Saturday, February 20, 2016
ဝင်ခွင့်တောင်းခြင်းဆိုင်ရာ အစ္စလာမ့်နည်းစနစ်များ
https://www.facebook.com/almufeed.mm/posts/912919708828619:0
အစ္စလာမ်သည် လူသားတို့အတွက် လူ့ဘဝရှင်သန်နေစဉ် တွေ့ကြုံရမည့် အကြောင်းကြီးငယ်အားလုံး၏ နည်းစနစ်များကို ပြသပေးထားပြီးဖြစ်ပေသည်။ အစ္စလာမ်တွင်ရှိသည့် ထိုနည်းစနစ်များကို မွတ်စ်လင်မ်တို့က အပြည့်အ၀လိုက်နာကာ အစ္စလာမ်ကို ပြသရမည်။ အစ္စလာမ့်ပုံစံကို လူအများနှင့် မိတ်ဆက်ပေးရမည် ဖြစ်သည်။ ထိုသို့ကျင့်သုံးနိုင်ရန်၊ အစ္စလာမ်မသိသူများကို မိတ်ဆက်ပေးနိုင်ရန် ကိုယ်တိုင် ယင်းနည်းစနစ်များကို သိရှိထားရန် အရေးကြီးလှပေသည်။ အစ္စလာမ်တွင် လူ လူချင်း တွေ့ဆုံဆက်ဆံမှုနှင့် လူမှုရေးပိုင်းဆိုင်ရာကို ကိုးကွယ်ရေးပိုင်းဆိုင်ရာထက် သာပို၍ အလေးပေးထားသည်။
ထင်ရှားသည့်ပမာတစ်ခုပြဆိုရသော် ကမ္ဘာ့နောက်ဆုံး ကောင်းကင်ကျကျမ်းဖြစ်သည့် ကုရ်အာန်တွင် မွတ်စ်လင်မ်တို့ တစ်နေ့ငါးကြိမ်ဆောက်တည်ရသည့် ဆွလာသ်အကြောင်းမိန့်ရာတွင် ဆွလာသ်ဆောက်တည်ကြ ဟုသာမိန့်ထားသည်။ ဆွလာသ်ဟူသည် ဘယ်နှစ်ကြိမ်ဖြစ်ရမည်။ ဘာတွေဖတ်ရမည်။ ဆွလာသ်ဆောက်တည်လျှင် အဘယ်ကဲ့သို့ ဝတ်ဆင်မှ ပြည့်စုံသည် စသည်ဖြင့် အသေးစိတ် မိန့်မထားပေ။ ထိုအသေးစိတ်ကို နှစ်ဌာန၏ဂရုဏာရှင်ဖြစ်ပြီး ထိုကောင်းကင်ကျကျမ်း၏ အကြီးဆုံးသောအဖွင့်ပညာရှင်ဖြစ်သော မဟာတမန်တော်မြတ် မုဟမ္မဒ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က ကိုယ်တိုင်ဆောင်ရွက်ပြ၍လည်းကောင်း၊ မိန့်ခွန်းများဖြင့်လည်းကောင်း ညွှန်ကြားခဲ့သည်။ ထိုနည်းတူ ဇကားသ်၊ ဆောဝ်မ် (ရိုဇဟ်)၊ ဟဂ်ျ၊ ကုရ်ဗာနီ စသည်တို့၏နည်းစနစ်ကို အသေးစိတ် အကျယ်တဝင့် မမိန့်ထားပေ။ အလိုသဘောညွှန်းသည့် အမိန့်များပါမည်။ ထိုမျှသာဖြစ်သည်။ အထက်ပါ ဆွလာသ်၊ ဟဂ်ျ၊ ဇကားသ် စသည်တို့သည် ကိုးကွယ်မှုပိုင်းဆိုင်ရာဖြစ်သည်။ လူမှုရေးပိုင်းဆိုင်ရာ မဟုတ်ပေ။
ယခု လူမှုရေးပိုင်းဆိုင်ရာ ကဏ္ဍများအနက် တစ်ခုဖြစ်သော အမွေကဏ္ဍအကြောင်းကို ကောင်းကင်ကျကျမ်းကုရ်အာန်တွင် မိန့်ဆိုထားမှုကို ကြည့်ပါ။ ဆွေမျိုးတော်စပ်မှုပုံစံနှင့် ၎င်းတို့၏ရပိုင်ခွင့်များကိုပါ အသေးစိတ် အပြည့်အစုံ ကျစ်လစ်စွာ မိန့်ထားသည်။ ထိုနည်းတူ စူရဟ်နူးရ်ဟူသည့်ကဏ္ဍတွင် တစ်အိမ်နှင့်တစ်အိမ် အလည်သွားရာတွင် မည်သို့ပုံစံအခွင့်တောင်းပါ။ မည်သည့်အချိန်ဆိုလျှင် မည်သို့သွားပါ။ မိခင်ပင်ဖြစ်ပါစေ အခွင့်တောင်းပါဟု ဆရာတစ်ဦးက တပည့်ကို ခရီးစဉ်တွင် မတိမ်းစောင်းမချွတ်ချော်စေရန် ဂရုတစိုက်မှာကြားနေသကဲ့သို့ သေချာစွာ မိန့်မှာထားပေသည်။ ထိုနည်းတူ မိဘမဲ့ကလေးများကို မည်သို့ဆက်ဆံပါဟူ၍ နေရာပေါင်းများစွာတွင် မှာကြားထားသည်။ ထိုအကြောင်းကိစ္စတို့သည် လူမှုရေးဖြစ်ပေသည်။ ထိုကြောင့် မွတ်စ်လင်မ်တို့အနေဖြင့် မိမိတို့ နှစ်သက်မြတ်နိုးစွာ ခံယူကျင့်သုံးနေ့သည့် အစ္စလာမ်တွင် လူမှုရေးဆိုင်ရာ နည်းစနစ်များကို မည်သို့မည်ပုံ ပြသမိန့်ထားသည်ကို ကောင်းစွာသိရှိထားရမည်။ ထိုသို့သိရှိထားပြီးနောက် လက်တွေ့ပုံဖော်ကျင့်သုံးကာ အစ္စလာမ်ကိုဖော်ဆောင်ရမည်ဖြစ်ပေသည်။ မွတ်စ်လင်မ်သည် မွတ်စ်လင်မ်နှင့် ဆက်ဆံသည်ဖြစ်စေ၊ မွတ်စ်လင်မ်မဟုတ်သူနှင့် ဆက်ဆံသည်ဖြစ်စေ လူမှုရေးကဏ္ဍကို အစ္စလာမ်၏နည်းစနစ်အတိုင်း ပြည့်ဝစွာ လိုက်နာကျင့်သုံးရပေမည်။
ယခု လူမှုရေးကိစ္စတစ်ခုဖြစ်သည့် အိမ်တစ်အိမ်မှ တစ်အိမ်သို့သွားလာကြသည့်အခါ ၀င်ခွင့်တောင်းရမည့် အစ္စလာမ့်နည်းစနစ်ကို မွတ်စ်လင်မ်တို့ လိုက်နာကျင့်သုံးနိုင်ရန်အတွက် တင်ဆက်လိုက်ပါသည်။ ကျွန်ုပ်တို့နေစဉ်နှင့်အမျှ အိမ်၊ ဆိုင်၊ ရုံး၊ ကျောင်းစသည်များနှင့် ကူးလူးဆက်ဆံနေရသည်ဖြစ်ပေသည်။ ဝင်ခွင့်ဟူသည် လူ လူချင်းတွေ့ဆုံရာတွင် မတွေ့ဆုံမီ တောင်းခံရမည့်အရာဖြစ်သည်။ လူတိုင်းသည် အဆောင်အဦးတစ်ခုနှင့် နေထိုင်စမြဲပင်ဖြစ်သည်။ အမြဲတမ်း လမ်းပေါ်နေသူ မရှိပါ။ တခါတရံ သွားရင်းလာရင်း တွေ့ကြသည်။ အများအားဖြင့် သက်ဆိုင်ရာ အခန်း၊ အိမ်၊ ရုံးတို့တွင် ရှိကြပေသည်။ ထိုနေရာများတွင် တွေ့ဆုံခြင်းဖြစ်ပါက ဝင်ခွင့်တောင်းရမည်ဖြစ်ပြီး မိမိကိုယ်တိုင်သည် ဝင်ခွင့်တောင်းခြင်းဆိုင်ရာ စည်းကမ်းများကို သိထားရပါမည်။
တစ်ဖန် ကျွန်ုပ်တို့ လူကြီးများက အစ္စလာမ့်စည်းကမ်းတကျ ဝင်ခွင့်တောင်းသည့်နည်းစနစ်များကို ဦးဆောင်ကျင့်သုံးပြမှသာလျှင် ကျွန်ုပ်တို့၏ မျိုးဆက်သစ်တို့တွင် မွတ်စ်လင်မ်ပီသစေမည့် အစ္စလာမ်၏စည်းကမ်းကောင်းများသည် ၎င်းတို့၏ရင်ထဲဝယ် စွဲမှတ်ပြီးသား ဖြစ်ပါလိမ့်မည်။ တစ်ဖန် အစ္စလာမ်၏ထူးခြားချက်တစ်ခုမှာ လောကီလူမှုရေးကိစ္စကိုပင် အစ္စလာမ့်နည်းစနစ်နှင့်အညီ မွတ်စ်လင်မ်က လိုက်နာလုပ်ဆောင်ပါက ၎င်းသူအတွက် နောင်တမလွန်အာခိရသ်တွင် မရှိမဖြစ် အသုံးဝင်သည့် ကုသိုလ်ဟူသည့်အရာကိုလည်း ပိုင်ဆိုင်ဦးမည် ဖြစ်ပေသည်။ ထို့ကြောင့် မွတ်စ်လင်မ်တို့အနေဖြင့် အစ္စလာမ်၏ လူမှုရေးနည်းစနစ်များကိုလည်း သေချာကျနာစွာ သိမှတ်ထားပြီး လက်တွေ့လိုက်နာနိုင်ရန် လူမှုရေးကဏ္ဍတစ်ခုဖြစ်သည့် ဝင်ခွင့်တောင်းခြင်းဆိုင်ရာ အစ္စလာမ်နည်းစနစ်များကို အလ်မုဖီးဒ်မှ ဖော်ပြလိုက်ပါသည်။
(၁) ဦးစွာ စလာမ်ဆို၍ ပြီးမှ ခွင့်တောင်းရန်
အိမာမ်အဗူဒါဝူးဒ် ရဟ်မသုလ်လာဟိအလိုင်းဟ်က ဝင်ခွင့်တောင်းခြင်းဆိုင်ရာ ဟဒီးစ်တစ်ခုကို ဆင့်ပြန်ထားသည်။ တစ်ခါက ဗနူအာမိရ်မျိုးနွယ်မှ လူတစ်ဦးသည် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်နှင့် တွေ့ဆုံရန်လာပြီး ကျွန်တော် ဝင်လာနိုင်ပါသလားဟု လျှောက်ထားလိုက်သည်။ ထိုအခါ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က မိမိအားအလုပ်အကျွေးပြုနေသူကို အသင် ထိုပုဂ္ဂိုလ်ထံသွား၍ ... အစ္စလာမုအလိုင်းကွမ်း၊ ကျွန်တော်ဝင်လာနိုင်ပါသလား ဟူ၍ ၀င်ခွင့်တောင်းရမည်ဖြစ်ကြောင်း ထိုနည်းစနစ်ကို သင်ပေးလိုက်ပါဟု ညွှန်ကြားတော်မူလိုက်သည်။ ထိုပုဂ္ဂိုလ်က ယင်းညွှန်ကြားချက်ကို ကြားသည်နှင့် ချက်ချင်းပင် အစ္စလာမုအလိုင်းကွမ်း၊ ကျွန်တော် ဝင်လာနိုင်ပါသလားဟု ဝင်ခွင့်လျှောက်ထားလေသည်။ ထိုအခါ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် ခွင့်ပြုတော်မူလိုက်ပေသည်။
(၂) ဝင်ခွင့်တောင်းချိန် မိမိ၏နာမည် သို့မဟုတ် ထင်ရှားသည့်အခေါ်အဝေါ်ကို ပြောဆိုခြင်း
ဗုခါရီနှင့် မွတ်စ်လင်မ်ကျမ်းတို့၌ပါဝင်သည့် မိအ်ရားဂ်ျခရီးစဉ်နှင့်ပတ်သက်သည့် ကျော်ကြားသည့်ဟဒီးစ်တွင် အမည်ပြော၍ ဝင်ခွင့်တောင်းချိန်ဆိုင်ရာ ပုံစံတစ်ခုကို ဤသို့မိန့်ထားပေသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က မိအ်ရာဂ်ျအကြောင်းကို မိန့်တော်မူရင်း ပြောသည်မှာ ... ဂျိဗ်ရအီးလ် အလိုင်းဟိစ္စလာမ်သည် ကျွန်ုပ်အား လောက၏မိုးကောင်သို့ ခေါ်ဆောင်သွားသည်။ ထိုနေရာသို့ရောက်သည့်အခါ ဝင်ခွင့်တောင်းသည်။ ထိုအခါ မည်သူပါနည်းဟု မေးလေသည်။ ဂျိဗ်ရအီးလ်ပါဟု အဖြေပေးလိုက်သည်။ တဖန် အသင်နှင့်အတူ မည်သူပါနည်းဟု ထပ်မေး၏။ မုဟမ္မဒ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ဟု အဖြေပေးလိုက်သည်။ တဖန် ဒုတိယမိုးကောင်းကင်သို့ ခေါ်ဆောင်သွားသည်။ ပြီးနောက် တတိယမိုးကောင်းကင်၊ စတုတ္ထမိုးကောင်းကင် အထပ်တိုင်း၏ ကောင်းကင်တံခါးသို့ရောက်တိုင်း မည်သူနည်းဟု မေး၏။ ၎င်းကလည်း ဂျိဗ်ရအီးလ်ပါဟု ဖြေပေသည်။
ဗုခါရီနှင့် မွတ်စ်လင်မ်ကျမ်းတွင်ပင် အဗူမူစာအရှ်အရီ ရသွီယလ္လာဟုအန်ဟုထံမှ ဝင်ခွင့်တောင်းသည့်အခါ အမည်ပြောသည်ကို ညွှန်းဆိုသည့် ဟဒီးစ်တစ်ခုကို ဆင့်ပြန်ထားပေသည်။ တစ်ခါက တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် ဥယျာဉ်တစ်ခု၏ ရေတွင်းသို့ ကြွမြန်းသွားလေသည်။ ထို့နောက် အဗူဗက္ကရ် ရသွီယလ္လာဟုအန်ဟု ရောက်လာသည်။ ၀င်ခွင့်တောင်းသည့်အခါ အဗူမူစာသခင်က ဘယ်သူလဲဟု မေးလိုက်သည်။ ၎င်းက အဗူဗက္ကရ်ပါဟု ဖြေသည်။ တဖန် ဟဇရသ်အုမရ် ရသွီယလ္လာဟုအန်ဟု ရောက်လာပြီး ဝင်ခွင့်တောင်းသည်။ အဗူမူစာသခင်က ဘယ်သူလဲဟု မေးလိုက်သည်။ အုမရ်ပါဟု အဖြေပေးသည်။ ထို့နောက် အွတ်စ်မာန် ရသွီယလ္လာဟုအန်ဟု ရောက်လာပြီး အထက်ပါအတိုင်းပင် ဝင်ခွင့်တောင်းကာ အမည်ကိုဖြေပေသည်။
ဗုခါရီနှင့် မွတ်စ်လင်မ်ကျမ်းတွင်ပင် ဝင်ခွင့်တောင်းသည့်အခါ အမည်ပြောရန်ကို ညွှန်းဆိုသည့် ဟဒီးစ်တစ်ပုဒ်ကို ဟဇရသ်ဂျာဗိရ် ရသွီယလ္လာဟုအန်ဟုထံမှ ဆင့်ပြန်ထားသည်။ ထိုဆွဟာဗဟ်က ပြောပြသည်မှာ ကျွန်ုပ်သည် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ထံ ခစားရန်အတွက် ကိုယ်တော်၏နေအိမ်ကို တံခါးခေါက်လိုက်သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က ဘယ်သူလဲဟု မေးတော်မူသည်။ ကျွန်တော်ပါ ဟုအဖြေပေးလိုက်သည်။ ထိုအခါ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က ကျွန်တော်၊ ကျွန်တော် ပြီးတော့ ဘာဖြစ်သလဲ ဟုမိန့်လိုက်သည်။ ထိုမိန့်သည့်ပုံစံမှ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် မရှင်းမလင်းဖြေကြားမှု မနှစ်သက်ကြောင်း သိရပေသည်။
မှတ်ချက်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် မေးမြန်းမှုကို ဖြေသည့်အခါ မည်သူမည်ဝါ ဖြစ်ကြောင်း ရှင်းရှင်းလင်းပြောရမည်။ ထို့အတူ မည်သူနှင့်တွေ့ဆုံရန် လာသူဖြစ်ကြောင်း ပြောဆိုရပေမည်။
(ဤသို့အမည်ပြောခြင်းကို ဖုန်းပြောရာတွင်လည်း ကျင့်သုံးရပါမည်။ ဖုန်းကို မည်သူမဆို ဆက်သွယ်နိုင်သလို ဖုန်းအတွင်းမှ အသံကို မမှတ်မိသည်လည်း ဖြစ်တတ်ပေသည်။ မွတ်စ်လင်မ်ဖြစ်သူက မည်သူ့ကိုမဆိုဖုန်းခေါ်ပြောဆိုပါက ရင်းနှီးနေသူ နံပါတ်တွင် အမည်ထည့်ထားသူ ဖြစ်နေပါက အကြောင်းမရှိ။ ဤသို့မဟုတ်ပါက အမည်ပြောရမည်။ တဖက် ဘယ်သူလဲ ဘယ်ကလဲမေးသည်ကို ငါ့မသိရကောင်းလားဟု စိတ်ဆိုးဒေါသူပုန်မထရပေ။ ထိုသို့ဖြစ်ခြင်းသည် အစ္စလာမ့်အဆုံးအမ၊ အစ္စလာမ့်ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည်ကို သိထားရပေမည်။ ဘယ်သူလဲဟုမေးလျှင် သူငယ်ချင်းပါ ဟုမဖြေနှင့်။ သူငယ်ချင်းများစွာရှိနိုင်သည်။ အသံတူသူ၊ အမည်တူသူ များစွာရှိနိုင်ပေသည်။ ထို့ကြောင့် ပြည့်စုံစွာ တစ်ဖက်သား စိတ်ရှင်းအောင် ပြောရပါမည်။ လောကီ၏အလုပ်အကိုင်များ လျှောက်ထားရ၌ လျှောက်လွှာပေါင်းများစွာတွင် အကြိမ်ကြိမ် အမည်ဘယ်သူ ဘယ်သူ့သား၊ အဘယ်အရပ်တွင် နေထိုင်သူ စသည်ဖြင့် ဖြည့်စွက်ကြသည်။ တချို့လျှောက်လွှာများတွင် မေးမြန်းမှုမှာ လူလူချင်းမေးသည်ဆိုပါက ထရိုက်ချင်လောက်အောင်ပင် စေ့စေ့ငှငှ မေးထားသည်။ သို့သော် ထိုသို့မေးရကောင်းလားဟု စိတ်ဆိုး၍ လျှောက်လွှာကို ဘယ်သူမှ မဖြဲပစ်၊ အင်တာဗျူးသူကို မင်း အဲ့သလောက်မေးရသလားဟု ဒေါသဖြင့် လက်သီးဖြင့်မထိုးကျိတ်ကြ။ စိတ်အေးချမ်းသာစွာဖြင့် လက်ရေးကိုပင် အကျအနပြုပြင်၍ လျှောက်လွှာရေးပေးသည်။ မျက်နှာပြုံးချိုစွာဖြင့် အင်တာဗျူးဖြေပေးသည်။ လက်မခံမည်စိုး၍ ပို၍ပင် ပြုံးပြလိုက်သေးသည်။ ယခု အစ္စလာမ်က လောက၏အဓိကအရာဖြစ်သည့် လူက လူနှင့်တွေ့ဆုံရာတွင် ကို ချိုသာပြေပြစ်၍ ပြည့်စုံစွာ ဖြေဆိုရမည့်အကြောင်း လက်တွေ့သင်ကြားပေးနေသည်။ ဤသည်ကို မွတ်စ်လင်မ်တို့က စိတ်တွင်းစွဲမှတ်၍ လိုက်နာရပါမည်။ မည်မျှပင် ရင်းနှီးသူဖြစ်စေ ၎င်းက ဘယ်သူလဲမေးသည်ကို ဘာမျှ စိတ်ဆိုး စိတ်ကွက်ရန် မလိုအပ်ပေ။)
(၃) သုံးကြိမ် ခွင့်တောင်းရန်
ဗုခါရီနှင့် မွတ်စ်လင်မ်ကျမ်းတွင် ဝင်ခွင့်တောင်းသည့် အကြိမ်အရေကို ညွှန်းဆိုသည့် ဟဒီးစ်ကို အဗူမူစာအရှ်အရီ ရသွီယလ္လာဟုအန်ဟုထံမှ ဆင့်ပြန်ထားသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က ... အခွင့်ကို သုံးကြိမ်တောင်းရမည်။ ထိုသို့တောင်းစဉ် အခွင့်ရပါက ကောင်းပေသည်။ အကယ်၍ သုံးကြိမ်တောင်းပြီး အခွင့်မရပါက ပြန်လာလိုက်ရမည်။...ဟု ညွှန်ကြားထားသည်။
ထိုသို့ သုံးကြိမ်ခွင့်တောင်းရာတွင် အကောင်းဆုံးပုံစံမှာ တစ်ကြိမ်ခွင့်တောင်းပြီးနောက် နမားဇ်လေးရကအသ်ဖတ်စာမျှ အချိန်စောင့်ဆိုင်းရမည်။ ပြီးမှ နောက်တစ်ကြိမ် ခွင့်တောင်းရပေမည်။ အဘယ့်ကြောင့်ဆိုသော် မိမိခွင့်တောင်းနေသူ (တစ်နည်း မိမိကိုခွင့်ပြုမည့်သူ) သည် နမားဇ်ဖတ်နေသူ၊ သို့မဟုတ် အိမ်သာတတ်နေသည့်အချိန် သို့မဟုတ် ကိုယ်ရေးကိုယ်တာကိစ္စ တစ်ခုခုပြုလုပ်နေသည့် အခြေအနေများတွင် ရှိတတ်ပေသည်။ ထို့ကြောင့် နမားဇ် လေးရကအသ်ဖတ်သည့်အချိန်ခန့်မျှ စောင့်ဆိုင်းရပေမည်။
(၄) တံခါးကို ပြင်းထန်စွာမခေါက်ရန်
မိမိခွင့်တောင်းနေသည့်အိမ်ရှင်သည် မိမိ၏မိဘ၊ ဆရာသမား၊ အာလင်မ်၊ သူတော်စဉ်၊ သက်ကြီးဝါကြီးတို့ဖြစ်ပါက အထူးဂရုစိုက်၍ သိမ်မွေ့စွာ တံခါးခေါက်ရပေမည်။ အိမာမ်ဗုခါရီ ရဟ်မသုလ်လာဟိအလိုင်းဟ်က မိမိရေးသားသည့်စာအုပ်တစ်အုပ်တွင် ဟဇရသ်အနတ်စ် ရသွီယလ္လာဟုအန်ဟုထံမှ ဟဒီးစ်တစ်ခုကို ဆင့်ပြန်ထားသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ တံခါးကို လက်ညှိုးဖြင့်သာ ခေါက်ပေသည်။ ထိုနည်းတူပင် ရှေးယခင် သူတော်မွန်တို့သည် မိမိတို့အကြီးအကဲများ၏ တံခါးကို လက်သည်းကိုအသုံးပြုပြီး ခေါက်လေ့ရှိသည်။ ယင်းပုဂ္ဂိုလ်ကြီးများသည် နောက်တစ်ဦးအား မည်မျှရိုသေလေးစားသည်ကို အထက်ပါလုပ်ရပ်တို့မှ သိရှိနိုင်ပေသည်။ (ကျွန်ုပ်တို့လည်း နောက်တစ်ဦးကို လေးစားရိုသေမှုကို ကျင့်ယူရပါမည်။)
အထက်ပါကဲ့သို့ ညင်သာသိမ်မွေ့စွာ တံခါးခေါက် အသံပေးသင့်သည့်အချိန်မှာ အိမ်ရှင်သည် အနီးအနားတွင်သာရှိမည်ဟု ယူဆရသည့်အချိန် ဖြစ်ပေသည်။ ဤသို့မဟုတ်ဘဲ တံခါးနှင့် ဝေးသည့်နေရာ တံခါးခေါက်သံ မကြားနိုင်သည့်နေရာတွင် ရှိနေမည်ဟု ယူဆရပါက ၎င်းသူကြားနိုင်မည့်အသံဖြင့် တံခါးခေါက်ရပါမည်။
ယနေ့အခါတွင် မြို့ပေါ်ရှိနေအိမ်အများစုတွင် လူခေါ်ခေါင်းလောင်းများ၊ ဘဲလ်များ တပ်ဆင်ထားပေသည်။ ထို့ကြောင့် ယင်းခေါင်းလောင်း၊ ဘဲလ်များကို အသုံးပြု၍ ခေါ်မည်ဆိုပါကလည်း အထဲကလူ ထိတ်လန့်မှုမဖြစ်စေမည့်ပုံစံဖြင့် နှိပ်ရမည်။ အကြိမ်ရေများစွာ ဆက်တိုက်မနှိပ်ရပေ။ ဘဲလ်နှိပ်တစ်ကြိမ်နှိပ်ပြီးသည်နှင့် ပထမစည်းကမ်းချက် သုံးခုကို လိုက်နာရပါမည်။ လေးရကအသ်နမားဇ်မျှ စောင့်ဆိုင်းရမည်။ မေးမြန်းလျှင် မည်သူမည်ဝါဖြစ်ကြောင်း ရှင်းလင်းစွာ ပြောဆိုရပါမည်။ (ဤဝင်ခွင့်တောင်းခြင်းဟူသည် အိမ်တွင်းရှိ အခန်းများနှင့်လည်း သက်ဆိုင်ပါသည်။)
[သုဟ်ဖှာအေဒုလ်ဟန်၊ စာ ၁၂၄မှ ၁၂၆ အထိ)
အလ်မုဖီးဒ်
ဟိဂျရီ ၁၄၃၇/ ဂျမာဒိလ်အူလာ/ ၁၁/ ယောင်မွလ်အဟဒ်
20.2.2016
Monday, December 14, 2015
ဝတ်ကြီးဝတ်ငယ်ပြုစုခြင်းဆိုင်ရာ စည်းကမ်းများ
၁။ အကြီးအကဲတစ်ဦးဦး၏ ဖိနပ်ကို သိမ်းဆည်းပေးလိုက အဆိုပါ အကြီးအကဲ ဖိနပ်ချွတ်ပြီးသည့်တိုင်အောင် စောင့်ဆိုင်းရမည်။ ဖိနပ်မချွတ်ရသေးမီဖြစ်စေ၊ ချွတ်နေစဉ်တွင်ဖြစ်စေ ဖိနပ်ကို မယူရပေ။ အကြောင်းမှာ ယင်းသို့သောအချိန်မျိုးတွင် ဖိနပ်ကိုယူလိုက်ပါက ရံဖန်ရံခါ တစ်ဘက်သား လဲကျတတ်သောကြောင့်ပင် ဖြစ်သည်။
၂။ အချို့သူတို့သည် တစ်ခါတရံ အခြားသူတို့၏ ပြုစုယုယမှုကို မခံလိုကြပေ။ ထိုအခါမျိုးတွင် အဓမ္မမပြုစုရပေ။ ဤသို့အဓမ္မပြုစုခြင်းကြောင့် အကြီးအကဲမှာ စိတ်အနှောင့်အယှက်ဖြစ်တတ်ရသည်။ မည်သည့်အခါမျိုးတွင် ပြုစုခြင်းကို ကြိုက်နှစ်သက်သည်/ မည်သည့်အခါတွင်တော့ မကြိုက်နှစ်သက်သည်တို့ကို အကြီးအကဲတို့၏ နှုတ်အားဖြင့် တားမြစ်ခြင်းအရလည်းကောင်း၊ အရိပ်အခြေအနေအရလည်းကောင်း သိနိုင်ပေသည်။
၎။ မိမိ၏ ရှိုက်(ခ်) (အတွင်းပိုင်းဆိုင်ရာ ပြုပြင်တည့်မတ်ပေးသည့် ဆရာ) အား ကိုယ်ဖိရင်ဖိ ပြုစုလိုပါက ဆရာသခင်နှင့် ပထမတွေ့ စတွင် မပြုစုအပ်ပေ။ ဆရာသခင်နှင့် ရင်းနှီးမှုမရှိသေးသောကြောင့် အားတုံ့အားနာ ဖြစ်တတ်ပေသည်။ ဆရာသခင်နှင့် ရင်းနှီးမှုရရှိပြီးသည့်နောက်မှ ပြုစုလိုက ပြုစုနိုင်ပေသည်။
၅။ မိမိ၏ဆရာသခင် အကြီးအကဲများအား ယပ်တောင်ဖြင့် ယပ်ခတ်ပြုစုရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ ရှိသည်။ ပထမအချက်မှာ ယပ်တောင်ကို အဝတ်စဖြင့် သုတ်၍သော်လည်းကောင်း ခါ၍သော်လည်းကောင်း သန့်ရှင်းလိုက်သင့်သည်။ ယပ်တောင်မှာ အောက်တွင်ချထားသည့်အတွက် ဖုံ၊ သဲ၊ အမှိုက်များကပ်နေတတ်ပြီး ယပ်ခတ်လိုက်သည့်အခါတွင် မိမိယပ်ခတ်ပြုစုနေသူ၏ မျက်စိထဲဝင်ပြီး ဒုက္ခရောက်စေတတ်သောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ ယပ်ခတ်သည့်အခါ လက်၏အနေအထားကိုလည်း မျှတစွာထားသင့်သည်။ ယပ်တောင်ကို မျက်နှာနှင့် သိပ်နီးကပ်စွာထားလျက် ယပ်မခတ်သင့်။ မျက်နှာနှင့် နီးကပ်စွာထားလျက် ယပ်ပါက ရံဖန်ရံခါ မျက်နှာ သို့မဟုတ် ဦးခေါင်းကို ရိုက်မိတတ်သည်။ သိပ်ဝေးကွာသည့် အနေအထားတွင်ထားကလည်း လေရမည်မဟုတ်ပေ။ ထို့ကြောင့် သိပ်လည်းမကပ်၊ သိပ်လည်းမခွာဘဲ ယပ်ခတ်သင့်၏။ ယပ်ခတ်သည့်အခါ စိတ်အနှောင့်အယှက်မဖြစ်စေရန် တအားလွှဲ၍ မခတ်သင့်ပေ။ တတိယအချက်မှာ ယပ်ခတ်သည့်အခါ အနီးအနားတွင် ထိုင်နေကြသည့် အခြားပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမျှ ဒုက္ခမဖြစ်စေသင့်။ စတုတ္ထအချက်မှာ မိမိပြုစုယပ်ခတ်ပေးနေသည့်ပုဂ္ဂိုလ် ၎င်း၏နေရာမှထရန် ရည်ရွယ်သည့်အခါ ယပ်ခတ်နေခြင်းကို ရပ်ဆိုင်းလိုက်ရမည်။ ဆက်၍ယပ်ခတ်နေပါက ယပ်တောင်ဖြင့် အကြီးအကဲအား ခိုက်မိတတ်သည်။ ပဉ္စမအချက်မှာ အနီးရှိပုဂ္ဂိုလ်ကဖြစ်စေ မိမိပြုစုနေသည့် အကြီးအကဲကဖြစ်စေ စက္ကူတစ်ခုခုထုတ်ယူနေသည့်အခါမျိုးတွင် ယပ်ခတ်ခြင်းကို ရပ်နားထားရမည်။ ဆက်တိုက် ခတ်မြဲခတ်နေပါက စာရွက်စက္ကူများ လေထဲလွင့်သွားတတ်၍ တစ်ပါးသူ ဒုက္ခရောက်ရပေမည်။
၆။ လူတစ်ဦးသည် ကျွန်ုပ်အိမ်မှ ဗလီသို့ ဆွလာသ်ဝတ်ပြုရန် ရောက်မလာမီ ကျွန်ုပ်က ဝုဇူရေသန့်စင်မည်အထင်ဖြင့် ရေအိုးကိုဖြည့်လျက် အိုးအပေါ်တွင် ကျွန်ုပ်၏ မိစ်ဝါးက်(တံပူတံ)ကို တင်ထားလေသည်။ ကံအားလျော်စွာ ကျွန်ုပ်သည် အိမ်မှဝုဇူရေသန့်စင်ခဲ့ပြီးဖြစ်သဖြင့် ဗလီရောက်သောအခါ ဝုဇူထပ်မပြုတော့ဘဲ ဗလီအတွင်းသို့ တန်း၍ဝင်ခဲ့သည်။ ဗလီထဲရောက်သောအခါမှ အမှတ်တမဲ့ ကျွန်ုပ်၏တံပူတင်ထားပြီး ရေအပြည့်ဖြည့်ထားသည့် ရေအိုးကို လှမ်းမြင်လိုက်၏။ ကျွန်ုပ်က ရေအိုးနှင့် တံပူတံ မည်သူထားသနည်းဟု စုံစမ်းမေးမြန်းရာ အတန်ကြာမှ ထိုသူက မိမိထားကြောင်း ဝန်ခံလေသည်။ ကျွန်ုပ်က ၎င်းအား ဆွလားသ်ဝတ်မပြုမီ တိုတိုတုတ်တုတ် ဆုံးမစကားဆိုပြီး စွလာသ်ဝတ်ပြုပြီးမှ အောက်ပါအတိုင်း အကျယ်တဝင့် ဆုံးမစကား ဆိုလိုက်သည်။
သတိချပ်စရာ အစဉ်အလာ။
အထက်ပါကဲ့သို့ပင် ယနေ့အချို့သူတို့ လုပ်နေကြသည့် ဗစ်ဒ်အသ် လုပ်ငန်းများမှာလည်း အမြင်အားဖြင့် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို နာခံသယောင်ယောင်ရှိသော်လည်း အမှန်စင်စစ်တွင်ကား မကောင်းမှုများ၊ အမိန့်သွေဖီမှုများဖြင့် ပြည့်နှက်နေပေသည်။ သို့ရာတွင် အသိဥာဏ်နည်းပါးသူတို့ကား ဤသည်ကို မသိမမြင် တွေ့တတ်ကြပေ။ အကြီးအကဲတို့အား နည်းစနစ်မကျသည့် အနေအထားဖြင့် ပြုစုခြင်းသည် အပေါ်ယံကိုကြည့်လျှင် ပြုစုနေဟန်ရှိသော်လည်း နည်းစနစ်မကျသဖြင့် တစ်ဖက်သားမှာ ဒုက္ခရောက်ရသည်ကို ပြုစုနေသူတို့ သတိမပြုမိကြချေ။
အကြီးအကဲတို့အား ပြုစုရာတွင်
၇။ တစ်ရက်တွင် ကျွန်ုပ်တို့အိရှာစွလားသ်ဝတ်ပြုပြီး ဗလီကျောင်းတော်အတွင်း လဲလျောင်းနေစဉ် ကျွန်ုပ်နှင့် မသိကျွမ်းသည့် ခရီးသည်တစ်ဦးရောက်လာပြီး နှိပ်ပေးလေသည်။ ကျွန်ုပ်မသိသူက လာရောက်ပြုစုပေးသည့်အတွက် ကျွန်ုပ်အနှိပ်ခံရသည်ကို ပင်ပမ်းသလိုခံစားရသဖြင့် မေးသောအခါ ၎င်းက အမည်ကို ပြောပြသည်။ ကျွန်ုပ်မသိသူဖြစ်သောကြောင့် ဆက်လက်မနှိပ်တော့ရန် တားမြစ်လိုက်ပြီး ပြုစုခြင်းနှင့် စပ်လျဉ်းသည့် စည်းကမ်းများကို ပြောပြလိုက်၏။ အကြီးအကဲတစ်ဦးဦးအား ပြုစုလိုလျှင် ဦးစွာပထမ အကြီးအကဲနှင့် တွေ့ဆုံသင့်၏။ ထို့နောက် အကြီးအကဲထံမှ ခွင့်ပြုချက်ယူပြီး အကြီးအကဲအား ပြုစုနိုင်ပေသည်။ ဤသို့မဟုတ်ဘဲ ပြုစုပါက မရင်းနှီးသူတစ်ယောက်၏ ပြုစုခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတတ်သည်။ အကြီးအကဲနှင့် တွေ့ဆုံလျှင် ရည်ရွယ်ပါကလည်း တွေ့ဆုံသည့် နည်းလမ်းမှာ ဤသို့မဟုတ်။ အိရှာပြီးအချိန်သည် အနားယူမည့်အချိန်ဖြစ်သဖြင့် အနားယူရန်နှင့် နံနက်မှတွေ့ရန် ပြောကြားလိုက်၏။ နံနက်တွင်ပြန်လည်တွေ့သောအခါတွင်လည်း ၎င်းအား ထပ်မံဆုံးမစကား ပြောလိုက်သည်။
၈။ ကျွန်ုပ်၏ ညီမောင်ထံမှ ကျွန်ုပ်ထံသို့ အိတ်ပိတ်စာတစ်စောင်ကို အိမ်မှအလုပ်သမားတစ်ဦးအား ပို့ခိုင်းလိုက်သည်။ ယင်းစာကို စာတိုက်မှ အခြားတစ်နေရာသို့ ပို့ပေးရန်ဖြစ်၏။ အလုပ်သမားသည် ကျွန်ုပ်ထံသို့ ယူဆောင်လာစဉ် လမ်းခုလတ်တွင် စာပို့သမား ဘူတာရုံသို့စာများပို့ရန်သွားနေသည်ကို တွေ့သဖြင့် စာမြန်မြန်ရောက်ပါစေတော့ဟူသော ဆန္ဒဖြင့် စာပို့သမားမှတစ်ဆင့် ဘူတာရုံတွင် စာထည့်ခိုင်းလိုက်သည်။ ကျွန်ုပ်ကလည်း အဆိုပါစာမှာ ကျွန်ုပ်နှင့်လည်း သက်ဆိုင်ပတ်သက်နေသဖြင့် အကြောင်းတစ်ခုခုကြောင့် စာတိုက်မှတစ်ဆင့်ထည့်မည်။ စာပို့သမားလက်သို့မထည့်ဟု ကြံရွယ်ထား၏။ အချိန်တန်၍ စာမရောက်လာသောကြောင့် မေးကြည့်ရာ စာပို့သမားနှင့် ဘူတာရုံသို့ပို့လိုက်ကြောင်း သိရသဖြင့် ညီမောင်ခိုင်းလိုက်သည့် အလုပ်သမားကိုခေါ်၍ သင့်အနေနှင့် မိမိထံအပ်နှံလိုက်သည့်စာကို ကျွန်ုပ်ထံပေးရမည့်အစား ကျွန်ုပ်၏ခွင့်ပြုချက်မယူဘဲ မိမိသဘောနှင့် စာပို့သမားအား အဘယ့်ကြောင့်ပေးလိုက်ရတာလဲ။ စာတိုက်ကို မပို့ဘဲ ကျွန်ုပ်ထံတိုက်ရိုက်ပို့ရတဲ့အကြောင်းကို သိလို့လား။ သင်က စာမြန်မြန်ရောက်ပါစေတော့ဆိုပြီး ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ပြီး ဘူတာရုံစာတိုက်တွဲအထိရောက်မယ့် လူကြုံစာပို့သမားနဲ့ ပါးလိုက်တယ်။ သင့်ကိုစာပို့ခိုင်းလိုက်သူက ကျွန်ုပ်ထံသို့ပို့ပေးပါလို့ ပြောလိုက်တာ၊ သင်က စာပို့သမားကတစ်ဆင့် စာတိုက်ပုံးထဲထည့်ခိုင်းလိုက်တာနဲ့ ကွဲပြားခြားနားမနေဘူးလား။ သင်က ကိုယ်လုပ်ရမှာကို မလုပ်ဘဲ မလုပ်ရမှာကို လုပ်တယ်။ ဟု ဆုံးမစကားဆိုသောအခါ အလုပ်သမားက မိမိမှားသွားကြောင်း နောင်မမှားစေရန် ဂရုစိုက်မည်ဖြစ်ကြောင်း ဝန်ခံလေသည်။
၉။ လူတစ်ယောက်သည် သောကြာနေ့နေ့လည် ၁၂နာရီရထားဖြင့် စဟာရန်ပူးရ်မြို့မှရောက်လာသည်။ ကျွန်ုပ်၏ မိတ်ဆွေတစ်ဦးက ကျွန်ုပ်ထံသို့ ၎င်းနှင့် ရေခဲ လူကြုံပါးလိုက်သည်။ အဆိုပါသူသည် ကျောင်းသားများ ဗလီသို့မသွားကြမီ ကျောင်းသို့ရောက်လာပြီး မိမိနှင့်အတူပါလာသည့် ရေခဲတုံးကို လင်ပန်းတစ်ချက်ထဲတွင် ထည့်၍ ဂျာမေဗလီသို့ သွားလေသည်။ ဂျုမုအဟ်စွလာသ်ဝတ်ပြုပြီးသောအခါ ကျွန်ုပ်က မိတ်ဆွေတစ်ဦးအား တရားဟောကြားပေးရန်တောင်းဆို၍ လွတ်လပ်စွာဟောကြားနိုင်စေရန်လည်းကောင်း၊ ကျွန်ုပ်ရှိနေသည်ကို သိလျှင် ရှက်ရွံမှာကို စိုးရိမ်၍လည်းကောင်း သူ၏တရားစကားကို နားမထောင်တော့ဘဲ ကျွန်ုပ်သည် ကျောင်းသို့ ပြန်လာခဲ့သည်။ ရေခဲရေယူဆောင်လာသည့်ပုဂ္ဂိုလ်သည် ယခုတိုင်ကျောင်းသို့မလာဘဲ တရားစကားနားထောင်ရန်အတွက် ဗလီတွင်ထိုင်နေလေသည်။ အတော်ကြာမှ ၎င်းသူသည် ကျောင်းသို့ရောက်လာပြီး အဝတ်တစ်ထည်နှင့်ပတ်ထားသည့် ရေခဲတုံးအား ကျွန်ုပ်အားပေးလေသည်။ အမှန်မှာ ရေခဲတုံးကို ဂုန်နီ သို့မဟုတ် အခြားစောင်ပိုင်းတစ်ခုခုနှင့် ပတ်၍ ပေးသင့်သည်ကို အဆိုပါပုဂ္ဂိုလ် သတိမူဟန်မတူပေ။ ၎င်းပုဂ္ဂိုလ်မှားယွင်းသည့်အချက်မှာ ရေခဲကို ချက်ချင်း အိမ်သို့မပို့ဘဲ ဗလီသွားလိုက်သည်။ ဗလီထွက်သည်နှင့် ချက်ချင်းကျောင်းသို့လာပြီး ရေခဲအမြန်ပို့သင့်သည်။ အကယ်၍ ဗလီမှာဆက်ပြီး တရားစကား နားထောင်လိုကလည်း ကျွန်ုပ်အား ကျောင်းတွင် ရေခဲကို လင်ပန်းထဲထည့်ထားကြောင်း၊ ကျောင်းရောက်လျှင် ယူလိုက်ရန် ပြောလိုက်နိုင်သော်လည်း မပြောလိုက်ဘဲ နှစ်နာရီကျော်လောက်မှ ရေခဲလည်း အရည်ပျော်ကာမှ ကျွန်ုပ်ထံ ရေခဲလာပို့သည်။ ၎င်းကို ဆုံးမစကားဆိုသော်လည်း ကျွန်ုပ်၏အမြင်တွင် ထိုသူသည် ပြောဆိုဆုံးမရုံလောက်နှင့်လည်း သဘောပေါက်နားလည်မည့် အလားအလာမရှိသည်ကို တွေ့ရသဖြင့် အဆိုပါပုဂ္ဂိုလ် နောင်တွင် ဤသို့အမှားမျိုးမကျူးလွန်စေရန်အတွက်လည်းကောင်း၊ အမြဲတမ်းသတိရှိနေစေရန်အတွက်လည်းကောင်း ထိုသူယူဆောင်လာသည့် ရေခဲကိုပင် မယူတော့ဘဲ ၎င်းအား ပြန်ပေးလိုက်၏။ ထိုအခါမှ ၎င်းသူသည် အလွန်စိတ်မကောင်းဖြစ်လေတော့သည်။ ထို့ကြောင့် ၎င်းအား ခင်ဗျားအနေနဲ့ တစ်ဦးတစ်ယောက်က လူကြုံပါးလိုက်တဲ့ပစ္စည်းကို ဖျက်ဆီးပစ်တယ်။ ပစ္စည်းပျက်မှ ကျွန်ုပ်ကိုလာပေးတယ်။ ခင်ဗျားကို တစ်ယောက်ယောက်က တာဝန်ပေးစဉ်က အဲဒီတာဝန်ကို ထမ်းဆောင်နိုင်ပါမှ တာဝန်ယူသင့်တာပေါ့။ တာဝန်ယူပြီးရင်လည်း ပြည့်ပြည့်ဝဝထမ်းဆောင်သင့်တာပေါ့ဟု ပြောလိုက်လေသည်။
၁ဝ။ အကြီးအကဲ၊ ဆရာသခင်တို့အား ပြုစုရာတွင် ပြုစုခြင်းဆိုင်ရာ စည်းကမ်းချက်များအတိုင်း လိုက်နာပါမှ စစ်မှန်သည့်သုခကို ခံစားရပေမည်။ စည်းကမ်းချက်မှာ (၃)ချက် ရှိသည်။
[၁] တစ်ဦးတစ်ယောက်အား ပြုစုရာတွင် အိခ်လားစ် စိတ်စေတနာသန့်စင်ရမည်။ ချစ်ခင်မှုတစ်ခုတည်းအပေါ် အခြေခံ၍ ပြုစုရမည်။ တစ်စုံတစ်ရာ လိုလားတောင့်တချက်အပေါ် အခြေခံ၍ ပြုစုခြင်းမျိုးမဖြစ်စေရ။ အချို့သောသူတို့သည် တစ်ဦးတစ်ယောက်အား ပြုစုရာတွင် လိုလားတောင့်တချက်တစ်ခုခုကို ဖြည့်ဆည်းရန် ရည်ရွယ်၍ ပြုစုတတ်ကြသည်။ ဤသို့မပြုအပ်ပေ။
[၂] ပြုစုသူနှင့် ပြုစုခံသူ နှစ်ဦးတို့သည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်သူများ ဖြစ်ကြရမည်။ တစ်ဦးနှင့်တစ်ဦး မသိကျွမ်းသူများ မဖြစ်စေရ။ မသိကျွမ်းသူတစ်ဦးက လာရောက်နှိပ်နယ်ပေးလျှင် ဖြစ်စေ၊ ယပ်တောင်ခတ်ပေးလျှင်ဖြစ်စေ၊ မရင်းနှီးသူဖြစ်သဖြင့် ပြုစုခံရသူမှာ စိတ်ပင်ပန်းရပေသည်။
[၃] ပြုစုသူသည် ပြုစုတတ်ရမည်။ ဥပမာ အနှိပ်မကျွမ်းကျင်ဘဲ လာနှိပ်လျှင် အနှိပ်ခံရသူမှာ အညောင်းမပြေသည်သာမက စိတ်ဒုက္ခပင်ရောက်ရသည်။ ပြုစုသူအားလည်း ခင်ဗျား မပြုစုတတ်၊ မနှိပ်တတ်လျှင် ဘေးဖယ်နေပါ။ မပြုစုပါနှင့် မနှိပ်ပါနှင့်ဟူ၍လည်း ပြောမထွက်။ ထောက်ထားနေရပေသည်။ နှိပ်နေသူမှာတော့ မိမိက ပြုစုနေသည်ဟု တွေးကာ ပီတိဖြစ်နေတတ်သည်။ အမှန်စင်စစ် ပြုစုခံနေရသူသည် မလုပ်တတ် လုပ်တတ်နှင့် လာရောက်ပြုစုနေသူအား စိတ်မချမ်းမသာ မဖြစ်စေဘဲ အဓမ္မ အပြုစုခံ၊ အနှိပ်ခံနေရသဖြင့် ပြုစုသူအား မိမိက ပြန်လည်ပြုစုနေသည် မဟုတ်ပါလား။ ပြုစုနေသူ၏ စိတ်တွင်မူ မိမိသည် အကြီးအကဲအား ပြုစုရာတွင် အပင်ပန်းခံနေသည်ဟု ယူဆနေသော်လည်း အမှန်စင်စစ်သော်ကား အကြီးအကဲက မပြုစုတတ်ဘဲ ပြုစုနေသူအတွက် ဒုက္ခဆင်းရဲခံနေရခြင်းသာ ဖြစ်၏။ (ကမာလားသိအရှ်ရဖီ တွဲ ၄၊ စာ ၈၁)
မွတ်စ်လင်မ်များအား ပြုစုခြင်း
၁၁။ ကျွန်ုပ်အနေဖြင့် မွတ်စ်လင်မ်တို့အား ပြုစုရခြင်းကို ရှရီအသ်တရားတော်နှင့် မဆန့်ကျင်လျှင် မိမိ၏ နဖူးစာကောင်းမွန်ခြင်း အလ္လာဟ်အရှင်မြတ်အမိန့်နာခံခြင်းဟု ယူဆသည်။
၁၂။ ကျွန်ုပ်သည် အသက်အရွယ်ကြီးသူများ၊ တမန်တော်မြတ်၏ အနွယ်တော်များနှင့် အလ္လာဟ်အရှင်မြတ်၏ ဇစ်ကိရ် ပြုနေသူများကို အလုပ်ခိုင်းလေ့မရှိပါ။
၁၃။ ကျွန်ုပ် မည်သူ့ကိုမှ မပြုစုခဲ့။ မည်သူ၏ အပြုစုကိုမျှလည်း မခံခဲ့။ သူတော်စင် အကြီးအကဲတို့အားလည်း ကျွန်ုပ်မပြုစုခဲ့။ ဤသည်မှာ ကျွန်ုပ်၏ ပင်ကိုယ်စရိုက်ဖြစ်၏။ အလုပ်ခိုင်းရန် လိုအပ်လာသည့်အခါတွင်လည်း မိမိကိုယ်မိမိ ဆရာကြီးကို ငါပြုစုနေသည်၊ ငါဟာ ဆရာကြီးရဲ့ ထူးခြားစွာရင်းနှီးသူ ဖြစ်သည် ဟူ၍ မထင်၊ မတွေးတတ်သူများကို ရွေးပြီးခိုင်းလေ့ရှိ၏။ ထိုနည်းတူပင် အများက ဒီလူဟာ ဆရာကြီးရဲ့ အနီးကပ်ဆုံးလူ၊ အရင်းနှီးဆုံးလူဟု ထင်မြင်ယူဆနိုင်ကြမည့် လူမျိုးကိုလည်း မခိုင်းဘဲ ရှောင်တတ်သည်။
၁၄။ နည်းစနစ်ကျကျ အလုပ်ခိုင်းမည် ဆိုပါက ညဥ့်တစ်ဝက်တိုင် ကျွန်ုပ် အသင့်ရှိနေမည် ဖြစ်ပြီး၊ နည်းစနစ်မကျဘဲ အလုပ်ခိုင်းလျှင် ကျွန်ုပ်အလုပ်မလုပ်နိုင်ပေ။
၁၅။ လူတို့နှင့် ဆက်ဆံရာတွင် ၎င်း၏အခြေအနေ အဆင့်အတန်းနှင့် လျော်ညီစွာ ပြုမူဆက်ဆံသင့်၏။ လူအားလုံးကို တစ်ပြေးညီ ဆက်ဆံရန် မသင့်ချေ။
၁၆။ တစ်ဦးတစ်ယောက်သည် အခက်အခဲအကျပ်အတည်း တစ်ခုခုနှင့် ရင်ဆိုင်နေရသည်ကို တွေ့ရှိက မိမိတတ်နိုင်သည့်ဘက်မှ ကူညီပါ။
၁၇။ လိုအပ်နေသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အတတ်နိုင်ဆုံး ကြိုးစားပါ။ မိမိမတတ်နိုင်ပါက တတ်ကုန်နိုင်သူများထံ လိုအပ်နေသူများ၏။ အကျိုးအတွက် အသနားခံတင်ပြပေးနိုင်လျှင် တင်ပြပေးလိုက်ပါ။ သို့သော် ယင်းသို့ အသနားခံတင်ပြရာတွင် အဆိုပါတတ်နိုင်သူတို့အား ဆုံးရှုံးမှု ဒုက္ခ တစ်စုံတစ်ရာမဖြစ်စေရ။ အကယ်၍ ၎င်းတို့အား ဆုံးရှုံးမှု ဒုက္ခ ဖြစ်စေနိုင်ပါက အသနားခံ မတင်ပြရ။
၁၈။ အရွယ်မရောက်မီ ဖခင်ဆုံးသွားသည့် ကလေးသူငယ် ယသီးမ်ကို ဆွေမျိုးအသိုင်းအဝိုင်းက ဖြစ်စေ၊ တခြားသူများက ဖြစ်စေ တာဝန်ယူကျွေးမွေးစောင့်ရှောက်ထားပါက တာဝန်ယူ ကျွေးမွေးစောင့်ရှောက်သူသည် ဂျန္နသ်တွင် တမန်တော်မြတ်နှင့်အတူ နေထိုင်စံမြန်းရမည်။
၁၉။ အကြင်သူသည် မုဆိုးမများ၊ ဆွေမျိုးသားချင်းများအား ကျွေးမွေးစောင့်ရှောက်ထားပါက အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် စစ်ပွဲဆင်နွှဲသည့်ကုသိုလ်ကို ရရှိမည်။
၂ဝ။ ညှင်းပန်းနှိပ်စက်သူ၊ နှိပ်စက်ခံရသူနှစ်ဦးလုံးနှင့် ပတ်သက်၍ အကောင်းကို လိုလားပါ။ ညှင်းပန်းနှိပ်စက်သူနှင့် ပတ်သက်၍ အကောင်းလိုလားရမည့် သဘောမှာ ထိုနှိပ်စက်သည့် လုပ်ရပ်မှ တားဆီးပိတ်ပင်ပါ။ နှိပ်စက်ခံရသူနှင့် ပတ်သက်၍ အကောင်းလိုလားရမည့် သဘောမှာ ၎င်းအား ကူညီစောင်မပါ။ ဤသို့ ကူညီရန်မှာ ပို၍ အရေးကြီးသည်။
၂၁။ သူတစ်ပါးအား ရေတိုက်ခြင်းမှာ ကုသိုလ်အလွန်ရသည်။ ရေပေါများသည့် နေရာမျိုးတွင် ရေတိုက်ပါက ငွေဝယ်ကျွန်တစ်ယောက်အား သူကောင်းပြုသည့် အကျိုးရရှိပြီး ရေရှားပါးသည့်နေရာဒေသမျိုးတွင် ရေတိုက်ပါက သူသေအား အသက်ရှင်အောင်ပြုလုပ်လိုက်သည့် အကျိုးရရှိ၏။
၂၂။ ထမင်း၊ ဟင်း ချက်ပြုတ်ရာတွင် လိုအပ်သည့် မီးမွှေးရန် ထင်း၊ မီးခြစ် စသည်တို့ကို သူတစ်ပါးအား ပေးခြင်း၊ ဟင်းထဲတွင် ထည့်ရန် ဆားအနည်းငယ်မျှကို သူတစ်ပါးအား ပေးခြင်းဖြင့် ထမင်းဟင်း တစ်အိုးလုံးပေးလိုက်သည့်အလား အကျိုးကုသိုလ်ရရှိသည်။
၂၃။ မိဘနှစ်ပါးအား ဘာသာခြားဖြစ်နေစေကာမူ ပြုစုစောင့်ရှောက်ရမည်။ အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်၏ ပညတ်ချက်များနှင့် မဆန့်ကျင့်လျှင် မိဘ၏ အမိန့်ကို လိုက်နာရမည်။ မိဘ၏ အမိန့်သည် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်၏ အမိန့်ပညတ်များနှင့် ဆန့်ကျင်နေပါက လိုက်နာမှု မပြုရပါ။
၂၄။ မိဘနှစ်ပါးကွယ်လွန်ပြီးနောက် ၎င်းတို့သက်ရှိထင်ရှားရှိစဉ်က ၎င်းတို့နှင့် လာရောက်တွေ့ဆုံနေကြဖြစ်သည့် အပေါင်းအသင်း၊ ရောင်းရင်းမိတ်ဆွေများအား ကောင်းမွန်စွာဆက်ဆံခြင်း၊ ရိုင်းပင်ကူညီခြင်းသည် မိဘနှစ်ပါးအား ပြုစုစောင့်ရှောက်ခြင်းနှင့် အလားတူဖြစ်သည်ဟု ယူဆသင့်သည်။
၂၅။ မိဘနှစ်ပါးသည် သားသမီးတစ်ဦးဦးအပေါ် မကျေမနပ်ဖြစ်လျက် ကွယ်လွန်သွားခဲ့သော် အဆိုပါ သား၊ သမီးများသည် မိဘအတွက် အမြဲတန်း ဒုအာလုပ်ပေးနေလျှင် ဖြစ်စေ၊ မိဘအတွက် အိစ်သိဂ်ဖါရ် အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ရရန် အလ္လာဟ်အရှင်မြတ်၏ထံတွင် အမြဲတန်း တောင်းခံပေးနေလျှင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်၏ ဂရုဏာတော်ဖြင့် မိဘနှစ်ပါး၏ ကျေနပ်နှစ်သက်မှု ရရှိလိမ့်မည်။
၂၆။ ဆွေမျိုးသားချင်းများနှင့် ကောင်းစွာဆက်ဆံပါ။ ၎င်းတို့က ကောင်းစွာ မဆက်ဆံသော်လည်း မိမိက ကောင်းစွာ ဆက်ဆံရမည်။
တခြားသော မုအာရှရသ်ပိုင်းဆိုင်ရာ လေ့လာစရာများ
*** အစ္စလာမ်၏ လူမှုဆက်ဆံရေး ***
မြတ်နဗီပြသခဲ့သည့် မုအာရှရသ်
http://aaitee.blogspot.com/2014/10/blog-post_79.html
အစ္စလာမ့်ရှရီအသ်မှ လူမှုဆက်ဆံရေးအကြောင်း
http://aaitee.blogspot.com/2015/04/blog-post_30.html
ရှရီအသ်၏ ကဏ္ဍငါးရပ်
http://aaitee.blogspot.com/2015/05/blog-post.html
စလာမ်မေတ္တာပို့သခြင်းဆိုင်ရာ စည်းကမ်းချက်များ
http://aaitee.blogspot.com/2015/05/blog-post_10.html
လက်ဆွဲနှုတ်ဆက်ခြင်း၏ စည်းကမ်းချက်များ
http://aaitee.blogspot.com/2015/05/blog-post_30.html
ထိုင်ဝိုင်းနှင့် စပ်လျဉ်းသည့် စည်းကမ်းချက်များ
http://aaitee.blogspot.com/2015/05/blog-post_21.html
စကားပြောဆိုခြင်းဆိုင်ရာ စည်းကမ်းချက်များ
http://aaitee.blogspot.com/2015/05/blog-post_18.html
စကားနားထောင်ခြင်းဆိုင်ရာ စည်းကမ်းများ
http://aaitee.blogspot.com/2015/05/blog-post_26.html
စောင့်ဆိုင်းခြင်းဆိုင်ရာ စည်းကမ်းများ
http://aaitee.blogspot.com/2015/05/blog-post_11.html
အချင်းချင်း တွေ့ဆုံခြင်းဆိုင်ရာ စည်းကမ်းများ
http://aaitee.blogspot.com/2015/05/blog-post_0.html
ဧည့်သည်နှင့် စပ်လျဉ်းသည့် စည်းကမ်းများ
http://aaitee.blogspot.com/2015/06/blog-post_13.html
အိမ်ရှင်နှင့် စပ်လျဉ်းသည့် စည်းကမ်းများ
http://aaitee.blogspot.com/2015/06/blog-post_77.html
အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။
Friday, November 20, 2015
မြတ်နဗီပြသခဲ့သည့် မိုအာရှရသ်
ကမ္ဘာပေါ်တွင် အသက်ရှင်ပြီးသည့်နောက် နေထိုင်ရာတွင် လူတို့နှင့် နေ့စဉ်နှင့်အမျှ ကူးလူးဆက်ဆံနေရပေသည်။ ကမ္ဘာကြီးသည် လူသားများ တစ်ဦးနှင့် တစ်ဦးတွေ့ဆုံခြင်းဖြင့် သာယာနေသည်။ အစ္စလာမ်သည် အပြည့်ဝဆုံးနှင့် အကောင်းဆုံးသော ပေါင်းသင်းဆက်ဆံရေးကို ညွှန်ကြားထားသည့် ဘာသာတရား ဖြစ်သည်။ အစ္စလာမ်သာသနာတွင် ယင်းသို့ လူသားအချင်းချင်း ပေါင်းသင်းဆက်ဆံရမည့် နည်းစနစ်ကို နောက်ဆုံးနဗီချုပ်ကြီး မုဟမ္မဒ် ဆွလ္လလ္လားဟု အလိုင်းဟိဝစလ္လမ်က မိမိ၏ ဘဝသက်တမ်းတစ်လျှောက်တွင် ပြည့်ဝစွာ ကျင့်သုံးပြခဲ့ပေသည်။ ထို့ကြောင့် မြတ်တမန်တော်၏ စရိုက်သွင်ပြင်လက္ခဏာတော်များအနက်မှ မုအာရှရသ်ဟုခေါ်တွင်သည့် လူမှုဆက်ဆံရေး၏ ပုံစံကို လေ့လာဖတ်ရှုပြီး ကျွန်ုပ်တို့ပြုပြင်သင့်သည်များကို တမန်တော့်ဖဝါး ခြေရာထပ်ကာ ပြုပြင်ပြောင်းလဲကြပါစို့ ....။
{ အလ်မုဖီးဒ် }
တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ် ၏ ပေါင်းသင်းဆက်ဆံရေး
တမန်တော်မြတ်၏ မေတ္တာတရားကို မဖေါ်ပြမီ၊ ဥပမာအားဖြင့် တင်ပြရလျှင် တမန်တော်မြတ်နှင့် ပြောဆိုဆက်ဆံဖူးသူတိုင်းသည် တမန်တော်မြတ်၏ စေတနာသုံးတန်တရားများကို ငါရရှိသည်ထက် မည်သူကမှပိုမို၍ မရရှိပါဟု လူတိုင်း ကိုယ်စီကိုယ်စီ ခံစားကြရသည်။ တမန်တော်မြတ်သည် နှလုံးတော် အထူးနူးညံ့ပျော့ပြောင်း၍ စိတ်နှလုံးရွှင်ပြတော်မူသည်။ တွေ့ဆုံသူတိုင်းနှင့် အမြဲပြုံးရွှင်စွာ ဆက်ဆံတော်မူသည်။ ယင်းအကြောင်းအရာကို မည်သည့်အရာနှင့်မျှ ခိုင်းနှိုင်း၍ပင် မပြနိုင်ပေ။ တမန်တော်မြတ်သည် မိမိအပေါင်းအဖော်များအား အမြဲဂုဏ်ပေးလေ့ရှိသည်။ အနစ်နာလည်း ခံလေ့ရှိသည်။ သာသနာ့ပညတ်တော်အပြင် မည်သူ၏ စိတ်ကိုမျှ ထိခိုက်ညစ်ညူးအောင် မပြုလုပ်ခဲ့။ ဧည့်သည်ပြန်ခွင့်မတိုင်သည့်တိုင် မတ်တပ်ရပ်ခြင်း မပြုပေ။ သို့သော် အကြောင်းတစ်စုံတစ်ရာရှိခဲ့လျှင် ခွင့်ပန်လေ့ရှိသည်။ ထိုင်ဝိုင်း၌ မည်သည့်အခါမှ ခြေတော်ဆင်း၍ မထိုင်၊ ဝင်လာသူများအတွက် နေရာချဲပေးလေ့ရှိသည်။ အနေအထိုင်၌ သီးခြားဂုဏ်ဒြပ်ကို မရယူခဲ့။ အပေါင်းအဖေါ်များထက် အခွင့်၊ အသာယူခြင်းမရှိဘဲ ရောရောနှောနှော နေထိုင်တော်မူလေ့ရှိသည်။ ထည်ဝါထင်ပေါ်အောင် ဦးထိပ်နေရာကို မရယူခဲ့။ ရသည့်နေရာ၌ ထိုင်ချတော်မူလေ့ရှိသည်။ ဖြစ်ရန်တန်ရန် အချိန်အခါမျိုးတွင် (ထိုက်တန်သည့် နေရာဌာနအတွက်) ကောင်းမျိုးကောင်းထည် အဝတ်အစားများကိုလည်း ဝတ်ဆင်တော်မူလေ့ရှိသည်။ ဆက်သခြင်းများကိုလည်း ပြုတော်မူလေ့ရှိသည်။ တမန်တော်မြတ်အား ရုတ်ချည်းတွေ့မြင်သူအပေါ် ခန့်ညားမှု၏ အရှိန်အဝါသည် မုချလွှမ်းမိုးသွားလေ့ရှိသည်။ သို့သော်လည်း စကားပြောဆိုလေလေ၊ ရင်းနှီးလေလေ၊ အချစ်ပိုလေဖြစ်ပြီး စွဲမက်သွားလေသည်။
တမန်တော်မြတ်သည် တစ်ခါတစ်ရံ ဟာသဉာဏ်ကိုလည်း ရွှင်တော်မူလေ့ရှိသည်။ ကြံဖန်ထွင်ထားသော လင်္ကာချောရန် မုသားနှောသော စကားလည်း မဟုတ်ချေ။ အကြည်တော် ဆွဟာဗဟ်ကြီးများသည် အပေါင်းအဖေါ်များနှင့် အမိုက်ခေတ်၏ အဖြစ်အပျက်ကို ပြောဆိုသော် တမန်တော်သည် ငြိမ်သက်စွာ နားထောင်တော်မူလေသည်။ ၎င်းတို့၏ ရယ်ရွှင်ဖွယ်စကားများအပေါ် တမန်တော်မြတ်လည်း ပြုံးတော်မူလေသည်။ ထို့နောက် တမန်တော် မိန့်ကြားတော်မူလျှင် အားလုံးမှ တိတ်ဆိတ်လျှက် နားထောင်ကြလေသည်။ တမန်တော်မြတ်သည် တစ်ဦးတစ်ယောက်နှင့် တွေ့ဆုံသောအခါ ဦးစွာစလာမ်ပြုလေသည်။ မိမိအဖော်များ၏ ကျန်းမာရေးကို မေးမြန်းတော်မူလေသည်။ အကယ်၍ တစ်ဦးတစ်ယောက်နာမကျန်းဖြစ်နေသော် ကျန်းမာရေးမေးမြန်းရန် ၎င်းအိမ်ကို ကိုယ်တိုင်ကြွသွားတော်မူလေ့ရှိပေသည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် ခရီး၌ရှိသော် ၎င်းအတွက် ဆုမွန်ကောင်းတောင်းခံတော်မူသည်။ အကယ်၍ တစ်ဦးတစ်ယောက်၌ စိတ်သောက ရှိနေသော် အားပေးစကားပြောပေးလေ့ရှိ၏။ တစ်ဦးတစ်ယောက်၏ မေ့မှားမှုအပေါ်၌ ဝန်ချတောင်းပန်ခဲ့လျှင် လက်ခံတော်မူလေ့ရှိသည်။တမန်တော်မြတ်၏ တရားဓမ္မစင်၌ ဆင်းရဲ၊ ချမ်းသာ လူဟူသမျှတို့သည် တပြေးညီသာ ဖြစ်ပေ၏။
(( မော်လာနာအဗူဗက္ကရ်ဆွာဟိဗ်(ရမသွလ္လာဟ်အလိုင်းဟ်) ပြန်ဆိုရေးသားသည့် အစ္စလာမ့်သမိုင်းကျမ်းမှ ပြန်လည်တင်ပြသည်။ ))
အလ်မုဖီးဒ်
Saturday, August 8, 2015
ချက်ချင်းလုပ်ပေးနိုင်တာကို လုပ်ပေးလိုက်ပါ
လူတစ်ဦးက သူ့အခက်အခဲပြေလည်ဖို့ ငွေကြေးထောက်ပံ့ပေးပါရန် ပြောလာသည်။ ကိုယ့်ထံတွင် ကူညီရန်ငွေကြေးအဆင်သင့်ရှိနေလျှင် ကူညီလိုက်ပါ။ မရှိလျှင် သူ့ကိုအကူအညီပေးနိုင်မည့် အခြားနေရာကို ညွှန်ပြပေးလိုက်ပါ။ ဤသို့လည်း မကူညီနိုင်ပါက ချိုသာစွာဖြင့်ပင် မိမိမကူညီနိုင်သေးကြောင်း ပြောလိုက်ပါ။ .... ချက်ချင်းပေးနိုင်သည့် အပြုံးချိုတစ်ခုတော့ လက်ဆောင်ပေးလိုက်ပါ။ ချိုသာစွာပြောဆိုမှုက သူ့အတွက် စိတ်သက်သာမှုရနိုင်သည်။ အခက်အခဲဖြစ်နေ၍ စိတ်အားငယ်နေချိန် ကိုယ်ကပါ အော် ဟောက် ငေါက်နေလျှင် ပို၍အားငယ်သွားပါမည်။ ကိုယ့်အပူသောက သူမသိပါ။ သူသိသည်မှာ သူ့အပူသောကသာ ဖြစ်၏။
ရေကူးကန်၏ ရေနက်ပိုင်းတစ်နေရာတွင် လူတစ်ယောက် မြုပ်ချည်ပေါ်ချည်ဖြစ်ကာ ရေနစ်နေသည်။ လူတစ်ယောက် ကန်အစွန်းသို့ အမြန်ပြေးလာ၍ အသက်အောင့်ထား အသက်အောင့်ထားဟု အော်ပြောလိုက်သည်။ နောက်တစ်ယောက်ကလည်း ပက်လက်လှန်ပြီး ကိုယ်ကိုဖော့ထားဟု ဝိုင်းအော်ပေးသည်။ ယင်းအသံတို့က ရေကူးကန်အသက်ကယ်သမားကို သတိပြုမိသွားစေ၏။ လျှပ်ပြက်သကဲ့သို့ တစ်ဟုန်ထိုးပြေးလာပြီး ရေထဲခုန်ချ၍ ရေနစ်နေသူကို ဆွဲယူကယ်ဆယ်လိုက်သည်။ ... ဒီအချိန်မှာ ချက်ချင်းလုပ်ပေးနိုင်ခြင်းက ရေနစ်နေသူကို ရေထဲမှကယ်ထုတ်ပေးခြင်းပင် ဖြစ်သည်။ ရေနစ်နေစဉ် ရေကူးသင်နေချိန်မရပါ။
လူကြီးများနှင့်အတူ မကြာခင်လူကြီးဖြစ်မည့် ငါးနှစ်သားကလေးပါ လမ်းလျှောက်ထွက်လာသည်။ ကလေးလက်ကို တစ်ယောက်ကကိုင်ထားသည်။ လူကြီးလောင်းလေး လမ်းလျှောက်ရင်း ခလုတ်တိုက် မှောက်ရက်လဲသွားတော့သည်။ ဗြဲကနဲ ငို၍ ရှုံမဲ့နေ၏။ လက်ကိုင်ပေးထားသည့် တစ်ယောက်က ကလေးကို ပြန်ပွေ့ထူပေးပြီး ထိခိုက်သွားခြင်းရှိမရှိကြည့်ပေးကာ ခြေထောက်၊ လက်တို့ကို ပွတ်သပ်ပေးလိုက်သည်။ ကလေးကိုလည်း အငိုတိတ်အောင် အမြန်ပင် အာရုံပြောင်းပေးလိုက်သည်။ .... ကလေးက ခလုပ်တိုက် မှောက်ရက်လဲချိန် ချက်ချင်းလုပ်ပေးနိုင်သည်မှာ သူ့ကိုဂရုစိုက်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ခလုပ်တိုက်တော့မှ လမ်းကြည့်မလျှောက်ဘူးလားဟု ဆိုပြီး ခေါင်းခေါက်၊ ရိုက်နှက်၍ လမ်းလျှောက်သင်ရမည့် အချိန်မဟုတ်ပါ။
ကျောင်းသားတစ်ဦး မိမိခွဲတမ်းရရှိသည့် နို့ခွက်ကိုကိုင်၍ လာနေစဉ် မတော်တဆ နို့ခွက်မှောက်ကျသွားတော့သည်။ တစ်ယောက်က ချက်ချင်းပြေးလာပြီး ဖိတ်စင်ပေကျံသွားသည်များ သုတ်ပေးလိုက်သည်။ ဆရာမက နမော်နမဲ့နိုင်ရသလားဟု ဆူကြိမ်းသည်။ ကျန်ရှိသော ကျောင်းသားများက ဝါးဟားဟားပွဲကို အသံထွက်ပေးလိုက်သည်။ ကျောင်းသားလေးကတော့ တစ်ခုခုဆုံးရှုံးသွားသည့်ပုံစံဖြင့် ထိုနေရာ၌ပင် မလှုပ်မယှက်ရပ်နေသည်။ ဘာမှလည်း ကြားရပုံမပေါ်ပါ။ အနားရှိကျောင်းသားတစ်ဦးက ကောင်တာသို့သွား၍ သူ့မုန့်ဖိုးဖြင့် နို့တစ်ခွက်ထပ်ဝယ်ပြီး သူငယ်ချင်းလက်ထဲ ထည့်ပေးလိုက်သည်။ ထိုအခါမှ ကျောက်ရုပ်ဖြစ်သွားသည့် ကျောင်းသားလေးမှာ အနည်းငယ်စိတ်သက်သာရဟန်ဖြင့် ကျေးဇူးတင်သည့် အပြုံးလေးတစ်ခုဖော်ဆောင်နိုင်တော့သည်။ သူ့တွင် နို့ပြန်ဝယ်သောက်ရန် ပိုက်ဆံမရှိတော့ပါ။ ..... သူ့၏ အခက်အခဲကို ချက်ချင်းလုပ်ပေးနိုင်သည်မှာ သူ့ထံမှ ဆုံးရှုံးသွားသည့်အရာကို ပြန်၍ဖြည့်စည်းပေးလိုက်ခြင်းပင် ဖြစ်၏။ ပြစ်တင်ခြင်းနှင့် ရှုံချခြင်းက ဆုံးရှုံးသွားသည့်အရာကို တစ်ဖန်ဖြစ်လာစေသည်မဟုတ်ပါ။
အကျပ်အတည်းတွေ့နေချိန် ချက်ချင်းလုပ်ဆောင်ပေးနိုင်မည့်အရာကို သတိရကြရပါမည်။ တစ်ခုခုပျက်စီးဆုံးရှုံးသွားလျှင် ချက်ခြင်းဘာပြန်လုပ်လို့ရမည်ကို စဉ်စားရမည်။ ပြစ်တင်နေ၍ ဆုံးရှုံးသည့်အရာက ပြန်ဖြစ်မလာပါ။ အခက်အခဲဖြစ်နေလျှင် လွယ်ကူပေါ့ပါးသွားအောင် မည်သို့လုပ်ဆောင်လိုက်လျှင် ရမည်ကို ရှာဖွေရမည်။ ထိုင်၍စိတ်ညစ်နေလျှင် အခက်အခဲက လွယ်ကူသွားမည်မဟုတ်။ စိတ်ညစ်ခြင်းတွင်သုံးစွဲမည့် အင်အားနှင့်အချိန်ကို ပြေလည်မှုရှာဖွေရာတွင် အသုံးချလိုက်ပါ။ အကျိုးရှိမည်။ မိမိတွင်ဖြစ်ပေါ်သည် ဖြစ်စေ၊ သူတစ်ပါးတွင် ဖြစ်ပေါ်သည် ဖြစ်စေ ဖြစ်လာသည့် အခြေအနေအတွက် မိမိဘက်မှ ချက်ချင်းလုပ်ပေးနိုင်တာကို လုပ်ပေးလိုက်ပါ။
အခက်အခဲ ဖြစ်နေသော ဒေသတစ်ခုသို့ မိတ်ဆွေတစ်စု ချက်ပြုတ်စားသောက်နိုင်သည့်ပစ္စည်းများကို တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံဝေငှ၏။ အိမ်တစ်အိမ်သို့ရောက်သည့်အခါ အိမ်ရှင်ဖြစ်သူက လုံးဝမယူပါဘူးဟု တွင်တွင်ကြီးကို ငြင်းဆိုလိုက်သည်။ အားလုံးက အံ့သြခြင်း စိတ်မကောင်းခြင်းတို့ဖြင့် ပြန်လာလိုက်သည်။ ထိုအိမ်ရှင်အားလည်း မာနရှိသူဟု ခံစားလိုက်ရသည်။ သို့သော် မိတ်ဆွေများထဲမှ တစ်ဦးကတော့ မယူဘူးဆိုတာ မလိုအပ်လို့လား တခြားအခက်အခဲကြောင့်လားဆိုတာကို ရအောင်ပြန်သွားမေးခဲ့သည်။ ထိုအခါမှ အိမ်ရှင်ဖြစ်သူက အိမ်မှာ ချက်ပြုတ်ဖို့ အိုးခွက်၊ မီးဖိုနဲ့ မီးမွှေးဖို့ဘာမှမရှိကြောင်း ပြောသည်။ ကူညီသူတို့က စားသောက်ဖွယ်ရာတို့ကို ဟင်းအဖြစ်ချက်ပြုတ်၍ ထိုအိမ်သို့ ပြန်သွားပေးလိုက်သည်။
မိမိပေးသည့် အကြံဉာဏ်ဖြစ်စေ၊ ပစ္စည်းဖြစ်စေ၊ လက်ဆောင်ဖြစ်စေ တစ်ဖက်ကလက်မခံလျှင် စိတ်အတွင်း မခံချိမခံသာ မဖြစ်ပါနှင့်။ ကိုယ့်ဘက်က လုပ်ဆောင်ပေးနိုင်သည့် အခြားအရာတစ်ခုရှိကောင်း ရှိနိုင်၏။ ထို့ကြောင့် ... ချက်ချင်းမေးလိုက်ပါ။ တအုံနွေးနွေးခံစားနေခြင်းထက် ချက်ချင်းမေး၍ ဖြေရှင်းလိုက်ခြင်းက ပိုကောင်း၏။
လေယာဉ်ပေါ်တွင် ညဖက်မို့ ခရီးသည်များ အိပ်မောကျနေခိုက် ဘေးခုံမှ လူငယ်လေးက စကားပြောခွင့်ပြုပါဟု တိုးညင်းစွာ ပန်ကြားသံကို ကြားလိုက်ရ၏။ ပြောစေဟု ခေါင်းညိတ်ပြလိုက်သည်။ သူ့ဘဝ၏ကြုံဆုံခံစား ဖြစ်ပျက်ခဲ့ရသည်များ၊ ယခုသွားမည့်နေရာမှာ သူ့မွေးရပ်မြေဖြစ်ကြောင်း၊ သူ့၏ စိတ်ညစ်ဝမ်းနည်းဖွယ်ရာများ၊ သူ့၏မျှော်လင့်ချက်များကို တောက်လျှောက်ပြောတော့သည်။ စိတ်ပါဝင်စားစွာ နားထောင်ပေးလိုက်သည်။ စကားဟူသည် နားထောင်မည့်သူရှိခြင်းကြောင့် ပြောရသည်ပဲမဟုတ်ပါလား။ ရင်ထဲမှခံစားချက်များ ပွင့်ထွက်ရာ ဖော်ပြရာသည် စကားများပင်ဖြစ်သည်။ ပြောလိုက်ရလျှင် ပေါ့ပါးသွားသည်။ ထိုလူငယ်သည် စစ်ပြန်တစ်ဦးဖြစ်ရာ စစ်၏နာကျည်းပြင်းပြဖွယ်ရာများ ပြောရင်းဖြင့် စိတ်ခံစားမှုအရှိန် မြင့်တက်လာကြောင်း သူ့၏ တုန်နေသောလက်များကို ကြည့်၍သိနိုင်သည်။ တဖြည်းဖြည်း စစ်ပြန်ကလေးဆင်းရမည့် လေဆိပ်သို့ရောက်ရန်နီးကပ်လာနေပြီ။ သူ့ခံစားချက်၏ ရုပ်လုံးဖော်စကားများကလည်း အရှိန်ကောင်းဆဲဖြစ်သည်။ နှစ်ပေါင်းများစွာ သူ့မွေးရပ်ဇာတိကို ခွဲခွာခဲ့ရသူ စစ်ပြန်ကလေး ..... လေယာဉ်က ပြေးလမ်းပေါ်တွင် အရှိန်လျှော့နေပြီဖြစ်၏။ စစ်ပြန်ကလေး ထိတ်လန့်တကြား ထအော်သည်။ အို .... မြို့ကြီးက ဒီလောက်တောင် ပြောင်းလဲသွားခဲ့ပြီလား။ လေယာဉ်မယ်က ဆင်းရမည့်နေရာရောက်ပြီဖြစ်၍ လေယာဉ်ပေါ်မှ ဆင်းနိုင်ပြီဖြစ်ကြောင်း လာပြော၏။ စစ်ပြန်ကလေးက ငုတ်တုပ်။ မလှုပ်မယှက်။ ဒီမယ် စစ်ပြန် ရှင်ဆင်းရတော့မယ့်နေရာလေ၊ လေယာဉ်မယ်တွင် စိတ်တိုသံစွက်လာသည်။ အခြားခရီးသည်တို့မှလည်း ပူညံ ပူညံအသံများ၊ ဒီကောင်လေး ဘာလို့အေးတိအေးစက်လုပ်နေတာလဲ ..... ရိုက်မိတော့မယ် ဟု ခရီးသည် အမျိုးသားတစ်ယောက်က ပြောသည်။ မဟုတ်ပါဘူး၊ ခဏသည်းခံကြပါဦးဟု သူတို့ကို ကျွန်ုပ်ပြောလိုက်ပြီး လူငယ်လေးဘက်သို့လှည့်၍ အလျင်အမြန်ပင် နှလုံးရောဂါဖောက်လာလို့ လေယာဉ်ပေါ်ကဆင်းဖို့ ကူတွဲပေးပါဦး ဟု ပြောလိုက်သည်။
အထမြောက်သွားပါပြီ။ အလိုက်သိ လိမ္မာလိုက်သည့် လူငယ်ပင်တည်း။ ချက်ခြင်းပင် သူသည် နေရာမှထ၍ ထိုင်ခုံများအကြားမှ ဂရုတစိုက်ခေါ်လာပေးသည်။ လေယာဉ်ပေါ်မှ အဆင်းမှာလည်း သတိထား၍ ညင်ညင်သာ ဆင်းစေသည်။ ကွင်းအတွင်းသို့ ခြေချမိသည်ဆိုရင်ပဲ သူ့အမည်ကိုခေါ်၍ လူတစ်ချို့ အပြုံးနှင့်ပန်းတို့ ပေါင်းစပ်လျှက် ပြေးလာကြသည်။ ...... ချက်ချင်းလုပ်ပေးနိုင်သည်မှာ သူ ထိုင်နေရာမှ ထပြီး ကွင်းအတွင်းဆင်းသွားဖို့ဖြစ်သည်။
မထင်မှတ်သည့်ဆုံရှုံးမှု၊ ဆိုးကျိုးတို့ဖြစ်လာလျှင် ထိုအရာတို့ ကောင်းမွန်အစဉ်ပြေရန် ချက်ချင်းဘာများလုပ်ပေးနိုင်မည်ကိုသာ စဉ်းစားရန်ရှိသည်။ လူတို့အားကူညီရန် ပုံသေနည်း တစ်ခုမျှမရှိပါ။ ချက်ချင်းလုပ်ဆောင်ပေးနိုင်သည်ကို အနီးစပ်ဆုံးစဉ်းစား၍ လုပ်ပေးလိုက်ရမည် ဖြစ်၏။ ရုတ်တရက်ဖြစ်ပေါ်လာသည့် အခက်အခဲအတွက် သင်ကြားမှုများ၊ ဆုံးမမှု၊ ပြစ်တင်ပြောဆိုမှု၊ ရှုံချမှုတို့ပြုနေလျှင် အသုံးဝင်မည်မဟုတ်ပါ။ လူတစ်ဦး စိတ်ပျက် အားငယ်နေချိန် အပြစ်များသာ ပြောဆိုနေလျှင် ပို၍စိတ်ညစ်ရမည်သာ ဖြစ်၏။ မှားခဲ့သည့်တိုင် ဖြစ်နိုင်ချေလေးများ ရှိသေးကြောင်း ချပြပေးလျှင် အနည်းနှင့်အများ စိတ်သက်သာရာ ရပေမည်။ ကျောင်းစာမေးပွဲမှာ မအောင်လိုက်သူကို ပြစ်တင်ကြိမ်းမောင်းနေမည့်အစား သူ့ကို စာမေးပွဲကျစေသည့်အရာက ဘာတွေလဲဆိုသည်ကို လေ့လာပြီး ဖြေရှင်းပေးလိုက်ခြင်းက ပို၍အသုံးဝင်သည်။ .... ရေနစ်နေချိန် ရေကူးသင်လို့ မရသလို ..... ကလေးတစ်ယောက် ခလုပ်တိုက်လဲကျချိန် လမ်းလျှောက်သင်လို့မရပါ။ သူတို့ကြုံလိုက်ရသည့် အခက်အခဲကို ဖြေရှင်းပေးရန်သာ ရှိ၏။ ..... ကူညီနေချိန် ငြင်းဆိုလိုက်ခြင်းက မာနကြီးခြင်းမဟုတ်။ တခြားအကူအညီကို ပို၍လိုအပ်နေခြင်းလည်း ဖြစ်နိုင်သည်။ ..... စိတ်ခံစားချက် ပြင်းထန်၍ မှင်သေနေသူကို ခိုင်းစေ၍မရပါ။ ၎င်းသူစိတ်ပါလာမည့် အခြားကိစ္စတစ်ခု ပြောင်းပြောခြင်းဖြင့်သာ လှုပ်ရှားစေနိုင်ပါသည်။ ...... မထင်မှတ်ထားသည့် အခြေအနေ၊ အကြောင်းကိစ္စတို့ကို ကြုံဆုံလိုက်ရလျှင်၊ တောင်းဆိုလာလျှင် ....... ချက်ချင်း လုပ်ပေးနိုင်တာကို လုပ်ပေးလိုက်ပါ။
{ "ရေနစ်နေစဉ် ရေကူးသင်နေချိန်မရ" ဆောင်းပါးကို ကိုးကားတင်ဆက်ပါသည်။}
အလ်မုဖီးဒ်
ရှောက်ဝါလ်/ ၂၂/ ယောင်မုလ်အဟဒ်/ ဟိဂျရီ၁၄၃၆
အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။
Saturday, June 13, 2015
အိမ်ရှင်နှင့် စပ်လျဉ်းသည့် စည်းကမ်းများ
၁။ ထမင်းစားသုံးနေသည့် ဧည့်သည်အား ဇွတ်အဓမ္မ ထပ်မထည့်ပေးသင့်။ ဇွတ်အတင်း မစားခိုင်းသင့်။
၂။ ထမင်းစားပွဲတွင် ဟင်းပန်းကန်များ၌ ဟင်းလျာများ လိုအပ်ပါက ဟင်းထပ်ဖြည့်ရန်အတွက် ဟင်းပန်းကန်များကို ယူဆောင်မသွားရ။ အခြား ပန်းကန်လွတ်တွင် ဟင်းလျာများ ထည့်၍ ယူလာကာ ဟင်းပန်းကန်များတွင် ဖြည့်ထည့်ရမည်။
၃။ မိမိ၏ အကြီးအကဲများကို ထမင်းစားဖိတ်ရာတွင် ၎င်း၏အသိုင်းအဝိုင်းရှိ ပုဂ္ဂိုလ်များ၊ သက်ဆိုင်ပတ်သက်သူများကိုပါ ဖိတ်ကြားလိုသော် အကြီးအကဲအား သက်ဆိုင်သူများကိုပါ ခေါ်လာရန် မပြောသင့်ချေ။ သက်ဆိုင်သူများကိုခေါ်လာရန် အကြီးအကဲမှာ မေ့ကောင်း မေ့သွားနိုင်သည်။ ထို့ပြင် အကြီးအကဲမှ တဆင့်ဖိတ်ကြားစေခြင်းသည် အရိုအသေကင်းမဲ့ရာ ရောက်သည်။ အကယ်၍ မိမိအကြီးအကဲနှင့် သက်ဆိုင်သူများကိုပါ ဖိတ်ကြားလိုပါက အကြီးအကဲထံ ခွင့်ပန်ပြီးမှ ဖိတ်ကြားသင့်သည်။ အကြီးအကဲနှင့် သက်ဆိုင်သူများကလည်း မိမိတို့၏ အကြီးအကဲထံတွင် ခွင့်ပန်ပြီးမှ အဆိုပါဖိတ်ကြားခြင်းကို လက်ခံသင့်ပေသည်။
၎။ ဧည့်သည်အား ဧည့်ဝတ်ပြုရာတွင် ပျူပျူငှာငှာ လှိုက်လှိုက်လှဲလှဲပြုပါ။ ဖြစ်နိုင်သမျှ အစားအသောက်များ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေးမွေး ဧည့်ခံပါ။ သုံးရက်တိုင် ဖွယ်ဖွယ်ရာရာ ကျွေးမွေးဧည့်ခံခြင်းမှာ အိမ်ရှင်ပြုကျင့်ရမည့် ဝတ္တရားဖြစ်သည်။
၅။ ဧည့်သည်ထံသို့ စားသောက်ဖွယ်ရာများ ပေးပို့သည့်အခါ ဖုံးအုပ်၍ ပေးပို့ပါ။
၆။ ဧည့်သည်ပြန်သည့်အခါတွင် အိမ်တံခါးပေါက်အထိ ဧည့်သည်အား အိမ်ရှင်က လိုက်ပါပို့ဆောင်ခြင်းမှာ စွန်နသ်ဖြစ်သည်။
၇။ အိမ်ရှင်သည် ဧည့်သည်ထမင်းစားသုံးနေသည့်အခါ ဧည့်သည်မည်သို့မည်ပုံ စားသုံးနေသည်၊ မည်မျှစားသုံးနေသည်ကို အပေါ်စီးမှ ချောင်းမြောင်းကြည့်မနေရ။ ဧည့်သည် လွတ်လပ်စွာစားသုံးနိုင်ရန် ထားသင့်သည်။ အချို့အိမ်ရှင်များသည် ဧည့်သည်အနီးတွင် ရစ်သီရစ်သီလုပ်ကာ ဧည့်သည်မည်မျှ စားသုံးနေသည်။ မည်သို့မည်ပုံစားသုံးသည်ကို ကြည့်တတ်ကြပေသည်။ အိမ်ရှင်၏ ဤသို့သော အပြုအမူကြောင့် ဧည့်သည်စိတ်အနှောင့်အယှက်ဖြစ်စေသဖြင့် ဤသို့မပြုသင့်ချေ။
၈။ ထမင်းစားရန် လက်ဆေးသည့်အခါ ဦးစွာဧည့်သည်လက်ကို ဆေးကြောပေးရမည်။ အိမ်ရှင်၏ လက်ကိုနောက်မှဆေးကြောသင့်သည်။ ထိုနည်းတူပင် ထမင်း၊ ဟင်း၊ အစားအစာ စသည်တို့ကို ဧည့်သည်ရှေ့သို့ ဦးစွာချပေးရမည်။ ပြီးမှ အိမ်ရှင်၏ရှေ့သို့ ချပေးရမည်။
၉။ ထမင်းစားဝိုင်း၌ ဧည့်သည်များကို နေရာယူစေသည့်အခါ အသိုင်းအဝိုင်းအုပ်စုတစ်စုတည်းမှာ ပုဂ္ဂိုလ်များကို တစ်စုတစ်ဝိုင်းတည်းတွင် နေရာယူစေသင့်၏။ ထမင်းဝိုင်းတွင် အားမနာရသည့် အသိုင်းအဝိုင်း၊ မိမိနှင့်ရင်းနှီးသည့် ပုဂ္ဂိုလ်များနှင့် အတူထိုင်ကာ စားသောက်ရသည်မှာ ကျေနပ်စရာ ကောင်း၏။ တစ်ဦးကိုတစ်ဦး အားနာစရာလည်း မလိုတော့ချေ။ အသိုင်းအဝိုင်းမတူညီသည့် အချင်းချင်း မရင်းနှီးသည့် ပုဂ္ဂိုလ်တို့အား တစ်စုတည်း တစ်ဝိုင်းတည်းနေရာယူစေပါက စားသောက်ရာတွင် တစ်ဦးကိုတစ်ဦး အားနာနေရပြီး အားရကျေနပ်စွာ စားသုံးနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အိမ်ရှင်သည် ဖေါ်ပြပါအချက်ကို ဂရုပြုသင့်သည်။ လူစိမ်းဧည့်သည်တစ်ဦးတစ်ယောက်အား ၎င်းနှင့် မရင်းနှီးသည့် ဧည့်သည်အသိုင်းအဝိုင်းတစ်ခုခု၏ ဝိုင်းတွင် နေရာချထားပေးလိုပါက ဧည့်သည်ဟောင်းအုပ်စု၏ ခွင့်ပြုချက်ကိုယူပြီးမှ ပြုလုပ်သင့်သည်။ အကြောင်းကား တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုမရှိပါက စားသောက်ရာတွင် စိတ်မလွတ်လပ်ဘဲ ရှိနေတတ်သောကြောင့် ဖြစ်၏။
၁ဝ။ မုအာဝိယဟ်သခင်(ရသွီ)၏ ထမင်းဝိုင်းမှာ လွန်စွာကြီးမားကျယ်ပြန့်လှ၏။ ဆင်းရဲသား ကျေးတောသား မြို့သား ခရီးသည် မိဘမဲ့ အားလုံးကို ထမင်းဝိုင်းသို့ ပင့်ဖိတ်ကာ ကျွေးမွေးလေ့ရှိ၏။ တစ်ခါက ကျေးတောသားတစ်ယောက်သည် အဆိုပါထမင်းဝိုင်း၌ စားသုံးနေစဉ် ထမင်းကို ပလုပ်ပလောင်း စားသောက်နေလေသည်။ ထိုအခါ မုအာဝိယဟ်သခင်က အဆိုပါကျေးတောသားအား ထမင်းလုတ်သေးသေးစားသောက်ရန်နှင့် အလုတ်ကြီးကြီး စားသောက်ပါက လည်ပင်းတွင်နင်ကာ ဒုက္ခတွေ့တတ်ကြောင်း ပြောဆိုဆုံးမလေသည်။ ကျေးတောသားမှာ မုအာဝိယဟ်သခင်၏ ဆုံးမစကားကို ကြားလျှင်ကြားချင်း ဆက်လက်မစားတော့ဘဲ ခင်ဗျားရဲ့ ထမင်းဝိုင်းမှာ လူရည်မွန် သိက္ခာရှိသူတွေထိုင်ပြီး ထမင်းမစားသင့်ဘူး။ ခင်ဗျားဟာ ဧည့်သည်တွေ ထမင်းလုတ်ကြီးကြီးစားသလား၊ ငယ်ငယ်စားသလားဆိုတာကို တစ်ချိန်လုံး စောင့်ကြည့်နေတဲ့ လူပဲ။ ဟုဆိုကာ ထပြန်သောအခါ မုအာဝိယဟ်သခင်က အဆိုပါကျေးတောသားအား ကျွန်ုပ်ယခုလို ပြောဆိုဆုံးမခြင်းဟာ ခင်ဗျားရဲ့ကောင်းကျိုးကို လိုလား၍သာ ပြောဆိုဆုံးမခြင်းဖြစ်ပါတယ်။ ဟု ကြိမ်ဖန်များစွာ ပြောပြနားချသော်လည်း ကျေးတောသားမှာ မုအာဝိယဟ်သခင်၏ စကားကို လက်မခံတော့ဘဲ ခင်ဗျားမည်သည့် ရည်ရွယ်ချက်နှင့်ပြောပြော ကျွန်ုပ်လက်မခံနိုင်၊ အဆုံးမှာတော့ ခင်ဗျားဟာ ဧည့်သည်တွေ မည်၍မည်မျှ မည်သို့မည်ပုံ စားနေသည်ကို လိုက်ကြည့်နေသူပဲ။ အမှန်မှာ အိမ်ရှင်ဟာ ဧည့်သည်တွေ လွတ်လပ်စွာစားပါစေတော့ဆိုတဲ့ စေတနာနဲ့ ဧည့်သည်တွေစားနေကြတာကို လွှတ်ထားသင့်တယ်။ သို့သော် ဧည့်သည်တွေ ဘာလိုအပ်နေတယ်ဆိုတာလောက်တော့ ကြည့်ပေါ့ ဘယ်ဧည့်သည်က ထမင်းလုတ် ဘယ်လောက်ကြီးကြီးစားတယ်။ ဘယ်ဧည့်သည်က ဘယ်လောက်ထမင်းလုတ် ငယ်ငယ်စားတယ်ဆိုတာကို ကြည့်စရာ ဘာလိုလဲ ဟုဆိုကာ ကျေးတောသားသည် ထမင်းဝိုင်းမှာ ထွက်ခွာသွားလေတော့သည်။
၁၁။ ဧည့်သည်နှစ်မျိုးရှိ၏။ ပထမဧည့်သည်ကား တကူးတက တစ်ဦးတစ်ယောက်ထံ ရည်ရွယ်၍ လာသည့်ဧည့်သည်ဖြစ်ပြီး ယင်းဧည့်သည်မျိုးအား ဧည့်ခံရန် အိမ်ရှင်အပေါ် မပြုမနေရတာဝန်ဖြစ်၏။ ဒုတိယဧည့်သည်ကား တစ်ဦးတစ်ယောက်ထံ ရည်ရွယ်၍လာသည့် ဧည့်သည်မဟုတ်ဘဲ တစ်နေရာရာသို့ အလုပ်တစ်ခုခုဖြင့်လာရင်း လမ်းကြုံ၍ တစ်ဦးတစ်ယောက်ထံ ဝင်လည်သည့် ဧည့်သည်ဖြစ်၏. ဤသို့သောသူမှာ ဧည့်သည်မဟုတ် ခရီးသည်မျှသာ ဖြစ်သဖြင့် ၎င်းအား ဧည့်ခံရန်မှာ ၎င်းဝင်လည်သည့်အိမ်ရှင်အပေါ် တာဝန်မရှိ။ လမ်းခုလပ်ရှိ တစ်ဦးတစ်ယောက် သို့မဟုတ် တစ်အိမ်အိမ်မှ ဧည့်ခံလိုက်ရုံဖြင့် အားလုံးအတွက် တာဝန်ကျေသွားလေသည်။ ဆိုလိုရင်းမှာ ဤသို့သောဧည့်သည်အား တစ်ဦးတစ်ယောက် ဧည့်ခံလိုက်ခြင်းမှာ ဖရ်သွိကိဖာယာ တာဝန်ဖြစ်၏။
၁၂။ ကျွန်ုပ်အား ဒါကာမြို့ပိုင်က ဖိတ်၍ ဒါကာရောက်ခဲ့စဉ်က ဘင်္ဂလားပြည်နယ်အနှံတွင်ရှိသည့် အာလင်မ်ပညာရှင်တော်တော်များများ ကျွန်ုပ်နှင့်တွေ့ဆုံရန် လာကြလေသည်။ ကျွန်ုပ်နှင့်တွေ့ဆုံရန် လာသည့်ပုဂ္ဂိုလ်အားလုံးကို ကျွန်ုပ်က ခင်ဗျားတို့ ကျွန်ုပ်နှင့်တွေ့ဆုံရန် လာကြသူအားလုံး ဈေးမှာထမင်းဝယ်စားကြပါ။ ဟုပြောသည်ကို မြို့ပိုင်ကသိသောအခါ စီမံခန့်ခွဲရန် တာဝန်ယူထားသည့် ဦးလေးတော်စပ်သူအား မြို့ပိုင်က ဆရာကြီးနှင့် လာရောက်တွေ့ဆုံသူအားလုံးကို မိမိအိမ်က တာဝန်ယူကျွေးမွေးလိုက်ပါဟု ဆိုလေသည်။ စီမံခန့်ခွဲသူ မြို့ပိုင်ဦးလေးက ကျွန်ုပ်ထံ လာရောက်ခွင့်ပန်သည့်အခါ ကျွန်ုပ်က ဒီပုဂ္ဂိုလ်တွေဟာ ကျွန်ုပ်နှင့် လာတွေ့သူတွေပါ။ ကျွန်ုပ်တပည့်နောက်လိုက်တွေ မဟုတ်ဘူး။ သူတို့ကို ထမင်းကျွေးမွေးဧည့်ခံလိုက ခင်ဗျားကိုယ်တိုင် သူတို့ဆန္ဒကိုမေးပြီး ဧည့်ခံကျွေးမွေးနိုင်ပါတယ် ဟု ပြောသဖြင့် ဧည့်သည်အားလုံးကို တစ်ယောက်ချင်း လိုက်လံရှာဖွေဖိတ်ခေါ်ပြီး ထမင်းကျွေးမွေးဧည့်ခံလေသည်။ ကျွန်ုပ်နှင့်အတူထိုင်လျက် ထမင်းစားသုံးကြလေသည်။ ကျွန်ုပ်ကသာ ကျွန်ုပ်နှင့်လာတွေ့သည့်ဧည့်သည်အားလုံး ကျွန်ုပ်နှင့် အတူမစားကြဘဲ ဈေးသွားပြီး ဝယ်စားကြပါဟု မပြောခဲ့လျှင် ကျွန်ုပ်နှင့် တွေ့ရန်လာသည့် ဧည့်သည်အားလုံးလိုလို အတူထမင်းစားကြမည်မှာ အမှန်ပဲ။ အိမ်ရှင်တွေက ကျွန်ုပ်ထံလာပြီး ဧည့်သည်အားလုံးကိုပါ ဧည့်ခံပါရစေဟု ခွင့်ပန်ကြ၍ ကျွန်ုပ်ကလည်း ခွင့်ပြုခဲ့၏။ ထိုအခါ ကျွန်ုပ်က ကျွန်ုပ်နှင့် လာရောက်တွေ့ဆုံသူအားလုံးအား ကဲကြည့်ပါဦး။ ကျွန်ုပ်နှင့် ကပ်မြှောင်လုပ်ပြီး ထမင်းဝိုင်းဝင်စားတာနဲ့ ခုလို ထမင်းဖိတ်ကျွေးခံရတာနဲ့ ဘယ်အရာက ပိုပြီး သိက္ခာရှိသလဲ ဟု မေးလိုက်၏။
၁၃။ ကျွန်ုပ်တို့အားလုံးသည် အရာရာတွင် အစ္စလာမ့်အဆုံးအမအတိုင်း လိုက်နာကျင့်သုံးသင့်၏။ ဧည့်သည်အား ပျူငှာစွာဆက်ဆံရာတွင်လည်း အစ္စလာမ့်စည်းဘောင်ကို မကျော်လွန်သင့်။ အပိုမဖြုန်းတီးသင့်။ အစ္စလာမ့်အဆုံးအမအတိုင်းလိုက်နာမှ မုစ်လင်မ်တို့ သိက္ခာရှိကြလိမ့်မည်။ သို့သော် မျက်မှောက်ခေတ်တွင် မုစ်လင်မ်တို့သည် ဥရောပတိုက်သားများကို အထင်ကြီးပြီး သူတို့၏ ဝတ်စားဆင်ယဉ်မှု၊ သူတို့၏ လူမှုဆက်ဆံရေး၊ သူတို့၏ လူနေမှုစနစ် သူတို့၏ ရောင်းဝယ်ဖောက်ကားမှုစနစ်၊ စသည်တို့ကို အတုယူကာ တိုးတက်မှုရယူလိုကြသည်။ တိုးတက်လိုကြသည်။ အမှန်စင်စစ် မုစ်လင်မ်တို့၏ သိက္ခာ၊ မုစ်လင်မ်တို့၏ တိုးတက်ရေးလမ်းကြောင်းသည် အစ္စလာမ့်စည်းစနစ်ထဲမှာသာရှိသည်ကို မုစ်လင်မ်တို့ သတိမမူမိကြပေ။
၁၄။ အဆင့်အတန်းတူ သူငယ်ချင်းနှစ်ယောက် ဧည့်သည်အဖြစ် တပြိုင်တည်းလာရောက်သည့်အခါ ကျွန်ုပ်သည် အဆိုပါဧည့်သည်နှစ်ဦးအား ဧည့်ခံကျွေးမွေးသည့်အခါ တစ်ပြေးညီ၊ တန်းတူရည်တူ ကျွေးမွေးဧည့်ခံလေ့ရှိ၏။ ခွဲခြား၍ ကျွေးမွေးဧည့်ခံခြင်းကို မသင့်လျော်ဟု ကျွန်ုပ်ထင်၏။ တစ်ယောက်ကို တစ်မျိုးမဖြစ်ရလေအောင် အမြဲဂရုစိုက်ကာ ဧည့်ခံကျွေးမွေးလေ့ရှိ၏။
၁၅။ အိမာမ်ရှာဖိအီသခင်သည် တစ်ခါက ပုဂ္ဂိုလ်တစ်ဦးထံ ဧည့်သည်အဖြစ် ရောက်ရှိလေသည်။ အိမ်ရှင်ပုဂ္ဂိုလ်၏ အလေ့အထမှာ ဧည့်သည်လာသည့်အခါတိုင်း ဧည့်သည်အတွက်ချက်ပြုတ်ရမည့် စားဖွယ်ရာများ၏ စာရင်းကို ကြိုတင်ရေး၍ မိမိ၏ကျေးကျွန်အား ချက်ပြုတ်ရန် စေခိုင်းတတ်၏။ အိမာမ်ရှာဖီအီသခင်က အဆိုပါစာရင်းကို ကျေးကျွန်လက်မှ ရယူလျက် မိမိနှစ်သက်ရာ စားဖွယ်တစ်မျိုးကို ချက်ပြုတ်မည့်စာရင်းတွင် ဖြည့်စွက်ရေးသားလိုက်လေသည်။ ချက်ပြုတ်၍ ပြီးစီးသောအခါ အိမ်ရှင်သည် မိမိအလေ့အထအတိုင်း စားဖွယ်ရာများနှင့် စာရင်းကိုကြည့်သောအခါ စားဖွယ်ရာတစ်မျိုးကို အပိုတွေ့ရှိလေသည်။ အိမ်ရှင်ပုဂ္ဂိုလ်က မိမိကျေးကျွန်းအား မေးသောအခါ ကျေးကျွန်က ဧည့်သည်အိမာမ်ရှာဖီအီသခင်ကိုယ်တိုင်က ဖြည့်စွက်ရေးပေးသည့်အတွက် ချက်ပြုလာရကြောင်း ဖြေကြားလျှင် အိမ်ရှင်သည် အိမာမ်ရှာဖီအီသခင်၏ အမိန့်ကိုနာခံသည့် ကျေးကျွန်အား လွန်စွာကျေနပ်သဖြင့်လည်းကောင်း၊ ဝမ်းမြောက်အားရလှသဖြင့်လည်းကောင်း ကျေးကျွန်အား သူကောင်းပြုလိုက်လေတော့သတည်း။
၁၆။ ကျွန်ုပ်ထံတွင် ရံဖန်ရံခါ ဧည့်သည်များ စုပြုံရောက်လာတတ်ကြသည်။ အချို့ဧည့်သည်များမှာ တစ်ဦးနှင့်တစ်ဦး မသိကျွမ်းကြ။ မရင်းနှီးကြ။ ယခုမှ တွေ့ကြုံကြသူများ ဖြစ်ကြလေသည်။ ကျွေးမွေးဧည့်ခံသည့်အခါ ကျွန်ုပ်ကိုယ်တိုင် ပါဝင်စားသောက်ခြင်း မပြုနိုင်ပါက အချင်းချင်း သိကျွမ်းရင်းနှီးပြီးသော ဧည့်သည်များကို တစ်သုတ်၊ မသိကျွမ်းမရင်းနှီးသူများကို တစ်သုတ် ခွဲ၍ ဧည့်ခံကျွေးမွေးလေ့ရှိသည်။ အကြောင်းမှာ ဧည့်သည်တို့၏ သဘာဝစိတ်ဓါတ်များသည် မတူညီတတ်ကြ။ အချို့ဧည့်သည်များသည် မိမိနှင့် မသိသူများ မရင်းနှီးသူများအတူထိုင်လျက် စားသုံးရသည်ကို မလွတ်လပ်သလိုဖြစ်ပြီး တစ်စုံတစ်ယောက် မိမိကိုတားဆီးထားသည့်နှယ် ခံစားကြရတတ်သောကြောင့် ဖြစ်၏။
ကျွန်ုပ်ကိုယ်တိုင် ဧည့်သည်များနှင့် ပါဝင်စားသောက်သည့် အခါတွင်မူ အချင်းချင်း ရင်းနှီးသည့်ဧည့်သည် မရင်းနှီးသည့်ဧည့်သည်ဟူ၍ ခွဲမနေတော့ဘဲ တစ်သုတ်တည်းတွင် ထိုင်စေကာ အားလုံးကို ဧည့်ခံကျွေးမွေးလေ့ရှိ၏။ အဘယ့်ကြောင့်ဆိုသော် ဧည့်သည်များအချင်းချင်း မရင်းနှီးမသိကျွမ်းစေကာမူ ကျွန်ုပ်အိမ်ရှင်ကိုယ်တိုင် အားလုံးနှင့်အတူပါဝင်စားသောက်နေသဖြင့် အားလုံးအတွက် ကျွန်ုပ်သည် သိကျွမ်းစရာ အကြောင်းခံဖြစ်၍နေသောကြောင့် ဖြစ်၏။ ထိုအခါတွင် ဧည့်သည်အားလုံးနှင့် ကျွန်ုပ်အိမ်ရှင်ကိုယ်တိုင် အစကပင် သိကျွမ်းပြီးဖြစ်ရကား စားသောက်ရာတွင်လည်း မည်သူ့အတွက်မှ အားနာစရာ ရှက်အမ်းအမ်းဖြစ်စရာ မလိုတော့ချေ။
ဤသည်မှာ ကျွန်ုပ်ထံလာသော ဧည့်သည်များအား ထောက်ထားငဲ့ညှာ ဦးစားပေးခြင်းဖြစ်၏။ သို့ရှိရာ ကျွန်ုပ်သည် ဆက်ဆံရာ၌ကြမ်းတမ်းကြောင်း ကြမ်းတမ်းသူတစ်ယောက်ဖြစ်ကြောင်းသာလျှင် ပြင်ပတွင် ကျော်ကြားနေပြီး ဤသို့သော ဧည့်သည်များနှင့် ညှာတာစွာ၊ ထောက်ထားစွာ ဦးစားပေးကာ ဆက်ဆံခြင်းများကို မည်သူမှ သိလည်းသိကြမည်မဟုတ်။ ကြားပင်ကြားဖူးကြမည် မဟုတ်ပေ။
ဧည့်သည်နှင့်စပ်လျဉ်း၍ အိမ်ရှင်လုပ်ဆောင်ရမည့် ဝတ္တရားများ
၁။ ဧည့်သည်များကို ဧည့်ဝတ်ကျေပွန်ခြင်းမှာ အစ္စလာမ်ဘာသာ၏ စည်းကမ်းချက်ဖြစ်၏။ ကောင်းမြတ်သော အကျင့်လည်းဖြစ်၏။ နဗီတမန်တော်မြတ်များ သူတော်စင်သူတော်ကောင်းများ၏ ကျင့်ထုံးလည်း ဖြစ်သည်။ ဧည့်သည်လာသည့်အခါ ပျူငှာပြုံးရွှင်စွာ ခရီးဦးကြိုပြုပါ။
၂။ ဧည့်သည် မိမိအိမ်သို့ရောက်လာပြီးနောက် ၎င်းအတွက် နေရာထိုင်ခင်းကို စီစဉ်ခင်းကျင်းပါ။
၃။ ဧည့်သည်စိတ်ချမ်းသာစွာ ရှိစေရန် ဂရုစိုက်ပါ။ ဧည့်သည် မိမိအိမ်သို့ ရောက်လာသည့်အခါ လိုအပ်လာပါက အသုံးပြုနိုင်ရန် အိမ်သာ၊ ရေချိုးခန်းတို့ကို လိုက်ပြထားပါ။
၎။ ဧည့်သည် မိမိအိမ်သို့ ရောက်လျှင်ရောက်ခြင်း အိမ်တွင်အသင့်ရှိသည့် စားသောက်ဖွယ်ရာများနှင့် ဦးစွာဧည့်ဝတ်ပြုပါ။ နောက်တွင် (ချောင်လည်သူ၊ တတ်နိုင်သူဖြစ်ပါက) အခြားစားသောက်ဖွယ်ရာများဖြင့် ထပ်ဆင့်ဧည့်ခံခြင်းမှာ ဧည့်ဝတ်ကျေသည့် အစဉ်အလာကောင်းတစ်ရပ်ဖြစ်၏။
၅။ ဧည့်သည်အား ဧည့်ခံကျွေးမွေးရာတွင် အဖိုးတန်စားသောက်ဖွယ်ရာများကို စီစဉ်ရန် အရေးမကြီးပေ။ လွယ်လင့်တကူ စီမံချက်ပြုတ်နိုင်သည့် အစားအစာများကို ချက်ပြုတ်ကျွေးမွေးလိုက်လျှင် လုံလောက်၏။
၆။ အိမ်ရှင်သည် ဧည့်သည်ရှေ့တွင် စားသောက်ဖွယ်ရာများကို ချပေးရုံဖြင့် မလုံလောက်ပေ။ ဧည့်သည်စားသုံးသည်၊ မစားသုံးသည်ကိုလည်း တစေ့တစောင်း အကဲခတ်နေသင့်ပြီး ဧည့်သည်ကို အားမနာဘဲ စားသုံးဖို့ ပြောရန်လည်းကောင်း၊ လိုအပ်သည်များကို ဖြည့်ဆည်းပေးရန်လည်းကောင်း ဧည့်သည်၏အနားတွင် ရှိနေသင့်သည်။ သို့သော် ဧည့်သည်မည်မျှ စားသုံးနေသည်။ မည်ကဲ့သို့ စားသုံးနေသည်ကို ချောင်းမြောင်းမကြည့်ရပေ။ ဤသို့ ချောင်းမြောင်းကြည့်ခြင်းမှာ ဧည့်ခံခြင်း၏ စည်းကမ်းနှင့်လည်း မညီညွတ်၊ ဧည့်သည်အတွက်လည်း ရှက်စရာအကြောင်းဖြစ်ပေသည်။
--------။--------။--------
အလ်မုဖီးဒ်
ရှအ်ဗာန်/ ၂၆/ ယောင်မုလ်အဟဒ်/ ဟစ်ဂ်ျရီ ၁၄၃၆
(မုဖ်သီနူးရ်မိုဟမ္မဒ်ဆွာဟိဗ် ဘာသာပြန်သော အစ္စလာမ်နှင့် လူမှုဆက်ဆံရေး စာအုပ်မှ ကူးယူတင်ဆက်သည်။ အထက်ပါ အကြောင်းအရာများကို ကူးယူသူများအနေဖြင့် အကြောင်းအရာ အစမှ အဆုံးအထိ ကူးယူပြီး အလ်မုဖီးဒ်မှ ကူးယူကြောင်း ထည့်သွင်း ဖော်ပြပါ။ မူလ စာရေးသူနှင့် ဘာသာပြန်ဆိုသူအပါအဝင် အလ်မုဖီးဒ်၏ စာမျက်နှာလင့်ခ်တို့ကိုပါ ပူးတွဲ ဖော်ပြပါ။ တခြားပုံစံ လုံးဝခွင့်မပြုပါ။ တဝက်တပျက် လိုသလောက်ကူးယူးကာ ကိုယ်ပိုင်အမည်တပ်ခြင်း၊ ကိုယ်တိုင်ရေးသယောင် ပုံစံလုပ်ဆောင်ခြင်းများကို တွေ့ရှိနေပါသည်။ ထိုသူတို့သည် မိမိကိုယ်တိုင်လုပ်ဆောင်ခြင်းမရှိသည့်အရာကို ဟန်ဆောင်ထားသဖြင့် လိမ်လည်သူများ၊ အမာနသ်ကို အလွဲသုံးသူများသာ ဖြစ်သည်။ ဒီးန်ပြန့်ပွားလိုလျှင် မှန်ကန်သည့်နည်းလမ်းဖြင့် ဖြန့်ချိပါ။)
အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။
ဧည့်သည်နှင့် စပ်လျဉ်းသည့် စည်းကမ်းချက်များ
၁။ တစ်ဦးတစ်ယောက်ထံ ဧည့်သည်အဖြစ် ရောက်ရှိသည့်အခါ စားသောက်ပြီး၍ ဖြစ်စေ၊ ရိုဇဟ်ဥပုသ် စောင့်ထိန်းထားခြင်းကြောင့်ဖြစ်စေ အကြောင့်တစ်ခုခုကြောင့် စားရန် ဆန္ဒမရှိပါက မိမိထမင်းစားမည်မဟုတ်ကြောင်းကို အိမ်ရှင်အား ချက်ခြင်း အသိပေးရမည်။ ယင်းသို့ ကြိုတင်အသိမပေးဘဲနေပါက အိမ်ရှင်သည် ဧည့်သည် မိမိထံတွင် စားသုံးမည်ဟူသောအထင်ဖြင့် ထမင်းဟင်းများ ချက်ပြုတ်လိမ့်မည်။ ချက်ပြုတ်ပြီးကာမှ မိမိမစားလိုကြောင်း အသိပေးလျှင် ချက်ထားသည်များ အလဟဿဖြစ်ရုံမက ဒုက္ခခံရကျိုးလည်း နပ်မည်မဟုတ်သဖြင့် အိမ်ရှင်မှာ စိတ်ဆင်းရဲလိမ့်မည်။ ထို့ကြောင့် ဤအချက်ကို ဂရုစိုက်သင့်သည်။
၂။ မိမိတည်းခိုနေသည့်အိမ်မှ တစ်နေရာသို့ သွားရောက်လည်ပတ်သည့်အခါ အိမ်ရှင်အား မိမိမည်သည့်နေရာသို့သွားသည်ကို အသိပေးကာ သွားရမည်။ သို့မဟုတ်က ထမင်းစားချိန်တွင် အိမ်ရှင်အဖို့ ၎င်းအားလိုက်လံရှာဖွေခြင်းဖြင့် ဒုက္ခရောက်လိမ့်မည်။
၃။ ဧည့်သည်သည် မိမိတည်းခိုနေသည့် အိမ်ရှင်အား အသိပေးခြင်းမရှိဘဲဖြစ်စေ၊ အိမ်ရှင်၏ ခွင့်ပြုချက်ရယူခြင်းမရှိဘဲဖြစ်စေ တစ်ဦးတစ်ယောက်၏ ဒအ်ဝသ်ထမင်းစားဖိတ်ခြင်းကို လက်ခံခြင်းမပြုရ။
၅။ ဧည့်သည်သည် အချည်းအနှီးလုပ်ရပ်များကို မလုပ်အပ်။ ဧည့်သည်တစ်ဦးသည် အခြားဧည့်သည်တစ်ဦးဦးအား "ထမင်းခူးပြီးပြီ" "ထမင်းအဆင်သင့်ဖြစ်ပြီ" ဟူ၍ ပြောခြင်းမှာ ဧည့်သည်ဝတ္တရားမဟုတ်သည့်အတွက် ဤသို့ပြောဆိုဖိတ်ခေါ်ခြင်းမှာ အချည်းအနှီးလုပ်ရပ်ပင် ဖြစ်၏။
၆။ ဧည့်သည်သည် မိမိရှောင်ကြဉ်သည့် အစားစာ (ဥပမာ - အစပ်၊ အငန်မစား) ကို မိမိတည်းခိုသည့်အိမ်သို့ ရောက်လျှင်ရောက်ချင်း အိမ်ရှင်အား အသိပေးရမည်။ အချို့သူများသည် ထမင်းဟင်းများ ခူးခပ်ပြီးကာမှ ဟိုဟာမစားနိုင်၊ သည်ဟာမစားနိုင် စသည်ဖြင့် ဟန်လုပ်ကြသည်ကို တွေ့ရတတ်သည်။ ဤသို့မပြုအပ်ပေ။
၇။ တစ်ဦးတစ်ယောက်ထံ ဧည့်သည်အဖြစ်သွားသည့်အခါ အိမ်ရှင်ထံမှ မည်သည့်အရာကိုမှ မတောင်းဆိုရ။ ရံဖန်ရံခါ ဧည့်သည်တောင်းသည့် အရာဝတ္ထုမှာ တန်ဖိုးမကြီးသော်ငြားလည်း အိမ်ရှင်ထံတွင် မရှိသောကြောင့် အိမ်ရှင်က မပေးနိုင်၊ မဖြည့်ဆည်းနိုင်သည့်အပေါ် အကြောင်းမဲ့ အိမ်ရှင်က အရှက်ရတတ်သည်။
၈။ ဧည့်သည်သည် အိမ်ရှင်ထံ ထမင်းစားပြီး ဝမ်းဗိုက်ပြည့်သွားပါက မုန့်၊ ထမင်းအနည်းငယ်နှင့် ဟင်းအနည်းငယ်တို့ကို ချန်ထားခဲ့သင့်၏။ အကယ်၍ ဗိုက်ပြည့်သွားပါလျက် ကုန်စင်အောင်စားသုံးလိုက်ပါက အိမ်ရှင်က ဧည့်သည်အတွက် ထမင်း၊ မုန့်၊ ဟင်းများ ဧည့်ခံသည်မှာ နည်းသွားသည်ဟု ထင်မြင်ကာ ရှက်ကိုးရှက်ကန်းဖြစ်လိမ့်မည်။
၉။ တစ်ဦးဦးသည် အခြားသူတစ်ဦး၏ အိမ်သို့ ထမင်းစားဖိတ်ထား၍ သွားနေသည့်အခါမျိုးတွင် ထိုသူနှင့်အတူ ၎င်းသွားမည့်အိမ်နားအထိ လိုက်မသွားသင့်ပေ။ အဘယ့်ကြောင့်ဆိုသော် အိမ်နားရောက်သည့်အခါ ထမင်းစားဖိတ်သူအိမ်ရှင်က မိမိအားလည်း မသင့်လျော်သဖြင့် မခေါ်ချင်ခေါ်ချင် အတူထမင်းခေါ်စားပေလိမ့်မည်။ အချို့က အားနားပါးနား လက်ခံတတ်ကြပြီး အချို့က လက်မခံတတ်ကြပေ။ လက်ခံသူများသည် အိမ်ရှင်၏ အမှန်တကယ် ကျေကျေနပ်နပ်နှင့် ကျွေးသည့်ထမင်းကို စားရခြင်းမဟုတ်ပေ။ လက်မခံဘဲ ငြင်းပယ်ခဲ့သူများ၏ အပြုအမူကြောင့် အိမ်ရှင်ဖြစ်သူမှာ ရှက်အမ်းအမ်း ဖြစ်ရတတ်သည်။ မည်သို့ပင်ဖြစ်စေ သူတပါး မိမိကြောင့်ဒုက္ခဖြစ်ရခြင်းကို အထူးဆင်ခြင်သင့်ပေသည်။
၁ဝ။ တစ်နေရာရာရောက်၍ ၎င်းနေရာရှိ အိမ်ရှင်သူတော်စင်တစ်ပါးထံမှ မိမိလိုလားသည့် အရာဝတ္ထုတစ်ခုခုကို တောင်းယူရန်လိုအပ်ပါက (ဥပမာ- သူတော်စင်ထံမှ အမြတ်တနိုးအနေဖြင့် ဗရ်ကသ်မင်္ဂလာနှင့် ပြည့်စုံသည့်ပစ္စည်းတစ်ခုခုကို ရယူလိုလျှင်) အခြေအနေကို သုံးသပ်၍ မိမိရယူလိုသည့်ပစ္စည်းကို အဆင်သင့်ပြုလုပ်ပေးလိုက်နိုင်သည့် အချိန်ရရှိစေရန် ကြိုတင်ပြောပြရမည်။ အချို့သောသူတို့သည် တစ်ချိန်လုံးနှုတ်ဆိတ်နေပြီး မိမိပြန်ကာနီးအချိန်ရောက်သည့်အခါမှာ ပြောပြသည့်အတွက် အချိန်နည်းနေသောကြောင့် သူတော်စင်မှာ အကျပ်အတည်းနှင့် ရင်ဆိုင်ရတတ်သည်။ ဧည့်သည်လိုလားသည့်ပစ္စည်းမှာ အသင့်အနေအထားတွင် မရှိသဖြင့် ပေးလိုက်ချင်လျက် မပေးလိုက်နိုင်သဖြင့် စိတ်မကောင်းဖြစ်ရတတ်သည်။ ဤသို့ သူတပါးအား အကျပ်အတည်းဖြစ်စေခြင်းမှာ မကောင်းပေ။ တဖန် သူတော်စင်တစ်ပါးပါးထံမှ ၎င်း၏သုံးပြီးပစ္စည်းတခုခုကို ဗရ်ကသ်လိုလား၍ တောင်းဆိုသည့်အခါ ဂရုပြုသင့်သည်မှာ အဆိုပါပစ္စည်းသည် အမှန်တကယ် သူတော်စင်အသုံးမလိုတော့သည့် ပစ္စည်းမျိုးဖြစ်ရမည်။ အကောင်းဆုံးနှင့် အလွယ်ကူဆုံးနည်းလမ်းမှာကား သူတော်စင်ထံမှ ဗရ်ကသ်ရယူလိုပါက ပစ္စည်းတစုံတရာ မတောင်းခံဘဲ မိမိပိုင်ပစ္စည်းကို သူတော်စင်ထံပေး၍ အသုံးပြုစေပြီး သူတော်စင်သုံးစွဲပြီးကာမှ ဗရ်ကသ်ရရှိရန် ပြန်ယူသင့်ပေသည်။ ဤသို့ပြန်လည်ရယူမည့်အကြောင်းကိုလည်း သူတော်စင်အား ကြိုတင်ပြောပြထားသင့်သည်။
ဧည့်သည်ဝတ္တရား
၁၁။ ရက်ရောသူတစ်ဦးဦးက ထမင်းစာဖိတ်၍ ထမင်းဝိုင်းတွင် အစာအစားအမျိုးမျိုး ခင်းကျင်းထားပါက ဧည့်သည်အနေဖြင့် မိမိနှင့်မတည့်သည့်အစားအစာ၊ ဆရာဝန်က မစားသင့်ဟု တားမြစ်ထားသည့်အစာမှလွဲ၍ ကျန်အစားအစာများကို စားသုံးရမည်။
၁၂။ ထမင်းဝိုင်းတွင် အတွေးနက်ရှိုင်းစေမည့်၊ ခက်ခဲနက်နဲပြီး တွေးတေားစဉ်းစားရမည့် စကားမျိုးကို မဆိုသင့်ပေ။ စိတ်လက်ပေါ့ပါးစေမည့် စကားမျိုးကိုသာ ဆိုသင့်သည်။ အကြောင်းကား နက်နဲခက်ခဲသည့်စကားမျိုးကို စတင်လိုက်ပါက ထမင်းစားသည့် အရသာ ပျောက်ရတတ်သည်။ အစားဘက်သို့ အာရုံမရောက်တော့ဘဲ အဆိုပါစကားကို တွေးတောစဉ်းစားနေရသဖြင့် အာရုံပြောင်းသွားတတ်သည်။ ဤသို့ ခက်ခဲနက်နဲသည့်စကားမျိုးကို တစ်ဦးတယောက်ပြောလာပါက ယင်းဘက်သို့ နားမစွင့်သင့်။ နားစွင့်ကာ အာရုံစူးစိုက်နားထောင်လျှင် ထမင်းမြိန်တော့မည် မဟုတ်ချေ။
၁၃။ ဧည့်သည်စားသုံးရန် ခင်းကျင်းထားသည့် ထမင်းဝိုင်းမှ အစားအစာများကို တစ်ဦးတစ်ယောက် လာရောက်တောင်းခံပါက ဧည့်သည်အနေဖြင့် လာရောက်တောင်းရမ်းသူကို ပေးကမ်းပိုင်ခွင့်မရှိချေ။
၁၄။ စားဖွယ်ရာတစ်ခုခုကို ပန်းကန်တွင်ထည့်၍ ပေးပို့လာသည့်အခါ ယင်းစားဖွယ်ရာကို မိမိပန်းကန်တွင် ပြောင်းထည့်၍ စားသုံးရမည်။ စားဖွယ်ရာပေးပို့လာသည့်ပန်းကန်ဖြင့် မစားသုံးပိုင်ချေ။ သို့သော် စားဖွယ်ရာကို အခြားပန်းကန်တခုခုတွင် ပြောင်းထည့်လိုက်ပါက အရသာ အဆင်းသဏ္ဍာန်ပြောင်းလဲသွားနိုင်ပါက ယင်းပန်းကန်ဖြင့်ပင် စားသောက်ပိုင်၏။
၁၅။ စားဝိုင်းတစ်ခုတည်း၌ စားသုံးကြစဉ် ထမင်း သို့မဟုတ် ဟင်းတစုံတရာ ကုန်သွားလျှင် ဧည့်သည်က မိမိ၏ရှေ့တွင်ရှိသည့် ထမင်း၊ ဟင်း တစုံတရာကို လိုအပ်သည့်ဘက်သို့ ရွှေ့ပြောင်းပေးခွင့်ရှိ၏။ သို့ရာတွင် အခြားစားဝိုင်းများတွင် ထမင်း၊ ဟင်း စသည့်အရာတခုခု ပြတ်လပ်သည်ကို သိ၍ ဧည့်သည်အနေဖြင့် မိမိရှေ့ရှိ ထမင်း၊ ဟင်းစသည်တို့ကို ရွှေ့ပြောင်းမပေးပိုင်ပေ။
၁၆။ အလုပ်ကိစ္စတစ်ခုခုဖြင့်သွားရင်း ကြုံကြိုက်သဖြင့် မိမိ၏မိတ်ဆွေတစ်ဦးထံ ဝင်ရောက်ခဲ့သော် ရောက်လျှင်ရောက်ချင်း မိတ်ဆွေဖြစ်သူအား မိမိအလုပ်တစ်ခုဖြင့် တစ်နေရာသို့ လာရောက်ရင်း လမ်းကြုံ၍ ဝင်လာကြောင်းကို ဦးစွာပြောလိုက်သင့်သည်။ သို့မဟုတ်က အဆိုပါမိတ်ဆွေက သင်သည် ၎င်းထံသို့ တကူးတကလာသည်ဟု ထင်မှတ်ကာ ၎င်းလုပ်လက်စအလုပ်ကို စွန့်လွှတ်၍ ဧည့်ဝတ်ပြုနေရပေလိမ့်မည်။ ထိုသို့ ဧည့်ဝတ်ပြုရသည့်အတွက် ၎င်း၏အလုပ်ကို ဖျက်ရတတ်သည်။
၁၇။ ဧည့်သည်သည် မိမိ၏တစ်နေတာ အလေ့အထများ (ဥပမာ- မည်သည့်အချိန် ရေချိုးတတ်သည်။ ထမင်းစားတတ်သည်။ မည်သည့်အချိန်၌ မည်သည့်အလုပ်ကို လုပ်သည်) ကို ကြိုတင်၍ အိမ်ရှင်အား ပြောပြထားသင့်သည်။ ထမင်းစားပွဲရှေ့ရောက်မှ မိမိ၏ထမင်းစားချိန် စသည်တို့ကို ပြောခြင်းမှာ လူမှုရေးနားမလည်ခြင်း၊ လူမှုရေးကို ဆန့်ကျင်ခြင်း ဖြစ်ရုံမက အိမ်ရှင်လည်း ဒုက္ခရောက်ရတတ်သည်။
၁၈။ အိမ်ရှင်က ဧည့်သည်စားရန် ကွမ်းယာပို့လိုက်ပါက ဧည့်သည်သည် မိမိကိုယ်တိုင် စားသုံးနိုင်သော်လည်း မိမိအနီးရှိ အခြားသူများကို မကျွေးပိုင်ချေ။ အခြားသူများအတွက် အိမ်ရှင်ထံသို့ ကွမ်းယာတောင်းဆိုခြင်းလည်း မပြုပိုင်ပေ။ ရံဖန်ရံခါ ဤသို့သောအပြုအမူများကြောင့် အိမ်ရှင်စိတ်အနှောင့်အယှက်ဖြစ်ရတတ်သည်။
၁၉။ အကြီးအကဲများ၊ အာလင်မ်ပညာရှင်များ အထူးဂရုပြုရမည့်အချက်မှာ မိမိနှင့်အတူ အခြားသူများကို အတူခေါ်သွားခြင်းဖြင့် အိမ်ရှင်အတွက် ခက်ခဲအောင်မပြုရပေ။ ယနေ့မျက်မှောက်ကာလတွင် ပစ္စည်းဥစ္စာနှင့်စပ်လျဉ်း၍ ဆင်ခြင်တုံတရားနည်းပါးသဖြင့် လူမှုဆက်ဆံရေးပျက်ပြားနေသည်ကို တွေ့ကြရပေမည်။
ဧည့်သည်တို့ သတိချပ်စရာ
၂ဝ။ ဧည့်သည်တစ်ယောက် အိမ်ရှင်၏အိမ်ဖော်အား ရေယူခဲ့ ဟူ၍ အာဏာသံပါပါ ရေတောင်းလိုက်သည်ကို ဆရာကြီးကကြားသဖြင့် မိန့်ကြားသည်မှာ အာဏာသံပါပါ ဖော်ပြပါအတိုင်း ရေတောင်းသည်မှာ လူမှုဆက်ဆံရေးဆိုင်ရာ စည်းကမ်းနှင့် မညီပေ။ အကယ်၍လိုအပ်သဖြင့် အိမ်ဖေါ်ထံ ရေတောင်းလိုပါကလည်း ကျေးဇူးပြု၍ ရေအနည်းငယ်လောက် ယူလာပေးပါ ဟု ယဉ်ယဉ်ကျေးကျေးတောင်းရမည်။
အရာရာတွင် ဝိရိယရှိဖို့လို
၂၁။ ဧည့်သည်တစ်ယောက်သည် အိရှာစွလားသ်အပြီး ညဘက်အေးသဖြင့် ခြုံရန် တစ်နေရာမှ ဂွမ်းကပ်ယူဖို့သွားလိုကြောင်း ဆရာကြီးထံခွင့်ပန်သည့်အခါ ဆရာကြီးက ဧည့်သည်အား ခင်ဗျား ဂွမ်းကပ်ယူပြီး ပြန်ရောက်လာလို့ တံခါးခေါက်ပြီး နှိုးလျှင် အိပ်စက်အနားယူနေတဲ့ ဧည့်သည်အားလုံး နိုးကုန်ပြီး ဒုက္ခရောက်ကြမှာပေါ့ ဟုဆိုကာ အဆိုပါဧည့်သည်ခြုံရန် စောင်ပေးပြီး မိတ်ဆွေက ဂွမ်းကပ်သွားယူဖို့ တစ်နေကုန် မစဉ်းစားမိဘူးလား။ အခု အားလုံးအိပ်ခါနီးကျမှ သတိရသကိုး။ ဒီကိစ္စအရေးကြီးတယ်ဆိုရင် စောစောက သွားယူထားမှပေါ့။ အလုပ်တိုင်းအတွက် သတိရှိသင့်တယ်ဟု ဆုံးမလေသည်။
၂၂။ ယခုခေတ်တွင် လူမှုဆက်ဆံရေးစနစ်မှာ အသစ်ဖြစ်၍ နေပေပြီ။ အကယ်၍ စီစဉ်မှုလွယ်ကူစေရန် သဘောဖြင့် ဧည့်သည်အား နေ့ရက် မည်မျှတည်းခိုမည်။ မည်သည့်နေ့ရက်တွင် ပြန်မည်နည်းဟု မေးလျှင် ဤသို့မေးမြန်းခြင်းကို မကောင်းပြောကြ၊ မကောင်းမြင်ကြပေသည်။ ထိုနည်းတူပင် အချို့သောဧည့်သည်များသည် အိမ်ရှင်အား အသိမပေးဘဲ မိမိဘာသာ မိမိတို့ ထမင်းအစီအစဉ် လုပ်တတ်ကြပေသည်။ တဖက်တွင် အိမ်ရှင်ကလည်း ဧည့်သည် မိမိတို့ထံတွင် ထမင်းစားလိမ့်မည်ဟူသည့်အထင်ဖြင့် အစီအစဉ်ပြုလုပ်ထားသည်။ ထမင်းစားချိန်ရောက်မှ ဧည့်သည်က မိမိတို့ဘာသာမိမိတို့ စီစဉ်ပြီးဖြစ်ကြောင်း ပြောကြသည့်အခါ အိမ်ရှင်၏ ပင်ပန်းကြီးစွာ ချက်ပြုထားခြင်းတို့မှာ သဲထဲရေသွန်ဖြစ်ပြီး အိမ်ရှင်စိတ်ဆင်းရဲရသည်။ ထိုနည်းတူပင် ဧည့်သည်တစ်ဦးသည် ဆရာကြီးထံလာရောက်ပြီး မိမိနှင့်အတူ ထမင်းပါလာကြောင်း ကြိုတင်မပြောထားဘဲ ဆရာကြီးက ထမင်းစီစဉ်ပြီးမှာ မိမိထံပါလာသော ထမင်းထုပ်ကို ဖြည်ကာစားသည့်အခါ ဆရာကြီးက ထမင်းထုပ် မိမိနှင့်အတူယူလာကြောင်း ဘာဖြစ်လို့ ကြိုတင်မပြောရသလဲ။ ခုတော့ ကျွန်ုပ်တို့က ခင်ဗျားကြိုတင်မပြောလို့ ခင်ဗျားအတွက် ထမင်းစီစဉ်ရတာ ပင်ပန်းရတယ်၊ စိတ်ဆင်းရဲရတယ်။ ခင်ဗျားထမင်းထုပ်ကို ဒီမှာမစားဘဲ အခြားတစ်နေရာရာမှာ သွားစားပါ ဟု ပြောခဲ့သည်။ ထို့နောက် ဆရာကြီးက သင်ခန်းစာအဖြစ် အောက်ပါအတိုင်း ပြောပြလေသည်။
ကျွန်တော် ခရီးထွက်ရင်း စဟာရန်ပူးရ်မြို့သို့ရောက်ပြီး ရက်အနည်းငယ် တည်းခိုရမည့်အခါ ထမင်းချိန်မရောက်မီ ကြိုတင်၍ ကျွန်တော်တို့ မည်သည့်အနေရာ မည်သည့်အိမ်တွင် ထမင်းစားမည်ဖြစ်ကြောင်း သို့မဟုတ် မိမိနှင့်အတူ ထမင်း ဟင်းများ ပါလာပါကလည်း မိမိတို့နှင့်အတူ ထမင်းဟင်းများ ပါလာကြောင်း အိမ်ရှင်ကို အသိပေးလိုက်သည်။ သို့မဟုတ် ချက်ပြု၍ ယူလာခဲ့သည့် ထမင်းဟင်းတို့ကို အိမ်ရှင်ထံသို့ ပို့ပေးလိုက်ပြီး ကျွန်ုပ်တို့ ယူဆောင်လာသည့် ထမင်းဟင်းတို့ကို အိမ်ရှင်တို့စားသုံးကြရန်နှင့် အိမ်ရှင်တို့ ချက်ထားသည့် ထမင်းဟင်းများကို ကျွန်ုပ်တို့ထံသို့ ပို့ပေးနိုင်ကြောင်း သို့မဟုတ်လျှင် ကျွန်ုပ်တို့ ယူဆောင်လာသည့် ထမင်းဟင်းနှင့် အိမ်ရှင်တို့၏ ထမင်းဟင်းများကို ပေါင်းစပ်လျက် တပျော်တပါး စားကြရန်ဖြစ်ကြောင်း အိမ်ရှင်ထံသို့ ကြိုတင်အကြောင်းကြားထားလိုက်သည်။ ဧည့်သည်အတွက် အချိန်တိုတိုအတွင်း ထမင်း၊ ဟင်းစီမံရသည့် ဒုက္ခမှကင်းဝေး၊ အိမ်ရှင်ထံသို့ ဧည့်သည်ယူဆောင်လာသည့် ထမင်း ဟင်းလျာတို့ကြောင့် အိမ်ရှင်တို့ကို မထိခိုက်မနစ်နာစေဘဲ ဤသို့ ထမင်းလက်ဆုံကြသည့်အတွက် ပို၍ပင် ပျော်ရွှင်ပီတိဖြစ်ကြရသည်။ ထို့ပြင် အိမ်ရှင်တို့ချက်ပြုတ်ထားသည့် အစားအစာများလည်း အလကား မဖြစ်တော့ချေ။
မော်လာနာ မုဇဖ္ဖရ်ဟုစိုင်းန်၏ ရိုးသားသည့် ကျင့်ထုံး
၂၃။ မော်လာနာမုဇဖ္ဖရ်ဟုစိုင်းန်သခင် (ရဟမသုလ္လာဟိအလိုင်းဟ်)သည် မိမိရောက်သည့်နေရာတိုင်းတွင် မိမိမည်သူ့ထံတွင် တည်းခိုမည်။ ရက်မည်မျှကြာအောင် တည်းခိုမည်ကို ကြိုတင်ပြောလေ့ရှိ၏။ တခါက ဆရာကြီးသည် မော်လာနာရရှီးဒ်အဟ်မဒ် ဂန်ဂိုဟီသခင်ထံတွင် တည်းခိုနေစဉ် နံနက်မိုးလင်းသည့်အခါ ဆရာကြီးက အိမ်ရှင်ဖြစ်သူ ဂန်ဂိုဟီသခင်အား ရိုးသားစွာပြောဆိုလေသည်။ ကျွန်ုပ် ရာမ်ပူးရ်မြို့သို့ ခရီးစောစောထွက်စရာရှိတယ်။ မိုးလင်းစာချက်ပြုတ်ရာတွင် ကြာရှည်မည်ဆိုပါက ကျွန်ုပ်ခရီးဖင့်လိမ့်မယ်။ ညက ထမင်း ဟင်းများကျန်ခဲ့လျှင် အထူးတလည် ချက်ပြုတ်မနေတော့ဘဲ မနေ့ညက ထမင်းကျန် ဟင်းကျန်ကိုသာ ထည့်ပေးလိုက်တော့ ဟု ပြောဆိုပြီး ဂန်ဂိုဟီးသခင်ထံမှ မတ်ပဲဟင်းနှင့် မုန့်တို့ကိုယူ၍ ထွက်ခွာသွားလေတော့သည်။ ရာမ်ပူးရ်မြို့သို့ရောက်သောအခါ ဟကီးမ်ဇွိယာအုဒ်ဒီးန်ဆိုသူအား မော်လာနာဂန်ဂိုဟီကောင်းကြောင်းကို ပြောသောအခါ ဟကီးမ်ကြီးက မည်သည့်အတွက်ကောင်းကြောင်းကို မေးရာ မနေ့ညက ထမင်းကျန် ဟင်းကျန်တို့ကို ယူလာခိုင်းသဖြင့် ယူလာသောကြောင့် ကောင်းမွန်သူဖြစ်ရကြောင်းကို ရိုးသားပွင်းလင်းစွာ ပြောပြလေသည်။
(ဖေါ်ပြပါဖြစ်စဉ်အရ သိရသည်မှာ ရှေးက ပုဂ္ဂိုလ်တို့သည် အချင်းချင်းရိုးသားပွင့်လင်းစွာဆက်ဆံကြသဖြင့် အစစ အဆင်ပြေလွယ်ကူမှု ရှိကြသည်မှာ ပေါ်လွင်ပေသည်။)
၂၄။ တခါက မော်လာနာရရှီးဒ်အဟ်မဒ် ဂန်ဂိုဟီသည် မော်လာနာယအ်ကူးဗ် နာနောင်သဝီ၏ သားဖြစ်သူ ဟကီးမ်မုအီနွဒ်ဒီးန်သခင်ထံ ဧည့်သည်အဖြစ် ရောက်လာခဲ့၏။ ဆရာကြီးနှင့် အိမ်ရှင်ဖြစ်သူတို့မှာ အလွန်ရင်းနှီးသူများ ဖြစ်ကြလေသည်။ ကံအားလျော်စွာ ၎င်းနေ့တွင် အိမ်ရှင်ထံတွင် ဘာမှစားစရာလည်း မရှိ။ ချက်စရာ ဆန်၊ ဂျုံ စသည့်ပစ္စည်းများလည်း မရှိသဖြင့် အိမ်ရှင်ဖြစ်သူက ဆရာကြီးအား တောင်းပန်ရင်း စကားဆိုသည်မှာ ဒီနေ့ ကျွန်တော့်အိမ်မှာ ဘာမှစားစရာမရှိတဲ့အတွက် ဘာမှမစားဘဲ နေရမဲ့နေ့ပဲ။ ဆရာကြီး ဒီမှာရှိကြောင်း ဒီအရပ်ဒေသမှာ ရှိတဲ့သူတွေကို ပြောပြလိုက်ရင် ဆရာကြီးကို တစ်ယောက်ယောက် အိမ်ကိုဖိတ်ပြီး ကျွေးမွေးပြုစုမှာ ဖြစ်ပါတယ်။ အဲဒီသူတွေဟာ ဆရာကြီးကို အရင်ကလည်း ကျွေးမွေးခဲ့ကြဖူးတယ်။ ဒီတော့ ဆရာကြီးကို တစ်ယောက်ယောက်က ကျွေးမွေးလိုတဲ့ဆန္ဒရှိလျှင် အဲဒီ့ပုဂ္ဂိုလ်ရဲ့ ဆန္ဒအရ ဒအ်ဝသ်ပေးခြင်းကို လက်ခံလိုက်ရမလား။ ဟု မေးသည့်အခါ ဆရာကြီးက ကျွန်တော်ဟာ ခင်ဗျားရဲ့ ဧည့်သည်ပဲ။ အိမ်ရှင်ရဲ့ အခြေအနေဟာ ဧည့်သည်ရဲ့ အခြေအနေပဲ။ အိမ်ရှင်အငတ်နေရင် ဧည့်သည်လည်း အငတ်နေရမှာပေါ့။ ဟု ဆိုကာ ဘာမှမစားဘဲ အငတ်နေလေတော့၏။
ဧည့်သည်အတွက် ပို့လိုက်သည့်ထမင်း အခြားသူကို မကျွေးပိုင်
၂၅။ အာလင်မ်ပညာရှင်တပါးလည်းဖြစ်၊ အကြောက်တရားလက်ကိုင်ထားသူ သပ်က်ဝါရှင်လည်း ဖြစ်သူတစ်ဦးသည် ထာနဝီသခင်ထံတွင် ဧည့်သည်အဖြစ် လာရောက်တည်းခိုနေလေသည်။ တစ်ရက်တွင် အဆိုပါဧည့်သည်စားသုံးရန်အတွက် ဆရာကြီးအိမ်မှ ထမင်းပို့လိုက်ရာ ဧည့်သည်ပညာရှင်က မိမိနှင့်အတူ အခြားသူတစ်ဦးကိုလည်း ထမင်းကျွေးမွေးလေတော့သည်။ ဧည့်သည်အနေဖြင့် ဤသို့ ဧည့်သည်မဟုတ်သူအား ကျွေးပိုင်ခွင့်မရှိသည်ကို အဆိုပါအာလင်မ်က ဂရုမမူပေ။ လူ့အသိုင်းအဝိုင်းတွင် ဤသို့ပြုမူသည်ကို အပြစ်ဟူ၍ပင် မယူဆတော့ချေ။ ဆရာကြီး၏ တပည့်က အဆိုပါအာလင်မ်အား ဤကိစ္စမှာ ရှရီအသ်နှင့် ဆန့်ကျင့်မနေဘူးလားဟု မေး၍ သတိပေးသည့်အခါတွင်လည်း ၎င်းအာလင်မ်က ဂရုမစိုက်ဘဲ ငါကိုယ်တိုင် ဆရာကြီးရဲ့ သဘောထားကို မေးကြည့်ဦးမည် ဟု ပြောလိုက်လေသည်။ ဆရာကြီးက ဤအကြောင်းကို သိထားသဖြင့် ၎င်းအာလင်မ်၏ အမေးကို စောင့်ကြည့်နေသော်လည်း ၎င်းက မမေးလာသဖြင့် ဆရာကြီးကိုယ်တိုင်ကပင် အစပြုမေးကာ ဆုံးမစကားပြောခဲ့ရလေသည်။
(ဤအကြောင်းအရာမှာ အာလင်မ်ပညာရှင်ကောင်းတစ်ယောက်၏ ဖြစ်ရပ်ဖြစ်၏။ အာလင်မ်ပညာရှင်မဟုတ်သူ သာမာန်ပုဂ္ဂိုလ်များ၏ အခြေအနေကား စဉ်းစားနေစရာ မလိုတော့။ ရိုးရိုးသာမာန် လူတန်းစားများ၏ ဘာသာရေးကိုင်းရှိုင်းမှု၊ မိမိကိုယ်မိမိ ပဲ့ပြင်မှု၊ တည့်မတ်မှုအတွက် ဘယ်မှာ မျှော်လင့်ချက်ထားနိုင်တော့မည်နည်း။)
--------။--------။--------
အလ်မုဖီးဒ်
ရှအ်ဗာန်/ ၂၆/ ယောင်မုလ်အဟဒ်/ ဟစ်ဂ်ျရီ ၁၄၃၆
(မုဖ်သီနူးရ်မိုဟမ္မဒ်ဆွာဟိဗ် ဘာသာပြန်သော အစ္စလာမ်နှင့် လူမှုဆက်ဆံရေး စာအုပ်မှ ကူးယူတင်ဆက်သည်။ အထက်ပါ အကြောင်းအရာများကို ကူးယူသူများအနေဖြင့် အကြောင်းအရာ အစမှ အဆုံးအထိ ကူးယူပြီး အလ်မုဖီးဒ်မှ ကူးယူကြောင်း ထည့်သွင်း ဖော်ပြပါ။ မူလ စာရေးသူနှင့် ဘာသာပြန်ဆိုသူအပါအဝင် အလ်မုဖီးဒ်၏ စာမျက်နှာလင့်ခ်တို့ကိုပါ ပူးတွဲ ဖော်ပြပါ။ တခြားပုံစံ လုံးဝခွင့်မပြုပါ။ တဝက်တပျက် လိုသလောက်ကူးယူးကာ ကိုယ်ပိုင်အမည်တပ်ခြင်း၊ ကိုယ်တိုင်ရေးသယောင် ပုံစံလုပ်ဆောင်ခြင်းများကို တွေ့ရှိနေပါသည်။ ထိုသူတို့သည် မိမိကိုယ်တိုင်လုပ်ဆောင်ခြင်းမရှိသည့်အရာကို ဟန်ဆောင်ထားသဖြင့် လိမ်လည်သူများ၊ အမာနသ်ကို အလွဲသုံးသူများသာ ဖြစ်သည်။ ဒီးန်ပြန့်ပွားလိုလျှင် မှန်ကန်သည့်နည်းလမ်းဖြင့် ဖြန့်ချိပါ။)
အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။
Tuesday, May 26, 2015
အချင်းချင်း တွေ့ဆုံခြင်းဆိုင်ရာ စည်းကမ်းချက်များ
၁။ တစ်ဦးတစ်ယောက်အား တွေ့ဆုံရန် (သို့မဟုတ်) တစ်ခုခုပြောရန် သွားရောက်သည့်အခါ ထိုသူသည် အလုပ်တစ်ခုခုလုပ်နေသည် (ဥပမာ ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ရွတ်နေခြင်း၊ ဝဇီဖဟ် - ဒုအာ တစ်ခုခုဖတ်နေခြင်း၊ တစ်ဦးတည်း အကြောင်းရှိ၍ စာရေးနေခြင်း၊ အိပ်ရန် အသင့်ဖြစ်နေခြင်း) ကို တွေ့ရပါက သို့မဟုတ် အလုပ်တစ်ခုခု၌ မွေ့လျော်နေသည်ကို အကြောင်းတစ်မျိုးမျိုးဖြင့် သိရပြီး ဤအချိန်၌ အဆိုပါ ပုဂ္ဂိုလ်နှင့်တွေ့မည်ဆိုလျှင် ၎င်းအတွက် အကျပ်အတည်း ဖြစ်စေမည်။ စိတ်ဒုက္ခရောက်စေမည်ကို သိရလျှင် ၎င်းပုဂ္ဂိုလ်အား စလာမ်လည်း မဆို၊ စကားလည်း မဆိုဘဲ ပြန်လာသင့်၏။ အရေးကြီးကိစ္စရှိလျှင် ခွင့်တောင်း၍ တွေ့ခွင့်ပေးပါက မိမိပြောလိုသည့်စကားကို ပြောနိုင်သည်။ ဤသို့ ခွင့်ပန်ပြီးမှ ပြောခြင်းဖြင့် တစ်ဘက်သား အခက်အခဲမရှိနိုင်ပေ။ ဖြစ်နိုင်လျှင် အဆိုပါပုဂ္ဂိုလ် အားလပ်သည့်အခါတွင်မှ တွေ့ပြီး မိမိပြောလိုသည့်ကိစ္စကို ပြောရမည်။
၂။ ကောင်းစွာမရင်းနှီးသူနှင့် တွေ့ဆုံသည့်အခါ ၎င်း၏ အိမ်တွင်းရေး အခြေအနေကို မမေးနှင့်။ ထိုနည်းတူပင် ၎င်း၏ ဥစ္စာပစ္စည်းအကြောင်း၊ ဝင်ငွေအကြောင်း၊ လက်ဝတ်ရတနာများအကြောင်း စသည်တို့နှင့် စပ်လျဉ်း၍ မမေးလေနှင့်။
၃။ တစ်ဦးတစ်ယောက်နှင့် တွေ့ဆုံရန်သွားသည့်အခါ အဆိုပါပုဂ္ဂိုလ် ငြီးငွေ့လောက်အောင်၊ အလုပ်ပျက်လောက်အောင် ကြာရှည်စွာ စကားမပြောရ။ ကြာရှည်စွာ မထိုင်ရ။
၅။ မိမိမရောက်ဖူးသော နေရာဒေသတစ်ခုသို့ ရောက်သည့်အခါတွင် မိမိ မည်သူမည်ဝါဖြစ်ကြောင်း၊ မည်သည့်နေရာမှ လာခဲ့ကြောင်း၊ မည်သည့်ကိစ္စဖြင့် လာရောက်ကြောင်းကို ရောက်လျှင် ရောက်ချင်း ပြောပြသင့်သည်။
၆။ တစ်ဦးတစ်ယောက်နှင့် တွေ့ဆုံရန်သွားသည့်အခါ မိမိတွေ့လိုသည့်ပုဂ္ဂိုလ် အလုပ်တစ်ခုခုတွင် မွေ့လျော်နေပါက ရောက်လျှင်ရောက်ချင်း မိမိစကားကို မစသေးဘဲ အခြေအနေကို လေ့လာစောင့်ဆိုင်းသင့်သည်။ အဆိုပါပုဂ္ဂိုလ်က မိမိနှင့်စကားပြောရန် အသင့်အနေအထားရှိသည့် အခါမှသာ စကားကို အစပြုပြောသင့်၏။
၇။ တစ်ဦးတစ်ယောက်အနေဖြင့် တစ်ဦးတည်း လွတ်လပ်စွာနေလိုသောအချိန်မျိုး၌ ၎င်းထံ မသွားသင့်ပေ။ ဤသို့သောအချိန်မျိုး၌ ၎င်းထံသွားခြင်းဖြင့် ၎င်းအတွက် အနှောင့်အယှက်ဖြစ်လိမ့်မည်။
၈။ တစ်ဦးတစ်ယောက်နှင့် တွေ့ရန်သွားသည့်အခါ ၎င်း၏ရှေ့တွင်တွေ့ရသော စာများရေးထားသည့်စာရွက်၊ သို့မဟုတ် စာအုပ်ကို ကိုင်မကြည့်သင့်ပေ။ စာရွက်ပေါ်တွင် လျှို့ဝှက်ချက်တစ်ခုခုကို ရေးသားထားကောင်း ရေးသားထားနိုင်ပေသည်။ ထိုနည်းတူပင် စာရွက်တွင်ရေးကာ စာအုပ်ကြားတွင် ညှပ်ထားကောင်း ညှပ်ထားမည်ဖြစ်ရာ ထိုစာရွက်များကို ကြည့်ရှုပါက ၎င်းသူ နှစ်ခြိုက်မည် မဟုတ်ပေ။
၉။ အသင်တို့နှင့် တွေ့ဆုံရန် တစ်ဦးတစ်ယောက်ရောက်လာပါက နေရာရှိသော်ငြားလည်း လာသောပုဂ္ဂိုလ်အား ဂုဏ်ပေးသည့်အနေဖြင့် မိမိလက်ရှိထိုင်နေသည့်နေရာမှ အနည်းငယ်မျှ ရွေ့လျားပေးလိုက်သင့်၏။
၁ဝ။ မိမိနှင့် လာရောက်တွေ့ဆုံသူအား နူးညံ့သိမ်မွေ့စွာ၊ ယဉ်ကျေးပျူငှာစွာ ဆက်ဆံပါ။
၁၁။ တစ်ဦးတစ်ယောက်ထံ တွေ့ရန်သွားပါက စလာမ်မေတ္တာပို့သခြင်း၊ စကားပြောဆိုခြင်း၊ အချင်းချင်းလက်ဆွဲနှုတ်ဆက်ခြင်း ပြုလုပ်ရမည်ကို သတိပြုသင့်သည်။ အထက်ပါကိစ္စရပ်များအနက် တစ်ခုခုကို မဆောင်ရွက်ဘဲ တိရိစ္ဆာန်များကဲ့သို့ တိတ်ဆိတ်စွာ မထိုင်သင့်ပေ။
၁၂။ မိမိမရောက်ဖူးသေးသော နေရာဒေသအသစ်သို့ ရောက်သူတိုင်းသည် မိမိနှင့်ပတ်သက်၍ အိမ်ရှင်က မမေးမီ မိမိမည်သည့်ကိစ္စနှင့် မည်သည့်နေရာမှ လာရောက်ကြောင်းကို အလျဉ်းသင့်သလို အိမ်ရှင်အား ပြောပြရမည်။ အိမ်ရှင်ကလည်း ဧည့်သည်အား ၎င်း၏အကြောင်း ပြောပြနိုင်လောက်သည့် အချိန်ကို ပေးရပေမည်။ ဧည့်သည်နှင့် တွေ့ဆုံချိန်တွင် အိမ်ရှင်သည် ခေတ္တမျှ မိမိအလုပ်ကို ရပ်နားကာ ဧည့်သည်နှင့် စကားပြောရမည်။
၁၃။ တစ်ဦးတစ်ယောက်နှင့် တွေ့ဆုံရန် သွားရာတွင် အချို့သူများ၏ အားနည်းချက်(မှားယွင်းချက်)တစ်ရပ်မှာ မိမိတွေ့လိုသူထံသို့ မိမိလာမည့်အကြောင်း ကြိုတင်အကြောင်းကြားထားခြင်း မပြုဘဲလည်းကောင်း၊ မိမိအစီအစဉ်ဖြင့် စားသောက်မသွားဘဲလည်းကောင်း ထမင်းစားချိန်၌ ၎င်းထံသို့ ရောက်သွားတတ်ကြခြင်းပင် ဖြစ်၏။ ထိုအချိန်မျိုးတွင် အိမ်ရှင်အနေဖြင့် ချက်ခြင်း ထမင်းအစီအစဉ်လုပ်ရန်မှာ မလွယ်ကူလှပေ။ ကံအားလျော်စွာ ကား၊ ရထားတို့၏ အခက်အခဲကြောင့် ထမင်းစားချိန်တွင် ရောက်သွားခဲ့သော် မိမိသွားလိုသည့်အိမ်သို့ မသွားသေးဘဲ ထမင်းကို မိမိဘာသာစီစဉ်ပြီးမှ သွားရောက်သတင်းပို့သင့်သည်ကို အထူးဂရုပြုရမည်။
--------။--------။--------
အလ်မုဖီးဒ်
ရှအ်ဗာန်/ ၈/ ယောင်မုလ်အရ်ဗာအ်/ ဟစ်ဂ်ျရီ ၁၄၃၆
အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။
စောင့်ဆိုင်းခြင်းဆိုင်ရာ စည်းကမ်းများ
၁။ တစ်ဦးတစ်ယောက်ကို တွေ့ဆုံရန် စောင့်ဆိုင်းပါက မိမိ၎င်းအား စောင့်နေသည်ကို မသိစေဘဲ စောင့်ဆိုင်းသင့်သည်။ မိမိက ၎င်းအားစောင့်နေသည်ကို အဆိုပါ ပုဂ္ဂိုလ်သိသွားပါက ၎င်း၏စိတ် စနိုးစနောင့်ဖြစ်ရရုံမက ၎င်း၏ လုပ်လက်စလုပ်ငန်းတွင် အနှာင့်အယှက်ဖြစ်ပေမည်။ ထို့ကြောင့် အဆိုပါပုဂ္ဂိုလ် မတွေ့မမြင်ရသည့်နေရာမှ စောင့်ဆိုင်းရမည်။
၃။ ကျွန်ုပ်ထံ ရောက်လာသည့် စာများအတွက် ပြန်ကြားချက်ကို နောက်နေ့မကူးစေဘဲ၊ တစ်နေ့စာ တစ်နေ့ပြီးအောင် ရေးသားပြန်ကြားလေ့ရှိ၏။ ဤသို့ ချက်ခြင်း ရေးသားပြန်ကြားရခြင်း၏ အကြောင်းအရင်း နှစ်ရပ်ရှိ၏။ ပထမအကြောင်းအရင်းမှာ တစ်ဘက်သားအနေဖြင့် ပြန်ကြားစာကို စောင့်ဆိုင်းနေရသည့်ဒုက္ခမှ ကင်းဝေးစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ဤသို့မဟုတ်က ကျွန်ုပ်၏စိတ်တွင် ၎င်းစာကို ပြန်ကြားရန် နောက်ကျနေပြီ၊ စောင့်ဆိုင်းရသည့်ဒုက္ခနှင့် ရင်ဆိုင်နေရပြီဟု တွေးကာ သောကရောက်နေတတ်၏။ ဒုတိယအကြောင်းမှာကား သူတစ်ပါးအား စောင့်ဆိုင်းရသည့် ဒုက္ခ မပေးချင်၊ မိမိကိုယ်တိုင်လည်း စောင့်ဆိုင်းရသည့်ဒုက္ခကို မခံနိုင်သောကြောင့် ဖြစ်၏။
၎။ ခရီးသွားရာတွင် ဘူတာရုံသို့ ရထားထွက်ချိန်ထက် စော၍ ရောက်သင့်၏။ ရထားထွက်ရန် စောင့်ဆိုင်းရသည့်ဒုက္ခမှာ မကြီးလှ။ နောက်ကျမှရောက်လျှင် ကတိုက်ကရိုက် လုပ်ရတတ်ပြီး စိတ်ဆင်းရဲရတတ်၏။ ရံဖန်ရံခါ ရထားပင် မမီဘဲဖြစ်တတ်၏။
၅။ အချို့သူတို့သည် ကျွန်ုပ်မြင်နိုင်လောက်သောနေရာတွင် ထိုင်၍ ကျွန်ုပ်အား လက်ဆွဲနှုတ်ဆက်ရန် စောင့်ဆိုင်းနေတတ်ကြလေသည်။ ဤသည်ကို သိသောအခါ စိတ်ထဲ စနိုးစနောင့်ဖြစ်ရလေသည်။ ကျွန်ုပ်ရှေ့ဆက် အလုပ်မလုပ်နိုင်တော့ဘဲ ထိုလူများက ကျွန်ုပ်တို့ သင်နှင့်နှုတ်ဆက်ရန် စောင့်နေကြတယ် ဟု ကျွန်ုပ်အားပြောနေသည့်အလား ထင်မှတ်မိသည်။ ထို့ကြောင့် တစ်ဦးဦးအား မမြင်မတွေ့ရသည့်နေရာမှ စောင့်ဆိုင်းသင့်၏။
--------။--------။--------
အလ်မုဖီးဒ်
ရှအ်ဗာန်/ ၈/ ယောင်မုလ်အရ်ဗာအ်/ ဟစ်ဂ်ျရီ ၁၄၃၆
အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။
စကားနားထောင်ခြင်းဆိုင်ရာ စည်းကမ်းချက်များ
၁။ တစ်ဦးတစ်ယောက်၏ စကားကို ကောင်းစွာအာရုံစူးစိုက်၍ နားထောင်သင့်၏။ တစ်စုံတစ်ရာ မရှင်းလင်းသည့် အချက်ရှိပါက ပြောသူအားပြန်၍ ရှင်းလင်းသေချာစွာ မေးပြီးမှ လိုက်နာကျင့်သုံးအပ်၏။ မရှင်းလင်းသည့် အကြောင်းတစ်စုံတစ်ရာ ရှိပါလျက် နှင့် ပြန်လည်မေးမြန်းဆန်းစစ်ခြင်းမပြုဘဲ၊ မိမိသဘောအတိုင်း မလုပ်သင့်။ မိမိထင်ရာလုပ်ခြင်းဖြင့် ရံဖန်ရံခါ စကားပြောသူ၏ ရည်ရွယ်ချက်နှင့် လွဲချော်သောကြောင့် ဒုက္ခဖြစ်စေတတ်သည်။
၃။ တစ်ဦးတစ်ယောက်က အသင့်အား အလုပ်တစ်ခုခုလုပ်ခိုင်းလာပါက ၎င်းအား လုပ်ပေးနိုင်မည် သို့မဟုတ် လုပ်မပေးနိုင်သည်ကို တိတိကျကျအဖြေပေးရမည်။ သို့မှသာ ခိုင်းသောသူ စိတ်အေးရမည်။ အလုပ်ခိုင်းသောသူက အသင်အလုပ်လုပ်လိမ့်မည်ဟု ယူဆကာ စိတ်အေးနေပြီး သင့်အနေနှင့် အဆိုပါအလုပ်ကို လုပ်ရန်လုံးဝမရည်ရွယ်သဖြင့် မလုပ်သောကြောင့် အဆိုပါအလုပ် မပြီးမြောက်သည်ကို နောက်မှသိရပါက အလုပ်ခိုင်းသောသူသည် စိတ်မချမ်းမသာ ဖြစ်ရတတ်သည်။
၆။ တစ်ဦးတစ်ယောက် ဆုံးမသည့် သဘောအရသော်လည်းကောင်း၊ သင်ပေးသည့် သဘောအရသော်လည်းကောင်း စကားပြောပါက စကားဆုံးသည်အထိ နားထောင်ရမည်။ စကားတစ်ဝက်တစ်ပျက်နှင့် ထလာခြင်းမှာ စကားကို တန်ဖိုးမထားရာလည်းရောက်၊ ပြောဆိုနေသည့် ပုဂ္ဂိုလ်အား စော်ကားရာလည်း ရောက်၏။
၇။ တစ်ဦးတစ်ယောက်က လူအများရှိရာ ထိုင်ဝိုင်းတွင် တရားဟောကြားနေပါက ဟောကြားနေသူဘက်သို့သာ အာရုံစူးစိုက်နေသင့်သည်။ အခြားသူတစ်ဦးဦးနှင့် စကားမပြောရ။ စကားပြောနေဆဲတွင် အဆိုပါထိုင်ဝိုင်းထဲမှ အခြားသူတစ်ဦးဦးနှင့် စကားပြောခြင်းမှာ တရားစကားအား အလေးမထားရာလည်း ရောက်၏။ ဤသို့ ပြုမူခြင်းမှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းလည်း ဖြစ်၏။
၈။ တစ်ဦးတစ်ယောက်က မိမိအား အကွယ်တစ်နေရာရာမှ ခေါ်ဝေါ်အသံပေးခဲ့သော် မိမိအနေဖြင့် ခေါ်သံကြားပြီးဖြစ်သဖြင့် ယခုပင်လာတော့မည်ဖြစ်ကြောင်းကို ၎င်းအား အသိပေးရမည်။ ခေါ်နေသူ ဆက်တိုက် ခေါ်နေသော်လည်း အသံမပေးဘဲ တိတ်ဆိတ်စွာ မနေရချေ။
၁ဝ။ တစ်ဦးတစ်ယောက် ပြောသည့်စကားကို နားမလည်သဘောမပေါက်ဘဲ ဟုတ်ကဲ့ ဟူ၍လည်းကောင်း၊ ကောင်းပါပြီဟူ၍လည်းကောင်း မပြောရ။ သဘောပေါက် နားလည်သည်အထိ ကာယကံရှင်အား ပြန်မေးရမည်။
၁၅။ သူစိမ်းအမျိုးသမီးတစ်ဦးဦးနှင့် ယောက်ျားပျိုတစ်ဦးဦး၏အသံကို မရည်ရွယ်ဘဲကြားရလျှင်လည်း ဆက်လက်မကြားစေရန် နားကို ပိတ်ထားလိုက်ရမည်။
၁၆။ အမျိုးသမီးသည်လည်း မိမိ၏အသံကို သူစိမ်းအမျိုးသားများ မကြားရစေရန် အထူးဆင်ခြင်ရပေမည်။
၃။ ဆရာ၏စကားကို နားမလည်သဘောမပေါက်ပါက ဆရာ၏အားနည်းချက်ဟု မယူဆသင့်ဘဲ၊ မိမိအသိဉာဏ်အားနည်းမှု၊ အာရုံစူးစိုက်ခြင်း နည်းပါးမှုဟု မှတ်ယူရမည်။
--------။--------။--------
အလ်မုဖီးဒ်
ရှအ်ဗာန်/ ၈/ ယောင်မုလ်အရ်ဗာအ်/ ဟစ်ဂ်ျရီ ၁၄၃၆
အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။