Wednesday, October 28, 2015

မီးတွင်းသွေးနှင့် ရောဂါသွေးအကြောင်း


မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/838958896224701:0

အမျိုးသမီးတို့သည် သားဖွားပြီးနောက် သွေးဆင်းသည်။ မဆင်းသည်လည်းရှိ၏။ ကိုယ်ဝန်ပျက်သည်လည်း ရှိ၏။ ထိုသို့သော အခြေအနေတို့၌ ဆင်းသက်လာသောသွေးတို့တွင် မည်သည့်သွေးသည် မီးတွင်းသွေးဖြစ်၍ မည်သည့်ပုံစံတွင် ရောဂါသွေးဖြစ်သည်ကို ဆက်လက်တင်ဆက်ပါမည်။ မီးတွင်းသွေးဟူသည် ရိုးရိုးမွေးသည်ဖြစ်စေ၊ ခွဲမွေးသည်ဖြစ်စေ အားလုံး၌ အကျုံးဝင်ပါသည်။
မီးတွင်းသွေးကို နိဖှားစ်ဟုခေါ်၍ မီးတွင်းသွေးဆင်းသူကို နုဖှာစာဟု ခေါ်ပါသည်။

၁။ မီးတွင်းသွေးဆင်းခြင်း၏ အများဆုံးကာလသတ်မှတ်ချက်မှာ ရက်ပေါင်း ၄ဝဖြစ်သည်။ မီးတွင်းသွေးဆင်းခြင်း၏ အနည်းဆုံးကာလအတွက် သတ်မှတ်ချက်မရှိပါ။ သွေးတစ်စက် နှစ်စက်လည်း ဖြစ်နိုင်သလို နာရီပိုင်းမျှ မိနစ်ခန့်မျှနှင့်လည်း ပြီးတတ်ပါသည်။ ထို့ကြောင့် သွေးဆင်းခြင်း ရပ်ဆိုင်းသွားလျှင် ရေချိုး၊ သန့်စင်မှုရယူ၍ နမားဇ်ဖတ်ရမည်။ ကလေးမွေးပြီးသည်နှင့် ရက်လေးဆယ်ပြည့်သည်အထိ စောင့်ဆိုင်းရမည်ဟူ၍ မရှိပါ။ (အယူအဆအမှားများကို အောက်တွင် ဆက်လက်ဖော်ပြပါမည်။ အင်န်ရှာအလ်လာဟ်)

၂။ ကလေးသည် တစ်ဝက်၊ တစ်ဝက်ထက်ပို၍ထွက်နေသည့်အချိန် သွေးဆင်းလျှင် မီးတွင်းသွေးဖြစ်သည်။ တစ်ဝက်မတိုင်ခင် သွေးဆင်းပါက ရောဂါသွေးသာ ဖြစ်သည်။

၃။ ကလေးမွေးပြီးနောက် သွေးလုံးဝမဆင်းခဲ့လျှင်လည်း သန့်ပြန့်စေရန်အတွက် ရေချိုးရန် ဝါဂျိဗ်(မပြုမနေရ) တာဝန်ဖြစ်ပါသည်။ သွေးဆင်းခဲ့သည်ရှိသော် သွေးဆင်းခြင်း၏ သတ်မှတ်ကာလပြည့်ချိန်မှ ရေချိုးရန် ဝါဂျိဗ်ဖြစ်မည်။

၎။ မီးတွင်းသွေးဆင်းရာ၌ ရက်ပေါင်းလေးဆယ်ထက် ကျော်လာလျှင် ထိုအမျိုးသမီးသည် ယခုမှ ကလေးမွေးသူဖြစ်ပါက ရက်လေးဆယ်အထိကို မီးတွင်းသွေးဟု သတ်မှတ်လိုက်ရမည်။ ကျန်ရှိရက်များတွင် ရောဂါသွေးဆင်းသည်ဟု မှတ်ယူမည်။ အမျိုးသမီးသည် ယခင်ကလည်း ကလေးမွေးဖူးသူ ဖြစ်ပါက သူ့၏မီးတွင်းသွေးဆင်းသည့် ပုံမှန်ရက်အရေအတွက်ကိုသာ မီးတွင်းသွေးဟု မှတ်ယူ၍ ကျန်ရက်တွင် ဆင်းသောသွေးတို့ကို ရောဂါသွေးဟု သတ်မှတ်မည်။
ဒုတိယပုံစံ၏ ဥပမာ ပထမကလေးမွေးပြီးနောက် ၂၅ရက် သွေးဆင်းသည်။ ယခုမွေးသောအခါ ရက်ငါးဆယ်သွေးဆင်းနေသည်ဆိုလျှင် သွေးစဆင်းသည့်နေ့မှစ၍ ၂၅ရက်အထိကို မီးတွင်းသွေးဟု သတ်မှတ်မည်။ ကျန်၂၅ရက်ကို ရောဂါသွေးဟု သတ်မှတ်မည်။

၅။ ကလေးမွေးဖူးသူအနေဖြင့် (ဥပမာ) ရက်ပေါင်း သုံးဆယ် မီးတွင်းသွေးဆင်းလေ့ရှိသည်။ သို့သော် ယခု ရက်သုံးဆယ်ထက် ပို၍ဆင်းနေသည်ဆိုလျှင် ရက်လေးဆယ်ပြည့်သည်အထိ စောင့်ဆိုင်းပါ။ (ချက်ချင်း ရေချိုးသန့်စင်ခြင်း မပြုလိုက်ပါနှင့်။) အကယ်၍ ရက်လေးဆယ်တွင် သွေးရပ်သွားလျှင် မီးတွင်းသွေးသာ ဖြစ်သည်။ ဤသို့မဟုတ်ဘဲ ရက်လေးဆယ် ကျော်သည်အထိ သွေးဆင်းနေလျှင် မိမိ၏ပုံမှန်ရက်ဖြစ်သော ရက်သုံးဆယ်အထိသာ မီးတွင်းသွေးဟု သတ်မှတ်၍ ကျန်ရက်များကို ရောဂါသွေးဟု မှတ်ယူရမည်။

၆။ ခြောက်လမပြည့်မီအတွင်း ရှေ့ဆင့် နောက်ဆင့် ကလေးမွေးခဲ့သည်ရှိသော် ပထမကလေးမွေးပြီးချိန် ဆင်းသောသွေးကိုသာ မီးတွင်းသွေးဟု မှတ်ယူမည်။ စည်းကမ်းချက်မှာ.... မွေးသည့်ကလေးနှစ်ဦးသည် ခြောက်လမပြည့်မီအတွင်းသာ ဖြစ်ရမည်။ ဥပမာ ပထမကလေးကို မွေးပြီးနောက် ရက်လေးဆယ် (သို့မဟုတ် မိမိ၏ မီးတွင်းသွေး ပုံမှန်ရက်အတိုင်း) သွေးဆင်းသည်။ ထို့နောက် သုံးလခန့်ခြား၍ နောက်ကလေးတစ်ဦး ထပ်မွေးလာခဲ့သည်။ ထိုအချိန်ဆင်းသောသွေးကို မီးတွင်းဟု မသတ်မှတ်ပါ။ ရောဂါသွေးတွင်သာ အကျုံးဝင်မည်။ ထို့အတူ ဆယ်ရက် ဆယ့်ငါးရက်ခြားမွေးလျှင်လည်း မီးတွင်းသွေးဆင်းရက်ကို ပထမကလေးမွေးပြီးချိန်မှ စတင်သတ်မှတ်သည်။
(မှတ်ချက်) ဒုတိယကလေးမွေးပြီးချိန်တွင် သန့်ပြန့်မှုအတွက် ရေချိုးရပေမည်။ ပြီးနောက် နမားဇ်၊ သိလာဝသ်များ စတင်ပြုလုပ်ရပါမည်။

၇။ ခြောက်လ၊ ခြောက်လကျော်မှ ဒုတိယကလေးမွေးလျှင် ကိုယ်ဝန်နှစ်ခုဟုသတ်မှတ်ပြီး မီးတွင်းသွေးသည်လည်း သီးခြားစီသာ ဖြစ်သည်။

၈။ ရက်လေးဆယ်မပြည့်မီ သွေးမလာတော့လျှင် ရက်လေးဆယ်ပြည့်သည်အထိ စောင့်ဆိုင်းရန် မလိုအပ်ပါ။ ရေချိုးသန့်စင်ပြီး နမားဇ်ဆောက်တည်ပါ။ ရေချိုးခြင်းတွင် ရေအေးမကိုင်နိုင်လျှင် ရေနွေးဖြင့်လည်း ချိုးနိုင်ပါသည်။ ရေနွေးပါမကိုင်နိုင်လျှင် သယမွမ်ပြု၍ နမားဇ်ဆောက်တည်ပါ။ မသန့်သည့်အဖြစ်နှင့်နေခြင်း၊ နမားဇ်လွှတ်ခြင်းများ မပြုပါနှင့်။

၉။ မီးတွင်းသွေးနှင့် ရာသီသွေး၏ ကြားကာလမှာ အနည်းဆုံး ၁၅ရက်ဖြစ်သည်။
၁ဝ။ မီးတွင်းသွေးဆင်းသည့်ကာလအတွင်း အဖြူမှအပ ကျန်အရောင်အားလုံးသည် မီးတွင်းသွေး၏ အရောင်များဖြစ်သည်။

ကလေးပျက်သည့်အချိန် ဆင်းသည့်သွေးအကြောင်း 
၁။ ပျက်ကျသည့်ကလေးသည် ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ဝက်အထိ ပေါ်လွင်နေသည် ဖြစ်လျှင် ဆင်းသည့်သွေးသည် မီးတွင်းသွေးဖြစ်မည်။ ကလေးပျက်ကျသည်ဖြစ်စေ၊ ဖျက်ချသည်ဖြစ်စေ အမိန့်အတူတူပင်ဖြစ်သည်။ (ခန္ဓာကိုယ်အစိတ်အပိုင်း ပေါ်လွင်နေသည်ဟူသည့် သဘောမှာ လက်၊ ခြေများ၊ လက်သည်း၊ ဆံပင်စသည်တို့ ပေါ်လွင်နေခြင်းဖြစ်၏။)

၂။ ကိုယ်ဝန်ပျက်သည့်အချိန် သွေးတုံးသွေးခဲ၊ အသားတုံးများသာဖြစ်လျှင် ထိုပုံစံမျိုးတွင် ဆင်းသည့်သွေးသည် မီးတွင်းသွေးမဟုတ်ပါ။ ၎င်းသွေးသည် ရာသီသွေး၏ သတ်မှတ်မှုအတွင်း ဆင်းခဲ့လျှင် ရာသီသွေးဖြစ်မည်။ သို့မဟုတ် ရောဂါသွေးဖြစ်မည်။
ဥပမာ သုံးနေ့သုံးညအပြည့် သို့မဟုတ် ဆယ်ရက်တိုင်တိုင် ဖြစ်လျှင်သော်လည်းကောင်း၊ မိမိ၏ ပထမ ရာသီလာပြီးသည့်ကာလနှင့် ယခုဖြစ်စဉ်၏ ကြားကာလသည် ၁၅ရက်ပြည့်ပြီးလျှင်သော်လည်းကောင်း ထိုသွေးသည် ရာသီသွေးဖြစ်မည်။
ဤသို့မဟုတ်ပဲ သွေးဆင်းရက်သည် သုံးနေ့သုံးညထက် နည်းနေမည်။ သို့မဟုတ် ပထမရာသီလာပြီးသည့်ကာလသည် ဆယ့်ငါးရက်မပြည့်သေးလျှင် ယခုဆင်းသည့်သွေးသည် ရောဂါသွေးဖြစ်မည်။

၃။ ကိုယ်ဝန်မပျက်ကျခင်ကတည်းက သွေးဆင်းနေသည်။ သို့ဆိုလျှင် ပျက်ကျသည့်ကလေး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများသည် တစ်ဝက်အထိပေါ်နေသည်ဆိုလျှင် ပထမဆင်းသည့်သွေးသည် ရောဂါသွေးအဖြစ် အကျုံးဝင်ပြီး ကလေးပျက်ပြီးမှ ဆင်းသည့်သွေးသည် မီးတွင်းသွေးဖြစ်မည်။

၎။ ကိုယ်ဝန်မပျက်ခင်ကတည်းက သွေးဆင်းနေသည်။ ကိုယ်ဝန်ပျက်ပြီးသည့်အခါ သွေးတုံးသွေးခဲများသာဖြစ်ခဲ့သည်။ သို့ဆိုလျှင် ကိုယ်ဝန်မပျက်မီ ဆင်းသည့်သွေးနှင့် ပျက်ပြီးမှ ဆင်းသည့်သွေးတို့သည် အမိန့်တစ်မျိုးတည်းဖြစ်ပါသည်။ ရာသီသွေး၏ သတ်မှတ်မှုနှင့် ကိုက်ညီလျှင် ရာသီသွေးဖြစ်မည်။ သို့မဟုတ် ရောဂါသွေးဖြစ်သည်။ (အမှတ်စဉ် ၂၏ ပုံစံနှင့် တူညီပါသည်။)

မီးတွင်းသွေး၏ အမိန့်
မီးတွင်းသွေးတွင်လည်း ရာသီသွေးကဲ့သို့ပင် နမားဇ်ဖတ်ခြင်းကို ရပ်ဆိုင်းပေးထားသည်။ ရိုဇာစောင့်ခွင့်မရှိ။ ထို့အတူ ဇနီးမောင်နှံ ပေါင်းသင်းဆက်ဆံခြင်း၏အမှုကို ပြုခွင့်မရှိပါ။ ကအ်ဗာကို သွဝါးဖ်ပြုခြင်း၊ ကုရ်အာန်ဖတ်ခြင်း၊ ကိုင်ခြင်းများ မပြုရပါ။
မီးတွင်းဆင်းနေသူ၊ ရာသီသွေးဆင်းနေသူတို့သည် နမားဇ်အချိန်ရောက်တိုင်း ဇိကိရ်၊ ဒရူးဒ်များ၊ ဒုအာများပြုရမည်ဖြစ်ပါသည်။ မိမိနမားဇ်ဖတ်သည့်အချိန်ခန့်မျှ ထိုင်လျှက် ဇိကိရ်ပြုရမည်။ ထိုသို့ပြုခြင်းသည် မုစ်သဟဗ်ဖြစ်သလို နမားဇ်နှင့် ဝေးသွားခြင်းကြောင့် သန့်ပြန့်သည့်အချိန်သို့ ပြန်ရောက်သည့်အခါ နမားဇ်ဖတ်ရန် ပျင်းနေမည်လည်း မဟုတ်တော့ပါ။

ရာသီသွေး၊ မီးတွင်းသွေးတို့မှ သန့်ပြန့်မှုရယူခြင်းအကြောင်း 
အထက်တွင် ရာသီသွေး၏ သတ်မှတ်ကာလများနှင့် မီးတွင်းသွေး၏ သတ်မှတ်ကာလများကို ပုံစံအစုံဖြင့် ပြသခဲ့ပြီးဖြစ်သည်။ ထိုသတ်မှတ်ကာလများ ပြည့်သွားလျှင် ခန္ဓာကိုယ်ကို ရေချိုးခြင်းဖြင့် သန့်ပြန့်မှုရယူ၍ နမားဇ်၊ ကုရ်အာန်သိလာဝသ်၊ သွဝါးဖ်နှင့်အတူ ဇနီးမောင်နှံပေါင်းသင်းခြင်းတို့ ပြုလုပ်နိုင်ပြီဖြစ်ပေသည်။
ကျွန်ုပ်တို့အနေဖြင့် နေ့စဉ်လည်း ရေချိုးကြသည်။ ထိုသို့ နေ့စဉ်ရေချိုးခြင်းဟူသည် ရှရီအသ်၏ သတ်မှတ်မှုအရ မပြုမနေရ ရေချိုးခြင်းမျိုးမဟုတ်ပါ။ ခန္ဓာကိုယ်အေးစေရန် အနံအသက်ကင်းစေရန် ရေချိုးကြခြင်းသာဖြစ်၏။ ရှရီအသ်၏ သတ်မှတ်မှုအရ ရေချိုးရန်တာဝန်ရှိသည့် ပုံစံလေးမျိုးရှိသည်။ ဝါဂျိဗ်(မပြုမနေရ)၊ စွန္နသ်၊ မုစ်သဟဗ်နှင့် မုဗဟ်ဟူ၍ ဖြစ်သည်။ ၎င်းလေးမျိုးတွင် ဝါဂျိဗ်တာဝန်ထိုက်သည့်အခြေအနေ၌ ရေချိုးခြင်းမပြုပါက နမားဇ် ကုရ်အာန် စသည့်ကောင်းမှုများ ပြုခွင့်မရပေ။ ကျန်သုံးမျိုးတွင်မူ ရေမချိုးလျှင်လည်း ၎င်းကောင်းမှုတို့တွင် မည်သို့မျှ ထိခိုက်မှုမရှိပါ။
ယခုရာသီသွေးနှင့် မီးတွင်းသွေးတို့၏ သတ်မှတ်ကာလပြည့်သွားလျှင် ရေချိုးရန် ဝါဂျိဗ်ထိုက်ပါသည်။ ထို့ကြောင့် အထက်တွင်တင်ပြခဲ့သည့် အကြောင်းအရာတို့တွင် ရာသီသွေးနှင့် မီးတွင်းသွေးဟုသတ်မှတ်လိုက်သည့် ကာလပြည့်ပြီးနောက် အမျိုးသမီးအနေဖြင့် သီးသန့်ရေချိုးသန့်စင်မှုပြုလုပ်ရပေမည်။ ရေချိုးရန် ဝါဂျိဗ်ထိုက်နေသူသည် သန့်ပြန့်မှုမယူဘဲ အချိန်ဆွဲကြန့်ကြာနေလျှင် အပြစ်ထိုက်၏။ ဝါဂျိဗ်ထိုက်သည့်ရေချိုးခြင်းနှင့် အခြားသော စွန္နသ်မုစ်သဟဗ်ဟု သတ်မှတ်သည့်ရေချိုးခြင်းများကို ပြုလုပ်ပါက ကုသိုလ်ရပေသည်။

ရေချိုးခြင်းတွင် ပြုလုပ်ကြသည့်အမှားများ
အမျိုးသမီးတို့တွင် ရာသီသွေးကာလပြီးသွား၍ဖြစ်စေ၊ မီးတွင်းသွေး ပြီးသွား၍ဖြစ်စေ ရေချိုးခြင်းပြုလျှင် နိယသ်ဖတ်ရန် ဖရဇ်ဖြစ်သည်ဟု မှတ်ယူထားကြသည်။ နိယသ်မဖတ်ဘဲ ရေချိုးပြီးသွားလျှင် အစအဆုံး ရေပြန်ချိုး၏။ ထိုသို့ နိယသ်မဆိုဘဲရေချိုးထားသူသည် နမားဇ်မဖတ်ပိုင်ဟု ယူဆထားသည်။ ဤသည်မှာ လုံးဝမှား၏။ ရေချိုးခြင်းတွင် နိယသ်သည် ဖရဇ်မဟုတ်ပါ။ နိယသ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ဝါဂျိဗ်ထိုက်သည့်ရေချိုးခြင်းတွင် ပါဝင်ရမည့် ဖရဇ်သုံးချက်ပြည့်စုံလျှင် ရေချိုးခြင်းပိုင်သည်။ ၎င်းတို့မှာ ၁။ နှာခေါင်းအတွင်းသို့ ရေထည့်ဆေးခြင်း၊ ၂။ ပါးစပ်အပြည့်ပါးလုတ်ကျင်းခြင်း၊ ၃။ ခန္ဓာကိုယ်တစ်ခုလုံး (ဦးခေါင်းမှ ခြေရင်းအထိ) ဆံချည်မျှင်တစ်မျှင်မကျန် ရေစိုအောင် (အနည်းဆုံးတစ်ကြိမ်) ရေလောင်းချိုးခြင်းတို့ ဖြစ်ပါသည်။
ထိုဖရဇ်သုံးချက်တွင် နိယသ်မပါဝင်ပေ။ ထို့ကြောင့် နိယသ်၏စာသားများ ဆိုသည်ဖြစ်စေ မဆိုသည်ဖြစ်စေ ၎င်းဖရဇ်သုံးချက်ပြည့်စုံလျှင် ရေချိုးခြင်းပြည့်စုံပါသည်။ ပြန်ချိုးရန် မလိုအပ်တော့ပါ။
အမျိုးသမီးတို့တွင် ရာသီသွေးကာလပြီးသွား၍ဖြစ်စေ၊ မီးတွင်းသွေးပြီးသွား၍ဖြစ်စေ ရေချိုးရာတွင် ဒုအာများ ကလိမာ စူရာများဖတ်၍ မန်းမှုတ်ပြီး သီးသန့်ရေတစ်ခွက်လောင်းသည့် ပုံစံရှိသည်။ ထိုသို့ပြုမှ ရေချိုးခြင်းပိုင်သည်။ ထိုသို့ မန်းမှုတ်ထားသည့်ရေဖြင့် မချိုးခဲ့ပါက ရေပြန်ချိုးခိုင်းခြင်းများ၊ မန်းထားသည့်ရေကို မချိုးခဲ့သဖြင့် နမားဇ်ဖတ်ခွင့်မပြုခြင်း စသည့်လုပ်ရပ်များ ရှိကြသည်။ ဤသည်မှာ လုံးဝအမှားတစ်ခုဖြစ်သည်။ ရှရီအသ်တွင် မရှိသည့် လုပ်ရပ်ဖြစ်သည်။ ထို့အတူ အစ္စလာ့မ်ရှရီအသ်၏ သတ်မှတ်မှုတွင် မပါဝင်သည့်ကိစ္စကို တီထွင်ခြင်းဟူသည့် ပြစ်မှုမြောက်ပါသည်။ သန့်ပြန့်မှုရရန်အတွက် မည်သည့်စာမျှ မန်းမှုတ်ရန်မလိုအပ်ပါ။ စူရာ၊ ဒုအာဖတ်တာပဲ ကောင်းတာလုပ်တာပဲ ဟူသည့်အတွေးဖြင့် ပြုလုပ်ခွင့်လည်း မရှိပါ။ မုစ်လင်မ်ဟူသည် အစ္စလာမ်မှ သတ်မှတ်လိုက်သည့် ဆောင်ရန် ရှောင်ရန်၊ ပြုရန် မပြုရန်များကို မိမိစိတ် ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ နာခံလိုက်နာသူကို ခေါ်ဆိုပေသည်။ ထိုကြောင့် ထိုလုပ်ရပ်များ ပြုနေသူဖြစ်ပါက စွန့်လွှတ်လိုက်ပါ။ ပြုလုပ်သူများတွေ့ပါက တားမြစ်ပါ။
ဝါဂျိဗ်ထိုက်သည့်ရေချိုးခြင်းပုံစံတွင် အမှားတစ်ခုမှာ ရေစချိုးကတည်းက ပြည့်ဝစွာရေချိုးပြီးဖြစ်သည်ကို သီးသန့်တစ်ကြိမ် ကျမသည် ကိုယ်သန့်ရန် ရေချိုးပါ၏ဟု ပြော၍ ရေတစ်ခွက်လောင်းလိုက်သည်။ ထိုသို့ပြုပြီးမှ ကိုယ်သန့်သည့်ရေချိုးမှု ပြီးမြောက်သည်ဟု ယူဆထားသည်။ ဤသည်လည်း အမှားပင်ဖြစ်ပါသည်။ အထက်တွင်ဆိုခဲ့သလို နိယသ်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ရေချိုးရာတွင် ပါဝင်ရမည့် ဖရဇ်အချက်သုံးချက်ပြည့်လျှင် ရေချိုးမှု အထမြောက်သည်။ သီးသန့်ရေတစ်ခွက်ထပ်လောင်းနေရန် မလိုအပ်ပါ။
ဝါဂျိဗ်ထိုက်သည့်ရေချိုးခြင်းကို ပြုခြင်းသည် သာမန်နေ့စဉ်သန့်စင်အောင် ရေချိုးသည်နှင့် အတူတူပင်ဖြစ်၏။ ခန္ဓာကိုယ်တစ်ခုလုံးနှင့် နှာခေါင်းဆေး၊ ပါးလုတ်ကျင်းပြုပြီးလျှင် ရေချိုးမှုပြည့်ဝပါသည်။ နာရီဝက်၊ တစ်နာရီခန့်အချိန်ကုန်ခံ၍ အထူးတလည် ဖတ်ရွတ်မန်းမှုတ်ပြီးရေချိုးရန်မလိုအပ်ပါ။

ရောဂါသွေး၏ အမိန့်များ
၁။ ရောဂါသွေးဆင်းသူသည် နမားဇ်၊ ရိုဇာတို့ကို အပြည့်အဝဆောက်တည်ရပါမည်။ ကုရ်အာန်သိလာဝသ်၊ သွဝါးဖ်၊ ပေါင်းသင်းဆက်ဆံခြင်းအားလုံးပြုခွင့်ရှိသည်။
၂။ ရောဂါသွေးဟု နောက်မှသတ်မှတ်ရသည့်ပုံစံများ အထက်တွင် ပါဝင်ခဲ့သည်။ (ပထမပို့စ်တွင်လည်း ပါဝင်ပါသည်။) ထိုသို့ ရောဂါသွေးဟု သတ်မှတ်လိုက်သည့် နေ့ရက်များမှ နမားဇ်များကို အစားပြန်ဖြည့်ရပါမည်။ (ရာသီသွေးနှင့် မီးတွင်းသွေးဟု သတ်မှတ်သည့်ကာလများ၏ နမားဇ်များကို ပြန်ဖြည့်ရန် မလိုအပ်ပါ။)
၃။ ရောဂါသွေးဆင်းသူအတွက် ရေချိုးရန် ဝါဂျိဗ်မထိုက်ပါ။

ရောဂါသွေးဆင်းပြီးနောက်
ရာသီသွေးနှင့် မီးတွင်းသွေးဟုသတ်မှတ်သည့်ကာလပြီးနောက် ဝါဂျိဗ်ထိုက်သည့်ရေချိုးခြင်းကို ပြုပြီးပါက ဆက်၍ ရောဂါသွေးဆင်းနေလျှင်လည်း သန့်ပြန့်သူသာဖြစ်၏။ ထိုရောဂါသွေးရပ်သွားသည့်အချိန်တွင် ရေချိုးရန် ဝါဂျိဗ်မထိုက်ပါ။ ထို့အတူ ရောဂါသွေးဟုသတ်မှတ်သည့် သွေးများဆင်းပြီးလျှင်လည်း ရေချိုးရန် ဝါဂျိဗ်မထိုက်ပါ။ ဝုဇူပြု၍ နမားဇ်ဆောက်တည်နိုင်သည်။

သတိပြုရန် 
ရောဂါသွေးဆင်းနေသူသည် ဖရဇ်နမားဇ်အချိန်ရောက်သည်နှင့် ဝုဇူပြုရမည်။ ထိုဝုဇူဖြင့် ယင်းနမားဇ်အချိန်မကုန်မခြင်း ကြိုက်သလောက် နမားဇ်ဖတ်နိုင်သည်။ ၎င်း ဖရဇ်နမားဇ်အချိန်ကုန်ပြီး နောက်တစ်ချိန်ကူးသွားလျှင် ယခုပြုထားသောဝုဇူသည် ပျက်သွားပြီဖြစ်၏။ ဖရဇ်နမားဇ်နောက်တစ်ချိန်အတွက် ဝုဇူအသစ်ပြုလုပ်ရပါမည်။
ဥပမာ ဇုဟုရ်အချိန်အတွက် ဝုဇူပြုထားလျှင် အစွရ်အချိန်မရောက်မီအထိ ၎င်း၏ ဝုဇူမပျက်ပါ။ အစွရ်အချိန်ဝင်သွားလျှင် ဝုဇူပျက်သွားမည်။ ဝုဇူအသစ်ပြန်ပြုလုပ်ရမည်။ နမားဇ်အချိန်တိုင်း ဤသို့ပင် ပြုသွားရပါမည်။

*ဖဂျရ်နမားဇ်အတွက် ပြုလုပ်ထားသောဝုဇူသည် နေထွက်လျှင် ၎င်းဝုဇူပျက်သွားသည်။ နေထွက်ပြီးနောက် ဝုဇူအသစ်ပြန်ပြုလုပ်ပြီး ဇုဟုရ်အချိန် မဝင်မီအထိ နှစ်သက်ရာနမားဇ်များ ဆောက်တည်နိုင်ပါသည်။

*နမားဇ်အချိန်တစ်ခုမှ နောက်တစ်ခုသို့ပြောင်းသွားလျှင် ဝုဇူပျက်သလို သာမန် ဝုဇူပျက်သည့်အချက်များကြောင့်လည်း ဝုဇူပျက်ပါမည်။ ရောဂါသွေးဆင်းခြင်းကြောင့် ဝုဇူမပျက်ပါ။

ရာသီသွေး၊ မီးတွင်းသွေးဆင်းနေသူနှင့် ပတ်သက်သည့် ယူဆချက်အမှားများ
ရာသီသွေးဆင်းသူ၊ မီးတွင်းသွေးဆင်းနေသူကို သူ့တစ်ကိုယ်လုံးမသန့်ဖြစ်နေသည်ဟု မှတ်ယူထားခြင်းသည် မှား၏။ အစ္စလာမ်မှ သတ်မှတ်သည့် ပြုခွင့်မရှိသည့် အမလ်တချို့မှအပ ကျန်ကိစ္စရပ်များအားလုံး ပြုလုပ်ခွင့်ရှိပါသည်။ ထမင်းဟင်းချက်ခြင်း၊ ခင်ပွန်းနှင့် ထိကိုင်ခြင်း စသည်များအာလုံးပြုလုပ်ခွင့်ရှိသည်။
ကလေးမွေးထားသည့်အိမ်များတွင် မီးတွင်းသွေးဆင်းသည်ဖြစ်စေ မဆင်းသည်ဖြစ်စေ ရက်လေးဆယ်မပြည့်မချင်း နမားဇ်မဖတ် ရိုဇာမထားပဲနေကြသည်။ ဤသို့မဟုတ်ပါ။ သတ်မှတ်ကာလပြည့်ရန်မလိုအပ်ပါ။ သွေးဆင်းမှုရပ်ဆိုင်းလျှင် ရက်လေးဆယ် ပြည့်သည်ဖြစ်စေ မပြည့်သည်ဖြစ်စေ ရေချိုး၍ သန့်ပြန့်မှုရယူလိုက်ရမည်။
ထို့အတူ ရက်လေးဆယ်ပြည့်သည့်နေ့တွင် တစ်အိမ်လုံးရေပတ်သုတ်ခြင်း၊ မီးဖွားထားသူနေသည့်အခန်းကို အထူးတလည် သန့်ရှင်းမှုများပြုခြင်းကို မပြုမနေရတာဝန်အဖြစ်မှတ်ယူထားသည်။ ဤသည်မှာ မှား၏။ ကလေးမွေးသည့်အခန်းပင်ဖြစ်ပါစေ သန့်ပါသည်။ ထိုနေရာ၌ နမားဇ်ဖတ်ခြင်းလည်း ပြုနိုင်သလို တခြားသောသန့်ပြန့်နေသူများ လာရောက်ပါကလည်း မသန့်ခြင်း မဖြစ်သွားပါ။
ကလေးမွေးထားသည့် အမျိုးသမီးသည် ရက်လေးဆယ်မပြည့်မခြင်း ခင်ပွန်းဖြစ်သူကို အနီးကိုပင် ကပ်ခွင့်မပေးကြပေ။ အိပ်ယာပေါ်လည်း ထိုင်ခွင့်မပေးကြပေ။ ၎င်းယူဆချက်သည်မှားပါသည်။ ခင်ပွန်းဖြစ်သူနှင့် ဇနီးအကြား မည်သူမျှ ထိုသို့သတ်မှတ်၍ ခွဲထားခွင့် လုံးဝမရှိပါ။ ခင်ပွန်းဖြစ်သူထံ မသန့်များကူးစက်သွားသည်လည်း မရှိပါ။ ကလေးမွေးထားသည့်ဇနီးနှင့်အတူ နေထိုင်စားသောက်နိုင်သည်။ အိပ်ယာပေါ် ထိုင်ရုံတင်မက အတူတကွ လှဲလျောင်းနိုင်ပါသည်။ ခင်ပွန်းကို ခေါင်းဖြီးပေးခြင်း၊ ခင်ပွန်းက ထိုသို့သော အခြေအနေဖြစ်နေသည့် ဇနီး၏ ရင်ခွင်အတွင်း ဦးခေါင်းထား၍ အိပ်စက်ခြင်းများ ပြုလုပ်နိုင်ပါသည်။

ရေချိုးခြင်းတွင်...
ရေချိုးခြင်းဟု ဆိုရာတွင် ကျန်းမာရေးအရ ပုံမှန်ရေကိုမသုံးစွဲနိုင်လျှင် ရေနွေးကို သုံးစွဲနိုင်ပါသည်။ ထို့အတူ ဝါဂျိဗ်ထိုက်သည့်ရေချိုးခြင်းတွင် သတ်မှတ်ထားသလောက် ချိုးလိုက်ပါကလည်း သန့်ပြန့်သွားပါသည်။ အကယ်၍ လုံးဝရေမကိုင်နိုင်ခဲ့လျှင် သယမွမ်ပြု၍ သန့်ပြန့်မှုရယူကာ နမားဇ်ရိုဇာတို့ကို ဆောက်တည်ရပါမည်။

[ကျမ်းကိုး ... ဗဟစ်ရှ်သီးဇေဝရ်၊ အမျိုးသမီးအစ္စလာမ့်လမ်းညွှန်ကျမ်း၊ ခဝါသီးန်ကေ ဂျဒီးဒ်မစာအိလ်၊ ခဝါသီးန် အိစ်လာမီအင်ဆိုက်ကလိုပီဒီယား]

အလ်မုဖီးဒ်
ဇုလ်ဟိဂ်ျဂျာ/ ၂၇/ ယောင်မုလ်အိစ်နိုင်းန်/ ဟိဂျရီ ၁၄၃၆
စာသား ကော်ပီယူသူများ အလ်မုဖီးဒ်၏ အမည်အတိုင်း ထည့်ရေးပါ

----
အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။