Thursday, February 13, 2014

အမြဲတောင်းခံနေရမည့် တောင်းဆုတော်


ရဗ္ဗနာ အားသေနာ ဖိဒ်ဒွန္နယာ ဟစနသောင် ဝဖိလ်အာခိရသေ ဟစနသောင် ဝကေနာအဇာဗန္နားရ်

အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤလောကီဘဝ၌လည်း ကောင်းကျိုးချမ်းသာ ပေးသနားတော်မူပါ။ ထိုနည်းတူစွာ အာခိရသ်၌လည်း ကောင်းကျိုးချမ်းသာ ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ငရဲမီး၏အပြစ်ဒဏ်မှလည်း ကယ်ပါ။ (ကုရ်အာန်၊ ၂း၂၀၁)

အထက်ပါ အာယသ်တော်နှင့်စပ်လျဉ်း၍ ဆွဟာဗဟ်(ရသွေ့)များနှင့် သာဗီအီန်ပညာရှင်(ရဟ) များ၏ ဖွင့်ဆိုချက် အလိုသဘောမှာ အောက်ပါတိုင်းဖြစ်ပေသည်။

(က) ဟဇရသ် ကသာဒဟ်(ရသွေ့)က လောကီဘဝ၌ ကောင်းကျိုးချမ်းသာပေးသနားတော်မူပါ ဟု ဆိုခြင်းမှာ ကျန်းမာမှုနှင့် လုံလောက်ရုံမျှစားနပ်ရိက္ခာရရှိရေးကို မိန့်ဆိုသည်။

(ခ) ဟဇရသ်အလီ (ရသွေ့) က ရိုးသားဖြောင့်မတ်သောဇနီးကို မိန့်ဆိုသည်။

(ဂ) ဟစန်ဗဆွရီ (ရဟ) က အသိပညာနှင့် အိဗာဒသ်ဝတ်ပြုမှုကို မိန့်ဆိုသည်။

(ဃ) စွဒ် (ရဟ) က သန့်ရှင်းစင်ကြယ်သော ဥစ္စပစ္စည်းကို မိန့်ဆိုသည်။

(င) ဟဇရသ်အိဗ်နေအုမရ်(ရသွေ့)က လိမ္မာရေးခြားရှိသော သားသမီးရတနာနှင့် လူအများ၏ချီးမွမ်းမှုကို ဆိုလိုသည်ဟု မိန့်သည်။

(စ) ဟဇရသ်ဂျအ်ဖရ် (ရသွေ့ )က ကျန်းမာခြင်း၊ စားနပ်ရိက္ခာလုံလောက်စွာရရှိခြင်း၊ ကျမ်းတော်မြတ်ကုရ်အာန်၏ အနက်အဓိပ္ပါယ်ကို နားလည်ခြင်း၊ ရန်သူများအား အောင်နိုင်ခြင်း၊ သူတော်စင်များနှင့် အတူတကွနေထိုင်ခြင်းကို ဆိုလိုသည်။

ဟဇရသ်ရှိုက်ခ်မော်လာနာဇကရီယာ(ရဟ)၏ ယူဆချက်မှာ ဒွန္နယာရေး၌ တိုးတက်ခြင်းဟု ယူဆနိုင်ဖွယ်ရှိသော်လည်း ဤအာယသ်တော်အရ ဆုတောင်းဒိုအာပြုရန်သာလာရှိ၏။ ဒွန္နယာအကျိုးကို ရှာဖွေရာ၌ နစ်မွန်းရန်အလျဉ်းမပါရှိပေ။ မိမိစီးနေသောဖိနပ်ပျက်စီးသွားသည်ကိုပင် အလ္လာဟ်အရှင်မြတ် ထံတော်၌ အသနားခံတောင်းခံလျှောက်ထားခြင်းသည်လည်း ဒီးန်သာသနာပင်ဖြစ်ပေသည်။

ဒွန္နယာအကျိုးကို ရှာဖွေဆည်းပူးခြင်းမပြုရန် မည်သူကမျှ တားမြစ်ခြင်းမပြုပေ။ မုချရှာဖွေကြ၊ အားတက်သရောရှာဖွေကြဟူ၍သာ တိုက်တွန်းကြသည်။ ကျွန်ုပ်တို့သည် ဒွန္နယာရေးကို စွန့်လွှတ်ထားရန်ကို မရည်ရွယ်ကြ။ သို့သော် လိုအပ်သည်မှာ ဒွန္နယာနှင့်အာခိရသ် ဒွန်တွဲလျက်ရှိသည်ဟု ယူဆကြသည်နှင့်အညီ အာခိရသ်ရေးကို ဒွန္နယာရေးထက်ပိုမို၍ ကြိုးပမ်းဆောင်ရွက်ခြင်းမပြုကြသည့်တိုင်အောင် အနိမ့်ဆုံးအဆင့်အနေဖြင့် အာခိရသ်ရေးကို လောကီရေးနှင့်တန်းတူထား၍ ကြိုးပမ်းစေလိုပေသည်။ အာမီးန်။


အလ်မုဖီးဒ်