Tuesday, June 21, 2016

တန်ဖိုးရှိသည့် စဲဟ်ရီအချိန်


အာခိရသ်၏ စည်းစိမ်ကို ရရှိမည့်သူများ၏ အရည်အချင်းတစ်ခုမှာ စဲဟ်ရီအချိန်ထ၍ အလ္လာဟ်ရှေ့တွင် ဦးချနေခြင်း၊ ကျိုးငဲ့စွာဖြင့် မိမိ၏အပြစ်များကို ခွင့်လွှတ်မှုပေးသနားပါရန် တောင်းခံခြင်းဖြစ်သည်။ ဤအချိန်သည် ဆုတောင်းပြည့်သည့် အချိန် ဖြစ်သည်။ စဲဟ်ရီအချိန်သည် သဟဂ်ျဂျုဒ်အချိန်ပင် ဖြစ်၏။ ရမဿွာန်လတွင်မူ စဲဟ်ရီချိန်ကို လူတိုင်းလိုလို နိုးထနိုင်ကြပါသည်။ စဲဟ်ရီစားခြင်းသည် စွန္နသ်ဖြစ်သည်။ စဲဟ်ရီစားသုံးခြင်း၏ ထူးမြတ်မှုများကိုလည်း သိရှိထားကြပြီး ဖြစ်သည်။ သို့ရာတွင် စဲဟ်ရီအချိန်တစ်ခုလုံးကို စားသောက်ခြင်းတွင်သာ ကုန်စေလိုက်ပြီး နဖိလ်နှစ်ရကအသ်မျှဖတ်ရန် သောင်ဖီးက်မရလိုက်ခြင်းမှာ အဘယ့်ကြောင့်ပါနည်း။ ကျွန်ုပ်တို့အနေဖြင့် လိုချင်နေရုံနှင့်မရ၊ လုပ်ဆောင်မှုပါ တွဲစပ်မှသာလျှင် သောင်ဖီးက်ကိုလည်း ရမည်ဖြစ်၏။ အချို့က အလ္လာဟ်ကသောင်ဖီးက်မပေးလို့ဟု ခေါင်းပုံချတတ်သည်။ အမှန်တော့ ခြေလက် အကောင်းကြီး စားနိုင်သောက်နိုင်သူသည် သဟဂ်ျဂျွဒ်ဖတ်ရန် သောင်ဖီးက် မရသည်မဟုတ်။ အပျင်းတက်နေခြင်း၊ ရသည့်အချိန်ကာလအား တန်ဖိုးမထားခြင်းနှင့် တန်ဖိုးရှိသည်ဟု မသတ်မှတ် မယူဆခြင်းသာ ဖြစ်၏။
ရမဿွာန်မဟုတ်သည့် လများတွင်လည်း ဤအချိန်သည် မြင့်မြတ်လျှက်ပင်ရှိပြီး ထိုအချိန်တွင် သဟဂ်ျဂျွဒ်ဖတ်ခြင်း၏ ထူးမြတ်မှုသည့် တစ်နှစ်ပတ်လုံးတွင် ရှိသည်။

ဤစဲဟ်ရီအချိန်သည် အလွန်တန်ဖိုးရှိ၏။ ရမဿွာန်လတွင်မူ ယင်းအချိန်ကို အရင်းမတည်ဘဲ အလကားလိုလို ရရှိကြသည်။ ထို့ကြောင့် စဲဟ်ရီအချိန်တွင် အနည်းဆုံး နှစ်ရကအသ်မှစ၍ နဖိလ်များဖတ်ပါ။ နမားဇ်ဖတ်ပြီးနောက် အလ္လာဟ်ရှေ့တွင် ကျိုးငဲ့စွာဖြင့် ဒုအာတောင်းပါ။ ကျွန်ုပ်တို့၏ဘဝကြီးသည် ပြစ်မှုများဖြင့် ပြည့်နှက်လျှက် ရှိပေသည်။ ထို့ကြောင့် မိမိသက်တမ်းတစ်ခုလုံး၏ ပြစ်မှုများ၊ လျော့ပေါ့ခဲ့မှုများ၊ အမိန့်မနာခံခဲ့ခြင်းများကို ခွင့်လွှတ်ပါရန် တောင်းခံပါ။

သဟဂ်ျဂျွဒ်နမားဇ်သည် အလ္လာဟ်အရှင်မြတ် အလွန်နှစ်သက် လက်ခံတော်မူသည့် အိဗာဒသ်တစ်ခု ဖြစ်သလို ကုသိုလ်များစွာရသည့် ကောင်းမှုတစ်လည်း ဖြစ်ပါသည်။ ဟဒီးစ်တစ်ပုဒ်တွင် လူသားနှင့် အလ္လာဟ်အရှင်မြတ် အနီးကပ်ဆုံးအချိန်မှာ ညထက်ဝက် ကုန်လွန်ပြီးချိန် ဖြစ်၏။ ထိုသို့ မင်္ဂလာရှိလှသည့် အချိန်တွင် အလ္လာဟ်အရှင်မြတ်အား တသနေသူများနှင့် အတူဖြစ်စေပါ။ အလ္လာဟ်အချစ်ကို ရှာဖွေ တောင်းခံနေသူများ၊ အလ္လာဟ့်ရှေ့တွင် မျက်ရည်ကျနေသူများထဲနှင့်အတူ ပါဝင်ပါဟု ညွှန်ကြားထား၏။ ဖရ်ဇ်နမားဇ်များပြီးလျှင် သဟဂ်ျဂျွဒ်နမားဇ်သည် အမြတ်ဆုံးဖြစ်၏ ဟုလည်း မိန့်ထားသည်။ သဟဂ်ျဂျွဒ်ကို စွဲမြဲစွာ ဖတ်ပါ။ သဟဂ်ျဂျွဒ်ဖတ်ခြင်းသည် သူတော်စင် သူတော်မြတ်တို့၏ ဓလေ့၊ အလ္လာဟ်အရှင်မြတ်နှင့် နီးစပ်မှုရစေမည့် အကြောင်းခံ၊ မကောင်းမှုကျူးလွန်ခြင်းကြောင့် တန်ပြန်ရိုက်ခတ်သည့် မကောင်းခြင်းအား ပယ်ဖျက်ပေးသည့်အရာ၊ ပြစ်မှုကျူးလွန်ခြင်းအား တားဆီးပေးမည့် ကောင်းမှုတစ်ခုပင်ဖြစ်၏ ဟု ဟဒီးစ်တစ်ပုဒ်တွင် သဟဂ်ျဂျွဒ်၏ အရည်အချင်းများအား ဖော်ကြူးမိန့်ဆိုထားသည်။
သဟဂ်ျဂျွဒ်အချိန်သည် ည၀က်မှစ၍ စုဗ်ဟေစွာဒိက်အထိ(စဲဟ်ရီအချိန် ကုန်သည်အထိ) ရှိ၏။ ယင်းအချိန်အတွင်း ဖတ်သည့်နဖိလ်နမားဇ်ကို သဟဂ်ျဂျွဒ်ဟု ခေါ်ဆိုသည်။ အနည်းဆုံး (နှစ်ရကအသ်စီ) လေးရကအသ် မှစ၍ ဆယ့်နှစ်ရကအသ်အထိဖတ်ခြင်းသည် စွန္နသ်ဖြစ်၏။ ထို့ထက်ပိုဖတ်လိုပါကလည်း ဖတ်နိုင်ပါသည်။ ထိုမျှမဟုတ်ဘဲ နှစ်ရကအသ်လည်း ဖတ်နိုင်သည်။ တမန်တော်မြတ်သည် အများအားဖြင့် ရှစ်ရကအသ် ဖတ်လေ့ရှိသည်။ ည၏ နောက်ဆုံးအချိန် အိပ်ယာမနိုးနိုင်ပါက အိရှာအ်နမားဇ် ပြီးနောက်တွင်လည်း ဖတ်လိုက်နိုင်သည်။ သို့သော် ညဦးယံတွင် ထဖတ်ခြင်းနှင့်တော့ ကုသိုလ်ရပုံခြင်း တူမည်မဟုတ်ပါ။ သဟဂ်ျဂျွဒ်တွင် မည်သည့်စူရဟ် တွဲရမည်ဟူသည့် သတ်မှတ်ချက်လည်း မရှိပါ။ သဟဂ်ျဂျွဒ်အတွက် ပြန်အိပ်ကို အိပ်ရမည်ဟူသည့် စည်းကမ်းချက်မရှိပါ။ တစ်ညတာလုံးနိုးနေပါကလည်း သဟဂ်ျဂျွဒ်ဖတ်နိုင်ပါသည်။

ရမဿွာန်လဟူသည် ကောင်းမှုကို ပို၍လုပ်ဆောင်ရမည့် လတစ်လ ဖြစ်သည်။ စားသောက်မှု အလှပြင်ဆင်မှု ဒွန္နယာအတွက် ပြင်ဆင်မှုများအား ပိုလုပ်နေရမည့် လမဟုတ်ပါ။ အမြဲနေရပြီး အမလ်လုပ်ခွင့် မရှိတော့မည့် အာခိရသ်အတွက် ကောင်းမှုများ ကြိုတင်ပို့နှင့်ထားရမည့် လတစ်ခုဖြစ်သည်။ ရမဿွာန်ဟူသည် မနက်ကို စဲဟ်ရီစား တစ်နေကုန် မစားမသောက် အငတ်နေ၍ နေ၀င်လျှင် အိဖ်သွာရ်ပြု စားသောက်ရုံမျှသာ မဟုတ်ပါ။ ရမဿွာန်တွင် နမားဇ်များ ပိုဖတ်ရမည်။ နမားဇ်ဟုဆိုရာတွင် ဖရ်ဇ်ငါးကြိမ်သာမက နဖိလ်နမားဇ်များသည်လည်း နမားဇ်ဖြစ်သည်။ နဖိလ်ကို အများစုက မဖတ်လည်းရသည်ဟု ယူဆချက်ရှိကြသည်။ အမှန်တော့ နဖိလ်မဖတ်ပါက ဖတ်လျှင်ရမည့်ကုသိုလ်များနှင့် အကျိုးကျေးဇူးများအား ဆုံးရှုံးရပါမည်။ နဖိလ်ရိုဇဟ်၊ နမားဇ်၊ ဟဂ်ျ၊ စွဒကဟ်တို့၏ အကျိုးထူးတစ်ခုမှ ဖရ်ဇ်တာဝန်၏ လျော့ပေါ့နေမှုအား ဖြည့်စွက်ပေးခြင်း ဖြစ်သည်။ ဖရ်ဇ်တာဝန်များကို ဆောက်ရွက်ခဲ့သော်လည်း ပေါ့လျော့ပျင်းရိမှုများ အလေးမထား မေ့မှားမှုများကြောင့် စံချိန်မှီအိဗာဒသ်အဖြစ် စာရင်းမ၀င်ခဲ့သည်များအား နဖိလ်ဖြင့် ပြည့်ဝစေမည် ဖြစ်သည်။ ထို့ပြင် နဖိလ်များဆောက်တည်ခြင်းဖြင့် အလ္လာဟ်အရှင်မြတ်နှင့် နီးစပ်မှုရရှိမည်။ ခေတ်စကားနှင့်ပြောရလျှင် အလ္လာဟ်ထံပါးတွင် နေရာရ မျက်နှာရလိုလျှင်၊ အလ္လာဟ်အရှင်က ဂုဏ်ပေးသည်ကို ရရှိလိုလျှင် နဖိလ်များစွာ ဆောက်တည်ပါ။

နဖိလ်အိဗာဒသ်များ ဆောက်တည်ခြင်း၏ ရလဒ်ကောင်းတစ်ခုမှာ မကောင်းမှုများမှ ရှောင်နိုင်စွမ်း ရရှိလာခြင်းပင် ဖြစ်သည်။ နဖိလ်အိဗာဒသ် များများလုပ်လျှင် အလ္လာဟ်နှင့် မြန်မြန်နီးစပ်လာမည်။ အလ္လာဟ်နှင့် နီးလျှင် ရှိုက်သွာန်နှင့် ဝေးလာမည်။ ရှိုက်သွာန်နှင့် ဝေးလာခြင်း၊ စိတ်ရိုင်း၏ အလိုဆန္ဒများအား ထိန်းချုပ်လာနိုင်ခြင်းကပင် မကောင်းမှုများ မကျူးလွန်တော့ရန် အခွင့်ရေးဖြစ်၏။ ဖရ်ဇ်များသာမက နဖိလ်များသည်လည်း ကောင်းမှုစာရင်းဝင်ပါသည်။ နဖိလ်များ၏ အကြောင်းခံဖြင့် အာခိရသ်တွင် မြင့်မားသည့် အဆင့်အတန်းကို ရရှိပိုင်ဆိုင်နိုင်မည်။ ထို့ကြောင့် ရာထူးကြီးကြီး မက်သူများနှင့် မိုးမျှော်တိုက်များပေါ်တက်ရသည်ကို နှစ်သက်သူများ နဖိလ်များစွာ ဖတ်ပါ။ အာခိရသ်တွင် အဆင့် အမြင့်ကြီး ရပါမည်။ မဖတ်သူက မရပါ။ မရခြင်းသည်လည်း ဆုံးရှုံးခြင်း တစ်ရပ်ဖြစ်၏။ နဖိလ်များ စွန္နသ်များကို လွှတ်လျှင် ပြစ်ဒဏ်ခတ်မည်မဟုတ်သော်လည်း ၎င်းတို့ကြောင့် ရရှိမည့် အကျိုးကျေးဇူးကိုမူ မုချ လက်လွှတ် အဆုံးရှုံးခံရပေမည်။

စဲဟ်ရီ အိဖ်သွာရ်သည်လည်း ကုသိုလ်ရရန်အကြောင်းခံဖြစ်သလို သဟဂ်ျဂျွဒ်နမားဇ်သည်လည်း ကုသိုလ်များစွာရရန်နှင့် ကောင်းခြင်းများစွာဖြစ်ပေါ်လာရန် အကြောင်းခံဖြစ်သည်။ တမန်တော်မြတ်ကြီးကိုယ်တိုင် နဖိလ်များစွာကို ဖတ်ပြခဲ့သည်။ သဟဂ်ျဂျွဒ်နမားဇ်ကိုလည်း စွဲမြဲစွာ ဖတ်ပြခဲ့သည်။ နဖိလ်ရိုဇဟ်များ ထားပြခဲ့သည်။ ထို့အတူ အလ္လာဟ်အချစ်ကို ရရှိသွားသူများလည်း နဖိလ်နမားဇ်များစွာကို ဖတ်ကြသည်။ ကျွန်ုပ်တို့လည်း ယင်းအခွင့်ထူးကို ရယူခွင့်ရှိပါသည်။ နဖိလ်အိဗာဒသ်များစွာပြုခြင်းဖြင့် စိတ်တွင်းဝယ် မကောင်းမှုများမှ ရှောင်လိုစိတ်နှင့် ရှောင်ကြဉ်နိုင်စွမ်းတို့ ရလာပါမည်။ ကုသိုလ်များပိုပေးသည့် အချိန်၊ နေရာတို့တွင် မကောင်းမှုလုပ်ပါကလည်း ပြစ်ဒဏ်သည် သာမာန်ထက် ပို၍ပြင်းထန်ပါ၏။ အချိန်ဖြုန်းခြင်းသည်လည်း မကောင်းမှုဖြစ်သည်။ အခြားသူ အတွက်သော်လည်းကောင်း၊ မိမိအတွက်သော်လည်းကောင်း အကျိုးမရှိသည့် လုပ်ရပ်များတွင် နစ်မွန်းနေခြင်းသည်လည်း မကောင်းမှုတစ်ခု ဖြစ်၏။ ယင်းလုပ်ရပ်များ လုပ်နေမည့်အစား ၀ုဇူပြု၍ နဖိလ်နှစ်ရကအသ် ဆောက်တည်လိုက်ပါ။ ယခုကဲ့သို့ ရမဿွာန်လတွင် မကောင်းမှုများ ပြစ်မှုများအား အထူးဂရုစိုက်၍ ရှောင်ကြဉ်ရမည်။ မကောင်းမှုနေရာတွင် ကောင်းမှုနဖိလ်နှင့် အစားထိုးလိုက်ရမည်။ ကောင်းမှုများများပြုခြင်းကပင် မကောင်းမှုများအား ဝေးစေမည့် အကြောင်းခံဖြစ်သည်။ နမားဇ်များဖတ်ခြင်းဖြင့် နှလုံးသားအတွင်း နူရ်ရလာမည်။ နူရ်သည် မကောင်းမှုလုပ်ချင်စိတ်များအား ဖယ်ရှားပေးသည်။ ထို့ပြင် မကောင်းမှုများ လျော့နည်းလာပါက မိမိ၏ ဘ၀သည်လည်း ဗရကသ်ရှိလာပေမည်။ လူဟူသည် အချိန်တိုင်း တစ်ခုမဟုတ် တစ်ခု လုပ်ကိုင်နေရမှ နေသာ ထိုင်သာ ရှိလှသည်။ မွစ်လင်မ်တို့ ပြုလုပ်လိုက်သည့်အရာသည် အစ္စလာမ့်ရှရီအသ်မှ တားမြစ်ထားသည်များ မကောင်းမှုဟု ပြောထားသည်များ မဖြစ်ရပါ။ ထို့ကြောင့် မကောင်းမှု ပြစ်ဒဏ်သင့်စရာများ လုပ်နေမည့်အစား ကောင်းမှုဖြစ်သည့် နဖိလ်အိဗာဒသ်များ ပြုကျင့်ပါ။ ဖရ်ဇ်ရိုဇဟ်ကာလဖြစ်သည့် ရမဿွာန်တွင် နဖိလ်နမားဇ်များစွာကို ဆောက်တည်ပါ။ ဇိကိရ်၊ သိလာဝသ်များစွာဖြင့် စိတ်၏ အမှောင်ထုအား ကောင်းမှုအလင်းဖြင့် ဖြိုခွင်းကြပါရန် တိုက်တွန်းအပ်ပါသည်။

Cradite. အလ်မုဖီးဒ်  (http://aaitee.blogspot.com) မှရေးသားပါသည်။