Showing posts with label History. Show all posts
Showing posts with label History. Show all posts

Thursday, December 24, 2015

သမင်အကြောင်း


မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://web.facebook.com/almufeed.mm/posts/881022855351638:0

ဤအကြောင်းအရာကို ကော်ပီယူ၍ ဖြန့်ဝေလိုသူများအနေဖြင့် မူရင်းကျမ်း၊ ဘာသာပြန်စာအုပ်အမည်နှင့် ကျွန်ုပ်တို့အတွက် အသိပညာများကို ယခုလို လွယ်ကူစွာဆည်းပူးနိုင်အောင် ဘာသာပြန်ဆိုပေးသည့် ဆရာကြီး၏ အမည်ကိုပါ ထည့်သွင်းရေးသားပါ၊

သမင်ဖိုနှင့် ဆတ်ဖိုအကြောင်း
အရဗီအဘိဓာန်အရ အိုင့်ယလ်ဟူသည်မှာ ဦးချိုများစွာရှိသည့် သမင်ဖိုအား ခေါ်ဆိုသည်။ အများအားဖြင့် တောင်ဆိတ်နှင့် ဆင်တူသည်။ ၎င်း၏သတ္တိရှိမှုသည် ဤမျှစံချိန်တင်လောက်သည်မှာ သားလိုက်မုဆိုးထံမှ လွတ်လမ်းမမြင်တော့သည့်အချိန် အလွန်မြင့်စွင့်လှသည့် တောင်ထိပ်ပေါ်မှလည်း ခုန်ချလေ့ရှိ၏။

အကယ်၍ အဆိပ်အတောက်ရှိသည့်မြွေ အကိုက်ခံရပါက ဂဏန်းကိုဖမ်းစားလိုက်ခြင်းဖြင့် ကျန်းမာလာ၏။ သမင်ဖိုကြီးများသည် ငါးများအား ကြည့်ရှုခြင်းကို အလွန်နှစ်ခြိုက်သောကြောင့် ချောင်းကမ်းပါးသို့ မကြာခဏ လာလေ့ရှိသည်။ မြွေအားစားသောက်ခြင်းကိုလည်း လွန်စွာမှ နှစ်ခြိုက်လေ၏။ ယင်းသတ္တဝါများကို အိန္ဒိယ၊ ဆင်းဒ်နှင့် အီရာန် အစရှိသည့် နိုင်ငံများတွင် တွေ့ ရှိရတတ်ပေသည်။

အရွယ်အစားနှင့် ထင်ရှားသည့်လက္ခဏာများ။
အရွယ်ရောက်ပြီး ထွားကြိုင်းသည့် သမင်ထီးကြီးများ၏ အရပ်မှာ ပုခုံးအမြင့်တွင် လေးပေခန့်မြင့်၍ အရွယ်ရောက်သည့် သမင်မများ၏ အရပ်မှာ သုံးပေခွဲသာမြင့်သည်။ သမင်မများ၏ ကိုယ်ကာယသည် အချိုးအစားကျပြီး အလွန်လှပါသည်။ သမင်မများ၏ ခန္ဓာကိုယ်သည် သမင်ထီးများထက် အလုံးအဖန် သေးသွယ်သည်။ သမင်ထီးကြီးများ၏ အရောင်အသွေးမှာ ဝါနီညိုရင့်ရောင်ဖြစ်ပြီး အထီးအိုကြီးများ၏ အရောင်မှာ အညိုရောင်ဖြစ်သည်။ သမင်ထီးကြီးများတွင် ထူထဲပြီး ကြမ်းတမ်းသော လည်ဆံမွှေးများ ပါရှိသည်။ အရွယ်ရောက်ပြီး သမင်မများ၏ အရောင်မှာ ဝါနီညိုနုရောင်ဖြစ်ပြီး သမင်ဖိုကလေးများ၏ အရောင်အသွေးမှာမူ သမင်ဖိုကြီးများလောက် အရောင်မရင့်၊ သမင်ကြီးများလောက်လည်း အရောင်မနု အလယ်အလတ်ရောင်ဖြစ်သည်။ သမင်များ၏ အရောင်အသွေးမှာ ရာသီဥတုကိုလိုက်၍ ပြောင်းလဲတတ်သေးသည်။ အေးမြသည့် ဆောင်းရာသီတွင် အမွှေး၏အရောင်မှာ ရင့်ပြီး ပူအိုက်သည့် နွေရာသီတွင် အရောင်ဖျော့ကာ ဝါညိုရောင်ဖြစ်လာသည်။ သမင်လေးများသည် မိဘဖြစ်သော သမင်ကြီးများနှင့် ပုံသဏ္ဍာန်တူသော်လည်း ၎င်းတို့၏ ကိုယ်ပေါ်၌ အစက်အပြောက် အစင်းကျားများ ပါရှိတတ်သည်။ ၎င်းအစက်အပြောက်များကို တစ်ခါတစ်ရံ အရွယ်ရောက်သည်အထိ တွေ့ ရတတ်ပေသည်။

အလေ့အထများ။
သမင်များသည် အမြင်၊ အကြား၊ အနံခံအာရုံ သုံးခုစလုံး ထက်မြက်သည်။ ထို့ကြောင့် သမင်သည် မျက်စိရှင် နားပါးပြီး အနံခံကောင်းသည်။ ထို့ပြင် အပြေးအားလည်း အလွန်ကောင်းသည်။ သမင်သည် အင်အားကြီးမားသော ကျား၊ ကျားသစ်၊ စသော သားရဲတိရိစ္ဆာန်များနှင့် ရန်သူများ၏ဘေးမှ လွတ်ကင်းအောင် အလွန်လျင်မြန်စွာ ပြေးလွှားနိုင်သည်။ အမဲလိုက်ခွေးများသည် ကွင်းပြင်တွင် သမင်များကို မီအောင်မလိုက်နိုင်ပေ။
အထိတ်တလန့်ဖြစ်သည့်အခါတွင် စူးရှသော အာလုပ်သံမျိုး ပြုလုပ်လေ့ရှိသည်။ သမင်ဖို၏ တောက်သံမှာ သမင်မထက်ကျယ်ပြီး အသံမှာလည်း အလွန်ရှည်သည်။ အထူးသဖြင့် မိတ်လိုက်သည့် ရာသီ ဖေဖော်ဝါရီလမှ ဧပြီလကုန်အထိ သမင်ဖို၏ တောက်သံကို ကြားရတတ်သည်။ သမင်ဖိုများသည် အချင်းချင်း ခိုက်ရန်ဖြစ်ပွားတတ်သည့်အကျင့်ရှိပြီး များသောအားဖြင့် မိတ်လိုက်ချိန်တွင် တစ်ကောင်နှင့်တစ်ကောင် ဝှေ့၍ တိုက်ခိုက်ဗိုလ်လုတတ်ကြလေသည်။ သို့အတွက် ဦးချိုအတတ်အခက်များ စူးပြီး မျက်စိတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးကန်းနေသော သမင်ဖိုများကို မကြာခဏ တွေ့ ရတတ်သည်။ ၎င်းတို့၏ ပဋိသန္ဓေကာလမှာ (၈)လခန့်ကြာပြီး တစ်သားလျှင် တစ်ကောင်သာ မွေးဖွားတတ်သည်။
သမင်ကောင်ရေသည် (၂)နှစ်အတွင်း တစ်ကောင်သာ အများဆုံးတိုးပွားလေသည်။ သမင်များသည် မတ်လနှင့် ဧပြီလအတွင်း မိတ်လိုက်တတ်ပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း မွေးဖွားတတ်သည်။ မွေးဖွားလာသည့် သမင်ကလေးမှာ နှစ်ခါလည်သားအရွယ်အထိ မိခင်ကြီးနှင့် အတူနေတတ်သည်။
ဦးချိုထွက်သည့် အရွယ်။
သမင်ဖိုများသည် သက်တမ်း (၂)နှစ်အရွယ်တွင် ဦးချိုစထွက်သည်။ တတိယမြောက်နှစ်တွင် ၎င်း၏ဦးချို၌ အခက်အပွားများ စတင်ထွက်လာသည်။ ဤသို့ဖြင့် (၆)နှစ်အထိ ဦးချိုအခက်အတက်များ စုံသည်အထိ ထွက်လေသည်။ ထိုအချိန်မှသာ ၎င်း၏ဦးချိုသည် အလွန်တရာမှ ကြည့်ရှုကောင်းအောင် လှပလေတော့သည်။ ထိုကာလအတွင်း ဦးချိုအခက်များသည် နှစ်စဉ်ကြွေကျပြီး အသစ်ပေါက်လေ့ရှိသည်။ ဦးချိုသည် သေးသွယ်ရှည်လျားပြီး လေးပေနီးပါးခန့် ရှည်တတ်သည်။ သမင်အမများတွင်မူ ဦးချိုမပါရှိချေ။

ဗဟုသုတ။
အရတ်(စ)သူသခင်၏ အဆိုအရ သမင်ဖိုများသည် ဘာဂျာ၊ တူရိယာ၊ သံစဉ်တီးမှုတ်သံကို နှစ်သက်ခြင်းကြောင့် အသံလာရာကို နားရွက်ထောင်နားစွင့်နေချိန်မှာပင် ၎င်းတို့ကို အလွယ်တကူဖမ်းဆီးနိုင်သည်။
အိမာမ်ဒမီရီသခင်၏ အဆိုအရ သမင်ဖိုကြီးများသည် အလွန်တရာမှ ဆူဖြိုးသောသတ္တဝါဖြစ်သည့်အပြင် သားလိုက်မုဆိုးနှင့် ကြုံကြိုက်ရသည့်အချိန် အလွန်လျင်မြန်စွာ ပြေးလွှားရှောင်ကွင်းသွားနိုင်သည်။

ရှရီအသ်၏ အမိန့်ပညတ်ချက်။
တောင်ဆိတ်များနည်းတူ သမင်၊ ဒရယ်၊ ဂျီ၊ ဆတ်၊ စိုင် အားလုံးမှာ စားပိုင်သော သတ္တဝါများ ဖြစ်ကြ၏။

ဆေးဖက်ဝင်ပုံ။
(၁) သမင်ဦးချိုပိုင်းတစ်ခုကို မီးရှို့ ပြာချပြီး ပျားရည်နှင့်ရော၍ လျှက်ပေးခြင်းဖြင့် သံကောင်နှင့် တုတ်ကောင်များ ကျစေ၏။
(၂) သမင်ဦးချိုအပိုင်းတစ်ခုကို လည်ပင်းတွင် ချိတ်ဆွဲထားပါက ထိုသူသည် အိပ်ချင်စိတ် ဖြစ်ပေါ်မည်မဟုတ်။
(၃) သမင်ဖို၏ အထူးအင်္ဂါကို အခြောက်လှန်း အမှုန့်ပြုလုပ်၍ ပျားရည်ဖြင့် ရောနှောမှီဝဲခြင်းဖြင့် ကာမအားကို တိုးပွားစေ၏။
(၄) သမင်ဖို၏ သွေးကို သောက်သုံးခြင်းဖြင့် ကျောက်ကပ်တွင် ကျောက်တည်နေသည့် ရောဂါရှင်အတွက် အလွန်အကျိုးရှိ၏။

အာဖရိက တောရိုင်းသမင်
အရဗီအဘိဓာန်အရ ဗကရ်ဝဟ်ရှီ ဆိုသည်မှာ အာဖရိကသမင်မျိုးကို ဆိုလိုသည်။ အာဖရိက သမင်အမျိုးအစား လေးမျိုးရှိသည်။ ၎င်းတို့မှာ ....
(၁) မဟာအ် (၂) အိုင့်ယလ် (၃) ယဟ်မူရ် (၄) သီသလ်တို့ ဖြစ်ကြသည်။
အထက်ဖော်ပြပါ သမင်အမျိုးအစား အားလုံးသည် နွေဥတု၌ ရေသောက်ရန် ရရှိပါက ဝလင်အောင်သောက်လေ့ရှိပြီး ရေမရရှိလျှင် ဆွဗရ်ဖြင့် နေလိုက်ကြသည်။ အလားတူပင် ဝံပုလွေ၊ ခွေးအ၊ တောရိုင်းလား၊ သမင်နှင့် ယုန်တို့၌လည်း အထက်ပါအကျင့်အမူမျိုးရှိကြလေ၏။
ပထမအမျိုးအစားဖြစ်သည့် မဟာအ် အမည်ရှိသမင်မျိုးသည် မိတ်လိုက်ရာ၌ စိတ်အားထက်သန်သည့် သတ္တဝါမျိုးဖြစ်သည်။ ယင်းကြောင့် သမင်မသည့် ဇီးရှိသည့်ကာလတွင် အထီးနှင့် ဝေးလံစွာရှောင်ရှားနေလေသည်။
ဒုတိယအမျိုးအစားဖြစ်သည့် အိုင့်ယလ်အကြောင်း ရေးသားဖော်ပြခဲ့ပြီး ဖြစ်၏။
တတိယသမင်အမျိုးအစား ဖြစ်သည့် ယဟ်မူရ်သမင်မျိုးသည် လွှကဲ့သို့ ချွန်ထက်သည့် ဦးချိုနှစ်ချောင်းပါရှိလေသည်။ သွားလိုသောနေရာရှိ ချုံပင်နွယ်ပင်များကို ရှင်းလင်းရာ၌ ၎င်း၏ဦးချိုကို အသုံးချလေသည်။ တစ်နှစ်တစ်ခါ သားပေါက်လေ့ရှိသည်။

ထူးခြားမှု။
အာဖရိကတောရိုင်းသမင်များ၏ ထူးခြားချက်မှာ
(၁) ၎င်းတို့၏ ဦးချိုများသည် ကျွဲ၊ နွား တိရိစ္ဆာန်များ၏ ဦးချိုကဲ့သို့မဟုတ်ဘဲ အတွင်း၌ပိတ်နေသော မာကျောသည့် ဦးချိုများဖြစ်ကြသည်။
(၂) အိမ်မွေးဆိတ်များနှင့် ဆင်တူသည်။
(၃) ၎င်းတို့သည် ဦးချိုများကို အားပြုပြီး ကလေးများ၏ အန္တရာယ်ဖြစ်သည့် တောခွေးနှင့် အခြားသော သားရဲတိရိစ္ဆာန်များ၏ ရန်မှ ကာကွယ်ပေးလေ၏။

ဆင့်ပြန်ချက်တစ်ရပ်။
အာဖရိကတောရိုင်းသမင်နှင့် စပ်လျဉ်း၍ ဆင့်ပြန်ချက်တစ်ရပ်လာရှိသည်မှာ အခါတစ်ပါး၌ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် စစ်ဦးစီးချုပ် ခါလိဒ်ဗင်န်ဝလီးဒ်သခင်ကို ဒေါင်မသွလ်ဂျွန်ဒွလ်၏ ဘုရင်ခံချုပ်ဖြစ်သော အကီဒရ်ဘုရင်ထံသို့ စေလွှတ်ခဲ့သည်။ ၎င်းသည် အိဗ်နေအဗ်ဒွလ်မလစ်က်သခင်၏ သား နဆ်ွရာနီဘာသာဝင်တစ်ဦးဖြစ်သည်။ အကီဒရ်ဘုရင်သည် အမဲလိုက်ထွက်ခြင်းကို ဝါသနာပါသူတစ်ဦးဖြစ်ပေသည်။
တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က ခါလိဒ်ဗင်န်ဝလီးဒ်သခင်အား အကီဒရ်ထံသို့ စေလွှတ်တော်မူသည့်အချိန် အို ခါလိဒ်၊ အသင့်အနေနှင့် အကီဒရ်အား တောရိုင်းသမင်များကို အမဲလိုက်နေစဉ် ဖမ်းဆီးနိုင်ပေလိမ့်မည် ဟု သတင်းဦးကြို ပြောကြားခဲ့ပြီး ဖြစ်သည်။
ဤသို့ဖြင့် စစ်ဦးစီးချုပ် ခါလိဒ်ဗင်န်ဝလီးဒ်သည် လသာသည့်ညချမ်းတွင် တိတ်တဆိတ် အကီဒရ်ဘုရင်ခံ၏ မြို့ ရိုးတစ်ခုသို့ ရောက်ရှိလာ၏။ ထိုညများ၌ တောကောင်များသည် မိမိတို့၏ ဦးချိုများဖြင့် မြို့ရိုးတံတိုင်းအား ပွတ်တိုက်နေကြသည်။ အကီဒရ်ဘုရင်လည်း အသံကြားရာသို့ နန်းဆောင်ပြဿဒ်ပေါ်မှ ကြည့်ရှုလေရာ တောရိုင်းသမင်များကို တွေ့ မြင်လေ၏။ ၎င်းအရင်ကလည်း အကီဒရ်ဘုရင်သည် တောလိုက်သမင်များကို အမဲလိုက်ထွက်ရန် ဆန္ဒပြင်းပြလျက်ရှိခဲ့ရာမှ ယခုအခါ မမျှော်လင့်ဘဲ သမင်အုပ်ကို တွေ့ သဖြင့် ချက်ချင်းဆိုသလို အမဲပစ်ရန်အတွက် စီစဉ်လေတော့၏။
သို့နှင့် အကီဒရ်ဘုရင်သည် နောင်တော် ဟဆ်ဆာန်အား အဖော်ပြုလျက် မြင်းကိုယ်စီဖြင့် မြို့ ရိုးအပြင်ဘက်သို့ အမဲပစ်ထွက်လာကြသည်။ ယခင်ကတည်းကပင် ၎င်းအား ဖမ်းဆီးရန် အခွင့်စောင့်နေသည့် ခါလိဒ်ဗင်န်ဝလီးဒ်သခင်နှင့် အဖော်များသည် အကီဒရ်ဘုရင် မြို့ ရိုးအပြင်သို့ ထွက်လာသည်နှင့် အခွင့်ကောင်းကို လက်လွတ်မခံဘဲ အကီဒရ်ဘုရင်အား ဖမ်းဆီးချုပ်နှောင်လိုက်သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ ကြိုဦးသတင်းပါးချက်သည် တိကျမှန်ကန်ခဲ့လေသည်။
ထို့နောက် ခါလိဒ်ဗင်န်ဝလီးဒ်သခင်သည် ဘုရင်ခံချုပ်ကို အကီဒရ်ကို တမန်တော်မြတ်ကြီး ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ထံပါးသို့ ခေါ်ဆောင်လာလေသည်။ ကိုယ်တော်သည် အကီဒရ်အား အစ္စလာမ်ဖက်သို့ ဖိတ်ခေါ်သော်လည်း ၎င်းက ငြင်းဆိုခဲ့သည်။
ဤဖြစ်ရပ်သည် ဟိဂျရီ (၉)ခု၊ ရဂျဗ်လတွင် ဖြစ်ပေါ်ခဲ့သည်။

ရှရီအသ်၏ အမိန့်ပညတ်ချက်။
သမင်အမျိုးအစားအားလုံး စားသောက်ခြင်း ဟလာလ် ဖြစ်၏။

ဆေးဖက်ဝင်ပုံများ။
(က) လေဖြတ်နေသည့် ရောဂါသည်အတွက် တောရိုင်းသမင်၏ ဦးနှောက်သည် အထူးခြားဆုံးသော ဆေးဖက်ဝင် ဖြစ်သည်။
(ခ) တောရိုင်းသမင်၏ ဦးချိုကို မီးရှို့ ပြာချ၍ ပျားရည်ဖြင့် ရောနှောသောက်သုံးပါက အင်အားပြည့်ဖြိုးစေသည်။
(ဂ) နှာခေါင်းသွေးလျှံတတ်သည့် ရောဂါအတွက် ၎င်း၏ဦးချိုကို အမှုန့်ကြိတ်ရှုပေးခြင်းဖြင့် သွေးလျှံခြင်း ပျောက်ကင်းပေမည်။

အိပ်မက်သဘော။
(က) အာဖရိက တောရိုင်းသမင်အား အိပ်မက်ခြင်း၏ အလိုသဘောမှာ ချောမောလှပသည့် မိန်းကလေးနှင့် ဆုံစည်းရပေအံ့။
(ခ) အိပ်မက်ထဲတွင် ၎င်းသမင်အား သတ်ဖြတ်လိုက်သည်ဟု မြင်မက်ပါက အမျိုးသမီးတစ်ဦးထံမှ ဥစ္စာပစ္စည်းမြောက်မြားစွာ ရရှိပေအံ့။

 မွရှ်က် ကတိုးအကြောင်း 
ကတိုးသည် အလွန်တန်ဖိုးကြီးမားပြီး ရှားပါးပစ္စည်းတစ်မျိုး ဖြစ်ပေသည်။ ယင်းအား သမင်၏ ချက်မှ ရရှိလေသည်။ ကတိုးရှိသော သမင်သည် အခြားသမင်နှင့်မတူဘဲ ပိန်လှီနေသည်။ မုဆိုးများသည် ကတိုးမွှေးကြိုင်မှုကို အနံ့ခံ၍ ၎င်းသမင်ကို တစ်တောလုံး ပိုက်စိပ်တိုက်ရှာဖွေကြလေ၏။ မွရှ်က် ကတိုးပစ္စည်းသည် သမင်၏ချက်အတွင်း သွေးခဲမှ ဖြစ်ပေါ်ရရှိလေသည်။
သမားတော်များ၏ အဆိုအရ ကတိုး လေးမျိုးရှိသည်။
(၁) ပထမတန်းစား ကတိုး။ ထိုကတိုးသည် သမင်ချက်မှ ဓမ္မတာဆင်းသည့်ပုံစံဖြင့် ထွက်လာပြီး ကျောက်တုံးကျောက်ခဲပေါ်တွင် ခြောက်သွေ့ ကာ ခဲသွားလေသည်။ ယင်းမှာ အလွန်တရာမှ မွှေးကြိုင်လှပြီး အကောင်းဆုံးသော ကတိုးဖြစ်သည်။
(၂) ဒုတိယတန်းစား ကတိုး။ ကတိုးရှိသော သမင်သည် မိမိ၏ချက်ကို ကျောက်တုံး သို့မဟုတ် သစ်မြစ်ဆုံတစ်ခုခုဖြင့် ပွတ်တိုက်၍ ထုတ်လိုက်သောကတိုးဖြစ်သည်။ ထိုကတိုးသည် သမင်၏ချက်တွင် ကာလကြာမြင့်သည်နှင့် ချက်တိုင်၌ ယားယံမှုဖြစ်ပေါ်လာ၏။
(၃) တတိယတန်းစား ကတိုး။ သားလိုက်မုဆိုးများသည် သားကောင်မိပြီးနောက် ယင်းကတိုးမွှေးကို သမင်၏ချက်တိုင်မှ ကိုယ်တိုင်ဖြတ်ယူကာ အခြောက်ခံလိုက်ကြသည်။
(၄) စတုတ္ထတန်းစားကတိုး။ မုဆိုးတို့သည် သမင်ကိုဖမ်းဆီးရပြီးနောက် ကတိုးနံ့ထွက်နေသည့် ယင်းသမင်၏ချက်ကို ဖြတ်ယူကာ သမင်၏အသည်း၊ နှလုံးတို့ဖြင့် ရောနယ်၍ အခြောက်ခံလိုက်ကြသည်။ ဤအမျိုးအစားသည် အညံ့ဆုံးသောကတိုးဖြစ်သည်။

ကတိုးအစစ်နှင့် အတုခွဲခြားနည်း
(၁) ကတိုးမွှေးကို စစ်၊ မစစ်သိနိုင်ရန် ကတိုးမွှေးအနည်းငယ်ကို ယူ၍ လက်ဖဝါးပေါ်တင်ပြီး ရေအနည်းငယ် လောင်းကြည့်ပါ။ အကယ်၍ ပျော်ဝင်သွားပါက ကတိုးအစစ်ဖြစ်ပြီး အခဲအတိုင်းရှိနေပါက အတုဖြစ်သည်။
(၂) ပန်းကန်ပြားတစ်ချပ်ကို မီးပေါ်တွင် အပူပေးပြီးနောက် ထိုပန်းကန်ထဲသို့ ကတိုးအနည်းငယ် တင်ကြည့်ပါ။ အကယ်၍ မွှေးကြိုင်စွာ ရနံ့ထွက်ပေါ်လာလျှင် အစစ်ဖြစ်၏။

ကတိုးဆေးဖက်ဝင်ပုံ။
(က) ကတိုးသည် သမင်ချက်အတွင်းရှိနေပါက (၃)နှစ်ကြာမြင့်သည်အထိ မွှေးကြိုင်လျက်ရှိသည်။ ထိုထက်ပို၍ ကြာမြင့်သွားပါက အနံ့လျော့ပါးလာ၏။
(ခ) အကယ်၍ သမင်ချက်အပြင်တွင်ရှိနေမည်ဆိုပါက တနှစ်ကြာမြင့်သည်အထိ ရနံ့သင်းစွာရှိပေမည်။
(ဂ) ကတိုးမွှေးကို ရှုခြင်းဖြင့် စိတ်နှင့် ဦးနှောက်ကို လန်းဆန်းစေပြီး ကာမအားကို တိုးပွားစေသည်။
(ဃ) အာရုံငါးပါးကို ရွှင်လန်းစေပါသည်။
(င) ကာမအားအင်ကို ကြာမြင့်စွာ ထိန်းနိုင်ပါသည်။
(ဟယာသုလ်ဟိုင်ဝါန်၊ အတွဲ ၁၊ စာ ၄၃၄)

[အလ်လာမဟ် ကမာလွဒ်ဒီးန်(ဒမီရီ) သခင်ရေးသားသည့် ဟယာသုလ်ဟိုင်ဝါးန် အမည်ရှိကျမ်းကို မော်လာနာကာရီယူနွတ်စ် မအူပင်မှ ဘာသာပြန်ဆိုရေးသားထားသည့် တိရိစ္ဆာန်သုတကမ္ဘာနှင့် အဖိုးတန်ဆေးနည်းများ စာအုပ်မှ ကူးယူးတင်ဆင်ပါသည်။]

အလ်မုဖီးဒ်
ဟိဂျရီ ၁၄၃၇/ ရဗီအွလ်အောက်ဝလ် ၁၁/ ယောင်မုလ်ခမီးစ်
24.15.2015 ကြာသပတေး

အခြားသိမှတ်ဖွယ်ရာ သတ္တဝါများအကြောင်း
ငါးသတ္တဝါအကြောင်း သိကောင်းစရာ
http://aaitee.blogspot.com/2014/08/blog-post.html
ကုလားအုတ်အကြောင်း သိကောင်းစရာ
http://aaitee.blogspot.com/2014/06/blog-post_8038.html

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Monday, November 30, 2015

အစ္စလာမ်လအမည်များနှင့် အလိုသဘောများ


မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။

အစ္စလာမ်၏ ဟိဂျရီခုနှစ်တွင် ဆယ့်နှစ်လရာသီရှိပေသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မမွေးဖွားမီကတည်းက အရဗ်တို့သည် ယင်းလများကို သတ်မှတ်သုံးစွဲလျက်ရှိပေသည်။ သို့ရာတွင် ယခုကဲ့သို့ မဟုတ်ပေ။ လ၏ အဝင်အထွက်ကို အခြေခံ၍ သတ်မှတ်ခြင်းကြောင့် လများသည် ရာသီဥတုတစ်မျိုးတည်း၌သာ အတည်တကျမရှိပေ။ ဥပမာ ရမဇာန်လကို တစ်နှစ်တွင် ဆောင်းရာသီ၌ ကြုံရလျှင် နောင်တစ်နှစ်တွင် နွေရာသီဖြစ်နေပေမည်။ နောင်တစ်နှစ်တွင် မိုးရာသီ၊ ပွင့်လင်းရာသီ၊ ဆောင်းရာသီ ထိုပုံစံဖြင့် လှည့်ပတ်သွားနေပေသည်။ အရဗ်တို့သည် လကိုအခြေခံသည့် ခုနှစ်ကို သုံးစွဲသောကြောင့် ကုန်ရောင်းကုန်ဝယ်ပြုရာတွင် အနည်းငယ် အခက်အခဲဖြစ်ကြရသည်။ ထိုသို့အခက်အခဲဖြစ်ခြင်းကို မကြုံလိုသဖြင့် ရှေးအရဗ်တို့က နှစ်တစ်နှစ်တွင် ဆယ့်နှစ်လရှိသော်လည်း ရာသီဥတုနှင့် လသည် အမြဲအတည်ရှိစေရန် လထပ်တိုးခြင်းကို ပြုလုပ်လေ့ရှိကြသည်။ ထို့ကြောင့် ဆယ်သုံးလဖြစ်သည့်နှစ်များလည်း ရှိသွားသည်။ ထို့အတူ ဟဂ်ျပြုခြင်းကိုလည်း အစဉ်ပြေသည့်လ၌ ပြုလေ့ရှိကြပေသည်။

အရဗ်တို့သည် စစ်ရေးပရိယာယ်တွင် သူမတူအောင် ထူးခြားသူများပီပီ စစ်တိုက်ခြင်းကိုလည်း ခုံမင်နှစ်သက်ကြသည်။ ထို့အတူ နောက်ထပ်ထူးခြားချက်တစ်ခုမှာ အရဗီလများတွင် လုံးဝစစ်တိုက်ခွင့်မရှိသည့်လများလည်း သတ်မှတ်ထားပေသည်။ ထိုသို့သောလတွင် ၎င်းအရဗ်တို့ အဘယ်မျှရှောင်ကြဉ်သနည်းဆိုသော် ဖခင်အား သတ်ထားသူကို မျက်နှာချင်းဆိုင်တွေ့လျှင်လည်း ပုံမှန်အတိုင်းပင် ဆက်ဆံပေသည်။ စစ်တိုက်ခွင့်မရှိသည့်လတို့သည် လေးလရှိပြီး သုံးလမှာဆက်တိုက်လာ၍ နောက်တစ်လမှာ သီးခြားဖြစ်ပေသည်။ တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ထံသို့ အစ္စလာမ့်အမိန့်ဥပဒေများ မကျရောက်မီအထိ အရဗ်တို့သည် မိမိတို့ဓလေ့အတိုင်းပင် ခုနှစ်များ လများကို သတ်မှတ်သုံးစွဲကြပေသည်။

တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ထံသို့ ရှရီအသ်ကျပြီးနောက်တွင် ဤသို့ လများတိုးခြင်းနှင့် ဟဂ်ျကို အစဉ်ပြေသည့်လ၌ ပြုခြင်းတို့ကို တားမြစ်လိုက်ပေသည်။ ထိုသို့ပြုခြင်းတို့သည် အစ္စလာမ်နှင့်ကိုက်ညီမှု မရှိတော့ပေ။ တစ်နှစ်တွင် ဆယ့်နှစ်လသာရှိပြီး ဟဂ်ျကိုလည်း သီးသန့်ဇိလ်ဟဂ်ျလ၌သာ ပြုခွင့်ရှိမည်၊ ဟဂ်ျ၏လသည် ဇိလ်ဟဂ်ျလ ကာလသာ ဖြစ်သည်ဟု အလ္လာဟ်အရှင်မြတ်က ဝဟီဖြင့် သတ်မှတ်ပြဌာန်းပေးလိုက်သည်။ ယခင်က ထူးမြတ်သည်ဟု သတ်မှတ်ထားသည့် လေးလကိုမူ ထိုအတိုင်းပင်ထားရှိပြီး စစ်တိုက်ခြင်းသည်လည်း ထိုကာလများ၌ ဟရာမ်ဖြစ်ပေသည်။ ၎င်းလေးလကို အရဗီဘာသာဖြင့် အရှ်ဟိုရေဟိုရွမ် မြင့်မြတ်သည့်လများဟု ခေါ်ဆိုသည်။ အစ္စလာမ်၏ ခုနှစ်ကို ဟီဂျရီဖြင့် သတ်မှတ်လိုက်ပေသည်။ ယခင်က အရဗ်တို့သည် မက္ကဟ်မြို့သို့ ဆင်တပ်ချီတက်လာသည့်နှစ်ကို အစွဲပြု၍ ဆင်နှစ်ကို သုံးစွဲကြပေသည်။ နဗူဝသ်စတင်သည့် ကာလကို အစွဲပြု၍ နဗဝီခုနှစ်ကိုလည်း မုစ်လင်တို့ သုံးစွဲခဲ့ကြသည်။ ဟစ်ဂျရသ်ပြုပြီးနောက်တွင် ဟစ်ဂျရီကို သတ်မှတ်သုံးစွဲပေသည်။

အစ္စလာမ်၏ တချို့သောကျင့်စဉ်တို့၏ ရက်စွဲသတ်မှတ်မှုများသည် လနှစ်ကိုအခြေခံမှသာ မှန်ကန်မည်ဟု ပြဌာန်းထားသည်များ ရှိ၏။ ဥပမာ ဇကားသ်ပေးဆောင်ရာတွင် တစ်နှစ်ပတ်လည်၏ သတ်မှတ်မှုကို လနှစ်ကိုအခြေခံ၍ ပြုလုပ်ရပေမည်။ ထို့အတူ ရမဇာန်လသတ်မှတ်မှု၊ ဟဂ်ျကာလသတ်မှတ်မှု၊ အီဒွလ်အဿွ်ဟာသတ်မှတ်မှုတို့သည် လနှစ်ကိုသာအခြေခံထားပေသည်။ ဤသို့လနှစ်ကို အခြေခံဖြင့် တမန်တော်မြတ်၏ စွန္နသ်၊ စွဟာဗာများ၊ သာဗေအီးန်တို့၏ လမ်းစဉ်ကို လိုက်နာရာရောက်ပေသည်။ အရဗီလနှစ်ကို သတ်မှတ်ရာတွင် လတစ်လစီတွင် ရက်မည်မျှပါရှိမည်ဟု ပုံသေတွက်၍ သတ်မှတ်ခြင်းမရှိပေ။ နေထိုင်ရာဒေသ၏ လ အဝင်အထွက်ကို ကြည့်ရှုပြီး လတစ်လ၏ အစပြုရာရက်ကို သတ်မှတ်ပေသည်။ ဆယ့်နှစ်လလုံးအတွက် လစဉ် လကြည့်ရပေသည်။အရဗီလနှစ်တွင် အများဆုံးရက်မှာ ၃ဝအထိဖြစ်ပြီး ၂၉ရက် ဖြစ်သည်လည်း ရှိပေသည်။

အရဗီလများကို အမည်မှည့်ခေါ်ရာတွင်လည်း အကြောင်းခံများ တစ်ခုစီရှိပေသည်။ ထူးခြားမှုမှာ နတ်ဘုရားများ၊ လူပုဂ္ဂိုလ်များကို အခြေခံ၍ အမည်မှည့်ခြင်း မဟုတ်ပေ။ လုပ်ရပ်၊ ရာသီဥတုနှင့် ထူးမြတ်မှုတို့ကို အခြေခံကာ အမည်မှည့်ခေါ်ထားခြင်းဖြစ်ပေသည်။ လတစ်လချင်းစီတွင်ရှိသော အကြောင်းခံများကို ရေးသားဖော်ပြပါမည်။ မုစ်လင်မ်တိုင်း အစ္စလာမ်၏ ဆယ့်နှစ်လကို အလွတ်ရထားသင့်ပေသည်။ ထိုသို့ ရထားသင့်သည့် အကြောင်းခံ တစ်ခုမှာ အစ္စလာမ်ဘာသာရေးတွင်သုံးစွဲသည့် လများဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်ကျရောက်သည့် အချိန်ကာလကို ရေတွက်သတ်မှတ်ရာတွင် သုံးစွဲထားသည့် လများ ဖြစ်သည်။ နောက်တစ်ခုမှာ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်မှစ၍ ခေတ်အဆက်ဆက်ပညာရှင်ကြီးများ သူမွန်သူမြတ်များ သုံးစွဲသည့် လများလည်း ဖြစ်ပေသည်။ အစ္စလာမ်၏ ကျင့်ဆောက်တည်မှုများ၊ အစ္စလာမ့်၏သမိုင်းဖြစ်ရပ်များနှင့် အထူးဆက်စပ်မှုရှိသည့် အရဗီဆယ်နှစ်လကို မုစ်လင်မ်တိုင်း အလွတ်ကျက်မှတ်ကြမည်ဟု မျှော်လင့်ပါသည်။ ကလေးသူငယ်များနှင့် တခြားမိတ်ဆွေများကိုလည်း ပြန်သင်ပေးပါက ကုသိုလ်နှစ်ဆပင် ရပေဦးမည်။

အရဗီဆယ့်နှစ်လမှာ ... (၁) မုဟရ်ရမ်၊ (၂) ဆွဖရ်၊ (၃) ရဗီအုလ်အောက်ဝလ်၊ (၄) ရဗီအုစ်စာနီ၊ (၅) ဂျုမာဒလ်အူလာ၊ (၆) ဂျုမာဒလ်အုခ်ခရာ၊ (၇) ရဂျဗ်၊ (၈) ရှအ်ဗာန်၊ (၉) ရမဿွာန်၊ (၁ဝ) ရှောက်ဝါလ်၊ (၁၁) ဇီကအ်ဒဟ်၊ (၁၂) ဇိလ်ဟိဂ်ျဂျဟ် ... တို့ဖြစ်သည်။ ဤသည်တို့မှာ လအမည်များဖြစ်ပြီး ၎င်းတို့ကို ဂုဏ်ပုဒ်များဖြင့် တွဲစပ်၍ ပြောဆိုလေ့ရှိပေသည်။ အရဗီအသံထွက် အတိအကျနှင့် အရဗီစာလုံးပေါင်းပုံကိုပါ သိရှိနိုင်ရန် ပုံနှင့်တကွ ဖော်ပြပေးထားပါသည်။

(၁)။ မုဟရ်ရမွလ်ဟရာမ်
အစ္စလာမ့်တစ်နှစ်တာကာလ၏ ပထမဦးဆုံးလ ဖြစ်သည်။ တစ်နည်း နှစ်ဆန်းလ ဖြစ်၏။ မုဟရ်ရမ်၏ အဓိပ္ပါယ်မှာ ကျက်သရေမင်္ဂလာနှင့် ပြည့်စုံခြင်း၊ မြင့်မြတ်ခြင်းဟု ဖြစ်ပေသည်။ ဤလအမည်တွင်ပါဝင်သော ဟရာမ်ဟူသည့်စကားလုံးသည် အများသူငှာသိသော တားမြစ်သည့် ဟရာမ်၏ အဓိပ္ပါယ်မဟုတ်ပေ။ ဤဟရာမ်သည် ဂုဏ်ပေးလေးစားခြင်းဟူသည့် အဓိပ္ပါယ်ရပေသည်။ နှစ်ခုပေါင်း၍ မြင်သာအောင် ပြန်ဆိုရသော် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံ၍ ဂုဏ်ပေးလေးစားရမည့်လဟု ဖြစ်ပေသည်။ ဟရာမ်ပါသည်နှင့် ပျော်ရွှင်ခြင်း၊ ထိမ်းမြားမင်္ဂလာပြုခြင်းစသည်တို့ကို ဤလတွင် မလုပ်ပိုင်ဟု မှတ်ယူကြသည်။ ဤသည်မှာ အစ္စလာမ်တွင်မရှိသည့် မှတ်ယူခြင်းပင်ဖြစ်သည်။ ဤလတွင် တခြားသောလများကဲ့သို့ ပျော်ရွှင်ခြင်း၊ ထိမ်းမြားခြင်းများ ပြုပိုင်ပေသည်။ သို့သာမက အစ္စလာမ့်၏ လများတွင် ထိမ်းမြားခြင်းမပြုပိုင်သည့်လဟူ၍ မရှိပေ။ ထို့အတူ မကောင်းခြင်းများ ဆောင်ယူသည့်လ၊ နမိတ်မကောင်းသည့်လဟူ၍လည်း လုံးဝမရှိပေ။ ထို့အတူ ဝမ်းနည်းကြေကွဲနေရမည့်လဟူ၍လည်း လုံးဝမရှိပါ။ ဤသည်ကို မုစ်လင်မ်တို့ ကောင်းစွာမှတ်သားထားရပါမည်။ မုဟရ်ရမ်လသည် အရှ်ဟိုရေဟိုရွမ် မြင့်မြတ်သည့်လ လေးလအနက်မှ တစ်နှစ်တာအရတွက်လျှင် ပထမဦးဆုံးကျရောက်သောလဖြစ်သလို အရှ်ဟိုရေဟိုရွမ်အရ ရေတွက်လျှင် စတုတ္ထမြောက်ကျရောက်သောလဟူ၍လည်း မှတ်ယူနိုင်ပေသည်။

(၂)။ ဆွဖရွလ်မုဇွဖ်ဖရ်
ဆွဖရ်သည် အစ္စလာမ့်နှစ်၏ ဒုတိယမြောက်လဖြစ်ပေသည်။ ၎င်း၏ဆိုလိုရင်းကို ဖော်ပြရသော် .... ဆွဖရ်သည် သုညကို ခေါ်ဆိုသည်။ ဘာမျှမရှိခြင်းဟူသည့် သဘောဖြစ်သည်။ ဤသို့ မုဟရ်ရမ်ပြီးနောက် ရောက်ရှိသောလကို သုညသဘောသက်ရောက်သည့် ဆွဖရ်ဟု မှည့်ခေါ်ရခြင်းမှာ ၎င်းလတွင် အရဗ်တို့သည် လေးလတိုင်တိုင်ရပ်နားထားသော စစ်တိုက်သည့်အမှုကိုပြုရန် အိမ်များမှ ထွက်ခွာကြပေသည်။ အိမ်များတွင် လူမရှိခြင်းကို အမှီပြု၍ ဆွဖရ်ဟု မှည့်ခေါ်ခြင်းဖြစ်ပေသည်။ ဆွဖရ်နှင့်အတူ မုဇွဖ်ဖရ်ဟူသည့် ဂုဏ်ပုဒ်ကို တွဲစပ်ခေါ်ကြသည်။ မုဇွဖ်ဖရ်၏ အဓိပ္ပါယ်မှာ အောင်မြင်ခြင်း၊ ရည်ရွယ်ချက်ပြည့်ဝခြင်းဟု ဖြစ်ပေသည်။ အစ္စလာမ်မထွန်းကားမီကာလက ဆွဖရ်လကို နမိတ်မကောင်းသည့်လဟု မှတ်ယူထားကြသည်။ ယနေ့အထိလည်း ဤအစွဲများရှိနေကြ၏။ ဆွဖရ်လတွင် မကောင်းခြင်းပေါင်းစုံကို ကောင်းကင်မှ ချသည်ဟု မှတ်ထားကြသည်။ မကောင်းခြင်းများကျသောကြောင့် ထိုလ၌ အိမ်ထောင်ပြုလျှင် ကွဲတတ်သည်။ ပျော်ရွှင်ဖွယ်ရာများ မပြုရ၊ မင်္ဂလာဆောင်လျှင် အခန်းမအပ်ရဟု အဓိပ္ပါယ်မဲ့အစွဲများ ထားကြပေသည်။ ထိုအစွဲများနှင့် မကောင်းသည့် ယူဆချက်အားလုံးသည် အစ္စလာမ်တွင်မရှိသလို မုစ်လင်မ်အဖို့ ထိုသို့ ပေါက်ကရအတွေးအခေါ်များ၊ နမိတ်မကောင်းသည့် မှတ်ယူမှုများ လုံးဝမပြုလုပ်ရပေ။ အမိုက်ခေတ်က ထိုသို့မကောင်းခြင်းများကျသည်ဟူသည့် အစွဲကို ပြောင်းရန်အတွက် အောင်မြင်ခြင်း၊ ပြည့်ဝခြင်းဟု လှပကောင်းမွန်သော အဓိပ္ပါယ်ရသည့် မုဇွဖ်ဖရ် စာလုံးဖြင့် တွဲစပ်ပြောင်းလဲကာ ခေါ်ဝေါ်ခြင်း ဖြစ်ပေသည်။

(၃)။ ရဗီအွလ်အောက်ဝလ်
အစ္စလာမ့်နှစ်၏ တတိယမြောက်လ ဖြစ်သည်။ ရဗီအ်၏ အဓိပ္ပါယ်မှာ စိမ်းလန်းခြင်း၊ စိုပြေခြင်း၊ လန်းဆန်းနေခြင်းဖြစ်၏။ အောက်ဝလ်သည် ပထမအကြိမ်မြောက်ကို ဆိုလိုသည်။ စိမ်းစိုလန်းဆန်းနေသည့် ပထမလဟု ဖြစ်ပေသည်။ ဆောင်းဦးစ၏ ပထမအစပြုရာကာလတွင် ကျရောက်သောကြောင့် ရဗီအွလ်အောက်ဝလ်အမည်ဖြင့် ကျော်ကြားရခြင်းဖြစ်သည်။

(၄)။ ရဗီအွတ်စာနီ
အစ္စလာမ့်နှစ်၏ စတုတ္ထမြောက်လဖြစ်သည်။ ရဗီအွလ်အာခရ်ဟု အသုံးများကြသည်။ ဒုတိယကို အာခိရ်ဟုသုံးသော်လည်း ဤလတွင် အာခရ် ဇဗရ်ဖြင့်သုံးခြင်းမှာ ၎င်း၏ထူးခြားချက်တစ်ခု ဖြစ်ပေသည်။ စာနီနှင့် အာခိရ် နှစ်ခုလုံး၏ အဓိပ္ပါယ်မှာ ဒုတိယဟူ၍ဖြစ်သည်။ စိမ်းလန်းစိုပြေသော ဒုတိယလဟူ၍ ဖြစ်ပါသည်။ ဤသည်မှာ အရဗ်တို့သတ်မှတ်မှု၏ အဓိပ္ပါယ်ဖြစ်သည်။ အစ္စလာမ့်သမိုင်းအရ ပထမရဗီအ်ပြီးနောက် ဒုတိယကျရောက်သောလကိုလည်း ရဗီအ်ဟု ထားရခြင်းမှာ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ထံသို့ ပထမဦးဆုံးအကြိမ် ဝဟီကျခြင်းသည် ရဗီအွလ်အောက်ဝလ်လတွင် ဖြစ်ခဲ့သည်။ စူရာအိက်ရာအ်၏ အစပထမအာယသ်တို့ ကျရောက်ခဲ့သည်။ ထိုစဉ်က ဝဟီ၏ အရှိန်အဝါ၊ ဝဟီ၏လေးလံမှုကို စတင်တွေ့ကြုံခံစားရခြင်းတို့ကြောင့် တမန်တော်မြတ်၏ စိတ်တွင်းဝယ် အနည်းငယ်ထိတ်လန့်မှုဖြစ်ပေါ်ခဲ့ပေသည်။ ပထမဦးဆုံးအကြိမ် ဝဟီကျရောက်ပြီးနောက် အချိန်အနည်းငယ်အထိ ဝဟီကျရောက်ခြင်းမရှိတော့ပေ။ တမန်တော်မြတ်၏ စိတ်ခံစားချက် တည်ငြိမ်သည်အထိ အလ္လာဟ်အရှင်မြတ်က ဝဟီချပေးခြင်းကို ရပ်တန့်ထားပေသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်အနေဖြင့် နဗူဝသ်၏ တာဝန်များ၊ အရေးကြီးမှုများကို ထမ်းဆောင်ရန်နှင့် ဝဟီအတွက် စိတ်တည်ငြိမ်မှုဖြစ်သွားသည့်အခါ ဒုတိယအကြိမ် ဝဟီကျရောက်ခဲ့သည်။ စူရာကလမ်၏ အစပထမအာယသ်တို့ကျရောက်ခဲ့သည်။ သဗ်လီးဂ်ပြုရန် အမိန့်ကျခဲ့သည်။ ထိုသို့ ဝဟီကျရောက်ခြင်းသည် ဒုတိယအကြိမ်ပြန်လည် ဖူးပွင့်ရောက်ရှိလာခြင်းကို အကြောင်းပြု၍ ရဗီအွလ်အာခရ် ဒုတိယအကြိမ် ဝဟီ၏ စိမ်းလန်းဖူးပွင့်သည့်လဟု သတ်မှတ်လိုက်ခြင်း ဖြစ်ပေသည်။

(၅)။ ဂျုမာဒလ်အူလာ
အစ္စလာမ့်နှစ်၏ ပဉ္စမမြောက် (ငါးလမြောက်) လဖြစ်ပေသည်။ ဂျုမာဒ်၏ အဘိဓာန်အဓိပ္ပါယ်မှာ ရပ်ခြင်း၊ ခဲခြင်းဟု ဖြစ်ပေသည်။ သမိုင်းပညာရှင်တို့က ဤလတွင် ရေခဲလောက်အောင် အအေးဓာတ်ပြင်းထန်မှုဖြစ်ပေါ်ခြင်းကြောင့် အရဗ်တို့က ပထမအေးခဲသည့်လဟု အဓိပ္ပါယ်ရသည့် ဂျုမာဒလ်အူလာအမည်ကို မှည့်ခေါ်ခြင်းဖြစ်မည်ဟု ကောက်ချက်ပေးထားကြသည်။ အစ္စလာမ်သမိုင်းအရ ဂျုမာဒလ်အူလာ၏ အလိုသဘောမှာ ထိုလမှစတင်၍ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်အပေါ် ဝဟီကျရောက်ခြင်း ကာလအနည်းငယ်အထိ ဆိုင်းငံ့ ရပ်တန့်သွားသည်။ ထိုသို့ ဝဟီဆိုင်းငံ့သွားခြင်းကို အကြောင်းခံ၍ ပထမဆိုင်းငံ့ရပ်တန့်သည့်လ ဂျုမာဒလ်အူလာဟု မှည့်ခေါ်ခြင်းဖြစ်ပေသည်။

(၆)။ ဂျုမာဒလ်အွခ်ခရာ
အစ္စလာမ့်နှစ်၏ ဆဌမမြောက် (ခြောက်လမြောက်) လဖြစ်ပေသည်။ အေးခဲသည့် ဒုတိယလဟု အဓိပ္ပါယ်ရသည်။ အစ္စလာမ်သမိုင်းအရ ဝဟီ၏ရပ်တန့်မှုသည် ဆက်လက်ရှိနေသဖြင့် ဒုတိယဆိုင်းငံ့ရပ်တန့်သည့်လဟူ၍ အဓိပ္ပါယ်ကောက်ယူပေသည်။

(၇)။ ရဂျဗွလ်မုရပ်ဂျဗ်
အစ္စလာမ့်နှစ်၏ သတ္တမမြောက် (ခုနှစ်လမြောက်) လဖြစ်ပေသည်။ အဓိပ္ပါယ်မှာ မြင့်မြတ်ထူးကဲသည့်လဟူ၍ ဖြစ်သည်။ ရဂျဗ်လသည် အရှ်ဟိုရေဟိုရွမ် မြင့်မြတ်သည့်လ လေးလအနက်မှ ပထမဦးဆုံးကျရောက်သည့်လဖြစ်ပေသည်။ ထို့ကြောင့် စစ်တိုက်ခြင်းကို ဤရဂျဗ်လတွင် ရပ်တန့်ထားပေသည်။ ရဂျဗ်သည် အလ္လာဟ်အရှင်မြတ်၏လလည်း ဖြစ်သည်။ တောင်းဆုများကို အထူးလက်ခံသည့် လတစ်လဖြစ်သည်။

(၈)။ ရှအ်ဗာနုလ်မုအဇ်ဇွမ်
အစ္စလာမ့်နှစ်၏ အဌမမြောက် (ရှစ်လမြောက်) လဖြစ်ပေသည်။ ရှအ်ဗာန်ဟူသည် စုပေါင်းခြင်း၊ ပေါင်းစည်းခြင်းနှင့် သီးခြားစီပြုခြင်းဟူသည့် ဆန့်ကျင်ဘက်အဓိပ္ပါယ်နှစ်မျိုးလုံး ရရှိသည်။ အရဗ်တို့က မျိုးနွယ်စုများ ကွဲသွားခြင်းနှင့် တစ်ခုနှင့်တစ်ခု ပေါင်းစည်းကြခြင်းကို အကြောင်းခံ၍ ဤလကို ရှအ်ဗာန်အမည်ဖြင့် မှည့်ခေါ်ခြင်းဖြစ်သည်။ အစ္စလာမ့်ရှရီအသ်အရ ဤလကို ရှအ်ဗာန်ဟု မှည့်ခေါ်ရခြင်းမှာ ဤလ၌ပင် လာမည့် တစ်နှစ်ပတ်လုံးအတွက် အဖန်ဆင်းခံများ၏ မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် ရိုဇီ စသည်များကို ခွဲတမ်းချ၍ ဖရိရှ်သဟ်ထံ တာဝန်ကိုယ်စီအပ်နှင်းပေးသောကြောင့် ဖြစ်ပေသည်။ နောက်ထပ်အကြောင်းခံတစ်ခုမှာ ရိုဇာထားသူ၏ ကောင်းမှုကုသိုလ်ကို သစ်ပင်မှ သစ်ကိုင်းများတိုးလာသကဲ့သို့ တိုးပေးခြင်းကြောင့် ရှအ်ဗာန်ဟု မှည့်ခေါ်ခြင်းဖြစ်ပေသည်။ ရဂျဗ်သည် အလ္လာဟ်အရှင်မြတ်၏ လဖြစ်သည်။ ဤရှအ်ဗာန်လသည် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ လဖြစ်ပေသည်။ ရှအ်ဗာန်တွင် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် နဖိလ်ရိုဇာ များစွာထားတော်မူသည်။ ထူးခြားမြင့်မြတ်လှသည့် ညကြီးတစ်ညဖြစ်သော ဗရားအ်(သ)သည်လည်း ဤလ၏ ၁၅ရက်ညတွင် ကျရောက်ပေသည်။

(၉)။ ရမဿွာနုလ်မုဗာရပ်က်
အစ္စလာမ့်နှစ်၏ နဝမမြောက် (ကိုးလမြောက်) လဖြစ်ပေသည်။ အဓိပ္ပါယ်မှာ လောင်ကျွမ်းခြင်း၊ ရှို့ခြင်းဟု ဖြစ်သည်။ ရမဿွာန်ဟူသည် အလွန်ပူပြင်းမှုဟု အဓိပ္ပါယ်ရသည့် စာလုံးမှဆင်းသက်လာသည်။ ပူပြင်းလှသဖြင့် ကုလားအုတ်သတ္တဝါသည်ပင်လျှင် ရေဆာလွန်း၍ လောင်ကျွမ်းသွားသည်ဟူသည့် ဆိုရိုးစကားပင်ရှိသည်ဟု ပညာရှင်တို့က ရေးသားဖော်ပြထားသည်။ ရမဿွာန်ဟု မှည့်ခေါ်ရသည့် တခြားအကြောင်းခံများကို တင်ပြရသော် ဤလတွင် ဗိုက်၏ ဆာလောင်ခြင်းနှင့် ရေဆာခြင်းတို့ကို ရိုဇာဖြင့် လောင်ကျွမ်းစေသောကြောင့် ရမဿွာန်ဟု မှည့်ခေါ်ရခြင်းဖြစ်သည်။ လောကီ၏အလိုရမ္မက်တို့ကို စွန့်လွှတ်ကာ အာခိရသ်အတွက် ကျိုးပမ်းအားထုတ်ခြင်းဖြင့် ပြစ်မှုဒုစရိုက်တို့ကို လောင်ကျွမ်းစေလိုက်ခြင်းကြောင့် ရမဿွာန်ဟု မှည့်ခေါ်ရခြင်းဖြစ်သည်။ ထို့အပြင် အစ္စလာမ်မပေါ်ထွန်းမှီကာလက အရဗ်တို့သည် မိမိတို့ဓလေ့အတိုင်း လအမည်များကို ရှေ့တိုးနောက်ဆုတ်လုပ်၍ သတ်မှတ်လေ့ရှိကြသည်။ ထိုသို့ပြုရင်း ဤလသည် ပူပြင်းသည့်အချိန်တွင်ကျရောက်သောကြောင့် ရမဿွာန်ဟု မှည့်ခေါ်လိုက်ရခြင်း ဖြစ်ပေမည်။ အစ္စလာမ်၏ သတ်မှတ်မှုတွင်လည်း ရမဿွာန်ဟူသည် ပြစ်မှုဒုစရိုက်များကို လောင်ကျွမ်းစေခြင်း၊ အပြစ်ကျူးလွန်ချင်စိတ်တို့ကို ရှို့လိုက်ခြင်းဟူသည့် အဓိပ္ပါယ်ပင်ဖြစ်သည်။ ရမဿွာန်သည် အွမ္မသေမုဟမ္မဒီယာ၏ လမြတ်ဖြစ်ပေသည်။ ပြစ်ဒဏ်များမှ အထူးပင် လွတ်ငြိမ်းမှုပေးသည့်လ၊ ကုသိုလ်များကို ဆထက်တပိုး ပိုမိုတိုးပေးသောလမြတ် ဖြစ်ပေသည်။ သို့သာမက လပေါင်းတစ်ထောင်ထက် သာမြတ်လှသော ကဒရ်ဟူသည့် ညမြတ်မင်္ဂလာသည်လည်း ဤလ၏ညတစ်ညတွင် အပါအဝင်ဖြစ်သဖြင့် ထူးခြားမြင့်မြတ်မှုကား စာဖွဲ့မကုန်နိုင်အောင်ပင် ဖြစ်ပေသည်။ လူ့လောက၏ သဘောတရားများအရ ကြည့်လျှင်လည်း ဤရမဿွာန်ဟူသည့်လတွင် တစ်လလုံး နေ့အချိန်ကို စားခြင်းသောက်ခြင်းမေထုံမှီဝဲခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊ ဆင်းရဲသားများအပေါ်ကိုယ်ချင်းစာတရားထားရှိလာနိုင်ခြင်း၊ အစာအိမ်ကို အလွတ်ထားသောကြောင့် ကျန်းမာရေးတွင်လည်း အလွန့်အလွန်ကို အထောက်အကူဖြစ်စေခြင်း စသည့်ကောင်းခြင်းများ ရှိပေသည်။

(၁ဝ)။ ရှောက်ဝါလုလ်မုကရ်ရမ်
အစ္စလာမ့်နှစ်၏ ဒဿမမြောက် (ဆယ်လမြောက်) လဖြစ်ပေသည်။ ရှောက်ဝါလ်၏ အဘိဓာန်အဓိပ္ပါယ်မှာ မြင့်မားခြင်း၊ သီးခြားစီဖြစ်ခြင်း၊ ခြောက်သွေ့သွားခြင်းဟု ဖြစ်သည်။ ဤလကို ရှောက်ဝါလ်ဟု အမည်မှည့်ရခြင်းမှာ အရဗ်တို့သည် အပန်းဖြေလေညှင်းခံထွက်ရန်၊ အမဲလိုက်တောကစားထွက်ရန်အတွက် မိမိတို့အိမ်များမှထွက်ခွာသွားသောကြောင့် ရှောက်ဝါလ်ဟုခေါ်ဆိုခြင်း ဖြစ်ပေသည်။ ကုလားအုတ်မများ၏ နို့အုံမှ နို့များခြောက်သွေ့ခြင်းသည်လည်း ဤလတွင်ဖြစ်သလို၊ အရဗ်တို့ကိုယ်တိုင်ကလည်း အမဲလိုက်ထွက်ရန် တောများသို့ထွက်ခွာခြင်းကြောင့် နေအိမ်နှင့် တသီးတခြားစီဖြစ်သွားခြင်း၊ ထိုအကြောင်းခံနှစ်ခုကြောင့် ရှောက်ဝါလ်ဟု အမည်မှည့်ခြင်းဖြစ်သည်။ အစ္စလာမ်တွင် ရှောက်ဝါလ်၏ အလိုသဘောမှာ ဤလ၌ မုအ်မင်န်တို့၏ ပြစ်မှုဒုစရိုက်တို့ကို မယူလိုက်သည်။ ခွင့်လွှတ်မှုပြုပေးသည်ဟူသည့် အလိုသဘောဖြစ်ပေသည်။ ဤသို့ အပြစ်များမှခွင့်လွှတ်မှုရရှိခြင်းသည် ရမဿွာန်လမြတ်၏ ရိုဇာများကြောင့်သော်လည်းကောင်း၊ စွဒကာအေဖိသိရ်နှင့် အီဒွလ်ဖိသိရ်၏နမားဇ်တို့ကြောင့် ဖြစ်ပေသည်။ ရှောက်ဝါလ်ကို အီးဒ်လဟူ၍လည်း ခေါ်ဆိုသည်များရှိပေသည်။ ရှောက်ဝါလ်၏ ပထမဦးဆုံးနေ့တွင်ပင် အီဒွလ်ဖိသိရ်ကျရောက်ပေသည်။ ရှောက်ဝါလ်သည်လည်း မင်္ဂလာရှိသောလမြတ်တစ်ခုပင် ဖြစ်ပေသည်။

(၁၁)။ ဇွလ်ကအ်ဒဟ်
အစ္စလာမ့်နှစ်၏ ဧကဒဿမမြောက် (ဆယ့်တစ်လမြောက်) လဖြစ်ပေသည်။ ဤလသည် အရှ်ဟိုရေဟိုရွမ် မြင့်မြတ်သည့်လ လေးလအနက်မှ ဒုတိယမြောက်လဖြစ်ပေသည်။ ဤအမည်ထားရခြင်း၏ အကြာင်းခံမှာ ဤလတွင် စစ်တိုက်ခြင်း၊ သတ်ဖြတ်ခြင်းတို့သည် ဟရာမ် မပြုပိုင်ခြင်းကြောင့် အရဗ်တို့သည် စစ်တိုက်ခြင်းရပ်နား၍ မိမိတို့အိမ်များ၌သာ နေထိုင်ခြင်းအမှုကို ပြုပေသည်။ ကအ်ဒဟ်၏ အဓိပ္ပါယ်မှာ ထိုင်ခြင်းဟူ၍ ဖြစ်သည်။ စစ်တိုက်ခြင်းရပ်နား၍ အိမ်များတွင်သာနေထိုင်သောကြောင့် ဇွလ်ကအ်ဒဟ်ဟု အမည်မှည့်ခေါ်ခြင်း ဖြစ်ပေသည်။

(၁၂)။ ဇွလ်ဟဂ်ျဂျဟ်
အစ္စလာမ့်နှစ်၏ ဒွါဒဿမမြောက် (ဆယ့်နှစ်လမြောက်) လဖြစ်ပေသည်။ အဘိဓာန်၏ အလိုသဘောကို ဆိုရသော် ဇွလ်ဟဂ်ျဂျဟ် - ဟုဖတ်လျှင် ဟဂ်ျလကိုဆိုလိုသည်။ ဟိဂ်ျဂျဟ် - ဟာကို ဇေရ်ဖြင့်ဖတ်လျှင် နှစ်ကုန်သည့်လကို ဆိုလိုသည်။ အစ္စလာမ်နှစ်၏ တစ်နှစ်တာကာလအဆုံးသတ်သည့် လဖြစ်ပေသည်။ တချို့ ဇိလ်ဟဂ်ျဂျဟ် (ဇာ-ယာ)ဖြင့် ဖတ်သည်။ ထိုသို့ဖတ်လျှင် ဟဂ်ျတစ်ကြိမ်ပြုခြင်း ဟူသည့် အဓိပ္ပါယ်ဖြစ်သည်။ တစ်နှစ်ပတ်လုံးတွင် ဤလတစ်တည်း၌သာ ဟဂ်ျပြုနိုင်ပြီး ပြုခဲ့လျှင်လည်း တစ်ကြိမ်သာပြုနိုင်ခြင်းကို ဆိုလိုပေသည်။ ဟဂ်ျ၏ အဓိပ္ပါယ်မှာ ရည်ရွယ်ခြင်း၊ ရည်စူးခြင်းဟု ဖြစ်ပေသည်။ ဟာဂျီတို့သည် ဤလတွင် ကအ်ဗာကိုဖူးမြော်ရန်ကိုသာ ရည်စူး၍ သွားကြပေသည်။ ဤသည်နှင့် ဆက်စပ်၍ ဇိလ်ဟဂ်ျလဟုလည်း ခေါ်ဆိုကြပေသည်။ ဤလသည် အရှ်ဟိုရေဟိုရွမ် မြင့်မြတ်သည့်လ လေးလအနက်မှ တတိယမြောက်လဖြစ်ပေသည်။ စစ်တိုက်ခြင်း သတ်ဖြတ်ခြင်းများကို ဟရာမ်အဖြစ် သတ်မှတ်ထားသောလ ဖြစ်ပေသည်။ ဇွလ်ဟဂ်ျတွင် အစ္စလာမ်၏ ပဉ္စမမြောက်မဏ္ဍိုင်ဖြစ်သော ဟဂ်ျပြုခြင်းဟူသည့် အင်မတန်မြင့်မြတ်လှသည့် ကျင့်စဉ်နှင့် အလ္လာဟ်အတွက် စွန့်လွှတ်ကာ အလ္လာဟ်အရှင်နှင့် နီးစပ်မှုရယူသည့် ကုရ်ဗာနီဟူသည့် ကျင့်ဆောက်တည်မှုတို့ ရှိသည့် လမြတ်တစ်လဖြစ်ပေသည်။ ထို့အတူ ထူးမြတ်မှုနှင့် အကျိုးထူးများရှိသော လတစ်လလည်း ဖြစ်ပေသည်။

ဤတွင် အစ္စလာမ့်ဆယ့်နှစ်လ၏ အဓိပ္ပါယ်နှင့် အလိုသဘောတို့ ဖော်ပြပြီးဖြစ်ပေသည်။ ယခု မှတ်သားရမည့်အရာတစ်ခုကို ပြောပြရသော် မုစ်လင်မ်တို့တွင် လအမည်များ နေ့အမည်များကို လူ၏အမည်နာမအဖြစ် မှည့်ခေါ်သည့် ဓလေ့တစ်ခုရှိပေသည်။ ပမာဆိုသော် ရှအ်ဗာန်ဘီ၊ ရမဇာန်ဘီ၊ ရမဇာန်ဘိုင်၊ ဂျွမ်မာဘီစသည်ဖြင့် ထားကြသည်။ ဤသို့အမည်မှည့်ခေါ်ခြင်းမှာ မှားပါသည်။ ယခုပင် ယင်းလများ၏ အဓိပ္ပါယ်ကို ဖော်ပြပြီးဖြစ်သဖြင့် မည်သို့အဓိပ္ပါယ်ကို ဖော်ဆောင်သည်ကို စဉ်းစားပါ။ ရမဇန်ဘီဟုထားလျှင် လောင်ကျွမ်းစေသူ ရှို့သူဟု အဓိပ္ပါယ်ထွက်နေမည်။ အစ္စလာမ့်၏သမိုင်းဝင်ခေါင်းဆောင်ပုဂ္ဂိုလ်ကြီးများ ဆွဟာဗီသခင်မကြီးများသည်လည်း ဤသို့ နေ့အမည် လအမည်များ ထားသည့်အလေ့အထမရှိခဲ့ပါ။ အစ္စလာမ့်ညွှန်ကြားမှုတွင်လည်း ယောကျာ်းလေးဆိုလျှင် နဗီများ၏ အမည်များ ဆွဟာဗာများ၏ အမည်များထားနိုင်သည်။ အမျိုးသမီးဆိုလျှင် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ သမီးများ၊ ဇနီးများ ဆွဟာဗီများ၏ အမည်များထားနိုင်သည်။ လအမည် နေ့အမည်များထားပါဟု မပါရှိပါ။ မြန်မာဘာသာဖြင့် ပမာပြရလျှင် မတခူး၊ မောင်ကဆုန်၊ မတနင်္လာ၊ မသောကြာဟု ထားသူများမရှိပါ။ သို့သော် မုစ်လင်တို့အတွင်း၌ မရှအ်ဗာန်၊ မရမဇာန်များ မဂျွမ်မာများ ပေါင်းစုံရှိနေကြသည်။ ထို့ကြောင့် မိမိ၏အမည် မိမိနှင့် ပတ်သက်ဆက်နွယ်သူများတွင် ထိုသို့အမည်များ ရှိနေပါက တခြားအမည်ဖြင့် ပြောင်းပါ။ အစ္စလာမ်တွင် အမည်ပြောင်းရန်အတွက် ပွဲကြီးပွဲငယ်ပြုလုပ်ရန်မလိုအပ်သလို နေ့နာမ်ဂြိုလ်ခွင်များတွက်ချက်ပြီးမှ ထားရမည်ဟုလည်း မရှိပါ။ နီးစပ်ရာ အာလင်မ်တစ်ပါးထံတွင် အဓိပ္ပါယ်ကောင်းသည့် အမည်တစ်ခုကို ရွေးချယ်ပြီး မိမိအမည်အဖြစ်ထားလိုက်လျှင် လုံလောက်ပါသည်။ အမည်ပြောင်းခြင်းကို တမန်တော်မြတ်ကြီးကိုယ်တော်တိုင် ပြုလုပ်ပေးခဲ့သည်။ အဓိပ္ပါယ်မကောင်းသော အမည်များကို ကောင်းသောအဓိပ္ပါယ်ရှိသည့် အမည်များဖြင့် ပြောင်းလဲသတ်မှတ်ပေးတော်မူခဲ့ပါသည်။ သတိပြုရမည်မှာ ယနေ့ခေတ်တွင် ဖက်ရှင်ရောဂါဝင်၍ အမည်များကိုပါ ဖက်ရှင်ကျကျလိုက်ရှာရင်း တိရိစ္ဆာန်အမည်များ၊ ရုပ်ရှင်မင်းသား၊ မင်းသမီးအမည်များကို မှည့်ခေါ်နေကြသည်။ ဤသည်မှာလည်း မှားယွင်းမှုတစ်ခုဖြစ်ပါသည်။ အမည်ထားပါက နဗီများ၊ ဆွဟာဗာ၊ ဆွဟာဗီများ၏ အမည်များကို ထားကြရန် အထူးတိုက်တွန်းအပ်ပါသည်။

အလ်မုဖီးဒ်
ဟိဂျရီ ၁၄၃၇/ ဆွဖရ်/ ၅/ ယောင်မုလ်အရ်ဗာအ်
၁၈/ ၁၁/ ၂ဝ၁၅/ ဗုဒ္ဓဟူး

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Thursday, July 16, 2015

အီးဒ်တွင် ရရှိသော ဆုလာဘ်များနှင့် ခြောက်လုံးရိုဇာအကြောင်း


ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/796480357139222:0

အီးဒ်ည၌ မဂ်ဖိရသ် (ခွင့်လွှတ်ခြင်း) ရရှိမှု 
အဗူဟုရိုင်ရာသခင်(ရသွီ) ထံမှ ဆင့်ပြန်သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိဝစလ္လမ်က ရမ်ဇာန်၏ နောက်ဆုံးည၌ အုမ္မသေမုဟမ္မဒီယာ (ဤအုမ္မသ်) ကို ခွင့်လွှတ်မှု၊ (ဂျဟန္နမ်မှ) လွတ်ငြိမ်းခွင့်တို့ကို ချီးမြှင့်ပေးသနားတော်မူ၏ ..... ဟု မိန့်တော်မူသည်။ ထိုအခါ အဗူဟုရိုင်ရာသခင်က အို ကိုယ်တော် အဲ့ဒီနောက်ဆုံးညဆိုသည်မှာ ကဒရ်ညကို ဆိုလိုပါသလားဟု မေးမြန်းရာ ကိုယ်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က မဟုတ်ပါ။ (ကဒရ်ကို ဆိုလိုခြင်းမဟုတ်။ ဤထူးမြတ်မှု ချီးမြှင့်မှုတို့သည် ရမ်ဇာန်၏ နောက်ဆုံးအတွက် သီးသန့်ဖြစ်၏။) ဤသို့ ခွင့်လွှတ်မှု၊ လွတ်ငြိမ်းမှုတို့ ရရှိခြင်းသည် ပြုလုပ်ရန် တာဝန်အပ်နှင်းထားသည့် အလုပ်ကို ပြီးပြည့်စုံအောင် ပြုလုပ်လိုက်ခြင်းကြောင့် ချီးမြှင့်ရခြင်းဖြစ်၏ ..... ဟု မိန့်ကြားရှင်းပြတော်မူသည်။
ရမ်ဇာန်၏ နောက်ဆုံးညတွင် အလ္လာဟ်အရှင်မြတ်က တာဝန်ပေး သတ်မှတ်ပြဌာန်းသည့် ရမ်ဇာန်တစ်လလုံး ရိုဇာစောင့်ထိန်းခြင်းဟူသည့် အလုပ်ကို လူသားက ပြီးပြည့်စုံအောင် ထမ်းဆောင်ခဲ့သည့်အတွက် အထူးဆုလာဘ်ဖြစ်သည့် အလ္လာဟ်အရှင်မြတ်၏ ခွင့်လွှတ်မှုရရှိခြင်းနှင့် ဂျဟန္နမ်မှ လွတ်ငြိမ်းမှုရရှိခြင်းတို့ကို ချီးမြှင့်ပေးသနားတော်မူ၏။
ဤအီးဒ်ညကို မိုးကောင်းကင်အထပ်များတွင် လိုင်လသွလ်ဂျာအိဇာ ဆုလာဘ်ချီးမြှင့်သည့်ညဟု ခေါ်ဆိုလေသည်။ အလ္လာဟ်အရှင်မြတ်မှ ချီးမြှင့်သည့်အရာများတွင် ခွင့်လွှတ်ခြင်းဟူသည့် ဆုလာဘ်ကို ရရှိလိုက်ခြင်းထက် သာပိုကောင်းမွန်သည့်အရာ အဘယ်မှာပင် ရှိသေးနိုင်ပါအံ့နည်း။ မုစ်လင်မ်တို့သည် သေပြီးတဖန်ပြန်ရှင်ခြင်းနှင့် ကဗရ်၏ အဇားဗ် စဝါးဗ်တို့ကို လက်ခံယုံကြည်ထားသူဖြစ်သဖြင့် ယင်းကာလတို့တွင် ခံရမည့်ပြစ်ဒဏ်များမှ ခွင့်လွှတ်ပေးခြင်းခံရသည်ဟူသည့် ဆုလက်မှတ်ကို ရရှိပိုင်ဆိုင်လိုက်သူအဖို့ အင်မတန် ဖူးစာထူးသူပင် ဖြစ်ပေသည်။ ထို့အတူ အလ္လာဟ်၏ ခွင့်လွှတ်ခြင်းဟူသည့် ဆုသည်လည်း အင်မတန်အဖိုးထိုက်တန်သည့်အရာဖြစ်ကြောင်း အာခိရသ်တွင် မျက်ဝါးထင်ထင် တွေ့မြင်ရပေမည်။ ထို့ကြောင့် အရှင်မြတ်ချီးမြှင့်သည့် ဆုလာဘ်ကို ရအောင်ယူနိုင်သူဖြစ်အောင် ကြိုးစားရပေမည်။

အီးဒ်ညများတွင် အိဗာဒသ်ပြုလျှင် မည်သည့်အရာ ရရှိမည်နည်း
ရစူလွလ္လာဟ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က မည်သူမဆို အီးဒ်နှစ်အီးဒ်၏ ညများတွင် အကျိုးကုသိုလ်ရရှိရန် ရည်စူး၍ မအိပ်မနေ အိဗာဒသ်ပြုခဲ့သော် လူအများ စိတ်ညှိုးနွမ်းနေကြမည့် ကိယာမသ်နေ့တွင် ထိုသူ၏ စိတ်နှလုံးမှာ ညှိုးနွမ်းမည်မဟုတ်ဟု မိန့်တော်မူထားသည်။ သဘောမှာ (ကိယာမသ်၏) ပူပင်ဒုက္ခခံစားရသောအခါ လူတို့၏စိတ်နှလုံးများ အားငယ်ညှိုးနွမ်းနေသည့် အခါမျိုး၌ ထိုသူ၏ စိတ်နှလုံးမှာ ရွှင်လန်းစွာ ရှိပေမည်။ သို့မဟုတ် ဆူရ်(ခရာ)မှုတ်သည့်နေ့တွင် လူအများတို့၏ ဝိဉာဉ်များ သတိလစ်နေသည့်အချိန် ထို (အီးဒ်နှစ်ညတွင် အိဗာဒသ်ပြု)သူ၏ ဝိဉာဉ်မှာ သတိလစ်မည်မဟုတ် ဟူသည့် သဘောလည်း ဖြစ်ပေသည်။
ကိယာမသ်နေ့၏ ပြင်းထန်မှုသည် ကြောက်ခမန်းလိလိပင် ဖြစ်၏။ ကြောက်မက်ဖွယ်ရာအခြေအနေများ ဖြစ်ပေါ်မည့်အချိန် ဖြစ်၏။ ထို့အတူ ဟရှ်ရ်၏ အခြေအနေသည်လည်း ပြင်းထန်လှပေသည်။ ကမ္ဘာပေါ်တွင် ကျွန်ုပ်တို့အသက်ရှင်နေစဉ် အနည်းငယ်သော အသံဗလံများကိုပင် ရင်တုန်ပန်းတုန်ဖြစ်နေကြသည်။ စိုးထိတ်နေကြ၏။ ထိုကိယာမသ် ထိုဟရှရ်၏ အခြေအနေ မည်မျှပြင်းထန်မည်ကို အနည်းငယ်လေး စဉ်းစားကြည့်လျှင်ပင် သိနိုင်သည်။ ထိုသို့ ကြောက်မက်ဖွယ်ပြင်းထန်မှုများ ဖြစ်နေချိန်တွင် အီးဒ်၏ ညများ၌ အိဗာဒသ်ပြုထားသူ၏ စိတ်သည် အနည်းငယ်မှ ကြောက်ရွံစိုးထိတ်မှု မဖြစ်ဘဲ တည်ငြိမ်အေးဆေးစွာရှိမည်ဟု ဆိုထားခြင်းမှာ အလ္လာဟ်အရှင်မြတ်၏ အထူးချီးမြှင့်မှုတစ်ရပ်ပင် ဖြစ်၏။ ထို့ကြောင့် ကမ္ဘာ၏ အချိန်အနည်းငယ် တစ်ညတာခန့်မျှကို အလ္လာဟ်နှစ်သက်ရန်အတွက် အိဗာဒသ်ပြုကြဖို့ တိုက်တွန်းအပ်ပါသည်။
ပညာရှင်အချို့က အထက်ပါဟဒီးစ်ကို ... ထို (အီးဒ်နှစ်ညတွင် အိဗာဒသ်ပြု)သူ၏ နှလုံးသာသည် လောကီ၏ ပျက်စီးသွားမည့် ရုပ်ဝတ္ထုများအပေါ် နှစ်သက်စွဲလန်းနေခြင်း ဖြစ်ပေါ်မည် မဟုတ်ပေ။ ထိုသို့သောအရာများကို စွဲလန်းနှစ်သက်ခြင်းသည် အမှန်ပင် နှလုံးသားများ သေစေ၏။ ထို့ပြင် ၎င်းသူသည် မကောင်းသော သေခြင်းမှ ထိန်းသိမ်းမှု ရရှိမည် .....  ဟု ဖွင့်ဆိုမိန့်ကြားထားပေသည်။ ထို့ကြောင့် ဤသို့အကျိုးထူးများ ပြည့်နေသည့် ညဥ့်များကို အလဟဿကိစ္စများဖြင့် မဖြုန်းတီးဘဲ အကျိုးရှိမည့်အရာများတွင် အသုံးချရမည် ဖြစ်၏။
ဟဒီးစ်တော်တစ်ရပ် လာရှိ၏။ ည ငါးညကို မအိပ်ဘဲ အိဗာဒသ်ပြုသောသူအဖို့ ဂျန္နသ်ရရှိရန် ဝါဂျိဗ်ဖြစ်သည်။ ထို ည ငါးညမှာ ......
[၁] လိုင်လသွသ် သရ်ဝီယဟ် (ဇိလ်ဟဂ်ျလ ၈ရက် ည)
[၂] လိုင်လသွလ် အရဖဟ် (ဇိဟဂ်ျလ ၉ရက် ည)
[၃] လိုင်လသွန် နဟရ် (ဇိဟဂ်ျလ ၁ဝရက်၊ အီဒွလ်အဿွ်ဟာည)
[၄] အီဒွလ် ဖိသိရ် (ရမ်ဇာန်လမြတ်ကုန်ဆုံးသည့် နောက်ဆုံးည)
[၅] ရှဗေဗရာအသ် (ရှအ်ဗာန် ၁၅ရက် ည) တို့ဖြစ်သည်။
အစ္စလာမ့်ဓမ္မသတ်ပညာရှင်တို့ထံတွင်လည်း အီးဒ်ည နှစ်ညတွင် အိဗာဒသ်ပြုခြင်းသည် မုစ်သဟဗ်၏ ထူးမြတ်မှုရရှိကြောင်း ရေးသားဖော်ပြထားကြပေသည်။ အခြားအဆိုတစ်ရပ်တွင် ......
[၁] သောကြာည၊ [၂] အီဒွလ်ဖသိရ်ည၊ [၃] အီဒွလ်အဿွ်ဟာည၊ [၄] ရဂျဗ်လဆန်းည နှင့် [၅] ရှအ်ဗာန် ၁၅ရက် ညတို့သည် တောင်းဆုပြုခြင်းများကို အထူးလက်ခံမှုပြုသော ညများဖြစ်ကြောင်း ဖော်ပြထားပေသည်။
ယခု ကျွန်ုပ်တို့အနေဖြင့် အီဒွလ်ဖိသိရ်၏ ညကို အနီးဆုံးရရှိပိုင်ဆိုင်ရမည်ဖြစ်ပေသည်။ ထို့ကြောင့် အတတ်နိုင်ဆုံး အီးဒ်ညများတွင် အလ္လာဟ်အရှင်နှစ်မြို့တော်မူသော ကျင့်ဆောင်မှုများ၌ မွေ့လျော်ခြင်းဖြင့်သာ ကျွန်ုပ်တို့၏ နှစ်ဌာနအတွက် သုခချမ်းသာကို ရှာဖွေအပ်ပေသည်။ သို့မှသာ ကျွန်ုပ်တို့၏ အီးဒ်နေ့သည် မင်္ဂလာအတိဖြစ်သော အီးဒ်နေ့ဖြစ်ပေမည်။ အီးဒ်ညတွင် အိဗာဒသ် ခဝပ်မှုပြုခြင်းနှင့် နဖိလ်များ ဆောက်တည်ခြင်းတို့သည် မုစ်သဟဗ်၏ အကျိုးထူးကို ရရှိမည်ဖြစ်သည်။ သို့သော် သီးသန့်သတ်မှတ်ပြဌာန်းထားသည့် ခဝပ်မှုမျိုးမရှိသဖြင့် မိမိတို့ စိတ်ထက်သန်ရာပုံစံဖြင့် အလ္လာဟ်အရှင်မြတ်ကို အိဗာဒသ်ပြုကာ အကျိုးကုသိုလ်များ ရယူနိုင်ပေသည်။ အိဗာဒသ်တွင် နဖိလ်နမားဇ်ဖတ်ခြင်း၊ ညဖြစ်သည့်အတွက် သဟဂ်ျဂျွဒ်ဖတ်ခြင်း၊ ဆွလာသွသ်သပ်စ်ဗီဖတ်ခြင်း၊ ဇိကိရ်၊ ဒရူးဒ်၊ အိစ်သိဂ်ဖာရ်၊ ကုရ်အာန်သိလာဝသ်ပြုခင်းများ နှင့် ဒုအာဆုတောင်းမှုပြုခြင်းတို့ အားလုံး အကျုံးဝင်ပေသည်။

အီးဒ်ညကို လက်လွှတ်ဆုံးရှုံးကြခြင်း
ကျက်သရေမင်္ဂလာနှင့် ကောင်းချီးအပေါင်းတို့ဖြင့် အထူးပြည့်စုံနေသော အီးဒ်ကဲ့သို့ ညထူးညမြတ်၏ အကျိုးကုသိုလ်များကို မေ့လျော့မှုပြုထားသူတို့သည် အမှန်တကယ် ကံဆိုးသူများ ဖြစ်ကြသည်။ တကယ်ဖြစ်ရမည်မှာ ထိုညမြတ်များ၌ အလ္လာဟ်အရှင်မြတ်နှစ်မြို့တော်မူသော ကောင်းမှုများ၌သာ မွေ့လျော်၍အချိန်ကုန်စေရမည်သာ ဖြစ်၏။
သို့သော် ယနေ့ ကျွန်ုပ်တို့၏ ဖြစ်စဉ်မှာ အိဗာဒသ်ပြုကောင်းမှုပွားရမည့်အစား မိသားစုနှင့်အတူ ရုပ်မြင်သံကြား၏ အစီအစဉ်များတွင် ပါဝင်နေကြသည်။ မိသားစုနှင့် မိတ်ဆွေများကို အိဗာဒသ်ပြုရန် တိုက်တွန်းပြောကြားဖို့ ဝေးစွ။ ကိုယ်တိုင်ပင် မကောင်းမှုအတွင်း သက်ဆင်းနစ်မွန်းနေ၏။
အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မနှစ်မြို့သည့် အမှုကိစ္စတို့ကို အခြားနေ့ရက်များ၌ ကျူးလွန်ခြင်းသည်ပင် ကြီးလေးသော ဒုစရိုက်မှုဖြစ်ပါလျှင် အီးဒ်ကဲ့သို့ မြင့်မြတ်သည့်ည၌ ကျူးလွန်ခြင်းမှာ အဘယ်မျှပင် ပြစ်မှုပိုကြီးသွားသည်ကို အထူးပြောပြရန် မလိုတော့ပါ။ ပြစ်မှုဒုစရိုက်ကို အထင်သေးခြင်းသည် (ဆိုလိုသည်မှာ ဒါလေးပဲလုပ်တာပါကွာ၊ မက္ကရူပါကွာ၊ ရုပ်ရှင်ကို နည်းနည်းပဲကြည့်တာပါ ... အပြစ်ခံရလည်း နည်းနည်းပေါ့ ... စသဖြင့်) အလ္လာဟ်အရှင်မြတ်ကို အထင်သေးခြင်း (အရှင့်၏ ကြီးကျယ်မြတ်ထွတ်မှု၊ အရာရာကို ပိုင်စိုးနိုင်နင်းအုပ်ချုပ်သည့် ဂုဏ်အင်နှင့် အရှင်ပေးမည့် ပြစ်ဒဏ်တို့ကို မကြောက်ခြင်း အထင်အမြင်သေးခြင်း) ဖြစ်သည်။ အချို့သူတို့သည် ဤသို့ထူးကဲလှသည့် ညမြတ်၌ အိဗာဒသ်ခဝတ်မှုဘက်သို့ အာရုံမရှိဘဲ အီးဒ်မနက်ဝတ်ဆင်ရမည့် ဝတ်ကောင်းစားလှများဘက်သို့ အာရုံရောက်နေသည်။ ထိုအရာများကို ဆင်ယဉ်ချယ်သနေကြသည်။ အများစုသည် အီးဒွလ်ဖိသိရ်၏ည၌ စားသောက်စရာများချက်ပြုတ်သည့် အရေးမကြီးသည့်အလုပ်ကို အထူးအလေးထားဆောင်ရွက်နေကြပြီး အီဒွလ်အဿွ်ဟာတွင်မူ ကုရ်ဗာနီ၏ သားကောင်နောက်သို့လိုက်နေကြ၏။ သက်ဆိုင်နေရာများ ရရှိပြီးပါကလည်း ဝိုင်းဖွဲ့ကာ စကားဖောင်စီးနေကြပြန်သည်။ အချို့ကလည်း ထိုည၏ထူးကဲမြင့်မြတ်သော အကျိုးကုသိုလ်များ ရရှိပိုင်ဆိုင်နိုင်ရန် ကောင်းမှုပွားရမည်ကို မသိနားမလည်ဘဲ လက်လွတ်ဆုံးရှုံးရခြင်းမျိုးလည်း ရှိပေသည်။ အားကောင်းမောင်းသန် ခန္ဓာကိုယ်ပိုင်ရှင်များသည်လည်း ထိုသို့သောညများတွင် လူသေကောင်ပမာ တခေါခေါနှင့် အိပ်မောကြနေကြ၏။ အိပ်ခြင်းသည်လည်း အိဗာဒသ်ဟု ဆိုကာ အိပ်နေကြ၏။ အမျိုးသမီးအများစုတို့သည်လည်း ထိုညတွင် ဒန်းဆိုးခြင်းဟူသည် ဝတ္တရားနောက် တကောက်ကောက် လိုက်နေကြရပေသည်။ သနားဖွယ်ပင်။ အီးဒ်တွင် ဒန်း မရှိလည်း အီးဒ်ဖြစ်၏။ အာခိရသ်တွင်မူ အမလ်မပါ ပါက လူတကာထံမှ လက်ဖြန့်လိုက်တောင်း၍ ရမည်မဟုတ်ပါ။ စာရှုသူတို့အနေဖြင့် ဤသို့မြင့်မြတ်ထူးကဲလှသည့် ညမြတ်အကြောင်းသိရှိပြီးပါက ထိုသို့လက်လွတ်ဆုံးရှုံးကြသူများအတွင်း မပါဝင်စေရန်၊ အရှင်မြတ်ထံမှ ရရှိသည့်အထူးအခွင့်အရေးကို ပိုင်နိုင်စွာ အသုံးချနိုင်ရန် ကြိုးစားအားထုတ်ရပေမည်။ ပမာတစ်ခုပြမည်။ တန်ဖိုးကြီးပစ္စည်းများသာ ရောင်းချသော ဈေးဝယ်စင်တာကြီးတစ်ခုတွင် ..... မည်သည့်ည၏ ၆နာရီမှ မနက်၎နာရီအထိ မည်သူမဆို လာရောက်၍ မည်သည့်ပစ္စည်းကိုမဆို နှစ်သက်သလောက် ယူငင်နိုင်သည်။ တန်ကြေးကိုလည်း သုံးပုံတစ်ပုံသာ ပေးရမည်ဟု ကြေငြာထားသည်။ လူအချို့သည် အားကြိုးမာန်တက် စ၍ ခွင့်ပေးသည့်အချိန်မှ ပိတ်သည့်အချိန်အထိ တစ်ညလုံး တန်ဖိုးကြီးပစ္စည်းများကို ယူငင်သည်။ အချို့မှာမူ စသည့်အချိန်၌သာ လာပြီး ပစ္စည်းတစ်ခုယူလိုက်သည်။ မနက်ပိတ်ခါနီးလာ၍ နောက်ပစ္စည်းတစ်ခု ယူသည်။ ထိုသူ့အဖို့ ပစ္စည်းနှစ်ခုသာ ရသည်။ ပထမအုပ်စုကတော့ တန်ဖိုးကြီးပစ္စည်းများစွာကို တန်ဖိုးသက်သာစွာဖြင့် များစွာပိုင်ဆိုင်သွားသည်။ အသင်ဆိုလျှင် မည်သည့်အုပ်စုဝင် ဖြစ်လိုပါသနည်း။ လူ့ဗီဇမှာ သက်သက်သာသာနှင့် ပေါများစွာရခြင်းကို နှစ်သက်သည်သာ ဖြစ်၏။ ကမ္ဘာ့၏ ကုန်ပစ္စည်းနှင့် ငွေကြေးတို့အတွက် အသင့်တွင် ကြိုးပမ်းလိုစိတ်ရှိလျှင် တစ်ခုလုပ်လျှင် ဆယ်ခုရမည့် အာခိရသ်အတွက် ပို၍ပင် သောကထားကာ စိတ်ရောကိုယ်ပါ အားထုတ်ရပေမည်။

နေ့နှင့် ည မည်သည်က သာပိုထူးမြတ်ပါသနည်း
ညသည် နေ့ထက် အကြောင်းအရင်းများစွာကြောင့် ထူးမြတ်ရပါသည်။
(၁) ညများအနက် ည တစ်ညသည် လပေါင်းတစ်ထောင်ထက် သာပိုထူးမြတ်၏။ သို့သော် နေ့နှင့်စပ်လျဉ်း၍ ထိုကဲ့သို့ ဖော်ပြချက် မပါရှိပါ။
(၂) ကျမ်းမြတ်ကုရ်အာန် တစ်အုပ်လုံးသည် လောင်ဟေမဟ်ဖူးဇ် ထိန်းသိမ်းထားသည့်ကျောက်စာမှ မိုးကောင်ကင် ပထမထပ်သို့ ချပေးသည့်အချိန်မှာလည်း ညအချိန်ဖြစ်၏။ နေ့အချိန်မဟုတ်ပါ။
(၃) ညဥ့်၏နောက်ဆုံးအချိန် (သုံးပုံ တစ်ပုံ) သို့ရောက်တိုင်း အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင် ပထမထပ်သို့ ဆင်းသက်ကြွမြန်းတော်မူ၏။
(၄) တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်ကို ကောင်းကင်ဘုံခရီးသို့ ခေါ်ဆောင်သွားသည့်အချိန်မှာလည်း ညချမ်းအချိန်သာ ဖြစ်၏။
(၅) ညသည် အနားယူအိပ်စက်သည့်အချိန်ဖြစ်၍ ညအချိန်၌ တိရိစ္ဆာန်များကို ဇဗာပြုခြင်း မက္ကရူဖြစ်ရခြင်းမှာလည်း ညကို အကြောင်းခံ၍သာ ဖြစ်၏။
(၆) ညချမ်းအချိန် ခရီးသွားပါက ခရီးတွင်ကျယ်သည်ဟု တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်က မိန့်ခြွေတော် မူထားသည်။
(၇) ည၏ ထူးမြတ်မှုကြောင့်ပင် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က ရန်သူများကို ညအချိန် ဝင်ရောက်တိုက်ခိုက်ခြင်း ပြုတော်မမူချေ။

အီးဒ်၏ နေ့အချိန်
((ရမ်ဇာန်နှင့် စပ်လျဉ်း မိန့်ခြွေထားသည့် ဟဒီးစ်တော်၌ ပါဝင်သည်မှာ) အီးဒ်နေ့ မိုးလင်းသောအခါ အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်တမန်များကို မြို့၊ ရွာတိုင်းသို့ စေလွှတ်တော်မူ၏။ ကောင်းကင်တမန်တို့သည် ကမ္ဘာမြေသို့ဆင်းသက်လာကြပြီး လမ်းကြီးလမ်းငယ် အသွယ်သွယ်တို့၏ ထိပ်တွင်ရပ်ကြလေသည်။ ထို့နောက် ဂျင်န်နှင့် လူသားတို့မှအပ အခြားအဖန်ဆင်းခံအားလုံး ကြားကြရသည့်အသံဖြင့် အို မုဟမ္မဒ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်၏ အုမ္မသ်အပေါင်းတို့ ရက်ရောတော်မူသော အရှင်မြတ်ထံတော်သို့ ဝင်ရောက်ခစားကြကုန်။ ထိုအရှင်မြတ်သည်အတိုင်းထက်အလွန် ချီးမြှင့် ပေးသနားတော်မူ၏။ ကြီးမားလှစွာသော ပြစ်မှုကို ခွင့်လွှတ်တော်မူ၏ .... ဟု ကြွေးကျော်ကြသည်။
ထို့နောက် လူတို့ အီဒ်ဂါသို့ထွက်လာကြသောအခါ အလ္လာဟ်အရှင်မြတ်က ကောင်းကင်တမန်တို့အား မိမိတို့အလုပ်တာဝန်ကို ပြီးစီးအောင်ဆောင်ရွက်သော အလုပ်သမားအား မည်သို့အစားပေးရမည်နည်း ဟု မေးမြန်းတော်မူ၏။ ထိုအခါ ကောင်းကင်တမန်တို့က အို .... ကျွန်တော်မျိုးတို့၏ အရှင်သခင် ၎င်းတို့၏ လုပ်ခကို အပြည့်ချီးမြှင့်တော်မူခြင်းသာလျှင် ၎င်းအား အစားပေးခြင်းဖြစ်ပါသည် ... ဟု လျှောက်ထားဖြေကြားလေသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က သို့ဖြစ်လျှင် အို ကောင်းကင်တမန်အပေါင်းတို့ အမှန်ပင် ငါအရှင်မြတ်သည် ၎င်းတို့အား ရမ်ဇာန်လ၏ ရိုဇာနှင့် သရာဝီတို့၏အစား အကျိုးကုသိုလ်အဖြစ် ငါအရှင်မြတ်၏ ကျေနပ်နှစ်သက်မှုနှင့် ခွင့်လွှတ်ချမ်းသာပေးမှုကို ချီးမြှင့်တော်မူလိုက်ပြီး အသင်တို့အား သက်သေထားတော်မူသည် ဟု မိန့်တော်မူလေသည်။
ထို့ပြင် အလ္လာဟ်အရှင်မြတ်က လူတို့ကို ဤသို့မိန့်တော်မူ၏။ အို ငါအရှင်မြတ်၏ ကျေးကျွန်အပေါင်းတို့ ငါအရှင်မြတ်ထံပါး၌ တောင်းခံကြလော့။ ငါအရှင်မြတ်၏ ဂုဏ်တော်၏ ကစမ်၊ ငါအရှင်မြတ်၏ တန်ခိုးတော်၏ ကစမ်၊ အသင်တို့သည် ယနေ့မိမိတို့၏ ဤအစုအဝေး၌ မိမိတို့၏ အာခိရသ်တမလွန်အရေးနှင့် စပ်လျဉ်း၍ အသနားခံတောင်းခံကြသည်ကို ငါအရှင်မြတ် ချီးမြှင့်တော်မူမည်။ သို့ရာတွင် လောကီ (ကမ္ဘာပေါ်တွင် ရှင်သန်နေစဉ်၏) အရေးနှင့် ပတ်သက်၍ တောင်းခံသည်ရှိသော် အသင်တို့၏ အကျိုးရလဒ်အတွက် ကြည့်ရှုတော်မူမည်။ ငါအရှင်မြတ်၏ ဂုဏ်တော်၏ ကစမ်၊ အသင်တို့သည် ငါအရှင်မြတ်ဘက်သို့ အာရုံပြုသမျှ ငါအရှင်မြတ်သည် အသင်တို့၏ ချွတ်ချော်မှုကို ဖုံးအုပ်တော်မူမည်။ ငါအရှင်မြတ်၏ ဂုဏ်တော်၏ ကစမ်၊ ငါအရှင်မြတ်၏ တန်ခိုးတော်၏ ကစမ် ငါအရှင်မြတ်သည် အသင်တို့အား ကာဖိရ်များရှေ့မှောက်ဝယ် အရှက်တကွဲဖြစ်အောင် ပြုလုပ်တော်မူမည်မဟုတ်။ ယခုသော်ကား အသင်တို့သည် မိမိတို့၏ နေအိမ်များသို့ ခွင့်လွှတ်ချမ်းသာမှု ပေးသနားခြင်းကို ရရှိသူများအဖြစ်နှင့် ပြန်ကြလော့။ အသင်တို့သည် ငါအရှင်မြတ်အား ကျေနပ်အောင် ပြုလုပ်ခဲ့ကြသည်။ ငါအရှင်မြတ်သည် အသင်တို့အပေါ်၌ ကျေနပ်တော်မူလေပြီ။
ထိုအခါ ကောင်းကင်တမန်တို့သည် အဖ်သာရ်ပြုသောနေ့ (အီဒွလ်ဖိသိရ်)တွင် ဤအုမ္မသ်အပေါ်ချီးမြှင့်သည်များများကို မြင်၍ ဝမ်းမြောက်ပျော်ရွှင်ကြကုန်သည်။

အထက်ပါ ဟဒီးစ်မှပင် အီးဒ်၏နေ့တွင် အလ္လာဟ်အရှင်မြတ်၏ ချီးမြှင့်မှုများကို ပြီးပြည့်စုံစွာ သိရလေသည်။ ထို့ကြောင့် အီးဒ်၏ နေ့အချိန်တွင်လည်း စားသောက်ပျော်ပါးမှု၌သာ နစ်မွန်းမနေရဘဲ သူ့အချိန်နှင့်သူ နမားဇ်များကို ဆောက်တည်ကြရပေမည်။ အများအားဖြင့် အီးဒ်တွင် အိမ်များသို့လည်ပတ်ရင်း လမ်းခရီး၏ ကျန့်ကြာမှုများကြောင့် ဇုဟုရ် အစွရ်နမားဇ်များ ကဇွာဖြစ်သွားရသည်။ မဂ်ရိဗ်နှင့် အိရှာသည်လည်း တစ်နေကုန်ပင်ပမ်းထားခြင်းကြောင့် အညောင်းမိကာ အိပ်ပျော်သွားကြလေသည်။ အချို့ မိတ်ကပ်ဖျက်ရင်း အချိန်ကုန်နေကြသည်။ အလွန်ဝမ်းနည်းဖွယ်ပင်။ အီးဒ်တွင် အရှင်မြတ်မှ အပြစ်ခွင့်လွှတ်ပေးသည်ဟု ဆိုခြင်းက ယနေ့တစ်နေကုန် လုပ်ချင်တာလုပ်ကြဟု ခွင့်ပေးနေခြင်းမဟုတ်ပါ။ အီးဒ်လ မြင်သည်နှင့် ရမ်ဇာန်တစ်လလုံးပိတ်နေသည့် ရှိုက်သာန်တီဗီကို ဖွင့်ပြီး ဇိနာအမှုများပြည့်နှက်ကာ ရွံရှာဖွယ်ရာများအတိဖြစ်သည့် သီချင်များ၊ ရုပ်ရှင်များကို စတင်ဖွင့်လိုက်ကြသည်။ အိန္ဒိယသီချင်းများကိုပင် အချို့ကလည်း မုစ်လင်မ် သီချင်းဟုခေါ်သည်က ရှိသေး၏။ မှတ်ထားပါ။ အစ္စလာမ်တွင် အတီး၊ အမှုတ်၊ ကခုန်ခြင်းမရှိသလို ၎င်းအရာတို့သည် မုစ်လင်၏ လုပ်ဆောင်ချက်လည်း မဟုတ်။အချို့ကလည်း ဗရကသ်သဘောဖြင့် ကိရာအသ်ဖွင့်ထားသည်။ တစ်ဖက်တွင်မူ ကိုယ်တိုင်က လုပ်ချင်ရာလုပ် အတင်းပြော စကားများခြင်းများပြုနေကြသည်။ ကုရ်အာန်ဖွင့်ထားလျှင် နားစိုက်ထောင်ရန် အရေးကြီးသည်။ ထို့အတူ အီးဒ်တွင် အရက်သေစာသောက်စားခြင်းများ၊ မတော်မလျော်သော အပျော်ကျူးခြင်းများဖြင့် အစ္စလာမ့်အလှအပဖြစ်သော အီးဒ်ကို ညစ်ထေးအောင်ပြုခြင်းသည် မုစ်လင်မ်တို့ကိုယ်တိုင် မိမိအစ္စလာမ်ကို  သိက္ခာချပစ်နေခြင်းသာ ဖြစ်၏။ အရက်၊ လောင်းကစား၊ ရုပ်ရှင်၊ သီချင်း၊ မကောင်းမှုအပေါင်းသည် ရမ်ဇာန်တွင်လည်း မပြုကြသကဲ့သို့ ရမ်ဇာန်ပြီးနောက်တွင်လည်း ရှောင်ကြရမည် ဖြစ်သည်။ ယင်းမကောင်းမှုတို့သည် ရမ်ဇာန်တွင် ဟရာမ်ဖြစ်သလို ရမ်ဇာန်ပြီးနောက်တွင်လည်း ဟရာမ်အဖြစ်နှင့်သာ ဆက်လက်တည်ရှိနေပြီး ကျူးလွန်ဖောက်ဖျက်သူအဖို့ သတ်မှတ်ပြစ်ဒဏ်ကို ကျခံရမည်သာဖြစ်၏။ ထို့ကြောင့် မုစ်လင်မ်တို့အနေဖြင့် မိမိတို့၏ အစ္စလာမ့်အလှအပများကို ထိန်းသိမ်းသူဖြစ်ကြပါ။ ဖျက်ဆီးသူများ မဖြစ်ကြပါနှင့်။

အီးဒ်နေ့တွင် ဆောင်ရွက်ရမည့် အရာများ
အီးဒ်နေ့များတွင် အောက်ပါအရာများကို ဆောင်ရွက်ခြင်းသည် စွန္နသ် သို့မဟုတ် မုစ်သဟဗ်၏ ထူးမြတ်ရှိသည်။ အစ္စလာမ့်ညွှန်ကြားမှုနှင့် အညီ တစ်ကိုယ်ရေသန့်ရှင်းမှုပြုခြင်း၊ နမားဇ်မဖတ်မီ ရေချိုးသန့်စင်ခြင်း၊ မစ်ဝါးက်တိုက်ခြင်း၊ အကောင်းဆုံးအဝတ်ကို ဝတ်ဆင်ခြင်း၊ အမွှေးအကြိုင်လိမ်းခြင်း၊ စောစီးစွာ အိပ်ယာထခြင်း၊ အီဒဂါသို့ စောလျင်စွာ သွားခြင်း၊ အီးဒ် (အီဒွလ်ဖိသိရ်၏) နမားဇ်ဖတ်ရန် မသွားမီ အချိုတစ်ခုခု စားသုံးခြင်း၊ အီးဒ်နမားဇ်ထက်အလျှင် ဖိသ်ရာပေးခြင်း၊ အီဒဂါသို့သွား၍ နမားဇ်ဖတ်ခြင်း၊ လမ်းတစ်ခုမှသွား၍ အပြန်တွင် အခြားတစ်လမ်းမှ ပြန်လာခြင်း၊ ခြေလျှင်လျှောက်သွားခြင်း၊ လမ်းတွင် အီးဒ်၏ သက္ကဗီရ်ဖြစ်သော အလ္လာဟုအက္ကဗရ် အလ္လာဟုအက္ကဗရ် လာအိလားဟ အိလ်လ္လားဟု ဝလ္လားဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ် ဝလိလ်လားလိလ်ဟမ်ဒ် ကို တိုးတီးစွာ ဖတ်ခြင်းတို့ ဖြစ်ပေသည်။

အီးဒ်ဟု အမည်တွင်ရခြင်းအကြောင်း
လမြတ်ရမ်ဇာန်ကုန်ပြီး ရှောက်ဝလ်လပထမရက်ကို အီဒွလ်ဖိသိရ် ဟု ခေါ်သည်။ အီးဒ်ဟူသည် အရဗီစကားလုံး အောင့်ဒ်ဟူသည့် ပုဒ်မှ ဆင်းသက်လာသည်။ အဓိပ္ပါယ်မှာ အဖန်တလဲလဲ ပြန်လာခြင်းဟူ၍ ဖြစ်သည်။ ဤနေ့သည် ကျွန်ုပ်တို့ထံ အဖန်တလဲလဲ နှစ်စဉ်ရောက်ရှိလာပေသည်။ ထို့ပြင် အရဗ်လူမျိုးများသည် ပျော်ရွှင်ဖွယ်ရာ စုစည်းမှုတိုင်းကိုလည်း အီးဒ်ဟု ခေါ်ဆိုသမုတ်လေ့ရှိကြသည်။

အီးဒ်ရက်သည် မည်သည့်အချိန်မှ စတင်ဖြစ်ပေါ်ခဲ့ပါသနည်း
အီးဒ်သည် ပထမဆုံး ဟိဂ်ျရီခုနှစ်မှ စတင်ခဲ့သည်။ ဟဒီးစ်တော်၌ လာရှိသည်။ အနတ်စ်သခင် (ရသွီ)က ဆင့်ပြန်မိန့်ဆိုသည်မှာ ကိုယ်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဝစလ္လမ်သည် မက္ကဟ်မြို့မှ မဒီနာသို့ ဟစ်ဂ်ျရသ်ပြု ရွှေ့ပြောင်းတော်မူလာသည်။ အစ္စလာမ်ဘာသာဝင် ဒေသခံ မဒီနာမြို့သူမြို့သားများသည် ပွဲတော်ရက်နှစ်ရက် ကျင်းပလေ့ရှိကြပြီး ယင်းပွဲတော်ရက်များတွင် ပျော်ပွဲရွှင်ပွဲများအား နှစ်စဉ်ဆင်နွှဲလေ့ရှိကြသည်။
ဤသည်ကို တွေ့သောအခါ ကိုယ်တော်မြတ်က အသင်တို့ကျင်းပသည့် ဤပွဲတော်နှစ်ရက်သည် မည်သို့ပါနည်း။ အဘယ့်ကြောင့် ဆင်နွှဲရပါသနည်း ဟု မေးမြန်းရာ ကျွန်ုပ်တို့ထံ အစ္စလာမ်မရောက်လာမီ ရှေးယခင်ခေတ်ကာလများကပင် ဤပွဲတော်များကို အစဉ်အလာတစ်ရပ်အနေဖြင့် ကျင်းပလာခဲ့ကြသည် ဟု ဖြေကြ၏။
ထိုအခါ တမန်တော်မြတ်က အသင်တို့၏ ဤပွဲတော်နှစ်ရက်အစား ထိုထက်သာလွန်ကောင်းမြတ်သည့် ရက်နှစ်ရက်ကို သတ်မှတ်ပေးတော်မူလိုက်သည်။ ၎င်းမှာ အီဒွလ်အဿွ်ဟာနှင့် အီဒွလ်ဖိသိရ် ဟူ၍ ဖြစ်၏.....ဟု မိန့်တော်မူလေသည်။

အစ္စလာမ်တွင် ပျော်ခြင်း၏ အထိမ်းအမှတ်သည် နမားဇ်ဖြစ်၏။ ထို့အတူ ဝမ်းနည်းခြင်း၏ အထိမ်းအမှတ်သည်လည်း နမားဇ်ပင်ဖြစ်သည်။ သဘောမှာ အစ္စလာမ့်၏ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတို့အတွက် လူတို့တီထွင်ထားသည့် လုပ်ဆောင်ချက်များ၊ ကစားခုန်စားမှုများနှင့် အသံဗလံအစုံမြည်သည့် ပစ္စည်းကိရိယာတို့ဖြင့် ကြိုဆိုနေရန် မလိုအပ်ချေ။ နှစ်ဌာနအကျိုးရှိစေမည့် တိုတောင်းလွယ်ကူ ရိုးရှင်းလှသည့် နမားဇ်ဆိုသည့် အရာဖြင့် ကြိုဆိုသမှုပြုသလို ဝမ်းနည်းရသည်များအတွက်လည်း ယင်းနမားဇ်ကိုပင် ဆောက်တည်ကြရပါသည်။

မုစ်လင်မ်တို့အတွက် အလ္လာဟ်ဖက်မှချီးမြှင့် ဆုလာဘ်များသည် ရေတွက်မကုန်နိုင်ဖွယ်ပင်။ စဉ်းစားကြည့်ပါ။ ရဂျဗ်မှာ စတင်ကာ ရှအ်ဗာန်ကို ဖြတ်ကျော်ပြီး ရမ်ဇာန်တွင် အဆုံးသတ်သည်။ ထိုကာလတစ်လျှောက်လုံး အလ္လာဟ်အရှင်မြတ်ဘက်မှ တောင်းဆုပြည့်သည့်ညများ၊ ခွင့်လွှတ်မှုများပေးသည့် ကာလများ၊ ငရဲမှ ထုတ်ပေးခြင်းများ၊ ဂျန္နသ်သုခဥယျာဉ်ကို စံမြန်းရန် အခွင့်အရေးရရှိမည့် ကောင်းမှုလုပ်ဆောင်ချက်များ တစ်စစချီးမြှင့်လာလိုက်သည်မှာ ယခု အီးဒ်သို့ပင် ရောက်ရှိလာခဲ့ပေပြီ။ ထိုအီးဒ်ကို ကြည့်ပါ။ ညအချိန် နေ့အချိန် နှစ်ခုစလုံးတွင် တောင်းဆုများ လက်ခံပေးမည်။ ခွင့်လွှတ်မှုများ လွတ်ငြိမ်းခွင့်များပေးမည်ဟူသည့် မဟာအခွင့်အရေးများကို အတိုင်းအဆမဲ့ ထပ်မံချီးမြှင့်နေပြန်သည်။ အလ္လာဟ်အရှင်မြတ်၏ ကတိ၊ အရှင်မြတ်၏ ချီးမြှင့်ခြင်းများသည် မည့်သည့်ကာလ မည်သည့်ဒေသဟူ၍ ခွဲခြားထားခြင်းမရှိသလို ပေးမည်ဟု မိန့်သည့်အချိန်မှစ၍ ယနေ့အထိ ကိယာမသ်နေ့အထိ ပေးမည်ပင်ဖြစ်သည်။ ပေးနေမည်သာ ဖြစ်၏။ သို့သော် ...... သို့သော် ထို..ထိုသော အကျိုးထူးများကို ပြည့်ပြည့်ဝမရဘဲ လိုတာမရ ရတာမလို အရှက်တကွဲအကျိုးနည်း ဖြစ်နေရခြင်းမှာ ကျွန်ုပ်တို့၏ ပေါ့လျော့ချို့ယွင်းမှုများကြောင့်သာ ဖြစ်နေသည်ကို သတိပြုကာ အထူးပြုပြင် ဆင်ခြင်သင့်လှပေသည်။

ခြောက်လုံးရိုဇာထားခြင်းအကြောင်း
အဗူအိုက်ယူးဗ်အန်ဆွာရီသခင် (ရသွီ)ထံမှ ဆင့်ပြန်သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်သည်မှာ အကြင်သူသည် ရမ်ဇာန်လ၏ ရိုဇာကိုထားမည်။ ရမ်ဇာန်လကုန်ပြီးနောက် အီးဒ်လဖြစ်သည့် ရှောက်ဝလ်တွင် နဖိလ်ရိုဇာခြောက်လုံးကို ဆက်လက်ထားမည်ဆိုပါက (ဤနည်းအတိုင်း နှစ်စဉ်ကျင့်ဆောင်သွားလျှင်) ထိုသူသည် တစ်သက်လုံး ရိုဇာထားသကဲ့သို့ ဖြစ်ပေသည်။
အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုတစ်ခုအစားတွင် ဆယ်ဆချီးမြှင့်မည်ဟု မိန့်ထားသည်။ ရမ်ဇာန်ရိုဇာ ၃ဝ ထားလျှင် ၎င်းသည်အစားသည် ၃ဝဝ ဖြစ်မည်။ နဖိလ်ခြောက်လုံးသည် ၆ဝဖြစ်မည်။ ပေါင်းလျှင် ၃၆ဝရသည်။ တစ်နှစ်တွင် ရက်ပေါင်း ၃၆ဝ ရှိသည်ဖြစ်၍ တစ်နှစ်ပတ်လုံး ရိုဇာထားသကဲ့သို့ ဖြစ်ပေသည်။ ဤပုံစံအတိုင်း လူတစ်ယောက် ရမ်ဇာန်တိုင်းနှင့် ခြောက်လုံးရိုဇာကို တွဲစပ်သွားပါက ထိုသူသည် အသက်ရှင်သရွေ့ နေ့စဉ်ရိုဇာစောင့်ထိန်းသကဲ့သို့ အကျိုးကုသိုလ်ကို ရရှိသွားမည် ဖြစ်၏။ စွဗ်ဟာနလ်လာ ၃၆ရက် အလ္လာဟ်အတွက်အချိန်ပေးကာ အလ္လာဟ်အမိန့်နာခံလိုက်လျှင် အလ္လာဟ်က ၃၆ဝ၊ တစ်နှစ်စာအတွက် လစာ (ကုသိုလ်) ပေးလိုက်သည်။ ကမ္ဘာ၏ အလုပ်အကိုင်များတွင်​ တစ်လနှင့် နောက်ခြောက်ရက်လုပ်ပြီး တစ်နှစ်စာလခပေးသည်များ ရှိတတ်ပါသလား။ သို့သော် ကျွန်ုပ်တို့၏ မြင့်မြတ်တော်မူလှသော အလ္လာဟ်အရှင်မြတ်က မိမိ၏ ကျေးဇူးအသနားတော်ဖြင့် ထိုမျှကာလလေးအတွက် တစ်နှစ်စာ ကုသိုလ်ကို ချီးမြှင့်တော်မူနေပေသည်။ ထို့ကြောင့် ယင်းအကျိုးထူးကို မုစ်လင်မ် အမျိုးသား၊ အမျိုးသမီးတိုင်း ရယူရန် ကြိုးပမ်းရပေမည်။ ကိယာမသ်နေ့၌ ဖရဇ်တာဝန်များ စစ်ဆေးသည့်အခါ ပေါ့လျော့မှုများနှင့် လျော့နည်းမှုများ ရှိနေခဲ့ပါက နဖိလ်အိဗာဒသ်တို့ဖြင့် ဖြည့်စွက်မည်ဖြစ်၏။ အကယ်၍ ဖရဇ်တွင် ပေါ့လျော့မှုမရှိပါက နဖိလ်မှ ကုသိုလ်များ သီးသန့်ရရှိကာ ဂျန္နသ်၏ သုခချမ်းသာများကို ထပ်မံခံစားရမည်ဖြစ်သည်။ ထို့ကြောင့် နဖိလ်များကို နဖိလ်ပါဟူ၍ အတွေးမထားဘဲ နဖိလ်သည် နဖိလ်ဖြစ်၏။ အကျိုးထူးလှ၏ဟု မှတ်ယူကာ ကျင့်သုံးရပေမည်။
မှတ်သားဖွယ်တစ်ခုမှာ ရမ်ဇာန်သည် နှစ်ဆယ့်ကိုးရက် ဖြစ်ခဲ့သည်ရှိသော် ဆယ်ဆဖြစ်သည့် ၃ဝဝမှာ ၂၉ဝဖြစ်သွားမည်လား။ ရမ်ဇာန်သည် ၂၉ဖြစ်ခဲ့လျှင်လည်း ၃ဝဟုသာ ရေတွက်၍ ကုသိုလ်ကို အပြည့်ချီးမြှင့်မည် ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော မုစ်လင်မ်၏ ရင်တွင်းဝယ် ၂၉ရက်နေ့ လမမြင်ခဲ့သော် နောက်တစ်နေ့တွင် ရိုဇာထားမည်ဟူသည့် ရည်ရွယ်ချက်မှာ အပြည့်အဝပင် ရှိပေသည်။ ထို့ကြောင့် လ၏ ရက်အရေအတွက်လျော့နည်းသွားသောလည်း ကုသိုလ်အကျိုးတွင် လျော့နည်းမည်မဟုတ်ပါ။ အလ္လာဟ်အရှင်မြတ်က အပြည့်အဝချီးမြှင့်မည်သာ ဖြစ်၏။

ခြောက်လုံးရိုဇာကို ....
အချို့ ရမ်ဇာန်တစ်လလုံးရိုဇာရသူကသာ ခြောက်လုံးထားရမည်ဟု အယူထားသည်။ ဤသည်မှာ မှား၏။ မည်သူမဆို ထားနိုင်သည်။ ထို့အတူ နဖိလ်ခြောက်လုံးရိုဇာကို ရှောက်ဝလ်တစ်လလုံးအတွင်း မည်သည့်ရက်မဆို ထားနိုင်ပေသည်။ အီးဒ်နှင့် ကပ်နေသည့် ခြောက်ရက်ကိုထားမှ ရိုဇာခြောက်လုံးဖြစ်သည်မဟုတ်ပါ။ သတိပြုရမည်မှာ ရှောက်ဝလ်အတွင်း ဖြစ်ရမည်။ မကျန်းမာသူများ၊ အင်အားနည်းသူများအနေဖြင့် ဆက်တိုက် ခြောက်လုံးမထားနိုင်ကလည်း ရက်ခြား၍ ဖြစ်စေ၊ မိမိအစဉ်ပြေသလို ရှောက်ဝလ်အတွင်း ထားလိုက်လျှင် ဖြစ်၏။ အီးဒ်ပြီး နောက်တစ်ရက်ကပ်နေသည့်နေ့မှ စထားမှ ခြောက်လုံးဖြစ်သည်မဟုတ်ပါ။ ထို့အတူ ရှောက်ဝလ်တစ်လလုံးအတွင်း နဖိလ်တစ်လုံးသာထားပြီး ခြောက်လုံး၏ အကျိုးကုသိုလ်ကိုလည်း ရမည်မဟုတ်ပါ။ နဖိလ်ခြောက်လုံးကို အပြည့်ထားရပေမည်။

ခြောက်လုံးရိုဇာနှင့် ကဇွာ
ရမ်ဇာန်အတွင်း ပျက်ကွက်ခဲ့သည့် ရိုဇာများကို ကဇွာပြန်ဖြည့်ခြင်းသည် သပ်သပ်ဖြစ်၏။ နဖိလ်၏ ခြောက်လုံးက သပ်သပ်ဖြစ်ပါသည်။ နှစ်ခုရောခွင့်မရှိပါ။

ကဇွာရိုဇာနှင့် နဖိလ်ရိုဇာ
ကဇွာရိုဇာအတွက် ရည်စူးမှု နိယသ်ကို ညကတည်းက ပြုရန် အရေးကြီးသည်။ စဲဟ်ရီကတည်းက မိမိသည် ပျက်ခဲ့သည့် ရိုဇာကို ပြန်ဖြည့်ကြောင်း ရည်စူးရမည်။ ကဇွာ၏ နိယသ်နှင့်အတူ နဖိလ်နိယသ် ရောပြုခွင့်မရှိပါ။ နဖိလ်ရိုဇာတွင်မူ မနက်ရောက်သည့်အချိန်မှ ရည်စူးမှုပြုလည်း ဖြစ်ပေသည်။ ထိုနဖိလ်ထားသည့်အချိန် ကဇွာပါဖြည့်ပါသည်ဟု ရော၍ ရည်စူးလို့မရပါ။ နဖိလ်ရိုဇာကို စောင့်ရင်းတစ်ဝက်ဖြင့် ပျက်သွားပါကလည်း ထိုနဖိလ်ကို ပြန်ဖြည့်ရန် အရေးကြီးပါသည်။

မုစ်လင်အမျိုးသား အမျိုးသမီးတိုင်းသည် မိမိတို့၏ အီးဒ်များ အလ္လာဟ်အရှင်မြတ်၏ ချီးမြှင့်မှုများနှင့် အစ္စလာမ့်၏ အမိန့်များကို သိရှိနိုင်ရန်၊ ဗဟုသုတရစေရန်၊ လိုက်နာနိုင်ရန်ရည်ရွယ် တင်ဆက်လိုက်ခြင်းဖြစ်ပါသည်။ မုစ်လင်မ်တိုင်း ရရှိမည့် ကုသိုလ်အကျိုးနှင့် ဆုလာဘ်များကို လက်လွှတ်မခံဘဲ အမိအရ ရယူကျင့်သုံးကြပါ ..... လို့ တိုက်တွန်းရင်းဖြင့် အဆုံးသတ်လိုက်ပါသည်။

[သုဟ်ဖာအေခဝါသီးန်၊ ဖဇာအိလေရမ်ဇာန်နှင့် ထူးကဲမြင့်မြတ်သော ညများနှင့်နဖိလ်နမားဇ်များ စာအုပ်တို့ကို ကိုးကား၍ တင်ဆက်ပါသည်။]

အလ်မုဖီးဒ်
ရမ်ဇာန်/ ၂၉/ ယောင်မုလ်ဂျွမ်အဟ်/ ဟိဂ်ျရီ ၁၄၃၆

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Friday, February 27, 2015

မြတ်နဗီဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် အသက်ရှင်လျှက် ရှိနေခြင်း၏ အထောက်အထား

အောက်ပါပို့စ်ကို ကူးယူလိုသူများ စာပါအကြောင်းအရာအားလုံးအပြည့်အစုံနှင့် ရေးသားသူအမည်ပါ ထည့်သွင်းကူးပါ။

တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် အသက်ရှင်လျှက်မရှိတော့ဟု ခံယူချက်ထားကာ စောဒကတတ်သူများသို့ .....

တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည် မိမိရောင်ဇွဟ်ထဲ၌ အသက်ရှင်နေတော်မူခြင်း၏ အထောက်အထောက်များ နှင့် စောဒကတက်သူအတွက်အဖြေများ (၁)

(၁) တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) မမွေးဖွာမီ အရင်ကတည်းက ကိုယ်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)နှင့် ပတ်သက်သော သတင်းကောင်းများသည် သောင်ရသ်၊ အိန်ဂျီလ်ကျမ်းစာအုပ်များတွင်လည်း လာရှိထားသည်။ ထိုလာရှိချက်များနှင့် ပတ်သက်ပြီး မွတ်စ်လင်မ်တိုင်းလက်ခံသလို တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)မမွေးဖွားခင်အရင်ကတည်းက လက်ခံထားသူများလည်း မြောက်များစွာရှိကြသည်။ 

ကိုယ်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) လာရှိမည်နှင့်ပတ်သက်ပြီး တမန်တော်အီစာ (အလိုင်ဟစ္စလာမ်)မှ သတင်းကောင်းပေးခဲ့သည်နှင့် စပ်လျဉ်း၍ ကျမ်းမြတ်ကုရ်အာန် (၆၁း၆ ) တွင် လာရှိသည်မှာ……
" ဝအီဇ်ကားလာ အီစဗ်နူမရ်ယမ ယားဗနီးအီစ်ရားအီးလ အီးန်နီးရစူးလွလ္လာဟိ အီလိုက်ကူမ့် မူဆွဒ်ဒီကလ်လီမားဗိုက်န ယဒိုက်ယ မီနသ်သောင်ရားသိ ၀မူဗရှ်ရှီရမ့် ဗိရစူးလီန် ယအ်သီး မင်းမ်ဗအ့်ဒီးစ်မူဟူး အဟ်မဒု ဖလမ့်မား ဂျားအဟူမ့် ဗီလ်ဗိုက်ယိနားသိ ကားလူး ဟားဇား စီဟ့်ရူးမ်းမူဗီးန် " ဆိုလိုသည်မှာ….. ထိုမှတစ်ပါးပြန်လည်သတိရရှိကြလေကုန်။ အခါတစ်ပါး၌ မရ်ယမ်၏ သားတော် တမန်တော်အီစာ(အလိုင်ဟိစ္စလာမ်)သည် (ဤသို့)ပြောကြားခဲ့လေ၏။ အို.. အီစ်ရာအီလီမျိုးနွယ်အပေါင်းတို့! ဧကန်မလွဲ ငါသည်မိမိအလျင်ရှိနေသော သောင်ရသ် (ကျမ်းဂန်)ကို ဟုတ်မှန်ကြောင်း ထောက်ခံအတည်ပြုသူအဖြစ်လည်းကောင်း၊ ငါ၏နောက်တွင် " အဟ်မဒ် " ဟူသော အမည်နာမနှင့်ပွင့်အံ့သော ရစူလ်တမန်တော်တစ်ပါးနှင့်ပတ်သက်၍ သတင်းကောင်းပြောကြားသူ အဖြစ် လည်းကောင်း၊ အသင်တို့ထံ(စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ်အရှင်မြတ်၏ရစူလ် တမန်တော်ဖြစ်၏။

ကျမ်းမြတ်ကုရ်အာန်၌လာရှိသည့် တမန်တော်အီစာ(အလိုင်ဟစ္စလာမ်)နှင့် ပတ်သက်သော ဤအကြောင်းအရာသည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) မမွေးဖွားခင် နှစ်ပေါင်းငါးရာအရင်မှ အကြောင်းအရာတစ်ခုဖြစ်သည်။ ဤအာယသ်တွင်ပါရှိသည့် တမန်တော်အီစာ(အလိုင်ဟစ္စလာမ်) သတင်းကောင်းပါးထားသော ရောက်ရှိလာမည့်တမန်တော်မှာ တမန်တော်မြတ်မိုဟမ္မဒ် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ဖြစ်ကြောင်းကို မွတ်စ်လင်မ်တိုင်းကလက်ခံထားကြသည်။ ထိုအချိန်က တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည် မွေးဖွားခြင်းပင်မရှိသေးပေ။ သို့သော် ကျမ်းမြတ်ကုရ်အာန်၏ရှင်းလင်းချက်အရ မွတ်စ်လင်မ်တိုင်းက ရစူလ်တမန်တော်အဖြစ် ရောက်ရှိမည်ဆိုခြင်းကို လက်ခံထားကြသည်။ ထိုကဲ့သို့လက်ခံထားခြင်းတွင် မည်သူတစ်ဦးတစ်ယောက်မျှလည်း စောဒကတက်ခြင်း မရှိပေ။

ထိုကဲ့သို့ မမွေးဖွားမီအရင်ကပင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ရောက်ရှိမည်ကို ယုံကြည်လက်ခံမည်ဆိုလျှင် ယခု တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)၏ ဝဖားသ်နောက်ပိုင်းတွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည် မိမိရောင်ဇွဟ်တွင် ခန္ဓာကိုယ်နှင့်တကွ အသက်ရှင်လျှက်ရှိခြင်းနှင့်စပ်လျဉ်း၍ အကီဒဟ်ထားခြင်းတွင် အဘယ်သို့သော ချို့ယွင်းချက်ရှိနိုင်ပါမည်နည်း? အသင်ယုံကြည်လက်ခံထားသော အလ္လာဟ်အရှင်မြတ်သည် ဤကဲ့သို့သော ကိစ္စကို ပြုနိုင်စွမ်းရှိသည်ဟု အသင်ယုံကြည်ခြင်းမရှိပါသလား? ထိုသို့ဆိုပါက အသင်သည် အလ္လာဟ်အရှင်မြတ်ကိုပင် သံသယဝင်ပြီး လျှို့ဝှက်စွာဖြင့် အရှင်မြတ်၏ကုဒ်ရသ်များအား ငြင်းပယ်သူဟု ထင်မှတ်ရပါသည်။

ဤကိစ္စနှင့်ပတ်သက်ပြီး တစ်ဦးတစ်ယောက်က မိမိအတွေးအခေါ်အတိုင်း အမျိုးမျိုးသော စောဒကများတက်မည်ဆိုလျှင် ကျမ်းမြတ်ကုရ်အာန်၌ပါရှိသော တမန်တော်အီစာ(အလိုင်ဟိစ္စလာမ်) သတင်းကောင်းပေးသော တမန်တော်မှာ ကိုယ်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ဖြစ်ကြောင်းကို မမြင်တွေ့ရဘဲ အဘယ်ကြောင့် လက်ခံပါသနည်း။ တမန်တော်အီစာ(အလိုင်ဟိစ္စလာမ်)၏နောက်ပိုင်း နှစ်ပေါင်း ၅ဝဝ ကျော်အထိ မွေးဖွားလာခြင်းပင်မရှိသေးသော၊ တွေ့မြင်ခြင်းပင် မရှိသေးသော မိုဟမ္မဒ်သခင် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ရောက်ရှိလာမည့်သတင်းအား အဘယ့်ကြောင့် လက်ခံပါသနည်း။

** ယခု တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ရောင်ဇွဟ်ထဲ၌ အသက်ရှင်လျက်ရှိခြင်းနှင့် ပတ်သက်ပြီး အပိုင်းနှစ်ပိုင်း ခွဲပြီးမြင်ရန်လိုအပ်ပါသည်။

ပထမသည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ဤဒွန္နယာ၏ သက်တမ်းအဆုံးထိ နေခဲ့သောအကြောင်းဖြစ်ပြီး ဒုတိယမှာ ဤဒွန္နယာမှခွဲခွဲသွားပြီးသောအခါ၌လည်း အာလမေဗရ်ဇခ်တွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် ခန္ဓာကိုယ်နှင့်တကွအသက်ရှင်လျက်ဖြင့် မိမိရောင်ဇွဟ်ထဲတွင်ရှိနေကြောင်းကို ခွဲခြားနားလည်ရန်လိုအပ်ပါသည်။

(၂) ကမ္ဘာကျော်စာအုပ်ဖြစ်သည့် သဇ်ကီရသူလ်အောဝ်လီယာကျမ်း စာအုပ်ထဲတွင် ဟဇ်ရသ် ရှိုင်းခ်ဖရီးဒူရ်ဒီးန်အတ်ွတွားရ်(ရဟမသုလ္လာအလိုင်းဟ်)သခင်ကြီးက အီမာမ်အဘူဟနီဖဟ် (ရဟမသုလ္လာအလိုင်းဟ်) သခင်ကြီးနှင့် ပတ်သက်ပြီး ရေးသားခဲ့သည်မှာ ………. တစ်နေ့သောအခါ အီမာမ်အဘူဟနီဖဟ်သည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ ရောင်သွာသို့ဇေယာရသ်ပြုရန် ရောက်ရှိလာသောအခါ ကိုယ်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)၏ ရောင်ဇွဟ်ရှေ့၌ " အတ်စ်စလားမုအလိုက်ကာ ယားစိုက်ယိဒလ်မွရ်စလီးန်" ဆိုလိုသည်မှာ …. " အို… ရစူလ်တမန်တော်များ၏ခေါင်းဆောင်! ကိုယ်တော့်အပေါ်သို့ အလ္လာဟ်အရှင်မြတ်ဘက်မှ ငြိမ်းချမ်းသာယာမှု အဖြာဖြာကျရောက်ပါစေ" ဟူ၍ စလာမ်မေတ္တာပို့သခဲ့ပါသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)၏ ရောင်ဇွဟ်ထဲမှ ….…. " ဝအလိုက်ကတ်စ်စလားမူ ယားအီမာမလ်မွတ်စ်လီးမီးန်" ဆိုလိုသည်မှာ …." အို… မွတ်စ်လင်မ်များ၏ခေါင်းဆောင် အသင့်အပေါ်သို့လည်း အလ္လာဟ်အရှင်မြတ်ဘက်မှ ငြိမ်းချမ်းသာယာမှုအဖြာဖြာ ကျရောက်ပါစေ" ဟု အသံထွက်ပေါ်လာခဲ့ပါသည်။

ဤကဲ့သို့ အဖြေထွက်ပေါ်လာခြင်းနှင့် ပတ်သက်ပြီး အကလ်အသိဥာဏ်ကောင်းသော လူသားဖြစ်မည်ဆိုပါက ဤသည် အသက်ရှင်လျှက်ရှိခြင်း၊ မရှိခြင်းနှင့်ပတ်သက်ပြီး ဆုံးဖြတ်နိုင်သော လုံလောက်သည့် အချက်တစ်ခုဖြစ်ပါသည်။ အသံသည် ခန္ဓာကိုယ်နှင့်ရူးဟ် ပေါင်းစပ်ပြီးဖြစ်ပေါ်လာသော အရာတစ်ခုဖြစ်ပါသည်။ ရူးဟ်ဝိညာဉ်တစ်ခုတည်းဖြင့် ထိုကိစ္စကို ပြုလုပ်နိုင်မည်မဟုတ်ပါ။ အကြင်သူက မိမိကိုယ်ကိုဟနဖီဟုပြောဆိုပြီး အီမာမ်အဘူဟနီဖဟ်သခင်ကြီး၏ ဤအကြောင်းအားမသိရှိဘဲ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ရောင်သွာထဲ၌ ဇင်န်ဒဟ် အသက်ရှင်လျှက်ရှိနေခြင်းနှင့်ပတ်သက်ပြီး စောဒကတက်ပါက ထိုသူ့အား ဟနဖီဟု မည်ကဲ့သို့သတ်မှတ်ရပါမည်နည်း။

အထက်ပါအကြောင်းအရာများအတွက်ကြောင့် အဟ်လေစွန္နသ်ဝလ်ဂျမာအသ်စွန္နီမွတ်စ်လင်မ်များက ဟယာသူန့်နဗီ (တမန်တော်မြတ်သည် ရှင်လျှက်ပင်ရှိနေသည်) ကို မိမိတို့၏ အကီဒဟ်ခံယူချက် ပြုလုပ်ထားသည်။ အဟ်လေစွန္နသ်ဝလ်ဂျမာအသ် စွန္နီမွတ်စ်လင်မ်များတွင် ဤအကီဒဟ်ကို မယုံကြည်သူသည် ဗာသွိလ်မမှန်ကန်သူပင် ဖြစ်သည်။

ထပ်မံ၍ဥပမာပေးရမည်ဆိုလျှင်
(၃) အကြင်သူသည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ ရောင်ဇွဟ်ရှေ့တွင် ဒရူးဒ် စလာမ် စလာဝသ် ပို့သသည်။ ထိုဒရူးဒ်စလာမ်များကို တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ကိုယ်တော်တိုင် မိမိနားနှင့်ကြားသိရှိသည် ဟူ၍ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ ဟဒီးဆ်များတွင်လာရှိထားသည်။ အကယ်၍ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အသက်ရှင်လျှက်မရှိပါက ထိုကဲ့သို့ကြားသိရန် မည်သည့်အကြောင်းရှိပါသနည်း။

(၄) အချို့ဟဒီးဆ်များတွင်လာရှိသည်မှာ တနင်္လာနေ့တွင် တမန်တော်မြတ် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ဖရိရှ်သဟ်ကောင်းကင်တမန်များက အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အတိုင်း ဤအွမ္မသ်များ၏အမလ်များကို တမန်တော်ထံသို့ပို့သသောအခါ တမန်တော်မြတ် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် မိမိအွမ္မသ်များ၏ ကောင်းမွန်သော အမလ်များကိုသိရှိပြီး ပျော်ရွှင်ဝမ်းသာ၍ မကောင်းသောအမလ်များကိုသိရှိသောအခါ ဝမ်းနည်းတော်မူပါသည်ဟု လာရှိထားသည်။ အကယ်၍ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် သေဆုံးကွယ်လွန်သွားသည်ဆိုပါက ထိုအမလ်များကို တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ထံသို့ ပို့သရန် မည်သည့်အကြောင်းရှိပါသနည်း?

တမန်တော်များသည် အလ္လာဟ်အရှင်မြတ်၏ အထူးဗန်ဒဟ်များဖြစ်သည့်အတွက် သာမာန်လူသားများနှင့် မည်သို့မျှ နှိုင်းယှဉ်စဉ်းစား၍မဖြစ်နိုင်ပေ။ ထိုကဲ့သို့ စဉ်းစားခြင်းသည် ရှိုက်သွာန်၏လှုံဆော်မှုသာဖြစ်သည်ကို သဘောပေါက်ရန်လိုအပ်ပါသည်။

(၅) နဗီတမန်တော်များသည် ဝဖါးသ်ဖြစ်သွားပြီးနောက်တွင် ချက်ချင်းပင် ဇင်န်ဒဟ် ပြန်လည်ရှင်သန်သွားသည်။ အလားတူ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည်လည်း ဝဖါးသ်ဖြစ်ပြီးနောက်တွင် ချက်ချင်းပြန်လည်၍ ဇင်န်ဒဟ် ရှင်သန်သွားသည်။ နဗီတမန်တော်များ၏ ဤဇင်န်ဒဂီသက်တမ်းသည် ဒွန္နယာလောက၏ သက်တမ်းထက် ပို၍အဆင့်မြင့်မားသည်။ အချို့သော ဟဒီးဆ်တော်များတွင်လာရှိထားသည်မှာ…. "အလ်အမ်ဗီယားအု ဟူမ့်ဖီလ်ကူဗူးရိ ယူဆွလ္လူးန်" ဆိုလိုသည်မှာ ….. နဗီတမန်တော်များသည် ၎င်းတို့၏ကဗရ်များတွင် နမားဇ်ဖတ်ကြသည် ဟူ၏။ အကယ်၍ အသက်သေဆုံးသည်ဟု ထင်မှတ်ပါက မည်ကဲ့သို့နမားဇ်ဖတ်နိုင်မည်နည်း။ နမားဇ်သည် ခန္ဓာကိုယ်နှင့်ရူးဟ်ဝိညာဉ်တို့ ပေါင်းစပ်ပြီးမှ ပြုလုပ်နိုင်သောအမလ်ဖြစ်သည်။ ဤသည်ကိုငြင်းပယ်ပါက ဤဟဒီးဆ်နှင့်အလားတူဟဒီးဆ်များအားလုံးကို ငြင်းပယ်ရာရောက်သည်။ ဟဒီးဆ်ကိုငြင်းပယ်သူသည် အဘယ်ကဲ့သို့သောသူဖြစ်သည်ကို သဘောပေါက်ရန်လိုအပ်ပါသည်။

တမန်တော်မူစာ(အလိုင်းဟိစ္စလာမ်)ကို တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ကိုယ်တော်တိုင်က ကဗရ်ထဲတွင် နမားဇ်ဖတ်နေသည်ကို မေ့အ်ရားဂ်ျညတွင် တွေ့မြင်ခဲ့ပါသည်။

(၆) သာဗီအီတစ်ပါးဖြစ်သော ဟဇ်ရသ်စအီးဒ်ဗီန်မူစိုင်ယဗ်သခင်(ရဟမသုလ္လာအလိုင်းဟ်) က အမိန့်ရှိခဲ့သည်မှာ… "ဟရှ်ရဟ်" အခင်းဖြစ်ပွားမှုတွင် မတ်စ်ဂျိဒေနဗဝီ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ ဗလီဝတ်ကျောင်းတော်၌ မည်သူတစ်ဦးတစ်ယောက်မျှလည်း အနားမကပ်နိုင်၍ အဇာန်နှင့်နမားဇ်မှာ မဖြစ်နိုင်ခဲ့ချေ။ ထိုအချိန်၌ ကျွန်တော်သည် ရောင်ဇွဟ်တော်ထဲမှ မှောင်နေသောနေရာတွင် ဝင်ရောက်ပုန်းခိုလျက်ရှိခဲ့ပါသည်။ ကျွန်တော်ပုန်းခိုနေသော နေရာတွင် အမှောင်ထုကြီးစိုးနေ၍ အချိန်များကိုခွဲခြား၍ သိနိုင်ခြင်းမရှိခဲ့ပေ။ သခင်ကြီးအား တပည့်များက ထိုအချိန်တွင် ၎င်းနေရာ၌ နမားဇ်များကို အဘယ်သို့ဝတ်ပြုခဲ့ပါသနည်း ဟု မေးမြန်းကြပေသည်။ ထိုအခါသခင်ကြီးက နမားဇ်အချိန်များတွင် ရောင်ဇွဟ်တော်အတွင်းထဲမှ သတိပေးချက်အသံတစ်မျိုးကို ကြားရပါသည်။ ကျွန်တော်သည် ၎င်းသတိပေးချက်အသံကိုကြားပြီး နမားဇ်အချိန်များကို ခန့်မှန်း၍ နမားဇ်ဝတ်ပြုခဲ့သည်ဟု အမိန့်ရှိခဲ့သည်။ (ဒါရမီကျမ်း)

အသံထွက်ပေါ်လာခြင်းသည် ခန္ဓာကိုယ်နှင့်ရူးဟ်ဝိညာဉ်ပေါင်းစပ်ပြီးမှ ထွက်ပေါ်လာနိုင်သော အရာဖြစ်၍ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ရောင်ဇွဟ်ထဲ၌ ခန္ဓာကိုယ်နှင့်တကွ ရှင်သန်နေခြင်းတွင် အဟ်လေစွန္နသ်ဝလ်ဂျမာအသ်၏အကီဒဟ်ဖြစ်သော ဟယာသူန့်နဗီဖြစ်ခြင်းတွင် မည်သည့်ဒွိဟသံသယမျှ ကျန်ရှိတော့မည်မဟုတ်ပေ။

(၇) ဟဒီးဆ်တစ်ပုဒ်တွင်လာရှိသည်မှာ.. အကြင်သူက တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)၏ ရောင်ဇွဟ်အနားတွင် စလာမ်ပို့သပါက တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ကိုယ်တော်တိုင် စလာမ်၏ အဖြေအားပေးလျှက်ရှိပါသည် ဟူ၏။ စလာမ်ပေးသောအခါ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က ရူးဟ်နှင့်ပင် စလာမ်ယူကြောင်း မည်သည့်အထောက်မျှမရှိပေ။ ဗရ်ဇခ်၏ရှင်သန်မှုတွင် လူသားအားလုံးအတွက် ရူးဟ်ဝိညာဉ်သာ ရှိပါသည်။ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ ရှင်သန်ခြင်းမှာမူ မည်သည့်လူသားများ၏ရှင်သန်ခြင်းနှင့်မျှလည်း တူမည်မဟုတ်ပေ။ ဤအကြောင်းကို ရှိုင်းခ်အဗ်ဒူလ်ဟတ်က်မုဟဒ်ဒီစေဒဲဟ်လဝီက မိမိကျမ်းစာအုပ်ဖြစ်သော "ဂျဇ်ဗူလ်ကူလူးဗ်" ကျမ်းစာအုပ်တွင် အကျယ်တဝင့်ရေးသားထားပေသည်။

အို….စောဒကတက်သူ! ဤသည် ဟဒီးဆ်များပင်ဖြစ်သည်။ အသင်သည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သေဆုံးကွယ်လွန်သွားပြီဟု ယုံကြည်ယူဆလိုက်ပါက ဤဟဒီးဆ်များကိုလည်း ငြင်းပယ်လိုက်ရာ အလိုလိုရောက်ရှိသွားမည်ဖြစ်သည်။

(၈) မည်သည့်အချိန် မိုင်ယသ်အား ကဗရ်ထဲမြှုပ်နှံပြီးနောက်တွင် ဖရိရှ်သာနှစ်ပါးရောက်ရှိလာပြီး သေဆုံးသူအား မေးခွန်းသုံးခုမေးမြန်းသည်။ ထိုမေးခွန်းသုံးခုထဲတွင် ဒုတိယမေးခွန်း၌ သေဆုံးသူအား တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ကိုပြသပြီး "မားသကူးလု ဖီးဟာဇရ်ရဂျူလိ" …ဆိုလိုသည်မှာ “ဤပုဂ္ဂိုလ်နှင့်ပတ်သက်ပြီး အသင်၏ဖြေကြားချက်မှာ အဘယ်သို့ရှိပါသနည်း" ဟူသော မေးခွန်းပါဝင်သည်။

ဤနေရာတွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အား ပြသပြီးမေးမြန်းမည်ဖြစ်သောကြောင့် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သေဆုံးကွယ်လွန်သွားသည်ဟု ယုံကြည်ပါက တမန်တော်မရှိတော့သည့်အတွက် မည်သူ့ကိုပြသပါမည်နည်း? တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည် ရူးဟ်အဖြစ်သာရှိနေပြီး ခန္ဓာကိုယ်နှင့်ရှင်သန်မှုမဟုတ်ပါက "ဟာဇရ်ရဂျူလိ" ဟု (လက်ရှိတည်ရှိသောစကားလုံးညွှန်းဆိုမှုဖြင့်) ပြောဆိုနိုင်မည်မဟုတ်ပေ။ ခန္ဓာကိုယ်နှင့် ရူးဟ်ဝိညာဉ်ပေါင်းစပ်မှသာလျှင် ထိုကဲ့သို့ ပြောဆိုနိုင်မည်ဖြစ်ပါသည်။

အသင်သည် ဦးနှောက်ကောင်းသူဖြစ်ပါလျှင် သေချာစွာစဉ်းစားပြီး အမှန်ကိုရှာဖွေတွေ့ရှိပါလိမ့်မည်။ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)အား ပြသပြီးမေးမြန်းရာတွင် မေးမြန်းခံရသူသည် အီမာန်ရှင်ဖြစ်ပါက တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ကို တွေ့မြင်သိရှိပြီး " အရှ်ဟဒုအန်လားအိလားဟ အီလ္လလ္လားဟု ဝအရှ်ဟဒုအန္န မုဟမ္မဒန် အဗ်ဒုဟူး ဝရစူးလုဟူး" ဆိုလိုသည်မှာ…"အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာမရှိ။ မိုဟမ္မဒ်သခင် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်၏ ဗန်ဒဟ်အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်တော်မူပါသည်" ဟု ဖြေကြားမည်။ မေးမြန်းသောဖရိရှ်သာနှစ်ပါးက ၎င်းအီမာန်ရှင်၏အဖြေကိုကြားသိပြီး အသင်သည် ဤကဲ့သို့ဖြေကြားမည်ကို ကျွန်တော်တို့သိရှိကြပါသည် ဟု ပြန်လည်ပြောကြားမည်။ ဤဟဒီးဆ်သည် သိရ်မီဇီကျမ်းတွင်လာရှိသည်။ အလားတူ မစ်ရှ်ကားသ်ကျမ်းစာအုပ် အိစ်ဗားသေအဇာဗေကဗရ်၏အခန်း၌လည်း ကဗရ်ထဲတွင် သေဆုံးကွယ်လွန်သူအား တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ကို ပြသခြင်း၊ သေဆုံးသူကတွေ့ခြင်း၊ မြင်ခြင်း၊ သိရှိခြင်းများနှင့်ပတ်သက်သောရိဝါယသ် ဆင့်ဆိုမှုများကိုလည်း အကျယ်တဝင့်လေ့လာနိုင်သည်။

ဤဟဒီးဆ်များအရ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည် ရောင်ဇွဟ်ထဲတွင် ခန္ဓာကိုယ်နှင့်တကွ ရှင်သန်နေသည်ဟူသည်မှာ စစ်မှန်သောအထောက်အထားတစ်ခုဖြစ်ပါသည်။ သို့ပါ၍ ဟယာသူန့်နဗီ၏ကိစ္စတွင် မည်သည့်ဒွိဟသံသယမျှ မရှိပေ။ အကြင်သူက ဤကဲ့သို့သောအထောက်အထားများအား မတွေ့မမြင် မစဉ်းစားခဲ့ပဲ လက်တစ်ဆစ်စာတောင်မရှိသော မိမိအကလ်အသိဥာဏ်ကိုအသုံးပြုပြီး အမျိုးမျိုးသော စောဒကများကိုတက်ကာ ထိုယုံကြည်ရမည့်အကြောင်းအရာအား ငြင်းဆိုပါက ယင်းကိစ္စအတွက် ၎င်းသူနှင့် အလ္လာဟ်အရှင်မြတ်သာ ရှင်းလင်းရမည့်အကြောင်းကိစ္စဖြစ်သည်။

(၉) ဟဇရသ်အဘူဘကရ်ဆီဒ်ဒီးက်(ရသွိ)သခင်ကြီးသည် ဟီဂ်ျရီ(၁၃)ခုနှစ်၊ ဂျူမာဒလ်အာခစ်ရ်လ(၂၂) ရက်၊ တနင်္လာနေ့နှင့်အင်္ဂါနေ့အလယ်ကြားညတွင် သက်တော်(၆၃)နှစ်အရွယ်၌ ဝဖါးသ်ပြု အလ္လာဟ့်အမိန့်ခံသွားခဲ့သည်။ သခင်ကြီး၏နောက်ဆုံးစကားမှာ…. ရဗ်ဗိ သဝဖ်ဖနီး မွတ်စ်လိမန် ဝအလ်ဟစ်က်နီး ဘိစ်ဆွားလိဟီးန် ။ ဆိုလိုသည်မှာ….. အို … အလ္လာဟ်အရှင်မြတ်! ကျွန်တော်မျိုးအား မွတ်စ်လင်မ်အဖြစ်နှင့် ဝဖါးသ်ချီးမြှင့်တော်မူပြီး သူတော်စင် သူတော်ကောင်းများ၏ အုပ်စုတွင် ထည့်သွင်းပေးတော်မူပါ ဟူ၏။

သခင်ကြီးက မကွယ်လွန်မီအလျင် ... မိမိဂျနာဇဟ်ကို တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)၏ ရောင်ဇွဟ်တော်၏ အခန်းရှေ့သို့ယူဆောင်သွားပြီး အတ်စ်စလားမု အလိုက်က ယားရစူးလလ္လားဟိ ဟားဇား အဘူးဘတ်က်ရီန် ယတ်စ်သအ်ဇိနု အသအ်ဇိနု လဟူး ဖိဒ်ဒုခူးလိ ။ ဆိုလိုသည်မှာ .... အတ်စ်စလားမုအလိုက်က ယားရစူးလလ္လားဟ်! ဤသည်မှာ အဘူဘကရ်ဖြစ်ပါသည်။ ၎င်းကအခွင့်တောင်းခံပါသည်။ ကိုယ်တော်သည် ၎င်းအား ဝင်ခွင့်ပြုပါသလော ဟု တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ထံမှ ခွင့်တောင်းရန်အတွက်လည်းကောင်း၊ အကယ်၍ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ထံမှ ခွင့်ပြုပါလျှင် မိမိဂျနာဇဟ်ကို တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)၏ ဘေးတွင် ဒဖန်ပြုလုပ်ရန်၊ သို့မဟုတ်ပါက အများမွတ်စ်လင်မ်တို့အား ဒဖန်ပြုလုပ်သော ကဗရ်စသားန်သင်္ချိုင်းသို့ယူဆောင်သွား၍ ဒဖန်ပြုလုပ်ရန်အတွက် မှာကြားခဲ့ပါသည်။
သခင်ကြီးအလ္လာဟ့်အမိန့်ခံသွားသောအခါ သခင်ကြီး၏မှာကြားချက်အတိုင်း သခင်ကြီး၏ဂျနာဇဟ်ကို တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အခန်းရှေ့သို့ယူဆောင်လာ၍ အခွင့်တောင်းခံကြရာ အကွယ်မှအသံပေးသူ၏ "အဒ်ခိလုလ် ဟဘီးဗ အလလ်ဟဘီးဗ်" ဆိုလိုသည်မှာ…. " အသင်တို့သည် ချစ်သူအား ချစ်သူထံသို့ ယူဆောင်လာပေးကြပါ " ဟူသောကြေငြာချက်ကို ရှင်းလင်းစွာ ကြားသိခဲ့ကြပေသည်။ ထို့ကြောင့် သခင်ကြီးအား တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)၏အနီးအနားတွင် ဒဖန်ပြုလုပ်ခဲ့ကြပေသည်။ (နဇ်ဟသူလ်မဂျာလိစ်ကျမ်း၊ အတွဲ-၂၊ စာမျက်နှာ-၂၆၄)

အို…. တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)အား မိမိရောင်ဇွဟ်တွင် အသက်ရှင်လျှက်ရှိနေခြင်းအား ငြင်းဆန်စောဒကတက်သူ!
အသင်သည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ဝဖါးသ်ဖြစ်ပြီးနောက်တွင် မိန့်ကြားခဲ့သော ဟဇ်ရသ်အဘူဘကရ် (ရသွိ)သခင်၏မိန့်ခွန်းအား အထောက်အထားပေးနေခဲ့သည်။ အသင်ပေးသော အထောက်အထားသည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည် လောကတွင်သက်တမ်းစေ့ပြီး လူသဘာဝအတိုင်း ဝဖါးသ်ဖြစ်သွားခဲ့ကြောင်း ဖြစ်ပါသည်။ အဘူဘက္ကရ်ဆွီဒီးက်(ရသွိ)သခင်၏ မည်သည့်စကားလုံးတွင်မျှ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် မိမိရောင်ဇွဟ်တွင် ခန္ဓာကိုယ်နှင့်တကွအသက်ရှင်လျက်မရှိဟု မိန့်ကြားခဲ့သည့် မည်သည့်အထောက်အထားမျှ မရှိပေ။ ထို့ကြောင့်သာ သခင်ကြီးက မိမိကွယ်လွန်ချိန်တွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ထံပါးတွင်ဒဖန်ဖြစ်ရန်အတွက် ခွင့်တောင်းခဲ့ခြင်းဖြစ်ပါသည်။ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ အမိန့်တော်အတိုင်း ဝင်ခွင့်ရရှိသောအခါ အဘူဘက္ကရ်(ရသွိ) ၏ ဂျနာဇဟ်အား တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ဘေးတွင် ဒဖန်ပြုခဲ့ခြင်းဖြစ်ပါသည်။
ထိုကဲ့သို့ ဟဇ်ရသ်အဘူဘကရ်ဆွီဒီးက် (ရသွိ)သခင်ကြီးက တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏အနီးနားတွင် မိမိအား ဒဖန်ရန်အတွက် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏အခန်းရှေ့တွင် အခွင့်တောင်းခံခိုင်းခဲ့သည်ကို အသင် အဘယ်ကြောင့်မသိရှိပါသနည်း။ တမန်တော်မြတ်(ဆွ)သည် ခန္ဓာကိုယ်နှင့်တကွရှင်သန်ခြင်းမဟုတ်ဟု ထင်မြင်ယူဆပါက ထိုဝင်ခွင့်တောင်းခံခြင်းမှာ မည်သို့မျှဖြစ်နိုင်ရန်အကြောင်းမရှိပေ။ သို့ပါသောကြောင့် အသင့်၏စောဒကသည် ဗာသွီလ်အပေါ်သို့ရောက်ရှိနေသည်ကို သတိပြုရန်လိုအပ်ပါသည်။

(၁ဝ) ဟဇ်ရသ်အဘူဒ်ဒရ်ဒါးအ်(ရသွိ)သခင်ကြီးက တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်မှာ… အသင်တို့သည် သောကြာနေ့တွင် ငါတမန်တော်အပေါ် ဒရူးဒ်များစွာပို့သကြပါ။ ထိုနေ့သည် ငါတမန်တော်မြတ်ထံသို့ မလာအိကဟ်ကောင်းကင်တမန်များက အသွားအလာအများဆုံးရှိသော နေ့ပင်ဖြစ်ပါသည်။ အသင်တို့ထဲမှ တစ်ဦးဦးကပို့သသော ဒရူးဒ်များကို မုချဧကန် ငါတမန်တော်မြတ်ထံသို့ ပို့ကြပါသည်။ ထိုအချိန်တွင်ဆွဟာဗဟ်များက ယားရစူးလလ္လားဟ်! ကိုယ်တော်၏ဝဖါးသ်ပြုပြီးနောက် အဘယ်သို့ဖြစ်မည်နည်း ဟု မေးမြန်းကြပေသည်။ တမန်တော်မြတ်(ဆွ)က မုချဧကန် အလ္လာဟ်အရှင်မြတ်သည် မြေကြီးအား တမန်တော်များ၏ခန္ဓာကိုယ်ကိုစားခြင်းမှ ဟရာမ်ပြုထားတော်မူ၏။ အလ္လာဟ်အရှင်မြတ်၏ တမန်တော်များသည် ကဗရ်ထဲတွင်လည်း အသက်ရှင်လျက်ပင်ရှိကြပါသည်။ ၎င်းတို့သည် အလ္လာဟ့်ထံမှ ရီဇစ်က်ရိက္ခာကိုလည်း ရရှိကြပေသည် ဟု ဖြေကြားတော်မူ၏။ (အိဗ်နေမာဂျဟ်ကျမ်း)

တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် ရောင်ဇွဟ်ထဲ၌ ခန္ဓာကိုယ်နှင့်ရှင်သန်ခြင်းမဟုတ်ပါက အထက်ပါဟဒီးဆ်၏ ရီဇစ်က်ရိက္ခာဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို ပြန်လည်ရှင်းပြရန်လိုအပ်ပါသည်။ 

ခန္ဓာကိုယ်နှင့်ရူးဟ်ဝိညာဉ် ပေါင်းစပ်ပြီးမှသာလျှင် စားသောက်ခြင်းအလုပ်ကို ပြုလုပ်နိုင်ပါသည်။ ရူးဟ်ဝိညာဉ်ဖြင့်သာ ရှင်သန်သည်ဟုယူဆပါက အလ္လာဟ်အရှင်မြတ်ထံမှရရှိသော ရီဇစ်က်ရိက္ခာများအား မည်ကဲ့သို့စားသောက်နိုင်ပါမည်နည်း။ အိဗ်နေမာဂျဟ်ကျမ်းတွင်ပါရှိသော တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ အထက်ပါ ဟဒီးဆ်တော်မှာ မှားယွင်းသည်ဟု အသင်ငြင်းဆိုပါမည်လား။ ဖြေပေးစေချင်ပါသည်။

တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် မိမိရောင်ဇွဟ်ထဲ၌ အသက်ရှင်နေတော်မူခြင်း၏ အထောက်အထောက်များနှင့် စောဒကတက်သူအတွက် အဖြေများ  အပိုင်း (၂)

(၁) ဟိဂ်ျရီ (၆ဝဝ)ခုနှစ်တွင် ဘဂ်ဒါးဒ်မြို့၌ အလွန်နာမည်ကျော်ကြားသော ရှိုင်းခ်စိုင်ယဒ်အဟ်မဒ် ရီဖါအီ (ရဟမသုလ္လာအလိုင်းဟ်) အမည်ရှိ အဲဟ်လွလ္လာဟ်ဝလီသူတော်စင်ကြီးတစ်ဦးရှိခဲ့သည်။ သခင်ကြီး၏ ခေတ်ကာလနှင့် ဂေါင်စူလ်အအ်ဇွမ်ရှိုင်းခ်အဗ်ဒူလ်ကာဒိရ်ဂျီလာနီ (ရဟ်မသုလ္လလ္လာအလိုင်းဟ်) သခင်ကြီး၏ ခေတ်ကာလသည် တစ်ခုတည်းပင်ဖြစ်သည်။
ဟဇ်ရသ်ရှိုင်းခ်စိုင်ယဒ်အဟ်မဒ် ရီဖါအီ(ရဟ်မသုလ္လာအလိုင်းဟ်) သခင်ကြီးသည် သစောင်ဝုဖ် အတွင်းပြုပြင်ရေးလမ်းစဉ် နှင့်ပတ်သက်၍ အလ်ဗူရ်ဟားနူလ်မူအိုက်ယဒ်ဟု နာမည်ကျော်ကြားသော ကျမ်းစာအုပ်ကို ပြုစုရေးသားခဲ့သူ ဖြစ်သည်။ နှစ်တစ်နှစ်၌ သခင်ကြီးသည် မက္ကဟ်မြို့တွင် ဟဂ်ျပြုပြီးနောက် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ကို ဇိယာရသ်ပြုရန်အတွက် မဒီနဟ်မြို့ရှိ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)  ၏ ရောင်ဇွဟ်တော်ရှေ့သို့ရောက်ရှိလာပြီး အောက်ပါကဗျာနှစ်ပုဒ်ကို ရွတ်ဆိုခဲ့သည်။
(၁) ၀ဖီ ဟားလသိလ် ဘုအ်ဒိ ကွန့်သု ရူးဟိ အူရ်စိလုဟား* သုကဗ်ဗိလုလ်အရ်ဒွ ၀ဟိယ အန့်နီး နားအီဘသီး။
(၂) ၀ဟားဇိဟီး ဒေါက်လသုလ် အရှ်ဘားဟိ ကဒ်ဟဒွရသ် * ဖမ်ဒုဒ် ယမီးနက ကိုက်သဟွဇ်ဇွ ဘိဟား ရှဖသီး။
ဆိုလိုသည်မှာ ..... 
(၁) ယားရစူးလလ္လားဟ်! ကျွန်တော်သည် ရပ်ဝေးဒေသတွင်ရှိခဲ့စဉ်က မိမိရူးဟ်ဝိညာဉ်အား ကိုယ်တော့်ထံသို့စေလွှတ်လေ့ရှိခဲ့ပါသည်။ ထိုရူးဟ်ဝိညာဉ်က ဤနေရာသို့လာရောက်ပြီး ကိုယ်တော့်ရောင်ဇွဟ်တော်၏မြေကို ကျွန်တော့်အစား နမ်းရှုပ်လေ့ရှိခဲ့ပါသည်။
(၂) ယားရစူးလွလ္လားဟ်! ကျွန်တော့်ခန္ဓာကိုယ်၏ အစိတ်အပိုင်းများအားလုံးမှာ ယခုအချိန်တွင် ကိုယ်တော်ထံသို့ ရောက်ရှိလာပြီး ဖြစ်သည်။ သို့ပါ၍ ကျွန်တော့်နှုတ်ခမ်းမှာ အရသာခံစားရန်အတွက် ကိုယ်တော်သည် မိမိယာဘက်လက်တော်ကို ကမ်းလင့်ပေးတော်မူပါ .... ဟူ၏။
သခင်ကြီးက အထက်ပါ ကဗျာနှစ်ပုဒ်ကိုရွတ်ဖတ်သောအခါ ရောင်ဇွဟ်တော်ထဲမှာ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏လက်တော် ထွက်လာခဲ့ပါသည်။ သခင်ကြီးသည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ လက်တော်ကိုကိုင်၍ နမ်းရှုပ်ပြီးနောက် ထိုနေရာ၌ပင် သတိလစ်ပြီး လဲကျသွားခဲ့ပါသည်။ သခင်ကြီးသည် သတိပြန်လည်လာသောအခါ မိမိနဖ်စ်ကိုချေမှုန်းရန်အတွက် မတ်စ်ဂျိဒေနဗဝီတွင် ဝင်ထွက်သွားလာနေကြသူများက ၎င်းတို့၏ခြေထောက်များဖြင့် နင်းသွားကြစေရန် ခန္ဓာကိုယ်ကို မတ်စ်ဂျိဒေနဗ၀ီ၏ လှေခါးပေါ်၌ လှဲချခဲ့သည်။
ထိုအချိန်တွင် ဤဖြစ်အင်ကို လူပေါင်းကိုးသောင်းတို့က မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ကြသည်။ ထိုသို့တွေ့မြင်ကြသူများထဲတွင် ဂေါင်စူလ်အအ်ဇွမ်ရှိုင်းခ်အဗ်ဒူလ်ကာဒိရ်ဂျိလာနီ(ရဟမသလုလ္လာဟိအလိုင်းဟ်)သခင်ကြီးလည်း ပါဝင်သည်ဟူ၍ ဟကီမွလ်အွမ္မသ် ဟဇ်ရသ်မော်လာနာရှားဟ်အရှ်ရဖ်အလီထာန၀ီ(ရဟ်မသုလ္လာဟိအလိုင်းဟ်)သခင်ကြီးက မိမိ၏ မ၀ါအိဇ်ွတွင် အမိန့်ရှိခဲ့သည်။ (အလ်ဗွရ်ဟားနူလ်မူရှိုက်ယဒ်ကျမ်း)

မှတ်ချက် 
တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည် မိမိရောင်ဇွဟ်ထဲ၌ ခန္ဓာကိုယ်နှင့်တကွ အသက်ရှင်လျက် မရှိနေခဲ့ပါက ကိုယ်တော်မြတ်၏လက်သည် အဘယ်သို့ထွက်လာပြီး ထိုသူတော်စင်ကြီးအား နှုတ်ဆက်ခဲ့ပါသနည်း။ ထိုနေရာတွင်ရှိခဲ့သော လူပေါင်းကိုးသောင်းက ထိုဖြစ်အင်ကိုတွေ့မြင်ခဲ့သည်။ ဤသည် ဟီဂ်ျရီ(၆၀၀)ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော အကြောင်းအရာ တစ်ခုဖြစ်သည်။ ထိုတွေ့မြင်သူများတွင် ဂေါင်စူလ်အအ်ဇွမ်ရှိုင်းခ်အဗ်ဒူလ်ကာဒိရ်ဂျိလာနီ(ရဟ်) သခင်ကြီးလည်း ပါဝင်ခဲ့သည်။
 
အကယ်၍ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည် ခန္ဓာကိုယ်နှင့်ရူးဟ်ဝိညာဉ်တို့ ပေါင်းစပ်ပြီး ရှင်သန်နေသည်မဟုတ်ဘဲ ရူးဟ်ဝိညာဉ်သာရှင်သန်နေသည်(သို့မဟုတ်)ဒွန္နယာ၏ရှင်သန်ခြင်းမျိုးမဟုတ်ဘဲ ရူးဟ်ဝိညာဉ်၏ ရှင်သန်ခြင်းမျိုးဖြင့် ရှင်သန်နေသည်ဟု ပြောမည်ဆိုပါက အဆိုပါလက်သည် ထွက်ပေါ်လာနိုင်စရာ အကြောင်းမရှိပါ။ လက်ဟူသည် ရူးဟ်ဝိညာဉ်နှင့်ခန္ဓာကိုယ် တွဲစပ်ပြီးမှသာ လှုပ်ရှားနိုင်သောအရာဖြစ်သည်။ ထိုကိစ္စအား ရှင်းလင်းစွာ နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။

ထို့နည်းတူစွာ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) မေအ်ရားဂ်ျသို့ ကြွမြန်းခြင်းနှင့်ပတ်သက်ပြီး ရူးဟ်ဝိညာဉ်နှင့်ဖြစ်ခဲ့သည်ဟု ဆိုသော အချို့ပညာရှင်များ၏အဆိုများကို အဟ်လေစွန္နသ်ကလက်မခံပေ။ ရူးဟ်နှင့်သွားသည်ဆိုသော မေအ်ရားဂ်ျသည် မှန်ကန်မှုမရှိပေ။ ယခုတမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က မိမိရောင်ဇွဟ်၌ ရူးဟ်နှင့်ခန္ဓာကိုယ်ပေါင်းစပ်ပြီး ရှင်သန်နေခြင်းမှာ ဒွိဟသံသယလုံးဝမရှိ၍ ဟယာသူန့်နဗီ၏အကီဒဟ်ကို အဟ်လေစွန္နသ်က လက်ခံထားလျက်ရှိပါသည်။

ဤအကီဒဟ်ကိုဆန့်ကျင်သူသည် မမှန်ကန်သောဗာသွီလ်အယူအဆပေါ်တွင်ရှိနေသူပင် ဖြစ်၏။
ထိုအကြောင်းအရာများသည် မှားယွင်းသည်ဟုအသင်ပြောဆိုမည်ဆိုပါက အသင်သည်မိမိ၏ သဘောအတိုင်းသာ ဖြစ်မည်။ ငြင်းဆန်သူအတွက် မည်သည့်ဆေးမှမရှိပေ။


(၂) ဟဇ်ရသ် အလ္လာမဟ်အဘူအဗ်ဒူလ္လာဟ်ရှရ်ဖူဒ်ဒီးန်ဗီန်မိုဟမ္မဒ်စအီးဒ် ဘူဆွိုက်ရီး (ရဟ်)သခင်ကြီးသည် နာမည်ကျော်ကြားသော ကဗျာဆရာကြီးနှင့် အလွန်ကြီးကျယ်သောပညာရှင်ကြီးတစ်ဦး ဖြစ်ခဲ့ပါသည်။ ထိုပညာရှင်ကဗျာဆရာကြီးသည် မိမိခေတ်တွင်ရှိသော ဘုရင်မင်းမြတ်ကြီး၏ အထူးကဗျာဆရာကြီး တစ်ဦးလည်းဖြစ်သည်။
အလ္လာမဟ် ဘူဆွိုက်ရီး(ရဟ်)သခင်ကြီးသည် လေဖြတ်ပြီးမကျန်းမမာဖြစ်သွားသောအခါ …. ကျွန်တော်သည် မိမိသက်တမ်းတစ်လျှောက်လုံးကို ဘုရင့်ချီးကျူးမှုတွင် ကုန်ဆုံးစေခဲ့သည်။ ယခုနောက်ဆုံးအချိန်တွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)၏ ချီးကျူးမှုနှင့်ပတ်သက်၍ ကဆွီဒဟ်ကဗျာရေးသားမည်…  ဟု ရည်ရွယ်ကာ ကဆွီဒဟ်ဗူရ်ဒဟ်ကို စပ်ဆိုသီကုံးခဲ့သည်။
သခင်ကြီးသည် အဆိုပါကဆွီဒဟ်ကို ရေးသားပြီးနောက် ညအချိန်တွင် အိပ်ပျော်သွားရာ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ကို အိပ်မက်မြင်မက်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က အိပ်မက်ထဲမှာ မိမိလက်တော်ဖြင့် သခင်ကြီး၏ခန္ဓာကိုယ်ကို ပွတ်သပ်ပေးပြီး စောင်တစ်ထည်ခြုံလွှမ်းသွားပေးခဲ့သည်။ သခင်ကြီး အိပ်ရာမှနိုးသောအခါ လေဖြတ်နေသောခန္ဓာကိုယ်မှာ ပကတိအတိုင်း ကောင်းမွန်ပြီး ကျန်းမာသွားခဲ့သည့်အပြင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က အိပ်မက်ထဲတွင် ခြုံလွှမ်းသွားပေးခဲ့သော စောင်ကိုလည်း လက်ဝယ်ရရှိခဲ့သည်။
နံနက်မိုးလင်းပြီးနောက် သခင်ကြီးက အပြင်ထွက်ပြီးလမ်းလျှောက်သွားနေသောအခါ သူတော်စင်ကြီး တစ်ပါးက သခင်ကြီးအား အထက်ပါ ကဆွီဒဟ်ကဗျာကို ရွတ်ဆိုပြရန်အတွက် တောင်းဆိုလေ၏။ သခင်ကြီးသည် ထိုကဆွီဒဟ်ကဗျာကို ရေးဖွဲ့ခဲ့သောအကြောင်းအား ယခုအချိန်အထိ မည်သူတစ်ဦးတစ်ယောက်ကိုမျှလည်း အသိပေးခြင်းမရှိသေးပေ။ ထို့ကြောင့် အဆိုပါသူတော်စင်ကြီးထံမှ ၎င်းကဆွီဒဟ်ကဗျာအကြောင်းကို ကြားသိပြီး အလွန်အံ့သြစွာဖြင့် သူတော်စင်ကြီးအား အသင်သည် ထိုအကြောင်းကို အဘယ်သို့သိပါသနည်း ဟု မေးမြန်းလေ၏။
ထိုအခါသူတော်စင်ကြီးက ဤအကြောင်းကို ကျွန်တော့်အား တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ကိုယ်တော်တိုင်က အိပ်မက်ထဲတွင် အမိန့်ရှိတော်မူခဲ့၍ ကျွန်တော်သိနေရခြင်းဖြစ်သည် ဟု ပြောပြခဲ့ပါသည်။ (အိတ်ွရူလ်ဝရ်ဒဟ် ရှရ်ဟေကဆွီဒဟ်ဗူရ်ဒဟ်ကျမ်း)
မှတ်ချက်
ကဆွီဒဟ်ဗူရ်ဒဟ်သည် အလွန်ကျော်ကြားသော ကဆွီဒဟ်တစ်ပုဒ်ဖြစ်သည့်အပြင် ၎င်း၏အကျိုးကျေးဇူးများသည်လည်း မြောက်များစွာရှိပါသည်။ ကဆွီဒဟ်ဗူရ်ဒဟ်အားရေးသားခဲ့သော အလ္လာမဟ် ဘူဆွိုက်ရီး(ရဟ်)သခင်ကြီးအား ခြုံလွှမ်းပေးခြင်းခံရသောစောင်ကို သခင်ကြီးက လက်ဝယ်ရရှိခဲ့ခြင်းကိစ္စမှာ အဘယ်သို့နည်း။ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည် သေဆုံးကွယ်လွန်သွားသည်ဟု ယုံကြည်ပါက ထိုကိစ္စသည် အဘယ်သို့ဖြစ်နိုင်ပါမည်နည်း။ မုချဧကန် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် မိမိရောင်ဇွဟ်ထဲတွင်ခန္ဓာကိုယ်နှင့်တကွ အသက်ရှင်လျက်ရှိမှသာ ထိုကိစ္စကိုပြုလုပ်နိုင်မည်ဖြစ်သည်။

အို…စောဒကတက်သူ! အသင်သည် အလ္လာဟ်အရှင်မြတ်၏အချစ်ဆုံး တမန်တော် မိုဟမ္မဒ်ဒူရ်ရစူးလွလ္လာဟ် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အား မည်ကဲ့သို့သော အမြင်ဖြင့်ကြည့်ရှုနေခဲ့သည်ကို သတိထားရန် လိုအပ်ပါသည်။

(၃) သူတော်စင်ကြီးတစ်ပါးသည် ဟဂ်ျ၏ ရည်ရွယ်ချက်ဖြင့် မိမိနေရာဌာနမှ ထွက်ခွာပြီး အီရားက်နိုင်ငံ ဘဂ်ဒါးဒ်မြို့သို့ ရောက်ရှိလာခဲ့သည်။ သူတော်စင်ကြီးသည် မိမိပိုင် ဥစ္စာပစ္စည်းများထဲမှ အချို့သောပစ္စည်းများကို ဇာဟစ်ဒ်ဒွန္နယာလောက၏ ဥစ္စာပစ္စည်းများကို မက်မောတွယ်တာခုံမင်ခြင်း ကင်းမဲ့သူပုဂ္ဂိုလ်တစ်ဦးထံ၌ အမာနသ်အဖြစ် အပ်နှံထားခဲ့သည်။
သူတော်စင်ကြီးက အဆိုပါဇာဟစ်ဒ်ထံမှ ထွက်ခွာနေချိန်၌ ဇာဟစ်ဒ်က သူတော်စင်ကြီးအား သခင်ကြီးသည် ဟဂ်ျပြုပြီးနောက် မဒီနဟ်မြို့သို့ရောက်ရှိသောအခါ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အား ကျွန်တော့်ဘက်မှ စလာမ်မေတ္တာပို့သပြီးနောက် အကယ်၍ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ နံဘေး၌ အဘူဘကရ်နှင့်အူမရ်တို့မရှိခဲ့ပါလျှင် ကျွန်တော်သည် နှစ်စဉ်နှစ်တိုင်း ဇိယာရသ်အတွက် ကိုယ်တော့်ထံသို့ လာရောက်ရန်ဆန္ဒရှိကြောင်း တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သို့ လျှောက်တင်ပေးပါရန် မှာကြားလိုက်လေ၏။
သူတော်စင်ကြီးသည် အစီအစဉ်အတိုင်း ဟဂ်ျပြုပြီးနောက် ဇိယာရသ်ပြုရန်အတွက် မဒီနဟ်မြို့သို့ရောက်ရှိလာသောအခါ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ကို အိပ်မက်မြင်မက်လေ၏။
အိပ်မက်ထဲတွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က ထိုသူတော်စင်ကြီးအား ဘဂ်ဒါးဒ်မြို့မှ ဇာဟစ်ဒ်၏မှာကြားချက်များကို မေးမြန်းတော်မူ၏။ သူတော်စင်ကြီးက တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အား အဆိုပါ ဇာဟစ်ဒ် မှာကြားထားသည့်အတိုင်း တစ်ခုမကျန် အားလုံးကို ပြောပြခဲ့သည်။
ထိုအချိန်တွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က ဟဇ်ရသ်အလီ(ရသွိ)သခင်အား ၎င်းဇာဟစ်ဒ်ကို ဖမ်းဆီးလာရန်အတွက် အမိန့်ရှိတော်မူ၏။ ဟဇ်ရသ်အလီ(ရသွိ)သခင်က တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ အမိန့်တော်အရ ထိုဇာဟစ်ဒ်ကို ချက်ချင်းပင် ဖမ်းဆီးခေါ်ဆောင်လာခဲ့၏။ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က ၎င်းဇာဟစ်ဒ်ကို သေဒဏ်ပေးရန်အတွက် အမိန့်ရှိတော်မူ၏။
ဟဇ်ရသ်အလီ(ရသွိ)သခင်က ၎င်းကို သုတ်သင်ရှင်းလင်းလိုက်ရာမှ သွေးစက်သုံးစက်မှာ အိပ်မက်မြင်မက်သူ သူတော်စင်၏အ၀တ်ပေါ်၌ ထိပေခဲ့သည်။ သူတော်စင်သည် အိပ်ရာမှနိုးသောအခါ မိမိအ၀တ်ပေါ်၌ ထိုသွေးသုံးစက်ကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရ၍ ၎င်းအ၀တ်ကို အထောက်အထားအဖြစ် သိမ်းဆည်းထားခဲ့သည်။
ဟဂ်ျနှင့်ဇိယာရသ်၏ကိစ္စများ ပြီးဆုံးသွားခဲ့ပြီးနောက် သူတော်စင်ကြီးသည် အပြန်ခရီးတွင် မိမိအပ်နှံထားသော ပစ္စည်းများကိုပြန်ယူရန်အတွက် ဘဂ်ဒါးဒ်မြို့ရှိ အဆိုပါဇာဟစ်ဒ်ထံသို့ သွားရောက်ရာ ၎င်းဇာဟစ်ဒ်ကို မတွေ့မြင်ရတော့ပေ။ သို့သော်လည်း ထိုနေရာတွင် ၎င်းဇာဟစ်ဒ်နှင့် ရုပ်ဆင်းသဏ္ဍန်တူသော ပုဂ္ဂိုလ်တစ်ဦးကိုတွေ့မြင်၍ စုံစမ်းမေးမြန်းရာမှ ထိုသူမှာ အဆိုပါဇာဟစ်ဒ်၏ သားတော်မောင်ဖြစ်ကြောင်းကို သိရှိခဲ့ရ၏။
သူတော်စင်ကြီးက ထိုသူအား ဇာဟစ်ဒ်၏အကြောင်းအရာများကို မေးမြန်းသောအခါ ၎င်းက မိမိဖခင်မှာ အိပ်ပျော်နေစဉ်အချိန်၌ ကျွန်တော်များ၏အလယ်ကြားမှ ရုတ်တရက်လုယူသွားသကဲ့သို့ ယူသွားခြင်းခံလိုက်ရပေသည်။ ထိုအချိန်မှစ၍ ယခုအချိန်အထိ ဖခင်၏သတင်းအစအနမျှပင် မရရှိခဲ့ပါ ဟု ပြောပြလေသည်။
ထိုအချိန်တွင် သူတော်စင်ကြီးက အဆိုပါ ဇာဟစ်ဒ်နှင့်ပတ်သက်၍ မဒီနဟ်မြို့တွင်မြင်မက်ခဲ့သော အိပ်မက်ကို ဇာဟစ်ဒ်၏သားတော်မောင်အား အသေးစိတ်ပြောပြပြီး မိမိအ၀တ်ပေါ်၌ ထိပေခဲ့သောသွေးစက်များကို ထုတ်ပြခဲ့ပါသည်။
ဇာဟစ်ဒ်၏သားတော်မောင်က သူတော်စင်ကြီးအား ၎င်းအပ်နှံထားသောပစ္စည်းများကို ပြန်လည် ပေးအပ်ပြီးနောက် မိမိဖခင်၏လမ်းစဉ်ဖြစ်သော ဟဇ်ရသ်အဘူဘကရ်(ရသွိ)နှင့် ဟဇ်ရသ်အူမရ်(ရသွိ)သခင်ကြီးတို့အား ပုတ်ခတ်ရှုတ်ချခြင်းမှ အပြီးအပိုင် သောင်ဝ်ဗဟ် ပြုလုပ်လိုက်လေတော့သည်။ (နဇ်ဟသူလ်မဂျာလိစ်ကျမ်း၊ အတွဲ-၂၊ စာမျက်နှာ-၂၆၁)

မှတ်ချက်
အို … စောဒကတက်သူ! ထိုအကြောင်းအရာများအား အသင်သည် သိရှိပြီးနောက်လည်း တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် မိမိရောင်ဇွဟ်ထဲတွင် အသက်ရှင်လျက်ရှိကြောင်းကို ငြင်းဆန်ပါမည်လော…? တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် သေဆုံးကွယ်လွန်သွားပါက ထိုသွေးသုံးစက်၏ အထောက်အထားသည် မည်ကဲ့သို့ ကျန်ရှိနေခဲ့ပါမည်နည်း? အို..စောဒကတက်သူ! အသင်သည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) မိမိရောင်ဇွဟ်ထဲ၌ အသက်ရှင်လျက်ရှိကြောင်းကို ငြင်းဆန်နေမည်ဆိုပါကလည်း အသင့်သဘောသာဖြစ်ပါသည်။ ငြင်းဆန်သူအတွက် မည်သည့်ဆေးမျှမရှိပေ။

(၄) ဟဇ်ရသ် အဘူဟာမိဒ်ကဇ်ဝီနီး(ရဟ်)သခင်ကြီးက အမိန့်ရှိခဲ့သည်မှာ…. အရပ်ဒေသတစ်ခုမှ သားအဖနှစ်ဦးသည် ခရီးထွက်ခဲ့ကြရာဝယ် လမ်းခုလတ်၌ ဖခင်မှာ ၀ဖါးသ်ပြု အလ္လာဟ့်အမိန့်ခံသွားရာ ရုတ်တရက် ကွယ်လွန်သွားသောဖခင်၏ဦးခေါင်းမှာ လူ့ဦးခေါင်းမှ ခီန်ဇိးန်ဝက်တိရစ္ဆာန်၏ဦးခေါင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။
သားဖြစ်သူမှာ မိမိဖခင်နှင့်ပတ်သက်၍ ယင်းအဖြစ်မျိုးကိုတွေ့မြင်သောအခါ အလွန်ဝမ်းနည်းကြေကွဲစွာဖြင့် အလ္လာဟ်အရှင်မြတ်၏ထံတော်ပါးတွင် ငိုယိုတိုင်တည်ရင်းဖြင့် အိပ်ပျော်သွားလေ၏။ ထိုအချိန်တွင် ၎င်းအိပ်မက်မြင်မက်သည်မှာ ပုဂ္ဂိုလ်တစ်ဦးက ၎င်းအား… အသင့်ဖခင်မှာ အတိုးစားသူဖြစ်၍ စည်းကမ်းအတိုင်း ၎င်း၏ဦးခေါင်းသည် ခီန်ဇီရ်ဝက်တိရစ္ဆာန်၏ဦးခေါင်းဖြစ်သွားခဲ့ပေသည်။ သို့သော်လည်း အသင့်ဖခင်သည် သက်ရှိထင်ရှားရှိခဲ့စဉ်က တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အပေါ်သို့ ဆွလားသ် ဒရူးဒ်ပို့သလေ့ရှိ၍ ယနေ့ ၎င်း၏ဤအခြေအနေမျိုးတွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က ၎င်းအတွက် ရှဖာအသ်ပြု အသနားခံခဲ့တော်မူသောကြောင့် ငါသည် ၎င်း၏ဦးခေါင်းကို ယခင်အတိုင်း လူ့ဦးခေါင်းအဖြစ် ပြန်လုပ်ပေးလိုက်သည် ဟု အမိန့်ရှိခဲ့သည်။
သားဖြစ်သူမှာ အိပ်ရာမှနိုးသောအခါ ဖခင်၏ဦးခေါင်းမှာ ခီန်ဇီရ်ဝက်တိရစ္ဆာန်၏ ဦးခေါင်းအဖြစ်မှ လူ့ဦးခေါင်းအဖြစ်သို့ ပြန်လည်၍ပြောင်းလဲသွားသည်ကို တွေ့မြင်ခဲ့ပြီး အလ္လာဟ်အရှင်မြတ်ကို မြောက်များစွာ ကျေးဇူးတင်ခဲ့သည်။ (နဇ်ဟသူလ်မဂျာလိစ်ကျမ်း၊ အတွဲ-၂၊ စာမျက်နှာ-၁၄၁)
*******ငြင်းပယ်သူအတွက်ကား မည်သည့်ဆေးမှမရှိပေ။*********

(၅) ဟာဖီဇ်အဘူနအီးမ်(ရဟ်)က ဟဇ်ရသ်စွဖ်ယာန်စောင်ရီ(ရဟ်)သခင်ကြီးထံမှ ဤသို့ဆင့်ပြန်ခဲ့၏။
ဟဇ်ရသ်စွဖ်ယာန်စောင်ရီ(ရဟ်)သခင်ကြီးက အမိန့်ရှိခဲ့သည်မှာ ..တစ်နေ့သ၌ ကျွန်တော်သည် အပြင်သို့ထွက်လာခဲ့သောအခါ လုလင်ပျိုတစ်ဦးသည် မိမိခြေလှမ်းတိုင်းတွင်
အလ္လာဟွမ္မ ဆွလ်လိအလား မုဟမ္မဒီန် ၀အလား အားလိမိုဟမ္မဒ် ဟု ဆိုနေလျက်ရှိသည်ကို တွေ့မြင်ခဲ့ရသည်။ ကျွန်တော်က ၎င်းအား မိတ်ဆွေ! အသင်သည် အီလ်မ်အသိပညာကို တတ်သိသောကြောင့် ဤကဲ့သို့ ခြေလှမ်းတိုင်းမှာ ဒရူးဒ်ရွတ်ဆိုနေပါသလော သို့မဟုတ် မတတ်သိဘဲ ရွတ်ဆိုနေပါသလော ဟု မေးမြန်းခဲ့၏။
ထိုအခါလုလင်ပျိုက ကျွန်တော့်အား အသင် အဘယ်သူပါနည်း ဟုမေးမြန်းလေ၏။ ထိုအခါကျွန်တော်က စွဖ်ယာန်စောင်ရီ ဖြစ်ကြောင်းဖြေကြားရာ ၎င်းက အီရားက်၏စွဖ်ယာန်လော ဟု ထပ်မံမေးမြန်းလေ၏။ ကျွန်တော်က ဟုတ်မှန်ပါသည်ဟု ဖြေကြားရာ ၎င်းက အို…စွဖ်ယာန်! အသင်သည် အလ္လာဟ်အရှင်မြတ်ကိုသိပါသလော ဟု မေးမြန်းလေ၏။ ကျွန်တော်က သိပါသည်ဟု ဖြေကြားရာ ၎င်းက အို..စွဖ်ယာန်! အသင်သည် အဘယ်နည်းဖြင့် အလ္လာဟ်အရှင်မြတ်ကိုသိပါသနည်း ဟုမေးမြန်းပြန်ရာ ကျွန်တော်က
အလ္လာဟ်အရှင်မြတ်သည် ညအချိန်ကို နေ့အချိန်ဖြင့်လည်းကောင်း၊ နေ့အချိန်ကို ညအချိန်ဖြင့်လည်းကောင်း အပြောင်းအလွဲပြုလုပ်ခြင်းနှင့်မိခင်ဝမ်းကြာတိုက်၌ သန္ဓေသားကို တည်စေခြင်းဖြင့် အလ္လာဟ်အရှင်မြတ်ကို သိခဲ့ပါသည် ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။
ထိုအခါ လုလင်ပျိုက ကျွန်တော့်အား အို..စွဖ်ယာန်!အသင်သည် အလ္လာဟ်အရှင်မြတ်အား အရှင်မြတ်နှင့် ထိုက်သင့်သောနည်းဖြင့် မသိခဲ့သေးပါ ဟူ၍ ပြောဆိုလေ၏။ ထိုအခါ ကျွန်တော်က ၎င်းအား အို…လုလင်ပျို! အသင်သည် အလ္လာဟ်အရှင်မြတ်ကို အဘယ်နည်းဖြင့်သိခဲ့ပါသနည်း ဟု မေးမြန်းရာ ၎င်းက..
“ဟမမ်သု ဖဖစခ ဟီမ့်မသီး ၀အဇမ်သူ ဖနကဒွ အဇီးမသီး ဖအရဖ်သု အန္န လီး မုဒဗ်ဗိရန် ယူဒဗ်ဗိရုနီး“
ဆိုလိုသည်မှာ.. ကျွန်တော်သည် အလုပ်ကိစ္စတစ်စုံတစ်ရာကို ပြုလုပ်ရန်အတွက် စိတ်ကူးပါက ကျွန်တော့်စိတ်ကူးခြင်းကို ပယ်ဖျက်လိုက်သည်။ ကျွန်တော်သည် အလုပ်ကိစ္စတစ်စုံတစ်ရာကို ဆောင်ရွက်ရန်အတွက် စိတ်ထဲတွင် အပြီးအပိုင်ဆုံးဖြတ်ပါက ကျွန်တော့်ဆုံးဖြတ်ချက်ကို ဖြတ်တောက်လိုက်ပါသည်။ ဤအကြောင်းအရာများဖြင့် ကျွန်တော်သည် မိမိအနောက်တွင် အရာအားလုံးကို စီမံဖန်ဆင်းသောအရှင်မြတ်က စီမံလျက်ရှိကြောင်းကို သိရှိခဲ့ပါသည် ဟု ရှင်းပြလေ၏။
တစ်ဖန် ကျွန်တော်က ၎င်းအား အသင်သည် မိမိခြေလှမ်းတိုင်းတွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အပေါ် အဘယ်ကြောင့် ဆွလားသ်ဒရူးဒ်ကို ပို့သလျက်ရှိပါသနည်း ဟု မေးမြန်းရာ ၎င်းက မိမိဖြစ်အင်ကို အောက်ပါအတိုင်းပြောပြခဲ့ပါသည်။
ကျွန်တော်သည် မိမိမိခင်နှင့်အတူ ဟဂ်ျပြုရန်အတွက် ထွက်ခွာလာခဲ့၏။ မက္ကဟ်မြို့သို့ ရောက်ရှိပြီး တည်းခိုနေစဉ် ရုတ်တရက် မိခင်ကြီး၏၀မ်းဗိုက်မှာ ဖောင်းတက်လာကာ မျက်နှာမှာလည်း မည်းနက်သွားခဲ့ပါသည်။ ထိုအချိန်တွင် ကျွန်တော်သည် မိမိမိခင်မှာ ကဗီရဟ်ငရဲတွင် ပါဝင်နေသည်ကို သိရှိခဲ့ပါသည်။
သို့ပါ၍ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ထံတော်ပါးတွင် လက်မြှောက်၍ ဒိုအာဆုမွန်တောင်းဆို သောအခါ သီဟာမဟ် ဟူသောနယ်မြေဘက်မှ မိုးတိမ်တစ်ကွက်မှာ ကျွန်တော်တို့ရှိနေသောနေရာ တည့်တည့်သို့ ရွေ့လျားရောက်ရှိလာလေ၏။
ထိုမိုးတိမ်ပေါ်မှ ၀တ်ဖြူစင်ကြယ်ဝတ်ဆင်ထားသော ပုဂ္ဂိုလ်တစ်ပါးဆင်းသက်လာပြီး မိမိလက်ဖြင့် ကျွန်တော့်မိခင်၏မျက်နှာနှင့်ဝမ်းဗိုက်ကို ပွတ်သပ်လိုက်သောကြောင့် မိခင်၏မျက်နှာနှင့် ၀မ်းဗိုက်မှာ အကောင်းပကတိ ပြန်ဖြစ်သွားခဲ့ပါသည်။
ကျွန်တော်က ထိုပုဂ္ဂိုလ်အား ကျွန်တော့်မိခင်နှင့် ကျွန်တော်၏ဤဒုက္ခကို ကယ်တင်ပေးသောအသင်မှာ အဘယ်သူပါနည်း ဟု မေးမြန်းရာ ၎င်းက ကျွန်ုပ်သည် အသင်၏တမန်တော် မုဟမ္မဒူရ်ရစူးလွလ္လားဟ် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ဖြစ်ပါသည်ဟု ဖြေကြားလေး၏။
ထိုအခါ ကျွန်တော်က တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အား ယားရစူးလလ္လားဟ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ! ကျွန်တော့်ကို ဆုံးမပါ ဟု လျှောက်ထားရာ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က အသင်သည် မိမိခြေလှမ်းတိုင်းမှာ
အလ္လာဟွမ္မ ဆွလ်လိအလား မုဟမ္မဒီန် ၀အလား အားလိ မုဟမ္မဒ် ဟူသော ဒရူးဒ်ကိုရွတ်ဖတ်ပါ ဟု အမိန့်ရှိခဲ့သည်။ ထိုအချိန်မှစ၍ ကျွန်တော်သည် ၎င်းကျင့်စဉ်ကို အမလ်လုပ်လျက်ရှိသည် ဟု ဖြေကြားလေသည်။ (နဇ်ဟသူလ်မဂျာလိစ်ကျမ်း၊ အတွဲ-၂၊ စာမျက်နှာ-၁၄၂)

မှတ်ချက်
အို…ငြင်းဆန်သူ….. တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် ဇင်ဒဟ်အသက်ရှင်သန်သည့် အဖြစ်ရှိမနေခဲ့ပါက ထိုကဲ့သို့သောအကြောင်းအရာများ မည်ကဲ့သို့ပေါ်ပေါက်လာနိုင်ပါမည်နည်း။ ငြင်းဆန်သူအတွက်မည်သည့် ဆေးမှမရှိပေ။

အထက်ပါအကြောင်းအရာများသည် သဇ်ကိရသူလ်ရစူးလ်စာအုပ်ထဲမှ အကြောင်းအရာများဖြစ်ပါသည်။ ထိုစာအုပ်ထဲမှ နောက်ဆုံးအကြောင်းအရာတစ်ခုကို တင်ပြချင်ပါသေးသည်။ ထိုအကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်သည်။
တမန်တော်မြတ်(ဆွ)၏အတ္ထုပ္ပတ္တိစာအုပ်ကို စီစဉ်ရေးသားခဲ့သူ ကျွန်တော် မော်လာနာမိုဟမ္မဒ်မိုဟမ္မဒ်အဗ္ဗါးစ်(ကာစီမီ)သည် (၁၉၆၁)ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ဒါရူလ်အူလူးမ်ဒီယိုဗန်ဒ် ကျောင်းတွင် ကျွန်တော့်အား သဖ်စီရေဗိုင်ဒွါဝီကျမ်းစာအုပ်ကို သင်ကြားပေးသော ကျေးဇူးရှင် ဆရာတော်ကြီး ဟဇ်ရသ်မော်လာနာစိုင်ယဒ်ဖခ်ရူလ်ဟစန်(ရဟ်)ထံမှ အောက်ပါအကြောင်းအရာကို ကြားသိခဲ့ရသည်။
ဆရာကြီး မော်လာနာ စိုင်ယဒ်ဖခ်ရူလ်ဟစန်(ရဟ်)က ပြောပြသည်မှာ…..
ဟဇ်ရသ် ခါဂျဟ်နိဇွာမုဒ်ဒီးန် အောင်လီယဟ်(ရဟ်)သခင်ကြီး၏ တပည့်ဖြစ်သူ ဟဇ်ရသ်အမီးရ် ခူစ်ရို(ရဟ်)သည် သခင်ကြီး၏ ခလီဖဟ်လည်း ဖြစ်ခဲ့၏။ တစ်နေ့တွင် တပည့်ဖြစ်သူ ဟဇ်ရသ်အမီးရ်ခူစ်ရို(ရဟ်)သည် မိမိ၏ဆရာဖြစ်သူ ဟဇ်ရသ်ခါဂျဟ်နိဇွာမုဒ်ဒီးန်အောင်လီယဟ်(ရဟ်)သခင်ကြီး ထံသို့ မိမိစီစဉ်ရေးသားထားသော စာအုပ်တစ်အုပ်ကိုယူလာ၍ ပြခဲ့၏။ အမီးရ်ခူစ်ရို(ရဟ်)သည် ထိုစာအုပ်ကို ဟဇ်ရသ်ရှိုင်းခ်စအ်ဒီ(ရဟ်)သခင်ကြီး စီစဉ်ရေးသားထားသော ဂုလီစ်သားန်စာအုပ်နှင့် ယှဉ်ပြိုင်ရန်အတွက် ရေးသားခဲ့ခြင်းဖြစ်သည်။
ဆရာကြီးသည် တပည့်ဖြစ်သူက စီစဉ်ရေးသားထားသောစာအုပ်ကိုကြည့်ရှုပြီး ဤစာအုပ်ကို ရေထဲတွင် မျှောလိုက်ပါ ဟု အမိန့်ရှိတော်မူ၏။ ထို့ကြောင့်တပည့်ဖြစ်သူ အမီးရ်ခူစ်ရို(ရဟ်)သည် မိမိ စီစဉ်ရေးသားထားသော စာအုပ်ကို ရေထဲတွင်မျှောလိုက်၏။
ထို့နောက် သူသည် ၎င်းစာအုပ်ထက်အဆင့်မြင့်သော စာအုပ်တစ်အုပ်ကို အလွန်ကြိုးစား၍ရေးသားပြီး မိမိဆရာကြီးထံသို့ ယူလာ၍ပြပြန်လေ၏။ ထိုအခါ ဆရာကြီးက မိမိတပည့်အား ဤစာအုပ်ကို မီးရှို့လိုက်ပါ ဟု အမိန့်ရှိတော်မူ၏။
၎င်းနောက် ဆရာကြီးသည် မိမိတပည့်ဖြစ်သူ အမီးရ်ခူစ်ရို(ရဟ်)အား မိမိအနား၌ လာထိုင်ရန်ခေါ်လေ၏။ တပည့်ဖြစ်သူ အမီးရ်ခူစ်ရို(ရဟ်)က မိမိဆရာကြီး၏အနားတွင် သွားထိုင်လေ၏။ ထိုအခါ ဆရာကြီးသည် မိမိအမာမဟ်ခေါင်းပေါင်းကို ဖြည်၍ ဟဇ်ရသ်အမီးရ်ခူစ်ရို(ရဟ်)၏ဦးခေါင်းတွင် တစ်ဝက်အုပ်ပေးပြီး မိမိဦးခေါင်းတွင် တစ်ဝင်အုပ်ထားလိုက်၏။ ထို့နောက် အမီးရ်ခူစ်ရို(ရဟ်)အား
အို..ခူစ်ရို! အဘယ်အရာကို တွေ့မြင်နေရပါသနည်း ဟု မေးမြန်းလေ၏။ ထိုအခါ အမီးရ်ခူစ်ရို(ရဟ်)က မဒီနဟ်မြို့ကို တွေ့မြင်နေရပါသည် ဟု ဖြေကြားလေ၏။ ဆရာကြီးက အမီးရ်ခူစ်ရို(ရဟ်)သခင်အား အသင် ဤအတိုင်း ဆက်လက်၍ ကြည့်ရှုနေပါ ဟု အမိန့်ရှိလေ၏။
တဖြည်းဖြည်းနှင့် အမီးရ်ခူစ်ရို(ရဟ်)သည် မတ်စ်ဂျိဒေနဗ၀ီ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ ဗလီဝတ်ကျောင်းတော်ကို တွေ့မြင်နေရပြီဖြစ်ကြောင်း မိမိဆရာကြီးအား ပြောဆိုအသိပေးလေ၏။
ထို့နောက် အမီးရ်ခူစ်ရို(ရဟ်)သည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ ရောင်ဇွဟ်တော်ကို တွေ့မြင်လာရလေ၏။ ဆက်လက်၍ သူသည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ကို တွေ့မြင်ရလေ၏။ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် ရွှေပုလ္လင်ပေါ်တွင် ထိုင်နေတော်မူ၏။ ဂုလီစ်သားန် ကျမ်းစာအုပ်ကို စီစဉ်ရေးသားခဲ့သူ ဟဇ်ရသ် ရှိုင်းခ်စအ်ဒီ(ရဟ်)သခင်ကြီးသည် ယပ်တောင်တစ်ချောင်းဖြင့် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ကို ဘေးမှယပ်ခပ်ပေးနေပြီး ဂုလီစ်သားန်စာအုပ်ထဲမှ ဘလဂလ်အူလာ ဘိကမားလိဟီး…. ဟူသော ကဗျာကို ရွတ်ဆိုနေလေ၏။
တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က ဟဇ်ရသ် ရှိုင်းခ်စအ်ဒီ(ရဟ်)သခင်ကြီးအား အို..စအ်ဒီ! ထိုကဗျာကို ဆက်လက်ရွတ်ဆို၍ ငါကိုယ်တော်မြတ်ကိုယပ်ခတ်ပေးနေပါ ဟု မိန့်ကြားတော်မူ၏။
ထိုအချိန်တွင် ဆရာကြီး ဟဇ်ရသ်ခါဂျာနိဇွာမုဒ်ဒီးန်အောင်လီယဟ်(ရဟ်)သခင်ကြီးသည် မိမိတပည့် ဖြစ်သူ အမီးရ်ခူစ်ရို(ရဟ်)၏ဦးခေါင်းပေါ်မှ မိမိအမာမဟ်ခေါင်းပေါင်းကို ပြန်လည်ရုပ်သိမ်းလိုက်ရာ အမီးရ်ခူစ်ရို(ရဟ်) မြင်တွေ့နေရသော မြင်ကွင်းမှာ ပျောက်ကွယ်သွားခဲ့၏။
ထို့နောက် ဟဇ်ရသ်ခါဂျဟ်နိဇွာမုဒ်ဒီးန်အောင်လီယဟ်သခင်ကြီးသည် မိမိတပည့်ဖြစ်သူ အမီးရ်ခူစ်ရို(ရဟ်)အား အို…ခူစ်ရို! တွေ့ပြီးလား၊ ဂုလီစ်သားန်စာအုပ်ကို စီစဉ်ရေးသားခဲ့တဲ့ ရှိုင်းခ်စအ်ဒီ(ရဟ်) ဆိုတာ အဲဒီလိုပုဂ္ဂိုလ်ဖြစ်တယ်၊ သူ့စာအုပ်ထဲက ဘလဂလ်အူလာ ဆိုတဲ့ကဗျာလေးကို တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ဟာ ဘယ်လောက်များနှစ်သက်တော်မူသလဲဆိုတာ တွေ့ပြီလား၊ အဲဒီကဗျာလေးကြောင့် သူ့စာအုပ်နဲ့ သူ့ရဲ့အဆင့်အတန်းဟာ ဘယ်လောက်အထိမြင့်မားသွားတယ်ဆိုတာ တွေ့ပြီလား၊ မင်းဟာ အဲဒီလိုပုဂ္ဂိုလ်ရဲ့စာအုပ်နဲ့ ယှဉ်ပြိုင်ဖို့အတွက် စာအုပ်ရေးတာ အလွန်မှားတယ်၊ မင်းရဲ့စာအုပ်ဟာ အရေးအသားတွေ ဘယ်လောက်ပဲမြင့်မားပေမယ့် ရေနဲ့ပဲထိုက်တန်တယ်၊ မီးနဲ့ပဲထိုက်တန်တယ်၊ အဲဒါကြောင့် ငါကမင်းစာအုပ်ကို ရေထဲမျှောခိုင်းတာ၊ မီးရှို့ခိုင်းတာဖြစ်တယ်၊ အို…ခူစ်ရို! နောက်နောင်ကို ဒီလိုမလုပ်ပါနဲ့ ဟူ၍ ဆုံးမစကားများမိန့်ကြားတော်မူလေ၏။

မှတ်ချက်…………အထက်ပါအကြောင်းအရာများသည် ပုံပြင်မဟုတ်ပါ ။

တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) မိမိရောင်ဇွဟ်ထဲ၌ ဇင်ဒဟ်အဖြစ်ရှိခြင်းနှင့် ပတ်သက်ပြီး
မိမိအသိဥာဏ်အတိုင်း တိုင်းတွာပြီး စောဒကတက်သော စောဒကတက်သူ!
ရှင်သန်ခြင်းနှင့်သေဆုံးခြင်း နှစ်မျိုးတွင် ရှင်သန်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်နှင့်တကွ ရူးဟ်ဝိညာဉ်ပါ ရှင်သန်နေခြင်းဖြစ်ပြီး သေဆုံးခြင်းဆိုသည်မှာ ခန္ဓာကိုယ်ထဲမှ ရူးဟ်ဝိညာဉ်ထွက်သွားခြင်းကို မောသ်သေဆုံးခြင်းလို့ ခေါ်ပါသည်။ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) နှင့်ပတ်သက်ပြီး အဟ်လေစွန္နသ်ဝလ်ဂျမာအသ်၏ အကီဒဟ်မှာ ခန္ဓာကိုယ်နှင့်ရူးဟ်ဝိညာဉ်ပါ အတူတကွ ရှင်သန်ခြင်းအဖြစ် လက်ခံထားသည်။ ဒွန္နယာ၏ရှင်သန်ခြင်း၊ ဗရ်ဇခ်၏ရှင်သန်ခြင်း စသည့်စောဒကများသည် ဤအကီဒဟ်နှင့် မည်သို့မျှမသက်ဆိုင်ပေ။
အသင့်အနေဖြင့် ထပ်မံပြီး စောဒကတက်မည်ဆိုပါက ထိုစောဒကများအတွက် အဖြေများအား ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့ရှိ ဒါရူးလ်အူးလူးမ်၏ ရှိုင်ခုလ်ဟဒီးစ်ဖြစ်သော မုဖ်သီသကီးအွတ်စ်မာနီသခင်နှင့် မင်န့်ဟာဂျူလ်ကူရ်အာန်၏ အကြီးအကဲဖြစ်သော မော်လာနာဒေါက်တာစိုင်ယိဒ်မိုဟမ္မဒ်တွာဟေရူးလ်ကာဒရီတို့ထံသို့ မေးမြန်းပါရန် လမ်းညွှန်ပေးလိုက်ပါသည်။
အမှန်တရားဘက်တော်သူ

အလ်မုဖီးဒ်
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Sunday, January 25, 2015

အလယ်ခေတ်ဆေးပညာ၏ မီးရှူးတိုင်များ


ဒေါက်တာနေခြည် (အစ္စလာမ်နှင့် ဆေးသိပ္ပံ) ဘာသာပြန်ဆိုတင်ပြသည်။ 
(အပိုင်း ၁ မှ ၆ အထိ တစ်ဆက်တည်း)

(အပိုင်း - ၁)
အစ္စလာမ်တို့ ဘုန်းမီးနေလ တောက်ပစဉ် အလယ်ခေတ် အေဒီ ၁၁၀၀ - ၁၄၀၀ အတွင်းရှိ ဆေးပညာနယ်ပယ်၌ လက်တွေ့စမ်းသပ်လေ့လာခြင်းများနှင့် ပတ်သက်၍ သိရှိသူ အလွန်နည်းပါးလှပါသည်။ ခြွင်းချက်အနည်းငယ်မှလွဲ၍ မျက်မှောက်ခေတ် ဆေးပညာတိုးတက်မှုသည် ထိုခေတ်က တွေ့ရှိချက်များကို အခြေခံထားခြင်းသာ ဖြစ်သည်။ ၁၆ ရာစု - ၁၈ ရာစုနှစ်များအတွင်း၌ အနောက်တိုင်းဆေးပညာဟု အများက လက်ခံထားသော ဥရောပ မှ တစ်ကျော့ပြန်ခေတ်စားလာသော ဆေးပညာ လက်တွေ့စမ်းသပ်ခြင်းသည် အစ္စလာမ့်ဆေးပညာရှင်ကြီးများ၏ တွေ့ရှိမှုများကို အခြေခံထားခြင်းသာ ဖြစ်သည်။ ဤဆောင်းပါးသည် ၉ ရာစုမှ ၁၃ ရာစုအတွင်းရှိ အရဗ်ဒေသမှ အစ္စလာမ့် ဆေးပညာရှင်ကြီး ၁၁ ဦးတို့၏ စမ်းသပ်လေ့လာခြင်းများ တွေ့ရှိမှုများမှ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ ဤလေ့လာချက်တွင် ထိုပညာရှင်ကြီးများ၏ ဆေးပညာ တိုးတက်လာစေရန် သိပ္ပံနည်းကျ ဆောင်ရွက်မှုများ ၊ ဆေးပညာ လေ့လာစမ်းစစ်ချက်များကို သေချာစွာ မှတ်တမ်းတင်ခြင်းပင်ဖြစ်သည်။ ရှေးယခင် တွေ့ရှိချက်များအပေါ် သုံးသပ်ချက်များ ၊ တွေ့ရှိချက်အသစ်များ ၊ မှတ်တမ်းများ ၊ ရောဂါကုထုံးများ ၊ ဆေးအာနိသင် စမ်းသပ်ခြင်းများ ၊ တိရိစ္ဆာန်များနှင့် စမ်းသပ်ခြင်း ၊ ခွဲစိတ်စစ်ဆေးခြင်း နှင့် လက်တွေ့စမ်းသပ်ခြင်းများ ၊ သေဆုံးပြီး ကြွင်းကျန်ရုပ်လောင်းအား ခွဲစိတ်စစ်ဆေးခြင်း စသည်ဖြင့် အလယ်ခေတ်က အစ္စလာမ့်ပညာရှင်ကြီးများ၏ တွေ့ရှိချက်များသည် ကဏ္ဍ စုံလင်လှပါသည်။ အထက်ဖော်ပြပါ နယ်ပယ်အသီးသီးတို့သည် အစ္စလာမ့် ဆေးသိပ္ပံပညာရှင်ကြီးများ၏ ရှာဖွေတွေ့ရှိမှုများပင်ဖြစ်ပါသည်။

(အပိုင်း - ၂)

နိဒါန်း

ဒဏ်ရာ အနာတရ ရရှိသူများနှင့် မကျန်းမာသော လူနာများအတွက် ဆေးကုသရန် နည်းလမ်းများကို ရှာဖွေပေးခဲ့သူများနှင့် ပတ်သက်ပြီး သမိုင်းအစကတည်းက မှတ်တမ်းရှိခဲ့ပါသည်။ သို့သော် အနောက်တိုင်းဆေးပညာဟု ယနေ့လက်ခံထားသော ဆေးပညာ၏ သမိုင်းဦး၌ အုတ်မြစ်ချပေးခဲ့သော အလယ်ခေတ် အေဒီ ၁၁၀၀ - ၁၄၀၀ နှစ်များအတွင်းရှိ အစ္စလာမ့် ဆေးသိပ္ပံ ပညာရှင်ကြီးများနှင့် ၄င်းတို့၏ လက်တွေ့ စမ်းသပ်လေ့လာချက်များကို သိရှိသူ နည်းပါးလှပါသည်။ ၁၆ ရာစု - ၁၈ ရာစုနှစ်များတွင် ဥရောပကဲ့သို့ အနောက်နိုင်ငံများမှ ဆေးပညာနှင့် သိပ္ပံပညာများ တိုးတက်လာခြင်းသည် ဟိုးယခင် ၉ ရာစုနှစ် မှ ၁၃ ရာစုနှစ် များအတွင်းရှိ အရဗ်ပညာရှင်ကြီးများ၏ တွေ့ရှိချက်များကို အခြေခံထားသော ပညာရပ်များ တစ်ကျော့ပြန် ခေတ်စားလာခြင်းပင် ဖြစ်သည်။ လက်တွေ့စမ်းသပ်လေ့လာခြင်းများအပေါ် အခြေခံကာ တည်ဆောက်ထားသော ၊ အရှိန်အဟုန်နှင့် တိုးတက်နေသော ယနေ့ခေတ် သိပ္ပံပညာရပ်သည် ရှေးဦးခေတ် ၊ အလယ်ခေတ် များမှ ပညာရှင်များနှင့် တိုက်ရိုက် သက်ဆိုင်နေလိမ့်မည် မဟုတ်ဟု အများစုက ယုံကြည်နေကြပါသည်။

နည်းလမ်းများ

ယနေ့ခေတ်၏ စူးစမ်းလေ့လာ ရှာဖွေတွေ့ရှိမှုသည် ၉ ရာစု - ၁၃ ရာစု နှစ်များအတွင်းက အစ္စလာမ့် ဆေးသိပ္ပံပညာရှင်ကြီး ၁၁ ဦးတို့၏ ရှာဖွေလေ့လာ တွေ့ရှိမှုများကို ပုံနှိပ်ထုတ်ဝေခဲ့ကြသော ဆေးကျမ်းကြီးများ၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။ ဆေးပညာနှင့် ခွဲစိတ်ကုပညာ တိုးတက်လာမှုများအတွက် အလွန်အရေးကြီးသော အဖိုးမဖြတ်နိုင်သည့် တွေ့ရှိချက်များပင်ဖြစ်သည်။ ထိုဆေးပညာရှင်ကြီး ၁၁ ဦးတို့၏ လေ့လာတွေ့ရှိချက်များသည် ၄င်းတို့အလျင် ပညာရှင်များ၏ ရှာဖွေတွေ့ရှိမှုများနှင့်လည်းကောင်း ၊ ၄င်းတို့နောက်ပိုင်း ပညာရှင်များ၏ ရှာဖွေတွေ့ရှိမှုများနှင့်လည်းကောင်း နှိုင်းယှဉ်ခြင်း ခံခဲ့ရလေသည်။ အလယ်ခေတ်နှင့် အလယ်ခေတ်နှောင်းပိုင်းရှိ ဥရောပ ဆေးပညာရှင်ကြီးများ အပေါ်၌ ထိုအစ္စလာမ့်ဆေးပညာရှင်ကြီး ၁၁ ဦးတို့၏ အရှိန်အဝါ လွမ်းမိုးမှုရှိသည်ကို သေချာစွာ လေ့လာ အကဲဖြတ်ပြီး မှတ်တမ်းတင်ခြင်း ခံခဲ့ရလေသည်။
ဤဆောင်းပါးသည် အစ္စလာမ့် ဆေးပညာရှင်ကြီးများ အုတ်မြစ်ချခဲ့သော အေဒီ ၁၁၀၀ - ၁၄၀၀ နှစ်များအတွင်းရှိ သိပ္ပံနည်းကျသော နည်းလမ်းများ ဆေးပညာ လက်တွေ့စမ်းသပ်ချက်များနှင့် ပတ်သက်သော တွေ့ရှိချက်များထဲမှ အချို့ကို စုစည်း ဖော်ပြထားခြင်းပင်ဖြစ်သည်။

(အပိုင်း ၃)

ဆွေးနွေးခြင်း နှင့် ရလဒ်များ

(၁) ရှေးယခင် တွေ့ရှိချက်များအား သေချာစွာ သုံးသပ်ခြင်း

အလယ်ခေတ် အေဒီ ၁၁၀၀ - ၁၄၀၀ အတွင်းရှိ အစ္စလာမ့် ပညာရှင်ကြီးများ၏ ဆေးပညာနှင့် အခြားသိပ္ပံပညာရပ်တို့၌ အရေးကြီးသည့် အင်္ဂါရပ်များထဲမှ တစ်ခုမှာ စာပေကျမ်းဂန်များကို သေချာစွာ လေ့လာကာ ကျိုးကြောင်းဆီလျှော်စွာ သိပ္ပံနည်းကျဖြစ်အောင် ဖွဲ့စည်းထားခြင်းပင် ဖြစ်သည်။ အစ္စလာမ့် သိပ္ပံပညာရှင်ကြီး တို့သည် ဘာသာပြန် စာအုပ်စာပေများကို သေချာစွာ လေ့လာကာ သုံးသပ်ခဲ့ကြသည်။ မလိုအပ်သော မမှန်ကန်သော အချက်များကို ပယ်ချခဲ့ကြသည်။ ၄င်းတို့ကိုယ်တိုင် ပြုလုပ်ခဲ့သော တွေ့ရှိချက်များ၊ အတွေ့အကြုံများ၊ စမ်းသပ်လေ့လာခြင်းများ၊ ခွဲခြမ်းစိတ်ဖြာသောနည်းလမ်းများမှ မှန်ကန်သည်ဟု သက်သေပြနိုင်သည် များကိုသာ လက်ခံခဲ့ကြသည်။

ရှေးယခင် တွေ့ရှိချက်များသည် ခိုင်လုံသည် မခိုင်လုံသည် ဟု စစ်ဆေးရုံသာမက အသစ်ထပ်မံတွေ့ရှိချက်များကိုလည်း ထည့်သွင်းဖော်ပြခဲ့သဖြင့် အလယ်ခေတ် အစ္စလာမ့် ဆေးပညာရှင်ကြီးများ၏ သုံးသပ်ချက်များသည် ဆေးပညာ ဖွံ့ဖြိုးတိုးတက်ရာ၌ တစ်ခန်းတစ်ကဏ္ဍ ပါဝင်ခဲ့ပါသည်။ ထိုပညာရှင်ကြီးတို့သည် စာတွေ့အယူအဆများကို လက်တွေ့သက်သေပြနိုင်ရန် အသစ်ထပ်မံတွေ့ရှိချက်များကို စနစ်တကျ ဇယားဆွဲကာ ဖော်ပြခဲ့သည့်အတွက် သူတို့၏ ကြိုးစားလုပ်ဆောင်မှုများမှ အကျိုးသက်ရောက်မှု များစွာ ရရှိခဲ့ပါသည်။

၎င်းတို့သည် ကျော်ကြားသော သြဇာအာဏာရှိသူများ၏ တွေ့ရှိချက်များပင် ဖြစ်လင့်ကစား ပြန်လည် ဝေဖန်သုံးသပ်ခဲ့ပါသည်။ ဥပမာအနေဖြင့် အလ်ရာဇီ (Rhazes) (၈၆၅ - ၉၂၅) သည် သူ၏ အစားအစာကုထုံးကျမ်း ဖြစ်သော "မနာဖိ အွလ် အဂ်ဇိယဟ် ဝဒဖ် အို့မဒွါရိဟာ" တွင် ဤကဲ့သို့ ဖော်ပြထားပါသည်။

"ကျွန်ုပ်သည် အစားအသောက်များ၏ ဘေးထွက်ဆိုးကျိုးများမှ မည်သို့ရှောင်ရှားရမည်နှင့် ပတ်သက်၍ ဆေးကျမ်းတစ်ခု ရေးသားပြုစုရန် ဆုံးဖြတ်ခဲ့ပါသည်။ ဂဲလ်လန်သည် ဂုဏ်ပြုထိုက်သော ဆေးပညာရှင်ကြီးတစ်ပါး ဖြစ်သည်။ ကျွန်ုပ်သည် ဂဲလ်လန် ပြုစုခဲ့သောကျမ်းထက် ပို၍ပြည့်စုံသော ရှင်းလင်းသော ကျမ်းစာအုပ်ကို ပြုစုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဂဲလ်လန်၏ကျမ်းတွင် အချို့မှားယွင်းမှုများ ၊ လိုအပ်ချက်များ ရှိနေသောကြောင့် ဖြစ်သည်" ။

အလ်ရာဇီသည် သူ၏ ကိုယ်ပိုင် စမ်းသပ်ချက်များနှင့် တွေ့ရှိချက်များအပေါ် ယုံကြည်အားထားခြင်းကို သူရေးသားပြုစုခဲ့သော စွယ်စုံကျမ်း "အလ်ဟာဝီ" က ပေါ်လွင်စေပါသည်။ အလ်ရာဇီ ၏ သီးခြား ရေးသားပြုစုခဲ့သော သုတေသနကျမ်းတစ်အုပ်ဖြစ်သည့် "ကိသားဗ် အရှ်ရှုကူးက် အလာဂျာလီနူးဆ်" တွင် ဂဲလ်လန်၏ ဆေးပညာအမြင်နှင့် ပတ်သက်သော ဝိရောဓိများကို ရှုထောင့်မျိုးစုံမှ အသေးစိတ် ဆွေးနွေးထားပါသည်။

အလ်ရာဇီ ၏ "အလ်ဟာဝီ" ကျမ်းတွင် ရှေးယခင် ဆေးပညာရှင်ကြီးများနှင့် ခေတ်ပြိုင် ဆေးပညာရှင်ကြီးတို့၏ ဆေးဝါးနှင့် ပတ်သက်သော ထင်မြင်ချက်များကိုလည်း ဖော်ပြထားပါသည်။ ဆေးဝါး၏ အာနိသင်နှင့် ပတ်သက်၍ ခိုင်လုံမှုရှိစေရန် ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်။ ဤသည် ခိုင်လုံသော သက်သေ အထောက်အထားလည်း ဖြစ်သည်။

အလ်ရာဇီ သည် ဆီးကျောက်နှင့် ပတ်သက်၍ ရှေးယခင် ဆေးပညာရှင်များအတွင်း ပျံ့နှံ့နေသော ယုံကြည်ချက်ကို ပထမဦးစွာ သံသယဖြစ်ခဲ့သူ ဖြစ်သည်။ ဆီးအိမ်အတွင်းရှိ ဆီးကျောက်ကို ချေဖျက်ခြင်းသည် လူနာကို အန္တရာယ်ဖြစ်စေနိုင်သည်ဟူသော ယုံကြည်ချက်ပင်ဖြစ်သည်။ ဒုတိယရာစုနှစ် အတွင်းရှိ Antylus ဟုခေါ်သော ဂရိ ဆေးပညာရှင်ကြီးသည် အလ်ရာဇီ ၏ ယုံကြည်ချက်ကို လိုက်နာ ထောက်ခံခဲ့လေသည်။ "သေချာစွာ လေ့လာလိုက်တော့မှ အရာအားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၏ အလိုတော် အတိုင်းပင် ဖြစ်သည်" ဟု အလ်ရာဇီ က ဆိုခဲ့လေသည်။

အိဗ်နို့စီနာ ( ၉၈၀ - ၁၀၃၇ ) (Avicena 980 - 1037) သည် အလ်ရာဇီ၏ ကျမ်းများတွင် ဖော်ပြခဲ့သော စမ်းသပ်လေ့လာခြင်း ၊ ခွဲခြမ်းစိတ်ဖြာခြင်း စသည်တို့၌ သေသပ်မှုရှိရမည်ဟူသော အခြေခံကျသည့် အချက်ကို လိုက်နာခဲ့ပါသည်။ ဥပမာအနေဖြင့် အိဗ်နို့စီနာ၏ ကျော်ကြားသော ကျမ်းတစ်စောင်ဖြစ်သည့် "ကိသားဗ် အလ်ကာနူးန် ဖိသွစ်ဗ်" တွင် ဆေးများအကြောင်း ဤသို့ ဖော်ပြထားပါသည်။

" အရက်ကို ဆေးအဖြစ် ဖန်တီးကာ မှီဝဲခြင်းအားဖြင့် ဆီးကျောက်သည် ပျော်ဝင်သွားစေနိုင်သည်ဟု အချို့ပညာရှင်များက ဖော်ပြခဲ့ကြသည်။ သို့သော်လည်း ဤကုထုံးသည် ကျွန်ုပ် လုံးဝလက်မခံသော ကုထုံးပင် ဖြစ်သည်"။

အခြားသော အစ္စလာမ့် ဆေးသိပ္ပံ ပညာရှင်ကြီးများ အားလုံး တို့သည်လည်း ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ခြင်းများ ပြုလုပ်ကာ ရရှိသော တွေ့ရှိချက်များကိုသာ ယုံကြည်အားထားခဲ့ကြလေသည်။ ဥပမာတစ်ခုအနေဖြင့် ၁၃ ရာစု၏ ဆေးပညာရှင်ကြီး အိဗ်နို့အလ်နဖီးဆ် (၁၂၁၀ - ၁၂၈၈) သည် ၄င်းပြုစုရေးသားခဲ့သော ဆေးကျမ်း "ရှရ်ဟို့သရှ်ရီးဟ် အလ်ကာနူးန်" တွင် ဤသို့ဖော်ပြထားပါသည်။

"ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ကျွန်ုပ်တို့သည် တိကျသော သုတေသနလုပ်ခြင်း ၊ သေချာစွာ တိုက်ရိုက်စမ်းသပ်လေ့လာခြင်း စသည်တို့မှ ရရှိသော တွေ့ရှိချက်များကိုသာ အားထားပါသည်။ ကျွန်ုပ်တို့၏ တွေ့ရှိချက်များသည် အခြားသူများ၏ တွေ့ရှိချက်များနှင့် တူညီသည်ဖြစ်စေ ၊ မတူညီသည်ဖြစ်စေ ကျွန်ုပ်တို့ ဂရုမစိုက်ပါ" ။

(အပိုင်း - ၄)

(၂) ဆေးပညာအား လက်တွေ့လေ့လာခြင်း နှင့် မှတ်တမ်းများ

လူနာများအား ပြုစုကုသရာ၌ ကုထုံးများ ၊ တွေ့ရှိမှုများနှင့် ပတ်သက်၍ ကျိုးကြောင်းဆီလျှော်သော လုပ်နည်းလုပ်ဟန်များသည် ၉ ရာစုနှစ်၏ ဆေးပညာရှင် အလ်ရာဇီ က စတင်ခဲ့ခြင်းပင် ဖြစ်သည်။ တွေ့ရှိမှုများအား မှတ်တမ်းတင်ခြင်း ၊ အဓိပ္ပါယ် ဖော်ဆောင်ခြင်း ၊ အမျိုးအစားခွဲခြင်း စသည့် အချက်များအပေါ်၌ အခြေခံထားသော လုပ်နည်းလုပ်ဟန် ဖြစ်သည်။ ဆေးပညာ လေ့လာရန်အတွက် အကောင်းဆုံးသော နည်းလမ်းများနှင့် ကွဲပြားခြားနားသော ရောဂါအမျိုးအစားများအား မှတ်တမ်းတင်ခြင်း စသည်တို့သည် ဆေးပညာ ဖွံ့ဖြိုးတိုးတက်လာစေရာ၌ အရေးကြီးသော အခြေခံအုတ်မြစ်များပင် ဖြစ်သည်။ ၁၀ ရာစုနှစ်၏ မှတ်တမ်းမရှိသော လက်တင် ရိုးရာကုထုံးများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အလ်ရာဇီ၏ ရာပေါင်းများစွာသော ဆေးပညာဆိုင်ရာ မှတ်တမ်းများသည် သမားတော်ကြီးတစ်ပါး ကဲ့သို့ ခိုင်မာသော အထောက်အထား ပေးနိုင်ပါသည်။

အလ်ရာဇီ ၏ နောက်ပိုင်း ဆေးပညာရှင်များ ဖြစ်ကြသော အိဗ်နို့စီနာ ၊ အလ်ဇဟ်ရာဝီ (Al-Zahrawi / Albucasis) (၉၃၆ - ၁၀၁၃) ၊ အိဗ်နို့ဇိုဟ်ရ် (Ibn Zuhr / Avenzoar) (၁၀၉၁ - ၁၁၆၂) ၊ မို့ဟ်ဇဗ် အလ်ဒီးန် အလ်ဘဂ်ဒါဒီ (Muhadhdhab Al-Deen Al-Baghdadi) (၁၁၁၇- ၁၂၁၃) ၊ နှင့် အိဗ်နို့အလ်နဖီးဆ် (Ibn Al-Nafis) စသော ဆေးပညာရှင်ကြီးများ အားလုံးတို့သည် ဆက်လက်လုပ်ဆောင်ခဲ့ကြရုံမက ပိုမို တီထွင်ဆန်းသစ်မှု များကိုလည်း ပြုလုပ်ခဲ့ကြပါသည်။ ၄င်းတို့ အားလုံးတို့သည် ၄င်းတို့၏ အတွေ့အကြုံများနှင့် ရောဂါရာဇဝင်များအား မှတ်တမ်းတင်ခြင်း ၊ အမျိုးအစားခွဲခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြပါသည်။ ဤသို့ဖြင့် အစ္စလာမ့် သမားတော်ကြီးများသည် ရောဂါများနှင့် ၄င်းတို့၏ရေရှည်အကျိုးသက်ရောက်မှုစသည့်အချက်များကို တိုက်ရိုက်လေ့လာခဲ့ကြသော စူးရှထက်မြက်သည့် ရှာဖွေတွေ့ရှိသူများ ဖြစ်သည်ဟု မှတ်တမ်းတင်ခြင်း ခံခဲ့ရပါသည်။

(၃) ရောဂါကုထုံးများနှင့် ပတ်သက်၍ တိုက်ဆိုင်စစ်ဆေးခြင်းများ

ဆေးပညာဖွံ့ဖြိုးတိုးတက်လာရန်အတွက် စမ်းသပ်သော နည်းလမ်းပေါင်းများစွာထဲမှ အရေးကြီးသည့် အချက်တစ်ခုမှာ ဤသို့ဖြစ်သည်။ လူနာများအား အုပ်စု ၂ စုခွဲကာ သီးခြားစီ စမ်းသပ်မှုများပြုလုပ်ပြီး ရလဒ်များကို တိုက်ဆိုင်စစ်ဆေးသည့် နည်းလမ်းဖြစ်သည်။ ဤကဲ့သို့ အမျှော်အမြင်နှင့် ပြည့်စုံလှသည့် စိတ်ဝင်စားဖွယ် စမ်းသပ်ခြင်းနည်းလမ်းကို လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်က အလ်ရာဇီက စတင်ခဲ့ခြင်းပင်ဖြစ်သည်။ အလ်ရာဇီ ၏ "အလ်ဟာဝီ" ဆေးကျမ်းတွင် ဦးနှောက်အမြှေးပါးယောင်သည့် ရောဂါနှင့် ပတ်သက်၍ ဤသို့ဖော်ပြထားပါသည်။

". . . ဦးနှောက်အမြှေးပါးယောင်သည့် ရောဂါ၏ ရှေ့ပြေးလက္ခဏာငယ်များ ပေါ်ပေါက်လာသောအခါ ကျွန်ုပ်သည် ထိုလူနာများကို အုပ်စု ၂ စု ခွဲလိုက်ပါသည်။ ပထမအုပ်စုကို ရောဂါသက်သာစေသည့် နည်းလမ်းတစ်ခုဖြစ်သည့် သွေးပြန်ကြောမှသွေးထုတ်ခြင်းကို ပြုလုပ်ခဲ့ပြီး ရလဒ်ကို စောင့်ကြည့်ခဲ့ပါသည်။ ဒုတိယအုပ်စုကို ရည်ရွယ်ချက်ရှိရှိ မည်သည့်ကုသနည်းမှ မပေးဘဲ စောင့်ကြည့်ခဲ့ပါသည်။ ကျွန်ုပ်၏ ထင်မြင်ယူဆချက်များကို သက်သေပြနိုင်ရန် ဖြစ်သည်။ အမှန်တကယ်ပင် ဒုတိယအုပ်စုတွင် ဦးနှောက်အမြှေးပါးယောင်ယမ်းသည့် အဓိက ရောဂါလက္ခဏာကြီးများ ပေါ်ပေါက်လာပါတော့သည်။ "

၁၈ ရာစု၏ နောက်ပိုင်း နှစ်များတွင် သွေးပြန်ကြောမှသွေးထုတ်ကာ ကုသသည့် ကုထုံးကို အသုံးပြုမှု နည်းပါးခဲ့ပါသည်။

မည်သို့ပင်ဖြစ်စေကာမူ ထိုကဲ့သို့ အလ်ရာဇီ ၏ ရဲဝံ့ပြတ်သားသည့် စမ်းသပ်ခြင်းသည် ယနေ့ခေတ်၏ ဆေးပညာနယ်ပယ်၌ case-control trial ဟူသော လူနာများအား အုပ်စု ၂ စုခွဲကာ သီးခြားစီ စမ်းသပ်ကုသပြီး ရလဒ်များအား စောင့်ကြည့်သည့် သိပ္ပံနည်းကျ စမ်းသပ်နည်းတစ်ခုကို မြေစမ်းခရမ်းပျိုးခဲ့ခြင်းပင် ဖြစ်သည်။
အလ်ရာဇီ ၏ နောက်ပိုင်းခေတ်များမှ အစ္စလာမ့် ဆေးပညာရှင်ကြီးများ အားလုံးတို့သည်လည်း ဤကဲ့သို့ သိပ္ပံနည်းကျ နည်းလမ်းများကို လိုက်နာကာ ပြုလုပ်ခဲ့ကြပါသည်။

အိဗ်နို့ဇိုဟ်ရ် ၏ ဆေးကျမ်း "အသ်သိုင်စီးရ်" (Al-Taisir) တွင် case-control trial အား အသုံးပြုထားခြင်းကို ရှင်းလင်းပြတ်သားစွာ ဥပမာပေးထားပါသည်။

" ကျွန်ုပ်၏ အယူအဆ မှန်သည်/ မှားသည်မှာ ကျွန်ုပ်အတွက် သေချာလှပါသည်။ သို့သော် 'ဝမ်းနှုတ်ဆေးနှင့် သူ၏ ဘေးထွက်ဆိုးကျိုး အာနိသင်ကို မည်သို့တိုက်ဖြတ်ရမည်ဟူသော ကျွန်ုပ်၏ ထင်မြင်ယူဆချက်သည်' မှားယွင်းစွာဖော်ပြခြင်း ဖြစ်နေလိမ့်မည်ဟု စာဖတ်သူ ဆေးပညာရှင်အချို့က မျှော်လင့်နေကြပါသည်။ ထို့ကြောင့် ၄င်းတို့သည် ကျွန်ုပ်အယူအဆကို ပြန်လည်ချေပကာ တင်ပြလာနိုင်ပါသည်။ ထို့နောက်များမှာတော့ ကျွန်ုပ်သည် စိန်ခေါ်မှုတစ်ခုကို ပြုလုပ်ခဲ့ပါသည်။ သူတို့လူစုကို အုပ်စု ၂ စု ခွဲစေပါသည်။ ပထမအုပ်စုကို ကျွန်ုပ်ညွှန်ကြားထားသည့် ဆေးညွှန်းအတိုင်း သောက်သုံးစေပြီး ဒုတိယအုပ်စုကို မတူညီသော ဆေးညွှန်းနှင့် သောက်သုံးစေပါသည်။ ထို့နောက် နည်းလမ်း ၂ ခု၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကို မှတ်တမ်းတင်စေခဲ့ပါသည်။ မုချဧကန် ဤကဲ့သို့ နှိုင်းယှဉ်စမ်းသပ်ခြင်း သည်သာလျှင် ကျွန်ုပ်၏ ထင်မြင်ယူဆချက်သည် မှန်ကန်ကြောင်း အထောက်အထားပြနိုင်လေသည်။ "

(အပိုင်း - ၅)

(၄) ဆေးအာနိသင် စမ်းသပ်ခြင်းများ

အိဗ်နို့စီနာ ၏ ဒုတိယဆေးကျမ်းဖြစ်သော "ကိသားဗ်" (Kitab) တွင် ဆေးအာနိသင် စမ်းသပ်ခြင်းနှင့် ပတ်သက်၍ ဤသို့ဖော်ပြထားပါသည်။

" ဆေးများ၏ သဘောသဘာဝ ၊ အာနိသင်ကို ရှာဖွေဖော်ထုတ်ရန်အတွက် နည်းလမ်းနှစ်သွယ်ရှိပါသည်။ ပထမနည်းလမ်းမှာ ယခင် ရှိပြီးသားဆေးများနှင့် အာနိသင် တိုက်ဆိုင်ကြည့်ခြင်း ဖြစ်ပြီး ဒုတိယတစ်နည်းမှာ ဓါတ်ခွဲစမ်းသပ်ခြင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဓါတ်ခွဲစမ်းသပ် လေ့လာခြင်း နည်းလမ်းဖြင့် အစပြုခဲ့ပါသည်။ ဆေးအာနိသင်များ စမ်းသပ်လေ့လာရာတွင် သေချာစွာ ဆင်ခြင်သုံးသပ်ခြင်း ၊ ဆွေးနွေးတိုင်ပင်ခြင်း စသည့် အဆင့်များကို ဖြတ်ကျော်ပြီးနောက် ဆေးအာနိသင်များနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရသော ဗဟုသုတများကို ရရှိစေပါသည်။ "

အိဗ်နို့စီနာသည် ဆေးအာနိသင် စမ်းသပ်ခြင်းနှင့် ပတ်သက်၍ ဥပဒေသ (၇) ချက်ကို သတ်မှတ်ပေးခဲ့ပါသည်။ ၄င်းက ဆေးများအားလုံးတို့၏ သဘောသဘာဝနှင့် အရေးကြီးပုံတို့ကို သေချာစွာသိရှိရန် လိုအပ်ကြောင်း ၊ အထူးအလေးထားကာ လေ့လာရမည် ဖြစ်ကြောင်း အသေးစိတ် ဆွေးနွေးပေးခဲ့ပါသည်။ ဤအချက်များသည် အလွန်အရေးကြီးသော လမ်းညွှန်မြေပုံတစ်ခုကဲ့သို့ဖြစ်သည်ဟု အခြားသော ဆေးပညာရှင်များကလည်း သဘောတူညီခဲ့ကြပါသည်။

(၅) တိရိစ္ဆာန်များကိုအသုံးပြု၍ စမ်းသပ်ခြင်း

(က) ဆေးဝါးအတွက် စမ်းသပ်ခြင်း

ကမ္ဘာ့သမိုင်းတစ်လျှောက်တွင် ဆေးပညာ နယ်ပယ်၌ ပထမဦးဆုံး မှတ်တမ်းရှိခဲ့သော တိရိစ္ဆာန်များနှင့် စမ်းသပ်ခြင်းသည် ဆေးဝါးများအတွက် စမ်းသပ်ခြင်းဖြစ်သည်။ ဆေးဝါးများ၏ အဆိပ်သင့်စေသော ပမာဏနှင့် ပတ်သက်၍ စမ်းသပ်ခြင်းဖြစ်သည်။ ထိုစမ်းသပ်ချက်ကို ၉ ရာစု နှစ်တွင် ဆေးပညာရှင်ကြီး အလ်ရာဇီ က ပြုလုပ်ခဲ့ပါသည်။ လူသားများအတွက် အန္တရာယ်ဖြစ်နိုင်သော ဆေးပမာဏကို တိရိစ္ဆာန်များနှင့် စမ်းသပ်ရာ၌ ပြဒါးပမာဏကို မျောက်များ၌ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ထိုအကြောင်းကို ၁၃ ရာစု၌ အိဗ်နို့အလ်ဗိုင်သွားရ် (Ibn Al-Baytar) က သူ၏ကျမ်း "အလ်ဂျမိဒ်လိ မုဖ်ရဒါးသ် အလ်အဒ်ဝီယဟ် ဝလ်အဇ်ဇိယဟ်" (Al-Jamie Limufradat Al-Aswiya Wal-Aghdiya) တွင် ဖော်ပြခဲ့ပါသည်။

(ခ) ခွဲစိတ်ကုသရန်နည်းလမ်းများအတွက် စမ်းသပ်ခြင်း

အသက်ရှူလမ်းကြောင်းပိတ်သည့် အရေးပေါ်လူနာများအား အသက်ကယ်နိုင်ရန် လေပြွန်ကိုဖောက်၍ ကုသခြင်းသည် ယနေ့ခေတ်၌ အလွန်အသုံးဝင်သော ကုသနည်းတစ်ခုပင် ဖြစ်ပါသည်။ သို့သော် ရှေးရာစုနှစ်ပေါင်းများစွာတုန်းက အငြင်းပွားဖွယ်ကိစ္စတစ်ခုမျှသာ ဖြစ်သည်။ ရှေးအကျဆုံးအနေနှင့် ၉ ရာစုနှစ်မှ ဆေးပညာရှင် အလ်ရာဇီ နှင့် ၁၀ ရာစုနှစ်မှ ဆေးပညာရှင် အိဗ်နို့စီနာတို့သည် ထိုခွဲစိတ်ကုသခြင်းကို သဘောတူ ထောက်ခံကာ ပြန်လည်စမ်းသပ် တည်ထွင်ခဲ့ကြပါသည်။

အလ်ဇဟ်ရာဝီ (Al-Zahrawi) သည် သူ၏စာအုပ် "အသ်သဆ်ွရီးဖ် လိမန် အဂျဇနင်သ် သအ်လီးဖ်" (Al-Tasrif Liman Ajaz Aan Al-Taalif) တွင် ဖော်ပြခဲ့သည်မှာ လေပြွန်ကို ဓါးဖြင့်လှီးဖြတ်ခြင်းသည် အန္တရာယ်မများသော ခွဲစိတ်မှုဖြစ်ကြောင်းကို သူ၏ ကိုယ်ပိုင်စမ်းသပ်ချက်များကို အခြေခံပြီး ကောက်ချက်ချကာ ထောက်ခံခဲ့ပါသည်။ သို့သော်လည်း အငြင်းပွါးမှုများသည် အိဗ်နို့ဇိုဟ်ရ် (Ibn Zurh) ၏ ခေတ်အထိ ရှိနေဆဲဖြစ်သည်။ အိဗ်နို့ဇိုဟ်ရ် သည် သူ၏စာအုပ် "အသ်သိုင်စီးရ်" တွင် ဤခွဲစိတ်မှုကို သူယခင်က မမြင်ခဲ့ဖူးကြောင်း ၊ ထို့ကြောင့် ထိုခွဲစိတ်မှု၏ အန္တရာယ်ကင်းရှင်းမှုကို သိရှိနိုင်ရန် သူကိုယ်တိုင် လက်တွေ့စမ်းသပ်ခဲ့ကြောင်း ဤသို့ဖော်ပြထားသည်။

" ဤအငြင်းပွားမှုတွေကို သက်သေပြနိုင်ရန် ကျွန်ုပ်သည် ဆိတ်တစ်ကောင်၏ လေပြွန်ဖြင့် စမ်းသပ်ခဲ့ပါသည်။ ဦးစွာ ဆိတ်၏အရေပြားကို လှီးဖြတ်ခဲ့ပါသည်။ ပြီးနောက် လေပြွန်၏အပေါ်ယံလွှာကို လှီးဖြတ်ပြီးသည်နှင့် လေပြွန်ပေါ်လာသည်။ ကျွန်ုပ်သည် လေပြွန်ပေါ်၌ လူပင်စေ့ ထက်သေးသော အရွယ်ခန့် လှီးဖြတ်လိုက်ပါသည်။ ပြီးနောက် ရေနှင့် သေချာဆေးကာ ပျားရေ သုတ်လိမ်းပေးထားပါသည်။ ထိုဆိတ်၏ လေပြွန်ပြတ်ရှဒဏ်ရာသည် အကောင်းပကတိအတိုင်း ပြန်လည် ကောင်းမွန်သွားကာ သက်တမ်းစေ့ နေနိုင်ပါသည်။ "

ထိုအံ့မခန်း စမ်းသပ်တွေ့ရှိမှုသည် အလ်ရာဇီ မှအစပြုခဲ့သော လေပြွန်ဖောက်၍ အရေးပေါ် အသက်ကယ်သည့် tracheostomy ၏ လှေကားထစ်ပင် ဖြစ်သည်။ ဤသို့ အိဗ်နို့ဇိုဟ်ရ် ၏ ဖော်ပြချက်သည် ခွဲစိတ်ကုသခြင်းနှင့် ပတ်သက်၍ ပထမဦးဆုံး မှတ်တမ်းတင်ထားသော တွေ့ရှိချက်ပင်ဖြစ်သည်။ ယနေ့ခေတ် တိုးတက်နေသော ခွဲစိတ်ကုသခြင်းများ၏ အခြေခံရာအုတ်မြစ်ပင် ဖြစ်သည်။

အလ်ဇဟ်ရာဝီ နှင့် အိဗ်နို့ဇိုဟ်ရ်တို့၏ ခေတ်များနောက်တွင် ဆေးပညာရှင် နှစ်ဦးကလည်း ထိုကုသခြင်းကို ထောက်ခံခဲ့သည်။ ထိုသူတို့မှာ မုဝဖ်ဖကွတ်ဒီးန် အဗ်ဒွလ်လသွီးဖ် အလ်ဘဂ်ဒါဒီ (Muwaffaq Al-Deen Abdel-Latif Al-Bagdady) နှင့် အိဗ်နို့အလ်ကဖ် (Ibn Al-Quff) (၁၂၃၂-၁၂၈၆) တို့ပင် ဖြစ်သည်။ ထိုဆေးပညာရှင်ကြီး နှစ်ပါးတို့ကလည်း အသက်ရှူလမ်းကြောင်း ပိတ်ဆို့၍ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် အခြားကုသနည်းများနှင့် မသက်သာနိုင်ကြောင်း ၊ လေပြွန်ကိုဖောက်၍ အသက်ကယ်ခြင်းသည်သာ ရွေးချယ်စရာ ဖြစ်ကြောင်း ပြည့်ပြည့်ဝဝ အကြံပြုထောက်ခံခဲ့ပါသည်။
ထိုမျှသာမက ထိုခွဲစိတ်ကုသခြင်းကို အသေးစိတ်ဖော်ပြကာ ပိုမိုကောင်းမွန်စေရန် ကြိုးစားခဲ့ကြပါသည်။ ၁၅ ရာစုနှစ်၏ ဆေးပညာရှင် ဆာယီလီ (Sayili) ကလည်း ဤကဲ့သို့ပင် ထောက်ခံအကြံပြုခဲ့ပါသည်။

(အပိုင်း - ၆)

(၆) ခွဲစိတ်စစ်ဆေးခြင်းနှင့် လက်တွေ့ စမ်းသပ်ခြင်းများ

အထက် ဖော်ပြချက်များအရ အလ်ရာဇီ၊ အိဗ်နို့စီနာ၊ မို့ဟ်ဇမ် အလ်ဒီးန် အလ်ဘဂ်ဒါဒီ၊ အိဗ်နို့ဇိုဟ်ရ် ၊ အိဗ်နို့ရိုရှ်ဒ် (Ibn Rushd / Averroes) စသော ပညာရှင်ကြီးများသည် ရာစုနှစ်အဆက်ဆက်၌ ဆေးပညာ လက်တွေ့လေ့လာရာ၌ ခန္ဓာဗေဒနှင့် ပတ်သက်၍ ခွဲစိတ်စစ်ဆေးခြင်း လက်တွေ့စမ်းသပ်ခြင်းများကို အလေးထား ဆောင်ရွက်ခဲ့ကြပါသည်။ ၁၃ ရာစုတွင် အစ္စလာမ့် သမားတော်ကြီး တစ်ဦးဖြစ်သော အိဗ်နို့အလ်နဖီးဆ် သည် ခွဲစိတ်စစ်ဆေးစမ်းသပ်ခြင်း အယူအဆကို ဆုတ်ကိုင်ကာ ဆက်လက် လုပ်ဆောင်ခဲ့ပါသည်။ အိဗ်နို့အလ်နဖီးဆ် သည် နှလုံးအားထောက်ပံ့သော သွေးကြောအဖွဲ့ (coronary circulation) နှင့် အဆုတ်အတွင်းရှိ သွေးကြောအဖွဲ့ (pulmonary circulation) တို့ကို ရှာဖွေတွေ့ရှိခဲ့သူ ဖြစ်ပါသည်။ ထို အကြောင်းအရာများကို "ရှရ်ဟို့သရှ်ရီးဟ်အလ်ကာနူးန်" (Sharh Tashrih Al-Qanun) တွင် ဖော်ပြထားပါသည်။

ထိုအပြင် ထိုခေတ်က ခန္ဒာဗေဒပြဋ္ဌာန်းစာအုပ်များတွင် ရုပ်ပုံများ ထည့်သွင်းရေးဆွဲခဲ့ခြင်းများကို ထိုခေတ်က အစ္စလာမ့် ပညာရှင်ကြီးများက စတင်ခဲ့သည်။ ဤသည် ခွဲစိတ်ပညာ တိုးတက်လာခြင်းကို အဓိက ဦးတည် ပေးခဲ့လေသည်။

ဂဲလ်လန် (Galen) သည် ကိုယ်တိုင် ခွဲစိတ်မှုပေါင်းများစွာကို ပြုလုပ်ခဲ့ပြီး တွေ့ရှိမှုများစွာကို မှတ်တမ်းတင်ခဲ့သူ ဖြစ်သည်။ သို့သော် သူ၏တွေ့ရှိချက်များထဲမှ အချို့သည် မှန်ကန်မှုမရှိပါ။ အလယ်ခေတ်၏ အစ္စလာမ့်ပညာရှင်များသည် ဂဲလ်လန်၏ မှားယွင်းသော ခန္ဒာဗေဒ၏ အယူအဆများကို ပြုပြင်ခြင်းအားဖြင့် ဆေးသိပ္ပံပညာ တိုးတက်လာမှု၌ အဓိက ဦးဆောင်လမ်းပြ ထောက်ပံ့ပေးခဲ့ပါသည်။ အိဗ်နို့အလ်နဖီးဆ်၏ "ရှရ်ဟို့သရှ်ရီးဟ် အလ်ကာနူးန်" ၌ ဖော်ပြထားသော အောက်ပါကိုးကားချက်များသည် သူ၏ ကိုယ်ပိုင် စမ်းသပ်တွေ့ရှိမှုများပင်ဖြစ်သည်။ ရာစုနှစ်ပေါင်းများစွာက လက်ခံခဲ့သော ဂဲလ်လန်၏ အယူဝါဒကို မမှန်ကန်ကြောင်း ထင်ရှားစေပါသည်။

" အိဗ်နို့စီနာ က မှန်ကန်သည်ဟု လက်ခံထားသော ဂဲလ်လန်၏ ဖော်ပြချက်တစ်ခုမှာ နှလုံးတွင် သွေးလွှတ်ခန်း ၃ ခန်း ရှိသည်ဟူ၍ ဖြစ်သည်။ ဤသည် မည်သို့မှ မမှန်ကန်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် နှလုံးတွင် သွေးလွှတ်ခန်း ၂ ခန်း သာ ရှိသောကြောင့်ဖြစ်သည်။ အမှန်တစ်ကယ်တော့ ကိုယ်တိုင် ခွဲစိတ်စစ်ဆေးခြင်းအားဖြင့် သူတို့၏ ဖော်ပြချက်များ မမှန်ကန်ကြောင်းကို ထင်ရှားစေခြင်းပင် ဖြစ်သည်။ ထို့အပြင် ဂဲလ်လန်၏ အယူအဆတစ်ခုဖြစ်သော နှလုံးဆီသို့ သွေးနှင့်အာဟာရ ထောက်ပံ့ပေးခြင်းသည် ညာဘက် သွေးလွှတ်ခန်းထဲမှ သွေးများနှင့် သက်ဆိုင်သည်ဟူသော ယူဆချက်သည် လက်ခံနိုင်စရာမရှိပေ။ အဘယ့်ကြောင့်ဆိုသော် နှလုံးဆီသို့ သွေး နှင့် အာဟာရ ထောက်ပံ့ခြင်းသည် နှလုံးအတွင်း၌ရှိသော သီးခြား သွေးကြောအဖွဲ့တစ်ခုနှင့်သာ သက်ဆိုင်သောကြောင့် ဖြစ်သည်။"

မုဝဖ်ဖကွတ်ဒီးန် အဗ်ဒွလ်လသွီးဖ် အလ်ဘဂ်ဒါဒီ (၁၁၆၂ - ၁၂၃၁) ရေးသားခဲ့သော "ကိသားဗ် အလ်အိဖာဒဟ် ဝလ်အိအ်သိဗားရ်" (Kitab Al-Ifadah Wa Al-Itibar) တွင် ပါဝင်သော အောက်ဖော်ပြပါ အလယ်ခေတ် အေဒီ ၁၁၀၀-၁၄၀၀ အတွင်းရှိ အစ္စလာမ့် ပညာရှင်ကြီးများ၏ ကိုယ်တိုင် လက်တွေ့ခွဲစိတ်ခြင်းများအပေါ် ယုံကြည်အားထားခြင်းသည် မှန်ကန်ကြောင်းထင်ရှားစေခဲ့သည်။

". . . လူသား၏ ကိုယ်ခန္ဓာအား ခွဲစိတ်ကာ အရိုးနှင့်အဆစ်တို့၏ ပုံသဏ္ဍာန် အချိုးအစားများကို လေ့လာခြင်းအားဖြင့် ကျွန်ုပ်တို့များစွာ သိရှိခဲ့ရသည်။ ကိုယ်တိုင်ခွဲစိတ်လေ့လာခြင်းက ရှေးယခင်ပညာရှင်ကြီးများ ရေးသားပြုစုခဲ့သော စာတမ်းများကို လေ့လာခြင်းထက် ပို၍သိရှိရသည်။ လူတစ်ဦးနှင့်တစ်ဦး အမြင်မတူသည့်အတွက် ကိုယ်တိုင် ခွဲစိတ်လေ့လာခြင်းသည် ပို၍ကောင်းသည်။ အမှန်တကယ်တော့ ဆေးပညာရှင်တစ်ဦး ရေးသားထားသည်ကို ဖတ်ခြင်းထက် ကိုယ်တိုင် မျက်စိနှင့်လေ့လာခြင်းက ပို၍ ခိုင်မာစွာ သက်သေခံနိုင်ပါသည်။ ဂဲလ်လန်သည် ဆေးပညာနှင့် ပတ်သက်၍ ခွဲစိတ်လေ့လာရာ၌ အမြင့်ဆုံး အရည်အချင်းရှိသည် မှန်သော်လည်း ကျွန်ုပ်တို့ ကိုယ်တိုင် တိုက်ရိုက် ခွဲစိတ်လေ့လာခြင်းသည်သာ ကျွန်ုပ်တို့အတွက် ပို၍တိကျသော အဖြေကို ရရှိပါသည်။ ပြီးနောက် ဂဲလ်လန်၏ ရှင်းလင်းချက်များနှင့် ဖော်ပြချက်များအပေါ်၌ ဝေဖန်သုံးသပ်နိုင်ခဲ့ပါသည်။ ကွဲပြားခြားနားချက်များကိုလည်း ဆွေးနွေးနိုင်ပါသည်။
ထိုထဲမှ ဥပမာတစ်ခုမှာ အောက်မေးရိုးပင်ဖြစ်သည်။ အားလုံးက လက်ခံထားသော အယူအဆတစ်ခုမှာ အောက်မေးရိုးသည် သပ်သပ်စီဖြစ်သော အရိုး ၂ ခုကို မေးရိုးနေရာ၌ သန်မာသော အဆစ်တစ်ခုဖြင့် ဆက်ထားသည်ဟူ၍ ဖြစ်သည်။ ဤအချက်ကို ကျွန်ုပ်တို့ ယခင်က လက်ခံခဲ့ကြသည်။ လက်ခံသည်ဆိုသည်မှာ ဂဲလ်လန် တစ်ဦးတည်းကိုသာ လက်ခံခြင်းဖြစ်သည်။ သူသည်သာလျှင် ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ခွဲစိတ်ခြင်းများကို သစ္စာရှိစွာ ပြုလုပ်ခဲ့ပြီး စာအုပ်စာပေများစွာကို ပြုစုခဲ့သူဖြစ်သည်။ ထိုစာအုပ်စာပေများစွာကို အာရဗီဘာသာဖြင့် ရရှိနိုင်ပြီး အချို့ကို မရရှိနိုင်ပေ။
သို့သော်လည်း ကျွန်ုပ်တို့၏ ကိုယ်ပိုင်တွေ့ရှိချက်များကို အခြေခံပြီး ပြောရမည်ဆိုလျှင် အောက်မေးရိုးသည် ပထမဆုံးသော အဆစ်မရှိသော အရိုးတစ်ခုပင်ဖြစ်သည်။ နည်းလမ်းပေါင်းများစွာကို စမ်းသပ်အသုံးပြုခဲ့ပြီး ကြိမ်ဖန်များစွာ ခွဲစိတ်လေ့လာခဲ့ကြသည်။ ဦးခေါင်းခွံရိုးပေါင်း ၂၀၀၀ ကျော်ကို ရှုထောင့်မျိုးစုံမှ ခွဲစိတ်စမ်းသပ် လေ့လာခဲ့ကြသော်လည်း အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် အောက်မေးရိုးသည် သီးခြားဖြစ်သော အရိုးတစ်ခုဖြစ်ကြောင်းကို ကျွန်ုပ်တို့ တွေ့ရှိရသည်။ ကျွန်ုပ်တို့သည် သီးခြားအုပ်စုများဖွဲ့၍ လေ့လာခဲ့ကြသည်။ ကျွန်ုပ်ကိုယ်တိုင် ထိုအုပ်စုများတွင် ပါဝင်၍လည်းကောင်း ၊ ကျွန်ုပ်မပါဘဲ သီးခြားအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း ပုံစံမျိုးစုံဖြင့် လေ့လာခဲ့ကြပါသည်။ သို့သော် မည်သူတစ်ဦးတစ်ယောက်ကမှ ကျွန်ုပ်တို့၏ တွေ့ရှိချက်ဖြစ်သော အောက်မေးရိုးသည် သီးခြားအရိုးတစ်ခုဖြစ်သည်ဟူသော အချက်ကို ထပ်မံဖြည့်စွက်နိုင်ခြင်း မရှိကြချေ။ ကျွန်ုပ်တို့ တွေ့ရှိချက်သည်သာ အခိုင်မာဆုံးဖြစ်သည်။"

ဤပြိုင်ဘက်ကင်းသော အံ့မခန်းတွေ့ရှိမှုသည် အစ္စလာမ့်ခေတ်က ပညာရှင်ကြီးများ၏ သိပ္ပံရှုထောင့်မှ တောက်ပသော သက်သေခံခြင်းများပင် ဖြစ်သည်။ ထိုကဲ့သို့ နမူနာပေါင်းများစွာကို စမ်းသပ်လေ့လာခြင်းဖြင့် စာရင်းဇယားများကိုလည်း နားလည်သဘောပေါက်လာပါသည်။ ထိုပြင် သံသယနှင့် ဇဝေဇဝါဖြစ်ခြင်း ဘက်လိုက်ခြင်းများကို ရှောင်ကြဉ်နိုင်ပါသည်။ မို့ဟ်ဇဗ် အလ်ဒီးန် အလ်ဘဂ်ဒါဒီ သည် သူ၏စမ်းသပ်ချက်ကို သုံးကြိမ်တိုင်တိုင် ထပ်ခါထပ်ခါ ပြုလုပ်၍ သက်သေပြခဲ့ပါသည်။ ပထမဆုံးအနေနှင့် ကိုယ်တိုင်စမ်းသပ်ခြင်း ၊ ဒုတိယအနေနှင့် ပညာရှင်တစ်စုတို့နှင့် ပူးပေါင်း၍ စမ်းသပ်ခြင်း ၊ တတိယအနေဖြင့် အခြားပညာရှင်တစ်စုတို့ သီးခြားစမ်းသပ်ခြင်း စသည်ဖြင့် ပြုလုပ်ခဲ့ပါသည်။ တိကျမှန်ကန်သော ရလဒ်များကို ရယူနိုင်ရန်အတွက် ဤကဲ့သို့ တစ်နည်းထက်ပိုသော စမ်းသပ်ချက်များကို ပြုလုပ်ခဲ့ပါသည်။

(၇) သေဆုံးပြီး ကြွင်းကျန် ရုပ်လောင်းများအား ခွဲစိတ်စစ်ဆေးခြင်း

(က) တိရိစ္ဆာန်များအား ခွဲစိတ်စစ်ဆေးခြင်း

အောက်တွင်ဖော်ပြထားသော အိဗ်နို့ဇိုဟ်ရ် ၏ "အသ်သိုင်စီးရ်" တွင် သူသည် တိရစ္ဆာန်များကို အသုံးပြုပြီး စမ်းသပ်ချက်တစ်ခု ပြုလုပ်ခဲ့ပါသည်။ အဆုတ်တွင်ဖြစ်တတ်သော အနာကို ကုသနိုင်ရန်အတွက် နည်းလမ်းရှာဖွေရာ၌ တိရိစ္ဆာန်များ၌ လက်တွေ့စမ်းသပ်ခဲ့ကြခြင်း ဖြစ်သည်။

" . . . အဆုတ်တွင်ဖြစ်ပေါ်သော အနာအတွက် ကုသရန် ကုထုံးပေါင်းများစွာ ရှိနေသော်လည်း တိကျစွာ မည်သူမှမသိပါ။ ထိုကုထုံးနည်းနှင့် ပတ်သက်၍ ဖော်ပြလိုပါသည်။ သိုးများတွင်ဖြစ်သည်။ အဆုတ်တွင် အနာဖြစ်နေသောသိုးများကို သိုးအုပ်နှင့်မရောစေဘဲ သပ်သပ်ခွဲထားလိုက်သည်။ ၄င်းတို့ကို သီးသန့်သွားလာ ကျက်စားစေသည်။ သိုးများကို ထိန်းသိမ်းသောသူက အပင်တစ်ပင်ကိုကျွေးရန် အကြံပြုသည်။ ထိုအပင်ကိုစားပြီးနောက် ထိုသိုးများ၏ အဆုတ်အနာသည် သက်သာပျောက်ကင်းသွားကာ ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိခဲ့ပါသည်။ ကျွန်ုပ်ကိုယ်တိုင် သိုးများ၏အဆုတ်ကို ခွဲစိတ်စစ်ဆေးခဲ့သည်။ ထင်ရှားသော သက်သေအဖြစ် အဆုတ်တွင် အနာကျက်ခြင်းနှင့် အနာပြန်ဆက်သွားခြင်းကို တွေ့ရပါသည်။ ယခုအချိန်အထိ ကျွန်ုပ်သည် ထိုဆေးပင်ကို မသိခဲ့ပါ။ ကျွန်ုပ်အလျင် မည်သူတစ်ဦးတစ်ယောက်မှလည်း သိခဲ့မည်မဟုတ်ဟု ထင်ပါသည် . . . "

(ခ) သေဆုံးပြီးလူသားများအား ခွဲစိတ်စစ်ဆေးခြင်း

ထို့ပြင် အိဗ်နို့ဇိုဟ်ရ် သည် နှလုံး၏ အပြင်ဆုံးသောအလွှာ (နှလုံးအကာ) ယောင်ယမ်းသည့် ရောဂါ၌ နှလုံးအကာနံရံအတွင်း ရေစုခြင်းနှင့်ပတ်သက်၍ ဖော်ပြခဲ့ပါသည်။ ထိုအရည်ကို ကြည့်ရသည်မှာ 'ဆီး' နှင့် ဆင်တူသော သဏ္ဌာန်ရှိသည်။ အရောင်သည် ပိတ်နေအောင် နောက်ကျိနေသည်လည်းမဟုတ် ၊ ကြည်လင်နေသည်လည်းမဟုတ် ၊ သူတို့နှစ်ခုကြား ခပ်နောက်နောက်အရောင် (straw colour) ဖြစ်နေသည်။ ဤကဲ့သို့ ရှာဖွေတွေ့ရှိခြင်းသည် နှလုံးကို အပ်နှင့်ထိုးစိုက်ကာ အရည်စုပ်ယူခြင်းမှလည်းကောင်း၊ သေဆုံးပြီး သူထံမှလည်းကောင်း ခွဲစိတ်ထုတ်ယူမှသာ ရရှိနိုင်ပေသည်။ ဤသည် ယခင်က မတွေ့ရှိခဲ့ရဖူးသေးသော တွေ့ရှိမှုအသစ်ဖြစ်ပါသည်။တစ်နည်းအားဖြင့် အိဗ်နို့ဇိုဟ်ရ် ၏ ဖော်ပြချက်ဖြစ်သော
" နှလုံး၏ အပြင်ဆုံးအလွှာထဲ၌ အစိုင်အခဲများ စုနေသည်နှင့် ဆင်တူသည်" ဟူသော အချက်အလက်များကို သေဆုံးပြီးအလောင်းအား ခွဲစိတ်စစ်ဆေးလေ့လာမှသာလျှင် သိရှိနိုင်ပေသည်။

ထိုကြောင့် ဆေးပညာ စတင်တိုးတက်လာသည့် အဦးအစတွင် ခန္ဓာဗေဒနှင့် ပတ်သက်သော ဗဟုသုတဖြစ်ဖွယ် အချက်အလက်များသည် အလွန်တရာ အရေးပါလှပါသည်။ ဆေးပညာသမားတော်ကြီးများနှင့် ခွဲစိတ်ကုဆရာဝန်များအတွက် ခန္ဓာဗေဒနှင့် ပတ်သက်သော တွေ့ရှိချက်များကို စတင်လေ့လာရှာဖွေခဲ့သူ အစ္စလာမ့်ခေတ်က ရှေးပညာရှင်ကြီးများ၏ တွေ့ရှိမှုများသည် အံ့မခန်းဖြစ်သည်။

အနှစ်ချုပ်

အထက်တွင်ဖော်ပြခဲ့သော တွေ့ရှိချက်များအရ ဤကဲ့သို့ ကောက်ချက်ချနိုင်ပါသည်။ ယနေ့တိုးတက်နေသော လက်တွေ့ဆေးပညာ၏ ခေတ်မှီသော အယူအဆများ ၊ ဆေးဝါးစမ်းသပ်ချက်များ ၊ လူ၏ ခန္ဓာကိုယ်တည်ဆောက်ပုံ နှင့် လုပ်ဆောင်ပုံတို့၏ ဖော်ပြချက်များ စသည့်အချက်အလက်များ အားလုံးတို့သည် အစ္စလာမ့်တို့ ဘုန်းမီးနေလ တောက်ပနေသော ၉ ရာစုနှစ်မှ အစပြုကာ အလယ်ခေတ် အေဒီ ၁၁၀၀ - ၁၄၀၀ အတောအတွင်းရှိ အစ္စလာမ့် ဆေးသိပ္ပံပညာရှင်ကြီးများ၏ ကြိုးပမ်းမှုများမှသာ အစပြုခဲ့ခြင်း ဖြစ်ပေသည်။

Rabie E. Abdel-Halim ၏ ဆောင်းပါးအား ဘာသာပြန်ဆိုသည်။ 
(Nay Chi)

((အလ်မုဖီးဒ်))
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Installလုပ်ထားပါ။