Tuesday, July 8, 2014

ရိုဇာဟ်နှင့်သက်ဆိုင်သည့် မတ်စ်အလာများနှင့် အမေးအဖြေများ (၁)


ဗိစ်မိလ္လာဟိရ်ရဟ်မားန်နိရ်ရဟီးမ်

(၁) မဆ်အလဟ်
ရိုဇဟ်စောင့်ထိန်းရာ၌ နှုတ်မှပေါ်လွင်ထင်ရှားစွာ နိယသ်ပြုရန် အရေးမကြီးပါ။ စိတ်မှရည်စူးခြင်းဖြင့်ပင် လုံလောက်သည်။ စဟ်ရီစားခြင်းပင်လျှင် နိယသ်ပြုခြင်း၏ကိုယ်စားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စဟ်ရီအားရိုဇာထားရန်ရည်ရွယ်ချက်ဖြင့်သာစားခြင်းကြောင့်ဖြစ်သည်။ သို့သော် စဟ်ရီအချိန်၌ စားတတ်သည့်အကျင့်ရှိသူများ (သို့မဟုတ်) စဟ်ရီစားပြီး ရိုဇာမထားလေ့ရှိသူများအတွက်မူ စဟ်ရီစားခြင်းသည်နိယသ်၏ကိုယ်စားမဖြစ်ပါ။ (အိလ်မုလ်ဖိကဟ်ကျမ်း၊ တွဲ-၃၊စာ-၁၈)

(၂) မဆ်အလဟ် 
ရှရီအသ်တရားတော်တွင် ရိုဇာ၏အချိန်မှာ စုဗ်ဟိဆွာဒစ်က်(အာရုဏ်ဦး) အချိန်မှစတင်သည်။ ထို့ကြောင့် စုဗ်ဟိဆွာဒစ်က်(အာရုဏ်ဦး) အချိန်မရောက်သေးသရွေ့စားသောက်ခြင်းအားလုံးပြုပိုင်သည်။ အချို့ပုဂ္ဂိုလ်များသည် ညဥ့်ဦးယံတွင်ပင် စဟ်ရီစားသောက်ပြီး နိယသ်ပြုပြီးသည့်နောက် စားခြင်းသောက်ခြင်း မပြုပိုင်တော့ဟု ယူဆကြသည်။ ဤသို့ထင်မြင်ယူဆခြင်းမှား၏။ စုဗ်ဟိဆွာဒစ်က် (အာရုဏ်ဦး) အချိန်မရောက်သရွေ့ နိယသ်ပြုပြီးသည်ဖြစ်စေ မပြုရသေးသည်ဖြစ်စေ စားခြင်းသောက်ခြင်းပိုင်သည်။(ဘဟရှ်သီဇေဝရ်ကျမ်း၊ တွဲ-၃၊စာ-၃)

(၃) မဆ်အလဟ်
စဟ်ရီစားခြင်းစွန္နသ်ဖြစ်သည်။ မဆာလျှင်လည်း အနည်းဆုံးစွန်ပလွန်သီး စသောသစ်သီးဝလံများ(သို့မဟုတ်) အခြားစားသောက်ဖွယ်ရာတစ်ခုခုအား အနည်းငယ်စားသောက်လိုက်ရမည်။ စားရန် မည်သည့်အရာမျှမရှိလျှင်လည်း ရေသောက်လိုက်ပါ။ စဟ်ရီမစားဘဲ ထ၍ ကွမ်းယာစားလိုက်လျှင်လည်း စဟ်ရီစားခြင်း၏အကျိုးကုသိုလ် ရရှိမည်။(ဘဟရှ်ဇေဝရ်တွဲကျမ်း၊ တွဲ-၃၊စာ-၁၄)(ဘေဒါယဟ်ကျမ်း၊ တွဲ-၁၊ စာ-၂၀၅)

(၄) ဓမ္မသတ် အမေး/အဖြေ
အမေး။ အချို့သူတို့သည် စဟ်ရီအချိန်ကိုမသိကြဘဲ အဇာန်ဆိုသံမကြားရမချင်း စားသောက်နေတတ်ကြ၏။ ထိုသို့ပြုခြင်းမည်သို့ပါနည်း။


အဖြေ။ စုဗ်ဟိဆွာဒစ်က်(အာရုဏ်ဦး) အချိန်လွန်သွားလျှင်(စဟ်ရီချိန်ကုန်ဆုံးသွားလျှင်)အဇာန်ဆိုသည်ဖြစ်စေ၊ မဆိုရသေးသည်ဖြစ်စေ စားခြင်းသောက်ခြင်းမပိုင်တော့ပါ။ အထူးသတိထားရန် လိုအပ်ပါသည်။ (ဖသာဝါဒါရုလ်အုလူးမ်ကျမ်း၊တွဲ-၆၊ စာ-၃၄၅)

(၅) ဓမ္မသတ် အမေး/အဖြေ
အမေး။ အဇာန်ဆိုလိုက်သည်နှင့် စဟ်ရီစားခြင်းအားစွန့်လွှတ်လိုက်သော်လည်း ပါးစပ်တွင်း၌ရှိနေသော ထမင်းလုပ်ကိုမျိုချပြီး ရေသောက်လိုက်လျှင် ၎င်း၏ရိုဇဟ်ပိုင်ပါသလား။ 

အဖြေ။ စဟ်ရီချိန်ကုန်ဆုံးပြီးမှ အဇာန်ဆိုကြောင်းယူဆချက်များလျှင် ရိုဇာပိုင်မည်မဟုတ်ပါ။ (စဟ်ရီချိန်ကုန်ဆုံးပြီးမှ အဇာန်ဆိုခြင်းဟုတ်/ မဟုတ်) သံသယဖြစ်လျှင် ထိုအချိန်၌စားခြင်းသောက်ခြင်း မက္ကရူဟ်ဖြစ်သည်။ ရိုဇာပိုင်သွားမည်။ (အများအားဖြင့် စဟ်ရီချိန်ကုန်ဆုံးပြီးမှ အဇာန်ဆိုလေ့ရှိသည်ကို အထူးသတိပြုအပ်သည်။) (အဟ်စနုလ်ဖသာဝါပါကျမ်း၊တွဲ-၄၊ စာ-၄၃၂)

(၆) မဆ်အလဟ်
လူတစ်ဦးသည် အိပ်ရာမှနိုးထလာပြီး စဟ်ရီစားရန်အချိန်ကျန်ရှိသေးသည်အထင်နှင့် စဟ်ရီစားလိုက်၏။ ပြီးမှ စဟ်ရီအချိန်ကုန်သွားခဲ့ကြောင်း သိရှိရလျှင် ၎င်း၏ရိုဇာအထမမြောက်ပါ။ ကဇွာစောင့်ရမည်။ ကဖွာရဟ်ဝါဂျစ်မဖြစ်ပါ။ သို့ရာတွင် ရိုဇဟ်မရသည့်တိုင် နေဝင်ချိန်ထိ ရိုဇာစောင့်သူများကဲ့သို့ မစားမသောက်ဘဲနေရမည်။
နေဝင်သွားပြီအထင်နှင့်ဝါဖြေလိုက်ရာ ပြီးမှပြန်လည်၍နေထွက်လာလျှင် (ဝါဖြေချိန်ကျပြီအထင်နှင့်ဝါဖြေလိုက်ရာ ပြီးမှအချိန်မကျသေးကြောင်းသိရလျှင်) ၎င်း၏ရိုဇာပျက်၏။ ကဇွာစောင့်ရမည်။ ကဖွာရဟ်ဝါဂျစ်ဗ်ဖြစ်ပါ။ ပြန်လည်နေမဝင်သရွေ့စားခြင်းသောက်ခြင်းမပိုင်ပါ။ (ဘဟရှ်ဇေဝရ်တွဲကျမ်း၊တွဲ-၃ စာ-၁၄) (ဘေဒါယဟ်ကျမ်း၊တွဲ-၁၊ စာ-၂၀၅)

(၇) ဓမ္မသတ် အမေး/အဖြေ 
အမေး။ စဟ်ရီမစားဘဲရိုဇဟ်စောင့်ပိုင်ပါသလား။ 

အဖြေ။ ရိုဇဟ်အတွက် စဟ်ရီစားခြင်းမုစ်သဟဗ်ဖြစ်သည့်အတွက် စဟ်ရီမစားလျှင်လည်း ရိုဇာအထမြောက်သည်။ (ဖသာဝါဒါရုလ်အုလူးမ်ကျမ်း၊တွဲ-၆၊ စာ၄၉၆)
စဟ်ရီစားရန်မနိုးဘဲ အချိန်ကုန်သွားလျှင်စဟ်ရီမစားဘဲရိုဇာထားရမည်။ စဟ်ရီလွတ်သွား၍ ရိုဇာလွှတ်လျှင် သတ္တိမဲ့သူဖြစ်၏။ ကြီးလေးသောအပြစ်ထိုက်မည်။ (ဘဟရှ်ဇေဝရ်တွဲကျမ်း၊တွဲ-၃ စာ-၁၄)

(၈) ဓမ္မသတ် အမေး/အဖြေ
အမေး။ ရမဇာန်လမြတ်တွင် စဟ်ရီစားပြီးနောက် မိမိဇနီးနှင့်ပေါင်းသင်းဆက်ဆံနိုင်ပါသလား။ ဆက်ဆံပြီးနောက် ရေချိုးရန်အချိန်သည် မည်သည့်အချိန်အထိဖြစ်ပါသနည်း။ 

ဖြေ။ ရမဇာန်လမြတ်၌ စဟ်ရီစားပြီးနောက် စုဗ်ဟိဆွာဒစ်က်(အာရုဏ်ဦး)အချိန်မရောက်သေးလျှင် (စဟ်ရီချိန်မကုန်ဆုံးသေးလျှင်) မိမိဇနီးနှင့်ပေါင်းသင်းဆက်ဆံနိုင်သည်။ သို့သော် စဟ်ရီချိန်မကုန်ဆုံးမီဆက်ဆံမှုပြီးရမည်။ စဟ်ရီချိန်ကျော်လွန်ပြီးမှ ရေချိုးလျှင်လည်းအကြောင်းမဟုတ်။ ရိုဇဟ်ကိုလည်းမထိခိုက်ပါ။ (ဖသာဝါဒါရုလ်အုလူးမ်ကျမ်း၊တွဲ-၆၊ စာ၄၉၆) (ဘဟဝါလာရေမိရှ်ကားသ်ကျမ်း၊ စာ-၁၇၄)

(၉) ဓမ္မသတ် အမေး/အဖြေ
အမေး။ ရမဇာန်လမြတ်၌ စဟ်ရီစားပြီးသည့်နောက် ဖဂျရ်အချိန်၌ပြန်နိုးမည်ကို သံသယရှိလျှင် ဖဂျရ်၏ပထမအချိန်မှာပင် နမာဇ်ဝတ်ပြုလိုက်လျှင်ပိုင်ပါသလား။ ထိုအချိန်၌ပင် အဇာန်ဆိုပြီး ဂျမာအသ်ဖြင့်ဝတ်ပြုလိုက်ခြင်း မည်သို့ပါနည်း။


အဖြေ။ ရမဇာန်လမြတ်၌ စဟ်ရီစားပြီး ဖဂျရ်အချိန်ဝင်သည်နှင့် ဂျမာအသ်လည်း များပြားစွာရှိနေလျှင် ပုံမှန်အချိန်ကိုစောင့်ဆိုင်းခြင်းဖြင့် ဂျမာအသ်လွတ်နိုင်လျှင်(သို့မဟုတ်) ကဇွာဖြစ်သွားမည်ကို စိုးရိမ်ရလျှင်ဖဂျရ်၏ပထမအချိန်မှာပင် ဂျမာအသ်ဖြင့်ဝတ်ပြုခြင်းအကောင်းဆုံးဖြစ်သည်။ (ဖသာဝါမဟ်မူဒီယဟ်ကျမ်း၊ တွဲ-၁၊ စာ-၁၆၂)

(၁ဝ) မဆ်အလဟ် 
လူတစ်ဦးသည် ရိုဇာထားလျက်နှင့် မေ့လျော့ပြီးစားသောက်မိလျှင်(သို့မဟုတ်)မိမိဇနီးသည်နှင့် ဆက်ဆံမှုပြုမိလျှင် ရိုဇာမပျက်ပါ။ မေ့လျော့၍ ဗိုက်အပြည့်စားသောက်မိသည်ဖြစ်စေ၊ အကြိမ်ကြိမ်စားသောက်မိသည်ဖြစ်စေ၊ ရိုဇာမပျက်ပါ။ (ဘဟရှ်ဇေဝရ်တွဲကျမ်း၊တွဲ-၃ စာ-၁၄) (ဘဟဝါလာရေကူဒူရီကျမ်း၊ စာ-၄၅)

(၁၁) မဆ်အလဟ်
ရိုဇာထားနေစဉ် မျက်စိ၌စုရ်မဟ်တားခြင်း၊ ဦးခေါင်းတွင် ဆီလိမ်းခြင်း။ အမွှေးအကြိုင်များသုတ်လိမ်း၍ ရှုခြင်းများ ပြုပိုင်သည်။ ရိုဇာအားမထိခိုက်ပါ။ အကယ်၍ စုရ်မဟ်ထည့်ပြီးနောက် တံတွေး(သို့မဟုတ်)နှပ်ချေးထဲ၌ စုရ်မဟ်၏အရောင်အဆင်းများသက်ရောက်လျှင်လည်းရိုဇာမပျက်ပါ။ မက္ကရူဟ်ပင်မဖြစ်ပါ။ (ဘဟရှ်ဇေဝရ်တွဲကျမ်း၊တွဲ-၃ စာ-၁၀) (ဘဟဝါလာရေကူဒူရီကျမ်း၊ စာ-၄၅)

(၁၂) မဆ်အလဟ်
အိပ်ပျော်နေစဉ် "အိဟ်သိလာမ်" (အိပ်မက်မက်၍သုက်ရည်ထွက်သွားခြင်း) ဖြစ်ပြီး ရေမချိုးဘဲရိုဇဟ်ထားလိုက်လျှင်လည်း ရိုဇဟ်မပျက်ပါ။ (အိလ်မုလ်ဖိကဟ်ကျမ်း၊ တွဲ-၃၊ စာ-၃၁)

(၁၃) မဆ်အလဟ်
အမွှေးအကြိုင်များနှင့် နှင်းဆီစသောပန်းများ၏ အနံ့ကိုရှုရှိုက်ခြင်း၊ ကိုယ်မသန့်သည့်အခြေအနေဖြင့် တစ်နေ့လုံးရေမချိုးဘဲနေခြင်းဖြင့် ရိုဇဟ်မပျက်ပါ။ (တစ်နေ့လုံးရေမချိုးဘဲနေခြင်းကြောင့် နမာဇ်ပျက်ကွက်ခြင်းအပေါ် သီးခြားအပြစ်ထိုက်မည်) (ကိသာဘုလ်ဖိကဟ်ကျမ်း၊ တွဲ-၁၊ စာ-၉၁၉)

(၁၄) ဓမ္မသတ် အမေး/အဖြေ
အမေး။ ရိုဇဟ်ထားလျက်ရှိနေစဉ် နှာခေါင်းသွေးလျှံရာ၌ တံတွေး၌ပင်သွေးများတွေ့ရှိနေရပါက ရိုဇဟ်ပျက်သွားပါသလား။

အဖြေ။ ဝမ်းဗိုက်အတွင်းသို့ သွေးများမရောက်သရွေ့ရိုဇဟ်ကိုမည်သို့မျှမထိခိုက်ပါ။ (ဖသာဝါဒါရုလ်အုလူးမ်ကျမ်း၊တွဲ-၆၊ စာ-၄၀၆)

(၁၅) မဆ်အလဟ်
နားအတွင်းသို့ အလိုအလျောက် (သို့မဟုတ်) တမင်သက်သက်ရေဝင်စေခြင်းဖြင့် ရိုဇဟ်မပျက်ပါ။ နားအတွင်း၌ဆီထည့်လိုက်လျှင်မူ ဆီသည်ဝမ်းဗိုက်အတွင်းသို့ရောက်သွားပါက ရိုဇဟ်ပျက်သည်။ (အိလ်မုလ်ဖိကဟ်ကျမ်း၊ တွဲ-၃၊ စာ-၃၂)

(၁၆) မဆ်အလဟ်
ခန္ဓာကိုယ်၌လိမ်းသောဆီသည် ခန္ဓာကိုယ်အတွင်းသို့ ချွေးထွက်ပေါက်များမှ ဝင်ရောက်သွားသည့်အတွက် ရိုဇဟ်မပျက်ပါ။ အလားတူ ရေချိုးခြင်းဖြင့် ချမ်းအေးမှုဖြစ်ပေါ်လာလျှင်လည်း ရိုဇဟ်မပျက်ပါ။ ထိုနည်းတူ မျက်စိအတွင်း၌ ဆေးထည့်ခြင်းဖြင့် ၎င်းဆေး၏အရသာသည် လည်ချောင်း၌ သက်ရောက်စူးရှမှုရှိလျှင်လည်း ရိုဇဟ်မပျက်ပါ။ (ဖသာဝါအာလမ်ဂီရီကျမ်း၊ တွဲ-၂၊ စာ-၁၈)

(၁၇) မဆ်အလဟ်
ပလုတ်ကျင်းပြီးသည့်အခါ ပါးစပ်အတွင်း ရေစိုဓာတ်များကျန်ရစ်ခဲ့ရာ ၎င်းရေကိုမျိုချခြင်းဖြင့် ရိုဇဟ်မပျက်ပါ။ သို့သော် စည်းကမ်းချက်မှာ ပလုတ်ကျင်းပြီးနောက် တစ်ကြိမ်နှစ်ကြိမ် တံတွေးထွေး၍ ထုတ်ပစ်လိုက်ရမည်။ ထိုသို့ထွေးထုတ်လိုက်ခြင်းဖြင့် ပါးစပ်အတွင်းရှိ ရေများမကျန်ရှိတော့ဘဲ စွတ်စိုမှုသာကျန်ရှိနေမည်ဖြစ်ရာ ဤမပြောပလောက်သော စွတ်စိုမှုဖြင့် မည်သို့မျှမထိခိုက်ပါ။ (အိလ်မုလ်ဖိကဟ်ကျမ်း၊ တွဲ-၃၊ စာ-၃၂)

(၁၈) မဆ်အလဟ်
ရိုဇဟ်ထားနေစဉ် နှာခေါင်းအတွင်းမှ နှာရည်အား ရှိုက်ပြီးစုပ်ယူမိရာ လည်ချောင်းသို့တိုင်ရောက်ရှိ သွားလျှင်လည်း ရိုဇဟ်မပျက်ပါ။ ထို့အတူ ပါးစပ်အတွင်းမှ အာရည်နှင့်တံတွေးအား မျိုချခြင်းဖြင့်လည်း ရိုဇဟ်မပျက်ပါ။ (ဘဟရှ်ဇေဝရ်တွဲကျမ်း၊တွဲ-၃ စာ-၁၂) (အာလမ်ဂီရီကျမ်း၊ တွဲ-၁၊ စာ-၂၇၈)

(၁၉) မဆ်အလဟ်
ရိုဇဟ်ရှိနေခိုက်၌ တံတွေးနှင့်အာရည်ကို မျိုချခြင်း (သို့မဟုတ်) သွားကြား၌ ညှပ်လျက်ကျန်နေခဲ့သော အစာကို မျိုချလိုက်ခြင်းဖြင့် ရိုဇဟ် ထိခိုက်မှုမရှိပါ။ သိလျက်နှင့်တမင်လုပ်လျှင်လည်း ရိုဇဟ်ပိုင်သည်။
** သို့ရာတွင် ညှပ်လျက်ကျန်နေခဲ့သော ယင်းအစာမှာ များပြားသည်ဟု ဆိုနိုင်လျှင် ရည်ရွယ်လျှက်ဖြစ်စေ (သို့မဟုတ်) မရည်ရွယ်ဘဲ မျိုချသည်ဖြစ်စေ ရိုဇဟ်ပျက်သွားမည်။ (ကိသာဘုလ်ဖိကဟ်ကျမ်း၊ တွဲ-၁၊ စာ-၉၂၀)

(၂ဝ) မဆ်အလဟ်
သွားကြားတွင် အသားမှအကြောစကလေးများ စသည်တို့ ညှပ်နေတတ်ရာ ၎င်းအားရှင်းသွားစေရန် သွားကြားထိုး၍ ထုတ်လိုက်သည့်အခါ ၎င်းအကြောစများအား အပြင်သို့မထုတ်မိဘဲ မတော်တဆ အလိုအလျောက် လည်ချောင်းတွင်းသို့ ဝင်ရောက်သွားလျှင် ဝင်သွားသော အသားစ၏ ပမာဏကို ကြည့်ရမည်။ ကုလားပဲလုံးထက် ငယ်ပါကရိုဇဟ်မပျက်ပါ။ ကုလားပဲလုံး(သို့မဟုတ်) ထို့ထက်ကြီးပါကရိုဇာ ပျက်သွားသည်။ သို့သော် သွားကြားမှအစာအား ပါးစပ်အပြင်သို့ ထုတ်ပြီးမှ ပြန်ထည့်၍ မျိုချခြင်းဖြစ်မူ ကုလားပဲလုံးခန့် ရှိသည်ဖြစ်စေ ထို့ထက်ပင် သေးငယ်သည်ဖြစ်စေ ရိုဇဟ်ပျက်သွားသည်။ (ဘဟရှ်ဇေဝရ်တွဲကျမ်း၊တွဲ-၃ စာ-၁၁) (ဘဟဝါလာရေအာလမ်ဂီရီ၊ တွဲ-၁ စာ-၂၀၈)

(၂၁) မဆ်အလဟ်
(ရိုဇဟ်ရှိစဉ်) မီးသွေးခဲအားဝါး၍ သွားတိုက်ခြင်း၊ သွားတိုက်ဆေးဖြင့် သွားတိုက်ခြင်း မက္ကရူဖြစ်သည်။ ထိုအရာများ လည်ချောင်းတွင်းသို့ ဝင်ရောက်သွားပါက ရိုဇာပျက်သွားသည်။ မိစ်ဝါးက် (တံပူ) ဖြင့် သွားတိုက်ရာတွင် မိစ်ဝါးက်ဆိုနေသည်ဖြစ်စေ၊ ခြောက်နေသည်ဖြစ်စေပိုင်သည်။ မိစ်ဝါးက်သည် တမာရိုးဖြစ်လျှင် ၎င်း၏ခါးသက်သော အရသာသည် ပါးစပ်တွင်း သက်ရောက်ပါကလည်း မက္ကရူမဖြစ်ပါ။ (ဘဟရှ်ဇေဝရ်တွဲကျမ်း၊တွဲ-၃ စာ-၁၃) (မရာကိရလ်ဖလာဟ်၊ စာ-၂၁၀)

(၂၂) မဆ်အလဟ်
အလိုအလျောက် အော့အန်ရာ၌ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ရိုဇဟ်မပျက်ပါ။ သို့ရာတွင် အန်အောင် တမင်လုပ်ခြင်းဖြစ်လျှင် ပါးစပ်အပြည့်အန်ပါက ရိုဇဟ်ပျက်မည်။ ထို့ထက်နည်းလျှင် ရိုဇဟ်မပျက်ပါ။ အလားတူ အနည်းငယ်မျှသာ အန်ပြီး အလိုအလျောက် လည်ချောင်းအတွင်းသို့ ပြန်ဝင်သွားလျှင်လည်း ရိုဇဟ်မပျက်ပါ။ သို့ရာတွင် တမင်မျိုချလိုက်လျှင်ကား ရိုဇဟ်ပျက်သွားမည်။ (ဘဟရှ်ဇေဝရ်တွဲကျမ်း၊တွဲ-၃ စာ-၁၂) (ဘဟဝါလာရေဖသာဝါ ဟင်ဒီယာကျမ်း၊ တွဲ-၁၊ စာ-၂၀၂)

(၂၃) မဆ်အလဟ်
မြင်ရုံဖြင့် (သို့မဟုတ်) တွေးတောမိခြင်းဖြင့် မနီ (သုတ်ရည်) ထွက်ခြင်းဖြစ်လျှင် ရိုဇဟ်မပျက်ပါ။ အိဟ်သိလာမ် (အိပ်မက်မက်၍ သုတ်ရည်ထွက်ခြင်း) ကြောင့် ရိုဇဟ်မပျက်ပါ။ (ကူဒူရီကျမ်း၊ စာ-၄၅)

(၂၄) ဓမ္မသတ် အမေး/အဖြေ
အမေး။ ရမ်ဇာန်လ၌ ရေချိုးရန်တာဝန်ထိုက်သူသည် စဟ်ရီချိန်ကုန်ဆုံးပြီးမှ ရေချိုးလျှင် ရိုဇာကိုထိခိုက်ပါသလား။
အဖြေ။ ရိုဇာကို မည်သို့မျှ ထိခိုက်မှုမဖြစ်ပါ။ (ဖသာဝါဒါရုလ်အုလူးမ်ကျမ်း၊တွဲ-၆၊ စာ-၄၁၄) (ဒုရ်ရေမုခ်သားရ်ကျမ်း၊တွဲ-၂၊စာ- ၁၃၈)

(၂၅) မဆ်အလဟ်
မြက်ခြောက်စသည့် သေးငယ်သည့်အရာများအား နားအတွင်းသို့ထည့်ခြင်းဖြင့် ရိုဇဟ်ပျက်သွားမည်။ အဘယ်ကြောင့်ဆိုသော် နား၏အတွင်းပိုင်းသည် တရားတော်အရ ဝမ်းဗိုက်၏အမိန့်တွင် ပါဝင်သောကြောင့်ဖြစ်သည်။ (ကိသာဘုလ်ဖိကဟ်ကျမ်း၊ တွဲ-၁၊ စာ-၉၂၂)

** မှတ်ချက်။ ဤအမိန့်သည် နား၏အတွင်းပိုင်းနှင့် သက်ဆိုင်သော အမိန့်ဖြစ်သည်။ နားအယားဖြေခြင်း၊ နားကြပ်ခြင်းတို့မှာ နား၏အပြင်ပိုင်းတွင်သာ ပြုလုပ်ကြသည်ဖြစ်ရာ ဤသည်နှင့်ပတ်သက်၍ မဇွာဟစ်ရ်ဟတ်က်ဂျဒီးဒ်ကျမ်း၌ အောက်ပါမဆ်အလဟ် ဖော်ပြထားသည်။
**မျက်ခြောက်(သို့မဟုတ်) သေးငယ်သောအရာများဖြင့် နားကြပ်ရာ၌ ထိုအရာပေါ်တွင် နားအတွင်းမှ အညစ်အကြေး (နားဖာချေး) များပေကျံနေလျှင်လည်း ရိုဇဟ်မပျက်ပါ။ ထပ်မံ၍ အကြိမ်ကြိမ်ပြုလုပ်လျှင်လည်း ရိုဇဟ်မပျက်ပါ။ (မဇွာဟေရေဟပ်က်ဂျဒီးဒ်ကျမ်း၊ တွဲ-၂၊ စာ-၁၇)

ရမဇာန်လမြတ်အထူးထုတ် အလ်မီဇားန်စာစောင်မှ ပြန်လည်ကောက်နှုတ်တင်ပြပါသည်။
(အလ်မုဖီးဒ်)
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။