Monday, August 8, 2016

ဇွလ်ကအ်ဒဟ်လ၏ ထူးမြတ်မှုနှင့် သမိုင်းဖြစ်ရပ်များအကြောင်း


ဇွလ်ကအ်ဒဟ်လသည် အရဗီနှစ်၏ ဆယ့်တစ်လမြောက် လတစ်လ ဖြစ်၏။ ထို့ပြင် မြတ်မြင့်သည့် လ လေးလအနက်မှ ပထမဆုံးကျရောက်သည့် လလည်း ဖြစ်ပေသည်။ ထူးမြတ်မှုရှိသည့် လများတွင် ပါဝင်ခြင်းကြောင့် ဤလမှစတင်၍ စစ်တိုက်ခြင်းဟူသည့် လုပ်ရပ်၊ ရန်ညှိုးမပြေ ကလဲ့စားချေသည့် တိုက်ခိုက်မှုများ အားလုံးကို ရပ်လိုက်ကြသည်။ မပြုလုပ်ကြတော့ပေ။ ဤသည်မှာ ရှေးယခင်က လူသားများတွင် ရှိခဲ့သည့် ယဉ်ကျေးမှု လူသားခြင်းစာနာမှု၊ ဘာသာတရားလေးစားမှု၊ ထူးမြတ်မှုများကို တန်ဖိုးထားမှုဟူသည့် လူပီသသည့် အရည်အချင်းများအနက်မှ တစ်စိတ်တစ်ဒေသ ဖြစ်၏။ အစ္စလာမ်သည် စစ်တိုက်ပုံ စစ်တိုက်နည်း၊ စစ်ဖြစ်သည့် ဒေသတွင် မဖျက်ဆီးရမည့်နေရာ၊ မသတ်ရမည့်သူ စသည်တို့ကိုလည်း ပြပေးထားသလို စစ်မတိုက်ရမည့် ကာလကိုလည်း သတ်မှတ်ပေးထားသည်။ စစ်တိုက်ခြင်းဆိုင်ရာ နည်းစနစ်များကို စုံလင်စွာ ဖော်ပြထားသည့် ခေတ်မှီ ဘာသာတရားဖြစ်ပေသည်။ ယနေ့အခါသမယရှိ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်ဟူသည့် ခေါင်းစဉ်ကို ဆိုင်းဘုတ် အကြီးကြီးတပ်သူများသည် ဘာသာတစ်ခု၏ ဥပုသ်လ၊ တရားနာသည့်အချိန်၊ သာသနိက အဆောက်အဦး၊ ဘာသာရေးပုဂ္ဂိုလ် ဘာတစ်ခုကိုမျှ အလေးမထား ဂရုမမူသည့်အပြင် စော်ကားမှု၊ ညှင်းပမ်းနှိပ်စက်မှု၊ ဖျက်ဆီးမှုတို့က ထပ်လုပ်ကြသည်။ ယင်းသူတို့ပြောသည့် လူ့အခွင့်အရေးဟူသည် အဘယ်သို့သော် တရားမျှတမှုပါနည်း။ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို ရရှိခံစားလိုပါက အစ္စလာမ်၏ ဥပဒေပြဌာန်းချက်များအား နက်နဲစွာ လေ့လာကြည့်လိုက်ပါ။ လူ့အခွင့်အရေး အစစ်အမှန်ကို ရရှိခံစားရပါလိမ့်မည်။

ဤလအား ဇွလ်ကအ်ဒဟ်ဟု အမည်သတ်မှတ်ရခြင်းကို ဆက်လက် ဖော်ပြပါမည်။ အရဗီစာသားပုံစံမှာ ذُوالْقَعْدَهْ ဟု ဖြစ်သည်။ စာသားတွင် အပိုင်းနှစ်ခုရှိသည်။ တစ်ခုမှာ ذُوْ ဖြစ်၍ နောက်တစ်ခုမှာ قَعْدَهْ ဖြစ်သည်။ ذُوْ သည် အရာတစ်ခုခုနှင့် ပတ်သက်ဆက်နွယ်၍ ခေါ်ဆိုသော စကားလုံး (မျိုးပြစကားလုံး) ဖြစ်သည်။ قَعْدَهْ သည် قُعُوْدٌ မှ ဆင်းသက်လာသည့် စကားလုံးဖြစ်ပြီး ထိုင်ခြင်းဟု အဓိပ္ပါယ်ရသည်။ ဤလအား ذُوالْقَعْدَهْ ထိုင်သောလဟု အဓိပ္ပါယ်ရသည့် အမည်ထားရခြင်းမှာ အထက်တွင်ဖော်ပြခဲ့သလို ဤလတွင် စစ်တိုက် သတ်ဖြတ်ခြင်း ပြုပိုင်ခွင့်မရှိသောကြောင့် အရဗ်တို့သည် တိုက်ခိုက်ခြင်းများအားလုံးကို ရပ်လိုက်ကြ၍ အိမ်များတွင်သာ အေးဆေးစွာနေထိုင်ကြသည်။ စစ်တိုက်ခြင်းအမှုမှာ ရှောင်ကြဉ်နေထိုင်ကြသည်။ ထို့ကြောင့်ပင် ဤ ဆယ့်တစ်လမြောက်လအား ذُوالْقَعْدَهْ ဟု ခေါ်တွင်ပေသည်။

ဇွလ်ကအ်ဒဟ်အပြင် ဇိလ်ကအ်ဒဟ် ذِي الْقَعُدَهْ (ဝေါင် ( و ) နေရာတွင် ي ဖြင့် ပြောင်း၍ ဇိလ်ကအ်ဒဟ်) ဟုလည်း ခေါ်သည်။ ဤနေရာတွင်လည်း ထိုင်ခြင်းဟုသည့် အဓိပ္ပါယ်ပင်ဖြစ်၏။ ဤလ၏ ထူးမြတ်မှုကြောင့် အရဗ်တို့သည် မိမိတို့၏ တိုက်ခိုက် ရန်မူ စစ်တိုက်ခြင်းဟူသမျှအားလုံးကို ရပ်ဆိုင်းလိုက်ကြပြီး မိမိတို့နေအိမ်များတွင်သာ နေလိုက်ခြင်းကြောင့် ဇိလ်ကအ်ဒဟ် ذِي الْقَعُدَهْ ဟု ခေါ်ခြင်း ဖြစ်သည်။

အစ္စလာမ့် ရှရီအသ်တွင် ذُوالْقَعْدَهْ သည် لِلْقُعُوْدِ فِيْهِ لِلْاَذْكَارِ မှ ကောက်နှုတ်ထားခြင်း ဖြစ်ပြီး လောကီ လုပ်ငန်းဆောင်တာများတွင် နစ်မွန်းနေခြင်းမှ ဖယ်ခွာ၍ အလ္လာဟ်အရှင်မြတ်အား သတိရ တမ်းတ တသရင်းဖြင့်သာ ကုန်ဆုံးခြင်းကို ဆိုလိုသည်။

အလ္လာဟ်အရှင်မြတ် မိန့်ထားသည်မှာ اَلَّذِيْنَ يَذْكُرُوْنَ اللهَ قِيَامًاوَقُعُوْدًاوَعَلَي جُنُوْبِهِمْ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်အား မတ်တတ်ရပ်လျက်လည်းကောင်း၊ ထိုင်လျက်လည်းကောင်း၊ လဲလျောင်းလျက်လည်းကောင်း အောက်မေ့တသ သတိရကြ၏။ (စူရဟ် အာလေ့အင်မ်ရားန်၊ အာယသ် ၁၉၁) အထက်ပါအာယသ်တွင် قُعُوْدٌ ကို ထိုင်လျက် အလ္လာဟ်ကို တသ သတိရခြင်းနှင့် ဆက်နွယ်ထားပေသည်။

ထူးမြတ်သည့်ကာလများတွင် ရှောင်ကြဉ်ရာ
အိမာမ်ရာဇီ ရဟ်မသုလ္လာဟိအလိုင်းဟ်က اِنَّ الْمَعْصِيَةَ فِيْهَا اَشَدُّعِقَابًاوَالطَّاعَةُ فِيْهَا اَكْثَرُثَوَابًا ကောင်းမှုအိဗာဒသ်လုပ်ပါက စ၀ါးဗ်များစွာရမည့် နေရာ၊ အချိန်များတွင် ပြစ်မှုကျူးလွန်ခြင်းနှင့် မကောင်းမှုတို့ လုပ်ပါကလည်း ပြစ်ဒဏ်သည် သာမန်ထက် ပို၍ ပြင်းထန်ပေသည်ဟု မိန့်ထားသည်။ (تفسيركبير)
ဤလသည် မြင့်မြတ်သည့် လများတွင် တစ်လအပါအ၀င်ဖြစ်သည့်အတွက် ယင်းအချက်ကို ကောင်းစွာ သတိပြု ရှောင်ကြဉ်ရမည်။ ကောင်းမှုများ မပြုနိုင်ပါကလည်း မကောင်းမှုအတွင်း နစ်မနေရန် အထူးကြိုးစားရမည်။ မကောင်းမှုမှ ရုန်းထွက်ခြင်း၊ သို့မဟုတ် ကောင်းမှုကို သာပို အားစိုက် လုပ်ဆောင်ခြင်းကိုက ကောင်းမှုများ ပိုရလာရန် အကြောင်းခံပင် ဖြစ်သည်။

အွမ္မသ်၏ သမားတော် ဟဇရသ်မော်လာနာ အရှ်ရဖ်အလီ ထာန၀ီ ရဟ်မသုလ္လာဟိအလိုင်းဟ် က ဗရကသ်ရှိ၍ အဖိုးတန်လှသည့် အချိန်များတွင် မကောင်းမှုများ ကျူးလွန်နေခြင်းသည် ပြစ်ဒဏ်ကို ပိုပြင်းထန်စေသလို ဗရကသ်ရှိသည့် အချိန်များတွင် အလ္လာဟ်အမိန့်နာခံသည့် လုပ်ရပ်များကို ပြုခြင်းသည်လည်း ကုသိုလ်အကျိုးကို သာပိုတိုးပွားစေ၏ဟု မိန့်မှာထားသည်။ ထို့ကြောင့် မြင့်မြတ်သည့် လများ၊ အချိန်များတွင် မကောင်းမှု ဂုနာများမှ အထူးရှောင်ကြဉ်ကြပါရန် တိုက်တွန်းအပ်ပါသည်။ ရုပ်ရှင်ကြည့်ခြင်းများ၊ ဇာတ်လမ်းတွဲများ မဖြတ်နိုင်ခြင်းများ၊ ဂိမ်းများကို မဖြတ်နိုင်ခြင်းတို့သည် အလွန်ဆိုးရွားသော ပြစ်မှုများပင် ဖြစ်၏။ ယင်းလုပ်ရပ်များသည် ကောင်းမှုများ မဆောင်ရွက်နိုင်ရန် ပိတ်ထားသည့် အုတ်တံတိုင်းများပမာပင် ဖြစ်သည်။ ဂုနာဖြစ်မှန်းသိပြီး လုပ်သည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်ကို ပမာမခန့် ပြုခြင်း၊ အလ္လာဟ်ပေးမည့် ပြစ်ဒဏ်များကို ရင်ဆိုင်နိုင်သည်ဟု မာနထောင်ပြခြင်း၊ အလ္လာဟ်အမိန့်၊ တမန်တော်၏ ညွှန်ကြားချက် အစ္စလာမ့်ပညာရှင်များ၏ အဆုံးအမများ အားလုံးကို မလေးမစားပြုခြင်းပင် ဖြစ်သည်။ ကောင်းသော အကျင့်၊ ကောင်းသော ခံယူချက်တော့မဟုတ်ပါ။ ဂုနာကို ဂုနာမှန်းသိပြီး လုပ်ရင် ရကောင်း ရသည်ဟု ယူဆနေလျှင် လမ်းမှားလျှောက်ရန် လမ်းစပေါ်သို့ ရောက်နေပြီဖြစ်ကြောင်း မိမိကိုယ်ကိုယ် သတိပေးပါ။

ဤလသည် မွန်မြတ် ထူးမြတ်သည့် လများတွင် ပါဝင်သည် ဖြစ်ခြင်းကြောင့် ယခင်ကာလများထက် ပို၍ နမားဇ်၊ ဇိကိရ်၊ သိလာဝသ်များ ပြုလုပ်ပါ။ အစ္စလာမ့်အသိပညာများ ရှာဖွေ လေ့လာပါ။ ဖတ်၊ မှတ်ပါ။ ကောင်းမှုများမလုပ်နိုင်ရင်တောင် မကောင်းမှုကို လုပ်နေသူ၊ မကောင်းမှုကို ကြော်ငြာသူ၊ မကောင်းမှုတွင် လူအများ ပါဝင်ရန် တိုက်တွန်းဖိတ်ခေါ်သူ မဖြစ်ပါစေနှင့်။ ကောင်းမှုကိုသာ ဆော်သြတိုက်တွန်းသူ ဖြစ်ပါ။

သမိုင်းဖြစ်ရပ်များ
ဇွလ်ကအ်ဒဟ်လသည် အရဗီ ဆယ့်နှစ်လအနက်မှ မြင့်မြတ်သည့် လလေးလ၏ ပထမဆုံး ကျရောက်သော လဖြစ်၏။ ယင်းလတွင် သမိုင်းတွင် ဖြစ်ခဲ့သည့် ဖြစ်ရပ်များစွာလည်း ရှိပေသည်။

** ဟဇရသ် မူစာ عليه السلام အား ညပေါင်း သုံးဆယ်အတွက် ကတိပြုခိုင်းခြင်း
ဇွလ်ကအ်ဒဟ်လ၏ ပထမဦးဆုံးနေ့တွင် အလ္လာဟ် جَلَّ شَانُهُ က ဟဇရသ်မူစာအား သောင်ရားသ်ကျမ်း ချီးမြှင့်ရန်အတွက် ညပေါင်းသုံးဆယ် သတ်မှတ်ရာနေရာတွင် ရှိနေစေရန် ကတိယူတော်မူသည်။ ဤအကြောင်းကို အလ္လာဟ်အရှင်မြတ်က စူရဟ် အအ်ရားဖ်၊ အာယသ်အမှတ် ၁၄၂၊ ၁၄၃တွင် မိန့်ထားသည်။ (သိလိုသူများ ကုရ်အာန်ကျမ်း၊ ဘာသာပြန်နှင့် အဖွင့်ကျမ်းများတွင် လေ့လာနိုင်ပါသည်။)

တမန်တော် မူစာသည် မိမိ၏နောက်လိုက်များဖြစ်သည့် ဗနီအစ္စရာအီလ်လူမျိုးတို့အား ကတိတစ်ခု ပြုထားသည်။ အလ္လာဟ်အရှင်မြတ်က ဗနီအစ္စရာအီလ်တို့၏ ရန်သူကြီးဖြစ်သော ဖိရ်အောင်န်ကို ဖျက်ဆီးပေးလိုက်ပါက အလ္လာဟ်အရှင်မြတ်ထံမှ ဟလာလ်၊ ဟရာမ် စသည့် ဥပဒေပြဌာန်းချက်များပါဝင်သည့် ကျမ်းတစ်စောင်ကို ယူဆောင်လာမည်။

ထို့နောက် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကွဒ်ရသ်တော်ဖြင့် ဖိရ်အောင်န်နှင့် ၎င်း၏ အပေါင်းအပါများအား ဖျက်ဆီးပစ်လိုက်၍ ဗနီအစ္စရာအီလ်များအား အောင်မြင် လွတ်မြောက်မှု ချီးမြှင့်လိုက်ပေသည်။ ထို့နောက်တွင် တမန်တော်မူစာသည် ကျမ်းဂန် ချပေးပါရန် အလ္လာဟ်ထံပါး၌ ဆုပန် လျှောက်ထားလေသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က တမန်တော်မူစာအား ရက်ပေါင်းသုံးဆယ် ရိုဇဟ် စောင့်ထိန်းရန် အမိန့်ပေးသည်။ ယင်းရက်ပေါင်းသုံးဆယ်ရိုဇာထားရန် အမိန့်ပေးသည့် ပထမဦးဆုံးနေ့သည် ဇိလ်ကအ်ဒဟ်လပင် ဖြစ်သည်။ တမန်တော်မူစာကလည်း အလ္လာဟ်အမိန့်ကို ပြည့်ဝစွာ လိုက်နာလေသည်။ သတ်မှတ်ကာလ ရက်သုံးဆယ် ပြည့်သွားသည့်အခါ တမန်တော်မူစာသည် မိမိ၏ ပါးစပ်အတွင်းမှ အနံ့တစ်မျိုးရနေကြောင်း ခံစားရသဖြင့် မိစ်ဝါးက်တိုက်လိုက်သည်။

ယင်းလုပ်ရပ်ကြောင့် ဖရိရှ်သဟ်တို့က .... ကျွန်ုပ်တို့သည် ကိုယ်တော်ထံမှ အလွန်နှစ်သက်ဖွယ်ကောင်း၍ မွှေးကြိုင်သည့်အနံ့ကို ရရှိခံစားနေရသည်။ ကိုယ်တော်က ယင်းရနံ့ကို မိစ်ဝါးက်တိုက်ခြင်းဖြင့် ဖျက်လိုက်ပေပြီဟု ၀မ်းနည်းစကား လျှောက်ထားကြသည်။

အလ္လာဟ်အရှင်မြတ်က မိန့်သည်မှာ ဇိလ်ဟဂ်ျလတွင် နောက်ထပ် ရိုဇာဆယ်လုံး ဆက်လက် စောင့်ထိန်းပါ။ ဆက်လက်မိန့်သည်မှာ အို မူစာ၊ ရိုဇဟ်ထားသူ၏ ခံတွင်းနံ့သည် ငါအလ္လာဟ်အရှင်မြတ်ထံတွင် ကတိုးရနံ့ထက် သာပို မွှေးကြိုင်သည်ကို အသင်မသိပေသလော။

သတ်မှတ်ကာလများ ပြည့်ဝပြီးနောက် တမန်တော်မူစာသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို ကြားနာရန်အတွက် ရေချိုးသန့်စင်ပြီး သန့်ပြန်သည့် အ၀တ်အထည်တို့ကို ဆင်မြန်းကာ ရိုဇာထားလျက်နှင့် သူရ်စီနာတောင်သို့ ကြွသွားတော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် သူရ်တောင်၏ ပတ်ပတ်လည်ကို တိမ်တိုက်များဖြင့် ဖုံးလွှမ်းစေတော်မူသည်။ ယင်းတောင် ပတ်လည်တွင် ရှိနေသော လူ၊ ဂျင်၊ ဖရိရှ်သဟ်၊ ရှိုက်သွာန်များ၊ တိရိစ္ဆာန်များအားလုံးကို တောင်နှင့် သီးခြားစီ ဖြစ်စေတော်မူလိုက်သည်။ ထို့နောက် တမန်တော်မူစာအတွက် မိုးကောင်းကင်ကို ဖွင့်လှစ်ပေးတော်မူလိုက်သည်။ ထို့ကြောင့် ကောင်းကင်အတွင်းရှိ ဖရိရှ်သဟ်များသည် မတ်တပ်ရပ်လျက် အနေအထားတွင် ရှိနေသည်ကို တွေ့မြင်ရသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ အရ်ရှ်တော်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ အဘယ်မျှဟူမူ မှတ်တမ်းသတ်မှတ်ရာ သင်ပုန်းများတွင် ရေးမှတ်နေသည့် ကလောင်တံများ၏ အသံများကိုပါ အတိုင်းသား ကြားနေရပေသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်က ကလာမ်ပြုတော်မူပေသည်။ တမန်တော်မူစာကလည်း မိမိ၏ လိုလားချက်များကို လျှောက်ထားလေသည်။

အလ္လာဟ်အရှင်မြတ်က မိမိ၏ မိန့်မှာမှုများကို ကြားနာစေတော်မူသည်။ ထိုအချိန်က ဟဇရသ် ဂျိဗ်ရအီးလ်သည် တမန်တော်မူစာနှင့်အတူ တကွ ရှိနေသည်။ သို့သော် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်တို့ ပြောဆိုသည်များကို မကြားနာရပေ။ (تفسيرخازن)
ထို့နောက်တွင် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မူစာအား သောင်ရားသ်ကျမ်းမြတ်ကို ချီးမြှင့် ပေးသနားတော်မူပေသည်။
တမန်တော်မူစာနှင့် ကလာမ်ပြုခြင်း၊ သောင်ရားသ်ချီးမြှင့်ခြင်းများအကြောင်းကို ကုရ်အာန်ကျမ်း၊ စူရဟ်အအ်ရားဖ် (အမှတ် ၇)၊ အာယသ်အမှတ် ၁၄၄၊ ၁၄၅တွင် လေ့လာနိုင်ပါသည်။

** ကအ်ဗဟ်ကျောင်းတော်ကို စတင်တည်ဆောက်ခြင်း
ဇွလ်ကအ်ဒဟ်လ ငါးရက်မြောက်နေ့တွင် ဟဇရသ်အိဗ်ရာဟီးမ် ( خَلِيلُ الله ) နှင့် ဟဇရသ် အိစ်မာအီးလ် ( ذَبِيْحُ الله ) တို့က ကအ်ဗဟ်ကျောင်းတော်ကို ဒုတိယအကြိမ် ပြန်လည်တည်ဆောက်ခဲ့သည်။

ကအ်ဗဟ်ကျောင်းတော်ကြီး၏ ဦးဆုံးတည်ဆောက်သူမှာ ဟဇရသ်အာဒမ်ဖြစ်ပြီး နူးဟ်မုန်တိုင်းပြီးနောက်တွင် ဟဇရသ်အိဗ်ရာဟီးမ်က ဒုတိယအကြိမ် ပြန်လည်တည်ဆောက်ခဲ့ခြင်း ဖြစ်၏။ ကအ်ဗဟ်တည်ဆောက်မှုတွင် ဟဇရသ်အိဗ်ရာဟီးမ်၏ ကူညီရာ ဖူးစာထူးကို သားတော် ဟဇရသ်အိစ်မာအီလ်က ရရှိခဲ့ပေသည်။ တမန်တော်နှစ်ပါးသည် မိမိတို့၏ ဤကောင်းမှု ဆောက်တည်ခြင်းက အလ္လာဟ်အရှင်မြတ်က လက်ခံတော်မူပါရန် ကအ်ဗဟ်တည်ဆောက်ချိန်တွင် ဆုပန် တောင်းခံခဲ့ကြပေသည်။

** တမန်တော် ယူနွတ်စ်က ငါး၏ ၀မ်းဗိုက်အတွင်းမှ ပြန်ထွက်လာခြင်း
ဇိလ်ကအ်ဒဟ်လ ဆယ့်လေးရက်မြောက်နေ့တွင် အလ္လာဟ်အရှင်မြတ်က တမန်တော်ယူနွတ်စ်အား ငါးကြီး၏ ၀မ်းဗိုက်အတွင်းမှ ပြန်လည် ထုတ်ယူတော်မူခဲ့သည်။ (ထိုအကြောင်း စူရဟ် စွာဖ်ဖားသ်တွင် ပါဝင်ပါသည်။)

ဟဇရသ်အိဗ်နေ့အဗ်ဗါးစ်၏ ပြောပြချက်ဖြစ်သည်။ တမန်တော်ယူနွတ်စ်သည် မိမိ၏ မျိုးနွယ်စုတွင် ပြစ်ဒဏ်များလာလိမ့်မည်ဟု သတိပေးလိုက်သည်။ သို့ရာတွင် ပြစ်ဒဏ်ကျရောက်မှု မဖြစ်ပေါ်လာသဖြင့် တမန်တော်သည် မိမိ၏ မျိုးနွယ်စုအတွင်းမှ တိတ်တဆိတ် ထွက်လာလိုက်သည်။ ပြီးနောက် သင်္ဘောဖြင့် ရေလမ်းခရီး ထွက်ခွာလာလိုက်သည်။ သင်္ဘောခရီးစဉ်သည် တဖြည်းဖြည်းနှင့် ရေလယ်သို့ ရောက်လာသည်။ ရေလမ်းခရီး အလယ်တွင် သင်္ဘောသည် ရုတ်တရက် ရှေ့ဆက်မသွားတော့ဘဲ ရပ်နေတော့သည်။ ဤတွင် သင်္ဘောမာလိန်မှုးက ဤသင်္ဘောပေါ်၌ သခင်ထံမှ ထွက်ပြေးလာသည့် ကျွန်တစ်ဦးပါလာသဖြင့် ဤသို့ ရေလမ်းအလယ်တွင် သင်္ဘောရပ်နေရခြင်း ဖြစ်သည်ဟု ပြောကြသည်။ ထို့နောက် ယင်းကျွန် မည်သူနည်းဆိုသည်ကို မဲနှိုက်လိုက်ခြင်းဖြင့် သိနိုင်ပါမည်ဟု အကြံပေးလေသည်။ 

အကြံပေးချက်အတိုင်း သင်္ဘောတွင် စီးနင်းလာသူအားလုံး၏အမည်ကို ရေး၍ မဲနှိုက်ကြရာ တမန်တော်ယူနွတ်စ်၏ အမည်သာ သုံးကြိမ်တိုင်တိုင် မဲပေါက်ခဲ့သည်။ ထို့ကြောင့် ကျန်သင်္ဘောသားအားလုံးက တမန်တော်ကို မ ၍ ရေထဲသို့ပစ်ချလိုက်သည်။ ထိုခေတ် ထိုအခါက သင်္ဘော၊ လှေ စသည်တို့တွင် သခင်ထံမှ ထွက်ပြေးလာသည့်ကျွန် ပါလာပါက ၎င်းတို့အား ရေထဲသို့ မပစ်ချမခြင်း သင်္ဘော၊ လှေတို့ ရှေ့ဆက်မသွားနိုင်၊ ၎င်းတို့ကို ရေထဲပစ်ချလိုက်မှ လိုရာခရီး ဆက်သွားနိုင်မည်ဟု ယူဆချက်ရှိ၍ ထိုနည်းအတိုင်း လုပ်ဆောင်သည့် ထုံးစံရှိပေသည်။ ထို့ကြောင့်ပင် တမန်တော်ယူနွတ်စ်ကို ရေထဲ ပစ်ချလိုက်ခြင်းဖြစ်၏။

တမန်တော်ကို ရေထဲပစ်ချလိုက်သည်နှင့် တစ်ပြိုင်နက် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့် ငါးတစ်ကောင်က တမန်တော်ကို မျိုချလိုက်ပေသည်။ ငါး၏ ၀မ်းဗိုက်အတွင်း တစ်ရက် သို့မဟုတ် သုံးရက်၊ ခုနှစ်ရက်၊ ရက်လေးဆယ် စသည့်ကာလမျှ နေထိုင်ရသည်ဟု သိရသည်။ နေထိုင်ရသည့် ရက်အရေအတွက်သည် အထက်ပါအတိုင်း အဆိုကွဲများ ရှိပါသည်။

တမန်တော်သည် ငါး၏ ၀မ်းဗိုက်အတွင်း အလ္လာဟ်အရှင်မြတ်ကို များစွာ တသမှု ပြုလေသည်။ لااله الاانت سبحانك انى كنت من الظالمين ကို များစွာဖတ်ရွတ်လေသည်။ တမန်တော်ယူနွတ်စ်က စတင်ဖတ်ရွတ်ခဲ့သဖြင့် ယင်းစာသားကို ဒုအာအေယူနွတ်စ်ဟု ခေါ်တွင်ပါသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ငါးအား မြစ်ကမ်းနားတွင် ပြန်အန်ထုတ်ရန် အမိန့်ပေးလိုက်သည်။ (ထိုအကြောင်းအရာကို စူရဟ် အန်ဗီယာအ်တွင် ဖတ်ရှုနိုင်ပါသည်။)

ငါး၏ ၀မ်းဗိုက်အတွင်း နေထိုင်ခဲ့သဖြင့် တမန်တော်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် နုံးချိ အားနည်းသွားလေသည်။ မွေးကင်းစ ကလေးတစ်ဦးပမာ ဖြစ်သွားသည်။ ခန္ဓာကိုယ်အရေပြားသည် ယင်ကောင်နားသည်ကိုပင် မခံနိုင်လောက်အောင် အလွန် ပျော့သွားသည်။ ခန္ဓာကိုယ်ပေါ်တွင် အမွေးအမှင် တစ်ပင်မျှ မရှိတော့ပေ။ တမန်တော်အတွက် အလ္လာဟ်အရှင်မြတ်က ဘူးပင်ကို ပေါက်စေသည်။ ဘူးပင်ဖြင့် အရိပ်လည်းရပြီး ယင်ကောင်များလည်း မလာတော့ပေ။ တမန်တော်၏ ခန္ဓာကိုယ်တွင် အားအင်ပြည့်ဖြိုးလာစေရန်အတွက် မနက်၊ ညနေ တစ်နေ့နှစ်ကြိမ် ဆိတ်မတစ်ကောင်လာ၍ နို့တိုက်ပေးသည်။ ဤသို့ဖြင့် တမန်တော်၏ ခန္ဓာကိုယ်အရေပြားသည် ပြန်လည် သန်စွမ်း ကျမ်းမာလာပေတော့သည်။ အမွေးအမှင်များ ပြန်ပေါက်လာပြီး အားအင်ပြည့်ဖြိုးလာပေသည်။
( ၄၆ عجائب المخلوقات , ص )
****
ဇိလ်ကအ်ဒဟ်လ၏ သမိုင်းဝင် ဖြစ်ရပ်များ
(၁) ဟိဂျာဗ် (အမျိုးသမီးများ လုံခြုံစွာ ဖုံးကွယ်၍လည်းကောင်း၊ ဖုံးအုပ်၍လည်းကောင်း နေထိုင်ရန်) အမိန့်များ ကျရောက်ခဲ့သည်။ (ဟိဂျရီ ၅ခုနှစ်၊ ခရစ်နှစ် ၆၂၇၊ မတ်လ)
(၂) အဟ်ဇားဗ် (ခန်ဒပ်က်) တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ (ဟိဂျရီ ၅ခုနှစ်၊ ၈ရက်၊ ခရစ်နှစ် ၆၂၇၊ မတ်လ၊ ၃၁ရက်)
(၃) ဟုဒိုင်ဗီယဟ် ဖြစ်ရပ်။ (ဟိဂျရီ ၆ခုနှစ်၊ ၁ရက်နေ့၊ ခရစ်နှစ် ၆၂၈၊ မတ်လ၊ ၁၃ရက်)
(၄) ဟဇရသ် စအဒ်ဗင်န် ခေါင်လဟ် အလ်အာမေရီ ကွယ်လွန်ခြင်း။ (ဟိဂျရီ ၆ခုနှစ်၊ ၁ရက်နေ့၊ ခရစ်နှစ် ၆၂၈၊ မတ်လ ၁၃ရက်)
(၅) အစ္စလာမ်ဘာသာဝင်များ ကာဖိရ်များနှင့် ထိမ်းမြားခွင့် မရှိခြင်း အမိန့် ကျရောက်ခဲ့သည်။ (ဟိဂျရီ ၆ခုနှစ်၊ ၁ရက်၊ ခရစ်နှစ် ၆၂၈၊ မတ်လ၊ ၁၃)
(၆) တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က ကဇွာအွမ်ရဟ် ပြုလုပ်ခဲ့ခြင်း။ (ဟိဂျရီ ၇ ခုနှစ်၊ ခရစ်နှစ် ၆၂၉၊ မတ်လ၊ ၁၃)
(၇) တမန်တော်မြတ်နှင့် မိုင်မူနဟ်သခင်မတို့ နိကဟ်ပြုခဲ့ခြင်း။ (ဟိဂျရီ ၇ ခုနှစ်၊ ခရစ်နှစ် ၆၂၉၊ မတ်လ၊ ၁၃)
(၈) جعرانه (ဂျေအစ်ရ်ရာနဟ်) အမည်ရှိနေရာသို့ တမန်တော် ရောက်ရှိလာခြင်း။ (ဟိဂျရီ ၈ ခုနှစ်၊ ၅ ရက်၊ ခရစ်နှစ် ၆၃၀၊ ဖေဖ၀ါရီလ ၂၄ ရက်)
(၉) ဟ၀ါဇင်န် မျိုးနွယ်စုက အစ္စလာမ်ကို သက်ဝင်ယုံကြည် လက်ခံခဲ့ခြင်း။ (ဟိဂျရီ ၈ ခုနှစ်၊ ၅ ရက်၊ ခရစ်နှစ် ၆၃၀၊ ဖေဖ၀ါရီလ ၂၄ ရက်)
(၁၀) جعرانه (ဂျေအစ်ရ်ရာနဟ်) အမည်ရှိနေရာမှ အွမ်ရဟ်ပြုခြင်း။ (ဟိဂျရီ ၈ ခုနှစ်၊ ၁၈ ရက်၊ ခရစ်နှစ် ၆၃၀၊ မတ်လ၊ ၉ ရက်)
အခြားသော သမိုင်းဖြစ်ရပ်များစွာ ကျန်ရှိသေးသော်လည်း ဤနေရာတွင် ဤမျှသာ ဖော်ပြအပ်ပါသည်။

[ اسلامى مهينوں كے فضائل واحكام, ملانا روح الله نقشندي မှ ကောက်နှုတ်သည်။]

မွစ်လင်မ်တို့ ရရှိနေသည့် အချိန်ကာလသည် အလွန်မှ မွန်မြတ်၍ ဗရကသ်ရှိလှသည့် အချိန်အခါပင် ဖြစ်သည်။ အစ္စလာမ်၏ ခ၀ပ်ကိုးကွယ်မှုပိုင်းဆိုင်ရာ တာဝန်များအနက် ပဉ္စမမြောက်တာဝန် တစ်နည်း နောက်ဆုံးတာဝန်ဖြစ်သည့် ဟဂ်ျဟူသည့် ထူးမြတ်သည့် ကျင့်ဆောက်တည်မှုအား ကျင့်ကြံရမည့် ကာလဖြစ်သည်။ ထို့ကြောင့် မွစ်လင်မ်တို့အနေဖြင့် မိမိတို့ရရှိနေသည့် အချိန်အခါကို တန်ဖိုးထား လေးစားရပါမည်။ ထို့ဖြင့် ဤလအပါအ၀င် ရှေ့နှစ်လလုံးသည် အလ္လာဟ်အရှင်ကိုယ်တိုင် ဂုဏ်ပေးထားသည့် လများ ဖြစ်ပေသည်။ အလ္လာဟ်က ဂုဏ်ပေးသည့်အရာများကို အီမာန်ရှင်တို့ကလည်း ဂုဏ်ပေး လေးစားရပါမည်။ ဂုဏ်ပေးခြင်း လေးစားခြင်းဟူသည်မှာ ခိုင်းထားသည်များကို လုပ်၍ တားထားသည်များကို ရှောင်ခြင်းပင်ဖြစ်၏။ အချစ်နှင့် မကင်းကွာနိုင်ကြသည့် လူသားတို့သည် အချစ်အကြောင်း ချစ်သူအကြောင်းကို အတော့ကို ပြည့်စုံစွာ သိရှိသူများ ဖြစ်ကြ၏။ တစ်ဦးတစ်ယောက်ကို ချစ်လျှင် ၎င်းက ကြိုက်သည်များကိုသာ ကိုယ်တိုင်လည်း လိုက်ကြိုက်ကြသည်။ ချစ်သူ မကြိုက်သည်ကို ကိုယ်တိုင် အဘယ်မျှနှစ်သက်သည်ဖြစ်စေ အနည်းဆုံး မကြိုက်ချင်ယောင်တော့ ဆောင်လိုက်ကြပေသည်။ အချစ်အားကြီးသူများသည် ကိုယ်ကကြိုက်ပြီး ချစ်သူက မကြိုက်လျှင် အချစ်အားကြောင့် ကိုယ့်အကြိုက်ကိုပါ အပြီးတိုင် စွန့်လွှတ်လိုက်ကြ၏။ အလ္လာဟ်အရှင်မြတ်သည် အီမာန်ရှင်တို့အား အလွန်ချစ်တော်မူသည်။ အီမာန်ရှင်တို့ကလည်း အလ္လာဟ်အရှင်မြတ်ကို ချစ်ရပါမည်။ အလ္လာဟ်ကို ချစ်ပြီး အလ္လာဟ်၏ ချစ်သူ ပီသရပါမည်။ အလ္လာဟ်ကိုတော့ ချစ်သည်။ သို့သော် အလ္လာဟ်အရှင်မြတ် ခိုင်းထားသည်များလည်း မလုပ်။ တားထားသည်များကိုလည်း မရှောင်ပါက အလ္လာဟ်အရှင်သည် အီမာန်များကို ချစ်ပါဦးမည်လား။ အချစ်၏အစား အမျက်ဒေါသများသာ လာပါလိမ့်မည်။ ဗမာပြည် မွစ်လင်မ်များ လက်ရှိ တွေ့ကြုံခံစားနေရသည့် အခြေအနေများကို ချင့်ချိန် စဉ်းစားပါ။ အီမာန်ရှင်တို့ အလ္လာဟ်ရဲ့အချစ်ကို ရှေ့တန်းတင်ရဲ့လား သို့မဟုတ် အလ္လာဟ်ရဲ့ ဒေါသကို ဖိတ်ခေါ်နေသလား။ အလ္လာဟ်အရှင်အချစ်ကို မည်သို့မည်ပုံ ပြန်ယူရမည်ကို အီမာန်ရှင်တို့ကိုယ်တိုင် လုပ်ဆောင်ကြပါ။ 

ဂုနာရဲ့ ကျေးကျွန်၊ ဂိမ်း၏ ကျေးကျွန်၊ ရုပ်ရှင်၏ ကျေးကျွန်၊ ဇာတ်လမ်းတွဲ၏ ကျေးကျွန်၊ ဇိနာ၊ သီချင်း၊ ဘောလုံးပွဲ၊ ရန်ပွဲများ၊ ဓာတ်ပုံ၊ ကင်မရာများ၏ ကျေးကျွန်မှ စ၀ါးဗ်၏ကျေးကျွန်၊ ကုရ်အာန်၊ အိလင်မ်၊ ဇိကိရ်၊ နိကဟ်၏ ကျေးကျွန်၊ တမန်တော်မြတ် စွန္နသ်များ၏ ကျေးကျွန် နောက်ဆုံး လောကအပေါင်းကို ဖန်ဆင်းစိုးပိုင်တော်မူသည့် အလ္လာဟ်အရှင်မြတ်၏ ကျေးကျွန်များအဖြစ်သို့ ပြောင်းလဲကြပါ။ အဖွဲ့ကြီးများ၊ ခေါင်းဆောင်များကို တမ်းတနေမည့်အစား ကိုယ်တိုင်လုပ်ဆောင်နိုင်သည်များအား မွစ်လင်မ်တစ်ဦးခြင်း စတင်လုပ်ဆောင်ကြပါဟုတိုက်တွန်းရင်း ဤအကြောင်းအရာကို အဆုံးသတ်လိုက်ပါသည်။
Credit, အလ်မုဖီးဒ်က ရေးသားသည်။

အလ်မုဖီးဒ် Link များ
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။