Sunday, March 15, 2015

အစ္စလာမ့်ပညာရေး ၁


ယခုတင်ဆက်မည့် အကြောင်းအရာသည့် အစ္စလာမ့်ပညာရေး အမည်ရှိ စာအုပ်မှ သာသနာ့ပညာသင်ယူရန် အရေးကြီးခြင်းနှင့် ထူးမြတ်မှုများ၊ တမန်တော်ခေတ် ဆွဟာဗဟ်၊ သာဗိအီးန်ကြီးများနှင့် ခေတ်တိုင်းရှိ သာသနာ့ပညာလည်ပတ်ခဲ့ပုံ စသည့်အကြောင်းအရာများ ဖြစ်ပါသည်။ ဤစာအုပ်သည် မြန်မာပြည် မန္တလေးတိုင်းရှိ မော်လာနာကမ္မရွတ်ဒီးန် ဦးသန်းမောင်(ဂျာမိအီ) ဘာသာပြန်ဆိုထားသည့် အလွန်ဖတ်ကောင်းသည့် စာအုပ်ကောင်းတစ်အုပ်ပင် ဖြစ်ပါသည်။ ထိုစာအုပ်မှတဆင့် ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။ အင်န်ရှာအလ္လာဟ် အခန်းဆက်ပုံစံဖြင့် နေ့စဉ်တင်ဆက်သွားပါမည်။ မိတ်ဆွေများလည်း ၃မိနစ်ခံမျှ အချိန်ပေးကာ တင်ဆက်သည့် အခန်းများကို ဖတ်ရှုကြပါရန် ပြောလိုပါသည်။ အရှင့်အသနားတော်ဖြင့် သာသနာ့ပညာကို သင်ယူရန် အဆင်သင့်ဖြစ်သွားပါမည်။ အလ္လာဟ်အရှင်မြတ်သည် အီမာန်ရှင်တိုင်းအား သာသနာ့အသိပညာ သင်ယူခွင့်နှင့် ပြန်လည်ပို့ချနိုင်ခွင့်တို့ကို ချီးမြှင့်တော်မူပါ။ အာမီးန် (အလ်မုဖီးဒ်)

အဖွင့်စကား
ဤစာအုပ်သည် အိန္ဒိယနိုင်ငံမှ မော်လာနာအိဒ်ရီးစ်(အန်ဆွာရီ) ရေးသားပြုစုထားသည့် ဟမားရီးသအ်လီးမ် ဟူသောကျမ်းစာကို ကျွန်ုပ်က အစ္စလာမ့်ပညာရေး အမည်ဖြင့် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ ကျမ်းပြုရှင်က မိမိကျမ်းစာတွင် သာသနာ့ပညာသင်ယူခြင်း၏ မြင့်မြတ်မှုနှင့် ပညာ၏ အရေးပါမှုတို့ကို အလေးပေးပြဆိုထား၏ ။
အစ္စလာမ်ကလည်း ပညာ၏ မြင့်မြတ်မှုနှင့် အရေးပါမှုတို့ကို ဖော်ပြရာတွင် အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်ထံ ပထမဦးစွာချပေးတော်မူခဲ့သည့် (အိက်ရအ်) ဖတ်လော့။ ထို့နောက် (အလ္လမဗိလ်ကလမိ) အလ္လာဟ်အရှင်မြတ်က ရေးမှတ်ခြင်းကို သင်ပြခဲ့တော်မူခဲ့သည်ဟူသော အာယသ်တော်များပင် ဖြစ်သည်။ ဤသို့ဖတ်ခြင်းနှင့် အတူ ရေးမှတ်ခြင်းကို အထူးပြဆိုထားသည့် အမိန့်တော်များကြောင့် တမန်တော်မြတ်က မုစ်လင်မ်တိုင်း ပညာသင်ယူကြရန် ဖရ်ဇ်တာဝန်ဖြစ်ကြောင်း မိန့်ဆိုခဲ့လေသည်။
သို့ပါ၍ ကျွန်ုပ်သတိပေးလိုသည်မှာ မည်သူမဆို ပညာကို သင်ယူကြပါ။ သင်ပေးကြပါ။ မှတ်သားထားကြပါ။ ပြီးလျှင် လိုက်နာကျင့်သုံးကြပါဟူ၍ ဖြစ်ပေသည်။
အားလုံးမုစ်လင်မ် သိမြင်အဆုံး ကျင့်သုံးနိုင်ကြပါစေ။
((မော်လာနာကမ္မရွဒ်ဒီးန် ဦးသန်းမောင် (ဂျာမိအီ) ၂၈ - လမ်း၊ ရတနာပုံအိုးဘိုဗလီဝင်း၊ မန္တလေးမြို့))

အိလ်မ်ဟူသည်
အရာဝတ္ထုတစ်ခု၏ အရင်းခံဇစ်မြစ်ကို သိရှိနားလည်ခြင်း၊ ခွဲစိတ်ဝေဖန်တတ်ခြင်း၊ ယုံကြည်မှုထားရှိခြင်းကို အရဗီစာပေ၌ အိလ်မ် ပညာဟု ခေါ်ဆိုပေသည်။ အိလ်မ်၏ အများကိန်းသည် အို့လူမ် ဖြစ်၏။ အိလ်မ်၏ ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသူကို အာလင်မ် ပညာရှိသုခမိန်ဟု ခေါ်ဆိုကြပေသည်။
အာလင်မ်၏ အများကိန်းသည် အိုလမာဖြစ်၏။ အာလိမုဒ်ဒီးန် သာသနာ့ပညာရှင်ဟူသည် သာသနာ၏ အရင်းခံအဆီအနှစ်များကို ဂဃနဏနားလည်သိကျွမ်းပြီး ထိုသာသနာအပေါ် စွဲမြဲစွာ ယုံကြည်ကျင့်သုံးသူကို ခေါ်ဆိုကြ၏။ သာသနာ့ပညာနှင့် ပညတ်ချက်များကို သိကျွမ်းနားလည်မှုရှိပြီး ၎င်းအပေါ်ယုံကြည်မှု မရှိပါက ထိုသူကို အာလိမုဒ်ဒီးန် သာသနာ့ပညာရှင်ဟု မခေါ်ဆိုနိုင်ပေ။
အလားတူ သာသနာ့ပညာနှင့် ပညတ်ချက်များအပေါ် ယုံကြည်လေးစားမှုရှိပြီး သာသနာ့အဓိကအဆီအနှစ်များကို မသိနားမလည်ပါမူ ၎င်းကိုလည်း အာလိမုဒ်ဒီးန် သာသနာ့ပညာရှင်ဟု မခေါ်ဆိုနိုင်ပေ။ (အလ်မွန်ဂျိဒ် - စာ ၃၆)
အထက်ပါ ဖွင့်ဆိုချက်ကို ထောက်ရှုခြင်းအားဖြင့် အာလင်မ်တစ်ပါးဖြစ်ရှိရန်အတွက် သာသနာ့ပညာရပ်များကို အရဗီသိပ္ပံကျောင်းများ၌ စနစ်တကျသွားရောက်သင်ယူရမည်။ ဆရာသမားတစ်ဦးဦးထံ အနွံအတာခံ၍ ဆရာနှင့် လက်ပွန်းတတီး နေထိုင်ဆည်းပူးရမည်။ မိမိစီးပွားရေးလုပ်ငန်းများကို လုံးဝစွန့်လွှတ်၍ ကျောင်းတတ်သင်ယူရမည်။ ၎င်းတို့ဆောင်းပေးသော ဘောင်းထုတ်ကို ခံယူမှ အာလင်မ်ဖြစ်မည်ဟူ၍ သတ်မှတ်ချက်မရှိကြောင်း သိမြင်နိုင်ပေသည်။ သို့သော် ထိုသို့သောနည်းစနစ်များဖြင့် သာသနာ့ပညာကို သင်ယူဆည်းပူသူတို့အား သို့လဗာ ကျောင်းသားဟူ၍ ခေါ်ဆိုထိုက်သော်လည်း ၎င်းကို ပုံသေမမှတ်ယူအပ်ပေ။
ပုဂ္ဂိုလ်တစ်ဦးသည် မိမိဝမ်းစာကိုရှာဖွေနေရ၏။ အမောဖြေအပန်းဖြေ အနားယူချိန်များလည်းရှိ၏။ ထိုသူသည် ယင်းအားလပ်ချိန်များမှ  အချိန်ပိုအနည်းငယ်ထုတ်၍ သာသနာ့ပညာများကို အပတ်တကုတ်ကြိုးစားသင်ယူခဲ့၏။ ၎င်းသူကိုပင် သို့လဗာ ကျောင်းသားဟူ၍ ခေါ်ဆိုနိုင်၏။ သို့သာမက .... ထိုသူသည် ကျောင်းသားတစ်ဦး ရရှိအံ့သော ပညာအဆင့်အတန်းနှင့် ပညာ့အကျိုးကုသိုလ်များကိုလည်း ထပ်တူထပ်မျှရရှိနိုင်ပေသည်။
တမန်တော်မြတ်က အစ္စလာမ်သာသနာ့သဘောတရားတွင် မိမိတို့အရောင်းအဝယ်လုပ်ငန်းများကို စွန့်လွှတ်၍ ပညာသင်ယူမှသာ ကျောင်းသားတစ်ဦးဖြစ်ရှိနိုင်သည်။ အာလိမုဒ်ဒီးန် သာသနာ့ပညာရှင်အဖြစ်သို့ ရောက်ရှိနိုင်သည်။ ဟူသော ပြဋ္ဌာန်းချက်ကို လုံးဝမထားရှိခဲ့ပေ။
ယနေ့ ကျွန်ုပ်တို့ မျက်မှောက်ခေတ်တွင် သာဝကကြီးများ၏ စားဝတ်နေရေးနှင့် အုပ်ချုပ်ရေးသမိုင်းမှာ ထင်ရှားစွာရှိနေပေပြီ။ များစွာသော စွဟာဗဟ်သခင်ကြီးများသည် ရောင်းဝယ်ဖောက်ကားခြင်းနှင့် လယ်ယာစိုက်ပျိုးခြင်းဟူသော အလုပ်ကိုလုပ်ကိုင်၍ အသက်မွေးဝမ်းကြောင်းပြုနေခဲ့ကြပေသည်။
အထူးသဖြင့် မုဟာဂျိရ်များသည် ကုန်သည်များဖြစ်ကြ၍ အန်စွာရီများသည် လယ်သမားများဖြစ်ကြ၏။ ထိုသို့ အသက်မွေးဝမ်းကြောင်းအလုပ်ကို နေ့စဉ်နှင့်အမျှ လုံးပမ်းနေကြရစေကာမူ နမားဇ်ကို ဖရ်ဇ်ပညတ်ချက်တာဝန်တစ်ရပ်အဖြစ် မှတ်ယူသကဲ့သို့ သာသနာ့ပညာရှာဖွေဆည်းပူးခြင်းကိုလည်း ဖရ်ဇ်တာဝန်တစ်ရပ်ဟု မှတ်ယူထားကြပေသည်။ ထို့ကြောင့် စွဟာဗဟ်သခင်ကြီးများတွင် မည်သူမျှ ပညာမဲ့မဖြစ်ခဲ့ကြပေ။
တမန်တော်မြတ် ဝဖါးသ် ကွယ်လွန်ပြီးသည့်နောက် ထိုပညာတတ် စွဟာဗဟ်သခင်ကြီးများသည် မိမိတို့ပညာအရညအချင်းနှင့် မိမိတို့နေရာဒေသများတွင် အာလင်မ်ပညာရှင်များအဖြစ် ရပ်တည်နိုင်ခဲ့ကြပေသည်။ တစ်ချိန်က ထိုပုဂ္ဂိုလ်တို့သည် တမန်တော်မြတ်လက်ထပ်တော်တွင် သာသနာ့ပညာရပ်များကို သင်ယူခဲ့ကြသော ကျောင်းသားများဟု ဆိုရပေမည်။
အကယ်၍ ထိုပုဂ္ဂိုလ်တို့သည် ထိုစဉ်က သာသနာ့ပညာရပ်များ သင်ယူခြင်း သင်ကြားပို့ချခြင်းကို သီးသန့်အဖွဲ့အစည်း အသင်းအပင်းတစ်ခု၊ သို့မဟုတ် လူတစ်စု လူတန်းစားတစ်ရပ်၏ တာဝန်သာဖြစ်သည်ဟု မှတ်ယူ၍ လွတ်လွတ်ကင်းကင်း နေထိုင်ခဲ့ပါမူ ယနေ့ကျွန်ုပ်တို့ထံသို့ သာသနာ့ပညာရပ်များ ဤသို့ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိရန် အလွန်ခဲယဉ်းလှပေသည်။
အကြောင်းဆိုရသော် နှောင်းခေတ်ရှိ အပ်စ်ွဟာဗိစွတ်ဖဟ် ဦးရေသည် စွဟာဗဟ်များ၏ အရေအတွက်နှင့် နှိုင်းယှဉ်ကြည့်သော် ဂျုံစေ့နှင့် ဆားပွင့်ပမာ ခြားနားနည်းပါးနေကြောင်း တွေ့ရပေမည်။ အပ်စ်ွဟာဗိစွတ်ဖဟ်များတွင် တမန်တော်မြတ်၏ သြဝါဒတော်များကို အများဆုံးဆင့်ပြန်ပို့ချနိုင်ခဲ့သူမှာ အဗူဟိုရိုင်ရာရသွီယလ္လာဟုအန်ဟု တစ်ဦးတည်းသာလျှင် ရှိခဲ့၏။ သခင်သည် တမန်တော်မြတ်၏ ဟဒီးဒ်သြဝါဒတော်ပေါင်း ခြောက်ထောင်ခန့်ကို တစ်ဆင့်ပြန်လည် ပို့ချပေးနိုင်ခဲ့လေသည်။
အိမာမ်ဗိုခါရီသခင်ကြီးပင် စွဟီးဟ်ဟဒီးစ်တော်ပေါင်း တစ်သောင်းခန့်ကို အာဂုံဆောင်နိုင်ခဲ့၏။ ၎င်းပြင် အခြားဟဒီးစ်တော်ပေါင်းများစွာကိုလည်း ကိုယ်တိုင်စုဆောင်းရေးသားထားပေသည်။ ဤမျှ များပြားလှသော ဟဒီးစ်တော်များကို အဘယ်မှရရှိခဲ့ပါသနည်း။ စဉ်းစာကြည့်ကြလေကုန်။
သာဝကကြီးအွမ္မရ်(ရသွီ)သခင်က ဖွင့်ဆိုခဲ့သည်မှာ ကျွန်ုပ်သည် (အဝါလီ) မဒီနာဟ်မြို့အနီးတဝိုက်မှ ကျေးရွာလေးတွင်နေထိုင်ခဲ့စဉ်က တစ်နေကုန်အလုပ်ခွင်၌သာ ရှိနေခဲ့၏။ အန်စွာရီနောင်တော်များက တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် ထံ ဝင်ရောက်ခစားပြီး သင်ယူမှတ်သားခဲ့ကြသော သာသနာ့ပညတ်တော်များကို ကျွန်ုပ်က ထပ်ဆင့်သင်ယူကျက်မှတ်ခဲ့ရလေသည်။ တစ်ဖန်ကျွန်ုပ်ကလည်း တမန်တော်မြတ်ထံ တစ်လှည့်ပြန်ချဉ်းကပ်၍ ပညတ်တော်များကို ဆည်းပူးသင်ယူခဲ့ပြီး အန်စွာရီများအား တစ်ဆင့်သင်ကြား ပို့ချပေးခဲ့ပါသည်။ (ဗိုခါရီကျမ်း)
သာဝကကြီး အလီဗင်န်ဇူရ်အာ(ရသွီ)သခင်က ဖွင့်ဆိုခဲ့ပါသည်။ တမန်တော်မြတ်မကွယ်လွန်မီ ကိုယ်တော်သည် ဟဒီးစ်တော်များကို ကျွမ်းကျင်ပြီး ပညာအရည်အချင်းနှင့် ပြည့်စုံသော သူတော်စင်သာဝကပေါင်း တစ်သောင်းကျော်ခန့်ကို မွေးထုတ်ပေးခဲ့ပါသည်။ ၎င်းပုဂ္ဂိုလ်မြတ်တို့သည် အစ္စလာမ်လူထုကြီးအား ဟဒီးစ်တော်များကို အဆက်မပြတ်သင်ကြားပို့ချပေးခဲ့ပါသည်။ အကယ်၍ အပ်စ်ွဟာဗိစွတ်ဖဟ်များသာ ပညတ်ချက်များကို သင်ယူဆည်းပူး၍ အဆုံးသတ်ခဲ့ပါလျှင် ဤရာပေါင်းအနည်းငယ်မျှရှိသော အပ်စ်ွဟာဗိစွတ်ဖဟ်များက ထိုတစ်သောင်းကျော်ခန့်ရှိသော ဆွဟာဗဟ်များကို အာလင်မ်ပညာရှင်များအဆင့်သို့ ရောက်အောင် အဘယ်သို့ပို့ဆောင်နိုင်ပါအံ့နည်း။
တမန်တော်မြတ်ကွယ်လွန်ပြီးနောက် ဆွဟာဗဟ်ကြီးများ၏ သာသနာ့ပညာပို့ချရေးအဖွဲ့ဝင်များသည် ဌာနအသီးသီး၌ ရှိနေခဲ့ကြသည်။ ထိုအဖွဲ့အစည်းများတွင် များစွာသောပုဂ္ဂိုလ်တို့သည် အပ်စ်ွဟာဗိစွတ်ဖဟ်များ မဟုတ်ကြပေ။

((အင်န်ရှာအလ္လာဟ် ရှေ့အခန်းတွင် စွဟာဗဟ်တို့၏ ပညာရေးပို့ချရာ ဌာနများ အကြောင်းကို တင်ဆက်ပါမည်။))