Wednesday, February 3, 2016

ကျေးဇူးသိသူနှင့် ကျေးဇူးမသိသူများ

ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/899535433500380:0

ဟိုးရှေးရှေးတုန်းက နေရာတစ်နေရာတွင် အနူ၊ ခေါင်းတုံးနှင့် ငကန်းဟူသော လူသုံးယောက်ရှိခဲ့ပါသည်။ ဤလူသုံးယောက်သည် ဒုက္ခိတများ ဖြစ်ကြသောကြောင့် လူတောမတိုးနိုင်၍ အလွန်စိတ်ဆင်းရဲကာ ဝမ်းနည်းနေကြလေသည်။

အလ္လာဟ်အရှင်မြတ်သည် လူသားများအား အမှန်တရားကို ပြသရန်အတွက် တစ်နေ့တွင် ဖရိရှ်သဟ်ကောင်းကင်တမန်တစ်ပါးကို သူတော်စင်ပုံစံဖြင့် ဤလူသုံးယောက်ထံသို့ စေလွှတ်တော်မူ၏။

ကောင်းကင်တမန်သည် ပထမဦးစွာ အနူထံသို့သွား၍ ၎င်း၏ဆန္ဒကိုဖြည့်စည်းပေးရန်အတွက် လိုအပ်သောအကူအညီများ ပေးပါမည့်အကြောင်း စကားကမ်းလှမ်းလေ၏။ ထိုအခါ အနူက မိမိ၏အနူရောဂါ ကင်းရှင်းသွားရန်အတွက် သူတော်စင်အား ဒုအာဆုမွန်တောင်းခိုင်းလေ၏။

သူတော်စင်သည် အလ္လာဟ်အရှင်မြတ် ထံတော်ပါးတွင် ဒုအာတောင်းပြီးလျှင် မိမိလက်ဖြင့် အနူရောဂါရှင်၏ကိုယ်ကို ပွတ်သပ်ပေးလေရာ အနူမှာ ရောဂါကင်းရှင်းသွားပြီး ချက်ချင်းပင် လူချောလူလှတစ်ဦး ဖြစ်လာလေတော့သည်။
ထို့နောက် သူတော်စင်သည် အနူ၏ အနှစ်သက်ဆုံးပစ္စည်းကို မေးမြန်းရာ ၎င်းက ကုလားအုတ်ဖြစ်သည်ဟူ၍ ပြောပြသည်။ ထို့ကြောင့်သူတော်စင်သည် အနူအား ဇီးရှိသော ကုလားအုတ်မတစ်ကောင်ချီးမြှင့်၍ ဗရကသ်မင်္ဂလာဖြင့် တိုးပွားစေရန်အတွက် ဒုအာဆုမွန်ကောင်းများ တောင်းပေးပြီးလျှင် ဤနေရာမှ ထွက်သွားလေ၏။

တစ်ဖန် ကောင်းကင်တမန် သူတော်စင်ကြီးသည် ဒုတိယပုဂ္ဂိုလ်ဖြစ်သူ ခေါင်းတုံးထံသို့သွား၍ ပထမလူ အနူကိုပြောခဲ့သည့်အတိုင်း ခေါင်းတုံးကိုလည်း ပြောဆိုလေ၏။
ခေါင်းတုံးသည် ဤအကြောင်းအရာကိုကြား၍ ဝမ်းသာအားရစွာဖြင့် မိမိခေါင်း၍ ဆံပင်ပြန်ပေါက်စေရန်အတွက် သူတော်စင်ကြီးအား ဒုအာဆုမွန်တောင်းခိုင်းလေ၏။ သူတော်စင်ကြီးသည် ဒုအာတောင်းပြီးလျှင် ဝေဒနာရှင်၏ ဦးခေါင်းကို မိမိလက်ဖြင့် ပွတ်သပ်ပေးလိုက်ရာ ခေါင်းတုံး၌ ချက်ချင်းပင် ဆံပင်များ ပေါက်လာလေတော့သည်။
ထို့နောက် သူတော်စင်ကြီးက ခေါင်းတုံးအနှစ်သက်ဆုံးအရာကို တောင်းခိုင်းရာ ၎င်းအနှစ်သက်ဆုံးအရာမှာ နွားဖြစ်သည်ဟု ပြောပြလေ၏။
သူတော်စင်ကြီးသည် ခေါင်းတုံးအား ဇီးရှိသော နွားမတစ်ကောင်ပေးအပ်၍ ဗရကသ်တိုးပွားမင်္ဂလာရှိစေရန်အတွက် ဒုအာဆုမွန်ကောင်းတောင်းပေးပြီး ထွက်ခွာသွားခဲ့၏။

ထို့နောက် ကောင်းကင်တမန်သူတော်စင်ကြီးသည် အလ္လာဟ်အရှင်မြတ် အမိန့်တော်အတိုင်း တတိယလူဖြစ်သူ ငကန်းထံသို့ ရောက်ရှိလာပြီး အနူနှင့် ခေါင်းတုံးကို ပြောဆိုခဲ့သည့်အတိုင်း ငကန်းကိုလည်း ပြောဆိုလေ၏။
ထိုအခါ မျက်စိမမြင်နိုင်ရှာသော ငကန်းသည် သူတော်စင်ကြီး၏ စကားများကို နားထောင်ပြီး ဤပုဂ္ဂိုလ်ကြီးရောက်ရှိလာခြင်းမှာ မိမိအတွက် အလ္လာဟ်အရှင်မြတ်၏ အထူးကျေးဇူးတော်ပင်ဖြစ်သည်ဟု တွေးတောပြီး မျက်စိများ အလင်းပြန်မြင်စေရန်အတွက် ဒုအာတောင်းပေးပါရန် သူတော်စင်ကြီးအား ရိုသေလေးစားစွာ ပြောဆိုလိုက်လေ၏။
သူတော်စင်ကြီးသည် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် ဒုအာတောင်း၍ မိမိလက်ဖြင့် မျက်မမြင်ငကန်း၏ မျက်စိနှစ်ဖက်ကို ပွတ်သပ်ပေးလိုက်ရာ ငကန်း၏ မျက်စိနှစ်ကွင်းမှာ ချက်ချင်းပင် အလင်းရောင်ရ၍ အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားလေ၏။
ထို့နောက် သူတော်စင်ကြီးသည် ငကန်း၏ အနှစ်သက်ဆုံးပစ္စည်းကို မေးမြန်းရာ ငကန်းက မိမိအနှစ်သက်ဆုံးပစ္စည်းမှာ ဆိတ်ဖြစ်သည်ဟု ဖြေကြားလေ၏။ ကောင်းကင်တမန် သူတော်စင်ကြီးသည် ငကန်းအား ဇီးရှိသော ဆိတ်မတစ်ကောင်ချီးမြှင့်ပြီး ဗရကသ်တိုးပွားမှုရှိစေရန်အတွက် ဒုအာတောင်းပေးပြီးလျှင် ထွက်ခွာသွားလေတော့သည်။

အလ္လာဟ်အရှင်မြတ်သည် ၎င်းလူသုံးယောက်၏ ဥစ္စာပစ္စည်းများတွင် တိုးပွားမှုများ များစွာချီးမြှင့်ပေးသနားတော်မူပေသည်။
အချိန်များစွာမကြာမြင့်မီ ကာလအတွင်းမှာပင် ဤလူမွဲသုံးဦးစလုံးသည် ပစ္စည်းဥစ္စာအမြောက်အမြားကို ပိုင်ဆိုင်သော အလွန်ကျိကျိတက်ချမ်းသာသည့် သူဌေးကြီးများအဖြစ်သို့ ရောက်ရှိခဲ့ကြပေသည်။
အချိန်ကာလအနည်းငယ်ကြာပြီးနောက် ဤသူဌေးကြီးများထဲမှ အချို့သည် အောက်ခြေလွတ်၍ မိမိတို့၏ မူလဘဝကို မေ့လျော့သွားကြပြီး ဘဝင်မြင့်ကာ မာနထောင်ခဲ့ကြပေသည်။

သို့ပါ၍ အလ္လာဟ်အရှင်မြတ်သည် လူသားများကို သင်ခန်းစာပေးရန်အတွက် ပထမစေလွှတ်ခြင်းခံရသော ကောင်းကင်တမန်အား ဤလူသုံးဦးကို စမ်းသပ်ရန်အတွက် စေလွှတ်တော်မူပြန်၏။

အစီအစဉ်အရ ကောင်းကင်တမန်သည် ခရီးသည် ဆင်းရဲသားယောင်ဆောင်ပြီး ပထမလူဖြစ်သူ အနူသူဌေးကြီးထံရောက်ရှိလာပြီး ... ကျွန်တော်ဟာ ဆင်းရဲနွမ်းပါးတဲ့ ခရီးသည်တစ်ယောက်ဖြစ်ပါတယ်။ သူဌေးကြီးကို အလ္လာဟ်အရှင်မြတ်က ဥစ္စာပစ္စည်းများစွာ ချီးမြှင့်ထားတော်မူပါတယ်။ ဒါကြောင့်မို့ ကျေးဇူးပြုပြီး သနားကြင်နာသောအားဖြင့် အလ္လာဟ်အရှင်မြတ်ရဲ့ နှစ်သက်မှုကို ရရှိဖို့အတွက် ကျွန်တော့်ကို ကုလားအုတ်တစ်ကောင်ပေးပါခင်ဗျာ၊ ဟုဆိုကာ အကူအညီတောင်းခံလေ၏။

အနူသူဌေးကြီးသည် ဆင်းရဲသား၏စကားကိုနားထောင်၍ ဒေါသထွက်သွားပြီး .. မင်း ဘာစကားပြောတာလဲ၊ အလ္လာဟ်အရှင်မြတ်က ငါ့ကို ဘာမှပေးမထားဘူး။ ဒီဥစ္စာပစ္စည်းတွေကို ငါက ဒုက္ခခံပြီး ရှာဖွေစုဆောင်းခဲ့တယ်။ ငါရှာဖွေထားတဲ့ပစ္စည်းတွေဟာ သူတစ်ပါးကို အကူအညီပေးဖို့အတွက်မဟုတ်ဘူး။ ဒါကြောင့်မို့ မင်းတောင်းတဲ့ ကုလားအုတ်တစ်ကောင်ကို ငါမပေးနိုင်ဘူး ..... ဟု ခက်ထန်စွာ ပြောဆိုလေ၏။
ကောင်းကင်တမန်က အနူသူဌေး၏စကားကိုနားထောင်ပြီး ၎င်း၏အောက်ခြေမှအကြောင်းအရာများ၊ အဖြစ်မှန်များကို အသေးစိတ်ရှင်းပြခဲ့သည်မှာ ..... အသင်ဟာ တစ်ချိန်တုန်းက သူဌေးမဖြစ်ခင်မှာ လူတော်မတိုးနိုင်တဲ့ အနူရောဂါသည်တစ်ယောက်ဖြစ်ခဲ့တယ်။ အလ္လာဟ်အရှင်မြတ်က ကောင်းကင်တမန်တစ်ပါးကို သူတော်စင်ပုံစံနဲ့ အသင့်ထံကို စေလွှတ်တော်မူလိုက်တယ်။ ကောင်းကင်တမန်ကြီးက ဒုအာတောင်းပေးလို့ အသင့်အနူရောဂါဟာ ပျောက်ကင်းသွားပြီး အသင်ဟာ လူချောလူလှတစ်ဦး ဖြစ်လာခဲ့တယ်။
ပြီးတော့ သူတော်စင်ကြီးက အသင့်ကို အသင်အကြိုက်ဆုံးပစ္စည်းဖြစ်တဲ့ ဇီးရှိတဲ့ကုလားအုတ်မတစ်ကောင်ပေးပြီး ဗရကသ်တိုးပွားမင်္ဂလာရှိစေဖို့အတွက် ဒုအာတောင်းပေးလိုက်လို့ အလ္လာဟ်အရှင်မြတ်က အသင့်ကို အခုလို သူဌေးကြီးအဆင့်ကို ချီးမြှင့်တော်မူခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ အသင်ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော်များကို မေ့သွားခဲ့လေပြီ။ ဆန့်ကျင်ဖီဆန်သူအဖြစ်နဲ့ ဘဝင်မြင့်ပြီး မာနထောင်လွှားခြင်းဟာ မိမိကိုယ်မိမိ ဖျက်ဆီးနှစ်မြှုပ်ခြင်းနဲ့ အတူတူပဲမို့ အင်မတန်မှ ဝမ်းနည်းစရာကောင်းပါတယ်။ အခု ကျွန်ုပ်အသေးစိတ်ရှင်းပြခဲ့တဲ့အရာတွေဟာ မှန်ကန်ခဲ့ရင် အလ္လာဟ်အရှင်မြတ်က အသင့်ရဲ့ အခုလက်ရှိအခြေအနေကို ပြောင်းလဲပြီး မူလအခြေအနေအတိုင်း ပြုလုပ်ပေးတော်မူပါစေ ဟု ဆိုကာ ကောင်းကင်တမန်က အနူကို ဗဒ်ဒုအာ ကျိန်စာပေးပြီး ထွက်သွားလေ၏။

ဆင်းရဲနွမ်းပါးသော ခရီးသည်ယောင်ဆောင်ထားသည့် ကောင်းကင်တမန်သည် အနူအိမ်မှ ထွက်ခွာသွားပြီးနောက် အနူသူဌေးကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ဝေဒနာဟောင်းဖြစ်သော အနူရောဂါမှာ ပြန်ပေါ်လာခဲ့လေ၏။ များမကြာမီအချိန်အနည်းငယ်အတွင်း၌ပင် ခန္ဓာကိုယ်တစ်ခုလုံးပေါ်တွင် အနူရောဂါမှာ လွှမ်းမိုးသွား၍ အနူ၏ မိတ်ဆွေသူငယ်ချင်းများ အားလုံးသည် ၎င်း၏ အနီးမှ ဝေးဝေးရှောင်ကြလေတော့သည်။
အလားတူပင် ၎င်း၏ပစ္စည်းဥစ္စာများမှာလည်း မကြာမီအချိန်ကာလအတွင်း၌ပင် ဖယိုဖရဲဖြစ်ပြီး ပျက်စီးပပျောက်၍ အနူသည် လူမွဲတစ်ယောက် ပြန်ဖြစ်သွားလေတော့၏။
ကောင်းကတမန်သည် အနူသူဌေးကြီးထံမှ ထွက်ခွာလာပြီးနောက် ဒုတိယလူဖြစ်သူ ခေါင်းတုံးသူဌေးကြီးထံသို့ ဆင်းရဲနွမ်းပါးသော ခရီးသည်တစ်ယောက်၏ ပုံစံဖြင့်ပင် လာရောက်၍ မိမိအခြေအနေကို အနူသူဌေးကြီးအား တင်ပြသည့်အတိုင်း ခေါင်းတုံးသူဌေးကြီးကိုလည်း တင်ပြပြီး နွားတစ်ကောင် တောင်းခံလေ၏။
ခေါင်းတုံးသူဌေးကြီးကလည်း ကောင်းကင်တမန်အား အနူသူဌေးကဲ့သို့ပင် မောက်မာစွာဆက်ဆံ၍ အဖြေပေးလိုက်သောကြောင့် ခရီးသည်ယောင်ဆောင်ထားသော ကောင်းကင်တမန်သည် ခေါင်းတုံးသူဌေးကြီး၏ အောက်ခြေဘဝမှ အခြေအနေများကို အသေးစိတ်ရှင်းပြလိုက်၏။ ထို့နောက် ၎င်းသည် အနူသူဌေးကို ကျိန်စာပေးသကဲ့သို့ပင် ခေါင်းတုံးသူဌေးကိုလည်း ကျိန်စာပေးပြီး ထွက်ခွာသွားလေ၏။
ခရီးသည်ယောင်ဆောင်ထားသော ကောင်းကင်တမန်က ခေါင်းတုံးသူဌေးကြီးထံမှ ထွက်ခွာသွားပြီးနောက် ခေါင်းတုံး၏ဦးခေါင်းတွင် ယခင်မူလကရောဂါမှာ ပြန်ပေါ်လာခဲ့ပါသည်။ ထို့နောက် တဖြည်းဖြည်းနှင့် ဦးခေါင်းတစ်ခုလုံးမှာ ဆံပင်များကျွတ်ပြီး ယခင်အတိုင်း လူတောမတိုးနိုင်သော ခေါင်းတုံးဖြစ်သွား၍ ၎င်း၏မိတ်ဆွေများအားလုံးမှာ ၎င်းထံမှ ဝေးဝေးရှောင်သွားကြလေ၏။ များမကြာမီကာလတွင် ၎င်း၏ ဥစ္စာပစ္စည်းများမှာလည်း ပျက်စီးသွားပြီး ခေါင်းတုံးသည် လူမွဲဘဝသို့ ပြန်ရောက်သွားလေတော့၏။
ထို့နောက် ကောင်းကင်တမန်သည် အစီအစဉ်အရ တတိယလူဖြစ်သော ငကန်းသူဌေးကြီးထံသို့ ဆင်းရဲနွမ်းပါးသော ခရီးသည်တစ်ယောက်ပုံစံဖြင့် ရောက်လာပြီး မိမိအခြေအနေများကို အနူနှင့်ခေါင်းတုံးသူဌေးတို့အား တင်ပြခဲ့သည့်အတိုင်း ငကန်းသူဌေးကိုလည်း တင်ပြပြီး ဆိတ်တစ်ကောင် အကူအညီတောင်းခံလေ၏။
ငကန်းသူဌေးကြီးသည် ၎င်း၏အကူအညီတောင်းခံမှုကို အလွန်ဝမ်းသာအားရစွာဖြင့် လက်ခံပြီး ရောက်ရှိလာသောခရီးသည်အား ပြုံးရွှင်သောမျက်နှာထားဖြင့် ဆက်ဆံသည့်အပြင် မိမိပိုင်ဆိုင်သော အရာဝတ္ထုတိုင်းကို ယူလိုသမျှ ယူနိုင်ကြောင်း ပြောကြားလေ၏။
ထိုအချိန်တွင် ဆင်းရဲသောခရီးသည်ယောင်ဆောင်ထားသည့် ကောင်းကင်တမန်က ငကန်းသူဌေးကြီးအား ကျွန်ုပ်ဟာ လူသားမဟုတ်ပါဘူး။ ကောင်းကင်တမန်တစ်ပါးသာ ဖြစ်ပါတယ်။ ပထမအကြိမ်တုန်းက အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်ကို သူတော်စင်တစ်ဦးအသွင်နဲ့ လူသားတွေကို ဟိဒါယသ် တရားလမ်းမှန်ပြဖို့အတွက် အသင်တို့သုံးဦးထံသို့ စေလွှတ်တော်မူခဲ့တယ်။
အခု ဒုတိယအကြိမ် လူသားတွေကို သင်ခန်းစာပေးဖို့နဲ့ သံဝေဂတရား ရရှိစေရေးအတွက် အသင်တို့ကိုစမ်းသပ်ဖို့ ကျွန်ုပ်ကို ဆင်းရဲနွမ်းပါးတဲ့ ခရီးသည်ပုံစံနဲ့ စေလွှတ်တော်မူလိုက်တယ်။ ကျွန်ုပ်ဟာ အသင်တို့သုံးဦးကို စမ်းသပ်ရာမှာ ပထမလူ အနူနဲ့ ဒုတိယလူ ခေါင်းတုံးတို့ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော်တွေကိုမေ့သွားကြပြီး ဘဝမြင့်စွာနဲ့ မာနထောင်နေခဲ့ကြတယ်။ ဒါကြောင့်မို့ အလ္လာဟ်အရှင်မြတ်က သူတို့ကို ဒဏ်ခတ်တော်မူခဲ့တယ်။
တတိယလူ အသင်ကတော့ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော်တွေကို မမေ့ခဲ့ဘူး။ ဒါကြောင့်မို့ ပထမလူအနူရဲ့ ဥစ္စာပစ္စည်းတွေနဲ့ ဒုတိယလူ ခေါင်းတုံးရဲ့ ဥစ္စာပစ္စည်းတွေအားလုံးကို အသင့်အတွက် ချီးမြှင့်တော်မူတယ် ဟု ရှင်းပြပြီးနောက် ကောင်းကင်တမန်မှာ ပြန်သွားလေတော့သတည်း။

----- မှတ်ချက် -----
ကျေးဇူးသိခြင်းသည် မွန်မြတ်သော အကျင့်စာရိတ္တပင် ဖြစ်ပါသည်။ ကျေးဇူးမသိခြင်းမှာ အလွန်ယုတ်မာသော အကျင့်စာရိတ္တဖြစ်ပြီး အတွင်းရောဂါဆိုးတစ်မျိုးလည်း ဖြစ်ပါသည်။ ကျေးဇူးသိသူများသည် ၎င်းကျေးဇူးသိခြင်းအပေါ် အကျိုးခံစားရသည်။ ကျေးဇူးမသိသူ၊ ကျေးဇူးကန်းသူ၊ ကျေးဇူးမေ့သူများမှာ အကျိုးမခံစားနိုင်သည့်အပြင် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြရပေသည်။

အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးသိသူများအား ပို၍ချီးမြှင့်တော်မူပြီး ကျေးဇူးမသိသူများကို ပြင်းထန်စွာ အရေးယူတော်မူမည်ဟူ၍ ကုရ်အာန်ကျမ်းမြတ်ထဲတွင် မိန့်ထားတော်မူပေသည်။

သို့ပါ၍ ကျေးဇူးမသိမှုဟူသော အတွင်းရောဂါဆိုးမှရှောင်ကြဉ်ရန်နှင့် ကျေးဇူးသိ၍ ကျေးဇူးတရား၏ လိုလားချက်အတိုင်း ပြုလုပ်ဆောင်ရွက်ရန် လိုအပ်ပေသည်။ ဤမှတ်ချက်တွင်ပါဝင်သော အချက်အလက်များအတွက် အထက်ပါဖြစ်ရပ်လေးမှာ အထောက်အထားတစ်ခုပင် ဖြစ်ပါသည်။

[မော်လာနာအဗ်ဗါးစ် ကာစေမီ ရေးသာပြုစုသည့် ချစ်ဆွေများအတွက် အသိပညာပေး ပုံပြင်လက်ဆောင် စာအုပ်၊ စာ ၁၃၆ ပါအကြောင်းအရာကို ကူးယူတင်ဆက်ခြင်းဖြစ်ပါသည်။]

အလ်မုဖီးဒ်