Sunday, March 30, 2014

အချင်းချင်းညီညွတ်ဖို့ ဘယ်လိုဆောင်ရွက်ကြမလဲ


လေးစားတဲ့မိတ်ဆွေများခင်ဗျား…..

အခုတင်ပြမဲ့အကြောင်းအရာက “ အစ္စလာမ့်လူ့ဘောင်အတွက် ဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်တွေဟာ အချင်းချင်း ဘယ်ပုံဘယ်နည်းနဲ့ အဆက်အသွယ်ထားရှိဖို့ လိုတယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ပြဖို့ဖြစ် ပါတယ်။

ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား…..

ဒအ်ဝသ်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေကြသူတွေအတွင်းမှာ ဆက်ဆံရေးပြေပြစ်မှုနဲ့ အချင်းချင်းချစ်ခင်မှုကို အပြင်ပကာသနတွေနဲ့ ရယူဖန်တီးနိုင်မှာ မဟုတ်ဖူးလို့ပြောချင်ပါတယ်။ လူသားတွေရဲ့ နှလုံးသားတွေကို ပေါင်းစည်းစေဖို့ ကော် ကဲ့သို့ ဓာတ်ပေါင်းပစ္စည်းလည်း အသုံးတည့်မှာ မဟုတ်ပါဘူး။

အချင်းချင်းရဲ့ ချစ်ခင်မှုကို ရယူနိုင်ဖို့ အဓိကအရာဟာ လူတွေရဲ့ နှလုံးသားနဲ့ လူတွေရဲ့ အတွင်းနာမ်ပိုင်းဆိုင်ရာ အချက်တွေအပေါ်မှာ မူတည်နေပါတယ်။

စိတ်ဝမ်းကွဲနေတဲ့ နှလုံးသားတွေကို ရင်ကြားစေ့ပေးနိုင်လောက်တဲ့ ဆွဲဆောင်နိုင်တဲ့ အရာဝတ္ထုပစ္စည်းရယ်လို့ မရှိဘူး။

စက္ကူနှစ်ရွက်ကို ကော်နဲ့၊ အုတ်နှစ်ချပ်ကို အင်္ဂတေနဲ့၊ သစ်သားပျဉ်နှစ်ချပ်ကို သံနဲ့၊ ပိတ်စနှစ်စကို အပ်ချည်ကြိုးနဲ့ ဆက်ဖို့လွယ်ကူပေမဲ့ လူတွေရဲ့ စိတ်နှလုံးနဲ့ပတ်သက်ပြီး ဒီ့ထက်အနုစိတ်တယ်။ ဒီ့ထက်ခက်ခဲတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကုရ်အာန်ကျမ်းတော်မြတ် စူရာအန်ဖာလ် အာယသ်အမှတ် (၆၃) တွင် “ အကယ်၍ အသင်ဟာ ကမ္ဘာမြေမှာ ရှိသမျှ (ဥစ္စာပစ္စည်း) အားလုံးကို သုံးစွဲတဲ့တိုင်အောင် သူတို့ရဲစိတ်နှလုံးတွေကြားမှာ ညီညွတ်စေနိုင်မှာ မဟုတ်ဖူး။ ဒါပေမဲ့ အလ္လာဟ်အရှင်မြတ်ဟာ
(မိမိတန်ခိုးတော်နဲ့) သူတို့ရဲ့ စပ်ကြားမှာ ညီညွတ်စေတော်မူခဲ့တယ်။” လို့ မိန့်ကြားထားတယ်။

ဆိုလိုတာက မင်းတို့စုဆောင်းထားတဲ့ ရတနာပစ္စည်းအားလုံးကို သုံးဆွဲပစ်လိုက်ရင်လည်း သူတို့ရဲ့ နှလုံးသားတွေကို ညီညွတ်သွားအောင်း မပေါင်းစည်းနိုင်ဘူး။ အကယ်၍သာ အလ္လာဟ်အရှင်က သူတို့အတွင်းမှာ ညီညွတ်မှုကို မဖန်တီးခဲ့ရင် သူတို့တစ်ဦးနဲ့တစ်ဦးကို ပေါင်းစပ်မပေးခဲ့ရင်
(တမန်တော်မြတ်(ဆွ) မပွင့်မီက ဟိဂျာဇ်နယ်မြေရှိ အရဗ်လူမျိုးတို့အချင်းချင်း မညီညွတ်မှုနဲ့ စိတ်ဝမ်းကွဲမှုကို ပေါင်းစည်းပေးခဲ့သော အကြောင်းအရာကို ရည်ညွှန်းခြင်းဖြစ်သည်။) ဒွန္နယာမှာရှိတဲ့ ဘယ်အင်အားမျိုးကမှ သူတို့ရဲ့နှလုံးသားကို ပေါင်းစပ်ပေးနိုင်စွမ်းမရှိဘူး။

ညီနောင်အဖြစ်ပေါင်းစည်းပေးခြင်း၏ တန်ခိုးတော်

မိတ်ဆွေတို့ သိရှိထားပြီးပါပြီ။ မက္ကဟ်ရွှေမြို့တော်ကနေ မဒီနာရွှေမြို့တော်ကို ရွှေ့ပြောင်းလာတဲ့ မုဟာဂျိရီးန်နဲ့ မဒီနာသား အန်ဆွာရီတို့အတွင်းမှာ လူသားဖြစ်ခြင်းနဲ့ အရဗီစကားပြောဆိုသူဖြစ်ခြင်းမှအပ သွေးသားတော်စပ်ခြင်း စတဲ့တော်စပ်မှုမျိုး လုံးဝမရှိကြဘူး။ အန်ဆွာရီတွေဟာ ယမန်နိုင်ငံ ဘနီကဟ်သွာန်မျိုးနွယ်က ဆင်းသက်လာသူတွေဖြစ်ပြီး မုဟာဂျိရီးန်တွေက ဟိဂျာဇ်မျိုးနွယ်စု ဘနီအဒ်နာန်က ဆင်းသက်လာကြသူတွေဖြစ်တယ်။ ဒါပေမယ့် သူတို့နှစ်အုပ်စုအနက် မတွေ့ဘူး မကြုံဘူးတဲ့ ပေါင်းစပ်စည်းလုံးမှုကို တွေ့လိုက်ရတယ်။ ကုရ်အာန်ကျမ်းတော်မြတ် စူရာအာလိအင်မ်ရာန် အာယသ်အမှတ် (၁၀၃)တွင် အလ္လာဟ်အရှင်မြတ်က “ ၎င်းနောက် အသင်တို့ဟာ မိမိတို့အပေါ် အလ္လာဟ်အရှင်မြတ်ပြုတော်မူခဲ့တဲ့ ကျေးဇူးတော်ကို ပြန်ပြီး သတိရကြ။ တစ်ခါက အသင်တို့ဟာ
(မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး) ရန်သူတွေဖြစ်ခဲ့ကြတယ်။ ထို(အလ္လာဟ်)အရှင်မြတ်ဟာ အသင်တို့ရဲ့ စိတ်နှလုံးတွေကို ချစ်ခင်ညီညွတ်စေတော်မူခဲ့တယ်။ ဒါ့ကြောင့် အသင်တို့ဟာ (ယခုအခါ) ထိုအရှင်မြတ်ရဲ့ ကျေးဇူးတော်နဲ့ (မိမိတို့အချင်းချင်း) ညီရင်းအကိုတွေ ဖြစ်ခဲ့ကြရပြီ ” လို့မိန့်တော်မူထားတယ်။

အန်ဆွာရီတွေက မုဟာဂျိရီးန်တွေကို ဒါ.. ကျွန်တော့်အိမ်.. ခင်ဗျားကို တစ်ဝက်ပေးပါရစေ.. ခင်ဗျားကြိုက်တဲ့အပိုင်းကို ရွေးပါ.. လို့ ကမ်းလှမ်းကြတယ်။ အလားတူ လယ်၊ မြေ၊ ဥစ္စာပစ္စည်း ဒါတွေကိုလည်း တစ်ဝက်စီခွဲယူဖို့ မေတ္တာနဲ့ကမ်းလှမ်းခဲ့ကြတယ်။ ယုတ်စွအဆုံး တချို့အန်ဆွာရီတွေက ကျွန်တော်တို့မှာ ဇနီးနှစ်ယောက်စီရှိတယ်။ ခင်ဗျားတို့ဆန္ဒရှိရင် ကြိုက်တဲ့သူကို ရွေးချယ်ပါ။ ကျွန်တော်တို့ ကွာပေးပါ့မယ်လို့ ပြောလာတယ်။ ဒီတော့ အန်ဆွာရီတွေဘယ်လိုဆက်ဆံကြသလဲဆိုတာကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရပြီး သူတို့က “အစ်ကိုကြီးတို့၊ အစ်ကိုတို့ကို အလ္လာဟ် ဗရကသ်ပေးတော်မူပါစေ။ ကျွန်တော်တို့ကို ဈေးရှိတဲ့နေရာကိုသာ လမ်းညွှန်ပေးပါ။ ကျွန်တော်တို့ရဲ့ နဖူးစာမှာ သတ်မှတ်ထားသလောက် အင်န်ရှာအလ္လာဟ် ရပါလိမ့်မယ်။ သတ်မှတ်ထားတဲ့အတိုင်း ကျေနပ်လိုက်ပါ့မယ်” လို့ဖြေလိုက်တယ်။ ဒီလိုစိတ်နေစိတ်ထားမျိုးကို ဘယ်လိုရုပ်ပိုင်းဆိုင်ရာနည်းစနစ်နဲ့မှ ဖန်တီးမွေးမြူလို့ ရနိုင်မှာ မဟုတ်ဘူး။

ဒီကနေ့ လူမှုအဖွဲ့အစည်းတွေမှာ လုပ်ကိုင်ဆောင်ရွက်သူတွေအတွင်းမှာ သဘောထားကြီးပြီး ပျူပျူငှာငှာနဲ့ ဖက်လှဲတကင်း လက်တွဲဆောင်ရွက်နိုင်ဖို့ ဘယ်လိုမွမ်းမံပြုစုပြိုးထောင်ရမယ်ဆိုတဲ့ အချက်ဟာ ပြဿနာကြီးတစ်ရပ်အနေနဲ့ တည်ရှိနေတယ်။ နို့နဲ့သကြားရောပြီး အရသာကောင်းရရှိသွားသလို၊ သကြားက နို့ရည်ထဲကိုပျော်ဝင်သွားပြီး ခွဲထုတ်လို့မရတော့သလို အချင်းချင်းလည်း တစ်ဦးနဲ့တစ်ဦး တစ်ကိုယ်ကောင်းဆန်တာ ၊ ကိုယ်ရည်သွေးတာ၊ ရှင်းရှင်းပြောရရင် အတ္တဆန်တာတွေ ပျောက်သွားအောင် ဘယ်နည်းနဲ့ ဆောင်ရွက်ကြမလဲ။

ဥပမာအချို့

ဒီအကြောင်းနဲ့ပတ်သက်လို့ ဥပမာ တစ်ခု နှစ်ခု တင်ပြခြင်ပါတယ်။ နောက်ပြီးတော့ သူ့ရဲ့ဇစ်မြစ်ကိုပါ ဆက်ပြီး တင်ပြပါ့မယ်။ ကျွန်တော့အနေနဲ့ ဒီဥပမာတွေကို တမန်တော်မြတ်(ဆွ)ရဲ့ ဘဝဖြစ်စဉ်ကနေ ကောက်နှုတ်ပြီး တင်ပြမှာပါ။ လောကမှာ ကျမ်းစာကြီးငယ်တွေထားတဲ့နေရာ၊ စာကြည့်တိုက်တွေမှာတောင် ဒီ့ထက်သာတဲ့ဥပမာ မရှိနိုင်ဘူး။

ဗဒရ်ကြိုးပမ်းမှုမှာ မက္ကဟ်သားမုရှ်ရိက်တွေထဲက တချို့အဖမ်းခံကြရတယ်။ သူတို့ထဲမှာ အဘူအဇီဇ်ဗင်န်အုမိုင်ရ် လည်းပါတယ်။ သူ့ရဲ့ညီအရင်းက ဗဒရ်သာသနာ့ကြိုးပမ်းမှုမှာ အောင်လံတော်ကို အပ်နှင်းခံရတဲ့ မုစ်အဗ်ဗင်န်အုမိုင်ရ်ဖြစ်တယ်။ သူက စောစောပိုင်းကတည်းက မဒီနာရွှေမြို့တော်ကို အစ္စလာမ်လက်ခံပြီး ရောက်ရှိနေသူဖြစ်တယ်။ အဘူအဇီဇ်ဗင်န်အုမိုင်ရ်ကို ကြိုးနဲ့ချည်နှောင်နေတာကို မုစ်အဗ်ဗင်န်အုမိုင်ရ်က မတ်တပ်ရပ်ကြည့်နေရင်း … “သူ့ကို သေသေချာချာတုပ်၊ သူ့အတွက် ကြေးကြီးကြီးရနိုင်တယ် ” လို့ ကြိုးချည်နှောင်နေသူကို ပြောလိုက်တယ်။ ဒီလိုပြောတော့ အဘူအဇီဇ်ဗင်န်အုမိုင်ရ်က “ငါ့အတွက် အကျိုးရှိမယ့်စကားလေးများပြောမလားလို့ မျှော်လင့်နေတာ၊ ဒါ ကျွန်တော့်အကိုမို့ ကြိုးချည်တာ လျော့လျော့ပေါ့ပေါ့ချည်ဖို့များ မှာမလားလို့ မျှော်လင့်ခဲ့တယ်။ အခုတော့ ငါမျှော်လင့်တာနဲ့ဆန့်ကျင်ပြီး တင်းကြပ်သေချာစွာချည်နှောင်ဖို့နဲ့ ဖိဒ်ယဟ်လျော်ကြေးငွေ များများရမယ်လို့တောင် ပြောလိုက်သေးတယ်” လို့ပြောတော့ မုစ်အဗ်ဗင်န်အုမိုင်ရ် စကားတစ်ခွန်း သူ့အကို ကို ဖြေလိုက်တယ်။ ဒီစကားက သမိုင်းဝင်စကားဖြစ်ပြီး နောင်လာနောက်သားတွေကို အစဉ်သတိရစေတဲ့ စကားလည်းဖြစ်တယ်။ သူပြောခဲ့တဲ့စကားက “မင်းက ဒီအချိန်မှာ ငါ့ရဲ့အကိုမဟုတ်ဘူး၊ ငါ့ရဲ့အကိုက မင်းကို ချည်နေတဲ့သူပဲ”

အကီဒဟ်ခံယူချက်တွင် တစ်ပေါင်းတစ်စည်းတည်းဖြစ်မှုနှင့် ရည်ရွယ်ချက်တူမှု

အကီဒဟ်ခံယူချက်အားဖြင့် တစ်ခုတည်းသောအုပ်စုဝင်ဖြစ်မှုနဲ့ အကီဒဟ်ခံယူချက်အပေါ် ရည်ရွယ်ချက်တူညီမှုရဲ့ အစွဲအလမ်းဟာ သူတို့နှလုံးသားအတွင်းမှာ ကိန်းဝပ်နေရာယူခဲ့တယ်။ နှလုံးသားအတွင်းကို ပြောင်းလဲမှုကြီးဖြစ်စေခဲ့တယ်။ မုစ်အဗ်ဗင်န်အုမိုင်ရ်ဟာ လူကုံထံ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။ သူ့အကြောင်းကို သူ့ရဲ့အတ္ထုပ္ပတ္တိနဲ့ အခြေအနေကို လေ့လာပြီး အကဲခတ်နိုင်တယ်။ ဒါပေမယ့် ရည်ရွယ်ချက်တူမှုရဲ့အချစ်က သူ့ကို ကိုယ့်ကိုကိုယ် မေ့ပစ်အောင်လုပ်နိုင်ခဲ့တယ်။ ဒီအတွက်ပဲ သူက “မင်းက ဒီအချိန်မှာ ငါ့ရဲ့အကိုမဟုတ်ဘူး၊ ငါ့ရဲ့အကိုက မင်းကို ချည်နေတဲ့သူပဲ” လို့ ပြောနိုင်တာဟာ သစ်ဆန်းတဲ့ အမျိုးဆက်စပ်မှုတစ်ခုနဲ့ သစ်ဆန်းတဲ့ခံယူချက်တစ်ခုက သူတို့ကို ပေါင်းစည်းဆက်စပ်ပေးလိုက်တာဖြစ်တယ်။ ဒါဟာ သွေးသားအနေနဲ့ တော်စပ်တာ မဟုတ်ဘဲ ဒီ့ထက်သာလွန်ပြီး ဒီ့ထက်ကြီးကျယ်တဲ့အရာကြောင့်ဖြစ်တယ်။

ထင်ရှားကျော်ကြားတဲ့နောက်ထပ် ဥပမာလေးတစ်ခု ပြောပြပါရစေ။

ရှာမ် (ဆီးရီးယား) နိုင်ငံကို အောင်နိုင်ခဲ့တဲ့ စစ်ပွဲတွေအနက်က “ယရ်မူးက်” စစ်ပွဲအကြောင်းကို ဆွဟာဗဟ်တစ်ဦးဖြစ်တဲ့ အဗူဂျဟမ်ဗင်န်ဟုဇိုင်ဖာ က ပြောပြတယ်။

ကျွန်တော်ဟာ ကျွန်တော့ရဲ့ ညီတစ်ဝမ်းကွဲတော်သူကို ရှာဖွေမယ်လို့တွေးပြီး စစ်တလင်းထဲကို ထွက်လာခဲ့တယ်။ ဒဏ်ရာရထားသူတွေဟာ ရေအရမ်းငတ်မွတ်တတ်တဲ့အတွက် ကျွန်တော်လည်း ရေအိတ်တအိတ်ကိုပါ တစ်ပါတည်းဆွဲပြီး ထွက်လာခဲ့တယ်။ တကယ်လို့ သေလုမျောပါးအခြေအနေနဲ့ တွေ့ခဲ့ရင် ရေကို တစ်စက်ခြင်းတိုက်ပြီး သူ့ရဲ့မျက်နှာကိုပါ ဆေးကြောပေးလိုက်မယ်လို့ အတွေးနဲ့ရှာရင်း ညီတစ်ဝမ်းကွဲစီကို ရောက်သွားတယ်။ သူဟာ အသက်ငင်နေတဲ့အချိန်ကို ရောက်နေတယ်။ နှုတ်ခမ်းလည်းခြောက်နေတယ်။ မျက်နှာလည်း ဖြူဖတ် ဖြူရော် ဖြစ်နေတယ်။ ကျွန်တော်က ရေတစ်ခွက်ကမ်းပေးလိုက်တယ်။ တစ်ချိန်တည်းမှာပဲ အနားက ညဉ်းသံတစ်ချက်ကြားလိုက်ရတယ်။ ညီဝမ်းကွဲက “ကျွန်တော့်ထက်ပိုပြီး ရေငတ်နေတယ်နဲ့တူတယ်။ သူ့ကို ဦးစားပေး ရေတိုက်လိုက်ပါ။ ကျွန်တော့အတွက် စိတ်မပူပါနဲ့” လို့ပြောတယ်။ ဒုတိယပဂ္ဂိုလ်ဆီ ရေခွက်နဲ့ရောက်သွားတော့ သူ့ရဲ့အနားမှာ ရှိတဲ့ တတိယပဂ္ဂိုလ်ကပါ ညည်းလိုက်တယ်။ ဒုတိယပဂ္ဂိုလ်ကလည်း တတိယပဂ္ဂိုလ်ကို ဦးစားပေးဖို့ အမူအယာနဲ့ ပြောတယ်။ ဒီရေခွက်ကို သူတို့အကြား ဦးစားပေးလက်ဆင့်ကမ်းရင်းနဲ့ပဲ ဒဏ်ရာရသူတိုင်းက ကိုယ့်အနားမှာရှိတဲ့တခြားဒဏ်ရာရသူကို ဦးစားပေးတိုက်ဖို့ ညွှန်ကြားခဲ့တယ်။ နောက်ဆုံး ကျွန်တော့ညီဝမ်းကွဲစီ ပြန်ရောက်လာချိန်မှာ သူကွယ်လွန်သွားပြီ။ ဒုတိယပုဂ္ဂိုလ်ကို သွားကြည့်တော့လည်း သူလည်း အသက်မဲ့နေတာကို တွေ့ရတယ်။ တတိယပုဂ္ဂိုလ်လည်း ရှဟီးဒ်အဆင့်ရောက်နေပြီ။ ကျွန်တော့လက်ထဲက ရေခွက်ကို ဘယ်သူမှမသောက်လိုက်ရပဲ လက်ထဲမှာပဲ နဂိုအတိုင်းကျန်နေခဲ့တယ်။ ဒီလူတွေအားလုံး အလ္လာဟ်အချစ်တော်တွေ ဖြစ်သွားကြတယ်။

မိတ်ဆွေတို့ခင်ဗျား ….. ဒီအဖြစ်အပျက်ကို သမိုင်းစာပေတွေမှာ အထင်အရှားတွေ့မြင်နိုင်ပါတယ်။

ဒီအကြောင်းအရာတွေက အဖြစ်အပျက် သက်သက်မဟုတ်ပါ

သမိုင်းက မေ့ဖျောက်လို့မရတဲ့ တကယ့်အသက်ပါတဲ့ တတိယအဖြစ်အပျက်တစ်ခုကို ပထမအကြောင်းအရာတွေထက် ပိုပြီး အရေးပေးပြောပြချင်ပါတယ်။

ယရ်မူးက်စစ်မြေပြင်က အကြောင်းတစ်ရပ်ပါ။ မုစ်လင်မ်ထုတစ်ရပ်လုံးရဲ့ ခလီဖဟ်ကြီး အုမရ်ဖားရူးက်(ရသွေ့)က အမြော်အမြင်ကြီးစွာနဲ့ စစ်ဆင်နွှဲနေချိန်မှာ စစ်မြေပြင်ရဲ့ စစ်သေနာပတိကြီး ခါလိဒ်ဗင်ဝလီးဒ်ကို လက်ရှိရာထူးက ဖယ်ရှားပြီး အဗူအုဗိုင်ဒဟ်ကို သူ့ရဲ့နေရာမှာ ရာထူးတိုးခန့်လိုက်တဲ့ ဖြစ်ရပ်ပါ။ အကြောင်းကတော့ အားလုံးသောပုဂ္ဂိုလ်တွေက ခါလိဒ်ကို အစွဲအလမ်းကြီး စွဲလမ်းပြီး ခါလိဒ်နဲ့အောင်မြင်မှုဟာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဖြစ်နေလို့ အလ္လာဟ့်ကပေါ် အားကိုးအားထားပြုနေတဲ့စိတ်ဟာ ခါလိဒ်ဖက်ကို မညွှတ်ကိုင်းသွားဖို့ဖြစ်တယ်။ ဒီအချက်ကို အုမရ်(ရသွေ့) သခင်က ခါလိဒ်(ရသွေ့)သခင်ရှိတဲ့နေရာမှာ အောင်မြင်မယ်လို့ လူတွေမှာ ကိန်းဝပ်မှတ်ယူထားတာကို ထုတ်ပစ်လိုက်ချင်လို့ စစ်မြေပြင်မှာ စစ်တိုက်ဖို့အသင့်ပြင်စဉ်နေချိန်မှာ ခါလိဒ်ကို ရာထူးက ပြောင်းရွှေလိုက်တဲ့အမိန့် စစ်မြေပြင်ကို ပို့ခဲ့တယ်။ အဲ့ဒီ့အချိန်အခါက စစ်ပွဲကို အဆုံးအဖြတ်ပေးမယ့် နောက်ဆုံးတိုက်ပွဲတိုက်ကွက်ကို ပြင်ဆင်နေချိန်ဖြစ်တယ်။ ခလီဖဟ်ကြီးအုမရ်(ရသွေ့)က ခါလိဒ်ရဲ့ခေါင်းပေါ်မှာ ပေါင်းထားတဲ့(ပဂ်ရီ) ခေါင်းပေါင်းကိုချွတ်ပြီး သူ့ရဲ့ပုခုံးပေါ်မှာ တင်ထားလိုက်ဖို့ (ရာထူးက ပြောင်းရွှေ့လိုက်ကြောင်း၊ နမိတ်လက္ခဏာပြတဲ့) အမိန့်ကို ပို့လိုက်တယ်။ ဒီအဖြစ်အပျက်ကိုမြင်ရင် ခါလိဒ်သခင်ကို သူ့ရဲ့မူလတာဝန်က ပြောင်းရွှေ့ရပြီလို့ သဘောပေါက်ကြလိမ့်မယ်။ ခါလိဒ်သခင်ဆီ ဒီသတင်းရောက်တာနဲ့ “ကျွန်ုပ်နာခံပါ၏ ” လို့ ရွတ်ဆိုပြီး ခလီဖဟ်ကြီးရဲ့ အမိန့်ကို ဦးထိပ်ပန်ဆင်ခဲ့တယ်။

ကျွန်တော့ရဲ့ဆက်ဆံမှုမှာ ဘယ်လိုမှ ပြောင်းလဲမှုတွေ့ရမှာမဟုတ်ဘူး။ တကယ်လို့ကျွန်တော်က အလ္လာဟ်အတွက် တိုက်နေတာဆိုရင် အခုလည်းတိုက်နေမယ်။ တကယ်လို့ အုမရ်(ရသွေ့)အတွက် တိုက်နေတယ်ဆိုရင် သေချာပေါက် ကျွန်တော် ရပ်လိုက်ဖို့အခွင့်အရေးရှိတယ်။ အုမရ်က ကျွန်တော့ကို ဂုဏ်သရေရှိရာထူးတစ်ခုက ပြောင်းရွေ့စေပြီး ဂုဏ်ညှိုးနွမ်းစေလိုက်တယ်လို့သာ ပြောခဲ့တယ်။

သမိုင်းကြောင်းက သက်သေပါ။ မျက်မြင်ကိုယ်တွေ့ တွေ့သူတွေလည်း တွေ့မြင်ကြတယ်။ ခါလိဒ်ဟာ အရင်အတိုင်း အရှိန်မပျက် အားနဲ့မာန်နဲ့ တိုက်မြဲအတိုင်း တိုက်ခိုက်ခဲ့တယ်။ ကြီးကျယ်လှတဲ့ ဂုဏ်သိက္ခာရှိရာထူးက အနားပေးလိုက်ပေမယ့် သူ့ရဲ့ ဖြတ်လတ်တဲ့ စိတ်ထားနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေဟာ လုံးဝအပြောင်းအလဲမရှိပဲ လှုပ်ရှားခဲ့တယ်။

ဒီကနေ့ တိုးတက်ပြောင်းလဲနေတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ တစ်ဦးတစ်ယောက်ကို ရာထူးက ဖယ်ရှားလိုက်ရင် အဲ့ဒီလူဟာ ညှိုးမှိုင်ပြီး မှေးမှိန်သွားမှာ သေချာတယ်။

ရည်ရွယ်ချက်တူမှုကို မြတ်နိုးတွယ်တာမှု
သူတို့ဟာ အကီဒဟ် တစ်ပေါင်းတစ်စည်းတည်းဖြစ်အောင်၊ ရည်ရွယ်ချက် တစ်ပေါင်းတစ်စည်းတည်းဖြစ်အောင်၊ ချစ်ခင် တစ်ပေါင်းတစ်စည်းတည်းဖြစ်အောင်၊ မတွေးတောနိုင်လောက်တဲ့ အခြေအနေကို ဖန်တီးခဲ့ကြတယ်။ သွေးကြောနဲ့ ချဉ်ဆီတွေမှာ ရည်ရွယ်ချက်နဲ့ ခံယူချက်တွေ စိမ့်ဝင်ယိုစီးခဲ့တဲ့သူတွေဟာ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ ကိုယ်ကျိုးရှိမှု၊ လိုက်လျောညီထွေရှိမှုတွေကို ရှေ့တမ်းမတင်ပဲ ဘဝသက်တမ်းရဲ့အခြေအနေတစ်ရပ်အဖြစ် စစ်မှန်တဲ့တွယ်တာမှုကို ရယူခဲ့ကြတယ်။ ဒီလူတွေဟာ ဒီလို ဝိသေသလက္ခဏာရှင်တွေဖြစ်တယ်။ ရည်ရွယ်ချက်ကို ရှေ့ရှုထားရုံနဲ့ မလုံလောက်ဘူး။ ရည်ရွယ်ချက်တွေ တစ်ပေါင်းတစ်စည်းတည်းဖြစ်ရုံနဲ့ မလုံလောက်ဘူး။ လူတွေရဲ့ နှလုံးသားစည်လုံးညီညွတ်မှုရှိဖို့ အရေးကြီးတယ်။

ကျွန်တော် အစ္စလာမ့်ခေတ်အခါသမယက ဖြစ်ရပ်အချို့ကို ခင်ဗျားတို့ကို ပြောပြနေတာပါ။ အစ္စလာမ့်သမိုင်းမှာ ဒီလိုဖြစ်ရပ်တွေကို ဒုနဲ့ဒေး တွေ့မြင်နိုင်ပါတယ်။

ဒီလိုဖြစ်ရပ်တွေကို အလ္လဟ်နဲ့ ရစူလ်ရဲ့ အချစ်စစ်၊ အချစ်မှန် မရှိရင် မဆောင်ရွက်နိုင်ဘူး။ အလ္လာဟ်နဲ့ ရစူလ်ရဲ့ ချစ်စိတ်ကို စာပေလေ့လာရုံနဲ့ တွေးခေါ်မြော်မြင် စဉ်းစားသုံးသပ်ရုံနဲ့ ဟောပြောမှုတွေ၊ စာတမ်းဖတ်ပြတာတွေကို ကြားရုံနဲ့ မရနိုင်ဘူး။ အလ္လာဟ်နဲ့ ရစူလ်ရဲ့ အချစ်ကိုရဖို့ စွန့်လွှတ်မှုတွေကို မွေးမြူနိုင်ဖို့အတွက် တမန်တော်မြတ်ရဲ့ ထေရုပ္ပတ္တိကို နက်နက်ရှိုင်းရှိုင်း လေ့လာဖို့လိုအပ်တယ်။ လေးလေးနက်နက် လေ့လာရင်း ဒီလေ့လာမှုဟာ ဓာတ်စာနဲ့ လမ်းညွှန်သူဖြစ်သွားရမယ်။ ကျွန်တော်တို့ဆီမှာ ကျမ်းတော်မြတ်ကုရ်အာန်နဲ့ တမန်တော်မြတ်(ဆွ)ရဲ့ ထေရုပ္ပတ္တိထက် အင်အားရှိတဲ့အရာ မရှိဘူး။

ဒီနေ့ကျွန်တော်တို့ဆီကို အစ္စလာမ်ရဲ့ စာပေရတနာသိုက်ဖြစ်တဲ့ ကျမ်းတော်မြတ်ကုရ်အာန်နဲ့ တမန်တော်မြတ်(ဆွ)ရဲ့ ထေရုပ္ပတ္တိထက်သာတဲ့၊ သက်မဲ့ကို အသက်ရှင်အောင်လုပ်ပေးနိုင်တဲ့၊ ဂုဏ်ပြုထိုက်တဲ့ ဘဝသက်တမ်းပေးနိုင်ပြီး အပြောင်းလဲကြီးပြောင်းလဲအောင် လုပ်ပေးနိုင်တဲ့အရာ မရှိဘူး။

ကျွန်တော်တို့ရဲ့ ပထမအဆင့်မှာ ဂုဏ်ယူစရာအရာ၊ ကျွန်တော်တို့ရဲ့ စိတ်နှလုံးသားကို လွှမ်းမိုးစေနိုင်တဲ့အင်အားရဲ့ စမ်းချောင်း၊ ကျွန်တော်တို့ရဲ့ အတ္တဆန်မှုကို လွှမ်းမိုးစေနိုင်တဲ့ အင်အား၊ ကျွန်တော်တို့ကို မြေပထဝီရဲ့ နင်းပြားဘဝကနေ ကောင်းကင်ယံရှိ မြင့်မားတဲ့နေရာအထိ အရောက်ပို့ပေးနိုင်တဲ့အင်အားဟာ အလ္လာဟ်ရဲ့ ကုရ်အာန်ကျမ်းမြတ်ပဲဖြစ်တယ်။ ဒီခေတ်အခါသမယမှာလည်း ကုရ်အာန်ရဲ့ အင်အား ယိုစီးထွက်ပေါ်နေတယ်။ ဂုဏ်ယူထိုက်ပြီး အမွှန်းတင်ရတဲ့ ဘဝနီတိတွေ ယိုစီးထွက်ပေါ်နေတယ်။ ကွန့်မြူး ဖြာထွက်နေတယ်။

ဒုတိယအဆင့်မှာ တမန်တော်မြတ်(ဆွ)ရဲ့ ထေရုပ္ပတ္တိဖြစ်တယ်။

မိတ်ဆွေတို့အနေနဲ့ ဘယ်အဖွဲ့အစည်း၊ ဘယ်အသိုက်အဝန်း၊ ဘယ်အလွှာက ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ကျွန်တော့အနေနဲ့ အထူးတလည် မေတ္တာရပ်ခံတိုက်တွန်းလိုတာကတော့ မိတ်ဆွေတို့အနေနဲ့ ကုရ်အာန်ကျမ်းတော်မြတ်နဲ့ အများဆုံး အဆက်အသွယ် အထိအတွေ့ထားရှိဖို့နဲ့ ဒုတိယအဆင့်မှာ တမန်တော်မြတ်(ဆွ)ရဲ့ ထေရုပ္ပတ္တိနဲ့ အဆက်အသွယ် ထိတွေ့မှုထားဖို့ တိုက်တွန်းချင်ပါတယ်။ နဗီတမန်တော်မြတ်(ဆွ)ရဲ့ ထေရုပ္ပတ္တိမှာ အခုခေတ်မှာ သစ်ဆန်းတဲ့ အုမ္မသ်တစ်ရပ် မွေးထုတ်နိုင်စွမ်းရှိတယ်။ ဆန်းသစ်တဲ့ပြောင်းလဲမှုကြီးပေါ်လာအောင်း စွမ်းဆောင်နိုင်တယ်။ ကျွန်တော်တို့ကို တာဝန်မဲ့သူတစ်ယောက်၊ မေ့ပျောက်နေသူတစ်ယောက်အဖြစ် ပေါ်လွင်စေတဲ့အကြောင်းအရာတွေ တွေ့မြင်နိုင်တယ်။ ဒီ့အပြင် ကျွန်တော်တို့ရဲ့ အတွင်းမှာ ဆန်းသစ်တဲ့ စိတ်ဓာတ်တွေ မွေးမြူပေးနိုင်စွမ်းရှိတယ်။

အတ္တဆန်မှုသည် စိတ်မချမ်းမြေ့ဖွယ် အဖြစ်ရဆုံးသော အရာဖြစ်သည်

အစ္စလာမ့်သမိုင်းမှာ အကြီးဆုံးအတ္တဆန်မှုနဲ့ တကိုယ်ကောင်းဆန်မှုတွေရဲ့ အနိဌာရုံတွေဟာ အမြဲတမ်း ကိုယ့်ဇာတိကိုပြနေတဲ့ ဇာတ်လမ်းတွေဖြစ်တယ်။ ကျွန်တော်တို့ဟာ ဘယ်အချိန်ကမှ ရန်သူတွေလက်ချက်နဲ့ အရေးမနိမ့်ခဲ့ဘူး။ ကမ္ဘာ့သမိုင်းနဲ့ အစ္စလာမ့်သမိုင်းကို အဆက်မပြတ်လေ့လာနေသူတစ်ယောက်ရဲ့စကားကို နားထောင်ပြီး ခင်ဗျားတို့လည်း နှလုံးသားနဲ့ ဦးနှောက်မှာ အပ်နှံပစ္စည်းလို သိမ်းထားပါ။ ကျွန်တော်တို့ဟာ ဘယ်အချိန်ကမှ ကိုယ့်ရန်သူရဲ့ လက်ချက်နဲ့ အရေးမနိမ့်ခဲ့ဘူး။ ကျွန်တော်တို့ရဲ့ အတွင်းစိတ်ဝမ်းကွဲမှု၊ သဘောထားမတိုက်ဆိုင်မှုတွေကြောင့်ပဲ အရေးနိမ့်ခဲ့ကြတယ်။ ဒီအတ္တနဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့်ပဲ ကျွန်တော်တို့ရဲ့ မီးရှူးတိုင်တွေ ငြိမ်းသတ်ခံခဲ့ရတယ်။ ဒါတင်မကဘူး။ တချို့အချိန်အခါက အစ္စလာမ်ကို မောင်းထုတ်တဲ့ အကြီးမားဆုံးအားနည်းချက်ဟာ ကျွန်တော်တို့ရဲ့ အတ္တနဲ့ တစ်ကိုယ်ကောင်းဆန်မှုအပြင် အချင်းချင်းတိုက်ခိုက်မှုတွေကြောင့်ပဲ။

နဆ်ွရာနီတွေရဲ့ အင်အားတစ်ခုတည်းက စပိန်က အစ္စလာမ်နဲ့ မုစ်လင်မ်တွေကို နှင်ထုတ်ပြီး အစ္စလာမ့်ဆီမီးကို ငြိမ်းသတ်စေခဲ့တယ်ဆိုတာကို ကျွန်တော်လက်မခံဘူး။ အဲဒီအဖြစ်အပျက်မှာ တခြားသောအကြောင်းအရာတွေ အများကြီး ပါဝင်ပတ်သက်နေတယ်။ အဲ့ဒီ့အချိန်က မြောက်ဘက်က အရဗ်တွေ၊ ဟိဂျာဇ်နိုင်ငံသားတွေ၊ ယမန်က အရဗ်တွေရဲ့ ခိုက်ရန်ဒေါသနဲ့ အတွင်းပြဿနာတွေ ရက်ရှည်လများ စဉ်ဆက်မပြတ်ဖြစ်နေခဲ့တယ်။ ယမန်နဲ့ ဟိဂျာဇ်၊ အီဂျစ်တို့ရဲ့ အချင်းချင်းတိုက်ခိုက်မှုတွေကြောင့် အစ္စလာမ်ဟာ စပိန်နိုင်ငံကနေ နောက်ဆုံး မောင်းထုတ်ခံရတဲ့အဖြစ်ကို ဆိုက်ရောက်သွားခဲ့ရတယ်။

တခြားအစ္စလာမ့်နိုင်ငံတွေရဲ့အဖြစ်ကလည်း အလားတူပဲ။ အာရှအလယ်ပိုင်းမှာ မဂိုမင်းဆက် ဖရိုဖရဲဖြစ်ပြီး မုစ်လင်မ်တွေလက်ထဲက အာဏာဆုံးရှုံးလက်လွှတ်ခဲ့ရပြီး အစ္စလာမ့်မီးတိုင်ကြီး မှေးမှိန်ခဲ့ရခြင်းရဲ့ အဓိကအကြောင်းကလည်း ဒီအတ္တနဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့်ပဲ။

အစ္စလာမ်၏ထွန်းတောက်မှုကို ရည်ရွယ်ချက်အဖြစ်ထားရှိပါ

တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ်ကျိုးရှာတဲ့ ရောဂါကို ဆုံးမရုံ၊ စာတမ်းတွေ၊ အစည်းအဝေးတွေနဲ့၊ ပညာရှင်တွေ အပြန်အလှန်ဆွေးနွေးငြင်းခုံရုံနဲ့ မဖယ်ရှားနိုင်ဘူး။ စကားပြောရုံနဲ့ အတ္တဆန်ပြီး ကိုယ်ကျိုးဖက်တာကို မဖယ်ရှားနိုင်ဘူး။ ကျွန်တော်တို့အကြားမှာ စည်းလုံးညီညွတ်မှု၊ အချင်းချင်း ချစ်ခင်မှုတွေမရှိရင် အစ္စလာမ့်ရဲ့ ပြောင်မြောက်မှုထက် တစ်ကိုယ်ရည်ပြောင်မြောက်မှု၊ ကိုယ့်အုပ်စု ပြောင်မြောက်မှု၊ ကိုယ့်သားချင်းရဲ့ ပြောင်မြောက်မှုတွေကို ဦးစားပေးမိမှာ သေချာတယ်။ ဒီဖြစ်ရပ်တွေရဲ့ ရလဒ်ကို အိန္ဒိယနိုင်ငံမှာရှိတဲ့ မုစ်လ်မာန်တွေ လက်တွေ့ ကြုံဆုံးခဲ့ပြီးပြီ။

ခင်ဗျားတို့ရဲ့ရှေ့မှာ အလွန်ကြီးကျယ်တဲ့ စမ်းသပ်မှုတစ်ရပ်ရှိနေတယ်။ ကိယာမသ် ကမ္ဘာ့တရားစီရင်မဲ့နေ့မှာ ခင်ဗျားတို့ကို အလ္လာဟ်အရှင်မြတ်က “ အသင်တို့ကို ငါအလ္လာဟ်အရှင်မြတ်က ကျယ်ပြောလှတဲ့ မြေနေရာကို အပ်နှံခဲ့တယ်။ အဲ့ဒီမြေအပေါ်မှာ အစ္စလာမ်ရဲ့အောင်လံတော်ကို စိုက်ထူနိုင်ဖို့နဲ့ အစ္စလာမ်ဖက်ကို ဖိတ်ခေါ်ဖို့ အခွင့်အရေးတွေရခဲ့တယ်။ ဒွန္နယာလောကမှာ အောင်မြင်လွှမ်းမိုးနိုင်ပါလျက် အချင်းချင်း ခိုက်ရန်ဒေါသတွေ၊ သဘောထားကွဲလွဲမှုတွေဖြစ်ပြီး ကုလားထိုင်တွေအတွက် စစ်ထိုးကြ၊ သြဇာ အာဏာ ရာထူးတွေအတွက် ငမ်းငမ်းတက်ဖြစ်ပြီး ဒီအထဲမှာ နစ်မွန်းနေခဲ့ကြတယ် မဟုတ်လား” လို့ စစ်ကြောမေးမြန်းခံရရင် … စဉ်းစား .. အဲ့ဒီနေ့ ခင်ဗျားတို့ ဘာအဖြေပေးမလဲ ?

မေတ္တာရဲ့ စမ်းချောင်းဟာ နှလုံးသားထဲမှာပဲ ရှိတယ်။ အပြင်မှာ ရှာမတွေ့နိုင်ဘူး။ အလ္လာဟ်အချစ်အပြင် လောကမှာ ဘယ်အရာနဲ့မှ နီးစပ်မှုနဲ့ အချစ်မေတ္တာကို မမွေးမြူပါနဲ့။ အလ္လာဟ့်အချစ်ကို ရဖို့အတွက် အကြောင်းခံကာ ဆွလာသ်ဝတ်ပြုတာ၊ မျက်ရည်ယိုစီးတာ၊ ဒုအာဆုပန်တာ၊ ညအချိန်မှာ နိုးကြားပြီး ဖန်ဆင်းရှင်ရှေ့မှာ ကိုယ့်ညီနောင်တွေအတွက် …


လို့ စူရဟ်ဟရှရ်၊ အာယသ်တော် (၁၀)ပါ ဒုအာကို တောင်းရမယ်။
အစ္စလာမ့်အကျိုးနဲ့ အစ္စလာမ်အတွက် မျက်နှာသာရရေးကို တခြားအကျိုးနဲ့ တခြားအရေးတွေထက် အမြဲဦးစားပေးဆောင်ရွက်ကြရမယ်။

အတုယူစရာ

စစ်မှန်တဲ့လူသားတွေဟာ သွေးဆာနေသူတွေနဲ့ အသက်ကို ရန်လိုသူတွေကိုတောင် ခွင့်လွှတ်ချမ်းသာပေးခဲ့ကြတယ်။ ကျွန်တော် ခင်ဗျားတို့ကို အတုယူစရာ အကြောင်းအရာလေးတစ်ခု တင်ပြပါရစေ။

အဆင့်အတန်းမြင့်မားတဲ့ အလ္လာဟ့်ချစ်သူ သူတော်စဉ်တစ်ဦးကို ပုဂ္ဂိုလ်တစ်ချို့က သူတို့ရဲ့ပစ္စည်းထည့်ထားတဲ့အိတ်ကို အဲ့ဒီသူတော်စဉ် ခိုးယူလိုက်တယ်လို့ သံသယဝင်ခဲ့တယ်။ တစ်ခါ အဲ့ဒီပုဂ္ဂိုလ်တွေက မေးမြန်းစုံးစမ်း စစ်ကြောခြင်းမရှိဘဲ အဲဒီ့သူတော်စဉ်ကို ရိုက်နှက်ကြတယ်။ သူတော်စဉ်ကို သိကြတဲ့သူတွေက ကြားဝင်ပြီး မင်းတို့ရိုက်နေသူက အလ္လာဟ့်အချစ်တော်တစ်ဦးဖြစ်တယ်။ မင်းတို့လူမှားပြီးရိုက်နေကြတယ်လို့ပြောပြီး အပြစ်တင်ကြတယ်။ အဲ့ဒီ့တော့ ရိုက်နှက်ခဲ့ကြသူတွေက အမှန်ကိုသိခွင့်ရကြပြီး အဲ့ဒီသူတော်စင်ကို ခွင့်လွှတ်ဖို့ တောင်းပန်ကြတယ်။ ဒီတော့မှ သူတော်စင်က “တောင်းပန်စရာ ဘာအကြောင်းမှ မရှိပါဘူး။ ခင်ဗျားတို့ ကျွန်တော့ကို ရိုက်နေချိန်ကတည်းက ကျွန်တော် အလ္လာဟ်အရှင်မြတ်ထံ … “ အို အလ္လာဟ်၊ တကယ်လို့ အရှင်မြတ်က ကျွန်တော်မျိုးကို ဂျန္နသ်ထဲကို ပို့ဖို့ဆုံးဖြတ်ထားတယ်ဆိုရင် ကျွန်တော့ကို ရိုက်နှက်နေတဲ့ လူတွေအားလုံးကို ကျွန်တော်နဲ့ အတူ ဂျန္နသ်အတွင်းကို သွတ်သွင်းမခံရသမျှ ကျွန်တော်လည်း ဂျန္နသ်အတွင်းကို ခြေမချလိုပါ” လို့ ဒုအာတောင်းနေခဲ့တယ်။ ကျွန်တော့အနေနဲ့ ခင်ဗျားတို့အပေါ် အပြစ်တင်စရာ ဘာတစ်ခုမျှ မရှိပါဘူးလို့ ဖြေကြားလိုက်တယ်။

အဓိက အကျဆုံးသော အချက်

မိတ်ဆွေများခင်ဗျား …..
ကျွန်တော်တို့ရှေ့မှာ ဒီနမူနာပုံစံမျိုး ရှိသင့်ပါတယ်။ ဒီလိုစိတ်ထားရဲ့ စံနမူနာကို ကျွန်တော်တို့အနေနဲ့ ရစူလ်ကိုယ်တော်မြတ်ရဲ့ ထေရုပ္ပတ္တိနဲ့ ဆွဟာဗဟ်တွေရဲ့ ထေရုပ္ပတ္တိတွေမှာပဲ တွေ့မြင်ရပါတယ်။ နဗီတမန်တော်မြတ်(ဆွ)ရဲ့ လူနေမှုဘဝကို အများဆုံးလေ့လာမှတ်သား အတုယူသင့်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ဒီကနေ့ကစပြီး တမန်တော်မြတ်(ဆွ)ရဲ့ ထေရုပ္ပတ္တိကို ကျွန်တော်တို့ တစ်ဦးချင်းရဲ့ အဖော်အဖြစ်ထားရှိကြတော့မယ်လို့ သန္နိဌာန်ချ စေချင်ပါတယ်။ ဒီထေရုပ္ပတ္တိနဲ့ပဲ ကျွန်တော်တို့ လမ်းညွှန်မှု ရယူကြရမယ်။ ဆွဟာဗဟ်တွေရဲ့ လူနေမှုဘဝကို အများဆုံးလေ့လာကြပါ။ ဆွလာသ်ဝတ်ပြုမှုကို ပြုပြင်ကြပါ။ ကျွန်တော်တို့ဟာ အလ္လာဟ်ရဲ့ ကျွန်တွေ ဖြစ်တယ်။ တကယ်လို့ အလ္လာဟ်နဲ့ပတ်သက်ပြီး ဆက်သွယ်မှုကို ပြေပြစ်အောင်မဖန်တီးနိုင်ခဲ့ဘူးဆိုရင် တကယ်လို့ အလ္လာဟ်နဲ့ ကျွန်တော်တို့ရဲ့ နှလုံးသားတွေ အဆက်အသွယ် မဖြောင့်ဖြူးခဲ့ဘူးဆိုရင်၊ အလ္လာဟ်ရဲ့ အချစ်ဟာ ကျွန်တော်တို့ရဲ့ သွေးကြောနဲ့ ချဉ်ဆီတွေထဲ့မှာ မစိမ့်ဝင်နိုင်ခဲ့ဘူးဆိုရင် အလ္လာဟ်ကျေနပ်နှစ်သက်မှု မရယူနိုင်ခဲ့ဘူးဆိုရင် ခင်ဗျားတို့ ယုံကြစမ်းပါ။ လူတွေရဲ့ နှလုံးသားနဲ့ ချစ်ခင်မှု ဘယ်တော့မှ ရနိုင်မှာ မဟုတ်ဘူး။ အရာရာတိုင်းရဲ့ အဓိကနဲ့ အထွပ်အထိအကျဆုံးဟာ အလ္လာဟ်နဲ့ ရစူလ်ကိုယ်တော်မြတ်တို့အပေါ်မှာ စစ်မှန်တဲ့အချစ်ထားမှုပဲဖြစ်တယ်။

“အလ္လာဟ်အရှင်မြတ်ဟာ ကျွန်တော်တို့ကို အလ္လာဟ်နဲ့ ရစူလ်ရဲ့ အချစ်စိတ်ကို ချီးမြှင့်ပေးသနားတော်မူပါစေလို့ ဆုတောင်းရင် နိဂုံးချုပ်လိုက်ပါတယ်။

(( မော်လာနာအဗုလ်ဟစံန်အလီ နဒ်ဝီ))
မော်လာနာ ယအ်ကူးဗ် နူရ်းမုဟမ္မဒ် ဟဗီးဗ် (မဟ်မူဒီ) ပြန်ဆိုထားသည်။

( အလ်မီဇားန် အတွဲ14 ၌ ပါဝင်သည့် ဆောင်းပါးအား အလ်မုဖီးဒ်မှ ကူးယူတင်ပြခြင်းဖြစ်ပါသည်။ )