Tuesday, August 2, 2016

ကိုယ်ဝန်ဆောင်အမျိုးသမီးများ နမားဇ်ဖတ်ရာ၌ သတိပြုရမည့်အချက်များ


** မွစ်လင်မ်အမျိုးသား၊ အမျိုးသမီးတိုင်း လေ့လာပါ။ မွစ်လင်မ်တို့အနေဖြင့် နောက်မွစ်လင်မ်တစ်ဦးနှင့် တွေ့ဆုံသည့်အခါ အကြောင်းအရာတိုက်ဆိုင်ပါက ပြောပြလမ်းညွှန်ပေးနိုင်ပါသည်။ ကိုယ်နှင့်မဆိုင်ဟူ၍ သီးသန့်မနေပါနှင့်။ ဒီးန်ရေးရာကို မည်သူမဆို လေ့လာဆည်းပူးပါက အကျိုးမယုတ်ပါ။

အစ္စလာမ်၌ နမားဇ်သည် အရေးအကြီးဆုံးတာဝန်တစ်ခုဖြစ်သလို မည်သို့သောအခြေအနေကို ဆိုက်ရောက် ကြုံတွေ့ရသည်ဖြစ်ပါစေ လွှတ်ခွင့်မရှိပေ။ တစ်ဖက်တွင် အခြေအနေအချိန်အခါကို ထောက်ရှု၍ နမားဇ်ဆောက်တည်ရာတွင် လွယ်ကူမှုများနှင့် လျှော့ပေါ့ပေးမှုတို့ကို ပြုပေးထားသည်။ နမားဇ်ဖတ်ရမည်။ သို့သော် ကျန်းမာရေးအခြေအနေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတို့တွင် ချို့ယွင်းမှုဖြစ်လာလျှင် မည်သို့မည်ပုံ နမားဇ်ကို ဆောက်တည်ရမည်ကိုလည်း သေချာစွာပင် ပြသပေးထားသည်။ နမားဇ်ကို မည်သည့်အခြေအနေတွင်မှ လွှတ်ခွင့်မရှိဟူသည့် အမိန့်ကို တစ်ဖက်တွင် ပြဌာန်းထားသလို နောက်တစ်ဖက်တွင်လည်း မည်သို့ဖြစ်လာလျှင် မည်သို့ဖတ်ပါဟူသော လွယ်ကူမှုကိုပါတစ်ပြိုင်တည်း ပြသပေးထားပေသည်။

ကိုယ်ဝန်ဆောင်များလည်း နမားဇ်ဖတ်ရမည်ဖြစ်သည်။ သို့သော် ကိုယ်ဝန်ဆောင်တို့အတွက် သီးသန့် နမားဇ်ဖတ်နည်းဟူ၍ မရှိပါ။ အမြဲဖတ်သည့် ပုံစံအတိုင်း ဖတ်ရမည်။ ဤနေရာတွင် တင်ပြမည်မှာ ကိုယ်ဝန်ကာလတွင် ခန္ဓာကိုယ်အနေအထား ပြောင်းလဲမှုကြောင့် ကြုံတွေ့ရသည့် အခက်အခဲများဖြင့် နမားဇ်ကို မည်သို့ဖတ်နိုင်သနည်းဟူသည့် ပုံစံဖြစ်၏။ကိုယ်ဝန်ဆောင်ကာလ၌ နမားဇ်ဖတ်ရာတွင် ရရှိမည့်လွယ်ကူမှုများနှင့် သတိပြုဖွယ်ရာများကို သိမှတ်သလောက် ရေးသားမည် ဖြစ်သည်။

ကိုယ်ဝန်ဆောင်များ နမားဇ်ဖတ်ရာတွင် အဓိကအခက်အခဲဖြစ်ရသည်မှာ ကိယာမ်(မတ်တပ်ရပ်ချိန်) ရူကူနှင့် စဂ်ျဒါပြုချိန်တို့ဖြစ်သည်။ အထက်ပါ သုံးခုသည် နမားဇ်တွင် ဖရဇ်ဖြစ်ကြောင်း သိမှတ်ထားရပါမည်။ ထို့ကြောင့် အတတ်နိုင်ဆုံး အချိန်အထိ ၎င်းတို့ကို ပုံစံတကျပြုရမည်ဖြစ်၏။ ပမာဆိုရလျှင် ကိုယ်ဝန်ကာလ သုံးလ လေးလခန့်မျှအထိ တတ်နိုင်သေးလျှင် အတိအကျသာ ပြုရမည်။ တချို့အမျိုးသမီးတို့သည် ကိုယ်ဝန်ကာလ ကိုးလအထိရောက်သော်လည်း ကိုယ်ဝန်ဆိုဒ်သေးသူများရှိကြသည်။ ထို့သို့သောသူများသည် ရုကူ စဂ်ျဒါတို့ကို ပြုနိုင်သည်အထိ ပြုရမည်သာ ဖြစ်၏။ သဘောမှာ ကိုယ်ဝန်ဆောင်ဖြစ်သူတိုင်း ချွင်းချက်ရှိသူမဟုတ်ပါ။ ချွင်းချက်မဖြစ်သူများလည်း ရှိပါသည်။

** ကိယာမ် قِيَامْ (မတ်တပ်ရပ်ခြင်း)
ကိုယ်ဝန်ဆောင်အနေဖြင့် နမားဇ်အတွက် ကိယာမ်ကို နိုင်သည်ဆိုလျှင် ရပ်ကိုရပ်ရမည်။ ကိုယ်ဝန်၏ အလေးချိန်ကြောင့် လုံးဝ မတ်တပ်မရပ်နိုင်တော့လျှင် ထိုင်ဖတ်နိုင်သည်။ ထိုင်ခုံပေါ်ထိုင်ဖတ်နိုင်သလို ကြမ်းပေါ်တွင်ထိုင်၍လည်း ဖတ်နိုင်သည်။ ကြမ်းတွင်ထိုင်ဖတ်ခြင်းက ပိုကောင်း၏။ ကြမ်းပေါ်တွင် ထိုင်ခြင်းဟူသည်မှာ အသ်သဟိယားသ် ( اَلتَّاحِيَّاتْ ) ထိုင်သည့်ပုံစံဖြင့် ထိုင်ခြင်းကို ဆိုလိုသည်။ ထိုပုံစံထိုင်၍ ဖတ်လျှင် ရုကူအ်အတွက် ခန္ဓာကိုယ်ကို ကိုင်းနိုင်သမျှ ကိုင်းရပါမည်။ ထိုင်ခုံပေါ်တွင် ဖတ်လျှင် ရုကူအ်ကို သူ့ပုံစံအတိုင်း ပြုရပါမည်။ စဂ်ျဒါကိုလည်း သေချာစွာ ပြုရပါမည်။

မှတ်ချက်။ ကိုယ်ဝန်ဆောင် မဟုတ်ဘဲ ရိုးရိုး အမျိုးသမီး အချို့တွင် နမားဇ်ကို ထိုင်ဖတ်သည့် အကျင့်ရှိသည်။ အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ နမားဇ်ကို ထိုင်ဖတ်ခွင့် မရှိပါ။ မလိုအပ်ဘဲ ထိုင်ဖတ်ခဲ့ပါက နမားဇ်မပိုင်သည်အထိ ဖြစ်ပါသည်။ ညောင်းခြင်းလောက်ကို အကြောင်းပြချက်အဖြစ် လက်မခံပါ။ အမျိုးသားများအတွက်လည်း ထိုအတိုင်းပင် ဖြစ်ပါသည်။ ချွင်းချက် မရှိဘဲ နမားဇ်ကို ထိုင်ဖတ်ခြင်း၊ ရုကူအ် စဂ်ျဒါကို ထိုင်၍ အရိပ်အမြွက်ဖြင့်ပြုခြင်းတို့ ပြုခွင့်မရှိပါ။

** ရုကူအ် ( رُكُوْعٌ ) နှင့် စဂ်ျဒါ ( سَجْدَهْ )
ရုကူအ်နှင့် စဂ်ျဒါကို တတ်နိုင်သည်အထိ သတ်မှတ်ပုံစံအတိုင်း ပြုရမည်ဖြစ်၏။ သပ်စ်ဗီကို သုံးကြိမ်မျှဆိုနိုင်သည်ခန့် ရုကူအ်နှင့် စဂ်ျဒါတို့ကို ပြုလုပ်နိုင်လျှင် ထိုမျှခန့်ရွတ်ဆိုပြီး ပြုလုပ်ရမည်။ စဂ်ျဒါပြုရာတွင် အမျိုးသမီးတို့ စဂ်ျဒါပြုပုံအတိုင်း မပြုနိုင်။ သဘောမှာ ဗိုက်ထောက်နေသဖြင့် ဝမ်းဗိုက်နှင့် ပေါင်ကို ထိကပ်၍ မပြုနိုင်တော့လျှင် ခွာ၍ စဂ်ျဒါပြုနိုင်သည်။ လက်များကိုမူ ပုံမှန်အတိုင်း ကြမ်းနှင့် ထိကပ်ထားရမည်။

မှတ်ချက်။ ရုကူအ်၊ စဂ်ျဒါတို့တွင် သပ်စ်ဗီမဆိုပါကလည်း ရုကူအ်၊ စဂ်ျဒါ ဖြစ်သွားသည်။ သို့သော် ထိုသို့ မဆိုသူသည် စွန္နသ်ကို လွှတ်သူ ဖြစ်၏။ ဤနေရာတွင် သပ်စ်ဗီမဆိုလည်း ရုကူအ်၊ စဂ်ျဒါဖြစ်ကြောင်း ထည့်ရေးပြရခြင်းမှာ အမိန့် တစ်ဆင့်ခြင်းစီ၏ ပုံစံကို သိမြင်ရန်အတွက်သာ ဖြစ်၏။ မဖတ်လည်း ရတာပဲ၊ မဖတ်ဘူးဟူသည့် လုပ်ဆောင်ချက်မျိုး ဖြစ်စေရန် မဟုတ်ပါ။ စွန္နသ်များကို လွှတ်ခြင်းသည် ဖရ်ဇ်များပါ လွတ်ရန် လမ်းစဖြစ်ပါသည်။ ရုကူအ်နှင့် စဂ်ျဒါတွင် အနိမ့်ဆုံး သပ်စ်ဗီဟ် သုံးကြိမ်ဆိုရမည်။ ထို့ထက်နည်း၍ ဆိုခြင်းသည် မက္ကရူဟ်သန်ဇီဟီ ( مَكْرُهْ تَنْزِيْهِيْ ) ထိုက်ပါသည်။ သုံးကြိမ်သည် အနည်းဆုံးဖြစ်၍ “မ” ဂဏန်းအရေအတွက် ပိုဖတ်ခြင်းက မြတ်၏။ သုံးကြိမ်၊ ငါးကြိမ်၊ ခုနှစ်ကြိမ် စသည်ဖြင့် ဆိုနိုင်ပါသည်။

- ကိယာမ်နှင့် ရုကူအ်တော့ပြုနိုင်သည် စဂ်ျဒါမပြုနိုင်လျှင် ကြမ်းပေါ်တွင် ထိုင်ဖတ်ခွင့်ရှိသည်။ ထိုင်ခုံပေါ်တွင်လည်း ဖတ်နိုင်သည်။ ကြမ်းပေါ်တွင် ဖတ်ခြင်းက ပိုကောင်း၏။ စဂ်ျဒဟ်ကို ပုံစံတကျ မပြုနိုင်သဖြင့် အရိပ်အမြွက်ဖြင့် ပြုရမည်။ အရိပ်အမြွက်ဟူသည်မှာ ဦးခေါင်းကို ညွှတ်ကိုင်း၍ လုပ်ခြင်း ဖြစ်သည်။ ဤပုံစံတွင် ရုကူအ်ထက် စဂ်ျဒဟ်၏ အရိပ်အမြွက် သဏ္ဍာန်က ပို၍ ကိုင်းညွှတ်မှု ရှိရပါမည်။ ထိုသို့ဖတ်ခြင်းက အကောင်းဆုံးဖြစ်၏။ ဤသို့မဟုတ်ဘဲ ကိယာမ်နှင့် ရုကူအ်ကို ပုံမှန်အတိုင်း ပြုလုပ်ပြီး စဂ်ျပြုခါနီးမှ ထိုင်၍ အရိပ်အမြွက်ဖြင့် စဂ်ျဒဟ်ပြုလိုပါကလည်း ပြုနိုင်ပါသည်။

မှတ်ချက်။ အရိပ်အမြွက်ဟုဆိုရာတွင် နမားဇ်ဖတ်နေသူ၏ လုပ်နိုင်စွမ်း အခြေအနေပေါ်မူတည်ထားပါသည်။ အဓိပ္ပါယ်အရ ဦးခေါင်းကို ညွှတ်ကိုင်း၍ လုပ်ခြင်း ဖြစ်သော်လည်း အခြေအနေတိုင်းတွင် ထိုပုံစံချည်းသာ လုပ်ရမည်ဟု မဆိုလိုပါ။ ရုကူအ်၊ စဂ်ျဒဟ်ကို ခန္ဓာကိုယ်က မည်သည့်အတိုင်းအတာအထိ ဆောင်ရွက်နိုင်သနည်း၊ ထိုမျှအထိ ဆောင်ရွက်ရပါမည်။ အရိပ်အမြွက်ဟု ရေးထားသော နေရာတိုင်းတွင် ဤအလိုသဘောကို ဆိုလိုပါသည်။

- ကိယာမ်၊ ရူကူနှင့် စဂ်ျဒါတို့ကို သတ်မှတ်မှုအတိုင်း မပြုနိုင်သူသည် ထိုင်ဖတ်နိုင်သည်။ ရူကူနှင့် စဂ်ျဒါကို ဦးခေါင်းညွှတ်၍ အရိပ်အမြွက်ဖြင့် ပြုရမည်။ စဂ်ျဒါကို ရူကူ၏ ပုံသဏ္ဍာန်ထက် ပို၍ ကိုင်းညွှတ်ရပါမည်။

- စဂ်ျဒါပြုရာတွင် ကြမ်းအထိ တိုက်ရိုက်မသွားနိုင်။ ရှေ့တွင် ခုံ၊ စားပွဲ ချထား၍ စဂ်ျပြုနိုင်လျှင် ထိုပုံစံ ပြုရန်အရေးကြီးပါသည်။ ထို့အတူ ကြမ်းပေါ်ထိုင်၍ ဖတ်လျှင် စဂ်ျဒဟ်မသွားနိုင်၊ ထိုင်ခုံတွင် ထိုင်၍ ရှေ့၌ စားပွဲချပြီး စဂ်ျဒါပြုလျှင်မူ ရသည်ဆိုလျှင် ထိုသို့ဖတ်ရန်အရေးကြီးသည်။ စဂ်ျဒါအတွက် ချထားသည့် စားပွဲ၊ ခုံတို့သည် ထိုင်ခုံနှင့် တစ်ပြေးညီ ဖြစ်ရမည်။ မြင့်လိုပါက ၉ လက်မခန့်မျှသာ မြင့်ခွင့် ရှိသည်။ ထို့ထက်ပိုမြင့်သော စားပွဲ၊ ခုံတို့တွင် စဂ်ျဒဟ်လုပ်ပါက မှန်ကန်မှုမရှိပါ။

** ခေါင်းအုံးပေါ် စဂ်ျဒါလုပ်ခြင်း
အများအားဖြင့် စဂ်ျဒါပြုလုပ်ရန် ခေါင်းအုံးများကို အသုံးပြုကြသည်။ ခေါင်းအုံးပေါ် စဂ်ျဒါပြုရာ၌ အပျော့ အမာ အခြေအနေအတိုင်း စဂ်ျဒါအမိန့် ကွာခြားပါသည်။ ခေါင်းအုံးသည် ပျော့ပျောင်းနေလျှင် ယင်းခေါင်းအုံးပေါ် စဂ်ျဒါပြုလျှင် စဂ်ျဒါပိုင်မည်မဟုတ်ပါ။ စဂ်ျဒါကို မာကြောသောအရာပေါ်တွင် ပြုလုပ်ရမည်။ မာကြောခြင်းဟူသည်မှာ ထပ်ဖိလျှင် ပိသွားခြင်း မရှိတော့သည့် အခြေအနေမျိုးကို ခေါ်ဆိုသည်။ ထို့ကြောင့် မိမိစဂ်ျဒါပြုရန် အသုံးပြုသည့် ခေါင်းအုံးပေါ်တွင် နဖူးကို ဖိချလိုက်ပါက ပျော့ဝင်သွားသလား၊ တစ်နေရာရာတွင် မာသွားသလားဟူသည်ကို ကြည့်ပါ။ နဖူးဖိချသည့်အခါ အခြေအနေတစ်ခုတွင် မာသွားလျှင် ယင်းခေါင်းအုံးပေါ်တွင် စဂ်ျဒါပြုနိုင်သည်။ ပျော့မြဲပျော့နေလျှင်မူ ပြုခွင့်မရှိပါ။ စားပွဲ စသည့် ပင်ကိုယ် အမာပစ္စည်းဖြစ်လျှင်မူ အကောင်းဆုံးဖြစ်ပါသည်။ ခေါင်းအုံးအမြင့်သည် ၉ လက်မခန့်ထက် မပိုရပါ။ ထို့ထက်နိမ့်လျှင်လည်း ရသည်။ အကယ်၍ ထိုမျှ အမြင့်အထိ စဂ်ျဒါမသွားနိုင်လျှင် ခန္ဓာကိုယ်က လုပ်ဆောင်နိုင်သည့် အခြေအနေထိ စဂ်ျဒါကို ပြုလိုက်ပါ။
ကိုယ်ဝန်ဆောင်ကာလအတွင်း နမားဇ်များကို မပျက်စေဘဲ ဂရုတစိုက်ဖတ်ရပါမည်။ တတ်နိုင်ပါက နဖိလ်များစွာဖတ်ပါ။ သိလာဝသ်များများပြုပါ။ အထက်တွင် ပုံစံတချို့ကို အကျဉ်းချုံဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ မိမိတွေ့ကြုံရသည့် အခြေအနေသည် အထက်ပါပုံစံများနှင့် မကိုက်ညီပါက နီးစပ်ရာ အာလင်မ်များထံမေးမြန်းပါရန် အကြံပြုပါသည်။

အမျိုးသမီးများ ကလေးမွေးပြီးနောက် မီးတွင်းသွေးဆင်းခြင်းနှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများကို ဤလင့်တွင် ဖတ်ရှုနိုင်ပါသည်။
http://aaitee.blogspot.com/2015/10/blog-post_74.html

ဇိလ်ကအ်ဒဟ်/ ၂၈/ ဟိဂ်ျရီ ၁၄၃၇
2/8/2016
Credit, အလ်မုဖီးဒ်က ရေးသားသည်။