Saturday, June 13, 2015

အိမ်ရှင်နှင့် စပ်လျဉ်းသည့် စည်းကမ်းများ



၁။ ထမင်းစားသုံးနေသည့် ဧည့်သည်အား ဇွတ်အဓမ္မ ထပ်မထည့်ပေးသင့်။ ဇွတ်အတင်း မစားခိုင်းသင့်။
၂။ ထမင်းစားပွဲတွင် ဟင်းပန်းကန်များ၌ ဟင်းလျာများ လိုအပ်ပါက ဟင်းထပ်ဖြည့်ရန်အတွက် ဟင်းပန်းကန်များကို ယူဆောင်မသွားရ။ အခြား ပန်းကန်လွတ်တွင် ဟင်းလျာများ ထည့်၍ ယူလာကာ ဟင်းပန်းကန်များတွင် ဖြည့်ထည့်ရမည်။
၃။ မိမိ၏ အကြီးအကဲများကို ထမင်းစားဖိတ်ရာတွင် ၎င်း၏အသိုင်းအဝိုင်းရှိ ပုဂ္ဂိုလ်များ၊ သက်ဆိုင်ပတ်သက်သူများကိုပါ ဖိတ်ကြားလိုသော် အကြီးအကဲအား သက်ဆိုင်သူများကိုပါ ခေါ်လာရန် မပြောသင့်ချေ။ သက်ဆိုင်သူများကိုခေါ်လာရန် အကြီးအကဲမှာ မေ့ကောင်း မေ့သွားနိုင်သည်။ ထို့ပြင် အကြီးအကဲမှ တဆင့်ဖိတ်ကြားစေခြင်းသည် အရိုအသေကင်းမဲ့ရာ ရောက်သည်။ အကယ်၍ မိမိအကြီးအကဲနှင့် သက်ဆိုင်သူများကိုပါ ဖိတ်ကြားလိုပါက အကြီးအကဲထံ ခွင့်ပန်ပြီးမှ ဖိတ်ကြားသင့်သည်။ အကြီးအကဲနှင့် သက်ဆိုင်သူများကလည်း မိမိတို့၏ အကြီးအကဲထံတွင် ခွင့်ပန်ပြီးမှ အဆိုပါဖိတ်ကြားခြင်းကို လက်ခံသင့်ပေသည်။
၎။ ဧည့်သည်အား ဧည့်ဝတ်ပြုရာတွင် ပျူပျူငှာငှာ လှိုက်လှိုက်လှဲလှဲပြုပါ။ ဖြစ်နိုင်သမျှ အစားအသောက်များ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေးမွေး ဧည့်ခံပါ။ သုံးရက်တိုင် ဖွယ်ဖွယ်ရာရာ ကျွေးမွေးဧည့်ခံခြင်းမှာ အိမ်ရှင်ပြုကျင့်ရမည့် ဝတ္တရားဖြစ်သည်။
၅။ ဧည့်သည်ထံသို့ စားသောက်ဖွယ်ရာများ ပေးပို့သည့်အခါ ဖုံးအုပ်၍ ပေးပို့ပါ။
၆။ ဧည့်သည်ပြန်သည့်အခါတွင် အိမ်တံခါးပေါက်အထိ ဧည့်သည်အား အိမ်ရှင်က လိုက်ပါပို့ဆောင်ခြင်းမှာ စွန်နသ်ဖြစ်သည်။
၇။ အိမ်ရှင်သည် ဧည့်သည်ထမင်းစားသုံးနေသည့်အခါ ဧည့်သည်မည်သို့မည်ပုံ စားသုံးနေသည်၊ မည်မျှစားသုံးနေသည်ကို အပေါ်စီးမှ ချောင်းမြောင်းကြည့်မနေရ။ ဧည့်သည် လွတ်လပ်စွာစားသုံးနိုင်ရန် ထားသင့်သည်။ အချို့အိမ်ရှင်များသည် ဧည့်သည်အနီးတွင် ရစ်သီရစ်သီလုပ်ကာ ဧည့်သည်မည်မျှ စားသုံးနေသည်။ မည်သို့မည်ပုံစားသုံးသည်ကို ကြည့်တတ်ကြပေသည်။ အိမ်ရှင်၏ ဤသို့သော အပြုအမူကြောင့် ဧည့်သည်စိတ်အနှောင့်အယှက်ဖြစ်စေသဖြင့် ဤသို့မပြုသင့်ချေ။
၈။ ထမင်းစားရန် လက်ဆေးသည့်အခါ ဦးစွာဧည့်သည်လက်ကို ဆေးကြောပေးရမည်။ အိမ်ရှင်၏ လက်ကိုနောက်မှဆေးကြောသင့်သည်။ ထိုနည်းတူပင် ထမင်း၊ ဟင်း၊ အစားအစာ စသည်တို့ကို ဧည့်သည်ရှေ့သို့ ဦးစွာချပေးရမည်။ ပြီးမှ အိမ်ရှင်၏ရှေ့သို့ ချပေးရမည်။
၉။ ထမင်းစားဝိုင်း၌ ဧည့်သည်များကို နေရာယူစေသည့်အခါ အသိုင်းအဝိုင်းအုပ်စုတစ်စုတည်းမှာ ပုဂ္ဂိုလ်များကို တစ်စုတစ်ဝိုင်းတည်းတွင် နေရာယူစေသင့်၏။ ထမင်းဝိုင်းတွင် အားမနာရသည့် အသိုင်းအဝိုင်း၊ မိမိနှင့်ရင်းနှီးသည့် ပုဂ္ဂိုလ်များနှင့် အတူထိုင်ကာ စားသောက်ရသည်မှာ ကျေနပ်စရာ ကောင်း၏။ တစ်ဦးကိုတစ်ဦး အားနာစရာလည်း မလိုတော့ချေ။ အသိုင်းအဝိုင်းမတူညီသည့် အချင်းချင်း မရင်းနှီးသည့် ပုဂ္ဂိုလ်တို့အား တစ်စုတည်း တစ်ဝိုင်းတည်းနေရာယူစေပါက စားသောက်ရာတွင် တစ်ဦးကိုတစ်ဦး အားနာနေရပြီး အားရကျေနပ်စွာ စားသုံးနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အိမ်ရှင်သည် ဖေါ်ပြပါအချက်ကို ဂရုပြုသင့်သည်။ လူစိမ်းဧည့်သည်တစ်ဦးတစ်ယောက်အား ၎င်းနှင့် မရင်းနှီးသည့် ဧည့်သည်အသိုင်းအဝိုင်းတစ်ခုခု၏ ဝိုင်းတွင် နေရာချထားပေးလိုပါက ဧည့်သည်ဟောင်းအုပ်စု၏ ခွင့်ပြုချက်ကိုယူပြီးမှ ပြုလုပ်သင့်သည်။ အကြောင်းကား တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုမရှိပါက စားသောက်ရာတွင် စိတ်မလွတ်လပ်ဘဲ ရှိနေတတ်သောကြောင့် ဖြစ်၏။
၁ဝ။ မုအာဝိယဟ်သခင်(ရသွီ)၏ ထမင်းဝိုင်းမှာ လွန်စွာကြီးမားကျယ်ပြန့်လှ၏။ ဆင်းရဲသား ကျေးတောသား မြို့သား ခရီးသည် မိဘမဲ့ အားလုံးကို ထမင်းဝိုင်းသို့ ပင့်ဖိတ်ကာ ကျွေးမွေးလေ့ရှိ၏။ တစ်ခါက ကျေးတောသားတစ်ယောက်သည် အဆိုပါထမင်းဝိုင်း၌ စားသုံးနေစဉ် ထမင်းကို ပလုပ်ပလောင်း စားသောက်နေလေသည်။ ထိုအခါ မုအာဝိယဟ်သခင်က အဆိုပါကျေးတောသားအား ထမင်းလုတ်သေးသေးစားသောက်ရန်နှင့် အလုတ်ကြီးကြီး စားသောက်ပါက လည်ပင်းတွင်နင်ကာ ဒုက္ခတွေ့တတ်ကြောင်း ပြောဆိုဆုံးမလေသည်။ ကျေးတောသားမှာ မုအာဝိယဟ်သခင်၏ ဆုံးမစကားကို ကြားလျှင်ကြားချင်း ဆက်လက်မစားတော့ဘဲ ခင်ဗျားရဲ့ ထမင်းဝိုင်းမှာ လူရည်မွန် သိက္ခာရှိသူတွေထိုင်ပြီး ထမင်းမစားသင့်ဘူး။ ခင်ဗျားဟာ ဧည့်သည်တွေ ထမင်းလုတ်ကြီးကြီးစားသလား၊ ငယ်ငယ်စားသလားဆိုတာကို တစ်ချိန်လုံး စောင့်ကြည့်နေတဲ့ လူပဲ။ ဟုဆိုကာ ထပြန်သောအခါ မုအာဝိယဟ်သခင်က အဆိုပါကျေးတောသားအား ကျွန်ုပ်ယခုလို ပြောဆိုဆုံးမခြင်းဟာ ခင်ဗျားရဲ့ကောင်းကျိုးကို လိုလား၍သာ ပြောဆိုဆုံးမခြင်းဖြစ်ပါတယ်။ ဟု ကြိမ်ဖန်များစွာ ပြောပြနားချသော်လည်း ကျေးတောသားမှာ မုအာဝိယဟ်သခင်၏ စကားကို လက်မခံတော့ဘဲ ခင်ဗျားမည်သည့် ရည်ရွယ်ချက်နှင့်ပြောပြော ကျွန်ုပ်လက်မခံနိုင်၊ အဆုံးမှာတော့ ခင်ဗျားဟာ ဧည့်သည်တွေ မည်၍မည်မျှ မည်သို့မည်ပုံ စားနေသည်ကို လိုက်ကြည့်နေသူပဲ။ အမှန်မှာ အိမ်ရှင်ဟာ ဧည့်သည်တွေ လွတ်လပ်စွာစားပါစေတော့ဆိုတဲ့ စေတနာနဲ့ ဧည့်သည်တွေစားနေကြတာကို လွှတ်ထားသင့်တယ်။ သို့သော် ဧည့်သည်တွေ ဘာလိုအပ်နေတယ်ဆိုတာလောက်တော့ ကြည့်ပေါ့ ဘယ်ဧည့်သည်က ထမင်းလုတ် ဘယ်လောက်ကြီးကြီးစားတယ်။ ဘယ်ဧည့်သည်က ဘယ်လောက်ထမင်းလုတ် ငယ်ငယ်စားတယ်ဆိုတာကို ကြည့်စရာ ဘာလိုလဲ ဟုဆိုကာ ကျေးတောသားသည် ထမင်းဝိုင်းမှာ ထွက်ခွာသွားလေတော့သည်။
၁၁။ ဧည့်သည်နှစ်မျိုးရှိ၏။ ပထမဧည့်သည်ကား တကူးတက တစ်ဦးတစ်ယောက်ထံ ရည်ရွယ်၍ လာသည့်ဧည့်သည်ဖြစ်ပြီး ယင်းဧည့်သည်မျိုးအား ဧည့်ခံရန် အိမ်ရှင်အပေါ် မပြုမနေရတာဝန်ဖြစ်၏။ ဒုတိယဧည့်သည်ကား တစ်ဦးတစ်ယောက်ထံ ရည်ရွယ်၍လာသည့် ဧည့်သည်မဟုတ်ဘဲ တစ်နေရာရာသို့ အလုပ်တစ်ခုခုဖြင့်လာရင်း လမ်းကြုံ၍ တစ်ဦးတစ်ယောက်ထံ ဝင်လည်သည့် ဧည့်သည်ဖြစ်၏. ဤသို့သောသူမှာ ဧည့်သည်မဟုတ် ခရီးသည်မျှသာ ဖြစ်သဖြင့် ၎င်းအား ဧည့်ခံရန်မှာ ၎င်းဝင်လည်သည့်အိမ်ရှင်အပေါ် တာဝန်မရှိ။ လမ်းခုလပ်ရှိ တစ်ဦးတစ်ယောက် သို့မဟုတ် တစ်အိမ်အိမ်မှ ဧည့်ခံလိုက်ရုံဖြင့် အားလုံးအတွက် တာဝန်ကျေသွားလေသည်။ ဆိုလိုရင်းမှာ ဤသို့သောဧည့်သည်အား တစ်ဦးတစ်ယောက် ဧည့်ခံလိုက်ခြင်းမှာ ဖရ်သွိကိဖာယာ တာဝန်ဖြစ်၏။
၁၂။ ကျွန်ုပ်အား ဒါကာမြို့ပိုင်က ဖိတ်၍ ဒါကာရောက်ခဲ့စဉ်က ဘင်္ဂလားပြည်နယ်အနှံတွင်ရှိသည့် အာလင်မ်ပညာရှင်တော်တော်များများ ကျွန်ုပ်နှင့်တွေ့ဆုံရန် လာကြလေသည်။ ကျွန်ုပ်နှင့်တွေ့ဆုံရန် လာသည့်ပုဂ္ဂိုလ်အားလုံးကို ကျွန်ုပ်က ခင်ဗျားတို့ ကျွန်ုပ်နှင့်တွေ့ဆုံရန် လာကြသူအားလုံး ဈေးမှာထမင်းဝယ်စားကြပါ။ ဟုပြောသည်ကို မြို့ပိုင်ကသိသောအခါ စီမံခန့်ခွဲရန် တာဝန်ယူထားသည့် ဦးလေးတော်စပ်သူအား မြို့ပိုင်က ဆရာကြီးနှင့် လာရောက်တွေ့ဆုံသူအားလုံးကို မိမိအိမ်က တာဝန်ယူကျွေးမွေးလိုက်ပါဟု ဆိုလေသည်။ စီမံခန့်ခွဲသူ မြို့ပိုင်ဦးလေးက ကျွန်ုပ်ထံ လာရောက်ခွင့်ပန်သည့်အခါ ကျွန်ုပ်က ဒီပုဂ္ဂိုလ်တွေဟာ ကျွန်ုပ်နှင့် လာတွေ့သူတွေပါ။ ကျွန်ုပ်တပည့်နောက်လိုက်တွေ မဟုတ်ဘူး။ သူတို့ကို ထမင်းကျွေးမွေးဧည့်ခံလိုက ခင်ဗျားကိုယ်တိုင် သူတို့ဆန္ဒကိုမေးပြီး ဧည့်ခံကျွေးမွေးနိုင်ပါတယ် ဟု ပြောသဖြင့် ဧည့်သည်အားလုံးကို တစ်ယောက်ချင်း လိုက်လံရှာဖွေဖိတ်ခေါ်ပြီး ထမင်းကျွေးမွေးဧည့်ခံလေသည်။ ကျွန်ုပ်နှင့်အတူထိုင်လျက် ထမင်းစားသုံးကြလေသည်။ ကျွန်ုပ်ကသာ ကျွန်ုပ်နှင့်လာတွေ့သည့်ဧည့်သည်အားလုံး ကျွန်ုပ်နှင့် အတူမစားကြဘဲ ဈေးသွားပြီး ဝယ်စားကြပါဟု မပြောခဲ့လျှင် ကျွန်ုပ်နှင့် တွေ့ရန်လာသည့် ဧည့်သည်အားလုံးလိုလို အတူထမင်းစားကြမည်မှာ အမှန်ပဲ။ အိမ်ရှင်တွေက ကျွန်ုပ်ထံလာပြီး ဧည့်သည်အားလုံးကိုပါ ဧည့်ခံပါရစေဟု ခွင့်ပန်ကြ၍ ကျွန်ုပ်ကလည်း ခွင့်ပြုခဲ့၏။ ထိုအခါ ကျွန်ုပ်က ကျွန်ုပ်နှင့် လာရောက်တွေ့ဆုံသူအားလုံးအား ကဲကြည့်ပါဦး။ ကျွန်ုပ်နှင့် ကပ်မြှောင်လုပ်ပြီး ထမင်းဝိုင်းဝင်စားတာနဲ့ ခုလို ထမင်းဖိတ်ကျွေးခံရတာနဲ့ ဘယ်အရာက ပိုပြီး သိက္ခာရှိသလဲ ဟု မေးလိုက်၏။
၁၃။ ကျွန်ုပ်တို့အားလုံးသည် အရာရာတွင် အစ္စလာမ့်အဆုံးအမအတိုင်း လိုက်နာကျင့်သုံးသင့်၏။ ဧည့်သည်အား ပျူငှာစွာဆက်ဆံရာတွင်လည်း အစ္စလာမ့်စည်းဘောင်ကို မကျော်လွန်သင့်။ အပိုမဖြုန်းတီးသင့်။ အစ္စလာမ့်အဆုံးအမအတိုင်းလိုက်နာမှ မုစ်လင်မ်တို့ သိက္ခာရှိကြလိမ့်မည်။ သို့သော် မျက်မှောက်ခေတ်တွင် မုစ်လင်မ်တို့သည် ဥရောပတိုက်သားများကို အထင်ကြီးပြီး သူတို့၏ ဝတ်စားဆင်ယဉ်မှု၊ သူတို့၏ လူမှုဆက်ဆံရေး၊ သူတို့၏ လူနေမှုစနစ် သူတို့၏ ရောင်းဝယ်ဖောက်ကားမှုစနစ်၊ စသည်တို့ကို အတုယူကာ တိုးတက်မှုရယူလိုကြသည်။ တိုးတက်လိုကြသည်။ အမှန်စင်စစ် မုစ်လင်မ်တို့၏ သိက္ခာ၊ မုစ်လင်မ်တို့၏ တိုးတက်ရေးလမ်းကြောင်းသည် အစ္စလာမ့်စည်းစနစ်ထဲမှာသာရှိသည်ကို မုစ်လင်မ်တို့ သတိမမူမိကြပေ။
၁၄။ အဆင့်အတန်းတူ သူငယ်ချင်းနှစ်ယောက် ဧည့်သည်အဖြစ် တပြိုင်တည်းလာရောက်သည့်အခါ ကျွန်ုပ်သည် အဆိုပါဧည့်သည်နှစ်ဦးအား ဧည့်ခံကျွေးမွေးသည့်အခါ တစ်ပြေးညီ၊ တန်းတူရည်တူ ကျွေးမွေးဧည့်ခံလေ့ရှိ၏။ ခွဲခြား၍ ကျွေးမွေးဧည့်ခံခြင်းကို မသင့်လျော်ဟု ကျွန်ုပ်ထင်၏။ တစ်ယောက်ကို တစ်မျိုးမဖြစ်ရလေအောင် အမြဲဂရုစိုက်ကာ ဧည့်ခံကျွေးမွေးလေ့ရှိ၏။
၁၅။ အိမာမ်ရှာဖိအီသခင်သည် တစ်ခါက ပုဂ္ဂိုလ်တစ်ဦးထံ ဧည့်သည်အဖြစ် ရောက်ရှိလေသည်။ အိမ်ရှင်ပုဂ္ဂိုလ်၏ အလေ့အထမှာ ဧည့်သည်လာသည့်အခါတိုင်း ဧည့်သည်အတွက်ချက်ပြုတ်ရမည့် စားဖွယ်ရာများ၏ စာရင်းကို ကြိုတင်ရေး၍ မိမိ၏ကျေးကျွန်အား ချက်ပြုတ်ရန် စေခိုင်းတတ်၏။ အိမာမ်ရှာဖီအီသခင်က အဆိုပါစာရင်းကို ကျေးကျွန်လက်မှ ရယူလျက် မိမိနှစ်သက်ရာ စားဖွယ်တစ်မျိုးကို ချက်ပြုတ်မည့်စာရင်းတွင် ဖြည့်စွက်ရေးသားလိုက်လေသည်။ ချက်ပြုတ်၍ ပြီးစီးသောအခါ အိမ်ရှင်သည် မိမိအလေ့အထအတိုင်း စားဖွယ်ရာများနှင့် စာရင်းကိုကြည့်သောအခါ စားဖွယ်ရာတစ်မျိုးကို အပိုတွေ့ရှိလေသည်။ အိမ်ရှင်ပုဂ္ဂိုလ်က မိမိကျေးကျွန်းအား မေးသောအခါ ကျေးကျွန်က ဧည့်သည်အိမာမ်ရှာဖီအီသခင်ကိုယ်တိုင်က ဖြည့်စွက်ရေးပေးသည့်အတွက် ချက်ပြုလာရကြောင်း ဖြေကြားလျှင် အိမ်ရှင်သည် အိမာမ်ရှာဖီအီသခင်၏ အမိန့်ကိုနာခံသည့် ကျေးကျွန်အား လွန်စွာကျေနပ်သဖြင့်လည်းကောင်း၊ ဝမ်းမြောက်အားရလှသဖြင့်လည်းကောင်း ကျေးကျွန်အား သူကောင်းပြုလိုက်လေတော့သတည်း။
၁၆။ ကျွန်ုပ်ထံတွင် ရံဖန်ရံခါ ဧည့်သည်များ စုပြုံရောက်လာတတ်ကြသည်။ အချို့ဧည့်သည်များမှာ တစ်ဦးနှင့်တစ်ဦး မသိကျွမ်းကြ။ မရင်းနှီးကြ။ ယခုမှ တွေ့ကြုံကြသူများ ဖြစ်ကြလေသည်။ ကျွေးမွေးဧည့်ခံသည့်အခါ ကျွန်ုပ်ကိုယ်တိုင် ပါဝင်စားသောက်ခြင်း မပြုနိုင်ပါက အချင်းချင်း သိကျွမ်းရင်းနှီးပြီးသော ဧည့်သည်များကို တစ်သုတ်၊ မသိကျွမ်းမရင်းနှီးသူများကို တစ်သုတ် ခွဲ၍ ဧည့်ခံကျွေးမွေးလေ့ရှိသည်။ အကြောင်းမှာ ဧည့်သည်တို့၏ သဘာဝစိတ်ဓါတ်များသည် မတူညီတတ်ကြ။ အချို့ဧည့်သည်များသည် မိမိနှင့် မသိသူများ မရင်းနှီးသူများအတူထိုင်လျက် စားသုံးရသည်ကို မလွတ်လပ်သလိုဖြစ်ပြီး တစ်စုံတစ်ယောက် မိမိကိုတားဆီးထားသည့်နှယ် ခံစားကြရတတ်သောကြောင့် ဖြစ်၏။
ကျွန်ုပ်ကိုယ်တိုင် ဧည့်သည်များနှင့် ပါဝင်စားသောက်သည့် အခါတွင်မူ အချင်းချင်း ရင်းနှီးသည့်ဧည့်သည် မရင်းနှီးသည့်ဧည့်သည်ဟူ၍ ခွဲမနေတော့ဘဲ တစ်သုတ်တည်းတွင် ထိုင်စေကာ အားလုံးကို ဧည့်ခံကျွေးမွေးလေ့ရှိ၏။ အဘယ့်ကြောင့်ဆိုသော် ဧည့်သည်များအချင်းချင်း မရင်းနှီးမသိကျွမ်းစေကာမူ ကျွန်ုပ်အိမ်ရှင်ကိုယ်တိုင် အားလုံးနှင့်အတူပါဝင်စားသောက်နေသဖြင့် အားလုံးအတွက် ကျွန်ုပ်သည် သိကျွမ်းစရာ အကြောင်းခံဖြစ်၍နေသောကြောင့် ဖြစ်၏။ ထိုအခါတွင် ဧည့်သည်အားလုံးနှင့် ကျွန်ုပ်အိမ်ရှင်ကိုယ်တိုင် အစကပင် သိကျွမ်းပြီးဖြစ်ရကား စားသောက်ရာတွင်လည်း မည်သူ့အတွက်မှ အားနာစရာ ရှက်အမ်းအမ်းဖြစ်စရာ မလိုတော့ချေ။
ဤသည်မှာ ကျွန်ုပ်ထံလာသော ဧည့်သည်များအား ထောက်ထားငဲ့ညှာ ဦးစားပေးခြင်းဖြစ်၏။ သို့ရှိရာ ကျွန်ုပ်သည် ဆက်ဆံရာ၌ကြမ်းတမ်းကြောင်း ကြမ်းတမ်းသူတစ်ယောက်ဖြစ်ကြောင်းသာလျှင် ပြင်ပတွင် ကျော်ကြားနေပြီး ဤသို့သော ဧည့်သည်များနှင့် ညှာတာစွာ၊ ထောက်ထားစွာ ဦးစားပေးကာ ဆက်ဆံခြင်းများကို မည်သူမှ သိလည်းသိကြမည်မဟုတ်။ ကြားပင်ကြားဖူးကြမည် မဟုတ်ပေ။

 ဧည့်သည်နှင့်စပ်လျဉ်း၍ အိမ်ရှင်လုပ်ဆောင်ရမည့် ဝတ္တရားများ 
၁။ ဧည့်သည်များကို ဧည့်ဝတ်ကျေပွန်ခြင်းမှာ အစ္စလာမ်ဘာသာ၏ စည်းကမ်းချက်ဖြစ်၏။ ကောင်းမြတ်သော အကျင့်လည်းဖြစ်၏။ နဗီတမန်တော်မြတ်များ သူတော်စင်သူတော်ကောင်းများ၏ ကျင့်ထုံးလည်း ဖြစ်သည်။ ဧည့်သည်လာသည့်အခါ ပျူငှာပြုံးရွှင်စွာ ခရီးဦးကြိုပြုပါ။
၂။ ဧည့်သည် မိမိအိမ်သို့ရောက်လာပြီးနောက် ၎င်းအတွက် နေရာထိုင်ခင်းကို စီစဉ်ခင်းကျင်းပါ။
၃။ ဧည့်သည်စိတ်ချမ်းသာစွာ ရှိစေရန် ဂရုစိုက်ပါ။ ဧည့်သည် မိမိအိမ်သို့ ရောက်လာသည့်အခါ လိုအပ်လာပါက အသုံးပြုနိုင်ရန် အိမ်သာ၊ ရေချိုးခန်းတို့ကို လိုက်ပြထားပါ။
၎။ ဧည့်သည် မိမိအိမ်သို့ ရောက်လျှင်ရောက်ခြင်း အိမ်တွင်အသင့်ရှိသည့် စားသောက်ဖွယ်ရာများနှင့် ဦးစွာဧည့်ဝတ်ပြုပါ။ နောက်တွင် (ချောင်လည်သူ၊ တတ်နိုင်သူဖြစ်ပါက) အခြားစားသောက်ဖွယ်ရာများဖြင့် ထပ်ဆင့်ဧည့်ခံခြင်းမှာ ဧည့်ဝတ်ကျေသည့် အစဉ်အလာကောင်းတစ်ရပ်ဖြစ်၏။
၅။ ဧည့်သည်အား ဧည့်ခံကျွေးမွေးရာတွင် အဖိုးတန်စားသောက်ဖွယ်ရာများကို စီစဉ်ရန် အရေးမကြီးပေ။ လွယ်လင့်တကူ စီမံချက်ပြုတ်နိုင်သည့် အစားအစာများကို ချက်ပြုတ်ကျွေးမွေးလိုက်လျှင် လုံလောက်၏။
၆။ အိမ်ရှင်သည် ဧည့်သည်ရှေ့တွင် စားသောက်ဖွယ်ရာများကို ချပေးရုံဖြင့် မလုံလောက်ပေ။ ဧည့်သည်စားသုံးသည်၊ မစားသုံးသည်ကိုလည်း တစေ့တစောင်း အကဲခတ်နေသင့်ပြီး ဧည့်သည်ကို အားမနာဘဲ စားသုံးဖို့ ပြောရန်လည်းကောင်း၊ လိုအပ်သည်များကို ဖြည့်ဆည်းပေးရန်လည်းကောင်း ဧည့်သည်၏အနားတွင် ရှိနေသင့်သည်။ သို့သော် ဧည့်သည်မည်မျှ စားသုံးနေသည်။ မည်ကဲ့သို့ စားသုံးနေသည်ကို ချောင်းမြောင်းမကြည့်ရပေ။ ဤသို့ ချောင်းမြောင်းကြည့်ခြင်းမှာ ဧည့်ခံခြင်း၏ စည်းကမ်းနှင့်လည်း မညီညွတ်၊ ဧည့်သည်အတွက်လည်း ရှက်စရာအကြောင်းဖြစ်ပေသည်။
--------။--------။--------
အလ်မုဖီးဒ်
ရှအ်ဗာန်/ ၂၆/ ယောင်မုလ်အဟဒ်/ ဟစ်ဂ်ျရီ ၁၄၃၆

**သတိပေးချက်
(မုဖ်သီနူးရ်မိုဟမ္မဒ်ဆွာဟိဗ် ဘာသာပြန်သော အစ္စလာမ်နှင့် လူမှုဆက်ဆံရေး စာအုပ်မှ ကူးယူတင်ဆက်သည်။ အထက်ပါ အကြောင်းအရာများကို ကူးယူသူများအနေဖြင့် အကြောင်းအရာ အစမှ အဆုံးအထိ ကူးယူပြီး အလ်မုဖီးဒ်မှ ကူးယူကြောင်း ထည့်သွင်း ဖော်ပြပါ။ မူလ စာရေးသူနှင့် ဘာသာပြန်ဆိုသူအပါအဝင် အလ်မုဖီးဒ်၏ စာမျက်နှာလင့်ခ်တို့ကိုပါ ပူးတွဲ ဖော်ပြပါ။ တခြားပုံစံ လုံးဝခွင့်မပြုပါ။ တဝက်တပျက် လိုသလောက်ကူးယူးကာ ကိုယ်ပိုင်အမည်တပ်ခြင်း၊ ကိုယ်တိုင်ရေးသယောင် ပုံစံလုပ်ဆောင်ခြင်းများကို တွေ့ရှိနေပါသည်။ ထိုသူတို့သည် မိမိကိုယ်တိုင်လုပ်ဆောင်ခြင်းမရှိသည့်အရာကို ဟန်ဆောင်ထားသဖြင့် လိမ်လည်သူများ၊ အမာနသ်ကို အလွဲသုံးသူများသာ ဖြစ်သည်။ ဒီးန်ပြန့်ပွားလိုလျှင် မှန်ကန်သည့်နည်းလမ်းဖြင့် ဖြန့်ချိပါ။)

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။