Sunday, March 15, 2015

ဆွဟာဗဟ်တို့၏ ပညာပို့ချရာ ဌာနများ


ဆွဟာဗဟ်တို့၏ ပညာပို့ချရေးဌာနများ

မဒီနဟ်မြို့တော်တွင် သာသနာ့ပညာများပို့ချပေးခဲ့သည့် ထက်ပေါ်ကျော်ကြားသော တက္ကသိုလ်ကျောင်းကြီး (၅) ကျောင်းရှိခဲ့ပေသည်။
ပထမ အကြီးကျယ်ဆုံးနှင့် အခမ်းအနားဆုံးသော ကျောင်းတော်ကြီးမှာ အာအိရှဟ်(ရသွီ) သခင်မကြီး၏ ကျောင်းတော်ပင်ဖြစ်သည်။ အာအိရှဟ်(ရသွီ) သခင်ကြီးသည် ပညာအရည်အချင်းနှင့် ပြည့်စုံသော သာသနာ့သုခမိန် သူတော်စင်ကြီးတစ်ပါးဖြစ်၏။ သခင်မသည် (၉)နှစ်တိုင်တိုင် တမန်တော်မြတ်၏ မြောက်သားတော်အဖြစ် ရှိနေခဲ့၏။ တမန်တော်မြတ်ကွယ်လွန်ချိန်တွင် သခင်ကြီး၏ သက်တော်မှာ ၁၈ နှစ်မျှသာ ရှိနေပါသေးသည်။ တမန်တော်မြတ်၏ မြောက်သားတော်အဖြစ်ရှိနေစဉ် တမန်တော်မြတ်ထံမှ နက်နဲသိမ်မွေ့လှသည့် များစွာသော သာသနာ့ပညာရပ်များကို ဆည်းပူးသင်ယူခဲ့ပေသည်။
သာဝကကြီးအဗူမူစာ (ရသွီ) သခင်က ဖွင့်ဆိုခဲ့သည်။ ဆွဟာဗဟ်အချို့တို့သည် တစ်ခါတစ်ရံ ဖသာဝါ ဓမ္မသတ်စီရင်ထုံးနှင့် နက်နဲသော မတ်စ်အလဟ်ပညတ်ချက်များကို ဖြေရှင်းပေးရာတွင် နားမလည်နိုင်သည့် အခက်အခဲများ ရှိနေခဲ့ကြ၏။ ၎င်းကို အာအိရှဟ် (ရသွီ) သခင်မကြီးထံ တင်ပြလျှောက်ထားလျှင် သခင်မကြီးက ယင်းအဖြေများကို လွယ်လင့်တကူ ဖြေရှင်းပေးနိုင်ခဲ့လေသည်။ (မိရှ်ကားသ်ကျမ်း)
ဒုတိယအကြီးဆုံး  ကျောင်းတော်ကြီးမှာ ဇိုင်ဒ်ဗင်န်ဆာဗိသ်သခင်ကြီး၏ ကျောင်းတော်ပင်ဖြစ်သည်။ ၎င်းပညာရှိကြီးသည် အစီးအနင်းဖြင့် သွားလာလေ့ရှိ၏။ ထိုအစီးအနင်းကို အဗ်ဒုလ္လာဟ်အိဗ်နုအဗ္ဗါးစ်သခင်ကဲ့သို့သော ဟဒီးစ်ပါရဂူကြီးများကိုယ်တိုင်ကပင် လေးစားရိုသေစွာဖြင့် သိမ်းဆည်းပေးရသည့် ပုဂ္ဂိုလ်မြတ်တစ်ပါးပင်ဖြစ်သည်။ ၎င်းပုဂ္ဂိုလ်ကွယ်လွန်၍ မြေနှံသဂြုင်္ိလ်သောအခါ အိဗ်နုအဗ္ဗါးစ်သခင်က ပညာသည်နောင်တွင် ဤသို့ဤနှယ်ပျောက်ကွယ်သွားပေမည်။ ယနေ့ ပညာ၏ အကြီးမားဆုံးသော အစိတ်အပိုင်းတစ်ခုမှာ မြေသို့မြုပ်နှံသဂြုင်္ိလ်လိုက်ရလေပြီ ဟု ကြေကွဲဝမ်းနည်းစွာဖြင့် ပြောဆိုခဲ့လေသည်။
ထို့အတူ ဟဒီးစ်ပါရဂူကြီး အဗူဟုရိုင်ရဟ်သခင်ကလည်း ယနေ့ကျွန်ုပ်တို့၏ အာလင်မ်ပညာရှင်ကြီးတစ်ပါး ပျောက်ကွယ်သွားရလေပြီဟု ယူကြုံးမရ ဝမ်းနည်းစွာ ပြောဆိုခဲ့လေသည်။
တတိယကျောင်းတော်ကြီးမှာ ဟဒီးစ်ပါရဂူကြီး အဗူဟုရိုင်ရဟ်သခင်၏ ကျောင်းတော်ကြီးပင်ဖြစ်သည်။ သခင်ကြီးထံ ပညာသင်ယူနေကြသော တပည့်ပေါင်းမှာ (၆ဝဝ) ခန့် ရှိပေသည်။
စတုတ္ထကျောင်းတော်ကြီးမှာ ဂျာဗိရ်ဗင်န်အဗ်ဒုလ္လာဟ်သခင်၏ ကျောင်းတော်ကြီးဖြစ်ပါသည်။ သခင်ကြီး၏ အထူးသီးသန့်သင်ကြားပို့ချရာဌာနသည် မတ်စ်ဂျိဒီနဗဝီ တမန်တော်မြတ်၏ ဝတ်ကျောင်းတော်ဖြစ်တွင်ဖြစ်သည်။
ပဉ္စမကျောင်းတော်မှာ အဗူစအီးဒ်ခူရ်ရာမီသခင်၏ ကျောင်းတော်ကြီးပင်ဖြစ်သည်။
ဆဋ္ဌမကျောင်းတော်မှာ သာဝကကြီး အုမရ်သခင်၏ သားတော် အဗ္ဗဒုလ္လာဟ်သခင်၏ ကျောင်းတော်ပင်ဖြစ်သည်။ သခင်သည် နှစ်ပေါင်း (၆ဝ) တိုင်တိုင် သာသနာ့ပညာများကို သင်ကြားပို့ချပေးခဲ့လေသည်။

ဗစွရဟ်မြို
ဗစွရဟ်မြို့တွင် တမန်တော်မြတ်အား အထူးဝတ်ကြီးဝတ်ငယ်ပြုစုခဲ့ရသော ပုဂ္ဂိုလ်မြတ်ကြီး အနတ်စ်သခင်က (၁၁) နှစ်တိုင်တိုင် သာသနာ့ပညာကို ဖြန့်ဖြူးပို့ချပေးခဲ့ပါသည်။

ဟမ်(စွ)မြို့
ဟမ်(စွ)မြို့သည် ဆီးရီးယားနိုင်ငံ၏ မျက်နှာဖုံးမြို့ကလေးတစ်မြို့ဖြစ်ပြီး မအာဇ်ဗင်န်ဂျဗလ်သခင် နေထိုင်ရာမြို့လည်း ဖြစ်သည်။
တစ်နေ့တွင် အုမရ် (ရသွီ) သခင်အား လူထုကြီးက မိမိ၏အရိုက်အရာဆက်ခံနိုင်သော ပုဂ္ဂိုလ်တစ်ဦးကို ရွေးချယ်သတ်မှတ်ထားပါရန် လျှောက်ထားကြစဉ် အုမရ် (ရသွီ) သခင်က အကယ်၍ မအားဇ်ဗင်န်ဂျဗလ်သခင် (ရသွီ) သည် ယခုအချိန် အသက်ထင်ရှားရှိနေပါက ၎င်းကို ကျွန်ုပ်၏ခလီဖာ ကိုယ်စားလှယ်အဖြစ် ရွေးချယ်မည်ဖြစ်သည်ဟု လေးစားစွာ ဂုဏ်ပြုပြောဆိုခဲ့လေသည်။
အဗူမုစ်လင်မ်ခေါင်လာနီသခင် (ရဟ) က ဖွင့်ဆိုခဲ့သည်။ ကျွန်ုပ်သည် ဟမ်(စွ)မြို့၏ ဂျာမိဗလီကြီးတစ်ခုသို့ ရောက်သောအခါ ဗလီ၏ အသက် (၃ဝ) ခန့်ရှိ ဆွဟာဗဟ်ရွယ်တူများ ဝန်းရံလျှက် ၎င်းတို့အလယ်တွင် လုလင်ပျိုတစ်ဦးက ထိုင်၍ သာသနာ့ပညာများ ဖြန့်ဖြူးနေသည်ကို မြင်ခဲ့ရသည်။ ဆွဟာဗဟ်အသီးသီးသည် ၎င်းလုလင်ပျိုအား မတ်စ်အလဟ်နှင့် ဖသာဝါဓမ္မသတ်များကို မေးမြန်းလျှောက်ထားနေကြ၏။ ကျွန်ုပ်က ထိုလုလင်ပျိုအကြောင်းကို မေးမြန်းစုံစမ်းကြည့်သောအခါ မအားဇ် (ရသွီ) ဖြစ်ကြောင်း သိရှိရလေသည်။

ဒမိရှ်(က်)မြို့
ဒမိရှ်(က်)မြို့တွင် အဗူဒရ်ဒါအ်(ရသွီ)သခင်ကြီးကိုယ်တိုင် သာသနာ့ပညာရပ်များကို ဖြန့်ဖြူးခဲ့၏။ သခင်ကြီးသည် တမန်တော်မြတ်လက်ထက်တော်၌ ကုရ်အာန်ကျမ်းတော်မြတ်တစ်အုပ်လုံးကို အာဂုံဆောင်ကျက်မှတ်နိုင်ခဲ့လေသည်။
သခင်ကြီး သွားလာသောအခါ အနောက်မှ များစွာသော တပည့်တို့ လိုက်ပါလျှက်ရှိကြ၏။ ဤသည်ကို တွေ့မြင်ရသူတို့က ဘုရင်မင်းမြတ်တစ်ပါး ကိုယ်ရံတော်များစွာ ခြံရံလျှက် တိုင်းခန်းလှည့်လည်နေသည်ဟု ထင်မှတ်ခဲ့လေသည်။

မက္ကဟ်မြို့
မက္ကဟ်မြို့တော်တွင် သာသနာ့ပညာကို သူတော်စင်ကြီး အိဗ်နူအဗ္ဗားစ်သခင်က သင်ကြားပို့ချပေးခဲ့၏။ သခင်သည် ကျမ်းစာများ ရေးသားပြုစုရာ၌ အထူးကျွမ်းကျင်မှုရှိသောကြောင့် ၎င်းအား ဗဟ်ရုလ်အိလ်မ် ပညာ့ပင်လယ်ဟူသော ဘွဲ့ဖြင့် ချီးကျူးဂုဏ်ပြုခေါ်ဝေါ်ခဲ့ကြလေသည်။ သခင်သည် ကျမ်းမြတ်ကုရ်အာန်ကို အနက်ဖွင့်ဆိုရာ၌ အထူးကျွမ်းကျင်ပြီး အရည်အချင်းနှင့် ပြည့်ဝသော ပညာရှင်ကြီးတစ်ပါး ဖြစ်ပေသည်။
တစ်နေ့၌ တမန်တော်မြတ်ဆွလ်လလ်လားဟုအလိုင်းဟိဝစလ္လမ်သည် ကိုယ်လက်သန့်စင်ရန် ကြွသွားတော်မူစဉ် အိဗ်နူအဗ္ဗားစ်(ရသွီ) သခင်က မိမိ၏အသိတရားဖြင့် ခွက်တလုံးတွင် ရေထည့်၍ ရိုသေလေးစားစွာ တမန်တော်မြတ်အား ဆက်သတော်မူလေသည်။ ထိုစဉ် တမန်တော်မြတ်က ကိုယ်လက်သန့်စင်ပြီးချိန်တွင် အို အလ္လာဟ်အရှင်မြတ် ဤပုဂ္ဂိုလ်အား ကျမ်းမြတ်ကုရ်အာန်၏ အနက်အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည့်ပညာရပ်များ ပေးသနားတော်မူပါဟု ဆုတောင်းပေးခဲ့လေသည်။

မိစွစ်ရ်မြို့
အဗ်ဒုလ္လာဟ်ဗင်န်အမရ်ဗင်န်အာစွ်(ရသွီ)သခင်သည် မိစွစ်ရ်မြို့သားတစ်ဦးဖြစ်၍ ၎င်းမြို့၌ပင် သာသနာ့ပညာရပ်များကို ဖြန့်ဖြူးပေးခဲ့သည်။ ၎င်းသည် တမန်တော်မြတ်လက်ထက်၌ များစွာသော ဟဒီးစ်တော်တို့ကို ကျက်မှတ်၍ ကျမ်းစာတစ်စောင်အဖြစ် စုဆောင်းရေးသားနိုင်ခဲ့သော သုတေသီကြီး တစ်ဦးဖြစ်ပေသည်။

အနှစ်ချုပ်
စွဟာဗဟ်သခင်များ၏ ပညာသင်ယူခြင်း သင်ကြားပို့ချခြင်းအကြောင်းများကို ဤသို့ အကျဉ်းချုပ်တင်ပြခြင်းအားဖြင့် သိလောက်ပေပြီ။ သို့တစေ ထိုခေတ်ထိုအခါက စနစ်တကျ သင်ကြားပို့ချပေးခဲ့သော ကျောင်းများ မရှိခဲ့ပေ။ တက္ကသိုလ်၊ ကောလိပ်ကျောင်းများလည်း ဤသို့မထွန်းကားကြသေးပါ။ ထိုခေတ်က ထိုစနစ်ဖြင့် အစ္စလာမ်သာသနာ့ပညာရပ်များကို သင်ကြားပို့ချပေးခဲ့သော အကြီးဆုံးသော ဌာနကြီးမှာ မဒီနဟ်မြို့တော်ပင်ဖြစ်သည်။

ထိုမြို့သည် အစ္စလာမ်ဘုရင်များ စိုးမိုးအုပ်ချုပ်ခဲ့သည့် နေရာဒေသပင်ဖြစ်သော်လည်း ကောလိပ်ကျောင်းများ၊ ယူနီဗာစတီကျောင်းများ၊ အခြေခံကျောင်းလေးများဟူ၍ သီးခြားအဆောက်အဦးများ မရှိခဲ့ပေ။ ၎င်းပြင် ကျောင်းသားများ၏ ကျောင်းခေါ်ချိန်စာရင်းကိုလည်း ယခုကဲ့သို့ စနစ်တကျ စီစဉ်ထားခြင်း မပြုခဲ့ကြပေ။

ထိုခေတ်တွင် အာအိရှာသခင်မကြီးနှင့် အဗူဟုရိုင်ရာသခင်ကြီးတို့သည် မိမိတို့နေထိုင်ရာဒေသများမှနေ၍ သာသနာ့ပညာရပ်များကို သင်ကြားပို့ချပေးခဲ့ကြလေသည်။

ဂျာဗိရ်သခင်ကြီးကလည်း မတ်စ်ဂျိဒီနဗဝီ ဝတ်ကျောင်းတော်မှနေ၍ ပို့ချပေးခဲ့၏။ အချို့မုစ်လင်မ်တို့သည် မိမိတို့အရည်အသွေးအလိုက် မိမိတို့မြို့နယ်၊ ရပ်၊ ရွာဒေသများတွင် ပညာသင်ကြားပေးသူ ဆရာအဖြစ်လည်းကောင်း၊ အချို့တို့သည် ပညာသင်ယူသူ စာသင်သားအဖြစ်လည်းကောင်း ရှိခဲ့ကြပေသည်။ ထို့အတူ သာဗိအီန်များ၏ သမိုင်းတစ်လျှောက်လုံးတွင်လည်း အထက်နည်းအတိုင်းရှိခဲ့ကြသည်ကို ဖော်ပြထားပေသည်။

ရှိုက်ခ် ဆရာသခင်ပညာရှင်ကြီးများသည် ဗလီ သို့မဟုတ် ကွင်းပြင်ကြီးများတွင် စုဝေးကြပြီး သာသနာ့ပညာရပ်များကို ပို့ချပေးခဲ့ကြပေသည်။ သင်တန်းသားတစ်စုတွင် လူဦးရေပေါင်း လေးသောင်းခန့်ရှိ၏။ အချို့အုပ်စုတွင် တစ်သိန်းကျော်ခန့် တက်ရောက်သင်ယူလေ့ရှိကြပေသည်။

သို့ရှိရာ ထိုခေတ်၌ သာသနာ့ပညာပို့ချရာ သင်တန်းများသို့ တက်ရောက်လာကြသော အုပ်စုတစ်စုတွင် ရေးမှတ်ကြသူများ၏ ကလောင်နှင့် မှင်အိုးများကို မှန်းဆတွက်ချက်ရသော် လေးသောင်းကျော်ခန့်ရှိမည်ဖြစ်ပြီး ကြားနာသူများ၏ အရေအတွက်သည် မည်မျှများပြားမည်ကို မှန်းဆ၍ မရပေ။

ယနေ့ကျွန်ုပ်တို့ခေတ်တွင် ပညာသင်ယူနေကြသော လူထုကြီးတစ်ရပ်လုံးသည် ၎င်းတို့ကဲ့သို့ သာသနာ့ပညာနိုးကြားမှု၊ ဇွဲလုံလတက်ကြွမှု၊ စိတ်ဓါတ်ကြံခိုင်မှုရှိကြမှာသာ သာသနာ့ပညာပို့ချရေးသင်တန်း၏ ရည်ရွယ်ချက်သည် မမျှော်မှန်းနိုင်သော အောင်မြင်မှုပန်းတိုင်သို့ တက်လှမ်းနိုင်ကြမည် ဖြစ်သည်။ ဤသို့သော သာသနာ့ပညာရပ်များကို ဖြန့်ဖြူးရာတွင် လိုသည်ထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် ပို့ချပေးနိုင်မှသာ သာသနာ့အဆီအနှစ်များကိုလည်း စိတ်အာရုံပြည့် ဖော်ကြူးနိုင်မည်ဖြစ်သည်။

အကယ်၍ သာသနာ့ပညာသင်ယူခြင်းသည် သီးသန့်အဖွဲ့အစည်းများနှင့် ကျောင်းသားများ၏ တာဝန်သာဖြစ်သည်။ သို့မဟုတ် သာသနာ့ပညာသင်ယူရန် မိမိတို့အလုပ်အကိုင်များကို စွန့်လွှတ်၍ ကျောင်းတတ်ကြရမည်ဟု သတ်မှတ်ပြဌာန်းထားခဲ့ပါလျှင် သိန်းနှင့်ချီ၍ရှိနေသော တပည့်တို့၏ စားဝတ်နေရေးကို ဆရာတစ်ဦးတည်းက မည်သို့တာဝန်ယူနိုင်ပါမည်နည်း။

သို့ပါ၍ အောက်ဖော်ပြမည့် အကြောင်းအရာတစ်ခုသည် ကျွန်ုပ်၏ စိတ်ဆန္ဒတွင် လုံလောက်သော အထောက်အထားတစ်ခုဖြစ်မည် ထင်၍ တင်ပြလိုက်ပေသည်။
စိုလိုင်မံဗင်န်ဟရဗ်(ရသွီ)သခင်ကြီးသည် ဘဂ္ဂဒါဒ်မြို့၌ သာသနာ့ပညာရပ်များကို သင်ကြားပို့ချပေးခဲ့၏။ ၎င်း၏တပည့်ပေါင်း လေးသောင်းခန့်ရှိ၏။ ခလီဖဟ်မာမွန်ရရှီးဒ်သည်ပင် ၎င်း၏သင်တန်းသို့ မပျက်မကွက် တက်ရောက်လေ့ရှိခဲ့ပေသည်။ မာမွန်ရရှီးဒ်သည် အစ္စလာမ်နိုင်ငံ၏ အကြီးဆုံးသော ဧကရာဇ်မင်းမြတ်ကြီးတစ်ပါးဖြစ်၏။ ဤသို့ တိုင်းပြည်တာဝန်ကို ထမ်းဆောင်လျှက် စိုလိုင်မံဗင်န်ဟရဗ်(ရသွီ) သခင်ကြီး၏ သင်တန်းသို့ တက်ရောက်သင်ယူခဲ့သည်ကို ထောက်ရှုလျှင် ၎င်းတို့၌ သာသနာရေးစိတ်ဓာတ် မည်မျှတက်ကြွသည် မည်မျှပြင်းထန်သည်ကို တိုင်းတာ၍ မရနိုင်ပေ။ ကျွန်ုပ်တို့၏ သာသနာရေးပညာနိုးကြားမှုစိတ်ဓါတ်သည်လည်း ထိုပုဂ္ဂိုလ်များ၏ စိတ်ဓါတ်ကဲ့သို့ပင် ဖြစ်ကြရပေမည်။

သို့သော် ယနေ့ကျွန်ုပ်တို့ခေတ်တွင် ဥစ္စာပစ္စည်းအနည်းငယ်မျှ စုဆောင်းချမ်းသာလာခဲ့သော် သာသနာ့ပညာသင်ယူရန် ရှက်ကြောက်နေကြ၏။ အောက်တန်းကျသည်ဟု မှတ်ယူနေကြ၏။ သာသနာ့ပညာအနည်းငယ်တတ်မြောက်သွားလျှင်လည်း ဆက်လက်သင်ယူရန် ရှက်နေကြပေသည်။အစိုးရဌာနများ၊ ရုံးကန္နားများတွင် အမှုထမ်းဆောင်ရမည်ဆိုပါက မည်သည့်ပညာမျိုးကိုမဆို လိုသည်ထက်ပို၍ ကြိုစားအားထုတ်ကြသည်မှာ လုံးဝရှက်ကြောက်ခြင်း မရှိကြတော့ပေ။ ကျွန်ုပ်တို့မုစ်လင်မ်များတွင် ဤသို့ ကုမရသော ရောဂါဆိုးစွဲကပ်နေသည်မှာ ဆိုးဝါးလှပေသည်။

ပညာဟူသည် ဆုံးခန်းမရှိသော ပင်လယ်၊ သမုဒ္ဒရာတို့နှင့် တူ၏။ ထိုသို့သောပညာများကို ရရှိကြရန် ကျွန်ုပ်တို့အစ္စလာမ်ဘာသာဝင်တိုင်း အမျိုးသား၊ အမျိုးသမီး၊ ပျို/အိုမရွေး အာလင်မ်၊ ဂျာဟိလ်မခြား၊ ကုန်သည်များ လယ်ယာလုပ်သားများ၊ အလုပ်ကြမ်းနှင့် လက်အောက်ခံလုပ်သားများ၊ ဝန်ထမ်းအရာရှိများ စသည့် လူတန်းစား အလွှာအသီးသီးတို့သည် အသွေးအရောင်၊ အဆင့်အတန်းမခွဲခြားပဲ သာသနာ့ပညာကို လုံးပမ်းအားထုတ်ဆည်းပူးကြရန် အထူးလိုအပ် လှပေသည်။ ဤသို့သော သာသနာ့ပညာရပ်များကို အလေးထားသင်ယူ၍ ဆင့်ပွားပို့ချ ဖြန့်ဖြူးပေးနိုင်ကြရန် နေ့စဉ် အချိန်ပိုထုတ်ကြရမည်။

သာသနာ့ပညာကို တတ်သိနားလည်ပြီး လေးစားလိုက်နာကြသည့် အာလင်မ်များထံချဉ်းကပ်၍ နာယူမှတ်သားကြရမည်။ အမြဲတစေ အိပ်ယာမဝင်မီ ငါးမိနစ်အချိန်ခန့်မျှဖြစ်စေ ဖတ်ရှုကြရမည်။ ကျွန်ုပ်တို့သည် နေ့စဉ် စားခြင်း၊ သောက်ခြင်း၊ အိပ်ခြင်းနှင့် အလုပ်ဝင်အလုပ်ဆင်းချိန်တို့တွင် အချိန်ကို ကန့်သတ်၍ သီးခြားသတ်မှတ်ထားသကဲ့သို့ သာသနာ့ပညာသင်ယူရန်အတွက် မိမိအပေါ်၌ အချိန်တစ်ချိန်ကို ဖရ်ဇ်တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ထားကြရမည်။
အကြောင်းကား တမန်တော်မြတ်က ----------
طلب العلم فريضة على كل مسلم ومسلمة
{သွလဗုလ် အိလ်မိ ဖရီးဒွသွန် အလာကုလ်လိ မုစ်လိမင်န် ဝမုစ်လိမဟ်}
မုစ်လင်မ်အမျိုးသား၊ အမျိုးသမီးတိုင်းအပေါ် သာသနာ့ပညာဆည်းပူးသင်ယူရန် (ဖရ်ဇ်) မပြုမနေရတာဝန်တစ်ရပ် ဖြစ်သည်ဟု မိန့်တော်မူထားပေသည်။

မော်လာနာကမ္မရွဒ်ဒီးန်ဦးသန်းမောင်(ဂျာမိအီ) ဘာသာပြန်သည့် အစ္စလာမ့်ပညာရေး စာအုပ်ပါအကြောင်းအရာကို အလ်မုဖီးဒ်မှ ပြန်လည်တင်ဆက်သည်။