Monday, January 13, 2014

နေကာဟ်လမ်းညွှန်

နေကာဟ်ထိမ်းမြားခြင်းသည် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်ဖြစ်ခြင်း 
ကျမ်းမြတ်ကုရ်အာန်တွင် အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ .. ဤအကြောင်းအရာသည်လည်း ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များတွင် အပါအဝင်ဖြစ်သည်။ ထိုအရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏ အမျိုးအစားအနက်မှ ကြင်ရာ၊ ကြင်ဖက်များကို (၎င်းတို့ထံတွင်) အသင်တို့ စိတ်အေးချမ်းမှုရရှိကြရန် ဖန်ဆင်းတော်မူခဲ့သည်။ ထို့အပြင် ထိုအရှင်မြတ်သည် အသင်တို့စပ်ကြား၌ ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ အကြင်နာ ဂရုဏာကိုလည်းကောင်း ပြုလုပ်ပေးသနားတော်မူခဲ့သည်။ ဧကန်မုချ ဤအကြောင်းအရာများ၌ ဆင်ခြင်သုံးသပ် စဉ်းစားကြသောသူတို့အတွက် အမှန်ပင်သက်သေလက္ခဏာများ ရှိပေသည်။ (ကုရ်အာန်၊ စူရဟ် ၃၀- အာယသ် ၂၁)

နေကာဟ်နှင့်ပတ်သက်၍ တရားတော်၏ အမိန့်ပညတ်ချက်များ

နေကာဟ်ပြုခြင်းနှင့်ပတ်သက်၍ ဖရ်ဇ်၊ ဝါဂျိဗ်၊ စွန္နသ်၊ မက္ကရူးဟ်၊ ဟရာမ် ဟူ၍ရှိသည်။

(၁) ဖရ်ဇ် - အကြင်သူသည် တဏှာရာဂစိတ် ဤမျှခန့်ပြင်းထန်နေမည်။ အကယ်၍ နေကာဟ်မပြုလုပ်ပဲနေပါက ဇေနာကျူးလွန်မိမည်ကို ယုံကြည်နေသည်။ ၎င်းသူသည် ဇနီးအတွက် မဟရ်ငွေကြေးနှင့် စားသောက်နေထိုင်မှု စရိတ်ကိုလည်း ပေးရန်စွမ်းနိုင်မည်။ နေကာဟ်ပြုပြီးနောက် မိမိဇနီးအား ညှင်းပန်းနှိပ်စက်မှုမပြုပဲ ကောင်းမွန်စွာဆက်ဆံနိုင်မည်ဆိုပါက ဤကဲ့သို့သူအတွက် နေကာဟ်ပြုရန် ဖရ်ဇ်ဖြစ်သည်။

(၂) ဝါဂျိဗ် - အကြင်သူသည် တဏှာရာဂပြင်းထန်မည်။ သို့သော် ဇေနာကျူးလွန်မိနိုင်သည့် အဆင့်အထိ မစိုးရိမ်ရပါ။ ၎င်းသူသည် ဇနီးအတွက် မဟရ်ငွေကြေးနှင့် စားသောက်နေထိုင်စရိတ်လည်း တတ်စွမ်းနိုင်မည်။ နေကာဟ်ပြုပြီးနောက် မိမိ၏ ဇနီးအားညှင်းပမ်းနှိပ်စက်ခြင်းမပြုဘဲ ကောင်းမွန်စွာဆက်ဆံနိုင်မည်ဆိုပါက ဤကဲ့သို့သူအတွက် နေကာဟ်ပြုရန် ဝါဂျိဗ်ဖြစ်သည်။ ၎င်းသူသည် နေကာဟ်မပြုဘဲနေပါက အပြစ်ထိုက်သည်။ အကြင်သူသည် ရာဂစိတ်ပြင်းထန်သောလည်း ဇေနာကျူးလွန်မည့်အဆင့်အထိ မစိုးရိမ်ရပါ။ ၎င်းသူသည် ဇနီးအတွက် မဟရ်ငွေကြေးနှင့် စားသောက်နေထိုင်စရိတ် မတတ်စွမ်းနိုင်ပါက ဤသို့သောသူသည် နေကာဟ်မပြုဘဲနေပါက အပြစ်မထိုက်ပေ။

(၃) စွန္နသ် - အကြင်သူသည် ရာဂစိတ်ပုံမှန်ရှိနေသည်။ ပြင်းထန်စွာလွှမ်းမိုးခြင်းမရှိပေ။ ဇနီးနှင့် ကောင်းမွန်စွာ နေထိုင်ရန်တတ်စွမ်းသည်။ မဟရ်ငွေကြေးနှင့် စားသောက်စရိတ်လည်း တတ်စွမ်းမည်ဆိုပါက ၎င်းသူအတွက် နေကာဟ်ပြုလုပ်ခြင်းသည် စွန္နသ်ဖြစ်သည်။ နေကာဟ် မလုပ်ပဲနေပါက အပြစ်ထိုက်ပေသည်။

(၄) မက္ကရူးဟ် - အကြင်သူသည် မိမိစိတ်ဒေါသအကြောင်းကို သိသည်။ နေကာဟ်ပြုလုပ်ပါက ဇနီးအားညှင်းပမ်းနှိပ်စက်မိမည်ကို စိုးရိမ်ရပါက ဤသို့သောသူအတွက် နေကာဟ်ပြုခြင်းသည် မက္ကရူးဟ်ဖြစ်သည်။

(၅) ဟရာမ် - အကြင်သူသည် မိမိစိတ်ဒေါသအကျင့်ကို သိသည်။ အကယ်၍ နေကာဟ်ပြုလုပ်လိုက်ပါက မုချဧကန် မိမိသည် ဇနီးအားညှင်းပမ်းနှိပ်စက်မတရားပြုမိမည်။ ဇနီးအား မည်သို့မျှ ကောင်းစွာဆက်ဆံနိုင်မည်မဟုတ်ဟု ယုံကြည်ရပါက ဤသို့သောသူအတွက် နေကာဟ်ပြုလုပ်ခြင်းသည် ဟရာမ်ဖြစ်သည်။ ဆိုလိုသည်မှာ နေကာဟ်မပြုရပေ။

(၆) အကြင်သူသည် ရာဂစိတ်ပြင်းထန်လွှမ်းမိုးမည်။ ဇနီးအတွက် မဟရ်ငွေကြေးနှင့် စားသောက်နေထိုင်စရိတ်မတတ်စွမ်း နိုင်ပါက ၎င်းသူသည် တမန်တော်မြတ်(ဆွ) မိန့်တော်မူထားသည့်အတိုင်း ရိုဇာဟ်ဥပုသ်နေ့စဉ်ဆက်တိုက် များမြောင်စွာထားရမည်။ ထိုသို့ထားပါက ရာဂစိတ်လျော့နည်းသွားမည်။ သုံးလေးရက်ထားယုံမျှဖြင့် ရာဂစိတ်မလျော့နည်းသွားပါ။ ထိုသို့ရိုဇာမထားနိုင်ပါက မဟရ်အကြွေးထား၍ လိုအပ်သောနေကာဟ်စရိတ်ကို တစ်ဦးတစ်ယောက်ထံမှ ငွေချေး၍ နေကာဟ်ပြုလုပ်ပါ။
(နေကာဟ်ပြုခြင်းကသာအကောင်းဆုံးဖြစ်ပါသည်။)

အထက်ပါရှင်းလင်းတင်ပြချက်အရ သိရသည်မှာ နေကာဟ်သည် ဖရ်ဇ်၊ ဝါဂျိဗ်၊ စွန္နသ်၊ မက္ကရူးဟ်၊ ဟရာမ် စသည်ဖြင့် အမျိုးမျိုးရှိပေသည်။ နေကာဟ်မပြုရသေးသောသူများနှင့် နေကာဟ်ပြုလုပ်ပြီးသောလည်း ဇနီးနှင့် ပြတ်စဲကွာရှင်းထား၍ဖြစ်စေ ကွယ်လွန်သွား၍ဖြစ်စေ၊ လက်ရှိဇနီးမရှိသောသူတို့သည် မိမိတို့၏အခြေအနေကို အထက်ပါစည်းကမ်းချက်များနှင့် ယှဉ်ထိုး၍ ကိုက်ညီသောစည်းကမ်းချက်နှင့်အညီ အမလ်ပြုကျင့်သင့်လှသည်။
(မဇွာဟိရွလ်ဟတ်က်ဂျဒီးဒ်၊ တွဲ ၄၊ စာ၎) (အစ္စလာမီရှာဒီ ထာနဝီ စာ ၄၂)

နေကာဟ်နှင့် ပတ်သက်သော ဟဒီးစ်တော်များ

* အကြင်သူသည် နေကာဟ်ပြုလုပ်ရန်တတ်စွမ်းနိုင်ပါလျက် နေကာဟ်မပြုလုပ်ပါက ၎င်းသူနှင့် ငါတမန်တော်သည် မည်သို့မျှမပတ်သက်ချေ။

* တမန်တော်မြတ်(ဆွ)မိန့်တော်မူသည်မှာ အို လုလင်ပျိုအပေါင်းတို့ အသင်တို့အနက် အကြင်သူသည် နေကာဟ်နှင့် ပတ်သက်သောတာဝန်ဝတ္တရားများ (မဟရ် စားသောနေထိုင်စရိတ်) ကိုတတ်စွမ်းနိုင်ပါက နေကာဟ်ပြုလော့။ အဘယ့်ကြောင့်ဆိုသော နေကာဟ်ပြုခြင်းသည် မျက်စိကို ဇေနာကျုးလွန်ခြင်းမှထိန်းသိမ်းပေးသည်။ (မိမိနှင့်နေကာဟ်ပြုပိုင်သော ဇနီးရှိသဖြင့် ၎င်းမှ စိတ်ချမ်းသာမှုရယူနိုင်သည်။) အရှက်အင်္ဂါကို ဇေနာကျူးလွန်ခြင်းမှ ထိန်းသိမ်းပေးသည်။ အကြင်သူသည် ထိုတာဝန်ဝတ္တရားများကို မစွမ်းနိုင်ပါက ရိုဇာဟ်ထားပါ။ ရိုဇာဟ်ထားခြင်းသည် တဏှာ၏ စိတ်ပြင်းထန်ခြင်းကို လျော့နည်းစေသည်။
(သိရ်မီဇီ၊ မိရှ်ကားသ်)

* နေကာဟ်ပြုရန် ဒီးန် (ဘာသာရေး) ရှိသော အမျိုးသား၊ အမျိုးသမီးကို ရွေးချယ်ပါ။

* တမန်တော်မြတ်(ဆွ) မိန့်တော်မူသည်မှာ အမျိုးသမီးများကို လေးခုသောအရာအပေါ်အခြေခံ၍ အမျိုးသားတို့ နေကာဟ်ပြုကြသည်။

၁- ဥစ္စာပစ္စည်းကြွယ်ဝမှု

၂- ဆွေမျိုးဂုဏ်မြင့်မြတ်မှု

၃- ရုပ်ရည်လှပမှု

၎- သာသနာအပေါ်လေးစားလိုက်နာမှုတို့ဖြစ်သည်။ အသင်သည် သာသနာကို လေးစားလိုက်နာသောအမျိုးသမီးနှင့် နေကာဟ်ပြုပါ။ အသင့်အတွက် ကောင်းမွန်လိမ့်မည်။
(မိရှ်ကားသ်)

အထက်ပါဟဒီးစ်တော်၏ ဆိုလိုရင်းမှာ တမန်တော်မြတ်(ဆွ)သည် မွတ်စ်လင်မ်တို့အား ဘာသားရေးလေးစားလိုက်နာခြင်းကို အဓိကကြည့်ရန် လမ်းညွှန်ထားသည်။ အကယ်၍ အထက်ပါလေးချက်စလုံးပြည့်စုံနေပါက အလွန်ကောင်းမြတ်သည်။ သို့သော် ဘာသာရေးလေးစားလိုက်နာမှုကို မျက်ကွယ်ပြုပြီး ချမ်းသာမှု၊ လှပတင့်တယ်မှုကိုသာလျှင် ကြည့်ပြီး နေကာဟ်ပြုခြင်းသည် မွတ်စ်လင်မ်၏ လုပ်ရပ်မဟုတ်ပါ။

* ဟဇရသ်အဗ္ဗဒွလ္လာဟ်ဗင်န်မတ်စ်အူးဒ် (ရသွေ့)သခင်က ဆင့်ပြန်သည်။ တမန်တော်မြတ်(ဆွ) မိန့်ကြားတော်မူသည်မှာ အမျိုးသမီးများကို သူမတို့၏ လှပတင့်တယ်မှုအတွက်ကြောင့် ရှာဒီမပြုကြနှင့်၊ ထိုလှပမှုက သူမတို့အား ဖျက်ဆီးပစ်နိုင်သည်။ သူမတို့၏ ချမ်းသာမှုကြောင့် နေကာဟ်မပြုနှင့်၊ ထိုချမ်းသာခြင်းက သူမတို့အား အမိန့်ဖီဆန်ခြင်းနှင့် ပုန်ကန်ခြင်းတွင် နစ်မွန်းစေနိုင်သည်။ သို့သော် အသင်တို့သည် ဒီးန်သာသနာလေးစားလိုက်နာသောမိန်းကလေးများကို နေကာဟ်ရှာဒီပြုကြပါ။ သာသနာလေးစားလိုက်နာသည့် အသားမည်းသောကျွန်မသည် အားလုံးထက် အလ္လာဟ်အရှင်မြတ်ထံတွင် အမြတ်ဆုံးဖြစ်သည်။
(မွန်သကီ-ရာဟေ့အမလ်ကျမ်း၊ စာ-၁၂၉)

* တမန်တော်မြတ်(ဆွ)မိန့်တော်မူသည်မှာ အသင်တို့၏ (သမီး(သို့မဟုတ်) အမျိုးအနွယ်ထဲမှ) အမျိုးသမီးတစ်ယောက်အား ဘာသာရေးလေးစားမှုနှင့် ကိုယ့်ကျင့်တရားကောင်းမြတ်မှုတွင် နှစ်သက်လောက်သောသူတစ်ဦးဦးက နေကာဟ်ထိမ်းမြားရန်ကမ်းလှမ်းလာပါက နေကာဟ်ပြုပေးကြပါကုန်။ ထိုသို့သောသူနှင့် နေကာမပြုပေးကြလျှင် ကမ္ဘာမြေပထဝီပေါ်ဝယ် ကြီးမားသောပျက်စီးမှုများဖြစ်လိမ့်မည်။ (သိရ်မီဇီ)

ဆိုလိုသည်မှာ သမီးမိန်းကလေးကို ကိုယ်ကျင့်တရားမွန်မြတ်၍ ဘာသာရေးလေးစားသူနှင့် နေကာဟ်ပြုမပေးပဲ ဥစ္စာပစ္စည်းကြွယ်ဝချမ်းသာသူဆွေမျိုးဂုဏ်အရှိန်အဝါ ကြီးမားသူနှင့်သာ နေကာဟ်ပြုပေးပါက အသင်တို့အနက် အမျိုးသမီးအများစုနှင့် အမျိုးသားအများစုတို့မှာ နေကာဟ်မပြုရဘဲ ရှိနေရလိမ့်မည်။ ထိုအခါ မလိုလားအပ်သော ဇေနာကျူးလွန်မှုများ အရှက်တကွဲဖြစ်ရပ်များနှင့် ကြီးမားသောပြဿနာများဖြစ်ပေါ်လာမည်။ အပြစ်ရှောင်ကြဉ်မှုနည်းပါး၍ လူသားမျိုးနွယ်ဆက် နည်းပါးလာမည်။ (သုဟ်စသုလ်အဟ်ဝဇီကျမ်း)

မည်သည့်နိယသ်ရည်စူးချက်နှင့် နေကာပြုရမည်နည်း။

နေကာဟ်၏ အဓိကရည်ရွယ်ချက်မှာ ကျမ်းမြတ်ကုရ်အာန်(စူရာ ၂ အာယသ်၁၈၇)(စူရာ ၄ အာယသ် ၂၄)တွင် လာရှိထားသည့်အတိုင်း ကောင်းမြတ်သောသားသမီးရရှိရန်နှင့် အပြစ်ဒုစရိုက်မှရှောင်ကြဉ်ရန်ဖြစ်သည်။

နေကာဟ်ဖြစ်မြောက်ရန်အမလ် ကျင့်စဉ်

အိရှာနမာဇ်ဖတ်ပြီးနောက်
(၁) နှစ်သက်ရာ ဒရူးဒ် (၃) ကြိမ်
(၂) ယာလသွီးဖု-ယာဝဿူဿးု…..၁၁၀၀ ကြိမ်
(၃) ဒရူးဒ်ရှရီးဖ် (၃)ကြိမ်
ရက်လေးဆယ်တိုင် ဆက်တိုက် အမလ်ပြုကျင့်ပါ။ ရှာဒီဖြစ်ရန်အာရုံထားပါ။ ဒိုအာလည်းအမြဲတောင်းနေပါ။ (အင်န်ရှာအလ္လာဟ်)ရည်ရွယ်ချက်ပြည့်ဝပါလိမ့်မည်။ အကယ်၍ ရက်လေးဆယ်မတိုင်မီ ရည်ရွယ်ချက်ပြည့်ဝသွားပါက အမလ်ကို မလွှတ်ဘဲ ရက်လေးဆယ်ပြည့်အောင်ပြုကျင့်ရမည်။
(ဗယာသွေအရှ်ရဖီ-ထာနဝီ) အစ္စလာမီရှာဒီ

နေကာဟ်ပြုခြင်းသည် သာသနာ၏ တစ်ဝက်ဖြစ်ခြင်း

* တမန်တော်မြတ်(ဆွ) မိန့်တော်မူသည်မှာ အလ္လာဟ်အရှင်မြတ်၏ ဗန္ဒာကျေးကျွန်သည် နေကာဟ်ပြုလုပ်လိုက်သော် ၎င်း၏ ဒီးန်ထက်ဝက်ပြည့်စုံသွားသည်။ ကျန်ထက်ဝက်ကို အလ္လာဟ်အရှင်မြတ်အားကြောက်ရွံခြင်းဖြင့် ရယူကုန်။

ပြည့်စုံသောဘာသာရေးရှိသူဖြစ်ရန် ရှရီအသ်တရားတော်၏ အမိန့်ပညတ်ချက်အားလုံးကို အမလ်ပြုလုပ်ရန်အရေးကြီး၏။ ရှရီအသ်တရားတော်တွင် လူသား၏ အပြင်ပိုင်း၊ အတွင်းပိုင်းနှင့် ပတ်သက်သောအမိန့်ပညတ်ချက်များရှိပေသည်။ ရှရီအသ်တရားတော်၏ အတွင်းအပြင်အမိန့်ပညတ်ချက်များကို အမလ်မပြုလုပ်ပဲ ပြည့်ဝသောအောင်မြင်မှုနှင့် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရန် မက်ထားခြင်းသည် အလဟဿဖြစ်၍ အသုံးမဝင်ချေ။ တမန်တော်မြတ်(ဆွ)မိန့်တော်မူသည်မှာ အသိဥာဏ်ရှိသူဟူသည် မိမိ၏နဖ်စ်စိတ်ရိုင်းကို နှိမ်နင်း၍ သေပြီးနောက်ဘဝအတွက် ကြိုတင်အမလ်ပြုလုပ်သူကို ခေါ်ဆိုသည်။ အသိဥာဏ်မရှိသူဟူသည် မိမိ၏စိတ်အလိုဆန္ဒနောက်ကိုလိုက်၍ အလ္လာဟ်အရှင်မြတ်ထံမှ မျှော်လင့်မက်ထားနေသူကိုခေါ်သည်။


( ပြုစုရေးသားသူ - မွဖ်သီအဟ်မဒ် )

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။