Showing posts with label နမားဇ်. Show all posts
Showing posts with label နမားဇ်. Show all posts

Tuesday, March 21, 2017

ကဇွာနမားဇ်များအား လွယ်ကူစွာ ပြန်ဖြည့်နည်း




အလ်မုဖီးဒ်ကနေ တင်ဆက်သည်များအား ဖတ်ရှုသူများနှင့် အစ္စလာမ့်အသိပညာများကို ရှာဖွေသူတို့အတွက် ကဇွာနမားဇ်များအား ပြန်ဖြည့်နည်း၊ သေဆုံးသွားသူတို့၏ နမားဇ်များအတွက် လျော်ကြေးပေးဆောင်နည်း အမှန်အား ဖော်ပြလိုက်ပါသည်။ အွန်မရေကဇွာဟူသည့်အမည်ဖြင့် တသက်လုံး၏ နမားဇ်များအား နှစ်ရကအသ်တည်းဖြင့် ပလပ်ခွင့်ရမည်ဟူသည့် နည်းအမှားမှာ လူအတော်များများထံတွင် ရှိနေပြီး ထိုနည်းအတိုင်း လိုက်လုပ်သူများလည်း ရှိပါသည်။ ထို့ကြောင့် အမှားဖြင့် အချိန်ကုန်မနေစေဘဲ နည်းအမှန်ကို ကျင့်သုံးပါဟု တိုက်တွန်းအပ်ပါသည်။ ထို့အတူ အမှန်ကိုလည်း လူအများသိအောင် ပြောပြရန် မွတ်စ်လင်မ်တိုင်းတွင် တာဝန်ရှိပါသည်။

ကသွာဖြစ်ခဲ့သည်များအား အမြန်ဆုံး ပြန်ဖြည့်ရန် တာဝန်ရှိပါသည်။ နမားဇ်ကဇွာဖြစ်သွားသည်။ သို့သော် ယင်းကဇွာကို ချက်ခြင်းမဖြည့်သေးပေ။ မည်သည့်နေ့၊ ရက် ရောက်မှ ဖြည့်မည်ဟုရည်ရွယ်ပြီး ကဇွာဖြည့်ခြင်းကို ရွှေ့ဆိုင်းထားသည်။ သတ်မှတ်လိုက်သည့် နေ့၊ ရက် မရောက်မီ ကွယ်လွန်သွားပါက ဂုနာဟ် နှစ်ဆခံရပါမည်။ တစ်ခုမှာ နမားဇ်ကို ကဇွာဖြစ်စေခြင်းအတွက်၊ နောက်တစ်ခုမှာ ချက်ချင်း ကဇွာပြန်မဖတ်သည့်အတွက် ဖြစ်သည်။ ကဇွာဖြည့်ရန် မခက်ခဲပါ။ အလွန် လွယ်ကူပါသည်။

အချိန်ပေးနိုင်သူ ဖြစ်ပါက ဇွဲရှိရှိဖြင့် တစ်ရက်တည်း၊ သို့မဟုတ် အချိန်တစ်ခုတည်းမှာပင် လွတ်ခဲ့သမျှ နမားဇ်အားလုံး၏ ကဇွာကို ဖတ်လိုက်ရမည်။ ဇုဟုရ်အချိန်ရောက်မှ ဇုဟုရ်ရဲ့ ကဇွာ၊ အဆွရ်အချိန်ရောက်မှာ အဆွရ်ရဲ့ ကဇွာ စသဖြင့် အချိန်အတိအကျအတိုင်း ကဇွာပြုရန်မလိုအပ်ပါ။ နှစ်ပေါင်း၊ လပေါင်းများစွာ၏ နမားဇ်များကို ကဇွာပြုရမည်ဆိုပါကလည်း တတ်နိုင်သလောက် အမြန်ဆုံး ပြန်လည်ဖြည့်စွက်လိုက်ရမည်။ မိမိအားလပ်သည့်အချိန်တွင် (မက္ကရူးဟ်ဖြစ်သည့် နေထွက်၊ မွန်းတည့်နှင့် နေဝင်ချိန် မှအပ) နမားဇ်အမျိုးအစားများအလိုက် (ဖဂျရ်၊ ဇုဟုရ်၊ အဆွရ်၊ မဂ်ရိဗ်၊ အိယှာ) အချိန်ရလျှင် ရသလောက်ကို သက်တမ်းတစ်လျှောက် ကဇွာဖြစ်ခဲ့သည့်နမားဇ်များကို နှစ်ရကအသ်၊ လေးရကအသ်စီ ပြန်ဖြည့်လိုက်ရမည်။ အကယ်၍ ဤပုံစံဖြင့်လည်း ကဇွာမပြုနိုင်ပါက နမားဇ်တစ်ချိန်တွင် ကဇွာတစ်ကြိမ် ဖတ်လိုက်ပါ။ ဤသည်မှာ ကဇွာပြုခြင်း၏ အနိမ့်ဆုံး အဆင့်အတန်းဖြစ်ပါသည်။ (အလ်မုဖီးဒ်)

နမားဇ်
အသက်ရှင်စဉ်တွင် အရေးအကြီးဆုံးနှင့် သေပြီးနောက်တွင် ပထမဆုံး စစ်မေးမည့် အရာမှာ နမားဇ်ဖြစ်သည်။ ထို့ကြောင့် နမားဇ်ကို လူတစ်ဦးချင်းသည် အခြေအနေတိုင်းတွင် ဆောက်တည်ရန် တာဝန်ရှိ၏။
- ရောဂါသည်ဖြစ်လျှင်လည်း ထိုနမားဇ်ကို ဆောက်တည်ရမည်။ မဆောက်တည်ပါက တာဝန်မကျေပါ။ အကယ်၍ မတ်တပ်ရပ်ပြီး မဆောက်တည်နိုင်ပါက ထိုင်လျှက်နှင့် ဆောက်တည်ခွင့်ရှိသည်။ အကယ်၍ ထိုင်လျှက်နှင့် မဆောက်တည်နိုင်ပါက လဲလျောင်း၍ ကိဗ်လာဘက်သို့ မျက်နှာမူပြီး (သို့မဟုတ်) ခြေနှစ်ဖက်အား ကိဗ်လာဘက်သို့ ဆန့်တန်း၍ ဦးခေါင်းအောက်၌ မှီအုံးထားရှိကာ ထောင်ထား၍ဖြစ်စေ (သို့မဟုတ်) ဆန့်တန်းထား၍ ဖြစ်စေ နမားဇ်ကို ဆောက်တည်လိုက်ပါက နမားဇ်သည် ချက်ချင်းလက်ငင်းဆောက်ရွက်လိုက်သည့် အိဗာဒသ် အဖြစ် တာဝန်ကျေသွားပေမည်။
- နာမကျန်းသူသည် ကျန်းမာလာသည့် အတိုင်းအတာမျှ ဥပမာ ရပ်၍ဆောက်တည်နိုင်ပါက ရပ်လျက်နှင့် (သို့) ထိုင်လျက်နှင့် (သို့) လဲလျောင်းလျက် မိမိ၏ အချိန်အတွင်း နမားဇ်များနှင့်အတူ လွတ်ခဲ့သော နမားဇ်များကိုပါ အစားပြန်ဖြည့်ရမည်။
- တစ်ဦးတစ်ယောက်သည် သတိလစ်မေ့မြောသွားရာ နမားဇ် ၆ကြိမ်ခန့် ဆောက်တည်နိုင်သောအချိန် မကုန်ဆုံးမီအလျင် သတိပြန်ရလာပါက ထိုနာမားဇ် ၆ကြိမ်လုံးအား ကဿွာပြန်ဖြည့်ရန် ဖရ်ဇ်တာဝန်ဖြစ်သည်။ အကယ်၍ ထို့ထက်ပို၍ အချိန်များစွာ သတိလွတ်မေ့မြောပြီးမှ သတိပြန်ရလာပါက ထိုနမားဇ်များအား ကဿွာဖြည့်ရန် မလိုပါ။ ဖိဒ်ယာပေးလှူရန်လည်း တာဝန်မရှိပါ။


* လွယ်ကူစွာ ကဿွာဖြည့်စွက်နည်း*
- ကဇွာနိယသ်
ကဇွာနမားဇ် ဖတ်ရာတွင် ဖတ်မည့်နမားဇ်၏ နိယသ်၌ လွတ်ခဲ့သောနမားဇ်၏ နေ့၊ ရက်၊ လ၊ အချိန်၊ အားလုံးကို ထည့်သွင်းရည်စူးမှုပြုရမည်။ (အရေးကြီးသည်။) ထိုအချက်များ မပါဘဲ နမားဇ်မပိုင်ပါ။ အကယ်၍ နမားဇ်များစွာ ကဿွာဖြစ်ခဲ့သည်ဆိုပါက ထိုနမားဇ်အားလုံး၏ နေ့ ရက်ကို မှတ်မိနိုင်ရင် ခဲယဉ်းသည်။ ထို့ကြောင့် ထိုနေ့များအားလုံးကို အတိအကျဖြင့် နိယသ် ရည်စူးမှုပြုနိုင်ရန်မှာ အလွန် ခက်ခဲပါသည်။ ထိုပုံစံတွင် ၎င်းနမားဇ်များအား ဆောက်တည်ရန် အောက်ဖော်ပြပါ နည်းလမ်းနှင့် အညီ နိယသ်ရည်စူးပါ။

* သက်တမ်းတလျှောက်လုံး၏ ကဿွာနမားဇ်များဖတ်ရာတွင် နိယသ်ပြုနည်း
ကျွန်ုပ်လက်လွတ်မိခဲ့သော ဖဂ်ျရ်နမားဇ်များအနက်မှ ပထမဦးဆုံး ဖဂျရ်နမားဇ်ကို ဝတ်ပြုပါသည်ဟု ရည်စူးပါ။ ဤသို့ ရည်စူး၍ ဆောက်တည်ပြီးပါက နောက်တကြိမ်ဆောက်တည်ရာ၌လည်း ထိုအတိုင်းပင် ရည်စူးရမည်။ ထိုသူလွှတ်ခဲ့သော ပထမဦးဆုံးနမားဇ်ကို ကဿွာဆောက်တည်မှု ပြုလိုက်သည့်အတွက် နောက်တစ်ကြိမ်ဖတ်သော နမားဇ်သည် ထိုသူ့အတွက် ပထမဆုံးလွှတ်ခဲ့သည့် နမားဇ်ဖြစ်သွားသည်။ ဤသို့ရည်စူး၍ ဆောက်တည်ခြင်းအားဖြင့် အချိန်၊ နေ့၊ ရက် အားလုံး အကျုံးဝင်သွားမည်။ ကျန်နမားဇ်များဖြစ်သည့် ဇုဟုရ်၊ အဆွရ်၊ မဂ်ရိဗ်၊ အိရှာနှင့် ဝိသိရ်နမားဇ်များအားလုံးကိုလည်း ထိုနည်းအတိုင်းပင် နိယသ်ရည်စူး၍ ဆောက်တည်ပါ။

* ကဿွာနမားဇ်ဆောက်တည်ရန် အချိန်
ကဿွာနမားဇ်များအား တားမြစ်ထားသည့် အချိန်သုံးချိန်ဖြစ်သော နေထွက်ချိန်၊ နေမွန်းတည့်ချိန်၊ နေဝင်ချိန်များမှအပ ကျန်အချိန်အားလုံး၌ ဆောက်တည်ခွင့် ရှိသည်။
အစဉ်အတိုင်းဖြစ်စေ၊ အစဉ်လိုက်မဟုတ်သည်ဖြစ်စေ ဆောက်တည်နိုင်သည်။ သို့သော် သက်တမ်းတလျှောက်လုံး၌ နမားဇ် ငါးကြိမ်သာလျှင် (သို့မဟုတ်) ထို့ထက်နည်းပြီး နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ် အစရှိသည်မျှသာ ကဿွာပြုရန် ကျန်ရှိပါက ၎င်းသည် ပျက်ကွက်ခဲ့သည့် နမားဇ်များအား အစဉ်အတိုင်း ဆောက်တည်ရမည်။(သက်တမ်းတလျှောက်လုံးတွင် နမားဇ်အရေအတွက်များစွာ လက်လွှတ်ခဲ့သူဖြစ်ပါက အစဉ်လိုက် ကဿွာအစားပြန်ဖြည့်ရန် အရေးမကြီးပါ။)


ကဿွာနမားဇ်အား ဖဂျရ်နမားဇ်နှင့် အဆွရ်နမားဇ်၏ နောက်တွင် ဆောက်တည်ခွင့်ရှိသည်။ သို့သော် ထိုသူ ကဿွာနမားဇ် ဖတ်နေသည်ကို အခြားသူများ မသိရှိစေရပါ။ နမားဇ်အား ကဿွာဖြစ်စေခြင်းသည် ဂုနာပြစ်မှုဖြစ်သည်။ ထို့သို့ ဂုနာပြစ်မှုအား ထင်ရှားပေါ်လွင်၍ လူအများ သိရှိစေခြင်းသည်လည်းဂုနာဖြစ်စေသောကြောင့် ဖြစ်သည်။ ဖဂျရ်နမားဇ်နှင့် အစွရ်နမားဇ်များနောက်တွင် ကဇွာဖတ်ခြင်းဖြင့် ဂုနာအား ဖော်ထုတ်ရာရောက်သည်။ ထိုအချိန် နှစ်ချိန်စလုံး၌ နဖိလ်နမားဇ်ဖတ်ခြင်းသည် မက္ကရူဟ်ဖြစ်၏။ နဖိလ်ဖတ်ခွင့်မရှိသောကြောင့် ယင်းအချိန်တွင် လူအများရှေ့ နမားဇ်ဖတ်ပါက ကဿွာနမားဇ်ခြင်းကို လူတိုင်းသိရှိသွားပေမည်။ ထို့ကြောင့် အခြားသူများ မသိရှိစေဘဲ ကဿွာနမားဇ်အား ဆောက်တည်ရမည်။ ဇုဟုရ် မဂ်ရိဗ်နှင့် အိရှာနမားဇ်၏ နောက်တွင် ဖတ်လိုက်ခြင်းဖြင့် အခြားသူများ မသိနိုင်ပါ။

* ကဿွာနမားဇ်ဆောက်တည်ရန် လွယ်ကူသောနည်းလမ်းများ
တစ်နေ့တာနမားဇ်များတွင် ဖရ်ဇ်အားလုံး၏ အရေအတွက်သည် ရကအသ် (၂ဝ)ဖြစ်သည်။ စွန္နသ်နမားဇ်များအား ကဿွာပြုရန် ဖရပ်ဇ်တာဝန်မဟုတ်ပါ။ သို့သော် ဝါဂျိဗ်အား ကဿွာပြုရန် ဝါဂျိဗ်ဖြစ်၏။

- ပထမနည်းလမ်း
ဖဂျရ် (၂)ရကအသ်၊ ဇုဟုရ် (၄)ရကအသ်၊ အဆွရ် (၄)ရကအသ်၊ မဂ်ရိဗ် (၃)ရကအသ်၊ အီရှာ (၄)ရကအသ်နှင့် ဝိသ်ရ် (၃)ရကအသ် အားလုံးပေါင်း ရကအသ် (၂ဝ) ဖြစ်သည်။ ၎င်းရကအသ် (၂ဝ)အား ပုံမှန်နည်းဖြင့် ဖတ်လျှင် မိနစ်(၂ဝ)ခန့် ကြာမည်ဖြစ်သည်။ မိနစ် (၂ဝ)သည် တစ်နေ့နှင့် တစ်ည၏ အချိန်များမှ (၇၂) ပုံ တစ်ပုံမျှသာ ဖြစ်သည်။ ထို့အတွက်ကြောင့် နံနက်ခင်းမှ နေ့ခင်းအချိန်အထိ (သို့မဟုတ်) အီရှာနမားဇ်ပြီးနောက်မှ နံနက်ခင်းအချိန်အထိ မည်သည့်အချိန်၌မဆို ဤမိနစ် (၂ဝ)ခန့်မျှသော အချိန်အား အသုံးချ၍ လွတ်ခဲ့သော နမားဇ်များအား ပြန်ဖတ်လိုက်ပါ။

- ဒုတိယနည်းလမ်း
ဤဒုတိယပုံစံမှာ ဖရ်ဇ်နမားဇ်များ၏ အလျင် (သို့မဟုတ်) နောက် မက္ကရူဟ်အချိန်များမှအပ ကျန်နမားဇ်အချိန်များ၌ တစ်ကြိမ်စီ ဆောက်တည်လိုက်ပါက လွယ်ကူစွာဖြင့် ဆောက်တည်နိုင်သည်။

- တတိယနည်းလမ်း
ရကအသ် (၂ဝ)အား သုံးပုံ ပုံလိုက်ပါ။ ဖဂ်ျရ် (၂)ရကအသ်နှင့် ဇုဟုရ် (၄) ရကအသ် ပေါင်းခြောက် ရကအသ်အား ဇုဟုရ်နမားဇ်အပြီးတွင် ဆောက်တည်လိုက်ပါ။ အဆွရ်နှင့် မဂ်ရိဗ်၏ ခုနှစ်ရကအသ်ကို မဂ်ရိဗ်အပြီးတွင် ဆောက်တည်လိုက်ပါ။ အိရှာနှင့် ဝိသိရ် ပေါင်း ခုနှစ်ရကအသ်ကို အိရှာအပြီးတွင် ဆောက်တည်လိုက်ပါက ရကအသ် (၂ဝ) ပြည့်သွားပေမည်။
ထိုသို့ဆောက်တည်မှု ပြုခြင်းအတွက် နမားဇ်တစ်ကြိမ်၏ နောက်တွင် (၇) မိနစ်ခန့်သာ ပိုကြာသွားမည်။ အသေအချာ စဉ်းစားကြည့်လျှင် ဤသို့ကဿွာဆောက်တည်လိုက်ခြင်းက ပို၍ လွယ်ကူမှု ရှိပါသည်။ သို့မဟုတ်ပါက ကွယ်လွန်ခါနီးအချိန်တွင် ဝစွီယသ်မှာတမ်းနိုင်မည်ဟု စိတ်ချယုံကြည်၍ မရပါ။ တခါတရံ ရုတ်တရတ် မမျှော်လင့်ဘဲ ကွယ်လွန်သေဆုံးသွားနိုင်သည်။ ဥပမာ နှလုံးသွေးရပ်တန့်သွားမည်။ (အက်စီးဒန့်ဖြစ်သွားမည်။) စသည့်သေဆုံးခြင်းမျိုးကြောင့် သေတမ်းစာ မမှာတမ်းနိုင်ပါက ၎င်းသူသည် အပြစ်ဒဏ်ခံစားရန်သာ ရှိတော့သည်။ အကယ်၍ ဝစွီယသ်မှာတမ်းမှုပြုခဲ့သည် ထားဘိဦး ကျန်ရစ်သူများမှ ဖိဒ်ယာပေးဆောင်ရာ၌လည်း အချို့အတွက်ပေးပြီး အချို့အတွက် မပေးမိပါကလည်း အပြစ်ဒဏ် ကျရောက်စေနိုင်မည်ဖြစ်သည်။ ထို့အတွက်ကြောင့် ကိုယ့်နောင်ရေးအတွက် မိမိကိုယ်တိုင် ဆောက်တည်သွားခြင်းက စိတ်အအေးရဆုံးဖြစ်ပါသည်။


နမားဇ်အတွက် ဖိဒ်ယဟ်ပေးနည်း
- တစ်ရက်တာအတွက် ဖိဒ်ယာပေးလျှင် နမားဇ် (၆) ကြိမ်အတွက် ပေးရမည်ဖြစ်သည်။ ဖရ်ဇ်နမားဇ် ငါးကြိမ်နှင့် ဝိသ်ရ် ဝါဂျိဗ်တစ်ကြိမ် စုစုပေါင်း နမားဇ် (၆) ကြိမ်ဖြစ်သည်။
- နမားဇ်တစ်ကြိမ်အတွက် ဂျုံ ၁.၇၅ ကီလို/ မြန်မာအလေးချိန်ဖြင့် ၁ ပိဿာနှင့် ၁ဝ ကျပ်သား ခန့် ဖြစ်သည်။ ၎င်းအလေးချိန်ဖြင့် ဂျုံ (သို့မဟုတ်) ယင်းအလေးချိန်ဂျုံနှင့် ညီမျှသောအဖိုးအခအား ဖိဒ်ယာအတွက် ပေးရမည်။
ထို့အတွက်ကြောင့် မွတ်စ်လင်မ်တိုင်းအနေဖြင့် ငါတို့သည် ကိယာမသ်နေ့၌ နမားဇ်ကို ပထမဦးဆုံးစစ်မေးခြင်း ခံရမည်ဖြစ်ရာ ထိုသို့စစ်မေးချိန်၌ အဇာဗ် အပြစ်ဒဏ်မှ မည်သို့လွတ်မြောက်နိုင်မည်ကို စဉ်းစားရမည်၊ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်ကြပါဟု တိုက်တွန်းအပ်ပါသည်။

မော်လာနာမုဖ်သီဂျမီးလ်အဟ်မဒ် ထာနဝီ ရေးသားထားသည့် ကျမ်းငယ်အား မော်လဝီမုဟမ္မဒ်နူရွလ္လာဟ် (အဆ်အဒီ မိတ္ထီလာ))က မြန်မာဘာသာဖြင့် ပြန်လည်ဖော်ပြပြီး မော်လာနာမုဖ်သီကာရီယူစွဖ် (အဆ်အဒီ)က တည်းဖြတ်ထားသည်။ " ပြန်လည်ဖြည့်စွက်နည်း" အမည်ရှိ စာအုပ်တွင်ပါရှိသော အကြောင်းအရာအား အလ်မုဖီးဒ်က ရွေးချယ်ကူးယူဖော်ပြခြင်း ဖြစ်သည်။

၁၆/ အောက်တိုဘာ/ ၂ဝ၁၆ (ကြာသပတေး)
၂၁/ မတ်လ/ ၂ဝ၁၇ (အင်္ဂါနေ့)။ ၂၁/ ဂျုမာဒိစ်ဆာနီလ/ ဟစ်ဂ်ျရီ ၁၄၃၈




Wednesday, October 7, 2015

နမားဇ်များ၏ အမည်များ

မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/834607396659851:0

အလ်မုဖီးဒ်မှ ဆွလားသ်၏ အဓိပ္ပါယ်နှင့် နမားဇ်၏ အဓိပ္ပါယ်၊ နမားဇ်အတွင်းမှ အခေါ်အဝေါ်များကို တင်ဆက်ခဲ့ပြီး ဖြစ်ပါသည်။ ယခု နမားဇ်များ၏ အမည်များကို တင်ဆက်ပါမည်။ နမားဇ်တွင် နေ့စဉ်ဆောက်တည်ရန် ငါးကြိမ်သည် ဖရဇ်ဖြစ်သည်။ ကျန်ရှိသည့် နမာဇ်တို့မှာ နဖိလ်အိဗာဒသ်များဖြစ်ပြီး အခြေအနေတစ်ခုခုကြောင့် ဆောက်တည်ရသည့်နမားဇ်များလည်း ရှိပါသည်။ ထိုသို့သော နမားဇ်များ၏ အမည်များကို သိမှတ်သလောက် ရေးသားပါမည်။

ငါးကြိမ်ဖရဇ်နမားဇ်၏ အမည်များ
ဆွလာသုလ် ဖဂျရ် = နေမထွက်မီဖတ်ရသည့် နမားဇ်
ဆွလာသုဇ် ဇုဟုရ် = မွန်းတည့်ပြီးနောက် ဖတ်ရသည့်နမားဇ်
ဆွလာသုလ် အဆွရ် = အရိပ်နှစ်ပြန်ကျချိန် ဖတ်ရသည့်နမားဇ်
ဆွလာသုလ် မဂ်ရိဗ် = နေဝင်သည့်အချိန် ဖတ်ရသည့်နမားဇ်
ဆွလာသုလ် အိရှာ = နေဝင်ပြီး အချိန်အနည်းငယ်ကြာပြီးနောက် ဖတ်ရသည့် နမားဇ်

နဖိလ်နမားဇ် ငါးကြိမ်၏ အမည်များ
ဆွလာသုလ် အိရှ်ရားက် = နေထွက်ပြီး ၁၅မိနစ်မျှနေပြီးနောက် ဖတ်ရသည့် နမားဇ်
ဆွလာသုသ် ဒုဟာ(ကျားရှ်-သ) = နေထန်းတစ်ဖျားခန့် ရောက်သည့်အချိန် ဖတ်ရသည့်နမားဇ်
ဆွလာသုသ် သပ်(စ)ဗီဟ် = မွန်းတည့်ပြီးနောက် သို့မဟုတ် မိမိနှစ်သက်ရာအချိန်တွင် ဖတ်နိုင်သည့်နမားဇ်
ဆွလာသုလ် အောက်ဝါဗီးန် = မဂ်ရိဗ်ပြီးနောက် ဖတ်ရသည့်နမားဇ်
ဆွလာသုသ် သဟ်ဂျွဒ် = အိရှာအပြီးမှစ၍ ဖဂျရ်မရောက်ခင်အထိ ဖတ်နိုင်သည့် နမားဇ်

ခရီးထွက်သည့်အခါ (သတ်မှတ်ချက်ပြည့်စုံပါက) လေးရကသ်ဖရဇ်နမားဇ်ကို နှစ်ရကသ်ဖတ်ရခြင်း ရှိ၏။ ထိုသို့ဖတ်ရခြင်းကို ကဆွရ် ဟုခေါ်သည်။

စစ်တိုက်နေရသည်ဖြစ်စေ၊ စစ်ဖြစ်နေသည့်အချိန်ဖြစ်စေ၊ မုစ်လင်မ်တို့ ဂျမာအသ်ဖြင့် နမားဇ်ဆောက်တည်ရန် အခြေအနေလုံးဝ မရှိတော့သည့်အခါတွင်ဖြစ်စေ ဖရဇ်နမားဇ်ကို တစ်ဦးချင်း သို့မဟုတ် သတ်မှတ်ပုံစံဖြင့် ဖတ်ရခြင်းရှိ၏။ ထိုသို့ဖတ်ခြင်းကို ဆွလာသုလ် ခေါဝ်(ဖ) ဟုခေါ်သည်။

ဆွလာသုလ် ဂျွမ်(မ)အဟ် = သောကြာနေ့ မွန်းတည့်ပြီးနောက် ဖတ်ရသည့်နမားဇ်

ဆွလာသုလ် အီဒုလ်ဖိသိရ် = ရမ်ဇာန်အီးဒ်နေ့ နေထွက်ပြီးနောက် ဖတ်သည့်နမားဇ်
ဆွလာသုလ် အီဒုလ်အဒ်ွဟာ = ဇိလ်ဟဂ်ျလ ၁ဝရက်နေ့တွင် ကျရောက်သောအီဒ်၌ ဖတ်သည့်နမားဇ်

ဆွလာသုလ် ဂျနာဇာ = သူသေအတွက် မြေမမြုပ်မီဖတ်ရသည့် နမားဇ်

ဆွလာသုသ် သရာဝီဟ် = ရမ်ဇာန်လ၌ အိရှာပြီးနောက်ဖတ်ရသည့် နမားဇ်

ဆွလာသုလ် ကုဆူဖ် = နေကြပ်သည့်အချိန် ဖတ်သည့်နမားဇ်
ဆွလာသုလ် ခုဆူဖ် = လကြပ်သည့်အချိန် ဖတ်သည့်နမားဇ်
ဆွလာသုလ် အိစ်(စ)သိစ်ကာအ် = မိုးဆုပန်နမားဇ်
ဆွလာသုသ် သဟိယသုလ်မတ်(စ)ဂျိဒ် = ဗလီဝင်နမားဇ်
ဆွလာသုသ် သဟိယသုလ်ဝုဇူ = ဝုဇူနမားဇ်
ဆွလာသုသ် သောဝ်ဗာ = အမှားဝန်ချနမားဇ်
ဆွလာသုလ် အိစ်သိခါရာ = အကြံဉာဏ်တောင်းသည့်နမားဇ်
ဆွလာသုလ် ဟာဂျသ် = လိုအင်ဆန္ဒတောင်းသည့်နမားဇ်

ဆွလာသုလ် ကသလ် = သေဒဏ်ကျခံရမည့် မုစ်လင်မ်သည် ပြစ်ဒဏ်မပေးမီ နောက်ဆုံးဖတ်သည့် နမားဇ်

{ဤနမားဇ်ဖြစ်ပေါ်လာပုံမှာ တစ်ခါက တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် မိမိ၏ ဆွဟာဗာများထဲ ကာရီတချို့ကို ဒေသတစ်ခု၌ ကုရ်အာန်သင်ပေးရန် စေလွှတ်လိုက်၏။ မက္ကဟ်သားကာဖိရ်တို့က လမ်းတစ်ဝက်မှနေ၍ ထိုဆွဟာဗာအားလုံးကို ဖမ်းဆီး၍ ဟဇ်ရသ်ခဗီးဗ်သခင်မှအပ ကျန်သူအကုန်ကို ထိုနေရာ၌ပင် သတ်ပစ်လိုက်သည်။ ဟဇ်ရသ်ခဗီးဗ်သခင်ကိုမူ မက္ကဟ်သို့ ခေါ်ဆောင်သွားပြီး လူအများရှေ့၌ ပွဲလုပ်၍ သတ်လေသည်။ ဟဇ်ရသ်ခဗီးဗ်သခင်သည် ထိုသို့အသတ်မခံရမီ ၄င်းတို့ထံမှ ခွင့်တောင်း၍ နမားဇ်နှစ်ရကသ်ဖတ်လိုက်သည်။ ထိုအချိန်မှစ၍ ဤနမားဇ်သည် မုစ်သဟဗ်ဖြစ်ခဲ့ပါသည်။}

နဝါဖိလေစဖရ် = ခရီးမထွက်မီ မိမိအိမ်၌ဖတ်သည့်နမားဇ်
မိမိနေရပ်မှ ခရီးထွက်မည်ဆိုပါက မထွက်ခွာမီ နေအိမ်၌ပင်နမားဇ်နှစ်ရကသ်ဖတ်လိုက်ရမည်။ မုစ်သဟဗ်ဖြစ်ပါသည်။
ခရီးမှပြန်လာလျှင် ဗလီသို့သွား၍ နမားဇ်ဖတ်ရမည်။ ပြီးမှ အိမ်သို့လာရမည်။
ဟဒီးစ်တော် - တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က ခရီးမထွက်မီ မိမိအိမ်၌ ထိုနမာဇ်နှစ်ရကသ်ဖတ်သူသည် အကောင်းဆုံးသောအရာကို ချန်ခဲ့သူပင်ဖြစ်၏ဟု မိန့်တော်မူသည်။

ဟဂ်ျ၌ ဖရပ်ဇ်နမားဇ်နှစ်ကြိမ်ကို အချိန်တစ်ခုတည်း၌ ပေါင်းဖတ်ရခြင်းရှိ၏။ ထိုသို့ဖတ်ရခြင်းကို ဂျမာအ်ဗိုင်းနတ်(ဆ)ဆွလာသိုင်း(န) ဟုခေါ်သည်။

မုစ်လင်မ်များဗဟုသုတတိုးစေရန် ရည်ရွယ်တင်ဆက်ပါသည်။
အလ်မုဖီးဒ်
ဇိလ်ဟိဂ်ျဂျာ/ ၁၇/ ယောင်မုလ်ဂျွမ်အာ/ ဟိဂျရီ ၁၄၃၆


အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Saturday, June 13, 2015

ဆွလာသွသ်သပ်(စ)ဗီးဟ်

နဖိလ်နမားဇ်များ၌ ဆွလာသွသ်သပ်(စ)ဗီးဟ်သည် ထူးမြတ်မှုများစွာရှိကြောင်း လာရှိထားပေသည်။
ဟဇရသ်အဗ်ဒွလ်လဟ်ဗင်န်အဗ္ဗါးစ် (ရသွီ) ပြောသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က မိမိ၏ဦးလေးဖြစ်သူ ဟဇရသ်အဗ်ဗါးစ်ဗင်န် အဗ်ဒွလ်မုသ်သွလစ်ဗ် (ရသွီ)ကို မိန့်တော်မူသည်မှာ အိုချစ်လှစွာသော ဦးလေး !! ကျွန်ုပ်အနေဖြင့် ဦးလေးကို အကောင်းဆုံးသောလက်ဆောင်တစ်ခု၊ သတင်းကောင်းတစ်ခု၊ အလွန်အကျိုးရှိသော အရာတစ်ခုနှင့်ပတ်သက်ပြီး ပြောပြရမည်လား။ ထိုအရာကို ပြုလုပ်ပါက အလ္လာဟ်အရှင်မြတ်က ရှေ့ပြစ်၊ နောက်ပြစ်၊ ပြစ်မှုဟူသမျှကို ခွင့်လွှတ်ချမ်းသာမှု ပေးတော်မူမည်။
ထိုလုပ်ရပ်မှာ ဤသို့ဖြစ်သည်။ လေးရကအသ်နဖိလ် ဆွလာသွသ်သပ်(စ)ဗီးဟ်ကို ဤကဲ့သို့ဖတ်ပါ။

အလ်ဟမ်ဒုနှင့် စူရဟ်ဖတ်ပြီးသည့်အခါ (တတိယကလိမဟ်) " စွဗ်ဟားနလ္လားဟိ ဝလ်ဟမ်ဒုလစ်လ်လားဟိ ဝလားအိလားဟ အိလ္လလ်လားဟု ဝလ္လားဟုအပ်(က)ဗရ် " ကို မတ်တပ်ရပ်လျက်နှင့် ၁၅ကြိမ်ဖတ်ပါ။
ရုကူအ်၏ သပ်စ်ဗီးဟ်ပြီးနောက် ထိုကလိမဟ်ကို ၁ဝကြိမ်ဖတ်ပါ။
ရုကူအ်မှ ပြန်ထ၍ ကောဝ်မဟ်တွင် ၁ဝကြိမ်၊
စဂ်ျဒဟ်တွင် ၁ဝကြိမ်၊
စဂ်ျဒဟ်မှ ပြန်ထ၍ (စဂ်ျဒဟ်နှစ်ခုအကြားတွင်) ၁ဝကြိမ်၊
ဒုတိယစဂ်ျဒဟ်တွင် ၁ဝကြိမ်၊
ဒုတိယစဂ်ျဒဟ်မှ ပြန်ထ၍ (နောက်ရကအသ်သို့ မသွားမီ) ထိုင်ပြီး ၁ဝကြိမ်။ ဖတ်ပါ။
တစ်ရကအသ်တိုင်းတွင် ၇၅ကြိမ်ရှိမည်ဖြစ်ပြီး လေးရကအသ်တွင် အကြိမ်ပေါင်း သုံးရာ(၃ဝဝ) ရှိမည်။

ဤနည်းစနစ်ကို သင်ပြပြီးနောက် တမန်တော်မြတ်က ဆက်လက်မိန့်သည်မှာ အကယ်၍ တတ်နိုင်ပါက ယင်းနမားဇ်ကို နေ့စဉ်တစ်ခေါက်ဖတ်ပါ။ ဤမျှမနိုင်လျှင် ဂျွမ်အဟ်တွင်(တစ်ပတ်) တစ်ကြိမ်ဖတ်ပါ။ ဤမျှလည်း မနိုင်လျှင် တစ်လ တစ်ကြိမ်ဖတ်ပါ။ ဤမျှလည်း မနိုင်လျှင် တစ်နှစ်လျှင် တစ်ကြိမ်ဖတ်ပါ။ ထိုသို့လည်း မတတ်စွမ်းနိုင်ခဲ့ပါမူ တသက်တာတွင် အနည်းဆုံးတစ်ကြိမ် ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ။

ဟဇရသ်အဗ်ဒုလ္လာဟ်ဗင်န်အဗ္ဗါးစ်(ရသွီ)သည် စွလာသွသ်သစ်ဗီးဟ်ကို ဂျွမ်အဟ်နေ့တိုင်း ဖတ်လေ့ရှိသည်။ အဗုလ်ဂျဝါးဇ်(ရဟ) သာဗီအီသခင်သည် နေ့စဉ် ဇုဟုရ်အဇာန်ဆိုသည့်အချိန် ဗလီသို့ရောက်လာပြီးနောက် ဂျမာအသ်မစမီအထိ ယင်းနမားဇ်ကို ဖတ်နေသည်။ ဟဇ်ရသ်အဗ်ဒုလ်အဇီးဇ်ဗင်န်အဗူရဝါးဒ် (ရဟ)က မိန့်သည်မှာ ဂျန္နသ်ကိုလိုလားသောသူအဖို့ စွလာသုသ်သပ်စ်ဗီးဟ်ကို စွဲမြဲမှုထားရမည်။ အဗူအုစ်မားန်ဟီရီ(ရဟ) မိန့်သည်မှာ ပူဆွေးမှုနှင့် ဘေးဒုက္ခအခက်အခဲတို့မှ လွတ်မြောက်ရန်အတွက် စွလာသုသ်သပ်စ်ဗီးဟ်ထက် ပိုကောင်းသောအရာကို မတွေ့ဖူးပါ။ (ထိုသို့သော အကြောင်းကိစ္စတို့အတွက် စွလာသုသ်သပ်စ်ဗီးဟ်သည် အကောင်းဆုံးနှင့် အထိရောက်ဆုံးပင် ဖြစ်သည်။)
စွလာသုသ်သပ်စ်ဗီးဟ်အတွက် ရည်စူးမှု (နိယသ်) ပြုနည်း
ကျွန်ုပ်သည် ကစ်ဗ်လဟ်ဘက်သို့မျက်နှာမူ၍ အလ္လာဟ်အရှင်မြတ်အတွက် စွလာသုသ်သပ်စ်ဗီးဟ် နိဖိလ်လေးရကအသ်ဖတ်မည်ဟု ရည်စူးပါသည်။ အလ္လာဟ်ဟုအပ်(က)ဗရ်

စွလာသုသ်သပ်စ်ဗီးဟ်နှင့်ပတ်သက်၍ သိထားရမည့် ပညတ်ချက်များ
၁။ ဤနမားဇ်အတွက် သီးသန့်စူရာ သတ်မှတ်ထားခြင်းမရှိပါ။ နှစ်သက်ရာစူရာကို တွဲဖတ်နိုင်သည်။ အချို့ဆင့်ပြန်ချက်များတွင် အာယသ် ၂ဝခန့် ကိရာအသ်ဖတ်ရန်လာရှိထားသည်။
၂။ နမားဇ်အတွင်း သပ်စ်ဗီးဟ်ကို နှုတ်ဖြင့် ရေတွက်မှုလုံးဝမပြုရပါ။ နှုတ်ဖြင့်ရေတွက်လိုက်လျှင် နမားဇ်ပျက်သွားမည်။ (ဆိုလိုသည်မှာ တစ်ခါဖတ်ပြီးလျှင် ၁၊ နှစ်ခါဖတ်ပြီးလျှင် ၂။ ၎င်းပုံစံဖြင့် ရေတွက်ခွင့်မရှိခြင်း ဖြစ်၏။) မိမိလက်ချောင်းများ ရှိနေသည့်နေရာ၌ပင် လက်ချောင်းကလေးများကို ဖိ၍ ရေတွက်သွားရမည်။
၃။ တစ်နေရာရာ၌ သပ်စ်ဗီးဟ်ဖတ်ရန် မေ့သွားမည်။ ကျန်သွားမည်ဆိုပါက နောက်တစ်နေရာ၌ ပြန်ဖြည့်ဖတ်လိုက်ရမည်။ သို့သော် အောက်ပါနေရာတို့တွင် သပ်စ်ဗီးဟ်ဖြည့်ခြင်း မပြုရပါ။
- ရုကူမှ ပြန်ထသည့်အချိန်
- စဂ်ျဒဟ်နှစ်ခုကြား ထိုင်သည့်အချိန်
- ပထမနှင့် တတိယရကအသ်ပြီးနောက် ထိုင်သည့်အချိန်။
အထက်ပါအခြေအနေတို့တွင် ၎င်းနေရာ၌ဖတ်ရမည့် ဆယ်ကြိမ်ကိုသာ ဖတ်လိုက်ပါ။ ဖော်ပြပါ အခြေအနေသုံးမျိုးမှအပ ကျန်အခြေအနေတို့တွင် သပ်စ်ဗီးဟ်အစားဖြည့်နိုင်သည်။

သိမှတ်ဖွယ်
၁။ ယင်းနမားဇ်ကို နဖိလ်ဖတ်ရန် မက္ကရူးဟ်ဖြစ်သည့်အချိန်မှအပ ကျန်အချိန်အားလုံးတို့တွင် ဖတ်နိုင်ပါသည်။ (ဖဂျရ်နှင့် အဆွရ်ပြီး၊ နေထွက်၊ မွန်းတည့်။ ၎င်းအချိန်တို့တွင် နဖိလ်ဖတ်ခြင်း မက္ကရူးဟ်ဖြစ်သည်။)
၂။ ထိုနမားဇ်ကို မွန်းတိမ်းပြီးသည့်နောက် ဇုဟုရ်နမားဇ်ထက်အရင် ဖတ်ပါက အကောင်းဆုံးဖြစ်သည်။ ဟဒီးစ်တော်တစ်ရပ်တွင် မွန်းတိမ်းပြီးနောက်ဟူသည့် စာသားပါရှိခြင်းကြောင့် ဖြစ်ပါသည်။ မွန်းတိမ်းပြီးတွင် အချိန်မရခဲ့ပါကလည်း အခြားမည်သည့်အချိန်တွင်မဆို ဖတ်နိုင်သည်။
၃။ အချို့ဆင့်ပြန်ချက်များတွင် နမားဇ်အတွင်း ဖတ်ရသည့်ကလိမာလေးခု - စုဗ်ဟာနလ်လာဟိ ဝလ်ဟမ်ဒုလိလ်လားဟိ ဝလားအိလားဟ အိလ်လလ်လားဟု ဝလ်လာဟုအပ်က်ဗရ် နှင့်အတူ ဝလာဟောဝ်လာ ဝလာကူးဝသ အစ်လ်လာ ဗိစ်လ်လားဟိလ် အလီယစ်လ်အဇွီးမ် ကိုပါ ထည့်သွင်းဖော်ပြထားသဖြင့် သပ်စ်ဗီးဟ်တွင် ထို (လာဟောဝ်လာ) ကိုတွဲစပ်လိုက်ပါက အကောင်းဆုံးပင်ဖြစ်သည်။
၎။ ဒုတိယနှင့် စတုတ္ထရကအသ်တွင် အသ်ဟိယားသ်မဖတ်မီ သပ်စ်ဗီကို ဆယ်ကြိမ်ဖတ်ရမည်။ ထို့အတူ ရုကုအ်၊ စဂ်ျဒဟ်တို့၏ ဇိကိရ်များဖတ်ပြီးပါက သပ်စ်ဗီကို ဆယ်ကြိမ်ဖတ်ရမည်။
၅။ ဆွလာသွသ်သပ်(စ)ဗီးဟ်ဖတ်ရန် ဒုတိယနည်း
စနာဖတ်ပြီးနောက် (စူရာဖာသိဟာမဖတ်မီ) သပ်စ်ဗီကို ၁၅ကြိမ်နှင့် စူရာဖာသိဟာနှင့် စူရာတွဲပြီးနောက် ၁ဝကြိမ်ဖတ်လိုက်ပါ။ ကျန်သည့်အခြေအနေအားလုံးတွင် ပထမနည်းအတိုင်းဖတ်သွားရမည်။ သို့သော် ယခုနည်းတွင် ဒုတိယစဂ်ျဒဟ်ပြီးနောက် ၁ဝကြိမ်ထိုင်ဖတ်ရန်မလိုအပ်တော့ပေ။ ဒုတိယစဂ်ျဒဟ်၌ပင် ၇၅ကြိမ်ပြည့်ပြီး ဖြစ်သည်။ (ပထမနည်းနှင့် ဒုတိယနည်း ကွာခြားမှုမှာ ပထမနည်းတွင် နမားဇ်၏ ကိယာမ်၌ သပ်စ်ဗီ ၁၅ကြိမ် ရှိပြီး စဂ်ျဒဟ်နှစ်ခုပေါင်းတွင် အကြိမ် ၄ဝပါဝင်မည်။ ဒုတိယနည်းတွင် ကိယာမ်၌ ၂၅ကြိမ်ပါပြီး စဂ်ျဒဟ်၂ခုပေါင်း အကြိမ် ၃ဝသာရှိမည်။)
နည်းနှစ်မျိုးလုံးဖြင့် ဖတ်ခြင်းက အကောင်းဆုံးဖြစ်သည်ဟု အာလင်မ်ပညာရှင်များက ရေးသားထားသည်။ (တစ်ခေါက်ဖတ်လျှင် နည်းတစ်မျိုး၊ နောက်တစ်ခေါက်ကို နောက်နည်းတစ်မျိုးဖြင့် ဖတ်ခြင်းကို ဆိုလိုပါသည်။ လေးရကအသ်အတွင်း နှစ်မျိုးလုံးအသုံးပြုခြင်းမဟုတ်ပါ။)
အိမာမ်အဗူဟနီဖာ၏ တပည့်၊ အိမာမ်ဗုခါရီ၏ ဆရာများ၏ဆရာဖြစ်သူ ဟဇရသ်အဗ်ဒုလ်လာဗင်န်မုဘာရက်သည် ဆွလာသွသ်သပ်(စ)ဗီးဟ်ကို ဖော်ပြပါဒုတိယနည်းဖြင့် ဖတ်လေ့ရှိခဲ့သည်။
ပညတ်ချက်။ စဂ်ျဒဟ်စဟ်ဝဲပြုရလျှင် ယင်းစဂ်ျဒဟ်၌ သပ်စ်ဗီမဖတ်ပါနှင့်။ သို့ရာတွင် နမားဇ်အတွင်း သပ်စ်ဗီဖတ်ရန်မေ့ကျန်ခဲ့သည်။ တစ်ရကအသ်တွင် ၇၅ကြိမ် မပြည့်ခဲ့ပါလျှင် (ယခုအထိလည်း မဖြည့်ရသေးပါက) စဂ်ျဒဟ်စဟ်ဝဲ၌ ဖြည့်စွက်လိုက်ပါ။
-------။-------။-------။-------
{သုဟ်ဖာအိခဝါသီးန်မှ ကောက်နှုတ်ပြန်ဆိုသည်။}
အလ်မုဖီးဒ်
ရှအ်ဗာန်/ ၂၆/ ယောင်မုလ်အဟဒ်/ ဟစ်ဂ်ျရီ ၁၄၃၆


အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Friday, June 5, 2015

နမားဇ်၌ ရကအသ်များမေ့သွားလျှင်


အောက်ပါအကြောင်းအရာတွင် နမားဇ်ဖတ်ရင်းဖြင့် ရကအသ်များ ရောသွားခြင်း၊ မှားသွားခြင်းနှင့် သက်ဆိုင်သည့် ပညတ်ချက်တို့ကို ဖော်ပြပါမည်။ ထိုပညတ်ချက်များသည် တစ်ဦးခြင်းဖတ်သည့် နမားဇ်များနှင့်သာ သက်ဆိုင်သည်။ ဂျမာအသ်ဖြင့် စုပေါင်းဖတ်သည့်နမားဇ်တို့နှင့် မသက်ဆိုင်ပါ။
ပညတ်ချက် တစ်နည်းဆိုရသော် နည်းစနစ်ကို ညွှန်ပြသည့်အကြောင်းအရာဖြစ်၍ တစ်ခေါက်နှင့် နားမလည်လျှင် နှစ်ခေါက် သုံးခေါက် ဖတ်ကြည့်ပါ။ အေးဆေးစွာဖတ်ပါ။ နားလည်နိုင်ပါမည်။ ထိုသို့မှ နားမလည်လျှင်လည်း နီးစပ်ရာ အာလင်မ်ပညာရှင်ဖြစ်စေ၊ အလ်မုဖီးဒ်၏ ချက်ဘောက်မှဖြစ်စေ မေးမြန်းနိုင်ပါသည်။ ဦးစွာ စဂ်ျဒဟ်စဟ်ဝ်အကြောင်းကို ရှင်းလင်းမည်။ ပြီးနောက်တွင်မှ ရကအသ်များအကြောင်းကို ဆက်လက်တင်ဆက်ပါမည်။

 စဂ်ျဒဟ်စဟ်ဝ် 
နမားဇ်၏ ဝါဂျိဗ်အချက်များကို မပြုလုပ်မည့်လျှင်၊ နောက်ကျမှ ပြုလုပ်လျှင်၊ ထို့အတူ ရုကွန် (ရုကူ၊ စဂ်ျဒဟ် စသည်) တစ်ခုကို နှစ်ကြိမ် သုံးကြိမ်ပြုမည့်လျှင်၊ နမားဇ်အတွင်း ဘာမျှမဖတ်ဘဲ ရပ်နေခဲ့လျှင် စဂ်ျဒဟ်စဟ်ဝ်ပြုလုပ်ရမည်။ (အသေးစိတ်ကို အင်န်ရှာအလ္လာဟ် သီးသန့်တင်ဆက်မည်။)

 စဂ်ျဒဟ်စဟ်ဝ် ပြုလုပ်နည်း 
နမားဇ်နောက်ဆုံးရကအသ်၌ ကအ်ဒဟ်ထိုင်ရာတွင် အသ်သဟိယားသ်ကိုသာ ဖတ်ပြီး ညာဖက်သို့ စလာမ်လှည့်လိုက်ပါ။ ပြီးနောက် စဂ်ျဒဟ်နှစ်ကြိမ်ထပ်ချပါ။ ထို့နောက် အသ်သဟိယားသ်၊ ဒရူးဒ်၊ ဒုအာတို့ကိုဖတ်၍ နှစ်ဖက်လုံးသို့စလာမ်လှည့်၍ နမားဇ်ကို အဆုံးသတ်လိုက်ရမည်။
- အကယ်၍ ကအ်ဒဟ်ထိုင်ပြီး အသ်ဟိယားသ်၊ ဒရူးဒ်၊ ဒုအာတို့ကိုပါဖတ်လိုက်သည်။ စလာမ်နှစ်ဖက်လုံး လှည့်ပြီးမှ စဂ်ျဒဟ်စဟ်ဝ်ပြုရန် သတိရပါကလည်း ထိုအချိန်တွင် စဂ်ျဒဟ်နှစ်ကြိမ်ချ၍ အသ်ဟိယားသ်၊ ဒရူးဒ်၊ ဒုအာတို့ကိုပြန်ဖတ်ပြီး စလာမ်နှစ်ဖက်သို့ လှည့်ရမည်။

- နမားဇ်ကို အဆုံးသတ်လိုက်သည်။ နမားဇ်ပျက်စေသည့် အကြောင်းကိစ္စရပ်မျိုး မဖြစ်သေးပေ။ (စကားပြောခြင်း၊ ကိဗ်လဟ်ဘက်မှ ရင်ဘတ်လှည့်လိုက်ခြင်း၊ အသံထွက်အောင် ရယ်မောခြင်း၊ စလာမ် ပေး၊ ယူပြုခြင်း စသည်တို့ဖြစ်၏။) ဇိကိရ်၊ ဝဇီဖာ၊ ဒရူးဒ် အစရှိသည်တို့ကို ဖတ်နေသည်။ ထိုအခါမှ မိမိနမားဇ်တွင် စဂ်ျဒဟ်စဟ်ဝ်ပြုရမည်ကို သတိရပါက စဂ်ျဒဟ်နှစ်ကြိမ်ချ၍ အသ်ဟိယားသ်၊ ဒရူးဒ်၊ ဒုအာတို့ကိုပြန်ဖတ်ပြီး စလာမ်နှစ်ဖက်လှည့်ရမည်။
- မေ့၍ စလာမ်မလှည့်ခင်အရင် စဂ်ျဒဟ်စဟ်ဝ်ပြုလိုက်မိပါကလည်း အထမြောက်သည်။ နမားဇ်မှန်ကန်သည်။

 နမားဇ်၌ ရကအသ်များမေ့သွားလျှင် 
ပုံစံ (၁)
၁။
လေးရကအသ်နမားဇ်တွင် စတုတ္ထရကအသ်၌ ကအ်ဒဟ်ထိုင်ရန် မေ့သွားသည်။ သတိရသည့်အချိန် ခန္ဓာကိုယ်အနေအထားသည် အထိုင်နှင့် နီးပါက ထိုင်လိုက်ပါ။ အသ်သဟိယားသ်၊ ဒရူးဒ် စသည်တို့ ဖတ်၍ စလာမ်လှည့်လိုက်ပါ။ စဂ်ျဒဟ်စဟ်ဝ်ပြုရန် မလိုအပ်ပါ။
- အကယ်၍ မတ်တပ်ရပ်လိုက်သည်။ သို့မဟုတ် စူရဟ်ဖာသိဟဟ်၊ စူရဟ်တွဲသည်အထိ၊ သို့မဟုတ် ရုကူအ်ပြုပြီးသည်အထိ။ ထိုအခါမှ (မိမိ ငါးရကအသ် ဖတ်နေသည်ကို) သတိရပါကလည်း ထိုင်၍ အသ်သဟိယားသ်ဖတ်ပြီး စဂ်ျဒဟ်စဟ်ဝ်ပြုလိုက်ပါ။
* သို့သော် ရုကူအ်ပြုပြီးသည်အထိ သတိမရဘဲ ငါးရကအသ်၏ စဂ်ျဒဟ်ကို ပြုလိုက်ပြီဆိုပါက ဖရ်ဇ်နမားဇ်ကို အစအဆုံးပြန်ဖတ်ရမည်။ ဤနမားဇ်သည် နဖိလ်ဖြစ်သွားပြီ ဖြစ်၏။
- ယခုနမားဇ်ကို နောက်ထပ်တစ်ရကအသ် ထပ်ဖြည့်၍ဖတ်လိုက်ပါ။ စဂ်ျဒဟ်စဟ်ဝ်မပြုပါနှင့်။
- နောက်ထပ်တစ်ရကအသ် ထပ်မဖတ်ဘဲ ငါးရကအသ်မြောက်၌သာ စလာမ်လှည့်လိုက်ပါက လေးရကအသ်သည် နဖိလ်ဖြစ်ပြီး နောက်ဆုံး ငါးကြိမ်မြောက်ရကအသ်သည် မည်သို့မျှ အကျုံးမဝင်တော့ပါ။

၂။ စတုတ္ထရကအသ်တွင် ထိုင်လိုက်သည်။ အသ်သဟိယားသ်ဖတ်ပြီး ပြန်မတ်တပ်ရပ်လိုက်သည်။ သို့ဆိုလျှင် ငါးကြိမ်မြောက်ရကအသ်၏ စဂ်ျဒဟ်ကို မပြုမချင်း သတိရသည့်အချိန် ချက်ခြင်းထိုင်၍ အသ်သဟိယားသ် ပြန်မဖတ်ဘဲ စလာမ်လှည့်ပြီး စဂ်ျဒဟ်စဟ်ဝ်ပြုလိုက်ပါ။
- အကယ်၍ ငါးကြိမ်မြောက်ရကအသ်၏ စဂ်ျဒဟ်ကိုပြုလိုက်ပါက (ထိုအချိန်မှ သတိရခဲ့လျှင်) နောက်ထပ် တစ်ရကအသ်ထပ်ဖြည့်၍ ခြောက်ရကအသ် ဖတ်လိုက်ပါ။ ခြောက်ရကအသ်တွင် စဂ်ျဒဟ်စဟ်ဝ်လည်း ပြုလိုက်ပါ။
- လေးရကအသ်သည် ဖရဇ်အဖြစ် အကျုံးဝင်ပြီး ကျန်နှစ်ရကအသ်သည် နဖိလ်ဖြစ်မည်။
- ငါးကြိမ်မြောက်ရကအသ်၌ စလာမ်လှည့်၍ စဂ်ျဒဟ်စဟ်ဝ် ပြုလိုက်ပါက မကောင်းပါ။ လေးရကအသ်သည် ဖရဇ်အဖြစ် အကျုံးဝင်သွားမည်။ ကျန်တစ်ရကအသ်သည် မည်သို့မျှ အကျုံးမဝင်တော့ပါ။

၃။ လေးရကအသ် နဖိလ်ဖတ်ရာ၌ ပထမကအ်ဒဟ်ထိုင်ရန် မေ့သွားသည်။ သို့ဆိုလျှင် တတိယရကအသ်၏ စဂ်ျဒဟ်ကို မပြုမချင်း သတိရသည့်အချိန် (ကအ်ဒဟ်) ထိုင်လိုက်ပါ။
- အကယ်၍ တတိယမြောက်ရကအသ်၏ စဂ်ျဒဟ်ကို ပြုလိုက်ပါကလည်း နမားဇ်အထမြောက်ပါသည်။
- အထက်ပါ အခြေအနေနှစ်မျိုးလုံး၌ စဂ်ျဒဟ်စဟ်ဝ်ပြုရမည်။

ပုံစံ (၂)
၎။ နမားဇ်ဖတ်ရာ၌ သုံးရကအသ်ဖတ်လိုက်သလား လေးရကအသ်ဖတ်လိုက်သလား ဟူသည်ကို သံသယဖြစ်နေသည်။ မိမိအဖို့ ထိုသို့တစ်ခါမျှ မဖြစ်ဖူးပါက နမားဇ်ကို အစမှ ပြန်ဖတ်ပါ။
- အကယ်၍ ထိုသို့သံသယ ဖြစ်ဖူးလေ့ရှိပါက မည်သည့်ရကအသ်ဘက်သို့ စိတ်တွင်း၌ ယုံကြည်ချက်ပိုများသည်ကို စဉ်းစားပါ။ သုံးရကအသ်ဖြစ်မည်ဟု ပို၍ယုံကြည်နေလျှင် နောက်ထပ် တစ်ရကအသ်ထပ်ဖတ်လိုက်ပါ။  * စဂ်ျဒဟ်စဟ်ဝ် ဝါဂျိဗ်မဖြစ်ပါ။
- မိမိအနေဖြင့် လေးရကအသ်ဖတ်ပြီးဖြစ်သည်ဟု ယုံကြည်ချက်ပိုများလျှင် နောက်ထပ်ရကအသ် ထပ်မဖတ်ပါနှင့်။ စဂ်ျဒဟ်စဟ်ဝ်လည်း မပြုရပါ။
- အကယ်၍ စဉ်းစားရာတွင် မည်သည့်ရကအသ်ဘက်သို့မျှ ယုံကြည်ချက် မပိုပါက (သုံးရကအသ်လည်း ဖြစ်မည်၊ လေးရကအသ်လည်း ဖြစ်မည်) သုံးရကအသ်ဟု မှတ်ယူ၍ နောက်ထပ်တစ်ရကအသ် ထပ်ဖတ်လိုက်ပါ။ ** ထိုပုံစံတွင် တတိယရကအသ်၌လည်း ထိုင်၍ အသ်သဟိယားသ် ဖတ်ပါ။ ပြီးမှ ထ၍ စတုတ္ထရကအသ်ကို ဖတ်ပါ။ စဂ်ျဒဟ်စဟ်ဝ်လည်းပြုပါ။

ပုံစံ (၃)
၅။ ပထမရကအသ် သို့မဟုတ် ဒုတိယရကအသ် ဟူသည်ကို သံသယဖြစ်ပါကလည်း အထက်ဖော်ပြပါ ပုံစံအတိုင်းပင်ဖြစ်၏။ မိမိအဖို့ ထိုသို့တစ်ခါမျှ မဖြစ်ဖူးပါက အစမှပြန်ဖတ်ရမည်။
- ထိုသို့ ဖြစ်လေ့ရှိပါက စိတ်တွင်းမှ ထင်မြင်ချက်ပိုများသည့်ရကအသ်ကို ဦးစားပေးပါ။
- မိမိအထင်သည် တန်းတူဖြစ်နေပါက (ပထမရကအသ်လည်းဖြစ်နိုင်သလို ဒုတိယရကအသ်လည်း ဖြစ်နိုင်သည်ဟု ထင်မြင်နေပါက) ပထမရကအသ်သာဖြစ်သည်ဟု မှတ်ယူရမည်။ ထိုသို့မှတ်ယူ၍ ပထမရကအသ်ဖတ်ပြီးနောက် ကအ်ဒဟ်ထိုင်ပြီး အသ်သဟိယားသ်ဖတ်ရမည်။ အဘယ့်ကြောင့်ဆိုသော် ဤရကအသ်သည် ဒုတိယရကအသ်လည်း ဖြစ်နိုင်သည်။ ဒုတိယရကအသ်ဖတ်၍ ပြီးလျှင်လည်း ကအ်ဒဟ်ထိုင်ရမည်။ ထိုဒုတိယရကအသ်တွင် စူရဟ်ဖာသိဟာနှင့် စူရာကို တွဲရမည်။ တတိယရကအသ်ဖတ်ပြီးလျှင်လည်း ကအ်ဒဟ်ထိုင်ရမည်။ စတုတ္ထရကအသ်ဖတ်ပြီးနောက် စဂ်ျဒဟ်စဟ်ဝ်ပြုခါ စလာမ်လှည့်ရမည်ဖြစ်၏။
(ကအ်ဒဟ်ထိုင်ရာ၌ အသ်သဟိယားသ်ပါ ဖတ်ရမည်။)
အထက်ပါပုံစံတွင် ကအ်ဒဟ်လေးကြိမ်ထိုင်ရမည်ကို သတိပြုပါ။
ပုံစံ (၄)
၆။ ဒုတိယ သို့မဟုတ် တတိယရကအသ်ဖြစ်သည်ကို သံသယဖြစ်ပါက
မိမိအနေဖြင့် တခါမျှမဖြစ်ဖူးလျှင် အစမှပြန်ဖတ်ပါ။ ဖြစ်ဖူးလေ့ရှိလျှင် စိတ်၏ ထင်မြင်မှုများသည့် ရကအသ်ကို သတ်မှတ်၍ ဖတ်ပါ။
ထိုသို့မဟုတ်ဘဲ ထင်မြင်မှုသည် တန်းတူဖြစ်နေပါက .......
- ဒုတိယရကအသ်ဟု မှတ်ယူ၍ ယင်းရကအသ်တွင် ကအ်ဒဟ်ထိုင်၍ အသ်သဟိယားသ်ဖတ်ပြီး တတိယရကအသ်ကို ဆက်ဖတ်ပါ။ တတိယရကအသ်တွင်လည်း ကအ်ဒဟ်ထိုင်၍ အသ်သဟိယားသ်ဖတ်ရမည်။ စတုတ္ထရကအသ်ကို ဖတ်ပြီးနောက် စဂ်ျဒဟ်စဟ်ဝ်ပြု၍ စလာမ်လှည့်ရမည်ဖြစ်၏။

ပုံစံ (၅)
၇။ နမားဇ်ဖတ်ပြီးသွားမှ သုံးရကအသ်ဖတ်လိုက်သလား၊ လေးရကအသ်ဖတ်လိုက်သလား ဟူသည်ကို သံသယဖြစ်ပါက ထိုသံသယသည် အကျုံးမဝင်တော့ပါ။ နမားဇ်အထမြောက်သွားပြီ ဖြစ်၏။ သို့သော် သုံးရကအသ်သာ ဖတ်လိုက်ကြောင်း တိတိကျကျသတိရပါက ချက်ခြင်း မတ်တပ်ရပ်၍ နောက်ထပ် တစ်ရကအသ်ထပ်ဖတ်ပါ။ ပြီးနောက် စဂ်ျဒဟ်စဟ်ဝ်ပြုပါ။
သုံးရကအသ်သာ ဖတ်လိုက်သည်ကိုသတိရသည့်အချိန်တွင် စကားပြောခြင်း သို့မဟုတ် နမားဇ်ပျက်စေသည့် ကိစ္စတစ်ခုခုကို လုပ်ဆောင်ပြီး ဖြစ်ပါက ယင်းနမားဇ်ကို အစမှပြန်ဖတ်ရမည်။
ထို့အတူ အသ်ဟိယားသ်ဖတ်ပြီးမှ သံသယဖြစ်ပါကလည်း အထက်ပါအမိန့်အတိုင်း ဖြစ်၏။ တိတိကျကျ သတိမရပါက အကျုံးမဝင်ပါ။

အကယ်၍ ရှောင်ကြဉ်သည့်အနေဖြင့် နမားဇ်ကို အစအဆုံးပြန်ဖတ်က ကောင်းမွန်ပေသည်။ စိတ်အတွင်း မတင်မကျဖြစ်နေခြင်းနှင့် သံသယတို့ ကင်းရှင်းသွားပေမည်။ (ထိုသို့ ပြန်ဖတ်လိုလျှင် လက်ရှိဖတ်လက်စ နမားဇ်ကို မဖျက်လိုက်ရပါ။ ပြီးဆုံးအောင်ဖတ်ရမည်။ ပြီးနောက်မှ အသစ်တဖန် ပြန်ဖတ်ရပါမည်။)

၈။ သုံးရကအသ် သို့မဟုတ် လေးရကအသ်ရှိသည့်နမားဇ်ကို မေ့၍ နှစ်ရကအသ်နှင့်ပင် စလာမ်လှည့်လိုက်လျှင် ပြန်မတ်တပ်ရပ်၍ ထိုနမားဇ်ကို ပြီးဆုံးပြည့်စုံအောင်ဖတ်လိုက်ပါ။ စဂ်ျဒဟ်စဟ်ဝ်လည်း ပြုပါ။ သတိပြုရမည်မှာ စလာမ်လှည့်ပြီးနောက် နမားဇ်ပျက်စေသည့် လုပ်ရပ်တစ်ခုခု ပြုလိုက်သည်ရှိသော် ထိုနမားဇ်ကို အစ အဆုံး ပြန်ဖတ်ရမည်။

ဝိသ်ရ်နမားဇ်၌
၉။ ဝိသိရ်နမားဇ်၌ ဒုတိယရကအသ်လား သို့မဟုတ် တတိယရကအသ်လား ဟူသည်ကို သတိမရှိတော့ပေ။ မည်သည့်ရကအသ်ဖြစ်သည်ကိုလည်း စိတ်အတွင်း ဝေခွဲမရဖြစ်နေပါက လက်ရှိဖတ်နေသည့် ရကအသ်တွင် ဒုအာအေကုနူးသ်ဖတ်လိုက်ပါ။ ထို့နောက် ကအ်ဒဟ်ထိုင်၍ အသ်သဟိယားသ်ဖတ်ပါ။ တဖန်မတ်တပ်ပြန်ရပ်၍ နောက်ထပ် တစ်ရကအသ် ထပ်ဖတ်ပါ။ ထိုရအကသ်တွင်လည်း ဒုအာအေကုနူးသ်ဖတ်ပါ။ စဂ်ျဒဟ်စဟ်ဝ်လည်း ပြုလုပ်ပါ။

{{ ဗဟစ်သီးဇေဝရ်ကျမ်း မှ ကောက်နှုတ်ပြန်ဆိုသည် }}

အလ်မုဖီးဒ်
ရှအ်ဗာန်/ ၁၈/ ယောင်မုစ်စဗ်သိ/ ဟစ်ဂ်ျရီ ၁၄၃၆
အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Friday, October 24, 2014

နမားဇ်များ ဖြည့်စွက်ခြင်းနှင့် သက်ဆိုင်သည့်ပညတ်ချက်ချက်များ


နမားဇ်ဝတ်ပြုခြင်း၏ အကြောင်း
((မော်လာနာမုဟမ္မဒ်မူစာဆွာဟိဗ် ဘာသာပြန်မှ ပြန်လည်ဖော်ပြသည်))
နမားဇ်သည် နဗီရစူလ် (အလိုင်ဟေမွတ်စ္စလာမ်) သခင်တိုင်း၏ ရှရီအသ်တွင် ပါရှိစမြဲဖြစ်သည်။ အာဒမ်သခင် (အလိုင်ဟစ္စလာမ်) မှ စ၍ အားလုံးသော နဗီရစူလ်များ၏ အုမ္မသ်များအပေါ်တွင် ဖရ်ဇ်ဖြစ်ခဲ့သည်။ သို့သော် တစ်ပါးနှင့် တစ်ပါးတွင် နည်းဥပဒေ သတ်မှတ်မှုသာ ကွဲပြားမှုရှိခဲ့သည်။
မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ထံတော်တွင် နမားဇ်ဝတ်ပြုခြင်းသည် အလွန်ကြီးကျယ်သော အဆင့်အတန်းဖြစ်လေသည်။ မည်သည့်ခဝပ်မှုမျှ အရှင်မြတ်ထံတော်တွင် နမားဇ်ထက်ပိုမိုနှစ်ခြိုက်သော အရာမရှိချေ။ အလ္လာဟ်အရှင်မြတ်က မိမိ၏ ဗန္ဒာကျေးကျွန်များအပေါ်၌ နမားဇ်ဝတ်ပြုရန် တစ်နေ့လျှင် ငါးကြိမ် ဖရ်ဇ်သတ်မှတ်ထားလေသည်။ ထိုငါးကြိမ်ဖတ်ရွတ်ခြင်း၌ ကြီးမားသော စဝါးဗ်ကုသိုလ်ရရှိလေသည်။ ထိုငါးကြိမ်ကို မဖတ်ဘဲ စွန့်လွှတ်ထားလျှင် ကြီးမားသော အပြစ်အကုသိုလ်ဖြစ်လေသည်။
ဟဒီးဒ်သြဝါဒ မိန့်ခွန်းတော်တွင် လာရှိသည်မှာ အကြင်သူသည် ကောင်းမွန်စွာ ဝုဇူပြု၍ အလွန်စိတ်ပါဝင်စားစွာဖြင့် စနစ်တကျ နမားဇ်ဖတ်ရွတ်ပါလျှင် အလ္လာဟ်အရှင်မြတ်က ကေယာမသ်ကမ္ဘာ့တရားစီရင်တော်မူမည့်နေ့၌ ထိုသူ၏ သေးငယ်သော မကောင်းမှုအပေါင်းကို ခွင့်လွှတ်ချမ်းသာပေးတော်မူ၍ ဂျန္နသ်သုခဘုံကို ပေးသနားတော်မူအံ့။
ကိုယ်တော်မြတ် မိန့်တော်မူသည်မှာ နမားဇ်ဝတ်ပြုခြင်းသည် သာသနာ၏ တိုင်ဖြစ်၏။ အကြင်သူ နမားဇ်ကို ကောင်းစွာဖတ်လျှင် ထိုသူသည် သာသနာကို တည်ဆောက်သူမည်၏။ အကြင်သူသည် ထိုနမားဇ်ကို စွန့်လွှတ်ပါမူ သာသနာတော်ကို ဖြိုဖျက်သူမည်၏။
ထို့ပြင် မိန့်တော်မူသည်မှာ ကေယာမသ်နေ့တွင် အားလုံးသောအရာ (အမှုကိစ္စ) တို့ထက် အဦးဆုံး နမားဇ်ကို စစ်မေးတော်မူမည်။ ထို့ပြင် နမားဇ်ကို အစဉ်ဖတ်သူတို့၏ မျက်နှာနှင့် ခြေ လက် စသည်တို့တွင် ကေယာမသ်နေ့၌ နေမင်းကဲ့သို့ လင်းဝင်းတောက်ပလျက်ရှိအံ့။ နမားဇ်မဖတ်သူတို့သည် ထိုစည်းစိမ်မှ လက်မဲ့ဖြစ်ကြအံ့။
ထို့ပြင် တမန်တော်မြတ် မိန့်တော်မူသည်မှာ .... နမားဇ်ကို စွဲမြဲသူတို့သည် ကေယာမသ်နေ့တွင် နဗီတမန်တော်များ၊ ရှဟီဒီသာသနာ့အာဇာနည်များ၊ ဝလီသူတော်စင်များနှင့် အတူတကွ နေကြရအံ့။ နမားဇ်ကို မဖတ်သောသူများသည် ဖိရ်အောင်န်၊ ဟာမာန်၊ ကာရူန် စသော သူယုတ်မာကာဖိရ်များနှင့် အတူနေရအံ့။ ထို့အတွက်ကြောင့် နမားဇ်ကို ဖတ်ကြရန် အလွန်အရေးကြီးလေသည်။ မဖတ်ဘဲ နေကြလျှင် လောကီ၊ လောကုတ္တရာ နှစ်ဌာနစလုံးတွင် အဆုံးရှုံးကြီး ဆုံးရှုံးရမည် ဖြစ်လေသည်။
ထို့ထက်ပို၍ အဘယ်ဆုံးရှုံးမှု ရှိနိုင်အံနည်း။ နမားဇ်မဖတ်သူတို့၏ (ဟရှရ်) အဆုံးသည် ကာဖိရ်များနှင့်အတူ ထကြရလေသည်။ နမားဇ်မဖတ်သူတို့သည် ကာဖိရ်တို့နှင့် တန်းတူအထင်ခံရမည်။ (အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံပါ၏) နမားဇ်မဖတ်ခြင်းသည် အဘယ်မျှပင် မကောင်းသောအရာဖြစ်သနည်း။
နမားဇ်ဆောက်တည်ရန် တာဝန်မရှိသူတို့မှာ ရူးသွတ်သူ၊ အရွယ်မရောက်သေးသော ယောက်ျားလေးနှင့် မိန်းကလေးတို့မှ ကျန်ရှိသူအားလုံးအပေါ်တွင် နမားဇ်သည် ဖရ်ဇ် အဓိကတာဝန် ၊ မလုပ်မနေရတာဝန် တစ်ရပ်ဖြစ်ပေသည်။
သို့ရာတွင် သားသမီးများအား အသက် ၇ နှစ်အရွယ်သို့ရောက်လျှင် မိဘတို့သည် နမားဇ်ဖတ်ရန် အမိန့်ပေးရမည်။ ဆယ်နှစ်အရွယ်သို့ရောက်သော် နမားဇ်မဖတ်ခဲ့လျှင် ရိုက်၍ နမားဇ်ဖတ်ခိုင်းရမည်။
နမားဇ်ကို စွန့်လွှတ်ရန် မည်သည့်အခါ မည်သည့်အချိန်မျှ အခွင့်မရှိ။ မည်သည့်နည်းဖြင့်မဆို တက်နိုင်သရွေ့ နမားဇ်ကို မုချဖတ်ကို ဖတ်ရမည်ဖြစ်သည်။
အကယ်၍ နမားဇ်ဖတ်ရန် မေ့လျော့သွားသဖြင့်သော်လည်းကောင်း၊ လုံးဝသတိမရသဖြင့် အချိန်ကုန်လွန်သွားမှ မိမိနမားဇ်မဖတ်ရသေးကြောင်း သတိရလာသော်၊ သို့မဟုတ် မျက်စိမဖွင့်နိုင်အောင် မိန်းမောအိပ်ပျော်သွားသော်လည်းကောင်း နမားဇ်သည် ကဿွာဖြစ်သွားလျှင် ဤသို့သောအခါမျိုး၌ အပြစ်မဖြစ်ချေ။ သို့ရာတွင် သတိရလျှင်ရချင်း မျက်စိဖွင့်လျှင် ဖွင့်ချင်း ဝုဇူပြု၍ ချက်ချင်း ကဿွာနမားဇ်ဖတ်ရန် ဖရ်ဇ်ဖြစ်လေသည်။ သို့သော် မက္ကရူးဟ်အချိန်ဖြစ်နေလျှင် ခေတ္တဆိုင်းငံ၍ အချိန်ကျော်သွားသည်ကို စောင့်လိုက်ရမည်။ ဤအတိုင်းပင် မူးမေ့သတိလစ်သွားသဖြင့် မဖတ်ရသေးသော နမားဇ်များအတွက်လည်း အပြစ်မရှိချေ။ သို့ရာတွင် သတိပြန်ရလာပြီးနောက် ချက်ခြင်းပင် ကဿွာဖတ်လိုက်ရမည်။
(၁)။ မတ်စ်အလဟ်
အမျိုးသမီးတစ်ယောက်သည် ကလေးမွေးဖွားလျက်ရှိရာ သားငယ်သည် အပြင်သို့မထွက်သေးဘဲ တဝက်သာထွက်နေလျှင် ဤအချိန်မျိုး၌ပင် အကယ်၍ သတိမလစ်ဟင်းလျှင် နမားဇ်ဝတ်ပြုရန် ဖရ်ဇ်ဖြစ်လေသည်။ ကဿွာပြုလုပ်ခြင်း မပိုင်ချေ။
အကယ်၍ နမားဇ်ဝတ်ပြုနေလျှင် ကလေး၏ အသက်ကို စိုးရိမ်ရသော် နမားဇ်ကို အဿွာပြုခြင်း ပိုင်၏။ ဤနည်းပင် ဝမ်းဆွဲလက်သည်တို့သည် အကယ်၍ နမားဇ်ဝတ်ပြုနေလျှင် ကလေး၌ ဒုက္ခဖြစ်မည်ဟု စိုးရိမ်ရသော် ဤသို့သော်အချိန်မျိုး၌ ဝမ်းဆွဲမသည်လည်း နမားဇ်ကို ကဿွာပြုခြင်း ပိုင်၏။ သို့ရာတွင် ယင်းသူတို့အားလုံးသည် ကဿွာကို လျှင်မြန်စွာ ဖတ်ကြရမည် ဖြစ်လေသည်။
ကဿွာဆောက်တည်ခြင်းနှင့် သက်ဆိုင်သည့် မတ်စ်အလဟ် (ပညတ်ချက်) များ
((အလ်မုဖီးဒ် မှ ဘာသာပြန်သည်။))
(၁) ဖရပ်ဇ်ဖြစ်သည့် မည်သည့်နမားဇ်ကိုမဆို လွတ်သွားပါက သတိရသည့်အချိန် ချက်ခြင်းပင် ဖြည့်စွက်လိုက်ရမည်။ အကြောင်းမဲ့ ကဇွာပြုခြင်းကို ကြန့်ကြာစေခြင်းသည် ဂုနာ (အပြစ်) ထိုက်စေသည့် လုပ်ရပ်ဖြစ်ပေသည်။ (အကြောင်းမဲ့ဟူသည့် စာသား၏ ဆိုလိုရင်းမှာ ကျန်းမာရေး၊ အသက်အန္တရာယ်၊ သေရေး ရှင်ရေး စသည့် အရေးတကြီးကိစ္စ တစ်စုံတစ်ရာမရှိခြင်းကို ဆိုလိုသည်။ လောကီငွေကြေးရှာဖွေမှု၌ လုံးပမ်းနေခြင်းနှင့် ရောင်းဝယ်ရေးကိစ္စများ၊ စားသောက်ရန် ချက်ပြုတ်ရသည့် ကိစ္စများသည် သာသနာမှပြဆိုသည့် ခိုင်လုံသည့် အကြောင်းပြချက်မဟုတ်ပေ။)
တစ်ဦးတစ်ယောက်သည် နမားဇ်ကဇွာဖြစ်သွားသည်။ သို့သော် ယင်းကဇွာကို ချက်ခြင်းမဖြည့်စွက်ပေ။ မည်သည့်နေ့၊ ရက် ရောက်မှ ဖြည့်စွက်မည်ဟု သတ်မှတ်၍ ကဇွာဖြည့်ခြင်းကို ရွှေ့ဆိုင်းလိုက်သည်။ သတ်မှတ်လိုက်သည့် နေ့၊ ရက် မရောက်မီ ကွယ်လွန်သွားပါက ဂုနာဟ် နှစ်ဆခံရမည်။ တစ်ခုမှာ နမားဇ်ကဇွာဖြစ်ခြင်းအတွက် ၊ နောက်တစ်ခုမှာ ချက်ခြင်း ကဇွာပြန်မဖတ်ခြင်းအတွက် ဖြစ်ပေသည်။
(၂) နမားဇ်များစွာကို ကဇွာဖြစ်ထားသူသည် အတတ်နိုင်ဆုံး လျှင်မြန်စွာပင် လွတ်ခဲ့သည့်နမားဇ်များကို ကဇွာပြု ဖြည့်စွက်လိုက်ရမည်။ ကျန်းမာရေးကောင်းမွန်သူ၊ အချိန်ပေးနိုင်သူဖြစ်ပါက ဇွဲရှိရှိဖြင့် တစ်ရက်တည်း၊ သို့မဟုတ် အချိန်တစ်ခုတည်းမှာပင် လွတ်ခဲ့သမျှ နမားဇ်အားလုံး၏ ကဇွာကို ဖတ်လိုက်ရမည်။ ဇုဟုရ်အချိန်ရောက်မှာ ဇုဟုရ်ရဲ့ ကဇွာ၊ အဆွရ်အချိန်ရောက်မှာ အဆွရ်ရဲ့ ကဇွာ စသဖြင့် အချိန်အတိအကျအတိုင်း ကဇွာပြုရန်မလိုအပ်ပေ။
အကယ်၍ နှစ်ပေါင်း၊ လပေါင်းများစွာ၏ နမားဇ်များကို ကဇွာပြုရမည်ဆိုပါကလည်း တတ်နိုင်သလောက် အမြန်ဆုံး ပြန်လည်ဖြည့်စွက်လိုက်ရမည်။
မိမိအားလပ်သည့်အချိန်တွင် (မက္ကရူးဟ်ဖြစ်သည့် နေထွက်၊ မွန်းတည့်နှင့် နေဝင်ချိန် မှအပ) နမားဇ်အမျိုးအစားများအလိုက် (ဖဂျရ်၊ ဇုဟုရ်၊ အဆွရ်၊ မဂ်ရိဗ်၊ အိယှာ) အချိန်ရလျှင် ရသလောက်ကို သက်တမ်းတစ်လျှောက် ကဇွာဖြစ်ခဲ့သည့်နမားဇ်များကို နှစ်ရကအသ်၊ လေးရကအသ်စီ ပြန်လည်ဖြည့်စွက်လိုက်ရမည်။ အကယ်၍ ဤပုံစံဖြင့်လည်း ကဇွာမပြုနိုင်ပါက နမားဇ်တစ်ချိန်တွင် ကဇွာတစ်ကြိမ် ဆောက်တည်လိုက်ရမည်။ ဤသည်မှာ ကဇွာပြုခြင်း၏ အနိမ့်ဆုံး အဆင့်အတန်းဖြစ်ပေသည်။
(၃) ကဇွာဖတ်ရန် သီးသန့်အချိန် သတ်မှတ်ထားခြင်း မရှိပေ။ မိမိအတွက် အားလပ်သည့်အချိန်ရရှိပါက ဝုဇူပြု၍ ကဇွာနမားဇ်များကို ဆောက်တည်ရမည်။ မက္ကရူးဟ်အချိန် မဖြစ်စေရန်သာ သတိပြုရမည်ဖြစ်သည်။ အသက်ရှင်နေသည့် သက်တမ်းတစ်လျှောက်လုံးသည် ကဇွာဖြည့်ခွင့်ရှိသည့် အချိန်များပင်ဖြစ်သည်။
ဆွာဟေဗေသရ်သီးဗ် (သက်တမ်းတစ်လျှောက်တွင် နမားဇ်တစ်ကြိမ်မှ ကဇွာမဖြစ်ဖူးသူ) သည် ကဇွာဖြစ်ခဲ့လျှင်
(၄) အကြင်သူသည် နမားဇ်တစ်ကြိမ် ကဇွာဖြစ်သွားသည်။ ယင်းကဇွာဖြစ်သည့် နမားဇ်အလျှင် မည်သည့်နမားဇ်မျှ ကဇွာဖြစ်ခဲ့ခြင်း မရှိပေ။ (သို့မဟုတ်) နမားဇ်များ ကဇွာဖြစ်ခဲ့ဖူးသည်။ သို့သော် ယင်းကဇွာအားလုံးကို ဖြည့်စွက်ပြီးဖြစ်ပေသည်။ ယခုလွတ်သွားသည့် နမားဇ်တစ်ကြိမ်ကိုသာလျှင် ကဇွာဖြည့်ရန် ကျန်ရှိသည်ဆိုပါက ဦးစွာ လွတ်သွားသည့် နမားဇ်၏ကဇွာကို ဆောက်တည်ရမည်။ ပြီးမှ အဒါ (လက်ရှိအချိန်တွင် ဖတ်ရမည့်နမားဇ်) ကို ဆောက်တည်ရမည်။ ကဇွာထက်အလျင် အဒါကို ဆောက်တည်လိုက်ပါက အဒါသည် မပိုင်ပေ။ ကဇွာဖတ်ပြီးမှသာလျှင် အဒါနမားဇ်ကို ဖတ်ရမည်ဖြစ်သည်။ အကယ်၍ ကဇွာဖြည့်ရမည်ကို လုံးဝ(လုံးဝ) မေ့လျော့သွားခဲ့ပါမူ အဒါ သည် ပိုင်သွားမည်။ မိမိ၏ကဇွာဖြစ်ခြင်းကို သတိရလိုက်သည့်အခါ ကဇွာကိုသာလျှင် ဖတ်လိုက်ပါ။ အဒါ၏ အချိန်မကုန်သေးပါကလည်း ပြန်ဖတ်ရန်မလိုအပ်ပေ။
(၅) အကယ်၍ အဒါနမားဇ်၏အချိန်သည် အနည်းငယ်မျှသာ ကျန်တော့သည်။ ကဇွာကိုအရင်ဖတ်လိုက်ပါက အဒါအတွက် အချိန်မကျန်နိုင်တော့လျှင် ဦးစွာ အဒါကို ဖတ်လိုက်ပါ။ ပြီးမှ ကဇွာကိုဖတ်ပါ။ (ဤပုံစံသည် အဒါ၏အချိန် အလွန်နည်းပါးနေသည့် အခါမျိုးကို ဆိုလိုသည်။)
(၆) နမားဇ် နှစ်ကြိမ်၊ သုံးကြိမ် (သို့မဟုတ်) လေးကြိမ်မှ ငါးကြိမ်အထိ ကဇွာဖြစ်သွားသည်။ ထိုနမားဇ်များမှအပ ထိုသူ့၏ သက်တမ်းတစ်လျှောက်တွင် မည်သည့်နမားဇ်မျှ ကဇွာမဖြစ်ခဲ့ပေ။ သို့မဟုတ် ကဇွာတော့ဖြစ်ခဲ့သည်။ ယင်းကဇွာအားလုံးကိုလည်း ဖြည့်စွက်ပြီးဖြစ်သည်။ ဤသို့ဆိုလျှင် ထိုသူ့အနေဖြင့် ယခုလွတ်သွားသည့် နမားဇ် (ငါးကြိမ် (သို့) ထို့ထက်နည်းသည့် နမားဇ်) များကို ဦးစွာ ဖြည့်စွက်ပြီးမှသာလျှင် အဒါ နမားဇ်ကို ဆောက်တည်ရမည်။ ယင်းကဇွာကို မဆောက်တည်မီ အဒါဖတ်ခွင့်မရှိပေ။
ယခု လွတ်သွားသည့် နမားဇ်များကို ဤပုံစံဖြင့် ကဇွာပြုပါ။ မိမိလွတ်သွားသည့် နမားဇ်များအနက် အရင်ဆုံးကဇွာဖြစ်သည့် နမားဇ်ကို ဦးစွာဖြည့်စွက်ပါ။ ထို့နောက် ဒုတိယ ကဇွာဖြစ်သည့်နမားဇ်ကို ဝတ်ပြုရမည်။ ဤအတိုင်းအစဉ်လိုက်ဖြင့် ကဇွာအားလုံးကို ဝတ်ပြုပါ။ ဥပမာ "ဖဂျရ်၊ ဇုဟုရ်၊ အဆွရ်၊ မဂ်ရိဗ်၊ အိယှာ" နမားဇ်ငါးကြိမ် ကဇွာဖြစ်သွားသည်။ ကဇွာဖြည့်သည့်အခါ အစဉ်လိုက်အတိုင်း အရင်ဆုံးကဇွာဖြစ်သည့် ဖဂျရ်ကို ဖတ်ပါ။ ပြီးနောက် ဇုဟုရ်၊ အဆွရ်၊ မဂ်ရိဗ်၊ အိယှာ တို့ကို အစဉ်လိုက်ဖြည့်ရမည်။ အကယ်၍ ဖဂျရ်ကဇွာကို မဖတ်ဘဲ ဇုဟုရ်၊ အဆွရ်၏ ကဇွာကို ဖတ်လိုက်ပါက မမှန်တော့ပေ။ အစဉ်လိုက်အတိုင်း အစမှ ပြန်လည်ဖြည့်စွက်ရမည်။
* ဆွာဟေဗေသရ်သီးဗ်ဖြစ်ထားသူသည် နမားဇ် ငါးကြိမ်အထိ ကဇွာဖြစ်လျှင် ယင်း၏ သရ်သီးဗ်သည် မပျက်သေးပေ။ အကယ်၍ နမားဇ် ၆ကြိမ်အထိ ကဇွာဖြစ်သွားလျှင် သရ်သီးဗ်ပျက်သွားပေသည်။ ထိုသူသည် ဆွာဟေဗေသရ်သီးဗ်ကဲ့သို့ ကျင့်မူရန် မလိုအပ်ပေ။
(၇) နမားဇ် ၆ကြိမ်အထိ ကဇွာဖြစ်သွားပါက ထိုနမားဇ်များ၏ ကဇွာကိုမဖတ်ဘဲ အဒါနမားဇ်ကို ဖတ်နိုင်သည်။ နမားဇ် ၆ကြိမ်ကို ကဇွာဖြည့်သည့်အခါတွင်လည်း အစဉ်လိုက်အတိုင်း အရင်ဆုံးကဇွာဖြစ်သည့် နမားဇ်မှ စတင်၍ကဇွာဖတ်ရန် အရေးမကြီးတော့ပေ။ မိမိဖြည့်စွက်လိုသည့် နမားဇ်မှ စတင်၍ ဝတ်ပြုနိုင်ပေသည်။ အစဉ်လိုက်အတိုင်း ဖြည့်စွက်ရန်လည်း ဝါဂျိဗ်မဟုတ်တော့ပေ။
အစဉ်လိုက်အတိုင်း ကဇွာပြုရန် မလိုအပ်သူများနှင့် ဆွာဟေဗေသရ်သီးဗ်မဖြစ်သူများ
(၈) ၂ လ သုံးလ (သို့မဟုတ်) သုံး လေးနှစ်အရင်က လူတစ်ဦးသည် နမားဇ် ခြောက်ကြိမ် (သို့မဟုတ်) ထို့ထက်ပို၍ ကဿွာဖြစ်ခဲ့သည်။ ယခုအထိ ထိုကဿွာများကို မဖတ်ရသေးပေ။ ထိုကာလနောက်ပိုင်းတွင် နမားဇ်ငါးကြိမ်ကို မပျက်မကွက်ဖတ်လျှက်ရှိသည်။ တခါမျှ ကဿွာဖြစ်ခဲ့ခြင်းမရှိပေ။ အတန်ကြာပြီးမှ နမားဇ်တစ်ကြိမ် ကဿွာဖြစ်သွားသော် ထိုပုံစံတွင် ယခုလွတ်သွားသည့် ကဿွာအား မဖတ်သေးဘဲ အဒါနမားဇ်ဖတ်လျှင် ပိုင်ပေသည်။ ထိုသူ့အတွက် အစဉ်လိုက်အတိုင်း ဖတ်နေရန် ဝါဂျိဗ်မဟုတ်ပေ။ (ယခင်၏ ကဿွာများကို မဖြည့်ရသေးသည့်အတွက် ထိုသူသည် ဆွာဟေဗေသသရ်သီးဗ်မဟုတ်ပေ။)
(၉) တစ်ဦးတစ်ယောက်၏ သက်တမ်းတွင် နမားဇ် ခြောက်ကြိမ် (သို့မဟုတ်) ထို့ထက်ပိုသည့် နမားဇ်များ ကဿွာဖြစ်ထားသည်။ ထို့ကြောင့် သရ်သီးဗ် (အစဉ်လိုက်အတိုင်း) ဖတ်ရန် ဝါဂျိဗ်မဟုတ်ပေ။ အကယ်၍ ကဿွာနမားဇ်များကို အနည်းငယ်စီဖတ်ရင်းဖြင့် လွတ်ခဲ့သည့် နမားဇ်အားလုံး၏ ကဿွာကိုဖြည့်ပြီးဖြစ်မည်။ မည်သည့်နမားဇ်မျှ ကဿွာပြုရန်မကျန်တော့ပေ။ ယခုတစ်ဖန် နမားဇ်တစ်ကြိမ်ဖြစ်စေ၊ ငါးကြိမ်ဖြစ်စေ ကဿွာဖြစ်သွားလျှင် သရ်သီးဗ်(အစီအစဉ်)ဖြင့် ဖတ်ရမည်။ ထိုကဿွာငါးကြိမ်ကို မဖတ်သေးဘဲ အဒါနမားဇ်ဖတ်လျှင် မပိုင်ပေ။ သို့သော် တစ်ဖန်ပြန်၍ နမားဇ် ခြောက်ကြိမ် ကဿွာဖြစ်သွားလျှင် သရ်သီးဗ်မရှိတော့ပေ။ ယင်းကဿွာခြောက်ကြိမ်ကို မဖတ်သေးဘဲ အဒါဖတ်လျှင် ပိုင်ပေသည်။
(၁ဝ) လူတစ်ဦးသည် နမားဇ်များစွာ ကဿွာဖြစ်ထားသည်။ ယင်းနမားဇ်များကို အနည်းငယ်စီ ကဿွာဖြည့်ရင်းဖြင့် ယခု နမားဇ် လေးကြိမ်၊ ငါးကြိမ်သာ ဖြည့်ရန်ကျန်တော့သည်။ ယင်းကျန်ရှိနေသည့် လေး၊ ငါးကြိမ်ကို အစဉ်လိုက်ဖြည့်ရန် ဝါဂျိဗ်မဟုတ်ပေ။ မိမိဖြည့်စွက်လိုသည့် နမားဇ်မှ ဆက်လက်ဖတ်သွားနိုင်သည်။ ထိုကဲ့သို့ ကျန်ရှိနေသည့် ကဿွာနမားဇ်ကို မဖတ်မီ ကဒါကိုဦးစွာဖတ်ခွင့်ရှိပေသည်။
ဝိသ်ရ်နမားဇ် ကဿွာဖြစ်ခြင်း
(၁၁) ဝိသ်ရ်နမားဇ် ကဿွာဖြစ်သွားမည်။ ထိုကဿွာဖြစ်သွားသည့် ဝိသ်ရ်မှအပ အခြားမည်သည့်နမားဇ်မျှ ကဿွာဖြစ်ထားခြင်း မရှိလျှင် ဖဂ်ျရ် (အဒါ)မဖတ်မီ ဝိသ်ရ်၏ ကဿွာကို ဦးစွာဖြည့်လိုက်ရမည်။ ဝိသ်ရ်ကဿွာမဖတ်မီ ဖဂျရ်အဒါ ဖတ်ခွင့်မရှိပေ။ ဝိသ်ရ်ကဿွာဖြစ်ထားသည်ကို သတိရှိနေပါလျှက် ဖဂျရ်နမားဇ်ကို အရင်ဖတ်လိုက်ပါကလည်း ဝိသ်ရ်ကဿွာကို ပြန်ဖတ်၍ ပြီးနောက် ဖဂျရ် (အဒါ)နမားဇ်ကို ပြန်လည်ဖတ်ရမည်ဖြစ်သည်။
(၁၂) အိယှာနမားဇ်သာ ဖတ်ပြီး အိပ်လိုက်သည်။ သဟဂ်ျအချိန် ထ၍ ဝုဇူပြုပြီးနောက် သဟဂ်ျဂျုဒ်နှင့် ဝိသ်ရ်နမားဇ်တို့ကို ဖတ်လိုက်သည်။ မနက်ခင်းရောက်မှ သတိရသည်မှာ ညက အိယှာနမားဇ်ကို ဝုဇူမရှိဘဲနှင့် ဖတ်လိုက်ခြင်းဖြစ်သည်။ သို့ဆိုလျှင် ယခု အိယှာ၏ ကဿွာကိုသာ ပြန်ဖတ်လိုက်ရမည်။ ဝိသ်ရ်၏ ကဿွာဖတ်ရန် မလိုအပ်ပေ။
ဖဂျရ်နမားဇ် ၏ ကဿွာ
(၁၃) ဖရ်ဇ်နှင့် ဝိသ်ရ်နမားဇ်များ၏ ကဿွာကိုသာလျှင် ပြန်ဖတ်ရပေသည်။ စွန္နသ်များအတွက် ကဿွာမရှိပေ။ သို့သော် လက်ရှိနေ့၏ ဖဂျရ်နမားဇ်ကဿွာဖြစ်သွားခဲ့ပါက နေမွန်းမတည့်မီ ပြန်ဖတ်လျှင် စွန္နသ်နှင့် ဖရ်ဇ် နှစ်ခုလုံး၏ ကဿွာကို ဖတ်ရမည်ဖြစ်သည်။ အကယ်၍ မွန်းတည့်ပြီးနောက်မှ ကဿွာဖြည့်လျှင် ဖရ်ဇ်နှစ်ရကအသ်၏ ကဿွာကို ဖတ်လိုက်ရပေမည်။
(၁၄) ဖဂ်ျရ်အချိန်မှာ အလွန်နည်းပါးစွာ ကျန်ရှိတော့သည်။ ထို့ကြောင့် ဖရ်ဇ်နှစ်ရကအသ်ကိုသာလျှင် ဖတ်လိုက်သည်။ စွန္နသ်မဖတ်တော့ပေ။ သို့ဆိုလျှင် အကောင်းဆုံးပုံစံမှာ နေထွက်ပြီး ၁၅မိနစ်ခန့်နေပြီးသည့်နောက် စွန္နသ်၏ ကဿွာကို ပြန်ဖတ်လိုက်ပါ။ နေမွန်းမတည့်မီအရင် ဖတ်လိုက်ရန်ဖြစ်ပါသည်။ (လက်ရှိနေ့၏ ဖဂျရ်ကို ဆိုလိုပါသည်။)
ကဿွာကို သောဝ်ဗာပြု၍ ရနိုင်မည်လား ??
နမားဇ်လုံးဝမဖတ်သူသည် နမားဇ်များ လွှတ်ခဲ့ခြင်းအပေါ် သောဝ်ဗာပြုခဲ့ပါကလည်း ထိုသူ့အတွက် သက်တမ်းတလျှောက်လုံး လွှတ်ခဲ့သည့် နမားဇ်များကို ကဿွာဖတ်ရန် ဝါဂျိဗ်ဖြစ်သည်။ သောဝ်ဗာပြုခြင်းကြောင့် ကဿွာများ မအ်ဖ်မဖြစ်သွားပေ။ သို့သော် နမားဇ်မဖတ်ခြင်းကြောင့် ရရှိလိုက်သည့် ဂုနာသည် မာအ်းဖ်ဖြစ်သွားမည်။ ကဿွာမဖတ်ပဲနေပါက (ကဿွာကို အချိန်ဆွဲခြင်း) ဂုနာ၏ ပြစ်ဒဏ်ကို ပြန်ခံရမည်ဖြစ်သည်။
ကဿွာအတွက် ဖိဒ်ယဟ်
နမားဇ်အချို့ ကဿွာဖြစ်သွားသည်။ ယင်းကဿွာကို ဖတ်ရန် အခြေအနေလည်း မရရှိခဲ့ပေ။ သို့ဆိုလျှင် သေဆုံးခါနီးတွင် ဖိဒ်ယဟ်ပေးရန်အတွက် ဝဆွီယသ် (မှာတမ်းမှု) ပြုသွားရန် ဝါဂျိဗ်ဖြစ်ပေသည်။ ဝဆွီယသ်မပြုခဲ့ပါက ဂုနာထိုက်သည်။
နမားဇ်အတွက် ဖိဒ်ယဟ်ပေးနည်း
တစ်ရက်တာအတွက် ဖိဒ်ယာပေးလျှင် နမားဇ် (၆) ကြိမ်အတွက် ပေးရမည်ဖြစ်သည်။ ဖရ်ဇ်နမားဇ် ငါးကြိမ်နှင့် ဝိသ်ရ် ဝါဂျိဗ်တစ်ကြိမ် စုစုပေါင်း နမားဇ် (၆) ကြိမ်ဖြစ်ပေသည်။
နမားဇ်တစ်ကြိမ်အတွက် ဂျုံ ၁.၇၅ ကီလို/ မြန်မာအလေးချိန်ဖြင့် ၁ ပိဿာနှင့် ၁ဝ ကျပ်သား ခန့် ဖြစ်သည်။ ၎င်းအလေးချိန်ဖြင့် ဂျုံ (သို့မဟုတ်) ယင်းအလေးချိန်ဂျုံနှင့် ညီမျှသောအဖိုးအခအား ဖိဒ်ယာအတွက် ပေးရမည်။
(( နမားဇ်တစ်ကြိမ်အတွက် ဂျုံ ၁ ပိဿာနှင့် ၁ဝ ကျပ်သား ဖြစ်လျှင် တစ်နေ့တာ နမားဇ်စုစုပေါင်း ၆ကြိမ်အတွက် ၆ ပိဿာနှင့် ၆ဝ ကျပ်သား (သို့မဟုတ်) ယင်းအလေးချိန်နှင့် ညီမျှသော တန်ဖိုးငွေကို ပေးဆောင်ရမည်ဖြစ်ပေသည်။)
ဗဟစ်ရှ်သီးဇေဝရ်ကျမ်းမှ ဘာသာပြန်ဆိုပါသည် ...။
(အလ်မုဖီးဒ်)
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။