Monday, November 2, 2015

ဒီမိုက​ရေစီစနစ်​နှင့်​ မဲ​ပေးခြင်း

၂ဝ၁၅ နိုဝင်ဘာလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ငါးနှစ်တစ်ကြိမ် ကျင်းပသည့် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ အသက် ၁၈ နှစ် ပြည့်ပြီးသူ နိုင်ငံသားတိုင်း မိမိတို့နှစ်သက်သည့် လူပုဂ္ဂိုလ်များကို လွှတ်တော်အမတ်အဖြစ် ဆန္ဒမဲပေး ရွေးချယ်ရမည်ဖြစ်သည်။ ထို့ကြောင့် မဲဆန္ဒပေးခြင်းဆိုင်ရာ အသိပညာများကို အလ်မုဖီးဒ်မှ တင်ဆက်လိုက်ပါသည်။

၁။ ဒီမိုကရေစီစနစ်
သက်ဦးဆံပိုင် ဘုရင်အုပ်ချုပ်ရေးစနစ်တွင် အာဏာရှိသူ ဘုရင်က တရားမဲ့ အာဏာကျင့်သုံးခြင်း၊ ဘက်လိုက်ခြင်း၊ မိမိ မလိုလားသူများကို သုတ်သင်ရှင်းလင်းခြင်း၊ မိမိ လိုလားသူများကို မြှောက်စားခြင်း စသည့် အလွဲသုံးစားပြုလုပ်မှုများကြောင့် ဥရောပတွင် ဘုရင်စနစ်ကို တော်လှန်သည့် တော်လှန်ရေးများ ပေါ်ပေါက်ခဲ့သည်။ နောက်ဆုံးရလဒ်မှာ ဒီမိုကရေစီစနစ် ဖြစ်သည်။ ဒီမိုကရေစီကို (Government by the People) ပြည်သူ့အုပ်ချုပ်ရေးဟု အနီးစပ်ဆုံး ဘာသာပြန်နိုင်ပါသည်။ ဒီမိုကရေစီ ကျင့်သုံးသော နိုင်ငံအများစုတွင် သမ္မတစနစ်၊ ပါလီမန်စနစ်၊ အရောစနစ် ဟူ၍ သုံးမျိုးတွေ့ရသည်။ မြန်မာနိုင်ငံသည် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတစနစ် ကျင့်သုံးသောနိုင်ငံဖြစ်သော်လည်း သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးချယ်ခွင့် မရှိပေ။ (သမ္မတ ရွေးချယ်ပုံကို အပိုဒ် ၇ တွင် ဖော်ပြထားပါသည်။)

၂။ အာဏာနှင့် ဒီမိုကရေစီ
ဒီမိုကရေစီဘိုးအေနိုင်ငံတို့တွင် အုပ်ချုပ်ရေး (Executive) ၊ တရားစီရင်ရေး (Judicial) နှင့် တရားဥပဒေပြုရေး (Legislative) ဟူ၍ သုံးကန့်ခွဲပြီး အပြန်အလှန် ထိန်းညှိခြင်း (Check and Balance) ဖြင့် အာဏာကို စိတ်ကြိုက်အသုံးမပြုမိစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ချုပ်ကိုင်ထားသည်ကို တွေ့ရသည်။ (((ပြည်သူက ရွေးချယ်သော လွှတ်တော်အမတ်များ (ရွေးကောက်ပွဲ စနစ်အရ အနိုင်ရပါတီ သို့မဟုတ် ညွန့်ပေါင်းဖွဲ့နိုင်သော အုပ်စု)က တရားဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး (အစိုးရဖွဲ့စည်းရေး) ကို ဆောင်ရွက်ရပြီး တရားရုံးချုပ်နှင့် တရားရုံးများက တရားစီရင်ရေးကို ဆောင်ရွက်ရပါသည်။ ၎င်းတို့သည် အပြန်အလှန် စောင့်ကြည့် ထိန်းကျောင်းပါသည်။)))

၃။ ဒီမိုကရေစီနှင့် ရွေးကောက်တင်မြှောက်ခြင်း
အသက်ပြည့်သော နိုင်ငံသားအားလုံး လွှတ်တော်ထဲဝင်ထိုင်ပြီး နိုင်ငံ့အရေးများကို ဆုံးဖြတ်ရန် မဖြစ်နိုင်သဖြင့် ဒေသကိုယ်စားပြု ကိုယ်စားလှယ်များကို ရွေးချယ်ပေးရပြီး ထိုသူတို့ကို လွှတ်တော်အမတ် (Member of Paliment) ဟု ခေါ်ပါသည်။ လွှတ်တော်အမတ် ရွေးကောက်တင်မြှောက်ရန် ဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့် ပြည်သူတို့က ဆန္ဒမဲပေးခြင်းးကို ရွေးကောက်ပွဲကျင်းပသည်ဟု ခေါ်ပြီး ရွေးကောက်ပွဲကို ကမကထပြု ကျင်းပပေးသူကို ရွေးကောက်ပွဲ ကော်မရှင်ဟုခေါ်ပါသည်။

၎။ နိုင်ငံရေးပါတီများနှင့် မဲပေးရွေးချယ်ခြင်း
မိမိတို့ နှစ်သက်သော လမ်းစဉ်နှင့် ခံယူချက်တူသူများစုပေါင်းကာ နိုင်ငံရေးပါတီများ တည်ထောင်ကြသည်။ ပါတီတစ်ခုတွင် မူဝါဒရှိသည်။ လမ်းစဉ်ရှိသည်။ တိုင်းပြည်တိုးတက်အောင် ပြုလုပ်ရန် စီမံကိန်းရှိသည်။ ထိုလမ်းစဉ်များနှင့် စီမံကိန်းများကို ချပြကာ စည်းရုံးကြသည်။ လူထုက မိမိတို့ အနှစ်သက်ဆုံးပါတီ၏ အမတ်များကို မဲထည့်ကာ မိမိတို့ဒေသ၏ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ကြသည်။ ယနေ့ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ စနစ်မှာ မဲအများဆုံးရသူ အမတ်ဖြစ် စနစ်ဖြစ်သောကြောင့် မဲပေးခွင့်ရသူတိုင်း မဲထည့်ရန်လိုအပ်သည်။ မဲပေးခွင့်ရှိလျက် မဲစာရင်းမှာ မပါက မဲပေးခွင့်ရရန် ကြိုးပမ်းရမည်။ ဒါမှ မိမိကြိုက်သောပါတီကို ရွေးချယ်နိုင်မှာဖြစ်သည်။ တခါတရံ မိမိ၏ တစ်မဲသည် မိမိနှစ်သက်သောပါတီ အနိုင်ရဖို့ အဆုံးအဖြတ် ဖြစ်တတ်သည်။

၅။ အာဏာရသူ၏ ဥပဒေနှင့် အာဏာမဲ့သူ၏ ရပိုင်ခွင့် (Majority Rule and Minority Rights)
ဒီမိုကရေစီစနစ်မှာ အများညီလို့ မတရား မဖြစ်စေဖို့ အနည်းစုရပိုင်ခွင့်များကို ကာကွယ်ရန် အနည်းစုတွင် လုပ်ပိုင်ခွင့်များ ပေးအပ်ထားသည်။ မြန်မာနိုင်ငံတွင် မဲဆန္ဒနယ်တိုင်းအတွက် အနည်းစု(ရှိပါက) အမတ် (တိုင်းရင်းသားကိုယ်စားလှယ်) ရွေးချယ်ခွင့်ပြုထားသည်။ တိုင်းပြည်နှင့် ယှဉ်လျှင် လူနည်းစု ဖြစ်သူများအတွက်လည်း ပါတီထောင်ခွင့်နှင့် ရွေးချယ်ခံခွင့် ပြုထားသည်။ ထိုလူနည်းစုပါတီများကို မဲပေးခြင်းနှင့် မပေးခြင်းသည် လူနည်းစုတို့၏ နိုင်ငံရေးဖြစ်သည်။ (ဥပမာ - ရှမ်းပြည်နယ်တွင် ရှမ်းပါတီကို ရွေးချယ်ခြင်း၊ မွန်ပြည်နယ်တွင် မွန်ပါတီကို ရွေးချယ်ခြင်း ... စသည်ဖြင့်)

၆။ မြန်မာ့လွှတ်တော်များနှင့် ဆန္ဒမဲပြားအရေအတွက်
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုအဆင့်တွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ဟူ၍ လွှတ်တော်နှစ်ရပ်ရှိပြီး ထိုနှစ်ရပ်ပေါင်းကို ပြည်ထောင်စု လွှတ်တော်ဟု ခေါ်ပါသည်။ မဲပေးသည့်အခါ အမျိုးသားလွှတ်တော်အတွက် ဆန္ဒမဲတစ်ခု၊ ပြည်သူ့လွှတ်တော်အတွက် ဆန္ဒမဲတစ်ခု ပေးရမည်။ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်တွင် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်ရှိပါသည်။ ထိုလွှတ်တော်အတွက် ဆန္ဒမဲတစ်ခုပေးရပါမည်။ မဲပေးခွင့်ရှိသူတိုင်း အနည်းဆုံး မဲဆန္ဒသုံးခု (အမတ်သုံးဦး) ရွေးချယ်ရပါမည်။ တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ လူနည်းစု စာရင်းဝင်ဆိုပါက တိုင်းရင်းသားကိုယ်စားလှယ် ဆန္ဒမဲတစ်ခု ထပ်မံ၍ ပေးရပါမည်။ လူနည်းစုသည် မဲဆန္ဒ လေးခု ပေးရမည်။ (ဥပမာ ကချင်ပြည်နယ်ရှိ ဗမာလူမျိုးများ၊ ရန်ကုန်တိုင်းရှိ ရခိုင်လူမျိုးများ ... စသည်ဖြင့်) ။ လွှတ်တော်၏ တာဝန်များမှာ များပြားသည်။ အဓိကတာဝန်မှာ ပြည်ထောင်စုအဆင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ ဥပဒေပြုခြင်းတို့ဖြစ်သည်။

၆။ လွှတ်တော်တွင်းရှိ အစုအဖွဲ့များ
မြန်မာ့ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) အရ လွှတ်တော်တိုင်းတွင် ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ (၇၅ ရာခိုင်နှုန်း) နှင့် ကာ/ချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ (၂၅ ရာခိုင်နှုန်း) ဟူ၍ နှစ်စုရှိသည်။

၇။ သမ္မတရွေးချယ်ပုံ
၂၀၀၈ အခြေခံဥပဒေအရ ဒုသမ္မတသုံးဦးကို ပြည်သူ့လွှတ်တော် ရွေးကောက်တင်မြှောက်ခံများမှ တစ်ဦး၊ အမျိုးသားလွှတ်တော် ရွေးကောက်တင်မြှောက်ခံများမှ တစ်ဦး၊ လွှတ်တော်နှစ်ရပ်လုံးရှိ တပ်မတော်သား ကိုယ်စားလှယ်များမှ တစ်ဦး ရွေးချယ်ပေးရမည်။ ဒုသမ္မတများသည် ရွေးကောက်တင်မြှောက်ခံ မဖြစ်လျှင်လည်းရသည်။ ထိုဒုသမ္မတ သုံးဦးထဲမှ သမ္မတတစ်ဦးကို မဲစနစ်ဖြင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အားလုံးက ရွေးချယ်ရမည်။ ကျန်နှစ်ဦးသည် ဒုသမ္မတ တာဝန်ကို ထမ်းဆောင်ရမည်။ ထို့ကြောင့် ပညာရှင်များက ပြည်သူ့ထံတွင် သမ္မတ ရွေးကောက် တင်မြှောက်ခွင့် ၆၆.၇ ရာခိုင်နှုန်းပဲရှိသည်ဟု ဆိုသည်။

၈။ နိုင်ငံအုပ်ချုပ်ပုံ
၂၀၀၈ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု အစိုးရအဖွဲ့ကို ဖွဲ့စည်းရမည်။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု ဝန်ကြီးများကို ရွေးကောက်ခံများမှ ဖြစ်စေ၊ ရွေးကောက်ခြင်းမခံရသူများမှဖြစ်စေ ရွေးချယ်ပြီး ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီမှုဖြင့် ခန့်အပ်နိုင်သည်။ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများ၏ ဝန်ကြီးများကိုမူ ကာ/ချုပ်ထံမှ တပ်မတော်သားများ၏ အမည်စာရင်းကိုရယူပြီး ခန့်ထားရမည်။

မိမိပေးသည့် ဆန္ဒမဲတစ်ခု အလုပ်လုပ်ပုံကို သိရှိပြီးပါက ကောင်းမွန်သော အစိုးရဖွဲ့စည်းနိုင်ဖို့ မှန်ကန်သော ရွေးချယ်မှုများ ပြုလုပ်နိုင်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။

အလ်မုဖီးဒ်
ဟိဂ်ျရီ ၁၄၃၇၊ မုဟရ်ရမ်လ၊ ၂ဝ ရက်၊ ယောင်းမုဆ်ဆလာစ
3-11-2015 Tuesday