Showing posts with label Namaz. Show all posts
Showing posts with label Namaz. Show all posts

Tuesday, August 2, 2016

ကိုယ်ဝန်ဆောင်အမျိုးသမီးများ နမားဇ်ဖတ်ရာ၌ သတိပြုရမည့်အချက်များ


** မွစ်လင်မ်အမျိုးသား၊ အမျိုးသမီးတိုင်း လေ့လာပါ။ မွစ်လင်မ်တို့အနေဖြင့် နောက်မွစ်လင်မ်တစ်ဦးနှင့် တွေ့ဆုံသည့်အခါ အကြောင်းအရာတိုက်ဆိုင်ပါက ပြောပြလမ်းညွှန်ပေးနိုင်ပါသည်။ ကိုယ်နှင့်မဆိုင်ဟူ၍ သီးသန့်မနေပါနှင့်။ ဒီးန်ရေးရာကို မည်သူမဆို လေ့လာဆည်းပူးပါက အကျိုးမယုတ်ပါ။

အစ္စလာမ်၌ နမားဇ်သည် အရေးအကြီးဆုံးတာဝန်တစ်ခုဖြစ်သလို မည်သို့သောအခြေအနေကို ဆိုက်ရောက် ကြုံတွေ့ရသည်ဖြစ်ပါစေ လွှတ်ခွင့်မရှိပေ။ တစ်ဖက်တွင် အခြေအနေအချိန်အခါကို ထောက်ရှု၍ နမားဇ်ဆောက်တည်ရာတွင် လွယ်ကူမှုများနှင့် လျှော့ပေါ့ပေးမှုတို့ကို ပြုပေးထားသည်။ နမားဇ်ဖတ်ရမည်။ သို့သော် ကျန်းမာရေးအခြေအနေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတို့တွင် ချို့ယွင်းမှုဖြစ်လာလျှင် မည်သို့မည်ပုံ နမားဇ်ကို ဆောက်တည်ရမည်ကိုလည်း သေချာစွာပင် ပြသပေးထားသည်။ နမားဇ်ကို မည်သည့်အခြေအနေတွင်မှ လွှတ်ခွင့်မရှိဟူသည့် အမိန့်ကို တစ်ဖက်တွင် ပြဌာန်းထားသလို နောက်တစ်ဖက်တွင်လည်း မည်သို့ဖြစ်လာလျှင် မည်သို့ဖတ်ပါဟူသော လွယ်ကူမှုကိုပါတစ်ပြိုင်တည်း ပြသပေးထားပေသည်။

ကိုယ်ဝန်ဆောင်များလည်း နမားဇ်ဖတ်ရမည်ဖြစ်သည်။ သို့သော် ကိုယ်ဝန်ဆောင်တို့အတွက် သီးသန့် နမားဇ်ဖတ်နည်းဟူ၍ မရှိပါ။ အမြဲဖတ်သည့် ပုံစံအတိုင်း ဖတ်ရမည်။ ဤနေရာတွင် တင်ပြမည်မှာ ကိုယ်ဝန်ကာလတွင် ခန္ဓာကိုယ်အနေအထား ပြောင်းလဲမှုကြောင့် ကြုံတွေ့ရသည့် အခက်အခဲများဖြင့် နမားဇ်ကို မည်သို့ဖတ်နိုင်သနည်းဟူသည့် ပုံစံဖြစ်၏။ကိုယ်ဝန်ဆောင်ကာလ၌ နမားဇ်ဖတ်ရာတွင် ရရှိမည့်လွယ်ကူမှုများနှင့် သတိပြုဖွယ်ရာများကို သိမှတ်သလောက် ရေးသားမည် ဖြစ်သည်။

ကိုယ်ဝန်ဆောင်များ နမားဇ်ဖတ်ရာတွင် အဓိကအခက်အခဲဖြစ်ရသည်မှာ ကိယာမ်(မတ်တပ်ရပ်ချိန်) ရူကူနှင့် စဂ်ျဒါပြုချိန်တို့ဖြစ်သည်။ အထက်ပါ သုံးခုသည် နမားဇ်တွင် ဖရဇ်ဖြစ်ကြောင်း သိမှတ်ထားရပါမည်။ ထို့ကြောင့် အတတ်နိုင်ဆုံး အချိန်အထိ ၎င်းတို့ကို ပုံစံတကျပြုရမည်ဖြစ်၏။ ပမာဆိုရလျှင် ကိုယ်ဝန်ကာလ သုံးလ လေးလခန့်မျှအထိ တတ်နိုင်သေးလျှင် အတိအကျသာ ပြုရမည်။ တချို့အမျိုးသမီးတို့သည် ကိုယ်ဝန်ကာလ ကိုးလအထိရောက်သော်လည်း ကိုယ်ဝန်ဆိုဒ်သေးသူများရှိကြသည်။ ထို့သို့သောသူများသည် ရုကူ စဂ်ျဒါတို့ကို ပြုနိုင်သည်အထိ ပြုရမည်သာ ဖြစ်၏။ သဘောမှာ ကိုယ်ဝန်ဆောင်ဖြစ်သူတိုင်း ချွင်းချက်ရှိသူမဟုတ်ပါ။ ချွင်းချက်မဖြစ်သူများလည်း ရှိပါသည်။

** ကိယာမ် قِيَامْ (မတ်တပ်ရပ်ခြင်း)
ကိုယ်ဝန်ဆောင်အနေဖြင့် နမားဇ်အတွက် ကိယာမ်ကို နိုင်သည်ဆိုလျှင် ရပ်ကိုရပ်ရမည်။ ကိုယ်ဝန်၏ အလေးချိန်ကြောင့် လုံးဝ မတ်တပ်မရပ်နိုင်တော့လျှင် ထိုင်ဖတ်နိုင်သည်။ ထိုင်ခုံပေါ်ထိုင်ဖတ်နိုင်သလို ကြမ်းပေါ်တွင်ထိုင်၍လည်း ဖတ်နိုင်သည်။ ကြမ်းတွင်ထိုင်ဖတ်ခြင်းက ပိုကောင်း၏။ ကြမ်းပေါ်တွင် ထိုင်ခြင်းဟူသည်မှာ အသ်သဟိယားသ် ( اَلتَّاحِيَّاتْ ) ထိုင်သည့်ပုံစံဖြင့် ထိုင်ခြင်းကို ဆိုလိုသည်။ ထိုပုံစံထိုင်၍ ဖတ်လျှင် ရုကူအ်အတွက် ခန္ဓာကိုယ်ကို ကိုင်းနိုင်သမျှ ကိုင်းရပါမည်။ ထိုင်ခုံပေါ်တွင် ဖတ်လျှင် ရုကူအ်ကို သူ့ပုံစံအတိုင်း ပြုရပါမည်။ စဂ်ျဒါကိုလည်း သေချာစွာ ပြုရပါမည်။

မှတ်ချက်။ ကိုယ်ဝန်ဆောင် မဟုတ်ဘဲ ရိုးရိုး အမျိုးသမီး အချို့တွင် နမားဇ်ကို ထိုင်ဖတ်သည့် အကျင့်ရှိသည်။ အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ နမားဇ်ကို ထိုင်ဖတ်ခွင့် မရှိပါ။ မလိုအပ်ဘဲ ထိုင်ဖတ်ခဲ့ပါက နမားဇ်မပိုင်သည်အထိ ဖြစ်ပါသည်။ ညောင်းခြင်းလောက်ကို အကြောင်းပြချက်အဖြစ် လက်မခံပါ။ အမျိုးသားများအတွက်လည်း ထိုအတိုင်းပင် ဖြစ်ပါသည်။ ချွင်းချက် မရှိဘဲ နမားဇ်ကို ထိုင်ဖတ်ခြင်း၊ ရုကူအ် စဂ်ျဒါကို ထိုင်၍ အရိပ်အမြွက်ဖြင့်ပြုခြင်းတို့ ပြုခွင့်မရှိပါ။

** ရုကူအ် ( رُكُوْعٌ ) နှင့် စဂ်ျဒါ ( سَجْدَهْ )
ရုကူအ်နှင့် စဂ်ျဒါကို တတ်နိုင်သည်အထိ သတ်မှတ်ပုံစံအတိုင်း ပြုရမည်ဖြစ်၏။ သပ်စ်ဗီကို သုံးကြိမ်မျှဆိုနိုင်သည်ခန့် ရုကူအ်နှင့် စဂ်ျဒါတို့ကို ပြုလုပ်နိုင်လျှင် ထိုမျှခန့်ရွတ်ဆိုပြီး ပြုလုပ်ရမည်။ စဂ်ျဒါပြုရာတွင် အမျိုးသမီးတို့ စဂ်ျဒါပြုပုံအတိုင်း မပြုနိုင်။ သဘောမှာ ဗိုက်ထောက်နေသဖြင့် ဝမ်းဗိုက်နှင့် ပေါင်ကို ထိကပ်၍ မပြုနိုင်တော့လျှင် ခွာ၍ စဂ်ျဒါပြုနိုင်သည်။ လက်များကိုမူ ပုံမှန်အတိုင်း ကြမ်းနှင့် ထိကပ်ထားရမည်။

မှတ်ချက်။ ရုကူအ်၊ စဂ်ျဒါတို့တွင် သပ်စ်ဗီမဆိုပါကလည်း ရုကူအ်၊ စဂ်ျဒါ ဖြစ်သွားသည်။ သို့သော် ထိုသို့ မဆိုသူသည် စွန္နသ်ကို လွှတ်သူ ဖြစ်၏။ ဤနေရာတွင် သပ်စ်ဗီမဆိုလည်း ရုကူအ်၊ စဂ်ျဒါဖြစ်ကြောင်း ထည့်ရေးပြရခြင်းမှာ အမိန့် တစ်ဆင့်ခြင်းစီ၏ ပုံစံကို သိမြင်ရန်အတွက်သာ ဖြစ်၏။ မဖတ်လည်း ရတာပဲ၊ မဖတ်ဘူးဟူသည့် လုပ်ဆောင်ချက်မျိုး ဖြစ်စေရန် မဟုတ်ပါ။ စွန္နသ်များကို လွှတ်ခြင်းသည် ဖရ်ဇ်များပါ လွတ်ရန် လမ်းစဖြစ်ပါသည်။ ရုကူအ်နှင့် စဂ်ျဒါတွင် အနိမ့်ဆုံး သပ်စ်ဗီဟ် သုံးကြိမ်ဆိုရမည်။ ထို့ထက်နည်း၍ ဆိုခြင်းသည် မက္ကရူဟ်သန်ဇီဟီ ( مَكْرُهْ تَنْزِيْهِيْ ) ထိုက်ပါသည်။ သုံးကြိမ်သည် အနည်းဆုံးဖြစ်၍ “မ” ဂဏန်းအရေအတွက် ပိုဖတ်ခြင်းက မြတ်၏။ သုံးကြိမ်၊ ငါးကြိမ်၊ ခုနှစ်ကြိမ် စသည်ဖြင့် ဆိုနိုင်ပါသည်။

- ကိယာမ်နှင့် ရုကူအ်တော့ပြုနိုင်သည် စဂ်ျဒါမပြုနိုင်လျှင် ကြမ်းပေါ်တွင် ထိုင်ဖတ်ခွင့်ရှိသည်။ ထိုင်ခုံပေါ်တွင်လည်း ဖတ်နိုင်သည်။ ကြမ်းပေါ်တွင် ဖတ်ခြင်းက ပိုကောင်း၏။ စဂ်ျဒဟ်ကို ပုံစံတကျ မပြုနိုင်သဖြင့် အရိပ်အမြွက်ဖြင့် ပြုရမည်။ အရိပ်အမြွက်ဟူသည်မှာ ဦးခေါင်းကို ညွှတ်ကိုင်း၍ လုပ်ခြင်း ဖြစ်သည်။ ဤပုံစံတွင် ရုကူအ်ထက် စဂ်ျဒဟ်၏ အရိပ်အမြွက် သဏ္ဍာန်က ပို၍ ကိုင်းညွှတ်မှု ရှိရပါမည်။ ထိုသို့ဖတ်ခြင်းက အကောင်းဆုံးဖြစ်၏။ ဤသို့မဟုတ်ဘဲ ကိယာမ်နှင့် ရုကူအ်ကို ပုံမှန်အတိုင်း ပြုလုပ်ပြီး စဂ်ျပြုခါနီးမှ ထိုင်၍ အရိပ်အမြွက်ဖြင့် စဂ်ျဒဟ်ပြုလိုပါကလည်း ပြုနိုင်ပါသည်။

မှတ်ချက်။ အရိပ်အမြွက်ဟုဆိုရာတွင် နမားဇ်ဖတ်နေသူ၏ လုပ်နိုင်စွမ်း အခြေအနေပေါ်မူတည်ထားပါသည်။ အဓိပ္ပါယ်အရ ဦးခေါင်းကို ညွှတ်ကိုင်း၍ လုပ်ခြင်း ဖြစ်သော်လည်း အခြေအနေတိုင်းတွင် ထိုပုံစံချည်းသာ လုပ်ရမည်ဟု မဆိုလိုပါ။ ရုကူအ်၊ စဂ်ျဒဟ်ကို ခန္ဓာကိုယ်က မည်သည့်အတိုင်းအတာအထိ ဆောင်ရွက်နိုင်သနည်း၊ ထိုမျှအထိ ဆောင်ရွက်ရပါမည်။ အရိပ်အမြွက်ဟု ရေးထားသော နေရာတိုင်းတွင် ဤအလိုသဘောကို ဆိုလိုပါသည်။

- ကိယာမ်၊ ရူကူနှင့် စဂ်ျဒါတို့ကို သတ်မှတ်မှုအတိုင်း မပြုနိုင်သူသည် ထိုင်ဖတ်နိုင်သည်။ ရူကူနှင့် စဂ်ျဒါကို ဦးခေါင်းညွှတ်၍ အရိပ်အမြွက်ဖြင့် ပြုရမည်။ စဂ်ျဒါကို ရူကူ၏ ပုံသဏ္ဍာန်ထက် ပို၍ ကိုင်းညွှတ်ရပါမည်။

- စဂ်ျဒါပြုရာတွင် ကြမ်းအထိ တိုက်ရိုက်မသွားနိုင်။ ရှေ့တွင် ခုံ၊ စားပွဲ ချထား၍ စဂ်ျပြုနိုင်လျှင် ထိုပုံစံ ပြုရန်အရေးကြီးပါသည်။ ထို့အတူ ကြမ်းပေါ်ထိုင်၍ ဖတ်လျှင် စဂ်ျဒဟ်မသွားနိုင်၊ ထိုင်ခုံတွင် ထိုင်၍ ရှေ့၌ စားပွဲချပြီး စဂ်ျဒါပြုလျှင်မူ ရသည်ဆိုလျှင် ထိုသို့ဖတ်ရန်အရေးကြီးသည်။ စဂ်ျဒါအတွက် ချထားသည့် စားပွဲ၊ ခုံတို့သည် ထိုင်ခုံနှင့် တစ်ပြေးညီ ဖြစ်ရမည်။ မြင့်လိုပါက ၉ လက်မခန့်မျှသာ မြင့်ခွင့် ရှိသည်။ ထို့ထက်ပိုမြင့်သော စားပွဲ၊ ခုံတို့တွင် စဂ်ျဒဟ်လုပ်ပါက မှန်ကန်မှုမရှိပါ။

** ခေါင်းအုံးပေါ် စဂ်ျဒါလုပ်ခြင်း
အများအားဖြင့် စဂ်ျဒါပြုလုပ်ရန် ခေါင်းအုံးများကို အသုံးပြုကြသည်။ ခေါင်းအုံးပေါ် စဂ်ျဒါပြုရာ၌ အပျော့ အမာ အခြေအနေအတိုင်း စဂ်ျဒါအမိန့် ကွာခြားပါသည်။ ခေါင်းအုံးသည် ပျော့ပျောင်းနေလျှင် ယင်းခေါင်းအုံးပေါ် စဂ်ျဒါပြုလျှင် စဂ်ျဒါပိုင်မည်မဟုတ်ပါ။ စဂ်ျဒါကို မာကြောသောအရာပေါ်တွင် ပြုလုပ်ရမည်။ မာကြောခြင်းဟူသည်မှာ ထပ်ဖိလျှင် ပိသွားခြင်း မရှိတော့သည့် အခြေအနေမျိုးကို ခေါ်ဆိုသည်။ ထို့ကြောင့် မိမိစဂ်ျဒါပြုရန် အသုံးပြုသည့် ခေါင်းအုံးပေါ်တွင် နဖူးကို ဖိချလိုက်ပါက ပျော့ဝင်သွားသလား၊ တစ်နေရာရာတွင် မာသွားသလားဟူသည်ကို ကြည့်ပါ။ နဖူးဖိချသည့်အခါ အခြေအနေတစ်ခုတွင် မာသွားလျှင် ယင်းခေါင်းအုံးပေါ်တွင် စဂ်ျဒါပြုနိုင်သည်။ ပျော့မြဲပျော့နေလျှင်မူ ပြုခွင့်မရှိပါ။ စားပွဲ စသည့် ပင်ကိုယ် အမာပစ္စည်းဖြစ်လျှင်မူ အကောင်းဆုံးဖြစ်ပါသည်။ ခေါင်းအုံးအမြင့်သည် ၉ လက်မခန့်ထက် မပိုရပါ။ ထို့ထက်နိမ့်လျှင်လည်း ရသည်။ အကယ်၍ ထိုမျှ အမြင့်အထိ စဂ်ျဒါမသွားနိုင်လျှင် ခန္ဓာကိုယ်က လုပ်ဆောင်နိုင်သည့် အခြေအနေထိ စဂ်ျဒါကို ပြုလိုက်ပါ။
ကိုယ်ဝန်ဆောင်ကာလအတွင်း နမားဇ်များကို မပျက်စေဘဲ ဂရုတစိုက်ဖတ်ရပါမည်။ တတ်နိုင်ပါက နဖိလ်များစွာဖတ်ပါ။ သိလာဝသ်များများပြုပါ။ အထက်တွင် ပုံစံတချို့ကို အကျဉ်းချုံဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ မိမိတွေ့ကြုံရသည့် အခြေအနေသည် အထက်ပါပုံစံများနှင့် မကိုက်ညီပါက နီးစပ်ရာ အာလင်မ်များထံမေးမြန်းပါရန် အကြံပြုပါသည်။

အမျိုးသမီးများ ကလေးမွေးပြီးနောက် မီးတွင်းသွေးဆင်းခြင်းနှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများကို ဤလင့်တွင် ဖတ်ရှုနိုင်ပါသည်။
http://aaitee.blogspot.com/2015/10/blog-post_74.html

ဇိလ်ကအ်ဒဟ်/ ၂၈/ ဟိဂ်ျရီ ၁၄၃၇
2/8/2016
Credit, အလ်မုဖီးဒ်က ရေးသားသည်။

Saturday, June 13, 2015

ဆွလာသွသ်သပ်(စ)ဗီးဟ်

နဖိလ်နမားဇ်များ၌ ဆွလာသွသ်သပ်(စ)ဗီးဟ်သည် ထူးမြတ်မှုများစွာရှိကြောင်း လာရှိထားပေသည်။
ဟဇရသ်အဗ်ဒွလ်လဟ်ဗင်န်အဗ္ဗါးစ် (ရသွီ) ပြောသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က မိမိ၏ဦးလေးဖြစ်သူ ဟဇရသ်အဗ်ဗါးစ်ဗင်န် အဗ်ဒွလ်မုသ်သွလစ်ဗ် (ရသွီ)ကို မိန့်တော်မူသည်မှာ အိုချစ်လှစွာသော ဦးလေး !! ကျွန်ုပ်အနေဖြင့် ဦးလေးကို အကောင်းဆုံးသောလက်ဆောင်တစ်ခု၊ သတင်းကောင်းတစ်ခု၊ အလွန်အကျိုးရှိသော အရာတစ်ခုနှင့်ပတ်သက်ပြီး ပြောပြရမည်လား။ ထိုအရာကို ပြုလုပ်ပါက အလ္လာဟ်အရှင်မြတ်က ရှေ့ပြစ်၊ နောက်ပြစ်၊ ပြစ်မှုဟူသမျှကို ခွင့်လွှတ်ချမ်းသာမှု ပေးတော်မူမည်။
ထိုလုပ်ရပ်မှာ ဤသို့ဖြစ်သည်။ လေးရကအသ်နဖိလ် ဆွလာသွသ်သပ်(စ)ဗီးဟ်ကို ဤကဲ့သို့ဖတ်ပါ။

အလ်ဟမ်ဒုနှင့် စူရဟ်ဖတ်ပြီးသည့်အခါ (တတိယကလိမဟ်) " စွဗ်ဟားနလ္လားဟိ ဝလ်ဟမ်ဒုလစ်လ်လားဟိ ဝလားအိလားဟ အိလ္လလ်လားဟု ဝလ္လားဟုအပ်(က)ဗရ် " ကို မတ်တပ်ရပ်လျက်နှင့် ၁၅ကြိမ်ဖတ်ပါ။
ရုကူအ်၏ သပ်စ်ဗီးဟ်ပြီးနောက် ထိုကလိမဟ်ကို ၁ဝကြိမ်ဖတ်ပါ။
ရုကူအ်မှ ပြန်ထ၍ ကောဝ်မဟ်တွင် ၁ဝကြိမ်၊
စဂ်ျဒဟ်တွင် ၁ဝကြိမ်၊
စဂ်ျဒဟ်မှ ပြန်ထ၍ (စဂ်ျဒဟ်နှစ်ခုအကြားတွင်) ၁ဝကြိမ်၊
ဒုတိယစဂ်ျဒဟ်တွင် ၁ဝကြိမ်၊
ဒုတိယစဂ်ျဒဟ်မှ ပြန်ထ၍ (နောက်ရကအသ်သို့ မသွားမီ) ထိုင်ပြီး ၁ဝကြိမ်။ ဖတ်ပါ။
တစ်ရကအသ်တိုင်းတွင် ၇၅ကြိမ်ရှိမည်ဖြစ်ပြီး လေးရကအသ်တွင် အကြိမ်ပေါင်း သုံးရာ(၃ဝဝ) ရှိမည်။

ဤနည်းစနစ်ကို သင်ပြပြီးနောက် တမန်တော်မြတ်က ဆက်လက်မိန့်သည်မှာ အကယ်၍ တတ်နိုင်ပါက ယင်းနမားဇ်ကို နေ့စဉ်တစ်ခေါက်ဖတ်ပါ။ ဤမျှမနိုင်လျှင် ဂျွမ်အဟ်တွင်(တစ်ပတ်) တစ်ကြိမ်ဖတ်ပါ။ ဤမျှလည်း မနိုင်လျှင် တစ်လ တစ်ကြိမ်ဖတ်ပါ။ ဤမျှလည်း မနိုင်လျှင် တစ်နှစ်လျှင် တစ်ကြိမ်ဖတ်ပါ။ ထိုသို့လည်း မတတ်စွမ်းနိုင်ခဲ့ပါမူ တသက်တာတွင် အနည်းဆုံးတစ်ကြိမ် ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ။

ဟဇရသ်အဗ်ဒုလ္လာဟ်ဗင်န်အဗ္ဗါးစ်(ရသွီ)သည် စွလာသွသ်သစ်ဗီးဟ်ကို ဂျွမ်အဟ်နေ့တိုင်း ဖတ်လေ့ရှိသည်။ အဗုလ်ဂျဝါးဇ်(ရဟ) သာဗီအီသခင်သည် နေ့စဉ် ဇုဟုရ်အဇာန်ဆိုသည့်အချိန် ဗလီသို့ရောက်လာပြီးနောက် ဂျမာအသ်မစမီအထိ ယင်းနမားဇ်ကို ဖတ်နေသည်။ ဟဇ်ရသ်အဗ်ဒုလ်အဇီးဇ်ဗင်န်အဗူရဝါးဒ် (ရဟ)က မိန့်သည်မှာ ဂျန္နသ်ကိုလိုလားသောသူအဖို့ စွလာသုသ်သပ်စ်ဗီးဟ်ကို စွဲမြဲမှုထားရမည်။ အဗူအုစ်မားန်ဟီရီ(ရဟ) မိန့်သည်မှာ ပူဆွေးမှုနှင့် ဘေးဒုက္ခအခက်အခဲတို့မှ လွတ်မြောက်ရန်အတွက် စွလာသုသ်သပ်စ်ဗီးဟ်ထက် ပိုကောင်းသောအရာကို မတွေ့ဖူးပါ။ (ထိုသို့သော အကြောင်းကိစ္စတို့အတွက် စွလာသုသ်သပ်စ်ဗီးဟ်သည် အကောင်းဆုံးနှင့် အထိရောက်ဆုံးပင် ဖြစ်သည်။)
စွလာသုသ်သပ်စ်ဗီးဟ်အတွက် ရည်စူးမှု (နိယသ်) ပြုနည်း
ကျွန်ုပ်သည် ကစ်ဗ်လဟ်ဘက်သို့မျက်နှာမူ၍ အလ္လာဟ်အရှင်မြတ်အတွက် စွလာသုသ်သပ်စ်ဗီးဟ် နိဖိလ်လေးရကအသ်ဖတ်မည်ဟု ရည်စူးပါသည်။ အလ္လာဟ်ဟုအပ်(က)ဗရ်

စွလာသုသ်သပ်စ်ဗီးဟ်နှင့်ပတ်သက်၍ သိထားရမည့် ပညတ်ချက်များ
၁။ ဤနမားဇ်အတွက် သီးသန့်စူရာ သတ်မှတ်ထားခြင်းမရှိပါ။ နှစ်သက်ရာစူရာကို တွဲဖတ်နိုင်သည်။ အချို့ဆင့်ပြန်ချက်များတွင် အာယသ် ၂ဝခန့် ကိရာအသ်ဖတ်ရန်လာရှိထားသည်။
၂။ နမားဇ်အတွင်း သပ်စ်ဗီးဟ်ကို နှုတ်ဖြင့် ရေတွက်မှုလုံးဝမပြုရပါ။ နှုတ်ဖြင့်ရေတွက်လိုက်လျှင် နမားဇ်ပျက်သွားမည်။ (ဆိုလိုသည်မှာ တစ်ခါဖတ်ပြီးလျှင် ၁၊ နှစ်ခါဖတ်ပြီးလျှင် ၂။ ၎င်းပုံစံဖြင့် ရေတွက်ခွင့်မရှိခြင်း ဖြစ်၏။) မိမိလက်ချောင်းများ ရှိနေသည့်နေရာ၌ပင် လက်ချောင်းကလေးများကို ဖိ၍ ရေတွက်သွားရမည်။
၃။ တစ်နေရာရာ၌ သပ်စ်ဗီးဟ်ဖတ်ရန် မေ့သွားမည်။ ကျန်သွားမည်ဆိုပါက နောက်တစ်နေရာ၌ ပြန်ဖြည့်ဖတ်လိုက်ရမည်။ သို့သော် အောက်ပါနေရာတို့တွင် သပ်စ်ဗီးဟ်ဖြည့်ခြင်း မပြုရပါ။
- ရုကူမှ ပြန်ထသည့်အချိန်
- စဂ်ျဒဟ်နှစ်ခုကြား ထိုင်သည့်အချိန်
- ပထမနှင့် တတိယရကအသ်ပြီးနောက် ထိုင်သည့်အချိန်။
အထက်ပါအခြေအနေတို့တွင် ၎င်းနေရာ၌ဖတ်ရမည့် ဆယ်ကြိမ်ကိုသာ ဖတ်လိုက်ပါ။ ဖော်ပြပါ အခြေအနေသုံးမျိုးမှအပ ကျန်အခြေအနေတို့တွင် သပ်စ်ဗီးဟ်အစားဖြည့်နိုင်သည်။

သိမှတ်ဖွယ်
၁။ ယင်းနမားဇ်ကို နဖိလ်ဖတ်ရန် မက္ကရူးဟ်ဖြစ်သည့်အချိန်မှအပ ကျန်အချိန်အားလုံးတို့တွင် ဖတ်နိုင်ပါသည်။ (ဖဂျရ်နှင့် အဆွရ်ပြီး၊ နေထွက်၊ မွန်းတည့်။ ၎င်းအချိန်တို့တွင် နဖိလ်ဖတ်ခြင်း မက္ကရူးဟ်ဖြစ်သည်။)
၂။ ထိုနမားဇ်ကို မွန်းတိမ်းပြီးသည့်နောက် ဇုဟုရ်နမားဇ်ထက်အရင် ဖတ်ပါက အကောင်းဆုံးဖြစ်သည်။ ဟဒီးစ်တော်တစ်ရပ်တွင် မွန်းတိမ်းပြီးနောက်ဟူသည့် စာသားပါရှိခြင်းကြောင့် ဖြစ်ပါသည်။ မွန်းတိမ်းပြီးတွင် အချိန်မရခဲ့ပါကလည်း အခြားမည်သည့်အချိန်တွင်မဆို ဖတ်နိုင်သည်။
၃။ အချို့ဆင့်ပြန်ချက်များတွင် နမားဇ်အတွင်း ဖတ်ရသည့်ကလိမာလေးခု - စုဗ်ဟာနလ်လာဟိ ဝလ်ဟမ်ဒုလိလ်လားဟိ ဝလားအိလားဟ အိလ်လလ်လားဟု ဝလ်လာဟုအပ်က်ဗရ် နှင့်အတူ ဝလာဟောဝ်လာ ဝလာကူးဝသ အစ်လ်လာ ဗိစ်လ်လားဟိလ် အလီယစ်လ်အဇွီးမ် ကိုပါ ထည့်သွင်းဖော်ပြထားသဖြင့် သပ်စ်ဗီးဟ်တွင် ထို (လာဟောဝ်လာ) ကိုတွဲစပ်လိုက်ပါက အကောင်းဆုံးပင်ဖြစ်သည်။
၎။ ဒုတိယနှင့် စတုတ္ထရကအသ်တွင် အသ်ဟိယားသ်မဖတ်မီ သပ်စ်ဗီကို ဆယ်ကြိမ်ဖတ်ရမည်။ ထို့အတူ ရုကုအ်၊ စဂ်ျဒဟ်တို့၏ ဇိကိရ်များဖတ်ပြီးပါက သပ်စ်ဗီကို ဆယ်ကြိမ်ဖတ်ရမည်။
၅။ ဆွလာသွသ်သပ်(စ)ဗီးဟ်ဖတ်ရန် ဒုတိယနည်း
စနာဖတ်ပြီးနောက် (စူရာဖာသိဟာမဖတ်မီ) သပ်စ်ဗီကို ၁၅ကြိမ်နှင့် စူရာဖာသိဟာနှင့် စူရာတွဲပြီးနောက် ၁ဝကြိမ်ဖတ်လိုက်ပါ။ ကျန်သည့်အခြေအနေအားလုံးတွင် ပထမနည်းအတိုင်းဖတ်သွားရမည်။ သို့သော် ယခုနည်းတွင် ဒုတိယစဂ်ျဒဟ်ပြီးနောက် ၁ဝကြိမ်ထိုင်ဖတ်ရန်မလိုအပ်တော့ပေ။ ဒုတိယစဂ်ျဒဟ်၌ပင် ၇၅ကြိမ်ပြည့်ပြီး ဖြစ်သည်။ (ပထမနည်းနှင့် ဒုတိယနည်း ကွာခြားမှုမှာ ပထမနည်းတွင် နမားဇ်၏ ကိယာမ်၌ သပ်စ်ဗီ ၁၅ကြိမ် ရှိပြီး စဂ်ျဒဟ်နှစ်ခုပေါင်းတွင် အကြိမ် ၄ဝပါဝင်မည်။ ဒုတိယနည်းတွင် ကိယာမ်၌ ၂၅ကြိမ်ပါပြီး စဂ်ျဒဟ်၂ခုပေါင်း အကြိမ် ၃ဝသာရှိမည်။)
နည်းနှစ်မျိုးလုံးဖြင့် ဖတ်ခြင်းက အကောင်းဆုံးဖြစ်သည်ဟု အာလင်မ်ပညာရှင်များက ရေးသားထားသည်။ (တစ်ခေါက်ဖတ်လျှင် နည်းတစ်မျိုး၊ နောက်တစ်ခေါက်ကို နောက်နည်းတစ်မျိုးဖြင့် ဖတ်ခြင်းကို ဆိုလိုပါသည်။ လေးရကအသ်အတွင်း နှစ်မျိုးလုံးအသုံးပြုခြင်းမဟုတ်ပါ။)
အိမာမ်အဗူဟနီဖာ၏ တပည့်၊ အိမာမ်ဗုခါရီ၏ ဆရာများ၏ဆရာဖြစ်သူ ဟဇရသ်အဗ်ဒုလ်လာဗင်န်မုဘာရက်သည် ဆွလာသွသ်သပ်(စ)ဗီးဟ်ကို ဖော်ပြပါဒုတိယနည်းဖြင့် ဖတ်လေ့ရှိခဲ့သည်။
ပညတ်ချက်။ စဂ်ျဒဟ်စဟ်ဝဲပြုရလျှင် ယင်းစဂ်ျဒဟ်၌ သပ်စ်ဗီမဖတ်ပါနှင့်။ သို့ရာတွင် နမားဇ်အတွင်း သပ်စ်ဗီဖတ်ရန်မေ့ကျန်ခဲ့သည်။ တစ်ရကအသ်တွင် ၇၅ကြိမ် မပြည့်ခဲ့ပါလျှင် (ယခုအထိလည်း မဖြည့်ရသေးပါက) စဂ်ျဒဟ်စဟ်ဝဲ၌ ဖြည့်စွက်လိုက်ပါ။
-------။-------။-------။-------
{သုဟ်ဖာအိခဝါသီးန်မှ ကောက်နှုတ်ပြန်ဆိုသည်။}
အလ်မုဖီးဒ်
ရှအ်ဗာန်/ ၂၆/ ယောင်မုလ်အဟဒ်/ ဟစ်ဂ်ျရီ ၁၄၃၆


အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Friday, October 24, 2014

နမားဇ်များ ဖြည့်စွက်ခြင်းနှင့် သက်ဆိုင်သည့်ပညတ်ချက်ချက်များ


နမားဇ်ဝတ်ပြုခြင်း၏ အကြောင်း
((မော်လာနာမုဟမ္မဒ်မူစာဆွာဟိဗ် ဘာသာပြန်မှ ပြန်လည်ဖော်ပြသည်))
နမားဇ်သည် နဗီရစူလ် (အလိုင်ဟေမွတ်စ္စလာမ်) သခင်တိုင်း၏ ရှရီအသ်တွင် ပါရှိစမြဲဖြစ်သည်။ အာဒမ်သခင် (အလိုင်ဟစ္စလာမ်) မှ စ၍ အားလုံးသော နဗီရစူလ်များ၏ အုမ္မသ်များအပေါ်တွင် ဖရ်ဇ်ဖြစ်ခဲ့သည်။ သို့သော် တစ်ပါးနှင့် တစ်ပါးတွင် နည်းဥပဒေ သတ်မှတ်မှုသာ ကွဲပြားမှုရှိခဲ့သည်။
မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ထံတော်တွင် နမားဇ်ဝတ်ပြုခြင်းသည် အလွန်ကြီးကျယ်သော အဆင့်အတန်းဖြစ်လေသည်။ မည်သည့်ခဝပ်မှုမျှ အရှင်မြတ်ထံတော်တွင် နမားဇ်ထက်ပိုမိုနှစ်ခြိုက်သော အရာမရှိချေ။ အလ္လာဟ်အရှင်မြတ်က မိမိ၏ ဗန္ဒာကျေးကျွန်များအပေါ်၌ နမားဇ်ဝတ်ပြုရန် တစ်နေ့လျှင် ငါးကြိမ် ဖရ်ဇ်သတ်မှတ်ထားလေသည်။ ထိုငါးကြိမ်ဖတ်ရွတ်ခြင်း၌ ကြီးမားသော စဝါးဗ်ကုသိုလ်ရရှိလေသည်။ ထိုငါးကြိမ်ကို မဖတ်ဘဲ စွန့်လွှတ်ထားလျှင် ကြီးမားသော အပြစ်အကုသိုလ်ဖြစ်လေသည်။
ဟဒီးဒ်သြဝါဒ မိန့်ခွန်းတော်တွင် လာရှိသည်မှာ အကြင်သူသည် ကောင်းမွန်စွာ ဝုဇူပြု၍ အလွန်စိတ်ပါဝင်စားစွာဖြင့် စနစ်တကျ နမားဇ်ဖတ်ရွတ်ပါလျှင် အလ္လာဟ်အရှင်မြတ်က ကေယာမသ်ကမ္ဘာ့တရားစီရင်တော်မူမည့်နေ့၌ ထိုသူ၏ သေးငယ်သော မကောင်းမှုအပေါင်းကို ခွင့်လွှတ်ချမ်းသာပေးတော်မူ၍ ဂျန္နသ်သုခဘုံကို ပေးသနားတော်မူအံ့။
ကိုယ်တော်မြတ် မိန့်တော်မူသည်မှာ နမားဇ်ဝတ်ပြုခြင်းသည် သာသနာ၏ တိုင်ဖြစ်၏။ အကြင်သူ နမားဇ်ကို ကောင်းစွာဖတ်လျှင် ထိုသူသည် သာသနာကို တည်ဆောက်သူမည်၏။ အကြင်သူသည် ထိုနမားဇ်ကို စွန့်လွှတ်ပါမူ သာသနာတော်ကို ဖြိုဖျက်သူမည်၏။
ထို့ပြင် မိန့်တော်မူသည်မှာ ကေယာမသ်နေ့တွင် အားလုံးသောအရာ (အမှုကိစ္စ) တို့ထက် အဦးဆုံး နမားဇ်ကို စစ်မေးတော်မူမည်။ ထို့ပြင် နမားဇ်ကို အစဉ်ဖတ်သူတို့၏ မျက်နှာနှင့် ခြေ လက် စသည်တို့တွင် ကေယာမသ်နေ့၌ နေမင်းကဲ့သို့ လင်းဝင်းတောက်ပလျက်ရှိအံ့။ နမားဇ်မဖတ်သူတို့သည် ထိုစည်းစိမ်မှ လက်မဲ့ဖြစ်ကြအံ့။
ထို့ပြင် တမန်တော်မြတ် မိန့်တော်မူသည်မှာ .... နမားဇ်ကို စွဲမြဲသူတို့သည် ကေယာမသ်နေ့တွင် နဗီတမန်တော်များ၊ ရှဟီဒီသာသနာ့အာဇာနည်များ၊ ဝလီသူတော်စင်များနှင့် အတူတကွ နေကြရအံ့။ နမားဇ်ကို မဖတ်သောသူများသည် ဖိရ်အောင်န်၊ ဟာမာန်၊ ကာရူန် စသော သူယုတ်မာကာဖိရ်များနှင့် အတူနေရအံ့။ ထို့အတွက်ကြောင့် နမားဇ်ကို ဖတ်ကြရန် အလွန်အရေးကြီးလေသည်။ မဖတ်ဘဲ နေကြလျှင် လောကီ၊ လောကုတ္တရာ နှစ်ဌာနစလုံးတွင် အဆုံးရှုံးကြီး ဆုံးရှုံးရမည် ဖြစ်လေသည်။
ထို့ထက်ပို၍ အဘယ်ဆုံးရှုံးမှု ရှိနိုင်အံနည်း။ နမားဇ်မဖတ်သူတို့၏ (ဟရှရ်) အဆုံးသည် ကာဖိရ်များနှင့်အတူ ထကြရလေသည်။ နမားဇ်မဖတ်သူတို့သည် ကာဖိရ်တို့နှင့် တန်းတူအထင်ခံရမည်။ (အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံပါ၏) နမားဇ်မဖတ်ခြင်းသည် အဘယ်မျှပင် မကောင်းသောအရာဖြစ်သနည်း။
နမားဇ်ဆောက်တည်ရန် တာဝန်မရှိသူတို့မှာ ရူးသွတ်သူ၊ အရွယ်မရောက်သေးသော ယောက်ျားလေးနှင့် မိန်းကလေးတို့မှ ကျန်ရှိသူအားလုံးအပေါ်တွင် နမားဇ်သည် ဖရ်ဇ် အဓိကတာဝန် ၊ မလုပ်မနေရတာဝန် တစ်ရပ်ဖြစ်ပေသည်။
သို့ရာတွင် သားသမီးများအား အသက် ၇ နှစ်အရွယ်သို့ရောက်လျှင် မိဘတို့သည် နမားဇ်ဖတ်ရန် အမိန့်ပေးရမည်။ ဆယ်နှစ်အရွယ်သို့ရောက်သော် နမားဇ်မဖတ်ခဲ့လျှင် ရိုက်၍ နမားဇ်ဖတ်ခိုင်းရမည်။
နမားဇ်ကို စွန့်လွှတ်ရန် မည်သည့်အခါ မည်သည့်အချိန်မျှ အခွင့်မရှိ။ မည်သည့်နည်းဖြင့်မဆို တက်နိုင်သရွေ့ နမားဇ်ကို မုချဖတ်ကို ဖတ်ရမည်ဖြစ်သည်။
အကယ်၍ နမားဇ်ဖတ်ရန် မေ့လျော့သွားသဖြင့်သော်လည်းကောင်း၊ လုံးဝသတိမရသဖြင့် အချိန်ကုန်လွန်သွားမှ မိမိနမားဇ်မဖတ်ရသေးကြောင်း သတိရလာသော်၊ သို့မဟုတ် မျက်စိမဖွင့်နိုင်အောင် မိန်းမောအိပ်ပျော်သွားသော်လည်းကောင်း နမားဇ်သည် ကဿွာဖြစ်သွားလျှင် ဤသို့သောအခါမျိုး၌ အပြစ်မဖြစ်ချေ။ သို့ရာတွင် သတိရလျှင်ရချင်း မျက်စိဖွင့်လျှင် ဖွင့်ချင်း ဝုဇူပြု၍ ချက်ချင်း ကဿွာနမားဇ်ဖတ်ရန် ဖရ်ဇ်ဖြစ်လေသည်။ သို့သော် မက္ကရူးဟ်အချိန်ဖြစ်နေလျှင် ခေတ္တဆိုင်းငံ၍ အချိန်ကျော်သွားသည်ကို စောင့်လိုက်ရမည်။ ဤအတိုင်းပင် မူးမေ့သတိလစ်သွားသဖြင့် မဖတ်ရသေးသော နမားဇ်များအတွက်လည်း အပြစ်မရှိချေ။ သို့ရာတွင် သတိပြန်ရလာပြီးနောက် ချက်ခြင်းပင် ကဿွာဖတ်လိုက်ရမည်။
(၁)။ မတ်စ်အလဟ်
အမျိုးသမီးတစ်ယောက်သည် ကလေးမွေးဖွားလျက်ရှိရာ သားငယ်သည် အပြင်သို့မထွက်သေးဘဲ တဝက်သာထွက်နေလျှင် ဤအချိန်မျိုး၌ပင် အကယ်၍ သတိမလစ်ဟင်းလျှင် နမားဇ်ဝတ်ပြုရန် ဖရ်ဇ်ဖြစ်လေသည်။ ကဿွာပြုလုပ်ခြင်း မပိုင်ချေ။
အကယ်၍ နမားဇ်ဝတ်ပြုနေလျှင် ကလေး၏ အသက်ကို စိုးရိမ်ရသော် နမားဇ်ကို အဿွာပြုခြင်း ပိုင်၏။ ဤနည်းပင် ဝမ်းဆွဲလက်သည်တို့သည် အကယ်၍ နမားဇ်ဝတ်ပြုနေလျှင် ကလေး၌ ဒုက္ခဖြစ်မည်ဟု စိုးရိမ်ရသော် ဤသို့သော်အချိန်မျိုး၌ ဝမ်းဆွဲမသည်လည်း နမားဇ်ကို ကဿွာပြုခြင်း ပိုင်၏။ သို့ရာတွင် ယင်းသူတို့အားလုံးသည် ကဿွာကို လျှင်မြန်စွာ ဖတ်ကြရမည် ဖြစ်လေသည်။
ကဿွာဆောက်တည်ခြင်းနှင့် သက်ဆိုင်သည့် မတ်စ်အလဟ် (ပညတ်ချက်) များ
((အလ်မုဖီးဒ် မှ ဘာသာပြန်သည်။))
(၁) ဖရပ်ဇ်ဖြစ်သည့် မည်သည့်နမားဇ်ကိုမဆို လွတ်သွားပါက သတိရသည့်အချိန် ချက်ခြင်းပင် ဖြည့်စွက်လိုက်ရမည်။ အကြောင်းမဲ့ ကဇွာပြုခြင်းကို ကြန့်ကြာစေခြင်းသည် ဂုနာ (အပြစ်) ထိုက်စေသည့် လုပ်ရပ်ဖြစ်ပေသည်။ (အကြောင်းမဲ့ဟူသည့် စာသား၏ ဆိုလိုရင်းမှာ ကျန်းမာရေး၊ အသက်အန္တရာယ်၊ သေရေး ရှင်ရေး စသည့် အရေးတကြီးကိစ္စ တစ်စုံတစ်ရာမရှိခြင်းကို ဆိုလိုသည်။ လောကီငွေကြေးရှာဖွေမှု၌ လုံးပမ်းနေခြင်းနှင့် ရောင်းဝယ်ရေးကိစ္စများ၊ စားသောက်ရန် ချက်ပြုတ်ရသည့် ကိစ္စများသည် သာသနာမှပြဆိုသည့် ခိုင်လုံသည့် အကြောင်းပြချက်မဟုတ်ပေ။)
တစ်ဦးတစ်ယောက်သည် နမားဇ်ကဇွာဖြစ်သွားသည်။ သို့သော် ယင်းကဇွာကို ချက်ခြင်းမဖြည့်စွက်ပေ။ မည်သည့်နေ့၊ ရက် ရောက်မှ ဖြည့်စွက်မည်ဟု သတ်မှတ်၍ ကဇွာဖြည့်ခြင်းကို ရွှေ့ဆိုင်းလိုက်သည်။ သတ်မှတ်လိုက်သည့် နေ့၊ ရက် မရောက်မီ ကွယ်လွန်သွားပါက ဂုနာဟ် နှစ်ဆခံရမည်။ တစ်ခုမှာ နမားဇ်ကဇွာဖြစ်ခြင်းအတွက် ၊ နောက်တစ်ခုမှာ ချက်ခြင်း ကဇွာပြန်မဖတ်ခြင်းအတွက် ဖြစ်ပေသည်။
(၂) နမားဇ်များစွာကို ကဇွာဖြစ်ထားသူသည် အတတ်နိုင်ဆုံး လျှင်မြန်စွာပင် လွတ်ခဲ့သည့်နမားဇ်များကို ကဇွာပြု ဖြည့်စွက်လိုက်ရမည်။ ကျန်းမာရေးကောင်းမွန်သူ၊ အချိန်ပေးနိုင်သူဖြစ်ပါက ဇွဲရှိရှိဖြင့် တစ်ရက်တည်း၊ သို့မဟုတ် အချိန်တစ်ခုတည်းမှာပင် လွတ်ခဲ့သမျှ နမားဇ်အားလုံး၏ ကဇွာကို ဖတ်လိုက်ရမည်။ ဇုဟုရ်အချိန်ရောက်မှာ ဇုဟုရ်ရဲ့ ကဇွာ၊ အဆွရ်အချိန်ရောက်မှာ အဆွရ်ရဲ့ ကဇွာ စသဖြင့် အချိန်အတိအကျအတိုင်း ကဇွာပြုရန်မလိုအပ်ပေ။
အကယ်၍ နှစ်ပေါင်း၊ လပေါင်းများစွာ၏ နမားဇ်များကို ကဇွာပြုရမည်ဆိုပါကလည်း တတ်နိုင်သလောက် အမြန်ဆုံး ပြန်လည်ဖြည့်စွက်လိုက်ရမည်။
မိမိအားလပ်သည့်အချိန်တွင် (မက္ကရူးဟ်ဖြစ်သည့် နေထွက်၊ မွန်းတည့်နှင့် နေဝင်ချိန် မှအပ) နမားဇ်အမျိုးအစားများအလိုက် (ဖဂျရ်၊ ဇုဟုရ်၊ အဆွရ်၊ မဂ်ရိဗ်၊ အိယှာ) အချိန်ရလျှင် ရသလောက်ကို သက်တမ်းတစ်လျှောက် ကဇွာဖြစ်ခဲ့သည့်နမားဇ်များကို နှစ်ရကအသ်၊ လေးရကအသ်စီ ပြန်လည်ဖြည့်စွက်လိုက်ရမည်။ အကယ်၍ ဤပုံစံဖြင့်လည်း ကဇွာမပြုနိုင်ပါက နမားဇ်တစ်ချိန်တွင် ကဇွာတစ်ကြိမ် ဆောက်တည်လိုက်ရမည်။ ဤသည်မှာ ကဇွာပြုခြင်း၏ အနိမ့်ဆုံး အဆင့်အတန်းဖြစ်ပေသည်။
(၃) ကဇွာဖတ်ရန် သီးသန့်အချိန် သတ်မှတ်ထားခြင်း မရှိပေ။ မိမိအတွက် အားလပ်သည့်အချိန်ရရှိပါက ဝုဇူပြု၍ ကဇွာနမားဇ်များကို ဆောက်တည်ရမည်။ မက္ကရူးဟ်အချိန် မဖြစ်စေရန်သာ သတိပြုရမည်ဖြစ်သည်။ အသက်ရှင်နေသည့် သက်တမ်းတစ်လျှောက်လုံးသည် ကဇွာဖြည့်ခွင့်ရှိသည့် အချိန်များပင်ဖြစ်သည်။
ဆွာဟေဗေသရ်သီးဗ် (သက်တမ်းတစ်လျှောက်တွင် နမားဇ်တစ်ကြိမ်မှ ကဇွာမဖြစ်ဖူးသူ) သည် ကဇွာဖြစ်ခဲ့လျှင်
(၄) အကြင်သူသည် နမားဇ်တစ်ကြိမ် ကဇွာဖြစ်သွားသည်။ ယင်းကဇွာဖြစ်သည့် နမားဇ်အလျှင် မည်သည့်နမားဇ်မျှ ကဇွာဖြစ်ခဲ့ခြင်း မရှိပေ။ (သို့မဟုတ်) နမားဇ်များ ကဇွာဖြစ်ခဲ့ဖူးသည်။ သို့သော် ယင်းကဇွာအားလုံးကို ဖြည့်စွက်ပြီးဖြစ်ပေသည်။ ယခုလွတ်သွားသည့် နမားဇ်တစ်ကြိမ်ကိုသာလျှင် ကဇွာဖြည့်ရန် ကျန်ရှိသည်ဆိုပါက ဦးစွာ လွတ်သွားသည့် နမားဇ်၏ကဇွာကို ဆောက်တည်ရမည်။ ပြီးမှ အဒါ (လက်ရှိအချိန်တွင် ဖတ်ရမည့်နမားဇ်) ကို ဆောက်တည်ရမည်။ ကဇွာထက်အလျင် အဒါကို ဆောက်တည်လိုက်ပါက အဒါသည် မပိုင်ပေ။ ကဇွာဖတ်ပြီးမှသာလျှင် အဒါနမားဇ်ကို ဖတ်ရမည်ဖြစ်သည်။ အကယ်၍ ကဇွာဖြည့်ရမည်ကို လုံးဝ(လုံးဝ) မေ့လျော့သွားခဲ့ပါမူ အဒါ သည် ပိုင်သွားမည်။ မိမိ၏ကဇွာဖြစ်ခြင်းကို သတိရလိုက်သည့်အခါ ကဇွာကိုသာလျှင် ဖတ်လိုက်ပါ။ အဒါ၏ အချိန်မကုန်သေးပါကလည်း ပြန်ဖတ်ရန်မလိုအပ်ပေ။
(၅) အကယ်၍ အဒါနမားဇ်၏အချိန်သည် အနည်းငယ်မျှသာ ကျန်တော့သည်။ ကဇွာကိုအရင်ဖတ်လိုက်ပါက အဒါအတွက် အချိန်မကျန်နိုင်တော့လျှင် ဦးစွာ အဒါကို ဖတ်လိုက်ပါ။ ပြီးမှ ကဇွာကိုဖတ်ပါ။ (ဤပုံစံသည် အဒါ၏အချိန် အလွန်နည်းပါးနေသည့် အခါမျိုးကို ဆိုလိုသည်။)
(၆) နမားဇ် နှစ်ကြိမ်၊ သုံးကြိမ် (သို့မဟုတ်) လေးကြိမ်မှ ငါးကြိမ်အထိ ကဇွာဖြစ်သွားသည်။ ထိုနမားဇ်များမှအပ ထိုသူ့၏ သက်တမ်းတစ်လျှောက်တွင် မည်သည့်နမားဇ်မျှ ကဇွာမဖြစ်ခဲ့ပေ။ သို့မဟုတ် ကဇွာတော့ဖြစ်ခဲ့သည်။ ယင်းကဇွာအားလုံးကိုလည်း ဖြည့်စွက်ပြီးဖြစ်သည်။ ဤသို့ဆိုလျှင် ထိုသူ့အနေဖြင့် ယခုလွတ်သွားသည့် နမားဇ် (ငါးကြိမ် (သို့) ထို့ထက်နည်းသည့် နမားဇ်) များကို ဦးစွာ ဖြည့်စွက်ပြီးမှသာလျှင် အဒါ နမားဇ်ကို ဆောက်တည်ရမည်။ ယင်းကဇွာကို မဆောက်တည်မီ အဒါဖတ်ခွင့်မရှိပေ။
ယခု လွတ်သွားသည့် နမားဇ်များကို ဤပုံစံဖြင့် ကဇွာပြုပါ။ မိမိလွတ်သွားသည့် နမားဇ်များအနက် အရင်ဆုံးကဇွာဖြစ်သည့် နမားဇ်ကို ဦးစွာဖြည့်စွက်ပါ။ ထို့နောက် ဒုတိယ ကဇွာဖြစ်သည့်နမားဇ်ကို ဝတ်ပြုရမည်။ ဤအတိုင်းအစဉ်လိုက်ဖြင့် ကဇွာအားလုံးကို ဝတ်ပြုပါ။ ဥပမာ "ဖဂျရ်၊ ဇုဟုရ်၊ အဆွရ်၊ မဂ်ရိဗ်၊ အိယှာ" နမားဇ်ငါးကြိမ် ကဇွာဖြစ်သွားသည်။ ကဇွာဖြည့်သည့်အခါ အစဉ်လိုက်အတိုင်း အရင်ဆုံးကဇွာဖြစ်သည့် ဖဂျရ်ကို ဖတ်ပါ။ ပြီးနောက် ဇုဟုရ်၊ အဆွရ်၊ မဂ်ရိဗ်၊ အိယှာ တို့ကို အစဉ်လိုက်ဖြည့်ရမည်။ အကယ်၍ ဖဂျရ်ကဇွာကို မဖတ်ဘဲ ဇုဟုရ်၊ အဆွရ်၏ ကဇွာကို ဖတ်လိုက်ပါက မမှန်တော့ပေ။ အစဉ်လိုက်အတိုင်း အစမှ ပြန်လည်ဖြည့်စွက်ရမည်။
* ဆွာဟေဗေသရ်သီးဗ်ဖြစ်ထားသူသည် နမားဇ် ငါးကြိမ်အထိ ကဇွာဖြစ်လျှင် ယင်း၏ သရ်သီးဗ်သည် မပျက်သေးပေ။ အကယ်၍ နမားဇ် ၆ကြိမ်အထိ ကဇွာဖြစ်သွားလျှင် သရ်သီးဗ်ပျက်သွားပေသည်။ ထိုသူသည် ဆွာဟေဗေသရ်သီးဗ်ကဲ့သို့ ကျင့်မူရန် မလိုအပ်ပေ။
(၇) နမားဇ် ၆ကြိမ်အထိ ကဇွာဖြစ်သွားပါက ထိုနမားဇ်များ၏ ကဇွာကိုမဖတ်ဘဲ အဒါနမားဇ်ကို ဖတ်နိုင်သည်။ နမားဇ် ၆ကြိမ်ကို ကဇွာဖြည့်သည့်အခါတွင်လည်း အစဉ်လိုက်အတိုင်း အရင်ဆုံးကဇွာဖြစ်သည့် နမားဇ်မှ စတင်၍ကဇွာဖတ်ရန် အရေးမကြီးတော့ပေ။ မိမိဖြည့်စွက်လိုသည့် နမားဇ်မှ စတင်၍ ဝတ်ပြုနိုင်ပေသည်။ အစဉ်လိုက်အတိုင်း ဖြည့်စွက်ရန်လည်း ဝါဂျိဗ်မဟုတ်တော့ပေ။
အစဉ်လိုက်အတိုင်း ကဇွာပြုရန် မလိုအပ်သူများနှင့် ဆွာဟေဗေသရ်သီးဗ်မဖြစ်သူများ
(၈) ၂ လ သုံးလ (သို့မဟုတ်) သုံး လေးနှစ်အရင်က လူတစ်ဦးသည် နမားဇ် ခြောက်ကြိမ် (သို့မဟုတ်) ထို့ထက်ပို၍ ကဿွာဖြစ်ခဲ့သည်။ ယခုအထိ ထိုကဿွာများကို မဖတ်ရသေးပေ။ ထိုကာလနောက်ပိုင်းတွင် နမားဇ်ငါးကြိမ်ကို မပျက်မကွက်ဖတ်လျှက်ရှိသည်။ တခါမျှ ကဿွာဖြစ်ခဲ့ခြင်းမရှိပေ။ အတန်ကြာပြီးမှ နမားဇ်တစ်ကြိမ် ကဿွာဖြစ်သွားသော် ထိုပုံစံတွင် ယခုလွတ်သွားသည့် ကဿွာအား မဖတ်သေးဘဲ အဒါနမားဇ်ဖတ်လျှင် ပိုင်ပေသည်။ ထိုသူ့အတွက် အစဉ်လိုက်အတိုင်း ဖတ်နေရန် ဝါဂျိဗ်မဟုတ်ပေ။ (ယခင်၏ ကဿွာများကို မဖြည့်ရသေးသည့်အတွက် ထိုသူသည် ဆွာဟေဗေသသရ်သီးဗ်မဟုတ်ပေ။)
(၉) တစ်ဦးတစ်ယောက်၏ သက်တမ်းတွင် နမားဇ် ခြောက်ကြိမ် (သို့မဟုတ်) ထို့ထက်ပိုသည့် နမားဇ်များ ကဿွာဖြစ်ထားသည်။ ထို့ကြောင့် သရ်သီးဗ် (အစဉ်လိုက်အတိုင်း) ဖတ်ရန် ဝါဂျိဗ်မဟုတ်ပေ။ အကယ်၍ ကဿွာနမားဇ်များကို အနည်းငယ်စီဖတ်ရင်းဖြင့် လွတ်ခဲ့သည့် နမားဇ်အားလုံး၏ ကဿွာကိုဖြည့်ပြီးဖြစ်မည်။ မည်သည့်နမားဇ်မျှ ကဿွာပြုရန်မကျန်တော့ပေ။ ယခုတစ်ဖန် နမားဇ်တစ်ကြိမ်ဖြစ်စေ၊ ငါးကြိမ်ဖြစ်စေ ကဿွာဖြစ်သွားလျှင် သရ်သီးဗ်(အစီအစဉ်)ဖြင့် ဖတ်ရမည်။ ထိုကဿွာငါးကြိမ်ကို မဖတ်သေးဘဲ အဒါနမားဇ်ဖတ်လျှင် မပိုင်ပေ။ သို့သော် တစ်ဖန်ပြန်၍ နမားဇ် ခြောက်ကြိမ် ကဿွာဖြစ်သွားလျှင် သရ်သီးဗ်မရှိတော့ပေ။ ယင်းကဿွာခြောက်ကြိမ်ကို မဖတ်သေးဘဲ အဒါဖတ်လျှင် ပိုင်ပေသည်။
(၁ဝ) လူတစ်ဦးသည် နမားဇ်များစွာ ကဿွာဖြစ်ထားသည်။ ယင်းနမားဇ်များကို အနည်းငယ်စီ ကဿွာဖြည့်ရင်းဖြင့် ယခု နမားဇ် လေးကြိမ်၊ ငါးကြိမ်သာ ဖြည့်ရန်ကျန်တော့သည်။ ယင်းကျန်ရှိနေသည့် လေး၊ ငါးကြိမ်ကို အစဉ်လိုက်ဖြည့်ရန် ဝါဂျိဗ်မဟုတ်ပေ။ မိမိဖြည့်စွက်လိုသည့် နမားဇ်မှ ဆက်လက်ဖတ်သွားနိုင်သည်။ ထိုကဲ့သို့ ကျန်ရှိနေသည့် ကဿွာနမားဇ်ကို မဖတ်မီ ကဒါကိုဦးစွာဖတ်ခွင့်ရှိပေသည်။
ဝိသ်ရ်နမားဇ် ကဿွာဖြစ်ခြင်း
(၁၁) ဝိသ်ရ်နမားဇ် ကဿွာဖြစ်သွားမည်။ ထိုကဿွာဖြစ်သွားသည့် ဝိသ်ရ်မှအပ အခြားမည်သည့်နမားဇ်မျှ ကဿွာဖြစ်ထားခြင်း မရှိလျှင် ဖဂ်ျရ် (အဒါ)မဖတ်မီ ဝိသ်ရ်၏ ကဿွာကို ဦးစွာဖြည့်လိုက်ရမည်။ ဝိသ်ရ်ကဿွာမဖတ်မီ ဖဂျရ်အဒါ ဖတ်ခွင့်မရှိပေ။ ဝိသ်ရ်ကဿွာဖြစ်ထားသည်ကို သတိရှိနေပါလျှက် ဖဂျရ်နမားဇ်ကို အရင်ဖတ်လိုက်ပါကလည်း ဝိသ်ရ်ကဿွာကို ပြန်ဖတ်၍ ပြီးနောက် ဖဂျရ် (အဒါ)နမားဇ်ကို ပြန်လည်ဖတ်ရမည်ဖြစ်သည်။
(၁၂) အိယှာနမားဇ်သာ ဖတ်ပြီး အိပ်လိုက်သည်။ သဟဂ်ျအချိန် ထ၍ ဝုဇူပြုပြီးနောက် သဟဂ်ျဂျုဒ်နှင့် ဝိသ်ရ်နမားဇ်တို့ကို ဖတ်လိုက်သည်။ မနက်ခင်းရောက်မှ သတိရသည်မှာ ညက အိယှာနမားဇ်ကို ဝုဇူမရှိဘဲနှင့် ဖတ်လိုက်ခြင်းဖြစ်သည်။ သို့ဆိုလျှင် ယခု အိယှာ၏ ကဿွာကိုသာ ပြန်ဖတ်လိုက်ရမည်။ ဝိသ်ရ်၏ ကဿွာဖတ်ရန် မလိုအပ်ပေ။
ဖဂျရ်နမားဇ် ၏ ကဿွာ
(၁၃) ဖရ်ဇ်နှင့် ဝိသ်ရ်နမားဇ်များ၏ ကဿွာကိုသာလျှင် ပြန်ဖတ်ရပေသည်။ စွန္နသ်များအတွက် ကဿွာမရှိပေ။ သို့သော် လက်ရှိနေ့၏ ဖဂျရ်နမားဇ်ကဿွာဖြစ်သွားခဲ့ပါက နေမွန်းမတည့်မီ ပြန်ဖတ်လျှင် စွန္နသ်နှင့် ဖရ်ဇ် နှစ်ခုလုံး၏ ကဿွာကို ဖတ်ရမည်ဖြစ်သည်။ အကယ်၍ မွန်းတည့်ပြီးနောက်မှ ကဿွာဖြည့်လျှင် ဖရ်ဇ်နှစ်ရကအသ်၏ ကဿွာကို ဖတ်လိုက်ရပေမည်။
(၁၄) ဖဂ်ျရ်အချိန်မှာ အလွန်နည်းပါးစွာ ကျန်ရှိတော့သည်။ ထို့ကြောင့် ဖရ်ဇ်နှစ်ရကအသ်ကိုသာလျှင် ဖတ်လိုက်သည်။ စွန္နသ်မဖတ်တော့ပေ။ သို့ဆိုလျှင် အကောင်းဆုံးပုံစံမှာ နေထွက်ပြီး ၁၅မိနစ်ခန့်နေပြီးသည့်နောက် စွန္နသ်၏ ကဿွာကို ပြန်ဖတ်လိုက်ပါ။ နေမွန်းမတည့်မီအရင် ဖတ်လိုက်ရန်ဖြစ်ပါသည်။ (လက်ရှိနေ့၏ ဖဂျရ်ကို ဆိုလိုပါသည်။)
ကဿွာကို သောဝ်ဗာပြု၍ ရနိုင်မည်လား ??
နမားဇ်လုံးဝမဖတ်သူသည် နမားဇ်များ လွှတ်ခဲ့ခြင်းအပေါ် သောဝ်ဗာပြုခဲ့ပါကလည်း ထိုသူ့အတွက် သက်တမ်းတလျှောက်လုံး လွှတ်ခဲ့သည့် နမားဇ်များကို ကဿွာဖတ်ရန် ဝါဂျိဗ်ဖြစ်သည်။ သောဝ်ဗာပြုခြင်းကြောင့် ကဿွာများ မအ်ဖ်မဖြစ်သွားပေ။ သို့သော် နမားဇ်မဖတ်ခြင်းကြောင့် ရရှိလိုက်သည့် ဂုနာသည် မာအ်းဖ်ဖြစ်သွားမည်။ ကဿွာမဖတ်ပဲနေပါက (ကဿွာကို အချိန်ဆွဲခြင်း) ဂုနာ၏ ပြစ်ဒဏ်ကို ပြန်ခံရမည်ဖြစ်သည်။
ကဿွာအတွက် ဖိဒ်ယဟ်
နမားဇ်အချို့ ကဿွာဖြစ်သွားသည်။ ယင်းကဿွာကို ဖတ်ရန် အခြေအနေလည်း မရရှိခဲ့ပေ။ သို့ဆိုလျှင် သေဆုံးခါနီးတွင် ဖိဒ်ယဟ်ပေးရန်အတွက် ဝဆွီယသ် (မှာတမ်းမှု) ပြုသွားရန် ဝါဂျိဗ်ဖြစ်ပေသည်။ ဝဆွီယသ်မပြုခဲ့ပါက ဂုနာထိုက်သည်။
နမားဇ်အတွက် ဖိဒ်ယဟ်ပေးနည်း
တစ်ရက်တာအတွက် ဖိဒ်ယာပေးလျှင် နမားဇ် (၆) ကြိမ်အတွက် ပေးရမည်ဖြစ်သည်။ ဖရ်ဇ်နမားဇ် ငါးကြိမ်နှင့် ဝိသ်ရ် ဝါဂျိဗ်တစ်ကြိမ် စုစုပေါင်း နမားဇ် (၆) ကြိမ်ဖြစ်ပေသည်။
နမားဇ်တစ်ကြိမ်အတွက် ဂျုံ ၁.၇၅ ကီလို/ မြန်မာအလေးချိန်ဖြင့် ၁ ပိဿာနှင့် ၁ဝ ကျပ်သား ခန့် ဖြစ်သည်။ ၎င်းအလေးချိန်ဖြင့် ဂျုံ (သို့မဟုတ်) ယင်းအလေးချိန်ဂျုံနှင့် ညီမျှသောအဖိုးအခအား ဖိဒ်ယာအတွက် ပေးရမည်။
(( နမားဇ်တစ်ကြိမ်အတွက် ဂျုံ ၁ ပိဿာနှင့် ၁ဝ ကျပ်သား ဖြစ်လျှင် တစ်နေ့တာ နမားဇ်စုစုပေါင်း ၆ကြိမ်အတွက် ၆ ပိဿာနှင့် ၆ဝ ကျပ်သား (သို့မဟုတ်) ယင်းအလေးချိန်နှင့် ညီမျှသော တန်ဖိုးငွေကို ပေးဆောင်ရမည်ဖြစ်ပေသည်။)
ဗဟစ်ရှ်သီးဇေဝရ်ကျမ်းမှ ဘာသာပြန်ဆိုပါသည် ...။
(အလ်မုဖီးဒ်)
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Tuesday, July 8, 2014

ရိုဇာဟ်နှင့်သက်ဆိုင်သည့် မတ်စ်အလာများနှင့် အမေးအဖြေများ (၁)


ဗိစ်မိလ္လာဟိရ်ရဟ်မားန်နိရ်ရဟီးမ်

(၁) မဆ်အလဟ်
ရိုဇဟ်စောင့်ထိန်းရာ၌ နှုတ်မှပေါ်လွင်ထင်ရှားစွာ နိယသ်ပြုရန် အရေးမကြီးပါ။ စိတ်မှရည်စူးခြင်းဖြင့်ပင် လုံလောက်သည်။ စဟ်ရီစားခြင်းပင်လျှင် နိယသ်ပြုခြင်း၏ကိုယ်စားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စဟ်ရီအားရိုဇာထားရန်ရည်ရွယ်ချက်ဖြင့်သာစားခြင်းကြောင့်ဖြစ်သည်။ သို့သော် စဟ်ရီအချိန်၌ စားတတ်သည့်အကျင့်ရှိသူများ (သို့မဟုတ်) စဟ်ရီစားပြီး ရိုဇာမထားလေ့ရှိသူများအတွက်မူ စဟ်ရီစားခြင်းသည်နိယသ်၏ကိုယ်စားမဖြစ်ပါ။ (အိလ်မုလ်ဖိကဟ်ကျမ်း၊ တွဲ-၃၊စာ-၁၈)

(၂) မဆ်အလဟ် 
ရှရီအသ်တရားတော်တွင် ရိုဇာ၏အချိန်မှာ စုဗ်ဟိဆွာဒစ်က်(အာရုဏ်ဦး) အချိန်မှစတင်သည်။ ထို့ကြောင့် စုဗ်ဟိဆွာဒစ်က်(အာရုဏ်ဦး) အချိန်မရောက်သေးသရွေ့စားသောက်ခြင်းအားလုံးပြုပိုင်သည်။ အချို့ပုဂ္ဂိုလ်များသည် ညဥ့်ဦးယံတွင်ပင် စဟ်ရီစားသောက်ပြီး နိယသ်ပြုပြီးသည့်နောက် စားခြင်းသောက်ခြင်း မပြုပိုင်တော့ဟု ယူဆကြသည်။ ဤသို့ထင်မြင်ယူဆခြင်းမှား၏။ စုဗ်ဟိဆွာဒစ်က် (အာရုဏ်ဦး) အချိန်မရောက်သရွေ့ နိယသ်ပြုပြီးသည်ဖြစ်စေ မပြုရသေးသည်ဖြစ်စေ စားခြင်းသောက်ခြင်းပိုင်သည်။(ဘဟရှ်သီဇေဝရ်ကျမ်း၊ တွဲ-၃၊စာ-၃)

(၃) မဆ်အလဟ်
စဟ်ရီစားခြင်းစွန္နသ်ဖြစ်သည်။ မဆာလျှင်လည်း အနည်းဆုံးစွန်ပလွန်သီး စသောသစ်သီးဝလံများ(သို့မဟုတ်) အခြားစားသောက်ဖွယ်ရာတစ်ခုခုအား အနည်းငယ်စားသောက်လိုက်ရမည်။ စားရန် မည်သည့်အရာမျှမရှိလျှင်လည်း ရေသောက်လိုက်ပါ။ စဟ်ရီမစားဘဲ ထ၍ ကွမ်းယာစားလိုက်လျှင်လည်း စဟ်ရီစားခြင်း၏အကျိုးကုသိုလ် ရရှိမည်။(ဘဟရှ်ဇေဝရ်တွဲကျမ်း၊ တွဲ-၃၊စာ-၁၄)(ဘေဒါယဟ်ကျမ်း၊ တွဲ-၁၊ စာ-၂၀၅)

(၄) ဓမ္မသတ် အမေး/အဖြေ
အမေး။ အချို့သူတို့သည် စဟ်ရီအချိန်ကိုမသိကြဘဲ အဇာန်ဆိုသံမကြားရမချင်း စားသောက်နေတတ်ကြ၏။ ထိုသို့ပြုခြင်းမည်သို့ပါနည်း။


အဖြေ။ စုဗ်ဟိဆွာဒစ်က်(အာရုဏ်ဦး) အချိန်လွန်သွားလျှင်(စဟ်ရီချိန်ကုန်ဆုံးသွားလျှင်)အဇာန်ဆိုသည်ဖြစ်စေ၊ မဆိုရသေးသည်ဖြစ်စေ စားခြင်းသောက်ခြင်းမပိုင်တော့ပါ။ အထူးသတိထားရန် လိုအပ်ပါသည်။ (ဖသာဝါဒါရုလ်အုလူးမ်ကျမ်း၊တွဲ-၆၊ စာ-၃၄၅)

(၅) ဓမ္မသတ် အမေး/အဖြေ
အမေး။ အဇာန်ဆိုလိုက်သည်နှင့် စဟ်ရီစားခြင်းအားစွန့်လွှတ်လိုက်သော်လည်း ပါးစပ်တွင်း၌ရှိနေသော ထမင်းလုပ်ကိုမျိုချပြီး ရေသောက်လိုက်လျှင် ၎င်း၏ရိုဇဟ်ပိုင်ပါသလား။ 

အဖြေ။ စဟ်ရီချိန်ကုန်ဆုံးပြီးမှ အဇာန်ဆိုကြောင်းယူဆချက်များလျှင် ရိုဇာပိုင်မည်မဟုတ်ပါ။ (စဟ်ရီချိန်ကုန်ဆုံးပြီးမှ အဇာန်ဆိုခြင်းဟုတ်/ မဟုတ်) သံသယဖြစ်လျှင် ထိုအချိန်၌စားခြင်းသောက်ခြင်း မက္ကရူဟ်ဖြစ်သည်။ ရိုဇာပိုင်သွားမည်။ (အများအားဖြင့် စဟ်ရီချိန်ကုန်ဆုံးပြီးမှ အဇာန်ဆိုလေ့ရှိသည်ကို အထူးသတိပြုအပ်သည်။) (အဟ်စနုလ်ဖသာဝါပါကျမ်း၊တွဲ-၄၊ စာ-၄၃၂)

(၆) မဆ်အလဟ်
လူတစ်ဦးသည် အိပ်ရာမှနိုးထလာပြီး စဟ်ရီစားရန်အချိန်ကျန်ရှိသေးသည်အထင်နှင့် စဟ်ရီစားလိုက်၏။ ပြီးမှ စဟ်ရီအချိန်ကုန်သွားခဲ့ကြောင်း သိရှိရလျှင် ၎င်း၏ရိုဇာအထမမြောက်ပါ။ ကဇွာစောင့်ရမည်။ ကဖွာရဟ်ဝါဂျစ်မဖြစ်ပါ။ သို့ရာတွင် ရိုဇဟ်မရသည့်တိုင် နေဝင်ချိန်ထိ ရိုဇာစောင့်သူများကဲ့သို့ မစားမသောက်ဘဲနေရမည်။
နေဝင်သွားပြီအထင်နှင့်ဝါဖြေလိုက်ရာ ပြီးမှပြန်လည်၍နေထွက်လာလျှင် (ဝါဖြေချိန်ကျပြီအထင်နှင့်ဝါဖြေလိုက်ရာ ပြီးမှအချိန်မကျသေးကြောင်းသိရလျှင်) ၎င်း၏ရိုဇာပျက်၏။ ကဇွာစောင့်ရမည်။ ကဖွာရဟ်ဝါဂျစ်ဗ်ဖြစ်ပါ။ ပြန်လည်နေမဝင်သရွေ့စားခြင်းသောက်ခြင်းမပိုင်ပါ။ (ဘဟရှ်ဇေဝရ်တွဲကျမ်း၊တွဲ-၃ စာ-၁၄) (ဘေဒါယဟ်ကျမ်း၊တွဲ-၁၊ စာ-၂၀၅)

(၇) ဓမ္မသတ် အမေး/အဖြေ 
အမေး။ စဟ်ရီမစားဘဲရိုဇဟ်စောင့်ပိုင်ပါသလား။ 

အဖြေ။ ရိုဇဟ်အတွက် စဟ်ရီစားခြင်းမုစ်သဟဗ်ဖြစ်သည့်အတွက် စဟ်ရီမစားလျှင်လည်း ရိုဇာအထမြောက်သည်။ (ဖသာဝါဒါရုလ်အုလူးမ်ကျမ်း၊တွဲ-၆၊ စာ၄၉၆)
စဟ်ရီစားရန်မနိုးဘဲ အချိန်ကုန်သွားလျှင်စဟ်ရီမစားဘဲရိုဇာထားရမည်။ စဟ်ရီလွတ်သွား၍ ရိုဇာလွှတ်လျှင် သတ္တိမဲ့သူဖြစ်၏။ ကြီးလေးသောအပြစ်ထိုက်မည်။ (ဘဟရှ်ဇေဝရ်တွဲကျမ်း၊တွဲ-၃ စာ-၁၄)

(၈) ဓမ္မသတ် အမေး/အဖြေ
အမေး။ ရမဇာန်လမြတ်တွင် စဟ်ရီစားပြီးနောက် မိမိဇနီးနှင့်ပေါင်းသင်းဆက်ဆံနိုင်ပါသလား။ ဆက်ဆံပြီးနောက် ရေချိုးရန်အချိန်သည် မည်သည့်အချိန်အထိဖြစ်ပါသနည်း။ 

ဖြေ။ ရမဇာန်လမြတ်၌ စဟ်ရီစားပြီးနောက် စုဗ်ဟိဆွာဒစ်က်(အာရုဏ်ဦး)အချိန်မရောက်သေးလျှင် (စဟ်ရီချိန်မကုန်ဆုံးသေးလျှင်) မိမိဇနီးနှင့်ပေါင်းသင်းဆက်ဆံနိုင်သည်။ သို့သော် စဟ်ရီချိန်မကုန်ဆုံးမီဆက်ဆံမှုပြီးရမည်။ စဟ်ရီချိန်ကျော်လွန်ပြီးမှ ရေချိုးလျှင်လည်းအကြောင်းမဟုတ်။ ရိုဇဟ်ကိုလည်းမထိခိုက်ပါ။ (ဖသာဝါဒါရုလ်အုလူးမ်ကျမ်း၊တွဲ-၆၊ စာ၄၉၆) (ဘဟဝါလာရေမိရှ်ကားသ်ကျမ်း၊ စာ-၁၇၄)

(၉) ဓမ္မသတ် အမေး/အဖြေ
အမေး။ ရမဇာန်လမြတ်၌ စဟ်ရီစားပြီးသည့်နောက် ဖဂျရ်အချိန်၌ပြန်နိုးမည်ကို သံသယရှိလျှင် ဖဂျရ်၏ပထမအချိန်မှာပင် နမာဇ်ဝတ်ပြုလိုက်လျှင်ပိုင်ပါသလား။ ထိုအချိန်၌ပင် အဇာန်ဆိုပြီး ဂျမာအသ်ဖြင့်ဝတ်ပြုလိုက်ခြင်း မည်သို့ပါနည်း။


အဖြေ။ ရမဇာန်လမြတ်၌ စဟ်ရီစားပြီး ဖဂျရ်အချိန်ဝင်သည်နှင့် ဂျမာအသ်လည်း များပြားစွာရှိနေလျှင် ပုံမှန်အချိန်ကိုစောင့်ဆိုင်းခြင်းဖြင့် ဂျမာအသ်လွတ်နိုင်လျှင်(သို့မဟုတ်) ကဇွာဖြစ်သွားမည်ကို စိုးရိမ်ရလျှင်ဖဂျရ်၏ပထမအချိန်မှာပင် ဂျမာအသ်ဖြင့်ဝတ်ပြုခြင်းအကောင်းဆုံးဖြစ်သည်။ (ဖသာဝါမဟ်မူဒီယဟ်ကျမ်း၊ တွဲ-၁၊ စာ-၁၆၂)

(၁ဝ) မဆ်အလဟ် 
လူတစ်ဦးသည် ရိုဇာထားလျက်နှင့် မေ့လျော့ပြီးစားသောက်မိလျှင်(သို့မဟုတ်)မိမိဇနီးသည်နှင့် ဆက်ဆံမှုပြုမိလျှင် ရိုဇာမပျက်ပါ။ မေ့လျော့၍ ဗိုက်အပြည့်စားသောက်မိသည်ဖြစ်စေ၊ အကြိမ်ကြိမ်စားသောက်မိသည်ဖြစ်စေ၊ ရိုဇာမပျက်ပါ။ (ဘဟရှ်ဇေဝရ်တွဲကျမ်း၊တွဲ-၃ စာ-၁၄) (ဘဟဝါလာရေကူဒူရီကျမ်း၊ စာ-၄၅)

(၁၁) မဆ်အလဟ်
ရိုဇာထားနေစဉ် မျက်စိ၌စုရ်မဟ်တားခြင်း၊ ဦးခေါင်းတွင် ဆီလိမ်းခြင်း။ အမွှေးအကြိုင်များသုတ်လိမ်း၍ ရှုခြင်းများ ပြုပိုင်သည်။ ရိုဇာအားမထိခိုက်ပါ။ အကယ်၍ စုရ်မဟ်ထည့်ပြီးနောက် တံတွေး(သို့မဟုတ်)နှပ်ချေးထဲ၌ စုရ်မဟ်၏အရောင်အဆင်းများသက်ရောက်လျှင်လည်းရိုဇာမပျက်ပါ။ မက္ကရူဟ်ပင်မဖြစ်ပါ။ (ဘဟရှ်ဇေဝရ်တွဲကျမ်း၊တွဲ-၃ စာ-၁၀) (ဘဟဝါလာရေကူဒူရီကျမ်း၊ စာ-၄၅)

(၁၂) မဆ်အလဟ်
အိပ်ပျော်နေစဉ် "အိဟ်သိလာမ်" (အိပ်မက်မက်၍သုက်ရည်ထွက်သွားခြင်း) ဖြစ်ပြီး ရေမချိုးဘဲရိုဇဟ်ထားလိုက်လျှင်လည်း ရိုဇဟ်မပျက်ပါ။ (အိလ်မုလ်ဖိကဟ်ကျမ်း၊ တွဲ-၃၊ စာ-၃၁)

(၁၃) မဆ်အလဟ်
အမွှေးအကြိုင်များနှင့် နှင်းဆီစသောပန်းများ၏ အနံ့ကိုရှုရှိုက်ခြင်း၊ ကိုယ်မသန့်သည့်အခြေအနေဖြင့် တစ်နေ့လုံးရေမချိုးဘဲနေခြင်းဖြင့် ရိုဇဟ်မပျက်ပါ။ (တစ်နေ့လုံးရေမချိုးဘဲနေခြင်းကြောင့် နမာဇ်ပျက်ကွက်ခြင်းအပေါ် သီးခြားအပြစ်ထိုက်မည်) (ကိသာဘုလ်ဖိကဟ်ကျမ်း၊ တွဲ-၁၊ စာ-၉၁၉)

(၁၄) ဓမ္မသတ် အမေး/အဖြေ
အမေး။ ရိုဇဟ်ထားလျက်ရှိနေစဉ် နှာခေါင်းသွေးလျှံရာ၌ တံတွေး၌ပင်သွေးများတွေ့ရှိနေရပါက ရိုဇဟ်ပျက်သွားပါသလား။

အဖြေ။ ဝမ်းဗိုက်အတွင်းသို့ သွေးများမရောက်သရွေ့ရိုဇဟ်ကိုမည်သို့မျှမထိခိုက်ပါ။ (ဖသာဝါဒါရုလ်အုလူးမ်ကျမ်း၊တွဲ-၆၊ စာ-၄၀၆)

(၁၅) မဆ်အလဟ်
နားအတွင်းသို့ အလိုအလျောက် (သို့မဟုတ်) တမင်သက်သက်ရေဝင်စေခြင်းဖြင့် ရိုဇဟ်မပျက်ပါ။ နားအတွင်း၌ဆီထည့်လိုက်လျှင်မူ ဆီသည်ဝမ်းဗိုက်အတွင်းသို့ရောက်သွားပါက ရိုဇဟ်ပျက်သည်။ (အိလ်မုလ်ဖိကဟ်ကျမ်း၊ တွဲ-၃၊ စာ-၃၂)

(၁၆) မဆ်အလဟ်
ခန္ဓာကိုယ်၌လိမ်းသောဆီသည် ခန္ဓာကိုယ်အတွင်းသို့ ချွေးထွက်ပေါက်များမှ ဝင်ရောက်သွားသည့်အတွက် ရိုဇဟ်မပျက်ပါ။ အလားတူ ရေချိုးခြင်းဖြင့် ချမ်းအေးမှုဖြစ်ပေါ်လာလျှင်လည်း ရိုဇဟ်မပျက်ပါ။ ထိုနည်းတူ မျက်စိအတွင်း၌ ဆေးထည့်ခြင်းဖြင့် ၎င်းဆေး၏အရသာသည် လည်ချောင်း၌ သက်ရောက်စူးရှမှုရှိလျှင်လည်း ရိုဇဟ်မပျက်ပါ။ (ဖသာဝါအာလမ်ဂီရီကျမ်း၊ တွဲ-၂၊ စာ-၁၈)

(၁၇) မဆ်အလဟ်
ပလုတ်ကျင်းပြီးသည့်အခါ ပါးစပ်အတွင်း ရေစိုဓာတ်များကျန်ရစ်ခဲ့ရာ ၎င်းရေကိုမျိုချခြင်းဖြင့် ရိုဇဟ်မပျက်ပါ။ သို့သော် စည်းကမ်းချက်မှာ ပလုတ်ကျင်းပြီးနောက် တစ်ကြိမ်နှစ်ကြိမ် တံတွေးထွေး၍ ထုတ်ပစ်လိုက်ရမည်။ ထိုသို့ထွေးထုတ်လိုက်ခြင်းဖြင့် ပါးစပ်အတွင်းရှိ ရေများမကျန်ရှိတော့ဘဲ စွတ်စိုမှုသာကျန်ရှိနေမည်ဖြစ်ရာ ဤမပြောပလောက်သော စွတ်စိုမှုဖြင့် မည်သို့မျှမထိခိုက်ပါ။ (အိလ်မုလ်ဖိကဟ်ကျမ်း၊ တွဲ-၃၊ စာ-၃၂)

(၁၈) မဆ်အလဟ်
ရိုဇဟ်ထားနေစဉ် နှာခေါင်းအတွင်းမှ နှာရည်အား ရှိုက်ပြီးစုပ်ယူမိရာ လည်ချောင်းသို့တိုင်ရောက်ရှိ သွားလျှင်လည်း ရိုဇဟ်မပျက်ပါ။ ထို့အတူ ပါးစပ်အတွင်းမှ အာရည်နှင့်တံတွေးအား မျိုချခြင်းဖြင့်လည်း ရိုဇဟ်မပျက်ပါ။ (ဘဟရှ်ဇေဝရ်တွဲကျမ်း၊တွဲ-၃ စာ-၁၂) (အာလမ်ဂီရီကျမ်း၊ တွဲ-၁၊ စာ-၂၇၈)

(၁၉) မဆ်အလဟ်
ရိုဇဟ်ရှိနေခိုက်၌ တံတွေးနှင့်အာရည်ကို မျိုချခြင်း (သို့မဟုတ်) သွားကြား၌ ညှပ်လျက်ကျန်နေခဲ့သော အစာကို မျိုချလိုက်ခြင်းဖြင့် ရိုဇဟ် ထိခိုက်မှုမရှိပါ။ သိလျက်နှင့်တမင်လုပ်လျှင်လည်း ရိုဇဟ်ပိုင်သည်။
** သို့ရာတွင် ညှပ်လျက်ကျန်နေခဲ့သော ယင်းအစာမှာ များပြားသည်ဟု ဆိုနိုင်လျှင် ရည်ရွယ်လျှက်ဖြစ်စေ (သို့မဟုတ်) မရည်ရွယ်ဘဲ မျိုချသည်ဖြစ်စေ ရိုဇဟ်ပျက်သွားမည်။ (ကိသာဘုလ်ဖိကဟ်ကျမ်း၊ တွဲ-၁၊ စာ-၉၂၀)

(၂ဝ) မဆ်အလဟ်
သွားကြားတွင် အသားမှအကြောစကလေးများ စသည်တို့ ညှပ်နေတတ်ရာ ၎င်းအားရှင်းသွားစေရန် သွားကြားထိုး၍ ထုတ်လိုက်သည့်အခါ ၎င်းအကြောစများအား အပြင်သို့မထုတ်မိဘဲ မတော်တဆ အလိုအလျောက် လည်ချောင်းတွင်းသို့ ဝင်ရောက်သွားလျှင် ဝင်သွားသော အသားစ၏ ပမာဏကို ကြည့်ရမည်။ ကုလားပဲလုံးထက် ငယ်ပါကရိုဇဟ်မပျက်ပါ။ ကုလားပဲလုံး(သို့မဟုတ်) ထို့ထက်ကြီးပါကရိုဇာ ပျက်သွားသည်။ သို့သော် သွားကြားမှအစာအား ပါးစပ်အပြင်သို့ ထုတ်ပြီးမှ ပြန်ထည့်၍ မျိုချခြင်းဖြစ်မူ ကုလားပဲလုံးခန့် ရှိသည်ဖြစ်စေ ထို့ထက်ပင် သေးငယ်သည်ဖြစ်စေ ရိုဇဟ်ပျက်သွားသည်။ (ဘဟရှ်ဇေဝရ်တွဲကျမ်း၊တွဲ-၃ စာ-၁၁) (ဘဟဝါလာရေအာလမ်ဂီရီ၊ တွဲ-၁ စာ-၂၀၈)

(၂၁) မဆ်အလဟ်
(ရိုဇဟ်ရှိစဉ်) မီးသွေးခဲအားဝါး၍ သွားတိုက်ခြင်း၊ သွားတိုက်ဆေးဖြင့် သွားတိုက်ခြင်း မက္ကရူဖြစ်သည်။ ထိုအရာများ လည်ချောင်းတွင်းသို့ ဝင်ရောက်သွားပါက ရိုဇာပျက်သွားသည်။ မိစ်ဝါးက် (တံပူ) ဖြင့် သွားတိုက်ရာတွင် မိစ်ဝါးက်ဆိုနေသည်ဖြစ်စေ၊ ခြောက်နေသည်ဖြစ်စေပိုင်သည်။ မိစ်ဝါးက်သည် တမာရိုးဖြစ်လျှင် ၎င်း၏ခါးသက်သော အရသာသည် ပါးစပ်တွင်း သက်ရောက်ပါကလည်း မက္ကရူမဖြစ်ပါ။ (ဘဟရှ်ဇေဝရ်တွဲကျမ်း၊တွဲ-၃ စာ-၁၃) (မရာကိရလ်ဖလာဟ်၊ စာ-၂၁၀)

(၂၂) မဆ်အလဟ်
အလိုအလျောက် အော့အန်ရာ၌ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ရိုဇဟ်မပျက်ပါ။ သို့ရာတွင် အန်အောင် တမင်လုပ်ခြင်းဖြစ်လျှင် ပါးစပ်အပြည့်အန်ပါက ရိုဇဟ်ပျက်မည်။ ထို့ထက်နည်းလျှင် ရိုဇဟ်မပျက်ပါ။ အလားတူ အနည်းငယ်မျှသာ အန်ပြီး အလိုအလျောက် လည်ချောင်းအတွင်းသို့ ပြန်ဝင်သွားလျှင်လည်း ရိုဇဟ်မပျက်ပါ။ သို့ရာတွင် တမင်မျိုချလိုက်လျှင်ကား ရိုဇဟ်ပျက်သွားမည်။ (ဘဟရှ်ဇေဝရ်တွဲကျမ်း၊တွဲ-၃ စာ-၁၂) (ဘဟဝါလာရေဖသာဝါ ဟင်ဒီယာကျမ်း၊ တွဲ-၁၊ စာ-၂၀၂)

(၂၃) မဆ်အလဟ်
မြင်ရုံဖြင့် (သို့မဟုတ်) တွေးတောမိခြင်းဖြင့် မနီ (သုတ်ရည်) ထွက်ခြင်းဖြစ်လျှင် ရိုဇဟ်မပျက်ပါ။ အိဟ်သိလာမ် (အိပ်မက်မက်၍ သုတ်ရည်ထွက်ခြင်း) ကြောင့် ရိုဇဟ်မပျက်ပါ။ (ကူဒူရီကျမ်း၊ စာ-၄၅)

(၂၄) ဓမ္မသတ် အမေး/အဖြေ
အမေး။ ရမ်ဇာန်လ၌ ရေချိုးရန်တာဝန်ထိုက်သူသည် စဟ်ရီချိန်ကုန်ဆုံးပြီးမှ ရေချိုးလျှင် ရိုဇာကိုထိခိုက်ပါသလား။
အဖြေ။ ရိုဇာကို မည်သို့မျှ ထိခိုက်မှုမဖြစ်ပါ။ (ဖသာဝါဒါရုလ်အုလူးမ်ကျမ်း၊တွဲ-၆၊ စာ-၄၁၄) (ဒုရ်ရေမုခ်သားရ်ကျမ်း၊တွဲ-၂၊စာ- ၁၃၈)

(၂၅) မဆ်အလဟ်
မြက်ခြောက်စသည့် သေးငယ်သည့်အရာများအား နားအတွင်းသို့ထည့်ခြင်းဖြင့် ရိုဇဟ်ပျက်သွားမည်။ အဘယ်ကြောင့်ဆိုသော် နား၏အတွင်းပိုင်းသည် တရားတော်အရ ဝမ်းဗိုက်၏အမိန့်တွင် ပါဝင်သောကြောင့်ဖြစ်သည်။ (ကိသာဘုလ်ဖိကဟ်ကျမ်း၊ တွဲ-၁၊ စာ-၉၂၂)

** မှတ်ချက်။ ဤအမိန့်သည် နား၏အတွင်းပိုင်းနှင့် သက်ဆိုင်သော အမိန့်ဖြစ်သည်။ နားအယားဖြေခြင်း၊ နားကြပ်ခြင်းတို့မှာ နား၏အပြင်ပိုင်းတွင်သာ ပြုလုပ်ကြသည်ဖြစ်ရာ ဤသည်နှင့်ပတ်သက်၍ မဇွာဟစ်ရ်ဟတ်က်ဂျဒီးဒ်ကျမ်း၌ အောက်ပါမဆ်အလဟ် ဖော်ပြထားသည်။
**မျက်ခြောက်(သို့မဟုတ်) သေးငယ်သောအရာများဖြင့် နားကြပ်ရာ၌ ထိုအရာပေါ်တွင် နားအတွင်းမှ အညစ်အကြေး (နားဖာချေး) များပေကျံနေလျှင်လည်း ရိုဇဟ်မပျက်ပါ။ ထပ်မံ၍ အကြိမ်ကြိမ်ပြုလုပ်လျှင်လည်း ရိုဇဟ်မပျက်ပါ။ (မဇွာဟေရေဟပ်က်ဂျဒီးဒ်ကျမ်း၊ တွဲ-၂၊ စာ-၁၇)

ရမဇာန်လမြတ်အထူးထုတ် အလ်မီဇားန်စာစောင်မှ ပြန်လည်ကောက်နှုတ်တင်ပြပါသည်။
(အလ်မုဖီးဒ်)
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Thursday, January 30, 2014

ရက်ပေါင်း (၄၀) တိတိ နမာဇ်အစကိုမှီသူအား လက်မှတ်နှစ်ခု ပေးအပ်ခြင်းအကြောင်း

အနတ်စ်ဗင်န်မာလစ်က် (ရသွေ့) သခင်ကဆင့်ပြန်ခဲ့သည်၊ ရစူလွလ္လာဟ် (ဆွ) ကိုယ်တော်ကမိန့်တော်မူသည်မှာ အကြင်သူရက်ပေါင်း (၄၀) တစ်စိတ်တစ်လက်(အိခ်လားစ်)ဖြင့် နမာဇ်ဝတ်ပြုရာ၌ သပ်က်ဗီရ်အူလာ(နမားဇ်၏ ပထမဦးဆုံးသပ်က်ဗီရ်) မှီလျှင် ထိုသူသည် လက်မှတ် နှစ်ခု ရပေသည်။ ပထမလက်မှတ်ကား ဂျဟန္နမ်ငရဲဘုံမှ လွတ်ကင်းသောလက်မှတ်ဖြစ်၍ ဒုတိယလက်မှတ်ကား မိုနာဖိက် (အရေခြုံ)မဟုတ်သော လက်မှတ်ဖြစ်ပေသည်။
(သိရ်မီဇီကျမ်း)

သပ်က်ဗီရ်အူလာသည် အေမာမ်ရှေ့ဆောင်ဆရာက နမာဇ်စတင်သောအခါ အလ္လာဟ်ဟို့အပ်က်ဗရ် ဟုဆို၍ လက်နှစ်ဖက်ကို နားအထိမြှောက်ခြင်း ဖြစ်ပေသည်။ ထိုသို့ ရက်ပေါင်း(၄၀)နမားဇ် အစမှီသူသည် ဂျဟန္နမ်ငရဲဘုံမှ လွတ်ကင်းသူဖြစ်သည်။ မိုနာဖိက်(အရေခြုံ) သည်ကား မိမိကိုယ်ကိုမွတ်စလင်ဟုဆို၍ စိတ်တွင်းဝယ် ကွဖ်ရ် မွေးမြူသူကို ဆိုပေသည်။

ရက်ပေါင်း (၄၀)ဟု သတ်မှတ်ခြင်းမှာ ပြောင်းလွဲသော အရာဝတ္ထုများသည် ရက်ပေါင်း (၄၀)ရှိပေသည်၊ လူသားသန္ဓေတည်ရာ၌ ရက်ပေါင်း (၄၀)မှာ ပြောင်းလွဲပေသည်၊ ကာလလရေကြည် ရက်ပေါင်း (၄၀)။ အသားတုံး ရက်ပေါင်း (၄၀)ထိုသို့ပင် ရက်ပေါင်း (၄၀)တွင် တစ်မျိုးပြီးတစ်မျိုး ပြောင်းလွဲသည်ဟု (ဟဒီးစ်) တော်မြတ်တွင် လာရှိပေသည်။

ဂျမာအတ် လွတ်သော်လည်း ဗလီသို့သွားရောက်က ဂျမာအသ် အကျိုးရခြင်းအကြောင်း
အဘူဟူရိုင်ရဟ် သခင်က ဆင့်ပြန်ခဲ့သည်၊ ရစူလွလ္လာဟ် (ဆွ) ကိုယ်တော်က မိန့်တော်မူသည်မှာ- အကြင်သူသေချာကျနစွာ ဝိုသူရေသန့်စင်၍ ဗလီဝတ်ကျောင်းတော်သို့ ရောက်သောအခါ ဂျမာအတ်ပြီးသွား ကြောင်းသိရမူလည်း ထိုသူသည် ဂျမာအသ်၏အကျိုးဆဝါဗ် ရပေသည်၊ ဂျမာအသ်ဖြင့် ဝတ်ပြုသော သူများထက်ဆဝါဗ်မလျှော့ဘဲ တန်းတူရပေသည်။
(အဘူဒါဝူးဒ် ၊နေစာအီ၊ ဟာကင်းမ်ကျမ်း။)

ဂျမာအသ်ဖြင့် ဝတ်ပြုရန် ဆန္ဒထား၍ ဗလီဝတ်ကျောင်းတော်သို့ သွားသည့်အတွက် ဂျမာအသ် မရငြားလည်း ဂျမာအသ် ၏ အကျိုး ဆဝါဗ် ကို အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူပေသည်၊ ထိုသို့ အလ္လာဟ်အရှင်မြတ်သည် အဖက်ဖက်မှ ကျွန်ုပ်တို့အတွက် ဆဝါဗ်ရစေရန် လမ်းညွှန်ခင်းပေးထားပါလျက် ပေါ့လျော့သူများအတွက် ဝမ်းနည်းမိပေသည်။

နမားဇ်ဝတ်ပြုရာတွင် လူများခြင်းဖြင့်ဆဝါးဗ်ပိုခြင်းအကြောင်း

ရစူလွလ္လာဟ်(ဆွ)ကိုယ်တော်က မိန့်တော်မူသည်မှာ လူနှစ်ယောက်တွင် တစ်ယောက်က အေမာမ်လုပ်၍ တစ်ယောက်က မွတ်က်သဒီအဖြစ်နှင့် နမားဇ် ဝတ်ပြုလျင် အလ္လာဟ်အရှင်မြတ်က လူလေးဦး တစ်ကိုယ်ချင်း ဝတ်ပြုသည်ထက် နှစ်သက်တော်မူပေသည်။ လူလေးဦး ဂျမာအသ်ကို (၈) ဦး တစ်ကိုယ်ချင်း ဝတ်ပြုသည်ထက်ပို၍ နှစ်သက်တော်မူသည်။ လူ(၈)ဦး ဂျမာအသ်ကို လူပေါင်း (၁၀၀) တစ်ကိုယ်ချင်းဝတ်ပြုသည်ထက် နှစ်သက်တော်မူသည်၊ ဂျမာအသ်တွင် လူများလေလေ၊ အလ္လာဟ်အရှင်မြတ် ပို၍ နှစ်သက်လေလေဖြစ်ပေသည်။
(ဗဇ်ဇာရ်ကျမ်းနှင့်တွာဗ်ရာနီကျမ်း)

အချို့သူတို့သည် အိမ်၌သော်၎င်း၊ ဆိုင်၌သော်၎င်း၊ (၂) ဦး၊ (၃)ဦး ဂျမာအသ် ပြု၍ ဝတ်ပြုလျှင်လုံလောက်သည်ဟု ထင်ကြပေသည်။ ထိုသို့ဝတ်ပြုခြင်းတွင် ဗလီဝတ်ကျောင်းတော်၏ သီးခြားသောအကျိုး ဆဝါဗ် မရရှိပေ။ ဂျမာအသ် များသောကြောင့် ပို၍ ရမည်ဖြစ်သော အကျိုး ဆဝါဗ်လည်း မရရှိပေ။

ဟဒီးစ် သြဝါဒ တော်တစ်ရပ်လာရှိသည်မှာ အလ္လာဟ်အရှင်မြတ်သည် သုံးမျိုးသောသူကိုမြင်၍၊ နှစ်သက် ပျော်ရွှင်တော်မူလေသည်။

၁။ ဂျမာအသ်၏ အတန်းများကို မြင်တော်မူ၍။

၂။ ညဥ့်ဝက်လောက်တွင် တဟဂျွဒ် နမာဇ်ဝတ်ပြုနေသူကို မြင်တော်မူ၍။

၃။ ကာဖီရ်များနှင့် စစ်ထိုးနေသူကို မြင်တော်မူ၍။

(ဂျာမေ့အစ်ွဂီးရ်ကျမ်း)
Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် အလ်မုဖီးဒ် ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Sunday, December 1, 2013

အမျိုးသမီးများ နမားဇ် ၀တ်ပြုရာတွင် သတိပြုရမည့်အချက်များ

ဗိစ်မိလ္လာဟိရ်ရဟ်မာန်းနိရ်ရဟီးမ်
***********************
အမျိုးသမီးများအနေဖြင့် နမားဇ်အတွင်း မိမိ ၀တ်ဆင်ထားသည့် ပုဝါကို ပုံစံကြအောင်ပြုပြင်ခြင်း၊ အချို့သည် နမားဇ်ဝတ်ပြုသည့်အခါ ပတ်သည့်ပုဝါကို အသုံးပြုကြသည်။ ထိုပတ်ထားသည့် ပုဝါကို နမားဇ်အတွင်း၌ ပြင်၍ ပတ်ခြင်း၊ ၀တ်ဆင်ထားသည့် ထမီကို ပြင်ဝတ်ခြင်း၊ ဤအချက်များကို ပြုလုပ်ပါက နမားဇ် ပျက်သည်။ နမားဇ်ဝတ်ပြုရန်အတွက် ပုဝါဆောင်းရာတွင် အလွန်ပါးလွှားသည့် ပုဝါမျိုး မဖြစ်ရပေ။ ထူထဲသည့် ပုဝါဖြစ်ရမည်။ ပုဝါဆောင်းသည့်အခါ လည်ပင်းနေရာတွင် 'ဟ'မနေရပေ
(လည်ပင်းမပေါ်နေရပေ။) လည်ပင်းပေါ်နေပါက နမားဇ်မပိုင်ပါ။ နမားဇ်ဝတ်ပြုရာတွင် အတွင်းမှဝတ်ဆင်ထားသည့် အ၀တ်သည် အလယ်အလတ်တန်းစားရှိသော အ၀တ်ဖြစ်ရမည်။ တတ်နိုင်ပါက အကောင်းဆုံးသော အ၀တ်အစားဖြင့် နမားဇ် ၀တ်ပြု ရမည်။ အပြင်သို့သွားလျှင်ပင် မ၀တ်သည့် အလွန်ဟောင်းနွမ်း စုတ်ပြတ်နေသည့် အ၀တ်မျိုးဖြင့် နမားဇ်ဝတ်ပြုပါက မက္ကရူဟ်ထိုက်၏။ အမျိုးသမီးများအနေဖြင့် နမားဇ်ဝတ်ပြုသည့်အခါ အောက်ပိုင်းတွင် ၀တ်ဆင်ထားသည့်အ၀တ်သည် ပွ၍ ထူထဲသော အမျိုးအစားထဲမှ ဖြစ်ရမည်။ စတောကင်၊ ဂျင်းဘောင်းဘီအကျပ်၊ ဆွဲသားဘောင်းဘီအကျပ်၊ ခြေသလုံးသားများကို မြင်နိုင်လောက်အောင် ပါးလွှာသည့် စကပ်၊ ထမီ၊ ဂါဝန်၊ ခန္ဓာကိုယ်ကို အတိုင်းသားမြင်နိုင်လောက်အောင် ပါးလွှာ၊ တင်းကြပ်သည့် အ၀တ်အစားများဝတ်၍ နမားဇ်ဖတ်ခြင်း မပိုင်ပါ။ ယင်းကဲ့သို့ အ၀တ်များကို ၀တ်ဆင်ထားပြီး အပေါ်မှ ထပ်၍ ဘုရ်ကအ်(သို့) အခြား ထူထဲသော အ၀တ်ကို ၀တ်ဆင်ပြီးဖတ်မှသာလျှင် နမားဇ် ပိုင်မည်ဖြစ်သည်။ အထက်တွင်ဖေါ်ပြထားသည့် အ၀တ်များကို ၀တ်ဆင်ပြီး ဘုရ်ကအ်မပါပဲ အပြင်ထွက်ပါက ၀တ်ဆင်သူ၊ ၀တ်ရန်ခွင့်ပြုပေးသူ နှစ်ဦးစလုံးပေါ် အပြစ်ထိုက်သည်။ ၎င်းအ၀တ်များကို ၀တ်ဆင်ခြင်းသည် ကျန်းမာရေးအရလည်း မညီညွတ်ပါ။ (မွတ်စလ်မာန် အမျိုးသမီးများအားလုံးကို လိုက်နာနိုင်စွမ်း ချီးမြှင့်တော်မူပါ) အမျိုးသမီးများအနေဖြင့် နမားဇ်အတွင်း ကိရာအသ်ဖတ်ခြင်းနှင့် အခြားသော အရာများ ရွတ်ဖတ်ရာတွင် မိမိကြားနိုင်လောက်သည်ခန့် အသံထုတ်၍ ဖတ်သင့်သည်။ ယင်းကဲ့သို့ ဖတ်ပါက နမားဇ်အတွင်း စိတ်ဝင်စားမှုလည်း ရှိမည်။ လုံးဝအသံမထုတ်ပဲ ဖတ်ခြင်းသည် မသင့်လျော်ပါ။ (အသံထုတ်ခြင်းသည် အပြင်သူကြားနိုင်လောက်အောင် အသံထုတ်ခြင်းကို မဆိုလိုပါ။ အပြင်သူကြားနိုင်လောက်အောင် အသံထုတ်ပါက နမားဇ်မပိုင်ပါ။) အကယ်၍ အသံလည်းမထုတ်၊ ပါးစပ်လည်း မလှုပ်ပဲ ဖတ်ပါက နမားဇ် အထမမြောက်ပါ။ သက်ဗီးရေသဟ်ရီမဟ်ကို အနည်းငယ် အသံထုတ်ပြီး ဆိုရမည်။ လက်ပိုက်ရာတွင် ပုဝါအတွင်းမှသာ ပိုက်ရမည်။ ပုဝါအပေါ်သို့ လက်ထုတ်၍ မပိုက်ရပါ။ ကအ်ဒဟ်ထိုင်ရာတွင် ခန္ဓာကိုယ်ကို မယိမ်းနေရပေ။ တည်ငြိမ်စွာ ထိုင်ရမည်။ သရှဟွဒ်အတွက် လက်ညှိုးထောင်ရာတွင် လက်ညှိုးကို ကစ်ဗ်လာဖက်သို့သာ တစ်ဖြောင့်တည်း ထားရမည်။ မိုးပေါ်သို့ မထောင်ရပေ။ အမျိုးသမီးများ၏ စဂ်ျဒဟ်တွင် လက်နှစ်ဖက်ကို နံဘေးနှင့် ကပ်ထားရမည်ဟု မိန့်ထားသည်။ နံဘေးဟုဆိုရာတွင် ခန္ဓာကိုယ်၏ ဘေးနံရိုးများကို ဆိုလိုခြင်းမဟုတ်။ စဂ်ျဒဟ်ချလိုက်သည့်အခါ လက်မောင်းကို ခန္ဓာကိုယ်၏ ဘေးနှင့် ကပ်ထားခြင်းကို ဆိုလိုခြင်းဖြစ်သည်။ အမျိုးသမီးများ အနေဖြင့် အောက်ပိုင်းဝတ် အတွင်းခံကိုဝတ်ပြီး နမားဇ်မဖတ်သင့်ပါ။ လုံးဝသန့်သည်ဟု မှတ်ယူနိုင်မှသာလျှင် ၀တ်ဖတ်ခွင့် ရှိသည်။ အကယ်၍ မသန့်များရှိနေခဲ့ပါက နမားဇ်ဝတ်ပြုရာတွင် အ၀တ်အစားသန့်ရမည့် စည်းကမ်းနှင့် မကိုက်ညီသည့်အတွက် နမားဇ်မပိုင်ပါ။ ညအိပ်ဝတ် အ၀တ်အစားများဖြင့် နမားဇ်ဖတ်ခြင်းသည် မသင့်လျော်ပါ။

အမျိုးသမီးများအတွက် နမားဇ်ဖတ်ရန် အကောင်းဆုံးနေရာမှာ အိမ်၏အတွင်းခန်းပင်ဖြစ်သည်။

အမျိုးသမီးသည် နမားဇ်ဝတ်ပြုနေရင်း ဖုံးအုပ်ရမည့် အစိတ်အပိုင်းများ အနက်မှ အစိတ်အပိုင်း တစ်ခု၏ ၄ပုံ၁ပုံ ပေါ်သွားလျှင် နမားဇ်ပျက်သည်။ အစိတ်အပိုင်းတစ်ခုဆိုသည်မှာ ဥပမာ လက်ဟုပြောလျှင် အစိတ်ပိုင်း နှစ်ခုရှိသည်။ လက်မောင်းမှ တံတောင်ဆစ်အထိ အစိတ်အပိုင်းတစ်ခု၊ တံတောင်ဆစ်မှ လက်ဖျားအထိ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ဖုံးအုပ်ရမည့် အစိတ်အပိုင်း ၄ ပုံ ၁ ပုံပေါ်ခြင်းက ဘယ်အချိန်အထိခွင့်ရှိလဲ

ပုံစံ ၃မျိုးရှိသည်။

၁၊ ပေါ်သည့်အတိုင်းအတာသည် များမည်။ ပေါ်သွားသည့် အချိန်နည်းမည်။

၂၊ ပေါ်သည့်အတိုင်းအတာ နည်းမည်။ ပေါ်သည့် အချိန်များမည်။ ဤပုံစံ ၂မျိုးလုံးတွင် နမားဇ်မပျက်ပါ။

၃၊ ပေါ်သည့်အတိုင်းအတာလည်းများမည်။ ပေါ်သည့်အချိန်လည်းများမည်။ ဤပုံစံတွင် နမားဇ်ပျက်မည်။



အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Wednesday, July 31, 2013

နမာဇ်၏အကျိုးကျေးဇူးငါးရပ်နှင့်ပျက်ကွက်မှု၏ ပြစ်ဒဏ်တစ်ဆယ့်ငါးချက်

နမာဇ်၏အကျိုးကျေးဇူးငါးရပ်နှင့်ပျက်ကွက်မှု၏ ပြစ်ဒဏ်တစ်ဆယ့်ငါးချက်
-------------------------------------------------------------------------
ဟဒီးဆ်တော်တစ်ရပ်၌ အောက်ပါအတိုင်းလာရှိ၏။ အကြင်သူသည် နမာဇ်ဝတ်ပြုမှုကို စောင့်ထိန်းခဲ့သော်၊အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ငါမျိုးသောကျေးဇူးတော်ဖြင့် ချီးမြှောက်တော်မူသည်။
(၁) ရိုဇီရိက္ခာကျပ်းမှုကို ရုပ်သိမ်းတော်မူမည်။
(၂) ကဗရ်တွင်ခံရမည် အပြစ်ဒဏ်ကို ရုပ်သိမ်းတော်မူမည်။
(၃) ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင် အမလ်မှတ်တမ်းများကို ယင်း၏ လက်ယာလက်ထဲသို့ပေးတော်မူသည်။ (မှတ်တမ်းများ လက်ယာလက်ထဲသို့ ပေးခြင်းခံရသောသူများသည်လွန်စွာဝမ်းမြောက်ပျော်ရွှင်ကြ၍ လူတိုင်းကိုလိုက်လံပြမည့်အကြောင်း ကုရ်အာန်ကျမ်းမြတ်စူရသွလ်ဟားက္ကာဟ်တွင်လာရှိ၏။)
(၄) ဆွေရာသ်တံတားပေါ်မှ လျှပ်ပြတ်သကဲ့သို့ဖြတ်သွားရမည်။
(၅) စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ဂျန္နသ်သို့ဝင်ရမည်။
နမာဇ်ကို ပျင်းရိပျက်ကွက်သောသူမှာ ပြစ်ဒဏ်ဆယ့်ငါးမျိုးခံရမည်။ ဤလောကတွင် ငါးမျိုး၊သေခါနီးတွင်သုံးမျို၊ကဗရ်မှပြန်ထွက်သောအခါသုံးမျိုး။ ဤလောက၌ခံရမည့်ငါးမျိုးမှာ-
(၁) ထိုသူ၏သက်တမ်းမှ ဗရ်ကသ်မင်္ဂလာရုပ်သိမ်းခြင်းခံရမည်။
(၂) ထိုသူ၏မျက်နှာတွင် သူတော်ကောင်းများကဲ့သို့ နူးရ်ကျက်သရေရှိမည်မဟုတ်။
(၃) ကောင်းမှုများ၏ အကျိုးကုသိုလ်ရရှိမည်မဟုတ်ပေ။
(၄) ထိုသူတောင်းသောဆုမွန်ဒိုအာများကို လက်ခံတော်မူမည်မဟုတ်ပေ။
(၅) သူတော်ကောင်းများကတောင်းသောဆုမွန်ဒိုအာများတွင် ဝေစုရရှိမည်မဟုတ်ပေ။
သေခါနီးတွင်ခံရမည့်သုံးမျိုးမှာ-
(၁) သေးသိမ်သူအဖြစ်နှင့်သေရမည်။
(၂) ငတ်မွတ်၍သေရမည်။
(၃) ရေငတ်၍သေ၇မည်။ အဘယ်မျှရေငတ်မည်ဆိုသော် သမုဒ္ဒရာတစ်ခုလုံးကို သောက်သော်လည်း ရေငတ်ပြေမည်မဟုတ်ပေ။

ကဗရ်တွင်း၌ခံရမည့်သုံးမျိုးမှာ-
(၁) တစ်ဖက်နံရိုးများသည် နောက်တစ်ဖက်နံရိုးများတွင် ရောယှက်သွားသည်အထိ ကဗရ်မှာ ကျဉ်းမြောင်းသွားမည်။
(၂) ကရဗ်တွင်း၌ မီးရှိ့ခြင်းခံရမည်။
(၃) ကရဗ်တွင်း၌ မြွေတစ်ကောင်သည် ယင်းပေါ်၌လွှတ်းမိုးမည်၊ ထိုမြွေ၏မျက်လုံးမှာမီးဖြင့် အတိပြီးသောမျက်လုံးများဖြစ်မည်၊သံဖြင့်ပြီးသော လက်သည်းခြေသည်းများဖြစ်မည်၊ယင်းလက်သည်းခြေးသည်းများ၏ အတိုင်းအတာမှာ တစ်နေ့တာခရီးမျှရှည်လျားမည်။ ထိုမြွေ၏အသံမှာ မိုးခြုံသံကဲ့သို့ပြင်ထန်မည်။ ထိုမြွေက ဤသို့ပြောဆိုမည်။ ကျွန်ုပ်၏အရှင်မြတ်က ဤသို့အမိန့်ပေးတော်မူသည်။ အသင်သည် ဖဂျရ်နမာဇ်လစ်ဟင်းပျက်ကွက်သောကြောင့် ကျွန်ုပ်အသင့်အား နေထွက်သည်အထိပေါက်ရမည်။ ဇိုဟွရ်နမာဇ်ပျက်ကွက်သောကြောင့် အဆရ်အချိန်ထိပေါက်ရမည်။ အဆရ်နမာဇ်ပျက်ကွက်သောကြောင့် မဂ်ရစ်ဗ်အချိန်ထိပေါက်ရမည်။ မဂ်ရစ်ဗ်နမာဇ်ပျက်ကွက်သောကြောင့် အိရှာအချိန်ထိပေါင်ရမည်။ အိရှာနမာဇ်ပျက်ကွက်သောကြောင့် နံနက်အချိန်ထိပေါက်ရမည်။ ထိုမြွေသည် တစ်ခါပေါက်လိုက်လျှင် သူသေမှာမြေကြီးထဲသို့ အတောင်ခုနှစ်ဆယ်နစ်မြုပ်သွား၏။ ထိုသူသည် ကိယာမသ်ရှင်ပြန်ထမည့်နေ့အထိ ယင်းကဲ့သို့ပင် ပြစ်ဒဏ်ခံနေရမည်။
ကဗရ်မှပြန်ထွက်သောအခါခံရမည့်ပြစ်ဒဏ်သုံးမျိုးမှာ-
(၁) ပြင်းထန်စွာစစ်ဆေးမေးမြန်းခြင်းကိုခံရမည်။
(၂) အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပါ်၌ အမျက်ထွက်တော်မူမည်။
(၃) ဂျဟန္နမ်သို့သွားရမည်။
ဤသည် စုစုပေါင်းပြစ်ဒဏ်အရေအတွက်(၁၄)မျိုးဖြစ်၏။ တစ်မျိုးကို ဆင့်ပြန်သောပုဂ္ဂိုလ်က မေ့သွားဟန်တူသည်။ အခြားဆင့်ပြန်မှုတစ်ရပ်တွင် ယင်း၏မျက်နှာပေါ်၌-
(၁) အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်တာဝန်ကိုပျက်ကွက်သူ၊
(၂) အလ္လာဟ်အရှင်မြတ်၏ အမျက်တော်စူးရှခြင်းကို အထူးခံရမည်သူ၊
(၃) အသင်သည် လောကတွင် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်တာဝန်ကိုပျက်ကွက်သောကြောင့် ယနေ့သင့်အဖို့အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်ကရုဏာတော်ကို မျှော်လင့်ရန်အကြောင်းမရှိဟူ၍ စာသုံးကြောင်းရေးထားလျက်ရှိပေမည်ဟုလာရှိ၏။

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Wednesday, July 17, 2013

နမာဇ် အချိန်များဆိုင်ရာ ရှင်းလင်းချက်

ဖဂျရ်နမာဇ်အချိန်

ဖဂျရ်နမာဇ်အချိန်သည် နံနက်အာရုံတက်ချိန်မှစကာ နေမထွက်မှီ အလျှင်အထိဖြစ်သည်။(သိရ်မီဇီ-အဘူဒါဝူဒ်)
ည၏နောက်ဆုံးပိုင်း လင်းကာနီးအချိန်တွင် အရှေ့အရပ်မှ အလင်းရောင်တစ်ခုသည် တိုင်ကဲ့သို့ အပေါ်သို့မြင့်တက်သွားသည်။ တဖန်ထိုအလင်းရောင်သည် အပေါ်မှ အောက်သို့ ဆင်းသက်လာသည်။ ၄င်းနောက် တောင်မှ မြောက်သို့ ပျံ့သွားသည်။ ထိုအချိန် ဆွဗ်ဟေဆွာဒိ(က်) အာရုံတက်ချိန်ဖြစ်သည်။ ထိုအချိန်မှ စကာ ဖဂျရ် နမာဇ်အချိန်စတင်လေသည်။(ဒုရ်ရေမုခ်သားရ်)

ဇဟိုရ်နမာဇ်အချိန်

ဇဟိုရ်နမာဇ်အချိန် သည် နေမွန်းလွဲချိန်မှ စတင်လေသည်။ ၄င်းနောက် အရာသတထ္ထုတိုင်း၏ အရိပ်သည် မွန်းတည့်ချိန်တွင်ရှိသည်။ အရိပ်အမြင့်နှစ်စရှိသည့် အချိန်မတိုင်မီအထိ ဇဟိုရ်နမာဇ်အချိန်ကျန်ရှိနေသည်။ ဆောင်းရာသီတွင် ဇဟိုရ်နမာဇ်ကို စောစောဖတ်ကာ နွေရာသီတွင် နောက်ဆိုင်းကာဖတ်ခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။(ဒုရ်ရေမုခ်သားရ်)

အဆွရ်နမာဇ်အချိန်

အဆွရ်နမာဇ်အချိန်သည် ဇဟိုရ်နမာဇ်အချိန် ကုန်ဆုံးပြီး အရိပ်နှစ်ပြန်ရှိသည့် အချိန်မှစသည်။ နေမ၀င်မီအချိန်အထိကျန်ရှိနေမည်။ နေရောင်သည် အ၀ါရောင်မသန်းမီ အလျှင် နမာဇ်ဖတ်ခြင်း မွတ်စ်သဟဗ်ဖြစ်သည်။ အ၀ါရောင်သန်းချိန်ကျမှ ၀တ်ပြုလျှင် မက္ကရူဟ် ဖြစ်သည်။(ရှရ်ဟေဒါယာဟ်)

မဂ်ရိဗ်နမာဇ်အချိန်

မဂ်ရိဗ်နမာဇ်အချိန်သည် နေ၀င်ချိန်မှ စကာ အနောက်ဘက်အရပ်တွင် အနီရောင်သည် မိုးကောင်းကင်ပေါ်တွင် ပေါ်ထွန်းပြီးနောက် အဖြူရောင် အလင်းပေါ်ထွန်းသည်။ ၄င်အဖြူရောင်ကျန်ရှိနေသမျှ မဂ်ရိဗ်အချိန် သည်လည်းကျန်ရှိနေသည်။ မဂ်ရိဗ်နမာဇ်ကို နေ၀င်ပြီးလျှင်ပြီးချင်း အချိန်ဦးပိုင်းတွင် ဖတ်ခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။ (ဒုရ်ရေမုခ်သားရ်)
မဂ်ရိဗ်နမာဇ်အတွက် အဇာန်ဆိုပြီးနောက် နမာဇ် နှစ်ရကသ် ဖတ်နိုင်သည်ခန့် ဆိုင်းငံ့နေခြင်းသည် မက္ကရူဟ် မဖြစ်ပေ။ ၄င်းနောက် နှစ်ရကသ် ဖတ်နိုင်ခန့်ထက်ပိုအောင် အချိန်ဆိုင်းငံ့ဖတ်ခြင်းသည် မက္ကရူသန်ဇီဟီ ဖြစ်သည်။ ထို့နောက် ကြယ်တာရာများ စုံလင်စွာထွက်ပေါ်ချိန်အထိ ဆိုင်းငံ့ကာဖတ်ခြင်းသည်လည်း မက္ကရူသဟ်ရီမီ ဖြစ်သည်။(ဒုရ်ရေမုခ်သားရ်)

အေရှာနမာဇ်အချိန်

အေရှာနမာဇ်အချိန်သည် နေ၀င်ရာ အရပ်ရှိ အဖြူရောင်အလင်းတန်း ပျောက်ကွယ်သည့် အချိန်မှစကာ မနက်အာရုံမတက်မီအလျှင်အထိ အေရှာနမာဇ်အချိန် ဖြစ်သည်။ အေရှာနမာဇ်ကို ည၏သုံးပုံတစ်တွင် ၀တ်ပြုခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။ ည၀က်တွင် ၀တ်ပြုခြင်းသည် မုဗာဟ် ဖြစ်သည်။ ထိုထက်နောက်ကျကာ ၀တ်ပြုခြင်းသည် မက္ကရူသဟ်ရီမီဖြစ်သည်။ (ဒုရ်ရေမုခ်သားရ်)

ဝိသိရ်နမာဇ်အချိန်

ဝိသိရ်နမာဇ်အချိန်သည် အေရှာဝတ်ပြုပြီးနောက်တွင် အစပြုကာ မနက်အာရုံမတက်မီ အလျှင်အထိဖြစ်သည်။(အာလမ်ဂီရီ)

#....မိုးတိမ်များအုံ့ဆိုင်းနေပါက ဖဂျရ်၊ ဇဟိုရ် နှင့် မဂ်ရိဗ် နမာဇ်များအား အနည်းငယ်ဆိုင်းငံ့ကာဖတ်ခြင်းနှင့် အဆွရ်နမာဇ်အား စောလျှင်စွာဖတ်ခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။(ရှာမီကျမ်း) နမာဇ်အချိန်များ အတိအကျကို သိရှိရန် ခက်ခဲပါက အထက်ပါအတိုင်းကျင့်ဆောင်ရမည်။ ၄င်းနောက်အချိန်များကို နာရီ အစရှိသည်တို့ဖြင့် အတိအကျသိရှိနိုင်ပါက စောင့်ဆိုင်း ၀တ်ပြုရန်မလိုအပ်ပေ။ ထို့ကြောင့် နမာဇ်အချိန်တိုင်းအား သတ်မှတ်ချိန် အတွင်ဖတ်ရပေမည်။

ကန်ဇုလ်မစာအိလ် အတွဲ ၁၊ စာမျက်နှာ ၉၀ မှကောက်နှတ်တင်ပြပါသည်

(သဆ်ွဟီဟူလ်အပ်ယလာသွ်)...#......... 


Right Way ၏ ဖေ့ဘုတ်စာမျက်နှာမှ။

အလ်မုဖီးဒ်