Showing posts with label အာဒါးဗ်. Show all posts
Showing posts with label အာဒါးဗ်. Show all posts

Monday, November 30, 2015

သောက်သုံးခြင်းဆိုင်ရာ စွန္နသ်တော်များ


ရေနှင့်သက်ဆိုင်သည့် သိမှတ်ဖွယ်ရာအချို့ကို အောက်ပါလင့်များတွင် ဖတ်နိုင်ပါသည်။ page လင့်များ ဖြစ်ပါသည်

မည်သည့်ရေသည် အကောင်းဆုံးဖြစ်သနည်း
https://web.facebook.com/almufeed.mm/posts/644192369034689

ရေသောက်ခြင်း၏ နည်းလမ်းအမှန်
https://web.facebook.com/almufeed.mm/posts/643169105803682

သိမ်းထားလိုသူများ ဤလင့်ကို နှိပ်ပါ။
http://aaitee.blogspot.com/2013/10/blog-post_17.html

http://aaitee.blogspot.com/2013/11/blog-post_5.html

Saturday, March 21, 2015

ပညာရှိနှင့် ပညာမဲ့ခြားနားမှု


အကြင်သူသည် အဆိပ်၏ဂုဏ်သတ္တိကို သိနားလည်မှုမရှိခဲ့သော် အဆိပ်ကို ဆင်ခြင်ကင်းမဲ့စွာ သုံးစွဲမည်ဖြစ်၏။ အဆိပ်၏အန္တရာယ်ကို သိရှိနားလည်သူသည် ၎င်းကိုမသုံးစွဲမှီ မိမိအသက်ကို မုချဆုံးရှုံးစေနိုင်သည်ဟု ယုံကြည်မှု ရှိနေသဖြင့် ထိုအဆိပ်ကို မည်သည့်အခါမျှ သုံးစွဲမည်မဟုတ်ပေ။

ထို့အတူ ကျောက်မျက်ရတနာအကြောင်း နားမလည်သူ၏ ရှေ့မှောက်တွင် စိန်တစ်တုံးကျနေပါက ၎င်းကို အလေးထားအာရုံပြုမည်မဟုတ်ပေ။ စိန်အကြောင်း နားလည်သူကသာ ၎င်း၏တန်ဖိုးကိုပေး၍ အမိအရ ဝယ်ယူမည်ဖြစ်သည်။ ဤသူနှစ်ဦးသည် အမြင်ခြင်းတူညီကြသော်လည်း ခြားနားမှုရှိ၏။ တစ်ဦးသောသူသည် ကျောက်မျက်ရတနာ၏ပညာကို မသင်ခဲ့ရသဖြင့် စိန်၏တန်ဖိုးကို မသိနိုင်။ အခြားပုဂ္ဂိုလ်မှာ စိန်၏တန်ဖိုးကိုသိ၍ ကောင်းစွာဆုံးဖြတ်နိုင်စွမ်းရှိ၏။

ထိုသို့ပင် အရဗီစာပေမတတ်သောပုဂ္ဂိုလ်တစ်ဦး၏ ရှေ့မှောက်တွင် မည်မျှစာသားကောင်း၍ ရသမြောက်သော အရဗီစာအုပ်ကိုဖြစ်စေ ၎င်းစာအုပ်မှ စာသားများကိုဖြစ်စေ၊ တွေ့ရှိခဲ့သော် လှည့်၍ပင်ကြည့်မည်မဟုတ်ပါ။ ထိုသို့ပင် အင်္ဂလိပ်စာပေကို မတတ်ကျွမ်းသူ၏ ရှေ့မှောက်တွင် မည်မျှအနှစ်သာရရှိသော အင်္ဂလိပ်စာအုပ်တစ်အုပ်ကိုဖြစ်စေ၊ ၎င်းစာအုပ်မှ စာသားများကိုဖြစ်စေ တွေ့ရှိခဲ့သော် ထိုသူသည် ယင်းစာအုပ်ကို စက္ကူအညံ့စားထက်ပို၍ တန်ဖိုးထားမည်မဟုတ်ပေ။ ဤသို့ ခြားနားမှုရှိခြင်းကို ပြသလိုသည့်အတွက် အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်၌ ဤသို့ရှင်းပြထားတော်မူပေသည်။

هل يستوى الذين يعلمون والذين ﻻيعلمون ○
[ဟလ် ယဆ်သဝိလ် လဇီးမ ယအ်လမူးန ဝလ်လဇီးန လာယအ်လမူးန်]
ပညာရှိနှင့် ပညာမဲ့တို့နှစ်ဦးသည် အဘယ်မှာတူညီနိုင်ပါအံ့နည်း။

အမှန်မှာ လုံးဝမတူညီနိုင်ပေ။ အသိပညာရှိသောသူသည် ကောင်းကျိုးဆိုးကျိုးကို ခွဲခြားနိုင်၍ အသိပညာမဲ့သူသည် အကောင်းအဆိုးကို မခွဲခြားနိုင်ပေ။

ပမာပြုရသော် မော်တော်ကားဒရိုက်ဘာတစ်ဦးသည် စက်သံကိုကြားရုံမျှဖြင့် မိမိ၏ကား စက်ချို့ယွင်းသည်၊ မချို့ယွင်းသည်ကို တပ်အပ်သေချာသိမြင်နိုင်၏။ အကယ်၍ ချို့ယွင်းကြောင်းသိပါလျက် အချိန်မှီမပြုပြင်ခဲ့သော် စက်သည် မုချမီးထတောက်နိုင်ပြီး လိုရာခရီးသို့မရောက်နိုင်ကြောင်း နားလည်ထားပေသည်။

အကယ်၍ ကျွန်ုပ်ကဲ့သို့ မော်တော်ကားအကြောင်းနားမလည်သူက ကားကိုတက်၍ မောင်းနှင်လျှင် ကျွန်ုပ်သည် မုချသေဘေးအန္တရာယ်မှ လွတ်ကင်းနိုင်မည်မဟုတ်ပေ။ သို့သာမက လမ်းသွားလမ်းလာ ပုဂ္ဂိုလ်များကိုပင် အန္တရာယ်ဖြစ်သွားနိုင်ပေသည်။

ထို့အတူ ကျွမ်းကျင်သောဆရာဝန်တစ်ဦးသည် ဝေဒနာရှင်တစ်ဦး၏ သွေးကြောကိုစမ်းသပ်ရုံမျှဖြင့် အတွင်းရောဂါသည် မည်သည့်ရောဂါဖြစ်ကြောင်း ပြောပြနိုင်၏။ ၎င်းက ထိုသို့သိရှိပြီးသောရောဂါကို အချိန်မှီကုသမှုမပြုခဲ့သော် ယင်းဝေဒနာရှင်သည် အသက်ဆုံးရှုံးသွားနိုင်ကြောင်း ထုတ်ဖော်ပြောပြတတ်ပေသည်။ ဤနေရာတွင် ဒေါက်တာရမ်းကုဖြစ်နေပါက မည်သည့်အခြေအနေမျိုးဆိုက်ရောက်သွားနိုင်သည်ကို စဉ်းစားကြည့်ရှုကြလေကုန်။

ပညာရေးစနစ်သည်လည်း ဤနည်းအတိုင်းပင်ဖြစ်၏။ ပညာတတ်မြောက်ထားခြင်းဖြင့် စူးစမ်းလေ့လာနိုင်၏။ ရှာဖွေနိုင်၏။ တီထွင်ကြံဆနိုင်၏။ လောကီလောကုတ္တရာနှစ်ဖြာစလုံးတွင် အရှင်၏နှစ်သက်ရာဖြစ်စေသော ကောင်းမှုကုသိုလ် အကျိုးထူးတို့ကို ကျင့်သုံးနိုင်၏။ ဆောက်တည်နိုင်၏။ မိမိအရှင်က တားမြစ်ထားသော အမိုက်တရားအကုသိုလ်များကို ရှောင်ကြဉ်နိုင်၏။ တော်လှန်နိုင်၏။ စင်စစ်လူသားတိုင်းသည် အသိပညာမရှိခဲ့သော် အကောင်းအဆိုးဟူသော အင်အားစုနှစ်ခုကို မခွဲခြားမသိမြင်နိုင်ပေ။

ဤအင်အားနှစ်ခုကို ခွဲခြားသိမြင်နိုင်ရန် အရှင့်ဘက်တော်မှ ညွှန်ပြထားသည့် ပညတ်ချက်များ ပညာရပ်များဖြင့် အကူအညီရယူနိုင်ပေသည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် ထိုလမ်းစဉ်နှစ်ခုကို သိရှိကြစေရန် ကမ္ဘာဦးဖခင်အာဒမ်သခင်မှစ၍ နောက်ဆုံးပေါ်ထွန်းတော်မူခဲ့သော တမန်တော်မြတ်မုဟမ္မဒ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်အထိ ထောင်ပေါင်းများစွာသော နဗီတမန်တော်များကို စေလွှတ်၍ ရှိုက်သာန်၏ ဒုစရိုက်အမှောင်လမ်းစဉ်မှ ရှောင်ကွင်းစေခဲ့ပြီး အရှင်နှစ်သက်မြတ်နိုးတော်မူသော လမ်းစဉ်ကို စွဲမြဲစွာ ကျင့်သုံးစေခဲ့သည်။

သို့ရှိရာ ကျွန်ုပ်တို့သည် ထိုလမ်းစဉ်ဖြင့် မိမိ၏ဝိညာဉ်ကို သန့်ရှင်းထက်သန်စေပြီး မိမိအရှင်အား အစဉ်မပြတ် ခဝပ်ခြင်း၊ တမ်းတအားထားခြင်းတို့နှင့် နေထိုင်ကြရမည်။ ကမ္ဘာသူ ကမ္ဘာသားများကိုလည်း အရှင့်အမိန့်တော်များကို ထုတ်ဖော်ဟောကြားခြင်း၊ ပြန်ဆိုရေးသားခြင်း သင်ကြားဖြန့်ဖြူးခြင်း စသည်တို့ကို ပြုကြရပေမည်။

لقدمن الله علي المؤمنين اذبعث منهم رسوﻻمن انفسهم يتلواعليهم اياته ويزكيهم ويعلمهم الكتاب والحكمة
[လကဒ် မန်နလ္လာဟု အလ်လလ်မုအ်မိနီးန အိဇ်ဗအစ မင်(န)ဟွမ်(မ) ရစူးလန် မင်(န)အန်ဖုဆိဟင်မ် ယသ်လူအလိုင်ဖ်ဟင်မ် အာယားသိဟီ ဝယူဇက်ကီးဟင်မ် ဝယုအလ် လိမုဟုမုလ်ကိသားဗ ဝလ်ဟိက်မဟ်]

မုအ်မင်န်များအပေါ်၌ အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးဂရုဏာပြုထားတော်မူ၏။ အကြောင်းကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကို ရစူလ်အဖြစ်စေလွှတ်တော်မူခဲ့၏။ ၎င်းရစူလ်သည် အရှင့်အမိန့်တော် (အမှန်တရား၏ ပညတ်ချက်) များကို ဟောကြားတော်မူ၍ ဒုစရိုက်မှုများကို ရှောင်ကွင်းစေတော်မူခဲ့သည်။ ကျမ်းတော်မြတ်ကိုလည်း သင်ကြားပြသ၍ နစ်နာဆုံးရှုံးစေမည့်လမ်းများမှ ကယ်တင်တော်မူခဲ့ပေသည်။

ထိုတမန်တော်တို့၏ အမွေစားများကား အာလင်မ်သာသနာ့ပညာရှင်များ ဖြစ်ကြ၏။ ၎င်းတို့နှင့် ပတ်သက်၍ ကျမ်းမြတ်ကုရ်အာန်တွင် အလ္လာဟ်အရှင်မြတ်က မိန့်ဆိုထားပေသည်။

إِنَّمَا يَخْشَى ٱللَّهَ مِنْ عِبَادِهِ ٱلْعُلَمَٰٓؤُا۟
အလ္လာဟ်အရှင်မြတ်ကို အမှန်တကယ် ကြောက်ရွံရိုသေကြသော ပုဂ္ဂိုလ်တို့သည် အာလင်မ် သာသနာ့ပညာရှင်များသာ ဖြစ်ကြကုန်၏။ (၃၅:၂၈)

ထို့သို့သောပုဂ္ဂိုလ်တို့ဖြင့် ကျွန်ုပ်တို့အား အကောင်းဘက်သို့ ရောက်ရှိလာစေရန် လမ်းညွှန်ပေးစေခဲ့ခြင်းသည် ထိုအရှင်၏ ဂရုဏာတရားပင်ဖြစ်လေသည်။

(မော်လာနာကမ္မရွဒ်ဒီးန် ဦးသန်းမောင်(ဂျာမိအီ) ဘာသာပြန်ထားသည့် "အစ္စလာမ့်ပညာရေး" စာအုပ်ပါ အကြောင်းအရာကို အလ်မုဖီးဒ်က ပြန်လည်တင်ဆက်သည်။)

Sunday, March 30, 2014

သံသယဖြစ်ဖွယ်ရာများမှ ရှောင်ကြဉ်ရန်အရေးကြီးမှု

ဟဇရသ်နိုအ်မာန်ဗင်န်ဗရှီးရ်(ရသွေ့)သခင်ထံမှ ဆင့်ပြန်ချက်လာရှိသည်။ တမန်တော်မြတ်(ဆွ) မိန့်ကြားတော်မူသည်မှာ "ဟလာလ်ဖြစ်သောအရာများကို ရှင်းလင်းပြတ်သားစွာ သိရှိရပြီးဖြစ်သည်။ ဟရာမ်ဖြစ်သည့် အရာများကိုလည်း ရှင်းလင်းစွာ သိရှိရပြီး ဖြစ်သည်။ ထိုဟလာလ်နှင့် ဟရာမ်အကြားတွင် ( ဟရာမ်(သို့) ဟလာလ် ဟု ဝေခွဲမရသည့်) သံသယဖြစ်ဖွယ်ရာ အချို့သော အရာများရှိနေသည်။ အကြင်ပုဂ္ဂိုလ်သည် ထိုကဲ့သို့ သံသယဖြစ်ဖွယ်ရာများမှ ရှောင်ကြဉ်ပါက မိမိ၏ ဒီးန်နှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်း ကာကွယ်သူပင်ဖြစ်သည်။ သံသယဖြစ်ဖွယ်ရာများကို မရှောင်ကြဉ်ပဲ ထိုထဲတွင် နစ်မွန်းနေသူအဖို့ အဆုံးတွင် ဟရာမ် (ယတိပြတ်တားမြစ်ထားသောအရာ) ကို ကျူးလွန်သည်အထိ ဖြစ်သွားမည်။ ယင်း (ဟရာမ်၊ ဟလာလ် နှင့် သံသယဖြစ်ဖွယ်ရာ) ၏ ပမာကို ပြရလျှင် တိရိစ္ဆာန်ထိန်းကျောင်းသူနှင့် တူပေသည်။ သူသည် မိမိ၏ တိရိစ္ဆာန်များကို ဘုရင်ပိုင်စားကျက်နယ်မြေနှင့် အလွန်နီးကပ်သည့်နေရာတွင် စားသောက်စေသည်။ ထိုသို့ဘုရင်ပိုင်စားကျက်နှင့် အလွန်နီးကပ်စွာ တိရိစ္ဆာန်ကျောင်းခြင်းဖြင့် တိရိစ္ဆာန်များ ဘုရင်ပိုင်စားကျက်နေရာသို့ ဝင်ရောက်စားသောက်လိုက်မည်ကို စိုးရိမ်ရသည်။ (ယင်းသို့ဖြစ်ပါက အပြစ်ဒဏ်ချမှတ်ခြင်းခံရမည်။) အရေးကြီးသည့် အချက်တစ်ချက်ရှိသည်မှာ ဘုရင်တိုင်းတွင် ၎င်းတို့ပိုင်ဆိုင်သည့် သတ်မှတ်နယ်မြေများ ရှိသည်။ (ထိုနေရာများသို့ အပြင်လူ ဝင်ရောက်ခွင့်မရှိပေ။) အလ္လာဟ်အရှင်မြတ်၏ သတ်မှတ်နယ်မြေများသည် ဟရာမ်ဟု သတ်မှတ်ထားသည့် အရာများဖြစ်သည်။ လူသားသည် ထိုဟရာမ်အရာ၏ အနီးသို့ပင် ချဉ်းကပ်ခြင်းမပြုရပေ။ (ဟရာမ်၏ အနီးတွင် သံသယဖြစ်ဖွယ်ရာများရှိသည်။) သတိရှိနေပါ။ လူ၏ ခန္ဓာကိုယ်တွင် ဤကဲ့သို့သောအသားတုံးတစ်တုံးရှိသည်။ ထိုအသားတုံးက အလ္လာဟ်ကို ချစ်စိတ်၊ ကြောက်စိတ်တို့ဖြင့် အီမာန်အပေါ်တွင် မှန်ကန်စွာ ရှိနေပါက ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း မှန်ကန်မှု၏ လမ်းကြောင်းပေါ်တွင် ရှိနေမည်ဖြစ်သည်။ အကယ်၍ ထိုအသားတုံး ပျက်စီးသွားပါက ခန္ဓာကိုယ်သည်လည်း ပျက်စီးသွားမည်သာဖြစ်သည်။ ယင်းအသားတုံးသည် နှလုံးသားပင်ဖြစ်သည်။

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွ) သည် မိမိဟဒီးစ်တော်၌ ဦးစွာမိန့်ကြားသည်မှာ ရှရှီအသ်တရားတော်၌ ဟလာလ်
(ပြုပိုင်ခွင့်ရှိသည့်ကိစ္စ) နှင့် ဟရာမ် (ပြုပိုင်ခွင့်မရှိသည့်ကိစ္စ) တို့ကို ရှင်းလင်းပေါ်လွင်စွာ သတ်မှတ်ပြဌာန်းထားပေသည်။ ထိုသို့ ပြဌာန်း မိန့်မှတ်ထားသည့် အရာများကို ပြုမူဆောင်ရွက်ရာတွင် မိမိလုပ်ဆောင်နေသည့် လုပ်ရပ်သည် ဟလာလ် (သို့မဟုတ်) ဟရာမ် လုပ်ရပ်ဟူ၍ ခွဲခြားနိုင်ပေသည်။ သို့သော် ပြုပိုင်ခွင့် ရှိ၊ မရှိနှင့် စပ်လျဉ်း၍ ရှင်းလင်းပေါ်လွင်စွာ မသိရှိနိုင်သည့် များစွာသော အကြောင်းအရာ ကိစ္စရပ်များလည်း ရှိနေသေးသည်။ ယင်းကဲ့သို့အရာများသည် ပြုပိုင်ခြင်းနှင့် ပြုပိုင်ခွင့်မရှိခြင်း ပုံစံနှစ်မျိုးလုံး ဖြစ်နိုင်ပါသည်။ အစ္စလာမ့်ရှရီအသ်၏ ဥပဒေတစ်ခုအရ ပြုပိုင်ခွင့်ရှိနေပြီး နောက်တစ်ခုအရ ပြုပိုင်ခွင့် မရှိကြောင်းသတ်မှတ်ထားမည်။ ထိုကဲ့သို့အရာများကို " သံသယရှိသည့် အရာများ" ဟု ခေါ်တွင်သည်။ (ထိုအရာများသည် အစားအသောက်၊ ရောင်းဝယ်ဖောက်ကားမှု၊ လူမှုဆက်ဆံရေး စသည့် ကိစ္စရပ်တိုင်းတွင် ဖြစ်နိုင်ပါသည်။) မုအ်မင်န်ဗန္ဒာဟ်အဖို့ ထိုကဲ့သို့ သံသယဖြစ်သည့် အရာများနှင့် ကြုံဆုံလာရပါက အကောင်းဆုံးသော ရွေးချယ်မှုသည် ရှောင်ကြဉ်ခြင်းပင်ဖြစ်သည်။ ဤသို့ သံသယ ဖြစ်ဖွယ်ရာကိစ္စများမှ ရှောင်ကြဉ်ခြင်းသည်လည်း သပ်က်ဝါ၏ အဆင့်အတန်း များမှပင်ဖြစ်ပေသည်။ ထိုကဲ့သို့အရာများမှ ရှောင်ကြဉ်လိုက်ခြင်းဖြင့် အကျိုးကျေးဇူးနှစ်ခု ရရှိပေသည်။ တစ်ခုမှာ မိမိ၏ ဒီးန်တွင် အရည်အသွေးတက်လာမည်။ နောက်တစ်ခုမှာ မိမိ၏ အိဇ်ဇသ်သိက္ခာတွင် ထိန်းသိမ်းမှု ရရှိလာမည်။

ကိုယ်တော်မြတ်(ဆွ) ကဆက်လက်မိန့်ကြားသည်မှာ အကြင်သူသည် သံသယဖြစ်သည့်အရာများမှ ရှောင်ကြဉ်သည့် အလေ့အထမလုပ်ပါက ကျန်ကိစ္စရပ်များတွင်လည်း ဂရုတစိုက် ဟရာမ်၊ ဟလာလ် မခွဲခြားတော့ပဲ အဆုံးတွင် ဟရာမ်ဟု သတ်မှတ်ထားသည့် အရာများကိုပါ ကျူးလွန်သူဖြစ်သွားမည်။ ယင်းသံသယဖြစ်သည့် အရာများနှင့် ဟလာလ်၊ ဟရာမ်အရာများကို ပေါ်လွင်စေရန် ပမာပေးထားသည်မှာ ဘုရင်သည် မိမိပိုင်သည့် တိရိစ္ဆာန်များ စားသောက်ကျက်စားရန် သီးသန့်စားကျက်နေရာများ သတ်မှတ်ထားသည်။ ထိုနေရာသို့ သာမန်ပြည်သူအနေဖြင့် ၎င်းတို့ပိုင်တိရစ္ဆာန်များကို သွားရောက်စားသောက်ခိုင်းပါက ဘုရင်၏ပြစ်ဒဏ်ပေးခြင်းခံရမည်ပင်ဖြစ်သည်။ သို့သော် တိရိစ္ဆာန်ထိန်းကျောင်းရာတွင် ဘုရင်ပိုင်စားကျက်များနှင့် အလွန်နီးကပ်စွာကျက်စားပါက တိရိစ္ဆာန်များသည် ဘုရင်ပိုင်စားကျက်အတွင်းသို့လည်း ဝင်ရောက်ကျက်စားလိုက်မည်ဖြစ်သည်။ တိရိစ္ဆာန်ထိန်းကျောင်းသူသည် ဘုရင်ပိုင်စားကျက်အတွင်းသို့ တိရိစ္ဆာန်များ မဝင်ရောက်ရန် ၎င်းနေရာအနီးသို့ပင် မချဉ်းကပ်ကြစေရန် ထိန်းကျောင်းရသကဲ့သို့ မုအ်မင်န်ဗန္ဒာသည်လည်း မိမိ၏ပစ္စည်းဥစ္စာများ အပေးအယူ၊ အရောင်းအဝယ်၊ ငွေကြေးများကိုဟရာမ်၊ ဟလာလ် ခွဲခြားမရသည့် အခြေအနေသို့မရောက်စေရန် အမြဲဆင်ခြင်သတိပြုနေရမည် ဖြစ်ပြီး ဟရာမ်အရာများ အပြစ်ဂုနာဟ်များမှလည်း ဂရုတစိုက်ရှောင်ကြဉ်ရမည်ဖြစ်သည်။ ဤသို့ပြုခြင်းသည် သပ်က်ဝါ ရတနာသိုက်အတွင်းသို့ ဝင်ရောက်နိုင်မည့် တံခါးတစ်ချပ်ပင်ဖြစ်သည်။

ဟဒီးစ်တော်၏ အဆုံးပိုင်းတွင် ကိုယ်တော်မြတ်(ဆွ)က အလွန်အရေးကြီးသည့် သတိပေးစကားတစ်ခုကို မြွက်ဆိုတော်မူထားပေသည်။ လူတစ်ယောက်၏ အကျင့်စာရိတ္တကောင်းမွန်ခြင်း၊ ကောင်းမှုကုသိုလ်များပြုလုပ်နိုင်ခြင်း၊ မကောင်းမှုများကျူးလွန်ခြင်းမှာ မိမိကိုယ်ကို ထိန်းသိမ်းထားနိုင်ခြင်း၊ ထို့အတူ ဆိုးသွမ်းမိုက်မဲနေခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ မကောင်းမှုဂုနာဟ် အကုသိုလ်တို့ကို အချိန်တိုင်းကျူးလွန်နေခြင်း စသဖြင့် အပြင်ပိုင်းအားဖြင့် သိရနိုင်သည့် ကောင်းခြင်းများပြုလုပ်နိုင်ခြင်းနှင့် မကောင်းမှုများကျူးလွန်ခြင်းတို့သည် ထိုလူသား၏ အတွင်းပိုင်း၌ရှိသော နှလုံးသားနှင့် တိုက်ရိုက်ပတ်သက် ဆက်နွယ်နေပေသည်။ ထိုနှလုံးသားမှဖြစ်ပေါ်လာသည့် “ဖြစ်ချင်ခြင်း၊ လုပ်ချင်ခြင်း” စသည့်ဆန္ဒတို့သည် ခန္ဓာကိုယ်အစိတ်အပိုင်းတို့အား ထိုတောင်းဆိုလိုက်သည့်အရာအား လိုက်နာလုပ်ဆောင်ပေးရန် အမိန့်ပေးလိုက်ခြင်းတစ်မျိုးပင်ဖြစ်သည်။ အကယ်၍ ယင်းနှလုံးသားသည် အလ္လာဟ်ကို ကြောက်စိတ်၊ တမန်တော်ကို ချစ်စိတ်၊ သာသနာ့ အမိန့်ပညတ်ချက်တို့ကို လိုက်နာကျင့်ဆောင်ချင်စိတ်၊ အီမာန်၏ နူးရ်တို့ဖြင့် လင်းဝင်းတောက်ပြောင်နေပါက နှလုံးသား၏ နောက်လိုက်ဖြစ်သော ခန္ဓာကိုယ်အစိတ်အပိုင်းတို့၏ ပြုမူဆောင်ရွက်ချက်တို့သည်လည်း မှန်ကန်မည်ဖြစ်ပြီး ကောင်းမွန်သည့် အမလ်များကို လွယ်ကူစွာကျင့်ဆောက်တည်နိုင်မည်ဖြစ်သည်။ နှလုံးသားအပါအဝင် ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံး (ခြေ၊ လက်၊ မျက်စိ၊ နားစသည့်အရာ) တို့သည် အလ္လာဟ်အမိန့်နာခံမှုတွင် ရှိနေမည်ဖြစ်သည်။

နှလုံးသားအတွင်း၌ အလ္လာဟ်ချစ်စိတ်ကြောက်စိတ်တို့မရှိပဲ အလိုလောဘရမ္မက်တို့ဖြင့် ပြည့်နှက်နေပြီး မကောင်းသည့် စိတ်ရိုင်း၊ စိတ်ယုတ်တို့လွှမ်းမိုးနေ၍ ရှိုက်သွာန်အလိုကျ နှလုံးသားဖြစ်နေပါက ထိုသူ၏ လုပ်ဆောင်ချက်အားလုံးတို့သည် လမ်းမှားသို့ခေါ်ဆောင်သွားမည့်လုပ်ရပ်များသာဖြစ်ပြီး ဆိုးသွမ်းမိုက်မဲမှုနှင့် မကောင်းမှုအကုသိုလ်များကိုသာ တရစပ်ကျူးလွန်နေပေလိမ့်မည်။

ထို့ကြောင့် အီမာန်ရှင်သည် မိမိ၏ လုပ်ဆောင်ချက်များ၊ အမလ်ကောင်းမှုကုသိုလ်များသည် စစ်မှန်အရည်အသွေးပြည့်ဝပြီး စံချိန်မှီရန် ထိုကဲ့သို့အမလ်များ လုပ်ဆောင်နိုင်သည့် နှလုံးသားကို ရရှိပိုင်ဆိုင်နိုင်ရန် ကြိုးစားရမည်ဖြစ်သည်။ လူတစ်ယောက်အတွက် အဓိကမှာ နှလုံးသားပိုင်းဆိုင်ရာ မှန်ကန်မှုရှိနေရန် အလွန်လိုအပ်ပေသည်။ အပြင်ပိုင်းအမလ်များကတော့ ကောင်းမွန်နေပြီး စိတ်နှလုံးသားထဲတွင် မနာလိုစိတ်၊ လောဘများ ထားရှိနေပါက ထိုသူ့၏ အပြင်ပိုင်းကောင်းမှုများသည် တည်မြဲမည် မဟုတ်ပေ။ ဆေးပညာကျန်းမာရေးအရ နှလုံးကောင်းမွန်နေရန် အရေးကြီးသကဲ့သို့ သာသနာ၏ ကျန်းမာရေးတွင်လည်း ယင်းနှလုံးသားကျန်းမာနေရန် အလွန်အရေးကြီးပါသည်။

ဟဒီးစ်တော်တွင်လာရှိသည်မှာ “လုပ်ရပ်တိုင်းသည် ရည်စူးချက်အပေါ်တွင် မူတည်၏” ထိုရည်စူးချက်မမှန်ကန်ပါက အမလ်က မည်မျှပင် လူမြင်ကောင်းပါစေ အလ္လာဟ်ထံပါးတွင် အရည်အသွေးပြည့်ဝသည့် အမလ်ဖြစ်မည်မဟုတ်ပေ။ ထိုရည်စူးချက်ကို လက်ဖြင့် ရည်စူးလို့မရပါ။ မျက်စိဖြင့်လည်း မရနိုင်ပါ။ နှုတ်လျှာဖြင့် ရည်စူးခြင်းသည် ရည်စူးခြင်းမဟုတ်။ နှုတ်လျှာဖြင့် ထွက်ဆိုမှုသာပြုနိုင်သည်။ ရည်စူးမှု မပြုနိုင်ပါ။ ဦးနှောက်သည် မှတ်သားတွေးခေါ်ခြင်းသာပြုနိုင်သည်။ ရည်စူးခြင်းသည် ဦးနှောက်၏ အလုပ်မဟုတ်ပါ။ သို့ဆိုလျှင် ထိုရည်စူးခြင်းကို ခန္ဓာကိုယ်၏ မည်သည့်နေရာမှ ပြုလုပ်ရမည်နည်း။ အဖြေမှာ “နှလုံးသား” ဖြစ်ပါသည်။

နိယသ်ခေါ် ရည်စူးချက်ထားရှိခြင်းသည် နှလုံးသား၏ အလုပ်ဖြစ်ပေသည်။ ထိုနှလုံးသားမှ မည်သည့်အရာကို ရည်စူးလိုက်သလဲ ၎င်း၏ ရည်စူးမှုအတိုင်း ကျန်ခန္ဓာကိုယ်အစိတ်ကပိုင်းတို့က လိုက်လံလုပ်ဆောင်သည်။ ရည်စူးချက်နိယသ်မှန်ကန်ပါက လုပ်ရပ်မှန်ကန်မည်ဖြစ်ပြီး စဝါးဗ်အကျိုးကုသိုလ်၏ အကြောင်းခံဖြစ်မည်။ ရည်စူးချက်မမှန်ကန်ပါက လုပ်ရပ်သည်လည်း မှန်ကန်စွာ ပေါ်ထွက်လာမည် မဟုတ်ပါ။ ထိုသို့ဖြစ်ပါက ဂုနာဟ်၏ လမ်းပေါ်ရောက်ရှိသွားမည်ဖြစ်သည်။ အိခ်လားစ်ဟူသည် မှန်ကန်သည့် ရည်စူးချက်ကိုပင် ခေါ်ဆိုခြင်းဖြစ်သည်။ မှန်ကန်စစ်မှန်သည့် ရည်စူးချက်ထားရှိနိုင်ရန် နှလုံးသားသည် အမှန်ဖြစ်နေရမည်။ နှလုံးသားမှ အမှန်ဘာလဲ၊ အမှားဘာလဲ ခွဲခြားနိုင်ရမည်။ အလ္လာဟ်အမိန့်နှင့် တမန်တော်၏ နည်းစနစ်ကို လက်ခံနိုင်ဖို့ အင်အားနှင့် ရှိုက်သွာန်၏ နှောက်ယှက်ဖျက်ဆီးမှု၊ လမ်းမှားသို့ ပို့ဆောင်မှုများကို ကာကွယ်တွန်းလှန်နိုင်သည့် ခွန်အားရှိနေရမည်။ နည်းစနစ်များကို သိရှိနေမှ ကာကွယ်ခြင်းနှင့် လက်ခံကျင့်သုံးခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။

အမှန် အမှား၊ ပြုပိုင်ခွင့်ရှိခြင်း၊ မရှိခြင်းတို့ကို ကွဲပြားစွာသိရှိနိုင်ရန် သင်တန်းတက်ရမည်။ ထိုသင်တန်းသည် ဒီးန်၏ သင်တန်းဖြစ်သည်။ သာသနာ့ အသိပညာတို့ကို ဆည်းပူးသင်ယူနေရမည်။ သို့မှသာ အမှန်အမှား ခွဲခြားလာနိုင်မည်။

ထိုရရှိလာသည့် အသိပညာတို့ကို လက်ခံကျင့်သုံးနိုင်ရန် ခံနိုင်ရည်ရှိသည့် နှလုံးသားကို ပိုင်ဆိုင်ထားရန်လည်း အရေးကြီးသည်။ နှလုံးသားကို ခံနိုင်ရည်ရှိရန် အားဆေးပေးမည့်၊ နှလုံးသားမှ ဒဏ်ရာများ၊ ရောဂါများကို ကုသပေးမည့် ဆေးခန်းသို့ပြသရမည်။ ထိုဆေးခန်းသည် ခါန်ကာဟ်များပင်ဖြစ်သည်။ ခါန်ကာဟ်အစီအစဉ်များတွင် ပါဝင်ခြင်းဖြင့် နှလုံးသားသည် ခံနိုင်ရည်ရှိလာမည်။ အားရှိလာမည်။ သို့သော် ထိရောက်သည့် ကုသမှု မရရှိသေးပေ။ ထိရောက်သည့် ကုသမှုရရှိရန် ဗိုင်အသ်ပြုရမည်ဖြစ်သည်။

ယင်းသို့ဗိုင်အသ်ပြုလိုက်ပြီဆိုပါက ဆရာဝန်နှင့် လူနာ တိုက်ရိုက်တွေ့သွားပြီဖြစ်သည်။ ဗိုင်အသ်ပေးသည့် ဆရာက လူနာအတွက် လိုအပ်သည့် ဆေးဝါးများကို ညွှန်ကြားပေးမည်ဖြစ်သည်။ ခါန်ကာဟ်တွင်ထိုင်ခြင်းဖြင့် ဆေးဝါးရရှိမည်ဖြစ်သော်လည်း မိမိအတွက် လိုအပ်သည့် ဆေးဝါးဖြစ်ချင်မှဖြစ်မည်။ ဆရာတစ်ပါးပါးထံတွင် ဗိုင်အသ်ပြုလိုက်ပါက မိမိတွင် မည်သည့်အရာများလိုအပ်နေသည်၊ ပိုနေသည် စသည်တို့ကို ပြည့်ဝစွာညွှန်ကြားပေးမည်ဖြစ်ပြီး မိမိ၏နှလုံးသားသည် အလ္လာဟ်ကိုသိခြင်း၊ တမန်တော်ကိုချစ်ခင်ခြင်း၊ အမိန့်များကို နာခံလိုက်နာနိုင်ခြင်းတို့တွင် မှန်ကန်ပြည့်ဝစွာ ထမ်းဆောင်နိုင်မည်ဖြစ်သည်။ မိမိ၏ နှလုံးသားပိုင်းဆိုင်ရာတွင် ထိန်းကွပ်ပေးမည့်သူရှိလာပြီဖြစ်သဖြင့် နှလုံးသားသည် မှန်ကန်မှုတွင် ကြံခိုင်စွာ ရပ်တည်လာနိုင်မည်။ နှလုံးသားမှန်ကန်ပါက ရည်စူးချက်များလည်း မှန်ကန်မှုရှိလာမည်ဖြစ်ပြီး ရည်စူးချက်မှန်ကန်လာပါက ဖြစ်ပေါ်လာမည့်လုပ်ရပ်သည် ဒွန္နယာအာခိရသ် နှစ်ဌာနအတွက် အကျိုးရှိမည့်အရာ ဖြစ်သွားမည်။

နှလုံးသားတွင် ခံနိုင်ရည် အင်အားရှိမှသာ ဟရာမ်ကို စွန့်လွှတ်နိုင်စွမ်းနှင့် သံသယရှိသည့် အရာများကိုပါ ရှောင်ကြဉ်နိုင်သည့် အရည်အချင်းကို ရရှိပိုင်ဆိုင်လာနိုင်ပေမည်။ သက္ကဝါဟ်၏ အရည်အချင်းကိန်းအောင်းရာနေရာသည် နှလုံးသားပင်ဖြစ်သည်။ ထို့အတူ မကောင်းသည့် အရည်အချင်းအားလုံးစုဝေးရာနေရာသည်လည်း နှလုံးသားပင်ဖြစ်သည်။ ထို့ကြောင့် စစ်မှန်သည့်စူဖီသူတော်စဉ်တို့ထံတွင် မိမိ၏နှလုံးသားကို အပ်နှံ၍ ဗိုင်အသ်ပြုရန်လိုအပ်ပြီး ၎င်းတို့ညွှန်ပြသည့်ဆေးဝါးကို မှီဝဲ၍ မိမိတို့၏ အမလ်များတွင် ခွန်အားပြည့်ဖြိုးအောင်ပြုလုပ်ကြရမည်ဖြစ်သည်။ (သို့မှာသာ အတွင်း၊ အပြင် ရန်သူနှစ်မျိုးလုံးကို တွန်းလှန်နိုင်မည်ဖြစ်သည်။)

ဗိုင်အသ်ပေးခွင့်ရရှိထားသည့် သူမွန်သူမြတ်တို့သည် အတွင်းပိုင်းနှင့် သက်ဆိုင်သည့် ဆေးပညာရပ်ကို ကောင်းစွာကျွမ်းကျင်သူများဖြစ်၍ အတွင်းပိုင်းဆိုင်ရာပြုပြင်ရေးအတွက် ပို၍ သောကထားကြသူများ ဖြစ်ကြပေသည်။

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်အပါအဝင် ဖတ်ရှုသူအားလုံးကို အရှင့်အချစ်တော်တို့၏ ဗရကသ်ကို ရယူခွင့် ချီးမြှင့်တော်မူပါစေ။ (အာမီးန်)
-----------------------------------------------------------------------------------------------------
မော်လာနာမန်ဇူးရ် (နိုအ်မာနီ)၏ ရေးသားမှုကို မြန်မာဘာသာသို့ တင်ပြသည်။


(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။



Monday, January 13, 2014

ရွှေရောင်တောက်ပသောမိသားစုဘဝကိုရရှိပိုင်ဆိုင်နိုင်မည့်အစ္စလာမ့်နည်းစနစ်များ (နောက်ဆုံးပိုင်း)



(၄၁) ဘယ်လိုလုပ်ကြမလဲ 

ကျပ်တည်းရှုပ်ထွေးသော မိသားစုအရေးအခင်းများကြား၌ မွေးဖွားကြီးပြင်းခဲ့ရသော ကလေးသူငယ်တို့အဖို့ ဘယ်မှာလဲ မေတ္တာ အကြင်နာ အယုအယ။ အဲသည်လို မေတ္တာငတ်ခဲ့ရရှာသော ကလေးသူငယ်တို့၏ အနာဂတ်ကို ဘယ်လိုအရောင်တွေဆိုးကြမည်နည်း။ လေလွင့်လူငယ်တို့၏ အခြေခံဇစ်မြစ်ကတော့ မေတ္တာငတ်မွတ်မှုပြဿနာပါပဲ။ အိမ်ခွဲမထားလိုမှု အစွဲအလန်းတစ်ခုမှစ၍ ဆွေစဉ်မျိုးဆက်ကို သေးသိမ်ပျက်စီးစေကြောင်း ဆင်ခြင်သင့်လှပေသည်။ အကောင်းဆုံးအဖြေကတော့ ဘယ်အရာကိုပဲလုပ်လုပ် ဒီးန်ကို ရှေ့မှာထားလုပ်ကြဖို့ပဲဖြစ်ပေသည်။

(၄၂) ခင်ပွန်းသည် ဇနီး၏ ကစားစရာအရုပ်မဟုတ်
ဇနီး၏ မြှောက်ထိုးပင့်ကော်စကားများကြောင့် ခင်ပွန်းဖြစ်သူသည် အိမ်ခွဲနေထိုင်ရေးကို ဒေါသအလျောက် မလုပ်သင့်ပေ။ ချင့်ချိန်ကြံဆရမည်။ ချက်ခြင်းလိုက်လျောခဲ့လျှင် ဇနီးဖြစ်သူက "ငါ့ခင်ပွန်းက ငါပြောရင်ပြီးတာပဲ"ဟု မာနစွဲဝင်သွားနိုင်၏။ အမြဲဤသို့ပင် သွေးဆောင်နေခဲ့သော် ရေရှည်တွင် သားသမီးတို့၏ စာရိတ္တကိုပင် ထိခိုက်ပျက်ပြားစေနိုင်သည်။ ဇနီးတို့၏စိတ်နှလုံးသားသည် မှန်ကန်နေရမည်။ ခင်ပွန်းကို ကစားစရာအရုပ်တစ်ခုလို သဘောမထားသင့်ပေ။

(၄၃) ညီညွတ်ရေး

ခင်ပွန်းဖြစ်သူက အိမ်ခွဲရေးကိုအလိုမတူပြန်သော် ဇနီးက ဤသို့ကြိုးပမ်းအားထုတ်ပြန်သည်။ "ရှင် မိဘအိမ်မှာလည်း မနေဖြစ်၊ အိမ်အသစ်လည်းမရှာနိုင်၊ စိတ်မညစ်ပါနဲ့။ ကျမမိဘအိမ်က ကျယ်တယ်။ ရှင်လည်း အသိသားနဲ့။ ဟိုတုန်းကတည်းက အပါအမာတို့က မှာလိုက်သားပဲ။ အဆင်မပြေရင် အချိန်မရွေးဆင်းခဲ့ဆိုတာလေ။ ရှင်မေ့နေပြီလား။ " စသဖြင့် သူ့မိဘကိုယ့်မိဘ ခွဲခြား၍ပြောလာတော့မည်။

လက်ရှိအခြေအနေက သူမပြောသလောက် နေထိုင်မရသည့် အခြေအနေဆိုးလည်းမဟုတ်။ သူမက ဇွတ်တရွတ်လုပ်နေခဲ့သော် ထိုဇနီးသည် မိသားစုညီညွတ်ရေးကို ဖျက်ဆီးသူပင်ဖြစ်သည်။ အကျယ်အကျယ် မငြိမ်းဖွယ်စကားတို့ကို မဆိုမပြောပဲ ခင်ပွန်းဖြစ်သူက ယုယကြင်နာစွာဖြင့် စိတ်ရှည်ရှည်ထားပြီး ရှင်းပြရမည်။ မိသားစု ညီညွတ်ရေးကို ဦးစားပေးဆွေးနွေးသင့်သည်။

ခင်ပွန်းဆိုသည့်စကားကိုက ခင်မင်တယ်၊ လက်ပွန်းတတီး ခင်မင်ရင်းနှီးသူလို့ အဓိပ္ပါယ်ထွက်သည်။

အဆင်ပြေ ချောချောမွေ့မွေ့နဲ့ အိမ်ခွဲနေခွင့်ရပြီဆိုလျှင်လည်း မိဘများကို အဆက်မဖြတ်ရပေ။ အခါမလပ် ဆက်ဆံလည်ပတ်နေရမည်။ သူ့မိဘ ကိုယ့်ဖက်က ဝတ္တရားကျေပွန်နေရမည်။ နှစ်ဖက်မိဘ၏ ဒုအာကို ယူတတ်ပါစေ။

ဇနီးဖြစ်သူက မိမိ၏မိဘကို ပြုစုယုယတတ်လျှင် မိမိ၏ကျေးဇူးရှင်ဟု မှတ်ယူပါလေ။ အကယ်၍ သူမက ပြုစုယုယမှု မလုပ်သည်ရှိခဲ့သော် အတင်းအကြပ်မခိုင်းပါနှင့်။ ဇနီးက မပြုစုသော်လည်း မိမိ၏မိဘကို မိမိက ပြုစုပါ။ မိဘပြုစုခွင့်ရခြင်းကို နဖူးစာထူးခြင်းတစ်ရပ်ဟု မှတ်ထားပါ။

ဇနီး၏ အုပ်ချုပ်ခံယောက်ျားလည်း မဖြစ်စေနှင့်။ မိန်းမကိုနိုင်သည့် ယောက်ျားလည်းမဖြစ်စေရ။ သိမ်မွေ့စွာ ဆက်ဆံတတ်သူဖြစ်အောင် ကြိုးစားကျင့်ကြံနေထိုင်ရပါမည်။

(၄၄) သလာက်

သလာက်အကြောင်းကို တင်ပြပါမည်။ ဆင်ခြင်ကြရန်ဖြစ်သည်။ နည်းစနစ်သိရန်ဖြစ်သည်။

ယောက်ျားများသည် မိမိတို့၏ဒေါသကို ဖေါ်ထုတ်သောအားဖြင့် သလာက်ကိုသုံးဆွဲကြသည်။ သလာက်သည် နေကာ၏အဆက်ကို ဖြတ်တောက်ခြင်းဖြစ်သည်။ ယင်းလက်နက်သည် အလွန်ဆိုးရွားခါးသီး၏။ ဘယ်လိုမှ မဖြစ်နိုင်တော့သည့်အဆုံး ကွဲကွာကြရမည့်အခြေအနေတွင်(ခွင့်ပြုထားသောလည်း) သလာက်သည် အဆိုးဆုံးလုပ်ရပ်တစ်ခုဖြစ်ကြောင်းကို သိထားရမည်။

သလာက်ပေးရမည့်အချိန်မှာ ဓမ္မတာကုန်ဆုံးပြီး သန့်သောအချိန်ဖြစ်ရမည်။ သဘောမှာ ဇနီးဖြစ်သူနှင့် ပေါင်းသင်းနေထိုင်ပြီးသွားသော် နောက်တစ်လ(သန့်သည့်အချိန်)ကို စောင့်ရမည်။ ဤသို့စောင့်ဆိုင်းရခြင်းမှာ အချင်းချင်းပြေလည်မှုရစေရန်ဖြစ်သည်။

မပေးမဖြစ်သည့် အခြေအနေရောက်လျှင် ယောက်ျားဖြစ်သူက သလာက်တစ်ကြိမ်သာပေးရမည်။ အစ်ဒ်ဒသ်(သုံးလ) ကုန်ဆုံးလျှင် လင်မယားချင်းပြတ်စဲသွားပေမည်။ ဇနီးက ထိုအစ်ဒ်ဒသ်သုံးလအတွင်း အခြေအနေကောင်းလာပါက "သင်မအားပေးထားသော သလာက်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီ" ဟု ပြောလျှင်ပင် နေကာဟ်ဟူသည့် အချိတ်အဆက်မှာ ပြန်ဆက်သွားလေသည်။ (ကွာရှင်းမှုအထမမြောက်တော့ပေ။)

အကယ်၍ အစ်ဒ်ဒသ် သုံးလကုန်ဆုံးပြီးမှ နောင်တရကြလျှင် အတူပြန်လည်ပေါင်းသင်းလိုလျှင် နေကာအသစ်ပြန်ဖတ်ရမည်။

တဖန်လင်မယားချင်း သဘောထား မတိုက်ဆိုင်ပြန်လျှင် လိုက်လျောနားလည်မှုများ ဆောင်ရွက်ရမည်။ ဤအခြေအနေမှ ပြေလည်မှုမရပြန်သေးလျှင် တစ်ကြိမ်သာ သလာက်ပေးရမည်။
ထို့ကြောင့် ယခုထိသလာက်နှစ်ကြိမ်သာ ရှိသေးသည်။ အစ်ဒ်ဒသ်(သုံးလ)အတွင်း ပြန်လည်ပေါင်းသင်းလိုက ရသေးသည်။ ထို(သုံးလ)ကျော်လွန်ပါက နေကာအသစ်ပြန်လည်ဖတ်ရမည်။

တရားတော်က ဤသို့အဆင့်ဆင့်ပြဌာန်းထားခြင်း၏အကြောင်းမှာ နေကာကို ခိုင်မြဲစေလိုသောကြောင့်ပင်ဖြစ်သည်။

နောက်ဆုံး ဘယ်လိုမှ အတူပေါင်းသင်းနေထိုင်၍ မဖြစ်တော့လျှင် တတိယအကြိမ် သလာက်ပေးနိုင်သည်။ ဤတတိယအကြိမ်သည် အပြီးတိုင်ခွဲခွာလိုက်ခြင်းပင်ဖြစ်သည်။ မည်သို့မျှ ပြန်ဆက်လို့ရတော့မည်မဟုတ်ပေ။ နှစ်ဦးနှစ်ဖက်ကျေနပ်နေလျှင်လည်း ပြန်ဆက်ခွင့်မရတော့ပေ။

ယနေ့အချိန်အခါတွင် လူတို့သည် လမ်းခွဲရန်ရှိလျှင် သလာက်သုံးကြိမ်ကို တစ်ပြိုင်တည်းပေးတတ်ကြသည်။ ဤသည်မှာ မှားယွင်းပြီး အပြစ်ထိုက်သောနည်းလမ်းဖြစ်သည်။

(၄၅) ဒေါသမျိုသိပ် စိတ်ရှည်ချိုသာ

ဥပမာ။ ။ ဇနီးက တစိမ်းယောက်ျားတို့၏ဓါတ်ပုံကို စွဲစွဲမြဲမြဲ နေ့စဉ်ကြည့်ပြီဆိုပါစို့။ မကြည့်ရဘူး အပြစ်ရှိတယ်.. စသဖြင့် ပြတ်ပြတ်တောက်တောက်အမိန့်ပေးသလိုမျိုး တားမြစ်ပိတ်ပင်ဆုံးမမည့်အစား အောက်ပါအတိုင်း ချိုသာသောစကားတို့ဖြင့် စိတ်ရှည်လက်ရှည်ပြောသင့်ကြောင်း အကြံပေးလိုပါသည်။

" ဒီနေ့ ကိုယ်မြို့ထဲမှာ ဆိုင်းဘုတ်တစ်ခုတွေ့ခဲ့တယ်။ အရှက်မဲ့ဝတ်စုံနဲ့ပေါ့။ ကိုယ်အဲဒီပုံပေါ် စိတ်ရောက်ခဲ့တယ်။ အာရုံထဲက မထွက်ဘူး။ ဒါ့ကြောင့် ကိုယ့်ဇနီးကို အကြိမ်ကြိမ်သတိရဖြစ်တယ်။ အော်…..ငါ့ဇနီးရှိတာပဲ။ ဒီပုံပေါ်စိတ်ရောက်နေရင်တော့ ငါဖောက်ပြန်ရာရောက်မှာပေါ့။ တော်ပြီ နောက်ဘယ်တော့မှ ဒီလိုပုံမျိုးတွေမကြည့်တော့ဘူးလို့ ဆုံးဖြတ်လိုက်ရတယ်" ဟု ပြောကြည့်ပါ။

ဇနီးက ရုပ်ပုံကြည့်ခြင်း၊ သူစိမ်းယောက်ျားသားများအပေါ် စိတ်ရောက်ခြင်းများကို သူမအလိုလို ပြုပြင်လာစရာ အကြောင်းရှိပါတယ်။ အင်န်ရှာအလ္လာဟ် ။

ဥပမာ။ ။ ဂုံးချောတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြား ပြဿနာစကားကို သယ်ဆောင်လာတယ် ဆိုပါစို့။ အဲဒီလိုလူဟာ ဂျန္နသ်မဝင်နိုင်ဘူး။ ဟဒီးစ်တော်မှာ လာရှိတယ်လို့တိုက်ရိုက်ကြီးမပြောပဲ အောက်ပါအတိုင်းပြောကြည့်ရအောင်…..။

လူတွေဟာ တစ်ယောက်အကြောင်းတစ်ယောက် ပြောတတ်တဲ့ဝါသနာရှိတယ်။ အကောင်းပြောတာဆိုရင် ကိစ္စမရှိဘူး။ မကောင်းတဲ့စကားပြောခဲ့ရင် ကြားတဲ့သူက တစ်ဆင့်ပြန်ပြောရင် မူလစကားထက် ချဲ့ကားပြောရော။ ကာယကံရှင်က ဒေါသဖြစ်။ ဒီတော့ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝမ်းကွဲ၊ အထင်အမြင်လွဲ၊ ဆဲဆို ကြိမ်းမောင်း၊ ထုရိုက် ထိုးကြိတ်၊ ပြဿနာမျိုးစုံတတ်ကြ၊ မွတ်စ်လင်မ်အချင်းချင်း မညီညွတ်ကြတော့ဘူး။ အဲဒီတော့ ကြားစကားသယ်ဆောင်တဲ့သူက ဘယ်မျက်နှာနဲ့ အဲဒီလူနှစ်ဦးကြားမှာ နေတော့မလဲ။ ဒါ့ကြောင့် အတင်းအဖျင်းပြောတဲ့ဓလေ့၊ ဂုံးချောတတ်တဲ့ဓလေ့တွေကို တို့မွတ်စ်လင်မ်တိုင်း ပြုပြင်ရမယ်၊ ဆင်ခြင်ရမယ် ဟု ပြောပြလျှင် ဇနီးက ကျေနပ်သဘောကျမယ်။ သူမမှာ အဲလို အမူအကျင့်ရှိခဲ့လျှင် ပြင်ဆင်လာနိုင်ကောင်းပါသည်။ အလ္လာဟ်အရှင်ထိန်းသိမ်းတော်မူပါစေ။

လင်နှင့်မယား လျှာနှင့်သွား ဟူသည့်စကားရှိသည်။ မတော်တဆ ထိခိုက်ရန်ဖြစ်တတ်ကြသည်။ သို့သော် ဒေါသမြိုသိပ် စိတ်ရှည်သည်းခံမှုကို ကျင့်သုံးရမည်။ အဘယ့်ကြောင့်ဆိုသော် မိမိတို့၏ သားသမီးများအရှေ့တွင် ရုန့်ရင့်ကြမ်းတမ်းသော အပြောအဆိုများ မဖြစ်ပေါ်စေရန်ဖြစ်သည်။ နှလုံးသား နုနယ်၊ ငယ်နုသောအချိန်၊ သေးသိမ်သောပညာဖြင့် မစဉ်းစားနိုင်သေး၊ ဆင်ခြင်နိုင်အားသေးသော ကလေးငယ်တို့၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မနစ်နာသွားစေရန်ဖြစ်သည်။

အိမ်ဝင်အိမ်ထွက် ဒုအာများကို မမေ့မလျော့ရွတ်ဆိုရမည်။ အိမ်အတွင်း စွန္နသ်တော်များ ရှင်သန်စေရန် ကြိုးပမ်းကြရပါမည်။ ရှိုက်သွာန်အတွက် နေရာထိုင်ခင်းမရှိတော့လျှင် မိသားစုအတွက် ပြဿနာအရပ်ရပ် ကင်းစင်သွားနိုင်ပေသည်။

(၄၆) ဆုံးမပုံတစ်မျိုး

ခင်ပွန်းဖြစ်သူယောက်ျားသားတို့ ပညာမဲ့မဖြစ်သင့်ပါ။ မေ့လျော့ပေါ့ပျက်ခြင်းများ မရှိသင့်ပါ။ လူကြီးမိဘတို့သည် ဆဲရေးတိုင်းထွာခြင်းကိစ္စမျိုးကို ရှောင်ကြဉ်ရမည်။ တို့တတွေ ကိုယ်တော်မြတ်ရဲ့အွမ္မသ်ဖြစ်တယ်။ တို့သားသမီးတွေကို အွမ္မသ်အရေအတွက်များစွာထဲမှာ အလ္လာဟ်က ချီးမြှင့်ထည့်သွင်းထားတယ်။ သူမွန်သူမြတ်လေးတွေဖြစ်အောင် မြေတောင်မြှောက်ပေးရမယ်။ အညွန့်မကျိုးစေရဘူး ဟု ဇနီးအား နားချနိုင်သည့် အရည်အချင်းရှိရပေမည်။

(၄၇) မိဘမေတ္တာမရခဲ့သောကလေး
သားသမီးနှင့် မိခင်တို့၏ အပြန်အလှန်မချေမငံစကားတွေ ကြားခဲ့သည်ရှိသော် ချက်ခြင်းအသင်က ဝင်ရောက်မဖြေရှင်းသေးပါနှင့်။ အကျိုးအကြောင်းကို သိအောင်လေ့လာပါ။ ပြီးနောက်မှာ အေးချမ်းစွာပြောဆိုရှင်းလင်းပေးရမည်။

သားသမီးတို့၏ရှေ့၌ ဇနီးအား အော်ဟစ်ကြိမ်းမောင်းခြင်း၊ ရိုက်နှက်ခြင်းများ မဖြစ်ပါစေနှင့်။ ဒေါသဖြစ်ခဲ့လျှင် အပြင်သို့ထွက်သွားလိုက်ပါ။ အဘယ်ကြောင့်ဆိုသော် ကလေးငယ်တို့၏ အသိအာရုံသည် ဓာတ်ပုံရိုက်သည်ထက် ပိုပြီးမှတ်နိုင်စွမ်းရှိသည်။ ၎င်းတို့၏ နှလုံးသား၌ ပုံရိပ်ထင် စွဲကပ်စေနိုင်သောကြောင့်ဖြစ်သည်။ ဓလေ့စရိုက်ကြမ်းများအကြား ကြီးပြင်းခဲ့သောကလေးငယ်တို့၏ အနာဂါတ်သည် စိတ်ပျော်ရွှင်မှု ဆိတ်သုန်းတတ်၏။ မိဘ၏ယုယမှုမဲ့ခဲ့သော ကလေးသူငယ်တို့၏ ဘဝသည် လှည့်ဖျားတတ်သူ၏ ကျော့ကွင်းသို့ ဇွတ်နင်းဝင်တတ်ပေသည်။ မိမိတို့ဇနီးမောင်နှံ၏ ပြောဆို ပြုမူဆောင်ရွက်ချက်တိုင်းသည် ကလေးငယ်များအတွက် အဓိကကျကြောင်း ဆင်ခြင်သင့်သည်။

(၄၈) နားချသင့်

ဇနီးဖြစ်သူက သားသမီးကို ဒေါသဖြစ်လျှက် ဆူပူကြိမ်းမောင်း ပြောဆိုမှုမျိုးပြုခဲ့သည်ရှိသော် အချိန်ယူ၍ နားချရမည်။ ဥပမာ ဒီနေ့ လမ်းထဲကလာတော့ ကလေးတွေဆဲဆိုနေသံကြားရတယ်။ စိတ်မကောင်းဘူး။ ဒါနဲ့အနီးအနားက မိတ်ဆွေကိုပြောဖြစ်တယ်။ မိတ်ဆွေက ကိုယ့်ကိုပြန်ပြောတယ်။ အဲဒီကလေးတွေရဲ့မိဘတွေက အမြဲဆဲဆိုနေကြသူတွေပေါ့။ ဒါ့ကြောင့် ဒီကလေးတွေ ဆဲဆိုတတ်တာ မဆန်းပါဘူးတဲ့။ သူတို့အိမ်မှာ အဆဲသင်တန်းရှိနေတယ်….လို့ ပြောတယ်။ စသဖြင့် သိုင်းဝိုင်းပြောဆိုကြည့်စေချင်သည်။ အင်န်ရှာအလ္လာဟ် ဇနီးဖြစ်သူ သတိထားဆင်ခြင်လာပါလိမ့်မည်။

ဇနီးကောင်းတို့မည်သည် မိမိခင်ပွန်းကိုတောင်းပန်တတ်ရမည်။ ဝတ္တရားပျက်ကွက်မှုများရှိခဲ့သော် ခွင့်လွှတ်ဖို့ ပြောဆိုသည့်အကျင့် မွေးမြူသင့်သည်။ အဘယ့်ကြောင့်ဆိုသော် ယောက်ျားခွင့်လွှတ်ကျေနပ်နေခိုက် ဇနီးကွယ်လွန်လျှင် ထိုဇနီးသည် ဂျန္နသ်သို့ ဝင်ရပေမည်။
(ဟဒီးစ်တော်ဖြစ်သည်။)
ဇနီးဖြစ်သူတို့သည် ဘာပဲဖြစ်ဖြစ်၊ ဘာပဲလိုအပ်လိုအပ်၊ အလ္လာဟ်ကိုသာအားကိုးရမည်။ အလ္လာဟ်ထံ၌သာ တောင်းခံသင့်သည်။ အလ္လာဟ်သည် အရာရာကို ဖြစ်စေတော်မူသော အရှင်ဖြစ်သည်။ အရာရာကို စိုးပိုင်တော်မူသောအရှင်ဖြစ်သည်။ အို….အလ္လာဟ်အရှင် အစ္စလာမ်သာသနာဝင် မွတ်စ်လင်မ်အိမ်ထောင်သည်တိုင်းအား ကောင်းသောအကျင့်အကြံများချီးမြှင့်တော်မူပါ။ ဒွန္နယာအာခေရသ် နှစ်ဌာနစလုံး အေးချမ်းသာယာချမ်းမြေ့မှု ချီးမြှင့်တော်မူပါ…………အာမီးန်။

(မော်လာနာအဗ္ဗဒွလ်ကာဒိရ်ဆွာဟိဗ် ရေးသားပြုစုတော်မူအပ်သော " စံပြမိဘနှင့် ချစ်သားလက်ဆောင် " စာအုပ်မှကောက်နှုတ်တင်ပြသည်။)
အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

ရွှေရောင်တောက်ပသောမိသားစုဘဝကိုရရှိပိုင်ဆိုင်နိုင်မည့်အစ္စလာမ့်နည်းစနစ်များ - အပိုင်း (၂)



(၁၆) စကားချိုသာပျားသကာ 

ချိုသာနုညံ့မှုမရှိသော စကားတို့သည် ရွေ့လျားနေသောပြဒါးပမာဖြစ်၏။ ရေပွက်ပမာ ကြာရှည်မခံချေ။ ဇနီးမောင်နှံ ချိုသာပျော်ရွှင်နေလျှင် မိသားစုတစ်ခုလုံးလည်း သွေးလည်ပတ်သကဲ့သို့ ပျော်ရွှင်မှုများ စီးဝင်နေပေမည်။ တချို့ဇနီးတို့နှုတ်လျှာကြမ်းကြသည်မှာ ခင်ပွန်းဖြစ်သူ၏ချိုသာမှု မရှိခြင်းကြောင့်လည်း ဖြစ်တတ်ပေသည်။ မိမိ၏မိတ်ဆွေ၊ သူငယ်ချင်းအချင်းချင်း၊ အိမ်ထောင်သည်တိုင်းအား ချိုသာနူးညံ့ကြရန် တိုက်တွန်းသတိပေးရမည်။ အဆင်မပြေမှုများ ကြုံတွေ့ရသော်လည်း တုန်လှုပ်မနေသင့်ပေ။ အခြေအနေဆိုသည်မှာ ပြောင်းလဲတတ်စမြဲဖြစ်၏။ အခြေအနေပြောင်းတိုင်း သဘောထားမပြောင်းသင့်ချေ။ အချိုမကျွေးနိုင်လျှင်သာရှိပါစေ။ စကားကိုတော့ ချိုပါလေ။

(၁၇) ပြုပြင်ခြင်း

ကိုယ်က ကိုယ့်ဇနီးအပေါ် မည်သို့ပြောဆိုဆက်ဆံနေသနည်း။ အကယ်၍ တစ်စုံတစ်ယောက်က ကိုယ့်အပေါ် ထိုနည်းအတိုင်း ဆက်ဆံသည့်အခါ ကိုယ်ဘယ်လိုခံစားရသနည်း။ ချိန်ထိုးစဉ်းစားကြည့်သင့်သည်။ သို့တည်းမဟုတ် ခံရသူဇနီး၏နေရာ၌ မိမိနေပြီး ခံစားကြည့်သင့်သည်။ ချိုသာသောစကားကို ပြောရန် ဒုအာတောင်းပါ။

လျှာဆိုသည်မှာ အရိုးမရှိချေ။ သို့သော် ထိုနှုတ်လျှာကြောင့် အနာမခြောက်နိုင်သောဒဏ်ရာများကို ဖြစ်စေတတ်ပါသည်။ ထို့ကြောင့် မိမိကိုယ်ကိုမိမိ ပြုပြင်လျှက် ချိုသာသောစကားကို ပြောဆိုသောအလေ့အကျင့်ကောင်းကို မွေးမြူထားရမည်။

(၁၈) နှုတ်စကားဆိုး တုတ်ဓားမိုး

ခင်ပွန်းက အားလုံးကောင်း၏။ သို့သော်ပါးစပ်ဆိုးသည်။ ကောင်းခဲ့သမျှအားလုံး သဲထဲရေသွန်ဖြစ်ကုန်၏။ ခရီးသွားလျှင် လွမ်းစရာ၊ တမ်းတစရာများကို ချန်ထားနိုင်ရမည်။ ဇနီးဖြစ်သူ အထီးကျန်မဖြစ်စေခဲ့ရာ။ ပန်းကလေးများသည်ပင် တစ်နေ့ထက်ပို၍ လန်းဆန်းနိုင်ပေသည်။ ဇနီးအား ပန်းကလေးတစ်ပွင့်ပမာ ထာဝစဉ်လန်းဆန်းနေစေရန် ပြုစုနိုင်သူမှာ ခင်ပွန်းပင်ဖြစ်သည်။ အသိပညာ၊ အတတ်ပညာ၊ ဘွဲ့ ဒီဂရီ မည်မျှပင်ရထားသူဖြစ်ပါစေ....နှုတ်လျှာကြမ်းသူသည် အန္တရာယ်များ၏။ ဆင်ခြင်ပြုပြင်သင့်လှသည်။

(၁၉) မငြင်းနှင့်
အသေးအဖွဲကိစ္စများအား အရေးတယူ စဉ်းစားအငြင်းပွားနေတတ်လျှင် အဘယ်မှာ ချမ်းမြေ့ဖွယ်အိမ်ထောင်ရေးကို ရနိုင်ပါမည်နည်း။ နေရာတိုင်း ဇနီး၏စကားကို မငြင်းပယ်သင့်ပါ။ ဒါအီ(အလ္လာဟ်ဖက်သို့ ဒအ်ဝသ်ပေးသူ)၏ အရည်အချင်းမှာ ဒေါသကိုချုပ်တည်းနိုင်ခြင်း၊ သည်းခံခြင်း၊ သဘောထားကြီးခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ အတွေးအခေါ်မှန်ကန်ခြင်း၊ သိမ်မွေ့ခြင်း၊ အွမ္မသ်၏သောက အစဉ်ရှိနေခြင်း၊ နမာဇ်ပြီးတိုင်း ဒုအာတောင်းခြင်းတို့ဖြစ်၏။ နှုတ်ထွက်စကားတိုင်း ဒီးန်သာသနာအတွက်ဖြစ်ကြောင်း ဇနီးကလက်ခံယုံကြည်နေစေရမည်။

(၂၀) အသေးစားကေယာမသ်

ချစ်လျှင် အပြစ်မမြင်တတ်။ အချစ်ဓာတ်သည် အစွမ်းထက်လွန်းသည်။ ဇနီးအား ချစ်စကားအမြဲပြောသင့်သည်။ ရှက်စရာကိစ္စမဟုတ်ပါ။ အချစ်ကို အမြစ်တွယ်အောင်ကြိုးစားသင့်၏။ ဇနီး၏ အဝတ်လျှော်ဖွတ် ချက်ပြုတ်ခြင်းများကို အပြစ်တင်မကဲ့ရဲ့ပါနှင့်။ ဆားငံလျှင်တောင်မှ သည်းခံကြိတ်မှိတ်စားသင့်သည်။ အကောင်းမမြင် အပြစ်တင်လျှင်တော့ အသေးစားကေယာမသ်ဖြစ်လိမ့်မည်။

(၂၁) စိတ်ဓါတ်ကိုမြှင့်တင်

လင်မယားအချစ်သည် ပန်းကဲ့သို့ဖြစ်သည်။ ပင့်ကူအိမ်ကဲ့သို့ဖြစ်၏။ နုနယ်၏။ အနည်းငယ်မျှ စကားခက်ထန်မာကြောလာလျှင်ပင် သလာက်ဆိုသည့် အန္တရာယ်က ရှေ့မှာရှိနှင့်ပြီးဖြစ်သည်။ ယခင်ပျော်ရွှင် ခဲ့သည်များ အရာမထင်ဖြစ်ကုန်တော့သည်။ စိတ်ပြေသောအခါ နောင်တရလျှက် ရှက်နေတတ်ပါသည်။ သလာက်သုံးကြိမ်ကို ကျည်သုံးတောင့်လို့ မှတ်ယူသတိပြုပါ။ အသက်တစ်ရာအရွယ်မှ ကလေမာဖတ်လျှင်လည်း မွတ်စ်လင်မ်ဖြစ်၏။ အိုကြီး၊ အိုမအရွယ်ရောက်မှ သလာက်ပေးလျှင်လည်း အထမြောက်ကြောင်း ဆင်ခြင်ကြပါကုန်။

(၂၂) ဇနီးသာလျှင် အနွံအတာခံသူ

အိမ်ထောင်သက် ရင့်လာသည်နှင့်အမျှ ဇနီးမောင်နှံတို့သည် ရင်းနှီးသထက်ရင်းနှီးလာ၏။ ပြုစုယုယမှုပိုလာ၏။ တဖြည်းဖြည်း ဇနီးသည် မိခင်နှင့်တူလာ၏။ ဆင်းရဲကြပ်တည်းဒုက္ခရောက်သည်ဖြစ်စေ အခြေအနေတိုင်းမှာ ပြုစုယုယသူဖြစ်၏။ တဏှာရာဂကြောင့်မဟုတ်ပဲ တကယ့်မေတ္တာစစ်ဖြင့် သန့်ရှင်းသောပြုစုမှုဘဝသို့ ရောက်ခဲ့လေ၏။ ဇနီးကို တကယ့်ဘဝအဖော်မွန်အဖြစ် မှတ်ယူအပ်ပေသည်။

(၂၃) နံရိုးကွေးကွေး

တချို့ခင်ပွန်းတို့သည် ကိုယ့်ဇနီးအား ခေတ်ဆန်ဆန် အလှအပဆင်ယင်ထုံးဖွဲ့မှုတို့ဖြင့် တွေ့မြင်လိုလှသည်။ ဇနီးက ရိုးရိုးယဉ်ယဉ်နေတတ်၏။ ဤသို့မတိုက်ဆိုင်မှုကို စိတ်မဆိုးသင့်။ မိန်းမသည် နံရိုးကွေးကွေးဖြင့် ဖန်ဆင်းခြင်းခံရသည်ဟု ဟဒီးစ်တော်ကမိန့်ဆိုထားသည်။ ယင်းကိုဖြောင့်အောင်ကြိုးစားလျှင် ကျိုးရုံသာရှိပေတော့မည်။ ကိုယ့်စိတ်တိုင်းကျ ပြုပြင်လျှင် ကျိုးရုံသာရှိပေတော့မည်။ ကိုယ့်စိတ်တိုင်းကျ ပုံသွင်းလျှင်လည်း ပြတ်တောက်သွားနိုင်သည်။ မူလဇာတိကိုက ကွေးကွေးကောက်ကောက်ရှိနှင့်ပြီး ဖြစ်သည်။ ဇနီးခမျာ ခေတ်မဆန်ခြင်းကိုက ရိုးသားကြောင်းထင်ရှားနေပြီ။ ကိုယ့်အမြင်မှာ လျှပ်ပေါ်လော်လီ ခေတ်နှင့် မညီသော်လည်း ကိုယ့်အတွက်အသက်ပါပေးမည့် ဇနီးကောင်းအဖြစ်ယုံကြည်သင့်ပေသည်။

(၂၄) ဇနီး၏ကောင်းခြင်း

ဇနီးခမျာ နာမကျန်းဖြစ်နေရှာ၏။ ထိုအခြေအနေတွင် မိမိ၏ခင်ပွန်းလည်း တိုက်တိုက်ဆိုင်ဆိုင် ထပ်တူထပ်မျှ နာမကျန်းဖြစ်ခဲ့သော် မိမိ၏မကျန်းမာမှုကိုမေ့ဖျောက်လျှက် လင်ယောက်ျားကို ပြုစုတတ်လေသည်။ ခင်ပွန်းကို အချိန်မရွေးခူးခပ်ကျွေး၏။ ဧည့်သည်လာသော် အကြွင်းအကျန်ကိုသာ မငြီးမငြူ စားသောက်တတ်၏။ ဝန်တိုငြူစူသည်မရှိ။ သန်းခေါင်သန်းလွဲ ညကြီးအချိန်မတော် ခင်ပွန်းပြန်ရောက်လာလျှင်လည်း အိပ်ယာမှလူးလဲထလျှက် ခင်ပွန်းအား လိုလေသေးမရှိ ပြုစုတတ်ကြ၏။ ထို့ကြောင့် ခင်ပွန်းကောင်းတို့သည် ဇနီးကောင်းအား အရာရာဦးစားပေးကြရမည်။

(၂၅) ခင်ပွန်း၏ဝတ်စုံ

ဇနီးကောင်းသည် ခင်ပွန်းကောင်း၏ ဝတ်စုံဖြစ်သည်။ အဝတ်တန်ဆာသည် လူ၏အရှက်ကို ဖုံးကွယ်ပေးသည်။ ဇနီးကောင်းသည် ခင်ပွန်း၏လျှို့ဝှက်ချက်များ၊ အားနည်းချက်များကို သိထားသူဖြစ်သည်။ ထို့ကြောင့် ခင်ပွန်း၏ လူမှုရေးသိက္ခာကို ထိန်းကျောင်းထားသူလည်းဖြစ်သည်။ သားသမီးတို့အား ပြုစုစောင့်ရှောက်သူလည်း ဖြစ်သည်။ လူသည် မိမိဝတ်စုံကိုလုံအောင်ဝတ်သကဲ့သို့ ဇနီးကောင်းတို့သည်လည်း ခင်ပွန်း၏ ဘဝတစ်ခုစာအတွက် လုံခြုံပေးနေကြောင်း ခင်ပွန်းကောင်းတို့ သိနားလည်ထားရပေမည်။ စင်စစ် ဇနီးကောင်းတို့မည်သည်မှာ ခင်ပွန်းကောင်းတို့၏ လှပတန်ဖိုးရှိသော ဝတ်စုံများပင်ဖြစ်ပေသည်။

(၂၆) နွဲ့ဆိုး

တခါတရံ ဤသို့သောဇနီးက တယုတယနွဲ့ဆိုး ဆိုးလာလျှင် သည်းခံ၊ ခွင့်လွှတ်၊ ယုယမှုပေးသင့်၊ မသင့်ကို ခင်ပွန်းတို့ စဉ်းစားသင့်ပေသည်။ အိမ်မှုကိစ္စဗဟီရများတွင် တနေကုန်မအားလပ်ရှာသော ဇနီးကောင်းတို့အား ခင်ပွန်းကောင်းများသည် အထူးကျေးဇူးတင် နားလည်သဘောပေါက်သင့်လှပါသည်။ ဆီလိုအပေါက်ရှာပြီး ပြစ်တင်စကားမဆိုသင့်ချေ။ အပေးအယူ ရှင်နှင့်ကျမ ဘဝတစ်ခုကို လှပစွာ ပြုစုပြိုးထောင်နိုင်ကြပါစေ။

(၂၇) စရိုက်ဆိုးရခြင်းအကြောင်း

ခင်ပွန်း၏ဆိုးသွမ်းမှုကို ခံနိုင်သူဇနီးကောင်းတို့သည် ငိုစရာရှိလျှင် အလ္လာဟ်ရှေ့မှောက်တွင် ငိုယိုဒုအာတောင်းခံလိမ့်မည်။ ဤသို့ သူမ၏ကောင်းခြင်းကိုက သင့်အတွက်မကောင်းတော့ပါ။ ထို့ပြင် ခင်ပွန်း၏ အပြစ်အနာအဆာတို့ကို ဘယ်သူ့ကိုမျှမပြောပဲ မြိုသိပ်နိုင်သည်ပဲထား၊ သူမ၏ဒေါသတို့ကို သားသမီးထံပို့မည်။ သားသမီးအား ရိုက်နှက်မာန်မဲ မလုပ်သည်ထားဦး။ ခင်ပွန်းအား ရုန့်ရင့်ကြမ်းတမ်းသောစကားတို့ဖြင့် ထိုးနှက်ပေလိမ့်မည်။ ထိုသို့စရိုက်ဆိုးရခြင်း၏ အရင်းခံအချက်သည် ခင်ပွန်း၏အပြစ်ချည်းပင်ဖြစ်သည်။ ထို့ကြောင့်အရာရာသည် ခင်ပွန်းသည်၏ တာဝန်သာဖြစ်ကြောင်း တွေ့မြင်သုံးသပ်ဆုံးဖြတ်လို့ရပေလိမ့်မည်။ (အလ္လာဟ်အရှင် ခင်ပွန်းတိုင်းအား ကောင်းမြတ်သော အရည်အချင်းများ ပေးသနားတော်မူပါစေ။) အာမီန်း

(၂၈) မီးလောင်ရာလေပင့်

ပတ်ဝန်းကျင် မိဘဆွေမျိုး မောင်နှမသားချင်း သူငယ်ချင်းတို့၏ မြှောက်ထိုးပင့်ကော်လုပ်ပေးခြင်းတို့ကြောင့် ပြိုကွဲပြတ်တောက် ဒုက္ခရောက်ကျရသော အိမ်ထောင်ပေါင်းလည်း နည်းလှသည်မဟုတ်။ ထို့ကြောင့် ခင်ပွန်းကောင်းနှင့် ဇနီးကောင်းတို့သည် ကြားစကားများကို သတိထားဆန်းစစ် ဆင်ခြင်သင့်ပါသည်။ ယုံကြည်ထားရမည့်အချက်မှာ မိမိတို့နှစ်ယောက်သာလျှင် မိမိတို့၏ဘဝတစ်လျှောက်လုံးအတွက် အဓိကဖြစ်သည်။ ကိုယ့်မိသားစုအရေးကို ကိုယ်လင်မယားအေးဆေးစွာ ညှိနှိုင်းတိုင်ပင် ဆွေးနွေးရမည်။ ဘေးစကားများအကြား ကတောက်ကဆဖြစ်ကြရလျှင် မိမိတို့ထက်ညံ့ဖျင်းသူ မရှိတော့ကြောင်း ယုံမှတ်ထားစေချင်သည်။ မည်သို့ပင်ဖြစ်စေ လူရေးလူရာကို နားလည်တတ်ရန်မှာ စာများများဖတ်သင့်ပါသည်။ အစ္စလာမ်သာသနာသည် အပိုအလိုမရှိ အရာရာတိုင်းအတွက် ကွက်တိပြဋ္ဌာန်းပြီးဖြစ်သည်။

(၂၉) အကြောင်းမဲ့အပြစ်တင်ခြင်းကို ဆင်ခြင်ပါ။

ဇနီးဖြစ်သူ အီမာန်အားနည်းလျှင် ဒီးန်၏အသိ ချို့တဲ့လျှင် လက္ခဏာဗေဒင်ဆရာတို့ထံ ရောက်တတ်ပေသည်။ စိတ်တည်ငြိမ်ရန် လင်သားကကိုယ်ပြုသမျှ နုကြစေရန် အန္တရာယ်အသွယ်သွယ်မှ လွတ်ကင်းရန် စသဖြင့် ရှိရ်က်(အလ္လာဟ်နှင့်ယှဉ်တွဲကိုးကွယ်ခြင်း) လုပ်ငန်းများကို လုပ်ပေတော့မည်။
(ထိုအဖြစ်မျိုး၌သေဆုံးခဲ့လျှင် ဒွန္နယာနှင့် အာခေရသ် နှစ်ဌာနစလုံး ရှုံးကြပေတော့မည်။)
ထိုအဖြစ်ဆိုးမှထိန်းသိမ်းရန် ခင်ပွန်းကောင်းတို့၏ တာဝန်ပင်ဖြစ်ပေသည်။ ဇနီးအတွက်စိတ်ညစ်စရာများ မဖန်တီးနှင့်။ လင့်မျက်နှာတစ်ရွာထင်ပြီး အားလုံးကိုစွန့်ခဲ့သည်မဟုတ်ပါလား။ အပြစ်တင်လျှင် ချစ်ခင်မှုလျော့စေပါသည်။

(၃၀) စာနာစိတ်

အကြောင်းမညီညွတ်သဖြင့် စိတ်ကောက်စိတ်ဆိုးပြီး ဇနီးဖြစ်သူသည် မိဘအိမ်သို့ပြန်သွားသည်ဆိုပါစို့။ ဘယ်လိုလုပ်မလဲ….။ မာနချင်းပြိုင်ကြမှာလား? ကောင်းပြီး၊ ဤအဖြစ်မျိုး ကိုယ့်ညီမ၊ ကိုယ့်အမ ကြုံရပါပြီတဲ့။ ဘယ်လိုခံစားရမလဲ။ စာနာစိတ်မွေးတတ်သူတစ်ဦးအဖို့ အရာရာကိုလွယ်ကူစွာ ဖြေရှင်းနိုင်ကြောင်း ယုံကြည်ကြပါကုန်။
************************************************************************

(မော်လာနာအဗ္ဗဒွလ်ကာဒိရ်ဆွာဟိဗ် ရေးသားပြုစုတော်မူအပ်သော " စံပြမိဘနှင့် ချစ်သားလက်ဆောင် " စာအုပ်မှကောက်နှုတ်တင်ပြသည်။)

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

ရွှေရောင်တောက်ပသောမိသားစုဘဝကိုရရှိပိုင်ဆိုင်နိုင်မည့်အစ္စလာမ့်နည်းစနစ်များ - အပိုင်း (၁)


(၁) နေကာ၏အလှ
မိမိနေကာဟ်ဖြင့် ရရှိထားသောဇနီးသည် ရုပ်ရည်ချောမောလှပသူ ဖြစ်ချင်မှဖြစ်မည်။ အသားအရည် ဖြူဖွေးတောက်ပြောင်နေသူ ဖြစ်ချင်မှဖြစ်မည်။ သို့သော် သူမထံတွင် အလှအပါင်းတို့၏ထိပ်ခေါင် ဒီးန်ကို လေးစားလိုက်နာခြင်းဟူသည့် မကိုဋ်သရဖူရှိနေလျှင် ထိုဇနီးသည် လှ၏။ ရုပ်ရည်ချောမောလှပ၍ ဒီးန်မရှိသောဇနီးထက် အဆပေါင်းသိန်းသန်းမက လှပနေမည်ဟု အသင်ယုံကြည်ထားပါလေ…။

ဇနီးအား ဒီးန်နှင့်ပတ်သက်၍ လွတ်လပ်မှုမပေးရပါ။ ခင်ပွန်းမှ အမြဲတန်း ကြပ်မတ်ကွတ်ကဲပေးရမည်။ လွတ်လပ်မှုရလျှင် ထိုဇနီးသည် ပရမ်းပတာဖြစ်သွားမည်။

လူငယ်ဘဝ အိမ်ထောင်သည်တစ်ဦးအနေဖြင့် အချိန်တန်အိမ်ပြန်သင့်သည်။ အပြင်မှာ အချိန်မဖြုန်းသင့်၊ အပျော်မရှာသင့်၊ ဇနီးကိုသာလျှင် စုံမက်မြတ်နိုးနေရမည်။

(၂) ဇနီးမယားဘဝကြင်ဖော်

ကိုယ့်လင်မယားချင်း နားလည်တတ်ရမည်။ စိတ်သဘောခြင်းတိုက်ဆိုင်အောင် ကြိုးစားရမည်။ အပြန်အလှန် ယုံကြည်မှုရှိရမည်။ ကိုယ့်လင်မယားကိစ္စကို အပြင်လူမသိစေနှင့်။
(မျက်နှာပျက် သိက္ခာကျရမည့်အဖြစ်မျိုး ကြုံတတ်၏။)

သာမာန် မဖြစ်စလောက် မမုန်းလောက်သည်ကို ရေးကြီးခွင်ကျယ်လုပ်၍ အပြစ်ကြီးဟု မယူမှတ်လေနှင့်။ ဇနီးသည်၌ အကျင့်ပျက်များဝင်လာသည်ရှိသော် ပြင်းပြင်းထန်ထန် ဟန့်တားပြုပြင်ပေးရမည်။ ကိုယ်တိုင်လည်း သူစိမ်းမိန်းမတို့နှင့် အရောမဝင်အပ်။ မတ်နှင့် ခဲအိုတို့သည် ဇနီးတစ်ယောက်အဖို့ မော့သ် (သေမင်း) ပင်ဖြစ်၏။ သာသနာ့စည်းကမ်း ဖော်ညွှန်းချက်ကို ဇနီးကိုယ်တိုင် လိုက်နာကျင့်သုံးရမည်။

လင်မယားတိုင်ပင်ဆွေးနွေးရမည်။ ခင်ပွန်း၏ ဆုံးဖြတ်မှုဖြစ်စေရမည်။ ဇနီးကောင်းဖြစ်ဖို့ ခင်ပွန်းတွင် တာဝန်ရှိ၏။ ပြေလည်သိမ်မွေ့သောအပြောအဆိုတို့ဖြင့် ပြုပြင်ထိန်းသိမ်းလျှက် လှပသောအိမ်ထောင်သည်ဘဝကို ထူထောင်နိုင်ရမည်။ ဤသည်မှာ မယား၏ကျွန်ဖြစ်ခြင်းမဟုတ်။ အလ္လာဟ်နှစ်သက်သော ယောက်ျားကောင်းတစ်ယောက်၏ အရည်အချင်းပင်ဖြစ်သည်။

(၃) အိမ်ထောင်ဖက်ရွေးနည်း

တစ်သက်တာလုံးအတွက် ဘဝကြင်ဖော်ရွေးရသည့်ကိစ္စသည် ခက်ခဲလှ၏။ အလွယ်တကူ မလုပ်သင့်ပေ။ စဉ်းစားချင့်ချိန်ရမည်။ သတ္တိနည်းလွန်းပြန်လျှင်လည်း အဆိပ်အတောက်ဖြစ်တတ်၏။ ဘယ်လိုရွေးကြမလဲ? "ရတာမလို လိုတာမရ" အဖြစ်မျိုးလည်း ကြုံတတ်၏။ ပြီးပြီးရော ကမန်းကတန်းစီစဉ်ကြပြန်လျှင်လည်း "စလယ်ဝင်ဖင်မမည်းခင်ကတည်းကကွဲ" ဖြစ်တတ်ပြန်၏။ သလားက် (ယောက်ျားလေး) ဖက်မှ ကွာရှင်းခြင်း၊ ခုလအ် (မိန်းကလေးဖက်မှ ကွာရှင်းခွင့်တောင်းခံခြင်း) များဖြစ်တတ်၏။ သည်တော့… အကောင်းဆုံးဖြစ်အောင် ဘယ်လိုရွေးကြမလဲ…?

ပထမ… အလ္လာဟ်အရှင်မြတ်ထံတောင်းခံရမည်။ ဆွလာသွလ်ဟာဂျသ် နမာဇ်ဖတ်ရမည်။ ရို့ကျိုးစွာ အကြိမ်ကြိမ်တောင်းခံရမည်။

ဒုတိယ… အထင်အမြင် ဆင်ခြင်စဉ်းစားရန်ကို အလ္လာဟ်ထံမှာပဲ မျှော်လင့်ယုံကြည်စွာ တောင်းခံပါ။ အင်န်ရှာအလ္လာ မုချမလွဲမသွေ အိမ်ထောင်ဖက်ကောင်းရမည်ဟု ယုံကြည်ချက်ဖြင့် ဆက်ဆက်တောင်းခံပါ။

တတိယ… ဒီးန်သာသနာ လေးစားလိုက်နာသော၊ အမြော်အမြင်ရှိသော၊ ဝါရင့်အတွေ့အကြုံရှိသော အမာနသ်ကို ဖုံးကွယ်တတ်သောသူ တစ်ဦးဦးထံ၌ အကြံယူ အကူအညီတောင်းခံပါ။

စတုတ္ထ… အိစ်သိခါရဟ် (အလ္လာဟ်ထံ အကြံဥာဏ်တောင်းခံခြင်း) ပြုလုပ်ရမည်။ အလ္လာဟ်အကူအညီ ရယူမှုပြုရမည်။ တစ်ရက် တစ်ကြိမ်ကျ၊ ခုနှစ်ရက်တိုင်တိုင် ပြုကျင့်ခွင့်ရှိသည်။ အင်န်ရှာအလ္လာဟ် စိတ်နှလုံးသား၌ ထင်ရှားပီပြင်စွာမြင်နိုင်ပေသည်။ မုချမလွဲမသွေ အလ္လာဟ်သည် ကူညီတော်မူသော အရှင်ဖြစ်၏။

ဖေါ်ပြပါ လေးချက်ဖြင့် အိမ်ထောင်ဖက်ကို ရွေးချယ်ကျေနပ်နိုင်ကြပါစေ။ (ဖေါ်ပြပါ အကြံပြုချက်သည် ကျား/မ မရွေးကျင့်သုံးရန်ဖြစ်သည်။)

(ယောက်ျားလေးတစ်ယောက်သည် သူ၏ ဘဝလက်တွဲဖော်ကို သူကိုယ်တိုင်ရွေးချယ်ရမည်။ ရွေးချယ်နိုင်စွမ်းရှိရမည်။ မိဘကပေးစားလို့ ဟူသောခေါင်းစဉ်တတ်ပြီး ခေါင်းညိမ့်ယူခြင်းသည် ခေါင်းရှောင်ခြင်းပင်ဖြစ်သည်။ ယောက်ျားဟူသည်မှာ ခေါင်းဆောင်နိုင်သောအရည်အချင်းရှိရမည်။ မိမိနှစ်သက် သဘောကျသူတွေ့လျှင် အားလုံးက လက်ခံအောင်တင်ပြနိုင်ရမည်။ မှတ်ထားရမည်မှာ ဇနီးဟူသည် ခင်ပွန်းဖြစ်သူ လင်သား ယောက်ျားအတွက်ပင်ဖြစ်သည်။ မိမိနှင့် အဆင်ပြေရန်၊ မိမိဒီးန်၊ ဘဝ စသည့်အရာတွေအတွက် မည်မျှအကျိုးဖြစ်ထွန်းမည်ကို စဉ်းစားပြီး ရွေးချယ်ရမည်။ ထိုဇနီးသည် အားလုံးနှင့် အဆင်ပြေချင်မှ ပြေနိုင်မည်။ မိန်းမဟူသည် ခင်ပွန်းနှင့်သာ အမြဲတန်းအတူနေရမည့်သူ ဖြစ်သည်။ ကျန်ရှိသောသူများနှင့် အမြဲတန်းအတူနေရမည့်သူ မဟုတ်ပါ။……
(စကားချပ်…)

(၄) မိန်းကလေး၏ အရည်အချင်း

၁- ဒီးန်သာသနာ လေးစားလိုက်နာသူဖြစ်ရမည်။ သို့မှာသာ ဂုဏ်ယူမြတ်နိုးစရာကောင်းသော သားသမီးရတနာများ ထွန်းကားမည်။ လင်မယားဘဝ တည်တံ့ခိုင်မြဲ ကြည်နူးရမည်။

၂- ဆွေဂုဏ်မျိုးဂုဏ် ရှိရမည်။ ဆွေဂုဏ်မျိုးဂုဏ်ဟူသည် အကျင့်သီလကောင်းခြင်းကို ဆိုလိုသည်။ မွေးဖွားကြီးပြင်းရာ ဘဝပတ်ဝန်းကျင်သည်လည်း ဒီးန်သာသနာကို လေးစားလိုက်နာသည့် အသိုက်အဝန်းဖြစ်ရမည်။ မြေကောင်းမှ အသီးအပွင့်ကောင်းမည်။ မျိုးစေ့မှန်မှ အပင်သန်မည်။ ဘယ်ကျောင်းထွက်လည်းဆိုသည်ထက် ဘယ်အိမ်ထောင်စုကလည်းဆိုသည်ကို အလေးထားလေ့လာရမည်။ ယင်း၏မိဘများ အချင်းချင်းဆက်ဆံရေးကို လေ့လာရမည်။ ဒီးန်သာသနာရေးလေးစားလိုက်နာမှုကို လေ့လာရမည်။ ဆွေမျိုးဝန်းကျင်ကို လေ့လာရမည်။

(၃) ရွေးချယ်ပုံ

ချောမောလှပခြင်း၊ ရုပ်ရည်ကို မျက်စေ့ဖြင့်လေ့လာကြည့်ခြင်းကို သာသနာက ခွင့်ပြုသည်။ ကြည့်ပြီးနောက် သာမာန်ချွတ်ယွင်းချက်မျှဖြင့် ပယ်ချခြင်းကိုမပြုသင့်။ သမီးရှင်များကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ထို့ကြောင့် ပါဝင်ပတ်သက်သူတို့ထံမှ ဦးဆုံးလေ့လာသတင်းယူသင့်သည်။ ကျေနပ်လောက်မှ ကြည့်သင့်၏။ ကြည့်ပြီးနောက် ကျေနပ်သဘောတူသင့်ပေသည်။ အကြောင့်မဲ့သက်သက် မပယ်သင့်။
(သို့သော်ပယ်ချခွင့်တော့ရှိသည်။)

(၄) မင်္ဂလာဦးည

မင်္ဂလာဦးညသည် အရာရာတိုင်းအတွက် အဓိကအကျဆုံး ညမင်္ဂလာဖြစ်သည်။ ဒီးန်သည် အရေးအကြီးဆုံးဖြစ်သည်။ "ရှင်မရေ… ဒီနေ့နေကာမှာ ရှင်မအလွန်လှပါတယ်။ ကိုယ့်ဘက်က ပြောမှားဆိုမှား၊ တစုံတရာ မကျေနပ်စရာများတွေ့ခဲ့လျှင် သည်းခံခွင့်လွှတ်ပါ။ ဘယ်သူ့ကိုပဲဖြစ်ဖြစ်၊ ကိုယ့်အမေ၊ အစ်မ၊ မရီးတို့ကို သည်းခံခွင့်လွှတ်ပါ။ အာခိရသ်မှာ ရှင်မအစားရပါလိမ့်မယ်။" စသဖြင့် ချိုသာစွာပြောဆိုလျှက် အလျှင်ဦးဆုံး နားလည်မှုယူသင့်ပေသည်။ ကိုယ့်ဘက်ကိုလည်း ပြေလည်စွာဆက်ဆံရန် ကြိုတင်ညှိနှိုင်း မှာကြားတောင်းပန်ထားသင့်၏။

(မင်္ဂလာဦးဇနီးမောင်နှံ၏ မင်္ဂလာည၌ ထားရမည့်နိယသ်၊ တောင်းရမည့်ဒိုအာတို့ကို လေ့လာကျက်မှတ် လိုက်နာကျင့်သုံးရပေမည်။)

(၅) ယောက္ခမ နှင့် ချွေးမ သင့်မြတ်နည်း

ခင်ပွန်းဖြစ်သူသည် ဇနီးမှတဆင့် တခါတရံသင့်မြတ်သည့်လက်ဆောင်ကို ပေးအပ်စေသင့်သည်။ ထိုနည်းအတိုင်းပင် ဇနီး၏ မိဘမောင်နှမများထံသို့လည်း ပြုမူဆောင်ရွက်သင့်သည်။ ဆုမွန်ဒုအာရစရာပင်ဖြစ်သည်။

အခြားသော သင့်မြတ်စေသည့် နည်းများစွာရှိပါသည်။ အထူးသဖြင့် ငြင်းခုံခြင်းကို ရှောင်ရမည်။ ပြုံးရွှင်ချိုသာစွာ ဆက်ဆံရမည်။ တစ်ဖက်သားကို ဦးစားပေးဆက်ဆံသင့်သည်။ အေစ်က်ရာမ်ပင်ဖြစ်သည်။

(၆) ဇနီးအားတားမြစ်ရန်မလိုအပ်သည်များ

ဇနီးသည် အကီဒဟ်ခံယူချက်ကောင်း၏။ ဗစ်ဒ်အသ် (သာသနာ၌မရှိသည့်အရာကို ကျင့်သုံးခြင်း) မှ ကင်းစင်သည်။ မှားယွင်းမှုအစဉ်အလာများသို့ လမ်းမပြမိပါစေနှင့်။

ဤသို့ပင် ဇနီးဖြစ်သူက ပရ်ဒါ (အကာအကွယ်) သတ်မှတ်ချက်ကို စောင့်စည်း၏။ ပရ်ဒါကင်းမဲ့သူ၊ ဒီးန်ကို မလေးစားသူတို့နှင့် အရောတဝင်မရှိပါစေနှင့်။ ရှရီအသ်နှင့် ဆန့်ကျင်သည့်အသိုင်းအဝိုင်းသို့ မပို့ဆောင်လေနှင့်။ မိမိတို့ဇနီးမောင်နှံမလာလျှင် စိတ်ဆိုးနေမှာပဲဟု အားနာစိတ်ဖြစ်မသွားပါနှင့်။

ထို့ကြောင့် ဒီးန်သာသနာတော်၌ရှိနေသောဇနီး၏ ကောင်းသောပြုမူကျင့်ဆောက်တည်မှုများကို ခင်ပွန်းက မတားရ၊ မဖျက်ရချေ…။

(၇) ဇနီးဒီးန်လေးစားရန် ခင်ပွန်းဦးဆောင်

ဒီးန်နှင့်ပတ်သက်၍ ကိုယ့်ဇနီးချွတ်ချော်နေသည်ကိုတွေ့လျှင် မဆူမဆဲ၊ မလှောင်မပြောင်လေနှင့်။ ယဉ်ကျေးစွာ ပဲ့ပြင်သွန်သင်ဆုံးမသင့်သည်။ ဦးစွာပထမ စစ်မှန်သောအာလင်မ်သာသနာ့ပညာရှင်များထံ ပညတ်ချက်အမှန်ကို မေးမြန်းလေ့လာဆည်းပူးသင်ယူသင့်သည်။

ခင်ပွန်းဖြစ်သူသည် အလ္လာဟ့်လမ်းတွင် သုံးကျိလ္လာ (ခေါ်) လေးလအချိန်ပေးသင်ယူခဲ့သော်လည်း ဇနီးဖြစ်သူခမျာ တစ်ရက်တစ်လေမျှပင် ထိုပတ်ဝန်းကျင်မျိုးရဖူးသည်မဟုတ်ပေ။ ခင်ပွန်းသည် ဟရာမ်၊ ဟလာလ် ခွဲခြားသိနားလည်ထားသော်လည်း ဇနီးခမျာ သိရှာသေးမည်မဟုတ်ပါ။ ကိုယ့်ကိုသူတစ်ပါးက နားလည်အောင် စိတ်ရှည်ခဲ့သကဲ့သို့ ကိုယ်ကလည်းကိုယ့်ဇနီးအပေါ် စိတ်ရှည်စွာ စောင့်ဆိုင်းနားချ သင်ပြသင့်သည်။ သူမ၏ အတွင်းစိတ်၌ ရှရီအသ်ပညတ်ချက်များကို တောင့်တလာသည့်အခါ ခွဲခြားသင်ပြသင့်သည်။ မနှစ်မြို့စရာတွေ့တိုင်း ပြစ်တင်ကြိမ်းမောင်းမှုပဲပြုလုပ်နေလျှင် သူမသည် ဒီးန်နှင့် ပိုမိုဝေးကွာသွားနိုင်ကြောင်း သတိပြုရမည်။ ထို့ကြောင့် တတ်သိသူများ၏အတွေ့အကြုံဖြင့် သိမ်းသွင်းရသည်။ အထူးသဖြင့် စာပေမပြတ်ဖတ်ပါလေ…။

(၈) ရှာဒီပြုလုပ်ပြီးသွားသည်နှင့် လိုက်နာရမည့်အချက် (၃)ချက်

နေကာရှာဒီပြီးနောက် သားသမီးရကြဦးမည်။ အိမ်ထောင်ဦးစီး၊ သားသမီးများ၏ဖခင်၊ ဇနီး၏ခင်ပွန်းဖြစ်သူသည် အောက်ဖေါ်ပြပါ အချက်(၃)ချက်ကို လေးစားလိုက်နာရမည်။

၁- မျက်စေ့ကိုထိန်းရမည်။ အတုအယောင် အလှအပများသည့်ခေတ်၊ မိတ်ကပ်ခေတ်တွင် ကိုယ့်ဇနီးသည်သာ အလှဆုံးအဖြစ်ခံယူထားပါလေ။ ကိုယ့်ဇနီးအပြင် အခြားတပါးကိုငြိတွယ်မိပြီဆိုပါက နူရ်နှင့်ရူဟာနီယသ်တို့ ပျက်ပြယ်ကုန်လိမ့်မည်။ အရှင်မြတ်က ထိုကဲ့သို့သူ၏သိက္ခာကို ကျစေတော်မူ၏။ အကြည့်မှားလျှင် အကျဉ်းတန်မည်ဟု မှတ်ယူပါလေ။

၂- အရှင်မြတ်သည် စုံတွဲကိုသတ်မှတ်တော်မူ၏။ ယင်းအတိုင်းပင် ဗန္ဒာဟ်ကကျေနပ်ရပေမည်။ မည်သည့်အခြေအနေမှာပင်ဖြစ်စေ ရှူကုရ် (အလ္လာဟ်ကို ကျေးဇူးတင်ခြင်း) ပြုနေရမည်။ ကိုယ့်ဇနီးထက်သာသူ မရှိဟု မှတ်ယူထားပါ။

၃- မိဘမောင်နှမ ဆွေမျိုးသားချင်းများထံ မျှော်လင့်ချက်မထားပါနှင့်။ အရှင်မြတ်ကိုသာ အားထားယုံကြည်ပါ။ ဒုက္ခဆိုသည်မှာ ဆွေမျိုးရင်းချာများကြောင့်သာ ကြုံရတတ်၏။ အင်န်ရှာအလ္လာဟ် ဒုက္ခသည် အမြန်ဆုံးပျောက်ကွယ်ပါလိမ့်မည်။

(၉) အတွေးများကို သန့်ရှင်းပါ။
ဇနီးသည် မိမိသတ်မှတ်သော ပုံစံအတိုင်း အပြည့်အဝမလိုက်နာသည့်အခါ "မချစ်တော့ဘူးလား၊ မိမိကထားရမဲ့ ဝတ္တရားတွေကို ပျက်ကွက်တော့မှာလား။ ပျော်အောင်ထားဖို့ မကြိုးစားတော့ဘူးလား။" သို့ဖြင့်လျှင် စိတ်ချမ်းသာမှုရတော့မည်မဟုတ်ပါ။

သင်စဉ်းစားရွေးချယ် တွေးယူသတ်မှတ်ခဲ့သောစနစ်၊ ပုံစံတို့သည် သင်၏အသိုင်းအဝိုင်း နှီးနွယ်ပတ်သက်သမျှနှင့် တွေ့ကြုံသည့်ပုံစံဖြင့်သာလျှင်ဖြစ်ပေမည်။ ထိုပုံစံကိုသင်က သဘောကျကျေနပ်နှစ်သက်သော်လည်း သင့်ဇနီးက ရုတ်တရတ်ပြောင်းလဲလိုက်နာဖို့ ခက်ကောင်းခက်နေပေမည်။ ဤအချက်ကို သင်စိတ်ကွက်မည်ဆိုပါကသင်မှားချေပြီ။

ထို့ကြောင့် မိမိဖြစ်စေချင်သည့် အကျင့်အမူ၊ ဓလေ့စရိုက်တို့ကို သည်းခံစိတ်ရှည်လျှက် ဇနီးအားတွဲခေါ်ရမည်။ သို့မှသာ နှစ်ကိုယ်တူညီမျှ ချစ်ကြည်ပျော်ရမည့်အနေအထားသို့ ရောက်ပေမည်။ တစ်ဖက်စွန်းမရောက်ရပါ…။ မိမိအတွေးအထင်တို့ကို သန့်ရှင်းစင်ကြယ်ထားရမည်။

ဇနီးကို မိမိနှစ်သက်သဖြင့် နေကာရှာဒီဖြစ်ခဲ့၏။ မိမိနှင့် အကျင့်အမူဓလေ့စရိုက်မကိုက်ညီမှုကို အခြေခံလျှက် အပြစ်မမြင်ထိုက်ပေ။ မိန်းမသားတစ်ယောက်၏အသိတရားနှင့် ယောက်ျား၏အတွေးအမြင်တို့ကို ထပ်တူပြုမရနိုင်ကြောင်း သတိပြုရမည်။

အချို့အမျိုးသမီးတို့သည် ခင်ပွန်းအားစိတ်အတွင်းမှချစ်၏။ ကိုယ်နှုတ်အမူအယာဖြင့် မပြတတ်ပေ။ ခင်ပွန်းအိမ်သို့ပြန်ရောက်လာလျှင် ကျေနပ်ပီတိဖြစ်တတ်သော်လည်း ထိုကြည်နူးမှုအား ထုတ်ဖော်မပြတတ်ခြင်းမျိုးကို ဆိုလိုသည်။

တခါတရံ အိမ်မှုကိစ္စကြောင့် ဇနီး၏ဝတ္တရားပျက်ကွက်မှုရှိခဲ့သော် နားလည်ခွင့်လွှတ်သင့်သည်။ သို့မှသာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်လျှက် သာယာပျော်ရွှင်သောအိမ်ထောင်သည်ဘဝကို ထူထောင်နိုင်မည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ခင်ပွန်းသည် ဒီးန်အရေးကို ရှေ့ထား၊ နားလည်မှုကိုကြိုးပမ်း၊ မိမိ၏အတွေးအထင်တို့ကို သန့်စင်ပြီး ဦးဆောင်သင့်ကြောင်း သတိပေးအပ်ပါသည်။

(၁၀) မိမိဇနီးကို မြတ်နိုးတန်ဖိုးထား

မိမိ၏ဇနီးကို အောက်ပါအကြောင်းနှစ်ချက်ကြောင့်ပင်လျှင် မြတ်နိုးတန်ဖိုးထားသင့်ပေသည်။

၁- ကိုယ့်ပိုင်ဆိုင်မှုအတွင်းသို့ သူမရောက်ရှိနေထိုင်ခြင်း။

၂- သူမသည်လည်း မွတ်စ်လင်မ်တစ်ဦးဖြစ်နေခြင်း။

အမှတ် ၁ ကိုစဉ်းစားကြည့်ရအောင်

ကိုယ်ပိုင်ဆိုင်ထားသောအရာ။ ကိုယ့်လက်ခုပ်ထဲကရေ၊ ကိုယ်ပြုသမျှနုရသည့် သူမ၏ဘဝ အဘယ့်ကြောင့်အနိုင်ကျင့်မည်နည်း။ မြတ်နိုးတန်ဖိုးမထားသင့်ပေဘူးလား။

အမှတ် ၂ အချက်ကို ဆန်းစစ်ကြည့်ဦးစို့။

သူမသည် မွတ်စ်လင်မ်ဖြစ်၏။ ဒီးန်၏အရေးကို ဆောင်ရွက်၏။ အရှင်မြတ်ရှေ့မှောက်၌ မည်သူက မည်သူထက် သာပိုမြင့်မြတ်သည်ဟု အသေအချာပြောဆိုရနိုင်သည်မဟုတ်။ အရှင်မြတ်သည် နှိပ်စက်ညှင်းပန်းခြင်းခံရသူ၏ သာမန်အမလ်ကိုပင် ကဗူလ်ပြုလျှက် အဆင့်ကိုတိုးမြှင့်တော်မူ၏။

(၁၁) ဇနီးကောင်းတို့၏ ထူးခြားမှုနှစ်ရပ်။

ဇနီးကောင်းပီသသူတို့တွင် ထူးခြားမှုနှစ်ရပ်ရှိလေသည်။

၁- အောက်ခြေသိမ်းပြုစုခြင်း

၂- အရှက်သိက္ခာရှိခြင်း

ယောက်ျားသားတစ်ယောက်၏ သန့်ရှင်းမှုကို ရာနှုန်းပြည့်အမှတ်ပေးရန်ခဲယဉ်းသည်။ သို့သော်မြင့်မြတ်သောအမျိုးသမီးတစ်ဦး၏ ကိုယ်ကျင့်သီလစင်ကြယ်မှုကို စူရဟ်နူရ်၏ အာယသ်တော်ကို ကိုးကားလျှက် အချို့ပညာရှင်များက တင်ပြကြလေသည်။

(၁၂) ဇနီးကိုချစ်ကြ

လင်မယားချင်း စိတ်ဝမ်းကွဲတဲ့အခါမျိုး၌ ပေါင်းလို့မဖြစ်တော့ဘူး။ ချစ်လို့မရတော့ဘူးဟု ပြောတတ်ကြသည်။ ဇနီး၏အပြစ်ကို စာလုံးမည်းကြီးဖြင့် နဖူးပေါ်ရေးပြကြ၏။ (ထို့ကြောင့်မိမိတို့ကိုယ်တိုင်လည်း ရွံ့ရှာမုန်းတီးစိတ်မဖြစ်ကြစေရန် အစဉ်ချစ်ကြည်ရန် ဒုအာဆုမွန်တောင်းကြပါ။ အများသူငှာ ဇနီးမောင်နှံအတွက်လည်း ဒုအာပြုပေးသင့်ကြသည်။)

သည်ကမ္ဘာမှာ ကိုယ့်ဇနီးကလွဲလျှင် ဖွဲနှင့်ဆန်ကွဲဟု မှတ်ယူနိုင်ရမည်။ အရှင်မြတ်သတ်မှတ်ပေးသော သပ်က်ဒီးရ်၏အီမာန်(ယုံကြည်နိုင်စွမ်း) ကို မြှင့်တင်နိုင်ရန်ကြိုးပမ်းသင့်သည်။

(၁၃) ဟရာမ်မှရှောင်နည်း

အရှင်မြတ်သည်ဟလာလ်နည်းဖြင့် နေကာရှာဒီပေးခဲ့၏။ ထိုဇနီးဖြင့် ပေါင်းသင်းနေထိုင်ခြင်းပင်လျှင် ဆွဒကဟ်၏အကျိုးကိုရ၏။ (ဟလာလ်ဇနီးမရှိလျှင် ဇေနာထဲ၌နစ်မွန်းမည်။ ဂုနာထိုက်မည်။ ဟဒီးစ်)

သူစိမ်းအမျိုးသမီး၏အသံကိုကြားလျှင်၊ ရုပ်ကိုမြင်လျှင်၊ အတွေးမှားခဲ့လျှင် ချက်ခြင်းထိန်းချုပ်ပါ။ နောင်မကြားမမြင် မမှားစေရန် ထိန်းချုပ်ပါ။ အကယ်၍ ထိုအချိန် ဇနီးထံသွားရန် လွယ်ကူပါက ဇနီးထံသွားပြီး မိမိ၏စိတ်ဆန္ဒဖြစ်ပေါ်မှုကို ဖြည့်စည်းလိုက်ပါ။

(ကိုယ်ချင်းစာနိုင်ရန် ဥပမာတစ်ခုပေးမည်။ စဉ်းစားပါကုန် သင့်၏ သမီးသည်သာမန်သာလှ၏၊ စရိုက်ကြမ်း၏၊ သားမက်သည်လှ၏၊ အရည်အချင်းရှိ၏၊ သို့သော်သားမက်က သမီးကိုရိုက်သော်မည်သို့ခံစားရမည်နည်း။ ထိုသို့မဟုတ်ပဲ သားမက်ကသမီး၏ အနွံတာခံအလိုလိုက်ခဲ့သော် မည်မျှဝမ်းသာကြည်နူးမည်နည်း။ သို့ဖြစ်ရာ သင်၏ဇနီးသည်လည်း တစ်ဦးတစ်ယောက်၏သမီးဖြစ်ကြောင်းစာနာစိတ်မွေးသင့်သည် မဟုတ်ပါလား။ မည်သို့ပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်နှစ်သက်မြတ်နိုးစေရန် ကြိုးစားနေထိုင်ဆက်ဆံသင့်သည်။)

(၁၄) အပြုံးသည်စွန္နသ်

ကိုယ်တော်(ဆွ) သည်အိမ်သို့ကြွမြန်းလာတိုင်း ပြုံးရွှင်နေတတ်သည်။ စဉ်းစားကြည့်ပါ။ ကိုယ်တော်၌ အွမ္မသ်၏သောက၊ မွတ်စ်လင်မ်တို့၏ အရေးကိစ္စ၊ ကိုယ်စားလှယ်များအားဒအ်ဝသ်ပေးခြင်း၊ ဂျေဟားဒ်ပြီးတိုင်း နောက်ဂဇ်ဝါအတွက်ပြင်ဆင်ခြင်း စသဖြင့် အဘယ်မျှအလုပ်တွေများပြားပါသနည်း။ သို့သော် ကိုယ်တော်သည် အိမ်သို့ပြန်ရောက်တိုင်း ပြုံးနေတတ်ပါသည်။

ယခုခေတ်အခါတွင် အများအားဖြင့် ယောက်ျားသားတို့သည် အိမ်ပြန်ရောက်လျှင် ဖိရ်အောင်န်ကဲ့သို့ ဖြစ်နေတတ်သည်။ မျက်နှာကဆူပုတ်၊ မျက်စေ့နီမြန်းလျှက် ဒေါမာန်ပွနေသည်။ မာနအရှိန်တို့ဖြင့် ဟိန်းဟောက်လျှက် နမ်ရူးဒ်ကဲ့သို့ အိမ်သို့ဝင်တတ်ကြသည်။ ယင်းလုပ်ရပ်တို့သည် စွန္နသ်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပေသည်။

တချို့ကလည်း သူတော်စဉ်ပမာ မုရာကဗာဟ်ဖြင့် မျက်စေ့ကိုပိတ်လျှက်နေတတ်၏။ ဤသည်ကို ဒီးန်သာသနာရေးလိုက်စားသည်ဟု အထင်မှားကြသည်။ မိမိဇနီးကို ရွှင်ပြုံးချိုသာစွာ ဆက်ဆံခြင်းသည် နဖိလ်နမာဇ်ဖတ်သည်ထက်သာမြတ်ကြောင်း သိရမည်။

အကျင့်စာရိတ္တအကောင်းဆုံးသူမှာ ကိုယ့်ဇနီးနှင့်ပြုံးရွှင်ချိုသာစွာ ဆက်ဆံသူပင်ဖြစ်သည်။

(၁၅) ဇနီးတွင်စိတ်ဆိုးခွင့်ရှိခြင်း

ကလေးက သူ့အားအချစ်ပိုရန် ဟန်ဆောင်ငိုသည်လည်းရှိ၏။ မိတ်ဆွေသူငယ်ချင်း အချင်းချင်းလည်း စိတ်ဆိုးဟန်ပြပြီး ကိုယ့်ဘက်စိတ်ဝင်စားစေရန် ဟန်ဆောင်ငိုသည်လည်းရှိသည်။ (ပြီးမှ ဒအ်ဝသ်ပေး၏၊ မင်းအလိုကိုလည်း လိုက်မည်။ ဗလီကိုလည်း မင်းလိုက်ရမည်။) ဤသို့ပင် ဇနီးသည်နှင့်ဆက်ဆံရာတွင်လည်း အပေးအယူ နားလည်မှု ကျင့်သုံးသင့်ပါသည်။ ဇနီးခမျာ မိမိ၏ခင်ပွန်းကိုမှ စိတ်မဆိုး၊ နွဲ့ဆိုးမဆိုးရလျှင် ဘယ်သူ့ထံသွားပြီး ဆိုးနွဲ့ခွင့်ရှိပါသနည်း။ ခင်ပွန်းကောင်းများ ဆင်ခြင်စဉ်းစားကြပါကုန်။

(မော်လာနာအဗ္ဗဒွလ်ကာဒိရ်ဆွာဟိဗ် ရေးသားပြုစုတော်မူအပ်သော " စံပြမိဘနှင့် ချစ်သားလက်ဆောင် " စာအုပ်မှကောက်နှုတ်တင်ပြသည်။)

(အလ်မုဖီးဒ်)

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Tuesday, December 31, 2013

စားသောက်ရာတွင် ကျင့်သုံးရမည့် စည်းကမ်းများ

* မစားသောက်မီအလျှင် လက်နှစ်ဖက်ကို လက်ကောက်ဝတ်အထိဆေးခြင်း နှင့် နှုတ်ကျင်းခြင်းတို့သည် အစားအသောက်တွင် ဗရ်ကသ်ရရှိစေရန် အကြောင်းခံဖြစ်သည်။ (သိရ်မီဇီ)

* ဗိစ်မိလ္လာဟ်ဖတ်ပြီးမှ စားပါ။ ညာလက်ဖြင့်စားပါ။ (ဇွန်းဖြင့်စားလျှင်လည်း ညာလက်ဖြင့်သာ စားရမည်။) မိမိရှေ့မှ စပြီးစားပါ။ ပန်းကန်ပတ်ပတ်လည်မှ ဟိုနှိုက် ဒီနှိုက်ဖြင့် မစားရ။ (ဗုခါရီ၊ မွတ်စ်လင်မ်)

* ဘယ်လက်ဖြင့် လုံးဝမစား မသောက်ပါနှင့်။ ဘယ်လက်ဖြင့် စားသောက်ခြင်းသည် ရှိုက်သွာန်၏ လုပ်ရပ်ဖြစ်သည်။ (ယခုခေတ်တွင် ဘယ်လက်ဖြင့်စားသောက်ခြင်းကို စတိုင်လုပ်၍ စားသောက်ကြသည်။ တချို့ကလည်း အအေး၊ လက်ဖက်ရည်ခွက်များကို ဘယ်လက်ဖြင့်ကိုင်ပြီး သောက်ကြသည်။ ထိုသို့လုပ်ခြင်းသည် မင်းသား၊ မင်းသမီးများ၊ ဘာသာခြားတို့၏ ပုံစံကို အတုယူနှစ်သက်၍ လုပ်ဆောင်ခြင်းဖြစ်ပါက အပြစ်ခံရမည်ဖြစ်သည့်အပြင် စွန္နသ်တော်ကို သိပါလျှက်ကျောခိုင်းခြင်း၏ ပြစ်ဒဏ်လည်းခံရမည်ဖြစ်သည်။) (ညာလက်တွင် ဒဏ်ရာတခုခုရှိပါက ချွင်းချက်ရှိပါသည်။) (မွတ်စ်လင်မ်)

* မိမိစားသောက်သောပန်းကန်ကို ကိုယ်တိုင်ဆေးကြောပါက ထိုသူ့အတွက် ပန်းကန်က အိစ်သိဂ်ဖါရ်ပြုပေးမည်ဖြစ်သည်။ (သိရ်မီဇီ)

* စားစရာတခုခု အောက်သို့ကျသွားပါက သန့်ရှင်းအောင်ပြုပြီး စားသောက်လိုက်ရမည်။ ရှိုက်သွာန်အတွက်မချန်ထားရပေ။ (ကျသွားသောထမင်းစေ့၊ မုန့်၊ စသည်များကို သန့်ရှင်းအောင်ပြုပြီးစားလိုက်ခြင်းက ရှက်စရာမဟုတ်ပါ။ ဒတ်စ်သရ်ခါန်းပေါ်ကျသွားသည်ကိုပင် အချို့က ရွံစရာပုံစံဖြင့် မစားပဲလွှင့်ပြစ်လိုက်ကျသည်။ တချို့ကလည်း ပဲများ၍ အဲဒီလိုပြန်ကောက်စားခြင်းကို ရှက်စရာကိစ္စတစ်ခုဟုမှတ်ယူကာ ပြန်ယူမစားပဲထားလိုက်ကြသည်။ အကယ်၍ သိပံ္ပက ထိုသို့ပြန်လည်ကောက်ယူစားခြင်းတွင် မည်သို့အကျိုးထူးများရှိကို တင်ပြလာသည့်အခါမှ ထိုအလုပ်ကို ကျင့်သုံးလျှင် ၎င်းသူသည် စွန္နသ်ကို အထင်မကြီးသည့်သူနှင့် အတူတူပင်ဖြစ်သည်။)

* စားသောက်ပြီးစီးသွားသည့်အခါ လက်မဆေးခင်အရင် လက်ကို လျှက်လိုက်ပါ။ အဘယ့်ကြောင့်ဆိုသော် စားစရာ၏ မည်သည့်အစိတ်အပိုင်းတွင် ဗရ်ကသ်ပါဝင်သည်ကို အသင်မသိနိုင်သောကြောင့်ဖြစ်သည်။
(မွတ်စ်လင်မ်)

* ထမင်းပန်းကန်၊ ထမင်းချိုင့်၊ စားသောက်ဖွယ်ရာများထည့်ထားသည့် ပန်းကန်၊ခွက်များကို အလယ်မှနှိုက်မစားနှင့်။ ထိုနေရာတွင် ဗရ်ကသ်ကျရောက်သည်။(သိရ်မီဇီ)

* စုပေါင်း၍စားသုံးပါ။ အလ္လာဟ်အရှင်၏ နာမတော်ဖြင့် အစပြု၍စားသုံးပါ။ ထိုသို့ပြုခြင်းသည် အသင်တို့အတွက် ဗရ်ကသ်ရရှိမည်ဖြစ်သည်။ (အဗူဒါဝူးဒ်)

* စားသောက်နေစဉ်အတွင်း ဖိနပ်ကို ချွတ်ထားပါ။ ခြေထောက်များအတွက်လည်း သက်သာမှုရရှိမည်ဖြစ်သည်။ (ဒါရူမီ) စားသောက်ဆိုင်တွင် စားပွဲ၊ ကုလားထိုင်များ၊ ခုံအမြင့်များဖြင့် စားသည့်အခါ သတိဖြင့် ဖိနပ်ကို ချွတ်ထားရမည်။ ထိုသို့ပြုခြင်းသည် အစားအသောက်ကို အဒါဗ်လုပ်ရာကျသလို ကျန်းမာရေးနှင့်လည်း ညီညွတ်ပေသည်။ (ဖိနပ်အခိုးခံရမည်ကို မစိုးရိမ်ရသောနေရာများတွင်)

* သောက်စရာများကို သောက်သုံးရာတွင် ကုလားအုတ်ကဲ့သို့ အသက်တရှုတည်းဖြင့် မသောက်ရ။ နှစ်ကြိမ် (သို့) သုံးကြိမ်နား၍ သောက်ရမည်။ (နား၍သောက်ရာတွင် ပါးစပ်နှင့် သောက်သည့်ခွက်ကို ခွာလိုက်ရမည်။ အနည်းဆုံး အသက်တစ်ကြိမ်လောက်ရှုလိုက်ရမည်။ ပြီးမှ ဆက်သောက်ပါ။) မသောက်ခင် ဗိစ်မိလ္လာဟ်ဆိုပါ။ သောက်ပြီးနောက် အလ်ဟမ်ဒုလစ်လ္လာဟ် ဆိုပါ။ (သိရ်မီဇီ)

* အကြင်သူသည် သောက်စရာတစုံတရာ (နို့၊ ဖျော်ရည်)ကို တိုက်ကျွေးသူဖြစ်မူ ၎င်းတိုက်ကျွေးသူကိုယ်တိုင်သည် နောက်ဆုံးမှ သောက်သုံးသူ ဖြစ်ရမည်။

* တစ်ခါက ကိုယ်တော်မြတ်(ဆွ) ထံစားစရာတစုံတရာကို ယူဆောင်လာသည်။ ကိုယ်တော်က အပ်စ်မာအ် ဗင်န်သေယဇီးဒ်ကို သုံးဆောင်ရန် အမိန့်ရှိတော်မူသည်။ သူမက မဆာသေးကြောင်းလျှောက်ထားသည်။ ထိုအခါ ကိုယ်တော်က မိန့်တော်မူသည်မှာ ဗိုက်ဆာခြင်းနှင့် လိမ်လည်ခြင်းကို မရောချလိုက်ပါနှင့်။ ဆိုလိုသည်မှာ ဗိုက်ဆာနေပါလျှက်နှင့် မဆာပါဘူးဟု မပြောနှင့်။
(ဆာလောင်သည့်အချိန်တွင် စားခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်သည်။)

* ဟင်းအရည်ချက်လျှင် ရေအနည်းငယ်ပိုထဲ့၍ ချက်ပါ။ ဘေးအိမ်ကိုလည်း ဝေငှပါ။

* ကိုယ်တော်မြတ်(ဆွ)သည် စားပွဲဖြင့်လည်းကောင်း၊ ပန်းကန်ငယ်များဖြင့်သောလည်းကောင်း စားသောက်ခြင်းမပြုခဲ့ပေ။ တမန်တော်မြတ်နှင့် ဆွဟာဗာတို့သည် ဒတ်စ်သရ်ခါးန်ဖြင့်သာ စားသောက်ကြသည်။

* တမန်တော်မြတ်(ဆွ)မိန့်တော်မူသည်မှာ လူတစ်ယောက်စာ အစားအသောက်သည် လူနှစ်ယောက်အတွက် လုံလောက်သည်။ ဤအတိုင်းပင် လူနှစ်ယောက်စာသည် လူလေးယောက်အတွက်၊ လူလေးယောက်စာသည် လူရှစ်ယောက်အတွက် လုံလောက်ပေသည်။ (မွတ်စ်လင်မ်ကျမ်း)

(ဆိုလိုသည်မှာ) ဧည့်သည် (သို့မဟုတ်) မိမိကျွေးမွေးရမည့်သူ တိုးလာခြင်းဖြင့် ကပ်စီးနဲခြင်းမဖြစ်ရပေ။ ကျွေးမွေးရန် မတွန့်တိုရပေ။ ပျော်ရွှင်လိုလားစွာဖြင့်ပင် ကျွေးမွေးလိုက်ရမည်။ ဗရကသ်ကိုချီးမြှင့်မည့်အရှင်သည် တစ်လောကလုံးကို ကျွေးမွေးစောင့်ရှောင့်တော်မူသော အလ္လာဟ်အရှင်မြတ်ပင်ဖြစ်ကြောင်းကို အသိတရားတွင် ထဲ့ထားရမည်။

* လူအချို့တစ်ဝိုင်းထဲတွင် စွန်ပလွန်သီးများစားသုံးနေသည်ရှိသော် ထိုသူတို့နှင့်ပတ်သက်၍ တမန်တော်မြတ်က မိန့်တော်မူထားသည်မှာ တဦးတယောက်သည် မိမိ မိတ်ဆွေများ၏ ခွင့်ပြုချက်မရှိပဲ တစ်ကြိမ်ထဲတွင် စွန်ပလွန်သီးနှစ်လုံး မယူစားရပေ။ (ဗုခါရီ၊ မွတ်စ်လင်မ်)
စွန်ပလွန်သီးကဲ့သို့ပင် အခြားသောသစ်သီးဝံလံ နှင့် အစားအသောက်များလည်း အထက်ပါအမိန့်တွင် ပါဝင်သည်။

* ကိုယ်တော်မြတ်(ဆွ)က မိန့်ကြားသည်မှာ အကြင်သူသည် ကြက်သွန်နီ၊ ကြက်သွန်ဖြူ (အစိမ်း)စားထားပါက ယင်းအရာများ၏ အနံအသက် မပျောက်မခြင်း ဗလီသို့မဝင်နှင့်။
(သို့မဟုတ် ဤသို့မိန့်ကြားခဲ့သည်) အနံမပျောက်မခြင်း မိမိအိမ်တွင်ပင်နေကုန်။ (ဗုခါရီ၊ မွတ်စ်လင်မ်)

* အစားအသောက်တခုခုကို စတင်စားသောက်ပါက ဗိစ်မိလ္လာဟ် ဖတ်ပါ။ အကယ်၍ စ စားသည့်အချိန်တွင် ဗိစ်မိလ္လာဟ် ဖတ်ရန်မေ့သွားသည်ကို သတိရပါက " ဗိစ်မိလ္လာဟေအောက်ဝလဟုဝအာခေရဟု " ကို ဖတ်လိုက်ပါ။ (သစ်ရ်မိဇီ)

* ကိုယ်တော်မြတ်(ဆွ)မိန့်ကြားတော်မူသည်။ အကြင်သူသည် စားသောက်စရာများပေကျံ၍လည်းကောင်း၊ လက်ဆေးရာတွင်ပြောင်စင်အောင်မဆေးကြောပဲ အစားအသောက်အနံများကပ်ညိလျှက် အိပ်စက်လိုက်မည်။ ထိုအခြေအနေတွင် ၎င်းအား အဆိပ်ရှိသည့် သတ္တဝါတစ်ကောင်ကောင်(ကြွက်၊ ကင်း) ၏ ကိုက်ခြင်းကိုခံရပါက အကြင်သူသည် မိမိမှအပ အခြားမည်သည့်အရာကိုမျှ အပြစ်မတင်လေနှင့်။
(သစ်ရ်မီဇီ)
အဘယ့်ကြောင့်ဆိုသော် ထိုသူသည် မိမိ၏ ပျင်းရိပေါ့ဆ မေ့လျော့မှုကြောင့်သာလျှင် ထိုကဲ့သို့အကိုက်ခံ ဒုက္ခရောက်ရခြင်းဖြစ်သည်။

* တစ်ခါက ကိုယ်တော်မြတ်(ဆွ)သည် စွန်ပလွံသီးအဟောင်းများကို စားသုံးနေတော်မူသည်။ ထိုစွန်ပလွံသီးများထဲမှ ပိုးကောင်များကိုလည်း ရှာဖွေ၍ ထုတ်ပြစ်တော်မူခဲ့သည်။ (အဗူဒါဝူးဒ်)
သိရသည်မှာ သစ်သီးဝံလံ၊ ကောက်ပဲသီးနှံများတွင် ပါလာသောပိုးကောင်များကို မစားရပေ။
(ပိုးကောင်များနှင့် အတူရောမစားလိုက်ရပေ။) ပိုးကောင်ပါနေခြင်းကြောင့် စားစရာတစ်ခုလုံးလည်း မသန့်မဖြစ်သွားပေ။

* ကိုယ်တော်မြတ်(ဆွ)မိန့်တော်မူသည်။ စားသောက်ဖွယ်ရာ (ဥပမာ နို့၊ ဟင်းရည်၊ လက်ဖက်ရည်) တို့တွင် ယင်ကောင်ကျသွားပါက ယင်ကောင်တစ်ကောင်လုံးကို နှစ်ချလိုက်ပါ။ ပြီးမှ ယင်ကောင်ကို ထုတ်ပြီးပြစ်လိုက်ပါ။ ထိုသို့နှစ်ခိုင်းရခြင်းမှာ ယင်ကောင်၏ အတောင်တစ်ဖက်တွင် ရောဂါပါရှိပြီး နောက်အတောင်တစ်ဖက်တွင် ဆေးပါဝင်သည်။ (ဗုခါရီ)

* ဆင့်ပြန်ချက်တစ်ခုတွင်လာရှိသည်မှာ ယင်ကောင်အတောင်တစ်ဖက်တွင် အဆိပ်ပါရှိပြီး နောက်တစ်ဖက်တွင် ဖြေဆေးပါရှိသည်။ ယင်ကောင်ကျသွားပါက အဆိပ်ရှိသောအတောင်ကို အရင်နှစ်လေ့ရှိပြီး ဆေးပါဝင်သော အတောင်ကိုမူ ဖယ်ထားပေသည်။ (ရှရ်ဟေစွန္နဟ်)

* အခြားဆင့်ပြန်ချက်တစ်ရပ်တွင်လာရှိသည်မှာ ယင်ကောင်သည် ဆေးပါဝင်သောအတောင်ကို ရောဂါပါဝင်သောအတောင်ဖြင့် ထိန်းသိမ်းထားပေသည်။ ထို့အတွက်ကြောင့် ယင်ကောင်ကျသွားလျှင် တစ်ကောင်လုံးကို နှစ်ချ လိုက်ရမည်။ သို့မှာသာ ရောဂါအတွက် ဆေးကုသပြီးဖြစ်မည်။ (အဗူဒါဝူးဒ်)
အကျိုးကျေးဇူး- တမန်တော်မြတ်(ဆွ)သည် ရောဂါ၏ ဆေးဝါးကို ပြသခြင်းသာဖြစ်သည်။ ထိုအစားအသောက်ကို စားကို စားရမည်ဟု အမိန့်မပေးထားပေ။ အကယ်၍ မစားချင်ပါက မစားပဲနေနိုင်သည်။

* ကိုယ်တော်သည် များစွားစားသုံးခြင်းကို မနှစ်သက်ပေ။ မိန့်ကြားတော်မူသည်မှာ များစွားစားသုံးခြင်းသည် ဆိုးကျိုးကို ဖြစ်ပေါ်စေသည်။ များစွာစားခြင်းကြောင့် တစ်ချိန်လုံး လေချဉ်တက်နေမည်။ လေလည်နေမည်။ လူအများက ၎င်းကို ရွံရှာသောအကြည့်ဖြင့်ကြည့်ကြမည်ဖြစ်သည်။ (ဗိုင်ဟကီ)

* ကိုယ်တော်(ဆွ)သည် လက်သုံးချောင်းဖြင့် စားသုံးတော်မူသည်။ မဆေးမီကြောမီအလျှင် လက်ကို လျှက်တော်မူပေသည်။ (မွတ်စ်လင်မ်)

* စားသောက်စရာသည် အလွန်ပူပြီး အငွေ့တထောင်းထောင်း ထနေပါက အငွ့များကုန်သွားသည်အထိ ခဏဖုံးအုပ်ထားလိုက်ပါ။ ကိုယ်တော်မြတ်(ဆွ) မိန့်တော်မူသည်မှာ ထိုသို့ပြုလုပ်ခြင်းသည် များစွာဗရကသ်ရစေသော အကြောင်းခံဖြစ်သည်။ (ဒါရူမီ)

* ဟဇရသ်အနတ်စ်(ရသွေ့)သခင်က တင်ပြသည်။ ကျွန်ုပ်သည် ကိုယ်တော်မြတ်(ဆွ)အား ဆောင့်ကြောင့်ထိုင်လျှက် စွန်ပလွံသီးစားသုံးနေသည်ကို တွေ့မြင်ခဲ့သည်။ (ဗုခါရီ)

* စားသောက်ဝိုင်းတွင် လူများလာပါက ကိုယ်တော်(ဆွ) သည် ပဆစ်တုပ်၍ ထိုင်လိုက်တော်မူပေသည်။ ယင်းသို့ထိုင်ခြင်းတွင် ရို့ကျိုးမှုလည်း များစွာရှိသည်။ အတူစားသောက်သူများကို ဂုဏ်ပေးရာလည်းရောက်သည်။ အခြားသူများအတွက်လည်း နေရာရစေသည်။ (အဗူဒါဝူးဒ်)

* ဒတ်စ်သရ်ခါးန်မသိမ်းမီအလျှင် မထကြနှင့်။ ဒတ်စ်သရ်ခါးန် သိမ်းပြီးမှ ထကြပါ။

*တစ်ဦးတယောက်နှင့် အတူတကွ စားသောက်နေပါက ထိုသူစားနေသ၍ မိမိ၏ စားသောက်နေခြင်းကိုလည်း မရပ်တန့်လိုက်ပါနှင့်။ ဗိုက်ပြည့်နေသည်ဖြစ်ပါစေ အနည်းငယ်မဆို စားသောက်နေပါ။ (အတူစားနေသူရှက်မသွားစေရန်ဖြစ်သည်။) အကယ်၍ လုံးဝမစားသောက်လိုတော့ပါက အခွင့်တောင်းပြီးမှ ထပါ။ (အိဗ်နေမာဂျာဟ်၊ ဗိုင်ဟကီ)

* ရေအိတ်တွင် ပါးစပ်တေ့၍ မသောက်ပါနှင့်။ (ဗုခါရီ)
ယခုအခါတွင် ရေဗူးအား ပါးစပ်တေ့သောက်သည့် အကျင့်များဖြစ်နေကြသည်။ ရေဗူး၊ ရေကရား၊ ရေတကောင်း များတွင် ပါးစပ်တေ့သောက်ခြင်းသည်လည်း အထက်ပါ တားမြစ်ချက်တွင် ပါဝင်ပါသည်။

* ရေသောက်နေရင်း ရေခွက်ကို ပါးစပ်တပ်လျှက်နှင့် အသက်မရှုပါနှင့်။

* ဇမ်ဇမ်ရေနှင့် ဝူဇူကျန်ရေတို့မှအပ အခြားသောသောက်သုံးစရာရေတို့ကို မတ်တပ်ရပ်မသောက်ပါနှင့်။
(မွတ်စ်လင်မ်) 

* ပန်းကန်၊ ခွက် တို့ကို ပဲ့၊ ကွဲ နေသောနေရာများမှ ပါးစပ်တပ်၍ သောက်သုံးခြင်း၊ စားသုံးခြင်းမပြုပါနှင့်။
(အဗူဒါဝူးဒ်)

* မြတ်နဗီ(ဆွ)သည် အမှီပြု(ကျောမှီ) ၍ စားသောက်ခြင်းမပြုပေ။ (ဗုခါရီ) ယင်းသို့စားခြင်းသည် မာန်မာနရှိခြင်း၊ ကြွားဝါးခြင်း၊ မောက်မာခြင်း တို့၏ လက္ခဏာဖြစ်ပေသည်။ ကျန်းမားရေးကိုလည်း ထိခိုက်စေသည်။

* ကိုယ်တော်မြတ်(ဆွ) အစားအသောက်ကို မည်သည့်အခါမျှ အပြစ်ပြောဆိုခြင်း မပြုခဲ့ပေ။ လိုလားနှစ်သက်တော်မူပါက စားသုံးလိုက်သည်။ မနှစ်သက်လျှင် မစားသုံးပေ။ (ဗုခါရီ) * ဟဇရသ်ဟုဇိုင်ဖာ(ရသွေ့)သခင်က တင်ပြသည်။ တမန်တော်မြတ်(ဆွ) သည် ကျွန်ုပ်တို့အား ရွှေ ငွေ တို့ဖြင့်ပြုလုပ်ထားသည့် ပန်းကန်၊ ခွက် များဖြင့် စားသောက်မှုပြုခြင်းမှ တားမြစ်တော်မူခဲ့ပေသည်။
(ဗုခါရီ၊ မွတ်စ်လင်မ်)

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။