Monday, July 4, 2016

ကူနူးသိနာဇိလဟ်အကြောင်း




ကုနူးသ်ဟူသည့်စကားလုံးအား အဓိပ္ပါယ်များစွာကို ရည်ညွှန်းရာတွင် အသုံးပြုသည်။ အမိန့်နာခံခြင်း၊ ခ၀ပ်ကိုးကွယ်ခြင်း၊ နာခံလိုက်နာမှုတွင် စွဲမြဲစွာရှိခြင်း၊ နမားဇ်၊ မတ်တပ်ရပ်ခြင်း၊ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း၊ တောင်းဆုပြုခြင်း၊ ရို့ကျိုးခြင်း၊ တိတ်ဆိတ်ငြိမ်သက်စွာနေခြင်း ဟူသည့် အဓိပ္ပါယ်များအတွက် သုံးစွဲသည်။ ဟဒီးစ်တစ်ပုဒ်တွင် နမားဇ်အတွင်း အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း (طُوْلِ قِيَام) အား ကုနူးသ် (طُوْلِ قُنُوْت) ဟူသည့်စကားလုံးဖြင့် ဖော်ပြထားသည်။ အခြားဟဒီးစ်တော်များတွင်လည်း ကုနူးသ်ဟူသည့် စကားလုံးအား ဆုတောင်းခြင်းနှင့် သီးသန့်တောင်းဆုပြုသည့် အခြေအနေတို့အတွက် ရည်ညွှန်း သုံးစွဲထားသည်။

ကုနူးသ်အမျိုးအစား
အဓိပ္ပါယ်အရ တောင်းဆု (ဒုအာ)တိုင်းကို ကုနူးသ်ဟု ခေါ်ဆိုသည်။ ဖိကဟ်ပညာရှင်တို့က ကုနူးသ်ကို သီးသန့်တောင်းဆုနှစ်ခုအတွက် သုံးစွဲသည်။ တစ်ခုမှာ ၀ိသိရ်နမားဇ်တွင် ဖတ်ရသော ကုနူးသ်ဖြစ်သည်။ ကုနူးသ်နောက်တစ်ခုမှာ အခက်အခဲ၊ အကြပ်အတည်းနှင့် ဘေးဒုက္ခများ ကြုံတွေ့ရချိန်၌ ဖတ်ရသည်။ ကုနူးသိနာဇိလဟ်ဟုသည့် အမည်ဖြင့် လူသိများကြသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ကိုယ်တိုင် ညှင်းပမ်းနှိပ်စက်ခံနေရသည့် မွစ်လင်မ်များအတွက် တောင်းဆုပြုရာတွင်လည်းကောင်း၊ မတရားပြု နိုင်ထက်စီးနင်းပြုကာ အနိုင်ယူနှိပ်စက်သည့် အစ္စလာမ့်၏ မဟာရန်သူကြီးများ၏ ဒုက္ခပေးမှုများမှ လွတ်မြောက်စေရန်လည်းကောင်း ရည်ရွယ်၍ ကုနူးသိနာဇိလဟ်ကို ဖတ်ခဲ့ပါသည်။ ဟဇရသ်အဗ်ဒွလ္လာဟ်ဗင်န်မတ်စ်အူးဒ်၏ ဆင့်ပြန်ချက်တွင် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် အိဆ်ွယဟ်နှင့် ဇက်ဝါးန်တို့အား ဗဒ်ဒုအာပြုသည့်အနေဖြင့် ကုနူးသိနာဇိလဟ်အား တစ်လဖတ်ခဲ့ကြောင်း ဖော်ပြပါရှိသည်။ ဗုခါရီကျမ်းတွင် ဟဇရသ်အဗူဟုရိုင်ရဟ်၏ ဆင့်ပြန်ချက်ကို အောက်ပါအတိုင်း ဖော်ပြထားသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် မက္ကဟ်မြို့တွင် အဖမ်းခံထားရသည့် မွစ်လင်မ်များဖြစ်သော ၀လီးဒ်ဗင်န်ဝလီးဒ်နှင့် စလမဟ်ဗင်န်ဟေရှားမ်တို့အတွက် ဖဂျရ်နမားဇ်တွင် ကုနူးသိနာဇိလဟ် ဖတ်ခဲ့သည်။

မတရားပြုခံနေရခြင်း၊ ညှင်းပမ်းနှိပ်စက်ခံနေရခြင်း၊ မွစ်လင်မ်တို့သည် ဘေးအန္တရာယ်ပြု ရန်မူ ဖျက်ဆီးနှောက်ယှက်ခံရချိန် မတရားသတ်ဖြတ်ခံရချိန်တို့တွင် ကုနူးသိနာဇိလဟ် ဖတ်ခြင်းသည် စွန္နသ်ဖြစ်ပါသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် နှင့်တကွ ခုလာဖာအေရာရှေဒီးန် ဆွဟာဗဟ်ကြီးများသည် အခြေအနေတစ်ခုခုနှင့် ရင်ဆိုင်ကြုံတွေ့ရချိန်များတွင် နမားဇ်၏ ရုကူအ်ပြီးနောက် သို့မဟုတ် ရုကူအ်မပြုမီတို့တွင် မွစ်လင်မ်တို့၏ ရပိုင်ခွင့်များ ရရှိအောင်နိုင်ရန် ဆုတောင်းခြင်းနှင့် ကုဖ်ဖါရ်များ ကျဆုံးစေရန် ဗဒ်ဒုအာပြုသည့်အနေဖြင့် ကုနူသီနာဇိလဟ်ဖတ်ခဲ့ကြသည်။ ပြင်းထန်ဆိုးရွားသည့်အခြေအနေများ ရင်ဆိုင်ကြုံတွေ့လာတိုင်း ကုနူးသိနာဇိလဟ်ဖတ်ကို အရေးတယူ ဖတ်ခဲ့ကြသည်။ ထိုသို့ဖတ်ခြင်းကို မစွန့်လွှတ်ခဲ့ကြပေ။

မုစိုင်လမဟ်ကဇ္ဇားဗ်နှင့် ရင်ဆိုင်တိုက်ခိုက်ချိန်တွင် ဟဇရသ်အဗူဗက္ကရ်သခင်သည် နမားဇ်တွင် ကုနူသီနာဇိလဟ်ဖတ်ခဲ့သည်။ ဟဇရသ်အုမရ်သခင်သည် အဲဟ်လေ့ကိသားဗ်တို့နှင့် ယှဉ်ပြိုင်နေချိန်တစ်လျှောက်လုံး ကုနူသိနာဇိလဟ်ဖတ်ခဲ့သည်။ ဟဇရသ်အလီနှင့် ဟဇရသ်မုအာဝိယဟ်တို့သည် နှစ်ဦးသား ယှဉ်ပြိုင်ချိန်တွင် ကုနူသိနာဇိလဟ်ဖတ်ခဲ့ကြသည်။

တမန်တော်မြတ်ကိုယ်တိုင်နှင့် ဆွဟာဗဟ်ကြီးများပင်လျှင် အလ္လာဟ်အရှင်မြတ်ကို အားကိုးအားထားပြုခြင်းတွင် ဒုအာဖြင့် (တစ်နည်း) ကုနူသီနာဇိလဟ်ဖြင့် အကူအညီတောင်းခံခဲ့ကြပါသည်။ ထိုစဉ်က လူကိုယ်တိုင် ပါဝင်လှုပ်ရှားနိုင်သည့် အခါသမယမျိုးဖြစ်၏။ ယနေ့ကျွန်ုပ်တို့မွစ်လင်မ်များ ကြုံတွေ့နေရသည့် အခြေအနေကို ကျွန်ုပ်တို့ကိုယ်တိုင် အသိဆုံးပင် ဖြစ်၏။ မတ်စ်ဂျိဒ်များလည်း တစ်ခုပြီး တစ်ခု ရှဟီးဒ်ဖြစ်နေရသည်။ လူများလည်း ကျီးလန့်စာစားနေရသည်။ ပေးဆပ်ခဲ့ရသည် သွေးစက်များလည်း မရည်မတွက်နိုင်အောင်ပင်။ ကမ်းကုန်အောင် ညှင်းပမ်းနှိပ်စက်ခံနေရသည့် ဤသို့သော အခြေအနေမျိုးတွင်ပင် ကျွန်ုပ်တို့ ကူနူသီနာဇိလဟ်မဖတ်ကြခြင်းမှာ အထက်က ပုဂ္ဂိုလ်များထက် အစွမ်းသတ္တိများ ပိုရှိနေ၍လားဟူ၍ပင် အတွေးဝင်ရပါသည်။ ကူနူသိနာဇိလဟ်ဖတ်ဖို့ပင်လျှင် ဂိုင်ရ်ကောင်မ်ကို ကြောက်နေကြလျှင် အစ္စလာမ့်ကလိမဟ်ကို မြှင့်တင်ဖို့ဟူသည့်အကြောင်းအရာကို အတွေးထဲပင် မထည့်ပါတော့နှင့်။ အလ္လာဟ်ထံက အကူအညီတောင်းဖို့ ဘယ်သူ့မှ ကြောက်စရာမလိုပါ။ ဆွဟာဗဟ်များသည် သတ္တိအရာတွင် စံမတူ ထူးခြားပြောင်မြောင်လှသော မဟာလူသားများဖြစ်ကြသည်။ ၎င်းတို့ပင်လျှင် ကူနူသီနာဇိလဟ်ကို ဖတ်ခဲ့သည်ဆိုလျှင် ကျွန်ုပ်တို့ကဲ့သို့ အညတရအတွက် အဘယ်မျှ ဖတ်ရန် လိုအပ်နေသည်ကို ရေးပြဖို့ပင် မလိုပါ။ အစ္စလာမ့်ကလိမဟ်ကို မြှင့်တင်ရန် ဦးစွာ အလ္လာဟ်ထံမှ တောင်းခံရပါမည်။

ကူနူသိနာဇိလဟ်၏ စာသားများသည် ဆင့်ပြန်ချက်အများစုတွင် တူညီကြပြီး အပိုပါသည့် ဆင့်ပြန်ချက်များလည်း ရှိသည်။

ကူနူသီနာဇိလဟ်ဖတ်နည်း
ဆင့်ပြန်ချက်အများစုတွင် တမန်တော်မြတ်သည် ဖဂျရ်နမားဇ်ပြီးနောက်တွင် ကုနူသီနာဇိလဟ်ဖတ်ခဲ့ကြောင့်း ဖော်ပြထားသလို အခြားသောနမားဇ်များတွင် ဖတ်ခဲ့ကြောင်း ဆင့်ပြန်ထားသည်များလည်း ရှိ၏။ ဟဇရသ်အနတ်စ်၏ ဆင့်ပြန်ချက်တွင် ဖဂျရ်နမားဇ်အပြင် မဂ်ရိဗ်နမားဇ်တွင်လည်း ဖတ်ခဲ့ကြောင်း ပါရှိ၏။ ဟဇရသ်အဗူဟုရိုင်ရဟ်က ဇုဟုရ်နှင့် အိရှာအ်နမားဇ်တို့တွင်လည်း ဖတ်ခဲ့ကြောင်း ဆင့်ပြန်ထားသည်။ ထို့ကြောင့် ကြုံတွေ့နေရသည့် အခက်အခဲဒုက္ခ၏ အခြေအနေကို ချင့်ချိန်ပြီး ကုနူးသိနာဇိလဟ်ကို နမားဇ်တစ်ကြိမ်ထက်ပို၍ ဖတ်ခွင့်ရှိသည်။ ကုနူသိနာဇိလဟ်ကို နမားဇ်၏ နောက်ဆုံးရကအသ် ရုကူအ်မှ ပြန်ထပြီးနောက်တွင် မတ်တပ်ရပ်လျက် ဖတ်ရမည်။ ထိုအချိန် လက်မပိုက်ထားလည်း ရသည်။ လက်ပိုက်ထားခြင်းက ပိုကောင်း၏။ ကုနူသီနာဇိလဟ်ကို အိမာမ်သည် အသံကျယ်ဖြင့်လည်း ဖတ်နိုင်သလို အသံတိုးတိုးဖြင့်လည်း ဖတ်ခွင့်ရှိသည်။ ထိုသို့ဖတ်နေချိန် မွတ်က်သဒီများသည် တိတ်ဆိတ်စွာ ရပ်နေနိုင်သည်။ အသံတိုးတိုးဖြင့် အာမီးန်လိုက်ခြင်းက ပိုကောင်း၏။ ကူနူသိနာဇိလဟ်၏ စာသားများကို အလွတ်ရထားပါကလည်း တီးတိုးစွာ လိုက်ဖတ်နေရမည်။

ကုနူသိနာဇိလဟ် ဖတ်ထိုက်သည့်အခြေအနေ
အာဏာပိုင်မှ မွစ်လင်များအား မတရားပြုလာချိန်၊ ရန်သူတို့က မတရားသည့်နည်းလမ်းဖြင့် အနိုင်ယူ ညှင်းပမ်းနှိပ်စက်ချိန်၊ ကူးစက်ရောဂါပြန့်ပွားခံနေရချိန်၊ အခက်အခဲဒုက္ခ စိုးရိမ်နေရမှု တို့အား မွစ်လင်မ်တို့ ခံစားရချိန်တို့တွင် ကူနူသီနာဇိလဟ်ကို ဖတ်ထိုက်ပါသည်။ (ကူနူသိနာဇိလဟ်ဖတ်ရန် အဘယ်မျှလိုအပ်ကြောင်း တမန်တော်မြတ်နှင့် ဆွဟာဗဟ်ဖတ်ခဲ့ပုံကို ကြည့်၍ သိနိုင်ပါသည်။) ယင်းအခြေအနေများ အကောင်းဘက်သို့ မပြောင်းလဲမချင်း ဖတ်နေရမည်။ စိတ်ချနိုင်သည့်အခြေအနေကို မရမချင်း ဖတ်နေရပါမည်။

ကျမ်းကိုး၊ ကာမူစွလ်ဖိကဟ်၊ တွဲ ၄၊ စာ ၅၂၆။ နမားဇ်ကေးမစာအိလ်အင်န်စိုင်ကလိုပီးဒီးယား၊ တွဲ ၃ ၊ စာ ၂၈၈

ယနေ့အခါသမယတွင် မွစ်လင်မ်တို့အား ဘက်ပေါင်းစုံမှ အကြောင်းအမျိုးမျိုးပြ၍ နိုင်ထက်စီးနင်းပြုနေကြသည်။ အသက် အိုး အိမ် စည်းစိမ်မှစ၍ မတ်စ်ဂျိဒ်များ မဒရ်စာများ ဂျမာအသ်ခါနာများ တစ်ခုမှ အေးချမ်းမှုမရကြပါ။ ရက်စက်ခံရခြင်း၏ သွေးစက်များ ယနေ့အထိ မခြောက်သွေ့သေးပါ။ သို့သော် ကျွန်ုပ်တို့မွစ်လင်မ်တို့၏ သွေးများ ခြောက်သွေ့နေသည်။ သွေးအတွင်း ရေရောနေပြီဖြစ်၏။ ကလိမသွလ္လာဟ်ကို မြှင့်တင်ရန် ဤဒုအာမှ စတင်ရပါမည်။ သက်ရှိဖြစ်သည့် လူများကိုပင် ရက်စက်ခဲ့သူတို့အတွက် အသက်မဲ့အဆောက်အဦးကို ဖျက်ဆီးရန် အခက်အခဲမရှိပါ။ သို့သော် မွစ်လင်မ်တို့အတွက် အစ္စလာမ့်၏ အပ်တစ်ချောင်း အဖျက်ဆီးခံရခြင်းပင်လျှင် နာတတ်ရပါမည်။ မိမိတစ်ကိုယ်စာ ပျော်နေ၍ မပြီးပါ။ အ၀ိုင်းကြီးတစ်ခုအတွင်းရှိနေသော ကျွန်ုပ်တို့အတွက် ယင်းဒုက္ခများကြုံတွေ့ရန် တစ်ချိန်မဟုတ် တစ်ချိန် အလှည့်ကျလာပါလိမ့်မည်။ ကလိမသွလ္လာဟ်ကို ချစ်ပါက ရစူလွလ္လာဟ်ပြခဲ့သည့် နည်းကို ကျင့်သုံးကြပါ။

Credit, အလ်မုဖီးဒ် (aaitee.blogspot.com)က ရေးသားသည်။