Showing posts with label ခေတ်ပေါ်ယဉ်ကျေးမှုတို့၏ ဆိုးကျိုးများ. Show all posts
Showing posts with label ခေတ်ပေါ်ယဉ်ကျေးမှုတို့၏ ဆိုးကျိုးများ. Show all posts

Sunday, December 30, 2018

မွတ်စ်လင်မ်တို့ မလုပ်ရမည့် တုခြင်းနှင့် တူခြင်း


အစ္စလာမ့်ရှရီအသ်ကို ကျင့်သုံးလိုသူများနှင့် အစ္စလာမ့် ပညတ်ချက်များအား လိုလားနှစ်သက်စွာ လေ့လာနေသူများအတွက် ရည်ရွယ်၍ မုဖ်သီမုဟမ္မဒ်အိဒ်ရီးစ် (Idric Nct) ၏ ဖော်ပြချက်အား အလ်မုဖီးဒ်က ပြန်လည်တင်ဆက်လိုက်ပါသည်။
(ဒုတိယအကြိမ် ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
** Happy New year လုပ်တာ မပိုင်ဘူးပြောရင် ပြက္ခဒိန်လည်း မသုံးနဲ့။
မေးခွန်း။ ဟဒီးစ်တော်မှာ ဘယ်လိုအရာ တုခြင်းကို တားမြစ်တာလဲ။
အဖြေ။ ၎င်းအရာနှင့် ပတ်သက်ပြီး ဟဒီးစ်တော်ပေါင်း ၃ဝ နီးပါး လာသည်။ ဘယ်လိုပုံစံဆိုရင် တုခြင်းဖြစ်ပြီး ဘယ်လိုပုံစံဆိုရင် တူဆင်ခြင်းဖြစ်ကြောင်း အသေးစိတ်သိရန် အစ္စလာမ့်ပညာရှင်များက လေးမျိုးခွဲ၍ တင်ပြထားသည်။
မှတ်ချက်။ တုခြင်း၊ တူဆင်ခြင်း နှစ်ခုလုံးပါဝင်သည်။ အောက်တွင် ဥပဒေသများကို ကြည့်ပါ။
၁။ တခြားဘာသာဝင်တို့၏ ဘာသာရေးဆိုင်ရာ အမှတ်သားအား အီမာန်ရှင်က ရွေးချယ်အသုံးပြုခြင်း။ ပမာ ခရစ်ယာန်တို့၏ cross အမှတ်သား လက်ဝါးကပ်တိုင်အား မိမိအတွက်အသုံးပြုခြင်း။ ၎င်း၏အမိန့်မှာ အီမာန် ပျက်သည်။
ولو وضع علي رأسه قلنسوة المجوس كفر
မီးကိုးကွယ်သူတို့၏ ဦးထုပ်ဆောင်းသူသည် အီမာန်ပျက်၏။ (အလ်မွလ်သကသို့ ဖိလ် ဖသာဝလ်ဟနဖိယာဟ် ၂၄၅)
၂။ ဘာသာခြားတို့နှင့် သက်ဆိုင်သည့် ပွဲလမ်းသဘင်များတွင် ပါဝင်ခြင်း။
ထိုပွဲလမ်းသဘင်အား ထောက်ခံခြင်း၊ နှစ်သက်ခြင်းမရှိဘဲ လိုက်လျောညီထွေစွာ ဆက်ဆံခြင်း နီယသ်ဖြင့် ပါဝင်ပါကလည်း မပိုင်ပါ။ အကယ်၍ ထိုပွဲလမ်းသဘင်အား ထောက်ခံခြင်း၊ နှစ်သက်ခြင်းတို့ပြုပါက အီမာန်ပျက်၏။
إنما الرضا بالكفر مستحينا كفر
(အလ်မွလ်သကသို့ 254)
၃။ ဘာသာခြားတို့နှင့် သက်ဆိုင်သည့် ရိုးရာများကို တူဆင်အောင်ပြုခြင်း၊ တုပခြင်း။
ဘာသာခြားတို့၏ ဘာသာရေးအမှတ်အသား မဟုတ်သော်လည်း ထိုအရာကို ဝတ်ဆင်၊ အသုံးပြုခြင်းအားဖြင့် ဝတ်ထားသူအား အစ္စလာမ်မှအပ တခြားဘာသာဝင်ဖြစ်သည်ဟု (အလွယ်) သဘောပေါက်သွားနိုင်မည်။ ပမာ ခရစ်မတ်နေ့တွင် အနီရောင်ဝတ်စုံ ဝတ်ခြင်း။ ထိုလုပ်ရပ်၏အမိန့်မှာ မပိုင်၊ မက္ကရူးဟ် သဟ်ရီမီ ဖြစ်၏။ ကျင့်သုံးခဲ့သော် ဟရာမ် အမိန့်အတိုင်း ဖြစ်သည်။ (အိက်သေ့သွာအို့ ဆွေ့ရာသွလ်မွစ်သကီးမ် စာမျက်နှာ 941)
သို့သော် ဘာသာတရားနှင့် မသက်ဆိုင်ဘဲ အခြားဘာသာဝင်ဖြစ်ကြောင်း အလွယ်တန်းသိနိုင်သည့် အမှတ်သား တူဆင်မှု၊ တုပမှု၏အမိန့်သည် အပြောင်းအလဲဖြစ်နိုင်သည်။ ပမာ အရင်ခေတ်က ကုတ်၊ ဘောင်းဘီ၊ နက်တိုင်အား ခရစ်ယာန်များသာ အသုံးပြုခြင်းကြောင့် အစ္စလာမ့်ပညာရှင်များက ဟရာမ်ဟုဆိုသည်။ သို့သော် ယနေ့ခေတ်တွင် ကုတ်၊ နက်တိုင်သည် ခရစ်ယာန်ကိုသာ အထူးမပြုတော့ခြင်းကြောင့် အသုံးပြုပိုင်သည်။ (ဟဇရသ်ထာနဝီ၏ အင်မ်ဒါဒွလ် ဖသာဝါကျမ်း၊ ဖသ်ဝါ အမှတ် ၃၄၅။ ကေ့ဖာယသွလ် မွဖ်သီ ဖသ်ဝါ အမှတ် ၁၆၁၉တွင် လေ့လာနိုင်သည်။)
၎။ ဘာသာရေးလုပ်ဆောင်ချက်တခုခုကို ကိုယ်စားမပြုသော ပုံစံ၊ အဝတ်အစား၊ အခမ်းအနား၊ စသည်တို့အား လုပ်ဆောင်ခြင်းသည် အခွင့်ရှိသည်။
ပမာ... ရုံးခန်း (Office) ဖွင့်ခြင်း၊ တည်ဆောက်ခြင်း၊ အဆောက်အဦး ဒီဇိုင်းတုခြင်း၊ သင်ရိုးညွှန်းတမ်း ယူခြင်း၊ ပြက္ခဒိန် အသုံးပြုခြင်း၊ စစ်ဗြူဟာယူခြင်း၊ စစ်လေယာဉ် system ယူခြင်း၊ လွတ်လပ်ရေး ဂုဏ်ပြုအခမ်းအနား စသည်တို့ဖြစ်သည်။
တမန်တော်မြတ် ဆွလ္လလ္လာဟို့ အလိုင်ဟေ့ ဝစလ္လမ် ခေတ်က ခန်ဒသ်စစ်ပွဲတွင် အီရန် ပါရှားတို့၏ စစ်ဗြူဟာဖြစ်သည့် ကျုံးတူးခြင်းနည်းစနစ်အား အီရန် ပါရှန်နိုင်ငံသားဖြစ်သူ ဟဇရသ် စလ်မားန်က တမန်တော်မြတ်ကို လျှောက်ထားသည် အိုကိုယ်တော် ကျနော်တို့ အီရန်တွင် စစ်ဖြစ်ပါက ရန်သူမဝင်နိုင်ရန် ကျုံးတူးသည်ဟု အကြံပြုသောအခါ တမန်တော်က ထိုနည်းအတိုင်း ကျုံးတူးဖို့ အမိန့်ပေးခဲ့သည်။
ထို့အတူ ဟဇရသ် အို့မရ်ခေတ်က တွက်ချက်ခြင်းနည်းပညာအား ပါရှားနှင့် ရောမတို့ထံမှ အတုယူ အကျိုးခံစားခဲ့သည်။ (အလ်ဖာရူးက် မို့ကမ္မလ် ၁၃ဝ၂။ အလ်ဗေ့ဒါယာ ဝမ်(န်)နေ့ဟာယာ ၉၅၄ တို့တွင် လေ့လာနိုင်သည်။)
မှတ်ချက်။ (ထိုလုပ်ရပ်မျိုး၌လည်း) အစ္စလာမ်က တားမြစ်ထားသည့် တခြားသော လုပ်ရပ်များ မပါဝင်ရပါ။
စာရှုသူ မိတ်ဆွေတို့အား အကြံပြုချက်။
ဆဲခြင်း၏ တိုက်ရိုက်စကားလုံးများအစား ငိုးမ ငုံးမ ငါ ~~္လိ~မသား စသည်များရေးခြင်း မပြုအပ်သလို Happy New year အစား မို့ဗာရက်ပါ စလာမ် ပျှော်ရွှင်ချမ်းမြေ့ကြပါစေ စသဖြင့် အကြောင်းအရာတခုကို ရည်ညွှန်းသည့် စကားများအား စကားလုံးပြောင်း၍ အကောင်ထည်ဖော်ခြင်းများကို ရှောင်ရှားရန် တိုက်တွန်းပါသည်။ တမန်တော်မြတ်သည် Happy New year ကို တိုက်ရိုက်စကားလုံးသုံး၍ မမိန့်ခဲ့ပါ။ အထူးပြုသည့် လုပ်ရပ်ကိုသာ ရည်ညွှန်းတားမြစ်ခဲ့ပါသည်။ ယင်းသို့မိန့်ထားခြင်းတွင်လည်း အမြော်အမြင်နှင့် အလွန်ပြည့်စုံပါသည်။ ထို့ပြင် အစ္စလာမ့် အသိတရားမရှိသူများနှင့် အခြေတင် ငြင်းခုံမှု မပြုရန်၊ ၎င်းတို့၏ လုပ်ဆောင်ချက်နောက်မလိုက်ရန် တိုက်တွန်းပါသည်။
ကျနော် (Ade Nct) ရေးခဲ့သည့် အထက်ပါအကြောင်းအရာအား မော်လာနာ ခါလိဒ်ဆိုင်ဖွလ္လာဟ် ရဟ်မာနီ သခင်၏ မွစ္စလ်မာန် ဂိုင်မွစ္စလင်မ် ကေ့ မို့အာရှရေးမေ့ ဆောင်းပါးမှ တင်ပြခြင်း ဖြစ်သည်။
ရေးသားသူ။ မုဖ်သီမုဟမ္မဒ်အိဒ်ရီးစ် (Idric Nct)
အလ်မုဖီးဒ်က ပြန်လည်ဖော်ပြသည်။
၆/ ရဗီအုစ်စာနီ/ ၁၄၃၉။
25/ 12/ 17 (တနင်္လာ)
ဟစ်ဂျရီ 1440/ ဆွဖရ်/ 9
18/10/2018 (ကြာသပတေး)
အလ်မုဖီးဒ်
စာသားကော်ပီယူသူများ မူရင်းအတိုင်း အပြည့်ကူးပါ။ credit အပြည့်ထည့်ပါ။

မျက်နှာအဇားဗ်ကျခြင်း


လူရုပ်ကနေ ကြောင်ရုပ် ခွေးရုပ် ပြောင်းနေကြသူများ ....
ယခင်က အဇားဗ်ကျ၊ ပြစ်ဒဏ်ခတ်ခံရမှ လူတွေက ခွေးရုပ် ၀က်ရုပ် မျောက်ရုပ် စသဖြင့် ရုပ်ပြောင်းခံရတယ်။
ယခုတော့ အဇားဗ်မကျဘဲ ကိုယ့်ဘာသာကိုယ် ဒဏ်ခတ်ပြီး ကိုယ့်ရုပ်ကို ကိုယ်တိုင် ခွေးရုပ် ကြောင်ရုပ်ဖြစ်အောင် လုပ်ကြတယ်။ (ကိုယ့်အဇားဗ် ကိုယ်ချနေကြတာ)
အဖန်ဆင်းခံ အားလုံးထဲမှာ လူက အမြတ်ဆုံးလို့ အလ္လာဟ်က သတ်မှတ်ပေးထားတယ်။
ဒါပေမယ့် အဲဒီ အမြတ်ဆုံး အဆင့်အတန်းကို ရထားတဲ့ လူက နိမ့်တဲ့အဆင့်အတန်းက တိရိစ္ဆာန်တွေနဲ့ သွားတူချင်နေကြတယ်။ ကိုယ့်ကိုယ်ကိုယ် ကြောင်နားရွက်တွေ၊ ခွေးနားရွက်တွေ၊ ခွေးနှာခေါင်းတွေတပ်ပြီး တိရိစ္ဆာန်သဏ္ဍာန်တွေနဲ့ တူအောင် လုပ်ပစ်လိုက်တယ်။
ဘ၀ပေးအခြေအနေ အကြောင်းပြောရင် အမြင့်ဆုံး အကောင်းဆုံး အရာတွေနဲ့ တူလိုတယ်၊ အဲ့ဒီလို ဖြစ်လိုတယ်၊ ပိုက်ဆံဆို အချမ်းသာဆုံး၊ ဥာဏ်ဆို အကောင်းဆုံး၊ ကျန်းမာရေး အကောင်းဆုံး စသဖြင့် ဖြစ်လိုပေမယ့် အလ္လာဟ်ကိုယ်တိုင် သတ်မှတ်ပေးထားတဲ့ အကောင်းဆုံး၊ အမြတ်ဆုံး အဖန်ဆင်းခံဆိုတဲ့ ဆုကိုတော့ ခွေးရုပ် ကြောင်ရုပ်တွေနဲ့ ပြောင်းပြစ်ကြတယ်၊ တိရိစ္ဆာန်ရုပ်တွေနဲ့ တူလိုကြတယ်။
လူကို အလှဆုံး ရုပ်သဏ္ဍာန်အဖြစ် ဖန်ဆင်းထားတယ်ဆိုပြီး ကမ္ဘာ့ဖန်ဆင်းရှင် အလ္လာဟ်က ပြောထားတယ်။ လူ့ရဲ့ ရုပ်ဆင်းသဏ္ဍာန်၊ ပုံစံဟာ ကမ္ဘာပေါ်မှာရှိရှိသမျှ အရာအားလုံးထက် အလှဆုံးဖြစ်တယ်။ လူထက် လှတာ ဘာမှမရှိဘူး။ လူမှအပ ကျန်တဲ့ အလှအပတွေက အလှဆုံးလူတွေ အရသာခံဖို့ ဇိမ်ခံဖို့ ကြည်နူးဖို့ ဖန်ဆင်းပေးထားတာ။ အလှဆုံးလူက အလှဆုံးမဟုတ်တဲ့ အကောင်ပလောင်တွေ တိရိစ္ဆာန်တွေနဲ့ မတူချင်ကြပါနဲ့။ တိရိစ္ဆာန်စိတ်လို့ ပြောရင် မကောင်းတဲ့ ဘက်ကို ရည်ညွှန်းကြောင်း လူစိတ်ရှိသူတိုင်း သိတယ်၊ တိရိစ္ဆာန်ရုပ်ထွက်နေတယ် ပြောရင်လည်း မကြိုက်ကြပါဘူး။ မျက်နှာ၊ ခန္ဓာကိုယ်၊ ခြေ၊ လက် စတာတွေကို တိရိစ္ဆာန်နဲ့ တူအောင်လည်း မလုပ်ကြပါနဲ့။ တဖြေးဖြေးနဲ့ တိရိစ္ဆာန်စိတ်တွေ တိရိစ္ဆာန် စရိုက်၊ တိရိစ္ဆာန်အကျင့်တွေ ရှိလို့ ရှိမှန်းမသိအောင် နှလုံးသားထဲမှာ ၀င်အောင်းလာပါလိမ့်မယ်။ ရုပ်သဏ္ဍာန်ပြောင်းခြင်း အဇားဗ်ကို အချိန်အကုန်ခံပြီး ကိုယ့်မျက်နှာကို ကိုယ်တိုင် ပြစ်ဒဏ်မခတ်ကြပါနဲ့။
နည်းပညာတိုင်းကို အသုံးပြုဖို့ တာဝန်မရှိဘူး။ အပလီကေးရှင်းတိုင်းကို စမ်းသပ်နေဖို့ မလိုအပ်ဘူး။ နည်းပညာအသစ်တိုင်း ရှရီအသ်နဲ့ စမ်းစစ်ပြီးမှ၊ ကိုယ့်အာခိရသ်အတွက် အကျိုးရှိ၊ မရှိ စဉ်းစား ဆင်ခြင်ပြီးမှ အသုံးပြုကြပါ။ အပလီကေးရှင်းသုံးပြီး တိရိစ္ဆာန်ရုပ်ပြောင်းကာ ကိုယ့်ကိုယ်ကိုယ် ဒဏ်ခတ်နေခြင်းကို မလုပ်ပါနဲ့။
လူရုပ်ကနေ ကြောင်ရုပ် ခွေးရုပ် ပြောင်းနေကြသူများဟာ ကိုယ့်မျက်နှာကိုယ် အဇားဗ်ချနေသူတွေနဲ့ တူပါတယ် .... အဇားဗ်ကနေ ရှောင်ကြပါ။
Credit >> အလ်မုဖီးဒ်

Saturday, May 6, 2017

ရာသီမလာရန် ဆေးသုံးပြီး ရိုဇဟ်ထားခြင်းဆိုင်ရာ ပညတ်ချက်




ယနေ့အခါတွင် မွတ်စ်လင်မ်အမျိုးသမီးအများစုတို့အတွင်း၌ ရာသီမလာရန် ဆေးများသုံးပြီး ရမဿွာန်လ၏ ရိုဇဟ်ထားခြင်း၊ ညထူးညမြတ်များရောက်လျှင် ရာသီရပ်သွားရန် လုပ်ဆောင်ခြင်းများကို ကြားသိနေရသည်။ ယင်းသို့ လုပ်ဆောင်ခွင့် ရှိမရှိကိုလည်း မေးမြန်းနေသည်များအား တွေ့နေရသည်။ ထိုကိစ္စနှင့်ပတ်သက်၍ အမျိုးသမီးအားလုံး အသိတရားအမှန်ရစေရန် အလ်မုဖီးဒ်ကနေ တင်ဆက်လိုက်ခြင်း ဖြစ်သည်။

ကုသိုလ်(စဝါးဗ်)ဟူသည် ရှရီအသ်က သတ်မှတ်ထားသည့်အတိုင်း လိုက်နာခြင်းတွင်သာ ရှိကြောင်း မွတ်စ်လင်မ်အမျိုးသမီးတို့ အဓိက သိထားရပါမည်။ ရာသီလာခြင်းဟူသည် အလ္လာဟ်အရှင်မြတ်က အမျိုးသမီးတိုင်းအတွက် သတ်မှတ်ထားသည့် သဘာဝဖြစ်စဉ်တခုမျှသာဖြစ်၏။ အစ္စလာမ်တွင် ရာသီလာနေသည့် အမျိုးသမီးအား သန့်နေသည့် အမျိုးသမီးနည်းတူ အခွင့်အရေးများ ပေးထားသည်။ ထို့အတူ အချို့အချို့သော တာဝန်များအား ပလပ်ပေးထားသည်။ ဤသည်မှာ အလ္လာဟ်အရှင်မြတ်က လူသားများထဲမှ မွတ်စ်လင်မ် အမျိုးသမီးတို့ကိုသာ အထူးပေးထားသည့် အခွင့်အရေးဖြစ်သည်။ အကယ်၍သာ ရာသီလာခြင်းကို တားပြီး ရိုဇဟ်ထားဖို့ရန် လိုအပ်ခဲ့မည်ဆိုပါက ရမဿွာန်ဟူသည် တစ်နှစ်တွင် တလသာ တာဝန်ရှိသည့် ဖရ်ဇ်ဖြစ်သည်။ နေ့တိုင်း တနေ့ကို ငါးကြိမ် နမားဇ်ဖတ်ရန် ဖရ်ဇ်ကို လတိုင်း ကြုံတွေ့နေရသည်။ နမားဇ်သည် ရိုဇဟ်ထက်ပို၍ ကြုံနေရသည့် ဖရ်ဇ်တာဝန်ဖြစ်၏။ ထိုတာဝန်ကို မလစ်ဟင်းစေဘဲ ဆောက်တည်ဖို့ရာ တစ်နှစ်တခါထက် လတိုင်း လတိုင်းက ပို၍ အရေးကြီးပါမည်။ ထို့ကြောင့် လတိုင်းတွင် အနည်းဆုံး ငါးရက် ခုနှစ်ရက် နမားဇ်မဖတ်ရခြင်းအတွက် ဆေးသောက်ပြီး ရာသီမလာအောင်လုပ်ပြီး နမားဇ်ဖတ်ရန် သတ်မှတ်ရပါလိမ့်မည်။ ရှရီအသ်တွင် ထိုသို့မသတ်မှတ်ထားပါ။ ရှရီအသ် စတင်ရာ တမန်တော်မြတ်ရှိစဉ်မှစ၍ မည်သည့် ဆွဟာဗီအမျိုးသမီးကမျှ ရာသီလာခြင်းကို တားဆီးပြီး ရိုဇဟ်စောင့်ခဲ့သည်ဟူ၍ မရှိပါ။ (ဤစကားပြောလို့ အရင်က အဲ့ဒီလို ဆေးမှမရှိတာဟု စောဒကမတတ်ပါနှင့်။ ယနေ့ခေတ်၏ ခေတ်သစ်ပစ္စည်းအားလုံးသည် ယခင်ကာလကတည်းက ရှိပြီးသားများသာ ဖြစ်သည်။) တစ်နှစ်တခါ ကြုံရသည့် ဖရ်ဇ်အတွက်လည်း ဆေးများသုံးပြီး ရိုဇဟ်ထားဖို့ တာဝန်မရှိသလို နဖိလ်အိဗာဒသ်အတွက်လည်း ရာသီလာနေခြင်းအား တားဆီးခြင်း၊ ရပ်တန့်စေခြင်း လုံးဝမပြုရပါ။ ရာသီလာခြင်းကို တားပြီး အိဗာဒသ်လုပ်မည်၊ ရိုဇဟ်ထားမည် စသည့် ခံယူချက်များရှိပါက ဖျက်ပါ။ အိဗာဒသ်သည် နမားဇ်တခုတည်း ရှိသည်မဟုတ်ပါ။ ထို့အတူ ဆေးသောက်ပြီး ရိုဇဟ်ထားဖို့ အစ္စလာမ်က မစေခိုင်းထားပါ။ ရှရီအသ်၏ လွယ်ကူမှုကို လွယ်ကူမှုအတိုင်းထားပါ။ မခက်ခဲစေပါနှင့်။ ယင်းသို့ ဆေးသောက်၍ ရာသီရပ်ဆိုင်းစေခြင်းနှင့်ပတ်သက်သည့် ပညတ်ချက်ကို ပြန်လည် ဖော်ပြလိုက်ပါသည်။ မသိသူများလည်း သိသွားအောင်၊ သိပြီးသားများလည်း ပိုမှတ်မိအောင်၊ မိမိ၏ မိတ်ဆွေများတွင် ထိုသို့ ခံယူချက်များ ရှိနေပါက အမှန်ကို ပြောပြနိုင်အောင် ရည်ရွယ်ပါသည်။ (အလ်မုဖီးဒ်)

ဓမ္မတာဆိုင်းငံ့ခြင်း
ရမ်ဇာန်လနှင့် အခြားသောထွတ်မြတ်သည့် နေ့များအတွက် ဆေးသောက်၍ ဓမ္မတာဆိုင်းငံ့ခြင်း

မေး - အမျိုးသမီးများအနေဖြင့် ရမ်ဇာန်လ၏ ရိုဇာဟ်အတွက်ဖြစ်စေ၊ အခြားသော နေ့ထူးနေ့မြတ်တို့တွင် နမားဇ်၊ သိလာဝသ်များ ပြုနိုင်ရန်အတွက် လစဉ်ဓမ္မတာဆင်းခြင်းကို ဆိုင်းငံ့ရန်အတွက် ဆေးများသုံးစွဲခွင့်ရှိပါသလား။ အစ္စလာမ့်လမ်းညွှန်မှုကို သိရှိလိုပါသည်။

ဖြေ - အထက်ပါပုံစံ ဆေးသုံးစွဲ၍ရိုဇာဟ်ထားခြင်းဖြင့် ရိုဇာဟ်ပိုင်သွားမည်။ သို့သော် အစ္စလာမ့်က တောင်းဆိုထားခြင်းမရှိပါ။ ဆေးပညာအရ အချို့ဆိုးကျိုးများရှိသည်ဟု ဆရာဝန်များက ဆိုကြသည်။ ထို့ကြောင့် ရှောင်ကြဉ်ခြင်းက ပိုကောင်း၏။

မှတ်ချက်။ နားလည်မှုမှားနေကြသော အကြောင်းအရာတစ်ခုမှာ "ဆေးသုံးစွဲ၍ ရိုဇာထားလိုက်ခြင်းက (ရိုဇာကို ခဏရပ်ဆိုင်းလိုက်ပြီး) ကဇွာဖြည့်ရခြင်းထက် ပိုမွန်မြတ်သည်" ဟူသည့် နားလည်ယူဆမှု ဖြစ်သည်။ ထိုနားလည်ယူဆထားမှုသည် လုံးဝမှား၏။ အမှန်မှာ ......ဆေးသုံးပြီး ရိုဇာထားလိုက်ခြင်းဖြင့် စဝါးဗ် အကျိုးကုသိုလ်တွင် တစက်ကလေးမှ ပိုမရသွားသလို ဆေးမသုံးဘဲ ကဇွာလုပ်လိုက်လျှင်လည်း အကျိုးစဝါးဗ်တွင် လုံးဝလျော့နည်းမည် မဟုတ်ပေ။
{ ကြည့် ကေသာဗွလ် ဖသာဝါကျမ်း}

ကုရ်အာန်ကျမ်းတော်မြတ် (နှစ်ပါရဟ်မှ အာယသ်တော် (ယိုရီးဒွတ်လ်လားဟို့ ဗေ့ကိုမွလ် ယွတ်စ်ရ ဝလာယိုရီးဒို့ ဗေ့ကိုမွတ်လ် အွတ်စ်ရ) အဓိပ္ပါယ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထံမှ လွယ်ကူမှုကိုလိုလားပြီး ခက်ခဲမှုကို မလိုလားပေ။ ဟု မိန့်ဆိုထားတော်မူပါသည်။

ရေးသားသူ >> Abu onaiyeis

~ အလ်မုဖီးဒ် ~
ဟစ်ဂ်ျရီ ၁၄၃၆/ ရှအ်ဗာန်/ ၁၅/ ယောင်မုလ်အရ်ဗာအ်


ရာသီမလာစေရန် ဆေးသောက်တားခြင်း၏ အကျိုးဆက်ကို ဆေးပညာရှုထောင့်မှ ဖော်ပြထားခြင်း

ရာသီမလာရန် ဆေးသောက် တားခြင်း
ယခုခေတ် အမျိုးသမီးအများစုတို့သည် ရမဿွာန်လတွင် ရိုဇာကဇွာမဖြစ်ရန်နှင့် ကဒရ်ညမြတ် (အခြားသော နေ့ထူးနေ့မြတ်များ)တွင် အိဗာဒသ်များပြုလုပ်နိုင်ရန်ဟု ရည်ရွယ်၍ ဓမ္မတာမဆင်းစေရန် တားဆေးများ သုံးစွဲကြသည်။ ထိုလုပ်ရပ်သည် လုံးဝမှားယွင်းပြီး ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်သည်။ ဦးစွာပထမကျန်းမာရေးထိခိုက်စေသော အကြောင်းရာများအား တင်ပြပါမည်။ ထိုးဆေးများသုံးစွဲပါက ကိုယ်အလေးချိန် တက်လာမည်။ နောက်ပိုင်းတွင် ရာသီပုံမမှန်ခြင်း ဖြစ်လာနိုင်သည်။ ခေါင်းကိုက်ဝေဒနာရှင်များ သုံးစွဲပါက ရောဂါအခြေနေ ပိုဆိုးရွားသွားနိုင်သည်။ခန္ဓာကိုယ်တွင် ရေဓါတ်များလာမည်။ စိတ်ဝေဒနာရှင်များ လုံးဝမသုံးစွဲသင့်ပါ။ သောက်ဆေးကိုလည်း မလိုအပ်ပါက မသုံးစွဲသင့်ပါ။ (ဤအချက်အား D.R Aishah Rayaan(Dubai) က ပြောပြခြင်း ဖြစ်သည်။)

ယခု အစ္စလာမ့်အမိန့်ကို တင်ပြပါမည်။

အစ္စလာမ်သည် လူသား၏ ကျန်းမာရေးကို ဦးစားပေး ထောက်ထားမှုရှိသော ဘာသာတစ်ခု ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် လူသားများအား မနိုင်ဝန် မထမ်းခိုင်းပါ။ လူသားများ လုပ်နိုင်သော အီဗာဒသ်များကိုသာ လုပ်ရန် ဖရဇ်တာဝန် အဖြစ် ပြဋ္ဌာန်းပေးထားသည်။ ကုရ်အာန်ကျမ်းမြတ်တွင် အလ္လာဟ်အရှင်မြတ်က "လာ ယုကလ် လိဖုလ်လာဟု နဖ်ဆန်၊ အိလ်လာ ဝုဆ်အဟာ" အလ္လာဟ်အရှင်မြတ်သည် လူသားအား ၄င်းတတ်နိုင်သည်ခန့်သာ တာဝန်ပေးတော်မူ၏ ဟု မိန့်တော်မူထားသည်။ မိမိကိုယ်ခန္ဓာအား အဓမ္မစေခိုင်း၍ ဒုက္ခရောက်အောင် ပြုလုပ်ခြင်းကို တမန်တော်မြတ် ကိုယ်တိုင် တားထားတော်မူ၏။ ဆွဟာဗီအမျိုးသမီးတစ်ဦးသည် သဟဂ်ျဂျွဒ်အချိန် အိပ်မငိုက်စေရန် မိမိ၏ဆံပင်အား တိုင်ဖြင့်ချည်ထားကြောင်း တမန်တော်မြတ် သိသောအခါ ထိုသို့မလုပ်ရန် တားမြစ်လိုက်၏။ ထိုနည်းတူ ဆွဟာဗဟ်တစ်ပါးသည် နေ့စဉ်ရက်ဆက် ရိုဇာထား၍ ညစဉ်ညတိုင်း နမားဇ်ဝတ်ပြု၍နေသည်။ တမန်တော်မြတ်သည် ထိုဆွဟာဗဟ်အားလည်း တားမြစ်ခဲ့သည်။ ဖေါ်ပြခဲ့သော ကုရ်အာန်အာယသ်နှင့် ဟဒီးစ်တော်များအရ အမျိုးသမီးတို့သည် ရမဿွာန်ရိုဇာ မပျက်စေရန်နှင့် ညထူးညမြတ်များတွင် အိဗာဒသ်လုပ်ရန်ရည်ရွယ်၍ တားဆေးများ သုံးစွဲခြင်းသည်လည်း မပြုလုပ်ရမည့်အရာဖြစ်ကြောင်း သုံးသပ်ရပါသည်။ လုံးဝမပိုင်၊ ဟရာမ်ဟု ဆိုလိုခြင်းမဟုတ်။

ယင်းကဲ့သို့ ပြုလုပ်ခြင်းတွင် ပုံစံနှစ်မျိုးရှိသည်။
(၁) ရာသီသွေး မပေါ်ခင်ကတည်းကပင် ကြိုတင် ဆေးသုံးစွဲကာ သွေးမပေါ်အောင် တားဆီးခြင်း။
(၂) ရာသီသွေးပေါ်ပြီးကာမှ ဆေးသုံးစွဲ၍ ရပ်တန့်စေခြင်း။ ပထမပုံစံမှာ သွေး လုံးဝပေါ်ခြင်းမရှိသည့်အတွက် ပိုင် သွားမည်။ ဒုတိယပုံစံမှာ သွေးပေါ်ပြီးကာမှ ရပ်တန့်စေသည့်အတွက် အမြဲသွေးပေါ်လေ့ရှိသော ရက်များ၏ နမားဇ်၊ ရိုဇာဟ်များ မပိုင်ပါ။ ထိုနေ့များ၏ ရိုဇာဟ်တို့အား ပြန်လည်ဖြည့်စွက်ရန် ဝါဂျိဗ်ဖြစ်သည်။ သဘာဝအား လွန်ဆန်ပြီး မိမိကျန်းမာရေးအား ထိခိုက်စေနိုင်သော နည်းလမ်းများအား သုံးစွဲ၍ တာဝန်ထမ်းဆောင်ခြင်းသည် မည်သို့မှအကျိုးမရှိပါ။ (ထိုသို့ပြုလုပ်ရန်လည်း အမိန့်မပေးထားပါ။ ထို့အတူ ယင်းသို့ ဖြစ်ပေါ်နေကြအရာအား တားဆီးပြီး အိဗာဒသ်ပြုလုပ်လျှင် ပိုမြတ်၏ဟုလည်း မိန့်ထားခြင်းမျိုးမရှိပါ။ အရှိအတိုင်းသာ အမိန့်နာခံရန် ခိုင်းထားခြင်း ဖြစ်၏။) ထို့ကြောင့် သဘာဝအတိုင်းပင် ဖြစ်လေ့ရှိတတ်သော ရာသီလာခြင်းအား မတားဆီးဘဲ အမလ်အိဗာဒသ်များ ပြုလုပ်ပါရန် တိုက်တွန်းအပ်ပါသည်။

အမျိုးသမီးတို့အတွက် ရိုဇဟ်ဆိုင်ရာ အသိပညာများအား ဤလင့်တွင် ဖတ်နိုင်ပါသည်။
http://aaitee.blogspot.com/2016/06/blog-post_12.html

အလ်မုဖီးဒ်
ရှအ်ဗာန်လ/၉/ ဟိဂ်ျရီ 1438 (ယောင်မုစ်စဗ်သိ)
6/5/2017(စနေနေ့)

Monday, March 9, 2015

ဂျလာတင်းအကြောင်း


နေ့စဉ်သောက်နေကြသော ဆေးဝါးတောင့် Medicine Capsules များနှင့် အစ္စလာမ့်တရားတော်၏ အမိန့်ပညတ်ချက်
** စုဆောင်းတင်ပြသူ >> မုဟမ္မဒ်အာတီယား - (B.Sc.(Chem:) **

မုဖ်သီမုဟမ္မဒ်စူရတီဆွာဟိဗ် (မဇွာဟေရီ) ၏ အမှာစာ
စာရှုသူ လူကြီးမင်းလက်ဝယ်ရှာ " ဆေးဝါးတောင့်များနှင့် အစ္စလာမ့်တရားတော်၏ ပညတ်ချက် " စာစဉ်ကို မုဟမ္မဒ်အာတီယား ဆွာဟိဗ်မှ စုစည်းရေးသားတင်ပြထား၏။ စာရေးသူသည် (B.Sc.(Chem:) ဘွဲ့ရပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါသည်။ စာရေးသူသည် ကျွန်ုပ်တို့၏ အကာဗိရ်အကြီးအကဲ စစ်မှန်သောသာသနာ့ပညာရှင်ကြီးများ၏ အဆိုအမိန့်များကိုသာ စုစည်းတင်ပြထားခြင်း ဖြစ်၏။ ဟရာမ်၊ ဟလာလ် ခွဲခြားခြင်း ပျောက်ကွယ်နေသော မျက်မှောက်ခေတ်အတွက် စာရေးသူ၏ ကြိုပမ်းမှုသည် အလွန်အားရကျေနပ် ဝမ်းမြောက်ဖွယ်ကောင်းသော ကြိုးပမ်းမှုပင် ဖြစ်၏။ အလ္လာဟ်အရှင်မြတ် စာရေးသူကို စစ်မှန်သောသာသနာ့ပညာရှင် အကြီးအကဲများ၏ အရိပ်အောက်တွင်နေကာ ပို၍ကြိုးပမ်းနိုင်စွမ်း သောဝ်ဖီးက်ချီးမြှင့်တော်မူပါစေ။ (အာမီးန်) **မုဖ်သီ မုဟမ္မဒ်စူရတီ(မဇွာဟေရီ)**

စုဆောင်းတင်ပြသူ၏ အမှာစာကျွန်ုပ်တို့ စားသောက်သုံးစွဲနေသော အစားအစာများ အထူးသဖြင့် ဆေးဝါးများတွင် ဟရာမ်ဖြစ်သောသားကောင်တို့၏ ဆေးဝါးများ ပါဝင်နေကြောင်း မသိရှိသူ များပြားလှပါသည်။ အစားအစာနှင့် ဆေးဝါးတို့တွင် ဟရာမ်ဖြစ်စေသော ပစ္စည်းများ အနည်းမျှပင်ပါဝင်နေလျှင် ထိုအစားအစာနှင့် ဆေးဝါးတို့ကို ဟလာလ်ဖြစ်သည်ဟု မသတ်မှတ်နိုင်တော့ပေ။ ထို့ကြောင့် သက္ကဝါတရားထားသူ အီမာန်ရှင်တစ်ဦးအနေဖြင့် မိမိသုံးဆောင်မှီဝဲမည့် အစားအစာနှင့် ဆေးဝါးတို့တွင် ဟရာမ်ပစ္စည်းပါဝင်ခြင်း ရှိ မရှိကို စူးစမ်းစစ်ဆေးရန် လိုအပ်ပေမည်။ ဤစာအုပ်ကို အင်တာနက်ပေါ်ရှိ တောင်အာဖရိကနိုင်ငံ ဇမ်ဘီယာမြို့၊ အိုလမာအဖွဲ့ ဝဘ်ဆိုဒ်၊ မလေးရှားဝဘ်ဆိုဒ်နှင့် ဆော်ဒီအာရေဗီးယားနိုင်ငံ၏ ဝဘ်ဆိုဒ်များမှ newslatter များကို မြန်မာဘာသာပြန်၍ စုဆောင်းပြုစုထားပါသည်။ ညီနောင်မုစ်လင်မ်တို့အတွက် အကျိုးဖြစ်မည်ဟု ယုံကြည်ပါသည်။ ဤစာအုပ်ကို ဖတ်ရှုလေ့လာစစ်ဆေးပေးသော မုဖ်သီမုဟမ္မဒ်စူရတီဆွာဟိဗ်အား အထူးကျေးဇူးဥပကာရ တင်ရှိပါသည်။ ** မုဟမ္မဒ်အာတီယား - (B.Sc.(Chem:) **
နေ့စဉ်သောက်နေကြသော ဆေးဝါးတောင့် Medicine Capsules များနှင့် အစ္စလာမ့်တရားတော်၏ အမိန့်ပညတ်ချက်ကျွန်ုပ်တို့နေ့စဉ်သောက်နေကြသော ဆေးတောင့် အမာ၊ အပျော့ Medicine Capsules များကို ဟရာမ်ဂျလာတင်း သုံး၍ ပြုလုပ်ထားသောကြောင့် အစ္စလာမ့်တရားတော်အရ ဤသို့သောဆေးများဖြင့် ဆေးကုသခွင့် ရှိ မရှိကို ရှင်းလင်းတင်ပြခြင်း။
အို လူသားအပေါင်းတို့ အသင်တို့သည် ကမ္ဘာမြေပေါ်ဝယ် ရှိလေသောအရာများအနက်မှ စားသုံးပိုင်ခွင့်ပြုထားသော ဟလာလ်သန့်စင်သောအရာများကို စားသုံးကြလော့။ သို့ရာတွင် အသင်တို့သည် ရှိုက်သွာန်၏ ခြေရာများကို ဖဝါးခြေထပ်မလိုက်ကြကုန်လင့်။ အမှန်စင်စစ် ယင်းရှိုက်သွာန်သည် အသင်တို့၏ ပွင့်လင်းထင်ရှားလှစွာသော ရန်သူရန်ဘက်ပင်ဖြစ်ချေသည်။ ကုရ်အာန် ၂: ၁၆၈
အို မုအ်မင်န် ယုံကြည်သူအပေါင်းတို့ အသင့်တို့အား ငါအရှင်မြတ်ပေးသနားတော်မူသော ကောင်းမွန်သန့်ပြန့်သော အဟာရများအနက်မှ အသင်တို့သည် ကြိုက်နှစ်သက်ရာကို စားသုံးကြကုန်။ ၎င်းအပြင် အကယ်၍ အသင်တို့သည် အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ကြပါလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ကြကုန်။ ၂/၁၇၂
ထို့ပြင်တစ်ဝ အသင်တို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူသည်များအနက်မှ စားသုံးခွင့်ပြုထားတော်မူသော သန့်စင်သောအရာများကို စားသုံးကြလေကုန်။ ၅: ၈၈
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်၌ အသေကောင်များကိုလည်းကောင်း၊ ယိုစီးသောသွေးကိုလည်းကောင်း၊ ဝက်၏အသားကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ နာမတော်မှတစ်ပါး အခြားကိုးကွယ်ရာများ၏ အမည်နာမများကို တသပြီး လှီးဖြတ်ထားသော တိရိစ္ဆာန်များကိုလည်းကောင်း မုချတားမြစ်ထားတော်မူလေသည်။ ၂: ၁၇၃
ဟရာမ် အစားအသောက် စားထားသူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်နိုင်မည်မဟုတ်ပါ။ (မိရှ်ကားသ်ကျမ်း)
ဟရာမ် စားသုံးပိုင်ခွင့်မရှိသည့်အရာများနှင့် ဟလာလ်စားသုံးပိုင်ခွင့် ရှိသည့်အရာများကို ရောနှောလိုက်ပါက စားသုံးပိုင်ခွင့်ရှိသည်များကိုပါ ဖျက်ဆီးပစ်လေသည်။ (မိရှ်ကားသ်ကျမ်း)
အလ္လာဟ်အရှင်မြတ်သည် ဟရာမ်ဖြစ်သောအရာများထဲတွင် အသင်တို့၏ ရောဂါများကို ပျောက်ကင်းစေသောအရာများ ထည့်ထားတော်မူခြင်း မရှိ။ (ဗုခါရီကျမ်း)
မိမိတို့နေစဉ်သောက်နေကြသော ဆေးတောင့် အမာ အပျော့ Medicine Capsules များကို ဟရာမ် ဂျလာတင်း သုံး၍ ပြုလုပ်ထားပါသည်။ ဥရောပနိုင်ငံရှိ ဂျလာတင်း Gelatine ထုတ်လုပ်သူတို့၏ အဆိုအရ ၈ဝရာခိုင်နှုန်း ဝက်သားရေ၊ ၁၅ရာခိုင်နှုန်းကို နွားသားရေနှင့် ကျန် ၅ရာခိုင်နှုန်းကို ဝက်နှင့် နွားတို့၏ အရိုးတို့မှ ထုတ်ယူခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံ၊ ဥရောပနိုင်ငံများ၊ အမေရိကနိုင်ငံများမှ အများဆုံးထုတ်လုပ်ကြပါသည်။
ကမ္ဘာ့ဂျလာတင်း Gelatine ထုတ်လုပ်မှုမှာ တစ်နှစ်လျှင် ၃၃ဝ,ဝဝဝ မက်ထရစ်တန် ဖြစ်သည်။ ယင်းထုတ်လုပ်မှုတွင် ၂ရာခိုင်နှုန်းသာ ဟလာလ်ဂျလာတင်းဖြစ်ပြီး ကျန် ၉၈ ရာခိုင်နှုန်းမှာ ဟရာမ်ဂျလာတင်းဖြစ်ပါသည်။
ဂျလာတင်း (GELATING) ဆိုသည်မှာ အဘယ်အရာနည်း။Gelatine ဆိုသည်မှာ တိရိစ္ဆာန်၏ သားရေနှင့် အရိုးတို့မှထုတ်ယူရရှိသော စားသောက်ဖွယ် အသားဓာတ်တစ်မျိုး (Good Protein) ဖြစ်ပါသည်။ Gelatine ၏ ထူးခြားချက်မှာ ယင်းသည် နိမ့်သောအပူချိန်တွင် ရေ၌ပျော်ဝင်ပြီး၊ အခဲဘဝမှ အရည်ဘဝသို့ အပူရှိန်းအနည်းငယ်မျှ ရရုံဖြင့် ပြောင်းလဲနိုင်ပါသည်။ လူ၏ ကိုယ်ခန္ဓာ၏အပူချိန်ထက် နိမ့်သောအပူရှိန်တွင်လည်း ပျော်ဝင်နိုင်သဖြင့် Gelatine ကို ပါးစပ်တွင်ထည့်ရုံမျှဖြင့်လည်း ပျော်သွားပြီး အလွန်ထူးကဲသောအရသာကို ရရှိစေပါသည်။ Gelatine ကို ထုတ်လုပ်သောအဓိက ကုန်ကြမ်းပစ္စည်းမှာ သားရေနှင့် အရိုးတို့ဖြစ်ပါသည်။
- အရိုးမှ ထုတ်လုပ်ခြင်း -
အရိုးမှ ထုတ်လုပ်ရာတွင် အရိုးကိုကြိတ်ခွဲ၍ ဟိုက်ဒရိုကလိုရစ်အက်စစ်အပျော့တွင် စိတ်ထားခြင်းဖြင့် အရိုးအတွင်းရှိ ကယ်လ်ဆီယမ်ကာဗွန်နိတ်နှင့် ဖော့စဖိတ်တို့ကို ပျော်ဝင်စေသည်။ အကြွင်းအကျန်အဖြစ်ရရှိသော ပရိုတင်းအသားဓာတ်မေထရစ် Residual Protein Matrix (Collagen 1) ကို ရေထဲသို့ထည့်၍ အပူပေးခြင်း၊ စစ်ထုတ်ခြင်း၊ လက်ကျန်အရည်မှ အညစ်အကြေးများကို ဓာတုနည်းဖြင့် သန့်စင်စေပြီးနောက် ရရှိသော အပြစ်ချွဲရည်ကို ခဲခြင်း၊ အခြောက်ခံခြင်းတို့ကို ပြုလုပ်ပါသည်။ နောက်ဆုံးတွင် ရရှိသော (Gelatine) အခဲများကို အမှုန့်ကြိတ်ခြင်းဖြင့် စားသုံးရန် အသင့်ဖြစ်စေပါသည်။
- သားရေမှ ထုတ်လုပ်ခြင်း -
ငယ်ရွယ်သော သားကောင်များ၏ သားရေကို pH 4 ဖြစ်စေရန် အက်စစ်ထည့်၍ အက်စစ်ဒီဖိုင်းဒ် acidified ပြုလုပ်ပြီး ရေနွေးတွင် ကော်လဂျင် collagen များကို ပျော်ဝင်စေရာမှ (Gelatine) ကို ထုတ်ယူပါသည်။ သက်ကြီးရွယ်အို သားကောင်များ၏ သားရေကို အယ်လ်ကလိုင်း Alkaline ဖြင့် အမွေးအမှင်များကို ဖယ်ရှားပြီး ရရှိသော သားရေကို pH 4 ဖြစ်စေရန် အက်စစ်ထည့်၍ အက်စစ်ဒီဖိုင်းဒ် acidified ပြုလုပ်ပြီး ရေနွေးတွင် ကော်လဂျင် collagen များကို ပျော်ဝင်စေခြင်း၊ သန့်စင်ခြင်း စသည့်အဆင့်များကို ဖြတ်သန်းရာမှ ဂျလာတင်း Gelatine ကို ထုတ်ယူရရှိပါသည်။
ဂျလာတင်း (Gelatine) ကို အစားအသောက်ထုတ်လုပ်ရာတွင် ကျယ်ပြန့်စွာ အသုံးပြုကြကြောင်း တွေ့ရပါသည်။ ဥပမာ အချိုပစ္စည်းများ၊ ရေခဲမုန့်၊ တော်ဖီ၊ စွပ်ပြုပ်အမှုန့်၊ marshmallow ဆိုသည့် အချိုမုန့်၊ ကလေးများစားကြသည့် ဂျယ်လီများ၊ စည်သွပ်ဗူး၊ ဒိန်ချဉ်ဗူး၊ သောဆေးဝါးတောင့်များ (အမာ၊ အပျော့) အစရှိသည်တို့ကို ထုတ်လုပ်ရာတွင် ကျယ်ပြန့်စွာသုံးလေ့ရှိကြပါသည်။
အစ္စလာမ့်ရှုထောင့်မှ Gelatine ဂျလာတင်းကို စားပိုင် မပိုင် လက်တွေ့လေ့လာဆန်းစစ်ခြင်း။ သမားရိုးကျ သာသနာ့ပညာရှင်များ ( ဖုကာဟာ Fuqaha (Jurists) တို့က မသန့်ရှင်းသော အရာတစ်ခုမှ သန့်ရှင်းသည့် အရာတစ်ခုသို့ လုံးဝကူးပြောင်းသွားခြင်း (သဗ်ဒီလေမာဟိယသ် သို့မဟုတ် ကလဘ်အေမာဟိယသ် Tabdeel-e-Maahiyat (or) Qalb-e-Maahiyat) ဟူသော အဆိုအသုံးအနှုန်းတို့ကို သုံးလေ့ရှိကြပါသည်။
ဥပမာ အရက်မှ ရှလကာရည်အဖြစ်သို့ ကူးပြောင်းသွားခြင်းဖြစ်ပါက စားသုံးနိုင်သည်ဟူသော အဆိုနှင့် ဝက်သတ္တဝါသည် ဆားကျင်းထဲသို့ ကျသေသွား၍ ဝက်သေသည် ပျက်စီးပုပ်သိုး၍ ဆားအဖြစ်သာ အပြတ်အသတ်ကူးပြောင်းသွားခြင်းဖြစ်ပါက စားသုံးနိုင်သည်ဟူသော အဆိုများရှိသည်ကို တွေ့ရပါသည်။
အထက်ဥပမာကို အခြေခံ၍ တိရိစ္ဆာန်၏ သားရေနှင့် အရိုးများသည် ဟရာမ်အကောင်များမှ ရရှိသည်ဖြစ်ပါစေ Gelating အဖြစ်သို့ ပြီးပြည့် ပြတ်သားစွာ ရုပ်ပြောင်းလဲခြင်းနှင့် ဓာတ်ပြောင်းလဲခြင်း ဖြစ်လာခဲ့သည်ရှိသော် စားသုံးနိုင်မည်ဖြစ်ပါသည်။ အားလုံးသိရှိထားပြီးသည့် အဓိကအချက်မှာ အပြီးအပြတ် ရုပ်ပြောင်းလဲခြင်းနှင့် ဓာတ်ပြောင်းလဲခြင်း ဖြစ်သွားမှသာလျှင် Gelatine မှာ ဟလာလ်ဖြစ်မည်။
Gelatine သည် အပြီးအပြတ် ရုပ်ပြောင်းလဲခြင်းနှင့် ဓာတ်ပြောင်းလဲခြင်းဖြင့် ရရှိပါသလား။ လုံးဝမရရှိပါဟူသော အဖြေကို ပေးနိုင်ပါသည်။ ဟရာမ်ဖြစ်သည့် ဝက်သားကောင် သို့မဟုတ် အစ္စလာမ့်ခွင့်ပြုထားသည့် ဘောင်အတွင်းမှ လှီးဖြတ်ခြင်း မပြုထားသည့် သားကောင်များသည်လည်း ဟရာမ်ဖြစ်၏။ ထို့သို့သောသားကောင်များမှ ထုတ်လုပ်သော Gelatine
 များသည် လုံးဝဟရာမ်ဖြစ်ပြီး လက်ခံနိုင်ဖွယ်ရာမရှိပါ။
လင်းန်နော့ဒေးဗစ် (Lennox Devis ) သည် Gelating ထုတ်လုပ်သည့် အကြီးဆုံးစက်ရုံဖြစ်ပြီး အမေရိက၊ သြစတေးလျ စသည့်နိုင်ငံ မြောက်များစွာတွင် စက်ရုံပိုင်များရှိကြပါသည်။ တောင်အာဖရိကရှိ ခရူဂါစ်ဒရော်ပ်မြို့ (Krugersdorp South Africa) တွင် အကြီးဆုံးသော စက်ရုံခွဲတစ်ခုရှိပါသည်။ တောင်အာဖရိကရှိ ဤစက်ရုံကို ဝါရင့်မုဖ်သီများ၊ သာသနာ့ပညာရှင်ကြီးများက နှစ်ပေါင်းများစွာ ဝင်ရောက်လေ့လာခဲ့ကြပါသည်။ ၁၉၉ဝ ခုနှစ် သြဂုတ်လတွင် တောင်အာဖရိကနိုင်ငံ ထရန်းစ်ဝါးလ် Transvaal ခရိုင် အိုလမာအဖွဲ့မှ ဝါရင့်မုဖ်သီများကလည်း Gelatine ထုတ်လုပ်သည့် လုပ်ငန်းစဉ်တစ်ခုလုံးကို အနီးကပ်လေ့လာခဲ့ကြပါသည်။ ထိုအဖွဲ့၏ အနီးကပ်လေ့လာတွေ့ရှိချက်အရလည်း Gelatine ကို စားသုံးပိုင်ခွင့်မပြုနိုင်ကြောင်း တွေ့ရှိခဲ့ပေသည်။ ၁၉၉၇ ခုနှစ်တွင် နောက်ထပ်အိုလမာအဖွဲ့တစ်ဖွဲ့သည် မုဖ်သီ မုဟမ္မဒ်ရဖီးအုစ်မာနီ ဆွာဟိဗ် (ပါကစ္စတာန်၏ မုဖ်သီ ချုပ်ဟောင်းမုဟမ္မဒ်ရှဖီးဆွာဟိဗ် ၏ သား) ၏ ဦးဆောင်မှုဖြင့် ယင်းတောင်အာဖရိကရှိ Lennox Devis ဂျလာတင်းထုတ်သည် စက်ရုံကို သွားရောက်လေ့လာခဲ့ပါသည်။ ထိုလေ့လာတွေ့ရှိချက်အရ ပြီးပြည့်စုံစွာ ရုပ်ပြောင်းလဲခြင်းနှင့် ဓာတ်ပြောင်းလဲခြင်းများ လုံးဝမဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြပါသည်။
ထို့အတူ သာသနာ့ပညာရှိသုခမိန်ကြီး မုဖ်သီမုဟမ္မဒ်သကီးအုစ်မာနီ (မုဖ်သီမုဟမ္မဒ်ရှဖီးဆွာဟိဗ် ၏ သား) ၏ ပြောပြချက်အရ သိရှိရသည်မှာ သူကိုယ်တိုင် နိုင်ငံတကာ ခရီးထွက်၍ လေ့လာကြည့်ရာ Gelatine ထုတ်လုပ်ရာတွင် ပြီးပြည့်စုံစွာ ရုပ်ပြောင်းလဲခြင်း၊ ဓာတ်ပြောင်းလဲခြင်း လုံးဝမဖြစ်သည်ကို တွေ့ရှိရသဖြင့် Gelatine ကို စားသုံးနိုင်သည် ၊ ဟလာလ်ဖြစ်ပါသည် ဟူသော ဖသာဝါဓမ္မသတ် မထုတ်နိုင်ပါ။ မည်သို့ပင်ဖြစ်ပါစေ အကယ်၍ အနာဂတ်တွင် အပြတ်အသတ်ရုပ်ပြောင်းလဲခြင်းနှင့် ဓာတ်ပြောင်းလဲခြင်း ဖြစ်ပါသည်ဟူ၍ လက်တွေ့ဖော်ထုတ်တွေ့ရှိမည်ဆိုပါက ခွင့်ပြုနိုင်ပါမည်ဟု ၎င်းက ပြောဆိုဆုံးဖြတ်ခဲ့ပါသည်။
အပြတ်အသတ် ပြီးပြည့်စုံစွာ ရုပ်ပြောင်းလဲခြင်းနှင့် ဓာတ်ပြောင်းလဲခြင်း မဖြစ်ကြောင်း တင်ပြခြင်း No Complete Metamorphosis Occurs
အပြီးသတ်ပြီးပြည့်စုံစွာ ရုပ်ပြောင်းလဲခြင်းနှင့် ဓာတ်ပြောင်းလဲခြင်းဟု ဆိုရာတွင် ကုန်ကြမ်းပစ္စည်းတစ်ခုမှ နောက်ပစ္စည်တစ်မျိုးအဖြစ်သို့ ဖွဲ့စည်းပုံ ဓာတ်သဘာဝပြောင်းလဲခြင်းသည် အထူးလိုအပ်သော အရေးကြီးဆုံးသော အချက်ဖြစ်သည်။ တစ်စိတ်တစ်ဒေသသာလျှင် ပြောင်းလဲခြင်း Partial Trans Formation သို့မဟုတ် အချို့ပါဝင်ပစ္စည်း သို့မဟုတ် အချို့ဖက်စပ်ပါဝင်ပစ္စည်းကသာလျှင် ရုပ်ပြောင်းလဲခြင်း ဓာတ်ပြောင်းလဲခြင်း ဖြစ်မည်ဆိုပါက ရှရီအသ်တရားတော်အရ မထိုက်မလျော်ရာ ရောက်ပါသည်။ အပြတ်အသတ် ရုပ်ပြောင်းလဲခြင်းနှင့် ဓာတ်ပြောင်းလဲခြင်း Complete Transformation ကိုသာလျှင် ရှရီအသ်တရားတော်က ခွင့်ပြုထားပါသည်။ ပြတ်သားသော ဓာတုဖြစ်စဉ် ပြောင်းလဲမှု ရှိ မရှိကို ကျွမ်းကျင်ပညာရှင်များကသာလျှင် ပြောဆိုနိုင်ပါသည်။
အထက်တွင် ဖော်ပြပါရှိသည့် အချက်များနှင့် Lennox Devis Gelatine စက်ရုံသို့ သွားရောက်လေ့လာခဲ့သော သာသနာ့ပညာရှင် အိုလမာများ၏ အောက်ဖော်ပြပါ တင်ပြအစီရင်ခံစာများကို ပူးတွဲဖတ်ရှုပါက ရှင်းလင်းစွာ သဘောပေါက်နားလည်ကြမည် ဖြစ်သည်။
အိုလမာများ၏ အစီရင်ခံစာတွင် ပေါ်လွင်စွာဖော်ပြထားသည်မှာ ကုန်ကြမ်းအဖြစ် သားကောင်များ၏သားရေကို သုံး၍ ပြုလုပ်ရသည့် လုပ်ငန်းစဉ်များဖြစ်သည့် သန့်စင်ခြင်း၊ အငွေ့ပျံခြင်း၊ ပြန်လည်သန့်စင်ခြင်း၊ အခြောက်ခံခြင်း၊ ကြိတ်ခွဲခြင်း၊ မွှေခြင်းတို့ကို ပြုလုပ်ပြီးသည့်နောက် ရရှိလာသော ကော်လဂျင် Collagen စစ်စစ်သည် ပင်မကုန်ကြမ်းဖြစ်သည့် အရိုးနှင့် ဆက်စပ်တစ်ရှူးများ၏ အဖွဲ့အစည်းသာလျှင်ဖြစ်သည်။ ဤခွဲထွက်လာသည့် အဖွဲ့အစည်းသည် စေးကပ်၊ ဂျယ်လီကဲ့သို့ အဆီပျစ်ပစ္စည်းဖြစ်ပြီး ယင်းကို ကော်လဂျင်ပရိုတင်း Collagen Protein သို့မဟုတ် ဂျလာတင်းပရိုတင်း Gelatine Protein ဟု ပြန်လည်ခေါ်ဝေါ်ကြပါသည်။ တိရိစ္ဆာန်သားရေအတွင်းရှိ မော်လီကျူးဖွဲ့စည်းမှု Molecular Structure နှင့် ကော်လဂျင်ပရိုတင်း၊ သို့မဟုတ် ဂျလာတင်းပရိုတင်းတို့ရှိ မော်လီကျူးတည်ဆောက်မှုတို့မှာ တစ်ခုနှင့်တစ်ခု ကွာခြားကွဲပြားမှု မရှိပါ။ အမှန်ဆိုရလျှင် ဂျလာတင်းသည် သားကောင်၏ သားရေထဲတွင် နဂိုမူလကတည်းကရှိနေသည်။ မတူသည့် အချက်တစ်ချက်မှာ သန့်စင်ခြင်းနှင့် ပယ်ရမည့်အညစ်အကြေးများကို မပယ်မီ နဂိုမူလကတည်းက သားကောင်၏ သားရေတွင်းရှိ ဂျလာတင်းကို ကော်လဂျင်ဟု ခေါ်ဝေါ်ပြီး သန့်စင်ပြီး ရရှိလာသည့်ကော်လဂျင်ကိုပင် ဂျလာတင်းဟု အမည်သစ်တပ်၍ ခေါ်လေ့ရှိကြပါသည်။ အမည်ပြောင်းလဲခေါ်ဆိုရုံဖြင့် ပြတ်သားပြီး ပြည့်စုံသော ရုပ်ပြောင်းလဲခြင်းနှင့် ဓာတ်ပြောင်းလဲခြင်းဖြစ်သွားပါသည်ဟု မသုံးသပ်နိုင် မဆိုနိုင်ပါ။ အဆိုပါ အိုလမာ၏ အစီအရင်ခံစာတွင် ၎င်းတို့၏ လက်တွေ့တွေ့ရှိချက်များအရဆိုလျှင် အပြတ်အသတ်ပြောင်းလဲခြင်းဟူသည့် အရည်အချင်း Tabdeel-e-Maahiyat သည် ဂျလာတင်း ထုတ်လုပ်ထွက်ရှိသည်အထိ မည်သည့်လုပ်ငန်းစဉ်တွင်မျှ ဖြစ်မလာပေ။
ဂျလာတင်းထုတ်လုပ်ရာတွင် မည်သည့်အခါမှ ပြီးပြတ်သော ရုပ်ပြောင်းလဲခြင်းနှင့် ဓာတ်ပြောင်းလဲခြင်း မဖြစ်ကြောင်းကို အောက်ပါတွေ့ရှိချက်များကို အထောက်အထားများအဖြစ် အခြေပြုခြင်းဖြင့်လည်း သိရှိနိုင်ပါသည်။
အထောက်အထားများကို တင်ပြရလျှင်
ဂျလာတင်းဟု ဆိုသော ပရိုတင်းကို နွား သို့မဟုတ် ဝက်သားရေနှင့် အရိုးတို့၏ ကော်လဂျင်မှ ကျယ်ပြန့်စွာ ထုတ်ယူရရှိပါသည်။ ကော်လဂျင်၏ တည်ဆောက်ဖွဲ့စည်းပုံမှာ ပရိုတင်းသုံးမျိုးဖြင့် သွယ်တန်းချိတ်ဆက်ထားပြီး ဝက်အူရစ်ပမာ ကျစ်လစ်စွာရစ်ပတ်ထားသည်။ အစဉ်အတိုင်းလိုက် ဖွဲ့စည်းထားသော အထူးအမိုင်နိုအက်စစ် Special Amino Acid Sequence သည် ကျစ်လစ်သော ကော်လဂျင်များကို အထူးတည်တံ့ခိုင်မြဲစေသည်။ ပါးလွှာသော အမိုင်နိုအက်စစ်သည် ဂလိုင်းစင်း Glycine ဖြစ်ပြီး အများဆုံးလက်ကျန် အမိုင်နိုအက်ဆစ်များမှာ ပရိုလိုင်း သို့မဟုတ် ဟိုက်ဒရောက်ဆီပရိုလိုင်း Hydroxyproline များဖြစ်ပါသည်။ ကော်လဂျင်တွင် ပါဝင်သော အထူးပရိုတင်းများ၏ တည်ဆောက်ပုံမှာ ပြောင်းလဲသွားခြင်းမရှိပါ။ ကော်လဂျင်တန်း သို့မဟုတ် ဂျလာတင်း၏ မော်လီကျူးသည် ၁၄ဝဝဝ molecules အထိ ရှည်လျားသည်။ တစ်ခါတစ်ရံ အောက်ရှိပုံစံမကျသည့် အချို့ကော်လဂျင်များ ကွဲထွက်ပြီး အခြားသော ပရိုတင်းများဖြင့် ပြန်လည်ပေါင်းစည်းကျသည်။ မော်လီကျူးအားလုံးတွင် ဖွဲ့စည်းပုံသဏ္ဍာန်သည် သူ၏လုပ်ငန်းဆောင်ရွက်ချက်များအတွက် အထူးအရေးကြီးပါသည်။ အကယ်၍ မော်လီကျူးများ၏ ပုံသဏ္ဍာန်ပြောင်းလဲသွားလျှင် သူ၏လုပ်ငန်းဆောင်ရွက်ချက်များ ပြောင်းလဲသွားနိုင်မည်။ သို့သော် ပစ္စည်းပြောင်းလဲမှု မရှိပါ။
အပူပေးထားသော ကော်လဂျင်သည် အေးသေအခြေအနေသို့ ရောက်သောအခါ သူ၏ပတ်ဝန်းကျင်ရှိရေဖြင့် ပရိုတင်းကြိုးတန်း ပြန်လည်ဖွဲ့စည်း၍ ကော်လဂျင်ဟူသော ဂျလတင်းအဖြစ် မူလမော်လီကျူးပုံစံအတိုင်း ပြန်လည်ဖွဲ့စည်းတည်ဆောက်လိုက်ပြန်သည်။ ထို့ကြောင့် မူလမော်လီကျူးပုံစံ ပြောင်းလဲသွားခြင်းမရှိ။ မူလဖွဲ့စည်းသဏ္ဍာန် ရုပ်နှင့် ဓာတ်ပြောင်းလဲသွားခြင်း မရှိသည်ကို တွေ့ရပါမည်။
ဟရာမ်အကောင်များဖြစ်သည့် ဝက်နှင့် အလ္လာဟ်အရှင်မြတ်၏ အမည်ကို ရွတ်ဆိုတသခြင်းမပြုဘဲ လှီးဖြတ်ထားသော နွားတို့၏ သားရေတို့မှ ရရှိသောဂျလာတင်းဖြင့် ဆေးဝါးတောင့် အမာ၊ အပျော့များကို ပြုလုပ်ထားသောကြောင့် ဟရာမ်ဖြစ်သည်ဟု ပါကစ္စတန်နိုင်ငံ သာသနာ့ပညာရှင်သုခမိန်ကြီး မုဖ်သီမုဟမ္မဒ်သကီးအုစ်မာနီက ဆုံးဖြတ်ထားပြီးဖြစ်ပါသည်။ ဤသို့သော ဆေးဝါးဖြင့် ရှရီအသ်တရားတော်အရဆိုလျှင်ကုသခွင့်မရှိပါ။
အသင်တို့သည် ဆေးဝါးကုသကြရာတွင် ဟရာမ်ဖြစ်သောအရာများဖြင့် မကုသကုန်လင့် ဟု တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်ကြားတော်မူထားပါတယ်။ (အဗူဒါဝူးဒ်ကျမ်း)
ပိုးသတ်ဆေးတောင့်များ Antibiotics ၊ အားဆေးတောင့်များ Multi Vitamins ၏ အခွံများကို ဂျလာတင်းဖြင့် ပြုလုပ်ထားပါသည်။ အမေရိကန်နိုင်ငံထုတ် Centrum Vitamin Tablets များတွင်လည်း ဂျလာတင်းပါဝင်နေသည်ကို Ingredients ကို ဖတ်ရှုကြည့်ပါက တွေ့ရပေသည်။ ဤသို့သောဆေးများမှာ ဟရာမ်ဖြစ်ပါ၍ သောက်ခွင့်မရှိပါ။
ထို့ကြောင့် စားသောက်ဖွယ်ရများ၊ ဆေးဝါးများ၊ အလှကုန်ပစ္စည်းများတွင် ဂျလာတင်းများ ပါဝင်နေခြင်း ရှိ မရှိ Ingredient ပါဝင်ပစ္စည်းများကို ဖတ်ရှုပြီးမှ ဝယ်ယူစားသုံးသင့်ပါသည်။
အစ္စလာမ်နိုင်ငံများမှ ထုတ်သော ဆေးတောင့်များတွင်လည်း ဟရာမ်ဂျလာတင်း ပြဿနာကို ယနေ့တိုင် ဖြေရှင်း၍ မရနိုင်သေးပါ။
ထို့ကြောင့် မည်သည့်နိုင်ငံမှ ဆေးဝါး၊ ဆေးတောင့်၊ ပုလင်းနှင့် ဆေးကတ်များပေါ်တွင် ထိုနိုင်ငံရှိ သာသနာ့ပညာရှင်အိုလမာများ၏ ထောက်ခံချက်ဖြင့် ဟလာလ်တံဆိပ်ရိုက်နှိပ်၍ ရောင်းချနိုင်ခြင်းမရှိသေးပါ။
ကမ္ဘာ့အစ္စလာမ်သာသနာဝင်များကို ဦးဆောင်နေသော ဆော်ဒီအာရေးဗီးယားနိုင်ငံပင်လျှင် ဟရာမ်ဂျလာတင်းပြဿနာကို ယနေ့တိုင်ဖြေရှင်း၍ မရသေးပါ။ ဖြေရှင်းမရသေးသည့် အဓိကအကြောင်းအရင်းမှာ ဂျလာတင်းထုတ်လုပ်သည့် နည်းပညာမရရှိသေးသောကြောင့် ဖြစ်သည်။
အီဂျစ်နှင့် မလေးရှား နှစ်နိုင်ငံတွင်သာလျှင် ဟလာလ်သားကောင်၏ သားရေမှထုတ်လုပ်သည့် စက်ရုံနှစ်ရုံသာရှိပြီး အစ္စလာမ်နိုင်ငံစုစုပေါင်းလိုအပ်ချက်၏ ၁ဝရာခိုင်နှုန်းသာလျှင် ထုတ်လုပ်နိုင်ပါသည်။ သူတို့နိုင်ငံ၏ စားသောက်ကုန်ပစ္စည်းထုတ်လုပ်ရာတွင်သာ လုံလောက်ပါသည်။ သက်ဆိုင်ရာနိုင်ငံရှိ
အိုလမာသာသနာ့ပညာရှင်များအဖွဲ့၏ ဟလာလ်တံဆိပ် ထောက်ခံချက်ပါမှသာလျှင် ဟလာလ်သားကောင်မှ ရသော ဂျလာတင်းဖြင့် ထုတ်လုပ်ထားသည့် ဆေးတောင့်အပျော့၊ အမာဖြစ်သည်ဟူ၍ စိတ်ချယုံကြည်စွာ သောက်နိုင်မည်ဖြစ်ပါသည်။ ယခုမြန်မာပြည်တွင် တင်သွင်းရောင်းချနေသော မလေးရှားနိုင်ငံ Hovid Pharmacy မှ ထုတ်လုပ်သော မလေးရှားအိုလမာဟလာလ်တံဆိပ်ပါ ဆေးကို စိတ်ချယုံကြည်စွာ သောက်နိုင်သည်။
ဆေးဆိုင်များတွင် သောက်ခွင့်ရှိသည့်ဆေးပြား Tablets မြောက်မြားစွာရှိပါသည်။ မိမိအားဆေးသောက်ရန် ညွှန်ကြားထားသော ဆရာဝန်အား ဆေးတောင့်များအစား ဆေးပြားကို ညွှန်ကြားစေရန် မေတ္တာရပ်ခံလျှင် အလွန်လွယ်ကူပါသည်။ အကယ်၍ ဆရာဝန်ညွှန်ကြားသောဆေးတွင် ဆေးတောင့်အစား ဆေးပြားကို ဆေးဆိုင်များတွင် ဝယ်မရလျှင် ဆေးတောင့်အခွံကိုမစားဘဲ ဆေးတောင့်ကိုဖောက်၍ အတွင်းရှိဆေးမှုန့်ကိုသာ ရေဖြင့်သောက်ပါရန် အကြံပြုပါသည်။
" ကျွန်ုပ်၏ အုမ္မသ်အပေါ်တွင် အချိန်တစ်ချိန်ဆိုက်ရောက်မည်ဖြစ်ပြီး ထိုအချိန်အခါတွင် သူတို့စားသောက်သော အစားအစာသည် ဟလာလ်လား၊ ဟရာမ်လား ဟု ဂရုမူမည်မဟုတ်ကြပေ။ ထိုအချိန်အခါတွင် သူတို့ဆုတောင်းခံသည့် မည်သည့်ဆုဒုအာကိုမျှ အလ္လာဟ်အရှင်မြတ် လက်ခံကဗူလ်ပြုတော်မူမည် မဟုတ်တော့ပေ။" ဗုခါရီကျမ်း
ဆေးဝါးကို တိရိစ္ဆာန်မှရရှိသောအရာမှ ထုတ်လုပ်ထားသောဆေးဝါးဖြစ်ပါက သုံးမျိုး ကွဲပြားပါသည်။
၁။ စားပိုင်ပြီး အစ္စလာမ့်ခွင့်ပြုဘောင်မှ မှန်ကန်စွာ လှီးဖြတ်ထားသောတိရိစ္ဆာန်မှ ထုတ်လုပ်ရရှိသော ဆေးဝါးဖြစ်ပါက သောက်သုံးခွင့်ရှိသည်။
၂။ စားပိုင်ပြီး အစ္စလာမ့်ခွင့်ပြုဘောင်မှ လှီးဖြတ်ထားခြင်းမရှိ။ သို့မဟုတ် အသေကောင်မှ ထုတ်လုပ်ရရှိသော ဆေးဝါးဖြစ်ပါက သောက်သုံးခွင့်မရှိပါ။
၃။ အကယ်၍ စားပိုင်ခွင့်မရှိသော တိရိစ္ဆာန်များမှ ထုတ်လုပ်ရရှိသော ဆေးဝါးဖြစ်ပါက သောက်သုံးခွင့်မရှိပါ။

Reference စာကိုး
1. တောင်အာဖရိကနိုင်ငံ၊ ဇမ်ဘီယာမြို့ရှိ အိုလမာ The South African Zambian Halaal Authority ၏ အင်တာနက်စာမျက်နှာ http://www.zamha.com/ announce/halaal %20 gazettes/Halaal %20 Gazette vol 1, issue(3)
2. ဆော်ဒီအာရေဗီးယားနိုင်ငံ ၃၁- ၃- ၂ဝ၁၂ The Saudi Gazette "Search for Islamicc Gelatine " အင်တာနက်စာမျက်နှာ http://www.saudigazette.com./search for gelatines
3. http://www.ipedr.com/ vol 17/32 -CHHSS%202011-H10020.pdf (2011,2nd International Conference on hummanities historical and Social Science) Analysis on the utilization of gelatine in food products.
ဘာသာပြန်ဆိုစုဆောင်းတင်ပြသူရေးသားထားသည့် စာအုပ်မှ ကူးယူတင်ပြပါသည်။
အလ်မုဖီးဒ်

Sunday, March 30, 2014

ဧပရယ်ဖူးလ် သမိုင်းကြောင်း

share ပေးနိုင်သည့် Link

အနောက်တိုင်း(ဥရောပ)၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို နှစ်သက်ကြသည့် အီမာန်ရှင်မုစ်လင်မ်တို့သည် ယင်းဓလေ့ထုံးစံများ မည်သို့ဖြစ်ပေါ်လာသည်ကို လေ့လာစူးစမ်းခြင်း မပြုဘဲ မွစ်လင်မ် အသိုင်းအဝိုင်းအတွင်း လက်ခံကျင့်သုံး နေကြသည်။ အနောက်တိုင်းမှ တီထွင်လိုက်သည့် ဓလေ့များတွင် ဧပရယ်လ်ဖူးလ် ဟုခေါ်သည့် ဓလေ့ဆိုးတစ်ခုလည်း ပါဝင်သည်။ ဧပရယ်လ်ဖူးလ် ဆိုသည်မှာ နှစ်စဉ် ဧပြီလဆန်း ၁ ရက်နေ့တွင် လူတို့အား အမှန်တကယ်မဖြစ်သည့် မရှိသည့် အကြောင်းအရာတို့ဖြင့် လှောင်ပြောင်ကျီစယ်ခြင်းပင် ဖြစ်သည်။

ဧပြီ ၁ ရက်နေ့တွင် လှောင်ပြောင် မုသားပြောပြီး လှည့်ဖျားကာ လူတို့အား အရူးလုပ်ရသည်ကို မွစ်လင်မ်တို့က ပြုပိုင်သည့်ကိစ္စဟုပင် မှတ်ယူနေကြသည်။ ထိုဧပြီ ၁ ရက်နေ့တွင် လိမ်လည်ပြောသည့်လုပ်ရပ်အား မလုပ်ဖြစ်လိုက်သည်ဟု မရှိရလေအောင် သေချာစွာ ဂရုတစိုက် ပြုလုပ်ကြသည်။ ထိုနေ့တွင် လိမ်ညာခြင်းကို အများဆုံး ပြုလုပ်နိုင်သူကိုအား ချီးကျူးဂုဏ်ပြုကြသည်။ ဤသို့ အခြားသူများ ဒုက္ခရောက် စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်ရသည့် ဧပရယ်လ်ဖူးလ် ကို ကောင်းသည့်ကိစ္စရပ်တစ်ခု၊ လူတို့အားပျော်ရွှင်စေသည့် အရာတစ်ခုအဖြစ် သတ်မှတ်ထားကြပေသည်။

ဤလုပ်ရပ်သည် ကောင်းသောလုပ်ရပ် မဟုတ်ပါ။ လူတို့အား ဘေးဒုက္ခရောက်၊ အခက်အခဲဖြစ်စေသည့် လုပ်ရပ်ဆိုးပင် ဖြစ်သည်။ ထိုနေ့တွင် ဧပရယ်လ်ဖူးလ် လုပ်သူက ပြောဆိုလိုက်သည့် မုသားစကား လိမ်ညာသတင်းကြောင့် ကြားလိုက်ရသည့်သူမှာ ချက်ခြင်းသေဆုံးသွားရခြင်း၊ နှလုံးရပ်သွားခြင်း၊ ဆေးရုံတင်လိုက်ရခြင်း စသည်အခြေအနေ အထိဖြစ်သွားရလေသည်။ ဥပမာ- မင်းအိမ်မီးလောင်သွားပြီ၊ မင်းအမျိုးတွေခရီးသွားတာ ကားအက်စီးဒင့်ဖြစ်သွားပြီ၊ စသဖြင့်ပြောလိုက်ပါက ကြားရသူမှာ ချက်ခြင်းစိတ်လှုပ်ရှားမှု ဖြစ်သွားပေမည်။ ဤသို့မဟုတ်ပဲ ကောင်းသတင်းများပေးပါကလည်း အပျော်လွန်ပြီး နှလုံးရပ်သွားနိုင်သည်။ မည်သို့ပင်ဆိုစေ လိမ်ညာထားသည့် အကောင်းများပြောသည်ပင် ဖြစ်စေ၊ ဒုက္ခပေးသည့် စကားများပြောသည်ပင် ဖြစ်စေ၊ လိမ်ညာ၊ မုသားပြောခြင်းကို အစ္စလာမ့်ရှရီအသ်တွင် လုံးဝ တားမြစ်ထားသည်။ မုသားပြောဆိုခြင်းသည် မုနာဖိက် (မွစ်လင်မ်အယောင်ဆောင်)တို့၏ လက္ခဏာများအနက်မှ တစ်ခုအပါအဝင်ဖြစ်သည်။ ဟဒီးစ်တော်တွင် -“လူတွေ ရယ်မောဖို့ မုသားပြောဆိုသူဟာ ပျက်စီးဆုံရှုံးမယ်” ဟုမိန့်ကြားထားပေသည်။ အခြားဟဒီးစ်တော်တစ်ပါးတွင် "ရယ်မောပျော်ရွှင်သည့် အခါမှာဖြစ်စေ၊ တိုက်ခိုက်သည့် အခါမှာဖြစ်စေ၊ မုသားပြောဆိုခြင်းကို မစွန့်လွှတ်သရွေ့ ထိုသူသည် ပြည့်ဝသော အီမာန်ရှင်မဟုတ်ပါ" ဟု မိန့်ကြားထားသည်။

ဤ ဧပရယ်လ်ဖူးလ်ဟူသည့် လုပ်ရပ်ဆိုး စတင်လာပုံကို သမိုင်းပညာရှင်တို့ထံမှ အဆိုကွဲများစွာ လာရှိထား၏။ အချို့က ပြင်သစ်တို့၏ ၁၆ ရာစုပြည့်နှစ်၏ ပထမဆုံးလမှာ ဇန်ဝါရီလမှ စတင်သည်မဟုတ်၊ ဧပြီလမှစတင်ခဲ့သည်။ ထိုဧပြီလကို ရောမသားတို့က ၎င်းတို့၏နတ်ဖုရား ဗီးနပ်စ်နှင့်ဆက်နွယ်နေသည်ဟု မှတ်ယူပြီး မြင့်မြတ်မှုရှိသည်ဟု ခံယူချက်ထားသည်။ ဗီးနပ်စ်ကို ယူနာနီ ဘာသာဖြင့် Aphradile ဟုခေါ်သည်။ ၎င်းယူနာနီဘာသာကိုပင် အခြေခံ၍ April (ဧပြီလ) ဟုခေါ်ဝေါ်ပုံရသည် ဟု ဆိုကြသည်။

နောက်အဆိုတစ်ခုမှာ ဧပြီတစ်ရက်နေ့သည် ရာစုနှစ်တစ်ခု၏ ပထမဆုံးနေ့အဖြစ် ကျရောက်ခဲ့သည်။ ထိုကဲ့သို့ နေ့မျိုးတွင် သီးသန့် နတ်ဖုရားရုပ်ထု တစ်ခုအား ပူဇော်ပသပါက ထွတ်မြတ်သည်ဟုလည်း အယူအဆရှိကြသည်။ ထို့ကြောင့်လူတို့သည် နတ်ပူဇော်ပွဲနှင့်အတူ ပျော်ပွဲ ရွှင်ပွဲများလည်း ပြုလုပ်ကြသည်။ ထိုပွဲတွင် တစ်ဦးနှင့်တစ်ဦး နောက်ပြောင်မှုများ ပြုလုပ်ကြသည်။ ယင်းလုပ်ရပ်သည် တဖြည်းဖြည်းနှင့် ဧပရယ်လ်ဖူးလ်ဟု အမည်တွင်ပြီး ပြန့်နှံသွားသည်။ အချို့သူတို့က ထိုဘုရားပွဲနေ့တွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လက်ဆောင်ပေးကြသည်။ လူတစ်ဦးက လက်ဆောင် ပစ္စည်းပေါ်တွင် ဟာသစကားတစ်ခု ရေးပြီး နောက်တစ်ဦးကိုပေးလိုက်သည်။ ထိုလုပ်ရပ်ကို အခြားသူများကလည်း လိုက်လုပ်ကြပြီး ပြောင်လှောင်သည့် ဓလေ့တစ်ခု ဖြစ်သွားသည် ဟု ဆိုသည်။

ဗရ်တာနေကာ (စွယ်စုံကျမ်း)တွင် ဧပရယ်လ်ဖူးလ် ဖြစ်ပေါ်လာသည့် အကြောင်းအရာတစ်ခုကို ပြောပြထားသည်မှာ မတ်လ ၂၁ ရက်ခန့်မှစတင်၍ ရာသီဥတု ပြောင်းလဲလာသည်။ ထိုသို့ ရာသီဥတုများ ပြောင်းလဲခြင်းကို အချို့က

(အလ္လာဟ့်အရှင့်ထံခိုလှုံမှုရယူပါသည်.) ဖန်ဆင်းရှင်သည် လှောင်ပြောင်သည့်အနေဖြင့် ရာသီဥတုများ ပြောင်းလဲ၍ ကျွန်ုပ်တို့ကို အရူးလုပ်နေခြင်း ဖြစ်သည်ဟု မှတ်ယူ၍ လူတို့တွင်လည်း တစ်ဦးနှင့်တစ်ဦး လှောင်ပြောင်၍ မုသားပြောဆိုခြင်းတို့ကို ထို(ရာသီဥတုကူးပြောင်းသည့်) ကာလတွင် ပြုလုပ်ကြလေသည်။ ဖန်ဆင်းရှင်၏ ကျီစယ်မှုဟု နာမည်တပ်၍ ဖြစ်ပေါ်လာသည့် ထုံးစံသည် ဖန်ဆင်းရှင်၏ နောက်လိုက်ပြုရန် (သို့မဟုတ်) ဖန်ဆင်းရှင်ထံမှ ပြစ်ဒဏ်ကိုဖိတ်ခေါ်နေခြင်းလား ဟူသည်ကို စတင်တီထွင်သူနှင့် နောက်လိုက်ကျင့်သုံးနေသူတို့ ယခုအချိန်ထိ ကွဲပြားစွာမသိကြသေးပေ။

ဧပရယ်လ်ဖူးလ် ဖြစ်လာရသည့် တတိယအကြောင်းခံကို ခရစ်နှစ် (၁၉)ရာစု၏ စွယ်စုံကျမ်းရှင် လားရူးစ်က တင်ပြထားသည်။ သူ့၏အဆိုကို အမှန်ဟု သတ်မှတ်ကြပေသည်။ ယဟူဒီနှင့် အီစာအီတို့၏ ပြောပြချက်အရ ဖြစ်ပေါ်လာပုံမှာ ဧပြီ (၁)ရက်နေ့ကို ရောမသားတို့နှင့် ယဟူဒီတို့က ဟဇရသ်အီစာ(အလိုင်)ကို လှောင်ပြောင် သရော်ခဲ့ကြသည့် အမှတ်တရနေ့အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်သည်။ လက်ရှိသမ္မာကျမ်းစာတွင် ထိုဖြစ်ရပ်ကို အကျယ်တဝန့်ဖော်ပြထားသည်။ လုကာ၏ သမ္မာကျမ်း၌ ပါရှိသည့် ရေးသားချက်မှာ “၎င်းနောက် အကြင်သူသည် ထိုသူ(တမန်တော်အီစာကို ဖမ်းဆီးလိုက်သည်။ ထို့နောက် တမန်တော်အား လှောင်ပြောင်၊ ဟားတိုက်ရယ်မောခဲ့သည်။ ၎င်းနောက် တမန်တော်၏ မျက်လုံးများကို (အဝတ်ဖြင့်)ပိတ်၍ ပါးရိုက်ခဲ့သည်။ ပြီးနောက် မေးသည်မှာ အသင့်ကို ဘယ်သူ ပါးရိုက်နေတာလဲ ဆိုသည်ကို နဗူဝသ်(အိလ်ဟာမ်)ဖြင့် ဖြေကြားပါ။ ၎င်းနောက် များစွာသော စကားတို့ကို လှောင်ပြောင်သရော်၍ ထိုသူ(တမန်တော်အီစာ)ပြောသည်နှင့် ဆန့်ကျင်ဖက်ပြောဆိုခဲ့သည်။” (လုကာ ၂၂၊ ၆၃ မှ ၆၅)

သမ္မာကျမ်းများ၌ပင် အကြောင်းတစ်ခု ထပ်မံတင်ပြထားသည်မှာ အီစာ(အလိုင်ဟိစ္စလာမ်)ကို ဦးစွာ ယဟူဒီခေါင်းဆောင်များ၊ ပညာရှင်များ ပါဝင်သည့် တရားရုံးသို့ ရုံးတင်လိုက်သည်။ ထိုရုံးမှတဆင့် ပိုင်လာသပ်စ် ဟူသည့် တရားရုံး၌ စီရင်ချက်ချမည်ဆို၍ ၎င်းနေရာသို့ ပို့ဆောင်လိုက်ပြန်သည်။ တဖန် ပိုင်လာသပ်စ်မှ ဟီရိုဒေးစ်၏ ရုံးသို့ပင် ပြန်ပို့လေသည်။

စွယ်စုံကျမ်းပညာရှင်လာရူးစ်က ဆက်လက်ပြောကြားသည်မှာ ဤသို့ တမန်တော်အီစာသခင်အား ခုံရုံးနောက်တစ်ခုသို့၊ နောက်တစ်ခုမှာ ပထမတစ်ခုသို့ ပို့နေကြခြင်းသည်လည်း ဒုက္ခရောက်၊ အခက်အခဲဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး တမန်တော်အား လှောင်ပြောင်သရော်ရန် ပြုလုပ်ကြခြင်းဖြစ်သည်။ ထိုဖြစ်ရပ်သည် ဧပြီ ၁ ရက်နေ့တွင် ဖြစ်ခဲ့ခြင်းကြောင့် ဧပရယ်လ်ဖူးလ် ထုံးစံသည် ထိုရိုင်းစိုင်းသည့် လုပ်ရပ်ကို အမှတ်တရဖြစ်စေရန် ရည်ရွယ်ထားခြင်းပင် ဖြစ်သည်။

ဧပရယ်လ်ဖူးလ်နေ့တွင် (ဖူးလ်)အရူးလုပ်ခံရသူကို ပြင်သစ်ဘာသာဖြင့် Possand avail ဟုခေါ်သည်။ အင်္ဂလိပ်ဖြင့် ဘာသာပြန်လျှင် April Fish ဧပြီငါး ဟု အဓိပ္ပါယ်ထွက်သည်။ ဆိုလိုသည်မှာ ဧပြီလ၌ တံငါသည်ထံ ပထမဆုံးမိသွားသည့် ငါးကဲ့သို့ ဧပရယ်လ်ဖူးလ် လုပ်သူထံ ခံရသူကလည်း မိသွားခြင်းဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အထက်ပါအဆိုကို လာရူးစ်ကပင် တင်ပြထားပြီး မခိုင်မာသည့်အဆိုဟု သတ်မှတ်ထားသည်။ အထောက်အထားပြသည်မှာ ပြင်သစ်ဘာသာတွင် ထို Posion အတိုင်း ဆင်တူသည့် စာလုံး နောက်တစ်မျိုးရှိသည်။ ထိုစာလုံး၏ အဓိပ္ပါယ်မှာ ဒုက္ခရောက်စေခြင်း၊ ပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ ယင်းအဓိပ္ပါယ်ကို ထောက်ရှုလျှင် ဤဧပရယ်လ်ဖူးလ်ဟူသည့် ဓလေ့သည် အမှန်တော့ တမန်တော်အီစာအပေါ် ၎င်းတို့ ဒုက္ခပေးခဲ့ကြသည်ကို အကြောင်းခံပြီး တီထွင်ထားသည့် ဓလေ့ဖြစ်ပြီး ယင်းဖြစ်ရပ်ကို အမှတ်ရနေစေရန် သတ်မှတ်ထားခြင်း ဖြစ်ပေသည်။ (အီစာအီ(ခရစ်ယာန်)တို့၏ ပြောပြချက်အရ တမန်တော်အီစာအား ယဟူဒီ(ဂျူး)တို့က ဒုက္ခပေးခဲ့ကြကြောင်း သိရသည်။)

ပြင်သစ်စာရေးဆရာတစ်ဦး၏ အဆိုမှာ Poisson သည် သူ့၏ မူရင်းပုံစံအတိုင်းသာ ရှိသည်။ သို့သော် ထို Poisson ကို စာလုံးငါးမျိုး၏ အစစကားလုံးများကို စုစည်းပြီး စာလုံးတစ်လုံးအဖြစ် ပုံဖော်ထားခြင်းဖြစ်သည်။ ထိုစာလုံးငါးမျိုးကို ပြင်သစ်ဘာသာဖြင့် အဓိပ္ပါယ်ဖွင့်လျှင် အစဉ်လိုက်အားဖြင့် “အီစာ၊ မစီးဟ်၊ အလ္လာဟ်၊ သား၊ ဖိဒ်ယာ” ဟု ဖြစ်သည်။ ထိုသူ့၏ ရေးသားချက်အရ ၎င်းထံတွင်လည်း ဧပရယ်လ်ဖူးလ်သည် တမန်တော်အီစာအား ဒုက္ခပေး လှောင်ပြောင်သည့်ဖြစ်ရပ်ကို သတိရစေသည့် ထုံးစံတစ်ခုပင် ဖြစ်ကြောင်း သိရသည်။

အထက်ပါပုဂ္ဂိုလ်တို့၏ အထောက်အထားခိုင်မာစွာဖြင့် တင်ပြထားသည့် ဖြစ်ရပ်တို့သည် အမှန်ဖြစ်ပါက ဖြစ်နိုင်ချေအများဆုံးမှာ ဤဧပရယ်လ်ဖူးလ်ဟူသည့် လုပ်ရပ်ဆိုးကို ယဟူဒီတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်မှာလည်း တမန်တော်အီစာကို လှောင်ပြောင်ရန် ဖြစ်၏။ ဧပရယ်လ်ဖူးလ်ဟူသည့် ဓလေ့ကို ယဟူဒီ(ဂျုးလူမျိုး)တို့က
(မအားဇလ္လာဟ်) အီစာနဗီကို လှောင်ပြောင်သည့်အနေဖြင့် ကျင့်သုံးခြင်းဖြစ်သည်။ ခရစ်ယာန်တို့ကလည်း ထိုဓလေ့ကို တားမြစ်ပိတ်ပင်ခြင်း၊ ရှုံချပြောဆိုခြင်းများ မရှိသည့်အပြင် ၎င်းတို့ကိုယ်တိုင်ကပင် လက်ခံကျင့်သုံးနေကြပြီး ဆက်လက်ပြန့်ပွား တည်ရှိနေရန် ကြိုးပမ်းကြခြင်းမှာ အံသြဖွယ်ရာပင်ဖြစ်သည်။ ဖြစ်နိုင်ချေတစ်ခုမှာ ခရစ်ယာန်တို့က ဧပရယ်လ်ဖူးလ်၏ ဇစ်မြစ်ကို သေချာစွာလည်း မသိသလို လေ့လာမှုလည်း မပြုကြပေ။

ယင်းခရစ်ယာန်တို့၏ အကျင့်မှာလည်း အံသြစရာပင် ဖြစ်၏။ ၎င်းတို့၏ အယူအဆအရ အီစာနဗီသည် လက်ဝါးကပ်တိုင်တွင် ကွပ်မျက်ခြင်းခံခဲ့ရသည်ဟု သတ်မှတ်ထားသည်။ သဘောတရားအရဆိုလျှင် အီစာနဗီကို ဒုက္ခရောက် သေးသိမ်စေခဲ့သည့် အရာကို ၎င်းတို့၏ အမြင်တွင်လည်း ရွံ့ရှာမုန်းတီးမှု ထားရမည်ဖြစ်သည်။ သို့သော် ၎င်းခရစ်ယာန်တို့သည် ရွံရှာရမည့်အစား အမြတ်တနိုး ထိန်းသိမ်းထားသည့်အပြင် ခရစ်ယာန်ဘာသာ၌ အမြင့်မြတ်ဆုံးအရာမှာ လက်ဝါးကပ်တိုင်ပင်ဖြစ်သည်ဟု သတ်မှတ်မှုပင် ထားလိုက်ကြသေး၏။

ဧပရယ်လ်ဖူးလ်တွင်လည်း ဤအတိုင်းပင်ဖြစ်သည်။ ခရစ်ယာန်တို့ထံ၌ အီစာနဗီကို လှောင်ပြောင်သရော်ခြင်းကိုလည်း မကောင်းသည့်အရာဟု မသတ်မှတ်သည့်အပြင် ခရစ်ယာန်အသိုင်းအဝိုင်းထဲ၌ပင် ဧပရယ်လ်ဖူးလ်လုပ်ရပ်များ ပြန့်ပွားစေရန် ဂရုစိုက်ကြဟန်တူသည်။ (အလ္လာဟ်အရှင်မြတ်သာလျှင် အသိဆုံးဖြစ်ပေသည်။)

အထက်ပါသမိုင်းကြောင်းများဖြင့် ဧပရယ်လ်ဖူးလ်သည် ဗီးနတ်စ် နတ်ဖုရားနှင့်လည်း ဆက်နွယ်နိုင်သလို (အရှင့်ထံခိုလှုံမှုယူပါ၏) ဖန်ဆင်းရှင်၏ ပြောင်လှောင်မှုကြောင့် လူတို့ကလည်း ပြောင်လှောင်မှုပြုသည်ဟု သတ်မှတ်ခြင်းလည်းဖြစ်နိုင်သည်။ သို့မဟုတ် ဟဇရသ်အီစာအား သရော်ခြင်း၊ ဒုက္ခရောက်စေခြင်းကို အမှတ်ရနေစေရန် ကျင်းပခြင်းလည်း ဖြစ်နိုင်ကြောင်း သိရသည်။ မည်သည့်ပုံစံတွင်မဆို ဤ ဧပရယ်လ်ဖူးလ် သည် ရုပ်ထုကိုးကွယ်မှု၊ နဗီတမန်တော်အား သိက္ခာကျဆင်းစေခြင်းနှင့် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ စောဒကတတ်ခြင်း စသည်တို့မှ တစ်မျိုးမဟုတ် တစ်မျိုးနှင့် မုချ ပတ်သက် ဆက်နွယ်နေမည် ဖြစ်၏။ မွစ်လင်မ်တို့အတွက် ဧပရယ်ဖူးလ်လုပ်ရပ်သည် အလွန်အောက်တန်းကျသည့် လုပ်ရပ်တစ်ခုဖြစ်ပြီး မကောင်းမှုများစွာ ပါဝင်နေသည့် ဂုနာဟ်တစ်ခုလည်း ဖြစ်၏။
ဧပရယ်ဖူးလ်လုပ်ခြင်းဖြင့် အောက်ပါ ဂုနာများကို ပြုလုပ်ရာ ရောက်၏။ (၁) လိမ်လည်ပြောခြင်း၊ (၂)သူတပါးအား လှည့်စားခြင်း၊ (၃) သူတစ်ပါးအား ဒုက္ခပေးခြင်း၊ (၄) ဧပရယ်ဖူးလ်သည် ရုပ်ထုကိုးကွယ်သူ၊ နတ်ကိုးကွယ်သူ၊ နဗီအားပြောင်လှောင် ဒုက္ခပေးထားခြင်း စသည်တို့မှ တခုမဟုတ် တခုနှင့် ပတ်သက်ဆက်နွယ်နေမည်ဖြစ်သည်။

ထို့ကြောင့် မုစ်လင်မ်တိုင်းသည် ဧပရယ်ဖူးလ်အား မလုပ်ဆောင်ရန်နှင့် မိမိ မိသားစုနှင့် ဆွေမျိုး၊ အသိမိတ်ဆွေများတွင် လုပ်ဆောင်သူများရှိနေပါကလည်း ဆိုးကျိုးများကို ပြောပြပြီး မလုပ်ကြရန် သတိပေးတားမြစ်ရန် အထူးလိုအပ်ပါသည်။

အရှင့်ကျေးဇူးတော်ကြောင့်ပင် ကျွန်ုပ်တို့ မွစ်လင်မ်အသိုင်းအဝိုင်းတွင် ဧပရယ်ဖူး လုပ်ရပ် အများစုထံတွင် မရှိကြပါ။ သို့သော် နှစ်တစ်နှစ်၏ ဧပြီတစ်ရက်နေ့ ရောက်သည့်အခါ နောက်ပြောင် ပျော်ရွှင်တတ်သည့် အကျင့်ရှိသူတို့က အနည်းငယ်မဆို တဖက်သားအား ဒုက္ခပေးလိုက်ကြသည်ကိုတော့ ကြားသိနေရဆဲဖြစ်ပါသည်။

အကယ်၍ မိမိရှေ့တွင် ဧပရယ်ဖူးလ်လုပ်သည့်ပုံစံ အလိမ်စကားများ ပြောဆိုလာပါက ယင်းလုပ်ရပ်ဆိုး၏ မကောင်းခြင်းများ၊ မစ္စလာမ့်အဆုံးအမတို့နှင့် မကိုက်ညီမှု၊ ဧပရယ်ဖူးလ် ဖြစ်ပေါ်လာပုံတို့ကို သေချာစွာ နားလည်အောင် သင်ပြပေးပါက အင်န်ရှာအလ္လာဟ် ၎င်းတို့အနေဖြင့် နောက်နောင်ကို ဧပရယ်ဖူးလ် လုပ်ရပ်ကို တိုက်ဖျက်သူတစ်ဦး ဖြစ်လာမည်ဟု မျှော်လင့်ရပါသည်။
(စအာဒသ်မဂ္ဂဇင်းတွင်ပါသော မုဖ်သီသကီးဆွာဟိဗ်၏ ဆောင်းပါးကို အလ်မုဖီးဒ်မှ မြန်မာမှုပြု၍ ပြန်လည်တင်ဆက်ပါသည်။)

အေပရယ်ဖူးလ်လုပ်တာကို အစ္စလာမ်က ခွင့်ပြုထားသလား

တမန်တော်ချုပ် မုဟမ္မဒ်(ဆွ)သည် အလ္လာဟ်အရှင်မြတ်၏နောက် အမြင့်မြတ်ဆုံးဖြစ်တော်မူသည်။ ထိုတမန်တော်ချုပ်အား ချီမြှင့်ထားသော သာသနာတော်မှာ ကိယာမသ်နေ့တိုင် ပြီးပြည့်စုံနေမည့် သာသနာဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ဤမျှကြီးကျယ်လှသော ကျေးဇူးတော်အတွက် မည်သို့ပင်ကျေးဇူးတင်စကားဆိုသည်ဖြစ်စေ မည်သည့်နည်းနှင့်ပင် ကျေးဇူးဆပ်သည်ဖြစ်စေ နည်းနေပါလိမ့်မည်။

ထို့ပြင် ကျွန်ုပ်တို့အား နဗီရစူလ်အပေါင်းတို့၏ ခေါင်းဆောင်ဖြစ်တော်မူသော တမန်တော်မြတ် မုဟမ္မဒ်(ဆွ) ၏ အွမ္မသ်သားများအဖြစ် ဖန်ဆင်းပေးတော်မူသော အလ္လာဟ်အရှင်မြတ်အား မရေမတွက်နိုင်လောက်အောင် ကျေးဇူးတင်ကြရပါမည်။

သို့ရာတွင် ဝမ်းနည်းစရာမှာ………….. မျက်မှောက်ခေတ်ရှိ အချို့မုစ်လင်မ်များသည် မုစ်လင်မ်မဟုတ်သူများ၏ အယူဝါဒများနှင့် ဓလေ့ထုံးစံများကို လက်ခံကျင့်သုံးနေကြခြင်းပင်ဖြစ်သည်။

များစွာသောဓလေ့ထုံစံများမှာ မုစ်လင်မ်မဟုတ်သူတို့၏ ရိုးရာများ၊ ထုံးတမ်းစဉ်လာများဖြစ်ပြီး ၎င်းတို့နှင့် ရောနှောဆက်ဆံနေထိုင်ကြရင်းမှ ရရှိလာကြခြင်းဖြစ်သည်။ ဤဓလေ့ ထုံးတမ်းစဉ်လာများသည် အဘယ်ကရောက်ရှိလာသနည်း။ အဘယ်အချိန်က ရောက်ရှိလာသနည်းဟူ၍လည်း တွေးတောဆင်ခြင် သုံးသပ်ခြင်း မပြုကြပါ။ စင်စစ်ထိုဓလေ့ထုံးစံများသည် ကာဖိရ်များ၏ ရိုးရာဓလေ့များဖြစ်သည့်အတွက် မုစ်လင်မ်တို့သည် ယင်းတို့အားရှောင်ကြပြီး မိမိတို့၏ အီမာန်အား ထိန်းသိမ်းရန် အရေးကြီးသည်။

အေပရယ်ဖူးလ်ဆိုတာ ဘာလဲ

အထက်ဖေါ်ပြပါ ဓလေ့ထုံးစံများအနက် မျက်မှောက်ခေတ်တွင် ရေပန်းစားကျော်ကြားနေသည်မှာ အေပရယ်ဖူးလ်မည်သော ဓလေ့ဆိုးပင်ဖြစ်သည်။ အေပရယ်ဖူးလ်ဆိုသည်မှာ နှစ်စဉ် ဧပြီလဆန်းတစ်ရက်နေ့တွင် လှည့်ဖြားခြင်း၊ လိမ်ညာ မုသားပြောခြင်း၊ နောက်ပြောင်ကျီစယ်ခြင်းများဖြင့် လူတို့အား ဒုက္ခပေးခြင်းပင်ဖြစ်သည်။

ဥပမာ။ ထိုနေ့တွင် မိမိအိမ်မှ အခြားတစ်နေရာသို့ရောက်နေသူ တစ်ဦးအား နောက်တစ်ဦးက "ကျွန်တော် ခင်ဗျားရဲ့အိမ်နားက ဖြတ်လာတဲ့အချိန်မှာ ခင်ဗျားအိမ် မီးလောင်နေတာကို တွေ့ရတယ်။ ခင်ဗျားရဲ့မိဘတွေ၊ ခင်ဗျားရဲ့ဇနီးနဲ့ ကလေးတွေလည်း အားလုံးမီးလောင်ပြီး သေဆုံးသွားကြပြီ။ အိမ်ရဲ့အတွင်းပစ္စည်းအားလုံးလည်း မီးလောင်ပြာကျကုန်ပြီ။ အိမ်နားမှာလည်း လူတွေဝိုင်းနေကြတယ်။ ခင်ဗျား အမြန်ဆုံးပြန်ပေတော့ " ဟုပြောသောအခါ ကြားရသူခမျာ ထိုသူ့စကားကို ယုံပြီး သောကဗျာရမီးတောက်၍ အိမ်သို့အပြေးသွားလေတော့သည်။ ရောက်သောအခါ အိမ်မှာ ပကတိအတိုင်း ငြိမ်းချမ်းစွာရှိနေပြီး ထိုသူပြောသကဲ့သို့ စိုးရိမ်ဖွယ်တစ်စုံတစ်ရာမဖြစ်ကြောင်း တွေ့မြင်ရတော့သည်။

အလားတူ ထိုနေ့၌ မီးသတ်ဌာနသို့ ဖုန်းဆက်၍ " မည်သည့်နေရာမှာ မီးစွဲလောင်နေပါတယ်။ အမြန်သွားရောက် မီးငြိမ်းသတ်ကြပါ " ဟုပြောသောအခါ မီးသတ်ဌာနသည် ထိုနေရာသို့ အလျင်အမြန်သွားရောက်လေတော့သည်။ သို့သော် မည်သည့်ထူးခြားချက်မျှ မတွေ့သောအခါ နောက်ပြောင်ခြင်း ဖြစ်ကြောင်းသိရှိရတော့၏။

ဧပြီလဆန်းတစ်ရက်နေ့ရောက်လျှင် ဤကဲ့သို့သော ဖြစ်ရပ်များ ပေါ်ပေါက်လေ့ရှိသည်။ ထို့ကြောင့် ထိုနေ့သို့ရောက်လျှင် " ဒီနေ့ ဧပြီတစ်ရက်နေ့နော်၊ သတိထားနေကြ " ဟူ၍ အထူးတလည် သတိပေးခြင်းပင် ပြုရလေသည်။
ဤဓလေ့တွင် လွန်စွာဆိုးယုတ်သော မကောင်းခြင်းများ ပါဝင်ပေါင်းစုနေသည့်အတွက် ရှရီအသ်တရားတော်က ဟရာမ် မပြုပိုင်ကြောင်း တားမြစ်ထားသည်။

ဧပရယ်ဖူးလ်ဓလေ့၏ မကောင်းခြင်း - ပထမအချက်
ထိုဓလေ့၏ မကောင်းခြင်းတစ်မျိုးမှာ ခရစ်ယာန်များနှင့် တူဆင်ခြင်းဖြစ်သည်။ အကြောင်းမှာ အေပရယ်ဖူးလ်ကျင်းပခြင်းဓလေ့ကို ခရစ်ယာန်များက စတင်ခဲ့ခြင်းဖြစ်သည်။

အစ္စလာမ်တရားတော်မြတ်တွင် ၎င်းတို့နှင့် တူဆင်မှုပြုခြင်းကို " မပိုင်" ဟူ၍ သတ်မှတ်ထားတော်မူသည်။ သို့သော်လည်း ယခုအခါ ၎င်းတို့နှင့် တူဆင်မှုပြုခြင်းအား အပြစ်တစ်စုံတစ်ရာ ထိုက်သည်ဟု မှတ်ယူခြင်းမပြုကြရုံမျှမက အနောက်တိုင်းယဉ်ကျေးမှုကို ခုံမင်သူအချို့တို့သည် ထိုလုပ်ရပ်များအပေါ် ဂုဏ်ယူဝင့်ကြွား၍ "တို့က ခေတ်နဲ့အညီ လျှောက်လှမ်းနေကြတာပါ။ ဒါဟာ ခေတ်ရဲ့တောင်းဆိုချက်ပဲ။ တို့လည်း ခေတ်နဲ့အညီနေရာမှာပေါ့ " ဟုပင် ပြောဆိုကြသေးသည်။

သို့ရာတွင် မုစ်လင်မ်တို့၏ အောင်မြင်မှုဆိုသည်မှာ အစ္စလာမ်သာသနာတော်အပေါ် လိုက်နာကျင့်သုံးခြင်း၌သာ ရှိပြီး အခြားသူတို့၏ ဓလေ့ထုံးစံများတွင် အောင်မြင်မှု မရှိသည်ကို ကောင်းစွာသိထားရပါမည်။

မကောင်းခြင်း - ဒုတိယအချက်

အလွန်ကြောက်မက်ဖွယ် သတိပေးချက်များ လာရှိထား၏။ မုသားပြောဆိုသူများအပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်ကျရောက်မည်။ မုသားပြောဆိုခြင်းသည် မုနာဖိက်တို့၏ လက္ခဏာများအနက်မှ တစ်ခုအပါအဝင်အဖြစ်သတ်မှတ်ထားသည်။ ဟဒီးစ်တော်တစ်ရပ်တွင် " လူတွေရယ်မောစေဖို့ မုသားပြောဆိုသူဟာ ပျက်စီးဆုံးရှုံးမယ် " ဟူ၍ မိန့်ကြားထားသည်။ အခြားသောဟဒီးစ်တော်တစ်ပါး၌ "ရယ်မောပျော်ရွှင်တဲ့အခါမှာဖြစ်ဖြစ်၊ တိုက်ခိုက်တဲ့အခါမှာဖြစ်ဖြစ် မုသားပြောဆိုတာကို မစွန့်လွှတ်သမျှ ဒီလူဟာ ပြည့်ဝတဲ့အီမာန်ရှင်မဟုတ်ဖူး။ " ဟူ၍ လာရှိထားသည်။

မကောင်းခြင်း - တတိယအချက်

ထိုဓလေ့ဆိုးတွင် ခယာနသ် အလွဲသုံးစားပြုမှုလည်း ပါဝင်နေသည်။
အလွဲသုံးစားမှုသည် မုနာဖိက်တို့၏ လက္ခဏာဖြစ်သည်။ အလ္လာဟ်အရှင်မြတ်က တားမြစ်တော်မူထားသည်။ ကုရ်အာန်ကျမ်းတော်မြတ်တွင် " အို အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ သင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ရစူလ်တမန်တော်မြတ်ကိုလည်းကောင်း၊ ခိယာနသ်အလွဲသုံးစားခြင်း မပြုကြနှင့်။ ထို့နောက် အချင်းချင်း အမာနသ်တာဝန်ရှိသည်များကို ခိယာနသ်တာဝန်ပျက်ကွက်ခြင်း၊ သစ္စာမဲ့ခြင်းမပြုကြနှင့်။ " ဟူ၍ မိန့်ကြားထားသည်။

*ကိုယ်တော်မြတ်(ဆွ)သည် ခိယာနသ်ပြုခြင်းမှ ကင်းဝေးရန် တောင်းဆုပန်တော်မူခဲ့၏။

မကောင်းခြင်း - စတုတ္ထအချက်
ထိုဓလေ့ဆိုးတွင် လှည့်စား၍ ဒုက္ခပေးခြင်းလည်းပါဝင်နေသည်။ ဒုက္ခပေးခြင်းသည် မုစ်လင်မ်တို့၏ လမ်းစဉ်မဟုတ်ပါ။ ထိုမျှမက ပြည့်ဝသည့်မုစ်လင်မ်ဆိုသည်မှာ မိမိ၏ လုပ်ရပ်များကြောင့် အခြားသောသူများအပေါ် ဒုက္ခမရောက်စေသူသာဖြစ်သည်။

အစ္စလာမ်ဟူသည် သန့်ရှင်းသောစီမံမှုများနှင့် ပြည့်ဝသော ဥပဒေများ၏ ဘဝသက်တမ်းတစ်ခုဖြစ်သည်။ အစ္စလာမ်သာသနာတွင် ဤကဲ့သို့သော အကျိုးမဲ့လုပ်ရပ်များနှင့် ဓလေ့ထုံးတမ်းစဉ်လာများ လုံးဝမရှိပါ။ ထို့ကြောင့် မုစ်လင်မ်များအနေဖြင့် ထိုကဲ့သို့သောလုပ်ရပ်များကို ရှောင်ကြဉ်ကြပြီး မိမိတို့၏ ဘဝသက်တမ်းအားပြုပြင်ရန် ကြိုးစားကြရပါမည်။

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား ရှရီအသ်တရားတော်၏ အမိန့်ဟူသ၍အပေါ် လိုက်နာကျင့်ဆောင်နိုင်သည့် စွမ်းအားများ ပေးသနားတော်မူပါစေ။ (အာမီးန်)

(( အလ်မီဇားန်- အတွဲ ၈ မှ ဆရာသခင်ကြီးမော်လာနာမုဟမ္မဒ်ယူနွတ်စ်ဆွာဟိဗ် (မဇွာဟေရီ) ၏ ဆောင်းပါးအား အလ်မုဖီးဒ်မှ ပြန်လည်ဝေမျှ တင်ပြခြင်းဖြစ်သည်။ ))


(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။