Showing posts with label အိအ်သိကားဖ်. Show all posts
Showing posts with label အိအ်သိကားဖ်. Show all posts

Tuesday, August 2, 2016

ကိုယ်ဝန်ဆောင်အမျိုးသမီးများ နမားဇ်ဖတ်ရာ၌ သတိပြုရမည့်အချက်များ


** မွစ်လင်မ်အမျိုးသား၊ အမျိုးသမီးတိုင်း လေ့လာပါ။ မွစ်လင်မ်တို့အနေဖြင့် နောက်မွစ်လင်မ်တစ်ဦးနှင့် တွေ့ဆုံသည့်အခါ အကြောင်းအရာတိုက်ဆိုင်ပါက ပြောပြလမ်းညွှန်ပေးနိုင်ပါသည်။ ကိုယ်နှင့်မဆိုင်ဟူ၍ သီးသန့်မနေပါနှင့်။ ဒီးန်ရေးရာကို မည်သူမဆို လေ့လာဆည်းပူးပါက အကျိုးမယုတ်ပါ။

အစ္စလာမ်၌ နမားဇ်သည် အရေးအကြီးဆုံးတာဝန်တစ်ခုဖြစ်သလို မည်သို့သောအခြေအနေကို ဆိုက်ရောက် ကြုံတွေ့ရသည်ဖြစ်ပါစေ လွှတ်ခွင့်မရှိပေ။ တစ်ဖက်တွင် အခြေအနေအချိန်အခါကို ထောက်ရှု၍ နမားဇ်ဆောက်တည်ရာတွင် လွယ်ကူမှုများနှင့် လျှော့ပေါ့ပေးမှုတို့ကို ပြုပေးထားသည်။ နမားဇ်ဖတ်ရမည်။ သို့သော် ကျန်းမာရေးအခြေအနေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတို့တွင် ချို့ယွင်းမှုဖြစ်လာလျှင် မည်သို့မည်ပုံ နမားဇ်ကို ဆောက်တည်ရမည်ကိုလည်း သေချာစွာပင် ပြသပေးထားသည်။ နမားဇ်ကို မည်သည့်အခြေအနေတွင်မှ လွှတ်ခွင့်မရှိဟူသည့် အမိန့်ကို တစ်ဖက်တွင် ပြဌာန်းထားသလို နောက်တစ်ဖက်တွင်လည်း မည်သို့ဖြစ်လာလျှင် မည်သို့ဖတ်ပါဟူသော လွယ်ကူမှုကိုပါတစ်ပြိုင်တည်း ပြသပေးထားပေသည်။

ကိုယ်ဝန်ဆောင်များလည်း နမားဇ်ဖတ်ရမည်ဖြစ်သည်။ သို့သော် ကိုယ်ဝန်ဆောင်တို့အတွက် သီးသန့် နမားဇ်ဖတ်နည်းဟူ၍ မရှိပါ။ အမြဲဖတ်သည့် ပုံစံအတိုင်း ဖတ်ရမည်။ ဤနေရာတွင် တင်ပြမည်မှာ ကိုယ်ဝန်ကာလတွင် ခန္ဓာကိုယ်အနေအထား ပြောင်းလဲမှုကြောင့် ကြုံတွေ့ရသည့် အခက်အခဲများဖြင့် နမားဇ်ကို မည်သို့ဖတ်နိုင်သနည်းဟူသည့် ပုံစံဖြစ်၏။ကိုယ်ဝန်ဆောင်ကာလ၌ နမားဇ်ဖတ်ရာတွင် ရရှိမည့်လွယ်ကူမှုများနှင့် သတိပြုဖွယ်ရာများကို သိမှတ်သလောက် ရေးသားမည် ဖြစ်သည်။

ကိုယ်ဝန်ဆောင်များ နမားဇ်ဖတ်ရာတွင် အဓိကအခက်အခဲဖြစ်ရသည်မှာ ကိယာမ်(မတ်တပ်ရပ်ချိန်) ရူကူနှင့် စဂ်ျဒါပြုချိန်တို့ဖြစ်သည်။ အထက်ပါ သုံးခုသည် နမားဇ်တွင် ဖရဇ်ဖြစ်ကြောင်း သိမှတ်ထားရပါမည်။ ထို့ကြောင့် အတတ်နိုင်ဆုံး အချိန်အထိ ၎င်းတို့ကို ပုံစံတကျပြုရမည်ဖြစ်၏။ ပမာဆိုရလျှင် ကိုယ်ဝန်ကာလ သုံးလ လေးလခန့်မျှအထိ တတ်နိုင်သေးလျှင် အတိအကျသာ ပြုရမည်။ တချို့အမျိုးသမီးတို့သည် ကိုယ်ဝန်ကာလ ကိုးလအထိရောက်သော်လည်း ကိုယ်ဝန်ဆိုဒ်သေးသူများရှိကြသည်။ ထို့သို့သောသူများသည် ရုကူ စဂ်ျဒါတို့ကို ပြုနိုင်သည်အထိ ပြုရမည်သာ ဖြစ်၏။ သဘောမှာ ကိုယ်ဝန်ဆောင်ဖြစ်သူတိုင်း ချွင်းချက်ရှိသူမဟုတ်ပါ။ ချွင်းချက်မဖြစ်သူများလည်း ရှိပါသည်။

** ကိယာမ် قِيَامْ (မတ်တပ်ရပ်ခြင်း)
ကိုယ်ဝန်ဆောင်အနေဖြင့် နမားဇ်အတွက် ကိယာမ်ကို နိုင်သည်ဆိုလျှင် ရပ်ကိုရပ်ရမည်။ ကိုယ်ဝန်၏ အလေးချိန်ကြောင့် လုံးဝ မတ်တပ်မရပ်နိုင်တော့လျှင် ထိုင်ဖတ်နိုင်သည်။ ထိုင်ခုံပေါ်ထိုင်ဖတ်နိုင်သလို ကြမ်းပေါ်တွင်ထိုင်၍လည်း ဖတ်နိုင်သည်။ ကြမ်းတွင်ထိုင်ဖတ်ခြင်းက ပိုကောင်း၏။ ကြမ်းပေါ်တွင် ထိုင်ခြင်းဟူသည်မှာ အသ်သဟိယားသ် ( اَلتَّاحِيَّاتْ ) ထိုင်သည့်ပုံစံဖြင့် ထိုင်ခြင်းကို ဆိုလိုသည်။ ထိုပုံစံထိုင်၍ ဖတ်လျှင် ရုကူအ်အတွက် ခန္ဓာကိုယ်ကို ကိုင်းနိုင်သမျှ ကိုင်းရပါမည်။ ထိုင်ခုံပေါ်တွင် ဖတ်လျှင် ရုကူအ်ကို သူ့ပုံစံအတိုင်း ပြုရပါမည်။ စဂ်ျဒါကိုလည်း သေချာစွာ ပြုရပါမည်။

မှတ်ချက်။ ကိုယ်ဝန်ဆောင် မဟုတ်ဘဲ ရိုးရိုး အမျိုးသမီး အချို့တွင် နမားဇ်ကို ထိုင်ဖတ်သည့် အကျင့်ရှိသည်။ အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ နမားဇ်ကို ထိုင်ဖတ်ခွင့် မရှိပါ။ မလိုအပ်ဘဲ ထိုင်ဖတ်ခဲ့ပါက နမားဇ်မပိုင်သည်အထိ ဖြစ်ပါသည်။ ညောင်းခြင်းလောက်ကို အကြောင်းပြချက်အဖြစ် လက်မခံပါ။ အမျိုးသားများအတွက်လည်း ထိုအတိုင်းပင် ဖြစ်ပါသည်။ ချွင်းချက် မရှိဘဲ နမားဇ်ကို ထိုင်ဖတ်ခြင်း၊ ရုကူအ် စဂ်ျဒါကို ထိုင်၍ အရိပ်အမြွက်ဖြင့်ပြုခြင်းတို့ ပြုခွင့်မရှိပါ။

** ရုကူအ် ( رُكُوْعٌ ) နှင့် စဂ်ျဒါ ( سَجْدَهْ )
ရုကူအ်နှင့် စဂ်ျဒါကို တတ်နိုင်သည်အထိ သတ်မှတ်ပုံစံအတိုင်း ပြုရမည်ဖြစ်၏။ သပ်စ်ဗီကို သုံးကြိမ်မျှဆိုနိုင်သည်ခန့် ရုကူအ်နှင့် စဂ်ျဒါတို့ကို ပြုလုပ်နိုင်လျှင် ထိုမျှခန့်ရွတ်ဆိုပြီး ပြုလုပ်ရမည်။ စဂ်ျဒါပြုရာတွင် အမျိုးသမီးတို့ စဂ်ျဒါပြုပုံအတိုင်း မပြုနိုင်။ သဘောမှာ ဗိုက်ထောက်နေသဖြင့် ဝမ်းဗိုက်နှင့် ပေါင်ကို ထိကပ်၍ မပြုနိုင်တော့လျှင် ခွာ၍ စဂ်ျဒါပြုနိုင်သည်။ လက်များကိုမူ ပုံမှန်အတိုင်း ကြမ်းနှင့် ထိကပ်ထားရမည်။

မှတ်ချက်။ ရုကူအ်၊ စဂ်ျဒါတို့တွင် သပ်စ်ဗီမဆိုပါကလည်း ရုကူအ်၊ စဂ်ျဒါ ဖြစ်သွားသည်။ သို့သော် ထိုသို့ မဆိုသူသည် စွန္နသ်ကို လွှတ်သူ ဖြစ်၏။ ဤနေရာတွင် သပ်စ်ဗီမဆိုလည်း ရုကူအ်၊ စဂ်ျဒါဖြစ်ကြောင်း ထည့်ရေးပြရခြင်းမှာ အမိန့် တစ်ဆင့်ခြင်းစီ၏ ပုံစံကို သိမြင်ရန်အတွက်သာ ဖြစ်၏။ မဖတ်လည်း ရတာပဲ၊ မဖတ်ဘူးဟူသည့် လုပ်ဆောင်ချက်မျိုး ဖြစ်စေရန် မဟုတ်ပါ။ စွန္နသ်များကို လွှတ်ခြင်းသည် ဖရ်ဇ်များပါ လွတ်ရန် လမ်းစဖြစ်ပါသည်။ ရုကူအ်နှင့် စဂ်ျဒါတွင် အနိမ့်ဆုံး သပ်စ်ဗီဟ် သုံးကြိမ်ဆိုရမည်။ ထို့ထက်နည်း၍ ဆိုခြင်းသည် မက္ကရူဟ်သန်ဇီဟီ ( مَكْرُهْ تَنْزِيْهِيْ ) ထိုက်ပါသည်။ သုံးကြိမ်သည် အနည်းဆုံးဖြစ်၍ “မ” ဂဏန်းအရေအတွက် ပိုဖတ်ခြင်းက မြတ်၏။ သုံးကြိမ်၊ ငါးကြိမ်၊ ခုနှစ်ကြိမ် စသည်ဖြင့် ဆိုနိုင်ပါသည်။

- ကိယာမ်နှင့် ရုကူအ်တော့ပြုနိုင်သည် စဂ်ျဒါမပြုနိုင်လျှင် ကြမ်းပေါ်တွင် ထိုင်ဖတ်ခွင့်ရှိသည်။ ထိုင်ခုံပေါ်တွင်လည်း ဖတ်နိုင်သည်။ ကြမ်းပေါ်တွင် ဖတ်ခြင်းက ပိုကောင်း၏။ စဂ်ျဒဟ်ကို ပုံစံတကျ မပြုနိုင်သဖြင့် အရိပ်အမြွက်ဖြင့် ပြုရမည်။ အရိပ်အမြွက်ဟူသည်မှာ ဦးခေါင်းကို ညွှတ်ကိုင်း၍ လုပ်ခြင်း ဖြစ်သည်။ ဤပုံစံတွင် ရုကူအ်ထက် စဂ်ျဒဟ်၏ အရိပ်အမြွက် သဏ္ဍာန်က ပို၍ ကိုင်းညွှတ်မှု ရှိရပါမည်။ ထိုသို့ဖတ်ခြင်းက အကောင်းဆုံးဖြစ်၏။ ဤသို့မဟုတ်ဘဲ ကိယာမ်နှင့် ရုကူအ်ကို ပုံမှန်အတိုင်း ပြုလုပ်ပြီး စဂ်ျပြုခါနီးမှ ထိုင်၍ အရိပ်အမြွက်ဖြင့် စဂ်ျဒဟ်ပြုလိုပါကလည်း ပြုနိုင်ပါသည်။

မှတ်ချက်။ အရိပ်အမြွက်ဟုဆိုရာတွင် နမားဇ်ဖတ်နေသူ၏ လုပ်နိုင်စွမ်း အခြေအနေပေါ်မူတည်ထားပါသည်။ အဓိပ္ပါယ်အရ ဦးခေါင်းကို ညွှတ်ကိုင်း၍ လုပ်ခြင်း ဖြစ်သော်လည်း အခြေအနေတိုင်းတွင် ထိုပုံစံချည်းသာ လုပ်ရမည်ဟု မဆိုလိုပါ။ ရုကူအ်၊ စဂ်ျဒဟ်ကို ခန္ဓာကိုယ်က မည်သည့်အတိုင်းအတာအထိ ဆောင်ရွက်နိုင်သနည်း၊ ထိုမျှအထိ ဆောင်ရွက်ရပါမည်။ အရိပ်အမြွက်ဟု ရေးထားသော နေရာတိုင်းတွင် ဤအလိုသဘောကို ဆိုလိုပါသည်။

- ကိယာမ်၊ ရူကူနှင့် စဂ်ျဒါတို့ကို သတ်မှတ်မှုအတိုင်း မပြုနိုင်သူသည် ထိုင်ဖတ်နိုင်သည်။ ရူကူနှင့် စဂ်ျဒါကို ဦးခေါင်းညွှတ်၍ အရိပ်အမြွက်ဖြင့် ပြုရမည်။ စဂ်ျဒါကို ရူကူ၏ ပုံသဏ္ဍာန်ထက် ပို၍ ကိုင်းညွှတ်ရပါမည်။

- စဂ်ျဒါပြုရာတွင် ကြမ်းအထိ တိုက်ရိုက်မသွားနိုင်။ ရှေ့တွင် ခုံ၊ စားပွဲ ချထား၍ စဂ်ျပြုနိုင်လျှင် ထိုပုံစံ ပြုရန်အရေးကြီးပါသည်။ ထို့အတူ ကြမ်းပေါ်ထိုင်၍ ဖတ်လျှင် စဂ်ျဒဟ်မသွားနိုင်၊ ထိုင်ခုံတွင် ထိုင်၍ ရှေ့၌ စားပွဲချပြီး စဂ်ျဒါပြုလျှင်မူ ရသည်ဆိုလျှင် ထိုသို့ဖတ်ရန်အရေးကြီးသည်။ စဂ်ျဒါအတွက် ချထားသည့် စားပွဲ၊ ခုံတို့သည် ထိုင်ခုံနှင့် တစ်ပြေးညီ ဖြစ်ရမည်။ မြင့်လိုပါက ၉ လက်မခန့်မျှသာ မြင့်ခွင့် ရှိသည်။ ထို့ထက်ပိုမြင့်သော စားပွဲ၊ ခုံတို့တွင် စဂ်ျဒဟ်လုပ်ပါက မှန်ကန်မှုမရှိပါ။

** ခေါင်းအုံးပေါ် စဂ်ျဒါလုပ်ခြင်း
အများအားဖြင့် စဂ်ျဒါပြုလုပ်ရန် ခေါင်းအုံးများကို အသုံးပြုကြသည်။ ခေါင်းအုံးပေါ် စဂ်ျဒါပြုရာ၌ အပျော့ အမာ အခြေအနေအတိုင်း စဂ်ျဒါအမိန့် ကွာခြားပါသည်။ ခေါင်းအုံးသည် ပျော့ပျောင်းနေလျှင် ယင်းခေါင်းအုံးပေါ် စဂ်ျဒါပြုလျှင် စဂ်ျဒါပိုင်မည်မဟုတ်ပါ။ စဂ်ျဒါကို မာကြောသောအရာပေါ်တွင် ပြုလုပ်ရမည်။ မာကြောခြင်းဟူသည်မှာ ထပ်ဖိလျှင် ပိသွားခြင်း မရှိတော့သည့် အခြေအနေမျိုးကို ခေါ်ဆိုသည်။ ထို့ကြောင့် မိမိစဂ်ျဒါပြုရန် အသုံးပြုသည့် ခေါင်းအုံးပေါ်တွင် နဖူးကို ဖိချလိုက်ပါက ပျော့ဝင်သွားသလား၊ တစ်နေရာရာတွင် မာသွားသလားဟူသည်ကို ကြည့်ပါ။ နဖူးဖိချသည့်အခါ အခြေအနေတစ်ခုတွင် မာသွားလျှင် ယင်းခေါင်းအုံးပေါ်တွင် စဂ်ျဒါပြုနိုင်သည်။ ပျော့မြဲပျော့နေလျှင်မူ ပြုခွင့်မရှိပါ။ စားပွဲ စသည့် ပင်ကိုယ် အမာပစ္စည်းဖြစ်လျှင်မူ အကောင်းဆုံးဖြစ်ပါသည်။ ခေါင်းအုံးအမြင့်သည် ၉ လက်မခန့်ထက် မပိုရပါ။ ထို့ထက်နိမ့်လျှင်လည်း ရသည်။ အကယ်၍ ထိုမျှ အမြင့်အထိ စဂ်ျဒါမသွားနိုင်လျှင် ခန္ဓာကိုယ်က လုပ်ဆောင်နိုင်သည့် အခြေအနေထိ စဂ်ျဒါကို ပြုလိုက်ပါ။
ကိုယ်ဝန်ဆောင်ကာလအတွင်း နမားဇ်များကို မပျက်စေဘဲ ဂရုတစိုက်ဖတ်ရပါမည်။ တတ်နိုင်ပါက နဖိလ်များစွာဖတ်ပါ။ သိလာဝသ်များများပြုပါ။ အထက်တွင် ပုံစံတချို့ကို အကျဉ်းချုံဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ မိမိတွေ့ကြုံရသည့် အခြေအနေသည် အထက်ပါပုံစံများနှင့် မကိုက်ညီပါက နီးစပ်ရာ အာလင်မ်များထံမေးမြန်းပါရန် အကြံပြုပါသည်။

အမျိုးသမီးများ ကလေးမွေးပြီးနောက် မီးတွင်းသွေးဆင်းခြင်းနှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများကို ဤလင့်တွင် ဖတ်ရှုနိုင်ပါသည်။
http://aaitee.blogspot.com/2015/10/blog-post_74.html

ဇိလ်ကအ်ဒဟ်/ ၂၈/ ဟိဂ်ျရီ ၁၄၃၇
2/8/2016
Credit, အလ်မုဖီးဒ်က ရေးသားသည်။

Monday, July 22, 2013

အိအ်သိကားဖ် အကြောင်း


အိအ်သိကားဖ် အကြောင်း
ရမဿွာန်လ၏ နောက်ဆုံးဆယ်ရက်တွင် ခပ်သိမ်းကုန်သော အရာတို့ကို အဆက်ဖြတ်၍ အလ္လာဟ်အရှင်မြတ်၏ အိမ်တော်၌ ၀င်ရောက်နေထိုင်ခြင်းကို “အိအ်သိကားဖ်” ဟုခေါ်၏။ အိအ်သိကားဖ်ပြုရန် အကောင်းဆုံး အချိန်မှာ ရမဿွာန်လ၏ နောက်ဆုံးဆယ်ရက်ဖြစ်၏။ အိအ်သိကားဖ်ထိုင်သူသည် နေ့ရော ညပါ ဗလီထဲတွင်နေထိုင်ရ၏။ ကျင်ကြီး၊ ကျင်ငယ်စွန့်လိုသော် ဗလီအပြင်သို့ ထွက်ခွင့်ရှိ၏။ ပြီးလျှင်ပြီးချင်း မိမိ အိအ်သိကားဖ်ထိုင်သောနေရာ ဗလီအတွင်းသို့ ချက်ချင်းပြန်ဝင်ရ၏။ အချုပ်မှာ မိမိခန္ဓာကိုယ်တစ်ခုလုံးနှင့် အချိန်အားလုံးကို အလ္လာဟ်အရှင်မြတ်အား ၀တ်ပြုဆည်းကပ်ရန် ပုံအပ်ထားခြင်းဖြစ်၏။

အိအ်သိကားဖ်၏ အကျိုးကျေးဇူးများ
(၁) အိအ်သိကားဖ် ထိုင်ခြင်းဖြင့် အချင်းချင်း မတွေ့ဆုံရခြင်း၊ ဈေးသို့မသွားမလာရခြင်းကြောင့် မြောက်များစွာသော အကုသိုလ်တို့မှ လွတ်ကင်းသွား၏။
(၂) အလ္လာဟ်အရှင်မြတ်၏ နှစ်မြို့မှုအတွက် ထိုအရှင်မြတ်၏ အိမ်တော်၌ လာရောက်တည်းခိုနေထိုင်ခြင်းသည် အိဗာဒသ်ပြုလုပ်ခြင်းဖြစ်၏။ ထို့ကြောင့် အိအ်သိကားဖ်ရက်များတွင် အချိန်အားလုံးအတွက် စ၀ါးဗ်အကျိုးရရှိ၏။ အိပ်စက်နေလျှင်လည်း အိဗာဒသ်ပြုခြင်း၏ အကျိုးစ၀ါးဗ်ကို ရရှိနေမည်ဖြစ်၏။
(၃) အိအ်သိကားဖ်ထိုင်သူသည် အချိန်တိုင်း “ဂျမာအသ်”နှင့် ဆွလာသ်ဝတ်ပြုခြင်းတို့ကို စောင့်မျှော်တောင့်တနေခြင်းကြောင့် အချိန်ပြည့် ဆွလာသ်ဝတ်ပြုခြင်း၏ အကျိုးစ၀ါးဗ်ကိုရ၏။
(၄) အိအ်သိကားဖ်အခြေအနေမှာ မလာအိကာ ကောင်းကင်တမန်များ၏ အခြေအနေနှင့် အလားတူဖြစ်၏။
(၅) ဗလီဝတ်ကျောင်းတော်သည် အလ္လာဟ်အရှင်မြတ်၏ အိမ်တော်ပင်ဖြစ်ပေရာ အိအ်သိကားဖ်ထိုင်သူကား အလ္လာဟ်အရှင်မြတ်၏ အိမ်နီးနားချင်းဖြစ်ရုံသာမက ထိုအရှင့်အိမ်တော်၌ ဧည့်သည်တော်ပင်ဖြစ်ပေသည်။
(၆) အိအ်သိကားဖ်ထိုင်နေသောရက်များတွင် လူမမာကိုသွားရောက်မေးမြန်းခြင်း၊ အိမ်နီးနားချင်းကို ဈေးမှပစ္စည်းဝယ်ပေးခြင်း၊ လူမမာအားပြုစုခြင်း၊ ဂျနာဇဟ်၌ပါဝင်ခြင်းနှင့် ဗလီအပြင်သို့ထွက်၍ ဆောင်ရွက်ရသော ကုသိုလ်ကောင်းမှု ဟူသမျှကို ပြုလုပ်ဆောင်ရွက်ခွင့် မရှိတော့ပေ။ သို့သော် ယင်းကုသိုလ်ကောင်းမှုတို့ကို ပထမကတည်းက ပြုလုပ်ခဲ့သည်ရှိသော် အိအ်သိကားဖ် ထိုင်နေသောအခါ၌ ယင်းကောင်းမှုများကို မပြုလုပ်ရသော်လည်း အကျိုးစ၀ါးဗ်ကိုမှု ရရှိပေမည်။
(၇) အိအ်သိကားဖ်ထိုင်ခြင်းသည် တမန်တော်မြတ်၏ စွန္နသ်တော်ကို ကျင့်သုံးရာလည်းရောက်၏။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ်သည် တစ်ခါတစ်ရံ တစ်လလုံး အိအ်သိကားဖ်ထိုင်တော်မူ၍ နောက်ဆုံးနှစ်တွင် ရက်ပေါင်းနှစ်ဆယ် အိအ်သိကားဖ်ထိုင်တော်မူခဲ့၏။ သို့သော် ရမ်ဿွာန်လနောက်ဆုံး ၁၀-ရက်တွင် ကိုယ်တော်သည် ထာဝစဉ် အိအ်သိကားဖ် ထိုင်တော်မူလေ့ရှိခြင်းကြောင့် အစ္စလာမ့်ပညာရှင်များက ရမ်ဿွာန်လ နောက်ဆုံး ၁၀-ရက်တွင် “ အိအ်သိကားဖ် ” ထိုင်ခြင်းသည် “စွန္နသ် မုအက္ကဒဟ်” ဖြစ်ကြောင်း အမိန့်ရှိကြ၏။

မှတ်ချက်
ရမဿွာန်လနောက်ဆုံး ၁၀-ရက်၌ “ အိအ်သိကားဖ် ” ထိုင်ခြင်းသည် စွန္နသ် မုအက္ကဒဟ် အလလ်ကိဖာယဟ် ဖြစ်၏။ တစ်ရပ်ကွက်လုံးရှိ မွတ်စလင်မ်များအနက် တစ်ဦးတစ်ယောက်မျှပင် “ အိအ်သိကားဖ် ” မထိုင်ခဲ့သော် အားလုံးတွင် တာဝန်ရှိ၏။ ၁၀-ရက် “ အိအ်သိကားဖ် ” ထိုင်ခြင်းသည် အချိန်ပြည့် အိဗာဒသ်ပြုနေခြင်းဖြစ်ပေရာ ယင်း ၁၀-ရက် အတွင်း၌ ကဒရ်ညနှင့် ကြုံတွေ့ခဲ့သော် ယင်းည၏ အလွန်ကြီးမားသော အကျိုးစ၀ါဗ်ကိုလည်း ရရှိပေမည်။

အိအ်သိကားဖ်နှင့် စပ်လျဉ်း၍လာရှိသော ဟဒီးစ်တော်များ

ဟဒီးစ်တော် (၁) -း-
နဗီတမန်တော်မြတ်သည် ကွယ်လွန်တော်မူသည်အထိ ရမ်ဿွာန်လမြတ်၏ နောက်ဆုံး (၁၀)ရက်တွင် “အိအ်သိကားဖ်” ထိုင်တော်မူလေ့ရှိခဲ့ကြောင်း ထို့ပြင်ကိုယ်တော်မြတ်၏ ကြင်ရာတော်များသည် ကိုယ်တော်၏ နောက်တွင် “အိအ်သိကားဖ်” ထိုင်တော်မူခဲ့ကြောင်းကို အာအိရှာ (ရသွီ့)သခင်မက ပြောပြ၏။

ရှင်းလင်းချက် (က) -း-
ရမ်ဿွာန်လမြတ်၏ နောက်ဆုံး (၁၀)ရက်တွင် “အိအ်သိကားဖ်”ထိုင်ခြင်းမှာ ကွယ်လွန်တော်မူသည် အထိ နဗီတမန်တော်မြတ် (ဆွ) အစဉ်အမြဲကျင့်ဆောင်တော်မူခဲ့သော ကျင့်စဉ်တစ်ရပ်ဖြစ်၏။ သို့အတွက် ကြောင့် ယင်း“အိအ်သိကားဖ်”သည် “စွန္နသ် မုအက္ကဒဟ်” ဖြစ်၏။ ထိုအချိန်က များစွာသော ဆွဟာဗီသာဝက တို့သည် “အိအ်သိကားဖ်” မထိုင်ခဲ့ပေ။ သို့ရာတွင် ကိုယ်တော်မြတ် (ဆွ) သည် မနှစ်မြို့ခြင်းလည်း မရှိခဲ့ပေ။ သို့ဖြစ်ခြင်းကြောင့် အချက်နှစ်ချက်သည် ပေါ်လွင်ထင်ရှား၏။ (၁) “အိအ်သိကားဖ်” ထိုင်ခြင်းမှာ “၀ါဂျိဗ်” မဟုတ်ပေ။ (၂) “အိအ်သိကားဖ်”ထိုင်ခြင်းသည် စွန္နသ် မုအက္ကဒဟ် အလလ်ကိဖာယဟ် ဖြစ်သည်။ ယင်းစွန္နသ်၏ သဘောမှာ အချို့ကကျင့်ဆောင်ခြင်းဖြင့် အခြားသူများအပေါ်မှာလည်း တာဝန်ကျေပွန်သွား၏။

ရှင်းလင်းချက် (ခ) -း-
ကိုယ်တော်မြတ် (ဆွ) ၏ ကြင်ရာတော်များသည် မိမိတို့အိမ်များတွင် “အိအ်သိကားဖ်”ထိုင်ခဲ့ကြ၏။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဟဒီးစ်တော်၌ အကျယ်တ၀င့် မလာရှိပေ။ သို့သော် ကြင်ရာတော်များသည် ဗလီ၌ “အိအ်သိကားဖ်” ထိုင်ရန် စီစဉ်ကြသောအခါ ကိုယ်တော်မြတ်က ၎င်းတို့အားတားမြစ်တော်မူခဲ့ကြောင်း အမျိုးသမီးများ ဗလီ၌ “ အိအ်သိကားဖ် ” ထိုင်ခြင်းကို မနှစ်သက်တော်မူခဲ့ကြောင်း အခြားဟဒီးစ်တော်များတွင် လည်းလာရှိ၏။ (မိရ်ကားသ် မွလ္လာအလီ ကာရီကျမ်း) သို့အတွက်ကြောင့် ဓမ္မသတ် ပညာရှင်များက အမျိုးသမီး များအဖို့ အိမ်၌ “အိအ်သိကားဖ်” ထိုင်ခြင်းသည် မုစ်သဟဗ် ဖြစ်သည် ဟူ၍လည်းကောင်း၊ အမျိုးသမီးများသည် “ အိအ်သိကားဖ် ” ထိုင်ရန်အတွက် မိမိတို့ခင်ပွန်ထံမှ အခွင့်တောင်းခံရန် အရေးကြီးသည် ဟူ၍လည်းကောင်း အမိန့်ရှိကြ၏။

ဟဒီးစ်တော် (၂) -း-
နဗီတမန်တော်မြတ် (ဆွ) သည် “ အိအ်သိကားဖ် ” ထိုင်တော်မူစဉ် မကျန်းမာသူများကို မေးမြန်တော်မူ လေ့ရှိခဲ့ကြောင်း၊ ကိုယ်တော်သည် မိမိသွားရင်းရပ်နားဆိုင်းငံ့ခြင်း ပြုတော်မမူဘဲ လူမမာအား အခြေအနေကို မေးမြန်းလေ့ရှိခဲ့ကြောင်း အာအိရှာ (ရသွီ့)သခင်မက ပြောပြ၏။

ရှင်းလင်းချက် -း-
ဟဒီးစ်တော်၌ (ဖယမုရ်ရုကမာဟုဝ)ဟူသော စကားလုံးလာရှိ၏။ ထို့နောက် (ဖလာယုဟရ်ရိဂ်ျ ) ဟူသော စကားလုံးလာရှိ၏ ယင်းစကားလုံးများ၏ သဘောမှာ ကြွမြန်းတော်မူစဉ် မေးမြန်းတော်မူသည်။ ယင်းကိစ္စအတွက် ရပ်နားဆိုင်းငံ့ခြင်း ပြုတော်မမူဟူ၍ ဖြစ်၏။ ထို့ကြောင့် “အိအ်သိကားဖ်” ထိုင်သူသည် ကျင်ကြီး၊ ကျင်ငယ်စွန့်ရန်ထွက်လျှင် လူမမာအား မေးမြန်းရန်သော်လည်းကောင်း ဂျနာဇာဆွလာသ်၌ ပါဝင်ခွင့်ရလျှင်သော်လည်းကောင်း၊ ဆိုင်းငံ့ရပ်နားခြင်း မပြုရလျှင် လူနာကိုမေးပိုင်ခွင့် ဂျနာဇာဆွလာသ်၌ ပါဝင်ခွင့်ရှိ၏။ သို့မဟုတ်လျှင် ပြုပိုင်ခွင့်မရှိဟု အိမာမ်ကြီး(၄)ပါးတို့က အမိန့်ရှိကြ၏။ “ အိအ်သိကားဖ် ” ထိုင်သူ၌ လူမမာအား မေးမြန်းရန်နှင့် ဂျနာဇာဆွလာသ် အတွက် ဗလီအပြင်သို့ ထွက်ခွင့်မရှိပါ။ ထွက်လျှင် “ အိအ်သိကားဖ် ” ပျက်သွား၏။

ဟဒီးစ်တော် (၃) -း-
အိဗ်နုအဗ္ဗါးစ် (ရသွီ့)သခင်က နဗီတမန်တော်မြတ်(ဆွ)၏ မိန့်ကြားချက်ကို ဤသို့ပြောပြ၏။ “ အိအ်သိကားဖ် ” ထိုင်သူမှာ မကောင်းမှုဒုစရိုက်များမှ ကြဉ်ရှောင်သူဖြစ်သည်သာမက( အပြင်၌ ) အခြားကောင်းမှုများ ပြုသူတို့ကဲ့သို့ အကျိုးစ၀ါးဗ်ကိုလည်းရရှိ၏။

ရှင်းလင်းချက် -း-
“ အိအ်သိကားဖ် ” ထိုင်သူသည် “ အိအ်သိကားဖ် ” ကြောင့် အခြားကုသိုလ်ကောင်းမှုတို့ကို ပြုနိုင်ခြင်းမရှိချေ။ ဥပမော လူမမာကိုသွားရောက်မေးမြန်းခြင်း မပြုနိုင်ချေ၊ ဂျနာဇာဆွလာသ်၌ သွားရောက်ပါဝင်ခြင်းမပြုနိုင်ချေ၊ မိတ်ဆွေများနှင့် တွေ့ဆုံခွင့်လည်းမရပေ၊ အိမ်သူအိမ်သား၊ သားသမီးတို့နှင့်တွေ့ဆုံ၍ ၎င်းတို့၏ကျေနပ်မှုကိုလည်းပြုနိုင်ခြင်းမရှေိချေ၊ စင်စစ်သော်ကား ယင်းကိစ္စအားလုံးသည် ရှရီအသ်တရားတော်တွင် ကုသိုလ်ကောင်းမှုများပင်ဖြစ်ကြ၏။ သို့ဖြစ်ပေရာ “ အိအ်သိကားဖ် ” ကြောင့် ယင်းကုသိုလ်ကောင်းမှုတို့ကို မပြုနိုင်သော်လည်း အလ္လာဟ်အရှင်မြတ်က “ အိအ်သိကားဖ် ” ထိုင်သူအား ထိုကောင်းမှုများ၏ အကျိုးစ၀ါးဗ်များကို ချီးမြှင့်တော်မူ၏။

အိအ်သိကားဖ်၏ ထူးမြတ်မှုများ -း-
(၁) ရမ်ဿွာန်လ၏ နောက်ဆုံး ၁၀-ရက်တွင် “ အိအ်သိကားဖ် ” ထိုင်သူများမှာ ဟဂ်ျနှင့်အွမ္မရဟ် နှစ်ကြိမ်ပြုသော အကျိုးစ၀ါးဗ်ကို ရရှိမည်ဟု ဟဒီးစ်တော်တွင်လာရှိ၏။
(၂) အကြင်သူသည် ယုံကြည်စွာ အကျိုးစ၀ါးဗ်ကို မျှော်ကိုးလျက် “ အိအ်သိကားဖ် ” ထိုင်၏။ ထိုသူမှာ မိမိ၏ ယခင် (သေးငယ်သော) အပြစ်ငရဲများအတွက် လွတ်ငြိမ်းချမ်းသာခွင့် ရပေသည်ဟု ဟဒီးတော်တွင်လာရှိ၏။

အိအ်သိကားဖ်နှင့်သက်ဆိုင်သော ပညတ်တော်များ -း-
ပညတ်တော် (၁) -း-
“ အိအ်သိကားဖ် ” နှင့် စပ်လျဉ်း၍ အချက်သုံးချက် အရေးကြီး၏။ (၁) ဂျမာအသ်ဖြင့်ဆွလာသ်ဝတ် သော ဗလီ၌နေထိုင်ခြင်း၊ (၂) “ အိအ်သိကားဖ် ” ၏ နီယသ်ပြု၍ နေထိုင်ခြင်း၊ နီယသ်ရည်စူးမှုမပြုဘဲ နေထိုင် ခြင်းကို “ အိအ်သိကားဖ် ” ဟုမခေါ်ပေ။ နီယသ် ရည်စူးချက် တရားဝင်အံ့သောငှာ နီယသ်ပြုသူသည် မွတ်စလင်မ်ဖြစ်ရန်နှင့် အသိဥာဏ်ရှိသူဖြစ်ရန်မှာလည်းအရေးကြီးသည်ဖြစ်ခြင်းကြောင့် အသိဥာဏ်ရှိခြင်းနှင့်၊ မွတ်စလင်မ်ဖြစ်ခြင်းတို့သည်လည်း နီယသ်ပြုခြင်း၌ အကျုံးဝင်၏။ (၃) (ဟိုင်းဇွ်) ခေါ် ဓမ္မတာရာသီသွေး ပေါ်ခြင်း၊ မီးနေသွေးပေါ်ခြင်း၊ နှင့် သံဝါသမှုကြောင့် ရေချိုးရန်ထိုက်နေခြင်းများမှ ကင်းရှင်းရမည်။

ပညတ်တော် (၂) -း-
 အထူးမြတ်ဆုံးသော “ အိအ်သိကားဖ် ”မှာ ကအ်ဗဟ်ကျောင်းတော်၌ထိုင်သော “ အိအ်သိကားဖ် ” ဖြစ်သည်။ ထို့နောက် နဗီတမန်တော်မြတ် (ဆွ)၏ ဗလီဝတ်ကျောင်းတော်၌ ထိုင်သော “ အိအ်သိကားဖ် ” ဖြစ်သည်။ ထို့နောက် ဗိုင်သွလ်မုကဒ္ဒပ်စ်၏ ဗလီဝတ်ကျောင်းတော်၌ထိုင်သော “ အိအ်သိကားဖ် ” ဖြစ်သည်။ ထို့နောက် ဂျမာအသ်ဖြင့် ဆွလာသ်ဝတ်ပြုနေသော ဂျာမေ့အ်ဗလီဝတ်ကျောင်းတော်၌ “ အိအ်သိကားဖ် ” ထိုင်ခြင်း၊ အကယ်၍ ရပ်ကွက်တစ်ခုတွင် ဂျမာအသ်ဖြင့် ဆွလာသ်ဝတ်သော ဗလီဝတ်ကျောင်းတော် (၂)လုံးရှိခဲ့သော် ဂျမာအသ်ဖြင့် ဆွလာသ်ဝတ်ပြုသူများသော ဗလီဝတ်ကျောင်းတော်၌ “ အိအ်သိကားဖ် ” ထိုင်ခြင်းသည် သာပို၍မြတ်ပေသည်။

ပညတ်တော် (၃) -း-
“ အိအ်သိကားဖ် ” သည် (၃) မျိုးရှိ၏။ ၎င်းတို့မှာ (၁) ၀ါဂျိဗ် အိအ်သိကားဖ်၊ (၂) စွန္နသ် မုအက္ကဒဟ် အိအ်သိကားဖ်၊ (၃) မွတ်စ်သဟဗ် အိအ်သိကားဖ် တို့ဖြစ်လေသည်။ ကိုးထားသော“ အိအ်သိကားဖ် ” သည် ၀ါဂျိဗ်ဖြစ်၏။ ဥပမာ တစ်ဦးတစ်ယောက်က မိမိသည် အလ္လာဟ်အရှင်မြတ်အား ရည်စူး၍ “ အိအ်သိကားဖ် ” ထိုင်ပါမည်။ သို့မဟုတ် ကျွန်တော်မျိုး၏ မည်သည့်အလုပ်ကိစ္စ အထမြောက်လျှင် “ အိအ်သိကားဖ် ” ထိုင်ပါမည်ဟု ကိုးခြင်း။

ရမ်ဿွာန်လနောက်ဆုံး ၁၀-ရက်တွင် “ အိအ်သိကားဖ် ” ထိုင်ခြင်းသည် စွန္နသ် မုအက္ကဒဟ်ဖြစ်သည်။ နဗီတမန်တော်မြတ် (ဆွ) သည် အမြဲ “အိအ်သိကားဖ် ”ထိုင်တော်မူခဲ့ကြောင်းခိုင်လုံသော ဟဒီးစ်တော်တွင် လာရှိ၏။ သို့သော် ယင်းစွန္နသ်မုအက္ကဒဟ်မှာ အချို့သောသူများ၏ ဆောင်ရွက်ခြင်းကြောင့် အခြားသူတို့ အပေါ်၌လည်း တာဝန်ကျေပွန်သွား၏။

ရမ်ဿွာန်လနောက်ဆုံး ၁၀-ရက်မှ အပ ရမ်ဿွာန် ပထမ ၁၀-ရက်၌ဖြစ်စေ၊ ဒုတိယ ၁၀-ရက်၌ဖြစ်စေ၊ အခြားမည်သည့်လတွင်ဖြစ်စေ၊ “ အိအ်သိကားဖ် ” ထိုင်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်၏။

ပညတ်တော် (၄) -း-
ဝါဂျိဗ် ဖြစ်သော “ အိအ်သိကားဖ်” တွင် ရိုဇဟ်သည်အရေးကြီး၏။ တစ်ဦးတစ်ယောက်သည် အိအ်သိကားဖ် ထိုင်လျှင် ထိုသူအပေါ်၌ ရိုဇဟ်စောင်ထိန်းရန်လည်း အရေးကြီး၏။ ထိုသူကအကယ်၍ ကျွန်ုပ် ရိုဇဟ်စောင့်ထိန်းခြင်းပြုမည်မဟုတ်ဟု နီယသ်ရည်စူးသော်လည်း ရိုဇဟ်စောင့်ထိန်းရန် တာဝန်ရှိပေမည်။ ထို့ကြောင့်တစ်ဦးတစ်ယောက်သည် ညအချိန်တွင် အိအ်သိကားဖ်ထိုင်ရန် နီယသ်ပြုခဲ့လျှင် မှန်ကန်မည် မဟုတ်ပေ။ အချီးနှီးပင်ဖြစ်မည်။ အကြောင်းမှာ ညအချိန်တွင် ရိုဇဟ်စောင့်ထိန်းခြင်း မပြုရသောကြောင့် လည်းကောင်း၊ အကယ်၍နေ့နှင့်ည နှစ်ခုစလုံးကို နီယသ်ပြုခဲ့သော် သို့မဟုတ် ရက်အနည်းငယ်အတွက် နီယသ်ပြုခဲ့လျှင် ညလည်းပါဝင်သွားမည်ဖြစ်၍ ည၌လည်း အိအ်သိကားဖ် ထိုင်ရန်အရေးကြီးအံ့။ အကယ်၍ တစ်နေ့တည်းအတွက် အိအ်သိကားဖ် ထိုင်ရန်ကိုးထားလျှင် ညပါဝင်မည်မဟုတ်ပေ။ သက်သက် အိအ်သိကားဖ် ထိုင်ရန်အတွက် သီးသန့်ရိုဇဟ်ထားရန်မလိုပေ။ မည်သည့်အတွက်ကြောင့် ရိုဇဟ်ထား သည်ဖြစ်စေ ယင်းရိုဇဟ်သည် အိအ်သိကားဖ် ထိုင်ရန်အတွက်လည်း လုံလောက်ပေသည်။

ဥပမာ အကြင်သူသည် ရမ်ဿွာန်လ၌ အိအ်သိကားဖ် ထိုင်ရန် ကိုးခဲ့လျှင် ရမ်ဿွာန်လ၌ ထားသော ရိုဇဟ်သည် ယင်းအိအ်သိကားဖ် အဖို့လည်းလုံလောက်ပေသည်။ သို့သော်ယင်း ရိုဇဟ်မှာ ၀ါဂျိဗ်ရိုဇဟ်ဖြစ် ပေမည်။ နဖိလ်အဖြစ်ထားသော ရိုဇဟ်မှာ လုံလောက်မည်မဟုတ်ပေ။ ဥပမာ အကြင်သူတစ်ဦး တစ်ယောက် သည် နဖိလ်ရိုဇဟ်ထား၏။ ထို့နောက်ထိုသူသည် ထိုနေ့၌ပင် အိအ်သိကားဖ် ထိုင်ရန်ကိုးခဲ့လျှင် ပိုင်မည် မဟုတ်ပေ။ အကယ်၍ အကြင်သူတစ်ဦးတစ်ယောက်သည် ရမ်ဿွာန် တစ်လလုံး အိအ်သိကားဖ် ထိုင်ရန် ကိုးပြီးနောက် အကြောင်းအားလျော်စွာ ရမ်ဿွာန်လ၌ အိအ်သိကားဖ် မထိုင်နိုင်ခဲ့လျှင် ၎င်း၏အစား အခြားမည်သည့်လ၌မဆို အိအ်သိကားဖ် ထိုင်ခဲ့သော် တာဝန်ကျေပွန်သွားပေမည်။ သို့ရာတွင် ယင်း အိအ်သိကားဖ် တွင်လည်း ဆက်တိုက် ရိုဇဟ်ထားရန် လိုအပ်ပေမည်။

ပညတ်တော် (၅) -း-
စွန္နသ်ဖြစ်သော အိအ်သိကားဖ်မှာ ရိုဇဟ်နှင့်ပင် ပြုရသောကြောင့် ယင်း အိအ်သိကားဖ်အတွက် ရိုဇဟ်ကိုလည်း စည်းကမ်းချက်အနေဖြင့် သတ်မှတ်ရန် မလိုချေ။

ပညတ်တော် (၆) -း-
မွတ်စ်သဟဗ်ဖြစ်သော အိအ်သိကားဖ်အတွက် ရိုဇဟ်စောင့်ထိန်းရမည်ဟူသော စည်းကမ်းချက်မရှိချေ။

ပညတ်တော် (၇) -း-
ဝါဂျိဗ် အိအ်သိကားဖ်မှာ အနည်းဆုံးတစ်နေ့ဖြစ်နိုင်၏။ ထို့ထက်ပို၍ နီယသ်ပြုသမျှ ဖြစ်နိုင်၏။ စွန္နသ် အိအ်သိကားဖ်၏ အချိန်ပိုင်းမှာ ရမ်ဿွာန်လ နောက်ဆုံး ၁၀-ရက်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် စွန္နသ် အိအ်သိကားဖ်ကို ရမ်ဿွာန်လ၏ နောက်ဆုံး ၁၀-ရက်တွင် ထိုင်ရသောကြောင့်ပင်။ နဖိလ် အိအ်သိကားဖ် အတွက် အချိန် ပိုင်းခြား သတ်မှတ်ထားခြင်းမရှိချေ။ တစ်မိနစ် သို့မဟုတ် ထို့ထက်လျော့နည်း ၍လည်း အိအ်သိကားဖ် ထိုင်ခွင့်ရှိ၏။

ပညတ်တော် (၈) -း-
အိအ်သိကားဖ် ထိုင်နေစဉ် နှစ်မျိုးသော အလုပ်ကို ပြုလုပ်ခြင်းသည် ဟရာမ်ဖြစ်၏။ ၀ါဂျိဗ် အိအ်သိကားဖ် နှင့် စွန္နသ် အိအ်သိကားဖ် တို့တွင် ယင်းအလုပ်နှစ်မျိုးအား ပြုလုပ်ခြင်းဖြင့် အိအ်သိကားဖ် ပျက်သွားပေမည်။ ယင်း အိအ်သိကားဖ်တို့ကို ပြန်၍ကဇွာဖြည့်ရပေမည်။ မွတ်စ်သဟဗ် အိအ်သိကားဖ် ဖြစ်လျှင်မူကား ပြီးဆုံးသွားပေမည်။ အဘယ်ကြောင့်ဆိုသော မွတ်စ်သဟဗ် အိအ်သိကားဖ် အတွက် အချိန်ကာလသတ်မှတ်ချက်မရှိသဖြင့် ပြန်၍ကဇွာဖြည့်ရန်လည်း တာမရှိသောကြောင့်ပင်။ ပထမ အလုပ်မှာ အိအ်သိကားဖ် ထိုင်နေသောနေရာမှ အကြောင်းမဲ့အပြင်ထွက်ခြင်း၊ အကြောင်းဟူသည် သဘာဝအရဖြစ်စေ၊ တရားတော်အရဖြစ်စေ နှစ်မျိုးစလုံး အကျုံးဝင်၏။ ဥပမာ - ကျင်ကြီး၊ ကျင်ငယ်စွန့်ခြင်း၊ ရေချိုးရန် တာဝန်ရှိခြင်း၊ ထမင်းပို့မည်သူမရှိလျှင် စားသောက်ရန် ထွက်ခြင်းတို့သည် သဘာဝအရ လိုအပ်သော အကြောင်းပြချက်များတွင် ပါဝင်၏။ ရှရီအသ်တရားတော်အရ အကြောင်းပြချက်မှာ ဥပမာ ဂျူမုအာ ဆွလာသ် ၀တ်ပြုရန် ထွက်ခြင်း။

ပညတ်တော် (၉) -း-
မိမိ အိအ်သိကားဖ် ထိုင်သော ဗလီမှတရားဝင် အကြောင်းတစ်စုံတစ်ရာကြောင့် အပြင်သို့ထွက်လျှင် ကိစ္စပြီးသောအခါ ဆိုင်းငံ့ခြင်းမပြုရချေ။ ထို့ပြင် အတတ်နိုင်ဆုံး ဗလီအနီးအနားတွင် ကိစ္စကိုပြီး မြောက်စေရမည်။

ပညတ်တော် (၁၀) -း-
မိမိ အိအ်သိကားဖ် ထိုင်သော ဗလီကို မေ့လျော့၍ပင် တစ်မိနစ် သို့မဟုတ် ထို့ထက်လျော့နည်း၍ စွန့်လွှတ်ခွင့်မရှိပေ။

ရေးသားသူ >> အလ်အဗ်ဒ် စလာမသွလ္လာဟ် (ဟကီမီ - မုဟမ္မဒီ)
အလ်မုဖီးဒ်

Friday, July 19, 2013

အိအ်သိကားဖ်၏ မစာအိလ်နှင့် ဖဇွာအိလ်များ


* အိအ်သိကားဖ် ထိုင်ခြင်း၏ ဖဇီလသ်
အကြင်သူက စိတ်စေတနာဖြူစင်စွာဖြင့် (ပြစားရန် နိယသ်မပါဘဲ) ရမဿွာန်လမြတ်၏ နောက်ဆုံး ၁၀ ရက်တွင် အိအ်သိကားဖ်ထိုင်ခဲ့ပါက အလ္လာဟ်အရှုင်မြတ်သည် ၎င်းကျူးလွန်ခဲ့သည့် ဂိုနာဟ်အားလုံးကို ခွင့်လွှတ်ချမ်းသာ ပေးတော်မူမည်။ အိအ်သိကားဖ်ထိုင်သူအား ဟဂ်ျနှစ်ကြိမ် အွမ်ရာနှစ်ကြိမ် ပြုလုပ်သည့် စ၀ါးဗ်ကို ချီးမြှင့်တော်မူမည်။ (ဗိုင်ဟကီ)
ရက်ပေါင်း ၄၀ အစ္စလာမ့်ဒေသအား ကင်းစောင့်သည့် စ၀ါးဗ်ရရှိမည်။ အကြင်သူသည် အစ္စလာမ့်ဒေသအား ရက်ပေါင်း ၄၀ ကင်းစောင့်ခဲ့ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်း၏ အပြစ်ဂိုနာဟ်များအား မအ်ဖ်ပြုတော်မူမည်။ ထိုသူသည် မွေးကင်းစ ကလေးတစ်ဦးပမာ ဖြစ်သွားပေမည်။

အကြင်သူသည် အလ္လာဟ်အရှင်မြတ် နှစ်သက်ရန်အတွက် တစ်ရက်အိအ်သိကားဖ်ထိုင်လျှင် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က ထိုသူနှင့်ဂျဟန္နမ်၏ အကြားတွင် မိုးနှင့်မြေ၏ ကွာခြားမှုထက် ကြီးမားကျယ်ပြန့်သော တံတိုင်းကြီးသုံးခု ကာဆီးပေးတော်မူမည်။ (သွဗ်ရာနီ)

မွတ်စလ်မာန်ညီနောင်တစ်ဦး၏ လိုအပ်ချက် အခက်အခဲအား လိုက်လံကူညီ ဆောင်ရွက်ပေးခြင်းသည် ၁၀ နှစ် အိအ်သိကားဖ် ထိုင်ခြင်းထက်ပိုသော စ၀ါးဗ်ကို ရရှိစေသည်။ (သွဗ်ရာနီ)

စကားနည်းခြင်းသည် ဆင်ခြင်တုံတရားဖြစ်သည်။
အအိပ်နည်းခြင်းသည် အိဗာဒသ်ဖြစ်သည်။
အစားနည်းခြင်းသည်ကျန်းမာခြင်းဖြစ်သည်။
လူတို့နှင့် ရောနှောမှု လျော့နည်းခြင်းသည် စိတ်ချမ်းသာမှုပင်ဖြစ်သည်။
အိအ်သိကားဖ်ထိုင်သူသည် အိအ်သိကားဖ်၌ရှိနေစဉ် စက္ကန့်တိုင်း မိနစ်တိုင်း အေဗာဒသ်ပြုနေကြောင်း ရေးမှတ်ခြင်းခံရသည် ၎င်း၏အိပ်စက်ခြင်း စားသောက်ခြင်းနှင့် လှုပ်ရှားခြင်း စသည်များပင် အေဗာဒသ်၌ အပါဝင်ဖြစ်သည်။
* အိအ်သိကားဖ် ဆိုင်ရာ မတ်စ်အလာများ
အိအ်သိကားဖ် ၏ မူရင်း အဓိပ္ပါယ်မှာ အရာတစ်ခုခုကို မြဲမြံစွာ ဆုပ်ကိုင်ခြင်း၊ မိမိ၏ နဖ်စ်(စိတ်)ကို ထိုအရာပေါ်တွင် စုစည်းစေခြင်း ဖြစ်သည်။
ရှရီအသ်တွင် အိအ်သိကားဖ်ကို အိအ်သိကားဖ်၏ နိယသ်နှင့်တကွ ရိုဇာဟ်ထားပြီး ဗလီတွင်နေထိုင်ခြင်းကို သုံးနှုန်းသည်။ အိအ်သိကားဖ် သုံးမျိုးရှိသည်။ (၁) ၀ါဂျိဗ် (၂) စွန္နသ် (၃) နဖိလ်(မွတ်စ်သဟဗ်)
၁။ ၀ါဂျိဗ်ဖြစ်သည့် အိအ်သိကားဖ်
နဇရ်ကိုးထားသည့် အိအ်သိကားဖ်ဖြစ်သည်။ ရောဂါပျောက်ကင်းလျှင်၊ အလုပ်ကိစ္စအောင်မြင်လျှင်၊ (သို့မဟုတ်) မည်သည့်အကြောင်းကိစ္စမဆို မိမိဆန္ဒအတိုင်း ဖြစ်မြောက်အောင်မြင်ခဲ့လျှင် အိအ်သိကားဖ် ထိုင်မည်ဟု ရည်စူးလိုက်ပါက ၎င်းသူအတွက် အိအ်သိကားဖ်ထိုင်ရန် ၀ါဂျိဗ်ဖြစ်သွားသည်။

အကယ်၍ နဇရ်ကိုးရာတွင် ရက်မည်မျှ အိအ်သိကားဖ်ထိုင်မည်ဟု သတ်မှတ်ခဲ့ပါက မိမိ သတ်မှတ်ထားသည့် အတိုင်း ပြည့်ဝအောင်ပြုလုပ်ရန် အရေးကြီးသည်။ တစ်ရက်၊ တစ်ပတ်၊ တစ်လ မည်မျှပင် ရည်စူး၍ ကိုးသည်ဖြစ်စေ မိမိရည်စူးထားသည့်အတိုင်း ပြည့်ဝအောင်လုပ်ဆောင်ရန် ၀ါဂျိဗ်ဖြစ်သည်။ ၀ါဂျိဗ် ဖြစ်သော အိအ်သိကားဖ်တွင် ရိုဇာဟ်ပါထားရန် ၀ါဂျိဗ်ဖြစ်သည်။

၂။ စွန္နသ်ဖြစ်သည့် အိအ်သိကားဖ်
ရမဿွာန်လမြတ်၏ နောက်ဆုံး ၁၀ ရက်တွင်ထိုင်သည့် အိအ်သိကားဖ် ဖြစ်သည်။ စွန္နသိမုအက္ကဒဟ် အလလ်ကိဖာယာ ဖြစ်သည်။ (ဆိုလိုသည်မှာ) ရပ်ကွက်ဗလီတွင် အနည်းဆုံး နှစ်ဦး သုံးဦး အိအ်သိကားဖ်ထိုင်ခြင်းဖြင့် ရပ်ကွက်တွင်ရှိသော မွစ်လင်မ်အားလုံးဘက်မှပါ တာဝန်ကျေသွားသည်။ အကယ်၍ တစ်ဦးမှ အိအ်သိကားဖ်ထိုင်ခြင်း မရှိပါက ရပ်ကွက်တစ်ခုလုံးရှိ မွတ်စလ်မာန်များအပေါ် စွန္နသိမုအက္ကဒဟ်ကို စွန့်လွှတ်ခြင်း၏ ပြစ်ဒဏ်ထိုက်မည်။ ဤအိအ်သိကားဖ်တွင်လည်း ရိုဇာဟ်ထားရန် အရေးကြီးသည်။

၃။ မွတ်စ်သဟဗ်ဖြစ်သည့် အိအ်သိကားဖ်
မွတ်စ်သဟဗ် အိအ်သိကားဖ်အတွက် ရိုဇာဟ်ထားရန် အရေးမကြီးပါ။ တစ်နေ့လုံး အိအ်သိကားဖ်ထိုင်ရန်လည်း မလိုအပ်ပေ။ အလျင်းသင့်သလို အိအ်သိကားဖ်၏ နိယသ်ပြုနိုင်ပေသည်။ ဥပမာ ဗလီအတွင်းသို့ ၀င်လိုက်သည်နှင့် အိအ်သိကားဖ်၏ နိယသ်ပါပြုလိုက်ခြင်း၊ ဂျာအေနမာဇ်အပေါ်သို့ မတ်တပ်ရပ်လိုက်သည့်အခါ အိအ်သိကားဖ်၏ နိယသ်ပါပြုလိုက်ခြင်း၊ ဤသည်တို့မှာ မွတ်စ်သဟဗ် အိအ်သိကားဖ်ဖြစ်ပြီး စ၀ါးဗ်လည်းရရှိမည်ဖြစ်သည်။ ရိုဇာဟ်ထားရမည့်ရှရသ် (စည်းကမ်းချက်) မပါရှိပါ။

* ၀ါဂျိဗ် နှင့် စွန္နသ်အိအ်သိကားဖ်၏ မစာအိလ်များ
- အိအ်သိကားဖ်ထိုင်သည့် ဗလီသည် နမားဇ် ၅ ကြိမ် ဂျမာအသ်နှင့်တကွ ၀တ်ပြုသည့်ဗလီ ဖြစ်ရမည်။
- အိအ်သိကားဖ်၏ နိယသ်ဖြင့် ထိုင်ခြင်းဖြစ်ရမည်။ မည်သည့်နိယသ်မျှမပါဘဲ ဗလီတွင် နေထိုင်ပါက အိအ်သိကားဖ် အထမမြောက်ပါ။ (အိအ်သိကားဖ် အတွက် နိယသ်အရေးကြီးသည်။)
- အိအ်သိကားဖ်ထိုင်သူအတွက် ဇနီးနှင့် ပေါင်းသင်း ဆက်ဆံခွင့်မရှိ။ ဟရာမ်ဖြစ်သည်။ နေ့အချိန်၊ ညအချိန်၊ မေ့၍ဖြစ်စေ၊ သိလျှက်နှင့်ဖြစ်စေ၊ မနီထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ အခြေအနေတိုင်းတွင် အိအ်သိကားဖ်ပျက်သည်။
- ဇနီးအား နမ်းလိုက်ခြင်း (သို့မဟုတ်) ဖက်လိုက် ခြင်းကြောင့် မနီထွက်သွားပါက အိအ်သိကားဖ်ပျက်သည်။ မနီမထွက်ပါက အိအ်သိကားဖ် မပျက်ပါ။
- ပျက်သွားသော အိအ်သိကားဖ်အား ကဇွာပြန်ဖြည့်ရန် ၀ါဂျိဗ်ဖြစ်သည်။
- အိအ်သိကားဖ်ထိုင်သူသည် ရှရီအသ် (သို့မဟုတ်) ကိုယ်ရေးကိုယ်တာ အတွက် အရေးကြီးလိုအပ်ချက်မရှိဘဲ သိလျှက်ဖြစ်စေ၊ မေ့လျော့၍ဖြစ်စေ ဗလီမှ အပြင်သို့ထွက်လိုက်ပါက အိအ်သိကားဖ်ပျက်သည်။ မုအ်သကိဖ် (အိအ်သိကားဖ်ထိုင်သူ)သည် မိမိအိအ်သိကားဖ်ထိုင်သည့်ဗလီမှ အပြင်သို့ ထွက်ခြင်းသည် မပိုင်ပါ။ နေ့ ည အိအ်သိကားဖ်ထိုင်ရန် သတ်မှတ်ထားသည့် နေရာတွင်သာ နေရမည်ဖြစ်သည်။
- ရေချိုးရန် ၀ါဂျိဗ်ထိုက်သွားခြင်း၊ အိစ်သိန်ဂျာလုပ်ရန် နှင့် ၀ူဇူပြုရန် လိုအပ်လာသည့် အခါတွင် လိုအပ်သည့်အချိန်ခန့်မျှသာ မိမိအိအ်သိကားဖ်ထိုင်သည့် နေရာမှ အပြင်သို့ထွက်ရမည်။
- မိမိ၏ စားဝတ်နေရေးအတွက် အရောင်းအ၀ယ်ပြုလုပ်နေရသည်။ ထိုရောင်းဝယ်နေခြင်းကို မပြုလုပ်ပါက အိမ်တွင်ရှိသော ဇနီး၊ သားသမီးတို့အတွက် အိမ်စရိတ်အခက်ခဲရှိမည်။ ကိုယ်စားခိုင်းရန်လည်း လူမရှိပါက ဗလီအတွင်းမှပင်နေ၍ အရောင်းအ၀ယ်ပြုလုပ်နိုင်သည်။ ဗလီအတွင်းသို့ ရောင်းဝယ်သည့်ပစ္စည်းများ ယူဆောင်လာခွင့် မရှိ။ ဤပုံစံသည် ကိုယ်တိုင်မလုပ်လျှင် လုပ်မည့်သူ မရှိ၊ ကိုယ်စားလှယ်မရှိ၊ ယုံကြည်စိတ်ချရမည့်သူမရှိ၊ စသည့်အခြေအနေများအတွက် ဖြစ်သည်။ သို့မဟုတ်ပါက မလိုအပ်ပဲ အရောင်းအ၀ယ်စကားပြောခဲ့လျှင် အိအ်သိကားဖ်ပျက်သည်။
- အိအ်သိကားဖ် ထိုင်သည့်အချိန် ကောင်းမွန်သည့်စကားများ၊ ဘာသာရေးကိစ္စရပ်များကိုသာလျှင် ပြောဆိုရမည်။ လုံးဝစကားမပြောဘဲ နေခြင်းကို စ၀ါးဗ်ရသည်ဟု မှတ်ယူ၍ နှုတ်ဆိတ်စွာနေပါက မက္ကရူဟ်ဖြစ်သည်။ ဤသို့ မှတ်ယူခြင်းမရှိပါက တိတ်ဆိတ်စွာနေခြင်းသည် မက္ကရူဟ် မထိုက်ပါ။ (နှုတ်လျှာ၏ ဂိုနာဟ်များမှ ရှောင်ရှားရန်အတွက် တိတ်ဆိတ်စွာနေခြင်းသည်လည်း အိဗာဒသ်ပင်ဖြစ်သည်။)
- လိုအပ်ချက်မရှိဘဲ ဗလီမှ အပြင်သို့ တစ်မိနစ်စာခန့်မျှ ထွက်ခဲ့လျှင်လည်း ၎င်း၏ အိအ်သိကားဖ် ပျက်သည်။
- နေ့အချိန်အတွက် အိအ်သိကားဖ်ထိုင်မည်ဟု ရည်စူးလျှင် ၎င်းအတွက် ထိုနေ့၏ညတွင်ပါ အိအ်သိကားဖ် ထိုင်ရမည်။
- ၃ ရက် အိအ်သိကားဖ်ထိုင်မည်ဟု ကိုးထားလျှင် ဆက်တိုက်ထိုင်ရန် ရည်စူးသည်ဖြစ်စေ မရည်စူးသည်ဖြစ်စေ ၃ ရက်ဆက်တိုက် ထိုင်ရမည်။
- အိအ်သိကားဖ်ထိုင်သူသည် နမားဇ်၊ ဇိကိရ်၊ သိလာဝသ်၊ ဒိုအာ၊ များတွင် နစ်မွန်းနေရပါမည်။ အစ္စလာမ့်အသိပညာများ ဆည်းပူးခြင်း၊ ပြန်လည်သင်ကြားပေးခြင်းတို့ကြောင့် အိအ်သိကားဖ်မပျက်ပါ။
- အမျိုးသမီးများ အနေဖြင့် မိမိတို့အိမ်၏ နမားဇ်ဖတ်သည့် နေရာ (သို့မဟုတ်) သီးသန့်နေရာတစ်ခု ပြုလုပ်၍ အိအ်သိကားဖ် ထိုင်နိုင်ပါသည်။ အိမ်၏ ကိစ္စများကို လိုအပ်ပါက လိုအပ်သည်ခန့်မျှ စီမံခန့်ခွဲမှု ပြုနိုင်ပါသည်။ အပိုစကားများပြောခြင်း၊ မလိုအပ်ပဲ အိအ်သိကားဖ်ထိုင်ရန် သတ်မှတ်ထားသည့်နေရာမှ အပြင်သို့ထွက်ခြင်း၊ ဟိုင်းဇ်၊ နိဖားစ် သွေးဆင်းလာခြင်း၊ မိမိ၏ ခင်ပွန်းနှင့် အတူနေလိုက်ခြင်း၊ တို့ကြောင့် အိအ်သိကားဖ် ပျက်သည်။
ဟိုင်းဇ်၊ နိဖားစ် နှင့် အခြား အိအ်သိကားဖ်ပျက်စေသည့် အချက်များကြောင့် ပျက်သွားသော အိအ်သိကားဖ်ကို ပြန်ဖြည့်ရမည်ဖြစ်သည်။ ရောဂါသွေးကြောင့် အိအ်သိကားဖ်မပျက်ပါ။
အထက်တွင် တင်ပြခဲ့သော မတ်စ်အလာများသည် ၀ါဂျိဗ် နှင့် စွန္နသ် အိအ်သိကားဖ် အတွက်ဖြစ်ပါသည်။
(ကူဒူရီကျမ်း)
အနှစ်ချုပ်
အိအ်သိကားဖ်ထိုင်ခွင့်ရှိသူ၏ အရည်အချင်းများကား မွတ်စ်လင်မ် ဖြစ်ရမည်၊ အသိညဏ်ရှိသူဖြစ်ရမည်၊ အိအ်သိကားဖ်နိယသ်ပြုရမည် ဂျမာအသ်ဖြစ်သော ဗလီ၌ဖြစ်ရမည်။

- စွန္နသ်နှင့် ဝါဂျိဗ် အိအ်သိကားဖ်တွင် ရိုဇာနှင့်တကွထိုင်ရမည် သံဝါသပြုမှုမှသန့်ရှင်းပြီးဖြစ်ရမည်။

- အမျိုးသမီးသည် ခင်ပွန်း၏ခွင့်ပြုချက်ရှိရမည်။ ဟိုက်ဇ်၊ နေဖါးစ်မှ သန့်ရှင်းသူဖြစ်ရမည်။

- အကယ်၍အမျိုးသမီးများ အိအ်သိကားဖ်ထိုင်နေစဉ် ဓမ္မတာရာသီပေါ်လာလျှင် အိအ်သိကားဖ်မှ ထွက်လိုက်ရမည်။ (၎င်းကို ဖြည့်စွက်ရန် ဝါဂျိဗ်ဖြစ်သည်)

- အမျိုးသမီးများသည် မိမိတို့အိမ်အတွင်း နမားဇ်ဝတ်ပြုသည့်နေရာတွင် အိအ်သိကားဖ် နိယသ်ပြု၍ ထိုင်ရ၏။ အိစ်သိင်န်ဂျာသွားခြင်းနှင့် လိုအပ်၍၀ူဇူပြုရခြင်းမှအပ အခြားမည်သည့်ကိစ္စအတွက်မျှ ထိုနေရာမှ ထွက်သွားခွင့်မရှိပါ။ အိမ်ရှေ့ခန်း သို့မဟုတ် အိမ်အတွင်းရှိ အခြားအစိတ်အပိုင်းများသို့လည်း သွားခွင့်မရှိပါ။

- အိမ်တွင်းနမာဇ်ဝတ်ပြုရန် သီးသန့်နေရာ သတ်မှတ်ထားခြင်းမရှိလျှင် အိအ်သိကားဖ် မထိုင်မီ သီးသန့်နေရာသတ်မှတ်ပြီး ထိုင်နိုင်ပါသည်။

- အိအ်သိကားဖ် ထိုင်နေစဉ် ဧည့်သည်နှင့်တွေ့ရန် ဧည့်ခန်းသို့ထွက်၍ စကားစမြည်မပြောရ (ဤသို့ပြောလိုက်ပါက အိအ်သိကားဖ်ပျက်သည်။)

- ချက်ပြုတ်ခန်းထဲဝင်၍ ချက်ပြုတ်ခြင်းမပြုရ။ သို့သော် မိမိအိအ်သိကားဖ်ထိုင်နေရာမှ အိမ်မှုကိစ္စများကို ညွှန်ကြားနိုင်သည်။)

- အိအ်သိကားဖ် နီယသ်ပြု၍ ထိုင်သူအားလုံးကို စွန္နသ်တော်နှင့် ကိုက်ညီသော၊ အလ္လာဟ်အရှင်မြတ် လက်ခံကဗူလ်ပြုသော အိအ်သိကားဖ်မျိုး ထိုင်နိုင်စွမ်းပေးသနားတော်မူပါစေ။ အာမီးန်။

Cradite. အလ်မုဖီးဒ် (http://aaitee.blogspot.com) မှ ရေးသားသည်။