Sunday, March 30, 2014

မဟူရာစည်းဆာတစ်စက်

မျက်မှောက်ခေတ်အခြေအနေများအပေါ် မော်လာနာအဗုလ်ဟစံန်အလီနဒ်ဝီ ၏ သုံးသပ်ဝေဖန်လမ်းညွှန်ခြင်း

ဒီကနေ့အချိန်အခါနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် တစ်ကမ္ဘာလုံးမှာရှိနေကြတဲ့ မုစ်လင်ထုတစ်ရပ်လုံးရဲ့ အခြေအနေဟာ အတော့်ကိုဆန်းကြယ်တဲ့ စမ်သပ်မှုတွေရဲ့ လှိုင်းတံပိုးရိုက်ခတ်ချက်ကို ခံနေကြရတဲ့အချိန်ပဲ။ အထူးသဖြင့် ကျွန်တော်တို့နဲ့ အနီးကပ်ထိတွေ့မှုရှိတဲ့၊ မျက်မြင်ကိုယ်တွေ့ဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ တစ်ချိန်တုန်းက ရာစုနှစ်ပေါင်းကြာတဲ့အထိ အစ္စလာမ်နဲ့ပတ်သက်ပြီး ဂုဏ်အရှိန်အဝါထွန်းတောက်ခဲ့တယ်။ ဂုဏ်သိက္ခာနဲ့တကွထင်ရှားကြော်ကြားခဲ့တယ်။ အစ္စလာမ်သာသနာရေးဆိုင်ရာအိလင်မ်ပညာ၊ အတတ်ပညာပေါင်းစုံနဲ့ အသိပညာအရာမှာ မရ်ကဇ်
(အချက်အချာကျတဲ့ မြစ်ဖျားခံရာ ရေသောက်မြစ်ပမာ) ဖြစ်ခဲ့ရတယ်။ ဒီ့အပြင် အတော့်ကိုပဲ ထက်မြက်စူးရှတဲ့ ပြုပြင်မှုပိုင်းဆိုင်ရာကျမ်းတွေ ကျယ် ကျယ်ပြန့်ပြန့်ထုတ်ဝေနိုင်ခဲ့ကြတယ်။ ပြောင်းလဲမှုရအောင် ပြုပြင်ပေးနိုင်တဲ့ ဆရာသခင်ကြီးတွေလည်း အမြောက်အမြား ပေါ်ထွန်းခဲ့တယ်။ ဒါတင်မကဘူး “ အိုလမာအေရဗ္ဗာနီ” လို့ခေါ်တဲ့ အလ္လာဟ်အရှင်မြတ်ကိုသိစေနိုင်တဲ့ သာသနာ့ပညာရှင်ကြီးတွေလည်း မွေးဖွားသန့်စင်ခဲ့ကြတယ်။ သူတို့ရဲ့ ဒအ်ဝသ် (ဖိတ်ခေါ်မှု) နဲ့ အစရားသ် စူးရှထိရောက်မှု၊ အကျိုးသက်ရောက်မှုတွေဟာ မုစ်လင်မ်လောကမှာ အင်မတန်မှဝေးလံလှတဲ့ နေရာဒေသတွေအထိ ပေါက်ရောက်ခဲ့တယ်။

ဒီကနေ့ကြုံကြိုက် ဆုံဆိုက်နေတဲ့အခြေအနေမျိုးမှာ မုစ်လင်မ်တွေဟာ သာသနာပေါ်မှာ အခြေခိုင်ခိုင်ရပ်တည်နေကြဖို့၊ ဒအ်ဝသ် နဲ့ သဗ်လီးဂ်နဲ့ ပတ်သက်ပြီး အခွင့်အခါကြုံသလောက် တတ်နိုင်သလောက်လုပ်ဆောင်ကြဖို့၊ နောက်ပြီး မိမိလူမျိုး၊ မိမိတိုင်းပြည်ကို ဖြောင့်မှန်တဲ့လမ်းကြောင်းပေါ်တင်ပေးကြဖို့ ဒီလောကကြီးကို ဖန်ဆင်းစိုးပိုင်တော်မူတဲ့ အလ္လာဟ်အရှင်မြတ်ကို မှန်မှန်ကန်ကန်သိရှိကြဖို့နဲ့ အိဗာဒသ်ကျေးကျွန်ပီသစွာနဲ့ အမိန့်နာခံကြဖို့၊ စစ်မှန်တဲ့ ဒီးန်သာသနာဘက်ကို လမ်းညွှန်ပြနိုင်တဲ့အရည်အချင်းတွေ အပြည့်အဝရှိဖို့နဲ့ အမိန့်နာခံတတ်တဲ့စနစ်ရှိဖို့ အတော့်ကိုအရေးကြီးတယ်။

ယခုအခါမှာ မုစ်လင်မ်ထုတစ်ရပ်လုံးရဲ့ မျိုးရိုးစဉ်ဆက်၊ ပြင်ပကိုယ်ခန္ဓာနဲ့ဆိုင်တဲ့ လိုအပ်ချက် ဂုဏ်သိက္ခာနဲ့ အဆင့်အတန်း၊ ဗလီဝတ်ကျောင်းတော်တွေနဲ့ စာသင်ကျောင်းတွေ၊ ရာစုနှစ်ပေါင်းများစွာကတည်းက စုဆောင်းသိုမှီးထားတဲ့ သာသနာ့ပညာတွေ၊ ဒါတွေအားလုံးဟာ နက်ရှိုင်းတဲ့ချောက်ကမ်းပါးထဲကို ဒီကနေ့ ကျရောက်နေတယ်။ ဘေးအန္တရာယ်အသွယ်သွယ်ကြားမှာ ညှပ်ပူး ညှပ်ပိတ် အငိုက်ဖမ်းခံနေရတယ်။

ဒါတွေဟာ လူသူမနီးတဲ့ ခရီးဝေးတဲ့ တောရွာဇနပုဒ်တွေမှာတင်မကဘူး တိုးတက်နေတယ်ဆိုတဲ့ မြို့ကြီးပြကြီးတွေမှာလည်း ဒီအတိုင်းပဲဖြစ်နေတယ်။ မြို့ကြီးပြကြီးတွေမှာတော့ လူဦးရေများတယ်၊ ခေတ်မီတိုးတက်တယ်။ ဂုဏ်သိက္ခာအဆင့်အတန်း မြင့်တယ်။ လူနေမှုအဆင့်အတန်းကလည်းမြင့်တယ်။ စက်မှုလက်မှုအရာမှာလည်း တိုးတက်နေတယ်။ ဒါပေမယ့် သူတို့လည်း ကျီးလန့်စာစားနေရသလို အထိတ်တလန့် စိုးရိမ်ကြောင့်ကြနေရရှာတယ်။

ဒီလိုအခြေအနေမျိုးနဲ့ တိုက်ဆိုင်နေတဲ့ ဆင်တူယိုးမှား အခြေအနေမျိုးကို လွန်ခဲ့တဲ့ခေတ်ကာလ (ရာဇဝင်) တွေမှာတွေ့ရှိနိုင်တယ်။ ဒါကတော့ ဟိဂ်ျရီ (၇) ရာစုနှစ် (ခရစ်နှစ် ၁၃ ရာစု) နှစ်က တာတာလူမျိုးတွေဟာ တူရကီ၊ အီရန်၊ အီရတ်တို့ကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ခေတ်ကာလကပါ။

သူတို့ဟာ မြို့ကြီးပြကြီး ကျေးရွာအဆုံး တစ်ခွင်တစ်ပြင်လုံးကို နေ့ ည ခွဲမရလောက်အောင် မိုးမှောင်ကျစေခဲ့ကြတယ်။ စည်ကားလှတဲ့မြို့ကြီးတွေကို ချောက်ချားစရာကောင်းတဲ့ လွင်ပြင်တမျှဖြစ်စေခဲ့ကြတယ်။ အစ္စလာမ်ရဲ့စုစည်းမှုဟာ ဖရိုဖရဲဖြစ်ခဲ့ရတယ်။

တကယ်တော့ ဒါကလည်း ဘာသာတရားခေါင်းပါးပြီး ထိတ်လန့်စရာကောင်းတဲ့ လူမျိုးစုရဲ့ရန်လိုမှု၊ ကျူးကျော်စော်ကားမှုသာဖြစ်တယ်။ ဘယ်လိုစည်းကမ်းသတ်မှတ်ချက်မှမရှိတဲ့ စော်ကားမှုမျိုးဖြစ်တယ်။ စစ်ကြေငြာပြီး တိုက်ခိုက်တာမျိုးလည်းမဟုတ်၊ ဘာသာရေးအသွင်လည်းမဆောင်၊ ဘာသာတရားကိုရွံ့မုန်းတာကြောင့်လည်းမဟုတ်၊ လူမျိုးရေးကြောင့်လည်းမဟုတ်၊ ဘယ်လိုရည်ရွယ်ချက်၊ ဘယ်လိုဝါဒလမ်းစဉ်မျိုးမှလည်းမရှိဘဲ နှိပ်ကွပ်ခဲ့ကြတယ်။

ဒါပေမဲ့ အဲဒီတုန်းက ကံကောင်းထောက်မလို့ ရဲစွမ်းသတ္တိပြည့်ဝတဲ့ မုစ်လင်မ်တွေ ရှိနေသေးတယ်။ ဝိညာဉ်ပိုင်းဆိုင်ရာ အတွင်းစွမ်းအားထက်မြက်တဲ့လူတွေလည်း ရှိနေတယ်။ သာသနာအတွက် သစ္စာစောင့်သိတဲ့ လူတွေလည်း ရှိနေကြသေးတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ အစရ်
(အကျိုးသက်စေနိုင်တဲ့အစွမ်းသတ္တိ) နဲ့ ကိုယ်ကျင့်တရားတွေကြောင့် သိန်းနဲ့ချီတဲ့ တာတာလူမျိုးတွေ အကုန်လုံးလိုလို အစ္စလာမ်သာသနာရဲ့ဘောင်အတွင်းကို ရောက်ရှိလကြရုံမကဘူး သာသနာကို ထိန်သိမ်းစောင့်ရှောက်ကြသူတွေ၊ သာသနာ့အလံကိုကိုင်ပြီး ရှေ့တန်းက လျှောက်လှမ်းကြတဲ့ သာသနာ့သူရဲကောင်းတွေ ဖြစ်လာကြတယ်။

သူတို့ဟာ မရေမတွက်နိုင်လောက်အောင် ကျယ်ပြန့်တဲ့ အစ္စလာမ့်အုပ်ချုပ်ရေးတွေ ထူထောင်နိုင်ခဲ့ကြတယ်။

ဒါကြောင့်လည်းပဲ ထင်ရှားကျော်ကြားတဲ့ သမိုင်းပညာရှင် ပရော်ဖက်ဆာအာနိုးဒ်(T.W.Ar nold) က သူကိုယ်တိုင်ပြုစုရေးသားထားတဲ့ ဒအ်ဝသေအစ္စလာမ် (Preaching of Islam) ဆိုတဲ့ စာအုပ်ထဲမှာ….
“မုစ်လင်မ်တွေဟာ သူတို့ရဲ့ နဂိုက တောက်ပြောင်ခဲ့တဲ့အခြေအနေကိုရောက်အောင် ပြာပုံ ဘဝမျိုးကနေ ပြန်လည်နိုးကြားရှင်သန် ကြီးထွားလာခဲ့ကြတယ်။ တရားဓမ္မဟောကြားနိုင်တဲ့ မုစ်လင်မ်တွေဟာ မုစ်လင်မ်တွေကိုအနိုင်ယူပြီး အထိတ်တလန့်ဖြစ်အောင် နှိပ်စက်အနိုင်ကျင့်မှုမျိုးဆိုလို့ တစ်မျိုးမှမကျန်အောင် နှိပ်ကွပ်ခဲ့ကြတဲ့ တာတာလူမျိုးတွေကို မုစ်လင်မ်ဖြစ်သွားအောင် ပြုပြင် (ပြောင်းလဲ) ပေးနိုင်ခဲ့ကြတယ် လို့ ရေးသား မှတ်တမ်းတင်ခဲ့တယ်။
ဒီကနေ့မုစ်လင်မ်တွေဟာ အပြင်းအထန်ရှုတ်ချခံကြရတယ်။ မုန်းတီးခြင်းခံနေကြရတယ်။ သားကောင်
(ပစ်မှတ်) တွေဖြစ်နေကြတယ်။
နောက်……ပညာရေးစီမံချက်၊ သတင်းစာနဲ့မဂ္ဂဇင်း၊ အများနဲ့ဆိုင်တဲ့ သတင်းဖြန့်ချိမှု (Public Madia) တွေကိုအကြောင်းခံပြီးတော့ မုစ်လင်မ်မျိုးဆက်သစ်တွေရဲ့အနာဂတ်ကို ဆုံးရှုံးနစ်နာအောင်၊ အီမာန်ယုံကြည်ချက်ပိုင်းဆိုင်ရာမှာ ပျက်သုဉ်းသွားအောင် သားကောင် (ပစ်မှတ်) အဖြစ်ဦးတည်တဲ့ စီမံကိန်းတွေ ရေးဆွဲလာကြတယ်။ ဒီလိုစီမံကိန်းတွေနဲ့ စဉ်ဆက်မပြတ်တိုက်ခိုက်ဖို့ အစပြုနေကြပြီ။
ဒီစီမံကိန်းနဲ့ တိုက်ခိုက်မှုဟာ ဘာသာရေးစိတ်ဓာတ်ရှိနေကြတဲ့သူတွေအတွက်ချည်းပဲမဟုတ်ဘဲ ဘာသာရေးကို အလေးမထားကြတဲ့ မုစ်လင်မ်တွေ လက်ရှိပေါ်ပေါက်နေတဲ့အခြေအနေကို ထောက်ရှုကြတဲ့ မုစ်လင်မ်တွေ၊ သတင်းစာတွေဖတ်၊ သတင်းတွေကိုနားစွင့်နေကြပြီး အနောက်တိုင်းသားတွေကို အထင်ကြီးနေကြတဲ့ မုစ်လင်မ်တွေကိုပါပစ်မှတ်အဖြစ်လုပ်ထားကြတယ်။

ဘာပဲပြောပြော ဘယ်လိုပဲရှိရှိ မုစ်လင်မ်တွေဟာ တစ်ဆူတည်းဖြစ်တော်မူတဲ့ အလ္လာဟ်အရှင်မြတ်ကိုသာ
“အီမာန်” ယုံကြည်ကြတယ်။ အဲ့ဒီအရှင်မြတ်ရဲ့လက်တော်အတွင်းမှာ တစ်လောကလုံးရဲ့ သက်ဝင်လှုပ်ရှားမှုနဲ့ ဆိုင်တဲ့ တန်ခိုးအာဏာတွေလည်းရှိနေတယ်။ အဲ့ဒီအရှင်မြတ်ဟာ မိမိရဲ့သာသနာကို ကူညီတဲ့အရှင်လည်းဖြစ်တယ်။ မတော်မတရား အနိုင်ကျင့်ခံနေရတဲ့သူတွေကို ဖေးမကူညီတဲ့ အရှင်လည်းဖြစ်တယ်။ ခြောက်သွေ့ ပြုန်းတီးသွားတဲ့အခြေအနေကို ပြန်လည်စိုပြေလန်းဆန်းအောင် ပြုလုပ်ပေးတဲ့အရှင်လည်းဖြစ်တယ်။ နောက်…..အမိန့်ဖီဆန်သူတွေနဲ့ မာန်မာန ထောင်နေကြတဲ့သူတွေကို မာန်ကျိုးသွားအောင် အထင်သေးခံရအောင် ပြုနိုင်စွမ်းတော်မူတဲ့အရှင်လည်းဖြစ်တယ်။ အဲ့ဒီအရှင်မြတ်ရဲ့ ဂုဏ်ဒြပ်တော်နဲ့ပတ်သက်လို့ ကုရ်အာန်ကျမ်းတော်မြတ်မှာ ဒီလိုဖော်ကျူးထားတယ်။


“ဖန်ဆင်းမှုနဲ့ အမိန့်၊ အာဏာ၊ သြဇာတွေဟာလည်း ဒီအရှင်မြတ်ဆီမှာပဲရှိတယ် ဆိုတာကို ကောင်းကောင်းမှတ်ထားကြ။” (အအ်ရာဖ် - ၅၄)
ဘယ်လိုအပြောင်းအလွဲမျိုးမဆို၊ ဘယ်လိုပြုပြင်မှုမျိုးမဆို ဘယ်လိုရွှေ့ပြောင်းခြင်းမဆို အရှင်မြတ်အတွက်မဆီလျော်ဘူး။ မတတ်စွမ်းနိုင်ဘူးဆိုတာမရှိဘူး။ အဲဒီလို တစ်ပါးတည်းတည်ရှိတော်မူတဲ့ အရှင်မြတ်နဲ့ပတ်သက်လို့ မုစ်လင်မ်တွေ သစ္စာကတိနဲ့ သက်သေထွက်ဆိုထားကြတာကတော့…..



အလိုသဘောက…..

“အို….ခိုဒါအရှင်မြတ်၊ (အို) အုပ်စိုးမှုအပေါင်းတို့ကို စိုးပိုင်တော်မူတဲ့အရှင်မြတ်၊ အရှင်မြတ်ဟာမိမိအလိုရှိသူကို စိုးမိုးအုပ်ချုပ်မှုအာဏာကို ချီးမြှင့်တော်မူပါတယ်။ နောက်…..မိမိအလိုရှိတော်မူတဲ့သူထံက စိုးမိုးအုပ်ချုပ်မှုအာဏာကို ရုပ်သိမ်းတော်မူပါတယ်။ ထို့အတူ မိမိအလိုရှိသူကို ဂုဏ်သိက္ခာချီးမြှင့်တော်မူပြီး အလိုရှိသူကို သေးသိမ်စေတော်မူပါတယ်။ ကောင်းမြတ်ခြင်းအားလုံးဟာ အလ္လာဟ်အရှင်မြတ်ရဲ့ လက်တော်မှာပဲ တည်ရှိတော်မူပါတယ်။ မုချဧကန်အရှင်မြတ်ဟာ အရာရာတိုင်းကို စွမ်းဆောင်နိုင်တော်မူပါတယ်။ အရှင်မြတ်ကပဲ ညဥ့်ကို နေ့အချိန်သို့ ရောက်ရှိစေတော်မူပါတယ်။ နောက်…..နေ့ကိုညဥ့်သို့ ရောက်ရှိစေတော်မူပါတယ်။ ဒီ့အပြင် အရှင်မြတ်ကပဲ သက်မဲ့ကနေ သက်ရှိကို ထုတ်စေတော်မူပါတယ်။ ဒီ့အပြင် အရှင်မြတ်ကပဲ သက်ရှိကနေ သက်မဲ့ကို ထုတ်တော်မူပါတယ်။ မိမိအလိုရှိတော်မူတဲ့သူကို မရေမတွင်နိုင်လောက်အောင် ရိုဇီရိက္ခာ ချီးမြှင့်ပေးသနားတော်မူပါတယ်။”

အခုလိုအခြေအနေအချိန်အခါမှာ အရေးနိမ့်ပြီးလွှမ်းမိုးခံနေရတဲ့ လူမျိုးတစ်စုအတွက် ပြန်လည်လွှမ်းမိုးအောင်နိုင်ဖို့နဲ့ပတ်သက်လို့ ကုရ်အာန်ကျမ်းတော်မြတ်မှာ….


“အရင်ကရော နောင်ကိုပါ အလ္လာဟ်အရှင်မြတ်မှာပဲ အမိန့်အာဏာတော်ရှိတယ်။ အဲဒီနေ့မှာမုအ်မင်န်တွေဟာ ဝမ်းမြောက်ဝမ်းသာ ကြည်နူးပျော်ရွှင်သွားကြရမယ်။ (ဒါဟာ) အလ္လာဟ်အရှင်မြတ်ရဲ့ အကူအညီ၊ ဖေးမမှုကြောင့်ပဲဖြစ်တယ်။ အဲ့ဒီအရှင်မြတ်ဟာ မိမိအလိုရှိတော်မူတဲ့သူကို ကူညီတော်မူတယ်။ အလွန်လွှမ်းမိုးတော်မူတဲ့ သနားကြင်နာတော်မူတဲ့ အရှင်လည်းဖြစ်တော်မူတယ်” လို့ အတိအလင်း ဖော်ပြထားတယ်။

ဒါကြောင့် ဒီကနေ့ ဘေးအန္တရာယ်အသွယ်သွယ်ကနေ လွတ်မြောက်နိုင်ဖို့၊ ကာကွယ်နိုင်ဖို့ လမ်းစ(အဖြေ) ဟာ ရှိနေတယ်။
အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်ပညတ်တော်အချို့၊ နောက်ပြီးတော့ အဲဒီ့အရှင်မြတ်က စေလွှတ်တော်မူခဲ့တဲ့စံပြ နောက်ဆုံးတမန်တော်ရဲ့ သွန်သင်ဆုံးမ နည်းပေးလမ်းပြမှုတွေ၊ အဲဒီ့တမန်တော်မြတ်ရဲ့ စံပြနမူနာဖြစ်တဲ့ စွန္နသ်တော်တွေ၊ ပြုပြင်မှုတွေနဲ့ပတ်သက်တဲ့ လမ်းညွှန်မှုတွေ၊ ပေါက်မြောက်အောင်မြင်ခဲ့တဲ့ ဆွဟာဗဟ်တွေရဲ့ စံပြကျင့်စဉ်တွေ ဒါတွေကို စံပြုကြရမယ်။
ထပ်ပြီးတော့ လုပ်ဆောင်ကြိုးပမ်းကြရမယ့် အချက်တွေကို ဆက်လက်ပြီးတင်ပြလိုပါတယ်။ ဒါတွေဟာ ကုရ်အာန်ကျမ်းတော်မြတ်နဲ့ ဟဒီးစ်တော်၊ တမန်တော်မြတ်ရဲ့ ဘဝသက်တမ်းမွေးမြူခဲ့ပုံ၊ အောင်မြင်ခဲ့တဲ့ ဆွဟာဗဟ်ကြီးတွေ အစရှိတဲ့ မီးမောင်းထိုးပြနေတဲ့ လမ်းညွှန်မှုနဲ့ လိုက်နာသင့်တဲ့ စည်းမျဉ်းစည်းကမ်းတချို့ပါ။

(၁) လိုက်နာရမည့် ပထမအချက်

အခုလိုအချိန်မျိုးမှာ ကမ္ဘာ့မုစ်လင်မ်ထုတစ်ရပ်လုံးအတွက် အရေးပေး၊ အလေးအနက်ထားကြရမယ့် နံပါတ်တစ် “ဖရဇ်” တာဝန်က ရုဂျု့အေအိလလ္လာဟ် (အလ္လာဟ်အရှင်မြတ်ကို အာရုံပြုပြီး) အလ္လာဟ်အရှင်မြတ်ဘက်ကို ပြန်လှည့်ကြဖို့ပဲ။
ပြီးနောက် အိနာဘသ် အလ္လာဟ်အရှင်မြတ်ကို ချဉ်းကပ်ကြရမယ်။ (ကိုယ့်ရဲ့အပြစ်ဂိုနာတွေနဲ့ပတ်သက်လို့) သောင်ဗဟ် ဝန်ချတောင်းပန်ရမယ်။ အိစ်သိဂ်ဖာရ် ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ရရှိဖို့ တောင်းခံကြရမယ်။ ဒုအာပြုကြရမယ်။ အူလှိုက်သည်းခိုက် ငိုရှိုက်ပြီးတော့ တောင်းခံကြရမယ်။
ဒါနဲ့ပတ်သက်လို့ ကုရ်အာန်ကျမ်းတော်မြတ်မှာ…….


အလိုသဘောက….
“အို….အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သည်းခံပြီးတော့၊ နမာဇ်ဆောက်တည်ပြီးတော့၊ (အလ္လာဟ့်) အကူအညီကိုရယူကြ။ မလွဲမသွေ အလ္လာဟ်အရှင်မြတ်ဟာ သည်းခံစိတ်ရှိသူတို့နဲ့အတူရှိနေတော်မူတယ်။” လို့ ပွင့်ပွင့်လင်းလင်း ထင်ထင်ရှားရှား မိန့်ဆိုထားတယ်။

တစ်ခြားအာယသ်တော်တစ်ခုမှာ….

အလိုသဘောက…
“သင်တို့ရဲ့ကိုးကွယ်ရာက မြင့်မြတ်သလား။ ဒါမှမဟုတ် အလ္လာဟ်အရှင်မြတ်က မြင့်မြတ်သလား၊ လိုအင်ဆန္ဒနဲ့ မျှော်လင့်တောင့်တပြီး ဟစ်ခေါ်တာကို အလ္လာဟ်အရှင်မြတ်က ပြန်ထူးတော်မူတယ်။ သူတို့ခံစားနေကြရတဲ့ ဘေးဒုက္ခတွေကို ဖယ်ရှားပေးတော်မူတယ်။ နောက်ပြီးတော့ သင်တို့ကို ပထဝီမြေကြီးပေါ်မှာ ကိုယ်စာလှယ်အဖြစ် ချီးမြှင့်တော်မူခဲ့တယ်။” လို့မိန့်ကြားထားတယ်။

ကျမ်းတော်မြတ်ရဲ့တစ်ခြားတစ်နေရာမှာ မိန့်တော်မူထားသေးတယ်။


အလိုသဘောက…
“အို…အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ထံတော်ပါးမှာ တိတိကျကျ မှန်မှန်ကန်ကန်၊ အစစ်အမှန် သောင်ဗဟ် ဝန်ခံတောင်းပန်ကြ။ သင်တို့ရဲ့အရှင်မြတ်ဟာ (အဲဒီအချက်ကိုအကြောင်းပြုပြီး) သင်တို့ရဲ့ အပြစ်ဂိုနာတွေကို သင်တို့နဲ့ ကင်းဝေးပပျောက်သွားအောင် ပြုပေးတော်မူမယ်။”
တမန်တော်မြတ်(ဆွ)ရဲ့ ဓလေ့တော်ကျင့်စဉ်ကတော့…..
မပြောပလောက်တဲ့ ပူပန်စရာနဲ့ ကြုံတွေ့ရရင်တောင်မှ နမာဇ်ဝတ်ပြုလေ့ရှိတယ်။ နောက် .. ဒိုအာထဲမှာနစ်မွန်းသွားလေ့ရှိတယ်။
ဟဇရသ်ဟုဇိုင်ဖဟ်(ရသွေ့) ရဲ့ ဆင့်ပြန်ချက်တစ်ခုမှာ… တမန်တော်မြတ်(ဆွ)ဟာ ဘယ်လိုမျိုးစိုးရိမ်ပူပန်ကြောင့်ကြစရာနဲ့ပဲကြုံရ၊ ဆုံရ (ချက်ချင်းပဲ) နမာဇ်ဝတ်ပြု (ပြီးဖြေရှင်း) လေ့ရှိတယ် လို့ ဖော်ပြထားတယ်။
ဟဇရသ်အဘူဒရ်ဒါအ်(ရသွေ့) ရဲ့ ဆင့်ပြန်ချက်မှာ….
တမန်တော်မြတ်(ဆွ) ရဲ့ ဓလေ့ကျင့်စဉ်တော်က လေပြင်းမုန်တိုင်းတိုက်ခတ်တဲ့ညတွေမှာ၊ တမန်တော်မြတ်(ဆွ) ခိုအောင်းတဲ့နေရာက ဗလီဝတ်ကျောင်း တော်ပဲ၊ အဲ့ဒီလေပြင်းမုန်တိုင်းတွေ ငြိမ်သက်သွားတဲ့အထိ အဲဒီနေရာမှာပဲ (နမာဇ်ဝတ်ပြုပြီး ဒုအာတောင်းခံ) နေတော် မူတယ်။ ဒီအတိုင်းပဲ မိုးကောင်းကင်မှာ နေကြတ်၊ လငပုပ်ဖမ်းတဲ့အခါ တမန်တော်မြတ်(ဆွ)ဟာ နမာဇ်ဝတ်ပြုမှုကိုပဲ အာရုံစိုက်လေ့ရှိတယ်။ နေကြတ်၊ လငပုပ်ဖမ်းတာ ပြီးဆုံးကင်းရှင်းသွားတဲ့အထိ အဲဒီကိစ္စမှာပဲ နစ်မွန်းလေ့ရှိတယ်။

ဒီအကြောင်းအရာတွေကို ထောက်ထားကိုးကားပြီးတော့ အခုလိုအချိန်အခါမျိုးမှာ ဒုအာနဲ့ မုနာဂျားသ်၊ ကုရ်အာန်သိလာဝသ် လုပ်နေကြဖို့လိုတယ်။ အထူးသဖြင့် ဘယ်လိုအာယသ်တော်တွေကို ထပ်ခါတလဲလဲဂရုတစိုက် ရွတ်ဖတ်သင့်သလဲဆိုရင် “အမန်န်” (ငြိမ်းချမ်းသာယာမှု၊ စိတ်အေးချမ်းမှု၊ ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှု) “အမားန်” (လွတ်ငြိမ်းချမ်းသာမှု သာယာစိုပြေမှု) “ဖသဟ်”
(အောင်မြင်မှု) “နွစ်ရသ်” (ကူညီမှု) တွေကို ဖော်ပြထားတဲ့ အယသ်တော်တွေကို ဦးစားပေးသင့်တယ်။
ဥပမာအနေနဲ့ပြောရရင် စူရဟ်အလမ်သရ၊ စူရဟ်ကူရိုက်ရှ်၊ “လာအိလာဟ အစ်လ္လာအန်သ စွဗ္ဗဟာနက အင်န်နီကွန်းသု မိနဇ်ဇွာလိမီးန်” ကိုစဉ်ဆက်မပြတ် တတ်နိုင်သမျှ ရွတ်ဖတ်နေရမယ်။

(၂) လိုက်နာရမည့် ဒုတိယအချက်

ဒုတိယအဆင့်အနေနဲ့ လိုက်နာကျင့်ဆောင်ကြိုးပမ်းသင့်တဲ့ စည်းကမ်းနည်းလမ်းတွေကို ဆက်လက်တင်ပြချင်ပါတယ်။ အဲ့ဒီအချက်တွေဟာလည်းပဲ အလွန်အရေးကြီးတဲ့အချက်၊ ချက်ချင်းလက်ငင်းလျှောက်လှမ်းသင့်တဲ့ ခြေလှမ်းမျိုးဖြစ်တယ်။ ဒါကတော့ မိမိတို့ရဲ့အပြစ်ဒုစရိုက်ကျူးလွန်ခဲ့သမျှတို့နဲ့ပတ်သက်ပြီး သောင်ဗဟ်(အမှားဝန်ခံ တောင်းပန်မှု) ပြုကြရမယ်။ ပြီးတော့အပြစ်ဂိုနာတွေကို လုံးဝဥဿုံ ရှောင်ကြဉ်ကြရမယ်။ ဝေးစွာရှောင်ကြဉ်၊ ကင်းစင်အောင်နေကြရမယ်။ “ဟုကူးက်” (အလ္လာဟ်နဲ့ပတ်သက်တဲ့ တာဝန်ဝတ္တရားနဲ့ အဖန်ဆင်းခံတို့နဲ့ပတ်သက်တဲ့ တာဝန်ဝတ္တရားတွေ)ကို ကျေပွန်အောင်ထမ်းဆောင်ကြရမယ်။

ဒါနဲ့ပတ်သက်ပြီး ခလီဖဟ်အုမရ်ဗင်န်အဗ်ဒုလ်အဇီးဇ်ရဲ့ မှာတမ်းစကားတစ်ခုကို အထောက်အထား အကိုးအကားပြုမယ်ဆိုရင် လုံလောက်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲ့ဒီမှာတမ်းချက်ကလည်း သူ့ရဲ့
(အဝေးရောက်) စစ်တပ်ရဲ့တပ်မှူးဆီကို ရေသားပေးပို့ခဲ့တဲ့ မှာတမ်းဖြစ်တယ်။
အလ္လာဟ်အရှင်မြတ်ရဲ့ ဗန္ဓဟ်၊ အမီရုလ်မုအ်မိနီးန်အုမရ်ဗင်န်အဗ်ဒုလ်အဇီးဇ်ရဲ့ ဒီလမ်းညွှန်မိန့်ကြားချက်ကိုမန်စူရ်ဗင်န်ဂါလိဗ့်ဆီကို လိပ်မူပြီး ရေးသားပေးပို့ခဲ့တာဖြစ်တယ်။ ပေးပို့လိုက်တဲ့အချိန်က အမီရုလ်မုအ်မိနီးန်က သူ့ကိုစစ်ပွဲဆင်နွှဲဖို့ စေလွှတ်ထားချိန်ဖြစ်တယ်။

စစ်မြေပြင် တပ်မှူးထံပေးစာ

ရင်ဆိုင်တိုက်ခိုက်ဖို့လာကြတဲ့ ရန်သူတွေ၊ စစ်ပြေငြိမ်းဖို့လာကြသူတွေနဲ့ ရင်ဆိုင်ဖြေရှင်းရတဲ့အချိန်၊ ကုန်ကုန်ပြောရရင် အခြေနေတိုင်းမှာ သက္ကဝါ (အပြစ်ရှောင်ကြဉ်တဲ့တရား) ကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထားရမယ်။ ဘာဖြစ်လို့လဲဆိုရင် အလ္လာဟ်အရှင်မြတ်ကို အကြောင်းပြုပြီး သက္ကဝါ တရားစောင့်ထိန်းတာဟာ အကောင်းဆုံး တန်ဖိုးအရှိဆုံးအရာဖြစ်တယ်။ ဒီ့အပြင် အစူးရှဆုံးနဲ့အထက်မြက်ဆုံး၊ အကျိုးသက်ရောက်မှု အရှိဆုံး (လက်နက်တစ်မျိုး) လည်းဖြစ်တယ်။ အစ အလယ် အဆုံးအထိ အဓိပ္ပာယ်ပြည့်စုံတဲ့ကိစ္စရပ်လည်းဖြစ်တယ် ဒါတင်မကသေးဘူး စစ်မှန်တဲ့စွမ်းအားနဲ့လည်း ပြည့်စုံတယ်။
သင်တို့ဟာ မိမိနဲ့ မိမိရဲ့အပေါင်းပါ ရဲဘော်ရဲဘက်တွေအတွက် အလ္လာဟ်အရှင်မြတ်က တားမြစ်ထားတဲ့ အပြစ်ဒုစရိုက်တွေကို မိမိတို့မြင်တွေ့နေကြရတဲ့ ရင်ဆိုင်နေကြရတဲ့ ရန်သူတွေထက် ပိုမိုကြောက်ရွံ့ကြရမယ်။ ဘာဖြစ်လို့လဲဆိုရင် အပြစ်ဂိုနာဟ်ဟာ ရန်သူတွေရဲ့ဘေးအန္တရာယ်ထက် လူသားတွေအတွက် ကြောက်ရွံ့ထိပ်လန့်ဖို့ကောင်းတဲ့ အန္တရာယ်ဖြစ်တယ်။ အဲဒီလိုသက္ကဝါမရှိရင် မိမိတို့ရဲ့အပြစ်ဂိုနာတွေကြောင့် ဖိစီးလွှမ်းမိုးတာကို ခံရတတ်တယ်။
တကယ်လို့ တို့နဲ့သူတို့ဟာ အပြစ်ဂိုနာဟ်ကျူးလွန်စည်းဖောက်တာချင်းတူညီနေမယ်ဆိုရင် သူတို့ဟာ အင်အားကြီးမားသူတွေ၊ အရေအတွက်များပြားသူတွေ ခြေကုတ်ရှိနေတဲ့သူတွေဖြစ်တယ်ဆိုတာကို သတိထားကြရမယ်။ ကိုယ့်ရဲ့အပြစ်ဂိုနာတွေထက် ဘယ်လိုကိစ္စမျိုးကိုမှ ပူပင်ကြောင့်ကြစရာမလိုဘူး။

(၃) လိုက်နာရမည့် တတိယအချက်

တတိယအချက်အနေနဲ့ ကျွန်တော်ပြောချင်တာက မုစ်လင်မ်မဟုတ်သူတွေကို အစ္စလာမ်နဲ့နီးစပ်စေဖို့၊ မိတ်ဖွဲ့အသိပေးရမယ်။ အကျွမ်းတဝင်ဖြစ်စေဖို့ ကြိုးစားကြရမယ်။ ဘယ်အချိန်၊ ဘယ်အခါ၊ ဘယ်နေရာ၊ ဘယ်အခြေအနေမျိုးမှာမဆို ကြုံကြိုက်လာတဲ့ အဲဒီအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမခံသင့်ဘူး။

ကျွန်တော်တို့မှာ အားလုံးထက်အကြီးမားဆုံး အင်အားနဲ့ စွမ်းပကားတွေနဲ့ဆိုင်တဲ့ ဗီဇသတ္တိ၊ အသိဥာဏ်ပေးအပ်ခံရမှု၊ ပြည့်ပြည့်ဝဝ စည်းရုံးသိမ်းသွင်းနိုင်တဲ့ အရည်အချင်းတွေရှိနေပါတယ်။ ဒါတင်မကသေးဘူး။ ဦးနှောက်နဲ့ အသိဥာဏ်က လက်ခံလာအောင် နှလုံးသားကို ဆွဲဆောင်နိုင်တဲ့ “ဒီးန်” သာသနာနဲ့၊ ကုရ်အာန်ကျမ်းမြတ်ရဲ့ မုအ်ဂျိဇာဟ်တွေ၊ အခြားသောကျမ်းတွေလည်း ရှိနေတယ်။ ဒါဟာ ဘာသာခြားတွေထက် သာပိုနေတဲ့ အထူးအခွင့်အရေးတွေပဲဖြစ်တယ်။

ဒီလောက်ပဲလားလို့ မေးလာရင် မကသေးဘူးလို့ဖြေနိုင်လောက်အောင် နောက်ဆုံးနဗီတမန်တော်ရဲ့ နှလုံးသားကို ဆွဲဆောင်နိုင်မှုနဲ့ လိုလားနှစ်သက်မက်မောဖွယ်ကောင်းတဲ့ ကိုယ့်ကျင့်တရားက လူတွေရဲ့နှလုံးသားကို စည်းရုံးချုပ်ကိုင်နိုင်တဲ့ အချက်တွေလည်း ရှိနေတယ်။

အစ္စလာမ်သာသနာတော်ရဲ့ ပြီးပြည့်စုံတဲ့ နည်းပညာရပ်တွေ၊ စူးရှထက်မြက်တဲ့ ကျင့်စဉ်တွေလည်း တို့မှာ ရှိနေတယ်။ ဒါတင်မကသေးဘူး ဦးနှောက်အသိဥာဏ်ကို ပွင့်လင်းလာစေနိုင်တဲ့ ထိရောက်တဲ့သင်ခန်းစာတွေလည်းရှိနေတယ်။

ဒါတွေကို ဦးနှောက်နဲ့ယှဉ်ပြီး အာရုံကိုစွင့်၊ နှလုံးသားကိုဖွင့်ပြီး ဖတ်ရှုလေ့လာကြည့်ရင် အဲဒီအချက်တွေဟာကိုယ့်အပေါ် မစူးရှဘဲမနေဘူးဆိုတာကို လက်တွေ့ခံစားကြရလိမ့်မယ်။ မြင်တွေ့ကြရလိမ့်မယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဒီလိုမျိုးကြုံရ ဆုံရ မေးမြန်းခံရတာတွေကို အထူးသဖြင့် ခရီးသွားတဲ့အခါ မုစ်လင်မ်မဟုတ်ကြသူတွေနဲ့ ဆက်ဆံကြရတဲ့သူတွေ ပိုပြီး ကြုံတွေ့ဖူးကြမှာပါ။ အစ္စလာမ်သာသနာအကြောင်းကို ဘာသာပေါင်းစုံနဲ့ စာအုပ်စာပေတွေ ရေးသားဖြန့်ချီထားတယ်။ ဒါတွေကို လေ့လာဖတ်ရှု မှတ်သားပြီး အခုလိုကြုံလာရင် ရှင်းပြလို့ရတယ်။

(၄) လိုက်နာရမည့် စတုတ္ထအချက်

စတုထ္ထအချက်အနေနဲ့တင်ပြချင်တာက….. ဒီကိစ္စရပ်တွေနဲ့အတူ တစ်ဆက်တည်းထမ်းရွက်ရမယ့်ကိစ္စတွေက ကိုယ်မှီတင်းနေထိုင်တဲ့တိုင်းပြည်မှာ အထူးသဖြင့်ရှေးပဝေသဏီကတည်းက စဉ်ဆက်မပျက်နေထိုင်လာကြတဲ့တိုင်းပြည်မှာ နောင်ကိုလည်း အခြေအနေအရ အဲ့ဒီတိုင်းပြည်မှာ ဆက်လက်နေထိုင်ကြရဦးမှာဖြစ်တော့….
မလွဲမသွေ ဘာသာခြားတွေအပါအဝင် အချင်းချင်းပေါင်းသင်းဆက်ဆံမှု၊ လူပီသမှု၊ အခြေခံကျတဲ့ မြို့ပြစည်ကားသာယာမှု စတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်တဲ့တာဝန်ဝတ္တရားတွေကို ကျေပွန်အောင် ထမ်းဆောင်ကြရမယ်။
လူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေ၊ ဂုဏ်သိက္ခာတွေ၊ စိတ်ချမ်းသာမှုတွေကို ထိန်းသိမ်းစောင့်ရှောက်ကြရမယ်။
လူလူချင်း စာနာထောက်ထားမှု၊ ယိုင်းပင်းကူညီဖေးမမှုတွေကို လိုလားနှစ်သက်ကြဖို့အတွက် တိုက်တွန်းပေးကြဖို့လည်း အရေးကြီးတယ်။
ဒီအချက်တွေဟာ ကိုယ်နေထိုင်တဲ့တိုင်းပြည်ရဲ့နယ်နိမိတ်ကို တည်တံ့ခိုင်မြဲစေတဲ့အချက်တွေထဲက ကဏ္ဍတစ်ချို့ဖြစ်တယ်။ တည်ငြိမ်မှု ငြိမ်းချမ်းသာယာမှုတွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါတင်မကသေးဘူး ဂုဏ်သိက္ခာကိုလည်း ပေးစွမ်းနိုင်တဲ့ အာမခံချက်ရှိတဲ့အချက်တွေပဲ။

**** ဒီအချက်တွေကို တိုင်းပြည်မှာ မှီတင်းနေထိုင်ကြတဲ့ပြည်သူပြည်သားတွေက မကျင့်ကြံဘူးဆိုရင်တော့ တိုးတက်မှုတွေ၊ နာမည်ကောင်းနဲ့ကျော်ကြားမှုတွေ ဆွတ်ခူးနိုင်ကြမှာမဟုတ်ဘူး။ တစ်ခြားစီဖြစ်ကုန်မယ်။ ဒါတင်မကသေးဘူး။ နဂိုကရရှိထားကြတဲ့ လွတ်လပ်မှု၊ တည်ငြိမ်အေးချမ်းသာယာမှု ပျော်ရွှင်မှုတွေလည်း ဆက်ရှိနေဖို့တောင် ခက်ခဲသွားလိမ့်မယ်။

(၅) လိုက်နာရမည့် ပဉ္စမအချက်

ပဉ္စမအနေနဲ့ နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ကတော့ မုစ်လင်မ်တွေ (အထူသဖြင့် လူနည်းစုဖြစ်တဲ့အပြင် ဒေသမှာ အန္တရာယ်အသွယ်သွယ်၊ ဒုက္ခအဖုံဖုံ စမ်းသပ်မှုအစုံစုံနဲ့ကြုံနေကြရတဲ့ မုစ်လင်မ်တွေ၊ ဆုံကြရမယ့်မုစ်လင်မ်တွေ)ဟာ….

လူသားအချင်းချင်း စိတ်ဝမ်းကွဲပြားပြီး ခိုက်ရန်ဖြစ်ပွား အငြိုးထားတတ်တဲ့ဝါဒကို ရွံ့ရှာမုန်းတီးတဲ့စိတ်ဓာတ်မျိုးကို မွေးမြူကြရမယ်။
သည်းခံ မျိုသိပ် ခွင့်လွှတ်စိတ်မျိုးနဲ့ ကိုယ့်အကျိုးထက် သူတစ်ပါးအကျိုးကိုလိုလားတဲ့၊ ဦးစားပေးတဲ့စိတ်ဓာတ်ပိုင်ရှင်ဖြစ်ရမယ်။ အနစ်နာခံ၊ ပေးကမ်းရက်ရော၊ စွန့်လွှတ်ရဲတဲ့ သတ္တိရှိရမယ်။ စိတ်နေသဘောထား မြင့်မြတ်ရမယ်။ ဒီလိုမျိုးစိတ်ဓာတ်တွေမွေးကြဖို့ ဇွဲရှိရမယ်။ သတ္တိရှိရမယ်။ အနစ်နာခံလိုစိတ်ရှိရမယ်။ ကြံ့ခိုင်တဲ့စိတ်ဓာတ်ရှိရမယ်။ ရဲရင့်မှု၊ ရက်ရောမှုရှိရမယ်။ စိတ်ဓာတ်နဲ့ဆိုင်တဲ့ အရည်အချင်းတွေကို မြင့်သထက်မြင့်အောင် မြှင့်တင်ကြရမယ်။ လူသားအချင်းချင်းကင်းကွာနေလို့၊ ကင်းကွာနေဖို့မဖြစ်နိုင်တဲ့အတွက် ဒီစိတ်ဓာတ်မျိုး လူတိုင်းမွေးဖို့အရေးကြီးတယ်။

မလွဲမရှောင်သာ ကြုံတွေ့ကြရတဲ့ အခြေအနေမျိုးရောက်ရင် အလ္လာဟ်အရှင်မြတ်ရဲ့ နှစ်သက်မြတ်နိုးခံရမှုအတွက် ရှဟီးဒ်အဆင့်ကိုခံယူနိုင်ဖို့ အစဉ်အမြဲ သတိရှိရှိနဲ့ အသင့်ဖြစ်နေတဲ့စိတ်ဓာတ်မျိုး ကိန်းအောင်းရှင်သန်နေဖို့လည်း လိုအပ်တယ်။

ဒီလိုစိတ်ဓာတ်မျိုးတွေ ရှင်သန်၊ ရင့်ကျက်နေဖို့အတွက် ဆွဟာဗဟ်ကြီးတွေရဲ့ ဘဝသမိုင်းတွေ၊ အစ္စလာမ်သာသနာဘက် ဖိတ်ခေါ်တာနဲ့ပတ်သက်လို့ ရာဇဝင်တွင်ခဲ့ကြတဲ့ ဒါအီတွေရဲ့သမိုင်းကို ဖတ်ရှုလေ့လာကြပါ။ သူတို့တစ်တွေဟာ အလ္လာဟ့်လမ်းတော် (သာသနာတော်) အတွက် သည်းခံမျိုသိပ်ဖို့ခက်ခဲတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ဒုက္ခတွေကို ရင်ဆိုင်ကြရတယ်။ စွန့်လွှတ်မှုပေါင်းစုံ ပေးအပ်ခဲ့ကြရတယ်။ အဲဒီ ထူးကဲမွန်မြတ်တဲ့ကျင့်စဉ်တွေကို အလ္လာဟ်အရှင်မြတ်နဲ့ နီးကပ်စေနိုင်တဲ့အချက်တွေ၊ ဂျန္နသ်ရရှိဖို့ အဓိကကျတဲ့ အရေးကြီးဆုံးအချက်တွေလို့ ခံယူထားကြတယ်။

အချိန်ကာလအနေနဲ့ အတန်ကြာခဲ့ပြီဖြစ်တယ်။ အဲဒီခေတ်တုန်းက စာပေတတ်ကျွမ်းတဲ့၊ သာသနာကိုင်းရှိင်းကြတဲ့ အသိုက်အဝန်းတွေမှာ အုရ်ဒူဘာသာနဲ့ပြဆိုရေးသားထားတဲ့ ဝါကေဒီရဲ့ ဖသူဟုလ်ရှားမ်မန့်ဇူမ် (ရှာမ်နိုင်ငံကို အောင်မြင်သိမ်းပိုက်ခဲ့ပုံလင်္ကာ) ကို အိမ်တွေနဲ့ မဂ်ျလိစ် ထိုင်ဝိုင်းတွေမှာ ဖတ်ပြ၊ နားထောင်ကြတဲ့ အလေ့အထ အစဉ်အလာရှိခဲ့ကြတယ်။ အဲဒီစနစ်ကြောင့် အကျိုးသက်ရောက်မှု ထူးထူးခြားခြားဖြစ်ခဲ့ရတယ်။

အခုလည်းပဲ(မော်လာနာ ဇကရီယာ ရေးသားပြုစုတဲ့) ဟေကာယသေဆွဟာဗာဟ်ကျမ်း၊ ရှာဟေနာမဟ်အစ္စလာမ် (ဟဖီးဇ်ဂျလန့်ဒဟ်ရီ)ကျမ်းနဲ့ ကျွန်တော်ရေးသားတဲ့ ဂျဗ်အီမာန်ကီဗဟားရ်အာအီ (အစ္စလာမ့်ရောင်ခြည်ထွန်တောက်တဲ့အခါက) အစရှိတဲ့ စာပေတွေကိုလည်း အသုံးချနိုင်တယ်။ အဲ့ဒီစာပေကျမ်းဂန်တွေကို ဗလီဝတ်ကျောင်းတေ၊ွ မဂ်ျလိစ် ထိုင်ဝိုင်းတွေ ၊ အိမ်တွေမှာ (တစ်ဦးချင်းပဲဖြစ်ဖြစ် အများနဲ့ပဲ ဖြစ်ဖြစ်) ဖတ်ကြ နားထောင်ကြတဲ့အလေ့အထကို ဖန်တီးရမယ်။

(၆) လိုက်နာရမည့် နောက်ဆုံးအချက်
နောက်ဆုံးအနေနဲ့ အရေးကြီးဆုံးဖြစ်တဲ့ အချက်ကတော့… အခုလိုခေတ်အခါသမယမျိုးမှာ အိမ်တိုင်းရဲ့တာဝန်ခံ အိမ်ထောင်ဦးစီးတွေ၊ မိဘတွေ၊ ခေတ်သစ်မျိုးဆက်သစ်တွေရဲ့ အုပ်ထိန်းသူတွေ၊ ဒီလိုတာဝန်ရှိနေကြတဲ့ လူကြီးတွေဟာ ကိုယ့်ရဲ့ရင်သွေးတွေနဲ့ နောင်လာနောက်သားတွေကို သာသနာနဲ့ပတ်သက်လို့ အရေးကြီးတဲ့ အချက်တွေ၊ အစ္စလာမ်နဲ့ပတ်သက်တဲ့ အကီဒဟ်အယူဝါဒနဲ့ ယုံကြည်ချက်တွေ၊ ဖရဇ်တာဝန်ဝတ္တရားတွေ၊ အစ္စလာမ့်ကိုယ်ကျင့်တရားတွေနဲ့ ရင့်နှီး ထိတွေ့နီးစပ် ပတ်သက်မှုရှိအောင် ကြိုးပမ်းရမယ်။

ထပ်ဆင့်ပြီးတော့ ဒီးန် သာသနာနဲ့သက်ဆိုင်တဲ့ ပညာသင်ယူဆည်းပူးဖြစ်အောင် စီမံပေးဖို့ကို မိမိတို့ရဲ့တာဝန်အဖြစ်ခံယူရမယ်။ အဲ့ဒီတာဝန်ကို လူသားတစ်ယောက်အနေနဲ့ ထမ်းဆောင်ရမယ့်တာဝန်၊ အစ္စလာမ်ကသတ်မှတ်ပြဌာန်းထားတဲ့ ဖရဇ် တာဝန်လို့မှတ်ယူရမယ်။။ ဥပမာအနေနဲ့ မိမိရဲ့ကလေး၊ လက်အောက်ငယ်သားတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ဆေးဝါးကုသရေး စတဲ့အချက်တွေကို မိဘ အုပ်ထိန်းသူတွေဟာ ကိုယ့်ရဲ့တာဝန်လို့ မှတ်ထင်ထားကြတဲ့အတိုင်း သာသနာနဲ့ဆိုင်တဲ့ ကိစ္စတွေအတွက်လည်း ကိုယ့်တာဝန်လို့ ခံယူကြရမယ်။

သာသနာနဲ့ ပတ်သက်လို့ အရေးကြီးတဲ့အချက်တွေဟာ (ပြင်ပ) ကိုယ်ခန္ဓာနဲ့ ကျန်းမာရေးအတွက် အရေးကြီးလိုအပ်နေတဲ့ အချက်တွေထက် အဆပေါင်းများစွာ ပိုပြီး အရေးကြီးတယ်။ ပိုပြီးလိုအပ်တယ်။

ဒါပေမဲ့ ဒီအချက်နဲ့ ပတ်သက်လို့ ရာနှုန်းပြည့်လိုလို အားနည်းချက်၊ ချို့ယွင်းချက်ရှိနေကြတာကို မီးမောင်းထိုးပြစရာတောင် မလိုဘူး။ ကိုယ့်ကို သိကြပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကလည်း
(ပြင်ပ)ကိုယ်ခန္ဓာနဲ့ပတ်သက်တဲ့ အရေးကြီးကိစ္စရပ်တွေကို ရှေ့တန်းတင် ဦးစားပေးကြတဲ့အတွက်ပါပဲ။ သာသနာနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကိုတော့ အပူတပြင်းမလုပ်ဆောင်ကြပဲ အလွယ်တကူပဲ မီးအေးအေးနဲ့ ချက်ပြုတ်သလို လုပ်ဆောင်လေ့ရှိကြတယ်။ ဒီလိုလုပ်ခြင်းက ပိုပြီးတော့ အန္တရာယ်ဖြစ်စေနိုင်သလို ဆိုးယုတ်တဲ့ရလဒ်တွေ ပေါ်ပေါက်လာစေတဲ့ အကြောင်းခံတွေပဲ ဖြစ်တယ်။ ဒါကို သတိထားကြပါ။

သာသနာ့ပညာရပ်တွေ၊ စိတ်ဓာတ်တွေ၊ စစ်မှန်တဲ့ အစ္စလာမ်ယုံကြည်ချက်တွေနဲ့ ပတ်သက်နေတဲ့ ကိစ္စရပ်တွေဟာ ဘယ်တော့မှ မပျက်စီး မပျောက်မပျက်ဘဲ ထာဝရတည်တံ့ခိုင်မြဲ ရှင်သန်နေမဲ့ ကိစ္စရပ်တွေဖြစ်တယ်။ ဒါတင်မကသေးဘူး။ ကွယ်လွန်သေဆုံးပြီးတဲ့နောက် အဆုံးအစွန်မရှိတဲ့ ဘဝသက်တမ်းအတွက် အောင်စာရင်းနဲ့ ရလဒ်လည်းဖြစ်တယ်။ ရလဒ်နဲ့ပတ်သက်ပြီး အကောင်းနဲ့အဆိုးကို ပိုင်းခြားဆုံးဖြတ်ပေးမဲ့ အချက်နဲ့လည်း ဆက်နွယ်နေတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး အလ္လာဟ်အရှင်မြတ်က စူရာသဟ်ရီးမ် အာယသ် အမှတ် ၆ မှာ


“ အို အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့ဟာ မိမိကိုယ်ကို၊ ထို့နောက် မိမိတို့ရဲ့အိမ်သူအိမ်သား (သားသမီး၊ ဇနီး၊ လက်အောက်ငယ်သား)တွေကို ဂျဟန္နမ်မီးကနေ ကယ်တင်ကြ” လို့ ပြတ်ပြတ်သားသား မိန့်ဆိုပြဌာန်းထားတယ်။

ထို့ပြင် ဗုခါရီကျမ်းလာ ဟဒီးစ်တော်တစ်ပါးတွင် “ သင်တို့အနက် လူတိုင်းလူတိုင်းဟာ မိမိတို့ရဲ့ လက်အောက်ခံ (ငယ်သား)နဲ့ မိမိတို့ရဲ့အမိန့်ကို နာခံနေကြတဲ့သူတွေနဲ့ ပတ်သက်ပြီး
(တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိရမယ်ဆိုတဲ့) တာဝန်သတ်မှတ်ချက်ရှိနေတယ်။ ဒါတင်မကသေးဘူး။ အဲဒီလိုတာဝန်ရှိနေကြတဲ့သူတိုင်းကို မိမိတို့ရဲ့လက်အောက်ခံတွေနဲ့ပတ်သက်ပြီး တာဝန်ကျေပွန်ခဲ့ကြရဲ့လားလို့ စစ်ကြောမေးမြန်းမှာ ဖြစ်တယ်” လို့ ဖော်ပြထားတယ်။

ဒါ့ကြောင့် အိမ်တိုင်း၊ ဗလီတိုင်း၊ ရပ်ကွက်တိုင်း၊ မက်သဗ်ကျောင်းတိုင်း၊ မဒ်ရစာဟ်ကျောင်းကြီးတိုင်းမှာ ကလေးသူငယ် လူငယ် လူရွယ် အားလုံးအတွက် သာသနာ့ပညာ သင်ကြားပို့ချပေးတဲ့အစီအစဉ်တွေကို စီမံဆောင်ရွက်ရမယ်။

အရွယ်ရောက်ပြီး အသိဥာဏ်ရှိတဲ့ မုစ်လင်မ်တိုင်းနဲ့ သားသမီးရှိတဲ့မိဘတိုင်းဟာ ဒီတာဝန်ကို ကြည်ဖြူစွာ၊ ကျေနပ်စွာ၊ အားတတ်သရော ဝမ်းပန်းတသာ လိုလားနှစ်သက်စွာ လက်ခံကြရမယ်။ ထမ်းရွက်ကြရမယ်။

နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင် အခုပြောခဲ့တဲ့အချက်တွေဟာ ဒီခေတ်၊ ဒီအချိန်တင်မကဘူး၊ နောင်တစ်ခေတ်၊ နောင်တစ်ချိန်အထိ မုစ်လင်မ်တွေကြုံတွေ့နေကြရတဲ့ ကြုံတွေ့ကြရမဲ့ ဘေးဒုက္ခအပေါင်းနဲ့ အန္တရာယ်အသွယ်သွယ်ကနေ လွတ်မြောက်ဖို့ လမ်းကြောင်းတွေပဲဖြစ်တယ်။

“မဟူရာရဲ့စည်းဆာတစ်စက်”လို့ အစမှာဆိုခဲ့တဲ့အတိုင်း မှောင်မဲပိတ်ပေါင်းနေတဲ့အမှောင်ထုကို ဖြိုခွင်းပေးနိုင်တဲ့ “အလင်းရောင်” ဖြစ်တယ်။ တစ်နည်းပြောရမယ်ဆိုရင် အလွန် မြင့်မားတဲ့ကျောက်တောင်ကြီးလို ကာရံပိတ်ဆို့နေတဲ့ အဟန့်အတား၊ အနှောင့်အယှက်ကို ဖြိုခွင်းဖြတ်ကျော်နိုင်တဲ့ တောင်ကြားလမ်းဖြစ်တယ်။ တစ်နည်းထပ်ပြောရရင် ညစ်ညမ်းတဲ့လေထုတွေကြောင့် အသက်ရှူမရအောင် မွန်းကြပ်နေတဲ့ ဝင်္ကဘာလှိုဏ်ဂူထဲက လွတ်မြောက်အောင်မြင်နိုင်တဲ့ ထွက်ပေါက်ဖြစ်တယ်။

အလ္လာဟ်အရှင်မြတ်သည် မိမိရဲ့ ကရုဏာတော်နဲ့ ကျွန်တော်တို့အားလုံးကို “မဟူရာရဲ့ဆည်းဆာတစ်စက်” ကို ခံစားနိုင်ဖို့ ကြိုပမ်းနိုင်စွမ်း ချီးမြှင့်တော်မူပါစေ။ (အာမီးန်)
---------------------------------------------------------------------------------------------------
အဗုလ်ဟစံန်အလီ (နဒ်ဝီ)
မုဟမ္မဒ်သွိုင်ယိဗ်(ရှမ်စီ)

(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။