Thursday, July 28, 2016

မွတ်စ်လင်တို့အတွက် သတင်းကောင်း




တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် အပတ်စဉ် တနင်္လာနှင့် ကြာသပတေးနေ့တွင် နဖိလ်ရိုဇဟ် စောင့်ထိန်းခဲ့သည်။

နဖိလ်ရိုဇဟ်စောင့်ထိန်းခြင်းအတွက် စ၀ါးဗ်အချို့ကို ဖော်ပြရသော် ... တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်တော်မူသည်။ နဖိလ်ရိုဇဟ်စောင့်ထိန်းသူအတွက် ဂျန္နသ်တွင် အပင်တစ်ပင် စိုက်လေ၏။ ထိုအပင်၏ အသီးသည် သလဲသီး အရွယ်ထက် သေးပြီး ပန်းသီးထက် ကြီးလိမ့်မည်။ အရသာသည် ပျားရည်ကဲ့သို့ ချိုမြလိမ့်မည်။ ယင်းအပင်၏ အသီးကို ကိယာမသ်နေ့တွင် ရိုဇဟ်စောင့်ထိန်းသူများကို ကျွေးမွေးလိမ့်မည်။

လောက၏ ပူပြင်းသော နေ့အချိန်တွင် ရိုဇဟ်စောင့်ထိန်းသူအား ကိယာမသ်နေ့၏ ပူပြင်းမှုမှ ကင်းလွတ်မှု ရရှိမည်။

ဆင့်ပြန်ချက်တစ်ရပ်တွင် လာရှိသည်မှာ ကိယာမသ်နေ့တွင် အရ်ရှ်၏အောက်၌ စားသောက်ဖွယ်ရာများ ခင်းကြင်းထားပေလိမ့်မည်။ လူတို့သည် စာရင်းအင်း စစ်ဆေးခံရမှုတွင် ရှိနေကြလိမ့်မည်။ ရိုဇဟ်စောင့်ထိန်းသူများသည် စားသောက်နေကြမည်။ ထိုအခါ လူတို့က ... ဤသူများသည် မည်သူများဖြစ်ကြသနည်း။ ကျွန်ုပ်တို့ကတော့ ကြီးမားသော ဒုက္ခနှင့် ရင်ဆိုင်နေရသည်။ ယင်းတို့ကမူ အရသာခံလျက် စားသောက်နေကြ၏ ပြောကြပေမည်။ ထိုအခါ အဖြေပေးမည်မှာ ... ဤသူများသည် ရိုဇဟ်စောင့်ထိန်းခဲ့ကြသူများပင် ဖြစ်ပေ၏။ ယင်းတို့ ရိုဇဟ်စောင့်ထိန်းချိန်၌ အသင်တို့သည် ကောင်းစွာ စားသောက်လျက် ရှိခဲ့၏။
(ဟဒီးစ်များကို ဟရှရ် ဂျန္နသ် ဂျဟန္နမ် စာအုပ်မှာ ကူးယူပါသည်။)

နဖိလ်ရိုဇဟ်များ စောင့်ထိန်းခြင်း၏ ကောင်းကျိုးတစ်ခုမှာ ဖရ်ဇ်ရိုဇဟ်များတွင် ပေါ့လျော့မှု၊ အရည်အသွေး မမှီမှုများ ရှိခဲ့ပါက နဖိလ်များဖြင့် အစားထိုးပေမည်။

*စွန္နသ်တစ်ခုလည်းဖြစ် နဖိလ်၏ကုသိုလ်လည်း ရမည့် အမလ်တစ်ခုကို ကျင့်ဆောက်တည်မည့် မွတ်စ်လင်မ်
*တမန်တော်၏ စွန္နသ်တစ်ခုကို အကောင်အထည်ဖော်မည့် မွတ်စ်လင်မ်
*ဂျန္နသ်ရဲ့ စားသောက်ဖွယ်ရာများကို ရယူမယ့် မွတ်စ်လင်မ်
*ကျန်းမာရေးကောင်းပြီး ကုသိုလ်မှာလည်း တိုးပွားစေမယ့် ရိုဇဟ်ကို စောင့်ထိန်းမယ့် မွတ်စလင်မ်များ ရှိပါသလား .........။

Credit, အလ်မုဖီးဒ်က ရေးသားသည်။

Monday, July 25, 2016

ရိုကျိုးမာန်ချ ဂျန္နသ်ရ




အာခိရသ်တွင် စိတ်ချမ်းမြေ့သာယာစွာ နေနိုင်ရေးအတွက် လိုအပ်သည့် အရည်အချင်းများမှ စတုတ္ထအရည်အချင်း

**ရိုကျိုးမာန်ချ ဂျန္နသ်ရ

(ကနသ၊ ကူနူးသန်) قَنَتَ قُنُوْتًا ၏ အဘိဓာန်အဓိပ္ပါယ်မှာ .... နာခံခြင်း၊ အမိန့်အတိုင်းလိုက်နာခြင်း၊ ရိုကျိုးခြင်း၊ နှိမ့်ချခြင်းတို့ ဖြစ်ပေသည်။ قَنَتَ لَه ဟု သုံးလျှင် တစ်ဦးတစ်ယောက်၏ရှေ့တွင် ရို့ကျိုးနှိမ့်ချမှု ပြုလုပ်ခြင်းဟု အဓိပ္ပါယ်ရပါသည်။ အာယသ်တွင် ပါဝင်သည့် အဓိပ္ပါယ်မှာ အလ္လာဟ်အမိန့်နာခံသူဖြစ်ခြင်း၊ အလ္လာဟ်ရှေ့တွင် ရိုကျိုးမှုအပြည့်ဖြင့် ကျေးကျွန်ပီသမှုကို ထုတ်ဖော်ခြင်း၊ နာခံသူ၊ လိုက်နာသူဟု ဖြစ်ပေသည်။

အလ္လာဟ်အရှင်မြတ်ကို အီမာန်ယူထားသူသည် ကြီးမားသည့်အခက်အခဲများကို တွေ့ကြုံရလျှင်လည်း အရှင့်၏အမိန့်နာခံမှုကို စွဲမြဲစွာ ဆုပ်ကိုင်ထားသည်။ ပြစ်မှုကျူးလွန်ခြင်း မဖြစ်စေရန် မိမိကိုယ်ကိုယ် ထိန်းချုပ်ထား၏။ လူအများနှင့်လည်း ရိုကျိုးစွာဖြင့် ဆက်ဆံသမှုပြုလေသည်။ သကဗ်ဗုရ်ဟုခေါ်သည့် မာန်မာနကို အလ္လာဟ်အရှင်မြတ် လုံးဝမနှစ်သက်ပေ။ ဟဒီးစ်တွင် လာရှိသည်မှာ ခေါင်းမော့၍ မော်ကြွားမောက်မာသူကို သေးသိမ်စေ၏။ မိမိကိုယ်ကိုယ် နှိမ့်ချကျိုးငဲ့စွာနေသူကို အလ္လာဟ်အရှင်မြတ်သည် မြင့်မားစေတော်မူပေသည်။ ထို့ကြောင့် အရှင်မြတ်သည် မာန်မာနရှိခြင်းကို အလွန်ရွံမုန်းကြောင်း သိရပေသည်။

မာနဆိုတာ ...

စိတ်၏ ခံယူချက်ပုံစံ သုံးမျိုးရှိသည်။
(၁) သန့်ပြန့်မှု၊ ကောင်းမွန်မှုကိုနှစ်သက်ခြင်း
လူတစ်ဦးသည် သန့်ရှင်းသည့်အဝတ်အထည်ကို ဆင်မြန်းရခြင်း၊ အိမ်ကို ကောင်းမွန်သန့်ပြန့်စွာထားခြင်း၊ သုံးဆွဲသည့်အရာတိုင်း သန့်ပြန်နေခြင်း၊ ကောင်းမွန်သည့်အရာများကို အသုံးပြုခြင်းတို့ကို နှစ်သက်ခြင်း၊ ညစ်ပတ်ပေရေစွာနှင့် ပုံစံမကျ ဖြစ်ကတတ်ဆန်းနေသည်ကို မနှစ်သက်ခြင်းတို့သည် သကဗ်ဗွရ်ဟုခေါ်သည့် မာနမဟုတ်ပေ။ ဤသည်မှာ သန့်ပြန့်စင်ကြယ်ခြင်းဖြစ်၍ အီမာန်၏ အစိတ်အပိုင်းထဲမှပင် ဖြစ်သည်။
(၂) တော်ရာမှာနေခြင်း
သင့်တော်ရာမှာ နေခြင်းသည်လည်း မာနမဟုတ်။ တော်ရာမှာနေခြင်းဆိုသည်မှာ လူသည် မိမိကိုယ်ကိုယ် မည်သူဖြစ်သည်ဆိုတာကို သိရှိထားမည်။ မိမိနှင့် မထိုက်တန်သည့်နေရာတွင် ကိုယ့်ကိုယ်ကိုယ် သိက္ခာမချပေ။ မိမိသည် မုအ်မင်န်တစ်ဦးဖြစ်သည်။ မုအ်မင်န်တစ်ဦးဖြစ်ခြင်းကြောင့် ၎င်းနှင့်ထိုက်တန်သည့် သဏ္ဍာန်ဖြင့် နေထိုင်ရမည်။ မိမိကိုယ်ကိုယ် တစ်ဦးတစ်ယောက်ရှေ့တွင် သိက္ခာကျအောင်မလုပ်သင့်ပေ။ မိမိကိုယ်ကိုယ် သိက္ခာကျစေမည့်အဖြစ်မှ ထိန်းသိမ်းကာကွယ်၍ နေထိုင်ခြင်းသည် တော်ရာမှာနေခြင်းဖြစ်ပြီး မာနမဟုတ်ပေ။
(၃) မာန
မာန ဟူသည်မှာ ... بَطَرُالْحَقِّ وَغَمْطُ النَّاسِ အမှန်တရားရှေ့တွင် မာနဖြင့်နေခြင်း၊ တခြားသူများကို မိမိထက်သေးသိမ်သည်ဟု မှတ်ယူခြင်း၊ ယူဆခြင်းတို့သည် မာနဖြစ်ပေသည်။ အမှန်ကို အမှန်အတိုင်း လက်မခံခြင်း၊ ငါကို ဘယ်ကောင်ပြောရဲလဲဟု မာနထောင် မေးငေါ့ခြင်း၊ တခြားသောသူများကို သေးသိမ် နိမ့်ကျသည့်အမြင်ဖြင့် ကြည့်ခြင်း၊ ငါသာလျှင် အားလုံးထက် အကောင်းဆုံး အတော်ဆုံး၊ ငါလုပ်လျှင် ငါပြောလျှင် အားလုံးပြီး၏။ ဘယ်သူ ဘာများပြောနိုင်သနည်းဟု ခံယူချက်ထားခြင်းတို့သည် မာနဖြစ်သည်။ ဤသို့သောအတွေးမျိုး၊ ခံယူချက်မျိုးကို အလ္လာဟ်အရှင်မြတ်သည် မနှစ်သက်ပေ။

ဟဒီးစ်တော်တွင် ဤသို့လာရှိထားသည်။ مَنْ تَوَاضَعَ لِله رَفَعَهُ الله အလ္လာဟ်အရှင်မြတ်အတွက် ကျိုးငဲ့နှိမ့်ချသူကို အလ္လာဟ်အရှင်မြတ်က အဆင့်အတန်း မြှင့်ပေးတော်မူမည်။ အသီး၊ အနှံတို့ဖြင့် ပြည့်နေသောအကိုင်းသည် မြေပြင်ဖက်သို့ ကိုင်းညွှတ်နေပေသည်။ ဘာမှမရှိသည့်အကိုင်းသည် အပေါ်သို့ ထောင်နေပေသည်။ ထို့အတူ အရည်အချင်းပြည့်ဝသူသည် မိမိကိုယ်ကိုယ် ကြီးမြတ်သည်ဟု မယူဆပေ။ မပြည့်သည့်အိုးကသာ ဘောင်ဘင်ခတ်၍ အသံထွက်သည်။ ပြည့်သည့်အိုးမှ မည်သည့်အသံမှမထွက်ပေ။
ထို့ကြောင့် အမှန်တရား ရှေ့ရောက်လာလျှင် မဆိုင်းမတွ ချက်ချင်းလက်ခံရမည်။ သာမန်လူတစ်ဦးက အမှန်ပြောနေလျှင် ၎င်းသူ ပြောနေသည့် အမှန်စကားသည် သာမန်တော့မဟုတ်ပေ။ အမှန်သည် အဆင့်အတန်း မြင့်မားသည်။ ထို့ကြောင့် မှန်ကန်မှုကို တွေ့ပါက မည်သည့်အခြေအနေတွင်မဆို ချက်ချင်းလက်ခံလိုက်ရပေမည်။ ဤသို့လက်ခံနိုင်သူသာလျှင် ပြည့်ဝသူဖြစ်ပေသည်။
[အိလ်မီးခွသ်ဗားသ်]

အာခိရသ်တွင် စည်းစိမ်ချမ်းသာဖြင့် နေလိုပါက လောကတွင် အသက်ရှင်စဉ် လူတို့ရှေ့ အောက်ကျို့ရန် ကြုံလာပါက အလ္လာဟ်အရှင်၏ နှစ်သက်မှုကို ရှေ့တန်းတင်ကာ အောက်ကျို့လိုက်ရမည်။ အာခိရသ်ဟူသည်မှာ အဆုံးမရှိသည့် သက်တမ်းတစ်ခု ဖြစ်သည်။ လောကတွင် ရှင်သန်နေခြင်းသည် ခဏသာ ဖြစ်၏။ ခဏအတွက် တစ်ဘ၀ကို မစတေးပါနှင့်။ တစ်ဘ၀ တစ်ခဏလောကကိုသာ စတေးလိုက်ပါ။ အမှန်တရား၊ အစ္စလာမ့်ရှရီအသ်၏ အမိန့်များကို ပြောဆိုလာလျှင် စိတ်မဆိုးရပါ။ အမှန်တရားပြောသူသည် လောကတွင် မိမိလောက် မချမ်းသာသူ၊ မိမိလောက် မသနားသူ ဖြစ်ကောင်း ဖြစ်နေပါလိမ့်မည်။ သို့ရာတွင် ယင်းသူရရှိမည့် အာခိရသ်သည် မိမိထက် သာနေလျှင် လောကတွင် သာခဲ့ခြင်းက ဘာမှ အသုံးဝင်တော့မည်မဟုတ်ပါ။ ထို့ကြောင့် အမှန်တရားကို ပြောလာလျှင် အာခိရသ်ရေး မျှော်ကိုးကာ လက်ခံပါဟု တိုက်တွန်းအပ်ပါသည်။

Credit, အလ်မုဖီးဒ်က ဘာသာပြန်ဆိုရေးသားသည်။

Sunday, July 24, 2016

သံပုရာသီးမှ ချိုမြိန်သော သံပုရာရည်သို့ ...။



အသင့်ရဲ့ ခြေလှမ်းတွေနဲ့ ပန်းတိုင်ကို အရယူဖို့ မဖြစ်နိုင်ဖူးဆိုတာ သေချာပြီလား၊ ဒုက္ခတွေပိတ်နေလို့ အလုပ်တွေ လုပ်မရဘူးဆိုတာ သေချာပြီလား။ ဘာမှ လုပ်မရတော့ဘူးဆိုပြီး သေချာနေရင်၊ တွေ့ကြုံနေရာတဲ့ အခက်အခဲတွေကို အောင်မြင်မှုများဆီသို့ ခေါ်ဆောင်မရတော့ဘူးဆိုတာ သေချာနေရင် မမြင်ရတဲ့ အသင့်ရဲ့ အောင်မြင်မှုအတွက် မြင်နေရတဲ့ အခက်အခဲထဲမှပင် ထွက်ပေါက်တစ်ခု ရှိနေကြောင်း ဒီဆောင်းပါက ဖော်ဆောင်ပေးပါလိမ့်မယ်။ စိတ်ညစ်စရာတွေပုံပိပြီး စိတ်မချမ်းသာစရာတွေချည်းပဲ ဖြစ်နေရတယ်လို့ ယူဆထားရင် အဲ့ဒီရဲ့ အခြားတစ်ဖက်မှာ ရှိနေတဲ့ သာယာကြည်နူးဖွယ်မြင်ကွင်းတွေကို ဒီဆောင်ပါးကတစ်ဆင့် ရယူခံစားလိုက်ပါ။ (အလ်မုဖီးဒ်)

သံပုရာသီးမှ ချိုမြိန်သော သံပုရာရည်သို့ ...။

မူရင်း = လာသဟ်ဇန်
ဘာသာပြန်ဆိုသူ = ဘရှီရွလ္လာဟ် ဖာရိုကီ

ဖြတ်ထိုးဥာဏ်ရှိသူ၊ ထက်မြက်သူသည် အရှုံးများကို အမြတ်များအဖြစ်သို့ ပုံသွင်းပြောင်းလဲလိုက်၏။ ရင်ဆိုင်ကြုံတွေ့ရန် သတ္တိမရှိသော ပညာမဲ့သည် ပြဿနာတစ်ခုအား နှစ်ခုဖြစ်အောင် ပြုလုပ်၏။

* မြတ်နဗီ (ဆွလ်လလ္လာဟု အလိုင်းဟိ ဝစလ်လမ်) မက္ကာဟ်မြို့မှ စွန့်ခွာရန် အတင်းအကျပ်ပြုခံခဲ့ရ၏။ သို့ဖြစ်ရာ သမိုင်းလေ့လာသူများ မျက်စိရည်၊ နားရည်ဝလောက်အောင် နာမည်ကြီးပြီး၊ ထင်ပေါ်ကျော်ကြားသော ကိုယ်ပိုင်ဒေသတစ်ခုကို မဒီနဟ်မြို့တွင် တည်ထောင်ခဲ့လေသည်။

* အိမာမ် အဟ်မဒ် ဗင်န် ဟန်ဗလ်သည် (စစ်မှန်သော ပညာရှင်ပီပီ အစ္စလာမ်သာသနာ့အမိန့်အား ဘုရင့်အလိုကျ မပြောခဲ့သည့်အတွက်) အကျဉ်းချခံခဲ့ရပြီး၊ ကြိမ်ဒဏ်သင့်ခဲ့ရ၏။ သို့သော် (မလျှော့သောဇွဲ၊ လုံ့လတို့ဖြင့် ဆက်လက် ကြိုးပမ်းခဲ့ရာ) ဟဒီးဆ်ပါရဂူ အိမာမ်ကြီးတစ်ပါး ဖြစ်ခဲ့လေသည်။

* အလာမဟ် အိဗ်နု သိုင်မိယဟ်သည် (မနာလိုသူများ၏ စွပ်စွဲချက်များကြောင့် ၇ကြိမ် ) အဖမ်းခံခဲ့ရ၏။ သို့သော် ထိုသို့ ထောင်သွင်း၊ အကျဉ်းချခံနေရခြင်းသည် မြောက်မြားစွာသော အစ္စလာမ်သာသနာ့အသိပညာများ ပေါ်ထွက်လာရန် အကြောင်းခံဖြစ်ခဲ့လေသည်။

* အလာမဟ် စရခ်စီသည် (ဘုရင်၏ အိဒ်ဒသ်မစောင့်ဘဲ နိကာဟ်ထိမ်းမြားမှုကို ဟရာမ်ဟု ဖသ်ဝါပေးခဲ့သောကြောင့် ၁၅နှစ်တိုင်တိုင်) ရေတွင်းပျက်ထဲတွင် ထောင်ချခံခဲ့ရ၏။ သို့သော် ဖိကဟ်နှင့် ပတ်သက်၍ အတွဲပေါင်း ၂၀ ကို (နှုတ်တိုက် ပြောပြရင်း) ရေးသားစေခဲ့လေသည်။

* အလာမဟ် အိဗ်နု အစီးရ်သည် ကိုယ်ခန္ဓာချို့ယွင်းနေသူ ဖြစ်ခဲ့၏။ သို့သော် ဟဒီးဆ်ပညာရပ်နှင့် ပတ်သက်၍ ရေးသားထားသော စာအုပ်များတွင် တန်ဖိုးအရှိဆုံးနှင့် အကျော်ကြားဆုံး ကျမ်းနှစ်စောင် “ဂျာမိအွလ် အုစူးလ်”ကျမ်း နှင့် “အန်နိဟာယဟ်”ကျမ်းအား ရေးသားပြုစုခဲ့လေသည်။

* အလာမဟ် အိဗ်နု ဂျောင်ဇီသည် ဘဂ်ဒါးဒ်မြို့မှ နယ်နှင်ခြင်း ခံခဲ့ရ၏။ သို့သော် (ခရီးတစ်လျှောက်လုံး မနားတမ်း လေ့လာဆည်းပူးခဲ့ရာ) ကေရာအသ် (၇)မျိုးကို ကျွမ်းကျင် တတ်မြောက်ခဲ့လေသည်။

* မာလိက် ဗင်န် အရ်၊ ရိုင်းဗ်သည် မကွယ်လွန်မီ အလွန်ပြင်းထန်စွာ အဖျားဝေဒနာ ခံစားနေခဲ့ရ၏။ သို့သော် (ထိုသို့ သေလုမြောပါး ခံစားနေရသည့်အချိန်တွင်) အလွန်ကျော်ကြားပြီး၊ ရသမြောက်သော ကဗျာတစ်ပုဒ်ကို ရေးဖွဲ့သီကုံးခဲ့လေသည်။ ယင်းကဗျာသည် အဗ်ဗာစီခေတ်ရှိ ကဗျာဆရာတို့ ရေးဖွဲ့သီကုံးထားသော ကဗျာများ(၏ရသ)နှင့် ညီမျှလေ၏။

* အဗူ ဇိုအိုင်းဗ် အလ်၊ ဟဇလီ၏ သားသမီးများ ကွယ်လွန်ခဲ့ရာ မိမိသားသမီးများအတွက် လွမ်းကဗျာများ ရေးဖွဲ့သီကုံးကာ ဧယင်ကျူး(ဂုဏ်ပုဒ်များ ဖွဲ့ဆို သီကျူး) ခဲ့၏။ ယင်းဧယင်ကျူးသံအား နားသောတဆင်ရန်အတွက် ခေတ်ကာလ၏ဇာတ်ခုံကြီး တိတ်ဆိတ်ငြိမ်သက်ပေးခဲ့ပြီး၊ ကြွမြန်းလာသော ပရိတ်သတ်ကြီးမှာလည်း အရာရာကို မေ့လျော့သွားကာ ကဗျာသံစဉ်များတွင် မျောပါသွားခဲ့၏။ ကဗျာပြီးဆုံးသွားသည့်အခါ ကမ္ဘာ့သမိုင်း၏ လက်ခုပ်သြဘာပေးသံများ ညံသွားခဲ့လေသည်။

** ထို့ကြောင့် အကယ်၍ သင့်အနေနှင့် စိတ်မချမ်းမြေ့ဖွယ် ကိစ္စများကြောင့် ကံဆိုးမိုးမှောင်ကျနေသည်ဟု ထင်ပါက လင်းဝင်းနေသော တဖက်ခြမ်းသို့ ကြည့်လိုက်ပါ။

** တစ်ဦးတစ်ယောက်က အသင့်အား သံပုရာရည်တစ်ခွက် ပေးခဲ့ပါက ထို(သောက်မရသော) သံပုရာရည်တွင် သကြားအနည်းငယ် ထည့်လိုက်ပါ။

** တစ်ဦးတစ်ယောက်က အသင့်အား မြွေတစ်ကောင် လက်ဆောင်ပေးခဲ့ပါက ထိုမြွေ၏ တန်ဖိုးရှိသော အရေခွံကိုယူ၍ ကျန်အရာများကို ပစ်လိုက်ပါ။

** အကယ်၍ သင့်အား ကင်းမြီးကောက်တစ်ကောင် ကိုက်လိုက်ပါက ကင်းဆိပ်သည် ကာကွယ်ဆေးဖြစ်ကြောင်း၊ အခြား မြွေဆိုး၊ ကင်းဆိုးများ ထပ်မံ၍ ကိုက်မည်ဆိုပါကလည်း အဆိပ်သင့်ခြင်းမှ ကာကွယ်ပေးမည်ဖြစ်ကြောင်း မှတ်ယူလိုက်ပါ။

** သင့်အနေနှင့် ခက်ခဲ၊ ကြမ်းတမ်းသော အခြေအနေဆိုးများကို ရင်ဆိုင်နေရပါက မိမိကိုယ်မိမိ ယင်းအခြေအနေနှင့် သင့်လျော်အောင် အသင့်ပြင်ဆင်လိုက်ပါ။

(ပမာအားဖြင့် ဆူးကြားတိုး၍ ပန်းခူးရမည်ဆိုပါက ဆူးမတိုးသည့် အဝတ် ဝတ်ဆင်ကာ) နှင်းဆီဖြစ်စေ၊ စံပယ်ဖြစ်စေ ခူးလိုရာပန်းကို ခူးယူလိုက်ပါ။

** သို့ရာတွင် အသင်တို့သည် တစ်စုံတစ်ရာကို ရွံရှာစက်ဆုပ်သော်လည်း စင်စစ်မှာ ထိုအရာသည် အသင်တို့အဖို့ အကောင်းဖြစ်တန်ရာ၏။

** ပြင်သစ်တော်လှန်ရေးမဖြစ်မီ ကဗျာရေးစပ်ရာတွင် အလွန်တော်သော ကဗျာဆရာနှစ်ဦး အဖမ်းခံခဲ့ရ၏။ တစ်ဦးမှာ အကောင်းမြင်ဝါဒီဖြစ်ပြီး၊ ကျန်တစ်ဦးမှာ အဆိုးမြင်ဝါဒီဖြစ်၏။ တစ်ညတွင် ၎င်းတို့နှစ်ဦးလုံးသည် ထောင်ပြတင်းပေါက်မှ အပြင်သို့ ခေါင်းထုတ်၍ ကြည့်မိကြရာ အကောင်းမြင်ဝါဒီ ကဗျာဆရာက ကြယ်တာယာများကို ကြည့်ပြီး ရယ်မောလေ၏။ အဆိုးမြင်ဝါဒီ ကဗျာဆရာကမူ ထောင်ဘေးလမ်းပေါ်ရှိ ရွှံ့ဗွက်များကို ကြည့်ပြီး ငိုကြွေးလေ၏။

ထို့ကြောင့် စိတ်ညစ်၊ ကြေကွဲဖွယ်ဖြစ်သော အလွန်ခံစားရသည့်ဘက်ကို မကြည့်ပဲ အခြားတစ်ဖက်ကိုသာ ကြည့်ပါလေ။ အဘယ်ကြောင့်ဆိုသော် အဆိုးသက်သက်ဟူ၍ မရှိ၊ အကျိုး၊အမြတ်များနှင့် အောင်မြင်မှုတို့သည်လည်း ဒွန်တွဲလျက် ရှိနေပါသည်။
Credit, ဗရှီရွလ္လာ ဖာရိုကီ ရေးသားသော ဆောင်းပါးအား အလ်မုဖီးဒ်က ကူးယူ တင်ဆက်ပါသည်။

ဘ၀ရဲ့ ရှေ့ခြေလှမ်းတိုင်းအတွက် အင်အားဖြည့်ပေးမယ့် “လာသဟ်ဇန်” ဆောင်းပါးများအား ဤ page တွင် ဖတ်ရှုနိုင်ပါပြီ ....။
https://web.facebook.com/latahzan.mm/?fref=nf

Saturday, July 23, 2016

ဟရာမ်စားသုံးခြင်း၏ ဆိုးကျိုးများ


မွစ်လင်မ်တို့၏ နေ့စဉ် စား၊ ၀တ်၊ နေထိုင်သည့် အခြေအနေတိုင်းသည် အစ္စလာမ်မှ ခိုင်းစေသည့်အတိုင်း ထပ်တူဖြစ်ရန် အရေးကြီးပေသည်။ အစ္စလာမ်ဟူသည် နမားဇ်ဖတ်၊ ရိုဇာထား၊ ဟဂ်ျလုပ်ရုံမျှကိုသာ ပြဌာန်းထားသည့် ဘာသာတစ်ခု မဟုတ်ကြောင်း မွစ်လင်မ်တို့အနေဖြင့် ကောင်းစွာ သိထားရမည်။ အစ္စလာမ်တွင် လောကီ၏ လူ့ဘောင် လူ့ပတ်ဝန်ကျင်နှင့် လူဖြစ်ခြင်းကြောင့် ဖြစ်လာရသည့် ဆန္ဒများကို ချိုးနှိမ်ကာ လူသူမနီးသည့် နေရာများသို့ သွားရောက်ပြီး လောကုတ္တရာရေးကို ရှာဖွေနေရန် မပြသထားပါ။ အစ္စလာမ်တွင် ရှိသည့် အမိန့်များ၊ တာဝန်များသည် လူတစ်ဦးအနေဖြင့် လူ့ပတ်ဝန်ကျင်းအတွင်း နေထိုင်ရင်းဖြင့်သာ ဆောင်ရွက်နိုင်မည် ဖြစ်၏။ မွစ်လင်မ်တစ်ဦးအတွက် လောကုတ္တရာရေးကို ရှာဖွေစုဆောင်းလိုပါက လူ့သဘာဝဆန္ဒများကို အစ္စလာမ့်သွန်သင်ချက်နှင့်အညီ ကျင့်သုံးလုပ်ဆောင်လိုက်ရုံဖြင့် ကုသိုလ်များ ရရှိနေပေမည်။ ကုသိုလ်ရှာဖွေရန် လူ့ပတ်ဝန်းကျင်၊ လူ့ဆန္ဒတို့နှင့် သီးခြားဖြစ်ရန် မလိုအပ်ပေ။ လူရယ်လို့ ဖြစ်လာပြီးနောက် စား၊ ၀တ်၊ နေထိုင်ရေးဟူသည့် အရေးသုံးပါးကို မလွဲမသွေ ကြုံရမည်ဖြစ်ပြီး ၀မ်းဝရေးနှင့် ကျောတစ်ခင်းစာအတွက် ကမ္ဘာကြီးတွင် အခြားသူများနည်းတူ မွစ်လင်မ်တစ်ဦးလည်း ရုန်းကန် လှုပ်ရှားရမည်။ ကြီးပွားရေးအတွက် စီးပွားရှာရပေမည်။ အများနည်းတူ ရှာဖွေရမည်၊ စားသောက်ရမည် မှန်သော်လည်း မွစ်လင်မ်အတွက် အစ္စလာမ်မှ ပြသခိုင်းစေထားသည့် နည်းစနစ်များ၊ စည်းကမ်းများနှင့် ကိုက်ညီမှု ရှိ မရှိကို စစ်ဆေးပြီးမှသာ ရှာဖွေ စားသောက်ရမည်ဖြစ်၏။ အစ္စလာမ်ကို လက်ခံထားသော မွစ်လင်မ်တစ်ဦးသည် ပုခုံးနှစ်ဖက်ကြားမှ ခေါင်းပေါက်နေသူတိုင်းနှင့် မတူညီကြောင်း သိထားရပါမည်။ ပိုက်ဆံဖြစ်တိုင်း မွစ်လင်မ်က ယူခွင့်မရှိပါ။ အရောင်းအ၀ယ်ဖြစ်တိုင်း မွစ်လင်မ်က စီးပွားလုပ်ခွင့်မရှိပါ။ ပါးစပ်ထဲထည့်ပြီး လူတိုင်းစားနေတိုင်း မွစ်လင်မ် စားခွင့်မရှိပါ။ အဘယ့်ကြောင့်ဆိုသော် မွစ်လင်မ်သည် နည်းစနစ်ပြည့်စုံသော အစ္စလာမ်ဟူသည့် လူ့ဘ၀ရှင်သန်ရေး ညွှန်ကြားချက်အပြည့်ပါသော ဥပဒေကို ရရှိထားသူဖြစ်သည်။ ဥပဒေသိထားသူတစ်ဦး၏ ပြောဆို ဆောင်ရွက် လုပ်ကိုင်ပုံတို့သည် ဥပဒေ မသိထားသူနှင့် တူညီမည်မဟုတ်။ မွစ်လင်မ်ဟူသည် တာဝန်ချိန်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်သား၊ ရဲသားနှင့် တူညီသည်။ ဆေးပညာကျွမ်းကျင်သော ဆရာဝန်နှင့် တူညီသည်။ ဥပဒေကို နားလည်တတ်ကျွမ်းသော ရှေ့နေနှင့် တူညီသည်။ ဆောက်လုပ်ရေးလုပ်ငန်းကို ပိုင်နိုင်သော အင်ဂျင်နီယာနှင့် တူညီသည်။ စစ်သား၊ ရဲ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေတို့သည် မိမိတို့တွင် ရှိနေသော ပညာရပ်၏ အသိပေးလမ်းညွှန်မှုအတိုင်း မိမိတို့၏ ဘ၀ကို အတိမ်းအစောင်းမဖြစ်စေရန် အမှားအယွင်းမဖြစ်စေရန် သတိပြု၍ လျှောက်လှမ်းကြမည်။ မိမိကြောင့် သူတစ်ပါးကို မထိခိုက်စေသလို၊ ကိုယ်တိုင်လည်း အမှားမပြုမိစေရန်အပြင် မှားနေသူ၊ ဒုက္ခရောက်နေသူများကိုပါ မိမိတို့၏ ပညာရပ်များဖြင့် ကယ်တင် ကူညီသွားကြမည်။ အစ္စလာမ်ကို လက်ခံထားသော မွစ်လင်မ်သည် အထက်ပါပညာရှင်များအတိုင်း ဖြစ်နေရပါမည်။ မွစ်လင်မ်တို့ လက်ခံထားသည့် အစ္စလာမ်သည် လူ့ဘ၀တစ်ခုကို အမှားအယွင်းကင်းကင်းနှင့် စိတ်အေးချမ်းမြေ့စွာ လျှောက်လှမ်းနိုင်ရန် နည်းစနစ်များ ပြပေးထားသည်။ အစ္စလာမ်ကို ရထားသည့် မွစ်လင်မ်က ထိုအတိုင်း လိုက်နာရပါမည်။ မွစ်လင်မ်တစ်ဦး၏ လုပ်ကိုင် စားသောက်မှုတို့သည် ဤလောကတွင် ရှိနေစဉ်အတွက်သာ အကျိုးပြုသည်မဟုတ်။ နောင်တမလွန် လောကုတ္တရာကိုပါ အကျိုးသက်ရောက်စေပါသည်။ အထက်တွင် ဖော်ပြခဲ့သလို အစ္စလာမ်ကို ကျင့်သုံးရန် လူ့ပတ်ဝန်ကျင် ဆန္ဒများကို စွန့်လွှတ်ရန် မလိုအပ်။ သို့သာမက ယင်းလူ့ဆန္ဒများကို ဖြည့်စည်းရင်းဖြင့်ပင် တမလွန်အတွက် ကုသိုလ်စုနိုင်သည်။ အကယ်၍ လူ့ဆန္ဒများကို ဖြည့်စည်းခြင်းသည် အစ္စလာမ့်အမိန့်များနှင့် ကိုက်ညီမှုမရှိခဲ့ပါမူ တမလွန်အတွက် အကုသိုလ်စုပြီးသား ဖြစ်နေပေမည်။ ယခုတင်ဆက်မည့် အကြောင်းအရာသည့် အစ္စလာမ်မှ တားမြစ်ထားသည့် ဟရာမ်ဟူသည့်အရာအား မွစ်လင်မ်တို့ ကျူးလွန် ဖောက်ဖျက် စားသောက်ပါက မွစ်လင်မ်တို့၏ နောင်တမလွန်အတွက် မည်သို့သော ဆုံးရှုံးမှုများ ရမည်တို့အား ဖော်ပြမည်ဖြစ်၏။

စားသုံးခြင်း၏ အလိုသဘောတွင် ထမင်းစား မုန့်စားသည်သာမဟုတ်ဘဲ မိမိ၏ခန္ဓာကိုယ်နှင့် မိမိ၏ နောင်အာခိရသ်အတွက် အသုံးဝင်ရန်အတွက် သုံးစွဲလိုက်သည့် ကိစ္စရပ်တိုင်းကို ဆိုလိုပါမည်။ အ၀တ်အထည် ၀တ်ဆင်ခြင်းသည်လည်း စားသုံးခြင်း ဖြစ်၏။ လှူဒါန်းခြင်းသည်လည်း စားသုံးခြင်း ဖြစ်၏။ လုပ်ငန်းတစ်ခုခု အောင်မြင်ရန် လာဘ်ထိုးခြင်းသည်လည်း စားသုံးခြင်း ဖြစ်၏။ ကားတစ်စီး အရောင်းအ၀ယ်ဖြစ်ရန် ကြားမှ လိမ်စကားများဖြင့် ပွဲစားလုပ်ကာ ပွဲခယူလိုက်ခြင်းသည်လည်း စားသုံးခြင်း ဖြစ်၏။ ခရီးစရိတ် သုံးစွဲခြင်းသည်လည်း စားသုံးခြင်း ဖြစ်ပါမည်။

ဟရာမ်မပါရန် ရှောင်ပါ
အစားတစ်ခု မထည့်မီ ဒါဟာ ဟလာလ်ဖြစ်မလား၊ ဟရာမ်ဖြစ်မလားဟူသည်ကို သေခြာစွာ စဉ်းစားရပါမည်။ မိမိ၏ ခန္ဓာကိုယ်တွင်းသို့ ဟရာမ်မ၀င်ရောက်ရန် ပြင်ပမှ မျက်စိ၊ နား၊ လက်တို့က ထိန်းသိမ်းကာကွယ်ရန် တာဝန်ရှိသည်။ ဦးနှောက်ကလည်း ကာကွယ်ပေးရမည်။ ခန္ဓာကိုယ်ထဲတွင် နှလုံးသားဟူသည့်အရာရှိပေသည်။ နှလုံးသားအတွင်း မွစ်လင်မ်တို့၏ တမလွန်ကို ကယ်တင်ပေးမည့် ရတနာပေါင်းများစွာ တစ်ကမ္ဘာလုံးထက်ပင် ဈေးကြီးသည့် အီမာန်ရှိနေသည်။ ဟရာမ်ဟူသည် ယင်းအီမာန်ကို နှလုံးသားထဲမှ ဆွဲထုတ်မည့် ပထမဦးဆုံးသော ရန်သူဖြစ်သည်ကို ပါးစပ်ထဲ အစားတစ်လုတ်မထည့်မီ သဘောပေါက်ထားပါ။ ဟရာမ်မှ ဖြစ်လာသည့် ဆိုးကျိုးကို ရိုးရိုးမျက်စိဖြင့် မမြင်နိုင်။ အာခိရသ်အထိ ထိုးဖောက်မြင်နိုင်သည့် အမြင်အာရုံအစွမ်းကို ရရှိထားသူများကသာ သိနိုင်သည်။ သို့ရှိရာ မမြင်နိုင်သော ကျွန်ုပ်တို့က မြင်နိုင်သူ၏ ပြောစကားကို နားထောင်ရပါမည်။

ဟရာမ်စားထားသူ၏ ဆုတောင်းမပြည့်ခြင်း
မွစ်လင်မ်ကျမ်းတွင် ဟရာမ်၏ ဆိုးကျိုးနှင့် စပ်လျဉ်း၍ အောက်ပါဟဒီးစ်ကို ဆင့်ပြန်ထားသည်။ မဟာတမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က လူတစ်ဦး၏ အခြေအနေကို ပြောပြသည်။ ယင်းသူသည် အလွန်ဝေးသောနေရာမှ ခရီးရှည်ကြီး ထွက်လာသူဖြစ်သည်။ ယင်းသူ၏ ဆံပင်များသည်လည်း ဖရိုဖရဲဖြစ်ကာ သပ်ရပ်မှုမရှိ၊ ခန္ဓာကိုယ်ရှိ အ၀တ်အစားများသည်လည်း ဖုံများ ပေကျံနေသည်။ (ခရီးပမ်းမှု သဏ္ဍာန်သည် ထိုသူ့တွင် အပြည့်အ၀ ပေါ်လွင်နေသည်။) ထိုသူက မိုးကောင်းကင်ဘက်သို့ မော့လျက် အို အလ္လာဟ်ရှင်၊ အို အလ္လာဟ်ရှင်ဟု အစချီလျက် တောင်းဆုပြုသည်။ သို့သော်လည်း ယင်းသူ၏ စားသောက်မှုသည် ဟရာမ်၊ အ၀တ်အထည်များသည် ဟရာမ်၊ ဟရာမ်နည်းများဖြင့် စီးပွားရှာကာ အသက်မွေးဝမ်းကျောင်းပြုနေသည်။ ထိုသို့သောသူ၏ ဆုတောင်းသည် အဘယ်မှာ ပြည့်ဝပါမည်နည်း။

အစားအသောက် ဟရာမ်ဖြစ်သည်ဟူသည်မှာ ၀က်သားနှင့် အရက်ပါမှ ဟရာမ်ဖြစ်သည်မဟုတ်။ အစားအသောက်ရရန် ကြားခံပစ္စည်းဖြစ်သည့် ပိုက်ဆံသည် ဟရာမ်နည်းဖြင့် ရထားသည်၊ ဟရာမ်စီးပွားရှာခြင်းဖြင့် ရထားသည်ဖြစ်လျှင် ယင်းပိုက်ဆံဖြင့် ၀ယ်ယူသည့်အရာများလည်း ဟရာမ်ပင်ဖြစ်၏။ ယင်းပိုက်ဆံဖြင့် မိဘ၊ သားသမီး၊ ဇနီး၊ ခင်ပွန်းစသည်များကို ကျွေးမွေးလျှင်လည်း ဟရာမ်ကို ကျွေးခြင်းဖြစ်၏။ ဟရာမ်ပိုက်ဆံဖြင့် မတ်စ်ဂျိဒ်(ဗလီ)များ၊ မဒရ်စာများကို လှူလျှင်လည်း ဟရာမ်လှူခြင်းပင်ဖြစ်၏။ ယင်းဟရာမ်ဖြင့် ဟဂ်ျသွားလျှင်လည်း ဟရာမ်ဖြင့် ဟဂ်ျပြုခြင်းသာ မည်ပေ၏။ ဟရာမ်ဖြင့် ဇကားသ်ထုတ်လျှင် ဟရာမ်ကို အသုံးချခြင်းသာ ဖြစ်၏။ ဟရာမ်ဖြင့် ကောင်းမှုလုပ်လို့ ယင်းကောင်းမှုက ဟရာမ်ကို ဟလာလ်မပြုပေးပါ။ ဟရာမ်က ဟရာမ်သာဖြစ်၏။ သို့သာမက ဟရာမ်ဖြင့် ကောင်းမှုလုပ်ပြီး ကုသိုလ်ရမည်ဟု မျှော်လင့်နေခြင်းကလည်း ဟရာမ်ပင်ဖြစ်ပြန်ရာ ကျွန်ုပ်တို့၏ အာခိရသ်အတွက် အဘယ်မျှ စိုးရိမ်ဖွယ်ကောင်းပါသနည်း။ ယနေ့အခါသမယတွင် ဘိန်းရောင်း၊ ဆေးခြောက်ရောင်း၊ မူးယစ်ဆေးများရောင်း၊ အတိုးပေး၊ အတိုးယူ၊ မတရားသိမ်းပိုက် စသည်များကိုလည်း မွစ်လင်မ်တို့ မကြောက်မရွံလုပ်ကိုင်နေကြသည်။ စားသောက်စရာကို အမည်တပ်ရလျှင်လည်း နာမည်ကြီးဆိုင်မှန်သမျှတွင် ကြက်ကြော်ဖြစ်လျှင် ရပြီ၊ ဟလာလ်ဟူသည့် စက္ကူတစ်ရွက်မှ ထောက်ခံချက်ကို အီမာန်တစ်ခုလုံးပုံအပ်က တစ်ထွာခန့်မျှသော ဗိုက်တစ်ခုအတွက် အာခိရသ်၏ ကောင်းကျိုးများကို အဆုံးရှုံးခံလိုက်ကြသည်။ ကြက်ကြော်မစားဘဲ တခြားဗိုက်ပြည့်စရာ အစားအစာများစွာ ရှိပါသည်။ ကိုယ့်ဒူးတောင် ကိုယ်မယုံပါဟု ပြောသူတို့သည် ဆိုင်တစ်ဆိုင်တွင် ကပ်ထားသည့် ဟလာလ်တံဆိပ်ကိုမူ အီမာန်တစ်ခုလုံးနှင့် မိမိ၏ အအ်မာလ်အားလုံးကို ၀ကွက်အပ်၍ ယုံကြပေသည်။ ဟရာမ်ကြောင့် ဖြစ်လာသော ဆိုးကျိုးသည် တစ်ခြားသူကို ထိခိုက်စေသည်မဟုတ်။ ကျွန်ုပ်တို့ကိုသာ ထိခိုက်စေခြင်း ဖြစ်သည်။ လူမျိုးမရွေး ဘာသာမရွေး လူတန်းစားမခြား သိပ်လိုလားကြသည့် ဆုတောင်းပြည့်သည်ဟူသည့် ဖူးစာထူးကို ဟရာမ်စားသည့် မွစ်လင်မ် လက်လွှတ် အရှုံးခံရပါမည်။ လူဖြစ်သည့် ကျွန်ုပ်တို့ ဆုတောင်းတွေ ယခုအခါမှာ ပြည့်ရဲ့လား မပြည့်ဘူးလားဟူသည်ကို ကိုယ်တိုင် စဉ်းစားသုံးသပ်ကြပါ။ လွယ်လွယ်ကူကူရတာပဲ၊ ဒီမှာ ဟလာလ်ပါတာပဲ၊ ဘယ်အဖွဲ့က ဟလာလ်တံဆိပ်ပေးထားတာပဲဟု ယုံကြည်အားကိုးလျှင် တစ်ခုပြောပြမည်။ မိတ်အင် ဗားမားဆိုပါက မိတ်အင်ချိုင်းနားဆိုပါက ကျွန်ုပ်တို့ နှာခေါင်းရှုံသလား ပြုံးပျော် ဂုဏ်ယူပြီး ပစ္စည်းသိပ်ကောင်းမှာပဲလို့ ယုံကြည်ကြပါသလား။ ပါးစပ်ထဲထည့်ကာ ကျွန်ုပ်တို့ ခန္ဓာကိုယ်အတွင်း အသွေး အသားများဖြစ်ပေါ်စေမည့် အစားအစာဆိုင်ရာ ထောက်ခံချက်ကိုမူ ထိုမျှလောက်ပင် အရေးမထားကြသည်မှာ ကျွန်ုပ်တို့ ဗမာပြည်မွစ်လင်မ်များ၏ ပေါ့လျော့မှုနှင့် ငတ်ကြီးကျမှုပင် ဖြစ်ပါသည်။

ဆုတောင်းပြည့်သူသုံးမျိုး
(၁) ခရီးသည်၊ (၂) ဖခင်က သားသမီးအတွက် ဆုတောင်းပေးခြင်း (၃) ညှင်းပမ်းခံရသူက ညှင်းပမ်းသူအတွက် တောင်းသည့် မကောင်းဆု။ ထိုသူတို့သည် သံသယမရှိ ဆုတောင်းပြည့်သူများ ဖြစ်သည်ဟု ဟဒီးစ်တော်တွင် ပါရှိသည်။ ထိုဆုတောင်းပြည့်သူတို့က ဟရာမ်ကို ရှာဖွေသူ စားသောက်သုံးစွဲသူဖြစ်ပါမူ ယင်းသူတို့၏ ဆုတောင်းကို လက်ခံမည် မဟုတ်ကြောင်း အထက်က ဟဒီးစ်တွင် ဖော်ပြပြီး ဖြစ်သည်။

ထို့ကြောင့် မွစ်လင်မ်တို့အနေဖြင့် ကိုယ်တိုင် လုပ်ကိုင်စားသောက်နိုင်ပါလျက်၊ ဟရာမ်ဖြစ်နိုင်သည်များမှ ရှောင်၍ အခြားအရာများကို စားသုံး(ရှာဖွေ)နိုင်ပါလျက် သံသယဖြစ်ဖွယ်ရာများ၊ မှန်၏ မမှန်၏ ခွဲရခက်သည်များအား ရှာဖွေ စားသောက်နေခြင်းသည် မိမိတို့လက်နှင့် မိမိတို့၏ အာခိရသ်ကို ဖျက်ဆီးနေခြင်းပင် ဖြစ်ပါသည်။ ရှောင်ရပါမည်။ ရှောင်မည်ဟု စိတ်ပိုင်းဖြတ်လိုက်လျှင် အလ္လာဟ်အရှင်က လမ်းဖွင့်ပေးပါလိမ့်မည်။

ဟရာမ်စားသူ၏ အိဗာဒသ်ကို လက်မခံခြင်း
ဟဒီးစ်တစ်ပုဒ်လာရှိသည်။ အလ္လာဟ်အရှင်မြတ်သည် ဗိုင်သွလ်မုကဒ်ဒတ်စ်ပေါ်တွင် ဖရိရှ်သဟ်တစ်ပါး ခန့်အပ်ထားသည်။ ၎င်းက နေ့၊ ညမပြတ် ... ပြောနေသည်မှာ ဟရာမ်စားသူ၏ ဖရ်ဇ်အိဗာဒသ်များအား အလ္လာဟ်အရှင်မြတ် လက်မခံပါ။ ထို့အတူ နဖိလ်အိဗာဒသ်များအားလည်း လက်မခံပါ။ ( كتاب الكبائر )

အထက်ပါဟဒီးဒ်နှစ်ခုမှ ဟရာမ်စားသုံးသူသည် ဆုတောင်းလည်း မပြည့်သလို ၎င်း၏ ကောင်းမှုအိဗာဒသ်များလည်း လက်ခံမှု မရကြောင်း သိရပါသည်။ (အလ္လာဟ်အရှင်မြတ် ထိန်းသိမ်းတော်မူပါစေ။) အလ္လာဟ်အရှင်မြတ်ကိုယ်တိုင်သည် စင်ကြယ်သန့်ရှင်းတော်မူသည်။ မိမိထံသို့ ဆက်သသည့် အီမာန်ရှင်တို့၏ ကောင်းမှုများမှလည်း သန့်ပြန့်သည့်ကောင်းမှုကိုသာ လက်ခံပေသည်။ မိမိထံ ဆုပန် တောင်းခံသူများမှ အတွင်းအပြင် သန့်ပြန့်စင်ကြယ်သူများ၏ ဆုတောင်းကိုသာ လက်ခံပေသည်။ အတွင်းအပြင် သန့်ခြင်းဟူသည်မှာ စားလိုက်သည့်အရာသည်လည်း သန့်ရမည်ဖြစ်သလို ၀တ်ဆင်သုံးစွဲထားသည့်အရာများလည်း သန့်ရမည်ကို ဆိုလိုပါသည်။ သန့်ပြန့်စင်ကြယ်လှသည့် အလ္လာဟ်အရှင်မြတ်ထံသို့ သန့်ပြန့်စင်ကြယ်သည့် အမလ်များကို ဆက်သကြပါစို့။

ဆုတောင်းပြည့်သူဖြစ်နည်း
ဟဒီးစ်တော်တွင် လာရှိထားသည်။ တစ်ခါက ဟဇရသ်အနတ်စ်သခင်သည် တမန်တော်မြတ်ထံပါး၌ ကျွန်ုပ်အား ဆုတောင်းပြည့်သူဖြစ်ရန် အလ္လာဟ်ထံမှ တောင်းခံပေးပါဟု လျှောက်ထားလေသည်။ ထိုအခါ တမန်တော်မြတ်က ... အို အနတ်စ်၊ အသင်သည် ဟလာလ်နည်းဖြင့် စီးပွားရှာဖွေခြင်းနှင့် ဟလာလ်စားသုံးခြင်းကို အထူးဂရုစိုက်ပါ။ အလ္လာဟ်အရှင်မြတ်သည် အသင့်အား ဆုတောင်းပြည့်သူအဖြစ် ပြုလုပ်ပေးလိုက်လိမ့်မည်။ ထို့နောက် အသင်ဘာတောင်းတောင်း ယင်းတောင်းဆုကို အလ္လာဟ်အရှင်မြတ်က လက်ခံပေးလိမ့်မည်။ ဟရာမ်မှ ရှောင်ပါ။ ဟရာမ်အစား တစ်လုတ်သည်ပင်လျှင် လူ့ပါးစပ်အတွင်း ၀င်သွားပါက ရက်ပေါင်း ၄၀ အထိ ၎င်းသူ၏ ဆုတောင်းများ ပြည့်မည်မဟုတ်ပါဟု သင်ပြပေးတော်မူသည်။ ( الترغيب ) ဤသည်မှာ ဟရာမ်စားခြင်း၏ အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးပင် ဖြစ်၏။ ဆုတောင်းမပြည့်တော့လျှင်၊ ကျွန်ုပ်တို့လုပ်ခဲ့သည့် အိဗာဒသ်များ လက်ခံမှု မရထားလျှင်၊ ကျွန်ုပ်တို့၏ ရှင်နေခြင်းသည် အဓိပ္ပါယ်မဲ့နေပေတော့မည်။ ထို့ကြောင့် တစ်ခုရှောင်လိုက်လျှင် ဆယ်ခုမက အကျိုးရှိမည်ဖြစ်သောကြောင့် ဟရာမ်အရာမှန်သမျှမှ ရှောင်ပါ။ လိုက်နာလိုပါက လွယ်ကူသည်။ မလိုက်နာလိုက တစ်လောကလုံးက လွယ်ပါသည်ဟုပြောနေလျှင် ခက်နေမည်သာ ဖြစ်၏။ အဓိကမှာ ကိုယ်တိုင်ပင် ဖြစ်၏။ အခြားသူမဟုတ်ပါ။

ဟရာမ်ကြောင့် ဆုတောင်းမပြည့်ခြင်း၊ အိဗာဒသ်များ လက်မခံခြင်းအပြင် အခြားသော ဆုံးရှုံးမှုများစွာလည်း ရှိပါသေးသည်။

ဟရာမ်အစားအစာမှပေးသည့် ဆုံးရှုံးမှုများ
အုမ္မသ်၏ နှလုံးကုအထူးပညာရှင်ကြီးဖြစ်သော ဟဇရသ်မော်လာနာ အရှ်ရဖ်အလီ ထာန၀ီက ဟရာမ်စားခြင်းကြောင့် အောက်ပါဆုံးရှုံးမှုများ ဖြစ်ရကြောင်း ဖော်ပြထားသည်။

(၁) ဟရာမ်စားသုံးခြင်းကြောင့် ပထမဦးဆုံးသော ဆုံးရှုံးမှုမှာ လူ့နှလုံးအတွင်းမှ နူရ် လင်းရောင်ခြည် ထွက်သွားသည်။ 

(၂) ဒုတိယဆုံးရှုံးမှုမှာ ဟရာမ်စားလိုက်ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာတွင် ပျင်းရိ လေးဖင့်မှုများ ဖြစ်ပေါ်လာသည်။ (သွက်လက် ထက်မြက်မှု မရှိတော့ပေ။)

(၃) တတိယဆုံးရှုံးမှုမှာ လူ၏ စိတ်နေသဘောထားနှင့် အတွေးအခေါ်အတွင်း မကောင်းခြင်းများ ၊ မကောင်းသည့် အတွေးအခေါ်များ၊ မကောင်းသည့် အလိုဆန္ဒများ များစွာဖြစ်ပေါ်လာသည်။ ထို့နောက် လူသားသည် မကောင်းမှုကိုသာ အချိန်တိုင်း လုပ်ဆောင်လိုတော့သည်။

(၄) စတုတ္ထဆုံးရှုံးမှုမှာ ကောင်းမှု၊ ကုသိုလ်လုပ်ရန် စိတ်မပါတော့ပေ။

ဟရာမ်စားလိုက်ခြင်းဖြင့် လူသား၏ ဘာသာရေးပိုင်းဆိုင်ရာ အဓိကဆုံးရှုံးရပေသည်။ ဘာသာရေးပိုင်းဆိုင်ရာ ဆုံးရှုံးရသည်နှင့် ယင်းသူ၏ အာခိရသ်သည်လည်း ပျက်စီးသွားပေတော့သည်။

ဟရာမ်စားသူအား ရှိုက်သွာန်က အာရုံမထားခြင်း
ခေါင်းစဉ်ကို ကြည့်လျှင်တော့ အားရစရာပင်။ ရှိုက်သွာန်က အာရုံမထားတော့ဘူးဆိုရင် အနှောင့်အယှက်ကင်းပြီပေါ့ဟု ဆိုနိုင်သည်။ ဤသို့မဟုတ်ပါ။ ရှိုက်သွာန်နှောင့်ယှက်ရန် မလိုတော့သည်အထိ ထိုသူက ဆိုးရွားသွားခြင်းဖြစ်သည်။

ဟဇရသ်ယူစွဖ်ဗင်န် အိရ်သွားသ်က ပြောပြသည်။ လူငယ်တစ်ဦး အလ္လာဟ်ကို အိဗာဒသ်ပြုရန်၊ အမိန့်နာခံရန်ဘက်သို့ စိတ်အာရုံ လုပ်ရပ်တို့ လှည့်လာသည့်အခါ ရှိုက်သွာန်က ယင်း၏ နောက်လိုက်များအား ထိုလူငယ်၏ ၀မ်းစာရှာဖွေမှုနှင့် စားသောက်မှုအခြေအနေကို စုံစမ်းခိုင်းသည်။ အကယ်၍ စားသောက် ရှာဖွေမှု၊ ၀တ်စားမှုတို့သည် ဟရာမ်ဖြစ်ခဲ့ပါမူ ရှိုက်သွားန်က နောက်လိုက်များအား ထိုသူ့အား နှောက်ယှက်မှုပြုရန် အာရုံမထားတော့နှင့်၊ ၎င်းအတွက် သောကဖြစ်ရန်လည်း မလိုတော့ပါ။ ဟရာမ်စားသုံးခြင်းကြောင့် ထိုသူ့၏ အိဗာဒသ်များအားလုံးသည် အလကားပင်ဖြစ်ပေသည်။ ယင်းသူအား ထိုအိဗာဒသ်က မည်သို့မျှ အကျိုးပြုမည်မဟုတ်ပါဟု ပြောလိုက်သည်။ ( كتاب الكبائر )

ရှိုက်သွာန်ပင် လူတစ်ဦး၏ စားဝတ်နေရေး ရှာဖွေမှုအခြေအနေကိုကြည့်၍ ဟရာမ်ဖြစ်ခဲ့ပါက စိတ်အေးလက်အေးရှိသွားကြသည်။ (အတွေးထဲအကြောင်းအရာတစ်ခု ၀င်လာ၍ ပြောလိုက်ပါမည်။ မွစ်လင်မ်သမီးရှင်များ သမက်ရွေးကြရာတွင် ယနေ့အခါသမယ၌ စီးပွားကြီးပွားမှုကို အထူးအလေးထားကာ ရွေးချယ်ကြသည်။ အိမ် ဘယ်နှလုံးပိုင်သလဲ၊ ကားဘယ်နှစီး၊ လုပ်ငန်း ဆိုင် ပိုက်ဆံ အဘယ်မျှ ပိုင်ဆိုင်ချမ်းသာသည်ကို အထူးဂရုစိုက်၍ ရွေးချယ်ကြသည်။ ယင်းလူငယ်၏ ရှာဖွေမှုသည် ဟရာမ်လား၊ ဟလာလ်လားဟူသည်ကို စိုးစေ့မျှ သောကမရှိပါ။ ပိုက်ဆံချမ်းသာဖို့သာ အာရုံရှိသည်။ အကယ်၍ ဟရာမ်ဖြစ်နေလျှင်လည်း အကြောင်းမဟုတ်။ ချမ်းသာဖို့ အဓိကဖြစ်၏။ ဟရာမ်၊ ဟလာလ် မခွဲခြား၊ ပြောရလျှင် ရှိုက်သွာန်လောက်ပင် စဉ်းစားဆင်ခြင်မှု မရှိသူများ ဖြစ်၏။ ရှိုက်သွားန်သည် မိမိနှောင့်ယှက်မည့်သူ၏ အခြေအနေကို အရင်စမ်းစစ်လေ့လာသည်။ ဘယ်လိုစီးပွားရှာပြီး ဘာစားသလဲ ကြည့်သည်။ ယနေ့ မွစ်လင်မ်များမှာ ရင်နှစ်သည်းခြာ သမီးရတနာ၏ ဘ၀တစ်ခုလုံးအား ဟရာမ် ဟလာလ်မခွဲခြားဘဲ ငွေမျက်နှာတစ်ခုတည်းဖြင့်သာ ပုံအပ်ပေးနေကြသည်။ ၀မ်းနည်းဖွယ်ရာပင်) အဘယ့်ကြောင့်ဆိုသော် ဟရာမ်ကိုအခြေခံပြီး ဖြစ်တည်ထားသော ခန္ဓာကိုယ်ဖြင့် ပြုလုပ်သော အိဗာဒသ်သည် အလဟဿ အကျိုးမဲ့ပင်ဖြစ်သောကြောင့် ရှိုက်သွာန်ကလည်း နှောင့်ယှက်ရန် စိတ်မ၀င်စားတော့ပေ။ အကယ်၍ ဟလာလ်ဝင်ငွေဖြင့် ရပ်တည်နေထိုင်သည်။ ဟလာလ်ကိုသာ စားသုံးပြီး ထိုသူက အိဗာဒသ်အတွက် ပြင်ဆင်လိုက်သည်နှင့် ရှိုက်သွာန်က နှောင့်ယှက်တော့သည်။ အဘယ့်ကြောင့်ဆိုသော် ဟလာလ်ဖြင့် ပြုလုပ်သော ကောင်းမှုအိဗာဒသ်သည် ယင်းသူအတွက် ဂျဟန္နမ်မှ လွတ်မြောက်ရန်၊ အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုရရန်၊ အရှင်မြတ်နှင့် နီးစပ်ရန် အကြောင်းခံဖြစ်သည်ကို ရှိုက်သွာန်က ကောင်းကောင်းသိထားသည်။ ထို့ကြောင့် နှောင့်ယှက်ရန် ပြင်ဆင်တော့သည်။ ဟရာမ်ကိုအခြေခံထားသော အိဗာဒသ်သည် ဘာမှ အကျိုးမပြုသောကြောင့် ရှိုက်သွာန်နှောင့်ယှက်ရန်ပင် မလိုအပ်တော့ပေ။ ဆိုးရွားပြီးသား ဖြစ်သဖြင့် ထပ်မံ ပျက်စီးရန် ကြိုးစားဖို့ မလိုတော့ခြင်းပင် ဖြစ်၏။

ဟရာမ်ပုံစံကွဲများ
ယနေ့အခါသမယ၏ မွစ်လင်မ်အသိုင်းအ၀ိုင်းအတွင်း အကျင့်ပျက်ချစားမှုများ တစ်နေ့ထက် တစ်နေ့ တိုးပွားများပြားလာနေကြသည်။ ဟရာမ်ရှာဖွေမှုများ ပေါသထက် ပေါနေသည်။ ခိုးခြင်းသည် ဟရာမ်ဖြစ်သည်။ မီတာခိုးခြင်း၊ ပိတ်စကိုက်ခိုးခြင်း၊ မူးယစ်ဆေးဝါးများ ခိုးသွင်းခြင်း၊ အလေးချိန်ခိုးခြင်း၊ တာဝန်ချိန်တွင် အချိန်ပြည့်အလုပ်မလုပ်ဘဲ အချိန်ခိုးခြင်း၊ ဓါတ်ဆီခိုးခြင်း၊ လစာခိုးခြင်း စသည်များအားလုံး ဟရာမ်ဖြစ်သည်။ ထို့အတူ အတိုးပေးခြင်း၊ ယူခြင်း၊ လာဘ်ငွေထိုးခြင်း၊ လာဘ်ယူခြင်း၊ လိမ်ရောင်းခြင်း၊ ပမာဏသတ်မှတ်၍ အမြတ်ငွေယူခြင်း၊ လိမ်စားခြင်း စသည်များအားလုံးလည်း ဟရာမ်ဖြစ်သည်။ မူးယစ်ဆေးဝါးသည် ဟရာမ်ဖြစ်သလို ယင်းအရာများကို ကိုယ်တိုင်သုံးခြင်းသည်လည်း ဟရာမ်၊ အခြားသူများသုံးအောင် ရောင်းပေးခြင်းသည်လည်း ဟရာမ်ပင်ဖြစ်၏။ ဘိန်းများ တင်သွင်းပြီး ပိုက်ဆံရနေလျှင်လည်း ဟလာလ်စီးပွားတစ်ခုဟု မသတ်မှတ်နိုင်ပါ။ ကျွန်ုပ်တို့အနေဖြင့် ဟရာမ်မရှောင်ပါက ဆုတောင်းများပြည့်မည်လည်း မဟုတ်ပါ။ ကြိုးစားထားသည့် အိဗာဒသ်များလည်း အလကားပင် ဖြစ်ပါလိမ့်မည်။ ဟလာလ်စီးပွားရေးကိုသာ ရှာဖွေကြပါ။

အသိနည်းသည်မဟုတ်၊ မကျင့်သုံးခြင်းသာ ဖြစ်...
ဟရာမ်ကြောင့် အသိတရားနည်းသွားမည်မဟုတ်ပါ။ လက်တွေ့လုပ်ဆောင်မှုတွင် အားနည်း၊ ပျင်းရိလာခြင်းသာ ဖြစ်၏။ နမားဇ်ဖတ်ရမည်ကို သိသည်။ နမားဇ်ဖတ်လျှင် ရမည့်စ၀ါးဗ်နှင့် မဖတ်လျှင် ခံရမည့် အဇားဗ်ကိုလည်း သိသည်။ အသိများရှိသော်လည်း နမားဇ်အချိန်ရောက်လျှင် ၀ုဇူလုပ်ဖို့၊ ဗလီရှေ့ရောက်နေပြီး နမားဇ်ဝင်ဖတ်ဖို့ အင်အားမရှိကြပေ။ အဇာန်သံကြားနေသည်။ စကားပြောကောင်းတုန်းပင် ဖြစ်၏။ ဆိုင်သမားက ဆိုင်မှာပင် ဖြစ်၏။ ဆွေးနွေးပြောဆိုမှုများ အမျှင်မပြတ်ဖြစ်နေ၏။ ဗလီထဲတွင် နမားဇ်လေးရကအသ်ဖတ်ပြီးလျှင် ဗလီအပြင်သို့ အမြန်ပြန်ထွက်လိုသည်။ ဂျာအေနမားဇ်ပေါ်တွင် နမားဇ်ဖတ်ရန် ရပ်လိုက်လျှင် အမြန်ပြီးရန် နမားဇ်ကို ဒုန်းစိုင်းဖတ်နေသည်။ ကောင်းမှုကို မကျင့်သုံးနိုင်ကြပေ။ နမားဇ်များကို လွယ်ကူစွာပင် ကဇွာလုပ်လိုက်သည်။ နမားဇ်တစ်ကြိမ် ကဇွာဖြစ်သွားခြင်းက လက်ကို ခြင်ကိုက်သလောက်ပင် နာကျင်မှု မရှိကြတော့ပေ။ အမှန်တော့ ယခင်ကထက် ယခုအခါ ပို၍ အသိများ တိုးလာကြပြီဖြစ်၏။ စာအုပ်စာပေများ၊ ကျောင်းများ၊ တရားများ၊ အသိပညာများ ကြွယ်ဝစွာ ရှိနေပြီဖြစ်သော်လည်း လက်တွေ့ဖော်ဆောင်နိုင်မှု အလွန်နည်းသည်။ ယခင်က ဒီးန်၏ အသိတရားများ ထိုမျှလောက် ပျံ့နှံ့ခြင်း မရှိပေ။ သို့သော် အမလ်လုပ်နိုင်မှုသည် ကျွန်ုပ်တို့ထက် ဆယ်ဆမက သာကြသည်။ ယနေ့အခါ အစ္စလာမ့်အသိပညာများကို လိုသလို ရယူနိုင်သည်။ အခွေများ၊ အွန်လိုင်းများ စသည်များတွင် ဘာသာရေးကို ကျယ်ပြန့်စွာ လုပ်ဆောင်နေကြသည်။ ဂျမာအသ်များ၊ အာလင်မ်များ၊ ပညာရှင်များ ပေါများနေသည်။ သို့သော်လည်း အစ္စလာမ့်အမိန့်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန်ကိုမူ အလွန်ပင် လေးဖင့်နေကြ၏။

ဘာ့ကြောင့်ပါနည်း။ မွှေးကြိုင်သည့် ရနံ့ကို နှာခေါင်းယဉ်နေသူအတွက် နံစော်သည့်အနံ့ကို ချက်ချင်းသိသည်။ နှစ်သက်မှုလည်း မရှိကြပေ။ နံစော်သည့် အနံ့ကို နှာခေါင်းယဉ်နေသူအဖို့ နံခြင်းကို နံသည်ဟု မမြင်တော့ပါ။ ထိုနည်းတူပင် ဟရာမ်သည် ဟရာမ်ကို ဆွဲဆောင်သည်။ ဟလာလ်သည် ဟလာလ်ကိုသာ ဆွဲဆောင်သည်။ ဗိုက်ထဲရောက်နေသည်တို့က ဟရာမ်များ၊ သံသယဖြစ်ဖွယ် အရာများ ၀င်နေခြင်းကြောင့် အတွင်း နှလုံးသားသည် ပျက်စီးသွားပြီ ဖြစ်၏။ ကောင်းမှုအမလ်ပြုရန် အင်အားမရှိတော့ပေ။ မကောင်းမှုအတွင်းမှ ရုန်းထွက်ရန် အင်အားမရှိတော့ပေ။ ထို့အတူ မွှေးရနံ့နှင့်တူသည့် အိဗာဒသ်များအတွင်းသို့ ဟရာမ်ရနံ့ နံစော်နေသည့် ခန္ဓာကိုယ်က မပျော်မွေ့ပေ။ ထို့ကြောင့်သာ ဗလီအတွင်းရောက်လျှင် အမြန်ပြန်ထွက်ချင်နေကြသည်။ ကောင်းမှုမွှေးရနံ့ဖြစ်သည့် နမားဇ်ဖတ်လျှင် ဟရာမ်ပါနေသည့် ခန္ဓာကိုယ်က မလိုလား၊ မြန်မြန်ဖတ်ပြီး မြန်မြန်ပြီးရန်သာ စိတ်စောနေတော့သည်။ အကယ်၍ ရုပ်ရှင်ကြည့်ချိန်၊ ဂိမ်းဆော့နေချိန်၊ ဟရာမ်ဖြစ်သည့် ရည်းစားခြင်း စကားပြောချိန်တို့တွင် ထိုသို့ အမြန်ပြီးချင်စိတ် မဖြစ်ကြပါ။ ဟရာမ်အချင်းချင်း ဓါတ်တူသဖြင့် မခွဲနိုင် မခွာရက် ရုန်းမထွက်နိုင်ဖြစ်ကြသည်။ နံစော်သည့် အနံ့အချင်းချင်း ဆွဲဆောင်မှုရှိသဖြင့် လိုလားနှစ်သက်စွာ ဟရာမ်တွင် ပျော်မွေ့နေကြ၏။

ယင်းအခြေအနေသည် ကောင်းသည့်အခြေအနေမဟုတ်ပါ။ အလွန်လိုချင်လှပါသည်ဟူသည့် ဂျန္နသ်၊ သောက်ချင်လှပါသည်ဟူသည့် ကောင်စရ်ရေ၊ အေးချမ်းချင်လှပါသည်ဟူသည် ကဗရ်တွင်းကို ဖျက်ဆီးပြစ်မည့် အခြေအနေဖြစ်သည်။ ဟရာမ်တစ်ခုကို ရှောင်လိုက်ပါမူ အာခိရသ်ရေး ကောင်းစားမည်ဖြစ်၏။ မွစ်လင်မ်၏ အဓိကပန်းတိုင်မှာ အာခိရသ်၏ အောင်မြင်မှု ဖြစ်သည်။ လောကတွင် စားကောင်း သောက်ဖွယ်များ၊ စည်စိမ်များဖြင့် ယစ်မူး ဇိမ်ခံ ပျော်ရွှင်နေရန် မဟုတ်ပါ။

တုန်လှုပ်ခြောက်ခြားဖွယ် သတိပေးချက်တစ်ရပ်
တမန်တော်မြတ်၏ မိန့်ကြားမှုတစ်ရပ်ဖြစ်သည်။ ကိယာမသ်နေ့တွင် လူအချို့သည် အလ္လာဟ်အရှင်မြတ်ရှေ့မှောက်သို့ တောင်လောက်ရှိသည့် ကောင်းမှုအစုအပုံကြီးကို ယူဆောင်လာ၍ ခစားကြလိမ့်မည်။ ယင်းကောင်းမှုများကို အလ္လာဟ်အရှင့်ထံ ဆက်သသည့်အခါ အလ္လာဟ်အရှင်က ယင်းကောင်းမှု အိဗာဒသ်များမှ တစ်ခုကိုမှ လက်ခံမည်မဟုတ်။ ထို့ပြင် ယင်းတို့အား ဂျဟန္နမ်သို့ ဆွဲချခိုင်းလိုက်မည်။ ထိုအခါ နားထောင်နေသည့် ဆွဟာဗဟ်တို့က အိုကိုယ်တော် ဘာ့လို့ ဒီလိုဖြစ်ရတာလဲဟု မေးမြန်းရာ၊ တမန်တော်မြတ်က ရှင်းပြသည်မှာ ယင်းသူတို့သည် လောကတွင် နမားဇ်မြဲသည်။ ရိုဇဟ်များလည်း ထားကြသည်။ ဟဂ်ျ၊ ဇကားသ်လည်း လက်လွတ်သည်မရှိ။ သို့ရာတွင် ၎င်းတို့ထံသို့ ဟရာမ်ပစ္စည်းဥစ္စာများ ရောက်လာလျှင်မူ ချက်ချင်းယူ၍ သုံးစွဲကြလေသည်။ ဟရာမ်မှ ရှောင်ကြဉ်ခြင်း မရှိပေ။ ဟရာမ်ကို လွတ်လပ်စွာ သုံးစွဲခွင့်ပြုထားသကဲ့သို့ပင် အပူအပင် ကြောက်ရွံ့စိုးရိမ်မှုမရှိဘဲ သုံးကြသည်။ ယင်းဟရာမ်ဥစ္စာပစ္စည်းကြောင့် ၎င်းတို့၏ အိဗာဒသ်များအားလုံးကို ပယ်ဖျက်ခံလိုက်ရသည့် ဆိုးကျိုးကို ခံစားလိုက်ရခြင်းဖြစ်ပေသည်။ ( كتاب الكبائر ) အိဗာဒသ်များ တည်တံ့နေစေရန် ဟရာမ်မှ ရှောင်ရပါမည်။ မိမိကိုယ်တိုင်ရှောင်ရမည်ဖြစ်သလို အိမ်သူအိမ်သားများအား ရှာဖွေမကျွေးမွေးရပါ။ ဟလာလ်ကိုသာ ရှာဖွေရမည်။ ဟလာလ်ကိုသာ သုံးစွဲ ဆင်ယဉ်ရပါမည်။ ဟလာလ်သည် နည်းပါးလိမ့်မည်။ အလ္လာဟ်အရှင်မြတ် ဗရကသ်ပေးပါက နည်းသော ဟလာလ်က များပြားသည့် ဟရာမ်တို့ထက် လောကီ၊ လောကုတ္တရာ နှစ်ဌာန အသုံးဝင်ပါလိမ့်မည်။

ဟရာမ်ရှောင်ရန် ဖရ်ဇ်
နမားဇ်၊ ရိုဇာ၊ ဇကားသ်၊ ဟဂ်ျတို့သည် တာဝန်ထိုက်လာလျှင် မပြုမနေရ ဖရ်ဇ်တာဝန်ဖြစ်သလို ဟရာမ်ကို ကြုံလာလျှင် ချက်ချင်းရှောင်ရန် ဖရ်ဇ်ဖြစ်ပါသည်။ မွစ်လင်မ်အများစု နမာဇီ၊ ဟာဂျီ၊ ဒါရီဖြစ်နေကြသည်။ ဖြစ်အောင် ကြိုးပမ်းကြသည်။ သို့သော် ဟရာမ်စီးပွားရေးကို လက်မလွှတ်ကြ။ ဟရာမ်ကို မစွန့်လွှတ်ကြ။ ဟရာမီဖြစ်နေသည်ကို အသိမ၀င်ကြပေ။ ဟရာမီက ရှေ့ကရှိနှင့်ပြီးသား ဟာဂျီ နမားဇီများအားလုံးကို ဖျက်ပြစ်မည့် လက်နက်ဖြစ်သည်။ ဘဏ်များတွင် ပိုက်ဆံထည့်၍ ဘဏ်တိုးယူနေကြသည်။ ဘဏ်ဝန်ထမ်းလုပ်နေကြသည်။ လောင်းကစားနှင့် ဆက်စပ်နေသည့် လုပ်ငန်းများ၊ အရက်၊ ဘိန်း၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်သည့် အလုပ်အကိုင်များ လုပ်နေသည်။ တစ်ဖက်တွင် ယင်းမှ ရသည့်ပိုက်ဆံဖြင့် ဗလီဆောက် ကျောင်းဆောက် ဟဂ်ျလုပ်နေကြသည်။ ဟရာမ်ကို စွန့်လွှတ်ရန် ဖရ်ဇ်ဖြစ်သည်။ နမားဇ်လည်းဖတ်ရမည်။ ဟရာမ်လည်း စွန့်လွှတ်ရမည်။ ဒါရီလည်း ထားရမည်။ ဟရာမ်လည်း စွန့်လွှတ်ရပါမည်။ ဘုရ်ကအ်လည်း ၀တ်ရမည်။ ဟရာမ်လည်း စွန့်လွှတ်ရပါမည်။

ဟလာလ်ကို ရွေးချယ်ရန် ဖရ်ဇ်
နမားဇ်ထဲတွင်လည်း ဟရာမ်ဖြစ်သည့်အချက် ဟလာလ်ဖြစ်သည့်အချက်များ ရှိနေသည်။ ရိုဇဟ်တွင်လည်း ဟရာမ်၊ ဟလာလ်ရှိသည်။ အလုပ်အကိုင်၊ လုပ်ငန်း စီးပွားရေး လုပ်ကိုင်ရာတွင်လည်း ဟရာမ်၊ ဟလာလ်ရှိပါသည်။ မိမိလုပ်နေသည့် အလုပ်အကိုင်သည် ဟရာမ်လား ဟလာလ်လားဟူသည်ကို အသိရှာဖွေ၍ ခွဲခြားရပါမည်။ ဟရာမ်ရှောင်ရန် ဖရ်ဇ်ဖြစ်သလို ဟလာလ်ကို ရှာဖွေရန်၊ ဟလာလ်ကို ရွေးချယ်ရန် ဖရ်ဇ်ဖြစ်၏။

ကြောက်မက်ဖွယ်ဖြစ်ရပ်တစ်ခု
ဟဇရသ်အလီဗင်န် မဒီနီက ပြောပြသည်။ ၎င်း၏ ဖခင် ကွယ်လွန်သွားသဖြင့် ဖခင်၏ ကဗရ်သို့သွား၍ နေ့စဉ် ကုရ်အာန်ဖတ်ကာ အီစွာလေစ၀ါးဗ်ပို့သလေ့ရှိသည်။ ရမဿွာန်လ ၂၇ရက်ညက ဖြစ်၏။ စဲဟ်ရီစားပြီး ဖဂျရ်ဖတ်ပြီးနောက် ဖခင်၏ကဗရ်တွင် ထုံးစံအတိုင်း ဖတ်ရွတ်နေစဉ် အနီးရှိ ကဗရ်တစ်ခုမှ အားဟ် အားဟ်ဟု အသံထွက်လာနေသည်။ သေသူက ပြစ်ဒဏ်ခံနေရခြင်းကြောင့် ထွက်ပေါ်လာသံဖြစ်သည်။ ဤသို့နှင့် ထိုကဗရ်ရှင်မည်သူနည်းဟု စုံစမ်းကြည့် ရပ်ကွက်အတွင်းမှ ဘာသာရေးကိုင်းရှိုင်းသည့် မိတ်ဆွေတစ်ဦးဖြစ်ကြောင်းသိလိုက်သည်။ သို့နှင့် ဘာကြောင့်များ အပြစ်ပေးခံရသနည်းဟု စဉ်းစားမိ၍ ယင်းပုဂ္ဂိုလ်နှင့် အသက်အရွယ်တူလူကြီးများအား မေးကြည့်ရာ ကဗရ်ရှင်သည် လူလတ်ပိုင်းအရွယ်က အလွန်ချမ်းသာပြီး လုပ်ငန်းများစွာပိုင်ဆိုင်သူဖြစ်သည်။ ယင်းလုပ်ငန်းများကို ဆက်လက်တာဝန်ယူမည့် သားသမီး လက်အောက်ငယ်သားလည်း မရှိပေ။ သို့နှင့် အသက်ကြီးလာပြီး အလုပ် မလုပ်နိုင်တော့သည့် အချိန်တွင် ပိုင်ဆိုင်မှုများအားလုံးကို ရောင်းလိုက်ပြီး ရသည့်ငွေကို အတိုးပေးစားလေတော့သည်။ ဟလာလ်ဝင်နေသည့် လုပ်ငန်းအားလုံးကို ရပ်စဲ ရောင်းချလိုက်ပြီး ရသည့်ငွေကို ဟရာမ်အတိုးဖြင့် ဘ၀နောက်ဆုံးပိုင်းအား အသက်ဆက်ရှင်သွားလေတော့သည်။ တစ်ဖက်တွင် အတိုးယူနေသော်လည်း နောက်တစ်ဖက်တွင်မူ အခြားသော တာဝန်များ တစ်ခုမှ မရှိတော့သဖြင့် ဘာသာရေးကို ဇောက်ချလုပ်ကိုင်တော့သည်။ သို့သော်လည်း ဟရာမ်က ဟလာလ်ကို ဖျက်ဆီးမည့်အရာဖြစ်ကြောင်း သတိမထားသဖြင့် ကဗရ်တွင်းသို့ သက်ဆင်းပြီးနောက် ကောင်းမှုများက အလုပ်မလုပ်တော့ဘဲ မကောင်းမှုဟရာမ်ကြောင့် အဇားဗ်ခံနေရပေတာ့သည်။

ထို့ကြောင့် မွစ်လင်မ်တို့အနေဖြင့် မိမိတို့၏ အမလ်များကို ဖျက်ဆီးမည့် ဟရာမ်ကို ရှောင်ကြပါ။ မွစ်လင်မ်တိုင်း နှုတ်လွတ်ရသည့် ဟဒီးစ်တစ်ပုဒ်ကို ဖော်ပြပါမည်။ “မွစ်လင်မ်တစ်ဦးသည် မိမိ၏ ပါးစောင်ကြားမှ နှုတ်လျှာ (ပါးစပ်)နှင့် ပေါင်ကြားမှ အရှက်အင်္ဂါတို့ကို တာဝန်ယူလျှင် တမန်တော်သည် ယင်းသူ ဂျန္နသ်ရရန် တာဝန်ယူမည်” ဟူသည့် ဟဒီးစ်တော်ဖြစ်၏။ ယင်း၏ ဖွင့်ဆိုချက်များစွာကို စာရှုသူတို့ သိပြီးဖြစ်ပါမည်။ ဤနေရာတွင် ဖော်ပြလိုသည်မှာ ပါးစပ်ကိုထိန်းခြင်းတွင် အစားအသောက် ထိန်းခြင်းလည်း ပါဝင်သည်။ အတင်းမပြောရန်၊ ကုန်းမတိုက်ရန်၊ ရန်မထောင်ရန်၊ မလိမ်ရန်၊ ပြဿနာမရှာရန်၊ မိမိပါးစပ်ဖြင့် နောက်တစ်ယောက်ကို ဒုက္ခမပေးရန်တို့ တာဝန်ရှိသကဲ့သို့ ပါးစပ်ထဲသို့ ဟရာမ်အစားအစာ မထည့်ရန်လည်း တာဝန်ရှိပါသည်။ ယနေ့အခါသမယတွင် ဟရာမ်သည် ပတ်ပတ်လည်ပင် ဖြစ်၏။ ထို့ကြောင့် မဖြစ်စလောက် အစားတစ်လုတ်ကြောင့် ရက်လေးဆယ်ကောင်းမှုများ၊ အာခိရသ်အတွက် အိဗာဒသ်များကို မဖျက်စီးကြပါနှင့်။ ကိုယ့်ဒူးတောင် ကိုယ်မယုံရသည့် အခြေအနေကာလကြီးတွင် ဘယ်မှမမြင်ရဘဲ ဟလာလ်ပါဟု အခြားသူက ပြောသည်နှင့် ယုံပုံလွှဲအပ်ကာ ပါးစပ်အတွင်းသို့ ပြစ်သွင်းလိုက်ကြသည်မှာ အလွန်ဝမ်းနည်းဖွယ်ရာပင်ဖြစ်ပါသည်။ ဟရာမ်ကို ရှောင်မည်ဟုစိတ်ပိုင်းဖြတ်လိုက်ပါက ဟလာလ်၏ လမ်းသည် ပွင့်လာပါလိမ့်မည်။ အမှတ်အသားများ၊ တံဆိပ်များ၊ လက်မှတ်များသည် လောကီထောက်ခံချက်တစ်ခုမျှသာ ဖြစ်၏။ မွစ်လင်မ်၏ စားခြင်း သောက်ခြင်း ၀တ်စား နေထိုင်ခြင်းတို့ လောကမှာတင် ပြီးဆုံးသွားသည် မဟုတ်ပါ။ ယင်းလုပ်ရပ်တို့၏ ဆိုးကျိုး ကောင်းကျိုးကို တမလွန် လောကုတ္တရာ အာခိရသ်တွင်လည်း ရရှိခံစားကြရပါမည်။ ထို့ကြောင့် ကိုယ်တိုင် လုပ်နိုင်သည့် အခြေအနေမျိုး၊ သေလုမျောပါးမဟုတ်ဘဲနှင့် လျှာအရသာ ခံယူရန်အတွက် အိဗာဒသ်များကို ဟရာမ်နှင့် မလဲကြပါနှင့်ဟု ပြောကြားရင်းဖြင့် ဤဆောင်းပါးလေးအား အဆုံးသတ်လိုက်ပါသည်။

Credit, မော်လာနာ အဗ်ဒုရ်ရအူးဖ် စခ်ရ၀ီ ဟောကြားသော حرام كهانے كی نحوست ကို အလ်မုဖီးဒ်က မြန်မာဘာသာဖြင့် ပြန်လည် ဖော်ပြပါသည်။

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Thursday, July 21, 2016

ခက်ခဲမှုကြောင့် စိတ်မညစ်နှင့်


စိတ်သောက ဝေဖြာစရာတွေ၊ ပူဆွေးဝမ်းနည်းမှုတွေ၊ အလိုဆန္ဒမပြည့်ချင်း စတဲ့ လိုတာမရတွေ ဖြစ်နေရင် ဒီဆောင်ပါးက သင့်ရဲ့ စိတ်ကျဉ်းကြပ်မှုတွေကို ပေါ့ပါးလန်းဆန်းမှုတစ်ခုစီသို့ ဆောင်ကြဉ်း ပေးပါလိမ့်မယ်... ပြောင်းလဲနေတဲ့ လောကရဲ့ အပြောင်းအလဲ သဘောတရားကို မှတ်သားချင်ရင်တော့ ပို့စ်အဆုံးထိ ဖတ်လိုက်ပါ....။ (အလ်မုဖီးဒ်)

“ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် မုချ ဒွန်တွဲလျက်ပင် ရှိ၏။”
မူရင်း = လာသဟ်ဇန်
ဘာသာပြန်ဆိုသူ = ဘရှီရွလ္လာဟ် ဖာရိုကီ

စာရှုသူမိတ်ဆွေ….။
ဆာလောင်မွတ်သိပ်မှုနောက်တွင် ဝမ်းဝခြင်းရှိ၏။ ရေငတ်မှုနောက်တွင် ရေငတ်ပြေခြင်းရှိ၏။ အိပ်ရေးပျက်ခြင်းနောက်တွင် အိပ်စက်ခြင်းရှိ၏။ ရောဂါစွဲကပ်ခြင်းနောက်တွင် သက်သာပျောက်ကင်းခြင်းရှိ၏။ အဝေးရောက်နေသူသည် မကြာမီ ပြန်လာအံ့။ လမ်းမှားနေသူသည်လည်း မကြာမီ လမ်းမှန်သိသွားလိမ့်မည်။ အကျဉ်းသားသည်လည်း မကြာမီ လွတ်ငြိမ်းချမ်းသာခွင့်ရလိမ့်မည်။ အမှောင်ထုကြီးသည်လည်း စိတ်သုဉ်းပျောက်ကွယ်သွားလိမ့်မည်။

မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် မကြာမီ အောင်မြင်ခြင်းကို ပေးသနားတော်မူအံ့။ သို့မဟုတ် အထူးအကြောင်းတစ်ရပ်ရပ်ကို ဖြစ်စေတော်မူအံ့။

မှောင်မိုက်နေသော ညအား လင်းဝင်းလှပသော နံနက်ခင်း မကြာမီ ရောက်လာမည်ဖြစ်ကြောင်း၊ နံနက်ခင်း၏ အလင်းရောင်သည် တောတောင်မကျန်၊ လျှိုမြှောင်မချန် ချင်းနင်းဝင်ရောက်ကာ အမှောင်ထုများကို တိုက်ထုတ်မည်ဖြစ်ကြောင်း သတင်းကောင်းပေးပါလေ။

စိတ်ကျဉ်းကျပ်နေသူအား မကြာမီ စိတ်ချမ်းမြေ့ဖွယ်ရာများသည် ရုတ်တရက် အလင်း၏ အမြန်နှုန်း၊ အမြင်အာရုံ၏ အမြန်နှုန်းဖြင့် ရောက်လာမည်ဖြစ်ကြောင်း သတင်းကောင်းပေးပါလေ။

ဒုက္ခရောက်နေသူ၊ သဘာဝဘေးအန္တရာယ်သင့်နေသူအား လေပြေလေညင်းကဲ့သို့ မမြင်နိုင်သော်လည်း အလွန်နူးညံ့သိမ်မွေ့သော နှလုံးသားများရှိကြောင်း၊ နောက်အိမ်ထောင် ထပ်မပြုတော့သော မိခင်ကဲ့သို့ အေးအတူ ပူအမျှ ထာဝရနေထိုင်ရန် ကမ်းပေးနေသော လက်များရှိကြောင်း သတင်းကောင်းပေးပါလေ။

သဲကန္တရကြီးကို ကြည့်လိုက်ပါ။ အမြင်အာရုံ ဆုံးသွားသော်လည်း သဲကန္တရကြီး၏ အကျယ်အဝန်းမှာ မဆုံးသေးပေ။ သို့သော် ယင်းသဲကန္တရကြီး၏ အဆုံးတွင် စိမ်းလန်းစိုပြေနေသော ဥယျာဉ်ကြီးနှင့် အေးမြသောအရိပ်တို့ ရှိ၏ ဟူ၍ သင့်အနေနှင့် နားလည်သဘောပေါက်သင့်၏။

ထို့အတူ ကြိုးတစ်ချောင်းကို ကြည့်လိုက်ပါ။ ခိုင်ခန့်လွန်းသည်ဟု ထင်ရ၏။ သို့သော် မကြာမီ ထိုကြိုးသည်လည်း ပြတ်တောက်သွားပေမည်။

မျက်ရည်စက်များ ရွာသွန်းဖြိုးသည်နှင့် အပြုံးပန်းများပွင့်လာကြ၏။ နှလုံးသားတွင် ကြောက်ရွံ့မှု နေရာယူသည်နှင့် ဖြေသိမ့်သူ ငြိမ်းချမ်းသာယာမှု ရောက်လာ၏။ တုန်လှုပ်ခြောက်ခြားမှု နေရာယူသည်နှင့် တည်ငြိမ်အေးချမ်းမှုက နှင်ထုတ်ပစ်၏။

မီးသည် ဟဇရသ် အိဗ်ရာဟီးမ် (အလိုင်းဟိစ္စလာမ်)အား မလောင်ကျွမ်းစေခဲ့၊ အဘယ်ကြောင့်ဆိုသော် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ကာကွယ်စောင့်ရှောက်မှုသည် ဟဇရသ် အိဗ်ရာဟီးမ်အတွက် အေးမြသာယာခြင်း၏ ပြူတင်းပေါက်ကို ဖွင့်ပေးခဲ့သည်။

ငါအရှင်မြတ်က အို မီး၊ သင်သည် အိဗ်ရာဟီးမ်အပေါ်၌ အေးမြစွာလည်းကောင်း၊ သာယာစွာလည်းကောင်း ရှိလော့ဟု မိန့်တော်မူခဲ့၏။

ပင်လယ်သည် ဟဇရသ် မူဆာ (အလိုင်းဟိစ္စလာမ်)အား မနစ်မြုပ်စေခဲ့၊ အဘယ်ကြောင့်ဆိုသော် အင်အားပြည့်ပြောဆိုလိုက်သော၊ မုသားမပါသော အသံရှိနေခဲ့၏။

မူဆာ (အလိုင်းဟိစ္စလာမ်)သည် မိမိ၏ နောက်လိုက်များကို ပြောပြ၊ ဖြေသိမ့်ခဲ့၏။ ကျွန်ုပ်တို့သည် လုံးဝ အဖမ်းခံကြရမည်မဟုတ်။ မလွဲဧကန် င့ါအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ငါနှင့်အတူ ရှိတော်မူပေရာ၊ ယခုပင် ထိုအရှင်မြတ်သည် ငါ့အား ပင်လယ်မှထွက်နိုင်ရန် လမ်းညွှန်တော်မူမည်။

အပြစ်ကင်းစင်သူ တမန်တော်မြတ်ကြီး (ဆွလ်လလ္လာဟု အလိုင်းဟိ ဝစလ်လမ်)သည် လိုဏ်ဂူထဲ၌ ရှိနေစဉ် ခရီးဖော်အဖြစ် လိုက်ပါလာသော ဟဇရသ် အဗူဘက်ရ် (ရသွေ့ယလ္လာဟု အန်ဟု)အား “မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့နှင့်အတူ ရှိနေသည်။” ဟူ၍ သတင်းကောင်းပေးခဲ့၏။ ထို့ကြောင့် ငြိမ်းချမ်းမှု၊ အောင်မြင်မှုနှင့်တည်ငြိမ်အေးချမ်းမှုတို့ ကျရောက်လာခဲ့လေသည်။

အချို့ပုဂ္ဂိုလ်များသည် လက်ရှိ အချိန်နှင့် အခြေအနေတို့၏ ရလဒ်ဆိုးများကြောင့် ဖိနှိပ်ခံကျွန်များသဖွယ်ဖြစ်နေကြ၏။ အမှန်မှာ ၎င်းတို့သည် လိုတမရခြင်း၊ ကျပ်တည်းခြင်း၊ ပျက်စီးခြင်း၊ ရောက်ရာ ခလုတ်တိုက်၊ မှောက်လျက်လဲနေခြင်းတို့ကိုသာ မြင်တတ်ကြ၏။ ထို့အတူ ၎င်းတို့သည် မျက်တောင်တဆုံးခန့်မျှသာ ကြည့်ကြသူများ၊ အခန်းနံရံအထိသာ အမြင်ရောက်ကြသူများ၊ အိမ်ဝရှိ တံခါးလောက်သာ မြင်ကြသူများ ဖြစ်နေကြ၏။ ၎င်းတို့အနေနှင့် အကာအရံ၊ အတားအဆီးများကို ဖောက်ထွင်းကာ ကြည့်ရှုသင့်ပေသည်။ ချုပ်နှောင်ထားသော အတွေးအခေါ်များကို တုပ်ကြိုးများဖြည်ကာ နံရံတံတိုင်းကြီးများ၏ ပြင်ပသို့ လွှတ်ပေးသင့်ပေသည်။

သို့ဖြစ်ရာ သင့်အနေနှင့်လည်း ဘေးကျပ်နံကျပ် မဖြစ်လေနှင့်။ အဘယ်ကြောင့်ဆိုသော် အခြေအနေတစ်ခုသည် အမြဲထာဝရ မရှိနိုင်၊ အမြဲထာဝရ ရှိနေသော အခြေအနေဟူသည် မဖြစ်နိုင်သောအရာပင်။ (စိတ်ကျဉ်းကျပ်ချိန်တွင်) အကောင်းဆုံး၊ အမြတ်ဆုံးသော အိဗာဒသ်သည် (ဆွဗ်ရ်လုပ်၍) အရှင်မြတ် ချီးမြှင့်မည့် သာယာပျော်ရွှင်ခြင်းကို စောင့်စားခြင်းဖြစ်ပေသည်။

နေ့ရက်များတွင် ပြောင်းလဲတတ်သော ဂုဏ်သတ္တိရှိ၏။ ခေတ်ကာလသည်လည်း အမြဲပြောင်းလဲ၊ တိုးတက်နေ၏။ ညများသည် ထူးဆန်းအံ့သြဖွယ်ကောင်းသော နေ့သစ်များကို မွေးဖွားပေး၏။ အနာဂတ်တွင် ဖြစ်မည့်ကိစ္စများသည် အကွယ်၌ ရှိနေရာ မည်သူမျှ တပ်အပ်မသိနိုင်ပေ။ သဗ္ဗညုတဥာဏ်တော်ရှင် အလ္လာဟ်အရှင်မြတ်သည် နေ့စဉ် အရေးကိစ္စတစ်ခုခုကို ဆောင်ရွက်လျက် ရှိနေတော်မူ၏။ ဖြစ်နိုင်သည်မှာ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် အကြောင်းကိစ္စ တစ်စုံတစ်ရာကို အသစ်ဖန်တီး၍ ပေးတော်မူလိမ့်မည် ဖြစ်၏။ ထို့အတူ ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် ဒွန်တွဲလျက်ပင် ရှိပြီး၏။ ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် မုချ ဒွန်တွဲလျက်ပင် ရှိ၏။

Credit, ဘရှီရွလ္လာဟ် ဖာရိုကီ ရေးသားထားသော အကြောင်းအရာကို အလ်မုဖီးဒ်မှ ကူးယူတင်ဆက်သည်။

Tuesday, July 19, 2016

ဆွဗရ်ဖွင့်ဆိုချက်




**ဂျန္နသ်ရရန်အတွက် လိုအပ်သည့် လုပ်ဆောင်ချက်များ
ဂျန္နသ်ရရန် တခြားသော လုပ်ရပ်တို့ထက် အရေးအကြီးဆုံးသောအရာမှာ ရှိရ်က်(အလ္လာဟ်အရှင်နှင့် ယှဉ်တွဲကိုးကွယ်ခြင်း) ကင်းစင်သည့် အီမာန်ရှိရန် ဖြစ်သည်။ ထို့နောက် ပြစ်မှုတို့၏ ပြစ်ဒဏ်ခတ်ခံရခြင်းမှ လွတ်ကင်းမှုရရန် တောင်းခံခြင်းသည် အရေးကြီးသည်။ ဂျဟန္နမ်တွင် အပြစ်ပေးခံရခြင်းမှ လွတ်ကင်းမှုရရန် ဆုပန်မှုသည် အလွန်အရေးကြီး၏။
ဂျန္နသ်ရရန်လိုအပ်သည့် လုပ်ဆောင်ချက်များအနက် ဒုတိယအချက်မှာ ဆွဗရ်ဟူသည့် သည်းခံမှုခန္တီတရားရှိခြင်းဖြစ်သည်။ ဆွဗရ်သည် အစ္စလာမ့်ကျင့်ဆောက်တည်မှုများ၌ အလွန်အရေးပါသည့် ကဏ္ဍတွင်ရှိပါသည်။ ကုရ်အာန်ကျမ်းမြတ်၏ နေရာပေါင်း ဆယ်ခုတွင် ဆွဗရ်အကြောင်းလာရှိထားသည်။ ဟဒီးစ်များတွင်လည်း ဆွဗရ်နှင့်ပတ်သက်၍ မိန့်ဆိုမှုများ များစွာရှိပေသည်။ ထို့ကြောင့် ဆွဗရ်ဟူသည် မုစ်လင်မ်အတွက် ကျင့်သုံးမှုတိုင်းတွင် မပါ မဖြစ်ရှိနေရမည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပေသည်။

**ဆွဗရ် ဖွင့်ဆိုချက်
ဆွဗရ်ဟူသည် အရဗီဘာသာစကားဖြစ်ပြီး ص ب ر= صبرဟု စာလုံးပေါင်းသည်။ ရှောင်ကြဉ်ခြင်း၊ လုပ်ရပ်တစ်ခုခုမှတားမြစ်ခြင်း၊ ထိန်းချုပ်ခြင်း၊ မျိုသိပ်ခြင်း၊ ခန္တီတရားထားခြင်း၊ ထိန်းသိမ်းခြင်းဟု အဓိပ္ပါယ်ရသည်။ ရှေးယခင်က ညှင်းပမ်းနှိပ်စက်သည့် အာဏာပိုင်သည် လူသတ်လျှင် နန်းတွင်း၌ မတ်တပ်ရပ်စေပြီး ခေါင်းဖြတ်သတ်လေ့ရှိသည်။ ထိုသို့ပြုခြင်းကို အရဗီဖြင့် قَتَلَهُ صَبَرًا တားဆီးရပ်တန့်၍ သတ်လိုက်သည်ဟု ပြောသည်။ ထို့ကြောင့် ဆွဗရ်တွင် တားဆီးခြင်း တားမြစ်ခြင်းဟူသည့် အဓိပ္ပါယ်တို့လည်း ပါဝင်ကြောင်း သိရသည်။

စကား အသုံးအနှုံးတွင် ပြစ်မှုကျူးလွန်လိုသည့် စိတ်အား တားဆီးထိန်းချုပ်ထားခြင်းကို ဆွဗရ်ဟုခေါ်သည်။ ထို့အတူ ကောင်းမှုပြုလုပ်ချင်စိတ် အစဉ်ရှိနေအောင် ထိန်းသိမ်းခြင်းကိုလည်း ဆွဗရ်ဟုပင် ခေါ်ဆိုသည်။ ကျမ်းမြတ်ကုရ်အာန်တွင် အောင်မြင်မှုရရှိမည့် လုပ်ရပ်တို့ကို အာယသ်တစ်ပိုဒ်တွင် ဤသို့မိန့်ထားသည်။ يَأَيُّهَا الَّذِيْنَ آمَنُوْا اصْبِرُوْا وَصَابِرُوْا وَرَابِطُوْاوَاتَّقُ اللهَ لَعَلَّكُمْ تُفْلِحُوْنَ "အို အီမာန်ရှင်အပေါင်းတို့၊ ကောင်းမှုပြုရာတွင်၊ မကောင်းမှုမှ ရှောင်ကြဉ်ရာတွင်၊ ဘေးဒုက္ခတို့ တွေ့ကြုံချိန်တွင် ဆွဗရ် ပြုပါ။ တစ်ဦးနှင့် တစ်ဦး ဆွဗရ်ပြုရန် တိုက်တွန်းပါ။ ဂျေဟားဒ်တွင် ကြံ့ခိုင်မြဲမြံစွာ ရပ်တည်ကြ။ ထို့နောက် အချိန်တိုင်းတွင် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့  ရိုသေခံ့ညားပါ။ ဤသည်သာလျှင် အသင်တို့အတွက် အောင်မြင်မှု၏ လမ်း ဖြစ်သည်။"

ဂျန္နသ်၏စည်းစိမ်များကို ရရှိရန် လူသည် အလ္လာဟ်က လုပ်ပါဟု ပြောထားသည်များအား လုပ်ဆောင်ရန် ခန္တီတရားကို လက်ကိုင်ပြု၍ အစဉ်ကျင့်သုံးရမည်ဖြစ်သလို အလ္လာဟ်အရှင်က မလုပ်နှင့်ဟု တားထားသည်များကိုလည်း မလုပ်ရန် မိမိကိုယ်ကိုယ်ထိန်းချုပ်ထားရပါမည်။ ဤသည်မှာ ဆွဗရ်၏ အဓိက ပုံစံဖြစ်ပြီး အာခိရသ်အတွက် ရည်မှန်းချက်ခိုင်မာသောသူ၏ အလုပ်ဖြစ်ပေသည်။ အာခိရသ်တွင် အောင်မြင်မှုအပြည့်ရရန် ရည်မှန်းချက်ခိုင်မာသူတို့သာလျှင် ဤဆွဗရ်ကို ကျင့်သုံးနိုင်ကြသည်။ ထိုသို့ကျင့်သုံးနိုင်ရန် ကြိုးပမ်းအားထုတ်ရမည်။ လွယ်လွယ်နှင့်တော့ ယင်းအရည်အချင်းကို ရမည်မဟုတ်ပါ။ ထို့ပြင် ကောင်းမှု လုပ်ရန်နှင့် မကောင်းမှု ရှောင်ရန်တို့တွင် ဆွဗရ်ကို ကျင့်သုံးနိုင်ရန် စိတ်နှင့် အတွေးအခေါ်ကို လေ့ကျင့်ပေးရမည်။ မိမိ၏စိတ်ထားနှင့် အတွေးအခေါ်ကို ကိုယ်တိုင် ပြန်ထိန်းကျောင်းရသည့် လုပ်ဆောင်ချက်မျိုးဖြစ်သည်။


**ဆွဗရ်လုပ်လျှင် ရရှိမည့် ထူးခြားမှု
ဟဒီးစ်တွင် اَلصَّبْرُضِيَاءٌ ဆွဗရ်သည် အလင်းရောင်ဖြစ်၏ဟု ပါရှိသည်။ လူ့နှလုံးသားအတွင်း ဆွဗရ်အလင်းတိုင်ကို ထွန်းတောက်သွားပြီဆိုလျှင် ယင်းသူ၏ ဘ၀သက်တမ်းတစ်ခုလုံးသည် အခက်အခဲဒုက္ခအပေါင်းမှ လွတ်ကင်းမှုရရှိပေလိမ့်မည်။ (အလင်းရောင်ရှိနေပြီဖြစ်၍ ဘ၀လမ်းခရီးရှိ ချိုင့်ခွက်၊ ဆူးညှောင့်များကို ရှောင်ကွင်းကာ လိုရာပန်းတိုင်သို့ ဖြောင့်တန်းစွာ အရောက်လှမ်းနိုင်ပေမည်။) ဆွဗရ်၏အလင်းတိုင်ကို လွယ်လွယ်နှင့် မရနိုင်ပါ။ ဆွဗရ်အတွက် အနည်းငယ် လေ့ကျင့်ခန်းဆင်းရပါမည်။
ဟဒီးစ်တော်တွင် مَنْ يَتَصَبَّرَيُصَبِّرْهُ الله ဆွဗရ်ကို အလွန့်အလွန် ဒုက္ခခံပြီး လက်ကိုင်ပြု ကျင့်သုံးသူအတွက် အလ္လာဟ်အရှင်မြတ်သည် ယင်းဆွဗရ်အား ထိုသူ့အတွက် အ၀တ်အထည်ပမာ ပြုလုပ်ပေးလိုက်မည်ဟု ပါရှိပေသည်။ (အ၀တ်အထည်ပမာပြုပေးခြင်းဟူသည်မှာ ခန္ဓာကိုယ်နှင့် အ၀တ်အစားတို့သည် အမြဲပင်ထိကပ်နေသလို ဆွဗရ်ရရှိရန် ကြိုးပမ်းဆောင်ရွက်ထားသူအတွက် နောက်ပိုင်းတွင် ယင်းဆွဗရ်သည် ထိုသူ့၏ စိတ်ထား၊ အတွေးအခေါ်တွင် အမြဲတမ်းတည်ရှိနေတော့မည်ကို ဆိုလိုခြင်း ဖြစ်သည်။) အစပိုင်းတွင် အလ္လာဟ်အရှင်မြတ် ခိုင်းထားသည်များကို လုပ်ရန်နှင့် တားထားသည်များမှ ရှောင်ရန်တို့တွင် စိတ်နှင့် အတွေးအခေါ်မှ လက်ခံစေရန် ဆွဗရ်ဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းရပါမည်။ တဖြည်းဖြည်းနှင့် စိတ်သည် ကျင့်သားရသွားပြီး နောက်ပိုင်းတွင် ဆွဗရ်၏ အတွေ့အကြုံနှင့် ခံနိုင်ရည်များကို ရရှိလာမည်။ ထို့နောက်တွင် ၎င်းသူ၏သက်တမ်းသည် လင်းဝင်း၍ သာယာလှပလျှက် ရှိနေပေတော့မည်။

ဆွဗရ်လုပ်ရမည့်နေရာ
ကောင်းမှုပြုလုပ်ရာတွင် ဆွဗရ်လုပ်ရမည်။ မကောင်းမှု လုပ်ချင်စိတ်ကို ဆွဗရ်လုပ်ရမည်။ ဘေးဒုက္ခ၊ အခက်အခဲ၊ အကျပ်အတည်း၊ ရောဂါဝေဒနာ၊ ဆုံးရှုံးနစ်နာမှုတို့ ကြုံတွေ့ချိန်တွင် အလ္လာဟ်အရှင်ကို ကျေးဇူးကန်းစကား မဆိုမိစေရန် ဆွဗရ်လုပ်ရမည်။

(၁) ကောင်းမှုပြုလုပ်ရာတွင် ဆွဗရ်လုပ်ရခြင်း
ကုရ်အာန်ကျမ်းမြတ်ရှိ ဤအာယသ်ကို မုစ်လင်မ်တို့ ဖတ်ဖူးပါလိမ့်မည်။  يَأَيُهَاالَّذِيْنَ آمَنُوْا اسْتَعِيْنُوْابِالصَّبْرِوَالصَّلَاةِاِنَّ اللهَ مَعَ الصَّابِرِيْنَ "အို အီမာန်ယုံကြည်သူအပေါင်းတို့ ခန္တီတရားဖြင့်လည်းကောင်း၊ နမားဇ်ဖတ်ခြင်းဖြင့်လည်းကောင်း အကူအညီကို တောင်းခံပါ။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် သည်းခံခြင်းခန္တီတရားထားသူများနှင့် အတူရှိတော်မူပေသည်။ " ယင်းအာယသ်တွင် ဆွဗရ်ကို ဦးစွာမိန့်သည်။ ပြီးမှ နမားဇ်ကို မိန့်၏။ ဆွဗရ်သည် အဘယ်မျှ လိုအပ်ကြောင်း အထက်ပါအာယသ်မှ သိရပေသည်။ နမားဇ်ထက်အရင် ဆွဗရ်ကို မိန့်ရခြင်း၏ ရည်ရွယ်ချက်တစ်ခုမှာ နမားဇ်သည် အလ္လာဟ်အမိန့်နာခံသည့် လုပ်ရပ်တစ်ခုဖြစ်၏။ ထိုအမိန့်နာခံမှုပြုရန် တစ်နည်း နမားဇ်ဖတ်ရန်အတွက် ဦးစွာ စိတ်မပါခြင်း၊ ပျင်းခြင်း၊ အချိန်မရခြင်းစသည့် အကြောင်းပြချက်များ၊ ကျပ်တည်းခက်ခဲနေမှုများကို စိတ်တင်းခံ ဆွဗရ်ပြုရမည်။ နမားဇ်မဖတ်ရန် အကြောင်းပြနေသည့် စိတ်ကို ချုပ်တည်းခြင်း၊ နမားဇ်မဖတ်လိုစိတ်ကို ချိုးနှိမ်ခြင်းဟူသည့် ဆွဗရ်ကို ဦးစွာ ပြုလုပ်ရမည်။ နမားဇ်မဖတ်ချင်ခြင်းဟူသည့် အမိန့်ဖီဆန်မှုမပြုစေရန် စိတ်ကို ခိုင်းရမည်။ ပြီးနောက်မှ အမိန့်နာခံခြင်းဖြစ်သည့် နမားဇ်ဖတ်သည့် အလုပ်ကို လုပ်ဆောင်ရသည်။ ထို့ကြောင့် အမိန့်တစ်ခုကို နာခံရန် ဆွဗရ်၏အကူအညီသည် ဦးစွာလိုအပ်ပေသည်။

ကောင်းမှုလုပ်ရပ်တစ်ခုခုလုပ်နေချိန် စိတ်မှ မလုပ်လိုတော့သည့် လွန်ဆန်နေမှုကို ချုပ်တည်းရန်အတွက် ဆွဗရ်လက်နက်ကို အသုံးချရပါမည်။ ပမာ နမားဇ်ဖတ်သည်။ နမားဇ်တစ်ကြိမ်တွင် ဖရ်ဇ်၊ စွန္နသ်၊ နဖိလ် စသည့် နမားဇ်ရကအသ်များ ရှိသည်။ ဖရ်ဇ်ဖတ်ပြီးနောက်တွင် ကျန်နမားဇ်များ မဖတ်လိုတော့သည့် စိတ်ထား၊ အတွေးအခေါ်ကို ချုပ်တည်းပြီး ပထမကောင်းမှုဖြစ်သည့် ဖရ်ဇ်ဖတ်ခြင်းနှင့်အတူ နောက်ထပ်ကောင်းမှုများဖြစ်သည့် စွန္နသ်၊ နဖိလ်များကို ဆက်လက်ဖတ်ရမည်။ ဤသည်မှာ ကောင်းမှုလုပ်ရာတွင် ထည့်သွင်းကျင့်သုံးရမည့် ဆွဗရ်ဖြစ်သည်။ ကုရ်အာန်ဖတ်နေသည်။ သတ်မှတ်ထားသည့် စာမျက်နှာ၊ စူရဟ်များ မပြီးမချင်း ဖတ်သည့်နေရာမှ မထဟု စိတ်ကို ချုပ်တည်းရမည်။ အရည်အတွက် ပြည့်အောင်ဖတ်မည်ရမည်။ ကုရ်အာန်ဖတ်နေစဉ် ဖုန်းဖွင့်ကြည့်လိုခြင်း၊ အခြားအရာတစ်ခုခုကို စူးစမ်းလိုခြင်း စသည့်စိတ်ထားများ အတွေးများ ဖြစ်နေလျှင် ယင်းစိတ်ကို ချုပ်၍ ကောင်းမှုဖြစ်သည့် ကုရ်အာဖတ်ခြင်း ဆုံးခန်းတိုင်အောင် လုပ်ရပါမည်။ ထိုနည်းတူ အခြားသော ကောင်းမှုများ ပြုတိုင်း ယင်းကောင်းမှုမှ ထွက်ခွာလိုစိတ်ကို ချုပ်ထားခြင်း၊ ယင်းကောင်းမှုကို စွဲမြဲစွာ ပြုနိုင်ရန် စိတ်ထားကို ထိန်းကျောင်းခြင်းတို့သည် ကောင်းမှုလုပ်ရာတွင် လိုအပ်သည့် ဆွဗရ်ဖြစ်၏။ ကောင်းမှုအပေါင်းတွင် အမြတ်ဆုံးဖြစ်သည့် နမားဇ်ကိုပင် ဆွဗရ်ဖြင့် အစပြုပြီးမှသာလျှင် ရှေ့ဆက်ကျင့်သုံးနိုင်မည် ဆိုလျှင် ကျန်ကောင်းမှုများ အိဗာဒသ်များအား ဆွဗရ်နှင့် အမြဲတွဲပြီးမှသာ ဆုံးခန်းတိုင် ကျင့်ကြံနိုင်မည် ဖြစ်၏။


၂) မကောင်းမှုလုပ်ချင်စိတ်ကို ဆွဗရ်လုပ်ခြင်း
မကောင်းမှုဟု ဖော်ပြထားသည့်အရာတိုင်းအား ကျူးလွန်ခြင်းမရှိစေရန် စိတ်ထားကို ထိန်းသိမ်းရာတွင်လည်း ဆွဗရ်ပါဝင်၏။ နိကဟ်ပြုထားခြင်းမရှိသည့် မိန်းမ၊ ယောက်ျားတို့ တစ်ဦးနှင့်တစ်ဦး မကြည့်ရဟူသည် တားမြစ်အမိန့်ဖြစ်၏။ ထိုတားမြစ်ချက်ကို ဖောက်ဖျက်ခြင်း မရှိစေရန် စိတ်ထားနှင့် အတွေးကို ထိန်းသိမ်းထားရမည်။ ထိုသို့ထိန်းထားခြင်းကိုပင် ဆွဗရ်ဟုခေါ်သည်။ ဆွဗရ်ဟု ပြောလျှင် အများအားဖြင့် ဆင်းရဲရင် ဆွဗရ်လုပ်၊ ဒုက္ခရောက်ရင် ဆွဗရ်လုပ်၊ လိုချင်တာ မရသေးလျှင် ဆွဗရ် စသဖြင့် လောကီရေးတွင်သာ ဆွဗရ်ကို ကျင့်သုံးရမည်ဟု ယူဆထားသည်။ ဆွဗရ်သည် ထိုအခြေအနေတစ်ခု နှစ်ခုစာအတွက်သာ ကျင့်သုံးရသည်မဟုတ်ပါ။ အထက်တွင် ဖော်ပြခဲ့သလို ကောင်းမှုလုပ်ရာတွင်လည်း ဆွဗရ်လိုအပ်သလို မကောင်းမှု မလုပ်ရန်အတွက်လည်း ဆွဗရ်လိုအပ်သည်။ နမားဇ်မဖတ်လိုစိတ်သည် မကောင်းမှုဖြစ်သည်။ ယင်းစိတ်ကို ချိုးနှိမ်ခြင်းသည် ဆွဗရ်ဖြစ်၏။ သူစိမ်းများအား ကြည့်ခြင်းသည် မကောင်းမှု၊ ရုပ်ရှင်ကြည့်ခြင်းသည် မကောင်းမှု၊ သီချင်းနားထောင်ခြင်းသည် မကောင်းမှု၊ ဂိမ်းဆော့နေခြင်းသည် မကောင်းမှုဖြစ်၏။ ယင်းအရာများ လုပ်လိုစိတ်အား ချိုးနှိမ်၍ အလ္လာဟ်မကြိုက်ပါဟု နှလုံးသွင်းကာ စိတ်ကို ထိန်းကျောင်းထားခြင်းကို ဆွဗရ်ဟုခေါ်သည်။ ထို့ကြောင့် ဆွဗရ်ကို ဘေးဒုက္ခ၊ မစားမသောက်ရသည့်အချိန်တွင်သာ ကျင့်သုံးရသည်မဟုတ်ဘဲ အလ္လာဟ်ခိုင်းထားသည်ကို လုပ်၍ တားထားသည့်အရာတို့မှ ရှောင်ကြဉ်ရာတွင်လည်း ကျင့်သုံးရမည်။ ဤဆွဗရ်နှစ်မျိုးကို ကောင်းစွာကျင့်သုံးနိုင်သူအတွက် လောကီ လောကုတ္တရာနှစ်ဌာနသည် အေးချမ်းသာယာ ချမ်းမြေ့ဖွယ် အတိပင် ဖြစ်နေပါလိမ့်မည်။

(၃) ဘေးဒုက္ခ၊ အခက်အခဲတို့တွင်  ကြုံတွေ့ချိန်တွင် အလ္လာဟ်အရှင်ကို ကျေးဇူးကန်းစကား မဆိုမိစေရန် ဆွဗရ်လုပ်ခြင်း
ဤဆွဗရ်သည် လူတိုင်းသိသည့် ဆွဗရ်ဖြစ်၏။ မစားရလျှင် ဆွဗရ်လုပ်၊ လူသေရင် ဆွဗရ်လုပ်၊ နေမကောင်းရင် ဆွဗရ်လုပ်၊ ဆင်းရဲရင်ဆွဗရ်လုပ် စသည့်ပုံစံများတွင် ကျင့်သုံးကြသည်။ မြေကြီးပေါ်တွင် အသက်ရှင်နေစဉ် ဤဆွဗရ်အမျိုးအစားကို ကျင့်သုံးပါက လောကတွင် ဂုဏ်ရှိစွာ နေခွင့်ရမည်။ စိတ်ချမ်းသာစွာ နေခွင့်ရပေမည်။ လောဘကို သတ်သည့်အရာသည် ဤဆွဗရ်ပင်ဖြစ်၏။ ဒေါသမီးကို ဆွဗရ်ဖြင့် ငြိမ်းသတ်ရမည်။ ထိုသို့လုပ်နိုင်သွားပါက လောကတွင် အေးချမ်းစွာ နေထိုင်ခွင့်ရသည်။ ဤအခြေအနေတို့တွင် အဓိကဆွဗရ်မှာ အလ္လာဟ်အရှင်မြတ်အား ကျေးဇူးကန်းစကား မပြောမိရန် ထိန်းသိမ်းရသည့် ဆွဗရ်ဖြစ်၏။ ပူဆွေးသောကကြောင့် ငိုခွင့်၊ ၀မ်းနည်းခွင့်၊ ရှိုက်ကြီးတငင် ဖြစ်ခွင့်ရှိသည်။ သို့သော် ငါ့ကိုမှရွေးဖြစ်ရသလား၊ အခြားသူမရှိတော့ဘူးလားစသဖြင့် ကျေးဇူးကန်းစကား မဆိုရန် ဆွဗရ်ပြုရပါမည်။ ဘေးဒုက္ခကြောင့် စိတ်သောကရောက်သည်မှာ အပြစ်မဟုတ်သေးပါ။ ထိုဒုက္ခကြောင့် ကျေးဇူးကန်းစကားများ ပြောခြင်း၊ ရင်ထုပွဲများ လုပ်ခြင်း၊ ငိုပွဲကျင်းပခြင်းတို့သည် အပြစ်ဖြစ်ပေသည်။

**ဆွဗရ်ပြုရန် အရေးကြီးလိုအပ်သည့် အချိန်
အခက်အခဲ အကြပ်အတည်း ရောဂါဝေဒနာ ပူဆွေးသောက  စိတ်မချမ်းမြေ့မှု စသည်တို့ ကြုံလာရင် မည်သူ့ထံမှ အကူအညီတောင်းမည်နည်း။ မည်သူ့ထံမှ အကူအညီတောင်းသင့်သနည်း။ ယင်း၏ အဖြေမှာ ဦးစွာ ဆွဗရ်ဖြင့် အကူအညီရယူပါ။ ထို့နောက် နမားဇ်ဖြင့် အလ္လာဟ်ထံမှအကူအညီတောင်းပါ။ အလ္လာဟ်အရှင်သည် ဆွဗရ်ပြုသူများနှင့် အတူရှိနေသည်ဟု အလ္လာဟ်အရှင်မြတ်ကိုယ်တိုင် မိန့်ထားသည်။ ထိုမှပင် ဆွဗရ်ကိုကျင့်သုံးရန် လွန်စွာအရေးကြီးကြောင်း သိရှိရသည်။ ဆွဗရ်ရှိသူများနှင့် အတူ အလ္လာဟ်ရှိမည်ဟု အထူးပြုမိန့်ရခြင်း၏ အကြောင်းတစ်ရပ်မှာ နမားဇ်ဖတ်သူသည် ဆွဗရ်ပြုနိုင်သူသာလျှင်ဖြစ်ပြီး ဆွဗရ်မပြုနိုင်သူသည် နမားဇ်မဖတ်ပေ။ အဘယ့်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်၏ အမိန့်ကိုလိုက်နာရန် မိမိကိုယ်ကိုယ် ထိန်းချုပ်ထားခြင်းသည်လည်း ဆွဗရ်ပင်ဖြစ်သည်။ အလ္လာဟ်လုပ်ခိုင်းထားသည့် အမိန့်များအနက်တစ်ခုမှာ နမားဇ်ဖြစ်သည်။ ဆွဗရ်ကို အဝတ်အစားပမာ စွဲမြဲစွာလက်ကိုင်ပြုထားသူသာလျှင် ထိုနမားဇ်အတွက် အဆင်သင့်ပြုနိုင်ပေမည်။ ၎င်းသူတွင် စိတ်သောကများနေ၍ နမားဇ်မဖတ်နိုင်ခြင်း၊ မဖတ်ဖြစ်ခြင်းဟူသည့် အခြေအနေမျိုးမရှိပေ။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် စိတ်ချောက်ခြားဖွယ်အခြေအနေနှင့်ကြုံတွေ့ရပါက ချက်ချင်းပင် နမားဇ်ဖတ်လိုက်သည်။ နမားဇ်မှ စိတ်၏ တည်ငြိမ်မှုကို ရစေသည်။ ထို့အတူ ဆွဗရ်မှလည်း စိတ်တည်ငြိမ်မှုကို ရစေသည်။ လူသားသည် အလ္လာဟ်၏ စီမံမှုကို လက်ခံနိုင်စွမ်းရှိသွားခြင်းကသာလျှင် ဆွဗရ်မှရရှိသည့် အလင်းရောင်ဖြစ်ပေသည်။



လူတွင် သည်းခံခြင်းခန္တီတရားဟူသည့် ဆွဗရ်မရှိလျှင် အကြိမ်ပေါင်းများစွာ ကြေကွဲဝမ်းနည်းနေရပေမည်။ လောက၏ လောကဓံတရားကို မခံနိုင်သည့်အဆုံးတွင် မိမိကိုယ်ကိုယ် သတ်သေလိုက်ကြသည်။ စိတ်ဒုက္ခဒဏ်၊ ပူဆွေးသောကများ၊ အရှက်တကွဲဖြစ်ခြင်းများကို မခံနိုင်၍ ယင်းဒုက္ခတို့မှ လွတ်ရာလွတ်ကြောင်းအဖြစ် မိမိကိုယ်ကိုယ်သတ်သေလိုက်သည်။ သေလျှင်ပြီးပြီဟူသည့်သဘောဖြင့် လွတ်ကျွတ်မှုယူလိုက်သည်။ အစ္စလာမ်တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းကို ဟရာမ်အဖြစ်သတ်မှတ်ထားသည်။ ၎င်းတို့မှတ်ယူသလို သေပြီးနောက် ဘာမှဖြစ်မလာလျှင်တော့ ဒုက္ခမှ လွတ်သွားခြင်းဖြစ်မည်။ အမှန်မှာ လောကမှ သေခြင်းသည် အဆုံးသတ်သွားခြင်း မဟုတ်ပါ။ သေခြင်းဟူသည် လောကတစ်ခုမှ နောက်တစ်ခုသို့ ကူးပြောင်းသွားခြင်းသာဖြစ်သည်။နောက်လောကတစ်ခုတွင် ယခုထက် ပိုကောင်းသည့်အခြေအနေကို ရမလား၊ ပိုဆိုးသည်ကိုသာ ကြုံတွေ့ရမည်လားဟူသည်ကို မည်သူမျှ မသိပေ။ ထို့ကြောင့် ဤလောကမှ သေခြင်းကို ကိုယ့်ဖာသာရွေးချယ်ပြီး ဒုက္ခမှလွတ်မြောက်မှုယူလိုက်ခြင်းသည် အမှန်တကယ်လွတ်မြောက်သွားခြင်းမဟုတ်ပေ။ ထို့ကြောင့် ကုရ်အာန်ကျမ်းမြတ်နှင့် ဟဒီးစ်တော်မြတ်များတွင် ဆွဗရ်ပြုရန် အလွန်အလေးထား တိုက်တွန်းထားရခြင်း ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် လောက၏ မည်သည့်သောက အခြေအနေကို ကြုံတွေ့နေရသည်ပဲဖြစ်ပါစေ၊ ဘာသာရေးဒုက္ခပေးမှုများ၊ အခြေအနေဆိုးများ စသည့်အခက်အခဲများကို ဆွဗရ်ဖြင့် ကြံ့ကြံ့ခံရပ်တည်ကာ ရင်ဆိုင်ယှဉ်ပြိုင်ရပေမည်။ ဆွဗရ်ဖြင့် ဒုက္ခတို့ကို အနိုင်ယူရပေမည်။ ဤသည်မှာ ဆွဗရ်ခန္တီတရားကို လက်ကိုင်ထား ကျင့်သုံးသူတို့၏ နည်းစနစ်ဖြစ်ပေသည်။

ဆွဗရ်မလုပ်ရမည့်နေရာ
လုပ်ရပ်တိုင်းတွင် လုပ်ရမည့်နေရာ၊ မလုပ်ရမည့်နေရာဟူ၍ ရှိသည်။ ဆွဗရ်တွင်လည်း မလုပ်ရမည့်နေရာဟူ၍ ရှိသည်။ ကောင်းမှုကို ညွှန်သည့်အချိန်နှင့် မကောင်းမှုမှ တားမြစ်ခြင်းတို့တွင် ဆွဗရ်မလုပ်ရပါ။ အစ္စလာမ့်ရှရီအသ်တွင် တားထားသည့် လုပ်ရပ်တစ်ခုခု ကိုယ့်မွစ်လင်မ်ညီနောင်က လုပ်နေသည်ကို တွေ့သိလျှင် ချက်ချင်းလက်ငင်းတားမြစ်ရမည်။ ဤနေရာတွင် ဆွဗရ်မလိုအပ်ပါ။ မွစ်လင်မ်အမျိုးသမီးက လုံခြုံမှုမရှိသည်များ ၀တ်ဆင်ထားလျှင် ချက်ချင်းတားရမည်။ ကောင်းမှုဖြစ်သည့် လုံခြုံသည့်အ၀တ်အစားအား ညွှန်ပြပေးရမည်။ အမျိုးသားများ ခြေမျက်စိဖုံးနေလျှင်၊ ဒါရီရိတ်နေလျှင် ချက်ချင်း တားမြစ်ရမည်။ သားသမီးများ၊ ကလေးငယ်များ ဆဲနေလျှင်၊ လိမ်စကားပြောလျှင် ချက်ချင်းပြုပြင်ရမည်။ အဓိကဆိုလိုသည်မှာ ရှရီအသ်မှ တားထားသည့် လုပ်ရပ်များ၊ အစ္စလာမ့်ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် အမူအကျင့်များ ပါဝင်လာလျှင် ယင်းတို့အား တားရမည်။ ထိုသို့တားရန်အတွက် အနည်းငယ် စောင့်ဆိုင်းပြီးမှ စသဖြင့် ဆွဗရ်ကို ကျင့်သုံးနေရန် မလိုအပ်ပါ။ မဟုတ်တာကို မဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုတားမြစ်ရပေမည်။

နိဂုံး
လောကတွင်ရှင်နေခြင်း၏ အဓိကရည်ရွယ်ချက်မှာ အာခိရသ်တွင် သာယာစွာနေနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ကြရန်ဖြစ်၏။ ယင်းသို့ကြိုးပမ်းရာတွင် လိုအပ်သည့် လုပ်ဆောင်ချက်များတွင် ပထမဦးဆုံးမှာ ရှိရ်က်ကင်းစင်သည့် အီမာန်ရှိရန်ဖြစ်သည်။ အီမာန်ရှိပြီးနောက်တွင် မွစ်လင်မ်အတွက် သတ်မှတ်ပြဌာန်းချက်များ ရှိလာပြီဖြစ်သည်။ ယင်း သတ်မှတ်ချက်များကို လိုက်နာကျင့်သုံးရန်အတွက် ဒုတိယအချက်အနေဖြင့် ဆွဗရ်လိုအပ်ပေသည်။ ဆွဗရ်သည် လောကီ လောကုတ္တရာနှစ်ခုလုံးအတွက် အလင်းအိမ်တစ်ခုဖြစ်သည်။ လောကတွင် ရှင်စဉ်ယင်းအလင်းအိမ်ကို ရအောင် ကျင့်ယူရမည်။ အလင်းအိမ်ရသွားလျှင် သက်တမ်းတစ်ခုလုံးကို အထိအခိုက်နည်းပါးစွာ ဖြတ်သန်းသွားနိုင်မည်။ ပြစ်မှုများ နည်းပါးအောင် ပြုလာနိုင်မည်။ ကောင်းမှုများ ပိုများအောင် ကျင့်လာနိုင်မည်။ ဤသို့နှင့် လောကမှခွဲခွာ၍ ဒုတိယဌာန လောကုတ္တရာသို့ပြောင်းရွှေ့သွားချိန်တွင် သာယာပြီး ဇိမ်ရှိသော အာခိရသ်တစ်ခုကို အဆင်သင့်ရရှိပါမည်။ အလ်မုဖီးဒ်၏ စာရှုသူမိတ်ဆွေများအနေဖြင့် ဆွဗရ်တစ်မျိုးတည်းမဟုတ်ပဲ အမျိုးအစား သုံးခုလုံးကို အပြည့်အ၀ကျင့်သုံးကာ အလ္လာဟ်ချီးမြှင့်မည့် အာခိရသ်၏ စည်းစိမ်ကို အရ ယူကြပါရန် တိုက်တွန်းအပ်ပါသည်။

Credit, အလ်မုဖီးဒ်က ရေးသားသည်။



လောက(ဒွန္နယာ)၏ သာယာစိမ်းစိုမှုသည် ခဏသာဖြစ်ခြင်း




လောက ကမ္ဘာကြီးကို လူတို့အတွက် ရှုချင့်စဖွယ်ဖြစ်အောင် ဖန်ဆင်းပေးထားသည်။ ထိုသို့ ဖန်ဆင်းပေးထားရခြင်း၏ အကြောင်းအရင်းကို ကုရ်အာန်ကျမ်း စူရဟ် ကဟဖ်တွင် အောက်ပါအတိုင်း မိန့်ထားပေသည်။ اِنَّاجَعَلْنَا مَاعَلَي الْاَرْضِ زِيْنَةً لَّهَالِنَبْلُوَهُمْ اَيُّهُمْ اَحْسَنُ عَمَلًا وَاِنَّالَجعِلُوْنَ مَاعَلَيْهَاصَعِيْدًاجُرُزًا "ဧကန်မလွဲ ငါအရှင်မြတ်သည် လူတို့အား ၎င်းတို့အနက် မည်သူသည် အကျင့်အမူအားဖြင့် အကောင်းဆုံးဖြစ်သည်ကို စမ်းသပ်တော်မူအံ့သောငှာ ပထဝီမြေပေါ်၌ ရှိကုန်သော အရာဝတ္ထုများကို ငါအရှင်မြတ်သည် ယင်းပထဝီမြေ၏ အလှများ ပြုလုပ်တော်မူခဲ့လေ၏။ တစ်ဖန် ငါအရှင်မြတ်သည် ယင်းပထဝီမြေပေါ်၌ ရှိရှိသမျှတို့ကို အမှန်ပင် သွေ့ခြောက်သော မြေတလင်းအဖြစ် ပြုလုပ်တော်မူမည့် အရှင်မြတ်လည်း ဖြစ်တော်မူပေသတည်း။ " (စူရဟ်ကဟဖ်၊ အာယသ် ၇၊ ၈) ဤသည်မှာ ကျွန်ုပ်တို့လက်ရှိ မြင်တွေ့ နှစ်သက်နေသည့် ကမ္ဘာကြီးကို လှပအောင်ပြုလုပ်ပေးထားခြင်း ရည်ရွယ်ချက်ပင်ဖြစ်သည်။ လောက၏ လှပမှုကို အခြေခံပြီး မည်သူက အလ္လာဟ်အမိန့်များကို နာခံလိုက်နာသနည်းဟူသည်ကို စစ်ဆေးရန်ဖြစ်သည်။ ကမ္ဘာ၏ အလှအပ သာယာကြည်နူးဖွယ် စိမ်းစိုနေမှုတို့သည် တစ်နေ့တွင် ချုပ်ငြိမ်း၍ မြေပြင်ကြီးအဖြစ်သာ ပြုလုပ်လိုက်မည်ကိုလည်း အလ္လာဟ်အရှင်မြတ်က အထက်ပါ အာယသ်တွင် သတိပေးထား၏။ ထို့ကြောင့် လောက၏ စိမ်းစိုသာယာမှုတို့သည် နေ့ရက်အနည်းငယ်အတွက်သာ ဖြစ်ပေသည်။ အမြဲအတွက်မဟုတ်။ အမြဲတန်း သာယာလှပနေခြင်းကို ဤလောကအတွက် မသတ်မှတ်ထားပေ။ ကျွန်ုပ်တို့လူသားတို့သည် ဝတ်ရည်စုပ်ငှက်ပမာ လောကဥယျာဉ်ထဲရောက်လာပြီး မတည်မြဲသည့် ချိုမြိန်မှုတို့ကို မြည်းစမ်းကာ ရွှင်မြူး တွန်ကြူးနေလေသည်။ တစ်နေ့တွင် ဤသာယာချိုမြိန်မှုအပေါင်းကို စွန့်လွှတ်သွားရမည့်အကြောင်း၊ ရတနာသိုက်၏ သော့များကို ရှာဖွေရန်၊ အမြဲပျော်နေရမည့် နေရာမဟုတ်ကြောင်းတို့ကို မေ့နေကြသည်။ ဤ ခဏတာပျော်နေ ရွှင်နေ၊ ကြည်နူးနေရခြင်းကို စိတ်ချမ်းမြေ့မှုအစစ်၊ ပျော်ရွှင်မှုအမှန်ဟု စိတ်တွင် မှတ်ယူနေကြသည်။ ပျော်ရွှင်ချမ်းမြေ့မှုအစစ်အမှန်မှာ မကုန်ဆုံး မရပ်တန့် နောက်ကြောင်းပြန်မလှည့်မည့် ဌာနေ၏ ပျော်ရွှင်မှုသာလျှင် ဖြစ်ပေသည်။ ထိုနေရာ၏ စိတ်ချမ်းမြေ့မှုတို့သည် မည်သည့်အခါမှ ကုန်ဆုံးမည်မဟုတ်ပါ။ ထိုသို့ မကုန်ဆုံးမည့်နေရာမှ ချမ်းမြေ့သာယာမှုကသာလျှင် ပျော်ရွှင်မှု စိတ်ချမ်းသာမှုအစစ်အမှန် ဖြစ်ပါသည်။

အာခိရသ်အတွက် စိုက်ပျိုးရမည့်နေရာ လောကပါ

အလ္လာဟ်အရှင်မြတ်က ဤသာယာလှပသည့် ကမ္ဘာကို ဖန်ဆင်းထားရခြင်းမှာ ၎င်းကို အသုံးချ၍ နောက်ရလာမည့် လောကတစ်ခုကို အဆင်သင့် သာယာလှပစိမ်းစိုနေအောင် ပြုလုပ်ရန်အတွက် ဖြစ်သည်။ သို့သော်လူသားသည် ဒွန္နယာတွင်သာ ပျော်မွေ့နေပြီး အာခိရသ်အတွက် တွေးပူခြင်း မရှိပေ။ အလ္လာဟ်အရှင်မြတ်သည် ဒွန္နယာတွင် ဇနီး၊ သားသမီး၊ ခင်ပွန်း၊ ဥစ္စာဓန၊ ငွေကြေးများ၊ လယ်ယာကိုင်းကျွန်းများကို လူသား၏ အဆင်တန်ဆာအဖြစ် ပေးအပ်ထားသည်။ ဤအရာတို့ဖြင့် လူတို့သည်လည်း ဂုဏ်ယူမှုပြုကြပေသည်။ သို့ရာတွင် အကောင်းဆုံးသော ရလဒ်သည် အလ္လာဟ်ထံပါးတွင်သာ ရှိပြီး ဒွန္နယာတွင် ရလဒ်ကောင်းအစစ် မရှိပေ။ အလ္လာဟ်ထံမှ အကောင်းဆုံးသော ရလဒ်ကို ရယူနိုင်ရန် ဤလောကမှ အသင့်ပြင်သွားရမည်။ ဒွန္နယာဟူသည် အာခိရသ်အတွက် စိုက်ပျိုးရမည့် လယ်ယာပင် ဖြစ်သည်။ လောက၏ နှစ်သက်မြတ်နိုးဖွယ်ရာတို့ကို အရင်းတည်ပြီး နောင်တမလွန်ကို စည်းကားလှပကောင်းမွန်အောင် ကြိုးပမ်းရပေမည်။

ဟဒီးစ်တော်များတွင် "လောကသည် တမလွန်၏ ယာမြေဖြစ်သည်" ဟူသည့် စာသားကို ဤသို့ရှင်းပြထားသည်။ ဂျန္နသ်သည် လွင်တီးခေါင်ပြင်ဖြစ်၏။ အီမာန်ရှင်၏ ကျင့်ဆောက်တည်မှုတို့က ဂျန္နသ်၏လွင်ပြင်ကို ဥယျာဉ်ဖြစ်စေမည်။ လောကတွင် ကျွန်ုပ်တို့ စွန္နသ် ၁၂ရကအသ်ဖတ်လိုက်လျှင် ဂျန္နသ်တွင် အဆောက်အဦးတစ်ခု အဆင်သင့်ဖြစ်သွားသည်။ ဤလောကတွင် စွဗ်ဟားနလ်လာဟ် တစ်ကြိမ်ဖတ်လျှင် ဂျန္နသ်တွင် သစ်ပင်တစ်ပင် ပေါက်လေသည်။ ကျွန်ုပ်တို့က လောကတွင် အလ္လာဟ်၏ အိမ်ပြုလုပ်လျှင် အလ္လာဟ်အရှင်မြတ်က ဂျန္နသ်တွင် ကျွန်ုပ်တို့အတွက် ရွှေအုတ်ငွေအုတ်တို့ဖြင့် နန်းတော်တစ်ခု အဆင်သင့်ပြုလုပ်လိုက်သည်။ အကယ်၍သာ ဤလောကမှ နေ၍ ဂျန္နသ်ကို ဆင်ယဉ်စိုက်ပျိုးခြင်းများ မပြုထားလျှင် ဂျန္နသ်သည် လွင်ပြင်သာဖြစ်နေမည်။ အီမာန်ရှင်တိုင်း၏ ဂျန္နသ်သည် ၎င်းတို့ပြုလုပ်ခဲ့သည့်အမလ်နှင့်အညီ စည်ကား၍ စိမ်းစိုလှပနေပါမည်။ (ဂျန္နသ်အတွက် ဤလောကမှနေ၍ စိုက်ပျိုးရပြီး အသီးအပွင့်ကို ဂျန္နသ်ရောက်သည့်အခါ ခံစားစံစားရမည်။ ရှင်းရှင်းပြောရလျှင် မသေမီလောကမှနေ၍ ကောင်းမှုလုပ်ပါ။ သေပြီးနောက်တွင် လှပသည့် ဂျန္နသ်ကို အဆင်သင့်ရမည် ဖြစ်ပါသည်။
(အိလ်မီးခုသ်ဗားသ်)

အာခိရသ်၏ စည်းစိမ်ကို ရရှိမည့်သူများ




အို နဗီတမန်တော်၊ အသင်သည် (လူသားတို့အား) ပြောကြားပါလေ။ အကျွန်ုပ်သည် အသင်တို့အား ထို(လောကီစည်းစိမ်များ)ထက် ပိုမိုသင့်မြတ်သောအရာများကို အကြောင်းကြားရပါမည်လော။ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့  ရိုသေခံ့ညား၍ ဒုစရိုက်မှုတို့ကို ကြဉ်ရှောင်သော သူတော်စင်များအဖို့ ယင်းသူတို့အား မွေးမြူတော်မူသော အရှင်မြတ်ထံတော်၌ ဥယျာဉ်တော်များ ရှိပေသည်။ ထိုဥယျာဉ်တော်များ၏ အောက်မှ စမ်းရေချောင်းများသည် စီးဆင်းလျက်ရှိသည်။ ယင်းသူတို့သည် ထိုဥယျာဉ်တော်များတွင် အမြဲထာဝရ နေကြရမည့်သူများပင် ဖြစ်ကြပေသည်။ (ထို့ပြင် ယင်းသူတို့အဖို့ စင်ကြယ်သန့်ရှင်း အပြစ်ကင်းသော ဇနီးများလည်း ရှိကြပေသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုလည်း ရှိပေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (မိမိ၏) ကျွန်များ၏ အခြေအနေအဖြစ်အပျက်အလုံးစုံကို ခွဲခြား သိမြင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ အို ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင် ကျွန်တော်မျိုးတို့သည် မလွဲဧကန် အရှင်မြတ်ကို သက်ဝင်ယုံကြည်ကြပါပြီ။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ ပြစ်မှုဒုစရိုက်တို့ကို ခွင့်လွှတ်တော်မူပါ။ ၎င်းပြင် နောင်တမလွန်ဘဝတွင် ကျွန်တော်မျိုးတို့အား ငရဲမီးဘေးမှလည်း ကာကွယ်စောင့်ရှောက်တော်မူပါဟု လျှောက်ထားပန်ကြားကြလေသည်။
အပြစ်ရှောင်ကြဉ်သော်ထိုသူတို့သည် သည်းခံခြင်းတရားနှင့် ပြည့်စုံသောသူများ၊ စိတ်နှလုံး ဖြောင့်မတ်မှန်ကန် ငြိမ်သက်တည်ငြိမ်သော သစ္စာဝါဒီများ၊ အလ္လာဟ်အရှင်မြတ် ရှေ့တော်မှောက်တွင် ခယရိုကျိုးသူများ၊ အစ္စလာမ်တရားတော်နှင့်အညီ သဒ္ဒါစေတနာထက်သန်စွာ လှူဒါန်းသုံးစွဲပေးကမ်းစွန့်ကြဲသူများ၊ ညဥ့်၏နောက်ဆုံးယံ အရုဏ်တက်ချိန်များတွင် အလ္လာဟ်အရှင်မြတ်အထံတော်တွင် မိမိတို့အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားသူများ ဖြစ်ကြလေသတည်း။ (စူရဟ် အာလိအင်မ်ရားန်၊ ကဏ္ဍ ၃၊ ပါဒအမှတ် ၁၅ မှ ၁၇)

မွစ်လင်မ်တို့၏ အဓိကပန်းတိုင်မှ အာခိရသ်၏အောင်မြင်မှုဖြစ်ပြီး ဂျန္နသ်ရရှိခြင်းပင် ဖြစ်သည်။ အာခိရသ်တွင် အောင်မြင်ရန်၊ ဂျန္နသ်ရရန် လိုအပ်သည့်အရာများအား အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် ကုရ်အာန်ကျမ်းဂန်တွင် အသေးစိတ် ညွှန်ပြထားပေသည်။ ဂျန္နသ်သည် အလွန်တန်ဖိုးကြီးသော အရာဖြစ်၏။ ဂျန္နသ်ကို လွယ်လွယ်နှင့်မရနိုင်ပါ။ လွယ်လွယ်ဟူသည်မှာ လောကတွင် ရှင်သန်နေစဉ် ပေါ့ပေါ့နေ ပေါ့ပေါ့စား အများယောင်တိုင်း လိုက်ယောင်ပြီး အဆုံးတစ်နေ့ ထမ်းစဉ်ပေါ်မှ ကဗရ်တွင်း သက်ဆင်းကာ အာခိရသ်၏ သုခစည်းစိမ်များအား တမဟုတ်ခြင်း ရရှိနိုင်မည်မဟုတ်။ အချို့က အလ္လာဟ်သနားရင် ရပြီ၊ အလ္လာဟ့်ရဟ်မသ်ရရင် ရပြီ စသည့် အပေါ့စကားဆိုကြသည်။ အာခိရသ်တွင် အောင်မြင်ရန် ထိုမျှလွယ်ကူလျှင်၊ အလ္လာဟ့်ရဟ်မသ်ရရန် ထိုမျှလွယ်ကူရိုးမှန်လျှင် တမန်တော်အာဒမ်မှစလို့ နဗီ ရစူလ်အပေါင်းနှင့် သူတော်မွန်အားလုံးတို့သည် အခက်အခဲဒုက္ခများ ဘာသာရေးလေးစားမှု အလ္လာဟ်အရှင်အား ကြောက်ရွံ့မှုများနှင့် လောကီဒုက္ခများအား သည်းခံမျိုသိပ် ခံစားနေကြမည်မဟုတ်ပါ။ အာခိရသ်သည် ကျွန်ုပ်တို့ထင်မြင် ယူဆသည်ထက် အဆပေါင်းများစွာ ခက်ခဲပါသည်။ အထက်ပါအာယသ်တွင် အာခိရသ်၏ စည်းစိမ်ကို မည်သည့်အရည်အချင်းရှိသူတို့က ရကြမည်ကို ရှင်းလင်းစွာဖော်ပြပေးထားသည်။ အာခိရသ်တွင် အောင်မြင်ရန် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများ မလိုအပ်ကြောင်းကို အထက်ပါအာယသ်မှ အလွန်ရှင်းလင်းစွာ သိရပါမည်။

အာခိရသ်၏ စည်းစိမ် အောင်မြင်မှုရရှိရန် လိုအပ်သည့်အရာများမှာ (၁) အီမာန်၊ (၂) အပြစ်များမှ အမှားဝန်ချတောင်းပန်ခြင်းနှင့် ပြစ်ဒဏ်မခတ်ရန် အလ္လာဟ်အရှင့်ထံပါး တောင်းခံခြင်း၊ (၃) သည်းခံမှုရှိခြင်း၊ (၄) မှန်ကန်သူ သစ္စာရှိသူဖြစ်ခြင်း၊ (၅) အလ္လာဟ်အရှင်မြတ်ရှေ့မှောက်တွင် ခယရို့ကျိုးသူ၊ (၆) လှူဒါန်းသူ၊ (၇) သဟဂ်ျဂျွဒ်မြဲသူ၊ (၈) သောဝ်ဗာ အမှားဝန်ခံ၍ နောက်နောင်ကို အပြစ်မကျူးလွန်ပါကြောင်း ကတိပြုသူတို့ဖြစ်သည်။

အာခိရသ်တွင် အောင်မြင်ရန်၊ တန်ဖိုးရှိသော ဂျန္နသ်၏ တန်ကြေးကိုပေးဆောင်နိုင်ရန် အလ္လာဟ်အရှင်မြတ်က မိမိကို သက်ဝင်ယုံကြည်သော အဖန်ဆင်းခံတို့အတွက် အလွန်လွယ်ကူသော စည်းကမ်းချက်များအား ပြသပေးထားပေသည်။ မွစ်လင်မ်တိုင်း အာခိရသ်တွင် အောင်မြင်လိုကြသည်။ အောင်မြင်ရန် နည်းလမ်းအတိုင်း ကျင့်သုံးမှသာလျှင် လိုလားချက်က ပြည့်ဝမည်။ အောင်မြင်မှုတစ်ခုသည် စည်းစနစ်တကျဖြစ်ရပါမည်။ သတ်မှတ်စံချိန်ကို ပြည့်မှီသူသည် အလ္လာဟ်အရှင်မြတ် ကတိပေးထားသည့် အောင်မြင်မှုကို မုချရရှိမည်။ ထို့ကြောင့် မွစ်လင်မ်တို့အနေနှင့် အဓိကပန်းတိုင်ဖြစ်သည့် အာခိရသ်တွင် အောင်မြင်မှုရရန် အလ္လာဟ်အရှင်မြတ် လမ်းညွှန်ပေးထားသည့် အညွှန်းအတိုင်း ကျင့်သုံး နေထိုင်ကြပါရန် တိုက်တွန်းအပ်ပါသည်။ သူတစ်ပါး၏ လုပ်ဆောင်ချက်သည် သူ့အတွက်သာ ဖြစ်သည်။ ကိုယ့်အတွက်မဟုတ်ပါ။ လောကတွင်ပင် ကိုယ်လုပ်မှ ကိုယ်ရမည်ဟု ခံယူလျှင် မည်သည့်အကူအညီမှ မရသည့် အာခိရသ်အတွက် ကိုယ်တိုင်ကိုယ်ကျ ပို၍ပင် လုပ်ဆောင်ရမည်ဖြစ်ပါသည်။

အလ်မုဖီးဒ်

Wednesday, July 6, 2016

ရမဿွာန်ခွဲခွာသွားသော်လည်း



ရမဿွာန်လမြတ် နှုတ်ဆက်ထွက်ခွာသွားသော်လည်း .......
သရာဝီဟ်မဖတ်ရတော့ပေမယ့် နဖိလ်နမားဇ်များ ဖတ်ခွင့်ရှိသေးသည်။ နဖိလ်နမားဇ်များ စွန္နသ်နမားဇ်များ သောင်ဗဟ်နမားဇ်များအား တစ်နှစ်ပတ်လုံး ဆောက်တည်ပြီးနောက် နောက်တစ်ခေါက် ရမဿွာန်ကို ပြန်လည်ကြိုဆိုကြရမည်။

ရမဿွာန်လမြတ် နှုတ်ဆက်ထွက်ခွာသွားသော်လည်း .......
ရိုဇဟ်များ နှုတ်ဆက်မသွားသေးပါ။ ဖရ်ဇ်ရိုဇဟ်ပြီးနောက် နဖိလ်ရိုဇဟ်များ ထားခွင့်ရှိသေးသည်။ တစ်နှစ်ပတ်လုံး၏ ရိုဇဟ်များဖြင့် နောက်တစ်ခေါက် ရမဿွာန်ကို ပြန်လည်ကြိုဆိုကြရမည်။

ရမဿွာန်လမြတ် နှုတ်ဆက်ထွက်ခွာသွားသော်လည်း .......
ဇကားသ်ပေးခြင်း၏ တာဝန်တို့ ကျေပွန်ပြီး ဖြစ်သည်။ သို့သော်လည်း နောက်တစ်နှစ် ဇကားသ်တာဝန်အတွက် ယခုကတည်းက စာရင်းများ စတင်ပြုစုထားရမည်။ နဖိလ်စွဒကဟ်များ ပေးကမ်းလှူဒါန်းရမည်။ စွဒကဟ်အလှူ၏ ကုသိုလ်များအား တစ်နှစ်လုံး စုဆောင်းပြီး နောက်တစ်နှစ်ရမဿွာန်ကို ပြန်လည်ကြိုဆိုရမည်။

ရမဿွာန်လမြတ် နှုတ်ဆက်ထွက်ခွာသွားသော်လည်း .......
နဖိလ်အုမ္မရဟ်များ ပြုခွင့်ရှိနေသေးသည်။ ဟဂ်ျအခါသမယက ပြန်လည်ကြိုဆိုနေပြီ၊ ကုရ်ဘာနီအတွက် စိုင်းပြင်းကြမည်၊ မလိုသူတို့၏ ရန်စကားများ တွန်းထုတ်ချေဖျက်ကာ အလ္လာဟ်အမိန့်ကို နာခံကြမည်၊ စိတ်ရိုင်းကို ဓားထက်ထက်အောက်ဝယ် ဇဗဟ်ပြုကြပါမည်။

ရမဿွာန်လမြတ် နှုတ်ဆက်ထွက်ခွာသွားသော်လည်း .......
ဇိကိရ်ပြုရန် တာဝန်သည် တစ်နှစ်ပတ် ကျန်နေသေးသည်။ ဂျန္နသ်တောင်းခံရမည့် အချိန်များ ဂျဟန္နမ်မှ လွတ်မြောက်မှုရရန် ပန်ကြားချက်များ ပြုနေရပါဦးမည်။ ကလိမဟ်ရဲ့ ဇိကိရ်များ အချိန်တိုင်း ပြုနေရပါဦးမည်။ အိစ်သိဂ်ဖာရ်ရဲ့ လန်းဆန်းမှုကို ရယူကြရပါဦးမည်။ ဒရူးဒ်ပို့ကာ အရသာ ခံယူရပါဦးမည်။ တစ်နှစ်ပတ်လုံးကို ဇိကိရ်ဖြင့် စိုပြေစေပြီး နောက်တစ်နှစ်ရမဿွာန်ကို ဇိကိရ်ပြုသော နှုတ်လျှာတစ်စုံဖြင့် ပြန်လည် ကြိုဆိုကြရမည်။

ရမဿွာန်လမြတ် နှုတ်ဆက်ထွက်ခွာသွားသော်လည်း .......
ရုပ်ရှင်ကြည့်လျှင် အပြစ်ထိုက်ခြင်းက မထွက်ခွာသွားပါ။ တစ်နှစ်ပတ်လုံး ဘယ်အချိန်မှာ ဘယ်လိုပဲကြည့်ကြည့် အပြစ်ထိုက်သည်။ ရမဿွာန်မှ တီဗွီတွေကို စောင်ခြုံထားသလို တစ်နှစ်ပတ်ခြုံထားလိုက်လျှင် မွစ်လင်မ်တို့ရရှိမည့် နောက်တစ်နှစ်ရမဿွာန်သည် ဒီ့ထက်ပိုပြီး ဂျန္နသ်လမ်းကို အမြန်ဖောက်နိုင်ပါမည်။ ရုပ်ရှင်မကြည့်သည့် တစ်နှစ်တာအဖြစ် ဒီနှစ်ရမဿွာန်မှ စတင်လိုက်ပြီး နောက်တစ်နှစ်ရမဿွာန်ကို ကြိုဆိုကြရမည်။

ရမဿွာန်လမြတ် နှုတ်ဆက်ထွက်ခွာသွားသော်လည်း .......
အတင်းပြောလျှင် အပြစ်ထိုက်ခြင်းများ ခွဲခွာမသွားပါ။ အတင်းမပြောသည့် အလေ့အကျင့်ကို ရမဿွာန်မှ ကျင့်ယူကာ နောက်ရမဿွာန်အထိ ကျင့်ကြံလျှက် ပါးစပ်သန့်သည့် မွစ်လင်မ်တစ်ဦးအဖြစ် နောက်တစ်နှစ်ရမဿွာန်ကို ကြိုဆိုကြရမည်။

ရမဿွာန်လမြတ် နှုတ်ဆက်ထွက်ခွာသွားသော်လည်း .......
ကျွန်ုပ်တို့၏ ခံစားချက်များ ထွက်ခွာမသွားပါ။ အီးဒ်ရဲ့အပြုံးတွေနောက်မှာ သွေးစက်လက်ကျနေတဲ့ အသည်းတစ်စုံက အမှန်တရားရဲ့ လက်များကို စောင့်ကြိုနေသည်။ ထိတ်လန့်နေသည့် မတ်စ်ဂျိဒ်များက နှစ်သိမ့်ပေးမည့် နမာဇီများကို မျှော်လင့်နေသည်။ တစ်ဖက်သက် အနှိပ်ကွပ်ခံရခြင်း အစွန်းတစ်ဖက်မှ ပြန်ထမလာရန် မျှော်လင့်ချက်များ နောက်တစ်နှစ် ရမဿွာန်ထိ ရှိနေပါသည်။

ရမဿွာန်လမြတ် နှုတ်ဆက်ထွက်ခွာသွားသော်လည်း .......
နမားဇ်ငါးကြိမ်တိုင်းအား မတ်စ်ဂျိဒ် (ဗလီ)သို့သွား၍ ယောက်ျားပီပီ ဂျမာအသ်ဖြင့် ဆောက်တည်ရမည့်တာဝန်များ၊ စဲဟ်ရီပြီးလျှင် ဖဂျရ်သွားသည့်တာဝန်က ရမဿွာန်ပြီးသွားသော်လည်း တာဝန်မပြီးသေးကြောင်း အဇာန်သံက ဖိတ်ခေါ်နေပါသည်။ ဂျမာအသ်မြဲပြီး နေ့စဉ်၏ ဖဂျရ်မှာ မတ်စ်ဂျိဒ်ပြည့်မည့် နေ့ရက်များအား မစ်ဂျိဒ်တိုင်းက လိုလားနေသည်။ ဂျမာအသ်မြဲသည့် ယောက်ျားကောင်းများအဖြစ် နောက်တစ်နှစ်ရမဿွာန်ကို ကြိုဆိုကြရမည်။

ရမဿွာန်လမြတ် နှုတ်ဆက်ထွက်ခွာသွားသော်လည်း .......
နောက်တစ်နှစ် ရမဿွာန်က ပြန်ရောက်လာဦးမည်။ ကြုံမည် ဆုံမည် မသေချာသော လူ့ဘ၀၀ယ် သေချာသည့် အာခိရသ်အတွက် ပြင်ဆင်လျှက် အလ္လာဟ်ခေါ်လျှင် လက်ဗ်ဗိုင်းက် ထူးကာ အရှင့်ရှေ့မှောက် ပြုံးရွှင်စွာ ၀င်ရောက်နိုင်ဖို့အရေး ဒီရမဿွာန်က နည်းစနစ်တွေ လေ့ကျင့် သင်ပေးနေသည်။ ရမဿွာန်ပြီး၍ သင်တန်းဆင်းသွားလျှင် လေ့ကျင့်ပေးလိုက်သည့် နည်းစနစ်အတိုင်း တစ်နှစ်ပတ်လုံး နေထိုင်သွားသူက လောကရဲ့ ပြစ်မှုတွင်းမှ ရုန်းထွက်နိုင်သူတစ်ဦး ဖြစ်လာမည်။ နောက်တစ်နှစ်ရမဿွာန်ကို စွမ်းရည်အပြည့်ဖြင့် ပြိုင်နိုင်မည်။ ဒီနှစ်ရမဿွာန်ထက် နောက်နှစ်ရမဿွာန်က ပိုကောင်းနေရမည်။ ဒီနှစ်ရမဿွာန်ကနေ တစ်နှစ်ပတ်လုံးအား ရမဿွာန်အတိုင်းနေထိုင်၍ နောက်နှစ်ရမဿွာန်ကို ကြိုဆိုကြရမည်။

ရမဿွာန်လမြတ် နှုတ်ဆက်ထွက်ခွာသွားသော်လည်း .......
အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်၊ မဂ်ဖိရသ်များ ဗရကသ်များ ကဗူလ်ပြုခြင်းများ မခွဲခွာသွားပါ။ တစ်နှစ်ပတ်လုံး ချီးမြှင့်ရန် ရယူမည့် အီမာန်ရှင်အတွက် တံခါးဖွင့်ထားသည်။ အရှင့်ရဟ်မသ်များကို တစ်နှစ်ပတ်လုံး အရယူ၍ နောက်နှစ်၍ ရမဿွာန်ကို ကြိုဆိုကြမည်။

ရမဿွာန်လမြတ် နှုတ်ဆက်ထွက်ခွာသွားသော်လည်း .......
မနှုတ်ဆက်သွားသည့် အရာများ များစွာကျန်နေခဲ့သည်။ ကြိုတင်ပြင်ဆင်မှုများ လုပ်ရပါဦးမည်။ အီးဒ်ရောက်လာသော်လည်း ခံစားချက်များ မပျောက်ကွယ်ဘဲ ရှိနေဆဲနဲ့ နောက်တစ်နှစ် ရမဿွာန်ကို ကောင်းမှုအင်အား အမှန်တရား၏ လမ်းများဖောက်ထွင်းလျှင် အမှားကိုဖြိုခွင်း မတရားမှုများ ထောင်ချ အောင်မြင်မှုအလံ လှမ်းကိုင်လျှက် ကြိုဆိုကြရမည်ဖြစ်ကြောင်း အသိတရား သွန်းလောင်းကာ မွစ်လင်မ်အားလုံးနှင့်အတူ အီးဒ်အခါသမယကို ကြိုဆိုလိုက်ပါသည်။

အလ်မုဖီးဒ်

Monday, July 4, 2016

ကူနူးသိနာဇိလဟ်အကြောင်း




ကုနူးသ်ဟူသည့်စကားလုံးအား အဓိပ္ပါယ်များစွာကို ရည်ညွှန်းရာတွင် အသုံးပြုသည်။ အမိန့်နာခံခြင်း၊ ခ၀ပ်ကိုးကွယ်ခြင်း၊ နာခံလိုက်နာမှုတွင် စွဲမြဲစွာရှိခြင်း၊ နမားဇ်၊ မတ်တပ်ရပ်ခြင်း၊ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း၊ တောင်းဆုပြုခြင်း၊ ရို့ကျိုးခြင်း၊ တိတ်ဆိတ်ငြိမ်သက်စွာနေခြင်း ဟူသည့် အဓိပ္ပါယ်များအတွက် သုံးစွဲသည်။ ဟဒီးစ်တစ်ပုဒ်တွင် နမားဇ်အတွင်း အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း (طُوْلِ قِيَام) အား ကုနူးသ် (طُوْلِ قُنُوْت) ဟူသည့်စကားလုံးဖြင့် ဖော်ပြထားသည်။ အခြားဟဒီးစ်တော်များတွင်လည်း ကုနူးသ်ဟူသည့် စကားလုံးအား ဆုတောင်းခြင်းနှင့် သီးသန့်တောင်းဆုပြုသည့် အခြေအနေတို့အတွက် ရည်ညွှန်း သုံးစွဲထားသည်။

ကုနူးသ်အမျိုးအစား
အဓိပ္ပါယ်အရ တောင်းဆု (ဒုအာ)တိုင်းကို ကုနူးသ်ဟု ခေါ်ဆိုသည်။ ဖိကဟ်ပညာရှင်တို့က ကုနူးသ်ကို သီးသန့်တောင်းဆုနှစ်ခုအတွက် သုံးစွဲသည်။ တစ်ခုမှာ ၀ိသိရ်နမားဇ်တွင် ဖတ်ရသော ကုနူးသ်ဖြစ်သည်။ ကုနူးသ်နောက်တစ်ခုမှာ အခက်အခဲ၊ အကြပ်အတည်းနှင့် ဘေးဒုက္ခများ ကြုံတွေ့ရချိန်၌ ဖတ်ရသည်။ ကုနူးသိနာဇိလဟ်ဟုသည့် အမည်ဖြင့် လူသိများကြသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ကိုယ်တိုင် ညှင်းပမ်းနှိပ်စက်ခံနေရသည့် မွစ်လင်မ်များအတွက် တောင်းဆုပြုရာတွင်လည်းကောင်း၊ မတရားပြု နိုင်ထက်စီးနင်းပြုကာ အနိုင်ယူနှိပ်စက်သည့် အစ္စလာမ့်၏ မဟာရန်သူကြီးများ၏ ဒုက္ခပေးမှုများမှ လွတ်မြောက်စေရန်လည်းကောင်း ရည်ရွယ်၍ ကုနူးသိနာဇိလဟ်ကို ဖတ်ခဲ့ပါသည်။ ဟဇရသ်အဗ်ဒွလ္လာဟ်ဗင်န်မတ်စ်အူးဒ်၏ ဆင့်ပြန်ချက်တွင် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် အိဆ်ွယဟ်နှင့် ဇက်ဝါးန်တို့အား ဗဒ်ဒုအာပြုသည့်အနေဖြင့် ကုနူးသိနာဇိလဟ်အား တစ်လဖတ်ခဲ့ကြောင်း ဖော်ပြပါရှိသည်။ ဗုခါရီကျမ်းတွင် ဟဇရသ်အဗူဟုရိုင်ရဟ်၏ ဆင့်ပြန်ချက်ကို အောက်ပါအတိုင်း ဖော်ပြထားသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် မက္ကဟ်မြို့တွင် အဖမ်းခံထားရသည့် မွစ်လင်မ်များဖြစ်သော ၀လီးဒ်ဗင်န်ဝလီးဒ်နှင့် စလမဟ်ဗင်န်ဟေရှားမ်တို့အတွက် ဖဂျရ်နမားဇ်တွင် ကုနူးသိနာဇိလဟ် ဖတ်ခဲ့သည်။

မတရားပြုခံနေရခြင်း၊ ညှင်းပမ်းနှိပ်စက်ခံနေရခြင်း၊ မွစ်လင်မ်တို့သည် ဘေးအန္တရာယ်ပြု ရန်မူ ဖျက်ဆီးနှောက်ယှက်ခံရချိန် မတရားသတ်ဖြတ်ခံရချိန်တို့တွင် ကုနူးသိနာဇိလဟ် ဖတ်ခြင်းသည် စွန္နသ်ဖြစ်ပါသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် နှင့်တကွ ခုလာဖာအေရာရှေဒီးန် ဆွဟာဗဟ်ကြီးများသည် အခြေအနေတစ်ခုခုနှင့် ရင်ဆိုင်ကြုံတွေ့ရချိန်များတွင် နမားဇ်၏ ရုကူအ်ပြီးနောက် သို့မဟုတ် ရုကူအ်မပြုမီတို့တွင် မွစ်လင်မ်တို့၏ ရပိုင်ခွင့်များ ရရှိအောင်နိုင်ရန် ဆုတောင်းခြင်းနှင့် ကုဖ်ဖါရ်များ ကျဆုံးစေရန် ဗဒ်ဒုအာပြုသည့်အနေဖြင့် ကုနူသီနာဇိလဟ်ဖတ်ခဲ့ကြသည်။ ပြင်းထန်ဆိုးရွားသည့်အခြေအနေများ ရင်ဆိုင်ကြုံတွေ့လာတိုင်း ကုနူးသိနာဇိလဟ်ဖတ်ကို အရေးတယူ ဖတ်ခဲ့ကြသည်။ ထိုသို့ဖတ်ခြင်းကို မစွန့်လွှတ်ခဲ့ကြပေ။

မုစိုင်လမဟ်ကဇ္ဇားဗ်နှင့် ရင်ဆိုင်တိုက်ခိုက်ချိန်တွင် ဟဇရသ်အဗူဗက္ကရ်သခင်သည် နမားဇ်တွင် ကုနူသီနာဇိလဟ်ဖတ်ခဲ့သည်။ ဟဇရသ်အုမရ်သခင်သည် အဲဟ်လေ့ကိသားဗ်တို့နှင့် ယှဉ်ပြိုင်နေချိန်တစ်လျှောက်လုံး ကုနူသိနာဇိလဟ်ဖတ်ခဲ့သည်။ ဟဇရသ်အလီနှင့် ဟဇရသ်မုအာဝိယဟ်တို့သည် နှစ်ဦးသား ယှဉ်ပြိုင်ချိန်တွင် ကုနူသိနာဇိလဟ်ဖတ်ခဲ့ကြသည်။

တမန်တော်မြတ်ကိုယ်တိုင်နှင့် ဆွဟာဗဟ်ကြီးများပင်လျှင် အလ္လာဟ်အရှင်မြတ်ကို အားကိုးအားထားပြုခြင်းတွင် ဒုအာဖြင့် (တစ်နည်း) ကုနူသီနာဇိလဟ်ဖြင့် အကူအညီတောင်းခံခဲ့ကြပါသည်။ ထိုစဉ်က လူကိုယ်တိုင် ပါဝင်လှုပ်ရှားနိုင်သည့် အခါသမယမျိုးဖြစ်၏။ ယနေ့ကျွန်ုပ်တို့မွစ်လင်မ်များ ကြုံတွေ့နေရသည့် အခြေအနေကို ကျွန်ုပ်တို့ကိုယ်တိုင် အသိဆုံးပင် ဖြစ်၏။ မတ်စ်ဂျိဒ်များလည်း တစ်ခုပြီး တစ်ခု ရှဟီးဒ်ဖြစ်နေရသည်။ လူများလည်း ကျီးလန့်စာစားနေရသည်။ ပေးဆပ်ခဲ့ရသည် သွေးစက်များလည်း မရည်မတွက်နိုင်အောင်ပင်။ ကမ်းကုန်အောင် ညှင်းပမ်းနှိပ်စက်ခံနေရသည့် ဤသို့သော အခြေအနေမျိုးတွင်ပင် ကျွန်ုပ်တို့ ကူနူသီနာဇိလဟ်မဖတ်ကြခြင်းမှာ အထက်က ပုဂ္ဂိုလ်များထက် အစွမ်းသတ္တိများ ပိုရှိနေ၍လားဟူ၍ပင် အတွေးဝင်ရပါသည်။ ကူနူသိနာဇိလဟ်ဖတ်ဖို့ပင်လျှင် ဂိုင်ရ်ကောင်မ်ကို ကြောက်နေကြလျှင် အစ္စလာမ့်ကလိမဟ်ကို မြှင့်တင်ဖို့ဟူသည့်အကြောင်းအရာကို အတွေးထဲပင် မထည့်ပါတော့နှင့်။ အလ္လာဟ်ထံက အကူအညီတောင်းဖို့ ဘယ်သူ့မှ ကြောက်စရာမလိုပါ။ ဆွဟာဗဟ်များသည် သတ္တိအရာတွင် စံမတူ ထူးခြားပြောင်မြောင်လှသော မဟာလူသားများဖြစ်ကြသည်။ ၎င်းတို့ပင်လျှင် ကူနူသီနာဇိလဟ်ကို ဖတ်ခဲ့သည်ဆိုလျှင် ကျွန်ုပ်တို့ကဲ့သို့ အညတရအတွက် အဘယ်မျှ ဖတ်ရန် လိုအပ်နေသည်ကို ရေးပြဖို့ပင် မလိုပါ။ အစ္စလာမ့်ကလိမဟ်ကို မြှင့်တင်ရန် ဦးစွာ အလ္လာဟ်ထံမှ တောင်းခံရပါမည်။

ကူနူသိနာဇိလဟ်၏ စာသားများသည် ဆင့်ပြန်ချက်အများစုတွင် တူညီကြပြီး အပိုပါသည့် ဆင့်ပြန်ချက်များလည်း ရှိသည်။

ကူနူသီနာဇိလဟ်ဖတ်နည်း
ဆင့်ပြန်ချက်အများစုတွင် တမန်တော်မြတ်သည် ဖဂျရ်နမားဇ်ပြီးနောက်တွင် ကုနူသီနာဇိလဟ်ဖတ်ခဲ့ကြောင့်း ဖော်ပြထားသလို အခြားသောနမားဇ်များတွင် ဖတ်ခဲ့ကြောင်း ဆင့်ပြန်ထားသည်များလည်း ရှိ၏။ ဟဇရသ်အနတ်စ်၏ ဆင့်ပြန်ချက်တွင် ဖဂျရ်နမားဇ်အပြင် မဂ်ရိဗ်နမားဇ်တွင်လည်း ဖတ်ခဲ့ကြောင်း ပါရှိ၏။ ဟဇရသ်အဗူဟုရိုင်ရဟ်က ဇုဟုရ်နှင့် အိရှာအ်နမားဇ်တို့တွင်လည်း ဖတ်ခဲ့ကြောင်း ဆင့်ပြန်ထားသည်။ ထို့ကြောင့် ကြုံတွေ့နေရသည့် အခက်အခဲဒုက္ခ၏ အခြေအနေကို ချင့်ချိန်ပြီး ကုနူးသိနာဇိလဟ်ကို နမားဇ်တစ်ကြိမ်ထက်ပို၍ ဖတ်ခွင့်ရှိသည်။ ကုနူသိနာဇိလဟ်ကို နမားဇ်၏ နောက်ဆုံးရကအသ် ရုကူအ်မှ ပြန်ထပြီးနောက်တွင် မတ်တပ်ရပ်လျက် ဖတ်ရမည်။ ထိုအချိန် လက်မပိုက်ထားလည်း ရသည်။ လက်ပိုက်ထားခြင်းက ပိုကောင်း၏။ ကုနူသီနာဇိလဟ်ကို အိမာမ်သည် အသံကျယ်ဖြင့်လည်း ဖတ်နိုင်သလို အသံတိုးတိုးဖြင့်လည်း ဖတ်ခွင့်ရှိသည်။ ထိုသို့ဖတ်နေချိန် မွတ်က်သဒီများသည် တိတ်ဆိတ်စွာ ရပ်နေနိုင်သည်။ အသံတိုးတိုးဖြင့် အာမီးန်လိုက်ခြင်းက ပိုကောင်း၏။ ကူနူသိနာဇိလဟ်၏ စာသားများကို အလွတ်ရထားပါကလည်း တီးတိုးစွာ လိုက်ဖတ်နေရမည်။

ကုနူသိနာဇိလဟ် ဖတ်ထိုက်သည့်အခြေအနေ
အာဏာပိုင်မှ မွစ်လင်များအား မတရားပြုလာချိန်၊ ရန်သူတို့က မတရားသည့်နည်းလမ်းဖြင့် အနိုင်ယူ ညှင်းပမ်းနှိပ်စက်ချိန်၊ ကူးစက်ရောဂါပြန့်ပွားခံနေရချိန်၊ အခက်အခဲဒုက္ခ စိုးရိမ်နေရမှု တို့အား မွစ်လင်မ်တို့ ခံစားရချိန်တို့တွင် ကူနူသီနာဇိလဟ်ကို ဖတ်ထိုက်ပါသည်။ (ကူနူသိနာဇိလဟ်ဖတ်ရန် အဘယ်မျှလိုအပ်ကြောင်း တမန်တော်မြတ်နှင့် ဆွဟာဗဟ်ဖတ်ခဲ့ပုံကို ကြည့်၍ သိနိုင်ပါသည်။) ယင်းအခြေအနေများ အကောင်းဘက်သို့ မပြောင်းလဲမချင်း ဖတ်နေရမည်။ စိတ်ချနိုင်သည့်အခြေအနေကို မရမချင်း ဖတ်နေရပါမည်။

ကျမ်းကိုး၊ ကာမူစွလ်ဖိကဟ်၊ တွဲ ၄၊ စာ ၅၂၆။ နမားဇ်ကေးမစာအိလ်အင်န်စိုင်ကလိုပီးဒီးယား၊ တွဲ ၃ ၊ စာ ၂၈၈

ယနေ့အခါသမယတွင် မွစ်လင်မ်တို့အား ဘက်ပေါင်းစုံမှ အကြောင်းအမျိုးမျိုးပြ၍ နိုင်ထက်စီးနင်းပြုနေကြသည်။ အသက် အိုး အိမ် စည်းစိမ်မှစ၍ မတ်စ်ဂျိဒ်များ မဒရ်စာများ ဂျမာအသ်ခါနာများ တစ်ခုမှ အေးချမ်းမှုမရကြပါ။ ရက်စက်ခံရခြင်း၏ သွေးစက်များ ယနေ့အထိ မခြောက်သွေ့သေးပါ။ သို့သော် ကျွန်ုပ်တို့မွစ်လင်မ်တို့၏ သွေးများ ခြောက်သွေ့နေသည်။ သွေးအတွင်း ရေရောနေပြီဖြစ်၏။ ကလိမသွလ္လာဟ်ကို မြှင့်တင်ရန် ဤဒုအာမှ စတင်ရပါမည်။ သက်ရှိဖြစ်သည့် လူများကိုပင် ရက်စက်ခဲ့သူတို့အတွက် အသက်မဲ့အဆောက်အဦးကို ဖျက်ဆီးရန် အခက်အခဲမရှိပါ။ သို့သော် မွစ်လင်မ်တို့အတွက် အစ္စလာမ့်၏ အပ်တစ်ချောင်း အဖျက်ဆီးခံရခြင်းပင်လျှင် နာတတ်ရပါမည်။ မိမိတစ်ကိုယ်စာ ပျော်နေ၍ မပြီးပါ။ အ၀ိုင်းကြီးတစ်ခုအတွင်းရှိနေသော ကျွန်ုပ်တို့အတွက် ယင်းဒုက္ခများကြုံတွေ့ရန် တစ်ချိန်မဟုတ် တစ်ချိန် အလှည့်ကျလာပါလိမ့်မည်။ ကလိမသွလ္လာဟ်ကို ချစ်ပါက ရစူလွလ္လာဟ်ပြခဲ့သည့် နည်းကို ကျင့်သုံးကြပါ။

Credit, အလ်မုဖီးဒ် (aaitee.blogspot.com)က ရေးသားသည်။

Sunday, July 3, 2016

အီးဒ်လက်ဆောင်


အစ္စလာမ်ဘာသာ၌ တစ်နှစ်ပတ်လုံးအတွက် အီးဒ်နှစ်ရက်သတ်မှတ်ပေးထားသည်။ တစ်ခုမှာ အီဒွလ်ဖိသ်ရ် ဖြစ်ပြီး နောက်အီးဒ်တစ်ခုမှာ အီဒွလ်အဿွ်ဟာ ဖြစ်၏။ အီးဒ်နှစ်ခုလုံးသည် တစ်နှစ်လုံးတွင် တစ်ကြိမ်ဆီ ဖရ်ဇ်ဖြစ်သည့် အမလ်များပြုပြီးနောက် ဆုပေးသည့်အနေဖြင့် ချီးမြှင့်ထားခြင်း ဖြစ်၏။ အီဒွလ်ဖိသ်ရ်ကို ရမဿွာန်လမြတ်တွင် ရိုဇဟ်ထားခြင်း နမားဇ်ဖတ်ခြင်း စသည့်အမလ်များကို လုပ်နိုင်စွမ်းပေးသနားသည့် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ခြင်း၊ ယင်းကောင်းမှုများ ပြုလုပ်နိုင်ခြင်းကြောင့် ပျော်ရွှင်မှုကို ဖော်ထုတ်သည့်အနေဖြင့် သတ်မှတ်ပေးထားခြင်း ဖြစ်၏။ အီဒွလ်အဿွ်ဟာကို တစ်ကမ္ဘာလုံးရှိ မွစ်လင်မ်များ စုပေါင်းပြီး အလ္လာဟ်အိမ်တော်တွင် ဧည့်သည်အဖြစ်ရောက်ရှိကာ အရှင့်အတွက် ဟဂ်ျပြုနေခြင်း၏ အဆုံးသတ်အဖြစ် အရှင့်ဘက်က ဧည့်သည်ကို ဧည့်ဝတ်ပြုသည့်အနေဖြင့် ချီးမြှင့်ထားခြင်းဖြစ်၏။

အီးဒ်သည် အိဗာဒသ်များ ပြုလုပ်ဆောင်ရွက်ခွင့်ရခြင်းကို အခြေခံသတ်မှတ်ထားသော အိဗာဒသ်ဆိုင်ရာ ပျော်ရွှင်မှုတစ်ရပ်ဖြစ်ပြီး လောကီနေထိုင်မှုနှင့် လျော်ညီစေရန် သတ်မှတ်ပေးထားသည်။ ထို့ကြောင့် အီးဒ်ဟူသည်မှာ ဒီးန်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုတစ်ခု ဖြစ်သောကြောင့် ထိုပျော်ရွှင်မှုကို ဖော်ထုတ်သည့် ပုံသဏ္ဍာန်သည်လည်း ဒီးန်နှင့် ကိုက်ညီမှု ရှိရပါမည်။

အီးဒ်၏ ပျော်ရွှင်မှုကို ဖော်ထုတ်ရန် အတွက် နမားဇ်နှစ်ရကအသ် (တစ်နည်း) အလ္လာဟ်အရှင်မြတ်ကို စဂ်ျဒဟ်ပြု၍ ဖော်ထုတ်ရန် နည်းစနစ်ပြသထားသည်။ ယင်းနည်းစနစ်ကို အခြေခံပြီး အီးဒ်၏ ကျန်အချိန်များကိုလည်း အစ္စလာမ့်ရှရီအသ်နှင့် ကိုက်ညီသည့် ပုံစံဖြင့် ကုန်ဆုံးရမည်။ စိတ်အလိုလိုက်၍ အစ္စလာမ်ဘာသာဝင် မဟုတ်သူတို့၏ လုပ်ရပ်များဖြင့် အီးဒ်ကို ကုန်ဆုံးလိုက်စေခြင်းသည် အလ္လာဟ်ကို ကျေနပ်အောင်လုပ်ရမည့်အစား စိတ်ဆိုးအောင်လုပ်ခြင်းပင် ဖြစ်ပါသည်။

အီးဒ်ဟူသည်မှာ သီချင်း၊ ရုပ်ရှင်များဖြင့် ဆူညံကာ ပုံပျက်ပန်းပျက် အပျော်လွန်နေရမည့် အချိန်မဟုတ်ပါ။ အီးဒ်ဟုဆိုလိုက်သည်နှင့် ရမဿွာန်တစ်လလုံး အချုပ်အနှောင်အတွင်း နေရကာ ယခုမှပင် လွတ်မြောက်လာသကဲ့သို့ အစွမ်းကုန် သောင်းကျန်းကြသည်။ ၀ါကျွတ်ဟု မြန်မာဘာသာဖြင့် အမည်တပ်သော်လည်း အလိုသဘောနှင့် ရလဒ်သတ်မှတ်မှုခြင်း လုံးဝမတူညီကြောင်း မွစ်လင်မ်တို့ သိထားရပါမည်။ အစ္စလာမ်၏ အီးဒ်သည် ကောင်းမှုများလုပ်ခြင်း၏ နောက်ဆုံးအဆုံးသတ်ည၊ အလ္လာဟ်အရှင်မြတ်က မိမိ၏အမိန့်နာခံခဲ့သော လူများအား မဂ်ဖိရသ်များ၊ ရဟ်မသ်များ၊ ဆုတောင်းမှုတိုင်းအား လက်ခံမည်ဟူသည့် ဆုထူးများ ပေးသည့်ည၊ နေ့ဖြစ်သည်။ အချုပ်အနှောင်မှ လွတ်မြောက်သည့်ည မဟုတ်ပါ။ ရမဿွာန်ဟူသည်မှာလည်း ချုပ်နှောင်ထားသည့်လ မဟုတ်ပေ။

အီးဒ်၏ နေ့၊ ညတို့အား သီချင်းများ ဆူညံစွာဖွင့်၍ ပျော်ကြသည်။ ယင်းပျော်ရွှင်နည်းသည် အစ္စလာမ့်နည်းလမ်း လုံးဝမဟုတ်ပါ။ သီချင်းနားထောင်ခြင်း၏ ဂုနာ၊ အိမ်နီးချင်းနှင့် အခြားသူများအား နားဒုက္ခပေးသည့် ဂုနာ၊ အလ္လာဟ်က ကျေးဇူးပြုနေသည့် အချိန်အခါသမယအား မကောင်းမှုဖြင့် ကုန်စေသည့်ဂုနာများပါ ခံရပါမည်။ မွစ်လင်မ်နှင့် ရုပ်ရှင်၊ မွစ်လင်မ်နှင့် သီချင်း လုံးဝမသက်ဆိုင်ပါ။ အီးဒ်ဟူသည် အိဗာဒသ်ပြုခွင့်ရခြင်းကို ကျေးဇူးတင်သော အိဗာဒသ်၏ နေ့တစ်နေ့ဖြစ်သည်။ အီးဒ်ညသည်လည်း ထူးကဲမွန်မြတ်သော ညများတွင် အပါအ၀င်ဖြစ်၏။ အိဗာဒသ်လုပ်ကာ အလ္လာဟ်အရှင်ကို ကျေးဇူးတင်ရမည့်ည ဖြစ်ပါသည်။ သီချင်း ရုပ်ရှင်များတွင် နစ်နေရမည့်ညမဟုတ်ပါ။

အီးဒ်၏ တစ်နေ့တာလုံးကိုလည်း အစ္စလာမ့်ပုံသဏ္ဍာန်ဖြင့်သာ ကုန်ဆုံးရမည်။ အီးဒ်ဟူသည် အစ္စလာမ်၏ နေ့ဖြစ်သည်။ အစ္စလာမ်ကို လက်မခံသောသူများ၏ နေ့မဟုတ်ပါ။ မိမိ၏ဆင်ယဉ်မှုသဏ္ဍာန်နှင့် အီးဒ်အပေါ် တန်ဖိုးထားမှုသည် အစ္စလာမ့်ရှရီအသ်အတိုင်း ဖြစ်ရပါမည်။ အိဗာဒသ်ကြောင့်ရရှိသော အီးဒ်ကို အိဗာဒသ်ဖြင့် ကုန်ဆုံးစေရမည်။

အီးဒ်ညကို အိဗာဒသ်ပြု၍ နိုးကြားစွာရှိနေခြင်းသည့် မွစ်သဟဗ်ဖြစ်သည်။

အီးဒ်တွင် မိန်းကလေးတို့သည် ဒန်းဆိုး၍ မိမိတို့ လက်များကို ဓါတ်ပုံရိုက်တင်ကြသည်။ အများစု ယင်းပြစ်မှုကို ကျူးလွန်ကြသည်။ အမျိုးသမီးသည် မိမိခန္ဓာကိုယ်တစ်ခုလုံးကို သူစိမ်းယောက်ျားသားများ မမြင်အောင် ဖုံးကွယ်ထားရန် ဖရ်ဇ်တာဝန်ဖြစ်သည်။ ဖရ်ဇ်တာဝန်ကို ချိုးဖောက်ခြင်းသည် ဟရာမ်ဖြစ်၏။ အမျိုးသမီးတို့အတွက် အီးဒ်နေ့ ဒန်းဆိုးရန် စွန္နသ် မွစ်သဟဗ် ဘာတစ်ခုမျှမဟုတ်ပါ။ အမျိုးသမီးဖြစ်ခြင်းကြောင့် အနည်းငယ် အလှဆင်ခွင့်ရှိခြင်းမျှသာ ဖြစ်၏။ ယင်းခွင့်ပြုချက်ကို အတိုင်းထက်အလွန်ပြု၍ ဖရ်ဇ် ၀ါဂျိဗ်တို့ထက် ကျော်လွန်ကာ ဟရာမ်ကိုပါ ကျူးလွန်ကြသည်။ ဒန်းဆိုးချင်၍ ဆိုးခြင်းသည် အပြစ်မဟုတ်သေးပါ။ ယင်းဆိုးပြီးသား ဒန်းကို လူမြင်ကွင်းအတွင်း ယူလာခြင်း၊ သူစိမ်းအမျိုးသားများအား ပြသခြင်း အားလုံးသည် ဟရာမ်ဖြစ်၏။ ယင်းလက်ပုံများအား နူရ်ရှိသည် မာရှာလာ သိပ်လှတယ် စသည်ဖြင့် အပိုစကားများပြောကာ အရသာခံသည့် ယောက်ျားသားအားလုံးသည်လည်း ပြစ်မှုကို ကျူးလွန်ခြင်းပင်ဖြစ်၏။ တားမြစ်ရမည့်လုပ်ရပ်ကို တားမြစ်ရမည်။ ကြည့်ပိုင်ခွင့်မရှိသောအရာအား ကြည့်ခြင်း၊ ကြည့်လာအောင် ပြခြင်းတို့သည် လအ်နသ်ကျမည့် လုပ်ရပ် အလ္လာဟ်ရဟ်မသ်မှ ဝေးစေသည့်လုပ်ရပ်ဖြစ်၏။


အီးဒ်ပြီးနောက် နဖိလ်ရိုဇဟ်ခြောက်လုံးထားကြသည်။ ယင်းခြောက်လုံးပြီးလျှင် ခြောက်လုံးအီးဒ်ဟု ထပ်လုပ်ကြသည်။ ခြောက်လုံးအီးဒ်ဟူသည့် အစ္စလာမ့်ရှရီအသ်တွင် မရှိပါ။ ရှရီအသ်တွင် မရှိသည့် ကိစ္စရပ်တစ်ခုကို အသစ်ထည့်ခြင်းပင်ဖြစ်သည်။ ယင်းဓလေ့ကို စွန့်လွှတ်ရပါမည်။ မွစ်လင်မ်တစ်ဦး၏ ပျော်ခြင်း၊ ၀မ်းနည်းခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း အခြေအနေလုပ်ရပ်တိုင်းသည် အစ္စလာမ်မှ ညွှန်ပြသည့်နည်းစနစ် တမန်တော်မြတ် ကျင့်ဆောက်တည်ပြခဲ့သည့် နည်းစနစ်တို့နှင့် ထပ်တူကျနေရပါမည်။

ရမဿွာန်တွင် ရုပ်ရှင် သီချင်းများအား ရှောင်ကြဉ်ခဲ့ကြသလို အီးဒ်မှစ၍ နောင်တစ်သက်လုံး ရှောင်ကြဉ်နိုင်ရန် ကြိုးစားပါ။ ယင်းအရာတို့သည် ရမဿွာန်တစ်လသာ ဟရာမ်ဖြစ်သည် မဟုတ်ပါ။ အခြေအနေ အချိန်အခါတိုင်းတွင် ဟရာမ် ဖြစ်ပါသည်။

အီးဒ်တွင် စဝါးဗ်ပေးပုံ၊ အီးဒ်ဖြစ်ပေါ်လာပုံ၊ ဆောင်ရန် ရှောင်ရန်နှင့် ခြောက်လုံးရိုဇာဆိုင်ရာ ပညတ်ချက်များအား အောက်ပါ Link တွင် ဆက်လက်ဖတ်ရှုပါ။
http://aaitee.blogspot.com/2015/07/blog-post_16.html

Cradit, အလ်မုဖီးဒ် (aaitee.blogspot.com)က ရေးသားသည်။