Showing posts with label ဆေးဖက်ဝင်. Show all posts
Showing posts with label ဆေးဖက်ဝင်. Show all posts

Tuesday, October 27, 2015

ဘက်စုံအသုံးဝင်သည့် သဘာဝအစားအစာ


မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/837699049684019:0

သဘာဝအစားအစာများတွင် ကျန်းမာရေးအထောက်အကူပြုသည့် ဓါတ်များ၊ လူ့ခန္ဓာကိုယ်တွင် လိုအပ်သည့် ဗီတာမင်များ ပါဝင်ပါသည်။ သဘာဝမှ တိုက်ရိုက်ရရှိသည်များကို သုံးစွဲရခြင်း၏ ရလဒ်ကောင်းမှာ ဘေးထွက်ဆိုးကျိုး နည်းပါးခြင်းပင် ဖြစ်သည်။ ဆေးဝါးများသုံးစွဲခြင်းသည် တစ်ဖက်တွင် ရောဂါအမျိုးအစားတစ်ခုကို ပျောက်ကင်းစေသော်လည်း နောက်တစ်ဖက်တွင် တခြားရောဂါတစ်ခုဖြစ်ဖို့ အခွင့်အလမ်းဖြစ်လာရပေသည်။ သဘာဝဖြစ် အပင်များ၊ သစ်ဥ၊ သစ်ဖုများတွင် သီးသန့်ရောဂါတစ်ခုစီကို ပျောက်ကင်းစေနိုင်သည့် အစွမ်းများ ရှိပါသည်။ ယခုတင်ဆက်မည့် သဘာဝအစားအစာ ဟူသည်မှာ သစ်ပင်၊ သစ်ဥ၊ သစ်ဖု အားလုံးတို့မှပေါင်းစပ်ပြီး ဖြစ်ပေါ်လာသည့် အစားတစ်မျိုးဖြစ်ပြီး သီးသန့်ရောဂါတစ်မျိုးအတွက်ပင်မဟုတ်ဘဲ ခန္ဓာကိုယ်အတွင်း၊ အပြင်နှစ်ခုလုံးအတွက် ဆေးဝါးသဖွယ်သာမက အားဆေးတစ်ခုပုံစံဖြင့် အစဉ်သုံးစွဲသွားနိုင်မည့် ဘက်စုံအသုံးဝင်သည့် အစာတစ်မျိုးဖြစ်ပါသည်။ ကြာကြာသုံးစွဲလေ အရည်အသွေးပိုတတ်လေဖြစ်မည့် အစားအစာဖြစ်ပါသည်။ ဘေးထွက်ဆိုးကျိုးမရှိဘဲ ကောင်းကျိုးသာတိုးမည့် အစာတစ်မျိုးဖြစ်သည်။

ဤနေရာ၌ ဖော်ပြမည့် ဆိုးကျိုးကင်း၍ ကောင်းကျိုးတိုးမည့် ဘက်စုံအသုံးဝင်သည့် သဘာဝအစားအစာဟူသည်မှာ ....... ပျားရည် ဖြစ်သည်။ အစားအစာဟု ရေးသားရခြင်းမှာ ပျားရည်ကို အများစုက ဆေးဝါးပုံစံ သတ်မှတ်သုံးစွဲသည်။ ထိုသို့ ဆေးဝါးပုံစံ သတ်မှတ်သုံးစွဲသည်ထက် ပိုကောင်းသည်မှာ အစားအစာပုံစံ သတ်မှတ်လိုက်ခြင်းဖြစ်၏။ သဘောမှာ ဆေးဝါးဟု သတ်မှတ်ထားလျှင် ရောဂါ၊ အနာဖြစ်မှ သုံးစွဲမည်ဖြစ်သည်။ အစားအစာဟု သတ်မှတ်လိုက်လျှင် နေ့စဉ်စားသောက်နေကြအစာများတွင် ယင်းပျားရည်သည်လည်း ပါဝင်လာပေမည်။ ပျားရည်သည် နေ့စဉ်စားသုံးနေကြအစာတွင် အမြဲပါဝင်ရမည့် အဟာရတစ်မျိုးပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပျားရည်သည် အသက်ရှည်ဆေးတစ်ခုဖြစ်ရုံသာမက အသက်ရှင်ဆေးတစ်ခုလည်း ဖြစ်ပေသည်။ ကာကွယ်ဆေးတစ်ခုလည်းဖြစ်သလို အားဆေးတစ်မျိုးလည်း ဖြစ်ပေသည်။ ထို့ကြောင့် ပျားရည်ကို သုံးစွဲလိုလျှင် လိုအပ်မှ သောက်သုံးသည်မဟုတ်ပဲ နေ့စဉ်အစာတစ်ခုအဖြစ် ထည့်သွင်းသုံးစွဲပါရန် အကြံပြုအပ်ပါသည်။

ပျားရည်ကို အသက်ရှင်ဆေး၊ အသက်ရှည်ဆေး၊ အားဆေးအဖြစ်အသုံးပြုနိုင်သလို ကာကွယ်ဆေး၊ လိမ်းဆေးနှင့် အလှအပများအတွက်ပါ အသုံးချနိုင်သည်။

ပျားရည်သည် အသက်ရှည်ဆေးဖြစ်ခြင်း
ရှေးယူနာနီသမားတော်များက ပျားရည်သည် လူ့အသက်ကိုရှည်စေကြောင်း လက်ခံထားသလို ၎င်းတို့၏ နေ့စဉ်စားသုံးမှုတွင် ပျားရည်ကို မပါမဖြစ် ထည့်သွင်းထားပါသည်။ ထိုသမားတော်များထဲမှ တစ်ဦးဆိုလျှင် အသက် ၁၁၅နှစ်အထိ နေထိုင်ခဲ့ရသည်။ ၎င်းကလည်း ပျားရည်ကြောင့် ဤမျှအသက်ရှည်ရသည်ဟု ပြောပြသည်။ နောက်ထပ်သမားတော်တစ်ဦးမှာ အသက် ၁ဝ၉နှစ်အထိ နေထိုင်ခဲ့ရသည်။ ရောမသမိုင်းရေးဆရာ ပလိုတားက်က ရှေးဗြိတိန်သားတို့နှင့် ပတ်သက်၍.....၎င်းတို့သည် အသက် ၁၂ဝကျော်သည်အထိ နေထိုင်ကြရကြောင်း ရေးသားထားသည်။ ဤသို့ ဖိုးသက်ရှည်ဖြစ်ရခြင်း၏ လျှို့ဝှက်ချက်မှာ ပျားရည်ပင်ဖြစ်သည်ဟု ဆက်လက် ဖော်ပြထားပေသည်။ ထိုခေတ်က ဗြိတိန်ရှိ လူတိုင်းလိုလို ပျားမွေးကြသည်။ ထိုခေတ်ထိုအခါ၏ စာပေများ၌ ဗြိတိန်နိုင်ငံကို ပျားရည်ထွက်သည့်ကျွန်းဟုပင် တင်စားထားကြပါသည်။ ထို့ကြောင့် သမိုင်းက သက်သေခံထားသည့် အသက်ရှည်ရန် အဓိကအသုံးဝင်သော ပျားရည်ကို ဆေးဝါးဟု သတ်မှတ်မထားပဲ နေ့စဉ်အစာအဖြစ် သုံးစွဲကြပါဟု တိုက်တွန်းအပ်ပါသည်။

အစာလည်းဆေး ဆေးလည်းအစာ
ပျားရည်၏ အရည်အချင်းသည် အစာလည်းဆေး ဆေးလည်းအစာဟူသည့် အပိုင်းနှစ်မျိုးလုံးတွင် ပါဝင်ပါသည်။ ပျားရည်ကို ကြာကြာသုံးလေ ရောဂါဝေးလေပင်ဖြစ်သည်။ ကျွန်ုပ်တို့နေ့စဉ်စားသုံးနေကြအစာများတွင် လျော့နည်းနေသည့်ဓါတ်များနှင့် မပါဝင်သည့်ဓါတ်များကို ပျားရည်က ဖြည့်စည်းပေးလိမ့်မည်။ အိမ်တိုင်းတွင် ပျားရည်ပုလင်းကို အထူးဆောင်ထားသင့်ပါသည်။ ကုမရသော ရောဂါများနှင့် ပြင်းထန်သောရောဂါများအတွက် ပျားရည်က အလွန်အသုံးဝင်လှပေသည်။ နှလုံးနှင့် အဆုတ်ရောဂါတို့ကို အထူးပျောက်ကင်းစေသည်။ အစာအဖြစ်အသုံးပြုနေသောပျားရည်ကို ရုတ်တရက်ဖြစ်လာသည့် ရောဂါတို့အတွက် ဆေးဝါးအဖြစ်လည်း အသုံးချနိုင်ပေသည်။

ပျားရည်အစာကြေဆေး
များများစား မြန်မြန်စား မြန်မြန်မျိုချ......။ အမျိုးအစားအစုံတည်ခင်းထားတဲ့ စားပွဲကြီးရှေ့မှာ အစားအစာဝါးစားပါဟူသောဆောင်ပုဒ်မှာ ဦးနှောက်အတွင်း ချောင်ကပ်သွားရသည်သာ ဖြစ်၏။ ယနေ့အချိန်တွင် အစားတစ်လုတ်ကို ကျေညက်အောင်ဝါးပြီးမှ မျိုချခြင်းဟူသည့် ကျန်းမာရေးနည်းလမ်းကို လိုက်နာသူ အလွန်နည်းသွားရချေပြီ။ မြန်မြန်စား မြန်မြန်မျိုချသာ ပြုလုပ်ကြပြီး နောက်ဆက်တွဲဆိုးကျိုးအဖြစ် များများရောဂါဖြစ်၍ မြန်မြန်သေကြပေတော့သည်။ ခန္ဓာကိုယ်လည်ပတ်ရှင်သန်ရန်အတွက် အဓိကအကျဆုံးဖြစ်သော သွေးသည် စားလိုက်သည့်အစာများကိုအခြေခံ၍ အစာအိမ်၏ချေဖျက်မှုနှင့်အညီ ဖြစ်ပေါ်လာပေသည်။ မိတ်ဆွေတို့ မြင်ဖူး ကြားဖူးပါလိမ့်မည်။ အသားအရည် စိုပြေဝင်းပနေတာပဲ၊ သွေးသားကောင်းလို့ ကျန်းမာနေတာ၊ သွေးအားနည်းလို့ ဖြူရော်ရော်ဖြစ်နေရတာ။ သွေးအားများပြီး သွေးတက်နေတာ ..... စသဖြင့် သွေးကိုအခြေခံကာ ခန္ဓာကိုယ်ကျန်းမာမှုနှင့် အသားအရောင်တို့သည် လိုက်ပါပြောင်းလဲရပေသည်။ ထိုသွေး၏ အခြေခံသည် အစာအိမ်ဖြစ်သည်။ အစာအိမ်၏အခြေခံသည် အစာနှင့် စားသုံးမှုပုံစံပင်ဖြစ်သည်။ များများစားကြပြီး မြန်မြန်မျိုချနေကြသည့် ကျွန်ုပ်တို့အတွက် မြန်မြန်အစာကြေစေရန် ပျားရည်က အထောက်အကူပြုပေးပါလိမ့်မည်။ သကြားထက် ပျားရည်က အစာကြေလွယ်သည်ဟု ကျန်းမာရေးအသစ်တွေ့ရှိချက်တို့က ထောက်ခံပေးထားသည်။ သကြားအသုံးပြုရာတွင် များပါက အစာချေဖျက်မှုကို အနှောက်အယှက်ဖြစ်စေပြီး ခန္ဓာကိုယ်လေးလံထိုင်းမှိုင်းခြင်း အစာမကြေခြင်းတို့ ဖြစ်ရပေသည်။ ပျားရည်သည် အန္တရာယ်ပေးခြင်း လုံးဝကင်း၏။ ပျားရည်သည် သွေးထဲစိမ့်ဝင်ပြီး အမြန်ပင် သွေးဖြစ်သွားပေသည်။ ပျားရည်ကို ကြေညက်စေရန် ချေဖျက်မှုသည် ငါးမိနစ်မျှပင် မကြာပေ။ ဤမျှလျှင်မြန်စွာ လူသားကို အကျိုးပြုသော ပျားရည်ဖြစ်ပါသည်။ ကလေးများနှင့် အစာအိမ်အားနည်းသူ အစာကြေမှုအားနည်းသူတို့အတွက် အနှိုင်းမရှိသော ဆေးပင် ဖြစ်ပါသည်။ ယနေ့ခေတ်၏ လျှာအရသာခံအစာများကို အသင်စားသုံးပြီးလျှင်ဖြစ်စေ အသင့်၏ ကလေးများ စားပြီးလျှင်ဖြစ်စေ ပျားရည်ကို စားသုံးပေးပါ။ အသင့်ဝမ်းဗိုက်ထဲက အစာအိမ်အတွက် ပျားရည်က အထောက်အကူပြုပေးပါလိမ့်မည်။

အစာကြေရန် ဆေးနည်းပုံစံအချို့ဖော်ပြပါမည်။
၁။ လက်ဖက်ရည်တစ်ခွက်စာခန့် ရေနွေးပူပူလေးထည့်ပါ။ ပျားရည်တစ်ဇွန်း ထည့်ပါ။ ကောင်းစွာမွှေ၍ လက်ဖက်ရည်ကဲ့သို့ ဖြည်းဖြည်းခြင်းသောက်ပါ။ နေ့စဉ် တစ်နေ့သုံးကြိမ် အစားမစာမီ နာရီဝက်ကြို၍ သောက်ပါ။ ဤနည်းသည် အစာမကြေဖြစ်တတ်သူများအတွက် သင့်လျော်ပါသည်။
၂။ အစာစားပြီးနောက် နံနက်၊ ညနေ နှစ်ကြိမ်လုံးတွင် ပျားရည်ကို လက်ဖက်စားဇွန်း တစ်ဇွန်းစာ လျက်စားပါ။ အစာကောင်းစွာ ကြေစေပါသည်။

ဝမ်းတစ်လုံးကောင်း ခေါင်းမခဲအောင် ပျားရည်ဆောင်
မြန်မာဆိုးရိုးစကားတွင် ဝမ်းတစ်လုံးကောင်း ခေါင်းမခဲဟူ၍ ရှိသည်။ ကျမ်းမာရေးတွင် သုံးစွဲသလို စီးပွားရေးအတွက်လည်း ၎င်းဆိုရိုးကို ပမာပြုကြပေသည်။ ကျန်းမာရေးတွင် ဝမ်းတစ်လုံးကောင်း ဟူသည် ဝမ်းမီးငြိမ်းခြင်းကို ဆိုလိုသည်။ ဝမ်းမီးအေးငြိမ်းပါက ခန္ဓာကိုယ်၏ ခေါင်းဆောင် ဦးခေါင်းမခဲပဲ အေးဆေးသက်သာစွာ ကျန်းမာသုခ ခံစားရပေမည်။ မစာမကြေခြင်းမှ အစပြု၍ ရောဂါအစုံမဖိတ်ခေါ်ပဲ ရောက်လာကြသလို ဝမ်းချုပ်ခြင်းသည်လည်း ၉၆ပါးရောဂါ၏ အစပျိုးရာ အကြောင်းခံတစ်ခုပင်ဖြစ်သည်။ ဆီးရွှင်ဝမ်းမှန်လျှင် စိတ်ချမ်းသာစရာပင်။ ယခု ၉၆ပါး၏ ခေါင်းဆောင် ဝမ်းချုပ်ခြင်းကိုပျောက်အောင် သောက်ကောင်းသည့် ပျားရည်ကို ဆောင်ကြပါမည်။

နည်း ၁။ ရေကို အနည်းငယ်ပူစေ၍ ဇွန်းကြီးတစ်ဇွန်းစာ ဂျုံအသန့်ကို ထည့်ပါ။ ရေအေးသွားလျှင် ပျားရည်ထည့်၍ သောက်ပါ။ ဝမ်းချုပ်ခြင်း ကင်းဝေးပါမည်။
နည်း ၂။ နွားနို့ပူပူတွင် ပျားရည်နှစ်ဇွန်းထည့်သောက်ပါ။ ဝမ်းချုပ်ခြင်း သက်သာပါမည်။
နည်း ၃။ နံနက်စာစားနှင့်အတူ ပျားရည်ကိုပါ အစဉ်အမြဲစားသုံးပေးလျှင် ဝမ်းချုပ်ခြင်းကို ပျောက်ကင်းစေပါမည်။

အသည်းအားနည်းသူများအတွက်
ပျားရည် လက်ဖက်စားဇွန်း နှစ်ဇွန်းခန့်ကို နွားနို့နှင့် ရောသောက်ပါ။ နွားနို့မတတ်နိုင်ပါက ပျားရည်ကိုသာ သောက်ပါ။ အသည်းအားနည်းမှုတွင် အကျိုးထူးလာစေပါမည်။ နေ့စဉ် စွဲမြဲစွာ သုံးဆောင်သွားပါ။

ချောင်းဆိုးကင်းစင် အသံကြည်လင်
ပျားရည်တွင် သံပုရာရည်ညှစ်ပြီး လျက်ပေးပါ။

နှာစေး၊ နှာချေ ပျောက်စေ
ပျားရည်နှစ်ဇွန်း၊ သံပုရာသီးတစ်ခြမ်းနှင့်ရော၍ နေ့ပိုင်းတွင် သုံးကြိမ်မှ လေးကြိမ်အထိ သောက်သုံးပါ။ သံပုရာသီးရာသီမဟုတ်လျှင် ရေနွေးပူပူတစ်ခွက်တွင် ပျားရည်တစ်ဇွန်း၊ ဂျင်းရည်ဇွန်းတစ်ဝက် လတ်လတ်ဆတ်ဆတ်ဖျော်သောက်ပါ။

ကလေးနှင့် ပျားရည်
ကလေးနှင့် ပျားရည်သည် ကလေးတည်စကတည်း မပျက်တမ်းတွဲစပ်ထားရမည့် အစာတစ်ခုဖြစ်ပါသည်။ အားဆေး၊ ကာကွယ်ဆေးအဖြစ်အသုံးပြုလိုပါက၊ မိခင်လောင်းအတွက် အကောင်းဆုံးလက်ဆောင်ပေးလိုပါက ပျားရည်ကို သတိရလိုက်ပါ။ သန္ဓေသားဖွံဖြိုးရန် ကျန်းမာကြံ့ခိုင်ရန်နှင့် မိခင်ဖြစ်သူ ရွှင်လန်းနေစေရန် ပျားရည်က အထောက်အကူပြုပေးပါလိမ့်မည်။ ဇနီးကောင်း မိခင်လောင်းတို့အနေဖြင့် ကလေးတည်စကတည်းက ပျားရည်ကို ပုံမှန်သုံးစွဲနေသင့်ပါသည်။ ကလေးမီးဖွားပြီးနောက်တွင် ဆက်လက်သုံးစွဲပါဟု အကြံပြုပါသည်။ ကလေးငယ်များအတွက် ပျားရည်သည် အလွန်ကောင်းသော သဘာဝအစားအစာပင်ဖြစ်ပါသည်။ သကြားလုံးများ အချိုများ လျှာအရသာခံအစာများနှင့် ကမီကယ်အားဆေးတို့ထက် ပျားရည်ကိုသာ ကလေးတို့အတွက် သုံးပေးပါ။ ပျားရည်အမြဲသုံးစွဲပေးထားသော ကလေးငယ်တို့သည် ကျန်းမာကြံ့ခိုင်ကြပြီး ရွှင်လန်းတက်ကြွနေပါမည်။ မှတ်ဉာဏ်ဖွံ့ဖြိုးရန် ပျားရည်က အထောက်အကူပြုပေးပါသည်။

ကလေးနားပြီယိုလျှင် -- ပျားရည် ၁ဝ ဂရမ်၊ တမာရွက် ၁ဝ ဂရမ်။ တမာရွက်ကို ပျားရည်နှင့်အတူ အပူပေး၍ နားထဲသို့ တစ်စက်ခန့်ထည့်ပေးပါ။

ကလေးသွားပေါက်လျှင် -- ပျားရည်ကို မခမ်း(ပေါင်မုန့်နှင့်သုပ်စားသည့် ထောပတ်)ဖြင့် ရော၍ နေ့ပိုင်းတွင် သုံးကြိမ် ကလေးသွားဖုံးပေါ်သို့ လိမ်းကျံပေးပါ။ သို့မဟုတ် ပျားရည်နှင့်ဆားကို ရော၍ လိမ်းပေးပါ။

ကလေးချောင်းဆိုး -- ပျားရည်ကို ဆားအနည်းငယ်နှင့်အတူ မီးပေါ်မှာထားပါ။ ပျားရည်ကွဲသွားလျှင် ရေကြည်ကိုယူ၍ အနည်းငယ်တိုက်ပါ။

ကလေးဗိုက်နာ -- ပျားရည်အစစ် (၁ဝ) ဂရမ်၊ နှင်းဆီရည်၊ စမုံစပါးရည်၊ ပူစီနံရည်တို့ကို (၂ဝ) ဂရမ်စီ။ ပျားရည်နှင့် ကျန်အရည်တို့ကိုရော၍ တစ်နေ့ လေးကြိမ်တိုက်ပါ။ ကလေးဗိုက်နာမှုအတွက် သင့်တော်ပါသည်။

ကလေးများ အလွန်ကျို့ထိုးနေခြင်း ပျားရည်လျက်ခိုင်းပါ။
ကလေးများ အလွန်အန်နေလျှင် ပျားရည်နှင့်ရေကိုရော၍ တိုက်ကျွေးပါ။ အစားအသောက်အနေဖြင့် ဆိတ်နို့တိုက်ပါ။ သက်သာမှုရရှိပါမည်။ ကလေးများ အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း၊ အန်ခြင်း၊ အသားအရည်ခြောက်သွေ့ခြင်းတို့အတွက် ပျားရည်နှင့်ရေ ရောတိုက်ခြင်းက အစွမ်းထက်အကျိုးရှိစေပါမည်။

ကလေးမွေးမွေးပြီးခြင်း ပျားရည် သုံး၊ လေးစက် ခံတွင်းတွင်တို့ပေးပါ။ လည်ချောင်း၊ အစာအိမ်နှင့် အူများကို ရှင်းလင်းစေပါသည်။ ဆိုးကျိုးများ မဖြစ်ပေါ်စေပါ။ အစာအိမ်၏ နုသောအပိုင်းကို ကာကွယ်ပေးပါသည်။

ကလေးအားဆေး -- နွားနို့ပူပူနှင့် ရေနွေးတွင်ဖျော်ထားသည့် ပျားရည်ရော၍ တိုက်ပေးပါ။ ဤအရည်ကိုသောက်သောကလေးတို့သည် ရောဂါပေါင်းစုံမှ ကာကွယ်မှုရရှိသည့်အပြင် ကလေးများအတွင်း ရောဂါကိုခုခံကာကွယ်အား ရရှိလေသည်။

ကလေးများကြီးထွားစေရန် -- ကလေးဟူသည် အလွန်လှုပ်ရှားတတ်သူဖြစ်၏။ ထို့ကြောင့် ၎င်းတို့၏ခန္ဓာကိုယ်သည် လောင်စာဓါတ်များစွာကို တောင့်တပေသည်။ အများအားဖြင့် ကလေးတို့သည် အချိုကို နှစ်သက်သည်။ အချိုဓါတ်သည်လည်း အမှန်တကယ်ပင် အားဖြစ်စေပါသည်။ သို့ရာတွင် ပေးလိုက်သည့် အချိုက မှန်ကန်မှုရှိရပေမည်။ အချိုအားလုံးတွင် အကောင်းဆုံးက ပျားရည်ဖြစ်သည်။ ပျားရည်သည် သဘာဝမှ တိုက်ရိုက်ရသည့် အချိုဖြစ်သည်။ ထို့ကြောင့် ကလေးတို့ကို ပျားရည်စားစေပါ။ ပျားရည်စားသုံးသောကလေးသည် အအေးဒဏ်ကို ခံနိုင်ရည်ရှိမည်။ ကြီးထွားနှုန်းမြန်ဆန်ပြီး ရောဂါအဖြစ်လည်း နည်းပါးမည်။ ထို့ကြောင့် တခြားသော အချိုမုန့်များထက် ပျားရည်ကို တိုက်ကျွေးပေးပါ။

လန်းဆန်းမောပြေပျားဖျော်ရည်
အထက်တွင် ပျားရည်သည် အသက်ရှည်ဆေးတစ်မျိုးပင်ဖြစ်၍ အစဉ်သုံးစွဲရန် ရေးသားခဲ့ပါသည်။ ပျားရည်ကို အမြဲစားသုံးနိုင်သည့် နည်းလမ်းတချို့ကို တင်ဆက်ပါမည်။ ပျားရည်ချည်းသက်သက်လည်း စားသုံးနိုင်သလို ဖျော်ရည်ပုံစံဖြင့်လည်း သောက်သုံးသွားနိုင်သည်။ ပျားဖျော်ရည်သည် ပင်ပမ်းနွမ်းနယ်မှု၊ မောပန်းမှုတို့ကို ပျောက်ကင်းစေသည်။ ဉာဏလုပ်သားများအတွက် ဦးနှောက်အားဆေး၊ ကာယလုပ်သားတို့အတွက် လန်းဆန်းဆေးဖြစ်ပါမည်။ ပျားရည်ကို အမြဲသုံးဆောင်လိုသူအတွက်လည်း အရသာတွေ့စေမည့် ဖျော်ရည်တစ်ခွက်ဖြစ်ပေသည်။
နည်း ၁။ ရေတစ်ခွက်တွင် သံပုရာသီးတစ်ခြမ်း အရည်ညှစ်၊ ပျားရည်နှစ်ဇွန်းရောလိုက်ပါ။ နွေရာသီဆိုလျှင် ရေခဲတုံးထည့်သောက်ပါ။ ဆောင်းရာသီဆိုလျှင် ရေနွေးဖြင့် သုံးဆောင်ပါ။
နည်း ၂။ အလွန်ပင်ပမ်းနွမ်းနယ်နေသည့်အချိန်တွင် ပျားရည်ကို ရေနွေးပူပူတွင် ရော၍သောက်သုံးလျှင် အသစ်တစ်ဖန်လန်းဆန်းမှု ဖြစ်ပေါ်လာပါသည်။
နည်း ၃။ ပန်းသီးရှလကာရည်နှစ်ဇွန်း၊ ပျားရည်နှစ်ဇွန်း ရောဖျော်၍ သောက်နိုင်သည်။ ဤဖျော်ရည်သည် အဆစ်အမြစ်နာမှ အမောရောဂါအဆုတ်နာအထိ၊ လူအိုနာမှ အသားအရေပြားရောဂါအထိ ရောဂါတိုင်းကို ပျောက်ကင်းစေပါသည်။
ပျားရည်ကို ဖျော်ရည်ပုံစံဖြင့် အမြဲသုံးဆောင်ခြင်းက ပို၍သင့်လျော်ပါသည်။

ပျားရည်စားချိန်သတိပြုရန်
ပျားရည်သီးသန့်ကို စားလျှင်ဖြစ်စေ၊ တိုက်ကျွေးလျှင်ဖြစ်စေ ဇွန်းနှင့်တိုက်ရိုက်မစားပါနှင့်။ သီးတတ်ပါသည်။ ပျားရည်သီးလျှင် အသက်ရှုလမ်းကြောင်းပိတ်စေသည်။ ထို့ကြောင့် လက်ဖဝါးထဲထည့်၍ လျက်ပေးပါ။ ကလေးငယ်လေးများကို လက်ဖြင့်သာ တို့ပေးပါ။

ပျားရည်လိမ်းဆေး
ပြည်တည်နာ၊ အပူဖု၊ မီးလောင်၊ ဆီပူလောင်၊ အပူလောင်၊ အရေပြားနာ၊ မရင့်မှည့်သည့်အနာ၊ အရေပြားခြောက်သွေ့ခြင်း၊ ခြစ်ရာများ၊ ယားနာ၊ နာကျင်နေသည့်ဒဏ်ရာများ အားလုံးတွင် ပျားရည်ကိုသာ လိမ်းပေးပါ။ အလွန်ထိရောက်ပါသည်။ မီးလောင် ဆီပူလောင်တို့အတွက် အမာရွတ်ပါမကျန်စေမည့် လိမ်းဆေးဖြစ်ပါသည်။

ပျားရည်နှင့် အလှအပ
ဝိတ်ကျ -- ပျားရည်တစ်စ၊ ရေနွေး ခုနှစ်စဖြင့် ရောသောက်လျှင် အဆီလျော့ကျပါမည်။
ဆံပင် -- ပျားရည်တစ်ပုံ၊ သံပုရာရည်နှစ်ပုံ ရော၍ ခေါင်းကိုပွတ်တိုက်ပါ။ ငါးမိနစ်ခန့်မျှ ထားပါ။ ရေသန့်ဖြင့်ဆေးချပါ။ (ခေါင်းလျှော်ရည်ဖြင့် မလျှော်ချရ)။ ဆံပင်ကျွတ်၊ ဆံပင်ကျဲပျောက်ကင်းစေ၍ ဆံပင်သန်စွမ်းစေပါသည်။
မျက်နှာ -- မျက်နှာအသားအရည်စိုပြေအေးမြစေရန် ပျားရည်ကိုသာ လိမ်းကျံထားပါ။ ပေါင်းဆေးကဲ့သို့ အသုံးပြုနိုင်ပါသည်။ တစ်နာရီခန့်ထား၍ ရေဖြင့်မျက်နှာသစ်ချလိုက်ပါ။

ပျားရည်သည် ဘက်စုံအသုံးပြုနိုင်သည့် သဘာဝအစားအစာတစ်ခုပင် ဖြစ်သည်။ ပျားရည်ကို ဆေးဝါးဟုသတ်မှတ်၍ ရောဂါဖြစ်မှသုံးစွဲခြင်းထက် အစားတစ်ခုဟုသတ်မှတ်ပြီး မိမိတို့၏ နေ့စဉ်စားသုံးမှုတွင် အစဉ်အမြဲ ထည့်သွင်းစားသုံးပါရန် အကြံပြုအပ်ပါသည်။
ဤအကြောင်းအရာကို "ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးစ်ကျမ်းလာ ပျားရည်၏ ထူးခြားသည့်အာနိသင်များ" စာအုပ်မှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

အလ်မုဖီးဒ်
ဇုလ်ဟိဂ်ျဂျာ/ ၂၄/ ယောင်မုလ်ဂျွမ်အာ/ ဟိဂျရီ ၁၄၃၆

-----
အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Tuesday, August 4, 2015

မြွေဆိပ် ကင်းဆိပ်အတွက် လွယ်ကူသောဖြေဆေး


မြွေ၊ ကင်း၊ ကင်းခြေများ၊ ပိတုန်း စသည့်အကောင်များ၏ အကိုက်ခံရလျှင် ချက်ခြင်းအဆိပ်တက်သလို အဆိပ်ပြင်းသည့် သတ္တဝါဖြစ်ပါက အသက်ဆုံးရသည်အထိ ဖြစ်ရလေသည်။ ထို့ကြောင့် သက်ဆိုင်ရာ ကျန်းမာရေးကုသမှုပြုရန် အခက်အခဲရှိနေလျှင် ယခုဖော်ပြမည့်နည်းများကို အသုံးပြုနိုင်ပါသည်။ ဆေးမြီးတိုဟုဆိုရာတွင် သဘာဝပစ္စည်းဖြစ်သော ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို အခြေခံထားသော နည်းဖြစ်သည်။ အလွယ်တကူရနိုင်သလို ကုသရသည်လည်း မြန်ဆန်ပြီး ထိရောက်မှုလည်းရှိပါသည်။ ယခုဖော်ပြမည့်နည်းများသည် "ရောဂါတိုင်းအတွက် အာနိသင်ထူးတဲ့ ကြက်သွန်ဖြူ၏ စွမ်းဆောင်ချက်၊ ဝေဒနာရှင်များအတွက် အစွမ်းထက်တဲ့ ကြက်သွန်နီရဲ့ စွမ်းဆောင်ချက်" အမည်ရှိ စာအုပ်တို့မှ ကောက်နှုတ်၍ ဆီလျော်အောင်ပြန်လည်ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကြက်သွန်နီအဆိပ်ဖြေဆေး
ကင်းကိုက်ခြင်းအတွက်
၁။ ကြက်သွန်နီတစ်လုံးကို နှစ်ပိုင်း ပိုင်းလိုက်ပါ။ ယင်းကြက်သွန်အပေါ် ဖောက်ပြီးသားထုံးကိုလူး၍ အကောင်ကိုက်ထားသည့်နေရာတွင် သုတ်လိမ်းပေးပါ။ သက်သာမှုရမည်။
၂။ ကြက်သွန်နီကို ထုထောင်း၍ အကောင်ကိုက်ထားသည့်ဒဏ်ရာပေါ်တွင် အုံ၍ ချည်နှောင်ထားလိုက်ပါ။ သက်သာမှုရ၍ အဆိပ်ပြေမည်။
၃။ ကြက်သွန်နီ၊ ဇဝက်သာတို့ကို ဆတူရော၍ သမအောင်မွှေပါ။ ကောင်းစွာရောသွားလျှင် ပုလင်းထဲတွင် ထည့်သိမ်းထားနိုင်သည်။ ၎င်းဆေးသည် ကင်း၊ ပိတုန်း၊ ပျားကောင်များ၏ အဆိပ်ဖြေရန် အကောင်းဆုံးဆေးနည်းဖြစ်၏။
၎။ ကြက်သွန်နီကို ဆားဖြင့်လူး၍ကျွေးလျှင် အဆိပ်ဓာတ်ကို ပျောက်ကင်းစေသည်။

ကင်းခြေများကိုက်လျှင်
ကြက်သွန်နီနှင့် ကြက်သွန်ဖြူ နှစ်မျိုးလုံးကိုရော၍ ကြိတ်ပြီး (ထုထောင်းလျှင်လည်းဖြစ်ပါသည်။) ကင်းခြေများကိုက်သည့်နေရာတွင် အုံပေး လိမ်းပေးပါ။ အဆိပ်ပြေနိုင်သည်။

မြွေကိုက်ခြင်းအတွက်
ကြက်သွန်နီတွင် အဆိပ်ပြေစေသော ဓာတ်ရှိသည်။ တစ်ဦးတစ်ယောက် မြွေပေါက်ခံရလျှင် ၎င်းကို ကြက်သွန်များများကျွေးပါ။ အဆိပ်ပြေသွားမည်။

ကြက်သွန်နီကို ရှလာရည်၌ ကျဲကျဲဖျော်၍လိမ်းပေးလျှင် အဆိပ်ကို ပြေစေပါသည်။

ကြက်သွန်ဖြူ အဆိပ်ဖြေဆေး
၁။ ကြက်သွန်ဖြူ တစ်ဥကို နွားနို့ ၂၅ကျပ်သားတွင် ဖျော်၍ အဆိပ်တက်နေသူကို တိုက်ပါ။ သက်သာမည်။ (ကြက်သွန်ဖြူကို ကြိတ်၍ သို့မဟုတ် ခြစ်ဖြင့် ခြစ်ထည့်လျှင်လည်း ရ၏။)
၂။ ကင်းကိုက်ခံရလျှင် ဆားနှင့် ကြက်သွန်ုဖြူ နှစ်မျိုးကိုကြိတ်၍ အကိုက်ခံရသည့်နေရာတွင် လိမ်းပေးပါ။ အဆိပ်တက်နေခြင်း သက်သာသွားမည်။
၃။ ကြက်သွန်ဖြူနှင့် သရက်သီးခြောက်တို့ကိုကြိတ်၍ ရေနှင့်ရောကာ မြွေ၊ ကင်း အကိုက်ခံရသည့်နေရာတွင် လိမ်းပေးလျင် သက်သာပျောက်ကင်းမှု ရရှိမည်။
၎။ ကြက်သွန်ဖြူကို ရှလကာရည်တွင်ရော၍ကြိတ်ပြီး မြွေ၊ ကင်းနှင့် ခွေးရူးကိုက်ခံရသည့်နေရာတို့တွင် အကြိမ်ကြိမ်လိမ်းပေးလျှင် သက်သာမှုရရှိမည်။
၅။ မျှော့ကိုက်ခံလျှင် ၎င်းဒဏ်ရာအပေါ် ကြက်သွန်ဖြူကို ရေနှင့်ရောကြိတ်ပြီး လိမ်းပေးပါ။ သက်သာပါမည်။

မြွေတွင် အမျိုးအစားများစွာရှိသည့်အတွက် ဆေးနည်းတစ်ခုဖြင့် မသက်သာလျှင် နောက်တစ်နည်းထပ်သုံးပါ။ ကြက်သွန်ဖြူသည် အဆိပ်ဖြေရာတွင် အစွမ်းထက်လှပါသည်။ သမားတော်များ၏ အဆိုအရ ကြက်သွန်ဖြူရှိသောနေရာတွင် ၎င်းအနံဖြင့် မြွေမလာရဲပါ။

ဝမ်းရောဂါ ပလိပ်ရောဂါအတွက် ကြိုတင်ကာကွယ်နည်း
သမားတော်များက ဆေးနည်းညွှန်ထားသည်မှာ ကြက်သွန်ဖြူကို စားသုံးပေးခြင်းသည် ၎င်းရောဂါပိုးများ ကိုယ်အတွင်းမဝင်ရောက်နိုင်ရန် ကြိုတင်ကာကွယ်ပေးသည့် အကောင်းဆုံးဆေးနည်းဖြစ်သည်။ ((စားသုံးခြင်းဟု ဆိုရာတွင် တစ်နေ့တည်းတွင် များစွားစားခြင်းမဟုတ်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို အစိမ်းလိုက် များစွာစားသုံးပါကလည်း ဆိုးကျိုးဖြစ်တတ်ပါသည်။ ထို့ကြောက် တစ်နေ့တွင် ကြက်သွန်ဖြူဥ တစ်တက်ခန့်မျှ စားသုံးပေးခြင်းက အထူးသင့်လျော်ပါသည်။))

သတိပြုမှတ်သားရန်မှာ အထက်ပါဆေးနည်းတို့ဖြင့် တင်းတိမ်မနေဘဲ သက်ဆိုင်ရာ ဆေးကျန်းမာရေးဌာနသို့သွား၍ ကုသရမည်။ ယင်းဆေးနည်းတို့ဖော်ပြရခြင်းသည် ချက်ခြင်းဖြစ်လာလျှင် လက်ငင်းလုပ်ဆောင်နိုင်ရန်အတွက် ဖြစ်ပါသည်။

မြွေ၊ ကင်းစသည်တို့ရန်မှလွတ်ကင်းရန်နှင့် အကိုက်ခံရပါက အဆိပ်ပြေစေမည့် ဒုအာများကို "သမုဒ္ဒရာအောက်မှ ပုလဲလုံးများ" စာအုပ်မှ ကောက်နှုတ်ဖော်ပြပေးထားပါသည်။

အလ်မုဖီးဒ်
ရှောက်ဝါလ်/ ၁၉/ ယောင်မွလ်အရ်ဗာအ်/ ဟိဂ်ျရီ ၁၄၃၆

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Wednesday, July 1, 2015

အမျိုးအစားမတူသော အစာများ စုံသွားခြင်း၏ ဆုံးရှုံးမှုများ


စဖရွဒ်စအာဒသ်ကျမ်း၌ ရေးသားထားသည်မှာ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် အမျိုးအစားမတူသော အစားအစာနှစ်ခုကို မည်သည့်အခါမှ စုပေါင်း၍ စားသုံးတော်မူလေ့မရှိခဲ့ပါ။ ဥပမာအားဖြင့် ငါးနှင့် နို့ကို တစ်ကြိမ်တည်း စုပေါင်းစားသုံးတော် မမူပေ။ အချဉ်နှင့် နို့ကိုလည်းကောင်း၊ ပူသောအစာနှင့် အေးသောအစာတို့ကိုလည်းကောင်း တစ်ကြိမ်တည်းတွင် အတူတကွ သုံးဆောင်တော်မမူပါ။ ဤအတိုင်းပင် ဝမ်းချုပ်စေသော အစာနှင့် ဝမ်းသွားစေသော အစာတို့ကိုလည်း စုပေါင်းမသုံးဆောင်ခဲ့ပါ။
စုပေါင်း၍ဟူသော အလိုသဘောမှာ အစာအိမ်တွင် သွားရောက်စုပေါင်းခြင်းကို ဆိုလို၏။ သဘောမှာ ကိုယ်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် သည် ငါးကိုစားသုံးပြီး ၎င်းအရာ အစာကြေသွားခြင်း မရှိသေးဘဲ ထပ်၍ နို့ကိုသုံးဆောင်လိုက်ခြင်းမျိုး မည်သည့်အခါမှ မရှိခဲ့ပေ။ ထို့အတူ နို့နှင့် ဥ၊ နို့နှင့် အသားတို့ကိုလည်း မည်သည့်အခါမျှ တစ်ကြိမ်တည်း သုံးဆောင်တော်မူလေ့မရှိခဲ့ပေ။

ဆိုလိုရင်းမှာ အစာတစ်မျိုး ကြေသွားခြင်းမရှိသေးဘဲ ၎င်းအပေါ်မှ နောက်ထပ်တစ်မျိုးကို မစားသုံးပေ။ ဤအတိုင်းပင် ချုပ်စေသော အစာနှင့် သက်စေသော အစာ၊ အစာကြေရန် လွယ်ကူသောအရာနှင့် အစာကြေရန် မလွယ်ကူသော အရာ၊ ချက်ထားသော အသားနှင့် ကင်ထားသော အသား၊ ကြွင်းကျန်သော အစာနှင့် လတ်ဆတ်သောအစာတို့ကို တစ်ပြိုင်တည်း သုံးဆောင်တော်မူခဲ့ခြင်း မရှိပေ။

ဆုံးရှုံးမှု >> (ဓါတ်သဘော) ကွဲပြားခြားနားသော အစာနှစ်မျိုးအား အစာကြေစေရန်အတွက် အစာအိမ်သည် အလွန်ပင် တာဝန်ကြီးမားရလေသည်။
(အစာအိမ်အတွက် အားဖြစ်ရမည့်နည်းကို တမန်တော်ကိုယ်တိုင် ကျင့်သုံးပြခဲ့သည်။ ကျွန်ုပ်တို့လည်း တမန်တော်၏နည်းကို အတုယူရမည်။ ကမ္ဘာ့စံနမူနာရှင်၏ လုပ်ဆောင်မှုကို လိုက်နာနိုင်ရန် တင်ဆက်ခြင်းဖြစ်၏။)

.. ကာရီယူစွဖ်(အဆ်အဒီ) ဒါမသ်ဗရကားသုဟူ ဘာသာပြန်ဆိုသည့် "တမန်တော်မြတ်၏ ကုထုံးလမ်းညွှန်" မှ ကောက်နှုတ်တင်ဆက်ပါသည်။..

အလ်မုဖီးဒ်
ရမ်ဇာန်/ ၁၃/ ယောင်မုလ်အရ်ဗာအ်/ ဟစ်ဂ်ျရီ ၁၄၃၆

Monday, March 9, 2015

ဂျလာတင်းအကြောင်း


နေ့စဉ်သောက်နေကြသော ဆေးဝါးတောင့် Medicine Capsules များနှင့် အစ္စလာမ့်တရားတော်၏ အမိန့်ပညတ်ချက်
** စုဆောင်းတင်ပြသူ >> မုဟမ္မဒ်အာတီယား - (B.Sc.(Chem:) **

မုဖ်သီမုဟမ္မဒ်စူရတီဆွာဟိဗ် (မဇွာဟေရီ) ၏ အမှာစာ
စာရှုသူ လူကြီးမင်းလက်ဝယ်ရှာ " ဆေးဝါးတောင့်များနှင့် အစ္စလာမ့်တရားတော်၏ ပညတ်ချက် " စာစဉ်ကို မုဟမ္မဒ်အာတီယား ဆွာဟိဗ်မှ စုစည်းရေးသားတင်ပြထား၏။ စာရေးသူသည် (B.Sc.(Chem:) ဘွဲ့ရပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါသည်။ စာရေးသူသည် ကျွန်ုပ်တို့၏ အကာဗိရ်အကြီးအကဲ စစ်မှန်သောသာသနာ့ပညာရှင်ကြီးများ၏ အဆိုအမိန့်များကိုသာ စုစည်းတင်ပြထားခြင်း ဖြစ်၏။ ဟရာမ်၊ ဟလာလ် ခွဲခြားခြင်း ပျောက်ကွယ်နေသော မျက်မှောက်ခေတ်အတွက် စာရေးသူ၏ ကြိုပမ်းမှုသည် အလွန်အားရကျေနပ် ဝမ်းမြောက်ဖွယ်ကောင်းသော ကြိုးပမ်းမှုပင် ဖြစ်၏။ အလ္လာဟ်အရှင်မြတ် စာရေးသူကို စစ်မှန်သောသာသနာ့ပညာရှင် အကြီးအကဲများ၏ အရိပ်အောက်တွင်နေကာ ပို၍ကြိုးပမ်းနိုင်စွမ်း သောဝ်ဖီးက်ချီးမြှင့်တော်မူပါစေ။ (အာမီးန်) **မုဖ်သီ မုဟမ္မဒ်စူရတီ(မဇွာဟေရီ)**

စုဆောင်းတင်ပြသူ၏ အမှာစာကျွန်ုပ်တို့ စားသောက်သုံးစွဲနေသော အစားအစာများ အထူးသဖြင့် ဆေးဝါးများတွင် ဟရာမ်ဖြစ်သောသားကောင်တို့၏ ဆေးဝါးများ ပါဝင်နေကြောင်း မသိရှိသူ များပြားလှပါသည်။ အစားအစာနှင့် ဆေးဝါးတို့တွင် ဟရာမ်ဖြစ်စေသော ပစ္စည်းများ အနည်းမျှပင်ပါဝင်နေလျှင် ထိုအစားအစာနှင့် ဆေးဝါးတို့ကို ဟလာလ်ဖြစ်သည်ဟု မသတ်မှတ်နိုင်တော့ပေ။ ထို့ကြောင့် သက္ကဝါတရားထားသူ အီမာန်ရှင်တစ်ဦးအနေဖြင့် မိမိသုံးဆောင်မှီဝဲမည့် အစားအစာနှင့် ဆေးဝါးတို့တွင် ဟရာမ်ပစ္စည်းပါဝင်ခြင်း ရှိ မရှိကို စူးစမ်းစစ်ဆေးရန် လိုအပ်ပေမည်။ ဤစာအုပ်ကို အင်တာနက်ပေါ်ရှိ တောင်အာဖရိကနိုင်ငံ ဇမ်ဘီယာမြို့၊ အိုလမာအဖွဲ့ ဝဘ်ဆိုဒ်၊ မလေးရှားဝဘ်ဆိုဒ်နှင့် ဆော်ဒီအာရေဗီးယားနိုင်ငံ၏ ဝဘ်ဆိုဒ်များမှ newslatter များကို မြန်မာဘာသာပြန်၍ စုဆောင်းပြုစုထားပါသည်။ ညီနောင်မုစ်လင်မ်တို့အတွက် အကျိုးဖြစ်မည်ဟု ယုံကြည်ပါသည်။ ဤစာအုပ်ကို ဖတ်ရှုလေ့လာစစ်ဆေးပေးသော မုဖ်သီမုဟမ္မဒ်စူရတီဆွာဟိဗ်အား အထူးကျေးဇူးဥပကာရ တင်ရှိပါသည်။ ** မုဟမ္မဒ်အာတီယား - (B.Sc.(Chem:) **
နေ့စဉ်သောက်နေကြသော ဆေးဝါးတောင့် Medicine Capsules များနှင့် အစ္စလာမ့်တရားတော်၏ အမိန့်ပညတ်ချက်ကျွန်ုပ်တို့နေ့စဉ်သောက်နေကြသော ဆေးတောင့် အမာ၊ အပျော့ Medicine Capsules များကို ဟရာမ်ဂျလာတင်း သုံး၍ ပြုလုပ်ထားသောကြောင့် အစ္စလာမ့်တရားတော်အရ ဤသို့သောဆေးများဖြင့် ဆေးကုသခွင့် ရှိ မရှိကို ရှင်းလင်းတင်ပြခြင်း။
အို လူသားအပေါင်းတို့ အသင်တို့သည် ကမ္ဘာမြေပေါ်ဝယ် ရှိလေသောအရာများအနက်မှ စားသုံးပိုင်ခွင့်ပြုထားသော ဟလာလ်သန့်စင်သောအရာများကို စားသုံးကြလော့။ သို့ရာတွင် အသင်တို့သည် ရှိုက်သွာန်၏ ခြေရာများကို ဖဝါးခြေထပ်မလိုက်ကြကုန်လင့်။ အမှန်စင်စစ် ယင်းရှိုက်သွာန်သည် အသင်တို့၏ ပွင့်လင်းထင်ရှားလှစွာသော ရန်သူရန်ဘက်ပင်ဖြစ်ချေသည်။ ကုရ်အာန် ၂: ၁၆၈
အို မုအ်မင်န် ယုံကြည်သူအပေါင်းတို့ အသင့်တို့အား ငါအရှင်မြတ်ပေးသနားတော်မူသော ကောင်းမွန်သန့်ပြန့်သော အဟာရများအနက်မှ အသင်တို့သည် ကြိုက်နှစ်သက်ရာကို စားသုံးကြကုန်။ ၎င်းအပြင် အကယ်၍ အသင်တို့သည် အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ကြပါလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ကြကုန်။ ၂/၁၇၂
ထို့ပြင်တစ်ဝ အသင်တို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူသည်များအနက်မှ စားသုံးခွင့်ပြုထားတော်မူသော သန့်စင်သောအရာများကို စားသုံးကြလေကုန်။ ၅: ၈၈
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်၌ အသေကောင်များကိုလည်းကောင်း၊ ယိုစီးသောသွေးကိုလည်းကောင်း၊ ဝက်၏အသားကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ နာမတော်မှတစ်ပါး အခြားကိုးကွယ်ရာများ၏ အမည်နာမများကို တသပြီး လှီးဖြတ်ထားသော တိရိစ္ဆာန်များကိုလည်းကောင်း မုချတားမြစ်ထားတော်မူလေသည်။ ၂: ၁၇၃
ဟရာမ် အစားအသောက် စားထားသူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်နိုင်မည်မဟုတ်ပါ။ (မိရှ်ကားသ်ကျမ်း)
ဟရာမ် စားသုံးပိုင်ခွင့်မရှိသည့်အရာများနှင့် ဟလာလ်စားသုံးပိုင်ခွင့် ရှိသည့်အရာများကို ရောနှောလိုက်ပါက စားသုံးပိုင်ခွင့်ရှိသည်များကိုပါ ဖျက်ဆီးပစ်လေသည်။ (မိရှ်ကားသ်ကျမ်း)
အလ္လာဟ်အရှင်မြတ်သည် ဟရာမ်ဖြစ်သောအရာများထဲတွင် အသင်တို့၏ ရောဂါများကို ပျောက်ကင်းစေသောအရာများ ထည့်ထားတော်မူခြင်း မရှိ။ (ဗုခါရီကျမ်း)
မိမိတို့နေစဉ်သောက်နေကြသော ဆေးတောင့် အမာ အပျော့ Medicine Capsules များကို ဟရာမ် ဂျလာတင်း သုံး၍ ပြုလုပ်ထားပါသည်။ ဥရောပနိုင်ငံရှိ ဂျလာတင်း Gelatine ထုတ်လုပ်သူတို့၏ အဆိုအရ ၈ဝရာခိုင်နှုန်း ဝက်သားရေ၊ ၁၅ရာခိုင်နှုန်းကို နွားသားရေနှင့် ကျန် ၅ရာခိုင်နှုန်းကို ဝက်နှင့် နွားတို့၏ အရိုးတို့မှ ထုတ်ယူခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံ၊ ဥရောပနိုင်ငံများ၊ အမေရိကနိုင်ငံများမှ အများဆုံးထုတ်လုပ်ကြပါသည်။
ကမ္ဘာ့ဂျလာတင်း Gelatine ထုတ်လုပ်မှုမှာ တစ်နှစ်လျှင် ၃၃ဝ,ဝဝဝ မက်ထရစ်တန် ဖြစ်သည်။ ယင်းထုတ်လုပ်မှုတွင် ၂ရာခိုင်နှုန်းသာ ဟလာလ်ဂျလာတင်းဖြစ်ပြီး ကျန် ၉၈ ရာခိုင်နှုန်းမှာ ဟရာမ်ဂျလာတင်းဖြစ်ပါသည်။
ဂျလာတင်း (GELATING) ဆိုသည်မှာ အဘယ်အရာနည်း။Gelatine ဆိုသည်မှာ တိရိစ္ဆာန်၏ သားရေနှင့် အရိုးတို့မှထုတ်ယူရရှိသော စားသောက်ဖွယ် အသားဓာတ်တစ်မျိုး (Good Protein) ဖြစ်ပါသည်။ Gelatine ၏ ထူးခြားချက်မှာ ယင်းသည် နိမ့်သောအပူချိန်တွင် ရေ၌ပျော်ဝင်ပြီး၊ အခဲဘဝမှ အရည်ဘဝသို့ အပူရှိန်းအနည်းငယ်မျှ ရရုံဖြင့် ပြောင်းလဲနိုင်ပါသည်။ လူ၏ ကိုယ်ခန္ဓာ၏အပူချိန်ထက် နိမ့်သောအပူရှိန်တွင်လည်း ပျော်ဝင်နိုင်သဖြင့် Gelatine ကို ပါးစပ်တွင်ထည့်ရုံမျှဖြင့်လည်း ပျော်သွားပြီး အလွန်ထူးကဲသောအရသာကို ရရှိစေပါသည်။ Gelatine ကို ထုတ်လုပ်သောအဓိက ကုန်ကြမ်းပစ္စည်းမှာ သားရေနှင့် အရိုးတို့ဖြစ်ပါသည်။
- အရိုးမှ ထုတ်လုပ်ခြင်း -
အရိုးမှ ထုတ်လုပ်ရာတွင် အရိုးကိုကြိတ်ခွဲ၍ ဟိုက်ဒရိုကလိုရစ်အက်စစ်အပျော့တွင် စိတ်ထားခြင်းဖြင့် အရိုးအတွင်းရှိ ကယ်လ်ဆီယမ်ကာဗွန်နိတ်နှင့် ဖော့စဖိတ်တို့ကို ပျော်ဝင်စေသည်။ အကြွင်းအကျန်အဖြစ်ရရှိသော ပရိုတင်းအသားဓာတ်မေထရစ် Residual Protein Matrix (Collagen 1) ကို ရေထဲသို့ထည့်၍ အပူပေးခြင်း၊ စစ်ထုတ်ခြင်း၊ လက်ကျန်အရည်မှ အညစ်အကြေးများကို ဓာတုနည်းဖြင့် သန့်စင်စေပြီးနောက် ရရှိသော အပြစ်ချွဲရည်ကို ခဲခြင်း၊ အခြောက်ခံခြင်းတို့ကို ပြုလုပ်ပါသည်။ နောက်ဆုံးတွင် ရရှိသော (Gelatine) အခဲများကို အမှုန့်ကြိတ်ခြင်းဖြင့် စားသုံးရန် အသင့်ဖြစ်စေပါသည်။
- သားရေမှ ထုတ်လုပ်ခြင်း -
ငယ်ရွယ်သော သားကောင်များ၏ သားရေကို pH 4 ဖြစ်စေရန် အက်စစ်ထည့်၍ အက်စစ်ဒီဖိုင်းဒ် acidified ပြုလုပ်ပြီး ရေနွေးတွင် ကော်လဂျင် collagen များကို ပျော်ဝင်စေရာမှ (Gelatine) ကို ထုတ်ယူပါသည်။ သက်ကြီးရွယ်အို သားကောင်များ၏ သားရေကို အယ်လ်ကလိုင်း Alkaline ဖြင့် အမွေးအမှင်များကို ဖယ်ရှားပြီး ရရှိသော သားရေကို pH 4 ဖြစ်စေရန် အက်စစ်ထည့်၍ အက်စစ်ဒီဖိုင်းဒ် acidified ပြုလုပ်ပြီး ရေနွေးတွင် ကော်လဂျင် collagen များကို ပျော်ဝင်စေခြင်း၊ သန့်စင်ခြင်း စသည့်အဆင့်များကို ဖြတ်သန်းရာမှ ဂျလာတင်း Gelatine ကို ထုတ်ယူရရှိပါသည်။
ဂျလာတင်း (Gelatine) ကို အစားအသောက်ထုတ်လုပ်ရာတွင် ကျယ်ပြန့်စွာ အသုံးပြုကြကြောင်း တွေ့ရပါသည်။ ဥပမာ အချိုပစ္စည်းများ၊ ရေခဲမုန့်၊ တော်ဖီ၊ စွပ်ပြုပ်အမှုန့်၊ marshmallow ဆိုသည့် အချိုမုန့်၊ ကလေးများစားကြသည့် ဂျယ်လီများ၊ စည်သွပ်ဗူး၊ ဒိန်ချဉ်ဗူး၊ သောဆေးဝါးတောင့်များ (အမာ၊ အပျော့) အစရှိသည်တို့ကို ထုတ်လုပ်ရာတွင် ကျယ်ပြန့်စွာသုံးလေ့ရှိကြပါသည်။
အစ္စလာမ့်ရှုထောင့်မှ Gelatine ဂျလာတင်းကို စားပိုင် မပိုင် လက်တွေ့လေ့လာဆန်းစစ်ခြင်း။ သမားရိုးကျ သာသနာ့ပညာရှင်များ ( ဖုကာဟာ Fuqaha (Jurists) တို့က မသန့်ရှင်းသော အရာတစ်ခုမှ သန့်ရှင်းသည့် အရာတစ်ခုသို့ လုံးဝကူးပြောင်းသွားခြင်း (သဗ်ဒီလေမာဟိယသ် သို့မဟုတ် ကလဘ်အေမာဟိယသ် Tabdeel-e-Maahiyat (or) Qalb-e-Maahiyat) ဟူသော အဆိုအသုံးအနှုန်းတို့ကို သုံးလေ့ရှိကြပါသည်။
ဥပမာ အရက်မှ ရှလကာရည်အဖြစ်သို့ ကူးပြောင်းသွားခြင်းဖြစ်ပါက စားသုံးနိုင်သည်ဟူသော အဆိုနှင့် ဝက်သတ္တဝါသည် ဆားကျင်းထဲသို့ ကျသေသွား၍ ဝက်သေသည် ပျက်စီးပုပ်သိုး၍ ဆားအဖြစ်သာ အပြတ်အသတ်ကူးပြောင်းသွားခြင်းဖြစ်ပါက စားသုံးနိုင်သည်ဟူသော အဆိုများရှိသည်ကို တွေ့ရပါသည်။
အထက်ဥပမာကို အခြေခံ၍ တိရိစ္ဆာန်၏ သားရေနှင့် အရိုးများသည် ဟရာမ်အကောင်များမှ ရရှိသည်ဖြစ်ပါစေ Gelating အဖြစ်သို့ ပြီးပြည့် ပြတ်သားစွာ ရုပ်ပြောင်းလဲခြင်းနှင့် ဓာတ်ပြောင်းလဲခြင်း ဖြစ်လာခဲ့သည်ရှိသော် စားသုံးနိုင်မည်ဖြစ်ပါသည်။ အားလုံးသိရှိထားပြီးသည့် အဓိကအချက်မှာ အပြီးအပြတ် ရုပ်ပြောင်းလဲခြင်းနှင့် ဓာတ်ပြောင်းလဲခြင်း ဖြစ်သွားမှသာလျှင် Gelatine မှာ ဟလာလ်ဖြစ်မည်။
Gelatine သည် အပြီးအပြတ် ရုပ်ပြောင်းလဲခြင်းနှင့် ဓာတ်ပြောင်းလဲခြင်းဖြင့် ရရှိပါသလား။ လုံးဝမရရှိပါဟူသော အဖြေကို ပေးနိုင်ပါသည်။ ဟရာမ်ဖြစ်သည့် ဝက်သားကောင် သို့မဟုတ် အစ္စလာမ့်ခွင့်ပြုထားသည့် ဘောင်အတွင်းမှ လှီးဖြတ်ခြင်း မပြုထားသည့် သားကောင်များသည်လည်း ဟရာမ်ဖြစ်၏။ ထို့သို့သောသားကောင်များမှ ထုတ်လုပ်သော Gelatine
 များသည် လုံးဝဟရာမ်ဖြစ်ပြီး လက်ခံနိုင်ဖွယ်ရာမရှိပါ။
လင်းန်နော့ဒေးဗစ် (Lennox Devis ) သည် Gelating ထုတ်လုပ်သည့် အကြီးဆုံးစက်ရုံဖြစ်ပြီး အမေရိက၊ သြစတေးလျ စသည့်နိုင်ငံ မြောက်များစွာတွင် စက်ရုံပိုင်များရှိကြပါသည်။ တောင်အာဖရိကရှိ ခရူဂါစ်ဒရော်ပ်မြို့ (Krugersdorp South Africa) တွင် အကြီးဆုံးသော စက်ရုံခွဲတစ်ခုရှိပါသည်။ တောင်အာဖရိကရှိ ဤစက်ရုံကို ဝါရင့်မုဖ်သီများ၊ သာသနာ့ပညာရှင်ကြီးများက နှစ်ပေါင်းများစွာ ဝင်ရောက်လေ့လာခဲ့ကြပါသည်။ ၁၉၉ဝ ခုနှစ် သြဂုတ်လတွင် တောင်အာဖရိကနိုင်ငံ ထရန်းစ်ဝါးလ် Transvaal ခရိုင် အိုလမာအဖွဲ့မှ ဝါရင့်မုဖ်သီများကလည်း Gelatine ထုတ်လုပ်သည့် လုပ်ငန်းစဉ်တစ်ခုလုံးကို အနီးကပ်လေ့လာခဲ့ကြပါသည်။ ထိုအဖွဲ့၏ အနီးကပ်လေ့လာတွေ့ရှိချက်အရလည်း Gelatine ကို စားသုံးပိုင်ခွင့်မပြုနိုင်ကြောင်း တွေ့ရှိခဲ့ပေသည်။ ၁၉၉၇ ခုနှစ်တွင် နောက်ထပ်အိုလမာအဖွဲ့တစ်ဖွဲ့သည် မုဖ်သီ မုဟမ္မဒ်ရဖီးအုစ်မာနီ ဆွာဟိဗ် (ပါကစ္စတာန်၏ မုဖ်သီ ချုပ်ဟောင်းမုဟမ္မဒ်ရှဖီးဆွာဟိဗ် ၏ သား) ၏ ဦးဆောင်မှုဖြင့် ယင်းတောင်အာဖရိကရှိ Lennox Devis ဂျလာတင်းထုတ်သည် စက်ရုံကို သွားရောက်လေ့လာခဲ့ပါသည်။ ထိုလေ့လာတွေ့ရှိချက်အရ ပြီးပြည့်စုံစွာ ရုပ်ပြောင်းလဲခြင်းနှင့် ဓာတ်ပြောင်းလဲခြင်းများ လုံးဝမဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြပါသည်။
ထို့အတူ သာသနာ့ပညာရှိသုခမိန်ကြီး မုဖ်သီမုဟမ္မဒ်သကီးအုစ်မာနီ (မုဖ်သီမုဟမ္မဒ်ရှဖီးဆွာဟိဗ် ၏ သား) ၏ ပြောပြချက်အရ သိရှိရသည်မှာ သူကိုယ်တိုင် နိုင်ငံတကာ ခရီးထွက်၍ လေ့လာကြည့်ရာ Gelatine ထုတ်လုပ်ရာတွင် ပြီးပြည့်စုံစွာ ရုပ်ပြောင်းလဲခြင်း၊ ဓာတ်ပြောင်းလဲခြင်း လုံးဝမဖြစ်သည်ကို တွေ့ရှိရသဖြင့် Gelatine ကို စားသုံးနိုင်သည် ၊ ဟလာလ်ဖြစ်ပါသည် ဟူသော ဖသာဝါဓမ္မသတ် မထုတ်နိုင်ပါ။ မည်သို့ပင်ဖြစ်ပါစေ အကယ်၍ အနာဂတ်တွင် အပြတ်အသတ်ရုပ်ပြောင်းလဲခြင်းနှင့် ဓာတ်ပြောင်းလဲခြင်း ဖြစ်ပါသည်ဟူ၍ လက်တွေ့ဖော်ထုတ်တွေ့ရှိမည်ဆိုပါက ခွင့်ပြုနိုင်ပါမည်ဟု ၎င်းက ပြောဆိုဆုံးဖြတ်ခဲ့ပါသည်။
အပြတ်အသတ် ပြီးပြည့်စုံစွာ ရုပ်ပြောင်းလဲခြင်းနှင့် ဓာတ်ပြောင်းလဲခြင်း မဖြစ်ကြောင်း တင်ပြခြင်း No Complete Metamorphosis Occurs
အပြီးသတ်ပြီးပြည့်စုံစွာ ရုပ်ပြောင်းလဲခြင်းနှင့် ဓာတ်ပြောင်းလဲခြင်းဟု ဆိုရာတွင် ကုန်ကြမ်းပစ္စည်းတစ်ခုမှ နောက်ပစ္စည်တစ်မျိုးအဖြစ်သို့ ဖွဲ့စည်းပုံ ဓာတ်သဘာဝပြောင်းလဲခြင်းသည် အထူးလိုအပ်သော အရေးကြီးဆုံးသော အချက်ဖြစ်သည်။ တစ်စိတ်တစ်ဒေသသာလျှင် ပြောင်းလဲခြင်း Partial Trans Formation သို့မဟုတ် အချို့ပါဝင်ပစ္စည်း သို့မဟုတ် အချို့ဖက်စပ်ပါဝင်ပစ္စည်းကသာလျှင် ရုပ်ပြောင်းလဲခြင်း ဓာတ်ပြောင်းလဲခြင်း ဖြစ်မည်ဆိုပါက ရှရီအသ်တရားတော်အရ မထိုက်မလျော်ရာ ရောက်ပါသည်။ အပြတ်အသတ် ရုပ်ပြောင်းလဲခြင်းနှင့် ဓာတ်ပြောင်းလဲခြင်း Complete Transformation ကိုသာလျှင် ရှရီအသ်တရားတော်က ခွင့်ပြုထားပါသည်။ ပြတ်သားသော ဓာတုဖြစ်စဉ် ပြောင်းလဲမှု ရှိ မရှိကို ကျွမ်းကျင်ပညာရှင်များကသာလျှင် ပြောဆိုနိုင်ပါသည်။
အထက်တွင် ဖော်ပြပါရှိသည့် အချက်များနှင့် Lennox Devis Gelatine စက်ရုံသို့ သွားရောက်လေ့လာခဲ့သော သာသနာ့ပညာရှင် အိုလမာများ၏ အောက်ဖော်ပြပါ တင်ပြအစီရင်ခံစာများကို ပူးတွဲဖတ်ရှုပါက ရှင်းလင်းစွာ သဘောပေါက်နားလည်ကြမည် ဖြစ်သည်။
အိုလမာများ၏ အစီရင်ခံစာတွင် ပေါ်လွင်စွာဖော်ပြထားသည်မှာ ကုန်ကြမ်းအဖြစ် သားကောင်များ၏သားရေကို သုံး၍ ပြုလုပ်ရသည့် လုပ်ငန်းစဉ်များဖြစ်သည့် သန့်စင်ခြင်း၊ အငွေ့ပျံခြင်း၊ ပြန်လည်သန့်စင်ခြင်း၊ အခြောက်ခံခြင်း၊ ကြိတ်ခွဲခြင်း၊ မွှေခြင်းတို့ကို ပြုလုပ်ပြီးသည့်နောက် ရရှိလာသော ကော်လဂျင် Collagen စစ်စစ်သည် ပင်မကုန်ကြမ်းဖြစ်သည့် အရိုးနှင့် ဆက်စပ်တစ်ရှူးများ၏ အဖွဲ့အစည်းသာလျှင်ဖြစ်သည်။ ဤခွဲထွက်လာသည့် အဖွဲ့အစည်းသည် စေးကပ်၊ ဂျယ်လီကဲ့သို့ အဆီပျစ်ပစ္စည်းဖြစ်ပြီး ယင်းကို ကော်လဂျင်ပရိုတင်း Collagen Protein သို့မဟုတ် ဂျလာတင်းပရိုတင်း Gelatine Protein ဟု ပြန်လည်ခေါ်ဝေါ်ကြပါသည်။ တိရိစ္ဆာန်သားရေအတွင်းရှိ မော်လီကျူးဖွဲ့စည်းမှု Molecular Structure နှင့် ကော်လဂျင်ပရိုတင်း၊ သို့မဟုတ် ဂျလာတင်းပရိုတင်းတို့ရှိ မော်လီကျူးတည်ဆောက်မှုတို့မှာ တစ်ခုနှင့်တစ်ခု ကွာခြားကွဲပြားမှု မရှိပါ။ အမှန်ဆိုရလျှင် ဂျလာတင်းသည် သားကောင်၏ သားရေထဲတွင် နဂိုမူလကတည်းကရှိနေသည်။ မတူသည့် အချက်တစ်ချက်မှာ သန့်စင်ခြင်းနှင့် ပယ်ရမည့်အညစ်အကြေးများကို မပယ်မီ နဂိုမူလကတည်းက သားကောင်၏ သားရေတွင်းရှိ ဂျလာတင်းကို ကော်လဂျင်ဟု ခေါ်ဝေါ်ပြီး သန့်စင်ပြီး ရရှိလာသည့်ကော်လဂျင်ကိုပင် ဂျလာတင်းဟု အမည်သစ်တပ်၍ ခေါ်လေ့ရှိကြပါသည်။ အမည်ပြောင်းလဲခေါ်ဆိုရုံဖြင့် ပြတ်သားပြီး ပြည့်စုံသော ရုပ်ပြောင်းလဲခြင်းနှင့် ဓာတ်ပြောင်းလဲခြင်းဖြစ်သွားပါသည်ဟု မသုံးသပ်နိုင် မဆိုနိုင်ပါ။ အဆိုပါ အိုလမာ၏ အစီအရင်ခံစာတွင် ၎င်းတို့၏ လက်တွေ့တွေ့ရှိချက်များအရဆိုလျှင် အပြတ်အသတ်ပြောင်းလဲခြင်းဟူသည့် အရည်အချင်း Tabdeel-e-Maahiyat သည် ဂျလာတင်း ထုတ်လုပ်ထွက်ရှိသည်အထိ မည်သည့်လုပ်ငန်းစဉ်တွင်မျှ ဖြစ်မလာပေ။
ဂျလာတင်းထုတ်လုပ်ရာတွင် မည်သည့်အခါမှ ပြီးပြတ်သော ရုပ်ပြောင်းလဲခြင်းနှင့် ဓာတ်ပြောင်းလဲခြင်း မဖြစ်ကြောင်းကို အောက်ပါတွေ့ရှိချက်များကို အထောက်အထားများအဖြစ် အခြေပြုခြင်းဖြင့်လည်း သိရှိနိုင်ပါသည်။
အထောက်အထားများကို တင်ပြရလျှင်
ဂျလာတင်းဟု ဆိုသော ပရိုတင်းကို နွား သို့မဟုတ် ဝက်သားရေနှင့် အရိုးတို့၏ ကော်လဂျင်မှ ကျယ်ပြန့်စွာ ထုတ်ယူရရှိပါသည်။ ကော်လဂျင်၏ တည်ဆောက်ဖွဲ့စည်းပုံမှာ ပရိုတင်းသုံးမျိုးဖြင့် သွယ်တန်းချိတ်ဆက်ထားပြီး ဝက်အူရစ်ပမာ ကျစ်လစ်စွာရစ်ပတ်ထားသည်။ အစဉ်အတိုင်းလိုက် ဖွဲ့စည်းထားသော အထူးအမိုင်နိုအက်စစ် Special Amino Acid Sequence သည် ကျစ်လစ်သော ကော်လဂျင်များကို အထူးတည်တံ့ခိုင်မြဲစေသည်။ ပါးလွှာသော အမိုင်နိုအက်စစ်သည် ဂလိုင်းစင်း Glycine ဖြစ်ပြီး အများဆုံးလက်ကျန် အမိုင်နိုအက်ဆစ်များမှာ ပရိုလိုင်း သို့မဟုတ် ဟိုက်ဒရောက်ဆီပရိုလိုင်း Hydroxyproline များဖြစ်ပါသည်။ ကော်လဂျင်တွင် ပါဝင်သော အထူးပရိုတင်းများ၏ တည်ဆောက်ပုံမှာ ပြောင်းလဲသွားခြင်းမရှိပါ။ ကော်လဂျင်တန်း သို့မဟုတ် ဂျလာတင်း၏ မော်လီကျူးသည် ၁၄ဝဝဝ molecules အထိ ရှည်လျားသည်။ တစ်ခါတစ်ရံ အောက်ရှိပုံစံမကျသည့် အချို့ကော်လဂျင်များ ကွဲထွက်ပြီး အခြားသော ပရိုတင်းများဖြင့် ပြန်လည်ပေါင်းစည်းကျသည်။ မော်လီကျူးအားလုံးတွင် ဖွဲ့စည်းပုံသဏ္ဍာန်သည် သူ၏လုပ်ငန်းဆောင်ရွက်ချက်များအတွက် အထူးအရေးကြီးပါသည်။ အကယ်၍ မော်လီကျူးများ၏ ပုံသဏ္ဍာန်ပြောင်းလဲသွားလျှင် သူ၏လုပ်ငန်းဆောင်ရွက်ချက်များ ပြောင်းလဲသွားနိုင်မည်။ သို့သော် ပစ္စည်းပြောင်းလဲမှု မရှိပါ။
အပူပေးထားသော ကော်လဂျင်သည် အေးသေအခြေအနေသို့ ရောက်သောအခါ သူ၏ပတ်ဝန်းကျင်ရှိရေဖြင့် ပရိုတင်းကြိုးတန်း ပြန်လည်ဖွဲ့စည်း၍ ကော်လဂျင်ဟူသော ဂျလတင်းအဖြစ် မူလမော်လီကျူးပုံစံအတိုင်း ပြန်လည်ဖွဲ့စည်းတည်ဆောက်လိုက်ပြန်သည်။ ထို့ကြောင့် မူလမော်လီကျူးပုံစံ ပြောင်းလဲသွားခြင်းမရှိ။ မူလဖွဲ့စည်းသဏ္ဍာန် ရုပ်နှင့် ဓာတ်ပြောင်းလဲသွားခြင်း မရှိသည်ကို တွေ့ရပါမည်။
ဟရာမ်အကောင်များဖြစ်သည့် ဝက်နှင့် အလ္လာဟ်အရှင်မြတ်၏ အမည်ကို ရွတ်ဆိုတသခြင်းမပြုဘဲ လှီးဖြတ်ထားသော နွားတို့၏ သားရေတို့မှ ရရှိသောဂျလာတင်းဖြင့် ဆေးဝါးတောင့် အမာ၊ အပျော့များကို ပြုလုပ်ထားသောကြောင့် ဟရာမ်ဖြစ်သည်ဟု ပါကစ္စတန်နိုင်ငံ သာသနာ့ပညာရှင်သုခမိန်ကြီး မုဖ်သီမုဟမ္မဒ်သကီးအုစ်မာနီက ဆုံးဖြတ်ထားပြီးဖြစ်ပါသည်။ ဤသို့သော ဆေးဝါးဖြင့် ရှရီအသ်တရားတော်အရဆိုလျှင်ကုသခွင့်မရှိပါ။
အသင်တို့သည် ဆေးဝါးကုသကြရာတွင် ဟရာမ်ဖြစ်သောအရာများဖြင့် မကုသကုန်လင့် ဟု တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်ကြားတော်မူထားပါတယ်။ (အဗူဒါဝူးဒ်ကျမ်း)
ပိုးသတ်ဆေးတောင့်များ Antibiotics ၊ အားဆေးတောင့်များ Multi Vitamins ၏ အခွံများကို ဂျလာတင်းဖြင့် ပြုလုပ်ထားပါသည်။ အမေရိကန်နိုင်ငံထုတ် Centrum Vitamin Tablets များတွင်လည်း ဂျလာတင်းပါဝင်နေသည်ကို Ingredients ကို ဖတ်ရှုကြည့်ပါက တွေ့ရပေသည်။ ဤသို့သောဆေးများမှာ ဟရာမ်ဖြစ်ပါ၍ သောက်ခွင့်မရှိပါ။
ထို့ကြောင့် စားသောက်ဖွယ်ရများ၊ ဆေးဝါးများ၊ အလှကုန်ပစ္စည်းများတွင် ဂျလာတင်းများ ပါဝင်နေခြင်း ရှိ မရှိ Ingredient ပါဝင်ပစ္စည်းများကို ဖတ်ရှုပြီးမှ ဝယ်ယူစားသုံးသင့်ပါသည်။
အစ္စလာမ်နိုင်ငံများမှ ထုတ်သော ဆေးတောင့်များတွင်လည်း ဟရာမ်ဂျလာတင်း ပြဿနာကို ယနေ့တိုင် ဖြေရှင်း၍ မရနိုင်သေးပါ။
ထို့ကြောင့် မည်သည့်နိုင်ငံမှ ဆေးဝါး၊ ဆေးတောင့်၊ ပုလင်းနှင့် ဆေးကတ်များပေါ်တွင် ထိုနိုင်ငံရှိ သာသနာ့ပညာရှင်အိုလမာများ၏ ထောက်ခံချက်ဖြင့် ဟလာလ်တံဆိပ်ရိုက်နှိပ်၍ ရောင်းချနိုင်ခြင်းမရှိသေးပါ။
ကမ္ဘာ့အစ္စလာမ်သာသနာဝင်များကို ဦးဆောင်နေသော ဆော်ဒီအာရေးဗီးယားနိုင်ငံပင်လျှင် ဟရာမ်ဂျလာတင်းပြဿနာကို ယနေ့တိုင်ဖြေရှင်း၍ မရသေးပါ။ ဖြေရှင်းမရသေးသည့် အဓိကအကြောင်းအရင်းမှာ ဂျလာတင်းထုတ်လုပ်သည့် နည်းပညာမရရှိသေးသောကြောင့် ဖြစ်သည်။
အီဂျစ်နှင့် မလေးရှား နှစ်နိုင်ငံတွင်သာလျှင် ဟလာလ်သားကောင်၏ သားရေမှထုတ်လုပ်သည့် စက်ရုံနှစ်ရုံသာရှိပြီး အစ္စလာမ်နိုင်ငံစုစုပေါင်းလိုအပ်ချက်၏ ၁ဝရာခိုင်နှုန်းသာလျှင် ထုတ်လုပ်နိုင်ပါသည်။ သူတို့နိုင်ငံ၏ စားသောက်ကုန်ပစ္စည်းထုတ်လုပ်ရာတွင်သာ လုံလောက်ပါသည်။ သက်ဆိုင်ရာနိုင်ငံရှိ
အိုလမာသာသနာ့ပညာရှင်များအဖွဲ့၏ ဟလာလ်တံဆိပ် ထောက်ခံချက်ပါမှသာလျှင် ဟလာလ်သားကောင်မှ ရသော ဂျလာတင်းဖြင့် ထုတ်လုပ်ထားသည့် ဆေးတောင့်အပျော့၊ အမာဖြစ်သည်ဟူ၍ စိတ်ချယုံကြည်စွာ သောက်နိုင်မည်ဖြစ်ပါသည်။ ယခုမြန်မာပြည်တွင် တင်သွင်းရောင်းချနေသော မလေးရှားနိုင်ငံ Hovid Pharmacy မှ ထုတ်လုပ်သော မလေးရှားအိုလမာဟလာလ်တံဆိပ်ပါ ဆေးကို စိတ်ချယုံကြည်စွာ သောက်နိုင်သည်။
ဆေးဆိုင်များတွင် သောက်ခွင့်ရှိသည့်ဆေးပြား Tablets မြောက်မြားစွာရှိပါသည်။ မိမိအားဆေးသောက်ရန် ညွှန်ကြားထားသော ဆရာဝန်အား ဆေးတောင့်များအစား ဆေးပြားကို ညွှန်ကြားစေရန် မေတ္တာရပ်ခံလျှင် အလွန်လွယ်ကူပါသည်။ အကယ်၍ ဆရာဝန်ညွှန်ကြားသောဆေးတွင် ဆေးတောင့်အစား ဆေးပြားကို ဆေးဆိုင်များတွင် ဝယ်မရလျှင် ဆေးတောင့်အခွံကိုမစားဘဲ ဆေးတောင့်ကိုဖောက်၍ အတွင်းရှိဆေးမှုန့်ကိုသာ ရေဖြင့်သောက်ပါရန် အကြံပြုပါသည်။
" ကျွန်ုပ်၏ အုမ္မသ်အပေါ်တွင် အချိန်တစ်ချိန်ဆိုက်ရောက်မည်ဖြစ်ပြီး ထိုအချိန်အခါတွင် သူတို့စားသောက်သော အစားအစာသည် ဟလာလ်လား၊ ဟရာမ်လား ဟု ဂရုမူမည်မဟုတ်ကြပေ။ ထိုအချိန်အခါတွင် သူတို့ဆုတောင်းခံသည့် မည်သည့်ဆုဒုအာကိုမျှ အလ္လာဟ်အရှင်မြတ် လက်ခံကဗူလ်ပြုတော်မူမည် မဟုတ်တော့ပေ။" ဗုခါရီကျမ်း
ဆေးဝါးကို တိရိစ္ဆာန်မှရရှိသောအရာမှ ထုတ်လုပ်ထားသောဆေးဝါးဖြစ်ပါက သုံးမျိုး ကွဲပြားပါသည်။
၁။ စားပိုင်ပြီး အစ္စလာမ့်ခွင့်ပြုဘောင်မှ မှန်ကန်စွာ လှီးဖြတ်ထားသောတိရိစ္ဆာန်မှ ထုတ်လုပ်ရရှိသော ဆေးဝါးဖြစ်ပါက သောက်သုံးခွင့်ရှိသည်။
၂။ စားပိုင်ပြီး အစ္စလာမ့်ခွင့်ပြုဘောင်မှ လှီးဖြတ်ထားခြင်းမရှိ။ သို့မဟုတ် အသေကောင်မှ ထုတ်လုပ်ရရှိသော ဆေးဝါးဖြစ်ပါက သောက်သုံးခွင့်မရှိပါ။
၃။ အကယ်၍ စားပိုင်ခွင့်မရှိသော တိရိစ္ဆာန်များမှ ထုတ်လုပ်ရရှိသော ဆေးဝါးဖြစ်ပါက သောက်သုံးခွင့်မရှိပါ။

Reference စာကိုး
1. တောင်အာဖရိကနိုင်ငံ၊ ဇမ်ဘီယာမြို့ရှိ အိုလမာ The South African Zambian Halaal Authority ၏ အင်တာနက်စာမျက်နှာ http://www.zamha.com/ announce/halaal %20 gazettes/Halaal %20 Gazette vol 1, issue(3)
2. ဆော်ဒီအာရေဗီးယားနိုင်ငံ ၃၁- ၃- ၂ဝ၁၂ The Saudi Gazette "Search for Islamicc Gelatine " အင်တာနက်စာမျက်နှာ http://www.saudigazette.com./search for gelatines
3. http://www.ipedr.com/ vol 17/32 -CHHSS%202011-H10020.pdf (2011,2nd International Conference on hummanities historical and Social Science) Analysis on the utilization of gelatine in food products.
ဘာသာပြန်ဆိုစုဆောင်းတင်ပြသူရေးသားထားသည့် စာအုပ်မှ ကူးယူတင်ပြပါသည်။
အလ်မုဖီးဒ်

Tuesday, October 7, 2014

သွားကြားထိုးတံ နှင့် သွားရောဂါ


သွားဝေဒနာ ကုစားနည်းအဗူနိုအီးမ်သခင်က ကိသာဗွသ်သွစ်ဗ်ကျမ်းစာအုပ်တွင် ရေးသားထားသည်။ အဗ္ဗဒွလ္လာဟ်ဗင်န်အုမရ်သခင် မိန့်ဆိုသည်မှာ သွားကြားမထိုးပါက သွားများ အားနည်းသွားလေသည်။ ထို့ပြင် အချို့သောဆင့်ပြန်ချက်များတွင် လာရှိသည်မှာ သွားကြားမထိုးခြင်းဖြင့် ဖရစ်ရှ်သာများ စိတ်ပျက်ကြပြီး ၎င်းတို့အား ဒုက္ခဖြစ်စေသည်။ (အလိုသဘောမှာ သွားကြားများကို သန့်ရှင်းမှုမပြုလုပ်ခြင်းကြောင့် အစာအကြွင်းအကျန်များသည် အနံထွက်လာသည်။ ယင်းအနံအသက်ကို မနှစ်မြို့ခြင်းကို ဆိုလိုသည်။ မစ္စဝါးက်ပြု(တံပူတိုက်ခြင်း)သည် ယင်းအနံသက်ကို ပျောက်ကင်းစေလေသည်။)
ကိသာဗွသ်သွစ်ဗ်ကျမ်းတွင် ကိုသွိုင်ဗဟ်ဗင်န် ဝနောက်ဗ်သခင်က ဆင့်ပြန်သည်။ တမန်တော်မြတ်ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ် မိန့်ကြားတော်မူသည်မှာ အားစ်အပင်၏ သစ်ကိုင်းများနှင့် အမွှေးအကြိုင်ရှိသော သစ်ကိုင်းများဖြင့် သွားကြားမထိုးကြနှင့်။ အဘယ့်ကြောင့်ဆိုသော် ယင်းတို့နှင့် သွားကြားထိုးခြင်းဖြင့် ကုဌာနူနာစွဲကပ်ပါက မနှစ်မြို့စရာဖြစ်သည်။ အချို့သောကျမ်းများတွင် ဟွမ်မွလ်အားစ် အပင်၏ အကိုင်းကို အားဒ် ဟုခေါ်ဆိုကြောင်း ပါရှိသည်။ ((ဆေးကျမ်းများအရ ဟွမ်မွလ်အားစ်အပင်ကို မြန်မာ့ပရဆေး၌ ချင်းယားပင် (ရေ/ကုန်း) ဟု ဖော်ပြပါရှိသည်။))

အကျိုးကျေးဇူး
အစ္စလာမ်သာသနာ့ပညာရှင်များက ရေးသားထားကြသည်မှာ အထက်ဖော်ပြပါ အပင်များ၏ အကိုင်းအခက်များဖြင့် သွားကြားထိုးခြင်းကြောင့် ဆုံးရှုံးထိခိုက်စေသည်။ ၎င်းပြင် အောက်ဖော်ပြပါ အပင်များဖြင့် သွားကြားထိုးခြင်းသည် သွားပိုးတွယ်ရန် စိုးရိမ်ရလေသည်။ ၎င်းအပင်များမှာ သလဲပင်၊ ဝါးပင်၊ ကလောင်တွင် အသုံးပြုသည့် အစွယ်၊ ထို့ပြင် သစ်သီးဝံလံအပင်များ၏ အကိုင်းအလက်များ၊ ဥပမာအားဖြင့် မာလကာ၊ သစ်တော်၊ ပန်းသီး၊ သဖန်း၊ စပျစ် အစရှိသည့် အပင်တို့၏ အကိုင်းအလက်များ ဖြစ်ကြသည်။
၎င်းပြင် ရွှေ၊ ငွေ၊ ကြေးနီ၊ ကြေးဝါတို့ဖြင့်လည်း သွားကြားမထိုးရပေ။ ၎င်းတို့ဖြင့် သွားကြားထိုးခြင်းသည် ပါးစပ်တွင် အနံဆိုးဖြစ်ပေါ်စေသည်။ သွားကြားထိုးရန် အကောင်းဆုံးသော သစ်ကိုင်းအခက်အလက်မှာ ခါးသော အရသာရှိသည့် အပင်များဖြစ်ပေသည်။

အလ်ဟာဂ်ျမော်လာနာမွဖ်သီကာရီမုဟမ္မဒ်ယူစွဖ်(အဆ်အဒီ) ပြန်ဆိုရေးသားသည့် တမန်တော်မြတ် ၏ ကုထုံးလမ်းညွှန် မှ ကောက်နှုတ်တင်ပြသည်။
((အလ်မုဖီးဒ်မှ စီစဉ်တင်ဆက်ပါသည်))

Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

အစာစားခြင်း နှင့် ကိုယ်ကာယ လေ့ကျင့်ခန်း


အစာကြေစေရန် နည်းလမ်း
သိရ်မီဇီကျမ်းနှင့် အဗူဒါဝူးဒ်ကျမ်းတွင် ဟဇရသ်အာအေရှာဟ်သခင်မထံမှ ဆင့်ပြန်ချက်တစ်ခု လာရှိသည်။ ကိုယ်တော်မြတ်ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ် မိန့်ကြားသည်မှာ အသားကို ဓါးမြှောင် (သို့မဟုတ်) မောင်းချဓားဖြင့် ဖြတ်တောက်၍ မစားကြနှင့်။ ဤသည် အရဗ်မဟုတ်သောသူများ၏ နည်းလမ်းဖြစ်သည်။ သို့သာမက သွားများဖြင့် ကိုက်ဖြတ်ကြကုန်။ အဘယ့်ကြောင့်ဆိုသော် ဤသည် အစာမကြေခြင်းမှ ကာကွယ်စေလေသည်။ ထို့ပြင် သွားများဖြင့် ကိုက်ဖြတ်စားသောခြင်းသည် အစာကို လျှင်မြန်စွာ ကြေစေသည်။

အစာစားပြီးနောက် လေ့ကျင့်ခန်း ပြုလုပ်ခြင်း
ခန္ဓာကိုယ် ကျန်းမာကြံခိုင်ရေးအတွက် လှုပ်ရှားမှုပြုလုပ်ခြင်းသည် အလွန်အကျိုးထူးပေသည်။ တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ် ၏ မိန့်ခြွေချက်လာရှိသည်မှာ " ဇိကိရ်နှင့် နမားဇ်တို့ဖြင့် အစာကို ကြေညက်အောင်ပြုကြပါ။
အစာစားပြီးသည်နှင့် ချက်ခြင်း မအိပ်စက်ရပေ။ ထိုသို့အိပ်ခြင်းသည် စိတ်နှလုံးကို မာကျောစေသည်။

အကျိုးကျေးဇူး
မဝါဟစ်ဇ်ကျမ်းတွင် ပါရှိသည်။ ကျန်းမာပြီး ဖြတ်ဖြတ်လတ်လတ်ရှိနေသည်ကို လိုလားသူသည် ညစာစားပြီးနောက် ခြေလှမ်း ၁၅ဝ လမ်းလျှောက်ရပေမည်။
ကာနူးန်သခင်၏ ဖွင့်ဆိုသည့်ကျမ်းတွင် ရေးသားထားသည်မှာ လှုပ်ရှားခြင်းနှင့် ငြိမ်သက်စွာနေခြင်းတို့သည် ပင်ကိုယ်စရိုက်အားဖြင့် အေးမြသော သဘောကို ဆောင်သည်။ လှုပ်ရှားခြင်းဖြင့် အစိုဓာတ်နှင့် အညစ်အကြေးတို့ကို ဖြစ်ပေါ်စေသည်။ ထို့အတွက်ကြောင့် နှစ်ဖက်စလုံးတွင် သင့်တင့်မျှတစွာ နေထိုင်ရန်သင့်သည်။ ဤသို့မျှတစွာနေထိုင်ခြင်းဖြင့် ခန္ဓာကိုယ်၏ ပင်ကိုယ်အပူဓာတ်ကို တိုးပွားစေသည်။ အစာကို ကြေစေသည်။ အာရုံကို ထက်မြက်စေသည်။ ဝမ်းကို ဟာစေသည်။ အင်အားကို ရှင်သန်တိုးပွားစေသည်။ ဤအတွက်ကြောင့်ပင် ခန္ဓာကိုယ် ကျန်းမာကြံခိုင်စေရန်အတွက် ခရီးထွက်ခြင်းသည်လည်း ကုသနည်းတစ်မျိုးဖြစ်သည်။
ကိသာဗွသ်သွဗ်ကျမ်းတွင် အဗူနိုအီးမ်သခင်က ဟဇရသ်အဗူဟုရိုင်ရာသခင်ထံမှ ဆင့်ပြန်သည်မှာ ကိုယ်တော်မြတ်ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ် အမိန့်ရှိသည်။ ခရီးထွက်ကြကုန်။ ခရီးထွက်ခြင်းဖြင့် ကျန်းမာကြံခိုင်မှုနှင့် စားနပ်ရိက္ခာရရှိစေမည်။

သိမှတ်ဖွယ်ရာ
အစ္စလာမ်သာသနာ့ပညာရှင်များက ဤဟဒီးစ်တော်အား အဓိပ္ပာယ်အမျိုးမျိုး ကောက်နှုတ်၍ ဖွင့်ဆိုရေးသားထားကြသည်။ ဤနေရာတွင် အကျဉ်းချုပ်မျှကို သိထားလျှင် လုံလောက်ပေသည်။ ၎င်းမှာ ခရီးထွက်ရန် အမိန့်ပေးထားရခြင်း၏ အကြောင်းအရင်းသည် ခရီးထွက်ခြင်းဖြင့် ရေ၊ လေ ပြောင်းလဲသွားလေသည်။ ဤသည် စိတ်ကြည်နူးစေရန်အတွက်လည်း စူးရှမှုရှိသော အကြောင်းခံတစ်ရပ်ပင် ဖြစ်သည်။ များသောအားဖြင့် ရောဂါဝေဒနာများသည် ရေ၊ လေ၊ သဘာဝ ပြောင်းလဲသွားရုံမျှဖြင့် ရောဂါပျောက်ကင်းချမ်းသာသွားကြလေသည်။
ထို့ပြင် ဤဟဒီးစ်တော်တွင် ရိုဇီရိက္ခာရရိုခြင်းနှင့် ပတ်သက်၍ ဖော်ပြထားလေသည်။ ဤသည်လည်း အများအမြင်၍ သက်သေဖြစ်ပေသည်။ အချို့သောအချိန်များ၌ ကုန်ပစ္စည်း ကူးသန်းရန်နှင့် တာဝန်ဝတ္တရားများ ထမ်းဆောင်ရန်အတွက် ခရီးထွက်ရပေသည်။ ဤအတွက်ကြောင့် ခရီးထွက်ခြင်းသည် အောင်မြင်မှု၏ အကြောင်းခံဟူသော ဆိုရိုးစကားသည် ကျော်ကြားလှပေသည်။

အလ်ဟာဂ်ျမော်လာနာမွဖ်သီကာရီမုဟမ္မဒ်ယူစွဖ်(အဆ်အဒီ) ပြန်ဆိုရေးသားသည့် တမန်တော်မြတ် ၏ ကုထုံးလမ်းညွှန် မှ ကောက်နှုတ်တင်ပြသည်။
((အလ်မုဖီးဒ်မှ စီစဉ်တင်ဆက်ပါသည်))
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Thursday, September 25, 2014

အချစ်ရရှိခြင်း နှင့် ဆုံးရှုံးသွားရခြင်း


ဗိစ်မိစ်လ္လာဟိစ်ရ်ရဟ်မာနစ်ရ်ရဟီးမ်
လူတို့သည် မိမိစိတ်ဆန္ဒနှင့် အညီ ကိုက်ညီမည့်အချစ်ကို လိုလားကြသည်။ ဥပမာ - ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကိုချစ်ကြိုက်လိုက်သည် ဆိုပါစို့။ ပထမဦးဆုံးကတော့ အမြင်ပေါ့ မြင်မြင်ချင်းချစ်မိသွားခြင်း။
ပြီးနောက် ဘာသာရေးလေးစားမှုလေးကို တွေ့မြင်လိုက်ရလို့ချစ်မိသွားခြင်း။ အိမ်တွင်းမှု နိုင်နင်းစွာလုပ်ကိုင်နိုင်တဲ့ မိန်းကလေးဖြစ်နေလို့ ကြိုက်သွားခြင်း။ အရမ်းချောမောလှပလို့ ကြိုက်သွားခြင်း။ မိမိပြောစကားကို နားထောင်နိုင်စွမ်းရှိလို့ ကြိုက်သွားခြင်း။ စီးပွားဥစ္စာပေါလို့ အကြောင်းကြောင်း ကြောင့် ချစ်လိုက်ရခြင်း။ အစရှိသဖြင့်ပေါ့လေ... နည်းလမ်းအမျိုးမျိုးနှင့် မိန်းကလေးနှင့်ယောက်ျားလေး ချစ်ကြလေသတည်း။ ညားကြလေသတည်း။ ဟူ၍ဖြစ်သွားကြပါသည်။ ကောင်းပြီ အဲဒီ အချစ်တွေ၊ အိမ်ထောင်ရေးတွေ ကာလတာရှည်တည်မြဲနေအောင်၊ ဘယ်လိုတွေ ထိန်းသိမ်းမလဲ၊????? ကာကွယ်ကြမလဲ????
စဉ်းစားမိရင် မူလအစ ပြန်ပြန် ရောက်သွားတယ်။
အရင်းစစ်လျှင်အမိမြေက ဆိုသလို အလ္လာဟ့်အရှင်မြတ်အမိန့်တွေကိုပဲ လိုက်နာကျင့်သုံးမှသာ ရရှိနိုင်ပါသည်။

ယနေ့ခေတ်တွင် ခေတ်စားနေသော စကားရှိပါသည်။ ဆေးလုပ်သည်။ ဆေးလုပ်ခံရသည်။ မော်လဝီ ဆေးကုသောဆရာတိုင်းတွင် နေ့စဉ်နှင့်အမျှ လူနာအပြည့် ဒုနဲ့ဒေးဆိုရလောက်အောင်များပြားလှပါသည်။
အဲဒီလိုဘဲ ကာဖိရ်တွေထံမှာလည်း မုစ်လင်မ်တွေဆေးကုသွားကြသည်။
ဒါတွေကိုကြည့်ခြင်းအားဖြင့်ဘာတွေသိရသလဲဆိုတော့ မုစ်လင်မ်တွေရဲ့အားနည်းမှု၊ အလ္လာဟ်အမိန့်တွေအပေါ် နာခံကျင့်သုံးမှုနည်းပါးခြင်း။ ဘာသာရေးလေးစား တည်ဆောက်မှု အလွန်ရော့နည်းခြင်းများကို သိရပါသည်။
မုစ်လင်မ်တိုင်းသည် မိမိတို့ရဲ့ကုရ်အာန်ကျမ်းတော်မြတ်ကို ဌာန်ကဏ္ဍိုင်းကျကျ ပီပီသသ ဖတ်တတ်ဖို့အရေးကြီးပါသည်။ ခေတ်ပညာစာပေလည်းဖတ်တတ်ရမည်။
ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ စာလုံးတိုင်းသည် ဗရကသ်ရှိသည်။ အကျိုးထူးများစွာရှိသည်။ ရောဂါအပေါင်းရဲ့ဆေးလည်းဖြစ်သည်။ မသိသူကျော်သွား၊ သိသူဖေါ်စား။ ဆိုသကဲ့သို့ အသုံးချတတ်သူကတော့ ကောင်းစားသွားပါသည်။မသိနားမလည် အသုံးမချတတ်သူတွေကတော့ လူတကာကိုဆရာတင်၊ ဒုက္ခမျိုးစုံက လွတ်ကင်းတယ်ကိုမရှိတော့ဘူး။

ကုရ်အာန်ထဲမှ ပါရာ ၁၂၊ စူရာ-၁၂၊ အာယသ်-၃၃က စာသားကို အမျိုးသားတိုင်း နေ့စဉ်ဒရူးဒ်အဖွင့်အပိတ်နှင့်၊ ၁၁ ခေါက်ခန့်ဖတ်ထားသင့်ပါသည်။ အဘယ်ကြောင့်နည်း စူရာမိုအောင်ဝဇ်ဇိုင်သိုင်းန် မှ ပြောထားသကဲ့သို့ပင် မန်းမှုတ်တတ်သော မိန်းမများ၏ ပရိယာယ်မှ လွတ်ကင်းရန်ဟူ၍ ဖြစ်ပါသည်။
ယောက်ျားလေးများသည် ငါးစာကိုပဲမြင်သည်၊ ငါးမျှားတံကိုမမြင်တတ်ကြပေ။
သူတို့၏မဆင်ခြင်မှုကြောင့် အိမ်ရှိ မိဘ၊ မောင်နှမများ ဒုက္ခရောက်ကြရသည်။အဘယ်ကြောင့်ဆိုသော်....
မိန်းမများသည် ဆင်ခြင်မှု ဦးဏှောက်နည်းကြသည်။ လိုချင်တာကို မရ, ရအောင် ယူဖို့ပဲကြိုးစားကြသည်။ ပမာပြောရလျှင် ယောက်ျားလေးချော၍၊ ချမ်းသာ၍ အဲဒီယောက်ျားလေးကလည်း မိန်းကလေးဆို အလကားနေကြောင်နေတတ်သော၊ သို့မဟုတ် ဂျေးများလွန်းသော၊ ဇီဇာကြောင်လွန်းနေသော၊ အတွေးလွန်၊ အရွေးလွန်နေသော ယောက်ျားလေးများသည် (ယောက်ျားလေးတိုင်းတော့လည်းမဟုတ်ပါ) မိန်းမပရိယာယ်ကို မမြင်တော့ပေ။ အဲဒီမိန်းကလေးကလည်း လိုချင်တာ ရဖို့အတွက် ဆရာ ပေါင်းစုံထံမှ နည်းလမ်းပေါင်းမျိုးစုံနှင့် ပြုစားတော့သည်။ အဲဒီ ရဲ့ရိုက်ခတ်မှုက အဲဒီယောက်ျားလေးလည်းခံရတယ်။ သူနှင့်ပတ်သက်သော မိဘ ညီအစ်ကို မောင်နှမ များကလည်း ဒုက္ခရောက်ကြရတယ်။ ရောဂါဝေဒနာတွေခံစားရတယ်။ ဥပမာ-ခေါင်းကိုက်နေတတ်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်နေတတ်ခြင်း၊ ကြောင်တောင်တောင်ဖြစ်နေတတ်ခြင်း၊ အစားအသောက်မစားခြင်း၊ ငေးငိုင်နေတတ်ခြင်း၊ တစ်နေ့တစ်ခြားပိန်ချုံးလာခြင်း၊ အလိုလို ဒေါသကြီးနေခြင်း၊ မည်သူနှင့်မျှမတည့်ခြင်း၊ အဆစ်အမြစ်များ ကိုက်ခဲနေခြင်း စသဖြင့်.... နည်းမျိုးစုံဖြစ်နေတတ်ပါသည်။ ဆရာဝန်နှင့်ကုသော်လည်း အနာတစ်ခြား ဆေးတစ်ခြားဖြစ်နေတတ်သည်။ ဆေးမတိုးတော့ပဲ ၊ မန်းတဲ့ဆရာတွေနောက်လိုက် ပြန်တော့လည်း မန်းတုန်းခဏပဲ ပြီးလျှင်ရောဂါက ပြန်ဖြစ်နေတတ်သည်။ အဲဒီလိုနဲ့ပဲ လုံးလည်လိုက်ရင်းနှင့် ရောဂါကမပျောက်။ မိသားစုတွေစီးပွားပျက်တယ်။ အိမ်ထောင်ရေးတွေပြိုကွဲကြရတယ်။ စိတ်ဝမ်းကွဲတယ်။ မိသားစု အချင်းချင်းမှာ မသင့်မြတ်မှုတွေဖြစ်ကြရတယ်။ ခေတ်စကားနှင့်ပြောရရင်တော့ အဲဒီမိန်းကလေးက ပါးပါးလေး ပုတ်လိုက်တာပါဘဲ။ အကြီးအကျယ် ဒုက္ခရောက်သွားကြရတာကတော့ မိမိ မိသားစုတွေပါဘဲ။
ဒီလို အန္တရာယ်ဆိုးတွေကနေ ကာကွယ်ဖို့ လွတ်မြောက်ဖို့ အလွန်လိုအပ်ပါတယ်။ ဒါကတော့ ယောက်ျားလေးနှင့် မိန်းကလေးပြဿနာဖြစ်ပါတယ်။ ထို့အပြင်လောကထဲတွင် လူတို့၏ မနာလိုမှု၊ စီးပွါးပြိုင်ဆိုင်မှု၊ပညာထူးချွန်ကျော်ကြားလိုသူများ၏ ဂျာဒူပြုစားမှု၊ မျက်စိ၏နဇရ်၊ တို့ကလည်း လူသားကိုဒုက္ခပေးတတ်ပါသည်။ နဇရ်နဲ့ မနာလိုဝန်တိုခြင်းကို ခံရခြင်းကလည်းဂျာဒူပြုထားသူဆန်ဆန် ရောဂါဝေဒနာများ ရရှိတတ်ပါသည်။ လက္ခဏာပုံသဏ္ဍာန်တွေကတော့ မူလ ဗိုက်အောင့်တတ်သူက ဗိုက်အောင့်မပျောက်ခြင်း။ ခေါင်းကိုက်တတ်သူက ဘာပဲလုပ်လုပ်ခေါင်းကိုက်မပျောက်ခြင်း။ ခြေထောက်ကိုက်သူက နေရာပြောင်း၍ အမျိုးမျိုး ခြေထောက်ကိုက်နေတတ်ခြင်း။ ဒေါသအလွန်ကြီးခြင်း၊ မိသားစုစကားဝိုင်းဖွဲ့ပြောဆိုမိလျှင်စိတ်ဝမ်းကွဲစေမည့် အရာများမကြာခဏဖြစ်ပေါ်တတ်ခြင်း။ စိတ်နာကျည်းသွားခြင်း။ အိမ်ထောင်ရေး အဆင်မပြေမှုများစွာ ဖြစ်ပေါ်ရခြင်း။ အိမ်ထောင်ရေးတွင် လင်မယားကွဲခြင်း။ မကျေနပ်ခြင်း။ ခွင့်မလွှတ်နိုင်ခြင်းအစရှိသဖြင့် အမျိုးမျိုးဖြစ်ပေါ်စေပါသည်။ ဆရာတွေနောက်ကိုဘဲလိုက်နေလို့ကတော့မွဲမယ် အန္တရာယ်ကတော့ ပျောက်မသွားဘူး။ ဘယ်လောက်ပဲ တော်တော်။ ဘယ်လောက်ပဲ ကျော်ကြားထင်ပေါ်နေတဲ့ ဆရာတွေပဲဖြစ်ပါစေ၊ တစ်ကြိမ် တစ်ခါတည်း ကုသရုံနှင့် ပျောက်ကင်းမသွားပေ။ မိမိရဲ့ဘေးဒုက္ခက လွတ်မြောက်ဖို့ကတော့ တော်တော့်ကို မလွယ်နိုင်ပါဘူး။ အန္တရာယ်ဆိုးကတော့ တစ်ခုမဟုတ်တစ်ခု နည်းမျိုးစုံနှင့် ဖြစ်ပေါ်နေမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် စာအစမှာရေးခဲ့ပါတယ်။ အရင်းစစ်လျှင်အမိမြေက ဆိုသလို အလ္လာဟ့်အရှင်မြတ် အမိန့်တွေကိုပဲ လိုက်နာကျင့်သုံးမှသာ အောင်မြင်မှုနဲ့ ကျန်းမာမှုကို ရရှိနိုင်ပါသည်။
ဟုတ်ပါသည်။ မုစ်လင်မ်သည် မုသားမပြောရ။ မတရားလည်း မလုပ်ရ။ အတိုးအညွန့်လည်း မစားရ။ အလ္လာဟ်အရှင်မြတ်တားမြစ်ထားသည့် ဟလာလ်၊ ဟရာမ်။ ဇေနာဟ်။ အရက်... စသဖြင့်များကိုလည်း ရှောင်ကြဉ်ရန် တာဝန်တွေအများကြီးပဲ ရှိပါသည်။ လိုရင်းပြောရလျှင် အလ္လာဟ်ခိုင်းထားတာကိုလုပ်။ အလ္လာဟ်တားထားတာတွေကို ရှောင်ရမည်။ မုစ်လင်မ်ပီပီသသ နေထိုင် ကျင့်ကြံလိုက်ပါက တောင်းဆုဒုအာတိုင်း ကဗုလ်ဖြစ်မည်။ မည်သည့် ဂျာဒူ။ ဆေးဝါးကိုမှ စိုးရိမ်စရာလည်းမလို။ ကြောက်စရာလည်းမလို မန်းသည့်ဆရာတိုင်းထံ ပြေးနေရန်လည်းမလိုပါ။ မိမိတို့ကိုယ်တိုင် အလ္လာဟ်အရှင်မြတ် မုက္ခပါတ်တော်တွေကို ယုံကြည်ကိုးစား ကျင့်ကြံခြင်းဖြင့် လုံလောက်ပါသည်။ ဖတ်မှတ်ပြီးကျင့်ကြံအားထုတ်မှသာ မိမိကိုတိုက်ခိုက်နေသောရန်သူကို မိမိကိုယ်တိုင်သိမည်။ ထိုရန်သူကို အောင်မြင်နိုင်မည်ဖြစ်ပါသည်။ ဘယ်လောက်ကြာကြာ ကျင့်ရမလဲလို့ မမေးပါနှင့်။ မိမိအသက်မသေသရွေ့ အဲဒီပြုစားခိုင်းသည့် မနာလိုသူ အသက်မသေသရွေ့။ အမြဲတမ်း ဖတ်မှတ်ကျင့်ကြံနေမှသာ ရန်အပေါင်းကို အောင်နိုင်မှာဖြစ်ပါတယ်။
ရန်သူကိုကာကွယ်ရန် ကျင့်ကြံခြင်းဖြင့် မိမိဘဝလည်း သာယာမှုရရှိမည်။ အေဗာဒသ်လည်း များစွာပြုကျင့်ပြီး ဖြစ်သွားပါလိမ့်မည်။
အိမ်တိုင်းဆောင်ထားသင့်သော စာအုပ်ကောင်းများ ညွှန်းလိုက်ပါမည်။ ဝယ်ယူဆောင်ထားကြပါ။ ယုံကြည်စွာဖြင့် ကျင့်ကြံအားထုတ်ပါ။ မည်သည့်အန္တရာယ်ကိုမျှ ကြောက်နေစရာမလိုပါ။ မိမိသည် အလ္လာဟ်အရှင်မြတ်ကိုပဲ ယုံဖို့လိုပါသည်။ ဂုနာတွေကို သောဝ်ဗာဖတ်ပြီး ဖယ်ရှားပါ။ " လာဟောင်လာဝလာကုဝသ" များစွာဖတ်ပါ။ အစ္စတစ်ဂ်ဖရ်များစွာဖတ်ပါ။ နမာဇ်အချိန်မှန် ဖတ်ပါ။ အချိန်တိုင်း အလ္လာဟ်ထံပါးမှာ လိုလားချက်ကို တောင်းဆိုနေပါ။ အလ္လာဟ်နှင့် နီးစပ်မှု ရရှိဖို့ကိုလည်း ဒုအာတိုင်းမှာ တောင်းနေပါ။
အဓိကစာအုပ်မှာ မန်ဇိလ်ဖြစ်ပါတယ်။ နံက်တစ်ကြိမ်၊ ညနေတစ်ကြိမ် မှန်မှန်ဖတ်ပါ။ အနားမှာ ရေသန့်တစ်ခွက် ယူထားပါ၊ ဖတ်ပြီးလျှင် မန်းမှုတ်ပါ။ ပြီးလျှင် ထိုရေမန်းကို တစ်မိသားစုလုံး သောက်သုံးပါ။ အိမ်တွင်လည်း ပက်ဖျန်းပါ။ ဂျာဒူ၊ စုန်း၊ ပယောဂ၊ မျက်စိနဇရ် အစရှိသည်များ၏ ရန်မှ ပပျောက်သွားနိုင်ပါသည်။ နမားဇ်ငါးကြိမ်မြဲသော အာလင်မ် ဆေးကုသမန်းမှုတ်ပေးသော ဆရာများနှင့် ဆက်သွယ်၍ ရောဂါဝေဒနာများကို ပြသကုကြပါ။ တစ်ကြိမ်တစ်ခေါက်ထဲသွားပြီး ဒီဆရာ မကောင်းဘူးဆိုပြီး မထင်ပါနှင့်။ မိမိတို့ကိုယ်တိုင်လည်း အခုနတင်ပြခဲ့သလို နေ့စဉ်မှန်မှန် မန်ဇိလ်ဖတ်ပြီး ကာကွယ်ကုသပါ။ ဆရာများနှင့်လည်း ဆက်သွယ်၍ နေပါ။ အဲဒါမှ မလိုလားအပ်သော ကုသမှုထက် ကောင်းမွန်မှုကို ရရှိမှာဖြစ်ပါတယ်။ ချက်ခြင်းနှင့်တော့ ရောဂါဝေဒနာ မပျောက်တတ်ပါဘူး။ အချိန်ပေးပြီး အလ္လာဟ်အရှင်မြတ်အသနားတော်နှင့် တစ်ဖြည်းဖြည်းပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။ အလ္လာဟ့်ရဲ့ မုက္ခပါသ်တော်တွေကို ယုံကြည်ကိုးစားဖို့တော့ အထူးလိုအပ်ပါသည်။ ကာဖိရ်ဆရာများထံသွားခြင်းကို အလ္လာဟ်အရှင်မြတ်လည်း မနှစ်သက်ပေ။ ကိုယ့်ဘဝအတွက်လည်း မကောင်းဘူး။ ကာဖိရ်ဆရာတွေကုလို့ ရောဂါပျောက်တယ်လို့ထင်ရင် မိမိအီမာန်အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေရှိပါတယ်။ အဲဒီလိုကုရင်းသေသွားရင် ကာဖိရ်စရင်းဝင်သွားမှာဖြစ်ပါတယ်။ ဂျာဒုလုပ်ခံရလို့ မုစ်လင်မ်ဆရာနှင့် ကုရင်း ရောဂါမပျောက်ပဲ အသက်ပျောက်ခဲ့သော် ဂျန္နသ်ရရှိမှာဖြစ်ပါတယ်။ သတိနှင့်ယှဉ်၍ မိမိသက်တမ်းကို ထိန်းသိမ်းပါ။
အိမ်တိုင်းဆောင်ထားသင့်သော ...... သမုဒ္ဒရာအောက်မှ ပုလဲလုံးများ။ မန်ဇိလ်စာအုပ်။ အလ္လာဟ့်ဗိမာန်တော်များ။ အအ်မာလေကုရ်အာနီကျမ်း။ ကုရ်အာန်ကုထုံး ...... စသည့်စာအုပ်များအပြင် မိမိတို့သိရှိသည့် ဆရာကောင်းများ၏ စာအုပ်စာပေများကို လေ့လာစိစစ်၍ ဖတ်ရှုသင့်ပါသည်။ အာမိလ်လည်းပြုသင့်ပါသည်။ ယုံကြည်မှုခိုင်မာဖို့လည်း လိုပါသည်။ စွဲစွဲမြဲမြဲနှင့် မိမိခံစားနေရသော ဝေဒနာကို တိတိကျကျသိအောင်လုပ်ပါ။ သင့်လျော်နီးစပ်သော အာယသ်များကို ဖတ်၍ နေပါ။ မန်ဇိလ်စာအုပ်ကိုလည်း နံက်တစ်ကြိမ် မဂ်ရိဗ်ပြီး တစ်ကြိမ် မှန်မှန်ဖတ်ပါ။ မည်သည့်ရန်သူမျှ...... အလ္လာဟ့်ကလာမ်....... ထက် မကြီးကျယ်ပါ။
ရောဂါဝေဒနာရှင်များသည် မုစ်လင်မ်အာလင်မ်ပညာရှင်များထံ ဆေးကုခြင်းကို ငွေကြေးကုန်ကျသည်ဟု ဆိုနေကြသည်။ ဟိန္နဒူဆရာတွေထံ သွားရောက်ကုနေခြင်းများသည် များစွာဆိုးကျိုးရှိပါသည်။ သူတို့ကု၍ပျောက်သည်ဟု ဆွဲယုံနေလျှင် မုစ်လင်မ်တို့၏ အီမာန်အတွက် ရင်လေးဖွယ်ရာဖြစ်ပါသည်။ အကယ်၍ ရောဂါမပျောက်ပဲ အသက်ပျောက်သွားခဲ့သော် ကာဖိရ်အဖြစ်သတ်မှတ်ခြင်းခံပါမည်။ (ဤသည်မှာ ဆေးလုပ်ခြင်းနှင့် အောက်လမ်းကိစ္စများကို ညွှန်းဆိုပါသည်။ သာမာန် ဆေးကျန်းမာရေး ဆရာဝန်ကို ဆိုလိုခြင်းမဟုတ်) မိမိ၏ရောဂါသည်ကုမရသော ဂျာဒုဆေးဝါးဟု ယူဆရပြီး ထိုရောဂါဖြင့် ကာဖိရ်ဆရာထံမသွားပဲ သေဆုံးသွားခဲ့သော် ဂျန္နသ်အဆင့်တွင် ရရှိနိုင်ပါသည်။
ထို့ကြောင့်မုစ်လင်မ်တို့သည် ပါးပါးလေးအပုတ်မခံရလေ အောင်သတိဝိရိယရှိဖို့လိုပါသည်။
ယာ...အလ္လာဟ်အရှင်မြတ်ကျွန်တော်မျိုးတို့ရဲ့ အီမာန်ရှင် အမျိုးသား၊ အမျိုးသမီးတိုင်းကို ထိန်းသိမ်းတော်မူပါ။
မိသားစုတိုင်းကို အလင်မ်ပညာ ဆည်းပူးနိုင်စွမ်းပေးသနားတော်မူပါ။
အလ္လာဟ်အရှင်မြတ်၏အမိန့်တိုင်းကို နာခံနိုင်စွမ်းပေးသနားတော်မူပါ။
ဂုနာဟ်များမှ ဝေးစွာရှောင်ရှားနိုင်ပြီး၊ မိမိတို့၏အမှားများအတွက် သောဝ်ဗဟ် ပြုလုပ်နိုင်စွမ်းပေးသနားတော်မူပါ။
မုအ်မင်န် မုစ်လင်မ်တိုင်း၏တောင်းဆုဒုအာများကို အလ္လာဟ်အရှင်မြတ်လက်ခံ ကဗုလ်ပြုတော်မူပါ။
မည်သည့်အခြေအနေမျိုးတွင်မဆို အလ္လာဟ်အရှင်ထိန်းသိမ်းတော်မူပါ။
အားလုံးသောမုစ်လင်မ်များကို ချစ်ခင်သော နှလုံးသားဖြင့်.......

***အာခိရသ်ရဲ့နူရ်***
အလ်မုဖီးဒ် မှ စီစဉ်တင်ဆက်သည်။

Friday, August 15, 2014

ငါးသတ္တဝါအကြောင်း သိကောင်းစရာ


  ((ဟူးသွန်)) ငါး  
 အာရဗီဘာသာရပ်၌ ငါးသတ္တဝါအား ဟူးသ် ဟူ၍ ခေါ်ဆိုပါသည်။ ၎င်း၏အများကိန်းမှာ အဟ်ဝါးသ် ဟူ၍ ဖြစ်သည်။ အလ္လာမဟ်ဒမီရီသခင်(ရဟမသုလ္လာအလိုင်) အမိန့်ရှိသည်မှာ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာဦးဖခင်ကြီး ဟဇရသ်အာဒမ်သခင်(အလိုင်ဟစ္စလာမ်)အား မြေပြင်ပေါ်သို့ ချလိုက်သောအခါ ပထဝီမြေကြီးပေါ်၌ လင်းတငှက်နှင့် ပင်လယ်သမုဒ္ဒရာထဲ၌ ငါးသတ္တဝါမှလွဲ၍ အခြားမည်သည့်တိရိစ္ဆာန်မျှ မရှိသေးချေ။ ထိုစဉ်က လင်းတငှက်သည် ညစဉ်ညတိုင်း ပင်လယ်ကမ်းစပ်နားသို့ လာရောက်၍ ငါးသတ္တဝါနှင့် တွေ့ဆုံလေသည်။ တမန်တော်အာဒမ်(အလိုင်ဟစ္စလာမ်)အား လင်းတငှက်မှ မြင်တွေ့သွားရာမှ ငါးထံ လာရောက်၍ အကြောင်းကြားလေ၏။ " ယနေ့ အဆွေ(ငါး)အား သတင်းအဆန်းတစ်ရပါပြောကြားလိုသည်မှာ ပထဝီမြေကြီးပေါ်၌ အရာတစ်ခုကျရောက်လာသည်။ ၎င်းသည် ခြေထောက်ဖြင့် လမ်းလျှောက်၍ လက်များဖြင့် ကိုင်တွယ်သည်ကို တွေ့မြင်ခဲ့ရသည်။ " ဤသတင်းစကားကို ကြားပြီး ငါးကြီးက အကယ်၍ အသင်၏စကားသာ မှန်ကန်သည်ဆိုပါက သမုဒ္ဒရာအတွင်းမှ ကျွန်ုပ်လည်း ထိုခြေနှစ်ချောင်းသတ္တဝါနှင့် လွတ်ကင်းနိုင်မည်မဟုတ်သလို ကုန်းမြေပေါ်ရှိအသင်လည်း ထိုသူနှင့် လွတ်ငြိမ်းမှုရရှိလိမ့်မည် မဟုတ်တော့ပေ။ ဟု ဖြေကြားလိုက်လေသည်။

 ဟဒီးစ်တော်တစ်ရပ် 
သတိချပ်ဖွယ် ------- အိမာမ်သုဗ်ရာနီသခင်က မိမိ၏ မုအ်ဂျမုလ်အောဝ်စသ်ွကျမ်းတွင် ဟဇရသ်အိဗ်နေအဗ္ဗါးစ်သခင်(ရသွီယလ္လာဟုအန်ဟု)၏ ဆင့်ပြန်ချက်တစ်ရပ်တင်ပြထားသည်။ တမန်တော်မြတ်ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်သခင် မိန့်မြွက်တော်မူသည်မှာ " ဤအုမ္မသ်အုပ်စုတွင် အာလင်မ်သာသနာ့ပညာရှင် နှစ်မျိုးနှစ်စားရှိပေမည်။ ပထမအုပ်စုအာလင်မ်မှာ ထိုသူတို့ဖြစ်ကြမည်။ ၎င်းတို့ကို အလ္လာဟ်အရှင်မြတ်က သာသနာ့အသိပညာချီးမြှင့်တော်မူထားပြီး ၎င်းတို့က ပြန်လည်၍ လူများကို တစ်ဆင့်ပို့ချကြမည်။ ထိုသို့ပို့ချရာတွင် မည်သို့သောအခကြေးငွေတစ်စုံတစ်ရာကို မယူဘဲ ထိုသာသနာ့အသိပညာကိုလည်း ဝမ်းရေးအတွက် အသုံးချသူများ အဟုတ်ကြပေ။ ဤအာလင်မ်အုပ်စုသာလျှင် အလ္လာဟ်အရှင်မြတ်၏ ထံတော်ပါး လမ်းပြရှေ့ဆောင်နှင့် ရစူလ်တမန်တော်များ၏ အမွေစားအမွေခံများ ဖြစ်ကြမည်။ ဒုတိယအုပ်စုအာလင်မ်မှာ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား အိလ်မ်သာသနာ့အသိပညာဖြင့် ချီးမြှင့်မြှောက်စားတော်မူခဲ့သော်လည်း ထိုသူတို့သည် ယင်းပညာရပ်အား ပြန်လည်ပို့ချခြင်းမပြုသလို ထိုသာသနာ့ပညာကို အကြောင်းခံပြုပြီး ဒွန္နယာအား ရှာဖွေကြသည်။ အခကြေးငွေအပေါ် မစာအိလ်အား တလွဲတချော် တင်ပြကြသည်။ ထိုအာလင်မ်အုပ်စုသည် ကိယာမသ်ကမ္ဘာ့တရားခွင်နေ့တွင် ပါးစပ်၌ မီးပါးချပ်ကြိုးတပ်ဆင်လျှက် ရှင်ပြန်ထကြရမည်။" (အလ္လာဟ်အရှင်မြတ်ထိန်းသိမ်းတော်မူပါစေ အာမီးန်)

 တမန်တော်ယူနွတ်စ်အလိုင်ဟစ္စလာမ်၏ ဖြစ်ရပ် 
အလ္လာဟ်အရှင်မြတ်သည် တမန်တော်ယူနွတ်စ်အား ငါး၏ဝမ်းဗိုက်အတွင်း ပို့ဆောင်တော်မူပြီးနောက် ထိုငါးကြီးအား "ငါအရှင်မြတ်သည် နဗီယူနွတ်စ်အား အသင့်အဖို့ရာ ရိုဇီရိက္ခာအဖြစ် ပြုလုပ်ပို့ဆောင်လိုက်ခြင်းမဟုတ်ပါ။ အသင်၏ ဝမ်းဗိုက်အတွင်း ခေတ္တခိုအောင်းရာနေရာအားဖြင့် ပို့ဆောင်တော်မူခြင်းဖြစ်သည် " ဟု ဗျာဒိတ်တော်မူလေသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အချိန်ကာလတစ်ခုကြာမြင့်ပြီးသောအခါ ယူနွတ်စ်နဗီအား ငါး၏ဝမ်းဗိုက်အတွင်းမှ ထုတ်ပေးတော်မူလေသည်။ နဗီအနေဖြင့် ငါး၏ဝမ်းဗိုက်အတွင်း ကြာမြင့်ခဲ့သောအချိန်ကာလနှင့်စပ်လျဉ်း၍ မုကာသိလ်သခင်က ရက်ပေါင်း(၄ဝ) ဟုအဆိုရှိပြီး ရှအ်ဗီသခင်က တစ်နေ့တာဟု ဖော်ပြထားသည်။

  (( ဟူးသုလ်ဟိုင်းဇ် )) Wale / ပင်လယ်ဝေလငါးတစ်မျိုး   
ယင်းငါးကြီးသည် အဏ္ဏဝါသမုဒ္ဒရာရှိ အလွန်ကြီးမားသော ငါးတစ်မျိုးဖြစ်သည်။ ပင်လယ်ကူးသင်္ဘောများကို ဟန့်တားစေတတ်သည်။ တစ်ခါတစ်ရံပင်လယ်ခရီး၌ သင်္ဘောသားများနှင့် ကြုံတွေ့ရပါက ထိုငါးကြီးများရှိရာဖက်သို့ အမျိုးသမီးဓမ္မတာလာထားသော ဟိုင့်ဇ်သွေးလူးထားသည့် အဝတ်ဖြင့် ပစ်ပေါက်ကြသည်။ ထိုအခါမှသာ ၎င်းငါးကြီးသည် အဝေးတစ်နေရာသို့ ရှောင်ကွင်းသွားလေသည်။ 

 တမန်တော်မူစာအလိုင်ဟစ္စလာမ်အား လမ်းပြခဲ့သော ငါးသတ္တဝါ 
တမန်တော်မူစာသခင်နှင့် ယူရှအ်သခင်တို့မှာ တမန်တော်ခိသွိရ်အား တွေ့ဆုံရန်ခရီးထွက်စဉ် ၎င်းတို့နှင့်အတူ ငါးကင်တစ်ကောင်ပါရှိခဲ့၏။ ထိုငါးသည် တစ်ကိုက်အရှည်ရှိပြီး ကိုယ်လုံးပတ်လည် တစ်ထွာရှိသည်။ ယင်းငါးနှင့်စပ်လျဉ်း၍ အိမာမ်ဗုခါရီသခင်က အိဗ်နေအဗ္ဗါးစ်ရသွီယလ္လာဟုသခင်၏ အဆိုကို ဆင့်ပြန်ခဲ့သည်။ အိဗ်နေအဗ္ဗါးစ်သခင်က အမိန့်ရှိသည်မှာ တမန်တော်မူစာသခင်ယူဆောင်ခဲ့သော ငါးကင်သည် တစ်နေရာအရောက်တွင် အာဗေ့ဟယာသ် ရေရှင်နှင့် ငါးကင်မှာ လူးထိခဲ့ရသောကြောင့် ငါးမှာ အသက်ရှင်ပြီး ပလိုင်းအတွင်းမှ ခုန်ချသွားလေသည်။ ထိုရေ၏ထူးခြားချက်မှာ မည်သည်အသေကောင်မဆို ၎င်းရေနှင့်လူးထိသွားပါက အသက်ပြန်ရှင်လာသည်။ ငါးကူးခပ်သွားသည့်လမ်းတစ်လျှောက်လုံးမှာ အံ့သြစရာကောင်းလောက်အောင် ခြောက်သွေ့ပြီး လှိုင်ခေါင်းပမာဖြစ်ရှိသွား၏။ ထိုလမ်းမှလျှောက်လှမ်းခဲ့ရာ မူစာနဗီသခင်နှင့် အဖော်ယူရှအ်သခင်တို့မှာ တမန်တော်ခိသ်ွရ်ရှိနေသည့် ကျွန်းတစ်ကျွန်းသို့ ရောက်ရှိခဲ့သည်။

ဟဇရသ်မူစာ၏ငါးမှာ မဂ်ျမအုလ်ဗဟရိုင်းန်ခေါ် မြစ်နှစ်သွယ်ဆုံဆည်းပေါင်းစပ် စီးတွေသည့်နေရာ၌ ခုန်ချသွားခဲ့သည်။ ယင်းမြစ်နှစ်ခုဆုံဆည်းရာနေရာနှင့်ပတ်သက်၍လည်း အဆိုကွဲပြားလျှက်ရှိ၏။ ကျမ်းမြတ်ကုရ်အာန် အနက်သဘောဖွင့်ဆိုသော အချို့မုဖစ်စိရ်ပညာရှင်များက အုရ်ဒွန်မြစ်နှင့် ကွလ်ဇုမ်မြစ်နှစ်သွယ် ဆုံဆည်းရာဒေသဖြစ်၏။ အချို့ကမူ ဖါရစ်မြစ်နှင့် ရူးမ်မြစ်ပင်လယ်တို့ ဆုံဆည်းရာနေရာဒေသကို ဖော်ညွှန်းကြသည်။

 ဟဇရသ်ခိသ်ွရ်သခင်၏ အမည်အရင်း  
ခိသွိရ်သခင်၏ အမည်နှင့်စပ်လျဉ်း၍ အဆိုအမျိုးမျိုးလာရှိသော်လည်း အမှန်ကန်ဆုံးအဆိုအရ သခင်၏အမည်အရင်းမှာ ဗလ်ယာဗင်န် မလ်ကာန် ဖြစ်သည်။ သမိုင်းသုတေသီများ၏ အဆိုအရ ခိသွိရ်နဗီသခင်သည် ဗနီအစ္စရာအီးလ်အမျိုးအနွယ်ဝင်ဖြစ်သည်ဟု သိရှိရသော်လည်း အချို့ပညာရှင်များက သခင်သည် မင်းမျိုးမင်းနွယ်အဆက်မှ ဖွားမြင်လာသူဟု ဆိုကြသည်။ ဟဇရသ်ခိသွိရ် နဗီဖြစ်ခြင်း မဖြစ်ခြင်းနှင့် စပ်လျဉ်း၍လည်း အိုလမာသာသနာ့ပညာရှင်များ၏ အဆို ကွဲပြားမှုရှိ၏။ အမှန်ကန်ဆုံးအဆိုမှာ ခိသွိရ်သခင်သည် နဗီတမန်တော်တစ်ပါးဖြစ်၏။ တမန်တော်မူစာနှင့် ခိသွိရ်သခင်တို့၏ ခရီးစဉ်တစ်လျှောက် ကြုံတွေ့ခဲ့ရသည့် အကြောင်းအရာဖြစ်ရပ်များမှာ အလွန်ကျော်ကြားခဲ့သည်။ အကြောင်းအရာရှည်လျားသွားမည်ကိုစိုး၍ ချန်လှပ်ခဲ့သည်။

မူစာနဗီနှင့် ခိသွိရ်သခင်တို့ လမ်းခွဲခါနီးအချိန်တွင် ခိသွိရ်သခင်က " အိုမူစာ အကယ်၍အသင်သည် ကျွန်ုပ်ပြုမူခဲ့သည်များအပေါ် စောဒကမတတ်ပဲ အောင့်အည်းသည်းခံခဲ့မည်ဆိုကပါက ယခုအသင်ကြုံကြိုက်ခဲ့ရသည့်ဖြစ်ရပ်ထက် ဖြစ်ရပ်ပေါင်းထောင်ချီမက အသင်သိရှိသွားမည်ဖြစ်သည်။ ဤစကားရပ်ကိုကြားပြီး တမန်တော်မူစာသည် ခိသွိရ်သခင်နှင့် ခွဲခွာရမည့်အပေါ် ဝမ်းနည်းမိလေသည်။ ၎င်းနောက် မိမိအား ဆုံးမစကားအချို့ကို မြွက်ကြားရန် အမိန့်ရှိလိုက်လေသည်။ သို့ဖြင့် ခိသွိရ်နဗီသခင်က အောက်ပါသြဝါဒတော်အချို့ကို မိန့်မြွက်ခဲ့သည်။
(၁) မိမိ၏နောင်တမလွန်အရေးနှင့်စပ်လျဉ်း၍ သောကထားပြီး အချည်းအနှီးစကားများမှ ရှောင်ရှားပါ။
(၂) အေးချမ်းတည်ငြိမ်မှု ရရှိနေသည့်အချိန်၌လည်း စိုးရိမ်ကြောက်ရွံမှုအား မမေ့လျော့ထားလေနှင့်။
(၃) ကိစ္စရပ်တိုင်းတွင် တွေးတောကြံဆမှုအား ရှေ့တန်းတင်ထားပါ။
(၄) မလိုအပ်ဘဲ ခရီးထွက်ခြင်းမပြုလေနှင့်။
(၅) မိမိထံမှ အမှားတစ်စုံတစ်ရာကျုးလွန်မိသွားပါက အရှက်အကြောက်ဖြင့် နောင်တရ၍ ငိုယိုပါ။ 

ထို့နောက် ဟဇရသ်ခိသွိရ်သည် မူဆာနဗီသခင်အား ၎င်းနှင့်စပ်လျဉ်း၍လည်း ဆုံးမစကားမိန့်ကြားရန် ပြောကြားရာ တမန်တော်မူဆာက ဤသို့ ဆုံးမစကားမိန့်ကြားခဲ့သည်။
(၁) အမျက်ဒေါသကို ရှေ့ဝယ်မထားလေနှင့်။
(၂) အကယ်၍ ဒေါသဖြစ်ပါကလည်း ဒီးန်သာသနာ့ကိစ္စရပ်များ၌သာ ဒေါသပြနိုင်သည်။
(၃) တစ်ဦးတစ်ယောက်အား အလ္လာဟ်အရှင်မြတ်အတွက်သာ ချစ်စိတ်ထားပါ။
(၄) ဒွန္နယာလေကအား တွယ်တာမှုမထားသကဲ့သို့ မုန်းတီးစိတ်လည်း မထားရှိလေနှင့် ..။ စသဖြင့် တစ်ဦးနှင့်တစ်ဦး ဆုံးမစကားအသီးသီး အပြန်အလှန်မိန့်မှာမြွက်ကြားပြီး ဆုမွန်ဒုအာပေးလျှက် လမ်းခွဲလိုက်ကြလေသည်။

** ရှရီအသ်၏ အမိန့်ပညတ်ချက် 
(၁) အဆိုပါဝေလငါးမျိုးသည် အခြားသောငါးအမျိုးအစားများကဲ့သို့ပင် စားသုံးခြင်း (ဟလာလ်)ဖြစ်၏။
(၂) ငါး၏သွေးနှင့် စပ်လျဉ်း၍ အဆိုနှစ်ရပ်လာရှိ၏။ အချို့အိမာမ်များက မသန့်ဟုဆိုပြီး အချို့က သန့်ပြန့်သည်ဟု ဆို၏။ အဘယ့်ကြောင့်ဆိုသော် ငါးသွေးသည် ခြောက်သွေ့ပြီးသောအခါ အခြားသွေးကဲ့သို့ မည်းမနေဘဲ အဖြူရောင်ဖြစ်သွားလေသည်။

 အိပ်မက်သဘော 
(က) အကယ်၍တစ်ဦးတစ်ယောက်သည် အိပ်မက်တွင် ဟိုင်းဇ်ဓမ္မတာလာနေသည်ဟု အိပ်မက်ပါက - ထိုပုဂ္ဂိုလ်သည် ဟရာမ်ကိစ္စရပ်ကျူးလွန်သူ ဖြစ်၏။
(ခ) အကယ်၍ အမျိုးသမီးတစ်ဦးက မိမိကိုယ်မိမိ ဟိုင်းဇ်လာနေပြီး ရေချိုးနေသည်ဟု အိပ်မက်ပါက - သူမခံစားနေရသည့် ပူဆွေးသောကများမှ ကင်းလွတ်မှုရရှိအံ့။
(ဂ) အကယ်၍ သူမသည် ဓမ္မတာလာနေပြီး မရပ်တော့ဘဲ အဆက်မပြတ်လာနေသည်ဟု မြင်မက်ပါက - ထိုအမျိုးသမီးသည် အပြစ်များစွာ ကျူးလွန်သူ ဖြစ်၏။

  ((အဒ်ဒိလ်ဖီးန်)) လင်းပိုင်ငါးကြီးအကြောင်း  
လင်းပိုင်ငါးအား အရဗီဘာသာရပ်၌ ဒိလ်ဖီးန်ဟု ခေါ်ဆို၏။ လင်းပိုင်ငါးသည် ပင်လယ်ငါးကြီးတစ်မျိုးဖြစ်ပြီး ရေနစ်နေသူများကို ကယ်တင်လေသည်။ အီဂျစ်ပြည်၊ နိုင်းမြစ်ဝှမ်း၌ ၎င်းငါးကြီးများကို အများအားဖြင့်တွေ့ရတတ်သည်။ လင်းပိုင်ငါး၏ ဦးခေါင်းမှာ သေးငယ်ပြီး အခြားငါးသတ္တဝါများနှင့်မတူဘဲ တစ်မူထူးခြားစွာ အဆုတ်ပါရှိလေ၏။ ယင်းအဆုတ်ဖြင့် အသက်ရှုလေသည်။ အကယ်၍တစ်ဦးတစ်ယောက်သည် ရေနစ်နေချိန်တွင် ကံအားလျော်စွာ ထိုလင်းပိုင်ငါးနှင့်ဆုံမိပါက ယင်းငါးသည် ထိုသူ့အား ကမ်းစပ်အထိတွန်း၍ ပို့ဆောင်လိုက်သည်။ ဤငါးသည် မည်သူ့ကိုမျှ ဒုက္ခပေးခြင်းမရှိပါ။ ၎င်းသည်အခြားငါးငယ်များကို အစာအဖြစ်စားသုံးလေသည်။ လင်းပိုင်များသည် နို့တိုက်သတ္တဝါများအနက် တစ်မျိုးပါဝင်လေ၏။
လူများ၊ ကလေးငယ်များနှင့် တစ်ရင်းတစ်နှီးနေတတ်ကြသည်။ ငါးအထီးသည် အမနှင့် မကင်းကွာဘဲ အမြဲတမ်း အတူတကွ နေတတ်လေသည်။

 ** ရှရှီအသ်တရားတော်၏ ပညတ်ချက် 
လင်းပိုင်ငါးအား စားသုံးခြင်းမှာ ခြွင်းချက်မရှိ (ဟလာလ်)ဖြစ်၏။

  ဆေးဖက်ဝင်အသုံးကျပုံ  
(က) လင်းပိုင်ဆီအား မီးအပူပေးပြီး နားထဲသို့အစက်ချပေးပါက နားထိုင်းခြင်း၊ နားအူခြင်းများအတွက် အလွန်ထိရောက်မှုရှိ၏။
(ခ) လင်းပိုင်ငါး၏ အသားမှာ စားသုံးရာ၌ ဝမ်းကိုအေးစေပြီး အစာကြေနှောင့်နှေး၏။
(ဂ) လင်းပိုင်ငါး၏ သွားကို ကလေးများ၏ လည်ပင်း၌ ချည်ဆွဲပေးပါက ကြောက်လန့်တတ်ခြင်းမှ ပျောက်ကင်းမှုရှိပေမည်။
(ဃ) ကိုယ်ခန္ဓာအဆစ်အမြစ်များ နာကျင်ကိုက်ခဲပါက လင်းပိုင်ငါး၏ အဆီကို လိမ်းပါ။
(င) အကယ်၍ အမျိုးသမီးသည် လင်းပိုင် ဆီနှင့် ပြဒါးကို ရော၍ မီးကင်ပြီး မျက်နှာတွင်လိမ်းကျံမည်ဆိုပါက သူမ၏ ခင်ပွန်းဖြစ်သူသည် သူမအား ချစ်ခင်နေမည်။

 အိပ်မက်သဘော 
လင်းပိုင်ငါးအား အိပ်မက်၌ မြင်မက်ပါက အောက်ပါအတိုင်း သဘောအဓိပ္ပာယ်ရ၏။
(၁) လင်းပိုင်ငါးအား အိပ်မက်ခြင်းဖြင့် - မိုးများစွာ ရွာသွန်းမည့် နမိတ်ဖြစ်၏။
(၂) ယင်းငါးအား အိပ်မက်ခြင်းဖြင့် - ရံဖန်ရံခါ လူလိမ်လူကောက်များဖြင့် ကြုံရအံ့။
(၃) အကယ်၍ ပူဆွေးသောက ရောက်သူတစ်ဦးက ၎င်းအား အိပ်မက်ခဲ့ပါက - သောကအပေါင်းမှ ကင်းဝေးမှုရရှိအံ့။

  ဝေလငါးကြီးအကြောင်း  
ဤကဲ့သို့ငါးကြီးမျိုးသည် ပင်လယ်သမုဒ္ဒရာအတွင်း နေထိုင်ကျက်စားပြီး ကိုက် (၁ဝဝ)ခန့် ရှည်လျားသော ပင်လယ်ဝေလငါးတစ်မျိုးဖြစ်သည်။ အချို့က ထိုပင်လယ်ငါးကြီးမျိုးကို (အန်ဗရ်) ဟု အမည်ပေး၏။ ငါးကြီးအန်ဖတ်ဆိုသည်မှာ ထိုငါးမှရရှိသော ကတိုးတစ်မျိုးဖြစ်၏။ အိမာမ်ကဇ်ဝေနီသခင်က အမိန့်ရှိသည်မှာ ဗားလ်အမည်ရှိ ငါးကြီး၏အရှည်မှာ ကိုက် (၅ဝဝ) ထိ ရှိတတ်၏။ ထိုငါးကြီး၏ ကိုယ်အစိတ်အပိုင်းတစ်ခု ရေပြင်တွင်ပေါ်နေပါက ကျွန်းငယ်တစ်ခုပမာ ထင်မှတ်သည်။ ထိုအခါမျိုးတွင် သွားလာနေသော သင်္ဘောများအတွက် အန္တရာယ်ရှိပေသည်။ ၎င်းငါးကြီးမျိုးကို အသားမည်းလူတစ်မျိုးက ဖမ်းဆီးကြပြီး ငါးဗိုက်ကိုခွဲ၍ ငါးကြီးအန်ဖတ်ကတိုးကို ထုတ်ယူကြသည်။

  ငါးသတ္တဝါအကြောင်း  
အရဗီဘာသာအရ ငါးသတ္တဝါအား စမတ်(က်)ဟု ခေါ်၏။ ယင်း၏ အများကိန်းမှာ အဆ်မားက်ဟူ၍ ဖြစ်သည်။ ငါးအမျိုးအစားပေါင်း မြောက်မြားစွာရှိလေသည်။ ၎င်းတို့အနက် အချို့ငါးများမှာ မျက်စိတစ်ဆုံးရှည်လျားပြီး၊ အချို့မှာမူ မျက်စိဖြင့်အားစိုက်၍ ကြည့်ရလောက်အောင် သေးငယ်၏။ ငါး၏အစာအိမ်သည် ဦးခေါင်းပိုင်းနှင့် နီးကပ်စွာရှိသည်။ အလ္လာဟ်အရှင်မြတ်သည် ပင်လယ်သမုဒ္ဒရာအတွင်း၌ မရေမတွက်နိုင်လောက်အောင် များပြားလှသည့် ထူးဆန်းဖွယ်ရာများအား ဖန်ဆင်းထားသည်။

အလ္လာဟ်အရှင်မြတ်သည် မုစ်လင်မ်တစ်ယောက်၏ ဒုက္ခအား အချည်အနှီးပြုတော်မူမည်မဟုတ်ချေ။ ပမာအားဖြင့် အခါတစ်ပါး၌ ပုဂ္ဂိုလ်နှစ်ဦး ငါးဖမ်းထွက်ခဲ့ကြသည်။ တစ်ဦးမှာ မုစ်လင်မ်ဖြစ်ပြီး ကျန်တစ်ဦးမှာ ကာဖိရ်ဖြစ်၏။ မြစ်ကမ်းနဖူးနားရောက်သောအခါ ကာဖိရ်ဖြစ်သူက မိမိယုံကြည်ကိုးကွယ်ရာ ဘုရားသခင်၏ အမည်ကို တမ်းတ၍ ပိုက်ကွန်ပစ်လိုက်ရာ အခါတိုင်းတွင် ငါးမိလေသည်။ သို့သော် မုစ်လင်မ်က အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို တသ၍ ပိုက်ကွန်ပစ်သော်လည်း တစ်နေ့သာ ကုန်သွားသည်။ ငါးမရချေ။ ညနေစောင်းပြန်ခါနီးအချိန် တံငါသည်မုစ်လင်မ်၏ပိုက်ကွန်၌ ငါးတစ်ကောင်ပါလာသော်လည်း ပြန်၍ ပြုတ်ကျသွားသည်။ နောက်ဆုံး ငါးတစ်ကောင်မျှမရဘဲ အိမ်သို့ပြန်လာလိုက်ရသည်။ ကာဖိရ်ဖြစ်သူမှာတော့ ပလိုင်းအပြည့် ငါးများရရှိသွားလေသည်။ ထိုအချင်းအရာကိုတွေ့မြင်ပြီး ကောင်ကင်တမန်ဖရိရှ်သာများက အလ္လာဟ်အရှင်မြတ်ထံတော်ပါးဝယ် ဤသို့လျှောက်ထားကြ၏။ အို မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ် ဖြစ်ရပ်ကား ဆန်းကြယ်လှပါတကား၊ မုအ်မင်န်ဗန္ဒာဟ်က အလ္လာဟ်အရှင်မြတ်၏နာမတော်ကို တသ၍ ငါးဖမ်းသော်လည်း ငါးမရဘဲ ပြန်သွားရသည်။ သို့သော် အလ္လာဟ်အရှင်မြတ်အား ငြင်းပယ်သူကာဖိရ်ကမူ အခြားအရာကို ဆည်းကပ်ကိုးကွယ်ပြီး ငါးဖမ်းရာ ပလိုင်းအပြည့် ငါးများရရှိလေသည်။ အဘယ်သို့ပါနည်း။ ဟု လျှောက်ထား၏။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ခုနကလျှောက်တင်ခဲ့ကြသော ဖရိရှ်သာများအား (ဂျန္နသ်)သုခဘုံ၌ရှိသော ထိုတံငါသည်သူဆင်းရဲမုစ်လင်မ်ရရှိမည့် စံအိမ်တော်နှင့် ထိုကာဖိရ်သွားရောက်ရမည့်ဂျဟန္နမ် ငရဲကို ပြသ၍ အမိန့်ရှိသည်မှာ ဂျန္နသ်သုခဘုံရှိ ဤစံအိမ်တော်ကို တွေ့မြင်သွားမည်ဆိုပါက သူဆင်းရဲမုစ်လင်မ်သည် မိမိဒွန္နယာ၌ကြုံတွေ့ခဲ့ရသည့် ဒုက္ခဆင်းရဲမှုများကို မေ့ပျောက်သွားပေမည်။ ကာဖိရ်အနေနှင့်လည်း ၎င်းအတွက်သတ်မှတ်ထားသော ဂျဟန္နမ်ငရဲကိုတွေ့မြင်လိုက်ရမည်ဆိုပါက ဒွန္နယာ၌ရရှိထားသော လက်တလော ချမ်းသာသုခသည် ၎င်းအတွက်မည်သို့မျှ အကျိုးမပြုနိုင်ချေ။ ဟု အမိန့်တော်ရှိလိုက်လေသည်။

** ရှရီအသ်၏ အမိန့်ပညတ်ချက် 
(၁) ရှိရှိသမျှသော ငါးသတ္တဝါအားလုံးကို ဇဗဟ် မပြုဘဲ စားသုံးပိုင်၏။
(၂) ဟဒီးစ်တော်၌ ဆင့်ပြန်ချက်လာရှိသည်မှာ အလ္လာဟ်အရှင်မြတ်သည် ငါတို့အတွက် အသေကောင်နှစ်မျိုးဖြစ်သည့် ငါးနှင့် ကျိုင်းကောင်အား ဟလာလ်ပြဌာန်းထားတော်မူသည်။ ၎င်းပြင် သွေးခဲနှစ်မျိုးဖြစ်သော အသည်းနှင့် သရက်ရွက်အား ဟလာလ်ပြုထားတော်မူသည်ဟု ကိုယ်တော်မြတ်သခင်က မိန့်ခြွေတော်မူခဲ့သည်။

မတ်စ်အလဟ် (၁) ငါးအား ဇဗဟ်ပြုလည်လှီးခြင်းမှာ မက္ကရူးဟ် (မနှစ်မြို့ဖွယ်ရာ)ဖြစ်၏။ အကယ်၍ အလွန်ကြီးမားသော ငါးဖြစ်ပါက ဇဗာပြုခြင်း အရေးမကြီးသော်လည်း ထိုသို့ပြုလုပ်ပါက မုစ်သဟဗ်နှစ်မြို့ဖွယ်ရာဖြစ်၏။
မတ်စ်အလဟ် (၂) အကယ်၍ တစ်ဦးတစ်ယောက်သည် ငါးအား ဗိုက်မခွဲဘဲ ထိုအတိုင်း ချက်ပြုတ်လိုက်ပါကလည်း ၎င်းအား စားပိုင်၏။
မတ်စ်အလဟ် (၃) ကုန်းပေါ်တွင် စားပိုင်သော သတ္တဝါများနှင့် ဆင်တူသောရေသတ္တဝါများအား စားပိုင်၏။ ဝက်၊ ခွေး၊ ဖားနှင့်ဆင်တူသော ရေသတ္တဝါများမှာ ဟရာမ်ဖြစ်၏။

ဆေးဖက်ဝင်အသုံးကျပုံ
(က) ငါး၏အသားသည် ကိုယ်ခန္ဓာ၌ အအေးဓာတ်ကို ဖြစ်ပေါ်စေသည်။ အပူဓာတ်များသူများနှင့် လူငယ်များအတွက် အလွန်အကျိုးရှိသည်။ ၎င်းပြင်ကာမအားကို တိုးပွားစေသည်။
(ခ) ငါးအမျိုးအစားများစွာရှိသည့်အနက် အဝါရောင်၊ အနက်ရောင်နှင့် အသားစားငါးများအား စားသုံးခြင်းမှာ ကောင်းမွန်ခြင်းမရှိချေ။
(ဂ) သမားတော်ကြီး အိဗ်နေဆိုင်နာ၏ အဆိုအရ ငါး၏အသားကို ပျားရည်နှင့်အတူရော၍ စားသုံးပါက မျက်လုံးတိမ်ဖြစ်ခြင်းကို ကာကွယ်စေပြီး မျက်စိအမြင်အားကောင်း၏။
(ဃ) လတ်ဆတ်သော ငါးအား မီးကင်၍ ကြက်သွန်နီအစိမ်းဖြင့် ရော၍စားသုံးပါက သုတ်ကိုပွားများစေသည်။
(င) အကယ်၍ အရက်သမားတစ်ယောက်သည် ငါးအစိမ်းအား ရှုရှိုက်လိုက်ပါက အမူးပြေသွားမည်။
(စ) ငါး၏သည်းခြေကို ရေတွင်ရောနှော၍ ဖျော်ပြီးသောက်သုံးခြင်းဖြင့် နှလုံးရောဂါအား ပျောက်ကင်းစေသည်။ ယင်းသည်းခြေကို သကြားတွင်ဖျော်သောက်ပါကလည်း အလားတူ အကျိုးရှိ၏။ 

 အိပ်မက်သဘော  
(၁) တစ်ဦးတစ်ယောက်သည် အိပ်မက်၌ ငါးများကို မြင်မက်ပါက - အိပ်မက်သဘောကောက်ယူသည့် အချိန်နှင့် ပုံသဏ္ဍာန်နှင့် အခြေအနေကို သတိပြုရပေမည်။ အကယ်၍ ထိုသူသည် ငါးအကောင်ရေ ၃ - ၄ ကောင်ကိုမြင်မက်ပါက ထိုအရေအတွက်နှင့်အမျှ ဇနီးကြင်ယာရရှိအံ့။
(၂) ရေနောက်ထဲမှငါးများကို ဖမ်းယူသည်ဟု အိပ်မက်ပါက - ထိုသူ့အတွက် ကောင်းကျိုးဖြစ်ထွန်းမည်။ (သို့မဟုတ်) ပျော်ရွှင်စွာ သက်တမ်းမွေးမြူအံ့။
(၃) ခရီးသည်တစ်ဦးက ငါးကို အိပ်မက်သော် - ပူဆွေးသောကများနှင့် ကြုံတွေ့အံ့။
(၄) အမြဲတမ်းလိုလို ငါးအား အိပ်မက်ခြင်းသည် - ရေနစ်ခြင်း၏ နမိတ်ကိုဆောင်၏။
(၅) အကယ်၍ ရေကြည်ထဲမှ ငါးဖမ်းနေသည်ဟု အိပ်မက်ပါက ထိုသူ့အတွက် သားကောင်းရတနာပေါ်ထွန်းမည့် နိမိတ်သဘောဖြစ်၏။
(၆) ရေငန်ပိုင်းမှ ငါးအား အိပ်မက်ခြင်းသည် အဏာရှင် အကြီးအကဲများထံမှ သောကဖြစ်စရာကိစ္စမျိုး ပေါ်ပေါက်တတ်သည်။ ရံဖန်ရံခါ ၎င်း၏ဆန့်ကျင်ဖက်လည်း ဖြစ်တတ်သည်။
(၇) ငါးကြော်၊ ငါးကင်အား အိပ်မက်၌မြင်မက်သူသည် အိလ်မ်သာသနာ့ပညာအား ဆည်းပူးရန် ခရီးဝေးထွက်ခွာရမည့် နိမိတ်သဘောဆောင်သည်။
(၈) အကယ်၍တစ်ဦးတစ်ယောက်သည် မိမိ၏အရှက်အင်္ဂါအစိတ်အပိုင်းမှ ငါးထွက်လာသည်ဟု အိပ်မက်သော် အကယ်၍ဇနီးဖြစ်သူသည် ကိုယ်ဝန်ဆောင်ဖြစ်ပါက မကြာမီ မိန်းကလေးဖွားမြင်အံ့။
(၉) ကြီးမားသောငါးများကို အိပ်မက်ခြင်းသည် ဥစ္စာပစ္စည်းတိုးပွားရရှိမည့် နိမိတ်သဘောရ၏။
(၁ဝ) သေးငယ်သောငါးများကို အိပ်မက်ခြင်းသည် စိတ်သောကများနှင့် ကြုံတွေ့ရမည့် သဘောအဓိပ္ပာယ်ရ၏။
(၁၁) အကယ်၍ တစ်ဦးတစ်ယောက်သည် မြစ်ထဲမှ ငါးဖမ်းကိရိယာဖြင့် ငါးဖမ်းမိသည်ဟု အိပ်မက်ပါက အိပ်မက်သူသည် လူပျို ၊ အပျိုဖြစ်ပါက မကြာမီ ရှာဒီမင်္ဂလာဖြစ်အံ့။ (သို့မဟုတ်) အိပ်မက်သူသည် အိမ်ထောင်သည်ဖြစ်ပါက သားကောင်း၊ သမီးကောင်း ဖွားမြင်အံ့။
(၁၂) အကယ်၍ အရွယ်မရောက်သေးသော ကလေးတစ်ယောက်က အိပ်မက်၌ ငါးဖမ်းနေသည်ဟု မြင်မက်ပါက အလ္လာဟ်အရှင်မြတ်သည် ထိုကလေးအား ပညာတတ်တစ်ဦးအဖြစ် ချီးမြှင့်မြှောက်စားတော်မူအံ့။

ဤတွင် ဟယာသုလ်ဟိုင်ဝါးန်ကျမ်း၌ပါရှိသည့် ငါးသတ္တဝါအကြောင်းကို တင်ပြမှုပြီးဆုံးပါပြီ။
(အလ်မုဖီးဒ်)
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Monday, June 23, 2014

ပျားရည်ဖြင့် ကုသခြင်း

ပျားရည်အသုံးပြု၍ ဝမ်းပိတ်ရန်ကုသခြင်း

ဆွဟီဗုခါရီကျမ်းနှင့် မုစ်လင်မ်ကျမ်းရှင်တို့က ဟဒီးစ်တော်တစ်ရပ်တွင် ဖော်ပြထားသည်မှာ လူတစ်ယောက်သည် တမန်တော်မြတ်၏ အပါးသို့ အခစားဝင်ရောက်၍ ကျွန်တော့်အစ်ကို ဗိုက်မကောင်းဖြစ်၍ ဝမ်းလျှောနေပါသည်ဟု လျှောက်ထားလိုက်သည်။ ကိုယ်တော်မြတ်က သွားရောက်၍ ပျားရည်ကို တိုက်ကျွေးပါဟု အမိန့်ရှိလိုက်လေသည်။ ထိုသူသည် တစ်ဖန်ပြန်လာ၍ ၎င်းနည်းအတိုင်းကုသသောအခါ ပို၍ ဝမ်းလျှောမှု ဖြစ်ပေါ်လာပါသည်ဟူ၍ လျှောက်ထားလေသည်။ တမန်တော်မြတ်က အသင် သွားချေဦး၊ ပျားရည်ထပ်တိုက်ပါဟု အမိန့်ရှိပြန်သည်။ ဤသို့ဖြင့် ၎င်းပုဂ္ဂိုလ်သည် ၂ ကြိမ်၊ ၃ကြိမ် ပြန်လာပြီး ရောဂါ ထပ်တိုးကြောင်းကိုသာ လျှောက်ထားလေသည်။ နောက်ဆုံးတွင် ကိုယ်တော်မြတ်က အမိန့်ရှိသည်မှာ အလ္လာဟ်အရှင်မြတ်သည် အမှန်ကို မိန့်တော်မူ၏။ အသင့်အကို၏ ဝမ်းဗိုက်သည် မုသားဆောင်နေသည်။ အချို့ဆင့်ပြန်ချက်များတွင် လာရှိသည်မှာ ထိုသူသည် ပြန်သွား၍ ပျားရည်ကို ထပ်တိုက်သောအခါ ဝမ်းလျှောမှု ပျောက်ကင်းသွားလေသည်။

အကျိုးကျေးဇူး

တမန်တော်မြတ်က အလ္လာဟ်အရှင်မြတ်သည် အမှန်ကို မိန့်တော်မူ၏။ အသင့်အစ်ကို၏ ဝမ်းဗိုက်သည် မုသားဆောင်နေသည်ဟု ပြောခြင်း၏ အလိုသဘောမှာ ထိုသူ၏အစ်ကို ဝမ်းဗိုက်တွင် မကောင်းသော အစာများ စုဝေးနေသောကြောင့် ၎င်းတို့ကို ဝမ်းသွားခြင်းဖြင့် ထွက်သွားစေရန် အရေးကြီးသည်ကို ဝဟီဖြင့် သိရှိပြီးဖြစ်သည်။ ထို့ပြင် ပျားရည်သည် ဝမ်းသွားစေသောကြောင့် ဤနည်းဖြင့် ၎င်းသူကျန်းမာလာမည်ကို ယုံကြည်သောကြောင့်ဖြစ်သည်။

သိမှတ်ဖွယ်ရာ
ဤနေရာတွင် သိရှိထားရမည်မှာ အစ္စလာမ် သာသနာ့ပညာရှင်များက သွစ်ဗေနဗဝီ (ကိုယ်တော်မြတ်၏ ကုထုံး) နှင့် သွစ်ဗေဂျာလီနူးစ် (ဂျာလီနူးစ်ကုထုံး - ယခုခေတ် ဆေးနည်းလည်းပါဝင်သည်) တို့ကို တတ်နိုင်သမျှ ညီညွတ်စေရန် အားထုတ်ကြရပေမည်။ စင်စစ်တွင်မူ နှစ်ခုစလုံးမှာ အလွန်ခြားနားနေသည်။ အဘယ့်ကြောင့်ဆိုသော် သွစ်ဗေနဗဝီသည် အလ္လာဟ်အရှင်မြတ်၏ ဝဟီဗျာဒိတ်တော်ဖြစ်သည်။ ဒုတိယကုထုံးမှာ အသိဉာဏ်ဖြင့် ဆင်ခြင်မှု၊ လက်တွေ့စမ်းသပ်မှုတို့မှ ရရှိလာသော ကုထုံးမျှသာဖြစ်သည်။ ဤအတွက်ကြောင့် ကုထုံးနှစ်မျိုးမှာ မိုးနှင့်မြေလောက် ကွာခြားသွားလေသည်။

သွစ်ဗေနဗဝီဖြင့် ကုထုံးနည်းသည် အီမာန်ကြံခိုင်၍ ယုံကြည်ချက်ခိုင်မာသော သူများသာလျှင် ပျောက်ကင်းချမ်းသာမှုကို ရရှိနိုင်ပေမည်။

အချို့ကာဖိစ်ရ်များက စောဒကတတ်ကြသည်မှာ ပျားရည်သည် ဝမ်းသွားစေသဖြင့် ဝမ်းပိတ်စေရန် မည်သို့အသုံးဝင်မည်နည်း။ ၎င်းတို့အား ဤသို့အဖြေပေးရမည်။ ဝမ်းလျှောခြင်းသည် တစ်ခါတစ်ရံ အစာမကြေခြင်းကြောင့် ဖြစ်ပြီး တစ်ခါတစ်ရံတွင်မူ အစာအိမ်တွင် မကောင်းသောအရာများ စုဝေးနေခြင်းကြောင့်ဖြစ်သည်။ ဤသို့ အစာအိမ်၌ မကောင်းသောအရာများ စုဝေးနေခြင်းကြောင့် ဝမ်းလျှောနေသောအခြေအနေတွင် ဝမ်းပိတ်အောင်ပြုလုပ်ပါက လူကို ထိခိုက်စေနိုင်သည်။ ဤအခြေအနေတွင် ဝမ်းသွားခြင်းဖြင့် မကောင်းသောအရာများကို ထုတ်ပစ်ရန် အရေးကြီးပေသည်။ ၎င်းတို့ကို ထုတ်ပစ်ရန်အတွက် ပျားရည်ကို အထူးသဖြင့် ရေနွေးဖြင့် စပ်၍တိုက်ပါက ရောဂါမှပျောက်ကင်းရန်အတွက် အကျိုးထူးပေသည်။ ဤအတွက်ကြောင့်ပင် တမန်တော်မြတ်က အမိန့်ရှိခဲ့သည်မှာ ဝေဒနာသည်အား သွားရောက်၍ ပျားရည်တိုက်ကျွေးပါ။ သို့မှသာလျှင် မကောင်းသာအရာများ ထွက်သွားပြီး ရောဂါဝေဒနာသည် ပြန်လည်ကောင်းမွန်လာပေမည်။
အလ္လာဟ်နှင့် အလ္လာဟ့်ရစူလ်သည် အမှန်ကိုသာ မိန့်ကြားတော်မူသည်။
(သွစ်ဗ်ဗေနဗဝီကျမ်း)

အလ်မုဖီးဒ်

Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။
 

Monday, February 24, 2014

ပျားရည်၏ထူးခြားမှုနှင့် ရောဂါပျောက်ကင်းမှု

အဗူနအီးမ်သခင်က ဟဇရသ်အာအေရှာဟ်(ရသ)သခင်မထံမှ ဆင့်ပြန်ခဲ့သည်မှာ တမန်တော်မြတ်(ဆွ) သည်ပျားရည်ကို အလွန်နှစ်သက် မြတ်နိုးတော်မူခဲ့၏။

တမန်တော်မြတ်(ဆွ)သည်ပျားရည်ကို အလွန်နှစ်သက် မြတ်နိုးတော်မူခြင်းမှာ အလ္လာဟ်အရှင်မြတ်က ၎င်းတွင် ရောဂါအတွက်ဆေးရှိသည်ဟု ဗျာဒိတ်တော်မူထားခြင်းကြောင့်ပင် ဖြစ်သည်။ ၎င်းပြင် သမားတော်များက ပျားရည်၏ မရည်မတွက်နိုင်သော အကျိုးကျေးဇူးများကို ရေးသားထားကြပေသည်။

ဥပမာအားဖြင့် - ပျားရည်ကို နံနက်အိပ်ယာမှထပြီး မည်သည့်အစာမျှ မစားခင်အလျှင်လျှက်ပေးပါက ချွဲသလိပ်တို့မှ ကင်းစင်စေသည်။ အစာအိမ်ကို သန့်ရှင်းစေသည်။ အညစ်အကြေးများကို ပပျောက်စေသည်။ ဝမ်းတွင်းရှိ အချွဲအပုပ်တို့ကို ဖွင့်ပေးသည်။ အစာအိမ်ကို မျှတစေသည့်အပြင် ဦးနှောက်ကို အားဖြစ်စေသည်။ ကိုယ်ခန္ဓာ၏ ပင်ကိုယ် အပူဓာတ်သဘော သဘာဝကို အားဖြစ်စေသည်။ ရှလကာရည်နှင့်အတူ သုံးဆောင်ပါက သည်းခြေဖောက်ပြန်သူတို့ ဝေဒနာသက်သာရန်အတွက် အကျိုးထူးပေသည်။ ကာမအားကို တိုးပွားစေသည်။ ဆီးအိမ်ရောဂါဝေဒနာမှကင်းဝေးရန် အကျိုးပြုသည့်အပြင် ဆီးအိမ်တွင် ကျောက်တည်ခြင်းမှ ကင်းဝေးစေသည်။ ဆီးရပ်သွားခြင်းကို ဖွင့်ပေးသည်။ ကိုယ်တစ်ခြမ်းသေခြင်းနှင့် ငန်းဖမ်းခြင်း၊ ပါးစပ်ရွဲ့ခြင်း ရောဂါဝေဒနာတို့မှ ကင်းဝေးရန်အတွက် အကျိုးထူးသည့်အပြင် ဝမ်းကိုဟာစေသည်။

အစ္စလာမ်သာသနာ့ပညာရှင်များက ရေးသားထားကြသည်မှာ ပျားရည်နှင့် နို့တို့သည် ထောင်ပေါင်းများစွာသော အပင်တို့မှ ပေါင်းစုထားသည့် အရည်ဖြစ်သည်။ အကယ်၍ တစ်လောကလုံးရှိ သမားတော်များ စုပေါင်း၍ ဤကဲ့သို့သော အရည်မျိုးပြုလုပ်ပါက အလျဉ်းပြုလုပ်နိုင်ကြမည်မဟုတ်ပေ။ ဤသည် အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်အဟုန်ကြောင့်ပင်ဖြစ်သည်။ ထိုအရှင်မြတ်သည် မိမိ၏ ဗန္ဒာဟ် ကျေးကျွန်များအတွက် ဤမျှကောင်းမွန်၍ အကျိုးကျေးဇူးများပြားလှသော အရည်ကို ဖန်ဆင်းထားတော်မူသည်။
(သွစ်ဗ်ဗေနဗဝီ)

(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။