Saturday, March 21, 2015

ပညာရှိနှင့် ပညာမဲ့ခြားနားမှု


အကြင်သူသည် အဆိပ်၏ဂုဏ်သတ္တိကို သိနားလည်မှုမရှိခဲ့သော် အဆိပ်ကို ဆင်ခြင်ကင်းမဲ့စွာ သုံးစွဲမည်ဖြစ်၏။ အဆိပ်၏အန္တရာယ်ကို သိရှိနားလည်သူသည် ၎င်းကိုမသုံးစွဲမှီ မိမိအသက်ကို မုချဆုံးရှုံးစေနိုင်သည်ဟု ယုံကြည်မှု ရှိနေသဖြင့် ထိုအဆိပ်ကို မည်သည့်အခါမျှ သုံးစွဲမည်မဟုတ်ပေ။

ထို့အတူ ကျောက်မျက်ရတနာအကြောင်း နားမလည်သူ၏ ရှေ့မှောက်တွင် စိန်တစ်တုံးကျနေပါက ၎င်းကို အလေးထားအာရုံပြုမည်မဟုတ်ပေ။ စိန်အကြောင်း နားလည်သူကသာ ၎င်း၏တန်ဖိုးကိုပေး၍ အမိအရ ဝယ်ယူမည်ဖြစ်သည်။ ဤသူနှစ်ဦးသည် အမြင်ခြင်းတူညီကြသော်လည်း ခြားနားမှုရှိ၏။ တစ်ဦးသောသူသည် ကျောက်မျက်ရတနာ၏ပညာကို မသင်ခဲ့ရသဖြင့် စိန်၏တန်ဖိုးကို မသိနိုင်။ အခြားပုဂ္ဂိုလ်မှာ စိန်၏တန်ဖိုးကိုသိ၍ ကောင်းစွာဆုံးဖြတ်နိုင်စွမ်းရှိ၏။

ထိုသို့ပင် အရဗီစာပေမတတ်သောပုဂ္ဂိုလ်တစ်ဦး၏ ရှေ့မှောက်တွင် မည်မျှစာသားကောင်း၍ ရသမြောက်သော အရဗီစာအုပ်ကိုဖြစ်စေ ၎င်းစာအုပ်မှ စာသားများကိုဖြစ်စေ၊ တွေ့ရှိခဲ့သော် လှည့်၍ပင်ကြည့်မည်မဟုတ်ပါ။ ထိုသို့ပင် အင်္ဂလိပ်စာပေကို မတတ်ကျွမ်းသူ၏ ရှေ့မှောက်တွင် မည်မျှအနှစ်သာရရှိသော အင်္ဂလိပ်စာအုပ်တစ်အုပ်ကိုဖြစ်စေ၊ ၎င်းစာအုပ်မှ စာသားများကိုဖြစ်စေ တွေ့ရှိခဲ့သော် ထိုသူသည် ယင်းစာအုပ်ကို စက္ကူအညံ့စားထက်ပို၍ တန်ဖိုးထားမည်မဟုတ်ပေ။ ဤသို့ ခြားနားမှုရှိခြင်းကို ပြသလိုသည့်အတွက် အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်၌ ဤသို့ရှင်းပြထားတော်မူပေသည်။

هل يستوى الذين يعلمون والذين ﻻيعلمون ○
[ဟလ် ယဆ်သဝိလ် လဇီးမ ယအ်လမူးန ဝလ်လဇီးန လာယအ်လမူးန်]
ပညာရှိနှင့် ပညာမဲ့တို့နှစ်ဦးသည် အဘယ်မှာတူညီနိုင်ပါအံ့နည်း။

အမှန်မှာ လုံးဝမတူညီနိုင်ပေ။ အသိပညာရှိသောသူသည် ကောင်းကျိုးဆိုးကျိုးကို ခွဲခြားနိုင်၍ အသိပညာမဲ့သူသည် အကောင်းအဆိုးကို မခွဲခြားနိုင်ပေ။

ပမာပြုရသော် မော်တော်ကားဒရိုက်ဘာတစ်ဦးသည် စက်သံကိုကြားရုံမျှဖြင့် မိမိ၏ကား စက်ချို့ယွင်းသည်၊ မချို့ယွင်းသည်ကို တပ်အပ်သေချာသိမြင်နိုင်၏။ အကယ်၍ ချို့ယွင်းကြောင်းသိပါလျက် အချိန်မှီမပြုပြင်ခဲ့သော် စက်သည် မုချမီးထတောက်နိုင်ပြီး လိုရာခရီးသို့မရောက်နိုင်ကြောင်း နားလည်ထားပေသည်။

အကယ်၍ ကျွန်ုပ်ကဲ့သို့ မော်တော်ကားအကြောင်းနားမလည်သူက ကားကိုတက်၍ မောင်းနှင်လျှင် ကျွန်ုပ်သည် မုချသေဘေးအန္တရာယ်မှ လွတ်ကင်းနိုင်မည်မဟုတ်ပေ။ သို့သာမက လမ်းသွားလမ်းလာ ပုဂ္ဂိုလ်များကိုပင် အန္တရာယ်ဖြစ်သွားနိုင်ပေသည်။

ထို့အတူ ကျွမ်းကျင်သောဆရာဝန်တစ်ဦးသည် ဝေဒနာရှင်တစ်ဦး၏ သွေးကြောကိုစမ်းသပ်ရုံမျှဖြင့် အတွင်းရောဂါသည် မည်သည့်ရောဂါဖြစ်ကြောင်း ပြောပြနိုင်၏။ ၎င်းက ထိုသို့သိရှိပြီးသောရောဂါကို အချိန်မှီကုသမှုမပြုခဲ့သော် ယင်းဝေဒနာရှင်သည် အသက်ဆုံးရှုံးသွားနိုင်ကြောင်း ထုတ်ဖော်ပြောပြတတ်ပေသည်။ ဤနေရာတွင် ဒေါက်တာရမ်းကုဖြစ်နေပါက မည်သည့်အခြေအနေမျိုးဆိုက်ရောက်သွားနိုင်သည်ကို စဉ်းစားကြည့်ရှုကြလေကုန်။

ပညာရေးစနစ်သည်လည်း ဤနည်းအတိုင်းပင်ဖြစ်၏။ ပညာတတ်မြောက်ထားခြင်းဖြင့် စူးစမ်းလေ့လာနိုင်၏။ ရှာဖွေနိုင်၏။ တီထွင်ကြံဆနိုင်၏။ လောကီလောကုတ္တရာနှစ်ဖြာစလုံးတွင် အရှင်၏နှစ်သက်ရာဖြစ်စေသော ကောင်းမှုကုသိုလ် အကျိုးထူးတို့ကို ကျင့်သုံးနိုင်၏။ ဆောက်တည်နိုင်၏။ မိမိအရှင်က တားမြစ်ထားသော အမိုက်တရားအကုသိုလ်များကို ရှောင်ကြဉ်နိုင်၏။ တော်လှန်နိုင်၏။ စင်စစ်လူသားတိုင်းသည် အသိပညာမရှိခဲ့သော် အကောင်းအဆိုးဟူသော အင်အားစုနှစ်ခုကို မခွဲခြားမသိမြင်နိုင်ပေ။

ဤအင်အားနှစ်ခုကို ခွဲခြားသိမြင်နိုင်ရန် အရှင့်ဘက်တော်မှ ညွှန်ပြထားသည့် ပညတ်ချက်များ ပညာရပ်များဖြင့် အကူအညီရယူနိုင်ပေသည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် ထိုလမ်းစဉ်နှစ်ခုကို သိရှိကြစေရန် ကမ္ဘာဦးဖခင်အာဒမ်သခင်မှစ၍ နောက်ဆုံးပေါ်ထွန်းတော်မူခဲ့သော တမန်တော်မြတ်မုဟမ္မဒ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်အထိ ထောင်ပေါင်းများစွာသော နဗီတမန်တော်များကို စေလွှတ်၍ ရှိုက်သာန်၏ ဒုစရိုက်အမှောင်လမ်းစဉ်မှ ရှောင်ကွင်းစေခဲ့ပြီး အရှင်နှစ်သက်မြတ်နိုးတော်မူသော လမ်းစဉ်ကို စွဲမြဲစွာ ကျင့်သုံးစေခဲ့သည်။

သို့ရှိရာ ကျွန်ုပ်တို့သည် ထိုလမ်းစဉ်ဖြင့် မိမိ၏ဝိညာဉ်ကို သန့်ရှင်းထက်သန်စေပြီး မိမိအရှင်အား အစဉ်မပြတ် ခဝပ်ခြင်း၊ တမ်းတအားထားခြင်းတို့နှင့် နေထိုင်ကြရမည်။ ကမ္ဘာသူ ကမ္ဘာသားများကိုလည်း အရှင့်အမိန့်တော်များကို ထုတ်ဖော်ဟောကြားခြင်း၊ ပြန်ဆိုရေးသားခြင်း သင်ကြားဖြန့်ဖြူးခြင်း စသည်တို့ကို ပြုကြရပေမည်။

لقدمن الله علي المؤمنين اذبعث منهم رسوﻻمن انفسهم يتلواعليهم اياته ويزكيهم ويعلمهم الكتاب والحكمة
[လကဒ် မန်နလ္လာဟု အလ်လလ်မုအ်မိနီးန အိဇ်ဗအစ မင်(န)ဟွမ်(မ) ရစူးလန် မင်(န)အန်ဖုဆိဟင်မ် ယသ်လူအလိုင်ဖ်ဟင်မ် အာယားသိဟီ ဝယူဇက်ကီးဟင်မ် ဝယုအလ် လိမုဟုမုလ်ကိသားဗ ဝလ်ဟိက်မဟ်]

မုအ်မင်န်များအပေါ်၌ အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးဂရုဏာပြုထားတော်မူ၏။ အကြောင်းကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကို ရစူလ်အဖြစ်စေလွှတ်တော်မူခဲ့၏။ ၎င်းရစူလ်သည် အရှင့်အမိန့်တော် (အမှန်တရား၏ ပညတ်ချက်) များကို ဟောကြားတော်မူ၍ ဒုစရိုက်မှုများကို ရှောင်ကွင်းစေတော်မူခဲ့သည်။ ကျမ်းတော်မြတ်ကိုလည်း သင်ကြားပြသ၍ နစ်နာဆုံးရှုံးစေမည့်လမ်းများမှ ကယ်တင်တော်မူခဲ့ပေသည်။

ထိုတမန်တော်တို့၏ အမွေစားများကား အာလင်မ်သာသနာ့ပညာရှင်များ ဖြစ်ကြ၏။ ၎င်းတို့နှင့် ပတ်သက်၍ ကျမ်းမြတ်ကုရ်အာန်တွင် အလ္လာဟ်အရှင်မြတ်က မိန့်ဆိုထားပေသည်။

إِنَّمَا يَخْشَى ٱللَّهَ مِنْ عِبَادِهِ ٱلْعُلَمَٰٓؤُا۟
အလ္လာဟ်အရှင်မြတ်ကို အမှန်တကယ် ကြောက်ရွံရိုသေကြသော ပုဂ္ဂိုလ်တို့သည် အာလင်မ် သာသနာ့ပညာရှင်များသာ ဖြစ်ကြကုန်၏။ (၃၅:၂၈)

ထို့သို့သောပုဂ္ဂိုလ်တို့ဖြင့် ကျွန်ုပ်တို့အား အကောင်းဘက်သို့ ရောက်ရှိလာစေရန် လမ်းညွှန်ပေးစေခဲ့ခြင်းသည် ထိုအရှင်၏ ဂရုဏာတရားပင်ဖြစ်လေသည်။

(မော်လာနာကမ္မရွဒ်ဒီးန် ဦးသန်းမောင်(ဂျာမိအီ) ဘာသာပြန်ထားသည့် "အစ္စလာမ့်ပညာရေး" စာအုပ်ပါ အကြောင်းအရာကို အလ်မုဖီးဒ်က ပြန်လည်တင်ဆက်သည်။)