Saturday, November 8, 2014

အစ္စလာမ် နှင့် ပညာရေး

ရေးသားသူ >> စတီဗင်
အလ်မုဖီးဒ် မှ ပြန်လည်တင်ဆက်သည် ... ။
ပညာရေးနှင့်သက်ဆိုင်သည့် သမိုင်းကြောင်းကို စုံလင်စွာရေးသားထားပြီး လူတိုင်းဖတ်ရှုမှတ်သားထားရမည့် အကြောင်းအရာဖြစ်ပါသည် ။


လူတိုင်းသိသင့်တဲ့ အစ္စလာမ့်ပညာရေးသမိုင်းကြောင်း

အစ္စလာမ်နှင့်ပညာရေး
အစ္စလာမ်သာသနာခေတ်ဦးကာလကတည်းက ပညာရေးဆိုတာ မွတ်စလင်တွေ အမြဲတမ်း အရင်ဆုံးစဉ်းစားကြတဲ့ ကိစ္စတစ်ခုထဲမှာပါဝင်ပါတယ်။ မဟာတမန်တော်မြတ် မုဟမ္မဒ်ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ် ထံကို ပထမဆုံးကျရောက်လာတဲ့ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ အစစာလုံးက “ဖတ်ပါ” တဲ့။ ဒါ့အပြင် ပထမဆုံးကျရောက်ခဲ့တဲ့ စာပိုဒ်တွေဟာ ပညာရေးနဲ့ သက်ဆိုင်တာတွေချည်းပါပဲ။ တစ်ချက်လောက်ဖတ်ကြည့်ကြပါ။
“(အို-နဗီတမန်တော်) အသင်သည် မိမိအရှင်မြတ်၏ နာမံတော်ဖြင့် (အစပြု၍) - ဖတ် - ပါလေ … ” (ကုရ်အာန် ၉၆ - ဖတ်ရွတ်လော့ကဏ္ဍး ၁ )
“အကြင်အရှင်မြတ်သည် ကလောင်ဖြင့် သင်ကြားပေးတော်မူခဲ့၏” (ကုရ်အာန် ၉၆ - ဖတ်ရွတ်လော့ကဏ္ဍး ၄ )
“ထိုအရှင်မြတ်သည် လူသားတို့အား ၄င်းတို့ မသိခဲ့သောအရာများကို သင်ကြားပေးတော်မူခဲ့ပေသတည်း” (ကုရ်အာန် ၉၆ - ဖတ်ရွတ်လော့ကဏ္ဍး ၅ )

တမန်တော်မြတ် မုဟမ္မဒ်ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ် ကလည်း “မွတ်စလင်တိုင်း ပညာကို မဖြစ်မနေသင်ကြားရမည်” လို့ တိုက်ရိုက် မိန့်ကြားတော်မူခဲ့ပါသေးတယ်။ ဒါကြောင့်လည်း မွတ်စလင်တွေဟာ သမိုင်းတလျှောက် ပညာအမျိုးမျိုးကို လေ့လာလိုက်စားပြီး လူသားတွေအကျိုးအတွက် စွမ်းဆောင်ခဲ့တာကို သမိုင်းသိသူတိုင်း မြင်ကြမှာပါ။

အစ္စလာမ်သာသနာရဲ့သမိုင်းတစ်လျှောက်မှာ ပညာရေးဆိုတာ မွတ်စလင်တွေအတွက် ဂုဏ်သိက္ခာကြီးမားတဲ့ အရာတစ်ခုပါ။ မွတ်စလင်တွေဟာ ဘဂ္ဂဒက် (ယခုအီရတ်)၊ ကော်ဒိုဘာ (ယခုစပိန်)၊ ကိုင်ရို (ယခု အီဂျစ်) အစရှိတဲ့ မြို့ကြီးတွေမှာ ကြီးကျယ်ခမ်းနားတဲ့စာကြည့်တိုက်ကြီးတွေ၊ သင်ကြားရေးစင်တာတွေ အများအပြားဖွင့်ခဲ့ကြပါတယ်။ ကမ္ဘာ့ပထမဦးဆုံး အခြေခံပညာသင်ကြားရေးကျောင်းနဲ့ တက္ကသိုလ်ကိုလည်း မွတ်စလင်တွေပဲ စတင်ဖွင့်လှစ်ခဲ့ကြပါတယ်။ အသက်မွေးဝမ်းကျောင်းပညာရပ်အများအပြားကိုလည်း တီထွင်ဖန်တီးပေးခဲ့သလို သိပ္ပံပညာရပ်မှာလည်း လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တာကြောင့် ဒီနေ့ခေတ်ကမ္ဘာကြီးကို အထောက်အကူအများကြီးဖြစ်စေခဲ့ပါသေးတယ်။

ဒီနေ့ခေတ်ပညာရေးစနစ်အရ ကလေးသူငယ်တွေကိုသင်ကြားပေးတဲ့နေရာမှာ အချက်အလက်ကန့်သတ်ထားတာမျိုးတွေ မလုပ်တော့ပါဘူး။ ဒါ့အပြင် ဆရာတွေက ကလေးတွေရဲ့ ခံစားချက်တွေ၊ လူမှုဆက်ဆံရေးတွေ၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးတွေကိုပါ ထည့်ပြီးစဉ်းစားရတာကြောင့် ပညာရေးကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်သင်ကြားပေးတယ်လို့ပြောနိုင်ပါတယ်။ အလယ်ခေတ်အစ္စလာမ်သာသနာရဲ့ ပညာသင်ကြားရေး စနစ်ကလည်း ဒီနေ့ခေတ်နဲ့ ထူးမခြားနားပါပဲ။

၁၂ရာစု ဆီရီယားသမားတော်ကြီး အလ်-ရှေဇရီဟာ ကျောင်းသားတွေရဲ့ ကျန်းမာရေးမှတ်တမ်းတွေကို အသေးစိတ်ပြုစုခဲ့တဲ့အထောက်အထားကိုတွေ့ရပါတယ်။ ဒါ့အပြင်ကလေးတွေကို စာအရမ်းပိအောင်သင်ကြားတာမျိုးနဲ့ အားလပ်ချိန်မရှိအောင်သင်ကြားတာမျိုးက အကျိုးမရှိတဲ့အတွက် မလုပ်သင့်ဘူးလို့ အလ်-ရှေဇရီက ဝေဖန်ထောက်ပြထားပါသေးတယ်။
ဒိတ်ဒိတ်ကြဲအစ္စလာမ့်ပညာရှင်ကြီး (အီမာမ်) အလ်-ဂဇ္ဖာလီ ကလည်း “ကလေးငယ်တွေကို လှုပ်ရားကစားခြင်းကနေ ပိတ်ပင်ပြီး သူတို့လေးတွေရဲကနှလုံးသားကို စာပေ၀န်နဲ့ပဲ ဖိနေမယ်ဆိုရင် ချွန်မြနေတဲ့အရာကို တုံးအောင်လုပ်လိုက်သလို သူတို့ရဲ့ဘ၀လေးကို ၀န်ထုတ်ဝန်ပိုးဖြစ်အောင်လုပ်လိုက်တာပါပဲ။ ဒီလိုဖြစ်လာပြီဆိုရင်တော့ ကလေးငယ်ဟာ ပညာရေးကနေ ဘယ်လိုပြေးရမလဲဆိုတဲ့ ထွက်ပေါက်ကိုရှာလာနိုင်ပါတယ်” လို့ ဆုံးမခဲ့ပါတယ်။ အလ်-ဂဇ္ဖာလီက ကျောင်းသားတွေအတွက်ပညာသင်ကြားရေးကို စာတစ်မျိုးထဲမဟုတ်ပဲ ပြဇာတ်ရုံအသေးစားလေးတွေ၊ အားကစား၊ တိရစ္ဆာန်အရုပ်လေးတွေနဲ့ တွဲဖက်သင်ကြားသင့်တယ်လို့ ယုံကြည်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ အခုခေတ်အနောက်တိုင်းပညာရေးရဲ့ ရှေ့ဆောင်လမ်းပြလို့တောင်ပြောနိုင်ပါသေးတယ်။

အစောဆုံးကျောင်းများ
အစ္စလာမ့်ပညာရှင်ကြီး အိဗ်နေ့ ခလ်ဒွန်းကလည်း သူရဲ့ မုကဒ္ဒိမာဟ် ဆိုတဲ့စာအုပ်ထဲမှာ “ကလေးငယ်တွေကို ကုရ်အာန်ကျမ်းတော်မြတ်(ရဲ့နည်းလမ်းအတိုင်း)သင်ကြားပေးခြင်းက အစ္စလာမ်ဘာသာရဲ့ သင်္ကေတပဲဆိုတာ သိထားရပါမယ်။ မွတ်စလင်တွေအနေနဲ့ သူတို့တွေရဲ့မြို့တိုင်းမြို့တိုင်းမှာ ဒီလိုမျိုးလမ်းညွှန်ထားသင့်ပါတယ်။ ဒါမှသာ အစ္စလာမ်ဘာသာကို နှစ်နှစ်ကာကာယုံကြည်လာကြမှာဖြစ်ပြီး နှလုံးသားနဲ့ မွေ့လျော်နိုင်မှာဖြစ်ပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့အာယသ်တော်တွေထဲက ထုတ်နှုတ်ထားတာတွေရယ်၊ တမန်တော်မြတ် မုဟမ္မဒ်ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ် ရဲ့ နည်းစနစ်တွေ(စွန္နသ်တော်)နဲ့ ပေါင်းစပ်ပြီးသင်ကြားရပါမယ်” လို့ဖော်ပြထားပါတယ်။

အစ္စလာမ့်ကမ္ဘာရဲ့ ပထမဆုံးကျောင်းတွေကတော့ တော်တော်လေးကို နည်းစနစ်မကျခဲ့ဘူး။ ဗလီဝတ်ကျောင်းတော်တွေကို လူတွေကစုရပ်အနေနဲ့သဘောထားပြီး ပညာတတ် (အမျိုးသား/အမျိုးသမီး) တစ်ယောက်ဆီကနေ တစ်ဆင့်ပြန်သင်ကြတယ်၊ စာအုပ်တွေဖတ်ကြတယ်၊ အပြန်အလှန်သင်ပေးသင်ယူလုပ်ကြတယ်၊ အသိပညာတွေစည်းပူးကြပါတယ်။ အစ္စလာမ်ဘာသာရဲ့ ဒိတ်ဒိတ်ကြဲပညာရှင်ကြီးတချို့က ဒီနည်းလမ်းနဲ့ပဲ ပညာရည်နို့ သောက်သုံးခဲ့ကြတာပါ။ ဒါ့အပြင်သူတို့ရဲ့တပည့်တပန်းတွေကိုလည်း ဒီပုံစံအတိုင်းပဲ ဆက်လက်ပို့ချခဲ့ကြတယ်။ မဇ်ဟဗ် အစ္စလာမ်ဥပဒေသတွေချမှတ်ခဲ့ကြတဲ့ အီမာမ်ကြီးလေးပါးစလုံး (အီမာမ် အဗူဟနီဖာ၊ အီမာမ် မာလစ်၊ အီမာမ် ရှာဖီအီ၊ အီမာမ် အိဗ်နေ့ ဟမ်ဘလ်) က ဗလီဝတ်ကျောင်းပေါ်ကပညာရေးနဲ့ပဲ အသိပညာဆည်းပူးခဲ့ကြတာလို့ သိရပါတယ်။ နောက်ပြီးတော့ ဗလီဝတ်ကျောင်းတော်ပေါ်မှာပဲ အစ္စလာမ်ဥပဒေသတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

မွတ်စလင်ကမ္ဘာမှာရှိတဲ့ တချို့ကျောင်းတွေကတော့ အထက်က ဗလီဝတ်ကျောင်းတော်သင်ကြားရေး နည်းစနစ်ကိုပဲ ဆက်လက်ကျင့်သုံးခဲ့ကြတယ်။ အစ္စလာမ်ဘာသာဝင်တို့ရဲ့ အထွဋ်မြတ်ဆုံး နေရာသုံးခုဖြစ်တဲ့ မက္ကာဟ်မြို့မှ ဟရာမ်ဝတ်ကျောင်းတော်၊ မဒီနာမြို့မှ မက်စ်ဂျီဒီ အလ်-နဗ၀ီ၊ ယေရုဆလင်မြို့မှ မက်စ်ဂျီဒီ အလ်-အက္ကဆာတို့ကို ဖွင့်လှစ်ပေးထားပြီး မည်သူမဆိုလာရောင်ပူးပေါင်းနိုင်ပြီး အသိပညာတွေမျှဝေခွင့်ပေးထားပါတယ်။ အဲဒီမှာ ပညာရှင်တွေဟာ ပုံမှန်ထိုင်ပြီး သူတို့ရဲ့ အသိပညာတွေကို တစ်ဆင့်ပြန်လည်မျှဝေခဲ့ကြတယ်။ အချိန်ကြာလာတာနဲ့အမျှ ဆန်းသစ်တီထွင်မှုမှာ ရှေ့ပြေးခဲ့တဲ့ မွတ်စလင်တွေဟာ ပညာရေးအတွက် ရည်ရွယ်ပြီး အဆောက်အဦးတွေ သီးသန့်ဆောက်လုပ်လာကြပါတော့တယ်။

အခြေခံပညာရေးမှ အဆင့်မြင့်ပညာရေးသို့
၉၀၀ခုနှစ်လောက်ကို ပြန်ငှဲ့စောင်းကြည့်မယ်ဆိုရင် ကျောင်းသားငယ်လေးတွေက မက်သဗ်လို့ခေါ်တဲ့ အခြေခံပညာရေးကျောင်းတွေမှာ သင်ကြားခဲ့ကြပါတယ်။ ထုံးစံအားဖြင့် မက်သဗ်တွေကို ဗလီတွေနဲ့ တွဲလျှက်ဖွင့်ကြတယ်။ ဗလီရှေ့ဆောင် အီမာမ်ပဲဖြစ်ဖြစ်၊ အနီးအနားက မွတ်စလင်ပညာရှင်တစ်ပါးပါးဖြစ်ဖြစ် အဲဒီကျောင်းတွေမှာ ပညာဝင်သင်တတ်ကြပါတယ်။ အဲဒီအခြေခံကျောင်းတွေကတော့ အာရဗီစာ အရေး၊ အဖတ်၊ အခြေခံသင်္ချာနဲ့ အခြေခံ အစ္စလာမ့်ဥပဒေတွေကို သင်ကြားပေးတယ်လို့ ခြုံငုံသတ်မှတ်လို့ရပါတယ်။ တော်တော်များများ မွတ်စလင်ကလေးတွေကတော့ အဲဒီမက်သဗ်ကျောင်းတွေမှာပဲ ငယ်စဉ်ကျောင်းသားဘ၀ကို ဖြတ်သန်းခဲ့ကြတယ်လို့ ပြောနိုင်ပါတယ်။ မက်သဗ်ကျောင်းက သင်ရိုးညွှန်းတမ်းကုန်ဆုံးသွားရင် ကျောင်းသားတွေက အရွယ်ရောက်တဲ့အချိန်လောက် ဖြစ်သွားကြပြီး ကိုယ့်ဘ၀ကိုယ်ကျောင်း၊ ကိုယ့်အလုပ်ကို ကိုယ်ရှာလပ်ကြပါတော့တယ်။ ဒါမှမဟုတ်ရင်လည်း မဒ်ရဆာလို့ခေါ်တဲ့ အဆင့်မြင့်ပညာသင်ကြားပေးတဲ့ကျောင်းတွေတက်ရောက်ကြပါတယ်။
အရင်တုန်းကတော့ မဒ်ရဆာတွေကို ပုံမှန်အားဖြင့် ဗလီကြီးတွေနဲ့ တွဲလျှက်ဖွင့်လှစ်ကြပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် အီဂျစ်နိုင်ငံကိုင်ရိုမြို့က အလ်-အဇ်ဟရ် အစ္စလာမ်တက္ကသိုလ်ကြီး (၉၇၀ခုနှစ်တွင်ဖွင့်လှစ်)၊ မော်ရိုကိုနိုင်ငံ ဖစ်မြို့မှ အလ်-ကာရ၀ီန်းကျောင်းတော်ကြီး ( ၈၅၉ခုနှစ်တွင်ဖွင့်လှစ်)တို့ပါ။ အော်တိုမန်အင်ပါယာရဲ့ အဆင့်မြင့် ဆယ်ဂျက် ၀န်ကြီးတပါးဖြစ်တဲ့ နီဇမ် အလ်-မုလ်က်ရဲ့ အကျိုးကျေးဇူးနဲ့ တဖြည်းဖြည်းနဲ့ မွတ်စလင်ကမ္ဘာမှာ မဒ်ရဆာကျောင်းတွေအများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။ မဒ်ရဆာတွေမှာ ဘာသာရေးသိပ္ပံ၊ အာရဗီစတဲ့ ဘာသာရေးပညာရပ်တွေအပြင် ဆေးပညာ၊ သင်္ချာ၊ နက္ခတ်တာရာပညာ၊ သမိုင်း၊ ပထ၀ီ အစရှိတဲ့ ခေတ်နဲ့အညီ ပညာရပ်တွေကိုလည်း သင်ကြားပေးပါတယ်။ ၁၁၀၀ပြည့်နှစ်မှာတေ့ ကိုင်ရိုမြို့တစ်ခုထဲမှာပဲ မဒ်ရဆာပေါင်း ၇၅ကျောင်း ရှိခဲ့ပြီး ဒမတ်စကပ်မြို့မှာ ၅၁ကျောင်းနဲ့ အလက်ပိုမြို့မှာ ၄၄ကျောင်းအသီးသီးရှိခဲ့ပါတယ်။ မွတ်စလင်တွေအုပ်ချုပ်ခဲ့တဲ့ စပိန်ပြည် အလ်-အန်ဒလွတ်စ်မှာလည်း အဲဒီအချိန်မှာ မဒ်ရဆာပေါင်း ရာနဲ့ချီပြီးရှိနေပါပြီ။

အဲဒီမဒ်ရဆာတွေကို ကမ္ဘာ့ပထမဆုံး ခေတ်မီတက္ကသိုလ်တွေလိုယူဆလို့ရပါတယ်။ ဘာသာရပ်တစ်ခုဆီအတွက် သီးသန့်အချိန်၊ အတန်းတွေခွဲထားပြီး သက်ဆိုင်ရာဘာသာရပ်ကိုအထူးကျွမ်းကျင်တဲ့ အိတ်စပတ်နဲ့သာ သင်ကြားပေးပါတယ်။ ကျောင်းသားတွေကပညာသင်ကြားရေးကိုပဲအထူးအာရုံစိုက်ကြပြီး နှစ်ပေါင်းတော်တော်ကြာအောင် ပရော်ဖက်ဆာတွေအများအပြားလက်အောက်မှာ သေသေ၀ပ်ဝပ်ပညာရည်အပြည့်ရယူကြရပါတယ်။ အိဗ်နေ့ ခလ်ဒွန်းရဲ့ပြောကြားချက်အရဆိုရင် အဲဒီအချိန်ကပညာရေးသင်ရိုးညွှန်းတမ်းတစ်ခုက ၁၆နှစ်ကြာတယ်လို့ မှတ်သားရတယ်။
အဲဒီ curriculum သင်ရိုးညွှန်းတမ်းတစ်ခုပြီးပြီဆိုရင် ကျောင်းသားက အီဂျာဇာ (Ijaza) လို့ခေါ်တဲ့ ဘွဲ့လက်မှတ်လိုင်စင်တစ်ခုရပါတယ်။ အဲဒီလိုင်စင်ကတော့ သူ့အနေနဲ့ သက်ဆိုင်ရာသင်ရိုးညွှန်းတမ်းကို ပြီးဆုံးအောင်မြင်သွားကြောင်းနဲ့ ဆရာအဖြစ်ပြန်လည်ပို့ချဖို့အတွက် အရည်အသွေးပြည့်မှီကြောင်း လက်မှတ်ပါ။ အီဂျာဇာလက်မှတ်ကို ဖြစ်နိုင်ရင် ကျောင်းသားအကြောင်း လက်ပွန်းတသီးသိတဲ့ ဆရာကပဲ ပေးရပါတယ်။ အီဂျာဇာဘွဲ့လက်မှတ်က သင်ရိုးညွှန်းတမ်းတစ်ခုပြီးဆုံးကြောင်းပေးအပ်ချီးမြှင့်တဲ့ ပထမဆုံးလက်မှတ်ဖြစ်ခဲ့ပြီး ဒီကနေ့ခေတ် ဒစ်ပလိုမာလက်မှတ်တွေနဲ့ အလားသဏ္ဍန်တူပါတယ်။

အစ္စလာမ့်ပညာရေးနဲ့ အမျိုးသမီးများအခန်းကဏ္ဍ
မသမာသူတွေစွတ်စွဲသလိုမျိုး မွတ်စလင်အမျိုးသမီးတွေက ပညာသင်ကြားခွင့်မရှိဘူး၊ တပါးသူကိုပညာပြန်လည်ပို့ချခွင့်မရှိဘူးဆိုတာ ထွင်လုံးဖြီးလုံးတွေသာဖြစ်ပြီး လုံးဝယုတ္တိမတန်ပါဘူး။ အစ္စလာမ့်သမိုင်းတစ်လျှောက်မှာ အမျိုးသမီးတွေရဲ့ပညာရေးကို အမြဲတမ်းဦးထိပ်ပန်ဆင်ခဲ့ပါတယ်။ မွတ်စလင်အမျိုးသမီးတွေရဲ့ ပညာရေးကို စတင်ခဲ့သူကတော့ တခြားသူမဟုတ်ပါဘူး။ မဟာတမန်တော် မုဟမ္မဒ်ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ် ၏ ဇနီးတော် အာအေရှာသခင်မပဲဖြစ်ပါတယ်။ သူ့ခေတ်သူ့အခါက အာအေရှာသခင်မဟာ ထိပ်သီးပညာရှင်တစ်ပါးဖြစ်ခဲ့သလို တမန်တော်မြတ် ၀ဖားသ်ဖြစ် (ကွယ်လွန်)ပြီးနောက်ပိုင်းမှာလည်း မဒီနာမြို့က လူတွေကို ဆရာမအဖြစ် ပညာသင်ကြားပေးခဲ့ပါသေးတယ်။

အာအေရှာသခင်မနောက်ပိုင်းမှာလည်း အစ္စလာမ့်ပညာရေးမှာ အမျိုးသမီးတွေဦးစီးဦးဆောင်မှုပြုလုပ်ခဲ့တဲ့ အခန်းကဏ္ဍတွေရှိပါတယ်။ မွတ်စလင်ကမ္ဘာရဲ့ ဗလီဝတ်ကျောင်းတော်ပညာရေးမှာလည်း အမျိုးသမီးတွေအနေနဲ့ အစ္စလာမ်ဝတ်စားဆင်ယင်မှုနဲ့အညီ ပညာသင်ယူခွင့်ရှိပါတယ်။ မဒ်ရဆာတွေမှာလည်း ပညာသင်ယူခွင့်ရှိသလို ဆရာမအနေနဲ့ စာပြန်သင်ခဲ့တဲ့ မွတ်စလင်ပညာတတ်အမျိုးသမီးတွေ ဒုနဲ့ဒေးပါ။ ၁၂ရာစု ပညာရှင်ကြီး အိဗ်နေ့ အဆာကိရ် (သူပြုစုခဲ့တဲ့ ဒမတ်စကပ်မြို့ရဲ့သမိုင်းကြောင်းစာအုပ် Tarikh Dimashq နဲ့အတူထင်ရှားလာသူ) ကတော့ မွတ်စလင်ဆရာမ အယောက် ၈၀ထံမှာပညာဆည်းပူးခဲ့ပါသတဲ့။

ပညာရေးမှာ ဒိတ်ဒိတ်ကြဲထင်ရှားခဲ့တဲ့ မွတ်စလင်အမျိုးသမီးအနည်းငယ်ကို ဆက်လက်ဖော်ပြရမယ်ဆိုရတော့ …

(၁) ကမ္ဘာ့ ပထမဆုံး မဒ်ရဆာစာသင်ကျောင်း၊ ၈၅၉ခုနှစ်ကတည်ဆောက်ခဲ့တဲ့ မော်ရိုကိုနိုင်ငံ ဖစ်မြို့က University of al-Karaouine (အလ်-ကာရ၀ီန်း တက္ကသိုလ်ကြီး)ကို တည်ထောင်ခဲ့သူကတော့ ကြွယ်ဝတဲ့လူကုံထံမွတ်စလင်အမျိုးသမီး ဖာတီမာ အလ်-ဖိဟ်ရီ ပါတဲ့။

(၂) ကမ္ဘာကျော်အဘာစီခလီဖာကြီး ဟာရူန်း အလ်-ရရှီဒ်းရဲ့ ကြင်ယာတော် ဇူဘေဒါသခင်မကလည်း ဟိဂျာဇ်နယ်မှာ ဗလီဝတ်ကျောင်းတော်၊ စာသင်ကျောင်း။ လမ်းးနဲ့ ရေတွင်းတွေတည်ဆောက်တူးဖော်ဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ အလှူငွေထည့်ဝင်ခဲ့ရာမှာထင်ရှားပါတယ်။ သူ့ရဲ့ကြိုးပမ်းမှုကြောင့် ဒေသတစ်ခွင်မှာ လူတော်တော်များများ ပညာရရှိခဲ့ပါတယ်။
(၃) အော်တိုမန်ဆူလတန် ဆူလိုင်မန်ရဲ့ ကြင်ယာတော် ဟူရ်ရမ်ဆူလတန်ဟာလည်း မဒ်ရဆာကျောင်းအများအပြား တည်ထောင်ခဲ့သူလို့နာမည်ကြော်ကြားပါတယ်။ အခြားအခြားသော လှူဒါန်းမှုတွေအပြင် ဆေးရုံ၊ ရေချိုးကန်၊ မီးဖိုဆောင်အများအပြားလည်းလှူဒါန်းခဲ့ပါသေးတယ်။
(၄) ဒမတ်စကပ်က အိုင်ယူဘီမင်းဆက် (၁၁၇၄-၁၂၆၀) တုန်းကလည်း မဒ်ရဆာကျောင်းတွေ၊ ဗလီတွေ၊ ဘာသာရေးအထိမ်းအမတ်တွေကို မွတ်စလင်အမျိုးသမီးကပဲဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။

ဥရောပရဲ့အလယ်ခေတ်ကနေ ၁၈၀၀-၁၉၀၀လောက်ထိအောင် အမျိုးသမီးတွေကို အဖက်ဖက်ကဖိနှိပ်ချုပ်ချယ်ပြီး ကျွန်သာသာသာ ဆက်ဆံခဲ့ကြပေမယ့်လည်း မွတ်စလင်တွေကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀လောက်ကတည်းက ပညာရေးမှာ အမျိုးသမီးတွေကို ဦးထိပ်ပန်ဆင်ခဲ့ကြပါတယ်။ အမျိုးသမီးတွေကို ဒုတိယတန်းစားအဖြစ်ထားလား မထားလားဆိုတာကိုတော့ သမိုင်းမှန်သိသူတိုင်း၊ လေ့လာဘူးသူတိုင်း သိရှိမှာပါ။ ဒုတိယတန်းစားထားဖို့ဝေးပါသေးတယ်၊ အမြဲတမ်းထိပ်တန်းမှာထားခဲ့ကြတယ်။

မျက်မှောက်ခေတ်ကာလပညာရေး
တစ်ခေတ်တစ်ခါက မဒ်ရဆာပညာရေးက ဒီနေ့ထိအောင်ဆက်လက်ရှင်သန်နေဆဲပါ။ ဒါပေမယ့်လည်း ပုံစံတော့ကွဲပြားသွားပါပြီ။ ပုံစံကွဲပြားသွားရတဲ့အဓိကအကြောင်းအရင်းကတော့ ၁၈၀၀ပြည့်နှစ်လွန်ပိုင်းမှာ ဥရောပသားတွေ မွတ်စလင်ကမ္ဘာကိုကျူးကျော်မှုလို့ပြောလို့ရပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် အော်တိုမန်အင်ပါယာဆူလတန်ရဲ့ ပြင်သစ် စီကျူလာအကြံပေးအရာရှိတွေက ပညာရေးစနစ်ကို ဘာသာရေးမပါတဲ့ သင်ရိုးညွှန်းတမ်းဖြစ်အောင်ပြောင်းလဲဖို့အကြံပြုတဲ့အတွက် အစ္စလာမ့်ပညာရေးစနစ်ကို မြေလှန်လိုက်သလိုဖြစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဥရောပသင်ရိုးညွှန်းတမ်းတွေကိုနှစ်ပေါင်း ရာချီကျော်အောင် အစားထိုးသင်ဖြစ်သွားခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မဒ်ရဆာပညာရေးစနစ်ကတော့ အော်တိုမန်အစိုးရ ကျောထောက်နောက်ခံမရှိပေမယ့်လည်း ဆက်လက်ရှင်သန်ခဲ့တဲ့အပြင် မျက်မှောက်ခေတ် မွတ်စလင်ကမ္ဘာထဲမှာပါ အမြစ်တွယ်နေဆဲပါ။
အရင်ကအော်တိုမန်အင်ပါယာထဲမှာပါခဲ့တဲ့ ဒီနေ့ခေတ်သစ်နိုင်ငံတွေကတော့ ဥရောပသင်ရိုးညွှန်းတမ်းအတိုင်းပဲ ရှေ့ဆက်သွားနေဆဲပါ။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ဥရောပပညာရေးစနစ်အရ အထက်တန်းကျောင်းမှာ နောက်ဆုံးနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဘယ်လောက်ထိအောင် စွမ်းဆောင်ရည်ရှိသလဲဆိုတဲ့ အပေါ်မှာမူတည်ပြီး မေဂျာဘာသာရပ်တွေကို ခွဲခဲ့ပါတယ်။ အကယ်လို့ကျောင်းသားတစ်ယောက်က အမှတ်မြင့်မြင့်နဲ့အောင်မြင်ပြီဆိုရင် ဆေးပညာ ဒါမှမဟုတ် အင်ဂျင်နီယာပညာရပ်ကိုသင်ကြားခွင့်ရပါတယ်။ အမှတ်နိမ့်နိမ့်နဲ့အောင်ပြီဆိုရင်တော့ အစ္စလာမ့်သိပ္ပံနဲ့ပညာရေးကိုစည်းပူးခွင့်ရပါတယ်။ ရှင်းရှင်းပြောရရင် အစ္စလာမ့်ပညာရေးကိုချောင်ထိုးလိုက်တဲ့သဘောပါ။

ခေတ်သစ်ဥရောပပညာရေးစနစ်က မွတ်စလင်ကမ္ဘာအနှံ့မှာ ခြေကုပ်ရယူနိုင်ခဲ့ပေမယ့်လည်း မိရိုးဖလာ အစ္စလာမ့်ပညာရေးစနစ်ကတော့ ရှင်သန်နေဆဲပါပဲ။ အလ်-အဇ်ဟရ်တက္ကသိုလ်၊ အလ်-ကာရ၀ိန်းတက္ကသိုလ်နဲ့ ဒီယိုဘန်မှာရှိတဲ့ ဒါရူလ်အုလူမ်းတက္ကသိုလ်ကြီးတွေကတော့ အစ္စလာမ့်ပညာရေးနဲ့ စီကျူလာသိပ္ပံပညာရေးကို တွဲဖက်သင်ကြားပေးနေပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ အစ္စလာမ့်သမိုင်းကြောင်းထဲက မွတ်စလင်ပညာရှင်ကြီးတွေ တစိုက်မတ်မတ်ကျင့်သုံးပြီး မျိုးစေ့ချပေးခဲ့တဲ့ အစ္စလာမ့်ပညာရေးစနစ်ကိုအထင်လည်းမသေးပါနဲ့။ အစ္စလာမ်သမိုင်း ရွှေရောင်ဝင်းခဲ့တဲ့အချိန်ကာလကို အစ္စလာမ့်ပညာရေးတစ်ခုထဲနဲ့ မောင်းနှင်ခဲ့တာပါ။

ဒီနေ့ခေတ်စကားနဲ့ပြောရမယ်ဆိုရင် လောကီပညာနဲ့ လောကုတ္တရာပညာ (ဘာသာရေးနဲ့ ခေတ်ပညာ) နှစ်ခုလုံးကိုတွဲဖက်သင်ကြားဖို့အရေးကြီးပါတယ်။ သာသနာ့ပညာရေးအခြေခံရှိမှသာ မိမိကိုယ်ကိုယ်ထိမ်းကျောင်းနိုင်မှာပါလို့ယုံကြည်ပါတယ်။ ဒါ့အပြင်အစ္စလာမ်ဘာသာနဲ့ပတ်သက်တဲ့ အချက်အလက်အမှန်တွေကို တုံ့ပြန်ဖြေရှင်းနိုင်မှာဖြစ်သလို ကမ္ဘာ့လူသားထုကြီးကိုလည်း “ငါတို့အစ္စလာမ်ဟာ ဒီလိုရှိတယ်” ဆိုပြီး ချပြနိုင်မှာလို့ယုံကြည်ပါကြောင်း … ။

Bibliography:
Ibn Khaldūn. The Muqaddimah, An Introduction To History. Bollingen, 1969. Print.
Lindsay, James E. Daily Life in the Medieval Islamic World. Indianapolis: Hackett Publishing Company, Inc., 2005. Print.
Morgan, M. Lost History. Washington D.C. : National Geographic Society, 2007. Print.
Via Lost Islamic History
10:30pm
6-Nov-14
(စတီဗင်)




((အလ်မုဖီးဒ်))
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Installလုပ်ထားပါ။

Sunday, October 26, 2014

စူရဟ်အချို့


တမန်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလာမ်) ၏ အိုမင်းရင့်ယော်သည့်ပုံသဏ္ဍာန်
ဗိစ်မစ်လ္လာဟိစ်ရ်ရဟ်မာနစ်ရ်ရဟီးမ်

ဟဇရသ် အိဗ်နေအဗ္ဗားစ်(ရဟ) ဆင့်ပြန်ခဲ့သည်။ ဟဇရသ် အဗူဗကရ်(ရဟ)က ယာရစူလလ္လာဟ် (ဆွလ္လာဟုအလိုင်ဟိဝစလာမ်) ကိုယ်တော်သည် အိုမင်းရင့်ရော်သည့် သဏ္ဍာန်ဖြစ်နေပါသည်ဟု လျှောက်တင်ရာ ကိုယ်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလာမ်) ကငါကိုယ်တော်အား စူရဟ်ဟူးဒ်၊ စူရဟ်ဝါကိအဟ်၊ စူရဟ်မွရ်စလာသ်၊ စူရဟ်အမ္မာယသစာအလူန်နှင့် စူရဟ်အိဇက်ရှ်ရှမ်ဆုကုဝိရသ်တို့က အိုမင်းရင့်ရော်စေခဲ့ပါသည်ဟု အမိန့်ရှိတော်မူလေသည်။(သစ်ရ်မေဇီကျမ်း)

ရှင်းလင်းချက်။ ။ ဤစူရဟ်များ၌ ကိယာမသ်၊ အာခိရသ်နှင့် တရားခံအပြစ်ကျူးလွန်သူများနှင့် စပ်လျဉ်း၍ အရှင်မြတ်၏ ကြောက်မက်ဖွယ်အဇာဗ်ပြစ်ဒဏ်များ အကြောင်းကို ဖော်ပြထားသဖြင့် ဇရာထောင်း၍ အိုမင်းရင့်ရော်စေခြင်းဖြစ်သည်။ (မွန်သခဗ်အဟာဒီးစ်ကျမ်း မှ တင်ပြသည်)
***အာခိရသ်ရဲ့နူရ်***
((အလ်မုဖီးဒ်မှ တင်ဆက်သည်))
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

ကုန်ဆုံးနေသော ဒွန္နယာသက်တမ်း


ဗိစ်မစ်လ္လာဟိစ်ရ်ရဟ်မာနစ်ရ်ရဟီးမ်
ဟဇရသ် ခါလစ်ဒ်ဗင်န်အုမိုင်ရ်အဒဝီ(ရဟ)ဆင့်ပြန်ခဲ့သည်။ ဟဇရသ် အွတ်သ်ဗဟ်ဗင်န်ဂဇ်ဝါန်(ရဟ)က ကျွန်ုပ်တို့အား ဟောကြားတင်ပြသည်။ ဦးစွာ ၎င်းက အလ္လာဟ်(စုဗ်ဟာနဟုသအာလာ)အား ဟမ်ဒိုစနာ ချီးမွမ်းထောမနာပြုပြီးနောက် အမိန့်ရှိတော်မူသည်မှာ မုချဧကန် ဤဒွန္နယာလောကသည် မိမိကိုယ်တိုင်ပျက်စီးယိုယွင်းမှုနှင့် နောက်ဆုံးအချိန်သို့ ဆိုက်ရောက်နေကြောင်းကို ကြွေးကြော်ခဲ့ပေပြီ။ ပြီးနောက် ၎င်းသည်အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ကျောပေး၍ ပြေးနေပေပြီ။ ၎င်းဒွန္နယာသည် အနည်းအကျဉ်းမျှသာ ကျန်နေပေတော့သည်။ ပမာဆိုသော်ခွက်တစ်ခုတွင် သောက်ရန် အရည်အနည်းငယ်ကျန်ရှိနေခဲ့သည်။ ၎င်းကို လူတို့သည် စုပ်ယူလိုက်သကဲ့သို့ဖြစ်သည်။ အသင်သည် ဤဒွန္နယာလောကမှ ကျောခိုင်းပြီး အမြဲတည်နေမည့်နေအိမ်ဌာနသို့ ထွက်ခွာ ပြောင်းရွှေ့ရဦးမည်။
ထို့ကြောင့်ပင် အသင်တို့ထံ၌ရှိသောအကောင်းဆုံးအရာများ(ကောင်းမှုကုသိုလ်)ကို ယူဆောင်၍ အသင်တို့ ၎င်းဌာနသို့ သွားကြလေကုန်။ ဂျဟန္နမ်၏ နှုတ်ခမ်းဝမှ ကျောက်ခဲတစ်လုံးကိုယူ၍ ဂျဟန္နမ်ထဲသို့ ပစ်ချလိုက်ပါမူ ကျောက်ခဲသည် နှစ်(၇၀)ကျော်တိုင် ကျဆင်းနေသော်လည်း ၎င်း၏အောက်ဆုံးသို့ ဆိုက်ရောက်သေးမည်မဟုတ်သေးကြောင်း၊ ကျွန်ုပ်တို့အား အသိပေးခြင်းခံခဲ့ရသည်။ အသင်တို့သည် အံ့သြနေကြပါ၏လော။ ၎င်းထိုမျှ နက်ရှိုင်းသော ဂျဟန္နမ်သည် အရှင့်ကစမ်၊ တစ်နေ့သောအခါလူများဖြင့် ပြည့်နှက်သွားကြပေလိမ့်မည်သာ။ ၎င်းပြင် ဂျန္နသ်ရှိ တံခါးပေါက်တစ်ခု၏ တံခါးရွက်နှစ်ခု၏ အကွာအဝေးသည် နှစ်ပေါင်း(၄၀) ခရီးမျှကွာဝေးသည်။ သို့သော်လည်း ဤမျှကျယ်ဝန်းသောတံခါးပေါက်သည်လည်း လူတို့ဖြင့် ပြည့်နှက်နေဦးမည်သာ။

ကျွန်ုပ်သည်ထိုခေတ်အခါကိုလည်း မှီခဲ့ပေသည်။ ကျွန်ုပ်တို့ခုနစ်ဦးသည် တမန်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလာမ်) နှင့် အတူရှိနေခဲ့သည်။ ၎င်းကျွန်ုပ်တို့ စားသောက်ရန်အတွက်လည်း သစ်ရွက်များသာရှိခဲ့သည်။ ၎င်းသစ်ရွက်များကိုသာနေ့စဉ်ရက်ဆက် စားသောက်ရသဖြင့် ကျွန်ုပ်တို့၏ ပါးစောင်များသည်ပင် ဒဏ်ရာများ ရရှိလာပေသည်။ ကျွန်ုပ်သည် စောင်တစ်ထည်ရှိလေရာ တစ်ပိုင်းကို ကျွန်ုပ်က ပုဆိုးအဖြစ် အသုံးပြုရ၏။ ကျန်တစ်ပိုင်းကို စအဒ်ဗင်န်မာလစ်က်က ပုဆိုးအဖြစ်အသုံးပြုလေ၏။ ယခုအခါတွင်မူ ကျွန်ုပ်တို့အနက် တစ်ဦးစီတိုင်းသည် မြို့တစ်မြို့၏ မြို့ပိုင်များအဖြစ် ခန့်အပ်ခံကြရပေသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို မိမိကြီးကျယ်မြင့်မြတ်သည်ဟု ထင်မြင်ယူဆနေပြီး အလ္လာဟ် (စုဗ်ဟာနဟုသအာလာ) ထံ၌ သေးသိမ်ယုတ်ညံ့နေသည့်အဖြစ်မျိုးမှ ကင်းဝေးဗရန် အရှင်မြတ်ထံတော်၌ ခိုလှုံဆည်းကပ်ပါ၏။ နဗူဝသ်၏ နည်းစနစ်သည် ချုပ်ငြိမ်းကုန်ဆုံးသွားခဲ့ပေပြီ။ ၎င်းနေရာသို့ ဘုရင်စနစ်အစားထိုး ဝင်ရောက်လာခဲ့ပေပြီ။ ကျွန်ုပ်မရှိပြီးသည့်နောက် အသင်တို့သည် အခြားဦးစီးခေါင်းဆောင်များကိုလည်း တွေ့ကြုံကြရပေလိမ့်မည်။ (လက်တွေ့မြင်ကြရပေလိမ့်မည်) (မွတ်စ်လင်မ်ကျမ်း) မွန်သခဗ်အဟာဒီးစ်ကျမ်း မှ ကောက်နှုတ်တင်ပြသည်။
***အာခိရသ်ရဲ့နူရ်***
မိုဟရမ် (၁) ရက်။
((အလ်မုဖီးဒ်မှ တင်ဆက်သည်))
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Friday, October 24, 2014

နမားဇ်များ ဖြည့်စွက်ခြင်းနှင့် သက်ဆိုင်သည့်ပညတ်ချက်ချက်များ


နမားဇ်ဝတ်ပြုခြင်း၏ အကြောင်း
((မော်လာနာမုဟမ္မဒ်မူစာဆွာဟိဗ် ဘာသာပြန်မှ ပြန်လည်ဖော်ပြသည်))
နမားဇ်သည် နဗီရစူလ် (အလိုင်ဟေမွတ်စ္စလာမ်) သခင်တိုင်း၏ ရှရီအသ်တွင် ပါရှိစမြဲဖြစ်သည်။ အာဒမ်သခင် (အလိုင်ဟစ္စလာမ်) မှ စ၍ အားလုံးသော နဗီရစူလ်များ၏ အုမ္မသ်များအပေါ်တွင် ဖရ်ဇ်ဖြစ်ခဲ့သည်။ သို့သော် တစ်ပါးနှင့် တစ်ပါးတွင် နည်းဥပဒေ သတ်မှတ်မှုသာ ကွဲပြားမှုရှိခဲ့သည်။
မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ထံတော်တွင် နမားဇ်ဝတ်ပြုခြင်းသည် အလွန်ကြီးကျယ်သော အဆင့်အတန်းဖြစ်လေသည်။ မည်သည့်ခဝပ်မှုမျှ အရှင်မြတ်ထံတော်တွင် နမားဇ်ထက်ပိုမိုနှစ်ခြိုက်သော အရာမရှိချေ။ အလ္လာဟ်အရှင်မြတ်က မိမိ၏ ဗန္ဒာကျေးကျွန်များအပေါ်၌ နမားဇ်ဝတ်ပြုရန် တစ်နေ့လျှင် ငါးကြိမ် ဖရ်ဇ်သတ်မှတ်ထားလေသည်။ ထိုငါးကြိမ်ဖတ်ရွတ်ခြင်း၌ ကြီးမားသော စဝါးဗ်ကုသိုလ်ရရှိလေသည်။ ထိုငါးကြိမ်ကို မဖတ်ဘဲ စွန့်လွှတ်ထားလျှင် ကြီးမားသော အပြစ်အကုသိုလ်ဖြစ်လေသည်။
ဟဒီးဒ်သြဝါဒ မိန့်ခွန်းတော်တွင် လာရှိသည်မှာ အကြင်သူသည် ကောင်းမွန်စွာ ဝုဇူပြု၍ အလွန်စိတ်ပါဝင်စားစွာဖြင့် စနစ်တကျ နမားဇ်ဖတ်ရွတ်ပါလျှင် အလ္လာဟ်အရှင်မြတ်က ကေယာမသ်ကမ္ဘာ့တရားစီရင်တော်မူမည့်နေ့၌ ထိုသူ၏ သေးငယ်သော မကောင်းမှုအပေါင်းကို ခွင့်လွှတ်ချမ်းသာပေးတော်မူ၍ ဂျန္နသ်သုခဘုံကို ပေးသနားတော်မူအံ့။
ကိုယ်တော်မြတ် မိန့်တော်မူသည်မှာ နမားဇ်ဝတ်ပြုခြင်းသည် သာသနာ၏ တိုင်ဖြစ်၏။ အကြင်သူ နမားဇ်ကို ကောင်းစွာဖတ်လျှင် ထိုသူသည် သာသနာကို တည်ဆောက်သူမည်၏။ အကြင်သူသည် ထိုနမားဇ်ကို စွန့်လွှတ်ပါမူ သာသနာတော်ကို ဖြိုဖျက်သူမည်၏။
ထို့ပြင် မိန့်တော်မူသည်မှာ ကေယာမသ်နေ့တွင် အားလုံးသောအရာ (အမှုကိစ္စ) တို့ထက် အဦးဆုံး နမားဇ်ကို စစ်မေးတော်မူမည်။ ထို့ပြင် နမားဇ်ကို အစဉ်ဖတ်သူတို့၏ မျက်နှာနှင့် ခြေ လက် စသည်တို့တွင် ကေယာမသ်နေ့၌ နေမင်းကဲ့သို့ လင်းဝင်းတောက်ပလျက်ရှိအံ့။ နမားဇ်မဖတ်သူတို့သည် ထိုစည်းစိမ်မှ လက်မဲ့ဖြစ်ကြအံ့။
ထို့ပြင် တမန်တော်မြတ် မိန့်တော်မူသည်မှာ .... နမားဇ်ကို စွဲမြဲသူတို့သည် ကေယာမသ်နေ့တွင် နဗီတမန်တော်များ၊ ရှဟီဒီသာသနာ့အာဇာနည်များ၊ ဝလီသူတော်စင်များနှင့် အတူတကွ နေကြရအံ့။ နမားဇ်ကို မဖတ်သောသူများသည် ဖိရ်အောင်န်၊ ဟာမာန်၊ ကာရူန် စသော သူယုတ်မာကာဖိရ်များနှင့် အတူနေရအံ့။ ထို့အတွက်ကြောင့် နမားဇ်ကို ဖတ်ကြရန် အလွန်အရေးကြီးလေသည်။ မဖတ်ဘဲ နေကြလျှင် လောကီ၊ လောကုတ္တရာ နှစ်ဌာနစလုံးတွင် အဆုံးရှုံးကြီး ဆုံးရှုံးရမည် ဖြစ်လေသည်။
ထို့ထက်ပို၍ အဘယ်ဆုံးရှုံးမှု ရှိနိုင်အံနည်း။ နမားဇ်မဖတ်သူတို့၏ (ဟရှရ်) အဆုံးသည် ကာဖိရ်များနှင့်အတူ ထကြရလေသည်။ နမားဇ်မဖတ်သူတို့သည် ကာဖိရ်တို့နှင့် တန်းတူအထင်ခံရမည်။ (အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံပါ၏) နမားဇ်မဖတ်ခြင်းသည် အဘယ်မျှပင် မကောင်းသောအရာဖြစ်သနည်း။
နမားဇ်ဆောက်တည်ရန် တာဝန်မရှိသူတို့မှာ ရူးသွတ်သူ၊ အရွယ်မရောက်သေးသော ယောက်ျားလေးနှင့် မိန်းကလေးတို့မှ ကျန်ရှိသူအားလုံးအပေါ်တွင် နမားဇ်သည် ဖရ်ဇ် အဓိကတာဝန် ၊ မလုပ်မနေရတာဝန် တစ်ရပ်ဖြစ်ပေသည်။
သို့ရာတွင် သားသမီးများအား အသက် ၇ နှစ်အရွယ်သို့ရောက်လျှင် မိဘတို့သည် နမားဇ်ဖတ်ရန် အမိန့်ပေးရမည်။ ဆယ်နှစ်အရွယ်သို့ရောက်သော် နမားဇ်မဖတ်ခဲ့လျှင် ရိုက်၍ နမားဇ်ဖတ်ခိုင်းရမည်။
နမားဇ်ကို စွန့်လွှတ်ရန် မည်သည့်အခါ မည်သည့်အချိန်မျှ အခွင့်မရှိ။ မည်သည့်နည်းဖြင့်မဆို တက်နိုင်သရွေ့ နမားဇ်ကို မုချဖတ်ကို ဖတ်ရမည်ဖြစ်သည်။
အကယ်၍ နမားဇ်ဖတ်ရန် မေ့လျော့သွားသဖြင့်သော်လည်းကောင်း၊ လုံးဝသတိမရသဖြင့် အချိန်ကုန်လွန်သွားမှ မိမိနမားဇ်မဖတ်ရသေးကြောင်း သတိရလာသော်၊ သို့မဟုတ် မျက်စိမဖွင့်နိုင်အောင် မိန်းမောအိပ်ပျော်သွားသော်လည်းကောင်း နမားဇ်သည် ကဿွာဖြစ်သွားလျှင် ဤသို့သောအခါမျိုး၌ အပြစ်မဖြစ်ချေ။ သို့ရာတွင် သတိရလျှင်ရချင်း မျက်စိဖွင့်လျှင် ဖွင့်ချင်း ဝုဇူပြု၍ ချက်ချင်း ကဿွာနမားဇ်ဖတ်ရန် ဖရ်ဇ်ဖြစ်လေသည်။ သို့သော် မက္ကရူးဟ်အချိန်ဖြစ်နေလျှင် ခေတ္တဆိုင်းငံ၍ အချိန်ကျော်သွားသည်ကို စောင့်လိုက်ရမည်။ ဤအတိုင်းပင် မူးမေ့သတိလစ်သွားသဖြင့် မဖတ်ရသေးသော နမားဇ်များအတွက်လည်း အပြစ်မရှိချေ။ သို့ရာတွင် သတိပြန်ရလာပြီးနောက် ချက်ခြင်းပင် ကဿွာဖတ်လိုက်ရမည်။
(၁)။ မတ်စ်အလဟ်
အမျိုးသမီးတစ်ယောက်သည် ကလေးမွေးဖွားလျက်ရှိရာ သားငယ်သည် အပြင်သို့မထွက်သေးဘဲ တဝက်သာထွက်နေလျှင် ဤအချိန်မျိုး၌ပင် အကယ်၍ သတိမလစ်ဟင်းလျှင် နမားဇ်ဝတ်ပြုရန် ဖရ်ဇ်ဖြစ်လေသည်။ ကဿွာပြုလုပ်ခြင်း မပိုင်ချေ။
အကယ်၍ နမားဇ်ဝတ်ပြုနေလျှင် ကလေး၏ အသက်ကို စိုးရိမ်ရသော် နမားဇ်ကို အဿွာပြုခြင်း ပိုင်၏။ ဤနည်းပင် ဝမ်းဆွဲလက်သည်တို့သည် အကယ်၍ နမားဇ်ဝတ်ပြုနေလျှင် ကလေး၌ ဒုက္ခဖြစ်မည်ဟု စိုးရိမ်ရသော် ဤသို့သော်အချိန်မျိုး၌ ဝမ်းဆွဲမသည်လည်း နမားဇ်ကို ကဿွာပြုခြင်း ပိုင်၏။ သို့ရာတွင် ယင်းသူတို့အားလုံးသည် ကဿွာကို လျှင်မြန်စွာ ဖတ်ကြရမည် ဖြစ်လေသည်။
ကဿွာဆောက်တည်ခြင်းနှင့် သက်ဆိုင်သည့် မတ်စ်အလဟ် (ပညတ်ချက်) များ
((အလ်မုဖီးဒ် မှ ဘာသာပြန်သည်။))
(၁) ဖရပ်ဇ်ဖြစ်သည့် မည်သည့်နမားဇ်ကိုမဆို လွတ်သွားပါက သတိရသည့်အချိန် ချက်ခြင်းပင် ဖြည့်စွက်လိုက်ရမည်။ အကြောင်းမဲ့ ကဇွာပြုခြင်းကို ကြန့်ကြာစေခြင်းသည် ဂုနာ (အပြစ်) ထိုက်စေသည့် လုပ်ရပ်ဖြစ်ပေသည်။ (အကြောင်းမဲ့ဟူသည့် စာသား၏ ဆိုလိုရင်းမှာ ကျန်းမာရေး၊ အသက်အန္တရာယ်၊ သေရေး ရှင်ရေး စသည့် အရေးတကြီးကိစ္စ တစ်စုံတစ်ရာမရှိခြင်းကို ဆိုလိုသည်။ လောကီငွေကြေးရှာဖွေမှု၌ လုံးပမ်းနေခြင်းနှင့် ရောင်းဝယ်ရေးကိစ္စများ၊ စားသောက်ရန် ချက်ပြုတ်ရသည့် ကိစ္စများသည် သာသနာမှပြဆိုသည့် ခိုင်လုံသည့် အကြောင်းပြချက်မဟုတ်ပေ။)
တစ်ဦးတစ်ယောက်သည် နမားဇ်ကဇွာဖြစ်သွားသည်။ သို့သော် ယင်းကဇွာကို ချက်ခြင်းမဖြည့်စွက်ပေ။ မည်သည့်နေ့၊ ရက် ရောက်မှ ဖြည့်စွက်မည်ဟု သတ်မှတ်၍ ကဇွာဖြည့်ခြင်းကို ရွှေ့ဆိုင်းလိုက်သည်။ သတ်မှတ်လိုက်သည့် နေ့၊ ရက် မရောက်မီ ကွယ်လွန်သွားပါက ဂုနာဟ် နှစ်ဆခံရမည်။ တစ်ခုမှာ နမားဇ်ကဇွာဖြစ်ခြင်းအတွက် ၊ နောက်တစ်ခုမှာ ချက်ခြင်း ကဇွာပြန်မဖတ်ခြင်းအတွက် ဖြစ်ပေသည်။
(၂) နမားဇ်များစွာကို ကဇွာဖြစ်ထားသူသည် အတတ်နိုင်ဆုံး လျှင်မြန်စွာပင် လွတ်ခဲ့သည့်နမားဇ်များကို ကဇွာပြု ဖြည့်စွက်လိုက်ရမည်။ ကျန်းမာရေးကောင်းမွန်သူ၊ အချိန်ပေးနိုင်သူဖြစ်ပါက ဇွဲရှိရှိဖြင့် တစ်ရက်တည်း၊ သို့မဟုတ် အချိန်တစ်ခုတည်းမှာပင် လွတ်ခဲ့သမျှ နမားဇ်အားလုံး၏ ကဇွာကို ဖတ်လိုက်ရမည်။ ဇုဟုရ်အချိန်ရောက်မှာ ဇုဟုရ်ရဲ့ ကဇွာ၊ အဆွရ်အချိန်ရောက်မှာ အဆွရ်ရဲ့ ကဇွာ စသဖြင့် အချိန်အတိအကျအတိုင်း ကဇွာပြုရန်မလိုအပ်ပေ။
အကယ်၍ နှစ်ပေါင်း၊ လပေါင်းများစွာ၏ နမားဇ်များကို ကဇွာပြုရမည်ဆိုပါကလည်း တတ်နိုင်သလောက် အမြန်ဆုံး ပြန်လည်ဖြည့်စွက်လိုက်ရမည်။
မိမိအားလပ်သည့်အချိန်တွင် (မက္ကရူးဟ်ဖြစ်သည့် နေထွက်၊ မွန်းတည့်နှင့် နေဝင်ချိန် မှအပ) နမားဇ်အမျိုးအစားများအလိုက် (ဖဂျရ်၊ ဇုဟုရ်၊ အဆွရ်၊ မဂ်ရိဗ်၊ အိယှာ) အချိန်ရလျှင် ရသလောက်ကို သက်တမ်းတစ်လျှောက် ကဇွာဖြစ်ခဲ့သည့်နမားဇ်များကို နှစ်ရကအသ်၊ လေးရကအသ်စီ ပြန်လည်ဖြည့်စွက်လိုက်ရမည်။ အကယ်၍ ဤပုံစံဖြင့်လည်း ကဇွာမပြုနိုင်ပါက နမားဇ်တစ်ချိန်တွင် ကဇွာတစ်ကြိမ် ဆောက်တည်လိုက်ရမည်။ ဤသည်မှာ ကဇွာပြုခြင်း၏ အနိမ့်ဆုံး အဆင့်အတန်းဖြစ်ပေသည်။
(၃) ကဇွာဖတ်ရန် သီးသန့်အချိန် သတ်မှတ်ထားခြင်း မရှိပေ။ မိမိအတွက် အားလပ်သည့်အချိန်ရရှိပါက ဝုဇူပြု၍ ကဇွာနမားဇ်များကို ဆောက်တည်ရမည်။ မက္ကရူးဟ်အချိန် မဖြစ်စေရန်သာ သတိပြုရမည်ဖြစ်သည်။ အသက်ရှင်နေသည့် သက်တမ်းတစ်လျှောက်လုံးသည် ကဇွာဖြည့်ခွင့်ရှိသည့် အချိန်များပင်ဖြစ်သည်။
ဆွာဟေဗေသရ်သီးဗ် (သက်တမ်းတစ်လျှောက်တွင် နမားဇ်တစ်ကြိမ်မှ ကဇွာမဖြစ်ဖူးသူ) သည် ကဇွာဖြစ်ခဲ့လျှင်
(၄) အကြင်သူသည် နမားဇ်တစ်ကြိမ် ကဇွာဖြစ်သွားသည်။ ယင်းကဇွာဖြစ်သည့် နမားဇ်အလျှင် မည်သည့်နမားဇ်မျှ ကဇွာဖြစ်ခဲ့ခြင်း မရှိပေ။ (သို့မဟုတ်) နမားဇ်များ ကဇွာဖြစ်ခဲ့ဖူးသည်။ သို့သော် ယင်းကဇွာအားလုံးကို ဖြည့်စွက်ပြီးဖြစ်ပေသည်။ ယခုလွတ်သွားသည့် နမားဇ်တစ်ကြိမ်ကိုသာလျှင် ကဇွာဖြည့်ရန် ကျန်ရှိသည်ဆိုပါက ဦးစွာ လွတ်သွားသည့် နမားဇ်၏ကဇွာကို ဆောက်တည်ရမည်။ ပြီးမှ အဒါ (လက်ရှိအချိန်တွင် ဖတ်ရမည့်နမားဇ်) ကို ဆောက်တည်ရမည်။ ကဇွာထက်အလျင် အဒါကို ဆောက်တည်လိုက်ပါက အဒါသည် မပိုင်ပေ။ ကဇွာဖတ်ပြီးမှသာလျှင် အဒါနမားဇ်ကို ဖတ်ရမည်ဖြစ်သည်။ အကယ်၍ ကဇွာဖြည့်ရမည်ကို လုံးဝ(လုံးဝ) မေ့လျော့သွားခဲ့ပါမူ အဒါ သည် ပိုင်သွားမည်။ မိမိ၏ကဇွာဖြစ်ခြင်းကို သတိရလိုက်သည့်အခါ ကဇွာကိုသာလျှင် ဖတ်လိုက်ပါ။ အဒါ၏ အချိန်မကုန်သေးပါကလည်း ပြန်ဖတ်ရန်မလိုအပ်ပေ။
(၅) အကယ်၍ အဒါနမားဇ်၏အချိန်သည် အနည်းငယ်မျှသာ ကျန်တော့သည်။ ကဇွာကိုအရင်ဖတ်လိုက်ပါက အဒါအတွက် အချိန်မကျန်နိုင်တော့လျှင် ဦးစွာ အဒါကို ဖတ်လိုက်ပါ။ ပြီးမှ ကဇွာကိုဖတ်ပါ။ (ဤပုံစံသည် အဒါ၏အချိန် အလွန်နည်းပါးနေသည့် အခါမျိုးကို ဆိုလိုသည်။)
(၆) နမားဇ် နှစ်ကြိမ်၊ သုံးကြိမ် (သို့မဟုတ်) လေးကြိမ်မှ ငါးကြိမ်အထိ ကဇွာဖြစ်သွားသည်။ ထိုနမားဇ်များမှအပ ထိုသူ့၏ သက်တမ်းတစ်လျှောက်တွင် မည်သည့်နမားဇ်မျှ ကဇွာမဖြစ်ခဲ့ပေ။ သို့မဟုတ် ကဇွာတော့ဖြစ်ခဲ့သည်။ ယင်းကဇွာအားလုံးကိုလည်း ဖြည့်စွက်ပြီးဖြစ်သည်။ ဤသို့ဆိုလျှင် ထိုသူ့အနေဖြင့် ယခုလွတ်သွားသည့် နမားဇ် (ငါးကြိမ် (သို့) ထို့ထက်နည်းသည့် နမားဇ်) များကို ဦးစွာ ဖြည့်စွက်ပြီးမှသာလျှင် အဒါ နမားဇ်ကို ဆောက်တည်ရမည်။ ယင်းကဇွာကို မဆောက်တည်မီ အဒါဖတ်ခွင့်မရှိပေ။
ယခု လွတ်သွားသည့် နမားဇ်များကို ဤပုံစံဖြင့် ကဇွာပြုပါ။ မိမိလွတ်သွားသည့် နမားဇ်များအနက် အရင်ဆုံးကဇွာဖြစ်သည့် နမားဇ်ကို ဦးစွာဖြည့်စွက်ပါ။ ထို့နောက် ဒုတိယ ကဇွာဖြစ်သည့်နမားဇ်ကို ဝတ်ပြုရမည်။ ဤအတိုင်းအစဉ်လိုက်ဖြင့် ကဇွာအားလုံးကို ဝတ်ပြုပါ။ ဥပမာ "ဖဂျရ်၊ ဇုဟုရ်၊ အဆွရ်၊ မဂ်ရိဗ်၊ အိယှာ" နမားဇ်ငါးကြိမ် ကဇွာဖြစ်သွားသည်။ ကဇွာဖြည့်သည့်အခါ အစဉ်လိုက်အတိုင်း အရင်ဆုံးကဇွာဖြစ်သည့် ဖဂျရ်ကို ဖတ်ပါ။ ပြီးနောက် ဇုဟုရ်၊ အဆွရ်၊ မဂ်ရိဗ်၊ အိယှာ တို့ကို အစဉ်လိုက်ဖြည့်ရမည်။ အကယ်၍ ဖဂျရ်ကဇွာကို မဖတ်ဘဲ ဇုဟုရ်၊ အဆွရ်၏ ကဇွာကို ဖတ်လိုက်ပါက မမှန်တော့ပေ။ အစဉ်လိုက်အတိုင်း အစမှ ပြန်လည်ဖြည့်စွက်ရမည်။
* ဆွာဟေဗေသရ်သီးဗ်ဖြစ်ထားသူသည် နမားဇ် ငါးကြိမ်အထိ ကဇွာဖြစ်လျှင် ယင်း၏ သရ်သီးဗ်သည် မပျက်သေးပေ။ အကယ်၍ နမားဇ် ၆ကြိမ်အထိ ကဇွာဖြစ်သွားလျှင် သရ်သီးဗ်ပျက်သွားပေသည်။ ထိုသူသည် ဆွာဟေဗေသရ်သီးဗ်ကဲ့သို့ ကျင့်မူရန် မလိုအပ်ပေ။
(၇) နမားဇ် ၆ကြိမ်အထိ ကဇွာဖြစ်သွားပါက ထိုနမားဇ်များ၏ ကဇွာကိုမဖတ်ဘဲ အဒါနမားဇ်ကို ဖတ်နိုင်သည်။ နမားဇ် ၆ကြိမ်ကို ကဇွာဖြည့်သည့်အခါတွင်လည်း အစဉ်လိုက်အတိုင်း အရင်ဆုံးကဇွာဖြစ်သည့် နမားဇ်မှ စတင်၍ကဇွာဖတ်ရန် အရေးမကြီးတော့ပေ။ မိမိဖြည့်စွက်လိုသည့် နမားဇ်မှ စတင်၍ ဝတ်ပြုနိုင်ပေသည်။ အစဉ်လိုက်အတိုင်း ဖြည့်စွက်ရန်လည်း ဝါဂျိဗ်မဟုတ်တော့ပေ။
အစဉ်လိုက်အတိုင်း ကဇွာပြုရန် မလိုအပ်သူများနှင့် ဆွာဟေဗေသရ်သီးဗ်မဖြစ်သူများ
(၈) ၂ လ သုံးလ (သို့မဟုတ်) သုံး လေးနှစ်အရင်က လူတစ်ဦးသည် နမားဇ် ခြောက်ကြိမ် (သို့မဟုတ်) ထို့ထက်ပို၍ ကဿွာဖြစ်ခဲ့သည်။ ယခုအထိ ထိုကဿွာများကို မဖတ်ရသေးပေ။ ထိုကာလနောက်ပိုင်းတွင် နမားဇ်ငါးကြိမ်ကို မပျက်မကွက်ဖတ်လျှက်ရှိသည်။ တခါမျှ ကဿွာဖြစ်ခဲ့ခြင်းမရှိပေ။ အတန်ကြာပြီးမှ နမားဇ်တစ်ကြိမ် ကဿွာဖြစ်သွားသော် ထိုပုံစံတွင် ယခုလွတ်သွားသည့် ကဿွာအား မဖတ်သေးဘဲ အဒါနမားဇ်ဖတ်လျှင် ပိုင်ပေသည်။ ထိုသူ့အတွက် အစဉ်လိုက်အတိုင်း ဖတ်နေရန် ဝါဂျိဗ်မဟုတ်ပေ။ (ယခင်၏ ကဿွာများကို မဖြည့်ရသေးသည့်အတွက် ထိုသူသည် ဆွာဟေဗေသသရ်သီးဗ်မဟုတ်ပေ။)
(၉) တစ်ဦးတစ်ယောက်၏ သက်တမ်းတွင် နမားဇ် ခြောက်ကြိမ် (သို့မဟုတ်) ထို့ထက်ပိုသည့် နမားဇ်များ ကဿွာဖြစ်ထားသည်။ ထို့ကြောင့် သရ်သီးဗ် (အစဉ်လိုက်အတိုင်း) ဖတ်ရန် ဝါဂျိဗ်မဟုတ်ပေ။ အကယ်၍ ကဿွာနမားဇ်များကို အနည်းငယ်စီဖတ်ရင်းဖြင့် လွတ်ခဲ့သည့် နမားဇ်အားလုံး၏ ကဿွာကိုဖြည့်ပြီးဖြစ်မည်။ မည်သည့်နမားဇ်မျှ ကဿွာပြုရန်မကျန်တော့ပေ။ ယခုတစ်ဖန် နမားဇ်တစ်ကြိမ်ဖြစ်စေ၊ ငါးကြိမ်ဖြစ်စေ ကဿွာဖြစ်သွားလျှင် သရ်သီးဗ်(အစီအစဉ်)ဖြင့် ဖတ်ရမည်။ ထိုကဿွာငါးကြိမ်ကို မဖတ်သေးဘဲ အဒါနမားဇ်ဖတ်လျှင် မပိုင်ပေ။ သို့သော် တစ်ဖန်ပြန်၍ နမားဇ် ခြောက်ကြိမ် ကဿွာဖြစ်သွားလျှင် သရ်သီးဗ်မရှိတော့ပေ။ ယင်းကဿွာခြောက်ကြိမ်ကို မဖတ်သေးဘဲ အဒါဖတ်လျှင် ပိုင်ပေသည်။
(၁ဝ) လူတစ်ဦးသည် နမားဇ်များစွာ ကဿွာဖြစ်ထားသည်။ ယင်းနမားဇ်များကို အနည်းငယ်စီ ကဿွာဖြည့်ရင်းဖြင့် ယခု နမားဇ် လေးကြိမ်၊ ငါးကြိမ်သာ ဖြည့်ရန်ကျန်တော့သည်။ ယင်းကျန်ရှိနေသည့် လေး၊ ငါးကြိမ်ကို အစဉ်လိုက်ဖြည့်ရန် ဝါဂျိဗ်မဟုတ်ပေ။ မိမိဖြည့်စွက်လိုသည့် နမားဇ်မှ ဆက်လက်ဖတ်သွားနိုင်သည်။ ထိုကဲ့သို့ ကျန်ရှိနေသည့် ကဿွာနမားဇ်ကို မဖတ်မီ ကဒါကိုဦးစွာဖတ်ခွင့်ရှိပေသည်။
ဝိသ်ရ်နမားဇ် ကဿွာဖြစ်ခြင်း
(၁၁) ဝိသ်ရ်နမားဇ် ကဿွာဖြစ်သွားမည်။ ထိုကဿွာဖြစ်သွားသည့် ဝိသ်ရ်မှအပ အခြားမည်သည့်နမားဇ်မျှ ကဿွာဖြစ်ထားခြင်း မရှိလျှင် ဖဂ်ျရ် (အဒါ)မဖတ်မီ ဝိသ်ရ်၏ ကဿွာကို ဦးစွာဖြည့်လိုက်ရမည်။ ဝိသ်ရ်ကဿွာမဖတ်မီ ဖဂျရ်အဒါ ဖတ်ခွင့်မရှိပေ။ ဝိသ်ရ်ကဿွာဖြစ်ထားသည်ကို သတိရှိနေပါလျှက် ဖဂျရ်နမားဇ်ကို အရင်ဖတ်လိုက်ပါကလည်း ဝိသ်ရ်ကဿွာကို ပြန်ဖတ်၍ ပြီးနောက် ဖဂျရ် (အဒါ)နမားဇ်ကို ပြန်လည်ဖတ်ရမည်ဖြစ်သည်။
(၁၂) အိယှာနမားဇ်သာ ဖတ်ပြီး အိပ်လိုက်သည်။ သဟဂ်ျအချိန် ထ၍ ဝုဇူပြုပြီးနောက် သဟဂ်ျဂျုဒ်နှင့် ဝိသ်ရ်နမားဇ်တို့ကို ဖတ်လိုက်သည်။ မနက်ခင်းရောက်မှ သတိရသည်မှာ ညက အိယှာနမားဇ်ကို ဝုဇူမရှိဘဲနှင့် ဖတ်လိုက်ခြင်းဖြစ်သည်။ သို့ဆိုလျှင် ယခု အိယှာ၏ ကဿွာကိုသာ ပြန်ဖတ်လိုက်ရမည်။ ဝိသ်ရ်၏ ကဿွာဖတ်ရန် မလိုအပ်ပေ။
ဖဂျရ်နမားဇ် ၏ ကဿွာ
(၁၃) ဖရ်ဇ်နှင့် ဝိသ်ရ်နမားဇ်များ၏ ကဿွာကိုသာလျှင် ပြန်ဖတ်ရပေသည်။ စွန္နသ်များအတွက် ကဿွာမရှိပေ။ သို့သော် လက်ရှိနေ့၏ ဖဂျရ်နမားဇ်ကဿွာဖြစ်သွားခဲ့ပါက နေမွန်းမတည့်မီ ပြန်ဖတ်လျှင် စွန္နသ်နှင့် ဖရ်ဇ် နှစ်ခုလုံး၏ ကဿွာကို ဖတ်ရမည်ဖြစ်သည်။ အကယ်၍ မွန်းတည့်ပြီးနောက်မှ ကဿွာဖြည့်လျှင် ဖရ်ဇ်နှစ်ရကအသ်၏ ကဿွာကို ဖတ်လိုက်ရပေမည်။
(၁၄) ဖဂ်ျရ်အချိန်မှာ အလွန်နည်းပါးစွာ ကျန်ရှိတော့သည်။ ထို့ကြောင့် ဖရ်ဇ်နှစ်ရကအသ်ကိုသာလျှင် ဖတ်လိုက်သည်။ စွန္နသ်မဖတ်တော့ပေ။ သို့ဆိုလျှင် အကောင်းဆုံးပုံစံမှာ နေထွက်ပြီး ၁၅မိနစ်ခန့်နေပြီးသည့်နောက် စွန္နသ်၏ ကဿွာကို ပြန်ဖတ်လိုက်ပါ။ နေမွန်းမတည့်မီအရင် ဖတ်လိုက်ရန်ဖြစ်ပါသည်။ (လက်ရှိနေ့၏ ဖဂျရ်ကို ဆိုလိုပါသည်။)
ကဿွာကို သောဝ်ဗာပြု၍ ရနိုင်မည်လား ??
နမားဇ်လုံးဝမဖတ်သူသည် နမားဇ်များ လွှတ်ခဲ့ခြင်းအပေါ် သောဝ်ဗာပြုခဲ့ပါကလည်း ထိုသူ့အတွက် သက်တမ်းတလျှောက်လုံး လွှတ်ခဲ့သည့် နမားဇ်များကို ကဿွာဖတ်ရန် ဝါဂျိဗ်ဖြစ်သည်။ သောဝ်ဗာပြုခြင်းကြောင့် ကဿွာများ မအ်ဖ်မဖြစ်သွားပေ။ သို့သော် နမားဇ်မဖတ်ခြင်းကြောင့် ရရှိလိုက်သည့် ဂုနာသည် မာအ်းဖ်ဖြစ်သွားမည်။ ကဿွာမဖတ်ပဲနေပါက (ကဿွာကို အချိန်ဆွဲခြင်း) ဂုနာ၏ ပြစ်ဒဏ်ကို ပြန်ခံရမည်ဖြစ်သည်။
ကဿွာအတွက် ဖိဒ်ယဟ်
နမားဇ်အချို့ ကဿွာဖြစ်သွားသည်။ ယင်းကဿွာကို ဖတ်ရန် အခြေအနေလည်း မရရှိခဲ့ပေ။ သို့ဆိုလျှင် သေဆုံးခါနီးတွင် ဖိဒ်ယဟ်ပေးရန်အတွက် ဝဆွီယသ် (မှာတမ်းမှု) ပြုသွားရန် ဝါဂျိဗ်ဖြစ်ပေသည်။ ဝဆွီယသ်မပြုခဲ့ပါက ဂုနာထိုက်သည်။
နမားဇ်အတွက် ဖိဒ်ယဟ်ပေးနည်း
တစ်ရက်တာအတွက် ဖိဒ်ယာပေးလျှင် နမားဇ် (၆) ကြိမ်အတွက် ပေးရမည်ဖြစ်သည်။ ဖရ်ဇ်နမားဇ် ငါးကြိမ်နှင့် ဝိသ်ရ် ဝါဂျိဗ်တစ်ကြိမ် စုစုပေါင်း နမားဇ် (၆) ကြိမ်ဖြစ်ပေသည်။
နမားဇ်တစ်ကြိမ်အတွက် ဂျုံ ၁.၇၅ ကီလို/ မြန်မာအလေးချိန်ဖြင့် ၁ ပိဿာနှင့် ၁ဝ ကျပ်သား ခန့် ဖြစ်သည်။ ၎င်းအလေးချိန်ဖြင့် ဂျုံ (သို့မဟုတ်) ယင်းအလေးချိန်ဂျုံနှင့် ညီမျှသောအဖိုးအခအား ဖိဒ်ယာအတွက် ပေးရမည်။
(( နမားဇ်တစ်ကြိမ်အတွက် ဂျုံ ၁ ပိဿာနှင့် ၁ဝ ကျပ်သား ဖြစ်လျှင် တစ်နေ့တာ နမားဇ်စုစုပေါင်း ၆ကြိမ်အတွက် ၆ ပိဿာနှင့် ၆ဝ ကျပ်သား (သို့မဟုတ်) ယင်းအလေးချိန်နှင့် ညီမျှသော တန်ဖိုးငွေကို ပေးဆောင်ရမည်ဖြစ်ပေသည်။)
ဗဟစ်ရှ်သီးဇေဝရ်ကျမ်းမှ ဘာသာပြန်ဆိုပါသည် ...။
(အလ်မုဖီးဒ်)
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

မုစလ်မာန်၏ နှစ်ချုပ် စာရင်းရှင်းတမ်း

အစ္စလာမ့်ပြက္ခဒိန်ရဲ့ ဟိဂ်ျရီနှစ်တနှစ်က မကြာမီ နှုတ်ဆက်ထွက်ခွါတော့မှာပါ ....
စီးပွားရေး လုပ်ငန်းရှင်တွေက နှစ်တနှစ်ကုန်သွားရင် နှစ်ချုပ်စရင်းရှင်းတယ် .... ဒီနှစ်ရဲ့ အမြတ် / အရှုံး ဘယ်အခြေအနေမှာ ရှိသလဲ ... လက်ရှိလုပ်ငန်းက တွက်ချေကိုက်ရဲ့လား .... အရှုံးတွေပေါ်နေပြီ အကြွေးတွေထူနေပြီဆိုရင် ကိုယ့်လုပ်ငန်းကို လေ့လာမယ် ဘယ်နေရာမှာ ဘာတွေလစ်ဟင်းနေသလဲ ဘယ်သူတွေက အလုပ်ကို ပေါ့ဆစွာ လုပ်နေကြသလဲ ..... စသဖြင့်ပေါ့ ၊ အလုပ်သမားမကောင်းရင် ထုတ်သင့်သူ ထုတ် ၊ အရည်အချင်းရှိသူတွေ ခေါ်ယူ ၊ လုပ်ငန်းတိုးတက်အောင် ပြန်ဆောင်ရွက်ကြတယ် ။ လုပ်ငန်းတခုတိုးတက်ခြင်းဆိုတာရဲ့ အဓိကတော့ ဝင်ငွေ တိုးပွားလာခြင်းပါပဲ ... ပိုက်ဆံများများဝင်လာခြင်း ......
ဒီလိုပဲ ...... ကျောင်းသားတစ်ယောက်အနေနဲ့လည်း သူ့ရဲ့ စာသင်နှစ်တနှစ်ကုန်ဆုံးသွားရင် တနှစ်ပတ်လုံး သင်ယူခဲ့တဲ့ပညာရပ်တွေကို နှစ်ပတ်လည်စာမေးပွဲဆိုတဲ့ ခေါင်းစဉ်နဲ့ တနှစ်တာရဲ့အရည်အချင်းကို ပြန်လည်စမ်းစစ်ကြတယ် !!!!!
ဒီအတိုင်းပဲ .... မုစ်လင်မ်တို့အတွက် အစ္စလာမ်ဟစ်ဂ်ျရီနှစ်တစ်နှစ်က ကုန်ဆုံးနေပါပြီ .... မုဟ်ရမ်မှစလို့ ရဂျဗ် ရှအ်ဗာန်တွေကို ဖြတ်ကျော်ကာ ရမဇာန်လမြတ်ကို ပိုင်ဆိုင်ခဲ့ပြီး ဇိလ်ကအ်ဒဟ် ဇိလ်ဟဂ်ျတို့နဲ့ အဆုံးသတ်ကာ အားလုံးကို နှုတ်ဆက်ထွက်ခွါခဲ့ပါပြီ !!!!! မုစ်လင်မ်တို့အတွက် တနှစ်တာစရင်းရှင်းတမ်းမှာ ရှုံးလား မြတ်လားဆိုတာကို စမ်းစစ်ဖို့လိုအပ်ပါတယ် ။ လူတိုင်းအတွက် တနေ့မှာ နမားဇ် ငါးကြိမ် မဖတ်မနေရ သတ်မှတ်ထားတယ် ။ ဒီနမားဇ်တွေကို ဘယ်နှကြိမ် ကဇွာ လုပ်ခဲ့သလဲ ၊ အဲ့ဒီကဇွာတွေထဲက ဘယ်နခုကို ပြန်ဖြည့်ပြီး ပြီလဲ .... တနှစ်တာမှာ ကုရ်အာန် ဘယ်နှခသမ် ဖတ်ပြီးပြီလဲ (ကုရ်အာန်ရဲ့ ဟတ်က်ကို ဘယ်လောက်အထိ ကျေပွန်ထားသလဲ) ရိုဇာရဲ့အခြေအနေတွေ ၊ စသဖြင့် ပြန်လည်စစ်ဆေးရပါမယ် ... ကိုယ့်ရဲ့အမလ်တွေမှာ အလ္လာဟ်အရှင်မြတ် လက်ခံဖို့ အရည်အချင်းကော် ပြည့်ဝရဲ့လား ၊ အရည်အသွေး မှီနိုင်ချေ ရှိရဲ့လား ...... အီမာန်ရှင်ရဲ့ အမြတ်အရှုံးဆိုတာ ကိုယ့်အနေနဲ့ အမိန့် ပညတ်ချက်တွေကို ဘယ်လောက်လိုက်နာ နိုင်မလဲ ဒါဟာ အမြတ်ပါဘဲ !!! အမိန့်ကို ကျင်သုံးရမှာ ဘယ်လောက် နှောင့်နှေး ကြန့်ကြာမလဲ အဲဒီလောက် အရှုံးဖြစ်ပါတယ် ..... အမလ်တွေမှာ ဖြည့်စွက်ဖို့ ကျန်သေးတာတွေကို အလျင်အမြန် ဖြည့်စွက်ရပါမယ် ..... လူတိုင်းဟာ ဘယ်နေ့သေပါမယ်ဆိုပြီး နဖူးမှာ စာကပ်ပါမလာပါဘူး .. ဒါ့ကြောင့် ကဗရ်ထဲရောက်သွားတာနဲ့ ရပ်ဆိုင်းသွားမဲ့ ၊ လောကမှာဘဲ ပြုခွင့်ရရှိမဲ့ အမလ်တွေ ( နမားဇ် , ရိုဇာ, အကြွေး, သူတပါးကို ပေးရမဲ့ အရာတွေ) အားလုံးကို အသက်ရှိနေသရွေ့ အမြန်ဖြည့်စွက်ပါ ....  အကြွေးဆိုတဲ့အရာက ရှဟီဒီကိုတောင် ဂျန္နသ်ဝင်ဖို့ တားဆီးမဲ့ အရာဖြစ်တယ် ...... ဘယ်နေ့ သေမယ်ဆိုတာ မသိရလို့ အသက်ရှင်သရွေ့ အမြန်ပြန်ဆပ်နိုင်အောင် ကျိုးစားရပါမယ် .....
တနှစ်တာမှာ ကိုယ့်အနေနဲ့ သာသနာ့ အသိပညာဘယ်လောက် ရရှိလိုက်ပြီလဲ ဆိုတာကိုလည်း သတိပြုရပါမယ် ..... ဖဇာအိလ်တွေပဲသိထားတာနဲ့ မလုံလောက်ပါဘူး ၊ မစာအိလ်တွေကို ဆည်းပူးရမယ် ။ အမလ်မှန်ဖို့ အိလ်မ် လိုအပ်တယ် ၊ ဒါ့ကြောင့် မစာအိလ်တွေ ဘယ်လောက်ဆည်းပူးပြီး ပြီလဲ ။ ကိုယ်တိုင် ဘယ်လောက်အထိ မှတ်မိသိရှိလဲဆိုတာကို ဘောလ်ပင် ၊စာအုပ်နဲ့ ရေးမှတ်ထားရပါမယ် ၊
မုစ်လင်မ်တို့အတွက် တနှစ်ကုန်သွားပြီဆိုရင်လည်း အဲ့တနှစ်ရဲ့ အမလ်နှစ်ချုပ်ရှင်းတမ်း ပြုစုသင့်ပါတယ် ၊ ဒါမှ ရက်ပေါင်း ၃၆ဝ ရဲ့ နေ့စဉ် နမားဇ်အခြေအနေတွေ ဘယ်လိုရှိသလဲ သိရမှာပါ ။ အတွေးနဲ့ မှတ်ထားရုံနဲ့ မပီးဘူး ၊ ရေးသားထားရပါမယ် ။ ကိုယ်ရဲ့ ဘဝသက်တမ်းက နောက်လူတွေအတွက်ပဲ ရှင်သန်နေလို့ မပြီးပါဘူး ။ ကိုယ်အတွက်လည်း ရှင်သန်ရပါမယ် ။ ကိုယ်သေသွားရင် ဘယ်သူက ဘယ်နှရက်သတိရနိုင်မလဲ သေသောသူ ကြာလျှင်မေ့ ဆိုတဲ့ စကားပုံလို ကာလကြာရှည်လာရင် မေ့ပျောက်သွားမှာပါ ကဗရ်ထဲမှာ အဖော်ပါမဲ့အမလ်တွေကို သေချာစွာ ပြုကျင့်ထားရပါမယ် ။ မမြဲသောလောကရဲ့ နောင်ရေးအတွက်တောင် ကြိုတင်စုဆောင်းထားလျှင် ဘယ်တော့မှ မသေမဲ့ အာခိရသ်အတွက် ဘယ်လောက်အထိ အမလ်ပြုပြီး စုဆောင်းထားသင့်တယ်ဆိုတာကို သတိပြုသင့်လှပါတယ် ။
ဒီ့ပြင် တနေ့ ဂုနာ ဘယ်နှခုလုပ်ခဲ့သလဲဆိုတာကိုပါ မှတ်ပါ ။ တနှစ်တာမှာ အများဆုံးလုပ်တဲ့ ဂုနာက ဘယ်ဂုနာလဲဆိုတာတွေပါ မှတ်ပါ ။ တခုချင်းစီ အတွက် သောဝ်ဗဟ်ပြုပါ .....
..... အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်က မိမိရဲ့ လုပ်ငန်းကို မျက်ခြေ မပြတ်သလို..... ထူးချွန်တဲ့ ကျောင်းသားတစ်ယောက်ကလည်း သူ့ရဲ့သင်ခန်းစာတွေကို အမြဲတစေ လေ့လာမှတ်သားနေပါတယ် ..... အရှင်မြတ်နှစ်သက်မှုရဖို့ ဂျန္နသ်ကို ပိုင်ဆိုင်ဖို့ အီမာန်ရှင်တစ်ယောက်ကလည်း မိမိရဲ့ အမလ်တွေရဲ့ အရည်အသွေးကို လေ့လာစမ်းစစ်ပြီး တနှစ်ထက် တနှစ် ပိုကောင်းလာအောင် ပြုပြင်ရပါမယ်လို့ ပြောကြားရင်း .......... အဆုံးသတ်လိုက်ပါတယ် .......
အလ်လသွီးဖ်နူရီ ရေးသားသည် ၊ အလ်မုဖီးဒ် မှ တင်ဆက်သည် ။

Thursday, October 16, 2014

အရေးအကြီးဆုံးသော နမားဇ်


((( ပြုစုသူ မော်လာနာမုဖ်သီဂျမီးလ်အဟ်မဒ် ထာနဝီ
တည်းဖြတ်သူ မော်လာနာမုဖ်သီကာရီယူစွဖ် (အဆ်အဒီ)
ပြန်ဆိုသူ မော်လဝီမုဟမ္မဒ်နူရွလ္လာဟ် (အဆ်အဒီ မိတ္ထီလာ)) ပြန်လည်ဖြည့်စွက်နည်းကျမ်းငယ်မှ 
ကောက်နှုတ်ဖော်ပြပါသည်။)))

နမားဇ်
အေဗာဒသ် ခဝပ်မှုများအနက် အရေးအကြီးဆုံးသော အေဗာဒသ်သည် နမားဇ်ပင် ဖြစ်သည်။ ထိုနမားဇ်သည် ကွယ်လွန်သေဆုံးပြီးနောက်တွင် ပထမဦးဆုံး စစ်ကြောမေးမြန်းခြင်း ခံရမည်ဖြစ်သော အေဗာဒသ်ဖြစ်သည်။
ရှိုက်ခ်စအ်ဒီသခင် (ရဟေ့) က ကဗျာတစ်ခု စပ်ဆိုခဲ့သည်။ ၎င်းကဗျာ၏ အလိုသဘောမှာ နမားဇ်သည် ကိယာမသ်နေ့၌ လူသားများအား ပထမဦးဆုံး စစ်မေးမြန်းခံရမည့် အေဗာဒသ်ဖြစ်သည်။
ဤအကြောင်းအရာဖြင့် နမားဇ်သည် မည်မျှအရေးကြီးသော အေဗာဒသ်ခဝပ်မှုဖြစ်ကြောင်းကို ခန့်မှန်းသိရှိနိုင်ပေသည်။
အကြောင်းမှာ နမားဇ်သည် လူတစ်ဦးချင်းအပေါ်၌ အခြေအနေတိုင်းတွင် ဆောက်တည်ရန် အရေးကြီးသော ဖရ်ဇ်တာဝန်တစ်ရပ်ဖြစ်သည်။
အကယ်၍ ရောဂါသည်ဖြစ်လျှင်လည်း ထိုနမားဇ်ကို ဆောက်တည်ရမည်။ မဆောက်တည်ပါက တာဝန်မကျေပါ။ အကယ်၍ ရပ်၍ မဆောက်တည်နိုင်ပါက ထိုင်လျှက်နှင့် ဆောက်တည်ခွင့်ရှိသည်။ အကယ်၍ ထိုင်လျှက်နှင့် မဆောက်တည်နိုင်ပါက လဲလျောင်း၍ ကိဗ်လာဘက်သို့ မျက်နှာမူပြီး (သို့) ခြေနှစ်ဖက်အား ကိဗ်လာဘက်သို့ ဆန့်တန်း၍ ဦးခေါင်းအောက်၌ မှီအုံးထားရှိကာ ထောင်ထား၍ဖြစ်စေ (သို့) ဆန့်တန်းထား၍ ဖြစ်စေ နမားဇ်ကို ဆောက်တည်လိုက်ပါက နမားဇ်သည် အဒါ အဖြစ် တာဝန်ကျေသွားပေမည်။
အကယ်၍ ထိုအတိုင်းပင် မပြုနိုင်ပါက ကဿွာ အစားပြန်ဖြည့်မှု ပြုရတော့မည်ဖြစ်သည်။ (နမားဇ်ကို အဒါအဖြစ် (သတ်မှတ်ထားသည့်အချိန်အတွင်း ဆောက်တည်ရန် ဤမျှအရေးကြီးပေသည်။ အဒါကို ဆောက်တည်နိုင်ရန် နည်းလမ်းကို ဤမျှပြသထားပေသည်။)
ထို့နောက် ၎င်းနာမကျန်းသူသည် မည်မျှခန့် ကျန်းမာလာသည်ပင်ဖြစ်စေ၊ ဥပမာ ရပ်၍ဆောက်တည်နိုင်ပါက ရပ်လျက်နှင့် (သို့) ထိုင်လျက်နှင့် (သို့) လဲလျောင်းလျက် မိမိ၏ အချိန်အတွင်း နမားဇ်များနှင့် အတူတကွ လွတ်ခဲ့သော နမားဇ်များကိုလည်း ကဿွာ အစားပြန်ဖြည့်ရမည်။
အကယ်၍ ဆောက်တည်နိုင်စွမ်းရှိလာပါလျှက် နှင့် မဆောက်တည်ခဲ့ပါက ထိုလွတ်ခဲ့သော ကဿွာနမားဇ်များအတွက် ဖိဒ်ယာပေးဆောင်ရမည်။ ထိုသို့ ဖိဒ်ယာပေးဆောင်စေရန် ကျန်ရစ်သူများအား ဝစွီယသ် မှာတမ်းခဲ့ရန် အရေးကြီးပေသည်။
ဤအတိုင်းပင် အကယ်၍ တစ်ဦးတစ်ယောက်သည် သတိလစ်မေ့မြောသွားရာ ၎င်းသူသည် နမားဇ် ၆ကြိမ်ခန့် ဆောက်တည်နိုင်သောအချိန် မကုန်ဆုံးမီအလျင် သတိပြန်ရလာပါက ထိုနာမားဇ် ၆ကြိမ်လုံးအား ကဿွာပြန်ဖြည့်ရန် ဖရ်ဇ်တာဝန်ဖြစ်သည်။ အကယ်၍ ထို့ထက်ပို၍ အချိန်များစွာ သတိလွတ်မေ့မြောပြီးမှ သတိပြန်ရလာပါက ထိုနမားဇ်များအား ကဿွာဖြည့်ရန် မလိုပါ။ ဖိဒ်ယာပေးလှူရန်လည်း တာဝန်မရှိပါ။
တစ်ရက်တာအတွက် ဖိဒ်ယာပေးလျှင် နမားဇ် (၆) ကြိမ်အတွက် ပေးရမည်ဖြစ်သည်။ ဖရ်ဇ်နမားဇ် ငါးကြိမ်နှင့် ဝိသ်ရ် ဝါဂျိဗ်တစ်ကြိမ် စုစုပေါင်း နမားဇ် (၆) ကြိမ်ဖြစ်ပေသည်။
နမားဇ်တစ်ကြိမ်အတွက် ဂျုံ ၁.၇၅ ကီလို/ မြန်မာအလေးချိန်ဖြင့် ၁ ပိဿာနှင့် ၁ဝ ကျပ်သား ခန့် ဖြစ်သည်။ ၎င်းအလေးချိန်ဖြင့် ဂျုံ (သို့မဟုတ်) ယင်းအလေးချိန်ဂျုံနှင့် ညီမျှသောအဖိုးအခအား ဖိဒ်ယာအတွက် ပေးရမည်။
ထို့အတွက်ကြောင့် မွတ်စ်လင်မ်တိုင်းအနေဖြင့် ငါတို့သည် ကိယာမသ်နေ့၌ နမားဇ်ကို ပထမဦးဆုံးစစ်မေးခြင်း ခံရမည်ဖြစ်ရာ ထိုသို့စစ်မေးချိန်၌ အဇာဗ် အပြစ်ဒဏ်မှ မည်သို့လွတ်မြောက်နိုင်မည်ကို အစဉ်အမြဲ သောက ဖြစ်ရပေမည်။

လွယ်ကူစွာ ကဿွာဖြည့်စွက်နည်း
မည်သည့်အခါ နမားဇ်တစ်ကြိမ်အား ကဿွ အစားပြန်လည်ဆောက်တည်မည်ဆိုပါက ၎င်းဆောက်တည်မည့် နမားဇ်၏ နိယသ်၌ လွတ်ခဲ့သောနမားဇ်၏ နေ့၊ ရက်၊ လ၊ အချိန်၊ အားလုံးကို ထည့်သွင်းရည်စူးမှုပြုရန် အရေးကြီးပေသည်။ ထိုအချက်များ မပါရှိဘဲ နမားဇ်သည် အထမြောက်မည်မဟုတ်ပါ။
သို့သော် တစ်ဦးတစ်ယောက်၌ များစွာသော နမားဇ်များ (သို့) နမားဇ်များအားလုံး ကဿွာဖြစ်ခဲ့သည်ဆိုပါက ထိုနမားဇ်အားလုံး၏ နေ့ ရက် မှတ်မိနိုင်ရင် ခဲယဉ်းပေသည်။ သို့ရှိရာ ထိုနေ့များအားလုံးကို အတိအကျဖြင့် နိယသ် ရည်စူးမှုပြုနိုင်ရန်မှာ အလွန် ခက်ခဲပေသည်။
ထို့ကြောင့် ၎င်းနမားဇ်များအား ဆောက်တည်ရန် အောက်ဖော်ပြပါ နည်းလမ်းနှင့် အညီ နိယသ်ရည်စူးရပေလိမ့်မည်။ သို့ဖြစ်လျှင် ...... အင်န်ရှာအလ္လာဟ် အလ္လာဟ်အရှင်မြတ်၏ အလိုတူမှုဖြင့် အောင်မြင်ထမြောက်သွားပေလိမ့်မည်။
သက်တမ်းတစ်လျှောက်လုံး၏ ကဿွာနမားဇ်များ ဆောက်တည်ရန် နည်းလမ်း
နိယသ်ပြုရာ၌ ဦးစွာ ကျွန်ုပ်လက်လွတ်မိခဲ့သော ဖဂ်ျရ်နမားဇ်များအနက်မှ ပထမဦးဆုံး ဖဂျရ်နမားဇ်ကို ဝတ်ပြုပါသည်ဟု ရည်စူးရမည်။
ဤသို့ ရည်စူး၍ ဆောက်တည်ပြီးပါက နောက်တကြိမ်ဆောက်တည်ရာ၌လည်း ထိုအတိုင်းပင် ရည်စူးရမည်ဖြစ်သည်။ ထိုသူလွှတ်ခဲ့သော ပထမဦးဆုံးနမားဇ်ကို အဿွာဆောက်တည်မှု ပြုလိုက်သည့်အတွက် နောက်တစ်ကြိမ်ဖတ်သော နမားဇ်သည် ထိုသူ့အတွက် ပထမဦးဆုံးလွှတ်ခဲ့သည့် နမားဇ်ဖြစ်သွားလေသည်။ ဤသို့ရည်စူး၍ ဆောက်တည်ခြင်းအားဖြင့် အချိန်၊ နေ့၊ ရက် အားလုံး အကျုံးဝင်သွားမည်ဖြစ်သည်။ ကျန်နမားဇ်များဖြစ်သည့် ဇုဟုရ်၊ အဆွရ်၊ မဂ်ရိဗ်၊ အိရှာနှင့် ဝိသိရ်နမားဇ်များအားလုံးကိုလည်း ထိုနည်းအတိုင်းပင် နိယသ်ရည်စူး၍ ဆောက်တည်ရပေမည်။
ကဿွာနမားဇ်ဆောက်တည်ရန် အချိန်
ကဿွာနမားဇ်များအား တားမြစ်ထားသည့် အချိန်သုံးချိန်ဖြစ်သော နေထွက်ချိန်၊ နေမွန်းတည့်ချိန်၊ နေဝင်ချိန်များမှအပ ကျန်အချိန်အားလုံး၌ ဆောက်တည်ခွင့် ရှိပေသည်။
အစဉ်အတိုင်းဖြစ်စေ၊ အစဉ်လိုက်မဟုတ်သည်ဖြစ်စေ ဆောက်တည်နိုင်ပေသည်။ သို့သော် အကြင်သူသည် သက်တမ်းတစ်လျှောက်လုံး၌ နမားဇ် ငါးကြိမ်သာလျှင် (သို့) ထို့ထက်နည်းပြီး နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ် အစရှိသည်မျှသာ ကဿွာပြုရန် ကျန်ရှိပါက ထိုသူအတွက် အစဉ်အတိုင်း ဦးစွာ ဖဂျရ်နမားဇ်၊ ထို့နောက် ဇုဟိုရ်၊ အစွရ် အစရှိသည်ဖြင့် အစဉ်အတိုင်း ဆောက်တည်ရမည်။
(သက်တမ်းတလျှောက်လုံး၌ များစွာသော နမားဇ်အရေအတွက်များ လက်လွှတ်ခဲ့သူဖြစ်ပါက အစဉ်လိုက် ကဿွာအစားပြန်ဖြည့်ရန် အရေးမကြီးပါ။)
ကဿွာနမားဇ်အား ဖဂျရ်နမားဇ်နှင့် အဆွရ်နမားဇ်၏ နောက်တွင် ဆောက်တည်ခွင့်ရှိသည်။ သို့သော် ထိုသူ ကဿွာနမားဇ်ဖတ်နေသည်ကို အခြားသူများ မသိရှိစေရပါ။ အကြောင်းမှာ နမားဇ်အား ကဿွာဖြစ်စေခြင်းသည် ဂုနာပြစ်မှုဖြစ်သည်။ ထို့သို့ ဂုနာပြစ်မှုအား ထင်ရှားပေါ်လွင်၍ လူအများ သိရှိစေခြင်းသည် ထပ်မံ၍ ဂုနာဖြစ်စေသောကြောင့်ဖြစ်သည်။ ဖဂျရ်နမားဇ်နှင့် အစွရ်နမားဇ်များနောက်တွင် ဆောက်တည်ခြင်းဖြင့် ဂုနာအား ဖော်ထုတ်ရာရောက်သည်။ အကြောင်းမှာ ထိုအချိန်နှစ်ချိန်စလုံး၌ နဖိလ်နာမားဇ်ဖတ်ခြင်းသည် မက္ကရူဟ်ဖြစ်သည်။ ထိုသူသည် ကဿွာနမားဇ်ဖတ်နေသည်ဆိုခြင်းကို လူတိုင်းသိရှိသွားမည်ဖြစ်သည်။
ထို့ကြောင့် အခြားသူများ မသိရှိစေဘဲ ကဿွာနမားဇ်အား ဆောက်တည်ရမည်။ ဇုဟုရ် မဂ်ရိဗ်နှင့် အိရှာနမားဇ်၏ နောက်တွင် ဆောက်တည်ခြင်းအားဖြင့် အခြားသူများ မသိရှိနိုင်ပါ။ (အကယ်၍ မိမိနေအိမ်၊ အခန်းအတွင်းတွင်သာ နမားဇ်ဆောက်တည်ပြီး မည်သူမျှလည်း မတွေ့မြင်နိုင်ပါက ယင်းအချိန်များတွင်လည်း ကဿွာပြန်လည်ဆောက်တည်ခွင့်ရှိသည်။ မက္ကရူဟ်မဖြစ်ပေ။ ဥပမာ အမျိုးသမီးများ)
ကဿွာနမားဇ်ဆောက်တည်ရန် လွယ်ကူသောနည်းလမ်းများ
လူတစ်ဦးသည် တစ်ရက်တာအတွင်း၌ များစွာသော နမားဇ်များအား ဆောက်တည်နိုင်ရန်မှာ မလွယ်ကူပါ။ သို့ဖြစ်ရာ လွယ်ကူသောနည်းလမ်းမှာ တစ်နေ့တာနမားဇ်များအားလုံး၏ အရေအတွက်သည် ရကအသ် (၂ဝ)ဖြစ်သည်။ စွန္နသ်နမားဇ်များအား ကဿွာပြုရန် ဖရပ်ဇ်တာဝန်မဟုတ်ပါ။ သို့သော် ဝါဂျိဗ်အား ကဿွာပြုရန် ဝါဂျိဗ်ဖြစ်သည်။ ထို့အတူ စွန္နသ်ကို ကဿွာဖြည့်ရန် စွန္နသ်သာလျှင်ဖြစ်သည်။
ပထမနည်းလမ်း
ဖဂျရ်နမားဇ် (၂)ရကအသ်၊ ဇုဟုရ်နမားဇ် (၄)ရကအသ်၊ အဆွရ်နမားဇ် (၄)ရကအသ်၊ မဂ်ရိဗ် (၃)ရကအသ်၊ အီရှာ (၄)ရကအသ်နှင့် ဝိသ်ရ် (၃)ရကအသ် အားလုံးပေါင်း ရကအသ် (၂ဝ) ဖြစ်သည်။
၎င်းရကအသ် (၂ဝ)အား ဆောက်တည်ရန် အလယ်အလတ်နည်းလမ်းဖြင့် မိနစ်(၂ဝ)ခန့် ကြာမည်ဖြစ်သည်။ မိနစ် (၂ဝ)သည် တစ်နေ့နှင့် တစ်ည၏ အချိန်များအနက် (၇၂) ပုံ တစ်ပုံမျှသာ ဖြစ်သည်။
ထို့အတွက်ကြောင့် နံနက်ခင်းမှ နေ့ခင်းအချိန်အထိ (သို့မဟုတ်) အီရှာနမားဇ်ပြီးနောက်မှ နံနက်ခင်းအချိန်အထိ မည်သည့်အချိန်၌မဆို ဤမိနစ် (၂ဝ)ခန့်မျှသော အချိန်အား အသုံးချ၍ လွတ်ခဲ့သော နမားဇ်များအား ပြန်လည်ဆောက်တည်ရမည်။
ဒုတိယနည်းလမ်း
ဤဒုတိယပုံစံမှာ ဖရ်ဇ်နမားဇ်များ၏ အလျင် (သို့မဟုတ်) နောက် မက္ကရူဟ်အချိန်များမှအပ ကျန်နမားဇ်အချိန်များ၌ တစ်ကြိမ်စီ ဆောက်တည်လိုက်ပါက လွယ်ကူစွာဖြင့် ဆောက်တည်နိုင်ပေသည်။
တတိယနည်းလမ်း
ရကအသ် (၂ဝ)အား သုံးပုံ ပုံလိုက်ပါ။ ဖဂ်ျရ် (၂)ရကအသ်နှင့် ဇုဟုရ် (၄) ရကအသ် ပေါင်းခြောက် ရကအသ်အား ဇုဟုရ်နမားဇ်အပြီးတွင် ဆောက်တည်လိုက်ပါ။ အဆွရ်နှင့် မဂ်ရိဗ်၏ ခုနှစ်ရကအသ်ကို မဂ်ရိဗ်အပြီးတွင် ဆောက်တည်လိုက်ပါ။ အိရှာနှင့် ဝိသိရ် ပေါင်း ခုနှစ်ရကအသ်ကို အိရှာအပြီးတွင် ဆောက်တည်လိုက်ပါက ရကအသ် (၂ဝ) ပြည့်သွားပေမည်။
ထိုသို့ဆောက်တည်မှု ပြုခြင်းအတွက် နမားဇ်တစ်ကြိမ်၏နောက်တွင် (၇) မိနစ်ခန့်သာ ပိုကြာသွားမည်ဖြစ်သည်။ ကောင်းစွာ စဉ်းစားပါ။ ဤသို့ကဿွာဆောက်တည်လိုက်ခြင်းသည် အလွန်လွယ်ကူမှု ရှိပါသည်။
သို့မဟုတ်ပါက ကွယ်လွန်ခါနီးအချိန်တွင် ဝစွီယသ်မှာတမ်းနိုင်မည်ဟု စိတ်ချယုံကြည်၍ မရပါ။ တစ်ခါတစ်ရံ ရုတ်တရတ် မမျှော်လင့်ဘဲ ကွယ်လွန်သေဆုံးသွားနိုင်ပေသည်။ ဥပမာ နှလုံးသွေးရပ်တန့်သွားမည်။ အစရှိသည့်ရောဂါများကြောင့် သေတမ်းစာ မမှာတမ်းနိုင်ပါက ၎င်းသူသည် အဇာဗ်အပြစ်ဒဏ်ခံစားရန်သာ ရှိတော့သည်။
အကယ်၍ ဝစွီယသ်မှာတမ်းမှုပြုခဲ့သည် ထားဘိဦး ကျန်ရစ်သူများမှ ဖိဒ်ယာပေးဆောင်ရာ၌လည်း အချို့အတွက်ပေးပြီး အချို့အတွက် မပေးမိပါကလည်း အဇာဗ်အပြစ်ဒဏ် ကျရောက်စေနိုင်မည်ဖြစ်သည်။
ထို့အတွက်ကြောင့် မိမိကိုယ်တိုင် ဆောက်တည်သွားခြင်းက စိတ်အအေးရဆုံးဖြစ်ပေသည်။
အလ်မုဖီးဒ်မှ စီစဉ်တင်ဆက်သည်။
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

မြတ်နဗီပြသခဲ့သည့် မုအာရှရသ်


ဗိစ်မိလ္လာဟ်ဟိသအာလာ
ကမ္ဘာပေါ်တွင် အသက်ရှင်ပြီးသည့်နောက် နေထိုင်ရာတွင် လူတို့နှင့် နေ့စဉ်နှင့်အမျှ ကူးလူးဆက်ဆံနေရပေသည်။ ကမ္ဘာကြီးသည် လူသားများ တစ်ဦးနှင့် တစ်ဦးတွေ့ဆုံခြင်းဖြင့် သာယာနေသည်။  အစ္စလာမ်သည် အပြည့်ဝဆုံးနှင့် အကောင်းဆုံးသော ပေါင်းသင်းဆက်ဆံရေးကို ညွှန်ကြားထားသည့် သာသနာဖြစ်သည်။ စ္စလာမ်သာသနာတွင် ယင်းသို့ လူသားအချင်းချင်း ပေါင်းသင်းဆက်ဆံရမည့် နည်းစနစ်ကို နောက်ဆုံးနဗီချုပ်ကြီး မုဟမ္မဒ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က မိမိ၏ ဘဝသက်တမ်းတစ်လျှောက်တွင် ပြည့်ဝစွာ ကျင့်သုံးပြခဲ့ပေသည်။ ထို့ကြောင့် မြတ်တမန်တော်၏ စရိုက်သွင်ပြင်လက္ခဏာတော်များအနက်မှ မုအာရှရသ်ဟုခေါ်တွင်သည့် လူမှုဆက်ဆံရေး၏ ပုံစံကို လေ့လာဖတ်ရှုပြီး ကျွန်ုပ်တို့ပြုပြင်သင့်သည်များကို တမန်တော့ဖဝါး ခြေရာထပ်ကာ ပြုပြင်ပြောင်းလဲကြပါစို့ ....။ { အလ်မုဖီးဒ် }

(( မော်လာနာအဗူဗက္ကရ်ဆွာဟိဗ်(ရမသွလ္လာဟ်အလိုင်းဟ်) ပြန်ဆိုရေးသားသည့် အစ္စလာမ့်သမိုင်းကျမ်းမှ ပြန်လည်တင်ပြသည်။ ))
တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ် ၏ ပေါင်းသင်းဆက်ဆံရေး
တမန်တော်မြတ်၏ မေတ္တာတရားကို မဖေါ်ပြမီ၊ ဥပမာအားဖြင့် တင်ပြရလျှင် တမန်တော်မြတ်နှင့် ပြောဆိုဆက်ဆံဖူးသူတိုင်းသည် တမန်တော်မြတ်၏ စေတနာသုံးတန်တရားများကို ငါရရှိသည်ထက် မည်သူကမှ မရရှိပါဟု လူတိုင်း ကိုယ်စီကိုယ်စီ ခံစားကြရသည်။ တမန်တော်မြတ်သည် နှလုံးတော် အထူးနူးညံ့ပျော့ပြောင်း၍ စိတ်နှလုံးရွှင်ပြတော်မူသည်။ တွေ့ဆုံသူတိုင်းနှင့် အမြဲပြုံးရွှင်စွာ ဆက်ဆံတော်မူသည်။ ယင်းအကြောင်းအရာကို မည်သည့်အရာနှင့်မျှ ခိုင်းနှိုင်း၍ပင် မပြနိုင်ပေ။ တမန်တော်မြတ်သည် မိမိအပေါင်းအဖော်များအား အမြဲဂုဏ်ပေးလေ့ရှိသည်။ အနစ်နာလည်း ခံလေ့ရှိသည်။ သာသနာ့ပညတ်တော်အပြင် မည်သူ၏ စိတ်ကိုမျှ ထိခိုက်ညစ်ညူးအောင် မပြုလုပ်ခဲ့။ ဧည့်သည်ပြန်ခွင့်မတိုင်သည့်တိုင် မတ်တပ်ရပ်ခြင်း မပြုပေ။ သို့သော် အကြောင်းတစ်စုံတစ်ရာရှိခဲ့လျှင် ခွင့်ပန်လေ့ရှိသည်။ ထိုင်ဝိုင်း၌ မည်သည့်အခါမှ ခြေတော်ဆင်း၍ မထိုင်၊ ဝင်လာသူများအတွက် နေရာချဲပေးလေ့ရှိသည်။ အနေအထိုင်၌ သီးခြားဂုဏ်ဒြပ်ကို မရယူခဲ့။ အပေါင်းအဖေါ်များထက် အခွင့်၊ အသာယူခြင်းမရှိဘဲ ရောရောနှောနှော နေထိုင်တော်မူလေ့ရှိသည်။ ထည်ဝါထင်ပေါ်အောင် ဦးထိပ်နေရာကို မရယူခဲ့။ ရသည့်နေရာ၌ ထိုင်ချတော်မူလေ့ရှိသည်။ ဖြစ်ရန်တန်ရန် အချိန်အခါမျိုးတွင် (ထိုက်တန်သည့် နေရာဌာနအတွက်) ကောင်းမျိုးကောင်းထည် အဝတ်အစားများကိုလည်း ဝတ်ဆင်တော်မူလေ့ရှိသည်။ ဆက်သခြင်းများကိုလည်း ပြုတော်မူလေ့ရှိသည်။ တမန်တော်မြတ်အား ရုတ်ချည်းတွေ့မြင်သူအပေါ် ခန့်ညားမှု၏ အရှိန်အဝါသည် မုချလွှမ်းမိုးသွားလေ့ရှိသည်။ သို့သော်လည်း စကားပြောဆိုလေလေ၊ ရင်းနှီးလေလေ၊ အချစ်ပိုလေဖြစ်ပြီး စွဲမက်သွားလေသည်။

တမန်တော်မြတ်သည် တစ်ခါတစ်ရံ ဟာသဉာဏ်ကိုလည်း ရွှင်တော်မူလေ့ရှိသည်။ ကြံဖန်ထွင်ထားသော လင်္ကာချောရန် မုသားနှောသော စကားလည်း မဟုတ်ချေ။ အကြည်တော် ဆွဟာဗဟ်ကြီးများသည် အပေါင်းအဖေါ်များနှင့် အမိုက်ခေတ်၏ အဖြစ်အပျက်ကို ပြောဆိုသော် တမန်တော်သည် ငြိမ်သက်စွာ နားထောင်တော်မူလေသည်။ ၎င်းတို့၏ ရယ်ရွှင်ဖွယ်စကားများအပေါ် တမန်တော်မြတ်လည်း ပြုံးတော်မူလေသည်။ ထို့နောက် တမန်တော် မိန့်ကြားတော်မူလျှင် အားလုံးမှ တိတ်ဆိတ်လျှက် နားထောင်ကြလေသည်။ တမန်တော်မြတ်သည် တစ်ဦးတစ်ယောက်နှင့် တွေ့ဆုံသောအခါ ဦးစွာစလာမ်ပြုလေသည်။ မိမိအဖော်များ၏ ကျန်းမာရေးကို မေးမြန်းတော်မူလေသည်။ အကယ်၍ တစ်ဦးတစ်ယောက်နာမကျန်းဖြစ်နေသော် ကျန်းမာရေးမေးမြန်းရန် ၎င်းအိမ်ကို ကိုယ်တိုင်ကြွသွားတော်မူလေ့ရှိပေသည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် ခရီး၌ရှိသော် ၎င်းအတွက် ဆုမွန်ကောင်းတောင်းခံတော်မူသည်။ အကယ်၍ တစ်ဦးတစ်ယောက်၌ စိတ်သောက ရှိနေသော် အားပေးစကားပြောပေးလေ့ရှိ၏။ တစ်ဦးတစ်ယောက်၏ မေ့မှားမှုအပေါ်၌ ဝန်ချတောင်းပန်ခဲ့လဆင် လက်ခံတော်မူလေ့ရှိသည်။
တမန်တော်မြတ်၏ တရားဓမ္မစင်၌ ဆင်းရဲ၊ ချမ်းသာ လူဟူသမျှတို့သည် တပြေးညီသာ ဖြစ်ပေ၏။
အလ်မုဖီးဒ် မှ တင်ဆက်သည်။
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

အမျိုးသမီးများ နမားဇ်ဖတ်ရာတွင် သတိပြုရမည့် အချက်များ

((အလ်မုဖီးဒ် မှ ရေးသားသည်။))

ဗိစ်မိလ္လာဟိရ်ရဟ်မာန်းနိရ်ရဟီးမ်
***********************
နမားဇ်ဆောက်တည်ခြင်းဟူသည် အလ္လာဟ်အရှင်မြတ်ထံပါး၌ ခစားခြင်း၊ အရှင့်ရှေ့တော်မှောက်တွင် မတ်တပ်ရပ်ကာ လူသားအနေဖြင့် ဖန်ဆင်းရှင် အရှင်သခင်အား ခဝပ်ဦးချရခြင်းဖြစ်သည်။ လူ့ခန္ဓာကိုယ်တွင်ရှိသော အမွန်မြတ်ဆုံးဖြစ်သည့် ဦးခေါင်းကို ဂုဏ်အင်အပေါင်းနှင့် စုံလင်တော်သည့် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် ပျက်ဝပ်ဦးချခွင့်ရခြင်းသည် အီမာန်ရှင်အဖို့ အလွန်ပင် ဂုဏ်ယူရမည့် ကိစ္စရပ်ဖြစ်ပေသည်။ မုစ်လင်မ်ကို အလ္လာဟ်မှအပ မည်သည့်အရာ၏ ရှေ့မှောက်တွင်မှ ဦးချခွင့် မပေးထားပေ။ မုစ်လင်မ်ဖြစ်ပြီးသည့်နောက် နမားဇ်သည် ယင်းမုစ်လင်မ်အတွက် တစ်နေ့ ငါးကြိမ် မပြုမနေရဟု သတ်မှတ်ပြဌာန်းထားသည်။ နမားဇ်ဆောက်တည်ရာတွင် ခုရှုအ်၊ ခုဇုအ် ခေါ် စိတ်တည်ငြိမ်ရိုသေခံညားမှု ရှိရန် အလွန်လိုအပ်လှပေသည်။ ထို့ပြင် မိမိဆောက်တည်နေသည့် နမားဇ်ကို စိတ်ထဲမှ သေချာတပ်အပ်စွာ စွဲမှတ်ယုံကြည်ထားရန် လိုအပ်ပေသည်။ ဥပမာ ဇုဟုရ်ဆွလာသ်၏ ဖရ်ဇ်ကို ဆောက်တည်နေချိန် စိတ်ထဲမှ ကျွန်ုပ်သည် ဇုဟုရ်ဆွလားသ်၏ ဖရ်ဇ်ကို ဆောက်တည်နေ၏ ဟု သေချာစွာ မှတ်ယူထားရမည်။ ထို့ပြင် နမားဇ်ဆောက်တည်ရာတွင် ပါဝင်သည့် သိလာဝသ်၊ ဇိကိရ်၊ ဒရူးဒ်၊ ဒုအာများကို သေချာကျနစွာ ဖတ်ကြားပြီး ဖတ်နေစဉ်အတွင်း စိတ်ပါလက်ပါ ရှိနေရမည်။ ဤသို့ဆောက်တည်သော နမားဇ်သည် လှပပြီး ကဗရ်နှင့် ကိယာမသ်တွင် မိမိအတွက် အသုံးဝင်ပေမည်။ ယခုဤနေရာတွင် အမျိုးသမီးများအတွက် နမာဇ်ဖတ်ရာတွင် သတိပြုဆင်ခြင်ရမည့် ကိစ္စရပ်များကို တင်ပြပါမည်။
((ဤအကြောင်းအရာကို ယခင်က ရေးသားတင်ဆက်ခဲ့သည်။ ယခုတဖန် လိုအပ်သည်များကို ထပ်မံဖြည့်စွက်ကာ အသစ်တဖန်ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။ ))

အမျိုးသမီးများသည် .......
၁။ နမားဇ်ဝတ်ပြုရာတွင် ဟောင်းနွမ်းနေသည့် ဂျာအေနမားဇ်များ၊ ပုဝါများကို အသုံးပြုခြင်းသည် မကောင်းပေ။ မိမိတွင် အသစ်အကောင်းများကို ဝယ်ယူသုံးစွဲနိုင်ပါလျှက် ၁ဝနှစ်ခန့်မျှ သုံးစွဲနေသည့် စုတ်ပြတ်ဟောင်းနွမ်းနေသည့်အရာများကို အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံရာတွင် အသုံးပြုခြင်းသည် လုံးဝမသင့်တော်သည့် ကိစ္စဖြစ်ပေသည်။ ထို့ကြောင့် နမားဇ်ဆောက်တည်ရာတွင် သုံးစွဲသည့် ပစ္စည်းများကို သစ်လွင်ကောင်းမွန်သည့် အရာများအား မိမိတတ်နိုင်သည့်ခန့် ဝယ်ယူသုံးစွဲရမည်။ ကြွားဝါသည့် နိယသ်မပါဘဲ နမားဇ်အတွက် သန့်ရှင်းသပ်ရပ်၊ ကောင်းမွန်သည့်အရာများကို သုံးစွဲပါက အင်န်ရှာအလ္လာဟ် စဝါးဗ်ရပေမည်။
၂။ နမားဇ်အတွက် နိယသ်ပြုပြီးသည့်နောက် လက်မြှောက်သည့်အခါ ပုခုံး၊ နားရွက်တို့ အထိ မြှောက်ရန် မလိုအပ်ပေ။ ရင်ဘတ်အထိ လက်မြှောက်လျှင် လုံလောက်ပေသည်။
၃။ နမားဇ်အတွင်း မိမိဝတ်ဆင်ထားသည့် ပုဝါကို ပုံစံကြအောင်ပြုပြင်ခြင်း၊ အချို့သည် နမားဇ်ဝတ်ပြုသည့်အခါ ပတ်သည့်ပုဝါကို အသုံးပြုကြသည်။ ထိုပတ်ထားသည့် ပုဝါကို နမားဇ်အတွင်း၌ ပြင်၍ ပတ်ခြင်း၊ ၀တ်ဆင်ထားသည့် ထမီကို ပြင်ဝတ်ခြင်း၊ ဤအချက်များကို ပြုလုပ်ပါက နမားဇ် ပျက်သည်။
၎။ ယား၍ ကုတ်ခြင်းသည် တစ်ကြိမ်၊ နှစ်ကြိမ်ခန့်အတွက် ခွင့်ပြုချက်ရှိသည်။ အကြိမ်ရေ များသွားပါက နမားဇ်ပျက်သွားမည်။
၅။ နမားဇ်ဖတ်နေသူ တစ်ဦး၏ ( နမားဇ်နှင့် မသက်ဆိုင်သည့်) လုပ်ရပ်ကို အပြင်သူတစ်ဦးတစ်ယောက်က နမားဇ်ဖတ်နေသည်ဟု မထင်နိုင်လောက်သည့် အခြေအနေအထိ ပုံစံပျက်ယွင်းစွာ ပြုလုပ်နေပါက နမားဇ်ပျက်သွားပေသည်။
၆။ နမားဇ်ဝတ်ပြုရန်အတွက် ပုဝါဆောင်းရာတွင် အလွန်ပါးလွှားသည့် ပုဝါမျိုး မဖြစ်ရပေ။ ထူထဲသည့် ပုဝါဖြစ်ရမည်။
၇။ ပုဝါဆောင်းသည့်အခါ လည်ပင်းနေရာတွင် 'ဟ'မနေရပေ (လည်ပင်းမပေါ်နေရပေ။) လည်ပင်းပေါ်နေပါက နမားဇ်မပိုင်ပါ။
၈။ နမားဇ်အတွက် ပုဝါဆောင်းသည့်အခါ နဖူးဖုံးနေပါကလည်း ယင်းပုဝါဖြင့် စဂ်ျဒဟ်ပြုခွင့်ရှိသည်။ နဖူးဖော်ထားနိုင်လျှင် ပိုကောင်းသည်။
၉။ မှို့ယာ၊ ဆိုဖာများအပေါ်တွင် နမားဇ်ဖတ်ခြင်းသည် မသင့်တော်ပေ။ အကယ်၍ ဖတ်ခဲ့ရပါကလည်း စဂ်ျဒဟ်ပြုသည့်အခါ အစွမ်းကုန် နဖူးကို ဖိချရမည်။
၁ဝ။ အမျိုးသမီးများသည် နမားဇ်ဖတ်ရန် အဇာန်ဆိုသည့် အချိန်အထိ စောင့်ဆိုင်းရန် မလိုအပ်ပေ။ အချိန်ဝင်သည်နှင့် တစ်ပြိုင်နက် နမားဇ်ဖတ်ခွင့်ရှိသည်။
၁၁။ နမားဇ်ဖတ်နေစဉ် မလိုအပ်ဘဲ မျက်လုံးမှိတ်မထားရပေ။ သို့သော် စိတ်အာရုံစုစည်းရန်အတွက် အချိန်အနည်းငယ် မျက်လုံးမှိတ်ထားနိုင်သည်။ 
၁၂။ နမားဇ်ဖတ်နေစဉ် နှာချေမိသွားပါက အလ်ဟမ်ဒုလစ်လလ္လာဟ် မဆိုရပေ။ ရုတ်တရက် နှုတ်မှထွက်သွားပါက အကြောင်းမဟုတ်ပါ။
၁၃။ ဆီး၊ ဝမ်းသွားချင်လျှက်၊ နမားဇ်ဆောက်တည်ပါက စိတ်တည်ငြိမ်မှု မရရှိနိုင်တော့သည့်အတွက် မက္ကရူသဟ်ရီမီဖြစ်သည်။ ထို့ကြောင့် နမားဇ်မစတင်မီ ဟာဂျသ်ပြုလိုက်ရမည်။ နမားဇ်ဖတ်နေစဉ်အတွင်း ဤသို့ဖြစ်လာပါက နမားဇ်ဖျက်လိုက်ပါ။ ဆီးဝမ်းသွားလိုက်ပါ။ ပြီးမှ စိတ်တည်ငြိမ်စွာဖြင့် နမားဇ်ပြန်ဖတ်ပါ။ အကယ်၍ နမားဇ်အချိန်ကုန်ဆုံးရန် အလွန်နီးကပ်နေသည်။ မိမိနမားဇ်ဖျက်လိုက်ပါက ကဿွာဖြစ်သွားမည်ကို စိုးရိမ်ရပါက ဆီးဝမ်း သွားချင်စိတ်ကို ထိန်းထားနိုင်လျှင် နမားဇ်ကို ပြီးဆုံးအောင်ဖတ်လိုက်ပါ။ မထိန်းနိုင်ပါက နမားဇ်ဖျက်၍ ပြီးမှ ကဿွာပြန်ဖြည့်ပါ။
၁၄။ နမားဇ်ဖတ်နေစဉ်အတွင်း ဒွန္နယာကိစ္စတစ်ခုခုကကြောင့် ""လာဟောင်လာ ဝလာကုဝသ"" ဖတ်လိုက်ပါက နမားဇ်ပျက်သွားမည်။ အာခိရသ်ကို ကြောက်ရွံမှုကြောင့် ဖတ်မိပါက နမားဇ်မပျက်ပေ။
၁၅။ နမားဇ်ဖတ်ရာတွင် ဟားသမ်းခြင်းကို အတတ်နိုင်ဆုံးထိန်းချုပ်ရမည်။ ကိယာမ်တွင် သမ်းဝေမိပါက ညာလက်၏ လက်ဖဝါးဖြင့် ဖုံးကာပါ။ ကအ်ဒဟ်တွင် ဘယ်လက်၏ လက်ဖမိုးဖြင့် ကာလိုက်ပါ။
၁၆။ နမားဇ်တွင် မလိုအပ်ဘဲ ချောင်းဟန့်ခြင်း၊ ချောင်းဆိုးခြင်းတို့သည် မက္ကရူသဟ်ရီမီဖြစ်၏။ ရောဂါကြောင့် ချောင်းဆိုးခြင်းဖြစ်ပါက ခွင့်ပြုချက်ရှိသည်။ သို့သော် အတတ်နိုင်ဆုံး ထိန်းချုပ်ရမည်။ 
၁၇။ နမားဇ်ဝတ်ပြုရာတွင် အတွင်းမှဝတ်ဆင်ထားသည့် အ၀တ်သည် အလယ်အလတ်တန်းစားရှိသော အ၀တ်ဖြစ်ရမည်။ တတ်နိုင်ပါက အကောင်းဆုံးသော အ၀တ်အစားဖြင့် နမားဇ် ၀တ်ပြု ရမည်။ အပြင်သို့သွားလျှင်ပင် မ၀တ်သည့် အလွန်ဟောင်းနွမ်း စုတ်ပြတ်နေသည့် အ၀တ်မျိုးဖြင့် နမားဇ်ဝတ်ပြုပါက မက္ကရူဟ်ထိုက်၏။
၁၈။ အမျိုးသမီးများအနေဖြင့် နမားဇ်ဝတ်ပြုသည့်အခါ အောက်ပိုင်းတွင် ၀တ်ဆင်ထားသည့်အ၀တ်သည် ပွ၍ ထူထဲသော အမျိုးအစားထဲမှ ဖြစ်ရမည်။ စတောကင်၊ ဂျင်းဘောင်းဘီအကျပ်၊ ဆွဲသားဘောင်းဘီအကျပ်၊ ခြေသလုံးသားများကို မြင်နိုင်လောက်အောင် ပါးလွှာသည့် စကပ်၊ ထမီ၊ ဂါဝန်၊ ခန္ဓာကိုယ်ကို အတိုင်းသားမြင်နိုင်လောက်အောင် ပါးလွှာ၊ တင်းကြပ်သည့် အ၀တ်အစားများဝတ်၍ နမားဇ်ဖတ်ခြင်း မပိုင်ပါ။ ယင်းကဲ့သို့ အ၀တ်များကို ၀တ်ဆင်ထားပြီး အပေါ်မှ ထပ်၍ ဘုရ်ကအ်(သို့) အခြား ထူထဲသော အ၀တ်ကို ၀တ်ဆင်ပြီးဖတ်မှသာလျှင် နမားဇ် ပိုင်မည်ဖြစ်သည်။
အထက်တွင်ဖေါ်ပြထားသည့် အ၀တ်များကို ၀တ်ဆင်ပြီး ဘုရ်ကအ်မပါပဲ အပြင်ထွက်ပါက ၀တ်ဆင်သူ၊ ၀တ်ရန်ခွင့်ပြုပေးသူ နှစ်ဦးစလုံးပေါ် အပြစ်ထိုက်သည်။ ၎င်းအ၀တ်များကို ၀တ်ဆင်ခြင်းသည် ကျန်းမာရေးအရလည်း မညီညွတ်ပါ။ (မွတ်စလ်မာန် အမျိုးသမီးများအားလုံးကို လိုက်နာနိုင်စွမ်း ချီးမြှင့်တော်မူပါ)
၁၉။ အမျိုးသမီးများအနေဖြင့် နမားဇ်အတွင်း ကိရာအသ်ဖတ်ခြင်းနှင့် အခြားသော အရာများ ရွတ်ဖတ်ရာတွင် မိမိကြားနိုင်လောက်သည်ခန့် အသံထုတ်၍ ဖတ်သင့်သည်။ ယင်းကဲ့သို့ ဖတ်ပါက နမားဇ်အတွင်း စိတ်ဝင်စားမှုလည်း ရှိမည်။ လုံးဝအသံမထုတ်ပဲ ဖတ်ခြင်းသည် မသင့်လျော်ပါ။ (အသံထုတ်ခြင်းသည် အပြင်သူကြားနိုင်လောက်အောင် အသံထုတ်ခြင်းကို မဆိုလိုပါ။ အပြင်သူကြားနိုင်လောက်အောင် အသံထုတ်ပါက နမားဇ်မပိုင်ပါ။) အကယ်၍ အသံလည်းမထုတ်၊ ပါးစပ်လည်း မလှုပ်ပဲ ဖတ်ပါက နမားဇ် အထမမြောက်ပါ။
၂ဝ။ သက်ဗီးရေသဟ်ရီမဟ်ကို အနည်းငယ် အသံထုတ်ပြီး ဆိုရမည်။
၂၁။ လက်ပိုက်ရာတွင် ပုဝါအတွင်းမှသာ ပိုက်ရမည်။ ပုဝါအပေါ်သို့ လက်ထုတ်၍ မပိုက်ရပါ။ 
၂၂။ ရုကုအ်ဦးညွှတ်ရာတွင် ယောကျာ်းများကဲ့သို့ ကျောကုန်းတစ်ဖြောင့်တည်း၊ ဒူးနှစ်ဖက်ကို လက်ဖြင့် စုပ်ကိုင်ထားခြင်းများကို အမျိုးသမီးတို့ ပြုမူရန် မလိုအပ်ပေ။ ရုကူတွင် ခန္ဓာကိုယ်အနည်းငယ် ကိုင်းလျှင်လုံလောက်သည်။ လက်ချောင်းများကို ဒူးနှစ်ဖက်အပေါ်သို့ တင်ရုံသာ တင်ထားရမည်။ ဆုပ်ကိုင်ထားရန် မလိုအပ်ပေ။
၂၃။ ရုကူမှ ပြန်ထသည့်အခါ "စမီအလ္လာဟုလိမန် ဟမိဒဟ် ရဗ္ဗနာ လကလ်ဟမ်ဒ်"  ဟု ပြည့်ဝစွာရွတ်ဆိုပြီးသည်အထိ မတ်တပ်ရပ်ရမည်။ ပြီးနောက်မှ စဂ်ျဒဟ်သို့ သွားရမည်။
၂၄။ စဂ်ျဒါသို့ သွားရာတွင်လည်းကောင်း၊ ပထမစဂ်ျဒဟ်မှ ပြန်ထရာတွင်လည်းကောင်း လက်ကို ဂျာအေနမားဇ်နှင့် ရှပ်တိုက်ဆွဲယူခြင်းမပြုရပေ။ ဤသို့ပြုခြင်းသည် ပျင်းရိဖျင်းတွဲသူတို့၏ လက္ခဏာဖြစ်သည်။ လက်ကို ကြွယူလိုက်ရမည်။ အကယ်၍ ရောဂါကြောင့် ဥပမာ အရိုးအဆစ်များအားနည်းခြင်းကြောင့် ခန္ဓာကိုယ်၏ လေးပင်သည့်ဝိတ်ကို မနိုင်ပါက ရှပ်တိုက်ဆွဲယူနိုင်ပါသည်။ သို့သော် တက်နိုင်သလောက် ကြွယူခြင်းက ပိုကောင်း၏။
၂၅။ စဂ်ျဒဟ်ပြုလုပ်ရာတွင် စဂ်ျဒဟ်တစ်ခုပြုပြီးသည့်နောက် ခန္ဓာကိုယ်ကို တည့်မတ်စွာထိုင်ရမည်။ ပြီးနောက်မှ ဒုတိယစဂ်ျဒဟ်ကို ပြုရမည်။ ဤသို့မဟုတ်ဘဲ ခေါင်းထောင်ရုံလေးသာ ထောင်လိုက်ပြီး ဒုတိယစဂ်ျဒဟ်ပြုပါက မပိုင်ပါ။
၂၆။ ကအ်ဒဟ်ထိုင်ရာတွင် ခန္ဓာကိုယ်ကို မယိမ်းနေရပေ။ တည်ငြိမ်စွာ ထိုင်ရမည်။ 
၂၇။ သရှဟွဒ်အတွက် လက်ညှိုးထောင်ရာတွင် လက်ညှိုးကို ကစ်ဗ်လာဖက်သို့သာ တစ်ဖြောင့်တည်း ထားရမည်။ မိုးပေါ်သို့ မထောင်ရပေ။
၂၈။ အမျိုးသမီးများ၏ စဂ်ျဒဟ်တွင် လက်နှစ်ဖက်ကို နံဘေးနှင့် ကပ်ထားရမည်ဟု မိန့်ထားသည်။ နံဘေးဟုဆိုရာတွင် ခန္ဓာကိုယ်၏ ဘေးနံရိုးများကို ဆိုလိုခြင်းမဟုတ်။ စဂ်ျဒဟ်ချလိုက်သည့်အခါ လက်မောင်းကို ခန္ဓာကိုယ်၏ ဘေးနှင့် ကပ်ထားခြင်းကို ဆိုလိုခြင်းဖြစ်သည်။
၂၉။ အမျိုးသမီးများ အနေဖြင့် အောက်ပိုင်းဝတ် အတွင်းခံကိုဝတ်ပြီး နမားဇ်မဖတ်သင့်ပါ။ လုံးဝသန့်သည်ဟု မှတ်ယူနိုင်မှသာလျှင် ၀တ်ဖတ်ခွင့် ရှိသည်။ အကယ်၍ မသန့်များရှိနေခဲ့ပါက နမားဇ်ဝတ်ပြုရာတွင် အ၀တ်အစားသန့်ရမည့် စည်းကမ်းနှင့် မကိုက်ညီသည့်အတွက် နမားဇ်မပိုင်ပါ။
၃ဝ။ အမျိုးသမီးများသည် ဝုဇူပြုပြီးနောက် အဖြူဆင်းခြင်းဖြစ်ပါက ဝုဇူပျက်သည်။ (ယင်းရောဂါကို ပျောက်ကင်းအောင် ကုသသင့်သည်။ သားအိမ်အားနည်း၍ ဆင်းခြင်းဖြစ်သဖြင့် ကောင်းမွန် အဟာရရှိသော အစားအစာများကို စားသုံးပြီး ဆရာဝန်ညွှန်ကြားသည့် ဆေးနည်းကို သေချာစွာ သောက်သုံးရမည်ဖြစ်သည်။)
၃၁။ အဝတ်အစားတွင် အတွင်းခံတွင် အဖြူများပေကျံပါက ယင်းအဝတ်အစားသည် မသန့်ဖြစ်၏။
၃၂။ အမျိုးသမီး အမျိုးသား တို့သည် ရုပ်ပုံများပါသည့် အဝတ်အထည်ဖြင့် နမားဇ်ဖတ်ခြင်းသည် မက္ကရူဟ်ဖြစ်သည်။ နမားဇ်မဟုတ်သည့် ပြင်ပတွင် ဝတ်ပါကလည်း မက္ကရူဟ်ပင်ဖြစ်သည်။
၃၃။ ညအိပ်ဝတ် အ၀တ်အစားများဖြင့် နမားဇ်ဖတ်ခြင်းသည် မသင့်လျော်ပါ။
အမျိုးသမီးများအတွက် နမားဇ်ဖတ်ရန် အကောင်းဆုံးနေရာမှာ အိမ်၏အတွင်းခန်းပင်ဖြစ်သည်။
အမျိုးသမီးသည် နမားဇ်ဝတ်ပြုနေရင်း ဖုံးအုပ်ရမည့် အစိတ်အပိုင်းများ အနက်မှ အစိတ်အပိုင်း တစ်ခု၏ ၄ပုံ၁ပုံ ပေါ်သွားလျှင် နမားဇ်ပျက်သည်။ အစိတ်အပိုင်းတစ်ခုဆိုသည်မှာ ဥပမာ လက်ဟုပြောလျှင် အစိတ်ပိုင်း နှစ်ခုရှိသည်။ လက်မောင်းမှ တံတောင်ဆစ်အထိ အစိတ်အပိုင်းတစ်ခု၊ တံတောင်ဆစ်မှ လက်ဖျားအထိ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
ဖုံးအုပ်ရမည့် အစိတ်အပိုင်း ၄ ပုံ ၁ ပုံပေါ်ခြင်းက ဘယ်အချိန်အထိခွင့်ရှိလဲ
ပုံစံ ၃မျိုးရှိသည်။
၁။ ပေါ်သည့်အတိုင်းအတာသည် များမည်။ ပေါ်သွားသည့် အချိန်နည်းမည်။
၂။ ပေါ်သည့်အတိုင်းအတာ နည်းမည်။ ပေါ်သည့် အချိန်များမည်။ ဤပုံစံ ၂မျိုးလုံးတွင် နမားဇ်မပျက်ပါ။
၃။ ပေါ်သည့်အတိုင်းအတာလည်းများမည်။ ပေါ်သည့်အချိန်လည်းများမည်။ ဤပုံစံတွင် နမားဇ်ပျက်မည်။
အလ်မုဖီးဒ်
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Tuesday, October 7, 2014

သွားကြားထိုးတံ နှင့် သွားရောဂါ


သွားဝေဒနာ ကုစားနည်းအဗူနိုအီးမ်သခင်က ကိသာဗွသ်သွစ်ဗ်ကျမ်းစာအုပ်တွင် ရေးသားထားသည်။ အဗ္ဗဒွလ္လာဟ်ဗင်န်အုမရ်သခင် မိန့်ဆိုသည်မှာ သွားကြားမထိုးပါက သွားများ အားနည်းသွားလေသည်။ ထို့ပြင် အချို့သောဆင့်ပြန်ချက်များတွင် လာရှိသည်မှာ သွားကြားမထိုးခြင်းဖြင့် ဖရစ်ရှ်သာများ စိတ်ပျက်ကြပြီး ၎င်းတို့အား ဒုက္ခဖြစ်စေသည်။ (အလိုသဘောမှာ သွားကြားများကို သန့်ရှင်းမှုမပြုလုပ်ခြင်းကြောင့် အစာအကြွင်းအကျန်များသည် အနံထွက်လာသည်။ ယင်းအနံအသက်ကို မနှစ်မြို့ခြင်းကို ဆိုလိုသည်။ မစ္စဝါးက်ပြု(တံပူတိုက်ခြင်း)သည် ယင်းအနံသက်ကို ပျောက်ကင်းစေလေသည်။)
ကိသာဗွသ်သွစ်ဗ်ကျမ်းတွင် ကိုသွိုင်ဗဟ်ဗင်န် ဝနောက်ဗ်သခင်က ဆင့်ပြန်သည်။ တမန်တော်မြတ်ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ် မိန့်ကြားတော်မူသည်မှာ အားစ်အပင်၏ သစ်ကိုင်းများနှင့် အမွှေးအကြိုင်ရှိသော သစ်ကိုင်းများဖြင့် သွားကြားမထိုးကြနှင့်။ အဘယ့်ကြောင့်ဆိုသော် ယင်းတို့နှင့် သွားကြားထိုးခြင်းဖြင့် ကုဌာနူနာစွဲကပ်ပါက မနှစ်မြို့စရာဖြစ်သည်။ အချို့သောကျမ်းများတွင် ဟွမ်မွလ်အားစ် အပင်၏ အကိုင်းကို အားဒ် ဟုခေါ်ဆိုကြောင်း ပါရှိသည်။ ((ဆေးကျမ်းများအရ ဟွမ်မွလ်အားစ်အပင်ကို မြန်မာ့ပရဆေး၌ ချင်းယားပင် (ရေ/ကုန်း) ဟု ဖော်ပြပါရှိသည်။))

အကျိုးကျေးဇူး
အစ္စလာမ်သာသနာ့ပညာရှင်များက ရေးသားထားကြသည်မှာ အထက်ဖော်ပြပါ အပင်များ၏ အကိုင်းအခက်များဖြင့် သွားကြားထိုးခြင်းကြောင့် ဆုံးရှုံးထိခိုက်စေသည်။ ၎င်းပြင် အောက်ဖော်ပြပါ အပင်များဖြင့် သွားကြားထိုးခြင်းသည် သွားပိုးတွယ်ရန် စိုးရိမ်ရလေသည်။ ၎င်းအပင်များမှာ သလဲပင်၊ ဝါးပင်၊ ကလောင်တွင် အသုံးပြုသည့် အစွယ်၊ ထို့ပြင် သစ်သီးဝံလံအပင်များ၏ အကိုင်းအလက်များ၊ ဥပမာအားဖြင့် မာလကာ၊ သစ်တော်၊ ပန်းသီး၊ သဖန်း၊ စပျစ် အစရှိသည့် အပင်တို့၏ အကိုင်းအလက်များ ဖြစ်ကြသည်။
၎င်းပြင် ရွှေ၊ ငွေ၊ ကြေးနီ၊ ကြေးဝါတို့ဖြင့်လည်း သွားကြားမထိုးရပေ။ ၎င်းတို့ဖြင့် သွားကြားထိုးခြင်းသည် ပါးစပ်တွင် အနံဆိုးဖြစ်ပေါ်စေသည်။ သွားကြားထိုးရန် အကောင်းဆုံးသော သစ်ကိုင်းအခက်အလက်မှာ ခါးသော အရသာရှိသည့် အပင်များဖြစ်ပေသည်။

အလ်ဟာဂ်ျမော်လာနာမွဖ်သီကာရီမုဟမ္မဒ်ယူစွဖ်(အဆ်အဒီ) ပြန်ဆိုရေးသားသည့် တမန်တော်မြတ် ၏ ကုထုံးလမ်းညွှန် မှ ကောက်နှုတ်တင်ပြသည်။
((အလ်မုဖီးဒ်မှ စီစဉ်တင်ဆက်ပါသည်))

Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

အစာစားခြင်း နှင့် ကိုယ်ကာယ လေ့ကျင့်ခန်း


အစာကြေစေရန် နည်းလမ်း
သိရ်မီဇီကျမ်းနှင့် အဗူဒါဝူးဒ်ကျမ်းတွင် ဟဇရသ်အာအေရှာဟ်သခင်မထံမှ ဆင့်ပြန်ချက်တစ်ခု လာရှိသည်။ ကိုယ်တော်မြတ်ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ် မိန့်ကြားသည်မှာ အသားကို ဓါးမြှောင် (သို့မဟုတ်) မောင်းချဓားဖြင့် ဖြတ်တောက်၍ မစားကြနှင့်။ ဤသည် အရဗ်မဟုတ်သောသူများ၏ နည်းလမ်းဖြစ်သည်။ သို့သာမက သွားများဖြင့် ကိုက်ဖြတ်ကြကုန်။ အဘယ့်ကြောင့်ဆိုသော် ဤသည် အစာမကြေခြင်းမှ ကာကွယ်စေလေသည်။ ထို့ပြင် သွားများဖြင့် ကိုက်ဖြတ်စားသောခြင်းသည် အစာကို လျှင်မြန်စွာ ကြေစေသည်။

အစာစားပြီးနောက် လေ့ကျင့်ခန်း ပြုလုပ်ခြင်း
ခန္ဓာကိုယ် ကျန်းမာကြံခိုင်ရေးအတွက် လှုပ်ရှားမှုပြုလုပ်ခြင်းသည် အလွန်အကျိုးထူးပေသည်။ တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ် ၏ မိန့်ခြွေချက်လာရှိသည်မှာ " ဇိကိရ်နှင့် နမားဇ်တို့ဖြင့် အစာကို ကြေညက်အောင်ပြုကြပါ။
အစာစားပြီးသည်နှင့် ချက်ခြင်း မအိပ်စက်ရပေ။ ထိုသို့အိပ်ခြင်းသည် စိတ်နှလုံးကို မာကျောစေသည်။

အကျိုးကျေးဇူး
မဝါဟစ်ဇ်ကျမ်းတွင် ပါရှိသည်။ ကျန်းမာပြီး ဖြတ်ဖြတ်လတ်လတ်ရှိနေသည်ကို လိုလားသူသည် ညစာစားပြီးနောက် ခြေလှမ်း ၁၅ဝ လမ်းလျှောက်ရပေမည်။
ကာနူးန်သခင်၏ ဖွင့်ဆိုသည့်ကျမ်းတွင် ရေးသားထားသည်မှာ လှုပ်ရှားခြင်းနှင့် ငြိမ်သက်စွာနေခြင်းတို့သည် ပင်ကိုယ်စရိုက်အားဖြင့် အေးမြသော သဘောကို ဆောင်သည်။ လှုပ်ရှားခြင်းဖြင့် အစိုဓာတ်နှင့် အညစ်အကြေးတို့ကို ဖြစ်ပေါ်စေသည်။ ထို့အတွက်ကြောင့် နှစ်ဖက်စလုံးတွင် သင့်တင့်မျှတစွာ နေထိုင်ရန်သင့်သည်။ ဤသို့မျှတစွာနေထိုင်ခြင်းဖြင့် ခန္ဓာကိုယ်၏ ပင်ကိုယ်အပူဓာတ်ကို တိုးပွားစေသည်။ အစာကို ကြေစေသည်။ အာရုံကို ထက်မြက်စေသည်။ ဝမ်းကို ဟာစေသည်။ အင်အားကို ရှင်သန်တိုးပွားစေသည်။ ဤအတွက်ကြောင့်ပင် ခန္ဓာကိုယ် ကျန်းမာကြံခိုင်စေရန်အတွက် ခရီးထွက်ခြင်းသည်လည်း ကုသနည်းတစ်မျိုးဖြစ်သည်။
ကိသာဗွသ်သွဗ်ကျမ်းတွင် အဗူနိုအီးမ်သခင်က ဟဇရသ်အဗူဟုရိုင်ရာသခင်ထံမှ ဆင့်ပြန်သည်မှာ ကိုယ်တော်မြတ်ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ် အမိန့်ရှိသည်။ ခရီးထွက်ကြကုန်။ ခရီးထွက်ခြင်းဖြင့် ကျန်းမာကြံခိုင်မှုနှင့် စားနပ်ရိက္ခာရရှိစေမည်။

သိမှတ်ဖွယ်ရာ
အစ္စလာမ်သာသနာ့ပညာရှင်များက ဤဟဒီးစ်တော်အား အဓိပ္ပာယ်အမျိုးမျိုး ကောက်နှုတ်၍ ဖွင့်ဆိုရေးသားထားကြသည်။ ဤနေရာတွင် အကျဉ်းချုပ်မျှကို သိထားလျှင် လုံလောက်ပေသည်။ ၎င်းမှာ ခရီးထွက်ရန် အမိန့်ပေးထားရခြင်း၏ အကြောင်းအရင်းသည် ခရီးထွက်ခြင်းဖြင့် ရေ၊ လေ ပြောင်းလဲသွားလေသည်။ ဤသည် စိတ်ကြည်နူးစေရန်အတွက်လည်း စူးရှမှုရှိသော အကြောင်းခံတစ်ရပ်ပင် ဖြစ်သည်။ များသောအားဖြင့် ရောဂါဝေဒနာများသည် ရေ၊ လေ၊ သဘာဝ ပြောင်းလဲသွားရုံမျှဖြင့် ရောဂါပျောက်ကင်းချမ်းသာသွားကြလေသည်။
ထို့ပြင် ဤဟဒီးစ်တော်တွင် ရိုဇီရိက္ခာရရိုခြင်းနှင့် ပတ်သက်၍ ဖော်ပြထားလေသည်။ ဤသည်လည်း အများအမြင်၍ သက်သေဖြစ်ပေသည်။ အချို့သောအချိန်များ၌ ကုန်ပစ္စည်း ကူးသန်းရန်နှင့် တာဝန်ဝတ္တရားများ ထမ်းဆောင်ရန်အတွက် ခရီးထွက်ရပေသည်။ ဤအတွက်ကြောင့် ခရီးထွက်ခြင်းသည် အောင်မြင်မှု၏ အကြောင်းခံဟူသော ဆိုရိုးစကားသည် ကျော်ကြားလှပေသည်။

အလ်ဟာဂ်ျမော်လာနာမွဖ်သီကာရီမုဟမ္မဒ်ယူစွဖ်(အဆ်အဒီ) ပြန်ဆိုရေးသားသည့် တမန်တော်မြတ် ၏ ကုထုံးလမ်းညွှန် မှ ကောက်နှုတ်တင်ပြသည်။
((အလ်မုဖီးဒ်မှ စီစဉ်တင်ဆက်ပါသည်))
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Thursday, September 25, 2014

ဟဂ်ျဂျေသမသ်သုအ် ပြုလုပ်နည်း


(၁) မီကားသ်မှ စတင်၍ အဲဟ်ရာမ် ဝတ်ဆင်ပါ။
(၂) မက္ကဟ်သို့ရောက်လျှင် သွဝါးဖ်ပြုပါ။ (သွဝါးဖ်ခုနှစ်ကြိမ် ဖြစ်သည်။ ဟဂျရေအတ်စ်ဝဒ် မှစ၍ ဟဂျရေအတ်စ်ဝဒ်၌သာ အဆုံးသတ်ပါ။ အမှတ်အသားအနေနှင့် ဟဂျရေအတ်စ်ဝဒ်အနီး အောက်ဘက်၌ လိုင်းထူးတစ်ခုဆွဲထားသည်။)
(၃) သွဝါးဖ်ပြုပြီးနောက် နမားဇ်နှစ်ရကအသ် ဝတ်ပြုရန် ဝါဂျိဗ်ဖြစ်သည်။ (မက္ကရူးဟ်အချိန်ဖြစ်နေလျှင် ချက်ခြင်းမဖတ်ပါနှင့်။ မက္ကရူးဟ်အချိန်ကျော်လွန်ပြီးနောက်မှ ဖတ်ပါ။) ကအ်ဗာဟ်ကျောင်းတော်ဘက်သို့ မျက်နှာမူကာ မကာမေအိဗ်ရာဟီးမ် အရှေ့တွင် ဝတ်ပြုပါ။
(၄) ဇမ်ဇမ်ရေ သောက်သုံး၍ စအီပြုရန်သွားပါ။ ဆွဖာတောင်မှစ၍ မရ်ဝါသို့ရောက်လျှင် တစ်ပတ်ပြည့်သည်။ ထိုပုံစံအတိုင်း ခုနှစ်ကြိမ်ပြုပါ။ ပြီးနောက် နမားဇ်နှစ်ရကအသ် ဝတ်ပြုပါ။
(၅) ပြီးနောက် အမျိုးသမီးများ ဆံပင်လက်တစ်ဆစ်ဖြတ်​ရမည်။ အမျိုးသားများသည် ခေါင်းတုံးရမည်။
ဤတွင် အွမ္မရာဟ်ပြီးဆုံးပြီဖြစ်၍ အဲဟ်ရာမ်ချွတ်လိုက်ပါ။ ယခု မက္ကဟ်ရွှေမြို့တော်တွင် ပုံမှန်အဝတ်စားဖြင့်သာ နေပါ။ သွဝါးဖ် များမြောင်စွာပြုနေပါ။ မက္ကဟ်ရွှေမြို့တော်တွင် ရှိနေစဉ် အကောင်းဆုံးသော အိဗာဒသ်မှာ သွဝါးဖ်ပြုခြင်းသာ ဖြစ်သည်။ ဖရပ်ဇ် စွန္နသ်နမားဇ်များ ဝတ်ပြုပြီးနောက် အချိန်ရလျှင် သွဝါးဖ်ပြုခြင်း၌သာ ကုန်ဆုံးပါ။

ဇိလ်ဟဂ်ျလ (၈) ရက်နေ့ရောက်လာလျှင် သွဝါးဖ်ပြုပြီး စအီပြုပါ။ ပြီးလျှင် မီနဟ်သို့ သွားပါ။
ဇိလ်ဟဂ်ျလ (၈) ရက်နေ့ ဇုဟုရ်အချိန်မှ စတင်၍ (၉) ရက်နေ့အထိ မီနာဟ်တွင်တည်းခိုပါ။
ဇိလ်ဟဂ်ျလ (၉) ရက်နေ့ နံနက်နေထွက်ချိန်၌ မီနာဟ်မှ အရ်ဖားသ်သို့သွားပါ။ နေမွန်းလွဲချိန်သို့ မရောက်မီကပင် အရ်ဖားသ်သို့ ရောက်သွားရမည်။ အရ်ဖားသ်တွင် ခဏတာအနားယူပါ။ ဇုဟုရ် အချိန်ရောက်လျှင် ဇုဟုရ်နမားဇ်ဝတ်ပြုပါ။ ပြီးလျှင် ဝုကူးဖ်ပြုပါ။ ဒိုအာများတောင်းခံပါ။ ပထမကလေမာဟ်/ ဒုတိယကလေမာဟ်/ တတိယကလေမာဟ်/ အိစ်သိဂ်ဖားရ်များကို တက်နိုင်သရွေ့ ဖတ်နေပါ။ မတ်တပ်ရပ်၍ ဖတ်နေပါ။ ညောင်းသွားသည့်အခါ ထိုင်ဖတ်ပါ။
အဆွရ်အချိန်ရောက်လာလျှင် အဆွရ်နမားဇ် ဝတ်ပြုပါ။ တဖန် နေဝင်ချိန်အထိ ထိုသို့ပင် ဇိကိရ်၊ ဒုအာ အစရှိသည်တို့တွင် နစ်မွန်းနေပါ။ နေဝင်သွားသည့်အခါ မုဇ်ဒလိဖာဟ်သို့သွားပါ။ မဂ်ရိဗ်နမားဇ် မဖတ်သေးပါနှင့်။ မုဇ်ဒလိဖာဟ်သို့ ရောက်ရှိပြီးမှသာ မဂ်ရိဗ်နှင့် အိရှာအား ပေါင်းဖတ်ပါ။ ပြီးနောက် အိပ်ချင်နေလျှင် အိပ်လိုက်ပါ။ သို့သော် နိုးကြားနေခြင်းသည် ပိုကောင်း၏။ သပ်စ်ဗီးဟ်/ ဒရူးဒ်/ အိစ်သိဂ်ဖားရ်တွင် နစ်မွန်းနေပါ။ သဟ်ဂ်ျဂျွဒ်နမားဇ် ဝတ်ပြုပါ။ နံနက် ဖဂျရ်အချိန်ရောက်သည်နှင့် နမားဇ်ဝတ်ပြုလိုက်ပါ။ ပြီးနောက် ဝုကူးဖ်ပြုပါ။ မတ်တပ်ရပ်၍ ဒိုအာတောင်းခံပါ။ ဤတွင် ဇိလ်ဟဂ်ျလ ဆယ် ရက်မြောက်နေ့သို့ ရောက်ရှိသွားပြီဖြစ်သည်။ မုဇ်ဒလိဖာဟ်မှ ကျောက်စရစ်ခဲများ ကောက်ထားပါ။ ၄၉ လုံး (သို့မဟုတ်) ၇ဝ ။ အပိုကောက်ထားလျှင် ပိုကောင်းသည်။ မုဇ်ဒလိဖာဟ်မှ မီနာဟ်သို့ ပြန်လာပါ။ ဂျမ်ရာဟ်အွက်ဗာဟ်အား ခဲ ၇ နှစ်လုံး ပေါက်ပါ။ ပြန်လာပြီးနောက် မီနာဟ်တွင် ကုရ်ဗာနီပြုပါ။ ဆံချပါ။ ယခု အဲဟ်ရာမ်ချွတ်၍ ပုံမှန်အဝတ်စားဝတ်ကာ မက္ကဟ်ရွှေမြို့တော်သို့ ပြန်လာပါ။ သွဝါးဖေဇီယာရသ် ပြုလုပ်ပါ။ ဤသွဝါးဖ်မှာ ဖရပ်ဇ်ဖြစ်သည်။ သွဝါးဖ်ပြုပြီးနောက် မီနာဟ်သို့ပြန်သွားပါ။ မီနာဟ်၌သာ ညကုန်ဆုံးပါ။ (ဇိလ်ဟဂ်ျ (၁၁) ရက်နေ့ ဖြစ်သည်။) နံနက်ထ၍ နေမွန်းလွဲပြီးနောက် ပထမရှိုက်သွာန်အား ခဲ ၇နှစ်လုံးပေါက်၍ ဘေးကပ်ကာ ဒိုအာတောင်းပါ။ ပြီးလျှင် ဒုတိယရှိုက်သွာန်အား ခဲပေါက်ကာ ဘေးကပ်၍ ဒိုအာတောင်းပါ။ ပြီးနောက် တတိယရှိုက်သွာန်အား ခဲပေါက်၍ ဒိုအာမတောင်းဘဲ ပြန်လာပါ။ ယခုမီနာဟ်၌သာ ညတာကုန်ဆုံးပါ။ (ဇိလ်ဟဂ်ျလ ၁၂ ရက်နေ့ ဖြစ်သည်။) နံနက်ထ၍ နေမွန်းလွဲပြီးနောက် ပထမနေ့ကဲ့သို့ပင် ခဲပေါက်ပါ။ ညအချိန်ကို မီနာဟ်တွင်ကုန်ဆုံးပါ။ (ဇိလ်ဟဂ်ျလ ၁၃ ရက်နေ့ဖြစ်သည်။)ပထမ နှစ်ရက်ကဲ့သို့ပင် ပြုလုပ်ပါ။ သို့သော်ယခု ခဲပေါက်ပြီးလျှင် မက္ကဟ်သို့ပြန်လာပါ။ အကယ်၍ ၁၂ ရက်နေ့၌ပင် ခဲပေါက်ကာ မက္ကဟ်ရွှေမြို့တော်သို့ ပြန်လိုက ပြန်နိုင်ပေသည်။ သို့သော် နေမဝင်ခင် မီနာဟ်မှ ထွက်ခွာရမည်။ ဤတွင် ဟဂ်ျပြီးဆုံးလေ၏။

ယာ အလ္လာဟ် ကျမ်းရှင်မော်လာနာရဖ်အသ်ကာစီမီ (ကျောင်းဆရာ ဒါရွလ်အူလူးမ်ဒီယိုဗန်)၊ ဘာသာပြန်ဆိုသူနှင့် အွမ္မသ်ထုတစ်ရပ်လုံးအား အလ္လာဟ်အရှင်မြတ် လက်ခံကဗူလ်ပြုသောဟဂ်ျကို ပြုနိုင်စွမ်း ချီးမြှင့်တော်မူပါ။ (ထိုနည်းတူ အလ်မုဖီးဒ် မိသားစုဝင်များကိုလည်း အရှင်မြတ်လက်ခံတော်မူပါ အာမီးန်) ယခုနှစ် ဟဂ်ျသွားသောသူအားလုံးအား အခြေအနေ ကိစ္စရပ်အားလုံးတွင် လွယ်ကူမှုများ ချီးမြှင့်တော်မူပါ။ အာမီးန် စွမ္မအာမီးန်
((အလ်မုဖီးဒ်မှ စီစဉ်တင်ဆက်ပါသည်))
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

အချစ်ရရှိခြင်း နှင့် ဆုံးရှုံးသွားရခြင်း


ဗိစ်မိစ်လ္လာဟိစ်ရ်ရဟ်မာနစ်ရ်ရဟီးမ်
လူတို့သည် မိမိစိတ်ဆန္ဒနှင့် အညီ ကိုက်ညီမည့်အချစ်ကို လိုလားကြသည်။ ဥပမာ - ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကိုချစ်ကြိုက်လိုက်သည် ဆိုပါစို့။ ပထမဦးဆုံးကတော့ အမြင်ပေါ့ မြင်မြင်ချင်းချစ်မိသွားခြင်း။
ပြီးနောက် ဘာသာရေးလေးစားမှုလေးကို တွေ့မြင်လိုက်ရလို့ချစ်မိသွားခြင်း။ အိမ်တွင်းမှု နိုင်နင်းစွာလုပ်ကိုင်နိုင်တဲ့ မိန်းကလေးဖြစ်နေလို့ ကြိုက်သွားခြင်း။ အရမ်းချောမောလှပလို့ ကြိုက်သွားခြင်း။ မိမိပြောစကားကို နားထောင်နိုင်စွမ်းရှိလို့ ကြိုက်သွားခြင်း။ စီးပွားဥစ္စာပေါလို့ အကြောင်းကြောင်း ကြောင့် ချစ်လိုက်ရခြင်း။ အစရှိသဖြင့်ပေါ့လေ... နည်းလမ်းအမျိုးမျိုးနှင့် မိန်းကလေးနှင့်ယောက်ျားလေး ချစ်ကြလေသတည်း။ ညားကြလေသတည်း။ ဟူ၍ဖြစ်သွားကြပါသည်။ ကောင်းပြီ အဲဒီ အချစ်တွေ၊ အိမ်ထောင်ရေးတွေ ကာလတာရှည်တည်မြဲနေအောင်၊ ဘယ်လိုတွေ ထိန်းသိမ်းမလဲ၊????? ကာကွယ်ကြမလဲ????
စဉ်းစားမိရင် မူလအစ ပြန်ပြန် ရောက်သွားတယ်။
အရင်းစစ်လျှင်အမိမြေက ဆိုသလို အလ္လာဟ့်အရှင်မြတ်အမိန့်တွေကိုပဲ လိုက်နာကျင့်သုံးမှသာ ရရှိနိုင်ပါသည်။

ယနေ့ခေတ်တွင် ခေတ်စားနေသော စကားရှိပါသည်။ ဆေးလုပ်သည်။ ဆေးလုပ်ခံရသည်။ မော်လဝီ ဆေးကုသောဆရာတိုင်းတွင် နေ့စဉ်နှင့်အမျှ လူနာအပြည့် ဒုနဲ့ဒေးဆိုရလောက်အောင်များပြားလှပါသည်။
အဲဒီလိုဘဲ ကာဖိရ်တွေထံမှာလည်း မုစ်လင်မ်တွေဆေးကုသွားကြသည်။
ဒါတွေကိုကြည့်ခြင်းအားဖြင့်ဘာတွေသိရသလဲဆိုတော့ မုစ်လင်မ်တွေရဲ့အားနည်းမှု၊ အလ္လာဟ်အမိန့်တွေအပေါ် နာခံကျင့်သုံးမှုနည်းပါးခြင်း။ ဘာသာရေးလေးစား တည်ဆောက်မှု အလွန်ရော့နည်းခြင်းများကို သိရပါသည်။
မုစ်လင်မ်တိုင်းသည် မိမိတို့ရဲ့ကုရ်အာန်ကျမ်းတော်မြတ်ကို ဌာန်ကဏ္ဍိုင်းကျကျ ပီပီသသ ဖတ်တတ်ဖို့အရေးကြီးပါသည်။ ခေတ်ပညာစာပေလည်းဖတ်တတ်ရမည်။
ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ စာလုံးတိုင်းသည် ဗရကသ်ရှိသည်။ အကျိုးထူးများစွာရှိသည်။ ရောဂါအပေါင်းရဲ့ဆေးလည်းဖြစ်သည်။ မသိသူကျော်သွား၊ သိသူဖေါ်စား။ ဆိုသကဲ့သို့ အသုံးချတတ်သူကတော့ ကောင်းစားသွားပါသည်။မသိနားမလည် အသုံးမချတတ်သူတွေကတော့ လူတကာကိုဆရာတင်၊ ဒုက္ခမျိုးစုံက လွတ်ကင်းတယ်ကိုမရှိတော့ဘူး။

ကုရ်အာန်ထဲမှ ပါရာ ၁၂၊ စူရာ-၁၂၊ အာယသ်-၃၃က စာသားကို အမျိုးသားတိုင်း နေ့စဉ်ဒရူးဒ်အဖွင့်အပိတ်နှင့်၊ ၁၁ ခေါက်ခန့်ဖတ်ထားသင့်ပါသည်။ အဘယ်ကြောင့်နည်း စူရာမိုအောင်ဝဇ်ဇိုင်သိုင်းန် မှ ပြောထားသကဲ့သို့ပင် မန်းမှုတ်တတ်သော မိန်းမများ၏ ပရိယာယ်မှ လွတ်ကင်းရန်ဟူ၍ ဖြစ်ပါသည်။
ယောက်ျားလေးများသည် ငါးစာကိုပဲမြင်သည်၊ ငါးမျှားတံကိုမမြင်တတ်ကြပေ။
သူတို့၏မဆင်ခြင်မှုကြောင့် အိမ်ရှိ မိဘ၊ မောင်နှမများ ဒုက္ခရောက်ကြရသည်။အဘယ်ကြောင့်ဆိုသော်....
မိန်းမများသည် ဆင်ခြင်မှု ဦးဏှောက်နည်းကြသည်။ လိုချင်တာကို မရ, ရအောင် ယူဖို့ပဲကြိုးစားကြသည်။ ပမာပြောရလျှင် ယောက်ျားလေးချော၍၊ ချမ်းသာ၍ အဲဒီယောက်ျားလေးကလည်း မိန်းကလေးဆို အလကားနေကြောင်နေတတ်သော၊ သို့မဟုတ် ဂျေးများလွန်းသော၊ ဇီဇာကြောင်လွန်းနေသော၊ အတွေးလွန်၊ အရွေးလွန်နေသော ယောက်ျားလေးများသည် (ယောက်ျားလေးတိုင်းတော့လည်းမဟုတ်ပါ) မိန်းမပရိယာယ်ကို မမြင်တော့ပေ။ အဲဒီမိန်းကလေးကလည်း လိုချင်တာ ရဖို့အတွက် ဆရာ ပေါင်းစုံထံမှ နည်းလမ်းပေါင်းမျိုးစုံနှင့် ပြုစားတော့သည်။ အဲဒီ ရဲ့ရိုက်ခတ်မှုက အဲဒီယောက်ျားလေးလည်းခံရတယ်။ သူနှင့်ပတ်သက်သော မိဘ ညီအစ်ကို မောင်နှမ များကလည်း ဒုက္ခရောက်ကြရတယ်။ ရောဂါဝေဒနာတွေခံစားရတယ်။ ဥပမာ-ခေါင်းကိုက်နေတတ်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်နေတတ်ခြင်း၊ ကြောင်တောင်တောင်ဖြစ်နေတတ်ခြင်း၊ အစားအသောက်မစားခြင်း၊ ငေးငိုင်နေတတ်ခြင်း၊ တစ်နေ့တစ်ခြားပိန်ချုံးလာခြင်း၊ အလိုလို ဒေါသကြီးနေခြင်း၊ မည်သူနှင့်မျှမတည့်ခြင်း၊ အဆစ်အမြစ်များ ကိုက်ခဲနေခြင်း စသဖြင့်.... နည်းမျိုးစုံဖြစ်နေတတ်ပါသည်။ ဆရာဝန်နှင့်ကုသော်လည်း အနာတစ်ခြား ဆေးတစ်ခြားဖြစ်နေတတ်သည်။ ဆေးမတိုးတော့ပဲ ၊ မန်းတဲ့ဆရာတွေနောက်လိုက် ပြန်တော့လည်း မန်းတုန်းခဏပဲ ပြီးလျှင်ရောဂါက ပြန်ဖြစ်နေတတ်သည်။ အဲဒီလိုနဲ့ပဲ လုံးလည်လိုက်ရင်းနှင့် ရောဂါကမပျောက်။ မိသားစုတွေစီးပွားပျက်တယ်။ အိမ်ထောင်ရေးတွေပြိုကွဲကြရတယ်။ စိတ်ဝမ်းကွဲတယ်။ မိသားစု အချင်းချင်းမှာ မသင့်မြတ်မှုတွေဖြစ်ကြရတယ်။ ခေတ်စကားနှင့်ပြောရရင်တော့ အဲဒီမိန်းကလေးက ပါးပါးလေး ပုတ်လိုက်တာပါဘဲ။ အကြီးအကျယ် ဒုက္ခရောက်သွားကြရတာကတော့ မိမိ မိသားစုတွေပါဘဲ။
ဒီလို အန္တရာယ်ဆိုးတွေကနေ ကာကွယ်ဖို့ လွတ်မြောက်ဖို့ အလွန်လိုအပ်ပါတယ်။ ဒါကတော့ ယောက်ျားလေးနှင့် မိန်းကလေးပြဿနာဖြစ်ပါတယ်။ ထို့အပြင်လောကထဲတွင် လူတို့၏ မနာလိုမှု၊ စီးပွါးပြိုင်ဆိုင်မှု၊ပညာထူးချွန်ကျော်ကြားလိုသူများ၏ ဂျာဒူပြုစားမှု၊ မျက်စိ၏နဇရ်၊ တို့ကလည်း လူသားကိုဒုက္ခပေးတတ်ပါသည်။ နဇရ်နဲ့ မနာလိုဝန်တိုခြင်းကို ခံရခြင်းကလည်းဂျာဒူပြုထားသူဆန်ဆန် ရောဂါဝေဒနာများ ရရှိတတ်ပါသည်။ လက္ခဏာပုံသဏ္ဍာန်တွေကတော့ မူလ ဗိုက်အောင့်တတ်သူက ဗိုက်အောင့်မပျောက်ခြင်း။ ခေါင်းကိုက်တတ်သူက ဘာပဲလုပ်လုပ်ခေါင်းကိုက်မပျောက်ခြင်း။ ခြေထောက်ကိုက်သူက နေရာပြောင်း၍ အမျိုးမျိုး ခြေထောက်ကိုက်နေတတ်ခြင်း။ ဒေါသအလွန်ကြီးခြင်း၊ မိသားစုစကားဝိုင်းဖွဲ့ပြောဆိုမိလျှင်စိတ်ဝမ်းကွဲစေမည့် အရာများမကြာခဏဖြစ်ပေါ်တတ်ခြင်း။ စိတ်နာကျည်းသွားခြင်း။ အိမ်ထောင်ရေး အဆင်မပြေမှုများစွာ ဖြစ်ပေါ်ရခြင်း။ အိမ်ထောင်ရေးတွင် လင်မယားကွဲခြင်း။ မကျေနပ်ခြင်း။ ခွင့်မလွှတ်နိုင်ခြင်းအစရှိသဖြင့် အမျိုးမျိုးဖြစ်ပေါ်စေပါသည်။ ဆရာတွေနောက်ကိုဘဲလိုက်နေလို့ကတော့မွဲမယ် အန္တရာယ်ကတော့ ပျောက်မသွားဘူး။ ဘယ်လောက်ပဲ တော်တော်။ ဘယ်လောက်ပဲ ကျော်ကြားထင်ပေါ်နေတဲ့ ဆရာတွေပဲဖြစ်ပါစေ၊ တစ်ကြိမ် တစ်ခါတည်း ကုသရုံနှင့် ပျောက်ကင်းမသွားပေ။ မိမိရဲ့ဘေးဒုက္ခက လွတ်မြောက်ဖို့ကတော့ တော်တော့်ကို မလွယ်နိုင်ပါဘူး။ အန္တရာယ်ဆိုးကတော့ တစ်ခုမဟုတ်တစ်ခု နည်းမျိုးစုံနှင့် ဖြစ်ပေါ်နေမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် စာအစမှာရေးခဲ့ပါတယ်။ အရင်းစစ်လျှင်အမိမြေက ဆိုသလို အလ္လာဟ့်အရှင်မြတ် အမိန့်တွေကိုပဲ လိုက်နာကျင့်သုံးမှသာ အောင်မြင်မှုနဲ့ ကျန်းမာမှုကို ရရှိနိုင်ပါသည်။
ဟုတ်ပါသည်။ မုစ်လင်မ်သည် မုသားမပြောရ။ မတရားလည်း မလုပ်ရ။ အတိုးအညွန့်လည်း မစားရ။ အလ္လာဟ်အရှင်မြတ်တားမြစ်ထားသည့် ဟလာလ်၊ ဟရာမ်။ ဇေနာဟ်။ အရက်... စသဖြင့်များကိုလည်း ရှောင်ကြဉ်ရန် တာဝန်တွေအများကြီးပဲ ရှိပါသည်။ လိုရင်းပြောရလျှင် အလ္လာဟ်ခိုင်းထားတာကိုလုပ်။ အလ္လာဟ်တားထားတာတွေကို ရှောင်ရမည်။ မုစ်လင်မ်ပီပီသသ နေထိုင် ကျင့်ကြံလိုက်ပါက တောင်းဆုဒုအာတိုင်း ကဗုလ်ဖြစ်မည်။ မည်သည့် ဂျာဒူ။ ဆေးဝါးကိုမှ စိုးရိမ်စရာလည်းမလို။ ကြောက်စရာလည်းမလို မန်းသည့်ဆရာတိုင်းထံ ပြေးနေရန်လည်းမလိုပါ။ မိမိတို့ကိုယ်တိုင် အလ္လာဟ်အရှင်မြတ် မုက္ခပါတ်တော်တွေကို ယုံကြည်ကိုးစား ကျင့်ကြံခြင်းဖြင့် လုံလောက်ပါသည်။ ဖတ်မှတ်ပြီးကျင့်ကြံအားထုတ်မှသာ မိမိကိုတိုက်ခိုက်နေသောရန်သူကို မိမိကိုယ်တိုင်သိမည်။ ထိုရန်သူကို အောင်မြင်နိုင်မည်ဖြစ်ပါသည်။ ဘယ်လောက်ကြာကြာ ကျင့်ရမလဲလို့ မမေးပါနှင့်။ မိမိအသက်မသေသရွေ့ အဲဒီပြုစားခိုင်းသည့် မနာလိုသူ အသက်မသေသရွေ့။ အမြဲတမ်း ဖတ်မှတ်ကျင့်ကြံနေမှသာ ရန်အပေါင်းကို အောင်နိုင်မှာဖြစ်ပါတယ်။
ရန်သူကိုကာကွယ်ရန် ကျင့်ကြံခြင်းဖြင့် မိမိဘဝလည်း သာယာမှုရရှိမည်။ အေဗာဒသ်လည်း များစွာပြုကျင့်ပြီး ဖြစ်သွားပါလိမ့်မည်။
အိမ်တိုင်းဆောင်ထားသင့်သော စာအုပ်ကောင်းများ ညွှန်းလိုက်ပါမည်။ ဝယ်ယူဆောင်ထားကြပါ။ ယုံကြည်စွာဖြင့် ကျင့်ကြံအားထုတ်ပါ။ မည်သည့်အန္တရာယ်ကိုမျှ ကြောက်နေစရာမလိုပါ။ မိမိသည် အလ္လာဟ်အရှင်မြတ်ကိုပဲ ယုံဖို့လိုပါသည်။ ဂုနာတွေကို သောဝ်ဗာဖတ်ပြီး ဖယ်ရှားပါ။ " လာဟောင်လာဝလာကုဝသ" များစွာဖတ်ပါ။ အစ္စတစ်ဂ်ဖရ်များစွာဖတ်ပါ။ နမာဇ်အချိန်မှန် ဖတ်ပါ။ အချိန်တိုင်း အလ္လာဟ်ထံပါးမှာ လိုလားချက်ကို တောင်းဆိုနေပါ။ အလ္လာဟ်နှင့် နီးစပ်မှု ရရှိဖို့ကိုလည်း ဒုအာတိုင်းမှာ တောင်းနေပါ။
အဓိကစာအုပ်မှာ မန်ဇိလ်ဖြစ်ပါတယ်။ နံက်တစ်ကြိမ်၊ ညနေတစ်ကြိမ် မှန်မှန်ဖတ်ပါ။ အနားမှာ ရေသန့်တစ်ခွက် ယူထားပါ၊ ဖတ်ပြီးလျှင် မန်းမှုတ်ပါ။ ပြီးလျှင် ထိုရေမန်းကို တစ်မိသားစုလုံး သောက်သုံးပါ။ အိမ်တွင်လည်း ပက်ဖျန်းပါ။ ဂျာဒူ၊ စုန်း၊ ပယောဂ၊ မျက်စိနဇရ် အစရှိသည်များ၏ ရန်မှ ပပျောက်သွားနိုင်ပါသည်။ နမားဇ်ငါးကြိမ်မြဲသော အာလင်မ် ဆေးကုသမန်းမှုတ်ပေးသော ဆရာများနှင့် ဆက်သွယ်၍ ရောဂါဝေဒနာများကို ပြသကုကြပါ။ တစ်ကြိမ်တစ်ခေါက်ထဲသွားပြီး ဒီဆရာ မကောင်းဘူးဆိုပြီး မထင်ပါနှင့်။ မိမိတို့ကိုယ်တိုင်လည်း အခုနတင်ပြခဲ့သလို နေ့စဉ်မှန်မှန် မန်ဇိလ်ဖတ်ပြီး ကာကွယ်ကုသပါ။ ဆရာများနှင့်လည်း ဆက်သွယ်၍ နေပါ။ အဲဒါမှ မလိုလားအပ်သော ကုသမှုထက် ကောင်းမွန်မှုကို ရရှိမှာဖြစ်ပါတယ်။ ချက်ခြင်းနှင့်တော့ ရောဂါဝေဒနာ မပျောက်တတ်ပါဘူး။ အချိန်ပေးပြီး အလ္လာဟ်အရှင်မြတ်အသနားတော်နှင့် တစ်ဖြည်းဖြည်းပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။ အလ္လာဟ့်ရဲ့ မုက္ခပါသ်တော်တွေကို ယုံကြည်ကိုးစားဖို့တော့ အထူးလိုအပ်ပါသည်။ ကာဖိရ်ဆရာများထံသွားခြင်းကို အလ္လာဟ်အရှင်မြတ်လည်း မနှစ်သက်ပေ။ ကိုယ့်ဘဝအတွက်လည်း မကောင်းဘူး။ ကာဖိရ်ဆရာတွေကုလို့ ရောဂါပျောက်တယ်လို့ထင်ရင် မိမိအီမာန်အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေရှိပါတယ်။ အဲဒီလိုကုရင်းသေသွားရင် ကာဖိရ်စရင်းဝင်သွားမှာဖြစ်ပါတယ်။ ဂျာဒုလုပ်ခံရလို့ မုစ်လင်မ်ဆရာနှင့် ကုရင်း ရောဂါမပျောက်ပဲ အသက်ပျောက်ခဲ့သော် ဂျန္နသ်ရရှိမှာဖြစ်ပါတယ်။ သတိနှင့်ယှဉ်၍ မိမိသက်တမ်းကို ထိန်းသိမ်းပါ။
အိမ်တိုင်းဆောင်ထားသင့်သော ...... သမုဒ္ဒရာအောက်မှ ပုလဲလုံးများ။ မန်ဇိလ်စာအုပ်။ အလ္လာဟ့်ဗိမာန်တော်များ။ အအ်မာလေကုရ်အာနီကျမ်း။ ကုရ်အာန်ကုထုံး ...... စသည့်စာအုပ်များအပြင် မိမိတို့သိရှိသည့် ဆရာကောင်းများ၏ စာအုပ်စာပေများကို လေ့လာစိစစ်၍ ဖတ်ရှုသင့်ပါသည်။ အာမိလ်လည်းပြုသင့်ပါသည်။ ယုံကြည်မှုခိုင်မာဖို့လည်း လိုပါသည်။ စွဲစွဲမြဲမြဲနှင့် မိမိခံစားနေရသော ဝေဒနာကို တိတိကျကျသိအောင်လုပ်ပါ။ သင့်လျော်နီးစပ်သော အာယသ်များကို ဖတ်၍ နေပါ။ မန်ဇိလ်စာအုပ်ကိုလည်း နံက်တစ်ကြိမ် မဂ်ရိဗ်ပြီး တစ်ကြိမ် မှန်မှန်ဖတ်ပါ။ မည်သည့်ရန်သူမျှ...... အလ္လာဟ့်ကလာမ်....... ထက် မကြီးကျယ်ပါ။
ရောဂါဝေဒနာရှင်များသည် မုစ်လင်မ်အာလင်မ်ပညာရှင်များထံ ဆေးကုခြင်းကို ငွေကြေးကုန်ကျသည်ဟု ဆိုနေကြသည်။ ဟိန္နဒူဆရာတွေထံ သွားရောက်ကုနေခြင်းများသည် များစွာဆိုးကျိုးရှိပါသည်။ သူတို့ကု၍ပျောက်သည်ဟု ဆွဲယုံနေလျှင် မုစ်လင်မ်တို့၏ အီမာန်အတွက် ရင်လေးဖွယ်ရာဖြစ်ပါသည်။ အကယ်၍ ရောဂါမပျောက်ပဲ အသက်ပျောက်သွားခဲ့သော် ကာဖိရ်အဖြစ်သတ်မှတ်ခြင်းခံပါမည်။ (ဤသည်မှာ ဆေးလုပ်ခြင်းနှင့် အောက်လမ်းကိစ္စများကို ညွှန်းဆိုပါသည်။ သာမာန် ဆေးကျန်းမာရေး ဆရာဝန်ကို ဆိုလိုခြင်းမဟုတ်) မိမိ၏ရောဂါသည်ကုမရသော ဂျာဒုဆေးဝါးဟု ယူဆရပြီး ထိုရောဂါဖြင့် ကာဖိရ်ဆရာထံမသွားပဲ သေဆုံးသွားခဲ့သော် ဂျန္နသ်အဆင့်တွင် ရရှိနိုင်ပါသည်။
ထို့ကြောင့်မုစ်လင်မ်တို့သည် ပါးပါးလေးအပုတ်မခံရလေ အောင်သတိဝိရိယရှိဖို့လိုပါသည်။
ယာ...အလ္လာဟ်အရှင်မြတ်ကျွန်တော်မျိုးတို့ရဲ့ အီမာန်ရှင် အမျိုးသား၊ အမျိုးသမီးတိုင်းကို ထိန်းသိမ်းတော်မူပါ။
မိသားစုတိုင်းကို အလင်မ်ပညာ ဆည်းပူးနိုင်စွမ်းပေးသနားတော်မူပါ။
အလ္လာဟ်အရှင်မြတ်၏အမိန့်တိုင်းကို နာခံနိုင်စွမ်းပေးသနားတော်မူပါ။
ဂုနာဟ်များမှ ဝေးစွာရှောင်ရှားနိုင်ပြီး၊ မိမိတို့၏အမှားများအတွက် သောဝ်ဗဟ် ပြုလုပ်နိုင်စွမ်းပေးသနားတော်မူပါ။
မုအ်မင်န် မုစ်လင်မ်တိုင်း၏တောင်းဆုဒုအာများကို အလ္လာဟ်အရှင်မြတ်လက်ခံ ကဗုလ်ပြုတော်မူပါ။
မည်သည့်အခြေအနေမျိုးတွင်မဆို အလ္လာဟ်အရှင်ထိန်းသိမ်းတော်မူပါ။
အားလုံးသောမုစ်လင်မ်များကို ချစ်ခင်သော နှလုံးသားဖြင့်.......

***အာခိရသ်ရဲ့နူရ်***
အလ်မုဖီးဒ် မှ စီစဉ်တင်ဆက်သည်။

ဟဂ်ျပြုခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ (၃)


ဗိုင်သွလ္လာဟ် (ကအ်ဗာကျောင်းတော်) တွင် ခစားခြင်း
မက္ကာဟ်ရွှေမြို့တော်သို့ရောက်ရှိ၍ တည်းခိုခန်း အစရှိသည်တို့တွင် နေရာထိုင်ခင်း စီစဉ်ပြီးနောက် တက်နိုင် သမျှ အမြန်ဆုံး ဟရမ်ကျောင်းတော်သို့ အခစားဝင်ပါ။
- ဗိုင်သွလ္လာဟ်အား မြင်တွေ့သည်နှင့် စိတ်ရောကိုယ်ပါ ခယရိုကျိုး၍ ဒိုအာပြုပါ။ ဤအချိန်သည် ဒုအာကဗူလ်ပြုလက်ခံသော အချိန်ဖြစ်သည်။
- အကယ်၍ ဟဂ်ျဂျေအိဖ်ရာဒ်အတွက် အဲဟ်ရာမ်ဝတ်ဆင်ထားပါက ဗိုင်သွလ္လာဟ်သို့ ဝင်ရောက်ခစားသည်နှင့် သွဝါးဖေကုဒူးမ် ပြုလုပ်ပါ။
- အကယ်၍ ဟဂ်ျဂျေသမသ်သိုအ် နှင့် ဟဂ်ျဂျေကိရားန်၏ အဲဟ်ရာမ်ဝတ်ဆင်ထားပါက ဦးစွာပထမ သွဝါးဖေအွမ္မရာဟ် ပြုလုပ်ပါ။
- ဟဂ်ျဂျေသမသ်သိုအ် ပြုလုပ်သူအတွက် သွဝါးဖေကူဒူမ်၏ အမိန့်မရှိပေ။
- ဟဂျဂျေကိရားန် ပြုသူသည် အွမ္မရာဟ်ပြုပြီးနောက် သွဝါးဖေကူဒူးမ် ပြုရမည်။
- ဟဂ်ျဂျေသမသ်သိုအ် ပြုလုပ်သူသည် သွဝါးဖေအွမ္မရာဟ် ပြုလုပ်ပြီးနောက် အွမ္မရာဟ် ပြီးမြောက်စေရန်အတွက် ဆွဖာ နှင့် မရ်ဝါအား စအီပြုရမည်။
- ဟဂျဂျေကိရားန် ပြုသူမှာလည်း ထိုနည်းတူစွာပင် အွမ္မရာဟ် ပြုရမည်။
- အမျိုးသမီးများအတွက် ရမလ် (လျင်မြန်စွာလျှောက်လှမ်းခြင်း) နှင့် အိဇ်သွေဗာအ် (အမျိုးသားများ အဲဟ်ရာမ်ခြုံထည်ကို ညာဘက်ဂျိုင်းမှထုတ်၍ ဘယ်ဘက် ပုခုံးပေါ်တင်ခြင်း) မရှိပေ။ အချို့အမျိုးသမီးများသည် သွဝါးဖ်ပြုရာတွင် အမျိုးသားများကဲ့သို့ပင် ရမလ်ပြုကြသည်။ ဤသို့ပြုခြင်းမှာ မှားယွင်းသည်။ ရှောင်ကြဉ်ရမည်။ - သွဝါးဖ်၏အစနှင့် အဆုံးသည် ဟဂျရေအတ်စ်ဝဒ် (ကျောက်နက်တုံး) အား နမ်းရှုံခြင်းဖြင့် ဖြစ်သည်။
- ဟဂျရေအတ်စ်ဝဒ် ၏ အရှေ့ အောက်အခင်းပေါ်၌ မူသွားဖ် (သွဝါးဖ်ပြုရာနေရာ) တစ်ခုလုံးတွင် အနက်ရောင်ဖြင့် လိုင်းဆွဲထားသည်။ ထိုအနက်ရောင် လိုင်းအနားသို့သွား၍ ဤပုံစံဖြင့် မတ်တပ်ရပ်ပါ။ ဟဂျရေအတ်စ်ဝဒ်သည် မိမိ၏ညာဘက်တွင် ရှိနေရမည်။ တဖန် သွဝါးဖ်၏နိယသ်ကို ဤသို့ပြုလုပ်ပါ။ အို အလ္လာဟ် ကျွန်တော်မျိုး/မသည် အရှင်မြတ်၏ သန့်ပြန့်လှသောအိမ်တော်အား သွဝါးဖ်ခုနှစ်ပတ် ပတ်ရန် ရည်ရွယ်ပါသည်။ အရှင်မြတ်၏ နှစ်မြို့မှုအတွက်သာ ဖြစ်သည်။ ထို့ကြောင့် ၄င်းကို ကျွန်တော်မျိုး/မ အတွက် လွယ်ကူစေတော်မူပါ။
- နိယသ်ပြုပြီးနောက် ညာဘက်သို့လျှောက်ပါ။
- ဟဂျရေအတ်စ်ဝဒ်၏ အရှေ့တည့်တည့်သို့ ရောက်လာလျှင် မျက်နှာနှင့် ရင်ဘက်အား ဟဂျရေအတ်စ်ဝဒ် ဘက်သို့လှည့်၍ အနက်ရောင်လိုင်းပေါ် မတ်တပ်ရပ်လိုက်ပါ။ နမားဇ်ဝတ်ပြုလျှင် လက်မြှောက်သကဲ့သို့ မြှောက်၍ " بسم الله الله أكبر ولله الحمد" ရွတ်ဆိုကာ လက်ချလိုက်ပါ။
- ထို့နောက် ဟဂျရေအတ်စ်ဝဒ်အား နမ်းရှုံပါ။ နမ်းရှုံရမည့် ပုံသဏ္ဍန်မှာ အကယ်၍ ဟဂျရေအတ်စ်ဝဒ်အထိ ရောက်ရှိနေပါက မိမိ၏ပါးစပ်အား လက်နှစ်ဖက်ကြားတွင် ထားပါ။ နမားဇ်တွင် စဂ်ျဒါဟ်ပြုသကဲ့သို့ပင် ဖြစ်သည်။ တဖန် ညှင်သာစွာဖြင့် နမ်းရှုံပါ။
- အကယ်၍ လူစုလူဝေးရှိနေ၍ ဟဂျရေအတ်စ်ဝဒ်အထိ မရောက်နိုင်လျှင် အနက်ရောင် လိုင်းပေါ်တွင် မတ်တပ်ရပ်ကာ အဝေးမှပင် လက်နှစ်ဖက်အား ဟဂျရေအတ်စ်ဝဒ် ဘက်သို့မူ၍ (လက်နှစ်ဖက်ကို ဟဂျရေအတ်စ်ဝဒ်ဘက်သို့ ဆန့်ထုတ်ကာ အရိပ်အမြွက်ဖြင့်) နမ်းရှုံလိုက်ပါ။ စိတ်ထဲတွင် ဟဂျရေအတ်စ်ဝဒ်အား နမ်းရှုံနေသည်ဟု အာရုံပြုပါ။ နမ်းရှုံချိန်တွင် ဤဒိုအာရွတ်ဆိုပါ။الله أكبر ﻻ اله إلا الله و الصلوة و السلام على رسول الله
- အဝေးမှ နမ်းရှုံလျှင်လည်း အနီးမှနမ်းရှုံသကဲ့သို့ပင် စဝါးဗ်အပြည့်အဝ ရမည်ဖြစ်သည်။ ထို့ကြောင့် လူအများကြားတွင် တိုးဝှေ့ခြင်း မပြုပါနှင့်။ အထူးသဖြင့် အမျိုးသမီးများသည် တက်နိုင်သ၍ အမျိုးသားများနှင့် မရောထွေးစေရန် သတိပြုသင့်သည်။
- နမ်းရှုံခြင်းပြုပြီးနောက် ချက်ချင်းပင် မိမိ၏မျက်နှာ၊ ရင်ဘက်နှင့် ခြေဖဝါးအား ဟဂျရေအတ်စ်ဝဒ်၏ ညာဘက်ခြမ်းမှနေ၍ ပြန်လျှောက်ပါ။
- သွဝါးဖ်ပြုနေချိန် မိမိအရှုအား ဗိုင်သွလ္လာဟ်တော်အား မကြည့်စေဘဲ မျက်လွှာချထားပါ။ အဝိုင်းတွင်သာလျှောက်နေပါ။
- သွဝါးဖ်တစ်ပတ်ပြုပြီး ဒုတိယအကြိမ် အနက်ရောင်လိုင်းပေါ်သို့ ရောက်လာလျှင် တဖန်ပြန်ပြီး မျက်နှာနှင့် ရင်ဘက်အား ဟဂျရေအတ်စ်ဝဒ် ဘက်သို့မူကာ နမ်းရှုံပါ။ ထိုနည်းအတိုင်းပင် ခုနှစ်ပတ် အပြည့်ပြုပါ။
- သွဝါးဖ်ခုနှစ်ပတ်လုံးတွင် ဝူဇူနှင့်တကွရှိနေရန် အရေးကြီးသည်။ အကယ်၍ ပထမလေးပတ်တွင် ဝူဇူပျက်သွားခဲ့လျှင် ဝူဇူပြုကာ အစမှတဖန် သွဝါးဖ်ပြုရမည်။
- အကယ်၍ ပထမလေးပတ်ပြီးမှ ဝူဇူပျက်ခဲ့လျှင် ဝူဇူပြုကာ အစမှပြန်လုပ်လိုက လုပ်နိုင်သည်။ မလုပ်လျှင်လည်း အကြောင်းမဟုတ်ပေ။
- သွဝါးဖ်ပြုနေရင်း ဇိကိရ်၊ သပ်စ်ဗီးဟ်၊ သာသနာ့ရေးရာနှင့် မိမိကျက်မှတ်ထားသော ဒုအာများ ရွတ်ဆိုနိုင်သည်။ သတ်မှတ်ထားသည့် ဒိုအာသာဖတ်ရန် အရေးမကြီးပေ။ သတိထားရမည်မှာ မိမိ၏ ဒုအာဖတ်သံသည် ကျယ်လောင်၍ အခြားသူများ၏ အေဗာဒသ်တွင် အနှောင့်ယှက်မဖြစ်စေရပေ။ ယခုခေတ်တွင် သဝါးဖ်ပြုချိန်၌ အုပ်စုဖွဲ့ကာ ကျယ်လောင်စွာဖြင့် ဒုအာများရွတ်ဆိုကြသည်။ ဤသည်မှာ လုံးဝမှားယွင်းသော ပုံစံဖြစ်သည်။
- သွဝါးဖ်ခုနှစ်ပတ်လုံး ပြီးမြောက်သွားလျှင် ဝါဂျေဗုသ်သွဝါးဖ် နမားဇ်နှစ်ရကအသ် ဝတ်ပြုရန် အရေးကြီးသည်။ မက္ကရူဟ်အချိန် ဖြစ်နေလျှင် သွဝါးဖ်ဆက်ပြုနေပါ။ မက္ကရူဟ်အချိန် ကျော်လွန်ပြီးမှသာ သွဝါးဖ်များအားလုံး၏ နမားဇ်များကို အစဉ်လိုက်ဝတ်ပြုပါ။
- သွဝါးဖ်နမားဇ်အား မကားမေအိဗ်ရာဟီးမ်၏ အနီးနားတွင်ဖတ်ခြင်းမှာ စွန္နသ်ဖြစ်သည်။ ပထမရကအသ်တွင် စူရဟ်ကာဖိရူးန် နှင့် ဒုတိယရကအသ်တွင် စူရဟ်အိခ်လားစွ် ဖတ်ပါ။ အကယ်၍ မကားမေအိဗ်ရာဟီးမ်အနားတွင် နေရာမရပါက မည်သည့်နေရာတွင်မဆို နမားဇ်ဝတ်ပြုလိုက်ပါ။
- သွဝါးဖ်ပြုပြီးနောက် မူလ်သဇမ် (ဟဂျရေအတ်စ်ဝဒ် နှင့် ဗိုင်သွလ္လာဟ်၏ တံခါးအကြား နှစ်ကိုက်ခွဲခန့်တွင် ကအ်ဗာဟ်ကျောင်းတော်၏ နံရံရှိသည်။) နားတွင် ဒိုအာတောင်းခံခြင်း မုစ်သဟဗ်ဖြစ်သည်။ ဤသည်မှာ ဒိုအာ ကဗူလ်ဖြစ်သော သီးသန့်နေရာဖြစ်သည်။
- သွဝါးဖ်ပြုပြီးနောက် ဇမ်ဇမ်ရေသောက်သုံးခြင်း မုစ်သဟဗ်ဖြစ်သည်။ ဇမ်ဇမ်ရေ သောက်သုံးချိန်တွင်လည်း ဒိုအာတောင်းခံလျှင် ဒိုအာကဗူလ် ဖြစ်သည်။

ဆွဖာနှင့် မရ်ဝါအား စအီပြုခြင်း
သွဝါးဖ်ပြုပြီးနောက် စအီပြုပါက ဟဂျရေအတ်စ်ဝဒ်အား နမ်းရှုံပြီးနောက် အနက်ရောင်လိုင်းတည့်တည့်မှ လျှောက်သွားပါ။ ယင်းအနက်လိုင်းမှ အနည်းငယ်အကွာဝေးတွင် ဆွဖာတောင်၏ နေရာရှိသည်။
- ဆွဖာတောင်ပေါ်သို့ ဗိုင်သွလ္လာဟ်ကျောင်းတော်အား မြင်နိုင်ရုံခန့်သာ တက်ပါ။ ထို့ထက်ပို၍ အပေါ်တက်ခြင်း မက္ကရူဟ် ဖြစ်သည်။
- ဤနေရာတွင် ဦးစွာပထမ ကိဗ်လဟ်ဘက်သို့ မျက်နှာမူကာ စအီ၏ နိယသ်ပြုပါ။ တဖန် ဒိုအာတောင်းသကဲ့သို့ လက်မြှောက်ပါ။ လက်မြှောက်ပြီးလျှင် ဇိကိရ် ဒိုအာ အစရှိသည်တို့ပြုပါ။ ဤနေရာသည်လည်း ဒိုအာလက်ခံသော နေရာများတွင် ပါဝင်သည်။
- အများအားဖြင့် အချို့သူများသည် နမားဇ်အစတွင် လက်မြှောက်သကဲ့သို့ မြှောက်ကြသည်။ ဤသို့ မပြုအပ်ပေ။
- တဖန် ဆွဖာမှ မရ်ဝါသို့ သွားပါ။ မရ်ဝါရောက်လျှင် တပတ်ပြည့်သည်။ ဆွဖာတွင် ပြုသကဲ့သို့ပင် မရ်ဝါတွင်လည်း လက်မြှောက်ကာ ဇိကိရ် ဒိုအာများပြုပါ။
- ဆွဖာနှင့် မရ်ဝါကြားတွင် မီးစိမ်းနေရာ၌ အမျိုသမီးများသည် လျှင်မြန်စွာ လျှောက်လှမ်းခြင်းမပြုရ။ ပုံမှန်လျှောက်နှုန်းအတိုင်းသာ လျှောက်ပါ။ ပြေးခြင်းလည်းမပြုရပေ။ အစိမ်းရောင်တိုင် အနီးတွင်
ဤဒိုအာရွတ်ဆိုရန် ဆင့်ပြန်ချက် တစ်ရပ်လာရှိပေသည်။
رب اغفر وارحم إنك أنت الاعزوالاكرم (
အို အလ္လာဟ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ဂရုဏာတော် ( မဂ်ဖိရသ်နှင့် ရမသ်ကို) ချီးမြှင့်တော်မူပါ။ မုချဧကန် အရှင်မြတ်သည်သာလျှင် အရာခပ်သိမ်းအား လွှမ်းမိုးတော်မူပြီး အားလုံးထက်သာပို၍ ရက်ရောတော်မူသော အရှင်မြတ် ဖြစ်တော်မူပါသည်။
- စအီပြုနေရင်း ဝူဇူပျက်သွားခဲ့လျှင် ဝူဇူပြန်လုပ်ရန် မလိုပေ။ အကယ်၍ ဝူဇူပြန်လုပ်ခဲ့လျှင်လည်း စအီအား အစမှတဖန် ပြုလုပ်ရန်မလိုပေ။ ကျန်ရှိသောစအီအား ဆက်လုပ်ပါ။ စအီအစတွင် ဝူဇူပျက်သည်ဖြစ်စေ၊ နောက်မှပျက်သည် ဖြစ်စေ အမိန့်တစ်မျိုးတည်းပင် ဖြစ်သည်။
- စအီပြုပြီးလျှင် မတ်စ်ဂျိဒိဟရာမ်ကျောင်းတော်အတွင်း တစ်နေရာ၌ နဖိလ်နှစ်ရကအသ် ဝတ်ပြုခြင်းသည် မုစ်သဟဗ် ဖြစ်သည်။
- ***မှတ်သားထားရမည်မှာ စအီသည် ဟဂ်ျ သို့ အွမ္မရာဟ်နှင့် တွဲလျှက်သာ ပြုခွင့်ရှိသည်။ ဟဂ်ျ သို့ အွမ္မရာဟ် မပြုလုပ်ဘဲ သီးသန့် နဖိလ်စအီ ပြုခွင့်မရှိပါ။ အချို့သူများသည် နဖိလ်သွဝါးဖ်ပြုသကဲ့သို့ပင် နဖိလ်စအီလည်း ပြုလုပ်ကြသည်။ ဤသို့ပြုခြင်းသည် လုံးဝမှားယွင်း၏။
ဆံသခြင်း
စအီပြုပြီးနောက် ဟဂ်ျဂျေသမသ်သိုအ်ပြုလုပ်သူများ ဆံချကာ (အမျိုးသားဖြစ်လျှင် ခေါင်းတုံးခြင်း၊ အမျိုးသမီးဖြစ်လျှင် လက်တစ်ဆစ် ဆံပင်အောက်ပိုင်းအား ညှပ်ခြင်း) အဲဟ်ရာမ်ချွတ်လိုက်ပါ။
မတ်စ်အလဟ်အဲဟ်ရာမ်ချွတ်ရန်အတွက် ခင်ပွန်းက ဇနီးအားလည်းကောင်း၊ ဖခင်မှ သမီးကိုလည်းကောင်း ဆံပင်လက်တဆစ်ခန့် ညှပ်ပေးခွင့်ရှိသည်။ အမျိုးသမီးများ အချင်းချင်းလည်း ညှပ်ပေးနိုင်သည်။
* မှတ်သားထားရမည်မှာ ဆံသခြင်းမပြုပဲ(ဆံသခြင်းမပြုသရွေ့) အဲဟ်ရာမ်၏စည်းကမ်းများ ကျန်နေအုံးမည်။ (အဲဟ်ရာမ်၏ စည်းကမ်းအတိုင်း နေထိုင်ရမည်။)
* အွမ္မရာဟ်ပြုသူ ဟဂ်ျပြုသူသည် ကျင့်စဉ်များအားလုံး ဆောင်ရွက်ပြီး၍ ဆံချရန်သာကျန်နေလျှင် မိမိဆံပင်အား ကိုယ်တိုင်လည်းညှပ်ခွင့်ရှိသည်။ သို့သော် ဆံပင်မညှပ်မီ လက်သည်း၊ ခြေသည်း အစရှိသည်တို့ကို မညှပ်ရပေ။ ညှပ်ခဲ့လျှင် ဒမ်ထိုက်မည်။

အွမ္မရဟ်ပြုပြီးနောက် မက္ကာဟ်ရွှေမြို့တော်တွင် တည်းခိုခြင်း
- အွမ္မရဟ် အပြည့်ဝပြုပြီးနောက် ဟဂ်ျဂျေသမသ်သိုအ်ပြုသူသည် ဟလာလ်ဖြစ်သွားသည်။ ယခု မက္ကဟ်ရွှေမြို့တော်တွင် တည်းခိုခွင့်ရရှိနေခြင်းကို မင်္ဂလာတစ်ပါးဟု မှတ်ယူပါ။ တတ်နိုင်သရွေ့ သွဝါးဖ်ပြုခြင်း၊ နမားဇ် နှင့် သိလာဝသ်၊ ဇိကိရ် အစရှိသည်တို့အား စွဲမြဲစွာပြုနေပါ။ မက္ကာဟ်ရွှေမြို့တော်တွင် ကောင်းမှုတစ်ခု ပြုလုပ်ခြင်း၏ အကျိုးစဝါးဗ်သည် အဆ ပေါင်းတစ်သိန်းရရှိမည် ဖြစ်သည်။
- ဟဂ်ျမပြုလုပ်ခင် ကြားကာလအတွင်း နဖိလ်အွမ္မရာဟ်များ ပြုလုပ်လိုက ပြုနိုင်ပေသည်။ သို့သော် အဲဟ်ရာမ်ဝတ်ဆင်ရန်အတွက် မတ်စ်ဂျိဒိဟရာမ်ကျောင်းတော်အပြင် မတ်စ်ဂျိဒိအာအေရှာဟ် (သို့မဟုတ်) ဂျအ်ရာနာဟ်သို့ သွားရမည်။
မိနာဟ်သို့ထွက်ခွာခြင်း
ယောင်မွသ်သရ်ဝီယာဟ် - ဇိလ်ဟဂ်ျလ (၈) ရက်နေ့ ညမှစ၍ပင် မိနာဟ်သို့ ထွက်ခွာသွားရမည်။ ဇိလ်ဟဂ်ျလ (၇) ရက်နေ့ ညနေမှပင် အဲဟ်ရာမ် အစရှိသည်တို့အား အသင့်ပြုရမည်။ သို့မှသာ မုအလ်လိမ်မှ စီစဉ်ထားသောကားများနှင့် မိနာဟ်သို့ သွားနိုင်မည်။ အဘယ့်ကြောင့်ဆိုသော နားမလည် အတွေ့အကြုံမရှိသူအတွက် မုအလ်လိမ်မှ စီစဉ်ပေးထားသောကားများမှလွဲ၍ မိနာဟ်သို့ ရောက်ရှိရန် အလွန်ပင်ခဲယဉ်းလှသည်။ သို့သော် နားလည်တတ်ကျွမ်းပြီး အတွေ့အကြုံရှိသူအတွက် (၈) ရက်နေ့ မနက်ဖဂျရ်ပြီးမှ အေးဆေးစွာ ထွက်ခွာလိုက ထွက်ခွာပါ။
- ဟဂ်ျ၏အဲဟ်ရာမ်အား မက္ကာဟ်ရွှေမြို့တော်၌ပင် မိမိတည်းခိုရာနေရာ၌ ဝတ်ဆင်နိုင်သည်။ သို့သော် မတ်စ်ဂျိဒိဟရာမ်သို့သွား၍ နိယသ်နှင့် သလ်ဗီယာဟ်ဖတ်လျှင် ပိုကောင်း၏။
- မိနာဟ်သို့သွားရန် အဝတ်အစားတစ်စုံ၊ ဖျာ(အခင်း) တစ်ချပ်၊ ထီးတစ်ချောင်းနှင့် မုန့်ခြောက် အနည်းငယ် (ဘီစကွတ် အစရှိသည်တို့) ယူဆောင်သွားပါ။ လိုအပ်သလောက်သာ ပစ္စည်းသယ်ပါ။
- မိနာဟ်တွင် (၈) ရက်နေ့မှ (၉)ရက်နေ့ မနက်အထိနေ၍ နမားဇ်ငါးကြိမ်ဝတ်ပြုခြင်းသည် စွန္နသ်ဖြစ်၏။
- မိနာဟ်တွင် ယခုလက်ရှိတဲများမှာ ခေတ်မီစွာဆောက်လုပ်ထားသည်။ တဲများတွင် ရေအေးစက်များလည်း တပ်ဆင်ထားသည်။ သို့သော် တဲအားလုံးမှာ တပုံစံတည်းဖြစ်နေ၍ မိမိတဲအား အမှတ်သားပြုကာ မှတ်ထားပါ။ မိမိတဲမှ အဝေးသို့မသွားပါနှင့်။ ပျောက်သွားနိုင်ဖွယ်ရှိသည်။ အမည်ကဒ်ပြားအား အမြဲတစေ မိမိကိုယ်နှင့်အတူဆောင်ထားပါ။
- တဲများတွင် အမျိုးသမီး/ အမျိုးသားများ မရောနှောစေနှင့်။ ကြားတွင် ကန့်လန့်ကာခြားကာ နှစ်ပိုင်းခွဲလိုက်ပါ။ ဤအချက်သည် အလွန်အရေးကြီး၏။
- ဇိလ်ဟဂ်ျလ (၉)ရက်နေ့ ဖဂျရ်နမားဇ်အချိန်မှစ၍ (၁၃) ရက်နေ့ အဆွရ်နမားဇ်အထိ ဖရပ်ဇ်နမားဇ်ပြီးတိုင်း အမျိုးသားများမှာ ကျယ်လောင်စွာဖြင့် အမျိုးသမီးများမှာ တီးတိုးစွာဖြင့် တစ်ကြိမ် သပ်က်ဗီရေသရှ်ရီးက်ဖတ်ခြင်း ဝါဂျိဗ်ဖြစ်သည်။
" သက်ဗီရေ သရှ်ရီးက် " : الله أكبر، الله أكبر، ﻻ إله إلا الله والله أكبر، الله أكبر ولله الحمد
အရ်ဖားသ်ကွင်းပြင်တွင်
မုအလ်လီမ်ကားများမှ ညထဲကပင် အရ်ဖားသ်ကွင်းပြင်သို့ စတင်ခေါ်ဆောင် သွားလေသည်။ သို့သော် စွန္နသ်တော်မှာ ဖဂျရ်ဖတ်ပြီးမှ အရ်ဖားသ်ကွင်းပြင်သို့ ထွက်ခွာရမည်။
အရ်ဖားသ်သို့သွားနေချိန်၌ စိတ်ရောကိုယ်ပါ သလ်ဗီယာဟ် တသနေပါ။ အချစ်ရူးတစ်ဦးပမာ အလ္လာဟ်အရှင်မြတ်၏ ထံတော်ပါးမှ ဂရုဏာတော်အား မျှော်ကိုးလျှက် အရ်ဖားသ်ကွင်းပြင်ဆီသို့ ခရီးနှင်ပါ။ ဤနေ့သည်သာလျှင် ဟဂ်ျကျင့်စဉ်၏ အထူးနေ့ရက် ဖြစ်ပါသည်။
- အရ်ဖားသ်တွင် မိမိတည်းခိုရမည့် နေရာအား ဦးစွာ စုံစမ်းသိရှိထားလျှင် ပိုကောင်း၏။ အချို့အချိန်အခါများတွင် မူအလ်လီမ်၏ ကားများသည် ကားလမ်းကြောင်း ပိတ်ဆို့မှုကြောင့် ကြန့်ကြာတတ်သည်။ ထို့ကြောင့် အရ်ဖားသ်တွင် ဝူကူးဖ်ပြု (စောင့်ဆိုင်း) ရမည့်အချိန်သည် အများအားဖြင့် ကားပေါ်တွင် ထိုင်လျှက်ပင် ကုန်ဆုံးသွားတတ်သည်။ မိမိ၏တည်းခိုရမည့်နေရာအား ကြိုတင်သိရှိထားလျှင် အရ်ဖားသ်၌ မည်သည့်နေရာတွင်မဆို ဆင်းကာ ခြေလျှင်ဖြင့် တဲသို့သွားနိုင်သည်။ မိနာဟ်မှ Taxi ဖြင့်လည်း လာနိုင်သည်။
- အရ်ဖားသ်တွင် နားခိုရမည့် ဖရပ်ဇ်အချိန်မှာ မွန်းလွဲပြီးနောက်ပိုင်းမှ စတင်သည်။ ထို့ကြောင့် မွန်းတည့်ချိန်မရောက်ခင်ကတည်းက ကြိုတင်အသင့်ပြင် ထားသင့်သည်။ သို့မှသာ နောက်ပိုင်းအချိန်များ လစ်ဟင်းတော့မည်မဟုတ်ပေ။
- နေဝင်ချိန်အထိ အရ်ဖားသ်တွင်နေရန် ဝါဂျိဗ်ဖြစ်သည်။
- အရ်ဖားသ်တွင် ရှိနေချိန်၌ အချိန်ပြည့် ဒုအာ/ သလ်ဗီယာဟ် နှင့် အခြားသောအိဗာဒသ်များတွင် ကုန်ဆုံးရမည်။ တန်ဖိုးရှိလှသော အချိန်အား ပျင်းရိမှုများတွင် မကုန်ဆုံးစေပါနှင့်။ နေမဝင်မီပင် မုအလ်လီမ်များသည် ဟာဂျီတို့အား ကားပေါ်သို့ထိုင်စေလိုက်သည်။ သို့သော် နေဝင်ပြီးမှသာ ကားများထွက်ခွာသည်။ ကားပေါ်တွင်လည်း ဒုအာ၊ ဇိကိရ်တို့ ဖတ်မြဲဖတ်နေပါ။
- နေဝင်သွားသော်လည်း အရ်ဖားသ်တွင် မဂ်ရိဗ် မဖတ်ရပေ။
မုဇ်ဒလိဖာဟ်သို့ ထွက်ခွာခြင်း
- နေဝင်ပြီးနောက် အရ်ဖားသ်မှ မုဇ်ဒလိဖာဟ်သို့ ထွက်ခွာရမည်။
- မုဇ်ဒလိဖာဟ်သို့ ရောက်သောအခါ မဂ်ရိဗ်နှင့် အိရှာ (နမားဇ်နှစ်ကြိမ်) အား အိရှာအချိန်တွင် ပေါင်းဖတ်ရမည်။ ဤနမားဇ်နှစ်ကြိမ်အား ပေါင်းဖတ်ခြင်းသည် ဝါဂျိဗ်ဖြစ်၏။ တဦးတည်းဖတ်သည် ဖြစ်စေ။ အေမာမ်နှင့်တကွ ဖတ်သည်ဖြစ်စေ။
- မုဇ်ဒလိဖာဟ်၏ (ဤ)ညသည် အလွန်ပင်မင်္ဂလာအပေါင်းနှင့် ပြည့်စုံလှသော ညဖြစ်သည်။ သာသနာ့ပညာရှင်အချို့က ဤညအား ရှဗေကဒရ်ထက်ပင် မွန်မြတ်သည်ဟု ဖေါ်ပြထားသည်။ ဤညအား အိပ်စက်ခြင်းဖြင့်သာ မကုန်ဆုံးစေနှင့်။
- များသောအားဖြင့် မုဇ်ဒလိဖာဟ်တွင် ကောင်းကင်အောက်၌ အကာအရံမဲ့စွာ မိမိတို့၏ ဖျာအခင်းပေါ်၌သာ နေရတတ်သည်။ သေခြာကောင်းမွန်သော စီမံမှုများရှိနေသော်လည်း ရေအစရှိသည်တို့၏ နည်းပါးမှုနှင့် ကြုံရတတ်သည်။ ထို့ကြောင့် အရ်ဖားသ်မှပင် ရေ အစရှိသည်တို့အား စီစဉ်ထားလျှင် အကောင်းဆုံးဖြစ်သည်။ စားသောက်ဖွယ်ရာ အချို့ကိုလည်း မိမိနှင့်အတူ ယူဆောင်လာပါ။
- ဟနဖီမဇ်ဟဗ်ဝင်များအတွက် မုဇ်ဒလိဖာဟ်တွင် နားခိုရမည့် အဓိကအချိန်မှာ ဇိလ်ဟဂ်ျလ ဆယ်ရက်မြောက်နေ့ နံနက်အာရုဏ်ဦးအချိန်မှ နေထွက်ချိန်၏ ကြားကာလ ဖြစ်သည်။ ထို့ကြောင့် ပထမဦးဆုံး အချိန်တွင် ဖဂျရ်နမားဇ်ဝတ်ပြု၍ အချိန်ရသလောက် မုဇ်ဒလိဖဟ်တွင် ရှိနေရမည်။ ခယရိုးကျိုးစွာဖြင့် သိလာဝသ်ပြုခြင်း၊ ဒုအာ ဇိကိရ် ဒရူးဒ်ဖတ်ခြင်း အစရှိသည်တို့တွင် နစ်မွန်းနေပါ။
- မုဇ်ဒလိဖာဟ်၌ရှိစဉ် ကိဗ်လာဟ် သတ်မှတ်ရန် အလွယ်ကူဆုံးနည်းလမ်းမှာ ကအ်ဗာဟ်ကျောင်းတော်၏ အနီးရှိ တောင်တစ်လုံးပေါ်၌ အလွန်မြင့်မားလှသည့် တာဝါကြီးတစ်ခု ဆောက်လုပ်ထားသည်။ ၄င်းတာဝါပေါ်တွင် အဖြူရောင် မီးချောင်းထွန်းထားသည်။ ဤမီးအား မက္ကာဟ်ရွှေမြို့တော်၏ အနီးပတ်ဝန်းကျင် မိုင်ပေါင်းများစွာမှပင် မြင်တွေ့နိုင်သည်။ ညအခါ ကိဗ်လာဟ် သိရှိနိုင်ရန် ဤနည်းလမ်းမှာ အလွယ်ကူဆုံးဖြစ်သည်။ မုဇ်ဒလိဖာဟ်၏ မည်သည့်နေရာ၌ပင် ရှိနေပါစေ ဤမီးအားတွေ့မြင်၍ ကိဗ်လာဟ်အား သတ်မှတ်လိုက်ပါ။
- မုဇ်ဒလိဖာဟ်တွင် ရှိုက်သွာန်အား ခဲပေါက်ရန်အတွက် ကြနာစေ့ခန့် ကျောက်စလစ်ခဲများအား စုဆောင်းလိုက်ပါ။ ကျောက်စလစ်ခဲများ မသန့်လျှင် ဆေးကြော၍ သန့်စင်လိုက်ပါ။

မုဇ်ဒလိဖာဟ်မှ အပြန်
ဇိလ်ဟဂ်ျလ ဆယ်ရက်နေ့တွင် မုဇ်ဒလိဖာဟ်မှ မီနာဟ်သို့ ထွက်ခွာရမည်။ အကယ်၍ သတ္တိနှင့် အင်အားရှိလျှင် မိနာဟ်တွင် မိမိတည်းခိုရမည့်နေရာအား ကောင်းစွာသိရှိထားလျှင် အိုမင်းမစွမ်းသူများနှင့် အမျိုးသမီးများ အတူမပါလျှင် မုဇ်ဒလိဖာဟ်မှ မီနာဟ်အထိ ဘတ်စ်ကားများဖြင့် ခရီးနှင်မည့်အစား လမ်းလျှောက်ခြင်းက ပိုလွယ်ကူသည်။ အချိန်များစွာလည်း ကျန်မည်ဖြစ်သည်။
ရှိုက်သွာန်ခဲပေါက်ခြင်း
ဇိလ်ဟဂ်ျလ (၁၁/၁၂) ရက်နေ့ နေမွန်းလွဲပြီးနောက် ဂျမရားသ် သုံးခုလုံးအား ရမီပြုရမည်။ သို့သော် လူများသောအချိန် မသွားပါနှင့်။ လူနည်းပါး ကျဲသွားသည့်အချိန်၌ အေးဆေးစွာ ရမီပြုပါ။
- နေမွန်းမလွဲမီ ရမီပြုခြင်းမပိုင်ပေ။ ဤအချက်အား သတိပြုသင့်သည်။
- အိုမင်းမစွမ်းသူနှင့် အမျိုးသမီးများ ညအခါရမီပြုလျှင် မက္ကရူဟ်မဖြစ်ပေ။ သို့သော် ညအခါတွင် ရမီပြုနိုင်သူများသည် အခြားသူအား မိမိ၏ကိုယ်စား ပြုခိုင်းခွင့်မရှိပေ။ ဤအချက်ကိုလည်း လွန်စွာ သတိထားသင့်သည်။ အချို့သူများသည် ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ မိမိ၏ကိုယ်စား အခြားသူအား ရမီပြုခိုင်းကြသည်။ ဤသို့ပြုခိုင်းသူများ၏ ရမီသည် အထမမြောက်ပေ။ ထိုသူများသည် ရမီလွတ်သွားသည့်အတွက် ဒမ်ထိုက်သည်။
- ခဲလုံးအား အဝိုင်းခတ်ထားသည့်အတွင်းသို့ ဝင်အောင်ပစ်ပါ။ အပြင်သို့မကြစေရ။
- ဂျမ်ရာဟ်အွက်ဘာဟ် နှင့် ဂျမ်ရာဟ်ဝူစ်သွာအား ရမီပြုပြီးနောက် ကိဗ်လာဟ်ဘက်သို့မျက်နှာမူ၍ ဒိုအာတောင်းခြင်းသည် မွစ်သဟဗ်ဖြစ်သည်။ ဂျမ်ရာဟ်အွခ်ရာအ်အား ခဲပေါက်ပြီးနောက် ဒိုအာတောင်းရန် အမိန့်မလာရှိပေ။
- မီနာဟ်တွင် နေထိုင်သည့်ရက်များသည် အထူးတလည် ဇိကိရ်ပြုနေရမည့် နေ့ဖြစ်သည်။ ဤကာလအတွင်းတွင် အမလ်အိဗာဒသ်ကို အထူးအလေးထားပြုလုပ်ပါ။
- ဇိလ်ဟဂ်ျလ (၁၂) ရက်နေ့ နေမဝင်မီအလျှင် မီနာဟ်မှ မက္ကာဟ်သို့ထွက်ခွာရမည်။
- အကယ်၍ ဇိလ်ဟဂ်ျလ(၁၃) ရက်နေ့ နံနက်အာရုံဦးအချိန်ထိ မီနာဟ်တွင် ရှိနေလျှင်(၁၃) ရက်နေ့၏ ရမီသည်လည်း ဝါဂျိဗ်ဖြစ်သည်။
မက္ကာဟ်ရွှေမြို့တော်သို့အပြန်နှင့် သွဝါးဖေဝေဒါအ်
- မက္ကာဟ်ရွှေမြို့တော်သို့ ပြန်လာပြီးနောက် နေရပ်ဋ္ဌာနီသို့ ပြန်လိုသူများသည် မပြန်မီအလျှင် သွဝါးဖေဝေဒါအ် ပြလုပ်ခြင်းသည် ဝါဂျိဗ်ဖြစ်၏။ အကြောင်းမဲ့စွန့်လွှတ်ခဲ့လျှင် ဒမ်ထိုက်မည်။
- သွဝါးဖေဇီယာရသ်ပြီးနောက် ပြုခဲ့သောနဖိလ်သွဝါးဖ်များသည် သွဝါးဖေဝေဒါအ်၏ ကိုယ်စားဖြစ်နိုင်သည်။
- တစ်ဦးတစ်ယောက်သည် သွဝါးဖေဝေဒါအ် မပြုလုပ်ဘဲ မီကားသ်မှ အပြင်သို့ထွက်သွားလျှင် ဒမ်ထိုက်မည်။ ဒမ်မှ လွတ်ကင်းနိုင်မည့်ပုံစံမှာ ဒုတိယတဖန် အွမ္မရာဟ်၏ အဲဟ်ရာမ်ဝတ်ဆင်၍ ဟရာမ်သို့လာပါ။ ဦးစွာအွမ္မရာဟ် ပြုပါ။ တဖန် သွဝါးဖေဝေဒါအ် ပြုပါ။ သီးသန့် သွဝါးဖေဝေဒါအ်အတွက် အပြင်မှ အွမ္မရာဟ်၏ အဲဟ်ရာမ်မဝတ်ဆင်ဘဲ လာခြင်းသည် မပိုင်ပါ။ ဤမတ်စ်အလဟ်အား ကောင်းစွာ နားလည်ထားရမည်။
- အမျိုးသမီးသည် မသန့်ဖြစ်နေလျှင် သွဝါးဖေဝေဒါအ် လုပ်စရာမလိုအပ်တော့ပေ။ သွဝါးဖ် မပြုလုပ်ပဲ နေရာဋ္ဌာနီသို့ ပြန်ခွင့်ရှိသည်။
- မက္ကာဟ်ရွှေမြို့တော်တွင် နေထိုင်ခွင့်ရသလောက်အချိန်အား တန်ဖိုးထားပါ။ သွဝါးဖ်နှင့် အွမ္မရာဟ်များ များမြောင်စွာ ပြုပါ။ ပြန်ချိန်၌ အလွန်ဝမ်းနည်းကြေကွဲမှုဖြစ်ပါ။ ဗိုင်သွလ္လာဟ်အား ခွဲခွာရခြင်းအတွက် ငိုကြွေးပါ။
((ကျမ်းကိုး မစာအိလိမုကလ်မုလုလ်မုဒလ်လလ်
ပြန်ဆိုသူ Shareat Ya Shahadat ))
အလ်မုဖီးဒ်မှ တင်ဆက်သည်။