Friday, August 30, 2013

စွန္နသ်တော်နှင့်အညီအစ္စသိခါရဟ်ပြုနည်း

စွန္နသ်တော်နှင့်အညီအစ္စသိခါရဟ်ပြုနည်း 

ဟဇရသ်အပ်ဒွလ္လာဟ်ဗင်န်(ရသွေ့)သခင်၏ အဆိုတစ်ရပ်

ဟဇရသ်အဗ္ဗဒွလ္လာဟ်ဗင်အုမရ်(ရသွေ့)သခင်ကအမိန့်ရှိသည်မှာ…….

အချို့အချိန်အခါတွင် လူသားသည်အလ္လာဟ်အရှင်မြတ်ထံ အကြင်အလုပ်သည် မိမိအတွက်ကောင်းပါက ဖြစ်မြောက်ပါရစေဟု အစ္စသိခါရဟ်ပြုလုပ်သည့်အခါ အလ္လာဟ်အရှင်မြတ်က ထိုသူနှင့်သဟဇာတဖြစ်မည့်အလုပ်ကို သတ်မှတ်ပေးတော်မူလိုက်သည်။

ဗန္ဓဟ်ကမူ အပေါ်ယံအားဖြင့် ထိုအလုပ်အစဉ်ပြေလာမှုကို သဘောမပေါက်သည့်အတွက် မိမိအရှင်သခင်အပေါ် စိတ်အလိုမကျဖြစ်ကာ ကျွန်တော်ကအလ္လာဟ်ထံတော်မှာ ကျွန်တော်နဲ့ သဟဇာတဖြစ်စေမယ့်အလုပ်ကိုချီးမြှင့်ပါလို့ တောင်းခံခဲ့တာပါ။ အခုဖြစ်လာတဲ့အလုပ်ဟာ ကျွန်တော့်အတွက် ဒုက္ခနှင့်သောကရောက်စရာတွေဖြစ်နေပါတယ်။ ဟု အလ္လာဟ်အရှင်မြတ်အပေါ်စောဒကတက်တော့သည်။

ကာလအတန်ငယ်ကြာမြင့်ပြီးနောက် ထိုဗန္ဓာဟ်သည် အလုပ်၏ရလဒ်ကို မြင်တွေ့လာသောအခါတွင်မှ အလ္လာဟ်အရှင်မြတ်က မိမိနှင့်သဟဇတဖြစ်စေမည့် အလုပ်ကိုသာ မိမိအတွက် စီမံပေးတော်မူပေသည် ဟု သဘောပေါက်ရတော့သည်။ အစကနဦးတွင်မူ သိနားလည်မှုမရှိသဖြင့် အလ္လာဟ်အရှင်မြတ်က မိမိအပေါ် မတရားဖိနှိပ်သည်ဟု ထင်ထားခဲ့သည်။

အထက်ပါဆင့်ပြန်ချက်ကို ထောက်ရှုကာ အချို့အချက်များကို သတိထားသုံးသပ်ရန် လိုအပ်လာသည်။ မည်သည့်ဗန္ဓာဟ်မဆို အလ္လာဟ်အရှင်မြတ်ထံ အစ္စသိခါရဟ်ပြုလုပ်တိုင်း အလ္လာဟ်အရှင်မြတ်သည် မိမိအတွက် ကောင်းသည့်အရာကို စီရင်ဆုံးဖြတ်တော်မူသည်ဟု ခံယူထားရမည်။

လူအများသည် အိစ္စသိခါရဟ်ပြုလုပ်နည်းနှင့် ပတ်သက်၍ နားမလည်ကြ။ အချို့က အစ္စသိခါရဟ် ပြုလုပ်ဖို့အတွက် သီးသန့်နည်းလမ်းနဲ့ ကျင့်ကြံမှုရှိနေတယ်။ ဒါတွင်မကသေးဘူး အိပ်မက်ဆိုတာလည်းလိုတယ်။ အိပ်မက်ထဲမှာ အဲ့ဒီအလုပ်ကို လုပ်ဖို့မလုပ်ဖို့လမ်းညွှန်မှုတွေပေးတယ် ဟုထင်နေကြတတ်သည်။

ကိုယ်တော်မြတ် (ဆွ) သင်ကြားလမ်းညွှန်ပေးတော်မူခဲ့သည့် အစ္စသိခါရဟ်ပြုလုပ်နည်း တွင် အထက်ပါအချက်အလက်များမပါရှိကြောင်းကို ကောင်းစွာနားလည် ထားရန်လိုအပ်အရေးကြီးသည်။

အိစ္စသိခါရဟ်၏အဓိပ္ပါယ်

အိစ္စသိခါရဟ် ဟူသည် အရဗီစာလုံးဖြစ်ပြီး ကောင်းရာကောင်းကြောင်းတောင်းခံခြင်း ဟူသောအဓိပ္ပါယ်ဆောင်ထားသည်။

အလ္လာဟ်အရှင်မြတ်ထံတော်တွင် မိမိအတွက် ကောင်းရာကောင်းကြောင်းတောင်းခံခြင်းကို ဆိုလိုသည်။

အမိုက်ခေတ်က အိစ္စသိခါရဟ် ပြုလုပ်ကြပုံ

အမိုက်ခေတ်သမယရှိ လူများသည် အရေးကြီးသည့်ကိစ္စရပ် (အိမ်ထောင်ရေး၊ စီးပွားရေး၊ ခရီးသွားလာရေး) စသည့်ကိစ္စများနှင့် ကြုံတွေ့လာသည့်အခါမြှားအိမ်မှ မြှားများကိုကောက်ယူကာ အတိတ်နမိတ်ဖွင့်ဆိုသည့်အစဉ်အလာရှိခဲ့ကြသည်။ ထိုမြှားများသည် ကအ်ဗာဟ်ကျောင်းတော်ကြီးကို သန့်ရှင်းရေးပြုလုပ်သူ ထံရှိပြီး ယင်းမြှားများအနက် အချို့တွင် အမရနီရဗ်ဗီ (ကျွန်ုပ်အရှင်က ကျွန်ုပ်အား အမိန့်ပေးသည်။)အချို့တွင် နဟားနီရဗ်ဗီ (ကျွန်ုပ်အရှင်က ကျွန်ုပ်ကို တားမြစ်သည်။) ဟူသော စာတန်းရေးသားထားသည်။ အချို့တွင်မူ မည်သို့မျှရေးသားထားခြင်းမရှိ။ ကအ်ဗာဟ်ကျောင်းတော်အား ခေဒ်မသ်ပြုသူသည် မြားအိတ်ကို လှုပ်၍ အတိတ်နမိတ်ကောက်သူအား ထိုမြားအိတ်ထဲမှ မြားတစ်ချောင်းနှိုက်ထုတ်စေသည်။

အကယ်၍ အမရနီးရဗ္ဗီး (ကျွန်ုပ်အရှင်က ကျွန်ုပ်အား အမိန့်ပေးသည်) ဟုရေးသားထားသည့်မြားထွက်လာသည့် အခါ ထိုသူသည် အလုပ်ကိစ္စအား အစပြုရတော့သည်။ အကယ်၍ နဟားနီးရဗ္ဗီး ကျွန်ုပ်အရှင်က ကျွန်ုပ်အားတားမြစ်သည်)ဟုရေးသားထားသည့်မြားထွက်လာပါက ထိုသူသည်အလုပ်ကို မလုပ်ရတော့။ မည်သို့မျှရေးသားထားခြင်းမရှိသည့် မြားထွက်လာပါက တစ်ဖန်ပြန်လည်၍ နှိုက်စေသည်။ အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန် စူရာမာအိဒဟ် ၏အာယသ်နံပါတ် ၃ တွင် ထိုလုပ်ရပ်ကို ဟရာမ်ဖြစ်ကြောင်း သတိပေးတားမြစ်တော်မူထားသည်။

ဟရာမ်ဖြစ်ခြင်းတွင် အကြောင်းအရင်း နှစ်ခုရှိသည်။

(၁) ထိုသို့သောလုပ်ဆောင်မှုတွင် အခြေအမြစ်မရှိသောကြောင့် အလ္လာဟ်အရှင်မြတ်နှင့် မည်သို့မျှ ပတ်သက်ဆက်နွယ်မှု မရှိခြင်း။

(၂) ကျွန်ုပ်အရှင်က ကျွန်ုပ်အား အမိန့်ပေးသည်၊ ကျွန်ုပ်အရှင်က ကျွန်ုပ်အား တားမြစ်သည် စသည်များသည် အထောက်အထားမဲ့ အလ္လာဟ်နာမတော်အား အလွဲသုံးစားလုပ်ခြင်းသာဖြစ်သည်။

ကိုယ်တော်မြတ် (ဆွ) က မိမိ၏အဆွေတော်များကို ထိုသို့သော အတိတ်နမိတ်ကောက်ခြင်းအစား အစ္စသိခါရဟ်ပြုလုပ်နည်းကို သင်ကြားပေးတော်မူခဲ့သည်။

အစ္စသိခါရဟ်အရေးကြီးလိုအပ်ပုံ

လူ၏အသိဉာဏ်မှာ တိမ်လွန်းလှသည်။ လူသားအနေနှင့် အလုပ်တစ်ခုခု လုပ်ဆောင်လိုသည့်ဆန္ဒဖြစ်ပေါ်လျှင် ထိုအလုပ်သည် မိမိကို အကျိုးပေးမည်။ မပေးမည်။ ရလာဒ်ကောင်း ဖြစ်မည်။ မဖြစ်မည်ကို မတွေးဆ မမှန်းဆတတ်ပဲ သို့လောသို့လောဟူသော သံသယအတွေးတွင်သာ တ၀ဲလည်လည်ဖြစ်နေရတတ်သည်။ ထိုဝဲဂယက်မှ လွတ်ကျွတ်ကာ ယတိပြတ်ဆုံးဖြတ်ချက်ရရှိစေသည့် အစ္စသိခါရဟ်ပြုလုပ်ရန်လမ်းညွှန်ကို ဟဒီးစ်တော်တွင် အတိအလင်းလာရှိပြီးဖြစ်သည်။

အရေးကြီးသည့် ကိစ္စရပ်တစ်ခုခုနှင့် ကြုံကြိုက်ခဲ့သည့်အခါ နမားဇ်နှစ်ရကအသ်ဝတ်ပြု၍ အလ္လာဟ်အရှင်မြတ်ထံတော်တွင် ထိုအလုပ်လွယ်ကူစေရန်နှင့် ယင်းမှအောင်မြင်မှုရရှိရန် ဒုအာတောင်းခံရမည်။

အစ္စသိခါရဟ်၏ထွတ်မြတ်မှု

အစ္စသိခါရဟ်ပြုလုပ်ရန် ဟဒီးစ်တော်အမြောက်အများတွင် အလေးအနက်တိုက်တွန်းထားပေသည်။ အတိုချုံးလိုသဖြင့် ဟဒီးစ်တော် ၃ ပုဒ်သာတင်ပြပါမည်။

(၁) ဟဇ်ရသ်ဂျာဗိရ် သခင်က ပြောပြသည်မှာ တမန်တော်မြတ်က မိမိ၏ အဆွေတော်များအား အစ္စသိခါရဟ်၏ ဒိုအာကို ကုရ်အာန်ကျမ်း၏စူရဟ်များ ကျက်မှတ်ခိုင်းသကဲ့သို့ (ကျက်မှတ်ထားကြရန်) သင်ကြားပေးတော်မူသည်။ (ဗုခါရီကျမ်း)

(၂) ဟဇ်ရသ် စအဒ်သခင်က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်က မိန်တော်မူသည်မှာ လူသားတို့၏ ကံကောင်းခြင်းဟူသည် အလ္လာဟ်အရှင်၏ သတ်မှတ်စီမံခြင်းကို ကျေနပ်နှစ်သက်ခြင်း၊ အလ္လာဟ်ထံ အစ္စသိခါရဟ် ကောင်းရာကောင်းကြောင်း တောင်းခံခြင်းပင်ဖြစ်သည်။ လူသားတို့၏ ကံမကောင်းခြင်းဟူသည် အစ္စသိခါရဟ်ဖြင့် အလ္လာဟ်ထံမှ လမ်းညွှန်မှုမခံယူခြင်း၊ အလ္လာဟ်အလိုတော်ဖြစ်သော် လမ်းညွှန်မှုကို မနှစ်သက်ခြင်းပင် ဖြစ်သည်။ (မစ်ရှ်ကားသ်ကျမ်း)

(၃) ဟဇ်ရသ်အနပ်စ်က ဆင့်ပြန်ခဲ့သည်။ ကိုယ်တော်မြတ်သခင်က အစ္စသိခါရဟ်ပြုသူသည် မည်သည့်အခါမျှ အလဟဿအချည်းအနှီးဖြစ်မည်မဟုတ်။ မရှ်ဝါရဟ် တိုင်ပင်ဆွေးနွေးသူသည် မည်သည့်အခါမျှ အရှက်တကွဲဖြစ်မည်မဟုတ် ဟု မိန့်တော်မူထားလေသည်။ (တွဗ်ရာနီကျမ်း)

အစ္စသိခါရဟ်၏ အနှစ်သာရနှင့် အကျိုးကျေးဇူး

အစ္စသိခါရဟ်ပြုရခြင်း၏ အကြောင်းမှာ …

၁။ လူသားသည် မိမိအရှင်သခင်ထံမှ လမ်းညွှန်မှုကို ခံယူရာရောက်ခြင်း၊

၂။ မိမိ၏ ကိစ္စရပ်အား အလ္လာဟ်ထံအပ်နှင်းခြင်းနှင့် အလ္လာဟ်အရှင်မြတ်၏နှစ်သက်မှုကို ခံယူရန်အတွက် အလ္လာဟ်ဘက်သို့ ပြည့်ပြည့်၀၀ အာရုံစိုက်ရောက်စေခြင်း၊

၃။ အလ္လာဟ်အရှင်မြတ်သည် မိမိဗန္ဓဟ် အား ကူညီဆောင်မတော်မူမည်ဖြစ်ခြင်း။

၎။ အလ္လာဟ်ထံမှ ဂရုဏာတံခါးပွင့်၍ ဗန္ဓဟ်အတွက်ကောင်းကျိုးပြုသည့်လမ်း၊ ဖြောင့်ဖြူးစေတော်မူခြင်း တို့ကြောင့်ဖြစ်သည်။

အစ္စသိခါရဟ်၏နောက်ဆက်တွဲအကျိုးကျေးဇူးတစ်ရပ်မှာ လူသားသည် ဖရိရှ်သာ၏ အရည်အချင်းကို ရရှိသွားပေသည်။ အကြောင်းမှာ အစ္စသိခါရဟ်ပြုသူသည် မိမိ၏ ပင်ကိုဆုံးဖြတ်ချက်ကို အသုံမချပဲ မိမိ၏ကျေနပ်နှစ်သက်မှုကို အလ္လာဟ်အရှင်မြတ်၏အလိုတော်အောက်ဝယ်ထားရှိသည့်အတွက်ပင် ဖြစ်သည်။

အစ္စသိခါရဟ်ပြုလုပ်ရန်အမိန့်

လုပ်ပိုင်သည့်ကိစ္စရပ်များ၌သာ အစ္စသိခါရဟ်ပြုခြင်းသည် စွန္နသ်ဖြစ်သည်။ ဟဒီးစ်တော်များတွင် ယင်းနှင့်ပတ်သက်၍ အလေးအနက်တိုက်တွန်းထားပေသည်။

မည်သည့်ကိစ္စများတွင် အစ္စသိခါရဟ်ပြုရမည်နည်း

အကျိုးပေးခြင်းနှင့် ဆုံးရှုံးနစ်နာခြင်း စုံတွဲနေသည့်ကိစ္စရပ်များ၌ သာ အစ္စသိခါရဟ်ပြုရမည်။ သဘာဝအရဖြစ်စေ ရှရီအသ်တရားတော်အရဖြစ်စေ ယတိပြတ်ကောင်းခြင်း ဆိုးခြင်းပေါ်လွင်နေသည့်ကိစ္စများ အတွက် အစ္စသိခါရဟ်ပြုခြင်းမှာ မပိုင်ပါ။ ဥပမာ နမားဇ်ဝတ်ပြုရန်အတွက် (သို့) မပိုင်သည့်ကိစ္စရပ်တစ်ခုခုအား ကျူးလွန်ရန်အတွက် အစ္စသိခါရဟ်ပြုခြင်းများသည် မပိုင်ပါ။

အစ္စသိခါရဟ်ကိုမည်သူပြုလုပ်ရမည်နည်း

ကျွန်ုပ်တို့၏လူမှုနယ်ပယ်တွင် ကာယကံရှင်ကိုယ်တိုင် အစ္စသိခါရဟ်မပြုလုပ်ပဲ သူတော်စဉ် (သို့) အာလင်မ်တစ်ပါးပါးကို တစ်ဆင့်ခံပြုခိုင်းသည်ကို များသောအားဖြင့်တွေ့မြင်ရတတ်သည်။ အချို့သူတို့သည် မိမိသည် အပြစ်ကျူးလွန်သူဖြစ်၍ အစ္စသိခါရဟ်ပြုလုပ်ရန်မထိုက်၊ အာလင်မ် (သို့) သူတော်စဉ်တစ်ပါးပါးကို အစ္စသိခါရဟ်ပြုလုပ်ခိုင်းရသည်ဟု ယုံကြည်ထားကြသည်။

ရှရီအသ်တရားတော်တွင် အပြစ်ရှိသူ အစ္စသိခါရဟ်မပြုလုပ်ရ၊ သူတော်စဉ်တစ်ပါးပါးကိုသာ အစ္စသိခါရဟ်ပြုလုပ်ခိုင်းရမည်ဟု စည်းကမ်းချက်များ ပြဌာန်းမထားပါ။ ဟဒီးစ်တော်တွင် ကာယကံရှင်ကိုယ်တိုင် အစ္စသိခါရဟ်ပြုလုပ်ရန် တိုက်တွန်းထားသည်။ အစ္စသိခါရဟ်၏ ဒိုအာတွင်ပါရှိသည့် ရွတ်ဆိုမှုအားလုံးသည် ကာယကံရှင်နှင်သာ သက်ဆိုင်နေသည်ကို တွေ့ရမည်။ မိမိသာ ကောင်းရာကောင်းကြောင်းကို တောင်းခံသူဖြစ်သောကြောင့် စွန္နသ်တော်နှင့်ကိုက်ညီကာ အကောင်းဆုံးဖြစ်ရန်အတွက် မိမိကိုယ်တိုင်ပင် အစ္စသိခါရဟ်ပြုလုပ်ရမည်ပင်ဖြစ်သည်။ သို့မှသာ စွန္နသ်တော်အပေါ် လိုက်နာကျင့်သုံးရာရောက်ကာ ကုသိုလ်အကျိုးကိုပါရရှိပေမည်။

ဘာသာရေးကိုင်းရှိုင်းသည့် ပုဂ္ဂိုလ်အား တစ်ဆင့်အစ္စသိခါရဟ်ပြုလုပ်ခိုင်းခြင်းတွင် အပြစ်မဖြစ်ပါ။

အစ္စသိခါရဟ်ပြုလုပ်နည်းနှင့်ဒိုအာ စွန္နသ်တော်နှင့်အညီ အစ္စသိခါရဟ်ပြုနည်းမှာ "အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် လမ်းနှစ်သွယ်မြင်နေရပါသောကြောင့် ကျွန်တော်မျိုးနှင့် အပ်စပ်သဟဇာတ ဖြစ်မည့်လမ်းကို အရှင်ဆုံးဖြတ်ပေးတော်မူပါဟု " နိယသ်ပြုပြီး (အစ္စသိခါရဟ်၏နိယသ်ဖြင့်) နဖိလ်နမားဇ် နှစ်ရကအသ် ၀တ်ပြုပါ။ နမားဇ်ပြီးနောက် တမန်တော်မြတ် (ဆွ) လမ်းညွှန်သင်ကြားထားသော အစ္စသိခါရဟ်ဒိုအာကို ဖတ်ပါ။ ထိုဒုအာသည် အလွန်ဆန်းကြယ်လှပြီး အရှင့်၏ရစူလ်ကသာ တောင်းခံနိုင်ပါသည်။ သာမာန်လူသားတစ်ယောက်အနေဖြင့် ကြိုးစားအားထုတ်ပြီး အခြားစာသားများဖြင့် တောင်းခံလျှင်လည်း ဤဒိုအာကဲ့သို့ စူးရှထိရောက်မည်မဟုတ်ပါ။

ဒိုအာနှင့်အသံထွက် -




ဒုတိယပိုင်းတွင် အင်န်ရှာအလ္လာဟ် အဓိပ္ပာယ်နှင့် အချိန်အခါများကို ဆက်လက်ဖော်ပြပါမည်။

စွန္နသ်တော်နှင့်အညီ အိစ်သေခါရာပြုလုပ်နည်း စာအုပ်မှ ကူးယူဖော်ပြပါသည်။
ဟောကြားသူ - ဟဇ်ရသ်မော်လာနာ မုဖ်သီ သကီးအုစ်မာနီ - ဒါရွလ်အိုလူးမ် -ကရာချိ
ပြန်ဆိုသူ - မော်လာနာ ဟာဖိဇ် မိုဟမ္မဒ်ဇကီး မဟ်မူဒီ - ကျောင်းဆရာ - ဒါရွလ်အိုလူးမ် - ရန်ကုန်။

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်နှင့်တကွ အီမာန်ရှင်တိုင်းကို အိစ်သိခါရဟ် စွန္နသ်တော်အား  အကောင်အထည်ဖော်နိုင်ခွင့် ပေးသနားတော်မူပါစေ။ အာမီးန်။

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Friday, August 23, 2013

ဝတ်စားဆင်ယင်မှုလည်း အရေးကြီးတယ်



ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်သော ရှရီအသ်များ ( 1 )
**************************************

အစ္စလာမ်က လူတစ်ယောက်ရဲ့  ဘဝသက်တမ်းနေထိုင်ကျင့်သုံးမှု အားလုံးရှုထောင့်အားလုံးမှာ ပြည့်ပြည့်စုံစုံ သင်ကြားပြသပေးထားတယ် ။ နေထိုင်မှု စားသောက်မှုကို ဘာတစ်ခုမှ မကျန်အောင် အစစသွန်သင်ပြသပေးထားပီးဖြစ်တယ် ။ အဝတ်ထည် ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပီးတော့လည်း သင်ပြပေးထားပီးဖြစ်တယ် ။ ဒီခေတ်မှာ လူတွေက မိမိတို့ဒေသ မိမိတို့ ပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့ ဝတ်ဆင်မှုတွေရှိကြတယ် ။ အဲဒီဝတ်စားဆင်ယင်မှုတွေမှာ ရှရီအသ်ရဲ့  အမိန့်ကိုသွတ်သွင်းလာရင် ဒီလူဟာ အမြင်ကျဉ်းမြောင်းသူလို့ အများက ဝေဖန်သတ်မှတ်ကြတယ် ။ ရှရီအသ်က ဒီလောက်မခက်ခဲဘူး ။ အလွန်လွယ်ကူတယ် ။ ဒီမွလ္လာတွေက တမင်လုပ်ကြံဖန်တီးပီး စည်းကမ်းချက်တွေ ပြဠာန်းပီး ကန့်သတ်ချုပ်ချယ်နေကြတယ် လို့ အပြစ်မြင်ကြတယ် ။ မိမိစိတ်ကြိုက် ဝတ်ဆင်လိုကြတယ် ။

တကယ်တော့ ဒီအဝတ်အစားက လူတယောက်ရဲ့ သာသနာ ၊ သူ့ရဲ့ ကိုယ်ကျင့်သီလ ၊ သူ့သက်တမ်းနဲ့ ပတ်သက်တဲ့အရေးကိစ္စတွေမှာ လွှမ်းမိုးမှုမရှိဘူး ဆိုတဲ့ အဝတ်အထည်လောကမှာ မရှိဘူး ။ ဒီအယူအဆကို သိပ္ပံပညာရှင်တွေလူမှုဗေဒပညာရှင်တွေကအစ အသိအမှတ်ပြု လက်ခံထားရတယ် ။ ဒါကြောင့် အဝတ်အထည်ဝတ်ဆင်ခြင်းကို ရိုးရိုးသာမန်အလုပ်တခုလို မအောင့်မေ့လိုက်ပါနဲ့ ။ သူရဲ့ နောက်ကွယ်မှာ လူ့ဘဝရဲ့  ကျယ်ဝန်းတဲ့ နယ်ပယ်အရေးကိစ္စတွေ ဆက်နွယ်ပတ်သက်နေကြတယ် ။

ဟဇရသ်အုမရ်ဖာရူးက် ( ရသွေ့  ) သခင် တနေ့အလွန်တောက်ပသစ်လွင်တဲ့ ဂျွတ်ဘာတစ်ထည်ဝတ်ပီး မဒီနာဝတ်ကျောင်းတော်မှာ ခွသ်ဘာတရား မိန့်ကြားနေတော်မူတယ် ။ ပီးတဲ့နောက် အိမ်ပြန်ရောက်တော့ ဂျွတ်ဘာကိုချွတ်ပီး " ဒီဂျွတ်ဘာကို နောက်နောင်ဘယ်တော့မှမဝတ်တော့ဘူး ။ ဒီဂျွတ်ဘာကို ဝတ်လိုက်တဲ့အတွက် မိမိစိတ်ထဲမှာ မိမိကိုမိမိအထင်ကြီး ဘဝင်မြင့်စိတ်တွေနဲ့ မာနထောင်လွှားတဲ့စိတ်တွေ ဝင်လာခဲ့တယ် " လို့ အမိန့်ရှိတော်မူတယ် ။

ဆိုလိုချင်တာက ဒီဂျွတ်ဘာဟာ ဟရာမ်ပစ္စည်းမဟုတ်ဘူး ။ သို့သော်လည်း အရှင်မြတ်က ဒီပုဂ္ဂိုလ်မြတ်တွေရဲ့ နှလုံးသားကို သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ပေးထားတယ် ။ မကောင်းမှုအနည်းအကျဉ်းပင်ဖြစ်ပါစေ ဒီလူတွေဟာ သိမြင်ခံစားကြရတယ်။ ပမာအားဖြင့် အလွန်ဖြူဖွေး သန့်ရှင်းနေတဲ့ အဝတ်စတခုပေါ် အညစ်အထေး အစွန်းအထင်တစက်မျှ စွန်းထင်သွားရင်လည်း ဒီအညစ်အထေးက အဝတ်စအပေါ်မှာ ထင်ရှားပေါ်လွင်နေတယ် ။ ကျွန်မတို့ရဲ့  နှလုံးသားက မကောင်းမှုတွေ အပြစ်ဂိုနဟ်တွေနဲ့ ယဉ်ပါသွားပီး ။ ရိုးသွားပီး ။ ဒါ့ကြောင့် ရှရီအသ်နဲ့ဆန့် ကျင်တဲ့ မကောင်းမှုတစ်စုံတစ်ရာ ကျူးလွန်မိပီးဆိုရင်လည်း ရင်ထဲမှာ ဘာမှမခံစားရရုံသာမက အပြစ်ကို အပြစ်လို့တောင်မမြင်နိုင်တော့ဘူး ။ ပမာအနေနဲ့ အစွန်းအထင်း အညစ်အကြေးမျိုးစုံ ညစ်ပေးနေတဲ့ အဝတ်စအပေါ် အမဲပျောက် အစွန်းအထင်းတခု ထပ်စွန်းရင်လည်း ဒီအဝတ်စအပေါ်မှာ ဒီအစွန်းအထင်းက ပေါ်လွင်လာမှာ မဟုတ်ရုံသာမက တခါတခါ ဒီအစွန်းအထင်းကို ပြဆိုရင်တောင် ရှာလို့တွေ့တော့မှာ မဟုတ်တော့ဘူး ။ မူလအညစ်အထေး အစွန်းအထင်းနဲ့ ရောသွားလို့ ဖြစ်တယ် ။

ဒါကြောင့်ဟဇရသ်အုမရ် ( ရသွေ့အလ္လာဟိုအန်ဟူ ) သခင်ဟာ ဒီအဝတ်အထည်ရဲ့  လူ့စိတ်အပေါ် လွှမ်းမိုးချုပ်ကိုင်လာမှုကို မိမိရင်ထဲက သိမြင်ခံစားလာရလို့ ဒီလိုစကားဆိုခဲ့ခြင်းဖြစ်တယ် ။ ဒါကြောင့် အဝတ်အထည်ဝတ်ဆင်ခြင်း အလုပ်ကို ရိုးရိုးသာမန်အလေးမထား ဂရုမစိုက်လောက်တဲ့ အလုပ်တခုလို့ သဘောမထားကြနဲ့ ။ ရှရီအသ်ရဲ့  အမိန့်ဥပဒေတွေကို လေ့လာမှတ်သား ကျင့်သုံးကြရမယ် ။

ကျွန်မတို့က ဆင်ခြေပေးနေကြတယ် ။ ကျွန်မတို့ရဲ့ အတွင်းနှလုံးသားဖြူစင်ကြတယ် ။ နီယသ်တွေမှန်ကန်ကြတယ် ။ စိတ်က အလ္လာဟ်အရှင်မြတ်နဲ့ အမြဲတမ်းအဆက်အသွယ်ထားကြတယ် ။ အဝတ်အစားနည်းနည်းလေး ပုံစံပြောင်းသွားတာနဲ့ ကျွန်မတို့အတွက်ဘာဖြစ်မှာလဲ လို့ ဆိုနေကြတယ် ။ မှတ်ထားပါ ။ သာသနာရဲ့ အမိန့်ပညတ်ချက်တွေက ဝိညာဉ်အပေါ်သာမက ရုပ်ကလာပ်အပေါ်မှာလည်း သက်ဆိုင်တယ် ။ ဘာသွေနီ ( အတွင်းပိုင်း ) ရော ၊ ဇွာဟေရီ ( အပြင်ပိုင်း ) ရော နှစ်ပိုင်းစလုံးနဲ့ သက်ဆိုင်နေတယ် ။ ကုရ်အာန်ကျမ်းမြတ် စူရဟ်အန်န်အာမ် အာယသ် နံပါတ်၁၂၀ မှာလာရှိတယ် ။ ဆိုလိုတာက ဇွာဟေရီ ( အပြင်ပိုင်း ) အပြစ်ဂိုနာဟ်မှလည်း ရှောင်ကြပါ ။ ဘာသွေနီ ( အတွင်းပိုင်း ) အပြစ်ဂိုနဟ်မှလည်း ရှောင်ကြဉ်ပါ တဲ့ ။

တစ်ခုသိထားရမှာက လူတစ်ယောက်မှာ အပြင်ပိုင်း ပျက်စီးချို့ ယွင်းမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပီဆိုရင် ရှိုင်သာန်က ဒီလူကို ခင်ဗျားရဲ့  ဘာသွေနီ ( အတွင်းပိုင်း ) စိတ်နှလုံးကတော့အခြေအနေအလွန်ကောင်းနေတယ် ။ နီယသ်တွေ အားလုံးမှန်ကန်နေတယ် ။ ခံယူချက် ယုံကြည်ချက် အီမာန်ပိုင်းတွေလည်း အားလုံးမှန်ကန်နေတယ် ။ မစိုးရိမ်နဲ့လို့ လှည့်ဖြားလိမ်ညာထားလိုက်တယ် ။ ဒီလူသားကလည်း လှည့်ဖြားချက်ထဲ ငြိပီး စိတ်ထဲမှာ ဝမ်းသာအားရပျေနပ်နေလိုက်တယ် ။ သိထားရမှာက အတွင်းပိုင်း ဘာသွေနီမှာ ပျက်ဆီးချို့ ယွင်းလာပီးဆိုရင် အဲ့ဒါရဲ့  နမိတ်လက္ခဏာဟာ ခန္ဓာကိုယ် ရုပ်ကလာပ်အပေါ်မှာ ထင်ရှားပေါ်လွင်လာတတ်တယ် ။ သစ်သီးတလုံးရဲ့ အတွင်းပိုင်းမှာ ပိုးကျလာပီး ပုပ်သိုးလာပီးဆိုရင် အဲ့ဒါရဲ့  နမိတ်လက္ခဏာဟာ သစ်သီးရဲ့ အခွံအပေါ်မှာ အစွန်းအထင်း အကွက်အပျောက်တွေအဖြစ်နဲ့ ထင်ရှားပေါ်လွင်လာတတ်ကြတယ် ။ အတွင်းမှာ ဘာအပြစ်အနာအဆာမှ မရှိရင်တော့ အပြင်ဖက်အခွံမှာ ဘာနမိတ်လက္ခဏာမှ ပေါ်လာမှာ မဟုတ်ဘူး ။

ဒါကြောင့် အစ္စလာမ်က အပြင်ပိုင်းရော အတွင်းပိုင်းကိုရော နှစ်ခုစလုံးကို ဂရုစိုက်ခိုင်းတယ် ။ အတွင်းပိုင်းကောင်းရင် ပီးရော အပြင်ပိုင်း ဘယ်လိုနေနေဆိုပီး ဂရုမစိုက်ရင် လူမိုက်ဖြစ်သွားမယ် ။ ကားတစ်စီးမှာ အင်ဂျင်တို့ ဂီယာဘောက်တို့ပါရုံနဲ့ ကားတစ်စီးမဖြစ်ဘူး ။ အပြင်ပိုင်းဘီးတွေ ဘော်ဒီတွေ အစုံအလင်ပါမှ ကားလို့ခေါ်မယ် ။ အတွင်းပိုင်းကောင်းရုံနဲ့ မုစ်လင်မ်မဖြစ်ဘူး ။ အတွင်းအပြင် နှစ်ပိုင်းစလုံးကောင်းမှ မုစ်လင်မ်ဖြစ်မယ် ။

( ခွသ်ဗားသ် )

Sheereen

အလ်မုဖီးဒ်

GSM SIM ကဒ်တွေ SMS မှ Internet လျှောက်နည်း

တော်တော်များကတော့ သိပြီးကြပါပြီ မသိသေးသောသူတွေအတွက်ရည်ရွယ်ပါတယ်
အားလုံး အဆင်ပြေအောင်တင်ပေးလိုက်တာပါ-ကဲစလိုက်ကြပါဆို့....
မိမိဖုန်းတွင် ငွေ တစ်သောင်းအထက် ထည့်သွင်းထားရမည်။
Order data service ဟုရိုက်ပြီး 1331 သို့ SMS ပေးပို့ပါ။ SMS ပြန်ဝင်လာပါက အောက်ပါအတိုင်း Setting ချိန်ပါ-
Phone Setting - Wireless & networks
Mobile networks - Network settings
Acess Point Names
Menu ကိုနှိပ်၍ New APN ကိုဖွင့်ပါ
Name နေရာတွင် mptnet
Apn နေရာတွင် mptnet
Username နေရာတွင် mptnet
Password နေရာတွင် 0000
Authentication type နေရာတွင် PAP or CHAP
APN type နေရာတွင် default ဟုရိုက်ပြီး Menu ကိုနှိပ်၍ Save လုပ်ပါ။
Data enabled ကို အမှန်ခြစ်ပါ။
Data roaming ကို အမှန်ခြစ်ပါ။
အားလုံးပြီးပါက Internet တက်မတက် ကြည့်ပါ မတက်ပါက Restart ချလိုက်ပါ။အားလုံးအဆင်ပြေကြပါစေ။

အလ်မုဖီးဒ်

Thursday, August 22, 2013

လူငယ်ဘဝနှင့် စိတ်ဆင်ရိုင်း

လူငယ်ဘဝနှင့် စိတ်ဆင်ရိုင်း (၁)

လူငယ်ဘဝတွင် မိတ်ဆွေသူငယ်ချင်းကောင်းနှင့်ပေါင်းရန် အရေးကြီးသည်။ သာသနာ့ပတ်ဝန်းကျင်တွင်ရှိရန် လိုအပ်သည်။ ပျင်းရိနေခြင်း၊ အလုပ်မလုပ်ပဲနေခြင်းမျိုး မဖြစ်သင့်၊ တဏှာရာဂကိစ္စကို သာသနာက ခွင့်မပြုသော အနေအထားတွင် အသုံးမပြုရန် အရေးကြီး၏။ သာသနာက ခွင့်ပြုသော နေကာဟ် ရှာဒီ ပြုပြီးမှ ဆက်ဆံနိုင်၏။ မိမိစိတ်ဆန္ဒဆိုးဖြင့် မိန်းမရွှင်နှင့် ပျော်ပါးခြင်း၊ နေကာဟ် မလုပ်ရသေးသော (ချစ်သူ၊ ရည်းစား) တို့နှင့် ပျော်ပါးခြင်းတို့ကို ရှောင်ရမည်။ ထိုသို့ လိင်စိတ် ဖြေဖျောက်ခြင်းသည် အမှန်တကယ် နေကာဟ်ရှာဒီဖြစ်သော ကာလ၌ ရရှိခံစားရမည့် ကျေနပ်ကြည်နူးမှုများကို ထိခိုက်ပျက်ပြယ်စေတတ်သည်။ ရောဂါဆိုးများ ရရှိနိုင်သည်။ သာသနာ့အပြင်ဘက်တွင် လိင်ကိစ္စဖြေဖျောက်ခြင်းကြောင့် အဆိုးဝါးဆုံးထိခိုက်မှုမှာ ကိုယ်ခန္ဓာညှိုးခြောက်ခြင်းနှင့် မှတ်ဉာဏ်လျော့ပါးစေခြင်းတို့ ဖြစ်စေလေသည်။ (အကျင့်ယုတ်ညံ့စေသည်။ အကျင့်ပျက်တစ်ဦး၏ အနာဂတ်သည်မကောင်းချေ။)

လူငယ်ဘဝနှင့်စိတ်ဆင်ရိုင်း (၂)

လူငယ်ဘဝ၌ ငယ်နုသောအချိန်၊ ငယ်နုသော အသိပညာကြောင့် စိတ်ဆန္ဒဆိုးအမျိုးမျိုး ဖြစ်ပေါ်တတ်သည်။ ထိုစိတ်ဆိုးစိတ်ယုတ်သည် မသမာမှုအမျိုးမျိုးဆီသို့ တွန်းပို့တတ်သော သဘာဝရှိသည်။ သို့ဖြင့် တစ်ညလုံး အိပ်မပျော် ဖြစ်တတ်လေသည်။ သက်ပြင်းတချချ၊ လေပူတမှုတ်မှုတ်ဖြင့် ချောက်ခြားလျက် ကြက်အိပ်ကြက်နိုး ဖြစ်တတ်သည်။ အိပ်မက်ဆိုးများ မက်တတ်သည်။ ဆီးကျင် ကိုက်ခဲတတ်သည်။ သားသမီးဖြစ်စေသော သဘာဝခွန်အားတို့ ဆုတ်ယုတ် ပျက်စီးတတ်သည်။ ဤသဘာဝကို သိထားပြီး စိတ်ဆန္ဒဆိုး၏ အလိုသို့မလိုက်ဘဲ ထိန်းသိမ်းဆင်ခြင် နေတတ်ခဲ့လျှင် ကိုယ်ကာယ စိုပြေလှပမည်။ ခွန်အားတိုးမည်။ မျက်စေ့ကြည်မည်။ ဉာဏ်ရည် ထက်မြက်သွက်လက်နေမည်။

ထို့ကြောင့် ရှရီအသ် (သာသနာ့စည်းမျဉ်းစည်းကမ်း) က မိဘနှင့် သားသမီးတို့သည် (သားသမီး ၇-နှစ်အရွယ်) ရောက်လျှင် အိပ်ရာခွဲ၍ အိပ်ရမည်ဟု ညွှန်ပြထားခြင်းဖြစ်သည်။

လူငယ်ဘဝနှင့်စိတ်ဆင်ရိုင်း (၃)

သာသနာအရ တရားဝင် အမျိုးသား အမျိုးသမီး လိင်ဆက်ဆံခွင့်ပြုသည်မှာ နေကာဟ် ရှိမှဖြစ်၏။ တရားဝင်လက်ထပ် ထိမ်းမြားခြင်း (နေကာဟ်) မရှိဘဲ လိင်ဆက်ဆံခြင်းသည် ဇေနာ ဖြစ်၏။

ဇေနာ ကျူးလွန်လျှင် ဗရ်ကသ် မင်္ဂလာမရှိဖြစ်တတ်၏။ မျက်နှာပေါ်မှ နူရ် (လင်းဝင်းမှု ကျက်သရေ) မရှိဖြစ်တတ်၏။ အပူအပင်ကြီးလာ၏။ ကြောက်တတ်၏။ ဆီးပူ၏။ ရောဂါရ၏။ တစ်သက်တာလုံး ဆုံးရှုံးမှုများ ကြုံ၏။

“ငါဟာမွတ်စလင်မ်တစ်ဦးဖြစ်တယ်။ မိဘဆွေမျိုးအရှက်ကွဲမယ့်ကိစ္စမလုပ်ဘူး။ ငါ.... တစ်နေ့ လူကြီး (မိဘ) ဖြစ်မယ်။ သားသမီးရမယ်။ ဒီကိစ္စကြောင့် သားသမီးအရှက်မရစေရဘူး၊ အလ္လာဟ်အရှင်မြတ် မကြိုက်တာ မလုပ်ဘူး၊ ” ဟု မိမိ၏ စိတ်ဆင်ရိုင်းကို အသိတရား သတိတရား ချွန်းဖြင့် နိုင်အောင်နှိမ်နင်းရမည်။

မော်လာနာအဗ်ဒွလ်ကာဒိရ် (ဂျာမိအဟ်ဒါရွလ်အိုလူမ် - တာမွေ) ရေးသားသော စံပြမိဘနှင့်ချစ်သားလက်ဆောင် စာအုပ်မှကောက်နုတ်တင်ပြသည်။

သာသနာက ခွင့်ပြုသော နေကာဟ် ဖြင့်သာ တစ်သက်တာ ပျော်ရွှင်မှုရယူမည်ဟု ဆုံးဖြတ်ကြပါစို့။ သာသနာအပေါ်၊ အလ္လာဟ်အရှင်မြတ်အပေါ်၊ မိမိအမျိုးသားတို့အပေါ်၊ မိမိကိုယ်တိုင်အပေါ် သစ္စာရှိကြပါစို့။ အလ္လာဟ်အရှင်မြတ်သည် မွတ်စလင်မ်အမျိုးသား အမျိုးသမီးတိုင်းကို သာသနာက ခွင့်ပြုသော နေကာဟ်ဖြင့် တစ်သက်တာ ပျော်ရွှင်မှုရယူနိုင်စွမ်း သောင်ဖီးက် ပေးသနားတော်မူပါစေ။ ........... အာမီးန်

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Monday, August 19, 2013

အီမာန်ရှင်တို့်တွင် ရှိသင့်သည့် အရည်အချင်း ( ၅ ) ရပ်....



( ၁ ) နေမင်းကဲ.သို.ထွန်းလင်းရမည်
( ၂ ) ဖယောင်းကဲ.သို.နူးညံရမည်
( ၃ )တောင်များကဲ.သို.ကြံခိုင်ရမည်
( ၄ )ကုလားအုတ်ကဲ.သို.အမိန်.နာခံတက်၇မည်
( ၅ )မြေကြီးကဲ.သို.ဆွဗရ်သီးခံ ခြင်းတရားရှိရမည်

ရှင်းလင်းချက်

(၁) နေမင်းကဲ.သို.ထွန်းလင်းရမည် ဆိုသည်မှာ နေမင်းသည် ကမ္မာမြေကြီးအားအလင်ရောင်ခြည်ပေးသည်...ကျွန်ပ်တို.သည် ထိုနေမင်းရဲ.အလင်းရောက်ဒဏ်ကို ကာကွယ်ဖို. အိမ်များဆောက်ကြသည်..သိုသော် ထိုအိမ်တွင် အပ်ပေါက်ခန်.မျှ အပေါက်တပေါက်ရှိနေခဲ.လျှင်လဲ နေမင်းသည် ထို အပေါက်လေးထဲမှ ၀င်ရောက်ပီး ထိုအိမ်သို. လင်းစေသည်....ထိုကဲ.သို.ပင် အိမာန်ရှငတို.သည်
မိမိရဲ. အမာရ်အေဗာဒတ်ဖြင်. ဟောဒီကမ္မာအား အလင်းရောင်ပေးနိင်သူဖြစ်နိင်ရမည်....

(၂) ဖယောင်းကဲ.သို.နူးညံခြင်းဆိုသည်မှာ ဖယောင်းသည်အရမ်းပျော.ပြောင်းသောအရာဖြစ်သည်...ထိုကဲ.သို.ပင် အီမာန်ရှင်တို.သည် တခြားသူတပါးနှင်.ဆက်ဆံသောအခါ ဖယောင်းကဲ.သို.ပင် နူးညံသိမ်.မွေ.သော စာရိတ္တ တရားနှင်.ဆက်ဆံရမည်ဖြစ်ပါသည်....

(၃)တောင်များကဲ.သို.ကြံခိုင်ရမည်ဆိုသည်မှာ တောင်များသည် သဘာဝရဲ.ဘေးရန်အမျိုးမျိုးကို တောင်.တင်းပီးခံနေသကဲသို. ကျွန်ပ်တို. အီမာန်ရှင်တို.သည်လဲ (အလ္လာဟ်) အရှင်မြတ်ရဲ. စမ်းသပ်မှုအမျိုးမျိုးကိုကြုံရသောအခါ တောင်များကဲ.သို.ပင် ကြံကြံခံနိင်ရမည် ဖြစ်ပါသည်....

(၄)ကုလားအုတ်ကဲ.သို.အမိန်.နာခံတက်၇မည် ဆိုသည်မှာ ကုလားအုတ်သည် သူရဲ.သခင်အမိန်.ကို ထဆိုရင်ထ ထိုင်ဆို၇င်ထိုင် သွားဆိုရင်သွား နာခံသလိုမျိုးပင် ကျွန်ပ်တို. အီမာန်ရှင်တို.သည်လဲ ( အလ္လာဟ် ) ဆွဗာဟာနဟူဝသာအာလာ ရဲ. ချမှတ်ထားသောအမိန်.များကို တသဝေမသိမ်း လိုက်နာ နာခံနိင်အောင် ပြုလုပ်၇မည်ဖြစ်ပါသည်...

(၅)မြေကြီးကဲ.သို.ဆွဗရ်သီးခံ ခြင်းရှိခြင်းဆိုသည်မှာ မြေကြီးသည် သူကို ဘယ်သူနင်းနင်း စိတ်မဆိုးပဲ အနင်းခံသည်..သူကို နင်းတိုင်းလဲ စိတ်ဆိုးသည်ဆိုပီ မြေမျိုလိုက်သည်ဟု မရှိချေ.....ထိုသိုပင် ကျွန်ပ်တို.အီမန်ရှင်တို.သည်လဲ သူတပါးက မိမိအားစော်ကားပြသနာ လုပ်လျှင်လဲ မိမိသည် ဆွဗရ်သီးခံခြင်း တရားနှင်. မေတ္တာပွားများကာ
အနိင်ယူလိုက်ရမည် ဖြစ်သည်........

အိုမွေးမြူဖန်ဆင်းစောက်ရှောက်တော်မူသော (အလ္လာဟ်)ဆွဗာဟာနဟူဝသာအာလာ
ကျွန်ပ်တို.အား ထိုအရည်အချင်းများ ပြုကျင်.နိင်သည်. အရည်အချင်းးးချီးမြင်.တော်မူပါ........အာမီန်းးးးးး

အလ်မုဖီးဒ်


အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Monday, August 12, 2013

အစ္စလာမ်ဘာသာနှင့် ပွင့်လင်းမြင်သာမှု


ပွင့်လင်းမြင်သာမှု ဝါ  Transparency  ကို ယနေ့ကာလ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး နယ်ပယ်များတွင် ကျယ်ကျယ်လောင်လောင်ပဲ ပြောလာကြသည်။ အစ္စလာမ်ကိုလည်း ပွင့်လင်းမြင်သာမှုမရှိဟု ရမ်းတုတ် မှန်းအုပ်လာကြသည်။ ဗမာစကားပုံ တစ်ခုရှိသည်။ သတိမမူ ဂူမမြင်၊ သတိမူက မြူပင်မြင်သည်။ တောထဲမှာ မိမိသွားနေသောနေရာသည် လမ်းမဟုတ်ဘဲ၊ တောကောင်နေထိုင်သည့် ဂူဖြစ်နေသည့်အတွက် နောက်ဆုံး တောကောင်အစားခံလိုက်ရခြင်းကို ပမာပြဆိုထားပေသည်။ သတိထားပါလျှင် သေးငယ်သော မြူနှင်းများကိုပင် မြင်နိုင်၍ အချိန်၊ နေရာတို့ကို ခန့်မှန်းနိုင်သည်။ ထိုစကားပုံအတိုင်းပင် ဗမာလူမျိုးတို့သည် သတိမမူ၍ အစ္စလာမ်ဘာသာကို မမြင်ခြင်းသာဖြစ်သည်။ အစ္စလာမ်ဘာသာက ကမ္ဘာ့ ပွင့်လင်းမြင်သာမှု အရှိဆုံး ဘာသာတရားဖြစ်သည်။

ဘာသာရေးဝတ်ပြုမှုအတွက် ပွင့်လင်းမြင်သာစွာ တစ်နေ့ ငါးကြိမ် နှိုးဆော်ရသည်။ အရဗီဘာသာဖြင့် သံတော်ဆင့်ရသည်။ ထိုနှိုးဆော်သံတွင် အစ္စလာမ်ဘာသာဝင်တို့ ကိုးကွယ်သော အလ္လာဟ်အရှင်မြတ်၏ ကြီးမားမြင့်မြတ်မှုကို ထုတ်ဖော်ရသည်။ အစ္စလာမ်ဘာသာဝင်တို့၏ ယုံကြည်ချက် စာသားကို ထုတ်ဖော်ကြေညာရသည်။ အစ္စလာမ်ဘာသာဝင်တို့၏ နှစ်ဘဝကျေးဇူးတော်ရှင် ခေါင်းဆောင်မွန်ဖြစ်တော်မူသော တမန်တော်မြတ် မိုဟမ္မဒ်သခင် (PBUH) သည်အလ္လာဟ်အရှင်မြတ်၏ တမန်တော်ဖြစ်ကြောင်း ကြေညာရသည်။ အထက်ပါအချက်များကို မှန်ကန်ကြောင်း သက်သေခံရသည်။ မြန်မာလို ဘာလို့ သံတော်မဆင့်သလဲဟု အမေးရှိပါက ငါးပါးသီလကို မြန်မာဘာသာဖြင့် မယူဘဲ ကုလားလို ပါဠိဘာသာဖြင့် ယူသကဲ့သို့ပင်ဖြစ်သည်ဟု ဖြေရမည်ဖြစ်သည်။ ငါးပါးသီလ ဘာလဲသိချင်ရင် ပါဠိမှ မြန်မာပြန်ကို ဗုဒ္ဓဘာသာဝင်တို့ကို မေးရမည်။ မမေးမြန်းဘဲ ပွင့်လင်းမြင်သာမှုမရှိဟုပြောပါက မမေးသူ၏ အပြစ်ဖြစ်သည်။ အစ္စလာမ်ဘာသာကို သိချင်ပါက အစ္စလာမ်ဘာသာဝင်တို့ကို မေးမြန်းရမည်။ မမေးဘဲ ပွင့်လင်းမြင်သာမှုမရှိဟု ပြောလို့မရပေ။

အစ္စလာမ်ဘာသာဝင်တို့ တစ်နေ့ ငါးကြိမ် စုပေါင်းဝတ်ပြုသော ဗလီဝတ်ကျောင်းတော်များထဲသို့ ခန္ဓာကိုယ် သန့်ရှင်းသူ အမျိုးသားမှန်သမျှ ဝင်ရောက်ခွင့်ရှိသည်။ ပွင့်လင်းမြင်သာသည်။ အချို့ ဗလီများတွင် သန့်ရှင်းသူ အမျိုးသမီးများပါ ဝင်ရောက်ခွင့်ပြုထားသည်။ ဘာသာ၊ လူမျိုး မခွဲဘဲ ဝင်ရောက်ခွင့်ရှိသည်။ စည်းကမ်းတော့လိုက်နာရမည်။ ဖိနပ်ချွတ်ရမည်။ လေးစားမှု ၊ ရိုသေသမှုဖြင့် လေ့လာနိုင်သည်။ ဒါကို မလေ့လာဘဲ အိမ်ကနေ ထိုင်အော်နေလို့ကတော့ အော်သူ့ အပြစ်သာ ဖြစ်သည်။

အစ္စလာမ်ဘာသာဝင်တို့ ဦးထုပ်ဆောင်း၊ အင်္ကျီရှည်ဝတ်ကာ ပွင့်လင်းမြင်သာစွာ သောကြာနေ့ ဗလီတက်ကြသည်။ အချို့ သူတို့သည် ထိုအခြင်းအရာကိုမြင်မှ ဒီနေ့ သောကြာနေ့ပါလားဟု အမှတ်ထားမိသည်။ သိလိုပါက အစ္စလာမ်ဘာသာဝင်များကို မေးမြန်းရမည်။ ဗုဒ္ဓဘာသာဝင်များ ရှင်လောင်းလှည့်ခြင်းကို ဘာ့ကြောင့်လဲ သိလိုပါက ဗုဒ္ဓဘာသာဝင်ကို မေးမြန်းရသလိုပင်ဖြစ်သည်။ ကိုယ်နဲ့ မဆိုင်သလိုနေလာပြီးမှ ပွင့်လင်းမြင်သာမှုမရှိဟု ပြောလျှင် ပြောသူ့အပြစ်သာဖြစ်သည်။

အစ္စလာမ်ဘာသာဝင်အမျိုးသားတို့ ပွင့်လင်းမြင်သာစွာ မုတ်ဆိတ်ထားကြသည်။ အစ္စလာမ်ဘာသာကို ခိုးကြောင်ခိုးဝှက် ကျင့်သုံးနေလျှင် ဗုဒ္ဓဘာသာဝင်များကဲ့သို့ မုတ်ဆိတ် ပြောင်အောင်ရိတ်ကြမည်။ သိလိုလျှင် အစ္စလာမ်ဘာသာဝင်များကို မေးမြန်းရမည်။ ဗုဒ္ဓဘာသာဝင်များ ဘုန်းကြီးဝတ်လျှင် ဦးခေါင်းတုံးသကဲ့သို့ဖြစ်သည်။ မသိချင်လျှင် မမေးနှင့်။ သိလိုလျှင် ဆရာတော့်ထံ သွားလျှောက်ရမည်။ မမေးဘဲနှင့် ပွင့်လင်းမြင်သာမှုမရှိဟု စွတ်မအော်သင့်။

အစ္စလာမ်ဘာသာဝင်တို့၏ ဥပုသ်လရောက်ပြီဆိုလျှင် တစ်နိုင်ငံလုံး လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန်၊ ပျိုအို၊ ကျားမ၊ နုရွ၊ ပုကွ မရွေး အလွှာစုံ၊ အတန်းစုံတို့ သိကြသည်။ အစ္စလာမ်ဘာသာဝင်တို့ ဥပုသ်ကို ဘယ်လိုစောင့်ရသလဲဆိုတာ ဗုဒ္ဓဘာသာဝင်အများစုလည်း သိကြသည်။ တကယ်ဆိုလျှင် ဥပုသ်စောင့်ခြင်းသည် ပွင့်လင်းမြင်သာမှုမရှိချေ။ ကိုယ်ဥပုသ်စောင့်ထားတာကို ဖွင့်မပြောမချင်း တပါးသူ မသိနိုင်ချေ။ ဖွင့်ပြောမှသာ သိနိုင်သည်။ ဆိုင်ထိုင်၊ လုပ်ငန်းခွင်ဝင်နေရင်း ဥပုသ်စောင့်နေနိုင်သည်။ မည်သူမျှ သိမည်မဟုတ်။ အစ္စလာမ်ဘာသာဝင်တို့၏ ဥပုသ်စောင့်ရန် မည်သည့် ဘာသာရေးဆရာတော်တစ်ဦးဦး၏ ဥပုသ်တိုင်ပေးရန်လည်းမလို။ မည်သည့် သီးသန့် အဝတ်အစားကိုမျှ လဲလှယ်ရန်မလို။ ကိုယ့်စိတ်နှင့် ကိုယ့်ကိုယ် တစ်ဦးတည်းသာ သိသော ကိစ္စဖြစ်သည်။ ဒီလို ဖုံးကွယ်ထားနိုင်သော ကိစ္စတောင် ဘာသာခြားတွေ အားလုံးသိသည်ဆိုလျှင် အစ္စလာမ်ကို ပွင့်လင်းမြင်သာမှုမရှိဟု စွပ်စွဲချက်များသည် ယုတ္တိရှိပါဦးမည်လော။

အစ္စလာမ်ဘာသာဝင်တို့အနက် ငွေကြေးတတ်နိုင်သူတို့သည် သက်တမ်းတစ်လျှောက်တွင် အနည်းဆုံးတစ်ကြိမ် ဟိဂျားဇ်နယ် (ဆအူဒီအာရဗ်) ရှိမက္ကာဟ်ရွှေမြို့တော်သို့ သွားရောက်၍ ဟဂ်ျ ခရီးထွက်ကြရသည်။ ဟဂ်ျသည် ဘုရားဖူးခရီးမဟုတ်သော်လည်း မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာနက ဘုရားဖူးခရီးဟု အမည်တပ်ပေးထားသည်။ ရှိစေတော့။ ဟဂ်ျဟူသော ကျင့်စဉ်သည် မည်မျှ ပွင့်လင်းမြင်သာမှုရှိသနည်းဆိုသော် အမျိုးသားအားလုံး ချုပ်ရိုးမပါသော အဲဟ်ရာမ်ခေါ် ဝတ်စုံကို ပုံစံတစ်မျိုးတည်း ဝတ်ရသည်။ သံရုံးများ၊ လေယာဉ်လက်မှတ်အရောင်းကောင်တာများတွင် အစ္စလာမ်ဘာသာဝင် ဟာဂျီများဖြင့် စည်ကားနေသည်။ ကမ္ဘာအရပ်ရပ်က လေယာဉ်၊ သင်္ဘောများဖြင့် တောင်ပြိုကမ်းပြို လာကြသည်။ မြန်မာနိုင်ငံမှလည်း တစ်လုံးတစ်ခဲ သွားကြသည်။ ဘယ်လောက်တောင် ပွင့်လင်းမြင်သာမှုရှိသလဲဆိုလျှင် ဟာဂျီ ဂုဏ်ပြုပွဲတွေကို အစိုးရတာဝန်ရှိသူတွေကိုယ်တိုင် တက်ရောက်သည်။ အားပေးသည်။ အစ္စလာမ်ဘာသာဝင်တို့၏ ဟဂ်ျ ကျင့်စဉ်ကို ခိုးကြောင်ခိုးဝှက်လုပ်လို့ရပါသလော။ ပွင့်လင်းမြင်သာမှုဘိုးတော်များ ဖြေကြပါကုန်။

အစ္စလာမ်ဘာသာဝင်တို့၏ အီးဒ်နေ့များကို လေ့လာပါ။ အီးဒ်နေ့နံနက်ဆိုလျှင် ဦးထုပ်ဆောင်း၊ ခေါင်းပေါင်းပတ်၊ အင်္ကျီရှည်ဝတ် အစ္စလာမ်ဘာသာဝင်များ မိုးမလင်းခင်ကတည်းက ဗလီဝတ်ကျောင်းတော်များသို့ သွားရောက်နေသည်ကို တွေ့ရမည်။ လူကြီးလူငယ် အသွယ်သွယ်သည် ဖြူလွင်တောက်ပသော ဝတ်စုံများကို ဝတ်၍ မိမိတို့ရပ်ကွက်ဗလီသို့လည်းကောင်း ၊ အီးဒ်နေ့ စုပေါင်းဝတ်ပြုရာ အမိုးမပါသော အီဒ်ဂါဟ်ခေါ် ကွင်းပြင်များသို့လည်းကောင်းသွားနေကြသည်ကို ပွင့်လင်းမြင်သာစွာ တွေ့မြင်နိုင်သည်။ အီးဒ်နေ့ကို ခိုးကြောင်ခိုးဝှက် ကျင်းပလို့မရပေ။ အစ္စလာမ်ဘာသာသည် ကမ္ဘာ့ပွင့်လင်းမြင်သာမှု အရှိဆုံး ဘာသာဖြစ်ပေသည်။

အစ္စလာမ်ဘာသာတွင် ခိုးကြောင်ခိုးဝှက် ပြုမူကျင့်ကြံရသော အပြုအမူများ မရှိချေ။ ဘာသာခြားတို့ မသိအောင် ဘာလေးတော့လုပ်လိုက်ပါဟု ခိုင်းထားတာမရှိ။ ဘယ်လောက်အထိပွင့်လင်းမြင်သာရှိသလဲဆိုရင် တစ်နေ့ငါးကြိမ်ဝတ်ပြုမှုကို ပြုလုပ်ရန် ဗလီဝတ်ကျောင်းတော်များတွင်သာမက သန့်ပြန့်သော မည်သည့်နေရာတွင်မဆို ဝတ်ပြုခွင့်ပေးထားရာ မီးရထား၊ လေယာဉ်ပျံ၊ သင်္ဘော၊ စသည့် အစီးအနင်းများအပေါ်တွင်သာမက ပန်းခြံ၊ မြေပြန့်ကွင်းပြင်၊ ဘူတာရုံ၊ လေဆိပ်၊ ရေဆိပ် စသည်တို့ရှိ သန့်ပြန့်သော မည်သည့်နေရာတွင်မဆို သန့်ပြန့်သော အခင်းတစ်ခု ခင်း၍ ဝတ်ပြုနိုင်ပေသည်။ သင်သည် ကမ္ဘာလှည့်ဖူးသူ ဖြစ်က ထိုအတိုင်းတွေ့ရှိရမည်ဖြစ်သည်။ ထိုဝတ်ပြုမှုကိုလည်း မည်သို့မျှ ခိုးကြောင်ခိုးဝှက် ပြုလုပ်လို့မရပေ။ စိတ်ဖြင့် ဝတ်ပြုခြင်းသည် တရားမဝင်ဘဲ ကျန်းမာရေးကောင်းသူအဘို့ ကိုယ်ခန္ဓာဖြင့် မတ်တပ်ရပ်ခြင်း၊ ဦးညွှတ်ခြင်း၊ ဦးချခြင်း၊ ထိုင်ခြင်း စသည့် လေးမျိုးသော အခြေအနေဖြင့် ဝတ်ပြုရလေသည်။ ထို့ကြောင့် ပွင့်လင်းမြင်သာ အရှိဆုံးသော ဝတ်ပြုနည်း ဟုပင် ခေါ်ဆိုရမည်ဖြစ်သည်။ ထိုသို့ ဝတ်ပြုနေပုံကို ကြည့်ခြင်းဖြင့် ထိုသူသည် အစ္စလာမ်ဘာသာဝင်ဖြစ်ကြောင်း ပွင့်လင်းမြင်သာရှိပေသည်။ မည်သည့်ဘာသာတရားမှာမျှ မရှိသော အချက်တစ်ခုမှာ ဝတ်မပြုမီ ကိုယ်လက်သန့်စင်ရခြင်းပင် ဖြစ်သည်။ တစ်ကမ္ဘာလုံးရှိ အစ္စလာမ်ဘာသာဝင် အားလုံးအတွက် ဝတ်မပြုမီ ကိုယ်လက်သန့်စင်ရေးနည်းလမ်းမှာ တစ်မျိုးတည်းပင် ဖြစ်ပေရာ ထိုအရာကြောင့်လည်း ပွင့်လင်းမြင်သာမှု ဖြစ်လာပေတော့သည်။

ပွင့်လင်းမြင်သာသော အခြားကိစ္စများ အစ္စလာမ်ဘာသာတွင် ရှိပါသေးသည်။

ယခု ပွင့်လင်းမြင်သာမှု မရှိနိုင်သော အစ္စလာမ့်ကျင့်စဉ်အနည်းငယ်ကို တင်ပြပါမည်။ အစ္စလာမ်ဘာသာဝင်တို့သည် တကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ရသည်။ လက်သည်းခြေသည်းများကို တစ်ပတ်တစ်ခါ ညှပ်ရသည်။ ချက်အောက်နှင့် ချိုင်းမွေးများ မထားရှိရပေ။ ဇနီးမောင်နှံ ကာမဆက်ဆံပြီးချိန်တွင် ရေချိုး၍ သန့်ရှင်းမှုယူရသည်။ ခင်းကြီး၊ ခင်းလေးသွားပြီးလျှင် ကိုယ်လက်သန့်စင်ပြီးမှ ကျမ်းတော်မြတ်ကုရ်အာန်ကို ထိကိုင်ခွင့်ရှိသည်၊ ဝတ်ပြုခွင့်ရှိသည်။ ကောက်ရသောပိုက်ဆံ-ပစ္စည်းကို ပိုင်ရှင်ရှာ၍ပေးရသည်။ မတွေ့လျှင် သုံးရက်ကြေညာရသည်။ ပိုင်ရှင်မပေါ်လျှင် လှူပစ်ရသည်။ ဝယ်သူက ဝယ်ယူပြီးမှ မကြိုက်လို့ အချိန်မရွေး ပစ္စည်းပြန်ပေးလျှင် အကောင်းအတိုင်းရှိနေပါက ငွေပြန်အမ်းပေးရသည်။ အနာအဆာကို ဖုံးကွယ်မရောင်းရပေ။ အိမ်နီးချင်း (ဘာသာတူ ဘာသာကွဲ) မှာ စားစရာမရှိလျှင် ကိုယ့်အိမ်ကပေးကမ်းရသည်။ သူဌေးများသည် တစ်နှစ်လျှင် အပိုပိုင်ဆိုင်မှု၏ ၂.၅ ရာခိုင်နှုန်းကို ဒါနကြေးအဖြစ် လှူရသည်။ သူတပါးအဖို့ပေးကမ်းလျှင် မိမိကြိုက်တာကိုပဲပေးရသည်။ ကိုယ်တိုင် မကြိုက်တာကို လက်ဆောင်အဖြစ် သူများအဖို့ မပေးရ။ အရက်၊ လောင်းကစား၊ ဝက်သား၊ သွေး၊ ပြည့်တန်ဆာ၊ မူးယစ်ဆေး၊ စသည်တို့ကို ကိုယ်တိုင်လုပ်ခွင့်မရှိသလို စီးပွားရေးအဖြစ်လည်း သူတပါးတို့အတွက် လုပ်ကိုင်ခွင့်မရှိ။ အတိုးပေးခြင်း၊ ယူခြင်းကို တင်းကြပ်စွာတားမြစ်ထားသည်။ မလွှဲမရှောင်သာ၍ ဘဏ်မှ အတိုးငွေရရှိပါက ကုသိုလ်မမျှော်ကိုးမရည်စူးဘဲ ပေးလှူလိုက်ရန် ဆုံးမထားသည်။ အစားကျူးခြင်းခွင့်မပြု၊ စားပိုင်ခွင့်ရှိသည့် သားကောင်များမှလွဲ၍ ကျန်သတ္တဝါများကို စားသုံးခြင်းခွင့်မပြုသဖြင့် ရှားပါးတိရစ္ဆာန်များ၏ မျိုးဆက်ကို ကာကွယ်ရာရောက်သည်။ တွေ့မရှောင်စားသည်ဆိုခြင်းမှာ အစ္စလာမ်ဘာသာဝင်တို့တွင်မရှိ။ ကောင်းမှုများကိုပြုလုပ်ရန် လူအများကို တိုက်တွန်းနှိုးဆော်ရမည်ဖြစ်ပြီး၊ မကောင်းမှုများကို ရှောင်ရန် ပိတ်ပင်တားမြစ်ရမည်။ အကယ်၍ အစိုးရသည် မကောင်းမှုများကို တရားဝင်အဖြစ် ခွင့်ပြုထားပါကလည်း အစ္စလာမ်ဘာသာဝင်များကတော့ ရှောင်ရှားရမည်အမှန်ပင် ဖြစ်သည်။ အစ္စလာမ်ဘာသာဝင် သူတော်စဉ်များသည် နေ့တဓူဝကိစ္စများကို ဆောင်ရွက်ရင်း အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို တစ်နေ့လျှင် နှစ်သောင်းငါးထောင် ရွတ်ဖတ်သရဇ္ဇာယ်ကြသည်။ ညအခါ လူအများအိပ်ကောင်းချိန် သန်းခေါင်ကျော် သုံးနာရီခွဲလောက်မှာထ၍ နေ့ပိုင်းဝတ်ပြုသကဲ့သို့ ဝတ်ပြုကြသည်။

မိတ်ဆွေ............ အစ္စလာမ်သာသနာ၏ ပွင့်လင်းမြင်သာမှုများနှင့် မပွင့်လင်းမမြင်သာမှုများကို သိရှိပြီးပါက သင့်မိတ်ဆွေများကိုလည်း ပြောပြခြင်းဖြင့် ကုသိုလ်ယူပါ။


အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Tuesday, August 6, 2013

ဆွဒကအိ ဖိသ်ွရ် (၀ါ) ဖိသ်ွရဟ် အကြောင်း




ပညတ်ချက် (၁) -း-
          မွတ်စလင်မ်တစ်ဦးသည် ဇကားသ်ထုတ်ရန် ၀ါဂျိဗ် ထိုက်လောက်သည့် ပမာဏရှိ ပစ္စည်းဥစ္စာကို ပိုင်ဆိုင်၏။ သို့မဟုတ် ထိုသူအပေါ်တွင် ဇကားသ်ထုတ်ရန် ၀ါဂျိဗ်တော့မဟုတ် သို့ရာတွင် မိမိလိုအပ်ချက်ထက် ပိုမို၍ ဇကားသ် ထုတ်ရန် ၀ါဂျိဗ်ဖြစ်လောက်သည့် ပစ္စည်းများရှိလေ၏။ ထိုပိုလျှံပစ္စည်းသည် ရောင်းဝယ် ဖောက်ကားမှု ပစ္စည်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ထိုပစ္စည်းအပေါ် နှစ်ကုန်လွန်သည် ဖြစ်စေ၊ မကုန်လွန်သည်ဖြစ်စေ ထိုသူအပေါ် အီးဒွလ် ဖိသ်ွရ် ၀ါကျွတ်အီးဒ်နေတွင် ဆွဒကဟ်ပေးခြင်းသည် ၀ါဂျိဗ်တာဝန်ဖြစ်လေသည်။ ထိုဆွဒကဟ်ကို ရှရီအသ်တရားတော်မြတ်တွင်ဆွဒကအိ ဖိသ်ွရ် (၀ါ) ဖိသ်ွရဟ် ဟုခေါ်လေသည်။

ပညတ်ချက် (၂) -း-
          တစ်ဦးတစ်ယောက်တွင် အိမ်နှစ်လုံးရှိ၏။ အိမ်တစ်လုံး၌ မိမိကိုယ်တိုင်နေထိုင်ပြီး ကျန်အိမ်တစ်လုံးမှာ အလွတ်ရှိ၏။ သို့မဟုတ် ငှားရမ်းထား၏ ဒုတိယအိမ်သည် မိမိလိုအပ်ချက်ပိုသော အိမ်ဖြစ်လေ၏။ အကယ်၍ ထိုအိမ်၏ ကာလတန်ဖိုးသည် ဇကားသ် စံချိန်မှီလျှင် ထိုသူအပေါ်တွင် ထိုသူအပေါ်တွင် ဖိသ်ွရဟ်ထုတ်ခြင်း ၀ါဂျိဗ်ဖြစ်လေသည်။ ထိုကဲ့သို့သောသူအား ဇကားသ်ငွေပေးခြင်းမပိုင်ပေ။ အကယ်၍ ထိုသူသည် ဤဒုတိယအိမ်ကို ငှားရမ်း၍ ရရှိသောငွေဖြင့် ၀မ်းကြောင်းမှုပြုလျှင် ထိုအိမ်သည်လည်း လိုအပ်ချက် စာရင်းဝင်ဖြစ်သွားပြီး ထိုသူအပေါ်တွင် ဖိသ်ွရဟ်ပေးလှူရန် ၀ါဂျိဗ် မဟုတ်တော့ချေ။ ထိုသူအား ဇကားသ်ငွေ ပေးပိုင်ခွင့်ရှိသည်။ ထိုသူမှာလည်း ဇကားသ် စားပိုင်ခွင့်ရှိလေသည်။
          အချုပ်အားဖြင့် ဇကားသ် နှင့် ဆွဒကဟ်၏ ငွေ ယူပိုင်ခွင့် စားပိုင်ခွင့်ရှိသောသူအပေါ်တွင် ဖိသ်ွရဟ် ထုတ်ရန် ၀ါဂျိဗ် မဟုတ်ချေ။ ဇကားသ်နှင့် ဆွဒကဟ်ငွေ လက်ခံပိုင်ခွင့် စားပိုင်ခွင့်မရှိသောသူအပေါ်တွင် ဖိသ်ွရဟ် ပေးလှူရန် ၀ါဂျိဗ် ဖြစ်လေသည်။

ပညတ်ချက် (၃) -း-
          တစ်ဦး တစ်ယောက်၌ အခြေခံလိုအပ်ချက်ထက် ပိုမိုသောဥစ္စာ ပစ္စည်းရှိ၏။ သို့သော် သူအပေါ်တွင် အကြွေးလည်းတင်နေ၏။ ထိုအခါအကြွေးကိုနုတ်၍ မည်မျှကျန်သည်ကို ကြည့်ရမည်။
အကယ်၍ ဇကားသ်ထုတ်ရန် ၀ါဂျိဗ်ထိုက်လောက်သည်ခန့် ပစ္စည်းကြွင်းကျန်လျှင် ထိုသူအပေါ် ဖိသ်ွရဟ် ပေးလှူရန် ၀ါဂျိဗ် တာဝန်လေသည်။ အကယ်၍ ထိုမျှခန့်ထက်နည်းလျှင် ဖိသ်ွရဟ် ထုတ်ရန် ၀ါဂျိဗ် မဟုတ်ချေ။

ပညတ်ချက် (၄) -း-
          အီးဒ် နေ့ ဖဂျရ် အချိန်ကျလျှင် ဤမည်သော ဖိသ်ွရဟ် သည် ၀ါဂျိဗ် ဖြစ်လေသည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် ထိုနေ့ ဖဂျရ် အချိန်မတိုင်မီအလျှင် သေဆုံးသွားလျှင် ထိုသူအပေါ်တွင် ဖိသ်ွရဟ် ထုတ်ရန် ၀ါဂျိဗ် မဟုတ် သူပိုင်သောပစ္စည်းထဲမှ ဖိသ်ွရဟ် မပေးရပေ။

ပညတ်ချက် (၅) -း-
          ဆွလားသ် ၀တ်ပြုရန် အီးဒ်ဂဟ် သို့မဟုတ် ဗလီဝတ်ကျောင်းတော်သို့ မသွားမီအလျင် ဖိသ်ွရဟ် ပေးလိုက်ခြင်းသည် အမြတ်ဆုံးဖြစ်သည်။ အကယ်၍ မသွားမီအလျင် မပေးမိ ပါက  နောက်တွင် ပေးလှူရမည်။

ပညတ်ချက် (၆) -း-
          လူတစ်ယောက်သည် ဖိသ်ွရဟ် ကို အီးဒ် နေ့မတိုင်မီ ရမ်ဿွာန်လ၌ပင် ပေးလှူလိုက်လေ၏။ ထိုကဲ့သို့ ကြိုတင်ပေးလှူလိုက်လျှင်လည်း တာဝန်ကျသွားလေသည်။ ထပ်မံပေလှူရန် ၀ါဂျိဗ် မဟုတ်ချေ။

ပညတ်ချက် (၇) -း-
          တစ်ဦးတစ်ယောက်သည် ဖိသ်ွရဟ် လုံးဝ မပေးခဲ့သော် တာဝန်ကျေမည်မဟုတ် တစ်နေ့တစ်နေ့ ပေးကို ပေးလိုက်ရမည်။

ပညတ်ချက် (၈) -း-
          ဖိသ်ွရဟ် သည် မိမိအတွက်ပေးလှူရန် ၀ါဂျိဗ် ဖြစ်သလို မိမိ၏အရွယ်မရောက်သေးသော သားသမီးများအတွက် ပေးလှူခြင်းသည်လည်း ၀ါဂျိဗ်ဖြစ်လေသည်။ အရွယ်ရောက်ပြီးသော သားသမီးများ
အတွက် ဖခင်ဘက်မှ ပေးလှူရန် ၀ါဂျိဗ် မဟုတ်ပေ။ သို့သော် မိမိ၏သားသမီးများတွင် စိတ်မနှံသူ တစ်ဦးတစ်ယောက်ရှိခဲ့လျှင် ၎င်းအတွက်လည်း ပေးလှူရန် ဖခင်အပေါ် ၀ါဂျိဗ်တာဝန်ဖြစ်လေသည်။
         
ပညတ်ချက် (၉) -း-
          ရမဿွာန်လ၌ ရိုဇာဟ် စောင့်ထိန်းသောသူအပေါ်၌ ဖိသ်ွရဟ် ပေးလှူခြင်း ၀ါဂျိဗ် ဖြစ်သလို့၊ ရမဿွာန်လ၌ အကြောင်းတစ်ခုခုကြောင့်  ရိုဇာဟ် မစောင့်ထိန်းသောသူအပေါ်တွင်လည်း ဖိသ်ွရဟ် ပေးလှူခြင်း ၀ါဂျိဗ် ဖြစ်လေသည်။

ပညတ်ချက် (၁၀) -း-
          လူတစ်ဦး၏ ဖိသ်ွရဟ် ကို ဖကီးရ် (သူဆင်းရဲ) တစ်ဦးတည်းကိုဖြစ်စေ၊ သို့မဟုတ် အနည်းငယ်စီ ခွဲ၍ ဖကီးရ် (သူဆင်းရဲ) အများအပြားကိုဖြစ်စေ ပေးလျှင် နှစ်မျိုးလုံးပိုင် လေသည်။

ပညတ်ချက် (၁၁) -း-
          အကယ်၍ လူမြောက်များစွာ၏ ဖိသ်ွရဟ် ကို ဖကီးရ် (သူဆင်းရဲ) တစ်ဦးတည်းအား ပေးလျှင်လည်းပိုင်လေသည်။

ယခုနှစ် (၂၀၁၃) အတွက် ဖိသ်ွရဟ် တစ်ဦးလျှင် (၁၀၀၀) တစ်ထောင်ကျပ် ဖြစ်သည်။


အင်န်ရှာ အလ္လာဟ်  ဆက်လက်ကြိုးစားပါဦးမည်။
အလ်အဗ်ဒ် စလာမသွလ္လာဟ် ( ဟကီမီ - မုဟမ္မဒီ)