Showing posts with label အီမာန်. Show all posts
Showing posts with label အီမာန်. Show all posts

Wednesday, February 25, 2015

ဗေဒင်​ဖတ်​ခြင်း

ဗေဒင်၊ လက္ခဏာ၊ ဂြိုလ်နက္ခတ်တွက်ချက်ခြင်းနှင့် မုစ်လင်မ်

မုစ်လင်မ်သည် အလ္လာဟ်ကို ယုံကြည်သူဖြစ်သည်။ ယင်းယုံကြည်ခြင်းတွင် အလ္လာဟ်တွင်ရှိသော ဂုဏ်ပုဒ်အားလုံးကိုပါ ယုံကြည်ခြင်း၊ အခြားသူတွင်ထိုဂုဏ်အရည်အချင်းများမရှိဟု ယတိပြတ်မှတ်ယူခြင်းဟူသည့် အဓိပ္ပါယ်ပါ ပါဝင်သည်။ မဖြစ်သေးသည့်အကြောင်းများကို သိသူသည် အလ္လာဟ်သာလျှင်ဖြစ်သည်။ လူသားမတွေ့မြင်နိုင်သည့်အကြောင်းအရာတို့ကို တွေ့မြင်သူ ဆိုးကောင်းကျိုးကြောင်းတို့ကို သိမြင်သူသည် ရင်တွင်းခံစားချက်နှင့် အတွေးအာရုံတို့ကို ကြားနေသူသည် အလ္လာဟ်သာလျှင်ဖြစ်သည်။ ယင်းဂုဏ်ပုဒ်ကို အရဗီဖြင့် စမီးအွန်၊ (အကြွင်းမဲ့ကြားတော်မူသောအရှင်) အလီးမွန်၊ (အကြွင်းမဲ့သိတော်မူသောအရှင်)၊ ဗဆွီးရွန်း၊ (အကြွင်းမဲ့မြင်တော်မူသောအရှင်) ဟု ခေါ်ဆိုသည်။ အကြွင်းမဲ့၏ ဆိုလိုရင်းမှာ ကြားခံပစ္စည်းနှင့် အကြောင်းခံလုံးဝမရှိ။ တိုက်ရိုက်မြင်နေ၊ ကြားနေ၊ သိနေခြင်းကိုခေါ်သည်။ ဤအရည်အချင်းသည် အလ္လာဟ်ထံမှသာလျှင် ရှိပြီး ကမ္ဘာပေါ်တွင်ရှိ လူအပါအဝင် မည်သည့်သတ္တဝါတွင်မှ မရှိပါ။

** ယခု ထိုကဲ့သို့ဆင်တူရိုးမှား အရည်အချင်းများ လုပ်ဆောင်ထားသူကို မုစ်လင်မ်က သူလည်းသိတာပဲ ဟု ..... အပျော်သဘောဖြစ်စေ၊ နောက်ပြောင်ပြောဆိုမှတ်ယူခြင်းသည် ရှရီးက် (အလ္လာဟ်နှင့်အတူ အခြားအရာကိုပါ ယှဉ်တွဲကိုးကွယ်ယုံကြည်ခြင်း) ဖြစ်သည်။ ထိုရှရီးက်သည် ဂျဟန္နမ်တွင်အမြဲနေစေမည့် အကြောင်းအရာဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ကဲ့သို့ အရည်အချင်းမျိုး အခြားသူတွင်လည်းရှိသည်ဟု ယုံကြည်ခြင်းသည် ရှရီးက်ဖြစ်၍ အလ္လာဟ်အရှင်မြတ် လုံးဝခွင့်မလွှတ်သည့်လုပ်ဆောင်မှုဖြစ်သည်။

ယနေ့ မုစ်လင်မ်တို့သည် ဗေဒင်မေး၊ လက္ခဏာကြည့်၊ ဂျာနယ်တွင်ပါသော တပတ်စာ ဟောစာတမ်း၊ သင်္ကြန်စာ၊ မွေးသောလနှင့် တွက်ပေးထားသည့် အကြောင်းအရာတို့ကို အပျော်သဘောပါ ငါတို့ မယုံပါဘူး ဒီတိုင်းဖတ်တာပါ ဟူဆိုကာ ဖတ်ရှုကြသည်။ ဤသည်မှာ လုံးဝမှားသည့် လုပ်ရပ်ဖြစ်သည်။ အလ္လာဟ်အရှင်၏ ဂုဏ်ပုဒ်တွင် ယှဉ်ဖက်ကို တွဲထည့်ခြင်းဖြစ်သည်။ အချို့က ဂျာဒူပြုခြင်းနှင့် ဗေဒင်ကြည့်ခြင်း၊ မေးခြင်းမကွဲပြားကြပေ။ ဂျာဒူပြုခိုင်းခြင်းနှင့် ဗေဒင်မေးခြင်း၊ ကြည့်ခြင်းမတူပါ။ ဗေဒင်မေးခြင်း၊ နတ်ဝင်ပြီး နင်က ဘာဖြစ်နေတယ်။ ဘယ်သူကဘယ်မှာ ၊ စသဖြင့်ပြောဆိုသည်။ ရည်စားရှိသည်ဟုပြောမည်။ ဘယ်နေရာဘာရှိနေသည်။ ဘယ်သူက ဘယ်လိုနင့်ကို လုပ်ထားတာ စသဖြင့်ပြောဆိုသည်။ အမှန်ဖြစ်သည်များလည်းရှိသည်။ ထိုအမှန်ဖြစ်နေခြင်းကို ဟယ် !! သူပြောတာအကုန်မှန်တယ်။ အားလုံးဟုတ်တယ် ဟု ပြောလိုက်သည်နှင့် ရှရိက်အမှုကို ကျူးလွန်ပြီးသားဖြစ်သွားပါသည်။ ထိုပြောသူတို့သည် ဂျင်န်၊ ရှိုက်သွာန်၊ ဟမ်ဇားသ်တို့၏ ကြားခံဖြင့် စိတ်ခြင်းဆက်ကာ မေးမြန်းပြီး ပြောဆိုခြင်းဖြစ်သည်။ ကိုယ်တိုင်တွင် ဘာအရည်အချင်းမှမရှိသလို ဘာမှသိရှိသူများလည်း လုံးဝမဟုတ်ပါ။

ထို့အတူ ဗေဒင်ယုံခြင်း၊ စာကလေးလွှတ်ခြင်း၊ ယတြာချေသည့်အနေဖြင့် လက်ခုပ်တီးခြင်း၊ ထိုဗေဒင်သမားများပြောသည်အတိုင်း အရောင်များရွေးချယ်ဝတ်ခြင်း ၊ ဗေဒင်အကြောင်းများ နားဆင်ခြင်း မွေးနေ့တွင် ၎င်းတို့ပြောကြားချက်အတိုင်းလုပ်ဆောင်ခြင်း မွေးနေ့ဟောစာတမ်း နားထောင်ခြင်း ၎င်းတို့၏ လုပ်ငန်းများကို အားပေးခြင်း အားလုံးဂုနာဟ်ကဗီရဟ်များဖြစ်၍ အစ္စလာမ့်အကီဒဟ်များနှင့် လုံးဝဆန့်ကျင်ဖက်ဖြစ်သည့် ကိစ္စရပ်များဖြစ်သည်။

ထိုအကြောင်းကိစ္စတို့ကို အပျော်သဘောလုပ်ခြင်း၊ မယုံပါဘူးဟုပြောကာ ဖတ်ရှုခြင်း၊ စိတ်ထဲဘာမှမရှိဘူး ဟုဆိုကာ မေးမြန်းခြင်း၊ လက္ခဏာကြည့်ခိုင်းခြင်း နှင့် ဂျာနယ်များတွင်ပါသော ဗေဒင်ဟောချက်များကို ဖတ်ရှုခြင်းသည် ရှရီးက်ပင်ဖြစ်သည်။ ယင်းလုပ်ဆောင်ချက်တို့သည် အစ္စလာမ့်ပင်မအကီဒဟ်ဖြစ်သော အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ခြင်းနှင့် အနှိုင်းမဲ့ဖြစ်တော်မူခြင်းတွင် --- ယှဉ်ဖက်တို့ကိုပါ တွဲထည့်လိုက်ခြင်းပင်ဖြစ်သည်။

ယခုဖုန်းများတွင်ပါ လွယ်လင့်တကူဖတ်လာနိုင်အောင်ပြုလုပ်လာပြီဖြစ်သည်။ ယခင်က အသံလွှင့်ဌာနများမှ နေ့စဉ်ထုတ်လွှင့်ပေးသည်။ မုစ်လင်မ်အမျိုးသား အမျိုးသမီးတိုင်း ထိုလုပ်ရပ်များမှ လုံးဝရှောင်ရမည်။ လုပ်ခဲ့ဖူးလျှင် သောဝ်ဗဟ်ဖတ်ပါ။ နောက်နောင် အစ အနလေးတောင် မထိမတို့ပါနှင့်။ ယင်းဗေဒင်သည် ရှရီးက်လုပ်ရပ်ကို ဖုံးအုပ်ထားသည့် အဆိပ်ဖြစ်သည်။

ထိုဗေဒင်နှင့် ဆင်တူအကြောင်းကိစ္စအားလုံး ရှရီးက်အမိန့်တွင်ပါဝင်သည်။ ရှရီးက်ပြစ်မှုကို အလ္လာဟ်အရှင်မြတ်လုံးဝခွင့်မလွှတ်ကြောင်း ကုရ်အာန်ကျမ်းတော်မြတ်တွင် ပြတ်သားစွာလာရှိထားပြီးဖြစ်သလို ဂျဟန္နမ်တွင် အမြဲနေရမည့် ရှဖာအသ်မရမည့် လုပ်ရပ်ဖြစ်သည်။ အပျော်လုပ်ဆောင်ချက်တစ်ခုက အာခိရသ်၏ သက်တမ်းတစ်ခုလုံးကို ဖျက်ဆီးပစ်မည့်အရာဖြစ်သည်ကို မုစ်လင်မ် မိန်းမတိုင်း ယောက်ျားတိုင်း သိထားရမည်။

ထို့အတူ ဗေဒင်ဆရာများထံမှ ဗမာနာမည်ရွေးပေးရန် မွေးနေ့ မွေးနံ လနှင့် တွက်ချက်ပြီး နာမည်ထားသည့်အလုပ်သည် လုံးဝအဓိပ္ပါယ်မဲ့သော လုပ်ရပ်ဖြစ်သည်။ မိမိတို့ရင်သွေးကို အမည်ပေးရန် ဗေဒင်ဆရာထံအကြောင်းကြားနေဖို့ မလိုအပ်ပါ။ ယင်းဗေဒင်ဆရာတို့သည် အလ္လာဟ်အရှင်မြတ်နှင့် တုဖက်ပြီး ယှဉ်ပြိုင်နေသူများ ကာဖိရ်မုရှ်ရစ်က်များဖြစ်ကြသည်။ ထိုကဲ့သို့သောသူများထံမှ ကလေးငယ်အတွက်အမည်ရွေးခိုင်းခြင်းသည် အလွန်ပင်ဉာဏ်တုံးကာ သာသနာ့အသိခေါင်းပါးသော ငတုံးမုစ်လင်မ်များ၏ လုပ်ရပ်ပင်ဖြစ်သည်။ ကာဖိရ်၏အလုပ်ကို အားပေးခြင်း၊ ရှရိက်၏လုပ်ရပ်ကို ဖော်ဆောင်ပေးခြင်းဖြစ်သည်။

ဂြိုလ်နက္ခတ်၊ နေ့၊ လ၊ ရက် အချိန်၊ အရောင်၊ လူတို့တွင် မည်သည့်အရည်အချင်း လုပ်ဆောင်နိုင်စွမ်းမှမရှိသလို မည်သူကမျှလည်း အကွယ်အကြောင်းအရာတို့ကို လုံးဝလုံးဝ မသိပေ။ ထိုအရာများတွင် အကြောင်းအရာတစ်ခုဖြစ်စေနိုင်သည်ဟု ယုံကြည်လိုက်ပါက ဂျဟန္နမ်တွင် အမြဲနေထိုင်နိုင်ရန် နေရာစီစဉ်ပေးလိမ့်မည်။

မုစ်လင်မ်သည် အခြားတစ်ယောက်ကလည်းလုပ်တာပဲ ဘာဖြစ်လို့လည်းဟု သတ်မှတ်ကာ လိုက်လုပ်ရမည့်သူမဟုတ်ပါ။ ဘယ်လောက်ပဲ သာသနာကိုင်းရှိုင်းသည့်ပုံပေါက်နေသူက ထိုဗေဒင်လက္ခဏာမေးသည့်ကိစ္စတို့ကို ပြုနေပါကလည်း ဟရာမ်က ဟရာမ်ပင်ဖြစ်သည်။

ထို့ကြောင့် ဖုန်းကဗေဒင်ကိုပဲဖတ်သည်ဖြစ်စေ လမ်းဘေးမှာ သူငယ်ချင်းတွေစုပြီး ဝိုင်းမေးသည့် ဗေဒင်ပင်ဖြစ်စေ၊ အသံလွှင့်ဌာနမှ လွှင့်သည်ဖြစ်စေ၊ ဂျာနယ်ထဲမှ သတင်းစာထဲမှ ဒီတိုင်းပဲဖတ်ဖတ် တကယ်ပဲဖတ်ဖတ် ယင်းအကြောင်းအရာအားလုံး ရှရစ်က်ဖြစ်စေသည့်အရာများဖြစ်ကြောင်း မုစ်လင်မ်ဖြစ်သူတိုင်း သိထားရပါမည်။ ဟရှရ်ရောက်သည့်အခါမှ ကျမက အပျော်လုပ်တာပါ။ ကျနော်က ဘာရည်ရွယ်ချက်မှမရှိပါဘူးဟု မယုံပါဘူး ဖတ်ပဲဖတ်တာဟု လျှောက်လွှဲချက်တို့ အသုံးဝင်မည်မဟုတ်ပါ။ အစ္စလာမ်သာသနာတွင် အပျော်ဆိုပြုပိုင်သည် စိတ်မပါလျှင်လုပ်ပါဟု သတ်မှတ်ထားသည့် မည်သည့်အကြောင်းအရာမှ မရှိပေ။ အားလုံးတိတိကျကျ သတ်မှတ်ထားပြီးသားပင်ဖြစ်သည်။ ရှောင်ရမည့်အရာကို ရှောင်ရမည်ပင်ဖြစ်၍ မလုပ်ပိုင်သည့်အရာသည် မလုပ်ပိုင်သည်သာဖြစ်သည်။

ထို့ကြောင့် ဗေဒင်၊ လက္ခဏာ၊ ဂြိုလ်နက္ခတ်တွက်ချက်ခြင်း၊ ယင်းနှင့်စပ်ဆက်လုပ်ငန်းများအားလုံးကို ကိုယ်တိုင်လည်းရှောင်၍ လုပ်နေသည်ကို မြင်တွေ့ပါကလည်း တားမြစ်ရမည်ဖြစ်ပါသည်။

ယင်းလုပ်ရပ်တို့သည် အီမာန်နှင့် အကီဒဟ်တို့ကို ထိခိုက်ပျက်ပြားစေသည့်လုပ်ရပ်များပင် ဖြစ်ပါသည်။

အလ်​မုဖီးဒ်

Sunday, October 26, 2014

စူရဟ်အချို့


တမန်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလာမ်) ၏ အိုမင်းရင့်ယော်သည့်ပုံသဏ္ဍာန်
ဗိစ်မစ်လ္လာဟိစ်ရ်ရဟ်မာနစ်ရ်ရဟီးမ်

ဟဇရသ် အိဗ်နေအဗ္ဗားစ်(ရဟ) ဆင့်ပြန်ခဲ့သည်။ ဟဇရသ် အဗူဗကရ်(ရဟ)က ယာရစူလလ္လာဟ် (ဆွလ္လာဟုအလိုင်ဟိဝစလာမ်) ကိုယ်တော်သည် အိုမင်းရင့်ရော်သည့် သဏ္ဍာန်ဖြစ်နေပါသည်ဟု လျှောက်တင်ရာ ကိုယ်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလာမ်) ကငါကိုယ်တော်အား စူရဟ်ဟူးဒ်၊ စူရဟ်ဝါကိအဟ်၊ စူရဟ်မွရ်စလာသ်၊ စူရဟ်အမ္မာယသစာအလူန်နှင့် စူရဟ်အိဇက်ရှ်ရှမ်ဆုကုဝိရသ်တို့က အိုမင်းရင့်ရော်စေခဲ့ပါသည်ဟု အမိန့်ရှိတော်မူလေသည်။(သစ်ရ်မေဇီကျမ်း)

ရှင်းလင်းချက်။ ။ ဤစူရဟ်များ၌ ကိယာမသ်၊ အာခိရသ်နှင့် တရားခံအပြစ်ကျူးလွန်သူများနှင့် စပ်လျဉ်း၍ အရှင်မြတ်၏ ကြောက်မက်ဖွယ်အဇာဗ်ပြစ်ဒဏ်များ အကြောင်းကို ဖော်ပြထားသဖြင့် ဇရာထောင်း၍ အိုမင်းရင့်ရော်စေခြင်းဖြစ်သည်။ (မွန်သခဗ်အဟာဒီးစ်ကျမ်း မှ တင်ပြသည်)
***အာခိရသ်ရဲ့နူရ်***
((အလ်မုဖီးဒ်မှ တင်ဆက်သည်))
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

ကုန်ဆုံးနေသော ဒွန္နယာသက်တမ်း


ဗိစ်မစ်လ္လာဟိစ်ရ်ရဟ်မာနစ်ရ်ရဟီးမ်
ဟဇရသ် ခါလစ်ဒ်ဗင်န်အုမိုင်ရ်အဒဝီ(ရဟ)ဆင့်ပြန်ခဲ့သည်။ ဟဇရသ် အွတ်သ်ဗဟ်ဗင်န်ဂဇ်ဝါန်(ရဟ)က ကျွန်ုပ်တို့အား ဟောကြားတင်ပြသည်။ ဦးစွာ ၎င်းက အလ္လာဟ်(စုဗ်ဟာနဟုသအာလာ)အား ဟမ်ဒိုစနာ ချီးမွမ်းထောမနာပြုပြီးနောက် အမိန့်ရှိတော်မူသည်မှာ မုချဧကန် ဤဒွန္နယာလောကသည် မိမိကိုယ်တိုင်ပျက်စီးယိုယွင်းမှုနှင့် နောက်ဆုံးအချိန်သို့ ဆိုက်ရောက်နေကြောင်းကို ကြွေးကြော်ခဲ့ပေပြီ။ ပြီးနောက် ၎င်းသည်အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ကျောပေး၍ ပြေးနေပေပြီ။ ၎င်းဒွန္နယာသည် အနည်းအကျဉ်းမျှသာ ကျန်နေပေတော့သည်။ ပမာဆိုသော်ခွက်တစ်ခုတွင် သောက်ရန် အရည်အနည်းငယ်ကျန်ရှိနေခဲ့သည်။ ၎င်းကို လူတို့သည် စုပ်ယူလိုက်သကဲ့သို့ဖြစ်သည်။ အသင်သည် ဤဒွန္နယာလောကမှ ကျောခိုင်းပြီး အမြဲတည်နေမည့်နေအိမ်ဌာနသို့ ထွက်ခွာ ပြောင်းရွှေ့ရဦးမည်။
ထို့ကြောင့်ပင် အသင်တို့ထံ၌ရှိသောအကောင်းဆုံးအရာများ(ကောင်းမှုကုသိုလ်)ကို ယူဆောင်၍ အသင်တို့ ၎င်းဌာနသို့ သွားကြလေကုန်။ ဂျဟန္နမ်၏ နှုတ်ခမ်းဝမှ ကျောက်ခဲတစ်လုံးကိုယူ၍ ဂျဟန္နမ်ထဲသို့ ပစ်ချလိုက်ပါမူ ကျောက်ခဲသည် နှစ်(၇၀)ကျော်တိုင် ကျဆင်းနေသော်လည်း ၎င်း၏အောက်ဆုံးသို့ ဆိုက်ရောက်သေးမည်မဟုတ်သေးကြောင်း၊ ကျွန်ုပ်တို့အား အသိပေးခြင်းခံခဲ့ရသည်။ အသင်တို့သည် အံ့သြနေကြပါ၏လော။ ၎င်းထိုမျှ နက်ရှိုင်းသော ဂျဟန္နမ်သည် အရှင့်ကစမ်၊ တစ်နေ့သောအခါလူများဖြင့် ပြည့်နှက်သွားကြပေလိမ့်မည်သာ။ ၎င်းပြင် ဂျန္နသ်ရှိ တံခါးပေါက်တစ်ခု၏ တံခါးရွက်နှစ်ခု၏ အကွာအဝေးသည် နှစ်ပေါင်း(၄၀) ခရီးမျှကွာဝေးသည်။ သို့သော်လည်း ဤမျှကျယ်ဝန်းသောတံခါးပေါက်သည်လည်း လူတို့ဖြင့် ပြည့်နှက်နေဦးမည်သာ။

ကျွန်ုပ်သည်ထိုခေတ်အခါကိုလည်း မှီခဲ့ပေသည်။ ကျွန်ုပ်တို့ခုနစ်ဦးသည် တမန်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလာမ်) နှင့် အတူရှိနေခဲ့သည်။ ၎င်းကျွန်ုပ်တို့ စားသောက်ရန်အတွက်လည်း သစ်ရွက်များသာရှိခဲ့သည်။ ၎င်းသစ်ရွက်များကိုသာနေ့စဉ်ရက်ဆက် စားသောက်ရသဖြင့် ကျွန်ုပ်တို့၏ ပါးစောင်များသည်ပင် ဒဏ်ရာများ ရရှိလာပေသည်။ ကျွန်ုပ်သည် စောင်တစ်ထည်ရှိလေရာ တစ်ပိုင်းကို ကျွန်ုပ်က ပုဆိုးအဖြစ် အသုံးပြုရ၏။ ကျန်တစ်ပိုင်းကို စအဒ်ဗင်န်မာလစ်က်က ပုဆိုးအဖြစ်အသုံးပြုလေ၏။ ယခုအခါတွင်မူ ကျွန်ုပ်တို့အနက် တစ်ဦးစီတိုင်းသည် မြို့တစ်မြို့၏ မြို့ပိုင်များအဖြစ် ခန့်အပ်ခံကြရပေသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို မိမိကြီးကျယ်မြင့်မြတ်သည်ဟု ထင်မြင်ယူဆနေပြီး အလ္လာဟ် (စုဗ်ဟာနဟုသအာလာ) ထံ၌ သေးသိမ်ယုတ်ညံ့နေသည့်အဖြစ်မျိုးမှ ကင်းဝေးဗရန် အရှင်မြတ်ထံတော်၌ ခိုလှုံဆည်းကပ်ပါ၏။ နဗူဝသ်၏ နည်းစနစ်သည် ချုပ်ငြိမ်းကုန်ဆုံးသွားခဲ့ပေပြီ။ ၎င်းနေရာသို့ ဘုရင်စနစ်အစားထိုး ဝင်ရောက်လာခဲ့ပေပြီ။ ကျွန်ုပ်မရှိပြီးသည့်နောက် အသင်တို့သည် အခြားဦးစီးခေါင်းဆောင်များကိုလည်း တွေ့ကြုံကြရပေလိမ့်မည်။ (လက်တွေ့မြင်ကြရပေလိမ့်မည်) (မွတ်စ်လင်မ်ကျမ်း) မွန်သခဗ်အဟာဒီးစ်ကျမ်း မှ ကောက်နှုတ်တင်ပြသည်။
***အာခိရသ်ရဲ့နူရ်***
မိုဟရမ် (၁) ရက်။
((အလ်မုဖီးဒ်မှ တင်ဆက်သည်))
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။