Sunday, March 30, 2014

သံသယဖြစ်ဖွယ်ရာများမှ ရှောင်ကြဉ်ရန်အရေးကြီးမှု

ဟဇရသ်နိုအ်မာန်ဗင်န်ဗရှီးရ်(ရသွေ့)သခင်ထံမှ ဆင့်ပြန်ချက်လာရှိသည်။ တမန်တော်မြတ်(ဆွ) မိန့်ကြားတော်မူသည်မှာ "ဟလာလ်ဖြစ်သောအရာများကို ရှင်းလင်းပြတ်သားစွာ သိရှိရပြီးဖြစ်သည်။ ဟရာမ်ဖြစ်သည့် အရာများကိုလည်း ရှင်းလင်းစွာ သိရှိရပြီး ဖြစ်သည်။ ထိုဟလာလ်နှင့် ဟရာမ်အကြားတွင် ( ဟရာမ်(သို့) ဟလာလ် ဟု ဝေခွဲမရသည့်) သံသယဖြစ်ဖွယ်ရာ အချို့သော အရာများရှိနေသည်။ အကြင်ပုဂ္ဂိုလ်သည် ထိုကဲ့သို့ သံသယဖြစ်ဖွယ်ရာများမှ ရှောင်ကြဉ်ပါက မိမိ၏ ဒီးန်နှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်း ကာကွယ်သူပင်ဖြစ်သည်။ သံသယဖြစ်ဖွယ်ရာများကို မရှောင်ကြဉ်ပဲ ထိုထဲတွင် နစ်မွန်းနေသူအဖို့ အဆုံးတွင် ဟရာမ် (ယတိပြတ်တားမြစ်ထားသောအရာ) ကို ကျူးလွန်သည်အထိ ဖြစ်သွားမည်။ ယင်း (ဟရာမ်၊ ဟလာလ် နှင့် သံသယဖြစ်ဖွယ်ရာ) ၏ ပမာကို ပြရလျှင် တိရိစ္ဆာန်ထိန်းကျောင်းသူနှင့် တူပေသည်။ သူသည် မိမိ၏ တိရိစ္ဆာန်များကို ဘုရင်ပိုင်စားကျက်နယ်မြေနှင့် အလွန်နီးကပ်သည့်နေရာတွင် စားသောက်စေသည်။ ထိုသို့ဘုရင်ပိုင်စားကျက်နှင့် အလွန်နီးကပ်စွာ တိရိစ္ဆာန်ကျောင်းခြင်းဖြင့် တိရိစ္ဆာန်များ ဘုရင်ပိုင်စားကျက်နေရာသို့ ဝင်ရောက်စားသောက်လိုက်မည်ကို စိုးရိမ်ရသည်။ (ယင်းသို့ဖြစ်ပါက အပြစ်ဒဏ်ချမှတ်ခြင်းခံရမည်။) အရေးကြီးသည့် အချက်တစ်ချက်ရှိသည်မှာ ဘုရင်တိုင်းတွင် ၎င်းတို့ပိုင်ဆိုင်သည့် သတ်မှတ်နယ်မြေများ ရှိသည်။ (ထိုနေရာများသို့ အပြင်လူ ဝင်ရောက်ခွင့်မရှိပေ။) အလ္လာဟ်အရှင်မြတ်၏ သတ်မှတ်နယ်မြေများသည် ဟရာမ်ဟု သတ်မှတ်ထားသည့် အရာများဖြစ်သည်။ လူသားသည် ထိုဟရာမ်အရာ၏ အနီးသို့ပင် ချဉ်းကပ်ခြင်းမပြုရပေ။ (ဟရာမ်၏ အနီးတွင် သံသယဖြစ်ဖွယ်ရာများရှိသည်။) သတိရှိနေပါ။ လူ၏ ခန္ဓာကိုယ်တွင် ဤကဲ့သို့သောအသားတုံးတစ်တုံးရှိသည်။ ထိုအသားတုံးက အလ္လာဟ်ကို ချစ်စိတ်၊ ကြောက်စိတ်တို့ဖြင့် အီမာန်အပေါ်တွင် မှန်ကန်စွာ ရှိနေပါက ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း မှန်ကန်မှု၏ လမ်းကြောင်းပေါ်တွင် ရှိနေမည်ဖြစ်သည်။ အကယ်၍ ထိုအသားတုံး ပျက်စီးသွားပါက ခန္ဓာကိုယ်သည်လည်း ပျက်စီးသွားမည်သာဖြစ်သည်။ ယင်းအသားတုံးသည် နှလုံးသားပင်ဖြစ်သည်။

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွ) သည် မိမိဟဒီးစ်တော်၌ ဦးစွာမိန့်ကြားသည်မှာ ရှရှီအသ်တရားတော်၌ ဟလာလ်
(ပြုပိုင်ခွင့်ရှိသည့်ကိစ္စ) နှင့် ဟရာမ် (ပြုပိုင်ခွင့်မရှိသည့်ကိစ္စ) တို့ကို ရှင်းလင်းပေါ်လွင်စွာ သတ်မှတ်ပြဌာန်းထားပေသည်။ ထိုသို့ ပြဌာန်း မိန့်မှတ်ထားသည့် အရာများကို ပြုမူဆောင်ရွက်ရာတွင် မိမိလုပ်ဆောင်နေသည့် လုပ်ရပ်သည် ဟလာလ် (သို့မဟုတ်) ဟရာမ် လုပ်ရပ်ဟူ၍ ခွဲခြားနိုင်ပေသည်။ သို့သော် ပြုပိုင်ခွင့် ရှိ၊ မရှိနှင့် စပ်လျဉ်း၍ ရှင်းလင်းပေါ်လွင်စွာ မသိရှိနိုင်သည့် များစွာသော အကြောင်းအရာ ကိစ္စရပ်များလည်း ရှိနေသေးသည်။ ယင်းကဲ့သို့အရာများသည် ပြုပိုင်ခြင်းနှင့် ပြုပိုင်ခွင့်မရှိခြင်း ပုံစံနှစ်မျိုးလုံး ဖြစ်နိုင်ပါသည်။ အစ္စလာမ့်ရှရီအသ်၏ ဥပဒေတစ်ခုအရ ပြုပိုင်ခွင့်ရှိနေပြီး နောက်တစ်ခုအရ ပြုပိုင်ခွင့် မရှိကြောင်းသတ်မှတ်ထားမည်။ ထိုကဲ့သို့အရာများကို " သံသယရှိသည့် အရာများ" ဟု ခေါ်တွင်သည်။ (ထိုအရာများသည် အစားအသောက်၊ ရောင်းဝယ်ဖောက်ကားမှု၊ လူမှုဆက်ဆံရေး စသည့် ကိစ္စရပ်တိုင်းတွင် ဖြစ်နိုင်ပါသည်။) မုအ်မင်န်ဗန္ဒာဟ်အဖို့ ထိုကဲ့သို့ သံသယဖြစ်သည့် အရာများနှင့် ကြုံဆုံလာရပါက အကောင်းဆုံးသော ရွေးချယ်မှုသည် ရှောင်ကြဉ်ခြင်းပင်ဖြစ်သည်။ ဤသို့ သံသယ ဖြစ်ဖွယ်ရာကိစ္စများမှ ရှောင်ကြဉ်ခြင်းသည်လည်း သပ်က်ဝါ၏ အဆင့်အတန်း များမှပင်ဖြစ်ပေသည်။ ထိုကဲ့သို့အရာများမှ ရှောင်ကြဉ်လိုက်ခြင်းဖြင့် အကျိုးကျေးဇူးနှစ်ခု ရရှိပေသည်။ တစ်ခုမှာ မိမိ၏ ဒီးန်တွင် အရည်အသွေးတက်လာမည်။ နောက်တစ်ခုမှာ မိမိ၏ အိဇ်ဇသ်သိက္ခာတွင် ထိန်းသိမ်းမှု ရရှိလာမည်။

ကိုယ်တော်မြတ်(ဆွ) ကဆက်လက်မိန့်ကြားသည်မှာ အကြင်သူသည် သံသယဖြစ်သည့်အရာများမှ ရှောင်ကြဉ်သည့် အလေ့အထမလုပ်ပါက ကျန်ကိစ္စရပ်များတွင်လည်း ဂရုတစိုက် ဟရာမ်၊ ဟလာလ် မခွဲခြားတော့ပဲ အဆုံးတွင် ဟရာမ်ဟု သတ်မှတ်ထားသည့် အရာများကိုပါ ကျူးလွန်သူဖြစ်သွားမည်။ ယင်းသံသယဖြစ်သည့် အရာများနှင့် ဟလာလ်၊ ဟရာမ်အရာများကို ပေါ်လွင်စေရန် ပမာပေးထားသည်မှာ ဘုရင်သည် မိမိပိုင်သည့် တိရိစ္ဆာန်များ စားသောက်ကျက်စားရန် သီးသန့်စားကျက်နေရာများ သတ်မှတ်ထားသည်။ ထိုနေရာသို့ သာမန်ပြည်သူအနေဖြင့် ၎င်းတို့ပိုင်တိရစ္ဆာန်များကို သွားရောက်စားသောက်ခိုင်းပါက ဘုရင်၏ပြစ်ဒဏ်ပေးခြင်းခံရမည်ပင်ဖြစ်သည်။ သို့သော် တိရိစ္ဆာန်ထိန်းကျောင်းရာတွင် ဘုရင်ပိုင်စားကျက်များနှင့် အလွန်နီးကပ်စွာကျက်စားပါက တိရိစ္ဆာန်များသည် ဘုရင်ပိုင်စားကျက်အတွင်းသို့လည်း ဝင်ရောက်ကျက်စားလိုက်မည်ဖြစ်သည်။ တိရိစ္ဆာန်ထိန်းကျောင်းသူသည် ဘုရင်ပိုင်စားကျက်အတွင်းသို့ တိရိစ္ဆာန်များ မဝင်ရောက်ရန် ၎င်းနေရာအနီးသို့ပင် မချဉ်းကပ်ကြစေရန် ထိန်းကျောင်းရသကဲ့သို့ မုအ်မင်န်ဗန္ဒာသည်လည်း မိမိ၏ပစ္စည်းဥစ္စာများ အပေးအယူ၊ အရောင်းအဝယ်၊ ငွေကြေးများကိုဟရာမ်၊ ဟလာလ် ခွဲခြားမရသည့် အခြေအနေသို့မရောက်စေရန် အမြဲဆင်ခြင်သတိပြုနေရမည် ဖြစ်ပြီး ဟရာမ်အရာများ အပြစ်ဂုနာဟ်များမှလည်း ဂရုတစိုက်ရှောင်ကြဉ်ရမည်ဖြစ်သည်။ ဤသို့ပြုခြင်းသည် သပ်က်ဝါ ရတနာသိုက်အတွင်းသို့ ဝင်ရောက်နိုင်မည့် တံခါးတစ်ချပ်ပင်ဖြစ်သည်။

ဟဒီးစ်တော်၏ အဆုံးပိုင်းတွင် ကိုယ်တော်မြတ်(ဆွ)က အလွန်အရေးကြီးသည့် သတိပေးစကားတစ်ခုကို မြွက်ဆိုတော်မူထားပေသည်။ လူတစ်ယောက်၏ အကျင့်စာရိတ္တကောင်းမွန်ခြင်း၊ ကောင်းမှုကုသိုလ်များပြုလုပ်နိုင်ခြင်း၊ မကောင်းမှုများကျူးလွန်ခြင်းမှာ မိမိကိုယ်ကို ထိန်းသိမ်းထားနိုင်ခြင်း၊ ထို့အတူ ဆိုးသွမ်းမိုက်မဲနေခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ မကောင်းမှုဂုနာဟ် အကုသိုလ်တို့ကို အချိန်တိုင်းကျူးလွန်နေခြင်း စသဖြင့် အပြင်ပိုင်းအားဖြင့် သိရနိုင်သည့် ကောင်းခြင်းများပြုလုပ်နိုင်ခြင်းနှင့် မကောင်းမှုများကျူးလွန်ခြင်းတို့သည် ထိုလူသား၏ အတွင်းပိုင်း၌ရှိသော နှလုံးသားနှင့် တိုက်ရိုက်ပတ်သက် ဆက်နွယ်နေပေသည်။ ထိုနှလုံးသားမှဖြစ်ပေါ်လာသည့် “ဖြစ်ချင်ခြင်း၊ လုပ်ချင်ခြင်း” စသည့်ဆန္ဒတို့သည် ခန္ဓာကိုယ်အစိတ်အပိုင်းတို့အား ထိုတောင်းဆိုလိုက်သည့်အရာအား လိုက်နာလုပ်ဆောင်ပေးရန် အမိန့်ပေးလိုက်ခြင်းတစ်မျိုးပင်ဖြစ်သည်။ အကယ်၍ ယင်းနှလုံးသားသည် အလ္လာဟ်ကို ကြောက်စိတ်၊ တမန်တော်ကို ချစ်စိတ်၊ သာသနာ့ အမိန့်ပညတ်ချက်တို့ကို လိုက်နာကျင့်ဆောင်ချင်စိတ်၊ အီမာန်၏ နူးရ်တို့ဖြင့် လင်းဝင်းတောက်ပြောင်နေပါက နှလုံးသား၏ နောက်လိုက်ဖြစ်သော ခန္ဓာကိုယ်အစိတ်အပိုင်းတို့၏ ပြုမူဆောင်ရွက်ချက်တို့သည်လည်း မှန်ကန်မည်ဖြစ်ပြီး ကောင်းမွန်သည့် အမလ်များကို လွယ်ကူစွာကျင့်ဆောက်တည်နိုင်မည်ဖြစ်သည်။ နှလုံးသားအပါအဝင် ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံး (ခြေ၊ လက်၊ မျက်စိ၊ နားစသည့်အရာ) တို့သည် အလ္လာဟ်အမိန့်နာခံမှုတွင် ရှိနေမည်ဖြစ်သည်။

နှလုံးသားအတွင်း၌ အလ္လာဟ်ချစ်စိတ်ကြောက်စိတ်တို့မရှိပဲ အလိုလောဘရမ္မက်တို့ဖြင့် ပြည့်နှက်နေပြီး မကောင်းသည့် စိတ်ရိုင်း၊ စိတ်ယုတ်တို့လွှမ်းမိုးနေ၍ ရှိုက်သွာန်အလိုကျ နှလုံးသားဖြစ်နေပါက ထိုသူ၏ လုပ်ဆောင်ချက်အားလုံးတို့သည် လမ်းမှားသို့ခေါ်ဆောင်သွားမည့်လုပ်ရပ်များသာဖြစ်ပြီး ဆိုးသွမ်းမိုက်မဲမှုနှင့် မကောင်းမှုအကုသိုလ်များကိုသာ တရစပ်ကျူးလွန်နေပေလိမ့်မည်။

ထို့ကြောင့် အီမာန်ရှင်သည် မိမိ၏ လုပ်ဆောင်ချက်များ၊ အမလ်ကောင်းမှုကုသိုလ်များသည် စစ်မှန်အရည်အသွေးပြည့်ဝပြီး စံချိန်မှီရန် ထိုကဲ့သို့အမလ်များ လုပ်ဆောင်နိုင်သည့် နှလုံးသားကို ရရှိပိုင်ဆိုင်နိုင်ရန် ကြိုးစားရမည်ဖြစ်သည်။ လူတစ်ယောက်အတွက် အဓိကမှာ နှလုံးသားပိုင်းဆိုင်ရာ မှန်ကန်မှုရှိနေရန် အလွန်လိုအပ်ပေသည်။ အပြင်ပိုင်းအမလ်များကတော့ ကောင်းမွန်နေပြီး စိတ်နှလုံးသားထဲတွင် မနာလိုစိတ်၊ လောဘများ ထားရှိနေပါက ထိုသူ့၏ အပြင်ပိုင်းကောင်းမှုများသည် တည်မြဲမည် မဟုတ်ပေ။ ဆေးပညာကျန်းမာရေးအရ နှလုံးကောင်းမွန်နေရန် အရေးကြီးသကဲ့သို့ သာသနာ၏ ကျန်းမာရေးတွင်လည်း ယင်းနှလုံးသားကျန်းမာနေရန် အလွန်အရေးကြီးပါသည်။

ဟဒီးစ်တော်တွင်လာရှိသည်မှာ “လုပ်ရပ်တိုင်းသည် ရည်စူးချက်အပေါ်တွင် မူတည်၏” ထိုရည်စူးချက်မမှန်ကန်ပါက အမလ်က မည်မျှပင် လူမြင်ကောင်းပါစေ အလ္လာဟ်ထံပါးတွင် အရည်အသွေးပြည့်ဝသည့် အမလ်ဖြစ်မည်မဟုတ်ပေ။ ထိုရည်စူးချက်ကို လက်ဖြင့် ရည်စူးလို့မရပါ။ မျက်စိဖြင့်လည်း မရနိုင်ပါ။ နှုတ်လျှာဖြင့် ရည်စူးခြင်းသည် ရည်စူးခြင်းမဟုတ်။ နှုတ်လျှာဖြင့် ထွက်ဆိုမှုသာပြုနိုင်သည်။ ရည်စူးမှု မပြုနိုင်ပါ။ ဦးနှောက်သည် မှတ်သားတွေးခေါ်ခြင်းသာပြုနိုင်သည်။ ရည်စူးခြင်းသည် ဦးနှောက်၏ အလုပ်မဟုတ်ပါ။ သို့ဆိုလျှင် ထိုရည်စူးခြင်းကို ခန္ဓာကိုယ်၏ မည်သည့်နေရာမှ ပြုလုပ်ရမည်နည်း။ အဖြေမှာ “နှလုံးသား” ဖြစ်ပါသည်။

နိယသ်ခေါ် ရည်စူးချက်ထားရှိခြင်းသည် နှလုံးသား၏ အလုပ်ဖြစ်ပေသည်။ ထိုနှလုံးသားမှ မည်သည့်အရာကို ရည်စူးလိုက်သလဲ ၎င်း၏ ရည်စူးမှုအတိုင်း ကျန်ခန္ဓာကိုယ်အစိတ်ကပိုင်းတို့က လိုက်လံလုပ်ဆောင်သည်။ ရည်စူးချက်နိယသ်မှန်ကန်ပါက လုပ်ရပ်မှန်ကန်မည်ဖြစ်ပြီး စဝါးဗ်အကျိုးကုသိုလ်၏ အကြောင်းခံဖြစ်မည်။ ရည်စူးချက်မမှန်ကန်ပါက လုပ်ရပ်သည်လည်း မှန်ကန်စွာ ပေါ်ထွက်လာမည် မဟုတ်ပါ။ ထိုသို့ဖြစ်ပါက ဂုနာဟ်၏ လမ်းပေါ်ရောက်ရှိသွားမည်ဖြစ်သည်။ အိခ်လားစ်ဟူသည် မှန်ကန်သည့် ရည်စူးချက်ကိုပင် ခေါ်ဆိုခြင်းဖြစ်သည်။ မှန်ကန်စစ်မှန်သည့် ရည်စူးချက်ထားရှိနိုင်ရန် နှလုံးသားသည် အမှန်ဖြစ်နေရမည်။ နှလုံးသားမှ အမှန်ဘာလဲ၊ အမှားဘာလဲ ခွဲခြားနိုင်ရမည်။ အလ္လာဟ်အမိန့်နှင့် တမန်တော်၏ နည်းစနစ်ကို လက်ခံနိုင်ဖို့ အင်အားနှင့် ရှိုက်သွာန်၏ နှောက်ယှက်ဖျက်ဆီးမှု၊ လမ်းမှားသို့ ပို့ဆောင်မှုများကို ကာကွယ်တွန်းလှန်နိုင်သည့် ခွန်အားရှိနေရမည်။ နည်းစနစ်များကို သိရှိနေမှ ကာကွယ်ခြင်းနှင့် လက်ခံကျင့်သုံးခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။

အမှန် အမှား၊ ပြုပိုင်ခွင့်ရှိခြင်း၊ မရှိခြင်းတို့ကို ကွဲပြားစွာသိရှိနိုင်ရန် သင်တန်းတက်ရမည်။ ထိုသင်တန်းသည် ဒီးန်၏ သင်တန်းဖြစ်သည်။ သာသနာ့ အသိပညာတို့ကို ဆည်းပူးသင်ယူနေရမည်။ သို့မှသာ အမှန်အမှား ခွဲခြားလာနိုင်မည်။

ထိုရရှိလာသည့် အသိပညာတို့ကို လက်ခံကျင့်သုံးနိုင်ရန် ခံနိုင်ရည်ရှိသည့် နှလုံးသားကို ပိုင်ဆိုင်ထားရန်လည်း အရေးကြီးသည်။ နှလုံးသားကို ခံနိုင်ရည်ရှိရန် အားဆေးပေးမည့်၊ နှလုံးသားမှ ဒဏ်ရာများ၊ ရောဂါများကို ကုသပေးမည့် ဆေးခန်းသို့ပြသရမည်။ ထိုဆေးခန်းသည် ခါန်ကာဟ်များပင်ဖြစ်သည်။ ခါန်ကာဟ်အစီအစဉ်များတွင် ပါဝင်ခြင်းဖြင့် နှလုံးသားသည် ခံနိုင်ရည်ရှိလာမည်။ အားရှိလာမည်။ သို့သော် ထိရောက်သည့် ကုသမှု မရရှိသေးပေ။ ထိရောက်သည့် ကုသမှုရရှိရန် ဗိုင်အသ်ပြုရမည်ဖြစ်သည်။

ယင်းသို့ဗိုင်အသ်ပြုလိုက်ပြီဆိုပါက ဆရာဝန်နှင့် လူနာ တိုက်ရိုက်တွေ့သွားပြီဖြစ်သည်။ ဗိုင်အသ်ပေးသည့် ဆရာက လူနာအတွက် လိုအပ်သည့် ဆေးဝါးများကို ညွှန်ကြားပေးမည်ဖြစ်သည်။ ခါန်ကာဟ်တွင်ထိုင်ခြင်းဖြင့် ဆေးဝါးရရှိမည်ဖြစ်သော်လည်း မိမိအတွက် လိုအပ်သည့် ဆေးဝါးဖြစ်ချင်မှဖြစ်မည်။ ဆရာတစ်ပါးပါးထံတွင် ဗိုင်အသ်ပြုလိုက်ပါက မိမိတွင် မည်သည့်အရာများလိုအပ်နေသည်၊ ပိုနေသည် စသည်တို့ကို ပြည့်ဝစွာညွှန်ကြားပေးမည်ဖြစ်ပြီး မိမိ၏နှလုံးသားသည် အလ္လာဟ်ကိုသိခြင်း၊ တမန်တော်ကိုချစ်ခင်ခြင်း၊ အမိန့်များကို နာခံလိုက်နာနိုင်ခြင်းတို့တွင် မှန်ကန်ပြည့်ဝစွာ ထမ်းဆောင်နိုင်မည်ဖြစ်သည်။ မိမိ၏ နှလုံးသားပိုင်းဆိုင်ရာတွင် ထိန်းကွပ်ပေးမည့်သူရှိလာပြီဖြစ်သဖြင့် နှလုံးသားသည် မှန်ကန်မှုတွင် ကြံခိုင်စွာ ရပ်တည်လာနိုင်မည်။ နှလုံးသားမှန်ကန်ပါက ရည်စူးချက်များလည်း မှန်ကန်မှုရှိလာမည်ဖြစ်ပြီး ရည်စူးချက်မှန်ကန်လာပါက ဖြစ်ပေါ်လာမည့်လုပ်ရပ်သည် ဒွန္နယာအာခိရသ် နှစ်ဌာနအတွက် အကျိုးရှိမည့်အရာ ဖြစ်သွားမည်။

နှလုံးသားတွင် ခံနိုင်ရည် အင်အားရှိမှသာ ဟရာမ်ကို စွန့်လွှတ်နိုင်စွမ်းနှင့် သံသယရှိသည့် အရာများကိုပါ ရှောင်ကြဉ်နိုင်သည့် အရည်အချင်းကို ရရှိပိုင်ဆိုင်လာနိုင်ပေမည်။ သက္ကဝါဟ်၏ အရည်အချင်းကိန်းအောင်းရာနေရာသည် နှလုံးသားပင်ဖြစ်သည်။ ထို့အတူ မကောင်းသည့် အရည်အချင်းအားလုံးစုဝေးရာနေရာသည်လည်း နှလုံးသားပင်ဖြစ်သည်။ ထို့ကြောင့် စစ်မှန်သည့်စူဖီသူတော်စဉ်တို့ထံတွင် မိမိ၏နှလုံးသားကို အပ်နှံ၍ ဗိုင်အသ်ပြုရန်လိုအပ်ပြီး ၎င်းတို့ညွှန်ပြသည့်ဆေးဝါးကို မှီဝဲ၍ မိမိတို့၏ အမလ်များတွင် ခွန်အားပြည့်ဖြိုးအောင်ပြုလုပ်ကြရမည်ဖြစ်သည်။ (သို့မှာသာ အတွင်း၊ အပြင် ရန်သူနှစ်မျိုးလုံးကို တွန်းလှန်နိုင်မည်ဖြစ်သည်။)

ဗိုင်အသ်ပေးခွင့်ရရှိထားသည့် သူမွန်သူမြတ်တို့သည် အတွင်းပိုင်းနှင့် သက်ဆိုင်သည့် ဆေးပညာရပ်ကို ကောင်းစွာကျွမ်းကျင်သူများဖြစ်၍ အတွင်းပိုင်းဆိုင်ရာပြုပြင်ရေးအတွက် ပို၍ သောကထားကြသူများ ဖြစ်ကြပေသည်။

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်အပါအဝင် ဖတ်ရှုသူအားလုံးကို အရှင့်အချစ်တော်တို့၏ ဗရကသ်ကို ရယူခွင့် ချီးမြှင့်တော်မူပါစေ။ (အာမီးန်)
-----------------------------------------------------------------------------------------------------
မော်လာနာမန်ဇူးရ် (နိုအ်မာနီ)၏ ရေးသားမှုကို မြန်မာဘာသာသို့ တင်ပြသည်။


(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။