Thursday, May 11, 2017

ဗရားသ်ည၏ ကျင့်စဉ်များ



တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ် မိန့်သည်။ ရှအ်ဗာန်လ ဆယ့်ငါးရက် ညတွင် အိဗာဒသ် ပြုလုပ်ကြ။ နံနက်ခင်းတွင် ရိုဇဟ် စောင့်တည်ကြ။ အလ္လာဟ်အရှင်မြတ်သည် နေဝင်သည်နှင့် လောကနှင့် အနီးဆုံး ကောင်းကင်သို့ ကြွမြန်းလာပြီးနောက် ---- မဂ်ဖိရသ် လွတ်ငြိမ်းမှု တောင်းခံသူ ရှိသလား၊ ထိုသူအား ခွင့်လွှတ်မှု ချီးမြှင့်မည်။ ရိုဇီ တောင်းခံသူ ရှိသလား၊ ၎င်းအား ရိုဇီပေးမည်။ အခက်အခဲ ဒုက္ခတွင် ကျရောက်နေ၍ လွယ်ကူမှုကို တောင်းခံသူ ရှိသလား။ ထိုသူ့အား လွယ်ကူမှု စိတ်ချမ်းသာမှု အဆင်ပြေမှု ပေးမည်။ ဤအရာ ဤအရာများ တောင်းခံသူ ရှိသလား၊ ယင်းသူ၏ တောင်းခံမှုကို ပေးမည်ဟု ဖဂျရ်အချိန် ဝင်သည်အထိ မိန့်နေတော်မူသည်။

(ဗရားသ်ညတွင် ဆုတောင်းမှုပြုရာတွင်
(၁) မဂ်ဖိရသ်ကို တောင်းရမည်။
(၂) ရိုဇီ တောင်းရမည်။
(၃) အခက်အခဲ ဒုက္ခများ ပြေလည်စေရန် တောင်းရမည်။
(၄) မိမိ၏ လိုအင်ဆန္ဒအားလုံးကို တောင်းခံရမည်။ ဗရားသ်သည် ဆုတောင်းများကို အထူး လက်ခံသည့် ညဖြစ်သည်။ ယင်းအရာများကို ကြိုက်နှစ်သက်ရာ အိဗာဒသ်များဖြင့် တွဲ၍ တောင်းခံနိုင်သည်။ နဖိလ်နမားဇ်များ၊ စူရဟ် ယာစီးန်၊ ဒရူးဒ်၊ အိစ်သိဂ်ဖာ စသည်များ ဖတ်ပြီးနောက် တောင်းခံနိုင်ပါသည်။ တိုက်ရိုက်လည်း တောင်းနိုင်သည်။)

ဟဇရသ် အာအိရှဟ်က ပြောပြသည်။ တည (ရှအ်ဗာန် ဆယ့်ငါးရက်ည)တွင် တမန်တော်မြတ်ကို မတွေ့သဖြင့် ရှာဖွေရန် ထွက်လာလိုက်သည်။ တမန်တော်သည် ဗကီးအ် (မဒီနာရှိ သင်္ချိုင်း)တွင် ရှိနေသည်။ တမန်တော်မြတ်က ... ဤညတွင် အလ္လာဟ်အရှင်မြတ်သည် လောက၏ ကောင်းကင်သို့ ကြွမြန်းလာသည်။ ထို့နောက် ကလဗ် မျိုးနွယ်ရှိ ဆိတ်များ၏ မွေးညှင်းများထက် ပို၍ပင် လူတို့အား ခွင့်လွှတ်မှု ပေးသနားတော်မူသည်ဟု မိန့်သည်။

(ဤဟဒီးစ်ဖြင့်လည်း ဗရားသ်တွင် မဂ်ဖိရသ်ကို အထူးတောင်းခံရမည် ဖြစ်ကြောင်း သိရသည်။)

** ဗရားသ်ညတွင် တနှစ်စာ ဆုံးဖြတ်ချက်များ ရေးသားခြင်း

ဟဒီးစ်များတွင် ထိုဗရားသ်ည၌ အကြောင်းကိစ္စရပ်အလုံးစုံ ပမာအားဖြင့် မွေးခြင်း၊ သေခြင်း၊ အခြေအနေများ တိုးတက်ကောင်းမွန်ခြင်း၊ လျော့ကျလာခြင်းနှင့် ရိုဇီပိုင်းဆိုင်ရာများကို ဆုံးဖြတ်ကြောင်း ဖော်ပြထားသည်။

အကြောင်းကိစ္စရပ်အလုံးစုံဟု ဆိုထားသဖြင့် ကိစ္စရပ်တိုင်း ပါဝင်မည် ဖြစ်ပါသည်။ နမားဇ်၊ ရိုဇဟ်သာမက လောကီကိစ္စရပ်များအားလုံးလည်း ပါဝင်သည်။ လယ်ယာတစ်ခုမှ သီးနှံ မည်မျှထွက်မည်။ မိုး အဘယ်မျှရွာသွန်းမည်။ စစ်ဖြစ်မည်၊ မဖြစ်မည်၊ အနိုင်ရမည်၊ ရှုံးမည်။ ရေကြီးမည်၊ မိုးခေါင်မည် စသည်များအားလုံး အသေးစိတ်ကို ဆိုလိုသည်။

အသွာဗင်န်ယစားရ်က ပြောသည်။ ရှအ်ဗာန် ဆယ့်ငါးရက်ညတွင် သေမင်း(အိဇ်ရာအီလ် အလိုင်းဟိစ္စလာမ်)ထံ စာရင်းတခု ပေးသည်။ ဤစာရင်းထဲတွင် ပါဝင်သူများ၏ ဝိညာဉ်များအား ဒီနှစ်တွင် နှုတ်သိမ်းလိုက်ပါဟု အမိန့်ပါ တခါတည်း ပေးလိုက်သည်။ ယင်းစာရင်းတွင် ပါဝင်နေသူများမှာမူ မင်္ဂလာဆောင်သူက ဆောင်၊ အပင် စိုက်သူက စိုက်၊ အိမ်ဆောက်သူက ဆောက်နှင့် ရှိနေကြသည်။ သို့သော် သေစာရင်းတွင် ပါဝင်သွားကြပြီ ဖြစ်၏။

တမန်တော်မြတ်က ရှအ်ဗာန်လ ဆယ့်ငါးရက်ညနှင့် ပတ်သက်ပြီး ဤသို့ မိန့်ထားသည်။ ယင်းညတွင် လူသားနှင့် ပတ်သက်၍ အကြောင်းအရာအားလုံးကို ရေးမှတ်သည်။ လာမည့်တနှစ်တွင် မွေးမည့်သူ၊ သေမည့်သူများကို မှတ်တမ်းတင်သည်။ ထိုညတွင် လူသားတို့၏ ကျင့်စဉ်များအား မ ယူသည်။ ထိုညတွင်ပင် လူသားတို့ရမည့် ရိုဇီများအား ချပေးသည်။


မှတ်ချက်။ လူသားတို့၏ ကျင့်စဉ်များအား မ ယူခြင်း ဟူသည်မှာ ဆက်သခြင်းကို ဆိုလိုသည်။ ရိုဇီများအား ချပေးခြင်း ဟူသည်မှာ ရမည့်ပမာဏကို ရေးသား မှတ်တမ်းတင်သည်။ ယင်းကိစ္စရပ်အားလုံးသည် လောင်ဟေမဟ်ဖူးဇ်တွင် ရေးမှတ်ပြီး ဖြစ်၏။ ဤညတွင် ရေးမှတ်သားများထဲမှ သက်ဆိုင်ရာနှစ်အတွက် သက်ဆိုင်ရာ ကောင်းကင်တမန်ထံ အပ်နှင်းခြင်း ဖြစ်သည်။

(ဗရားသ်ညတွင် မိမိ၏ လောကီဘဝနှင့် ပတ်သက်၍ အထူးဆုံးဖြတ်သည့် ညဖြစ်သောကြောင့် ရှေ့တနှစ်ကို အဘယ်သို့ ဖြစ်ချင်သနည်း ဖြစ်ချင်သည်များအား တောင်းခံရပါမည်။ အာခိရသ်အတွက် မဂ်ဖိရ်သ်ကို တောင်းခံပြီးနောက် လက်ရှိ ရှင်နေချိန်အတွက် လိုချင်သည်များ အကုန် တောင်းပါ။)

ဗရားသ်ညတွင် အလ္လာဟ်အရှင်မြတ်က လောက၏ ကောင်းကင်သို့ သဂျလ်လီပြုတော်မူခြင်း

ဗရားသ်ညတွင် အလ္လာဟ်အရှင်မြတ်က လောက၏ ကောင်းကင်သို့ သဂျလ်လီပြု၍ မိမိ၏ ကျေးကျွန်များဘက်သို့ အာရုံပြုတော်မူသည်။ ဤကမ္ဘာလောကကြီးသည် ကျွန်ုပ်တို့၏ အိမ်ဖြစ်ပြီး မြေကြီးမှာ အိမ်၏ အခင်းဖြစ်သည်။ သို့ဆိုလျှင် ကောင်းကင်ကြီးကို ကျွန်ုပ်တို့အဖို့ ခေါင်မိုးဟု တင်စားရမည်သာ ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့၏ အိမ်သို့ ကြွမြန်းလာသည်။ ကျွန်ုပ်တို့ဘက်သို့ အထူး အာရုံစိုက်သည်။ ကျွန်ုပ်တို့အတွက် ကတိများ ပေးနေသည်။ ဤသည်များမှာ ကျွန်ုပ်တို့အဖို့ အဘယ်မျှသော မွန်မြတ် ထူးခြားမှုကို ရရှိနေခြင်းပင် ဖြစ်ပါသနည်း။
ကျွန်ုပ်တို့၏ သူငယ်ချင်းတဦးဦး၏ အိမ်သို့ သွားသည့်အခါ အိမ်ရှင်ဖြစ်သူက ကျွန်ုပ်အား စကားမပြော၊ ဂရုမစိုက်သလို နေသည်ဆိုလျှင် ထိုသို့သော အိမ်သို့ နောက်တကြိမ်သွားမည် မဟုတ်ပါ။ အနည်းဆုံး စိတ်ထဲမှာတော့ ... ငါ့ကို ဘာလို့ စကားမပြောတာလဲဟု စနိုးစနောင့် ဖြစ်နေမည်သာ ဖြစ်၏။ အိမ်ရှင်ဖြစ်သူက စကားမပြောရုံတင်မက အိပ်ပါ အိပ်နေမည်ဆိုလျှင် စိတ်ထဲ ဒေါသထွက်မည်မှာ ပြောဖွယ်ပင် ရှိမည်မဟုတ်။ အကယ်၍ မိမိလာမည့်အကြောင်း ကြိုတင်အကြောင်း ကြားပြီး ဖြစ်လျှင် အိမ်ရှင်အဖို့ လုံးဝ အိပ်ခွင့်ပင် ရှိမည်မဟုတ်ပါ။ (ဧည့်သည်ကို ကောင်းစွာ ဧည့်ခံရန် တာဝန်အပြည့်ရှိသွားပြီ ဖြစ်သည်။)

ယခု အလ္လာဟ်အရှင်မြတ်နှင့် ကျွန်ုပ်တို့ အကြားက အခြေအနေကို ကြည့်ပါ။ အလ္လာဟ်အရှင်မြတ်သည် ဤသို့သော ညမျိုးတွင် လူသားတို့၏ အိမ် တနည်း ပထမမိုးကောင်းကင်သို့ လာကြောင်း တမန်တော်မြတ်ထံမှတဆင့် သတင်းပေး အကြောင်း ကြားထားသည်။ ထိုသို့ သတင်းရထားပါလျှက်နှင့် ကျွန်ုပ်တို့အား အိပ်လျှက်နှင့် တွေ့လျှင်လည်း အရှင်မြတ်က အမျက်ဒေါသ ထွက်ခြင်းမရှိဘဲ ဤကျေးကျွန်သည် မုစ်သဟဗ်တခုကိုတော့ လွှတ်လိုက်ပေပြီဟုသာ သတ်မှတ်သည်။ အလ္လာဟ်အရှင်မြတ်၏ လာခြင်းကို မကြိုဆို မတောင်းခံသော ကျွန်ုပ်တို့အား ကြိမ်းမောင်းခြင်းလည်း မရှိ။ ထိုသို့ ဂရုဏာ မေတ္တာကြီးမားလှသော၊ အလွန့်အလွန် ပေးသနားသော အလ္လာဟ်အရှင့်ရှေ့တွင် ကျွန်ုပ်တို့သည် အရည်ပျော်သွားရမည်သာ ဖြစ်သည်။

(ဗရားသ်ဟူသည်မှာ အလ္လာဟ်အရှင်မြတ်က လူသားတို့ထံ လာပြီး ငါအလ္လာဟ်ထံက ဘယ်သူ ဘာတောင်းဖို့ ရှိသလဲဟု မေးနေချိန် ဖြစ်သည်။ ဘဏ္ဍာအလုံးစုံ၊ ကြွယ်ဝမှု အားလုံးကို ပိုင်ဆိုင်သည့် အရှင်မြတ်ထံမှ ဘယ်သူ ဘယ်လောက်တောင်းမလဲ တောင်းသလောက် ရမည် ဖြစ်၏။)


ဗရားသ်ည၏ ထူးခြားချက်
ဗရားသ်ညကို တန်ဖိုးထားရမည်။ ယင်းည၏ ကောင်းချင်းများအား ဆုံးရှုံးမခံရပါ။ အရယူ ရမည်။
ဟဒီးစ်တွင် လာသည်။ ညစဉ်ညတိုင်း ညတဝက်ကုန်ပြီးနောက်တွင် လောက၏ မိုးကောင်းကင်သို့ အလ္လာဟ်အရှင်မြတ်သည် သဂျလ်လီပြု၍ ကျေးကျွန်များဘက်သို့ အာရုံစိုက်တော်မူသည်။ ဗရားသ်ညတွင်မူ ညအစ (နေဝင်သည်နှင့်) လောက၏ မိုးကောင်းကင်သို့ ဆင်းသက်လာသည်။ ဤသည်ပင် ဤည၏ ထူးခြားချက် ဖြစ်သည်။ ညတိုင်းတွင်မူ ညတဝက်ရောက်မှ ဆင်းသက်သော်လည်း ဤညတွင်မူ ညအစကတည်းက ဆင်းသက်ခြင်း ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်ကို ချစ်သည့် စိတ် ရှိသူသည် ဤသို့သော အခွင့်ထူးကို တန်ဖိုးထားမည်။ ဤမျှ ဗရကသ်ရှိသော ည၏ တမိနစ်တိုင်းသည် အလွန်တန်ဖိုးကြီးကြောင်း မှတ်ယူမည်။ ကိုယ်ချစ်သည့် သူအတွက် အချိန်ပိုပေးနေရခြင်းကိုပင် စည်းစိမ်ဟု ခံစားရမည် ဖြစ်ပေသည်။

အလ္လာဟ့်ချီးမြှင့်မှု ဖြစ်သည့် ဗရားသ်ညကို တန်ဖိုးထားပါ

ဤဗရားသ်ညသည် အလွန် တန်ဖိုးရှိပြီး အလွန်ထူးမြတ်သည့် ညဖြစ်သည်။ ထို့ကြောင့် ယင်းည၏ တန်ဖိုးထားပါ။ အကျိုးရှိသော ကျင့်စဉ်များဖြင့် ညကို ကုန်ဆုံးစေပါ။
လောကရှိ ပိုက်ဆံ၊ ရွှေ၊ တိုက်၊ ကားများ၊ အရောင်းအဝယ်များတွင် အမြတ်အစွန်းကို တန်ဖိုးထားသည်။ ကျောက်မျက်ရတနာများကို တန်ဖိုးထားသည်။ အဖိုးတန်ပစ္စည်းအား ဈေးနည်းနည်းဖြင့်ရလျှင် အားတတ်သရော ဝယ်ယူကြသည်။

ယခု အာခိရသ်အတွက် အလွန်တန်ဖိုးရှိသော အချိန်အခါသမယကို ရနေခြင်းဖြစ်သည်။ ပိုက်ဆံ တပြားတချပ်မှ မကုန်စေဘဲ ရမည် ဖြစ်သည်။ ဤညသည် အာခိရသ်အတွက်သာမဟုတ် မိမိတောင်းတတ်လျှင် တောင်းသလို လောကအတွက်ပါ အကျိုးရှိစေသည့် ညဖြစ်သည်။ လောကီ၊ လောကုတ္တရာ နှစ်ခုလုံးအတွက် အသုံးဝင်သည့် ညဖြစ်သည်။ ထို့ကြောင့် လေးစားပါ။ ဤည၏ ကောင်းခြင်းများကို တမန်တော်မြတ်က သတင်းပေးထားခြင်းဖြစ်သည်။ အတိအကျ ရမည့် အဖိုးတန်ပစ္စည်းပင် ဖြစ်ပါသည်။

ဗရားသ်ညကို တန်ဖိုးမထားသည့် ကျောင်းသားများ
ထူးခြား မြင့်မြတ်သည့် ညများတွင် တညလုံး နိုးနေပြီး အိဗာဒသ်ပြုရန် အားလုံးလိုလို မတတ်နိုင်ကြပေ။ သို့သော် ထိုအုပ်စုထဲတွင် ကျောင်းသားများက အများဆုံး ပါသည်။ ယင်းတို့၏ လမ်းကြောင်းလွှဲစကားရပ်မှာ အိဗာဒသ်ဆိုတာတွေက အများကြီးပဲ၊ အိပ်တာလည်း အိဗာဒသ်ပဲ ဟု ဆိုကြသည်။ အလ္လာဟ်ထံမှာ အိစ်သိဂ်ဖာရ်လုပ်တာလည်း အိဗာဒသ်ပဲ နမားဇ် နှစ်ရကအသ် ဖတ်တာလည်း အိဗာဒသ်ပဲဟု စိတ်တွင်းဝယ် အမျိုးမျိုး သာဝီလ် လုပ်လိုက်ကြသည်။ မုစ်သဟဗ်များအား တန်ဖိုးမထားခြင်းမှ စ၍ ဤသို့သော ရောဂါဆိုးသည် ကျောင်းသား အများစုတွင် ရှိလာကြသည်။

ကျင့်စဉ်တခုခုသည် မုစ်သဟဗ်ဟု ဖော်ပြထားလျှင် မလုပ်ဘဲ နေလိုက်သည်။ မုစ်သဟဗ်ဆိုတာ မလုပ်လို့လည်း ဂုနာဟ်မှ မထိုက်တာဟူသော အတွေးဖြင့် အကျိုးထူးပေါင်းများစွာကို (သိလျှက်နှင့်) အဆုံးရှုံး ခံလိုက်ကြသည်။ အာလင်မ် မဟုတ်သူများကမူ မုစ်သဟဗ်ကိုလည်း တန်ဖိုးထားကာ ဂရုတစိုက် ကျင့်ကြသည်။ ထို့ကြောင့် ယင်းသို့သော အကျင့်ကို စွန့်လွှတ်ထိုက်ပါသည်။ ဤသည်မှာ ပညာသင်ကျောင်းသားတို့အတွက် စိတ်၏ လှည့်ဖျားမှု ဖြစ်သည်။ ယင်းလှည့်ဖျားချက်က အာလင်ကျောင်းသားတို့အား များစွာသော ကောင်းချင်းများမှ ဆုံးရှုံးစေလိုက်သည်။ ဤသို့သော ညမျိုးကို အထူး တန်ဖိုးထားပါ။ လက်မဲ့ မလုပ်ကြပါနှင့်။

ညတွင် အကောင်းဆုံးသော နိုးထရန်အချိန်
ည၏ အချိန်များအားလုံးအနက် (ည အစပိုင်း၊ အလယ်၊ နောက်ဆုံးချိန်) ည၏ နောက်ဆုံးချိန်တွင် နိုးထခြင်းက အကောင်းဆုံးဖြစ်သည်။ ယင်းသို့ ည နောက်ဆုံးပိုင်းတွင် နိုးထခြင်းက ထူးမြတ်ကြောင်း ကုရ်အာန်ကျမ်းတွင်လည်း မိန့်ထားသလို ဟဒီးစ်တွင်လည်း မိန့်ထားသည်။


ဗရားသ်ညအတွက် အကြံပေးချက်
ည အစပိုင်းတွင်လည်း အမလ်များ ပြုလုပ်ပါ။ ဗရားသ်ည၏ ထူးမြတ်မှုသည် ညအစကတည်းက ရှိသည်။ အိရှာအ်အချိန် အထိ အိဗာဒသ်များ လုပ်နေပါ။ ည အဆုံးပိုင်းထိ မစောင့်နေပါနှင့်။ အဘယ်မျှသည် နိုးနေနိုင်သနည်း ထိုအထိ အိဗာဒသ်လုပ်ပါ။
အကယ်၍ ပင်ပမ်းမှုများကြောင့် ညအစပိုင်းတွင် အိဗာဒသ် မလုပ်နိုင်။ အိပ်ပျော်သွားမည်ဆိုလျှင်လည်း ခဏတာ အိပ်ရေး ရပြီးနောက် ညအဆုံးပိုင်းကို ထလျှက် အိဗာဒသ်ပြုပါ။ အဓိကမှာ ယင်းတညလုံးတွင် မည်သည့်အချိန်ကို အိဗာဒသ်လုပ်ခွင့်ရသည်ဖြစ်စေ တန်ဖိုးထား၍ ဂရုတစိုက် အိဗာဒသ်ပြုပါ။

နဖိလ်နမားဇ်အတွက် အထူး တောင်းဆုတော်
တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်သည် ဗရားသ်ည၏ နဖိလ်နမားဇ်၏ စဂ်ျဒဟ်တွင် ဤတောင်းဆုတော်ကို ဖတ်ခဲ့ကြောင်း လာရှိထားသည်။
(အရဗီစာသားကို ပုံဖြင့် ပြပေးထားသည်။) အသံထွက်။ အအူးဇု ဗိအဖ် ဝိက၊ မင်(န) အိကားဗိက၊ ဝအအူးဇု ဗိရိဿွားက မင်န် ဆ ခ သွိက၊ ဝအအူးဇု ဗိက၊ မင်န်က ဂျလ်လ ဝဂ်ျဟုက၊ လာ အုဟ်ဆွီ စနားအန် အလိုင်းက အန်သ ကမား အဆ် နိုင်းသ၊ အလာ နဖ်စိက။
အဓိပ္ပါယ်။ အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ပြစ်ဒဏ်မှ လွတ်မြောက်ရန် အရှင်မြတ်၏ ခွင့်လွှတ်မှုဖြင့် အကာအကွယ် ယူပါ၏။ ၎င်းပြင် အရှင်မြတ်၏ အမျက်တော်မှ လွတ်မြောက်ရန် အရှင့်၏ ကျေနပ်မှုဖြင့် အကာအကွယ် ယူပါ၏။ ထို့ပြင် အရှင်မြတ်မှ လွတ်မြောက်ရန် အရှင်မြတ်ဖြင့်သာ အကာအကွယ် ယူပါ၏။ အရှင်မြတ်၏ ဘုန်းသမ္ဘာသည် လွန်စွာ ကြီးကျယ်လှပါ၏ ကျွန်တော်မျိုး အရှင်မြတ်အား ထိုက်သင့်သော နည်းဖြင့် ချီးကျူးခြင်း မပြုနိုင်ပါ။ အရှင်မြတ်သည် မိမိကိုယ်ကိုယ် မိမိ ကိုယ်တော်တိုင် ချီးကျူးတော်မူသည့်အတိုင်း ဖြစ်တော်မူပါသည်။
(နဖိလ်နမားဇ်၏ စဂ်ျဒဟ်တွင် အကြိမ်များစွာ ဖတ်နိုင်က ကောင်း၏။ ဒီအတိုင်း ဖတ်လိုပါကလည်း ဖတ်နိုင်ပါသည်။ အနည်းဆုံး အခေါက် ခုနှစ်ဆယ်ခန့်မျှ ဖတ်ဖြစ်အောင် ဖတ်ပါ။)

နိုးနေရန်နည်းနှင့် အိဗာဒသ်ပြုရာတွင် အိပ်မငိုက်စေရန်

အိပ်မငိုက်စေရန် အိဗာဒသ် အမျိုးအစားများကို ပြောင်း၍ ပြုလုပ်ပါ။ နဖိလ်နမားဇ်များဖတ်ပါ။ ပျင်းလာလျှင် လမ်းလျှောက်ပြီး ဇိကိရ်လုပ်ပါ။ ညောင်းသွားလျှင် ကုရ်အာန် သိလာဝသ် လုပ်ပါ။ ကိုယ်တိုင် သိလာဝသ်ပြီးလျှင် နောက်တယောက် ဖတ်သည်ကို နားထောင်ပါ။ ပြီးလျှင် ဝုဇူအသစ်ပြန်ပြု၍ နဖိလ်ဖတ်ပြီး ဒုအာပြုနေပါ။ အိမ်ရှိသူများ အတူစုပြီး ဇိကိရ်ကို အသံဖြင့်လုပ်ပါ။ ဤသည်လည်း အိပ်ချင်ပြေစေသည်။ စိတ်သည် ငြီးငွေ့လာလျှင် အနည်းငယ် စားသောက် ပြောဆိုမှုများလည်း ပြုပါ။ တညလုံး စားနေခြင်း၊ တညလုံး စကားပြောနေခြင်းကို မဆိုလိုပါ။ အိပ်မငိုက်စေရန် အပြောင်းအလဲ ပြုခြင်းမျှသာ ဖြစ်၏။ ပြောသည့် စကားသည်လည်း အကျိုးမဲ့ အကုသိုလ် တိုးစေသည့် စကားများ မဖြစ်စေရ။ ပုံမှန် စကားများသာ ဖြစ်ရမည်။ အလွန်အမင်း အိပ်ချင်လာလျှင်မူ အိပ်လိုက်ပါ။ (ည၏ အဖိုးတန်အချိန်များကိုမူ မလွတ်သွားစေပါနှင့်)

(ဒုအာတောင်းနည်း။ ဒုအာသည် တောင်းခံခြင်းကို ခေါ်သည်။ ကိုယ် တတ်ကျွမ်းရာ ဘာသာစကားဖြင့် ကြိုက်ရာကို တောင်းနိုင်သည်။ ထို့ကြောင့် စာရွက် တခုခုကို ကြည့်ပြီး တောင်းနေဖို့ အရေးမကြီးပါ။ အလ္လာဟ်ရှေ့တွင် ကလေးတဦးပမာ ကိုယ်လိုချင်သည်များ၊ ဖြစ်ချင်သည်များ၊ တမ်းတသည်များ၊ မျှော်မှန်းသည်များ အားလုံးကို ငို ငိုပြီးတောင်းပါ။ ကိုယ့်အတွက်လည်း တောင်းပါ။ ကိုယ့်မိဘအတွက် တောင်းပါ။ ကိုယ့် မွတ်စ်လင်မ် ညီနောင်များ၊ ညီအမများအတွက် ထည့်တောင်းပါ။ အရဗီဖြင့်တောင်းမှ ဒုအာမဟုတ်ပါ။ စာစီပြီးလည်း တောင်းဖို့ မလိုပါ။ စကားပြောသည့် အတိုင်းပင် တောင်းပါ။)
တဦးတည်း တကိုယ်တည်း ရှိချိန် တောင်းခံခြင်းသည် စိတ်တည်ငြိမ်မှုရှိပြီး ကောင်းလည်း ကောင်း၏။ စုပေါင်းဒုအာများ ပြုပြီးလျှင်လည်း ကိုယ့်လိုအပ်ချက် တခုတိုင်းအတွက်လည်း ထပ်ပြီး တောင်းခံပါ။ အရဗီ မဖတ်တတ်လည်း ကိုယ်တတ်သည့် စကားဖြင့် ဆုမွန်များ တောင်းခံကြပါ။

ယခုနှစ် (၂၀၁၇တွင်) ကျရောက်သည့် ဗရားသ်သည် သောကြာညလည်း ဖြစ်သဖြင့် မွန်မြတ် ကောင်းမွန်ခြင်း၊ ဆုတောင်းများ လက်ခံခြင်းကတော့ အထူးပင် ဖြစ်ပါသည်။ အဓိကမှာ အလ္လာဟ်ပေးသည့် ရဟ်မသ်ကို ရေခွက် သေးသေးလေးဖြင့် ခံယူမည်လား၊ ရေတိုင်ကီကြီးဖြင့် ခံယူမည်လား၊ သို့မဟုတ် ဇလုံ အပေါက်ဖြင့်သာ ခံယူမည်လားဟူသည်မှာတော့ စာရှုသူတို့၏ ရွေးချယ်မှုသာ ဖြစ်ပါသည်။ အလ္လာဟ်အရှင်ကမူ တောင်းသလောက် ပေးမည်ဟု ကတိပြုပြီး ဖြစ်သည်။

အလ်မုဖီးဒ်
ရှအ်ဗာန်/ ၁၄/ ဟစ်ဂျရီ ၁၄၃၈ (ယောင်မွန် အရ်ဗအ်)
11/ 5/ 2017 (ကြာသပတေး)
(ဗရားသ်ည)