Saturday, April 26, 2014

နိကာဟ်ပြုခြင်းကြောင့် ရရှိမည့် ချမ်းသာခြင်း

ထိမ်းမြားခြင်းကို အဟန့်အတားပြုသည့် အကြောင်းကြီး, ငယ် မရှိလျှင် အမျိုးသားများနှင့်အမျိုးသမီးများအဖို့ နိကာဟ် ထိမ်းမြားလက်ထပ်ခြင်းသည် သင့်တင့်လျောက်ပတ်သည်။ အခြေအနေကိုအကြောင်းပြု၍ တစ်ခါတစ်ရံ အရေးကြီးသည့် အဆင့်သို့ရောက်ရှိလာတတ်သည်။ မည်သို့ပင်ဖြစ်စေ၊ အမျိုးသားများနှင့်အမျိုးသမီးများအဖို့ ထိမ်းများခြင်းသည် အလွန်အရေးပါသည့် ပြဌာန်းချက်ပင်ဖြစ်သည်။

၁။ အိဗ်နိအဗီနဂျီးဟ်သခင်က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)က “ဇနီးမရှိသည့်ယောက်ျားသည် အလွန်ဆင်းရဲသည့်သူပင်ဖြစ်၏။” ဟု မိန့်တော်မူရာ ဆွဟာဗဟ်ကြီးများက အလွန်ကြွယ်ဝချမ်းသာသည့်သူ ဖြစ်လျှင်လော့ဟု လျှောက်ထားကြရာ တမန်တော်မြတ်(ဆွ)အလွန်ကြွယ်ဝချမ်းသာလျှင်လည်း
(အလွန်ဆင်းရဲသည့်သူပင်ဖြစ်၏ဟု မိန့်ကြားလေသည်။) ထို့နောက် တမန်တော်မြတ်(ဆွ)က လင်ယောက်ျားမရှိသည့် မိန်းမသည် အလွန်ဆင်းရဲသူမပင်ဖြစ်၏ဟုမိန့်တော်မူရာ ဆွဟာဗဟ်ကြီးများက ပစ္စည်းဥစ္စာ အလွန်ချမ်းသာသည့် မိန်းမဖြစ်လျှင်လော့ဟု လျှောက်ထားရာ တမန်တော်မြတ်(ဆွ)က အလွန်ချမ်းသာလျှင်လည်း ဆင်ရဲသူပင်ဖြစ်သည်ဟု မိန့်ကြားတော်မူလေသည်။(ရဇင်းန်)

မှတ်သားဖွယ်ရာ

ဥစ္စာပစ္စည်းဟူသည်မှာ အေးချမ်းသာယာမှုအတွက်သာ ဖြစ်သည်။ ဇနီမယားမရှိသည့်ယောက်ျား၊ ယောက်ျားမရှိသည့် မိန်းမသည် မည်မျှပင် ကြွယ်ဝချမ်းသာစေကာမူ သာယာမှုကိုကားရရှိနိုင်မည် မဟုတ်ချေ။ ထို့ပြင် ထိမ်းမြားလက်ထပ်မှု၌ သာသနာတော်အဖို့လည်းကောင်း၊ လောကီဆိုင်ရာအဖို့လည်းကောင်း အကျိုးများစွာရှိသည်။

၂။ ဆွဟာဗဟ်ကြီး အဗ္ဗဒုလ္လာဟ်အိဗ်နိမတ်စ်အူးဒ်(ရသွေ့)သခင်ထံမှ ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)က မိန့်ခဲ့သည်မှာ အို, ပျိုရွယ်သူအပေါင်းတို့၊ အသင်တို့အနက်မှ အိမ်ထောင်ရေးတာဝန်ကို ထမ်းဆောင်နိုင်သူများသည် ထိမ်းမြားမင်္ဂလာပြုကြကုန်။ အကြောင်းမှာ ထိမ်းမြားခြင်းသည် စက္ခုအိနြေ္ဒကို ထိန်းသိမ်းပေးသည့်အရာ (သို့မဟုတ်) မျက်လွှာကို နိမ့်ကျစေသည်။ ထို့ပြင် လိင်ဖောက်ပြားမှုကိုလည်း ထိန်းသိမ်းပေးသည်ဟူ၏။ (ထိမ်းမြားမှုကြောင့် ဟရာမ် အပြစ်ထိုက်စေသည့် အကြည့်မျိုးမှလည်းကောင်း၊ ဇေနာ မတရား ကာမလိုက်စားမှုမှလည်းကောင်း လွယ်လင့်တကူ ရှောင်ရှားနိုင်သည်ကို ဆိုလိုခြင်းဖြစ်သည်။)

၃။ မုအ်မင်တို့၏မိခင်မွန် အာအေရှာသခင်မထံမှ ဆင့်ပြန်ခဲ့သည်။ အမျိုးသမီးများအား ထိမ်းမြားလက်ထပ်ကြကုန်။ ၎င်းတို့သည် အသင်တို့အဖို့ ပစ္စည်းများကိုယူဆောင်လာလိမ့်မည်ဟု တမန်တော်မြတ်(ဆွ)က မိန့်ကြားတော်မူခဲ့သည်။

ဇနီးမောင်နှံ နှစ်ဦးစလုံး၌ အသိတရား အပြည့်အဝရှိသည့်အပြင် တစ်ဦး၏ ကောင်းကျိုးကိုတစ်ဦးက လိုလားသည့်အခါမျိုး၌ ဆိုလိုသည်။ ထိုအခါမျိုး၌ ခင်ပွန်းဖြစ်သူသည် မိမိ၌အိမ်ထောင်မှု တာဝန်များပြားလာပြီဟု ယူဆကာ ငွေကြေးရရှိရန် အထူးကြိုးစား၍ ရှာဖွေမည်သာဖြစ်သည်။ ဇနီးဖြစ်သူကလည်း ယောက်ျားတို့ မလုပ်နိုင်သည့်အိမ်တွင်းမှုကိစ္စများကို စီမံဆောင်ရွက်မည်ဖြစ်၏။ ထိုသို့သောအခြေအနေမျိုး၌ အေးချမ်းသာယာမှုကို နှစ်ဦးစလုံး ရရှိမည်ဖြစ်သည်။ ပစ္စည်းဥစ္စာ၏ ရည်ရွယ်ချက်သည်လည်း ဤသည်ပင်ဖြစ်သည်။ ထို့ကြောင့် ပစ္စည်းယူဆောင်လာမည်ဟု မိန့်ထားခြင်းဖြစ်သည်။

၎။ ဆွဟာဗဟ်ကြီး အဗူဟုရိုင်ရဟ် (ရသွေ့)သခင်ထံမှ ဆင့်ပြန်ခဲ့သည်။ အကောင်းဆုံးသော အမျိုးသမီးသည် မည်ကဲ့သို့ဖြစ်သနည်းဟု တမန်တော်မြတ်(ဆွ)ထံ လျှောက်ထားမေးမြန်းရာ တမန်တော်မြတ်(ဆွ)က ခင်ပွန်းဖြစ်သူက ၎င်း၏(ဇနီး)ဘက်သို့ကြည့်သောအခါ ခင်ပွန်းဖြစ်သူအား ကြည်နူးမှုကို ပေးဆောင်သည့် အမျိုးသမီး၊ ခင်ပွန်းက ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ပေးသည့် အမျိုးသမီး၊ မိမိနှင့် ပတ်သက်၍သော်လည်းကောင်း၊ ဥစ္စာပစ္စည်းနှင့် ပတ်သက်၍သော်လည်းကောင်း၊ ခင်ပွန်းဖြစ်သူအား စိတ်ဒုက္ခမပေးသည့် အမျိုးသမီးပင် ဖြစ်သည်ဟူ၍ မိန့်ကြားတော်မူလေသည်။
(နစာအီကျမ်း)

၅။ ဆွဟာဗဟ်ကြီး အလီ(ရသွေ့) သခင်က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)၏ သမီးတော်ဖာသွိမာဟ်သခင်မ၏ လက်နှင့် ရင်၌ ကြိတ်ဆုံကြိတ်ရခြင်းကြောင့်လည်းကောင်း၊ ရေဆွဲငင်ရခြင်းကြောင့်လည်းကောင်း အရာထင်လျက်ရှိ၏။ ထို့ပြင် တံမြက်လှည်းသောကြောင့် လည်းကောင်း၊ မီးဖို၏ မီးခိုးများကြောင့်လည်းကောင်း၊ အဝတ်အစားများ ညစ်ပေလျက်ရှိ၏။
တစ်နေ့သော် (သခင်မ၏ ခမည်းတော်) တမန်တော်မြတ်(ဆွ)၏ ထံတော်သို့ကျွန်, ကျွန်မ အချို့ ရောက်ရှိလာလေ၏။ သခင်မက (ခမည်းတော်) တမန်တော်မြတ်(ဆွ)ထံမှ ကျွန်,မတစ်ယောက်ကို တောင်းလေသည်။ ထိုအခါ တမန်တော်မြတ်(ဆွ)က အို, (သမီးတော်) ဖာသွိမာဟ် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ပါလေ။ အလ္လာဟ်အရှင်မြတ်၏တာဝန်ကို ကျေပြွန်လျက်နေပါလေ။ အိမ်တွင်းမှုကိစ္စများကို လုပ်ကိုင်ဆောင်ရွက်လျက်နေပါလေဟု မိန့်ကြားလေသည်။ (ဗုခါရီကျမ်း-မွစ္စလင်မ်ကျမ်း-အဗူဒါဝူးဒ်ကျမ်း)

ဖာသွိမဟ်သခင်မထက်ပို၍ မြင့်မြတ်သည့်အမျိုးသမီး လောကတစ်ခွင်၌ ရှိပါသလား။ သခင်မ ကိုယ်တော်တိုင် အိမ်တွင်းမှုကိစ္စများကို ဆောင်ရွက်ခဲ့သည် မဟုတ်ပါလော။ အိမ်တွင်းမှုကိစ္စများကို ဆောင်ရွက်ခြင်းမရှိသည့် အမျိုးသမီးများအနေဖြင့် အထူးသတိပြုသင့်ပေသည်။

၆။ မအ်ကလ်ဗင်န်ယစားရ် သခင်က ဆင့်ပြန်သည်။ တမန်တော်မြတ်(ဆွ)က မိန့်ခဲ့သည်မှာ အလွန်ချစ်တတ်သည့် အမျိုသမီး၊ သားသမီးများ,များမွေးဖွားသည့် အမျိုးသမီးမျိုးကို ထိမ်းမြားကြကုန်။ အကြောင်းမှာ ငါကိုယ်တော်မြတ်သည် (ကိယာမသ်နေ့၌) အသင်တို့၏ အရေအတွက်များခြင်းကြောင့် အခြား အွမ္မသ်များအပေါ်၌ ဂုဏ်ယူဝင့်ကြွားပါမည် ဟူ၏။ (အဗူဒါဝူးဒ်ကျမ်း၊ နစာအီကျမ်း)

သားသမီးထွန်းကားခြင်းသည် အလွန်အကျိုးများသည်။ သားသမီးကောင်းများသည် မိဘနှစ်ပါး အသက်ထင်ရှားရှိနေစဉ် လုပ်ကိုင်ကျွေးမွေးပြုစုစောင့်ရှောက်သည်။ မိဘနှစ်ပါး ကွယ်လွန်သွားလျှင် ၎င်းတို့အဖို့ ဒိုအာဆုမွန်ကောင်း တောင်းပေးသည်။ ငယ်စဉ်ဘဝ၌ သေဆုံးသွားသည့် သားငယ်သမီးငယ်များသည် ကိယာမသ်နေ့၌ မိဘနှစ်ပါးအတွက် အသနားခံပေးမည်ဖြစ်သည်။ အရွယ်ရောက်ပြီး လူကောင်းသူကောင်းဖြစ်သည့် သားသမီးများသည်လည်း အသနားခံပေးမည်ဖြစ်သည်။ ထို့ပြင်ကမ္ဘာ့မွတ်စလင်မ်ဦးရေ တိုးပွားလာမည်ဖြစ်သည်။ ကိယာမသ်နေ့၌လည်း တမန်တော်မြတ်(ဆွ)က ဂုဏ်ယူ၍ အလွန်စိတ်ပျော်ရွှင်မည်ဖြစ်သည်။ သို့ဖြစ်၍ ထိမ်းမြားလက်ထပ်မှုမှ ရှောင်ရှား၍နေခြင်းသည် ဖော်ပြပါအကျိုးကျေးဇူးများကို ဖျက်ဆီးရာရောက်သည်။ တရားဝင် အကြောင်းပြချက်မရှိဘဲ ဟလာလ် အမျိုးသမီးများနှင့် ထိမ်းမြားမှုမ, ပြုဘဲနေခြင်းနှင့် စပ်လျဉ်း၍ အပြစ်တင်ပြောကြားထားခြင်းရှိသည်။

၇။ ဆွဟာဗဟ်ကြီး အဗူဇရ်(ရသွေ့) သခင်ဆင့်ပြန်ခဲ့သည်။ အိကားဖ်ဗင်န်ဗရှီးရ်သမီးမီး သခင်သည် တမန်တော်မြတ်(ဆွ) ထံတော်သို့ ခစားရန် ရောက်ရှိလာခဲ့ရာ တမန်တော်မြတ်(ဆွ)က အို အိကားဖ်
“အသင့်မှာ ဇနီးမယားရှိပါသလား” ဟု မေးတော်မူရာ၎င်းက မရှိပါဟု လျှောက်ထားလေသည်။ တမန်တော်မြတ်(ဆွ)က မောင်းမကောရှိရဲ့လားဟု မေးပြန်တော်မူရာ ၎င်းက "မရှိပါ" ဟု လျှောက်ထားလေသည်။ တမန်တော်မြတ်(ဆွ)က အသင့်မှာ ဥစ္စာပစ္စည်းရှိပါသလားဟု မေးတော်မူရာ ၎င်းက ဟုတ်ကဲ့ပါ။ ကျွန်တော်မျိုးမှာဥစ္စာပစ္စည်း ရှိပါသည်ဟု လျှောက်ထားလေသည်။ တမန်တော်မြတ်
(ဆွ) သို့ဖြစ်လျှင် အသင်သည် ရှိုက်တွာန်(အီဗလီးစ်)၏ ညီနောင်ပင်ဖြစ်သည်။ အကယ်၍ အသင်သည် နစွရာနီတို့မှဖြစ်လျှင် ၎င်းတို့၏ ရသေ့များမှ ဖြစ်မည်သာဖြစ်သည်။

ကျွန်ုပ်တို့ (အစ္စလာ့မ်) လမ်းစဉ်သည် ထိမ်းမြားခြင်းပင်ဖြစ်သည်။ အသင်တို့အနက်မှ အဆိုးယုတ်ဆုံးသောသူသည် လူလွတ်(အိမ်ထောင်မဲ့ လူတန်းစား) ပင်ဖြစ်သည်။ မိန်းမဟူသည်မှာ သူတော်စင်တို့အားဖျက်ဆီးရန်အတွက် ရှိုက်တွာန်၏ ကောင်းဆုံးလက်နက်ဖြစ်သည်။ သို့ရာတွင် အိမ်ထောင်ရှိသူများသည် ညစ်ညမ်းသောစကားများ (အပြုအမူများ) မှ (သာမန်အားဖြင့်) ကင်းစင်ကြသည်ဟု မိန့်ကြားတော်မူလေသည်။ (အဟ်မဒ်ကျမ်း) 

မှတ်သားဖွယ်ရာ

စိတ်နှလုံးသားသည် အမျိုးသမီးများဘက်သို့ ယိမ်းယိုင်သည့်အခါမျိုး၌ ဆိုလိုခြင်းဖြစ်သည်။ ထိုအခါမျိုး၌ တရားဝင် ဇနီးမယားရှိလျှင် မတရား ကာမဂုဏ်လိုက်စား၍ ဟရာမ် အပြစ်ကျူးလွန်မိမည်ကို စိုးရိမ်ရသည်။ အထက်၌ ဖော်ပြခဲ့သည့် လောကီနှင့် နောင်တမလွန် အကျိုးများကို ဇနီးမောင်နှံနှစ်ဦး အချင်းချင်း ချစ်ခင်စုံမက် တာဝန်ကျေပြွန်မှသာ ရရှိမည်ဖြစ်သည်။

(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။



Thursday, April 17, 2014

ဒရူးဒ်ဖတ်ကြပါ

သွားရင်း၊ လာရင်း၊ ဒရူးဒ်များစွာဖတ်ရွတ်ကြပါ။ အထူးသဖြင့်ဒုအာ၏အစနှင့်အဆုံး၌ ဒရူးဒ်ကိုမပျက်မကွက်ဖတ်ပါ။ ဟဇရသ်အုမရ်(ရသွေ့)သခင်က အသင်တို့သည် နဗီမြတ်အား ဒရူးဒ်ပို့သခြင်းမပြုသမျှ သင်တို့၏ဒုအာများသည် မိုးပေါ်မတက်ဘဲ ကြားခုလတ်တွင် ရပ်တန့်လျက် ကဘူလ်မဖြစ်ပါဟု မိန့်ဆိုခဲ့ပါသည်။ ယခုကျွန်ုပ်၏နှုတ်မှ ဒရူးဒ်ဖတ်ရန်သာ လမ်းညွှန်သည်မဟုတ်ပါလော။ ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့၏အကြီးအကဲများသည် နေ့၊ ည ဒရူးဒ်ဖတ်လေ့ရှိပါသည်။ သို့တိုင်ကျွန်ုပ်တို့အား ဒရူးဒ်အကျိုးမရမည့်အသေကောင်များဟု ပုတ်ခတ်ကြပါသည်။ သောင်ဝ်ဗဟ်လုပ်ကြပါ။ ကိယာမသ်နေ့၌ မည်သို့အဖြေပေးမည်နည်း။ ပညာမဲ့များထံတွင် အနုမြူဗုံးသာရှိပြီး အသိမရှိပါ။ ထို့ကြောင့်ပင် မိမိတို့ဆိုင်ရောင်းကောင်းရန်အတွက် သူတော်စင်များကို အမည်ဖျက်ရန် ထိုကဲ့သို့စကားများ ဆိုကြပါသည်။ ယင်းသို့ဆိုခြင်းသည်ပင် ၎င်းတို့ပညာမဲ့ခြင်း၏ နောက်ဆုံးအမှတ်အသားပင်ဖြစ်သည်။ ၎င်းတို့သည် သူတော်စင်သူတော်ကောင်းများအား ကုရ်အာန်၊ ဟဒီးစ်အလင်းရောင်တွင် မယှဉ်နိုင်ကြောင်း ကောင်းစွာသိသောကြောင့် အများသူငှာအား ဤသူများသည် ရစူလ်၏ရန်သူဖြစ်သည်။ မရ်ဒူးဒ်ဖြစ်သည်ဟု ဝါဒဖြန့်ကြပါသည်။ ရှိုက်သွာန်သည် လွန်စွာပါးနပ်သည်။ ရှိုက်သွာန်သည် စစ်မှန်သော ပညာရှင်သူတော်စင်များအား ပညာဖြင့် အနိုင်ယူ၍မရကြောင်းသိသောကြောင့် ပညာမဲ့များထံချဉ်းကပ်၍ အသင်တို့သည် ဤသို့သောစကားများဖြင့် အမှောင်ရိပ်များ အုပ်ဆိုင်းထားပါဟု သင်ကြားပေးခဲ့သည်။ သို့ရာတွင် ပညာရှင်များထံ၌ ပညာ၏အလင်းရောင်ရှိပေရာ အသိပညာကင်းမဲ့ခြင်းအမှောင်က မလွှမ်းနိုင်ခဲ့ပါ။ ပညာအလင်းအောက်တွင် အမှောင်သည် ပုန်းလျှိုးငုပ်ဆင်းသွားရပါသည်။

တမန်တော်မြတ်(ဆွ)က (အလ်အုလမာအု ဝရဆသုလ်အမ်ဗေယာအိ)
“အာလင်မ်သာသနာ့ပညာရှင်များသည် နဗီတမန်တော်မြတ်များ၏ အမွေစားအမွေခံဖြစ်ကြသည်” ဟု မိန့်ကြားထားပါသည်။ ထို့ပြင် အာလင်မ်တစ်ဦးနှင့်မုဆွာဖဟဟ်လက်ဆွဲနှုတ်ဆက်သူသည် နဗီနှင့်မုဆွာဖဟဟ်လုပ်ရာမည်သည်ဟုလည်း မိန့်ခဲ့ပါသည်။ အာလင်မ်၏အဆင့် မည်မျှမြင့်ပါသနည်း။ ငါကိုယ်တော်နှင့် အသင်တို့အထဲမှ အဆင့်အနိမ့်ဆုံးသူနှင့် ကွာခြားသကဲ့သို့ အာလင်မ်၏အဆင့်သည် မြင့်မားသည်ဟုလည်း မိန့်ခဲ့ပါသည်။

အာလင်မ်များသည် ဂျန္နသ်သုခဘုံသို့မဝင်ရမီ မိမိတို့ဆန္ဒရှိသူကို စိဖာရိရှ် ကြားဝင်အသနားခံပေးပြီး ဂျန္နသ်သို့ခေါ်ဆောင်ခွင့်ရရှိကြပါမည်။ ယနေ့ ယင်းအာလင်မ်များအား ကံဆိုးစွာဖြင့်သေကြမည်၊ ဖာသိဟဟ်၊ ဒရူးဒ်ပင်ရမည်မဟုတ်ဟု ပုတ်ခတ်နေကြပါသည်။ ထိုကဲ့သို့ပြောသော ဇွာလင်မ်ကိုမေးကြည့်ပါ။ သင်နူရာနီကာအိဒဟ်ကောင်းစွာဖတ်ခဲ့ရသလား။ သင်သည် ကုရ်အာန်၊ အသ်သဟီယားသ်ပင်ပီသအောင်မဖတ်နိုင်ဘဲ အာလင်မ်များကို အဘယ်ကြောင့် ပုတ်ခတ်ပြောဆိုရပါသနည်း။ နှိုင်းယှဉ်ပြရမည်ဆိုလျှင် ဟာရူးန်ရရှီးဒ်ဘုရင်ကြီးသည် တိုင်းခန်းလှည့်လည်ရာ မစင်ကျုံးသမားတစ်ဦးက ဘုရင်ကြီးဟာငါ့ထံမှာ အလကားလူပဲဟု ပြောကြားလိုက်သည်။ ဟာရူန်ရရှီးဒ်ဘုရင်ကြီး ကြားသိသောအခါ မိလ္လာကျုံးသမားများ၏အမြင်၌ သိက္ခာရှိရန်မလိုအပ်ပါဟု မိန့်ကြားလိုက်သည်။

ယင်းပညာမဲ့ ဂျာဟိလ်များ၏ဆိုစကားဖြင့် အာလင်မ်များအားမည်သို့မျှ ထိခိုက်စေမည်မဟုတ်ပါ။ ပြောသူသာလျှင် မိမိ၏အနာဂါတ်ကိုဖျက်စီးသူဖြစ်သည်။ (အလ္လာဟုအောက်ဗရ်) အာလင်မ်များ၏ အဆင့်အတန်းမည်မျှမြင့်ပါသနည်း။ တမန်တော်မြတ်(ဆွ)က “အကြင်သူသည် ငါ၏အွမ္မသ်၏ အာလင်မ်များအား လေးစားခြင်းမရှိခဲ့လျှင် ထိုသူနှင့်ငါသည် မည်သို့မျှ မပတ်သက်ပေ” ဟု အမိန့်ရှိခဲ့သည်။

အချုပ်ဆိုရသော် မိမိတို့၏အိမ်များ၌ စွန္နသ်ကိုဖြန့်ချီပါ။ စွန္နသ်ရေအလျဉ်စီးဆင်းပြီး စွန္နသ်၏မိုးရွာသွန်းမည်ဆိုလျှင် ဗိဒ်အသ်အညစ်အကြေးများ အလိုအလျောက်မျောပါသွားပါလိမ့်မည်။ မိုးရွာသွန်းသောအခါတွင် အညစ်အကြေး၊ အမှိုက်သရိုက်များ မိုးရေနှင့်အတူမျောပါသွားပါသည်။ သို့ရှိရာ မြို့၊ ရွာ၊ ရပ်ကွက်၊ အိမ်များ၊ ဗလီများနှင့် နေရာမရွေး၊ အချိန်မရွေး စွန္နသ်မိုးဖြိုင်ဖြိုင်ရွာစေပါ။ တမန်တောမြတ်(ဆွ)၏ စွန္နသ်တော်များ ရှင်သန်ခြင်းဖြင့် ဗိဒ်အသ်သေဆုံးသွားပေမည်။

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား မှန်ကန်သောအသိဥာဏ်၊ မှန်ကန်သောနားလည်မှုနှင့် မှန်ကန်သောနှလုံးသား ချီးမြှင့်ပါစေ။ အမှန်တရားပေါ်၌ သေတစ်ဖန် သက်တစ်ဆုံးထားရှိပြီး လမ်းမှားခြင်းမှ ကယ်တင်တော်မူပါစေ။ (အာမီးန်)
(အာရိဖ်ဗိလ္လာဟ်ဟဇရသ်မော်လာနာရှားဟ်ဟကီးမ်မုဟမ္မဒ်အခ်သရ်ဆွာဟိဗ်)

သူတော်စင်၏ ဂုဏ်ရှိန်ဂုဏ်ဝါ

အလ္လာဟ်အရှင်မြတ်သည် မိမိကျေနပ်လက်ခံတော်မူသော ဗန်ဒဟ်များအား မြင့်မားသောအဆင့်အတန်း၊ ဂုဏ်ရှိန်ဂုဏ်ဝါများ ချီးမြှင့်တော်မူပါသည်။ ယင်းဗန်ဒဟ်များ၏ ဂုဏ်ရှိန်ဂုဏ်ဝါသည် အာဏာပိုင် ဘုရင်များ၏ စိတ်နှလုံးကိုပင်လျှင် ကိုင်လှုပ်နိုင်စွမ်းရှိပါသည်။ ယင်းဂုဏ်ရှိန်ဂုဏ်ဝါသည် နှလုံးသား၌
“အလ္လာဟ်” ရှိနေသော စစ်မှန်သော သူတော်မွန်များ၌သာ တွေ့နိုင်ပါသည်။
သို့ရာတွင် သူတော်စင်အယောင်ဆောင်လျက် ဒါရီမုတ်ဆိတ်မှာ ရှရီအသ်အတိုင်းဖြစ်ပြီး ဦးထုပ်အဝိုင်းဆောင်းကာ ဂိုနာအကုသိုလ်များမှ မရှောင်ကြဉ်သောပုဂ္ဂိုလ်များတွင်မူ ယင်းသို့သောအရှိန်အဝါများ အဘယ်သို့ရှိနိုင်အံ့နည်း။ ၎င်းတို့သည်ကား အခန်းတံခါးတွင်
“လိုင်လာ၏ရွက်ဖျင်တဲ” ဟု ကမ္ဗည်းစာတမ်းထိုးထားပြီး တဲအတွင်းသို့ချောင်းကြည့်လိုက်လျှင် လိုင်လာကိုမတွေ့ရဘဲ ခွေးတစ်ကောင်သာရှိနေသည်နှင့် ပမာတူပေသည်။ ၎င်းတို့၏နှလုံးသားထဲတွင် အလ္လာဟ်မရှိဘဲ လောကီဒွန္နယာ၏အညစ်အကြေးများသာ ပြည့်လျှံလျက်ရှိနေပေသည်။

နှလုံးအိမ်တွင် အလ္လာဟ်ကိန်းအောင်းနေသူအား မျက်နှာကိုကြည့်၍ အကဲခတ်နိုင်သည်။ မျက်နှာသည် လူ၏အတွင်းစိတ်ကို ဖော်ပြပေးသောစကားပြန်ဖြစ်ရာ နှလုံးအိမ်တွင်း အလ္လာဟ်ကိန်းအောင်းနေမည်ဆိုပါက မျက်နှာက ဘာသာပြန်ပေးလိမ့်မည်ဖြစ်သည်။

တမန်တော်မြတ်(ဆွ)၏(အေဇာရူအူး ဇုကိရာလ္လာဟု) ဟူသော သြဝါဒတော်၏အဓိပ္ပာယ်မှာ
“အလ္လာဟ်အရှင်မြတ်၏ချစ်စွာသော သူတော်စင်များမည်သည် ၎င်းတို့အားတွေ့မြင်ရလျှင် အလ္လာဟ်အရှင်မြတ်အား သတိရလာမည်” ဟူ၍ ဖြစ်သည်။

နှလုံးအိမ်တွင် “အလ္လာဟ်” ကိန်းအောင်းနေသူသည် မိမိ၏နှလုံးသားကို အလ္လာဟ်မှအပ အခြားအရာဟူသမျှမှ ကင်းရှင်းသန့်စင်အောင်ပြုလုပ်ထားပါသည်။

တစ်ခါသော် ဟဇရသ် အုဆ်မားန်(ရသွေ့)သခင်ထံသို့ မျက်စိမထိန်းသူတစ်ဦး ရောက်ရှိလာခဲ့ရာ ဟဇရသ် အုဆ်မားန်(ရသွေ့)သခင်က (မာဗာလု အက်ဝါမင်န် ယသရရှ်ရှဟု မင်န်အအ်ယုနေဟေမုဇ်ဇေနာ) “မျက်စိမှ ကာမေသုဇိနဟ် ဖိတ်ယိုကျနေသော အမျိုးသားများ၏အခြေအနေသည်ကား မည်သို့ရှိပါအံ့နည်း” ဟု မိန့်ဆိုခဲ့၏။ အလ္လာဟ်အချစ်ထားရှိသူ သူတော်စင်များ၏မျက်စိမှ အလ္လာဟ်၏နူရ်ရောင်ခြည်ကွန့်မြူးသည်ကို သိရှိခံစားနိုင်ပါသည်။ လောကီကိုအချစ်ထားသူ ချစ်သူများ၏မျက်ဝန်းမှမူကား လူသေကောင်ပုပ်နံ့ သာထွက်ပါသည်။

(အာရိဖ်ဗိလ္လာဟ် ဟဇရသ်မော်လာနာရှားဟ်ဟကီးမ်မုဟမ္မဒ်အခ်သရ်ဆွာဟိဗ်)

သာသနာ့ပညာကို လွယ်ကူစွာဆည်းပူးနိုင်မည့် နည်းလမ်းများ ၃





(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။






သာသနာ့ပညာကို လွယ်ကူစွာဆည်းပူးနိုင်မည့် နည်းလမ်းများ 2




သာသနာ့ပညာကို လွယ်ကူစွာဆည်းပူးနိုင်မည့် နည်းလမ်းများ ၁











သာသနာ့ပညာသင်ယူရန် အရေးကြီးခြင်းအကြာင်း (3)




သာသနာ့ပညာသင်ယူရန် အရေးကြီးခြင်းအကြာင်း (၂)



သာသနာ့ပညာသင်ယူရန် အရေးကြီးခြင်းအကြောင်း (၁)


မုစ်လမ်မ်ဘဝလမ်းစဉ်