည်။ ပထမဦးဆုံးအကြိမ် ဝဟီကျရောက်ပြီးနောက် အချိန်အနည်းငယ်အထိ ဝဟီကျရောက်ခြင်းမရှိတော့ပေ။ တမန်တော်မြတ်၏ စိတ်ခံစားချက် တည်ငြိမ်သည်အထိ အလ္လာဟ်အရှင်မြတ်က ဝဟီချပေးခြင်းကို ရပ်တန့်ထားပေသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်အနေဖြင့် နဗူဝသ်၏ တာဝန်များ၊ အရေးကြီးမှုများကို ထမ်းဆောင်ရန်နှင့် ဝဟီအတွက် စိတ်တည်ငြိမ်မှုဖြစ်သွားသည့်အခါ ဒုတိယအကြိမ် ဝဟီကျရောက်ခဲ့သည်။ စူရာကလမ်၏ အစပထမအာယသ်တို့ကျရောက်ခဲ့သည်။ သဗ်လီးဂ်ပြုရန် အမိန့်ကျခဲ့သည်။ ထိုသို့ ဝဟီကျရောက်ခြင်းသည် ဒုတိယအကြိမ်ပြန်လည် ဖူးပွင့်ရောက်ရှိလာခြင်းကို အကြောင်းပြု၍ ရဗီအွလ်အာခရ် ဒုတိယအကြိမ် ဝဟီ၏ စိမ်းလန်းဖူးပွင့်သည့်လဟု သတ်မှတ်လိုက်ခြင်း ဖြစ်ပေသည်။

(၅)။ ဂျုမာဒလ်အူလာ
အစ္စလာမ့်နှစ်၏ ပဉ္စမမြောက် (ငါးလမြောက်) လဖြစ်ပေသည်။ ဂျုမာဒ်၏ အဘိဓာန်အဓိပ္ပါယ်မှာ ရပ်ခြင်း၊ ခဲခြင်းဟု ဖြစ်ပေသည်။ သမိုင်းပညာရှင်တို့က ဤလတွင် ရေခဲလောက်အောင် အအေးဓာတ်ပြင်းထန်မှုဖြစ်ပေါ်ခြင်းကြောင့် အရဗ်တို့က ပထမအေးခဲသည့်လဟု အဓိပ္ပါယ်ရသည့် ဂျုမာဒလ်အူလာအမည်ကို မှည့်ခေါ်ခြင်းဖြစ်မည်ဟု ကောက်ချက်ပေးထားကြသည်။ အစ္စလာမ်သမိုင်းအရ ဂျုမာဒလ်အူလာ၏ အလိုသဘောမှာ ထိုလမှစတင်၍ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်အပေါ် ဝဟီကျရောက်ခြင်း ကာလအနည်းငယ်အထိ ဆိုင်းငံ့ ရပ်တန့်သွားသည်။ ထိုသို့ ဝဟီဆိုင်းငံ့သွားခြင်းကို အကြောင်းခံ၍ ပထမဆိုင်းငံ့ရပ်တန့်သည့်လ ဂျုမာဒလ်အူလာဟု မှည့်ခေါ်ခြင်းဖြစ်ပေသည်။

(၆)။ ဂျုမာဒလ်အွခ်ခရာ
အစ္စလာမ့်နှစ်၏ ဆဌမမြောက် (ခြောက်လမြောက်) လဖြစ်ပေသည်။ အေးခဲသည့် ဒုတိယလဟု အဓိပ္ပါယ်ရသည်။ အစ္စလာမ်သမိုင်းအရ ဝဟီ၏ရပ်တန့်မှုသည် ဆက်လက်ရှိနေသဖြင့် ဒုတိယဆိုင်းငံ့ရပ်တန့်သည့်လဟူ၍ အဓိပ္ပါယ်ကောက်ယူပေသည်။

(၇)။ ရဂျဗွလ်မုရပ်ဂျဗ်
အစ္စလာမ့်နှစ်၏ သတ္တမမြောက် (ခုနှစ်လမြောက်) လဖြစ်ပေသည်။ အဓိပ္ပါယ်မှာ မြင့်မြတ်ထူးကဲသည့်လဟူ၍ ဖြစ်သည်။ ရဂျဗ်လသည် အရှ်ဟိုရေဟိုရွမ် မြင့်မြတ်သည့်လ လေးလအနက်မှ ပထမဦးဆုံးကျရောက်သည့်လဖြစ်ပေသည်။ ထို့ကြောင့် စစ်တိုက်ခြင်းကို ဤရဂျဗ်လတွင် ရပ်တန့်ထားပေသည်။ ရဂျဗ်သည် အလ္လာဟ်အရှင်မြတ်၏လလည်း ဖြစ်သည်။ တောင်းဆုများကို အထူးလက်ခံသည့် လတစ်လဖြစ်သည်။

(၈)။ ရှအ်ဗာနုလ်မုအဇ်ဇွမ်
အစ္စလာမ့်နှစ်၏ အဌမမြောက် (ရှစ်လမြောက်) လဖြစ်ပေသည်။ ရှအ်ဗာန်ဟူသည် စုပေါင်းခြင်း၊ ပေါင်းစည်းခြင်းနှင့် သီးခြားစီပြုခြင်းဟူသည့် ဆန့်ကျင်ဘက်အဓိပ္ပါယ်နှစ်မျိုးလုံး ရရှိသည်။ အရဗ်တို့က မျိုးနွယ်စုများ ကွဲသွားခြင်းနှင့် တစ်ခုနှင့်တစ်ခု ပေါင်းစည်းကြခြင်းကို အကြောင်းခံ၍ ဤလကို ရှအ်ဗာန်အမည်ဖြင့် မှည့်ခေါ်ခြင်းဖြစ်သည်။ အစ္စလာမ့်ရှရီအသ်အရ ဤလကို ရှအ်ဗာန်ဟု မှည့်ခေါ်ရခြင်းမှာ ဤလ၌ပင် လာမည့် တစ်နှစ်ပတ်လုံးအတွက် အဖန်ဆင်းခံများ၏ မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် ရိုဇီ စသည်များကို ခွဲတမ်းချ၍ ဖရိရှ်သဟ်ထံ တာဝန်ကိုယ်စီအပ်နှင်းပေးသောကြောင့် ဖြစ်ပေသည်။ နောက်ထပ်အကြောင်းခံတစ်ခုမှာ ရိုဇာထားသူ၏ ကောင်းမှုကုသိုလ်ကို သစ်ပင်မှ သစ်ကိုင်းများတိုးလာသကဲ့သို့ တိုးပေးခြင်းကြောင့် ရှအ်ဗာန်ဟု မှည့်ခေါ်ခြင်းဖြစ်ပေသည်။ ရဂျဗ်သည် အလ္လာဟ်အရှင်မြတ်၏ လဖြစ်သည်။ ဤရှအ်ဗာန်လသည် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ လဖြစ်ပေသည်။ ရှအ်ဗာန်တွင် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် နဖိလ်ရိုဇာ များစွာထားတော်မူသည်။ ထူးခြားမြင့်မြတ်လှသည့် ညကြီးတစ်ညဖြစ်သော ဗရားအ်(သ)သည်လည်း ဤလ၏ ၁၅ရက်ညတွင် ကျရောက်ပေသည်။

(၉)။ ရမဿွာနုလ်မုဗာရပ်က်
အစ္စလာမ့်နှစ်၏ နဝမမြောက် (ကိုးလမြောက်) လဖြစ်ပေသည်။ အဓိပ္ပါယ်မှာ လောင်ကျွမ်းခြင်း၊ ရှို့ခြင်းဟု ဖြစ်သည်။ ရမဿွာန်ဟူသည် အလွန်ပူပြင်းမှုဟု အဓိပ္ပါယ်ရသည့် စာလုံးမှဆင်းသက်လာသည်။ ပူပြင်းလှသဖြင့် ကုလားအုတ်သတ္တဝါသည်ပင်လျှင် ရေဆာလွန်း၍ လောင်ကျွမ်းသွားသည်ဟူသည့် ဆိုရိုးစကားပင်ရှိသည်ဟု ပညာရှင်တို့က ရေးသားဖော်ပြထားသည်။ ရမဿွာန်ဟု မှည့်ခေါ်ရသည့် တခြားအကြောင်းခံများကို တင်ပြရသော် ဤလတွင် ဗိုက်၏ ဆာလောင်ခြင်းနှင့် ရေဆာခြင်းတို့ကို ရိုဇာဖြင့် လောင်ကျွမ်းစေသောကြောင့် ရမဿွာန်ဟု မှည့်ခေါ်ရခြင်းဖြစ်သည်။ လောကီ၏အလိုရမ္မက်တို့ကို စွန့်လွှတ်ကာ အာခိရသ်အတွက် ကျိုးပမ်းအားထုတ်ခြင်းဖြင့် ပြစ်မှုဒုစရိုက်တို့ကို လောင်ကျွမ်းစေလိုက်ခြင်းကြောင့် ရမဿွာန်ဟု မှည့်ခေါ်ရခြင်းဖြစ်သည်။ ထို့အပြင် အစ္စလာမ်မပေါ်ထွန်းမှီကာလက အရဗ်တို့သည် မိမိတို့ဓလေ့အတိုင်း လအမည်များကို ရှေ့တိုးနောက်ဆုတ်လုပ်၍ သတ်မှတ်လေ့ရှိကြသည်။ ထိုသို့ပြုရင်း ဤလသည် ပူပြင်းသည့်အချိန်တွင်ကျရောက်သောကြောင့် ရမဿွာန်ဟု မှည့်ခေါ်လိုက်ရခြင်း ဖြစ်ပေမည်။ အစ္စလာမ်၏ သတ်မှတ်မှုတွင်လည်း ရမဿွာန်ဟူသည် ပြစ်မှုဒုစရိုက်များကို လောင်ကျွမ်းစေခြင်း၊ အပြစ်ကျူးလွန်ချင်စိတ်တို့ကို ရှို့လိုက်ခြင်းဟူသည့် အဓိပ္ပါယ်ပင်ဖြစ်သည်။ ရမဿွာန်သည် အွမ္မသေမုဟမ္မဒီယာ၏ လမြတ်ဖြစ်ပေသည်။ ပြစ်ဒဏ်များမှ အထူးပင် လွတ်ငြိမ်းမှုပေးသည့်လ၊ ကုသိုလ်များကို ဆထက်တပိုး ပိုမိုတိုးပေးသောလမြတ် ဖြစ်ပေသည်။ သို့သာမက လပေါင်းတစ်ထောင်ထက် သာမြတ်လှသော ကဒရ်ဟူသည့် ညမြတ်မင်္ဂလာသည်လည်း ဤလ၏ညတစ်ညတွင် အပါအဝင်ဖြစ်သဖြင့် ထူးခြားမြင့်မြတ်မှုကား စာဖွဲ့မကုန်နိုင်အောင်ပင် ဖြစ်ပေသည်။ လူ့လောက၏ သဘောတရားများအရ ကြည့်လျှင်လည်း ဤရမဿွာန်ဟူသည့်လတွင် တစ်လလုံး နေ့အချိန်ကို စားခြင်းသောက်ခြင်းမေထုံမှီဝဲခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊ ဆင်းရဲသားများအပေါ်ကိုယ်ချင်းစာတရားထားရှိလာနိုင်ခြင်း၊ အစာအိမ်ကို အလွတ်ထားသောကြောင့် ကျန်းမာရေးတွင်လည်း အလွန့်အလွန်ကို အထောက်အကူဖြစ်စေခြင်း စသည့်ကောင်းခြင်းများ ရှိပေသည်။

(၁ဝ)။ ရှောက်ဝါလုလ်မုကရ်ရမ်
အစ္စလာမ့်နှစ်၏ ဒဿမမြောက် (ဆယ်လမြောက်) လဖြစ်ပေသည်။ ရှောက်ဝါလ်၏ အဘိဓာန်အဓိပ္ပါယ်မှာ မြင့်မားခြင်း၊ သီးခြားစီဖြစ်ခြင်း၊ ခြောက်သွေ့သွားခြင်းဟု ဖြစ်သည်။ ဤလကို ရှောက်ဝါလ်ဟု အမည်မှည့်ရခြင်းမှာ အရဗ်တို့သည် အပန်းဖြေလေညှင်းခံထွက်ရန်၊ အမဲလိုက်တောကစားထွက်ရန်အတွက် မိမိတို့အိမ်များမှထွက်ခွာသွားသောကြောင့် ရှောက်ဝါလ်ဟုခေါ်ဆိုခြင်း ဖြစ်ပေသည်။ ကုလားအုတ်မများ၏ နို့အုံမှ နို့များခြောက်သွေ့ခြင်းသည်လည်း ဤလတွင်ဖြစ်သလို၊ အရဗ်တို့ကိုယ်တိုင်ကလည်း အမဲလိုက်ထွက်ရန် တောများသို့ထွက်ခွာခြင်းကြောင့် နေအိမ်နှင့် တသီးတခြားစီဖြစ်သွားခြင်း၊ ထိုအကြောင်းခံနှစ်ခုကြောင့် ရှောက်ဝါလ်ဟု အမည်မှည့်ခြင်းဖြစ်သည်။ အစ္စလာမ်တွင် ရှောက်ဝါလ်၏ အလိုသဘောမှာ ဤလ၌ မုအ်မင်န်တို့၏ ပြစ်မှုဒုစရိုက်တို့ကို မယူလိုက်သည်။ ခွင့်လွှတ်မှုပြုပေးသည်ဟူသည့် အလိုသဘောဖြစ်ပေသည်။ ဤသို့ အပြစ်များမှခွင့်လွှတ်မှုရရှိခြင်းသည် ရမဿွာန်လမြတ်၏ ရိုဇာများကြောင့်သော်လည်းကောင်း၊ စွဒကာအေဖိသိရ်နှင့် အီဒွလ်ဖိသိရ်၏နမားဇ်တို့ကြောင့် ဖြစ်ပေသည်။ ရှောက်ဝါလ်ကို အီးဒ်လဟူ၍လည်း ခေါ်ဆိုသည်များရှိပေသည်။ ရှောက်ဝါလ်၏ ပထမဦးဆုံးနေ့တွင်ပင် အီဒွလ်ဖိသိရ်ကျရောက်ပေသည်။ ရှောက်ဝါလ်သည်လည်း မင်္ဂလာရှိသောလမြတ်တစ်ခုပင် ဖြစ်ပေသည်။

(၁၁)။ ဇွလ်ကအ်ဒဟ်
အစ္စလာမ့်နှစ်၏ ဧကဒဿမမြောက် (ဆယ့်တစ်လမြောက်) လဖြစ်ပေသည်။ ဤလသည် အရှ်ဟိုရေဟိုရွမ် မြင့်မြတ်သည့်လ လေးလအနက်မှ ဒုတိယမြောက်လဖြစ်ပေသည်။ ဤအမည်ထားရခြင်း၏ အကြာင်းခံမှာ ဤလတွင် စစ်တိုက်ခြင်း၊ သတ်ဖြတ်ခြင်းတို့သည် ဟရာမ် မပြုပိုင်ခြင်းကြောင့် အရဗ်တို့သည် စစ်တိုက်ခြင်းရပ်နား၍ မိမိတို့အိမ်များ၌သာ နေထိုင်ခြင်းအမှုကို ပြုပေသည်။ ကအ်ဒဟ်၏ အဓိပ္ပါယ်မှာ ထိုင်ခြင်းဟူ၍ ဖြစ်သည်။ စစ်တိုက်ခြင်းရပ်နား၍ အိမ်များတွင်သာနေထိုင်သောကြောင့် ဇွလ်ကအ်ဒဟ်ဟု အမည်မှည့်ခေါ်ခြင်း ဖြစ်ပေသည်။

(၁၂)။ ဇွလ်ဟဂ်ျဂျဟ်
အစ္စလာမ့်နှစ်၏ ဒွါဒဿမမြောက် (ဆယ့်နှစ်လမြောက်) လဖြစ်ပေသည်။ အဘိဓာန်၏ အလိုသဘောကို ဆိုရသော် ဇွလ်ဟဂ်ျဂျဟ် - ဟုဖတ်လျှင် ဟဂ်ျလကိုဆိုလိုသည်။ ဟိဂ်ျဂျဟ် - ဟာကို ဇေရ်ဖြင့်ဖတ်လျှင် နှစ်ကုန်သည့်လကို ဆိုလိုသည်။ အစ္စလာမ်နှစ်၏ တစ်နှစ်တာကာလအဆုံးသတ်သည့် လဖြစ်ပေသည်။ တချို့ ဇိလ်ဟဂ်ျဂျဟ် (ဇာ-ယာ)ဖြင့် ဖတ်သည်။ ထိုသို့ဖတ်လျှင် ဟဂ်ျတစ်ကြိမ်ပြုခြင်း ဟူသည့် အဓိပ္ပါယ်ဖြစ်သည်။ တစ်နှစ်ပတ်လုံးတွင် ဤလတစ်တည်း၌သာ ဟဂ်ျပြုနိုင်ပြီး ပြုခဲ့လျှင်လည်း တစ်ကြိမ်သာပြုနိုင်ခြင်းကို ဆိုလိုပေသည်။ ဟဂ်ျ၏ အဓိပ္ပါယ်မှာ ရည်ရွယ်ခြင်း၊ ရည်စူးခြင်းဟု ဖြစ်ပေသည်။ ဟာဂျီတို့သည် ဤလတွင် ကအ်ဗာကိုဖူးမြော်ရန်ကိုသာ ရည်စူး၍ သွားကြပေသည်။ ဤသည်နှင့် ဆက်စပ်၍ ဇိလ်ဟဂ်ျလဟုလည်း ခေါ်ဆိုကြပေသည်။ ဤလသည် အရှ်ဟိုရေဟိုရွမ် မြင့်မြတ်သည့်လ လေးလအနက်မှ တတိယမြောက်လဖြစ်ပေသည်။ စစ်တိုက်ခြင်း သတ်ဖြတ်ခြင်းများကို ဟရာမ်အဖြစ် သတ်မှတ်ထားသောလ ဖြစ်ပေသည်။ ဇွလ်ဟဂ်ျတွင် အစ္စလာမ်၏ ပဉ္စမမြောက်မဏ္ဍိုင်ဖြစ်သော ဟဂ်ျပြုခြင်းဟူသည့် အင်မတန်မြင့်မြတ်လှသည့် ကျင့်စဉ်နှင့် အလ္လာဟ်အတွက် စွန့်လွှတ်ကာ အလ္လာဟ်အရှင်နှင့် နီးစပ်မှုရယူသည့် ကုရ်ဗာနီဟူသည့် ကျင့်ဆောက်တည်မှုတို့ ရှိသည့် လမြတ်တစ်လဖြစ်ပေသည်။ ထို့အတူ ထူးမြတ်မှုနှင့် အကျိုးထူးများရှိသော လတစ်လလည်း ဖြစ်ပေသည်။

ဤတွင် အစ္စလာမ့်ဆယ့်နှစ်လ၏ အဓိပ္ပါယ်နှင့် အလိုသဘောတို့ ဖော်ပြပြီးဖြစ်ပေသည်။ ယခု မှတ်သားရမည့်အရာတစ်ခုကို ပြောပြရသော် မုစ်လင်မ်တို့တွင် လအမည်များ နေ့အမည်များကို လူ၏အမည်နာမအဖြစ် မှည့်ခေါ်သည့် ဓလေ့တစ်ခုရှိပေသည်။ ပမာဆိုသော် ရှအ်ဗာန်ဘီ၊ ရမဇာန်ဘီ၊ ရမဇာန်ဘိုင်၊ ဂျွမ်မာဘီစသည်ဖြင့် ထားကြသည်။ ဤသို့အမည်မှည့်ခေါ်ခြင်းမှာ မှားပါသည်။ ယခုပင် ယင်းလများ၏ အဓိပ္ပါယ်ကို ဖော်ပြပြီးဖြစ်သဖြင့် မည်သို့အဓိပ္ပါယ်ကို ဖော်ဆောင်သည်ကို စဉ်းစားပါ။ ရမဇန်ဘီဟုထားလျှင် လောင်ကျွမ်းစေသူ ရှို့သူဟု အဓိပ္ပါယ်ထွက်နေမည်။ အစ္စလာမ့်၏သမိုင်းဝင်ခေါင်းဆောင်ပုဂ္ဂိုလ်ကြီးများ ဆွဟာဗီသခင်မကြီးများသည်လည်း ဤသို့ နေ့အမည် လအမည်များ ထားသည့်အလေ့အထမရှိခဲ့ပါ။ အစ္စလာမ့်ညွှန်ကြားမှုတွင်လည်း ယောကျာ်းလေးဆိုလျှင် နဗီများ၏ အမည်များ ဆွဟာဗာများ၏ အမည်များထားနိုင်သည်။ အမျိုးသမီးဆိုလျှင် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ သမီးများ၊ ဇနီးများ ဆွဟာဗီများ၏ အမည်များထားနိုင်သည်။ လအမည် နေ့အမည်များထားပါဟု မပါရှိပါ။ မြန်မာဘာသာဖြင့် ပမာပြရလျှင် မတခူး၊ မောင်ကဆုန်၊ မတနင်္လာ၊ မသောကြာဟု ထားသူများမရှိပါ။ သို့သော် မုစ်လင်တို့အတွင်း၌ မရှအ်ဗာန်၊ မရမဇာန်များ မဂျွမ်မာများ ပေါင်းစုံရှိနေကြသည်။ ထို့ကြောင့် မိမိ၏အမည် မိမိနှင့် ပတ်သက်ဆက်နွယ်သူများတွင် ထိုသို့အမည်များ ရှိနေပါက တခြားအမည်ဖြင့် ပြောင်းပါ။ အစ္စလာမ်တွင် အမည်ပြောင်းရန်အတွက် ပွဲကြီးပွဲငယ်ပြုလုပ်ရန်မလိုအပ်သလို နေ့နာမ်ဂြိုလ်ခွင်များတွက်ချက်ပြီးမှ ထားရမည်ဟုလည်း မရှိပါ။ နီးစပ်ရာ အာလင်မ်တစ်ပါးထံတွင် အဓိပ္ပါယ်ကောင်းသည့် အမည်တစ်ခုကို ရွေးချယ်ပြီး မိမိအမည်အဖြစ်ထားလိုက်လျှင် လုံလောက်ပါသည်။ အမည်ပြောင်းခြင်းကို တမန်တော်မြတ်ကြီးကိုယ်တော်တိုင် ပြုလုပ်ပေးခဲ့သည်။ အဓိပ္ပါယ်မကောင်းသော အမည်များကို ကောင်းသောအဓိပ္ပါယ်ရှိသည့် အမည်များဖြင့် ပြောင်းလဲသတ်မှတ်ပေးတော်မူခဲ့ပါသည်။ သတိပြုရမည်မှာ ယနေ့ခေတ်တွင် ဖက်ရှင်ရောဂါဝင်၍ အမည်များကိုပါ ဖက်ရှင်ကျကျလိုက်ရှာရင်း တိရိစ္ဆာန်အမည်များ၊ ရုပ်ရှင်မင်းသား၊ မင်းသမီးအမည်များကို မှည့်ခေါ်နေကြသည်။ ဤသည်မှာလည်း မှားယွင်းမှုတစ်ခုဖြစ်ပါသည်။ အမည်ထားပါက နဗီများ၊ ဆွဟာဗာ၊ ဆွဟာဗီများ၏ အမည်များကို ထားကြရန် အထူးတိုက်တွန်းအပ်ပါသည်။

အလ်မုဖီးဒ်
ဟိဂျရီ ၁၄၃၇/ ဆွဖရ်/ ၅/ ယောင်မုလ်အရ်ဗာအ်
၁၈/ ၁၁/ ၂ဝ၁၅/ ဗုဒ္ဓဟူး

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Sunday, November 29, 2015

သူတော်စင်တစ်ပါးနှင့် ပတ္တမြား


တစ်နေ့တွင် သူဌေးကြီးတစ်ယောက်သည် သူတော်စင်တစ်ပါးထံသို့ လွန်စွာတန်ဖိုးကြီးသော ပတ္တမြားတစ်လုံးကို လက်ဆောင်အဖြစ် ပို့ပေးလိုက်သည်။ တပည့်ဖြစ်သူက သူတော်စင်အား ထိုအကြောင်းပြောပြရာ သူတော်စင်က အလ်ဟမ်ဒုလိလ်လာဟ် ဟုဆိုလေ၏။ ၎င်းနောက် ပတ္တမြားကို သိမ်းဆည်းထားရန်အတွက် အမိန့်ရှိလိုက်သည်။
သို့ပါ၍ တပည့်ကလည်း သူတော်စင်၏အမိန့်အတိုင်းပင် ထိုပတ္တမြားကို ကောင်းမွန်စွာ သိမ်းဆည်းထားခဲ့၏။
တစ်နေ့တွင် မမျှော်လင့်ဘဲ သူခိုးတစ်ယောက်က ၎င်းပတ္တမြားကို ခိုးယူသွားရာ တပည့်က သူတော်စင်အား ပတ္တမြားပျောက်ဆုံးသွားကြောင်း ပြောပြ၏။ ထိုအခါတွင်လည်း သူတော်စင်က အလ်ဟမ်ဒုလိလဟ်ဟု ဆိုလေ၏။
တပည့်ဖြစ်သူက သူတော်စင်ကြီးအား ပတ္တမြားနှင့်ပတ်သက်သည့် အခြေအနေနှစ်မျိုးစလုံးအပေါ် အဘယ့်ကြောင့် အလ်ဟမ်ဒုလိလ်လဟ် ဆိုခဲ့ပါသနည်းဟု မေးမြန်းလေ၏။ ထိုအခါ သူတော်စင်ကြီးက ...
ကျွန်ုပ်သည် ပတ္တမြားလက်ဆောင်ရခြင်းနှင့် ၎င်းပတ္တမြားပျောက်ဆုံးသွားခြင်းအပေါ် အခြေခံ၍ အလ်ဟမ်ဒုလိလ်လဟ် ဆိုခဲ့သည်မဟုတ်ပါ။ အလ်ဟမ်ဒုလိလ်လဟ်ဆိုရခြင်း၏ အဓိကအကြောင်းအရင်းမှာ ကျွန်ုပ်သည် ပတ္တမြားကိုလက်ဆောင်ရသောအခါ မိမိ၏ စိတ်နှလုံးသားက ဝမ်းသာလာသည်ကို မတွေ့ရပါ။ ထို့အတူပင် ၎င်းပတ္တမြားအခိုးခံရသောအခါတွင်လည်း မိမိစိတ်နှလုံးသား၏ ဝမ်းနည်းမှုကို မတွေ့ရပါ။ ထို့ကြောင့် အလ်ဟမ်ဒုလိလ်လဟ် ရွတ်ဆိုခဲ့ရခြင်း ဖြစ်ပါသည်။ ... ဟု မိန့်ကြားခဲ့လေသတည်း။

မှတ်သားဖွယ်
စစ်မှန်သော အလ္လာဟ်အချစ်တော်များ၏ အခြေအနေမှာ ဤအတိုင်းပင်ဖြစ်ပါသည်။ နောင်တမလွန်၏ သောကရှင် အလ္လာဟ်အချစ်တော်များသည် လောက၏ပစ္စည်းများအပေါ် စိတ်မက်မောမှု မထားရှိကြပေ။
လောက၏ စည်းစိမ်ရရှိခြင်းနှင့် ဆုံးရှုံးသွားခြင်းကြောင့် ၎င်းတို့၏ နှလုံးသားများတွင် တုန်လှုပ်ခြင်း လုံးဝမရှိပေ။ တည်ငြိမ်စွာပင်ရှိနေသည်။ ထိုသို့ရှိနေခြင်းကပင် နှစ်ဌာနအောင်မြင်မှု၏ အကြောင်းခံဖြစ်ပေသည်။

{မော်လာနာအဗ်ဗါးစ်ကာစေမီ ရေးသားပြုစုသော ချစ်ဆွေများအတွက် အသိပညာပေး ပုံပြင်လက်ဆောင်စာအုပ်မှ ကူးယူတင်ဆက်ပါသည်။}

အလ်မုဖီးဒ်
ဟိဂျရီ ၁၄၃၇/ စွဖရ်/ ၁၇/ ယောင်မုလ်အိစ်နိုင်န်
30-11-2015 တနင်္လာနေ့

Friday, November 20, 2015

မြတ်​န​ဗီပြသခဲ့သည့်​ မိုအာရှရသ်

ကမ္ဘာပေါ်တွင် အသက်ရှင်ပြီးသည့်နောက် နေထိုင်ရာတွင် လူတို့နှင့် နေ့စဉ်နှင့်အမျှ ကူးလူးဆက်ဆံနေရပေသည်။ ကမ္ဘာကြီးသည် လူသားများ တစ်ဦးနှင့် တစ်ဦးတွေ့ဆုံခြင်းဖြင့် သာယာနေသည်။ အစ္စလာမ်သည် အပြည့်ဝဆုံးနှင့် အကောင်းဆုံးသော ပေါင်းသင်းဆက်ဆံရေးကို ညွှန်ကြားထားသည့် ဘာသာတရား ဖြစ်သည်။ အစ္စလာမ်သာသနာတွင် ယင်းသို့ လူသားအချင်းချင်း ပေါင်းသင်းဆက်ဆံရမည့် နည်းစနစ်ကို နောက်ဆုံးနဗီချုပ်ကြီး မုဟမ္မဒ် ဆွလ္လလ္လားဟု အလိုင်းဟိဝစလ္လမ်က မိမိ၏ ဘဝသက်တမ်းတစ်လျှောက်တွင် ပြည့်ဝစွာ ကျင့်သုံးပြခဲ့ပေသည်။ ထို့ကြောင့် မြတ်တမန်တော်၏ စရိုက်သွင်ပြင်လက္ခဏာတော်များအနက်မှ မုအာရှရသ်ဟုခေါ်တွင်သည့် လူမှုဆက်ဆံရေး၏ ပုံစံကို လေ့လာဖတ်ရှုပြီး ကျွန်ုပ်တို့ပြုပြင်သင့်သည်များကို တမန်တော့်​ဖဝါး ခြေရာထပ်ကာ ပြုပြင်ပြောင်းလဲကြပါစို့ ....။
{ အလ်မုဖီးဒ် }

တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ် ၏ ပေါင်းသင်းဆက်ဆံရေး

တမန်တော်မြတ်၏ မေတ္တာတရားကို မဖေါ်ပြမီ၊ ဥပမာအားဖြင့် တင်ပြရလျှင် တမန်တော်မြတ်နှင့် ပြောဆိုဆက်ဆံဖူးသူတိုင်းသည် တမန်တော်မြတ်၏ စေတနာသုံးတန်တရားများကို ငါရရှိသည်ထက် မည်သူကမှပိုမို၍ မရရှိပါဟု လူတိုင်း ကိုယ်စီကိုယ်စီ ခံစားကြရသည်။ တမန်တော်မြတ်သည် နှလုံးတော် အထူးနူးညံ့ပျော့ပြောင်း၍ စိတ်နှလုံးရွှင်ပြတော်မူသည်။ တွေ့ဆုံသူတိုင်းနှင့် အမြဲပြုံးရွှင်စွာ ဆက်ဆံတော်မူသည်။ ယင်းအကြောင်းအရာကို မည်သည့်အရာနှင့်မျှ ခိုင်းနှိုင်း၍ပင် မပြနိုင်ပေ။ တမန်တော်မြတ်သည် မိမိအပေါင်းအဖော်များအား အမြဲဂုဏ်ပေးလေ့ရှိသည်။ အနစ်နာလည်း ခံလေ့ရှိသည်။ သာသနာ့ပညတ်တော်အပြင် မည်သူ၏ စိတ်ကိုမျှ ထိခိုက်ညစ်ညူးအောင် မပြုလုပ်ခဲ့။ ဧည့်သည်ပြန်ခွင့်မတိုင်သည့်တိုင် မတ်တပ်ရပ်ခြင်း မပြုပေ။ သို့သော် အကြောင်းတစ်စုံတစ်ရာရှိခဲ့လျှင် ခွင့်ပန်လေ့ရှိသည်။ ထိုင်ဝိုင်း၌ မည်သည့်အခါမှ ခြေတော်ဆင်း၍ မထိုင်၊ ဝင်လာသူများအတွက် နေရာချဲပေးလေ့ရှိသည်။ အနေအထိုင်၌ သီးခြားဂုဏ်ဒြပ်ကို မရယူခဲ့။ အပေါင်းအဖေါ်များထက် အခွင့်၊ အသာယူခြင်းမရှိဘဲ ရောရောနှောနှော နေထိုင်တော်မူလေ့ရှိသည်။ ထည်ဝါထင်ပေါ်အောင် ဦးထိပ်နေရာကို မရယူခဲ့။ ရသည့်နေရာ၌ ထိုင်ချတော်မူလေ့ရှိသည်။ ဖြစ်ရန်တန်ရန် အချိန်အခါမျိုးတွင် (ထိုက်တန်သည့် နေရာဌာနအတွက်) ကောင်းမျိုးကောင်းထည် အဝတ်အစားများကိုလည်း ဝတ်ဆင်တော်မူလေ့ရှိသည်။ ဆက်သခြင်းများကိုလည်း ပြုတော်မူလေ့ရှိသည်။ တမန်တော်မြတ်အား ရုတ်ချည်းတွေ့မြင်သူအပေါ် ခန့်ညားမှု၏ အရှိန်အဝါသည် မုချလွှမ်းမိုးသွားလေ့ရှိသည်။ သို့သော်လည်း စကားပြောဆိုလေလေ၊ ရင်းနှီးလေလေ၊ အချစ်ပိုလေဖြစ်ပြီး စွဲမက်သွားလေသည်။

တမန်တော်မြတ်သည် တစ်ခါတစ်ရံ ဟာသဉာဏ်ကိုလည်း ရွှင်တော်မူလေ့ရှိသည်။ ကြံဖန်ထွင်ထားသော လင်္ကာချောရန် မုသားနှောသော စကားလည်း မဟုတ်ချေ။ အကြည်တော် ဆွဟာဗဟ်ကြီးများသည် အပေါင်းအဖေါ်များနှင့် အမိုက်ခေတ်၏ အဖြစ်အပျက်ကို ပြောဆိုသော် တမန်တော်သည် ငြိမ်သက်စွာ နားထောင်တော်မူလေသည်။ ၎င်းတို့၏ ရယ်ရွှင်ဖွယ်စကားများအပေါ် တမန်တော်မြတ်လည်း ပြုံးတော်မူလေသည်။ ထို့နောက် တမန်တော် မိန့်ကြားတော်မူလျှင် အားလုံးမှ တိတ်ဆိတ်လျှက် နားထောင်ကြလေသည်။ တမန်တော်မြတ်သည် တစ်ဦးတစ်ယောက်နှင့် တွေ့ဆုံသောအခါ ဦးစွာစလာမ်ပြုလေသည်။ မိမိအဖော်များ၏ ကျန်းမာရေးကို မေးမြန်းတော်မူလေသည်။ အကယ်၍ တစ်ဦးတစ်ယောက်နာမကျန်းဖြစ်နေသော် ကျန်းမာရေးမေးမြန်းရန် ၎င်းအိမ်ကို ကိုယ်တိုင်ကြွသွားတော်မူလေ့ရှိပေသည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် ခရီး၌ရှိသော် ၎င်းအတွက် ဆုမွန်ကောင်းတောင်းခံတော်မူသည်။ အကယ်၍ တစ်ဦးတစ်ယောက်၌ စိတ်သောက ရှိနေသော် အားပေးစကားပြောပေးလေ့ရှိ၏။ တစ်ဦးတစ်ယောက်၏ မေ့မှားမှုအပေါ်၌ ဝန်ချတောင်းပန်ခဲ့လျှင် လက်ခံတော်မူလေ့ရှိသည်။တမန်တော်မြတ်၏ တရားဓမ္မစင်၌ ဆင်းရဲ၊ ချမ်းသာ လူဟူသမျှတို့သည် တပြေးညီသာ ဖြစ်ပေ၏။
(( မော်လာနာအဗူဗက္ကရ်ဆွာဟိဗ်(ရမသွလ္လာဟ်အလိုင်းဟ်) ပြန်ဆိုရေးသားသည့် အစ္စလာမ့်သမိုင်းကျမ်းမှ ပြန်လည်တင်ပြသည်။ ))

အလ်မုဖီးဒ်

ဆုံးမစကားနှစ်​ခု

မုစ်လင်မ်အချင်းချင်း ဆက်ဆံရာ၌ ကျိုးနွံခြင်း၊ မိမိကိုယ်မိမိ နှိမ့်ချခြင်းမရှိလျှင် စာနာခြင်းနှင့် သွေးစည်းညီညွတ်ခြင်းလည်း ရှိတော့မည် မဟုတ်။
{ဟဇရသ်ထာနဝီ}
မုစ်လင်မ်များအတွင်း၌ "ငါသာမှန်သည်" "ငါသာတတ်သည်" ဟူသောသူမျိုးနှင့် တွေ့ကြုံလာတတ်သော သဘောထားကွဲလွဲမှုများအား မျက်နှာချင်းဆိုင် ဖြေရှင်းခြင်းအားဖြင့် ညီညွတ်မှု မရနိုင်၊ ညီညွတ်မှုရနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ဆွဗရ် သည်းခံလိုက်ခြင်းသာ ဖြစ်၏။
{မော်လာနာဝဟီဒုဒ်ဒီးန်}
သူတော်စင်များ၏ မှတ်သားဖွယ်ကောင်းသော ဆုံးမစကားပေါင်းတစ်ရာ' စာအုပ်မှ ကောက်နှုတ်တင်ဆက်သည်။
~ အလ်မုဖီးဒ် ~

ဂျွမ္မအာလက်​​ဆောင်​ (၇)

ဆုံးမစကားနှစ်​ခု

အလ္လာဟ်ပေးသမျှ ရိုဇီရိက္ခာအပေါ် ရောင့်ရဲတင်းတိမ်ပါ။ နောင်တမလွန်သို့ အကြွေးပါမသွားစေနှင့်၊ မတရားပြုမှု၊ လိမ်လည်မှု၊ (ချေးထားခြင်း၊ ငှားထားခြင်း)၊ စသည်တို့ ပြုထားလျှင် တမလွန်၌ ထိုအရာတို့၏အစား မိမိ၏ကုသိုလ်များ ပေးဆပ်ရလိမ့်မည်။ မိမိတွင် ကုသိုလ်ပေးဆပ်စရာ မရှိလျှင် ထိုသူ၏ပြစ်ဒဏ်ကို အစားကျခံရလိမ့်မည်။ {အိမာမ်ရှာဖီအီ}
အလ္လာဟ်ချီးမြှင့်ထားသော နိအ်မသ်ကျေးဇူးတော်များအား ကျေးဇူးတော်ဟု စိတ်တွင်းမှ မှတ်ယူ၍ နှုတ်ဖြင့် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းပြောဆိုခြင်းနှင့် ယင်းကျေးဇူးတော်များအား ဒုစရိုက်လုပ်ငန်းများ၌ မသုံးစွဲခြင်းသည်ပင် ကျေးဇူးတင်ခြင်း (တစ်နည်းအားဖြင့်) ကျေးဇူးသိတတ်ခြင်းပင် ဖြစ်၏။ {ဟဇရသ်ထာနဝီ}
'သူတော်စင်များ၏ မှတ်သားဖွယ်ကောင်းသော ဆုံးမစကားပေါင်းတစ်ရာ' စာအုပ်မှ ကောက်နှုတ်တင်ဆက်သည်။
အလ်မုဖီးဒ်

Monday, November 2, 2015

ဒီမိုက​ရေစီစနစ်​နှင့်​ မဲ​ပေးခြင်း

၂ဝ၁၅ နိုဝင်ဘာလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ငါးနှစ်တစ်ကြိမ် ကျင်းပသည့် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ အသက် ၁၈ နှစ် ပြည့်ပြီးသူ နိုင်ငံသားတိုင်း မိမိတို့နှစ်သက်သည့် လူပုဂ္ဂိုလ်များကို လွှတ်တော်အမတ်အဖြစ် ဆန္ဒမဲပေး ရွေးချယ်ရမည်ဖြစ်သည်။ ထို့ကြောင့် မဲဆန္ဒပေးခြင်းဆိုင်ရာ အသိပညာများကို အလ်မုဖီးဒ်မှ တင်ဆက်လိုက်ပါသည်။

၁။ ဒီမိုကရေစီစနစ်
သက်ဦးဆံပိုင် ဘုရင်အုပ်ချုပ်ရေးစနစ်တွင် အာဏာရှိသူ ဘုရင်က တရားမဲ့ အာဏာကျင့်သုံးခြင်း၊ ဘက်လိုက်ခြင်း၊ မိမိ မလိုလားသူများကို သုတ်သင်ရှင်းလင်းခြင်း၊ မိမိ လိုလားသူများကို မြှောက်စားခြင်း စသည့် အလွဲသုံးစားပြုလုပ်မှုများကြောင့် ဥရောပတွင် ဘုရင်စနစ်ကို တော်လှန်သည့် တော်လှန်ရေးများ ပေါ်ပေါက်ခဲ့သည်။ နောက်ဆုံးရလဒ်မှာ ဒီမိုကရေစီစနစ် ဖြစ်သည်။ ဒီမိုကရေစီကို (Government by the People) ပြည်သူ့အုပ်ချုပ်ရေးဟု အနီးစပ်ဆုံး ဘာသာပြန်နိုင်ပါသည်။ ဒီမိုကရေစီ ကျင့်သုံးသော နိုင်ငံအများစုတွင် သမ္မတစနစ်၊ ပါလီမန်စနစ်၊ အရောစနစ် ဟူ၍ သုံးမျိုးတွေ့ရသည်။ မြန်မာနိုင်ငံသည် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတစနစ် ကျင့်သုံးသောနိုင်ငံဖြစ်သော်လည်း သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးချယ်ခွင့် မရှိပေ။ (သမ္မတ ရွေးချယ်ပုံကို အပိုဒ် ၇ တွင် ဖော်ပြထားပါသည်။)

၂။ အာဏာနှင့် ဒီမိုကရေစီ
ဒီမိုကရေစီဘိုးအေနိုင်ငံတို့တွင် အုပ်ချုပ်ရေး (Executive) ၊ တရားစီရင်ရေး (Judicial) နှင့် တရားဥပဒေပြုရေး (Legislative) ဟူ၍ သုံးကန့်ခွဲပြီး အပြန်အလှန် ထိန်းညှိခြင်း (Check and Balance) ဖြင့် အာဏာကို စိတ်ကြိုက်အသုံးမပြုမိစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ချုပ်ကိုင်ထားသည်ကို တွေ့ရသည်။ (((ပြည်သူက ရွေးချယ်သော လွှတ်တော်အမတ်များ (ရွေးကောက်ပွဲ စနစ်အရ အနိုင်ရပါတီ သို့မဟုတ် ညွန့်ပေါင်းဖွဲ့နိုင်သော အုပ်စု)က တရားဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး (အစိုးရဖွဲ့စည်းရေး) ကို ဆောင်ရွက်ရပြီး တရားရုံးချုပ်နှင့် တရားရုံးများက တရားစီရင်ရေးကို ဆောင်ရွက်ရပါသည်။ ၎င်းတို့သည် အပြန်အလှန် စောင့်ကြည့် ထိန်းကျောင်းပါသည်။)))

၃။ ဒီမိုကရေစီနှင့် ရွေးကောက်တင်မြှောက်ခြင်း
အသက်ပြည့်သော နိုင်ငံသားအားလုံး လွှတ်တော်ထဲဝင်ထိုင်ပြီး နိုင်ငံ့အရေးများကို ဆုံးဖြတ်ရန် မဖြစ်နိုင်သဖြင့် ဒေသကိုယ်စားပြု ကိုယ်စားလှယ်များကို ရွေးချယ်ပေးရပြီး ထိုသူတို့ကို လွှတ်တော်အမတ် (Member of Paliment) ဟု ခေါ်ပါသည်။ လွှတ်တော်အမတ် ရွေးကောက်တင်မြှောက်ရန် ဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့် ပြည်သူတို့က ဆန္ဒမဲပေးခြင်းးကို ရွေးကောက်ပွဲကျင်းပသည်ဟု ခေါ်ပြီး ရွေးကောက်ပွဲကို ကမကထပြု ကျင်းပပေးသူကို ရွေးကောက်ပွဲ ကော်မရှင်ဟုခေါ်ပါသည်။

၎။ နိုင်ငံရေးပါတီများနှင့် မဲပေးရွေးချယ်ခြင်း
မိမိတို့ နှစ်သက်သော လမ်းစဉ်နှင့် ခံယူချက်တူသူများစုပေါင်းကာ နိုင်ငံရေးပါတီများ တည်ထောင်ကြသည်။ ပါတီတစ်ခုတွင် မူဝါဒရှိသည်။ လမ်းစဉ်ရှိသည်။ တိုင်းပြည်တိုးတက်အောင် ပြုလုပ်ရန် စီမံကိန်းရှိသည်။ ထိုလမ်းစဉ်များနှင့် စီမံကိန်းများကို ချပြကာ စည်းရုံးကြသည်။ လူထုက မိမိတို့ အနှစ်သက်ဆုံးပါတီ၏ အမတ်များကို မဲထည့်ကာ မိမိတို့ဒေသ၏ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ကြသည်။ ယနေ့ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ စနစ်မှာ မဲအများဆုံးရသူ အမတ်ဖြစ် စနစ်ဖြစ်သောကြောင့် မဲပေးခွင့်ရသူတိုင်း မဲထည့်ရန်လိုအပ်သည်။ မဲပေးခွင့်ရှိလျက် မဲစာရင်းမှာ မပါက မဲပေးခွင့်ရရန် ကြိုးပမ်းရမည်။ ဒါမှ မိမိကြိုက်သောပါတီကို ရွေးချယ်နိုင်မှာဖြစ်သည်။ တခါတရံ မိမိ၏ တစ်မဲသည် မိမိနှစ်သက်သောပါတီ အနိုင်ရဖို့ အဆုံးအဖြတ် ဖြစ်တတ်သည်။

၅။ အာဏာရသူ၏ ဥပဒေနှင့် အာဏာမဲ့သူ၏ ရပိုင်ခွင့် (Majority Rule and Minority Rights)
ဒီမိုကရေစီစနစ်မှာ အများညီလို့ မတရား မဖြစ်စေဖို့ အနည်းစုရပိုင်ခွင့်များကို ကာကွယ်ရန် အနည်းစုတွင် လုပ်ပိုင်ခွင့်များ ပေးအပ်ထားသည်။ မြန်မာနိုင်ငံတွင် မဲဆန္ဒနယ်တိုင်းအတွက် အနည်းစု(ရှိပါက) အမတ် (တိုင်းရင်းသားကိုယ်စားလှယ်) ရွေးချယ်ခွင့်ပြုထားသည်။ တိုင်းပြည်နှင့် ယှဉ်လျှင် လူနည်းစု ဖြစ်သူများအတွက်လည်း ပါတီထောင်ခွင့်နှင့် ရွေးချယ်ခံခွင့် ပြုထားသည်။ ထိုလူနည်းစုပါတီများကို မဲပေးခြင်းနှင့် မပေးခြင်းသည် လူနည်းစုတို့၏ နိုင်ငံရေးဖြစ်သည်။ (ဥပမာ - ရှမ်းပြည်နယ်တွင် ရှမ်းပါတီကို ရွေးချယ်ခြင်း၊ မွန်ပြည်နယ်တွင် မွန်ပါတီကို ရွေးချယ်ခြင်း ... စသည်ဖြင့်)

၆။ မြန်မာ့လွှတ်တော်များနှင့် ဆန္ဒမဲပြားအရေအတွက်
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုအဆင့်တွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ဟူ၍ လွှတ်တော်နှစ်ရပ်ရှိပြီး ထိုနှစ်ရပ်ပေါင်းကို ပြည်ထောင်စု လွှတ်တော်ဟု ခေါ်ပါသည်။ မဲပေးသည့်အခါ အမျိုးသားလွှတ်တော်အတွက် ဆန္ဒမဲတစ်ခု၊ ပြည်သူ့လွှတ်တော်အတွက် ဆန္ဒမဲတစ်ခု ပေးရမည်။ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်တွင် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်ရှိပါသည်။ ထိုလွှတ်တော်အတွက် ဆန္ဒမဲတစ်ခုပေးရပါမည်။ မဲပေးခွင့်ရှိသူတိုင်း အနည်းဆုံး မဲဆန္ဒသုံးခု (အမတ်သုံးဦး) ရွေးချယ်ရပါမည်။ တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ လူနည်းစု စာရင်းဝင်ဆိုပါက တိုင်းရင်းသားကိုယ်စားလှယ် ဆန္ဒမဲတစ်ခု ထပ်မံ၍ ပေးရပါမည်။ လူနည်းစုသည် မဲဆန္ဒ လေးခု ပေးရမည်။ (ဥပမာ ကချင်ပြည်နယ်ရှိ ဗမာလူမျိုးများ၊ ရန်ကုန်တိုင်းရှိ ရခိုင်လူမျိုးများ ... စသည်ဖြင့်) ။ လွှတ်တော်၏ တာဝန်များမှာ များပြားသည်။ အဓိကတာဝန်မှာ ပြည်ထောင်စုအဆင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ ဥပဒေပြုခြင်းတို့ဖြစ်သည်။

၆။ လွှတ်တော်တွင်းရှိ အစုအဖွဲ့များ
မြန်မာ့ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) အရ လွှတ်တော်တိုင်းတွင် ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ (၇၅ ရာခိုင်နှုန်း) နှင့် ကာ/ချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ (၂၅ ရာခိုင်နှုန်း) ဟူ၍ နှစ်စုရှိသည်။

၇။ သမ္မတရွေးချယ်ပုံ
၂၀၀၈ အခြေခံဥပဒေအရ ဒုသမ္မတသုံးဦးကို ပြည်သူ့လွှတ်တော် ရွေးကောက်တင်မြှောက်ခံများမှ တစ်ဦး၊ အမျိုးသားလွှတ်တော် ရွေးကောက်တင်မြှောက်ခံများမှ တစ်ဦး၊ လွှတ်တော်နှစ်ရပ်လုံးရှိ တပ်မတော်သား ကိုယ်စားလှယ်များမှ တစ်ဦး ရွေးချယ်ပေးရမည်။ ဒုသမ္မတများသည် ရွေးကောက်တင်မြှောက်ခံ မဖြစ်လျှင်လည်းရသည်။ ထိုဒုသမ္မတ သုံးဦးထဲမှ သမ္မတတစ်ဦးကို မဲစနစ်ဖြင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အားလုံးက ရွေးချယ်ရမည်။ ကျန်နှစ်ဦးသည် ဒုသမ္မတ တာဝန်ကို ထမ်းဆောင်ရမည်။ ထို့ကြောင့် ပညာရှင်များက ပြည်သူ့ထံတွင် သမ္မတ ရွေးကောက် တင်မြှောက်ခွင့် ၆၆.၇ ရာခိုင်နှုန်းပဲရှိသည်ဟု ဆိုသည်။

၈။ နိုင်ငံအုပ်ချုပ်ပုံ
၂၀၀၈ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု အစိုးရအဖွဲ့ကို ဖွဲ့စည်းရမည်။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု ဝန်ကြီးများကို ရွေးကောက်ခံများမှ ဖြစ်စေ၊ ရွေးကောက်ခြင်းမခံရသူများမှဖြစ်စေ ရွေးချယ်ပြီး ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီမှုဖြင့် ခန့်အပ်နိုင်သည်။ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများ၏ ဝန်ကြီးများကိုမူ ကာ/ချုပ်ထံမှ တပ်မတော်သားများ၏ အမည်စာရင်းကိုရယူပြီး ခန့်ထားရမည်။

မိမိပေးသည့် ဆန္ဒမဲတစ်ခု အလုပ်လုပ်ပုံကို သိရှိပြီးပါက ကောင်းမွန်သော အစိုးရဖွဲ့စည်းနိုင်ဖို့ မှန်ကန်သော ရွေးချယ်မှုများ ပြုလုပ်နိုင်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။

အလ်မုဖီးဒ်
ဟိဂ်ျရီ ၁၄၃၇၊ မုဟရ်ရမ်လ၊ ၂ဝ ရက်၊ ယောင်းမုဆ်ဆလာစ
3-11-2015 Tuesday