Saturday, February 20, 2016

ဝင်ခွင့်တောင်းခြင်းဆိုင်ရာ အစ္စလာမ့်နည်းစနစ်များ

ဤလင့်မှ ပြန်ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/912919708828619:0

အစ္စလာမ်သည် လူသားတို့အတွက် လူ့ဘဝရှင်သန်နေစဉ် တွေ့ကြုံရမည့် အကြောင်းကြီးငယ်အားလုံး၏ နည်းစနစ်များကို ပြသပေးထားပြီးဖြစ်ပေသည်။ အစ္စလာမ်တွင်ရှိသည့် ထိုနည်းစနစ်များကို မွတ်စ်လင်မ်တို့က အပြည့်အ၀လိုက်နာကာ အစ္စလာမ်ကို ပြသရမည်။ အစ္စလာမ့်ပုံစံကို လူအများနှင့် မိတ်ဆက်ပေးရမည် ဖြစ်သည်။ ထိုသို့ကျင့်သုံးနိုင်ရန်၊ အစ္စလာမ်မသိသူများကို မိတ်ဆက်ပေးနိုင်ရန် ကိုယ်တိုင် ယင်းနည်းစနစ်များကို သိရှိထားရန် အရေးကြီးလှပေသည်။ အစ္စလာမ်တွင် လူ လူချင်း တွေ့ဆုံဆက်ဆံမှုနှင့် လူမှုရေးပိုင်းဆိုင်ရာကို ကိုးကွယ်ရေးပိုင်းဆိုင်ရာထက် သာပို၍ အလေးပေးထားသည်။

ထင်ရှားသည့်ပမာတစ်ခုပြဆိုရသော် ကမ္ဘာ့နောက်ဆုံး ကောင်းကင်ကျကျမ်းဖြစ်သည့် ကုရ်အာန်တွင် မွတ်စ်လင်မ်တို့ တစ်နေ့ငါးကြိမ်ဆောက်တည်ရသည့် ဆွလာသ်အကြောင်းမိန့်ရာတွင် ဆွလာသ်ဆောက်တည်ကြ ဟုသာမိန့်ထားသည်။ ဆွလာသ်ဟူသည် ဘယ်နှစ်ကြိမ်ဖြစ်ရမည်။ ဘာတွေဖတ်ရမည်။ ဆွလာသ်ဆောက်တည်လျှင် အဘယ်ကဲ့သို့ ဝတ်ဆင်မှ ပြည့်စုံသည် စသည်ဖြင့် အသေးစိတ် မိန့်မထားပေ။ ထိုအသေးစိတ်ကို နှစ်ဌာန၏ဂရုဏာရှင်ဖြစ်ပြီး ထိုကောင်းကင်ကျကျမ်း၏ အကြီးဆုံးသောအဖွင့်ပညာရှင်ဖြစ်သော မဟာတမန်တော်မြတ် မုဟမ္မဒ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က ကိုယ်တိုင်ဆောင်ရွက်ပြ၍လည်းကောင်း၊ မိန့်ခွန်းများဖြင့်လည်းကောင်း ညွှန်ကြားခဲ့သည်။ ထိုနည်းတူ ဇကားသ်၊ ဆောဝ်မ် (ရိုဇဟ်)၊ ဟဂ်ျ၊ ကုရ်ဗာနီ စသည်တို့၏နည်းစနစ်ကို အသေးစိတ် အကျယ်တဝင့် မမိန့်ထားပေ။ အလိုသဘောညွှန်းသည့် အမိန့်များပါမည်။ ထိုမျှသာဖြစ်သည်။ အထက်ပါ ဆွလာသ်၊ ဟဂ်ျ၊ ဇကားသ် စသည်တို့သည် ကိုးကွယ်မှုပိုင်းဆိုင်ရာဖြစ်သည်။ လူမှုရေးပိုင်းဆိုင်ရာ မဟုတ်ပေ။

ယခု လူမှုရေးပိုင်းဆိုင်ရာ ကဏ္ဍများအနက် တစ်ခုဖြစ်သော အမွေကဏ္ဍအကြောင်းကို ကောင်းကင်ကျကျမ်းကုရ်အာန်တွင် မိန့်ဆိုထားမှုကို ကြည့်ပါ။ ဆွေမျိုးတော်စပ်မှုပုံစံနှင့် ၎င်းတို့၏ရပိုင်ခွင့်များကိုပါ အသေးစိတ် အပြည့်အစုံ ကျစ်လစ်စွာ မိန့်ထားသည်။ ထိုနည်းတူ စူရဟ်နူးရ်ဟူသည့်ကဏ္ဍတွင် တစ်အိမ်နှင့်တစ်အိမ် အလည်သွားရာတွင် မည်သို့ပုံစံအခွင့်တောင်းပါ။ မည်သည့်အချိန်ဆိုလျှင် မည်သို့သွားပါ။ မိခင်ပင်ဖြစ်ပါစေ အခွင့်တောင်းပါဟု ဆရာတစ်ဦးက တပည့်ကို ခရီးစဉ်တွင် မတိမ်းစောင်းမချွတ်ချော်စေရန် ဂရုတစိုက်မှာကြားနေသကဲ့သို့ သေချာစွာ မိန့်မှာထားပေသည်။ ထိုနည်းတူ မိဘမဲ့ကလေးများကို မည်သို့ဆက်ဆံပါဟူ၍ နေရာပေါင်းများစွာတွင် မှာကြားထားသည်။ ထိုအကြောင်းကိစ္စတို့သည် လူမှုရေးဖြစ်ပေသည်။ ထိုကြောင့် မွတ်စ်လင်မ်တို့အနေဖြင့် မိမိတို့ နှစ်သက်မြတ်နိုးစွာ ခံယူကျင့်သုံးနေ့သည့် အစ္စလာမ်တွင် လူမှုရေးဆိုင်ရာ နည်းစနစ်များကို မည်သို့မည်ပုံ ပြသမိန့်ထားသည်ကို ကောင်းစွာသိရှိထားရမည်။ ထိုသို့သိရှိထားပြီးနောက် လက်တွေ့ပုံဖော်ကျင့်သုံးကာ အစ္စလာမ်ကိုဖော်ဆောင်ရမည်ဖြစ်ပေသည်။ မွတ်စ်လင်မ်သည် မွတ်စ်လင်မ်နှင့် ဆက်ဆံသည်ဖြစ်စေ၊ မွတ်စ်လင်မ်မဟုတ်သူနှင့် ဆက်ဆံသည်ဖြစ်စေ လူမှုရေးကဏ္ဍကို အစ္စလာမ်၏နည်းစနစ်အတိုင်း ပြည့်ဝစွာ လိုက်နာကျင့်သုံးရပေမည်။

ယခု လူမှုရေးကိစ္စတစ်ခုဖြစ်သည့် အိမ်တစ်အိမ်မှ တစ်အိမ်သို့သွားလာကြသည့်အခါ ၀င်ခွင့်တောင်းရမည့် အစ္စလာမ့်နည်းစနစ်ကို မွတ်စ်လင်မ်တို့ လိုက်နာကျင့်သုံးနိုင်ရန်အတွက် တင်ဆက်လိုက်ပါသည်။ ကျွန်ုပ်တို့နေစဉ်နှင့်အမျှ အိမ်၊ ဆိုင်၊ ရုံး၊ ကျောင်းစသည်များနှင့် ကူးလူးဆက်ဆံနေရသည်ဖြစ်ပေသည်။ ဝင်ခွင့်ဟူသည် လူ လူချင်းတွေ့ဆုံရာတွင် မတွေ့ဆုံမီ တောင်းခံရမည့်အရာဖြစ်သည်။ လူတိုင်းသည် အဆောင်အဦးတစ်ခုနှင့် နေထိုင်စမြဲပင်ဖြစ်သည်။ အမြဲတမ်း လမ်းပေါ်နေသူ မရှိပါ။ တခါတရံ သွားရင်းလာရင်း တွေ့ကြသည်။ အများအားဖြင့် သက်ဆိုင်ရာ အခန်း၊ အိမ်၊ ရုံးတို့တွင် ရှိကြပေသည်။ ထိုနေရာများတွင် တွေ့ဆုံခြင်းဖြစ်ပါက ဝင်ခွင့်တောင်းရမည်ဖြစ်ပြီး မိမိကိုယ်တိုင်သည် ဝင်ခွင့်တောင်းခြင်းဆိုင်ရာ စည်းကမ်းများကို သိထားရပါမည်။

တစ်ဖန် ကျွန်ုပ်တို့ လူကြီးများက အစ္စလာမ့်စည်းကမ်းတကျ ဝင်ခွင့်တောင်းသည့်နည်းစနစ်များကို ဦးဆောင်ကျင့်သုံးပြမှသာလျှင် ကျွန်ုပ်တို့၏ မျိုးဆက်သစ်တို့တွင် မွတ်စ်လင်မ်ပီသစေမည့် အစ္စလာမ်၏စည်းကမ်းကောင်းများသည် ၎င်းတို့၏ရင်ထဲဝယ် စွဲမှတ်ပြီးသား ဖြစ်ပါလိမ့်မည်။ တစ်ဖန် အစ္စလာမ်၏ထူးခြားချက်တစ်ခုမှာ လောကီလူမှုရေးကိစ္စကိုပင် အစ္စလာမ့်နည်းစနစ်နှင့်အညီ မွတ်စ်လင်မ်က လိုက်နာလုပ်ဆောင်ပါက ၎င်းသူအတွက် နောင်တမလွန်အာခိရသ်တွင် မရှိမဖြစ် အသုံးဝင်သည့် ကုသိုလ်ဟူသည့်အရာကိုလည်း ပိုင်ဆိုင်ဦးမည် ဖြစ်ပေသည်။ ထို့ကြောင့် မွတ်စ်လင်မ်တို့အနေဖြင့် အစ္စလာမ်၏ လူမှုရေးနည်းစနစ်များကိုလည်း သေချာကျနာစွာ သိမှတ်ထားပြီး လက်တွေ့လိုက်နာနိုင်ရန် လူမှုရေးကဏ္ဍတစ်ခုဖြစ်သည့် ဝင်ခွင့်တောင်းခြင်းဆိုင်ရာ အစ္စလာမ်နည်းစနစ်များကို အလ်မုဖီးဒ်မှ ဖော်ပြလိုက်ပါသည်။

(၁) ဦးစွာ စလာမ်ဆို၍ ပြီးမှ ခွင့်တောင်းရန်
အိမာမ်အဗူဒါဝူးဒ် ရဟ်မသုလ်လာဟိအလိုင်းဟ်က ဝင်ခွင့်တောင်းခြင်းဆိုင်ရာ ဟဒီးစ်တစ်ခုကို ဆင့်ပြန်ထားသည်။ တစ်ခါက ဗနူအာမိရ်မျိုးနွယ်မှ လူတစ်ဦးသည် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်နှင့် တွေ့ဆုံရန်လာပြီး ကျွန်တော် ဝင်လာနိုင်ပါသလားဟု လျှောက်ထားလိုက်သည်။ ထိုအခါ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က မိမိအားအလုပ်အကျွေးပြုနေသူကို အသင် ထိုပုဂ္ဂိုလ်ထံသွား၍ ... အစ္စလာမုအလိုင်းကွမ်း၊ ကျွန်တော်ဝင်လာနိုင်ပါသလား ဟူ၍ ၀င်ခွင့်တောင်းရမည်ဖြစ်ကြောင်း ထိုနည်းစနစ်ကို သင်ပေးလိုက်ပါဟု ညွှန်ကြားတော်မူလိုက်သည်။ ထိုပုဂ္ဂိုလ်က ယင်းညွှန်ကြားချက်ကို ကြားသည်နှင့် ချက်ချင်းပင် အစ္စလာမုအလိုင်းကွမ်း၊ ကျွန်တော် ဝင်လာနိုင်ပါသလားဟု ဝင်ခွင့်လျှောက်ထားလေသည်။ ထိုအခါ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် ခွင့်ပြုတော်မူလိုက်ပေသည်။

(၂) ဝင်ခွင့်တောင်းချိန် မိမိ၏နာမည် သို့မဟုတ် ထင်ရှားသည့်အခေါ်အဝေါ်ကို ပြောဆိုခြင်း
ဗုခါရီနှင့် မွတ်စ်လင်မ်ကျမ်းတို့၌ပါဝင်သည့် မိအ်ရားဂ်ျခရီးစဉ်နှင့်ပတ်သက်သည့် ကျော်ကြားသည့်ဟဒီးစ်တွင် အမည်ပြော၍ ဝင်ခွင့်တောင်းချိန်ဆိုင်ရာ ပုံစံတစ်ခုကို ဤသို့မိန့်ထားပေသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က မိအ်ရာဂ်ျအကြောင်းကို မိန့်တော်မူရင်း ပြောသည်မှာ ... ဂျိဗ်ရအီးလ် အလိုင်းဟိစ္စလာမ်သည် ကျွန်ုပ်အား လောက၏မိုးကောင်သို့ ခေါ်ဆောင်သွားသည်။ ထိုနေရာသို့ရောက်သည့်အခါ ဝင်ခွင့်တောင်းသည်။ ထိုအခါ မည်သူပါနည်းဟု မေးလေသည်။ ဂျိဗ်ရအီးလ်ပါဟု အဖြေပေးလိုက်သည်။ တဖန် အသင်နှင့်အတူ မည်သူပါနည်းဟု ထပ်မေး၏။ မုဟမ္မဒ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ဟု အဖြေပေးလိုက်သည်။ တဖန် ဒုတိယမိုးကောင်းကင်သို့ ခေါ်ဆောင်သွားသည်။ ပြီးနောက် တတိယမိုးကောင်းကင်၊ စတုတ္ထမိုးကောင်းကင် အထပ်တိုင်း၏ ကောင်းကင်တံခါးသို့ရောက်တိုင်း မည်သူနည်းဟု မေး၏။ ၎င်းကလည်း ဂျိဗ်ရအီးလ်ပါဟု ဖြေပေသည်။

ဗုခါရီနှင့် မွတ်စ်လင်မ်ကျမ်းတွင်ပင် အဗူမူစာအရှ်အရီ ရသွီယလ္လာဟုအန်ဟုထံမှ ဝင်ခွင့်တောင်းသည့်အခါ အမည်ပြောသည်ကို ညွှန်းဆိုသည့် ဟဒီးစ်တစ်ခုကို ဆင့်ပြန်ထားပေသည်။ တစ်ခါက တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် ဥယျာဉ်တစ်ခု၏ ရေတွင်းသို့ ကြွမြန်းသွားလေသည်။ ထို့နောက် အဗူဗက္ကရ် ရသွီယလ္လာဟုအန်ဟု ရောက်လာသည်။ ၀င်ခွင့်တောင်းသည့်အခါ အဗူမူစာသခင်က ဘယ်သူလဲဟု မေးလိုက်သည်။ ၎င်းက အဗူဗက္ကရ်ပါဟု ဖြေသည်။ တဖန် ဟဇရသ်အုမရ် ရသွီယလ္လာဟုအန်ဟု ရောက်လာပြီး ဝင်ခွင့်တောင်းသည်။ အဗူမူစာသခင်က ဘယ်သူလဲဟု မေးလိုက်သည်။ အုမရ်ပါဟု အဖြေပေးသည်။ ထို့နောက် အွတ်စ်မာန် ရသွီယလ္လာဟုအန်ဟု ရောက်လာပြီး အထက်ပါအတိုင်းပင် ဝင်ခွင့်တောင်းကာ အမည်ကိုဖြေပေသည်။

ဗုခါရီနှင့် မွတ်စ်လင်မ်ကျမ်းတွင်ပင် ဝင်ခွင့်တောင်းသည့်အခါ အမည်ပြောရန်ကို ညွှန်းဆိုသည့် ဟဒီးစ်တစ်ပုဒ်ကို ဟဇရသ်ဂျာဗိရ် ရသွီယလ္လာဟုအန်ဟုထံမှ ဆင့်ပြန်ထားသည်။ ထိုဆွဟာဗဟ်က ပြောပြသည်မှာ ကျွန်ုပ်သည် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ထံ ခစားရန်အတွက် ကိုယ်တော်၏နေအိမ်ကို တံခါးခေါက်လိုက်သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က ဘယ်သူလဲဟု မေးတော်မူသည်။ ကျွန်တော်ပါ ဟုအဖြေပေးလိုက်သည်။ ထိုအခါ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က ကျွန်တော်၊ ကျွန်တော် ပြီးတော့ ဘာဖြစ်သလဲ ဟုမိန့်လိုက်သည်။ ထိုမိန့်သည့်ပုံစံမှ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် မရှင်းမလင်းဖြေကြားမှု မနှစ်သက်ကြောင်း သိရပေသည်။

မှတ်ချက်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် မေးမြန်းမှုကို ဖြေသည့်အခါ မည်သူမည်ဝါ ဖြစ်ကြောင်း ရှင်းရှင်းလင်းပြောရမည်။ ထို့အတူ မည်သူနှင့်တွေ့ဆုံရန် လာသူဖြစ်ကြောင်း ပြောဆိုရပေမည်။

(ဤသို့အမည်ပြောခြင်းကို ဖုန်းပြောရာတွင်လည်း ကျင့်သုံးရပါမည်။ ဖုန်းကို မည်သူမဆို ဆက်သွယ်နိုင်သလို ဖုန်းအတွင်းမှ အသံကို မမှတ်မိသည်လည်း ဖြစ်တတ်ပေသည်။ မွတ်စ်လင်မ်ဖြစ်သူက မည်သူ့ကိုမဆိုဖုန်းခေါ်ပြောဆိုပါက ရင်းနှီးနေသူ နံပါတ်တွင် အမည်ထည့်ထားသူ ဖြစ်နေပါက အကြောင်းမရှိ။ ဤသို့မဟုတ်ပါက အမည်ပြောရမည်။ တဖက် ဘယ်သူလဲ ဘယ်ကလဲမေးသည်ကို ငါ့မသိရကောင်းလားဟု စိတ်ဆိုးဒေါသူပုန်မထရပေ။ ထိုသို့ဖြစ်ခြင်းသည် အစ္စလာမ့်အဆုံးအမ၊ အစ္စလာမ့်ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည်ကို သိထားရပေမည်။ ဘယ်သူလဲဟုမေးလျှင် သူငယ်ချင်းပါ ဟုမဖြေနှင့်။ သူငယ်ချင်းများစွာရှိနိုင်သည်။ အသံတူသူ၊ အမည်တူသူ များစွာရှိနိုင်ပေသည်။ ထို့ကြောင့် ပြည့်စုံစွာ တစ်ဖက်သား စိတ်ရှင်းအောင် ပြောရပါမည်။ လောကီ၏အလုပ်အကိုင်များ လျှောက်ထားရ၌ လျှောက်လွှာပေါင်းများစွာတွင် အကြိမ်ကြိမ် အမည်ဘယ်သူ ဘယ်သူ့သား၊ အဘယ်အရပ်တွင် နေထိုင်သူ စသည်ဖြင့် ဖြည့်စွက်ကြသည်။ တချို့လျှောက်လွှာများတွင် မေးမြန်းမှုမှာ လူလူချင်းမေးသည်ဆိုပါက ထရိုက်ချင်လောက်အောင်ပင် စေ့စေ့ငှငှ မေးထားသည်။ သို့သော် ထိုသို့မေးရကောင်းလားဟု စိတ်ဆိုး၍ လျှောက်လွှာကို ဘယ်သူမှ မဖြဲပစ်၊ အင်တာဗျူးသူကို မင်း အဲ့သလောက်မေးရသလားဟု ဒေါသဖြင့် လက်သီးဖြင့်မထိုးကျိတ်ကြ။ စိတ်အေးချမ်းသာစွာဖြင့် လက်ရေးကိုပင် အကျအနပြုပြင်၍ လျှောက်လွှာရေးပေးသည်။ မျက်နှာပြုံးချိုစွာဖြင့် အင်တာဗျူးဖြေပေးသည်။ လက်မခံမည်စိုး၍ ပို၍ပင် ပြုံးပြလိုက်သေးသည်။ ယခု အစ္စလာမ်က လောက၏အဓိကအရာဖြစ်သည့် လူက လူနှင့်တွေ့ဆုံရာတွင် ကို ချိုသာပြေပြစ်၍ ပြည့်စုံစွာ ဖြေဆိုရမည့်အကြောင်း လက်တွေ့သင်ကြားပေးနေသည်။ ဤသည်ကို မွတ်စ်လင်မ်တို့က စိတ်တွင်းစွဲမှတ်၍ လိုက်နာရပါမည်။ မည်မျှပင် ရင်းနှီးသူဖြစ်စေ ၎င်းက ဘယ်သူလဲမေးသည်ကို ဘာမျှ စိတ်ဆိုး စိတ်ကွက်ရန် မလိုအပ်ပေ။)

(၃) သုံးကြိမ် ခွင့်တောင်းရန်
ဗုခါရီနှင့် မွတ်စ်လင်မ်ကျမ်းတွင် ဝင်ခွင့်တောင်းသည့် အကြိမ်အရေကို ညွှန်းဆိုသည့် ဟဒီးစ်ကို အဗူမူစာအရှ်အရီ ရသွီယလ္လာဟုအန်ဟုထံမှ ဆင့်ပြန်ထားသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က ... အခွင့်ကို သုံးကြိမ်တောင်းရမည်။ ထိုသို့တောင်းစဉ် အခွင့်ရပါက ကောင်းပေသည်။ အကယ်၍ သုံးကြိမ်တောင်းပြီး အခွင့်မရပါက ပြန်လာလိုက်ရမည်။...ဟု ညွှန်ကြားထားသည်။

ထိုသို့ သုံးကြိမ်ခွင့်တောင်းရာတွင် အကောင်းဆုံးပုံစံမှာ တစ်ကြိမ်ခွင့်တောင်းပြီးနောက် နမားဇ်လေးရကအသ်ဖတ်စာမျှ အချိန်စောင့်ဆိုင်းရမည်။ ပြီးမှ နောက်တစ်ကြိမ် ခွင့်တောင်းရပေမည်။ အဘယ့်ကြောင့်ဆိုသော် မိမိခွင့်တောင်းနေသူ (တစ်နည်း မိမိကိုခွင့်ပြုမည့်သူ) သည် နမားဇ်ဖတ်နေသူ၊ သို့မဟုတ် အိမ်သာတတ်နေသည့်အချိန် သို့မဟုတ် ကိုယ်ရေးကိုယ်တာကိစ္စ တစ်ခုခုပြုလုပ်နေသည့် အခြေအနေများတွင် ရှိတတ်ပေသည်။ ထို့ကြောင့် နမားဇ် လေးရကအသ်ဖတ်သည့်အချိန်ခန့်မျှ စောင့်ဆိုင်းရပေမည်။

(၄) တံခါးကို ပြင်းထန်စွာမခေါက်ရန်
မိမိခွင့်တောင်းနေသည့်အိမ်ရှင်သည် မိမိ၏မိဘ၊ ဆရာသမား၊ အာလင်မ်၊ သူတော်စဉ်၊ သက်ကြီးဝါကြီးတို့ဖြစ်ပါက အထူးဂရုစိုက်၍ သိမ်မွေ့စွာ တံခါးခေါက်ရပေမည်။ အိမာမ်ဗုခါရီ ရဟ်မသုလ်လာဟိအလိုင်းဟ်က မိမိရေးသားသည့်စာအုပ်တစ်အုပ်တွင် ဟဇရသ်အနတ်စ် ရသွီယလ္လာဟုအန်ဟုထံမှ ဟဒီးစ်တစ်ခုကို ဆင့်ပြန်ထားသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ တံခါးကို လက်ညှိုးဖြင့်သာ ခေါက်ပေသည်။ ထိုနည်းတူပင် ရှေးယခင် သူတော်မွန်တို့သည် မိမိတို့အကြီးအကဲများ၏ တံခါးကို လက်သည်းကိုအသုံးပြုပြီး ခေါက်လေ့ရှိသည်။ ယင်းပုဂ္ဂိုလ်ကြီးများသည် နောက်တစ်ဦးအား မည်မျှရိုသေလေးစားသည်ကို အထက်ပါလုပ်ရပ်တို့မှ သိရှိနိုင်ပေသည်။ (ကျွန်ုပ်တို့လည်း နောက်တစ်ဦးကို လေးစားရိုသေမှုကို ကျင့်ယူရပါမည်။)

အထက်ပါကဲ့သို့ ညင်သာသိမ်မွေ့စွာ တံခါးခေါက် အသံပေးသင့်သည့်အချိန်မှာ အိမ်ရှင်သည် အနီးအနားတွင်သာရှိမည်ဟု ယူဆရသည့်အချိန် ဖြစ်ပေသည်။ ဤသို့မဟုတ်ဘဲ တံခါးနှင့် ဝေးသည့်နေရာ တံခါးခေါက်သံ မကြားနိုင်သည့်နေရာတွင် ရှိနေမည်ဟု ယူဆရပါက ၎င်းသူကြားနိုင်မည့်အသံဖြင့် တံခါးခေါက်ရပါမည်။
ယနေ့အခါတွင် မြို့ပေါ်ရှိနေအိမ်အများစုတွင် လူခေါ်ခေါင်းလောင်းများ၊ ဘဲလ်များ တပ်ဆင်ထားပေသည်။ ထို့ကြောင့် ယင်းခေါင်းလောင်း၊ ဘဲလ်များကို အသုံးပြု၍ ခေါ်မည်ဆိုပါကလည်း အထဲကလူ ထိတ်လန့်မှုမဖြစ်စေမည့်ပုံစံဖြင့် နှိပ်ရမည်။ အကြိမ်ရေများစွာ ဆက်တိုက်မနှိပ်ရပေ။ ဘဲလ်နှိပ်တစ်ကြိမ်နှိပ်ပြီးသည်နှင့် ပထမစည်းကမ်းချက် သုံးခုကို လိုက်နာရပါမည်။ လေးရကအသ်နမားဇ်မျှ စောင့်ဆိုင်းရမည်။ မေးမြန်းလျှင် မည်သူမည်ဝါဖြစ်ကြောင်း ရှင်းလင်းစွာ ပြောဆိုရပါမည်။ (ဤဝင်ခွင့်တောင်းခြင်းဟူသည် အိမ်တွင်းရှိ အခန်းများနှင့်လည်း သက်ဆိုင်ပါသည်။)
[သုဟ်ဖှာအေဒုလ်ဟန်၊ စာ ၁၂၄မှ ၁၂၆ အထိ)

အလ်မုဖီးဒ်
ဟိဂျရီ ၁၄၃၇/ ဂျမာဒိလ်အူလာ/ ၁၁/ ယောင်မွလ်အဟဒ်
20.2.2016

ဒုအာဖြင့် ကုသပါ

မိမိတို့၏မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/911582505629006:0

ဒွန်ယာတွင် အသက်ရှင်နေချိန် လူနှင့်ရောဂါကို ခွဲမရပေ။ တချိန်မဟုတ်တချိန် ဝေဒနာတခုခုကို ခံစားနေရမြဲပင် ဖြစ်သည်။ ရောဂါ၊ ဝေဒနာတို့ ဖြစ်လာချိန်တွင် မည်သူပင်မဆို သက်သာမည့်နည်း၊ ပျောက်ကင်းရာ ပျောက်ကင်းကြောင်းကို ရှာဖွေ၍ အကူအညီယူကာ နေထိုင်ကောင်းအောင် ပြုလုပ်ကြသည်။ မုစ်လင်မ်တို့အတွက် အထူးအခွင့်အရေးမှာ ရောဂါဝေဒနာများကို လောကီအကြောင်းခံဖြင့် မကုသမီ မြင့်မြတ်မှန်ကန်တော်မူသော အလ္လာဟ်အရှင်မြတ်သခင်ထံမှ ဦးစွာ အကူအညီရယူခြင်းပင် ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် ကုရ်အာန်၌ ရောဂါဝေဒနာတို့ ပျောက်ကင်းစေမည့်အကြောင်းခံများရှိကြောင်း မိန့်ထားပေသည်။ ထို့ကြောင့် မုစ်လင်မ်တို့အနေဖြင့် ရောဂါတစုံတရာဖြစ်ပါက အလ္လာဟ်အရှင်မြတ်ထံမှ ဦးစွာ အကူအညီ ရယူပါ။ ပြီးမှ ကုသမှုခံယူပါ။ (ဖိနပ်မှ သဲကြိုးပျက်လျှင်ပင် အလ္လာဟ်ထံတောင်းဟု ဆိုထားရာ ဖိနပ်ထက် အစပေါင်းများစွာ အရေးကြီးသည့် ခန္ဓာကိုယ်အတွက် သာပို၍ပင် တောင်းခံရပါမည်။)

အလ္လာဟ်ထံ အကူအညီတောင်းခြင်း၏ ကောင်းခြင်းများအနက် တစ်ခုမှာ ရောဂါအစစ်အမှန်ကို ထိရောက်စွာ ကုသနိုင်ခြင်းပင် ဖြစ်သည်။ ပမာအားဖြင့် ခေါင်းကိုက်သည်။ ခေါင်းကိုက်ခြင်းကြောင့် အကိုက်အခဲပျောက်ဆေး တိုက်ရိုက်မသောက်ဘဲ ဦးစွာ အလ္လာဟ်ထံ ဒုအာဖြင့် အကူအညီရယူလိုက်မည်။ သို့ဆိုလျှင် ယင်းဒုအာ၏ အကျိုးဆက်အားဖြင့် အကိုက်အခဲပျောက်ဆေး သောက်သင့်သည့် ခေါင်းကိုက်ခြင်းလား သို့မဟုတ် တခြားကြောင့် ခေါင်းကိုက်သလားဟူသည်ကို သိရပေမည်။ တခါတရံ ဝမ်းချုပ်သဖြင့် ခေါင်းကိုက်တတ်သည်။ တခါတရံ ဗိုက်ဆာ၍၊ အိပ်ရေးမဝ၍၊ မျက်စိညောင်း၍၊ ရောဓါတ်လိုနေသဖြင့် စသည်တို့ကြောင့်လည်း ခေါင်းကိုက်တတ်ပေသည်။ လူအဖို့ ကိုက်သည်ကိုသာ သိရသည်။ ဘာကြောင့်ကိုက်သည်ကို ချက်ချင်းမသိနိုင်ပေ၊ ထို့ကြောင့် အကြွင်းမဲ့သိသည့် အရှင်မြတ်ထံမှ အကူအညီတောင်းလိုက်ခြင်းဖြင့် ဘာ့ကြောင့်ကိုက်ရသည့် ဖြေဆေးကို ရရှိပေသည်။

စာရေးသူ၏ အတွေ့အကြုံကို မျှဝေရသော် ခေါင်းကိုက်ခြင်းပင် ဒုအာဖတ်ပြီးသည်နှင့် တခါတရံဝမ်းသွားလိုက်သည်။ ဤသို့နှင့် လူလည်းသက်သာမှုရသွားသည်။ တခါတရံ အိပ်ပျော်သွားသည်။ တခါတရံ အကြောင်းတခုခုကြောင့် အရည်ရွှမ်းသည့် အသီးအနှံများရသဖြင့် စားသုံးခွင့်ရလိုက်သည်။ ဆိုလိုသည်မှာ ကိုက်ခဲမှုတခုခုဖြစ်တိုင်း အကိုက်အခဲပျောက်ဆေး သောက်၍ မပျောက်ကင်းနိုင်ပါ။

ထို့ထက်ပို၍ လူမသိရသည့် အကြောင်းတခုမှာ သာမန် ခန္ဓာကိုယ်၏ဝေဒနာမဟုတ်ဘဲ စဟရ်ဟုခေါ်သည့် အမှောင့်ပယောဂနှင့် နဇရ်ဟုခေါ်သည့် မျက်စိထိခြင်းတို့ ဖြစ်ပေသည်။ ထိုအရာတို့ကြောင့် ရောဂါဖြစ်ပါက လောကီ၏ မည်သည့်ဆေးကိုပင် သုံးစွဲကုသသည်ဖြစ်ပါစေ မပျောက်ကင်းပေ။ နောက်ဆုံး လူ့အသက်ပါ ပါသွားပေသည်။

ထို့ကြောင့် မုစ်လင်မ်တို့အနေဖြင့် မည်သည့်အခက်အခဲ ရောဂါဝေဒနာကိုမဆို ကြုံကြိုက်ခံစားရပါက ဦးစွာ အလ္လာဟ်ထံပါးမှ အကူအညီတောင်းပါ။ အလ္လာဟ်ထံ အကူအညီတောင်းဖို့ တခမ်းတနားပြုနေရန် မလိုအပ်ပါ။ စူရဟ်ဖှာသိဟဟ်ကို တစ်ကြိမ်၊ သုံးကြိမ်၊ ခုနှစ်ကြိမ် နိုင်သလောက်ဖတ်ပြီး အိုအလ္လာဟ် ယခုဖြစ်နေတဲ့ရောဂါမှ သက်သာ ပျောက်ကင်းမှု ပေးသနားပါဟု ပြော၍ လက်နှစ်ဖက်ပေါ်မှုတ်ပြီး သပ်ချလိုက်ပါ။ ရေသောက်နိုင်သူဆိုလျှင် ရေပေါ်မှုတ်သောက်ပါ။ ထိုမျှလည်း အချိန်မရလျှင် တောင်းဆိုမှုသာပြုလိုက်ပါ။ လက်ရှိနာမကျန်းဖြစ်နေသူ ဝေဒနာခံစားနေရသူတို့သည် ကိုယ်တိုင်ဖြစ်စေ၊ ပြုစုပေးသူက ဖြစ်စေ ဖတ်ပေးပါ၊ တောင်းပေးပါ။

ထိုသို့ အလ္လာဟ်ထံပါး တောင်းခံခြင်း အရှင့်ကလာမ်များဖြင့် ပျောက်ကင်းမှုရရန်ဖတ်ခြင်းဖြင့် တစ်ဖက်တွင် ကုသိုလ်လည်းရပေသည်။ ဒုအာ၏ဆေး (ဒုအာဖြင့်ကုသပြုခြင်း)သည် ဘေးထွက်ဆိုးကျိုးလုံးဝ မရှိပေ။ ဒုအာနှင့်ဝေဒနာ တည့်သည်ဖြစ်စေ၊ မတည့်သည်ဖြစ်စေ၊ ဒုအာကို စွဲမြဲစွာဖတ်လျှင်ဖြစ်စေ ဘေးထွက်ဆိုးကျိုး လုံးဝမရှိပေ။ လောကီဆေးများတွင် ဘေးထွက်ဆိုးကျိုးမည်မျှရှိသည်ကို ဆေးနှင့်မကင်းသူများ ပိုသိပါလိမ့်မည်။

ထို့ကြောင့် မုစ်လင်မ်တို့အနေဖြင့် မိမိတို့၏ ရောဂါဝေဒနာတို့ကို အလ္လာဟ်အရှင်မြတ်နှင့် ကိုယ်တိုင် တိုက်ရိုက်ဆက်သွယ်၍ ကုသမှုခံယူကြပါဟု တိုက်တွန်းအပ်ပါသည်။
အင်န်ရှာအလ္လာဟ် ... အလ်မုဖီးဒ်မှ တတ်နိုင်သလောက် ဒုအာများကို တင်ဆက်ပေးသွားပါမည်။ ယခု ဖတ်ရလွယ်ကူပြီး ထိရောက်မှုလည်းရှိသည့် ဒုအာတစ်ခုကို ဖော်ပြလိုက်ပါသည်။

နေ့စဉ်ဖတ်ရန်


Monday, February 15, 2016

အလှအပနှင့် အနာအဆာများပျောက်ကင်းရန် ဒုအာ

ဒီဒုအာကို အနာအဆာတွေအတွက်သာမက မျက်နှာအလှအပအတွက်လည်း အသုံးပြုနိုင်ပါတယ်၊ မျက်နှာတစ်ခု လှပဖို့ ဝက်ခြံအမာရွတ်ကင်းစင် ချောမွေ့ကြည်လင်ဖို့ အလှအပပစ္စည်းမျိုးစုံကို ဈေးကြီးပေးဝယ်သုံးနေရတယ်၊ အဲ့ဒီ့အလှအပ လိမ်းဆေးတွေမှာ တကယ်ပျောက်စေမယ့် ရောဂါနဲ့ဆေး ဓာတ်တဲ့ဖို့ ဒီဒုအာကိုပါ ထပ်မံဖြည့်စွက်လိုက်ရင် ပိုမိုထိရောက်မှာပါ၊ ကိုယ်လိမ်းနေကျ အလှအပလိမ်းဆေးတွေကိုလည်း ဒုအာဖတ်ပြီးမှုတ်ထားပါ၊ လက်ဖဝါးနှစ်ဖက်ပေါ်မှုတ်ပြီး မျက်နှာပေါ်လည်း ပွတ်သပ်ပါ၊ အင်န်ရှာအလ္လာဟ် လှပကြည်လင်ဖို့ တကယ်ထိရောက်ပါမယ်။


Wednesday, February 3, 2016

ကျေးဇူးသိသူနှင့် ကျေးဇူးမသိသူများ

ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/899535433500380:0

ဟိုးရှေးရှေးတုန်းက နေရာတစ်နေရာတွင် အနူ၊ ခေါင်းတုံးနှင့် ငကန်းဟူသော လူသုံးယောက်ရှိခဲ့ပါသည်။ ဤလူသုံးယောက်သည် ဒုက္ခိတများ ဖြစ်ကြသောကြောင့် လူတောမတိုးနိုင်၍ အလွန်စိတ်ဆင်းရဲကာ ဝမ်းနည်းနေကြလေသည်။

အလ္လာဟ်အရှင်မြတ်သည် လူသားများအား အမှန်တရားကို ပြသရန်အတွက် တစ်နေ့တွင် ဖရိရှ်သဟ်ကောင်းကင်တမန်တစ်ပါးကို သူတော်စင်ပုံစံဖြင့် ဤလူသုံးယောက်ထံသို့ စေလွှတ်တော်မူ၏။

ကောင်းကင်တမန်သည် ပထမဦးစွာ အနူထံသို့သွား၍ ၎င်း၏ဆန္ဒကိုဖြည့်စည်းပေးရန်အတွက် လိုအပ်သောအကူအညီများ ပေးပါမည့်အကြောင်း စကားကမ်းလှမ်းလေ၏။ ထိုအခါ အနူက မိမိ၏အနူရောဂါ ကင်းရှင်းသွားရန်အတွက် သူတော်စင်အား ဒုအာဆုမွန်တောင်းခိုင်းလေ၏။

သူတော်စင်သည် အလ္လာဟ်အရှင်မြတ် ထံတော်ပါးတွင် ဒုအာတောင်းပြီးလျှင် မိမိလက်ဖြင့် အနူရောဂါရှင်၏ကိုယ်ကို ပွတ်သပ်ပေးလေရာ အနူမှာ ရောဂါကင်းရှင်းသွားပြီး ချက်ချင်းပင် လူချောလူလှတစ်ဦး ဖြစ်လာလေတော့သည်။
ထို့နောက် သူတော်စင်သည် အနူ၏ အနှစ်သက်ဆုံးပစ္စည်းကို မေးမြန်းရာ ၎င်းက ကုလားအုတ်ဖြစ်သည်ဟူ၍ ပြောပြသည်။ ထို့ကြောင့်သူတော်စင်သည် အနူအား ဇီးရှိသော ကုလားအုတ်မတစ်ကောင်ချီးမြှင့်၍ ဗရကသ်မင်္ဂလာဖြင့် တိုးပွားစေရန်အတွက် ဒုအာဆုမွန်ကောင်းများ တောင်းပေးပြီးလျှင် ဤနေရာမှ ထွက်သွားလေ၏။

တစ်ဖန် ကောင်းကင်တမန် သူတော်စင်ကြီးသည် ဒုတိယပုဂ္ဂိုလ်ဖြစ်သူ ခေါင်းတုံးထံသို့သွား၍ ပထမလူ အနူကိုပြောခဲ့သည့်အတိုင်း ခေါင်းတုံးကိုလည်း ပြောဆိုလေ၏။
ခေါင်းတုံးသည် ဤအကြောင်းအရာကိုကြား၍ ဝမ်းသာအားရစွာဖြင့် မိမိခေါင်း၍ ဆံပင်ပြန်ပေါက်စေရန်အတွက် သူတော်စင်ကြီးအား ဒုအာဆုမွန်တောင်းခိုင်းလေ၏။ သူတော်စင်ကြီးသည် ဒုအာတောင်းပြီးလျှင် ဝေဒနာရှင်၏ ဦးခေါင်းကို မိမိလက်ဖြင့် ပွတ်သပ်ပေးလိုက်ရာ ခေါင်းတုံး၌ ချက်ချင်းပင် ဆံပင်များ ပေါက်လာလေတော့သည်။
ထို့နောက် သူတော်စင်ကြီးက ခေါင်းတုံးအနှစ်သက်ဆုံးအရာကို တောင်းခိုင်းရာ ၎င်းအနှစ်သက်ဆုံးအရာမှာ နွားဖြစ်သည်ဟု ပြောပြလေ၏။
သူတော်စင်ကြီးသည် ခေါင်းတုံးအား ဇီးရှိသော နွားမတစ်ကောင်ပေးအပ်၍ ဗရကသ်တိုးပွားမင်္ဂလာရှိစေရန်အတွက် ဒုအာဆုမွန်ကောင်းတောင်းပေးပြီး ထွက်ခွာသွားခဲ့၏။

ထို့နောက် ကောင်းကင်တမန်သူတော်စင်ကြီးသည် အလ္လာဟ်အရှင်မြတ် အမိန့်တော်အတိုင်း တတိယလူဖြစ်သူ ငကန်းထံသို့ ရောက်ရှိလာပြီး အနူနှင့် ခေါင်းတုံးကို ပြောဆိုခဲ့သည့်အတိုင်း ငကန်းကိုလည်း ပြောဆိုလေ၏။
ထိုအခါ မျက်စိမမြင်နိုင်ရှာသော ငကန်းသည် သူတော်စင်ကြီး၏ စကားများကို နားထောင်ပြီး ဤပုဂ္ဂိုလ်ကြီးရောက်ရှိလာခြင်းမှာ မိမိအတွက် အလ္လာဟ်အရှင်မြတ်၏ အထူးကျေးဇူးတော်ပင်ဖြစ်သည်ဟု တွေးတောပြီး မျက်စိများ အလင်းပြန်မြင်စေရန်အတွက် ဒုအာတောင်းပေးပါရန် သူတော်စင်ကြီးအား ရိုသေလေးစားစွာ ပြောဆိုလိုက်လေ၏။
သူတော်စင်ကြီးသည် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် ဒုအာတောင်း၍ မိမိလက်ဖြင့် မျက်မမြင်ငကန်း၏ မျက်စိနှစ်ဖက်ကို ပွတ်သပ်ပေးလိုက်ရာ ငကန်း၏ မျက်စိနှစ်ကွင်းမှာ ချက်ချင်းပင် အလင်းရောင်ရ၍ အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားလေ၏။
ထို့နောက် သူတော်စင်ကြီးသည် ငကန်း၏ အနှစ်သက်ဆုံးပစ္စည်းကို မေးမြန်းရာ ငကန်းက မိမိအနှစ်သက်ဆုံးပစ္စည်းမှာ ဆိတ်ဖြစ်သည်ဟု ဖြေကြားလေ၏။ ကောင်းကင်တမန် သူတော်စင်ကြီးသည် ငကန်းအား ဇီးရှိသော ဆိတ်မတစ်ကောင်ချီးမြှင့်ပြီး ဗရကသ်တိုးပွားမှုရှိစေရန်အတွက် ဒုအာတောင်းပေးပြီးလျှင် ထွက်ခွာသွားလေတော့သည်။

အလ္လာဟ်အရှင်မြတ်သည် ၎င်းလူသုံးယောက်၏ ဥစ္စာပစ္စည်းများတွင် တိုးပွားမှုများ များစွာချီးမြှင့်ပေးသနားတော်မူပေသည်။
အချိန်များစွာမကြာမြင့်မီ ကာလအတွင်းမှာပင် ဤလူမွဲသုံးဦးစလုံးသည် ပစ္စည်းဥစ္စာအမြောက်အမြားကို ပိုင်ဆိုင်သော အလွန်ကျိကျိတက်ချမ်းသာသည့် သူဌေးကြီးများအဖြစ်သို့ ရောက်ရှိခဲ့ကြပေသည်။
အချိန်ကာလအနည်းငယ်ကြာပြီးနောက် ဤသူဌေးကြီးများထဲမှ အချို့သည် အောက်ခြေလွတ်၍ မိမိတို့၏ မူလဘဝကို မေ့လျော့သွားကြပြီး ဘဝင်မြင့်ကာ မာနထောင်ခဲ့ကြပေသည်။

သို့ပါ၍ အလ္လာဟ်အရှင်မြတ်သည် လူသားများကို သင်ခန်းစာပေးရန်အတွက် ပထမစေလွှတ်ခြင်းခံရသော ကောင်းကင်တမန်အား ဤလူသုံးဦးကို စမ်းသပ်ရန်အတွက် စေလွှတ်တော်မူပြန်၏။

အစီအစဉ်အရ ကောင်းကင်တမန်သည် ခရီးသည် ဆင်းရဲသားယောင်ဆောင်ပြီး ပထမလူဖြစ်သူ အနူသူဌေးကြီးထံရောက်ရှိလာပြီး ... ကျွန်တော်ဟာ ဆင်းရဲနွမ်းပါးတဲ့ ခရီးသည်တစ်ယောက်ဖြစ်ပါတယ်။ သူဌေးကြီးကို အလ္လာဟ်အရှင်မြတ်က ဥစ္စာပစ္စည်းများစွာ ချီးမြှင့်ထားတော်မူပါတယ်။ ဒါကြောင့်မို့ ကျေးဇူးပြုပြီး သနားကြင်နာသောအားဖြင့် အလ္လာဟ်အရှင်မြတ်ရဲ့ နှစ်သက်မှုကို ရရှိဖို့အတွက် ကျွန်တော့်ကို ကုလားအုတ်တစ်ကောင်ပေးပါခင်ဗျာ၊ ဟုဆိုကာ အကူအညီတောင်းခံလေ၏။

အနူသူဌေးကြီးသည် ဆင်းရဲသား၏စကားကိုနားထောင်၍ ဒေါသထွက်သွားပြီး .. မင်း ဘာစကားပြောတာလဲ၊ အလ္လာဟ်အရှင်မြတ်က ငါ့ကို ဘာမှပေးမထားဘူး။ ဒီဥစ္စာပစ္စည်းတွေကို ငါက ဒုက္ခခံပြီး ရှာဖွေစုဆောင်းခဲ့တယ်။ ငါရှာဖွေထားတဲ့ပစ္စည်းတွေဟာ သူတစ်ပါးကို အကူအညီပေးဖို့အတွက်မဟုတ်ဘူး။ ဒါကြောင့်မို့ မင်းတောင်းတဲ့ ကုလားအုတ်တစ်ကောင်ကို ငါမပေးနိုင်ဘူး ..... ဟု ခက်ထန်စွာ ပြောဆိုလေ၏။
ကောင်းကင်တမန်က အနူသူဌေး၏စကားကိုနားထောင်ပြီး ၎င်း၏အောက်ခြေမှအကြောင်းအရာများ၊ အဖြစ်မှန်များကို အသေးစိတ်ရှင်းပြခဲ့သည်မှာ ..... အသင်ဟာ တစ်ချိန်တုန်းက သူဌေးမဖြစ်ခင်မှာ လူတော်မတိုးနိုင်တဲ့ အနူရောဂါသည်တစ်ယောက်ဖြစ်ခဲ့တယ်။ အလ္လာဟ်အရှင်မြတ်က ကောင်းကင်တမန်တစ်ပါးကို သူတော်စင်ပုံစံနဲ့ အသင့်ထံကို စေလွှတ်တော်မူလိုက်တယ်။ ကောင်းကင်တမန်ကြီးက ဒုအာတောင်းပေးလို့ အသင့်အနူရောဂါဟာ ပျောက်ကင်းသွားပြီး အသင်ဟာ လူချောလူလှတစ်ဦး ဖြစ်လာခဲ့တယ်။
ပြီးတော့ သူတော်စင်ကြီးက အသင့်ကို အသင်အကြိုက်ဆုံးပစ္စည်းဖြစ်တဲ့ ဇီးရှိတဲ့ကုလားအုတ်မတစ်ကောင်ပေးပြီး ဗရကသ်တိုးပွားမင်္ဂလာရှိစေဖို့အတွက် ဒုအာတောင်းပေးလိုက်လို့ အလ္လာဟ်အရှင်မြတ်က အသင့်ကို အခုလို သူဌေးကြီးအဆင့်ကို ချီးမြှင့်တော်မူခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ အသင်ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော်များကို မေ့သွားခဲ့လေပြီ။ ဆန့်ကျင်ဖီဆန်သူအဖြစ်နဲ့ ဘဝင်မြင့်ပြီး မာနထောင်လွှားခြင်းဟာ မိမိကိုယ်မိမိ ဖျက်ဆီးနှစ်မြှုပ်ခြင်းနဲ့ အတူတူပဲမို့ အင်မတန်မှ ဝမ်းနည်းစရာကောင်းပါတယ်။ အခု ကျွန်ုပ်အသေးစိတ်ရှင်းပြခဲ့တဲ့အရာတွေဟာ မှန်ကန်ခဲ့ရင် အလ္လာဟ်အရှင်မြတ်က အသင့်ရဲ့ အခုလက်ရှိအခြေအနေကို ပြောင်းလဲပြီး မူလအခြေအနေအတိုင်း ပြုလုပ်ပေးတော်မူပါစေ ဟု ဆိုကာ ကောင်းကင်တမန်က အနူကို ဗဒ်ဒုအာ ကျိန်စာပေးပြီး ထွက်သွားလေ၏။

ဆင်းရဲနွမ်းပါးသော ခရီးသည်ယောင်ဆောင်ထားသည့် ကောင်းကင်တမန်သည် အနူအိမ်မှ ထွက်ခွာသွားပြီးနောက် အနူသူဌေးကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ဝေဒနာဟောင်းဖြစ်သော အနူရောဂါမှာ ပြန်ပေါ်လာခဲ့လေ၏။ များမကြာမီအချိန်အနည်းငယ်အတွင်း၌ပင် ခန္ဓာကိုယ်တစ်ခုလုံးပေါ်တွင် အနူရောဂါမှာ လွှမ်းမိုးသွား၍ အနူ၏ မိတ်ဆွေသူငယ်ချင်းများ အားလုံးသည် ၎င်း၏ အနီးမှ ဝေးဝေးရှောင်ကြလေတော့သည်။
အလားတူပင် ၎င်း၏ပစ္စည်းဥစ္စာများမှာလည်း မကြာမီအချိန်ကာလအတွင်း၌ပင် ဖယိုဖရဲဖြစ်ပြီး ပျက်စီးပပျောက်၍ အနူသည် လူမွဲတစ်ယောက် ပြန်ဖြစ်သွားလေတော့၏။
ကောင်းကတမန်သည် အနူသူဌေးကြီးထံမှ ထွက်ခွာလာပြီးနောက် ဒုတိယလူဖြစ်သူ ခေါင်းတုံးသူဌေးကြီးထံသို့ ဆင်းရဲနွမ်းပါးသော ခရီးသည်တစ်ယောက်၏ ပုံစံဖြင့်ပင် လာရောက်၍ မိမိအခြေအနေကို အနူသူဌေးကြီးအား တင်ပြသည့်အတိုင်း ခေါင်းတုံးသူဌေးကြီးကိုလည်း တင်ပြပြီး နွားတစ်ကောင် တောင်းခံလေ၏။
ခေါင်းတုံးသူဌေးကြီးကလည်း ကောင်းကင်တမန်အား အနူသူဌေးကဲ့သို့ပင် မောက်မာစွာဆက်ဆံ၍ အဖြေပေးလိုက်သောကြောင့် ခရီးသည်ယောင်ဆောင်ထားသော ကောင်းကင်တမန်သည် ခေါင်းတုံးသူဌေးကြီး၏ အောက်ခြေဘဝမှ အခြေအနေများကို အသေးစိတ်ရှင်းပြလိုက်၏။ ထို့နောက် ၎င်းသည် အနူသူဌေးကို ကျိန်စာပေးသကဲ့သို့ပင် ခေါင်းတုံးသူဌေးကိုလည်း ကျိန်စာပေးပြီး ထွက်ခွာသွားလေ၏။
ခရီးသည်ယောင်ဆောင်ထားသော ကောင်းကင်တမန်က ခေါင်းတုံးသူဌေးကြီးထံမှ ထွက်ခွာသွားပြီးနောက် ခေါင်းတုံး၏ဦးခေါင်းတွင် ယခင်မူလကရောဂါမှာ ပြန်ပေါ်လာခဲ့ပါသည်။ ထို့နောက် တဖြည်းဖြည်းနှင့် ဦးခေါင်းတစ်ခုလုံးမှာ ဆံပင်များကျွတ်ပြီး ယခင်အတိုင်း လူတောမတိုးနိုင်သော ခေါင်းတုံးဖြစ်သွား၍ ၎င်း၏မိတ်ဆွေများအားလုံးမှာ ၎င်းထံမှ ဝေးဝေးရှောင်သွားကြလေ၏။ များမကြာမီကာလတွင် ၎င်း၏ ဥစ္စာပစ္စည်းများမှာလည်း ပျက်စီးသွားပြီး ခေါင်းတုံးသည် လူမွဲဘဝသို့ ပြန်ရောက်သွားလေတော့၏။
ထို့နောက် ကောင်းကင်တမန်သည် အစီအစဉ်အရ တတိယလူဖြစ်သော ငကန်းသူဌေးကြီးထံသို့ ဆင်းရဲနွမ်းပါးသော ခရီးသည်တစ်ယောက်ပုံစံဖြင့် ရောက်လာပြီး မိမိအခြေအနေများကို အနူနှင့်ခေါင်းတုံးသူဌေးတို့အား တင်ပြခဲ့သည့်အတိုင်း ငကန်းသူဌေးကိုလည်း တင်ပြပြီး ဆိတ်တစ်ကောင် အကူအညီတောင်းခံလေ၏။
ငကန်းသူဌေးကြီးသည် ၎င်း၏အကူအညီတောင်းခံမှုကို အလွန်ဝမ်းသာအားရစွာဖြင့် လက်ခံပြီး ရောက်ရှိလာသောခရီးသည်အား ပြုံးရွှင်သောမျက်နှာထားဖြင့် ဆက်ဆံသည့်အပြင် မိမိပိုင်ဆိုင်သော အရာဝတ္ထုတိုင်းကို ယူလိုသမျှ ယူနိုင်ကြောင်း ပြောကြားလေ၏။
ထိုအချိန်တွင် ဆင်းရဲသောခရီးသည်ယောင်ဆောင်ထားသည့် ကောင်းကင်တမန်က ငကန်းသူဌေးကြီးအား ကျွန်ုပ်ဟာ လူသားမဟုတ်ပါဘူး။ ကောင်းကင်တမန်တစ်ပါးသာ ဖြစ်ပါတယ်။ ပထမအကြိမ်တုန်းက အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်ကို သူတော်စင်တစ်ဦးအသွင်နဲ့ လူသားတွေကို ဟိဒါယသ် တရားလမ်းမှန်ပြဖို့အတွက် အသင်တို့သုံးဦးထံသို့ စေလွှတ်တော်မူခဲ့တယ်။
အခု ဒုတိယအကြိမ် လူသားတွေကို သင်ခန်းစာပေးဖို့နဲ့ သံဝေဂတရား ရရှိစေရေးအတွက် အသင်တို့ကိုစမ်းသပ်ဖို့ ကျွန်ုပ်ကို ဆင်းရဲနွမ်းပါးတဲ့ ခရီးသည်ပုံစံနဲ့ စေလွှတ်တော်မူလိုက်တယ်။ ကျွန်ုပ်ဟာ အသင်တို့သုံးဦးကို စမ်းသပ်ရာမှာ ပထမလူ အနူနဲ့ ဒုတိယလူ ခေါင်းတုံးတို့ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော်တွေကိုမေ့သွားကြပြီး ဘဝမြင့်စွာနဲ့ မာနထောင်နေခဲ့ကြတယ်။ ဒါကြောင့်မို့ အလ္လာဟ်အရှင်မြတ်က သူတို့ကို ဒဏ်ခတ်တော်မူခဲ့တယ်။
တတိယလူ အသင်ကတော့ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော်တွေကို မမေ့ခဲ့ဘူး။ ဒါကြောင့်မို့ ပထမလူအနူရဲ့ ဥစ္စာပစ္စည်းတွေနဲ့ ဒုတိယလူ ခေါင်းတုံးရဲ့ ဥစ္စာပစ္စည်းတွေအားလုံးကို အသင့်အတွက် ချီးမြှင့်တော်မူတယ် ဟု ရှင်းပြပြီးနောက် ကောင်းကင်တမန်မှာ ပြန်သွားလေတော့သတည်း။

----- မှတ်ချက် -----
ကျေးဇူးသိခြင်းသည် မွန်မြတ်သော အကျင့်စာရိတ္တပင် ဖြစ်ပါသည်။ ကျေးဇူးမသိခြင်းမှာ အလွန်ယုတ်မာသော အကျင့်စာရိတ္တဖြစ်ပြီး အတွင်းရောဂါဆိုးတစ်မျိုးလည်း ဖြစ်ပါသည်။ ကျေးဇူးသိသူများသည် ၎င်းကျေးဇူးသိခြင်းအပေါ် အကျိုးခံစားရသည်။ ကျေးဇူးမသိသူ၊ ကျေးဇူးကန်းသူ၊ ကျေးဇူးမေ့သူများမှာ အကျိုးမခံစားနိုင်သည့်အပြင် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြရပေသည်။

အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးသိသူများအား ပို၍ချီးမြှင့်တော်မူပြီး ကျေးဇူးမသိသူများကို ပြင်းထန်စွာ အရေးယူတော်မူမည်ဟူ၍ ကုရ်အာန်ကျမ်းမြတ်ထဲတွင် မိန့်ထားတော်မူပေသည်။

သို့ပါ၍ ကျေးဇူးမသိမှုဟူသော အတွင်းရောဂါဆိုးမှရှောင်ကြဉ်ရန်နှင့် ကျေးဇူးသိ၍ ကျေးဇူးတရား၏ လိုလားချက်အတိုင်း ပြုလုပ်ဆောင်ရွက်ရန် လိုအပ်ပေသည်။ ဤမှတ်ချက်တွင်ပါဝင်သော အချက်အလက်များအတွက် အထက်ပါဖြစ်ရပ်လေးမှာ အထောက်အထားတစ်ခုပင် ဖြစ်ပါသည်။

[မော်လာနာအဗ်ဗါးစ် ကာစေမီ ရေးသာပြုစုသည့် ချစ်ဆွေများအတွက် အသိပညာပေး ပုံပြင်လက်ဆောင် စာအုပ်၊ စာ ၁၃၆ ပါအကြောင်းအရာကို ကူးယူတင်ဆက်ခြင်းဖြစ်ပါသည်။]

အလ်မုဖီးဒ်

Tuesday, February 2, 2016

ဒီးန်ကို ရေးသားဖြန့်ချိရာတွင် သတိပြုရန်

ဤလင့်မှ ရှဲပေးနိုင်သည်။
https://www.facebook.com/almufeed.mm/posts/896153160505274:0

ဖေ့ဘွတ်တွင်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ၊ အစ္စလာမ်ရဲ့ အမိန့်၊ ပညတ်ချက်တွေကို ရေးသားတဲ့အခါ စာသားအသုံးအနှုန်းကို သတိထားရပါမယ်။ တစ်ချို့ အကြောင်းအရာတွေက ဖရ်ဇ် ဝါဂျိဗ်၊ မပြုမနေရတာဝန်တွေဖြစ်တယ်။ အဲ့ဒီလိုအမိန့်မျိုးကို ရည်ညွှန်းတဲ့အကြောင်းအရာမှာ "သင့်" ဆိုတာမျိုးကို မသုံးရပါဘူး။ ပမာ နမားဇ်ဖတ်ဖို့တော့ သွားသင့်တယ်။ ဒီလိုဆိုရင် အလိုသဘောလွဲသွားပါတယ်။ နမားဇ်ဖတ်ဖို့သွားသင့်တယ် ဆိုတဲ့စာသားကို ဖတ်လိုက်ရင် သဘောပေါက်ပုံက နမားဇ်ဖတ်ဖို့ သွားရင်လည်း ရတယ်၊ မသွားရင်လည်းရတယ်။ နမားဇ်မဖတ်လည်းရတယ်။ ဖတ်လည်း ရတယ် ဆိုတဲ့ အလိုသဘောကို သက်ရောက်သွားပါတယ်။ အဲ့ဒီလိုပဲ မုစ်လင်မ်အမျိုးသမီးများနဲ့ သက်ဆိုင်တဲ့ပညတ်ချက်တွေကို ရေးသားတဲ့အခါ ဥပမာ အသံမြည်တဲ့ခြေကျင်း အဆင်တန်ဆာတွေကို မဝတ်သင့်ဘူး ဆိုပြီးရေးလိုက်တယ်။ အမှန်တော့ ဒါက လုံးဝမဝတ်ရဘူးဆိုတဲ့ အမိန့်ဖြစ်တယ်။ ဘာ့ကြောင့် မဝတ်ရသလဲဆိုရင် ဒီအမျိုးသမီးရဲ့ အသံတွေကို ကြားပြီး သူစိမ်းအမျိုးသားများက ဂရုပြုလာမယ်။ ဒါ့ကြောင့် မဝတ်ဆင်ခိုင်းဘူး၊ နောက်တစ်ဖက်မှာ အသံမြည်တဲ့အရာတွေက ရှိုက်သွာန်ရဲ့ အဆင်တန်ဆာဖြစ်တယ်။ ဒါ့ကြောင့် တားမြစ်ထားတယ်။ ဒီအမိန့်ကို ပြန်ဖော်ပြတဲ့အခါ ကိုယ်က "သင့် " ဆိုတဲ့စကားလုံးကို သုံးလိုက်ရင် အမိန့်က လုံးဝပြောင်းသွားပြီး လုပ်ချင်လည်း ရတယ်။ မလုပ်ချင်လည်း ရတယ်ဆိုတဲ့ ပုံစံ ဖြစ်သွားပါတယ်။

ဒါ့ကြောင့် မုစ်လင်မ်တို့အနေနဲ့ အစ္စလာမ်ကို ရေးသား ဖြန့်ဝေတဲ့နေရာမှာ စာသားအသုံးအနှုန်းကို အထူးသတိထားပါ။ မိမိရဲ့စာသားကို ဖတ်ပြီးတဲ့အခါ အမိန့်တွေ ပညတ်ချက်တွေကို ပေါ့ပေါ့တန်တန် သဘောထားလိုက်စေတာမျိုး မဖြစ်စေရပါဘူး၊ မြန်မာစာပေနဲ့ ပြန်လည်ဖြန့်ဝေတဲ့အတွက် တစ်ဖက်မှာ မြန်မာစာရဲ့ သုံးစွဲပုံကို နားလည်သဘောပေါက်ထားရပါမယ်။ စာပေတိုင်းမှာ သူ့သဒ္ဒါနဲ့သူ သူ့အရည်အသွေးနဲ့ သူ ရှိပါတယ်။ စာလုံးသတ်ပုံတွေမှားနေတာ၊ သဒ္ဒါအထားအသိုမှားနေတာ၊ စာသားယူပုံ၊ စကားလုံးသုံးစွဲပုံတွေ လွဲနေခြင်းတွေက တစ်ဖက်ကြည့်ရင်တော့ မှားတယ်လို့သာ ပြောနိုင်ပေမယ့် သူ့ထက်ပိုကြီးတဲ့ တာဝန်က ကိုယ်ရေးလိုက်တဲ့အမှားက ပညတ်ချက်၊ အမိန့် ဆိုင်ရာ တစ်နည်း ရှရီအသ်ရဲ့ သတ်မှတ်မှုမှာပါ မှားသွားစေမယ်။ ဖတ်ရှုသူက တလွဲမှတ်သွားမယ်ဆိုရင် အပြစ်ထိုက်ပါမယ်။ ဒါ့ကြောင့် မုစ်လင်မ်တို့အနေနဲ့ ဘာသာရေးလေ့လာသလို တစ်ဖက်ကလည်း မြန်မာစာပေအကြောင်းကိုလည်း လေ့လာပါ။

နောက်ဆုံးတစ်ခုပြောလိုတာကတော့ မြန်မာဘာသာနဲ့ ရေးသားထားတဲ့စာအုပ်တွေကနေ ကြည့်ကူးပြီး စာအုပ်အကြီးတွေရဲ့ အညွှန်းကိုပဲ တပ်ပြီး ကိုယ်ဖတ်လိုက်ရဲ့ မြန်မာဘာသာနဲ့ စာအုပ်အမည်ကို မရေးသားခြင်းပါပဲ။ ဒါမျိုး လုံးဝမလုပ်ရပါဘူး။ သိရ်မီဇီ၊ ဗုခါရီ၊ ဖဿဝါ အာလမ်ဂီရီ စသဖြင့် ကျမ်းကြီးတွေရဲ့အမည်ကို ကိုင်တွယ်ပြီး ကျမ်းကိုးရေးသားတယ်။ စာသားကို အဲ့အတိုင်း အဆုံးသတ်ထားတယ်။ ဖတ်သူက ဟာ သူ ဒီကျမ်းကြီးတွေကနေ ရေးတာပဲလို့ ထင်သွားမယ်။ အမှန်တော့ ဖဇာအေလေ အအ်မာလ်၊ အဆ်အဒီယာက ထုတ်တဲ့ ဖဿဝါစာအုပ်တို့ တခြား ဘာသာပြန်စာအုပ်တို့ အဲ့ဒီ့ကနေ ကြည့်ကူးတာ။ အဲ့ဒီလိုမလုပ်ရပါဘူး။ မြန်မာဘာသာနဲ့ဖတ်ရင် အဲ့ဒီစာအုပ်အမည်ကို တပ်ပါ။ ကျမ်းညွှန်းကြီးတွေတပ်တာထက် ကိုယ်ဖတ်လိုက်ရတဲ့စာအုပ်အမည်ကိုတပ်ပြီး အမှန်အတိုင်း ဖော်ပြခြင်းက ပိုပြီး ဂုဏ်ရှိပါတယ်။ ကိုယ်မလုပ်ပဲ လုပ်သယောင်ဆောင်ခြင်း၊ လိမ်ခြင်း အားလုံးက သူ့အပြစ်နဲ့သူချည်းပါပဲ။ ဒီးန်ကို လိမ်ပြီးဖြန့်ရင် ဒီးန်ကြောင့် ကုသိုလ်ရပေမယ့် လိမ်ခြင်းကြောင့် ငရဲလည်း ခံရပါမယ်။ ကုသိုလ်လုပ်လိုက်လို့ ဒီဖက်က အကုသိုလ်ကိုပါ လွှတ်ပေးလိုက်မယ် မရှိပါဘူး။ အပြစ်က အပြစ်အတိုင်း ရှိနေပါမယ်။ ဒါ့ကြောင့် စာပေတွေ ရေးသားဖြန့်ချိရာမှာ ကိုယ်ဖတ်လိုက်ရတဲ့ စာအုပ်က မြန်မာစာပေနဲ့ဆိုလည်း အဲ့ဒီမြန်မာလိုစာအုပ်အမည်ကို ထည့်ရေးပါ။ ဘယ်ဘာသာ စကားနဲ့ပဲ ရေးထားသည်ဖြစ်စေ၊ ဖတ်လိုက်ရတဲ့ စာအုပ်အမည်ကို ထည့်ရေးပါ။ ဒါဟာ မှန်ကန်ပြီး သစ္စာသမာဓိရှိသူတို့ရဲ့ ဓလေ့ဖြစ်ပါတယ်။ ကိုယ်ရေးလိုက်တဲ့ စာအုပ်အမည်တွေ့လို့ နှစ်သက်ပြီး အပြင်မှာ ရှာဝယ်ဖတ်လည်း အဲ့ဒီကုသိုလ် ကိုယ်လည်း ရမှာပါ။ ဒါ့ကြောင့် ဒီးန်ကို ဖြန့်တဲ့အခါမှာလည်း မှန်မှန်ကန်ကန်ဖြန့်ကြပါလို့ တောင်းဆိုလိုပါတယ်။

အလ်မုဖီးဒ်

Monday, February 1, 2016

မတ်စ်အလဟ် ဉာဏ်စမ်းပဒေသာ


ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/894127487374508:0

(၂၆)။ ပဟေဠိ -- မည်သည်ပုံစံတွင် အာမီးန်ဆိုလိုက်ခြင်းဖြင့် နမားဇ်ပျက်သနည်း။
ဖြေ -- နမားဇ်ဖတ်နေသူက နှာချေလိုက်ပြီး တစ်ဦးတစ်ယောက်က ယရ်ဟမုကလ်လာဟ်ဟုဆိုလိုက်သည်။ ထိုဆိုခြင်းကို နမားဇ်ဖတ်သူက အာမီးန်ဟုဆိုလိုက်လျှင် နမားဇ်ပျက်ပေသည်။

(၂၇)။ ပဟေဠိ -- သပ်က်ဗီရေသဟ်ရီမဟ် မည်သို့ဆိုပါက မုက်သဒီ၏နမားဇ်ပျက်သနည်း။
ဖြေ -- မုက်သဒီသည် သပ်က်ဗီရေသဟ်ရီမဟ်၏ အစပိုင်း (အလ္လာဟု)ကို အိမာမ်နှင့်အတူဆိုပြီး အဆုံးပိုင်း (အပ်က်ဗရ်)ကို အိမာမ်ထက် စော၍ပြီးဆုံးလိုက်လျှင် ထိုမုက်သဒီ၏ နမားဇ်သည်ပျက်သည်။

(၂၈)။ ပဟေဠိ -- သပ်က်ဗီရေသဟ်ရီမဟ်ကို မည်သို့ဆိုပါက နမားဇ်ပျက်သနည်း။
ဖြေ -- အလ္လာဟ်ဟူသည့် စာလုံးကို အားလ်လာဟုလည်းကောင်း၊ အပ်က်ဗရ်ကို အပ်က်ဗရီယာ၊ အပ်က်ဗားရ်ဟုလည်းကောင်း ဆိုလိုက်ခြင်းဖြင့် နမားဇ်ပျက်ပေသည်။ သို့သာမက ထိုစာလုံးတို့၏ အဓိပ္ပါယ်ပြောင်းသွားခြင်းကို သိလျှက်နှင့် တမင်ဆိုခြင်းဖြစ်ပါက ကုဖ်ရ်ထိုက်ပေသည်။

(၂၉)။ ပဟေဠိ -- အိမာမ်၏ စာမှားသွားခြင်းကို မုက်သဒီက အမှန်ထောက်သည်။ ထိုသို့ စာထောက်လိုက်ခြင်းကြောင့် စာထောက်သူမုက်သဒီ၏ နမားဇ်ပျက်သွားသည်။ ၎င်း၏ စာထောက်ခြင်းကို ယူဖတ်လိုက်ပါက အိမာမ်အပါအဝင် မုက်သဒီအားလုံး၏ နမားဇ်ပါ ပျက်သွားပေသည်။ မည်သို့သော ပုံစံပါနည်း။
ဖြေ -- မုက်သဒီသည် နံရံ စသည်တို့တွင် ရေးထားသည့်ကုရ်အာန်ကို ကြည့်၍ စာထောက်လိုက်သည်။ ထိုပုံစံတွင် ထောက်လိုက်သည့်စာက မှန်နေသော်လည်း စာထောက်သူမုက်သဒီ၏နမားဇ် ပျက်သွားပေသည်။ အကယ်၍ အိမာမ်သည် ထိုသူ၏စာထောက်ခြင်းကို ယူ၍ဖတ်လိုက်ပါက အားလုံး၏နမားဇ်ပျက်ပေသည်။

(၃ဝ)။ ပဟေဠိ -- အိမာမ်သည် ကအ်ဒဟ်အူလာထိုင်ရန် သတိမရပေ။ မုက်သဒီက သတိပေးလိုက်သည်။ ထိုမုက်သဒီ၏ နမားဇ်ပျက်သွားပေသည်။ ၎င်း၏သတိပေးခြင်းကို ယူလိုက်ပါက အားလုံး၏ နမားဇ်ပျက်ပေသည်။ မည်သို့သော ပုံစံပါနည်း။
ဖြေ -- အိမာမ်က ကအ်ဒဟ်အူလာ (သုံးရကအသ်၊ လေးရကအသ်နမားဇ်တွင် ပထမအကြိမ်ထိုင်ခြင်းကို) မထိုင်မိဘဲ တတိယရကအသ်၏ ကိယာမ်သို့ ရောက်သွားပြီဖြစ်သည်။ ထိုအချိန် မုက်သဒီက သတိလှမ်းပေးပါက ၎င်း၏ နမားဇ်ပျက်ပေသည်။ မုက်သဒီ၏နမားဇ် ပျက်ရခြင်းမှာ ကိယာမ်သို့ရောက်ပြီးမှ ပြန်ထိုင်ခြင်းသည် ဂုနဟ်ဖြစ်သည်။ ထိုသို့ ဂုနဟ်ပြုရန် လှမ်းထောက်ခြင်းကြောင့် နမားဇ်ပျက်သွားသည်။ အကယ်၍ အိမာမ်သည် မုက်သဒီသတိပေးခြင်းကြောင့် ပြန်ထိုက်လိုက်ပါက အားလုံး၏နမားဇ် ပျက်ပေသည်။ အိမာမ်၏ နမားဇ်ပျက်ရခြင်းမှာ လှမ်းထောက်သူ မုက်သဒီသည် နမားဇ်အပြင်ရောက်သွားပြီဖြစ်သည်။ နမားဇ်အပြင်ရောက်သွားသူ၏ သတိပေးချက်ကို ယူလိုက်ပါက အိမာမ်၏ နမားဇ်ပျက်ပေသည်။ အိမာမ်နမားဇ်ပျက်ခြင်းကြောင့် အားလုံး၏ နမားဇ်ပျက်ရပေသည်။

(၃၁)။ ပဟေဠိ -- စဂ်ျသိလာဝသ်ဝါဂျိဗ်ဖြစ်သွားသူသည် စဂ်ျဒဟ်မလုပ်ဖြစ်ပေ။ သို့သော် အပြစ်လည်း မထိုက်ပေ။ မည်သို့သောသူပါနည်း။
ဖြေ -- အမျိုးသမီးသည် နမားဇ်အတွင်း စဂ်ျဒဟ်အာယသ်ကိုဖတ်လိုက်သည်။ စဂ်ျဒဟ်သိလာဝသ်မပြုသေးမီ ဟိုင်းဇ်ဖြစ်သွားသည်ဆိုလျှင် စဂ်ျဒဟ်သိလာဝသ်ဝါဂျိဗ်ဖြစ်သွားသော်လည်း မပြုခြင်းကြောင့် ဂုနဟ်မထိုက်ပေ။

(၃၂)။ ပဟေဠိ -- စဂ်ျဒဟ်အာယသ်ကို ကြားသော်လည်း စဂ်ျဒဟ်ပြုရန် ဝါဂျိဗ်မထိုက်သူသည် မည်သူနည်း။
ဖြေ -- ဟိုင်းဇ်ဖြစ်နေသော အမျိုးသမီးသည် စဂ်ျဒဟ်အာယသ်ကို ကြားသော်လည်း စဂ်ျဒဟ်ပြုရန် ဝါဂျိဗ်မထိုက်ပေ။

(၃၃)။ ပဟေဠိ -- လူအများသိအောင်ပြုလိုက်ခြင်းဖြင့် ဂုနဟ်ထိုက်သည့်နမားဇ်သည် မည်သည့်နမားဇ်ပါနည်း။
ဖြေ -- ကဇွာနမားဇ်ကို လူအများသိအောင်ပြုခြင်းဖြင့် ဂုနဟ်ထိုက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် နမားဇ်လွတ်ခြင်းသည် ဂုနဟ်ဖြစ်သည်။ ဂုနဟ်ကို လူသိအောင်ပြုခြင်းသည်လည်း ဂုနဟ်ပင်ဖြစ်ပါသည်။

(၃၄)။ ပဟေဠိ -- နမားဇ်ဖတ်သူနှစ်ဦးရှိသည်။ နှစ်ဦးလုံး နမားဇ်အတွင်း အိပ်ပျော်သွားသည်။ သို့သော် တစ်ဦး၏ နမားဇ်မှာ ပိုင်ပြီး နောက်တစ်ဦး၏ နမားဇ်မှာ မပိုင်ပေ။ မည်သို့နည်း။
ဖြေ -- နမားဇ်အတွင်း အိပ်ပျော်သူနှစ်ဦးအနက် တစ်ဦးမှာ တမင်သက်သက်ကို အိပ်လိုက်ခြင်း ဖြစ်သည်။ ထိုသူ၏ နမားဇ်သည် ပျက်ပေသည်။ နောက်တစ်ဦးမှာ မေ့၍ အိပ်ပျော်သွားသူဖြစ်၏။ ၎င်း၏နမားဇ်သည် မပျက်ပေ။

(၃၅)။ ပဟေဠိ -- မည်သည့်အခြေအနေတွင် တံတွေးမျိုချလိုက်ပါက ရိုဇဟ်ပျက်ပါသနည်း။ (သဘောမှာ တံတွေးမျိုချခြင်းက အခြေအနေတိုင်းတွင် ရိုဇဟ်မပျက်စေပေ။ တစ်ချို့အခြေအနေတွင်သာ ပျက်စေသည်။)
ဖြေ -- တခြားသူ၏ တံတွေးကို မျိုချခြင်းနှင့် မိမိ၏တံတွေးကို လက်ပေါ်ထွေးချ၍ ပြန်မျိုချခြင်းတို့ဖြင့် ရိုဇဟ်ပျက်စေပါသည်။
(ပုံမှန်အရ ပါးစပ်အတွင်းမှတံတွေးကို မျိုချခြင်းသည် ရိုဇဟ်တွင် ထိခိုက်မှုမရှိပါ။ ရမဿွာန်ရောက်သည့်အခါ ရိုဇဟ်စောင့်သူအများစုတို့သည် တစ်ချိန်လုံး တံတွေးထွေးနေကြသည်။ တံတွေးမထွက်လည်း ပါးစပ်အတွင်းစုထားပြီး တပြုံကြီး ထွေးချတတ်ကြသည်။ ရိုဇဟ်စောင့်သည့်အချိန် ဤသို့တံတွေးထွေးနေရန် ရှရီအသ်တွင် မပြထားပေ။ သို့သာမက အသင့်၏ တံတွေးထွေးမှုကြောင့် အခြားသူ စိတ်အနှောင့်အယှက်ဖြစ်လျှင် ဂုနဟ်ထိုက်ပေသည်။ ထို့ကြောင့် သိထားရမည်မှာ ရိုဇဟ်ထားသည့်အချိန် ပါးစပ်အတွင်း သာမန်တံတွေးထွက်ခြင်းသည် မည်သို့မျှပြဿနာမရှိပေ။ ပြန်မျိုချလိုက်ရမည်။ လူမြင်ကပ်လောက်အောင်၊ အစ္စလာမ့်၏ အမိန့်ကို အထင်လွဲလောက်အောင် မရှိသည်ကို လုပ်ဆောင်ခြင်းသည် မကောင်းပေ။ ထိုအကျင့်ကို ရှောင်ရပါမည်။)

(၃၆)။ ပဟေဠိ -- မည်သည့်အခြေအနေတွင် ရိုဇဟ်ထားခြင်းသည် ဟရာမ်ဖြစ်ပါသနည်း
ဖြေ -- အမျိုးသမီးသည် ဟိုင်းဇ် သို့မဟုတ် နိဖှားစ်ဖြစ်နေပါက ထိုအချိန်ရိုဇဟ်ထားခြင်းသည် ဟရာမ်ဖြစ်ပါသည်။

(၃၇)။ ပဟေဠိ -- မုစ်လင်မ်က ဇဗဟ်ပြုခြင်းဖြစ်သော်လည်း ၎င်းဇဗဟ်ပြုထားသည့်အသားကို မစားရပေ။ မည်သို့သောသူပါနည်း။
ဖြေ -- ရူးသွားသူက ဇဗဟ်ပြုထားသည့် အသားကို မစားရပေ။

(၃၈)။ ပဟေဠိ -- မည်သည့်ပုံစံအိပ်ခြင်းကို တားမြစ်ထားပါသနည်း။
ဖြေ -- မှောက်အိပ်ခြင်းကို တားမြစ်ထားပါသည်။ သိရ်မီဇီကျမ်းတွင် ဟဇရသ်အဗူဟုရိုင်ရဟ်သခင်၏ ဆင့်ပြန်ချက်လာရှိသည်။ တမန်တော်မြတ် ဆွလ်လလ်လားဟုအလိုင်းဟိဝစလ္လမ်သည် လူတစ်ဦး မှောက်လျက်အိပ်နေသည်ကို တွေ့ရာ ဤကဲ့သို့အိပ်ခြင်းကို အလ္လာဟ်အရှင်မြတ် မနှစ်သက်ဟု မိန့်တော်မူပေသည်။ (မိရှ်ကားသ် စာ၊ ၄ဝ၄)။ အိဗ်နေမာဂျဟ်ကျမ်းတွင် အဗူဇရ်သခင်ထံမှ ဆင့်ပြန်ချက်လာသည်။ ကျွန်ုပ်သည် မှောက်လျက်အိပ်နေသည်။ ထိုအချိန် တမန်တော်မြတ် ဆွလ်လလ်လားဟုအလိုင်းဟိဝစလ္လမ် အနီးမှဖြတ်သွားရာ ကျွန်ုပ်ကိုနှိုး၍ အို ဂျွန်ဒွပ် (အဗူဇရ်သခင်၏ အမည်ဖြစ်သည်) ဤသည်မှာ ဂျဟန္နမီတို့ အိပ်သည့်ပုံစံဖြစ်သည်ဟု မိန့်ပေသည်။ (မိရှ်ကားသ် စာ ၄ဝ၅)။

(၃၉)။ ပဟေဠိ -- မည်သည့်အချိန် အိပ်ခြင်းသည် မက်ကရူဟ်ဖြစ်ပါသနည်း။
ဖြေ -- နေ့၏ အစပိုင်း၊ မဂ်ရိဗ်နှင့် အိရှာအ်ကြားအချိန် (အိရှာအ်မဖတ်ဘဲ) အိပ်ခြင်းတို့သည် မက်ကရူဟ်ဖြစ်ပါသည်။

(၄ဝ)။ ပဟေဠိ -- မည်သို့သော အခြေအနေမျိုးတွင် နိုးကြားနေခြင်းကို တားမြစ်ထားသနည်း။
ဖြေ -- ဖဂ်ျရ်နမားဇ်လွတ်သွားမည်ဟု စိုးရိမ်ရသည့်အခြေအနေတွင် အရေးကြီးသည့် ရှရီအသ်၏လုပ်ငန်းဆောင်တာများမရှိပါဘဲနှင့် ညကို အချိန်ကြန့်ကြာစွာနိုးနေခြင်းကို တားမြစ်ထားပါသည်။

(၄၁)။ ပဟေဠိ -- အိပ်နေသူ၏ မည်သည့်လုပ်ရပ်များကို နိုးနေသူအတိုင်း အမိန့်သတ်မှတ်ထားပါသနည်း။
ဖြေ -- အိပ်နေသူ၏ လုပ်ရပ် ဆယ်မျိုးကို နိုးနေသူအတိုင်း အမိန့်သတ်မှတ်ပါသည်။
(၁)။ ရိုဇဟ်စောင့်ထိန်းသူသည် အိပ်နေ၏။ ၎င်း၏လည်ချောင်းအတွင်းသို့ ရေစက်ကျသွားပါက ရိုဇဟ်ပျက်သွားပါမည်။
(၂)။ အိပ်ပျော်လျှက် မိမိ၏ဇနီးနှင့် ပေါင်းသင်းလိုက်ပါက ရိုဇဟ်ပျက်သွားမည်။
(၃)။ အဲဟ်ရာမ်ဝတ်ထားသည့်ကာလအတွင်း အိပ်ပျော်ချိန်တွင် တစ်ဦးတစ်ယောက်က ၎င်း၏အမွှေးအမှင်ကို နှုတ်လိုက်ပါက ကဖ်ဖါရဟ်ပေးရန် ဝါဂျိဗ်ဖြစ်သည်။
(၄)။ အဲဟ်ရာမ်ဝတ်ထားသည့်အမျိုးသမီး အိပ်နေချိန်တွင် ၎င်း၏ခင်ပွန်းက ပေါင်းသင်းလိုက်ပါက အမျိုးသမီးသည် ကဖ်ဖါရဟ်ပေးရန် အရေးကြီးပါသည်။
(၅)။ အဲဟ်ရာမ်ဝတ်ထားလျှက် အိပ်နေသည်။ အခြေအနေတစ်ခုခုကြောင့် ထိုအိပ်နေသူသည် အမဲကောင်တစ်ကောင်အပေါ်သို့ ပြုတ်ကျသွားပြီး ထိုပြုတ်ကျခြင်းကြောင့် အမဲကောင်သေသွားပါက ကဖ်ဖါရဟ်ပေးရန် အရေးကြီးသည်။
(၆)။ အဲဟ်ရာမ်ဝတ်ဆင်ထားလျှက် အစီးအနင်းတစ်ခုအပေါ်တွင် အိပ်နေသည်။ ဇိလ်ဟဂ်ျလ ကိုးရက်နေ့ နေဝင်ပြီးနောက် ဇိလ်ဟဂ်ျလ ဆယ်ရက်နေ့၏ အလင်းရောင်မဖြစ်မီအတွင်း ၎င်းသူ၏အစီးအနင်းသည် အရ်ဖါးသ်ကွင်းအတွင်းမှ ဖြတ်သွားပါက သူ့၏ဟဂ်ျသည် အထမြောက်ပါသည်။ (အိပ်နေလျှင်လည်း အထမြောက်သည်။)
(၇)။ အိပ်နေသူသည် ပစ္စည်းတစ်ခုခုအပေါ်သို့ပြုတ်ကျသွားပြီး ထိုသို့ပြုတ်ကျခြင်းကြောင့် ပစ္စည်းကျိုးသွားပါက လျော်ကြေးပေရန် ဝါဂျိဗ်ဖြစ်၏။
(၈)။ အိပ်နေသူကို မ၍ နံရံတစ်ခုနောက်သို့ ပို့လိုက်သည်။ ထို့နောက် နံရံပြိုသွားသည်။ ထိုအိပ်နေသူလည်း သေသွားလျှင် နံရံနောက်သို့ပို့သူသည် လျော်ကြေးပေးရန် အရေးမကြီးပေ။
(၉)။ အိပ်နေသူက စဂ်ျဒဟ်အာယသ်ကို ဖတ်လိုက်သည်။ တစ်ဦးတစ်ယောက်က ကြားလိုက်သည်ဆိုပါက စဂ်ျဒဟ်ပြုရန် ဝါဂျိဗ်ဖြစ်ပါသည်။ (နိုးနေသူ၏ ဖတ်ခြင်းကို ကြားသည့်အတိုင်းပင် ဖြစ်သည်။)
(၁ဝ)။ အိပ်နေသူကို ၎င်းသည်အိပ်လျက်နှင့် စဂ်ျဒဟ်သိလာဝသ်ဖတ်ခဲ့ကြောင့် အခြားတစ်ဦးက ပြောပြလျှင် အချို့သော ဖိကဟ်ပညာရှင်များ၏ အဆိုအရ ထိုသူ (အိပ်လျှက်နှင့် စဂ်ျဒဟ်အာယသ်ဖတ်သူ)သည်လည်း စဂ်ျဒဟ်ပြုရန် ဝါဂျိဗ်ဖြစ်ပေသည်။

(၄၂)။ ပဟေဠိ -- အစ္စလာမ်တွင် ပထမဦးဆုံး အမွေခွဲရသူကို ဖော်ပြပါ။
ဖြေ -- အစ္စလာမ်တွင် ဟဇရသ် စအဒ်ဗင်န်ရဗီအ် ရသွီယလ်လာဟုအန်ဟု၏အမွေကို ပထမဦးဆုံး ခွဲခဲ့ပါသည်။

(၄၃)။ ပဟေဠိ -- မည်သူ့အတွက် ဥစ္စာဓန၏ ဝဆွီယသ်(မှာတမ်းချက်)ပြုခြင်းသည် မပိုင်သနည်း။
ဖြေ -- အမွေခံအတွက် ဥစ္စာဓန၏ ဝဆွီယသ်ပြုခြင်းသည် မပိုင်ပါ။

(၄၄)။ ပဟေဠိ -- ဖရ်ဇ်ထက်မြတ်သည့် မုစ်သဟဗ်ကို ပြောပြပါ။
ဖြေ -- နမားဇ်အချိန်မရောက်မီကတည်းက ဝုဇူပြုထားခြင်းသည် မုစ်သဟဗ်ဖြစ်သည်။ ထိုဝုဇူသည် အချိန်ရောက်ပြီးနောက် ပြုလုပ်သည့် ဖရ်ဇ်ဝုဇူထက် ပိုမြတ်ပါသည်။ (အလ်အစ်ရှ်ဗာဟိုဝပ်န်နဇွာအိရ် စာ၊ ၁၅၇)

(၄၅)။ ပဟေဠိ -- ဖရ်ဇ်ထက်မြတ်သည့် စွန်နသ်ကို ပြောပြပါ။
ဖြေ -- ခရီးသွားနေသူသည် ရမဿွာန်လ၌ ရိုဇဟ်ထားခြင်းသည် စွန်နသ်ဖြစ်သည်။ ၎င်းခရီးသည်ထားသော ရိုဇဟ်သည် မိမိ၏နေရပ်တွင် ရှိနေသူထားသော ဖရ်ဇ်ရိုဇဟ်ထက် ပိုမြတ်ပေသည်။ (သဘောမှာ ခရီးသွားပါက ရမဿွာန်လ၏ဖရ်ဇ်ရိုဇဟ်ကို လွှတ်ခွင့်ရှိသည်။ (နောက်မှ ကဇွာပြန်စောင့်ရမည်။) သို့ရာတွင် ခရီးသည်အနေဖြင့် ထိုဖရ်ဇ်ကို မလွှတ်ဘဲ ရိုဇဟ်စောင့်ထိန်းခြင်းသည် စွန်နသ်ဖြစ်၏။ ထိုသို့ ခွင့်လွှတ်ချက်ရှိပါလျှက် အပင်ပမ်းခံ၍ ရိုဇဟ်ထားသူခရီးသည်၏ စွန်နသ်သည် အိမ်နေရင်းရိုဇဟ်စောင့်နေသူ၏ ဖရ်ဇ်ထက်ပိုမြတ်ပေသည်။)
ထို့အတူ ဂျွမ်အဟ်နမားဇ်အတွက် အဇာန်မတိုင်မီသွားခြင်း စွန်နသ်သည် အဇာန်ပြီးမှ ရောက်အောင်သွားသည့် ဖရ်ဇ်ထက် ပိုမြတ်ပေသည်။ (ရှာမီကျမ်း၊ တွဲ၊ ၁။ စာ ၈၅)

(၄၆)။ ပဟေဠိ -- အာဒမ် အလိုင်းဟိစ်စလာမ်မှစ၍ ကျွန်ုပ်တို့အထိ အိဗာဒသ်များစွာ သတ်မှတ်ထားခဲ့သည်။ ထိုအိဗာဒသ်များအနက် ဂျန္နသ်ရောက်သည်အထိ တည်ရှိနေမည့် အိဗာဒသ်ကို ဖော်ပြပါ။
ဖြေ -- အီမာန်နှင့် နိကဟ်ဟူသည့် အိဗာဒသ်နှစ်ခု ဖြစ်ပါသည်။

(၄၇)။ ပဟေဠိ -- မည်သည့်အခါတွင် ဒါရီရိတ်ခြင်းသည် မုစ်သဟဗ်ဖြစ်ပါသနည်း။
ဖြေ -- အမျိုးသမီးတွင် ဒါရီထွက်လာပါက ရိတ်ခြင်းသည် မုစ်သဟဗ်ဖြစ်ပါသည်။

(၄၈)။ ပဟေဠိ -- ဖတ်ခြင်းထက် နားထောင်ခြင်းက ပိုမြတ်သည့်ကျမ်းကို ဖော်ပြပါ။
ဖြေ -- ကုရ်အာန်ကျမ်းဖြစ်သည်။ ၎င်းကို ဖတ်ခြင်းထက် နားထောင်ခြင်းက ပိုမြတ်သည်။ နမားဇ်မဟုတ်သည့်နေရာတွင် ကုရ်အာန်ဖတ်ခြင်းသည် ဖရ်ဇ်မဟုတ်ပေ။ သို့ရာတွင် ကုရ်အာန်ဖတ်သံကို ဂရုတစိုက်နားထောင်ခြင်းသည် ဖရ်ဇ်ဖြစ်၏။ ထို (နားထောင်သည့်) ဖရ်ဇ်သည် ဖရ်ဇ်မဟုတ်သည့် ဖတ်ခြင်းထက် ပိုမြတ်ပါသည်။ (ဂနီယဟ်၊ စာ ၄၆၅)။
(ကုရ်အာန်အသံနားထောင်ခြင်းဟူသည့်ဓလေ့ ကျွန်ုပ်တို့တွင် မရှိပေ။ ကုရ်အာန်ကို ဗရ်ကသ်ရအောင်ဟူသည့် နိယသ်ဖြင့် ဖွင့်ထားလိုက်သည်။ လူက လုပ်ချင်ရာလုပ်နေသည်။ အတင်းအဖျင်း မုသား ဆဲဆိုကြိမ်းမောင်း ကုဖ်ရ် ရှရစ်က် စကားအားလုံး ပြောနေပြီး တစ်ဖက်တွင် ကုရ်အာန်ကို ဖွင့်ထားသည်။ အလွန်ပြုပြင်ရမည့် လုပ်ရပ်ဖြစ်ပေသည်။ ကုရ်အာန်အသံကြားပါက ဂရုတစိုက် နားဆင်ရပေမည်။ ကုရ်အာန်ဖွင့်ပြီး လုပ်ချင်ရာလုပ်ပါက ဗရ်ကသ်ကလည်း ရောက်ချင်ရာ ရောက်သွားပေမည်။ ကုရ်အာန်ကိုလည်းဖွင့်၊ ဂရုတစိုက်လည်း နားထောင်၊ ဖြစ်နိုင်ရင် ကုရ်အာန်စာအုပ်ဖွင့်ပြီး လိုက်ဖတ်၊ သို့ဆိုလျှင် လိုချင်သည့်ဗရ်ကသ်လည်း တည့်တည့်မတ်မတ်ရောက်လာပေလိမ့်မည်။)

(၄၉)။ ပဟေဠိ -- အမျိုးသမီးတစ်ဦး ကလေးမွေးရာ ခင်ပွန်းဖြစ်သူက ကလေး ရှင်သလား၊ သေသလားဟု မေးသည်။ အမျိုးသမီးက အိမာမ်အဗူဟနီဖဟ် ရဟ်မသုလ်လာဟုဟိအလိုင်းဟ်ထံတွင် ရှင်သူဖြစ်ပြီး အိမာမ်မာလိက် ရဟ်မသုလ်လာဟုဟိအလိုင်းဟ်ထံတွင် သေသူဖြစ်သည်ဟု ဖြေ၏။ ဘာ့ကြောင့် ထိုသို့ဖြေပါသနည်း။
ဖြေ -- ထိုအမျိုးသမီး၏ ကလေးသည် မွေးပြီးပြီးချင်း လှုပ်ရှားနေသည်။ ထိုသို့ ကလေးလှုပ်ရှားနေခြင်းသည် အိမာမ်အဗူဟနီဖဟ်ထံတွင် ရှင်ခြင်း၏ လက္ခဏာဖြစ်သည်။ ထို့ကြောင့် ၎င်းကလေးသည် အမွေခံလည်းဖြစ်သလို အမွေပေးမည့်သူအဖြစ်လည်း အကြုံးဝင်ပါသည်။ အိမာမ်မာလိက်ထံတွင် ကလေးထံမှ အသံမထွက်မခြင်း ရှင်သည်ဟု မသတ်မှတ်ပေ။

(၅၁)။ ပဟေဠိ -- အမျိုးသမီးနှစ်ဦးသည် မှောင်နေသည့်အခန်းအတွင်း ကလေးမွေးလိုက်ကြသည်။ တစ်ဦးက ယောက်ျားလေးမွေးပြီး နောက်တစ်ဦးက မိန်းကလေး မွေးသည်။ သို့သော် နှစ်ဦးလုံးက ယောက်ျားလေးသာမွေးပါသည်ဟု ပြောနေကြလျှင် မည်သို့ဆုံးဖြတ်မည်နည်း။
ဖြေ -- အမျိုးသမီးနှစ်ဦးလုံး၏ နို့ရည်ကို ချိန်တွယ်ရမည်။ အလေးချိန်စီးသည့် နို့ရည်ပိုင်ရှင်သည် ယောက်ျားလေး မွေးသူဖြစ်ပေသည်။

(၅၂)။ ပဟေဠိ -- ဂျမာအသ်ဖြင့်ဖတ်သော်လည်း အဇာန်နှင့် အေကာမသ်မပေးရသည့် နမားဇ်များကို ဖော်ပြပါ။
ဖြေ -- အီဒွလ်ဖိသ်ရ်၊ အီဒွလ်အဿွ်ဟာနှင့် ဂျနာဇဟ်နမားဇ်တို့ ဖြစ်ပါသည်။

(၅၃)။ ပဟေဠိ -- အမျိုးသမီးတစ်ဦးက အိမာမ်ဆွာဟိဗ်ထံသို့လာ၍ ဤသို့ပြောသည်။ ကျွန်မ၏ အကိုသည် ဒီနာရ် ၆ဝဝ အမွေချန်ခဲ့၍ ကွယ်လွန်သွားပါသည်။ ထို ဒီနာရ် ၆ဝဝမှ ကျွန်မသည် ဒီနာရ်တစ်ပြားသာ အမွေရခဲ့ပါသည်။ အိမာမ်ဆွာဟိဗ်က မည်သို့ အဖြေပြန်ပေးခဲ့ပါသနည်း။
ဖြေ -- အမျိုးသမီးတစ်ဦးသည် အိမာမ်အဗူဟနီဖှာဟ် ရဟ်မသုလ်လားဟိအလိုင်းဟ်ထံ၌ အထက်ပါအတိုင်းလျှောက်ထားရာ အိမာမ်ဆွာဟိဗ်က ထိုအမွေကို မည်သူခွဲပေးသနည်းဟု မေး၏။ အမျိုးသမီးက ဒါဝူးဒ်သွာအီ ရဟ်မသုလ်လားဟိအလိုင်းဟ်က ခွဲပေးပါသည်ဟု ပြန်ဖြေလေသည်။ အိမာမ်ဆွာဟိဗ်က မှန်ပေသည်။ ဤသည်မှာ အသင်မရရှိမည့် ဝေစုဖြစ်၏။ ထို့နောက် တဆက်တည်း ... အသင်မ၏ အကိုသည် မိခင်၊ ဇနီး၊ သမီးနှစ်ဦး၊ ညီအကို ဆယ့်နှစ်ယောက်နှင့် အသင်မတို့ကို ချန်ရစ်၍ ကွယ်လွန်သွားသည်မဟုတ်ပါလားဟု မေးရာ အမျိုးသမီးက ဟုတ်ပါသည်ဟု အဖြေပေးလေသည်။

(၅၄)။ ပဟေဠိ -- မည်သည့်အခြေအနေတွင် နမားဇ်ဖတ်နေသူရှေ့မှ ဖြတ်သွားခွင့်ရှိသနည်း။
ဖြေ -- ကအ်ဗဟ်ကျောင်းတော်ကို သွဝါးဖ်ပြုသည့်အခြေအနေတွင် နမားဇ်ဖတ်နေသူရှေ့မှ ဖြတ်သွားခွင့် ရှိပါသည်။

(၅၅)။ ပဟေဠိ -- (အုရ်ဒူစကားတွင်) ဂျနားဗ်ဟူသည့်စာလုံး ဖြစ်ပေါ်လာပုံကို ပြောပြပါ။
ဖြေ -- ယခင်ကာလက အင်္ဂလိပ်တို့နှင့် အင်္ဂလိပ်ကို အထင်ကြီးသူအချို့တို့သည် အိလ်မ်သင်ယူနေသည့်ကျောင်းသားများကို တစ်နည်းမဟုတ် တစ်နည်းဖြင့် ဒုက္ခပေးကြပေသည်။ အရဗီကျောင်းသားများကို အသိဥာဏ်မရှိသူများ၊ ဥာဏ်နည်းသူများ စသဖြင့် စိတ်ဆွပေသည်။ ကျောင်းသားများစုဝေးဖြစ်သည့်တစ်ရက်တွင် အားလုံးက ဤသို့တိုင်ပင်ကြပေသည်။ ဤအင်္ဂလိပ်တို့၏ အရည်အချင်းများအားလုံးပါမည့် စကားလုံးတစ်လုံးကို စဉ်းစားပါ။ အဲ့ဒီ့စာလုံးဖြင့် ၎င်းတို့ကို ခေါ်ဆိုမည်။ ဤသို့နှင့် ပထမကျောင်းသားတစ်ယောက် ဒီလူတွေက ဂျာဟိလ်(အသိမဲ့သူ)တွေပဲ ဟု ပြောလိုက်သည်။ ဒုတိယတစ်ဦးက နာလာအိက်(မထိုက်တန်သူ)တွေ၊ တတိယတစ်ယောက်က အလွန်ကြီးတဲ့ အဟ်မတ်က်(ငတုံးကြီး)တွေပဲ၊ စတုတ္ထကျောင်းသားက ဗေဝုကူးဖ်(အရူး)တွေပဲဟု ပြော၍ ၎င်းအင်္ဂလိပ်တို့၏အရည်အချင်းများကို အသီးသီး ချီးကျူးလိုက်ကြသည်။ ထို့နောက် ကျောင်းသားအားလုံး တိုင်ပင်လိုက်သည်။ ယခုပြောလိုက်သည့်စာလုံးများ၏ အစစာလုံးများကို ယူ၍ ၎င်းတို့ခေါ်မည့် ဂျနားဗ်ဟူသည့် စကားလုံးတစ်ခုပြုလုပ်လိုက်ပေသည်။ သို့နှင့် ဂျနားဗ်၏ ဂျီးမ်သည် ဂျာဟိလ်၊ နူးန်သည် နာလာအိက်၊ အလိဖ်သည် အဟ်မတ်က်၊ ဗာအ်သည် ဗေဝုကူးဖ်တို့ကို ကိုယ်စားပြုပေသည်။ ကျောင်းသားများလည်း အင်္ဂလိပ်မျိုးဆက်များကို ထိုဂျနားဗ်စာလုံးဖြင့် ခေါ်ဆိုကြပေသည်။ (၎င်းသူတို့လည်း တော်တော်သဘောကျပေလိမ့်မည်။) ခေတ်ကာလများ ပြောင်းလာသည့်အခါ ဤဂျနားဗ်စကားလုံးသည် ဟဇရသ်ဟူသည့်စကားလုံးကဲ့သို့ ဂုဏ်ပေးသည့်အနေအထားတွင် သုံးစွဲကြပေသည်။ အလ်ဟမ်ဒုလိလ်လဟ် ယနေ့ခေတ် အင်္ဂလိပ်ဖတ်နေသူတို့သည်လည်း ဒီန်ကို လေးစားကိုင်းရှိုင်းသူများဖြစ်သည်ကို တွေ့ရပေသည်။

[မော်လာနာရူဟွလ်လာဟ် နက်ရှ်ဗန်ဒီ ပြုစုသည့် အစ္စလာမီပဟေလိယားန် စာအုပ်ပါအကြောင်းအရာအချို့ကို အလ်မုဖီးဒ်မှ ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။]
-----။------
အလ်မုဖီးဒ်
ဟိဂျရီ ၁၄၃၇/ ရဗီအွတ်စာနီ/ ၆/ ယောင်မွလ်အဟဒ်
16.1.2016

-------------
အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။