Monday, July 8, 2013

အစ္စလာမ်က ပြသသော တစ်ကိုယ်ရေသန့်ရှင်းမှု


လူသားကို ဖန်ဆင်းပြုလုပ်သောအရှင်သည် အလ္လာဟ်အရှင်မြတ်ဖြစ်သည်။ လူသားအကြောင်းကို ထိုအရှင်မြတ်သည်သာ အသိဆုံး ဖြစ်တော်မူသည်။ ထိုအရှင်မြတ် သဘောတူနှစ်မျို့သော သာသနာ (လမ်းစဉ်) မှာ အစ္စလာမ်ဖြစ်သည်။ လူကို လူဖြစ်စေလိုလျှင် အစ္စလာမ့်လမ်းစဉ်အတိုင်း ကျင့်ကြံနေထိုင်ရမည်။ မွေးစမှ သေဆုံးကွယ်လွန်သည်အထိ၊ နံနက် အိပ်ရာထမှ အိပ်ရာဝင်အထိ၊ အုပ်ချုပ်သူမှ ပြည်သူအထိ၊ စီးပွားရေးလုပ်ငန်းရှင်မှ လက်လီသမားအထိ၊ လယ်သမားမှ သိပ္ပံပညာရှင်အထိ၊ အနည်းငယ် တရားအားထုတ်သူမှ ထွက်ရပ်ပေါက်အရိယာပုဂ္ဂိုလ်အထိ၊ ဗိုလ်ချုပ်မှ တပ်သားအထိ အလွှာအစုံစုံ လူတန်းစား အဖုံဖုံ တို့အတွက် အချိန်၊ နေရာ ၊ အကြောင်းအရာအလိုက် အစ္စလာမ်သာသနာ (အစ္စလာမ့်လမ်းစဉ်) တွင် လိုလေသေးမရှိ ပြဌာန်းထားပြီးဖြစ်သည်။ ယခုတင်ပြမည့် အကြောင်းအရာမှာ လူတို့နေ့စဉ် တစ်ကိုယ်ရေသန့်ရှင်းမှုရရှိရန် ရေချိုးခြင်းနှင့်ပတ်သက်၍ အစ္စလာမ့်လမ်းစဉ်၏ ညွှန်ကြားပြသချက်များကို လေ့လာထားခြင်းဖြစ်ပါသည်။ အစ္စလာမ်ဘာသာဝင်ဖြစ်စေ အခြားဘာသာဝင်ဖြစ်စေ လေ့လာကျင့်ကြံနိုင်ပါသည်။

အစ္စလာမ်က ပြသသော တစ်ကိုယ်ရေသန့်ရှင်းမှု (ဘာ့ကြောင့်ရေချိုးရသလဲ၊ ဘယ်လိုရေချိုးရမှာလဲ။)
ရေချိုးရန် ၀ါဂျိဗ် (မဖြစ်မနေပြုလုပ်ရန်) ထိုက်စေသော အချက်များအကြောင်း

အရွယ်ရောက်သွားသော မိန်းကလေး ယောက်ျားလေး တိုင်းအပေါ် အစ္စလာမ်အမိန့်များအနက် အရင်ဆုံးကျရောက်သောအမိန့်မှာ နမာဇ်ဖတ်ခြင်း (အစ္စလာမ့်နည်းကျ ၀တ်ပြုခြင်း) ပင်ဖြစ်သည်။ ထိုနမာဇ် မှန်ကန်ရန်အတွက် အရေးကြီးသောအချက်များအနက် အချက် ၁ ချက်မှာ တစ်ကိုယ်ရေ သန့်ရှင်းရန်ဖြစ်ပေသည်။ အကယ်၍ထိုသန့်ရှင်းမှု မရှိခဲ့ပါက (သို့မဟုတ်) သန့်ရှင်းမှုပြုလုပ်ရာတွင် နည်းစနစ်မကျ၊ လိုအပ်ချက်များရှိနေပါက ဖတ်ရွတ်သော နမာဇ်သည်လည်း ပိုင်မည် မဟုတ်ပါ။ သို့ပါသောကြောင့် မှန်ကန်သောနည်းစနစ်ကို သိရှိနားလည် စေရန် မျှဝေပေးလိုက်ပါသည်။
သန့်ရှင်းမှုရယူရန် ပုံစံ ၂ မျိုးပြသထားပေသည်။ ၁၊ ၀ူဇူပြုခြင်း ၂၊ရေချိုးခြင်း
ဤနေရာတွင် ရေချိုးခြင်းအကြောင်းကို တင်ပြမည်။ ရေချိုးခြင်းဟု ဆိုရာတွင် နေ့စဉ်ရေချိုးခြင်းကို ဆိုလိုခြင်းမဟုတ်ပေ။ ၀ါဂျိဗ်ထိုက်သော (မဖြစ်မနေ) ရေချိုးရမည့် တာဝန်ကို ဆိုလိုခြင်းဖြစ်သည်။
ရေချိုးရန် ၀ါဂျိဗ်ထိုက်သောအချက် ၄ ချက် ရှိသည်။
၁။ ယောက်ျားလေး သည် ရှဟ်ဝသ်ခေါ်ကာမစိတ်ဖြင့် မနီသုတ်လွှတ်ခြင်း (နိုးကြားနေသည့် အချိန်ဖြစ်စေ၊ အိပ်ပျော်နေသည့် အချိန်ဖြစ်စေ)
၂။ အမျိုးသား အရှက်အင်္ဂါ၏ ထိပ်ပိုင်းသည် အမျိုးသမီး၏ အရှက်အင်္ဂါအတွင်းသို့ ၀င်ရောက်သွားပါက မနီထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ နှစ်ဦးလုံးအပေါ် ရေချိုးရန် တာဝန်ထိုက်ပေသည်။
၃။ အမျိုးသမီး ဟိုင်းဇ် (ရာသီသွေး) ဆင်းသည့်ကာလ ပြီးဆုံးသွားခြင်း
၎။ နိဖားစ် (မီးတွင်းသွေး) ပြီးဆုံးသွားခြင်း
အထက်ပါအချက် ၄ ချက်အနက်မှ တစ်ချက်ချက်ဖြစ်ပေါ်ပါက ရေချိုးရန် ၀ါဂျိဗ်ဖြစ်ပြီး အတတ်နိုင်ဆုံး လျှင်မြန်စွာ ရေချိုးလိုက်ရမည်။ အကြောင်းပြချက် တစုံတရာမရှိဘဲ ကြန့်ကြာနေခြင်းသည် ဂိုနာဟ်ဖြစ်သည်။
ဝါဂျိဗ်ဖြစ်သော ရေချိုးခြင်းတွင် ရေချိုးရာတွင် ပြုလုပ်ရမည့် ဖရပ်ဇ်* ၃ ချက်အနက် မည်သည့် အချက်မှ မကျန်ခဲ့စေရန် သတိပြုရမည်ဖြစ်ပြီး ထို ၃ ချက်အနက် ၁ ချက်မဆို ကျန်ခဲ့ပါက ရေချိုးခြင်း အထမြောက်မည်မဟုတ်ပေ။
* ဖရပ်ဇ်ဆိုသည်မှာ ကျမ်းတော်မြတ် ကုရ်အာန်အရ အတည်ဖြစ်သော အမိန့်ပညတ်ချက်ကို ခေါ်သည်။
ရေချိုးရာတွင် ဖရဇ် ၃ ချက်ရှိသည်။
(၁) ပါးစပ် တစ်ခုလုံးနှံ့စပ်အောင် ပလုတ်ကျင်းခြင်း (၂) နှာခေါင်းအတွင်းသို့ ရေသွင်းဆေးကြောခြင်း (၃) ခန္ဓာကိုယ် တစ်ခုလုံး နှံ့စပ်အောင်ရေချိုးခြင်း (ဆံချည်မျှင် ၁ မျှင်စာမျှ ရေမစိုဘဲ ကျန်ရှိခဲ့ပါက ရေချိုးခြင်းအထမမြောက်ပေ)
ရေချိုးခြင်း၏ စွန္နသ်* ပုံစံမှာ လက်နှစ်ဖက်ကို လက်ကောက်ဝတ်အထိ ဆေးပါ။ ပြီးနောက် အိစ်သင်န်ဂျာ နေရာကို ဆေးကြောပါ။ ခန္ဓာကိုယ်တွင် အညစ်အကြေး ပေကျံနေသည့်နေရာ (သို့မဟုတ်) အညစ်အကြေးများရှိနေပါက ဦးစွာသန့်စင်လိုက်ပါ။ ပြီးနောက် ၀ူဇူပြုပါ။ မိမိ၏ ရေချိုးခြင်းသည် ၀ါဂျိဗ်ဖြစ်ပါက ပလုတ်ကျင်းခြင်း၊ နှာခေါင်းအတွင်းသို့ ရေသွင်း ဆေးကြောခြင်းများကို ၀ူဇူပြုကတည်းက ဂရုတစိုက်ပြုလုပ်ရပေမည်။ ပြီးနောက် ခန္ဓာကိုယ် ၁ ခုလုံး သို့ရေကို နှံစပ်အောင် လောင်းချိုးရမည်။ ဆံပင်များအတွင်းသို့ ရေလျှင်မြန်စွာရောက်ရှိစေရန် ပုံစံ ၁ ခုမှာ လက်ကိုရေဆွတ်၍ ဆံပင်များအတွင်းသို့ လက်ကြားထိုးပေးပါ။ ခန္ဓာကိုယ် တစ်ခုလုံးသို့ ရေလောင်းမချိုးခင် ဦးစွာ လက်ကို ရေဆွတ်ပြီး ခန္ဓာကိုယ်အနှံပွတ်သပ်ပါ။ သို့ပြုပါက ခန္ဓာကိုယ်အနှံသို့ ရေရောက်ရှိရန်မှာ လွယ်ကူပြီး နေရာကျန်နေမည်ကို မစိုးရိမ်ရပေ။ သတိပြုရန် အချက်များမှာ နားရွက်၏ မြင်တွေ့နေရသော နေရာနှင့် အနောက်ဖက်ခြမ်းကို ရေရောက်အောင်ပို့ပေးရမည်။ ချက်အတွင်း၊ ခြေမျက်စိ အနောက်ဖက်၊ ခြေဖ၀ါးခွက်နေသောနေရာများကို အထူးသတိပြုရပေမည်။
*စွန္နသ် ဆိုသည်မှာ တမန်တော်မြတ် မိုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လာမ်)၏ နည်းစနစ်ဖြစ်သည်။
- အမျိုးသမီးများအနေဖြင့် ဆံပင်အုံပါး ပါက ဆံပင်အရင်းမှအဖြားအထိ ရေစိုရန် ဖရပ်ဇ်ဖြစ်သည်။
- ဆံပင်အုံအလွန်ထူထဲပါက ဆံပင်အရင်းအားလုံး ရေစိုရန် ဖရပ်ဇ်ဖြစ်ပြီး အဖျားများအထိရေစိုရန်ကို ခွင့်လွှတ်ထားပေသည်။
- ရောဂါကြောင့်ဖြစ်စေ (သို့မဟုတ်) တိကျခိုင်လုံသော ဆေးတားမြစ်ချက် တစုံတရာကြောင့်ဖြစ်စေ ခေါင်းလောင်းရေချိုးခွင့်မရှိပါက ဦးခေါင်းကိုလွှတ်၍ ကျန်ခန္ဓာကိုယ်တခုလုံးသို့ရေလောင်းချိုးရမည်။ ကျန်းမာသွားသောအခါတွင် နောက်တကြိမ် ရေချိုးရန် ဖရပ်ဇ်မထိုက်သေးပါက ဦးခေါင်းကိုသာ ဆေးကြောလိုက်ရမည်။
- လက်တွင် လက်သည်းနီ (Nail polish) ဆိုးထားပါက ရေချိုးခြင်း အထမမြောက်။ လက်သည်းနီကို ဖယ်ရှားရမည်။ သဘာဝ ဒန်းဆိုးထားပါက ချွတ်ရန်မလို။
- ဂျုံနယ်ထားခြင်းကြောင့် လက်တွင် ဂျုံများ ပေကျံ ခြောက်ကပ်နေမည်။ (သို့မဟုတ်) ဆေးသုတ်ခြင်းကြောင့် ဆေးစက်များ ခန္ဓာကိုယ်တွင် ပေနေမည်။ (သို့မဟုတ်) အခြားမည်သည့်အရာမဆို ခန္ဓာကိုယ်တွင် ပေကျံပြီး ခြောက်ကပ်သည်အထိ ရှိသွားပါက ရေချိုးရာတွင် ၎င်းအရာများကို ဦးစွာ သန့်စင် ဖယ်ရှားရမည်။ ပြီးမှ ရေချိုးခြင်းကို အစပြုရပါမည်။ ၎င်းအရာများရှိလျှက်နှင့် ရေချိုးခဲ့ပါက ရေချိုးခြင်းမပိုင်ပေ။
- ဆံပင်တွင် ကော်ရည်များ၊ အရောင်မှုန့်များ၊ ဆံပင်လိမ်းဂျယ်များ များစွာရှိနေပြီး ဆံပင်သို့ရေရောက်ရန် ခက်ခဲစေပါက ၎င်းအရာများကို အရင်ကောင်းစွာ ဆေးကြောရမည်။ ထိုအရာများရှိလျှက်နှင့် ရေကိုအပေါ်ယံသာလောင်းချိုးခဲ့ပြီး ဆံပင်ဆံသားများသို့ ကောင်းစွာရေမရောက်ပါက ရေချိုးခြင်းအထမမြောက်ပေ။
- ရေချိုးခြင်း နှင့် ၀ူဇူ ပြုလုပ်ခြင်း နှစ်မျိုးလုံးတွင် မျက်စိအတွင်းသို့ ရေရောက်ရန် မလိုအပ်ပေ။ သို့သော် မျက်စိနာနေ၍ မျက်ဝတ်များစွာထွက်နေပြီး မျက်လုံးအိမ်အောက်ဖက်၊ မျက်လုံးထောင့် နှာရိုးတံ ဖက်တို့တွင် ပေကပ်နေပါက ထိုနေရာတို့မှ မျက်ဝတ်များကို ဆေးကြောပစ်ရမည်။ မျက်နှာကို အပေါ်ယံရေလောင်းပြီး ထိုနေရာမှ မျက်ဝတ်များ ကျန်ရှိခဲ့ပါက ၀ူဇူပြုခြင်း နှင့် ရေချိုးခြင်း နှစ်မျိုးလုံး အထမမြောက်ပါ။
- အနာ ဒဏ်ရာ အပေါ်မှ ဆေးထည့်ထားပါက ရေချိုးရာတွင် ထိုဆေးကို ထုတ်ပစ်ရန်မလိုအပ်ပါ။
- တဦးတစ်ယောက်အနေဖြင့် မိုးရေထဲတွင် ရပ်နေလိုက်သည်။ (သို့မဟုတ်) ရေကန် (သို့) မြစ်၊ ချောင်း အတွင်းသို့ ဆင်းလိုက်သည်။ ခန္ဓာကိုယ် တစ်ကိုယ်လုံးတွင် ဆံချည်မျှင် ၁ မျှင်စာမကျန်အောင် ရေစိုသွားပြီးနောက် ၎င်းအနေဖြင့် ပါးလုပ်ကျင်းခြင်း နှာခေါင်းအတွင်းသို့ ရေသွင်းခြင်းများကိုပါ ပြုလုပ်လိုက်ပါက ထိုသူ့အတွက် ရေချိုးခြင်း အထမြောက်သွားသည်။ သီးသန့် ရေထပ်ချိုးရန် မလိုအပ်ပါ။
- သွားကြားတွင် အသားစများ ညှပ်နေခြင်း၊ ပဲစေ့များ၊ ပီကေများ ကပ်နေပါက သွားကြားထိုး၍ ရှင်းလင်းပစ်ရမည်။ ၎င်းအရာများကြောင့် သွားများသို့ရေမရောက်ပါက ရေချိုးခြင်း အထမမြောက်။
- ရေချိုးရာတွင် ပလုတ်မကျင်းခဲ့ပေ။ ရေချိုးပြီးနောက် ၎င်းအနေဖြင့် ပါးစပ်အပြည့် ရေသောက်လိုက်ပါက ၎င်း၏ ရေချိုးခြင်း အထမြောက်သည်။ သီးသန့် ပလုတ်ထပ်ကျင်းရန် မလိုအပ်ပေ။ သို့သော် ရေသောက်ရာတွင် ပါးစပ်တခုလုံး အပြည့်မဖြစ်ပါက ရေချိုးခြင်း အထမမြောက်ပေ။ ပလုတ်ထပ်ကျင်းရန် လိုအပ်သည်။
- ရေချိုးပြီးနောက်မှ ခန္ဓာကိုယ်၏ နေရာ တစ်ခုခုတွင် ရေမစိုဘဲ ကျန်ရှိနေသည်ကို သိလိုက်သည်။ (သို့) ပလုပ်ကျင်းရန် ကျန်ခဲ့သည်။ နှာခေါင်းအတွင်းသို့ ရေသွင်းဆေးကြောရန် ကျန်ခဲ့သည်။ ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်ခုခုတွင် ရေမရောက်ရှိနိုင်သည့် အရာတစ်ခုခု ပေကျံနေသည်ကို ရေချိုးပြီးမှ တွေ့မြင်သည်။
ထိုသို့တွေ့ရှိပါက (သို့) သတိရလာပါက ချက်ခြင်းပင် ထိုနေရာကိုဆေးကြောလိုက်ပါ။ နှုတ်ကျင်းရန် သတိရလာပါက ရသည့်အချိန်တွင် ချက်ခြင်း နှုတ်ကျင်းလိုက်ပါ။ မည်သည့်ကိစ္စရပ်ကိုမဆို သတိရလျှင်ရခြင်း ချက်ခြင်းဆေးကြောလိုက်လျှင် လုံလောက်ပေသည်။ အစအဆုံး ရေပြန်ချိုးရန်မလိုအပ်ပေ။
သတိပြုရန်မှာ ဆေးကြောရမည့်အရာကို ရေဖြင့်လောင်းဆေးရမည်။ လက်ကို ရေစွတ်၍ ပွတ်သပ်ခြင်းဖြင့် မလုံလောက်ပါ။
အချို့သူတို့သည် ၀ါဂျိဗ်ဖြစ်သော ရေချိုးခြင်းတွင် ပါးစပ်ဖြင့်သီးသန့် နိယသ်မဆိုခဲ့သဖြင့် ရေချိုးခြင်း အထမမြောက် ဟုထင်ကာ နောက်တစ်ကြိမ် အစဆုံး ရေပြန်ချိုးလေ့ရှိသည်။ ဤပုံစံသည် မှားယွင်းသည်။
ရေချိုးခြင်းတွင် နိယသ်သည် ဖရပ်ဇ် မဟုတ်ပါ။ မိမိ၏ ရေချိုးလိုက်ခြင်းကပင် နိယသ်ဖြစ်သည်။ သီးသန့် ထပ်မံနိယသ် ရွတ်ဆိုရန်မလိုအပ်ပါ။
ရေချိုးရန် ၀ါဂျိဗ်မဖြစ်စေသောအချက်များ
၁၊ မဇီထွက်ခြင်း (မနီမထွက်ခင် ဦးစွာထွက်သောအရည်ကြည်ဖြစ်သည်။ ရှဟ်ဝသ်ကြောင့်လည်း ထွက်ပေသည်။) မဇီထွက်ပါက ၀ူဇူပျက်သည်။ ရေချိုးရန် ၀ါဂျိဗ် မထိုက်ပေ။
၂၊ ရှဟ်ဝသ်မပါဘဲနှင့် မနီထွက်ပါက (ဥပမာ- အမြင့်တစ်နေရာမှ ပြုတ်ကျ၍ ၎င်းဒဏ်ရာကြောင့် မနီထွက်ခြင်း) ရေချိုးရန် ၀ါဂျိဗ်မဖြစ်ပါ။
၃၊ ကလေးမွေးပြီးနောက် နိဖားစ်သွေး မဆင်းပါကလည်း ရေချိုးရန်ဝါဂျိဗ် မဖြစ်ပါ။
၎၊ အိစ်သိဟာဇွာ ရောဂါသွေးကြောင့် ရေချိုးရန်ဝါဂျိဗ်မဖြစ်ပါ။
၅၊ မနီထွက်သည့်ရောဂါ ရှိသူအတွက် ၎င်းအနေဖြင့် ရောဂါကြောင့် မနီထွက်ပါက ရေချိုးရန်ဝါဂျိဗ်မဖြစ်ပါ။ ရှဟ်ဝသ်ကြောင့် မနီထွက်လာပါက အများနည်းတူ ရေချိုးရန် ၀ါဂျိဗ်ဖြစ်မည်။
၆၊ အိပ်မက်တွင် မနီထွက်သည် ဟုမြင်မက်သည်။ အရသာကို ခံစားရသည်။ အိပ်ယာနိုးသောအချိန်တွင်  အ၀တ်ပေါ်၌ စွတ်စိုမှု တစ်စုံတစ်ရာမတွေ့ပါက ရေချိုးရန် ၀ါဂျိဗ်မဖြစ်ပါ။
ရေချိုးရာတွင် ပါဝင်ရမည့် ဖရပ်ဇ် အချက် ၃ ချက်အနက် ခန္ဓာကိုယ်တစ်ကိုယ်လုံးပေါ်သို့ ရေတစ်ကြိမ်ချိုးရန် ဖရပ်ဇ်ဖြစ်သည်ဟု ဆိုခြင်းသည် အနည်းဆုံးအတိုင်းအတာကို ပြသခြင်းဖြစ်သည်။ အကယ်၍ ရေအခက်အခဲရှိပါ က အနည်းဆုံး တစ်ကြိမ်လောင်းချိုးလိုက်ခြင်းဖြင့် ခန္ဓာကိုယ်ပေါ်သို့ ဆံချည်မျှင် တစ်မျှင်စာမကျန်အောင် ရေရောက်ရှိသွားခဲ့ပါကလည်း ဤ တစ်ကြိမ်သည် ၎င်း၏ ရေချိုးခြင်းကို အထမြောက်စေပါသည်။ ရေလုံလောက်စွာရှိပါက လိုအပ်သလောက် သုံးစွဲရမည် ဖြစ်သည်။ ရေချိုးရာတွင် ရေကို အလွန်နည်းပါစွာ သုံးစွဲခြင်းနှင့် များစွာဖြုန်းတီးခြင်း နှစ်မျိုးစလုံးသည် မက္ကရူဟ် ဖြစ်သည်။
ရေချိုးရန် ၀ါဂျိဗ်ထိုက်သူ အနေဖြင့် ရေမချိုးခင် စားသောက်လိုပါက မိမိ၏ ပါးစပ် နှင့် လက်ကိုဦးစွာဆေးကြောပါ။ ပြီးမှ စားသုံးပါ။
အထက်တွင် တင်ပြခဲ့သော မတ်စ်အလာများသည် အရွယ်ရောက်ပြီးသော အမျိုးသား၊ အမျိုးသမီးတိုင်းအတွက် ဖြစ်သည်။
အို အလ္လာဟ် ……….. ရေးသားသူ၊ ဖတ်ရှုသူအပေါင်းကို အစ္စလာမ့် လမ်းညွှန်ချက်နှင့်အညီ ဘ၀သက်တမ်း မွေးမြူနိုင်စွမ်း ပေးသနားတော်မူပါ။ (အာမီးန်)

အလ်မုဖီးဒ် - http://aaitee.blogspot.com
Google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟုရိုက်၍ရှာပါ။
ဆက်သွယ်ရန် - haroonrangoni@gmail.com
မိမိဖုန်းတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို download ရယူ၍ install လုပ်ထားပါ။