Friday, February 14, 2014

ဂျန္နသ်တွင် ရစူလ်ကိုယ်တော်နှင့် နီးကပ်စွာနေလိုလျှင် နမားဇ်များစွာဖတ်ခြင်းဖြင့် ရရှိနိုင်

ရဗီအဟ်(ရသွေ့) သခင်က မိန့်တော်မူသည်။ ကျွန်ုပ်သည် ရစူလွလ္လာဟ်(ဆွ)ကိုယ်တော်၏ထံ၌ ညတွင် ခစားနေထိုင်သည်။ တဟတ်ဂျွဒ်အတွက် ဝိုဇူရေနှင့် အခြားလိုအပ်သော ဥပမာ- တံပူ၊ မိုဆွလ္လာအခင်း စသည်တို့ကို ထားပေးသည်။

ရစူလ်ကိုယ်တော်သည် ကျွန်ုပ်၏လုပ်ကိုင်ပေးမှုကို နှစ်သက်တော်မူပြီးလိုချင်သည်ကို တောင်းကုန်ဟုမိန့်တော်မူသည်။ ယာ ရစူလလ္လာဟ် ဂျန္နသ်တွင် ကိုယ်တော်နှင့် နီးကပ်စွာနေလိုပါသည်ဟု ကျွန်ုပ်ကလျှောက်သည်။ ရစူလ်ကိုယ်တော်က အခြားအရာလိုချင်ပါသေးသလားဟုမေးရာ ဤအချက်ပင် လိုလားပါသည်ဟု လျှောက်သဖြင့်မိန့်တော်မူသည်မှာ ကောင်းပြီ စစ်ဂ်ျဒဟ်များစွာဖြင့် ငါရစူလ်အားကူညီကုန်။ (အဘူဒါဝူးဒ်ကျမ်း)

ဤအမိန့်တော်မြတ်တွင် ဒိုအာဖြင့်ပင် တင်းတိမ်ကျေနပ်မနေရန် သတိပေးထားတော်မူသည်သာမက တောင်းဆိုမှုနှင့် အမလ်လည်းလိုအပ်ပေသည်။ အမလ်များတွင် အမြင့်မြတ်ဆုံးသည် နမားဇ်ဖြစ်သည်။ နမားဇ်များစွာဖတ်လေလေ စစ်ဂ်ျဒဟ်များစွာရမည်ဖြစ်ပေသည်။
မည်သည့်ပီးရ် မည်သည့်သူတော်ကောင်းကို ဒိုအာပြုခိုင်းမည်ဟူသည့်အတွေးဖြင့်  လက်ပိုက်ထိုင်နေသူများသည် လွန်စွာပင်မှားယွင်းလမ်းချော်နေကြသည်။

မြင့်မြတ်တော်မူသောအလ္လာဟ်အရှင်မြတ်က လောကဒွန္နယာကို ကိရိယာများဖြင့် ဆက်တွဲထားတော်မူသည်။ ၎င်းဆက်တွဲမှုကိရိယာမပါဘဲနှင့်လည်း စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်ပေသည်။ ကွဒ်ရသ်စွမ်းဆောင်နိုင်မှုကို ပြသရန်အတွက်လည်း တစ်ခါတစ်ရံ လုံးဝ လွတ်ငြိမ်းချမ်းသာမှုများပေးတတ်တော်မူသည်။ သို့သော် အများအားဖြင့်လောကကို လုပ်ဆောင်မှု ကိရိယာဖြင့်သာဒွန်တွဲထားသည်။

အံ့သြဘွယ်ရာအချက်မှာ ကျွန်ုပ်တို့သည် လောက၏ လုပ်ငန်းဆောင်တာများတွင် တပ်က်ဒီးရ် ၎င်းဒိုအာအပေါ်ယုံပုံပြီး ဘယ်သောအခါမှထိုင်မနေကြ ကြိုးစားရုန်းကန်လုပ်ဆောင်အားထုတ်ကြသည်၊ သို့သော် ဘာသာရေးရာများ၌ တပ်က်ဒီးရ်နှင့် ဒိုအာကိုအလယ်၌ဆွဲသွင်းကြသည်။

အရှင့်အချစ်တော် သူတော်စင်များ၏ဒိုအာသည် အရေးကြီးသည်မှာမှန်သည်။ သို့သော် ရစူလွလ္လာဟ် (ဆွ) ကိုယ်တော်၏အမိန့်တော် စစ်ဂ်ျဒဟ်များစွာဖြင့် ငါရစူလ်၏ဒိုအာကို ကူညီကုန်ဟူသည်ကို မေ့မထားသင့်ကြပေ။
နမားဇ်သည်လည်း တစ်ဖက်မှပြန်ကြည့်လျှင် ဒိုအာပင်ဖြစ်သည်။ အကောင်းဆုံးသော ဒုအာဟူ ခေါ်ဆိုနိုင်ပေသည်။ နမားဇ်သည် အိဗာဒသ်အပေါင်းတို့၏ မိခင်ပင်ဖြစ်သည်။ အီမာန်ရှင်အနေဖြင့် အတတ်နိုင်ဆုံး နမာဇ်ငါးကြိမ်ကို စွဲမြဲစွာဖတ်နိုင်ရန် ကြိုးစားနေရမည်ပင်ဖြစ်သည်။

(အလ်မုဖီးဒ်)


(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင်ပြန်လည်ဖတ်ရှုရန်သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။