Showing posts with label Mufeed Baath. Show all posts
Showing posts with label Mufeed Baath. Show all posts

Sunday, June 3, 2018

ဂျန္နသ်ရရန် မှန်စေ


အာခိရသ်တွင် စိတ်ချမ်းမြေ့သာယာစွာ နေနိုင်ရေးအတွက် လိုအပ်သည့် အရည်အချင်းများမှ တတိယအရည်အချင်း

**အမှန်ပြော၍ ဂျန္နသ်ယူပါ
ဂျန္နသ်ရစေမည့် အရည်အချင်းများမှ တတိယအချက်မှာ အမှန်ပြောခြင်း၊ မှန်ရာကိုဆိုခြင်း ဖြစ်သည်။ ဟဒီးစ်တော်တွင် اَلصِّدْقُ يَهْدِيْ اِليَ الْبِرِّوَالْبِرُّيَهْدِيْ اِليَ الْجَنَّةِ အမှန်ပြောခြင်းသည် ကောင်းမှုပြုနိုင်မည့်လမ်းကို ညွှန်ပေးသည်။ ကောင်းမှုသည် ဂျန္နသ်သို့ ပို့ဆောင်ပေးသည် ဟု မိန့်ထားသည်။ လူသည် အမြဲတမ်း အမှန်ပြောသည့် အခြေအနေဖြင့်သာ ရှိနေလျှင် အလ္လာဟ်ထံပါးတွင် ၎င်းကို صِدِّيْق စွိဒ်ဒီးက်ဟု မှတ်သားလိုက်သည်။ စွိဒ်ဒီးက်သည် အလွန်မှန်သူ၊ မှန်သည့်စကားကို အလွန်များပြားစွာ ပြောဆိုသူကို ခေါ်ဆိုသည်။ အမှန်ပြောခြင်းကို အစဉ်တစိုက် လေ့ကျင့်ကြိုးပမ်းနေသူဟု ဆိုလိုသည်။ ဟဒီးစ်၌ ဆက်မိန့်သည်မှာ မုသားသည် မကောင်းသည့်လမ်းကြောင်း၊ မကောင်းမှုကို ညွှန်ပြသည်။ မကောင်းမှုသည် ဂျဟန္နမ်ကို ပို့ဆောင်သည်။ လူသည် လိမ်စကားပြောပြီး လိမ်သည့်အကျင့် အလေ့အထဖြစ်သွားပါက အလ္လာဟ်အရှင်မြတ်ထံပါးတွင် ၎င်းသူအား كَذَّابْ ဟု အမည်တပ်၍ မှတ်တမ်းတင်ထားလိုက်သည်။ ကဇ်ဇားဗ်ဟူသည်မှာ လူလိမ်အကြီးစား၊ အလွန်လိမ်သူ ဖြစ်ပေသည်။ လူသိများ ကျော်ကြားသည့် အဆိုတစ်ခုရှိသည်။ اَلصِّدْقُ يُنْجِيْ وَالْكِذْبُ يُهْلِكْ မှန်ကန်ခြင်းသည် အောင်မြင်မှုကို ရရှိစေ၍ လိမ်လည် မုသား လှည့်စားခြင်းတို့သည် ဆုံးရှုံးမှုကိုသာ ပေးသည်။

ယနေ့အခါသမယရှိ လူအများစုတို့၏ အတွေးသည် ပြောင်းပြန်ဖြစ်နေပေတော့သည်။ လိမ်မပြောလျှင် အလုပ်မဖြစ်၊ အမှန်အတိုင်းပြောလျှင် လိုရာခရီး မပေါက်၊ အလိမ်ဆုံးသူသည် အတော်ဆုံးပင်၊ လိမ်နိုင်သမျှ ငွေရ ..... ဟူသည့်အခြေအနေ ဆိုက်ရောက်နေပေတော့သည်။ မုသားမပါ လင်္ကာမချော ဟူသည့် စကားပုံပင် ရှိလိုက်သေး၏။ လူတို့က လိမ်ခြင်းဟူသည် အရည်အချင်းကောင်းတစ်ခုဖြစ်၏ ဟု မှတ်ယူလာကြပေသည်။

အစ္စလာမ်မှ ညွှန်ပြတောင်းဆိုချက်မှာ ..... အမှန်သာ ပြောပါဟု ဖြစ်ပေသည်။ အမှန်ပြောခြင်း၊ မှန်သည့်အကြောင်းအရာကိုသာ လုပ်ဆောင်ခြင်းတို့သည် ကောင်းမှု ဖြစ်သည်။ ကောင်းမှုတစ်ခုသည် နောက်ထပ်ကောင်းမှုတစ်ခုထပ်လုပ်ရန် လမ်းစပွင့်စေသည်။ ကောင်းမှုကို များစွာပြုလုပ်နိုင်ပါက တစ်နည်း ကောင်းမှုများစွာရှိလာလျှင် လူသည် ဂျန္နသ်ကို ရရှိပေမည်။ လိမ်ခြင်း၊ မုသားပြောခြင်း၊ လှည့်စားခြင်းတို့သည် မကောင်းမှုဖြစ်သည်။ မကောင်းတစ်ခုသည် နောက်ထပ်မကောင်းမှုများ လုပ်ဆောင်ရန်သာ တိုက်တွန်းမည်။ မကောင်းမှု များစွာပြုလုပ်ပြီး မကောင်းခြင်းများကိုသာ ပိုင်ဆိုင်စုဆောင်းထားလျှင် ထိုသူသည် ဂျဟန္နမ်သို့ ရောက်ရပေမည်။

(ယနေ့အခါတွင် လိမ်ခြင်းကို အမည်ပြောင်း၍ ခေါ်ဝေါ်သုံးစွဲနေကြပေသည်။ ဖော်ရှော် လုပ်လိုက်သည်ဟု သုံးကြသည်။ ဤသည်မှာလည်း လိမ်ခြင်းပင် ဖြစ်သည်။ နောက်ပြောင်ရာတွင်လည်း လိမ်ခွင့်မရှိပေ။ မွတ်စ်လင်မ်သည် ဘာသာတူ၊ ဘာသာခြား နှစ်မျိုးလုံးကိုလည်း လိမ်ခွင့်မရှိ။ ကလေးကိုလည်း မလိမ်ရပေ။ ထို့ကြောင့် မိမိတို့အပြောအဆို အလုပ်အကိုင်တွင် အလိမ်မပါစေရန် သတိထားရမည်။ လိမ်ခြင်းကို ရှောင်နိုင်ရန် အလ္လာဟ်ထံပါး ဒုအာပြု တောင်းခံရပါမည်။) မလိမ်ရဟု ဆိုထားရာ တစ်ဖက်တွင်လည်း မိမိ၏ အကြောင်းအားလုံးသိအောင် ပြောပြရန်လည်း မလိုအပ်ပေ။ သူ့နေရာနှင့်သူ စကားလွှဲသုံးခွင့် ရှိပေသည်။ အောက်တွင် စကားလွှဲသည့် အကြောင်းအရာအချို့ကို ဖော်ပြထားပါသည်။ 

**ရည်ရွယ်ချက်အမှန်ကို ဖုံးကွယ်ခွင့်ရှိခြင်း
လောက၌ လူအများစု၏ ဓလေ့ဖြစ်သွားသည့်လုပ်ရပ်တိုင်း အမှန်မဟုတ်ပါ။ အစ္စလာမ်ဘာသာက မှန်ရာကိုသာ စကားဆိုရန် သင်ပေးထားသည်။ တစ်ဦးတစ်ယောက်သည် အခြေအနေအရ အမှန်လည်းမဟုတ် အမှားလည်းမဖြစ်သည့် စကားရပ်မျိုးဆိုခြင်းသည် လိမ်ခြင်းနှင့်မသက်ဆိုင်ပေ။ သီးခြားဖြစ်ပေသည်။ အကျဉ်းအကြပ်ဖြစ်နေချိန်တွင် ထိုစကားရပ်မျိုးကို ပြောခွင့်ရှိပေသည်။ ဤသို့မဟုတ်ပဲ ဖြစ်စဉ်နှင့်ဆန့်ကျင်ဘက်ပြောခြင်းကိုမူ မည်သို့သောအခြေအနေတွင်မှ ခွင့်မပြုပေ။ သို့သော် အခြေအနေအမှန်အတိုင်းလည်း မဟုတ်၊ မရှိသည့်အခြေအနေကို လုပ်ကြံ(လိမ်)ပြောခြင်းလည်းမဟုတ်သည့် ပုံစံမျိုး ပြောနိုင်ပေသည်။ ပြောလိုက်သည့်စကားက ဒီလိုလည်း ဖြစ်နိုင်သလို ဟိုလိုလည်း ဖြစ်နိုင်သည်။ ထို့သို့ပြောခွင့်ရှိပေသည်။

အရဗီဘာသာတွင် ထိုသို့ပြောခြင်းကို تَوْرِيَهْ ဟု ခေါ်ပေသည်။ လိမ်ပြောခြင်းမှ ရှောင်၍ အခြေအနေအမှန်ကို ဖုံးကွယ်၍ပြောခြင်းဟု အဓိပ္ပါယ်ရသည်။ ဗမာစကား၏ စကားကြီး ဆယ်မျိုးတွင် “ခက်တင်မောင်းနင်း” ဟု ခေါ်ဆိုသည့် စကားမျိုး ဖြစ်သည်။ စကားကို မတင်မကျပြောခြင်းမျိုး ဖြစ်၏။ ဟဒီးစ်များတွင် လာရှိသည်မှာ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် အဓိကခရီးစဉ်တစ်ခုအား တခြားခရီးတစ်ခုမှ လှည့်သွားတော်မူပေသည်။ သို့မှသာ ရန်သူများ ရိပ်စာမိခြင်း မရှိမည်ဖြစ်၏။

**ဟဇရသ်နာနောင်သဝီ ရဟ်မသုလ်လားဟိအလိုင်းဟ်၏ ဖုံးကွယ်ပုံ
အစ္စလာမ်ပညာရှင်များ၏ မိခင်ကျောင်းတော်ကြီးဖြစ်သော ဒါရွလ်အူလူးမ် ဒေယိုဗန်ကို တည်ထောင်သူ ဟဇရသ်မော်လာနာ ကာစင်မ်ဆွာဟိဗ် နာနောဝ်သဝီ (ရဟ်မသုလ္လာဟိအလိုင်းဟ်) အင်္ဂလိပ်များကို ဆန့်ကျင်တိုက်ခိုက်ခဲ့စဉ်က ဖြစ်သည်။ အင်္ဂလိပ်အုပ်ချုပ်မှု လက်အောက်အတွင်း ဖြစ်သောကြောင့် ၎င်းတို့သာ အနိုင်ရရှိသွားကြသည်။ တိုက်ခိုက်မှုပြီးသွားသောအခါ အင်္ဂလိပ်အာဏာပိုင်တို့က လူအချို့ကို ဖမ်းဆီးရန် ဝရမ်းထုတ်လိုက်သည်။ ထိုဝရမ်းထဲတွင် ဟဇရသ်၏အမည်လည်း ပါဝင်သည်။ ပုလိပ်များက ဟဇရသ်ကို အပူတပြင်းလိုက်ရှာနေကြ၏။ တစ်ရက် ဟဇရသ်သည် မိမိနေအိမ်တွင်ရှိနေကြောင်း တစ်ဦးကသတင်းပေးလိုက်ရာ ပုလိပ်များ ချက်ချင်းရောက်လာပြီး ဟဇရသ်၏နေအိမ်ကို ဝိုင်းလိုက်ကြပေသည်။ ဟဇရသ်သည် ရွက်ကြမ်းရေကျိုပုံစံဖြင့်သာ နေထိုင်လေ့ရှိသူတစ်ဦးဖြစ်ပြီး သာမန်အခိုင်းအစေတစ်ဦးကဲ့သို့သာ ဝတ်ဆင်လေ့ရှိပေသည်။ ထို့ကြောင့် ကြီးကျယ်သည့်ပုဂ္ဂိုလ်တစ်ပါးဟု မည်သူကမျှ သိရှိနိုင်မည်မဟုတ်ပေ။ အိမ်ကို ပုလိပ်များဝိုင်းထားကြောင်း ဟဇရသ်သိသည့်အခါ ပုခုံးပေါ် စောင်ပိုင်းတင်ပြီး အိမ်တွင်းမှ ထွက်လာသည်။ ပုလိပ်တို့က တား၍ မော်လဝီကာစင်မ် ဘယ်မှာလဲဟု မေးသည်။ ၎င်းတို့က မော်လဝီကာစင်မ်ဟူသော ပုဂ္ဂိုလ်သည် ဤသို့သော သာမန်သူတစ်ဦး မဟုတ်နိုင်ပေ။ ဤသည်မှာ အိမ်၏အစေခံတစ်ဦးသာ ဖြစ်မည်ဟု ယူဆထားသည်။ 

ဟဇရသ်သည် ရပ်နေသည့်နေရာမှ ရှေ့သို့ ခြေတစ်လှမ်းတိုးပြီးနောက် အခုပဲ ဒီမှာရှိနေသေးတယ်။ ဘယ်သွားလိုက်သလဲမသိဟု ပြောကာ ထွက်သွားလိုက်ပေသည်။ ပုလိပ်တို့ မတ်တပ်ရပ်လျှက်သာ ကျန်ခဲ့ပြီး အိမ်တွင်းသို့ဝင်ရှာရာတွင် မည်သူ့ကိုမျှ မတွေ့ရတော့ပေ။ ထို့ကြောင့် လိမ်ခြင်းလည်းမဟုတ်၊ အမှန်အတိုင်းလည်းမဟုတ်သည့် စကားရပ်ကိုဆိုပြီး ရှေ့ကလူ အလှည့်ခံလိုက်ရခြင်းကို သောင်ရီယဟ်ဟုခေါ်သည်။ သောင်ရီယဟ်ကို ပြုခွင့်ရှိပေသည်။

**ဟဇရသ်နာနောင်သဝီ ရဟ်မသုလ်လားဟိအလိုင်းဟ်၏ ရိုးသားမှု
တစ်ခါက ဟဇရသ်သည် လေးညှင်းခံထွက်ရင်း ဒေယိုဗန်အနီးရှိ ရွာတစ်ရွာသို့ မဂ်ရိဗ်အချိန်တွင် ရောက်ရှိသွားသည်။ မတ်စ်ဂျိဒ်တွင် အိမာမ်မရှိပေ။ လူတို့က ဟဇရသ်အား နမားဇ်သင်ပေးတတ်လားဟု မေးရာ ဟဇရသ်က သင်ပေးတတ်သည်ဟု ပြောလိုက်သည်။ ၎င်းတို့က သို့ဆိုလျှင် နမားဇ်သင်လိုက်ပါဟု ပြောကြသည်။ နမားဇ်အတွင်း အဘယ်သို့ ဖြစ်သွားသည်မသိ၊ နှစ်ရကအသ်တွင် စူရဟ်ကာဖိရူးန်ကိုသာ တွဲလိုက်မိသည်။ လူဖြစ်သည့်အားလျော်စွာ အမေ့အမှားကို မရှောင်လွှဲနိုင်ပါ။ တမန်တော်ပင်လျှင် မေ့မှားမှု ဖြစ်ရပေသည်။ စလာမ်လှည့်ပြီးနောက် နမားဇ်မပိုင် နမားဇ်မပိုင်ဟူ ဆူညံ့ကြတော့သည်။ ဟဇရသ်က ပြောသည်။ နမားဇ်ပိုင်သည်။ တစ်ခဏတော့ အားလုံးတိတ်ဆိတ်သွားကြသည်။ ဟဇရသ်လည်း ပြန်လာလိုက်သည်။ အိရှာအ်ပြီးနောက်တွင် လူတို့က ပူညံ့ပူညံ့လုပ်ကြပြန်သည်။ မဂ်ရိဗ်နမားဇ် ပိုင် မပိုင်ကို သေချာစွာမသိရပေ။ မည်သို့ပြုကြမည်နည်း။ မနက်စောစောတွင် ဒိယိုဗန်ကျောင်းသို့သွား၍ ဖသ်ဝါမေးရမည်။ နောက်တစ်နေ့တွင် ရွာမှလူတစ်စု ကျောင်းသို့ရောက်လာသည်။ ကျောင်းရောက်သည့်အခါ ကျောင်းရှိ အကြီးဆုံးသောမော်လဝီ မည်သူနည်းဟု မေးရာ ကျောင်းသားများက ဟဇရသ်ရှိသည့်အခန်းသို့ လိုက်ပို့ပေးကြသည်။ ရွာသားတို့ ဟဇရသ်ကို မြင်လိုက်ရာ သူတို့အား မဂ်ရိဗ်သင်ပေးခဲ့သူပင် ဖြစ်နေသည်။ ယခုမူ လာသည့်ရွာသားအားလုံး ပါးစပ်ပိတ်ပြီး ထိုင်နေကြတော့သည်။ ဟဇရသ်က ခင်ဗျားတို့ ဘာကိစ္စအတွက်လာလဲ တစ်ခုခုတော့ ပြောပါဦးဟု စကားဆိုရာ အချိန်အတော်ကြီးကြာမှမှ တစ်ယောက်က ဆရာကြီးခင်ဗျား၊ ဆရာကသာ မနေ့က ကျွန်တော်သည် အကြီးဆုံးမော်လဝီတစ်ပါးပဲလို့ ပြောခဲ့ရင် ကျွန်တော်တို့ ဒီကိုရောက်လာမှာ မဟုတ်ပါဘူး ဟု ပြောလေတော့သည်။ ဤသည်မှာ ဟဇရသ်နာနောင်သဝီသခင်၏ နေထိုင်မှုသဏ္ဍာန်ပင်ဖြစ်ပေသည်။ ရိုးရိုးပင်နေခြင်းကြောင့် သခင်သည် အာလင်မ်တစ်ပါးဖြစ်သည်ဟု ချက်ချင်းမသိနိုင်ပေ။

**ဟဇရသ်နာနောင်သဝီ ရဟ်မသုလ်လားဟိအလိုင်းဟ်၏ ရိုးသားမှု (၂)
တစ်ခါက ဟဇရသ်သည် လေညှင်းခံရာမှ ပြန်လာနေချိန်ဖြစ်သည်။ လမ်းတွင် တောသားတစ်ဦးသည် ကြံစီးတစ်ခုကိုချပြီး အမောဖြေနေသည်။ ဟဇရသ်က အနီးမှဖြတ်သွားချိန်တွင် " အို ဘိုင်! ဒီကြံစီးကို ခေါင်းပေါ် ကူတင်ပေးပါ" ဟု ပြောလိုက်သည်။ ဟဇရသ်က ကြံစီးမပေးရန် ပြင်နေချိန် တဆက်တည်း ခင်ဗျားအတွက် ကြံစီးကလေးနေပြီဆိုရင် ကျွန်တော် မသွားပေးပါမယ် ဟုဆိုရာ တောသားက ဒါဆိုလည်း မပေးသွားပါဟု ပြောလေသည်။ ဟဇရသ်က မသွားလိုက်သည်။ ဟရသ်က ရှေ့ မှလျှောက်ပြီး တောသားက နောက်မှလိုက်နေသည်။ လမ်းတွင် ဟဇရသ်က ခင်ဗျားဘယ်သူလဲ၊ ဘယ်ကလဲ၊ ကြံစီးက ဘာအတွက်လဲ စသဖြင့် စကားမေးရာ တောသားက အဘယ်ရွာမှဖြစ်ကြောင်း၊ ကြံစီးသည် မော်လဝီကာစင်မ်ဆွာဟိဗ်ကို လက်ဆောင်ပေးရန်အတွက် ယူလာခြင်းဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ကြံရည်ညှစ်၍ ခီးရ်ချက်စားနိုင်ရန်ဖြစ်ကြောင်း ပြောပြလေသည်။ ဟဇရသ်ကလည်း ဒီစကားရပ်များကို နားထောင်လျှက်ပင် ဆက်လျှောက်နေသည်။ မြို့အနီးသို့ရောက်လာသည့်အခါ ကြံစီးပေးလိုက်ပြီး မိမိ၏ မတ်စ်ဂျိဒ်သို့ တခြားသောလမ်းတစ်ခုမှ သွား၍ မိမိအခန်းသို့ လာလိုက်ပေသည်။ ထိုသူလည်း ကြံစီးယူ၍ ထိုမတ်စ်ဂျိဒ်သို့ပင် ရောက်ရှိလာပေသည်။ ပြီးနောက် ဟဇရသ်ကိုပင် မော်လဝီကာစင်မ်သည် မည်သူနည်းဟု ၎င်းက မေးမြန်း၏။ ဟဇရသ်က မော်လဝီကာစင်မ်ဆိုတာ ကျွန်တော်ပဲဟု ဖြေလိုက်သည်။ တောသားကမူ သူ့ကြံစီးကိုမပေးခဲ့သည်ကို သိနေသဖြင့် အေး အေး ခင်ဗျားက ကြံသကာခီးရ်စားချင်ပြီးကိုး (ဒါ့ကြောင့် မော်လဝီကာစင်မ် ဖြစ်သွားတာ) ဟုဆိုပြီး ဗလီအပြင်ထွက်၍ ကျောင်းသားများကို မေးလေသည်။ ကျောင်းသားများက မော်လဝီကာစင်မ်ဆိုတာ ဤသူပဲဟု ညွှန်ပြလိုက်ပေသည်။ ထိုအခါမှသာ တောသားက ကျွန်တော်သည် ဆရာကြီးကို ကြံစီးမခိုင်း၍ ဒုက္ခပေးမိခဲ့သည်ဟု အားနာစကားဆိုလေတော့သည်။ ဟဇရသ်နာနောင်သဝီသည် ရိုးရိုးပင်နေထိုင်လေ့ရှိသူတစ်ဦးဖြစ်ပြီး ထိုသို့နေထိုင်ခြင်းကြောင့်ပင် ကြီးကျယ်သည့် အာလင်မ်ကြီးတစ်ပါးဟု မည်သူမျှ ချက်ချင်းမသိနိုင်ခဲ့ပေ။

**သောင်ရီယဟ်၏ပြုလုပ်ပုံတစ်ခု
အဗ်ဒွရ်ရဟ်မားန်ဗင်န်ဂျောဟ်ဇီ ဟုခေါ်သည့် တရားဟောကောင်းသော ဆရာတစ်ဦးရှိခဲ့သည်။ ၎င်းဟောနေသည့် တရားပွဲတွင် ရှီအဟ်များလည်း လာရောက်နားထောင်ကြပေသည်။ စွန်နီများလည်း ရှိကြသည်။ (ယခင်က ရှီအဟ်တို့သည် စွန်နီများ၏ တရားပွဲများကို လာရောက်နားထောင်ကြသည်။ ယခုမူ လုံးဝမလာကြတော့ပေ။ ကိုယ်တိုင် ခွဲထွက်သွားကြသည်။ ထို့ကြောင့် ၎င်းတို့အတွက် ပြုပြင်မှု၏တံခါးပေါက်တစ်ခု ပိတ်သွားရပေတော့သည်။ ယခုအခါ ရှီအဟ်တို့မှ စွန်နီပြန်ဖြစ်သူ မရှိတော့ပေ။ ထိုနည်းတူ ရဿွာခါနီတို့သည်လည်း ဒိယိုဗန်ဒီတို့ကို မသန့်သူများကို စွပ်စွဲကြပြီး ၎င်းတို့၏မတ်စ်ဂျိဒ်သို့ ဒိယိုဗန်ဒီတစ်ဦးဦးရောက်သွားပါက ရေဖြင့် ဆေးကြောသည်အထိ ဖြစ်သွားကြပေသည်။ သီးသန့်ခွဲထွက်ပြီး ကျွန်ုပ်တို့၏ တရားပွဲများကို လာခြင်းလည်း မရှိတော့ပေ။ ဤသို့နှင့် ၎င်းတို့အတွက် ပြုပြင်မှုရရန် လမ်းစတစ်ခု ပိတ်သွားရပေတော့သည်။ ထိုနှစ်ဖွဲ့မှမဟုတ်ဘဲ ဗိဒ်အသ်လုပ်သူများ၊ အမှားပြုနေသူများသည် တရားပွဲများတွင် ပါဝင်ခြင်းကြောင့် ကုရ်အာန်၊ ဟဒီးစ်၏ အလင်းရောင်ကို မြင်ခွင့်ရသွား၏။ ယင်း၏အကြောင်းခံဖြင့် ပြစ်မှုများမှ သောဝ်ဗဟ်ပြုခွင့် ရရှိပေသည်။ ရဿွာခါနီတို့သည် ဗိဒ်အသ်လုပ်ရပ်ကိုပင် ဒီးန်ဟုမှတ်ယူလိုက်သောကြောင့် ထိုအခွင့်အရေးကို ဆုံးရှုံးလိုက်ရတော့ပေသည်။)

ယခု စွန်နီနှင့် ရှီအဟ်နှစ်ခုလုံးရှိနေသည့် တရားပွဲတွင် တစ်ဦးက ဤသို့ထမေးလေသည်။ "အဗူဗက္ကရ်နှင့် အလီ (ရသွီယလ်လာဟုအန်ဟုမာ)တို့တွင် မည်သူ အမြတ်ဆုံးနည်း" ဤသည်မှာ အလွန်သိမ်မွေ့၍ ထိခိုက်လွယ်စေသည့် မေးခွန်းပင်ဖြစ်သည်။ အမှန်အတိုင်းဖြေလိုက်လျှင် ရှီအဟ်များက ဆူညံ့ကြမည်။ ဟဇရသ်အလီက ပိုမြတ်သည်ဟုဖြေလျှင် အမှန်ရှိသည်နှင့်လည်း ဆန့်ကျင်နေမည်။ စွန်နီများကလည်း စိတ်ဆိုးသွားကြမည်။ ဤသို့နှင့် တရားဟောဆရာက اَفْضَلُ النَّاسِ مَنْ كَانَ بِنْتُهُ فِيْ بَيْتِه လူတို့ထဲတွင် အမြတ်ဆုံးသူမှာ ၎င်း၏သမီးသည် ထိုသူ၏အိမ်တွင် ရှိနေမည် .... ဟု အဖြေပေးလိုက်သည်။ ထိုအဖြေကို စွန်နီတို့က အဗူဗက္ကရ် ရသွီယလ်လာဟုအန်ဟု၏သမီး ဟဇရသ်အာအိရှဟ် ရသွီယလ်လာဟုအန်ဟာသည် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ အိမ်တွင် ရှိပေသည်။ ထို့ကြောင့် ဟဇရသ်အဗူဗက္ကရ် ပိုမြတ်သည်ဟု မှတ်ယူလိုက်ကြသည်။ ရှီအဟ်တို့က တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏သမီး ဖှာသွိမဟ်သခင်မ ဟဇရသ်အလီသခင်၏အိမ်တွင် ရှိနေသည်။ ထို့ကြောင့် ဟဇရသ်အလီပိုမြတ်သည်ဟု ယူဆလိုက်ကြပေသည်။ ဤသို့နှင့် အုပ်စုနှစ်ခု၏ စိတ်ဆိုးခံရခြင်းမှ လွတ်သွားပေသည်။

ရှဥ့်လည်းလျှောက်သာ၊ ပျားလည်း စွဲသာ ကဲ့သို့ မည်သည့်ဘက်ကမျှ ဆုံးရှုံးမှု မရှိစေမည့်အဖြေမျိုး၊ မြွေမသေ တုတ်မကျိုးပုံစံ ဖြေပေးခြင်းကိုပင် သောင်ရီယဟ်ဟု ခေါ်ပေသည်။ ထိုသို့လည်း ပြုခွင့်ရှိပေသည်။

**သောင်ရီယဟ်ပြုလိုက်သည့် နောက်ထပ်ဖြစ်ရပ်တစ်ခု
မြတ်နဗီ ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် ဟစ်ဂျရသ်ပြုသည့်အချိန် အဗူဗက္ကရ်သခင် အတူရှိနေခဲ့ပေသည်။ မက္ကဟ်သားတို့က ၎င်းတို့ကိုဖမ်းဆီးပေးလာနိုင်သူ သို့မဟုတ် ဦးခေါင်းကိုယူလာပေးနိုင်သူကို ကုလားအုတ်အကောင်တစ်ရာ ဆုချမည်ဟု ကြေငြာထားသည့် အချိန်၊ လောဘသမားတို့က လေးဘက်လေးတန် မြေလှန်ရှာနေသည့် အချိန်ဖြစ်သည်။ တစ်နေရာတွင် လူတစ်စုက တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်နှင့် အဗူဗက္ကရ်သခင်တို့ကို တွေ့သွားသည်။ ၎င်းတို့က အဗူဗက္ကရ်သခင်ကို သိသော်လည်း တမန်တော်မြတ်ကို မသိကြပေ။ ထိုသူတို့က အဗူဗက္ကရ်သခင်အား အသင်နှင့်အတူပါသူက မည်သူပါနည်းဟု မေးရာ သခင်က ဤသို့ဖြေလိုက်သည်။ رَجُلٌ يَّهْدِيْنِي السَّبِيْلَ ကျွန်တော့်ကို လမ်းပြပေးနေသူတစ်ဦးပါ။ ယင်းစကားရပ်ကို တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ဖက်မှ အဖြေကောက်ယူလိုက်ပုံမှာ ဤသူမှာ ကျွန်ုပ်တို့၏ နဗီဖြစ်သည်။ ကျွန်ုပ်တို့အား မှန်ကန်သည့် ဘာသာကို ညွှန်ပြပေးသည်ဟု ဖြစ်သည်။ ထိုလူအုပ်စုမှ အဖြေကောက်ယူလိုက်ပုံမှာ ဤသူမှာ အဗူဗက္ကရ်၏ လမ်းပြတစ်ဦး (ဧည့်လမ်းညွှန်)ဖြစ်ပြီး တောင်တန်းဒေသကို လမ်းညွှန်ပေးနေသည်ဟု ဖြစ်သည်။ ဤသို့သောစကားရပ်မျိုးကို သောင်ရီယဟ်ဟုခေါ်ပြီး ပြောဆိုခွင့်ရှိပေသည်။ လိမ်သည့် စကားအမျိုးအစား မဟုတ်ပေ။
[အိလ်မီးခွသ်ဗားသ်]

စာရှုသူတို့အနေဖြင့် မိမိတို့ အာခိရသ်ရေးအတွက် လိုအပ်သည့်အရည်အချင်းများကို အသက်ရှင်နေစဉ်အတွင်း ကျင့်ကြံအားထုတ်ကြပါရန် တိုက်တွန်းအပ်ပါသည်။ တစ်ရက် အသက်ရှင်ခွင့် ရနေခြင်းသည်လည်း တစ်ရက်ဆိုသလို တန်ဖိုးရှိပါသည်။ ပိုက်ဆံပေးဝယ်ရန် မလိုအပ်သည့် နှလုံးသားအရည်အချင်းများအား ကိုယ်တိုင် အရ ယူနိုင်ပါသည်။ အာခိရသ်သည် ကျွန်ုပ်တို့ ထင်နေသလို လွယ်ကူသည်မဟုတ်ပါ။ အာခိရသ်သည် ခက်ခဲကြမ်းတမ်းလှသဖြင့် ဖန်ဆင်းရှင် အလ္လာဟ်အရှင်ကိုယ်တိုင် နဗီပေါင်းများစွာ စေလွှတ်၍ သတိပေးခဲ့သည်။ အသိတရားများ ပြသပေးနေသည်။ ရှေ့တွင် ချောက်ရှိပါသည်ဟု လမ်းညွှန်က ပြောနေပါလျက် ကားကို အရှိန်လျှော့မမောင်းဘဲ တိုက်ရိုက် ချောက်ထဲ ဆင်းသွားလျှင် မည်သူ့အပြစ် ဖြစ်ပါသနည်း။ ယခုလည်း ကျွန်ုပ်တို့အား ဂျဟန္နမ် ချောက်ထဲ မကျစေရန် အလ္လာဟ်အရှင်မြတ်က ဤသို့ ဤသို့ နေထိုင်ကြပါ။ ဤအရာများ ပြုကျင့်ကြပါဟု လမ်းညွှန်နေသည်။ မလိုက်နာလျှင် မပြုပြင်လျှင် ကျွန်ုပ်တို့ထက် ညံ့ဖျင်းတုံးအသူ အခြားတစ်ယောက် ရှိမည်မဟုတ်ပါ။

အာခိရသ်အရေးအတွက် အောက်ပါလင့်များတွင် ထပ်မံလေ့လာနိုင်ပါသည်။ စာသားကော်ပီယူသူများ Credit အပြည့်ရေးပါ။

အာခိရသ်၏ စည်းစိမ်များကို ရရှိမည့်သူများအကြောင်း
အာခိရသ်အတွက် ကြိုးပမ်းရမည့်နေရာ
ဆွဗရ်ပြု၍ ဂျန္နသ်ယူ
အဖိုးတန်သည့် စဲဟ်ရီအချိန်
http://aaitee.blogspot.com/2016/06/blog-post_21.html

Credit, အလ်မုဖီးဒ်က ရေးသားသည်။

စာသားကော်ပီယူသူများ Credit အပြည့်ရေးပါ။

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Friday, June 1, 2018

ဂျန္နသ်ကို ဆင်မြန်းနည်း


အလ္လာဟ်လမ်းတွင် သုံးစွဲခြင်းဖြင့် ဂျန္နသ်ကိုဆင်မြန်းပါ

ပဉ္စမမြောက်အရည်အချင်းမှာ အလ္လာဟ်လမ်းတွင် သုံးစွဲခြင်းဖြစ်သည်။ ထိုသုံးစွဲမှုက ဂျန္နသ်သို့ ပို့ဆောင်ပေးသည်။ လူတိုင်းသည် လောကတွင် စီးပွားရှာကြသည်။ ဝင်လာသည့် ရေကို ထွက်ရပ်ပေါက်မထားဘဲ တစ်နေရာတည်းတွင် စုထားမည်ဆိုပါက ကြာလျှင် ခြောက်သွေ့ကုန်ခန်းသွားပေမည်။ ထွက်ပေါက်တစ်ခုခု ရှိမည်ဆိုပါက ခြောက်ခန်းသွားမည်မဟုတ်သလို ရေသည် စီးဆင်းမှု ရှိနေသည့်အတွက် ကြည်လင်သန့်ရှင်းနေမည်လည်း ဖြစ်သည်။ ထိုနည်းတူပင် အာခိရသ်ကို စည်ကားသာယာရန်အတွက် အကောင်းဆုံးသော နည်းလမ်းမှာ အလ္လာဟ်ချီးမြှင့်ထားသည့် ငွေကြေးကို အလ္လာဟ်လမ်းတွင် လှူဒါန်းခြင်းပင် ဖြစ်ပေသည်။ ပိုက်ဆံကို မလိုရာတွင် မဖြုန်းလိုက်ပါနှင့်။ လိုအပ်ချက်အတွက် သုံးခွင့်ရှိသည်။ လိုအပ်ချက်အတွက်သုံးခြင်းကိုလည်း အလ္လာဟ်အရှင်မြတ်သခင်က တားမြစ်မထားပေ။ မိမိ၏မိသားစုအတွက် ကိုယ့်လိုအပ်ချက်များအတွက် ဖြည့်စည်းခွင့်ပေးထားပေသည်။ လိုအပ်ချက်ဖြည့်ခြင်းကို မတားထားပေ။

မူစာနဗီခေတ်က ကာရူးန်ကို အာလင်မ်တို့က အသင် လောက၏ဝေစုတို့ကို ပိုင်ဆိုင်ထားခြင်းအား မမေ့ပါနှင့်။ အလ္လာဟ်အရှင်မြတ်က အသင့်အား ဥစ္စာဓနများပေးထားသည်။ ယင်းတို့မှ မိမိ၏လိုအပ်ချက်များကို ဖြည့်စည်းရန်အတွက် သုံးပါ။ ကျန်သည့်အရာများကို အလ္လာဟ်လမ်းတွင် သုံးစွဲပါ။ အလ္လာဟ်လမ်းတွင် သုံးစွဲလိုက်သည့်အရာများသည် မိမိအတွက် သုံးလိုက်ခြင်းသာ ဖြစ်ပေသည်ဟု ဖျောင်းဖျနားချခဲ့သည်။

အာခိရသ်ကို လှပစေမည့် နည်းလမ်းများ

အိဗာဒသ်နှစ်မျိုးရှိသည်။ ခန္ဓာကိုယ်ဖြင့် ပြုလုပ်ရသည့် အိဗာဒသ်နှင့် ဥစ္စာဓနဖြင့် ပြုလုပ်ရသည့် အိဗာဒသ်တို့ ဖြစ်သည်။ ဤသည်မှာ အိဗာဒသ်တို့၏ မူရင်းအမျိုးအစားပင်ဖြစ်သည်။ လူတို့သည် ခန္ဓာကိုယ်ဖြင့်ပြုရသည့် အိဗာဒသ်များကိုမူ လွယ်ကူစွာပြုလိုက်ကြသည်။ ပိုက်ဆံသုံးရမည့် အိဗာဒသ်၏ အချိန်သို့ရောက်လျှင်မူ ထပ်ကာထပ်ကာ အကြိမ်များစွာ စဉ်းစားကြပေသည်။ မိမိ၏လိုအပ်ချက်များ မပြည့်သေး၍ စဉ်းစားဆင်ခြင်ပြီး သုံးစွဲခြင်းဖြစ်မူ စဉ်းစားသုံးသပ်ခြင်းက ကောင်းပေသည်။ ဤသို့မဟုတ်ဘဲ ဇကားသ်ထုတ်ရလောက်သည့် ဥစ္စာဓနကို ပိုင်ဆိုင်ထားပြီး ယင်းကို လှူဒါန်းပေးကမ်းရမည့်အချိန်တွင် တွန့်တိုစဉ်းစားနေသည်ဆိုလျှင် ဂျန္နသ်ကို မည်သို့ရယူမည်နည်း။ (ဂျန္နသ်ဟူသည် ရက်ရောစွာပေးကမ်းခဲ့သူတို့အား အစားပြန်ပေးမည့်နေရာ ဖြစ်ပေသည်။)

ပိုက်ဆံသုံးရန် ခက်နေရသည့်အကြောင်းအရင်း

ဂျန္နသ်ရရန်အတွက် သတ်မှတ်ချက်များတွင် ဥစ္စာဓနကို လှူဒါန်းပေးကမ်းခြင်းလည်း ပါသည်။ သို့သော်လည်း ယင်းဥစ္စာဓနကို လှူဒါန်းရန် ခက်နေသည်။ ဘာ့ကြောင့်နည်း။ ထိုသို့ဖြစ်ရခြင်း၏ အကြောင်းတစ်ခုမှာ လူသည် ဥစ္စာဓနကို အလွန်မက်မောတွယ်တာသူ ဖြစ်သည်။ ပိုက်ဆံချမ်းသာခြင်း၊ ဥစ္စဓနများပြားခြင်းဟူသည် လူသားအဖို့ ဂုဏ်ယူဖွယ်ရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် ယင်းလူသားက ဥစ္စာဓနကို များသည်ထက်များအောင် စုဆောင်းသိမ်းဆည်းထားလိုပေသည်။ ဥစ္စာများခြင်းကသာလျှင် အားလုံးထက် အမြင့်ဆုံးသို့ရောက်အောင် ပို့ပေးနိုင်မည်ဟု မှတ်ထင်ပေသည်။

တစ်ဖန် လူသားသည် လက်ရှိလိုအပ်ချက်နှင့် နောင်ရေးဟူသည့် လိုအပ်ချက်နှစ်မျိုးလုံးကို ရင်ဝယ်ပိုက်ထားသည်။ လက်ရှိလိုအပ်ချက်ကိုမူ ရှရီအသ်၌ပင် ခွင့်ပြုပြီးသားဖြစ်၏။ ဤသို့ လိုအပ်ချက်ရှိနေသူအပေါ် ဇကားသ်တာဝန်လည်း မသတ်မှတ်ပေ။ ဇကားသ်တာဝန်ထိုက်သူသည် လိုအပ်ချက်ထက်ပို၍ ပိုင်ဆိုင်မှု ရှိသူဖြစ်သည်။ ထို အပိုပိုင်ဆိုင်မှုသည်လည်း တစ်နှစ်ပတ်လုံး ပိုနေခြင်း ဖြစ်ရမည်။ ထိုအပိုပိုင်ဆိုင်မှုကိုလည်း လူသားက နောင်ရေးအတွက် ရင်လေးကာ ဘယ်တော့ ဘယ်နေရာမှာများ သုံးဆွဲရဦးမည်နည်းဟူသည့် သောကရှိနေသေး၏။ ရှရီအသ်က ဤနောင်ရေးအတွက်ကိုလည်း ထည့်သွင်းစဉ်းစားပေးထားသည်။ ဇကားသ်ပေးထိုက်သွားသူသည် မိမိပိုင်ဆိုင်သည့်အပိုထဲမှ အလွန်နည်းပါးသည့်ပမာဏကိုသာ ဇကားသ်ထုတ်ရမည်သာ ဖြစ်ပေသည်။

မျှတစွာသုံးစွဲရန်
လက်ဗလာဖြစ်ပြီး သောကရောက်ရသည်အထိ မသုံးစွဲရန်လည်း ရှရီအသ်က ညွှန်ကြားထားပေသည်။ ထို့အတူ လုံးဝသုံးစွဲခြင်းမရှိဘဲ ခြစ်ကုတ်စုဆောင်းထားခြင်းမျိုးလည်း မပြုရပေ။ ပိုက်ဆံတစ်ရွက်ကို နှစ်ရွက်ခွာသည်အထိ စေးကပ်တွန့်တိုခြင်းလည်း မပြုရ။ အလယ်အလတ်ပုံစံဖြင့် မျှတစွာ သုံးစွဲရပါမည်။

ဥစ္စာဓနသည် လူသားအတွက် အထောက်အကူဖြစ်ခြင်း
စူရဟ်နိဆာအ်၏ ပထမရုကူတွင် အလ္လာဟ်အရှင်မြတ်က ဥစ္စာသည် လူ့ဘဝ၏ အရိပ်၊ လူတို့အတွက် အထောက်အကူပြုရာ တစ်ခုဖြစ်သည်ဟု မိန့်ထားပေသည်။ ပမာဆိုသော် တိုင်များသည် ခေါင်မိုးအတွက် အထောက်အကူပြုရာဖြစ်ပေသည်။ ဤသို့ပင် ဥစ္စာဓနဟူသည် လူသားအတွက် အထောက်အကူပြုပေးသည့် အရာတစ်ခုဖြစ်သည်။ ဥစ္စာဓန လုံးဝမရှိလျှင်လည်း လူသားသည် စိတ်ဓာတ်ကျသွားမည် ဖြစ်သည်။ သို့သော် ခေါင်မိုးတစ်ခု၏အောက်တွင် တိုင်ကို လိုအပ်သလောက်သာ ထားပေသည်။ လိုအပ်သည်ထက် ပိုနေသည့်တိုင်များကို ဖယ်ရှားလိုက်သည်။ အပိုတိုင်များထုတ်လိုက်ခြင်းဖြင့် ဘာမျှဆိုးကျိုးမရှိလာပေ။ အလ္လာဟ်အရှင်မြတ်ကလည်း ဥစ္စာဓနကို ထိုပမာကဲ့သို့ သုံးစွဲရန် ညွှန်ကြားထား၏။

အလ္လာဟ်ပိုင် ပစ္စည်းကို ကိုယ်စားလှယ်ရထားသည့် လူသား
ကုရ်အာန်ကျမ်းတွင် အလ္လာဟ်အရှင်မြတ် မိန့်ထားသည်မှာ وَاَنْفِقُوْا مِمَّاجَعَلَكُمْ مُسْتَخْلَفِيْنَ فِيْهِ အသင်တို့သည် အကြင်ဥစ္စာပစ္စည်းအနက်မှ သုံးစွဲလှူဒါန်းကြလေကုန်၊ ထိုအရှင်မြတ်သည် အသင်တို့အား ယင်းပစ္စည်းနှင့်စပ်လျဉ်း၍ ကိုယ်စားလှယ်များအဖြစ် ခန့်အပ်တော်မူခဲ့၏။ (စူရဟ်ဟဒီးဒ်၊ အာယသ် ၇) ဆိုလိုသည်မှာ ဥစ္စာဓန၏ ပိုင်ရှင်သည် အလ္လာဟ်အရှင်မြတ်သာဖြစ်ပြီး ကျွန်ုပ်တို့အား ယင်းဥစ္စာအပေါ်တွင် မန်နေဂျာအဖြစ် ခန့်အပ်ထားခြင်း ဖြစ်သည်။ ယခု ပိုင်ရှင်အစစ်ဖြစ်သည့် အလ္လာဟ်အရှင်မြတ်က အမိန့်ပေးနေသည်မှာ အသင်တို့ထံတွင်ရှိသည့် ငါအရှင်မြတ်၏ ဥစ္စာဓနတို့မှ ဤရွေ့ ဤမျှ သုံးစွဲပါ။ ပိုင်ရှင်က သုံးခိုင်းနေသည်ကို ကျွန်ုပ်တို့က ဘာ့ကြောင့် တွန့်ဆုတ်နေရပါသနည်း။ ကျွန်ုပ်တို့အပိုင် ဘာများရှိပါသနည်း။

တစ်ဖန် ထိုထဲမှ အသင်တို့သုံးစွဲလိုက်သည့် အရာများ၏အစားကို အလ္လာဟ်အရှင်မြတ်က ပြန်လည်ချီးမြှင့်ပေမည်။ وَمَاأَنْفَقْتُمْ مِنْ شَيْئٍ فَهُوَ يُخْلِفُهُ (စူရာစဗာ ၃၉) အစားသည် မည်သည့်နေရာမှရမည်ကို မည်သူမျှမသိကြပေ။ ကုရ်အာန်တွင် မိန့်ထားသည်မှာ يَرْزُقُهُ مِنْ حَيْثُ لَايَحْتَسِبْ အလ္လာဟ်အရှင်မြတ်သည် ၎င်းသူမထင်မှတ်ထားသည်နေရာမှ ရိုဇီကိုချီးမြှင့်မည် ဖြစ်ပေသည်။ (စူရဟ်သွလားက် ၃)

အလ္လာဟ်လမ်းတွင် သုံးစွဲခြင်းဟူသည် ဗလီတွင်လှူခြင်း၊ ကျောင်းမှာလှူခြင်း၊ ရမဿွာန်မှာ ဟလင်အိုးလိုက်လှူခြင်း၊ ဆရာကြီးများလာလျှင် လှူခြင်းကိုသာ ဆိုလိုသည်မဟုတ်။ အလ္လာဟ်နှစ်သက်မှုရရန်ဟူသည့် ရည်ရွယ်ချက်တစ်ခုတည်းဖြင့် မိမိ၏ငွေကို နောက်တစ်ယောက်အတွက် သုံးစွဲပေးလိုက်ခြင်းသည်လည်း အလ္လာဟ်လမ်းတွင် သုံးစွဲခြင်းတစ်မျိုးပင် ဖြစ်ပေသည်။ အမည်ကောင်းတပ်ခြင်းမခံရမည့် နေရာများစွာတွင် အလှူများ အကူအညီများလိုအပ်နေပေသည်။ သို့ရာတွင် လှူမည့် ကူမည့်သူမရှိပေ။ နာမည်ကောင်းရမည့် နေရာများတွင်မူ ကြွေပြားကပ်ခြင်း၊ မင်ဗရ်ကို မလိုအပ်ဘဲ သိန်းရာချီတန် သစ်များဖြင့် ချယ်သခြင်း၊ အမည်ရမည့် ကျောင်းဒကာခံလိုက်ခြင်းတို့တွင်သာ လှူမည့်သူများ ပုံနေပေသည်။ အမှန်တော့ အစ္စလာမ်သည် ရုပ်ဝတ္ထုများ တိုးတက်လာခြင်းကို ခိုင်းထားသည့် ဘာသာမဟုတ်ပေ။ အစ္စလာမ်၏ အဓိကတောင်းဆိုချက်မှာ လူသားတိုးတက်ရေး၊ လူ့စိတ်ဓာတ်တိုးတက်ရေးနှင့် လူကို လူဖြစ်စေရန် ကူညီခြင်းပင် ဖြစ်ပေသည်။ အစ္စလာမ်မှ ဖရ်ဇ်အဖြစ်သတ်မှတ်ထားသည့် ဇကားသ်၊ ဖိသ်ရဟ်၊ ကုရ်ဗာနီ စသည့်အလှူများကို စဉ်းစားပါ။ လူက လူကို လူဖြစ်စေရန် ကူညီခိုင်းထားခြင်းဖြစ်သည်။ ရုပ်ဝတ္ထုယှဉ်ပြိုင်ပြီး အကောင်းတကာ့အကောင်းဆုံးရှိနေခြင်းကို အစ္စလာမ်က မလိုလားပေ။ ယနေ့ အစ္စလာမ်ကိုလက်ခံထားသည့် မုစ်လင်မ့်ကမ္ဘာသည် ရုပ်ဝတ္ထုများယှဉ်ပြိုင်ခြင်း၊ ရုပ်ဝတ္ထုများအတွက် လှူဒါန်းခြင်းတို့တွင် အားသာလျှက်ပင် ရှိနေသည်။ လူ လူခြင်း လူဖြစ်အောင်ကူညီခြင်းကို အလ္လာဟ်အတွက်သုံးစွဲခြင်း ကုသိုလ်ရမည့်လုပ်ရပ်တစ်ခုဟုပင် ယူဆခြင်းမရှိတော့ပေ။ မွစ်လင်မ်အချင်းချင်း ပိုက်ဆံချေးလျှင် အတိုး၊ အမြတ်ရမှ ပေးလိုသည်။ မွစ်လင်မ်တစ်ဦးကို အိမ်ပိုင်၊ ကားပိုင်၊ လုပ်ငန်းပိုင်ဖြစ်အောင် ပျိုးထောင်ပေးလိုသူ အတော့်ကိုရှားပါးသည်။ ဗလီတွင် ကြွေပြားတစ်ချပ်ကို ဆယ့်ငါးသိန်း သိန်းနှစ်ဆယ်တန် ၀ယ်ကပ်လိုက်ခြင်း၊ သိန်းရာချီတန်သည့် ကော်ဇော်များခင်းလိုက်ခြင်းကိုသာ ကုသိုလ်ရမည့်အရာဟု မှတ်ယူထားသည်။ အမှန်တော့ ရိုးရိုးကော်ဇော်တစ်ချပ်သည်လည်း လိုအပ်ချက် ပြည့်သည်။ လိုအပ်ချက်မပြည့်ဘဲ လိုအပ်လျက်ရှိနေသည့် မွစ်လင်မ် အချင်းချင်းအား အလှူမဟုတ်ဘဲ ပြန်ဆပ်ပါမည်ဆိုလျှင်တောင် ပိုက်ဆံမချေးလိုကြပေ။ အချို့က ချေးပြီး ပြန်မဆပ်သည်ကို အပြစ်တင်သည်။ ဘာ့ကြောင့် ပြန်မဆပ်ရသနည်းကို စုံစမ်းခြင်းမရှိ။ အစ္စလာမ်က သင်ပြသည့် လူ့ပတ်ဝန်းကျင် တည်ဆောက်ရေးစနစ်သည် တန်ဖိုးကြီးပစ္စည်းများအပေါ် အခြေမခံထားပေ။ တန်ဖိုးရှိသည့် စိတ်ဓာတ်များအပေါ်တွင်သာ အခြေခံထား၏။

အတိုးနှင့် အတိုးဖြင့်အကျိုးအမြတ်ခံစားသည့် အပေးအယူ၊ အရောင်းအဝယ်တို့သည် မပိုင်ပေ။ အလုပ်အကိုင်တစ်ခုသည် ဟရာမ်ဖြစ်ခြင်း၊ ဟရာမ်နှင့်ဆက်နွယ်နေခြင်းတို့ကြောင့် မလုပ်ဘဲ လက်လွှတ်လိုက်သည်။ ဒုက္ခအခက်အခဲကိုသာ သည်းခံပြီးနေလိုက်သည်။ ထိုသို့နေလိုက်ခြင်း၏ အစားကိုလည်း ထိုသူမထင်မှတ်ထားသည့်နေရာမှ အလ္လာဟ်အရှင်မြတ်က ချီးမြှင့်မည် ဖြစ်ပေသည်။

အပြစ်လွတ်ရန် အချက်သုံးချက်

အပြစ်များမှ ခွင့်လွှတ်မှုရရှိရန် စည်းကမ်းချက်သုံးချက် ရှိသည်။ ယင်းသုံးချက်နှင့် ပြည့်စုံမှသာလျှင် သောင်ဗဟ်ဖြစ်မည်။ သို့မဟုတ်ပါက အပြောတစ်မျိုး အလုပ်တခြားသာ ဖြစ်ပေမည်။ 

စည်းကမ်းချက် (၁) ပြစ်မှုကျူးလွန်မိခြင်းကြောင့် ဝမ်းနည်းမှုရှိရမည်။
စည်းကမ်းချက် (၂) နောက်နောင်ကို ပြစ်မှုမကျူးလွန်တော့ပါဟု ကတိပြုရမည်။
စည်းကမ်းချက် (၃) အလ္လာဟ်ထံပါးတွင် စကားဖြင့်ဖြစ်စေ၊ လုပ်ရပ်ဖြင့်ဖြစ်စေ ခွင့်လွှတ်မှုတောင်းခံရမည်။ စကားဖြင့် ခွင့်လွှတ်မှုတောင်းခံခြင်းကိုမူ အားလုံးနားလည်ကြပေမည်။ လုပ်ရပ်ဖြင့် ခွင့်လွှတ်မှုတောင်းခံခြင်းဟူသည်မှာ မိမိ၏ဘဝရှင်သန်မှုကို ပြောင်းလဲလိုက်ခြင်းကို ဆိုလိုပေသည်။ မကောင်းမှုများကို စွန့်၍ ကောင်းမှုများဖြင့် ဘဝသစ်တစ်ခုကို တည်ဆောက်ခြင်း ဖြစ်သည်။ ဤသုံးချက်ဖြင့် သောင်ဗဟ်ပြုခြင်းသည်သာလျှင် သောင်ဗဟ်အစစ်ဖြစ်ပေမည်။ ဘဝဦးတည်ချက်များ၊ လုပ်ဆောင်ချက်များ မပြောင်းလဲပဲ ပါးစပ်က သိုဗာ သိုဗာ လုပ်နေခြင်းသည် အဓိပ္ပါယ်မဲ့ လုပ်ရပ်သာ ဖြစ်ပေသည်။

စာရှုသူမိတ်ဆွေတို့ ......
မိမိတို့ ဘဝကို အဓိပ္ပါယ်ရှိသည့် ဘဝတစ်ခုအဖြစ် ပြောင်းလဲပါ။ ခဝပ်မှုပိုင်းဆိုင်ရာတွင် လျော့နည်းခဲ့သည်များ၊ အပေးအယူပိုင်း၊ ရောင်းဝယ်မှု၊ လူမှုဆက်ဆံရေး၊ စိတ်ထားဖြူစင်မှုတို့တွင် လျော့နည်းခဲ့သည်များ၊ ဝတ်စားဆင်ယင်မှုတွင် ရှရီအသ်နှင့်မကိုက်ညီခဲ့သည်များ၊ မျက်နှာတစ်ခုလှဖို့ ရှရီအသ်အမိန့်များနှင့် ဆန့်ကျင်ခဲ့သည်များ။ ယင်းလုပ်ရပ်များကို နောင်တရ မျက်ရည်ကျပါ။ မိမိတို့၏ လုပ်ဆောင်မှုများကို အစ္စလာမ့်ညွှန်ကြားမှုများနှင့် ကိုက်ညီအောင် ပြုပြင်ပါ။ ပြစ်မှုဖြစ်စေသည့်ကိစ္စရပ်များ၊ လမ်းမှားစေသည့်လုပ်ရပ်များမှ ဝေးစွာရှောင်ကြဉ်ပါမည်ဟု အလ္လာဟ့်ထံပါး ကတိပြုကြပါ။ အလ္လာဟ်ထံတွင် သောင်ဗဟ်ပြုကြပါ။ သောင်ဗဟ်တံခါး ဖွင့်ထားလျှက် ရှိနေသေး၏။ အလ္လာဟ်၏တံခါးသည် မျှော်လင့်ချက်ကင်းမဲ့ရမည့် တံခါးမျိုးမဟုတ်ပေ။ အလ္လာဟ်၏တံခါးကိုခေါက်သူအတွက် မုချဖွင့်ပေးမည်သာ ဖြစ်ပေသည်။ အလ္လာဟ်ရှေ့သို့ရောက်သွားသူအား အလ္လာဟ်အရှင်မြတ်က သိက္ခာချ၍ ပြန်မောင်းထုတ်မည်မဟုတ်ပါ။ “ အကြိမ်ပေါင်းများစွာ သောင်ဗဟ်၏ကတိကို ချိုးခဲ့မိသူအတွက်လည်း အလ္လာဟ်ထံပါးမှ မျှော်လင့်ချက် မမဲ့ရပါ။”

ကျွန်ုပ်တို့ အထင်ကြီး တွယ်တာလှသည့် ဤလောက၊ အလွန်လှပကောင်းမွန်ပါသည်ဟု မှတ်ထင်နေသည့် ဤလောက၊ ကျွန်ုပ်တို့၏ အသက်များ၊ အချိန်များ၊ သက်တမ်းများသုံးစွဲနေသည့် ဤလောက၊ စီမံကိန်းများရေးဆွဲကာ စိတ်ကူးယဉ်အိပ်မက်ဖြင့် မျှော်လင့်ချက်လမ်းမအတွင်း မိန်းမောလျှောက်လှမ်း နေသည့် ဤလောကထက် ဂျန္နသ်သည် အဆပေါင်းမြောက်မြားစွာ သာပို၍ လှပ ကောင်းမွန်ပါသည်။ ဂျန္နသ်သည် အမြဲရှိနေမည့်အရာ ဖြစ်ပေသည်။ ဂျန္နသ်တွင် သန့်ရှင်းလှပသည့် ဟူရ်များကို ရရှိကြမည်။ အလ္လာဟ်အရှင်မြတ်သခင်၏ ကျေနပ်နှစ်သက်မှုသည် ဂျန္နသ်ထက် အဆပေါင်းများစွာသာပေသည်။ သို့ရာတွင် ယင်းစည်းစိမ်များကို .... ပြစ်မှုများမှ ခွင့်လွှတ်မှုတောင်းခံသူ၊ ဂျဟန္နမ်မှ လွတ်မြောက်မှု တောင်းခံသူ၊ ဆွဗရ်ကို လက်ကိုင်ထားသူ၊ သစ္စာသမာဓိရှိစွာဖြင့် အမှန်ပြောသူ၊ ပိုက်ဆံငွေကြေးကို သုံးစွဲသူ၊ ည၏နောက်ဆုံးအချိန်တွင် ထ၍ ပြစ်မှုတို့မှ ခွင့်လွှတ်ခြင်းကို တောင်းခံသူတို့သာ ရရှိပေမည်။ အာခိရသ်၏ စည်းစိမ်များသည် လောကတွင် အသက်ရှင်စဉ်က ပေါ့ပေါ့နေ ပေါ့ပေါ့စားသူတို့အတွက် မဟုတ်၊ လောက၌ရှိစဉ် အာခိရသ်အတွက် အဆင်သင့်ပြု၍ ကြိုးပမ်းနေသူများအတွက်သာ ဖြစ်ပေသည်။ ထို့ပြင် လောကရှိ ပစ္စည်းဥစ္စာငွေကြေးတို့သည် လောက၏အသုံးအဆောင် အဖြစ်နှင့်သာ အမြဲရှိနေသည် မဟုတ်။ အာခိရသ်၏ အသုံးအဆောင်များလည်း ဖြစ်ပေသည်။ လောကီအသုံးအဆောင်များ လောကီ၏ ပိုက်ဆံများဖြင့် အာခိရသ်ကို ၀ယ်ယူရမည်သာ ဖြစ်၏။

ချစ်လှစွာသော အီမာန်ရှင် မိတ်ဆွေ .......
စဉ်းစားပါ။ အလ္လာဟ်အရှင်မြတ်သည် ဤလောက၏ လှပသာယာမှုအကြောင်းခံဖြင့် အီမာန်ရှင် မွစ်လင်မ်တို့၏ဒ အာခိရသ်ကို စည်ကားအောင်ပြုနိုင်ရန် ပေးထားခြင်း ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား ဤသဘောတရားများကို နားလည်းသဘောပေါက်နိုင်သည့် သောင်ဖီးက်ကို ချီးမြှင့်တော်မူပါ။ ကျွန်ုပ်တို့အား ဤလောကကို တပ်မက်တွယ်တာသူများ မပြုလုပ်ပါနှင့်။ လောက၏အကြောင်းခံဖြင့် အာခိရသ်ကို လှပသာယာအောင် ပြုနိုင်သည့်သောင်ဖီးက်ကို ချီးမြှင့်တော်မူပါ။ (အာမီးန်)
واخردعوانا عن الحمدلله رب العالمين

[[ Credit, အလ်မီးခွသ်ဗားသ် တွဲ၊ ၁။ စာ၊ ၂၆၉ မှ ၂၈၃
ဟောကြားသူ၊ ဟဇရသ်မော်လာနာ မုဖ်သီစအီးဒ်အဟ်မဒ် ပါလန်ပူရီ (မဒ်ဒဇွိလ်လုဟူ)
စာစီ၊ မုဟမ္မဒ်စအီးဒ် ပါလန်ပူရီ
ဘာသာပြန်၊ အလ်မုဖီးဒ် ]]
စာသားကော်ပီယူသူများ အမည်အပြည့်အစုံကူးယူပါ။ Credit ဖြုတ်၍ အယောင်ဆောင်မလုပ်ပါနှင့်။

အလ်မုဖီးဒ် Link များ
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Thursday, May 11, 2017

ဗရားသ်ည၏ ကျင့်စဉ်များ



တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ် မိန့်သည်။ ရှအ်ဗာန်လ ဆယ့်ငါးရက် ညတွင် အိဗာဒသ် ပြုလုပ်ကြ။ နံနက်ခင်းတွင် ရိုဇဟ် စောင့်တည်ကြ။ အလ္လာဟ်အရှင်မြတ်သည် နေဝင်သည်နှင့် လောကနှင့် အနီးဆုံး ကောင်းကင်သို့ ကြွမြန်းလာပြီးနောက် ---- မဂ်ဖိရသ် လွတ်ငြိမ်းမှု တောင်းခံသူ ရှိသလား၊ ထိုသူအား ခွင့်လွှတ်မှု ချီးမြှင့်မည်။ ရိုဇီ တောင်းခံသူ ရှိသလား၊ ၎င်းအား ရိုဇီပေးမည်။ အခက်အခဲ ဒုက္ခတွင် ကျရောက်နေ၍ လွယ်ကူမှုကို တောင်းခံသူ ရှိသလား။ ထိုသူ့အား လွယ်ကူမှု စိတ်ချမ်းသာမှု အဆင်ပြေမှု ပေးမည်။ ဤအရာ ဤအရာများ တောင်းခံသူ ရှိသလား၊ ယင်းသူ၏ တောင်းခံမှုကို ပေးမည်ဟု ဖဂျရ်အချိန် ဝင်သည်အထိ မိန့်နေတော်မူသည်။

(ဗရားသ်ညတွင် ဆုတောင်းမှုပြုရာတွင်
(၁) မဂ်ဖိရသ်ကို တောင်းရမည်။
(၂) ရိုဇီ တောင်းရမည်။
(၃) အခက်အခဲ ဒုက္ခများ ပြေလည်စေရန် တောင်းရမည်။
(၄) မိမိ၏ လိုအင်ဆန္ဒအားလုံးကို တောင်းခံရမည်။ ဗရားသ်သည် ဆုတောင်းများကို အထူး လက်ခံသည့် ညဖြစ်သည်။ ယင်းအရာများကို ကြိုက်နှစ်သက်ရာ အိဗာဒသ်များဖြင့် တွဲ၍ တောင်းခံနိုင်သည်။ နဖိလ်နမားဇ်များ၊ စူရဟ် ယာစီးန်၊ ဒရူးဒ်၊ အိစ်သိဂ်ဖာ စသည်များ ဖတ်ပြီးနောက် တောင်းခံနိုင်ပါသည်။ တိုက်ရိုက်လည်း တောင်းနိုင်သည်။)

ဟဇရသ် အာအိရှဟ်က ပြောပြသည်။ တည (ရှအ်ဗာန် ဆယ့်ငါးရက်ည)တွင် တမန်တော်မြတ်ကို မတွေ့သဖြင့် ရှာဖွေရန် ထွက်လာလိုက်သည်။ တမန်တော်သည် ဗကီးအ် (မဒီနာရှိ သင်္ချိုင်း)တွင် ရှိနေသည်။ တမန်တော်မြတ်က ... ဤညတွင် အလ္လာဟ်အရှင်မြတ်သည် လောက၏ ကောင်းကင်သို့ ကြွမြန်းလာသည်။ ထို့နောက် ကလဗ် မျိုးနွယ်ရှိ ဆိတ်များ၏ မွေးညှင်းများထက် ပို၍ပင် လူတို့အား ခွင့်လွှတ်မှု ပေးသနားတော်မူသည်ဟု မိန့်သည်။

(ဤဟဒီးစ်ဖြင့်လည်း ဗရားသ်တွင် မဂ်ဖိရသ်ကို အထူးတောင်းခံရမည် ဖြစ်ကြောင်း သိရသည်။)

** ဗရားသ်ညတွင် တနှစ်စာ ဆုံးဖြတ်ချက်များ ရေးသားခြင်း

ဟဒီးစ်များတွင် ထိုဗရားသ်ည၌ အကြောင်းကိစ္စရပ်အလုံးစုံ ပမာအားဖြင့် မွေးခြင်း၊ သေခြင်း၊ အခြေအနေများ တိုးတက်ကောင်းမွန်ခြင်း၊ လျော့ကျလာခြင်းနှင့် ရိုဇီပိုင်းဆိုင်ရာများကို ဆုံးဖြတ်ကြောင်း ဖော်ပြထားသည်။

အကြောင်းကိစ္စရပ်အလုံးစုံဟု ဆိုထားသဖြင့် ကိစ္စရပ်တိုင်း ပါဝင်မည် ဖြစ်ပါသည်။ နမားဇ်၊ ရိုဇဟ်သာမက လောကီကိစ္စရပ်များအားလုံးလည်း ပါဝင်သည်။ လယ်ယာတစ်ခုမှ သီးနှံ မည်မျှထွက်မည်။ မိုး အဘယ်မျှရွာသွန်းမည်။ စစ်ဖြစ်မည်၊ မဖြစ်မည်၊ အနိုင်ရမည်၊ ရှုံးမည်။ ရေကြီးမည်၊ မိုးခေါင်မည် စသည်များအားလုံး အသေးစိတ်ကို ဆိုလိုသည်။

အသွာဗင်န်ယစားရ်က ပြောသည်။ ရှအ်ဗာန် ဆယ့်ငါးရက်ညတွင် သေမင်း(အိဇ်ရာအီလ် အလိုင်းဟိစ္စလာမ်)ထံ စာရင်းတခု ပေးသည်။ ဤစာရင်းထဲတွင် ပါဝင်သူများ၏ ဝိညာဉ်များအား ဒီနှစ်တွင် နှုတ်သိမ်းလိုက်ပါဟု အမိန့်ပါ တခါတည်း ပေးလိုက်သည်။ ယင်းစာရင်းတွင် ပါဝင်နေသူများမှာမူ မင်္ဂလာဆောင်သူက ဆောင်၊ အပင် စိုက်သူက စိုက်၊ အိမ်ဆောက်သူက ဆောက်နှင့် ရှိနေကြသည်။ သို့သော် သေစာရင်းတွင် ပါဝင်သွားကြပြီ ဖြစ်၏။

တမန်တော်မြတ်က ရှအ်ဗာန်လ ဆယ့်ငါးရက်ညနှင့် ပတ်သက်ပြီး ဤသို့ မိန့်ထားသည်။ ယင်းညတွင် လူသားနှင့် ပတ်သက်၍ အကြောင်းအရာအားလုံးကို ရေးမှတ်သည်။ လာမည့်တနှစ်တွင် မွေးမည့်သူ၊ သေမည့်သူများကို မှတ်တမ်းတင်သည်။ ထိုညတွင် လူသားတို့၏ ကျင့်စဉ်များအား မ ယူသည်။ ထိုညတွင်ပင် လူသားတို့ရမည့် ရိုဇီများအား ချပေးသည်။


မှတ်ချက်။ လူသားတို့၏ ကျင့်စဉ်များအား မ ယူခြင်း ဟူသည်မှာ ဆက်သခြင်းကို ဆိုလိုသည်။ ရိုဇီများအား ချပေးခြင်း ဟူသည်မှာ ရမည့်ပမာဏကို ရေးသား မှတ်တမ်းတင်သည်။ ယင်းကိစ္စရပ်အားလုံးသည် လောင်ဟေမဟ်ဖူးဇ်တွင် ရေးမှတ်ပြီး ဖြစ်၏။ ဤညတွင် ရေးမှတ်သားများထဲမှ သက်ဆိုင်ရာနှစ်အတွက် သက်ဆိုင်ရာ ကောင်းကင်တမန်ထံ အပ်နှင်းခြင်း ဖြစ်သည်။

(ဗရားသ်ညတွင် မိမိ၏ လောကီဘဝနှင့် ပတ်သက်၍ အထူးဆုံးဖြတ်သည့် ညဖြစ်သောကြောင့် ရှေ့တနှစ်ကို အဘယ်သို့ ဖြစ်ချင်သနည်း ဖြစ်ချင်သည်များအား တောင်းခံရပါမည်။ အာခိရသ်အတွက် မဂ်ဖိရ်သ်ကို တောင်းခံပြီးနောက် လက်ရှိ ရှင်နေချိန်အတွက် လိုချင်သည်များ အကုန် တောင်းပါ။)

ဗရားသ်ညတွင် အလ္လာဟ်အရှင်မြတ်က လောက၏ ကောင်းကင်သို့ သဂျလ်လီပြုတော်မူခြင်း

ဗရားသ်ညတွင် အလ္လာဟ်အရှင်မြတ်က လောက၏ ကောင်းကင်သို့ သဂျလ်လီပြု၍ မိမိ၏ ကျေးကျွန်များဘက်သို့ အာရုံပြုတော်မူသည်။ ဤကမ္ဘာလောကကြီးသည် ကျွန်ုပ်တို့၏ အိမ်ဖြစ်ပြီး မြေကြီးမှာ အိမ်၏ အခင်းဖြစ်သည်။ သို့ဆိုလျှင် ကောင်းကင်ကြီးကို ကျွန်ုပ်တို့အဖို့ ခေါင်မိုးဟု တင်စားရမည်သာ ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့၏ အိမ်သို့ ကြွမြန်းလာသည်။ ကျွန်ုပ်တို့ဘက်သို့ အထူး အာရုံစိုက်သည်။ ကျွန်ုပ်တို့အတွက် ကတိများ ပေးနေသည်။ ဤသည်များမှာ ကျွန်ုပ်တို့အဖို့ အဘယ်မျှသော မွန်မြတ် ထူးခြားမှုကို ရရှိနေခြင်းပင် ဖြစ်ပါသနည်း။
ကျွန်ုပ်တို့၏ သူငယ်ချင်းတဦးဦး၏ အိမ်သို့ သွားသည့်အခါ အိမ်ရှင်ဖြစ်သူက ကျွန်ုပ်အား စကားမပြော၊ ဂရုမစိုက်သလို နေသည်ဆိုလျှင် ထိုသို့သော အိမ်သို့ နောက်တကြိမ်သွားမည် မဟုတ်ပါ။ အနည်းဆုံး စိတ်ထဲမှာတော့ ... ငါ့ကို ဘာလို့ စကားမပြောတာလဲဟု စနိုးစနောင့် ဖြစ်နေမည်သာ ဖြစ်၏။ အိမ်ရှင်ဖြစ်သူက စကားမပြောရုံတင်မက အိပ်ပါ အိပ်နေမည်ဆိုလျှင် စိတ်ထဲ ဒေါသထွက်မည်မှာ ပြောဖွယ်ပင် ရှိမည်မဟုတ်။ အကယ်၍ မိမိလာမည့်အကြောင်း ကြိုတင်အကြောင်း ကြားပြီး ဖြစ်လျှင် အိမ်ရှင်အဖို့ လုံးဝ အိပ်ခွင့်ပင် ရှိမည်မဟုတ်ပါ။ (ဧည့်သည်ကို ကောင်းစွာ ဧည့်ခံရန် တာဝန်အပြည့်ရှိသွားပြီ ဖြစ်သည်။)

ယခု အလ္လာဟ်အရှင်မြတ်နှင့် ကျွန်ုပ်တို့ အကြားက အခြေအနေကို ကြည့်ပါ။ အလ္လာဟ်အရှင်မြတ်သည် ဤသို့သော ညမျိုးတွင် လူသားတို့၏ အိမ် တနည်း ပထမမိုးကောင်းကင်သို့ လာကြောင်း တမန်တော်မြတ်ထံမှတဆင့် သတင်းပေး အကြောင်း ကြားထားသည်။ ထိုသို့ သတင်းရထားပါလျှက်နှင့် ကျွန်ုပ်တို့အား အိပ်လျှက်နှင့် တွေ့လျှင်လည်း အရှင်မြတ်က အမျက်ဒေါသ ထွက်ခြင်းမရှိဘဲ ဤကျေးကျွန်သည် မုစ်သဟဗ်တခုကိုတော့ လွှတ်လိုက်ပေပြီဟုသာ သတ်မှတ်သည်။ အလ္လာဟ်အရှင်မြတ်၏ လာခြင်းကို မကြိုဆို မတောင်းခံသော ကျွန်ုပ်တို့အား ကြိမ်းမောင်းခြင်းလည်း မရှိ။ ထိုသို့ ဂရုဏာ မေတ္တာကြီးမားလှသော၊ အလွန့်အလွန် ပေးသနားသော အလ္လာဟ်အရှင့်ရှေ့တွင် ကျွန်ုပ်တို့သည် အရည်ပျော်သွားရမည်သာ ဖြစ်သည်။

(ဗရားသ်ဟူသည်မှာ အလ္လာဟ်အရှင်မြတ်က လူသားတို့ထံ လာပြီး ငါအလ္လာဟ်ထံက ဘယ်သူ ဘာတောင်းဖို့ ရှိသလဲဟု မေးနေချိန် ဖြစ်သည်။ ဘဏ္ဍာအလုံးစုံ၊ ကြွယ်ဝမှု အားလုံးကို ပိုင်ဆိုင်သည့် အရှင်မြတ်ထံမှ ဘယ်သူ ဘယ်လောက်တောင်းမလဲ တောင်းသလောက် ရမည် ဖြစ်၏။)


ဗရားသ်ည၏ ထူးခြားချက်
ဗရားသ်ညကို တန်ဖိုးထားရမည်။ ယင်းည၏ ကောင်းချင်းများအား ဆုံးရှုံးမခံရပါ။ အရယူ ရမည်။
ဟဒီးစ်တွင် လာသည်။ ညစဉ်ညတိုင်း ညတဝက်ကုန်ပြီးနောက်တွင် လောက၏ မိုးကောင်းကင်သို့ အလ္လာဟ်အရှင်မြတ်သည် သဂျလ်လီပြု၍ ကျေးကျွန်များဘက်သို့ အာရုံစိုက်တော်မူသည်။ ဗရားသ်ညတွင်မူ ညအစ (နေဝင်သည်နှင့်) လောက၏ မိုးကောင်းကင်သို့ ဆင်းသက်လာသည်။ ဤသည်ပင် ဤည၏ ထူးခြားချက် ဖြစ်သည်။ ညတိုင်းတွင်မူ ညတဝက်ရောက်မှ ဆင်းသက်သော်လည်း ဤညတွင်မူ ညအစကတည်းက ဆင်းသက်ခြင်း ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်ကို ချစ်သည့် စိတ် ရှိသူသည် ဤသို့သော အခွင့်ထူးကို တန်ဖိုးထားမည်။ ဤမျှ ဗရကသ်ရှိသော ည၏ တမိနစ်တိုင်းသည် အလွန်တန်ဖိုးကြီးကြောင်း မှတ်ယူမည်။ ကိုယ်ချစ်သည့် သူအတွက် အချိန်ပိုပေးနေရခြင်းကိုပင် စည်းစိမ်ဟု ခံစားရမည် ဖြစ်ပေသည်။

အလ္လာဟ့်ချီးမြှင့်မှု ဖြစ်သည့် ဗရားသ်ညကို တန်ဖိုးထားပါ

ဤဗရားသ်ညသည် အလွန် တန်ဖိုးရှိပြီး အလွန်ထူးမြတ်သည့် ညဖြစ်သည်။ ထို့ကြောင့် ယင်းည၏ တန်ဖိုးထားပါ။ အကျိုးရှိသော ကျင့်စဉ်များဖြင့် ညကို ကုန်ဆုံးစေပါ။
လောကရှိ ပိုက်ဆံ၊ ရွှေ၊ တိုက်၊ ကားများ၊ အရောင်းအဝယ်များတွင် အမြတ်အစွန်းကို တန်ဖိုးထားသည်။ ကျောက်မျက်ရတနာများကို တန်ဖိုးထားသည်။ အဖိုးတန်ပစ္စည်းအား ဈေးနည်းနည်းဖြင့်ရလျှင် အားတတ်သရော ဝယ်ယူကြသည်။

ယခု အာခိရသ်အတွက် အလွန်တန်ဖိုးရှိသော အချိန်အခါသမယကို ရနေခြင်းဖြစ်သည်။ ပိုက်ဆံ တပြားတချပ်မှ မကုန်စေဘဲ ရမည် ဖြစ်သည်။ ဤညသည် အာခိရသ်အတွက်သာမဟုတ် မိမိတောင်းတတ်လျှင် တောင်းသလို လောကအတွက်ပါ အကျိုးရှိစေသည့် ညဖြစ်သည်။ လောကီ၊ လောကုတ္တရာ နှစ်ခုလုံးအတွက် အသုံးဝင်သည့် ညဖြစ်သည်။ ထို့ကြောင့် လေးစားပါ။ ဤည၏ ကောင်းခြင်းများကို တမန်တော်မြတ်က သတင်းပေးထားခြင်းဖြစ်သည်။ အတိအကျ ရမည့် အဖိုးတန်ပစ္စည်းပင် ဖြစ်ပါသည်။

ဗရားသ်ညကို တန်ဖိုးမထားသည့် ကျောင်းသားများ
ထူးခြား မြင့်မြတ်သည့် ညများတွင် တညလုံး နိုးနေပြီး အိဗာဒသ်ပြုရန် အားလုံးလိုလို မတတ်နိုင်ကြပေ။ သို့သော် ထိုအုပ်စုထဲတွင် ကျောင်းသားများက အများဆုံး ပါသည်။ ယင်းတို့၏ လမ်းကြောင်းလွှဲစကားရပ်မှာ အိဗာဒသ်ဆိုတာတွေက အများကြီးပဲ၊ အိပ်တာလည်း အိဗာဒသ်ပဲ ဟု ဆိုကြသည်။ အလ္လာဟ်ထံမှာ အိစ်သိဂ်ဖာရ်လုပ်တာလည်း အိဗာဒသ်ပဲ နမားဇ် နှစ်ရကအသ် ဖတ်တာလည်း အိဗာဒသ်ပဲဟု စိတ်တွင်းဝယ် အမျိုးမျိုး သာဝီလ် လုပ်လိုက်ကြသည်။ မုစ်သဟဗ်များအား တန်ဖိုးမထားခြင်းမှ စ၍ ဤသို့သော ရောဂါဆိုးသည် ကျောင်းသား အများစုတွင် ရှိလာကြသည်။

ကျင့်စဉ်တခုခုသည် မုစ်သဟဗ်ဟု ဖော်ပြထားလျှင် မလုပ်ဘဲ နေလိုက်သည်။ မုစ်သဟဗ်ဆိုတာ မလုပ်လို့လည်း ဂုနာဟ်မှ မထိုက်တာဟူသော အတွေးဖြင့် အကျိုးထူးပေါင်းများစွာကို (သိလျှက်နှင့်) အဆုံးရှုံး ခံလိုက်ကြသည်။ အာလင်မ် မဟုတ်သူများကမူ မုစ်သဟဗ်ကိုလည်း တန်ဖိုးထားကာ ဂရုတစိုက် ကျင့်ကြသည်။ ထို့ကြောင့် ယင်းသို့သော အကျင့်ကို စွန့်လွှတ်ထိုက်ပါသည်။ ဤသည်မှာ ပညာသင်ကျောင်းသားတို့အတွက် စိတ်၏ လှည့်ဖျားမှု ဖြစ်သည်။ ယင်းလှည့်ဖျားချက်က အာလင်ကျောင်းသားတို့အား များစွာသော ကောင်းချင်းများမှ ဆုံးရှုံးစေလိုက်သည်။ ဤသို့သော ညမျိုးကို အထူး တန်ဖိုးထားပါ။ လက်မဲ့ မလုပ်ကြပါနှင့်။

ညတွင် အကောင်းဆုံးသော နိုးထရန်အချိန်
ည၏ အချိန်များအားလုံးအနက် (ည အစပိုင်း၊ အလယ်၊ နောက်ဆုံးချိန်) ည၏ နောက်ဆုံးချိန်တွင် နိုးထခြင်းက အကောင်းဆုံးဖြစ်သည်။ ယင်းသို့ ည နောက်ဆုံးပိုင်းတွင် နိုးထခြင်းက ထူးမြတ်ကြောင်း ကုရ်အာန်ကျမ်းတွင်လည်း မိန့်ထားသလို ဟဒီးစ်တွင်လည်း မိန့်ထားသည်။


ဗရားသ်ညအတွက် အကြံပေးချက်
ည အစပိုင်းတွင်လည်း အမလ်များ ပြုလုပ်ပါ။ ဗရားသ်ည၏ ထူးမြတ်မှုသည် ညအစကတည်းက ရှိသည်။ အိရှာအ်အချိန် အထိ အိဗာဒသ်များ လုပ်နေပါ။ ည အဆုံးပိုင်းထိ မစောင့်နေပါနှင့်။ အဘယ်မျှသည် နိုးနေနိုင်သနည်း ထိုအထိ အိဗာဒသ်လုပ်ပါ။
အကယ်၍ ပင်ပမ်းမှုများကြောင့် ညအစပိုင်းတွင် အိဗာဒသ် မလုပ်နိုင်။ အိပ်ပျော်သွားမည်ဆိုလျှင်လည်း ခဏတာ အိပ်ရေး ရပြီးနောက် ညအဆုံးပိုင်းကို ထလျှက် အိဗာဒသ်ပြုပါ။ အဓိကမှာ ယင်းတညလုံးတွင် မည်သည့်အချိန်ကို အိဗာဒသ်လုပ်ခွင့်ရသည်ဖြစ်စေ တန်ဖိုးထား၍ ဂရုတစိုက် အိဗာဒသ်ပြုပါ။

နဖိလ်နမားဇ်အတွက် အထူး တောင်းဆုတော်
တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်သည် ဗရားသ်ည၏ နဖိလ်နမားဇ်၏ စဂ်ျဒဟ်တွင် ဤတောင်းဆုတော်ကို ဖတ်ခဲ့ကြောင်း လာရှိထားသည်။
(အရဗီစာသားကို ပုံဖြင့် ပြပေးထားသည်။) အသံထွက်။ အအူးဇု ဗိအဖ် ဝိက၊ မင်(န) အိကားဗိက၊ ဝအအူးဇု ဗိရိဿွားက မင်န် ဆ ခ သွိက၊ ဝအအူးဇု ဗိက၊ မင်န်က ဂျလ်လ ဝဂ်ျဟုက၊ လာ အုဟ်ဆွီ စနားအန် အလိုင်းက အန်သ ကမား အဆ် နိုင်းသ၊ အလာ နဖ်စိက။
အဓိပ္ပါယ်။ အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ပြစ်ဒဏ်မှ လွတ်မြောက်ရန် အရှင်မြတ်၏ ခွင့်လွှတ်မှုဖြင့် အကာအကွယ် ယူပါ၏။ ၎င်းပြင် အရှင်မြတ်၏ အမျက်တော်မှ လွတ်မြောက်ရန် အရှင့်၏ ကျေနပ်မှုဖြင့် အကာအကွယ် ယူပါ၏။ ထို့ပြင် အရှင်မြတ်မှ လွတ်မြောက်ရန် အရှင်မြတ်ဖြင့်သာ အကာအကွယ် ယူပါ၏။ အရှင်မြတ်၏ ဘုန်းသမ္ဘာသည် လွန်စွာ ကြီးကျယ်လှပါ၏ ကျွန်တော်မျိုး အရှင်မြတ်အား ထိုက်သင့်သော နည်းဖြင့် ချီးကျူးခြင်း မပြုနိုင်ပါ။ အရှင်မြတ်သည် မိမိကိုယ်ကိုယ် မိမိ ကိုယ်တော်တိုင် ချီးကျူးတော်မူသည့်အတိုင်း ဖြစ်တော်မူပါသည်။
(နဖိလ်နမားဇ်၏ စဂ်ျဒဟ်တွင် အကြိမ်များစွာ ဖတ်နိုင်က ကောင်း၏။ ဒီအတိုင်း ဖတ်လိုပါကလည်း ဖတ်နိုင်ပါသည်။ အနည်းဆုံး အခေါက် ခုနှစ်ဆယ်ခန့်မျှ ဖတ်ဖြစ်အောင် ဖတ်ပါ။)

နိုးနေရန်နည်းနှင့် အိဗာဒသ်ပြုရာတွင် အိပ်မငိုက်စေရန်

အိပ်မငိုက်စေရန် အိဗာဒသ် အမျိုးအစားများကို ပြောင်း၍ ပြုလုပ်ပါ။ နဖိလ်နမားဇ်များဖတ်ပါ။ ပျင်းလာလျှင် လမ်းလျှောက်ပြီး ဇိကိရ်လုပ်ပါ။ ညောင်းသွားလျှင် ကုရ်အာန် သိလာဝသ် လုပ်ပါ။ ကိုယ်တိုင် သိလာဝသ်ပြီးလျှင် နောက်တယောက် ဖတ်သည်ကို နားထောင်ပါ။ ပြီးလျှင် ဝုဇူအသစ်ပြန်ပြု၍ နဖိလ်ဖတ်ပြီး ဒုအာပြုနေပါ။ အိမ်ရှိသူများ အတူစုပြီး ဇိကိရ်ကို အသံဖြင့်လုပ်ပါ။ ဤသည်လည်း အိပ်ချင်ပြေစေသည်။ စိတ်သည် ငြီးငွေ့လာလျှင် အနည်းငယ် စားသောက် ပြောဆိုမှုများလည်း ပြုပါ။ တညလုံး စားနေခြင်း၊ တညလုံး စကားပြောနေခြင်းကို မဆိုလိုပါ။ အိပ်မငိုက်စေရန် အပြောင်းအလဲ ပြုခြင်းမျှသာ ဖြစ်၏။ ပြောသည့် စကားသည်လည်း အကျိုးမဲ့ အကုသိုလ် တိုးစေသည့် စကားများ မဖြစ်စေရ။ ပုံမှန် စကားများသာ ဖြစ်ရမည်။ အလွန်အမင်း အိပ်ချင်လာလျှင်မူ အိပ်လိုက်ပါ။ (ည၏ အဖိုးတန်အချိန်များကိုမူ မလွတ်သွားစေပါနှင့်)

(ဒုအာတောင်းနည်း။ ဒုအာသည် တောင်းခံခြင်းကို ခေါ်သည်။ ကိုယ် တတ်ကျွမ်းရာ ဘာသာစကားဖြင့် ကြိုက်ရာကို တောင်းနိုင်သည်။ ထို့ကြောင့် စာရွက် တခုခုကို ကြည့်ပြီး တောင်းနေဖို့ အရေးမကြီးပါ။ အလ္လာဟ်ရှေ့တွင် ကလေးတဦးပမာ ကိုယ်လိုချင်သည်များ၊ ဖြစ်ချင်သည်များ၊ တမ်းတသည်များ၊ မျှော်မှန်းသည်များ အားလုံးကို ငို ငိုပြီးတောင်းပါ။ ကိုယ့်အတွက်လည်း တောင်းပါ။ ကိုယ့်မိဘအတွက် တောင်းပါ။ ကိုယ့် မွတ်စ်လင်မ် ညီနောင်များ၊ ညီအမများအတွက် ထည့်တောင်းပါ။ အရဗီဖြင့်တောင်းမှ ဒုအာမဟုတ်ပါ။ စာစီပြီးလည်း တောင်းဖို့ မလိုပါ။ စကားပြောသည့် အတိုင်းပင် တောင်းပါ။)
တဦးတည်း တကိုယ်တည်း ရှိချိန် တောင်းခံခြင်းသည် စိတ်တည်ငြိမ်မှုရှိပြီး ကောင်းလည်း ကောင်း၏။ စုပေါင်းဒုအာများ ပြုပြီးလျှင်လည်း ကိုယ့်လိုအပ်ချက် တခုတိုင်းအတွက်လည်း ထပ်ပြီး တောင်းခံပါ။ အရဗီ မဖတ်တတ်လည်း ကိုယ်တတ်သည့် စကားဖြင့် ဆုမွန်များ တောင်းခံကြပါ။

ယခုနှစ် (၂၀၁၇တွင်) ကျရောက်သည့် ဗရားသ်သည် သောကြာညလည်း ဖြစ်သဖြင့် မွန်မြတ် ကောင်းမွန်ခြင်း၊ ဆုတောင်းများ လက်ခံခြင်းကတော့ အထူးပင် ဖြစ်ပါသည်။ အဓိကမှာ အလ္လာဟ်ပေးသည့် ရဟ်မသ်ကို ရေခွက် သေးသေးလေးဖြင့် ခံယူမည်လား၊ ရေတိုင်ကီကြီးဖြင့် ခံယူမည်လား၊ သို့မဟုတ် ဇလုံ အပေါက်ဖြင့်သာ ခံယူမည်လားဟူသည်မှာတော့ စာရှုသူတို့၏ ရွေးချယ်မှုသာ ဖြစ်ပါသည်။ အလ္လာဟ်အရှင်ကမူ တောင်းသလောက် ပေးမည်ဟု ကတိပြုပြီး ဖြစ်သည်။

အလ်မုဖီးဒ်
ရှအ်ဗာန်/ ၁၄/ ဟစ်ဂျရီ ၁၄၃၈ (ယောင်မွန် အရ်ဗအ်)
11/ 5/ 2017 (ကြာသပတေး)
(ဗရားသ်ည)



Sunday, January 1, 2017

ဟဇရသ်အလီ ရသွီယလ္လာဟုအန်ဟု၏ ဖြစ်ရပ်တစ်ခုအကြောင်း


အောက်တွင်ဖော်ပြမည့်အကြောင်းအရာသည် ဟဇရသ်အလီ ရသွီယလ္လာဟု အန်ဟု ခလီဖဟ်ဖြစ်ချိန်က မွတ်စ်လင်မ်တို့အား အိလ်မ်နှင့်ပတ်သက်ပြီး မည်သို့သင်ကြား ပြသပေးသည်ကို အထူးဖော်ပြထားခြင်းဖြစ်သည်။ ထို့အတူ ကစမ် (ကျိန်ဆိုခြင်း)အား နေရာတကာ မသုံးရန် သတိပေးခြင်းလည်း ပါဝင်သည်။ ဆွဟာဗဟ်များသည် တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်၏ နေထိုင်မှု၊ သင်ကြားမှု၊ အုပ်ချုပ်မှုအတိုင်း မွတ်စ်လင်မ်တို့အား လမ်းညွှန်ခဲ့ကြသည်။ ဆွဟာဗဟ်များ၏ စိတ်နေစိတ်ထား၊ လုပ်ပုံကိုင်ပုံများထဲမှ တစ်စိတ်တစ်ဒေသမျှ ယနေ့ခေတ်၏ မွတ်စ်လင်မ်များတွင် ပုံတူကျင့်သုံးခြင်းမှု ရှိခဲ့လျှင် အနိုင်ရလွှမ်းမိုးအောင်မြင်ခြင်း၏ အလံတိုင်ကို မွတ်စ်လင်မ်တို့ ပြန်လည်လွှင့်ထူလာနိုင်မည်ဟု မျှော်လင့်ပါသည်။ (အလ်မုဖီးဒ်)

ဟဇရသ်အဗူမုသွိရ် ရဟ်မသုလ္လာဟ်ဟိအလိုင်းဟ်က ဤအကြောင်းအရာများကို ပြောပြခဲ့သည်။

(၁) တစ်ရက်တွင် ကျွန်ုပ်(ဟဇရသ်အဗူမုသွိရ်) ဗလီမှ ထွက်လာချိန် နောက်ဖက်မှ လူတစ်ဦးက ကျွန်ုပ်ကို ရည်ညွှန်းပြီး ပုဆိုးကို အပေါ်ကို ထပ်မြှင့်ပြီး ဝတ်လိုက်၊ အဲ့ဒီလို ဝတ်လိုက်ရင် အသင်က မိမိရဲ့ ဖန်ဆင်းရှင်ကို ပိုပြီး ရိုသေခန့်ညားသူ ဖြစ်တယ်ဆိုတာကို သိနိုင်မယ်၊ ပြီးတော့ အသင့်ရဲ့ပုဆိုးက (အောက်ခြေနဲ့ လွတ်လွတ်ကင်းကင်းရှိတာကြောင့်) ပိုပြီး သန့်ရှင်းနေမယ်။ ဒါ့ပြင် အသင် မွတ်စ်လင်မ်တစ်ဦး ဖြစ်ရင် ခေါင်းက ဆံပင်တွေကို သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် လုပ်ပါ လို့ပြောတဲ့စကားသံတွေကို ဆက်တိုက်ဆိုသလို ကြားလိုက်ရတယ်။ ဒါနဲ့ ကျွန်တော်လည်း ဘယ်သူများပြောတာလဲဆိုပြီး ခေါင်းလှည့်ကြည့်လိုက်တော့ ဟဇရသ်အလီ ရသွီယလ္လာဟု အန်ဟု ဖြစ်နေတာကို တွေ့လိုက်ရတယ်။ လက်ထဲမှာ ကြာပွတ်လည်း ကိုင်ထားတယ်။

(၂) ကျွန်တော်ကို ဆုံးမစကားပြောပြီးနောက်မှ ဟဇရသ်က ကုလားအုတ်တွေကို အရောင်းအဝယ် လုပ်နေတဲ့ ဈေးတန်းဘက်ကို သွားတယ်။ ရောက်တာနဲ့ အသင်တို့ အရောင်းအဝယ်လုပ်ကြပါ၊ ဒါပေမယ့် ကျိန်ပြီး မရောင်းနဲ့။ ကျိန်ပြီး အရောင်းအဝယ်လုပ်ရင် (ဝယ်သူက ကျိန်တာကိုကြည့်ပြီး) အရောင်းအဝယ်တော့ ဖြစ်သွားပေမယ့် ရလာတဲ့ဝင်ငွေမှာ ဗရကသ်မရှိတော့ဘူး ဆိုပြီး မိန့်တယ်။

(၃) ကုလားအုတ်ဈေးတန်းက ထွက်တာနဲ့ စွန်ပလွံသီးတန်းဘက်ကို သွားတယ်။ အဲ့ဒီမှာ စွန်ပလွံသီးရောင်းနေသူတစ်ဦးရဲ့ ဘေးနားမှာ မိန်းကလေးငယ်တစ်ဦးက ငိုနေတာကိုတွေ့ရတယ်။ ဟဇရသ်အလီက ကလေးမလေးကို ဘာဖြစ်လို့ငိုနေတာလည်းလို့ မေးလိုက်တော့ ကလေးမလေးက ကျွန်မက ဒိရ်ဟမ်တစ်ပြားဖိုး စွန်ပလွံသီးတွေ ဝယ်သွားတာ အိမ်က အုပ်ထိန်းသူက ဒါတွေမလိုချင်ဘူးဆိုပြီး ပြန်လဲခိုင်းလိုက်လို့ပါဆိုပြီး ပြောတယ်။ ဒါနဲ့ ဟဇရသ်က ရောင်းနေသူကို စွန်ပလွံသီးတွေပြန်ယူပြီး ကလေးမလေးကို သူ့ပိုက်ဆံပြန်ပေးလိုက်၊ ခုအခြေအနေက မရည်ရွယ်ဘဲ ဖြစ်လာရတာ ဆိုပြီးပြောတယ်။(လိုက်လျောပေးလိုက်ဆိုတဲ့ သဘောနဲ့ ညွှန်ကြားရခြင်းဖြစ်သည်။) ဒါပေမယ့် ဈေးသယ်က အဲ့ဒီ အချိန်မှာတော့ ပြန်မလဲပေးနိုင်ဘူးဆိုပြီး ငြင်းနေသေးတယ်။ ဒါနဲ့ ကျွန်တော် (ဟဇရသ်အဗူမုသွိရ်)က ဒါဘယ်သူလဲဆိုတာ မင်းသိရဲ့လားလို့ စကားထောက်လိုက်တော့ ဈေးသယ်ကလည်း မသိဘူးတဲ့။ မသိဘူးဆိုတော့လည်း ပြောပြလိုက်တယ်။ ဒီသူဟာ လက်ရှိ မွတ်စ်လင်မ်တွေကို အုပ်ချုပ်နေတဲ့ သမ္မတကြီး အလီပဲ။ ဈေးသယ်က ဟဇရသ်အလီရဲ့ အမည်ကိုကြားတာနဲ့ ချက်ချင်းပဲ ကလေးမလေးရဲ့ လက်ထဲက စွန်ပလွံသီးတွေကို ပြန်ယူလိုက်ပြီး ဒိရ်ဟမ်တစ်ပြားကို ပြန်ပေးလိုက်တယ်။ ပြီးတော့ ဟဇရသ်အလီကို တောင်းပန်စကားဆိုတယ်။ သမ္မတကြီးရယ် ကျွန်တော်ကို ခွင့်လွှတ်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် အခုလိုပြန်လဲပေးလိုက်တာကိုလည်း ကျေနပ်မယ်လို့ ထင်ပါတယ်။ ဟဇရသ်အလီက အသင်တို့အနေနဲ့ ဝယ်သူတွေကို ပြည့်ပြည့်ဝဝ (ချိန်တွယ်) ပေးမယ်ဆိုရင် အသင်တို့က ငါက ပိုပြီး ကျေနပ်အားရမှာပါ ဆိုပြီး ပြောလိုက်တယ်။

စွန်ပလွံသီးသယ်ထံကနေ ပြန်ထွက်လာရင်းနဲ့ ဟဇရသ်က နေ့ဖို့ညစာမရှိတဲ့ ဆင်းရဲသားတွေကို ကျွေးမွေးပါ။ အဲ့ဒီလိုကျွေးမွေးခြင်းက အသင်တို့မှာရှိတဲ့ အားနည်းချက်တွေ မပြည့်ဝတာတွေမှာ ပြည့်ဝမှု ရလာလိမ့်မယ်လို့ မိန့်တယ်။

(၄) ပြီးနောက်မှာ ငါးတန်းဘက်ကို သွားတယ်။ တစ်ဆက်တည်း ရေထဲမှာသေပြီး ရေပေါ် ပေါ်နေတဲ့ငါးတွေကို ဈေးထဲမှာ မရောင်းပါနဲ့ဆိုပြီး ညွှန်ကြားတယ်။

(၅) အထည်တန်းဘက်ကိုလည်း သွားတယ်။ အထည်ဆိုင်တစ်ဆိုင်မှာ ဒိရ်ဟမ်သုံးပြားတန် အင်္ကျီတစ်ထည်ရောင်းဖို့ ဟဇရသ်က ပြောတော့ ဈေးရောင်းသူက ဟဇရသ်ကို သိတဲ့သူဖြစ်နေတယ်။ ဒါနဲ့ အဲဒီ့ဆိုင်မှာမဝယ်တော့ဘဲ နောက်တစ်ဆိုင်ကို သွားတယ်။ အဲ့ဒီဆိုင်ကလည်း ဟဇရသ်အလီကို သိနေတယ်။ ဒီလိုနဲ့ ဆိုင်နှစ်ဆိုင် သုံးဆိုင်ကနေ မဝယ်ဖြစ်တော့ဘဲ ထွက်လာလိုက်တယ်။ တစ်နေရာရောက်တော့ လူငယ်လေးတစ်ယောက်ထံကနေ ဒိရ်ဟမ်သုံးပြားနဲ့ အင်္ကျီတစ်ထည် ဝယ်လိုက်တယ်။ အဲ့ဒီလူငယ်လေးက ဟဇရသ်ကို သမ္မတကြီးအလီမှန်း မသိဘူး။ ဝယ်ပြီး ပြန်ထွက်လာလိုက်တယ်။ အဲ့ဒီအချိန်မှာ ခုနရောင်းလိုက်တဲ့ လူငယ်လေးရဲ့ ဆိုင်ပိုင်ရှင်က ဆိုင်ကိုပြန်ရောက်လာတော့ ဘေးက လူတွေက မင်းရဲ့သားက သမ္မတကြီးအလီကို ဒိရ်ဟမ်သုံးပြားနဲ့ အင်္ကျီတစ်ထည်ရောင်းလိုက်တယ်လို့ ပြောပြလိုက်ကြတယ်။ ဆိုင်ပိုင်ရှင်ဖြစ်သူ ဖခင်က သားကို မင်း ဘာလို့ ဒိရ်ဟမ်နှစ်ပြားနဲ့ မရောင်းတာလဲလို့ ပြောပြီး အပိုဖြစ်သွားတဲ့ ဒိရ်ဟမ်တစ်ပြားကို ကိုင်ပြီး ဟဇရသ်အလီရဲ့နောက်ကို လိုက်လာပြီး ဒိရ်ဟမ်တစ်ပြားပြန်ယူပါဆိုပြီး ပြန်ပေးတယ်။ ဘာလို့ပြန်ပေးနေရတာလဲလို့ ဟဇရသ်က မေးတော့ သမ္မတကြီးဝယ်သွားတဲ့ အင်္ကျီက ဒိရ်ဟမ်နှစ်ပြားတန်ပါ။ ကျွန်တော့်သားက သုံးပြားဆိုပြီးရောင်းလိုက်ပါတယ်။ ဒါ့ကြောင့် အပိုငွေကို ပြန်လာပေးတာပါဆိုပြီး ပြောတယ်။ ဒါနဲ့ ဟဇရသ်က ရောင်းသူကလည်း သူ့စိတ်တိုင်းကျ ဒိရ်ဟမ်သုံးပြားဆိုပြီး ရောင်းလိုက်တာ၊ ကျွန်တော်ကလည်း အဲ့ဒီ့တန်ကြေးကို သဘောတူလို့ပဲ သုံးပြားနဲ့ဝယ်ခဲ့ပြီးပါပြီလို့ ပြန်မိန့်လိုက်ပါတယ်။ حياةالصحابه\ جلد2\صفحه 712-713
(بکهرےموتی/جلد چہارم/صفحہ 453،واقعہ نمبر 140)

အထက်အကြောင်းအရာတွင် လက်ရှိ အာလင်မ်များ ကျင့်သုံးရမည့် နည်းလမ်းနှင့် မွတ်စ်လင်မ်တို့ သတိမထားမည့်သည့် လုပ်ရပ်များကို ဖော်ပြထားသည်။ အကြောင်းအရာ အမှတ်တစ်တွင် မွတ်စ်လင်မ်ယောက်ျားသားများ အနေဖြင့် အောက်ပိုင်းဝတ်အထည်များကို မည်သို့ဝတ်ရမည်ကို သင်ပေးထားသည်။ ထို့အတူ မွတ်စ်လင်မ်သည် ခေါင်းစ ခြေဆုံး သန့်ရှင်းသပ်ရပ်နေသူဖြစ်ရန်လည်း ညွှန်ကြားထားသည်။ အကြောင်းအရာ အမှတ်နှစ်တွင် ကျိန်ခြင်း၏ အကျိုးဆက်ကို မိန့်ထားသည်။ ရှရီအသ်တွင် အချို့သော ပြဌာန်းချက်များ၏ သဘောမှာ လုပ်ပါဟု ခိုင်းထားခြင်းမဟုတ်။ အကယ်၍ ထိုသို့သောအခြေအနေနှင့် ကြုံတွေ့ခဲ့လျှင် ဤသို့ ဤသို့ ပြုလုပ်ပါဟု နည်းစနစ်တစ်ခုကို ချပြပေးထားခြင်းဖြစ်သည်။ ထိုသဘောကို မွတ်စ်လင်မ်တို့ နားလည်ထားပါ။ ကျိန်ခြင်းအကြောင်းကို ပြောရလျှင် မွတ်စ်လင်မ်တို့အတွင်း၌ မကျိန်လျှင် မယုံစရာအဖြစ်လည်းကောင်း၊ ကျိန်ပြမှ ယုံကြည်မည်ဟူ၍လည်းကောင်း၊ ရှေ့ကလူ၏ ပြောစကားကို ဒီအတိုင်းလက်မခံဘဲ ကျိန်ခိုင်းခြင်းဖြင့်လည်းကောင်း ကျိန်ခြင်းဟူသည့် စကားရပ်ကို အခြေအနေတိုင်းတွင် သုံးနေကြသည်။ ယင်းအကျင့်သည် မကောင်းပါ။ လူတစ်ယောက်၏ ပြောစကားကို ယုံကြည်ထိုက်သည့် အခြေအနေတစ်ခုထိ အနှောင်အဖွဲ့များ မသုံးစွဲဘဲ ယုံကြည်ပေးရမည်။ တစ်ခုခုဆို ကျိန်ခိုင်းခြင်း၊ ကျိန်လိုက်ခြင်း၊ ကျိန်ပြောခြင်းတို့သည် မကောင်းပါ။ ယခုဖြစ်ရပ်တွင်လည်း အရောင်းအဝယ်လုပ်ရာတွင် ကျိန်တတ်သည့်အကျင့် မလုပ်ရန် တားထားသည်။ ကျိန်ခြင်းကတော့ ပိုင်သည်။ ကျိန်ပြီးရောင်းလိုက်သည့် အရောင်းအဝယ်သည်လည်း ပိုင်သည်။ သို့သော် ကျိန်ခြင်းကို အခြေခံပြီး ရရှိလာသည့် ဝင်ငွေတွင် ဗရကသ်ရှိမည်မဟုတ်ကြောင်းကို ဟဇရသ်အလီ ရသွီယလ္လာဟု အန်ဟုက မိန့်ထားသည်။


ဟဇရသ်အလီ ရသွီယလ္လာဟု အန်ဟုသည် တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်ရှိစဉ်ကတည်းက အဆ်ွဟားဗ်တော်များထဲမှ မုဖ်သီများတွင် တစ်ဦးအပါအဝင် ဖြစ်သည်သာမက အိလ်မ်၏ တံခါးပေါက်ဟု ရည်ညွှန်းမှုကို ရရှိထားသော ပညာရှင်တစ်ဦးဖြစ်သည်။ ဟဇရသ်၏ မစာအိလ် သင်ကြားပုံသည် အလွန်ထိရောက်သည်။ လက်တွေ့တိုက်ရိုက် ပြောခြင်းဖြစ်၏။ ယနေ့အခါသမယတွင်လည်း မုဖ်သီများစွာ ပေါ်ထွန်းနေပါပြီ။ မတ်စ်ဂျိဒ်များစွာလည်း အဆင်သင့်ရှိနေသည်။ မုဖ်သီများ၏ အိလ်မ်ကို မတ်စ်ဂျိဒ်များမှတစ်ဆင့် မွတ်စ်လင်မ်ထုအတွင်း တစ်နေ့ နည်းနည်းစီ ပို့ချသွားမည်ဆိုလျှင် စည်းကမ်းရှိသည့် မွတ်စ်လင်မ်ကောင်းများစွာ ပေါ်ထွက်လာပါမည်။ တစ်ပတ်တွင် တစ်ရက်၊ တစ်နှစ်တွင် တစ်လမျှ ဟောကြားရုံဖြင့် မွတ်စ်လင်မ်ထု၏ အိလ်မ်လိုအပ်ချက်ကို ဖြည့်စည်းပေးနိုင်မည် မဟုတ်ပါ။ သမိုင်းများမှ မစာအိလ်များ ကောက်နှုတ်ပြပေးရမည်။ အရောင်းအဝယ် အထူးဖြစ်ထွန်းသည့် မွတ်စ်လင်မ်များအတွင်းတွင် အရောင်းအဝယ်နှင့် သက်ဆိုင်သည့် မစာအိလ်များကို တစ်ဦးတိုင်း သိနေအောင် သင်ပေးထားရမည်။ လယ်ယာကဏ္ဍနှင့်ပတ်သက်သည့် မစာအိလ်များဆိုလျှင်လည်း အကျယ်တဝင့် ရှိနေသည်။ မွတ်စ်လင်မ် လယ်သမားများသည် မိမိတို့၏ လုပ်ငန်းနှင့်ပတ်သက်၍ အစ္စလာမ်က ဘာတွေသတ်မှတ်ထားသည်ကို သိအောင် အာလင်မ်တို့က ပြောပြရပါမည်။


ရိုဇဟ်ဆိုင်ရာ မစာအိလ်များကို ရမဿွာန်ရောက်မှ၊ ဇကားသ်မစာအိလ်ကို ဇကားသ်ပေးခါနီးမှ သင်ပေးခြင်း၊ မေးမြန်းခြင်းတို့သည် ပြိုင်ပွဲနေ့ရောက်မှ လေ့ကျင့်သည်နှင့် တူနေသည်။ ပြိုင်ပွဲမရောက်မီကတည်းက သက်ဆိုင်ရာ အားကစားကို ကြိုတင်လေ့ကျင့်ရသည်။ သို့မှသာ ပြိုင်ပွဲနေ့ရောက်လျှင် အဆင်သင့် ယှဉ်ပြိုင်နိုင်မည် ဖြစ်၏။ မွတ်စ်လင်မ်တို့၏ အခြေအနေမှာမူ ရမဿွာန်ရောက်မှ ရိုဇဟ်ကို သတိရပြီး ထိုအခါမှ မစာအိလ်များကို အတုံးအရုံး ထမေးကြသည်။ အမှန်ဖြစ်ရမည်မှာ ရမဿွာန်မရောက်မီ နှစ်လခန့်အလိုကတည်းက မတ်စ်ဂျိဒ်တိုင်း မတ်စ်ဂျိဒ်တိုင်းတွင် ရိုဇဟ်၏ မစာအိလ်များကို အာလင်မ်များက ဦးစီးပြီး မွတ်စ်လင်မ်ထုကို သင်ကြား ရှင်းပြရမည်။ နမားဇ်အချိန် ငါးခု၌ တစ်ချိန်လျှင် ဘာသာရပ်တစ်မျိုး သင်ပေးမည်ဆိုလျှင် မွတ်စ်လင်မ်တစ်ဦးသည် တစ်နေ့လျှင် အိလ်မ်ငါးခုကို တတ်ကျွမ်းမည်။ ထို့အတူ နမားဇ်တစ်ချိန်ပြီးနောက် နောက်တစ်ချိန်တွင်လည်း မတ်စ်ဂျိဒ်ကိုလာရန် ဆန္ဒရှိနေပေမည်။ မစာအိလ်နှင့် ပတ်သက်သည့် စာအုပ်၊ စာပေ၊ ဖသ်ဝါကျမ်းများ များစွာရှိနေသည်။ အိမ်တိုင်း အိမ်တိုင်းတွင်လည်း စာအုပ်စင်များနှင့် ခန့်ညားထည်ဝါစွာ ရှိနေသည်။ သို့သော် ယင်းစာအုပ်များထဲမှ ပညာရပ်များသည် မွတ်စ်လင်မ်တို့၏ ရင်ထဲသို့ ဝင်မလာသေးပါ။ စာအုပ်က စာအုပ်နေရာတွင် ရှိပြီး လူက လူနေရာတွင်ရှိနေသည်။ စာအုပ်ထဲက အိလ်မ်ကို မွတ်စ်လင်မ်၏ ရင်ထဲသို့ ရောက်လာရန်၊ ၎င်း၏ ဦးနှောက်တွင် မစာအိလ်၏ အသိတရားများ ရှိလာရန် ပေါင်းကူးတံတားမှာ မတ်စ်ဂျိဒ်များဖြစ်ပြီး အာလင်မ်က ဦးစီးပြီး ပို့ဆောင် သင်ကြားပေးရပါမည်။ ယခုအကြောင်းအရာတွင်ပင် ဟဇရသ်အလီသည် သက်ဆိုင်ရာနေရာတွင် လိုအပ်သည့် မစာအိလ်များကို လူထုအတွင်း ရှင်းရှင်းလင်းလင်း မိန့်ကြားသည်။ သင်ပြသည်။ လိုအပ်သည့် အမိန့်ကို ပြတ်သားစွာ ပြောသည်။ ဆွဟာဗဟ်တို့၏ နမူနာကို စံထားပြီး မွတ်စ်လင်မ်များ၊ အာလင်မ်များလည်း အစ္စလာမ်ကို အဓွန့်ရှည် တည်မြဲအောင်၊ ပြန့်ပွားအောင် ဆောင်ရွက်နိုင်ကြရန်ရည်ရွယ်ရင်း ဤအကြောင်းအရာကို နိဂုံးချုပ်အပ်ပါသည်။


3/ ရဗီအွတ်စာနီလ/ ဟစ်ဂ်ျရီ 1438 (ِيَومُ الاِثنَين)
2.1.2017 (တနင်္လာနေ့)
အလ်မုဖီးဒ်

Friday, October 21, 2016

လူတိုင်းအတွက် အစ္စလာမ်


အစ္စလာမ်သည် လူသားအားလုံး လိုက်နာ ကျင့်သုံးနိုင်သည့် လူ့ဘဝနေထိုင်မှုဆိုင်ရာ လမ်းညွှန်ချက်ဖြစ်၏။ အစ္စလာမ်၏ ယုံကြည်ချက်ပိုင်းဆိုင်ရာကို လက်ခံသူများသာမက အခြား မည်သူမဆို အစ္စလာမ်ကို မိမိတို့၏ လူ့ဘဝတွင် ထည့်သွင်းကျင့်သုံးနိုင်ပါသည်။ အစ္စလာမ်ဟူသည်မှာ အစ်လုပ်ရုံ ဗလီတက်ရုံမျှသာ ပါဝင်သော ဘာသာတစ်ခုမဟုတ်ပါ။ အစ္စလာမ် အသံကြားသည်နှင့် အမုန်းစကားများက နားဝတွင် ကန့်လန့်လာပိတ်ကာ အမှန်တရားကို မကြားရအောင် လုပ်ထားသည်။ အသိဥာဏ်ရှိသူများကမူ အမှန်ကို အမှန်အတိုင်း ရှုမြင်သုံးသပ်နိုင်ရန် ကိုယ်တိုင်ကိုယ်ကျ လေ့လာဆည်းပူးကြသည်။ သရက်သီး၏ အရသာကို ချဉ်သည့်ကာလတွင် စားပါက ချဉ်မည်။ ဖန်သည့်ကာလတွင် စားက ဖန်မည်။ ချိုသည့်အချိန် စားလျှင် ချိုပါမည်။ အချဉ်တစ်ခုစားပြီး သရက်သီးအားလုံး ချဉ်သည်ဟု ပြောမရပါ။ သရက်သီး၏ အရသာအစုံကို မြည်းစမ်ဖူးသူက ထိုစကားကို လက်ခံမည်မဟုတ်ပါ။ ထို့အတူ ကြားသည်နှင့် မယုံလိုက်ဘဲ ကိုယ်တိုင်ကိုယ်ကျ စားသုံးကြည့်သူများလည်း ချဉ်သည်ဟု ပြောစကားကြောင့် သရက်သီးအရသာမှ လက်မဲ့မဖြစ်ရပါ။ ကံဆိုးသူမှာမူ သူတစ်ပါး၏ ချဉ်သည်ဟု ပြောစကားအတိုင်း ချဉ်ကြောင်းလက်ခံလိုက်သူသာဖြစ်သည်။ ချဉ်မည်ကို စိုးရိမ်သဖြင့် သရက်သီး၏ အရသာမှ လက်မဲ့ဖြစ်ရပါတော့သည်။ ထို့ကြောင့် အရသာလက်မဲ့မဖြစ်ရန် ကိုယ်တိုင်ကိုယ်ကျ ဆည်းပူးလေ့လာပါ။ အချို့သော ကြွေးကျော်ချက်များကို စူးစမ်းလေ့လာရန် မလိုအပ်ပါ။ အချို့သော ကြွေးကျော်မှုများကိုမူ စူးစမ်းရန် လေ့လာရန် အလွန်လိုအပ်သည်။ ကမ္ဘာပေါ်တွင် သက်ဝင်ယုံကြည်မှုနှုန်း မြင့်လာသည့် အစ္စလာမ်ကို ဗမာစကားပြောသူတိုင်းလည်း သေချာစွာ လေ့လာရပါမည်။ အမှောင်ဖုံးသည့် မျက်လုံးအစုံဖြင့် လမင်းကိုကြည့်လျှင်လည်း တိမ်ဖုံးနေမည်သာ ဖြစ်၏။ အမှန်တရားကို ဥာဏ်မများဘဲ အရှိကို အရှိအတိုင်း သေချာစွာသိနိုင်ရန် နည်းလမ်းမှာ ကိုယ်တိုင်ကိုယ်ကျ လေ့လာခြင်းပင် ဖြစ်၏။ ဘာသာတရားတစ်ခုကို စေ့ငှပြည့်စုံစွာ သိနိုင်ရန် သက်ဆိုင်ရာ ဘာသာဝင်တို့၏ ကျွမ်းကျင်ပညာရှင်များ၊ စွယ်စုံကျမ်းများ၊ စာအုပ်စာပေများ၊ အခြေခံ မူဝါဒများ၊ လုပ်ပုံကိုင်ပုံများ၊ သတ်မှတ်ချက်များကို လေ့လာရမည်။ ဘာသာတစ်ခု တည်ဆောက်သတ်မှတ်ပုံကို တခြားဘာသာဝင်တစ်ယောက်က ပြည့်စုံစွာ မပြောပြနိုင်ပါ။ လေ့လာလွန်းလို့ ပြောပြနိုင်လျှင်လည်း ကိန်းဂဏန်း အနည်းငယ်သော လူများသာ ဖြစ်ပေမည်။ မိမိဘာသာကိုတောင် ခရေစေ့တွင်းကျ မလေ့လာနိုင်သူ၊ မဆည်းပူးနိုင်သူက တခြားဘာသာတစ်ခုကို ဝေဖန်ပုတ်ခတ် တိုက်ခိုက်ခြင်းသည် ငတုံးများရှေ့တွင် ပညာမတတ်သူက စာသင်ပြခြင်းသာဖြစ်သည်။ ငတုံးစကားကို ငတုံးသာ လက်ခံမည်။ အသိဥာဏ်ရှိသူက လက်ခံမည်မဟုတ်ပါ။

အစ္စလာမ်ကို မိတ်ဆက်မပေးမီ အစ္စလာမ်ဟုပြောသည်နှင့် အများအားဖြင့် အစ်လုပ်တာ၊ နွားသတ်တာ၊ ဗလီတက်ခြင်းမျှသာ အတွေးထဲပြေးဝင်လာမည်မှာ မုချပင်။ ထို့ထက်ပိုရလျှင် အမျိုးသားများ မုတ်ဆိတ်အရှည်ထားခြင်း၊ ဦးထုပ်ဆောင်းခြင်း၊ အင်္ကျီရှည်ဝတ်ခြင်း၊ အမျိုးသမီးများ (ခပ်ပွပွ၊ အသားထူထူ)ဝတ်ရုံရှည် ဆင်မြန်းခြင်းတို့ မြင်ယောင်မည်။ အစ္စလာမ်သည် ထိုမျှသာ မဟုတ်ပါ။ အစ္စလာမ်သည် ထို့ထက် များစွာ ကျယ်ဝန်းပါသည်။ အချို့ကလည်း အသက်မပြည့်သူ ထိမ်းမြားခြင်းနှင့် မိန်းမလေးယောက်ယူခြင်းကို စာရင်းသွင်းကြသည်။ အမြင်နှင့်အကြားကို အသိပညာဖြင့် ဆုံးဖြတ်ရပါမည်။ အမှန်တရားကို သိရန် အစ္စလာမ်ကို ထဲထဲဝင်ဝင် လေ့လာပါ။ သို့မှသာ အစ္စလာမ့်၏ အနှစ်သာရကို ရရှိခံစားနိုင်မည်။

အစ္စလာမ်၏ အဓိပ္ပါယ်မှာ ငြိမ်းချမ်းခြင်း၊ အေးချမ်းသာယာခြင်းဖြစ်၏။ အစ္စလာမ်ကို ကျင့်သုံးလိုက်သည့် နေရာတိုင်း၊ လူတိုင်း၊ အိမ်တိုင်း၊ အဖွဲ့အစည်း၊ ရပ်ကွက်၊ နိုင်ငံတိုင်းသည် အေးချမ်းမှု၊ ငြိမ်းချမ်းသာယာမှတို့ကို ရရှိမည်ဖြစ်၏။ အစ္စလာမ်သည် လူအများယူဆသလို ဘာသာရေးဟူသည့် အချက်တစ်ခုတည်းကိုသာ အခြေခံ ပြဌာန်းထားခြင်းမဟုတ်။ အစ္စလာမ်သည် စည်းစနစ်နှင့် မူကိုအခြေခံ၍ အေးချမ်းတည်ငြိမ်သည့် ကမ္ဘာလူ့အဖွဲ့အစည်းကြီးတစ်ခု ပေါ်ပေါက်ရေးကို ဦးစားပေးထားသည်။ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပျော်ရွှင်ရေး၊ စိတ်ကြည်နူးရေး အားလုံးသည် အစ္စလာမ်တွင်ပါဝင်၏။ ယနေ့အခါတွင် လူတိုင်း လူတိုင်း ခံစားနေရသည့် ကျန်းမာရေးနှင့် စိတ်ချမ်းသာရေးအတွက် နည်းနစ်များကို အစ္စလာမ်တွင် ပြပေးထားသည်။ အိမ်ထောင်ရေးများတွင် သင့်မြတ်မှုရှိနေရန် နည်းစနစ်များ ညွှန်ပေးထားသည်။ မိသားစုများတွင် ချစ်ကြည်မြတ်နိုးမှုများ တိုးလာရန် စည်းစနစ်များ ချထားသည်။ ခင်ပွန်းနှင့် ဇနီး၊ လင်နှင့်မယားကြားတွင် တစ်ဦးတိုင်းအတွက် သင့်လျော်သည့် တာဝန်များကို အစ္စလာမ်က တိုက်ရိုက်ခွဲပေးထားသည်။ မိဘနှင့် သားသမီးတို့တွင် မိဘကို မိဘအရာပေးနိုင်ရန် သားသမီးက ဘာလုပ်ရမလဲဟူသည့် အချစ်စနစ်ကို နည်းလမ်းပေးထားသည်။ လိင်မတူသည့် ဖိုနှင့် မတို့ အဘယ်ပုံစံနှင့်သာတွေ့ဆုံရမည်ဟု စည်းကမ်းချမှတ်ရင်းဖြင့် မိဘပျောက်ရသည့် ကလေးမွေးမှုစနစ်ပပျောက်ရန် တွန်းအားပေးထားသည်။ အချုပ်ပြောရလျှင် အစ္စလာမ့်လုပ်ဆောင်ချက်များ၏ အဓိကရည်ရွယ်ချက်မှာ လူ့ဘဝတွင် လူတိုင်း လူပီသရေးနှင့် စိတ်ချမ်းသာမှုရရှိရေးတို့ဖြစ်သည်။

အစ္စလာမ်၏ ရည်ရွယ်ချက်ဖြစ်သည့် စိတ်ချမ်းသာမှုနှင့် အေးချမ်းသာယာမှုတို့သည် ယနေ့ခေတ် အများယူဆသလို လူ့စိတ်၏ လွတ်လပ်ခွင့်အပေါ်မူတည် မထားပါ။ စိတ်စေရာ လျှောက်လှမ်းခွင့်မပြုဘဲ မှန်ကန်တိကျသည့် မူဘောင်တစ်ခုအတွင်း လျှောက်လှမ်းစေပြီး သာယာစိုပြေသော လူမှုဘဝတစ်ခုတည်ဆောက်နိုင်ရန်ကိုသာ လေ့ကျင့်ပေးသည်။ လုပ်ချင်တိုင်းလုပ်ခွင့်ပေးရန် လူသည် တိရိစ္ဆာန်မဟုတ်ပါ။ လူတွင် အသိဥာဏ်၊ အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ အမှန်၊ အမှားခွဲခြားနိုင်စွမ်း၊ ကြင်နာတတ်သည့်နှလုံးသားနှင့် ပညာတို့ ရှိသည်။ ထိုသို့ အင်မတန်ထူးခြားသည့် အရည်အသွေးများ ပိုင်ဆိုင်ထားသည့်လူကို စိတ်ကလိုလားတိုင်း လွတ်လပ်ခွင့်ပေးလိုက်လျှင် တိရိစ္ဆာန်နှင့် လူသည် တစ်တန်းစားတည်း ဖြစ်သွားပါမည်။ ဤသို့ဖြစ်ခြင်းကို စာရှုသူတို့လည်း လိုလားမည်မဟုတ်ပါ။ ထို့ကြောင့် အစ္စလာမ်သည် လူ့စိတ်ကို အခြေခံသည်မဟုတ်ဘဲ စည်းစနစ်နှင့် မူကို အခြေခံပေးထားသည်။ မိမိ၏ စိတ်ကို ထိုမူနှင့်ကိုက်ညီအောင် ပြုပြင်နေထိုင်မည်ဆိုပါက အစ္စလာမ်မှရရှိမည့်ငြိမ်းချမ်းသာယာမှုကို အမှန်ပင် ရရှိခံစားရပါမည်။ ဤနည်းသည် မွတ်စ်လင်မ်နှင့် မွတ်စ်လင်မ်မဟုတ်သူများအကြား ကွဲပြားခြားနားခြင်းမရှိပါ။ မွတ်စ်လင်မ်တစ်ဦးက အစ္စလာမ့်နည်းစနစ်၊ မူ၊ ဘောင်၊ စည်းမျဉ်းစည်းကမ်းများ အတိုင်း မနေထိုင်လျှင် ၎င်းသည် မွတ်စ်လင်မ်ဖြစ်သော်ငြားလည်း အစ္စလာမ်၏ အေးချမ်းသာယာမှုကို ပြည့်ပြည့်ဝဝ ရမည်မဟုတ်။ လိုက်နာလျှင်တော့ ရမည်။ မွတ်စ်လင်မ်မဟုတ်သူက အစ္စလာမ်ကို ကျင့်သုံးလျှင်၊ အစ္စလာမ့်စည်းမျဉ်းစည်းကမ်း၊ မူဘောင်များအတိုင်းနေထိုင်လျှင် သူသည်လည်း အစ္စလာမ်က ရမည်ဟု ပြောထားသည့် အေးချမ်းသာယာ ကြည်နူးမှုကို ရမည်ဖြစ်၏။ လူတစ်ဦးသည် ရှင်သန်နေစဉ်ကာလတစ်လျှောက် အစ္စလာမ့်နည်းစနစ်များအတိုင်း စားသောက်၊ နေထိုင်သွားမည်ဆိုပါက ၎င်း၏ သက်တမ်းသည် အေးချမ်းမှု၊ စိတ်ချမ်းသာမှုရမည်။ လူ့ဘဝတွင် အရေးပါဆုံး ကဏ္ဍတစ်ခုဖြစ်သည့် စီးပွားရေး၊ ကမ္ဘာကြီး ရပ်တည်မှုတွင် အခရာဖြစ်သည့် နိုင်ငံရေးများကို အစ္စလာမ်မှ ပြသသည့် စည်းမျဉ်းများအတိုင်း ဆောင်ရွက်ပါက အစ္စလာမ်ရှိသည့် နေရာ၊ လုပ်ငန်း၊ စစ်ရေး၊ နိုင်ငံရေးအားလုံးသည် တည်ငြိမ်အေးချမ်းမည်။ အစ္စလာမ်ကို နေရာဒေသတိုင်း၊ လူတိုင်း၊ အခန်းကဏ္ဍတိုင်းနှင့် ဆောင်ရွက်ချက်တိုင်းတွင် ထည့်သွင်းဆောင်ရွက်နိုင်ပါသည်။ နိုင်ငံတစ်ခု တည်ဆောက်ရာ၌ လူထုကြားတွင် မကောင်းမှုများစွန့်ရန် လူကို တိုက်ရိုက်ပြစ်ဒဏ်ပေးသည့် စနစ်သည် အကောင်းဆုံးနှင့် အထိရောက်ဆုံးဖြစ်၏။ ယင်းစနစ်ကို ကျင့်သုံးနေသည့် နိုင်ငံကို စာရှုသူတို့ အသိဆုံးဖြစ်ပါမည်။ လူသည် အခြားပစ္စည်းနှင့် အခြေအနေတစ်ခုကို လွှဲချလို့ ရနေသရွေ့ မကောင်းမှုလုပ်ခြင်း၊ သူတစ်ပါးကို ဒုက္ခပေးခြင်းများကို မစွန့်နိုင်သေးပေ။ အသားထိလျှင်မူ အလွန်နာတတ်သည်။ လူကို တိုက်ရိုက်ပြစ်ဒဏ်ပေးသည့်စနစ်ကို အစ္စလာမ်က ပြဌာန်းပေးထားသည်။ ကာယကံရှင်၏ စိတ်စေရာ ကြောင့် ဖြစ်လာသော ပြစ်မှုများကို တခြားအရာဝတ္ထုတစ်ခု၊ တခြားအကြောင်းအရာများဖြင့် ပြစ်ဒဏ်ခတ်နေလျှင် မထိရောက်ပါ။ လူကိုပင် တိုက်ရိုက်ဒဏ်ခတ်ခြင်းက အကောင်းဆုံးဖြစ်သည်။ ဤနည်းဖြင့် နိုင်ငံအတွင်းမှ မသမာမှုများ ပပျောက်သွားမည်။ တိုးတက်သည့် နိုင်ငံတစ်ခုဖြစ်ဖို့ ကိုယ်ကျင့်တရားကောင်းသည့် နိုင်ငံသားများရှိနေရန် အရေးကြီးပါသည်။

အစ္စလာမ်သည် ကမ္ဘာလုံးဆိုင်ရာ ဘာသာတစ်ခုဖြစ်သည်။ အစ္စလာမ်သည် လူ့ဘဝနေထိုင်မှု လမ်းညွှန်ဖြစ်သည်။ လူဟုဆိုထားခြင်းကြောင့် ယောက်ျား၊ မိန်းမအားလုံးနှင့် လူ့အလွှာစုံမှ လူတန်းစားအစုံက ကျင့်သုံးနိုင်သည်။ အစ္စလာမ်တွင် လူရယ်လို့ဖြစ်လာပြီးနောက် ရှေ့ဆက်လျှောက်လှမ်းရမည့် လူ့ဘဝတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးကို နည်းစနစ်၊ စည်းကမ်းများ သတ်မှတ်ကာ ပြဌာန်းထားသည်။ အစ္စလာမ်သည် ယုံကြည်ချက်နှင့် ခဝပ်ဆည်းကပ်မှု နှစ်ခုသာမက လူ့ဘဝရပ်တည်မှုတွင် ကြုံတွေ့ရမည့် အရေးကိစ္စနှင့် အခန်းကဏ္ဍအားလုံးအတွက် တိကျလုံလောက်သည့် လမ်းညွှန်ချက်ပေးထားသော ဘာသာတစ်ခုဖြစ်သည်။ ယဉ်ကျေးသော လူနေမှုစနစ်ဖြစ်ပေါ်လာရန် စည်းမျဉ်များ ပြဌာန်းထားသည့် ဘာသာမှာ အစ္စလာမ်ဖြစ်၏။ 

အစ္စလာမ်တွင် ကဏ္ဍကြီး ငါးခုနှင့်ဖွဲ့စည်းထား၏။ ယင်းကဏ္ဍများကို အကျဉ်းချုံ၍ အနည်းငယ်စီ ဖော်ပြပေးသွားမည်။ ပထမကဏ္ဍမှာ ယုံကြည်ချက်ပိုင်းဖြစ်ပြီး၊ ယုံကြည်ချက်ပိုင်းကို လက်ခံသူသည် ကျန်သည့်ကဏ္ဍလေးခုလုံးကို လုပ်ဆောင်ရန် တာဝန်ရှိသည်။ ယုံကြည်ချက်ပိုင်းပြီးနောက် ခဝပ်မှုပိုင်းသည် ဒုတိယကဏ္ဍဖြစ်၏။ အစ္စလာမ့်၏ ခဝပ်ဆည်းကပ်မှုတွင် မလုပ်မနေရတာဝန် လေးခုရှိသည်။ ပထမဦးဆုံးမှာ အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းခြင်း၊ တမန်တော်ထံ မေတ္တာပို့သခြင်းနှင့် ဖတ်နေသူကိုယ်တိုင်အတွက် ဆုတောင်းခြင်းများ ပါဝင်သည့် ဆွလားသ်ဆောက်တည်ခြင်းဖြစ်သည်။ ဆွလာသ်ဆောက်တည်မှုသည် နေ့စဉ်တာဝန်ဖြစ်ပြီး တစ်နေ့တွင် ငါးကြိမ်ဆောက်တည်ရသည်။ ဆွလားသ်တွင် စုပေါင်း ဆောက်တည်မှုနှင့် တစ်ဦးချင်းဆောက်တည်မှုဟူ၍ နှစ်မျိုးရှိသည်။ စုပေါင်းဆောက်တည်ရာတွင် လူတိုင်းသည် အတန်းလိုက် စီလျှက် ဦးဆောင်သူတစ်ဦး၏ နောက်မှ အနွံအတာခံကာ ၎င်းသူ၏ ဆောင်ရွက်ချက်အတိုင်း လိုက်လံလုပ်ဆောင်ခြင်း ဖြစ်သည်။ အစ္စလာမ်တွင်ရှိသည့် ဆွလာသ်ဆုပေါင်းဆောက်တည်မှုတွင် လူ့အလွှာခွဲခြားခွင့် လုံးဝမရှိပါ။ သမ္မတနှင့် သူတောင်းစား၊ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ၊ သူဌေးနှင့် အခိုင်းအစေ၊ အလုပ်ရှင်နှင့် အလုပ်သမား၊ အသားဖြူနှင့် အသားမဲ၊ မျိုးရိုး အနွယ် တူသူ၊ မတူသူအားလုံးသည် တစ်ပြေးညီသာ စီတန်းရမည်။ အချိန်တစ်ခုတည်း၌ ဦးဆောင်သူတစ်ဦး၏နောက်တွင် တစ်ပြိုင်တည်း ဆောက်တည်ရမည်။ ဦးဆောင်သူသည် ဆွလားသ်ဦးဆောင်မှုပိုင်းဆိုင်ရာ နည်းစနစ်များကို နောက်လိုက်များအားလုံးထက် ပို၍တတ်ကျွမ်းနားလည်သူဖြစ်ပါက ကျန်သူအားလုံးသည် သူ့၏အနွံအတာကိုပြုရမည်။ ဦးဆောင်သူအတွက် ပညာပိုင်းကို စည်းကမ်းသတ်မှတ်ထားသည်ဖြစ်ရာ ဦးဆောင်သူသည် ကူလီထမ်းသော စီးပွားရေးကို ရှာသူဖြစ်ပြီး နောက်လိုက်များတွင် သူဌေးများပါဝင်လျှင်လည်း ယင်းသူဌေးတို့သည် ထိုသူ၏ ဦးဆောင်မှုနောက်ကသာ ဆွလားသ်ဝတ်ပြုရမည်။ အစ္စလာမ်၏ ဆွလားသ်ဆောက်တည်မှုပိုင်းတွင် အမြင်အရ ကွာခြားမှုများကို အခြေခံ၍ လူတန်းစားခွဲခြားခြင်းကို အမြစ်ဖြတ် ရှင်းလင်းပေးထားသည်။ စိတ်ပိုင်းဆိုင်ရာ ရောဂါဖြစ်သည့် မာနကို နှလုံးသားနှင့် အတွေးအခေါ်အတွင်းမှ ထုတ်ပေးသည်။ ထို့ပြင် ဦးဆောင်ခြင်းနှင့် နောက်လိုက်ခြင်းဆိုင်ရာ နည်းစနစ်ကို သင်ပေးထားသည်။ ကမ္ဘာ့သမိုင်းတစ်ခုလုံးရှိ ကဏ္ဍရပ်တိုင်းသည် ဦးဆောင်ခြင်းနှင့် နောက်လိုက်မှုတို့ဖြင့်သာ ရပ်တည်လာခြင်းဖြစ်သည်။ ဆွလားသ်တွင် ဦးဆောင်ရန် ဆွလားသ်ဦးဆောင်ခြင်းဆိုင်ရာ ပညာကို စည်းကမ်းချက်ထားသည်။ အခြားမည်သူမဆို မိမိ၏လုပ်ငန်းနှင့် အခြားအကြောင်းကိစ္စတစ်ခုခုတွင် ဦးဆောင်သူ၊ လုပ်ဆောင်သူပြုလုပ်ရန် စည်းကမ်းသတ်မှတ်လိုပါက ဆွလားသ်တွင် ဦးဆောင်ပြုခြင်းဆိုင်ရာ စည်းကမ်းကို နမူနာယူပါက ယင်းသူ၏ လုပ်ငန်း၊ အကြောင်းကိစ္စတို့သည် ပန်းတိုင်သို့အရောက်လှမ်းနိုင်မည်။ ဆွလားသ်၏ ဦးဆောင်မှုတွင် အသားဖြူသူ၊ အမျိုးအနွယ်မြတ်သူ၊ သူဌေး၊ ရာထူးမြင့်သူ၊ လူသိများသူ စသည့်အရည်အချင်းများကို စည်းကမ်းချက်မပေးထား။ သက်ဆိုင်ရာတာဝန်ကို ကျွမ်းကျင်သည့် ပညာရှင်ကိုသာ တာဝန်ပေးသည်။ ထိုပညာကိုတတ်သူက သမ္မတဖြစ်လျှင် ကျန်သူများက နောက်လိုက်လုပ်ရမည်။ အလုပ်သမားဖြစ်လျှင်လည်း ကျန်သူများက နောက်လိုက်ရပေမည်။ ဆွလားသ်တာဝန်သည် နေ့စဉ်တာဝန်တစ်ခုဖြစ်၏။ ဤသို့ဖြင့် လူတွင် တာဝန်ကျေပွန်ခြင်းဟူသည့် အသိစိတ်ဓာတ်ဝင်လာရန် လေ့ကျင့်ပေးနေခြင်းဖြစ်သည်။ ဆွလားသ်ကို တစ်ဦးချင်း ဆောက်တည်မှုက မိမိကိုယ်ကိုယ် ထိန်းသိမ်းနိုင်ရန် သင်ကြားပေးနေသည်။ လူအများနှင့် တစ်ပြိုင်တည်းမဆောက်ရွက်ဘဲ တစ်ဦးချင်းတာဝန်ယူလျက် ဆောင်ရွက်နိုင်သည့် အရည်အချင်းကို လေ့ကျင့်ပျိုးထောင်ပေးနေသည်။ ဆွလားသ်ကို နေ့နှင့်ည နှစ်ခုပေါင်းလျှက် မျှတစွာ သတ်မှတ်ပေးထားသည်။ ပျင်းခြင်း၊ အပေါ့ရိကနေလိုစိတ်ရှိခြင်းနှင့် ဂရုမစိုက်ခြင်းဟူသည့် အကျင့်ဆိုးတို့ကို ဤစနစ်ဖြင့် ပြုပြင်ပေးသည်။ နေမထွက်မီ နှစ်နာရီခန့်အလိုကတည်းက အိပ်ယာထရန် တာဝန်ပေးထားသည်။ နေမထွက်မီ အိပ်ယာထရန် တာဝန်ပေးခြင်းကပင် ညအချိန်တွင် စောစောအိပ်ရန် စေခိုင်းလိုက်ခြင်းဖြစ်သည်။ ညအချိန်ကို အိပ်စက်ခြင်း၊ အိပ်ရေးဝခြင်းတို့သည် ကျန်းမာရေးကောင်းရန် အဓိကဆေးဝါးဖြစ်၏။

ဒုတိယတာဝန်မှာ တစ်နှစ်တွင် တစ်လ နေ့ပိုင်းအချိန်တွင် စား၊ သောက်၊ သံဝါသပြုခြင်းများကို ရှောင်ခြင်း၊ နာမ်ပိုင်းဆိုင်ရာ မကောင်းစိတ်များကို ချုပ်တီး၍ မိမိ၏စိတ်အတွင်းမှ ပပျောက်အောင်လုပ်ရသည့် ဆောင်မ် (ဥပုသ်) ဆောက်တည်ခြင်းဖြစ်၏။ အစ္စလာမ်တွင်ရှိသည့် ဥပုသ်စောင့်ခြင်းတွင် တစ်နေ့တာလုံးကို ဘာဆို ဘာမျှ စားသောက်ခွင့်မပေးထားပါ။ ထို့အတူ သံဝါသအမှုကို ရှောင်ရမည်။ ဤစည်းကမ်းချက်နှစ်ခုဖြင့် မစားမသောက်ရ အငတ်ဘေးနှင့် ကြုံနေရသူများ၊ စားတစ်လှည့် မစားတစ်လှည့်နှင့် ဒုက္ခရောက်နေသူများကို ကိုယ်ချင်းစာတရားထားနိုင်ရန် သင်ပေးခြင်းဖြစ်သည်။ ဒုတိယစည်းကမ်းချက်မှာ သက်ရှိတိုင်းတွင် ရှိသည့် တဏှာကို ချုပ်တည်းနိုင်ရန်ဖြစ်၏။ တဏှာရှိသည်။ လူတွင် တဏှာပါသည်။ သို့သော် ယင်းတဏှာကိုလည်း ချုပ်တည်း ထိန်းသိမ်းတတ်ရမည်။ တဏှာကို မချုပ်နိုင်ပါက လူဖြစ်ရှုံး၍ လူ့ဘောင်လောကတွင် ဂုဏ်သိက္ခာမရှိသူဖြစ်မည်။ တဏှာသည် အစားကျူးခြင်းနှင့် ခန္ဓာအင်အားများနေခြင်းတို့မှ ပေါက်ဖွားလာသည့် စိတ်ဖြစ်သည်။ ထို့ကြောင့် အစားကို အရင်ဖြတ်သည်။ ဗိုက်ငတ်နေလျှင် တဏှာဘက်ကို အာရုံမများတော့။ အကယ်၍ တဏှာဘက်ရောက်နေလျှင်လည်း တဏှာမကျူးရန် စည်းကမ်းချက်အဖြစ် ထည့်သွင်းသတ်မှတ်ပေးထားသည်။ တဏှာမကျူးရဟူသည့် စည်းကမ်းချက်သည်လည်း လူ့ဘဝတွင် တဏှာတစ်ခုကို ချုပ်လိုက်ပါက အခြားသောအင်အားကောင်း၊ အတွေးအခေါ်ကောင်းများ ထွက်ပေါ်လာမည်ကို သင်ပေးနေခြင်း ဖြစ်၏။

တတိယတာဝန်မှာ လူသည် မိမိပိုင်ဆိုင်သည့် ဥစ္စာ၊ ငွေကြေး၊ စုဆောင်းထားမှုများ၊ ဝင်ငွေတို့မှ သတ်မှတ်ထားသည့် အတိုင်းအတာတစ်ခုသို့ ရောက်လျှင် ယင်းငွေကြေး၊ ဥစ္စာထဲမှ အပုံလေးဆယ်ပုံ တစ်ပုံအား အစ္စလာမ်က ဆင်းရဲသားဟု သတ်မှတ်သူများကို ပေးကမ်းရသည့် ဇကားသ်ဟူသည့် ငွေကြေးဥစ္စာလှူဒါန်းရသည့် ခဝပ်မှုဖြစ်သည်။ ဇကားသ်တွင် ပိုက်ဆံအလှူ၊ ရွှေငွေအလှူ၊ တိရိစ္ဆာန် အရှင်လှူဒါန်းမှုနှင့် ကောက်ပဲသီးနှံအလှူတို့ပါဝင်သည်။ ဇကားသ်ဟူသည့် ခဝပ်မှုကို ပိုက်ဆံချမ်းသာမှ ဆောင်ရွက်နိုင်သည်။ ဇကားသ်တွင် ပုံစံနှစ်ခုပါဝင်သည်။ တစ်ခုမှာ ဇကားသ်ဟူသည့် အလှူပြုနိုင်ရန် ကိုယ်တိုင်ကြွယ်ဝအောင် လုပ်ရမည်။ ဤပထမပုံစံတွင်လည်း လူရယ်လို့ ရှင်သန်လာချိန်တွင် ပိုက်ဆံရှာရမည့်တာဝန်ကို ပေးထားခြင်းဖြစ်၏။ လူ၊ လူချင်းထံမှ တောင်းရမ်းကို ခဝပ်မှုအဖြစ်မသတ်မှတ်ထားပေ။ ကိုယ်တိုင်ရှာဖွေပြီး လှူဒါန်းခြင်းကိုသာ ခဝပ်မှုအဖြစ် သတ်မှတ်ထားသည်။ ဇကားသ်အလှူတွင်ပါဝင်သည့် ဒုတိယပုံစံမှာ မိမိချမ်းသာသလို နောက်တစ်ဦးကိုလည်း ချမ်းသာလာအောင် လုပ်ပေးခြင်းဖြစ်သည်။ တစ်ကိုယ်ကောင်းမဆန်ရန် ဖြစ်၏။ မိမိအစဉ်ပြေသလို အခြားသူများလည်း တစ်ချိန်ချိန်တွင် အစဉ်ပြေလာရမည်။ မိမိတစ်ဦးတည်း လောဘမထားရ။ သေလျှင်ထားခဲ့ရပြီး ပျက်စီးလျှင် စွန့်ပစ်ရမည့် သင်္ခါရလောက၏ လောဘပစ္စည်းများကို မိမိတစ်ဦးတည်းတွင် စုဆောင်းကာ ကိုယ့်ဖို့သာလုပ်ခွင့်မရှိ။ မိမိပိုင်ထဲမှ ဆင်းရဲသားများကို ကူညီရမည်။ ဤသို့ကူညီခြင်းဖြင့် သဒ္ဒါတရား၏စိတ်ဓါတ် တိုးပွားမည်။ သူတစ်ပါးကောင်းစားသည်ကို မနာလိုသည့်စိတ်ဓါတ် ချုပ်ငြိမ်းရပါသည်။ ကိုယ့်ပစ္စည်း၊ ကိုယ့်ပိုက်ဆံဖြင့်ပင် နောက်တစ်ယောက် ကောင်းစား ချမ်းသာအောင်လုပ်ပေးရန် ဖြစ်သည်။ ထို့ကြောင့် အစ္စလာမ်တွင်ရှိသည့် ဇကားသ်ဟူသည့် အလှူခဝပ်မှုသည် ဆင်းရဲသားပပျောက်ရေး၊ မွဲတေမှုချုပ်ငြိမ်းရေးနှင့် ဆင်းရဲချမ်းသာကွာဟမှုကို ထိန်းညှိပေးသည့် နည်းစနစ်ပင် ဖြစ်၏။

စတုတ္ထတာဝန်မှာ လူသည် စားဝတ်နေရေး ချောင်လည်ပြည့်စုံပြီးနောက် အခြားနိုင်ငံတစ်ခုသို့ပါ သွားနိုင်လောက်အောင် ကြွယ်ဝချမ်းသာပါက မက္ကဟ်မြို့ရှိ ကမ္ဘာဦးကတည်းက တည်ရှိသော ကအ်ဗဟ်သို့သွား၍ သတ်မှတ်ထားသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ရသည့် ဟဂ်ျတာဝန်ဖြစ်သည်။ နိုင်ငံရပ်ခြားသို့သွားရမည့် တာဝန်တစ်ခုအား ခဝပ်မှုတွင်ထည့်သွင်း ပေးထားသည်။ နိုင်ငံခြားသို့သွားနိုင်ရန် ပိုက်ဆံချမ်းသာရမည်။ ပိုက်ဆံချမ်းသာရန် စီးပွားရှာရမည်။ ပိုက်ဆံရှာခြင်းနှင့် စီးပွားရေးဆိုင်ရာလုပ်ဆောင်မှုကို အစ္စလာမ်က မကောင်းမှု၊ လောကီကို မက်မောခြင်းဟု မသတ်မှတ်ပါ။ အစ္စလာမ်သည် စီးပွားရှာခြင်း၊ ကြီးပွားအောင်လုပ်ခြင်း တစ်နည်းဆိုရသော် လူ့ဘဝတွင် ရပ်တည်နေစဉ် ကိုယ့်အားကိုယ်ကိုးခြင်းကို ခဝပ်ဆည်းကပ်ရာကောင်းမှုအဖြစ်သတ်မှတ်ပေးထားသည်။ တောင်းရမ်းခြင်းကို လုံးဝအားမပေးထားသည်သာမက ကိုယ်ထူကိုယ်ထ ကိုယ့်တာဝန်ကိုယ်ကျေပွန်ခြင်းကို အလေးပေးထားသည့် ဘာသာဖြစ်သည်။ ဟဂ်ျတွင် ဘယ်လောက်ပဲချမ်းသာပါစေ ၎င်းနေရာသို့ ရောက်လာသူတိုင်းသည် သတ်မှတ်ဝတ်စုံတစ်ခုကိုသာ ဝတ်ရမည်ဖြစ်ပြီး ရောက်လာသူတိုင်းနှင့် တန်းတူနေထိုင်သွားလာရမည်ဖြစ်၏။ ကာယလှုပ်ရှားမှုများဖြင့် ပြုလုပ်ရသည့် ခဝပ်ဆည်းကပ်မှုဖြစ်သည်။

တတိယကဏ္ဍမှာ အပေးအယူကဏ္ဍဖြစ်သည်။ အပေးအယူဟူသည်မှာ ကုန်သွယ်မှုနှင့် စီးပွားရေးကိုဆိုလိုသည်။ အစ္စလာမ်သည် စီးပွားရေးလုပ်ခြင်းနှင့် ချမ်းသာအောင်ရှာဖွေခြင်း၊ ချမ်းသာစွာနေထိုင်ခြင်းကို မတားမြစ်ပါ။ ကုန်သွယ်မှုနှင့် စီးပွားရေးဆိုင်ရာ နည်းစနစ်များကို ပြပေးထားသည့် ဘာသာဖြစ်သည်။ အသက်ရှင်နေသူတိုင်း အပေးအယူနှင့် မကင်းပါ။ လူ့လောကတွင် အသက်ရှင်လာသူတိုင်း စား၊ ဝတ်၊ နေရေးဟူသည့် အရေးသုံးပါးကို မလွဲမသွေကြုံရမည်သာဖြစ်သည်။ စားရန် အစားအသောက်၊ ဝတ်ရန် အဝတ်အထည်နှင့် နေထိုင်ရန် နေရာဌာနတို့ကို ပိုက်ဆံဖြင့် ဝယ်ယူရသည်။ ပိုက်ဆံရရန် စီးပွားရေးလုပ်ရမည်။ စီးပွားရေးသည်လည်း တရားသောစီးပွားရေးဖြစ်ရမည်။ မတရားသောစီးပွားရေးမဖြစ်ရ။ အစ္စလာမ့်အပေးအယူကဏ္ဍသည် တစ်ဦးတစ်ယောက် ကောင်းစားရေးထက် လူအားလုံး ကောင်းလာရေးကို ဦးစားပေးထားသည်။ ပိုက်ဆံရသည့် နည်းစနစ်သည် လူအားလုံးထံမှ ခေါင်းပုံဖြတ်ထားသည့် ပုံစံမဖြစ်ရပါ။ အသက်ရှင်လာပြီးနောက် လူ့ဘဝတစ်ခု တည်ဆောက်ရန် ပိုက်ဆံသည် လိုအပ်ချက်ဖြစ်လာသဖြင့် ယင်းပိုက်ဆံရှာရန် မူများ၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ စည်းကမ်းများကို အစ္စလာမ်ကပြပေးထားသည်။ ပိုက်ဆံရှာခြင်း၊ စီးပွားရှာခြင်း၊ ပိုက်ဆံရရန် အလုပ်လုပ်ခြင်းတို့အား မည်သည့်ဘာသာကို သက်ဝင်ယုံကြည်သူပင်ဖြစ်ပါစေ လုပ်ကိုင်ရသည်ချည်းသာ ဖြစ်၏။ အလုပ်လုပ်ပြီဆိုလျှင် မိမိထံသို့ များများဝင်စေလိုသည်။ မိမိထံမှ နည်းနည်းသာ ထွက်လိုသည်။ ဤဆန္ဒကိုအခြေခံပြီး မတရားစီးပွားရှာမှု၊ ခိုးမှု၊ လိမ်မှုတို့ဖြစ်လာရခြင်း ဖြစ်သည်။ အစ္စလာမ်သည် စီးပွားရှာရာတွင် တရားသောနည်းဖြင့်ရှာရန် နည်းစနစ်ပြထားသည်။ လုပ်ငန်းများတွင် အရေအတွက်နှင့် အချိန်အတွယ်များဖြင့် လုပ်ကိုင်ကြသည်။ ကိုးခုသာရှိသော အရေအတွက်ကို ဆယ်ခုဟုပြောမရောင်းရ။ အပြစ်အနာအဆာပါနေသည့်ပစ္စည်းကို ဖုံးကွယ်လိမ်ဆင်၍ မရောင်းရ။ အလေးချိန်မခိုးရ။ ကုန်ဈေးနှုန်းများ တတ်လာစေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ပစ္စည်းများရှားပါးသွားစေရန် သိုလှောင်ထားခြင်း မလုပ်ရ။ ကမ္ဘာ့စီးပွားရေးလောကတွင် အသုံးအများဆုံး စနစ်တစ်ခုမှာ အတိုးဖြစ်၏။ အတိုးကို အစ္စလာမ်က ယတိပြတ် တားထား၏။ အစ္စလာမ့်စီးပွားရေးနည်းစနစ်တွင် အတိုးဖြင့် စီးပွားရှာခွင့်မရှိပါ။ အတိုးပေးခွင့်၊ ယူခွင့်နှစ်ခုလုံးကို ခွင့်မပြုထားပေ။ ဘာသာတူခြင်းကိုဖြစ်စေ၊ ဘာသာမတူသူကိုဖြစ်စေ အတိုးမပေးရသလို ၎င်းတို့ထံမှ အတိုးပြန်ယူခွင့်လည်းမရှိပါ။ အတိုးနှင့် ဆက်စပ်အလုပ်အကိုင်များ၊ တိုက်ရိုက်အတိုးမဖြစ်သော်လည်း သွယ်ဝိုက်နည်းများဖြင့် အတိုးသဏ္ဍာန်ဆောင်လျှင်လည်း ခွင့်မပြုထားပေ။ အတိုးဟူသည်မှာ ဆင်းရဲသားကို ဆင်းရဲတွင်းနက်အောင် ချမ်းသာသူက ပိုချမ်းသာအောင်လုပ်သောနည်းဖြစ်သည်။ ချမ်းသာသူ ပိုချမ်းသာလာခြင်းက ပြဿနာမဟုတ်။ ဆင်းရဲသားများ ပိုဆင်းရဲသွားခြင်းသည် ခိုးသူ၊ လုယက်သူများပိုများလာအောင် အားပေးနေခြင်းဖြစ်၏။ ဆင်းရဲသားလူတန်းစားနှင့် ချမ်းသာသူလူတန်းစားတို့အကြားတွင် အလွန်ကြီးမားသော ကွာဟမှုကို အတိုးကဖြစ်စေသည်။ ထို့ကြောင့် အစ္စလာမ်တွင် ဂုတ်သွေးစုတ်သည့် အတိုးစနစ်ကို အပြီးတိုင် ပိတ်ပင်ထားသည်။ စီးပွားရေးစနစ်တွင် ငွေကြေးချေးခြင်း၊ ငှားရမ်းခြင်းတို့ ပါဝင်သည်။ ငွေချေးရာတွင် အတိုးမယူရ။ အရင်းအတိုင်းသာ ယူရမည်။ ထို့ပြင် ချေးငွေကို ပြန်ဆပ်ရန် တာဝန်ပေးထားသည်။ ငှားထားသည့်အရာများကို ပြန်ပေးရန် တာဝန်ရှိသည်။ တတိယကဏ္ဍဖြစ်သည့် အပေးအယူပိုင်းတွင် အလုပ်ရှင်နှင့်အလုပ်သမားဆိုင်ရာ တာဝန်များလည်း ပါသည်။ တန်ကြေးနှင့် ကာလတစ်ခုသတ်မှတ်ပြီး အလုပ်သဘောတူထားလျှင် အလုပ်ရှင်ကလည်း သတ်မှတ်ချက်အတိုင်း လခကို အပြည့်ပေးရန် တာဝန်ရှိသည်။ ထို့အတူ သတ်မှတ်ချက်တွင်ပါသည်များကိုသာ စေခိုင်းခွင့်ရှိပြီး သတ်မှတ်ချက်တွင် မပါသည်များကို စေခိုင်းခွင့်မရှိပါ။ အလုပ်သမားဘက်ကလည်း မိမိ၏ တာဝန်ကို အပြည့်ထမ်းဆောင်ရမည်။ ပျက်ကွက်ပေါ့လျော့ပြီး လုပ်အားခအပြည့်ယူခြင်းကို မတရားမှုဟု သတ်မှတ်သည်။ ထိမ်းမြားမှုနှင့် အမွေကဏ္ဍများသည်လည်း အပေးအယူပိုင်းဆိုင်ရာတွင် ပါဝင်သည်။ ထိမ်းမြားပြီးလျှင် ဇနီးမောင်နှံကြားတွင် သက်ဆိုင်ရာ တာဝန်များကို ကိုယ်စီကိုယ်ငှ ကျေပွန်ရမည်။ စားဝတ်နေရေးအတွက် ရှာဖွေမှုတာဝန်သည် အမျိုးသားတာဝန်ဖြစ်ပြီး အိမ်ထောင်ထိန်းသိမ်းမှုတာဝန်သည် အမျိုးသမီးတာဝန်ဖြစ်၏။ စားရိတ်ထောက်ပံ့မှုတွင် အမျိုးသားက အမျိုးသမီးအား ပြည့်ပြည့်ဝဝပေးရမည်ဖြစ်သလို အမျိုးသမီးကလည်း မိမိခင်ပွန်းအတွက် အဖော်မွန်ကောင်းတစ်ဦး ဖြစ်နေရမည်။ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် တာဝန်သိတတ်မှုတို့သည် အပေးအယူကဏ္ဍ၏ အဓိကပင်မအချက်များဖြစ်သည်။ ဤတတိယကဏ္ဍတွင် အမွေခွဲဝေပေးရမည့် နည်းစနစ်ကိုလည်း အပြည့်အစုံပြပေးထားသည်။ အမွေဟူသည်မှာ အသက်ရှိ၍ စဉ်းစားတွေးခေါ်တတ်သော လူသားတို့အကြား အကြီးဆုံးသော စိတ်ဝမ်းကွဲစေမှုဖြစ်သည့် သက်မဲ့ပစ္စည်းဖြစ်၏။ ဤသက်မဲ့ကြောင့်ပင် သွေးရင်းသားချင်းများ သတ်ဖြတ်ကြသည်အထိ ဖြစ်ကြရသည်။ သေသူက သေသွားသော်လည်း သူချန်ရစ်ခဲ့သည်များက ရှင်နေသူများကြား ရှင်လျှက်နှင့် သေအောင်သတ်နေသည်။ အစ္စလာမ်တွင် အမွေကို တိုက်ရိုက်ဥပဒေပြဌာန်းကာ ခွဲဝေပေးထားသည်။ တော်စပ်မှုတစ်ခုတိုင်းအတွက် သီးခြားရပိုင်ခွင့်များပေးထားသည်။ ပေးသင့်ပေးထိုက်သည်ကို ပေးရန် တာဝန်ရှိသည်။ မပေးဘဲ သိုဝှက်ထိန်ချန်ခွင့် မရှိပါ။ ထို့ပြင် လက်တွေ့ဆန်သည့် သတ်မှတ်မှုဖြင့် အမွေခွဲခိုင်းထားသည်။ စိတ်ပိုင်းဆိုင်ရာခံစားချက်များနှင့် လူ့အတွေးအခေါ်ကို ဦးစားမပေးထားပါ။ ယောက်ျားသားတစ်ဦးသေလျှင် သူနှင့်သက်ဆိုင်သူများကို အမွေပေးရမည်။ ယောက်ျားသားတွင် ဇနီးရှိသဖြင့် ဇနီးရှိနေ၍ အမွေမခွဲရဟူသည့် စိတ်ခံစားချက်ဥပဒေမျိုးကို မပြဌာန်းထားပေ။ ဇနီးရှိလျှင်လည်း ဇနီး၏ ရပိုင်ခွင့်ကိုပေး၍ အမွေခွဲရမည်။ အပေးအယူပိုင်းကိုလည်း အစ္စလာမ်က ကုသိုလ်၊ အကုသိုလ်စာရင်းတွင် ထည့်သွင်းပေးထားသည်။ အစ္စလာမ်က သတ်မှတ်ထားသည့် အပေးအယူနည်းအတိုင်း မှန်ကန်စွာ ရှာဖွေလုပ်ကိုင်စားသောက်သော မုစ်လင်မ်တစ်ဦးအဖို့ ၎င်း၏စီးပွားရှာခြင်း၊ မိသားစုကိုထောက်ပံ့ပေးခြင်း တို့သည် ကုသိုလ်ဖြစ်၏။ တားထားသည့်နည်းဖြင့် စီးပွားရှာလျှင် အကုသိုလ်ဖြစ်၏။ အစ္စလာမ်သည် လူသားတိုင်းအတွက် ဘဝလမ်းညွှန်ချက်ဖြစ်ပေရာ ဘဝတစ်ခုရှင်သန်နိုင်ရန်အတွက် စီးပွားရေးရှိရန်လည်း လိုအပ်သည်။ စီးပွားရေးလုပ်ခြင်းကို တားဆီးလိုက်ခြင်းက သူတောင်းစားများ၊ သူခိုး၊ လုယက်ဆိုးသွမ်းသူများ ပေါများလာရန် အားပေးလိုက်ခြင်းပင် ဖြစ်၏။ လုပ်ဆောင်မှုနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် အစ္စလာမ့်နည်းအတိုင်း စီးပွားရှာသူတစ်ဦးအဖို့ အမှန်တကယ်အောင်မြင်မှု ရပေလိမ့်မည်။

စတုတ္ထကဏ္ဍမှာ အကျင့်စာရိတ္တပိုင်းဆိုင်ရာ ကဏ္ဍဖြစ်၏။ အကျင့်စာရိတ္တ၏ လိုအပ်ချက်မှာ သက်ရှိကမ္ဘာတွင် လူအတွက်သာ အထူးလိုအပ်သည်။ သင်ကြားရေးစနစ်များ အလွန်တိုးတက်လာပြီးနောက်ပိုင်းတွင် တိရိစ္ဆာန်များကိုပင် ယဉ်ကျေးလိမ္မာလာအောင် သင်ပေးနိုင်လာကြသည်။ မယဉ်ကျေးသည့် တိရိစ္ဆာန်များကို ယဉ်ကျေးအောင်သင်ပေးလာနိုင်သော်လည်း တစ်ဖက်တွင် ယဉ်ကျေးမှုဓါတ်ခံရှိပြီးသားလူများ ရိုင်းလာခြင်းကိုမူ ထိန်းချုပ်မရဖြစ်နေသည်မှာ နှစ်ဆယ့်တစ်ရာစု၏ အဆိုးဆုံးသောရောဂါ ဖြစ်နေသည်။ ကလေးငယ်များ အကျင့်ကောင်းလာစေရန် အကောင်းဆုံးကျောင်းများတွင် ထားကြသည်။ ယဉ်ကျေးရန်ဟူသည့်ခေါင်းစဉ်အောက်က ယဉ်ကျေးလိမ္မာသင်တန်းများဖွင့်ကြသည်။ သို့သော်လည်း ပိုဆိုးသည်ထက် ဆိုးလာသည်မှာ ဘာ့ကြောင့်နည်း။ ရှင်းပါသည်။ လူတို့၏ အတွေးအခေါ်ကိုသာ အခြေခံထားသော နည်းစနစ်များဖြစ်သဖြင့် တစ်နေရာမဟုတ် တစ်နေရာတွင် လစ်ဟာမှုဖြစ်လာရသည်။ ဆိုးသွမ်းစေသည့် ပင်မအချက်များကို တိုက်ရိုက်ပြုပြင်ခြင်းမရှိသဖြင့် အခြားအကျင့်အမူများ ဘယ်လောက်ကောင်းအောင် သင်ပေးသည်ဖြစ်စေ အချိန်တန်လျှင် အကျင့်စာရိတ္တက မကောင်းသည်သာဖြစ်၏။ အကျင့်စာရိတ္တပိုင်းပြုပြင်ရန် စိတ်ခံစားချက်များနှင့် မုန်တီးမှုများကိုအခြေခံကာ ယဉ်ကျေးလိမ္မာအောင်သင်တန်းများဖွင့်သင်ခြင်းသည် အပုပ်ကောင် ရုပ်ဆောင်ပြခြင်းသာဖြစ်၏။ အချိန်တန်တော့ သရုပ်မှန်များထွက်လာကာ ယဉ်ကျေးလိမ္မာသင်တန်းသည် အရိုင်းများထုတ်ပေးရာ ဌာနဖြစ်တော့သည်။ ထို့ကြောင့် လူတစ်ယောက် အကျင့်ကောင်းလာရန် စိတ်ခံစားချက်များကို အခြေခံလို့မရပါ။ အကျင့်စာရိတ္တပိုင်းတွင် ညံ့ဖျင်းသေးသိမ်မှုက ကမ္ဘာအလည်တွင် မျက်နှာငယ်ရန် အကြောင်းခံတစ်ခုပင် ဖြစ်၏။ နိုင်ငံတစ်နိုင်ငံ တိုးတက်ခြင်း၊ ကြီးပွားချမ်းသာခြင်းသည် ယင်းနိုင်ငံသူ နိုင်ငံသားများ၏ ကိုယ်ကျင့်တရား အကျင့်စာရိတ္တနှင့် တိုက်ရိုက်ဆက်နွယ်မှုရှိသည်။ အစ္စလာမ်တွင် မူးယစ် မိန်းမောစေသည့်အရာများအားလုံးကို ယတိပြတ်တားမြစ်ထားသည်။ အရက်၊ ဘီယာ၊ ဝိုင် အရက်နှင့် ဆက်စပ်အရာများအားလုံး၊ ဘိန်း၊ ဆေးခြောက်စသည့် အရာများကိုလည်း တားထားသည်။ ဆေးဖြစ်ဝါးဖြစ်မှစ၍ စီးပွားဖြစ်အထိ လုပ်ပိုင်ခွင့် လုံးဝမပေးထားပါ။ ကိုယ်တိုင်လည်း သောက်ခွင့်မပေးထားသလို အခြားသူများကိုတိုက်ခြင်း၊ ရောင်းချပေးခြင်း၊ ထုတ်လုပ်ပေးခြင်းများအားလုံးကို တားမြစ်ပိတ်ပင်ထားသည်။ မိမိကိုယ်တိုင်၊ မိမိ၏ မိသားစု၊ ဝန်ထမ်း၊ ကျောင်းသားများအကြားတွင် တိုးတက်အောင်မြင်သူများ၊ ကိုယ်ကျင့်တရားကောင်းသူများ ပေါ်ပေါက်လာစေလိုပါက အရက်နှင့် မူးယစ်မိန်းမောစေသည့် အရာများအားလုံးကို သုံးစွဲခွင့်တားမြစ်လိုက်ပါ။ ဤအရက်နှင့် မူးယစ်ပစ္စည်းများတွင် ကောင်းကျိုးအနည်းငယ်သာရှိပြီး ဆိုးကျိုးက ပိုများသည်။ ထိုဆိုးကျိုးကို ကာယကံရှင်ကလည်း ခံစားရသလို ပတ်ဝန်းကျင်ကလည်း ခံစားရသည်။ အရက်သည် ကိုယ်ကျင့်တရားပျက်ပြားရန် အပြည့်အဝအားပေးသော အဆိပ်တစ်ခုဖြစ်၏။ အစ္စလာမ်သည် ကိုယ်တိုင်စိတ်ချမ်းသာဖို့ သူတစ်ပါးကို ချနင်းသည့်အခြေအနေမျိုးကို အားမပေးပါ။ အစ္စလာမ့်အိမ်ထောင်ရေးစနစ်တွင် အိမ်ထောင်ရှင်အချင်းချင်း ဖောက်ပြားမှုကို ထိရောက်သည့် ဒဏ်ခတ်ခြင်းဖြင့် ထိန်းကွပ်ထားသည်။ မိန်းမလေးယောက်ယူရန်အတွက် တန်းတူညီမျှထားနိုင်ရမည်ဟူသည့် စည်းကမ်းချက်ရှိသည်။ လူတစ်ဦးနှင့် တစ်ဦးအကြားတွင် သွေးထိုးလှုံဆော်ပေးခြင်း၊ မတရားစွပ်စွဲခြင်း၊ နှစ်ဖက်ချွန်လုပ်ခြင်းများကို လုံးဝခွင့်မပြုပါ။ ထိုအကျင့်မျိုးရှိသူသည် အမတဥယျာဉ်နန်း၏ မွှေးရနံကိုပင် ရမည်မဟုတ်ဟု ပြဌာန်းထားသည်။ လိင်မတူသူများ အရသာခံစားလိုပါက သတ်မှတ်သည့် စည်းမျဉ်းများအတိုင်း ထိမ်းမြားမှုလုပ်ရန် စည်းကမ်းထားသည်။ ထိမ်းမြားခြင်းဖြင့် လူတစ်ဦးသည် နောက်တစ်ဦးကို တာဝန်ယူရသည်။ တာဝန်ယူလိုစိတ်၊ တာဝန်သိစိတ်တို့ကို ထိမ်းမြားမှုဖြင့် သင်ကြားပေးထားသည်။ ထိမ်းမြားပြီးနောက် ဇနီးမောင်နှံအကြား သက်ဆိုင်ရာ တာဝန်များကို သတ်မှတ်ပေးထားသည်။ မိန်းမနှင့် ယောက်ျားသည် ပုံသဏ္ဍာန်မတူသည့် လူနှစ်မျိုးဖြစ်သည်။ ယောက်ျားနှင့် မိန်းမကို တာဝန်အတူတူပေး၍ တန်းတူစေခိုင်းခြင်းမှာ မတရားခြင်းသာ ဖြစ်၏။ အစ္စလာမ်တွင် မိန်းမသားကို မိန်းမသားနှင့် သင့်တော်သည့် တာဝန်၊ ယောက်ျားသားကို ယောက်ျားသားနှင့် လိုက်ဖက်သည့် တာဝန်များကို ခွဲပေးထားသည်။ အကျင့်စာရိတ္တကောင်းခြင်းနှင့် ဆိုးခြင်းတို့သည် လိင်ကိစ္စကို မှန်ကန်စွာ အသုံးချခြင်းနှင့် အသုံးမချခြင်းတို့အပေါ်တွလည်း များစွာ မူတည်ပါသည်။ အစ္စလာမ်တွင် ဆဲဆိုခြင်းကို တားထားသည်။ အဆဲဖြင့် စကားမဆိုရ။ ဆဲခြင်းသည် မယဉ်ကျေးခြင်း၊ အကျင့်စာရိတ္တမကောင်းခြင်း၏ အမှတ်အသားဖြစ်သည်။ ဘာသာတစ်ခု၏ ဘာသာဝင်များသည် နောက်ဘာသာတစ်ခုကို မဆဲရ။ တခြားသူ၏ မိဘကို မဆဲရဟူသည့် ပညတ်ကို ပြဌာန်းထားသည်။ ဆဲဆိုခြင်းသည် ယဉ်ကျေးသည့်အသိုင်းအဝိုင်း၏ လုပ်ရပ်မဟုတ်ပါ။

ပဉ္စမကဏ္ဍမှာ လူမှုရေးကဏ္ဍဖြစ်သည်။ လူမှုရေးဟူသည်မှာ ယဉ်ကျေးပြူငှာသော လူ့အသိုင်းအဝိုင်းတစ်ခုဖြစ်ရန် အဓိက သင်ကြားမှုဖြစ်သည်။ အထက်ကဏ္ဍလေးခုလုံးသည် ဤလူမှုရေးကို အခြေခံထားသည်။ လူသည် လူမှုရေးနားလည်ရမည်။ လူမှုရေးအတွက် စည်းမျဉ်းစည်းကမ်းများ ရှိရမည်။ ကမ္ဘာကြီး စည်းကားနေခြင်း၏ အဓိကပင်မမှာ လူဖြစ်သည်။ ကျန်အရာဝတ္ထုများ၊ စက်ကိရိယာများ၊ နေ၊ လ၊ ကြယ်၊ တိရိစ္ဆာန်၊ သစ်ပင်များသည် လူအတွက် ဆင်ယင်ပေးထားခြင်းဖြစ်၏။ လူသည် နောက်လူတစ်ယောက်နှင့် ပြောဆိုဆက်ဆံသည်။ လူက လူဖြင့် ပျော်ရွှင်မှုရမှာသာ လူတစ်ဦးတိုင်း၏ ဘဝသည်လည်း သာယာနေမည်ဖြစ်၏။ စီးပွားရေးနှင့် အပေးအယူကဏ္ဍတို့သည် ပစ္စည်းဥစ္စာနှင့် သက်ဆိုင်ပြီး လူမှုရေးသည် လူ့စိတ်နှလုံးနှင့် သက်ဆိုင်သည်။ ပိုက်ဆံချမ်းသာခြင်းထက် စိတ်ချမ်းသာဖို့က ပိုအရေးကြီးသည်။ စိတ်ချမ်းသာမှ ကိုယ်ခန္ဓာကျန်းမာမည်။ စိတ်ပျို ကိုယ်နု၊ စိတ်ထောင်း ကိုယ်ကျေဟူသည့် စကားရပ်တွင် ခန္ဓာကိုယ်၏ ကျန်းမာရေးကို စိတ်ပေါ်တွင် မူတည်ထားသည်။ လူ့လောကသည် လူများဖြင့်သာတည်ဆောက်ထားခြင်းဖြစ်သောကြောင့် လူတိုင်းသည် နောက်တစ်ဦးကို စိတ်ချမ်းသာစေရမည်။ လူနှင့် လူတွေ့ဆုံရာတွင် သက်ဆိုင်ရာ လူမှုရေးရှိရမည်။ အစ္စလာမ်တွင် ပြဌာန်းထားသည့် လူမှုဆက်ဆံရေးစနစ်သည် စံပြထားနိုင်သည့် စံနှုန်းပြည့် လူမှုဆက်ဆံရေးစနစ်ဖြစ်သည်။ အစ္စလာမ်တွင် စိတ်ထားပိုင်းကို အထူးဦးစားပေးသည်။ ရုပ်ပိုင်းဆိုင်ရာကို ဦးစားမပေးပါ။ ထို့ပြင် မိမိစိတ်ချမ်းသာရေးထက် သူတစ်ပါး စိတ်ချမ်းသာရေးကို ပိုပြီး ဦးစားပေးသည်။ ကျင်ငယ်စွန့်ခြင်းဆိုင်ရာ ပညတ်ချက်များတွင် လူသွားလမ်း၊ လူအများ အရိပ်နားခိုရာနေရာများတွင် ကျင်ငယ်မစွန့်ရဟု တားထားသည်။ ယင်းပညတ်ချက် လေ့လာကြည့်လျှင် ဆီးအလွန်သွားချင်နေသူသည် ရရာနေရာတွင် ကျင်ငယ်စွန့်လိုက်ရလျှင် သူ့အဖို့ အတော်ကို နေသာ ထိုင်သာ ရှိသွားမည်။ သို့သော် အစ္စလာမ်က တစ်ဦးတည်း စိတ်ချမ်းသာရေးကို ဦးစားမပေးပါ။ ရရာနေရာတွင် ကျင်ငယ်စွန့်လိုက်သည်။ သူစွန့်လိုက်သည့်နေရာက အရိပ်ရအပင်ဖြစ်မည် သို့မဟုတ် လူတို့ ခေတ္တခဏ နားနေရာ နေရာဖြစ်မည်ဆိုလျှင် နောက်ရောက်လာသူသည် ပထမလူ၏ ကျင်ငယ်အနံ့ကြောင့် စိတ်ဒုက္ခရောက်ရမည်မှာ အမှန်ပင်ဖြစ်သည်။ အစ္စလာမ်သည် ထိုသို့သော အခြေအနေမျိုးကို လုံးဝမလိုလားပေ။ အစ္စလာမ့်ပြဌာန်းချက်တစ်ခုမှာ မိမိ၏ အိမ်မှ ကလေးငယ်ကို အစားတစ်ခုခုကျွေးလိုက်လျှင် လမ်းပေါ်ထွက်မစားစေရန် တားရမည်ဟုဖြစ်သည်။ ယင်းပြဌာန်းချက်၏ အဓိက လိုလားချက်မှာ ကလေးတစ်ယောက် စားနေသည်ကို မြင်ပြီး နောက်ကလေးတစ်ယောက်ကလည်း စားချင်စိတ်ဖြစ်မည်။ သူစားလိုလျှင် မိဘပူဆာတတ်သည့်ကလေးဖြစ်ပါက မိဘကို ဝယ်ကျွေးခိုင်းမည်။ မိဘက လောလောဆယ် မကျွေးနိုင်လျှင် ကလေး၏ စိတ်တွင်းဝယ် စားလိုစိတ်ဖြစ်ပါလျှက် မစားရခြင်းကြောင့် မခံချိမခံသာ ဖြစ်နေမည်။ မိဘဖြစ်သူမှာလည်း ငါ့ကလေးကို မဝယ်ကျွေးနိုင်ရကောင်းလားဟု စိတ်ခံစားရမည်။ ဤသည်မှာ ကလေးတစ်ဦး လမ်းပေါ်မုန့်ထွက်စားခြင်းကြောင့် အခြားသူများတွင် ခံစားရသည့် စိတ်ခံစားချက်ဖြစ်သည်။ အစ္စလာမ်က ဤသို့နောက်တစ်ယောက် စိတ်ခံစားရခြင်းကို မလိုလားပေ။ ထို့ကြောင့် ပင်မလုပ်ရပ်ဖြစ်သည့် လမ်းပေါ်မုန့်ထွက်စားခြင်းကို တားခိုင်းထားသည်။ မိဘကို ပူဆာတတ်သူမဟုတ်ဘဲ လုစားတတ်သူဖြစ်လျှင် အခြေအနေက ဒီ့ထက်ပို၍ ရှုပ်ထွေးမည်မှာ အမှန်ပင်ဖြစ်သည်။ လုစားတာကို မပေးခြင်းကြောင့် ကလေးချင်း ရန်ဖြစ်မည်။ ကလေးများရန်ဖြစ်လျှင် လူကြီးများက နောက်ဆက်တွဲပါလာမည်မှာ မလွဲပေ။ လူကြီးများပါလာလျှင် ရိုက်ပွဲ၊ သတ်ပွဲများမဖြစ်အောင် ပတ်ဝန်းကျင်က ဆုတောင်းနေရသည်။ ထို့ကြောင့် ပင်မလုပ်ရပ်ကို အစ္စလာမ်က တားထားခြင်းဖြစ်သည်။ အိမ်နီးချင်းဆိုင်ရာ တာဝန်တွင် ဟင်းချက်လျှင် ဟင်းရနံ့ သင်းပျံ့နေအောင် မချက်နှင့်။ ဟင်းရနံ့သင်းပျံ့ခဲ့ပါက ရေအနည်းငယ်ပိုထည့်၍ အိမ်နီးချင်းများကိုပါ ဝေငှရန် တိုက်တွန်းထားသည်။ အစ္စလာမ့်လူမှုရေးစနစ်တွင် လူတစ်ဦးနှင့် တစ်ဦးတွေ့ဆုံချိန် မင်္ဂလာရှိသော နှုတ်ဆက်စကားဆိုရန် တာဝန်ပေးထားသည်။ အစ္စလာမုအလိုင်းကွမ်း ဝရဟ်မသုလ္လာဟ် ဟုဆိုလျှက် တစ်ဖက်သားအတွက် တောင်းဆုပြုပေးရမည်။ အစ္စလာမ့်နှုတ်ဆက်စကားသည် ရှေ့ကလူအတွက် အကျိုးရှိစေသည့် ဆုတောင်းတစ်ခုပင် ဖြစ်သည်။ နှုတ်ဆက်စကားဆိုရာတွင် အရင်ဆိုသူက ကုသိုလ်ပိုရမည်ဟု ပြဌာန်းထားသည်။ အကြီးက အငယ်ကို၊ အုပ်ချုပ်သူက အုပ်ချုပ်ခံကို၊ သမ္မတက ပြည်သူပြည်သားများကို နှုတ်ခွန်းဆက်သနိုင်သည်။ ဤသည်မှာလည်း အစ္စလာမ့်လူမှုရေးစနစ်တွင်ပါဝင်သည့် ယဉ်ကျေးမှုစနစ်တစ်ရပ်ဖြစ်၏။ အသံကျယ်ကျယ်စကားပြောခြင်းကို အစ္စလာမ်က မနှစ်သက်။ လိုအပ်လျှင် လိုအပ်သလောက် ကျယ်ခွင့်ရှိပြီး မလိုအပ်ပါက ညင်သာစွာ စကားဆိုရမည်။ အစ္စလာမ်တွင် တစ်ဦးစကားကို နောက်တစ်ဦးက ချောင်းမြောင်း နားမထောင်ရန်၊ လျှို့ဝှက်စကားများကို မဖော်ထုတ်ရန်၊ တစ်ဦး၏ ချို့ယွင်းချက်ကို နောက်တစ်ဦးက ဖုံးပေးရန်၊ လူတစ်ဦးဦးနှင့်ပတ်သက်၍ မေးမြန်းလာလျှင် ကောင်းရာကောင်းကြောင်းကိုသာ ပြောဆိုပေးရန် အထူးမိန့်ထားသည်။ လူမှုရေးတွင် အိမ်ထောင်ကဏ္ဍလည်း ပါဝင်သည်ဖြစ်ရာ ထိမ်းမြားမှုပိုင်းတွင် လူတစ်ဦး စကားကမ်းလှမ်းထားသည်ကို နောက်တစ်ဦးက ကြားဖြတ်ကမ်းလှမ်းခြင်းမပြုရ။ လူတစ်ဦးက တစ်ဦးတစ်ယောက်နှင့် ထိမ်းမြားရန် ရည်ရွယ်နေသည်ကို အခြားတစ်ယောက်ဖြင့် စွဲဆောင်ခြင်း မပြုရ။ ထိမ်းမြားမှုပျက်ပြားစေရန် ပြစ်ချက်ဖော်ထုတ်ခြင်း မပြုရ။ လင်ရှိမယားနှင့် မယားရှိလင်တို့ကို လက်ထပ်ရန်အတွက် ၎င်းတို့ကွာရှင်းသွားရန် သွေးထိုးလှုံဆော်ခြင်း မပြုရဟု သတ်မှတ်ပြဌာန်းထားသည်။ မယားရှိလင်ကို လက်ထပ်ပြီး မယားကြီးနှင့် ကွဲရန် အမျိုးမျိုးသွေးထိုးနေသည်များ၊ သူများမယားကို ကြာခိုရန်အတွက် လင်နှင့် ပြဿနာတတ်ရန် ရန်တိုက်ပေးခြင်းများသည် ယနေ့လူ့ပတ်ဝန်းကျင်တွင် ဆေးမရှိသည့် ကူးစက်ရောဂါဖြစ်နေသည်။ ယင်း၏ ဆေးနည်းသည် အစ္စလာမ်တွင် ရှိပါသည်။ ယင်းဆေးနည်းကို လူတိုင်း သောက်သုံးနိုင်ပါသည်။

အချုပ်ဆိုရသော် သာယာဖြောင့်ဖြူးကာ လူပီသသည့် လူ့ဘဝတစ်ခုတည်ဆောက်ရန်အတွက် လိုအပ်သော အခြေခံစည်းမျဉ်းများ၊ နည်းစနစ်များကို အစ္စလာမ်တွင် ပြဌာန်းပေးထားသည်။ လူတိုင်း လူတိုင်းသည် အစ္စလာမ့်၏ အရသာအစစ်အမှန်ကို မြည်းစမ်းနိုင်ရန် အစ္စလာမ့်ရသကို တတ်သိပညာလေးများစုစည်းကာ ဖော်ပြပေးလိုက်ပါသည်။ အစ္စလာမ်ဟူသည် နေရာတစ်ခု၊ လူတစ်စုအတွက်ပဲ သီးသန့်ချပေးထားသည့် ဘာသာတစ်ခုမဟုတ်ပါ။ လူသားမှန်လျှင် အားလုံးကျင့်နိုင်သည့် စိတ်ချမ်းမြေ့ရေး လမ်းစဉ်၊ သာယာသည့် လူပတ်ဝန်းကျင်တစ်ခု တည်ဆောက်နိုင်သည့် လူနေမှုစနစ်တစ်ခုဖြစ်ပါသည်။ လူသားအားလုံး အစ္စလာမ့်၏ နည်းစနစ်နှင့် အစ္စလာမ် အစစ်အမှန်ကို သိမြင်စေရန် ရည်ရွယ်ရင်း အစ္စလာမ်၏ သတ်မှတ်ချက်များကို အကျဉ်းချုံဖော်ပြ၍ ဤဆောင်းပါးကို နိဂုံးချုပ်အပ်ပါသည်။ 

Credit; အလ်မုဖီးဒ်
မုဟရ်ရမုလ်ဟရာမ်၊ ၁၉၊ ဟစ်ဂ်ျရီ ၁၄၃၈
21. 10. 2016 (သောကြာနေ့)

Tuesday, September 6, 2016

ကလေးငယ်ကို ခေါင်းရိတ်ပေးခြင်း စွန္နသ်အကြောင်း


ဤအကြောင်းအရာ ရေးသားရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အစ္စလာမ်တွင်ရှိသည့် အစ္စလာမ့်နည်းလမ်းများကို မုစ်လင်မ်နှင့် လူအများ သိစေရန်ရည်ရွယ်သည်။ ကလေးငယ်ကို ခေါင်းရိတ်ခြင်းအကြောင်းကို အဓိကဦးစားပေးရခြင်းမှာ ယနေ့အခါတွင် ကလေးကို ခေါင်းရိတ်ခြင်းသည် မသင့်တော်ကြောင်း မခိုင်လုံသည့် စကားရပ်များသည် လူအများကြားတွင် အလွန်ပျံ့နှံ့နေပေရာ မုစ်လင်မ်များကိုယ်တိုင် ယင်းစကားရပ်များကို လက်ခံသူများရှိနေသည်ကို တွေ့ရပါသည်။ အစ္စလာမ်ဘာသာရေးကို တတ်သိပညာရှင်များကိုယ်တိုင် ထိုအကြောင်းအရာများကို လက်လွတ်စပယ် ဖြန့်နေသည်ကို ၀မ်းနည်းဖွယ်တွေ့ရသည်။ အမှန်တကယ်ဆိုလျှင် ယင်းစကားရပ်သည် စွန္နသ်နှင့် ဆန့်ကျင်ကြောင်း၊ စွန္နသ်မည်သို့ရှိကြောင်း ထုတ်ဖော်ရမည်ဖြစ်သည်။ သို့သော် မည်သူမှ ပြန်လည် ရေးသားသည်ကို မတွေ့ရပါ။ ထို့ကြောင့် အစ္စလာမ့်၏ နည်းနှင့် ယင်း၏ကောင်းကျိုးကို သိမြင်စေရန် အလ်မုဖီးဒ်မှ ဖော်ပြအပ်ပါသည်။ မည်သူမဆို အစ္စလာမ်တွင်ရှိသည့် လုပ်ဆောင်ချက်များကို ကျင့်သုံးပါက လောကီတွင် ဆိုးကျိုးကင်းစင် ကျန်းမာပျော်ရွှင်ရမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ဤနေရာတွင် ကလေးမွေးရာတွင် ပြုကျင့်ရသည့် အစ္စလာမ့်နည်းများကို မိတ်ဆက်သဘောမျိုး တင်ပြထားပါသည်။ လေ့လာပါ။ ကျင့်သုံးပါ။ မျှဝေပါ။ တိုက်တွန်းပါ။

အစ္စလာမ်တွင် ကလေးငယ်တစ်ဦးမွေးဖွားလာပါက လုပ်ဆောင်ပေးရမည့် တာဝန်များရှိသည်။ အကျဉ်းချုံဖော်ပြရသော်
(၁) ကလေးမွေးမွေးပြီး အညစ်အကြေးများမှ ဆေးကြောသုတ်သင်ပြီးနောက် ကလေး၏ ညာဘက်နားတွင် အဇာန်ဆိုရမည်၊ ဝဲဘက်နားတွင် သပ်က်ဗီးရ်ဆိုပေးရမည်။ အဇာန်မှာ ဆွလာသ်အတွက် ဖိတ်ခေါ်သည့်အဇာန်အတိုင်းပင် ဖြစ်၏။

(၂) تَحْنِيْكٌ သဟ်နီးက်ပြုပေးခြင်း ( ကိုယ်ကျင့်တရားကောင်းမွန်ပြီး ဘာသာရေးကိုင်းရှိုင်းလိုက်နာသူက စွန်ပလွံခြောက် သို့မဟုတ် အချိုတစ်ခုခုကို ကျေအောင်ဝါး၍ ၎င်းမှအစိတ်အပိုင်းအနည်းငယ်ကို လက်ညှိုးဖြင့်ယူ၍ မွေးပြီးပြီးချင်းကလေးငယ်၏ ပါးစပ်အတွင်းသို့ ထည့်ပေးခြင်းဖြစ်၏။ ထို့သို့ထည့်ပေးရာတွင် လက်ညှိုးကို လက်ဝဲ လက်ယာဘက်များသို့ ဖြေးညှင်းစွာ လှုပ်ပေးရမည်။ ဤသည်မှာ စွန္နသ်ကျင့်စဉ်ဖြစ်၏။ ရင်သွေးငယ်လေးအား ခွံ့ပေးရန် အကောင်းဆုံးအဟာရမှာ စွန်ပလွန်သီးခြောက်ဖြစ်၏။ မရပါက အစိုကို အသုံးပြုနိုင်သည်။ ယင်းလည်း မရနိုင်ပါက အချိုတစ်ခုခုကို အသုံးပြုနိုင်သည်။ အခြားသောအချိုတွင် ပျားရည်သည် အကောင်းဆုံး အစားအစာဖြစ်၏။ ယင်းလည်းမရပါက မီးနှင့်ကျိုချက်မထားသည့် အစားအစာတစ်မျိုးမျိုးကို အသုံးပြုပါ။

(၃) ကလေးမွေးပြီးနောက် ကလေးကို ကောင်းသောအမည်နာမ မှည့်ပေးခြင်းဖြစ်၏။ အစ္စလာမ်တွင် အမည်ပေးရန်အတွက် အခမ်းအနားကျင်းပရန် မသတ်မှတ်ထားပါ။ အမည်ကို အစောဆုံးပေးခြင်းက အကောင်းဆုံးဖြစ်၏။ ခုနှစ်ရက်ပြည့်မှသာ အမည်ပေးရသည်မဟုတ်ပါ။ အကြောင်းကြောင့် ကြန့်ကြာလျှင်လည်း အမြန်ဆုံး အကောင်အထည်ဖော်ပါ။

(၄) အကီကဟ်ပြုခြင်း
အကီကဟ်ကို ခုနှစ်ရက်ပြည့်ပြီးနောက် ပြုပေးခြင်းသည် မုစ်သဟဗ်ဖြစ်၏။ ခုနှစ်ရက်တွင် မဆောင်ရွက်နိုင်ပါက ခုနှစ်ရက်စီတိုး၍ ဆောင်ရွက်နိုင်သည်။ ၁၄ရက်၊ ၂၁ရက် စသည်ဖြင့်။ ခုနှစ်ရက်ထက်ကျော်ပြီး တခြားမည်သည့်နေ့တွင်မဆို အကီကဟ်ပြုပါက မွေးသည့်နေ့ထက် တစ်ရက်စော၍ အကီကဟ်ပြုရမည်။ ကလေးက တနင်္ဂနွေမွေးလျှင် စနေကို အကီကဟ်ပြုရမည်။ သောကြာမွေးလျှင် ကြာသပတေးကို အကီကဟ်ပြုရမည်။ အကီကဟ်ပြုခွင့်သည့် အချိန်ကာလ ကုန်ဆုံးသည်ဟူ၍ မရှိပါ။ အကီကဟ်ကို ယခုအခါသမယတွင် ဆွေမျိုးအားလုံး၊ မိတ်ဆွေများပါ ဖိတ်ကျွေးသည်အထိ ကြီးကျယ်စွာပြုကြသည်။ တတ်နိုင်လို့ လုပ်သည်က ဘာမှပြဿနာမရှိ။ သို့သော် အားလုံးလိုလို ထိုပုံစံအတိုင်း လုပ်လာသဖြင့် ယင်းသို့မကျွေးမွေးပါက အကီကဟ်မဟုတ်သလို အထိ ယူဆသကဲ့သို့ဖြစ်လာခြင်းသည် မှား၏။ အစ္စလာမ့်၏ တာဝန်များသည် လူအများ လိုက်နာရာတွင် လွယ်ကူမှုကို အထူးဦးစားပေးထားသည်။ ထို့ကြောင့် သတ်မှတ်ထားသလောက်သာ လုပ်ဆောင်ခြင်းက ကောင်း၏။ အကီကဟ်အတွက် ဖိတ်ခေါ်ကျွေးမွေးရန် တာဝန်မရှိပါ။ သားကောင်ကို ဇဗဟ်ပြုပြီးပါက မိမိအတွက်၊ မိမိဆွေမျိုးမိတ်ဆွေများအတွက်နှင့် သူဆင်းရဲများအတွက်ဟု သုံးပုံ ပုံ ဝေငှလိုက်လျှင် တာဝန်ကျေပါသည်။

(၅) ခေါင်းရိတ်ပေးခြင်း၊ (၆) ခသ်နဟ်ပြုပေးခြင်း။ ယခု ခေါင်းရိတ်ခြင်းအကြောင်းကို ဖော်ပြမည်။

ကလေးမွေးပြီး ခုနှစ်ရက်မြောက်နေ့တွင် ကလေး၏ဦးခေါင်းမှ ဆံပင်ကိုရိတ်လိုက်ရမည်။ ရိတ်ပြီးသားဆံပင်နှင့် အညီ ငွေသားကိုချိန်တွယ်၍ ဆင်းရဲသားကို ပေးလှူလိုက်ရမည်။ ယင်းစွန္နသ်ကို အတည်ပြုထားသော ဟဒီးစ်များမှာ အောက်ပါအတိုင်းဖြစ်၏။ တမန်တော်မြတ်သည် မြေးတော်ဟစန်သခင်အတွက် အကီကဟ်ပြုပေးပြီးနောက် ဟဇရသ်ဖာသွိမဟ်သခင်မအား အို ဖာသွိမဟ် အသင်မသည် ဟစန်၏ ဆံပင်များကို ရိတ်၍ ငွေသားဖြင့် ချိန်တွယ်ပါ။ ရရှိလာသည့် ငွေသားကို ဆင်းရဲသူများကို ပေးလှူပါဟု မိန့်တော်မူ၏။ ဖာသွိမဟ်သခင်မမိန့်သည်မှာ ကျွန်မသည် ဟစန်၏ ဆံပင်များကို ငွေသားဖြင့် ချိန်တွယ်ရာ ငွေဒင်္ဂါးတစ်ပြား သို့မဟုတ် တစ်ပြားထက် နည်း၍ ရရှိသည်ဟု ဆိုသည်။

ဖာသွိမဟ်သခင်မသည် မိမိ၏ သားတော်များဖြစ်သော ဟစန်သခင်၊ ဟုစိုင်းန်သခင်၊ သမီးများဖြစ်သော ဇိုင်နဗ်သခင်မ၊ အွမ်မေ့ကုလ်စူးမ်သခင်မတို့၏ ဆံပင်များကို ရိတ်၍ ငွေသားဖြင့် ချိန်တွယ်ကာ ယင်းငွေသားကို ဆင်းရဲသူများအား ပေးကမ်းတော်မူသည်။

မတ်စ်အလဟ်အရ ယောက်ျားလေး၊ မိန်းကလေး နှစ်ဦးလုံး၏ ဆံပင်ကို ရိတ်ရမည်။ တစ်ဦးချင်းဆံပင်နှင့် အလေးချိန်တူငွေသားကို လှူဒါန်းလိုက်ပါ။ ဆံပင်ရိတ်ရာတွင် ခေါင်းတစ်လုံးရှိ ဆံပင်အားလုံးကို ရိတ်လိုက်ရမည်။ အချို့က ဆံပင်အချို့ကိုရိတ်ပြီး အချို့ကို ချန်ထားသည်။ ယင်းလုပ်ရပ်ကို အရဗီလို ကဇအ်ဟုခေါ်သည်။ ယင်းပုံစံကို တမန်တော်က တားထား၏။
ခေါင်းရိတ်ပြီးနောက် ဦးခေါင်းကို ကုံကုမံ၊ အမွှေးနံသာ စသည်တို့ဖြင့် သုတ်လိမ်းရမည်ဟု အစ္စလာမ့်တရားတော်က လမ်းညွှန်ထား၏။

ဆံပင်ရိတ်လိုက်ခြင်း၏ အကျိုးကျေးဇူး
* ကလေး၏ မွေးရာပါဆံပင်သည် မိခင်ဝမ်းတွင်းရှိအရာတို့ကြောင့် ညစ်ပေနေသည်။ ထိုညစ်ညမ်းသောဆံပင်ကို ဖယ်ရှား၍ သန့်ရှင်းမှုရရှိစေရန် ဖြစ်သည်။
* မွေးရာပါဆံပင်သည် အလွန်အားနည်းသည်။ ၎င်းကို ရိတ်လိုက်ခြင်းဖြင့် သန်မာသောဆံပင်များ ပေါက်လာသည်။
* မွေးရာပါဆံပင်ကို ဖယ်ရှားလိုက်ခြင်းဖြင့် ဆံပင်၏ အရင်းအမြစ်များ ပွင့်လာပြီး ကလေး၏ ကျန်းမာရေးအပေါ်မှာ အထူးကောင်းသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာပါသည်။
* ဆံပင်ရိတ်လိုက်ခြင်းဖြင့် မြင်ခြင်း၊ ရှုရှိုက်ခြင်း၊ စဉ်းစားနိုင်ခြင်း၊ ခွန်အား၊ စွမ်းအားများပါ တိုးလာသည်။

ဒုတိယအကျိုးကျေးဇူးမှာ ဆံပင်၏ အလေးချိန်နှင့်အတူ ငွေသားလှူဒါန်းခြင်းဖြစ်၏။ မိမိတွင် ကလေးမွေးဖွားခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပျော်ရွှင်မှုတွင် နွမ်းပါးသူများကိုပါ ပါဝင်စေခြင်းဖြစ်၏။ မိသားစုတစ်ခု၊ အိမ်တစ်အိမ်တည်း၏ ပျော်ရွှင်မှုမဟုတ်တော့ဘဲ အခြားသောသူများတွင်လည်း ပျော်ရွှင်မှုဖြစ်ရသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ ချီးမြှင့်မှုကို ထုတ်ဖော်ရာရောက်ပေသည်။

ထိုသို့သော ကောင်းခြင်းများရှိသည့် ခေါင်းရိတ်ခြင်းအား အချို့ ကဓားထိ၍ ပိုးဝင်မည်။ ပိုးဝင်လျှင် သေမည်။ အသင့်ကလေးကို မသတ်ပါနှင့်ဟူသည့် ခိုင်မာချက်မရှိသည့် စကားရပ်ဖြင့် စွန္နသ်တစ်ခုကို ဖျက်ဆီးလိုက်သည်။ အယူလွဲမှားအောင် လုပ်ထားပေသည်။ ဓားမထိအောင် ဂရုပြုလျှင် သို့မဟုတ် ကျွမ်းကျင်သူထံ ခေါင်းတုံးခိုင်းလျှင်လည်း ရ၏။ အဓိကမှာ စွန္နသ်၊ အစ္စလာမ့်နည်းကို ကျင့်သုံးလိုစိတ်ရှိရန်ဖြစ်၏။ ကလေးပေါင်းများစွာ၊ စာရေးသူတို့ ဘိုးစဉ်ဘောင်ဆက် ဆွေမျိုးများအားလုံး၊ ရှိရှိသမျှသော မုစ်လင်မ်မိသားစုများသည် မိမိတို့၏ ရင်သွေးငယ်များအား ခေါင်းတုံးပေးခဲ့ကြသည်။ မွေးပြီး ခုနှစ်ရက်တွင် ခေါင်းတုံးပေးလိုက်သည်။ တစ်ယောက်မျှ ခေါင်းတုံးစဉ် ဓားထိပြီး သေသည်ဟူ၍ မကြားဖူးပါ။ အသက် ခုနှစ်ဆယ် ရှစ်ဆယ်၊ ကိုးဆယ်နေထိုင်သွားခဲ့ကြသည်။ ထို့ကြောင့် မသေချာသည့် စကားရပ်ဖြင့် သေချာပြီးသာ ကျင့်စဉ်တစ်ခုကို မစွန့်လွှတ်ကြပါနှင့်ဟု ပြောရင်းဖြင့် အဆုံးသတ်လိုက်ပါသည်။

[ အစ္စလာမ်နှင့် သားသမီးပြုစုပျိုးထောင်ရေး (မွဖ်သီနူးရ်မုဟမ္မဒ်ဆွာဟိဗ်)။ ပြန့်ကျဲနေသော ပုလဲလုံးများ အတွဲ ၅ တို့မှ ကောက်နှုတ်ဖော်ပြသည်။]
Credit: အလ်မုဖီးဒ်က ရေးသားသည်။

Wednesday, August 31, 2016

ဥာဏ်စမ်း တတိယပိုင်း (ဟဂ်ျနှင့် ကုရ်ဗာနီ)



မွတ်စ်လင်မ်တို့အတွက် စာပေလေ့လာရင်း မစာအိလ်များလည်း သိရှိသွားရန် ရည်ရွယ်၍ မစာအိလ် ဥာဏ်စမ်းအစီအစဉ်ကို တတိယပိုင်းအနေဖြင့် ဆက်လက် ဖော်ပြလိုက်ပါသည်။ ဤအပိုင်းတွင် ဟဂ်ျ၊ အွမ်မရဟ်နှင့် ကုရ်ဗာနီဆိုင်ရာ မစာအိလ်အနည်းငယ်ကို ဖော်ပြပေးထားပါသည်။ ဤအကြောင်းအရာများကို မော်လာနာ ရူဟွလ်လာဟ် နက်ရှ်ဘန်ဒီ ရေးသားပြုစုသည့် اسلامی پہیلیاں အမည်ရှိ စာအုပ်မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်သည်။ စာရှုသူတို့ ဗဟုသုတ တိုးပွားရန်၊ မစာအိလ်များနှင့် ထိတွေ့ ရင်းနှီးမှုရှိစေရန် အထူးရည်ရွယ်ပါသည်။ ပဟေဠိပိုင်းကို အထူးပြုထားသဖြင့် မိမိနားမလည်သော မစာအိလ်များ၊ သို့မဟုတ် ထပ်မံသိရှိလိုသည်များ ရှိပါက အဲဟ်လေစွန္နသ်ဝလ်ဂျမာအသ်မှ စစ်မှန်သည့် ဓမ္မသတ်ပညာရှင်များထံ မေးမြန်းကြပါရန် အကြံပြုအပ်ပါသည်။ မစာအိလ် ဥာဏ်စမ်းအစီအစဉ်၏ ပထမပိုင်းနှင့် ဒုတိယပိုင်းများကို ပြန်လည်ဖတ်ရှုလိုသူများအတွက်လည်း ပို့စ်အဆုံးပိုင်းတွင် လင့်ထုတ်ပေးထားပါသည်။ ၀င်ရောက်လေ့လာပါ။ မစာအိလ်များကို ဆည်းပူးခြင်း၊ လေ့လာခြင်း၊ သင်ယူခြင်း၊ မေးမြန်းခြင်းတို့သည် ကုသိုလ်အကျိုး အလွန်များလှသည်ဖြစ်သောကြောင့် မုစ်လင်မ်တိုင်း ယင်းစ၀ါးဗ်ကို ရယူနိုင်ကြပါစေဟု ဆန္ဒပြုအပ်ပါသည်။ (အလ်မုဖီးဒ်)

(၅၆)။ ပဟေဠိ -- အမျိုးသားသည် ၎င်း၏ ဟဂ်ျခရီးအတွက် ခရီးစရိတ်လည်း လုံလောက်စွာ ရှိသည်။ လမ်းခရီးတွင်လည်း ရန်မူနှောင့်ယှက်မည့်သူမရှိ။ သို့တိုင်အောင် ထိုသူသည် ဟဂ်ျသွားခွင့်မရှိပေ။ မည်သို့သော သူမျိုးပါနည်း။
ဖြေ -- ၎င်းသူ၏ မိခင် သို့မဟုတ် ဖခင်က ခွင့်မပေးခြင်းကြောင့် ဖြစ်၏။ ထို့ပြင် မိခင် သို့မဟုတ် ဖခင်တို့သည် ထိုသူ၏ ပြုစုစောင့်ရှောက်မှုကို လိုအပ်လျှက်ရှိလျှင် ယင်းအခြေအနေ၌ ၎င်းသူသည် ဟဂ်ျသွားခွင့်မရှိပါ။

(၅၇)။ ပဟေဠိ -- အကြွေးယူ၍ ဟဂ်ျပြုလုပ်ရန် အရေးကြီး(တာဝန်ထိုက်)သည့် ဆင်းရဲသားနှင့် ဟဂ်ျပြုရန် အရေးမကြီး(တာဝန်မထိုက်)သည့် သူဌေးတို့ကို ဖော်ပြပါ။
ဖြေ -- အကြွေးယူ၍ ဟဂ်ျပြုလုပ်ရန် အရေးကြီး(တာဝန်ထိုက်)သည့် ဆင်းရဲသားမှာ တစ်ချိန်က ဟဂ်ျပြုရန် ဖရ်ဇ်ထိုက်သည်အထိ ချမ်းသာခဲ့သူဖြစ်သည်။ သို့သော် ၎င်းသည် ရှရီအသ်အရ ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ ဟဂ်ျမသွားခဲ့ပေ။ ထို့ကြောင့် ၎င်းအတွက် တာဝန်ထိုက်ခဲ့သည့် ဟဂ်ျကို အစားပြန်ဖြည့်ရန် အရေးကြီး၏။ ဟဂ်ျပြုရန် တာဝန်မထိုက်သည့် သူဌေးမှာ ၎င်းအတွက် လမ်းခရီးတွင် ရန်သူ၏တိုက်ခိုက်မှုရှိမည်ကို စိုးရိမ်ရသူဖြစ်သည်။

(၅၈)။ ပဟေဠိ -- အွမ်မရဟ်ပြုလျှင် မက္ကရူဟ်မထိုက်သည့် ရက်အတွင်း အွမ်မရဟ်ပြုခဲ့သော်လည်း ဒဏ်ကြေးပေးဆောင်ရန် အရေးကြီးသွားသည်။ မည်သို့သော ပုံစံမျိုးနည်း။
ဖြေ -- သွဝါးဖ်ထက်အလျင် စအီပြုလိုက်သူ ဖြစ်၏။ (ပုံစံအမှန်မှာ သွဝါးဖ်ပြီးမှ စအီကို ပြုရန်ဖြစ်၏။) အဘယ့်ကြောင့်ဆိုသော် အွမ်မရဟ်တွင် အစဉ်လိုက်ပြုရန် စည်းကမ်းချက်ဖြစ်၏။ ထို့ကြောင့် ဒဏ်ကြေးပေးခြင်းနှင့်အတူ သွဝါးဖ်နှင့် စအီကို နောက်တစ်ကြိမ် ပြန်လုပ်ရပါမည်။ အကယ်၍ مُفْرِدْ မုဖ်ရိဒ် (ဟဂ်ျတစ်ခုတည်းသာ သီးသန့်ပြုသူ)နှင့် قَارِنْ ကာရင်န် (အွမ်မရဟ်နှင့် ဟဂ်ျကို အဲဟ်ရာမ်တစ်ကြိမ်တည်းဖြင့် တစ်ဆက်တည်း ပြုသူ)တို့ဖြစ်ပါက အထက်ပါတာဝန်များ မရှိပါ။ အစဉ်လိုက်ပြုလုပ်ခြင်းဟူသည့် စည်းကမ်းသည် အွမ်မရဟ်အတွက်သာ ဖြစ်၏။

(၅၉)။ ပဟေဠိ -- ဟဂ်ျပြုရန် ရည်ရွယ်ချက်ရှိသူလည်းဖြစ်၏။ သို့သော် ၎င်းသည် မီကားသ်မှ အဲဟ်ရာမ်မပါဘဲ ဖြတ်ကျော်လာခဲ့၏။ ထိုသို့ အဲဟ်ရာမ်မပါဘဲ ဖြတ်လာခြင်းကြောင့် ဒဏ်ပေးရခြင်း စသည်များလည်း တာဝန်မထိုက်ခဲ့ပေ။ မည်သို့သော ပုံစံပါနည်း။
ဖြေ -- မီကားသ်နှစ်ခုကို ဖြတ်ရသူဖြစ်၏။ ၎င်းသူသည် ဒုတိယမီကားသ်ရောက်မှ အဲဟ်ရာမ်ဝတ်မည်ဖြစ်၏။ ထို့ကြောင့် ပထမမီကားသ်တွင် အဲဟ်ရာမ်မ၀တ်ဘဲ ဖြတ်လာခဲ့သော်လည်း ဒဏ်ကြေးပေးဆောင်ရခြင်း မရှိခဲ့ပေ။

(၆၀)။ ပဟေဠိ -- မီကားသ်မှ အဲဟ်ရာမ်မပါဘဲ ဖြတ်လာခဲ့သော် မည်သည့်ဒဏ်ကြေးမှ ပေးဆောင်ရန် တာဝန်မထိုက်သူကို ပြောပြပါ။
ဖြေ -- နိစ်ယားန် ( نِسْيَانٌ ) အမည်ရှိ နေရာသို့ သွားမည့်သူဖြစ်၏။ ယင်းနေရာသည် မီကားသ်မှ ဖြတ်သွားရ၏။ သို့သော် မက္ကဟ်မြို့အတွင်းသို့ ၀င်ရန် မရည်ရွယ်သောကြောင့် အဲဟ်ရာမ်မပါဘဲ မီကားသ်ကို ဖြတ်သွားခွင့်ရှိသလို ဒဏ်ကြေးပေးဆောင်ရန်လည်း တာဝန်မထိုက်ပေ။

(၆၁)။ ပဟေဠိ -- صَاحِبِ نِصَابْ (သတ်မှတ်ထားသည့် ပမာဏ)ကို ပိုင်ဆိုင်ထားသည့် သူဌေးသည် မည်သို့သော အခြေအနေတွင် ကုရ်ဗာနီပြုရန် ၀ါဂျိဗ်မထိုက်သနည်း။
ဖြေ -- صَاحِبِ نِصَابْ (သတ်မှတ်ထားသည့် ပမာဏ)ကို ပိုင်ဆိုင်ထားသည့် သူဌေးသည် ခရီးသွားနေသူဖြစ်ပါက ၎င်းသည် ကုရ်ဗာနီပြုရန် ၀ါဂျိဗ်မဖြစ်ပါ။ ကုရ်ဗာနီဝါဂျိဗ်ထိုက်ရန်အတွက် မိမိနေရပ်တွင် ရှိနေရမည်ဟူသည့် စည်းကမ်းချက် ရှိသည်။

(၆၂)။ ပဟေဠိ -- ကုရ်ဗာနီပြုရန် ၀ါဂျိဗ်ထိုက်စေသည့် ငွေကြေးကို ပိုင်ဆိုင်ထားသူမဟုတ်သော်လည်း ကုရ်ဗာနီပြုရန် ၀ါဂျိဗ်ထိုက်နေသူသည် မည်သို့သော သူပါနည်း။
ဖြေ -- အကြင်သူသည် ကုရ်ဗာနီပြုရန် ၀ါဂျိဗ်ထိုက်စေသည့် ငွေကြေးကို ပိုင်ဆိုင်ထားသူမဟုတ်ပေ။ သို့သော်လည်း ကုရ်ဗာနီပြုမည်ဟု ကိုးထားလျှင် ၎င်းသူသည် (နိဆွားဗ်ကို မပိုင်ဆိုင်လျှင်လည်း) ကုရ်ဗာနီပြုရန် ၀ါဂျိဗ်ဖြစ်၏။ ဒုတိယပုံစံမှာ ကုရ်ဗာနီပြုရန်ဟု ရည်ရွယ်၍ သားကောင်ဝယ်လိုက်လျှင် ယင်းသားကောင်ကို ကုရ်ဗာနီပြုရန် ၀ါဂျိဗ်ဖြစ်၏။

(၆၃)။ ပဟေဠိ -- လူတစ်ဦးသည် ကုရ်ဗာနီပြုရန် ၀ါဂျိဗ်ထိုက်၏။ သို့သော် ကုရ်ဗာနီမပြုပေ။ ၀ါဂျိဗ်ထိုက်ပါလျက် ကုရ်ဗာနီမပြုခြင်းကြောင့် အပြစ်လည်း မထိုက်ပေ။ မည်သို့သော ပုံစံပါနည်း။
ဖြေ -- ကုရ်ဗာနီကာလ အစပိုင်းတွင် ကုရ်ဗာနီပြုရန် ၀ါဂျိဗ်ထိုက်နေသည်။ ထိုအချိန်တွင် ၎င်းက ကုရ်ဗာနီမပြုသေးပေ။ ကုရ်ဗာနီကာလ အဆုံးပိုင်း ရောက်ချိန်တွင် ကုရ်ဗာနီ ၀ါဂျိဗ်ဖြစ်စေသည့် စည်းကမ်းချက်များသည် ၎င်းထံတွင် ပြည့်စုံခြင်းမရှိတော့လျှင် ထိုသို့သောသူမျိုး၏ ကုရ်ဗာနီမပြုခြင်းသည် အပြစ်မထိုက်ပေ။ ပမာအားဖြင့် ကုရ်ဗာနီရက် အီဒွလ်အဿွ်ဟာနေ့နှင့် ဒုတိယနေ့တို့တွင် ကုရ်ဗာနီပြုရန် ၀ါဂျိဗ်ထိုက်ပါလျက် မပြုသေး။ တတိယမြောက်နေ့တွင် အကြောင်းကြောင့် ခရီးသွားလိုက်ရသည်။ သို့ဆိုလျှင် ၎င်းသူ၏ ကုရ်ဗာနီမပြုဖြစ်ခြင်းသည် အပြစ်မထိုက်ပေ။ (ဤသည်မှာ မစာအိလ်၏ သဘောတရားကို ဖော်ပြခြင်းသာ ဖြစ်၏။ အမလ်တစ်ခုကို ရှောင်လွှဲရန် နည်းလမ်းပြခြင်းမဟုတ်ပါ။ တမင်သကာ ထိုသို့ပြုလျှင်မူ အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံအားလုံး၏ အတွင်းအပြင် စိတ်ထားအား အကြောင်းခံမဲ့ သိရှိနေကြောင်း သတိပြုပါ။)

(၆၄)။ ပဟေဠိ -- ပထမတစ်ကြိမ် ကုရ်ဗာနီပြုပြီးသော်လည်း ယင်းနှစ်အတွင်း၌ပင် နောက်တစ်ကြိမ် ကုရ်ဗာနီပြုရန် ၀ါဂျိဗ်ထိုက်သည့် ပုံစံကို ဖော်ပြပါ။
ဖြေ -- ပထမတစ်ကြိမ် ကုရ်ဗာနီပြုခြင်းသည် နိဆွားဗ်ကို ပိုင်ဆိုင်ထားသူမဟုတ်ဘဲ (တစ်နည်း ကုရ်ဗာနီပြုရန် ၀ါဂျိဗ်ဖြစ်ခြင်းမရှိဘဲ) ကုရ်ဗာနီပြုလိုက်သည်။ ထို့နောက် ကုရ်ဗာနီရက်အတွင်းပင် နိဆွားဗ်ကို ပိုင်ဆိုင်သူ (ကုရ်ဗာနီပြုရန် ၀ါဂျိဗ်ထိုက်သူ) ဖြစ်သွား၏။ သို့ဖြစ်လျှင် ၎င်းသူသည် ပထမတစ်ကြိမ် ကုရ်ဗာနီပြုပြီးလျှင်လည်း နိဆွားဗ်ပိုင်ရှင်ဖြစ်ပြီးနောက် နောက်တစ်ကြိမ် ကုရ်ဗာနီပြုရန် ၀ါဂျိဗ်ထိုက်၏။

(၆၅)။ ပဟေဠိ -- ဆိတ်တစ်ကောင်သာ ကုရ်ဗာနီပြုရန် တာဝန်ထိုက်သည့် သူဌေးနှင့် ဆိတ်နှစ်ကောင် ကုရ်ဗာနီပြုရန် တာဝန်ထိုက်သည့် သူဆင်းရဲတို့ကို ဖော်ပြပါ။
ဖြေ -- ဆိတ်နှစ်ကောင် ကုရ်ဗာနီပြုရန် တာဝန်ထိုက်သည့် သူဆင်းရဲဟူသည်မှာ ၎င်းသူသည် ကုရ်ဗာနီပြုရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် ဆိတ်တစ်ကောင် ၀ယ်လိုက်သည်။ ယင်းဆိတ်သည့် ပျောက်သွားခြင်း သို့မဟုတ် အခိုးခံလိုက်ရခြင်းတို့ ဖြစ်သွားခဲ့သည်။ ထို့ကြောင့် ၎င်းသူက နောက်ထပ်ဆိတ်တစ်ကောင် ထပ်ဝယ်လိုက်သည်။ နောက်တစ်ကောင် ၀ယ်ပြီးမှ ပထမပျောက်သွားသော သို့မဟုတ် အခိုးခံလိုက်ရသော ဆိတ်ကို ကုရ်ဗာနီရက်အတွင်း ပြန်ရလာ၏။ သို့ဆိုလျှင် ၎င်းဆင်းရဲသူသည် ယင်းဆိတ်နှစ်ကောင်လုံးကို ကုရ်ဗာနီပြုရန် တာဝန်ရှိ၏။ ကုရ်ဗာနီပြုမည်ဟူသည့် ရည်ရွယ်ချက်ဖြင့် ၀ယ်ယူထားခြင်းဖြစ်သောကြောင့် ကုရ်ဗာနီအတွက် သတ်မှတ်ပြီးသား ဖြစ်ပေ၏။
ဆိတ်တစ်ကောင်သာ ကုရ်ဗာနီပြုရန် တာဝန်ထိုက်သည့် သူဌေးမှာ ၎င်းသည် အစကတည်းက နိဆွားဗ်ပိုင်ရှင်ဖြစ်သောကြောင့် ကုရ်ဗာနီတာဝန်ထိုက်နေသူ ဖြစ်၏။ သားကောင်ကို ၀ယ်လိုက်ခြင်းကြောင့် ကုရ်ဗာနီပြုရန် တာဝန်ထိုက်သူမဟုတ်ပေ။ ထို့ကြောင့် ၎င်းသူအတွက် သားကောင်ကြောင့် ကုရ်ဗာနီဝါဂျိဗ်ဖြစ်ခြင်းဟူသည့် သတ်မှတ်ချက်မရှိပေ။ အကယ်၍ ယင်းသူဌေးအနေဖြင့် အထက်ပါအခြေအနေမျိုး ကြုံတွေ့ခဲ့ရပါမူ သားကောင် နှစ်ကောင်လုံးအား ကုရ်ဗာနီပြုရန် အရေးမကြီးပေ။ တစ်ကောင်တည်း ကုရ်ဗာနီပြုသည်ဖြစ်စေ၊ နှစ်ကောင်လုံးအား ကုရ်ဗာနီပြုသည်ဖြစ်စေ နှစ်သက်ရာကို ပြုလုပ်နိုင်သည်။

(၆၆)။ ပဟေဠိ -- မွစ်လင်မ်ဖြစ်သော် ၎င်းသူ ဇဗဟ်ပြုထားသည့်အရာကို စားခွင့်မရှိ။ မည်သို့သောသူပါနည်း။
ဖြေ -- ရူးသွပ်နေသူက ဇဗဟ်ပြုထားလျှင် ၎င်းအသားကို မစားရပေ။

(၆၇)။ ပဟေဠိ -- အကီဒဟ်မှန်ကန်သူ၊ အသိတရားရှိသူ (ရူးနေသူမဟုတ်)၊ အရွယ်ရောက်ပြီးသူဖြစ်သည့် မွတ်စ်လင်မ်က بِسْمِ اللهِ اللهُ اَكْبَرْ ဖတ်၍ ဇဗဟ်ပြုထားသော်လည်း ယင်းဇဗဟ်ပြုထားသော အသားကို စားခြင်းသည် ဟရာမ်ဖြစ်၏။ ယင်းပုံစံကို ဖော်ပြပါ။
ဖြေ -- مُحْرِمْ (မုဟ်ရင်မ်၊ အဲဟ်ရာမ်ဝတ်ထားသူ)က အဲဟ်ရာမ်တွင် ရှိနေချိန်အတွင်း အမဲကောင်ကို ဇဗဟ်ပြုလိုက်ပါက ယင်းအသားကို စားခြင်းသည် ဟရာမ်ဖြစ်၏။

(၆၈)။ ပဟေဠိ -- မဆိုဘဲ တိရိစ္ဆာန်ကို ဇဗဟ်ပြုလိုက်သော်လည်း ယင်းအသားသည် ဟလာလ်ဖြစ်၏။ မည်သို့နည်း။
ဖြေ -- မေ့၍ بِسْمِ اللهِ اللهُ اَكْبَرْ မဆိုဘဲ ဇဗဟ်ပြုလိုက်သော သားကောင်၏ အသားသည် ဟလာလ်ဖြစ်၏။ (ယင်းမှ بِسْمِ اللهِ اللهُ اَكْبَرْ ကို မေ့၍သာ မဆိုခွင့်ရှိခြင်းကို သိရသည်။ တမင်သက်သက် မဆိုခြင်းဖြစ်မူ ယင်းအသားသည် ဟလာလ်မဖြစ်ပါ။ ထို့ပြင် ရှီအဟ်၊ ကာဒီယာနီ၊ ဗရေလ၀ီ၊ မုနာဖိက်၊ မုရ်သဒ်၊ အစ္စလာမ့်အခြေခံယုံကြည်ချက်များအနက်မှ အချို့အချက်များကို ငြင်းပယ်ထားသူများက ဇဗဟ်ပြုလျှင်လည်း ယင်းအသားသည် ဟလာလ်မဖြစ်ပါ။ ထို့ကြောင့် မုစ်လင်မ်တို့ အလွန့်အလွန်ကို သတိပြုရပါမည်။ ဟလာလ်တံဆိပ်တစ်ခုတည်းနှင့် မိမိတို့၏ အအ်မာလ်များ၊ ကြက်ကြော်တစ်တုံးဖြင့် မိမိတို့၏ အအ်မာလ်များကို မလဲလိုက်ကြပါနှင့်ဟု သတိပေးအပ်ပါသည်။)

Credit, မော်လာနာရူဟွလ်လာဟ် နက်ရှ်ဗန်ဒီ ပြုစုသည့် အစ္စလာမီပဟေလိယားန် စာအုပ်ပါ အကြောင်းအရာအချို့ကို အလ်မုဖီးဒ်မှ ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။

မစာအိလ်ဥာဏ်စမ်း ပထမပိုင်း
http://aaitee.blogspot.com/2016/01/blog-post_36.html
မစာအိလ်ဥာဏ်စမ်း ဒုတိယပိုင်း
http://aaitee.blogspot.com/2016/02/blog-post.html
-----။------
အလ်မုဖီးဒ်
ဟိဂျရီ ၁၄၃၇/ ဇွလ်ကအ်ဒဟ်လ/ ၂၆/ ယောင်မွလ်အရ်ဗအ်
31.8.2016