Thursday, February 27, 2014

မျက်မှောက်ခေတ် သန္ဓေတားနည်းနှင့်စပ်လျဉ်း၍မေးမြန်းချက်နှင့် ဖြေကြားချက်

မေး။ ယနေ့မျက်မှောက်ခေတ်၌ ဇနီးမောင်နှံတို့ အသုံးပြုလေ့ရှိသော သားဆက်ခြားခြင်း၊ သန္ဓေတားခြင်းနည်းလမ်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) အချို့သူတို့သည် ကလေးနှစ်ယောက် သုံးယောက်သာယူကြပြီး ဇနီး၏သဘောတူ၊ ကျေနပ်မှုကို ရယူကာ သားကြောဖြတ်လိုက်ကြသည်။ သားအိမ်ထုတ်ပစ်လိုက်ကြသည်။ ထိုသို့ပြုလုပ်မှုကြောင့် လုံးဝ ကလေးမရနိုင်တော့ပါ။

(၂) အချို့သူတို့မှာ သားအိမ်အသွင်းသို့ မျိုးဥ(Ova) များဝင်ရောက်သော ပြွန်ချောင်းကို အကြောထုံး ချည်နှောင်လိုက်သော နည်းစနစ်ကို အသုံးပြုကြသည်။ ဤသို့ပြုလုပ်ခြင်းကြောင့် အမျိုးသမီးသည် ဓမ္မတာပုံမှန်လာသည့်အပြင် ဖိုမဆက်ဆံလိုသောဆန္ဒတွင်လည်း တစ်စုံတစ်ရာ ပြောင်းလဲခြင်း
(လျှော့နည်းခြင်း) မဖြစ်ပါ။

(၃) အချို့သူတို့သည် (Condom) အစွပ်ကို အသုံးပြုကြသည်။

(၄) အချို့သူတို့မှာ သန္ဓေတားဆေးများကို သုံးစွဲကြသည်။

ယခုမေးမြန်းလိုသည်မှာ-အကယ်၍တစ်ဦးတစ်ယောက်သည် ကလေးများမွေးဖွားခြင်းကြောင့် သားသမီးပြုစုပျိုးထောင်ရေးတွင် မိဘတို့ဝတ္တရားရှိသည့်အတိုင်း စနစ်တကျ မပြုစု မပျိုးထောင်ပေးနိုင်မည်ကိုစိုးရိမ်၍ ဒုတိယပုံစံကို ရွေးချယ်ကာ ကလေးအနည်းငယ်သာ ရယူခြင်းနှင့်စပ်လျဉ်း၍ ရှရီအသ်တရားတော်အရ မည်သို့ရှိသည်ကို ဖော်ပြပေးပါရန်နှင့် ဖော်ပြပါ ပုံစံများအားလုံးနှင့် စပ်လျဉ်း၍လည်း ရှရီအသ်ရှုထောင့်မှ အထောက်အထားများဖြင့် အကျယ်တဝန့် ဖော်ပြပေးပါ။

ဖြေ။ ။ BIRTH CONTROL သားဖွားမှုထိန်းချုပ်ခြင်း၌ အဓိကအားဖြင့် ပုံစံနှစ်မျိုးရှိသည်။

၁။ သားကြောဖြတ်ခြင်း
၂။ သန္ဓေတား ခြင်းဖြစ်သည်။
Birth control ၏စနစ်သစ်များအနက် မည်သည့်စနစ်ပင်ဖြစ်စေ အထက်ပါပုံစံနှစ်မျိုးအနက် တစ်မျိုးမျိုး၌သာ အကျုံးဝင်မည်သာဖြစ်သည်။
အမျိုးသား၊ အမျိုးသမီးနှစ်ဦးအနက် တစ်ဦးဦး၏မျိုးပွားပေးနိုင်သော အစိတ်အပိုင်းကို အတွင်းပိုင်းဆိုင်ရာ
(သို့) အပြင်ပိုင်းဆိုင်ရာ နည်းတစ်မျိုးမျိုးဖြင့် ပြောင်းလဲပစ်ခြင်းကြောင့် ရာသက်ပန်သားမဖွား (ကလေးမရ) နိုင်တော့ခြင်း။ ရာသက်ပန် သားမဖွားနိုင်ရန် ပြုလုပ်သည့် ကျော်ကြားသော နည်းလမ်းပုံစံများမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) သားကြောဖြတ်ခြင်း

(VASEC TOMY) သုက်ပိုးလွှတ်သည့် သန္ဓေတည်စေသောအကြောများကို နှစ်ဖက် (သို့) တစ်ဖက်မှ ဖြတ်တောက်၍ ထုံးထားလိုက်ခြင်းဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းကြောင့် သုက်ပိုး+မ၊ မျိုးဥများမထွက်တော့ပါ။

(၂) အကြောထုံးခြင်း

ဤပုံစံ၌ သုက်ပိုးများထုတ်လွှတ်သော အကြောများကို ဖြတ်တောက်ခြင်းမပြုဘဲ ထုံးပစ်လိုက်ခြင်းဖြစ်သည်။ ဤသို့ဖြင့် သုက်ပိုးမထွက်နိုင်တော့ပါ။

(၃) သားအိမ်ဖြတ်ထုတ်ခြင်း(HYSTER ECTOMY)

ဤပုံစံ၌ အမျိုးသမီး၏သားအိမ်ကို ဖြတ်တောက်၍ ဝမ်းဗိုက်အပြင်သို့ ထုတ်ပစ်လိုက်ခြင်းဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းကြောင့် သားမဖွားနိုင်တော့ပါ။

ဤပုံစံသုံးမျိုးစလုံးသည် (အလွန်အရေးကြီးသော ခြွင်းချက်မှတစ်ပါး) ရှရီအသ်တရားတော်အရပြုလုပ်ခွင့်မရှိပါ။ သို့သော် ဒုတိယ ပုံစံဖြစ်သော အကြောထုံးခြင်းနှင့်စပ်လျဉ်း၍ အချို့ပညာရှင် (သုတေသီ)များက ဤပုံစံသည် ယာယီသန္ဓေတားထားခြင်းဖြစ်သည့်အတွက်
(ခြွင်းချက်ရှိက) ပြုလုပ်ခွင့်ရှိသည်ဟု ဆိုကြသည်။ သို့ရာတွင် ဤပုံစံသည် သန္ဓေတားခြင်းအတွက် ဖြစ်နိုင်ချေရှိသောနည်းလမ်းတစ်ရပ်သာဖြစ်သည်။ လုံးဝစိတ်ချရသော နည်းလမ်းတစ်ခုမဟုတ်။ ဤနည်းလမ်းကို အသုံးပြုခြင်းဖြင့် အမြုံဖြစ်စေတတ်သည်။ အကယ်၍ ကာလကြာရှည်စွာ သားကြောထုံးထားလိုက်လျှင် အမျိုးသမီးသည် အမြုံဖြစ်သွားနိုင်သည်ဟု ဆေးပညာရှင်တို့က မိန့်ဆိုကြသည်။

အထက်ဖေါ်ပြပါ နည်းပုံစံများ အသုံးပြုခွင့်မရှိသည့် အကြောင်းမှာ ယင်းကဲ့သို့ပြုခြင်းကြောင့် လုံးဝ ကလေးမရသည့် အခြေအနေသို့ ရောက်သွားခြင်းကြောင့်ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းသည် ဝှေးသင်းခြင်း
(သင်းကွပ်ခြင်း)နှင့် သဘောတရားတူသည်။

ဖော်ပြပါနည်းများသည် မျက်မှောက်ခေတ်၌ကျော်ကြားသော နည်းလမ်းပုံစံများဖြစ်သည်။ နှောင်းခေတ်၏ ကျော်ကြားသောနည်းစနစ် (အသုံးပြုလေ့ရှိခဲ့သောနည်းစနစ်) မှာ ဝှေးသင်း၍ (သင်းကွပ်၍) သားဖွားနိုင်စွမ်းအားကို ဖျက်ဆီးပစ်ခြင်းပင် ဖြစ်သည်။

ဟဒီးစ်တော်တွင် ဤသည်နှင့်စပ်လျဉ်း၍ တမန်တော်မြတ်(ဆွ)ထံ လျှောက်ထားမေးမြန်းရာတွင် တမန်တော်မြတ်(ဆွ)က...."ဤကဲ့သို့ပြုလုပ်ခြင်း ဟရာမ်ဖြစ်သည်" ဟုဖြေကြားကာ ပြင်းထန်စွာ တားမြစ်တော်မူခဲ့သည်။
အီမာမ်ဗုခါရီက ဗုခါရီကျမ်း၏ (ဗာဗုမာယုက်ရဟု မိနသ်သဗသ်သုလ်ဝလ်ခိစွာအ်) အခန်း၌ ဤသည်နှင့်စပ်လျဉ်း၍ ဖော်ပြထားသည်။
အိဗ်နေမတ်စ်အူးဒ် (ရသွေ့) ကပြောပြခဲ့သည်။ ကျွန်ုပ်တို့သည် တမန်တော်မြတ်(ဆွ)နှင့်အတူ ဂျိဟားဒ်၌ ပါဝင်ခဲ့သည်။ လူငယ်များဖြစ်သည့်အတွက် ဖို၊ မဆက်ဆံလိုစိတ်က နိုးဆွနေသည်။ ဤအတွက်ကြောင့် ကျွန်ုပ်တို့သည် တမန်တော်မြတ်(ဆွ)ထံတော်၌ ရာဂစိတ်လုံးဝပျောက်သွားစေရန်အတွက် သင်းကွပ်ခွင့် တောင်းခံသည်။ သို့မှသာကျွန်ုပ်တို့သည် ဂျိဟားဒ်၌ တစ်စိတ်တစ်လက် အားကြိုးမာန်တက် ကြိုးပမ်းနိုင်မည်ဖြစ်သည်။ တမန်တော်မြတ်(ဆွ)သည် ကျွန်ုပ်တို့အား တားမြစ်တော်မူပြီး ထိုကဲ့သို့ပြုလုပ်ခြင်းဟရာမ်ဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ အာယသ်တော်ကို ကိုးကား၍ မိန့်ဆိုခဲ့သည်။
အာယသ်


ဆွဟီးဟ်ဗုခါရီကျမ်း၊တွဲ-၂၊ စာ-၇၀၉

မျက်မှောက်ခေတ်၏ ကျော်ကြားသောပုံစံများအတွက် ဝှေးသင်းခြင်းနှင့်စပ်လျဉ်းသော အကြောင်းအရာမှာ ထင်ရှားသောနမူနာပင်ဖြစ်သည်။

ထို့ကြောင့် ဝှေးသင်းခြင်း၌ ဖိုမဆက်ဆံလိုစိတ် ကုန်ခမ်းစေသကဲ့သို့ မျက်မှောက်ခေတ်၏ နည်းပုံစံများတွင်လည်း ယင်းစွမ်းအင်ကိုကုန်ခမ်းစေခြင်းဖြစ်လျှင် ဝှေးသင်းခြင်း ဟရာမ်ဖြစ်သကဲ့သို့ အထက်ဖော်ပြပါ ပုံစံအားလုံးသည်လည်း ဟရာမ်ဖြစ်၏။

ဟဇ်ရသ် ရှားဟ်ဝလီယုလ္လာဟ်သခင်က ဤသို့မိန့်ဆိုခဲ့သည်။

မျိုးဆက်ပြန့်ပွားခြင်း၏ အဓိကအကြောင်းတစ်ရပ်မှာ ဖိုမဆက်ဆံလိုစိတ်ဖြစ်သည်။ ကလေးယူရန်အတွက် လူသားအပေါ်၌ မလွန်ဆန်နိုင်သော ဗီဇအဖြစ် လွှမ်းမိုးထားသည်။ လိင်တူ ဆက်ဆံခြင်း၊ အမျိုးသမီးနှင့် သဘာဝနှင့် ဆန့်ကျင်သော နည်းပုံစံဖြင့် ကာမစိတ် ဖြေဖျော်ခြင်းသည် အလ္လာဟ်ဖန်ဆင်းမှုကို ပြောင်းလဲပစ်ခြင်းဖြစ်၏။ အလ္လာဟ်အရှင်မြတ်၏ ရည်ရွယ်ချက် (မျိုးဆက်ပြန့်ပွားရေး) အတိုင်းဆောင်ရွက်ခြင်းမှ ရှောင်လွှဲခြင်းဖြစ်သည်။ သားကြောဖြတ်ခြင်း၊ ကာမအားကို ကုန်ခမ်းသွားစေသော ဆေးဝါးများသုံးစွဲခြင်းနှင့် အိမ်ထောင်မပြုဘဲ တစ်ကိုယ်တည်းနေသည့် အစဉ်အလာများ ဖြစ်ပေါ်စေခြင်းသည်လည်း အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းမှုကို ပြောင်းလဲစေခြင်းနှင့် မျိုးဆက်ပြန့်ပွားရေး ရည်ရွယ်ချက်ကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။

ဟာဖိဇ်အိဗ်နေ့ဟဂျရ်(ရဟ)က ဝှေးသင်းခြင်းကိုသာမက မျိုးပွားပေးနိုင်သည့် စွမ်းအင်ကို ကုန်ခမ်းစေသော ဆေးဝါးများသုံးစွဲခြင်းကိုလည်း ပညာရှင်များက ဟရာမ်ဟု သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။

ဆွဟီးဟ်ဗုခါရီကျမ်းတွင် ဤသို့ပါရှိသည်။ ဟဇ်ရသ် အဗူဟုရိုင်ရဟ်(ရသွီ) သခင်က ဆင်းရဲနွမ်းပါးမှုကြောင့် တမန်တော်မြတ်(ဆွ)ထံ ဖိုမဆက်ဆံလိုစိတ် ကုန်ခမ်းသွားစေရန် ဝှေးသင်းခွင့်တောင်းခံရာ တမန်တော်မြတ်(ဆွ)က၎င်းအား ပြင်းထန်စွာ တားမြစ်တော်မူခဲ့သည်။
(ဆွဟီးဟ်ဗုခါရီကျမ်း အတွဲ ၂၊ စာ၇၂ )
ဤသည်ဖြင့် အမြဲထာဝရအတွက် ဖိုမဆက်ဆံလိုစိတ် ကုန်ခမ်းသွားစေရန် နည်းပုံစံတစ်ခုခုကို ရွေးချယ်ခြင်းနှင့် မျိုးပွားစေသောစွမ်းအင် ကုန်ခမ်းစေခြင်းသည် လုံးဝဟရာမ်ဖြစ်ကြောင်း သိရသည်။
(ဤသို့လုပ်ဆောင်စေခြင်း၌ မည်သည့် လောကီအကျိုးရှိစေကာမူ ဟရာမ်ဖြစ်၏။ )

၂။ သန္ဓေတားခြင်း

သားဖွားမှုကို ထိန်းချုပ်သော ဒုတိယပုံစံမှာ သန္ဓေတား ခြင်းဖြစ်သည်။ ယင်းသို့ပြုလုပ်ခြင်း၏ ရလာဒ်မှာ အမျိုးသားနှင့် အမျိုးသမီးတို့၌ သားဖွားပေးနိုင်သောစွမ်းအား မကုန်သွားဘဲ ယာယီကာလအတွက် သန္ဓေမတည်စေရန် ခန္ဓာကိုယ်၏အတွင်း(သို့) အပြင်၏ အစိတ်အပိုင်းတွင် တစ်စုံတစ်ရာ ပြုလုပ်ပြောင်းလဲခြင်းဖြစ်သည်။
မျက်မှောက်ခေတ်၌ ရေပန်းစားနေသော သန္ဓေတားနည်းများအားလုံးမှာ သားဖွားစွမ်းအားကို မကုန်ခမ်းစေဘဲ သန္ဓေတည်ခြင်းကို တားဆီးထားသောပုံစံ၌ အကြုံးဝင်သည်။

ယင်းပုံစံများအနက် ကျော်ကြားသော အချို့ပုံစံများမှာ အောက်ပါအတိုင်းဖြစ်၏။

(CONDOM)(အစွပ်)ကို အသုံးပြုခြင်း။
သန္ဓေတားဆေးဝါးများကို သုံးစွဲခြင်း။

သန္ဓေတားဆေးထိုးခြင်း။

လိမ်းဆေးများသုံးစွဲခြင်း။

ရေပန်းဖြင့် သားအိမ်ဆေးကြောခြင်း။

သားအိမ်ဝကို ပိတ်ခြင်း။ ဥပမာ (COIL) ကွိုင်စသည်တို့ကို သုံးစွဲခြင်း။

နှောင်းခေတ်များ၌ သန္ဓေတားခြင်း၏ ကျော်ကြားသောပုံစံမှာ အဇ်လ်(WITHDRAWL) ဖြစ်သည်။

အဇ်လ်(WITHDRAWL)

သားအိမ်အတွင်းသို့ သုက်ပိုးများမဝင်ရောက်စေသော နည်းလမ်းဖြစ်သည်။ အမျိုးသားက ထိုကဲ့သို့ပုံစံတစ်ခုခုအား ရွေးချယ်ပြုလုပ်ခြင်း။ (သို့) အမျိုးသမီးက သားအိမ်ဝကိုပိတ်ရန် နည်းလမ်းတစ်ခုခုကို ကြံစည်ပြုလုပ်ခြင်းမျိုးဖြစ်သည်။
(ဤနည်းပုံစံတစ်ခုသည် နှောင်းခေတ်၌လည်း ကျော်ကြားခဲ့သည်။)

ဤသည်နှင့်စပ်လျဉ်း၍ မေးခွန်းများကို တမန်တော်မြတ်(ဆွ)၏ ဖြေကြားချက်များ၌ အတိအလင်းတားမြစ်ခဲ့သည်လည်း မရှိသကဲ့သို့ အထင်အရှားခွင့်ပြုထားသည်ကိုလည်း မတွေ့ရှိရပါ။

သို့ရာတွင် ယင်းသို့ပြုလုပ်ခြင်းအား တမန်တော်မြတ်(ဆွ) မနှစ်သက်ကြောင်း ထင်ရှားသည်။ ဤအတွက်ကြောင့် အစ္စလာမ့်ဥပဒေပညာရှင်များထံ၌ အကွဲအလွဲရှိခဲ့သည်။ အချို့ကလုံးဝမပြုပိုင်ဟု အတည်ပြုခဲ့ ကြသည်။အချို့ကမူ ဤသို့ပြုလုပ်ခြင်းသည် နှစ်သက်ဖွယ်ရာ မကောင်းသော လုပ်ရပ်ဖြစ်သော်လည်း မဖြစ်မနေ လိုအပ်သောအခြေအနေမျိုးတွင် ပြုလုပ်ခွင့်ရှိသည်ဟု ဆိုကြသည်။
သို့ရာတွင် မကောင်းသောရည်ရွယ်ချက်ဖြင့် ပြုလုပ်မည်ဆိုပါက ပြုလုပ်ခွင့်မရှိ။(ပြုလုပ်ခြင်းမပိုင်)
ဆွဟာဗာဟ်များနှင့် သာဗိအီးန်တို့၏ အုပ်စုကြီးတစ်ခု၏ ရပ်တည်ချက်မှာ ဤသို့ပြုလုပ်ခြင်း မက္က်ရူဟ်ဖြစ်သည်ဟူ၍ ဖြစ်သည်။
အလ္လာဟ်မဟ်ဗဒ်ရုဒ်ဒီးန်အိုင်နီး(ရဟ)က ဤသို့ပြုလုပ်ခြင်းမှာ မက္ကရူဟ်ဖြစ်ကြောင်း ခလီဖာကြီးလေးပါးနှင့် အိဗ်နေ့အုမရ်နှင့် အဗူအုမာမဟ်သခင်တို့ထံမှလည်း ဆင့်ပြန်ချက်လာရှိထားသည်ဟု ရေးသားဖော်ပြထားသည်။

အိဗ်ရာဟီးမ်နခ်အီး၊ စာလင်းမ်အိဗ်နေ့အဗ်ဒုလ္လာဟ်၊ အပ်စ်ဝဒ်အိဗ်နေ့ဗာယဇီးဒ်တို့ကလည်း အဇ်လ်လုပ်ခြင်းကို မက္ကရူဟ်ဖြစ်သည်ဟု ဆိုကြသည်။

ထိုဟဒီးဆ်တော်များအားလုံးကို သုံးသပ်၍ ဥပဒေပညာရှင်အများစုတို့ကလည်း ဤသို့ပြုလုပ်ခြင်းကို မက္ကရူဟ်ဖြစ်ကြောင်း အလေးပေးပြောဆိုကြ၏။

သို့ရာတွင်မဖြစ်သာသော အခြေအနေ၌ ခြွင်းချက်ပေးထားသည်။ ထို့ကြောင့် သီးခြားသောအကြောင်း ပေါ်ပေါက်မှုအခြေအနေများတွင် မက္ကရူဟ်ဖြစ်မည်မဟုတ်။

(ဥပမာ အမျိုးသမီးသည် ကိုယ်ဝန်မဆောင်နိုင်လောက်အောင် အင်အားနည်းနေလျှင် စသည်ဖြင့်) မိမိတစ်ကိုယ်ရည်အကြောင်း ပေါ်ပေါက်လာသော အတိုင်းအတာခန့်မျှ ဤသို့ပြုလုပ်ခြင်းပိုင်သည်။ သို့ရာတွင် မျက်မှောက်ခေတ်၏ အစဉ်အလာတစ်ရပ်အဖြစ် စုပေါင်း၍ ပြုလုပ်ခြင်းမပိုင်ပါ။

အကယ်၍ တစ်ဦးတစ်ယောက်သည် (WITHDRAWL) နှင့် အခြားသန္ဓေတားဆေးများကို အစ္စလာမ့်ရည်ရွယ်ချက်နှင့် ဆန့်ကျင်သော ရည်ရွယ်ချက်ဖြင့် သုံးစွဲမည်ဆိုပါက ပိုင်မည်မဟုတ်။

အချုပ်အားဖြင့်ဆိုရသော် သန္ဓေတားခြင်းအား ပြုလုပ်ခြင်း၏ရည်ရွယ်ချက်ကိုထောက်ရှု၍ " ပြုလုပ်ခြင်းပိုင်သည်(သို့) မပြုလုပ်ပိုင် " ဟု အမိန့်ချမှတ်ရမည်ဖြစ်၏။ ထို့ကြောင့်..............

၁။ မျက်မှောက်ခေတ်၌ ဖက်ရှင်ဖြစ်နေသော မိသားစုနည်းပါးရေး စီမံကိန်းအတွက် ဤသို့ပြုလုပ်ခြင်းမပိုင်ပါ။ အကြောင်းသောကား ဤသို့မိသားစုနည်းပါးရေးစီမံကိန်းသည် အစ္စလာမ့် ရည်ရွယ်ချက်နှင့် ကိုက်ညီမှုမရှိခြင်းကြောင့်ဖြစ်သည်။

၂။ သန္ဓေတားခြင်းသည် တစ်ဦးတစ်ယောက်အတွက် အစ္စလာမ့်စည်းမျဉ်းများနှင့် မဆန့်ကျင်လျှင်ပြုပိုင်ခွင့်ရှိ၏။သို့ရာတွင် စုပေါင်း၍သောလည်းကောင်း၊ သတ်မှတ်ပြဌာန်း၍သော်လည်းကောင်း ပြုပိုင်ခွင့်မရှိ။

၃။ အမျိုးသမီး၏ အားနည်းခြင်း(သို့) ရောဂါကြောင့် သန္ဓေတားပိုင်ခွင့်ရှိ၏။

၎။ ဒုက္ခပင်ပန်းမခံလို၍ သက်သာမှုရရန်အတွက် သန္ဓေတားခွင့်မရှိ။

၅။ ဆင်းရဲနွမ်းပါးခြင်းနှင့် စားဝတ်နေရေးကြပ်တည်းမှု တို့ကြောင့် သန္ဓေတားပိုင်ခွင့်မရှိ။

၆။ ရှက်ကြောက်ခြင်းနှင့် သမီးမိန်းကလေးမွေးဖွားမည်ကို စိုးကြောက်၍ သန္ဓေတားပိုင်ခွင့်မရှိ။ ဆိုလိုသည်မှာ ရှရီအသ်ကခွင့်ပြုသော ခိုင်မာသည့်အကြောင့်ပြချက်မရှိဘဲ ယာယီအားဖြင့် သန္ဓေတားခြင်းကိုလည်း ရှရီအသ်တရားတော်က ခွင့်မပြု။ အဘယ့်ကြောင့်ဆိုသော် တမန်တော်မြတ်(ဆွ)က

အလိုသဘောမှာ ကလေးအမြောက်အမြားမွေးဖွားရန်၊ သားဖွားမှုကို ချုပ်ချယ်ကန့်သတ်မှုမပြုရန် ဖြစ်သည်။ သို့မှာသာ တမန်တော်မြတ်(ဆွ) ၏ အုမ္မသ်သားများ များသည်ထက် များပြားတိုးပွားနိုင်မည်ဖြစ်သည်။

မွတ်စ်လင်မ်တို့သည် အမြဲတစေ ထိုမျိုးဆက်ပြန့်ပွားရေး ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့သည်ကို သမိုင်းက သက်သေခံလျှက်ရှိသည်။

အကြင်သူတို့သည် မွတ်စ်လင်မ်ဖြစ်ပါလျှက် မွတ်စ်လင်မ်တို့ကို ဤကိစ္စများနှင့် စပ်လျဉ်း၍
(အစ္စလာမ့်ရည်ရွယ်ချက်နှင့် ဆန့်ကျင်၍) အကြံပေးခြင်း၊ တိုက်တွန်းခြင်းတို့သည်လည်း ရှရီအသ်တရားတော်၏ ရှုထောင့်အရ အပြစ်ကျူးလွန်သူများဖြစ်သည်။

ဓမ္မသတ်ဌာန ဂျာမိအဟ် ဖာရူကီယဟ် (ကရာချိ၊ ပါကစ္စတန်)
မုဖ်သီမုဟမ္မဒ်ဂျမီးလ်ဆွာဟိဗ် (မဇွာဟေရီ)


(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။