Saturday, July 12, 2014

လူ့ဘဝသက်တမ်း အရေးကြီးပုံ

သတိမမူ ဂူမမြင်

မိဘ ဟူသည် မရှိမကောင်း ရှိမှကောင်း၏။
မိဘမေတ္တာကို နားမလည်သူများ၏ မှားယွင်းမှု

မိဘမရှိသော် ဦးလေး အဒေါ် နှင့် မိဘ၏မိတ်ဆွေရင်းချာများကို ပြုစုကူညီလျှင် လုံလောက်သည်ဟု ယူဆ၏။ သေသွားလျှင်လည်း အီဆာလေ စဝါးဗ်ပို့နေရုံနှင့် လုံလောက်သည် ဟု မှားယွင်းစွာတွေးနေတတ်၏။

မိမိဘယ်လောက်မှားနေသလဲ အချိန်မီပြင်ဖို့လိုပါသည်။

မိဘတိုင်းသည် သားသမီးများ စိတ်ချမ်းသာလျှင် အဘယ်မျှကြည်နူးနေသည်ကို သားသမီးများမသိကြပေ။

မိဘတိုင်း၏ ဒုအာသည် သားသမီးအားလုံးအတွက်ဖြစ်ပါသည်။
မည်မျှပင် ချမ်းသာကြွယ်ဝ ကောင်းမွန်နေပါစေ၊ မည်မျှပင်ဆိုးသွမ်းလွန်ကျူးနေပါစေ မိဘ၏မေတ္တာသည်တပြေး ညီတည်းပင်ဖြစ်သည်။

ဒွန္နယာတွင် အောင်မြင်နေသော သားသမီးများသည် မိဘမေတ္တာများကို စော်ကားနေတတ်ကြသည်။ မိဘပေါ် လွဲမှားစွာ တွေးနေလျှင် အမိန့်မနာခံသူသာ ဖြစ်နေပေမည်။ ထိုသူသည် တမန်တော့် စွန္နသ်ကို အကောင်အထည် ဖေါ်ဖို့လည်း ခက်ခဲနေတတ်သည်။ အီမာန်၏ အကိုင်းအခက်အလက်တွေလည်း လျော့ပါးလာနိုင်ပါသည်။ သတိမူ၍ ဂူမြင်သင့်ပါသည်။

မုစ်လင်မ်တွေ ဗဟုသုတရှာဖွေပါ။ စီးပွားရေးလည်းလုပ်ပါ။
သို့သော်လည်း မလွန်ကျူးပါစေနှင့်။

ခေတ်ပညာ အသိအတွေးအခေါ် တိုးတက်ဖို့လိုအပ်သည် မှန်သော်လည်း သာသနာ့ အဆိုအမိန့်များကို အမြဲတမ်း လေ့လာ ဆန်းစစ်ဖို့လည်းလိုပါသည်။ ကောင်းမွန်သည့် ထိုင်ဝိုင်းများကိုလည်း လက်မလွှတ်သင့်ပါ။ နမားဇ်ငါးကြိမ်ကို သက်ဗိရ်အုလာနှင့် ဖတ်နိုင်ဖို့ လည်းလိုပါသည်။ ကြိုးစားပါ။ အောင်မြင်မှုအားလုံး၏ အဓိကမဏ္ဍိုင်သည် နမားဇ် အတွင်းမှာပင် ရရှိပါသည်။ မည်မျှပင် အောင်မြင်နေပါစေ နမားဇ်တွေ ချို့ယွင်းနေပြီဆိုလျှင် အမြန်ဆုံးပြင် လိုက်ပါ။ ဆုံးရှုံးမှုတွေ တန်းစီပြီး လာတတ်ပါသည်။

မုစ်လင်မ် ယောက်ျားလေးများသည် စီးပွါးရေးကို အဓိက ဦးဆောင်နေကြရသူများ ပင်ဖြစ်ပါသည်။ သာသနာမှာ မိန်းကလေးကို စီးပွားမရှာခိုင်းထားပါ။ သို့သော်လည်း အခြေအနေ အမျိုးမျိုးအရ မိန်းကလေးများ စီးပွားရှာ ရပြီဆိုလျှင် ပရ်ဒါ အရေးကြီးပါသည်။ လုံခြုံအောင်ဝတ်ပြီး စီးပွားရှာဖွေကြပါ။ အလ္လာ့ဟ်အမိန့်တွေကို နာခံပါ။

ယောက်ျားလေး၊ မိန်းကလေး တိုင်းအတွက် ဘယ်သောအခါမှ နမားဇ်ကို လက်မလွှတ် သင့်ပါဘူး။ သူ့ပုံစံနှင့် သူနည်းစနစ် သတ်မှတ်ပြဌာန်းပြီး ဖြစ်သည့်အတိုင်း အချိန်မှန်လေးစားစွာ နမားဇ်ဆောက်တည်ဖို့လို၏။

ယောက်ျားလေးများ ဂျမာအသ်နှင့် ဖတ်နိုင်ဖို့ အထူး ကြိုးစားရပါမည်။ စီးပွါးရေးတွေ အောင်မြင်လာလျှင် ဂျမအသ်နှင့် ဖတ်ဖို့ကို စွန့်လွှတ်လာတတ်ကြပါသည်။ အဲဒီကစပြီး မုစ်လင်မ် ယောက်ျားလေးများ စတင်ပျက်စီးခြင်းဖြစ်ပါသည်။

အခက်အခဲတွေများစွာတွေ့တုန်းကတော့ ဂျမအသ်ထွက်ရတာနဲ့ ဗလီအာဇာန်သံ နားထောင်ပြီး အမြန်ဆုံးပြေးခဲ့ရတာနဲ့ ရက်လေးဆယ် သက်ဗီးရ်အူလာနှင့် နမားဇ်တွေဖတ်ခဲ့ရင် တောင်းတဲ့ဆုတွေပြည့်တယ်။ လိုအင်ဆန္ဒတွေရရှိမယ်နဲ့ အားလုံးလည်းရရှိသွားရော နမားဇ်တွေက အိမ်မှာဖတ်လည်းရတယ်။ ကဇွာဖတ်လည်းရတယ်။ မိန်းမနဲ့အဖေါ်လုပ်ပေးပြီးဖတ်လည်းရတယ်။ ဗလီကို နောက်ကျမှ သွားလည်းရတယ်။ မမှီလည်း သွားတဲ့ အကျိုးစဝါးဗ်တွေ ရတယ်နဲ့ကိုကျေနပ်နေကြပါတယ်။

မုစ်လင်မ်တွေ အများကြီးဘဲပြင်ကြပါ။ သေလျှင်ဂျန္နသ်ရဖို့အရေးကြီးသလို ဂျဟန္နမ်မကျဖို့လည်းအရေးကြီးပါသည်။ ဒွန္နယာလောကတွင်လည်း မှန်ကန်စွာနေဖို့လိုပါသည်။

မိမိတစ်ဦးတစ်ယောက် ကောင်းခြင်းသည် မိမိအနွယ်၊ မိမိမျိုးရိုးကို ကောင်းအောင်လုပ်ခြင်း ဖြစ်ပါသည်။
မိမိသာလျှင် ပြုပြင်လိုက်ပါ။ အနွယ်က အလိုအလျောက် လိုက်ပါလာမည်ဖြစ်ပါသည်။ အင်ရှာအလ္လာဟ် ဖြစ်ကိုဖြစ်လာပါမည်။ အလ္လာဟ့်ကိုပဲ ယုံပုံပြီးကြိုးစားအားထုတ်ပါ။ မအောင်မြင်ဘူးဟူ၍ မရှိပါ။

အလ္လာဟ်အရှင်မြတ်အမိန့်တွေကို နာခံနိုင်ဖို့ကြိုးစားကြပါ။ မိဘ ဘဝ ရောက်နေကြလျှင် သားသမီးများကို အထူးကြပ်မတ်ကြပါ။ ခေတ်နောက်မလိုက်ကြပါနဲ့၊ အဓိကအောင်မြင်မှုက တမန်တော်ရဲ့နည်းစနစ်နဲ့ အလ္လာဟ့်အမိန့်တွေကို နာခံခြင်းအပေါ်မှာသာ ရှိပါတယ်။

မတ်စနူန်းဒုအာတွေကို အချိန်ရတိုင်းကျက်မှတ်ပါ။ လက်တွေ့ကျင့်သုံးပါ။ အရဗီစာမတတ်တဲ့ လူကြီးမိဘများက လည်း ငါတို့ကငယ်ငယ်တုန်းက ကျောင်းမနေခဲ့ရလို့ အဲဒါတွေမရဘူး ဆိုပြီး ဘူးတစ်လုံးနဲ့ထိုင်နေလို့မရပါဘူး။ လေ့လာပါ။ ကိုယ့်အိမ်မှာရှိတဲ့ သားသမီး၊ မြေး၊မြစ်တွေကို ကျောင်းကပြန်လာရင် မေးကြည့်ပါ။ ဆိုခိုင်းပါ။ ကိုယ်လည်းလိုက်ဆိုပါ။ အဲဒီကတဆင့် မတ်စနူန်းဒုအာများစွာ ဖတ်မှတ် ရရှိသွားမှာဖြစ်ပါတယ်။ ဘယ်အရာမဆိုကြိုးစားဖို့ဝန်မလေးပါနှုင့်
့်
တမန်တော့်ဟဒီးစ်တစ်ပုဒ်ရှိပါတယ်..
ပုခက်တွင်းမှ သင်္ချိုင်းတွင်းထိ အတတ်ပညာရှာဖွေကြလို့ မိန့်မှာခဲ့ပါတယ်။

ပညာရေးနဲ့ပတ်သက်ပြီး လူ့ပတ်ဝန်းကျင်ထဲမှာလည်း ပညာလို အိုသည်မရှိလို့ ဆိုရိုး ရှိပါတယ်။ ရှက်နေရွံ့နေလို့ကတော့ ဘာမှတတ်လာဖို့မရှိဘူး။ မုစ်လင်မ်တွေဟာ နေလည်း အရေးကြီးတယ်။ သေလည်းအရေးကြီးတယ်။ ကိုယ့်ရဲ့ အာရဗီစာပေတွေကို တတ်ဖို့လိုအပ်ပါတယ်။ လူတစ်ယောက် (မိန်းမ၊ယောက်ျား) က မသေခင် ကုရ်အာန်တစ်ခသမ်တော့ မိမိအတွက် ဖတ်သွားဖို့လိုပါသည်။
နားထောင်နေရုံနဲ့ သူများဖတ်ပေးတာနဲ့ကျေနပ်နေလို့ မရပါဘူး။ မိမိကိုယ်တိုင် အလ်ဟမ်ဒု စူရာတစ်ပုဒ်လောက်တော့ ကြည့်ဖတ်တတ်အောင် ကြိုးစားသင့်ပါတယ်။ အချိန်မရှိဘူးလို့တော့ မပြောလိုက်ပါနဲ့။ အာခိရသ်အတွက် ကြိုးစားစေချင်ပါသည်။

တင်ပြသူ ဖတ်ရှုသူအားလုံး လိုက်နာကျင့်သုံးနိုင်စွမ်း သောင်ဖီးက် အလ္လာဟ်အရှင်မြတ် ပေးသနားတော်မူပါစေ။ အာမီးန်​။