Wednesday, October 28, 2015

လူနှင့် ဘီလူး


မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/838184012968856:0

ရှေးအခါက ရွာတစ်ရွာတွင် ဆံသဆရာတစ်ယောက်ရှိခဲ့၏။ ထိုဆံသဆရာသည် လွန်စွာပျင်းရိသူတစ်ယောက် ဖြစ်သည်။ သူသည် သူ၏ဖောက်သည်များကို ဓါးတုံး၊ ကပ်ကြေးတုံးများဖြင့် ခေါင်းတုံးပေးခြင်း ဆံပင်ညှပ်ပေးခြင်း ပြု၏။ ထို့ကြောင့် သူ၏ဆံသဆိုင်တွင် တဖြည်းဖြည်းနှင့် လူအဝင်အထွက် နည်းပါးလာတော့သည်။

သို့ပါ၍ ဆံသဆရာသည် ရွာသူရွာသားများကို သပိတ်မှောက်၍ ဤရွာမှထွက်ခွာပြီး အခြားနေရာသို့ ရွှေ့ပြောင်းသွားရန်အတွက် ဆုံးဖြတ်ချက်ချလိုက်သည်။

ဆံသဆရာကြီးသည် ထိုသို့ဆုံးဖြတ်ပြီးလျှင် တစ်နေ့တွင် မိမိလုပ်ငန်းနှင့်ပတ်သက်သော ကိရိယာတန်ဆာပလာများကို အထုပ်ထုပ်ပြီး ပခုံးတွင် ထမ်းပိုး၍ ဤရွာထဲမှ ထွက်ခွါလာခဲ့လေ၏။ သူသည် ခရီးထွက်လာရင်း လမ်းခုလပ်နေရာရှိ တစ်ပင်တစ်ပင်၏ အရိပ်အောက်တွင် အပန်းဖြေရန်အတွက် ခေတ္တအနားယူလေ၏။

ထိုအချိန်တွင် သစ်ပင်ပေါ်ထိုင်နေသော ဘီလူးတစ်ကောင်သည် ဝမ်းသာအားရစွာဖြင့် ကခုန်လိုက်လေသည်။ ထို့ကြောင့် သစ်ပင်ကြီးတစ်ပင်လုံးမှာ ယိမ်းထိုးလှုပ်ရှားနေလေ၏။ ဆံသဆရာကြီးသည် သစ်ပင်ကြီးလှုပ်ခါနေသောကြောင့် မျက်နှာမော့၍ကြည့်ရာ မိမိအသက်ရန်သူ ဘီလူးကြီးကို တွေ့မြင်သွားပြီး သူကပါ ရောယောင်၍ ဝမ်းသာအားရစွာ ကခုန်လိုက်၏။ ထိုအခါ သစ်ပင်အောက်တွင် ကခုန်နေသော ဆံသဆရာကြီးအား ဘီလူးက .... အို လူသား၊ ကျွန်ုပ်ဟာ နှစ်ပေါင်းများစွာကြာပြီးနောက်မှ သင့်လိုအရသာရှိတဲ့ အစာတစ်လုတ်ကို အခုတွေ့လိုက်ရတဲ့အတွက် မကြာခင် စားနိုင်တော့မှာဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်ုပ်ဟာ စိတ်ပျော်လွန်းလို့ ကခုန်နေခြင်းဖြစ်တယ်။ အသင်ကရော ဘာကြောင့် ကခုန်နေတာလဲ...... ဟု မေးမြန်းလေ၏။

ထိုအခါ ဆံသဆရာကြီးက .....
ကျွန်ုပ်ဟာ အောက်လမ်းပညာတွေ၊ အထက်လမ်းပညာတွေကို ကောင်းကောင်းကြီးတတ်ကျွမ်းတဲ့ ပညာရှင်ကြီးတစ်ဦးဖြစ်တယ်။ ဒီတိုင်းပြည်ကြီးရဲ့ ဘုရင်ကြီးက ကျွန်ုပ်ကို ဘီလူးသုံးကောင် ဖမ်းပေးရမယ်လို့ တာဝန်ပေးထားခဲ့တယ်။ ကျွန်ုပ်ဟာ ဘုရင်ကြီးရဲ့ တာဝန်ပေးချက်အရ ဘီလူးနှစ်ကောင်ကို ဖမ်းထားပြီးပါပြီ။ အခုတော့ ကျွန်ုပ်ဟာ ကံကောင်းလွန်းလို့ တတိယအကောင်ဖြစ်တဲ့ သင့်ကို ဤနေရာမှာ လာတွေ့ခဲ့ရတယ်။ မကြာမီအချိန်မှာ သင့်ကိုပါဖမ်းချုပ်ပြီး စုစုပေါင်းဘီလူးသုံးကောင်ကို ဘုရင်ကြီးထံ ဆက်သနိုင်တော့မှာဖြစ်လို့ စိတ်ပျော်သွားခဲ့တယ်။ ဒါကြောင့်မို့ ကျွန်ုပ်ဟာ ကခုန်နေခဲ့တာပေါ့ ဟု ပြန်လည်ပြောဆိုလေသည်။

ဘီလူးကြီးသည် ဆံသဆရာကြီး၏စကားကိုကြား၍ အလွန်ကြောက်လန့်သွားပြီးလျှင် ဆရာကြီးကဖမ်းချုပ်ထားတဲ့ ဘီလူးတွေကို ကျွန်ုပ်ကိုပြနိုင်ပါ့မလား ဟု မေးမြန်းလေ၏။ ထိုအခါ ဆံသဆရာကြီးက အသင်စကားလှည့်ပြီး ထွက်ပြေးဖို့အတွက် လုံးဝစိတ်မကူးပါနှင့်။ ကျွန်ုပ်ဟာ အသင့်ကို ပညာနဲ့ ဝိုင်းထားလိုက်ပြီးပြီ။ အသင့်အမျိုးတွေကို ကြည့်ဖို့အတွက် ဆန္ဒရှိတယ်ဆိုရင်တော့ အောက်ဆင်းလာပြီး ကြည့်နိုင်တယ် ..... ဟု မျက်နှာခပ်တည်တည်ဖြင့် ပြောချလိုက်လေ၏။

ဘီလူးသည် ဆံသဆရာ၏ ခြိမ်းခြောက်မှုနှင့် ဟိတ်ဟန်ကိုကြည့်၍ ပိုမိုကြောက်လန့်သွားပြီး မိမိကိုယ်ကို ပုံစံသေးသေးလေးအဖြစ်ပြောင်းပြီး အောက်သို့ဆင်းလာ၏။ ဆံသဆရာကြီးက သူ၏ အိတ်ထဲမှ မှန်တစ်ချပ်ကို ထုတ်ယူပြီးလျှင် ဘီလူးအား ပြလိုက်လေသည်။ ဘီလူးကြီးသည် မှန်ထဲတွင်တွေ့ရသော သူ၏မျက်နှာကို အထင်မှားကာ အခြားသောဘီလူးတစ်ကောင်ပင် ဖြစ်သည်ဟူ၍ ယူဆလိုက်လေ၏။

ဆံသဆရာကြီးက ဒါဟာ ပထမဘီလူးပဲပေါ့ ဟုဆိုကာ မှန်ကို အိတ်ထဲတွင်ပြန်ထည့်ပြီး တစ်ဖန် ဒုတိယမှန်တစ်ချပ်ကို ထုတ်ယူ၍ ဘီလူးကြီးအား ပြပြန်လေသည်။ ဘီလူးကြီးသည် မှန်ကိုကြည့်ပြီးလျှင် ပထမအကြိမ်ကဲ့သို့ပင် ယူဆလိုက်လေ၏။ ဆံသဆရာကြီးက ဒါဟာ ဒုတိယဘီလူးပေါ့ဟု ဆိုကာ မှန်ကို အိတ်ထဲတွင် အကျအနပြန်ထည့်ပြီးလျှင် ဘီလူးကြီးအား ခပ်တည်တည်စိုက်ကြည့်၍ .....
သင်ကတော့ ကျွန်ုပ်သတ်မှတ်ထားတဲ့ တတိယဘီလူးပဲဖြစ်တယ်။ သင့်ကိုလည်း ဂါထာနဲ့ မှန်ထဲသွင်းယူပြီးတော့ ဘုရင်မင်းမြတ်ထံကို သွားပို့ရမယ် ဟု ပြောဆိုလေ၏။

ထိုအခါ ဘီလူးကြီးက မိမိအား ဂါထာဖြင့် မန်းမှုတ်၍ မှန်ထဲတွင်သွင်းပြီး ဘုရင်မင်းမြတ်ထံသို့ သွားရောက်ပို့ဆောင်ခြင်းမပြုရန် အတွက် ဆံသဆရာကြီးအား မြောက်မြားစွာတောင်းပန်စကားဆိုသည့်အပြင် နှစ်စဉ်နှစ်တိုင်း စပါးပေါ်ချိန်တွင် စပါးတစ်စီး ဆရာကြီးအိမ်သို့ မိမိကိုယ်တိုင် အရောက်ပို့ဆောင်ပေးပါမည်ဟု ခိုင်မာသော ကတိဝန်ခံချက်များပေး၍ ထွက်ခွာသွားလေတော့၏။

ဆောင်းရာသီ၌ စပါးပေါ်ချိန်တွင် ဘီလူးကြီးသည် သူ၏ကတိအတိုင်း စပါးစလင်းတစ်ခုကို သယ်ဆောင်လာပြီး ဆံသဆရာကြီး၏အိမ်ရှေ့၌ ပုံချပေးလေ၏။ ဆံသဆရာကြီးက ပြန်ခိုင်းသောအခါ ဘီလူးကြီးသည် ဆံသဆရာကြီးအား ကျေးဇူးတင်ကြောင်းပြော၍ အရိုအသေပေးပြီး ပြန်သွားလေ၏။ ဘီလူးကြီးသည် နှစ်စဉ်နှစ်တိုင်း တာဝန်ကျေစွာဖြင့် စပါးပို့ဆောင်နေ၍ ဆံသဆရာကြီးမှာ အချိန်ကာလအနည်းငယ်အတွင်းမှာပင် လွန်စွာ ကျိကျိတက်ချမ်းသာသော သူဌေးကြီးတစ်ဦးဖြစ်လာလေသည်။

တစ်နေ့သ၌ ဘီလူးကြီးက စပါးစလင်းယူလာနေသည်ကို အခြားသောဘီလူးတစ်ကောင်က တွေ့မြင်သွားပြီး မိတ်ဆွေ ... မင်းက ဒီဒုက္ခကို ဘာကြောင့်ခံနေရတာလဲ ဟု မေးမြန်းလေ၏။ ထိုအခါ တာဝန်ခံဘီလူးကြီးက သူ့ဆရာကြီး၏ အကြောင်းအရာများနှင့် ကျေးဇူးကြီးမားပုံတို့ကို အကျယ်တဝင့်ရှင်းပြလေ၏။

ဤကဲ့သို့ လူသားတစ်ယောက်က ဘီလူးတစ်ကောင်အား ခိုင်းစားနေကြောင်းကို ကြားသိ၍ ဒုတိယဘီလူးကြီးသည် အလွန်အမင်းဒေါသထွက်သွားပြီးလျှင် ဆံသဆရာကြီးအား အပြီးသတ်လိုက်ရန်အတွက် အကြံပေးလေ၏။ တာဝန်ခံဘီလူးကြီးက ဆရာကြီးဟာ ပညာရှင်ဖြစ်လို့ သူ့ကိုသတ်ဖို့မလွယ်ပါဘူး။ ဟု ပြောပြသော်လည်း ဒုတိယဘီလူးကြီးက ထိုစကားကို လက်မခံဘဲ အဲဒီဆရာကြီးအိမ်ကို ငါ့ကိုပြပေးစမ်းပါ ဟုဆိုကာ တာဝန်ခံဘီလူးကြီးနှင့်အတူ လိုက်လာခဲ့လေ၏။

တာဝန်ခံဘီလူးကြီးသည် တားမရသည့်အဆုံးတွင် အဝေးမှနေ၍ ဆံသဆရာကြီး၏အိမ်ကို ပြပေးလိုက်ပြီးလျှင် ထိုပွဲကိုကြည့်ရန်အတွက် တစ်နေရာ၌ ထိုင်စောင့်နေလေ၏။

ထိုအချိန်တွင် ဆံသဆရာကြီးသည် ကွန်ပစ်ပြီးရလာသော လတ်လတ်ဆတ်ဆတ် ငါးကြီးတစ်ကောင်ကို သူ၏အိမ်ရှင်မအား ယူလာပေးပြီးလျှင် ရေချိုးရန်အတွက် အပြင်သို့ပြန်ထွက်သွားလိုက်သည်။ အကွက်ကောင်းစောင့်နေသော ဒုတိယဘီလူးကြီးသည် ချက်ချင်းပင် မိမိကိုယ်ကို ကြောင်ကြီးတစ်ကောင်အသွင်သို့ ပြောင်းလိုက်ပြီးလျှင် အိမ်အတွင်းသို့ဝင်၍ အိမ်ရှင်မအရှေ့မှ ငါးကြီးကို ဆွဲလုသွားရန် ကြိုးစားလေ၏။

အိမ်ရှင်မက ကြောင်ကိုမောင်းထုတ်သော်လည်း ကြောင်ယောင်ဆောင်ထားသော ဘီလူးကြီးက ထွက်သွားခြင်းမပြုခဲ့ပေ။ ထိုအချိန်မှာပင် ဆံသဆရာကြီးက ရေချိုးရာမှ ပြန်ရောက်လာ၍ အိမ်ရှင်မက ကြောင်ပြဿနာကို ပြောပြလေသည်။ ဆံသဆရာကြီးသည် အိမ်ရှင်မစကားကို နားထောင်၍ လွန်စွာစိတ်ဆိုးဒေါသထွက်သွားပြီးလျှင် စပါးထောင်းသောကျည်ပွေ့ကိုကိုင်၍ ကြောင်ကိုသတ်ပစ်ရန်အတွက် ကြောင်အနောက်မှ လိုက်လေတော့သည်။

ကြောင်ယောင်ဆောင်ထားသော ဒုတိယဘီလူးကြီးသည် ကျည်ပွေ့ရန်ကို မရှောင်ရှားနိုင်တော့၍ ဆံသဆရာကြီးကို မိမိအတွက် သေမင်းပင်ဖြစ်သည်ဟု ယူဆလိုက်လေ၏။ ထို့နောက် ဒုတိယဘီလူးကြီးသည် ဆံသဆရာကြီးအား များစွာတောင်းပန်စကားဆို၍ နှစ်စဉ်နှစ်တိုင်း စပါးနှစ်စီးပေးပါမည်ဟု ခိုင်မာသောကတိဝန်ခံချက်ပေးပြီး ပြန်သွားခဲ့လေ၏။

ဘီလူးနှစ်ကောင်သည် အချင်းချင်းတွေ့သောအခါများ၌ ဆံသဆရာကြီး၏အကြောင်းကို ပြောပြီးလျှင် ရယ်မောကြလေသတည်း။

**မှတ်သားဖွယ်**
မိမိသည် အကောင်ကြီး၍ ကိုယ့်ကိုယ်ကိုယ် အထင်မကြီးရ။ အခြားသူများမှာ အကောင်သေး၍ ၎င်းတို့ကိုလည်း အထင်မသေးရ။ အယူအဆများနှင့် အတွေးအခေါ်များတွင် မှားယွင်းခြင်းသည် မိမိအတွက် အန္တရာယ်ဖြစ်နိုင်ကြောင်းကို ကောင်းစွာသတိချပ်သင့်ပေသည်။

[ဆရာကြီး မော်လာနာအဗ္ဗါးစ်ကာစေမီ ရေးသားသော "ချစ်ဆွေများအတွက် အသိပညာပေးပုံပြင်လက်ဆောင်" စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။]

အလ်မုဖီးဒ်
ဇိလ်ဟိဂ်ျဂျာ/ ၂၅/ ယောင်မုလ်အဟဒ်/ ဟိဂျရီ ၁၄၃၆
----
အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။