Thursday, October 16, 2014

အမျိုးသမီးများ နမားဇ်ဖတ်ရာတွင် သတိပြုရမည့် အချက်များ

((အလ်မုဖီးဒ် မှ ရေးသားသည်။))

ဗိစ်မိလ္လာဟိရ်ရဟ်မာန်းနိရ်ရဟီးမ်
***********************
နမားဇ်ဆောက်တည်ခြင်းဟူသည် အလ္လာဟ်အရှင်မြတ်ထံပါး၌ ခစားခြင်း၊ အရှင့်ရှေ့တော်မှောက်တွင် မတ်တပ်ရပ်ကာ လူသားအနေဖြင့် ဖန်ဆင်းရှင် အရှင်သခင်အား ခဝပ်ဦးချရခြင်းဖြစ်သည်။ လူ့ခန္ဓာကိုယ်တွင်ရှိသော အမွန်မြတ်ဆုံးဖြစ်သည့် ဦးခေါင်းကို ဂုဏ်အင်အပေါင်းနှင့် စုံလင်တော်သည့် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် ပျက်ဝပ်ဦးချခွင့်ရခြင်းသည် အီမာန်ရှင်အဖို့ အလွန်ပင် ဂုဏ်ယူရမည့် ကိစ္စရပ်ဖြစ်ပေသည်။ မုစ်လင်မ်ကို အလ္လာဟ်မှအပ မည်သည့်အရာ၏ ရှေ့မှောက်တွင်မှ ဦးချခွင့် မပေးထားပေ။ မုစ်လင်မ်ဖြစ်ပြီးသည့်နောက် နမားဇ်သည် ယင်းမုစ်လင်မ်အတွက် တစ်နေ့ ငါးကြိမ် မပြုမနေရဟု သတ်မှတ်ပြဌာန်းထားသည်။ နမားဇ်ဆောက်တည်ရာတွင် ခုရှုအ်၊ ခုဇုအ် ခေါ် စိတ်တည်ငြိမ်ရိုသေခံညားမှု ရှိရန် အလွန်လိုအပ်လှပေသည်။ ထို့ပြင် မိမိဆောက်တည်နေသည့် နမားဇ်ကို စိတ်ထဲမှ သေချာတပ်အပ်စွာ စွဲမှတ်ယုံကြည်ထားရန် လိုအပ်ပေသည်။ ဥပမာ ဇုဟုရ်ဆွလာသ်၏ ဖရ်ဇ်ကို ဆောက်တည်နေချိန် စိတ်ထဲမှ ကျွန်ုပ်သည် ဇုဟုရ်ဆွလားသ်၏ ဖရ်ဇ်ကို ဆောက်တည်နေ၏ ဟု သေချာစွာ မှတ်ယူထားရမည်။ ထို့ပြင် နမားဇ်ဆောက်တည်ရာတွင် ပါဝင်သည့် သိလာဝသ်၊ ဇိကိရ်၊ ဒရူးဒ်၊ ဒုအာများကို သေချာကျနစွာ ဖတ်ကြားပြီး ဖတ်နေစဉ်အတွင်း စိတ်ပါလက်ပါ ရှိနေရမည်။ ဤသို့ဆောက်တည်သော နမားဇ်သည် လှပပြီး ကဗရ်နှင့် ကိယာမသ်တွင် မိမိအတွက် အသုံးဝင်ပေမည်။ ယခုဤနေရာတွင် အမျိုးသမီးများအတွက် နမာဇ်ဖတ်ရာတွင် သတိပြုဆင်ခြင်ရမည့် ကိစ္စရပ်များကို တင်ပြပါမည်။
((ဤအကြောင်းအရာကို ယခင်က ရေးသားတင်ဆက်ခဲ့သည်။ ယခုတဖန် လိုအပ်သည်များကို ထပ်မံဖြည့်စွက်ကာ အသစ်တဖန်ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။ ))

အမျိုးသမီးများသည် .......
၁။ နမားဇ်ဝတ်ပြုရာတွင် ဟောင်းနွမ်းနေသည့် ဂျာအေနမားဇ်များ၊ ပုဝါများကို အသုံးပြုခြင်းသည် မကောင်းပေ။ မိမိတွင် အသစ်အကောင်းများကို ဝယ်ယူသုံးစွဲနိုင်ပါလျှက် ၁ဝနှစ်ခန့်မျှ သုံးစွဲနေသည့် စုတ်ပြတ်ဟောင်းနွမ်းနေသည့်အရာများကို အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံရာတွင် အသုံးပြုခြင်းသည် လုံးဝမသင့်တော်သည့် ကိစ္စဖြစ်ပေသည်။ ထို့ကြောင့် နမားဇ်ဆောက်တည်ရာတွင် သုံးစွဲသည့် ပစ္စည်းများကို သစ်လွင်ကောင်းမွန်သည့် အရာများအား မိမိတတ်နိုင်သည့်ခန့် ဝယ်ယူသုံးစွဲရမည်။ ကြွားဝါသည့် နိယသ်မပါဘဲ နမားဇ်အတွက် သန့်ရှင်းသပ်ရပ်၊ ကောင်းမွန်သည့်အရာများကို သုံးစွဲပါက အင်န်ရှာအလ္လာဟ် စဝါးဗ်ရပေမည်။
၂။ နမားဇ်အတွက် နိယသ်ပြုပြီးသည့်နောက် လက်မြှောက်သည့်အခါ ပုခုံး၊ နားရွက်တို့ အထိ မြှောက်ရန် မလိုအပ်ပေ။ ရင်ဘတ်အထိ လက်မြှောက်လျှင် လုံလောက်ပေသည်။
၃။ နမားဇ်အတွင်း မိမိဝတ်ဆင်ထားသည့် ပုဝါကို ပုံစံကြအောင်ပြုပြင်ခြင်း၊ အချို့သည် နမားဇ်ဝတ်ပြုသည့်အခါ ပတ်သည့်ပုဝါကို အသုံးပြုကြသည်။ ထိုပတ်ထားသည့် ပုဝါကို နမားဇ်အတွင်း၌ ပြင်၍ ပတ်ခြင်း၊ ၀တ်ဆင်ထားသည့် ထမီကို ပြင်ဝတ်ခြင်း၊ ဤအချက်များကို ပြုလုပ်ပါက နမားဇ် ပျက်သည်။
၎။ ယား၍ ကုတ်ခြင်းသည် တစ်ကြိမ်၊ နှစ်ကြိမ်ခန့်အတွက် ခွင့်ပြုချက်ရှိသည်။ အကြိမ်ရေ များသွားပါက နမားဇ်ပျက်သွားမည်။
၅။ နမားဇ်ဖတ်နေသူ တစ်ဦး၏ ( နမားဇ်နှင့် မသက်ဆိုင်သည့်) လုပ်ရပ်ကို အပြင်သူတစ်ဦးတစ်ယောက်က နမားဇ်ဖတ်နေသည်ဟု မထင်နိုင်လောက်သည့် အခြေအနေအထိ ပုံစံပျက်ယွင်းစွာ ပြုလုပ်နေပါက နမားဇ်ပျက်သွားပေသည်။
၆။ နမားဇ်ဝတ်ပြုရန်အတွက် ပုဝါဆောင်းရာတွင် အလွန်ပါးလွှားသည့် ပုဝါမျိုး မဖြစ်ရပေ။ ထူထဲသည့် ပုဝါဖြစ်ရမည်။
၇။ ပုဝါဆောင်းသည့်အခါ လည်ပင်းနေရာတွင် 'ဟ'မနေရပေ (လည်ပင်းမပေါ်နေရပေ။) လည်ပင်းပေါ်နေပါက နမားဇ်မပိုင်ပါ။
၈။ နမားဇ်အတွက် ပုဝါဆောင်းသည့်အခါ နဖူးဖုံးနေပါကလည်း ယင်းပုဝါဖြင့် စဂ်ျဒဟ်ပြုခွင့်ရှိသည်။ နဖူးဖော်ထားနိုင်လျှင် ပိုကောင်းသည်။
၉။ မှို့ယာ၊ ဆိုဖာများအပေါ်တွင် နမားဇ်ဖတ်ခြင်းသည် မသင့်တော်ပေ။ အကယ်၍ ဖတ်ခဲ့ရပါကလည်း စဂ်ျဒဟ်ပြုသည့်အခါ အစွမ်းကုန် နဖူးကို ဖိချရမည်။
၁ဝ။ အမျိုးသမီးများသည် နမားဇ်ဖတ်ရန် အဇာန်ဆိုသည့် အချိန်အထိ စောင့်ဆိုင်းရန် မလိုအပ်ပေ။ အချိန်ဝင်သည်နှင့် တစ်ပြိုင်နက် နမားဇ်ဖတ်ခွင့်ရှိသည်။
၁၁။ နမားဇ်ဖတ်နေစဉ် မလိုအပ်ဘဲ မျက်လုံးမှိတ်မထားရပေ။ သို့သော် စိတ်အာရုံစုစည်းရန်အတွက် အချိန်အနည်းငယ် မျက်လုံးမှိတ်ထားနိုင်သည်။ 
၁၂။ နမားဇ်ဖတ်နေစဉ် နှာချေမိသွားပါက အလ်ဟမ်ဒုလစ်လလ္လာဟ် မဆိုရပေ။ ရုတ်တရက် နှုတ်မှထွက်သွားပါက အကြောင်းမဟုတ်ပါ။
၁၃။ ဆီး၊ ဝမ်းသွားချင်လျှက်၊ နမားဇ်ဆောက်တည်ပါက စိတ်တည်ငြိမ်မှု မရရှိနိုင်တော့သည့်အတွက် မက္ကရူသဟ်ရီမီဖြစ်သည်။ ထို့ကြောင့် နမားဇ်မစတင်မီ ဟာဂျသ်ပြုလိုက်ရမည်။ နမားဇ်ဖတ်နေစဉ်အတွင်း ဤသို့ဖြစ်လာပါက နမားဇ်ဖျက်လိုက်ပါ။ ဆီးဝမ်းသွားလိုက်ပါ။ ပြီးမှ စိတ်တည်ငြိမ်စွာဖြင့် နမားဇ်ပြန်ဖတ်ပါ။ အကယ်၍ နမားဇ်အချိန်ကုန်ဆုံးရန် အလွန်နီးကပ်နေသည်။ မိမိနမားဇ်ဖျက်လိုက်ပါက ကဿွာဖြစ်သွားမည်ကို စိုးရိမ်ရပါက ဆီးဝမ်း သွားချင်စိတ်ကို ထိန်းထားနိုင်လျှင် နမားဇ်ကို ပြီးဆုံးအောင်ဖတ်လိုက်ပါ။ မထိန်းနိုင်ပါက နမားဇ်ဖျက်၍ ပြီးမှ ကဿွာပြန်ဖြည့်ပါ။
၁၄။ နမားဇ်ဖတ်နေစဉ်အတွင်း ဒွန္နယာကိစ္စတစ်ခုခုကကြောင့် ""လာဟောင်လာ ဝလာကုဝသ"" ဖတ်လိုက်ပါက နမားဇ်ပျက်သွားမည်။ အာခိရသ်ကို ကြောက်ရွံမှုကြောင့် ဖတ်မိပါက နမားဇ်မပျက်ပေ။
၁၅။ နမားဇ်ဖတ်ရာတွင် ဟားသမ်းခြင်းကို အတတ်နိုင်ဆုံးထိန်းချုပ်ရမည်။ ကိယာမ်တွင် သမ်းဝေမိပါက ညာလက်၏ လက်ဖဝါးဖြင့် ဖုံးကာပါ။ ကအ်ဒဟ်တွင် ဘယ်လက်၏ လက်ဖမိုးဖြင့် ကာလိုက်ပါ။
၁၆။ နမားဇ်တွင် မလိုအပ်ဘဲ ချောင်းဟန့်ခြင်း၊ ချောင်းဆိုးခြင်းတို့သည် မက္ကရူသဟ်ရီမီဖြစ်၏။ ရောဂါကြောင့် ချောင်းဆိုးခြင်းဖြစ်ပါက ခွင့်ပြုချက်ရှိသည်။ သို့သော် အတတ်နိုင်ဆုံး ထိန်းချုပ်ရမည်။ 
၁၇။ နမားဇ်ဝတ်ပြုရာတွင် အတွင်းမှဝတ်ဆင်ထားသည့် အ၀တ်သည် အလယ်အလတ်တန်းစားရှိသော အ၀တ်ဖြစ်ရမည်။ တတ်နိုင်ပါက အကောင်းဆုံးသော အ၀တ်အစားဖြင့် နမားဇ် ၀တ်ပြု ရမည်။ အပြင်သို့သွားလျှင်ပင် မ၀တ်သည့် အလွန်ဟောင်းနွမ်း စုတ်ပြတ်နေသည့် အ၀တ်မျိုးဖြင့် နမားဇ်ဝတ်ပြုပါက မက္ကရူဟ်ထိုက်၏။
၁၈။ အမျိုးသမီးများအနေဖြင့် နမားဇ်ဝတ်ပြုသည့်အခါ အောက်ပိုင်းတွင် ၀တ်ဆင်ထားသည့်အ၀တ်သည် ပွ၍ ထူထဲသော အမျိုးအစားထဲမှ ဖြစ်ရမည်။ စတောကင်၊ ဂျင်းဘောင်းဘီအကျပ်၊ ဆွဲသားဘောင်းဘီအကျပ်၊ ခြေသလုံးသားများကို မြင်နိုင်လောက်အောင် ပါးလွှာသည့် စကပ်၊ ထမီ၊ ဂါဝန်၊ ခန္ဓာကိုယ်ကို အတိုင်းသားမြင်နိုင်လောက်အောင် ပါးလွှာ၊ တင်းကြပ်သည့် အ၀တ်အစားများဝတ်၍ နမားဇ်ဖတ်ခြင်း မပိုင်ပါ။ ယင်းကဲ့သို့ အ၀တ်များကို ၀တ်ဆင်ထားပြီး အပေါ်မှ ထပ်၍ ဘုရ်ကအ်(သို့) အခြား ထူထဲသော အ၀တ်ကို ၀တ်ဆင်ပြီးဖတ်မှသာလျှင် နမားဇ် ပိုင်မည်ဖြစ်သည်။
အထက်တွင်ဖေါ်ပြထားသည့် အ၀တ်များကို ၀တ်ဆင်ပြီး ဘုရ်ကအ်မပါပဲ အပြင်ထွက်ပါက ၀တ်ဆင်သူ၊ ၀တ်ရန်ခွင့်ပြုပေးသူ နှစ်ဦးစလုံးပေါ် အပြစ်ထိုက်သည်။ ၎င်းအ၀တ်များကို ၀တ်ဆင်ခြင်းသည် ကျန်းမာရေးအရလည်း မညီညွတ်ပါ။ (မွတ်စလ်မာန် အမျိုးသမီးများအားလုံးကို လိုက်နာနိုင်စွမ်း ချီးမြှင့်တော်မူပါ)
၁၉။ အမျိုးသမီးများအနေဖြင့် နမားဇ်အတွင်း ကိရာအသ်ဖတ်ခြင်းနှင့် အခြားသော အရာများ ရွတ်ဖတ်ရာတွင် မိမိကြားနိုင်လောက်သည်ခန့် အသံထုတ်၍ ဖတ်သင့်သည်။ ယင်းကဲ့သို့ ဖတ်ပါက နမားဇ်အတွင်း စိတ်ဝင်စားမှုလည်း ရှိမည်။ လုံးဝအသံမထုတ်ပဲ ဖတ်ခြင်းသည် မသင့်လျော်ပါ။ (အသံထုတ်ခြင်းသည် အပြင်သူကြားနိုင်လောက်အောင် အသံထုတ်ခြင်းကို မဆိုလိုပါ။ အပြင်သူကြားနိုင်လောက်အောင် အသံထုတ်ပါက နမားဇ်မပိုင်ပါ။) အကယ်၍ အသံလည်းမထုတ်၊ ပါးစပ်လည်း မလှုပ်ပဲ ဖတ်ပါက နမားဇ် အထမမြောက်ပါ။
၂ဝ။ သက်ဗီးရေသဟ်ရီမဟ်ကို အနည်းငယ် အသံထုတ်ပြီး ဆိုရမည်။
၂၁။ လက်ပိုက်ရာတွင် ပုဝါအတွင်းမှသာ ပိုက်ရမည်။ ပုဝါအပေါ်သို့ လက်ထုတ်၍ မပိုက်ရပါ။ 
၂၂။ ရုကုအ်ဦးညွှတ်ရာတွင် ယောကျာ်းများကဲ့သို့ ကျောကုန်းတစ်ဖြောင့်တည်း၊ ဒူးနှစ်ဖက်ကို လက်ဖြင့် စုပ်ကိုင်ထားခြင်းများကို အမျိုးသမီးတို့ ပြုမူရန် မလိုအပ်ပေ။ ရုကူတွင် ခန္ဓာကိုယ်အနည်းငယ် ကိုင်းလျှင်လုံလောက်သည်။ လက်ချောင်းများကို ဒူးနှစ်ဖက်အပေါ်သို့ တင်ရုံသာ တင်ထားရမည်။ ဆုပ်ကိုင်ထားရန် မလိုအပ်ပေ။
၂၃။ ရုကူမှ ပြန်ထသည့်အခါ "စမီအလ္လာဟုလိမန် ဟမိဒဟ် ရဗ္ဗနာ လကလ်ဟမ်ဒ်"  ဟု ပြည့်ဝစွာရွတ်ဆိုပြီးသည်အထိ မတ်တပ်ရပ်ရမည်။ ပြီးနောက်မှ စဂ်ျဒဟ်သို့ သွားရမည်။
၂၄။ စဂ်ျဒါသို့ သွားရာတွင်လည်းကောင်း၊ ပထမစဂ်ျဒဟ်မှ ပြန်ထရာတွင်လည်းကောင်း လက်ကို ဂျာအေနမားဇ်နှင့် ရှပ်တိုက်ဆွဲယူခြင်းမပြုရပေ။ ဤသို့ပြုခြင်းသည် ပျင်းရိဖျင်းတွဲသူတို့၏ လက္ခဏာဖြစ်သည်။ လက်ကို ကြွယူလိုက်ရမည်။ အကယ်၍ ရောဂါကြောင့် ဥပမာ အရိုးအဆစ်များအားနည်းခြင်းကြောင့် ခန္ဓာကိုယ်၏ လေးပင်သည့်ဝိတ်ကို မနိုင်ပါက ရှပ်တိုက်ဆွဲယူနိုင်ပါသည်။ သို့သော် တက်နိုင်သလောက် ကြွယူခြင်းက ပိုကောင်း၏။
၂၅။ စဂ်ျဒဟ်ပြုလုပ်ရာတွင် စဂ်ျဒဟ်တစ်ခုပြုပြီးသည့်နောက် ခန္ဓာကိုယ်ကို တည့်မတ်စွာထိုင်ရမည်။ ပြီးနောက်မှ ဒုတိယစဂ်ျဒဟ်ကို ပြုရမည်။ ဤသို့မဟုတ်ဘဲ ခေါင်းထောင်ရုံလေးသာ ထောင်လိုက်ပြီး ဒုတိယစဂ်ျဒဟ်ပြုပါက မပိုင်ပါ။
၂၆။ ကအ်ဒဟ်ထိုင်ရာတွင် ခန္ဓာကိုယ်ကို မယိမ်းနေရပေ။ တည်ငြိမ်စွာ ထိုင်ရမည်။ 
၂၇။ သရှဟွဒ်အတွက် လက်ညှိုးထောင်ရာတွင် လက်ညှိုးကို ကစ်ဗ်လာဖက်သို့သာ တစ်ဖြောင့်တည်း ထားရမည်။ မိုးပေါ်သို့ မထောင်ရပေ။
၂၈။ အမျိုးသမီးများ၏ စဂ်ျဒဟ်တွင် လက်နှစ်ဖက်ကို နံဘေးနှင့် ကပ်ထားရမည်ဟု မိန့်ထားသည်။ နံဘေးဟုဆိုရာတွင် ခန္ဓာကိုယ်၏ ဘေးနံရိုးများကို ဆိုလိုခြင်းမဟုတ်။ စဂ်ျဒဟ်ချလိုက်သည့်အခါ လက်မောင်းကို ခန္ဓာကိုယ်၏ ဘေးနှင့် ကပ်ထားခြင်းကို ဆိုလိုခြင်းဖြစ်သည်။
၂၉။ အမျိုးသမီးများ အနေဖြင့် အောက်ပိုင်းဝတ် အတွင်းခံကိုဝတ်ပြီး နမားဇ်မဖတ်သင့်ပါ။ လုံးဝသန့်သည်ဟု မှတ်ယူနိုင်မှသာလျှင် ၀တ်ဖတ်ခွင့် ရှိသည်။ အကယ်၍ မသန့်များရှိနေခဲ့ပါက နမားဇ်ဝတ်ပြုရာတွင် အ၀တ်အစားသန့်ရမည့် စည်းကမ်းနှင့် မကိုက်ညီသည့်အတွက် နမားဇ်မပိုင်ပါ။
၃ဝ။ အမျိုးသမီးများသည် ဝုဇူပြုပြီးနောက် အဖြူဆင်းခြင်းဖြစ်ပါက ဝုဇူပျက်သည်။ (ယင်းရောဂါကို ပျောက်ကင်းအောင် ကုသသင့်သည်။ သားအိမ်အားနည်း၍ ဆင်းခြင်းဖြစ်သဖြင့် ကောင်းမွန် အဟာရရှိသော အစားအစာများကို စားသုံးပြီး ဆရာဝန်ညွှန်ကြားသည့် ဆေးနည်းကို သေချာစွာ သောက်သုံးရမည်ဖြစ်သည်။)
၃၁။ အဝတ်အစားတွင် အတွင်းခံတွင် အဖြူများပေကျံပါက ယင်းအဝတ်အစားသည် မသန့်ဖြစ်၏။
၃၂။ အမျိုးသမီး အမျိုးသား တို့သည် ရုပ်ပုံများပါသည့် အဝတ်အထည်ဖြင့် နမားဇ်ဖတ်ခြင်းသည် မက္ကရူဟ်ဖြစ်သည်။ နမားဇ်မဟုတ်သည့် ပြင်ပတွင် ဝတ်ပါကလည်း မက္ကရူဟ်ပင်ဖြစ်သည်။
၃၃။ ညအိပ်ဝတ် အ၀တ်အစားများဖြင့် နမားဇ်ဖတ်ခြင်းသည် မသင့်လျော်ပါ။
အမျိုးသမီးများအတွက် နမားဇ်ဖတ်ရန် အကောင်းဆုံးနေရာမှာ အိမ်၏အတွင်းခန်းပင်ဖြစ်သည်။
အမျိုးသမီးသည် နမားဇ်ဝတ်ပြုနေရင်း ဖုံးအုပ်ရမည့် အစိတ်အပိုင်းများ အနက်မှ အစိတ်အပိုင်း တစ်ခု၏ ၄ပုံ၁ပုံ ပေါ်သွားလျှင် နမားဇ်ပျက်သည်။ အစိတ်အပိုင်းတစ်ခုဆိုသည်မှာ ဥပမာ လက်ဟုပြောလျှင် အစိတ်ပိုင်း နှစ်ခုရှိသည်။ လက်မောင်းမှ တံတောင်ဆစ်အထိ အစိတ်အပိုင်းတစ်ခု၊ တံတောင်ဆစ်မှ လက်ဖျားအထိ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
ဖုံးအုပ်ရမည့် အစိတ်အပိုင်း ၄ ပုံ ၁ ပုံပေါ်ခြင်းက ဘယ်အချိန်အထိခွင့်ရှိလဲ
ပုံစံ ၃မျိုးရှိသည်။
၁။ ပေါ်သည့်အတိုင်းအတာသည် များမည်။ ပေါ်သွားသည့် အချိန်နည်းမည်။
၂။ ပေါ်သည့်အတိုင်းအတာ နည်းမည်။ ပေါ်သည့် အချိန်များမည်။ ဤပုံစံ ၂မျိုးလုံးတွင် နမားဇ်မပျက်ပါ။
၃။ ပေါ်သည့်အတိုင်းအတာလည်းများမည်။ ပေါ်သည့်အချိန်လည်းများမည်။ ဤပုံစံတွင် နမားဇ်ပျက်မည်။
အလ်မုဖီးဒ်
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။