Showing posts with label Ramadhan. Show all posts
Showing posts with label Ramadhan. Show all posts
Wednesday, July 6, 2016
ရမဿွာန်ခွဲခွာသွားသော်လည်း
ရမဿွာန်လမြတ် နှုတ်ဆက်ထွက်ခွာသွားသော်လည်း .......
သရာဝီဟ်မဖတ်ရတော့ပေမယ့် နဖိလ်နမားဇ်များ ဖတ်ခွင့်ရှိသေးသည်။ နဖိလ်နမားဇ်များ စွန္နသ်နမားဇ်များ သောင်ဗဟ်နမားဇ်များအား တစ်နှစ်ပတ်လုံး ဆောက်တည်ပြီးနောက် နောက်တစ်ခေါက် ရမဿွာန်ကို ပြန်လည်ကြိုဆိုကြရမည်။
ရမဿွာန်လမြတ် နှုတ်ဆက်ထွက်ခွာသွားသော်လည်း .......
ရိုဇဟ်များ နှုတ်ဆက်မသွားသေးပါ။ ဖရ်ဇ်ရိုဇဟ်ပြီးနောက် နဖိလ်ရိုဇဟ်များ ထားခွင့်ရှိသေးသည်။ တစ်နှစ်ပတ်လုံး၏ ရိုဇဟ်များဖြင့် နောက်တစ်ခေါက် ရမဿွာန်ကို ပြန်လည်ကြိုဆိုကြရမည်။
ရမဿွာန်လမြတ် နှုတ်ဆက်ထွက်ခွာသွားသော်လည်း .......
ဇကားသ်ပေးခြင်း၏ တာဝန်တို့ ကျေပွန်ပြီး ဖြစ်သည်။ သို့သော်လည်း နောက်တစ်နှစ် ဇကားသ်တာဝန်အတွက် ယခုကတည်းက စာရင်းများ စတင်ပြုစုထားရမည်။ နဖိလ်စွဒကဟ်များ ပေးကမ်းလှူဒါန်းရမည်။ စွဒကဟ်အလှူ၏ ကုသိုလ်များအား တစ်နှစ်လုံး စုဆောင်းပြီး နောက်တစ်နှစ်ရမဿွာန်ကို ပြန်လည်ကြိုဆိုရမည်။
ရမဿွာန်လမြတ် နှုတ်ဆက်ထွက်ခွာသွားသော်လည်း .......
နဖိလ်အုမ္မရဟ်များ ပြုခွင့်ရှိနေသေးသည်။ ဟဂ်ျအခါသမယက ပြန်လည်ကြိုဆိုနေပြီ၊ ကုရ်ဘာနီအတွက် စိုင်းပြင်းကြမည်၊ မလိုသူတို့၏ ရန်စကားများ တွန်းထုတ်ချေဖျက်ကာ အလ္လာဟ်အမိန့်ကို နာခံကြမည်၊ စိတ်ရိုင်းကို ဓားထက်ထက်အောက်ဝယ် ဇဗဟ်ပြုကြပါမည်။
ရမဿွာန်လမြတ် နှုတ်ဆက်ထွက်ခွာသွားသော်လည်း .......
ဇိကိရ်ပြုရန် တာဝန်သည် တစ်နှစ်ပတ် ကျန်နေသေးသည်။ ဂျန္နသ်တောင်းခံရမည့် အချိန်များ ဂျဟန္နမ်မှ လွတ်မြောက်မှုရရန် ပန်ကြားချက်များ ပြုနေရပါဦးမည်။ ကလိမဟ်ရဲ့ ဇိကိရ်များ အချိန်တိုင်း ပြုနေရပါဦးမည်။ အိစ်သိဂ်ဖာရ်ရဲ့ လန်းဆန်းမှုကို ရယူကြရပါဦးမည်။ ဒရူးဒ်ပို့ကာ အရသာ ခံယူရပါဦးမည်။ တစ်နှစ်ပတ်လုံးကို ဇိကိရ်ဖြင့် စိုပြေစေပြီး နောက်တစ်နှစ်ရမဿွာန်ကို ဇိကိရ်ပြုသော နှုတ်လျှာတစ်စုံဖြင့် ပြန်လည် ကြိုဆိုကြရမည်။
ရမဿွာန်လမြတ် နှုတ်ဆက်ထွက်ခွာသွားသော်လည်း .......
ရုပ်ရှင်ကြည့်လျှင် အပြစ်ထိုက်ခြင်းက မထွက်ခွာသွားပါ။ တစ်နှစ်ပတ်လုံး ဘယ်အချိန်မှာ ဘယ်လိုပဲကြည့်ကြည့် အပြစ်ထိုက်သည်။ ရမဿွာန်မှ တီဗွီတွေကို စောင်ခြုံထားသလို တစ်နှစ်ပတ်ခြုံထားလိုက်လျှင် မွစ်လင်မ်တို့ရရှိမည့် နောက်တစ်နှစ်ရမဿွာန်သည် ဒီ့ထက်ပိုပြီး ဂျန္နသ်လမ်းကို အမြန်ဖောက်နိုင်ပါမည်။ ရုပ်ရှင်မကြည့်သည့် တစ်နှစ်တာအဖြစ် ဒီနှစ်ရမဿွာန်မှ စတင်လိုက်ပြီး နောက်တစ်နှစ်ရမဿွာန်ကို ကြိုဆိုကြရမည်။
ရမဿွာန်လမြတ် နှုတ်ဆက်ထွက်ခွာသွားသော်လည်း .......
အတင်းပြောလျှင် အပြစ်ထိုက်ခြင်းများ ခွဲခွာမသွားပါ။ အတင်းမပြောသည့် အလေ့အကျင့်ကို ရမဿွာန်မှ ကျင့်ယူကာ နောက်ရမဿွာန်အထိ ကျင့်ကြံလျှက် ပါးစပ်သန့်သည့် မွစ်လင်မ်တစ်ဦးအဖြစ် နောက်တစ်နှစ်ရမဿွာန်ကို ကြိုဆိုကြရမည်။
ရမဿွာန်လမြတ် နှုတ်ဆက်ထွက်ခွာသွားသော်လည်း .......
ကျွန်ုပ်တို့၏ ခံစားချက်များ ထွက်ခွာမသွားပါ။ အီးဒ်ရဲ့အပြုံးတွေနောက်မှာ သွေးစက်လက်ကျနေတဲ့ အသည်းတစ်စုံက အမှန်တရားရဲ့ လက်များကို စောင့်ကြိုနေသည်။ ထိတ်လန့်နေသည့် မတ်စ်ဂျိဒ်များက နှစ်သိမ့်ပေးမည့် နမာဇီများကို မျှော်လင့်နေသည်။ တစ်ဖက်သက် အနှိပ်ကွပ်ခံရခြင်း အစွန်းတစ်ဖက်မှ ပြန်ထမလာရန် မျှော်လင့်ချက်များ နောက်တစ်နှစ် ရမဿွာန်ထိ ရှိနေပါသည်။
ရမဿွာန်လမြတ် နှုတ်ဆက်ထွက်ခွာသွားသော်လည်း .......
နမားဇ်ငါးကြိမ်တိုင်းအား မတ်စ်ဂျိဒ် (ဗလီ)သို့သွား၍ ယောက်ျားပီပီ ဂျမာအသ်ဖြင့် ဆောက်တည်ရမည့်တာဝန်များ၊ စဲဟ်ရီပြီးလျှင် ဖဂျရ်သွားသည့်တာဝန်က ရမဿွာန်ပြီးသွားသော်လည်း တာဝန်မပြီးသေးကြောင်း အဇာန်သံက ဖိတ်ခေါ်နေပါသည်။ ဂျမာအသ်မြဲပြီး နေ့စဉ်၏ ဖဂျရ်မှာ မတ်စ်ဂျိဒ်ပြည့်မည့် နေ့ရက်များအား မစ်ဂျိဒ်တိုင်းက လိုလားနေသည်။ ဂျမာအသ်မြဲသည့် ယောက်ျားကောင်းများအဖြစ် နောက်တစ်နှစ်ရမဿွာန်ကို ကြိုဆိုကြရမည်။
ရမဿွာန်လမြတ် နှုတ်ဆက်ထွက်ခွာသွားသော်လည်း .......
နောက်တစ်နှစ် ရမဿွာန်က ပြန်ရောက်လာဦးမည်။ ကြုံမည် ဆုံမည် မသေချာသော လူ့ဘ၀၀ယ် သေချာသည့် အာခိရသ်အတွက် ပြင်ဆင်လျှက် အလ္လာဟ်ခေါ်လျှင် လက်ဗ်ဗိုင်းက် ထူးကာ အရှင့်ရှေ့မှောက် ပြုံးရွှင်စွာ ၀င်ရောက်နိုင်ဖို့အရေး ဒီရမဿွာန်က နည်းစနစ်တွေ လေ့ကျင့် သင်ပေးနေသည်။ ရမဿွာန်ပြီး၍ သင်တန်းဆင်းသွားလျှင် လေ့ကျင့်ပေးလိုက်သည့် နည်းစနစ်အတိုင်း တစ်နှစ်ပတ်လုံး နေထိုင်သွားသူက လောကရဲ့ ပြစ်မှုတွင်းမှ ရုန်းထွက်နိုင်သူတစ်ဦး ဖြစ်လာမည်။ နောက်တစ်နှစ်ရမဿွာန်ကို စွမ်းရည်အပြည့်ဖြင့် ပြိုင်နိုင်မည်။ ဒီနှစ်ရမဿွာန်ထက် နောက်နှစ်ရမဿွာန်က ပိုကောင်းနေရမည်။ ဒီနှစ်ရမဿွာန်ကနေ တစ်နှစ်ပတ်လုံးအား ရမဿွာန်အတိုင်းနေထိုင်၍ နောက်နှစ်ရမဿွာန်ကို ကြိုဆိုကြရမည်။
ရမဿွာန်လမြတ် နှုတ်ဆက်ထွက်ခွာသွားသော်လည်း .......
အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်၊ မဂ်ဖိရသ်များ ဗရကသ်များ ကဗူလ်ပြုခြင်းများ မခွဲခွာသွားပါ။ တစ်နှစ်ပတ်လုံး ချီးမြှင့်ရန် ရယူမည့် အီမာန်ရှင်အတွက် တံခါးဖွင့်ထားသည်။ အရှင့်ရဟ်မသ်များကို တစ်နှစ်ပတ်လုံး အရယူ၍ နောက်နှစ်၍ ရမဿွာန်ကို ကြိုဆိုကြမည်။
ရမဿွာန်လမြတ် နှုတ်ဆက်ထွက်ခွာသွားသော်လည်း .......
မနှုတ်ဆက်သွားသည့် အရာများ များစွာကျန်နေခဲ့သည်။ ကြိုတင်ပြင်ဆင်မှုများ လုပ်ရပါဦးမည်။ အီးဒ်ရောက်လာသော်လည်း ခံစားချက်များ မပျောက်ကွယ်ဘဲ ရှိနေဆဲနဲ့ နောက်တစ်နှစ် ရမဿွာန်ကို ကောင်းမှုအင်အား အမှန်တရား၏ လမ်းများဖောက်ထွင်းလျှင် အမှားကိုဖြိုခွင်း မတရားမှုများ ထောင်ချ အောင်မြင်မှုအလံ လှမ်းကိုင်လျှက် ကြိုဆိုကြရမည်ဖြစ်ကြောင်း အသိတရား သွန်းလောင်းကာ မွစ်လင်မ်အားလုံးနှင့်အတူ အီးဒ်အခါသမယကို ကြိုဆိုလိုက်ပါသည်။
အလ်မုဖီးဒ်
Tuesday, June 21, 2016
တန်ဖိုးရှိသည့် စဲဟ်ရီအချိန်
အာခိရသ်၏ စည်းစိမ်ကို ရရှိမည့်သူများ၏ အရည်အချင်းတစ်ခုမှာ စဲဟ်ရီအချိန်ထ၍ အလ္လာဟ်ရှေ့တွင် ဦးချနေခြင်း၊ ကျိုးငဲ့စွာဖြင့် မိမိ၏အပြစ်များကို ခွင့်လွှတ်မှုပေးသနားပါရန် တောင်းခံခြင်းဖြစ်သည်။ ဤအချိန်သည် ဆုတောင်းပြည့်သည့် အချိန် ဖြစ်သည်။ စဲဟ်ရီအချိန်သည် သဟဂ်ျဂျုဒ်အချိန်ပင် ဖြစ်၏။ ရမဿွာန်လတွင်မူ စဲဟ်ရီချိန်ကို လူတိုင်းလိုလို နိုးထနိုင်ကြပါသည်။ စဲဟ်ရီစားခြင်းသည် စွန္နသ်ဖြစ်သည်။ စဲဟ်ရီစားသုံးခြင်း၏ ထူးမြတ်မှုများကိုလည်း သိရှိထားကြပြီး ဖြစ်သည်။ သို့ရာတွင် စဲဟ်ရီအချိန်တစ်ခုလုံးကို စားသောက်ခြင်းတွင်သာ ကုန်စေလိုက်ပြီး နဖိလ်နှစ်ရကအသ်မျှဖတ်ရန် သောင်ဖီးက်မရလိုက်ခြင်းမှာ အဘယ့်ကြောင့်ပါနည်း။ ကျွန်ုပ်တို့အနေဖြင့် လိုချင်နေရုံနှင့်မရ၊ လုပ်ဆောင်မှုပါ တွဲစပ်မှသာလျှင် သောင်ဖီးက်ကိုလည်း ရမည်ဖြစ်၏။ အချို့က အလ္လာဟ်ကသောင်ဖီးက်မပေးလို့ဟု ခေါင်းပုံချတတ်သည်။ အမှန်တော့ ခြေလက် အကောင်းကြီး စားနိုင်သောက်နိုင်သူသည် သဟဂ်ျဂျွဒ်ဖတ်ရန် သောင်ဖီးက် မရသည်မဟုတ်။ အပျင်းတက်နေခြင်း၊ ရသည့်အချိန်ကာလအား တန်ဖိုးမထားခြင်းနှင့် တန်ဖိုးရှိသည်ဟု မသတ်မှတ် မယူဆခြင်းသာ ဖြစ်၏။
ရမဿွာန်မဟုတ်သည့် လများတွင်လည်း ဤအချိန်သည် မြင့်မြတ်လျှက်ပင်ရှိပြီး ထိုအချိန်တွင် သဟဂ်ျဂျွဒ်ဖတ်ခြင်း၏ ထူးမြတ်မှုသည့် တစ်နှစ်ပတ်လုံးတွင် ရှိသည်။
ဤစဲဟ်ရီအချိန်သည် အလွန်တန်ဖိုးရှိ၏။ ရမဿွာန်လတွင်မူ ယင်းအချိန်ကို အရင်းမတည်ဘဲ အလကားလိုလို ရရှိကြသည်။ ထို့ကြောင့် စဲဟ်ရီအချိန်တွင် အနည်းဆုံး နှစ်ရကအသ်မှစ၍ နဖိလ်များဖတ်ပါ။ နမားဇ်ဖတ်ပြီးနောက် အလ္လာဟ်ရှေ့တွင် ကျိုးငဲ့စွာဖြင့် ဒုအာတောင်းပါ။ ကျွန်ုပ်တို့၏ဘဝကြီးသည် ပြစ်မှုများဖြင့် ပြည့်နှက်လျှက် ရှိပေသည်။ ထို့ကြောင့် မိမိသက်တမ်းတစ်ခုလုံး၏ ပြစ်မှုများ၊ လျော့ပေါ့ခဲ့မှုများ၊ အမိန့်မနာခံခဲ့ခြင်းများကို ခွင့်လွှတ်ပါရန် တောင်းခံပါ။
သဟဂ်ျဂျွဒ်နမားဇ်သည် အလ္လာဟ်အရှင်မြတ် အလွန်နှစ်သက် လက်ခံတော်မူသည့် အိဗာဒသ်တစ်ခု ဖြစ်သလို ကုသိုလ်များစွာရသည့် ကောင်းမှုတစ်လည်း ဖြစ်ပါသည်။ ဟဒီးစ်တစ်ပုဒ်တွင် လူသားနှင့် အလ္လာဟ်အရှင်မြတ် အနီးကပ်ဆုံးအချိန်မှာ ညထက်ဝက် ကုန်လွန်ပြီးချိန် ဖြစ်၏။ ထိုသို့ မင်္ဂလာရှိလှသည့် အချိန်တွင် အလ္လာဟ်အရှင်မြတ်အား တသနေသူများနှင့် အတူဖြစ်စေပါ။ အလ္လာဟ်အချစ်ကို ရှာဖွေ တောင်းခံနေသူများ၊ အလ္လာဟ့်ရှေ့တွင် မျက်ရည်ကျနေသူများထဲနှင့်အတူ ပါဝင်ပါဟု ညွှန်ကြားထား၏။ ဖရ်ဇ်နမားဇ်များပြီးလျှင် သဟဂ်ျဂျွဒ်နမားဇ်သည် အမြတ်ဆုံးဖြစ်၏ ဟုလည်း မိန့်ထားသည်။ သဟဂ်ျဂျွဒ်ကို စွဲမြဲစွာ ဖတ်ပါ။ သဟဂ်ျဂျွဒ်ဖတ်ခြင်းသည် သူတော်စင် သူတော်မြတ်တို့၏ ဓလေ့၊ အလ္လာဟ်အရှင်မြတ်နှင့် နီးစပ်မှုရစေမည့် အကြောင်းခံ၊ မကောင်းမှုကျူးလွန်ခြင်းကြောင့် တန်ပြန်ရိုက်ခတ်သည့် မကောင်းခြင်းအား ပယ်ဖျက်ပေးသည့်အရာ၊ ပြစ်မှုကျူးလွန်ခြင်းအား တားဆီးပေးမည့် ကောင်းမှုတစ်ခုပင်ဖြစ်၏ ဟု ဟဒီးစ်တစ်ပုဒ်တွင် သဟဂ်ျဂျွဒ်၏ အရည်အချင်းများအား ဖော်ကြူးမိန့်ဆိုထားသည်။
သဟဂ်ျဂျွဒ်အချိန်သည် ည၀က်မှစ၍ စုဗ်ဟေစွာဒိက်အထိ(စဲဟ်ရီအချိန် ကုန်သည်အထိ) ရှိ၏။ ယင်းအချိန်အတွင်း ဖတ်သည့်နဖိလ်နမားဇ်ကို သဟဂ်ျဂျွဒ်ဟု ခေါ်ဆိုသည်။ အနည်းဆုံး (နှစ်ရကအသ်စီ) လေးရကအသ် မှစ၍ ဆယ့်နှစ်ရကအသ်အထိဖတ်ခြင်းသည် စွန္နသ်ဖြစ်၏။ ထို့ထက်ပိုဖတ်လိုပါကလည်း ဖတ်နိုင်ပါသည်။ ထိုမျှမဟုတ်ဘဲ နှစ်ရကအသ်လည်း ဖတ်နိုင်သည်။ တမန်တော်မြတ်သည် အများအားဖြင့် ရှစ်ရကအသ် ဖတ်လေ့ရှိသည်။ ည၏ နောက်ဆုံးအချိန် အိပ်ယာမနိုးနိုင်ပါက အိရှာအ်နမားဇ် ပြီးနောက်တွင်လည်း ဖတ်လိုက်နိုင်သည်။ သို့သော် ညဦးယံတွင် ထဖတ်ခြင်းနှင့်တော့ ကုသိုလ်ရပုံခြင်း တူမည်မဟုတ်ပါ။ သဟဂ်ျဂျွဒ်တွင် မည်သည့်စူရဟ် တွဲရမည်ဟူသည့် သတ်မှတ်ချက်လည်း မရှိပါ။ သဟဂ်ျဂျွဒ်အတွက် ပြန်အိပ်ကို အိပ်ရမည်ဟူသည့် စည်းကမ်းချက်မရှိပါ။ တစ်ညတာလုံးနိုးနေပါကလည်း သဟဂ်ျဂျွဒ်ဖတ်နိုင်ပါသည်။
ရမဿွာန်လဟူသည် ကောင်းမှုကို ပို၍လုပ်ဆောင်ရမည့် လတစ်လ ဖြစ်သည်။ စားသောက်မှု အလှပြင်ဆင်မှု ဒွန္နယာအတွက် ပြင်ဆင်မှုများအား ပိုလုပ်နေရမည့် လမဟုတ်ပါ။ အမြဲနေရပြီး အမလ်လုပ်ခွင့် မရှိတော့မည့် အာခိရသ်အတွက် ကောင်းမှုများ ကြိုတင်ပို့နှင့်ထားရမည့် လတစ်ခုဖြစ်သည်။ ရမဿွာန်ဟူသည် မနက်ကို စဲဟ်ရီစား တစ်နေကုန် မစားမသောက် အငတ်နေ၍ နေ၀င်လျှင် အိဖ်သွာရ်ပြု စားသောက်ရုံမျှသာ မဟုတ်ပါ။ ရမဿွာန်တွင် နမားဇ်များ ပိုဖတ်ရမည်။ နမားဇ်ဟုဆိုရာတွင် ဖရ်ဇ်ငါးကြိမ်သာမက နဖိလ်နမားဇ်များသည်လည်း နမားဇ်ဖြစ်သည်။ နဖိလ်ကို အများစုက မဖတ်လည်းရသည်ဟု ယူဆချက်ရှိကြသည်။ အမှန်တော့ နဖိလ်မဖတ်ပါက ဖတ်လျှင်ရမည့်ကုသိုလ်များနှင့် အကျိုးကျေးဇူးများအား ဆုံးရှုံးရပါမည်။ နဖိလ်ရိုဇဟ်၊ နမားဇ်၊ ဟဂ်ျ၊ စွဒကဟ်တို့၏ အကျိုးထူးတစ်ခုမှ ဖရ်ဇ်တာဝန်၏ လျော့ပေါ့နေမှုအား ဖြည့်စွက်ပေးခြင်း ဖြစ်သည်။ ဖရ်ဇ်တာဝန်များကို ဆောက်ရွက်ခဲ့သော်လည်း ပေါ့လျော့ပျင်းရိမှုများ အလေးမထား မေ့မှားမှုများကြောင့် စံချိန်မှီအိဗာဒသ်အဖြစ် စာရင်းမ၀င်ခဲ့သည်များအား နဖိလ်ဖြင့် ပြည့်ဝစေမည် ဖြစ်သည်။ ထို့ပြင် နဖိလ်များဆောက်တည်ခြင်းဖြင့် အလ္လာဟ်အရှင်မြတ်နှင့် နီးစပ်မှုရရှိမည်။ ခေတ်စကားနှင့်ပြောရလျှင် အလ္လာဟ်ထံပါးတွင် နေရာရ မျက်နှာရလိုလျှင်၊ အလ္လာဟ်အရှင်က ဂုဏ်ပေးသည်ကို ရရှိလိုလျှင် နဖိလ်များစွာ ဆောက်တည်ပါ။
နဖိလ်အိဗာဒသ်များ ဆောက်တည်ခြင်း၏ ရလဒ်ကောင်းတစ်ခုမှာ မကောင်းမှုများမှ ရှောင်နိုင်စွမ်း ရရှိလာခြင်းပင် ဖြစ်သည်။ နဖိလ်အိဗာဒသ် များများလုပ်လျှင် အလ္လာဟ်နှင့် မြန်မြန်နီးစပ်လာမည်။ အလ္လာဟ်နှင့် နီးလျှင် ရှိုက်သွာန်နှင့် ဝေးလာမည်။ ရှိုက်သွာန်နှင့် ဝေးလာခြင်း၊ စိတ်ရိုင်း၏ အလိုဆန္ဒများအား ထိန်းချုပ်လာနိုင်ခြင်းကပင် မကောင်းမှုများ မကျူးလွန်တော့ရန် အခွင့်ရေးဖြစ်၏။ ဖရ်ဇ်များသာမက နဖိလ်များသည်လည်း ကောင်းမှုစာရင်းဝင်ပါသည်။ နဖိလ်များ၏ အကြောင်းခံဖြင့် အာခိရသ်တွင် မြင့်မားသည့် အဆင့်အတန်းကို ရရှိပိုင်ဆိုင်နိုင်မည်။ ထို့ကြောင့် ရာထူးကြီးကြီး မက်သူများနှင့် မိုးမျှော်တိုက်များပေါ်တက်ရသည်ကို နှစ်သက်သူများ နဖိလ်များစွာ ဖတ်ပါ။ အာခိရသ်တွင် အဆင့် အမြင့်ကြီး ရပါမည်။ မဖတ်သူက မရပါ။ မရခြင်းသည်လည်း ဆုံးရှုံးခြင်း တစ်ရပ်ဖြစ်၏။ နဖိလ်များ စွန္နသ်များကို လွှတ်လျှင် ပြစ်ဒဏ်ခတ်မည်မဟုတ်သော်လည်း ၎င်းတို့ကြောင့် ရရှိမည့် အကျိုးကျေးဇူးကိုမူ မုချ လက်လွှတ် အဆုံးရှုံးခံရပေမည်။
စဲဟ်ရီ အိဖ်သွာရ်သည်လည်း ကုသိုလ်ရရန်အကြောင်းခံဖြစ်သလို သဟဂ်ျဂျွဒ်နမားဇ်သည်လည်း ကုသိုလ်များစွာရရန်နှင့် ကောင်းခြင်းများစွာဖြစ်ပေါ်လာရန် အကြောင်းခံဖြစ်သည်။ တမန်တော်မြတ်ကြီးကိုယ်တိုင် နဖိလ်များစွာကို ဖတ်ပြခဲ့သည်။ သဟဂ်ျဂျွဒ်နမားဇ်ကိုလည်း စွဲမြဲစွာ ဖတ်ပြခဲ့သည်။ နဖိလ်ရိုဇဟ်များ ထားပြခဲ့သည်။ ထို့အတူ အလ္လာဟ်အချစ်ကို ရရှိသွားသူများလည်း နဖိလ်နမားဇ်များစွာကို ဖတ်ကြသည်။ ကျွန်ုပ်တို့လည်း ယင်းအခွင့်ထူးကို ရယူခွင့်ရှိပါသည်။ နဖိလ်အိဗာဒသ်များစွာပြုခြင်းဖြင့် စိတ်တွင်းဝယ် မကောင်းမှုများမှ ရှောင်လိုစိတ်နှင့် ရှောင်ကြဉ်နိုင်စွမ်းတို့ ရလာပါမည်။ ကုသိုလ်များပိုပေးသည့် အချိန်၊ နေရာတို့တွင် မကောင်းမှုလုပ်ပါကလည်း ပြစ်ဒဏ်သည် သာမာန်ထက် ပို၍ပြင်းထန်ပါ၏။ အချိန်ဖြုန်းခြင်းသည်လည်း မကောင်းမှုဖြစ်သည်။ အခြားသူ အတွက်သော်လည်းကောင်း၊ မိမိအတွက်သော်လည်းကောင်း အကျိုးမရှိသည့် လုပ်ရပ်များတွင် နစ်မွန်းနေခြင်းသည်လည်း မကောင်းမှုတစ်ခု ဖြစ်၏။ ယင်းလုပ်ရပ်များ လုပ်နေမည့်အစား ၀ုဇူပြု၍ နဖိလ်နှစ်ရကအသ် ဆောက်တည်လိုက်ပါ။ ယခုကဲ့သို့ ရမဿွာန်လတွင် မကောင်းမှုများ ပြစ်မှုများအား အထူးဂရုစိုက်၍ ရှောင်ကြဉ်ရမည်။ မကောင်းမှုနေရာတွင် ကောင်းမှုနဖိလ်နှင့် အစားထိုးလိုက်ရမည်။ ကောင်းမှုများများပြုခြင်းကပင် မကောင်းမှုများအား ဝေးစေမည့် အကြောင်းခံဖြစ်သည်။ နမားဇ်များဖတ်ခြင်းဖြင့် နှလုံးသားအတွင်း နူရ်ရလာမည်။ နူရ်သည် မကောင်းမှုလုပ်ချင်စိတ်များအား ဖယ်ရှားပေးသည်။ ထို့ပြင် မကောင်းမှုများ လျော့နည်းလာပါက မိမိ၏ ဘ၀သည်လည်း ဗရကသ်ရှိလာပေမည်။ လူဟူသည် အချိန်တိုင်း တစ်ခုမဟုတ် တစ်ခု လုပ်ကိုင်နေရမှ နေသာ ထိုင်သာ ရှိလှသည်။ မွစ်လင်မ်တို့ ပြုလုပ်လိုက်သည့်အရာသည် အစ္စလာမ့်ရှရီအသ်မှ တားမြစ်ထားသည်များ မကောင်းမှုဟု ပြောထားသည်များ မဖြစ်ရပါ။ ထို့ကြောင့် မကောင်းမှု ပြစ်ဒဏ်သင့်စရာများ လုပ်နေမည့်အစား ကောင်းမှုဖြစ်သည့် နဖိလ်အိဗာဒသ်များ ပြုကျင့်ပါ။ ဖရ်ဇ်ရိုဇဟ်ကာလဖြစ်သည့် ရမဿွာန်တွင် နဖိလ်နမားဇ်များစွာကို ဆောက်တည်ပါ။ ဇိကိရ်၊ သိလာဝသ်များစွာဖြင့် စိတ်၏ အမှောင်ထုအား ကောင်းမှုအလင်းဖြင့် ဖြိုခွင်းကြပါရန် တိုက်တွန်းအပ်ပါသည်။
Cradite. အလ်မုဖီးဒ်  (http://aaitee.blogspot.com) မှရေးသားပါသည်။
Sunday, June 12, 2016
အမျိုးသမီးတို့အတွက် ရိုဇဟ် အသိပညာ
အစ္စလာမ်ဘာသာတွင် အခြေအနေတိုင်းအတွက် ပြဌာန်းသတ်မှတ်ချက်များ သီးခြားစီရှိပါသည်။ အမျိုးသားတို့အတွက် အမျိုးသားအလျောက်၊ အမျိုးသမီးတို့အတွက် အမျိုးသမီးအလျောက် အမိန့်များအား လိုက်နာရာတွင် သူ့နေရာနှင့်သူ ကွဲပြားခြားနားမှုများရှိပါသည်။ အမျိုးသားနှင့် အမျိုးသမီးဟု ကွာခြားသွားကတည်းကပင် ၎င်းတို့၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ခံနိုင်ရည်အင်အား စသည်များလည်း ကွဲပြားသွားပေသည်။ အပေါ်ယံအသွင်သဏ္ဍာန်များ ခြားနားသလို အတွင်းပိုင်းခန္ဓာဖြစ်တည်မှုတွင်လည်း အနည်းငယ်ခြားနားကြသည်။ အစ္စလာမ့်အမိန့်များသည် ယင်းသို့ကွာခြားမှုအား ကွာခြားမှုအတိုင်းရှိစေ၍ ပညတ်ချက်တို့အား အမျိုးသား အမျိုးသမီး သီးခြားစီ သတ်မှတ်ပေးထားသည်။ သို့သော် မွစ်လင်မ်တို့အတွင်းမှပင် အသိဥာဏ်နည်းသူတို့က ယင်းကွာခြားမှုကြီးအား တစ်မျိုးတည်းဖြစ်ရန် ကြိုးပမ်းနေကြသည်။ လွယ်ကူမှုအား ခက်ခဲစေရန် ကြိုးစားနေခြင်းပင် ဖြစ်၏။ အဲဟ်လေစွန္နသ် ၀လ်ဂျမာအသ်တွင် လွယ်ကူမှုအား လွယ်ကူမှုအတိုင်းထား၍ အမျိုးသားတို့အတွက် ပညတ်ချက်အား အမျိုးသားတို့အတွက် အမျိုးသမီးတို့အတွက် ပညတ်ချက်အား အမျိုးသမီးတို့အတွက် သီးခြားစီ ခွဲပြထားသည်။ ခံနိုင်ရည်ရှိသူအား ခံနိုင်ရှိသည်မျှသာ တာဝန်ပေးထားပါသည်။ ယခု အမျိုးသမီးတို့ ရိုဇဟ်စောင့်ထိန်းရတွင် တွေ့ကြုံ့ရမည့် ကျန်းမာရေးပိုင်းဆိုင်ရာ၊ အမျိုးသမီးပိုင်းဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက် ရှရီအသ်၏ သတ်မှတ်ချက်များအား Shareat Ya Shahadat မှ စုစည်းရေးသားထားပြီး ချစ်ပရိတ်သတ်တို့ လေ့လာမှတ်သားနိုင်ရန် ပြန်လည်ဖော်ပြလိုက်ပါသည်။ ပညာရှာဖွေဆည်းပူးသည့် ရည်ရွယ်ချက်ဖြင့် ဖတ်ရှုမှတ်သားပါ၊ ရှရီအသ်နှင့်အညီ ကျင့်သုံးနိုင်ရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် လေ့လာကြပါရန် ပန်ကြားပါသည်။ (အလ်မုဖီးဒ်)
(၁) ရာသီသွေးနှင့် မီးတွင်းသွေးပေါ်နေသူတို့သည် နမားဇ် ဝတ်ပြုခြင်း၊ ရိုဇာ စောင့်ထိန်းခြင်းများ မပိုင်ပါ။ ကွာခြားချက်မှာ နမားဇ်သည် လုံးဝ မုအားဖ် ဖြစ်သွားသည်။ သန့်ပြန့်ပြီးနောက် နမားဇ် ကဇွာဖတ်ရန် တာဝန်မရှိ။ သို့သော် ရိုဇာသည် မုအားဖ် မဖြစ်ပေ။ သန့်ပြန့်ပြီးနောက် ကဇွာထားရမည်။ ရောဂါသွေးပေါ်နေသူ အမျိုးသမီးသည် နမားဇ်လည်း ဝတ်ပြုရမည်။ ရိုဇာလည်း စောင့်ထိန်းရမည်။ မဖတ်ဘဲနေခွင့်၊ ရိုဇာမထားဘဲနေခွင့် မရှိပါ။
မှတ်ချက်။ အကယ်၍ ဖရဇ်နမားဇ် ဝတ်ပြုရင်း ရာသီသွေး ပေါ်လာခဲ့လျှင် ၄င်းနမားဇ်သည် မုအားဖ် ဖြစ်သွားသည်။ သန့်ပြန့်ပြီးနောက် ကဇွာမလိုပေ။ သို့သော် စွန္နသ်၊ နဖိလ် နမားဇ် ဝတ်ပြုနေရင်း ရာသီသွေးပေါ်လာခဲ့လျှင် ကဇွာတာဝန် ထိုက်ပါသည်။
(၂) ဖရ်ဇ်ရိုဇာ စောင့်ထိန်းပြီးနောက် နေ့အချိန်တွင် ရာသီသွေးပေါ်လာခြင်း
ရိုဇာစောင့်ထိန်းနေစဉ် ရာသီသွေး ပေါ်လာလျှင် ရိုဇာ ပျက်ပြယ်သွားသည်။ သန့်ပြန့်ပြီးနောက် ကဇွာတာဝန် ထိုက်သည်။ ထို့အတူ နဖိလ်ရိုဇာ စောင့်ထိန်းနေစဉ် သွေးပေါ်လာလျှင်လည်း ရိုဇာပျက်၍ ကဇွာထိုက်ပါသည်။ (မစာအေလေမုကမ်မေလေ မူဒလ်လလ်ကျမ်း)
(၃) နေ့အချိန်တွင် သန့်ပြန့်သွားခြင်း
ရမဿွာန်လတွင် နေ့အချိန်၌ ရာသီသွေး ပြီးဆုံး၍ သန့်သွားလျှင် စားသောက်ခြင်း မပိုင်တော့ပါ။ အိဖ်သွာန်ချိန်ထိ ရိုဇာထားသူကဲ့သို့ နေရန် ဝါဂျိဗ် ဖြစ်၏။ သို့သော် ဤရက်အား ရိုဇာရသည့်ရက်ဟု မသတ်မှတ်ပါ။ ၎င်းရက်အတွက်ပါ ကဇွာ ပြန်ထားရမည်။
(၄) ညအချိန်တွင် သန့်ပြန့်သွားခြင်း
၁။ ဆယ်ရက်ဆယ်ည ရာသီသွေးပေါ်ပြီးနောက် စဟ်ရီချိန် မကုန်မီ သွေးရပ်သွားသည်။ စဲဟ်ရီကုန်ချိန်နှင့် သွေးရပ်သွားချိန်ကြားတွင် الله أكبر တကြိမ် ရွတ်ဆိုရုံမျှပင် အချိန်မရလိုက်လျှင်လည်း ထိုနေ့၏ရိုဇာကို စောင့်ထိန်းရန် ဝါဂျိဗ် ဖြစ်၏။
၂။ ဆယ်ရက်ဆယ်ညထက် နည်း၍ ရာသီသွေးပေါ်ပြီးနောက် စဟ်ရီချိန် မကုန်မီ သွေးရပ်သွားသည်။ ထိုသို့ သွေးရပ်သွားချိန်နှင့် စဲဟ်ရီကုန်ချိန်ကြားတွင် မြန်ဆန်စွာ ရေချိုးရန်မျှ အချိန်ရှိမည်။ သို့သော် ရေချိုးပြီးနောက် الله أكبر တကြိမ် ရွတ်ဆိုရန်ပင် အချိန်မရှိတော့လျှင်လည်း ထိုနေ့၏ ရိုဇာကို စောင့်ထိန်းရန် ဝါဂျိဗ်ဖြစ်သည်။ ရေချိုးရန် အချိန်မီလျှက်နှင့် ရေမချိုးဖြစ်ပါကလည်း ရိုဇာ နိယသ်ပြုလိုက်ပါ။ မနက်မှ ရေချိုးပါ။ (အထက်ပါအခြေအနေနှစ်ရပ်လုံးတွင် ထိုနေ့၏ရိုဇာကို စောင့်ထိန်းရန် တာဝန်ရှိသည်။)
၃။ သွေးရပ်ချိန်နှင့် စဲဟ်ရီကုန်ချိန်ကြားတွင် ရေချိုးရန်မျှပင် အချိန်မမီလျှင် ထိုနေ့အတွက် ရိုဇာဝါဂျိဗ်မဖြစ်တော့ပါ။ သို့သော် တစ်နေ့တာလုံး စားခြင်း၊ သောက်ခြင်းလည်း မပြုပိုင်ပေ။ ရိုဇာ စောင့်ထိန်းသူကဲ့သို့ပင် နေထိုင်ရမည်။ ကဇွာပြန်ထားရပါမည်။
မှတ်ချက်။ ရေချိုးရန် အချိန်မီသည်ဟု ဆိုရာ၌ ထိုအချိန်၌ပင် ချက်ချင်း ရေချိုးရမည်ဟု ဆိုလိုသည် မဟုတ်ပေ။ အမြန်ဆုံး ရေချိုးနိုင်သည်ခန့် အချိန်ရခြင်းကို ဆိုလိုသည်။ ထို့ကြောင့် နံနက်ချိန်မှ ရေချိုးလျှင်လည်း ပိုင်သည်။ ရိုဇာ တွင် မည်သို့မှ ဆုံးရှုံးမှု မဖြစ်ပေ။ ဝါဖြေချိန်မရောက်ခင် မိနစ်ပိုင်း အလိုတွင်ပင် သွေးပေါ်လာလျှင်လည်း ထိုနေ့၏ ရိုဇာမှာ ပျက်ပြယ်သွားမည်။စွန္နသ် ရိုဇာ ဖြစ်စေ။နဖိလ် ရိုဇာ ဖြစ်စေ။ ကဇွာပြန် ထားရမည်။
(၅) အမျိုးသမီး အဟ်သိလာမ် ဖြစ်ခြင်း
အမျိုးသမီးသည် နေ့အခါ၌ အိပ်ပျော်၍ အိမ်မက်ကြောင့် ရေချိုးရန် တာဝန်ထိုက်သွားလျှင်လည်း ရိုဇာ မပျက်ပါ။
(၆) ဂျနာဗသ်ဖြစ်နေသူသည် ရေမချိုးပဲ ရိုဇာ စောင့်ထိန်းခြင်း အမိန့်
ညအချိန်၌ ရေချိုးရန် တာဝန်ထိုက်သွားသည်။ သို့သော် ညတွင်ရေမချိုးဘဲ နံနက်မှ ရေချိုးလျှင်လည်း ရိုဇာ ပိုင်သွားမည်။ အကယ်၍ တစ်နေကုန် ရေမချိုးဘဲ နေခဲ့လျှင်လည်း ရိုဇာမပျက်ပါ။သို့သော် ဂိုနာဟ် ထိုက်မည်။
မှတ်ချက်။ ရေမချိုးရသေးလျှင်လည်း ရိုဇာ နိယသ်ပြုလုပ်ရမည်။
(၇) ရိုဇာစောင့်ထိန်းလျှက် ခင်ပွန်းနှင့်အတူ လဲလျောင်းခြင်း
ဇနီးမောင်နှံအတူ လဲလျောင်းခြင်း၊ ခန္ဓာကိုယ်ခြင်း ထိတွေ့ခြင်း၊ နမ်းခြင်းများ ပြုပိုင်သည်။ သို့သော် ငယ်ရွယ်နုပျိုသူက ယင်းလုပ်ရပ်များဖြင့် ကိုယ်လက်နှီးနှောမှု ဖြစ်သွားမည်ကို စိုးရိမ်ရလျှင် အထက်ဖော်ပြပါ ကိစ္စများ ပြုလုပ်ခြင်း မက္ကရူဟ် ဖြစ်၏။
(၈) ရိုဇာဟ်​၏အ​ခြေအ​နေ၌ နှုတ်​ခမ်းခြင်းနမ်း​ခြင်းဆိုင်​ရာ ပညတ်​ချက်
သုတ်​ရည်ထွက်​သွားမည်​ သို့မဟုတ် မိမိကိုယ်​ကိုယ် ထိန်းသိမ်းနိုင်​စွမ်းမရှိ​လောက်​​အောင်​ ရသာအာရုံ ပြင်းထန်​သွားမည်​။ ထိုမှတဖန်​ ​ပေါင်းသင်းဆက်​ဆံသည့်​အဆင့်​ထိ ​ရောက်​ရှိသွားမည်​ကို စိုးရိမ်​ရပါက ဇနီး​မောင်​နှံ ​ပွေ့ဖက်​ခြင်းဖြစ်​​စေ နမ်း​ခြင်းဖြစ်​​စေ မက္ကရူးဟ်​ဖြစ်​သည်​။ ထိုသို့​သောအ​ခြေအ​နေများ ဖြစ်​​ပေါ်မည်ကို မစိုးရိမ်​ရလျှင်​ မက္ကရူးဟ်​မဖြစ်​​ပါ။ သို့​သော်​ နှုတ်​ခမ်းအားစုပ်​ယူ နမ်းခြင်းနှင့်​ အရှက်​အင်္ဂါအချင်းချင်း ထိကပ်​ခြင်းတို့ဖြင့် သုတ်ထွက်သွားမည်၊ ပေါင်းသင်းမှု ပြုမိသွားမည်ဟု မစိုးရိမ်ရလျှင်လည်း ရိုဇဟ်​၏ အ​ခြေအ​နေ၌ ယင်းသို့ပြုခြင်း မက္ကရူးဟ်​ဖြစ်​၏။ နှုတ်​ခမ်းစုပ်​ယူနမ်းရှိုက်​ရင်း ဇနီးက ခင်​ပွန်း၏တံ​တွေးကို 
(သို့မဟုတ်​)ခင်​ပွန်းက ဇနီး၏ တံ​တွေးကိုမျိုချလိုက်​ပါက ရိုဇာပျက်​သွားမည်ဖြစ်ပြီး ကဇွာနှင့်​အတူ ကဖ္ဖာရဟ်​ပါ ထိုက်​ပါမည်​။
(၉) ကိုယ်လက် နှီးနှောခြင်း(လင်မယားပေါင်းသင်းဆက်ဆံခြင်း)
အမျိုးသားနှင့် ကိုယ်လက်နှီးနှောချိန် အမျိုးသား၏ အင်္ဂါသည် မိန်းမကိုယ်အတွင်းသို့ ကွမ်းသီးလုံးခန့် ဝင်သွားလျှင် ရိုဇာ ပျက်ပြယ်သွားမည်။ နှစ်ဦးလုံးသည် ကဇွာနှင့်အတူ ကဖ္ဖာရာဟ်ပါ ထိုက်ပါမည်။ သုတ်ထွက်သည် ဖြစ်စေ။ မထွက်သည် ဖြစ်စေ။ ထို့အတူ အမျိုးသားသည် အမျိုးသမီး၏ အနောက်လမ်းကြောင်းတွင် ဆက်ဆံရာ အရှက်အင်္ဂါမှာ အနောက်လမ်းကြောင်းတွင်းသို့ ကွမ်းသီးလုံးခန့်မျှ ဝင်ရောက်သွားလျှင်လည်း ရိုဇာပျက်သွားပြီး နှစ်ဦးလုံးပေါ် ကဇွာနှင့်အတူ ကဖ္ဖာရာဟ်ပါ ထိုက်ပါသည်။
မှတ်ချက် ။ ကဖ္ဖာရာဟ် ဟူသည်မှာ နှစ်လဆက်တိုက်(တစ်ရက်မပျက်) ရိုဇာထားရခြင်းကို ဆိုလိုသည်။ အနောက်လမ်းကြောင်း၌ ဆက်ဆံခြင်းသည် ရွံရှာဖွယ်ရာ လုပ်ရပ် ဖြစ်သည်။
*ကဖ္ဖာရဟ်
ကဖ္ဖာရဟ်​ဟူသည်​မှာ ကျူးလွန်​မိသောအပြစ်​၏ လျော်ကြေးအဖြစ် သတ်​မှတ်​ထား​သော အစ္စလာမ့်ပညတ်​ချက်​ဖြစ်​သည်​။
ယေဘုယျအားဖြင့်​ ရမ်​ဇန်​လ၏ရိုဇဟ်​​စောင့်​ထိန်း​နေရင်း ရိုဇဟ်​ပျက်​​စေ​သောအမှုကိစ္စ တစုံတစ်​ခုအား သိလျက်​ (ရည်​ရွယ်​၍) ကျူးလွန်​ခြင်းဖြင့်​ ကဖ္ဖာရဟ်​ထိုက်​သည်​။
ကဖ္ဖာရဟ်​ အစား​ပေး​လျော်​သည့်​ နည်း( ၃ )နည်းရှိသည်​။ (က) ကျွန်​တစ်​ဦးအားသူ​ကောင်းပြုခြင်း၊ (ခ) နှစ်​လဆက်​တိုက်​ ရိုဇဟ်​​စောင့်​ထိန်းခြင်း၊ (ဂ) သူဆင်းရဲ အယောက် ၆၀အား မနက်​ ည ထမင်း နှစ်နပ်​ ဝမ်းဝ​အောင်​ ​ကျွေး​မွေးခြင်းတို့ဖြစ်​သည်​။ ယခု​ခေတ်​တွင် ကျွန်​ ​ရောင်းဝယ်​သည့်စနစ် မရှိ​သော​ကြောင့်​ ကဖ္ဖာရဟ်​ ထိုက်​သူသည်​ နှစ်လဆက်​တိုက်​ ရိုဇဟ်​​စောင့်​ထိန်းရမည်​။ နှစ်လဆက်​တိုက်​ ရိုဇဟ်​​စောင့်​ထိန်းရန်​ အားအင်မရှိပါက သူဆင်းရဲအယောက် ၆၀အား ထမင်းနှစ်နပ်​​ ကျွေး​မွေးရမည်​။
(၁၀) အဓမ္မ ပေါင်းသင်းဆက်ဆံခြင်း
အမျိုးသမီးတစ်ဦးအား အိပ်မောကျနေချိန်၊ မေ့မျောနေချိန်၊ ရူးသွပ်နေချိန်တို့တွင် ပေါင်းသင်းလိုက်ခြင်း၊ သို့မဟုတ် အတင်းအဓမ္မပေါင်းသင်းခံရခြင်းတို့ဖြစ်ပါက အမျိုးသမီး၏ရိုဇဟ် ပျက်သွားမည်။ သို့သော် ထိုသို့သော အမျိုးသမီးအတွက် ပျက်သွားသော ရိုဇဟ်တစ်လုံး၏ ကဇွာသာ ထားရပါမည်။ ကဖ္ဖါရဟ်တာဝန်မထိုက်ပါ။ ပေါင်းသင်းသူ အမျိုးသားသည် ကဇွာအပါအ၀င် ကဖ္ဖါရဟ်၏တာဝန်ပါ ရှိမည်။
(၁၁) ရိုဇာဟ်စောင့်ထိန်းထားစဉ် မိန်းမကိုယ်အတွင်းသို့ ဆေးထည့်ခြင်း
မေး။ အမျိုးသမီးသည် အိဖ်သွာရ်ပြုပြီးနောက် ရောဂါအခြေအနေကြောင့် မိန်းမကိုယ်အတွင်းသို့ ဆေးထည့်သည်။ သို့မဟုတ် ရိုဇာဟ်ရှိလျှက်ဖြင့် ဆေးထည့်သည်။ ရှရီအသ်အရ မည်သို့ အမိန့်ရှိပါသနည်း။
ဖြေ။ ရိုဇာဟ်မစောင့်ထိန်းမီ မိန်းမကိုယ်အတွင်းသို့ ဆေးထည့်ခြင်းဖြင့် ရိုဇာဟ် မပျက်ပါ။ သို့သော် ရိုဇာဟ်ထားလျက်နှင့် မိန်းမကိုယ်အတွင်းသို့ ဆေးထည့်လျှင် ရိုဇာဟ် ပျက်သွားပါသည်။
သိမှတ်ဖွယ်။ အမျိုးသမီးတို့၏ မိန်းမကိုယ်​အတွင်းပိုင်းသည်​ ဝမ်းဗိုက်​နှင့်​တိုက်ရိုက် ဆက်စပ်လျက်ရှိ​နေ​သော​ကြောင့်​ ရိုဇဟ်​ထားနေစဉ် ခန္ဓာကိုယ်​အတွင်းသို့ ​ရေစက်​များထည့်​လျှင် ရိုဇဟ်​ပျက်​​ကြောင်း ပညာရှင်​များအားလုံးက တညီတညွတ်​တည်း မိန့်​ထားသည်​။ အမျိုးသားများမှာမူ အရှက်​အင်္ဂါနှင့်​ ဝမ်းဗိုက်​သည်​ တိုက်​ရိုက်​ဆက်​နေခြင်းမရှိဘဲ ကြားခံ ကပ်​ပယ်​အိတ်မှတဆင့်​ သွားလာ၊ စီးဆင်း​သော​ကြောင့်​ အမျိုးသားများရိုဇဟ်​​စောင့်​ထိန်း​နေရင်း အရှက်​အင်္ဂါအတွင်းသို့ ရေစက်များ ထည့်​လျှင်​ ဟနဖီ​ဖိကဟ်ပညာရှင်​ကြီးများအနက်​ ​အိမာမ်အဗူနီဖဟ်​နှင့်​ အိမာမ်မုဟမ္မဒ်​တို့၏ အဆိုအရ ရိုဇဟ်မပျက်ပါ။
(၁၂) ရိုဇဟ်​​စောင့်​ထိန်း​ထားစဉ်​ ဆရာဝန်​အား ကိုယ်​၀န်​ပြခြင်းနှင့်​ လက်​​ချောင်းထည့်​သွင်းခြင်း
ကိုယ်​ဝန်​​ဆောင်​ကာလ အစပိုင်းရက်​များ၌ ကိုယ်​ဝန်​အ​ခြေအ​နေကို ကြည့်​ရန်​ ဆရာဝန်​အမျိုးသ္မီး/ သားဖွားဆရာမ/ လက်​သည်​တို့က လက်​အိတ်​စွပ်​၍ဖြစ်​​စေ၊ တခါတရံ လက်​အိတ်​မပါဘဲဖြစ်​​စေ အမျိုးသမီးခန္ဓာကိုယ်အတွင်းသို့ လက်​​ချောင်းထိုးသွင်း၍ စမ်းသပ်​​လေ့ရှိသည်​။ ထိုအခါ၌ ဆရာဝန်​မ၏ လက်​​ချောင်း​ပေါ်၌ ထိုးသွင်းမှု မပြုမီ ​ရေ အစရှိသည့်​ စွတ်​စိုမှုတစုံတရာ မရှိလျှင်​ ရိုဇဟ်မပျက်​​ပါ။ အကယ်​၍ စွတ်စိုသော လက်​​ချောင်းအား ထိုးသွင်းခဲ့ခြင်းဖြစ်​လျှင်​ ရိုဇဟ်​ပျက်​သွား​ပါမည်​။ ထိုနည်းတူ အမျိုးသ္မီးကိုယ်​တိုင်​ဖြစ်​​စေ၊ ခင်​ပွန်း​ယောက်ျားက ထိုးသွင်းလျှင်​ဖြစ်​စေ အမိန့်​ပညတ်​ချက်​မှာ အတူတူပင်​ဖြစ်​၏။ သို့​သော်​ သတိပြုရမည့် အခြေအနေတစ်ခုမှာ ​ခြောက်​​သွေ့​သော လက်​​ချောင်းအား တစ်ကြိမ်​တည်းထိုးသွင်းပြီး ပြန်​ထုတ်​လိုက်​လျှင်​ ရိုဇဟ်​မပျက်​​သော်​လည်း ​လက်​​ချောင်း တစ်ခုလုံး(သို့မဟုတ်​) အစိတ်​အပိုင်း အနည်းငယ်​အား ထုတ်​ပြီး ပြန်​လည်​ထိုးသွင်းလိုက်​လျှင်​မူ ရိုဇဟ်​ပျက်​သွားမည်။ တင်​ပြပါအ​ခြေအ​နေများ၌ ကဇွာသာလျှင်​တာဝန်​ထိုက်​ပြိး ကဖ္ဖာရဟ်​မထိုက်​​ပါ။ အမျိုးသ္မီး၏ရိုဇဟ်​သာလျှင်​ပျက်​ပြီး ခင်​ပွန်းအမျိုးသား၏ ရိုဇဟ်​မပျက်​​ပါ။ (မော်​လာနာရဖ်​အသ်​ကာ​စေမီ၏ မစာ​အေ​လေ့ရိုဇဟ်​ကျမ်း၌ ဒုရ်​​ရေမုခ်​သားရ်​၊ ဗဟရှ်​သီး​ဇေဝရ်​နှင့်​ အဟ်​စနုလ်​ဖသာဝါ ကျမ်းကိုးများဖြင့်​ ဖော်ပြထားသည်​ကို ​ကောက်​နှုတ်​တင်​ပြခြင်းဖြစ်​ပါသည်​။)
(၁၃) ကိုယ်​ဝန်​​ဆောင်​အမျိုးသမီးနှင့်​ ရိုဇဟ်
၁။ ရိုဇဟ်​​စောင့်​ထိန်းခြင်းဖြင့်​ မိမိကိုယ်​တိုင်​ (သို့မဟုတ်​) က​လေးအား တစုံတရာသော ဆိုးကျိုးဖြစ်​​စေမည်​ဟု အခိုင်အမာ ယူဆရသည်။ (ယင်းသို့ ထင်မြင်ယူဆချက်အတိုင်း လက်တွေ့ ကြုံရသည်ဖြစ်စေ၊ မကြုံရသည်ဖြစ်စေ) ရိုဇာမစောင့်ထိန်းဘဲ နေခွင့်ရှိသည်။
၂။ ကိုယ်ဝန်ဆောင်သည် ရိုဇာထားရင်း မိမိ (သို့) ကလေးငယ်၏ အသက်အား စိုးရိမ်ရလျှင် ရိုဇာဖျက်လိုက်ခြင်း ပိုင်သည်။ ထိုပုံစံအားလုံး၌ ကဇွာသာလျှင် တာဝန်ထိုက်သည်။
(၁၄) မီးဖွားခါနီးနာကျင်မူကြောင့် ရိုဇာဖျက်လိုက်ခြင်း
မေး။ ကိုယ်ဝန်ဆောင်သည် မီးဖွားခါနီး အလွန်ကိုက်ခဲနေသောကြောင့် ရိုဇာထားပြီးနောက် ဖျက်လိုက်သည်။ တဖန် ထိုနေ့နေမဝင်မီ ကလေးမွေးလိုက်သည်။ တရားတော်အရ အမိန့် မည်သို့ရှိပါသနည်း။
ဖြေ ။ အကယ်၍ ထိုအခြေနေ၌ ရိုဇာမဖျက်ခဲ့သော် ကလေး (သို့) အမျိုးသမီး၏ အသက်အန္တရာယ် စိုးရိမ်ရသည်ဟု အခိုင်အမာ ယူဆရလျှင် ရိုဇာ ဖျက်ခွင့်ရှိသည်။ ကဇွာသာဝါဂျီဗ်ဖြစ်၍ ကဖ္ဖာရာဟ် မထိုက်ပါ။ ဖော်ပြပါ အခြေအနေမဟုတ်ဘဲ ရိုဇာဖျက်ခဲ့လျှင် ဂိုနာဟ်ထိုက်သည်။ ကဖ္ဖာရာဟ် ဝါဂျီဗ်ထိုက်မည်။ သို့သော်လည်း အန္တရာယ်ရှိသောအခြေနေမဟုတ်ဘဲ ရိုဇာဖျက်ပြီးနောက် ထိုနေ့ နေမဝင်မီပင် ကလေးမွေးဖွားလိုက်လျှင် ကဖ္ဖာရာဟ် တာဝန်မရှိတော့ပါ။
(၁၅) မီးနေသည်နှင့် အားအင်ချိနဲ့နေသောအမျိုးသမီး
မေး။ မီးနေသည်(ကလေးမွေးထားသောအမျိုးသမီး)၊ အားအင်ချိနဲ့နေသော အမျိုးသမီးသည် ရိုဇာမထားနိုင်ခြင်းကြောင့် ဖိဒ်ယာဟ် ပေးလိုက်လျှင် ပိုင်ပါသလား။
ဖြေ။ ဖော်ပြပါ ပုံစံတွင် ဖိဒ်ယာဟ် ပေးခြင်းဖြင့် မလုံလောက်ပါ။ ဖိဒ်ယာဟ်ပေးပြီးနောက်ကျန်းမာရေး ပြန်လည်ကောင်းမွန်ပြီး ရိုဇာထားရန် တက်စွမ်းနိုင်လျှင် ပျက်ခဲ့သော ရိုဇာများအား ကဇွာပြန်ထားရမည်။ (မော်လာနာရဖ်အသ်ကာစေမီ၏ မစာအေလေ့ရိုဇဟ်ကျမ်း၌ အာလမ်ဂီးရ်၊ ဗဟရှ်သီးဇေဝရ်၊ အဟ်စနုလ်ဖသာဝါ၊ ဖသာဝါဒါရုလ်အုလူးမ်ကျမ်းများ၏ အကိုးအကားဖြင့် တင်ပြထားသည်ကို ပြန်လည်တင်ပြခြင်း ဖြစ်သည်။)
(၁၆) နို့တိုက်မိခင်က ရိုဇဟ်မထားခြင်း
မေး။ အဟာရစာ မစားတက်သေးသော နို့စို့ကလေးငယ်၏မိခင်အတွက် ရမဿွာန်လမြတ်တွင် ရိုဇဟ်ထားခြင်းနှင့်ပတ်သက်သည့်အမိန့် မည်သို့ရှိပါသနည်း။ အဘယ်ကြောင့်ဆိုသော် မိခင်က ရိုဇဟ်ထားလိုက်ခြင်းကြောင့် ကလေးငယ်အတွက် နို့မလုံလောက်ပါ။ ကလေးငယ်မှာ ဆာလောင်နေရသည်။
ဖြေ။ မိခင်၏ ရိုဇဟ်ထားခြင်းကြောင့် မိခင်(သို့)နို့စို့ကလေးသည် ဆာလောင်မှုဒဏ် မခံနိုင်ဖြစ်နေလျှင် မိခင်က ရိုဇဟ်မထားဘဲ နေခွင့်ရှိသည်။ နောက်မှ ကဇွာပြန်ထားရမည်။ (အားပ်ကေမစာအိလ် အောင်ရ် အွန်းကာဟလ်)
(၁၇) နို့တိုက်ကျွေးခြင်းဖြင့် မိခင်၏ရိုဇဟ် ပျက်၊ မပျက်
မေး။ နို့တိုက်ကျွေးခြင်းဖြင့် မိခင်၏ ရိုဇဟ်နှင့် ဝူဇူ ပျက်ပါသလား။
ဖြေ။ ရိုဇဟ်နှင့် ဝူဇူ နှစ်ခုလုံး မပျက်ပါ။ (မစာအေလေ့ရိုဇဟ်၊ မော်လာနာရဖ်အသ် ကာစေမီ၊ ဖသာဝါဒါရုလ်အူလူးမ်နှင့် ရဒ်ဒုလ်မုဟ်သားရ်ကျမ်းတို့အား ကိုးကားသည်။)
(၁၈) ရိုဇဟ်ထားလျက် နှုတ်ခမ်းနီဆိုးခြင်း
မေး။ ရိုဇဟ်ထားလျက် နှတ်ခမ်းနီဆိုးခြင်း ပိုင်ပါသလား။
ဖြေ ။ ပိုင်သည်။ သို့သော် ပါးစပ်အတွင်းသို့ ဝင်ရောက်သွားမည်ကို စိုးရိမ်ရလျှင် မက္ကရူဟ်ဖြစ်သည်။
(၁၉) ရိုဇာဟ်ထားလျက် ကလေးငယ်အား အစာ ဝါးကျွေးခြင်း
မိမိပါးစပ်ဖြင့် အစာဝါး၍ ကလေးငယ်အား ကျွေးမွေးခြင်း မက္ကရူဟ် ဖြစ်သည်။ သို့သော် မဖြစ်မနေ ဝါးကျွေးရမည့် အခြေနေကြုံရလျှင် မက္ကရူဟ်မဖြစ်ပါ။ ဝါးကျွေးခြင်းပိုင်ရန်အတွက်အနား၌ ဟိုင်းဇ် (သို့မဟုတ်) နိဖားစ် ဖြစ်နေသူ၊ ရိုဇဟ်မစောင့်ထိန်းသူများ မရှိရပါ။ ဤသို့သော်သူများရှိနေပါလျက် ရိုဇဟ်စောင့်ထိန်းသူမိခင်က ဝါးကျွေးခွင့် မရှိပါ။ထိုနည်းတူစွာ အစာပျော့ပျော့နှင့် နို့ အစရှိသည်တို့ မရနိုင်သော အခြေနေဖြစ်ရမည်။ ရရှိနိုင်ပါက ဝါးကျွေးခွင့်မရှိ။
(၂၀) ဝါးကျွေးရင်း မတော်တဆ အစာလုတ်မျိုမိခြင်း
ရိုဇဟ်ထားလျက် အခြားသူအား အစာကျွေးရန် ဝါးနေရင်း မျိုချမိလျှင် ကဇွာသာ ဝါဂျီဗ်ထိုက်မည်။ ကဖ္ဖာရာဟ်မထိုက်ပါ။
(၂၁) နှုတ်လျှာဖြင့် မြည်းစမ်း၍ ထွေးထုတ်လိုက်ခြင်း
မြည်း၍ ထွေးထုတ်လိုက်လျှင် ရိုဇဟ်မပျက်ပါ။ သို့သော် မလိုအပ်ဘဲ ပြုလုပ်လျှင် မက္ကရူဟ်ထိုက်သည်။ ခင်ပွန်းက အလွန်ဒေါသကြီးသူဖြစ်ခြင်းကြောင့် အစားအသောက်တွင် ဆားအပေါ့၊ အငန် ဖြစ်သွားလျှင် မိမိအား စိတ်ဆိုးမည်ကို စိုးရိမ်ရလျှင် မြည်းစမ်းခွင့် ရှိသည်။ မက္ကရူဟ်မဖြစ်ပါ။
(၂၂) ရာသီသွေးပေါ်နေသူသည် ရမ်ဇာန်လ၌ စားသောက်ခြင်း
မေး။ အမျိုးသမီးသည် ရမ်ဇာန်လမြတ်၌ ရာသီသွေးပေါ်နေသောကြောင့် ရိုဇဟ် မစောင့်ထိန်းဘဲ နေ့အချိန်၌ စားသောက်ခြင်း ပိုင်ပါသလား။
ဖြေ။ ပိုင်သည်။သို့သော် အများသူငှာ ရှေ့မှောက်၌ မစားသောက်ရပါ။
(၂၃) ရာသီမလာရန် ဆေးသောက် တားခြင်း
ယခုခေတ် အမျိုးသမီးအများစုတို့သည် ရမဿွာန်လတွင် ရိုဇာကဇွာမဖြစ်ရန်နှင့် ကဒရ်ညမြတ် (အခြားသော နေ့ထူးနေ့မြတ်များ)တွင် အိဗာဒသ်များပြုလုပ်နိုင်ရန်ဟု ရည်ရွယ်၍ ဓမ္မတာမဆင်းစေရန် တားဆေးများ သုံးစွဲကြသည်။ ထိုလုပ်ရပ်သည် လုံးဝမှားယွင်းပြီး ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်သည်။ ဦးစွာပထမကျန်းမာရေးထိခိုက်စေသော အကြောင်းရာများအားတင်ပြပါမည်။ ထိုးဆေးများသုံးစွဲပါက ကိုယ်အလေးချိန် တက်လာမည်။ နောက်ပိုင်းတွင် ရာသီပုံမမှန်ခြင်း ဖြစ်လာနိုင်သည်။ ခေါင်းကိုက်ဝေဒနာရှင်များ သုံးစွဲပါက ရောဂါအခြေနေ ပိုဆိုးရွားသွားနိုင်သည်။ခန္ဓာကိုယ်တွင် ရေဓါတ်များလာမည်။ စိတ်ဝေဒနာရှင်များ လုံးဝမသုံးစွဲသင့်ပါ။ သောက်ဆေးကိုလည်း မလိုအပ်ပါက မသုံးစွဲသင့်ပါ။ ဤအချက်များအား စာရေးသူ၏ ဘာဘီ D.R Aishah Rayaan(Dubai) ၏ ပြောပြချက် ဖြစ်သည်။ ယခု အစ္စလာမ့်အမိန့်ကို တင်ပြပါမည်။ အစ္စလာမ်သည် လူသား၏ ကျန်းမာရေးကို ဦးစားပေး ထောက်ထားမှုရှိသော ဘာသာတစ်ခု ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် လူသားများအား မနိုင်ဝန် မထမ်းခိုင်းပါ။ လူသားများ လုပ်နိုင်သော အီဗာဒသ်များကိုသာ လုပ်ရန် ဖရဇ်တာဝန် အဖြစ် ပြဋ္ဌာန်းပေးထားသည်။ ကုရ်အာန်ကျမ်းမြတ်တွင် အလ္လာဟ်အရှင်မြတ်ကﻻيكلف الله نفسا اﻻ وسعها အလ္လာဟ်အရှင်မြတ်သည် လူသားအား ၄င်းတတ်နိုင်သည်ခန့်သာ တာဝန်ပေးတော်မူ၏ ဟု မိန့်တော်မူထားသည်။ မိမိကိုယ်ခန္ဓာအား အဓမ္မစေခိုင်း၍ ဒုက္ခရောက်အောင် ပြုလုပ်ခြင်းကို တမန်တော်မြတ်ကိုတိုင် တားထားတော်မူ၏။ ဆွဟာဗီအမျိုးသမီးတစ်ဦးသည် သဟဂ်ျဂျွဒ်အချိန် အိပ်မငိုက်စေရန် မိမိ၏ဆံပင်အား တိုင်ဖြင့်ချည်ထားကြောင်း တမန်တော်မြတ် သိသောအခါ ထိုသို့မလုပ်ရန် တားမြစ်လိုက်၏။ ထိုနည်းတူ ဆွဟာဗဟ်တစ်ပါးသည် နေ့စဉ်ရက်ဆက် ရိုဇာထား၍ ညစဉ်ညတိုင်း နမားဇ်ဝတ်ပြု၍နေသည်။ တမန်တော်မြတ်သည် ထိုဆွဟာဗဟ်အားလည်း တားမြစ်ခဲ့သည်။ ဖေါ်ပြခဲ့သော ကုရ်အာန်အာယသ်နှင့် ဟဒီးစ်တော်များအရ အမျိုးသမီးတို့သည် ရမဿွာန်ရိုဇာမပျက်စေရန်နှင့် ညထူးညမြတ်များတွင် အိဗာဒသ်လုပ်ရန်ရည်ရွယ်၍ တားဆေးများသုံးစွဲခြင်းသည်လည်း မပြုလုပ်ရမည့်အရာဖြစ်ကြောင်း သုံးသပ်ရပါသည်။ လုံးဝမပိုင်၊ ဟရာမ်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ယင်းကဲ့သို့ ပြုလုပ်ခြင်းတွင် ပုံစံနှစ်မျိုးရှိသည်။ (၁) ရာသီသွေး မပေါ်ခင်ကတည်းကပင် ကြိုတင် ဆေးသုံးစွဲကာ သွေးမပေါ်အောင် တားဆီးခြင်း။ (၂) ရာသီသွေးပေါ်ပြီးကာမှ ဆေးသုံးစွဲ၍ ရပ်တန့်စေခြင်း။ ပထမပုံစံမှာ သွေး လုံးဝပေါ်ခြင်းမရှိသည့်အတွက် ပိုင် သွားမည်။ ဒုတိယပုံစံမှာ သွေးပေါ်ပြီးကာမှ ရပ်တန့်စေသည့်အတွက် အမြဲသွေးပေါ်လေ့ရှိသော ရက်များ၏ နမားဇ်၊ ရိုဇာဟ်များ မပိုင်ပါ။ ထိုနေ့များ၏ ရိုဇာဟ်တို့အား ပြန်လည်ဖြည့်စွက်ရန် ဝါဂျီဗ်ဖြစ်သည်။ သဘာဝအား လွန်ဆန်ပြီး မိမိကျန်းမာရေးအား ထိခိုက်စေနိုင်သော နည်းလမ်းများအား သုံးစွဲ၍ တာဝန်ထမ်းဆောင်ခြင်းသည် မည်သို့မှအကျိုးမရှိပါ။ (ထိုသို့ပြုလုပ်ရန်လည်း အမိန့်မပေးထားပါ။ ထို့အတူ ယင်းသို့ ဖြစ်ပေါ်နေကြအရာအား တားဆီးပြီး အိဗာဒသ်ပြုလုပ်လျှင် ပိုမြတ်၏ဟုလည်း မိန့်ထားခြင်းမျိုးမရှိပါ။ အရှိအတိုင်းသာ အမိန့်နာခံရန် ခိုင်းထားခြင်း ဖြစ်၏။) ထို့ကြောင့် သဘာဝအတိုင်းပင် ဖြစ်လေ့ရှိတတ်သော ရာသီလာခြင်းအား မတားဆီးဘဲ အမလ်အီဗာဒသ်များ ပြုလုပ်ပါရန် တိုက်တွန်းအပ်ပါသည်။
(၂၄) ဆေးထိုးခြင်းဆိုင် ပညတ်ချက်
ဆေးထိုး ဆေးသွင်း အစရှိသည်တို့သည် တမန်တော်မြတ်၏ အခါသမယတွင် မရှိခဲ့သလို မုဂ်ျသဟစ်ဒ် ပညတ်ချက်များ ဖော်ထုတ်ပေးခဲ့သည့် အီမာမ်ကြီးများ၏ ခေတ်ကာလတွင်လည်း မရှိခဲ့ပါ။ ထို့ကြောင့် ယင်းအခြေအနေအတွက် ဟဒီးစ်မရရှိသည့်အတွက် ဖိကဟ်၏ အခြေခံဥပဒေသများအား ထောက်ရှု၍ ကိယားစ်ခေါ် ချိန်ထိုးသုံးသပ်မှသာ ရှရ်အီအမိန့် ပြဌာန်းနိုင်မည် ဖြစ်သည်။ယင်းအခြေအနေအတွက် အရှင်းလင်းဆုံးဥပမာမှာ လူတစ်ယောက်ကို ကင်း၊ မြွေကိုက်လိုက်ပါက အဆိပ်သည် ခန္ဓာကိုယ်အတွင်း ပျံနှံ့သွားသည်မှာ အထင်အရှား ဖြစ်သည်။ မြွေဆိပ်မှာ များသောအားဖြင့် ဦးနှောက်အတွင်းသို့ ရောက်ရှိတတ်သည်။ အချို့သောအဆိပ်ရှိ သတ္တဝါများကိုက်ခြင်းဖြင့် အကိုက်ခံရသည့်နေရာမှာ ယောင်ကိုင်းသွားတတ်၏။ သဘောမှာ အဆိပ်သည် အတွင်းသို့ ရောက်သွားခြင်းကြောင့်ပင် ဖြစ်ပါသည်။ သို့သော် မည်သည့် ဖိကာဟ်ပညာရှင်များကမှ ရိုဇာဟ်ပျက်သည်ဟု မသတ်မှတ်ခဲ့ပါ။ ဤသည်မှာ ဆေးထိုးအပ်၏ အထင်ရှား အပေါ်လွင်ဆုံး ပမာဖြစ်သည်။ အထက်တင်ပြပါ အချက်အရဆိုလျှင် ခန္ဓာကိုယ်အတွင်း မည်သည့်အရာ ဝင်ရောက်သည်ဖြစ်ပါစေ ရိုဇာဟ်မပျက်ပေ။ ရိုဇာဟ်ပျက်ရန် အချက် နှစ်ချက် လိုအပ်သည်။ (၁) ထိုးသွင်းလိုက်သောအရာသည် အစာအိမ် သို့မဟုတ် ဦးနှောက်အတွင်းသို့ ရောက်ရှိရမည်။ (၂) ထိုသို့ရောက်ခြင်းမှာလည်း တိုက်ရိုက် လမ်းကြောင်းမှ ဖြစ်ရမည်။ တိုက်ရိုက်လမ်းကြောင်းမှအပ အခြားလမ်းကြောင်းများဖြင့် အစာအိမ်နှင့် ဦးနှောက်တွင်းသို့ ဆေးဝါးရောက်ပါက ရိုဇာဟ်မပျက်ပေ။ ဆေးထိုးသွင်းခြင်းဖြင့် ခန္ဓာကိုယ်တစ်ခုလုံး၏ အစိတ်ပိုင်းများအတွင်းသို့ ဆေးဝါးများ ရောက်သွားသည် မှန်သော်လည်း တိုက်ရိုက်လမ်းကြောင်းများမှ မဟုတ်ဘဲ သွေးကြောများမှတဆင့် ပို့ဆောင်ပေးသည့်အတွက် ရိုဇာဟ်ကို ထိခိုက်မှု မဖြစ်ပါ။ ပမာအားဖြင့် လူတစ်ဦးသည် ပူအိုက်သောရာသီတွင် ရိုဇာဟ်ထားလျက် ရေအေးဖြင့် ရေချိုးလိုက်ပါက ရေငတ်ပြေသွားသည်။ အဘယ့်ကြောင့်ဆိုသော် ချွေးပေါက်လေးများမှတဆင့် အတွင်းသို့ ရေရောက်ရှိသွားသည်။ သို့သော် ရိုဇာဟ်ပျက်သည်ဟု မသတ်မှတ်ထားပါ။ အထက်ဖေါ်ပြပါ ဥပမာအရ ဂလူးကိုးဇ်သွင်းခြင်းဖြင့်လည်း ရိုဇာဟ်မပျက်ပါ။ ဂလူကိုးဇ်သွင်းခြင်းသည် ခန္ဓာကိုယ်အား အစာကဲ့သို့ပင် အင်အားများ ရရှိသည်ဖြစ်ပါသော်လည်း အဘယ့်ကြောင့် ရိုဇာဟ်မပျက်ပါသနည်းဟု မေးလာလျှင် အရှင်းလင်းဆုံးအဖြေမှာ အင်အားပြည့်ဖြိုးသွားခြင်းသည် ယတိပြက် ရိုဇာဟ် ပျက်စေသော အချက်မဟုတ်ပါ။ အအေးဓါတ် ရရှိသွားခြင်းဖြင့် ရိုဇာဟ်မပျက်သကဲ့သို့ပင် ဖြစ်သည်။ တိုက်ရိုက်လမ်းကြောင်းများဖြင့် အစာအိမ်နှင့် ဦးနှောက်တွင်းသို့ ဆေးဝါးရောက်မှသာ ရိုဇာဟ်ပျက်စေသည်။ ဆေးထိုး ဆေးသွင်းခြင်းမှာ ထိုကဲ့သို့ မဟုတ်သည့်အတွက် ရိုဇာဟ်မပျက်ပါ။ အင်အားပြည့်ဖြိုးသွားသော်လည်း ရိုဇာဟ်မထိခိုက်ပေ။ ခွေးကိုက်ခြင်းကြောင့် ဆေးထိုးလျှင်လည်း ရိုဇာဟ် မပျက်ပါ။ 
(၂၅) ရိုဇဟ်ထားလျက် ဆေးထိုးခြင်း၊ အားဆေးသွင်းခြင်း၊ သွေးသွင်းခြင်း
ဆေးထိုးအပ်ဖြင့် ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းသောဆေးဝါးများမှာ အများအားဖြင့် အကြောများ၏လမ်းကြောင်းမှသာ ဦးနှောက်နှင့်နှလုံး သို့မဟုတ် အစာအိမ်အတွင်းသို့ ဝင်ရောက်ပါသည်။ထိုကဲ့သို့ လမ်းကြောင်းများသည် ဆေးဝါး၏မူရင်းလမ်းကြောင်းများ မဟုတ်သလို ဖိကာဟ်ပညာရှင်များထံတွင်လည်း ၄င်းလမ်းကြောင်းများအား အစာနှင့်ဆေးဝါးလမ်းကြောင်းဟု မခေါ်ကြပါ။ဖိကဟ်ပညာရှင်တို့က ထိုပုံသဏ္ဍာန်များတွင် ရိုဇာဟ်မပျက်ဟု သတ်မှတ်ထားသည်။ အနာနှစ်မျိုးတွင် ဆေးဝါးထည့်သွင်းခြင်းဖြင့် ရိုဇာဟ်ပျက်စေသည်။ အာမ္မဟ်နှင့် ဂျာအေဖာဟ်တို့ ဖြစ်သည်။ အာမ္မဟ်ဆိုသည်မှာ ဦးနှောက်အတွင်းပိုင်းထိ ထိခိုက်ထားသော ဦးခေါင်းဒဏ်ရာ ဖြစ်သည်။ ဆေးကိုလည်း ၎င်းဒဏ်ရာ လမ်းကြောင်းမှသာ ထိုးသွင်းသည်။ ဂျာအေဖာဟ်ဆိုသည်မှာ အစာအိမ်အတွင်းထဲထိ ရောက်ရှိနေသောဒဏ်ရာ ဖြစ်သည်။ ၎င်းဒဏ်ရာ လမ်းကြောင်းမှပင် ဆေးဝါး ထိုးသွင်းသည်။ ဤဒဏ်ရာ နှစ်မျိုးလုံးသည် အစာအိမ်နှင့် ဦးနှောက် အတွင်းသို့ တိုက်ရိုက် ဆေးဝါးထိုးသွင်းရာ လမ်းကြောင်းများကဲ့သို့ ဖြစ်သွားပေသည်။ ဤပုံစံမှာ ရိုဇာဟ် ပျက်စေသည်။ ထိုပုံသဏ္ဍာန် နှစ်မျိုးမှလွဲ၍ အခြားဒဏ်ရာများတွင် ဆေးဝါး သွင်းခြင်းဖြင့် ရိုဇာဟ်မပျက်ပေ။အချုပ်အားဖြင့် ဆေးထိုးအပ်ကိုအကြောင်းပြု၍ ဆေးဝါးဖြစ်စေ၊ သွေးဖြစ်စေ သွင်းခြင်းဖြင့် ရိုဇာဟ်မပျက်ပါ။ အကြောဆေးသွင်းခြင်းသည်လည်း ထိုနည်းတူစွာပင် ဖြစ်သည်။ အစာအိမ် သို့မဟုတ် ဦးနှောက်သို့ တိုက်ရိုက်ရောက်စေသော လမ်းကြောင်းများမဟုတ်သည့်အတွက် ရိုဇာဟ်မပျက်ပါ။ (မစာအီလေ မူကမ်မီလေမူဒလ်လလ်ကျမ်းမှ ကောက်နှုတ်တင်ပြခြင်းဖြစ်ပါသည်။)
ဤတွင် အမျိုးသမီးတို့အတွက် ရိုဇဟ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ ပြီးဆုံးပါပြီ။
ရေးသူ၊ ဟာဖိဇွဟ်၊ အာလိမဟ် Shareat Ya Shahadat
အလ်မုဖီးဒ်က ထပ်ဆင့်ဖော်ပြပါသည်။
စာသားကော်ပီယူသူများ Credit အပြည့်ကူးပါ။ အယောင်မဆောင်ပါနှင့်။ မူရင်းကို လေးစားပါ။ 
အလ်မုဖီးဒ်
Friday, June 10, 2016
ရမဿွာန်နှင့် ရိုဇဟ်ဆိုင်ရာ သတိပြုရမည့်အချက်များ
မွစ်လင်မ်တို့ အလွန်နှစ်သက်မြတ်နိုးကြသည့် ရမဿွာန်လမြတ်ကို ယခု ရောက်ရှိနေပေပြီ။ အစ္စလာမ်ကို ချစ်သည့် မွတ်စ်လင်မ်တို့သည် အစ္စလာမ်မှ သတ်မှတ်ပေးသည့် ရိုဇဟ်ဟူသည့် တာဝန်ကိုလည်း ထမ်းဆောင်နေကြသည်မှာ ကြည်နူး ၀မ်းမြောက်ဖွယ်ပင်။ ရိုဇဟ်နှင့်ပတ်သက်၍ အချို့သော အယူအဆအမှားများ၊ ခံယူချက်တလွဲများနှင့် ရမဿွာန်တွင်လုပ်ကြသည့် အမှားလုပ်ရပ်အချို့အား ပြုပြင်ဆင်ခြင်နိုင်ရန် ဖော်ပြသွားမည်ဖြစ်ပါသည်။ စာဖတ်ပရိသတ်တို့အတွင်း ယခုဖော်ပြချက်များနှင့် ကိုက်ညီသည်များရှိပါက စိတ်တွင်း အလိုမကျဖြစ်သည်ကို ဖယ်ရှားကာ အလ္လာဟ်နှစ်သက်မှုအတွက်၊ ထို့အတူ အစ္စလာမ့်အလှတရားကို ဖော်ဆောင်ရန်အတွက်ဟု စိတ်ပြောင်းကာ လိုက်နာကြစေလိုပါသည်။ အပြစ်ပြောသည်ကိုတော့ ကလေးမှစ၍ အသက်ရာကျော် အဖိုးအဖွားများအထိ မနှစ်သက်ပါ။ သို့ရာတွင် မွစ်လင်မ်တစ်ဦးအဖို့ ရှရီအသ်နှင့် ကိုက်ညီစွာ ပြသလာလျှင်မူ မိမိစိတ်၏ မနှစ်သက်ခြင်းအား အစ္စလာမ့်ဆုံးမမှုအောက်တွင် စတေးလိုက်ရပါမည်။ သဘောမှာ အစ္စလာမ်နှင့် ကိုက်ညီစွာ ထောက်ပြလာလျှင် မိမိအား အပြစ်ပြောနေသည် အပြစ်တင်နေသည်ဟု မယူဆဘဲ ငါ့အာခိရသ် ကောင်းစားရန် လမ်းညွှန်ပေးနေသည်ဟု ခံယူကာ ကြည်သာစွာ လက်ခံလိုက်နာစေလိုပါသည်။ ထိုသို့လိုက်နာခြင်း၏ အကောင်းဆုံးသော ရလဒ်မှာ အာခိရသ်တွင် စ၀ါးဗ်များ ရရှိခြင်းပင် ဖြစ်၏။ လောကီတွင်လည်း လူပီသမှုကို ရရှိမည်။ အစ္စလာမ်လမ်းစဉ်တွင် ရှိသည့် လုပ်ခိုင်းခြင်း မလုပ်ခိုင်းခြင်းများကို တိကျစွာလိုက်နာကျင့်သုံးပါက ယင်းသူသည် လူပီသသည့် လူတစ်ဦး ဖြစ်သွားမည်။ လောကတွင် ပညာရပ်ပေါင်းစုံအား ကျောင်း တက္ကသိုလ် ဌာန စက်ရုံ စသည့်အနေရာအသီးသီးတွင် သင်ယူဆည်းပူးနိုင်သည်။ သို့သော် လူကြားထဲတွင် လူပီသစွာ နေတတ်ရန် သင်ပေးသည့်နေရာမရှိပါ။ လူကြားထဲ လူပီသစွာ နေတတ်ရန် အစ္စလာမ်က သင်ပေးထားသည်။ ယင်းသွန်သင်ချက်အား ဖော်ဆောင်ရန် တာဝန်ရှိသူမှာ ကျွန်ုပ်တို့ မွစ်လင်မ်များပင် ဖြစ်ပါသည်။ မွစ်လင်မ်ဟူသည်မှာ အစ္စလာမ်ကို ရရှိထားသူများဖြစ်သည်။ အစ္စလာမ်ကို ရထားသည့် မွစ်လင်မ်က အစ္စလာမ့်သွန်သင်ချက်များကို လိုက်နာကျင့်သုံးသူမဖြစ်လျှင် အခြားမည်သူက လာ၍ လိုက်နာမည်နည်း။ ယနေ့ကမ္ဘာပေါ်တွင် မွစ်လင်မ်တို့ နင်းပြားဘ၀ရောက်နေရခြင်း၏ နံပါတ်တစ်အကြောင်းခံမှာ မွစ်လင်မ်ဖြစ်ပြီး အစ္စလာမ့်သွန်သင်ချက်အတိုင်း မလိုက်နာခြင်း မနေထိုင် မကျင့်ကြံ အားထုတ်မှုမရှိခြင်းကြောင့် ဖြစ်ပါသည်။
ထို့ကြောင့် မွစ်လင်မ်တို့သည် အစ္စလာမ့်၏ သွန်သင်ဆုံးမမှုများအား အပြည့်အ၀ အတတ်စွမ်းနိုင်ဆုံး လိုက်နာသူ အစ္စလာမ်အလှတရားများကို ဖော်ဆောင်ပြသများဖြစ်နေရပါမည်။ အစ္စလာမ်ဟူသည့် လောကီကိုစွန့်၍ လောကုတ္တရာ (တမလွန်)ကောင်းကျိုးကို တသီးတခြားရှာဖွေရန် မညွှန်ကြားထားပါ။ လူ့လောကအတွင်းမှာပင် လူတို့ကြား ရောနှောနေထိုင်ရင်းဖြင့်ပင် တမလွန်အတွက် ကုသိုလ်စုနိုင်သည့် တစ်ခုတည်းသော ဘာသာတရားဖြစ်ပါသည်။ ယခုအခါသမယတွင် မွစ်လင်မ်တို့သည့် အစ္စလာမ်၏ အထက်ပါထူးခြားချက်အား ဖျက်ဆီးလိုက်ပြီ ဖြစ်သည်။ အစ္စလာမ်ဟူသည်ကို နမားဇ်ဖတ် ရိုဇဟ်ထား တစ်နည်းပြောရလျှင် ဘုရားသွား တရားထိုင် ဥပုသ်စောင့် ထိုမျှသာဖြစ်စေလိုက်ကြသည်။ အစ္စလာမ်ကို ကျဉ်းမြောင်းစေလိုက်ကြပေပြီ။ အလွန်မှ ၀မ်းနည်းဖွယ်ရာဖြစ်၏။ ထိုသို့ဖြစ်ရခြင်းမှာ မိမိဘာသာတွင် ဘာတွေသင်ပေးထားသည်ကို မသိ၊ မသင်၊ မလေ့လာခြင်းတို့ကြောင့် ဖြစ်၏။ တစ်နည်း ဘာသာရေး အသိပညာ အလွန်ခေါင်းပါးခြင်းကြောင့် ဖြစ်၏။ မွစ်လင်မ်တို့တွင် ဘာသာရေးအသိတရား ခေါင်းပါးသလို လူမှုရေး နားလည်မှုလည်း အလွန်ခေါင်းပါးကြ၏။ မွစ်လင်မ်တို့ လှူကြသည်မှန်သော်လည်း အများအားဖြင့် နာမည်ရ ရုပ်လုံးထွက်မည့်နေရာများတွင်သာ လှူကြသည်။ လူမြင်ကောင်းရန် ယနေ့အခါတွင် ဓါတ်ပုံပေါင်းစုံဖြင့် ကြော်ငြာနေကြသည်။ တစ်ချို့က ဤသို့ မီဒီယာ တစ်နည်း ဖေ့စ်ဘုတ်ပေါ် ဓါတ်ပုံတင်မှ လူသိမည် အစ္စလာမ်ကို မမုန်းတော့ မွစ်လင်မ်ကို ရန်မရှာနိုင်တော့ ခံယူချက်ရှိသည်။ လက်တွေ့တွင် ထိုခံယူချက်အတိုင်း ဖြစ်သည် မဖြစ်သည်ကို စာရှုသူတို့ အသိပင် ဖြစ်ပါသည်။ မွစ်လင်မ်တို့အနေဖြင့် မိမိတို့ယုံကြည်ထားသည့် အစ္စလာမ်ကို ဗလီတက် အစ်လုပ် ဥပုသ်စောင့်ရုံမျှသာ ကျင့်သုံးကြတော့သဖြင့် အဘယ်မျှပင် လူမြင်ကောင်းအောင် လှူပြနေပါစေ မွစ်လင်မ်ကို အနည်းငယ်လေးမျှပင် အရေးပေး အလေးထားမည်မဟုတ်ပါ။ အစ္စလာမ်တွင် ဗလီတက် ဥပုသ်စောင့်ဟူသည့် မိန့်ကြားမှုရှိသလို အတင်းမပြောရ မလိမ်ရ မခိုးရ မညာရ စိတ်ဒုက္ခမပေးရ မဆဲရဟူသည့် မိန့်ကြားမှုများလည်း ရှိပါသည်။ အစ္စလာမ်၏ အဓိကကျမ်းဖြစ်သော ကုရ်အာန်တွင် မွစ်လင်မ်တို့သိသည့် ဥပုသ်စောင့် နမားဇ်ဖတ်ဟူသည့် အချက်အလက်တို့အား အမိန့်သာ ပြထားသည်။ နည်းစနစ် မပေးထားပေ။ နမားဇ် ရိုဇဟ် ဟဂ်ျ ဇကားသ်တို့၏ နည်းစနစ်အား ဟဒီးစ်မှ ပြန်လည်ကောက်နှုတ်ထားခြင်း ဖြစ်သည်။ ကုရ်အာန်တွင် အသေးစိတ် တိုက်ရိုက်မပါဝင်ပါ။ သို့သော် လူသေသွားလျှင် အမွေခွဲနည်းကိုမူ အသေးစိတ်မိန့်ထားသည်။ လမ်းလျှောက်လျှင် အဘယ်သို့မလျှောက်ရ၊ အိမ်များသို့ သွားရောက်လည်ပတ်ချိန် မည်သို့ အသံပေးပါ၊ ထိုသို့အသံပြုခိုင်းရသည့် အကြောင်းအရင်း၊ အရောင်းအ၀ယ်ဆိုင်ရာ ဥပဒေများ၊ သေတမ်းစာရေးခြင်းဆိုင်ရာ ဥပဒေများ၊ သက်သေထားခြင်းဆိုင်ရာ ဥပဒေများ၊ လူတို့ကြားတွင် သွေးကွဲစေသည့် အထင်အမြင်များကို မပြုလုပ်ရန်အကြောင်း၊ ထိမ်းမြားခြင်း၊ မည်သူတို့အား ထိမ်းမြားခွင့် မရှိခြင်း၊ အိမ်ထောင်ရှင်ဖြစ်ပြီးနောက် ကလေးအား နို့တိုက်ကျွေးရမည့် ကာလ၊ ကလေးနို့ထိန်းသည်အား အခကြေးငွေကို လင်နှင့်မယားတွင် မည်သူ့တာဝန်ဖြစ်ခြင်း၊ အိမ်ထောင်ရေးတစ်ခု အစဉ်မပြေ လက်တွဲမဆက်နိုင်တော့လျှင် ထိမ်းမြားမှုပြတ်ဆဲနည်း စသည့် လောကီ လူမှုရေးနှင့် သက်ဆိုင်သည့်အချက်များကိုမူ အသေးစိတ် မိန့်ထားပေသည်။ အဓိက ဆိုလိုချင်သည်မှာ အစ္စလာမ်သည် နမားဇ်ဖတ် ဥပုသ်စောင့် ဟဂ်ျသွားရုံမျှသာ လမ်းညွှန်ထားသည့် ဘာသာတစ်ခုမဟုတ်၊ လူ့လောကအတွင်း လူမှုရေးပိုင်းဆိုင်ရာများ၊ အသက်ရှင်နေစဉ် ဖြတ်သန်းတွေ့ကြုံရမည့် အခြေအနေများအားလုံးကို ထည့်သွင်းလမ်းညွှန်ထားသည့် ပြည့်ဝမှုရှိသော ဘာသာတစ်ခုဖြစ်သည်။ ဤအချက်ကို မွစ်လင်မ်တို့ကောင်းစွာ သဘောပေါက် နားလည်ထားရပါမည်။ ငါလုပ်ချင်တာ လုပ်တာကွာ ဘာဖြစ်လဲဟု မွစ်လင်မ်က ပြောခွင့်မရှိပါ။ မွစ်လင်မ်အတွက် အစ္စလာမ်ဟူသည့် ဥပဒေကြီး ရှိနေသည်။ မွစ်လင်မ်၏ လုပ်ရပ်တိုင်းအား ဘာသာခြားတစ်ဦးက အစ္စလာမ့်ဥပဒေနှင့် ချိန်ထိုး နှိုင်းယှဉ်ကြည့်ပြီး အလကားကောင်တွေပါကွာ သူတို့ဘာသာအတိုင်း နေတာလဲမဟုတ်ဘဲဟုပြောမည်၊ သို့မဟုတ် မင်းတို့မွစ်လင်မ်တွေ မလုပ်နိုင်တာကို မင်းတို့အစ္စလာမ်က အမိန့်တွေပေးထားတယ် လူတွေ မလိုက်နာနိုင်တာတွေကို အစ္စလာမ်က အမိန့်ပေးထားတယ်ဟု ပြောလာလျှင် အဘယ်မျှ အရှက်ကွဲရပါမည်။ အဆိုးဆုံးမှာ အလ္လာဟ်ရှေ့တွင် ကျွန်ုပ်တို့ မည်သို့အဖြေပေးပါမည်နည်း။ ထို့ကြောင့် မွစ်လင်မ်တို့သည် မိမိစိတ်ကြိုက် လုပ်ခြင်းမှ အစ္စလာမ့်လမ်းစဉ် သွန်သင်မှုနှင့်အညီ ဘ၀လျှောက်လှမ်း ကျင့်သုံးကြရန် အလွန် အရေးကြီး လိုအပ်ပါသည်။ မွစ်လင်မ်က အစ္စလာမ်အတိုင်း ကျင့်သုံးခြင်းဖြင့် အကြီးဆုံး အကောင်းဆုံးရလဒ်မှာ အာခိရသ်တွင် ကျွန်ုပ်တို့ အလွန်လိုလားသည့် ဂျန္နသ်ကို ရရှိပါမည်။ လောကီမျက်မြင်အကျိုးကျေးဇူးအရ လူကြားတွင် လူပီသသူတစ်ဦး ဖြစ်လာပါလိမ့်မည်။ ထို့ကြောင့် မွစ်လင်မ်တို့အနေဖြင့် မိမိတို့အစ္စလာမ်တွင်ရှိသော ဆိုဆုံးမ လမ်းညွှန် သင်ပြမှုတို့အား အပြည့်အ၀လိုက်နာကြပါဟု ကနဦး အကြံပြု ပန်ကြားအပ်ပါသည်။
*ရမဿွာန်နှင့် ကျောင်းသားများတာဝန်
မွစ်လင်မ် ကျောင်းသူ ကျောင်းသားတို့သည် ရမဿွာန်ကို ကျောင်းတတ်ရင်းဖြင့် ဖြတ်သန်းနေရပြီ ဖြစ်၏။ ဤသည်မှာ အလွန်ဖူးစာထူးခြင်းကြောင့် ဖြစ်ပါသည်။ ပညာဆည်းပူးရင်းဖြင့် အလ္လာဟ်အမိန့်ကိုပါ တစ်ပါးတည်း နာခံနိုင်သည့် အခွင့်အရေးကို ရရှိနေသည်။ ယခု သတိပေးလိုသည်မှာ ကျောင်းသား ကျောင်းသူတို့အား ရိုဇဟ်မထားခိုင်းသည့် ကိစ္စဖြစ်သည်။ ကျောင်းတတ်နေရသဖြင့် ပင်ပမ်းသည်ဟု ဆိုကာ မိဘတို့က စဲဟ်ရီမနှိုးဘဲ နေလိုက်သည်။ ထမင်းချိုင့်ထည့်ပေးလိုက်ကြသည်။ မိဘတို့အနေဖြင့် သားသမီးကလေးငယ်တို့အား ဤသို့မလုပ်ရပါ။ ရမဿွာန်လတွင် ရိုဇဟ်ထားရန်တာဝန်မှာ အရွယ်ရောက်ပြီးသူတိုင်းအတွက် မပြုမနေရ ဖရ်ဇ်တာဝန် ဖြစ်သည်။ ရမဿွာန်အပါအ၀င် ရှရီအသ်၏ အမိန့်အများစုအား အရွယ်ရောက်ခြင်း မရောက်ခြင်းဖြင့် ကန့်သတ်ထားသည်။ မိန်းကလေးတို့သည် အများအားဖြင့် အသက် ၁၁၊ ၁၂၊ ၁၃ ခန့်တွင် ရာသီစလာပြီ ဖြစ်၏။ မိန်းကလေးတွင် ရာသီလာခြင်းသည် အရွယ်ရောက်သည့် အမှတ်အသားဖြစ်ကြောင်း အစ္စလာမ်က သတ်မှတ်ထားသည်။ အထက်ပါအသက်အရွယ်အား မိဘတို့က ကလေးဟု ခေါ်နေကြသည်။ မိဘတစ်ဦးရှေ့တွင် သားသမီးသည် အသက်၉၀ပင် ရှိပါစေ ကလေးသာ ဖြစ်၏။ မိမိက ကလေးဟု သတ်မှတ်တိုင်း ရှရီအသ်က ကလေးဟုမသတ်မှတ်ထားပါ။ မွစ်လင်မ်ဖြစ်သည့်အတွက် ရှရီအသ်မှ သတ်မှတ်သည့်ကလေး လူကြီး ခွဲခြားထားမှုအား လိုက်နာရပါမည်။ ထိုသို့ရာသီလာပြီးသား မိန်းကလေးတို့သည် ရမဿွာန်တွင် ရိုဇဟ်စောင့်ထိန်းရန် ဖရ်ဇ်ဖြစ်သည်။ ရာသီတစ်ကြိမ်မျှသာ လာပြီးဖြစ်ပါကလည်း အရွယ်ရောက်ပြီဟု သတ်မှတ်ပါသည်။ ထို့ကြောင့် သမီးမိန်းကလေးတို့အား ကျောင်းတတ်နေချိန်လည်း ရိုဇဟ်စောင့်ထိန်းခိုင်းပါ။ ရမဿွာန်အစမှ တစ်လုံး အလယ်တစ်လုံး အဆုံးတစ်လုံးထား ရပြီဟုပြော၍ တရားမဖျက်ကြပါနှင့်။ ငယ်ရွယ်သည့်သက်တမ်းသည် မှတ်သားခြင်း စွဲမြဲသွားခြင်း ခံယူချက် တည်မြဲခြင်းတို့ အစပျိုးနေချိန်ဖြစ်သည်။ မိမိတို့၏ သားသမီးများအား ရိုဇဟ်နှင့်ပတ်သက်သည့် အကျိုးထူးများ ရိုဇဟ်မထားလျှင် ခံရမည့် ပြစ်ဒဏ်များကို ပြောပြပါ။ ကလေးငယ်တို့အား ရိုဇဟ်ထား ဘာမုန့်ကျွေးမယ် ဘာဝယ်ကျွေးမယ် စသည့် လောကီအရာများဖြင့်လည်း မြူစွယ် မက်လုံးပေးခြင်း မလုပ်ပါနှင့်။ ရှရီအသ်မှ ပြထားသည့် ကုသိုလ် ပြစ်ဒဏ်တို့ဖြင့်သာ နားလည်သဘောပေါက်အောင် ပြောပြပါ။ ထို့အတူ ယောက်ျားလေးများသည်လည်း အသက် ၁၃၊ ၁၄ခန့်တွင် အရွယ်ရောက်ပြီဖြစ်သည်။ ရိုဇဟ်ထားခိုင်းပါ။ ကျောင်းတတ်ရခြင်းသည် ရိုဇဟ်မထားခွင့်ရှိသည့် အကြောင်းပြချက်မဟုတ်ပါ။ ကျောင်းတတ်နေသူများ စာမေးပွဲဖြေနေသူများအနေဖြင့် ရိုဇဟ်ထားရပါမည်။ အောင်မြင်မှုရရန် အလ္လာဟ်အမိန့်နာခံရမည်။ အလ္လာဟ်အမိန့် မနာခံဘဲ ရနေသော အောင်မြင်သည် ပြည့်ဝသည့် အောင်မြင်မှုမဟုတ်ကြောင်း သိထားရပါမည်။ ကျောင်းတတ်နေသူများ ညကို စဲဟ်ရီအချိန် ထနိုင်ရန် ညကို စောစော အိပ်ယာဝင်ခိုင်းပါ။ အလ္လာဟ်အမိန့်နာခံရန်အတွက် ဤရမဿွာန်တစ်လတာမျှအား ညအချိန် ကျူရှင်များ နားထားပေးပါ။ ရမဿွာန်အတွင်းတွင်ရှိသည့် အားလပ်ရက်များတွင် ကျူရှင်သာ နင်းကန်မသွားခိုင်းပါနှင့်။ ကျောင်းတတ်ချိန်မှအပ ကျန်အချိန်များတွင် ၎င်းတို့ သက်သာစွာ နေနိုင်ရန် စီစဉ်ပေးထားပါ။ တစ်လမျှ အလ္လာဟ့်အမိန့်အတွက် အချိန်အနည်းငယ် အပွန်းအပဲ့ခံလိုက်ခြင်းဖြင့် ဘာမျှ မဆုံးရှုံးပါ။ ထို့အတူ ရမဿွာန်ရရှိမည့် ကုသိုလ်များ အကုသိုလ်များ ပညတ်ချက်များအား မိဘဖြစ်သူက ကိုယ်တိုင်ဆည်းပူးပြီး သားသမီးတို့အား ပြန်ပြောပြပါ။ ဖတ်ပြသည်နှင့် ပြောပြခြင်းသည် မတူညီပါ။ ထို့ကြောင့် အရင် ကိုယ်တိုင်လေ့လာ ဆည်းပူးပါ။ ထို့နောက် ပြန်ပြောပြပါ။ မိန်းကလေးများ ရာသီလာချိန်နှင့် ကျောင်းသွားချိန် တိုက်ဆိုင်ပါကလည်း အိမ်တွင်သာ စားသုံးသွားပြီး ကျောင်းသို့ ထမင်းဘူးမယူခြင်းက ပိုကောင်း၏။ အဘယ့်ကြောင့်ဆိုသော် ရိုဇဟ်ထားရမည့်သူသည် အကြောင်းကြောင့် ရိုဇဟ်မထားရပါကလည်း လူမြင်ကွင်းအတွင်း ပေါ်တင် စားသုံးခွင့်မရှိပါ။ ကျောင်းတတ်ခြင်းကြောင့်၊ စာမေးပွဲကြောင့် ဖျက်ခဲ့သမျှရိုဇဟ်များအားလုံးကို ရမဿွာန်ပြီးလျှင် အစားပြန်ဖြည့်ရန် တာဝန်ရှိပါသည်။ မိမိ၏သားသမီးများ မည်သည့်အသက်အရွယ်တွင် အရွယ်ရောက်သည်ကို မှတ်သားထားပြီး တစ်နှစ်ခြင်းစီကို တွက်၍ ရိုဇဟ်မထားခဲ့သည့်ရက်များအတွက် အစားဖြည့်ခိုင်းပါ။
*ရိုဇဟ်ထား၍ တံတွေးထွေးခြင်း
အများစုတို့သည် ရိုဇဟ်ထားချိန် အလွန် တံတွေးထွေးကြသည်။ တံတွေးမျိုချ၍ ရိုဇဟ်ပျက်သည်ဟု ယူဆထားသည်။ ယင်းယူဆချက်သည် မှားပါသည်။ ရိုဇဟ်ရှိနေချိန် တံတွေးမျိုးချခွင့်ရှိသည်။ သာမာန်ပါးစပ်အတွင်း ဖြစ်နေသည့် တံတွေးကို ပုံမှန်အတိုင်း မျိုချလိုက်ပါ။ ရိုဇဟ်ထားသည့်အခါ တစ်ချိန်လုံး လူမြင်မကောင်းအောင်ပင် တံတွေးထွေးနေကြသည်။ ယင်းလုပ်ရပ်သည် အစ္စလာမ်တွင်သတ်မှတ်ထားသည့် အမိန့်အား ပြောင်းပြန်ဖြစ်အောင် လုပ်ခြင်းပင်ဖြစ်သည်။ ဘာသာခြားတို့အတွင်း မွစ်လင်တွေရဲ့ ဥပုသ်က တံတွေးတောင်မျိုချလို့မရဘူး ငါတို့ထက်တောင်ဆိုးပါလားဟု မှတ်ယူသွားမည်။ မိမိ၏ ဘာသာရေးပညာခေါင်းပါးမှုကြောင့် ဘာသာတရားတစ်ခုလုံးပါ တလွဲအထင်ခံရမည်။ ဤအကြောင်းအရာကို ဖတ်ပြီးသူတိုင်းက နောက်တစ်ယောက်အား ပြောပြပါ။ ထွက်လာသည့် တံတွေးအား အမြဲတမ်းကဲ့သို့ပင် မျိုချနိုင်သည်။ အလကားနေ ပါးစပ်အတွင်းလည်း စုမထားပါနှင့်။ တံတွေးတစ်ပြုံနှင့် စကားပြောပါက ရှေ့ကလူအဖို့ ရွံစရာဖြစ်ပါသည်။ တံတွေး၊ သလိပ်၊ နှာရည် မည်သည့်အရာပင်ဖြစ်စေ မျိုချလည်း ရိုဇဟ်မပျက်သလို လည်ချောင်းထဲ အလိုအလျောက်ဝင်သွားလည်း ရိုဇဟ်မပျက်ပါ။
*၀ါကိုက်ခြင်း
မွစ်လင်မ်တို့အတွင်း ရောဂါတစ်ခုမှာ ရိုဇဟ်ထားလျှင် အကြောင်းမဲ့ ၀ါကိုက်သည်ဟူသည့် စကားကို သုံးစွဲနေကြသည်။ အဓိပ္ပါယ်မရှိသော လုပ်ရပ် အသုံးအနှုန်းဖြစ်ပါသည်။ ရိုဇဟ်မှတောင်းဆိုထားသည့် အချက်အလက်များနှင့်လည်း ဆန့်ကျင်သည်။ ရိုဇဟ်ဟူသည်မှာ မစားမသောက် အငတ်ခံရုံမျှသာ မဟုတ်။ ရိုဇဟ်ဟူသည့် လုပ်ဆောင်ချက်တွင် အကျိုးမဲ့လုပ်ရပ်များမှ ရှောင်ကြဉ်ခြင်း၊ အတင်းအဖျင်း၊ မုသားလိမ်ညာမှုများ၊ အလိုရမ္မက်များ၊ ဒေါသများကိုပါ ထိန်းချုပ်ခြင်းတို့ ပါဝင်သည်။ ရိုဇဟ်၏ အဓိကသည်လည်း ထိုအရာများသာဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည်လည်း ထိုသို့သော ရိုဇဟ်မျိုးကို တောင်းခံထားခြင်း ဖြစ်၏။ ဒီတိုင်း အငတ်နေခြင်းကိုမူ မည်သူမဆို လုပ်နိုင်ပါသည်။ ရိုဇဟ်ဟူသည် အစာအငတ်ခံရုံမျှသာမဟုတ်ကြောင်း မွစ်လင်မ်တို့ သိထားရပါမည်။ ထို့ကြောင့် ရိုဇဟ်ထားပြီး ၀ါကိုက်သည်ဟုဆိုကာ ပွဲခံနေခြင်းသည် အစ္စလာမ်၏ အလှတရားကို ဖျက်စီးပြစ်သည့် မွစ်လင်မ်ဆိုးတို့၏ လုပ်ရပ်သာဖြစ်သည်။ ကောင်းမွန် မှန်ကန်သည့် မွစ်လင်မ်က ယင်းသို့ အဓိပ္ပါယ်မရှိသည့်လုပ်ရပ်များတွင် မပါဝင်သလို အားပေးခြင်းလည်း မပြုပါ။
*ရိုဇဟ်မထားခွင့် ရှိသည့်ခရီးစဉ်
ခရီးသွားရာတွင် ရိုဇဟ်မထားလည်း ရသည်ဟုဆိုရာတွင် ခရီးစဉ်သည် ၄၈မိုင်ရှိရမည်။ ခရီး၏ မည်သည့်နေရာတွင်မျှ ဆယ့်ငါးရက် ထို့ထက်ပိုပြီး တည်းခိုမည်ဟူသည်ရည်ရွယ်ချက်မရှိရပါ။ အကယ်၍ ခရီးသည် ၄၈မိုင်ထက်ပိုသော်လည်း တစ်နေရာရာတွင် ဆယ့်ငါးရက် ထို့ထက်ပိုတည်းမည်ဟူသည့် ရည်ရွယ်ချက်ရှိနေပါက ရိုဇဟ်စောင့်ထိန်းရန် ဖရ်ဇ်ဖြစ်ပါသည်။ ထို့အတူ ခရီးစထွက်ချိန်က ထိုရက်မျှ တည်းခိုမည်ဟု မရည်ရွယ်ထားသော်လည်း တစ်နေရာရာတွင် အကြောင်းကြောင့် တည်းခိုမည်ဟု စိတ်ထဲရည်ရွယ်လိုက်သည်နှင့် ရိုဇဟ်စောင့်ထိန်းရန် ဖရ်ဇ်ဖြစ်သွားပါမည်။ ထို့ပြင် ခရီးတွင် ရိုဇဟ်စောင့်ထိန်းခြင်းက ပိုကောင်း၏။ ထို့ကြောင့် ခရီးသွားသူတို့အနေဖြင့် မိမိတို့၏ ခရီးစဉ်သည် ရိုဇဟ်မထားခွင့် ရှိမည့် ခရီးစဉ် ဟုတ်၊ မဟုတ်ကို စစ်မှန်တိကျသည့် အာလင်မ်တို့အား မေးမြန်းပါ။ မေးမြန်းပြီးမှ ထားမည် မထားမည်တို့ကို ဆုံးဖြတ်စေလိုပါသည်။
*ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နှင့် မကျန်းမာသူ
ရိုဇဟ်မထားဘဲနေခွင့်ရှိသူများတွင် အထက်ပါအမျိုးအစားတို့လည်း ပါဝင်သည်။ သို့သော် မခံမရပ်နိုင်အောင် အသက်သေနိုင်လောက်သည့် အခြေအနေရှိမှသာ ယင်းအခွင့်အရေးကို ရရှိပါမည်။ သာမာန် ဖျားနာ နှာစေး ချောင်းဆိုး ခေါင်းကိုက်ရုံမျှနှင့် ရိုဇဟ်မထားဘဲ နေခွင့်မရှိပါ။ နို့တိုက်မိခင်တို့သည် ရိုဇဟ်ထားလိုက်ခြင်းဖြင့် ကလေးနို့မရနိုင်တော့လျှင် ရိုဇဟ်မထားခွင့်ရှိသည်။ ကလေးမှာလည်း မိခင်နို့မှအပ အခြားမည်သည့်အရာမျှ မစားတတ်သည့် အရွယ်မျိုးဖြစ်သည်။ တခြားအရာ စားသောက်နိုင်သည့်အရွယ်ဖြစ်လျှင် နို့တိုက်မိခင်သည် ရိုဇဟ်မထားဘဲ နေခွင့်မရှိပါ။ ကိုယ်ဝန်ဆောင်မိခင်များသည် ရိုဇဟ်ထားပါက ကလေးအတွက် အသက်အန္တရာယ် စိုးရိမ်ရလောက်သည့် အခြေအနေရှိမှသာ ရိုဇဟ်မထားဘဲ နေခွင့်ရှိသည်။ မောရုံမျှဖြင့် ရိုဇဟ် ခွင့်လွှတ်ချက်မရှိပါ။
*ရိုဇဟ်နှင့် ရှူဆေး
ရိုဇဟ်ထားချိန် အငွေ့ဖြစ်သည့်အရာများကိုသာ ရှုခွင့်မရှိခြင်းဖြစ်သည်။ ပရုပ်ဆီရှုခြင်း၊ ရှုဆေးဘူး ရှုခြင်း၊ ပန်း၊ သံပုရာသီး စသည်များ၊ အငွေ့မထွက်သည့် အမွှေးနံများကိုရှုခွင့်ရှိသည်။ လောဗန်ငွေ့ အမွှေးတိုင်ငွေ့များကို ရှုခွင့်မရှိပါ။
*စားသောက်ဖွယ်ရာများအား ပုံရိုက်တင်ခြင်း
ရမဿွာန်အပါအ၀င် အခြားသောကာလများတွင် မွစ်လင်မ်တို့၏ အလုပ်ပိုတစ်ခုမှာ စားသောက်စရာများအား ပုံရိုက်တင်ခြင်းဖြစ်သည်။ အိဖ်သွာရ်ပြုစရာများကိုလည်း ပုံရိုက်တင်သည်။ ယနေ့ နက်ရှ်သာ ဘာလုပ်သည် နေ့လည်စာ ဘာချက်သည်ကအစ ညစာ ဘာစားမည်အဆုံး မည်သည့်အမျိုးက ဘာလာပေးသည် မိန်းမက ဘာချက်သည် ယောက်ျားက ဘာဝယ်လာပေးသည်အထိ အစ အဆုံး ဖေ့စ်ဘုတ်ပေါ်တွင် အစီအရင်ခံတင်ပြနေကြသည်။ အလွန် အသိတရားခေါင်းပါးက လူသားချင်း စာနာမှုနှင့် မိမိကိုယ်ကိုယ် ကာကွယ်မှု အလွန်နည်းပါးလှသည့် မွစ်လင်မ်များပင်တည်း။ အစကနဦးက ဆိုခဲ့သလို အစ္စလာမ်သည် လူမှုရေးကို အထူးဦးစားပေးထားသော ဘာသာတစ်ခုဖြစ်သည်။ ကုရ်အာန်ကို ကြည့်မလား ဟဒီးစ်ကို ကြည့်မလား ထိုအချက်ကိုသာ ဦးစားပေးထားသည်။ ထို့အတူ အစ္စလာမ်ဟူသည့် အစ္စလာမ်၏ အဓိကမှာ လူလူချင်း လူမှုရေးရှိရန်နှင့် လူသားချင်း စာနာထောက်ထားရန်သာ ဖြစ်၏။ ယနေ့ မွစ်လင်မ်တစ်သိုက်၏ လုပ်ရပ်ကြောင့် အစ္စလာမ်သည် ဘာသာခြားတို့အကြားဝယ် သိက္ခာကျ ရုပ်ဆိုးရာ ဖြစ်နေတော့သည်။
အစားအသောက်ပုံတင်ခြင်းအကြောင်းပြောလျှင် အများစုတို့ ဒေါသူပုန်ထကြသည်။ ပိုင်တယ် မပိုင်ဘူးဟူသည့် စကားနှစ်လုံးကိုင်ကာ လာငြင်းကြမည်။ ထိုသို့ငြင်းသူများလည်း ငတုံးများပင် ဖြစ်၏။ ပုံတင်လိုက်သည်။ စားလို့ရသလားဟု ဥာဏ်ပညာနည်းသည့် စကားရပ်မျိုးကို ဆိုကြသည်။ ထို့ပြင် ငါ့ အကောင့်မှာ ငါတင်တာ မင်းကိုဘယ်သူက လာကြည့်ခိုင်းသလဲဟု ငတုံးစကားလည်း ပြောကြဦးမည်။ အကောင့်တစ်ခုတွင် တင်လိုက်ပါက မည်သူ့ကိုမျှ တဂ်မတွဲလျှင်ပင် မိမိနှင့် မိတ်ဆွေဖြစ်ထားသူအားလုံး၏ နယူးဖိစ်ပေါ်တွင် ပေါ်နေမည်သာ ဖြစ်၏။ ကဲ ပြောပါ။ ကိုယ့်အကောင့်မှာ ကိုယ်တင်တာပဲ ဘာ့ကြောင့် သူများ နယူးဖိစ်တွင် ပေါ်ရပါသနည်း။ ထို့ပြင် ပုံမြင်ရုံနှင့် ဘာမှမဖြစ်ဆိုသူများအနေဖြင့် မိမိတို့၏ ပို့စ်တစ်ခုခုတွင် တစ်ယောက်က လာဆဲလျှင် မည်သို့ခံစားရပါသနည်း။ ဆဲဆိုတိုင်းထွာသွားမည်။ အားလုံးက မြင်ရုံသာ ဖြစ်သည်။ ဆဲခြင်းသည် အသားကို တုတ်နှင့် လာရိုက်သည်မဟုတ်။ တိုင်းထွာ မအေနှမ စုံအောင်ပြောခြင်းသည် အကောင့်ရှင်အား ပါးရိုက်နေသည်မဟုတ်ပါ။ သူ့ဖာသာ စာရိုက်ပြောခြင်းသာဖြစ်ပြီး အသင်ကလည်း မျက်စိဖြင့် မြင်ရခြင်းသာ ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ ထိုအချိန်အခါတွင် စိတ်ထဲမှ နာသည်မဟုတ်ပါလား။ ထိုသို့သော ကိစ္စမျိုးတွင် နာသည်ကိုလက်ခံလျှင် ယခု စားသောက်စရာများအား ဓါတ်ပုံရိုက်၍လည်းကောင်း၊ ဟင်းလျာများ မည်သို့ချက်ပြုတ်ကာ စဲဟ်ရီ အိဖ်သွာရ်တို့ပြုကြောင်း ရေးသား ရိုက်တင်နေလျှင် မိမိအကောင့်အတွင်းတွင် မစားနိုင်သူများရှိခဲ့လျှင် ၎င်းတို့ ရင်ထဲ မည်သို့ခံစားရပါမည်နည်း။ ငါ့အကောင့်ထဲမှာ အားလုံး သူဌေးကြီးပဲဟု ပြောမရပါ။ မိမိဖရန့်တစ်ဦးက Like နှိပ်သည်ကို သူနှင့် ဖရန့်ဖြစ်သူနောက်တစ်ဦးက မြင်ရမည်။ ယင်းသို့သော နောက်တစ်ဦးပေါင်းများစွာ ရှိပါမည်။ ယင်းသူများအတွင်း မစားနိုင်သူများရှိလျှင် ၎င်းတို့ခံစားလိုက်ရသည့် စိတ်ဒုက္ခအား ကနဦးပုံစတင်သည့် အသင်ပါ ခံရပါမည်။ ဤသည်မှာ အစ္စလာမ်ဖြစ်၏။ နမားဇ်မဖတ်လျှင် မဖတ်သူကသာ အပြစ်ခံရမည်။ အစားပြန်ဖတ်ပြီး အလ္လာဟ်အရှင်မြတ်ခွင့်လွှတ်လျှင် ပြီးပြီ။ အတင်းပြောလျှင် နားထောင်သူ ပြောခိုင်းသူများပါ ရော၍ အပြစ်ခံရမည်။ အတင်းပြောခြင်းခံရသူက တစ်နည်း လူသားက ခွင့်လွှတ်မှသာ အလ္လာဟ်က ခွင့်လွှတ်မည်။ ထိုသူခွင့်မလွှတ်သရွေ့ အလ္လာဟ်အရှင်မြတ်လည်း ခွင့်လွှတ်မည်မဟုတ်။ အတင်းပြောခံရသူသည် မည်သည့် ဘာသာဝင် မည်သို့သော ရက်စက်ကြမ်းကြုတ်သူပင် ဖြစ်ပါစေ ၎င်းသူ၏ ခွင့်လွှတ်ခြင်းပေါ်တွင် အလ္လာဟ်ခွင့်လွှတ်မှုကို မူတည်ထားသည်။ ဆိုလိုသည်မှာ အစ္စလာမ်သည် လူသားချင်းဆိုင်ရာ အခွင့်အရေးများကို ပြသထားရာတွင် လေဖြင့်ပင် စော်ကားခွင့် မပြုထားပါ။ ယခုတွင်လည်း အစားအသောက်ပုံများအား အဓိပ္ပါယ်မဲ့ ပြသနေခြင်းဖြင့် လူသားချင်းစာနာမှုထားရမည့် လတွင် မွစ်လင်မ်တို့ လူ့အခွင့်အရေး ချိုးဖောက်နေကြသည်။ ပြောလျှင်လည်း မကြိုက်၊ လုပ်ရပ်ကလည်း မမှန်ကန်ကြပေ။
မျက်စိထိခြင်းသည် အမှန်ပင်ရှိ၏။ ဤသည်ကို မွစ်လင်မ်တိုင်း လက်ခံကြသည်။ ယခု စားသောက်ဖွယ်ရာများ ရိုက်တင်ခြင်းဖြင့် မစားနိုင်သူက မြင်ပြီး စားလိုစိတ် ဖြစ်ခြင်းကြောင့် အပြစ်ဖြစ်သည်က သီးသန့်ဖြစ်ပြီး နဇရ်ဖြစ်ခြင်းကြောင့် မိမိ၏ အစားအသောက်တွင် ဗရကသ်မရှိဖြစ်ခြင်း၊ ထိုအစားအစာများ စားပြီး ရောဂါရခြင်းတို့သည် မိမိလက်ဖြင့် ကိုယ့်ဒုက္ခကို ကိုယ်တိုင် ၀ယ်ယူခြင်းသာ ဖြစ်၏။ စဉ်းစားတတ်လျှင် ဆင်ခြင်နိုင်ပါမည်။ ထို့ပြင် လူတစ်ဦး၏ အိမ်သည် တစ်နေ့တာတွင် မည်သို့ချက်ပြုတ်စားသောက်သည်ကို ကြည့်ပြီး ယင်းသူ မည်မျှ ချမ်းသာသည် ငွေကြေး အဘယ်မျှပိုင်ဆိုင်သည်ကို အနည်းနှင့်အများ ခန့်မှန်းနိုင်ပါသည်။ မကောင်းကြံလိုသူအဖို့ အလွယ်လေးပင်ဖြစ်သည်။
စားပြီးမှ ရိုက်တင်သည်ဖြစ်စေ၊ မစားမီ ရိုက်တင်သည်ဖြစ်စေ လူတို့အား စိတ်ဒုက္ခပေးခြင်း၊ နဇရ်အား ဖိတ်ခေါ်ခြင်းသာ ဖြစ်၏။ တစ်ချို့က ဟင်းချက်နည်းအတွက် အမယ်များရေးရင် ပုံပါရိုက်တင်သည်။ အမှန်မှာ နည်းစနစ်ကို စာဖြင့်ရေးလျှင် လုံလောက်သည်။ ပုံထည့်ခြင်းက အပိုဖြစ်သည်။ ထို့ကြောင့် မွစ်လင်မ်တို့အနေဖြင့် မိမိတို့၏ လုပ်ရပ်များအား ပြန်လည် ဆန်းစစ်ပါ။ မဆန်းစစ်နိုင်လျှင် ဆန်းစစ်ထားသူ၏ ပြောကြားမှုအား လိုက်နာပါ။ မွစ်လင်မ်သည် ခရိယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာတို့အား ယုံကြည်သူ ကျင့်သုံးသူမဟုတ်ပါ။ မွစ်လင်မ်သည် အစ္စလာမ်ကို ယုံကြည် ကျင့်သုံးသူဖြစ်၏။ မွစ်လင်မ်၏ လုပ်ရပ်သည် အစ္စလာမ်နှင့် အညီသာဖြစ်နေရမည်။ အစ္စလာမ့်သွန်သင် လမ်းညွှန်ချက်တို့နှင့် ကိုက်ညီနေရမည်။ ပုံတင်တာ ဘာဖြစ်လည်းဟု စောဒကတတ်သူတို့အတွက် အကောင်အထည်လိုက်တော့ ဘာမှမဖြစ်ပါ။ သို့သော် အသင့်ကြောင့် နောက်တစ်ယောက် စိတ်ဒုက္ခရောက်သွားမည်။ သူတစ်ပါး၏ မျက်စိထိမှုကြောင့် အသင့်တွင် ဗရကသ် လျော့နည်းမည်။ ရောဂါဝင်မည်။ ဖုန်းစကရင်ကို လျှာဖြင့် ယက်လို့မရသော်လည်း မျက်စိမှတဆင့် နှလုံးသားအတွင်းတွင်၊ ဦးနှောက်တွင် ခံစားရပါသည်။ အချို့မွစ်လင်မ်တို့က ဤသို့ပုံမြင်ခြင်းသည် စဗရ်တိုး၏ဟု တလွဲအတွေးခံယူချက်ထားကြသည်။ ရှရီအသ်နှင့် မကိုက်ညီပါ။ ရှရီအသ်က ပုံတွေလိုက်ကြည့်၍ စဗရ်မွေးပါဟု မသင်ပေးထားပါ။ ထို့ကြောင့် ယင်းသို့သော လုပ်ရပ်အမှားများ တလွဲခံယူချက်များကို ဖယ်ရှားပြီး စစ်မှန်သည့် လုပ်ရပ်ဖြင့် ရမဿွာန်ကို ပုံဖော်ကြရပါမည်။
ရမဿွာန်သည် မြင့်မြတ်သည်မှန်သော်လည်း မိမိလုပ်ရပ်များ မှန်ကန်မှသာလျှင် ယင်းရမဿွာန်၏ မြင့်မြတ်မှုကို ရရှိမည်ဖြစ်၏။ လူတို့အား စိတ်ဒုက္ခလိုက်ပေးပြီး အရသာခံ၊ အပိုလုပ်ရပ်များဖြင့် အချိန်ကုန်ထားသောသူ၏ ရမဿွာန်သည် ဆုံးရှုံးမှုသာ ရပါမည်။ ထို့ကြောင့် မွစ်လင်မ်တို့အနေဖြင့် မြင့်မြတ်သည်ဟု လက်ခံထားသည့် ရမဿွာန်အား ရှရီအသ်နှင့် ကိုက်ညီသည့် လုပ်ရပ်တို့ဖြင့် မွန်းမံဆင်ယဉ်ကြပါရန် အလ်မုဖီးဒ်မှ တိုက်တွန်းလိုက်ရပါသည်။
Tuesday, July 22, 2014
ကဒရ်ညမြတ်ဆိုင်ရာ မဆ်အလဟ် - ဓမ္မသတ်များ
ရေးသားသူ >> မုဖ်သီအိဒ်ရီးစ် (မဇွာဟေရီ)ဖိကဟ်၊ ဟဒီးဆ်အတန်းပြဆရာ
ဂျာမိအဟ်ဒါရုလ်အုလူးမ်၊ ဂျာမိအဟ်အဆ်အဒီယဟ် ခသွီးဗ်- မဒါးမတ်စ်ဂျိဒ် (အလ်မီဇားန် ၄)
"ကဒရ်ညဥ့်မြတ်ဟူသည်"
ရမဇာန်လမြတ်၏ ညများအတွင်းဝယ် "ကဒရ်" ဟုခေါ်တွင်သော ညဥ့်တစ်ညဥ့်ရှိသည်။ ယင်းညဥ့်သည် မြောက်မြားစွာသောဗရ်ကသ်မင်္ဂလာများနှင့်ပြည့်စုံသောညဥ့်ဖြစ်သည်။ ကုရ်အာန်ကျမ်းတော်မြတ်၌ ယင်းညဥ့်သည် လပေါင်းတစ်ထောင်ထက်သာပို၍မြတ်ကြောင်းဖော်ပြထားသည်။ လပေါင်းတစ်ထောင်တွင် (၈၃)နှစ်နှင့်(၄)လရှိသည်။ ဤကဲ့သို့ဗရ်ကသ်မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောညဥ့်မြတ်၌ တစ်ညတာ အိဗာဒသ်ပြုခွင့်ရသူသည် အလွန်ပင်နဖူးစာကောင်းသူဖြစ်ပြီး တစ်ညတည်းအိဗာဒသ်ပြုရုံဖြင့်(၈၃)နှစ်နှင့်(၄)လ အချိန်ကာလ အိဗာဒသ်ပြုလုပ်သောအကျိုးထက် သာပိုသောအကျိုးစဝါးဗ်များကို ရရှိပိုင်ဆိုင်သွားတော့သည်။ လပေါင်းတစ်ထောင်ထက်သာပို၍မြတ်သည့်အတွက် အလ္လာဟ်အရှင်မြတ်၏ကြီးမားသော ကျေးဇူးတော်တစ်ရပ်သာဖြစ်သည်။ ဒုရ်ရေမန်ဆူးရ်ကျမ်း၌ ဟဇ်ရသ်အနတ်စ်(ရဟ)သခင်၏ " ကဒရ်ညဥ့်မြတ်သည် ငါတမန်တော်၏အုမ္မသ်များအပေါ် အလ္လာဟ်အရှင်မြတ်က ကရုဏာပြု၍ချပေးခြင်းဖြစ်သည်။" " ယခင်အုမ္မသ်များသည် ဤညဥ့်မြတ်အားမရရှိခဲ့ကြ" ဟူသည့်ဆင့်ပြန်ချက်အားဖော်ပြထားသည်။
အချို့ဟဒီးဆ်တော်များ၌" ကိုယ်တော်မြတ်(ဆွလ္လာဟုအလိုင်ဟေဝစလာမ်)သည် ရှေးအုမ္မသ်များ၏ အလွန်ရှည်လျား သောသက်တမ်းကိုတွေ့မြင်တော်မူပြီး မိမိအုမ္မသ်များ၏သက်တမ်းမှာ အလွန်ပင်တိုတောင်းလွန်းသည့်အတွက် ကောင်းမြတ်သောအမလ်ပြုကျင့်ရာ၌ ရှေးအုမ္မသ်များနှင့်တန်းတူဖြစ်လို၍ ပူဆွေးသောကရောက်ရှိနေသည့်အတွက် အလ္လာဟ်အရှင်မြတ်သည် မိမိအချစ်တော်၏အုမ္မသ်အတွက် ရှေးအုမ္မသ်များ၏ကောင်းမှုများနှင့်တူညီနိုင်စေရန် ဤကဒရ်ညဥ့်မြတ်ကိုချီးမြှင့်တော်မူခဲ့သည်။" ဟုဖော်ပြထားသည်။ နဖူးစာကောင်းသူတစ်ဦးသည် မိမိသက်တမ်းတစ်လျှောက်၌ ဤညဥ့်မြတ်အား (၁ဝ) ကြိမ်တိုင်တိုင်ကြုံခွင့်ရပြီး (၁ဝ)ညဥ့်လုံး အေဗာဒသ်ပြုခွင့်ရပါက ၎င်းအဖို့ နှစ်ပေါင်း(၈၃၃)နှစ်နှင့်(၄)လထက်သာပိုသည့်အိဗာဒသ်၏ အကျိုးစဝါးဗ်ကိုရရှိမည်မှာမလွဲမသွေပင်။
အချို့ဆင့်ပြန်ချက်များ၌ ကိုယ်တော်မြတ်(ဆွလ္လာဟ်ဟုအလိုင်ဟေဝပ်စ်လာမ်) သည် လပေါင်းတစ်ထောင်တိုင် ဂျိဟားဒ်ပြုခဲ့သော ဗနီအိစ်ရာအီလ်ပုဂ္ဂိုလ်တစ်ဦးအကြောင်း မိန့်ကြားတော်မူသောအခါ ဆွဟာဗဟ်(ရသွီ)သခင်ကြီးများသည် ၎င်းပုဂ္ဂိုလ်အပေါ်အားကျကြသောကြောင့် အလ္လာဟ်အရှင်မြတ်သည် ဤညဥ့်မြတ်အားချီးမြှင့်တော်မူခဲ့ခြင်း ဖြစ်သည်ဟုဖော်ပြထားသည်။
အခြားဆင့်ပြန်ချက်တစ်ရပ်၌ ကိုယ်တော်မြတ်(ဆွလ္လာဟ်ဟုအလိုင်ဟေဝပ်စ်လာမ်)သည် ဗနီအိစ်ရာအီလ်အနွယ်ဝင်များဖြစ်ကြသော ဟဇ်ရသ်အိုင်ယူဗ်(အလိုင်ဟစ်စလာမ်)၊ ဟဇ်ရသ်ဇကရီယာ(အလိုင်ဟစ်စလာမ်)၊ ဟဇ်ရသ်ဟစ်ဇ်ကီးလ် (အလိုင်ဟစ်စလာမ်)နှင့် ဟဇ်ရသ်ယူရှအ်(အလိုင်ဟစ်စလာမ်)၊ တို့၏ နှစ်ပေါင်း(၈ဝ)တိုင် အလ္လာဟ်အရှင်မြတ်အားအိဗာဒသ်ပြုခြင်း၌သာမွေ့လျှော်ခဲ့ကြပြီး မျက်စိတစ်မှိတ်ခန့်မျှပင် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်နှင့် ဆန့်ကျင်သောအပြုအမူ မပြုခဲ့ကြသည့်အကြောင်း မိန့်ကြားတော်မူရာ ဆွဟာဗဟ်(ရသွီ)သခင်ကြီးများသည် အလွန်ပင်အံ့သြကြ၍ (မိမိတို့၏တိုတောင်းသောသက်တမ်းအပေါ်) သောကရောက်ကြလေသည်။ ထိုအချိန်မှာပင် ဟဇ်ရသ်ဂျိဗ်ရာအီးလ်(အလိုင်ဟစ်စလာမ်)ရောက်ရှိလာပြီး "စူရာဟ်ကဒရ်" ဖတ်ပြလေတော့သည် ဟုဖော်ပြထားသည်။
အထက်ပါဆင့်ပြန်ချက်များအပြင် အခြားသောဆင့်ပြန်ချက်များလည်းရှိသည်။ ဤသို့ကွဲလွဲမှုရှိသော ဆင့်ပြန်ချက် အများအပြားဖြစ်ရခြင်းမှာ တစ်ချိန်တည်းမှာပင် အထက်၌တင်ပြခဲ့သော အကြောင်းအရာများဖြစ်ပေါ်၍ ဤစူရဟ်ကျရောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုနိုင်သည်။ မည်သည့်အကြောင်းကြောင့် ကျရောက်သည်ဖြစ်စေ ဤညဥ့်မြတ်သည် အုမ္မသိမုဟမ္မဒီယဟ်အတွက် အလ္လာဟ်အရှင်မြတ်၏ကြီးမားသောဆုလာဘ်တော်ပင်ဖြစ်သည်။ ထိုညဥ့်မြတ်၌ အမလ်ကောင်းမှုများပြုနိုင်ရခြင်းသည်လည်း ထိုအရှင်မြတ်၏ စွမ်းအားပေးမှုကြောင့်သာဖြစ်သည်။ (ဖဇာအေလေရမဇာန်မုဘာရတ်က်ကျမ်း၊ စာ-၃၅) (မဇွာဟစ်ရ်ဟတ်က်ဂျဒီးဒ်ကျမ်း၊ တွဲ-၂၀၊ စာ-၆၇၉)
ယခု ကဒရ်ညနှင့် စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာများကို တင်ပြပေးပါမည်။
၁။ မဆ်အလဟ်
မေးခွန်းတစ်ခု၏အဖြေ
"ကဒရ်ညဥ့်မြတ်သည် လပေါင်းတစ်ထောင်ထက်ပို၍မြတ်ရာ ထိုလပေါင်းတစ်ထောင်အနက် နှစ်စဉ်တစ်နှစ်တွင်တစ်ညဖြစ်သောကဒရ်ညဥ့်များကိုလည်းရေတွက်ရမည်လား" ဟူသည့်မေးခွန်းဖြစ်ပေါ်လာ၏။ သဖ်စီရ်ပညာရှင်ကြီးများက " ဤနေရာ၌ လပေါင်းတစ်ထောင်ထက် မြတ်သောညဥ့်ဟုဆိုထားရာ၌ ထိုလပေါင်းတစ်ထောင်အတွင်း၌ ကဒရ်ညဥ့်မြတ်မပါဝင်" ဟုတင်ပြကြသည်။
(မအာရိဖုလ်ကုရ်အာန်ကျမ်း၊ တွဲ-၈၊စာ၇၉၄)
၂။ မဆ်အလဟ်
တစ်ကမ္ဘာလုံး၌ ကဒရ်ညဥ့်မြတ်သည် တစ်ချိန်တည်းဖြစ်ပါသလား ??
တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ တစ်မြို့နှင့်တစ်မြို့ နေဝင်နေထွက်ကွဲလွဲမှုရှိသည့်အလျောက် ကဒရ်ညဥ့်သည်လည်းကွဲလွဲ၍ဖြစ်ပေါ်မည်ကို မည်သည့်စောဒကမျှမတက်နိုင်ပါ။ နိုင်ငံတိုင်း၊ ဒေသတိုင်းသည် မိမိတို့နိုင်ငံဒေသအလိုက် ကဒရ်ညဥ့်မြတ်ကိုသတ်မှတ်ကြပေမည်။ ထိုဒေသ၏ ထိုညဥ့်၌ ကဒရ်ညဥ့်မြတ်၏ဗရ်ကသ်များ ရရှိကြလိမ့်မည်ဖြစ်သည်။ (မအာရိဖုလ်ကုရ်အာန်ကျမ်း၊ တွဲ-၈၊ စာ-၇၉၃)
၃။ မဆ်အလဟ်
ကဒရ်ညဥ့်မြတ်၏အိရှာအ်နမာဇ်နှင့် ဖဂျရ်အား ဂျမာအသ်နှင့်ဝတ်ပြုသူသည်လည်း ထိုညဥ့်မြတ်၏အကျိုးကုသိုလ်များကို ရရှိပေလိမ့်မည်။ ထို့ထက်ပို၍ အိဗာဒသ်ဆောက်တည်မှုပြုသောသူမှာကား ၎င်းပြုသမျှနှင့်အညီ ကုသိုလ်အကျိုးစဝါးဗ်လည်းပိုမိုရရှိမည်သာဖြစ်သည်။ ဆွဟီးဟ်မုစ်လင်မ်ကျမ်း၌ ဟဇ်ရသ်အုဆ်မာန်းဂနီ(ရသွီ)သခင်ဆင့်ပြန်သည့် အကြင်သူသည် အိရှာအနမားဇ်အား ဂျမာအသ်နှင့်တကွဝတ်ပြုလိုက်ပါလျှင် ညဥ့်တစ်ဝက်အိဗာဒသ်ပြုလုပ်သည့်ဆဝါးဗ်ကုသိုလ်ရရှိလိုက်သူဖြစ်ပြီး(ထပ်မံ၍) ဖဂျရ်နမာဇ်ကိုလည်းဂျမာအသ်နှင့်ဝတ်ပြုလိုက်သူဖြစ်လျှင်ကား တစ်ညတာလုံးနိုးကြားပြီး အိဗာဒသ်ပြုသောအကျိုးဆဝါးဗ်ကိုရရှိသူပင်ဖြစ်သည် ဟူသော ကိုယ်တော်မြတ်(ဆွလ္လာဟ်ဟုအလိုင်ဟေဝပ်စလာမ်)၏ မိန့်ကြားချက်အားဖော်ပြထားသည်။ (မအာရိဖုလ်ကုရ်အာန်ကျမ်း၊ တွဲ-၈၊ စာ-၇၉၃)
ဓမ္မသတ် အမေး/အဖြေ
၂၇ - ရက်မြောက်ညဥ့်၌ ကျမ်းမြတ်ကုရ်အာန်ခသမ်ပြုလုပ်ခြင်း
မေး။ ကဒရ်ညဥ့်မြတ်အား လမြတ်ရမဇာန်၏နောက်ဆုံး(၁၀)ရက်ရှိ မ ညများ၌ရှာဖွေခြင်းနှင့်စပ်လျဉ်းသောအမိန့်ကားမည်သို့ပါနည်း။ အမြဲတစေ နှစ်စဉ်နှစ်တိုင်း ရမဇာန်လမြတ်၏ (၂၇)ရက် မြောက်ည၌ လိုင်လသုလ်ကဒရ်(ကဒရ်ညဥ့်မြတ်) အဖြစ်ကျင်းပခြင်းနှင့် ထိုညဥ့်၌ ကုရ်အာန်ခသမ်သိမ်းခြင်းဗိဒ်အသ် ဖြစ်ပါသလား။ ထိုညဥ့်၌သာအိဗာဒသ်ပြုလုပ်ခြင်းနှင့် (အထူးသဖြင့်) ဟာဖိဇ်များသည် ထိုညဥ့်၌ ကုရ်အာန်ခသမ်သိမ်း ပွဲပြုလုပ်ခြင်းများသည် မည်သို့ပါနည်း။
ဖြေ။ ကဒရ်ညဥ့်မြတ်အား ရမဇာန်လမြတ်၏နောက်ဆုံး(၁၀)ရက်မှ မ ညများ၌ရှာဖွေကြရန် ကျွန်ုပ်တို့အားအမိန့်ပေးခံခဲ့ရ၏။ သို့ရာတွင် မြောက်မြားစွာသောအာလင်မ်ကြီးများက အကြောင်းချင်းရာဆက်စပ်မှုများအားဖြင့်(၂၇) ရက်မြောက် ညဥ့်ကိုဦးစားပေးကြ၏။ ဖြစ်နိုင်သည်ဟု အများဆုံးထင်ရသည်မှာလည်း ဤ(၂၇) ရက်မြောက်ညဥ့်ဖြစ်သော်လည်း မိမိ ၏ယူဆချက်အလေးသာသည့်အပေါ် အခြားညဥ့်များမဖြစ်နိုင်ဟု မှတ်ယူ၍လည်းမရပေ။(၂၇)ရက်မြောက်ညဥ့် သရာဝီဟ်၌ ကုရ်အာန်ခသမ်သိမ်းခြင်းပြုလုပ်မည်ဆိုပါက အမြတ်ဆုံးဖြစ်၍ မုစ်သဟဗ်ဖြစ်ပါသည်။ ထိုညဥ့်ကိုသာလျှင် ကဒရ်ညဥ့်မြတ်ဟုထင်မြင်ယူဆပြီး အခြားညဥ့်များအားကဒရ်မဖြစ်နိုင်ဟု ငြင်းဆိုခြင်းမှာမှားယွင်းသည်။ ကုရ်အာန်ခသမ်ကိုလည်း အမြဲတစေ ထိုညဥ့်၌ပင်ပြုလုပ်ရန်အရေးကြီးသည်ဟုမထင်မှတ်ရ။ (ဖသာဝါမဟ်မူဒီယဟ်ကျမ်း၊တွဲ-၁၁၊ စာ-၈၉)
မဆ်အလဟ်
ကဒရ်ညဥ့်မြတ်၏ကျင့်စဉ်များ
ဟဇ်ရသ်အာအိရှဟ်(ရသွီ)သခင်မက ကိုယ်တော်မြတ်(ဆွလ္လာဟ်ဟုအလိုင်ဟေဝပ်စလာမ်)အား ယားရစူလလ္လာဟ်(ဆွလ္လာဟ်ဟုအလိုင်ဟေဝပ်စလာမ်) အကယ်၍ ကျွန်မသည် ကဒရ်ညဥ့်မြတ်အားသိရှိခဲ့ပါလျှင် ယင်းညဥ့်၌ ကျွန်မသည် မည်သည့်ဆုကို တောင်းဆိုရပါမည်နည်း ဟု မေးလျှောက်ရာ ကိုယ်တော်မြတ်(ဆွလ္လာဟ်ဟုအလိုင်ဟေဝပ်စလာမ်)က.. " အလ္လာဟ် ဟွမ္မာ အင်န်နက အဖူးဝုန် သူဟိဗ်ဗွလ် အဖ်ဝ ဖအ် ဖုအန်းနီ" ၎င်းဒိုအာကို သင်ပေးတော်မူသည်။ ၎င်းဒိုအာ၏အဓိပ္ပာယ်မှာ..."အိုအလ္လာဟ်အရှင်မြတ်..အရှင်မြတ်သည် ခွင့်လွှတ်ချမ်းသာပေးသနားတော်မူသောအရှင်ဖြစ်တော်မူပါသည်။ အရှင်မြတ်သည် ခွင့်လွှတ်ချမ်းသာပေးသနားခြင်းကို နှစ်သက်တော်မူပါသည်။ သို့ရှိရာ ကျွန်တော်မျိုး/ကျွန်တော်မျိုးမ အား ခွင့်လွှတ်ချမ်းသာပေးသနားတော်မူပါ "ဟူ၏။ (သိရ်မိဇီကျမ်း၊ မစ်ရှ်ကားသ်ကျမ်း) အထက်ပါဒိုအာသည် အဘက်ဘက်မှပြည့်စုံကုံလုံမှုရှိသော ဒုအာဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးဇူး တော်များမှ အာခိရသ်၌ ခွင့်လွှတ်ချမ်းသာမှုပေးသနားတော်မူသည်ဆိုပါလျှင် ၎င်းထက်သာပို၍ မည်သည့်အရာများ လိုအပ်ပါဦးမည်နည်း။ (ဖဇာအေလေရမဇာန်မုဘာရတ်က်-၄၉) ထိုည၌ (တတ်နိုင်သမျှ)နိုးကြားစွာနေလျက် နမားဇ်၊သိလာဝသ်၊ ဒရူးဒ်ရှရီးဒ်၊ ဒုအာ စသည်တို့ကို ဂရုတစိုက် ပြုရပေ မည်။ ထိုညဥ့်အတွက်သီးခြားအမလ်ကျင့်စဉ်မရှိပါ။ အကောင်းဆုံးမှာ ကျင့်စဉ်တိုင်းမှအနည်းငယ်စီပြုကျင့်ခြင်းဖြင့် ကျင့်စဉ်တိုင်း၏အကျိုးဆဝါးဗ်လည်းရရှိပြီး ပြောင်းလဲ၍ပြုလုပ်ရခြင်းအပေါ်၌ (ပျင်းရိမှုမဖြစ်ဘဲ) လွယ်ကူမှုဖြစ်စေ၏။ ထိုညဥ့်၌ ဗလီများတွင် တရားပွဲများပြုလုပ်ခြင်း၊ ပြုလုပ်စေခြင်းတို့ဖြင့် အကျိုးလည်းဖြစ်ပါသည်။ သို့ရာတွင်အမြဲတစေ ဤသို့ပင် ဂရုတစိုက် ပြုလုပ်ရန် မသင့်ချေ။ ပညာရှင်အကြီးအကဲများကလည်း ဤသည့်လုပ်ရပ်အား မနှစ်သက်ကြပေ။ (မရာကီယုလ်ဖလာဟ်ကျမ်း- စာ ၂၁၉) ထိုညဥ့်မြတ်နှင့်စပ်လျဉ်း၍ သတိပြုရမည့်အချက်မှာ ကိုယ်တော်မြတ်ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်နှင့် ဆွဟာဗာဟ်သခင်တို့၏ ခေတ်အခါသမယတွင် ဤညဥ့်မြတ်၌ နိုးကြားစွာနေခြင်း၏ပုံစံမှာ ယခုကဲ့သို့မဟုတ်ချေ။ အမှန်စင်စစ် ထိုပုဂ္ဂိုလ်မွန်များသည် ယင်းညဥ့်မြတ်၏တန်ဖိုးအား ကျွန်ုပ်တို့ထက်ပို၍ သိရှိသူများဖြစ်ကြသည်။ ဒုတိယအချက်မှာ ရမဇာန်လ ၂၇ရက်မြောက်ညဥ့်ကိုသာ အလွန်တရာအလေးထား၍ ပြုလုပ်နေခြင်းဖြင့် (နားလည်သူများ၏ လုပ်ရပ်အပေါ် ယုံကြည်အားကိုးနေကြရှာသည့်) အများမုစ်လင်မ်တို့၏ အသိအာရုံ၌ ဤညဥ့်သည်သာ ကဒရ်ညဥ့်မြတ်ဖြစ်သည်ဟူ၍ လွဲမှားသောအတွေးများ ဖြစ်ပေါ်စေနိုင်သည်။ အမှန်စင်စစ် ၂၇ရက်မြောက်ညဥ့်ကိုသာ ကဒရ်ဟု တစ်ထစ်ချယူဆခြင်းသည် မှား၏။ ထိုသို့ယူဆခြင်းဖြင့် ဆုံးရှုံးနစ်နာရသည့်အချက်မှာ လူတို့သည် ကဒရ်ညဥ့်ကိုရှာဖွေရန်အတွက် အခြားညဥ့်များ၌နိုးနိုးကြားကြားဖြင့် အိဗာဒသ်ပြုရန် အလေးမထားတော့ခြင်းပင် ဖြစ်သည်။ (ရမဇားန်ကယားဟဲ၊ စာ - ၁၆၃)
မုဖ်သီမုဟမ္မဒ်အိဒ်ရီးစ် (မဇွာဟေရီ)
ဆရာသခင်များ၏ ရမဇာန်ကုန်ဆုံးပုံ
ဟဇရသ်ထာနဝီ၏ အဆိုအမိန့်များ 
ဝါဖြေချိန်၌ စားစရာများကို ဖြစ်နိုင်သ၍လျှော့စားပါ ။ သို့မှသာ စဟ်ရီထမင်းကို မြိန်ရည်၊ ယှက်ရည် စားနိုင်မည်။ 
"ကျွန်တော်ကတော့ အပိုပစ္စည်းတွေ - ဥပမာ သရက်သီးလိုသစ်သီးဝလံတွေကို သရာဟ်ဝီပြီးမှပဲ စားတတ်တယ်။ ဒါမှနမားဇ်မှာ လေးလံမှုမရှိဘဲဖတ်နိုင်မယ်။"
သရာဝီဆွလာသ်ပြီးနောက် အိမ်ပြန်ရောက်စဉ် အမျိုးများအား ကုရ်အာန်ထပ်မံရွတ်ဆိုပြပြီးည (၁၂) နာရီခွဲလောက်မှ အိပ်၏။ နှစ်နာရီခွဲလောက်တွင် စဟ်ရီအတွက်ပြန်ထသည်။ နံနက်မိုးလင်းသည်အထိ အိပ်လို့မရတော့ချေ။
သခင်ကြီးမှာ တော်တော်နှင့် အိပ်မပျော်နိုင်သည်ကတစ်ကြောင်း အိပ်တစ်ချက် မအိပ်တစ်ချက်ဖြစ်နေသည်က တစ်ကြောင်း အအိပ်နည်းသည့် အကျင့်ကအမြဲလိုလို ဖြစ်နေသည်။ ည၌ နှစ်နာရီခန့်သာအိပ်နိုင်တော့၏။ "ငါကမအိပ်နိုင်ဘဲနဲ့ အိပ်တယ်လို့သာအခေါ်ခံနေရတယ်။ နည်းနည်းကြိုးစားလိုက်ရင် ညလုံးပေါက်မအိပ်ဘဲ နေနိုင်မယ်" ဟုမိန့်၏။
တစ်ခေါက် ပုဂ္ဂိုလ်တစ်ဦးက "ရမဇာန်လမြတ်တွင် ကျင့်စဉ်များတိုးလုပ်ရာ၌ မြဲမြဲမလုပ်နိုင်ခြင်းအတွက် ဆရာ၏စကားကို သွေဖည်ရာများရောက်နေပါသလား" ဟု မေးရာ သွေဖည်ရာမရောက်၊ အကြောင်းမူကား အစကနဦးတည်းက မြဲမြဲလုပ်မည်ဟု ရည်ရွယ်ချက်မရှိသောကြောင့်ဖြစ်သည်။ ဟဒီးဆ်တော်မြတ်တစ်ခုတွင် နဗီတမန်တော်မြတ် (ဆွလ္လာဟုအလိုင်ဟေဝပ်စလာမ်) ကိုယ်တိုင်ပင် ရမဇာန်လမြတ်တွင် အမလ်ကျင့်စဉ် ပို၍လုပ်လေ့လုပ်ထရှိကြောင်း တင်ပြထားသည် ဟုဖြေကြားလိုက်၏။
မော်လဝီဆွာဟိဗ်တစ်ပါး၏ မျက်မြင်ဖြစ်ရပ်များ 
ယခုနှစ် (ဟစ်ဂျရီ ၁၃၃၇) ခုနှစ်တွင်ကျွန်တော်သည် ထာနဘဝန်၌ နေခဲ့ရ၏။ ရမဇာန်အစမှ အဆုံးအထိ သရာဝီဟ်တွင်ပါဝင်ခွင့်ရလိုက်သည်။ ဟဇ်ရသ်ထာနဝီ ကုရ်အာန်ဖတ်၏။ ဟဇ်ရသ်သည် ကိစ္စတိုင်း၌ စွန္နသ်ကိုလေးထားဆောင် ရွက်သည့်အတွက် ဟဇ်ရသ်နှင့်အတူဖတ်ခဲ့သည့် သရာဟ်ဝီအကြောင်း ရုပ်လုံးဖော်ရေးသား လက်ဆင့်ကမ်းလိုက်ခြင်းဖြင့် ဖတ်မိသူတိုင်းလိုက်နာနိုင်ကြမည်ဟု မျှော်လင့်ပါသည်။
ဟဇ်ရသ်ထာနဝီထံ၌ အိရှာအ်အဇာန်သည် နေဝင်ပြီးတစ်နာရီလေးဆယ့်ငါးမိနစ်ကြာညောင်းပြီးမှ ပေး၏။ တစ်ဖန် တစ်နာရီစောင့်ပြီးမှ ဂျမာအသ်ရပ်၏။ ဖရပ်ဇ်ဆွလာသ်များတွင် ကိရာအသ်ရှည်ရှည်ဖတ်လေ့မရှိ။ များသောအားဖြင့် ဝသ်သီးနိ နှင့်အလမ်သရကိုင်ဖ ဖြစ်သည်။ သရာဟ်ဝီတွင် ဖရပ်ဇ်ဆွလာသ်ထက် အနည်းငယ်ကိရာအသ်မြန်၏။ သို့သော် အက္ခရာစာလုံးတိုင်းကို အသေအချာ ကြားရသည်။ စာလုံးတိုင်းကို နားလည်နိုင်သည်။ အိခ်ဖာ အိဇ်ွဟာရ်ကိုပင် သတိထား၍ဖတ်၏။ ပထမ စစချင်းနေ့၌ တစ်ပါဟ်ရဟ်ခွဲဖတ်ပြီး နောက်ပိုင်းလျှော့လာ၏။ ရိုဇာဟ်(၂၇)တွင် ကုရ်အာန်ခသမ်သိမ်းဖြစ်သည်။ အိရှာအ်၊ သရာဝီဟ်နှင့် ဝိသိရ်အတွက် စုစုပေါင်းအချိန် တစ်နာရီခွဲ သို့မဟုတ် တစ်ခါတစ်ရံ ထို့ထက်လျှော့၏။ (သရ်ဝီယဟ်) လေးရကအသ်ပြီးတိုင်းတွင် ဒရူးဒ်(၂၅)ကြိမ်ဖတ်လေ့ရှိ၏။ တိုးတိုးဖတ်သော်လည်း တစ်ချက်တစ်ချက် အသံထွက်ပေါ်လာတတ်သည်။ ကျွန်တော်က အကြောင်းသိလို၍ မေးရာ ဟဇ်ရသ်က... သရ်ဝီယဟ်မှာဖတ်ဖို့ တိတိကျကျဘာမှဖော်ပြမထားတဲ့အတွက် ဒရူးဒ်ကိုနှစ်သက်လို့ ဒရူးဒ်ဖတ်တာပါ... (၂၅)ခေါက်ဖတ်ရတာကလည်း တစ်ဦးတစ်ယောက်ကိစ္စကြီးငယ်ရှိနေရင် ဒီအချိန်အတွင်းဆောင်ရွက်နိုင်ဖို့ပါ ဟုဖြေကြား၏။ သရာဟ်ဝီပြီး ဒိုအာတောင်းလေ့တောင်းထရှိ၏။ ထို့နောက်ဝိသိရ်ဖတ်၏။ သရာဝီဟ်ခသမ်သိမ်းသည့်ည၌ နေ့စဉ်လုပ်ရိုးလုပ်စဉ်အတိုင်းပင် ထပြန်သွား၏။ မီးလည်းပိုမထွန်း၊ အချိုမုန့်များဝေငှသည်ကိုလည်းမတွေ့ရ။ ကျန်သုံးရက်၏သရာဝီ၌ ပထမ တစ်ရက်တွင် ဝဒ်ဒုဟာမှ စ၍ဖတ်၏။ ဒုတိယရက်တွင် အလမ်သရ မှစ၍ဖတ်သည်။ တတိယရက်တွင် အမ္မာယသစာအာလူန် မှပါရာတစ်ဝက်ခန့်ဖတ်သည်ကို တွေ့ရ၏။
မော်လာနာယဟ်ယာနှင့် ဟဇ်ရသ်ထာနဝီ
ဟကီမုလ်အုမ္မသ် ဟဇ်ရသ်ထာနဝီနှင့် ကျွန်တော့်ဖခင်မော်လာနာယဟ်ယာသည် ခေတ်အခါတူကြပြီး အားမနာတမ်း ဆက်ဆံကြရုံမက တစ်ယောက်နှင့်တစ်ယောက် ရယ်မောပျော်ရွှင်စရာများ ပြောလေ့ရှိကြသူများဖြစ်သည်။ တစ်ခေါက် ရမဇာန်လမြတ်တွင် ကျွန်တော့်ဖခင်က ဟဇ်ရသ်ထာနဝီထံ ဧည့်သည်အဖြစ်ရောက်ရှိသွားသည်။ ထိုအခါ ဖခင်ဖြစ်သူက ဟဇ်ရသ်ဟကီမုလ်အုမ္မသ်အား... "ဝါဖြေဖို့ကိစ္စမှာ ဘယ်လိုများအစဉ်အလာရှိသလဲ" ဟုမေးလိုက်၏။ ဟဇ်ရသ်ထာနဝီက.. အချိန်ပြည့်ပြီး လေး၊ ငါးမိနစ်လောက်ကြာမှ ရှရဟ်ဆဒရ်( စိတ်ထဲမှာစိတ်ချလောက်တဲ့) အချိန်အထိ စောင့်ပြီးမှဖြေတယ်။" ဟုပြော၏။ အခြေအနေအရ ဧည့်သည်ရောက်နေ၍ စားဖွယ်သောက်ဖွယ်များတွင် အထူးအစီအစဉ်များကိုတွေ့ရ၏။ ကျွန်တော့်ဖခင်သည် နာရီကိုကြည့်ပြီး နေဝင်ချိန်ဇယားအရ မိုးကောင်းကင်အပေါ်နေဝင်/မဝင်ကြည့်ပြီး ဝင်သွားကြောင်းစိတ်ချချိန်၌ ဝါဖြေလိုက်ရာ ဖခင်နှင့်အတူပါသူ တပည့်တို့လည်း ဖခင်နှင့်အတူဝါဖြေလိုက်ကြသည်။ ဟဇ်ရသ်ထာနဝီသည် နှစ်မိနစ်ခန့်စောင့်ဆိုင်းပြီး ငါစိတ်ချတဲ့အချိန်ရောက်ရင် အခင်းပေါ်မှာစားစရာဘာတစ်ခုမျှ ကျန်မှာမဟုတ်တော့ဘူး ဟုနောက်ပြောင်ကာ တပည့်များနှင့်အတူဝါဖြေလိုက်လေသည်။ သရာဝီဟ်ဖတ်ပြီးနောက် ဟဇ်ရသ်ထာနဝီက ကျွန်တော့်ဖခင်အား... မော်လာနာ.. စဟ်ရီအတွက် ခင်ဗျားဘယ်လို ဆန္ဒရှိသလဲ ဟုမေးရာ ဖခင်က နောက်နောက်ပြောင်ပြောင်နှင့်...  ကျွန်တော်ကတော့ ရိုဇာဟ်များရလိုက်သလား၊ လွတ်များလွတ်သွားသလားလို့ သံသယဝင်လောက်အောင် စဟ်ရီအချိန်ကပ်တဲ့အထိစားတတ်တယ် ဟုပြောလိုက်သည်။ (အမှန်မှာ စဟ်ရီအချိန်မကုန်မီ နှစ်မိနစ်သုံးမိနစ်အလို၌ လုံးဝအစားအသောက်ရပ်လိုက်ကြစမြဲဖြစ်သည်။) ထိုအခါ ဟဇ်ရသ်ထာနဝီက.. ကျုပ်ကတော့ ဝါချည်ချိန်ထက် တစ်နာရီလောက်စောပြီးစဟ်ရီစားတယ်ဗျ ဟုပြောသည်။ ထိုအခါ ဖခင်က... ဒါဆိုရင်.. ခင်ဗျားလည်း ကို့အချိန်နဲ့ကိုယ်စားလိုက်..ကျွန်တော်လည်းကိုယ့်အချိန်နဲ့ကိုယ်စားမယ်။ တစ်ရက်ခွဲလောက် ရိုဇာဟ်စောင့်နိုင်စွမ်း ကျွန်တော့်မှာ မရှိဘူး ဟုကျီစယ်လိုက်၏။ ဟဇ်ရသ်ထာနဝီက... ဒီလို စားကြလို့ဘယ်ဖြစ်မလဲ...စားမှတော့.. အတူတူတစ်ဝိုင်းတည်းစားမှုာပေါ့...တစ်ရက် ခင်ဗျားကဒုက္ခခံပြီး ကျွန်တော့်ကို လိုက်လျော၊ နောက်တစ်ရက် ကျွန်တော်ကခင်ဗျားကိုလိုက်လျောမယ် ဟုဆိုပြီး ညှိလိုက်ရာ လေးဆယ့် ငါးမိနစ်မတိုင်မီစားပြီး နာရီဝက်ခန့် အလိုတွင်ဝါချည်ရန် သဘောတူလိုက်ကြသည်။ ဟဇ်ရသ်ထာနဝီသည် ဝါဖြေရာ၌ လူစုလူဝေးဖြင့်ဖြေလေ့ဖြေထရှိ၏။ မဂ်ရိဗ်အပြီး အပိုအိဗာဒသ်တို့တွင်ပိုသည် လျော့သည်ဟူ၍ မရှိခဲ့ချေ။ တစ်ပြေးတည်းရှိနေ၏။ အောဝ်ဝါဘီးန် ခြောက်ရကအသ်အမြဲဖတ်လေ့ရှိ၏။ တစ်ခါတစ်ရံ ထိုင်ဖတ်၏။ ကျွန်တော်ကသိလို၍မေးရာ.. မာနမဝင်ဖို့အတွက် တစ်ခါတစ်လေထိုင်ပြီးဖတ်တာပါဟုဖြေ၏။ ဆွလာသ်ဝတ်ပြုနေခိုက် ပန်ကာမဖွင့်။ ကျွန်တော်က အကြောင်းသိလို၍မေးရာ ဟဇ်ရသ်ထာနဝီက... စိတ်က မလိုအပ်လို့ ဟုဖြေ၏။ ကျွန်တော့်အမြင်တွင် ဟဇ်ရသ် ကုရ်အာန်ဒေါရ်(ပြန်လည်အလွတ်ဖတ်ရွတ်ခြင်း) လုပ်သည်ကို မမြင်ခဲ့ရ။ ကျွန်တော် မှတ်မိသလောက်ပြောရလျှင် ဟဇ်ရသ်ထာနဝီသည် ကုရ်အာန်ကိုအမြဲကြည့်ဖတ်လေ့ရှိ၏။ ကုရ်အာန် ကျွမ်းကျွမ်း ကျင်ကျင် ကျက်မှတ်ထားသူလည်းဖြစ်၏။ ကျွန်တော်သည် ဟဇ်ရသ်ထာနဝီနှင့် ကာရီအဗ်ဒုလ်ခါလစ်က်ဆွာဟိဗ်တို့ထက် ကုရ်အာန်ကိုမှတ်မိသူ နောက်ထပ်မတွေ့ခဲ့ရတော့ပါ။ 
မုဟမ္မဒ်ယအ်ကူးဗ် (မဟ်မူဒီ)
Friday, July 18, 2014
ဆရာသခင်ကြီးများ၏ ရမဇာန်ကုန်ဆုံးပုံ
"ပုဂ္ဂိုလ်မွန်တို့၏ရမဇာန်"အကြောင်းရေးသားရာ၌ မော်လာနာအရှ်ရဖ်အလီထာနဝီသခင်ကြီး(ရဟ)၏အကြောင်းကိုပါ ထည့်သွင်းရေးသားလိုစိတ်ပြင်းပြမိသည်။ ဟဇ်ရသ်ထာနဝီသခင်သည် ရမဇာန်လတွင် အမြဲလိုလို အချိန်ပြည့်ကုရ်အာန်ဖတ်ရွတ်ရင်း အချိန်ကုန်လွန်ခဲ့၏။ အကြောင်းရှိနေလည်း ကုရ်အာန်ဖတ်ရွတ်ခြင်းကိုလက်မလွှတ်ခဲ့ပါ။ သရာဝီဟ်တွင် (၁၅) ပါရဟ်အထိနေ့စဉ်တစ်ပါရဟ် နှင့် လေးပုံတစ်ပုံဖတ်၏။ ထို့နောက်နေ့စဉ် တစ်ပါရဟ်ဖတ်၏။ များသောအားဖြင့်ရိုဇာဟ်(၂၇) လုံးတွင်ခသိမ်းလေ့ရှိသည်။ ရမဇာန်နှင့်ပတ်သက်၍ ဖတ်ရှုရသော ဟဇ်ရသ်ထာနဝီ၏ အကြောင်းအရာများမှာ ကုရ်အာန်နားထောင်ခြင်းနှင့်သာပတ်သက်နေသည်။
ကုရ်အာန်ဖတ်ရာ၌ သရ်သီလ်ဖြင့် စိမ်ပြေနပြေ ရှင်းရှင်းလင်းလင်းဖြင့် နမာဇ်(၅)ကြိမ်တွင် ဖတ်သည့်အတိုင်း ဖတ်လေ့ရှိသည်။ အကယ်၍ မြန်မြန်ဖတ်ရသည့်တိုင်အောင် စာလုံးများအသံထုတ်ရာတွင် ဖြည်းဖြည်းဖတ်သည့်အတိုင်းပင် ပီသစွာထုတ်လေ့ရှိ၏။ မှတ်ဥာဏ်လည်းအလွန်ကောင်း၏။ မုရှာဘဟဟ် ဆင်တူရိုး မှား စာလုံးများပင်မမှား သလောက်ရှိ၏။ ကုရ်အာန်ကျမ်းတော်မြတ်အား အထူးတလည် စိတ်စွဲလန်းမှုရှိ၏။ အစမှအဆုံး မျက်စိဖြင့်မြင်နေရဘိအလားဖြစ်သည်။ စာလုံးတစ်လုံးဖြစ်စေ၊ အာယသ်တော်တစ်ပုဒ်ဖြစ်စေ သိရှိလိုပါက မေးမြန်းလျှင် မဆိုင်းမတွပင် ချက်ချင်းအဖြေပေးနိုင်သည်။ ကာန်ပူးရ်မည်သောမြို့ကလေး၌ မဂ်ရိဗ်ပြီးလျှင်ပြီးချင်း လျင်မြန်သွက်လက်စွာ ထမင်းစားပြီးလာနိုင်သူတို့သာ သရာဝီ နမားဇ်အတွက်နေရာရနိုင်၏။ စဂ်ျဒဟ်သေလာဝသ်အတွက်လည်း ခဲရာခဲဆစ်နိုင်လှ၏။ နမားဇ်ပျက်သွားမည်ကိုပင် စိုးရိမ်ရသည်။ တစ်ခေါက်က စဂ်ျဒဟ်အာယသ်နှင့်တွဲလျက် ရုကူအ်သွားပြီး စဂ်ျဒဟ်ဦးချခဲ့လျှင် နမားဇ်၏စစ်ဂ်ျဒါဟ်နှင့်အတူ စစ်ဂ်ျဒါဟ်သေလာဝသ်လည်း တစ်ပါတည်းအထမြောက်သွားကြောင်းလာရှိသော နဗီတမန်တော်မြတ်(ဆွလ္လာဟုအလိုင်ဟေဝစ္စလာမ်)၏ မိန့်ကြားချက်ကို ကျင့်သုံးခွင့်ရလိုက်၏။ ချီးကျူးစရာမှာ ရကအသ်ရှည်သည် တိုသည်ဟူ၍ မခံစားရခြင်းပင်ဖြစ်သည်။ (ကုရ်အာန်ဖတ်ရာ၌ ဤမျှဆွဲဆောင်မှုရှိသည်)
ဟဇ်ရသ်ထာနဝီသခင်သည် ရမဇာန်လတွင် များသောအားဖြင့် ဧည့်သည်တော်များနှင့်အတူ မဒ်ရစဟ်၌ ပင်ဝါဖြေလေ့ရှိသည်။ အဇာန်ကို အစောဆုံးအချိန်တွင် ပေးလေ့ပေးထရှိသည်။ ဝါဖြေရာ၌လည်း အလောသုံးဆယ်မလုပ်၊ မှန်မှန်စား သောက်ပြီး လက်ဆေး ပလုတ်ကျင်းကာ စိတ်ငြိမ်သက်စွာ ဆွလာသ်ဝတ်ပြုတတ်သည်။ အဇာန်နှင့်ဂျမာအသ် ကြား တွင် လူတစ်ယောက် ကျကျနန ဝဇူရေသန့်စင်ပြီး ပထမဦးဆုံး သပ်က်ဗီရ်ကိုမီလောက်သည်အထိ အချိန်ပေးထား သည်။ ရပ်ကွက်ရှိ လူတို့သည်ပင်လျှင် မိမိနေအိမ်တွင်ဝါဖြေကာ သပ်က်ဗီရ်ကို မီနိုင်ကြသည်။ မဂ်ရိဗ်ဆွလာသ်အပြီး၌ ဖတ်ရွတ်နေကြကိစ္စရပ်များဆောင်ရွက်ပြီး အိမ်ပြန်ထမင်းစားကာ အိရှာအ်ဆွလာသ်အတွက်အချိန်မီ ရောက်ရှိလာ ပြန် သည်။ သရာဝီဟ်ကိုလည်း စိမ်ပြေနပြေဖတ်သည်။ သရာဝီဟ်လေးရကအသ်ပြီးတိုင်း ဖတ်ရွတ်ရသည့် ဒိုအာများကို တစ်ဦးချင်း တီးတိုးဖတ်ရွတ်သည်။ ရကအသ်တိုင်းရှိ ရုကူအ်နှင့် စဂ်ျဒဟ်များအား သမရိုးကျဆွလာသ်အတိုင်း ညင်ညင်သာသာ တိတိကျကျ လုပ်ဆောင်၏။ သဟဂ်ျဂျုဒ် ဆွလာသ်အချိန်တွင် ကိရာအသ်ကို များသောအားဖြင့် တိုးတီးစွာဖတ်ပြီး တစ်ခါတစ်ရံ အသံဖြင့်ဖတ်တတ် သည်။ တစ်ခေါက်က အိပ်ယာထနည်းနည်းနောက်ကျသွား၍ သတ်မှတ်ထားသည့် ဖတ်နေကျကုရ်အာန်အား နမားဇ်နှစ်ရကအသ်တွင် အပြီးဖတ်၍ စဟ်ရီစားရန်အမိန့်ပေးခဲ့၏။ စဟ်ရီစားပြီးအချိန်များရခဲ့ရင် မိမိတို့၏ သဟဂ်ျဂျုဒ်ဆွလာသ်ကို ဖြည့်လိုက်ကြဟူ၍လည်း လမ်းညွှန်လိုက်သေးသည်။ သဟဂ်ျဂျုဒ်ဆွလာသ်ဖတ်ပြီး ခေတ္တလဲလျောင်းပြီးနောက် ဖဂျရ်အတွက်ထ သည်။ နေ့ /ညတို့၏ (မအ်မူလာသ်) အမလ်ကျင့်စဉ်များကို တစ်ခုပြီးတစ်ခု ဆက်တိုက်လုပ်သွားလေ့ရှိသည်။ အခွင့်အခါကြုံလျှင် အိအ်သိကာဖ်လည်းထိုင်လိုက်သေး၏။ နောက်ဆုံး(၁၀)ရက် သို့မဟုတ်နောက်ဆုံး(၃)ရက် အိအ်သိကာဖ်ဝင်လေ့ရှိ၏။ ထိုအခါဝယ် ဘရ်ကသ်နှင့်နူရ်ရောင်ခြည်တော်များ မိုးတိမ်ပမာ ကွန့်မြူးလျက်ရှိ၏။ အိအ်သိကာဖ်ထိုင်ချိန်၌ ရေးသားသည့်ကိစ္စရပ်များကိုလည်း မပြတ်လုပ်ဖြစ်သည်။" ကဆ်ွဒုစ်စဗီလ်" မည်သောကျမ်း ကို အိအ်သိကားဖ်ရှစ်ရက်အတွင်း အပြီးရေးခဲ့သည်။ "အလ်ဖသူဟ်ဖီမာယသ်အလုကဗိရ်ရူးဟ်" မည်သောစာအုပ်ကိုပါ တစ်ပါတည်းရေးသားခဲ့သည်။
တစ်ခေါက်က ဟကီးမ်မုဟမ္မဒ်မုစ်သွဖားသည် ရမဇာန်လမြတ် (၂၈)ရက်နေ့၌ ထာနဘဝန်မြို့သို့ သွားရောက်ခစားခွင့်ရခဲ့သည်။ ကုရ်အာန်ခသမ်သိမ်းလောက်ပြီဟု ထင်လိုက်မိသည်။ နေရာတိုင်းလိုလိုတွင် (၃၇)ရက်နှင့် ခသမ်သိမ်းလေ့ရှိခြင်းကြောင့်ဖြစ်သည်။ ဗလီသို့ရောက်လာသောအခါ ဗလီ၏နေရာအနှံ (သို့) လူစုဝေးရာဂျမာအသ်တွင် မည်သည့်အပြောင်းအလဲမှ မတွေ့ရ။ ခသမ်မသိမ်းခဲ့ကြောင်း သံသယဝင်စရာလည်း မတွေ့ရ။ သို့သော် သခင်ကြီးက သရာဝီကို ဝဒ်ဒုဟာစူရာဖြင့်စလိုက်ရာ ခသမ်မသိမ်းသောကြောင်း အထင်ကို လေးနက်သွားစေသည်။ အဘယ့်ကြောင့်ဆိုသော် နောက်ဆုံးခသမ်သိမ်းသည့် ရကအသ်(၂ဝ)အား စူရာဝဒ်ဒုဟာဖြင့် ဖတ်ကြ၍ဖြစ်သည်။ တစ်ဖန် သခင်ကြီးက စူရာအစ်က်ရာအ်ဖတ်ရွတ်ရာတွင် ဗိစ်မိလ္လာဟ်ဖြင့် စဖတ်လိုက်သဖြင့် ယနေ့မှ ခသမ်သိမ်းကြောင်း သိလိုက်ရသည်။ တွေးထင်သည့်အတိုင်း အမှန်ပင်ဖြစ်ခဲ့သည်။ ခသမ်သိမ်းပြီး ဒုအာတောင်းရာ၌ တောင်းနေကျထက်သိပ်မရှည်လျားချေ။ ယခင်နေ့များအတိုင်း ထွန်းထားသည့် ဆီမီးမှလွဲ၍ အခြားမီးဟူ၍လည်း မတွေ့ခဲ့ရ။ မုန့်ဝေသည်ကိုလည်း မတွေ့မြင်ခဲ့။ ပုဂ္ဂိုလ်တစ်ဦးက မုန့်ဝေလိုကြောင်း ခွင့်ပန်သောအခါ မနက်ဖြန်ကျမှဝေပါဟု ပြောကြားခဲ့သည်။ မည်သည့်အရာပေါ်မှ မန်းမှုတ်သည်ကို မတွေ့ရ။ နောက်ဆုံးရကအသ်တွင် ကုရ်အာန်ခသမ်သိမ်းပြီး စူရာဘကရာ၏အစမှ မုဖ်လိဟူးန်အထိဖတ်လေသည်။ သခင်ကြီးသည် သန်းခေါင်ကျော်မှ သဟဂ်ျဂျုဒ်အတွက် ထလေ့ရှိသည်။ တစ်ခါတစ်ရံ ယေဘူယျအားဖြင့် ရှစ်ရကအသ်ဖတ်လေ့ရှိသည်။ တစ်ခါတစ်ရံ ထို့ထက်ပိုသည်။ တစ်ခါတစ်ရံ နည်းတတ်၏။ ရမဇာန်လ၏ သဟဂ်ျဂျုဒ်ဆွလာသ်တွင် နေ့စဉ်ကုရ်အာန်တစ်ပါရာဖတ်သည်ကို မြင်တွေ့ခဲ့ရသည်။ တစ်ခါတစ်ရံ ထို့ထက်များသည့် အခါလည်း ရှိ၏။ ကိုယ်တွေ့ဖြစ်ရပ် သခင်ကြီး သဟဂ်ျဂျုဒ်ဖတ်နေစဉ် မိုးသောက်အာရုဏ်ချိန်တွင် နူးရ်အလင်းရောင်တစ်ခု အထက်ဖက်သို့တက်နေသည့်အလား အဖြူရောင်အလင်းတန်းတစ်ခု အထက်သို့တက်နေသည်ကို တွေ့ခဲ့ရ၏။
Tuesday, July 15, 2014
ဆရာသခင်များ၏ ရမဇာန်ကုန်ဆုံးပုံ (၃)
ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ အသနားတော်ဖြင့် နှစ်စဉ်နှစ်တိုင်း ရမဇာန်လမြတ်ကို ပိုင်ဆိုင်ခွင့်ရရှိခဲ့ကြပေသည်။ ရမဇာန်လမြတ်သည် အလ္လာဟ်အရှင်မြတ်က မိမိ၏ ဗန္ဒာဟ်ကျေးကျွန်များအား ဆုချီးမြှင့်သော လတစ်လလည်းဖြစ်ပေသည်။ နဗီတမန်တော်မြတ်ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်သည် လမြတ်ရမဇာန်တွင် အိဗာဒသ်ကို ယခင်လတို့ထက်ပိုမို၍ အထူးတလည် ပြုလုပ်တော်မူခဲ့သလို အွမ္မသ်ကိုလည်း လမ်းညွှန်တော်မူခဲ့ပါသည်။ တမန်တော်မြတ်ခေတ်နဲ့ အလွန်ပဲ နီးကပ်တဲ့ သာဗီအီးန်များရဲ့ ခေတ်နဲ့ သူ့နောက်ခေတ်တွေမှာ တမန်တော့်လမ်းစဉ်အတိုင်း ဖဝါးခြေထပ် လျှောက်လှမ်းခဲ့တဲ့ သူမွန်သူမြတ်တို့ဟာ မိမိတို့ရရှိတဲ့ ရမဇာန်လကို တန်ဖိုးရှိအောင် ဘယ်လိုအမလ်တွေနဲ့ ကုန်လွန်စေခဲ့သလဲဆိုတာကို တင်ပြပါ့မယ်။ မိတ်ဆွေတို့လည်း ကျန်ရှိတဲ့ သက်တမ်းတလျှောက်မှာ သူမွန်သူမြတ်တို့ နည်းတူ ရမဇာန်လမြတ်ရဲ့ အချိန်များကို တန်ဖိုးရှိအောင် ပြုလုပ်ဖို့ နီယသ်ဆန္ဒထားကြပါ။
ဟဇရသ်ကြီး မော်လာနာအိလ်ယားစ်သခင်
ကျွန်တော်၏ကြာကြာ ဟဇရသ်ကြီးမော်လာနာအိလ်ယားစ်သခင် (ရဟ) (သဗ်လီးဂ်အမီရ်ချုပ်ကြီး)၏ အကြောင်းကို အဗ်ဗီသီကျမ်းတွင် နေရာအတော်များများ၌ ဖော်ပြထားပြီးဖြစ်သည်။ သို့သော် ယခုသခင်ကြီး၏ ရမဇာန်အကြောင်းကို အဓိကထား၍ ဖော်ပြလိုပါသည်။
ကျွန်တော်တို့၏ မျိုးရိုးစဉ်ဆက်မှာ ထုံးစံအတိုင်းပင် အိဖ်သွာရ်ဝါဖြေချိန်မှာပင် စားချင်သမျှအပြီးစားပြီးဖြစ်ကြသည်။ လ္ဘက်ရည်သောက်လေ့သောက်ထလည်း မရှိပါ။ စားစရာဆိုလျှင်လည်း မပြောပလောက်သော အစားကိုသာစားလေ့စားထရှိကြသည်။
ထိုအခိုက် အဘူဒါဝူဒ်ကျမ်းတွင်ရေးသားထားသည့်.. သူတို့၏စားစရာသည် သင့်တို့ဖခင်များစားသည့် ညစာပုံစံမျိုးမဟုတ် ဟူသော အကြောင်းအရာအား ရုတ်တရက်သတိရလိုက်မိသည်။ ထိုအကြောင်းအရာလေးအားသတိရမိ၍ တင်ပြပါရစေ။ နဗီတမန်တော်မြတ် (ဆွလ္လာဟုအလိုက်ဟေဝစ္စလာမ်) က ..."ညအိရှာအ်အချိန်၌ စားဖွယ်သောက်ဖွယ်ရောက်ရှိလာလျှင် ဦးစွာစားသောက်လိုက်ကြ" ဟူ၍မိန့်ကြားခဲ့သည်။ တစ်နေ့ အထက်ပါဟဒီးဆ်တော်နှင့် ပတ်သက်၍ ပုဂ္ဂိုလ်တစ်ပါးက ဟဇ်ရသ်အုမရ်(ရသွီ) သခင်၏သား အစ်ဗ်နု အုမရ်(ရသွီ) သခင်အား ထိုဟဒီးဆ်တော်ကိုဖတ်ရွတ်ပြပြီး တအံ့တသြဖြင့်.. ကျွန်တော်အံ့သြနေတာက အကယ်၍များ ကျွန်တော်တို့ဟာ စားစရာတွေမှာနစ်မွန်းနေရင် ဂျမာအသ်နဲ့နမားဇ်ဖတ်ရမယ့်ကိစ္စတွေ လစ်ဟင်းကုန်မှာပေါ့ဟု တင်ပြမေးမြန်းလေသည်။ ထိုအခါ အိဗ်နုအုမရ်(ရသွီ) သခင်က ထိုသူ့အား.. သူတို့ဆီမှာ စားစရာဆိုလို့ ဘာများရှိခဲ့လို့လည်း .. အသင်ကအသင့်ရဲ့ဖခင်စားနေသလို.. သူတို့စားခဲ့ကြတယ်လို့ ထင်နေသလား ? ဟု ဒေါသကြီးစွာဖြင့်ဖြေကြားခဲ့သည်။ ဆိုလိုသည်မှာ စွန်ပလွန်သီးသုံးလေးငါးလုံးနှင့် စားစရာအနည်းငယ်မျှသာ ရှိတတ်သည်။ ဤမျှလောက်သောအစားကြောင့် ဂျမာအသ်ဖြင့်နမားဇ်အား မည်သို့ထိခိုက်မည်နည်းဟု ဆိုလိုခြင်းဖြစ်သည်။ (ဤသည် ဟဒီးဆ်ကို သဘောပေါက်နိုင်သောပညာမရှိလျှင် လမ်းလွဲနိုင်ခြင်း၏ သာဓကတစ်ခုဖြစ်၏ - ဘာသာပြန်သူ)
ကျွန်တော်၏ ကြာကြာ ဟဇ်ရသ်ကြီး မော်လာနာ အိလ်ယားစ်သခင်၏အခင်းပေါ်ရှိ စားစရာများမှာလည်း အထက်ပါအတိုင်းနီးနီးပင်ဖြစ်သည်။ ဟဇ်ရသ်ကြီးသည် မုန့်တစ်ဝက်ခန့်သာ စားတတ်သည့် အလေ့အထရှိသည်။ ဝါဖြေပြီးလျှင် မဂ်ရိဗ်နမားဇ်ကိုဦးဆောင်၍ဖတ်သည်။ ငယ်ရွယ်စဉ်ကတည်းက မဂ်ရိဗ်ပြီးလျှင် နဖိလ်ရှည်ရှည် ဖတ်လေ့ဖတ်ထရှိသည်။ ရမဇာန်လတွင် အိရှာအ်အဇာန်အချိန်နားထိ နဖိလ်များဖတ်နေလေ့ရှိသည်။ ဤသို့နဖိလ်များဖတ်ပြီးနောက် ဗလီထဲ၌ခေတ္တခါးဆန့်သည်။ နာရီဝက်ခန့် လဲလျောင်းပြီး အိရှာအ်နမားဇ်အတွက်ပြင်ဆင်ပြီး ကိုယ်တိုင်ပင် အိရှာအ်နှင့်သရာဝီဟ်ကိုပါ ရှေ့ဆောင်၍ ဖတ်လေ့ရှိသည်။ သရာဝီပြီးပြီးချင်းပင် အနားယူတတ်သည်။ မည်သူနှင့်မျှတွေ့ဆုံခြင်း၊ စကားစမြည်ပြောဆိုခြင်း မရှိတော့။ ဝိသိရ်နမားဇ်၏ စလာမ်လှည့်ပြီးနောက် ခေါင်းအုံးပေါ်ခေါင်းမတင်မီပင် အိပ်ပျော်သွားတတ်သည်ဟု အကြိမ်ပေါင်းများစွာ ကျွန်တော်ကိုပြောပြဖူးသည်။
ကျွန်တော်က အငတ်ပီပီ ရမ်ဇာန်လတွင် သရာဝီပြီးလျှင် အကြော်အလှော်နှင့်သစ်သီးဝလံကတော့မဖြစ်မနေပါရစမြဲ။ မိတ်ဆွေသင်္ဂဟများကလည်း သစ်သီးဝလံများယူလာတတ်ပြီး အားလုံးနှင့် ဆုံဆည်းချိန်လေးတစ်ခုလည်း ဖြစ်သည်။ 
ကျွန်တော်ရောက်နေချိန်မျိုးတွင် ဟဇ်ရသ်ကြီးသည်မလွှဲမရှောင်သာ ကျွန်တော်တို့နှင့် အတူပါဝင်ပေးတတ်၏။ ကျွန်တော်ကအားနာ၍ မပါဝင်နိုင်လည်းကိစ္စမရှိကြောင်း ပြောပြသော်လည်း (၁၅)မိနစ် (၂ဝ) မိနစ်ခန့်တော့ ပါဝင်ပေးစမြဲဖြစ်သည်။
ဟဇ်ရသ်ကြီးသည် သရာဝီပြီးအိပ်သည်။ ည(၁၂) နာရီထိုး၌ ပြန်နိုးလာတတ်သည်။ ထိုအခါ တပည့်တစ်ယောက်က ဥပြုတ်နှစ်လုံး ပူပူနွေးနွေးလာချပေးလေ့ရှိသည်။ ယင်းဥပြုတ်စားပြီး သဟဂ်ျဂျုဒ်စဖတ်လေတော့သည်။ စဟ်ရီနောက်ဆုံးအချိန်တွင် စလာမ်လှည့်ကာ စဟ်ရီစားလေ့ရှိသည်။ စဟ်ရီစားလျှင်လည်း အချိန်ကုန်ရန်မည်မျှ နီးကပ်နေသည်ဆိုသော် ညာဘက်လက်တွင်ထမင်းလုပ်ကို ယူရင်း တပည့်တစ်ယောက်ကို ရေခပ်ခိုင်းနေရင်းကပင် နောက်တပည့်တစ်ဦးအား အဇာန်ဆိုရန် ပြင်ဆင်ခိုင်းနေသည်ကို ကျွန်တော်တွေ့ခဲ့ဖူးသည်။ စဟ်ရီစားသောက်ပြီးရုံမျှသာ ရှိသေးသည်။ မုအဇ်ဇင်န်သည်လည်း အပေါ်ရောက်ပြီး အဇာန်စတင် ပေးလိုက်လေတော့၏။ စဟ်ရီတွင်လည်း များများမစားတတ်သဖြင့် အချိန်တိုတိုသာယူ၍ စားသောက်လေ့ရှိသည်။ အဇာန်ဆိုပြီးနောက် ဖဂျရ်၏ပထမအချိန်မှာပင် ဂျမာအသ်ကို ဦးဆောင်ကာ နမားဇ်ဖတ်လေ့ရှိသည်။
ရမဇာန်လတွင် ဖဂျရ်ပြီးတရားဟောပွဲ အစီအစဉ်ထားရှိသည်။ မော်လာနာယူစွဖ်ကဟောပြောသည်။ ဟဇ်ရသ်ကြီးမော်လာနာအိလ်ယားစ်သည် မိမိနမားဇ်ဖတ်ခဲ့သော မုဆွလ္လာဟ်ဂျာနမားဇ်ပေါ်၌ အစ်ရှ်ရားက် အချိန်အထိ ဆက်တိုက်ထိုင်နေပြီး ဖတ်နေကြ ဇိကိရ်ဝဇီဖဟ်များကို ဖတ်ရွတ်နေသည်။ ထိုအချိန်၌ ဝတ်ကြီးဝတ်ငယ် ပြုစုကြသောတပည့်တို့မှာ အနားယူလိုက်ကြသည်။ လိုရင်လိုသလို နိုးနိုးကြားကြားလည်းရှိနေကြသည်။ ဟဇ်ရသ်ကြီးမှာ အိရှိရားက်နမားဇ်ဖတ်ပြီးမှ အနားယူလေ့ရှိသည်။ သို့မဟုတ်လျှင် မေဝါသ်သို့ပြန်မည့် သဗ်လီးဂ်မိတ်ဆွေများအား အမှာစကားပြောခြင်း၊ ရောက်ရှိလာသော ဧည့်သည်တော်များနှင့် စကားစမြည်ပြောခြင်း စသည်တို့ပြုနေတတ်သည်။ ရောက်ရှိလာသော ဧည့်သည်တော်များကို အထူးတလေးတစားဆက်ဆံသည်။ အဆင့်အတန်းရှိသူကို သူ့အဆင့်အတန်းနှင့် ထိုက်တန်သည့်ဂုဏ်ပေး၍ ဆက်ဆံလေ့ရှိသည်။ လိုအပ်ပါက တစ်ကိုယ်ရေဝဇီဖဟ်ကျင့်စဉ်များကိုလည်း ရှေ့တိုးနောက်ဆုတ် လုပ်ပေးလိုက်၏။
ဟဇ်ရသ်ကြီးသည် စိုင်ယိဒ်မျိုးနွယ်ဝင်တိုင်းအား အထူးဂရုစိုက်လေ့ရှိသည်။ ကျွန်တော့်ကိုပါ ထိုသူတို့ကိုဂုဏ်ပေး၍ တလေးတစားဆက်ဆံရန် အကြိမ်ကြိမ်မှာကြားတတ်သည်။ ဤမျှနှင့်မတော်သေး။ မိမိ၏တပည့်များ၊ မူရီဒ်များ၌ စိုင်ယိဒ်ဆိုသူများ၏ မှားယွင်းချွတ်ချော်မှုများအား ဥပေက္ခာပြုလေ့ရှိသည်။ တစ်ခေါက်က ကျွန်တော်သည် မူရီးဒ်တပည့်တစ်ယောက်၏ကိစ္စနှင့် ပတ်သက်၍တိုင်ကြားရာ " အေး .. ငါလည်း သိတယ်။" ဟုဆိုပြီး ထိုသူသည် စိုင်ယိဒ်မျိုနွယ်မှဖြစ်ကြောင်းကို တလေးတစားလေသံဖြင့်ပြောရာ ကျွန်တော်ဘယ်လိုမှ ပြန်မပြောတတ်အောင် ဖြစ်သွားခဲ့ရဖူးသည်။ ရမဇာန်လ၏နေ့လည် နေ့ခင်းတွင် တစ်နာရီခွဲ၊ နှစ်နာရီခန့် အနားယူလေ့ယူထရှိ၏။ ဇုဟုရ်ပြီးတိုင်း မိမိအခန်းတွင်ထိုင်၍ ရောက်ရှိလာသော ဧည့်သည်တော်များနှင့် စကားပြောလေ့ရှိ၏။ အဆွရ်မတိုင်မီအထိ ဧည့်သည်များနှင့် ထိုင်နေတတ်သည်။ ထိုအခိုက်အတန့်တွင် ရမဇာန်လမြတ်နှင့်ပတ်သက်သည့် သင်ခန်းစာများကျန်ရှိနေလျှင် သင်ပေးတတ်၏။ အဆွရ်ပြီးမှ မဂ်ရိဗ်အထိ အသံထုတ်၍ဇိကိရ်ပြုရင်း အချိန်ကုန်လွန်စေ၏။ ရမဇာန်လ မဟုတ်သောရက်များတွင် ဤဇိကိရ်အား ညသန်းကောင်ယံချိန်တွင် ပြုလုပ်လေ့ရှိသည်။ သဟဂ်ျဂျုဒ်ပြီးနောက် နံနက်ဖဂျရ်နမားဇ်အချိန်နားထိပင်ဖြစ်သည်။ ကျွန်တော်၏ ဆရာသခင်အကြီးအကဲများအနက် ဟဇ်ရသ်ကြီးတစ်ယောက်ကိုသာ အသက်ကြီးသည်အထိ ဇိကိရ်ကို အသံထုတ်၍ စွဲစွဲမြဲမြဲ ပြုသွားသည်ကို တွေ့ခဲ့ရသည်။ မကျန်းမမာဖြစ်ခဲ့သည့်နှစ်မတိုင်မီက သပ်စ်ဗီဟ် (၁၂)ရပ်နှင့် အိစ်မိဇာသ်(အလ္လာဟ်၏ဇာသ်တော်နှင့် ပတ်သက်သည့်ဇိကိရ်)ကို ရမဇာန်လမြတ်တွင် အဆွရ်ပြီးမှ မဂရိဗ်အထိဖတ်ပြီး ရမဇာန်မဟုတ်သောလတွင် သန်းကောင်ယံအချိန်တွင် စွဲစွဲမြဲမြဲ ဖတ်လေ့ရှိသည်။ 
ဟဇ်ရသ်ကြီးသည် တတိယဟဂ်ျအား ရမဇာန်လမြတ်မှစတင်၍ ခရီးထွက်ခဲ့သည်။ မော်လာနာအဘုလ်ဟစံန်အလီနဒ်ဝီသခင်က ဟဇ်ရသ်ကြီး၏အတ္ထုပတ္တိတွင် ယခုကဲ့သို့ရေးသားထားသည်။ ဟဇ်ရသ်ကြီးသည် ဟိဂ်ျရီ(၁၃၅၁)ခုနှစ်တွင် တတိယမြောက် ဟဂ်ျပြုရန်သွားရောက်ခဲ့သည်။ ရမဇာန်လမြတ်၏ စန္ဒာလမင်းအား နိဇာမုဒ္ဒီးန်တွင်ရှိခိုက် တွေ့မြင်ခဲ့ရသည်။ သရာဝီဟ်ကို ဒစ်လ်ဟီ မီးရထားဘူတာတွင် ဟဇ်ရသ်ကြီးကိုယ်တိုင် ဦးဆောင်၍ဖတ်ခဲ့သည်။ ဟဇ်ရသ်ကြီးကိုလိုက်ပို့ကြသူတို့အပြင် ဒစ်လ်ဟီမြို့နေ လူခပင်းတို့လည်းစုမိကြသည်။ အချို့သူများသည် မိမိတို့ကိုယ်စီကိုယ်စီ ဗလီဝတ်ကျောင်းတော်တွင် သရာဝီဖတ်ပြီးမှ ဘူတာသို့ရောက်လာပြီး ဟဇ်ရသ်ကြီးနှင့် အတူ သရာဝီတွင်ပါဝင်ကြပြန်သေးသည်။ ဗလီများတွင်စောစောပြီးသွားခြင်းကြောင့်ဖြစ်သည်။ ဟဇ်ရသ်ကြီး၏ သရာဝီမှာ ဝန်စည်စလယ်များအား နေရာတကျထားနေရခြင်းကြောင့် နောက်ကျမှ စတင်ခဲ့ရသည်။ ဟဇ်ရသ်ကြီးသည် အလီးဖ်..လာ.မ်..မီမ် ပါရဟ်မှစတင်၍ ဖတ်လေ၏။ ရထားနောက်ကျမည်ဖြစ်ကြောင်း သိရှိလိုက်ရ၍ မိမိဗလီ၌ သရာဝီဖတ်သည့်နည်းတူ စိမ်ပြေနပြေဖတ်လေတော့သည်။ ရထားသည်လည်း တစ်နာရီခွဲခန့်နောက်ကျမည် ဖြစ်ကြောင်းသိရှိခဲ့ရသည်။
သဗ်လီးဂ်လုပ်ငန်းအားအချိန်မရွေး၊ နေရာမရွေး၊ စားနေရင်းသောက်နေရင်း၊ အိမ်၌၊ ခရီး၌၊ ရထားဘူတာ၌၊ ရထားတွဲ၌ စသည်ဖြင့် သားအဖနှစ်ဦးလုံး တစိုက်မတ်မတ်ကြိုးပမ်းလေ့ရှိကြသည်။ ယနေ့တိုင် သားဖြစ်သူ မော်လာနာယူစွတ်ဖ်ကိုမီသူ တွေ့ဖူးမြင်ဖူးသူများရှိကြပါလိမ့်မည်။ အချိန်ပြည့် ဤအလုပ်တစ်ခုတည်းကိုသာ ဇောက်ချလုပ်ခဲ့သည်။ ဟဇ်ရသ်ကြီးမော်လာနာအိလ်ယားစ်သခင်သည် အစဉ်အမြဲ ရမဇာန်လမြတ်နှင့်ကြုံကြိုက်တိုင်း ဒအ်ဝသ်လုပ်ငန်းအား အထူးအလေးပေးကာ ကြိုးပမ်းလေ့ရှိ၏။ သဗ်လီးဂ်ဂျမာအသ်များကိုလည်း မေဝါသ်အစား နေဇာမုဒ္ဒီးန်မရ်ကဇ်သို့ခေါ်ယူကာ ထိုမှတစ်ဆင့် နေရာဒေသအသီးသီးသို့ စေလွှတ်လေ့ရှိ၏။ ဒအ်ဝသ်အလုပ်ကို နေဇာမုဒ္ဒီးန်မရ်ကဇ်တွင် ရမဇာန်လ၌ပို၍ ဂရုတစိုက်ထားကာလုပ်ကိုင်လေ့ရှိသည်။
(အလ်မုဖီးဒ်)
Thursday, July 10, 2014
ဆရာသခင်များ၏ ရမဇာန်ကုန်ဆုံးပုံ (၂)
ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ အသနားတော်ဖြင့် နှစ်စဉ်နှစ်တိုင်း ရမဇာန်လမြတ်ကို ပိုင်ဆိုင်ခွင့်ရရှိခဲ့ကြပေသည်။ ရမဇာန်လမြတ်သည် အလ္လာဟ်အရှင်မြတ်က မိမိ၏ ဗန္ဒာဟ်ကျေးကျွန်များအား ဆုချီးမြှင့်သော လတစ်လလည်းဖြစ်ပေသည်။ နဗီတမန်တော်မြတ်ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်သည် လမြတ်ရမဇာန်တွင် အိဗာဒသ်ကို ယခင်လတို့ထက်ပိုမို၍ အထူးတလည် ပြုလုပ်တော်မူခဲ့သလို အွမ္မသ်ကိုလည်း လမ်းညွှန်တော်မူခဲ့ပါသည်။ တမန်တော်မြတ်ခေတ်နဲ့ အလွန်ပဲ နီးကပ်တဲ့ သာဗီအီးန်များရဲ့ ခေတ်နဲ့ သူ့နောက်ခေတ်တွေမှာ တမန်တော့်လမ်းစဉ်အတိုင်း ဖဝါးခြေထပ် လျှောက်လှမ်းခဲ့တဲ့ သူမွန်သူမြတ်တို့ဟာ မိမိတို့ရရှိတဲ့ ရမဇာန်လကို တန်ဖိုးရှိအောင် ဘယ်လိုအမလ်တွေနဲ့ ကုန်လွန်စေခဲ့သလဲဆိုတာကို တင်ပြပါ့မယ်။ မိတ်ဆွေတို့လည်း ကျန်ရှိတဲ့ သက်တမ်းတလျှောက်မှာ သူမွန်သူမြတ်တို့ နည်းတူ ရမဇာန်လမြတ်ရဲ့ အချိန်များကို တန်ဖိုးရှိအောင် ပြုလုပ်ဖို့ နီယသ်ဆန္ဒထားကြပါ။
ဟဇ်ရသ်ဟာဂျီအင်မ်ဒါဒုလ္လာဟ်(ရဟ) ၏ ရမဇာန်လမြတ်နှင့်ပတ်သက်၍ ဟကီမုလ်အုမ္မသ် ဟဇ်ရသ်ထာနဝီသခင်က အင်မ်ဒါဒုလ်မုရှ်သာက်ကျမ်းတွင် ရေးသားထားသည်မှာ တစ်နေ့ ဟဇရသ်ဟာဂျီဆွာဟဗ်က ဟဇ်ရသ်ထာနဝီအား ဤသို့ပြောပြလေ၏။ အသင့်ကို ပညာပေးရန်အနေနှင့် ပြောပြရလျှင်...
ကျွန်ုပ်သည် မိမိနုပျိုသည့်လူလတ်ပိုင်းအရွယ်က ညလုံးပေါက်မအိပ်စက်ခဲ့ပါ။ အထူးသဖြင့် ရမဇာန်လမြတ်တွင် မဂ်ရိဗ်နမားဇ်ပြီးလျှင် ဟာဖိဇ်ယူစွတ်ဖ်ဗလဒ်၊ ဟာဖိဇ်ဇာမင်န်၊ ဟာဖိဇ်အဟ်မဒ် (ကျွန်ုပ်၏တူ) တို့က ကုရ်အာန် တစ်ပါရဟ်နှင့်လေးပုံတစ်ပုံထိ အိရှာအ်နမားဇ်အချိန်တိုင် ဖတ်ပြကြရသည်။
အိရှာအပြီး၌ နောက်ထပ်ဟာဖိဇ်နှစ်ပါးတို့က ဖတ်ပြကြရသည်။ ထို့နောက် နောက်ထပ်ဟာဖိဇ်တစ်ပါးက ညသန်းကောင်ယံအထိလည်းကောင်း၊ တစ်ဖန်သဟဂ်ျဂျုဒ်နမားဇ်အချိန်တွင် ဟာဖိဇ်နှစ်ပါးတို့က ဖတ်ရွတ်ရပြန်သည်။ ဤသို့ဖြင့် ကုရ်အာန်တွင်မွေ့လျော်ရင်း လမြတ်ရမဇာန်ကုန်ဆုံးခဲ့ရတော့သည်။
လမြတ်ရမဿွာန်နှင့် ရိုဇဟ် (ဥပုသ်)ဆိုင်ရာ ထူးမြတ်မှုများ
• ဤလမြတ်၌ ကုရ်အာန်ကျမ်းမြတ် ကျရောက်၏။ (ကုရ်အာန်)
• ဤလမြတ်၌ အရှင်မြတ်က အထူးရဟ်မသ်တော်ကို ချပေးတော်မူ၏။ (သုဗ်ရာနီ)
• ဤလမြတ်၌ ဂျန္နသ်၏တံခါးများ ဖွင့်ထား၏။ (အဟ်မဒ်ကျမ်း)
• ဤလမြတ်၌ ဂျဟန္နမ်၏တံခါးများ ပိတ်ထားလိုက်၏။ (သိရ်မေဇီကျမ်း)
• အရ်ရိုင်ယာန်မည်သော ဂျန္နသ်တံခါးကို ရိုဇဟ်သည်အဖို့ ဖွင့်ပေးထားလေသည်။ ရိုဇဟ်သည် အိဗာဒသ် အပေါင်း၏ တံခါးဖြစ်သည်။
• ဤလမြတ်၌ ရှိုင်သွာန်နှင့် ဆိုးသွမ်းသောဂျင်န်များ ချုပ်နှောင်ခြင်းခံရ၏။ လဆန်းမှ လကုန်အထိ၊ ဖဂျရ်ချိန်မှ နေဝင်ချိန်ထိ မလာအိကဟ် (၇)သောင်းသည် ရိုဇဟ်သည်များ လွတ်ငြိမ်းချမ်းသာခွင့်ရရန် ဆုပန်ကြသည်။ (ဗိုင်ဟကီကျမ်း)
• ဤလမြတ်၌ နေ့ညပြုသော ဒုအာတစ်ရပ်ကို မုချအတည်ပြုမည်။ (ဗဇ္ဇာရ်)
• ဤလမြတ်၌ မုအ်မင်န်၏ စားနပ်ရိက္ခာမြှင့်တင် တိုးပွားပေးသည်။ (ဗိုင်ဟကီကျမ်း)
• ဤလမြတ်၌ အရှင်မြတ်ထံတော်မှ ဂျဟန္နမ်အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပြုလေသည်။ (အဟ်မဒ်ကျမ်း)
• ဤလမြတ်သည် ကိယာမသ်နေ့၌ ရိုဇဟ်ထားသူများအဖို့ အတည်ပြုခြင်းခံရသော ရှဖာအသ် ( ကြားဝင် အသနားခံ၊ ပန်ကြားခွင့်) ပြုပေမည်။
• ဤလမြတ်၏ နောက်ဆုံးည၌ ရိုဇဟ်စောင့်သူအပေါင်းအား လွတ်ငြိမ်းချမ်းသာခွင့်ပြုလေသည်။
• ရိုဇဟ်စောင့်သူသည် အရှင်မြတ်၏ ဧည့်သည်ဖြစ်ရာ လူအများ စစ်ဆေးခံရချိန်တွင် ၄င်းတို့သည် စားသောက်လျက် သာယာချမ်းမြေ့စွာ ရှိနေကြမည်။
• ဤလမြတ်၌ အရရှ်တော်ထိန်း ဖရိရှ်သာများသည် မိမိတို့ အိဗာဒသ်ကိုစွန့်၍ ရိုဇဟ်သည်များ၏ဒိုအာတွင် အာမီးန်ဆိုကြရန် အမိန့်ပေးခြင်းခံရ၏။ (ဗိုင်ဟကီကျမ်း)
• ဤလမြတ်၏ ပထမ (၁ဝ)ရက်သည် ရဟ်မသ်၊ ဒုတိယ (၁ဝ)ရက်သည် မဂ်ဖိရသ်၊ နောက်ဆုံး (၁ဝ)ရက်သည် ဂျဟန္နမ်မှ လွတ်မြောက်ခြင်းပင်ဖြစ်သည်။
• ဤလမြတ်၌ နဖိလ် ဖတ်ခြင်းသည် အခြားလ၌ ဖရပ်ဇ်ကဲ့သို့၊ ဖရပ်ဇ် (၁)ကြိမ်သည် အခြားလ၏ ဖရပ်ဇ် (၇ဝ) ကြိမ်ဖတ်သည်ထက် ပို၍အကျိုးရ၏။ (ဗိုင်ဟကီကျမ်း)
• ရိုဇဟ်သည် ငါအရှင်မြတ်အတွက် ဖြစ်သည်။ ငါအရှင်မြတ်ကပင် ယင်းရိုဇဟ်၏ အကျိုးစဝါးဗ်ကို ချီးမြှင့်တော်မူမည်။ (ဟဒီစေကွဒ်စီ)
• ရိုဇဟ်သည် အပြစ်ဒဏ်ကို ကာကွယ်စရာ ဒိုင်းဖြစ်သည်။
• ရိုဇဟ်စောင့်ကြောင့် နှလုံးသားလင်းဝင်းသည်။
• ရိုဇဟ်ထားကြ။ ကိုယ်စိတ်နှစ်ဖြာကျန်းမာပေမည်။
• ရိုဇဟ်စောင့်သူ အိပ်ခြင်းသည်လည်း အိဗာဒသ်၊ တိတ်တဆိတ် နေခြင်းဖြင့် သစ်ဗီးဟ် ဖတ်သည့် အကျိုးကိုရ၏။ သို့ရှိရာ ရိုဇဟ်၏ ဒိုင်းကို မုသား၊ အတင်းစကားတို့ဖြင့် မဖျက်ဆီးကြနှင့်။
• နေ့စဉ်အိဖ်သာရီ ဝါဖြေချိန်ကျတိုင်း ရိုဇဟ်ဥပုသ်သည်၏ ဒိုအာကဗူလ်ဖြစ်သည်။
• နောက်ဆုံး( ၁ဝ)ရက် အိအ်သိကာဖ်ထိုင်သူသည် ဟဂ်ျ (၂)ကြိမ်၊ အွမ်ရဟ် (၂) ကြိမ်ပြုသည့် အကျိုးရ၏။
• အီမာန်နှင့် စဝါးဗ်ကိုမျှော်ကိုး၍ သရာဝီဟ်ဖတ်သူသည် မွေးကင်းစကလေးပမာ အပြစ်များ ကင်းစင်သွားသည်။ (နစာအီ)
• ရှိုင်သွာန်လျှောက်လှမ်းတတ်သော သွေးကြောများကို ဆာလောင်မှု (ရိုဇဟ်)ဖြင့် ပိတ်ဆို့ကြ။
• ဝါလွှတ်ရန် စီစဉ်ပေးသူသည် ဂိုနဟ်ကျွတ်၊ ငရဲမှလွတ်ပြီး၊ ရိုဇဟ်ထားသူကဲ့သို့ အကျိုးစဝါးဗ်ရရှိပေမည်။
• ရိုဇဟ်သည် အီမာန်ရှင်အရွယ်ရောက် အမျိုးသား၊ အမျိုးသမီးတိုင်းအပေါ် ဖရ်ဇ်ဖြစ်သည်။
• (ဆွိယာမ် ဥပုသ်ဆောက်တည်ရန်အတွက် သတ်မှတ်ထားသည့် အနည်းငယ်မျှသော နေ့ရက်များသည်)ရမဿွာန်လပင်ဖြစ်သည်။ (ထိုလ၌ အလ္လာဟ်အရှင်မြတ် အထံတော်မှ) ကုရ်အာန်ကျမ်းတော်မြတ်သည် ကျရောက်လာခဲ့ လေသည်။ (ယင်းကုရ်အာန်ကျမ်းတော်မြတ်သည်) လူသားခပ်သိမ်း တို့အဖို့တရားလမ်းညွှန်အဖြစ်လည်းကောင်း၊ တရားလမ်းမှန်ရစေသော အမှားအမှန်ကို ခွဲခြားသိစေသော ထင်ရှားလှသည့် သက်သေခံလက္ခဏာများအဖြစ်လည်းကောင်း (ကျရောက်လာ သောကျမ်းတော်မြတ်ပင်တည်း)။ [၂]
• လမြတ်ရမဿွာန်၌ ကုရ်အာန်ကျမ်းမြတ်သည် လောင်ဟေမဟ်ဖူးဇ် မှ မိုးကောင်းကင် ပထမထပ်သို့ အစအဆုံး ကျရောက်ခဲ့၏။ ၄င်းအပြင် ကုရ်အာန်ကျမ်းမြတ်နှင့် လမြတ်ရမ်ဇာန်သည် အလွန်ပင် အပ်စပ်မှုရှိသည်။ ထိုကြောင့် ဤလမြတ်၌ အချိန်များစွာကို ကျမ်းမြတ်ရွတ်ဖတ်ခြင်းတွင် တတ်နိုင်သမျှကုန်ဆုံးစေသင့်သည်။ [၃]
• ရှရ်ဟေအေဟ်ယာအုလ်အုလူမ်ကျမ်းတွင် အိမာမ်အဘူဟနီဖဟ်သခင်က တစ်နှစ်လျှင် (၂) ကြိမ် အစ-ဆုံး ခသမ်ပြီးအောင်ဖတ်ရန်မှာ ကုရ်အာန်ကျမ်းမြတ်၏ရပိုင်ခွင့်ဖြစ်ကြောင်း ဖော်ပြထားပေသည်။ [၃]
• တမန်တော်မြတ်သည် လမြတ်ရမဇာန်တွင် ဟဇ်ရသ်ဂျိဗ်ရာအီလ်နှင့် ကုရ်အာန်ကျမ်းမြတ်ကို အစအဆုံး ပြန်လည် ဖတ်ရွတ်တော်မူလေ့ရှိခဲ့သည်။ ထိုကြောင့် မိမိစွမ်းနိုင်သမျှ ကုရ်အာန်ကျမ်းတော်မြတ်ကို ဖတ်ရွတ်ရမည်။
• အကြင်သူသည် ကုရ်အာန်ကျမ်းမြတ်၏ အက္ခရာတစ်လုံးကို ရွတ်ဖတ်လျှင် ၄င်းသည် ကောင်းမှုတစ်ခုကို ရရှိပေသည်။ ၄င်းကောင်းမှုတစ်ခု၏အစား အကျိုးစဝါးဗ် (၁ဝ) ခုဖြစ်သည်။ အလစ်ဖ်လာမီမ်မှာ အက္ခရာ တစ်လုံးဟု ကျွန်ုပ်မဆိုလို။ အလစ်ဖ်သည် အက္ခရာတစ်လုံး၊ လာမ်သည် အက္ခရာတစ်လုံး၊ မီမ်သည် အက္ခရာ တစ်လုံးဖြစ်ပေသည်။ ဆိုလိုသည်မှာ ၄င်းသည် အက္ခရာသုံးလုံးဖြစ်၍ ကောင်းမှုအကျိုးစဝါးဗ် (၃၀)ကို ရရှိပေသည်။ [၄]
• အိမာမေအအ်ဇမ် အိမာမ်အဘူဟနီဖဟ်သည် ရမ်ဇာန်လမြတ်၌ နေ့တွင်တစ်ကြိမ်၊ ညတွင်တစ်ကြိမ်၊ တစ်လလုံးအတွင်း သရာဝီဟ်၌ တစ်ကြိမ်၊ စုစုပေါင်း ခြောက်ဆယ့်တစ်ကြိမ် ခသမ်ပြုလေ့ရှိကြောင်း လာရှိ၏။ အလားတူ အိမာမ်ရှာဖိအီသည်လည်း လမြတ်ရမဇာန်၌ နေ့စဉ် ခသမ်နှစ်ကြိမ်ပြုလေ့ရှိသည်။ [၅]
ကျမ်းကိုး။ ။
[၁] အလ်မအာရစ်ဖ် စာစောင် ဟစ်ဂျရီ ၁၄၂၄။
[၂] (ကုရ်အာန် စူရဟ် ဗကရဟ် ၂း ၁၈၅) ကုရ်အာန် အလင်းပြကျမ်း။
[၃] လမြတ်ရမဒွါန် (လက်ကမ်း စာစောင်)၊ အလ်ဟာဂ်ျမော်လာနာ ယအ်ကူးဗ် နူးရ်မုဟမ္မဒ် ဟဘီးဘ်။
[၄] (သိရ်မေဇီကျမ်း၊ ဟဒီးဆ် အမှတ် ၂၉၁၀) မွန်သခဗ် အဟာဒီးဆ်ကျမ်း မြန်မာဘာသာပြန်။
[၅] ဖဇာအေလေ အအ်မာလ်ကျမ်း၊ မြန်မာဘာသာပြန်၊ စာ-၈၆-၈၇
‪#‎ရမဿန်‌လက်‌ဆွဲမှ တဆင့်‌ပြန်‌လည်‌တင်‌ပြပါသည်‌။
Imran Kĥaň
ဆရာသခင်အကြီးအကဲများ၏ ရမဇာန်ကုန်ဆုံးပုံ (၁)
ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ အသနားတော်ဖြင့် နှစ်စဉ်နှစ်တိုင်း ရမဇာန်လမြတ်ကို ပိုင်ဆိုင်ခွင့်ရရှိခဲ့ကြပေသည်။ ရမဇာန်လမြတ်သည် အလ္လာဟ်အရှင်မြတ်က မိမိ၏ ဗန္ဒာဟ်ကျေးကျွန်များအား ဆုချီးမြှင့်သော လတစ်လလည်းဖြစ်ပေသည်။ နဗီတမန်တော်မြတ်ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်သည် လမြတ်ရမဇာန်တွင် အိဗာဒသ်ကို ယခင်လတို့ထက်ပိုမို၍ အထူးတလည် ပြုလုပ်တော်မူခဲ့သလို အွမ္မသ်ကိုလည်း လမ်းညွှန်တော်မူခဲ့ပါသည်။ တမန်တော်မြတ်ခေတ်နဲ့ အလွန်ပဲ နီးကပ်တဲ့ သာဗီအီးန်များရဲ့ ခေတ်နဲ့ သူ့နောက်ခေတ်တွေမှာ တမန်တော့်လမ်းစဉ်အတိုင်း ဖဝါးခြေထပ် လျှောက်လှမ်းခဲ့တဲ့ သူမွန်သူမြတ်တို့ဟာ မိမိတို့ရရှိတဲ့ ရမဇာန်လကို တန်ဖိုးရှိအောင် ဘယ်လိုအမလ်တွေနဲ့ ကုန်လွန်စေခဲ့သလဲဆိုတာကို တင်ပြပါ့မယ်။ မိတ်ဆွေတို့လည်း ကျန်ရှိတဲ့ သက်တမ်းတလျှောက်မှာ သူမွန်သူမြတ်တို့ နည်းတူ ရမဇာန်လမြတ်ရဲ့ အချိန်များကို တန်ဖိုးရှိအောင် ပြုလုပ်ဖို့ နီယသ်ဆန္ဒထားကြပါ။
ဦးစွာ ဟဇရသ်မော်လာနာကာစ်င်မ်နာနော်သဝီသခင်ကြီး ရမဇာန်ကုန်ဆုံးပုံကို တင်ပြမည်ဖြစ်ပါသည်။
ဗိစ်မိလ္လာဟိရ်ရဟ်မားန်နိရ်ရဟီးမ်
ဟဇ်ရသ်မော်လာနာ ကာစင်မ် နာနော်သဝီ (ရဟ)၏ ရမဇာန်လမြတ်နှင့်ပတ်သက်၍ အသေးစိတ်အကြောင်းအရာကို ကျွန်တော်သိရှိခွင့်မရခဲ့ပါ။ မေးမြန်းစုံစမ်းရန်အတွက်လည်း သခင်ကြီးကိုမှီခဲ့သော ပုဂ္ဂိုလ်ဟူ၍လည်းမရှိ၊ သို့သော် ကျော်ကြားနေသောအချက်တစ်ချက်တော့ရှိသည်။ သခင်ကြီးသည် ဟစ်ဂျိရီသက္ကရာဇ် ၁၂၇၇ ခုနှစ် ရမဇာန်လတွင် ဟိဂျာဇ်(မက္ကဟ်-မဒီနဟ်) ခရီးစဉ်၌ ကုရ်အာန်ကျမ်းမြတ်ကို အာဂုံဆောင်ခဲ့ကြောင်း နေ့စဉ်တစ်ပါရာကျက်မှတ်ပြီး ညသရာဝီနမာဇ်တွင် ရွတ်ဆိုပြကြောင်းပင်ဖြစ်သည်။
မော်လာနာ ယအ်ကူးဗ်နာနော်သဝီ (ရဟ) က "စဝါနေ့ကာမော်လာနာကာစင်မ်" တွင် ဟိဂ်ျရီသက္ကရာဇ် ၁၂၇၇ ခုနှစ် ဂျမာဒုစ္စာနီလ၌ မော်လာနာကာစင်မ်သည် ဟဂ်ျအတွက်ခရီးထွက်ခဲ့သည်။ ဇိလ်ကအ်ဒဟ်လ နောက်ဆုံးရက်များအတွင်း မက္ကဟ်သို့ရောက်ရှိခဲ့သည်။ ဟဂ်ျကိစ္စဆောင်ရွက်ပြီး မဒီနာရှရီးဖ်သို့ရောက်ခဲ့၏။ ဆွဖရ်လမြတ်တွင် မဒီနာဟ်မှပြန်လည်ထွက်ခွာခဲ့သည်ဟု ရေးသားထားသည်။ ရဗီအုလ်အောင်ဝလ်လကုန်၌ မွမ်ဘိုင်(ဘုံဘေ) မြို့သို့ပြန်လည်ရောက်ရှိလာပြီး ဂျမာဒုစ္စာနီတွင် ဌာနေသို့ ပြန်လည်ရောက်ရှိသွား၏။ အသွားတွင်ကရာချိမြို့မှ ဘာဒ်ဘာနီသင်္ဘောဖြင့် ခရီးထွက်ခဲ့သည်။
ရမဇာန်လမြတ်၏ ဆန်းဦးစလကို တွေ့လိုက်သည့်နေ့မှစ၍ ကုရ်အာန်အာဂုံဆောင်ကျက်မှတ်မှုကို စတင်ခဲ့သည်။ အီးဒ်ပြီးနောက် မူကလ္လာန်သို့ရောက်ပြီး မိတ်ဆွေသင်္ဂဟများကို အချိုဝေငှကျွေးမွေးခဲ့၏။ မော်လာနာကာစင်မ် ကုရ်အာန်အာဂုံဆောင်ခဲ့ကြောင်းကို ထိုအချိန်ကမည်သူမျှမသိခဲ့ကြ။ တစ်ခေါက်က (၂၇) ပါရဟ်လုံးကို တစ်ရကအသ်တွင်ဖတ်လိုက်သည်ကို သတိရှိ၏။ အကယ်၍ တစ်ဦးတစ်ယောက်က မော်လာနာ နဖိလ်နမားဇ်ဖတ်နေစဉ် အနောက်ကအိက်သေဒါ နောက်လိုက်အဖြစ်လာရပ်ပါက မိမိ၏နမားဇ်အား တိုတိုနှင့်အဆုံးသတ်၍ နောက်မှမရပ်ရန်တောင်းပန်ကာ တားမြစ်လေ့ရှိပြီး ညလုံးပေါက်တစ်ကိုယ်တည်း နမားဇ်တွင် ကုရ်အာန်ရွတ်ဖတ်နေလေ့ရှိ၏။
လူအများက တနှစ်အတွင်း အာဂုံဆောင်ပြီးအောင်ကျက်ခဲ့ကြောင်းပြောကြသည်။ သခင်ကြီးကိုယ်တိုင်က နှစ်နှစ်အတွင်းကျက်မှတ်ခဲ့သည်ဟု ပြောပြခဲ့သည်။ ပထမရမဇာန်တွင် နေ့စဉ်တစ်ပါရဟ်၏လေးပုံတစ်ပုံ ကျက်မှတ်ခဲ့ကြောင်းနှင့် ဒုတိယရမဇာန်တွင် ဟဂ်ျခရီးစဉ်၌ တစ်နေ့တစ်ပါရဟ်ကျက်မှတ်၍ ခသမ်သိမ်းကာ ဟာဖိဇ်ဖြစ်ခဲ့ကြောင်း သိရှိခဲ့ရသည်။
(အလ်မီဇားန်စာစဉ်မှပြန်လည်မျှဝေသည်)
အလ်မုဖီးဒ်
Website: http://aaitee.blogspot.com 
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။
Wednesday, July 9, 2014
ရိုဇဟ်လည်းမပျက်၊မက္ကရူဟ်လည်းမဖြစ်သောအချက်များ
(၁) မိစ်ဝါးက်တံပူစားခြင်း
(၂) ဦးခေါင်း (သို့မဟုတ်) နှုတ်ခမ်းမွှေးများ၌ဆီလိမ်းခြင်း
(၃) မျက်စိတွင်ဆေး (သို့မဟုတ်) စုရမဟ်ထည့်ခြင်း
(၄) အမွှေးအကြိုင်ရှူခြင်း
(၅) ပူလောင်ခြင်း (သို့မဟုတ်)ရေငတ်ခြင်းကြောင့်ရေချိုးခြင်း
(၆) ဆေးထိုးခြင်း၊ ဆေးသွင်းခြင်း
(၇) မေ့လျော့၍စားသောက်မိခြင်း
(၈) လည်ချောင်းအတွင်းသို့ မရည်ရွယ်ဘဲ မီးခိုး (သို့မဟုတ်)ဖုန်မှုန့်များ၊ (သို့မဟုတ်) ယင်ကောင်စသည်တို့ ဝင်ရောက်သွားခြင်း
(၉) နားထဲသို့ ရေထည့်ခြင်း၊ (သို့မဟုတ်) အလိုအလျောက်ဝင်သွားခြင်း
(၁ဝ) အလိုအလျောက်အန်ခြင်း
(၁၁) အိဟ်သိလာမ်ဖြစ်ခြင်း
(၁၂) သွားများမှသွေးထွက်ခြင်း၊ သို့သော်လည်း လည်ချောင်းအတွင်း မဝင်သွားပါကရိုဇဟ်၌ မည်သို့မျှ အဟန့်အတားမဖြစ်ပါ။
(၁၃) အိပ်မက်၌ဖြစ်စေ (သို့မဟုတ်) ကိုယ်လက်နှီးနှောမှုကြောင့်ဖြစ်စေ ရေချိုးရန်တာဝန်ထိုက်သည်ကို စုဗ်ဟေဆွာဒစ်က် (စဟ်ရီကုန်ဆုံးချိန်အထိ) ရေမချိုးဘဲ ထိုအခြေအနေအတိုင်းပင် ရိုဇဟ်၏နိယသ်ပြု လိုက်လျှင် ရိုဇဟ်၌မည်သည့်ထိခိုက်မှုမျှမဖြစ်ပါ။ (ဂျဝါဟိရလ်ဖိကဟ်ကျမ်း၊ အတွဲ-၁၊စာ-၃၇၉)
(၁၄) ဝူဇူပြုရာ၌ဖြစ်စေ၊ ဝူဇူမပြုဘဲဖြစ်စေ ပါးလုပ်ကျင်းခြင်း၊ နှာခေါင်းထဲရေသွင်းခြင်း၊ ရေချိုးခြင်း၊
(၁၅) အအေးဓာတ်ရစေရန် ခန္ဓာကိုယ်ပေါ်၌ စိုသောအဝတ်တင်ထားခြင်း
(၁၆) ရိုဇဟ်ထားသူအဖို့ အားအင်နည်းပါးမှု မရှိလျှင်သွေးဖေါက်ခြင်း။
(ကိသာဗုလ်ဖိကဟ်ကျမ်း၊ အတွဲ-၁ စာ-၉၂၄)