Thursday, February 27, 2014

စာမေးပွဲဖြေဆိုကြမည့်သူအပေါင်းအတွက် လက်ဆောင်အနေနဲ့တင်ဆက်လိုက်ပါတယ်။

စာမေးပွဲအနားနီးမှ ပြင်ဆင်နေခြင်းထက် စတင် သင်ကြားတဲ့အချိန်ကတည်းက ပြင်ဆင်ရင် ပိုပြီးကောင်းမွန်ပါတယ်။ နမားဇ်ကိုလည်း မပေါ့ဆကြပါနဲ့။
စာမေးပွဲအတွက်ပြင်ဆင်တဲ့အခါမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုလည်း မေ့မထားဖို့လိုအပ်ပါတယ်။ ညကို အိပ်ရေးဝအောင် အိပ်ခြင်းကလည်း မှတ်ဥာဏ်ကောင်းမွန်လန်းဆန်းစေဖို့ အရေးကြီးတဲ့ အချက်တခုပါ။ ဒီ့အပြင် ဗိုက်ဝအောင်စားရပါမယ်။ ထမင်းစားချင်စိတ်မရှိရင်တောင်မှ နွားနို့၊ ကြက်ဥ စသဖြင့် စားပေးပါ။ ပါးစပ်အရသာခံ အစားတွေထက် ကြက်ဥတစ်လုံးက ပိုတန်ဖိုးရှိပါတယ်။ မနက်စာမေးပွဲဖြေမယ်ဆိုရင် ညကို စောစောအိပ်ဖို့ ပြင်ပါ။ တစ်ညလုံးစာတွေ ကြည့်ပြီး မနက်ကြတော့ မူးလဲကြ၊ မေ့ကြ ဒါမျိုးတွေ တွေ့ရတတ်ပါတယ်။ အုပ်ထိန်းသူများကလည်း ဖိအားပေးခြင်းတွေ မလုပ်ရင် ပိုကောင်းပါတယ်။ ဒီလို ဖိအားပေးခြင်းတွေက ကျောင်းသားတစ်ယောက်အတွက် အရမ်းထိခိုက်ပါတယ်။ လူကြီးတိုင်းကတော့ အကောင်းဆုံးဖြစ်စေချင်သူ တွေပါပဲ။ ဒါပေမဲ့ အဲဒီဖြစ်စေချင်တဲ့ဆန္ဒကို အများကြီး မထုတ်ပြပါနဲ့။
စာမေးပွဲဖြေတဲ့အခါမှာ စိတ်ကို အတတ်နိုင်ဆုံး လျှော့ချထားပါ။ စာကြည့်တဲ့အခါတွေမှာ စိတ်ငြိမ်တဲ့နေရာမှာ ကြည့်နိုင်ရင် ပိုကောင်းပါတယ်။ မနက်စာမေးပွဲဖြေရမယ့်ညမှာ စာအုပ်နဲ့ မျက်နှာနဲ့ ကပ်နေမဲ့အစား ကျက်မှတ်ခဲ့တာတွေကို မျက်စိမှိတ်ပြီး အေးအေးလေး စဉ်းစားနေခြင်းက စာတွေပြန်မှတ်မိဖို့ တော်တော်လေးကို လွယ်ကူပါတယ်။ ဒီလိုစဉ်းစားတဲ့အချိန် ပတ်ဝန်းကျင်က တိတ်ဆိနေရင် ပိုကောင်းပါတယ်။ စာမေးပွဲခန်းကလည်း တိတ်ဆိတ်ငြိမ်သက်နေတဲ့နေရာဖြစ်လို့ တိတ်ဆိတ်တဲ့နေရာမှာ စဉ်းစားခြင်းကို အကျင့်လုပ်ထားနိုင်ရင် ပိုကောင်းပါတယ်။
စာမေးပွဲကို ဖြေဆိုကြမည့် မည်သည့်ကျောင်းသားမဆို အကောင်းဆုံးဖြေဆိုနိုင်ကြပါစေလို့ အလ်မုဖီးဒ်မှ ဆုတောင်းပါတယ်။










မုနာဖစ်က်ဖြစ်စေသည့် လုပ်ရပ်နှင့် အကျင့်စရိုက်များ

ဗိစ်မစ်လ္လာဟစ်ရ်ရဟ်မာနစ်ရဟီးမ် 


အဓိပ္ပါယ်။ ။ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်အမ်ရ် (ရသွေ့) သခင်ထံမှ ဆင့်ပြန်ချက်လာရှိသည်။ တမန်တော်မြတ်(ဆွ)မိန့်တော်မူသည်မှာ ဤကဲ့သို့သော အကျင့် (၄) မျိုးရှိသည်။ အကြင်သူ့ထံတွင် ထိုအကျင့် (၄) မျိုးလုံးရှိပါက ထိုသူသည် လုံးလုံးလျားလျားမုနာဖစ်က်ပင် ဖြစ်သည်။ အကြင်သူထံတွင် ထိုအကျင့် (၄) ရပ်အနက်မှ ၁ ခုရှိပါက ထိုသူ့ထံတွင်နေဖါက်(မုနာဖစ်က်)၏ အရည်အချင်း ၁ ခုရှိခြင်းပင်ဖြစ်သည်။ ထိုသူသည်မိမိတွင်ရှိနေသည့် မုနာဖစ်က်အရည်အချင်းကို မစွန့်သ၍ ထိုသူသည် မုနာဖစ်က်၏အရည်အချင်းကို လက်ဝယ်ပိုက်ထားသူ အဖြစ်နှင့်ပင် ရှိမည်။

မုနာဖစ်က်တို့၏ အကျင့်စရိုက် (၄) မျိုးမှာ

(၁)။ တစ်ဦးတစ်ယောက်က ထိုသူ့ထံတွင် အမာနသ်အဖြစ် အပ်နှံလျှင် ၎င်းအရာကို ခယာနသ် အလွဲသုံးစားလုပ်မည်။

(၂)။ စကားပြောဆိုလျှင် လိမ်၍ ပြောမည်။

(၃)။ ကတိပြုလျှင်ကတိမတည်ပေ။

(၄)။ ပြဿနာဖြစ်၍ သော်လည်းကောင်း၊ အငြင်းပွါးလျှင်သော်လည်းကောင်း ဆဲဆို၍ ပြောမည်။

(ဗုခါရီ၊ မွတ်စ်လင်မ်)

(နေဖါးက် - အတွင်းတစ်မျိုး အပြင်တစ်မျိုး ရှိခြင်းကိုခေါ်ဆိုသည်။ အပြင်ပန်းတွင်မူ မိတ်ဆွေဖြစ်ပြီး စိတ်ထဲတွင် ရန်သူအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်သူကို မုနာဖိက်ဟု ခေါ်သည်။)

ရှင်းလင်းချက်

နေဖါးက်ဟူသည်မှာ အပြင်ပန်းတွင် မွတ်စလင်မ်ဟုခံယူထားပြီး နှလုံးသားမှ အီမာန်ကို လက်မခံခြင်းပင် ဖြစ်သည်။ ဤအခြေအနေသည် လူသားအတွက် အဆိုးရွားဆုံးသောအခြေအနေပင်ဖြစ်၍ ထိုကဲ့သို့ အတွင်းတစ်မျိုးအပြင်တစ်မျိုးဖြင့် အစ္စလာမ်ကို လက်ခံထားသူကို မုနာဖစ်က် ဟုခေါ်သည်။ ကိုယ်တော်မြတ်(ဆွ) ၏ ခေတ်သမယတွင် အဗ်ဒွလ္လာဟ်ဗင်န်အိုဗိုင်ယ်ကဲ့သို့ မုနာဖစ်က်တို့၏ ဖြစ်ရပ်များလည်းရှိခဲ့ပေသည်။ ကုဖ်ရ် ငြင်းပယ်မှုများတွင် ယုတ်အညံ့ဆုံးနှင့် အသိမ်ဖျင်းဆုံးသောကုဖ်ရ်သည် နေဖါးက် (အတွင်းတွင် အစ္စလာမ်ကိုလက်မခံ၍ အပြင်ဗန်းတွင် မွတ်စ်လင်မ် အမည်ခံခြင်း) ပင်ဖြစ်သည်။ ထိုကဲ့သို့သော မုနာဖစ်က်များအတွက် ကုရ်အာန်၌ မိန့်ကြားထားသည်မှာ


မုချဧကန် ဤမုနာဖစ်က်များသည် ဂျဟန္နမ်ငရဲဘုံ၏ အောက်ဆုံးအဆင့်သို့ ချခြင်းခံရမည်ဖြစ်သည်။

သို့သော် အချို့မကောင်းသည့် အကျင့် စရိုက်များလည်းရှိသေးသည်။ ထိုအကျင့်တို့ကို မုနာဖစ်က်များတွင်သာတွေ့ရပြီး ၎င်းတို့၏ ထူးခြားသော အရည်အချင်းများဖြစ်သည်။ အီမာန်ရှင်သည် ယင်းအကျင့်များ၏ အရိပ်ပင် မနင်းရပေ။ မုအ်မင်၏ မျိုးစေ့တွင် နေဖါးက်၏ အကျင့်စရိုက်သည် သဲမှုန်မျှပင်ရှိမနေရပေ။ အကယ်၍ မွတ်စ်လင်မ်တစ်ယောက်တွင် ယင်းနေဖါးက်၏အကျင့်များအနက် တစ်ခုခုရှိနေပါက သြော် သူ့မှာမုနာဖစ်က်ရဲ့ ဒီလိုအကျင့်ရှိနေပါလားဟု မှတ်ယူလိုက်ပါ။ သို့သော် ဆိုးရွားစွာပင် မုနာဖစ်က်တို့၌ရှိသည့် အကျင့်အားလုံးရှိနေပါက ထိုသူ၏အကျင့်စာရိတ္တတွင် မုနာဖစ်က်၏ အရည်အသွေး အပြည့်အဝ ရှိနေပြီဟု မှတ်ယူထားလိုက်ပါ။

အချုပ်ဆိုရသော် နေဖါးက်တစ်မျိုးသည် အီမာန်နှင့်အကီဒဟ်(ယုံကြည်မှု)တွင် နေဖါးက်ထားရှိခြင်းဖြစ်ပြီး ယင်းသည်ကုဖ်ရ်၏ အဆိုးရွားဆုံးသော အမျိုးအစားပင်ဖြစ်သည်။ နောက်နေဖါးက်တစ်မျိုးမှာ လူ့ အကျင့်ဗီဇတွင် မုနာဖစ်က်တို့၏ အကျင့်စရိုက်များ ရှိနေခြင်းဖြစ်သည်။ ဤသည်လည်း နေဖါးက် တစ်မျိုးပင်ဖြစ်၏။ သို့သော် ဤအကီဒဟ်ပိုင်းဆိုင်ရာတွင် နေဖါးက်ဖြစ်ခြင်း မဟုတ်ပေ။ ၎င်း၏ အကျင့်စာရိတ္တနှင့် လုပ်ရပ်တို့တွင် မုနာဖစ်က်တို့၏အကျင့် ဝင်နေခြင်းဖြစ်သည်။ အီမာန်ရှင်မုအ်မင်န်အတွက် ကုဖ်ရ်၊ ရှိရ်က်နှင့် အကီဒါဟ်တို့တွင် နေဖါးက်ဖြစ်ခြင်းမှ ထိန်းသိမ်းရှောင်ကြဉ်ရန် အရေးကြီးသကဲ့သို့ပင် မုနာဖစ်က်တွင် ရှိသည့် အကျင့်စရိုက်များ၊ ညစ်ညမ်းသည့်စာရိတ္တများ၊ ပြောဆိုမှုများမှလည်း မိမိကိုယ်ကို၊ မိမိ၏စိတ်နှလုံးသား နှင့် နှုတ်လျှာတို့အား ထိန်းသိမ်းထားရန် အလွန်အရေးကြီးပေသည်။

အထက်ပါ ဟဒီးစ်တွင် ကိုယ်တော်မြတ်(ဆွ)က နေဖါးက်၏ အရည်အချင်းများအနက်မှ (၄) ခုကို မိန့်ကြားထားသည်။ ၁။ ခယာနသ် (အလွဲသုံးစားလုပ်ခြင်း) ၂။ ကတိမတည်ခြင်း ၃။ လိမ်လည်မုသားပြောခြင်း ၄။ ဆဲရေးတိုင်းထွာခြင်း။ ထပ်၍မိန့်ကြားသည်မှာ ထိုသူ့ထံတွင် ယင်းအကျင့် (၄) ခုအနက်မှ အကျင့်တစ်ခုရှိလျှင် ထိုသူ့တွင် မုနာဖစ်က်အကျင့်တစ်ခုရှိသည်ဟု မှတ်ယူပါ။ အကြင်သူ့တွင် မုနာဖစ်က်၏ အကျင့် (၄) မျိုးလုံး ရှိနေပါက ထိုသူ၏အကျင့်ဗီဇသည် လုံးဝ မုနာဖစ်က်ပင်ဖြစ်သည်။ 


အဓိပ္ပါယ်။ ။ ဟဇရသ်အနတ်စ်(ရသွေ့)သခင် ဆင့်ပြန်သည်။ တမန်တော်မြတ်(ဆွ) မိန့်ကြားတော်မူသည်မှာ မုနာဖစ်က်၏နမားဇ်မှာ ဤသို့ဖြစ်သည်။ နမားဇ်အချိန်ကို ဂရုမစိုက်ပဲ ထိုင်နေမည်။ နေရောင်ဝါကျင့်သွားသည်အထိ အချိန်ဆွဲနေမည်။ နေဝင်ချိန် နီးကပ်လာမှ (ကတိုက်တရိုက် နမားဇ်ဖတ်ရန် ပြင်ဆင်ပြီး) နမားဇ်မှာမတ်တပ်ရပ်လိုက်မည်။ နမားဇ်ဖတ်ရာတွင်လည်း ကြက်အစာကောက်သလိုပင် (စဂ်ျဒဟ်၊ ရုကူတို့ကို အမည်ခံလောက်သာပြုပြီး) ဂျွမ်းပြန်အောင် ဖတ်ပြီးနောက် နမားဇ်ကို လျှင်မြန်စွာပင် အဆုံးသတ်လိုက်မည်။ သပ်စ်ဗီးဟ်များကိုလည်း အလွန်နည်းပါးစွာ (မြန်ဆန်စွာပင် အမည်ခံသာ) ဖတ်ပေသည်။ (မွတ်စလင်ကျမ်း)

ရှင်းလင်းချက်

မုအ်မင်န်၏ အရည်အချင်းမှာ နမားဇ်၏အချိန်ကို ဂရုတစိုက်နှင့် မျှော်လင့်စောင့်စားနေရမည်။ အချိန်ကျရောက်သည်နှင့် လျှင်မြန်သွက်လက်စွာပင် နမားဇ်အတွက် အဆင်သင့်ပြုလိုက်ရမည်။ နမားဇ်အတွက် မတ်တပ်ရပ်ရာတွင်လည်း ပျင်းရိပျင်းတွဲဖြင့် လေးဖင့်မနေရပေ။ နမားဇ်ဖတ်ရာတွင်လည်း မိမိသည် တစ်လောကလုံးကို စိုးပိုင်သည့် အရှင်သခင်၏ ရှေ့မှောက်တွင် ခစားခြင်းဟူသည့် ဖူးစာထူးကို ရရှိနေသည်ဟု မှတ်ယူလျှက် တည်ငြိမ်ရို့ကျိုးမှုအပြည့်ဖြင့် နမားဇ်ကိုဆောက်တည်ရမည်ဖြစ်သည်။ ကိယာမ်၌ စူရာဖတ်ရာတွင်လည်း လျှင်မြန်စွာမဟုတ်ပဲ တစ်လုံးခြင်းပီပီသသ ဖတ်ရမည်။ ရုကူအ်၊ စဂ်ျဒဟ် များတွင်လည်း ဖတ်ရသည့် သပ်စ်ဗီကို ဖြေးဖြေးဖတ်ရမည်။ မုအ်မင်န်၏ စဂ်ျဒဟ်သည် အလ္လာဟ် နှင့်အနီးကပ်ဆုံးအချိန်ပင်ဖြစ်သည်။ ထိုအချိန်လေးတွင် ဖတ်ခွင့်ရသည့်သပ်စ်ဗီကို တည်ငြိမ်စွာဖတ်ပြီး ယင်း၏ကြည်နူးမှုဖြင့် မိမိ၏ နှလုံးသားကို လန်းဆန်းမှုရအောင်ပြုရမည်ဖြစ်သည်။

မုနာဖစ်က်တို့အတွက် နမားဇ်သည် ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်သည်။ အချိန်ရောက်နေသည့်တိုင် ဂရုမစိုက်။ ဥပမာ-အဆွရ်နမားဇ်ဖတ်ရန် နေဝင်ချိန်နားကပ်မှ ထဖတ်သည်။ နမားဇ်ကိုလည်း ငှက်ပျံသလို ကြက်အစာကောက်သလို ဖတ်ပြီး အဆုံးသတ်လိုက်သည်။ သပ်စ်ဗီကိုလည်း အဖျားစွတ်ရုံသာ တသလိုက်သည်။ ဤကဲ့သို့ ဖြစ်ကတတ်ဆန်း ဖတ်သောနမားဇ်သည် မုနာဖစ်က်တို့၏ နမားဇ်ပင်ဖြစ်သည်။ မုအ်မင်န်သည် ဤကဲ့သို့ အရည်အသွေး မရှိသည့်နမားဇ်ကိုဖတ်ပါက ထိုသူသည် မုအ်မင်န်၏ နမာဇ်ကိုဖတ်ခဲ့သည်မဟုတ်။ မုနာဖစ်က်၏ အရည်အချင်းရှိ နမားဇ်ကို ဖတ်ခဲ့ခြင်းဖြစ်သည်။


အဓိပ္ပါယ်။ ။ တမန်တော်မြတ်(ဆွ)၏ မိန့်ကြားမှုအား ဟဇရသ်အွတ်စ်မာန် ဗင်န်အဖ်ဖားန် (ရသွေ့) သခင် ဆင့်ပြန်သည်မှာ အကြင်သူသည် ဗလီထဲတွင် ရှိနေသည်။ ထိုသူရှိနေသည့် အချိန်၌ပင် အဇာန်ပေးသည်။ အဇာန်ပေးပြီးသည့်နောက် အရေးကြီးကိစ္စမရှိပဲ ဗလီအပြင်ထွက်သွားလိုက်သည်။ ထွက်သွားပြီးနောက် နမားဇ်တွင်ပါဝင်ရန်အတွက် ဗလီသို့ပြန်လာဖို့ ဆန္ဒပင်မထားပေ။ ထိုသို့ပြုလုပ်သူသည် မုနာဖစ်က်ပင်ဖြစ်သည်။

ရှင်းလင်းချက်

အထက်ပါလုပ်ရပ်သည် မုနာဖစ်က်၏လုပ်ရပ်ဖြစ်သည်။ ဤသို့ပြုလုပ်သူသည် အကီဒဟ်ပိုင်းဆိုင်ရာတွင် မုနာဖစ်က်မဟုတ်ပေ။ သို့သော် အမလ်ကျင့်ဆောင်မှုတွင် မုနာဖစ်က် ဖြစ်ပေသည်။

အီမာန်ရှင်သည် မိမိ၏ အကီဒဟ်တွင် နေဖားက်ဖြစ်ခြင်းမှ ထိန်းသိမ်းရန် အရေးကြီးသလို၊ မိမိ၏ အမလ် ကျင့်ဆောင်မှုပိုင်းဆိုင်ရာများ တွင်လည်း နေဖားက်ဖြစ်နေခြင်းမှ ကာကွယ်ထိန်းသိမ်းနေရမည်ဖြစ်သည်။ မိမိ၏ အသိနှင့် သတိကို အမြဲဆင်ခြင်လျှက် အကီဒဟ်၊ အမလ်၊ အခ်လားက်၊ မုအာမလားသ်၊ မုအာရှရသ် တို့၏ ကိစ္စရပ်တိုင်းကို နေဖားက်ဝင်ရောက်နေခြင်းမှ သန့်စင်ပစ်ရမည်။

(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။



မျက်မှောက်ခေတ် သန္ဓေတားနည်းနှင့်စပ်လျဉ်း၍မေးမြန်းချက်နှင့် ဖြေကြားချက်

မေး။ ယနေ့မျက်မှောက်ခေတ်၌ ဇနီးမောင်နှံတို့ အသုံးပြုလေ့ရှိသော သားဆက်ခြားခြင်း၊ သန္ဓေတားခြင်းနည်းလမ်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) အချို့သူတို့သည် ကလေးနှစ်ယောက် သုံးယောက်သာယူကြပြီး ဇနီး၏သဘောတူ၊ ကျေနပ်မှုကို ရယူကာ သားကြောဖြတ်လိုက်ကြသည်။ သားအိမ်ထုတ်ပစ်လိုက်ကြသည်။ ထိုသို့ပြုလုပ်မှုကြောင့် လုံးဝ ကလေးမရနိုင်တော့ပါ။

(၂) အချို့သူတို့မှာ သားအိမ်အသွင်းသို့ မျိုးဥ(Ova) များဝင်ရောက်သော ပြွန်ချောင်းကို အကြောထုံး ချည်နှောင်လိုက်သော နည်းစနစ်ကို အသုံးပြုကြသည်။ ဤသို့ပြုလုပ်ခြင်းကြောင့် အမျိုးသမီးသည် ဓမ္မတာပုံမှန်လာသည့်အပြင် ဖိုမဆက်ဆံလိုသောဆန္ဒတွင်လည်း တစ်စုံတစ်ရာ ပြောင်းလဲခြင်း
(လျှော့နည်းခြင်း) မဖြစ်ပါ။

(၃) အချို့သူတို့သည် (Condom) အစွပ်ကို အသုံးပြုကြသည်။

(၄) အချို့သူတို့မှာ သန္ဓေတားဆေးများကို သုံးစွဲကြသည်။

ယခုမေးမြန်းလိုသည်မှာ-အကယ်၍တစ်ဦးတစ်ယောက်သည် ကလေးများမွေးဖွားခြင်းကြောင့် သားသမီးပြုစုပျိုးထောင်ရေးတွင် မိဘတို့ဝတ္တရားရှိသည့်အတိုင်း စနစ်တကျ မပြုစု မပျိုးထောင်ပေးနိုင်မည်ကိုစိုးရိမ်၍ ဒုတိယပုံစံကို ရွေးချယ်ကာ ကလေးအနည်းငယ်သာ ရယူခြင်းနှင့်စပ်လျဉ်း၍ ရှရီအသ်တရားတော်အရ မည်သို့ရှိသည်ကို ဖော်ပြပေးပါရန်နှင့် ဖော်ပြပါ ပုံစံများအားလုံးနှင့် စပ်လျဉ်း၍လည်း ရှရီအသ်ရှုထောင့်မှ အထောက်အထားများဖြင့် အကျယ်တဝန့် ဖော်ပြပေးပါ။

ဖြေ။ ။ BIRTH CONTROL သားဖွားမှုထိန်းချုပ်ခြင်း၌ အဓိကအားဖြင့် ပုံစံနှစ်မျိုးရှိသည်။

၁။ သားကြောဖြတ်ခြင်း
၂။ သန္ဓေတား ခြင်းဖြစ်သည်။
Birth control ၏စနစ်သစ်များအနက် မည်သည့်စနစ်ပင်ဖြစ်စေ အထက်ပါပုံစံနှစ်မျိုးအနက် တစ်မျိုးမျိုး၌သာ အကျုံးဝင်မည်သာဖြစ်သည်။
အမျိုးသား၊ အမျိုးသမီးနှစ်ဦးအနက် တစ်ဦးဦး၏မျိုးပွားပေးနိုင်သော အစိတ်အပိုင်းကို အတွင်းပိုင်းဆိုင်ရာ
(သို့) အပြင်ပိုင်းဆိုင်ရာ နည်းတစ်မျိုးမျိုးဖြင့် ပြောင်းလဲပစ်ခြင်းကြောင့် ရာသက်ပန်သားမဖွား (ကလေးမရ) နိုင်တော့ခြင်း။ ရာသက်ပန် သားမဖွားနိုင်ရန် ပြုလုပ်သည့် ကျော်ကြားသော နည်းလမ်းပုံစံများမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) သားကြောဖြတ်ခြင်း

(VASEC TOMY) သုက်ပိုးလွှတ်သည့် သန္ဓေတည်စေသောအကြောများကို နှစ်ဖက် (သို့) တစ်ဖက်မှ ဖြတ်တောက်၍ ထုံးထားလိုက်ခြင်းဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းကြောင့် သုက်ပိုး+မ၊ မျိုးဥများမထွက်တော့ပါ။

(၂) အကြောထုံးခြင်း

ဤပုံစံ၌ သုက်ပိုးများထုတ်လွှတ်သော အကြောများကို ဖြတ်တောက်ခြင်းမပြုဘဲ ထုံးပစ်လိုက်ခြင်းဖြစ်သည်။ ဤသို့ဖြင့် သုက်ပိုးမထွက်နိုင်တော့ပါ။

(၃) သားအိမ်ဖြတ်ထုတ်ခြင်း(HYSTER ECTOMY)

ဤပုံစံ၌ အမျိုးသမီး၏သားအိမ်ကို ဖြတ်တောက်၍ ဝမ်းဗိုက်အပြင်သို့ ထုတ်ပစ်လိုက်ခြင်းဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းကြောင့် သားမဖွားနိုင်တော့ပါ။

ဤပုံစံသုံးမျိုးစလုံးသည် (အလွန်အရေးကြီးသော ခြွင်းချက်မှတစ်ပါး) ရှရီအသ်တရားတော်အရပြုလုပ်ခွင့်မရှိပါ။ သို့သော် ဒုတိယ ပုံစံဖြစ်သော အကြောထုံးခြင်းနှင့်စပ်လျဉ်း၍ အချို့ပညာရှင် (သုတေသီ)များက ဤပုံစံသည် ယာယီသန္ဓေတားထားခြင်းဖြစ်သည့်အတွက်
(ခြွင်းချက်ရှိက) ပြုလုပ်ခွင့်ရှိသည်ဟု ဆိုကြသည်။ သို့ရာတွင် ဤပုံစံသည် သန္ဓေတားခြင်းအတွက် ဖြစ်နိုင်ချေရှိသောနည်းလမ်းတစ်ရပ်သာဖြစ်သည်။ လုံးဝစိတ်ချရသော နည်းလမ်းတစ်ခုမဟုတ်။ ဤနည်းလမ်းကို အသုံးပြုခြင်းဖြင့် အမြုံဖြစ်စေတတ်သည်။ အကယ်၍ ကာလကြာရှည်စွာ သားကြောထုံးထားလိုက်လျှင် အမျိုးသမီးသည် အမြုံဖြစ်သွားနိုင်သည်ဟု ဆေးပညာရှင်တို့က မိန့်ဆိုကြသည်။

အထက်ဖေါ်ပြပါ နည်းပုံစံများ အသုံးပြုခွင့်မရှိသည့် အကြောင်းမှာ ယင်းကဲ့သို့ပြုခြင်းကြောင့် လုံးဝ ကလေးမရသည့် အခြေအနေသို့ ရောက်သွားခြင်းကြောင့်ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းသည် ဝှေးသင်းခြင်း
(သင်းကွပ်ခြင်း)နှင့် သဘောတရားတူသည်။

ဖော်ပြပါနည်းများသည် မျက်မှောက်ခေတ်၌ကျော်ကြားသော နည်းလမ်းပုံစံများဖြစ်သည်။ နှောင်းခေတ်၏ ကျော်ကြားသောနည်းစနစ် (အသုံးပြုလေ့ရှိခဲ့သောနည်းစနစ်) မှာ ဝှေးသင်း၍ (သင်းကွပ်၍) သားဖွားနိုင်စွမ်းအားကို ဖျက်ဆီးပစ်ခြင်းပင် ဖြစ်သည်။

ဟဒီးစ်တော်တွင် ဤသည်နှင့်စပ်လျဉ်း၍ တမန်တော်မြတ်(ဆွ)ထံ လျှောက်ထားမေးမြန်းရာတွင် တမန်တော်မြတ်(ဆွ)က...."ဤကဲ့သို့ပြုလုပ်ခြင်း ဟရာမ်ဖြစ်သည်" ဟုဖြေကြားကာ ပြင်းထန်စွာ တားမြစ်တော်မူခဲ့သည်။
အီမာမ်ဗုခါရီက ဗုခါရီကျမ်း၏ (ဗာဗုမာယုက်ရဟု မိနသ်သဗသ်သုလ်ဝလ်ခိစွာအ်) အခန်း၌ ဤသည်နှင့်စပ်လျဉ်း၍ ဖော်ပြထားသည်။
အိဗ်နေမတ်စ်အူးဒ် (ရသွေ့) ကပြောပြခဲ့သည်။ ကျွန်ုပ်တို့သည် တမန်တော်မြတ်(ဆွ)နှင့်အတူ ဂျိဟားဒ်၌ ပါဝင်ခဲ့သည်။ လူငယ်များဖြစ်သည့်အတွက် ဖို၊ မဆက်ဆံလိုစိတ်က နိုးဆွနေသည်။ ဤအတွက်ကြောင့် ကျွန်ုပ်တို့သည် တမန်တော်မြတ်(ဆွ)ထံတော်၌ ရာဂစိတ်လုံးဝပျောက်သွားစေရန်အတွက် သင်းကွပ်ခွင့် တောင်းခံသည်။ သို့မှသာကျွန်ုပ်တို့သည် ဂျိဟားဒ်၌ တစ်စိတ်တစ်လက် အားကြိုးမာန်တက် ကြိုးပမ်းနိုင်မည်ဖြစ်သည်။ တမန်တော်မြတ်(ဆွ)သည် ကျွန်ုပ်တို့အား တားမြစ်တော်မူပြီး ထိုကဲ့သို့ပြုလုပ်ခြင်းဟရာမ်ဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ အာယသ်တော်ကို ကိုးကား၍ မိန့်ဆိုခဲ့သည်။
အာယသ်


ဆွဟီးဟ်ဗုခါရီကျမ်း၊တွဲ-၂၊ စာ-၇၀၉

မျက်မှောက်ခေတ်၏ ကျော်ကြားသောပုံစံများအတွက် ဝှေးသင်းခြင်းနှင့်စပ်လျဉ်းသော အကြောင်းအရာမှာ ထင်ရှားသောနမူနာပင်ဖြစ်သည်။

ထို့ကြောင့် ဝှေးသင်းခြင်း၌ ဖိုမဆက်ဆံလိုစိတ် ကုန်ခမ်းစေသကဲ့သို့ မျက်မှောက်ခေတ်၏ နည်းပုံစံများတွင်လည်း ယင်းစွမ်းအင်ကိုကုန်ခမ်းစေခြင်းဖြစ်လျှင် ဝှေးသင်းခြင်း ဟရာမ်ဖြစ်သကဲ့သို့ အထက်ဖော်ပြပါ ပုံစံအားလုံးသည်လည်း ဟရာမ်ဖြစ်၏။

ဟဇ်ရသ် ရှားဟ်ဝလီယုလ္လာဟ်သခင်က ဤသို့မိန့်ဆိုခဲ့သည်။

မျိုးဆက်ပြန့်ပွားခြင်း၏ အဓိကအကြောင်းတစ်ရပ်မှာ ဖိုမဆက်ဆံလိုစိတ်ဖြစ်သည်။ ကလေးယူရန်အတွက် လူသားအပေါ်၌ မလွန်ဆန်နိုင်သော ဗီဇအဖြစ် လွှမ်းမိုးထားသည်။ လိင်တူ ဆက်ဆံခြင်း၊ အမျိုးသမီးနှင့် သဘာဝနှင့် ဆန့်ကျင်သော နည်းပုံစံဖြင့် ကာမစိတ် ဖြေဖျော်ခြင်းသည် အလ္လာဟ်ဖန်ဆင်းမှုကို ပြောင်းလဲပစ်ခြင်းဖြစ်၏။ အလ္လာဟ်အရှင်မြတ်၏ ရည်ရွယ်ချက် (မျိုးဆက်ပြန့်ပွားရေး) အတိုင်းဆောင်ရွက်ခြင်းမှ ရှောင်လွှဲခြင်းဖြစ်သည်။ သားကြောဖြတ်ခြင်း၊ ကာမအားကို ကုန်ခမ်းသွားစေသော ဆေးဝါးများသုံးစွဲခြင်းနှင့် အိမ်ထောင်မပြုဘဲ တစ်ကိုယ်တည်းနေသည့် အစဉ်အလာများ ဖြစ်ပေါ်စေခြင်းသည်လည်း အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းမှုကို ပြောင်းလဲစေခြင်းနှင့် မျိုးဆက်ပြန့်ပွားရေး ရည်ရွယ်ချက်ကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။

ဟာဖိဇ်အိဗ်နေ့ဟဂျရ်(ရဟ)က ဝှေးသင်းခြင်းကိုသာမက မျိုးပွားပေးနိုင်သည့် စွမ်းအင်ကို ကုန်ခမ်းစေသော ဆေးဝါးများသုံးစွဲခြင်းကိုလည်း ပညာရှင်များက ဟရာမ်ဟု သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။

ဆွဟီးဟ်ဗုခါရီကျမ်းတွင် ဤသို့ပါရှိသည်။ ဟဇ်ရသ် အဗူဟုရိုင်ရဟ်(ရသွီ) သခင်က ဆင်းရဲနွမ်းပါးမှုကြောင့် တမန်တော်မြတ်(ဆွ)ထံ ဖိုမဆက်ဆံလိုစိတ် ကုန်ခမ်းသွားစေရန် ဝှေးသင်းခွင့်တောင်းခံရာ တမန်တော်မြတ်(ဆွ)က၎င်းအား ပြင်းထန်စွာ တားမြစ်တော်မူခဲ့သည်။
(ဆွဟီးဟ်ဗုခါရီကျမ်း အတွဲ ၂၊ စာ၇၂ )
ဤသည်ဖြင့် အမြဲထာဝရအတွက် ဖိုမဆက်ဆံလိုစိတ် ကုန်ခမ်းသွားစေရန် နည်းပုံစံတစ်ခုခုကို ရွေးချယ်ခြင်းနှင့် မျိုးပွားစေသောစွမ်းအင် ကုန်ခမ်းစေခြင်းသည် လုံးဝဟရာမ်ဖြစ်ကြောင်း သိရသည်။
(ဤသို့လုပ်ဆောင်စေခြင်း၌ မည်သည့် လောကီအကျိုးရှိစေကာမူ ဟရာမ်ဖြစ်၏။ )

၂။ သန္ဓေတားခြင်း

သားဖွားမှုကို ထိန်းချုပ်သော ဒုတိယပုံစံမှာ သန္ဓေတား ခြင်းဖြစ်သည်။ ယင်းသို့ပြုလုပ်ခြင်း၏ ရလာဒ်မှာ အမျိုးသားနှင့် အမျိုးသမီးတို့၌ သားဖွားပေးနိုင်သောစွမ်းအား မကုန်သွားဘဲ ယာယီကာလအတွက် သန္ဓေမတည်စေရန် ခန္ဓာကိုယ်၏အတွင်း(သို့) အပြင်၏ အစိတ်အပိုင်းတွင် တစ်စုံတစ်ရာ ပြုလုပ်ပြောင်းလဲခြင်းဖြစ်သည်။
မျက်မှောက်ခေတ်၌ ရေပန်းစားနေသော သန္ဓေတားနည်းများအားလုံးမှာ သားဖွားစွမ်းအားကို မကုန်ခမ်းစေဘဲ သန္ဓေတည်ခြင်းကို တားဆီးထားသောပုံစံ၌ အကြုံးဝင်သည်။

ယင်းပုံစံများအနက် ကျော်ကြားသော အချို့ပုံစံများမှာ အောက်ပါအတိုင်းဖြစ်၏။

(CONDOM)(အစွပ်)ကို အသုံးပြုခြင်း။
သန္ဓေတားဆေးဝါးများကို သုံးစွဲခြင်း။

သန္ဓေတားဆေးထိုးခြင်း။

လိမ်းဆေးများသုံးစွဲခြင်း။

ရေပန်းဖြင့် သားအိမ်ဆေးကြောခြင်း။

သားအိမ်ဝကို ပိတ်ခြင်း။ ဥပမာ (COIL) ကွိုင်စသည်တို့ကို သုံးစွဲခြင်း။

နှောင်းခေတ်များ၌ သန္ဓေတားခြင်း၏ ကျော်ကြားသောပုံစံမှာ အဇ်လ်(WITHDRAWL) ဖြစ်သည်။

အဇ်လ်(WITHDRAWL)

သားအိမ်အတွင်းသို့ သုက်ပိုးများမဝင်ရောက်စေသော နည်းလမ်းဖြစ်သည်။ အမျိုးသားက ထိုကဲ့သို့ပုံစံတစ်ခုခုအား ရွေးချယ်ပြုလုပ်ခြင်း။ (သို့) အမျိုးသမီးက သားအိမ်ဝကိုပိတ်ရန် နည်းလမ်းတစ်ခုခုကို ကြံစည်ပြုလုပ်ခြင်းမျိုးဖြစ်သည်။
(ဤနည်းပုံစံတစ်ခုသည် နှောင်းခေတ်၌လည်း ကျော်ကြားခဲ့သည်။)

ဤသည်နှင့်စပ်လျဉ်း၍ မေးခွန်းများကို တမန်တော်မြတ်(ဆွ)၏ ဖြေကြားချက်များ၌ အတိအလင်းတားမြစ်ခဲ့သည်လည်း မရှိသကဲ့သို့ အထင်အရှားခွင့်ပြုထားသည်ကိုလည်း မတွေ့ရှိရပါ။

သို့ရာတွင် ယင်းသို့ပြုလုပ်ခြင်းအား တမန်တော်မြတ်(ဆွ) မနှစ်သက်ကြောင်း ထင်ရှားသည်။ ဤအတွက်ကြောင့် အစ္စလာမ့်ဥပဒေပညာရှင်များထံ၌ အကွဲအလွဲရှိခဲ့သည်။ အချို့ကလုံးဝမပြုပိုင်ဟု အတည်ပြုခဲ့ ကြသည်။အချို့ကမူ ဤသို့ပြုလုပ်ခြင်းသည် နှစ်သက်ဖွယ်ရာ မကောင်းသော လုပ်ရပ်ဖြစ်သော်လည်း မဖြစ်မနေ လိုအပ်သောအခြေအနေမျိုးတွင် ပြုလုပ်ခွင့်ရှိသည်ဟု ဆိုကြသည်။
သို့ရာတွင် မကောင်းသောရည်ရွယ်ချက်ဖြင့် ပြုလုပ်မည်ဆိုပါက ပြုလုပ်ခွင့်မရှိ။(ပြုလုပ်ခြင်းမပိုင်)
ဆွဟာဗာဟ်များနှင့် သာဗိအီးန်တို့၏ အုပ်စုကြီးတစ်ခု၏ ရပ်တည်ချက်မှာ ဤသို့ပြုလုပ်ခြင်း မက္က်ရူဟ်ဖြစ်သည်ဟူ၍ ဖြစ်သည်။
အလ္လာဟ်မဟ်ဗဒ်ရုဒ်ဒီးန်အိုင်နီး(ရဟ)က ဤသို့ပြုလုပ်ခြင်းမှာ မက္ကရူဟ်ဖြစ်ကြောင်း ခလီဖာကြီးလေးပါးနှင့် အိဗ်နေ့အုမရ်နှင့် အဗူအုမာမဟ်သခင်တို့ထံမှလည်း ဆင့်ပြန်ချက်လာရှိထားသည်ဟု ရေးသားဖော်ပြထားသည်။

အိဗ်ရာဟီးမ်နခ်အီး၊ စာလင်းမ်အိဗ်နေ့အဗ်ဒုလ္လာဟ်၊ အပ်စ်ဝဒ်အိဗ်နေ့ဗာယဇီးဒ်တို့ကလည်း အဇ်လ်လုပ်ခြင်းကို မက္ကရူဟ်ဖြစ်သည်ဟု ဆိုကြသည်။

ထိုဟဒီးဆ်တော်များအားလုံးကို သုံးသပ်၍ ဥပဒေပညာရှင်အများစုတို့ကလည်း ဤသို့ပြုလုပ်ခြင်းကို မက္ကရူဟ်ဖြစ်ကြောင်း အလေးပေးပြောဆိုကြ၏။

သို့ရာတွင်မဖြစ်သာသော အခြေအနေ၌ ခြွင်းချက်ပေးထားသည်။ ထို့ကြောင့် သီးခြားသောအကြောင်း ပေါ်ပေါက်မှုအခြေအနေများတွင် မက္ကရူဟ်ဖြစ်မည်မဟုတ်။

(ဥပမာ အမျိုးသမီးသည် ကိုယ်ဝန်မဆောင်နိုင်လောက်အောင် အင်အားနည်းနေလျှင် စသည်ဖြင့်) မိမိတစ်ကိုယ်ရည်အကြောင်း ပေါ်ပေါက်လာသော အတိုင်းအတာခန့်မျှ ဤသို့ပြုလုပ်ခြင်းပိုင်သည်။ သို့ရာတွင် မျက်မှောက်ခေတ်၏ အစဉ်အလာတစ်ရပ်အဖြစ် စုပေါင်း၍ ပြုလုပ်ခြင်းမပိုင်ပါ။

အကယ်၍ တစ်ဦးတစ်ယောက်သည် (WITHDRAWL) နှင့် အခြားသန္ဓေတားဆေးများကို အစ္စလာမ့်ရည်ရွယ်ချက်နှင့် ဆန့်ကျင်သော ရည်ရွယ်ချက်ဖြင့် သုံးစွဲမည်ဆိုပါက ပိုင်မည်မဟုတ်။

အချုပ်အားဖြင့်ဆိုရသော် သန္ဓေတားခြင်းအား ပြုလုပ်ခြင်း၏ရည်ရွယ်ချက်ကိုထောက်ရှု၍ " ပြုလုပ်ခြင်းပိုင်သည်(သို့) မပြုလုပ်ပိုင် " ဟု အမိန့်ချမှတ်ရမည်ဖြစ်၏။ ထို့ကြောင့်..............

၁။ မျက်မှောက်ခေတ်၌ ဖက်ရှင်ဖြစ်နေသော မိသားစုနည်းပါးရေး စီမံကိန်းအတွက် ဤသို့ပြုလုပ်ခြင်းမပိုင်ပါ။ အကြောင်းသောကား ဤသို့မိသားစုနည်းပါးရေးစီမံကိန်းသည် အစ္စလာမ့် ရည်ရွယ်ချက်နှင့် ကိုက်ညီမှုမရှိခြင်းကြောင့်ဖြစ်သည်။

၂။ သန္ဓေတားခြင်းသည် တစ်ဦးတစ်ယောက်အတွက် အစ္စလာမ့်စည်းမျဉ်းများနှင့် မဆန့်ကျင်လျှင်ပြုပိုင်ခွင့်ရှိ၏။သို့ရာတွင် စုပေါင်း၍သောလည်းကောင်း၊ သတ်မှတ်ပြဌာန်း၍သော်လည်းကောင်း ပြုပိုင်ခွင့်မရှိ။

၃။ အမျိုးသမီး၏ အားနည်းခြင်း(သို့) ရောဂါကြောင့် သန္ဓေတားပိုင်ခွင့်ရှိ၏။

၎။ ဒုက္ခပင်ပန်းမခံလို၍ သက်သာမှုရရန်အတွက် သန္ဓေတားခွင့်မရှိ။

၅။ ဆင်းရဲနွမ်းပါးခြင်းနှင့် စားဝတ်နေရေးကြပ်တည်းမှု တို့ကြောင့် သန္ဓေတားပိုင်ခွင့်မရှိ။

၆။ ရှက်ကြောက်ခြင်းနှင့် သမီးမိန်းကလေးမွေးဖွားမည်ကို စိုးကြောက်၍ သန္ဓေတားပိုင်ခွင့်မရှိ။ ဆိုလိုသည်မှာ ရှရီအသ်ကခွင့်ပြုသော ခိုင်မာသည့်အကြောင့်ပြချက်မရှိဘဲ ယာယီအားဖြင့် သန္ဓေတားခြင်းကိုလည်း ရှရီအသ်တရားတော်က ခွင့်မပြု။ အဘယ့်ကြောင့်ဆိုသော် တမန်တော်မြတ်(ဆွ)က

အလိုသဘောမှာ ကလေးအမြောက်အမြားမွေးဖွားရန်၊ သားဖွားမှုကို ချုပ်ချယ်ကန့်သတ်မှုမပြုရန် ဖြစ်သည်။ သို့မှာသာ တမန်တော်မြတ်(ဆွ) ၏ အုမ္မသ်သားများ များသည်ထက် များပြားတိုးပွားနိုင်မည်ဖြစ်သည်။

မွတ်စ်လင်မ်တို့သည် အမြဲတစေ ထိုမျိုးဆက်ပြန့်ပွားရေး ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့သည်ကို သမိုင်းက သက်သေခံလျှက်ရှိသည်။

အကြင်သူတို့သည် မွတ်စ်လင်မ်ဖြစ်ပါလျှက် မွတ်စ်လင်မ်တို့ကို ဤကိစ္စများနှင့် စပ်လျဉ်း၍
(အစ္စလာမ့်ရည်ရွယ်ချက်နှင့် ဆန့်ကျင်၍) အကြံပေးခြင်း၊ တိုက်တွန်းခြင်းတို့သည်လည်း ရှရီအသ်တရားတော်၏ ရှုထောင့်အရ အပြစ်ကျူးလွန်သူများဖြစ်သည်။

ဓမ္မသတ်ဌာန ဂျာမိအဟ် ဖာရူကီယဟ် (ကရာချိ၊ ပါကစ္စတန်)
မုဖ်သီမုဟမ္မဒ်ဂျမီးလ်ဆွာဟိဗ် (မဇွာဟေရီ)


(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။







Monday, February 24, 2014

အရှုံးထက်သာမြတ်သော အစားချီးမြှင့်ခံရမှု

ဟဇရသ်အွမ်မေစလ်မဟ်က အနှစ်ကာရ ချစ်ခင်မြတ်နိုးခဲ့တဲ့ခင်ပွန်းဖြစ်သူ ဟဇရသ်အဗူစလ်မဟ် ကွယ်လွန်သွားတဲ့အခါ သူမမှာ ပရိဒေဝမီးတောက်လောင်ပြီး ပူဆွေးသောက ရောက်ရှိခဲ့တယ်။ ဒီလို အလွန်အမင်းခံစားနေရတာကို ကိုယ်တော်မြတ်(ဆွ)က သူမအားဒုအာတစ်ခုကို (ကြိမ်ဖန်များစွာ) ရွတ်ဖတ်ဖို့ သင်ကြားပေးတော်မူခဲ့တယ်။
ဒီအပြင် တစ်ဆက်တည်း မိန့်ကြားတော်မူတယ်။ "ဘယ်သူမဆို မိမိ၌ ဆုံးရှုံးမှုတစ်စုံတစ်ရာေ ပ်ါပေါက်ခဲ့ရင် အဆိုပါဒုအာကို (များမြောင်စွာ) ရွတ်ဖတ်သင့်တယ်။ ဒီနည်းနဲ့ အလ္လာဟ်အရှင်မြတ်က အဲဒီလူကို သူ့ရဲ့ဆုံးရှုံးမှုထက် အဆပေါင်းများစွာ သာပို၍ကောင်းမြတ်တဲ့အရာတွေ အစားပေးချီးမြှောက်တော်မူလိမ့်မည်။"
တကယ်တော့ ဟဇရသ်အွမ်မေစလ်မဟ်သခင်မက ကိုယ်တော်မြတ်(ဆွ) အား စစ်မှန်တဲ့နဗီအဖြစ် ရာနှုန်းပြည့် ယုံကြည်လက်ခံထားတဲ့အလျှောက် ကိုယ်တော်မြတ်(ဆွ) မိန့်မြွက်ချက်တိုင်းဟာ မြေကြီးလက်ခတ်မလွဲမှန်ကန်ကြောင်းကိုလည်း ရာနှုန်းပြည့် ယုံကြည်ထားတယ်။
တစ်ဖက်က ပြန်ကြည့်တော့လည်း မိမိရဲ့ခင်ပွန်းဖြစ်သူ ဟဇရသ်အဗူစလ်မဟ်ဟာ မိမိအပေါ်မှာ အတိုင်းထက်အလွန်ကောင်းခဲ့တယ်။ ဒါကြောင့် သူမရဲ့ဘဝမှာ သူ့ထက်သာပိုပြီးကောင်းမည့်သူကို မဆိုထားနှင့် သူ့လောက်ကောင်းမည့်သူကိုပင် မမြင်မိဘူး။ ဒီတော့ကား မိမိရဲ့ခင်ပွန်းဖြစ်ခဲ့တဲ့ ဟဇရသ်အဗူစလ်မဟ်ထက် သာ၍ကောင်းမြတ်တဲ့ ခင်ပွန်းရယ်လို့ ဘယ်လိုနည်းနဲ့အစား ရနိုင်ပါမလဲလို့ စိတ်ထဲက တွေးတောနေမိတယ်။
တကယ်တော့ ကိုယ်တော်မြတ်(ဆွ)က မိမိရဲ့ခင်ပွန်းထက် အဆပေါင်းများစွာ သာပို၍ မြင့်မြတ်သူဖြစ်တယ်ဆိုသာကို မကြံကောင်းမစည်ရာ မတွေးတောအပ်တဲ့အတွက် မမျှော်လင့်မိခြင်းဖြစ်တယ်။
မည်သို့ပင်ဖြစ်စေကာမူ စိတ်တွင်း၌ ပေါ်ပေါက်လာသမျှသော ဝပ်(စ်)ဝစွာများကို အကုန်အစင် မေ့ပျောက်သွားစေပြီး ယုံကြည်မှုအပြည့်အဝနဲ့ကိုယ်တော်မြတ်(ဆွ)ရဲ့ မိန့်မြွက်ချက်ကို ဦးထိပ်ပန်ဆင်ခဲ့တယ်။
ဒီလိုနဲ့ရက်ပိုင်းကလေးဘဲ လွန်မြောက်ရုံ ရှိသေးတယ်။ ကိုယ်တော်မြတ်(ဆွ)က ဟဇရသ်အွမ်မေစလ်မဟ်သခင်မကို နိကာဟ်ပြုတော်မူလိုက်တယ်။
ဒီတော့မှဘဲ ဟဇရသ်အွမ်မေစလ်မဟ်သခင်မက ဒီအခွင့်အရေးဟာ အဆိုပါ ဒုအာ ရဲ့ဗရ်ကသ်တော်ကြောင့် ဖြစ်ကြောင်း နားလည်သဘောပေါက်သွားရှာတယ်။

မှတ်သားဖွယ်

အထက်ဖော်ပြပါအကြောင်းအရာကို သွဗ်ဗေနဗဝီကျမ်းမှ ကောက်နုတ်တင်ပြထားခြင်း ဖြစ်သည်။ ဟဒီးစ်တော်များ၌ ဆုံးရှုံးမှုဟူသမျှတို့အတွက် အဆိုပါ ဒုအာအား ရွတ်ဖတ်ရန် တိုက်တွန်းထားသည်။ ထိုသို့ရွတ်ဖတ်ခြင်းအားဖြင့် မိမိခံစားရလိုက်သည့် ဆုံးရှုံးမှုထက် အဆပေါင်းများစွာသာပို၍ ကောင်းမြတ်သောအရာများကို အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူကြောင်း မလွဲမသွေ ကိုယ်တွေ့မျက်မြင် တွေ့ရှိသိမြင်လိမ့်မည်။
တစ်ဦးတစ်ယောက် ကွယ်လွန်သေဆုံးသွားကြောင်း သတင်းရလျှင် ဖတ်ရရုံမက ဥစ္စာပစ္စည်းတစ်စုံတစ်ရာ ပျောက်ဆုံးသွားလျှင်လည်း ရွတ်ဖတ်ရသည်။ မလွဲမသွေ ပြန်တွေ့လိမ့်မည်။ ဤသည်မှာ အနိမ့်ဆုံးအဆင့် ဖြစ်သည်။ သို့မဟုတ်ပါက ထိုထက်သာမြတ်သောအရာကို စင်ကြယ် မှန်ကန်သောနည်းတစ်နည်းနည်းဖြင့် အစားပြန်လည် ရရှိလိမ့်မည်။
ကျွနု်ပ်ကိုယ်တိုင် အကြိမ်ကြိမ်၊ အဖန်ဖန် ကြုံဆုံခဲ့ပြီဖြစ်သည်ကို ကစမ်ကျိန်ဆို၍ ပြောလျှင် ကျွန်ုပ်အပေါ် ကဖါရဟ်ပင်ထိုက်မည်မဟုတ်ပေ။ ထိုဒုအာသည် အင်န္နာလစ်လ္လာဟေ၊ ဝအင်န္နာအေလိုက်ဟေရာဂျေအူးန် ဟူ၍ဖြစ်ပါသည်။

အထက်ပါဒုအာကိုလည်း ဖတ်ရွတ်နိုင်ပါသည်။

(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။


ဗိုက်အောင့်ခြင်းနှင့် အစာမကြေခြင်းအား ကုစားရန်နည်းလမ်း

ကိသာဗွလ်သွစ်ဗ်ကျမ်းစာအုပ်တွင် အဗူနအီးမ်သခင်က ဟဇရသ်အဗူဟိုရိုင်ရဟ် သခင်ထံမှ ဆင့်ပြန်ခဲ့သည်။ ၎င်းသခင်ကပြောဆိုသည်မှာ ကျွန်ုပ်သည် ဗိုက်အောင့်ဝေဒနာကြောင့် ဗလီထဲတွင် လဲလျောင်းနေခဲ့သည်။ တမန်တော်မြတ်(ဆွ) ကြွလာတော်မူပြီး "အသင် ဝေဒနာခံစားနေရသလား" ဟုမေးမြန်းတော်မူသည်။ ကျွန်ုပ်က "အို--ကိုယ်တော်မြတ်၊ ဟုတ်မှန်ပါသည်" ဟုဖြေကြားသောအခါ တမန်တော်မြတ်(ဆွ)က အသင်သည် နမားဇ်ဝတ်ပြုပါလေ။ အဘယ်ကြောင့်ဆိုသော် နမားဇ်တွင် ဝေဒနာပျောက်ကင်းရာ ဆေးရှိပေသည်။
ထို့ပြင် အချို့သောဆင့်ပြန်ချက်များတွင် ဟဇရသ် အာအေရှာဟ်(ရသွေ့)သခင်မထံမှ ဖော်ပြထားသည်မှုာ ဇိကိရ်နှင့် နမားဇ်ဖြင့် အစာကိုကြေညက်အောင် ပြုကြကုန်။ အစာစားပြီးပြီးခြင်း အိပ်စက်ခြင်းမပြုကြနှင့်။ ဤသို့ပြုခြင်းဖြင့် နှလုံးသား၌ ချေးညှော်ကပ်ငြိသွားပေသည်။
ဤဟဒီးစ်တော်မှ အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရ တသမှုနှင့် နမားဇ်တို့သည် ဒီ်းန်နှင့်ဒွန္နယာ
(သာသနာရေးနှင့် လောကီရေး) တို့အတွက် အကျိုးရှိသည်ကို သိရှိရပေသည်။

(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

ပျားရည်၏ထူးခြားမှုနှင့် ရောဂါပျောက်ကင်းမှု

အဗူနအီးမ်သခင်က ဟဇရသ်အာအေရှာဟ်(ရသ)သခင်မထံမှ ဆင့်ပြန်ခဲ့သည်မှာ တမန်တော်မြတ်(ဆွ) သည်ပျားရည်ကို အလွန်နှစ်သက် မြတ်နိုးတော်မူခဲ့၏။

တမန်တော်မြတ်(ဆွ)သည်ပျားရည်ကို အလွန်နှစ်သက် မြတ်နိုးတော်မူခြင်းမှာ အလ္လာဟ်အရှင်မြတ်က ၎င်းတွင် ရောဂါအတွက်ဆေးရှိသည်ဟု ဗျာဒိတ်တော်မူထားခြင်းကြောင့်ပင် ဖြစ်သည်။ ၎င်းပြင် သမားတော်များက ပျားရည်၏ မရည်မတွက်နိုင်သော အကျိုးကျေးဇူးများကို ရေးသားထားကြပေသည်။

ဥပမာအားဖြင့် - ပျားရည်ကို နံနက်အိပ်ယာမှထပြီး မည်သည့်အစာမျှ မစားခင်အလျှင်လျှက်ပေးပါက ချွဲသလိပ်တို့မှ ကင်းစင်စေသည်။ အစာအိမ်ကို သန့်ရှင်းစေသည်။ အညစ်အကြေးများကို ပပျောက်စေသည်။ ဝမ်းတွင်းရှိ အချွဲအပုပ်တို့ကို ဖွင့်ပေးသည်။ အစာအိမ်ကို မျှတစေသည့်အပြင် ဦးနှောက်ကို အားဖြစ်စေသည်။ ကိုယ်ခန္ဓာ၏ ပင်ကိုယ် အပူဓာတ်သဘော သဘာဝကို အားဖြစ်စေသည်။ ရှလကာရည်နှင့်အတူ သုံးဆောင်ပါက သည်းခြေဖောက်ပြန်သူတို့ ဝေဒနာသက်သာရန်အတွက် အကျိုးထူးပေသည်။ ကာမအားကို တိုးပွားစေသည်။ ဆီးအိမ်ရောဂါဝေဒနာမှကင်းဝေးရန် အကျိုးပြုသည့်အပြင် ဆီးအိမ်တွင် ကျောက်တည်ခြင်းမှ ကင်းဝေးစေသည်။ ဆီးရပ်သွားခြင်းကို ဖွင့်ပေးသည်။ ကိုယ်တစ်ခြမ်းသေခြင်းနှင့် ငန်းဖမ်းခြင်း၊ ပါးစပ်ရွဲ့ခြင်း ရောဂါဝေဒနာတို့မှ ကင်းဝေးရန်အတွက် အကျိုးထူးသည့်အပြင် ဝမ်းကိုဟာစေသည်။

အစ္စလာမ်သာသနာ့ပညာရှင်များက ရေးသားထားကြသည်မှာ ပျားရည်နှင့် နို့တို့သည် ထောင်ပေါင်းများစွာသော အပင်တို့မှ ပေါင်းစုထားသည့် အရည်ဖြစ်သည်။ အကယ်၍ တစ်လောကလုံးရှိ သမားတော်များ စုပေါင်း၍ ဤကဲ့သို့သော အရည်မျိုးပြုလုပ်ပါက အလျဉ်းပြုလုပ်နိုင်ကြမည်မဟုတ်ပေ။ ဤသည် အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်အဟုန်ကြောင့်ပင်ဖြစ်သည်။ ထိုအရှင်မြတ်သည် မိမိ၏ ဗန္ဒာဟ် ကျေးကျွန်များအတွက် ဤမျှကောင်းမွန်၍ အကျိုးကျေးဇူးများပြားလှသော အရည်ကို ဖန်ဆင်းထားတော်မူသည်။
(သွစ်ဗ်ဗေနဗဝီ)

(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။


စူရဟ်မွလ်က် ၏ ထွတ်မြတ်မှု

ဟဇရသ်အိဗ်နေမတ်စ်အူးဒ်(ရသွေ့)က အမိန့်ရှိခဲ့သည်။ ကဗရ်သင်္ချိုင်းအတွင်း၌ လူသား၏ခြေရင်းဖက်မှနေ၍ အပြစ်ဒဏ်ရောက်ရှိလာရာ ၎င်း၏ခြေထောက်က အသင်ကျွန်ုပ်ဘက်မှဝင်ရောက်ရန်အတွက် လမ်းမရှိကြောင်း ဤသူသည် စူရဟ်မွလ်က်ကို အမြဲဖတ်လေ့ရှိသူဖြစ်သည်ဟု ပြောသည်။ ထိုအခါ ၎င်းကတဖန် ရင်ဘတ် သို့မဟုတ် ဝမ်းဗိုက်ဘက်သို့သွားပြန်ရာ ရင်ဘတ် သို့မဟုတ် ဝမ်းဗိုက်ကလည်း ကျွန်ုပ်ဘက်မှ အသင်ဝင်ရန်လမ်းမရှိပါ။ အကြောင်းမှာ ဤသူသည် စူရဟ်မွလ်က်ကို အမြဲဖတ်လေ့ရှိသူဖြစ်သည်ဟု ပြောသည်။ တစ်ဖန် ၎င်းအဇာဗ်သည် ခေါင်းရင်းဘက်သို့သွားပြန်ရာ ၎င်းဦးခေါင်းကလည်း ကျွန်ုပ်ဖက်မှ အသင့်အဖို့ဝင်ရောက်ရန် လမ်းမရှိပါ။ အကြောင်းမှာဤသူသည် စူရဟ်မွလ်က်ကို အမြဲဖတ်လေ့ရှိသူဖြစ်သည်ဟုပြောသည်။
(ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်မတ်စ်အူးဒ်(ရသ) အမိန့်ရှိသည်) ဤစူရဟ်သည် ကဗရ်သင်္ချိုင်း၏ အဇာဗ်ပြစ်ဒဏ်ကို လေးဘက်လေးတန်မှ ကာကွယ်တားဆီးပေးမည့်အရာဖြစ်သည်။ သောင်ရာသ်ကျမ်းတော်၌လည်း ဤစူရဟ်၏ အမည်သည် စူရဟ်မွလ်က်ပင်ဖြစ်သည်။ အကြင်သူသည်၎င်းစူရဟ်အား မည်သည့်ည၌ဖတ်သည်ပင်ဖြစ်စေ ၎င်းသူသည် အကျိုးဆဝါးဗ်အမြောက်အများကို စုဆောင်းသိုမှီးခဲ့သူပင်ဖြစ်သည်။ (ဟာကင်မ်ကျမ်း)

Wednesday, February 19, 2014

မုဖီးဒ်ဘားသ်

လိုအင်ဆန္ဒနည်းပါးသူအား (၄)မျိုးသောအရာဖြင့် ဂုဏ်ပေးမှုပြုတော်မူသည်။
ဖွကီးဟ်အဘွလ်လိုင်စ်စမရ်ကန်ဒီ(ရဟ)သခင်က မိန့်တော်မူသည်။ အကြင်သူသည် လိုအင်ဆန္ဒများကို လျော့နည်းစွာထားလျှင် အလ္လာဟ်အရှင်မြတ်က(၄)မျိုးသောအရာဖြင့် ဂုဏ်ပေးမှုပြုတော်မူသည်။

(၁) မိမိ၏အမိန့်ကို နာခံလိုက်နာနိုင်သောစွမ်းအား ပေးသနားတော်မူသည်။ မကြာမီသေမည်ဟု ယုံကြည်လာသောအခါ အမလ်ဆောက်တည်မှုကို ပို၍ကြိုးစားပြုမူလာနိုင်သည်။ မနှစ်မြို့ဖွယ်များကို လက်ခံသမှုမပြုပေ။

(၂) ထိုသူသည် ဒွန္ဒယာအတွက် ပူပင်သောက နည်းပါးသွားသည်။

(၃) ရိုဇီစားနပ်ရိက္ခာ အနည်းငယ်မျှဖြင့် ကျေနပ်ရောင့်ရဲသည်။

(၄) ထိုသူ၏စိတ်ကို လင်းဝင်းစေသည်။
--------------------------------------------------------
နှစ်ဘဝလုံး၏ကောင်းခြင်းကိုရရှိခြင်း
ဟဒီးစ်တော်တစ်ရပ်တွင်လာရှိ၏။ လေးခုသောအရာကို ရရှိသောသူသည် ဒွန္ဒယာ၊ အာခိရသ်နှစ်ဘဝလုံး၏ ကောင်းခြင်းကို ရရှိခြင်းဖြစ်သည်။

(၁) အရှင်မြတ်အားတသမှု၌ နစ်မွန်းနေသောနှုတ်လျှာ။

(၂) အပင်ပန်းခံနိုင်သောခန္ဓာကိုယ်

(၃) ကျေးဇူးတင်ခြင်း၌ မွေ့လျော်လျက်ရှိသော စိတ်နှလုံးသား။

(၄) မိမိကိုယ်နှင့်ပတ်သက်၍လည်းကောင်း၊ ခင်ပွန်း၏ပစ္စည်းဥစ္စာ၌လည်းကောင်း အလွဲသုံးစားမပြုသောဇနီး။ (မိမိကိုယ်နှင့်ပတ်သက်၍ အလွဲသုံးစားပြုခြင်းဟူသည် မိမိကာအိနြေ္ဒနှင့်ပတ်သက်၍ စည်းဖောက်ခြင်းကိုဆိုလို၏။)
--------------------------------------------------
စိတ်၏နူရ် လင်းဝင်းမှုသည် (၄)ခုသောအရာဖြင့် ဖြစ်ပေါ်လေသည်။

(၁) ဝမ်းဗိုက်ကို ပေါ့ပါးစွာထားခြင်း။

(၂) ကောင်းသောသူမြတ်အနီးတွင်ထိုင်ခြင်း။

(၃) ကျူးလွန်ခဲ့သော ဂိုဟ်နာအကုသိုလ်များကိုသတိရ နောင်တရခြင်း။

(၄) မက်ဆန္ဒများကို လျှော့ပေါ့ခြင်း။
------------------
အကြင်သူ၏ လောကီမက်ဆန္ဒများ ရှည်လျားနေလျှင် အလ္လာဟ်အရှင်မြတ်က (၄) ခုသော အဇာဗ်ပြစ်ဒဏ်ကို ခတ်တော်မူသည်။

(၁) အေဗာဒတ်ခဝပ်မှုတွင် ပျင်းရိမှုဖြစ်ပေါ်စေသည်။

(၂) လောကီ၏ အပူသောက ပို၍များစေသည်။

(၃) ပစ္စည်းရှာဖွေခြင်း၊ တိုးသည်ထက်တိုးပွားအောင် ကြံစည်မှု၌ နစ်မွန်းစေသည်။

(၄) စိတ်မာကျော ခက်ထန်စေသည်။
--------------
စိတ်မာကျောခက်ထန်မှုသည် (၄)မျိုးသောအရာကြောင့် ဖြစ်ပေါ်သည်။

(၁) ဝမ်းဗိုက်ဝအောင်စားခြင်း။

(၂) မကောင်းသောသူများနှင့်ရောနှောနေထိုင်ခြင်း။

(၃) ဂိုနာဟ်အကုသိုလ်များကို သတိမရခြင်း။

(၄) ရှည်လျားသောမက်ဆန္ဒထားခြင်း တို့ဖြစ်သည်။

ထို့ကြောင့် အရေးကြီးသည်မှာ ရှည်လျားသောမက်ဆန္ဒများ အလျင်းမထားသင့်ကြချေ။ အချိန်မရွေး မည်သည့်အသက်ရှုမှုသည် နောက်ဆုံးဖြစ်မည်ကို စဉ်းစားသင့်ကြသည်။ (အချိန်မရွေး၊ သေနိုင်သောကြောင့်တည်း)

ရစူလွလ္လာဟ်(ဆွ)ကိုယ်တော်က အာအေရှဟ်(ရသွေ့)သခင်မအား မိန့်တော်မူသည်။ အကယ်၍ အသင်မသည် ကေယာမသ် ကမ္ဘာ့တရားခွင်နေ့၌ ငါရစူလ်နှင့်အတူနေရန်အလိုရှိလျှင် သင်မသည် ဒွန္နယာ လောက၌ ခရီးသွားသူများ လမ်းခုလတ်၌ခေတ္တနားနေကြသကဲ့သို့ နေထိုင်ကုန်။ ပစ္စည်းကြွယ်ဝသူများအနီးအပါးတွင် ထိုင်ခြင်းမှ ရှောင်ကြဉ်ကုန်။ အဝတ်အထည်ကို ဖာထေး၍ ဝတ်မရမှသာစွန့်ပစ်ကုန်။

အဘူအွစ်မာန်(ရဟေ့) သခင်ကဆိုသည်၊ ကျွန်ုပ်သည် အုမရ်(ရသွေ့) သခင်အား မင်ဗရ် ပလ္လင်ထက်တွင် ခွသ်ဗာဟ် ဖတ်ကြားနေသည်ကို တွေ့ရသည်။ သခင်၏အင်္ကျီတွင်အဖာ(၁၂)ခုရှိသည်။
(တန်ဗီဟွလ်ဂါဖွေလီးန်ကျမ်း)

(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။



မုဖီးဒ်ဘာသင်းန်




(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။


မိုနာဖစ်က်ဟူသည်

ဤ(မို့နာဖွစ်က်တို့က) ပြောကြသည်၊ ရစူလွလ္လာဟ်၏ထံ စုရုံးရောက်ရှိနေကြသော မို့ဟာဂျင်ရ် များအားပေးကမ်း ကျွေးမွေးခြင်းမပြုကြနှင့်၊ ဤသို့ဆိုလျှင် ၎င်းတို့သည် ကဆင့်ကလျားဖြစ်၍ ထွက်ခွါသွားကြမည်၊ အမှန်မှာ မိုးမြေများရှိ ဘဏ္ဍာတိုက်များသည် အလ္လာဟ်အရှင်မြတ်၏ စိုးပိုင်မှုအောက်၌သာရှိကြသည်။ သို့သော်မိုနာဖစ်က်
(သူမိုက်) များကားအသိတရားမရှိကြ။ (စူရာမိုနာဖွေ့ကူန် ရိုကူအ်-၂။)

များစွာသော အဆိုများတွင် ဤအကြောင်းကို ဖေါ်ပြထားသည်မှာ
(အဗ်ဒွလ္လာဟ်ဗင်န်အိုဗိုင်)ခေါ် မိုနာဖစ်က်များ၏ ခေါင်းဆောင်နှင့် သူ၏နောက်လိုက်တစ်စုတို့က ပြောဆိုကြသည်မှာ --- ရစူလ်တမန်တော် မိုဟမ္မဒ် အနီးအပါးတွင် ချဉ်းကပ်နေကြသောသူများအား ကူညီအားပေးခြင်း မပြုကြလင့်၊ သူတို့အား ယင်းသို့ကူညီထောက်ပံ့ခြင်းမပြုလျှင် ငတ်မွတ်ပြီး စိတ်ပျက်၍ အလိုအလျောက လူစုကွဲသွားကြလိမ့်မည်ဟု ပြောကြသောအခါတွင် ဤအာယသ်တော်ကို ရစူလ်ကိုယ်တော်ထံ ချပေးထုတ်ပြန်တော်မူလေသည်။

ဤအာယသ်တော်သည် အလွန်မှန်ကန်သည်။ နေ့စဉ် တွေ့ကြုံ ကြားမြင် နေရသည်။ အကြိမ်ပေါင်းများစွာ လက်တွေ့ဖြစ်သည်။ အကြောင်းသော်ကား သာသနာရေးကိစ္စအဝဝကို ပြုလုပ်ဆောင်ရွက်နေကြသော ပုဂ္ဂိုလ်များအား မလိုမုန်းထား အငြိုးထားသူများသည် ပျက်လိုပျက်စီး ပြုလုပ်ပြောဆိုကြ၍ ကူညီရိုင်းပင်းမှု မပြုကြဘဲနေကြသည်။ သို့သော် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က မိမိ၏မဟာကရုဏာတော်ဖြင့် အခြားဘက်မှ တံခါးကိုဖွင့်ပေးတော်မူလိုက်သည်။

ဤသည်ကိုကောင်းစွာယုံကြည်မှုဖြင့် သိမှတ်ထားအပ်သည်မှာ (ရိုဇီ) စားနပ်ရိက္ခာကို အလ္လာဟ်အရှင်မြတ်က မိမိ၏လက်တော်တွင်း၌ ထားတော်မူရာ မည်သူ၏အဖေကမျှ ပိတ်ပင်တားဆီးခြင်းမပြုနိုင်ချေ။ ပိတ်ပင်သူများသာလျှင် သာသနာရေး၌ မကူညီဘဲ တားဆီးမှုပင်ပြုခဲ့၍ အလ္လာဟ်အရှင်မြတ်ရှေ့တော်တွင် အဖြေပေးကြရန် အသင့်ရှိနေကြရန်ဖြစ်သည်။ ထိုနေရာ၌ မုသားသည် အသုံးဝင်မည်မဟုတ်၊ ကျွန်တော်မျိုးဘာအတွက် ဘာအကြောင်းကြောင့်ဟု ငြင်းချက်ထုတ်၍ ရမည်မဟုတ်ပေ။ ထိုနေရာ၌ အဘယ်ဝတ်လုံ အဘယ်ရှေ့နေမျှ လျှောက်လဲ၍ ရမည်ပါပေ။

အယောင်ဆောင် ပရိယာယ်များကိုသုံး၍ အလ္လာဟ်အရှင်မြတ်၏ သာသနာတော်ကိစ္စများကို လျစ်လျူရှုခြင်းသည် မိမိ၏အာခိရသ် နောင်ရေးနစ်နာဆုံးရှုံးသည်မှအပ အဘယ်အကျိုးမျှ ရရှိမည်မဟုတ်ပေ။
ကိုယ်ရေးကိုယ်တာ မုန်းတီးမှုကြောင့်လည်းကောင်း၊ လောကီအကျိုးမျှော်ကိုး၍လည်းကောင်း တစ်စုံတစ်ခုသော သာသနာရေးလုပ်ငန်း၌ ဝင်ရောက်နှောင့်ယှက်ဖျက်စီးခြင်းသည် လည်းကောင်း သာသနာရေးလုပ်ဆောင်နေသူအား မကူညီရန် တားဆီးပိတ်ပင်ခြင်းတို့သည် မိမိကိုယ်မိမိ ဆုံးရှုံးနစ်နာအောင်ပြုခြင်းပင်ဖြစ်ပါသည်။ သူတစ်ပါး၌မနစ်နာချေ။

ရစူလွလ္လာဟ်(ဆွ) ကိုယ်တော်က မိန့်တော်မူသည်မှာ အကြင်မွတ်စ်လင်တစ်ဦးတစ်ယောက်သည် သူ၏ဂုဏ်ကျက်သရေ ကျဆုံးနေချိန် သူ့အားရှုတ်ချခြင်းခံနေရချိန်တွင် ကူညီစောင်မခြင်းပြုရန်ကို လျစ်လျူရှုခဲ့သော် အရှင်မြတ်ကလည်း ယင်းမကူညီသူသည် တစ်စုံတစ်ခုသော ကူညီမှုကို အထူးလိုအပ်နေချိန်၌ ထိုသူအား လျစ်လျူရှုတော်မူမည်။

(မစ်ရှ်ကားသ်ကျမ်း)

(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။


မုဖီးဒ်ဘားသ်


အလ္လာဟ်အရှင်မြတ်ထံမှ အကြီးမားဆုံးသောဆုလာဘ်တော်၊ စည်းစိမ် ရရှိခြင်းသည်

၁။ အစ္စလာမ်သာသနာတော်ရရှိခြင်း။

၂။ ဂိုနာအကုသိုလ်ရှောင်ကြင်နိုင်ခြင်း တို့ဖြစ်သည်။
-------------------------------
ဟဇ်ရသ်အလီကမိန့်၏။

၁ အသင်သည်မည်သူ့အပေါ် ကျေးဇူးတင်ခံလိုပါမူ ထိုသူ၏ကျွန်သာဖြစ်မည်။

၂ မည်သူ့ထံမှ တောင်းခံလိုပါမူ ထိုသူ့အားတောင့်တနေရမည်။

၃ မည်သူ့အားဂရုစိုက်လိုပါမူ ထိုသူ့ကဲ့သို့သာ ဖြစ်ရပေမည်။
------------------------------------
ဟဇ်ရသ်စူဖီယန်စောင်မ်ဒီသခင်ထံမှ မေးမြန်းခဲ့သည်။

အလ္လာဟ်အရှင်မြတ်အားချစ်ခင်နှစ်သက်မှု အဘယ်သို့ပါနည်း။ ဤသို့အဖြေပေးသည်။

၁။ အသင်သည်မည်သည့်ကောင်းမွန်သောနည်းလမ်းဖြင့်မဆို၊

၂။ ညင်သာသောအသံဖြင့်မဆို၊

၃။ မည်သည့်နှစ်သက်ဖွယ် အကြောင်းဖြင့် အလ္လာဟ်အရှင်မြတ်မှအပ အခြားအရာကို မချစ်လေနှင့်။
-----------------------------
ဟာမဟ်လုဂါးဖ်သခင် မိန့်သည်

၁။ ပြစ်ကြီးပြစ်ငယ်များကိုရှောင်ကြဉ်ခြင်း။

၂။ လွယ်ကူသည်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ၊ မလုပ်မနေရ (ဖွရ်ဇ်) တာဝန်ရပ်တိုင်းကိုထမ်းဆောင်ခြင်း။

၃။ နည်းများမဆိုဒွန္နယာတစ်ခွင်လုံးကို လူသားတို့အတွက်စွန့်လွှတ်ခြင်းတို့သည် အာခိရသ်၏ အောင်မြင်မှု အစစ်အမှန်ကို ရရှိရန် အကောင်းသော နည်းလမ်းဖြစ်သည်။
-------------------------
ရစူလွလ္လာဟ်(ဆွ)ကိုယ်တော်၏ လုပ်ဆောင်ချက်များသည် အွမ္မသ်တပည့်တော်များအတွက် လမ်းပြမီးရှုးတန်ဆောင် ဖြစ်သည်၊ ကိစ္စတိုင်း၌ ကိုယ်တော်သခင်၏လမ်းစဉ်ကို လိုက်နာဆောင်ရွက်ရန်၊ ကြိုးစားကြရန် တပည့်ဟုခံယူထားသူတိုင်းအတွက် (ဖရ်ဇ်) တာဝန်ဖြစ်သည်။ ရစူကိုယ်တော်၏လမ်းစဉ်မည်သို့မည်ပုံ ရှိသနည်း။ ထိုလမ်းစဉ်အတိုင်း လျှောက်သွားနိုင်ရန် အတတ်နိုင်ဆုံး ကြိုးပမ်းကြရမည်။
------------------------
ရစူလ်ကိုယ်တော်၏ဓလေ့ထုံးတော်မှာ-----
မိတ်ဆွေကို ထားဘိဦး။ ရန်သူကိုပင် ကူညီမစရန် ဝန်မလေးသောပုဂ္ဂိုလ်မြတ်ဖြစ်လေသည်။
စူရဟ်(သောင်ဗာဟ်)၏ အာယသ်နံပါတ်(၈၄) ဖြစ်သော (ဝလာသို့စွာလ်လေ့ အလာ အဟဒင်မ်မင်န်ဟွမ်) ၌ အရှင်မြတ်က မိုနာဖွစ်က်များအတွက် ဂျနာဇာဟ်နမားဇ်ကို ဖတ်မပေးရန် တားဆီးထားသည်။ ရစူလ်ကိုယ်တော်၏ဆက်ဆံမှုမှာ မိမိရန်သူများ၏ အပေါ်၌ပင် ဂရုဏာ မေတ္တာ မုဒိတာဖြင့် ဆက်ဆံတော်မူခဲ့သည်။ လူယုတ်မာများမှာမူ အမြဲပင် ပုတ်ခတ် ဆဲရေး အပြစ်ရှာ၍ အတိုက်အခံလုပ်ကြရာ၌ လျှော့နည်းမှုမရှိပါချေ။ အရှင်မြတ်ဘက်မှ ယင်းသို့နောင်တွင် အလွန်အမင်း လိုက်လျောသနားခြင်းကို တားဆီးထားသောအမိန့်ကိုပင် ချမှတ်ထားရလေသည်။ (ဒွရ်ရေ့မန်ဇူရ်ကျမ်း)
ကိုယ့်တော့်၏ စိတ်နေသဘောထားကို စံနမူနာထား ဆောင်ရွက်နိုင်ရန် မိမိ၏ နှလုံးသားတွင်ရှိနေသည့် စိတ်ရိုင်းကိုလည်း ပြုပြင်ရမည်ဖြစ်သည်။

(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။