Tuesday, February 2, 2016

ဒီးန်ကို ရေးသားဖြန့်ချိရာတွင် သတိပြုရန်

ဤလင့်မှ ရှဲပေးနိုင်သည်။
https://www.facebook.com/almufeed.mm/posts/896153160505274:0

ဖေ့ဘွတ်တွင်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ၊ အစ္စလာမ်ရဲ့ အမိန့်၊ ပညတ်ချက်တွေကို ရေးသားတဲ့အခါ စာသားအသုံးအနှုန်းကို သတိထားရပါမယ်။ တစ်ချို့ အကြောင်းအရာတွေက ဖရ်ဇ် ဝါဂျိဗ်၊ မပြုမနေရတာဝန်တွေဖြစ်တယ်။ အဲ့ဒီလိုအမိန့်မျိုးကို ရည်ညွှန်းတဲ့အကြောင်းအရာမှာ "သင့်" ဆိုတာမျိုးကို မသုံးရပါဘူး။ ပမာ နမားဇ်ဖတ်ဖို့တော့ သွားသင့်တယ်။ ဒီလိုဆိုရင် အလိုသဘောလွဲသွားပါတယ်။ နမားဇ်ဖတ်ဖို့သွားသင့်တယ် ဆိုတဲ့စာသားကို ဖတ်လိုက်ရင် သဘောပေါက်ပုံက နမားဇ်ဖတ်ဖို့ သွားရင်လည်း ရတယ်၊ မသွားရင်လည်းရတယ်။ နမားဇ်မဖတ်လည်းရတယ်။ ဖတ်လည်း ရတယ် ဆိုတဲ့ အလိုသဘောကို သက်ရောက်သွားပါတယ်။ အဲ့ဒီလိုပဲ မုစ်လင်မ်အမျိုးသမီးများနဲ့ သက်ဆိုင်တဲ့ပညတ်ချက်တွေကို ရေးသားတဲ့အခါ ဥပမာ အသံမြည်တဲ့ခြေကျင်း အဆင်တန်ဆာတွေကို မဝတ်သင့်ဘူး ဆိုပြီးရေးလိုက်တယ်။ အမှန်တော့ ဒါက လုံးဝမဝတ်ရဘူးဆိုတဲ့ အမိန့်ဖြစ်တယ်။ ဘာ့ကြောင့် မဝတ်ရသလဲဆိုရင် ဒီအမျိုးသမီးရဲ့ အသံတွေကို ကြားပြီး သူစိမ်းအမျိုးသားများက ဂရုပြုလာမယ်။ ဒါ့ကြောင့် မဝတ်ဆင်ခိုင်းဘူး၊ နောက်တစ်ဖက်မှာ အသံမြည်တဲ့အရာတွေက ရှိုက်သွာန်ရဲ့ အဆင်တန်ဆာဖြစ်တယ်။ ဒါ့ကြောင့် တားမြစ်ထားတယ်။ ဒီအမိန့်ကို ပြန်ဖော်ပြတဲ့အခါ ကိုယ်က "သင့် " ဆိုတဲ့စကားလုံးကို သုံးလိုက်ရင် အမိန့်က လုံးဝပြောင်းသွားပြီး လုပ်ချင်လည်း ရတယ်။ မလုပ်ချင်လည်း ရတယ်ဆိုတဲ့ ပုံစံ ဖြစ်သွားပါတယ်။

ဒါ့ကြောင့် မုစ်လင်မ်တို့အနေနဲ့ အစ္စလာမ်ကို ရေးသား ဖြန့်ဝေတဲ့နေရာမှာ စာသားအသုံးအနှုန်းကို အထူးသတိထားပါ။ မိမိရဲ့စာသားကို ဖတ်ပြီးတဲ့အခါ အမိန့်တွေ ပညတ်ချက်တွေကို ပေါ့ပေါ့တန်တန် သဘောထားလိုက်စေတာမျိုး မဖြစ်စေရပါဘူး၊ မြန်မာစာပေနဲ့ ပြန်လည်ဖြန့်ဝေတဲ့အတွက် တစ်ဖက်မှာ မြန်မာစာရဲ့ သုံးစွဲပုံကို နားလည်သဘောပေါက်ထားရပါမယ်။ စာပေတိုင်းမှာ သူ့သဒ္ဒါနဲ့သူ သူ့အရည်အသွေးနဲ့ သူ ရှိပါတယ်။ စာလုံးသတ်ပုံတွေမှားနေတာ၊ သဒ္ဒါအထားအသိုမှားနေတာ၊ စာသားယူပုံ၊ စကားလုံးသုံးစွဲပုံတွေ လွဲနေခြင်းတွေက တစ်ဖက်ကြည့်ရင်တော့ မှားတယ်လို့သာ ပြောနိုင်ပေမယ့် သူ့ထက်ပိုကြီးတဲ့ တာဝန်က ကိုယ်ရေးလိုက်တဲ့အမှားက ပညတ်ချက်၊ အမိန့် ဆိုင်ရာ တစ်နည်း ရှရီအသ်ရဲ့ သတ်မှတ်မှုမှာပါ မှားသွားစေမယ်။ ဖတ်ရှုသူက တလွဲမှတ်သွားမယ်ဆိုရင် အပြစ်ထိုက်ပါမယ်။ ဒါ့ကြောင့် မုစ်လင်မ်တို့အနေနဲ့ ဘာသာရေးလေ့လာသလို တစ်ဖက်ကလည်း မြန်မာစာပေအကြောင်းကိုလည်း လေ့လာပါ။

နောက်ဆုံးတစ်ခုပြောလိုတာကတော့ မြန်မာဘာသာနဲ့ ရေးသားထားတဲ့စာအုပ်တွေကနေ ကြည့်ကူးပြီး စာအုပ်အကြီးတွေရဲ့ အညွှန်းကိုပဲ တပ်ပြီး ကိုယ်ဖတ်လိုက်ရဲ့ မြန်မာဘာသာနဲ့ စာအုပ်အမည်ကို မရေးသားခြင်းပါပဲ။ ဒါမျိုး လုံးဝမလုပ်ရပါဘူး။ သိရ်မီဇီ၊ ဗုခါရီ၊ ဖဿဝါ အာလမ်ဂီရီ စသဖြင့် ကျမ်းကြီးတွေရဲ့အမည်ကို ကိုင်တွယ်ပြီး ကျမ်းကိုးရေးသားတယ်။ စာသားကို အဲ့အတိုင်း အဆုံးသတ်ထားတယ်။ ဖတ်သူက ဟာ သူ ဒီကျမ်းကြီးတွေကနေ ရေးတာပဲလို့ ထင်သွားမယ်။ အမှန်တော့ ဖဇာအေလေ အအ်မာလ်၊ အဆ်အဒီယာက ထုတ်တဲ့ ဖဿဝါစာအုပ်တို့ တခြား ဘာသာပြန်စာအုပ်တို့ အဲ့ဒီ့ကနေ ကြည့်ကူးတာ။ အဲ့ဒီလိုမလုပ်ရပါဘူး။ မြန်မာဘာသာနဲ့ဖတ်ရင် အဲ့ဒီစာအုပ်အမည်ကို တပ်ပါ။ ကျမ်းညွှန်းကြီးတွေတပ်တာထက် ကိုယ်ဖတ်လိုက်ရတဲ့စာအုပ်အမည်ကိုတပ်ပြီး အမှန်အတိုင်း ဖော်ပြခြင်းက ပိုပြီး ဂုဏ်ရှိပါတယ်။ ကိုယ်မလုပ်ပဲ လုပ်သယောင်ဆောင်ခြင်း၊ လိမ်ခြင်း အားလုံးက သူ့အပြစ်နဲ့သူချည်းပါပဲ။ ဒီးန်ကို လိမ်ပြီးဖြန့်ရင် ဒီးန်ကြောင့် ကုသိုလ်ရပေမယ့် လိမ်ခြင်းကြောင့် ငရဲလည်း ခံရပါမယ်။ ကုသိုလ်လုပ်လိုက်လို့ ဒီဖက်က အကုသိုလ်ကိုပါ လွှတ်ပေးလိုက်မယ် မရှိပါဘူး။ အပြစ်က အပြစ်အတိုင်း ရှိနေပါမယ်။ ဒါ့ကြောင့် စာပေတွေ ရေးသားဖြန့်ချိရာမှာ ကိုယ်ဖတ်လိုက်ရတဲ့ စာအုပ်က မြန်မာစာပေနဲ့ဆိုလည်း အဲ့ဒီမြန်မာလိုစာအုပ်အမည်ကို ထည့်ရေးပါ။ ဘယ်ဘာသာ စကားနဲ့ပဲ ရေးထားသည်ဖြစ်စေ၊ ဖတ်လိုက်ရတဲ့ စာအုပ်အမည်ကို ထည့်ရေးပါ။ ဒါဟာ မှန်ကန်ပြီး သစ္စာသမာဓိရှိသူတို့ရဲ့ ဓလေ့ဖြစ်ပါတယ်။ ကိုယ်ရေးလိုက်တဲ့ စာအုပ်အမည်တွေ့လို့ နှစ်သက်ပြီး အပြင်မှာ ရှာဝယ်ဖတ်လည်း အဲ့ဒီကုသိုလ် ကိုယ်လည်း ရမှာပါ။ ဒါ့ကြောင့် ဒီးန်ကို ဖြန့်တဲ့အခါမှာလည်း မှန်မှန်ကန်ကန်ဖြန့်ကြပါလို့ တောင်းဆိုလိုပါတယ်။

အလ်မုဖီးဒ်