Tuesday, February 11, 2014

ဘေးဘလာဒုက္ခတို့ကို ကုစားနည်း

ကျမ်းတော်မြတ်ကုရ်အာန်၏ အာယသ်တော်

…." ထို့ပြင်တဝ (အို မုအ်မင်န်အပေါင်းတို့) မချွတ်ဧကန် ငါအရှင်မြတ်သည် အသင်တို့ကို တစ်စုံတစ်ခုသော ကြောက်ရွံ့ စိုးရိမ်စေခြင်းဖြင့် သော်လည်းကောင်း၊ ငတ်မွတ်စေခြင်းအားဖြင့် သော်လည်းကောင်း၊ ဥစ္စာပစ္စည်းများ ဆုံးပါးစေခြင်းဖြင့် သော်လည်းကောင်း၊ အသက်သေကြေ ပျက်စီးစေခြင်းဖြင့် သော်လည်းကောင်း၊ ကောက်ပဲသီးနှံများ ပျက်ပြားစေခြင်း ဖြင့်သော်လည်းကောင်း၊ (တနည်း သားသမီးများ သေဆုံးစေခြင်းဖြင့် သော်လည်းကောင်း) စမ်းသပ်တော်မူလတ္တံ့။ သို့ရာတွင် (ထိုကဲ့သို့ စမ်းသပ်သော ဘေးအန္တရာယ်များကို) ခန္တီတရားဖြင့် သည်းခံသူအပေါင်းအား ဝမ်းမြောက်ဖွယ်ရာ ကောင်းချီးမင်္ဂလာသတင်းကို (အို နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ ထိုသူတို့သည် မိမိတို့အပေါ်၌ ဘေးဥပဒ်အန္တရာယ်တစုံတရာ ဆိုက်ရောက်လာသောအခါ ဧကန်အမှန် အကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ အထံတော်သို့သာ ပြန်လည်သွားကြရမည့်သူများ ဖြစ်ကြပါသည်ဟု ဆိုလေ့ရှိကြကုန်၏။ "..... (စူရာဗကရဟ်)

ရှင်းလင်းချက်

အထက်ပါ အာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်က "ငါအရှင်သည် အသင်တို့၏ ခန္တီတရား၊ သည်းခံနိုင်သောစွမ်းအားကို စမ်းသပ်တော်မူမည်" ဟု မိန့်ကြားထားလေသည်း။ ထိုစမ်းသပ်မှုဟူသည် ဘက်ပေါင်းစုံမှဖြစ်ပေသည်။ တခါတရံ ရန်သူဖက်မှ ပျက်စီးဆုံးရှုံးအောင်ပြုမှုများ၊ တခါတရံ မိမိအားမနာလို ဆန့်ကျင်သည့်သူများဘက်မှ ပေးသည့် အခက်အခဲများ စသည်တို့ဖြင့် စမ်းသပ်တော်မူမည်ဖြစ်ပြီး တခါတရံ ဆင်းရဲကြပ်တည်းမှု၊ ပစ္စည်းဥစ္စာများ အိုးအိမ်များတွင် ဆုံးရှုံး ပျက်စီးမှုများဖြစ်ခြင်းတို့ဖြင့် စမ်းသပ်မှုပြုမည်ဖြစ်သည်။ ထို့အတူ လယ်ယာကိုင်းကျွန်းဥယျာဉ်များကို ပိုင်ဆိုင်သူ၊ စိုက်ပျိုးသူဖြစ်ပါကလည်း ယင်းအရာများတွင် သီးနှံထွက်နှုန်းနည်းပါးခြင်း၊ ယာခင်းများပျက်ဆီးခြင်း ပိုးမွှားများ ကျရောက်ခြင်းတို့ဖြင့် စစ်ဆေးမှုပြုမည်ဖြစ်သည်။ တခါတရံ ရောဂါဝေဒနာဖြစ်ပွားခြင်း၊ မိမိ၏ ဆွေမျိုးမိတ်သင်္ဂဟများ ကွယ်လွန်သေဆုံးခြင်း။ မိဘနှစ်ပါး၏ အရိပ်မေတ္တာ အေးရိပ်ဆာယာအား ရုပ်သိမ်းခံရခြင်း။ သားသမီးရတနာ ဆုံးပါးသွားခြင်း။ အစရှိသည့်ကိစ္စရပ်များဖြင့်လည်း စမ်းသပ်တော်မူပေမည်။ အကယ်၍ ဗန္ဒာဟ်လူသားအနေဖြင့် စမ်းသပ်ခြင်းဟူသော စာမေးပွဲတွင် အောင်မြင်မှုရရှိပါက အလ္လာဟ်အရှင်မြတ်သည် ထိုလူသားအား မိမိ၏ ရဟ်မသ် ကရုဏာတော်နှင့် ကောင်းချီးမင်္ဂလာအဖြာဖြာကို ဆုလာဘ်အဖြစ်ချီးမြှင့်တော်မူမည် ဖြစ်ပေသည်။

အထက်တွင်တင်ပြခဲ့သော စမ်းသပ်မှုများသည် လူသားအဖို့ စိတ်ထိခိုက်ဖွယ် ဒုက္ခပင်ဖြစ်သည်။ ထိုသို့စိတ်ထိခိုက်စရာ အခက်အခဲဒုက္ခနှင့် ရင်ဆိုင်လာရသည့်အခါ လူသားအနေဖြင့် ချက်ခြင်းလက်ငင်း ဘာလုပ်မည်နည်း။ ထိုဒုက္ခကို မည်သို့တုန့်ပြန်မည်နည်း။ ယင်းအတွက် နည်းလမ်းကို အထက်ပါအာယသ်တော်တွင် အချက် ၂ချက်ကိုပြုလုပ်ရန် ညွှန်ကြားထားပေသည်။

ပထမတစ်ချက်။ နှုတ်ဖြင့်ထွက်ဆိုခြင်း

နှုတ်လျှာမှ " အင်းန်နာ လိလ္လားဟိ ဝအင်းန်နာ အိလိုင်းဟိ ရာဂျိအူးန်" (ဒုအာအေ အိစ်သိရ်ဂျာအ်) ကို ရွတ်ဆိုပါ။ ထိုသို့ရွတ်ဆိုရခြင်း၏ အကြောင်းမှာ ဘေးဒုက္ခ စိတ်ထိခိုက်စရာများ တွေ့ကြုံရသောအချိန်တွင် ရှိုက်သွာန်အနေဖြင့် လူသားကို အကျိုးမရှိ အဓိပ္ပါယ်မဲ့သော စကားများနှင့် လုပ်ရပ်များတွင် အထူးနစ်မွန်း နေစေလိုပေသည်။ ထိုသို့ဖတ်လိုက်ခြင်းဖြင့် အကျိုးမဲ့သော စကားများပြောမိခြင်းမှလည်း ထိန်းသိမ်းမှုရရှိသွားမည်။ စဝါးဗ်ကုသိုလ်လည်း ရရှိမည်ဖြစ်ပြီး ရှိုက်သွာမိစ္ဆာကောင်းအားလည်း ယူကြုံးမရဖြစ်စေပေသည်။ အခြားသူများကလည်း မိမိဖတ်ရွတ်သည်ကို ကြားသိပြီး လိုက်ဖတ်ခဲ့ပါက မိမိအတွက် စဝါးဗ်ပင်ထပ်မံရရှိမည်ဖြစ်သည်။

ဒုတိယအချက်။ စိတ်နှလုံးသားနှင့် ဦးနှောက်တို့မှ ထားရှိရမည့်ခံယူချက်

ဤသို့ ခံယူချက်ထားရှိပါ။ ကျွန်ုပ်တို့အားလုံးသည် အလ္လာဟ်အရှင်မြတ်၏ ကျေးကျွန်များဖြစ်ကြပြီး ထိုအရှင်မြတ်၏ ပိုင်ဆိုင်မှုတွင်ရှိနေသည်။ အရှင်မြတ်သည် ကျွန်ုပ်တို့အားလုံး၏ ပိုင်ရှင်ဖြစ်သည်။ ပိုင်ရှင်ဖြစ်သူ၏ အခွင့်အရေးမှာ မိမိပိုင်ပစ္စည်းအား သဘောဆန္ဒအလျောက် သုံးစွဲနိုင်သည်။ ကျွန်ုပ်တို့လက်ဝယ်တွင် ထားလိုက ထားနိုင်ပြီး ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်ပေသည်။ ကျွန်ုပ်တို့၏ လက်ဝယ်တွင်ရှိနေပါက အရှင်၏ကျေးဇူးတော်ပင်ဖြစ်ပြီး ပြန်လည် ရုပ်သိမ်းခြင်းခံရပါကလည်း ကျွန်ုပ်တို့၏အာခိရသ်အတွက် စုဆောင်းထားမည့် အရာပင်ဖြစ်သည်။ သက်ရှိထင်ရှားဖြစ်ပါက ရိုဇီရိက္ခာ၏ တာဝန်သည် ထိုအရှင်၏တာဝန်ပင်ဖြစ်သည်။ သေဆုံးသွားသည်ဖြစ်ပါကလည်း အရာတိုင်းသည် ထိုအရှင့်ထံတော်သို့သာ ပြန်ကြရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ မူရင်းဌာနေအစစ်အမှန်သည် ကမ္ဘာလောကမဟုတ်။ အာခိရသ် တမလွန်သာလျှင်ဖြစ်သည်။ သို့ဆိုလျှင် ကျွန်ုပ်တို့အနေဖြင့် အကျိုးမဲ့စကားရပ်များ လုပ်ရပ်များဖြင့် အချိန်ကုန်မည့်အစား ကျရောက်လာသည့် ဒုက္ခမီးကို သည်းခံမှုရေဖြင့်ငြိမ်းသတ်ပြီး ဆွဗရ်ပြုကာ အရှင်ပြသထားသည့်နည်းစနစ်ကို ကျင့်သုံးခြင်းကသာလျှင် သာပို၍ ကောင်းမြတ်ပေသည်။

ဖြစ်ရပ်တစ်ခု

စုလိုင်မာန်နဗီ၏ ခေတ်သမယတွင် ဖြစ်သည်။ လူတစ်ယောက်သည် အသံလှပစွာအော်မြည်သော ငှက်ငယ်တစ်ကောင်ကို ဒီနာရ် တစ်ထောင်ပေး၍ ဝယ်ယူခဲ့ပြီး ကာလာကြာရှည်စွာ ၎င်းငှက်အော်မြည်သံဖြင့် စိတ်ကြည်နူးနေခဲ့သည်။ တစ်နေ့တွင် အခြားငှက်တစ်ကောင်သည် ငှက်လှောင်အိမ်နားကို ရောက်လာ၍ တစုံတရာပြောဆိုပြီး ထွက်ခွာသွားလိုက်သည်။ ထို့နေ့မှစ၍ ယင်းငှက်ငယ်လေး၏ အော်မြည်ခြင်းမှာလည်း ရပ်တန့်သွားလေတော့သည်။ ပိုင်ရှင်ဖြစ်သူသည် ငှက်မအော်ခြင်းကို စုလိုင်မာန်နဗီထံသို့ လာရောက်တိုင်တန်းလေသည်။ စုလိုင်မာန်(အလိုင်)က ငှက်ငယ်လေးအား မအော်မြည်ရခြင်း၏ အကြောင်းကို မေးမြန်းလေရာ ၎င်းက ဤသို့လျှောက်ထားသည်။ ကျွန်ုပ်သည် ထိုလူ၏ လှောင်အိမ်ထဲတွင် အပိတ်ခံထားရပြီး နေ့စဉ်နှင့်အမျှ ကျွန်ုပ်၏ ဆွေမျိုးမိတ်ဆွေသူငယ်ချင်းများကို သတိရတမ်းတပြီး ငိုကြွေးနေရပါသည်။ ယင်းငိုသံက ထိုလူသားအတွက် နှစ်သက်စရာဖြစ်နေခဲ့သည်။ အပြင်မှာလာသော မိတ်ဆွေငှက်က ပြောကြားသည်မှာ အသင်တိတ်ဆိတ်စွာပင်နေပါ။ အသင်ငိုနေသ၍ ထိုငိုသံသည် လူအဖို့နှစ်သက်စရာဖြစ်နေမည်။ ထို့အတွက်ကြောင့် ကျွန်ုပ်က ငိုယိုမြည်တမ်းနေခြင်းကို ရပ်တန့်လိုက်ခြင်းဖြစ်ပါသည်။ ဟဇရသ်စုလိုင်မာန်
(အလိုင်)သည် ငှက်ငယ်လေးအား လွှတ်ပေးလိုက်လေသည်။ ပြီးနောက်မိန့်ကြားသည်မှာ ငိုယိုမြည်တမ်းခြင်းသည် အချုပ်အနှောင်ထဲတွင်ရှိနေစေပြီး ထိုသို့ငိုနေခြင်းကို ရပ်တန့်လိုက်သောအခါ အလ္လာဟ်အရှင်မြတ်က လွတ်မြောက်မှု၏ လမ်းကို ဖွင့်ပေးတော်မူလိုက်ပေသည်။

ဒုအာအေအိစ်သိရ်ဂျအ် ဖတ်ခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများ

(၁)။ အွမ်မွလ်မုအ်မီနီးန်ဟဇရသ်အွမ်မေစလ်မာ(ရသွေ့)သခင်မက တမန်တော်မြတ်(ဆွ)၏ မိန့်ကြားချက်အား ဆင့်ပြန်သည်မှာ "အကြင်သူသည် ဒုက္ခရောက်သည့်အချိန် (မည်သည့်ဒုက္ခပင်မဆို ယုတ်စွအဆုံး မီးထွန်းရန် ဖယောင်းတိုင်ရှာမတွေ့လျှင်ပင်၊ သွားကြားထိုးတံပျောက်နေလျှင်ပင်)


 " အင်းန်နာ လိလ္လားဟိ ဝအင်းန်နာ အိလိုင်းဟိ ရာဂျိအူးန် အလ္လာဟွမ်းမ အဂျွရ်နီ ဖီးမုဆွီးဗသီ ဝအခ်လိဖ်လီ ခိုင်းရန် မင်န်ဟာ" ကိုရွတ်ဆိုပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအား အကျိုးစဝါးဗ်အားချီးမြှင့်မည့်အပြင် ဆုံးရှုံးသွားသည့်အရာထက် သာပိုကောင်းမွန်သောအရာကို ချီးမြှင့်မည်ဖြစ်သည်။

(၂)။ ဟဇရသ်ဟုစိုင်းန်ဗင်န်အလီ(ရသွေ့)ထံမှ ဤသို့ဆင့်ပြန်ချက်လာရှိသည်မှာ စိတ်သောက၊ ဘေးဒုက္ခ၊ စိတ်ညစ်စရာတို့ကို ခံစားထားရသောသူသည် ထိုအရာများကို သတိရသည့်အချိန်တိုင်း ဒုအာအေအိစ်သိရ်ဂျအ်ကို ဖတ်ရွတ်ခဲ့ပါမူ ဖတ်သည့်အကြိမ်တိုင်းတွင် ပထမဦးစွာထိုစိတ်သောကကို ခံစားရသည့်အချိန်က ဒုအာဖတ်၍ ရရှိသောအကျိုးစဝါးဗ်အတိုင်း ကျန်အကြိမ်များတွင်လည်း ချီးမြှင့်မည်ဖြစ်သည်။ 

(၃)။ ဟဇရသ်အဗူမူစာအရှ်အရီ(ရသွေ့)သခင်ထံမှ ဆင့်ပြန်ချက်လာရှိသည်။ တစ်ဦးတစ်ယောက်၏ သားသမီးသေဆုံးသွားသောအခါ အလ္လာဟ်အရှင်မြတ်က မာလိကွလ်မောဝ်သ်သေမင်းအား ဤသို့မေးမြန်းလေသည်။ အသင်သည် ငါ့ဗန္ဒာဟ်၏ အသည်းနှလုံးလေး၏ဝိဥာဉ်ကို နှုတ်သိမ်းခဲ့လေပြီ။ ငါအရှင်၏ ဗန္ဒာဟ်က ဘာများပြုမူပါသနည်း။ ထိုအခါသေမင်းဖရိရှ်သာက အိုလောကအပေါင်းကို စိုးပိုင်တော်မူသောအရှင် အရှင့်၏ဗန္ဒာဟ်သည် အရှင့်အား (ဟမ်ဒ်၊ စနာ) ချီးမွမ်းထောပနာပြုပါသည်။ ပြီးနောက် အင်းန်နာလိလ္လားဟ် ဖတ်ရွတ်ပါသည်ဟု လျှောက်တင်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ထိုသူ့အတွက် ဂျန္နသ်တွင် နန်းတော်တစ်ဆောင်ဆောက်လုပ်ပြီး ထိုနန်းတော်အား ဗိုင်သွလ်ဟမ်ဒ်ဟု အမည်ပေးရန် အမိန့်ပေးတော်မူပေသည်။

ဒုအာအေအိစ်သိရ်ဂျအ် ဖတ်ရွတ်ခိုင်းရခြင်း၏ ရည်ရွယ်ချက်

အလ်လာမဟ် အိဇ္ဇုဒ္ဒီးန္မုဟမၼဒ္ဗင္န္အဗ္ဒြစၥလာမ္က စိတ်သောကဖြစ်ရခြင်း ဘေးဒုက္ခရောက်ရခြင်းတို့နှင့် စပ်လျဉ်း၍ များစွာသောအကျိုးကျေးဇူးများနှင့် အမြော်အမြင်တို့ကို တင်ပြထားပေသည်။

(၁)။ ထိုသို့ဒုက္ခရောက်ခြင်းဖြင့် အရာရာသည် အလ္လာဟ်အရှင်မြတ်၏ စိုးပိုင်မှုတွင်ရှိခြင်း၊ မိမိအနေဖြင့် ဘာမှ စွမ်းဆောင်နိုင်မှု မရှိခြင်းတို့ကို ပို၍သဘောပေါက်နားလည်လာပေမည်။

(၂)။ ဒုက္ခ အခက်အခဲနှင့်ရင်ဆိုင်ရသောအခါ ထိုအရာတို့ကို အလ္လာဟ်သာလျှင် ပပျောက်မှုပေးနိုင်သည်ဟူသည့် ယုံကြည်ချက်သည် လူသားထံတွင်ကိန်းအောင်းလာပေသည်။ ထို့ကြောင့် တစုံတခုဖြစ်လျှင် အလ္လာဟ်ဖက်သို့သာ ပြန်လှည့်နိုင်သည့် အရည်အချင်းရရှိလာမည်။

(၃)။ မိမိရင်ဆိုင်ကြုံတွေ့လိုက်ရသော အခက်အခဲဒုက္ခ နိုင်ထက်စီးနင်းခံရခြင်းသည် အခြားသူတစ်ဦးတစ်ယောက်ကြောင့် ဖြစ်ပါကလည်း ထိုသူ့အား ခွင့်လွှတ်ပေးနိုင်သည့်အရည်အချင်းနှင့် ဆွဗရ်သည်းခံခြင်းတရားကို လက်ကိုင်ထားနိုင်သည့် အခွင့်အရေးကိုရရှိမည့်အပြင် အကျိုးစဝါးဗ်လည်း ထပ်မံရရှိမည်ဖြစ်သည်။ ခွင့်လွှတ်ခြင်းနှင့် သည်းခံခြင်းတို့သည် အလ္လာဟ်အရှင်မြတ် အလွန်ပင်နှစ်သက်တော်မူသောအရည်အချင်းများပင် ဖြစ်သည်။

(၄)။ စိတ်သောက အခက်အခဲနှင့် ဒုက္ခတို့ကြောင့် မိမိထံမှ ဂုနာဟ်ဆွဂီရာ(သေးငယ်သောအပြစ်)များ ပလပ်ချမ်းသာခွင့်ရရှိလေသည်။ ထိုအခက်အခဲတို့သည် မိမိထံတွင်ရှိသော မကောင်းမှုတို့၏ ကဖ္ဖါရာအစားပေးပင်ဖြစ်သည်။

(၅)။ မိမိအနေဖြင့် အခက်အခဲဒုက္ခများခံစားလာရပါက အခြားသူတို့အပေါ် နိုင်ထက်စီးနင်းပြုခြင်းနှင့် မာနထောင်လွှားခြင်းတို့မှ စိတ်နှလုံးသားကို ထိန်းသိမ်းနိုင်စွမ်းရရှိလာမည်။

(၆)။ အခက်အခဲများကြုံတွေ့လာရခြင်းကြောင့် လူသားအနေဖြင့် ခံနိုင်ရည်စွမ်းအားရှိလာမည်။ တည်ငြိမ်လာမည်။ ထိုအခက်အခဲများမရှိပါက စိတ်တည်ငြိမ်မှု၏ အရသာကိုလည်း ရရှိခံစားနိုင်မည်မဟုတ်ပေ။

နိဂုံး

လူတိုင်းသည် စမ်းသပ်မှုတစ်မျိုးမျိုးတွင် နစ်မွန်းနေကြရပေသည်။ အချို့သူများကို ရှုကုရ်ပြုနိုင်စွမ်းနှင့်ပတ်သက်၍ စမ်းသပ်တော်မူပြီး များစွာသောသူများကိုမူ ဆွဗရ်လုပ်နိုင်သည့်အရည်အချင်းအား စမ်းသပ်တော်မူပေသည်။ သို့သော် ဗန္ဒာဟ်အနေဖြင့် အရှင်မြတ်ထံမှ ဤသို့ဒုအာတောင်းဆုပြုနေရမည်။ အိုအရှင် ကျွန်တော်မျိုးအား စမ်းသပ်စစ်ဆေးမှုများမှ လွတ်မြောက်မှု ချီးမြှင့်တော်မူပါ။ အာမီးန်

အခြားတဖက်တွင်လည်း ဤသို့ခံယူချက်ထားရှိရမည်။ မိမိအတွက် ထိုစမ်းသပ်မှုတွင် အကျိုးကျေးဇူးများစွာရှိသည်။ ဆရာဝန်၊ သမားတော်တို့သည် ရောဂါသည်၏ ရောဂါပျောက်ကင်းဖို့ရန်အတွက် များစွာသော အရသာရှိသည့်အရာများကို သုံးဆောင်ခြင်းမှာ တားမြစ်လိုက်သည်။ ပြုစုသူများကလည်း မကျန်းမာသူရောဂါသည်က ဆန္ဒရှိနေသော်လည်း ၎င်းအတွက် ဒုက္ခရောက်နိုင်သည့်အရာများကို သုံးစွဲပေးခြင်း မပြုကြချေ။ ထိုအတိုင်းပင် လူသားအားလုံး၏ သမားတော်ဖြစ်တော်မူသော အလ္လာဟ်အရှင်က ကျွန်ုပ်တို့၏ အကျိုးအတွက်ပင် အချို့အရာများကို လက်မဲ့ဖြစ်စေတော်မူလိုက်ခြင်းပင်ဖြစ်သည်။ ထိုသို့ အရှင်မြတ်က လက်မဲ့ဖြစ် ရုပ်သိမ်းမှုကို ခံနိုင်ရည်ရှိပြီး မည်သည့်စောဒကမျှ မတတ်ခြင်းကပင် အမိန့်နာခံခြင်းနှင့် အရှင့်၏သဘောတူနှစ်မြို့မှုကို ရယူခြင်း ဟုခေါ်ဆိုပေသည်။

အခက်အခဲ၊ စိတ်ညစ်စရာများ၊ ဘေးဒုက္ခ၊ သောကမျိုးစုံတို့ကို လူတို့ထံတွင် တင်ပြပြောဆို အသနားခံနေမည့်အစား အရာရာကို ဖန်ဆင်းစိုးပိုင် နိုင်နင်းတော်မူသော အရှင်မြတ်ထံတော်တွင်သာ ငိုယိုအသနားခံ တင်ပြပြောဆိုပြီး နမားဇ်ဖတ်၊ ဇိကိရ်ပြုပြီး ဒုအာတောင်းခံခြင်းကသာ သာပိုမွန်မြတ်၍ အခက်အခဲပြေလည်ရန် အထိရောက်ဆုံးသော နည်းစနစ်လည်းဖြစ်ပေသည်။

ထို့ပြင် အာယသ်တော်၌ ဖော်ပြထားသည့် ဒုအာအေအိစ်သိရ်ဂျအ် ခေါ် " အင်းန်နာ လိလ္လားဟိ ဝအင်းန်နာ အိလိုင်းဟိ ရာဂျိအူးန်" အားနှုတ်မှ တဖွဖွရွတ်ဆိုနေခြင်းသည် စမ်းသပ်ခံရသောဗန္ဒာဟ်အဖို့ အကောင်းဆုံးသောအောင်မြင်မှုကို ရရှိပိုင်ဆိုင်နိုင်သည့် လက်နက်ပင်ဖြစ်သည်။ ထိုသို့ရွတ်ဆိုသူအဖို့ လောကီ၊ တမလွန် နှစ်ဌာနအတွက် သတင်းကောင်းများလည်း ရှိသလို လောကီ၌လည်း ချက်ခြင်းလက်ငင်းပင် သာပိုကောင်းမွန်သော ရလဒ်အား ချီးမြှင့်ခံရမည်ဟုလည်း သတင်းကောင်းပေးထားပေသည်။
ထို့ကြောင့် အနည်းငယ်လေးပင်မဆို စိတ်သောက ဖြစ်ခဲ့ရပါက အရှင်ချီးမြှင့်ထားသည့် ဒုအာကိုရွတ်ဆိုပြီး မိမိ၏ ခံစားချက်အား အရှင့်ဖက်မှ လွယ်ကူမှုပေးပါရန် ဒုအာတောင်းဆုပြုရပေမည်။


Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။